အခန်း (၁၈၄၆-၁၈၅၀)
Vol. 74 Ch. 1846-1850
အပိုင်း (၁၈၄၆)
နောက်တစ်နေ့မနက်တွင်…
ဟွာရို့မုန်သည် မနေ့က ပြောခဲ့သည့်အတိုင်း ရန်ကိုင်အား လာရောက်တွေ့ဆုံလေသည်။ သူမနှင့်အတူ သစ်သီးဝလံများစွာ ထည့်ထားသော လင်ဗန်းတစ်ချပ်ပါ ပါလာခဲ့လေသည်။
ထိုအသီးများသည် သာမန်အသီးများ မဟုတ်ကြဘဲ ကျင့်ကြံသူများအတွက် အလွန်အကျိုးရှိသည့် စိတ်ဝိဥာဉ်အသီးများ ဖြစ်ကြပေသည်။
တံခါးပေါက်သို့ ရောက်သည့်အခါ မည်သို့ပြောပြီး အထဲဝင်လျှင် ကောင်းမလဲ စဉ်းစားမနေစဉ်မှာပဲ အိမ်တံခါးသည် အလိုလို ပွင့်သွားခဲ့လေသည်။ အထဲဆီမှ တင်ပလင်ခွေ ထိုင်နေသော ရန်ကိုင်သည် သူမအား ပြုံးပြနေခဲ့လေသည်။
“ဆရာကို နှုတ်ဆက်ပါတယ်” ဟွာရို့မုန်သည် အလျင်စလို ဦးညွှတ်၍ နှုတ်ဆက်လိုက်လေသည်။
“ခေါင်းဆောင်ဟွာ အခုလိုတွေ လုပ်နေစရာမလိုပါဘူး။ ဝင်လာလေ” ရန်ကိုင်က ပြောလိုက်သည်။
“ဒါဆို ဝင်လာပြီနော်”
ပြောပြီးသည်နှင့် အထဲသို့ ဝင်လိုက်ပြီး လင်ဗန်းကို ချကာ ဆက်ပြောလိုက်လေသည် “ဒီနေအိမ်က တော်တော်လေးကို ရိုးရှင်းလွန်းတယ်။ ဒါကြောင့်အဆင်ပြေသွားအောင် ကျွန်မကိုယ်တိုင် သစ်သီးဝလံအချို့ ယူလာခဲ့ပါတယ်။ ကျေးဇူးပြုပြီး မငြင်းပါနဲ့ဆရာ”
“သွေးပြာသစ်သီးတွေပါလား” ရန်ကိုင်သည် စပျစ်သီးနှင့် တဆင်တူသော အသီးများကို ကြည့်ရင်း ခေါင်းတညိတ်ညိတ်နှင့် ပြောလိုက်၏ “ခေါင်းဆောင်ဟွာက တကယ် စဉ်းစားပေးတတ်တာပဲ”
“ဆရာ အဆင်ပြေရင် ရပါပြီ” ဟွာရို့မုန်က ဘေးဘက်တွင် ရပ်နေရင်းမှ ပြောလိုက်သည်။
ယခုအချိန်ထိတိုင် ရန်ကိုင် မည်သူလဲ၊ လျူထျန်ဖုန်း ဘာကြောင့် သူ့အား အလွန်ကြောက်နေရသလဲ ဆိုသည်ကို မသိရသေးချေ။ ရန်ကိုင်ကြောင့်သာ မဟုတ်လျှင် သူမတို့၏ လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေးအဖွဲ့အစည်း ကျိးန်သေ ဖျက်စီးခံလိုက်ရပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်၏ ကျေးဇူးတော်ကြောင့် လမ်းကြောင်းငါးသွယ် အဖွဲ့အစည်း ဖျက်စီးခြင်း မခံလိုက်ရုံမက လျူထျန်းဖုန်းကပင် သူတို့အား ပြန်လည် တောင်းပန်ခဲ့ရလေသည်။
ဤသည်မှာ သာမန်အဆင့်အတန်းသာရှိသော လူတစ်ဦး လုပ်နိုင်သည့်အရာမျိုး မဟုတ်ချေ။ လျူထျန်ဖုန်းကပင် လေးလေးစားစား ဆက်ဆံရသည့် အတွက်ကြောင့် ဤလူငယ်လေး၏ အဆင့်အတန်းမှာ ကျိန်းသေ မြင့်မားရပေမည်။ ထို့ကြောင့် ဟွာရို့မုန်လည်း နည်းနည်းလေးမှ မပေါ့ဆရဲချေ။
ဟွာရို့မုန် အခက်ကြုံနေရသည်မှာ ယခုအချိန်ထိပင် ရန်ကိုင်၏ နာမည်ကို မသိရသေးခြင်း ဖြစ်သည်။
“ထိုင်လေ ခေါင်းဆောင်ဟွာ၊ ရပ်နေရတာ ဘယ်အဆင်ပြေပါ့မလဲ” ရန်ကိုင်က ပြုံးလျက် ပြောလိုက်သည်။
“မထိုင်တော့ပါဘူး ဆရာ၊ အခုလိုလည်း အဆင်ပြေပါတယ်” ဟွာရို့မုန့်က နှုတ်ခမ်းလေးကွေးလျက် အားတင်းပြုံးကာ ပြန်ပြောလိုက်၏။
ရန်ကိုင်သည် နဖူးကိုပွတ်၍ ခဏကြာ စဉ်းစားနေပြီးနောက် အလေးအနက် အမူအရာဖြင့် ရုတ်တရက် ပြောလိုက်လေသည် “ခေါင်းဆောင်ဟွာ၊ မနေ့က ဖြစ်သွားတာတွေအတွက် ကျုပ်ကို အပြစ်တင်နေသေးတာလား”
ဟွာရို့မုန်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပဲ ကမန်းကတန်း လက်ဝှေ့ရမ်း၍ “ဘယ်လိုလုပ်ပြီး ဆရာ့ကို အပြစ်တင်ရမှာလဲ။ အပြစ်မတင်ပါဘူး။ ဆရာသာ ဝင်မပါခဲ့ရင် ကျွန်မတို့ အဖွဲ့အစည်းတစ်ခုလုံး ရေခဲအကျဉ်းထောင်ထဲ ရောက်ကုန်မှာ။ ဒါကြောင့် ဆရာ့ကို အပြစ်တင်ဖို့ နေနေသာသာ ကျေးဇူးတောင် တင်နေတာ”
“ဟဲဟဲ၊ တကယ်တော့ ကျုပ်ခွန်အားကို ဖုံးကွယ်ထားလို့ ခေါင်းဆောင်ဟွာက ကျုပ်ကို လာကူညီပြီး အခုလို ပြဿနာတွေ ဖြစ်လာရတာလေ။ အဲ့အတွက် ခေါင်းဆောင်ဟွာ တကယ် ဘာမှ မပြောချင်တော့ဘူးလား”
ဟွာရို့မုန် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမ အတွေးများကို ရန်ကိုင် ဖောက်မြင်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“ခေါင်းဆောင်ဟွာတင် မဟုတ်ဘူး။ ခေါင်းဆောင်ဟွာတို့ တစ်ဖွဲ့လုံး အဲ့လိုမျိုး တွေးနေတယ်ဆိုတာ ကျုပ်သိတယ်။ မပြောရဲတာပဲ ရှိတာ” ရန်ကိုင်က ရယ်ရယ်မောမောနှင့် ပြောလိုက်၏။
ဟွာရို့မုန်က အားတင်းပြုံးလျက် “ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့ ဆရာ။ အင်မော်တယ်တွေ တိုက်ခိုက်ရင် သေမျိုးတွေ ခံစားရတယ်ဆိုတဲ့ ဆိုရိုးစကား ရှိတယ်မလား။ ကျွန်မတို့ အဖွဲ့အစည်းက အဖွဲ့အစည်း သေးသေးလေး တစ်ခုပဲ။ ဘယ်လို အနှောင့်အယှတ်ကြီးကြီးမားမားကမဆို ကျွန်မတို့ တစ်ဖွဲ့လုံးကို စုတ်ပြတ်သတ်သွားအောင် လုပ်နိုင်ပါတယ်”
ပြောရင်း စကားလုံးများကို သေချာရှင်းလင်းအောင် ပြန်ပြောလိုက်လေသည် “မနေ့တုန်းက ကိစ္စအတွက် ဆရာ့ကို ကျွန်မ တကယ် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ် အဲ့လိုမျိုး ထပ်ဖြစ်ချင်လားဆိုရင်တော့ မဖြစ်ချင်ဘူးလို့ပဲ ပြောရမယ်။ ကျွန်မက သိပ်ပြီး အတွေ့အကြုံ မကြွယ်ဝတော့ ဆရာ ဘာလို့ ကျွန်မတို့ အဖွဲ့အစည်းသေးသေးလေးမှာ လာနေလဲ ဆိုတာကို လုံးဝ နားမလည်နိုင်ဘူး ဖြစ်နေတယ်။ ခရမ်းကြယ် မြို့ထဲမှာ ဆရာ မသွားနိုင်တဲ့ နေရာရှိလို့လား”
“ရှင်းရှင်းပြောရရင်တော့ ကျုပ်ထွက်သွားချင်ရင် ထွက်သွားလို့ ရတယ်။ ဒါပေမယ့် ကျုပ်သာ ထွက်သွားခဲ့ရင် ခင်ဗျားတို့ တစ်ဖွဲ့လုံး ဒုက္ခရောက်မှာ။ မြို့ဂိတ်မှာ ကျုပ်ဒုက္ခရောက်နေတုန်း ခင်ဗျား ဝင်ကူညီပေးခဲ့တယ်။ ဒီတော့ ကျုပ်အနေနဲ့လည်း ခင်ဗျားတို့ ဒုက္ခ ရောက်တော့မှာကို ဘယ်ရပ်ကြည့်နေလို့ ဖြစ်ပါ့မလဲ”
ဟွာရို့မုန် ကြောင်သွားခဲ့လေသည်။ သို့သော် မကြာမီ ခေါင်းညိတ်လိုက်၏။
ရန်ကိုင်က ရယ်မောရ၍ “ကျုပ်နာမည်ကို ပြောရရင်တော့ ရန်ကိုင်ပဲ။ ကျုပ်ခွန်အားကို ဘာလို့ ဖုံးကွယ်ထားရလဲဆိုရင် သွားလာတဲ့အခါ လူအာရုံမစိုက်ခံချင်လို့ပေါ့။ ကျုပ်သာ နေရာတိုင်းကို တန်ခိုးရှင်ဘုရင်အဆင့် အရှိန်အဝါကြီး ထုတ်ပြီး သွားနေရင် လူကြွားတစ်ယောက် ဖြစ်သွားမှာပေါ့။ ကျုပ်အဆင့်အတန်းကိုတော့… မပြောနိုင်သေးတာ ခေါင်းဆောင်ဟွာ နားလည်ပေးပါ”
ဟွာရို့မုန်က ခေါင်းညိတ်၍ “ဆရာမှာလည်း ကိုယ့်အကြောင်းနဲ့ကိုယ် ရှိမယ်မှန်း ကျွန်မ နားလည်ပါတယ်”
“ဒါပေမယ့် အဲ့ကိစ္စနဲ့ ပက်သက်ပြီး ခင်ဗျားတို့ ဘာမှ စိတ်ပူနေစရာမလိုဘူး။ ကျုပ်ဘာကြီးပဲဖြစ်ဖြစ်၊ ခင်ဗျားတို့အားလုံး ကျုပ်ကို သာမန် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးလိုပဲ ဆက်ဆံလို့ရတယ်”
ဟွာရို့မုန် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သို့ရာတွင် ရန်ကိုင်က ရုပ်တည်ကြီးနှင့် ပြောနေသဖြင့် သူမလည်း စဉ်းစားရ ခက်သွားခဲ့လေသည်။ ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင်၏ အနေအထားအရ သူမတို့အား လိမ်လို့လည်း ဘာမှ အကျိုးရှိမည် မဟုတ်မှန်း နားလည်သွားခဲ့လေသည်။ ထို့နောက် ပြန်၍သာ ပြောလိုက်၏ “ကျွန်မ အရမ်း မယုံသင်္ကာ ဖြစ်သွားလို့ နှောင့်ယှတ်မိသလို ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်ဆရာ”
“ကျုပ်ကို ဆရာလို့ ခေါ်စရာမလိုပါဘူး။ အဲ့လိုမျိုး ကြားရတာ တစ်မျိုးကြီးပဲ။ ကျုပ်ပြောချင်တာက မနေ့တုန်းက ဖြစ်သွားတဲ့ ကိစ္စတွေက လုံးဝကို မတော်တဆပဲလို့။ ကျုပ် ခင်ဗျားတို့ အဖွဲ့အစည်းဆီကို ရည်ရွယ်ချက်တစ်ခုခုနဲ့ ရောက်လာခဲ့တာ လုံးဝ မဟုတ်ဘူး” ရန်ကိုင်က ဟွာရို့မုန်ကို ကြည့်၍ ပြောလိုက်၏။
“ကျွန်မ နားလည်ပါတယ်” ရန်ကိုင်က ပွင့်ပွင့်လင်းလင်း ပြောနေသည်ကို မြင်သော် ဟွာရို့မုန်လည်း ရန်ကိုင်ကို ယုံသွားခဲ့လေသည်။ ခဏတာ တုန့်ဆိုင်းနေပြီးနောက် မေးလိုက်လေ၏ “ဆရာ့ကို ဆရာလို့မခေါ်ရင် ဘယ်လိုခေါ်ရမလဲ… စီနီယာလို့ပဲ ခေါ်ရမလား”
ရန်ကိုင်က ချောင်းဟန့်၍ “ကျုပ်နာမည်ကိုပဲ ခေါ်လိုက်”
“အဲ့လိုတော့ မခေါ်ရဲပါဘူး” ဟွာရို့မုန်က ကမန်းကတန်း ပြန်ငြင်းလိုက်လေသည်။
“ထားလိုက်တော့၊ ခင်ဗျား ခေါ်ချင်သလိုသာ ခေါ်တော့” ရန်ကိုင်လည်း ထိုအကြောင်းကို ဆက်ပြောမနေတော့ပဲ အသီးဗန်းကို ဟွာရို့မန်ဆီ ပြန်ပေး၍ “ဒီသွေးပြာသီးတွေက ကျုပ်အတွက် စားစရာတစ်ခုသက်သက်ထက် မပိုဘူး။ ခေါင်းဆောင်ဟွာတို့ပဲ ပြန်ယူသွားစားလိုက်။ ခေါင်းဆောင်ဟွာတို့ အတွက်ဆိုရင် တော်တော်လေး အသုံးဝင်မှာ”
ဟွာရို့မုန်က ပြုံးလျက် “ကျေးဇူးအများကြီးတင်ပါတယ် ဆရာ”
ဤအသီးများကို ဝယ်ဖို့အရေး ပိုက်ဆံအများကြီး ကုန်ကျခဲ့ခြင်း ဖြစ်သည်။ ရန်ကိုင်၏ အဆင့်အတန်းကြောင့်သာ မဟုတ်လျှင် ဤအသီးများကို ထုတ်လာခဲ့လိမ့်မည် မဟုတ်ချေ။
“အင်း၊ အပြင်မှာ ခင်ဗျားကို တစ်ယောက်ယောက် ရှာနေတယ်” ရန်ကိုင်သည် တံခါးပေါက်ဆီသို့ ကြည့်ရင်း ပြောလိုက်လေသည်။
ဟွာရို့မုန်သည် ရန်ကိုင်ပြောသဖြင့် တံခါးပေါက်ဆီသို့ လှမ်းကြည့်လိုက်သော်ငြား မည်သူ့ကိုမှ မတွေ့ရချေ။ ပြန်ပေးတော့ရန် လုပ်နေစဉ်မှာပဲ ကောင်းဟုန် အလျင်စလို လမ်းလျှောက်လာနေသည်ကို တွေ့လိုက်ရလေသည်။
ကောင်းဟုန်သည် ကိစ္စကောင်းတစ်ခုခု ကြုံထားရသည့် အလား သူမျက်နှာသည် ပန်းပေါင်းတစ်ရာတို့ဖြင့် ပြည့်နှက်နေ၏။
“ဆရာ ခဏလောက် စောင့်နေပေးပါနော်၊ ကျွန်မ သူနဲ့ မြန်မြန်ပြောပြီး ပြန်လာခဲ့ပါမယ်” ပြောပြီးနောက် ဟွာရို့မုန်သည် အလျင်စလို ဆုတ်သွားခဲ့လေသည်။
ကောင်းဟုန်နှင့် တွေ့ပြီးနောက် ကောင်းဟုန်သည် သူမ နားနားသို့ကပ်ကာ တိုးတိုးလေး လာပြောလေသည်။ ကောင်းဟုန် ပြောသည်ကိုကြားပြီးနောက် ဟွာရို့မုန်လည်း အံ့အားသင့်သွားခဲ့လေသည် “တကယ်ကြီးလား”
ကောင်းဟုန်က ရုပ်တည်ဖြင့် ခေါင်းညိတ်ပြလိုက်၏။ ထိုအခါ ဟွာရို့မုန်က အံ့အားသင့်နေသည့် လေသံဖြင့် “ဒါဆို ငါတစ်ချက် သွားကြည့်လိုက်မယ်”
ပြောပြီးသည်နှင့် စတိုးဆိုင်ဆီသို့ အမြန် ပြန်သွားလေသည်။
ခဏအကြာတွင် လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်း၏ ရှေ့ပေါက်သို့ ရောက်လာခဲ့သည်။ လက်ရှိတွင် ရှကျင်းဝူ၊ ဟိုင်ထျန်းနှင့် ယောင်ချင်းတို့သည် တောက်ပသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကြသည့် ကျင့်ကြံသူ တစ်သိုက်နှင့် ရပ်စောင့်နေခဲ့ကြသည်။ ချပ်ဝတ်တန်ဆာဝတ် ကျင့်ကြံသူများကို ဦးဆောင်လာသည့်လူမှာ မျက်နှာ ခပ်ဖြူဖြူနှင့် လူတစ်ဦး ဖြစ်ပေသည်။
ထိုလူများ ဝတ်ဆင်ထားသည်မှာ ပိုင်ကျန်းချူနှင့် လျူထျန်ဖုန်းတို့ ဝတ်ပုံနှင့် အတူတူပင် ဖြစ်သည့်အတွက် မြင်လိုက်သည်နှင့် ထိုလူများ မည်သူမှန်း ချက်ချင်း တန်းခန့်မှန်းနိုင်ပေသည်။
ဟွာရို့မုန် ရောက်လာသည်ကိုမြင်သော် ချပ်ဝတ်တန်တာဝတ် အဖွဲ့ခေါင်းဆောင်က လက်သီးဆုပ်၍ ပြောလိုက်လေသည် “လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ကျော်းကြားလှတဲ့ ခေါင်းဆောင်ဟွာပါလား”
ဟွာရို့မုန်က အံ့အားသင့်နေသည့်လေသံဖြင့် “မကျော်ကြားရပါဘူး ဆရာ။ ဟွာရို့မုန် ဆရာ့ကို နှုတ်ဆက်ပါတယ်”
“ခေါင်းဆောင်ဟွာက အရမ်း ယဉ်ကျေးနေတာပဲ” မျက်နှာဖြူနှင့် လူက ယဲ့ယဲ့လေးပြုံးလျက် “ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပေးပါရစေ၊ ကျုပ်က ခရမ်းကြယ်မြို့စောင့်တပ်ဖွဲ့ရဲ့ ဒုဗိုလ်ချုပ် ချူကျန်းပါ”
“ဒုဗိုလ်ချုပ်ချူကျန်းအကြောင်း ကျွန်မ အများကြီး ကြားဖူးပါတယ်။ ဒါပေမယ့် ဒုဗိုလ်ချုပ်ချူ ကျွန်မတို့ဆီ ဘာလို့ ရောက်လာလဲ သိလို့ရမလား” ကောင်းဟုန်ဆီမှ သိပြီးပြီ ဖြစ်သော်လည်း သေချာအောင် ထပ်မေးကြည့်လိုက်ပေသည်။
“စီနီယာလျူက ဒီပစ္စည်းတွေ လာပို့ခိုင်းလိုက်လို့ပါ” ပြောပြီးသည့်နောက် သိုလှောင်လက်စွပ်ထဲ ကျောက်စိမ်းသေတ္တာ တစ်လုံးကိုထုတ်၍ ဟွာရို့မုန်လက်ထဲသို့ လေးလေးစားစား ထည့်ပေးလိုက်လေသည်။
ဟွာရို့မုန်သည် အလေးအနက်အမူအရာဖြင့် သေတ္တာကို လက်ခံယူလိုက်လေသည်။
ကျောက်စိမ်းသေတ္တာ အဖုံးကို ဖွင့်ကြည့်လိုက်သည့်အခါ အထဲတွင် သေချာထပ်ထားသော စာရွက်များစွာ ရှိနေကြောင်း တွေ့ရှိလိုက်ရလေသည်။ စာရွက်တစ်ရွက်ကို ဆွဲယူကာ စစ်ဆေးကြည့်ပြီးနောက် အလန့်တကြား ထအော်လေ၏ “မြေပိုင်ဆိုင်မှု စာချုပ်တွေ”
“ဘယ်လို” ရှကျင်းဝူနှင့် အခြားသူများလည်း အံ့အားသင့်ကုန်ကြသည်။ ကောင်းဟုန်ဆိုလျှင် ပါးစပ် အဟောင်းသားပင် ဖြစ်သွား၏။
ချူကျန်း ရောက်လာစဉ်က လက်ဆောင် လာပို့သည်ဟု ပြောခဲ့သော်လည်း ဘာလက်ဆောင် ယူလာသလဲ ဆိုသည်ကိုတော့ ပြောမပြခဲ့ချေ။ ယခု ဟွာရို့မုန်ကိုယ်တိုင် ရောက်လာပြီး ထုတ်ကြည့်သည့်အခါမှသာ မြေပိုင်ဆိုင်မှုစာချုပ်မှန်း သိလိုက်ရခြင်း ဖြစ်သည်။
“အများကြီးပဲ” ဟွာရို့မုန်သည် အလွန် အံ့အားသင့်နေသည့် အမူအရာဖြင့် စာရွက်များကို တစ်ရွက်ပြီး တစ်ရွက် ထုတ်ကြည့်နေလေသည်။ သေတ္တာထဲတွင် စုစုပေါင်း စာရွက် သုံးဆယ်ကျော် ရှိနေပြီး စာရွက်တစ်ချင်းစီတိုင်းသည် မြေယာတစ်ကွက်၊ သို့မဟုတ် ဆိုင်တစ်ဆိုင်အား ပိုင်ဆိုင်ကြောင်းကို ကိုယ်စားပြုပေသည်။
“ဟဲဟဲ၊ ခေါင်းဆောင်ဟွာ ဒီလောက် အံ့ဩနေစရာ မလိုပါဘူး။ ဒီမြေတွေ အကုန်လုံး ခေါင်းဆောင်ဟွာတို့ လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေးအဖွဲ့အစည်း တည်ရှိတဲ့ နဂါးပျံလမ်းထဲမှာပဲ ရှိတာပါ” ချူကျန်းက ပြုံးလျက် ရှင်းပြလိုက်လေသည် “စီနီယာလျူက ပြောတယ်။ လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေးအဖွဲ့အစည်းက သေးပေမယ့် အမြဲတမ်း ရိုးရိုးသားသားနဲ့ စီပွားရေးလုပ်တယ်၊ ခရမ်းကြယ်မြို့ကိုလည်း တိုးတက်လာအောင် အများကြီး ကူညီပေးတယ်တဲ့။ ဒီမြေပိုင်ဆိုင်မှု စာချုပ်တွေက ခေါင်းဆောင်ဟွာတို့ အဖွဲ့အစည်း ခရမ်းကြယ်မြို့အတွက် လုပ်ပေးခဲ့တာတွေ လက်ဆောင် ပြန်ပေးတဲ့သဘောပါ။ ပြီးတော့ အခြား အဖွဲ့အစည်းတွေ အတုယူချင်လာအောင်လို့ ပေးတာလည်း ပါပါတယ်”
“ဒါက…” ဟွာရို့မုန်၏ ခန္ဓာကိုယ်လေး တုန်တုန်ရီရီ ဖြစ်သွားခဲ့လေသည်။ သူမရှေ့ရှိ မြင်ကွင်းကို တကယ် မယုံနိုင်တော့ချေ။ သူမလက်ထဲရှိ မြေပိုင်ဆိုင်မှု စာချုပ်များသည် ရုတ်တရက်ကြီး အလွန်ကိုမှ လေးလံလာသလို ခံစားလာရလေ၏။
“ကျေးဇူးပြုပြီး မငြင်းပါနဲ့ ခေါင်းဆောင်ဟွာ” ချူကျန်းက သူမ ပြန်မပေးနိုင်ခင် လက်ဆန့်ထုတ်ကာ တားလိုက်ပြီး အလေးအနက် အမူအရာဖြင့် ပြောလိုက်လေသည် “ဒါတွေကို ပေးဖို့ ဒီချူက အမိန့်ပေးခံထားရတာပါ။ ဒီချူသာ ပေးတဲ့အမိန့်ကို အောင်မြင်အောင် မလုပ်နိုင်ရင် အပြစ်ပေးခံရပါလိမ့်မယ်။ ခေါင်းဆောင်ဟွာက ကြင်နာတတ်တဲ့လူမှန်း ဒီချူ သိပြီးသားပါ။ ဒါကြောင့် ကျေးဇူးပြုပြီး ဒီချူကို ခက်ခဲအောင် မလုပ်ပါဖို့ တောင်းဆိုပါတယ်”
ဟွာရို့မုန်သည် ချူကျန်းကိုကြည့်ရင်း ရယ်ရခက်၊ ငိုရခက် ဖြစ်သွားလေသည်။
ချူကျန်းသည် သံကို ပူတုန်း ထပ်ရိုက်လေသည် “ပေးပြီးသွားပြီဆိုတော့ ဒီချူ သွားလိုက်ပါဦးမယ်။ ခေါင်းဆောင်ဟွာ လက်ခံလိုက်တယ်ဆိုတဲ့ အကြောင်းကို ဒီချူ ပြန်သတင်းပို့ရမှာမို့လိုပါ။ နှုတ်ဆက်ပါတယ် ခေါင်းဆောင်ဟွာ”
“ဘယ်လိုလုပ်ပြီး…” ဟွာရို့မုန်သည် သတ္တိရှိပြီး ဥာဏ်ကောင်းသည့် လူတစ်ဦး ဖြစ်သော်လည်း လက်ရှိ အဖြစ်အပျက်များကို ကြည့်ရင်း မည်ကဲ့သို့ တုန့်ပြန်လို့ တုန်ပြန်ရမှန်း မသိ ဖြစ်နေခဲ့လေသည်။ ခဏအကြာ၌ အလျင်စလို ပြောလိုက်လေသည် “ဆရာချူ နေပါဦး။ အခုလို ပင်ပင်ပန်းပန်းနဲ့ လာပို့ပေးအတွက် ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်လေးအချို့ ထည့်ပေးပါရစေ၊ ဦးလေးရှ၊ ဆရာချူအတွက် လက်ဆောင်အချို့ သွားပြင်လာခဲ့ပေးပါလား”
တစ်ဖက်လူ၏ စကားအရ ဤမြေပိုင်ဆိုင်မှုစာချုပ်များကို ပြန်ပေးလို့ရတော့လိမ့်မည် မဟုတ်ချေ။ ရှကျင်းဝူသည် ချက်ချင်းပဲ လက်ဆောင်များကို သွားပြင်လေသည်။
သို့ရာတွင် ချူကျန်းကမူ ကြောက်လန့်တကြားဖြင့် အလျင်စလို ပြန်ပြောလေသည် “အခုလိုတွေ လုပ်စရာ မလိုပါဘူး ခေါင်းဆောင်ဟွာ။ ဒီချူက ကိုယ့်တာဝန်ကိုယ် လုပ်နေရုံပါပဲ။ ဘယ်လိုလုပ်ပြီး ခေါင်းဆောင်ဟွာရဲ့ လက်ဆောင်ကို လက်ခံရဲပါ့မလဲ။ ခေါင်းဆောင်ဟွာရဲ့ ကျေးဇူးတင်စကားနဲ့တင် လုံလောက်နေပါပြီ။ ဘာလက်ဆောင်မှ မလိုပါဘူး”
အခြား အစောင့်များ၏ မျက်နှာများသည်လည်း ဖြူတက်သွားကြလေသည်။ ရှကျင်းဝူ ပေးမည့် လက်ဆောင်သည် သေလျှင်သေရပါစေ၊ သွားမထိသင်သည့် အဆိပ်စူးတစ်ခုနှယ်…
ချူကျန်းသည် နဖူးထက် ဝေ့သီနေသော ချွေးအေးများကို သုတ်ရင်း ခြံနောက်ဘက်သို့ စိုးရိမ်တကြီး လှမ်းလှမ်း ကြည့်နေလေသည်။
ခဏအကြာတွင် သူ့နားထဲ အသံတစ်သံကို ကြားလိုက်ရလေ၏ “လျူထျန်ဖုန်းကို သွားပြန်ပြောလိုက်။ ဒီကိစ္စကို ဒီမှာ ရပ်လိုက်လို့ရပြီလို့”
သေဒဏ်ကျထားရမှာ လွတ်မြောင်သွားသည့်အလား ချူကျန်းသည် ရန်ကိုင် ရှိနေသည့်ဘက်သို့လှည့်၍ ဦးညွှတ်ကာ ပြောလိုက်လေသည် “ကျေးဇူးအများကြီးတင်ပါတယ်ဆရာ”
ပြောပြီးသည်နှင့် ဟွာရို့မုန်တို့ဘက်သို့လှည့်၍ “ဒီချူ သွားလိုက်ပါဦးမယ်။ ခေါင်းဆောင်ဟွာအတွက် နေ့ရက်ကောင်းလေး ဖြစ်ပါစေ”
ပြောပြီးသွားသည်နှင့် ကျားလိုက်သည့်နှယ် လစ်ခနဲနေအောင် ပြေးထွက်သွားလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၄၇)
လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့သားများသည် ထိတ်လန့်မှု၊ နားမလည်နိုင်မှုတို့ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် တစ်ဦးကိုတစ်ဦး ကြောင်ကြည့်နေကြလေသည်။
“ခေါင်းဆောင်… ဒါတွေက နဂါးပျံလမ်းထဲမှာရှိတဲ့ မြေတွေ အကုန်လုံးရဲ့ စာချုပ်တွေပေါ့” ကောင်းဟုန်သည် တုန်ရီနေသည့် လေသံဖြင့် မေးလိုက်လေသည်။ ကျောက်စိမ်းသေတ္တာလေးသည် အရွယ်သာ သေးသော်ငြား တန်ဖိုးမှာတော့ မိုးထိမတတ်ကို မြင့်မားလှပေသည်။
သူတို့ အဖွဲ့အစည်းတစ်ခုလုံး နှစ်နှစ်ဆယ်လောက် ကြိုးစားခဲ့သည့်တိုင် နဂါးပျံလမ်းထဲ ဆိုင်လေးတစ်ဆိုင်သာ ဝယ်နိုင်သေးသည်။ ဝယ်ထားသည့် ဆိုင်မှာလည်း အပိုင် မဟုတ်ဘဲ နှစ်သုံးဆယ် အငှားစာချုပ်ဖြင့် ဖြစ်သည်။ ထို့ကြောင့် ငှားခအတွက် သီးသန့်ပေးနေရရုံတင် မဟုတ်ဘဲ စာချုပ်သက်တမ်း ပြည့်သွားသည်နှင့် ခရမ်းကြယ်မြို့၏ ကြီးကြပ်သူများဆီ သူတို့ မြေကို ပြန်အပ်ရပေဦးမည်။
သို့သော်လည်း ယခုတွင်မူ သုံးဆယ်မကသော မြေပိုင်ဆိုင်မှု စာချုပ်များသည် ဟွာရို့မုန်၏ လက်ထဲသို့ ရောက်လာခဲ့သည်။
ဤသေတ္တာလေးသည် နဂါးပျံလမ်းထဲရှိ ဆိုင်ပေါင်း သုံးဆယ်ကျော်အား ပိုင်ဆိုင်မှုကို ကိုယ်စားပြုနေခဲ့သည်။ မည်သည့် စီးပွားရေးသမားအတွက်မဆို ဤသေတ္တာလေးသည် အလွန်ကိုမှ အဖိုးတန်ပေသည်။
ကောင်းဟုန်နှင့် အခြားသူများအားလုံး ပျော်လွန်းသဖြင့် သတိပင် လစ်ချင်သွားကြသည်။
စာရွက်ကို ကိုင်ထားသည့် ဟွာရို့မုန်၏ လက်များသည်လည်း တုန်ရီနေခဲ့သည်။ စာရွက်များကို ထပ်ခါထပ်ခါ ပြန်လည် စစ်ဆေးကြည့်ပြီး နောက်ဆုံး၌ ပြောလိုက်လေသည် “တကယ့် အစစ်တွေ…”
“ဟားဟားဟား၊ ငါတို့ လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်း တိုးတက်လာဖို့ အချိန်ရောက်ပြီကွ” ယောင်ချင်းသည် တောက်ပလာတော့မည် အနာဂတ်အကြောင်းတွေးရင်း နှစ်ထောင်းအားရ အော်ရယ်မောလိုက်လေသည် “ဘေးနားက ယွမ်ကောင်းကင်ဆိုင်က တစ်ချိန်လုံး မဟုတ်တရုတ်နည်းလမ်းတွေ သုံးပြီး ငါတို့ကို ထိုးနှက်ဖို့ ကြိုးစားနေတာ။ အခု ဒီကောင်တွေ ဘယ်လို နည်းလမ်းတွေ သုံးချင်ဦးမလဲ ကြည့်ရသေးတာပေါ့။ ဟိုရတနာဆေးလုံးခန်းမလည်း ရှိသေးတယ်။ ငါနဲ့ဟိုင်ထျန်းကို သူတို့ဆိုင်ထဲကနေ မောင်းထုတ်ခဲ့တဲ့ ကောင်တွေ။ အခု ဒီတစ်ကြိမ် ဒီကောင်တွေ ငါတို့ကို မောင်းထုတ်ရဲဦးမလား ကြည့်ဦးမယ်။ ခွေးမသားလေးတွေ၊ မင်းဖေဖေကြီး လာဆုံးမမှာကို စောင့်နေလိုက်ပေတော့”
အနားတွင် ရပ်နေသော ဟိုင်ထျန်းသည်လည်း ထိုကိစ္စများအပေါ် မကျေမနပ် ဖြစ်နေသည့်အလား ယောင်ချင်း ပြောသည်ကို အားတက်သရောဖြင့် ခေါင်းညိတ် ထောက်ခံနေလေ၏။
“မကောင်းတဲ့လူတွေပဲ ကိုယ်ခံခဲ့ရတာ တစ်ခုမကျန်ကို လိုက်ပြီး လက်စားပြန်ချေကြတာ” ရှကျင်းဝူ၏ စကားကြောင့် ယောင်ချင်း ရှက်ရှက်ဖြင့် သူ့ခေါင်းသူ ပြန်ပွတ်လိုက်လေသည်။ ပြန်တော့ မပြောရဲခဲ့ပေ။ လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေး အဖွဲ့အစည်းတွင် ဟွာရို့မုန်သည် ဂုဏ်အရှိန်အဝါ အကြီးဆုံး ဖြစ်ပြီး ရှကျင်းဝူသည် တစ်ဖွဲ့လုံး၏ ဦးနှောက် ဖြစ်ပေသည်။ တစ်ခါတစ်ရံ ရှကျင်းဝူ၏ စကားလုံးများသည် ဟွာရို့မုန်ထက်ပင် ပို၍ အရှိန်အဝါ ကြီးပေသေးသည်။
“ဦးလေးရှ၊ ဒီကိစ္စကို ဘယ်လိုထင်လဲ” နောက်ဆုံး အလွန်အမင်း အံ့အားသင့်နေရာမှ အသိပြန်ဝင်လာသည့်နောက် ဟွာရို့မုန်သည် ရှကျင်းဝူဘက်သို့ လှည့်မေးလိုက်လေသည်။
ရှကျင်းဝူသည် သူ့မုတ်ဆိတ်မွှေးကိုပါတ်ရင်း မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ ထို့နောက် ဟွာရို့မုန်အား တိုးတိုးလေး ပြောလိုက်လေသည် “ခေါင်းဆောင် ဘာမှ စဉ်းစားမနေနဲ့တော့။ ဒီကိစ္စရဲ့ အဓိကဇာတ်လိုက် ဟိုမှာ ရှိနေပြီးသား”
ပြောနေရင်း ခြံနောက်ဘက်သို့ ညွှန်ပြလိုက်ပြီး ဆက်၍ ပြောလိုက်၏ “ဗိုလ်ချုပ်လျူ ဒီမြေပိုင်ဆိုင်မှုစာချုပ်တွေကို လာပေးတာ ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူး။ ကျုပ်တို့မှာ သူ့ကို ပေးလာအောင် လုပ်နိုင်တဲ့ အရည်အချင်းမရှိဘူး။ ရှိတာဆိုလို့ ခြံနောက်က တစ်ယောက်ပဲရှိတယ်။ သူ့ကြောင့်ပဲ ပေးလာတာ ဆိုတော့ သူနဲ့ တစ်ချက် သွားပြောကြည့်လိုက်ပေါ့။ နောက်ဘာ ဆက်လုပ်ရမလဲ သူသိချင်သိနေမှာ”
ဟွာရို့မုန်သည် ခဏလောက် စဉ်းစားကြည်ပြီးနောက် ခေါင်းညိတ်၍ ပြောလိုက်လေသည် “နင်တို့အားလုံး ကိုယ့်အလုပ်ကိုယ် သွားပြန်လုပ်လို့ရပြီ။ ဒါပေမယ့် ဒီနေ့ကိစ္စကို ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့နော်။ စတိုးဆိုင်တွေကိုလည်း အရင်အတိုင်းပဲ ပိတ်ထားလိုက်ဦး”
ပြောပြီးသည်နောက် ဟွာရို့မုန်သည် ခြံနောက်ဘက်သို့ အမြန်လှည့်ထွက်သွားလေသည်။
မကြာမီ ရန်ကိုင် နေနေသည့် အိမ်ဆီသို့ ပြန်ရောက်လာ၏။
ရန်ကိုင်ကမူ ဘာတွေ ဖြစ်ပျက်သွားလဲ သိနေသည့်အလား သူမအား ယဲ့ယဲ့လေး ပြုံးပြလိုက်သည်။
ဟွာရို့မုန်သည် ကျောက်စိမ်းသေတ္တာကိုထုတ်၍ ရန်ကိုင်၏ စားပွဲခုံပေါ်တွင် တင်လိုက်လေသည် “ဆရာ၊ ဒါတွေက ကျွန်မတို့ အဖွဲ့အစည်းအတွက် အရမ်း တန်ဖိုးကြီးလွန်းနေတယ်။ ကျွန်မတို့ ယူထားရင် ကောင်းတာထက် ဆိုးတာတွေပဲ ဖြစ်လာမှာမို့ ဆရာပဲ ယူထားကြီး ကြည့်ကြပ်စီစဉ်လိုက်ပါလား”
အသိပြန်ဝင်လာပြီးနေင် လျူထျန်ဖုန်း မြေပိုင်ဆိုင်မှု စာချုပ်များ ပို့ပေးရခြင်းမှာ ရန်ကိုင်ကြောင့်မှန်း စဉ်းစားမိသွား၏။ ရန်ကိုင် ရှိနေတုန်း မြေပိုင်ဆိုင်မှု စာချုပ်များကို ယူထားရသည်မှာ ကိစ္စမရှိသေးသော်လည်း ရန်ကိုင် ထွက်သွားသည့်တစ်နေ့၊ ထိုမြေပိုင်ဆိုင်မှု စာချုပ်များသည် သူတို့ အဖွဲ့အစည်းအတွက် ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည်။
ဘာမှမရှိလျှင် အေးချမ်း၏။ ရှိလာလျှင်တော့ ပူပန်သောက ရောက်ရပေသည်။ သူတို့မှာ ဘာမှရှိမနေလျှင် မည်သူမှ သူမတို့အား ပစ်မှတ်ထားလိမ့်မည် မဟုတ်သော်ငြား အားကောင်းသည့် နောက်ခံမရှိဘဲ ထိုရတနာများကို ပိုင်ဆိုင်ထားခြင်းပါက သူမတို့ အဖွဲ့အစည်းသည် အခြားလူများ၏ ပစ်မှတ်တစ်ခု ဖြစ်လာနိုင်ပေသည်။
ရန်ကိုင်သည် သူတို့ အဖွဲ့အစည်းကို တစ်ချိန်လုံး ကာကွယ်ပေးပါ့မလား။ ကာကွယ် ပေးလိမ့်မည်မဟုတ်။ သူတို့ အလွန် ကံကောင်းသဖြင့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူဆီမှ တစ်ကြိမ် အကူအညီရခဲ့သည်။ ထိုမျှလောက်ဖြင့် ကျေနပ်သင့်နေလေပြီ။ နောက်တစ်ကြိမ် ထပ်ပြီး မျှော်လင့်မနေသင့်တော့ပေ။
ရန်ကိုင်သည် ဟွာရို့မုန်ကိုကြည့်၍ “ခေါင်းဆောင်ဟွာကို ပေးမှတော့ ခေါင်းဆောင်ဟွာပဲ လက်ခံထားလိုက်ပေါ့။ ရှင်းရှင်းပြောရရင် ဒါတွေက ကျုပ်အတွက် အသုံးမဝင်ဘူး။ ကျုပ်ယူထားလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး”
ဟွာရို့မုန်က မဲ့ပြုံးပြုံးလျက် “ဒါပေမယ့်…”
ရန်ကိုင်က ကြားဖြတ်ပြောလိုက်လေသည် “ဒါပေမယ့်တွေ လုပ်မနေနဲ့။ စိတ်အေးအေးနဲ့သာ လက်ခံထားလိုက်။ တစ်ခုခု ဖြစ်လာရင် ကျုပ်တာဝန်ခံမယ်”
ဟွာရို့မုန်သည် ရန်ကိုင်ကို ကြောင်ကြည့်နေခဲ့သည်။ ရန်ကိုင် ဘာလုပ်ချင်လို့ လုပ်နေမှန်း နားမလည်နိုင်။ သို့သော်ငြား ကျေးဇူးတင်စကားတော့ ပြန်ပြောလိုက်လေသည် “အခုလို ကူညီပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးအများကြီးတင်ပါတယ်”
သူမ၏ ကျင့်ကြံခြင်းမှာ မဆိုးလှသော်လည်း သူမသည် စီးပွားရေးသမားတစ်ဦး ဖြစ်သည်။ မည်သည့် စီပွားရေးသမားမှ သူတို့အား အိမ်တိုင်ရာရောက် ငွေထုပ်ကြီး လာပေးနေသည်ကို ငြင်းဆန်လိမ့်မည် မဟုတ်ချေ။
ရန်ကိုင်က ပြုံးလျက် ပြောလိုက်လေသည် “ဒါနဲ့ ကျုပ်လည်း သိချင်နေတာ။ ဒါတွေနဲ့ ခေါင်းဆောင်ဟွာ ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ’
“ဘယ်လိုလုပ်ဖို့လဲ ဆိုတာလား…အန်… ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲဆိုတော့…” ဟွာရို့မုန်သည် ခဏလောက် စဉ်းစားနေပြီးနောက် ပြန်ပြောလိုက်လေသည် “ကျွန်မ အမြဲ ဖြစ်ချင်ခဲ့တဲ့ အိမ်မက်တစ်ခုရှိတယ်။ ကိုယ်ပိုင်မြေတစ်ခုကို ပိုင်ဆိုင်ရဖို့ပဲ။ ဒါပေမယ့် ခရမ်းကြယ်မြို့က မြေတွေက အရမ်း ဈေးကြီးတော့ အခုလောလောဆယ် ဘာမှ မတတ်နိုင်သေးဘူး။ ဒါပေမယ့် ကြိုးစားပြီးတော့ မြေတစ်ကွက်လောက်ရအောင် ဝယ်ဖို့တော့ စဉ်းစားထားတယ်။ ပြီးတော့ အဲ့မြေကိုသုံးပြီး အဖွဲ့အစည်းကို တဖြည်းဖြည်းကြီးအောင် ချဲ့ထွင်မယ်ပေါ့။ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းလို အင်အားစုကြီးတစ်ခု ဖြစ်လာဖို့တော့ မမျှော်လင့်ထားပါဘူး။ ဒါပေမယ့် ဘယ်သူမှ လာအနိုင်မကျင့်နိုင်တဲ့ အင်အားစုတစ်ခုကိုတော့ ရအောင် တည်ထောင်ချင်တယ်”
ဟွာရို့မုန်သည် ပြောရင်း တဖြည်းဖြည်း စိတ်လှုပ်ရှားလာ၏ “ဒါက ကျွန်မတစ်ယောက်တည်းရဲ့ စိတ်ကူးမဟုတ်ဘူး။ အဖွဲ့သား အားလုံးရဲ့ စိတ်ကူးပဲ။ ကျွန်မတို့ အကုန်လုံးက အဲ့လို အဖွဲ့အစည်း တစ်ခု တည်ထောင်နိုင်ဖို့အတွက် ကြိုးစားနေကြတာ။ လူဆိုရယ် ဖြစ်လာတာနဲ့ အကုန်လုံး အတည်တကျ နေထိုင်လို့ရမယ့် အိမ်တစ်လုံးလောက်တော့ လိုချင်ကြတာပဲလေ… ကျွန်မတို့ အဖွဲ့အစည်းလည်း အတူတူပဲ။ ဒါပေမယ့် အိမ်မက်တွေက ဈေးကြီးမှန်း ကျွန်မသိတယ်။ ဒါကြောင့် ကြိုးစားနေကြတာ… အခု ဒီမြေပိုင်ဆိုင်မှုစာချုပ်တွေ ရှိနေပြီဆိုတော့ ကျွန်မတို့ အဖွဲ့အစည်းကို အခုထက် ဆယ်ဆမက ပိုကြီးအောင် ချဲ့ထွင်လို့ရပြီ။ နဂါးပျံလမ်းတစ်ခုလုံးပေါ်မှာ ကျွန်မတို့ အဖွဲ့အစည်းရဲ့ တံဆိပ် ချိတ်ထားလိုက်မယ်။ ပြီးရင် ကျွန်မတို့ အဖွဲ့အစည်းက ကုန်ပစ္စည်းတွေကို ခရမ်းကြယ်တစ်မြို့လုံးဆီ ရောင်းချမယ်”
စကားဆုံးသွားသည့်နောက်တွင် ဟွာရို့မုန်၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် တဖျက်ဖျက် တောက်ပနေခဲ့လေသည်။ တောက်ပသော အနားတ်ကို ကြိုတင် မြင်ယောင်နေသည့်အလား…
ရန်ကိုင် သူမအား ပြုံးလျက် ကြည့်နေသည်ကို သတိထားမိသည့် အခါမှပဲ အသိပြန်ဝင်လာပြီး ရှက်သွားခဲ့၏။ ပါးတစ်ပြင်လုံး ရဲတက်လာပြီး တိုးတိုးလေး ပြန်ပြောလိုက်၏ “ကျွန်မ ရှက်စရာတွေ ပြောမိလိုက်ပြီ…”
“ဘာမှရှက်စရာမလိုဘူး။ စိတ်ကူးအိမ်မက်ဆိုတာ တကယ်ကို အဖိုးတန်တဲ့အရာတွေ။ အဲ့ဒါတွေကြောင့်ပဲ လူတိုင်းက ပိုပိုပြီး တိုးတက်အောင် ကြိုးစားနေကြတာ” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည် “ဒီနှစ်တွေအတွင်းမှာ ခေါင်းဆောင်ဟွာ အတော်လေး ရုန်းကန်ခဲ့ရမှာပေါ့ ဟုတ်တယ်မလား”
“ခက်ခဲတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် အကုန်လုံးက ဝိုင်ပြီးလုပ်နေကြတာဆိုတော့ ဘာပြဿနာမှတော့ မရှိတော့ပါဘူး” ဟွာရို့မုန်က ပြုံးလျက် ပြောလိုက်သည်။
သို့ရာတွင် ရန်ကိုင်၏ မျက်လုံးအကြည့် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည့်ကို မြင်သော် ချက်ချင်း ခေါင်းကို ငုံ့ချလိုက်၏။ ရင်လည်း တဒုန်းဒုန်း ခုန်လာခဲ့သည်။ ရန်ကိုင် ရုတ်တရက်ကြီး သူမအား စိတ်ဝင်စားသွားမည်ကို ဟွာရို့မုန် လန့်နေ၏။
သို့ရာတွင် ရန်ကိုင် အကြောင်း ပြန်စဉ်းစားမိလိုက်သည့်အခိုက် အသက်ငယ်ငယ်လေးသာ ရှိသေးသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး၏ ချစ်ခင်နှင်သက်ခြင်း ခံရသည်မှာလည်း သိပ်မဆိုးလှဟု တွေးမိသွားပြန်သည်။ သူမသည် လူတစ်ယောက်ကို အကဲ ခတ်ရာတွင် တော်ပေသည်။ ရန်ကိုင်နှင့် တွေ့ရသည်မှာ ရက်ပိုင်းလောက်သာ ရှိသေးသော်ငြား ရန်ကိုင်သည် အခြားသော မောက်မာဝံ့ကြွားဖို့သာ သိသည့် တန်ခိုးရှင်ဘုရင်အဆင့်များကဲ့သို့ မဟုတ်မှန်း သူမ သိသည်။ ရန်ကိုင်သည် ချဉ်းကပ်ရလွယ်ရုံမက သူ့ရုပ်ရည်မှာလည်း မဆိုးလှချေ။ ရဲစွမ်းသတ္တိရှိသည့် သူရဲကောင်း တစ်ဦး၏ ရုပ်ရည်ကိုလည်း ပိုင်ဆိုင်ထားသေး၏။
နင်ဘာတွေ တွေးနေတာလဲ ဟွာရို့မုန့် ရုတ်တရက် စိတ်ထဲမှ ထအော်လေသည်။ သူမ အတွေးများကို ပြန်စဉ်းစားမိလိုက်သည့် အခိုက် ရှက်လွန်းသဖြင့် တွင်းတစ်တွင်း တူပြီးတော့ပင် ပြေးပုန်းပစ်လိုက်ချင်စိတ်များ ထွက်ပေါ်လာခဲ့သည်။
“ခေါင်းဆောင်ဟွာက အနာဂတ်အတွက် အစီအစဉ်တစ်ခုလုံး ကြိုစဉ်းစားထားတာပဲ။ ဒါပေမယ့် ကျုပ်ပြောမည့် အကြံကို ခေါင်းဆောင်ဟွာ နားထောင်ချင်မလားမသိဘူး” ဟွာရို့မုန် ဘာတွေးနေမှန်း ရန်ကိုင် မသိခဲ့ပေ။
“ဆရာက ကျွန်မတို့ ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ ကျေးဇူးရှင်ပဲ။ ဆရာ အကြံပေးလိုတာရှိရင် ပြောပါ၊ ကျွန်မ နားထောင်နေပါတယ်” ဟွာရို့မုန်က ပြန်ပြောလိုက်၏။
“ကျုပ်ကတော့ အဲ့မြေပိုင်ဆိုင်မှု စာချုပ်တွေကို သိမ်းမထားဘဲ… ရောင်းပစ်စေချင်တယ်” ရန်ကိုင်က ပြောလိုက်၏။
ရန်ကိုင့် စကားကြောင့် ဟွာရို့မုန် ကြောင်သွားခဲ့လေသည်။ သူမ မျှော်မှန်းထားသည့် စိတ်ကူးယဉ် အိမ်မက်လေး ရုတ်ချည်း ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။
“ခင်ဗျား ကျုပ်ကိုယုံလား” ရန်ကိုင်သည် ဟွာရို့မုန်၏ မျက်လုံးတည့်တည့်ကို စိုက်ကြည့်၍ မေးလိုက်လေသည်။
ရန်ကိုင်၏ အကြည့်ကြောင့် ဟွာရို့မုန် ပျာယာခတ်သွားပြီး ချက်ချင်းပဲ အကြည့်လွှဲကာ ခေါင်းညိတ်လိုက်လေသည် “ကျွန်မ ဆရာ့ကို ယုံတာပေါ့”
“ကောင်းတယ်။ ဘာလို့ အဲ့လိုလုပ်ခိုင်းလဲဆိုတော့ ပြောလို့ သိပ်အဆင်မပြေသေးဘူး။ ဒါပေမယ့် မြန်မြန်ရောင်းထုတ်ပစ်နိုင်ရင် ပိုကောင်းလိမ့်မယ်။ တစ်နေ့၊ ကျုပ်ဘာလို့ အဲ့လိုလုပ်ခိုင်းလဲ ခင်ဗျား နားလည်လာလိမ့်မယ်”
သူသည် ခရမ်းကြယ်သို့ ကြယ်ဧကရာဇ်တံဆိပ်ပြားကိုယူရန် လာခဲ့ခြင်းဖြစ်သည့်အတွက် အနှေးနှင့်အမြန်ဆိုသလို ခရမ်းကြယ်နဲ့ ကျိန်းသေ ပြဿနာ ဖြစ်ပေလိမ့်မည်။ ယခုအချိန်တွင် လျူထျန်ဖုန်းသည် ခရမ်းကြယ်အမိန့်တော်ကြောင့် သူ့အပေါ် သဘောကောင်းပြနေသော်ငြား သူ့တကယ့် ရည်ရွယ်ချက်နှင့် အဆင့်အတန်းကိုသာ သိသွားခဲ့လျှင် ယခုကဲ့သို့ ဖော်ရွေပြနေတော့မည် မဟုတ်ချေ။ ထိုအခါ လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေး အဖွဲ့အစည်းလည်း ဒုက္ခရောက်ရပေလိမ့်မည်။ သူတို့ အနေဖြင့် ခရမ်းကြယ်တွင် ဆက်နေလို့ ရတော့လိမ့်မည်မဟုတ်။ ခရမ်းကြယ်တွင် နေလို့မရမှတော့ ထိုမြေပိုင်ဆိုင်မှုစာချုပ်များသည်လည်း မည်သို့များ အသုံး ဝင်နိုင်ဦးမည်နည်း။
ထို့ကြောင့် အကောင်းဆုံးနည်းလမ်းသည် ထိုမြေပိုင်ဆိုင်မှု စာချုပ်များကို ရောင်းထုတ်ကာ သူတော်စင်သလင်းကျောက် များများရအောင် စုဆောင်းဖို့ပင်။
သူတော်စင်သလင်းကျောက်သာ ရှိနေလျှင် အဖွဲ့အစည်း၏ အနာဂတ်အတွက် ဘာမှ တွေးပူနေစရာမလိုချေ။
ရန်ကိုင် ဘာကြောင့် ထိုကဲ့သို့ ပြောသလဲ ဆိုသည်ကို နားမလည်သော်ငြား သေချာ စဉ်းစားကြည့်ပြီးနောက် တစ်ခုခုကိုတော့ တွေးမိသွားခဲ့သည်။ ထိုအတွေးနှင့်အတူ ခန္ဓာကိုယ်ပါ တုန်ရီသွားခဲ့ရလေသည်။ သို့ရာတွင် အလျင်အမြန်ပဲ စိတ်ကို တည်ငြိမ်အောင်လုပ်၍ ခေါင်းညိတ်လိုက်လေ၏ “ကျွန်မ နားလည်ပါပြီ”
ရန်ကိုင်က ဟွာရို့မုန်ကိုကြည့်၍ ပြုံးကာ “ခေါင်းဆောင်ဟွာက တကယ်ကို ဥာဏ်ပြေးတာပဲ”
“ကျွန်မက ဆရာ အကြံပေးတဲ့အတိုင်း လိုက်လုပ်ရုံပါပဲ။ ဒါနဲ့၊ ကျွန်မ ဆရာ့ဆီက အကူအညီတစ်ခုလောက် တောင်းလို့ရမလား”
“ဘာအကူအညီးတောင်းချင်တာလဲ”
“ကျွန်မနဲ့အတူ လိုက်ခဲ့ပေးဖို့ပါ”
“ဘာဖြစ်လို့လဲ”
“ဒီလိုပါ…” ဟွာရို့မုန်က ရှင်းပြလိုက်လေသည် “ဒီမြေပိုင်ဆိုင်မှု စာချုပ်တွေကို ကျွန်မဘာသာ ရောင်းရင်း အများကြီး မရလောက်ဘူး။ ဒါကြောင့် ကြည်လင်ကောင်းကင် လေလံအိမ်မှာ လေလံသွားတင်ဖို့ စဉ်းစားထားတယ်။ အဲ့လိုဆို ပိုပြီး အမြတ်များများ ရနိုင်မလားလို့”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၄၈)
“လေလံတင်ချင်တာလား” ရန်ကိုင်၏ မျက်လုံးများ တောက်ပသွားခဲ့သည် “မဆိုးဘူး။ အဲ့အကြံကောင်းတယ်။ ခေါင်းဆောင်ဟွာက စီးပွားရေးလုပ်တာမှာ တကယ် ပါရမီပါတာပဲ”
“ဆရာ မြှောက်နေပြန်ပါပြီ” ဟွာရို့မုန် ရှက်သွား၏။
“မဟုတ်ဘူး။ ငါတကယ် ပြောနေတာ။ သာမန်လူသာဆို အခုချက်ချင်း ဒီလို အတွေးမျိုး စဉ်းစားမိမှာ မဟုတ်ဘူး”
“ဒါဆို ဆရာသဘောတူလား” ဟွာရို့မုန်က ရန်ကိုင်အား အံ့အားသင့်နေသည့် အမူအရာဖြင့် မေးလိုက်သည်။
“အင်း။ ငါလည်း အပြင်ထွက်ပြီး ခရမ်းကြယ်မြို့ကို လိုက်ပတ်ကြည့်မလားလို့ စဉ်းစားနေတာ။ ကွက်တိ ဖြစ်သွားတာပေါ့” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးကာ ပြန်ပြောလိုက်၏။
ဟွာရို့မုန်က ချက်ချင်းထ၍ ပျော်ရွှင်စွာ ပြောလိုက်လေသည် “ဒါဆို ခဏလောက် စောင့်ပေးပါနော်ဆရာ။ ဒီအကြောင်းကို ဦးလေးရှနဲ့ အခြားသူတွေကို သွားပြောပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့ပါ့မယ်”
“သွားလေ။ ကျုပ်အပြင်မှာ စောင့်နေမယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
ခဏအကြာတွင် ဟွာရို့မုန်သည် လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေး အဖွဲ့အစည်းထဲမှ လမ်းလျှောက်ထွက်လာခဲ့၏။
မြေပိုင်ဆိုင်မှုစာချုပ်များအား ရောင်းမည့် ကိစ္စနှင့် ပက်သက်၍ သဘောထားအမျိုးမျိုး ကွဲလွဲကြသည်။ အချို့သည့် ဟွာရို့မုန် ယခင်တွေးသကဲ့သို့ စာချုပ်များကို သိမ်းထားချင်သည်။ အချို့ကမူ တစ်ဝက်ကိုရောင်းကာ တစ်ဝက်ကို သိမ်းထားချင်၏။ သို့ရာတွင် နောက်ဆုံး၌ ရောင်းချမည့် အစီအစဉ်ကိုသာ သဘောတူလိုက်ကြလေသည်။
သူတို့ ရောင်းချင်ချင်၊ မရောင်းချင်ချင် ရန်ကိုင်က ရောင်းရန် အကြံပေးလာသဖြင့် ရောင်းရပေလိမ့်မည်။ ဤစာချုပ်များသည် သူတို့ အရည်အချင်းကြောင့် ရလာခြင်းမဟုတ်ဘဲ ရန်ကိုင်ကြောင့် ရလာသည့် စာချုပ်များ မဟုတ်ပေလော။
အပြင်သို့ လှည့်ထွက်လာပြီးနောက် ရန်ကိုင်သည် မနီးမဝေးရှိ ဆိုင်တစ်ဆိုင်ရှေ့တွင်ထိုင်ကာ ဆိုင်ရှင်အား ဈေးစစ်နေသည်ကို တွေ့လိုက်ရလေသည်။
တန်ခိုးရှင်ဘုရင်အဆင့်တွေက ဒီလိုပဲ ဈေးဝယ်ကြတာလား ထိုမြင်ကွင်းကိုကြည့်ရင်း ဟွာရို့မုန် နားမလည်နိုင် ဖြစ်သွားသည်။ ရန်ကိုင်အနီးသို့ ရောက်လာသည့်နောက် ရန်ကိုင်နှင့် ဆိုင်ရှင် ပြောနေသည့် စကားများကို ကြားလိုက်ရလေသည်။
“ရောင်းရင်း၊ ဒီကြေးနီကွန်ရက်သလင်းကျောက်ကိုရဖို့ ငါတော်တော် အပင်းပန်းခံပြီး တူးထားရတာကွ။ ပြီးတော့ ဒါက သူတော်စင်ဘုရင် အဆင့်မြင့် မှော်ရတနာတစ်ခု ဖန်တီးလို့ရတဲ့ ကုန်ကြမ်းတစ်မျိုးပဲ။ အဲ့ဒါကို သူတော်စင်သလင်းကျောက် တစ်သောင်းပဲပေးတာ နည်းလွန်းမနေဘူးလား” ဆိုင်ရှင်က ဒေါသတကြီး ပြန်ပြောလိုက်သည်။
“တစ်သောင်းက ဘယ်လိုလုပ်ပြီး နည်းပါ့မလဲ” ရန်ကိုင်က ပြုံးလျက်သာ ပြန်ပြောလိုက်လေသည်။
“တော်လိုက်ပေတော့။ ငါမင်းကို ရှစ်သောင်းနဲ့ ရောင်းပေးမယ်။ ဒါမင်းရဲ့ ဈေးဝယ်တဲ့အရည်အချင်းကို လေးစားလို့ လျှော့ပေးလိုက်တာ”
“တစ်သောင်း”
“ခုနှစ်သောင်းပဲ။ အဲ့ထက်ပိုပြီး မလျှော့နိုင်တော့ဘူး”
“တစ်သောင်း”
“မင်းလာနောက်နေတာလား။ ဒီပစ္စည်း ဘယ်လောက်ကောင်းလဲ မသိတဲ့ လူမျိုးနဲ့မှ လာတိုးရတယ်လို့ကွာ။… ကောင်းပြီလေ၊ ငါမင်းကို နောက်ဆုံးအကြိမ် လျှော့ပေးလိုက်မယ်။ ခြောက်သောင်း ငါးထောင်၊ ဒီထက် လာမလျှော့ခိုင်းတော့နဲ့”
“တစ်သောင်း”
“ခြောက်သောင်း”
“တစ်သောင်း”
“မင်းငါ့ကို လာပြောင်နေတာလား။ ငါမင်းကို ဒီမှာ တစ်ခါတည်း ခုတ်မသတ်ပစ်ဘူးလို့ ထင်နေတာလား” ဆိုင်ရှင်သည် ရုတ်တရက် ဆေးဘားဓါးတစ်ချောင်းကို ဆွဲထုတ်၍ ရန်ကိုင်အား ချိန်ကာ အော်ငေါက်ပြောဆိုလိုက်လေသည်။
ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင်လည်း ချက်ချင်း ထရပ်ပြီး အော်ရယ်မောရင်း ထိုနေရာမှ ထွက်လာခဲ့လေသည်။
“သောက်ရူးကောင်” ရန်ကိုင် ထွက်ပြေးသွားသည်ကို မြင်သော် ဆိုင်ရှင်သည် သူ့မှော်ရတနာကို ပြန်သိမ်းလိုက်ပြီး လှမ်းအော်ဟစ်လိုက်လေသည် “ငါမင်းကို နောက်တစ်ကြိမ် ထပ်မတွေ့စေနဲ့။ မဟုတ်ရင် အတိတ်မေ့သွားအောင် တစ်ခါတည်း တီးပေးလိုက်မှာ”
“ဆရာ…” ဟွာရို့မုန်သည် မျက်မှောင်ကြုတ်ရင်း ရန်ကိုင် ဘေးနားတွင် ပေါ်လာခဲ့လေသည် “ဒါ… ဒါက…”
သူမ မြင်လိုက်သည့် မြင်ကွင်းကို သိပ်မယုံချင် ဖြစ်နေခဲ့သည်။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးသည် သူတော်စင်ဘုရင် အဆင့် ကျင့်ကြံသူတစ်ဦးအား သူတော်စင်သလင်းကျောက် အနည်းငယ်လေးအတွက် သွားဈေးစစ်နေခဲ့သည်။ နာရီဝက်လောက် ကြာအောင် ဈေးထိုင်စစ်နေသည့်တိုင် ဘာမှလည်း မဝယ်ဘဲ ထွက်လာခဲ့သေးသည်။
ဤလူသည် တကယ်ကော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူမှ ဟုတ်ပါရဲ့လော။ ဆိုင်ရှင် သူ့အား မည်မျှ ဒေါသ ထွက်နေသလဲ သိလေသလော။ ဆိုင်ပိုင်ရှင်သာ သူဓါးထုတ်ပြီး အော်ဟစ်ဆဲဆိုခဲ့သည့်လူသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးမှန်း သိသွားခဲ့လျှင် မည်သို့ ဖြစ်သွားမလဲ ဟွာရို့မုန် မပြောတတ်ချေ။
“ဒီအတိုင်းပဲ လျှောက်ပတ်ကြည့်နေတာပါ” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည် “ခရမ်းကြယ်မြို့က ကျင့်ကြံသူတွေက တကယ် စိတ်ဆတ်ကြတာပဲ”
ရန်ကိုင် ပြောသည်ကို နားထောင်ရင်း ဟွာရို့မုန် ဆွံ့အသွားခဲ့လေသည်။ မည်သည့် ဆိုင်ပိုင်ရှင်ကများ ဈေးမဝယ်ဘဲ တမင်သက်သက် လာရစ်နေသည်ကို ငြိမ်ခံနေနိုင်မည်နည်း။
“ထားလိုက်တော့ပါလေ။ ကြည်လင်ကောင်းကင်လေလံအိမ်ဆီပဲ တိုက်ရိုက် သါားကြတာပေါ့” ရန်ကိုင်က ပြောလိုက်သည်။
“ဟုတ်ကဲ့” ဟွာရို့မုန်သည် ရန်ကိုင်အား ရှေ့မှ ဦးဆောင် ခေါ်သွားလေသည်။
ရန်ကိုင်သည် ယခုမှ မြို့ရောက်ဖူးသည့် တောသား တစ်ဦးနှယ် ပတ်ဝန်းကျင်အား စိတ်ဝင်တစား လိုက်ကြည့်နေခဲ့သည်။
ဟွာရို့မုန်မှာမူ ရန်ကိုင်ကိုကြည့်ရင်း တကယ်ကို နားမလည်နိုင်တော့သည်။ ရန်ကိုင် ပုံစံသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် လုံးဝ မတူချေ။
သူမ ထင်သည်မှာ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည် လျူထျန်ဖုန်းကဲ့သို့ မောက်မာပြီး တသီးတခြားဆန်သည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သို့သော်လည်း ရန်ကိုင်ကို ကြည့်ရသည်မှာတော့ သာမန် လူတစ်ဦးနှင့်ပင် ဘာမှမခြားချေ။ သူမသာ အမှတ်မထင် ရန်ကိုင်ကို တွေ့ခဲ့လျှင် သာမန် လူတစ်ဦးဟုသာ ထင်မိလိမ့်မည် ဖြစ်ပြီး တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်ဆိုသည့်အချက်ကို လုံးဝ စဉ်းစားမိလိမ့်မည် မဟုတ်ပေ။
မကြာမီ ဟွာရို့မုန်သည် လှည်းဂိတ်သို့ ရောက်လာခဲ့သည်။
လှည်းများကို မြင်းများနှင့် ဆင်တူသည့် မွန်းစတားသားရဲများမှ ဆွဲခြင်း ဖြစ်သည်။ လှည်းအတွင်းပိုင်းမှာ ကျယ်ကျယ်ဝန်းဝန်းနှင့် သက်သောင့်သက်သာလည်း ရှိပေသည်။ လှည်းပေါ်သို့ တက်ပြီးနောက် လှည်းသများသည် ကြာပွတ်ကို ဝှေ့ရမ်းလျက် စတင် မောင်းနှင်လေသည်။
“ဒီနှင်းသွားမြင်းပုလေးတွေက အဆင့်ငါး မွန်းစတားသားရဲတွေပဲ။ သူတို့တွေက တိုက်ခိုက်နေရာမှာ မတော်ပေမယ့် သွားတာတော့ တော်တော်လေး မြန်တယ်။ အဲ့ဒါကြောင့်ပဲ ခရမ်းကြယ်မြို့က မြို့ထဲ သွားလာဖို့အတွက် ဒီကောင်တွေ အများကြီးကို မွေးထားကြတာ။ ဒီလောက် ကျယ်တဲ့မြို့ကြီးကို ခြေကျင်လျှောက်သွာဖို့က သိပ်အဆင်မပြေဘူးလေ။ ဒါကြောင့် ဒီလှည်းတွေ တော်တော် ခေတ်စားကြတယ်။ ဒါပေမယ့် လှည်းခက သိပ်တော့ မနည်းဘူး။ သူတော်စင်သလင်းကျောက် ငါးထောင်တောင်” ဟွာရို့မုန်က ရှင်းပြလိုက်သည်။
“အဆင့်ငါးမွန်းစတားသားရဲတွေလား…” ရန်ကိုင် ခေါင်းညိတ်လိုက်၏ “ခရမ်းကြယ်ဆိုတဲ့ အတိုင်းပါပဲ”
အဆင့်ငါးမွန်းစတားသားရဲသည် ဘာမှ မဟုတ်သောငြား ခရမ်းကြယ်တစ်မျို့လုံးအား အဆင့်ငါးမွန်းစတားသားရဲများ ဆွဲသည့် လှည်းများ ပြေးဆွဲစေချင်သည်ဆိုပါက ထိုကဲ့သို့သော မွန်းစတားသားရဲမျိုး အနည်းဆုံး အကောင် သောင်းနှင့်ချီပြီး လိုအပ်ပေလိမ့်မည်။ ဤသည်မှာ သာမန် အင်အားစုတစ်ခု တတ်နိုင်သည့် အရာမျိုးမဟုတ်ချေ။
ဟွာရို့မုန်နှင့် စကားပြောနေရင်း ရန်ကိုင်သည် ရုတ်တရက် မျက်မှောင်ကြုတ်လျက် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။
ရန်ကိုင်၏ အကြည့်အောက်တယ်၊ လှည်းအမိုးသည် ဖန်းသားပြင်နှယ် ကြည်လင်နေကာ သူ့အမြင်အာရုံကို လုံးဝ တားဆီးနိုင်ခဲ့ခြင်း မရှိပေ။
“ဘာဖြစ်လို့လဲ” ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်သော် ဟွာရို့မုန်က မေးလိုက်လေသည်။
“ခရမ်းကြယ်မြို့ထဲမှာ တိုက်ခိုက်လို့ရလား” ရန်ကိုင်က မေးလိုက်၏။
“မရဘူး။ ဘာဖြစ်လို့လဲ၊ တိုက်ခိုက်နေတဲ့လူတွေ ရှိလို့လား” ဟွာရို့မုန် အံ့အားသင့်သွားခဲ့သည်။
“စိတ်ဝင်စားစရာပဲ” ရန်ကိုင်သည် ယဲ့ယဲ့လေးပြုံးလျက် သူ့လက်ကို ဝှေ့ရမ်းက လှည့်ပတ်လည်အား မမြင်နိုင်သော စွမ်အား တစ်ရပ်ဖြင့် လွှမ်းခြုံပစ်လိုက်လေသည်။
ချက်ချင်းဆိုသလို ကောင်းကင်ထက်မှ ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့လေသည်။
ပေါက်ကွဲသံများကို ကြားလိုက်သည့်အခိုက် ဟွာရို့မုန် ရင်ထိတ်သွားခဲ့လေသည်။
ရန်ကိုင် ကာကွယ်ပေးထားသည့်အတွက် တိုက်ပွဲဒဏ်ကို မခံရသော်ငြား သူမကိုယ်တိုင်သည် တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက် ယခု လှုပ်ရှားလိုက်သည့် လူမှာ တန်ခိုးရှင်ဘုရင်အဆင့်မှန်း သိပေသည်။
ရန်ကိုင် ဘာလုပ်လိုက်မှန်း နားလည်သွားလေပြီ။ ရန်ကိုင်သည် လှည်းကို ဆွဲနေသည့် မွန်းစတားသားရဲ ကြောက်ပြီး ထွက်ပြေးသွားမည်ကို စိုးသည့်အတွက် လှည်းပတ်လည်အား ကာကွယ်ထားလိုက်ခြင်း ဖြစ်သည်။
တိုက်ပွဲကြောင့် အခြားသော လှည်းများကို ဆွဲနေသည့် မွန်းစတားသားရဲများသည် ကြောက်အားလန့်အားဖြင့် ပြေးချင်ရာ ထွက်ပြေးကုန်ကြလေသည်။ ရန်ကိုင်နှင့် ဟွာရို့မုန်တို့မှာတော့ အေးအေးလူလူဖြင့်သာ ရှိနေခဲ့သည်။
ထိုအဖြစ်အပျက်ကြောင့် လှည်းသမား ဇဝေဇဝါ ဖြစ်သွားခဲ့၏။ သို့သော်လည်း တိုက်ပွဲ ဖြစ်သွားသည်မှာ တစ်ခဏလေးသာ ဖြစ်သည့် အတွက် ဟွာရို့မုန်မှ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးလိုက်ချိန် မည်သူမှ ရှိမနေတော့ချေ။ ပျက်စီးနေသော ကြယ်သင်္ဘောတစ်သင်းသာ ကျန်ရစ်ခဲ့လေသည်။
“ဟန်၊ အဲ့ဒါက…” ဟွာရို့မုန်သည် လှည်းလိုက်ကာကို ဖွင့်ပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်လေသည်။ ထို့နောက် အလွန်ကိုမှ အံ့အားသင့်နေသည့် အမူအရာဖြင့် အလျင်အမြန် ပြန်ထိုင်ချလိုက်၏။
“ဘာဖြစ်လို့လဲ” ရန်ကိုင်က မေးလိုက်၏။
ဟွာရို့မုန်က ရန်ကိုင်ကိုကြည့်ကာ ပြောလိုက်လေသည် “ကျွန်မထင်တာမမှားရင် အဲ့ကြယ်သင်္ဘောက ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ကြယ်သင်္ဘောပဲ”
“ဟုတ်လော့ကုန်သွယ်ရေးအဖွဲ့အစည်းကဟာ၊ နင်သေချာလို့လား” ရန်ကိုင် ကြောင်သွားခဲ့သည်။
“သေချာတယ်။ သင်္ဘောပေါ်က အမှတ်အသားက ကျိန်းသေ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ အမှတ်အသားပဲ” ဟွာရို့မုန် ခေါင်းညိတ်လိုက်သည်။
ရန်ကိုင်လည်း ဟွာရို့မုန်ပြောသဖြင့် ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်၍ စစ်ဆေးကြည့်လိုက်သည်။ ထိုအခါမှပဲ ကြယ်သင်္ဘောပေါ်တွင် နီကွမ်းနှင့် ရွှယ့်ယွယ်တို့ ဝတ်စုံပေါ်ရှိ တံဆိပ်နှင့် ဆင်တူသော အမှတ်အသားတစ်ခု ရှိနေကြောင်း တွေ့ရှိလိုက်ရလေသည်။
တကယ်ကြီး ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းကဟာလား
ဒီတော့ တိုက်ခိုက်သွားတဲ့ လူတွေက ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက လူတွေပေါ့
ခဏကြာ တိတ်နေပြီးနောက် ရန်ကိုင်က မေးလိုက်သည် “ဘာလို့ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းက ကြယ်သင်္ဘော ဒီရောက်နေတာလဲ”
ဟွာရို့မုန်က ပြုံးလျက် “ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက မဟာအင်အားစုကြီးတစ်ခု ဆိုပေမယ့် သူတို့ အဓိကလုပ်တာ စီးပွားရေးလေ။ ဒီကြယ်စီရင်စုကြီးထဲက ကျင့်ကြံသူတွေ ရှိတဲ့နေရာတိုင်းမှာ အရောင်းအဝယ်ဆိုတာ ရှိမှာပဲလေ။ ဒါကြောင့် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ကြယ်သင်္ဘော ဒီကို ရောက်နေတာ။ ဒါပေမယ့် သူတို့ ဘာလို့ တိုက်ခိုက်ကြလဲ ဆိုတာကိုတော့ ကျွန်မလည်း မပြောတတ်ဘူး”
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ကြယ်သင်္ဘောကို နောက်ဆုံးအကြိမ် တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုကိစ္စကို ဘေးဖယ်ထားလိုက်တော့၏။
မဟာအင်အားစုကြီးနှစ်ခု ဘာပဲဖြစ်ဖြစ်၊ သူ့အစီအစဉ်ကို အနှောင့်အယှတ်မဖြစ်လျှင် အားလုံး အဆင်ပြေပေသည်။
လှည်းသည် ပုံမှန်နှုန်းအတိုင်း ဆက်သွားနေခဲ့သည်။
ခဏအကြာတွင် လေလံအိမ်ရှေ့သို့ ရန်ကိုင်တို့ ရောက်လာခဲ့သည်။
လှည်းထဲမှ ထွက်လာပြီးနောက် ဟွာရို့မုန်သည် ရှေ့ကို ညွှန်ပြ၍ ပြောလိုက်သည် “ကြည်လင်ကောင်းကင်လေလံအိမ် ဆိုတာ အဲ့ဒါပဲ။ မြို့ပြင်က အကြီးဆုံး လေလံအိမ်သုံးအိမ်ထဲက တစ်အိမ်ပေါ့။ ကျွန်မ ကြတာတော့ နောက်ငါးရက်ကြာရင် ဒီမှာ လေလံပွဲတစ်ခု ကျင်းပမယ်တဲ့”
ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး ဟွာရို့မုန်ဘက်သို့ လှည့်၍ မေးလိုက်လေသည် “ခေါင်းဆောင်းဟွာကို ကြည့်ရတာ နည်းနည်း စိတ်လှုပ်ရှားနေသလိုပဲနော်။ အခုမှ ပထမဆုံးအကြိမ် ရောက်ဖူးတာလား”
ဟွာရို့မုန်က ပြုံးလျက် “မဟုတ်ဘူး။ ဒီကို တစ်ကြိမ်မက ရောက်ဖူးတယ်။ ဒါမေပယ့် လေလံအောင်တဲ့ ပစ္စည်းဆိုတာ ခပ်ရှားရှားပဲ။ ဒီကို လာတဲ့အကြိမ်တိုင်းက ပစ္စည်းဝယ်ဖို့ချည်းပဲ လာခဲ့တာ။ အခုမှပဲ ပထမဆုံးအကြိမ် ပစ္စည်းရောင်းဖို့ ရောက်လာတာ… နောက်ဆုံးအကြိမ်လည်း ဖြစ်သွားနိုင်တာပေါ့”
“ကျုပ်ရှိတယ်။ ကြောက်မနေနဲ့” ရန်ကိုင်က အားပေးလိုက်သည်။
ရန်ကိုင် ပြောသည်ကို ကြားသည့်အခါ ဟွာရို့မုန် စိတ်အေးသွားခဲ့သည်။ သူမတွင် ကျောထောက်နောက်ခံအဖြစ် လျူထျန်ဖုန်းပင် လေးလေးစားစားဖြင့် ဆက်ဆံရသည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ရှိနေကြောင်း သိလိုက်ရသည့်နောက် ဟွာရို့မုန် စိတ်ပူမနေတော့ချေ။ ကြည်လင်ကောင်းကင်လေလံအိမ်သည် အင်အားစုကြီးတစ်ခု ဖြစ်သော်လည်း သူမသည် ပစ္စည်းရောင်းဖို့ ရောက်နေခြင်း ဖြစ်သည့်အတွက် သူမအား အရှက်ရအောင်တော့ မလုပ်လောက်ပေ။
ထို့အပြင် ရန်ကိုင်ကို ခေါ်လာရသည်မှာ ရန်ကိုင်၏ အဆင့်အတန်းကိုသုံး၍ တစ်ဖက်လူအား ခြိမ်းခြောက်လို့သည့် အတွက် ဖြစ်သည်။ သူမဘာသာ တစ်ယောက်တည်း လာရောင်းလျှင် ပြဿနာများစွာ တက်လာနိုင်ပေသည်။
ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ဟွာရို့မုန်သည် ချက်ချင်းပဲ ကြောက်စိတ်ကို ဘေးဖယ်ကာ လေလံထဲသို့ လှမ်းဝင်လိုက်လေ၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၄၉)
ရန်ကိုင်နှင့် ဟွာရို့မုန်တို့ ဝင်လာသည်နှင့် မိန်းကလေး တစ်ဦးက သူတို့အား လာရောက်ဆီးကြိုနှုတ်ဆက်လေသည် “မင်္ဂလာပါရှင့်။ ဘာများ ကူညီပေးရမလဲမသိဘူး။ ကျွန်မတို့ ကြည်လင်ကောင်းကင်လေလံအိမ်မှာ လေလံဝင်ဆွဲချင်တာလား ဒါမှမဟုတ် ပစ္စည်းတစ်ခုခုများ လေလံတင်ချင်လို့ ရောက်လာတာများလားရှင့်”
ကောင်းမလေသည် သူတော်စင်ဘုရင်ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူမ၏ကျင့်ကြံခြင်းမှာ မြင့်မားခြင်း မရှိသော်လည်း သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး၏ ဧည့်ကြိုတာဝန်ပေးထားသည်ကို ကြည့်လျှင် ကြည်လင်ကောင်းကင်လေလံအိမ်၏ ခွန်အားကို မြင်တွေ့နိုင်ပေသည်။
ထို့အပြင် ဧည့်ခန်းထဲတွင် သူမကဲ့သို့လူကဲ့သို့ နောက်ထပ် အယောက် ရှစ်ဆယ်လောက် ရှိနေပေသေးသည်။
“လေလံတင်ချင်လို့” ဟွာရို့မုန်က ပြုံးလျက် ပြန်ပြောလိုက် “အဲ့ဒါ ဘယ်လိုလုပ်ရမလဲ”
“ဟုတ်ကဲ့။ လေလံတင်ဖို့ လာတယ်ဆိုတော့ ကျွန်မတို့ လေလံစံအိမ်က သူတော်စင်သလင်းကျောက် တစ်သန်းထက် နည်းတဲ့ ပစ္စည်းတွေကို လက်မခံတာ သိပြီးလောက်မှာပေါ့။ သူတော်စင်သလင်းကျောက် တစ်သန်းကနေ ငါးသန်းလောက်ပဲ တန်ကြေးရှိတဲ့ ပစ္စည်းဆိုရင်တော့ ကျွန်မကိုယ်တိုင် စီစဉ်ပေးလို့ ရပါတယ်။ ငါးသန်းကနေ သန်းငါးဆယ်အတွင်း ဆိုရင်တော့ ဘဏ္ဏာထိန်းကို သွားတင်ပြပေးပါ့မယ်”
“သန်းငါးဆယ်ထက် များတဲ့ပစ္စည်း ဆိုရင်ကော” ဟွာရို့မုန်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။
မြေပိုင်ဆိုင်မှုစာချုပ် အခုသုံးဆယ်၏ တန်ကြေးကို မသိသော်ငြား သန်းငါးဆယ်ထက်မနည်း တန်သည်မှာတော့ သေချာပေသည်။
ဧည့်ကြိုမိန်းကလေး၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ သို့သော်လည်း ချက်ချင်းပဲ ပြန်ပြုံးလျက် ပြောလိုက်၏ “အဲ့လောက်ဆိုရင်တော့ ဆိုင်မန်နေဂျာ ကိုယ်တိုင်ပဲ ကိုင်တွယ်ပါလိမ့်မယ်။ ကျေးဇူးပြုပြီး ကျွန်မနောက် လိုက်ခဲ့ပေးပါ”
မိန်းကလေးသည် ရန်ကိုင်တို့အား လေလံအိမ်ထဲသို့ ဦးဆောင် ခေါ်သွားလေသည်။ တစ်ချိန်တည်းတွင် သူမစိတ်ထဲ၌လည်း အလွန်ကိုမှ ပျော်နေမိလေ၏။ လေလံစံအိမ်သို့ သူမ ယူဆောင်လာပေးသည့် ပစ္စည်းများကို လေလံတင်ရာမှ ရရှိမည့် အကျိုးအမြတ်၏ တစ်စိတ်တစ်ပိုင်းကို ဆုအဖြစ် ရမည့် အတွက်ကြောင့်ပင် ဖြစ်သည်။ တစ်နည်းဆိုရသော် ဤဧည့်သည် နှစ်ဦးသည် မန်နေဂျာဆိုသူနှင့် သဘောတူညီချက် ရသွားခဲ့လျှင် သူမ အကြီးကြီး ထောပြီဟု ပြော၍ရပေသည်။
ရန်ကိုင်ကတော့ ဝင်မပြောဘဲ ဟွာရို့မုန် နောက်မှ အစောင့် တစ်ယောက်ကဲ့သို့သာ လိုက်နေခဲ့သည်။ ထို့ကြောင့် ဟွာရို့မန်သည် နောက်ခံကြီးမားသည့် အင်အားစုတစ်ခုမှ လာခြင်း ဖြစ်သည်ဟု မိန်းကလေး အထင် မှားသွားခဲ့လေသည်။
ရှုပ်ယှတ်ခတ်နေသော ဧည့်ခန်းမကို ဖြတ်ကျော်လာပြီး စင်္ကြန်လမ်းတစ်လျှောက် လျှောက်လာပြီးနောက် မကြာခင်တွင် သီးသန့်ခြံဝန်းတစ်ခုဆီသို့ ရောက်လာခဲ့လေသည်။ ခြံဝန်ထဲသို့ ဝင်လိုက်သည်နှင့် သီးခြားကမ္ဘာကြီးတစ်ခုထဲသို့ ရောက်သွားသလိုပင်… အပြင်ဘက်ရှိ အသံဗလံအားလုံး လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး သစ်သားတံတားလေးအောက် တသွင်သွင်း စီးဆင်းနေသော စမ်းရေစီးသံလေးကိုသာ ကြားရတော့သည်။
တသုန်သုန် တိုက်ခတ်နေသော လေပြေအဝှေ့ကို ခံစားရင်းမှ တံတားလေးအား ဖြတ်လျှောက်လာပြီးနောက် ကုန်းတက်သို့ ရောက်လာခဲ့သည်။ ထိုမှတစ်ဆင့် ဆင်းလာပြီးနောက်တွင် ခြံဝန်းတစ်ခုရှေ့သို့ ရောက်လာခဲ့လေသည်။ ထိုအခါ မိန်းကလေးသည် သူမ၏ ဆက်သွယ်ရေးမှော်ရတနာကို ထုတ်၍ အကြောင်းကြားလိုက်လေသည်။
ခဏအကြာတွင် ဆက်သွယ်ရေး မှော်ရတနာဆီမှ အလင်းတစ်ချက် လက်လာခဲ့သည်။ ထိုအခါ မိန်းကလေးသည် ရန်ကိုင်တို့ဘက်သို့လှည့်၍ “လူကြီးမင်းတို့ အထဲဝင်လို့ ရပါပြီ။ အခြားတစ်ယောက်က ဆက်ခေါ်သွားပါလိမ့်မယ်”
ပြောပြီးသည့်နောက် ပြန်ထွက်သွားလေ၏။
ဟွာရို့မုန်နှင့် ရန်ကိုင်သည်လည်း နောက်ခြံဝန်းတစ်ခုထဲသို့ ဝင်လိုက်ကြလေသည်။ ထိုနေရာတွင် အသက်လေးဆယ်လောက် ရှိမည့် အမျိုးသမီးတစ်ဦးမှ သူတို့အား စောင့်နေခဲ့လေသည် “ပစ္စည်း လေလံတင်ချင်တယ်ဆိုတာ လူကြီးမင်းတို့လားမသိဘူး”
“ဟုတ်ပါတယ်” ဟွာရို့မုန်က ခေါင်းညိတ်လိုက်သည်။
“ဒါဆို ကျွန်မနောက် လိုက်ခဲ့ပေး” အမျိုးသမီးသည် ရန်ကိုင်တို့အား ရှေ့မှ ဦးဆောင် ခေါ်သွားလေသည်။ သို့သော် မသွားခင် အမျိုးသမီးသည် ရန်ကိုင်အား မယုံသင်္ကာဖြင့် တစ်ချက် လှမ်းကြည့်လိုက်သည်။
ရန်ကိုင်ကလည်း အဓိပ္ပါယ်ပါပါ ပြန်ပြုံးပြလိုက်ရာ အမျိုးသမီး၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားပြီး သူမ၏ ခြေလှမ်းတို့မှာလည်း ဒယီးဒယိုင် ဖြစ်ကုန်လေသည်။
ခဏကြာအောင် လျှောက်လာပြီးနောက်တွင် ပန်းရနံ့တို့ မွှေးထုံနေသည့် ကျောက်တုံးအိမ်လေးတစ်အိမ်ဆီသို့ ရောက်လာခဲ့ကြ၏။ အိမ်လေးထဲတွင် ပန်းထိုးဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးရှိနေပြီး ထိုအမျိုးသမီးသည် ရေနွေးကြမ်း ထိုင်စပ်နေခဲ့လေသည်။
“သခင်မလေး၊ ဧည့်သည်တွေ ရောက်လာပါပြီ” အမျိုးသမီးသည် အနားသို့ လျှောက်သွားပြီးနောက် မိန်းကလေး၏ ဘေးတွင် ရပ်နေလိုက်လေသည်။
“မန်နေဂျာလီလား” ဟွာရို့မုန်က အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်သည်။ ဤလေလံအိမ်ကို ကြီးကြပ်နေသည့် လူသည် အမျိုးသမီးတစ်ဦး ဖြစ်နေလိမ့်မည် မထင်ထားခဲ့ချေ။ ရိုးရိုး မိန်းကလေးပင် မဟုတ်ဘဲ အလွန်လှသည့် မိန်းကလေးတစ်ဦး ဖြစ်သည်။ မန်နေဂျာလီဆိုသည့် မိန်းကလေးကိုကြည့်ရင်း လှလိုက်တာ ဟူသော အတွေးမျိုး ဟွာရို့မုန်စိတ်ထဲ ပေါ်လာခဲ့၏။
“အံ့ဩသွားတာလား” မန်နေဂျာလီက ယဲ့ယဲ့လေးပြုံးလျက် ဟွာရို့မုန်မှား မျက်စိတစ်ဖတ် မှိတ်ပြရင်း ပြောလိုက်လေသည် “ကျွန်မကို ယောကျာ်းတစ်ယောက် ဖြစ်လိမ့်မယ်လို့ ထင်နေတာမလား”
“အဲ့လိုမျိုးတော့ မဟုတ်ပါဘူး” ဟွာရို့မုန်က အလျင်အမြန် လက်ဝှေ့ရမ်း၍ “အံဩတယ်ဆိုတာထက်… ပိုလေးစားမိသလို ဖြစ်သွားတာပါ”
“အို” မန်နေဂျာလီဆိုသူက ဟွာရို့မုန်အာ အံ့အားသင့်တကြီး ကြည့်လိုက်သည်။ ထို့နောက် တစ်ခုခုကို နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။ “ကြည့်ရတာက ဧည့်သည့်က အင်အားစုတစ်ခုရဲ့ ခေါင်းဆောင်နဲ့တူတယ်”
“သာမန် ကုန်သွယ်ရေးအဖွဲ့အစည်းလေး တစ်ခုပါပဲ။ မန်နေဂျာလီရဲ့ စီပွားရေးလုပ်ငန်းနဲ့ ယှဉ်လိုက်ရင် ဘာမှ မပြောပလောက်ပါဘူး” ဟွာရို့မုန်က ပြန်ပြောလိုက်သည်။
“ အင်အားစုတစ်ခု ဘယ်လောက် အားကောင်းတယ် ဆိုတာ ခေါင်းဆောင် တစ်ယောက်ရဲ့ လုပ်နိုင်စွမ်းကို မသတ်နိုင်ဘူး။ အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင် ဖြစ်ပြီဆိုတာနဲ့ အကုန်လုံးရဲ့ မျှော်လင့်ချက်တွေက ကိုယ့်အပေါ် ရောက်နေပြီလို့ ပြောလိုက်တာပဲ။ အဲ့လို မျှော်လင့်ချက်တွေကို ထမ်းပိုးထားရတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်က… အဖွဲ့အစည်း အားကောင်းကောင်းမကောင်းကောင်း ကြီးမားတာက ကြီးမားတာပဲ”
ထိုအချက်ကိုတော့ ဟွာရို့မုန် ခေါင်းညိတ် ထောက်ခံလိုက်၏။
အမျိုးသမီးနှစ်ဦးသည် တွေ့တွေ့ချင်းကို စကားလက်ဆုံ ကျသွားလေသည်။ ရန်ကိုင်နှင့် ဟွာရို့မုန်တို့ကို ခေါ်လာသည့် သက်လတ်ပိုင်း အမျိုးသမီးက နောက်ဆုံး မနေနိုင်တော့သည့် အဆုံး ချောင်းဟန့်၍ ဝင်ပြောလိုက်လေသည် “သခင်မလေး၊ ဒီဧည့်သည့်နှစ်ယောက်က ပစ္စည်းတစ်ခု လေလံတင်ချင်လို့တဲ့”
“ဟဲဟဲ” မန်နေဂျာလီက တောင်းတောင်းပန်ပန်ဖြင့် ပြုံး၍ “တောင်းပန်ပါတယ်နော်။ စိတ်တူကိုယ်တူ လူတစ်ယောက်နဲ့ လာတွေ့တော့ စကားကောင်းသွားတာ ကိုယ်လုပ်ရမယ့် အလုပ်ကိုတောင် မေ့သွားတယ်။ ဧည့်သည်တို့ ထိုင်ကြပါဦး”
ဟွာရို့မုန်သည် တုန့်ဆိုင်းနေပြီးနောက် ကျောက်တုံး စားပွဲခုံ၌ ဝင်ထိုင်လိုက်လေသည်။
မန်နေဂျာလီသည် တစ်ခုခု ပြောတော့မည်အပြု ရုတ်တရက် သူမခါးထက်ရှိ ကျောက်စိမ်းပြားကို ငုံ့ကြည့်လိုက်လေ၏။ ထို့နောက် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာပြီး အလေးအနက် အမူအရာဖြင့် ပြောလိုက်လေ၏ “သတိမထားမိလိုက်လို့ ရိုင်းသွားသလို ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပေးပါနော် ဆရာ”
“အို” ရန်ကိုင်သည် မန်နေဂျာလီခါးရှိ ကျောက်စိမ်းပြားကို လှမ်းကြည့်၍ ပြုံးကာ ပြန်ပြောလိုက်လေ၏ “အဲ့ဒါက တကယ်ကြီး ကျုပ်ကျင့်ကြံခြင်းကို ထောက်လှမ်းနိုင်တာပဲ”
“ရှက်စရာတွေ ဖြစ်ကုန်ပါပြီ” မန်နေဂျာလီက ပြောလိုက်၏ “ကျွန်မက နေ့တိုင်း လူတွေအများကြီးနဲ့ ထိတွေ့ဆက်ဆံနေရတာ ဆိုတော့ အားကောင်းတဲ့ ပညာရှင်တွေကို မတော်တဆ သွားရန်မစမိအောင်ပါ။ ကျွန်မတို့ဆီ ရောက်လာတဲ့ လူတွေထဲမှာ ဆရာတို့လို ကျင့်ကြံခြင်းကို ဖုံးကွယ်ထားတဲ့ အားကောင်းတဲ့ ပညာှရင်တွေ ပါတယ်။ ဒါပေမယ့် ကျွန်မက တန်ခိုးရှင်အဆင့်ပဲ ရှိသေးတာဆိုတော့ သူတို့ ဘယ်လောက်အားကောင်းလဲ မသိဘူး။ ဒါကြောင့် မတော်တဆ ဆရာတို့လို ပညာရှင်တွေကို ရန်စမိသွားမှာဆိုးလို့ ဒီကျောက်စိမ်းပြားကို ဆောင်ထားတာပါ”
ရန်ကိုင်က ခေါင်းညိတ်၍ “ကျုပ်နားလည်ပါတယ်။ ဒါပေမယ့် ခင်ဗျားဘာလို့ ဒီလောက် ကြောက်နေတာလဲ။ ဒီလေလံစံအိမ် ကိုယ်တိုင်ကတင် အားကောင်းတဲ့ အင်အားစုတစ်ခု ဆိုတာကို ထည့်မတွက်ရင်တောင် ခင်ဗျားဘေးက ဒီအမျိုးသမီး တစ်ယောက်လုံး ရှိနေတာပဲကို မန်နေဂျာလီက ဘာတွေ ဒီလောက် ကြောက်နေတာလဲ”
ပြောနေရင်း ရန်ကိုင်သည် မန်နေဂျာလီဘေးတွင် ရပ်နေသော အမျိုးသမီးကို ပြုံးလျက် လှမ်းကြည့်လိုက်လေသည်။
အမျိုးသမီး၏ အမူအရာ မဆိုသလောက်လေး ပြောင်းလဲသွားပြီး ချက်ချင်းပဲ ပြန်ပြောလိုက်လေသည် “လူကြီးမင်းက တကယ့်ကို ပညာရှင်တစ်ပါးပဲနော်။ လူကြီးမင်းရဲ့ ခွန်အားကို ကျွန်မ မမြင်အောင် ဖုံးထားနိုင်ရုံတင် မဟုတ်ဘူး၊ ကျွန်မရဲ့ ခွန်အားကိုပါ ဖောက်မြင်နိုင်သေးတယ်”
“ချီးကျူးစကားအတွက် ကျေးဇူ=ဟ-စ.ပါပဲ” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက် ပြန်ပြောလိုက်သည်။ ဤအမျိုးသမီးကို မြင်စဉ်ကတည်းက သူမသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦးမှန်း ချက်ချင်း သိလိုက်သည်။ သို့ရာတွင် သူမ၏ ကျင့်ကြံခြင်းကို အခြားလူများ သတိမပြုမိအောင် ဖုံးကွယ်ထားခဲ့ပေသည်။ သူမထက် ကျင့်ကြံခြင်း ပိုမြင့်သည့် လူများသည်သာ သူမ၏ ကျင့်ကြံခြင်းကို သတိပြုမိပေလိမ့်မည်။
ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ရုံမက သူ့ဝိဥာဉ်သည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ယောက်ထိကို အားကောင်း၏။ ထို့ကြောင့် အမျိုးသမီး၏ ကျင့်ကြံခြင်းကို ဖောက်မြင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကာကွယ်ပေးမည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ရှိနေသည်ကို ကြည့်လျှင် ကြည်လင်ကောင်းကင်လေလံအိမ်၏ နောက်ခံကို ခန့်မှန်းကြည့်နိုင်ပေသည်။
စကားတစ်ခွန်းနှစ်ခွန်းဖြင့် နှစ်ဖွဲ့သားကြား အခြေအနေသည် ရုတ်တရက် တင်းမာလာခဲ့လေသည်။
သို့ရာတွင် မန်နေဂျာလီကမူ ရယ်သာရယ်လျက် “ဒီလောက်ကြီး မဖြစ်ကြပါနဲ့။ လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ် ဆိုတာ ရှိကြတာပဲလေ။ ဟုတ်တယ်မလား။ ကဲ့ကဲ့ အဲ့ကိစ္စတွေ ထားပြီးတော့ အလုပ်ကိစ္စဘက် သွားကြတာပေါ့”
“အင်း၊ ကျွန်မနာမည်က လီနွော့ပါ။ ဧည့်သည့်နှစ်ယောက် ဘာကိုများ လေလံတင်ချင်တာလဲမသိဘူး” သူမကိုယ်သူမ မိတ်ဆက်ပေးပြီးနောက်တွင် လီနွော့သည် ဟွာရို့မုန်ဘက်သို့ လှည့်၍ မေးလိုက်လေသည်။
“ဒါပဲ” ဟွာရို့မုန်သည် မြေပိုင်ဆိုင်မှုစာချုပ်များ ထည့်ထားသည့် ကျောက်စိမ်းသေတ္တာကို လီနွော့ရှေ့သို့ ချပေးလိုက်လေသည်။
လီနွော့သည် ကျောက်စိမ်းသေတ္တာကို ယူ၍ သေချာ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သေတ္တာကို ဖွင့်ကြည့်လိုက်၏။ စာရွက်အထပ်လိုက် သူမ မျက်လုံးရှေ့ ပေါ်လာခဲ့လေသည်။
ထိုစာရွက်များကို မြင်လိုက်သည်နှင့် လီနွော့၏ မျက်လုံးအစုံ ရုတ်ချည်း မှေးစဉ်းသွားခဲ့လေသည် “ဒါတွေက…”
သက်လတ်ပိုင်း အမျိုးသမီးသည်လည်း ထိုစာရွက်များကို မြင်ပြီးနောက် “ဒါ ခရမ်းကြယ်မြို့ရဲ့ မြေပိုင်ဆိုင်မှု စာချုပ်တွေမလား”
“ဟုတ်တယ်။ ခရမ်းကြယ်မြို့ရဲ့ မြေပိုင်ဆိုင်မှုစာချုပ်တွေပဲ” လီနွော့သည် စာချုပ်များကို တစ်ရွက်ချင်း သေချာ စစ်ဆေးကြည့်၏။ ထို့နောက် အလေးအနက် အမူအရာဖြင့် “အများကြီးပဲ။ ပြီးတော့ အကုန်လုံးက လမ်းတစ်လမ်းထဲမှာ ရှိတဲ့ မြေတွေ”
ထိုအခါ ဟွာရို့မုန်က ပြုံးလျက် “ဒါတွေက နဂါးပျံလမ်းက မြေတွေရဲ့ စာချုပ်”
လီနွော့ ခန္ဓာကိုယ် တုန်ရီသွားခဲ့သည်။ အရောင်းအဝယ် အမျိုးမျိုးကို လုပ်လာခဲ့ဖူးသော်လည်း ယခု တစ်ကြိမ်တွင်တော့ အတော်လေး ထိတ်လန့်မိသွားခဲ့လေသည်။
ခရမ်းကြယ်မြို့၏ မြေပိုင်ဆိုင်မှုစာချုပ်များသည် အလွန်ကိုမှ အဖိုးတန်ပေသည်။ မြေကွက်တစ်ကွက်ပင်လျှင် အလွန်ကိုမှ တန်ကြေးကြီး၏။ သို့ရာတွင် ယခုမူ သူမရှေ့၌ လမ်းတစ်လမ်းလုံးရှိ မြေကွက်စာချုပ်များ ရောက်နေခဲ့၏။
မြေကွက်တစ်ကွက်ချင်းဆိုလျှင် အရမ်းကြီး တန်ဖိုး ကြီးမည်မဟုတ်သော်ငြား လမ်းတစ်လုံးရှိ မြေကွက်များ ဆိုပါက တန်ကြေးမှာ နှစ်ဆလောက် ထိုးတက်သွားပေလိမ့်မည်။
ရုတ်တရက် လီနွော့သည် တစ်ခုုခကို စဉ်းစားမိသွားပြီး ဟွာရို့မုန်ဘက်သို့လှည့်၍ မေးလိုက်လေသည် “အစ်မက လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းကလား”
ဒီတစ်ကြိမ်တော့ မှင်သက်သွားရသူမှ ဟွာရို့မုန် ဖြစ်ပေသည် “မန်နေဂျာလီ ကျွန်မတို့ အဖွဲ့အစည်းအကြောင်း ကြားဖူးတာလား”
သူမ တကယ်ကို အံ့အးသင့်မိနေလေပြီ။ တကယ်တော့ လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းသည် စီးပွားရေး အဖွဲ့အစည်းလေး တစ်ခုသာ ဖြစ်ပြီး ခရမ်းကြယ်မြို့၏ အဆင့်အနိမ့်ဆုံး စီးပွားရေးလုပ်ငန်းများအနက် တစ်ခုအပါအဝင် ဖြစ်ပေသည်။ ခရမ်းကြယ်မြို့ထဲ သူတို့ကဲ့သို့ အဖွဲ့အစည်းမျိုး အခုတစ်သောင်းလောက် မရှိလျှင်ပင် အနည်းဆုံး ရှစ်ထောင်လောက်တော့ ရှိပေသည်။
ကြည်လင်ကောင်းကင်စံအိမ်မှာတော့ တကယ့်ကို မဟာ စီးပွားရေးလုပ်ငန်းစုကြီး တစ်ခုဖြစ်၏။ ထိုသို့ ဖြစ်လေရာ ထိုသို့သော အင်အားစုကြီးသည် အဘယ်သို့များ သူတို့ အင်အားစုလေး၏ နာမည်ကို ကြားဖူးနေရသနည်း
“ကြားဖူးတာ သိပ်မကြာသေးဘူး၊ နှစ်ရက်လောက်ပဲ ရှိဦးမယ်…” လီနွော့သည် ရန်ကိုင်အား သေချာတစ်ချက် လှမ်းကြည့်၍ ပြောလိုက်၏ “ကျွန်မ ကြားတာက လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေး အဖွဲ့အစည်းထဲမှာ အကြောက်အလန့်မရှိတဲ့လူတစ်ယောက် ပေါ်လာတယ်တဲ့။ အဲ့လူက မြို့စောင့်နဲ့ အကြီးအကဲမင်ကို တစ်ခါတည်း သတိလစ်သွားအောင် ရိုက်ထည့်လိုက်တာတဲ့။ ဒါပေမယ့် သူအဲ့လောက် သောင်းကျန်းသွားတာတောင် မြို့စောင့်တွေက ဘာမှမလုပ်ရဲတဲ့ အပြင်ကိုမှ ဗိုလ်ချုပ်လျူကိုယ်တိုင် သူ့ဆီသွားပြီး တောင်းပန်ခဲ့ရသေးတယ်တဲ့။ အဲ့ဒါကြောင့် ဒီမြေကွက်စာချုပ်တွေကို မြင်လိုက်တာနဲ့ အစ်မ ဘယ်သူမှန်း ညီမ တန်းသိလိုက်တာ”
“သတင်းပြန့်တာ မြန်လိုက်တာ” ဟွာရို့မုန် မျက်မှောင်ကြုတ်သွားခဲ့၏။
“မြန်တယ်ဆိုတာထက် မန်နေဂျာလီက သတင်း စုဆောင်းတဲ့ နေရာမှာ တော်တာလို့ပဲ ပြောရမလား” ရန်ကိုင်က လီနွော့ကို ပြုံး၍ ပြောလိုက်သည်။
လီနွော့၏ မျက်နှာလေး ရဲသွားပြီး ရှက်ပြုံးလေးပြုံးလျက် “ဆရာ မြှောက်နေပြန်ပါပြီ။ စီးပွားရေး လုပ်တယ်ဆိုကတည်းက သတင်းတွေကို အမြဲမပြတ် နားစွင့်နေရတယ်လေ။ အင်း… အခု လောလောဆယ် ဒီအကြောင်းကို သိတဲ့လူ သိပ်မရှိသေးဘူး။ ဒါပေမယ့် မြို့ဂိတ်မှာ ဖြစ်သွားတာကိုတော့ကို လူတိုင်း သိသွားလိမ့်မယ်။ အနှေးနဲ့အမြန်ပဲ ကွာသွားမယ်။ အဲ့အခါကျ လမ်းကြောင်းငါးသွယ်အဖွဲ့အစည်းကို တစ်မြို့လုံး သိသွားကြလိမ့်မယ်”
“တစ်မြို့လုံးသိသွားမှာ” ဟွာရို့မုန်မျက်နှာ ဖြူလျော်သွား၏။
လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းသည် အင်အားစုလေးတစ်ခုသာ ဖြစ်သော်ငြား ရုတ်တရက်ကြီး အများသူငှာ အာရုံစိုက်စရာ ဖြစ်လာခဲ့လေသည်။ ဤကိစ္စသည် သူမတို့ အဖွဲ့အစည်းအား ကောင်းကျိုးထက် ဆိုးကျိုးသာ ပိုဖြစ်စေမည့်အကြောင်း နားလည်လိုက်သော် ဟွာရို့မုန်သည် ရန်ကိုင်ဆီ အလိုလို လှမ်းကြည့်မိလိုက်လေသည်။ ရန်ကိုင်ကမူ ပြုံး၍သာ စိတ်ပူစရာမလိုကြောင်း ပြန်ပြောလိုက်၏။ ထိုအခြင်းအရာကို မြင်သည့်အခါမှပဲ ဟွာရို့မုန် စိတ်ငြိမ်သွားတော့၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၅၀)
“အစ်မက ဒါတွေကို လေလံတင်ချင်တာလား” စီးပွားရေးသမားသည် စီးပွားရေးသမားပင်။ ရောင်းဝယ်ရေးကိစ္စ တံခါးရှေ့သို့ ရောက်လာသည်နှင့် လီနွော့သည့် အခြား ကိစ္စများကို ခဏမေ့ထားလိုက်ပြီး လေလံတင်မည့်ပစ္စည်းအကြောင်းများကိုသာ ချက်ချင်း ပြန်ဆွေးနွေးတော့သည်။
“ဟုတ်တယ်”
“နှမြောစရာပဲ” လီနွော့ သက်ပြင်းချ၍ “အစ်မဘာသာ သိမ်းထားမယ်ဆိုရင် အစ်မ အရည်အချင်းနဲ့ဆို နောက်ဆယ်နှစ်လောက် ကြာတာနဲ့ လမ်းကြောင်းငါးသွယ် အဖွဲ့အစည်းက ကျိန်းသေ ကျော်ကြားလာတော့မှာ”
“မန်နေဂျာလီက တကယ် နောက်တတ်တာပဲနော်။ ကျွန်မမှာ ဘယ်လိုလုပ်ပြီး အဲ့လို အရည်အချင်း ရှိရမှာလဲ” ဟွာရို့မုန်က အလျင်အမြန် လက်ဝှေ့ရမ်း၍ ပြန်ပြောလိုက်သည်။
“အစ်မက အရမ်း နှိမ့်ချနေတာပဲ။ လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေးအဖွဲ့အစည်းက အခု မကျော်ကြားသေးပေမယ့် ဒီဆရာ ရှိနေမှတော့…” သို့ရာတွင် ပြောနေရင်း ရန်ကိုင်မှ ခါးသက်စွာ ပြုံးနေသည်ကို မြင်လိုက်သည့်အခါ ရန်ကိုင်သည် လမ်းကြောင်းငါးသွယ် အဖွဲ့အစည်းတွင် အမြဲတမ်း ရှိနေမည် မဟုတ်မှန်း သိသွားခဲ့လေသည်။ ထို့နောက် ပြောလက်စ စကားကို ရပ်လိုက်ပြီး ခေါင်းစဉ်ပြောင်းလိုက်လေသည် “ကောင်းပြီလေ။ ရောင်းမယ်ဆိုတော့လည်း ရောင်းတာပေါ့။ ဒါပေမယ့် အစ်မက အကုန်လုံးကို တစ်စုတစ်စည်းတည်း ရောင်းချင်းတာလား၊ ဒါမှမဟုတ် တစ်ခုချင်းခွဲပြီး ရောင်းချင်တာလား”
ဟွာရို့မုန် မျက်မှောင်ကြုတ်သွားပြီး အတွေး နက်သွားခဲ့သည်။
တစ်ခုချင်းစီ ခွဲရောင်းလျှင် အလွယ်တကူ ရောင်းထွက်နိုင်၏။ မြေကွက်စာချုပ် တစ်ခုချင်းစီးသည် ဈေးကြီးသော်ငြား ထိုဈေးနှုန်းကို တတ်နိုင်သည့်လူ အများကြီး ရှိပေသည်။ သို့ရာတွင် တစ်ခုချင်းစီ ခွဲရောင်းပါက လမ်းတစ်ကြောလုံးရှိ မြေကွက်များအား ပိုင်ဆိုင်နိုင်မည်ဟူသော ဆွဲမက်ဖွယ်ရာ အချက်ကို ဆုံးရှုံးလိုက်ရပေလိမ့်မည်။
အကုန်လုံးကို တစုတစည်းတည်း ရောင်းမည် ဆိုလျှင်လည်း ဝယ်နိုင်မည့်လူ သိပ်ရှိလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း တစ်ခုချင်းစီ ခွဲရောင်းသည်ထက်တော့ ဈေးပိုရနိုင်ပေလိမ့်မည်။
နည်းလမ်းနှစ်ခုစလုံးသည် အားသာချက်နှင့် အားနည်းချက် ကိုယ်စီ ရှိနေကြ၏။
ဟွာရို့မုန်လည်း မရွေးတတ်သည်နှင့် ရန်ကိုင်ဆီသို့ လှည့်၍ အကူအညီတောင်းရတော့သည်။
ရန်ကိုင်ကမူ ရယ်မော၍သာ “ကျုပ်က တိုက်ပဲတိုက်တတ်တာ၊ စီးပွားရေး မလုပ်တတ်ဘူး။ မန်နေဂျာလီကို မေးကြည့်လိုက်ပါလား၊ သူဆိုရင် ကျုပ်ထက် အများကြီး ပိုသိမှာသေချာတယ်”
ဟွာရို့မုန်လည်း ချက်ချင်းပဲ လီနွော့ဆီသို့ လှည့်ကြည့်လိုက်လေသည်။
လီနွော့သည် နှုတ်ခမ်းလေးကွေးလျက် ပြုံးကာ ပြောလိုက်၏ “ဆရာက ချီးကျူးနေမှတော့ ကျွန်မကလည်း ဆရာ ချီးကျူးတာနဲ့ တန်အောင် လုပ်ပေးရတာပေါ့။ ညီမကတော့ အကုန်လုံးကို ပေါင်းပြီး ရောင်းစေချင်တယ်။ ရောင်းဈေးကို သန်းတစ်ရာကနေ စပြီး သတ်မှတ်ပြီးတော့ပေါ့”
“သန်း… သန်းတစ်ရာ” ဟွာရို့မုန်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။
ပျော်လွန်းသဖြင့် သတိပင်လစ်ချင်မိသွားသည်။ သူမတို့ လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်း တစ်နှစ်လောက် ကုန်းရုန်းရှာခဲ့သည့် ပမာဏပင် တစ်သန်းလောက်သာ ရှိသည်။ ထိုသည်မှာ ဝင်သက်သက်သာ ဖြစ်ပြီး အသုံးစရိတ်နှင့် အလုပ်သမားခများ မပါသေးချေ။ ကုန်ကျစရိတ်များကိုပါ ထည့်တွက်လိုက်မည်ဆိုပါက အလွန်ဆုံးမှ နှစ်သိန်းလောက်သာ ကျန်တော့၏။
သန်းတစ်ရာဆိုသော ပမာဏသည် သူမအတွက် အလွန်ကိုမှ များပြားနေခဲ့လေသည်။
“အစ်မလည်း ဈေးကြီးတယ်လို့ ထင်တယ်မလား” လီနွော့က ပြုံးလျက် “အစ်မ ထင်ချင်လည်း ထင်ချင်စရာပဲ။ နဂါးပျံလမ်းက အရမ်းကြီး စည်ကားတဲ့လမ်းတစ်ခု မဟုတ်ပေမယ့် အရမ်းကြီး ခေါင်တဲ့ နေရာတစ်ခုလည်း မဟုတ်ဘူး။ စီးပွားရေးလုပ်လို့ ကောင်းတဲ့ နေရာတွေထဲမှာ နဂါးပျံလမ်းကို အလယ်အလတ်အဖြစ် သတ်မှတ်လို့ရတယ်။ နဂါးပျံလမ်းက မြေကွက် တစ်ကွက်ချင်းစီက မီတာငါးဆယ် အကျယ်ရှိတာ။ တစ်ကွက်ချင်းစီကို တွက်ကြည့်ရင် ငါးသန်းကနေ ရှစ်သန်းကြားရှိတယ်။ ဒါပေမယ့် ဒါက လျှော့ပြီး တွက်ထားတာပဲ ရှိသေးတယ်။ အရမ်း စည်တဲ့ ဘက်တွေမှာဆို တစ်ကွက်တစ်ကွက်ကို သန်းနှစ်ဆယ်လောက်တောင် ရှိတယ်။ နဂါးပျံလမ်းက မြေကွက်တစ်ကွက်ကို ခြောက်သန်းလောက် တန်တယ်ထား။ အကုန်လုံးက သုံးဆယ်လောက် ရှိတာဆိုတော့ စုစုပေါင်း သန်းတစ်ရာ့ရှစ်ဆယ်လောက်သွားတယ်။ ပြီးတော့ မြေကွက်တွေ အကုန်လုံးက တစ်ခုနဲ့တစ်ခု ဆက်နေတာ။ ပစ္စည်းမျိုးစုံ ဖွင့်စားတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေအတွက်ဆို တကယ့် နေရာကောင်းပဲ။ ဒီတော့ သန်းတစ်ရာက များသေးတယ်လို့ အစ်မ ထင်သေးလား”
ဟွာရို့မုန် ကြောင်သွားပြီး အချိန် အတော်ကြာသည်အထိ စကားပြန်မပြောနိုင် ဖြစ်သွားခဲ့လေသည်။
မြေကွက်သုံးဆယ်၏ တန်ဖိုးသည် မနည်းမှန်း သိသော်ငြား ဤမျှ များလိမ့်မည်ဟုတော့ ထင်ထားခဲ့ချေ။ ယခု လီနွော့ ရှင်းပြသည်ကို နားထောင်ပြီးနောက် မြေကွက်သုံးဆယ် မည်မျှ တန်ဖိုးကြီးကြောင်းကို နားလည်သွားခဲ့လေသည်။
ဤပမာဏသည် သူမတို့ လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေး အဖွဲ့အစည်း တစ်သက်လုံး ထိုင်စုလျှင်ပင် မရနိုင်သည့် ပမာဏမျိုး ဖြစ်ပေသည်။
ဟွာရို့မုန်သည် မှင်သက်နေသည်ကို မြင်သော် လီနွော့သည် သူမ နှပ်ထားသည့် ရေးနွေးကြမ်းကို ရန်ကိုင်နှင့် ဟွာရို့မုန်တို့ အတွက် တစ်ခွက်စီ ကောက်ငှဲ့ပေးလိုက်လေသည်။
ရန်ကိုင်က ရေနွေးခွက်ကိုမြှောက်၍ မေးလိုက်လေသည် “အကုန်လုံးကို ပေါင်းပြီး လေလံတင်မယ်ဆိုရင် ဝယ်နိုင်တဲ့ အင်အားစု ဘယ်နှစ်ခုလောက်ရှိလဲ မန်နေဂျာလီ”
“အနည်းဆုံး ဆယ်ခုအထိရှိတယ်။ ခရမ်းကြယ်မြို့က အင်အားစုတွေက ပေါ့သေးသေး မဟုတ်ဘူး ဆရာရဲ့။ သန်းတစ်ရာကို သူတို့ ချက်ချင်းကြီးတော့ ထုတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကြိုပြီး သတင်းလွှင့်ထားလိုက်မယ်ဆိုရင် လိုအပ်တဲ့ ပမာဏကို သူတို့ ကြိုစုထားနိုင်လိမ့်မယ်”
“ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ အကုန်လံး ပေါင်းပြီးတော့ပဲ လေလံတင်ကြတာပေါ့။ ခေါင်းဆောင်ဟွာကော ဘယ်လိုထင်လဲ” ရန်ကိုင်က ဟွာရို့မုန်ဘက်သို့ လှည့်မေးလိုက်လေသည်။
ဟွာရို့မုန်က အသက်ပြင်းပြင်း ရှူသွင်းလျက် စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက်လေသည် “ဆရာ ဆုံးဖြတ်တဲ့အတိုင်းပဲ လုပ်ကြတာပေါ့”
“အဲ့ဒါဆို အဲ့အတိုင်းပဲ လုပ်ကြတာပေါ့” ရန်ကိုင်က ရယ်သွမ်းသွေးလိုက်သည်။ ဟွာရို့မုန်သည် အလွန်ကိုမှ ထိတ်လန့် တုန်လှုပ်နေသဖြင့် စိတ်နှင့်လူနှင့်မကပ်နိုင် ဖြစ်နေမှန်း ရန်ကိုင် သိပေသည်။ ထို့ကြောင့် သူမကိုယ်စား ဝင်ပြီးတော့သာ ဆုံးဖြတ်လိုက်လေသည်။
“ဆရာ စိတ်ထားချလိုက်ပါ။ လေလံပွဲစဖို့က နောက်ငါးရက်တောင် လိုပါသေးတယ်။ အဲ့အတွင်း ဒီအကြောင်းကို သေချာ သတင်း လွှင့်ထားလိုက်ပါမယ်” လီနွော့က ပြောလိုက်၏။
“ဒါဆို မန်နေဂျာလီကိုပဲ အားကိုးနေမယ်နော်” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်သည်။
“အင်း။ ကျွန်မတို့ လေလံအိမ်ရဲ့ စည်းမျဉ်းအရ လေလံတင်လို့ ရောင်းထွက်သွားခဲ့ရင် ငါးရာခိုင်နှုန်းကို ဝန်ဆောင်ခအနေနဲ့ ယူပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ် တန်ဖိုးက အရမ်းကြီးနေတော့ လျှော့ဈေးပေးလိုက်ပါမယ်လေ။ နှစ် ရာခိုင်နှုန်းဆို ဘယ်လိုလဲ”
သုံးရာခိုင်နှုန်းသာ ကွာသွားသော်ငြား ရောင်းဈေးမှာ မိုးထိမတတ်အောင် မြင့်မားမည်ဖြစ်သဖြင့် ထိုသုံးရာခိုင်နှုန်းသည် သူတော်စင်သလင်းကျောက်များစွာ ကိုယ်စားပြုပေသည်။
ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။ သို့သော် တစ်ဖက်လူက ရက်ရောနေသဖြင့် သူကလည်း ငြင်းစရာအကြောင်းမရှိပေ။ ချက်ချင်းပဲ ပြန်၍ ပြောလိုက်လေသည် “အဲ့လိုဆိုရင် ခေါင်းဆောင်ဟွာကိုယ်စား ကျုပ်ကပဲ မန်နေဂျာလီကို ကျေးဇူးတင်ပါတယ်”
လီနွော့ အနည်းငယ် ကြောင်သွားခဲ့လေသည်။ ရန်ကိုင် ဘာပြောချင်လဲ ဆိုသည်ကို သူမ နားလည်ပေသည်။ သို့သော် ထိုစကားအပေါ် ထိုင်တွေးမနေဘဲ အမျိုးသမီးဘက်သို့ လှည့်၍သာ ပြောလိုက်လေသည် “ဒေါ်လေးချန်၊ ဒီက ဆရာတို့ကို ဗီအိုင်ဗီ ကတ်နှစ်ကတ် ပေးလိုက်ပါလား”
“ဟုတ်ကဲ့” ဒေါ်လေးချန် ဆိုသူသည် ချက်ချင်းပဲ သူမ၏ သိုလှောင်လက်စွပ်ထဲမှ ရွှေရောင်ကတ်နှစ်ကတ်ကို ထုတ်၍ ရန်ကိုင်ရှေ့တွင် ချပေးလိုက်လေသည်။
လီနွော့က ရှင်းပြလိုက်လေသည် “နောက်ငါးရက်ကျရင် ကျင်းပမယ့် လေလံပွဲကို ဒီကတ်ပြပြီး လာလို့ရပါတယ်။ ကျွန်မ အကုန်လုံး စီစဉ်ထားလိုက်ပါမယ်။ လေလံပွဲမှာ အခြား စိတ်ဝင်စားစရာ ပစ္စည်းတွေလည်း ရှိဦးမှာဆိုတော့ ဆရာတို့ တက်ပါဖို့ ကျွန်မ ဖိတ်ခေါ်ပါတယ်။ ဒီတစ်ကြိမ် လေလံပွဲမှာ ဆရာ စိတ်ဝင်စားလောက်မယ့် ပစ္စည်းတောင် ပါချင်ပါနေမှာ ပြောလို့ရတာ မဟုတ်ဘူး”
“လာရမှာပေါ့” ရန်ကိုင်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ကတ်ပြားနှစ်ချပ်ကို သိမ်းကို အသိပြန်မဝင်သေးသည့် ဟွာရို့မုန်ကို ခေါ်၍ ကျောက်တုံးအိမ်လေးထဲမှာ ထွက်လာခဲ့လိုက်လေသည်။
ဒေါ်လေးချန်သည် ရန်ကိုင်တို့အား လေလံအိမ်ဝင်ပေါက်ထိ ပြန်လိုက်ပို့ပေးသည်။
“သခင်မလေး ဘာလို့ သူတို့အပေါ် ဒီလောက် ကောင်းပြနေရတာလဲ။ ဒုတိယသခင်လေးကြောင့်လား” ဒေါ်လေးချန် ဆိုသူသည် လီနွော့အား စိုးရိမ်နေသည့် အမူအရာဖြင့် ကြည့်၍ မေးလိုက်လေသည်။
“သူ့ကြောင့်ပဲပေါ့။ သူ့ကြောင့်သာ မဟုတ်ရင် သုံးရာခိုင်နှုန်းကို ဒီလောက် လွယ်လွယ် လျှော့ပေးလိုက်မယ်လို့ ဒေါ်လေးချန်ထင်လား။ အဲ့သုံးရာခိုင်နှုန်းက သူတော်စင် သလင်းကျောက် ဆယ်သန်းလောက်ကို ကိုယ်စားပြုနေတာ” လီနွော့က ခါးသက်စွာပြုံးရင်း သက်ပြင်းချလျက် “ဒါပေမယ့် အဲ့လူက အရမ်း သတိကြီးလွန်းတယ်”
“ဟုတ်တယ်” ဒေါ်လေးချန်လည်း သက်ပြင်းချလိုက်၏။
ရန်ကိုင်သည် ခေါင်းဆောင်ဟွာကိုယ်စား မန်နေဂျာလီကို ကျေးဇူးတင်ပါသည်ဟု အကြောင်းမဲ့သက်သက် ပြောသွားခြင်း မဟုတ်ချေ။ ရန်ကိုင်သည် သူတို့ကို သတိထားနေခြင်း ဖြစ်သည်။ လီနွော့ မျက်နှာသာပေးလိုက်သူမှာ သူမဟုတ်ဘဲ ဟွာရို့မုန်သာ ဖြစ်ကြောင်း ပြောလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် လီနွော့လည်း ကူကယ်ရာမဲ့သွားရလေသည်။
“ဒုတိယသခင်လေး အခြေအနေကို အခုထိ သေချာ မသိရသေးဘူး။ ဒါပေမယ့် မကြာသေးခင်တုန်းက မြို့ထဲမှာ တိုက်ပွဲဖြစ်သွားသေးတယ်။ ဘာတွေ ဖြစ်သွားလဲ ဒေါ်လေးချန် သိလိုက်လား” လီနွော့က မေးလိုက်သည်။
“မသိလိုက်ဘူး။ ဖြစ်သွားတာက အရမ်း မြန်လွန်းတယ်” ဒေါ်လေးချန်က ခေါင်းခါ၍ “ဒုတိယသခင်လေးနဲ့ သူ့လူတွေ မလွတ်သွားလောက်ဘူး”
“ဟူး…” လီနွော့က သက်ပြင်းချ၍ “ခေါင်းဆောင်က အရမ်း ရက်စက်လွန်းတယ်။ သူ့အသွေးအသားကိုတောင် ဒီနေရာဆီ ပို့ရက်တယ်။ ဒါပေမယ့် ဒုတိယသခင်လေးကိုသာ ရက်စက်နေတာ။ တတိယသခင်လေးကိုတော့ ပိုးမွေးသလိုပဲ…”
“သခင်မလေး” ဒေါ်လေးချန်က ချက်ချင်း ဖြတ်ပြောလိုက်၏။
လီနွော့က ပြုံးလျက် “ကျွန်မသိတယ် ဒေါ်လေးချန်၊ ဒါပေမယ့် စိတ်မပူနဲ့၊ ဒီမှာ ဘယ်အပြင်လူမှမရှိဘူး။ ထိန်းထားရတာ နည်းနည်း ညစ်လာလို့ ဒေါ်လေးချန်ရှေ့မှာ အထွန့်တက်ကြည့်တာ။ ကျွန်မ အလျင်စလို လှုပ်ရှားမှာမဟုတ်ဘူး။ ကျွန်မ ကိုယ်တိုင်လည်း လှုပ်ရှားမှာမဟုတ်ဘူး။ အခြားသူရဲ့ အကူအညီကိုပဲယူမှာ။ လမ်းကြောင်းငါးသွယ်အဖွဲ့အစည်းက ဆရာရဲ့ ဇာတ်မြစ်ကို အခုထိ မသိရသေးပေမယ့် လူထျန်ဖုန်းတောင် လေးလေးစားစားနဲ့ ဆက်ဆံရတာဆိုတော့ ပေါ့သေးသေး မဟုတ်တာတော့ သေချာတယ်။ သူ့ကို ကျွန်မတို့ကိုယ်စား ဒုတိယ သခင်လေးအကြောင်း မေးကြည့်ခိုင်းချင်တာ။ ဒါပေမယ့် ကြည့်ရတာ မဖြစ်နိုင်ဘူး ထင်တယ်”
ဒေါ်လေးချန်က မျက်မှောင်ကြုတ်၍ “သခင်မလေး စိတ်ပူနေစရာ မလိုလောက်ဘူးလို့ ထင်တာပဲ။ ဒုတိယသခင်လေးက တဇွတ်ထိုး လုပ်တတ်ပေမယ့် မစဉ်းစားတတ်တဲ့လူတော့ မဟုတ်ဘူး။ သူဘာမှ ကြီးကြီးမားမား မဖြစ်လောက်ဘူး။ ပြီးတော့ ခရမ်းကြယ်က အားမနည်းပေမယ့် ကျွန်မတို့ လူတွေကိုတော့ ဘာမှ လုပ်ရဲလောက်မှာ မဟုတ်ဘူး။ အထူးသဖြင့် အဆင့်အတန်းမြင့်တဲ့ ဒုတိယသခင်လေးလို လူမျိုးကိုပေါ့။ အများဆုံး ဖြစ်မယ့်ဖြစ် နည်းနည်းပါးပါးလောက် နှိပ်စက်ခံရရုံပဲရှိမှာ”
“ကျွန်မကလည်း အဲ့ဒါကိုပဲ စိတ်ပူနေတာ။ ဒုတိယသခင်လေးက ငယ်ငယ်လေးကတည်းက အလိုလိုက်ခံထားရ။ တစ်ခုခု ဖြစ်လာခဲ့ရင် သူသည်းမခံနိုင်မှာကို ကျွန်မ လန့်နေတာ”
ထိုအခါ ဒေါ်လေးချန်ဆိုသူက ခဏလောက် စဉ်းစားပြီးနောက် “သခင်မလေး စိတ်မအေးရင် ကျွန်မ အကြီးအကဲဖုန်းနဲ့ သွားစကားပြောကြည့်ပေးမယ်”
“ဖုန်းဟူလား” လီနွော့က မျက်မှောင်ကြုတ်၍ “အဲ့လူက တစ်ခေါင်းလုံး တဏှာစိတ်တွေနဲ့ပဲ ပြည့်နေတာ။ ဒေါ်လေးချန် သူနဲ့ အဆက်အသွယ် မလုပ်သင့်ဘူးနော်”
“သခင်မလေး စိတ်မပူနဲ့” ဒေါ်လေးချန်က ပြုံးလျက် “သူ့ရဲ့ အဲ့စရိုက်ကြောင့်ပဲ ကျွန်မတို့ သူ့ကို အသုံးချလို့ရတာ။ သူလိုချင်နေလည်း နည်းနည်းလောက် ပေးလိုက်ရုံပေါ့။ တစ်ခုခု ဖြစ်လာပြီဆိုရင်တောင် သူ့ခွန်အားက ကျွန်မထက် နိမ့်နေတာ ဘာမှ ကြောက်နေစရာ မလိုဘူး”
ပြောနေရင်း ဒေါ်လေးသည် ဆုံးဖြတ်လိုက်သည့်အလား “အခု ကျွန်မသူ့ကို သွားတွေ့လိုက်ဦးမယ်”
“ဒေါ်လေးချန်” လီနွော့က လှမ်းအော်လိုက်သော်ငြား ဒေါ်လေးချန်ကတော့ ပျောက်ကွယ်သွားခဲ့လေသည်။ ထို့ကြောင့် လီနွော့လည်း ဒေါ်လေးချန် ဘာပြဿနာမှ မတက်ပါစေနှင့်သာ ကြိတ်၍ ဆုတောင်းရုံသာ တတ်နိုင်တော့လေသည်။
လေလံအိမ်ထဲ ထွက်လာပြီးသည့်တိုင် ဟွာရို့မုန်သည် စိတ်နှင့်လူနျင့် မကပ်သေးချေ။ သူတော်စင်သလင်းကျောက် သန်းတစ်ရာအကြောင်းတွေးရင် သူမ၏ ပါးပြင်များ နီမြန်းလာနေခဲ့လေသည်။ မကြာမကြာဆိုလျှင် ရန်ကိုင်အား ကျေးဇူးတင်သည့် မျက်ဝန်းများဖြင့်လည်း လှမ်းလှမ်း၍ ကြည့်သေးသည်။
ရန်ကိုင်သာ မရှိလျှင် လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းတစ်ခုလုံး ပြာပုံဘဝရောက်ပေပြီ။ သူမ၏ ညီအစ်ကို မောင်နှမအားလုံးသည်လည်း ရေခဲအကျဉ်းထောင်သို့ ပို့ခံရပေလိမ့်မည်။ သို့ရာတွင် ယခုမူ ထိုသို့မဖြစ်ဘဲ အသပြာမိုး ရွာကျသည့် အဖြစ်မျိုးနှင့်သာ ကြုံနေရလေသည်။ ယခုမှပဲ တစ်စုံတစ်ဦးအပေါ် မှီခိုရသည့် ခံစားချက်ကို ဟွာရို့မုန် ရုတ်တရက် နားလည်သွားခဲ့လေသည်။
ဤနွေးထွေးပြီး သက်သောင့်သက်သာရှိလှသည့် ခံစားချက်သည် သူမအား အရူးအမူး ဖြစ်စေပေသည်။
နှစ်ပေါင်းများစွာကြာအောင် အဖွဲ့အစည်း၏ တာဝန် အသီးသီးကို ပခုံးထမ်းသယ်လာရပြီးနောက်… ယခုကဲ့သို့ မှီခိုစရာ တစ်စုံတစ်စုံ တွေ့လိုက်ရသည့်နောက် ဟွာရို့မုန် ဘာမှ မလုပ်ချင်တော့ဘဲ နားသာနားချင်စိတ်များ ထွက်ပေါ်လာခဲ့၏။ နောင်အနာဂတ်တွင် ဤကဲ့သို့သော အားကိုးရလောက်သည့် မှီခိုစရာတစ်ခုခုများ ရှိလျှင် ဘယ်လောက် ကောင်းလေမလဲ ဟုလည်း တွေးမိသွားလေသည်။