← Chapters

မခံမရပ်နိုင်ဖွယ်ရာ အနိုင်ကျင့်မှု

Vol. 6 Ch. 536

မခံမရပ်နိုင်ဖွယ်ရာ အနိုင်ကျင့်မှု

Vol. 6 Ch. 536

ချိန်ဟဲ့ထျန်က ပိုင်ရှောင်ချန်း၏အမည်ကို တွေ့လိုက်သောအခါ ရပ်တန့်လိုက်သည်။ ပိုင်ရှောင်ချန်းက အရေခွံဆုတ်တပ်များနှင့်ပူးပေါင်းခဲ့ပြီးနောက် အချိန်တိုအတွင်း မဟာတံတိုင်းမြို့တော်အတွက် အလွန်အရေးပါလာသည်ကို ချိန်ဟဲ့ထျန်ကသိလေသည်။ ထို့အပြင် ပိုင်ရှောင်ချန်းက ဇောင်ထျန်ကျောက်နှင့်လည်း ရင်းနှီးသည့်ဆက်ဆံရေးရှိကြောင်း သူကသိထားသည်။

ညနေခင်းအချိန်၌ ချိန်ဟဲ့ထျန်နှင့် ကျင့်ကြံသူပေါင်း သုံးသောင်းသာ ဝင်္ကပါ၏ အပြင်ဘက်တွင်ရှိမည်မဟုတ်ပေ။ အိမ်ရှင်မြေရိုင်းသားများဖြစ်သော လူ့ဘီလူးများနှင့် ဝိညာဉ်ကျင့်ကြံသူများလည်း ရှိနေလိမ့်မည်။

နတ်ဝိညာဉ်များက မြေရိုင်းသားတို့အတွက် သူတို့၏လျှို့ဝှက်မှော်ပညာများတွင် စွမ်းအင်များအပိုဆောင်းထပ်မံဖြည့်စွက်ရာ၌ အသုံးပြုနိုင်သည့်အတွက် အဖိုးထိုက်တန်လှသည်။ ထို့အတွက်ကြောင့် ချိန်ဟဲ့ထျန်က မြေရိုင်းသားများနှင့် နတ်ဝိညာဉ်အတွက် ဖက်ပြိုင်နေရမည်ကို စိုးရိမ်မိသည်။

သို့သော်လည်း ပို၍စိုးရိမ်သည်က ဝိညာဉ်ကျင့်ကြံသူများနှင့် လူ့ဘီလူးများ ဝင်္ကပါထဲ ပို၍ဝင်ရောက်သွားပါက သူ၏တပည့်လေးနှင့် သမီးတို့ကို သူတို့ တွေ့သွားနိုင်ခြင်း ဖြစ်သည်။

ထို့ကြောင့် ချိန်ဟဲ့ထျန်က ဝင်္ကပါထဲတွင် မြေရိုင်းသားများအား ဆွဲဆောင်နိုင်ပြီး သူတို့၏သတ်ဖြတ်လိုစိတ်များအား အာရုံစိုက်စေမည့် လူတစ်ယောက်ကို လိုချင်နေသည်။ သူကမြေရိုင်းသားများ ရန်ငြိုးထားကာ သတ်ဖြတ်ချင်နေသည့် လူတစ်ယောက်အား လိုချင်နေသည်။

ထိုလိုအပ်ချက်များအား ပိုင်ရှောင်ချန်းထက် ပို၍ ပြည့်စုံစွာဖြည့်ဆည်းပေးနိုင်မည့်သူ တစ်ဦးမှမရှိချေ။ မြေရိုင်းသားများက ပိုင်ရှောင်ချန်းအား အတိုးချ၍ မုန်းတီးနေကြပြီး သူ့အားမြင်လိုက်သည်နှင့် ချက်ချင်းပင် လိုက်လံသတ်ဖြတ်ရန်ကြိုးစားပေလိမ့်မည်။ အမှန်တွင် သူ၏ဦးခေါင်းအတွက်ဆုလာဒ်မှာ ပြည့်စုံသောနတ်သားရဲဝိညာဉ်ငါးကောင်အစုံလိုက်ဖြစ်ပြီး ၎င်းက မြေရိုင်းသားများအား စိတ်နှစ်ခွဖြစ်စေသော အရာဖြစ်နေသည်။

တိကျသည့် အမိန့်မပါပဲဝင်္ကပါထဲသို့ဝင်သည့်မြေရိုင်းသားတိုင်း၏ အကြံအစည်များနှင့် ရည်ရွယ်ချက်များမှာ ပိုင်ရှောင်ချန်းအား မတွေ့ တွေ့အောင်ရှာဖွေကာ သတ်ဖြတ်ရန်ဖြစ်နေလိမ့်မည်။

ပိုင်ရှောင်ချန်းတည်ရှိနေရုံမျှဖြင့် မြေရိုင်းသားအင်အားစုများ၏ အာရုံစိုက်မှုကိုဆွဲဆောင်နိုင်လိမ့်မည်။ ၎င်းကအခြားသော မဟာတံတိုင်းမြို့၏ ကျင့်ကြံသူများအား ပိုမိုလုံခြုံမှုရှိစေရုံသာမက သူတို့၏ နတ်ဝိညာဉ်အားရရှိနိုင်သည့် အခွင့်အလမ်းများလည်း ပိုမိုမြင့်မားလာပေမည်။

" ပိုင်ရှောင်ချန်း "

ချိန်ဟဲ့ထျန်၏ မျက်လုံးများအရောင်တောက်လာလျက် တီးတိုးရေရွတ်လိုက်၏။ အမှန်တွင် ရှင်းကုံကျစ်တာအိုဂိုဏ်းသည် ဝိညာဉ်စုစည်းဆေးလုံး၏ လျှို့ဝှက်ချက်များကို အချိန်ကြာမြင့်စွာကတည်းက ဖော်ထုတ်ရန် လုပ်ဆောင်ခဲ့ကြသည်။

ထိုဆေးလုံးများက ဂိုဏ်းရှိလူတိုင်းအတွက်အလွန်အရေးကြီးလှသည်။ အမှန်မှာ သူက ပိုင်ရှောင်ချန်းအား စိတ်ပျက်ခြင်း၊ သူ၏လမ်းကြောင်းတွင် အာခံလာခြင်းတို့မှ တားဆီးနိုင်ရန် အသိမပေးခဲ့ပေ။

ဂိုဏ်းမှလည်း ဆေးလုံးဖော်စပ်နည်းများနှင့်ပေါက်ကွဲစေနိုင်သော ဆေးပေါင်းဖိုများအား စီစစ်တွက်ချက်ခဲ့ပြီး သူတို့၏ကိုယ်ပိုင်နည်းလမ်းများဖြင့် ထုတ်လုပ်နိုင်သည့်အနေအထားသို့ရောက်နေပြီဖြစ်သည်။ ထိုအရာများအားလုံးကြောင့် ရှင်းကုံကျစ်တာအိုဂိုဏ်း သို့မဟုတ် ချိန်ဟဲ့ထျန်အတွက် ပိုင်ရှောင်ချန်းမှာ တန်ဖိုးမရှိတော့ချေ။

အကယ်၍ လက်ရှိအခြေအနေမျိုး မဖြစ်ပွားခဲ့လျှင် ချိန်ဟဲ့ထျန်က သူ့အားယခင်ကအတိုင်းဆက်လက်အသုံးပြုပေလိမ့်မည်။ သို့သော်ယခုတွင် သူ၏တပည့်နှင့် သမီးတို့၏ အသက်နှင့်ဆက်နွှယ်လာလေရာ သူက ကိုယ်ကျိုးအတွက် ပိုင်ရှောင်ချန်းအား စွန့်လွှတ်လိုက်ရန် ပို၍ဆန္ဒရှိလေသည်။

သူ၏စိတ်ထဲတွင် ထိုကဲ့သို့သာအတွေးများ ဖြစ်တည်လာကာ ချိန်ဟဲ့ထျန်မှာ စာရင်းထဲတွင် ပိုင်ရှောင်ချန်း၏အမည်အား တွန့်ဆုတ်ခြင်းအလျဉ်းမရှိပဲထည့်လိုက်လေသည်။

ကောင်းကင်၌ နေထွက်လာချိန်တွင် ချိန်ဟဲ့ထျန်က နာမည်ပေါင်းသုံးသောင်းပါသည့် စာရင်းရှည်ကို ပြီးစီးအောင်လုပ်ဆောင်နိုင်ခဲ့သည်။ သူကလွန်စွာစိတ်လှုပ်ရှားနေပြီဖြစ်သည်။ အမှန်မှာ ဝင်္ကပါက ညနေခင်းပိုင်းတွင်မှ ပွင့်လာမည်ဖြစ်သည်။

နာမည်စာရင်းအား ဧရာမမျက်လုံးကြီးဆီသို့ပေးပို့လိုက်ပြီးနောက် သူကအာဏာကိုသုံး၍ ဝင်္ကပါဆီသို့ လိုက်ပါရမည့်ကျင့်ကြံသူများအား အသိပေးလိုက်သည်။ သတင်းရောက်လာသည်နှင့်အမျှ တပ်ဖွဲ့ငါးခုရှိ ကျင့်ကြံသူများ၏ သက်သေခံတံဆိပ်ပြားများမှာ တစ်ခုပြီးတစ်ခု တုန်ခါလာလေသည်။

" ငါလည်း ပါတယ်ပေါ့"

" ဒီတာဝန်က အန္တရာယ်များလိမ့်မယ်။ ဒါပေမဲ့ အကျိုးခံစားခွင့်တွေကလည်း အန္တရာယ်နဲ့အတူ ကပ်ပါလာလိမ့်မယ်"

" အဲဒီ ဝင်္ကပါထဲမှာ နတ်ဝိညာဉ်တစ်ခုရှိတယ်တဲ့။ ဟေး... ဟေး။ အဲဒီမှာဝိညာဉ်ကျင့်ကြံသူတွေလည်း လာကြမှာပဲ။ ပြီးတော့ သူတို့အားလုံးမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် စိတ်စွမ်းအင်အဆင့်မြင့်တင်ထားတဲ့ လက်နက်တွေပါလာကြမှာကွ။ တကယ်လို့ ငါသာတစ်ခုလောက်ရခဲ့ရင် နတ်ဝိညာဉ်မရတာထက်စာရင် တန်ပါသေးတယ်လေ "

ထိုတာဝန်တွင် ပူးပေါင်းရမည်ဟု အမိန့်ရသည့် တပ်ဖွဲ့ငါးခုမှကျင့်ကြံသူများ၏ မျက်နှာထက်တွင် အမျိုးမျိုးသော တုံ့ပြန်မှုများကို မြင်ရနိုင်သည်။ အများစုမှာ အရေးကြီးသောတာဝန်တွင် နတ်ဝိညာဉ်ကိုလည်း ရနိုင်မည့်အခွင့်အရေးကြောင့် လွန်စွာစိတ်လှုပ်ရှားနေကြသည်။ အချို့မှာ အန္တရာယ်များလှမည်ကိုတွေးကာ မျက်မှောင်ကြုတ်နေကြ၏။ သို့သော်လည်း သူတို့မှာတပ်ဖွဲ့ငါးခုမှ ကျင့်ကြံသူများဖြစ်ကြသည့်အတွက်ကြောင့် မကျေမနပ်ပြောဆိုနိုင်ခြင်းလည်းမရှိပေ။

အမှန်တွင် အမိန့်စာ၏အောက်ဆုံး၌ တာဝန်ကိုထမ်းဆောင်ရန် ငြင်းဆန်သည့်မည်သူမဆိုအား တပ်ပြေး အဖြစ်ဆက်ဆံမည်ဟု ဖော်ပြထားသည်။

ထို့အပြင် မဟာတံတိုင်းမြို့တော်တွင် တပ်ပြေးများမှာ သေသည်အထိ ဒုက္ခပေးခံရသည်။

လူတိုင်းက သူတို့၏အမိန့်စာများကို လက်ခံရရှိနေစဉ် ပိုင်ရှောင်ချန်းက သူ၏နေရာတွင်ထိုင်နေပြီး သူ၏သက်သေခံတံဆိပ်ပြားကိုကြည့်ကာ တုန်ရီနေလေသည်။ ထိုအမိန့်စာအားကြည့်ပြီးနောက် သူ၏မျက်နှာမှာ ဖြူဖတ်ဖြူလျော်ဖြစ်လျက် ကျယ်လောင်စွာအော်ဟစ်လိုက်လေသည်။

" တပ်ပြေး..ဟုတ်လား။ တပ်ပြေးတွေကို အပိုင်းတစ်ထောင်ခုတ်ထစ်၊ အသေသတ်ပြီး အပြစ်ပေးတာတဲ့။ ငါမသွားချင်ဘူး"

သူက ခုန်ထလိုက်ကာ သူ၏သက်သေခံတံဆိပ်ပြားအား ငေးစိုက်ကြည့်လိုက်ရာ သူ၏အမြင်အာရုံပင် ဝေဝါးသွားရသည်။ သူက ကျားတစ်ကောင်၏ခံတွင်းထဲသို့ လမ်းလျှောက်သွားနေရသည့် သိုးငယ်တစ်ကောင်နှင့်ပင်တူသည်ဟု ခံစားလိုက်ရပြီး သူ၏အသားနှင့်သွေးများထဲတွင် ကြီးမားသောအန္တရာယ် လွှမ်းမိုးလာသည်ဟု ခံစားလိုက်ရသည်။ သူက ကြောက်လန့်တကြားဖြစ်သွားရပြီး ချက်ချင်းပင် ပိုင်လင်းထံသို့ စာတစ်စောင်ပေးပို့လိုက်သည်။

အချိန်အတန်ကြာပြီးနောက် ပိုင်လင်းက တုံ့ပြန်လာလေသည်။

" ခေါင်းဆောင်ချိန်က ဆုံးဖြတ်ချက်ချပြီးပြီတဲ့။ငါသူနဲ့ပြောပြီးသွားပြီ ဒါပေမဲ့ သူကပြင်ဆင်ဖို့ငြင်းဆိုလိုက်တယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာမှမလုပ်နိုင်တဲ့အတွက် ငါတောင်းပန်ပါတယ် ရှောင်ချန်းရေ "

ပိုင်ရှောင်ချန်း၏ နှလုံးသားမှာ ချက်ချင်းပင်အေးခဲသွားရသည်။ သူ၏သက်သေခံတံဆိပ်ပြားကို စိုက်ကြည့်ရင်း သူ၏အကြည့်ထဲတွင် ဒေါသများဖြင့်ပြည့်နှက်လာသည်။

" ငါက မဟာတံတိုင်းအတွက် ကြီးမားတဲ့တာဝန်တွေကို ထမ်းဆောင်ပေးခဲ့တယ်။ ငါက စစ်ဦးစီးမှူးတစ်ဦးပါဟ"

ပိုင်ရှောင်ချန်းမှာ အလွန်အမင်းဒေါသထွက်နေပြီး သူသာ မဟာတံတိုင်းအပြင်ဘက်သို့ ထွက်သွားလျှင် မြေရိုင်းသားများစွာက သူ့အားသတ်ဖြတ်ရန် ကြိုးစားမည်ကို ချိန်ဟဲ့ထျန်က မသိကြောင်း မယုံကြည်နိုင်ပေ။ အမှန်တွင်ထိုဝင်္ကပါအတွင်း၌ တပ်ဖွဲ့ငါးခုမှကျင့်ကြံသူများက သူ့အားသတ်ဖြတ်လိုလျှင်တောင်မှ အံ့သြစရာမလိုတော့ပေ။

ထို့အပြင် သူက သူ့ကိုယ်သူကာကွယ်ရန် မည်သို့မျှတတ်နိုင်မည်မဟုတ်ပေ။ အကယ်၍ သူသာ သေသွားခဲ့လျှင် ၎င်းက အလွန်အမင်းအန္တရာယ်ကြုံတွေ့ရရုံမျှသာမဟုတ်ပဲ သေမိန့်ပေးခံရသည်နှင့်ပင် တူသွားလိမ့်မည်။

ထိုအရာအားလုံးကြားမှ ချိန်ဟဲ့ထျန်က သူ့အားသွားရန် ရည်ရွယ်ချက်ရှိရှိရွေးချယ်ခဲ့ပြီး ပိုင်လင်း၏ အပြောင်းအလဲလုပ်ရန် တောင်းဆိုချက်ကို ငြင်းဆန်လိုက်ခြင်းဖြစ်ပေမည်။ ရှင်းလင်းစွာပင် ချိန်ဟဲ့ထျန်က ထိုအရာများအားလုံးကို ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့ခြင်းဖြစ်သည်။

" သူက ငါ့ကို မြေရိုင်းသားတွေ အာရုံပျံ့လွင့်စေမဲ့ ငါးစာအဖြစ် အသုံးပြုဖို့ ရည်ရွယ်ထားတာပဲ" ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ ဒေါသကြောင့်ရဲရဲနီနေပြီး သူ၏သွေးများမှာလည်း ဆူပွက်နေကာ တွေးတောမိလိုက်သည်။ သူ၏ ခွဲခြမ်းစိတ်ဖြာမှုမှာ မှန်ကန်နေသည့်အတွက် သူ၏အမျက်ဒေါသမှာ ဆက်လက်၍မြင့်တက်လာသည်။ သူ့အတွက် ၎င်းက သူ့နောက်ကျောကို ဓားထောက်လျက် သူ့အား အရှိန်တညီးညီး တောက်လောင်နေသော မီးတွင်းကြီးထဲသို့ ခုန်ချရန် ဖိအားပေးနေသည်ဟု ခံစားလိုက်ရသည်။ သူက အသက်ရှုမဝသလိုပင် ဖြစ်သွားရသည်။

" တကယ်လို့ ငါသာ မသွားရင် အပိုင်းပေါင်းတစ်ထောင်ဖြတ်ပြီးသေဒဏ်ပေးခံရမယ်။ ဒါ့အပြင် အဏ္ဏဝါခေါ်သံဂိုဏ်းကလည်း ဒီအတွက် ပါဝင်ပတ်သက်ရလိမ့်မယ်။ ငါ့ကို အန္တရာယ်တောထဲ လွှတ်ခံရတာတင်မဟုတ်ဘူး။ သေမိန့်ပါချလိုက်တာပဲ"

" ငါက မဟာတံတိုင်းကို နှစ်ပေါင်းများစွာ ကာကွယ်စောင့်ရှောက်ခဲ့တယ်။ တိုက်ပွဲစွမ်းဆောင်မှုရမှတ်ပေါင်းများစွာလည်း ရရှိခဲ့တယ်။ အခုတော့ ရှင်းကုံကျစ်တာအိုဂိုဏ်းက ငါ့ကိုဒီလိုဆက်ဆံလိုက်ပြီပေါ့ "

ပိုင်ရှောင်ချန်းမှာ အလွန်ဒေါသထွက်နေရာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ သူ၏မျက်နှာမှာလည်း ရဲရဲနီနေပြီး သူ၏လည်ပင်းထက်တွင် အပြာရောင်သွေးကြောများထောင်ထလာသည်။ အချိန်အတော်ကြာပြီးနောက် သူကခါးသက်သက်ရယ်မောပစ်လိုက်သည်။

သူ့မှာ ရွေးချယ်စရာလည်း မရှိတော့ပေ။ ၎င်းက တိုက်ရိုက်ပေးသောသေဒဏ်ဖြစ်စေ၊ အယောင်ဆောင်ထားသောသေမိန့်ဖြစ်စေ သူ့မှာ အခြားရွေးချယ်စရာမရှိတော့ပေ။

" သူတို့က ဝိညာဉ်စုစည်းဆေးလုံးရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြီးသွားတာပဲ ဖြစ်ရမယ်"

ထိုအရာနှင့်ပတ်သက်၍ သူ လုပ်နိုင်သည့်အရာမရှိချေ။ ယခုအချိန်တွင် သူက ကြောက်ရွံ့ခြင်းကြောင့်မဟုတ်ပဲ ပြင်းထန်သော အမျက်ဒေါသကြောင့် တဆတ်ဆတ် တုန်ယင်နေသည်။

ကုံမြို့တော်တွင် မူးယစ်ဆေးလုံးများနှင့် အဖြစ်အပျက်မှာ ဂိုဏ်းက သူ့အားမည်သို့ဆက်ဆံသည်နှင့်ပတ်သက်၍ သဲလွန်စဖြစ်ခဲ့သည်။ သို့သော် သူက နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးပြီးဆုံးသွားသည့်အခါ ထိုကဲ့သို့အခြေအနေမျိုး ရောက်လိမ့်မည်ဟု ဘယ်သောအခါမှ သူ မတွေးဖူးခဲ့ချေ။

သူ့ကိုယ်သူခက်ခက်ခဲခဲ ထိန်းချုပ်လိုက်ပြီးနောက် သူက ခါးသီးစွာရယ်မောလိုက်ပြီး သူ၏ပစ္စည်းများကို ထုပ်ပိုးလိုက်သည်။ ထိုကိစ္စနှင့် ပတ်သက်၍ သူ့မှာ ရွေးချယ်ခွင့်မရှိလေရာ ဆက်လက်၍ အသက်ရှင်သန်နိုင်ရန် တတ်နိုင်သလောက် အဆင်သင့်ဖြစ်အောင်လုပ်ခြင်းက သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာဖြစ်လေသည်။

သူက ထာဝရထီးနှင့် သူ၏ရှစ်ရောင်ခြယ်လောင်စာကို ထုတ်လိုက်သည်။ မူလက သူသည် အနာဂတ်တွင် အချို့သောအချိန်၌သာ ရှစ်ရောင်ခြယ် မီးတောက်အားအသုံးပြုရန် မျှော်လင့်ခဲ့သော်လည်း ယခုတွင်သူက ထီးအား စိတ်စွမ်းအင်အဆင့်မြင့်တင်ရန် တုံ့ဆိုင်းမှုမရှိပဲ အသုံးပြုလိုက်တော့သည်။

လိပ်ဒယ်အိုးထဲတွင်ထီးအားထည့်လိုက်ပြီးနောက် အလွန်စူးရှသည့်ငွေရောင်အမှတ်အသားရှစ်ခုပေါ်လာလေသည်။

သူက ထိုအရာများအား ဖုံးကွယ်မနေတော့ပေ။ မဟာတံတိုင်းတွင်နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီးနောက် မြေရိုင်းသားများက စစ်မြေပြင်တွင် များပြားလှသည့် စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသော မှော်ပစ္စည်းများ ကိုင်ဆောင်ကြသည်ကို တွေ့ဖူးလေသည်။ သူပြောနိုင်သည်က ကောင်းကင်တံတားမြစ်တွင်ရှိသည့် စိတ်စွမ်းအင်အဆင့်မြှင့်တင်သည့် ပညာရပ်က မြေရိုင်းဒေသတွင် ရှိသည့် ပညာရပ်များနှင့် ကွဲပြားသည်ဟူ၍ဖြစ်သည်။

သူက ထိုအကြောင်းကို အချိန်ကြာမြင့်စွာကတည်းက သိခဲ့ပြီး ၎င်းနှင့်ပတ်သက်၍ ပိုင်လင်းအား မေးမြန်းခဲ့ဖူးသော်လည်းသူ၏တစ်ခုတည်းသောအဖြေမှာ အောက်လမ်းဆရာများနှင့် တစ်စုံတစ်ရာဆက်စပ်မှုရှိသည်ဟူ၍သာ ဖြစ်သည်။ ပိုင်လင်းက ၎င်းထက် ကျော်လွန်သည့် မည်သည့်သတင်းအချက်အလက်ကိုမဆို ပေးရန်တွန့်ဆုတ်နေခဲ့သည်။

ပိုင်ရှောင်ချန်းက ကိုယ်ပိုင်စုံစမ်းမေးမြန်းကြည့်ရာ အောက်လမ်းဆရာများနှင့်ဆက်စပ်မှုရှိကြောင်း အနည်းငယ်သာရှာဖွေတွေ့ရှိခဲ့ပြီး သူက အဖြေရရန်ကြိုးစားခြင်းကို ရိုးရှင်းစွာပင် မေ့ပစ်လိုက်ရသည်။

ထာဝရထီးပေါ်တွင် ရှစ်ကြိမ်မြောက်စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကို လုပ်ဆောင်ပြီးနောက် သူ၏ဆေးလုံးများ၊ သံချပ်ကာပစ္စည်းချပ်ဝတ်တန်ဆာများနှင့် မှော်ပစ္စည်းများကိုလည်း အလားတူ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းများကို သူတတ်နိုင်သမျှ ပြုလုပ်လေသည်။

တချိန်တည်းမှာပင် နတ်ဆရာနှင့် ကျောက်လုံတို့က သူတို့မှာလည်း တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံရကြောင်း သူ့အားအကြောင်းကြားခဲ့သည်။ နတ်ဆရာမှာ ကြောက်လန့်နေပြီး ပိုင်ရှောင်ချန်းအား သူ့ကို စာရင်းထဲမှထုတ်ပေးရန် တောင်းပန်တော့သည်။

" ခေါင်းဆောင်လေး။ ကျွန်တော့်ကိုကယ်ပါဦးဗျာ။ ကျွန်တော်ဒီကို ရောက်ခါစပဲရှိသေးတာ။ ဒါ...ဒါ မမျှတဘူးဗျ"

အကြမ်းဖျင်းအားဖြင့် တပ်ရင်းအမှတ်သုံးမှ အဖွဲ့ဝင်ရှစ်ရာမှာ တာဝန်ထမ်းဆောင်ရန်ရွေးချယ်ခံရပြီး စုန့်ချွဲမှာလည်း အရွေးခံရလေသည်။

သူတို့အားလုံးမှာ ပိုင်ရှောင်ချန်းပါဝင်ကြောင်းကြားလိုက်ရသောအခါ အံ့အားသင့်သွားကြသည်။ နတ်ဆရာမှာ ကြက်သေသေကာမှင်တက်နေပြီး နောက်ဆုံးတွင် သူ၏မျက်နှာထက်တွင် ခါးသီးသည့်အပြုံးကိုဆင်မြန်းထားလေသည်။ သိသာထင်ရှားစွာ ပိုင်ရှောင်ချန်းပင် တာဝန်မှနုတ်ထွက်နိုင်ခြင်း မရှိလျှင် အခြားမည်သူမဆို ကင်းလွတ်ခွင့်ခံရရန် မျှော်လင့်ချက်ရှိမည် မဟုတ်တော့ပေ။

လူတိုင်းအား အဝေးသို့ထွက်သွားစေပြီးနောက် ပိုင်ရှောင်ချန်းကသက်ပြင်းချကာ မြို့လယ်ခေါင်ရှိ စေတီကြီးထံဦးတည်လိုက်ကာ သူ၏တိုက်ပွဲစွမ်းဆောင်မှုရမှတ်များအားလုံးကိုသုံး၍ အဆောင်လက်ဖွဲ့စာရွက်များနှင့် စိတ်စွမ်းအင်ပြန်လည်ဖြည့်တင်းပေးနိုင်သည့် ဝိညာဉ်အရက်များကို ဝယ်ယူလိုက်သည်။

လုံလောက်သော စိတ်စွမ်းအင်ရှိမှသာ ဝင်္ကပါထဲတွင် သူ့ကိုယ်သူ ကာကွယ်နိုင်လိမ့်မည်။ တပ်ရင်းအမှတ်သုံးမှအဖွဲ့ဝင်များ၏ လုံခြုံမှုအတွက် သူကတာဝန်ရှိသော်လည်း ကန့်သတ်ထားသည့်အချိန်အရ သူတို့အားကူညီနိုင်မည်မဟုတ်ပေ။ သို့သော်၎င်းက မများပြားချေ။

မကြာမီတွင် ညနေခင်းအချိန်ရောက်ရန် နှစ်နာရီသာလိုတော့သည်။ ထိုအချိန်တွင် ချိန်ဟဲ့ထျန်က စေတီအတွင်းမှထွက်လာကာ တာဝန်ထမ်းဆောင်ရန်ရွေးချယ်ခံရသည့် ကျင့်ကြံသူသုံးသောင်းအား ဆင့်ခေါ်လိုက်ပြီး သူ၏လက်ကိုဝေ့ယမ်းကာ တံတိုင်းကြီးကိုကျော်၍ တဟုန်ထိုးသွားတော့သည်။

ထိုအဖွဲ့က ဖြည်းဖြည်းချင်းသွားနေမည်ကို စိုးရိမ်သည့်အတွက် သူက လက်ကွက်ဖော်လိုက်ကာ ထူထပ်သည့်တိမ်များစွာကို ဖြစ်ပေါ်စေလိုက်ပြီး ကျင့်ကြံသူပေါင်းသုံးသောင်းကို လျင်မြန်စွာသယ်ဆောင်စေလိုက်သည်။ ထိုအတွက်ကြောင့် ဝင်္ကပါ၏ဝင်ပေါက်ဆီသို့ရောက်ရန် နှစ်နာရီသာ ကြာမြင့်လိုက်လေသည်။

ပိုင်ရှောင်ချန်းမှာ လူအုပ်ထဲတွင်ရှိနေပြီး ချိန်ဟဲ့ထျန်အား သဲသဲမည်းမည်းစိုက်ကြည့်နေသည်။ သို့သော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံကြောင့် ပိုင်ရှောင်ချန်းမှာ ထိုအခြေအနေအတွက် အကူအညီမဲ့စွာသက်ပြင်းချရုံသာတတ်နိုင်ကြောင်း သိလိုက်သည်။ သို့သော်လည်း သူ၏ ကျိန်ဆဲနေခြင်းကိုမူ မတားဆီးနိုင်ချေ။

" ကျုပ်နတ်ဘုရားတစ်ပိုင်းဖြစ်လာတဲ့အချိန်ကို စောင့်နေလိုက် အဘိုးကြီး။ အဲဒီအချိန်ကျရင် ကျုပ် သေချာပေါက် လက်စားချေပြမယ်"

All Chapters