မကောင်းသော ရည်ရွယ်ချက်
Vol. 6 Ch. 539
ဝင်္ကပါ၏ ဝင်ပေါက်နားတွင် လူပေါင်းများစွာ တသဲသဲပေါ်လာသည့် အချိန်အတောအတွင်း နောက်ထပ် နှစ်နာရီကုန်ဆုံးသွားလေသည်။ နောက်ဆုံးတွင် လူငယ်တစ်ယောက်ရောက်လာသဖြင့် ထိုပတ်ဝန်းကျင်ရှိ အခြားသော ဝိညာဥ်ကျင့်ကြံသူများနှင့် လူ့ဘီလူးများအားလုံးတအံ့တသြ မော့ကြည့်လိုက်ကြလေသည်။
" ဖယ်ကြ "
သူက အော်လိုက်သည်။ သူ၏ အေးစက်စက်လေသံကြောင့် ထိုနေရာရှိလူတိုင်းမှာ ချက်ချင်းပင် လူစုခွဲ၍ လမ်းဖယ်ပေးလိုက်ကြ၏။
ဝင်္ကပါ၏ ဝင်ပေါက်အပေါ်ရှိ လေထဲတွင် ရပ်နေသော လူငယ်သည် ချောမောခန့်ညားသည်ထက်ပို၍ အဖိုးထိုက်တန်သော အဝတ်အစားများ ဝတ်ဆင်ထားလေရာ ဝိညာဥ်ကျင့်ကြံသူများ၊ လူ့ဘီလူးများနှင့် အလွန်ကွဲထွက်နေတော့သည်။ သူ၏ ကိုယ်ဟန်အနေအထားနှင့်ပတ်သက်၍ ခမ်းနားကြီးကျယ်မြင့်မြတ်နေလေသည်။
သူ့နဖူးတွင် ထူးဆန်းသော စွမ်းအားများဖြင့် လှုပ်ရှားသက်ဝင်နေသည့် ကြည်ပုံသဏ္ဍာန်အမှတ်အသားရှိသည့်အတွက် လူငယ်၏ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်သောဖိအားတစ်ခု ထုတ်လွှတ်နေခြင်းဖြစ်သည်။
သူ၏နောက်ကျောတွင် ငွေရောင်အမှတ်အသားကိုးခုရှိသည့် မည်းနက်တောင်ပြောင် နက်မှောင်နေသော လေးကြီးတစ်လက် လွယ်ထားလေသည်။ ထိုလက်နက်အပေါ် အကြည့်ရောက်လိုက်သည့်လူတိုင်း ချက်ချင်းပင် ကြောက်ရွံခြင်း ၊အားကျခြင်းများဖြင့် ပြည့်သွားလိမ့်မည်။
မကြာမီ ထိုနေရာတွင် တီးတိုးပြောသံများ ကြားလိုက်ရတော့သည်။
" သူက အထက်တန်းလွှာအောက်လမ်းဆရာ မျိုးနွယ်စုက လူတစ်ယောက်ပဲ..."
များမကြာမီ ဝိညာဥ်ကျင့်ကြံသူများ၏မျက်လုံးများအတွင်း လေးစားသောအကြည့်များ မြင်လိုက်ရပြီး လူ့ဘီလူးများမှာ တုန်တုန်ရီရီဖြင့် ဦးညွှတ်အရိုပေးလိုက်ကြသည်။
မြေရိုင်းဒေသတွင် အောက်လမ်းဆရာများသည် အလွန်တရာမြင့်မားလှသော ရာထူးနေရာများကို သိမ်းပိုက်ထားပြီး အထက်တန်းလွှာ အောက်လမ်းဆရာမျိုးနွယ်စုများမှာ ရာထူးမြင့်မားသည့်လူများကပင် လေးစားတန်ဖိုးထားရသည်အထိ အလွန်တရာ ဘုန်းတန်ခိုးကြီးမားလေသည်။
အောက်လမ်းဆရာတစ်ယောက်သည် သင်းကွဲကျင့်ကြံသူတစ်ယောက်လား သို့မဟုတ် အထက်တန်းလွှာမျိုးနွယ်စုများမှဖြစ်သည်လားဆိုသည်ကို ခွဲခြားနိုင်သော အလွယ်ဆုံးနည်းမှာ သူ သို့မဟုတ် သူမ၏ နဖူးကို စစ်ဆေးကြည့်ခြင်း ဖြစ်သည်။ အထက်တန်းလွှာမျိုးနွယ်စုများမှ အောက်လမ်းဆရာများ၌သာလျှင် ဤလူငယ်ကဲ့သို့သော မျိုးရိုးအမှတ်အသားများရှိမည်ဖြစ်သည်။
ဤလူငယ်သည် ယင်ယန်ဝိညာဥ်အဆင့်တွင် မဟုတ်ပဲ အမြုတေအဆင့်၏ မဟာစက်ဝန်းတွင်သာရှိသေးသည်။ သို့သော် အထက်တန်းလွှာမျိုးနွယ်စုဝင် အောက်လမ်းဆရာဖြစ်သော သူ၏ အဆင့်အတန်းကြောင့် မြေရိုင်းဒေသအတွင်း မည်သည့်နေရာသွားသည်ဖြစ်စေ လေးစားမှုခံယူထိုက်သော လူစားမျိုးဖြစ်လေသည်။
သူ၏ နာမည်က ကျိုးရီရှင်း ဖြစ်ပြီး ဝန်းရံနေသော ကျင့်ကြံသူများနှင့် လူ့ဘီလူးများကို လုံးဝလျစ်လျူရှု၍ ဝင်္ကပါ၏ ဝင်ပေါက်အပြင်ဘက်တွင် ရပ်နေလေသည်။ အစက ဝင်္ကပါထဲဝင်ရန် သူ့မှာ အစီအစဥ်မရှိပေ။ မကြာသေးမီက ဖြစ်ပွားခဲ့သော မဟာတံတိုင်းနှင့် တိုက်ပွဲတုန်းကလည်း မပါခဲ့။ ထို့သို့သောကိစ္စရပ်များကို သူ့ထက်အဆင့်နိမ့်သူများသာ ကိုင်တွင်ကြရသည်။ သူလာသော မျိုးနွယ်စုက အလွန်တရာကြီးမားလှသည်ဟု မပြောနိုင်သော်လည်း ဤနေရာတွင်တော့ အတော်လေး ထင်ရှားကျော်ကြားသည်မဟုတ်ပါလော။
သူက ဝင်္ကပါကို ပိုင်ရှောင်ချန်းဆိုသော အကြောင်းပြချက်တစ်ခုတည်းအတွက် လာခြင်းဖြစ်သည်။
" မကြာခင် ငါ့ရဲ့ ကျိုးမျိုးနွယ်စုက နတ်သားရဲဝိညာဥ်အမျိုးအစားငါးခုတစ်စုံကို အပြည့်အစုံရနိုင်ပေမယ့် ငါက ဘယ်တော့မှ ရမှာမဟုတ်ဘူး။ ဒါပေမဲ့ ပိုင်ရှောင်ချန်းကိုသာ ငါသတ်လိုက်ရင် အဲဒီဝိညာဥ်တွေကို ငါ သေချာပေါက်ရနိုင်လိမ့််မယ်။ ပြီးရင် ငါယင်ယန်ဝိညာဥ်အဆင့်ရောက်သွားရင် အောက်လမ်းဆရာတွေထဲမှာ အဆင့်တက်လိမ့်မယ်။ နောက်ဆုံးကျ ဆယ်ရောင်ခြယ်မီးတောက် ဒါမှမဟုတ် ဆယ့်တစ်ရောင်ခြယ်မီးတောက်ကိုတောင် ဖန်တီးနိုင်မှာပဲ။ ဆယ်ရောင်ခြယ်မီးတောက်နဲ့သာဆိုရင် အောက်လမ်းဆရာသခင် အဆင့်ရဲ့ လုံးဝထိပ်ဆုံးကို တက်နိုင်မယ် ဆယ့်တစ်ရောင်ခြယ်မီးတောက်ကိုသာ လုပ်နိုင်ရင်တော့ မြေအောက်လမ်းဆရာဖြစ်သွားမယ်။ "
စိတ်ထဲတွင်ထိုသို့သော အတွေးများဖြင့် ကျိုးရီရှင်း၏ မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် တလက်လက်တောက်ပနေပြီး ဝင်္ကပါထဲသို့ တည်နေရာရွှေ့ပြောင်းခံရရန် ဝင်ပေါက်ထဲ တည့်တည့် ပျံသွားလိုက်တော့သည်။
ဤအချိန်တွင် ဝင်္ကပါထဲတွင် လူပေါင်း နှစ်သိန်းတိတိရှိေနပြီး မဟာတံတိုင်းမှ လူသုံးသောင်းသာရှိလေသည်။ ကျန်ရှိသော ထိုအရေအတွက်တွင် အောက်လမ်းဆရာ ရာဂဏန်းမျှနှင့် ဝိညာဥ်ကျင့်ကြံသူများ၊ လူ့ဘီလူးများ စုပေါင်းပါဝင်နေသည်။
ဝင်္ကပါကြီးအနှံ့ မတူညီသော နေရာများသို့ လူတိုင်းမှာ တည်နေရာရွှေ့ပြောင်းခံလိုက်ရသော်လည်း လူပေါင်းနှစ်သိန်းရှိကြောင်း စဥ်းစားကြည့်လျှင် ဝင်ပေါက်တွင် အုတ်အော်သောင်းနင်းဖြစ်နေလေသည်။
ဝင်္ကပါသည် အထူးသဖြင့် နတ်ဘုရားအာရုံများကို အပြင်းအထန် ကန့်သတ်ထားသော ရှုပ်ထွေးပြီး ဖြစ်သလို ပြန့်ကြဲနေသော ဝင်္ကပါတစ်ခုဖြစ်လေသည်။ ပိုင်ရှောင်ချန်းကို ခြေရာခံလိုက်သည့် လူများက ချက်ချင်းပင် သူ့ကို ရှာရန် အရပ်မျက်နှာအနှံ့ခွဲထွက်သွားပြီး တစ်ယောက်ကိုမှ အစအနပင် မတွေ့ရတော့ပေ။
အခြားသူတစ်ယောက်က အရင်ဦး၍ ရှာတွေ့သွားမည့်အလားအလာများကြောင့် မြေရိုင်းသားများမှာ ပို၍သာ စိုးရိမ်ပူပန်သွားလာတော့သည်။ ထိုအကြောင်းကြောင့်ပင် မဟာတံတိုင်းမှ ကျင့်ကြံသူများနှင့် ထိပ်တိုက်တွေ့သည့်အချိန်တိုင်း သူတို့ရှာနေသည့် အချိန်ကို အလဟဿမကုန်စေလို၍ လျစ်လျူရှုသွားကြလေသည်။
မြေရိုင်းသားများအားလုံး ပိုင်ရှောင်ချန်းကို ရှာနေကြသည်တော့မဟုတ်ပေ။ သို့သော် သူက သူတို့အများစု၏ အာရုံကို ဆွဲဆောင်ခဲ့လေရာ မဟာတံတိုင်းကျင့်ကြံသူများပေါ် ဖိအားများ နည်းပါးသွားလေသည်။
အကယ်၍ မြေရိုင်းသားများသည် တစ်ဦးတည်းဖြစ်နေသာ မဟာတံတိုင်းကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်မိလျှင် ရတနာတချို့ ရလို့ရငြား တိုက်ခိုက်မည်မဟုတ်ပါလော။ မဟာတံတိုင်းတပ်ဖွဲ့ကိုသာ ကန့်သတ်ထားသည်မဟုတ်။ မြေရိုင်းသားများသည် အခွင့်ရေးရလျှင်ရသလို တစ်ယောက်နှင့်တစ်ယောက်ပင် ပြန်တိုက်ခိုက်ကြမည် ဖြစ်သည်။
တချိန်တည်းမှာပင် ထူးခြားဆန်းကြယ်သော အရာများသည် ဝင်္ကပါ၏ လမ်းကြောင်းမျိုးစုံတွင် ပေါ်ပေါက်လာတော့သည်.....
*****
ပိုင်ရှောင်ချန်းသည် သူ၏လူအေရခွံ မျက်နှာဖုံးကို အချိန်အတော်ကြာကတည်းက ဝတ်ဆင်ထားရာ သက်လတ်ပိုင်း ဝိညာဥ်ကျင့်ကြံသူတစ်ဦး အသွင် ဖြစ်နေလေသည်။ လက်ရှိအချိန်တွင် သူသည် သတိပြုခံရမည်ကို ကြောက်လန့်နေပြီး ဝင်္ကပါထဲ၌ သတိတကြီးနှင့် တိတ်ဆိတ်စွာ သွားနေလေသည်။ ဤနေရာထဲ ဝင်ရောက်လာစဥ်က သူသည် နောက်ကလိုက်နေသူများ မျက်ခြေပြတ်ရန် ဆုတောင်းရင်း လိုဏ်ခေါင်းများကိုဖြတ်ကာ အမြင့်ဆုံးအရှိန်ဖြင့် ခြေဦးတည့်ရာ သွားနေခဲ့သည်။ ထိုနည်းအားဖြင့် သူသည် တခြားလူများကို မျက်ခြေဖြတ်နိုင်ခဲ့သော်လည်း အကျိုးဆက်အနေနှင့် မည်သည့်နေရာရောက်နေသည်လဲ မသိတော့ပေ။ သူက လမ်းစရှာရန် မျှော်လင့်ရင်း မှော်သိုင်းအနည်းငယ်သုံး၍ ကြိုးစားကြည့်သော်လည်း ဝင်္ကပါမှာ ထိုကဲ့သို့သောကောင်းကင်နှင့် မြေပြင်၏ မှော်သိုင်းများကို သုံးမရအောင် ပြုလုပ်ထားသည့် ပိတ်လှောင်ဖိအားတစ်ခု ရှိနေကြောင်း ချက်ချင်း သိသွားတော့သည်။
" တကယ်လို့ ငါလမ်းပျောက်သွားရင် ဘယ်လိုလုပ်မလဲ။ တခြားလူတွေလဲ ငါ့လို လမ်းပျောက်တော့မှာပဲ"
နဖူးကို အတန်ငယ်ပွတ်လိုက်ရင်း လိုဏ်ခေါင်းများ၏ နံရံများကို လှည့်ပတ်ကြည့်ရာ အကုန်လုံးက သူ့အတွက် တစ်ထပ်တည်းတူနေလေသည်။ အတန်ငယ်မူးလာသလိုပင် သူ ခံစားလိုက်ရ၏။
လိုဏ်ခေါင်းများရှိ မျက်နှာကျက်များမှာ နိမ့်နေသည့်အတွက် လေထဲပျံတက်၍ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။ ထို့ပြင် နတ်ဘုရားအာရုံများလည်း ကန့်သတ်ထား၏။ ပိုင်ရှောင်ချန်းသည် နံရံကို ဝုန်းခနဲပြေးတိုက်၍ပင် ကြိုးစားခဲ့သော်လည်း သက်ရောက်မှု အနည်းငယ်သာရှိလေသည်။ ပို၍ စိတ်ပျက်ဖွယ်ကောင်းသည်မှာ မည်သည့်လိုဏ်ခေါင်းကို သူ ဖြတ်ခဲ့သည်လဲဆိုသည့် လမ်းကြောင်းကို မှတ်ထားရန် နံရံပေါ်တွင် အမှတ်အသားများ ချန်ထားရန်ပင် မဖြစ်နိုင်ပေ။ အားလုံးအထဲ အဆိုးရွားဆုံးမှာ တစ်နေရာလုံး အေးစိမ့်နေခြင်း ဖြစ်သည်။
၄င်းမှာ သူ၏ အေးစိမ့်ချီများနှင့် ကွဲပြားနေပြီး အန္တရာယ်များလောက်အောင် အေးစိမ့်နေလေရာ ဝင်္ကပါတစ်ခုလုံးကို သုဿန် သို့မဟုတ် သချိုင်းကုန်းကြီးအလားဖြစ်နေစေတော့သည်။ ရံဖန်ရံခါ ပိုင်ရှောင်ချန်းသည် လူတစ်ယောက်က သူ့ကို နောက်မှ စောင့်ကြည့်နေကြောင်း အာရုံရလိုက်၏။
သို့သော် သူခေါင်းလှည့်ကြည့်လိုက်သည့် အချိန်တိုင်း နောက်တွင် ဘာမှ မမြင်ရပေ။
" ဘယ်လောက် ဆိုးရွားလိုက်တဲ့ နေရာကြီးလဲ "
သူက အောက်နှုတ်ခမ်းကိုကိုက်ရင်း ရေရွတ်လိုက်သည်။ ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် သူ့မျက်လုံးများမှာ ဆွဲထုတ်ထားသော စူးရှခွျန်ထက်သည့် ဓားသွားများအလား ရက်စက်မှုများဖြင့် တလက်လက် တောက်ပလာပြီး ရုတ်တရက် တုန့်ခနဲရပ်လိုက်လေသည်။
ထိုအခိုက်အတန့်မှာပင် သူ့ရှေ့ရှိထောင့်ချိုးတစ်ကွေ့မှ အရိပ်လေးခုက အလောတကြီး ပြေးလာ၏။။ ထိုလူလေးယောက်အနက် သုံးယောက်မှာ ဝိညာဥ်ကျင့်ကြံသူများဖြစ်ပြီး တစ်ယောက်မှာ သုံးမီတာအမြင့်သို့ ခန္ဓာကိုယ်ကို ကျုံ့ထားသော လူ့ဘီလူးကြီးတစ်ကောင်ဖြစ်သည်။
သူတို့က အုပ်စုဖွဲ့ထားခြင်းဖြစ်မှန်း သိသာနေပြီး သူတို့အားလုံးမှာ အမြုတေအဆင့် မဟာစက်ဝန်းရှိ နက်ရှိုင်းသော ကျင့်ကြံခြင်းအခြေခံများရှိလေသည်။ အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာပင် ဝိညာဥ်ကျင့်ကြံသူတစ်ယောက်မှာ တစ်ပိုင်းတစဖြစ်ပေါ်နေသော ယင်ယန်ဝိညာဥ်ရှိနေရာ ယင်ယန်ဝိညာဥ်အဆင့်ရောက်ရန် ကြိုးစားမှုရှုံးနိမ့်သွားပြီး ယခုတွင် ယင်ယန်ဝိညာဥ် ကျင့်ကြံသူအတု ဟု သတ်မှတ်နိုင်လေသည်။
ယင်ယန်ဝိညာဥ်အတုအဆင့်ဖြစ်ရခြင်းမှာ ကောင်းကျိုးဆိုးကျိုးများရှိသည်။ ကောင်းကျိုးမှာ ထိုသို့သော ကျင့်ကြံခြင်းအခြေခံသည် အမြုတေအဆင့်မဟာစက်ဝန်းထက်ပင် မြင့်သည်။ ဆိုးကျိုးမှာ ထိုသို့ ကျင့်ကြံခြင်းအခြေခံမျိုးနှင့် လူတစ်ယောက်သည် သူတို့၏ ယင်ယန်ဝိညာဥ်ကို အောင်မြင်ချင်ပါက ခက်ခဲမှုအဆင့်သည် ပုံမှန်ထက် ဆယ်ဆများလေသည်။
ဤလေးယောက်အဖွဲ့သည် ဘီလူးကြီးက ခေါင်းဆောင်နေရာယူ၍ ဝိညာဥ်ကျင့်ကြံသူသုံးယောက်က နောက်လိုက်ကာ တိုက်ကွက်ပုံစံနေရာယူထားသည်။ ဝိညာဥ်ကျင့်ကြံသူများသည် လွန်ကဲသောအဝတ်အစားများ ဝတ်ဆင်မထားသော်ငြား သူတို့အားလုံး၏ ဘေးပတ်လည်တွင် လည်ပတ်နေသော မှော်ပစ္စည်းများရှိလေသည်။
တစ်ယောက်မှာ ငွေအမှတ်အသားခြောက်ခုနှင့် အစိမ်းရောင်ဓားပျံတစ်ချောင်းရှိသည်။ နောက်တစ်ယောက်မှာလည်း အရွယ်အစားတူညီသော အနီရောင် ဓားတစ်ချောင်းရှိနေသည်။
သိသာထင်ရှားစွာပင် ထိုဓားနှစ်ချောင်းလုံးကို စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ခြောက်ဆပြုလုပ်ထားလေသည်။
ပို၍ အံသြတုန်လှုပ်ဖွယ်ကောင်းသည်မှာ ယင်ယန်ဝိညာဥ်ကျင့်ကြံသူအတုတွင် ခေါင်းပေါ်မှာ ရစ်ဝဲနေသည့် ငွေရောင်အမှတ်အသားခုနစ်ခုနှင့် တောက်ပနေသော ပုလဲလုံးကြီးတစ်လုံးရှိလေသည်။
ထိုလေးယောက်အဖွဲ့က သတိထားနေသော အမူအရာများဖြင့် မလှမ်းမကမ်းမှ ချာခနဲလှည့်လိုက်ပြီး မျက်နှာဖုံးနှင့် ပိုင်ရှောင်ချန်းကို ရုတ်ချည်း မြင်လိုက်လေသည်။
ပိုင်ရှောင်ချန်းက သူတို့ကို ပြန်လည်စိုက်ကြည့်ရင်း ရပ်နေ၏။ ဤသည်မှာ သူတွေ့ရှိခဲ့သော ပထမဆုံး မြေရိုင်းသားများအဖွဲ့မဟုတ်ပေ။ လမ်းတစ်လျှောက်တွင် အခြားအဖွဲ့အနည်းငယ်နှင့် ထိပ်တိုက်တိုးခဲ့ပြီး သူတို့အားလုံးက သူတို့လမ်းသူတို့ဆက်မသွားကြခင် သူ့ကို တခဏမျှ ကြည့်သွားခဲ့ကြလေသည်။
ပိုင်ရှောင်ချန်းနှင့် လေးယောက်အဖွဲ့သည် တစ်ဖက်နှင့်တစ်ဖက် အကဲခတ်ရင်း အသက်ရှူချိန်အနည်းငယ်ကြာသည်အထိ ရပ်နေကြသည်။ ထို့နောက် ပိုင်ရှောင်ချန်းက သူတို့ ဖြတ်သွားနိုင်ရန် နောက်ဆုတ်၍လမ်းဖယ်ပေးလိုက်၏။ မြေရိုင်းသားများသည် ပိုင်ရှောင်ချန်းနှင့် သူ၏ ချပ်ဝတ်တန်ဆာအထပ်ထပ်ကို ကြည့်ရင်း ရှေ့ဆက်တိုးလာကြသည်။ သူတို့ မီတာသုံးဆယ်မျှဝေးသောအခါ ဘီလူကြီးက ရုတ်တရက် လှည့်ပြီး အရူးပမာ စူးစူးဝါးဝါးအော်ရယ်ရင်း သူ့ထံပြေးလာတော့သည်။
"သူတို့ ငါဘယ်သူလဲဆိုတာ မသိသေးပါဘူး" ပိုင်ရှောင်ချန်းက တွေးလိုက်သည်။
" ငါ့ချပ်ဝတ်တန်ဆာတွေ ကို ကြိုက်တာပဲနေမှာ။ ငါကတစ်ယောက်တည်းဆိုတော့ ငါ့ကို ဓားပြတိုက်လို့ရမယ်ထင်နေတာပဲ။ ဒါကို မြန်မြန် အဆုံးသတ်ရမယ် "
လူ့ဘီလူးကြီး နီးကပ်လာသည်နှင့် ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ အေးစက်စက်အလင်းရောင် လက်သွားပြီး ရှေ့သို့တိုးလာရာ သူ၏အမြန်နှုန်းကြောင့် သူ့ ရန်သူများ တုန်လှုပ်သွားတော့သည်။
မည်သူမျှ သူ့ကို သဲသဲကွဲကွဲမမြင်ရခင်မှာပင် ခပ်အုပ်အုပ်ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရပြီးနောက် လူ့ဘီလူးကြီး၏ စူးစူးဝါးဝါးအော်ဟစ်သံများကို ကြားလိုက်ရလေသည်။ ၄င်းမှာ လေကိုခွင်း၍ နောက်သို့လွင့်ထွက်လာပြီး အချိန်တိုလေးအတွင်း အပိုင်းပိုင်းအစစ ပေါက်ကွဲသွားကာ ဝိညာဥ်ကျင့်ကြံသူများထံ သွေးစီးကြောင်းများ ကျရောက်လာတော့သည်။
အရာအားလုံး ပြတ်သားထင်ရှားလာသောအခါ လူ့ဘီလူးကြီး ရှိခဲ့သောနေရာတွင် လက်သီးကို ဖြည်းညင်းစွာ အောက်သို့ ချနေသော ပိုင်ရှောင်ချန်းကို မြင်လိုက်ရလေသည်။
သူတို့၏ မျက်လုံးများပြူးကျယ်သွားပြီး အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ကို ရန်စမိပြီဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် ရင်များ တဒိန်းဒိန်းခုန်လာတော့သည်။ သို့သော် ဤအချိန်တွင် နောင်တရရန် နောက်ကျနေလေပြီ။ ဝိညာဥ်ကျင့်ကြံသူ သုံးယောက်လုံးမှာ တိုက်ပွဲများဆင်နွှဲခဲ့ဖူးပြီး တိုက်ပွဲတွင် ရန်သူများနှင့် မျက်နှာချင်းဆိုင် တွေ့ရချိန်တွင် ရွေးချယ်စရာတစ်ခုသာရှိသည်။
သူတို့ဆီသို့ ရောက်ရှိလာသော သွေးစီးကြောင်းတွင် အဆိပ်များပါဝင်နေလေရာ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူအတုသည် သူ၏ ပုလဲထဲမှ ဖြာထွက်နေသော အလင်းများကို ပို့လွှတ်လိုက်ကာ ဝိုးတဝါးဖြစ်နေသော ဒိုင်းကာတစ်ခုကို ဖန်းတီးလိုက်သည်။ ထို့နောက် ဝိညာဥ်ကျင့်ကြံသူသုံးယောက်၏ သတ်ဖြတ်လိုစိတ်များ တောက်လောင်လာတော့သည်။
" သေစမ်းကွာ "