← Chapters

အခန်း (၁၈၄၁-၁၈၄၅)

Vol. 74 Ch. 1841-1845

အခန်း (၁၈၄၁-၁၈၄၅)

Vol. 74 Ch. 1841-1845

အပိုင်း (၁၈၄၁)

“သွားမယ်လေ၊ ခင်ဗျားဘာတွေ ကြောင်ကြည့်နေတာလဲ” ရန်ကိုင်သည် ဟွာရိုမုန်အား ပြုံးြလိုက်သည်။

“အန်၊အင်း” ဟွာရိုမုန့်သည် စိတ်နှင့်လူနှင့် မကပ်နိုင်သေးပေ။ ရန်ကိုင် ခေါ်တော့မှပဲ ခရမ်းကြယ်မြို့ထဲသို့ ဝင်လာခဲ့၏။ အခြားသော လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေး အဖွဲ့သားများသည်လည်း သူတို့နှင့်အတူ မြိုထဲသို့ လိုက်ဝင်လာကြသည်။

ဂိတ်စောင့်များသည် ရန်ကိုင်၏လမ်းကို သွားမတားရဲကြ။ တစ်ဖက်လူအား ဒေါသထွက်အောင်လုပ်မိပြီး သူတို့ပါ မသေရုံတမယ် အရိုက်ခံရမည်ကို ကြောက်နေကြသည်။ ဂိတ်ပေါက်ဝ၌ တန်စီနေသော လူများသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ မြို့ထဲသို့ လိုက်ဝင်ကြလေသည်။

ဂိတ်ပေါက်တစ်ခုလုံး ပရမ်းပတာ ဖြစ်ကုန်လေသည်။ အစောင့်များသည် တိုးဝင်လာနေသော လူများကို မတားနိုင်ကြတော့ချေ။ အချိန်အတော်ကြာမှပဲ အစောင့်တစ်ဦး အသိပြန်ဝင်လာပြီး အလျင်အမြန် အော်ပြောလိုက်လေသည် “သွား၊ သွား၊ လူကြီးမင်းရဲ့ အခြေအနေကို မြန်မြန် သွားစစ်ဆေးကြည့်လိုက်”

ထိုလူ ပြောလိုက်မှပဲ အခြား အစောင့်များလည်း အသိ ပြန်ဝင်လာကြပြီး လူကြီးမင်းမင် အခြေအနေ ဘယ်လိုရှိလဲ အလျင်အမြန် သွားစစ်ဆေးကြည့်လေသည်။

“ဆရာ… လူထျန်ဖုန်းကို မြန်မြန် သွားအကြောင်းကြား” လူကြီးမင်းမင်သည် ထိုစကားလုံးများကို မနည်းကြိုးစား၍ ပြောလိုက်ပြီးနောက် သွေးပွက်ပွက်အန်ကာ သတိလစ်သွားလေသည်။

အစောပိုင်းက အကုန်လုံးကို သတိပေးလိုက်သော အစောင့်သည် ဆက်သွယ်ရေးမှော်ရတနာကိုထုတ်ရင်း အံကြိတ်ကာ ပြောလိုက်သည် “မင်းနေနှင့်ဦးပေါ့ကွာ ကောင်လေးရေ။ ခရမ်းကြယ်မြို့ထဲ လာပြီး တိုက်ခိုက်ရဲမှတော့ နဂါးမှန်းသိအောင် အမောက်ထောင်ပြရသေးတာပေါ့။ မင်းလွတ်အောင် ပြေးထားပေတော့ကောင်လေး”

အခြား အစောင့်များသည်လည်း ရန်ကိုင် ထွက်သွားသည့် ဘက်သို့ ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။

ရန်ကိုင် ရှာလိုက်သည့် ပြဿနာကြောင့် သူတို့လည်း အပြစ်ပေးခံရတော့မည် ဖြစ်လေရာ ရန်ကိုင်အား ဒေါသ မထွက်ကြဘဲ ဘယ်နေကြမည်နည်း။

နှစ်ပေါင်းများစွာကြာသည်အထိ မည်သူမှ ခရမ်းကြယ်မြို့တွင် လာပြဿနာ မရှာရဲခဲ့ကြ။ သို့သော်လည်း ယနေ့တွင်မူ သူတို့ဂိတ်ပေါက် ခလုတ်တိုက်ခံလိုက်ရလေပြီ။ ဤကိစ္စကိုသာ ကောင်းကောင်း မကိုင်တွယ်နိုင်လျှင် ခရမ်းကြယ်သည် အများအမြင်တွင် ရယ်စရာတစ်ခု ဖြစ်လာပေတော့မည်။ ထို့ကြောင့် မျက်နှာ မပျက်ဖို့အရေး ဤကိစ္စကို ကောင်းကောင်း ကိုင်တွယ်ရပေမည်။

လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်း၏ အစည်းအဝေးခန်းလေး တစ်ခန်းထဲတွင်…

ဟွာရိုမုန့်နှင့် အခြားသူများသည် ထိတ်လန့်နေသည့် အမူအရာဖြင့် ထိုင်နေခဲ့ကြသည်။ ရန်ကိုင်သည်လည်း ဤနေရာသို့ ရောက်နေပေသည်။ သို့ရာတွင် အခြားလူများကဲ့သို့ တုန်လှုပ်နေခြင်း မရှိဘဲ လုံးဝကို တည်ငြိမ်အေးဆေးနေခဲ့သည်။ သူလုံးဝ ပြဿနာ မရှာထားလိုက်သည့်အတိုင်းပင်။

“ကောင်လေး၊ မင်းဘာလို့ ငါတို့နောက် လိုက်လာတာလဲ” အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက်တွင် ခေါင်းပြောင် လူထွားကြီးတစ်ဦးသည် ရန်ကိုင်အား စိုက်ကြည့်၍ ထမေးလိုက်လေသည်။

“ဟုတ်တယ်။ မင်းဘာလို့ ဒီရောက်နေတာလဲ” နောက်ထပ် ကျင့်ကြံသူတစ်ဦးကလည်း ရန်ကိုင်အား ထပ်မေးလိုက်သည်။

“ကျုပ်က အခုမှ ဒီကို ရောက်ဖူးတာဆိုတော့ မြို့အကြောင်း သိပ်မသိသေးဘူး။ ခေါင်းဆောင်ဟွာက လာခဲ့ပါဆိုပြီး ဖိတ်ခေါ်နေတာနဲ့ ကျုပ်လည်း အားမနာတော့ဘဲ လိုက်လာခဲ့လိုက်တာ” ရန်ကိုင်က ပြုံးလျက် ရှင်းပြလိုက်သည်။

“ငါလား” ဟွာရိုမုန့်သည် ရန်ကိုင်အား ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေပြီးနောက် ခေါင်းညိတ်၍ “ဟုတ်တယ်၊ ဟုတ်တယ်…. ငါဖိတ်ခေါ်လိုက်တာ”

ပြန်လာသည့် လမ်းတစ်လျှောက်လုံး လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေးအဖွဲ့အစည်းမှ လူအားလုံး အသိစိတ်မဲ့နေသည့် ဇွန်ဘီများနှယ် လုပ်နေကြသည်။ နည်းနည်းလေးမှ စိတ်နှင့်လူနှင့် မကပ်ကြ။ သူတို့ ထိုကဲ့သို့ ဖြစ်နေသည်မှာလည်း အထူးအဆန်းတော့ မဟုတ်။ ယခုတစ်ကြိမ် သူတို့ ပြဿနာ အကြီးကြီး တက်ပြီကိုး။ သူတို့ နေနေသည့် မြို့ဂိတ်စောင့်ကို ဒဏ်ရာရသွားအောင် လုပ်မိရုံမက အကြီးအကဲမင်းကိုပါ မသေမရှင် ဖြစ်အောင် လုပ်ခဲ့သည့် အမှုထဲ ဝင်ပက်သက်မိနေခဲ့သည်။

ခရမ်းကြယ်မြို့သာ အင်အားအလုံးအရင်းနှင့် ရောက်ချလာလျှင် သူတို့၏ ကုန်သွယ်ရေး အဖွဲ့အစည်းလေး မည်သို့များ ခုခံနိုင်ပါမည်နည်း။

ထို့ကြောင့် လမ်းတစ်လျှောက်လုံး သူတို့ဘာသာ အတွေး ရေယာဉ်ကြောထဲ နစ်မြောလာနေခဲ့ရာ ရန်ကိုင် သူတို့နှင့်အတူ လိုက်လာသည်ကိုပင် တစ်ယောက်မှ သတိမထားမိခဲ့ကြပေ။ ယခုမှသာ ဤနေရာတွင် သူတို့သာလျှင်မဟုတ်ဘဲ ရန်ကိုင်ပါ ရှိနေခြင်းဖြစ်ကြောင်း သတိပြုမိသွားခဲ့ခြင်းဖြစ်သည်။ ဟွာမို့မုန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်း၍ ကသောင်းကနင်း ဖြစ်နေသောစိတ်ကို အနည်းငယ် တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက် ရန်ကိုင်အား စိုက်ကြည့်ရင်း သူ့လူများကို အမိန့်ပေးလိုက်လေသည် “ညီမဟုန်၊ သူ့အနားယူလို့ ရအောင် နေရာတစ်ခု စီစဉ်ပေးလိုက်ပါဦး”

ထိုစကားကို ကြားသည့်အခါ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသမီးက ရန်ကိုင်အား လက်ဝှေ့ရမ်းပြ၍ “ငါ့နောက်လိုက်ခဲ့”

“ကျေးဇူးပါပဲ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီးနောက် အမျိုးသမီးဟုန်နောက်သို့ လိုက်သွားလေသည်။

“ခေါင်းဆောင်…” ရန်ကိုင် ထထွက်သွားသည်ကို မြင်သော် ခေါင်းပြောင်ပြောင်နှင့်လူကြီးက အလျင်စလို လှမ်းခေါ်လိုက်၏။

သို့သော်လည်း ချက်ချင်းပဲ ဟွာရို့မုန်၏ အကြည့် တစ်ချက်ကြောင့် ချက်ချင်း ပြန်တိတ်သွားခဲ့လေသည်။ ဘာမှ ဆက်မပြောရဲတော့ပဲ ရန်ကိုင်၏ ကျောပြင်ကိုသာ အံကြိတ်၍ ဒေါသတကြီး စိုက်ကြည့်နေတော့သည်။

ရန်ကိုင်သည် အမျိုးသမီးဟုန်နောက်လိုက်ရင်း ပတ်ဝန်းကျင်ကိုလည်း စစ်ဆေးကြည့်သွားခဲ့သည်။ ခဏအကြာ၌ ရယ်သွမ်းသွေး၍ “ခင်ဗျားတို့ ကုန်သွယ်ရေးအဖွဲ့အစည်းက တော်တော်ချမ်းသာတာပါလား”

“ဘာလို့ အဲ့လိုပြောတာလဲ” အမျိုးသမီးဟုန်က ရန်ကိုင်အား အေးစက်စက် အမူအရာဖြင့် ပြန်စိုက်ကြည့်လိုက်သည်။

“ဒါခရမ်းကြယ်မြို့ကို ပထမဆုံးအကြိမ် ရောက်ဖူးတာပဲ။ ဒါပေမယ့် ဒီနေရာက ခရမ်းကြယ်ရဲ့ ဠာနချုပ်ရှိတဲ့နေရာဆိုတော့ ဒီက မြေနေရာတစ်ခုချင်းစီတိုင်းက ရွှေတန်နဲ့ချီပြီးတန်မှာ။ အဲ့လို နေရာမျိုးမှာ ဒီလောက်ကျယ်တဲ့ နေရာကို ပိုင်ဆိုင်ထားတယ်ဆိုတော့ ခင်ဗျားတို့ ကုန်သွယ်ရေးအဖွဲ့အစည်းက ငွေရေးကြေးရေးအင်အား အတော် တောင့်တင်းလို့နေမှာပေါ့”

အမျိုးသမီးဟုန်က ချက်ချင်း ပြန်ပြောလိုက်လေသည် “အဲ့လို ဖြစ်လာအောင် ခေါင်းဆောင်နဲ့ ကျန်တဲ့အဖွဲ့သားတွေအားလုံး သွေးနဲ့ရင်းပြီး ကြိုးစားခဲ့ရတာ။ နှစ်နှစ်ဆယ်အတွင်း သေသွားတဲ့ ငါတို့ ညီအစ်ကိုမောင်နှမတွေ နည်းတာမဟုတ်ဘူး။ ဒါတောင် ဒီလောက်လေးပဲ ရအောင် လုပ်နိုင်သေးတယ်။ အဲ့ဒါကို ဘယ်လိုလုပ်ပြီး ငွေရေးကြေးရေး အင်အား တောင့်တင်းရမှာလဲ။ ပြီးတော့… အခု ငါတို့ ကုန်သွယ်ရေးအဖွဲ့အစည်းက လုံးဝ ပြဿနာတွင်းထဲ ရောက်နေပြီ။ ဆက်ရှိနေဦးမလားတောင် မသေချာတော့ဘူး”

ရန်ကိုင်က တောင်းတောင်းပန်ပန်ဖြင့် ပြုံးလျက် “တောင်းပန်ပါတယ်။ ခင်ဗျားတို့ ကျုပ်ကြောင့် ဒုက္ခရောက်ရပြီ”

“နင်နားလည်ရင်ပြီးရော” ထိုအခါမှပဲ အမျိုးသမီး၏ စူပုပ်ပုပ် အမူအရာသည် အနည်းငယ် တောက်တောက်ပပ ပြန်ဖြစ်လာ၏။

“ကျေးဇူးအများကြီးတင်ပါတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။

အမျိုးသမီးသည် ရှေ့ဆက်သွားတော့မည်အပြု ရုတ်တရက် နောက်ပြန်လှည့်လာခဲ့၏။

“ဘာများ ပြောချင်လို့လဲမသိဘူး” ရန်ကိုင်က သူမအား မယုံသင်္ကာဖြင့်ကြည့်၍ ပြောလိုက်သည်။

အမျိုးသမီးက ပါးစပ်လေးဟလျက် ပြောလိုက်၏ “ငါတို့ ခေါင်းဆောင်က အခြားလူတွေ အနိုင်ကျင့်ခံနေရတာကိုမြင်ရင် အရမ်း ဝင်ကူညီချင်တာ။ အခု ဒီအဖွဲ့အစည်းထဲမှာ ရှိနေတဲ့ လူတော်တော်များများ၏ ခေါင်းဆောင်ဆီက အကူအညီ ရထားတဲ့ လူတွေချည်းပဲ။ ငါကိုယ်တိုင်လည်း အပါအဝင်ပေါ့။ ခေါင်းဆောင် ကြောင့်သာ မဟုတ်ရင် လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ငါဆိုတာ ဒီလောကကြီးမှာ ရှိတော့မှာမဟုတ်ဘူး။ ဒါကြောင့် ခေါင်းဆောင် နင့်ကို ဝင်ကူညီတာ ငါဘာမှ မပြောလိုဘူး။ ဒါကြောင့်… ခရမ်းကြယ်က တစ်ခုခု လုပ်လာတော့မယ်ဆိုရင် နင်ရှေ့ထွက်ပြီး ဒီကိစ္စကို ဝင်ဖြေရှင်းပေးဖို့ မျှော်လင့်တယ်။ ခေါင်းဆောင် တစ်ခုခု ဖြစ်သွားမှာကို ငါမမြင်ချင်ဘူး။ သူသာ တစ်ခုခု ဖြစ်သွားရင်တောင် နင်ဘယ်လောက်ပဲ သန်မာသန်မာ၊ ငါတစ္ဆေဖြစ်သွားရမယ်ဆိုရင်တောင် နင့်ကို လိုက်ခြောက်မှာ”

ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်၍ “ကျုပ်နားလည်ပြီ”

“သိရင်ပြီးရော” ပြောပြီးသည်နှင့် အမျိုးသမီးသည် ရှေ့သို့ ပြန်လှည့်သွားလေသည်။

ခေါင်းပြောင်လူကြီးသည် အခန်းထဲ မီးခဲပေါ် ဖင်ခုထိုင်နေရသည့် ပုရွတ်ဆိတ်တစ်ကောင်နှယ် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့သည်။

“ဦးလေးယောင်၊ ရှင်စိတ်ငြိမ်ငြိမ်ထားလို့ မရဘူးလား။ ရှင့်ကို ကြည့်နေရတာ ကျွန်မ ခေါင်းနောက်လာပြီ” ညာဘက်တွင် ရှိနေသော အသက်နှစ်ဆယ်လောက်ရှိမည့် အမျိုးသမီးတစ်ဦးက ကူကယ်ရာမဲ့စွာ ပြောလိုက်လေသည်။

“ဒီလိုကိစ္စကြီး ဖြစ်သွားတာကို ငါက ဘယ်လိုလုပ်ပြီး စိတ်ငြိမ်ငြိမ်ထားနိုင်မှာလဲ” ခေါင်းပြောင်ပြောင်နှင့်လူကြီးက ဒေါသတကြီး ပြန်အော်လေသည် “ဘာတွေ ဖြစ်သွားလဲ နင်လည်း မြင်တာပဲ။ ဒီတစ်ကြိမ် ကပ်ဘေးကနေ ငါတို့ လွတ်တောင် လွတ်နိုင်ပါ့မလားမသိဘူး”

အခန်းထိပ်ပိုင်းတွင် ရှိနေသော ဟွာရို့မုန်သည် နဖူးကိုပွတ်ရင်း ကူကယ်ရာမဲ့စွာ ပြုံးလိုက်လေသည်။ တစ်ဖက်လူကို စေတနာဖြင့် ဝင်ကူညီလိုက်ရင်းမှ ဤသို့ ပြဿနာ တက်သွားရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရန်ကိုင်အား သက်လတ်ပိုင်းလူကြီးကဲ့သို့ ဖြစ်မသွားစေချင်သည့် အတွက်ကြောင့်သာ ဝင်ကူညီလိုက်ခြင်း ဖြစ်သော်လည်း ရန်ကိုင်သည် လုံးဝကို ခေါင်းမာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ယောင်ချင်း၊ ဖြစ်တဲ့ကိစ္စတွေက ဖြစ်ပြီးနေပြီ။ စိတ်ပူနေလို့လည်း ဘာမှ ထူးလာမှမဟုတ်ဘူး” ယောင်ချင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်ကို ကြည့်ရင်း တဖြည်းဖြည်း ခေါင်းနောက်လာသည့်နောက် ဟွာရို့မုန်က ပြောလိုက်လေသည်။

ထိုအခါမှပဲ ယောင်ချင်း ရပ်သွားပြီး သူ့နေရာတွင် သွားပြန်ထိုင်လေသည်။ သို့သော်လည်း မီးခဲပေါ် ဖင်ခုထိုင်နေရသည့်အလား စိတ်ငြိမ်ငြိမ်နှင့် ထိုင်မနေနိုင်။ သူ့အမူအရာသည် အဆက်မပြတ် ပြောင်းလဲနေခဲ့လေသည်။

ဟွာရို့မုန်သည် ပြန်လာကတည်းက တစ်ချိန်လုံး မျက်လုံးမှိတ်ပြီး ထိုင်နေသည့် အကြီးအကဲအား တစ်ချက် လှမ်းကြည့်လိုက်သည်။

ကြည့်နေရင်းမှ အဆုံးတွင် မေးလိုက်၏ “ဦးလေးရှက အားလုံးထဲမှ အတွေ့အကြုံအရှိဆုံးနဲ့ ဗဟုသုတ အကြွယ်ဆုံး ဆိုတော့ အခု ဘယ်လိုလုပ်သင့်တယ်လို့ ဦးလေးရှထင်လဲ”

ထိုအခါမှ ရှကျင်းဝူ မျက်လုံးပွင့်လာပြီး မျက်မှောင်ကြုတ်၍ သက်ပြင်းချကာ ပြောလိုက်လေသည် “တော်တော်လေးခက်တဲ့ အခြေအနေပဲ”

“ဦးလေးရှမှာတောင် နည်းလမ်းမရှိတော့ဘူးပေါ့” ဟွာရို့မုန် မျက်နှာပျက်သွားခဲ့လေသည်။

ရှကျင်းဝူက ခါးသက်စွာပြုံးလျက် “ဒီလူအိုကြီးက ဗဟုသုတာ ကြွယ်ဝရင်ကြွယ်ဝမယ်၊ ဒါပေမယ့် သူတော်စင်ဘုရင်တတိယ အဆင့်ပဲ ရှိသေးတာလေ။ ဒီခွန်အားလေးနဲ့ ဘာမှလုပ်လို့မရဘူး။ အခုတစ်ကြိမ် ကျုပ်တို့ ဘယ်သူတွေကို သွားရန်စမိလိုက်လဲ ခေါင်းဆောင် သိပြီးသားလေ…”

ဟွာရို့မုန်၏ အမူအရာ ခါးသက်သွားခဲ့သည်။ သူတို့ဘဝတွင် အခက်အခဲပေါင်းများစွာကို ကြုံတွေ့ခဲ့ရသော်လည်း ရှကျင်းဝူ၏ အကူအညီဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ချည်းသာ။ ယခု တစ်ကြိမ်တွင်တော့ ရှကျင်းဝူလည်း လက်မှိုင်ချရလေပြီ။

“ခေါင်းဆောင် ဒီတစ်ကြိမ် တော်တော်လေး နမော်နမဲ့ နိုင်သွားတယ်” ရှကျင်းဝူက ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။

“ခေါင်းဆောင်ကိုလည်း အပြစ်ပြောလို့မရဘူးလေ ဦးလေးရှ၊ ခေါင်းဆောင်က စေတနာနဲ့ ဝင်ကူညီတာပဲကို၊ တမင်သက်သက် သွားပြသနာ ရှာတာမှမဟုတ်တာ” အသက်နှစ်ဆယ်လောက် ရှိမည့် အမျိုးသမီးက ဝင်ပြောလိုက်၏။

“ငါဆောင်းဆောင်ကို အပြစ်တင်နေတာ မဟုတ်ဘူး။ ငါတို့ အကုန်လုံးလည်း ခေါင်းဆောင် ကူညီပေးခံရဖူးတဲ့ လူတွေချည်းပဲ။ ခေါင်းဆောင်သာ တစ်ဖက်သားကို ကူညီချင်စိတ် မရှိခဲ့ဖူးဆိုရင် လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းဆိုတာ ရှိလာမှာ မဟုတ်ဘူး။ ငါတို့ အကုန်လုံးလည်း ဒီမှာ ရှိနေမှာ မဟုတ်ဘူး” ရှကျင်းဝူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

အကုန်လုံး ခေါင်းညိတ်လိုက်ကြသည်။

“အခုတစ်ခါပဲ… ဒီတစ်ခါပဲ… ဟူး” ရှကျင်းဝူ သက်ပြင်း အမေားကြီး ချလိုက်သည်။ ခဏအကြာ၌ ဟွာရို့မုန်အား ကြည့်၍ ပြောလိုက်၏ “ခေါင်းဆောင်၊ နည်းလမ်းနှစ်ခုပဲ ရှိတော့မယ်”

ဟွာရို့မုန်၏ မျက်လုံး တောက်ပလာပြီး ချက်ချင်း ပြုံးလျက် “ဦးလေးရှမှာ နည်းလမ်းရှိမှန်း သိပြီးသား။ ပြောကြည့်ပါဦး”

အခန်းထဲတွင် ရှိနေသူအားလုံး ချက်ချင်း ရှကျင်းဝူ ဘာပြောမလဲ ဆိုသည်ကို အာရုံစိုက်ထားကြလေသည်။

“ခေါင်းဆောင်က ဒီလူအိုကြီးကို အရမ်း အထင်ကြီးနေတာပဲ။ ဒီလူအိုကြီး အခုပြောမယ့် နည်းလမ်းနှစ်ခုကတောင် အခု ပြဿနာကို ဖြေရှင်း မပေးနိုင်လောက်ဘူး။ ဒါပေမယ့်… ကြိုးစားကြည့်ရမှာပေါ့။ ဒီ့အပြင် ဘာမှ လုပ်စရာမှမရှိတာ” ရှကျင်းဝူသည် သူ့မုတ်ဆိတ်ကို ပွတ်ရင်း “ပထမတစ်ခုက အဲ့ကောင်လေးကို ခရမ်းကြယ်မြို့ဆီ အပ်လိုက်ဖို့ပဲ”

ဟွာရို့မုန် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ပြဿနာ ရှာခဲ့တာ အဲ့ကောင်လေးဆိုတော့ သူပဲ အဲ့ပြဿနာကို ဖြေရှင်းပေးသင့်တယ်။ ကျုပ်တို့သာ အဲ့ကောင်လေးကို အပ်လိုက်ရင်တောင် အပြစ်ပေးခံရတာကနေ လွတ်မှမဟုတ်ဘူးဆိုရင်တောင် အပြစ်ဒဏ်က အတော်လေး လျော့ပေါ့သွားလိမ့်မယ်။ ဒါပေမယ့် ခေါင်းဆောင် ရှိနေတယ်လေ။ ခေါင်းဆောင် ရှိနေသေးသရွေ့ ပြန်ပြီး အဆင်ပြေလာအောင် ကြိုးစားလို့ရတယ်”

“ဟုတ်တယ်။ ဦးလေးရှပြောတာ အမှန်ပဲ။ ကျုပ်အခုပဲ အဲ့ကောင်လေးကို သွားဖမ်းပြီ ခရမ်းကြယ်လက်ထဲ အပ်လိုက်မယ်” ယောင်ချင်းသည် ဟိုရို့မုန်ပြောသည်ကိုပင် မစောင့်တော့ဘဲ ချင်းချင်း ထရပ်လိုက်လေသည်။

ဟွာရို့မုန်က စူးရဲစွာစိုက်ကြည့်၍ အော်ပြောလိုက်၏ “ပြန်ထိုင်နေစမ်း”

လောင်ချင်း လည်ပင်းလေး ကြုံ့ဝင်သွားပြီး ချက်ချင်း ကုတ်ကုတ်လေး ပြန်ထိုင်နေသည်။ ယောင်ချင်းသည် ဟွာရို့မုန်၏ စကားကို အလွန် နားထောင်ပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၄၂)

ရှချင်းဝူက သူ့မုတ်ဆိတ်ကိုပွတ်ရင်း ဆက်ပြောလိုက်သည် “ယောင်ချင်း၊ ကမူးရှူးထိုး မလုပ်နဲ့။ အဲ့ကောင်လေး ဘယ်လောက် အားကောင်းလဲ ငါမသိပေမယ့် အကြီးအကဲမင်ကို လက်ဝါး တစ်ချက်တည်းနဲ့ မသေရုံတမယ် ဖြစ်သွားအောင် လုပ်နိုင်တယ် ဆိုကတည်းက ဒီကောင်က မင်းနိုင်မယ့်လူ မဟုတ်တာ သေချာတယ်။ ငါတို့ ကုန်သွယ်ရေးအဖွဲ့ကလူတွေ အကုန်လုံး ပေါင်းပြီး ဖမ်းမယ်ဆိုရင်တောင် ဖမ်းနိုင်မှာမဟုတ်ဘူး”

စဉ်းစားကြည့်လိုက်မှပဲ အကြီးအကဲရှ ပြောသည်မှာ မှန်နေကြောင်း သဘောပေါက်သွားခဲ့သည်။ သူ့လုပ်ရပ်ကို ပြန်စဉ်းစားမိလိုက်သည့်အခိုက် ယောင်ချင်း ရှက်သွားခဲ့လေ၏။

ဟိုရို့မုသည် ရှနင်းဝူကိုကြည့်၍ မဲ့ပြုံးပြုံးကာ ပြောလိုက်၏ “ဒီနည်းလမ်းက အလုပ်မဖြစ်ဘူး ဦးလေးရှ၊ နောက်တစ်ခု ပြောကြည့်ပါဦး”

ရှချင်းဝူက သက်ပြင်းချ၍ “ခေါင်းဆောင် သဘောတူမှာ မဟုတ်မှန်း ဒီလူအိုကြီး သိပြီးသား”

ဟွာရို့မုန် မည်သို့သော လူစားမှန်း ရှကျင်းဝူ မသိဘဲ နေမည်နည်း။ အလွန်ကိုမှ စိတ်ထား သိမ်မွေ့ပြီး တစ်ဖက်သားကို ကူညီချင်သည့် လူတစ်ဦးသည် သူ့ပထမနည်းလမ်းကို မည်သို့များ သဘောတူပါမည်နည်း။ တကယ်သာ သဘောတူလိုက်လျှင် ဟွာရို့မုန် မဟုတ်သည့် အတွက်ကြောင့်သာ ဖြစ်ပေလိမ့်မည်။

“ပထမနည်းလမ်း အလုပ်မဖြစ်မှတော့ ဒုတိယနည်းလမ်းပဲ ရှိတော့တာပေါ့” ရှကျင်းဝူက ပြောလိုက်၏ “ဒုတိယနည်းလမ်းကတော့ ဒီကနေ ထွက်သွားဖို့ပဲ။ ခေါင်းဆောင် လူတွေခေါ်ပြီး ထွက်သွားလိုက်။ ဒီလူအိုကြီး ကျန်နေခဲ့လိုက်မယ်”

ထိုစကားကို ကြားသည့်အခါ ဟွာရို့မုန်က အံ့ဩတကြီးဖြင့် “ဦးလေးရှ၊ ရှင်ပြောချင်တာက…”

“လုပ်ပြီးသွားပြီဆိုမှတော့ တစ်ယောက်ယောက်က တာဝန်ခံမှ ဖြစ်မှာပေါ့။ ခရမ်းကြယ်မြို့က ဒီကိစ္စကို လုံးဝ လွှတ်ပေးမှာ မဟုတ်ဘူး။ တကယ်ဆိုရင် ကျုပ်တို့အားလုံး မြို့ထဲကိုတောင် ဝင်မလာဘဲ တစ်ခါတည်း ထွက်သွားလိုက်သင့်တာ။ အခု ဝင်လာပြီးပြီဆိုတော့ ပြန်ထွက်သွားဖို့က ခက်တော့မယ်။ ဒါပေမယ့် ရွေးစရာမှ မရှိတော့တာ။ ခက်မှန်းသိရင်တောင် မဖြစ်ဖြစ်အောင် လုပ်ရဦးမှာပဲ။ ဒီလူအိုကြီးက အသက်လည်း ကြီးနေပြီဆိုတော့ ဒီလူအိုကြီးပဲ ကျန်ခဲ့လိုက်တာ အကောင်းဆုံးပဲ” ရှကျင်းဝူက ပြောလိုက်လေသည်။

“ကျုပ်ဦးလေးရှနဲ့ နေခဲ့မယ်” ယောင်ချင်းက ပြောလိုက်၏။

“ကျွန်မလည်း နေခဲ့မယ်” အမျိုးသမီးဟုန်သည် အခန်းထဲသို့ ဝင်လာရင်း ပြောလိုက်သည်။

“ရှင်တို့ အဲ့လိုလုပ်လို့မဖြစ်ဘူး” ဟွာရို့မုန်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ ဤအကြံအစည်ကိုလည်း သူမ လက်မခံနိုင်ပေ။

“ဟုတ်တယ်။ မင်းတို့ အဲ့လိုလုပ်လို့ မရဘူး။ မင်းတို့ အားလုံးသာ နေခဲ့မယ်ဆိုရင် နောက်ပိုင်း ခေါင်းဆောင်ကို ဘယ်သူက ကူညီပေးတော့မှာလဲ။ ငါတို့ လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေးအဖွဲ့အစည်း တစ်ခါတည်း အဆုံးသတ်သွားလိမ့်မယ်။ အရေးကြီးတဲ့ပစ္စည်းတွေ ယူနိုင်သလောက် ယူသွားလိုက်၊ ငါဒီမှာ စောင့်နေရစ်ခဲ့ပေးမယ်” ရှကျင်းဝူက ပြောလိုက်သည် “ပြီးတော့ ခရမ်းကြယ်မြို့ထဲမှာ ငါ့အသိအချို့ရှိတယ်။ သူတို့ကိုသာ ဆက်သွယ်နိုင်ရင် ငါမသေလောက်ဘူး”

“မရဘူး” ဟွာရို့မုန်က ခေါင်းခါ၍ “ခရမ်းကြယ်မြို့သာ တကယ်ကြီး အရေးယူလာမယ်ဆိုရင် ခေါင်းဆောင်က မရှိလို့ မဖြစ်ဘူး။ ရှင်တို့အားလုံး ထွက်သွားလိုက်၊ ကျွန်မပဲ နေခဲ့လိုက်မယ်”

တစ်ဖွဲ့စလုံး ဘယ်သူနေခဲ့မယ်၊ ဘယ်သူသွားမယ်နဲ့ စတင် ငြင်းခုံကြတော့လေသည်။

အချည်းနှီးမဲ့စွာ ငြင်းခုံနေပြီးနောက်တွင် ရှကျင်းဝူက ပြောလိုက်လေသည် “ခေါင်းဆောင်၊ အချိန် သိပ်မရှိတော့ဘူးနော်။ ဆက်ငြင်းခုံနေရင် ဘယ်သူမှ ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး။ ဒီလူအိုကြီးကို ထိုင်တောင်းပန်စေချင်နေတာလား ခေါင်းဆောင်။ ကောင်းပြီလေ။ ဒါဆို ဒီလူအိုကြီး ဒူးထောက် တောင်းပန်မယ်”

ပြောပြီးသည့်နောက် ချက်ချင်း ဒူးထောက်ချလိုက်၏။

“ဦးလေးရှ” ဟွာရို့မုန်၏ အမူအရာ ပြောင်းလဲသွားပြီး ချက်ချင်းပဲ ရှကျင်းဝူဆီသို့ ပြေးသွားလေသည်။

ရှကျင်းဝူနားသို့ အရောက်တွင် ရှကျင်းဝူသည် ရုတ်တရက် လက်တစ်ဆုပ်စာအမှုန့်များကို ဟွာရို့မုန်ဆီသို့ ပစ်ထည့်လိုက်၏။

ရှကျင်းဝူ ဤကဲ့သို့ လု်ပလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထိုအမှုန့်အချို့ကို ရှူလိုက်မိသည်နှင့် ချက်ချင်းဆိုသလို သူမ တစ်ကိုယ်လုံး ပျော့ခွေသွားခဲ့လေသည်။ ရှကျင်းဝူအား စိုက်ကြည့်ရင်း အလန့်တကြား အော်ပြောလိုက်သည် “ပွင့်ချပ်းငါးသွယ်ဝတ်မှုန်တွေလား”

“ဦးလေးရှ ခင်ဗျား ဘာလုပ်နေတာလဲ” ဟွာရို့မုန် တစ်ခုခု ဖြစ်သွားသည်ကိုမြင်သော် ယောင်ချင်းသည် ရှကျင်းဝူဆီသို့ ဒေါသတကြီး ပြေးဝင်သွားလေသည်။

“ရပ်လိုက်တော့” ဘာတွေဖြစ်နေသလဲ ဆိုသည်ကို နားလည်လိုက်သည်နှင့် အမျိုးမီးဟုန်သည် ဟွာရို့မုန်ကို ထူမပေးရင်း ယောင်ချင်းကို အလျင်စလို လှမ်းထားလိုက်သည်။

“ဦးလေးရှ..ရှင်…” တစ်ကိုယ်လုံး အလွန်ကိုမှ နုံးချိနေသော်ငြား ဟွာရို့မုန်သည် သတိတော့ လစ်မသွားသေးပေ။

ရှကျင်းဝူက မဲ့ရယ်ရယ်လျက် “ဒါဘာမှန်း သိနေမှတော့ ခေါင်းဆောင် ကြိုးစားမနေပါနဲ့တော့။ တန်ခိုးရှင်တတိယအဆင့် ဖြစ်နေရင်တောင် ဒီပွင့်ချပ်ဝတ်မှုန်မိသွားရင် အနည်းဆုံး တစ်နာရီလောက် သူတော်စင်ချီကို သုံးနိုင်မှာ မဟုတ်ဘူး”

ပြောပြီးသည်နှင့် ကောင်းဟုန်ကို အော်ပြောလိုက်၏ “ကောင်ဟုန်၊ ခေါင်းဆောင်ကို ခေါ်ပြီး မြို့ထဲက လုံခြုံမယ့် နေရာတစ်ခုခုမှာ သွားပုန်နေလိုက်။ အကုန်လုံး ပြီးသွားတော့မှ ပြန်ထွက်လာခဲ့။ ပြီးတာနဲ့ ချက်ချင်း ခရမ်းကြယ်က ထွက်သွားဖို့ လုပ်တော့”

အမျိုးသမီး၏ ခန္ဓာကိုယ် တုန်တက်သွားပြီး မျက်လုံးထဲ မျက်ရည်များ ရစ်သိုင်းလာခဲ့သည်။ သိုသော်လည်း အခိုင်အမာကို ခေါင်းညိတ်၍ “ဦးလေးရှ စိတ်ချထားလိုက်။ ကျွန်မ သေရမယ် ဆိုရင်တောင် ခေါင်းဆောင် ဘာမှမဖြစ်စေရဘူး”

“ဘောင်ချင်း၊ ဟိုင်ထျန်း၊ မင်းတို့လည်း လိုက်သွားလိုက်” ရှကျင်းဝူသည် ကျန်နှစ်ယောက်အား လှမ်းပြောလိုက်သည်။

ယောင်ချင်းနှင့် အသက်နှစ်ဆယ်လောက်ရှိမည့် မိန်းကလေး နှစ်ဦးစလုံး ခေါင်းညိတ်လိုက်ကြသည်။

ယောင်ချင်းသည် လူကြမ်းကြီး ဖြစ်သည့်တိုင် ယခု အချိန်တွင်တော့ ငိုနေခဲ့လေသည် “ဦးလေးရှ၊ ဂရုစိုက်နော်”

“ဟဲဟဲ၊ ဒီလူအိုကြီးက သေမှာ မဟုတ်ပါဘူးကွ” ရှကျင်းဝူက ယဲ့ယဲ့လေးပြုံးလျက် အမြန်သွားရန် လောဆောလိုက်လေသည်။

ရှကျင်းဝူ၏ လောဆော်မှုအောက်တွင် ကောင်းဟုသည် ဟွာရို့မုန်ကိုကုန်းပိုးလျက် ယောင်ချင်း၊ ဟိုင်ထျန်းတို့နှင့်အတူ သယ်နိုင်သည့် ပစ္စည်းများကိုသယ်ပြီးနောက် လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေးအဖွဲ့အစည်းမှ ထွက်ခွာရန် ပြင်လိုက်ကြသည်။

“ဒီလူတွေက တော်တော် စည်းလုံးတာပဲ” ရန်ကိုင်သည် တင်ပလင်ခွေထိုင်နေရင်းမှ ရေရွတ်လိုက်သည်။

တော်တော်လေး ဝေးသော်ငြား လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေးအဖွဲ့အစည်းမှလူများ ပြောနေသည်ကို ရန်ကိုင် အကုန် ကြားရပေသည်။ ထိုလူများအနက်တွင် ဟွာရို့မုန်သည် အားအကောင်းဆုံးဖြစ်ပြီး တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထား၏။ သူတို့အားလုံးအနက် အားအကောင်းဆုံးလူပင် တန်ခိုးရှင်တတိယအဆင့်သို့ ရောက်သေးရာ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သို့ ရောက်နေသော ရန်ကိုင်မှ သူတို့ပြောသည်အား ချောင်းနားထောင်သည်ကို သူတို့ မည်သို့များ သိနိုင်မည်နည်း။

“ငါထင်ထားတာနဲ့ တလွဲတွေ ဖြစ်ကုန်တာပါလား” ထိုသို့ ရေရွတ်ရင်း ရန်ကိုင်သည် သူ့နဖူးကို ပွတ်လိုက်၏။ မူလ အစီအစည်မှာ ခရမ်းကြယ်မြို့ထဲ မည်သူမှ သတိမထားမိအောင် ဝင်ပြီး ခရမ်းကြယ်၏ ရတနာဂိုဒေါင်ထဲမှ ရတနာများကို ကျိတုန်၏ အကူအညီဖြင့် ခိုးယူရန်ပင် ဖြစ်သည်။

သူ့ခွန်အားဖြင့် ထိုအစီအစဉ်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု ကျိန်းသေ ယုံကြည်ပေသည်။ မိသွားခဲ့လျှင်ပင် သူ့ခွန်အားဖြင့် လွတ်အောင် ထွက်ပြေးနိုင်လိမ့်မည်ဟု ယုံကြည်နေ၏။

သို့သော်လည်း ဂိတ်ပေါက်ဝ အဖြစ်အပျက်ကြောင့် သူကြိုတင် စီစဉ်ထားသည့် အစီအစဉ်အားလုံး တလွဲ ဖြစ်ကုန်ရတော့သည်။

ခရမ်းကြယ်မြို့ထဲ၌ ခရမ်းကြယ်မှလူများကို တိုက်ခိုက်ခြင်းသည် သူ့အတွက် ပြဿနာများကို ဖြစ်စေနိုင်မှန်း ရန်ကိုင်သိသည်။ သူကတော့ မကြောက်သော်ငြား လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေး အဖွဲ့အစည်းကတော့ ဒုက္ခရောက်ရပေတော့မည်။

ထို့ကြောင့် မြို့ထဲသို့ ဝင်လာပြီးနောက် ဟွာရို့မုန်မှ သူအား ဖိတ်ခေါ်ခဲ့ချိန် ရန်ကိုင်လည်း ငြင်းမနေဘဲ လိုက်လာခဲ့ခြင်း ဖြစ်သည်။

တစ်ဖက်လူသည် သူဒုက္ခရောက်နေချိန် ဝင်ကူညီခဲ့မှဖြင့် သူ့အနေဖြင့်လည်း တစ်ဖက်သား ဒုက္ခရောက်နေသည်ကို လျစ်လျူ မရှုနိုင်ချေ။

လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းအနေဖြင့် ခရမ်းကြယ်လက်မှ မည်သို့မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်မှန်း ရန်ကိုင် သိနေသည်။

“ရောက်တောင် ရောက်နေပြီပဲ” သူ့ကောင်းကင်စိတ်အာရုံမှ တစ်ဆင့် လူပေါင်းများစွာ ဤနေရာသို့ ချဉ်းကပ်လာနေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ ထိုလူများသည် အဆောက်အဦးထဲသို့ ဝင်လာပြီးသည်နှင့် တိုက်ခိုက်ကြတော့၏။ သူတို့ လုပ်ရပ်ကြောင့် ဈေးဝယ်နေကြသော ဝယ်သူများ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြလေသည်။ အရောင်း ဝန်ထမ်းများမှာတော့ သူတို့လက်ချက်နှင့် သတိမေ့၊မှောက်ကုန်ကြ၏။

အဆောက်အဦးနောက်မှ ထွက်ပြေးရန် ကြိုးစားနေသည့် ကောင်းဟုန်တို့အဖွဲ့ပေါ် အားကောင်းသည့် အရှိန်အဝါများ ရုတ်တရက် သက်ဆင်းလာခဲ့လေသည်။

အဖွဲ့ခေါင်းဆောင် ဖြစ်ဟန်တူသူက ဒေါသတကြီး လှမ်းအော်ပြောလေသည် “ငါတို့ ခရမ်းကြယ်ကလူကို တိုက်ခိုက်ပြီးမှ ထွက်ပြေးချင်နေတာလား။ မင်းတို့ လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေး အဖွဲ့အစည်းက တကယ်ကို လုပ်ချင်တိုင်း လုပ်နေကြတာပဲ”

ပြောပြီးသည်နှင့် ထိုလူသည် ချက်ချင်းပဲ သူ့ရှေ့ကို ထိုးချလိုက်လေသည်။

လက်သီးချက်ကို ပထမဆုံး မိသွားသူမှာ ကောင်းဟုန် ဖြစ်ပေသည်။ လက်သီးချက်ကြောင့် ကောင်းဟုန် မျက်နှာ တစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။ ဟွာရို့မုန်ကို ထိခိုက်မည်စိုးသည့်အတွက် ချက်ချင်း တိုက်ခိုက်မှုအား ကျောပေးချလိုက်သည်။

ယောင်ချင်းနှင့် ဟိုင်ထျန်းတို့သည်လည်း အလန့်တကြား အော်ဟစ်ရင်း မှော်ရတနာအသီးသီးကို ထုတ်၍ တိုးဝင်လာနေသော တိုက်ခိုက်မှုကို ကြားဖြတ်တားဆီးရန် ကြိုးစားလိုက်ကြလေသည်။

အုန်း… အုန်း…

ပေါက်ကွဲသံ အကျယ်ကြီးနှင့်အတူ လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေးအဖွဲ့အစည်း၏ နောက်ဘက်ခြံဝန်းတစ်ခုလုံး ပျက်စီးသွားခဲ့လေသည်။ ယောင်ချင်းနှင့် ဟိုင်ထျန်းတို့မှာလည်း သွေးအပွက်ပွက်အန်ရင်း လွင့်ထွက်သွားခဲ့ကြသည်။ တိုက်ခိုက်မှုကြောင့် သူတို့၏ မျက်နှာများ သွေးမရှိတော့သည့်နှယ် ဖြူဖတ်ဖြူလျော် ဖြစ်ကုန်ကြလေသည်။

ချက်ချင်းပဲ အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော စစ်သားများစွာ လှံတစ်ချောင်းစီကို ကိုင်ဆွဲ၍ ကောင်းဟုန်တို့အား ဝိုင်းလိုက်ကြ၏။

စစ်သားများ၏ အလယ်ဆီမှ လူထွားကြီးတစ်ဦးသည် အေးစက်စက် မျက်နှာထားဖြင့် လက်နှောက်ပစ်လျက် လမ်းလျှောက်လာခဲ့သည်။

“စီနီယာပိုင်” ပေါက်ကွဲသံများကို ကြားပြီးနောက် ပြေးထွက်လာချင်းချင်းမှာပင် မြင်လိုက်ရသည့် မျက်နှာကြောင့် ရှကျင်းဝူ ရင်ထိတ်သွားခဲ့လေသည်။

ဤလူသည် ခရမ်းကြယ်မြို့စောင့်တပ်ဖွဲ့၏ ဒုဗိုလ်ချုပ် ပိုင်ကျန်းချူ ဖြစ်ပေသည်။

ခရမ်းကြယ်မြို့စောင့်တပ်ဖွဲ့ကို တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေသည့် ဗိုလ်ချုပ်လျူထျန်ဖုန်းမှ ဦးဆောင်၏။ သူ့လက်အောက်တွင်မူ တန်ခိုးရှင်အဆင့်၏ အထွဋ်အထိပ်သို့ ရောက်နေသော ဒုဗိုလ်ချုပ်ရှစ်ဦး ရှိပေသည်။

ပိုင်ကျန်းချူသည် ဒုဗိုလ်ချုပ်ရှစ်ဦးအနက် တစ်ဦးအပါအဝင် ဖြစ်ပြီး အသေးစားကိစ္စများတွင် ဝင်ပါလေ့ရှိသူတစ်ဦး မဟုတ်ချေ။ ယခု အကြီးအကဲမင် ဒဏ်ရာရသွားသည့် အတွက်ကြောင့်သာ လူကိုယ်တိုင် ဦးဆောင်လာခဲ့ခြင်း ဖြစ်သည်။

ထိုလူကို မြင်လိုက်သည်နှင့် သူတို့အတွက် မလွယ်တော့မှန်း ရှကျင်းဝူ ချက်ချင်း သဘောပေါက်လိုက်သည်။

ကောလဟာလများအရ ပိုင်ကျန်းချူသည် ဒုဗိုလ်ချုပ်ရှစ်ဦး အနက်တွင် အရက်ဆုံး ဖြစ်ကာ ကျင့်ကြံသူပေါင်းများစွာ၏ အသက်များနှင့် စီးပွားရေးလုပ်ငန်းများစွာကို နိဂုံးချုပ်သွားအောင် လုပ်ခဲ့သူတစ်ဦးလည်း ဖြစ်ပေသည်။ သူ့ကြောင့် ပျက်စီးသွားသည့် စီးဟွားရေးလုပ်ငန်းမှာ အခုတစ်ရာလောက် မရှိလျှင်ပင် အနည်းဆုံး ရှစ်ဆယ်လောက် ရှိပေသည်။

“ထွက်သွားစမ်း” ပိုင်ကျန်းချူသည် ရှကျင်းဝူအား လှည့်ပင် မကြည့်ဘဲ ဒေါသတကြီးသာ အော်ဟစ်လိုက်လေသည်။ သူ့အော်သံကြောင့် လူအိုကြီး၏ ခန္ဓာကိုယ် မြေပြင်ပေါ်သို့ လွင့်ထွက်သွားခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေး အဖွဲ့အစည်းများ ကျင့်ကြံသူများ၏ မျက်လုံးထဲ ထိတ်လန့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့ကြသည်။ ခရမ်းကြယ် အစောင့်များ၏ ကြမ်းကြုတ်သည့် အကြည့်များသည် သူတို့ ရင်ကို တဒိတ်ဒိတ် ဖြစ်သွားစေပေသည်။

ပိုင်ကျန်းချူက အေးစက်စက် လေသံဖြင့် “လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေးအဖွဲ့အစည်းဟုတ်လား။ မင်းတို့ ဆက်ရှိနေစရာ မလိုတော့ဘူး”

ထိုစကား ထွက်လာသည်နှင့် အကုန်လုံး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ကြလေသည်။

ကောင်းဟုန်မှ ထူမပေးထားသော ဟွာရို့မုန်က အားနည်းစွာ ပြောလိုက်လေသည် “စီနီယာပိုင်၊ ဒီကိစ္စက နားလည်မှု လွဲသွားတာပါ။ ကျေးဇူးပြုပြီး… ကျွန်မ တစ်ချက်လောက် ရှင်းပြပါရစေ”

ပိုင်ကျန်ချူသည် ဟွာရို့မုန်အားကြည့်ရင်း အေးစက်စက် လေသံဖြင့် ‘ရှင်းပြနေစရာမလိုဘူး။ အခုကနေစပြီး လမ်းကြောင်းငါးသွယ်အဖွဲ့အစည်းကို ဖျက်စီးလိုက်ပြီ။ ဝန်ထမ်းတွေ အကုန်လုံး ခရမ်းကြယ်ရေခဲအကျဉ်းထောင်ဆီ ပို့ခံရမယ်”

“ခရမ်းကြယ်ရေခဲအကျဉ်းထောင်” ကောင်းဟုန် အလန့်တကြား ထအော်လေသည်။

ထိုနေရာသည် အကျဉ်းသားများကို ထိန်းသိမ်းထားသည့် နေရာတစ်ခုဖြစ်ပြီး ထိုနေရာသို့ ရောက်သွားသည့် မည်သည့် အကျဉ်းသားမှ အသက်ရှင်လျက် ပြန်ထွက်လာရိုးထုံးစံ မရှိပေ။

“နင်တို့ နှစ်ယောက်က သိပ်မဆိုးဘူးပဲ” ပိုင်ကျန်းချူသည် ဟွာရို့မုန်နှင့် ကောင်းဟုန်ကို သူ့အနီးသို့ ဆွဲယူ၍ “ကောင်းပြီလေ။ နင်တို့ နှစ်ယောက်သာ ငါတို့ ညီအစ်ကိုတွေနဲ့ ပျော်ပါးပေးမယ် ဆိုရင် ငါတို့ နှစ်ယောက်ကို ရေခဲအကျဉ်းထောင်ဆီ မပို့ဘူးလို့ အာမခံတယ်”

ထိုစကားကို ကြားလိုက်သည်နှင့်အခိုက် ကောင်းဟုန်နှင့် ဟွာရို့မုန်တို့၏ မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ အစောင့်များမှာတော့ ညစ်ကျယ်ကျယ်ဖြင့်သာ ရယ်နေကြသည်။ သူတို့ ဤကဲ့သို့ လုပ်ခဲ့သည်မှာ တစ်ကြိမ်မကတော့သည့်ပုံပင်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၄၃)

“စီနီယာပိုင်” ရှကျင်းဝူသည် နဖူးထက်ရှိ ချွေးများကိုသုတ်ရင်း အားတင်းပြုံးလျက် လက်သီးဆုပ်ကာ “စီနီယာပိုင်၊ ကျုပ်က ရှကျင်းဝူပါ။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ကံကောင်းပြီး စီနီယာပိုင်နဲ့ တွေ့ခဲ့ဖူးပါတယ်။ စီနီယာပိုင် မှိတ်မိသေးလား မသိဘူး”

ပိုင်ကျန်းချူက ရှကျင်းဝူအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်၍ “မင်းကို မှတ်မိရအောင် မင်းကဘာမို့လို့လဲ”

“ဟဲဟဲ…” ရှကျင်းဝူက‌ အောင့်သက်သက်ပြုံးလျက် “ကျုပ်လို လူတွေကို စီနီယာပိုင် မှတ်မိနေစရာ မလိုပါဘူး။ ဒါပေမယ့် ကျုပ်က စီနီယာပိုင်ရဲ့ လက်အောက်ငယ်သားဖြစ်တဲ့ စီနီယာ ခန်ရှန်းနဲ့ ရင်းနှီးပါတယ်။ ကျုပ်တို့ ရင်းနှီးတာလေးကို ထောက်ထားပြီး စီနီယာပိုင်အနေနဲ့ ကျုပ်ကို တစ်ချက်လောက် ရှင်းပြခွင့်လေးပေးလို့ရမလား မသိဘူး”

ပြောနေရင်း ရှကျင်းဝူသည် သူ့လက်မှ သိုလှောင်လက်စွပ်ကို ချွတ်၍ ပိုင်ကျန်းချူ၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

သူ့ပိုင်ဆိုင်မှုအားလုံး ထိုသိုလှောင်လက်စွပ်ထဲတွင် ရှိနေပေသည်။ သို့ရာတွင် နှမြောနေရန် အချိန်မရှိ။ လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေးအဖွဲ့အစည်းသား ဖျက်သိမ်းခံလိုက်ရမည်ဆိုလျှင် သူ့ပိုင်ဆိုင်မှု အားလုံးကိုလည်း ဆုံးရှုံးလိုက်ရပေလိမ့်မည်။ ဆုံးရှုံးရမည့်အတူတူ သူတို့အတွက် အကျိုးရှိအောင် အသုံးချလိုက်ခြင်းသည် ပိုကောင်းပေသည်။

“ခန်ရှန်းကို သိတာလား” ပိုင်ကျန်းဖုန်းသည် ရှကျင်းဝူအား အံ့အားသင့်နေသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

ရှကျင်းဝူက ခေါင်းညိတ်လျက် ဦးညွှတ်ကာ “ကံကောင်းသွားလို့ပါ”

ပိုင်ကျန်းချူက အထင်တသေးဖြင့် “ခန်းရှန်လိုလူက ဘယ်လိုလုပ်ပြီး မင်းလိုအမှိုက်နဲ့ လာပက်သက်နေရတာလဲ။ ဒီကောင့် ကင်းစောင့်ခေါင်းဆောင် မလုပ်ချင်တော့ဘူးနဲ့ တူတယ်”

ထိုစကားထွက်လာသည်နှင့် ရှကျင်းဝူ၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။

လွတ်မြောက်လိုလွတ်မြောက်ငြား ခန်ရှန်းနာမည်ကို ထည့်ပြောလိုက်သော်လည်း ကပ်ဘေးမှ မလွတ်မြောက်ရုံမက ခန်ရှန်းကိုပါ သူ့အရှုပ်ထဲ ဆွဲခေါ်မိသွားအောင် လုပ်မိလိုက်လေပြီ။ ဤကိစ္စပြီးနောက်တွင် ပိုင်ကျန်းချူသည် လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေး အဖွဲ့အစည်းကို ဖျက်စီးရုံမက ခန်ရှန်းကိုလည်း အလွတ်ပေးလိမ့်မည် မဟုတ်ချေ။

သူနှင့် ခန်ရှန်းကြား ရင်းနှီးမှုသည် သူတော်စင် သလင်းကျောက်များသက်သက်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်ရာ ထိုကဲ့သို့သော ရင်းနှီးမှုမျိုးသည် မည်သည့်နည်းနှင့်မျှ ခိုင်မာစရာ အကြောင်းမရှိချေ။

“မင်းငါ့ကို လာဘ်ထိုးနေတာလား။ မင်းက တကယ်ကို သွေးရဲတဲ့ကောင်ပဲကွ” ပြောပြီးသည်နှင့် ပိုင်ကျန်းချူသည် ရှကျင်းဝူ ပေးသည် သိုလှောင်လက်စွပ်ကို ဆွဲယူကာ သူ့လက်အောက်ငယ်သားတစ်ဦးဆီ လှမ်းပစ်ပေးလိုက်လေသည်။ ထို့နောက် အတိအလင်းကြေညာလိုက်၏ “မြို့စောင့်တပ်ကို တိုက်ခိုက်တာရယ်၊ ခရမ်းကြယ်မြို့ရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်တာရယ်၊ ဒုဗိုလ်ချုပ်ကို အပြစ်လွတ်အောင် လက်ထိုးတာရယ်၊ အဲ့သုံးမှုနဲ့ မင်းတို့ လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေး အဖွဲ့အစည်းကို တရားစွဲလိုက်ပြီ။ လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေးအဖွဲ့သားတွေ အားလုံးကို ဖမ်းလိုက်ကြစမ်း”

“ဟုတ်ကဲ့” မြို့စောင့်တပ်သားအားလုံး ချက်ချင်း သံပြိုင်အော်ဟစ်ကာ အကုန်လုံးကို ဝိုင်းလိုက်ကြသည်။

ဟွာရို့မုန်မှလွဲ၍ ကောင်းဟုန်ဟုခေါ်သော အမျိုးသမီး တစ်ဦးသည်သာ တန်ခိုးရှင်ပထမအဆင့်သို့ ရောက်ထားသည်။ ကျန်သည့် အဖွဲ့သားအားလုံးသည် သူတော်စင်ဘုရင်အဆင့်များသာ ဖြစ်ကြ၏။ ဟွာရို့မုန်သာ အကောင်းအတိုင်း ရှိနေလျှင်တော့ အနည်းငယ် ပြန်လည် ခုခံနိုင်လိမ့်မည် ဖြစ်သော်ငြား ပွင့်ချပ်ငါးသွယ်ဝတ်မှုန်ကျေးဇူကြောင့် လက်ရှိတွင် သူမသည် အားလုံးအနက် အားအနည်းဆုံး ဖြစ်နေခဲ့လေသည်။ ထို့ကြောင့် သူမအဖွဲ့အသားများ တစ်ယောက်ပြီးတစ်ယောက် အဖမ်း ခံနေရသည်ကို ရပ်ကြည့်နေရုံသာ တတ်နိုင်လေ၏။

မကြာမီ လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေး အဖွဲ့အစည်းမှ အဖွဲ့သားအားလုံး အဖမ်းခံလိုက်ရလေသည်။ ရှကျင်းဝူနှင့် ယောင်ချင်းတို့မှာလည်း အစောင့်များ၏ လက်ချက်ကြောင့် တစ်ကိုယ်လုံး ဖူးရောင်ကိုင်းနေခဲ့၏။

“ငါတို့ ဘယ်သူ့ကိုမှ မတိုက်ခိုက်ခဲ့တာကို မင်းတို့ဘာလို့ ငါတို့ကို လာဖမ်းနေတာလဲ။ ငါလက်မခံနိင်ဘူးကွ” ယောင်ချင်းသည် အသည်းအသန် ရုန်းကန်ရင်း‌ အော်ဟစ်နေခဲ့သည်။

“အို၊ မင်းတို့က ဘယ်သူ့ကိုမှ မတိုက်ခိုက်ခဲ့ဘူးဟုတ်လား။ ဒီလောက် လူတွေအများကြီးရှေ့မှာ မြို့စောင့်တပ်ကို တိုက်ခိုက်ခဲ့တာတောင် မင်းတို့က ဗြောင်လိမ်ချင်နေသေးတာလား”

“ငါတို့ မဟုတ်ဘူးလို့ ပြောနေတယ်။ ငါတို့ မဟုတ်ဘူးကွ” ယောင်ချင်းသည် အံကြိတ်၍ ပြန်အော်ပြောလေသည်။

“စီနီယာပိုင်” ကောင်းဟုန်သည် အနည်းငယ် တုန့်ဆိုင်းနေပြီးနောက် လှမ်းအော်ပြောလိုက်လေ၏ “စီနီယာပိုင် မြို့စောင့်တပ်ကို တိုက်ခိုက်ခဲ့တာ ကျွန်မတို့ မဟုတ်ပါဘူး။ အကြီးအကဲမင်လို လူမျိုးကို ကျွန်မတို့ထဲက ဘယ်သူမှ တစ်ချက်တည်းနဲ့ အနိုင်မယူနိုင်ပါဘူး။ စီနီယာလည်း စဉ်းစားတတ်တာပဲ၊ ကျွန်မတို့မဟုတ်မှန်း သိမှာပေါ့”

ပိုင်ကျန်းချူက မျက်လုံးမှေးစဉ်းလျက် ကောင်းဟုန်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း ခြိမ်းခြောက်သည့် လေသံဖြင့် မေးလိုက်လေသည် “နင်ငါ့ကို အမှားနဲ့အမှန်တောင် မခွဲခြားတတ်ဘူးလို့ စွပ်စွဲချင်နေတာလား”

“မစွပ်စွဲရဲပါဘူး” ပိုင်ကျန်းချူ၏ အကြည့်ကြောင့် ကောင်းဟုန် တုန်ရီသွားခဲ့သည်။ သို့သော် အံကြိတ်၍ ဆက်ပြောလိုက်လေ၏ “ဒါပေမယ့် စီနီယာပိုင်က ဘာမှမဆိုင်တဲ့လူတွေကို လိုက်ဖမ်းနေလို့ တကယ့် တရားခံကို လွတ်သွားခဲ့တဲ့အကြောင်းသာ ဗိုလ်ချုပ်လျူ သိသွားခဲ့ရင် စီနီယာပိုင်က အမှားအမှန်ကို မခွဲခြားတတ်လို့ပဲလား၊ ဒါမှမဟုတ် တရားခံကို တမင်သက်သက် လွှတ်ပေးလိုက်တာလား၊ ဗိုလ်ချုပ်လျူ ဘယ်လိုတွေးမလဲ ကျွန်မ မပြောတတ်ဘူး”

“ရိုင်းလိုက်တာ” ပိုင်ကျန်းချူ ဒေါသတကြီး ထအော်လေသည်။

တစ်ဖက်လူဆီမှ ကြီးမားသော ဖိအားကို ခံစားနေရသည့်တိုင် ကောင်းဟုန်သည် မျက်လွှာတစ်ချက်မချဘဲ ပိုင်ကျန်းချူအား ရဲရဲဝံ့ဝံ့ ပြန်စိုက်ကြည့်နေလိုက်လေသည်။

ခဏအကြာတွင် ပိုင်ကျန်းချူသည် ည့စ်ကျယ်ကျယ်ပြုံး၍ “ဒီလို အဖွဲ့အစည်းလေးထဲမှာ ဘာမှကို မကြောက်တတ်တဲ့ လူတွေ ရှိနေဦးမယ်လို့ ငါမထင်ထားဘူး။ ကောင်းပြီလေ။ တရားခံက နင်တို့ ကုန်သွယ်ရေးအဖွဲ့အစည်းက မဟုတ်ဘူးဆိုရင်… ဘယ်သူလဲ။ သူအခု ဘယ်မှာလဲ”

“သူဒီမှာပဲ ရှိနေပါသေးတယ်” ထိုမေးခွန်းကို ကြားမှပဲ ကောင်းဟုန် သက်ပြင်းချလိုက်နိုင်ပြီး အလျင်အမြန် ပြန်ဖြေလိုက်လေ၏။

“ကောင်းဟုန်” ဟွာရို့မုန်က ထအော်လေသည်။

ကောင်းဟုန်က ခါးသက်စွာပြုံးလျက် “ကျွန်မ မလုပ်လို့ မရတော့ဘူးခေါင်းဆောင်။ ပြဿနာကို သူရှာသွားတာ။ သူ့ကြောင့် ကျွန်မတို့ အခုလို ဒုက္ခရောက်နေတာ။ သူကို တာဝန်ခံခိုင်းမှ ဖြစ်မှာပေါ့။ ခေါင်းဆောင် အပြစ်တင်တင်၊ ကျွန်မ ဂရုမစိုက်ဘူး။ ကျွန်မ ရအောင်ကိုပြောမှာ”

ပြောပြီးသည်နှင့် ဟွာရို့မန်အား စကားဝင်မပြောနိုင်အောင် သူမလည်ပင်းကို ကောက်တောက်ချလိုက်၏။

“တရားခံက နင်တို့ အဖွဲ့အစည်းထဲမှာ ရှိနေသေးတယ်ပေါ့။ ဟုတ်လား။ သူက နင်တို့အဖွဲ့ထဲက မဟုတ်ဘူးဆို… ဘာလို့ ဒီမှာ ရှိနေရတာလဲ။ ငါ့ကို အရူးမှတ်နေတာလား”

ကောင်းဟုန်က အလျင်အမြန် ရှင်းပြလိုက်လေသည် “သူက ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ အဖွဲ့သားမဟုတ်လို့ ဆရာတို့ ရောက်လာရင် ဖြေရှင်းလို့ရအောင် သူ့ကို အတတ်နိုင်ဆုံး ဒီမှာ ရအောင် ခေါ်ထားတာပါ။ တမင်သက်သက် ခေါ်ထားတာ မဟုတ်ပါဘူး”

“ကောင်းပြီလေ” ပိုင်ကျန်းချူက ကျေနပ်စွာပြုံးလျက် “အဲ့လိုဆိုမှတော့ အဲ့ကောင်ရှိတဲ့နေရာကို ငါ့ကို ခေါ်သွားပေး။ ငါတို့ ခရမ်းကြယ်မြို့ထဲမှာ ဘယ်ကောင် လာသောင်းကျန်းရဲလဲ ငါကြည့်မယ်”

“ကျွန်မနောက် လိုက်ခဲ့ပေးပါ” ကောင်းဟုန်သည် ချက်ချင်းပဲ ရန်ကိုင် ရှိနေသည့်ဘက်သို့ ဦးဆောင်ထွက်သွားလေသည်။ သို့ရာတွင် သွားနေသည့်တစ်ချိန်လုံး ဟွာရို့မုန်ကို တောက်လျှောက် ချီသွားခဲ့လေသည်။

ရန်ကိုင် ရှိနေသည့်စံအိမ်ကိုကြည့်ရင်း ကောင်းဟုန် မျက်လုံး မှေးစဉ်းသွားခဲ့သည်။ တစ်ခဏကြာ တွေဝေနေပြီးနောက်တွင် နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်လေသည်။ နောက်မှ လိုက်လာနေသည့် ရှကျင်းဝူသည်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း တည်ကြည်လေးနက်သွားခဲ့လေသည်။

ခဏအကြာတွင် ကောင်းဟုန်၏ ဦးဆောင်မှုဖြင့် ပိုင်ကျန်းချူတို့ အဖွဲ့ ရန်ကိုင် နေနေသည့် အိမ်ရှေသို့ ရောက်လာခဲ့လေသည်။

“အဲ့လူက အထဲမှာပါဆရာ။ ကျွန်မ ပြောတာကိုမယုံရင် သူ့ကို ထွက်လာခိုင်းပြီး စစ်ဆေးကြည့်လို့ ရပါတယ်” ကောင်းဟုန်သည် အိမ်ကို ညွှန်ပြလိုက်ပြီးနောက် ဘေးတွင် သွားရပ်နေလေသည်။

ပိုင်းကျန်းချူသည် ကောင်းဟုန် ပြောသည်ကို ဂရုမစိုက်ဘဲ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ အိမ်အတွင်းပိုင်းကို စစ်ဆေးကြည့်လိုက်လေသည်။

အိမ်ထဲတွင် လူတစ်ယောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ သို့ရာတွင် ထိုလူအား သူ့ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ သူ့ကောင်းကင်စိတ်အာရုံသည် ပင်လယ်ထဲရောက်သွားသော ခဲတစ်လုံးနှယ် လုံးဝကို စုန်းစုန်း နစ်မြုပ်ကာ ပျောက်ကွယ်သွားခဲ့ရလေသည်။ မည်သည့် တုန့်ပြန်မှုကိုမှ မရရှိခဲ့ပေ။

ထိုအချက်မှတစ်ဆင့် တစ်ဖက်လူသည် အားနည်းသည့် လူတစ်ဦးမဟုန်မှန်း ပိုင်ကျန်းချူ ချက်ချင်း နားလည်လိုက်သည်။

တစ်ဖက်လူ အားမကောင်း၍လည်း မရချေ။ အကြီးအကဲမင်ကို လက်ဝါးတစ်ချက်တည်းဖြင့် မှောက်သွားအောင် လုပ်နိုင်မှဖြင့် မည်သို့များ အားမကောင်းနိုင်ပါမည်နည်း။ သူပင်လျှင် အကြီးအကဲမင်းကို လက်ဝါးတစ်ချက်တည်းဖြင့် အမှောက်မသိပ်နိုင်ပေ။

ထို့ကြောင့် ပိုင်ကျန်းချူလည်း အရမ်းကြီး တဇွတ်ထိုး မလုပ်ရဲဘဲ သူ့ကောင်းကင်စိတ်အာရုံကို အလျင်အမြန် ပြန်ရုတ်သိမ်းလိုက်၏။ တစ်ဖက်လူသည် အားကောင်းသည့် လူတစ်ဦး ဖြစ်နေသည့်တိုင် ဤနေရာသည် ခရမ်းကြယ်မြို့ ဖြစ်နေဆဲ။ သူ့ပိုင်နက်ထဲတွင် အခြားလူတစ်ဦးကို ဘာကြောင့်များ ကြောက်ရမည်နည်း။ ထို့ကြောင့် ဒုဗိုလ်ချုပ်တစ်ဦး ပုံစံအတိုင်း လေသံမာမာ အသံကျယ်ကျယ်ဖြင့် လှမ်းအော်ပြောလိုက်လေသည် “လူကြီးမင်းက ကျုပ်တို့ ခရမ်းကြယ်မြို့စောင့်ကို ထိခိုက်အောင် လုပ်သွားပြီး ဒီမှာ လာပုန်းနေတာလား။ ဘာလို့ မြန်မြန် ထွက်မလာသေးတာလဲ”

မည်သည့် အသံမှ ထွက်မလာခဲ့ချေ။

ပိုင်ကျန်းချူမျက်နှာ မှုန်ကုတ်သွားခဲ့လေသည်။ ထို့နောက် ခက်ထန်သည့် လေသံဖြင့် “ရောင်းရင်း၊ အကောင်းပြောနေတုန်း ထွက်လာလိုက်တာ ကောင်းမယ်နော်။ ဘယ်လိုလူပဲဖြစ်ဖြစ် ခရမ်းကြယ်မြို့က လူကို ထိခိုက်အောင် လုပ်သွားပြီးရင် ဘယ်တော့မှ အဆုံးသတ် မကောင်းဘူးဆိုတာ သိထားသင့်တယ်။ ဒါကြောင့် အကောင်း ပြောနေတုန်း ထွက်လာခဲ့လိုက်။ မဟုတ်ရင်တော့…”

ထိုကဲ့သို့ပြောပြီး ခဏကြာအောင် စောင့်နေသည့်တိုင် မည်သည့်အသံမှ ထွက်မလာသေးချေ။ ထို့ကြောင့် ပိုင်ကျန်းချူမှာ ရှက်လည်းရှက်၊ ဒေါသလည်း ထွက်ထွက်ဖြင့် အံကြိတ်ကာ ရေရွတ်တော့လေ၏ “ငါ့ကို သောက်ဂရု မစိုက်ဘူးပေါ့… ရတယ်လေ။ ငါမင်းကို ရေခဲအကျဉ်းထောင်ထဲ ပို့ပြီးရင် မင်းဒီလို ထပ်မောက်မာနိုင်ဦးမလား ကြည့်ရသေးတာပေါ့”

ထိုသို့ ပြောပြီးသည့်နောက်တွင် သူ့ဘေးနားရှိ အစောင့် ခြောက်ဦးကို ပြောလိုက်လေသည် “မင်းတို့ ခြောက်ယောက်သွား၊ အဲ့ကောင်ကို သွားဖမ်းလာခဲ့”

အထဲရှိလူသည် သူတို့ သွားရန်စနိုင်သည့် လူမဟုတ်မှန်း အစောင့် ခြောက်ယောက်စလုံး သိကြပေသည်။ သို့ရာတွင် ပိုင်ကျန်းချူက အမိန့်ပေးနေသဖြင့် ခြောက်ယောက်စလုံး ရဲဆေးတင်၍သာ အထဲသို့ ဝင်သွားကြရတော့လေသည်။

ပုံမှန်အားဖြင့် အစောင့်ခြောက်ယောက်နှင့် တိုက်ခိုက်ရသည့် အတွက် ပေါက်ကွဲသံများ ထွက်မလာလျှင်ပင် အနည်းဆုံး အသံဗလံလေး နည်းနည်းပါးပါးလောက် ထွက်လာသင့်သော်ငြား အစောင့်ခြောက်ယောက် ဝင်သွားပြီးသည့်တိုင် ရန်ကိုင် နေနေသည့် စံအိမ်သည် တိတ်ဆိတ်မြဲ တိတ်ဆိတ်နေတုန်းပင်။ ခြောက်ယောက်စလုံး ကမ္ဘာတစ်ဖက်ခြားသို့ ရောက်သွားသည့် အလား အသံတစ်ချက်ပင် မထွက်ဘဲ ပျောက်ကွယ်နေခဲ့၏။

သူတို့၏ အသက်စွမ်းအင် အရှိန်အဝါများ မပျောက်ကွယ်သေးသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုခြောက်ယောက် ရုတ်တရက် ပျောက်ကွယ်သွားပြီဟု အကုန်လုံး ထင်ကြမည်သာ။

ပိုင်ကျန်းချူ၏ အမူအရာ တည်ကြည်သထက် တည်ကြည်လာခဲ့လေသည်။

လမ်းကြောင်းငါးသွယ် အဖွဲ့အစည်းမှ အဖွဲ့သားများသည် တစ်ဦးကိုတစ်ဦး နားမလည်နိုင်စွာ ကြည်လိုက်ကြလေသည်။

ခဏအကြာတွင် စံအိမ်ထဲမှ လူရိပ်မှ တစ်ခုပြီးတစ်ခု လွင့်ထွက်လာခဲ့လေသည်။ ထိုလူရိပ်များသည် အစောပိုင်းက အိမ်ထဲသို့ ဝင်သွားသည့် အစောင့်ခြောက်ဦး ဖြစ်ပေသည်။

လက်ရှိတွင် အစောင့်ခြောက်ဦးစလုံး သတိမေ့နေကြ၏။ သူတို့ကိုယ်ထက် မည်သည့် ဒဏ်ရာကိုမှမတွေ့ရ။ ထို့အစား အစောင့်ခြောက်ဦးသည် အိမ်မက်ကောင်းတစ်ခုကို မက်နေသည့် အလား ယဲ့ယဲ့လေး ပြုံးနေခဲ့ကြသည်။ အကုန်လုံးသည် ပြုံးလျက် အိပ်ပျော်နေကြခြင်း ဖြစ်သည်။

ဟူး…

ထိုမြင်ကွင်းကိုကြည့်ရင်း ပိုင်ကျန်းချူ သက်ပြင်းရှိုက်မိသွား၏။ ထိုခြောက်စလုံးသည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ တန်ခိုးရှင် ပထမအဆင့်သာ ဖြစ်သော်လည်း ယခုကဲ့သို့ ဘာအသံမှမထွက်ဘဲ တစ်ခါတည်း သတိလစ်သွားအောင် သမခံရမည့်လူများ မဟုတ်ကြချေ။ သူပင်လျှင်ပင် ဤခြောက်ယောက်ကို အသံတစ်ချက်မထွက်ဘဲ သတိလစ်သွားအောင် မလုပ်နိုင်ပေ။

အိမ်ထဲတွင် မည်သူများ ရှိနေလေသနည်း။ စိုးရိမ်စိတ်ကြောင့် ပိုင်ကျန်းချူ ရင်တဒုန်းဒုန်း ခုန်သွားခဲ့သည်။

သို့သော်လည်း ဒုဗိုလ်ချုပ်တစ်ဦး ဖြစ်သည့်အတွက် ကိုယ့်ပိုင်နက်ထဲ အားနည်းပြ၍ မဖြစ်လေသဖြင့် ကိုယ့်ကိုယ်ကို ရဲဆေးတင်ပြီးနောက် ကျန်အစောင့်အားလုံးကို အမိန့်ပေးလိုက်လေသည် “ငါ့နောက်လိုက်ခဲ့”

ဤပြဿနာကောင်ကို မရှင်းနိုင်လျှင် သူဒုဗိုလ်ချုပ် မဟုတ်တော့ချေ။ ယခု ပိုင်ကျန်းချူစိတ်ထဲ တစ်ဖက်လူသည် တန်ခိုးရှင်ဘုရင်အဆင့် မဟုတ်ပါစေနှင့်ဟုသာ ကြိတ်ဆုတောင်းနေတော့လေသည်။ မဟုတ်လျှင် သူ့သေတွင်း သူတူးသလို ဖြစ်နေပေလိမ့်မည်။

လက်ကျန်အစောင့်အားလုံးသည် ပိုင်ကျန်းချူနှင့်အတူ စံအိမ်ထဲသို့ လိုက်ဝင်သွားကြလေသည်။

သို့ရာတွင် ယခုတစ်ကြိမ်၌ စံအိမ်သည် ယခင်ကကဲ့သို့ တိတ်ဆိတ်မနေတော့ဘဲ တိုက်ခိုက်သံများ၊ အော်ဟစ်သံများဖြင့် အသက်ဝင်လာခဲ့လေသည်။ ခဏအကြာတွင် အထဲသို့ ဝင်သွားသည့် အစောင့်များ တစ်ယောက်ပြီး တစ်ယောက် နာကျင်စွာ အော်ဟစ်ရင်း လွင့်ထွက်လာကုန်ကြလေသည်။

မျက်တောင်တစ်ခတ်အတွင်း ပိုင်ကျန်းချူမှအပ စံအိမ်ထဲသို့ ဝင်သွားသည့် အစောင့်အားလုံး ကန်ထုတ်ခံလိုက်ရလေပြီ။ ပိုင်ကျန်းချူမှာ ကန်ထုတ်မခံရသေးသော်ငြား နာကျင်စွာ အော်နေပုံကိုထောက်လျှင် သူ့အခြေအနေမှာလည်း မသက်သာကြောင်း သိနိုင်ပေသည်။

“အခုပဲ” အခြေအနေကို စောင့်ကြည့်နေသော ကောင်းဟုန်သည် ဟွာရို့မုန်ကို သယ်လျက် ကောင်းကင်ပေါ်သို့ ရုတ်တရက် ပျံတက်သွားလေသည်။

ရှကျင်းဝူသည်လည်း ချက်ချင်း အော်ပြောလိုက်၏ “သွားကြမယ်”

ယောင်ချင်းနှင့် ဟိုင်ထျန်းမှတော့ ယခုအချိန်ထိ အသိ ပြန်မဝင်လာနိုင်သေး။ သို့သော် ရှကျင်းဝူနှင့် ကောင်းဟုန်တို့နောက် ပြေးလိုက်သွားကြလေသည်။

သို့သော်လည်း နည်းနည်းလေး ပြေးပြီးရုံတင်ရှိသေး အားလုံးပေါ်သို့ ကြောက်မက်ဖွယ်ရာကောင်းသည့် ဖိအားတစ်ရပ် သက်ဆင်းလာခဲ့လေသည်။ ထိုအရှိန်အဝါသည် တောင်တစ်လုံးနှယ် အကုန်လုံးပေါ်သို့ စီးမိုးကျဆင်းလာခဲ့လေသည်။ ထိုဖိအားကြောင့် ပျံပြေးရန် ကြိုးစားနေကြသော ကောင်းဟုန်တို့ အဖွဲ့သားအားလုံး ကောင်းကင်ပေါ်မှ ပြန်ပြုတ်ကျလာခဲ့ရလေ၏။

ကောင်းကင်ပေါ်ရှိ ဟင်းလင်းပြင်ထဲ လှိုင်းတွန့်လေးများ ထွက်ပေါ်လာခဲ့ပြီး မကြာမီ လှိုင်းတွန့်များ၏ အလယ်၌ ပုံရိပ်တစ်ခု တစ္ဆေတစ်ကောင်နှယ် ထွက်ပေါ်လာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၄၄)

ထိုလူသည် ယခုလေးတင်မှ ဤနေရာသို့ ရောက်လာသလား၊ အစကတည်းက ရောက်ပြီး ပုန်းနေခြင်းသလား ဆိုသည်ကို မည်သူမှ မသိကြပေ။ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး လှံတစ်ချောင်းကို ကိုင်ဆွဲထားလျက် သရဖူကို ဆင်မြန်းထားသော ထိုလူ၏ ပုံစံမှာ စစ်မြေပြင်၌ တိုက်ခိုက်နေသော ရဲရဲတောက် စစ်သူကြီးတစ်ဦးပုံစံနှင့်ပင် တူနေပေသေးသည်။

ထိုလူဆီမှ ဖြာထွက်နေသော အရှိန်အဝါသည် အနားရှိ လူများကို မွန်းကြပ်လာစေခဲ့လေသည်။

သူ့အရှိန်အဝါ သက်သက်သည်ပင်လျှင် ထွက်ပြေးရန် ကြိုးစားနေသော လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းမှ ကျင့်ကြံသူအားလုံးကို တားဆီးပစ်နိုင်ခဲ့သည်။ သို့ရာတွင် ထိုလူသည် ကောင်းဟုန်တို့ကို ဂရုစိုက်မနေဘဲ ရန်ကိုင် နေနေသည့် စံအိမ်ဆီသို့သာ စိုက်ကြည့်နေခဲ့သည်။

“တန်ခိုးရှင်ဘုရင်အဆင့်လား” ကောင်းဟုန် မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။

တစ်ဖက်လူသည် သူ့အရှိန်အဝါကို အားလုံးမြင်အောင် ထုတ်ပြထားသဖြင့် ထိုလူသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ကြောင်းကို အကုန်လုံး သိလိုက်ကြလေသည်။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူမှန်း သိလိုက်သည်နှင့် ကောင်းဟုန် အလွန်ကိုမှ စိတ်ဓါတ်ကျသွားခဲ့လေသည်။

“အား” ပိုင်ကျန်းချူသည် နာကျင်စွာ အော်ဟစ်ရင် စံအိမ်ထဲမှ လွင့်ထွက်လာခဲ့လေသည်။ မည်မျှပင် တီးခံထားရလဲမသိ၊ သူ့မျက်နှာ တစ်ပြင်လုံးသည် ဝက်တစ်ကောင်နှယ် ဖူးရောင်ကိုင်းနေ၏။

“ခွေးကောင်၊ ဒီဘုရင် ကျင့်ကြံနေတာကို မင်းဘယ်လို လာနှောင့်ယှတ်ရဲတာလဲကွ” အထဲမှ ရန်ကိုင်၏ မကျေမနပ် ဖြစ်နေသည့် အသံ ထွက်လာခဲ့လေသည်။

ပိုင်ကျန်းချူမှာ သေကောင်ပေါင်းတဲ အတီးခံထားရသော်ငြား အသက်အန္တရာယ်တော့ မရှိပေ။ ရန်ကိုင်၏ စကားများကို ကြားလိုက်သည့်အခိုက် မြေပြင်မှ ချက်ချင်း ကုန်းထကာ ထွက်ပြေးရန် ကြိုးစားလေသည်။ ထိုအချိန်မှာပင် နှာခေါင်းရှုံ့သံ တစ်သံကို ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်ရာ သူ့အား မကျေမနပ်ဖြင့် စိုက်ကြည့်နေသော လူတစ်ဦးကို မြင်လိုက်ရ၏။

ပိုင်ကျန်းချူ၏ ကြောက်လန့်နေသည့် မျက်နှာပြင်ကြီး ချက်ချင်း ပြုံးဖြီးသွားပြီး ထွက်မပြေးတော့ဘဲ ထိုလူဆီသို့သာ ပျံသန်းသွားလိုက်လေသည် “နှုတ်ဆက်ပါတယ် ဗိုလ်ချုပ်။ ဒီကကိစ္စကို ဖြေရှင်းပေးဖို့ ကျုပ် ဗိုလ်ချုပ်ကို အနူးအညွှတ် တောင်းဆိုပါတယ်။ အဲ့အိမ်ထဲက ကောင်က မြို့စောင့်တွေကို ရိုက်ရုံတင်မဟုတ်ဘူး၊ ကျုပ်တို့ သူ့ကို ဖမ်းဖို့လုပ်တဲ့အခါမှာလည်း ပြန်ခုခံပါသေးတယ်။ ဒါပေမယ့် ကျုပ်တို့က သူ့ကို မနိုင်တော့ သူတီးတာပဲ ခံလိုက်ရတယ်။ ဒါကြောင့် ဗိုလ်ချုပ် ကျေးဇူးပြုပြီး ခရမ်းကြယ်မြို့ကို တရားဥပဒေ ပြန်စိုးမိုးနိုင်အောင် ကူညီပေးပါ”

“အင်း” ဗိုလ်ချုပ်ဆိုသူက နှာခေါင်းရှုံ့လျက် လက်ဝှေ့ရမ်းက ပြောလိုက်လေသည် “ပြန်ဆုတ်နှင့်။ မင်းတို့ သူ့ပြိုင်ဘက် မဟုတ်ဘူး။ သူက တန်ခိုးရှင်ဘုရင်အဆင့်ပဲ”

“တန်ခိုးရှင်ဘုရင်… ဘုရင်အဆင့်” ပိုင်ကျန်းချူ သူ့လျှာသူ ပြန်ကိုက်လုမတတ် ဖြစ်သွားခဲ့သည်။ စံအိမ်ထဲသို့ ရောက်ပြီး တဖုန်းဖုန်း အတီးခံလိုက်ရပြီးကတည်းက တစ်ဖက်လူအကြောင်း အတော်လေး သိသွားခဲ့ရလေပြီ။ ယခု ဗိုလ်ချုပ်၏ စကားကို ကြားလိုက်ရသည့်အခါ သူ့ခန့်မှန်းချက် လုံးဝ မှန်နေကြောင်း သဘောပေါက်သွားခဲ့လေသည်။

သူသည် တကယ်ကြီး တန်ခိုးရှင်ဘုရင်အဆင့် တစ်ဦးနှင့် ယှဉ်တိုက်ပြီး… အသက်ရှင်လျက်ပင် ထွက်လာခဲ့နိုင်ခဲ့သည်။ ထိုအကြောင်းကို စဉ်းစားမိလိုက်သည့်အခိုက် သူ့ကိုယ်သူ ဂုဏ်ယူချင်မိသွားခဲ့သည်။

လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေးအဖွဲ့အစည်းမှ လူများလည်း ကြောင်သွားခဲ့ကြလေသည်။ ကောင်းဟုန်မှ ပွေ့ချီထားသော ဟွာရို့မုန်သည် ထိုစကားကို ကြားသည့်အခိုက် မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားခဲ့လေသည်။

ဘုရားရေ… အဲ့ကောင်လေးက တန်ခိုးရှင်ဘုရင်လား… သူအသက်ဘယ်လောက် ရှိသေးလို့လဲ။ အခုမှ ငယ်ငယ်လေးပဲ ရှိသေးတာကို… တန်ခိုးရှင်ဘုရင်အဆင့်ကိုတောင် ရောက်နေပြီလား

ရန်ကိုင်အား ဂိတ်စောင့်လက်မှ ကယ်တင်ရန် ကြိုးစားခဲ့သည်ကို ပြန်စဉ်းစားမိလိုက်သည့်အခိုက် ဟွာရို့မုန် အလွန် ရှက်သွားခဲ့သည်။

ရှက်ဖို့ကောင်းလိုက်တာ… သူတို့ တန်ခိုးရှင်ဘုရင်တစ်ဦးကို သားကယ်ဖို့ ကြိးစားရတယ်လို့… ငါသာ ဝင်မပါခဲ့ရင် သူ့ဘာသာ အဆင်ပြေနေမှာကို…

သူမ ဝင်မပါခဲ့လျှင် ရန်ကိုင်၏ ကျင့်ကြံခြင်းအရ ဂိတ်စောင့်မဆိုထားနှင့် အကြီးအကဲမင်ပင်လျှင် ရန်ကိုင်ကို သွားရန်စရဲလိမ့်မည် မဟုတ်ချေ။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည် အခွင့်ထူးခံ ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ခရမ်းကြယ်ပင်လျှင် အကြောင်းအရင်းမရှိ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးကို သွားရန်မစချင်ပေ။

သို့ရာတွင် သူမ ဝင်ပါလိုက်သည့်အတိုင် ပြဿနာများသည် အကြောင်းမရှိအကြောင်းရှာပြီး ရှည်ကုန်လေသည်။

ကောင်းဟုန်မှာတော့ ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးမှန်း သိသွားပြီးနောက် စံအိမ်ဆီသို့ မျှော်လင့်တကြီး လှမ်းကြည့်လိုက်လေသည်။ လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်း ဆက်လက် တည်ရှိနိုင်၊ မတည်ရှိနိုင်သည် ဤအိမ်ထဲရှိ လူငယ်လေး မည်မျှ အားကောင်းသလဲ ဆိုသည့်အပေါ်တွင် မူတည်နေမှန်း သူမ ကောင်းကောင်း သိပေသည်။

အစကမူ ပိုင်ကျန်းချူနှင့် အခြားသူများကို ရန်ကိုင်၏ အကူအညီဖြင့် ရှင်းထုတ်ဖို့ ဖြစ်သည်။

ရန်ကိုင်သည် အကြီးအကဲမင်းကို လက်ဝါးတစ်ချက်ဖြင့် အနိုင်ယူထားသူဖြစ်သဖြင့် သူ့ကျင့်ကြံခြင်းသည် လုံးဝ နိမ့်ကျခြင်း မရှိသည်မှာ သေချာသည်။ ပိုင်ကျန်းချူသည် အကြီးအကဲမင်ကဲ့သို့ တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးလေရာ အကြီးအကဲမင်ကို အသာလေး အနိုင်ယူထားသော ရန်ကိုင်အဖို့ ပိုင်ကျန်းချူကို မနိုင်လောက်စရာ အကြောင်းမရှိချေ။

ကောင်းဟုန်၏ အစီအစဉ်မှာ ရန်ကိုင်နှင့် ပိုင်ကျန်းချူတို့ တိုက်ခိုက်နေသည်ကို အခွင့်ကောင်းယူကာ ထွက်ပြေးရန်ပင် ဖြစ်သည်။

သို့သော်လည်း ကံမကောင်းစွာဖြင့် သူမ၏ အစီအစဉ်သည် ရုတ်တရက်ကြီး ပေါ်လာသည့် ဗိုလ်ချုပ်ဆိုသူကြောင့် လုံးဝ ပျက်စီးသွားခဲ့ရလေသည်။ အသစ်ရောက်လာသည့်လူ မည်သူ ဖြစ်သလဲဆိုသည်ကိုတော့… သူဝတ်စားထားသည့်ပုံနှင့် ပိုင်ကျန်းချူမှ ခေါ်ဝေါ်ပုံကို ကြည့်ရုံဖြင့်လျှင် သူမ သဘောပေါက်သွားလေပြီ။

ခရမ်းကြယ်မြို့စောင့်၏ ဗိုလ်ချုပ် လျူထျန်ဖုန်းပဲ ဖြစ်လေသည်။

“နောက်ဆုံးတော့ နည်းနည်းပါးပါး အသုံးကျတဲ့ လူတစ်ယောက် ရောက်လာပြီပေါ့” အိမ်ထဲမှ ရန်ကိုင်၏ မည်သူ့ကိုမှ ထီမထင်သည့် အသံ ထွက်ပေါ်လာခဲ့သည်။

ထိုစကားကို ကြားသည့်အခါ လျူထျန်ဖုန်း၏ မျက်နှာ မဲ့သွားပြီး အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်လေသည် “နည်းနည်းပါးပါး အသုံးကျတဲ့လူ ဟုတ်လား၊ လူကြီးမင်းက တကယ်ကို လေလုံးထွားတာပဲနော်”

“လေလုံးထွားမထွား သိချင်ရင် မင်းလာစမ်းကြည့်လိုက်လေ” ရန်ကိုင်က ပြန်ပြောလိုက်၏။

“ရောင်းရင်း၊ ငါတို့ ခရမ်းကြယ်မြို့ထဲလာပြီး မင်းဘာလို့ ဒီလို လုပ်နေရတာလဲ” လျူထျန်းဖုန်းက မျက်မှောင်ကြုတ်၍ သင်္ကာမကင်း လေသံဖြင့် ပြန်မေးလိုက်လေသည်။

တစ်ဖက်လူသည် တန်ခိုးရှင်ဘုရင်အဆင့်ထိသို့ ရောက်အောင် ကျင့်ကြံထားနိုင်သူတစ်ဦး ဖြစ်သဖြင့် အရူးတစ်ယောက် မဟုတ်သည်မှာတော့ သေချာပေသည်။ တစ်ဖက်လူသည် သူတို့ ခရမ်းကြယ်မြို့ထဲလာပြီး သူ့ရှေ့၌ပင် မောက်မာရမ်းကားရဲနေရာ သူ့တွင် ထိုကဲ့သို့ မောက်မာရလောက်သည့် ခွန်အားရှိလျှင်ရှိ မရှိလျှင် နောက်ခံတစ်ခုခု ရှိနေသည့် အတွက်ကြောင့် ဖြစ်ရပေမည်။

ထို့ကြောင့် ချက်ချင်း ပြေးဝင် မတိုက်ခိုက်သေးဘဲ အရင်ဆုံး စကားပြောကြည့်လိုက်ခြင်း ဖြစ်သည်။

“ငါဘယ်သူလဲ သိချင်ရင် အဲ့မှာပဲ ရပ်မနေနဲ့။ အောက်ဆင်းလာပြီး ငါနဲ့ မျက်နှာချင်းဆိုင် လာပြောလိုက်”

လျူထျန်ဖုန်း၏ အမူအရာ အေးစက်သွားခဲ့လေသည် “လူကြီးမင်းက ဒီလျူကို ရန်စနေတာလား”

“ဘာဖြစ်လို့လဲ။ ဗိုလ်ချုပ်လျူက ကြောက်နေတာလား”

“ကြောက်စရာလား” လျူထျန်ဖုန်းက နှာခေါင်းရှုံ့၍ “မဖြစ်စလောက် လှည့်ကွက်လေးတွေနဲ့ ဒီဗိုလ်ချုပ်ကို ခြောက်လို့ ရမယ် ထင်နေလား။ ခင်ဗျားက စိန်ခေါ်မှတော့ ဒီလျူလည်း တိမ်ပေါ်အထိ လိုက်ပြရတာပေါ့။ ခင်ဗျား ပြောတဲ့ဇာတ်အတိုင်း လိုက်ကလို့ ခင်ဗျားသာ ဘဝမြင့်လေလုံးထွားနေတဲ့ အရူး တစ်ယောက် သက်သက်ပဲဆိုရင်တော့ ဒီလျူကို ရိုင်းလို့ဆိုပြီး အပြစ်မတင်နဲ့ပေါ့”

ပြောပြီးသည်နှင့် အောက်သို့ ဆင်းလိုက်လေသည်။

ရန်ကိုင်နှင့် ဗိုလ်ချုပ်လျူကြား တင်းမာလာသော အခြေအနေကြောင်း အကုန်လုံး အသက်ပင်ရဲရဲ မရှူရဲကြတော့ပေ။ မည်သည့်တိုက်ပွဲမှ မဖြစ်သေးခြင်းသည် မုန်တိုင်းမလာခင် လေပြေသွေးနေခြင်းမှန်း အကုန်လုံး သိနေကြသည်။

မကြာမီ လျူထျန်ဖုန်းသည် အိမ်တံခါးရှေ့သို့ ရောက်လာလေသည်။ အားကောင်းသည့် ပညာရှင်တစ်ဦး ဟန်ပန်အတိုင်း အခန်းထဲသို့ တံခါးတွန်းဖွင့်ကာ အိမ်ထဲသို့ ဝင်သွားလေသည်။

ကျွီ… တံခါးပြန်ပိတ်သွဦးခဲ့၏။ ထို့နောက် အပ်ကျသံပင် မကြားရလောက်အောင် အကုန်လုံး တိတ်ဆိတ်သွားခဲ့လေသည်။

တိုက်ခိုက်သံမဆိုထားနှင့် ငြင်းခုံစကားများသံများပင် ထွက်မလာခဲ့ချေ။

အခြေအနေသည် အတော်လေး ထူးဆန်းနေခဲ့သည်။ သို့သော် မည်သူမှ စိတ်လက်ပေါ့ပါးမနေခဲ့။ အကုန်လုံးသည် စံအိမ်ကိုသာ ရင်တမမဖြင့် စောင့်ကြည့်နေကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အလွန်ကိုမှ တိတ်ဆိတ်နေခဲ့လေရာ လူတိုင်းသည် ကိုယ့်နှလုံးခုန်သံကိုပင် ကိုယ်ပြန်ကြားနေရလေသည်။ ပိုင်ကျန်းချူသည် အထဲတွင် ဘာများဖြစ်နေလဲ သိရအောင် နားပင်စွင့်ကြည့်နေလိုက်သေးသည်။

လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေး အဖွဲ့သားများသည် နားမလည်နိုင်ဟန်ဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

လက်ဖက်ရည်တစ်ခွက်စာ ကြာပြီးနောက်တွင် စံအိမ်တံခါး ပွင့်လာပြီး လျူထျန်ဖုန်း ပြန်ထွက်လာခဲ့သည်။

ထို့နောက် အားလုံး၏ အကြည့်အောက်မှပင် စံအိမ်တံခါးကို သေချာပြန်ပိတ်၍ ဦးညွှတ်လျက် “အဲ့လိုဆိုမှတော့ စီနီယာ ဒီနေ့ စောစော အနားယူလိုက်ပါ။ မနက်ဖြန်ကျပဲ ကျုပ် စီနီယာကို လာပြီး လေးစားဂါဝရပြုပါ့မယ်”

“မလိုဘူး။ ဒီဘုရင် ကိုယ့်ဘာသာ အေးအေးဆေးဆေးပဲ နေချင်တယ်” ရန်ကိုင်၏အသံ အိမ်ထဲမှ ထွက်လာခဲ့သည်။

“ဟုတ်ကဲ့ပါ” လျူထျန်ဖုန်းက လေးလေးစားစားဖြင့် ပြောလိုက်လေသည်။

“မင်တို့အားလုံး ထွက်သွားလိုက်တော့။ ဒါပေမယ့် ထွက်မသွားခင် မင်းလက်အောက်ငယ်သားတွေ လုပ်သွားတဲ့ အပျက်အစီးတွေကို ပြန်လုပ်ပေးသွားပါ…”

“စီနီယာ စိတ်ချထားလိုက်ပါ။ ကျုပ် စီနီယာ စိတ်ကျေနပ်လောက်မယ့် ရှင်းပြချက်ကို ကျိန်းသေ ပေးပါ့မယ်” လျူထျန်ဖုန်းက အမြန် ပြန်ပြောလိုက်၏။

“လူတွေပါ ဒဏ်ရာရသွားတာကော”

“ကျုပ် သေချာကိုင်တွယ်လိုက်ပါ့မယ်”

“အင်း”

ထို့နောက် အခန်းထဲမှ မည်သည့်အသံမှ ထပ်ထွက်မလာတော့ချေ။ လျူထျန်ဖုန်းသည် အလေးအနက် အမူအရာဖြင့် လူအုပ်ကြီးဘက်သို့ လှည့်လိုက်၏။

အကုန်လုံးမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း ပါးစပ် အဟောင်းသား ဖြစ်နေကြလေသည်။

တကယ်ကြီး ဘာတွေများ ဖြစ်သွားလေသနည်း။

ခရမ်းကြယ်မြို့၏ နာမည်ကျော် မြို့စောင့်တပ်ဗိုလ်ခုျပ်သည် စံအိမ်ထဲတွင် ရှိနေသော လူငယ်လေးအား အလွန်ကို ရိုရိုကျိုးကျိုးနှင့် ဆက်ဆံနေသည်။ ထိုလူငယ်လေး တကယ်ကြီး မည်သူနည်း။

လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေး အဖွဲ့အစည်းမှ လူများမှာတော့ သူတို့ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း ကြောင်တောင်တောင် ဖြစ်နေကြသည်။ ယောင်ချင်းဆိုလျှင် သူများ အမြင်တွေဝေဝါးနေသလား ဟူသော အထင်ဖြင့် မျက်လုံးကို ပွတ်၍ပင် ကြည့်ကြည့်နေလိုက်သေးသည်။

“ဗိုလ်… ဗိုလ်ချုပ်…” ပိုင်ကျန်းချူသည် အားတက်သရောဖြင့် ပြေးသွားလိုက်သော်ငြား လျူထျန်ဖုန်း၏ အေးစက်စက် အကြည့် တစ်ချက်ကြောင့် ချက်ချင်း လည်ပင်လေး ကျုံးဝင်သွားခဲ့ရလေသည်။

“ငါ ပြီးမှ မင်းနဲ့ရှင်းမယ်” ထို့နောက် လျူထျန်ဖုန်းသည် ရင်းနှီးဖော်ရွေစွာပြုံးလျက် ကောင်းဟုန်တို့အား စကား သွားပြောလေသည်။

လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းမှာတော့ နွေခေါင်ခေါင် မိုးကြိုးပစ်ချသလိုသာ ခံစားနေကြရသည်။ လက်ရှိ အဖြစ်အပျက်ကို သူတို့ ဦးနှောက် လုံးဝ အမှီမလိုက်နိုင်တော့ချေ။ မှင်သေသေဖြင့်သာ ရပ်ကြည့်နေကြရတော့သည်။

နောက်ဆုံး လျူထျန်ဖုန်းမှ သူတို့အား ခေါ်လိုက်သည့် အခါမှပဲ ကောင်းဟုန် အသိပြန်ဝင်လာပြီး တစ်ချိန်လုံး သယ်ထားသည့် ဟွာရို့မုန်ကို ချ၍ မတ်တပ်ရပ်နိုင်အောင် ထူမပေးလျက် လျူထျန်ဖုန်းကို နှုတ်ဆက်လိုက်လေသည် “ဒါက ကျွန်မတို့ လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ပါ၊ ဗိုလ်ချုပ်လျူ ဘာပြောချင်လို့လဲမသိဘူး”

“ဘာမှမဟုတ်ပါဘူး” လျူထျန်ဖုန်းက ချက်ချင်းပဲ သူ့လှံကို သိမ်း၍ ဟွာရို့မုန်အား တလေးတစားဖြင့် ပြောလိုက်လေသည် “မိန်းကလေးရဲ့ နာမည်ကို သိလို့ရမလား”

ဟွာရို့မုန်က ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ပြန်ပြောလိုက်လေသည် “ကျွန်မကို ဟွာရို့မုန်လို့ ခေါ်လို့ရပါတယ် ဗိုလ်ချုပ်လျူ။ အခုတစ်ကြိမ် သေချာမနှုတ်ဆက်နိုင်တဲ့အခွက် ခွင့်လွှတ်ပေးပါ ဗိုလ်ချုပ်လျူ”

“မလိုပါဘူး ခေါင်းဆောင်ဟွာ။ အဆင်ပြေသလိုသာ နေပါ။ ကျုပ်ခင်ဗျားအကြောင်းတွေ အများကြီး ကြားဖူးတယ်” ဟွာရို့မုန်သည် နာမည်ကြီးတစ်ယောက် ဖြစ်နေသည့်အလား လျူထျန်ဖုန်း စကားကွက် စဆင်တော့လေသည်။ လျူထျန်ဖုန်း ပြောသည်ကို ကြားပြီးနောက် ဟွာရို့မုန် အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။ သို့သော် လျူထျန်ဖုန်းသည် သူ့အား ပြန်ပြောခွင့်မပေးဘဲ တစ်ဆက်တည်း ဆက်၍ ပြောလိုက်၏ “ခေါင်းဆောင်ဟွာရဲ့…အဟမ်း…”

“လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်း…” ပိုင်ချန်းကျူက အမြန်ဝင်ထောက်ပေးလိုက်သည်။

“ဟုတ်တယ်။ ခေါင်းဆောင်ရဲ့ လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေးအဖွဲ့အစည်းအကြောင်း ဒီလျူ ကြားဖူးနေတာ ကြာပြီ။ ခေါင်းဆောင်ဟွာတို့ အဖွဲ့အစည်းက စီးပွားရေး အဖွဲ့အစည်းတွေထဲမှာ တကယ်ကို ရိုးသားဖြောင့်မတ်တယ်လို့ ဂုဏ်သတင်းကြီးနေတဲ့ အဖွဲ့အစည်းတစ်ခုပဲ. အခု လူကိုယ်တိုင် မြင်လိုက်ရတော့မှပဲ ကောလဟာလတွေက လျှောက်ပြောနေတာ မဟုတ်မှန်း သိတော့တယ်၊ ဟဲဟဲဟဲဟဲ”

လျူထျန်ဖုန်း ပြောသည်ကို နားထောင်ရင်း ဟွာရို့မုန် ရှက်လွန်းသဖြင့် မျက်နှာများပင် ပူစပ်ပူလောင် ဖြစ်လာခဲ့သည်။ ကောင်းဟုန်နှင့် အခြားသူများမှာလည်း လျူထျန်ဖုန်းအား အထူးအဆန်းတစ်ခုနှယ် ကြောင်ကြည့်နေကြလေသည်။

သူတို့အဖွဲ့အစည်းအကြောင်း သူတို့ အသိဆုံးပင်။ လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းသည် အဖွဲ့သား များများစားစား မရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်၏။ ခရမ်းကြယ်မြို့ထဲတွင် သူတို့ကဲ့သို့ အဖွဲ့အစည်းမျိုး ထောင်နှင့်ချီပြီး ရှိပေသည်။ သို့ရာတွင် လျူထျန်ဖုန်းသည် မည်သို့သော လူမျိုး ဖြစ်သနည်း။ သူသည် ခရမ်းကြယ်မြို့၏ မြို့စောင့်ဂိတ် ဗိုလ်ချုပ်တစ်ဖြစ်လဲ ရာထူးမြင့် အကြီးအကဲတစ်ဦး ဖြစ်သည်။ သူ့ကဲ့သို့ လူတစ်ဦးသည် သူတို့၏ အဖွဲ့အစည်းလေး အကြောင်းကို သိစရာအကြောင်းမရှိချေ။

သို့သော်လည် လျူထျန်ဖုန်း ဤသို့ ပြောနေရခြင်းမှာ စံအိမ်ထဲရှိ ရန်ကိုင်ကြောင့်မှန်း သိနေခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၄၅)

လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းမှ အဖွဲ့သားအားလုံး ထိတ်လန့်တုန်လှုပ်နေကုန်ကြလေပြီ။ လျူထျန်ဖုန်း၏ ပြောင်းလဲသွားသော သဘောထားကိုပင် သိပ်အာရုံမစိုက်နိုင်ကြတော့ဘဲ ရန်ကိုင် မည်သူလဲဆိုသည်ကိုသာ ပို၍ သိချင်နေကြတော့သည်။ ရန်ကိုင် ဘယ်သူဖြစ်လို့များ ခရမ်းကြယ်မြို့စောင့်တပ်၏ ဗိုလ်ချုပ်၏ သဘောထားသည် အထက်အောက်ပြောင်းပြန် လှန်လိုက်သလို အပြောင်းလဲကြီး ပြောင်းလဲသွားရသနည်း။

သူတို့ခေါင်းထဲ ထိုအကြောင်းကိုသာ တွေးနေသကြသဖြင့် လျူထျန်ဖုန်း ပြောသွားသည့် စကားတစ်လုံးမှ သူတို့ နားထဲသို့ မရောက်လိုက်ချေ။

“အခုကိစ္စက နားလည်မှုလွဲသွားတယ်လို့ ပြောလို့ရတယ်။ ကျုပ်လူတွေက ဒီမှာ ပြဿနာကောင် ရှိနေတယ်လို့ သတင်းတွေ ထွက်နေလို့ သေချာတောင် မစုံစမ်းတော့ဘဲ လာဖမ်းလိုက်တာ ခေါင်းဆောင်ဟွာတို့ အဖွဲ့အစည်းကို ပြဿနာ ရှာမိလိုက်သလို ဖြစ်သွားလိုက်တယ်။ ဒါပေမယ့် ခေါင်းဆောင်ဟွာ စိတ်မပူပါနဲ့။ ဒီကိစ္စကို ကျုပ်ကိုယ်တိုင် သေချာ ကိုင်တွယ်လိုက်ပါ့မယ်။ ဒီကိစ္စကို သေချာစုံစမ်းပြီးသွားရင် ခေါင်းဆောင်ဟွာ ကျေနပ်လောက်မယ့် ဖြေရှင်းချက်တစ်ခု ပေးပါ့မယ်” လျူထျန်ဖုန်းက သူ့ရင်ဘတ်ကိုပုတ်၍ အတိအလင်း ပြောကြားလိုက်သည်။

“အာ…အင်း…” ဟွာရို့မုန်က အားတင်းပြုံးလျက် “ဒီကိစ္စက ဒုဗိုလ်ချုပ်ပိုင် အပြစ်ချည်းပဲလို့လည်း ပြောလို့မရပါဘူး။ ကျွန်မတို့ကြောင့်လည်း ပါပါတယ်”

ထိုစကားကိုကြားလိုက်သည့်အခိုက် ပိုင်ကျန်းချူသည် ဟွာရို့မုန်အား ကျေးဇူးတင်တကြီး ကြည့်လာခဲ့လေသည်။

“အဲ့လိုလား” လျူထျန်ဖုန်းက မျက်လုံးပင့်လျက် ရန်ကိုင် နေနေသည့် အိမ်ဆီသို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် သတိထားလျက် ပြောလိုက်၏ “ခေါင်းဆောင်ဟွာက အဲ့လို ပြောမှတော့…”

“ဟန့်” စံအိမ်ထဲမှ ရန်ကိုင်၏ နှာခေါင်းရှုံ့သံ ထွက်လာခဲ့သည်။

လျူထျန်ဖုန်း၏ ခန္ဓာကိုယ် တုန်တက်သွားပြီး ချက်ချင်းပဲ သူ့စကားကို ပြန်ပြင်ပြောလိုက်လေသည် “အဲ့လိုဆိုပေမယ့် အမှားလုပ်တဲ့သူကတော့ အပြစ်ပေးခံရဦးမှာပဲ။ ခရမ်းကြယ်မြို့ရဲ့ မြို့စောင့်လုပ်နေပြီး သူတို့မှ စည်းမျဉ်းကို မလိုက်နာရင် ဘယ်သူက လိုက်နာတော့မှာလဲ။ သူတို့ စိတ်ရှိသလို ဆိုင်တွေထဲကိုဝင်ပြီး ပြဿနာ လိုက်ရှာနေရင် ဘယ်သူမှ မြို့ထဲမှာ ဆိုင်လာဖွင့်ရဲတော့မှာ မဟုတ်ဘူး။ ဒုဗိုလ်ချုပ်ပိုင်ကော ဘယ်လိုထင်လဲ”

သူပြဿနာ အကြီးကြီးတက်ပြီမှန်း ပိုင်ကျန်းချူ သိနေသည်။ ချက်ချင်းပဲ နောင်တရနေသည့် လေသံဖြင့် ဦးညွှတ်၍ ပြောလိုက်၏ “ဒီလက်အောက်ငယ်သား သေချာ မစုံစမ်းဘဲ လှုပ်ရှားမိလိုက်လို့ အခုလို ပြဿနာတွေ ဖြစ်သွားခဲ့တာပါ။ ခေါင်းဆောင်ဟွာကို ကျုပ် တောင်းပန်ပါတယ်။ ကျုပ်လုပ်ခဲ့တာတွေအတွက်လည်း အပြစ်ခံယူပါ့မယ်”

ဟွာရို့မုန်ကမူ ထိုသို့လုပ်စရာမလိုကြောင်း သူမလက်ကို ကမန်းကတန်း ဝှေ့ရမ်းပြလိုက်၏။

သို့ရာတွင် လျူထျန်ဖုန်းကမူ ရိုးသားဖြောင့်မတ်သည့် လူတစ်ဦးပုံစံဖြင့် “မင်းအခုလို မဆင်မခြင်တွေ လုပ်လို့ ပြဿနာတွေ ဖြစ်လာတာ၊ သူများတွေပါ ဒုက္ခရောက်ကုန်တယ်။ အဲ့အတွက် အခုကနေစပြီး ရေခဲအကျဉ်းထောင်ထဲမှာ တစ်လတိတိ မင်းအမှားကို သွားပြန်သုံးသပ်ရမယ်”

“ရေခဲအကျဉ်းထောင်” ပိုင်ကျန်းချူ၏ မျက်နှာ ဖြူလျော်သွားခဲ့လေသည်။

ယခုလေးတင် ရှကျင်းဝူနှင့် အခြားသူများကို ရေခဲအကျဉ်းထောင်ထဲ ပို့ပစ်မည်ဟု ပြောနေခဲ့သော်လည်း ကံကြမ္မာတစ်ပတ်လှည်ကာ ရေခဲအကျဉ်းထောင်ထဲသို့ ရောက်သွားရမည့်လူသည် သူကိုယ်တိုင် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ဒုဗိုလ်ချုပ်တစ်ဦး ဖြစ်သည်နှင့်အညီ ရေခဲအကျဉ်းထောင် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူကောင်းကောင်း သိပေသည်။

ထိုနေရာသည် သဘာဝအတိုင်း အေးခဲနေသည့် နေရာတစ်ခု ဖြစ်ကာ အလွန်ကိုမှ အအေးဓါတ် မြင့်မားပေသည်။ ထိုထဲသို့ ရောက်သွားသည်နှင့် အလွန်အမင်း ပြင်းထန်သော အအေးဓါတ်ကြောင့် သူတော်စင်ချီကိုပင် ကောင်းကောင်း မလှည့်ပတ်နိုင်တော့ဘဲ ခန္ဓာကိုယ်သက်သက်ဖြင့်သာ အအေးဓါတ်ကို ခုခံနိုင်တော့ပေ၏။ ထို့ကြောင့် ရေခဲ အကျဉ်းထောင်ထဲ တစ်လတိတိပင် သွားနေရမည့်အကြောင်း ကြားလိုက်သည့်အခိုက် ပိုင်ချန်းကျူ အလွန်ကိုမှ စိတ်ဓါတ်ကျသွားခဲ့ခြင်း ဖြစ်သည်။

ဤလောကရှိ ကျင့်ကြံသူများသည် သူတော်စင်ချီကိုသာ အဓိက ကျင့်ကြံထားကြလေရာ သူတော်စင်ချီ မရှိဘဲနှင့် ထိုမျှ ပြင်းထန်သည့် အအေးဓါတ်ကို လူဘယ်လောက်များများကများ တောင့်ခံနိုင်ပါမည်နည်း။

တစ်လလောက် ရေခဲအကျဉ်းထောင်ထဲ နေရသည်မှာ ငရဲဂိတ်ပေါက်သို့ ပို့ခံလိုက်ရသည့်နှင့် အတူတူပင်။

“ဘာလဲ၊ မင်းက မကျေနပ်တာလား” ချက်ချင်း တု့န်ပြန်သံ မရသဖြင့် လျူထျန်ဖုန်းအား ပိုင်ကျန်းချူအား မျက်လုံးမှေးစဉ်း၍ စိုက်ကြည့်လိုက်လေသည်။

“မဟုတ်ပါဘူး။ လက်အောက်ငယ်သား ကျေနပ်ပါတယ်” လျူထျန်ဖုန်း သူ့အား စိုက်ကြည့်လာသည်ကို မြင်သော် ပိုင်ကျန်းချူ ချက်ချင်း ခေါင်းညိတ်သဘောတူလိုက်လေသည်။

“မင်းမကျေနပ်လို့လည်း မရဘူး။ ဒါ စည်းမျဉ်းကို အလွဲသုံးစား လုပ်တဲ့လူတွေအတွက် ပေးတဲ့ ပြစ်ဒဏ်ပဲ။ ပြီးတော့ မင်းတို့ လုပ်လို့ ပျက်စီးသွားတာတွေအတွက် မင်းတို့ အိတ်ထဲကစိုက်ပြီး ပြန်အလျော်ပေးရမယ်”

လျူထျန်ဖုန်းက အမိန့်ပေးနေသည် ဖြစ်လေရာ မည်သူကများ ငြင်းဆန်ရဲဦးမည်နည်း။ အစောင့်အားလုံးသည် ချက်ချင်းပဲ သူတို့၏ သိုလှောင်လက်စွပ်များကိုချွတ်ကာ လျူထျန်ဖုန်းကို ပေးလိုက်ကြ၏။ ပိုင်ကျန်းချူလည်း အပါအဝင်ပင်။

လျူထျန်ဖုန်းက ပြုံးလျက် ထိုသိုလှောင်လက်စွပ် အားလုံးကို ဟွာရို့မုန်ဆီသို့ ပေးလိုက်လေသည် “ခေါင်းဆောင်ဟွာ၊ ဒီကောင်တွေကို ကျုပ်အပြစ်ပေးလိုက်ပြီ။ ခေါင်းဆောင်ဟွာ ကိုယ်တိုင် အလုပ်ရှုပ်ခံပြီး လိုက်လုပ်နေစရာ မလိုတော့ဘူး။ ဒီမှာ၊ ခေါ်ဆောင်ဟွာ၊ ပျက်စီးသွားတာတွေ၊ ထိခိုက်သွားတာတွေအတွက် လျော်ကြေးပါ”

“စီနီယာလျူ…” ဟိုရို့မုန် လုံးဝ မှင်သက်နေခဲ့သည်။ သူမရှေ့ရှိ သိုလှောင်လက်စွပ်များကိုကြည့်ရင်း လက်ခံရခက်၊ ငြင်းဆန်ရခက် ဖြစ်နေခဲ့၏။

“ခေါင်းဆောင်ဟွာ ကျေးဇူးပြုပြီး မငြင်းပါနဲ့” လျူထျန်ဖုန်းသည် ဟွာရို့မုန်အား တောင်းဆိုလိုက်လေသည်။

စံအိမ်ထဲရှိလူသည် သူလုပ်သမျှကို စောင့်ကြည့်နေသည်။ သူသာ သေချာမကိုင်တွယ်လျှင် အပေါ့ဆုံး ပြစ်ဒဏ်လျှင်ပင် သူ့ရာထူးကို ဆုံးရှုံးမည့်ပြစ်ဒဏ်မျိုး ဖြစ်လာပေလိမ့်မည်။

ရှကျင်းဝူက အလျင်စလို ရှေ့တက်၍ ရယ်ရယ်မောမောဖြင့် လက်သီးဆုပ်ကာ “ဗိုလ်ချုပ်လျူ ကိုယ်တိုင်က တရားဥပဒေ စိုးမိုးအောင် ဝင်လုပ်ပေးနေတာဆိုတော့ ကျုပ်တို့ လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေးအဖွဲ့အစည်းကလည်း ဝင်ပူးပေါင်းပေးရမှာပေါ့။ အခုလို မှန်မှန်ကန်ကန် ဆောင်ရွက်ပေးတဲ့အတွက် ဗိုလ်ချုပ်လျူကို ကျေးဇူးအများကြီး တင်ပါတယ်”

“ကျုပ်လုပ်ရမယ့် အလုပ်ကို လုပ်တာပါပဲ…” လျူထျန်ဖုန်းသည် ထိုအချိန်ကို အခွင့်ကောင်းယူ၍ သိုလှောင်လက်စွပ် အားလုံးကို ဟွာရို့မုန် လက်ထဲသို့ ထည့်ပေးလိုက်လေသည်။ ထို့နောက် နဖူးထက်ရှိ ချွေးများကို သုတ်ချလိုက်၏။ နောက်ဆုံး ဤကိစ္စ ပြီးဆုံးသွားခဲ့လေပြီ။ အကောင်းဆုံး နည်းလမ်းဖြင့် မပြီးသွားခဲ့သော်လည်း အတော်လေး ကောင်းမွန်အောင်တော့ လုပ်နိုင်ခဲ့ပေသည်။

“မင်းတို့ ဘာရပ်ကြည့်နေတာလဲ။ ရေခဲအကျဉ်းထောင်ဆီ အခုထိ မသွားသေးဘူးလား” လျူထျန်ဖုန်းသည် ပိုင်ကျန်းချူနှင့် အစောင့်များကို အော်ငေါက်လိုက်လေသည်။

“အခုပဲ သွားပါ့မယ်” ပြောပြီးသည်နှင့် ပိုင်ကျန်းချူနှင့် အစောင့်များသည် အလျင်အမြန်ပဲ ကြောက်လန့်တကြား ထွက်ပြေးတော့လေသည်။

သူ့လက်အောက်ငယ်သား အားလုံး ထွက်သွားပြီးနောက် လျူထျန်ဖုန်းသည် စံအိမ်ဘက်သို့လှည့်၍ လက်သီးဆုပ်ကာ “အခုလို လုပ်လိုက်တာ စီနီယာ ကျေနပ်ပါသလားမသိဘူး”

မကြာမီ ရန်ကိုင်၏ အသံ ထွက်လာခဲ့လေသည် “ဗိုလ်ချုပ်လျူက တကယ် ဟာသ ပြောတတ်တာပဲနော်။ မြို့ကို ငြိမ်းချမ်းအောင် လုပ်ဖို့နဲ့ အပြစ်ကျူးလွန်တဲ့လူတွေကို အပြစ်ပေးဖို့က ဗိုလ်ချုပ်လျူရဲ့ တာဝန်လေ။ မြို့ကိုသာ တရားဥပဒေ စိုးမိုးထားအောင် လုပ်နိုင်ရင် ဒီဘုရင် ဘယ်လို ထင်ထင်၊ ဘာကိစ္စရှိတော့မှာလဲ”

ထိုစကားကို ကြားမှပဲ လျူထျန်ဖုန်း စိတ်သက်သာရာ ရသွားခဲ့သည်။ အလျင်အမြန်ပဲ ဦးညွှတ်၍ “လူကြီးမင်းပြောတာ အမှန်ပါပဲ။ ဒါဆို ဒီလျူ သွားလိုက်ပါဦးမယ်။ ကောင်းကောင်း အနားယူလိုက်ပါဦး လူကြီးမင်း”

ပြောပြီးသည်နှင့် ဟွာရို့မုန်တို့အား ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး အလျင်အမြန် ထွက်သွားလေသည်။

သို့ရာတွင် ယခုအချိန်ထိ ဟွာရို့မုန်တို့မှာတော့ ကြောင်တောင်တောင် ဖြစ်နေကြဆဲ။ ရုတ်တရက် လက်ခုံ လက်ဖဝါး လှန်လိုက်သလို ပြောင်းလဲသွားသည့် အဖြစ်အပျက်များကို ကြည့်ရင် အကုန်လုံး နားမလည်နိုင် ဖြစ်နေခဲ့ကြသည်။ သူတို့ကိုယ်သူတို အိမ်မက်တစ်ခုထဲသို့ ရောက်နေသလားဟုပင် ခံစားနေရသည်အထိပင်။

အချိန်အတော်ကြာ တိတ်နေပြီးနောက်တွင် ဟွာရို့မုန်သည် ရုတ်တရက် အသက်ပြင်းပြင်း ရှူထုတ်ချလိုက်လေသည်။ တစ်ချိန်တည်းတွင် ပန်းရောင်မြူခိုးတို့ သူမ ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်လာကြလေသည်။ ထိုအရာများသည် ပွင့်ချပ်ငါးသွယ် ဝတ်မှုန် အကြွင်းအကျန်များ ဖြစ်ကြပေသည်။

“ခေါင်းဆောင် အဆင်ပြေလား” ကောင်းဟုန်သည် အမြန်ပြေးလာပြီး မေးလိုက်သည်။

ဟွာရို့မုန် ခေါင်းညိတ်ပြလိုက်၏။ ပိုင်ကျန်းချူတို့ လာပြဿနာရှာသည့်အထဲ သူမ တစ်ယောက်သာ ဘာဒဏ်ရာမှ မရခဲ့ခြင်း ဖြစ်သည်။ အခြားသူအားလုံးသည် အနည်းနှင့် အများဆိုသလို ဒဏ်ရာတစ်ခုမဟုတ် တစ်ခုတော့ ရသွားကြ၏။

“ခေါင်းဆောင် ကျွန်မတို့..” ကောင်းဟုန်သည် ရန်ကိုင် နေနေသည့် အိမ်သို့ကြည့်ရင်း ပြောလိုက်သည်။

ဟွာရို့မုန်က ဖြည်းဖြည်းချင်း ခေါင်းခါ၍ “ဦးလေးရှ၊ ဆိုင်ကို နောက်ငါးရက်တိတိ ပိတ်ထားမယ်လို့ သွားကြေညာလိုက်။ အလုပ်သမားတွေကိုလည်း နားခိုင်းထားလိုက်ဦး။ ဒဏ်ရာရတဲ့ လူတွေကိုလည်း ကုပေးလိုက်။ အကုန်လုံး အဆင်ပြေသွားအောင် လုပ်ပေးလိုက်… ဒီသိုလှောင်လက်စွပ်တွေကို ဦးလေးရှလက်ထဲ အပ်ထားခဲ့မယ်”

“ဟုတ်ကဲ့” ရှကျင်းဝူသည် ခေါင်းညိတ်၍ သိုလှောင်လက်စွပ်များကို လက်ခံ ယူထားလိုက်လေသည်။

“ယောင်ချင်း၊ ဟိုင်ထျန်း၊ နင်တို့နှစ်ယောက် ဦးလေးရှကို လိုက်ကူညီပေးလိုက်” ဟွာရို့မုန်က ဆက်ပြောလိုက်သည်။

“အင်း” ဟိုင်ထျန်သည် နာနာခံခံပဲ ခေါင်းညိတ်လိုက်သည်။ ယောင်ချင်းကမူ ရန်ကိုင် နေနေသည့် အိမ်ဆီသို့ မကြည့်ရင် မကျေနပ်သည့် အမူအရာဖြင့် “ကျုပ်…”

“နင်ဘာလုပ်ချင်နေတာလဲ” ကောင်းဟုန်က ဖြတ်ပြောလိုက်၏ “ဘာမှ လုပ်မနေနဲ့။ မြန်မြန်သာ ထွက်သွားလိုက်တော့”

ယောင်ချင်းသည် မျက်လုံးစွေစောင်းပြီး ကော်ငးဟုန်ကို ကြည့်လိုက်၏။ သို့သော် ဘာမှပြန်မပြောခဲ့ဘဲ ပါးစပ်ပိတ်၍သာ ရှကျင်းဝူနောက်သို့ လိုက်သွားလေသည်။

မျက်တောင်တစ်ခတ်အတွင်း ခြံဝန်းထဲ၌ ကောင်းဟုန်နှင့် ဟွာရို့မုန်တို့သာ ကျန်ရစ်တော့သည်။ မိန်းကလေးနှစ်ဦးသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ နှစ်ဦးစလုံး၏ မျက်လုံးထဲ တွေဝေတုန့်ဆိုင်းမှု၊ ဘာလုပ်လို့လုပ်ရမယ်မှန်း မသိသည့် အရိပ်အယောင်တို့ ထင်ဟပ်နေခဲ့သည်။

ခဏအကြာတွင် ဟွာရို့မုန်က သက်ပြင်းချ၍ အိမ်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည် “ဒီနေ့ကိစ္စတွေက ကျွန်မ တကယ်ကို ကျေးဇူးတင်ပါတယ်”

“ခေါင်းဆောင်ဟွာ အခုလို ယဉ်ကျေးနေစရာလိုပါဘူး။ ကျုပ်ဘာမှ အားစိုက်လိုက်ရတာမှ မဟုတ်တာ” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြုံးလိုက်သည်။ ဟွာရို့မုန်၏ လေသံထဲ အံ့အားသင့်မှု၊ ကြောက်ရွံ့မှုနှင့် အပြစ်တင်လိုစိတ်တို့ ရောယှတ် ပါဝင်နေသည်ကို ရန်ကိုင် ခံစားမိနေခဲ့သည်။ သို့သော်လည်း ထိုအရာမှ သူထင်ထားသည့်အတိုင်းသာ ဖြစ်သဖြင့် ဂရုစိုက်မနေခဲ့ချေ။

“လူကြီးမင်းလည်း ပင်ပင်းလောက်နေရောပေါ့။ ဒါကြောင့် ဒီနေ့ ဒီလောက်နဲ့ပဲ ကျွန်မ သွားလိုက်ပါ့မယ်။ မနက်ကျမှပဲ လူကြီးမင်းဆီ ပြန်လာတွေ့ပါ့မယ်” ဟွာရို့မန်က ပြောလိုက်၏။

“အင်း၊ ခေါင်းဆောင်ဟွာမှာလည်း လုပ်စရာကိစ္စတွေ အများကြီး ရှိနေဦးမှာပေါ့”

ဟွာရို့မုန်သည် ခေါင်းညိတ်လိုက်ပြီး ကောင်းဟုန်ကို မျက်စပစ်ပြလိုက်သည်။ အမျိုးသမီးနှစ်ဦးစလုံး ထိုနေရာမှ အတူတူ ထွက်လာခဲ့ကြလေသည်။

စံအိမ်ထဲတွင် ရန်ကိုင်သည် သူ့လက်ထဲရှိ တံဆိပ်ပြားကို ကြည့်ရင်း ပြုံးနေခဲ့သည် “ဒါဒီလောက် အသုံးဝင်မယ်လို့ မထင်ထားဘူး။ လျူထျန်ဖုန်းလိုလူတောင် ဒါကို မြင်တာနဲ့ ကြောက်သွားလိုက်တာ တုန်နေတာပဲ”

လျူထျန်ဖုန်းသည် တန်ခိုးရှင်ဘုရင်ပထမအဆင့် ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်သည် သူ့ထက် ပိုအားကောင်းသည် ဆိုလျှင်ပင် ယခုကဲ့သို့ လေးလေးစားစားဖြင့် ဆက်ဆံနေလိမ့်မည်တော့ မဟုတ်ချေ။ လျူထျန်ဖုန်း၏ သဘောထား လုံးဝ အပြောင်းလဲကြီး ပြောင်းလဲသွားရခြင်းမှာ သူ့လက်ထဲရှိ တံဆိပ်ပြားကြောင့် ဖြစ်ပေသည်။

“ဟုတ်တာပေါ့၊ ဒီတံဆိပ်ပြားက ကျုပ်တို ခရမ်းကြယ်ရဲ့ အမိန့်တော်ပဲဟာကို။ ဒီတံဆိပ်ပြားကို ကိုင်ထားတဲ့ လူတိုင်းက အကြီးအကဲချုပ်နဲ့ အဆင့်အတူတူပဲလေ။ လျူထျန်ဖုန်းလို မြို့စောင့်တစ်ယောက်က ဘယ်လိုလုပ်ပြီး အကြီးအကဲချုပ်လို အဆင့်အတန်းမြင့်တဲ့ လူတစ်ဦးကို ဘယ်လိုလုပ်ပြီး မကြောက်ဘဲ နေမှာလဲ” ရုတ်တရက်ဆိုသလို ဝိဥာဉ်ထိန်းပန်းကန်လုံးထဲမှ ကျိတုန်၏ အသံ ထွက်လာခဲ့လေသည်။

“မင်းတို့ ခရမ်းကြယ်မှာ ဒါမျိုးတံဆိပ်ပြား ဘယ်နှစ်ခုရှိလဲ” ရန်ကိုင်က မေးလိုက်သည်။

ခဏလောက် စဉ်းစားနေပြီးနောက် ကျိတုန်က ပြန်ပြောလိုက်၏ “ကျုပ်မှတ်မိသလောက်ဆို နှစ်ခုပဲ ပေးရသေးတယ်။ ပေးထားတဲ့ လူနှစ်ယောက်စလုံးကလည်း တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတွေချည်းပဲ။ အဲ့တံဆိပ်ပြားက အဆင့်အတန်းတင် ပေးတာ မဟုတ်ဘူး။ ခရမ်းကြယ်ရဲ့ အရင်းအမြစ်နဲ့ လူအင်အားကို အတိုင်းအတာတစ်ခုအထိ အသုံးချခွင့်လည်း ပေးသေးတယ်။ ဒါကြောင့် ခရမ်းကြယ်အတွက် ကြီးကြီးမားမား အကျိုးဆောင်ပေးတဲ့လူတွေကိုပဲ ဒီလို တံဆိပ်ပြား ပေးတာ”

“ငါသိပြီ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

ဤတံဆိပ်ပြားကို ကျိလုန်၏ သိုလှောင်လက်စွပ်ထဲမှ ရခဲ့ခြင်းဖြစ်သည်။

မူလအစီအစဉ်အတိုင်း ဆိုလျှင်တော့ ဤတံဆိပ်ပြားကို သုံးလိမ့်မည်မဟုတ်ချေ။ မြို့ထဲသို့ တိတ်တိတ်လေး ခိုးဝင်ပြီး လိုချင်သည့် ပစ္စည်းကို ရပြီးသည်နှင့် ပြန်ထွက်သွားဖို့ပင်။ သို့ရာတွင် ဂိတ်စောင့်၏ ပြဿနာ အရှာပုံတော်ကိစ္စနှင့် ဟွာရို့မုန်တို့၏ ဝင်ရောက်ပါဝင်ပက်သက်မှုကြောင့် သူ့အစီအစဉ် အားလုံး တလွဲဖြစ်သွားခဲ့ရသည်။

လျူထျန်ဖုန်းနှင့် ရင်ဆိုင်ရမည်ကို မကြောက်သော်ငြား သူသာ လျူထျန်ဖုန်းနှင့် တိုက်ခိုက်လျှင် ပိုအားကောင်းသည့် လူများကို သတိပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ကျိတုန်အား ဤကိစ္စကို ဖြေရှင်းနိုင်မည့် နည်းလမ်း ရှိလားဟု မေးကြည့်လိုက်သည်။

ကျိတုန်မှ ဤခရမ်းကြယ်အမိန့်တော်ဟူသော တံဆိပ်ပြားကို သုံးရန် အကြံပေးခဲ့ခြင်း ဖြစ်သည်။

သုံးကြည့်လိုက်သည့် အခါတွင်လည်း တကယ်ကို အဆင်ပြေကြောင်း တွေ့လိုက်ရသည်။

လျူထျန်ဖုန်းသည် ကိန်းကြီးခန်းကြီးဖြင့် ရောက်လာသော်ငြား တံဆိပ်ပြားကို မြင်ပြီးနောက် ခေါင်းစိုက်စိုက်ငုံ့လျက် ပြန်ထွက်သွားခဲ့လေသည်။ ရန်ကိုင်အဖို့ ဘာမှပင် အားစိုက်စရာ မလိုလိုက်။

ကံမကောင်းစွာဖြင့် ယခုအချိန်မှစ၍ ခရမ်းကြယ်သည် သူ့အား ကျိန်းသေ အာရုံစိုက်ပေတော့မည်။ အကျိုးဆက်အနေဖြင့် သူ့အဖို့ ကြယ်ဧကရာဇ်တံဆိပ်ပြားကို ခိုးယူရန်လည်း ပို၍ ခက်ခဲသွားခဲ့ရလေပြီ။ အစအဆုံး အစီအစဉ် ပြန်ဆွဲရတော့မည့် အကြောင်း စဉ်းစားမိလိုက်သည့်အခိုက် ရန်ကိုင် ခေါင်းကိုက်ချင်သွားခဲ့သည်။

ထိုအချက်များကို စဉ်းစားမိလိုက်သော် ရန်ကိုင်သည် ကျိတုန်ဘက်သို့လှည့်၍ ပြောလိုက်၏ “မင်းတို့ ခရမ်းကြယ် အကြောင်း ငါ့ကို တစ်ချက်ပြောပြ။ အတွင်းရေးပဋိပက္ခတွေ ဘာတွေ ရှိလား၊ မရှိဘူးလား ဆိုတာကိုပါ…”

ကျိတုန်သည် မပြောပြချင်သော်လည်း သူ့ဝိဥာဉ်သည် ရန်ကိုင်လက်ထဲ ရောက်နေသဖြင့် မပြောချင်လျှင်ပင် ပြောပြရတော့သည်။

ရန်ကိုင်သည် ကျိတုန် ပြောသွားသည့် အကြောင်းအရာများကို သေချာ မှတ်ထားလိုက်သည်။ ထိုအကြောင်းအရာများသည် သူ့အစီအစဉ်ကို အကောင်အထည် ဖော်နိုင်အောင် ကူညီပေးမည့် အချက်အလက်များ ဖြစ်ပေသည်။ ရန်ကိုင် ကိုယ်တိုင်ကလည်း မေးခွန်းအချို့ မေးခဲ့ပြီး ကျိတုန်သည် အကုန်လုံးကို သူသိသလောက် ပြောပြခဲ့ပေသည်။

All Chapters