← Chapters

ပြေးထား ရှောင်ချန်း၊ ပြေးထား

Vol. 6 Ch. 538

ပြေးထား ရှောင်ချန်း၊ ပြေးထား

Vol. 6 Ch. 538

ပိုင်ရှောင်ချန်းမှာ ထိတ်လန့်ကြောက်ရွံမှုများဖြင့် ခေါင်းနပန်းကြီးနေပြီး စိတ်ထဲတွင် အော်ဟစ်နေတော့သည်။ လက်ရှိထက် သူ ပို၍ အစွမ်းထက်လာခဲ့မည်ဆိုလျှင်တောင်မှ မြေရိုင်းသားများမှာ များလွန်းလှပြီး ဆုကြေးအတွက် သူ့ ခေါင်းကို လိုချင်နေကြလေသည်။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်လာပြီး ပုန်းကွယ်ရန် မတူညီသော လားရာဘက်သို့ အပြေးအလွှားသွားလိုက်သည်။

သို့သော် သူ့ကို မြင်ပြီးသား လူများက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ပိုမိုများပြားလာသော မြေရိုင်းသားများက သူရှိရာဘက်သို့ လှည့်ကြည့်လိုက်တော့သည်။ တချို့လူများမှာ ဓားပါးလေးများအလား စူးရှတောက်ပနေသော မျက်လုံးများနှင့် သူ့ကိုသာ ကြည့်နေရင်း လေထဲပျံတက်လာကြသည်။ သူ့ပတ်ဝန်းကျင်ရှိ စစ်တပ်ငါးဖွဲ့၏ ကျင့်ကြံသူများမှာ အမှတ်သုံးတပ်သားများအား တွန်းဖယ်ရင်း သူနှင့်ဝေးရာသို့ ရှောင်သွားလိုက်ကြသည် ။ သူဝင်ပုန်းနေခဲ့သော လူထွားကြီးမှာလည်း ရုတ်တရက် သူ့အပေါ် ပြင်းထန်သော ဖိအားများကျရောက်လာသည်ကို ခံစားလိုက်ရပြီး ဘေးရှောင်သွားတော့သည်။

" အစ်ကိုကြီး မသွားပါနဲ့ "

ပိုင်ရှောင်ချန်းက အော်လိုက်လေသည်။

“ ခင်ဗျားနောက်မှာ နည်းနည်းလေးလောက် ပုန်းနေပါရစေ။ အန္တရာယ်မရှိတော့တာနဲ့ နစ်နာကြေးကို ပုံအောပြီး ပေးပါ့မယ်ဗျာ "

ထိုသို့တိုင်အောင် လူထွားကြီးသည် နောက်ကို လှည့်ပင် မကြည့်ဘဲ အပြေးအလွှားထွက်ခါ သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ အလွန် စိုးရိမ်လာပြီး ကျောနောက် ပုန်းရန် အခြားကျင့်ကြံသူများကို လိုက်ရှာတော့မည်အချိန်တွင် လူတိုင်းမှာ သူ့ကို ဝေးဝေးရှောင်သွားလိုက်ကြလေရာ သူ လုံးဝအကာအကွယ်မဲ့သွားတော့သည်။

မကြာမီ နေရာတစ်ခုလုံးရှိ လူတိုင်းက သူ့ကို စိုက်ကြည့်နေကြလေသည်။

" မိစ္ဆာပိုင်"

" မြေရိုင်းဒေသတစ်ခုလုံး အရှက်ကွဲရတာ မိစ္ဆာပိုင် မသေမချင်း အဆုံးသတ်မှာမဟုတ်ဘူး "

" သူ ဒီမှာ ပေါ်လာမယ်လို့ ယုံတောင် မယုံနိုင်ဘူးကွာ။ ဟားဟားဟား ။ မိစ္ဆာပိုင်က ငါ့အတွက်ပဲ။ ဘာမှန်းမသိသေးတဲ့ ရတနာနဲ့ နတ်ဝိညာဥ်ကို ထားလိုက်ဦး။ အဲဒီကိစ္စတွေကို ဂရုမစိုက်ဘူး။ ပိုင်ရှောင်ချန်းကို သတ်နိုင်ရင် နတ်သားရဲဝိညာဥ်အမျိုးအစား ငါးခု တစ်စုံရလိမ့်မယ်။ ဒါက နတ်ဝိညာဥ်နဲ့ အတူတူပဲ "

" ဘယ်လောက် သတ္တိရှိနေလိုက်လဲ။ သူ့ခေါင်းအတွက် နတ်သားရဲဝိညာဥ်တစ်ပုံကြီးရှိနေတာတောင် ပေါ်လာရဲသေးတယ်။ ဒါ ငါတို့ကို မခံချင်အောင် လုပ်နေတာပဲကွ "

ပိုင်ရှောင်ချန်းမှာ ပူဆွေးသောကရောက်နေပြီး တချိန်တည်းမှာပင် ဒေါသလည်း ထွက်လာကာ ကြောက်လန့်မှုကြောင့် သူ့ကိုယ်ထဲရှိ သတ္တိများ နိုးကြားလာသည်ကို ခံစားလိုက်ရ၏။ မြေရိုင်းဒေသ ဝိညာဥ်ကျင့်ကြံသူများနှင့် လူ့ဘီလူးများ၏ လောဘကြီးသော ၊ အမုန်းအာဃာတများ ပြည့်ဝနေသည့် အကြည့်များမှာ အချိန်ကုန်လာသည်နှင့်အမျှ ပို၍ ပြင်းထန်လာနေလေသည်။

ထို့အပြင် မဟာတံတိုင်းမှ သူနှင့်အတူပါလာသူများသည် သူ့ကို ရှောင်ဖယ်သွားကြပြီး တချို့က တောက်ပသော မျက်လုံးများဖြင့်ပင် ကြည့်နေကြလေရာ သူ၏ နှလုံးသားကို ရေခဲတမျှအေးစက်သွားစေတော့သည်။

" ငါဒီနေရာကို လာချင်လွန်းလို့ လာတာမဟုတ်ဘူးကွ။ ဘယ်သူ့ကိုမှလဲ မခံချင်အောင်လုပ်နေတာမဟုတ်ဘူး "

လူတိုင်းနီးပါးက သူ့ကို မကောင်းဆိုးဝါးပုံများဖြင့် ကြည့်နေကြပြီး သူတို့ လုယုရန်ထိုက်တန်သော ရတနာတစ်ခုအလား တွေးနေကြခြင်းကြောင့် သူ့နဖူးပေါ်တွင် ချွေးများထွက်လာတော့သည်။

သူ့ကို သတ်နိုင်သော မည်သူဖြစ်စေ သဘောတရားအရ နတ်ဝိညာဥ်နှင့် လဲလှယ်နိုင်သော နတ်သားရဲဝိညာဥ်အမျိုးအစားငါးခုတစ်စုံ အပြည့်ရမည်မဟုတ်ပါလော။

" ပိုအရေးကြီးတာက ငါ့ကို တစ်ယောက်ယောက်သတ်ရင် နတ်သားရဲဝိညာဥ်အမျိုးအစားငါးခုတစ်စုံ ရရုံတင်မဟုတ်ဘူး။ ငါ့ရဲ့ နတ်ဝိညာဥ်နှစ်ခုကိုလဲ ရသွားလိမ့်မယ်။ ဒီလိုသာဆို သူတို့ ချက်ချင်း အဆင့်တက်သွားလိမ့်မယ်"

ထိုအကြောင်းတွေးလေလေ သူသည် ဝင်္ကပါထဲဝှက်ထားသော မည်သည့်ရတနာမဆိုထက် အမှန်တကယ်ပို၍ တန်ဖိုးကြီးကြောင်း ပိုင်ရှောင်ချန်း သဘောပေါက်သွားလေတော့သည်။

" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲကွာ"

မျက်ရည်များဝဲလျက် သူတွေးမိလိုက်လေသည်။

" ငါ.. ငါက.. ဒီအောက်က လျှို့ဝှက်ရတနာတွေအားလုံးထက် ပိုတန်နေပါလား...."

မဟာတံတိုင်းအပေါ် သူတာဝန်ထမ်းဆောင်ပေးခဲ့သမျှတို့သည် ဤနေရာတွင် အဆုံးသတ်သွားခဲ့သည်မှာ မည်မျှ မမျှတကြောင်းတွေးလိုက်လေလေ အံတင်းတင်းကြိတ်၍ မျက်လုံးများ ရဲရဲနီလာလေလေဖြစ်တော့သည်။

ဝိညာဥ်ကျင့်ကြံသူများနှင့် လူ့ဘီလူးအနည်းငယ်၊ အုပ်စုကွဲနေသော အောက်လမ်းဆရာအချို့ပင် သူ့ကို သတ်ရန် အချိန်မရွေးရှေ့တက်လာတော့မည့်အလား သွေးအေးရက်စက်သော အကြည့်များနှင့် စိန်းစိန်းဝါးဝါးကြည့်နေကြ၏။

မဟာတံတိုင်းကျင့်ကြံသူများကြောင့် ပိုင်ရှောင်ချန်းတစ်ယောက် အကာအကွယ်မဲ့သွားချိန်တွင် အမှတ်သုံးတပ်ဖွဲ့မှ သူ့လူတချို့သည် အပြေးအလွှားလာကူရန် ကြိုးစားလိုက်ကြသည်လည်း သိသာစွာပင် အလွန်နောက်ကျသွားလေပြီ။

ဝိညာဥ်ကျင့်ကြံသူတချို့သာ တကယ်တိုက်ခိုက်ခဲ့လျှင် အခြေအနေတစ်ရပ်လုံးသည် ချက်ချင်းပင် ထိန်းမနိုင် သိမ်းမရ ဖြစ်တော့မည် မဟုတ်ပါလော။ သေစေနိုင်သော အန္တရာယ်ကြီးကြောင့် မျက်လုံးများ မီးဝင်းဝင်းတောက်နေရင်း ပိုင်ရှောင်ချန်းက ရုတ်တရက် ရှေ့တစ်လှမ်းတိုးလိုက်ကာ အော်ဟစ်လိုက်၏။

" နောက်ထပ် ဘယ်ကောင်သေချင်သေးလဲကွ "

သူ၏ အသံမှာ မိုးခြိမ်းသံကြီးအလား ပဲ့တင်ထပ်သွားသဖြင့် သူ့ကို တိုက်ခိုက်ရန် ကြံနေကြသည့် ဝိညာဥ်ကျင့်ကြံသူများနှင့် လူ့ဘီလူးများမှာ လွန်ခဲ့သောနှစ်များက သူ မည်သို့တိုက်ခိုက်ခဲ့သည်ကို ရုတ်ချည်းပြန်သတိရသွားလေသည်။

တချို့မှာ ထိုတိုက်ပွဲကို မျက်စိဖြင့် တပ်အပ်မြင်ခဲ့ရပြီး တခြားသူများက ကြားဖူးရုံသာ ရှိလေသည်။ မည်သို့ဖြစ်စေ အားလုံးမှာ ထိုအကြောင်းတွေးလိုက်ရုံနှင့် အကြောက်တရားများ ရိုက်ခတ်ခြင်းခံလိုက်ရပြီး ချီတုံချတုံဖြစ်သွားကြတော့သည်။

ပိုင်ရှောင်ချန်းထံတွင် မယုံကြည်နိုင်ဖွယ် အတိုက်အခိုက်စွမ်းရည်ရှိပြီး သူ့ကို အရင်ဆုံးသတ်ရန် ကြိုးစားသူတိုင်းမှာ သူ့ကို မသတ်နိုင်ရုံသာမက အသက်ရှင်လျက်နေရန်ပင် ခက်ခဲသွားခဲ့သည် မဟုတ်ပါလော။ သူတို့ တုံ့ဆိုင်းနေကြစဥ် အနောက်ဖက်သို့ ဝင်နေသော နေသည် တိမ်တိုက်များနောက်ဝယ် နစ်မြုပ်သွားပြီး ညနေခင်းကျရောက်လာတော့သည်။

မြေပြင်များတွင် ရွှေရောင်အလင်းများ ဖုံးလွှမ်းနေစဥ် ဝင်္ကပါ၏ ဝင်ပေါက်ကို ဖုံးအုပ်ထားသော ခဲရောင်ဒိုင်းအကာအကွယ်သည် တစထက်တစ ပျောက်ကွယ်လာရာ ရှိသမျှလူတိုင်းမှာ အတွင်းမှ စိတ်မချမ်းမြေ့ဖွယ်ကောင်းသော အော်သံစူးစူးများနှင့် အခြားသော ဆူညံများကို ကြားလိုက်ရတော့သည်။

ပိုင်ရှောင်ချန်းမှာ စိုးရိမ်သောကများဖြင့် ဖိစီးနှိပ်စက်ခံနေရသော်လည်း တခြားရွေးချယ်နိုင်သော အခွင့်အရေးမတွေ့ပေ။ ဝင်္ကပါထဲဝင်သွားခြင်းက ပြင်းထန်သောအန္တရာယ်များကြားထဲ ရောက်သွားစေမည်ဖြစ်သော်လည်း သူ့ကို အခွင့်အရေးတစ်ခုလည်း ပေးမည်ဖြစ်သည်။

ထို့ကြောင့် ဝင်ပေါက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အခြားလူများအားလုံး အံ့သြမှင်သက်နေကြစဥ် သူက အံတင်းတင်းကြိတ်ပြီး အမြင့်ဆုံးအရှိန်နှင့် ဝင်ပေါက်ထဲ တန်းခနဲဝင်သွားလေရာ သူ့နောက်ကွယ်တွင် သူ့ပုံရိပ်များသာ ကျန်ခဲ့တော့သည်။

သူကတောင်ဖြိုသိုင်းကို ဆင့်ခေါ်လိုက်ရာ ဂျိန်းခနဲ မိုးကြိုးပစ်သံတစ်သံ ပဲ့တင်ထပ်သွားတော့၏။ သူကြောက်နေသည်ဟု ဘယ်သူမှမထင်စေလိုသဖြင့် သူက ဟိန်းဟောက်ကြုံးဝါးလိုက်တော့သည်။

" အစ်ကိုကြီးဇောင်၊ အစ်မကြီး ချိန်။ ခင်ဗျားတို့ကို ကယ်ဖို့ ကျုပ် ပိုင်ရှောင်ချန်းလာပြီ "

ထို့နောက် သူက ဝင်ပေါက်မှ သဘာဝတည်နေရာရွှေ့ပြောင်းခြင်းစနစ်၏ ဆွဲခေါ်ခြင်းခံလိုက်ရကာ ပျောက်ကွယ်သွားတော့သည်။

ချက်ချင်းပင် လူ့ဘီလူးများ၊ ဝိညာဥ်ကျင့်ကြံသူများ နှင့် အောက်လမ်းဆရာများ၏ သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်းတောက်လောင်လာပြီး တဟုန်ထိုး လိုက်ဖမ်းလေတော့သည်။

" ပြေးဖို့ မကြံနဲ့ မိစ္ဆာပိုင်"

" မိစ္ဆာပိုင်ကိုသတ်ပြီး ဆုကြေးယူရမယ်"

"သူ့နောက်ကိုလိုက်"

ချိန်ဟဲ့ထျန်က ခံစားချက်မဲ့သော မျက်နှာဖြင့် ကြည့်နေ၏။ သို့သော် ပိုင်ရှောင်ချန်း၏ စကားများကို ကြားသောအခါ သူမျက်နှာမှာ အတန်ငယ်ရှံ့တွသွားလေသည်။ ထို့နောက် သူက အင်္ကျီလက်ကို ဝှေ့ယမ်း၍ ပြောလိုက်သည်။

" စစ်တပ်ငါးဖွဲ့။ ငါ့အမိန့်ကို လိုက်နာ။ ဝင်္ကပါထဲဝင်ကြ"

ကျင့်ကြံသူ သုံးသောင်းမှာ တုံ့ဆိုင်းမနေရဲတော့ပဲ ချိန်ဟဲ့ထျန်နှင့်အတူ ဝင်္ကပါထံ ပျံသန်းလိုက်ကြ၏။

အချိန်အနည်းငယ်အတွင်း ဝင်ပေါက်အပြင်တွင် စုဝေးနေကြသော အုပ်စုတစ်စုလုံးကြီးကို မည်သည့်နေရာတွင်မှ မမြင်ရတော့ပေ။ သို့သော် ဝင်္ကပါထဲဝင်သွားကြသော လူများနှင့် ပူးပေါင်းရန် ခပ်ဝေးဝေးမှ ချဥ်းကပ်လာနေသော အလင်းတန်းများ ရှိသေးလေသည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်း ဝင်္ကပါထဲ ဝင်သွားခဲ့သော သတင်းသည် အနီးပတ်ဝန်းကျင်ရှိ ဝိညာဥ်ကျင့်ကြံသူများအကြား ပျံနှံ့နေလေပြီ။

***

ခပ်ဝေးဝေးတစ်နေရာရှိ မြေရိုင်းဒေသ မျိုးနွယ်စုတစ်စုတွင် လူ့ဘီလူးအကြီးအကဲတစ်ယောက်သည် ထိုအကြောင်း တင်ပြချက်ကြားချိန်တွင် တင်ပျဥ်ထိုင်နေလျက်ရှိသည်။ ချက်ချင်းပင် သူက တရားထိုင်နေရာမှ မော့ကြည့်လိုက်၏။

" ဘာ.. မိစ္ဆာပိုင်ပေါ်လာတယ်"

အံတင်းတင်းကြိတ်ကာ မျိုးနွယ်စု အကြီးကဲက ဝုန်းခနဲ ထွက်သွားတော့သည်။

" မိစ္ဆာပိုင်တော့လား၊ သေအောင်ကို လုပ်ပစ်မယ် "

တူညီသော မြင်ကွင်းများသည် အခြားသောမျိုးနွယ်စုများတွင် ဖြစ်ပေါ်နေ၏။ တချိန်တည်းမှာပင် မြေရိုင်းဒေသတွင် ပြည့်နှက်နေသော သင်းကွဲဝိညာဥ်ကျင့်ကြံသူများသည်လည်း သူတို့ဆက်သွယ်ရေးဆိုင်ရာ လမ်းကြောင်းများမှတစ်ဆင့် သတင်းရလိုက်ကြပြီး မျက်လုံးများ တောက်ပဝင်းလက်လာတော့သည်။

" မိစ္ဆာပိုင်၊ သခင်မလေးဟုန်ချိန်က သူခေါင်းအတွက် နတ်သားရဲဝိညာဥ်အမျိုးအစားငါးခုတစ်စုံအထိ ဆုကြေးတိုးထားတယ်။ သူ့ကို သတ်တဲ့ ဘယ်သူမဆို ယင်ယန်ဝိညာဥ်အဆင့်ကို သေချာပေါက်ရောက်မှာ "

"ဟီး..ဟီး။ အစကတော့ အဲဒီဝင်္ကပါကို သိပ်စိတ်မဝင်စားဘူး။နတ်ဝိညာဥ်ရဖို့ဆို အခွင့်အလမ်းကောင်းပြီး ကံကောင်းရမှာလေ မဟုတ်ဘူးလား။ ဒါပေမယ့် အခုတော့ နောက်ထပ် ရွေးချယ်စရာပေါ်လာပြီ။ အဲဒီဝင်္ကပါထဲမှာ ရတနာနှစ်ပါးရှိနေပြီပဲ"

"လာစမ်း၊ ဝင်္ကပါကို သွားရအောင်"

ဝိညာဥ်ကျင့်ကြံသူများနှင့် လူ့ဘီလူးများသာ အရူးအမူးဖြစ်နေကြခြင်းမဟုတ်ပေ။ နတ်သားရဲဝိညာဥ်အမျိုးအစားငါးခုတစ်စုံ အတွက် ငမ်းငမ်းတက်နေသော အောက်လမ်းဆရာများ၊ ရာထူးမြင့် မြေရိုင်းသားများလည်း ရှိလေသည်။ ပိုင်ရှောင်ချန်းပေါ်လာသည်ဟု ကြားလိုက်ပြီးနောက် သူတို့အားလုံးသည် ဝင်္ကပါထံသို့ အပြေးအလွှားလာကြတော့သည်။

ဝင်ပေါက်ပွင့်ပြီးနောက် နာရီပေါင်းများစွာ ကုန်ဆုံးသွားသည့် အတောအတွင်း ပို၍များပြားသော မြေရိုင်းသားများသည် ထိုနေရာသို့ တဖွဲဖွဲရောက်လာကြပြီး မဆိုင်းမတွ ဝင်္ကပါထဲဝင်သွားကြ၏။

သူတို့၏ ရည်ရွယ်ချက်သည် ဝင်္ကပါကြီး၏ နတ်မီးလျှံစမ်းသပ်ပွဲတွင် ပထမနေရာယူ၍ နတ်ဝိညာဥ်တစ်ကောင်ရရန် မဟုတ်ပေ။ လူအများစုမှာ ၄င်းအား လက်လှမ်းမမှီနိုင်သောပန်းတိုင်တစ်ခုအဖြစ် မြင်လေသည်။ သူတို့၏ ပန်းတိုင်မှာ ပိုင်ရှောင်ချန်းကို သတ်ရန်ဖြစ်သည်။

ပိုင်ရှောင်ချန်းကို သတ်ကာ နတ်သားရဲဝိညာဥ်အမျိုးအစားငါးခုတစ်စုံကို ယူလိုက်ခြင်းသာ…

ထို့ပြင် နတ်ဝိညာဥ်ရရန် ရည်ရွယ်ချက်ဖြင့် ဝင်္ကပါကို လာခဲ့သော ထိုလူများအနက် အားလုံးနီးပါးသည် ၄င်းကို နတ်သားရဲဝိညာဥ်တစ်စုံနှင့် လဲလှယ်ရန် ကြံစည်ထားလေသည်။ ထို့ကြောင့် အမှန်တကယ်တွင် သူတို့အတွက် ပိုင်ရှောင်ချန်းကို သတ်ရန် ကြိုးစားခြင်းက ပို၍ ယုတ္တိရှိလေသည်။

ထိုအကြောင်းကြောင့်ပင် ပိုင်ရှောင်ချန်းသည် ယခုတွင် နတ်ဝိညာဥ်ကဲ့သို့ တန်ဖိုးကြီးမားလေသည် သို့တည်းမဟုတ်.. ပို၍အဖိုးထိုက်တန်နေသည်ဟု ဆိုရချေမည်။

ပိုင်ရှောင်ချန်းကို သတ်ခြင်းသည် အရာရာတိုင်းအတွက် သော့ချက်ဖြစ်၏။

ဆုံးဖြတ်ချက်က မည်သို့ပင် ဖြစ်လင့်ကစား မြေရိုင်းသားအားလုံးနီးပါး ပိုင်ရှောင်ချန်းကိုရှာရန် စိတ်ဝင်စားနေကြပြီး ဝင်္ကပါထဲ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ကို ရှာရန် အရပ်မျက်နှာအနှံ့သို့ အပြေးအလွှားထွက်သွားလေတော့သည်။

All Chapters