အခန်း (၁၈၅၁-၁၈၅၅)
Vol. 75 Ch. 1851-1855
အပိုင်း (၁၈၅၁)
“ခေါင်းဆောင်ဟွာလား” အတွေးထဲ နစ်မျောနေစဉ် ဘေးမှ ခေါ်သံကြားသဖြင့် လှည့်ကြည့်လိုက်ရာ အသံပိုင်ရှင်ကို မြင်ပြီးနောက် ဟွာရို့မုန် မျက်မှောင်ကြုတ်သွားခဲ့လေသည်။
သူတို့နှင့် မလှမ်းမကမ်းတွင်၊ အသက်သုံးဆယ်လောက် ရှိမည့် လူတစ်ဦးသည် ညစ်ကျယ်ကျယ်ပြုံးလျက် ရန်ကိုင်နှင့် ဟွာရို့မုန်ဆီသို့ လမ်းလျှောက်လာနေခဲ့၏။
ထိုလူ၏ တန်ဖိုးကြီးမားသည့် အဝတ်အစားများကို ဝတ်ဆင်ထားပြီး ရုပ်ရည်ကို သန့်သန့်ပြန့်ပြန့်ဖြစ်အောင် ပြင်ဆင်ထား၏။ သို့ရာတွင် မမှိတ်မသုံ စိုက်ကြည့်နေသော သူ့အကြည့်သည် ဟွာရို့မုန်အား အလွန်ကိုမှ စိတ်မသက်မသာ ဖြစ်စေပေသည်။
ထို့လူနောက်တွင်တွင် အေစက်စက် မျက်နှာထားနှင့် တန်ခိုးရှင်အဆင့် ကျင့်ကြံသူနှစ်ဦး လိုက်ပါလာခဲ့သည်။
“ကျန်းချောင်” ဟွာရို့မုန် မျက်နှာထက် ရွံ့ရှာစက်ဆုပ်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။ လန့်လည်း လန့်သွားမိ၏။ သို့သော် သူမဘေးတွင် ရန်ကိုင် ရှိနေကြောင်း ပြန်သတိရလိုက်သည့်အခါ ယုံကြည်ချက်တို့ ပြန်ရလာခဲ့လေသည်။
“ဟဲဟဲ၊ ခေါင်းဆောင်ဟွာနဲ့ တိုက်တိုက်ဆိုင်တိုင် လာတွေ့မယ်လို့ မထင်ထားဘူး။ တကယ် ရေစက်ဆုံတာပဲနော်” ကျန်းချောင်သည် ဟွာရို့မုန်၏ မှုန်သုန်သုန် အမူအရာကို သတိပြုမိသည့်အလား ရယ်မောလျက် ပြောလိုက်သည်။
“ခေါင်းဆောင်ကျန်း ပြောတာမှားတယ်။ ကျွန်မတို့ နှစ်ယောက်စလုံးက ကိုယ့်အဖွဲ့ရဲ့ ခေါင်းဆောင်တွေ။ အနီးကပ်ဆုံး ပြိုင်ဘက်တွေကြားမှာ ရေစက်ဆုံတယ်ဆိုတာ မရှိဘူး” ဟွာရို့မုန့်က အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်လေသည်။
“ပြိုင်ဘက်တွေလား” ကျန်းချောင်ကမူ ဟွာရို့မုန်၏ စကားကို ဂရုမထားဘဲ ပြုံး၍သာ “ပြိုင်ဘက်တွေကပဲ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိတာဆိုတဲ့စကားကို ကျုပ်ပိုကြိုက်တယ်။ အဲ့လိုမျိုးသာဖြစ်မယ်ဆိုရင် ဒီကျန်း ခေါင်းဆောင်ဟွာနဲ့ တကယ်ကို ပြိုင်ဘက်ဖြစ်ချင်တယ်”
ကျန်းချောင်ဟန်က ပွင့်ပွင့်လင်းလင်းကြီး ပြောလာနေသဖြင့် ဟွာရို့မုန်က မျက်နျာပျက်ပျက်ဖြင့် ပြန်ပြောလိုက်လေသည် “ခေါင်းဆောင်ကျန်၊ ကိုယ့်စကားကိုယ် ဆင်ခြင်သင့်တယ်နော်”
“ခေါင်းဆောင်ဟွာနဲ့ ပြောနေတာပဲ၊ ဘာဆင်ခြင်စရာ ရှိလို့လဲ။ ကျုပ်တို့က မကြာခင်မှာပဲ မိသားစုတွေ ဖြစ်လာတော့ကြမှာပဲကို” ကျန်းချောင်က ရယ်မောလျက် “ဒါနဲ့ ကျုပ်ကမ်းလှမ်းချက်ကို ခေါင်းဆောင်ဟွာ စဉ်းစားပြီးသွားပြီလား။ ဒီသခင်လေးက တဖြည်းဖြည်းနဲ့ သည်းခံစိတ်ကုန်လာနေပြီ။ လွန်ခဲ့တဲ့ လဝက်တုန်းက ခေါင်းဆောင်ဟွာက မြို့ထဲက ရုတ်တရက်ကြီး ထွက်သွားတော့ ဒီသခင်လေးလည်း ဘာမှ မတတ်နိုင်လိုက်ဘူး။ အခု ပြန်တွေ့ပြီဆိုတော့ ခေါင်းဆောင်ဟွာ ဘယ်လို စဉ်းစားထားလဲ ကျုပ်ကို ပြောပြသင့်ပြီလို့ထင်တယ်”
ဟွာရို့မုန်ကမူ ကျန်းချောင်အား အံကြိတ်၍သာ စိုက်ကြည့်လိုက်လေသည်။
ထိုအခြင်းအရာကို မြင်သည့်အခါက ကျန်းချောင်က လှောင်ပြုံးပြုံးလျက် “ခေါင်းဆောင်ဟွာ ကိုယ့်အခြေအနေကိုယ် သိသင့်တယ်နော်။ ခေါင်းဆောင်ဟွာတို့ဘာသာဆို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ တစ်ခုခု ကြီးကြီးမားမား လုပ်ချင်ရင် ကျုပ်ရဲ့ သူတော်စင်ယွမ်ခန်းမနဲ့ ပူးပေါင်းသင့်တယ်။ ကျုပ်နဲ့သာ ပူးပေါင်းလိုက်ရင် ခေါင်းဆောင်ဟွာတို့ရဲ့ အနာဂတ်က ကျိန်းသေ လှပသွားတော့မှာ။ ခေါင်းဆောင်ဟွာက အဖွဲ့ကြီးတစ်ခုလုံးကို တစ်ယောက်တည်း ထမ်းပိုးနေရတဲ့ မိန်းမသားတစ်ယောက် ဖြစ်နေလို့သာ ကျုပ်အခုလိုမျိုး အကူအညီပေးတာ။ အခြားလူ တစ်ယောက်သာဆို လှည့်တောင် ကြည့်မှာ မဟုတ်ဘူး”
“ခေါင်းဆောင်ကျန်း၊ ကျွန်မတို့ လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေး အဖွဲ့အစည်းက ရှင့်သူတော်စင်ယွမ်ခန်းမနဲ့ ဘယ်တော့မှ ပူးပေါင်းမှာမဟုတ်ဘူးလို့ အရင်တစ်ကြိမ်ကတည်းက ကျွန်မ သေချာပြောလိုက်ပြီးသား။ အခုလည်း ကျွန်မ သဘောထားက အရင်အတိုင်း ဖြစ်နေဦးမှာပဲ။ ဒါကြောင့် လက်လျှော့လိုက်ပါတော့” ပြောပြီးသည်နှင့် ဟွာရို့မုန်သည် ရန်ကိုင်ဘက်သို့ လှည့်၍ “သွားကြစို့”
“သွားဖို့” ကျန်းချောင်သည် မျက်လုံးမှေးစဉ်းလျက် ချက်ချင်းပဲ ဟွာရို့မုန်လမ်းကို ပြေးပိတ်ကာ ပြောလိုက်လေသည် “ထွက်သွားချင်တာလား၊ စိတ်တောင်မကူးနဲ့။ ငါကျေနပ်မယ့် အဖြေကို မပေးမချင်း ထွက်သွားဖို့ မစဉ်းစားနဲ့။ ခေါင်းဆောင်ဟွာက သဘောမတူချင်ရင်တောင် တူကို တူရလိမ့်မယ်။ ဒီတစ်ကြိမ်တော့ ကျုပ်လွှတ်ပေးတော့မှာ မဟုတ်ဘူး”
“ကျွန်မလမ်း လာပိတ်မနေနဲ့” ဟွာရို့မုန်က ပြန်ပြောလေ၏ “ဒါက ခရမ်းကြယ်မြို့ပဲ…”
ကျန်းချောင်က လှောင်ပြုံးပြုံးလျက် “ခရမ်းကြယ်မြို့ဖြစ်ကော ဘာဖြစ်လဲ။ ကျုပ်ဘက်က အရမ်း သဘောကောင်းလွန်းနေတယ်နဲ့ တူတယ်။ ကျုပ်ဘယ်သူလဲ ခေါင်းဆောင်ဟွာ မေ့နေတာလား။ ဒီသခင်လေး တစ်ခုခု လုပ်မယ်ဆိုရင်တောင် ဘာဖြစ်လဲ။ ဘယ်သူ လာတားရဲမှာလဲ… ပြီးတော့ ဒီသခင်လေး ကြားထားသေးတယ်။ ခေါင်းဆောင်ဟွာရဲ့ လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်း မြို့ဂိတ်မှာ ပြဿနာ ရှာခဲ့သေးတယ်ဆို။ ဘာတွေဖြစ်သွားလဲ မသိပေမယ့် ဒီသခင်လေးသာ ခင်ဗျားကိုဖမ်းပြီး အစောင့်တွေဆီ အပ်လိုက်ရင် အပြစ်ပေးခံရမယ့်အစား ဆုတောင်ချခံရဦးမယ်”
ကျန်းချောင်မှာ သူ့အဆင့်အတန်းအကြောင်း ထည့်ပြောလာသောအခါ ဟွာရို့မုန် မျက်နှာပျက်သွားလေသည်။
ထိုအခြင်းအရာကို မြင်သည့်အခါ ကျန်းချောင်က လှောင်ပြုံးပြုံးလျက် “ခေါင်းဆောင်ဟွာက ကျုပ်သဘောကောင်းနေတုန်း ရောင့်တက်မလာနဲ့နော်။ ကျုပ်သည်းခံစိတ်က လမ်းဆုံးနေပြီ။ အခု ကျုပ်လိုချင်တဲ့ အဖြေပေး၊ မဟုတ်ရင်…”
ဟွာရို့မုန်သည် ကူကယ်ရာမဲ့စွာဖြင့်သာ ရန်ကိုင်ဆီသို့ လှမ်းအကူအညီတောင်းရတော့လေသည်။
ရန်ကိုင်လည်း သက်ပြင်းချလိုက်သည်။ ဝင်မပါချင်သော်ငြား ဝင်ပါရပေဦးမည်။ ထို့ကြောင့် ဟွာရို့မုန်ရှေ့သို့ လျှောက်သွားပြီး သူမရှေ့တွင် ပိတ်ရပ်လျက် ကျန်းချောင်အား စိုက်ကြည့်ရင်း ပြောလိုက်လေသည် “ရောင်းရင်း၊ မင်းဒီနေ့ အပြင်ထွက်လာတာ တစ်ခုခု မေ့နေတယ်လို့ မထင်ဘူးလား”
ကျန်းချောင်သည် ရန်ကိုင်အား မျက်မှောင်ကြုတ်ကာ စိုက်ကြည့်၍ “မင်းဘာတွေ လာရှုပ်နေတာလဲ ကောင်လေး၊ ဒီသခင်လေးကို အခုလိုမျိုး လာပြောရအောင် မင်းကိုယ်မင်း ဘာထင်နေတာလဲ”
ဟွာရို့မုန်သည် ရန်ကိုင်အပေါ် နာနာခံခံဖြင့် ရှိနေသည်ကို မြင်သော် ကျန်းချောင်စိတ်ထဲ မနာလိုစိတ်တို့ ပေါက်ဖွားလာပြီး ရန်ကိုင်အား အလိုလို အမြင်ကတ်လာခဲ့လေသည်။
“ငါ့ရှေ့မှာတောင် ကိုယ့်ကိုယ်ကို ‘သခင်လေး’လို့ ခေါ်ရဲတယ် ဆိုတော့ မင်းတကယ် တစ်ခုခုကို မေ့လာတာပဲ” ရန်ကိုင်က ပြုံးလျက် ပြောလိုက်၏။
ကျန်းချောင်ကမူ အေးစက်စက်လေသံဖြင့် ပြန်ပြောလေ၏ “ငါတစ်ခုခု မေ့လာတယ်ပြောရအောင် ငါဘာမေ့လာလဲ မင်းသိလို့လား”
ရန်ကိုင်သည် ကျန်းချောင် မတုန့်ပြန်နိုင်သေးခင်မှာ ကျန်းချောင် နဖူးကို လက်ဖြင့်တို့လျက် ပြုံးကာ ပြောလိုက်လေ၏ “ဦးနှောက် မေ့လာတာလေ”
ကျန်းချောင် ကြောက်လန့်တကြား နောက်သို့ ဒယိမ်းဒပါး ဆုတ်မိသွားသည်။ သူသည် တန်ခိုးရှင်ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သော်လည်း တစ်ဖက်လူမှ သူ့နဖူးအား အသာအယာ လာထိသည်ကိုပင် နည်းနည်းလေးမှ မခုခံနိုင်ခဲ့ချေ။ ထိုအချက်ကို ကြည့်ရုံနှင့်ပင် တစ်ဖက်လူနှင့် သူ့ကြား မည်မျှ ခွန်အားကွာခြားချက် ကြီးမားကြောင်း တွေ့မြင်နိုင်ပေသည်။ တစ်ဖက်လူသည် လူသတ်ချင်စိတ်ဖြင့်သာဆိုလျှင် ယခုနေ သူဆယ်ခါပြန် သေပြီးလောက်ပေပြီ။
ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်အခိုက် ကျန်းချောင် တစ်ကိုယ်လုံး ချွေးအေးများဖြင့် စိုရွဲသွားခဲ့၏။ ရှက်လည်းရှက်၊ ဒေါသလည်း ထွက်ထွက်ဖြင့် ပြန်အော်တော့လေသည် “ခွေးကောင်၊ မင်းငါ့ကို လာနောက်ရဲတယ်လား”
ရန်ကိုင်က ခေါင်းတရမ်းရမ်းဖြင့် ရယ်မောရင်း ပြောလိုက်လေ၏ “မင်းမှာ ဦးနှောက်ပါလာရင် မြို့ဂိတ်မှာ ပြဿနာ ရှာပြီးတာတောင် ငါတို့ ဘာလို့ အကောင်းအတိုင်း ရှိနေသးလဲ ဆိုတာကို နားလည်ရမှာပေါ့”
“နေပါဦး၊ မင်းတို့ဘာလို့ အကောင်းအတိုင်း ရှိနေသေးတာလဲ” ကျန်းချောင် စိတ်ရှုပ်သွားခဲ့သည်။
“တွေ့လား၊ ရောင်းရင်းမှာ လူဦးနှောက် ပါမလာဘူး။ အဲ့အစား ဝက်ဦးနှောက်ပဲ ပါလာတာ” ရန်ကိုင်က ပြောလိုက်၏။
ခစ်ခစ်…
နောက်တွင် ရပ်နေသော ဟွာရို့မုန် ထရယ်လေသည်။ သို့သော်လည်း မသင့်တော်မှန်း သိလိုက်သည့်အခိုက် ချက်ချင်းပဲ ပါးစပ်ကို လက်ဖြင့်ပိတ်ကာ ရယ်ချင်စိတ်ကို အောင့်အည်းလိုက်၏။
“ခွေးကောင်” ကျန်းချောင် ဒေါသထွက်သွားပြီး သူတော်စင်ချီကို လှည့်ပတ်၍ ရန်ကိုင်ဆီသို့ ဒေါသတကြီး ပြေးဝင်သွားလေသည်။
ထိုအခြင်းအရာကို မြင်သည့်အခါ သူ့နောက်တွင် ရပ်နေသော အစောင့်နှစ်ဦး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွား၏။ ချက်ချင်းပဲ ပြေးထွက်သွားရန် လုပ်နေသော ကျောင်းချောင်၏ လက်ကို ဖမ်းဆွဲထားလိုက်ပြီး အစောင့်တစ်ဦးမှ သူ့နားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
သို့ရာတွင် ကျောင်းချောင်ကမူ နှာခေါင်းရှုံ့၍သာ ဒေါသတကြီး ပြန်အော်ပြောလေသည် “သူ့နောက်ခံရှိတော့ရာ ဘာဖြစ်လဲ။ ငါ့နောက်ခံလောက် ကြီးမှာမို့လို့လဲ။ ဒီသခင်လေးရဲ့ ကျန်းမိသားစုက၊ ခရမ်းကြယ် ရှစ်ယောက်မြောက် အကြီးအကဲရဲ့ မြေးကွ။ ဘယ်ကောင့်နောက်ခံကများ ငါ့ထက် ပို ကြီးနိုင်မှာလဲ”
ရန်ကိုင်က ဟွာရို့မုန်အား အံ့ဟတကြီးကြည့်လျက် “ခရမ်းကြယ်ရဲ့ ရှစ်ယောက်မြောက်အကြီးအကဲက ကျန်းမိသားစုကလား”
“ဟုတ်တယ်။ ကျန်းချန်ဖုန်းက ကျန်းမိသားစုရဲ့ ဘိုးဘေးတွေထဲက တစ်ဦးပဲ” ဟွာရီု့မုန်က ခေါင်းညိတ်လိုက်၏။ ထို့ကြောင့်သာ ကျန်းချောင်အား ကိုင်တွယ်ရ ခက်နေခြင်း ဖြစ်သည်။ ကျန်းချောင်နှင့် ရှစ်ယောက်မြောက် အကြီးအကဲသည် မျိုးဆက်များစွာကွာသော်ငြား သူတို့နှစ်ဦးသည် တစ်မိသားစုထဲ ဖြစ်နေသေးသည်။
ကျန်းချောင် လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းနှင့် ဟွာရို့မုန်ကို စိတ်ဝင်စားနေသည်မှာ အတော်လေး ကြာနေပေပြီ။ ဟွာရို့မုန်မှ သူ့ကို မြင်သည်နှင့် ကျားတွေ့သလို ရှောင်နေသည့် အတွက်ကြောင့်သာ ယခုအချိန်ထိ ကိစ္စ မပြီးသေးခြင်း ဖြစ်သည်။
“ဘာလဲ၊ မင်းကြောက်သွားတာလား” ကျန်းချောင်သည် ရန်ကိုင်အား အထက်စီးဖြင့် စိုက်ကြည့်၍ “ကြောက်တယ်ဆိုရင် အခုချက်ချင်း ဒူးထောက်ပြီး မင်းအမှားကို ဝန်ခံလိုက်။ အဲ့ဒါဆို ဒီသခင်လေး မင်းကို ခွင့်လွှတ်ပေးဖို့ စဉ်းစားပေးမယ်။ မဟုတ်ရင်တော့…”
“မဟုတ်ရင် ဘာဖြစ်လဲ” ရန်ကိုင်က ပြုံးလျက် ပြန်မေးလိုက်၏။
“မင်းက တကယ် ဇောင်းကြွနေတာပဲ” ကျန်းချောင် ဒေါသ ပြန်ထွက်လာခဲ့လေသည်။ ချက်ချင်းပဲ သူ့အစောင့်နှစ်ဦးကို အမိန့်ပေးလိုက်လေ၏ “အဲ့ကောင်ကို သွားဖမ်းလာခဲ့စမ်း”
အစောင့်နှစ်ားမှာတော့ ရန်ကိုင်သည် သူတို့ သွားရန်စသင့်သည့် လူတစ်ဦး မဟုတ်မှန်း သိနေသည်။ သို့ရာတွင် ကျန်းချောင်က အမိန့်ပေးနေသဖြင့် မနာခံ၍မရ။ ကျန်းချောင် ခိုင်းသည့်အတိုင်းသာ ရန်ကိုင်ကို သွားဖမ်းရတော့သည်။
အစောင့်နှစ်ဦးစလုံးသည် တန်ခိုးရှင်တတိယအဆင့် ပညာရှင်များ ဖြစ်ကြသည်။ ရန်ကိုင် မည်မျှ အားကောင်းမှန်း မသိသော်ငြား သူတို့နှစ်ဦးသာ ပူးပေါင်းတိုက်ခိုက်လျှင် ရန်ကိုင်အား အနိုင်ယူနိုင်လိမ့်မည်ဟု ထင်နေခဲ့သည်။
သို့ရာတွင် လက်တွေ့မှာတော့ မှန်းချက်နှင့်နှမ်းထွက်မကိုက် ဖြစ်ခဲ့ရလေသည်။ သူတို့ ပြေးထွက်သွားပြီး မည်သည့် တိုက်ကွက်ကိုမှ မထုတ်ရသေးခင်မှာပဲ ရန်ကိုင်မှ သူ့လက်ကို ဝှေ့ရမ်းချလိုက်ရာ နှစ်ဦးစလုံး ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် လွင့်ပျံထွက်သွားကြလေသည်။
အစောင့်နှစ်ဦး လွင့်ထွက်သွားရာ လမ်းတစ်လျှောက်တွင် ရှိနေသော ဆိုင်ခန်းအားလုံး ပျက်စီးကုန်ကြလေသည်။ ရုတ်တရက် ပျက်စီးသွားသည့် ဆိုင်များဆီမှ ဒေါသတကြီး အော်ဟစ်သံ၊ ဆဲဆိုသံပေါင်းစုံတို့နှင့်အတူ ကျင့်ကြံသူတစ်ဦးပြီးတစ်ဦး ထွက်လာပြီး တရာခံကို လိုက်ရှာကြတော့လေသည်။
ကျန်းချောင်မှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း မျက်လုံး အပြူးသား ဖြစ်နေခဲ့လေသည်။ ယခုမှသာ ရန်ကိုင်၏ ကျင့်ကြံခြင်း အဆင့်ကို သိသွားတော့လေသည် “တန်ခိုးရှင်ဘုရင်အဆင့်”
အစောင့်နှစ်ဦးသည် တန်ခိုးရှင်တတိယအဆင့်များထဲ ထိပ်တန်းအဆင့် ပညာရှင်များ မဟုတ်ကြသော်ငြား အားနည်းသည့် လူများလည်း မဟုတ်ချေ။ ယခုလို လက်တစ်ချက် ဝှေ့ရုံဖြင့် လွင့်ထွက်သွားရလေအောင် တစ်ဖက်လူ၏ ကျင့်ကြံခြင်းသည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
ဤအားနည်းပြီး သာမန်လူတစ်ဦးဟုသာ ထင်ရသည့် လူငယ်လေးသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့သည်။ ထို့အပြင် ဤတန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူကို ခွေးကောင်ဟု သူသွားဆဲခဲ့ပေသေးသည်။
ရန်ကိုင်ကို ကြည့်နေရင်း ကျန်းချောင် စတင် တုန်တုန်ရီရီ ဖြစ်လာခဲ့သည်။ တစ်ဖက်လူ၏ ယဲ့ယဲ့လေး ပြုံးနေသည့် မျက်နှာသည် ရုတ်တရက် အလွန်ကိုမှ ကြောက်စရာ ကောင်းလာသလို သူ့စိတ်ထဲ ခံစားလိုက်ရသည်။
ထွက်ပြေးချင်မိသသော်ငြား ထွက်ပြေးရန် ကြိုးစားသည့် အခိုက် သူ့သူတော်စင်ချီကို လုံးဝ မလှည့်ပတ်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ သူ့ခြေထောက်များဟာလည်း ကြမ်းပြင်နှင့် ကော်ကပ်ထားသည့်အလား နည်းနည်းလေးမှ မလှုပ်နိုင်ဘဲ ရန်ကိုင် သူ့ဆီသို့ တစ်လှမ်းချင်း လျှောက်လာနေသည်ကိုသာ ရပ်ကြည့်နေရ၏။
ရုတ်တရက် ရစ်သိုင်းလာသော သေမင်း အငွေ့အသက်ကြောင့် ကျန်းချောင် တုန်တုန်ရီရီ ဖြစ်လာခဲ့လေသည်။
“ဘယ်ကောင်တွေ ခရမ်းကြယ်မြို့မှာ လာသောင်းကျန်းရဲတာလဲကွ” ဒေါသတကြီး အော်သံများနှင့်အတူ အစောင့်များ ရောက်ချလာခဲ့ပြီး ချက်ချင်းပဲ ရန်ကိုင်နှင့် ကျန်းချောင်တို့အား ဝိုင်းထားလိုက်ကြလေသည်။
“ခရမ်းကြယ်မြို့မှာ တိုက်ခိုက်ခွင့်မရှိဘူး၊ လူသတ်ခွင့်မရှိဘူး။ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်ရင် ကျင့်ကြံခြင်းကို ဖျက်စီးပြီး ရေခဲအကျဉ်းထောင်ထဲ ပို့ခံရမယ်၊ မဟုတ်ရင် အသတ်ခံရမယ်လို့ ဗိုလ်ချုပ်လျူ အကြိမ်ပေါင်းများစွာ အားလုံးသိအောင် ပြောထားပြီးသား။ ဒါကိုတောင် ပြဿနာ ရှာရဲတယ်လူရှိသေးတယ်ဆိုတော့ မင်းတို့တွေက ငါတို့ ခရမ်းကြယ်မြို့စောင့်တွေကို တကယ် သောက်ဂရုမစိုက်တာပဲ။ အဲ့လိုဆိုမှတော့ ဒီဒုဗိုလ်ချုပ်ကိုယ်တိုင် မင်းတို့ကို… အို… ဆရာ ရောက်နေတာလား… သတိမထားမိလိုက်လို့ တောင်းပန်ပါတယ်။ ချူကျန်း ဆရာ့ကို နှုတ်ဆက်ပါတယ်”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၅၂)
ခရမ်းကြယ်မြို့၏ အစောင့်များ ရောက်လာသည်မှာ အလွန် မြန်ပေသည်။ တန်ခိုးရှင်တတိယအဆင့် အစောင့်နှစ်ဦး တီးခံလိုက်ရသည်မှာ အသက် ငါးရှိုက်စာပင် မရှိသေးသော်ငြား သူတို့မှာတော့ ရောက်လာခဲ့လေပြီ။
ထို့အပြင် ပေါ်လာသည့်လူမှာ သာမန်အစောင့်ပင် မဟုတ်၊ ခရမ်းကြယ်မြို့စောင့်တပ်ဖွဲ့၏ ဒုဗိုလ်ချုပ်ချူကျန်း ဖြစ်သည်။
ချူကျန်း၏ အော်ပြောသံကို ကြားလိုက်သည်နှင့် ရန်ကိုင်တို့ ဒုက္ခလှလှနှင့် တွေ့ပြီမှန်း ရပ်ကြည့်နေသူများ သိလိုက်ကြသည်။
ခရမ်းကြယ်မြို့တွင် ပြဿနာ ဖြစ်သည်မှာ ရှားသဖြင့် မြို့စောင့်တပ်ဖွဲ့များအတွက် အလွန်ကိုမှ အားလပ်လှသည်။ ပြဿနာ တစ်ခုခု ဖြစ်ပြီဆိုပါကလည်း ပြဿနာရှာသည့် လူကို ပြင်းပြင်းထန်ထန် အပြစ်ပေးပေသည်။ ယနေ့တွင် လူငယ်လေး တစ်ဦးသည် တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူနှစ်ဦးကို တိုက်ခိုက်၍ ဆိုင်ခန်းပေါင်းများစွာကို ပျက်စီးအောင် လုပ်ခဲ့၏။ ပြေးကြည့်နေစရာပင် မလို၊ ထိုလူငယ်လေး၏ အနာဂတ်ကို သူတို့ ခန့်မှန်းနေနိုင်ကြလေပြီ။
ချူကျန်း၏ အော်သံကို ကြားလိုက်သည့်အခါ ကျန်းချောင်သည် ကယ်တင်ရှင်ကို တွေ့လိုက်သည့်အလား အလွန်ကိုမှ စိတ်လှုပ်ရှားသွားခဲ့သည်။ ချက်ချင်းပဲ အော်သံ ကြားရာဆီသို့ အားတက်သရော လှမ်းကြည့်လိုက်လေသည်။
သို့ရာတွင် ချူကျန်း၏ ရုတ်တရက် ပြောင်းလဲသွားသော သဘောထားကြောင့် ကျန်းချောင် ပြန်စိုးရိမ်သွားခဲ့ရသည်။
ချူကျန်းသည် ဤခွေးသူတောင်းစားကို ဆရာဟု ခေါ်ကာ ဦးပင် ညွှတ်လိုက်သည်။
ရန်ကိုင် မည်သူလဲ ဆိုသည်နှင့် ပက်သက်၍ ကျန်းချောင် လုံးဝ နားမလည်နိုင် ဖြစ်နေခဲ့သည်။
“ဒုဗိုလ်ချုပ်ချူပါလား” ရောက်လာသည့်လူသည် လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းသို့ မြေကွက် စာချုပ်များ လာပို့ပေးသည့် ဒုဗိုလ်ချုပ်ဖြစ်ပေသည်။ သူတို့ နှစ်ဦးစလုံးသည် တစ်ခါမှ မျက်နှာချင်း စကားပြောဖူးကြသူများ မဟုတ်ကြသော်လည်း သူ့ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ချူကျန်း၏ အသွင်အပြင်ကို မြင်ဖူးခဲ့ပေသည်။
ချူကျန်း အနေဖြင့် ရန်ကိုင်ကို မှတ်မိခြင်းမှာတော့ စဉ်းစားပြီးတော့သာ ဖြစ်သည်။
လက်ရှိတွင် ဟွာရိုမုန့်ဘေး၌ လူငယ်လေးတစ်ဦး ရပ်နေသည်။ ထိုလူငယ်လေး၏ ကျင့်ကြံခြင်းကို သူမမြင်နိုင်။ ထိုသို့ ဖြစ်လေရာ ထိုလူငယ်လေးသည် ဗိုလ်ချုပ်လျူပြောသည့် လူသာ ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်လေသည်။
ရန်ကိုင် ပြန်ပြောသည်ကို ကြားပြီးနောက်တွင် ရန်ကိုင်သည် ဗိုလ်ချုပ်လျူပင် တလေးတစား ဆက်ဆံရသည့် လူမှန်း ချူကျန်း ချက်ချင်း သဘောပေါက်သွားခဲ့သည်။
ချူကျန်းသည် ချက်ချင်းပဲ ပို၍ပင် နှိမ့်ချလျက် အလျင်အမြန် လက်ဝှေ့ရမ်းကာ “မဟုတ်ရပါဘူးဗျာ။ ဆရာရှေ့မှာ ကျုပ်ကိုယ်ကျုပ် ဘယ်လိုလုပ် ဒုဗိုလ်ချုပ်လို့ ခေါ်ရဲပါ့မလဲ”
ထိုသို့ပြောပြီးနောက် စကားကို သတိထားရင်း မေးလိုက်၏ “ဆရာ၊ ဒီမှာ ဘာတွေဖြစ်နေတာလဲ တစ်ချက်လောက် မေးလို့ ရမလား”
“ဘာမှမဟုတ်ပါဘူး” ရန်ကိုင်က ရယ်သွမ်းသွေး၍ ကျန်းချောင်အား မေးငေါ့ပြရင်း “ဒီက ရောင်းရင်းက သူ့အဆင့်အတန်းကို သုံးပြီး လမ်းကြောင်းငါးသွယ်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဟွာကို လာပိုးနေတာလေ ဘည့ြုူစဟ- ခေါင်းဆောင်ဟွာက ငြင်းလည်းငြင်းရော ရှက်ရှက်နဲ့ဒေါသထွက်ပြီး သူ့လူတွေနဲ့ တိုက်ခိုက်ခိုင်းတာ။ ဒီဘုရင်လည်း ကြည့်မနေနိုင်တာနဲ့ နည်းနည်းပါပါး သင်ခန်းစာ ဝင်ပေးလိုက်တာ”
“ဘယ်လို” ချူကျန်း ဒေါသထွက်သွားလေသည် “ခေါင်းဆောင်ဟွာကို လာနှောင့်ယှတ်တာလား။ ဘယ်ကောင်က ကျားအသည်းစားထားလို့ ခေါင်းဆောင်ဟွာကို ခရမ်းကြယ်မြို့ထဲမှာ လာနှောင့်ယှတ်ရဲတာလဲ”
ပြောပြီးသည်နှင့် ကျန်းချောင်အား စားမတတ်ဝါးမတတ် အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။ သို့ရာတွင် ကျန်းချောင်၏ မျက်နှာကို မြင်ပြီးနောက် ချူကျန်း ကြောင်သွားခဲ့လေသည် “သခင်လေးကျန်းလား”
ရန်ကိုင်အား ပြဿနာ လာရှာသည့်လူသည် ကျန်းချောင်မှန်း သိသွားပြီးနောက် ချူကျန်း စိတ်ညစ်သွားခဲ့လေ၏။
ကျန်းချောင်ကဲ့သို့သော ဒုတိယလူငယ် မျိုးဆက်တစ်ဦးသည် ရန်ကိုင်ကဲ့သို့လူနှင့် လာပြဿနာ ဖြစ်ရဲသည်။ သို့ရာတွင် သူတို့ နှစ်ဦးပြဿနာကို သူမည်ကဲ့သို့ ကိုင်တွယ်ရမည်နည်း။ ကျန်းချောင်သည် ဘာမှမဟုတ်သည့် လူတစ်ဦးသာ ဖြစ်သော်ငြား သူသည် အကြီးအကဲ ကျန်းချန်ဖုန်း၏ မျိုးဆက်တစ်ဦး ဖြစ်သည်။ သို့သော် သူနှင့် ပြဿနာ တက်နေသည့် တစ်ဖက်လူမှာလည်း ဗိုလ်ချုပ်လျူပင် တလေးတစားဖြင့် ဆက်ဆံရသည့် လူတစ်ဦး ဖြစ်နေပြန်၏။ ပဲလှော်ကြား ဆားညပ်လေပြီ။ ဤကိစ္စကို သူမည်သို့ ကိုင်တွယ်ရမည်နည်း။
ဤနေရာကို မလာလိုက်မိလျှင် အကောင်းသားဟု ချူကျန်း ရုတ်တရက် တွေးမိသွားသည်။
သို့သော် ယခုမှ နောင်တရနေလို့ကော ဘာထူးဦးမည်နည်း။ ရောက်လာပြီးမှဖြင့် ကြည့်ကြပ်၍သာ ကိုင်တွယ်ရတော့ပေမည်။ တစ်ချိန်တည်းတွင် ကျန်းချောင်ကိုလည်း ဘာကြောင့်များ ဤဆရာကိုမှ လာပြဿနာ ရှာရသလဲဟူ၍ စိတ်ထဲမှ ပယ်ပယ်နှယ်နှယ် ကြိတ်၍ ကျိန်ဆဲလိုက်လေသည်။
“ဒုဗိုလ်ချုပ်ချူ၊ ကျေးဇူးပြုပြီး ကျုပ်အတွက် တရားမျှတမှု ပြန်ရှာပေးပါနော်” ကျန်းချောင်သည် ချက်ချင်းပဲ သနားစဖွယ် အမူအရာ လုပ်ပြလျက် “ဒုဗိုလ်ချူပ်၊ ကျုပ်သူပြောသလို လုပ်တာ မဟုတ်ပါဘူး။ ကျုပ်ရဲ့ အဖွဲ့အစည်းနဲ့ ခေါင်းဆောင်ဟွာရဲ့ အဖွဲ့အစည်းတို့ ပူးပေါင်းမယ့်အကြောင်းနဲ့ ပက်သက်ပြီး ဆွေးနွေးတိုင်ပင်နေတာပါ။ အဲ့ဒါကို ဒီကောင်က ဘယ်ကမှန်းမသိ ထွက်လာပြီး ကျုပ်အစောင့်တွေကို လာတိုက်ခိုက်ပါတယ်၊ အခုကြည့်၊ သူတို့ ထတောင် မထနိုင်တော့ဘူး။ သေလားရှင်းလားလည်း မသိရဘူး။ သူတို့သာ သေသွားခဲ့ရင် သူတို့နောက်မှာ ရှိနေတဲ့ မိသားစုတွေ တကယ်ကို ကြေကွဲဝမ်းနည်းရမှာ…”
ထိုသို့ ပြောနေရင်း ကျန်းချောင်သည် နှာခေါင်းတရှုံ့ရှုံ့ဖြစ်ကာ မျက်ရည်များ ဝဲတက်လာခဲ့လေသည်။
“ဒါက…” ချွေးအေးတို့ ချူကျန်း၏ နဖူးထက် ဝေ့သီလာခဲ့သည်။ ဤကိစ္စသည် သူကိုယ်တွယ်နိုင်သည့် ကိစ္စ တစ်ခုမဟုတ်တော့ချေ။ သူသာ တစ်ဖက်ကို ကူညီပေးလိုက်လျှင် ကျန်တစ်ဖက်ကို ရန်စလိုက်သလို ဖြစ်သွားပေလိမ့်မည်။ မည်သည့် ဘက်ကို ကူညီကူညီ သူ့အတွက် အခြားတစ်ဖက်ကို ကျိန်းသေ ရန်စမိပေလိမ့်မည်။
“ဒုဗိုလ်ချုပ်ချူ၊ ခရမ်းကြယ်မှာ ပြဿနာရှာခွင့် မရှိဘူးလို့ အခုလေးတင်ပဲ ခင်ဗျား ပြောလိုက်တာမလား၊ ပြဿနာ ရှာတဲ့ လူတိုင်းကို ကျင့်ကြံခြင်းဖျက်စီးပြီး ရေခဲအကျဉ်းထောင်ဆီ ပို့ပစ်မယ်လို့လေ။ အခု ပြဿနာရှာတဲ့တစ်ကောင် ရှိနေပြီ။ ဒုဗိုလ်ချုပ်ချူ၊ ကျေးဇူးပြုပြီး ခရမ်းကြယ်မြို့ရဲ့ ဥပဒေအတိုင်း ဆောင်ရွက်ပေးပါ” ကျန်းချောင်သည် ချက်ချင်းပဲ ချူကျန်းအား အားတက်သရော ပြောလိုက်လေသည်။
ရန်ကိုင်ကမူ ကျန်းချောင်အား အရူးတစ်ယောက်နှယ်သာ ပြန်ကြည့်နေခဲ့လေသည်။
ချူကျန်းမှာတော့ အလွန်ကိုမှ စိတ်ညစ်နေရလေပြီ။ လုပ်သာလုပ်နိုင်လျှင် ချက်ချင်းပဲ ကျန်းချောင်ပါးစပ်အား နှစ်ချက်လောက် အားရပါးရ ဆင့်တီးပစ်ချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာခဲ့သည်။
ခရမ်းကြယ်မြို့တွင် ထိုကဲ့သို့သော စည်းမျဉ်းများ ရှိသော်ငြား ထိုစည်းမျဉ်းများသည် လူတိုင်းအတွက် မဟုတ်ချေ။ အားကောင်းသည့် နောက်ခံရှိသည့်လူတိုင်း ထိုစည်းမျဉ်းများကို ဥပက္ခာပြုထားနိုင်ပေသည်။ ယခု ချူကျန်းရှေ့တွင် ရပ်နေသော ဆရာသည် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်ပေသည်။
ချူကျန်းမှာ ရန်ကိုင်အား သွားမဖမ်းရဲချေ။ ဖမ်းရဲလျှင်ပင် ဖမ်းနိုင်သည့်အစွမ်း မရှိချေ။ သို့ရာတွင် ကျန်းချောင်မှ သူ့အား ချောင်သို့ တွန်းပို့လိုက်လေပြီ။ သူ့ခဗျာ မီးဖိုပေါ် တံစို့ထိုးကာ မီးပြင်းပြင်းနှင့် အကင်ခံနေရသလို ခံစားနေရသည်။ သူ့စိတ်ထဲ သူ့အား ဒုက္ခမရောက်ရောက်အောင် လုပ်နေသော ကျန်းချောင်ကိုသာ သေအောင် ပြေးထိုးပစ်ချင်လိုက်တော့သည်။
“ဒုဗိုလ်ချုပ်ချူ ခင်ဗျားက ဒီဘုရင်ကို ဖမ်းချင်တာလား” ရန်ကိုင်က ချူကျန်းအား ပြုံး၍ မေးလိုက်၏။
“ဘယ်လိုလုပ်ပြီး အဲ့လိုလုပ်ရဲပါ့မလဲ ဆရာရဲ့” ချူကျန်းသည် ချက်ချင်းပဲ ကမန်းကတန်း ပြန်ဖြေလိုက်လေသည် “ဒီက အခြေအနေက သိပ်ရှင်းတာ မဟုတ်ဘူး။ ဆုံးဖြတ်ချက်မချခင်သေချာ စစ်ဆေးဖို့လိုသေးတယ်”
ထိုစကားကိုကြားသည့်အခါ ကျန်းချောင် မျက်လုံးပြူးသွား၏။ ချက်ချင်းပဲ ပြန်၍ အထွန့်တက်လေ၏ “ဒုဗိုလ်ချုပ် ခင်ဗျားဘာတွေ ပြောနေတာလဲ။ ကျုပ်အစောင့်နှစ်ယောက် တီးခံလိုက်ရတာ အရှင်းကြီးလေ။ ဘာတွေ စစ်ဆေးစရာ လိုသေးလဲလို့
ခွေးမသား… မင်းသေချင်ရင် မင်းဘာသာ သေပါလားကွ ချူကျန်းသည် ကျန်းချောင်အား ပြစ်ပြစ်နှစ်နှစ် ကျိန်ဆဲတော့၏။
ဘာလုပ်လို့လုပ်ရမှန်း မသိ ဖြစ်နေစဉ်မှာပင် ချူကျန်း ရုတ်တရက် နားစွင့်လိုက်.. တစ်ခုခုကို ကြားလိုက်သည့်နှယ်။ မကြာမီ သုန်မှုန်နေသော သူ့မျက်နှာထက် ဝမ်းသာရိပ်တို့ ထွက်ပေါ်လာခဲ့လေ၏။
ခဏအကြာတွင် ချူကျန်းသည် ကျန်းချောင်ဘက်သို့လှည့်၍ အော်ပြောလိုက်လေသည် “သခင်လေးကျန်း၊ ဒီကိစ္စနဲ့ ပက်သက်တဲ့ အမှန်တရားကို ကျုပ်သိသွားပြီ။ အခုလို ဖြစ်တာ ဒီကဆရာကြောင့် မဟုတ်ဘူး။ သခင်လေးကျန်းကကို သူကို သွားနှောင့်ယှတ်လို့ပဲ။ အဲ့ဒါကို ဒီဆရာက သဘောထားကြီးမားလို့ သင်ခန်းစာလေး နည်းနည်း ပြန်ပေးလိုက်တာပဲရှိတယ်”
“အန်” ကျန်းချောင် အံ့အားသင့်သွားခဲ့သည်။ ချူကျန်း၏ သဘောထားသည် ရုတ်တရက်ကြီး အထက်အောက်ပြောင်းပြန် လှန်လိုက်သည့်နှယ် ပြောင်းလဲသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့အပြင် ချူကျန်းသည် အမှန်တရားကို သိသွားပြီဟု ပြောနေသည်။ သူဤနေရာတွင် တစ်ချိန်လုံး ရပ်နေသည်ကို မည်သို့များ အမှန်တရားကို သိသွားရသနည်း။
“သခင်လေးကျန်းက ပြဿနာ ရှာတဲ့လူဆိုမှတော့ ကျေးဇူးပြုပြီး ဒီဒုဗိုလ်ချုပ်နဲ့ လိုက်ခဲ့ပေးပါ” ကျန်းချူသည် ကျန်းချောင်အား အတော်လေး အမြင်ကတ်နေခြင်း ဖြစ်သည်။ ယခု သူ့အား ထောက်ခံပေးမည့်သူ ရှိနေပြီဖြစ်သဖြင့် ဘာကိုမှ ကြောက်နေစရာ မလိုတော့ချေ။
“ချူကျန်း၊ မင်းလုပ်ရဲတာလား” ကျန်းချောင်က ဒေါသတကြီး ပြန်အော်ပြောလေသည် “ဒီသခင်လေးက ရှစ်ယောက်မြောက် အကြီးအကဲရဲ့ မြေးကွ။ ဒီနေ့ကိစ္စကိုသာ ရှစ်ယောက်မြောက် အကြီးအကဲ ကြားသွားရင်း မင်းအတွက် အဆုံးသတ်ကောင်းမယ် ထင်လား”
ချူကျန်း၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွား၏။ သို့သော် ချက်ချင်းပဲ လှောင်ပြုံးပြုံးကာ ပြန်ပြောလိုက်လေသည် “သခင်လေးကျန်းက တကယ် သတ္တိရှိတာပဲ။ ဒီဒုဗိုလ်ချုပ်က ခရမ်းကြယ်မြို့ရဲ့ စည်းမျဉ်းအတိုင်း ဆောင်ရွက်နေတာမို့လို့ ဒီကိစ္စကို ရှစ်ယောက်မြောက် အကြီးအကဲ ကြားသွားလည်း ဘာမှ ဖြစ်မှာမဟုတ်ဘူး။ ဒါပေမယ့် စည်းမျဉ်းအတိုင်း လုပ်နေတဲ့ ဒီဒုဗိုလ်ချုပ်ကို ပြန်ခြိမ်းခြောက်ရဲတယ် ဆိုတော့ သခင်လေးကျန်းက ခရမ်းကြယ်ကို လုံးဝ မျက်လုံးထဲ မထည့်တော့တာလား”
“မင်းဘာတွေ မဟုတ်တရုတ်တွေ ပြောနေတာလဲ” ကျန်းချောင်သည် ချက်ချင်းပဲ ဒေါသတကြီး ပြန်အော်ပြန်လေသည်။
“သခင်လေးကျန်း ဘာမှ ပြောမနေနဲ့တော့။ ဒီဒုဗိုလ်ချုပ် နောက်ကိုသာ လိုက်ခဲ့လိုက်တော့”
“ချူကျန်း၊ ကျောက်တောင်ကို ကြက်ဥနဲ့ပစ်ဖို့ မကြိုးစားချင်နဲ့ကွ။ ငါ့ကို မဖမ်းခင် ငါ့နောက်ခံကို မင်းသေချာ စဉ်းစားနော်” ကျန်းချောင်သည် ထပ်၍ ခြိမ်းခြောက်လိုက်ပြန်၏။
ချူကျန်းကမူ စိတ်မရှည်တော့သည့်ဟန်ဖြင့် လက်ဝှေ့ရမ်း၍သာ အော်ပြောလိုက်သည် “ခေါ်သွားလိုက်တော့”
ချက်ချင်းပဲ အစောင့်များ ရောက်လာပြီး ကျန်းချောင်ကို ခေါ်သွားလေသည်။ သို့ရာတွင် ကျန်းချောင်အား အဆက်မပြတ် အော်ဆဲရင်း အပြင်းအထန် ရုန်းကန်နေသဖြင့် ချူကျန်း မျက်မှောင်ကြုတ်သွားခဲ့ပြီး “သူ့သွေးကြောတွေကို ပိတ်ထားလိုက်”
ထိုစကားကိုကြားသည့်အခါ ကျန်းချောင်ကို ချုပ်ထားသော အစောင့်များသည် ချက်ချင်းပဲ ကျန်းချောင်နောက်စေ့ကိုရိုက်ကာ သူ့အား ဆက်မရုန်းတော့နိုင်အောင် လုပ်လိုက်လေသည်။
“စည်းမျဉ်းဆိုတာ ဒါမျိုးဖြစ်နေရာ။ ဒုဗိုလ်ချုပ်လုပ်တာ တကယ် မမှားဘူး။ ဒီဘုရင် လေးစားသွားပြီ” ရန်ကိုင်က ပြုံးလျက် ချူကျန်းအား လက်သီးဆုပ်ပြလိုက်လေသည်။
ချူကျန်းကမူ ရှက်ရှက်ဖြင့် နှိမ့်ချကာ ပြန်ပြောလိုက်၏ “မဟုတ်ရပါဘူးဗျာ။ ဒါက ဒီချူရဲ့ တာဝန်ပါပဲ။ ဟန်… တရားခံကို ဖမ်းမိသွားပြီးဆိုတော့ ဒီချူကို ပြန်ခွင့်ပြုပါဘူး”
“အင်း” ရန်ကိုင် ခေါင်းညိတ်လိုက်၏။
ချူကျန်းသည် နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြီး ချက်ချင်းပဲ အစောင့်များကိုခေါ်ကာ ပြန်ထွက်သွားလေသည်။
ရပ်ကြည့်နေသည့် လူများမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း မျက်လုံး အပြူးသား ဖြစ်နေကြလေသည်။ ကျန်းချောင် အဖမ်းခံလိုက်ရသည်ကို သူတို့ မယုံကြည်နိုင် ဖြစ်နေကြလေသည်။ ယခု ရန်ကိုင်ကို ကြည့်သည့် အကြည့်များထဲ ကြောက်ရွံ့မှု၊ အံ့ဩမှုတို့ ကိန်းအောင် ကုန်နေကြလေပြီ။ ကျန်းချောင်ကိုပင် ထောင်ထဲ ပို့ပစ်နိုင်ရလေအောင် ရန်ကိုင် မည်သူများ ဖြစ်သလဲ ဆိုသည်ကိုလည်း သူတို့ သိချင်မိလာကြသည်။
ဟွာရို့မုန်မှာလည်း အံ့အားသင့်နေ၏။
ရန်ကိုင်သည် လျူထျန်ဖုန်းကိုပင် ကြောက်သွားအောင် လုပ်နိုင်သည့်အတွက် သူ့အဆင့်အတန်းမှာ အလွန်ကိုမှ မြင့်လိမ့်မည်မှန်း သိထားသော်ငြား ရှစ်ယောက်မြောက် အကြီးအကဲဖြစ်သော ကျန်းချန်ဖုန်းကိုပင် မျက်နှာသာမပေးဘဲ နေလိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။
ရန်ကိုင် ဘယ်သူဖြစ်လို့များ ချူကျန်း ဤကဲ့သို့ ဆုံးဖြတ်လိုက်ရသနည်း။ ရန်ကိုင်သည် ခရမ်းကြယ်၏ ရှစ်ယောက်မြောက် အကြီးအကဲထက်ပင် ပို၍ အဆင့်အတန်း မြင့်နေလို့များလား။
ရန်ကိုင်သည် ပိုပို၍ ဆန်းကြယ်လာသလို ဟွာရို့မုန် ခံစားလာရသည်။
“သွားရအောင်” ဟွာရို့မုန်အား ပြောလိုက်ပြီးနောက် ရန်ကိုင်သည် လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်း ရှိရာဆီသို့ လျှောက်သွားလေသည်။ မသွားခင် ရန်ကိုင်သည် တစ်နေရာဆီသို့ လှမ်းကြည့်လိုက်ပြီး ပြုံးဖြီးလိုက်၏။
“အာ…အင်း” ဟွာရို့မုန်သည် ရန်ကိုင် ပြောမှပဲ အသိ ပြန်ဝင်လာပြီး သူ့နောက်သို့ ကပျာကယာ ပြေးလိုက်သွားလေ၏။
ရန်ကိုင်နှင့် ကျန်းချောင်တို့ အချင်းများရာနေရာမှ မီတာ တစ်ထောင်ခန့်အကွာတွင် မိုးမြေနံပါတ်တစ်ဟူသော စားသောက်ဆိုင် တစ်ဆိုင် ရှိပေသည်။
မိုးမြေနံပါတ်တစ် စားသောက်ဆိုင်တွင် အထပ်ပေါင်း ကိုးထပ်ရှိ၏။ ပထမသုံးထပ်သည် သာမန် ကျင့်ကြံသူများ သောက်စားပျော်ပါးဖို့ရာအတွက် ဖြစ်ပြီး လက်ကျန် အထပ်များမှာတော့ အဆင့်အတန်း မြင့်မားသူများအတွက် ဖြစ်ပေသည်။ အထပ်ပိုမြင့်လေ၊ ထိုအထပ်သို့တက်ရန် ပို၍ လိုအပ်ချက် ကြီးမားလေပင်။
ကိုးထပ်မြောက်သည် ထိပ်တန်းအဆင့် ပညာရှင်များကိုသာ ဝင်ခွင့်ပြုသည့်နေရာ ဖြစ်သည့်အတွင် ငွေရှိရုံဖြင့် ဝင်ခွင့်မရသည့် နေရာတစ်ခုလည်း ဖြစ်၏။
မိုးမြေနံပါတ်တစ် စားသောက်ဆိုင်သည် ခရမ်းကြယ်မှ အကြီးအကဲများ ဖွင့်ထားသည့် စားသောက်ဆိုင်တစ်ဆိုင် ဖြစ်သည်ဟု ပြောကြပေသည်။
လက်ရှိတွင် ကိုးထပ်မြောက်၏ ပြတင်းပေါက်တစ်ခုဘေးတွင် လူနှစ်ဦး ထိုင်ပြီး အောက်ဘက်ရှိ ရှုခင်းကို ငုံ့ကြည့်နေကြ၏။
တစ်ဦးသည် မျက်လုံးများကို မပွင့်တပွင့် ဖွင့်ထားသည့် လူအိုကြီးတစ်ဦး ဖြစ်၏။ လူအိုကြီးမှာ သူ့အရှိန်အဝါကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားသော်လည်း ရံဖန်ရံခါ ထွက်ပေါ်လာနေသော စွမ်းအင်လှိုင်းများသည် သူသည် တန်ခိုးရှင်ဘုရင် အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း ပြောနေခဲ့၏။
လူအိုကြီးနှင့် မျက်နှာချင်းဆိုင်တွင်မူ သားနားသည့် တော်ဝင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ဦး ထိုင်နေ၏။ လူငယ်လေးသည် ခေါက်ထပ်တောင်တစ်ချောင်းကို ကိုင်ထားခဲ့ပြီး သူ့မျက်နှာထားသည် တော်ဝင်မျိုးဆက်တို့တွင် ရှိလေ့ရှိသည့် အထက်စီးဆန်းသော မျက်နှာထားမျိုး ဖြစ်ပေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၅၃)
လူအိုကြီးနှင့် လူငယ်လေးတို့ နှစ်ဦးစလုံးသည် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားနေသော ရန်ကိုင်၏ ကျောပြင်အား အချိန် အတော်ကြာအောင် စိုက်ကြည့်နေကြသည်။ လူအိုကြီး၏ အမူအရာမှာတော့ လေးနက်တည်ကြည်နေစဉ် လူငယ်လေးမှာတော့ ရန်ကိုင်အား အတော်လေး စိတ်ဝင်စားနေသည့် အလား ယဲ့ယဲ့လေးပင် ပြုံးနေသေး၏။
ရန်ကိုင် လုံးဝ ပျောက်ကွယ်သွားသည့်အခါ လူငယ်လေးက ပြုံး၍ “စိတ်ဝင်စားစရာပဲ”
“ဒီကောင် တကယ်ရိုင်းတယ်” လူအိုကြီးက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
“လူအိုကြီးကျိ ဘာတွေ မကျေမနပ်ဖြစ်နေတာလဲ” လူငယ်လေးက လူအိုကြီးအား အံ့အားသင့်တကြီးကြည့်လျက် မေးလိုက်သည်။
ကျိကျွင်းက နှာခေါင်းရှုံ့လျက် “ဒီလူအိုကြီးနဲ့ ဒုတိယ သခင်လေး ဒီမှာထိုင်နေတယ်ဆိုတာ အဲ့ကောင် သိပြီးသား။ ချူကျန်း သဘောထားပြောင်းသွားတယ် ဆိုတာကလည်း ကျုပ်တို့ကြောင်းမှန်း သူကျိန်းသေ သဘောပေါက်လောက်တယ်။ အဲ့ဒါကို ကျေးဇူးတင်စကားတစ်ခွန်းတောင် မပြောဘဲ ထွက်သွားတာ ရိုင်းလို့မဟုတ်လို့ ဘာဖြစ်ရမှာလဲ”
လူငယ်လေးက အံ့အားသင့်နေသည့် လေသံဖြင့် “အဲ့လူက လူအိုကြီးကျိကိုတောင် အာရုံခံနိုင်တာလား”
ကျိကျွင်းက ခေါင်းညိတ်၍ “ဒုတိယသခင်လေး သတိမထားမိလို့။ အဲ့လူ ထွက်မသွားခင် ကျုပ်တို့ရှိနေတဲ့ နေရာဆီ သေချာကြည့်သွားတယ်။ ဒီကောင် အစောကြီးကတည်းက ကျုပ်တို့ကို သတိထားမိနေတာ”
လူငယ်လေးက မျက်ခုံးပင့်လျက် “လူအိုကြီးကျိက တန်ခိုးရှင်ဘုရင် ပထမအဆင့်ကို ရောက်နေတဲ့လူပဲ။ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်ရောက်နေတဲ့ ကောင်းကင်စိတ်အာရုံကိုသာ မပိုင်ဆိုင်ထားရင် လူအိုကြီးကျိကို အာရုံခံဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီတော့… အဲ့လူက တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်ကို ရောက်နေတာလား”
ကျိကျွင်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ခဏကြာမျှ အတွေးနက်နေပြီးနောက် ပြန်ပြောလိုက်လေသည် “ဒီလူအိုကြီးလည်း သေချာတော့ မပြောနိုင်ဘူး။ သူနဲ့ တွေ့ဖူးတဲ့ လျူထျန်းဖုန်းတော့ ရှိပေမယ့် လျူထျန်ဖုန်း ကိုယ်တိုင်က သူ့ကျင့်ကြံခြင်းကို မမြင်နိုင်ဘူးလို့ ပြောတယ်… ကြည့်ရတာ အဲ့လူက ဒီလောက်က ဒီလူအိုကြီးလောက် အားမကောင်းရင်တောင် အရမ်းကြီးတော့ မကွာလောက်ဘူး။ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်ကို ရောက်မရောက်ကတော့ စစ်ဆေးကြည့်မှ သိလိမ့်မယ်”
လူငယ်လေးက ပြုံးဖြီးလျက် “ကောင်းတယ်၊ အဲ့ဒါ ပိုတောင် ကောင်းသေးတယ်။ သူအခုလို မောက်မာရဲနေတာ သူ့ခွန်အားကြောင့်ကိုး။ ဒီသခင်လေးကလည်း အဲ့ဒါမျိုးကိုမှ ကြိုက်တာ”
“ဒုတိယသခင်လေးက….” ကျိကျွင်းသည် လူငယ်လေးအား ကြည့်ရင်း ချိတုံချတုံ လေသံဖြင့် ပြောလိုက်လေသည် “အဲ့လူကို ခေါ်ချင်နေတာလား”
လူငယ်လေးက ခေါင်းညိတ်၍ “ဟုတ်တယ်။ ခရမ်းကြယ်မြို့က စပြီး လှိုင်းထန်နေပြီ။ အကြီးအကဲချုပ် ဦးဆောင်တဲ့ အဖွဲ့တွေက သူတို့ မထိသင့်တာတွေကိုတောင် လိုက်ပြီး ထိနေတာ။ ဒီသခင်လေးသာ ဆက်ပြီး ငြိမ်နေဦးမယ်ဆိုရင် ခရမ်းကြယ်ရဲ့ မျိုးရိုးနာမည်က ကျိန်းသေ ပြောင်းလဲသွားလိမ့်မယ်”
ထိုစကားကို ကြားသည့်အခါ ကျိကျွင်းအမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားပြီး အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ “အဲ့လိုဆိုရင်တော့ အကြီးအကဲချုပ်တို့ အဖွဲ့ သေချင်နေလို့ပဲ ဖြစ်ရမယ်။ ဂိုဏ်းချုပ် ပြန်လာရင် သူတို့ကောင်းကောင်း အပြစ်ပေးခံရမှာ။ ဒါပေမယ့်… ဒုတိယသခင်လေးက ဒီလောက် အကြာကြီး ကိုယ့်ကိုယ့်ကို နှိမ့်ချပြီး နေလာခဲ့တာလေ။ ဘာလို့ အခုကျမှ ဒီလောက် စိတ်ဆောနေတာလဲ ဖြစ်နေတာလဲ။ ဂိုဏ်းချုပ်နဲ့ သခင်လေး ထွက်သွားတာ နှစ်နှစ်လောက် ရှိနေပြီ။ အခုအချိန်လောက်ဆို သူတို့ ပြန်လာကြတော့မှာ။ ဂိုဏ်းချုပ်သာ ဒုတိယသခင်လေး… ဒုတိယသခင်လေး နားလည်ပါတယ်။ ဂိုဏ်းချုပ်ရဲ့ ခွန်အားနဲ့ဆို ဒီကြယ်စီရင်စုထဲမှာ သူ့ကို ခြိမ်းခြောက်နိုင်တဲ့ လူများများစားစား မရှိဘူး။ သတ်နိုင်ဖို့ဆို ပိုလို့တောင် နည်းသေးတယ်။ သူအနှေးနဲ့ အမြန် ကျိန်းသေ ပြန်လာတော့မှာ”
လူငယ်လေး၏ မျက်လုံးထဲ စိုးရိမ်ရိပ်တို့ ဖြတ်ပြေးသွားသည်။ သို့သော်ငြား ချက်ချင်းပဲ ပြန်လည်ပျောက်ကွယ်သွားခဲ့ပြီး ရယ်မော၍ ပြောလိုက်လေသည် “လူအိုကြီးကျိပြောတာ အမှန်ပဲ။ ဒါပေမယ့် တကယ်က ကျုပ်လောနေတာ မဟုတ်ဘူး။ အချိန်ကကို စောင့်လို့မရတော့တာ။ ပြီးတော့ ကျုပ်လုပ်နေတာကလည်း ကျိမိသားစု အတွက်ပဲလေ။ အဖေ ပြန်လာရင်တောင် အပြစ် မတင်လောက်ပါဘူး”
“မျှော်လင့်ရတာပဲ” ကျိကျွင်းက စိုးရိမ်တကြီး ခေါင်းညိတ်လိုက်သည်။
“လူအိုကြီးကျိ၊ အဲ့လူကို ကျုပ်ဘက် ဆွဲခေါ်နိုင်မယ်ထင်လား” လူငယ်လေးသည် ရန်ကိုင် ထွက်သွားသည့်ဘက်သို့ စိုက်ကြည့်ရင်း မေးလိုက်လေသည်။
“လူတိုင်းဆီမှာ တန်ကြေးဆိုတာ ရှိပြီးသား။ ဒုတိယသခင်လေး တတ်နိုင်လား မတတ်နိုင်ဘူးလား ဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်”
“လူအိုကြီးကျိပြောတာ အမှန်ပဲ” လူငယ်လေးက ယဲ့ယဲ့လေး ပြုံးလျက် “အဲ့လိုဆိုမှတော့ သူဘာလိုချင်လဲ စုံစမ်းကြည့်ရမှာပေါ့။ ခရမ်းကြယ်ရဲ့ တတိယခေါင်ချုပ်ဆိုတာ လျှော့တွက်လို့ရတဲ့ အင်အား မဟုတ်ဘူး။ ကျုပ်သူ့ကို ရအောင် ဆွဲခေါ်ရမယ်”
ပြောပြီးသည့်နောက် လူငယ်လေးသည် လက်သီးကို တင်းတင်း ဆုပ်လိုက်လေသည်။ ခရမ်းရောင်ဆံပင်များသည် လေမတိုက်ဘဲနှင့် အလိုလို လွင့်ပျံလာခဲ့လေသည်။
လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းသို့ ပြန်ရောက်လာသည့်အခါ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
အဖွဲ့အစည်းထဲတွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ရောက်နေကြောင်း တွေ့လိုက်ရသည်။ ထိုလူ မည်သူမှန်း သူမသိ၊ လျူထျန်ဖုန်း မဟုတ်သည်မှာတော့ သေချာပေသည်။ ထိုလူ၏ အရှိန်အဝါသည် လျူထျန်ဖုန်း၏ အရှိန်အဝါနှင့် လုံးဝ မတူညီပေ။
ရန်ကိုင်တို့ ပြန်ရောက်လာသည်ကို မြင်သော် ကောင်းဟုန်သည် စံအိမ်ထဲမှ အမြန် ပြေးထွက်လာပြီး စိုးရိမ်တကြီး လာနှုတ်ဆက်လေသည်။
“ညီမဟုန် ဘာဖြစ်လို့လဲ” ဟွာရို့မုန်သည် ကောင်းဟုန်အား မယုံသင်္ကာအကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။
ကောင်းဟုန်သည် ရန်ကိုင်အားကြည့်ရင်း ပြန်ပြောလိုက်၏ “ရှစ်ယောက်မြောက်အကြီးအကဲ… ဆရာ့ကို စောင့်နေပါတယ်”
“ရှစ်ယောက်မြောက်အကြီးအကဲ” ဟွာရို့မုန် ခေါင်းတစ်ခုလုံး ချာချာလည်ထွက်သွားပြီး လဲကျလုမတတ် ဖြစ်သွားခဲ့သည်။ ထို့နောက် ရန်ကိုင်အား စိုးရိမ်တကြီး လှမ်းကြည့်လိုက်လေသည်။
ရန်ကိုင် စရောက်သည့်အချိန်မှစ၍ ခရမ်းကြယ်မြို့၏ နာမည်ကျော် ပုဂ္ဂိုလ်များသည် သူမတို့ အဖွဲ့အစည်းဆီသို့ တစ်ယောက်ပြီးတစ်ယောက် လာရောက် လည်ပတ်နေကြရာ သူမကိုယ်သူမ စိတ်ကူးယဉ်အိမ်မက်တစ်ခုထဲသို့များ ရောက်နေသလားဟုပင် ဟွာရို့မုန် ခံစားလာခဲ့ရသည်။
ဘာမှမဟုတ်သော လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းတစ်ခုသည် ဧရာမတွင်းနက်ကြီးတစ်ခုနှယ် ထိုအားကောင်းသော ပညာရှင်များကို တစ်ဦးပြီးတစ်ဦး ဆွဲခေါ်နေသည့်နှယ်။
ဟွာရို့မုန် စိုးရိမ်နေသည်မှာ ထိုရောက်လာသည့် လူအားလုံးသည် သူမတို့ အဖွဲ့အစည်းကို လက်တစ်ချောင်းနှင့်ပင် ဖျက်စီးနိုင်ကြသူများ ဖြစ်နေခြင်းပင်။ ပိုဆိုးသည်ကား ရှစ်ယောက်မြောက် အကြီးအကဲဆိုသူသည် အစောပိုင်းက သူတို့နှင့် ပြဿနာ တက်ခဲ့သော ကျန်းချောင်၏ ဘိုးဘေးဖြစ်သည်။ ရှစ်ယောက်မြောက်အကြီးအကဲ သူတို့ အဖွဲ့အစည်းသို့ ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာသည်မှာ အစောပိုင်းက ကိစ္စနှင့် ကျိန်းသေ ပက်သက်နေရပေလိမ့်မည်။
ဟွာရို့မုန်လည်း ထိတ်ထိတ်လန့်လန့် ဖြစ်လာနောက် ရန်ကိုင်ဆီသို့ အားကိုးတကြီး လှည့်လိုက်လေသည် “ဆရာ”
ရန်ကိုင်က မျက်မှောင်ကြုတ်၍သာ ပြန်ပြောလိုက်လေသည် “ကျုပ်တစ်ချက် သွားကြည့်လိုက်မယ်”
ခေါင်ချုပ်တံဆိပ်ပြားကို ထုတ်သုံးလိုက်ကတည်းက ပြဿနာပေါင်းစုံ တက်လိမ့်မည်မှန်း သိထားသော်လည်း ဤမျှ မြန်မြန်ကြီး တက်လိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။
ခရမ်းကြယ်၏ ရှစ်ယောက်မြောက်အကြီးအကဲကို တစ်ခါမှ မတွေ့ဖူးသော်ငြား ထိုလူသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်မည်မှန်း ရန်ကိုင် သိနေသည်။ ထိုလူ ဘာကြောင့် ရောက်နေမှန်းကိုသာ မသိခြင်းဖြစ်သည်။ အနည်းဆုံးတော့ ကျန်းချောင် ကိစ္စနှင့် ဘာမှမဆိုင်မှန်းတော့ သိသည်။ အကြောင်းမှာ ရှစ်ယောက်မြောက်အကြီးအကဲ ရောက်လာသည်မှာ အလွန် မြန်သည့် အတွက်ကြောင့် ဖြစ်သည်။ သူ့ကဲ့သို့ ရာထူးရာခံ ပုဂ္ဂိုလ်တစ်ဦးသည် ကျန်းချောင်ကြောင့် မည်သို့မှ ချက်ချင်း ဖင်ထိုင်ရာမှ ကြွလာလိမ့်မည် မဟုတ်ပေ။ အခြား အကြောင်းအရင်း တစ်ခုကြောင့် ရောက်လာခြင်းသာ ဖြစ်ပေလိမ့်မည်။
ခြံနောက်ဘက်တွင် မျက်နှာဖြူ လူအိုကြီးတစ်ဦးသည် မှုန်ကုတ်ကုတ် အမူအရာဖြင့် ထိုင်နေခဲ့သည်။ ထိုလူသည် ခရမ်းကြယ်၏ ရှစ်ယောက်မြောက်အကြီးအကဲ ဖြစ်သူ ကျန်းချန်ဖုန်း ဖြစ်ပေသည်။ အနားတွင်မူ ရှကျင်းဝူ၊ ယောင်ချင်း၊ ဟိုင်ထျန်းနှင့် အခြားသူများသည် အားတင်းပြုံးလျက် စိုးရိမ်တကြီး ရပ်နေကြလေသည်။
သူတို့ ဘာလုပ်လို့လုပ်ရမှန်း မသိကြပေ။ သူတို့ တစ်သက် ပညာရှင်များပေါင်း များစွာနှင့် စကားပြောခဲ့ဖူးကြသော်လည်း ရန်ကိုင် မရောက်ခင်ကအထိ မည်သည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှင့်မှ စကားမပြောဖူးချေ။
လျူထျန်ဖုန်းနှင့် စကားပြောခဲ့စဉ်ကလည်း သူတို့ဘက်တွင် ရန်ကိုင် ရှိနေခဲ့ပေသည်။ ထို့အတွက် ဘာမှသိပ်စိတ်ပူစရာ မလိုခဲ့။ ထို့အပြင် လျူထျန်ဖုန်းသည် ရှစ်ယောက်မြောက် အကြီးအကဲလောက် အဆင့်အတန်း မြင့်သူမဟုတ်။
ရှစ်ယောက်မြောက်အကြီးအကဲသည် လျူထျန်ဖုန်းထက် အများကြီး ပိုအဆင့်အတန်း မြင့်၏။ ပိုဆိုးသည်မှာ ရှစ်ယောက်မြောက်အကြီးအကဲသည် ယနေ့တွင် သိပ်စိတ်မကြည်ခြင်း ဖြစ်သည်။ ခြောက်ခြားဖွယ်ရာ အရှိန်အဝါသည် ရောက်ကတည်းက သူ့ဆီမှ တောက်လျှောက် ဖြာထွက်နေခဲ့၏။ ထို့အတွက်ကြောင့် ရှကျင်းဝူတို့မှာ အလွန်ကိုမှ ထိတ်လန့် တုန်လှုပ်နေကြရလေသည်။
“ဒါကို ရေနွေးကြမ်းလို့ ခေါ်တာလား” ကျန်းချန်ဖုန်းသည် ရေနွေးကြမ်းတစ်ငုံ မော့သောက်လိုက်ပြီးနောက် ဒေါသတကြီး ရေနွေးခွက်ကို ပစ်ပေါက်လျက် အော်ဟစ်ကျိန်းမောင်းလေသည် “မင်းတို့ကောင်တွေက တကယ် သတ္တိရှိနေတာပဲ။ ငါလို အကြီးအကဲ ရောက်လာတာတောင် ဒီလို ရေနွေးကြမ်းနဲ့ ဧည့်ခံရဲတယ်။ မင်းတို့ငါ့ကို လုံးဝ မျက်လုံးထဲ မထည့်တော့တာလား”
ရှကျင်းဝူနှင့် အခြားသူများသည် ချက်ချင်းပဲ ဒူးထောက်၍ တုန်တုန်ရီရီဖြင့် ပြန်ပြောလိုက်လေသည် “ရှစ်ယောက်မြောက် အကြီးအကဲ ကျေးဇူးပြုပြီး နားလည်ပေးပါ။ ကျုပ်တို့ ရှစ်ယောက်မြောက် အကြီးအကဲကို ဂရုမစိုက်တာ မဟုတ်ပါဘူး။ ဒီရေနွေးကြမ်းက ကျုပ်တို့မှာ အကောင်းဆုံး ရေနွေးကြမ်းမို့လို့ပါ”
“အကောင်းဆုံး… ဟုတ်လား။ ဒီလောက် စုတ်ပြတ်နေတာက အကောင်းဆုံး…” ကျန်းချန်ဖုန်းသည် အေးစက်စက် အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။
ရှစ်ယောက်မြောက် အကြီးအကဲကဲ့သို့ လူတစ်ယောက် နေစဉ် သောက်နေသည့် ရေနွေးကြမ်းကို သူတို့ အဖွဲ့အစည်းလေးတွင် ရှိသည့် ရေနွေးကြမ်းက မည်သို့များ ယှဉ်နိုင်ပါ့မည်နည်း… ရှကျင်းဝူ ခါးသက်စွာပြုံးရင်း တွေးလိုက်လေသည်။
ဤတောင်မြူခိုးရေနွေးကြမ်းသည် သူတို့အတွက် အလွန်ကိုမှ တန်ဖိုးကြီးသော်ငြား ရှစ်ယောက်မြောက်အကြီးအကဲကမူ အမှိုက်လောက်တောင် အသုံးမဝင်ဟု ပြောသွားခဲ့သည်။
ဟိုင်ထျန်းနှင့် ယောင်ချင်းသည်လည်း မြေကြီးပေါ် မှောက်ကျနေသော ရေနွေးကြမ်းကိုကြည့်ရင်း ခါးသက်စွာ ပြုံးလိုက်ကြသည်။ ဤရေနွေးကြမ်းသည် သူတို့ပင် မသောက်ရက်ဘဲ ဧည့်သည်များ ရောက်လာလျှင် ဧည်ခံရန် အတွက်ဆိုတာ အထူးတလည် သိမ်းဆည်းထားသည့် ရေနွေးကြမ်း ဖြစ်သည်။
“ကျေးဇူးပြုပြီး စိတ်လျှော့ပေးပါဆရာ။ ဆရာ မကျေနပ်ရင် ကျုပ်အခုပဲ ပိုကောင်းတဲ့ ရေနွေးကြမ်းကို သွားဝယ်လိုက်ပါမယ်” ရှကျင်းဝူက အလျင်အမြန် ပြောလိုက်သည်။
ကျန်းချန်ဖုန်းက သုန်မှုန်စွာဖြင့် “ငါမင်းတို့ဆီကို ရေးနွေကြမ်းသောက်ဖို့ လာတယ် ထင်နေတာလား။ ငါရှာနေတဲ့လူ ဘယ်မှာလဲ။ သူရောက်ဖို့ ငါဘယ်လောက်ကြာအောင် ထိုင်စောင့်နေရဦးမှာလဲ”
‘ဒါက…” ရှကျင်းဝူသည် တံခါးပေါက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ သို့သော် တစ်ယောက်ကိုမှ မတွေ့လိုက်ရသည့်နောက် ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်၍ ပြောလိုက်လေသည် “အဲ့ဆရာက ခေါင်းဆောင်နဲ့ မနက်စောစောက ထွက်သွားတာပါ။ သူတို့ ဘယ်ထွက်သွားလဲ ဆိုတာတော့ ကျုပ်တို့လည်း မသိရပါဘူး”
“ဒါဆို ဘာလို့ သူတို့ကို သွားမရှာသေးတာလဲကွ” ကျန်းချန်ဖုန်းသည် စိတ်မရှည်ဖြစ်လာကာ သူ့အရှိန်အဝါကို ထုတ်လွှတ်၍ပင် အော်ပြောတော့လေသည် “ငါမင်းတို့ကို အမွှေးတိုင်တစ်ချောင်းစာ အချိန်ပေးမယ်။ အဲ့အချိန်တွင်းမှာမှ မရှာနိုင်ဘူးဆိုရင်တော့…”
“မရှာနိုင်ရင် ဘာဖြစ်လဲ” ကျန်းချန်ဖုန်း စကားမဆုံးသေးခင်မှာပဲ လူတစ်ယောက်က ဖြတ်ပြောလိုက်၏။ ထိုအသံကို ပေါ်လာပြီး မကြာခင်မှာပဲ ရှကျင်းဝူတို့ရှေ့ လူတစ်ဦး ရုတ်တရက် ပေါ်လာခဲ့လေသည်။ ထိုလူသည် သူ့အရှိန်အဝါကို ထုတ်လွှတ်၍ ရှကျင်းဝူတို့ ခံစားနေရသည့် ဖိအားကို ချေဖျက်ပေးလိုက်လေသည်။
“ဆရာ” ရှကျင်းဝူနှင့် အခြားသူများသည် ရန်ကိုင်အား ဝမ်းသာတကြီး ကြည့်လိုက်ကြလေသည် “ဆရာတို့ ပြန်လာပြီပေါ့”
ယခုမှပဲ ယောင်ချင်းနှင့် ဟိုင်ထျန်းတို့ စိတ်အေးနိုင်ကြတော့သည်။
ရန်ကိုင်သည် လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်၏။ ရှကျင်းဝူတို့ အခြေအနေကို မြင်ပြီးနောက် ဒေါသရိပ်တို့ သူ့မျက်နှာထက် ဖြတ်ပြေးသွားခဲ့၏။ အကုန်လုံးက ပြန်ထူမပေးလိုက်ပြီးနောက် ပြောလိုက်လေသည် “မင်းတို့ ထွက်သွားနှင့်လိုက်”
“ဟုတ်ကဲ့” ရှကျင်းဝူတို့မှာတော့ တစ်ချက်ကလေးပင် မကန့်အကွက်ဘဲ ချက်ချင်းပဲ ထိုအခန်းထဲမှ အလျင်အမြန် ပြေးထွက်လာခဲ့ကြလေသည်။
အကုန်လုံး ထွက်သွားပြီးနောက် ရန်ကိုင်သည် ကျန်းချန်ဖုန်းအား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်၍ “အကြီးအကဲကတော့ တကယ်ကို အထက်စီးဆန်တာပဲနော်”
ကျန်းချန်ဖုန်းသည် မျက်မှောင်ကြုတ်၍ ရန်ကိုင်အား စိုက်ကြည့်လိုက်သည်။ ထို့နောက် ရန်ကိုင်၏ ကျင့်ကြံခြင်းကို စစ်ဆေးကြည့်ရန် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်၏။ သို့သော်လည်း ရန်ကိုင်၏ ကျင့်ကြံခြင်းကို မမြင်နိုင်ကြောင်း တွေ့ရှိလိုက်ရလေသည်။
သို့ရာတွင် သူ့ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းရန် လုပ်လိုက်သည့်အခါ ထိုသို့ မလုပ်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ ရန်ကိုင်၏ ခန္ဓာကိုယ်သည် တွင်းနက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့်အလား သူ့ကောင်းကင်စိတ်အာရုံကို ပြန်ဆုတ်မရအောင် ဆွဲယူထားခဲ့လေသည်။
ကျန်းချန်ဖုန်း ထိတ်လန့်သွားပြီး ချက်ချင်းပဲ သူ့ကောင်းကင်စိတ်အာရုံကို အသည်းအသန် ပြန်ရုတ်သိမ်းလေး၏။ သို့ရာတွင် ထိုစဉ် သူ့ကောင်းကင်စိတ်အာရုံကို ဆုတ်မရအောင် လုပ်ထားသော ဆွဲအားမှာ ရုတ်တရက်ကြီး ပြောင်းကွယ်သွားခဲ့လေသည်။
ကြိုးတစ်ချောင်းကို လူနှစ်ဦးမှ ပြိုင်တူ ဆွဲနေကြစဉ် တစ်ဦးမှ ရုတ်တရက် လွှတ်လိုက်သည့်အခါ ကျန်တစ်ဦးသည် အရှိန်ကြောင့် နောက်သို့ ယိုင်လဲကျသွားသလို ရန်ကိုင်မှ သူ့ကောင်းကင်စိတ်အာရုံကို ရုတ်တရက် ကောက်လွှတ်ပေးလိုက်သည့် အခါ အတင်းအကြပ် ဆွဲအားကြောင့် ကျန်းချန်ဖုန်း၏ အသိစိတ်ပင်လယ်တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားခဲ့လေသည်။
တစ်ချိန်တည်းတွင် ကျန်းချန်ဖုန်း ကိုယ်တိုင်မှာလည်း ဒယီးဒယိုင် ဖြစ်သွားခဲ့ရလေသည်။ ရန်ကိုင်ကမူ သူ့အား လှောင်ပြုံးပြုံး၍သာ စိုက်ကြည့်နေခဲ့သည်။
ရန်ကိုင်၏ အပြုံးကို ကြည့်ရင်း ကျန်းချန်ဖုန်း ရှက်သွားခဲ့လေသည်။ သံပြားကိုမှ သွားရွေးကန်လိုက်မိပြီမှန်း ကျန်ချန်ဖုန်း နားလည်လိုက်လေသည်။ သို့သော်လည်း ဒေါသစိတ်က ပိုများနေသဖြင့် ပြန်အထွန့်တက်လေ၏ “ရောင်းရင်း၊ မင်းဒါသဘောလဲ”
“ဘာသဘောလို့ထင်လဲ” ရန်ကိုင်က ပြန်မေးလိုက်၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၅၄)
ရန်ကိုင် သူ့အား နည်းနည်းလေးမှ မျက်နှာသာမပေးသည်ကို မြင်သော် ကျန်းချန်ဖုန်း ဒေါသထွက်သွားခဲ့သည်။ သို့ရာတွင် တစ်ကြိမ် ခံရပြီးသွားပြီဖြစ်သဖြင့် နောက်တစ်ကြိမ် သွားထပ်မစမ်းရဲတော့။
အသက်ပြင်းပြင်း ရှူသွင်း၍သာ စိတ်ကို ငြိမ်အောင်လုပ်ပြီးတော့သာ ပြန်ပြောလိုက်သည် “ရောင်းရင်းက ခရမ်းကြယ်ရဲ့ တတိယခေါင်ချုပ်လား”
ရန်ကိုင်သည် ကျန်းချန်ဖုန်းအား တစ်ချက်သာကြည့်ပြီး ဘာမှပြန်မပြောဘဲ ရေနွေးကြမ်းအိုးဆီသို့ လျှောက်သွားလိုက်၏။ ထို့နောက် ရေနွေးကြမ်းတစ်ခွက် ငှဲ့သောက်လျက် ကျေနပ်နေသည့် အမူအရာဖြင့် ရေရွတ်လိုက်လေသည် “ရေနွေးကြမ်းကောင်းပဲ”
ကျန်းချန်ဖုန်း၏ မျက်နှာအိုကြီး မဲ့သွားခဲ့သည်။ သူအစောပိုင်းက ပြောခဲ့သည့် စကားအတွက် ရန်ကိုင် တမင်သက်သက် ပြန်လုပ်နေသည်မှန်း သိနေသည်။ သူပြောသည့် စကားကို တစ်ဖက်လူမှ လုံးဝ အဖက်မလုပ်သည်ကို မြင်သော် ကျန်းချန်ဖုန်း ပြန်ဒေါသထွက်လာခဲ့လေသည်။ မည်သို့ပင် ဆိုစေကာမူ၊ သူသည်လည်း တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူသွားသည့်နေရာတိုင်း အမြဲ တလေးတစားနှင့် ဆက်ဆံခံရသည်။ မည်သူမှ သူ့အား ဤသို့ မလေးမစားမလုပ်ကြ။ နောက်ဆုံး မထိန်းနိုင်တော့သည့်အဆုံး ကျန်းချန်ဖုန်းက အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည် “ငါက ခရမ်းကြယ်ရဲ့ ရှစ်ယောက်မြောက်အကြီးအကဲပဲ။ ရောင်းရင်းက ခရမ်းကြယ်ရဲ့ တတိယခေါင်းချုပ် ဟုတ်မဟုတ် သိလို့ရမလား”
ရန်ကိုင်သည် နားလေးစွင့်ပြလျက် ကောက်ထိုင်ကာ ကျန်းချန်ဖုန်းအား တည့်တည့်စိုက်ကြည့်ရင်း အထက်စီးလေသံဖြင့် ပြောလိုက်လေသည် “သက်ကြားအိုကြီး၊ ခင်ဗျားက ဘာမို့လို့ ကျုပ်ရှေ့မှာ ခင်ဗျားကိုယ်ခင်ဗျား ငါလို့ လာသုံးနေတာ။ ပြီးတော့ ဘာလို့ ကျုပ်ကို ရောင်းရင်းလို့ လာခေါ်နေတာလဲ”
“မင်း…” ကျန်းချန်ဖုန်း၏ ခန္ဓာကိုယ် ဒေါသကြောင့် တဆတ်ဆတ် တုန်ရီလာခဲ့လေသည်။
ရန်ကိုင်ကမူ နှာခေါင်းသာရှုံ့လျက် “ဒီဘုရင်က ခရမ်းကြယ်ရဲ့ တတိယခေါင်ချုပ်မှန်း ခင်ဗျား သိနေပြီးသားမလား။ အဲ့ဒါကို မလေးမစား လာလုပ်နေတယ်ဆိုတော့ ခင်ဗျား အသက်ရှင်ရတာ ငြီးငွေ့နေတာလား”
စကားပြောနေရသည့်လူမှာ ကျန်းချန်ဖုန်း ဖြစ်နေသည့်အတွက် ရန်ကိုင်လည်း နည်းနည်းလေးမှ သဘောကောင်းပြမနေတော့ချေ။ ရှေ့နွားက ဖြောင့်ဖြောင့်မသွားမှဖြင့် နောက်နွားကလည်း ကောက်ကောက် သွားနေသည်မှာ အထူးအဆန်းတော့ မဟုတ်။ အကြီးအကဲဖြစ်သူ ကိုယ်တိုင်က လူကောင်းမဟုတ်လေရာ ကျန်းချောင် ဆိုသည့်ကောင် လူညစ်တစ်ယောက် ဖြစ်နေသည်မှာလည်း သဘာဝသာ ဖြစ်ပေသည်။
ရှကျင်းဝူနှင့် အခြားသူများ နိုင်ထက်စီးနင်း ဆက်ဆံခံနေရသည်ကို မြင်ပြီးနောက် ရန်ကိုင် ကျန်းချန်ဖုန်းကို ပိုအမြင်ကတ်သွားခဲ့လေသည်။
လမ်းကြောင်းငါးသွယ်အဖွဲ့အစည်းမှ လူများ ယခုကဲ့သို့ ဖြစ်ရခြင်းမှာ သူ့ကြောင့် ဖြစ်လေရာ ရန်ကိုင် အနေဖြင့် သူတို့ ကိုယ်စား ကောင်းကောင်း အကြွေးပြန်တောင်းပေရပေမည်။
ခရမ်းကြယ်အမိန့်တော်ကို ကိုင်ဆိုင်ထားသူများသည် ခရမ်းကြယ်၏ ခေါင်ချုပ်များ ဖြစ်ကြပေသည်။ ခေါင်းချုပ် ရာထူးရာခံများသည် ခရမ်းကြယ်၏ ထိပ်တန်းအကြီးအကဲ သုံးဦးနှင့် ယှဉ်နိုင်သူများ ဖြစ်ကြသည်။ ကျန်းချန်ဖုန်းမှာတော့ ရှစ်ယောက်မြောက် အကြီးအကဲသာ ဖြစ်သည်။ အဆင့်အတန်းအရ သူသည် ရန်ကိုင်အောက်တွင် ရှိနေပေသည်။
ထို့ကြောင့် ရန်ကိုင်မှ စကားလုံးကြမ်းကြမ်းများသုံးလျက် ပြောနေသည့်တိုင် ကျန်းချန်ဖုန်းမှာတော့ သည်းခံနေရုံသာ တတ်နိုင်၏။
အသက်ပြင်းပြင်းတစ်ချက်ရှူသွင်း၍ ဒေါသကို ဖိနှိပ်လိုက်ပြီးနောက် ကျန်းချန်ဖုန်းသည် မျက်လုံးမှေးစဉ်းလျက် ပြန်ပြောလိုက်လေသည် “လူကြီးမင်းက ခေါင်းချုပ်လို့ ပြောရုံနဲ့ ခေါင်းချုပ် မဖြစ်ဘူ။ ဂိုဏ်းချုပ်ကိုယ်တိုင် ချီးမြှင့်တဲ့ ခေါင်ချုပ် တံဆိပ်ပြားရှိမှပဲ ခေါင်ချုပ်ဖြစ်နိုင်တာ။ ဒီလူအိုကြီး သိသလောက်ဆို အခုအချိန်ထိ ခေါင်ချုပ် တံဆိပ်ပြားကို လူနှစ်ဦးဆီပဲ ဂိုဏ်းချုပ် ပေးဖူးသေးတယ်။ လူကြီးမင်းက အဲ့လူ နှစ်ယောက်ထဲက မဟုတ်ဘူး”
ရန်ကိုင်သည် ကျန်းချန်ဖုန်းအား ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် ခရမ်းကြယ်အမိန့်တော် တံဆိပ်ပြားကို ထုတ်၍ ကျန်းချန်ဖုန်းဆီ ပစ်ပေးလိုက်ပြီး အထက်စီးလေသံဖြင့် ပြောလိုက်လေသည် “ရော့ဒီမှာ၊ ခေါင်ချုပ် တံဆိပ်ပြား ဟုတ်မဟုတ် ခင်ဗျားရဲ့ ခွေးမျက်လုံးကိုပြူးပြီး သေချာ ကြည့်ကြည့်လိုက်”
ကျန်းချန်ဖုန်းသည် ခေါင်ချုပ်တံဆိပ်ပြားကို အလျင်စလို လှမ်းဖမ်းလိုက်ပြီး သေချာ စစ်ဆေးလေသည်။ စစ်ဆေးပြီးနောက် မျက်မှောင်ကြုတ်၍ “တံဆိပ်ပြားကတော့ အစစ်ပဲ။ ဒါပေမယ့် တတိယခေါင်းချုပ် အကြောင်းကို ဂိုဏ်းချုပ် ဘာလို့ တစ်ခါမှ မပြောဖူးတာလဲ။ ဂိုဏ်းချုပ် ဒီတံဆိပ်ပြားကို လူကြီးမင်းဆီ ဘယ်တုန်းက ပေးခဲ့တာလဲ”
“အဲ့ဒါ ခင်ဗျားကိစ္စလား” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ဘာလဲ။ ခင်ဗျားတို့ ဂိုဏ်းချုပ်က သူလုပ်သမျှ ကိစ္စတိုင်းကို ရှစ်ယောက်မြောက် အကြီးအကဲဆီ တင်ပြပေးနေရဦးမှာလား”
ကျန်းချန်ဖုန်းက ပျာသလဲလဲဖြင့် ပြန်ငြင်းဆိုလေသည် “ဘယ်လိုလုပ်ပြီး အဲ့လို ဟုတ်ရမှာလဲ။ ဂိုဏ်းချုပ် ဘာလုပ်လုပ် ဒီကျန်း မေးခွန်းထုတ်ခွင့်မရှိပါဘူး”
“အဲ့ဒါဆို ခင်းဗျားရဲ့ သောက်ပါးစပ်ကြီးကို ပိတ်ထားလိုက်တော့”
ကျန်းချန်ဖုန်း၏ အမူအရာ အမျိုးမျိုး ပြောင်းလဲသွား၏။ သို့ရာတွင် နောက်ဆုံးတွင် ဒေါသကိုမျိုသိပ်လျက် ခေါင်ချုပ်တံဆိပ်ပြားကို ဆုပ်ကိုင်လျက် ရန်ကိုင်ဆီသို့ လျှောက်သွားပြီး ပြောလိုက်လေသည် “တံဆိပ်ပြားက အစစ်ပါပဲ။ လူကြီးမင်းက တတိယခေါင်ချုပ်မှန်း သေချာသွားပြီ။ အစောပိုင်းက မသိလိုက်မိလို့ ရိုင်းပြသလို ဖြစ်သွာတာအတွက် တတိယခေါင်ချုပ်ကို တောင်းပန်ပါတယ်”
ရန်ကိုင်သည် ကျန်းချန်ဖုန်းအား တစ်ချက်သာ စောင့်ကြည့်လိုက်ပြီး ရေနွေးကြမ်းကိုသာ ဆက်သောက်နေခဲ့သည်။ ခဏအကြာ၌ လည်ချောင်းရှင်း၍ ပြောလိုက်၏ “မင်းတို့ ခေါင်ချုပ် တံဆိပ်ပြားကို ဒီဘုရင် လိုချင်နေတယ် ထင်လို့လား။ ကျိလုန်က ယူပါလို့ အတင်းထိုးပေးနေလို့သာ ယူလိုက်ရတာ။ မဟုတ်ရင် လှည့တောင် ကြည့်မှာမဟုတ်ဘူး”
ကျန်းချန်ဖုန်းသည် ရန်ကိုင်အား ပါးစပ်အဟောင်းသားဖြင့် ကြည့်လိုက်သည်။ ရန်ကိုင် ဖီးဖြန်းပြီး လေလုံးထွားနေခြင်းလား၊ သို့မဟုတ် တကယ် ပြောနေခြင်းလား ဆိုသည်ကိုတော့ သူမသိ။ အတည်ပြုပေးမည့် လူမှမရှိလေဘဲ။
သို့ရာတွင် မည်သို့ပင် ဖြစ်နေစေကာမူ၊ ခေါင်ချုပ် တံဆိပ်ပြားသည် သူကိုင်ထားသင့်သည့် အရာတစ်ခု မဟုတ်ပေ။ ရန်ကိုင်ကမူ ပြန်မယူသည့်အတွက် သူ့ဘာသ စားပွဲခုံပေါ် သွားတင်ထားလိုက်လေသည်။
“ရှစ်ယောက်မြောက်အကြီးအကဲ ရောက်လာတာ ဒီဘုရင် တတိယခေါင်ချုပ်ဟုတ်မဟုတ် စစ်ဆေးဖို့မလား” ရန်ကိုင်က လက်ဖက်ခြောက်ဖက်ကို ထွေးထုတ်ရင်း မေးလိုက်၏။
ကျန်းချန်ဖုန်း ရင်တုန်သွားခဲ့သည်။ လာရင်း ရည်ရွယ်ချက်ကို ပြန်မှတ်မိလိုက်သော် အလျင်အမြန်ပဲ ပြန်ပြောလိုက်လေသည် “ကျေးဇူးပြုပြီး နားလည်ပေးပါ ခေါင်ချုပ်။ ဒီကျန်းက အကြီးအကဲချုပ်ရဲ့ အမိန့်နဲ့ ရောက်လာခဲ့တာပါ”
“အကြီးအကဲချုပ်လား” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။
“ဟုတ်ပါတယ်။ ကျုပ်တို့ ခရမ်းကြယ်မှာ ခေါင်ချုပ်အသစ် တစ်ဦး ထပ်ရှိလာတဲ့အတွက် အကြီးအကဲချုပ်က အရမ်း ကျေနပ်ဝမ်းသာနေတာပါ။ ဒါကြောင့် ခေါင်ချုပ်ကို စကားပြောဖို့ အတွင်းမြို့ဆီလာဖို့ ဒီကျန်းကို လာဖိတ်ခေါ်ခိုင်းလိုက်တာပါ”
“စိတ်မဝင်စားဘူး” ရန်ကိုင်က အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်သည်။
“အန်” ကျန်းချန်ဖုန်းသည် မှင်သက်နေသည့် အမူအရာဖြင့် ရန်ကိုင်အား အံ့ဩတကြီး ကြည့်လိုက်သည်။
“ခင်ဗျား နားမလည်တာလား။ ကျုပ်စိတ်မဝင်စားဘူးလို့ ပြောနေတယ်။ ခင်ဗျား သွားလိုက်တော့”
ကျန်းချန်ဖုန်း တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွဲလာခဲ့ပြီး ချက်ချင်း အလျင်စလို ပြန်ပြောလိုက်လေသည် “ခေါင်ချုပ်၊ ဒီကျန်းက အကြီးအကဲချုပ်ကိုယ်စား လာဖိတ်ခေါ်တာပါ”
“အဲ့တော့ ဘာဖြစ်လဲ’
အဲ့တော့ ဘာဖြစ်လဲ ဟုတ်လား ခေါင်ချုပ်သစ် သူ့အား နည်းနည်းလေးမှ မျက်နှာသာမပေးသည်မှာ ဒီလောက်ကြီးလည်း မဟုတ်ပါလားဟု ကျန်းချန်ဖုန်း ရုတ်တရက် တွေးမိသွားသည်။ ခေါင်းချုပ်သစ်သည် အကြီးအကဲချုပ်ကိုပင် မျက်နှာသာ မပေးလေရာ မည်သို့များ သူ့ကဲ့သို့ ရှစ်ယောက်မြောက် အကြီးအကဲကို မျက်နှာသာပေးပါမည်နည်း။
ယခုမှပဲ ကျန်းချန်ဖုန်းစိတ်ထဲ နည်းနည်း စိတ်ပြေသွားတော့၏။
သို့သော်လည်း တစ်ဖက်က ပေးထားသည့် အမိန့် ရှိနေသဖြင့် ဤအတိုင်း ပြန်ထွက်သွား၍ မဖြစ်ပြန်။ ထို့ကြောင့် မျက်မှောင်ကြုတ်၍သာ အလေးအနက် အမူအရာဖြင့် ပြောလိုက်၏ “ခေါင်ချုပ်၊ ဂိုဏ်းချုပ်က အခု ဂိုဏ်းမှာမရှိတော့ ခရမ်းကြယ်မြို့ရဲ့ ကိစ္စအဝဝကို အကြီးအကဲချုပ်ကပဲ စီမံနေတာပါ။ ဒီတော့ ခေါင်ချုပ် အနေနဲ့ အကြီးအကဲချုပ် ဖိတ်ခေါ်တာကို ငြင်းဆန်တာက သိပ်ပြီး မသင့်တော်ဘူးလို့ ထင်ပါတယ်”
“ဘယ်လိုမသင့်တာလဲ” ရန်ကိုင်က ပြုံးလျက် ပြန်မေးလိုက်၏။
“အဲ့ဒါက…” ကျန်းချန်ဖုန်း ပြောစရာစကား ပျောက်ရှသွားခဲ့လေသည်။ ရန်ကိုင် တမင်သက်သက် အူကြောင်ကြောင် လုပ်နေသလားဟုပင် ထင်မိလာလေသည်။ အကြီးအကဲချုပ်ကို မျက်နှာသာ မပေးသည်မှာ မသင့်တော်တာ မဟုတ်လို့ ဘာဖြစ်ရလေမလဲ။
ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “ဒီဘုရင်က ခရမ်းကြယ်ရဲ့ ခေါင်ချုပ်၊ မင်းတို့ လက်အောက်ငယ်သား မဟုတ်ဘူး။ အကြီးအကဲချုပ် မပြောနဲ့၊ ကျိလုန် ဆိုရင်တောင် သူကိုယ်တိုင် လာတွေ့မှပဲရမယ်။ သူတောင်းဆိုချင်တာရှိရင် ဒီဘုရင်ဆီလာပြီး ဒီဘုရင်ရဲ့ ခွင့်ပြုချက်ကို လာယူလိုက်။ ကျုပ်ကို ဟိုလာပါ၊ ဒီလာပါဆိုပြီး ထိုင်အမိန့်ပေးမနေနဲ့။ အခု ပြန်သွားပြီး ကုန်းစွန်းလျန်ကို ပြောလိုက်။ ဒီဘုရင်ကို တွေ့ချင်ရင် ကိုယ်တိုင်လာခဲ့လို့။ ဒီဘုရင်မှာ သူပေါက်ပေါက် ထိုင်ဖောက်နေမှာကို နားထောင်နေဖို့ အချိန်မရှိဘူးလို့”
ကုန်းစွန်းလျန်သည် ခရမ်းကြယ်၏ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူဖြစ်သည့် အကြီးအကဲချုပ် ဖြစ်ပေသည်။
ရန်ကိုင် ပြောသည်ကိုကြားပြီးနောက် ကျန်းချန်ဖုန်း မျက်လုံးပြူးသွားခဲ့လေသည်။ ယခုမှပဲ ခေါင်ချုပ်သစ် မည်မျှ မောက်မာကြောင်း နားလည်သွားတော့လေသည်။ အနည်းငယ် စိတ်မသက်မသာ ဖြစ်မိသော်ငြား စိတ်ထဲ ကြိတ်၍တော့ မဲ့ရယ်ရယ်နေမိလေသည်။
“ထွက်သွားတော့” ကျန်းချန်ဖုန်း ထွက်မသွားသေးသည်ကို မြင်သော် ရန်ကိုင်က စိတ်မရှည်သည့်လေသံဖြင့် အော်ပြောလိုက်လေသည်။ ရန်ကိုင်သည် သူ့အော်သံထဲ ကောင်းကင်စိတ်အာရုံစွမ်းအားကိုပါ ထည့်သွင်းလိုက်သဖြင့် ကျန်းချန်ဖုန်း ဒယီးဒယိုင် ဖြစ်သွားပြီး ကြောက်လန့်တကြား ဖြစ်သွားလေသည်။ အလျင်အမြန်ပဲ ခေါင်းညိတ်၍ “အဲ့လိုဆိုမှတော့ ဒီကျန်း သွားပါတော့မယ်။ ကျေးဇူးပြုပြီး ခွင့်ပြုပေးပါဦး ခေါင်ချုပ်”
ပြောပြီးသည်နှင့် အမြန်ထွက်သွားရန် လုပ်လိုက်လေသည်။
“နေဦး” ရန်ကိုင်က ရုတ်တရက် ပြောလိုက်၏။
ကျန်းချန်ဖုန်း၏ ခြေလှမ်းတို့ ရုတ်တရက် တန့်သွားပြီး ဇဝေဇဝါ အမူအရာဖြင့် ပြန်လှည့်မေးလေသည် “ခေါင်ချုပ် ဘာများ ပြောချင်လို့လဲမသိဘူး”
ရန်ကိုင်က မျက်လုံးမှေးစဉ်းလျက် အေးစက်စက် လေသံဖြင့် “ဒီနေ့မှ ခင်ဗျား ဒီဘုရင်နဲ့ ပထမဆုံးအကြိမ် တွေ့ဖူးတာ။ ပထမဆုံး လုပ်တဲ့အမှားမို့လို့ ခင်ဗျားအမှားအတွက် သူတော်စင်သလင်းကျောက် အချို့ ချန်ထားခဲ့လိုက်။ ပြီးတော့ ပြန်သွားပြီးရင် ကုန်းစွန်းလျန်ကိုပါ ပြောလိုက်၊ နောက်နောင် ဦးနှောက်မပါတဲ့ကောင်တွေ လမ်းကြောင်းငါးသွယ်အဖွဲ့အစည်းကို လာပြဿနာရှာရင် ဒီဘုရင်ကိုယ်တိုင် အတွင်းမြို့ဆီလာပြီး သူနဲ့ စကားပြောရလိမ့်မယ်လို့”
ပြောပြီးနောက် ရန်ကိုင်သည် ကြမ်းကြုတ်စွာ ပြုံးလိုက်လေသည်။
ကျန်းချန်ဖုန်းသည် ရန်ကိုင် ဘာပြောချင်သလဲ ဆိုသည်ကို ခဏကြာမှသာ နားလည်သွားခဲ့သည်။ ထိုအခါ ထူးထူးဆန်းဆန်း အမူအရာဖြင့် ပြန်မေးလိုက်လေသည် “ခေါင်ချုပ်က ဒီကျန်းကို အဲ့လူတွေကို ထိခိုက်အောင် လုပ်ခဲ့အတွက် လျော်ကြေးပေးခိုင်းနေတာလား”
“ဘာလဲ၊ ခင်ဗျားက သူများပိုင်နက်ထဲလာသောင်းကျန်ပြီး ဒီအတိုင်း ထွက်သွားချင်တာလား” ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် “ခင်ဗျား မပေးချင်လည်း ရတယ်လေ။ ရန်ငြိုးရှိရင် ကလဲ့စားရှိတယ်ဆိုတာ ခင်ဗျား ကြားဖူးတယ်မလား။ ခင်ဗျား ဒီဘုရင်ရဲ့ တိုက်ကွက်တစ်ကွက်ကို ခံနိုင်ရင် ထွက်သွားလို့ရပြီ”
ကျန်ချန်ဖုန်း အံ့အားသင့်သွားခဲ့သည်။ ရန်ကိုင်အကြောင်း သိပ်မသိသော်လည်း ရန်ကိုင်သည် မောက်မာသလောက် အလွန်လည်း အားကောင်းသည့်လူတစ်ဦးဖြစ်မှန်း သိပေသည်။ သူသည် တန်ခိုးရှင်ဘုရင်ပထမအဆင့်သာ ရှိသေးသည်။ ရန်ကိုင်၏ တိုက်ကွက်ကို မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ရန်ကိုင်၏ တိုက်ကွက်တစ်ကွက်သည် သူ့အား သတ်နိုင်လိမ့်မည် မဟုတ်သော်ငြား ကျိန်းသေ ဒဏ်ရာရအောင်တော့ လုပ်နိုင်ပေသည်။
ချင့်ချိန်စဉ်းစားကြည့်ပြီးနောက်တွင် ကျန်းချန်ဖုန်းသည် ချက်ချင်းပဲ သိုလှောင်လက်စွပ်ထဲမှ သူတော်စင်သလင်းကျောက် အချို့ကို ထုတ်၍ ဒေါသတကြီး ပြန်ပြောလိုက်လေသည် “ခေါင်ချုပ်က ပြောနေမှတော့ ဒီကျန်းလည်း ဘယ်တတ်နိုင်ပါ့မလဲ။ ခေါင်ချုပ် ပြောတဲ့စကားကို အကြီးအကဲချုပ်ဆီ ဒီကျန်း သေချာ ပြန်ပြောပြလိုက်ပါမယ်”
“အဲ့ဒါ အကောင်းဆုံးပဲ” ရန်ကိုင်ကသည် အကြီးအကဲချုပ်ကို လုံးဝ မကြောက်သည့်အလား ပြန်ပြောလိုက်၏။
ကျန်းချန်ဖုန်းသည် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် လှည့်ထွက်သွားလေသည်။
ကျန်းချန်ဖုန်း ထွက်သွားပြီးနောက် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏။
ခရမ်းကြယ်မြို့ထဲတွင် အားပြိုင်မှုများ ရှိနေကြောင်း ရန်ကိုင် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
ဟွာရို့မုန်နှင့် အပြင်ထွက်တုန်းက ကျန်းချောင်နှင့် ပြဿနာဖြစ်စဉ် တစ်ယောက်ယောက်မှ သူ့အား ကြိတ်၍ ကူညီပေးခဲ့သည်။ ယခု ပြန်ရောက်လာသည့်အခါ သူ့အား အဆင်သင့် စောင့်ကြိုနေသော ကျန်းချန်ဖုန်းကို တွေ့လိုက်ရ၏။
ထိုအဖြစ်အပျက်များသည် ခရမ်းကြယ်မြို့ထဲ အာပြိုင်မှုများ ရှိနေပြီဖြစ်ကြောင်းကို မီးမောင်းထိုးပြနေခဲ့လေသည်။
“ဆရာ…” ဟွာရို့မုန် အထဲသို့ လျှောက်ဝင်လာခဲ့သည်. ရန်ကိုင်သည် ဘာတစ်ခွန်းမှမပြောဘဲ အတော်ကြာအောင် အတွေးနက်နေသည်ကို မြင်သော် လှမ်းအော်ခေါ်လိုက်လေသည်။
“ဘာကိစ္စလဲ” ရန်ကိုင်က ပြန်မေးလိုက်၏။
“ဒီသူတော်စင်သလင်းကျောက်တွေက…” ဟွာရို့မုန်သည် ကြမ်းပြင်ပေါ်တွင် ပြန်ကျဲနေသော သူတော်စင်သလင်းကျောက်များကို လက်ညိုးထိုးပြီး မေးလိုက်၏။ သေချာရေမကြည့်ရသေးသဖြင့် အတိအကျ မသိသော်ငြား အကြမ်းဖျင်းတော့ သုံးသိန်းလောက် ရှိပေသည်။
“ဒါတွေက ရှကျင်းဝူတို့ကို ထိခိုက်အောင် လုပ်ခဲ့တာအတွက် ကျန်းချန်ဖုန်း ပေးသွားခဲ့တာ။ သူတို့ကို ခွဲယူခိုင်းလိုက်” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။
“လျော်ကြေး…” ဟွာရို့မုန် အံ့အားသင့်သွားခဲ့သည်။
“ဟုတ်တယ်။ ခုဏတုန်းက အကြီးအကဲကျန်း ဒေါသ ထွက်ထွက်နဲ့ ပြောလိုက်တာ သူတို့ တော်တော် ကြောက်သွားလောက်တယ်။ အကြီးအကဲကျန်းက သူ့လုပ်ခဲ့တာအတွက် အားနာလို့ဆိုပြီး လျော်ကြေးပေးခဲ့တာ”
ဟွာရို့မုန် ဆွံ့အသွားခဲ့လေသည်။ အကြီးအကဲကျန်း၏ စရိုက်အရ လျော်ကြေးပေးခဲ့သည်မှာတော့ လုံးဝ မဖြစ်နိုင်ပေ။ ရန်ကိုင်မှ မပေးပေးအောင် ဖိအားပေးပြီး တောင်းခဲ့ခြင်းသာ ဖြစ်ရမည်မှန်း ဟွာရို့မုန် တန်းသိလိုက်သည်။ အကြီးအကဲကျန်းလို လူတစ်ဦးသည် သူမတို့ကဲ့သို့သော လူများ သေသည်ရှင်သည်ကို မည်သို့များ ဂရုစိုက်ပါမည်နည်း။
ထိုအချက်ကို နားလည်လိုက်သော် ဟွာရို့မုန်သည် ရန်ကိုင်အား ကျေးဇူးတင်တကြီး ဦးညွှတ်လိုက်လေ၏ “ကျေးဇူးအများကြီးတင်ပါတယ်ဆရာ”
“ဒါနဲ့၊ ခင်ဗျားတို့ ကျုပ်ကို တစ်ခုလောက် လုပ်ပေးလို့ရလား ခေါင်းဆောင်ဟွာ”
“ဆရာ ခိုင်းချင်တာရှိရင် ပြောလိုက်ပါ။ ကျွန်မတို့ တတ်စွမ်းသလောက် ကူညီပေးပါ့မယ်… ပြီးတော့ ဆရာ ကျွန်မကို ခေါင်းဆောင်လို့ ခေါ်နေစရာမလိုပါဘူး… နာမည်အတိုင်း ခေါ်ရင် အဆင်ပြေပါတယ်” ဟွာရို့မုန်က ရျက်ရှက်ဖြင့် ခေါင်းငုံ့၍ ပြောလိုက်လေသည်။
ရန်ကိုင်က ချောင်းဟန့်၍ “အဟန်း၊ အခုတလော ခရမ်းကြယ်မြို့ထဲမှာ ဘာတွေဖြစ်နေလဲ ကျုပ်ခင်ဗျားကို စုံစမ်းခိုင်းချင်လို့။ ခင်ဗျားတို့ အဖွဲ့အစည်းက ဒီမှာ စီးပွားရေး လုပ်လာတာ တော်တော်ကြာပြီဆိုတော့ အဆက်အသွယ်တွေ ရှိမှာပေါ့ ဟုတ်တယ်မလား”
ဟွာရို့မုန်သည် မျက်မှောင်ကြုတ်သွားခဲ့သော်လည်း ဘာမှ ပြန်မပေးမနေဘဲ အလေးအနက်လေသံဖြင့်သာ ပြန်ပြောလိုက်၏ “ဆရာ စိတ်ချထားလိုက်ပါ။ ကျွန်မ သေချာ သွားစုံစမ်းလိုက်ပါမယ်”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၅၅)
ညအချိန်အခါဝယ်… ငွေစန္ဒလမင်းသည် တိမ်စိုင် တိမ်နက်များကြား ပုန်းအောင်းပျောက်ကွယ်နေလျက် ရှိသည်။
လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်း၏ အနောက်ဘက်ခြံဝန်းတစ်နေရာ၌… ရန်ကိုင်သည် တင်ပလင်ခွေ ထိုင်နေရာမှ ရုတ်တရက် မျက်လုံးဖွင့်လာခဲ့သည်။ ထို့နောက် လေဟာနယ်စွမ်းအားကိုသုံး၍ ထိုင်နေရာမှ ထထွက်သွား၏။
ခဏအကြာတွင် အတွင်းမြို့ထဲရှိ မှောင်မည်းနေသည့် နေရာတစ်ခု၌ ပြန်ပေါ်လာခဲ့သည်။
ခရမ်းကြယ်မြို့သို့ ရောက်နေခဲ့သည်မှာ နှစ်ရက်ပင် ရှိနေခဲ့လေပြီ။ လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းနှင့် ပက်သက်သည့် ကိစ္စများကြောင့် နှောင့်နှေးကြန့်ကြာသွားခဲ့သော်ငြား လာရင်း ရွယ်ရွယ်ချက်ကိုတော့ ဘယ်တော့မှ မမေ့ခဲ့ချေ။ ယနေ့တွင် ခရမ်းကြယ်နန်းတော်ထဲသို့ ခိုးဝင်ပြီး ဧကရာဇ်တံဆိပ်ပြားကို ရယူရန် ကြိုးစားပေမည်။
အောင်မြင်သွားခဲ့လျှင် ချက်ချင်း အထုပ်ပြင်ကာ ထွက်သွားတော့ပေမည်။ ခရမ်းကြယ်မြို့ထဲရှိ အားပြိုင်မှုများသည် သူနှင့်ဘာမှ မသက်ဆိုင်ချေ။
လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းကိုတော့ သူနှင့်အတူ တစ်ခါတည်း ခေါ်သွားခဲ့ပေမည်။ သူတို့ဘာသာ ထားခဲ့လိုက်လျှင် ပြဿနာပေါင်းစုံ တက်သွားနိုင်ပေသည်။
ခရမ်းကြယ်မြို့ကို ယေဘုယျအားဖြင့် အတွင်းမြို့နှင့် အပြင်မြို့ဟူ၍ နှစ်ပိုင်းခွဲထား၏။ မည်သည့် ကျင့်ကြံသူမဆို မြို့ဝင်ကြေး ပေးချေနိုင်လျှင် အပြင်မြို့ထဲသို့ ဝင်ခွင့်ရပေသည်။ သို့ရာတွင် အတွင်းမြို့မှာမူကား ခရမ်းကြယ်၏ ကျင့်ကြံသူ အဖွဲ့ဝင်များသည် ဝင်ခွင့်ရှိသည့် နေရာတစ်ခု ဖြစ်သည်။ မိုးမြေစွမ်းအင် သိပ်သည်းမှုအရ အတွင်းမြို့သည် အပြင်မြို့ထက် အများကြီး ပိုသာပေသည်။
ခရမ်းကြယ်၏ အကြီးအကဲများ၊ ကာကွယ်သူများ၊ မြို့စောင့်များနှင့် အခြားသော အဆင့်မြင့် ရာထူးကြီးပုဂ္ဂိုလ်များသည် ဤနေရာတွင် နေကြပေသည်။ အတွင်းမြို့ တစ်ခုလုံးနီးပါးသည် အစောင့်များ၊ မြို့စောင့် မျှော်စင်များဖြင့် ပြည့်နေ၏။
သို့သော်လည်း မြို့တစ်ခုလုံးသည် မည်သို့ပင် အစောင့် တင်းကြပ်နေစေကာမူ ထိုအစောင့်များသည် ရန်ကိုင်နှင့် အတွေ့တွင် ဘာဆိုဘာမှမတတ်နိုင်တော့ချေ။ ရန်ကိုင်သည် လေဟာနယ် စွမ်းအားကိုသုံး၍ သူ့ကိုယ်သူ ကောင်းကင်စိတ်အာရုံဖြင့် လွှမ်းခြုံကာ အတွင်းမြို့ထဲသို့ မည်သူမှ သတိမပြုမိအောင် ခိုးဝင်လာခဲ့သည်။ အစောင့်တစ်ယောက်နားမှ ဖြတ်သွားလျှင်ပင် ထိုအစောင့်သည် သူအား သတိထားမိလိမ့်မည် မဟုတ်ပေ။
အတွင်းမြို့ထဲရှိ ယေဘုယျကျင့်ကြံခြင်းသည် အပြင်မြို့ထက် အများကြီး ပိုမြင့်ပေသည်။ အတွင်းမြို့ထဲသို့ ဝင်လာလာချင်း တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများစွာ၏ အရှိန်အဝါကို အာရုံခံမိလိုက်သည့်အတွက် ရန်ကိုင် အံ့အားသင့်သွားခဲ့ရသေး၏။ ထိုတန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည် ကိုယ်ပိုင် နေရာ အသီးသီးကို အပိုင်စီးထားကြလေသည်။ အနည်းငယ်လေးသော ပြဿနာသည်ပင် သူတို့အား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေနိုင်၏။
ကံကောင်းစွာဖြင့် ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံမှာ အလွန် အားကောင်းနေသည့်အတွက် ထိုအန္တရာယ်များကို ကြိုတင် ရှောင်ရှားနိုင်ခဲ့သလို သူ့ကိုယ်သူလည်း မည်သူမှ သတိ မပြုမိအောင် ဖုံးကွယ်ထားနိုင်ခဲ့ပေသည်။
အမှောင်ထဲ ခြေသံမထွက်အောင် လမ်းလျှောက်လာပြီးနောက် မကြာမီ အတွင်းမြို့လယ်ရှိ နန်းတော်တစ်ခုဆီသို့ ရောက်လာခဲ့၏။
ခရမ်းကြယ်နန်းတော်ပင်
ဤနန်းတော်သည် ခရမ်းကြယ်မြို့၏ စွမ်းအား အမှတ်ခရာလည်း ဖြစ်၏။ နန်းတော်တစ်ခုလုံးကို ခရမ်းကျောက်စိမ်းဖြင့် တည်ဆောက်ထားပြီး အလွန်ကိုမှ ခမ်းနားကြီးကျယ်လာသည်။ အဝေးမှ လှမ်းကြည့်လျှင် ခရမ်းကြယ်နန်းတော်သည် တိမ်ယံထိတိုင် ထိုးတက်နေသည့် ခရမ်းရောင် မီးတုတ်တိုင်ကြီးတစ်ခုအလား ထင်မှတ်ရသည်။
ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ နန်းတော်ထဲရှိ လှုပ်ရှားမှုများကို အာရုံခံကြည့်လိုက်သည် “ငါး၊ ခြောက်၊ တစ်ဆယ်၊ ဆယ့်နှစ်… ဟုတ်ပြီ၊ ဒီနေရာပဲ”
ရန်ကိုင်သည် တစ်ခုသော လမ်းကြောင်းအတိုင်း လျှောက်လာလိုက်ပြီးနောက် အားနည်းသည့် အကာအကွယ်ရှိရာ နေရာသို့ လျင်မြန်စွာ ရောက်လာခဲ့လေသည်။ အကာအကွယ်ကို မြင်ပြီးနောက် ကျေနပ်စွာပြုံးလျက် တိုက်ရိုက်ဝင်သွားလိုက်၏။
ခရမ်းကြယ်နန်းတော်ထဲသို့ ဝင်ရောက်ရာတွင် ကျိတုန်၏ အကူအညီသည် အလွန်ကိုမှ အရေးပါခဲ့ပေသည်။
ခရမ်းကြယ်နန်းတော်သည် အကြီးကြီး ဖြစ်သော်လည်း နန်းတော်ထဲတွင် အကာအကွယ်များစွာ ရှိနေဆဲ။ တစ်ယောက်ယောက်သာ အကာအကွယ်များကို အတင်းအကြပ် ဖောက်ဝင်ခဲ့လျှင် နန်းတော်ထဲရှိ လူများ သတိပြုမိသွားနိုင်၏။ သို့သော်လည်း ကျိတုန်၏ အကူအညီဖြင့်ဆိုပါက ဇာတ်လမ်းမှာ အခြားတစ်ပုဒ် ဖြစ်သွားလေပြီ။ ကျိတုန်သည် ခရမ်းကြယ် နန်းတော်ထဲ တစ်နှစ်ပတ်လုံး နေလာသည့်လူ ဖြစ်သည့်အတွက် ဤအကာအကွယ်၏ အားနည်းချက်ကို ကောင်းကောင်း သိပေသည်။
နန်းတော်ထဲတွင် အကာအကွယ်အစီအရင် အများကြီး မရှိသော်လည်း အစီအရင် တစ်ခုချင်းစီတိုင်းသည် အလွန်ကိုမှ အားကောင်းကာ သတိထားမိခဲသည့် နေရာတွင် ရှိနေကြသည်။ ရန်ကိုင်၏ လာရင်းရည်ရွယ်ချက်မှာ ခိုးဖို့ ဖြစ်သည့်အတွက် သူရောက်နေကြောင်း အခြားသူများ သိသွား၍ မဖြစ်ချေ။ ဤအချိန်တွင် ကျိတုန် အသုံးဝင်လာခဲ့လေသည်။
မလာခင် ခရမ်းကြယ်နန်းတော်အကြောင်း ကျိတုန်ကို မေးခဲ့သည်။ ကျိတုန်မှာ နန်းတော်အကြောင်း အတော်လေး သိထားသော်ငြား နန်းတော်ကာကွယ်ရေးတွင် ဦးစီးနေသူ မဟုတ်သဖြင့် အရမ်းကြီးတော့ မသိထားခဲ့ပေ။
ပတ်ဝန်းကျင်ကို စစ်ဆေး၊ ထောင်ချောက်များနှင့် အကာအရံများကို ဖြတ်ကျော်လာပြီးနောက်တွင် ခရမ်းကြယ် နန်းတော်အလယ်ဗဟိုရှိ နန်းတော်တစ်ခုဆီသို့ ရောက်လာခဲ့၏။
ဤနေရာသည် ခရမ်းကြယ်၏ ရတနာဂိုဒေါင် ရှိနေသည့် နေရာဖြစ်သည်။ အားအကောင်းဆုံး အကာအကွယ်များ ရှိနေသည့် နေရာတစ်ခုလည်း ဖြစ်ပေသည်။ သို့ရာတွင် ကျိတုန် ရှိနေသည့် အတွက် ရန်ကိုင်အတွက် ဤနေရာသို့ လာရန် အတော်လေး လွယ်ကူခဲ့သည်။ ထို့အပြင် ရန်ကိုင်တွင် ဂိုဒေါင်ကို ဖွင့်နိုင်မည့် သော့လည်း ရှိနေခဲ့သည်။
သူသာ နန်းတော်နားသို့ ကပ်နိုင်သရွေ့ အောင်မြင်နိုင်ချေ များပေသည်။ ရန်ကိုင်သည် နန်းတော်နားသို့ တဖြည်းဖြည်းချင်း ချဉ်းကပ်သွားခဲ့သည်။
လမ်းတစ်ဝက်ကျော်လောက် ရောက်လာသည့်နောက် ရန်ကိုင် အမူအရာ ရုတ်တရက် ပျက်ယွင်းသွားခဲ့သည်။ အစီအရင်တစ်ခုကို သူသွားထိမိလိုက်လေပြီ။ အကျိုးဆက်အနေဖြင့် စွမ်းအင်လှိုင်းများ ဘေးပတ်ဝန်းကျင်သို့ ဖြာထွက်ကုန်တော့လေ၏။
သောက်ဂွပဲ ခရမ်းကြယ်နန်းတော်ထဲရှိ အစီအရင်များသည် သူ့ကောင်းကင်စိတ်အာရုံပင် အာရုံမခံနိုင်လောက်သည်အထိ အလွန် လျှို့ဝှက်စွာ တည်ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ချက်ချင်းဆိုသလို အားကောင်းသည့် ကောင်းကင်စိတ်အာရုံ နှစ်ခု သူ့ဆီသို့ ရောက်လာသည်ကို ခံစားလိုက်ရသည်။ ထိုကောင်းကင်စိတ်အာရုံနှစ်ခုသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ၏ ကောင်းကင်စိတ်အာရုံ ဖြစ်ပေသည်။
သူကိုယ်တိုင်သည် အားကောင်းသော ပညာရှင်တစ်ဦးပင် ဖြစ်လင့်ကစား ယခုအချိန်တွင်တော့ ရန်ကိုင်နဖူးထက် ချွေးအေးများ ဝေ့သီနေခဲ့လေပြီ။ လေဟာနယ်စွမ်းအားကို တတ်ကျွမ်းထားပြီး တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦးပင် ဖြစ်သော်လည်း ဤနေရာသည် မရေမတွက်နိုင်သော ပညာရှင်များ ရှိနေသည့် အခြားသူတစ်ဦး၏ ပိုင်နက်အလယ် ဖြစ်သည်။ သူသာ အဝိုင်းခံလိုက်ရမည်ဆိုပါက လေဟာနယ် စွမ်းအားဖြင့်လျှင် လွတ်ဖို့ရာ သိပ်မသေချာ။
ထို့ကြောင့် ဘာမှစဉ်းစားမနေတော့ဘဲ အလျင်အမြန် ထွက်ပြေးတော့လေသည်။
သို့သော်လည်း ထိုစဉ် အားကောင်းသော နယ်ပယ်စက်ကွင်း တစ်ခု သူ့ပေါ်သို့ ရုတ်တရက် ကျရောက်လာခဲ့သည်။ ထိုစက်ကွင်းသည် သူ့ပြေးပေါက်များကို ပိတ်ချပစ်လိုက်သဖြင့် ရန်ကိုင်အဖို့ ချက်ချင်း ထွက်မပြေးနိုင် ဖြစ်သွားခဲ့ရလေသည်။
“ဘယ်ကောင် ငါ့ခရမ်းကြယ်နန်းတော်ထဲကို ကျူးကျော်လာရဲတာလဲကွ” ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ရန်ကိုင့်ခေါင်းထက် ဧရာမဝဲကတော့ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထိုဝဲကတော့ထဲမှ ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းလုမတတ် ကြီးမားလှသော ဧရာမလက်ဝါးကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
“တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်” သူ့အား တိုက်ခိုက်လိုက်သူ၏ ကျင့်ကြံခြင်းကို ရန်ကိုင် ချက်ချင်း သတိပြုမိလိုက်သည်။
သူ့ပြိုင်ဘက်သည် အဝေးမှ လှမ်းတိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ဤသို့သော တိုက်ကွက်မျိုးကို တန်ခိုးရှင်ဘုရင်ဒုတိယ အဆင့်သို့ ရောက်နေသူများသာ ထုတ်ဖော်နိုင်ပေသည်။
လက်ဝါးကြီးသည် တဖြည်းဖြည်း ကျဆင်းလာနေချိန်တွင် ဆွဲအားတစ်ခုကိုလည်း ထုတ်လွှတ်ထားသေး၏။ ထိုဆွဲအားကြောင့် ရန်ကိုင်မှာ ချက်ချင်း ထွက်မပြေးနိုင် ဖြစ်နေရသည်။
သူသာ တန်ခိုးရှင်ဘုရင်ပထမအဆင့် ဆိုလျှင်တော့ ဤတိုက်ကွက်ကို အလွယ်တကူ ခုခံနိုင်လိမ့်မည် မဟုတ်သော်ငြား လက်ရှိသူသည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလေပြီ။ ထို့ကြောင့် ဘာမှကြောက်မနေခဲ့။ ခုခံနေမည့်အစား လက်ဝါးကြီးဆီသို့သာ ပြေးဝင်သွားခဲ့လေသည်။
လေထဲသို့အရောက်တွင် သူ့လက်ကို ဆန့်ထုတ်၍ ရွှေရောင်သွေးမျှင်များစွာကို ထုတ်လွှတ်လိုက်၏။
ဘုန်း…
မိုးချိန်းသံတမျှ ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။
ရွှေရောင်အလင်းတန်းသည် လက်ဝါးကြီးကို ဖောက်ထွက်သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် အနီးအနား ဟင်းလင်းပြင်ကို ပိတ်လှောင်ထားသည့် စွမ်းအားမှာလည်း ပျက်စီးသွားခဲ့လေသည်။
ရန်ကိုင်သည် ချက်ချင်းပဲ လေဟာနယ်ကိုဆုတ်ဖြဲကာ ထိုနေရာမှ ထွက်လာခဲ့လေသည်။
ခဏအကြာတွင် ရန်ကိုင် ယခင် ရှိနေခဲ့သည့် နေရာသို့ လူသုံးယောက် ရောက်လာခဲ့သည်။ ပထမဆုံး ရောက်လာသည့်လူမှာ ရင်ဘတ်နားထိ ရောက်နေသည့် မုတ်ဆိတ်ဖြူကြီး ရှိနေသည့် လူအိုကြီးတစ်ဦး ဖြစ်သည်။ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီးနောက် လူအိုကြီး ထိတ်လန့်အံ့အားသင့်သွားခဲ့သည်။
မကြာမီ လူတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရောက်လာခဲ့သည်။ ဘာတွေဖြစ်နေမှန်း မသိသေးသော်လည်း လူအိုကြီးကို မြင်လိုက်သည့် အတွက် ချက်ချင်းပဲ လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေသည် “အကြီးအကဲချုပ်”
ဤလူအိုကြီးသည် ခရမ်းကြယ်၏ အကြီးအကဲချုပ် ကုန်းစွင်းလျန်သာ ဖြစ်ပေသည်။
သူသည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး ခရမ်းကြယ်၏ ဂိုဏ်းချုပ် ကျိလုန်ကဲ့သို့ ဂုဏ်သတင်း ကျော်စောသူလည်း ဖြစ်သည်။
“အကြီးအကဲချုပ်၊ ဘာတွေ…” အမျိုးသမီး တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူက တုန့်ဆိုင်းနေပြီးနောက် မေးလိုက်လေ၏။
“ခရမ်းကြယ်နန်းတော်ထဲ တစ်ယောက်ယောက် ခိုးဝင်လာတာ” ကုန်းစွန်းလျန်က မှုန်ကုတ်ကုတ် မျက်နှာထားဖြင့် အော်ပြောလိုက်သည်။
“ဘယ်လို” အမျိုးသား တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည် “ဘယ်သူ ခိုးဝင်လာရဲတာလဲ”
“ငါလည်း မသိဘူး” ကုန်းစွန်းလျန်က မျက်လုံးမှေးစဉ်း၍ “ဝင်လာတဲ့လူက ဘယ်သူပဲဖြစ်ဖြစ်၊ အတော်တော်လေးကို အားကောင်းတယ်လို့ ပြောလို့ရတယ်။ ဒီလူအိုကြီးရဲ့ ဟင်းလင်းပြင်ဖောက်လက်ဝါးကိုတောင် ဖျက်စီးသွားနိုင်တယ် ဆိုတော့ သာမန်လူတစ်ယောက်တော့ လုံးဝ မဖြစ်နိုင်ဘူး”
တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦးစလုံး ထိတ်လန့်တုန်လှုပ်စွာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။
အစောပိုင်းက အဝေးတွင် ဖြစ်နေသဖြင့် ဘာတွေ ဖြစ်နေမှန်း သေချာသတိမပြုမိလိုက်။ စွမ်းအင်လှိုင်းများ ဖြာထွက်လာသည်ကိုသာ သတိပြုမိခဲ့သည်။ အကြီးအကဲချုပ် ပြောတော့မှပဲ တစ်ယောက်ယောက်သည် အကြီးအကဲချုပ်နှင့် တိုက်ခိုက်ပြီး အကြီးအကဲချုပ်၏ ဟင်းလင်းပြင်ဖောက်လက်ဝါးကို ဖျက်စီးကာ ထွက်ပြေးသွားမှန်း သိရတော့သည်။
အမျိုးသမီး တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူက တုန့်ဆိုင်းနေပြီးနောက် “ဒီတော့ ခိုးဝင်လာတဲ့လူကလည်း တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူပဲပေါ့”
ထိုသို့ ပြောပြီးလိုက်သည်နှင့် အမျိုးသမီး ကိုယ်တိုင်လည်း ထိတ်လန့်သွားခဲ့သည်။ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦးသာ ခရမ်းကြယ်နန်းတော်ထဲ လာပြဿနာရှာလျှင် တကယ် ကပ်ဆိုက်ပေပြီ။ ဤနေရာတွင် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သို့ ရောက်နေသူဆို၍ အကြီးအကဲချုပ်တစ်ဦးသာ ရှိပြီး ကျန်လူ အားလုံးသည် တန်ခိုးရှင်ဘုရင်ပထမအဆင့်များသာ ဖြစ်ကြသည်။
ပထမအဆင့်နှင့် ဒုတိယအဆင့်သည် ကမ္ဘာနှစ်ခုခြားသလို အလွန် ကွာခြားပေသည်။
“တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ဟုတ်မဟုတ်တော့ ငါလည်း မပြောတတ်ဘူး… သူက ချက်ချင်းကြီး ပြန်ထွက်သွားတာဆိုတော့၊ ဒါပေမယ့် ထွက်ပြေးသွားတဲ့နှုန်းက…” ကုန်းစွန်းလျန် မျက်မှောင်ကြီးကြုတ်သွားခဲ့သည်။ ခိုးဝင်လာသည့်လူ မည်သို့များ ရုတ်တရက် ပျောက်ကွယ်သွားမှန်းကို နားမလည်နိုင် ဖြစ်နေခဲ့သည်။ သူ့ကောင်းကင်စိတ်အာရုံကို အဆုံးစွန်ထိ ဖြန့်ကျက်ပြီး ရှာကြည့်သည့်တိုင် တစ်ဖက်လူ၏ အရှိန်အဝါကို လုံးဝ အာရုံမခံမိခဲ့ပေ။
သူတို့သုံးဦး စကားပြောနေစဉ် အခြား ပညာရှင်များသည်လည်း ယခု အဖြစ်အပျက်ကို သတိထားမိပြီး အလျင်အမြန် ပြေးလာကြလေသည်။
ကျိဝူရီသည်ပင်လျှင် ကျိကျွင်းနှင့်အတူ ရောက်လာခဲ့သည်။
“ဒုတိယသခင်လေး” အကုန်လုံး ကျိဝူကျိကို ဦးညွှတ်လိုက်ကြသည်။ ကျိတုန်သည် နောက်တက်မည့် ဂိုဏ်းချုပ်မှန်း အကုန်လုံး သိထားကြသော်လည်း ကျိဝူကျိသည် ကျိလုန်၏ သားတစ်ယောက် ဖြစ်နေဆဲ။
ကုန်းစွန်းလျန်သည်သာ ဘာစကားမှမပြောဘဲ ရပ်နေခဲ့သည်။
“ဝူရီ အကြီးအကဲချုပ်ကို နှုတ်ဆက်ပါတယ်” ကျိဝူကျိသည် ကုန်းစွန်းလျန်ကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။
ဤသို့လုပ်နေရခြင်းမှာ သူသည် ခရမ်းကြယ်၏ သခင်လေး မဟုတ်သည့် အတွက်ကြောင့် ဖြစ်သည်။ သူ့နေရာတွင်သာ ကျိတုန် ဆိုလျှင် ဘာမှလုပ်နေစရာ လိုလိမ့်မည် မဟုတ်ပေ။
ကုန်စွန်းလျန်သည် ဘာစကားမှပြန်မပြောဘဲ ထူးမခြားနားဟန်ဖြင့်သာ ခေါင်းညိတ်လိုက်သည်။
ထိုအပြုမူကိုမြင်သော် ကျိဝူကျိ မျက်လုံးထဲ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။ သို့သော် ချက်ချင်းပဲ ပြုံး၍ မေးလိုက်လေသည် “အကြီးအကဲချုပ်၊ ဒီမှာ ဘာတွေဖြစ်နေတာလဲ။ ကျုပ် တစ်ယောက်ယောက် တိုက်ခိုက်နေတာကို အာရုံခံမိလိုက်သလိုပဲ”
သို့ရာတွင် ကုန်းစွန်းလျန်မှာတော့ ကျိဝူကျိ၏ မေးခွန်းကို မကြားချင်ယောင်သာ ဆောင်နေခဲ့သည်။ ထိုအခြင်းအရာကို မြင်သည့်အခါ အကုန်လုံး၏ အမူအရာ ပြောင်းလဲသွားခဲ့လေ၏။ ငြိမ်သက်နေသော ပတ်ဝန်းကျင် အခြေအနေသည် ရုတ်တရက်ကြီး စတင် တင်းမာလာခဲ့လေသည်။