အခန်း (၁၈၅၆-၁၈၆၀)
Vol. 75 Ch. 1856-1860
အပိုင်း (၁၈၅၆)
အကြီးအကဲချုပ်နှင့် ဒုတိယသခင်လေးတို့ မတည့်မှန်း လူတိုင်း သိကြသော်လည်း လူရှေ့သူရှေ့တွင်တော့ အမြဲတမ်း သူတို့ကိုယ်သူတို့ ထိန်းချုပ်ခဲ့ကြသည်ချည်းသာ။ သို့ရာတွင် သူတို့ နှစ်ဦးကြားရှိ ဆက်ဆံရေးသည် ကြာလာသည်နှင့် ပိုပို၍ ဆိုးရွားလာခဲ့လေသည်။
အကြောင်းမှာ ရှင်းပေသည်။ အကြီးအကဲချုပ်သည် သခင်လေးကျိတုန်၏ အဘိုးဖြစ်ကာ သူ့သမီး ကုန်းစွန်းယုသည် ကျိတုန်၏ မွေးအမေဖြစ်သည်။ ထိုသို့ ဖြစ်လေရာ ကုန်းစွန်းလျန်သည် ကျိတုန်အား ဂိုဏ်းချုပ်ဖြစ်လာစေရန် အပြည့်အဝ ထောက်ပံ့ပေးလေသည်။
ကျိဝူကျိ၏ အမေမှာတော့ မိသားစုငယ်လေးတစ်ခုမှ အမျိုးသမီးတစ်ဦးသာ ဖြစ်သဖြင့် ကုန်းစွန်းလျန်သည် ကျိတူကျိကို အလွန် အထင်သေးပေသည်။
လွန်ခဲ့သော နှစ်နှစ်ခန့်၊ ကျိလုန်နှင့် ကျိတုန်တို့ ခရမ်းကြယ်မှ ထွက်သွားသည့်အချိန်မှစ၍ ခရမ်းကြယ်ရှိ အင်အားစုများကြား အားပြိုင်မှုများ စတင် ဖြစ်ပေါ်လာခဲ့လေသည်။
အထူးသဖြင့် လွန်ခဲ့သည့်နှစ်အတွင်းတွင် ဖြစ်သည်။ ကျိဝူကျိသည် ပညာရှင်များစွာကို သူ့ဘက်ပါအောင် တိတ်တဆိတ် စည်းရုံးထားခဲ့သည်။ ကုန်းစွန်းလျန်သည် ပညာရှင်များစွာကို သူ့ဘက်ပါအောင် စတင် စည်းရုံးလေသည်။ ဤသို့ဖြင့် အင်အားစုကြီးနှစ်ခုကြားမှ အားပြိုင်မှု စတင် ထွက်ပေါ်လာလေ၏။
သူတို့ နှစ်ဦး၏ အားပြိုင်မှုကြောင့် ခရမ်းကြယ်သည် အင်အားစုသုံးခု ကွဲသွားခဲ့လေသည်။ ကျိဝူကျိကို ထောက်ခံသည့် အုပ်စု၊ အကြီးအကဲချုပ်ကို ထောက်ခံသည့်အုပ်စုနှင့် ကျိလုန်တို့ ပြန်လာမည့်အချိန်ကို စောင့်နေသည့် အုပ်စုတို့ ဖြစ်ကြသည်။
အားပြိုင်အဖွဲ့အစည်းနှစ်ခု၏ ခေါင်းဆောင် အသီးသီး ဖြစ်ကြသည်နှင့်အညီ ကုန်းစွန်းလျန် ကျိဝူကျိုကို စကား မပြောချင်သည်မှာ သဘာဝသာ ဖြစ်သည်။
ကျိဝူကျိ မျက်မှောင်ကြုတ်သွားလေသည်။ တကယ်တော့ သူသည် ခရမ်းကြယ်၏ ဒုတိယသခင်လေး ဖြစ်နေသေးသည် မဟုတ်လော။ ထိုသို့ ဖြစ်သည်ကို လူမြင်ကွင်းတွင် သူ့အား နည်းနည်းလေးမှ မျက်နှာသာ မပေးလိုက်ခြင်းသည် သူ့အား စော်ကားလိုက်ခြင်း ဖြစ်ပေသည်။
“ကုန်းစွန်းလျန်၊ မင်းဘယ်လိုတောင် ရိုင်းနေတာလဲ” အနားတွင် ရပ်နေသော ကျိကျွင်းက ရုတ်တရက် ထအော်ပြောလေသည် “ဒုတိယသခင်လေး မေးနေတာကို မင်းဘာလို့ ပြန်မဖြေတာလဲ”
ကုန်းစွန်းလျန်သည် ကျိကျွင်းအား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်၍ “မင်းဘာတွေ လာပြောနေတာလဲ။ ဂိုဏ်းချုပ် မရှိတဲ့အချိန် ခရမ်းကြယ်ရဲ့ ကိစ္စအားလုံးကို ဒီအကြီးအကဲချုပ်ကပဲ ကိုင်တွယ်နေတာ။ အကုန်လုံးကို ဒီအကြီးအကဲချုပ်ကပဲ ဆုံးဖြတ်နေတာ။ အဲ့ဒါကို မင်းက ဘယ်သူ့ကို လာအော်နေတာလဲ”
ကျိကျွင်းက အေးစက်စက် အမူအရာဖြင့် “ကုန်းစွန်းလျန်၊ မင်းဘာတွေးနေလဲ ငါတို့မသိဘူး မထင်လိုက်နဲ့။ ကြောင်းမရှိ ကြွက်ထတာ သဘာဝပဲ။ ဒါပေမယ့် ဂိုဏ်းချုပ် ပြန်ရောက်လာတဲ့ အချိန် မင်းဆက်ပြီး မောက်မာနိုင်ဦးမလား ကြည့်ရသေးတာပေါ့”
“မင်းဘယ်သူ့ကို ကြွက်လို့ ခေါ်လိုက်တာလဲ” ကုန်းစွန်းလျန် ဒေါသပုန်ထသွားခဲ့သည်။ သူ့တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ ဤကဲ့သို့ အစော်ကားမခံရဖူးချေ။
“မင်းအသိဆုံးပဲ မဟုတ်ဘူးလား” ကျိကျွင်းက မျက်နှာမဲ့လျက် ပြန်ပြောလိုက်သည်။
“မင်းသေချင်နေတာလား” ကုန်းစွန်းလျန်၏ ခန္ဓာကိုယ်ဆီမှ သူတော်စင်ချီကို တဝုန်းဝုန်း ဖြာထွက်လာခဲ့လေသည်။
အကုန်လုံး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားလေ၏။
“အကြီးအကဲချုပ်၊ ဒေါသကို ထိန်းပါဦး” ကျိဝူကျိသည် ရုတ်တရက် ရှေ့ထွက်၍ လက်သီးဆုပ်ကာ ပြောလိုက်လေသည် “လူအိုကြီးကျိက အမြဲအတမ်း ပွင့်ပွင့်လင်းလင်း ပြောတတ်လို့ မပြောတတ်မဆိုတတ် ဖြစ်သွားတာပါ။ အကြီးအကဲချုပ်ကို စော်ကားသလို ဖြစ်သွားခဲ့ရင် ဒီကျိက လူအိုကြီးကျိကိုယ်စား တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး အကြီးအကဲချုပ် စိတ်လျှော့ပေးဖို့ တောင်းဆိုပါတယ်”
“ဟန့်” ကုန်းစွန်းလျန်သည် ဂရုမစိုက်ဟန်ဖြင့် အေးစက်စက် မျက်နှာထားဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။
ကုန်းစွန်းလျန်က အေးစက်စက် လုပ်နေသော်ငြား ကျိတူကျိကတော့ ရယ်မော၍သာ “အခုအချိန်က အချင်းချင်း စကားများနေရမယ့် အချိန်မဟုတ်သေးဘူး။ အခု အရေးအကြီးဆုံးက နန်းတော်ထဲ ဘယ်သူဖောက်ဝင်လာလဲ သိရဖို့ပဲ။ အဲ့လူ ဘာရည်ရွယ်ချက်နဲ့ ရောက်လာလဲ မသိပေမယ့် မကောင်းတဲ့ ရည်ရွယ်ချက်နှင့်သာဆိုရင် အကုန်လုံးအတွက် စိတ်ပူစရာပဲ။ အကြီးအကဲချုပ်ကော ဘယ်လိုထင်လဲ”
ကုန်းစွန်းလျန်သည်လည်း ထိုအချက်ကို သိပေသည်။ ခရမ်းကြယ်နန်းတော်ထဲသို့ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ရုတ်တရက် ဖောက်ဝင်လာသည့် ကိစ္စသည် သူ့ကိုလည်း အလွန်ကိုမှ စိတ်ပူစေပေသည်။ ထို့ကြောင့် စကားများမနေတော့ဘဲ ပါးစပ်ကိုသာ ပိတ်ထားလိုက်တော့၏။
ကျိဝူကျိက ဆက်ပြောလိုက်၏ “ကျုပ်အဖေနဲ့ အကြီးဆုံး အကိုက အပြင်ရောက်နေတော့ ခရမ်းကြယ်မှာ ခေါင်းဆောင်မယ့် လူမရှိဘူး ဖြစ်နေတယ်။ ဒီကျိက ဝင်ကူညီချင်ပေမယ့်လည်း တတ်နိုင်တာ ဘာမှမရှိတော့ နန်းတော်ကိစ္စ အားလုံးကို စီမံနေတဲ့ အကြီးအကဲချုပ်ကိုပဲ အားကိုးရတော့မှာပေါ့။ ကျူးကျော်လာတဲ့လူရယ်၊ သူဘာလို့ ကျူးကျော်လာလဲ စုံစမ်းဖို့ တာဝန်ကို အကြီးအကဲချုပ် လက်ထဲပဲ ထည့်ထားလိုက်ပါတော့မယ်။ အကြီးအကဲချုပ် အဲ့သူခိုးကိုရှာပြီး အခြားသူတွေအတွက် စံနမူနာဖြစ်အောင် သတိပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် ခရမ်းကြယ် မျက်နှာထားစရာ ရှိတော့မှာ မဟုတ်ပါဘူး”
ကုန်းစွန်းလျန်က မျက်မှောင်ကြုတ်၍ ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်လေသည် “ဒုတိယသခင်လေး သတိပေးနေစရာ မလိုဘူး။ ဘာလုပ်ရမယ်ဆိုတာ ဒီအကြီးအကဲချုပ် သိပြီးသား။ ဒုတိယသခင်လေး ပြန်နားလို့ရပါပြီ”
“ဒါဆို ဝူကျိ သွားပါတော့မယ်” ပြောပြီးသည်နှင့် ကျိဝူကျိသည် ပြုံး၍ ခေါင်းညိတ်၍ ထွက်လာခဲ့လိုက်လေသည်။
သူထွက်သွားပြီးနောက် ကုန်းစွန်းလျန်က အော်ပြောလေ၏ “လူဖြန့်ပြီး နန်းတော်ထဲ လိုက်ရှာကြ။ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင် မလွတ်စေနဲ့။ အခုလေးတင် ထွက်သွားတာ ဆိုတော့ အဲ့လူ သိပ်ဝေးဝေး မရောက်လောက်သေးဘူး။ ပညာရပ် တစ်ခုခုသုံးပြီး တစ်နေရာရာမှာ ပုန်းနေတာပဲ ဖြစ်ရမယ်။ သူ့ကို တွေ့ရင် သွားမတိုက်နဲ့။ ဒီလူအိုကြီးကို အရင် အကြောင်းကြား။ ငါချက်ချင်း လာခဲ့မယ်”
“ဟုတ်ကဲ့” အကုန်လုံး ခေါင်းညိတ်လိုက်ကြပြီး နေရာ အသီးသီးကို ဖြန့်ခွဲကာ ထွက်သွားကြလေသည်။
ချက်ချင်းဆိုသလို ခရမ်းကြယ်နန်းတော်တစ်ခုလုံး အလွန်ကိုမှ စည်ကားတက်ကြွလာခဲ့လေသည်။ အားကောင်းသော ပညာရှင်များ ဝေဟင်ထက် တစ်ဦးပြီးတစ်ဦး ပျံသန်းနေကြပြီး သူတို့၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကာ မြေပြင် နေရာအနှံ့ကို ရှာဖွေစူးစမ်းနေကြလေသည်။
“ဒုတိယသခင်လေး၊ အဲ့ခွေးအိုကြီးကို ဘာလို့ သည်းခံနေတာလဲ” ပြန်နေရင်း ကျိကျွင်းက မကျေနပ်သည့် လေသံဖြင့် မေးလိုက်လေသည်။
ကျိဝူကျိက လှောင်ပြုံးပြုံးလျက် “အခုက သူနဲ့ ပြဿနာဖြစ်လို့ ကောင်းတဲ့အချိန် မဟုတ်သေးဘူး။ အဲ့သက်ကြားအိုကြီး ပျော်လို့ရတုန်း ပျော်ခွင့်ပေးထားလိုက်ဦးပေါ့”
ကျိကျွင်း မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော် ကျိဝူကျိက ထိုကဲ့သို့ ပြောနေသဖြင့် ဘာမှ ပြန်ပြောမနေတော့ချေ။
“ဒါပေမယ့်… အဲ့သူခိုး ပေါ်လာတာ ကျုပ်အတွက် တကယ် ကောင်းသွားတယ်” ကျိဝူကျိက ယဲ့ယဲ့လေးပြုံးလျက် “အဲ့လူ ဘယ်သူပဲဖြစ်ဖြစ် ဒီသခင်လေး တကယ် ကျေးဇူးတင်တယ်”
ကျိကျွင်းက မျက်မှောင်ကြုတ်စဉ်းစားနေပြီးနောက် မေးလိုက်လေသည် “ဒုတိယသခင်လေး ပြောချင်တာက သူခိုးကြောင့် အဲ့သက်ကြားအိုကြီးရဲ့ အာရုံက အခြားတစ်နေရာကို ရောက်နေရပြီလို့ ပြောချင်တာလား”
“အဲ့လိုလည်း ဟုတ်တယ်” ကျိဝူကျိက ပြုံးလျက် “အခု ပေါ်လာတဲ့လူက တော်တော် အားကောင်းတာ သေချာတယ်။ ကုန်းစွန်းလျန်နဲ့ တိုက်ခိုက်ပြီး ဘာမှမဖြစ်ဘဲ ထွက်သွားနိုင်တယ် ဆိုတာ ပေါ့သေးသေးတော့ မဟုတ်ဘူး။ သူကိုယ်တိုင်ကလည်း တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ဖြစ်နေလို့ ဖြစ်ရမယ်။ လူအိုကြီးကျိ၊ အဲ့သက်ကြားအိုကြီးသာ သူခိုးကို မရှာနိုင်ရင် သူ့မျက်နှာ ဘယ်နား သွားထားတော့မှာလဲ”
“ဟုတ်တယ်” ကျိကျွင်းက ဝမ်းသာအားရပြုံးလျက် “အဲ့လူကိုသာ မရှာနိုင်ရင် သက်ကြားအိုကြီး မျက်နှာပျက်ပြီ။ ဒုတိယသခင်လေးက အဲ့ကိစ္စကနေ မြန်မြန် လက်ရှောင်ပြီး ထွက်လာလိုက်တာ ဒါကြောင့်ကိုး”
“မဟုတ်ရင် ကျုပ်ဘာလို့ ဒီလောက် လွယ်လွယ်လေး လက်လျှော့ရမှာလဲ။ ဒီကိစ္စက ပြဿနာများတယ်ဆိုပေမယ့် သေချာသာ ကိုင်တွယ်နိုင်ရင် ဂုဏ်သတင်း ကျော်ကြားလာဖို့ အခွင့်အရေးတစ်ခုလည်း ဟုတ်တယ်” ကျိဝူကျိက သူ့မေးစေ့ကို ပွတ်ရင်း “ဒါပေမယ့်… ဘယ်သူက ခရမ်းကြယ်နန်းတော်ထဲကို ခိုးဝင်လာရဲတာလဲ။ ကြယ်စီရင်စုထဲမှာ တန်ခိုးရှင်ဘုရင်ဒုတိယ အဆင့်ကို ရောက်နေတဲ့လူတွေက များများစားစား ရှိတာ မဟုတ်ဘူး။ ရှိတဲ့လူတွေ အကုန်လုံးကလည်း နာမည်ကျော်တွေ ချည်းပဲ။ ခရမ်းကြယ်နန်းတော်ထဲ လာချင်ရင် ပွင့်ပွင့်လင်းလင်း လာလို့ရတယ်။ အခုလိုမျိုး ခိုးကြောင်ခိုးဝှက်နဲ့ လာနေစရာ မလိုဘူး”
သို့ရာတွင် ဘာလို့မှန်းမသိ သူခိုးအကြောင်း စဉ်းစားလိုက်ချိန် ကျိဝူကျိ အတွေးထဲ ရန်ကိုင် အလိုလို ပေါ်လာခဲ့လေသည်။
ရန်ကိုင်သည် ခရမ်းကြယ်၏ တတိယခေါင်ချုပ်ဖြစ်ပြီး လတ်တလောကမှ ခရမ်းကြယ်မြို့သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ယနေ့ ခရမ်းကြယ်နန်းတော် အဖောက်ခံရလေရာ ကျိဝူကျိ အနေဖြင့် ရန်ကိုင်ကို တွေးမိသွားသည်မှာ သဘာဝသာ ဖြစ်လေသည်။
“သူများ ဖြစ်နေမလား” ကျိဝူကျိ တွေးလိုက်လေသည်။ ရှင်းထုတ်မရသည့် သံသရိပ်တို့ သူ့အတွေးထဲ ရစ်သိုင်းတက်လာခဲ့သည်။
ခရမ်းကြယ်နန်းတော်ထဲရှိ ခြံဝန်းတစ်ခုထဲတွင် ရန်ကိုင်သည် သူ့အား ပတ်ရှာနေသည့် ပညာရှင်များကို စောင့်ကြည့်ရင်း လျှို့ဝှက်စွာ ပုန်းကွယ်နေခဲ့သည်။
ခိုးဝင်လာသော်ငြား လူမိသွားသဖြင့် ဤတစ်ကြိမ် ခရီး အချည်းနှီးဖြစ်ပေပြီ။ ပိုဆိုးသည်မှာ ယခုအချိန်ထိ ပြန်မထွက်သွားနိုင်သေးခြင်းပင်။ ပညာရှင်များစွာသည် သူတို့၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ထားကြသဖြင့် သူသာ လှုပ်ရှားလိုက်လျှင် ကျိန်းသေ သတိပြုမိသွားကြပေလိမ့်မည်။
ထို့ကြောင့် အခွင့်အရေး ရောက်လာမည့် အချိန်ကိုသာ စိတ်ရှည်ရှည်ဖြင့် ထိုင်စောင့်နေရတော့လေသည်။
အချိန်သည် တဖြည်းဖြည်းချင်း ကုန်လွန်နေခဲ့သည်။ ရန်ကိုင် အလျင်မလိုနေသေးပေ။ ပညာရှင်များသည် သူတို့၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ နန်းတော်ထဲ ခေါက်တုန့်ခေါက်ပြန် သွားလာနေကြသော်လည်း မည်သူမှ ရန်ကိုင်ကို သတိမပြုမိခဲ့ချေ။
ရုတ်တရက် ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို ရန်ကိုင် လှမ်းမြင်လိုက်ရလေသည်။ ထိုလူရိပ်သည် ရန်ကိုင်နှင့် မနီးမဝေးတွင် ဆင်းလိုက်ပြီး စံအိမ်တစ်လုံးဆီသို့ လျှောက်သွားလေ၏။
ထိုစံအိမ်ရှေ့တွင် တန်ခိုးရှင်အဆင့် ကျင့်ကြံသူပေါင်းများစွာ စောင့်ကြပ်နေကြလေသည်။ ရောက်လာသူကို မြင်ပြီးနောက် အစောင့်ခေါင်းဆောင်က ဦးညွှတ်လိုက်၏ “ခုနှစ်ယောက်မြောက် အကြီးအကဲကို နှုတ်ဆက်ပါတယ်”
“အင်း” ခုနှစ်ယောက်မြောက်အကြီးအကဲချုပ်က ခေါင်းညိတ်၍ “အထဲမှာ ဘာမှ ဖြစ်မသွားဘူးမလား”
“ဘာမှမဖြစ်ပါဘူး အကြီးအကဲ” အစောင့်ခေါင်းဆောင်က လေးလေးစားစားဖြင့် ပြန်ပြောလိုက်ပြီးနောက် မယုံသင်္ကာဖြင့် မေးလိုက်လေသည် “ခုနှစ်ယောက်အကြီးအကဲ၊ ခုနတုန်းက ဘာတွေဖြစ်သွားတာလဲ။ ကျုပ်တို့ တိုက်ခိုက်သံတွေ ကြားလိုက်သလားလို့”
“ခရမ်းကြယ်နန်းတော်ထဲ တစ်ယောက်ယောက် ကျူးကျော်လာလို့။ အကြီးအကဲချုပ်က စိတ်ပူနေတာနဲ့ ငါ့ကို လာကြည့်ခိုင်းလိုက်တာ။ အကာအရံကို ဖွင့်လိုက်”
“ဟုတ်ကဲ့” ထို့စကားကို ကြားသည့်အခါ တန်ခိုးရှင်အဆင့် ကျင့်ကြံသူများသည် သူတို့၏ သိုလှောင်လက်စွပ်ထဲမှ ကျောက်ပြား တစ်ချပ်ကိုထုတ်၍ သူတော်စင်ချီ ထည့်သွင်းလိုက်ကြ၏။ ထို့နောက် စံအိမ်တစ်ဝိုက်၌ လှိုင်းတွန့်လေးများ ထွက်ပေါ်လာပြီး အကာအရံတံခါး ပွင့်သွားခဲ့လေသည်။
ခုနှစ်ယောက်မြောက်အကြီးအကဲသည် အထဲသို့ လျှောက်ဝင်သွားလေသည်။ ခဏအကြာတွင် အထဲမှ ဒေါသတကြီး အော်ဟစ်ဆဲဆိုသံများ ထွက်ပေါ်လာခဲ့လေသည်။
သို့သော်လည်း ထိုအော်ဆဲများသည် တစ်ခဏအတွင်း နာကျင်စွာ အော်ဟစ်သံများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ခဏအကြာတွင် ခုနှစ်ယောက်မြောက်အကြီးအကဲသည် ဒေါသထွက်နေသည့် အမူအရာဖြင့် အထဲမှ ထွက်လာခဲ့လေ၏ “သူ့တို့ကိုယ်သူတို့ ဘာမှတ်နေလဲမသိဘူး။ ဒီလူအိုကြီးကို လာပြီး တိုက်ခိုက်ချင်သေးတယ်။ အသုံးဝင်နေသေးလို့ပေါ့။ မဟုတ်ရင် မင်းတို့ခွေးတွေကို သတ်ပစ်လိုက်တာကြာပြီ။ အဲ့လူတွေကို သေချာကြည့်ထား။ သူတို့ထဲက တစ်ယောက်ယောက်သာ ထွက်ပြေးသွားရင် မင်းတို့အားလုံး နောက်နေ့ နေထွက်တာကို မမြင်ရတော့ဘူးမှတ်”
အစောင့်အားလုံးသည် ချက်ချင်း ကြောက်လန့်တကြား ခေါင်းညိတ်လိုက်ကြလေသည်။
ထို့နောက်တွင် ခုနှစ်ယောက်မြောက်အကြီးအကဲသည် ကောင်းကင်ပေါ်သို့ ပျံတက် ထွက်သွားခဲ့လေသည်။
ခုနှစ်ယောက်မြောက်အကြီးအကဲ ထွက်သွားပြီးနောက် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများသည် အလေးအနက် အမူအရာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး အကာအရံကို ပြန်ပိတ်ရန် လုပ်ကြလေသည်။
ရန်ကိုင်ကမူ သူပုန်းနေရာမှ ခုနှစ်ယောက်မြောက်အကြီးအကဲ ဝင်သွားသည့် စံအိမ်အား မယုံသင်္ကာဖြင့် လှမ်းကြည့်နေခဲ့သည်။
အစောပိုင်းက စံအိမ်ထဲမှ ထွက်လာသည့် အော်ဆဲသံများ၊ နာကျင်စွာ အော်ဟစ်သံများကို သူရင်းနှီးနေသလိုပင်။
တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ရန်ကိုင်သည် ဝင်ပေါက် မပိတ်ခင် အထဲသို့ လစ်ခနဲ ဝင်သွားလိုက်လေသည်။
အကာအရံကို ပိတ်နေသည့် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများ မျက်မှောင်ကြုတ်သွားခဲ့သည်။ သူတို့စိတ်ထဲ တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရသည်။ သို့သော် ထိုခံစားချက်သည် ပေါ်လာပြီးပြီးချင်း ချက်ချင်း ပြန်လည် ပျောက်ကွယ်သွားခဲ့၏။ စစ်ဆေးကြည့်သော်လည်း မည်သည့် ထူးခြားသည့် အရာကိုမှ ရှာမတွေ့သဖြင့် ထိုအတွေးပေါ် အာရုံစိုက်မနေတော့ဘဲ အစီအရင်ကိုသာ နောက်တစ်ကြိမ် ပြန်အသက်သွင်းလိုက်လေ၏။
စံအိမ်ထဲတွင် ရန်ကိုင် ပြန်ပေါ်လာခဲ့သည်။
အထဲရှိ မြင်ကွင်းကို သေချာ မစူးစမ်းရသေးခင်မှာပဲ ပုံရိပ်နှစ်ခုသည် သူ့အား ပြေးဝင်တိုက်ခိုက်ကြလေသည်။
ရန်ကိုင် မျက်နှာပျက်သွားပြီး ချက်ချင်း သူ့နယ်ပယ် စက်ကွင်းကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်ကို ဟင်းလင်းပြင်ကို အေးခဲချလိုက်လေသည်။ ရန်ကိုင် ဖြန့်ကျက်လိုက်သည့် နယ်ပယ် စက်ကွင်းသည် ကျဉ်းကျဉ်းလေးသာ ဖြစ်သည်။ စံအိမ်ကို ကာရံထားသည့် အစီအရင်ကို သွားမထိမိအောင် ဖြစ်ပေသည်။
ယခုမှပဲ စံအိမ်ထဲရှိ အခြေအနေကို သေချာ မြင်ရတော့သည်။ စံအိမ်ထဲတွင် စုစုပေါင်း လူငါးယောက် ရှိနေပြီး အားအကောင်းဆုံး ကျင့်ကြံသူသည် တန်ခိုးရှင်တတိယအဆင့် ဖြစ်ပေသည်။ လေးယောက်ကို သူမသိသော်လည်း နောက်ဆုံး တစ်ယောက်ကိုတော့ သူသိပေသည်။
လက်ရှိတွင် ရန်ကိုင်၏ နယ်ပယ်စက်ကွင်းကြောင့် လူငယ်လေးတစ်ဦး လေထဲ တန်းလန်းမြောက်နေခဲ့သည်။ လူငယ်လေးသည် အစပိုင်းတွင် ရန်ကိုင်အား ကြမ်းကြုတ် ခက်ထန်သည့် အမူအရာဖြင့် စိုက်ကြည့်နေသော်လည်း ခဏကြာပြီးနောက် မျက်လုံးပြူးလျက် “မင်း…”
ရန်ကိုင်က ပြုံးဖြီးလျက် “ဒီလောကကြီးက တကယ် ကျဉ်းတာပဲနော် ရောင်းရင်းရှန်တု။ ငါတို့ လမ်းခွဲသွားပြီးတဲ့ နောက်ပိုင်း မင်းအဆင်ပြေပြေနဲ့ ရှိနေမယ်လို့ ထင်ခဲ့တာ”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၅၇)
စံအိမ်ထဲတွင် ရှိနေသော လူငယ်လေးသည် ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်သူ အိုင်းအောင်၏ သား၊ ရွှယ့်ယွယ်၏ ဒုတိယအစ်ကိုဖြစ်သည့် ရှန်တု ဖြစ်နေခဲ့သည်။
ရန်ကိုင် လွင့်မျောတိုက်ကြီးထဲ ပိတ်မိစဉ်က သူနှင့်အတူ ပိတ်မိခဲ့သူများအနက် ရှန်တုသည် တစ်ဦးအပါဝင် ဖြစ်သည်။ နှစ်ယောက်စလုံး ထိုအချိန်က အတော်လေး အားနည်းကြပြီး သူတော်စင်များသာ ဖြစ်ကြကာ ရှန်တုသည်လည်း မထူးခြားနား သူတော်စင်တတိယအဆင့်သို့သာ ရောက်ခဲ့သည်။
လွင့်မျောတိုက်ကြီးသို့ ရောက်ပြီး နှစ်ယောက်သားအတူ ပူးပေါင်းလုပ်ကိုင်ရင်းမှ တစ်ဦးနှင့်တစ်ဦး ရင်းနှီးလာခဲ့ကြသည်။
လွင့်မျောတိုက်ကြီးမှ လွတ်မြောက်လာပြီးနောက်တွင် ရန်ကိုင်သည် ရှန်တုနှင့်အတူ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ ပင်မကြယ်ဖြစ်သော ရေလကြယ်သို့ လိုက်သွားခဲ့သည်။ သူထိုနေရာမှ ထွက်လာခဲ့သည်ကပင် အတော်လေး ကြာနေခဲ့လေပြီ။
ခရမ်းကြယ်တွင် ရှန်တုကို လာပြန်တွေ့လိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ချေ။ ရှန်တုသည်လည်း ရန်ကိုင်ကို မြင်ပြီး အလားတူ အံ့အားသင့်နေခဲ့သည်။ ရန်ကိုင်က နှုတ်ဆက်လိုက်သည့်အခါမှပဲ မျက်လုံးကိုပွတ်၍ ပြန်မေးလိုက်လေသည် “ရန်ကိုင်လား”
“ဟုတ်တယ်။ ရန်ကိုင်ပဲ” ရန်ကိုင်က ရယ်မောလိုက်၏။
“မင်းဘာလို့ ဒီရောက်နေတာလဲ” ရှန်တု မျက်မှောင်ကြုတ်သွားပြီး အံ့ဩတကြီး ပြန်မေးလိုက်လေသည်။
“ပြောရရင်တော့ အရှည်ကြီးပဲ… ရောင်းရင်းရှန်တု၊ မင်းအဲ့လူတွေကို စိတ်လျှော့ခိုင်းလို့ရမလား” ရန်ကိုင်သည် သူ့အား ခက်ထန်စွာ စိုက်ကြည့်နေသော ကျင့်ကြံသူလေးကို မေးငေါ့ပြလိုက်သည်။
ရှန်တုက ခေါင်းညိတ်၍ “မင်းတို့ ရပ်လိုက်တော့။ ရောင်းရင်းရန်က ငါ့မိတ်ဆွေပဲ”
ထိုအခါမှ တန်ခိုးရှင်အဆင့် ကျင့်ကြံသူလေးဦးစလုံး သူတို့၏ သူတော်စင်ချီကို ပြန်ရုတ်သိမ်းလိုက်ကြလေသည်။ ထိုလူများ ငြိမ်သွားသည့် အခါမှပဲ ရန်ကိုင်လည်း သူ့နယ်ပယ်စက်ကွင်းကို ပြန်ရုတ်သိမ်းလိုက်လေ၏။
“မင်းတကယ်ကြီး တန်ခိုးရှင်ဘုရင်အဆင့်ကိုတောင် ရောက်နေတာပဲ” ရန်ကိုင်အား ရုတ်တရက်ကြီး ပြန်တွေ့လိုက်ရသည့်အတွက် အံ့အားသင့်နေခဲ့ရာ ယခုမှပဲ ရန်ကိုင်၏ ကျင့်ကြံခြင်းကို သတိပြုမိတော့သည်။
လွင့်မျောတိုက်ကြီးတွင် ရှိစဉ်က သူ့ကျင့်ကြံခြင်းသည် ရန်ကိုင်ထက် အနည်းငယ် ပိုမြင့်ခဲ့သော်လည်း နှစ်အတော် ကြာသွားပြီးနောက်တွင် သူသည် တန်ခိုးရှင်ပထမအဆင့်သို့သာ ရောက်သေးသော်လည်း ရန်ကိုင်ကမူ တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေခဲ့လေပြီ။ ထို့ကြောင့် ရှန်တု အလွန် အံ့ဩသွားသည်မှာလည်း အထူးအဆန်းတော့ မဟုတ်ပေ။
“ကံကောင်းသွားလို့ပါ” ရန်ကိုင်က ရယ်မောလိုက်သည်။
ရှန်တု ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။ အချိန်တိုအတွင်း တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်သည်မှာ မည်သို့များ ကံကောင်းသည့်အတွက်ကြောင့် ဖြစ်နိုင်ရမည်နည်း။ ကံကောင်းကြေးသာဆိုလျှင် လူများစွာ တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေကြပေလိမ့်မည်။ ကံကောင်းလို့ ဟူသော စကားသည် ရန်ကိုင် သူ့ကိုယ်သူ နှိမ့်ချနေခြင်းသာ ဖြစ်သည်။ ရှန်တုက ရန်ကိုင်အား အလေးအနက် အမူအရာဖြင့် စိုက်ကြည့်နေပြီးနောက် ရုတ်တရက် မေးလိုက်လေသည် “ရောင်းရင်းရန်… ငါမင်းကို မေးချင်တာ ရှိတယ်။ အခု မင်းနဲ့ငါက ရန်သူတွေလား၊ မိတ်ဆွေတွေလား”
“မိတ်ဆွေတွေပေါ့… ဘယ်လိုလုပ်ပြီး ရန်သူတွေ ဖြစ်ရမှာလဲ” ရန်ကိုင်က ပြန်ပြောလိုက်သည်။
ထိုအခါမှပဲ ရှန်တု စိတ်သက်သာရာ ရသွားခဲ့သည်။ အော်ရယ်မောလျက် ရန်ကိုင်ဆီသို့ လျှောက်သွားပြီး ရန်ကိုင် ပခုံးကိုပက်ကာ ပြောလိုက်လေသည် “မတွေ့ရတာကြာတော့ ငါမင်းကို တကယ် လွမ်းနေတာ ရောင်းရင်းရန်ရေ”
ထို့နောက် ရှန်တုက ဆက်ပြောလိုက်လေသည် “ရေလကြယ်ကို ထွက်သွားတဲ့ ကြယ်သင်္ဘော ပေါက်ကွဲသွားတုန်းက မင်းတစ်ခုခု ဖြစ်ပြီလို့တောင် ငါထင်သွားတာ။ သင်္ဘောပေါ်မှာ ပါသွားတဲ့ လူတိုင်းနီးပါး သေသွားတာကိုး။ ပြီးတော့ မင်းဆီကလည်း သတင်းမရဆိုတော့ ငါကိုယ့်ငါတောင် အပြစ်မကင်းသလို ခံစားလိုက်ရတယ်”
“အဲ့ဒါ မင်းနဲ့မဆိုင်ဘူး။ ငါ့ကံကကို ဆိုးတာ” ရန်ကိုင်က ပြန်ပြောလိုက်သည်။
ရေလကြယ်သို့ ထွက်သွားမည့် သင်္ဘောကို သူကိုယ်တိုင်သာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ရွှယ့်ယွယ်သည်လည်း ထိုသင်္ဘောပေါ်၌ လိုက်လာလိမ့်မည်ဟု မည်သူ ထင်ထားခဲ့မည်နည်း။ အကျိုးဆက် အနေဖြင့် သင်္ဘောသည် ရန်သူများ၏ ပစ်မှတ်ဖြစ်ကာ ဖျက်စီးခံလိုက်ရလေသည်။
ထိုသင်္ဘော ချောင်းမြောင်းတိုက်ခိုက်ခံရသည့် အဖြစ်အပျက်ကြောင့်ပဲ ရွှယ့်ယွယ်သည် မိန်းကလေးတစ်ဦး ဖြစ်ကြောင်း ရန်ကိုင် သိသွားခဲ့ရခြင်း ဖြစ်သည်။
ခဏအကြာတွင် ရှတုသည် ရန်ကိုင်ကို လွှတ်ကာ ပြောလိုက်၏ “အရင်းနှစ်တွေတုန်းက ငါမင်းအကြောင်း လိုက်မေးကြည့်သေးတယ်။ တတိယညီလေးကတော့ မင်းနဲ့ ပက်သက်ပြီး တစ်ခုခု သိထားတဲ့ပုံပဲ။ ဒါပေမယ့် ငါဘယ်လောက် မေးမေး ဘာမှပြန်မပြောဘူး။ မပြောတဲ့အပြင်ကိုပါ လာမေးရကောင်းလားဆိုပြီး ငါ့ကိုတောင် တီးလွှတ်သေးတယ်”
ရှန်တု အံကြိတ်၍ “အဲ့ခွေးကောင်က အရမ်း ရိုင်းလွန်းတယ်။ ငါ့ခွန်အား နိမ့်နေလို့သာပေါ့။ မဟုတ်ရင် သင်ခန်းစာ ကောင်းကောင်း ပေးပစ်လိုက်တာကြာပြီ”
ထိုစကားကို ကြားသည့်အခါ ရန်ကိုင် မျက်နှာကြီး မဲ့သွားခဲ့လေသည်။ ထိုစဉ်က ရွှယ့်ယွယ်သည် သူ့ကြောင့် အရှက် အကွဲကြီးကွဲခဲ့ရသည်ကို ရှန်တုက သွားမေးမှတော့ အထုအထောင်းခံရသည်မှာ နည်းပင်နည်းသေးသည်ဟုပင် ပြောရမလား။
“အခုတော့ ကိစ္စမရှိတော့ဘူး။ မင်းအဆင်ပြေနေမှန်း ငါသိသွားပြီ” ရှန်တုက ပြောလိုက်သည်။
“ငါတကယ် အဆင်ပြေနေတာ။ စိတ်ပူအောင်လုပ်မိလို့ အားနာပါတယ်ကွာ”
“ဒုတိယသခင်လေး၊ သူက…” ရန်ကိုင်နှင့် ရှန်တု စကား ထိုင်ပြောနေသည်ကို ကြည့်နေရင်း စိတ်မရှည်တော့သည့်အဆုံး တန်ခိုရှင်အဆင့် ကျင့်ကြံသူတစ်ဦးက ဝင်မေးလိုက်လေသည်။
ရှန်တုက အားရပါးရ အော်ရယ်မောလျက် “ဒါက ရောင်းရင်းရန်ပဲ။ ဒီသခင်လေးရဲ့ သေဖော်သေဖက် သူငယ်ချင်းပေါ့။ မြန်မြန်လာပြီး ရောင်းရင်းရန်ကို နှုတ်ဆက်လိုက်ကြ”
ထိုစကားကို ကြားသည့်အခါ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများလည်း ချက်ချင်းပဲ ရှေ့တိုးပြီး လက်သီးဆုပ်၍ နှုတ်ဆက်လိုက်ကြလေသည် “စီနီယာရန်ကို နှုတ်ဆက်ပါတယ်”
ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သလို ရှန်တု၏ ရောင်းရင်းလည်း ဖြစ်သည့်အတွက် လေးလေးစားစား ဆက်ဆံရပေမည်။
ရှန်တုသည် မေးစေ့ကိုပွတ်၍ တစ်ခဏကြာအောင် တွေးတောနေပြီးနောက် “ဟုတ်သားပဲ။ ရောင်းရင်းရန် အခုမင်းက တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်နေပြီဆိုတော့ ငါမင်းကို စီနီယာလို့ ခေါ်သင့်လား”
“မင်းက တကယ်နောက်တတ်တာပဲနော်” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်း၍ “ဒါပေမယ့် ငါလည်း တော်တော်လေး သိချင်နေတာ။ မင်းဘာလို့… ဒီမှာ အဖမ်းခံထားရတာလဲ”
ရန်ကိုင် မေးခွန်ကို ကြားသည့်အခါ ရှန်တု ချက်ချင်း ဒေါသထွက်လာခဲ့လေသည် “ငါ့လခွမ်း၊ ဒီသခင်လေးလည်း အခုထိ ဘာဖြစ်လို့ ဖြစ်သွားမှန်း မသိသေးဘူး။ အဖွဲ့အစည်းကနေ ခရမ်းကြယ်ဆီကို ကုန်ပစ္စည်းပို့ခိုင်းလို့ လာပို့တာ။ ရောက်လည်းရောက်ရော ဘူးမသိဘမသိ အဖမ်းခံလိုက်ရတာပဲ။ အခုထိ ဘာလို့ အဖမ်းခံလို့ ခံရမှန်းကို မသိသေးဘူး”
“ခရမ်းကြယ်က မပြောမဆိုနဲ့ မင်းတို့ကို ဖမ်းလိုက်တာလား” ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည် “မင်းတို့က ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းကဆိုတာ သူတို့ မသိတာလား”
“မသိဘဲနေမလား” ရှန်တုက ဒေါသတကြီး အံကြိတ်၍ “အဲ့ခရမ်းကြယ်ကခွေးက ကျားအသည်းစားထားလို့သာ ဒီသခင်လေးကို လာဖမ်းရဲတာ။ လုပ်နိုင်တုန်းတော့ လုပ်ထားဦးပေါ့ကွာ။ ငါလွတ်တဲ့ တစ်နေ့မှ ကြယ်သင်္ဘော အစင်း တစ်ရာခေါ်ပြီး ဒီကြယ်တစ်ခုလုံးကို ဖျက်စီးပစ်ဦးမယ်”
ထိုအခါ ရန်ကိုင်က စဉ်းစဉ်းစားစားဖြင့် ပြန်ပြောလိုက်သည် “ဒီတော့ နေ့ခင်းကြောင်တောင်ကြီး မြို့ထဲ ဖြစ်သွားတဲ့ တိုက်ပွဲက မင်းတို့ကို ဖမ်းရင်းနဲ့ ဖြစ်သွားတာပေါ့”
“ဟုတ်တယ်” ရှန်တုက ခေါင်းညိတ်လိုက်လေသည် “ထွက်ပြေးဖို့ လုပ်တာပဲ. ဒါပေမယ့် မလွတ်လိုက်ဘူး”
“ဒုတိယသခင်လေး၊ ဒီအကြီးအကဲ အထင်အရတော့ ခရမ်းကြယ်မှာ တစ်ခုခု ဖြစ်နေပြီနဲ့တူတယ်” လူအိုကြီးတစ်ဦးက ဘေးမှ ဝင်ပြောလိုက်သည်။
“ဘာဖြစ်လို့လဲ သိလို့ရမလား” ရန်ကိုင်က မေးလိုက်သည်။
“ခံစားချက်သက်သက်ပဲ။ ခရမ်းကြယ်မြို့ထဲ ဝင်လာကတည်းက တစ်ခုခု မူမမှန်ဘူးလို့ ခံစားနေရတာ။ ပြီးတော့ ကျုပ်တို့ ဘယ်သူမှန်း သိနေတာတောင် ဖမ်းထားရဲတယ်ဆိုတော့ အကြောင်းပြချက် တစ်ခုခုကြောင့်ပဲ ဖြစ်ရလိမ့်မယ်… ခရမ်းကြယ်က အားကောင်းတာ မှန်ပေမယ့် ကျုပ်တို့ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းထက် ပိုအားကောင်းတာတော့ မဟုတ်ဘူး။ ခရမ်းကြယ်ထဲမှာသာ တစ်ခုခု ဖြစ်မနေဘူးဆိုရင် သူတို့လုပ်ရပ်ကို ဒီအကြီးအကဲ လုံးဝ မစဉ်းစားတတ်တော့ဘူး”
ရန်ကိုင်က ခေါင်းညိတ်၍ “ကျုပ်လည်း ခရမ်းကြယ်ထဲမှာ တစ်ခုခု ဖြစ်နေတယ်လို့ ထင်တယ်”
“သူတို့ ဘာပြဿနာဖြစ်ဖြစ် ငါတို့ကိစ္စမဟုတ်ဘူး။ ဒီသခင်လေးက ဒီသောက်စုတ်သောက်ပြတ် နေရာကနေ ထွက်သွားချင်ရုံပဲ” ရှန်တုက ဒေါသတကြီး အော်ပြောပြီးနောက် ရုတ်တရက် ရန်ကိုင်ဘက်သို့လှည့်၍ မေးလိုက်လေသည် “ဒါနဲ့ ရောင်းရင်းရန်၊ မင်းဘာလို့ ဒီရောက်နေတာလဲ”
“ဟဲဟဲ၊ ခိုးစရာလေးတစ်ခုရှိလို့” ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် ရယ်မောလျက် မကြာသေးခင်က ဖြစ်ပျက်သွားသည့် အကြောင်းအရာများကို ရှင်းပြလိုက်လေသည်။
အခန်းထဲတွင် ရှိနေသူ အကုန်လုံး ရန်ကိုင်အား လေးစားတကြီး မှင်သက်စွာ ကြည့်လိုက်ကြလေသည်။
ခရမ်းကြယ်နန်းတော်ထဲသို့ ခိုးဝင်ရဲသည့် သတ္တိမှာ ပေါ့သေးသေး မဟုတ်ချေ။ ပိုအထင်ကြီးစရာကောင်းသည်မှာ မိသွားသည့်တိုင် ယခုအချိန်ထိတိုင်အောင် လျှို့ဝှက်စွာ ပုန်းနေနိုင်သေးခြင်းပင်။
“အခု ရန်သူတွေ သတိထားမိသွားပြီဆိုတော့ ငါ့အစီအစဉ်ကို ခဏ ဘေးဖယ်ထားရတော့မယ်” ရန်ကိုင်က ကူကယ်ရာမဲ့စွာ နဖူးကို ပွတ်လိုက်လေသည်။
“ရောင်းရင်းရန်၊ မင်းဒီကနေ ထွက်သွားနိုင်လား” ရှန်တုက ရန်ကိုင်ကို ကြည့်၍ မေးလိုက်လေသည်။
“အပြင်က အကာအရံက အရမ်း အားကောင်းလွန်းတယ်။ ငါသာ အတင်းအကြပ် ဖောက်ထွက်ရင် သတိထာမိကုန်လိမ့်မယ်။ ဒါပေမယ့် မင်းသာ အာရုံပြောင်းထားပေးမယ်ဆိုရင်တော့ အေးအေးဆေးဆေး ထွက်သွားလို့ရတယ်”
“ကိစ္စမရှိဘူး။ ငါတို့ တာဝန်သာထားလိုက်” ရှန်တုက ပြုံးဖြီးလျက် “မင်းထွက်သွားပြီးရင် တစ်ယောက်ယောက်ဆီ သတင်း ပို့ပေးလို့ရမလား”
“ဘယ်သူ့ဆီလဲ”
ရှန်တုသည် ရန်ကိုင်နားနားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
ရှန်တု ပြောသည်ကိုကြားပြီးနောက် ရန်ကိုင်၏ အမူအရာ ထူးဆန်းသွားခဲ့လေသည်။
“ငါမင်းကို အားကိုးလိုက်မယ်နော် ရောင်းရင်းရန်” ရှန်တုက လက်သီးဆုပ်၍ တောင်းဆိုလိုက်သည်။
“စိတ်မပူနဲ့။ မင်းပြောခိုင်းလိုက်တဲ့အတိုင်း ငါပြန်ပြောပေးလိုက်မယ်” ရန်ကိုင်က ခေါင်းညိတ်၍ “ငါမင်းတို့အားလုံးကို ခေါ်ထုတ်နိုင်အောင်ပါ ကြိုးစားပေးမယ်”
“စိတ်မပူဘူး” ရှန်တုက ပြုံးလျက် “အင်အားစုကြီး နှစ်ခုကြား စစ်ပွဲမစချင်သေးသရွေ့ ငါ့အဆင့်အတန်းအရ ဒီကောင်တွေ ငါ့ကို သတ်ရဲစရာအကြောင်း လုံးဝမရှိဘူး”
ပြောပြီးသည့်နောက် နောက်သို့ တစ်လှမ်းဆုတ်၍ စအော်ပြောလေသည် “ခွေးသူတောင်းစားတေ၊ ငါ့ကို လာသတ်စမ်းပါ။ လာသတ်ကြလေ။ ခွေးသူတောင်းစားတွေ”
အော်ပြောနေရင်း ကျန်တန်ခိုရှင်အဆင့်ကျင့်ကြံသူများကို မျက်စိမှိတ်ပြလိုက်လေသည်။
ကျန်းလေးယောက်စလုံး ချက်ချင်းပဲ သူတော်စင်ချီကို လှည့်ပတ်ကာ စတင် သောင်းကျန်းတော့လေသည်။
စံအိမ်ထဲတွင် ဖြစ်ပျက်နေသည်များကို အပြင်ဘက်ရှိ အစောင့်များ သတိထားမိသွားကြသည်။ ခဏအကြာ၌ အစောင့်တစ်ယောက်မှ အလန့်တကြား ထအော်လေသည် “မကောင်းတော့ဘူး။ ဒီကောင်တွေ ရူးနေပြီ။ သူတို့ကို မြန်မြန်တားကြ”
အစောင့်များသည် အကာအရံကို အလျင်အမြန် ဖွင့်ကာ အထဲသို့ အလျင်စလို ပြေးဝင်သွားကြလေသည်။
သူတို့ အကာအရံကို ဖွင့်လိုက်သည်နှင့် ရန်ကိုင်သည် စံအိမ်ထဲမှ လစ်ခနဲထွက်သွားပြီး ထောင့်တစ်နေရာတွင် သွားပုန်းနေလေသည်။
ပညာရှင်များစွာသည် ခရမ်းကြယ်နန်းတော်အား ပိုက်စိပ်တိုက် လိုက်ရှာကြသော်လည်း ဘာကိုမှ ရှာမတွေ့ခဲ့ချေ။
အချိန်အတော်ကြာအောင် စောင့်နေပြီးနောက်တွင် ရန်ကိုင်သည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ ထိုနေရာမှ တိတ်တဆိတ် ထွက်ခွာလာခဲ့လေသည်။
သူ့ရည်ရွယ်ချက် မအောင်မြင်ခဲ့သော်လည်း ရှန်တုတို့ အခြေအနေကို အမှတ်မထင် တွေ့ရှိခဲ့ရလေသည်။
ကြည်လင်ကောင်းကင်လေလံစံအိမ်ထဲရှိ အတွင်း ခြံဝန်းထဲတွင်၊ လီနွော့သည် တင်ပလင်ခွေထိုင်နေခဲ့သည်။ သို့ရာတွင် စိတ်မှာမအေးနိုင်။
“ဘယ်သူလဲ” ရုတ်တရက် ဒေါ်လေးချန်၏ အော်ဟစ်သံ အပြင်ဘက်မှ ထွက်လာခဲ့သည်။
တစ်ချိန်တည်းတွင် ယောကျာ်းတစ်ဦး၏အသံကို လီနွော့ ကြားလိုက်ရလေသည်။ ထိုအသံကို ကြားလိုက်ချိန် လီနွော့ တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။ သို့ရာတွင် မကြာမီ အံ့အားသင့်နေသည့် အမူအရာဖြင့် ပြတင်းပေါက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ ကံမကောင်းစွာဖြင့် ရောင်နီပျို့ပျို့ ထွက်လုစ ဖြစ်နေသော မှောင်မိုက်နေသည့် ကောင်းကင်ကြီးကိုသာ မြင်တွေံလိုက်ရသည်။
လီနွော့၏ နှုတ်ခမ်းထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့၏ “ဒေါ်လေးချန် ပြန်လာခဲ့တော့။ အခုလာတဲ့လူက ပြဿနာလာရှာတ မဟုတ်ဘူး။ ကျွန်မဆီကို သတင်းကောင်း လာပို့ပေးသွားတာ”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၅၈)
ခရမ်းကြယ်နန်းတော်ထဲသို့ ပထမတစ်ကြိမ် ခိုးဝင်မှု မအောင်မြင်သည့်အခါ နောက်ရက်အတောအတွင်း ရန်ကိုင် ပြန်ငြိမ်နေလိုက်သည်။ လက်ရှိတွင် သူ့ကြောင့် ခရမ်းကြယ် နန်းတော်သည် ယခင်ကထက်ကို ထူးထူးခြားခြား ပို၍ အစောင့်တင်းကြပ်နေလိမ့်မည်မှန်း ရန်ကိုင် သိနေခဲ့သည်။
ဟွာရို့မုန်သည် သူမ အဆက်အသွယ် အားလုံး၏ အကူအညီဖြင့် စုံစမ်းရရှိထားသမျှ သတင်းအားလုံးကို ရန်ကိုင်အား ပြန်ပြောပြလိုက်သည်။
ထိုအခါမှပဲ ကျိတုန်နှင့် ကျိလုန်တို့ ခရမ်းကြယ်တွင် အတော်ကြာအောင် ရှိမနေသည့်အတွက် အားပြိုင်မှုများ ဖြစ်ပေါ်လာရကြောင်းကို ရန်ကိုင် နားလည်သွားတော့သည်။ ကွဲထွက်သွားသည့် အင်အားစုများအနက်တွင် ဒုတိယသခင်လေး ဦးဆောင်သည့် အင်အားစုနှင့် အကြီးအကဲချုပ် ဦးဆောင်သည့် အင်အားစုနှစ်ခုသည် အားအကောင်းဆုံး ဖြစ်ကြပြီး ထိုအင်အားစု နှစ်ခုသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ တိတ်တဆိတ် ပြိုင်ဆိုင်နေခဲ့ကြ၏။
ခရမ်းကြယ်၏ ရာထူးကြီးများသည် ထိုအကြောင်းအရာကို အတတ်နိုင်ဆုံး ဖုံးကွယ်ရန် ကြိုးစားခဲ့သော်ငြား စက္ကူဖြင့် မီးအား မည်သို့ ကာနိုင်မည်နည်း။ ထို့အတွက်ကြောင့် ဟွာရို့မုန်သည် ထိုသတင်းကို အလွယ်တကူ ကြားသိခဲ့ရလေသည်။
သို့ရာတွင် သူမ စုံစမ်း ရရှိလာသည့် သတင်းမှာ လူတော်တော်များများ သိနေကြသည့် သတင်းသာ ဖြစ်ပေသည်။ သို့သော်ငြား ထိုမျှလောက်သည် ရန်ကိုင်အတွက်တော့ လုံလောက်ပေသည်။ ထိုသတင်းမှတစ်ဆင့် ခရမ်းကြယ်၏ လက်ရှိ အခြေအနေကို သူသဘောပေါက်သွားခဲ့လေပြီ။
လက်ရှိတွင် ရန်ကိုင် ဂရုစိုက်သည့်အရာ နှစ်ခု ရှိနေသည်။ ကြယ်ဧကရာဇ်တံဆိပ်ပြားကို ခိုးယူနိုင်ရန်နှင့် ရှန်တုတို့အား လုံခြုံစွာ ခေါ်ထုတ်သွားနိုင်ရန် ဖြစ်သည်။ ကံမကောင်းစွာဖြင့် ထိုကိစ္စ နှစ်ခုစလုံးအတွက် အခွင့်အရေးမှာ ရောက်မလာသေးသည့် အတွက် ရန်ကိုင် အနေဖြင့် စိတ်ရှည်ရှည်ဖြင့် ဆက်စောင့်နေရုံသာ တတ်နိုင်လေသည်။
အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့ရာ မကြာမီ ကြည်လင်ကောင်းကင်စံအိမ် လေလံပွဲကျင်းပမည့်နေသို့ ရောက်လာခဲ့လေသည်။
လောလောဆယ်တွင် သူ့၌ ဘာလုပ်စရာမှမရှိသဖြင့် ရန်ကိုင်သည် ဟွာရို့မုန်နှင့်အတူ လေလံပွဲသို့ လိုက်လာခဲ့၏။ ယခုတစ်ကြိမ် လေလံတင်မည့် မြေပိုင်စာချုပ်များ၏ တန်ဖိုးမှာ အတော်လေးကြီးမားသဖြင့် ကာကွယ်ပေးမည့်လူသာ မရှိလျှင် အခြားသူများ၏ ပစ်မှတ်ထားခြင်း ခံရပေနိုင်ပေသည်။
ရန်ကိုင်ပါ လိုက်မည့်အကြောင်း သိလိုက်ရသည့်အခါ ဟွာရို့မုန် ပျော်သွားခဲ့လေသည်။
လေလံပွဲနေ့…. ဟွာရို့မုန်သည် ခရမ်းရောင် ကိုယ်ကြပ်ဝတ်စုံကို ဝတ်ဆင်၍ ကြည်လင်ကောင်းကင် လေလံစံအိမ်ဆီသို့ ရန်ကိုင်နှင့်အတူ ထွက်လာခဲ့လေသည်။
လီနွော့မှ ပေးထားသည့် ဖိတ်စာကို ပြလိုက်သည့်အခါ လေလံအိမ်ဝန်ထမ်းသည် ရန်ကိုင်နှင့် ဟွာရို့မုန်အား သီးသန့် အခန်းတစ်ခန်းဆီသို့ ခေါ်သွားလေသည်။
ဟွာရို့မုန်သည် မထိုင်ဘဲ ရပ်၍ ကြည့်မည်သာ လုပ်နေ၏။ ရန်ကိုင်မှ ထိုင်ပါဟု ထပ်တလဲလဲ ပြောသည့်အခါမှသာ နောက်ဆုံး၌ အားတုံ့အားနာဖြင့် ထိုင်ချလိုက်လေသည်။
လေလံပွဲမစသေးသဖြင့် ရန်ကိုင်လည်း ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လေသည်။
ခဏအကြာတွင် ရန်ကိုင် မျက်မှောင်ကြီးကြုတ်သွားခဲ့၏။
“တစ်ခုခု ဖြစ်လို့လား ဆရာ” ဟွာရို့မုန်သည် ရန်ကိုင်အား အမြဲမပြတ် အာရုံစိုက်နေခြင်း ဖြစ်သဖြင့် ရန်ကိုင် မျက်မှောင် ကြုတ်သွားသည်ကို မြင်သည့်အခါ ချက်ချင်း ကောက်မေးလိုက်လေသည်။
“ဒီနေ့ လေလံပွဲမှာ အရမ်းတန်ဖိုးကြီးတဲ့ပစ္စည်းတွေ လေလံတင်မှာလား” ရန်ကိုင်က မျက်မှောင်ကြုတ်၍ မေးလိုက်၏။
“အဲ့ဒါတော့ ကျွန်မလည်း မသိဘူး…” ဟွာရို့မုန်က အားတုံ့အားနာဖြင့် ပြုံးကာ ပြန်ပြော၏။
“မသိလည်း ထားလိုက်တော့” ရန်ကိုင်သည် ယဲ့ယဲ့လေး ပြုံး၍သာ သူ့ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်၏။ မျက်မှောင်မှာတော့ ကြုံ့ထားဆဲ။
ယခု လေလံပွဲတွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများစွာ ရှိနေကြောင်း အာရုံခံမိလိုက်သည်။
ဤလောကကြီးတွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ၏ အာရုံကို ဖမ်းစားနိုင်သည့် ရတနာများများစားစား မရှိပေ။ သူပင်လျှင် ဟွာရို့မုန်ကို တစ်ယောက်တည်း စိတ်မချသည့် အတွက်ကြောင့်သာ လိုက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း လက်ရှိ သူအာရုံခံမိလိုက်သလောက် ဤနေရာတွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ အနည်းဆုံး ငါးယောက် ရှိနေခဲ့သည်။
သီးခန်း အခန်း (က-၁)မှစ၍ (က-၁)ထိ တောက်လျှောက်သည် တန်ခိုးရှင်ဘုရင်အဆင့်ချည်းများ ဖြစ်ကြသည်။ အထူးသဖြင့် အခန်း (က-၁)သည် ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံပင် အနည်းငယ် တားဆီးနိုင်ခဲ့လေသည်။
ထိုအပြင် ထိုအခန်းထဲရှိ အရှိန်အဝါကို ရင်းနှီးနေသလို ခံစားနေရ၏။ တကယ်တော့ အခန်း (က-၁)ထဲရှိ လူသည် ခရမ်းကြယ်၏ အကြီးအကဲချုပ် ကုန်းစွန်းလျန်သာ ဖြစ်ပေသည်။ ထို့ကြောင့်သာ သူ့အရှိန်အဝါကို ရန်ကိုင် ရင်းနှီးနေခြင်း ဖြစ်သည်။
လေလံပွဲသည် ကုန်းစွန်းလျန်ကိုပါ ဆွဲဆောင်နိုင်လေရာ အဖိုးတန်သည့် ပစ္စည်းတစ်ခုခုကို လေလံတင်မည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ ထို့ကြောင့် လေလံပွဲကို ရန်ကိုင် ပိုစိတ်ဝင်စားမိသွားလေသည်။
ခဏကြာအောင် စောင့်နေပြီးနောက် လေလံစင်မြင့်ပေါ်သို့ လှပသည့် အမျိုးသမီးတစ်ဦး တက်လာခဲ့လေသည်။ လီနွော့ပင် ဖြစ်လေသည်။
ယနေ့တွင် လီနွော့သည် မိုးပြာရောင် လက်ပြတ်၊ ခါးပေါ် ဝတ်စုံလေးကို ဝတ်ကာ နတ်သမီးလေး တစ်ပါးနှယ် အလွန်ကိုမှ လှနေခဲ့လေသည်။ ငွေရောင်ဆီးနှင်းသဖွယ် ဖြူစင်းကျော့ရှင်းလှသည့် ခြေတံရှည်နှင့် ခြေကျင်းဝတ်တစ်ဝိုက် ဝတ်ထားသော ကျောက်စိမ်းကွင်းများသည် အောက်ဘက်ရှိ ကျင့်ကြံသူများစွာ၏ အကြည့်အား သိမ်းကြုံ ဆွဲယူထားခဲ့လေသည်။
လီနွော့ကမူ ထိုလူအားလုံး၏ အကြည့်ကို လျစ်လျုရှုလျက် ပြုံး၍သာ ပြောလိုက်လေသည် “ယနေ့ လေလံပွဲကို ကြွရောက်လာပေးတဲ့အတွက် လူကြီးမင်းတို့ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ ကျွန်မ၊ လီနွော့က လူကြီးမင်းတို့ စောင့်မျှော်နေတဲ့ အဖိုးတန်ရတနာတွေကို တာဝန်ယူ လေလံပေးမယ့် လူပဲ ဖြစ်ပါတယ်။ ကျွန်မဘက် အမှားတစ်ခုခု ရှိခဲ့ရင်လည်း သည်းခံပြီး ခွင့်လွှတ်ပေးကြဖို့ လူကြီးမင်းတို့ အားလုံးကို တောင်းဆိုပါတယ်”
ပြောပြီးသည်နှင့် ကျော့ရှင်းတင့်တယ်စွာ ဦးညွှတ်လိုက်၏။
“ကဲ၊ လူကြီးမင်းတို့လည်း ရင်ခုန်စိတ်လှုပ်ရှားနေလောက်ရောပေါ့။ အဲ့လိုဆိုမှတော့ လေလံပွဲကို အခုပဲ တရားဝင် စလိုက်ကြတာပေါ့။ ဒါပေမယ့် မစခင်လေး ကျွန်မ တစ်ခု သတိပေးပါရစေ… ဒီနေ့ လေလံပွဲမှာ အရမ်းကို အဖိုးတန်တဲ့ ရတနာတွေ အများကြီးပါလာတယ်ဆိုတာပါပဲ” ပြောပြီးသည့်နောက် (က)သီးသန့်ခန်းများဘက်သို့ လှည့်ကြည့်လိုက်လေသည်။
ရန်ကိုင်ကမူ သိနေသည့်အလား ပြုံးလိုက်သည်။ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ နောက်ခံ ရှိနေလရာ ကြည်လင်ကောင်းကင်စံအိမ် လေလံပွဲမှ ပစ္စည်းများသည် မည်သို့များ သာမန် ဖြစ်နိုင်ပါမည်နည်း။ မဟုတ်လျှင် ဤမျှ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ အများကြီး ရောက်နေလိမ့်မည် မဟုတ်ပေ။
“ပထမဆုံး လေလံပစ္စည်းကို ကြည့်ကြည့်လိုက်ကြတာပေါ့” ပြောပြီးနေသည့်နောက် လီနွော့သည် လီနော့သ်ို့ အချက်ပြလိုက်၏။ အစေခံဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် လင်ဗန်းတစ်ချပ်ကိုကိုင်၍ ပြုံးကာ စင်ပေါ်သို့ တက်လာခဲ့လေသည်။
လင်ဗန်းအား လေလစံအိမ်ထဲရှိ ကျင်ကြံသူများ၏ ကောင်းကင်စိတ်အာရုံကို တားဆီးနိုင်သော ချည်သားတစ်မျိုးဖြင့် ပြုလုပ်ထားသည့် ပိတ်စအနီဖြင့် ဖုံးထားခဲ့လေသည်။ ဟွာရို့မုန်သည်လည်း ထိုလင်ဗန်းအား စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေခဲ့သည်။
လေလံပွဲသို့ ရောက်ဖူးသည်မှာ ပထမအကြိမ် မဟုတ်သော်ငြား သီးသန်းခန်းတွင် နေခွင့်ရသည်မှာတော့ ပထမဆုံးအကြိမ် ဖြစ်ပေသည်။ အဆင့်နိမ့်ထိုင်ခုံများတွင် အခြားသူများနှင့် ယှဉ်ထိုင်ရသည်နှင့် ယှဉ်လျှင် ဤနေရာတွင် ထိုင်ရသည်မှာ တစ်မျိုးလေး ထူးခြားလို့ နေလေသည်။
“တန်ခိုးရှင်အလယ်အလတ်အဆင့်ပဲ ရှိတဲ့ မှော်ရတနာတစ်ခုပဲ။ ခင်ဗျားအတွက် အသုံးမဝင်ဘူး” ဟွာရို့မုန် လင်ဗန်းအား စိတ်ဝင်တစား ကြည့်နေသည်ကို မြင်သော် ရန်ကိုင်က ပြောလိုက်လေသည်။
ဟွာရို့မုန်က အံ့အားသင့်သွားသည့် လေသံဖြင့် “အဲ့ပိတ်စအောက်မှာ ဘာရှိလဲ ဆရာ မြင်နိုင်တာလား”
ရန်ကိုင်က ရယ်မောလျက် “အဲ့ပိတ်စကို နှင်းနီပိုးကောင်ဆီက ရတဲ့ ပိုးချည်နဲ့လုပ်ထားတာ။ အဲ့ပိုးချည်က ကောင်းကင်စိတ်အာရုံကို တားဆီးနိုင်တယ်ဆိုပေမယ့် တန်ခိုးရှင်အဆင့်တွေကိုပဲ ရတာ။ တန်ခိုးရှင်ဘုရင်အဆင့်တွေရဲ့ ကောင်းကင်စိတ်အာရုံကို မတားဆီးနိုင်ဘူး”
ဟွာရို့မုန်က ခေါင်းညိတ်လိုက်သည်။ သူမလည်း တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်ချင်မိလာသည်။ လက်ရှိတွင် သူမသည် တန်ခိုးရှင်တတိယအဆင့်သို့ ရောက်နေခဲ့လေပြီ။ အခွင့်အလမ်းတစ်ခုခုနှင့်သာ ကြုံရလျှင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် ကြိုးစားကြည့်နိုင်ပေသည်။ သို့သော်လည်း တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နိုင်ချေမှာ အလွန် နည်းပေသည်။ တန်ခိုးရှင်တတိယအဆင့်သို့ ရောက်သည်မှာ ကြာပြီ ဖြစ်သော်ငြား သူမ၏ ရှီသည် ယခုအချိန်ထိ ပြီးပြည့်စုံခြင်း အဆင့်ထိသို့ မရောက်သေးပေ။ နယ်ပယ်ကို ထိတွေ့နိုင်ဖို့ ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။
လီနွော့သည် ပြုံးလျက် လင်ဗန်းဆီသို့ လျှောက်သွားကာ ပိတ်စကို ဆွဲဖယ်လိုက်သည်။ အားလုံးရှေ့ အအေးဓါတ်တို့ ဖြာထွက်နေသည့် တန်ခိုးရှင်အလယ်အလတ်အဆင့် ဓါးမြှောင် တစ်ချောင်း ထွက်ပေါ်လာခဲ့သည်။
လီနွော့သည် ဓါးမြောင်ကို ကောက်ယူ၍ ဝှေ့ရမ်းပြလိုက်၏။ ထို့နောက် သူတော်စင်ချီကို ထည့်သွင်းလိုက်ရာ ဓါးမြှောင်ပေါ်ရှိ ရုန်းအက္ခရာများ အသက်ဝင်လာခဲ့လေသည်။ ချက်ချင်းဆိုသလို ဓါးမြောင်ဆီမှ ဖြာထွက်နေသည့် အအေးဓါတ်သည် ယခင်ထက် အများကြီး ပိုမို ပြင်းထန်လာခဲ့လေသည်။
လီနွော့သည် သူတော်စင်ချီထည့်သွင်း၍ ဓါးမြောင်ကို ဝှေ့ရမ်းပြရင်း ပြောလိုက်လေသည် “ဒီယွမ်ဖြတ်တောက်ခြင်း ဓါးမြောင်က ပင်လယ်နက်အအေးသံနဲ့ အအေးပင်လယ်က သဲရယ်၊ အဆင့်ကိုးသားရဲ မျက်လုံးနက်ကြံ့ရဲ့ ဦးချိုတွေကိုသုံးပြီး တန်ခိုးရှင် အဆင့်မြင့် ပန်းပဲပညာရှင်တစ်ဦးက ဖန်တီးထားတဲ့ မှော်ရတနာတစ်ခုပဲ။ ဒီဓါးမြှောင်က အရမ်း အေးစက်တဲ့ အအေးဓါတ်ကို ထုတ်လွှတ်နိုင်တဲ့ အပြင်ကိုမှ သူတော်စင်ချီ အကာအကွယ်တွေကို ထိုးဖောက်တဲ့နေရာမှာလည်း အရမ်း အသုံးဝင်တယ်. ကျေးဇူးပြုပြီး ကြည့်ကြည့်ကြပါ”
ပြောပြီးသည့်နောက် ဓါးမှောင်အား သူမ လက်မောင်း တည့်တည့်သို့ ထိုးစိုက်လိုက်လေသည်။
ဓါးမြှောင်အဖျားမှ သူမ၏ သူတော်စင်ချီ အကာအကွယ်ကို ထိသွားသည်နှင့် ထိုအကာအကွယ် ပျက်စီးသွားသည်ကို အကုန်လုံး မြင်လိုက်ရလေသည်။
ကံကောင်းစွာဖြင့် လီနွော့သည့် အားကို သေချာ ထိန်းချုပ်ထားသည့်အတွက် ဓါးမြောင်သည် သူတော်စင်ချီ အကာအကွယ်ကို ထိုးဖောက်သွားသည့်တိုင် သူမ လက်ကိုတော့ သွားမထိခဲ့ပေ။
ဓါးမြှောင်ကို ပြန်သိမ်းထားလိုက်ပြီးနောက် လီနွော့က ပြုံးလျက် ပြောလိုက်လေသည် “ယွမ်ဖြတ်တောက်ခြင်း ဓါးမြှောင်က တန်ခိုးရှင်အလယ်အလတ်အဆင့်ပဲ ဆိုပေမယ့် တန်ခိုးရှင်တတိယအဆင့်တွေကို တိုက်ခိုက်တဲ့နေရာမှာ အရမ်း အသုံးဝင်တယ်။ ပြီးတော့ သန့်စင်ဖို့ကလည်း အရမ်းလွယ်တယ်. ကျန်တာတွေကိုတော့ ကျွန်မ ဆက်ရှင်းပြစရာ မလိုတော့ဘူး ထင်ပါတယ်။ ကြမ်းခင်းဈေးက သူတော်စင်သလင်းကျောက် တစ်သိန်းငါးသောင်းပါ၊ အားလုံး ဈေးစပေးလို့ရပါပြီ”
လီနွော့၏ စကားသံ ဆုံးသွားသည်နှင့် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် အပြိုင်အဆိုင် ဈေးခေါ်ကြတော့လေသည်။
ဟွာရို့မုန်သည်လည်း ထိုဓါးမြောင်လေးကို စိတ်ဝင်စားနေသည့်ပုံပင်။ သို့ရာတွင် ရန်ကိုင်၏ စကားကြောင့် ငြိမ်၍သာ နေခဲ့သည်။
ထိုစဉ်က ရန်ကိုင်က ပြောလိုက်လေ၏ “အဲ့ဓါးမြှောင်က သိပ်ပြည့်စုံမနေဘူး။ ချိုးယွင်းချက်တွေရှိနေတယ်”
“ဘယ်လိုမျိုးလဲ ဆရာ” ဟွာရို့မုန် အံ့အားသင့်သွားခဲ့သည်။
“လီနွော့ ဓါးမြောင်ကို သုံးပြုနေတုန်းက ရေခဲစွမ်းအင်ကိုပဲ ထုတ်သုံးသွားတာ သတိပြုမိလိုက်လား။ အဲ့ဓါးမြောင်ကိုသုံးဖို့ ရေခဲကျင့်စဉ်တစ်ခုခုကို သင်ထားဖို့လိုတယ်။ ခင်ဗျားက ဘာအအေးဓါတ် ကျင့်စဉ်ကိုမှ မကျင့်ကြံထားတော့ အဲ့ဓါးမြောင်ကို ဝယ်လိုက်လည်း ခင်ဗျားအတွက် ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး”
“တကယ်ကြီးလား” ဟွာရို့မုန် ထိတ်လန့်သွားလေသည်. “ဒါဆို လီနွော့က လိမ်နေတာပေါ့”
ရန်ကိုင်က ပြုံးလျက် “အဲ့လိုလည်း ပြောလို့မရပြန်ဘူး။ သူအခု ပြောသွားတာ အကုန် အမှန်တွေချည်းပဲ။ သေချာ ရှင်းပြမသွားတာပဲ ရှိတာ။ ပြီးတော့ ဓါးမြောင်ကို ရသွားတဲ့လူက ရေခဲကျင့်စဉ်တစ်မျိုးမျိုးကို ကျင့်ကြံထားမယ်ဆိုရင်တောင် တန်ခိုးရှင်အလယ်အလတ်အဆင့် မှော်ရတနာတစ်ခုပဲမို့လို့ ဒီလောက်ကြီး အားကောင်းဦးမှာ မဟုတ်သေးဘူး”
“ကျွန်မ နားလည်ပါပြီ” ဟွာရို့မုန် ခေါင်းညိတ်ပြလိုက်သည်။
ကျင့်ကြံသူတစ်ဦးပြီးတစ်ဦး အပြိုင်အဆိုင် ဈေးခေါ်နေကြရာ မကြာမီ လေလံဈေးသည် တစ်သိန်းငါးသောင်းမှ နှစ်သိန်း ရှစ်သောင်းအထိသို့ လျင်မြန်စွာ မြင့်တက်သွားခဲ့လေသည်။
ပထမဆုံး ပစ္စည်းကို အောင်မြင်စွာ လေလံတင်နိုင်သဖြင့် လီနွော့ ပျော်ရွှင်စွာ ပြုံးလိုက်မိ၏။
လေလံပွဲတစ်ခုအတွက် အရေးအကြီးဆုံးသည် အစကောင်းဖို့ပင်ဖြစ်သည်။ အစသာ ကောင်းသွားခဲ့လျှင် ပစ္စည်း အသစ်များ ထပ်လေလံတင်သည့်အခါ အပြိုင်အဆိုင် ဈေးပေးမှုများ အလိုလို ထပ်ရှိလာပေလိမ့်မည်။
လေလံဈေး သုံးသိန်းနှစ်သောင်းသို့ ရောက်လာပြီးသည့်အခါ အချိန်တွင်တော့ ဈေးပြိုင်ပေးမှုများ တဖြည်းဖြည်း လျော့ကျလာခဲ့၏။ ဤသည်မှာ တန်ခိုးရှင်အလယ်အလတ်အဆင့် မှော်ရတနာတစ်ခုအတွက် အမြင့်ဆုံး ဈေးဖြစ်ပေသည်။ ဤထက်သာ ပိုပေးဝယ်ရလျှင် တန်တော့မည် မဟုတ်ချေ။
ကျင့်ကြံသူတိုင်းတွင် သူတော်စင်ချီ ပေါပေါသောသော ရှိနေခြင်း မဟုတ်။ ရှိလျှင်ပင် ကျင့်ကြံခြင်း၊ ဆေးလုံးများဝယ်ခြင်… စသော ကိစ္စများတွင် အသုံးပြုစရာ ကျန်ပေသေးသည်။
နောက်ဆုံးတွင် ဓါးမြောင်ကို ကျင့်ကြံသူတစ်ဦးမှ နောက်ဆုံးဈေး သုံးသိန်းငါးသောင်းပေးပြီး ဝယ်သွားခဲ့လေသည်။
လေလံပွဲကို မြိုင်ဆိုင်စွာ ဆက်လက် ကျင်းပနေခဲ့သည်။ ပထမဦးဆုံး ပစ္စည်းအား ဈေးမြင့်မြင့်ဖြင့် ရောင်းရပြီးနောက်တွင် ခန်းမထဲရှိ ကျင့်ကြံသူများစွာတို့သည့် နောက်လေလံတင်မည့် ပစ္စည်းများအတွက် အတော်လေး စိတ်အားထက်သန်လာကြ၏။
မှော်ရတနာများ… ဆေးလုံးများ… ဆေးပင်များ… သတ္တုရိုင်းများ… ကျင့်စဉ်များနှင့် သိုင်းပညာရပ်များ… စသည့် အမျိုးမျိုးသော ပစ္စည်းများကို ဤလေလံပွဲတွင် ရနိုင်ပေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၅၉)
လေလံပွဲသည် ဆက်လက်ကျင်းပသွားနေခဲ့ရာ နှစ်နာရီတိတိ ရှိလာခဲ့သည်။ ထိုအတောအတွင်း လေလံတင်သွားသည့် ပစ္စည်း အားလုံးကို ဈေးမြင့်မြင့်ဖြင့် ရောင်းချနိုင်ခဲ့လေသည်။
သို့သော်လည်း လက်ရှိအချိန်ထိ လေလံဆွဲကြသူများမှာ အောက်ဘက်တန်းများမှ လူများသာ ဖြစ်ကြပြီး သီးသန့်ခန်းများထဲမှ လေလံဝင်ဆွဲသူဟူ၍ အနည်းငယ်သာ ရှိလေသည်။ (က)သီးသန်းခန့်များထဲမှ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ ငါးဦးမှာတော့ တုတ်တုတ်ပင် မလှုပ်သေးသဖြင့် ထိုလူများ မည်သည့် ပစ္စည်းကို စောင့်မျှော်လင့်နေသလဲဟု ရန်ကိုင် အတွေးများမိသွားလေသည်။
ဟွာရို့မုန်ကမူ နှစ်ကြိမ်လေလံဝင်ဆွဲခဲ့ပြီး အားကောင်းသော မှော်ရတနာတစ်ခုနှင့် ကျင့်စဉ်တစ်ခု ရရှိခဲ့လေသည်။
လေလံပွဲသည် ပြီးခါနီးနေလေပြီ။ အကုန်လုံး စောင့်နေကြသည့် ပစ္စည်းမှာလည်း မကြာခင် ပေါ်လာတော့မည်မှန်း ရန်ကိုင် သိနေသည်။
“နောက်တစ်ကြိမ် လေလံတင်မယ့်ပစ္စည်းက ဆေးလုံး တစ်လုံးပါပဲ၊ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးပေါ့” လီနွော့က ပြုံးလျက် ပြောလိုက်သည်။
သူမအသံ ဆုံးသွားသည်နှင့် လူပေါင်းများစွာသည် လီနွော့အား အံ့အားသင့်တကြီး ကြည့်လိုက်ကြသည်။
တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးများ လေလံပွဲတွင် ပေါ်လာသည်မှာ အလွန်ကိုမှ ရှားပါးပေသည်။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးကို ရထားသည့်လူသည် ထိုဆေးလုံးကို လေလံပွဲမျိုးတွင် ရောင်းချလိမ့်မည် မဟုတ်ဘဲ သူ့ဘာသာ အသုံးပြုပေလိမ့်မည်။ မသုံးဘူးဆိုလျှင်ပင် ပညာရှင်တစ်ဦးဦးရှာပြီး လူမသိမသိ အရောင်းအဝယ်သာ ပြုလုပ်ပေလိမ့်မည်။ လေလံတော့ တင်လိမ့်မည် မဟုတ်ပေ။
နောက်ခံအင်အားတောင့်တင်းသည့် လေလံအိမ်များသည်သာ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးများကို လေလံတင်လေ့ ရှိပေသည်။
ကြည်လင်ကောင်းကင်စံအိမ်သည် ခရမ်းကြယ်တွင် နာမည်ကျော် လေလံစံအိမ်တစ်ခု ဖြစ်သော်လည်း အကြီးမားဆုံး လေလံစံအိမ်တစ်ခုတော့ မဟုတ်ချေ။ ယခင်ကလည်း ဤကဲ့သို့သော ပစ္စည်းမျိုးကို တစ်ခါမှ လေလံမတင်ခဲ့ဖူးပေ။ သို့ရာတွင် ယခုတစ်ကြိမ်တွင်တော့ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတစ်လုံးကို ရုတ်တရက်ကြီး လေလံတင်လာခဲ့သည်။ အကုန်လုံး အလွန်ကိုမှ စိတ်လှုပ်ရှားသွားခဲ့ကြသည်။
ဟွာရို့မုန်သည်လည်း အသစ်ရထားသည့် ကျင့်စဉ်အား ဖတ်နေခြင်းကို ရပ်လိုက်ပြီး စင်မြင့်ပေါ်သို့ စိတ်ဝင်တစား လှမ်းကြည့်လိုက်လေသည်။
လီနွော့က ပြုံးလျက် စင်ပေါ်သို့ တက်လာသော အစေခံကောင်မလေး သယ်လာသည့် လင်ဗန်းပေါ်မှ ကျောက်စိမ်း ပုလင်းကိုယူ၍ လှုပ်ခါပြရင်း ပြုံးကာ ပြောလိုက်သည် “လေလံတင်မယ့် တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံးက ဒီဆေးပုလင်းထဲမှာပါ”
“ဘယ်လို၊ တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံးလား”
“တကယ်ကြီး တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံးလား၊ မိန်းကလေးလီနွော့၊ ခင်ဗျား တကယ် ပြောနေတာလား”
လီနွော့က ပြုံးလျက် “ကျွန်မရဲ့ လေလံအိမ်ပဲဟာကို ဘယ်လိုလုပ်ပြီး ရှင်တို့ကို လိမ်ရမှာလဲ။ ဒီစိတ်ဝိဥာဉ်ဆေးလုံးက တကယ်ကြီး တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံးပါ။ မယုံရင် ကြည့်ကြည့်လိုက်ကြပါ”
ပြောပြီးသည့်နောက် ဆေးပုလင်းအဖုံးကို ဖွင့်ကာ ဆေးလုံးကို လက်ဖဝါးပေါ်သို့ သွန်ချပြလိုက်လေသည်။ ဆေးလုံး ပေါ်လာသည်နှင့် ခန်းမထဲ သင်းပျံ့သည့် မွှေးရနံ့တစ်ခု ပျံ့နှံ့လာခဲ့၏။ ဆေးနံ့ကို ရှုလိုက်ရရုံဖြင့် သူတို့၏ သွေးကြောများ ပွင့်ထွက်သွားသလို ခန်းမထဲတွင် ရှိနေသည့် ကျင့်ကြံသူများ ခံစားလိုက်ကြရသည်။
ဆေးနံ့သည်ကပင် ဤမျှ အစွမ်းထက်နေလေရာ ဆေးလုံး ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။
ထိုဆေးလုံးသည် ကျိန်းသေကို တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံး ဖြစ်ပေသည်။
တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးသည် တန်ခိုးရှင်အဆင့်၏ အထွဋ်အထိပ်သို့ ရောက်နေကြသည့် ကျင့်ကြံသူများ အလွန် လိုချင်နေသည့် ဆေးလုံးတစ်လုံး ဖြစ်ပေသည်။ ထိုဆေးလုံး၏ အကူအညီဖြင့် ဆိုပါက သူတို့အနေဖြင့် ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုကို ပို၍ လွယ်ကူစွာ ခံစားနိုင်မည်ဖြစ်ကာ နယ်ပယ်စက်ကွင်းကို သိပ်သည်းရာတွင်လည်း ပို၍ လွယ်ကူလာပေလိမ့်မည် ဖြစ်ပေသည်။
ဤဆေးလုံးသည် သေလူကို ပြန်ရှင်အောင် လုပ်ပေးနိုင်သည့် ပဥ္စလက်ဆန်ဆန် ဆေးလုံးတစ်လုံး မဟုတ်သော်လည်း တန်ခိုးရှင် အဆင့်၏ အထွဋ်အထိပ်သို့ ရောက်နေသည့် ကျင့်ကြံသူများ အတွက်တော့ အလွန် မက်မောစရာကောင်းသည့် ဆေးလုံး တစ်လုံးတော့ ဖြစ်နေပေသေးသည်။
ဤတန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးသည် တန်ခိုးရှင်ဘုရင် အဆင့်နိမ့် ဆေးလုံးတစ်လုံး ဖြစ်ပေသည်။ ဆိုလိုသည်ကား ဤဆေးလုံးကို တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးမှ ဖော်စပ်ခဲ့ခြင်း ဖြစ်ပေသည်။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်များသာ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်သည်ကိုး။ ထို့အပြင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးများကို ဖော်စပ်ရန် လိုအပ်သည့် ဆေးလုံးများမှာလည်း အလွန်ကို ရှားပါးပေသည်။ ထို့ကြောင့်ပင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးများ ရှားပါးနေရခြင်း ဖြစ်သည်။
ထို့အကြောင်းများကြောင့် တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံးများ အလွန်အဖိုးတန်နေရခြင်း ဖြစ်ပေသည်။ ဖော်စပ်ရလည်းခက်၊ ဆေးအမယ်လည်းရှားပါး၊ ဖော်စပ်နိုင်သူကလည်း များများစားစားမရှိ၊ သို့ရာတွင် လိုချင်သူက များနေ၏။ ဈေးကွက်လိုအပ်ချက်သည် အလွန်တရာကိုမှ များပြားလာပြီး ပစ္စည်းမှာ ရှားပါးပြတ်လပ်နေသည့်အခါ ထိုပစ္စည်း၏ တန်ဖိုးမှာ အလွန်ကိုမှ မြင့်တက်လာရတော့သည်။
“ဒီဆေးလုံး ဘာဆေးလုံးလဲဆိုတာကိုတော့ ကျွန်မ ရှင်းပြစရာ မလိုတော့ဘူးထင်တယ်” လီနွော့သည် လူအုပ်ကြီး ဤကဲ့သို့ ဖြစ်မည်မှန်း ကြိုသိထားသည့်အလား ပြုံးကာ ပြောလိုက်၏ “ဒီတန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးအတွက် ကြမ်းခင်းဈေးက သူတော်စင်သလင်းကျောက် သန်းနှစ်ဆယ်ပါ။ အားလုံး ဈေးစပေးလို့ ရပါပြီ”
သူမ၏အသံ ဆုံးသွားသည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
သူတော်စင်သလင်းကျောက် သန်းနှစ်ဆယ်သည် သာမန် ကျင့်ကြံသူတစ်ဦး ထုတ်ပေးနိုင်သည့် ပမာဏ မဟုတ်ချေ။ အားကောင်းသည့် နောက်ခံရှိသည့် လူများသည်သာ ထိုမျှ များပြားလှသော ငွေကြေးကို ထုတ်ပေးနိုင်ပေလိမ့်မည်။
သို့ရာတွင် လီနွော့မှာတော့ စိတ်မပူ။ ဤတန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံး၏ ဈေးနှုန်းသည် ဤဈေးဖြင့် ရပ်တန့်နေလိမ့်မည် မဟုတ်မှန်း သူမ ကျိန်းသေ သိနေသည်။
“ဟူး…
အခန်း (က-၅)ဆီမှ ပြင်းပြသည် သက်ပြင်းရှိုက်သံတို့ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင် လှည့်ကြည့်လိုက်ရာ ဟွာရို့မုန်သည် လက်သီးကိုတင်းတင်းဆုပ်လျက် တုန်တုန်ရီရီဖြင့် တန်ခိုးရှင်ဘုရင် အဆင့် ဆေးလုံးအား မမှိတ်မသုံ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
သူမသည်လည်း တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ဤအဆင့်သို့ ရောက်ပြီးကတည်းက များများစားစား တိုးတက်လာခြင်းမရှိဘဲ ငြိမ်သက်နေခဲ့သည်မှာ အတော်လေး ကြာနေခဲ့လေပြီ။ ထို့ကြောင့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးကို မြင်လိုက်သည့်အခိုက် အလွန်ကိုမှ စိတ်လှုပ်ရှားရခြင်း ဖြစ်သည်။ ထိုဆေးလုံးသည် ဆေးလုံးသက်သက်ပင် မဟုတ်တော့ဘဲ သူမအား တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်အောင် ကူညီပေးမည့် အခွင့်အရေးတစ်ရပ်လည်း ဖြစ်ပေသည်။
သူမသာ ထိုဆေးလုံးကိုသုံးပြီး တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်မည်ဆိုပါက သန်းနှစ်ဆယ်မဆိုထားနှင့် သန်းနှစ်ရာပင် တန်ပေသည်။
စိတ်လှုပ်ရှားလွန်းသဖြင့် အလိုလို အော်ပြောမိလိုက်၏ “သန်းနှစ်ဆယ်”
သူမအသံသည် ငြိမ်သက်နေသည့် တိတ်ဆိတ်မှုကို ရုတ်တရက် ဖြိုခွင်းသွားခဲ့လေသည်။
“နှစ်ဆယ့်ငါးသန်း” ဟွာရို့မုန် အသံဆုံးသွားသည်နှင့် (ခ)အခန်းတစ်ခန်းထဲမှ အသံတစ်သံ လိုက်ထွက်လာခဲ့လေသည်။
တစ်ယောက်မှ စပေးလိုက်သည်နှင့် မည်သူမှ ငြိမ်မနေတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် လိုက်ပေးကြတော့လေသည်။
အသက်ဆယ်ရှိုက်စာအတွင်း ဆေးလုံး၏ တန်ကြေးမှ သန်းနှစ်ဆယ်မှ သန်းရှစ်ဆယ်သို့ ခုန်တက်သွားခဲ့လေသည်။
သူမ ဆက်ပြိုင်နိုင်တော့မည် မဟုတ်မှန်း သိလိုက်သည့်နောက် ဟွာရို့မုန် စိတ်ဓါတ်ကျသွားခဲ့၏။ သန်းရှစ်ဆယ်ဆိုသော ပမာဏသည် သူမ တတ်နိုင်သည့် ပမာဏ မဟုတ်ချေ။ မြေပိုင်ဆိုင်မှု စာချုပ်အခုသုံးဆယ် ရှိသော်လည်း ထိုအရာများကို လေလံတင်လိုက်သည်မှ ဘယ်လောက်များ ရမှာမို့လို့နည်း။
တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံးအတွက် ပြိုင်ဆိုင်မှုသည် ယခုမှ စရုံလေးသာ ရှိသေးသည်။ ဆိုလိုသည်ကား ဤဈေးနှုန်းသည် စဦးဈေးလောက်သာ ရှိသေးသည်ဟု ပြော၍ရသည်။
မြေပိုင်စာချုပ်များကို လေလံတင်ရာမှ ရရှိလာသည့် သူတော်စင်သလင်းကျောက်များကို အကုန်သုံးလိုက်လျှင်ပင် ဤဆေးလုံးကို ဝယ်နိုင်လောက်လိမ့်မည် မဟုတ်ချေ။
“သန်းတစ်ရာ” (ခ)အခန်းတစ်ခန်းထဲမှ အိုမင်းနေသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံမှာ တည်ငြိမ်နေဟန် ထင်ရသော်လည်း ကြားလိုက်သူ မည်သူမဆို အသံပိုင်ရှင် မည်မျှ စိတ်လှုပ်ရှား၊ စိုးရိမ်နေကြောင်းကို သတိပြုမိနိုင်ပေသည်။
သန်းတစ်ရာသို့ ရောက်လာပြီးနောက် ဈေးနှုန်းမှာ တစ်ဖန် ရပ်တန့်သွားခဲ့ပြန်လေသည်။ မည်သူမှ ထပ်ဈေးမပေးသေး။
တန်ခိုရှင်ဘုရင်အဆင့် ဆေးလုံးမှာ အဖိုးတန်သော်လည်း ထိုဆေးလုံးသည် ကျင့်ကြံသူတစ်ဦးအား တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်အောင် လုပ်မပေးနိုင်ဘဲ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည့် အခွင့်အလမ်းကို တိုးသွားအောင်သာ လုပ်ပေးနိုင်သည်။
သန်းတစ်ရာဆိုသော ပမာဏသည် ကျင့်ကြံသူအများစု တတ်နိုင်သည့် အကန့်အသတ် ဖြစ်နေလေပြီ။
ထို့ကြောင့် အစပိုင်းတွင် လူပေါင်းများစွာ စိတ်ဓါတ် တက်ကြွနေခဲ့သော်လည်း ထိုဈေးနှုန်းသို့ ရောက်လာပြီးနောက် လောင်မြိုက်နေသည့် မီးတောက်ပေါ်သို့ ရေအေး လောင်းချလိုက်သည့်နှယ် လေလံခန်းမမှာ တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားတော့လေသည်။
လီနွော့ကမူ စိတ်မပူဘဲ ပြုံး၍သာ မေးလိုက်လေသည် “အခန်း(ခ-၈)က လူကြီးမင်းက သန်းတစ်ရာ ပေးထားပါတယ်။ ထပ်ပေးချင်တဲ့လူများ ရှိကြပါသေးလား”
“မရှိဘူး။ မြန်မြန် ရေလိုက်တော့” အခန်း(ခ-၈)မှလူက စိုးရိမ်တကြီး လှမ်းအော်ပြောလေသည်။
သူ့အနေဖြင့် သူတော်စင်သလင်းကျောက် သန်းတစ်ရာကို အလွယ်တကူ မထုတ်ပေးနိုင်သော်လည်း ထိုဈေးနှုန်းဖြင့် တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံးကို ရနိုင်မည်ဆိုပါက တန်သည်ဟု ပြော၍ရပေသည်။ အခြား တစ်ယောက်မှ ဈေးထပ်မည်ကို သူတော်လေး ကြောက်နေမိလေသည်။ ထို့ကြောင့် လီနွော့က မြန်မြန် ရေတွက်လိုက်လေသည်။
“ဟားဟား၊ သန်းတစ်ရာတစ်ဆယ်” ထိုစဉ် သီးသန့်ခန်းထဲ ရယ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
“ဘယ်သူလဲ၊ ဘယ်ခွေးသူတောင်းစားက ဒီလူအိုကြီးနဲ့ ဈေးပြိုင်ပေးရဲတာလဲကွ” အခန်း (ခ-၈)မှ လူအိုကြီး ဒေါသပုန် ထသွားခဲ့လေသည်။
သို့ရာတွင် အသံပိုင်ရှင်သည် အခန်း (က-၂)မှ ဖြစ်နေကြောင်း သိလိုက်ရသည့်အခါ လူအိုကြီး ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။
သူသည် အခန်း (ခ-၈)တွင်သာ ဖြစ်ပြီး တစ်ဖက်လူသည် အခန်း (က-၂)တွင် ရှိနေသည့်လူဖြစ်သည်။ ဆိုလိုသည်မှာ တစ်ဖက်လူ၏ အဆင့်အတန်းသည် သူ့ထက် အများကြီး ပိုမြင့်ပေသည်။
ထိုစဉ် အခန်း (က-၂)မှ ကျင့်ကြံသူသည် အခန်း (ခ-၈)ဆီသို့ ကောင်းကင်စိတ်အာရုံဖြင့် တိုက်ခိုက်လိုက်လေသည်။
အခန်း (ခ-၈)တွင် ရှိနေသော လူအိုကြီး၏ မျက်နှာ ဖြူလျော်သွားပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာခဲ့လေသည်။ အခန်း (က-၂)သို့ အထိတ်တလန့် မော့ကြည့်ရင်း ကြောက်လန့်တကြား အော်ပြောလိုက်လေသည် “တန်ခိုးရှင်ဘုရင် အဆင့်”
“ဟန့်၊ အကုန်လုံး မျှမျှတတနဲ့ လေလံဆွဲနေတာကို အကုန်လုံး စည်းမျဉ်းအတိုင်း လိုက်နာရမှာပေါ့။ နောက်တစ်ခါ အခုလို မလေးမစား လာလုပ်ရင် ဒီဘုရင် မင်းအသက်ကို ယူပြီသာမှတ်” အခန်း (က-၂)ထဲမှ နောက်ထပ် အသံတစ်သံ ထွက်လာခဲ့၏။
“ဟုတ်ကဲ့။ ဟုတ်ကဲ့။ တောင်းပန်ပါတယ် ဆရာ” အခန်း (ခ-၈)တွင် ရှိနေသော ကျင့်ကြံသူ ကြောက်မှုကြောင့် တုန်ရီနေခဲ့သည်။ အခန်းပတ်လည်တွင် အကာအရံများ ချထားသဖြင့် တစ်ဖက်လူ၏ မျက်နှာကို မမြင်ရသော်လည်း တစ်ဖက်လူသည် တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူ ဖြစ်နေသည် ဟူသော အချက်ကပင် သူ့အား ကြောက်လန့်သွားအောင် လုပ်နိုင်ပေသည်။
“ရဲတင်းလိုက်တာ။ ခရမ်းကြယ်မြို့ထဲမှာ လူသတ်မယ်လို့ ဘယ်သူ ပြောရဲနေတာလဲ။ မင်းတို့ ခရမ်းကြယ်မြို့ရဲ့ စည်းမျဉ်းတွေကို မျက်လုံးထဲ မထည့်တော့တာလား”
ရုတ်တရက် အခြား အခန်းတစ်ခန်းထဲမှ အသံတစ်သံ ထပ်မံ ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံကို ကြားလိုက်သည့် အခိုက် အကုန်လုံး မှင်သက်သွားခဲ့ကြလေသည်။ ယနေ့ ကိစ္စသည် ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပြီးတော့မည့်ပုံမပေါ်။ အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ရာ အခန်း (က-၁)မှ ဖြစ်နေကြောင်း အကုန်လုံး တွေ့ရှိလိုက်ရသည်။
လေလံပွဲတွင် အခန်း (က-၁)သည် အဆင့်အတန်း အမြင့်ဆုံး အခန်းတစ်ခန်း ဖြစ်ပေသည်။ အခန်းပိုင်ရှင် မည်သူဖြစ်လဲ အစပိုင်းတွင် မသိခဲ့ကြသော်လည်း အသံကို ကြားပြီးနောက် အခန်းပိုင်ရှင်သည် အကြီးအကဲချုပ်ဖြစ်မည်မှန်း အကုန်လုံး သိသွားခဲ့ကြသည်။
“အကြီးအကဲချုပ်ပါလား။ ငါအကြီးအကဲချုပ် အသံကို ကြားဖူးတယ်။ ဒီအသံက အကြီးအကဲချုပ်ရဲ့ အသံပဲ”
“အကြီးအကဲချုပ်လည်း ရောက်နေတာလား”
သို့သော်လည်း အခန်း (က-၁)တွင် ရှိနေသည့်လူသည် ကုန်းစွန်းလျန်သာ ဖြစ်နေမည်ဆိုလျှင် ဤအချက်ကို နားလည်၍ ရပေသည်။ တကယ်တော့ အကြီးအကဲချုပ်သည် လက်ရှိတွင် ခရမ်းကြယ်မြို့၌ အာဏာအရှိဆုံးသူ မဟုတ်ပေလော။
အခန်း (က-၁)တွင် ရှိနေသူသည် အကြီးအကဲချုပ်ဆိုလျှင် အခန်း (က-၂)တွင် ရှိနေသည့်လူသည် မည်သူများ ဖြစ်လေမလဲ အကုန်လုံး အတွေးများမိသွားကြပြန်လေည်။
“ဒီလူအိုကြီး သန်းနှစ်ရာပေးမယ်ကွာ” ကုန်းစွန်းလျန်က ပြောလိုက်၏။
ဟူး…
ခန်းမတစ်ခုလုံး သက်ပြင်းရှိုက်လိုက်ကြသည်။ ကုန်းစွန်းလျန် ပေးလိုက်သည့်ဈေးသည် တကယ်ကို ကြောက်မခန်းလိလိပင်။ သူသည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံး၏ ဈေးနှုန်းကို သန်းတစ်ရာတစ်ဆယ်မှ သန်းနှစ်ရာထိ တစ်ဟုန်ထိုး တိုးမြှင့်လိုက်၏။
အကုန်လုံး ခရမ်းကြယ်အကြီးအကဲချုပ်အပေါ် အားကျမိသွားကြသည်။ အကြီးအကဲချုပ်၏ ကြွယ်ဝမှုသည် သာမန် လူတစ်ဦး သွားယှဉ်နိုင်သည့် အရာမျိုး မဟုတ်ချေ။
“သန်းနှစ်ရာ့တစ်ဆယ်” သို့ရာတွင် အခန်း (ခ-၂)မှလူမှ လက်မလျှော့သေးဘဲ ဈေးထပ်ခေါ်လိုက်သဖြင့် အကုန်လုံး အံ့အားသင့်သွားကြရပြန်လေသည်။
“သန်းသုံးရာ” ကုန်းစွန်းလျန်က နှာခေါင်းရှုံ့လျက် ဈေးထပ်ခေါ်လိုက်၏။
“သုံးရာတစ်ဆယ်”
“သန်းငါးရာ”
…
ဈေးပြိုင်ပေးနေသံများကို နားထောင်ရင်း အကုန်လုံး မျက်လုံးအပြူးသား ဖြစ်ကုန်ကြလေပြီ။
ရန်ကိုင်ပင်လျက် မျက်မှောင်ကြုတ်လျက် အခန်းနှစ်ခန်းဆီ လှမ်းကြည့်မိလိုက်သည်။
တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတစ်လုံးကို သန်းငါးရာဆိုသည်မှာ ယုတ္တိမတန်လွန်းသည့် ဈေးနှုန်း ဖြစ်ပေသည်။ ထို့အပြင် ကုန်းစွန်းလျန်၏ ကျင့်ကြံခြင်းအရ ဤတန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးသည် သူ့အတွက် အသုံးမဝင်ချေ။ သူ့ဂျုနီယာ သို့မဟုတ် မျိုးဆက်တစ်ယောက်အတွက် ဝယ်ပေးချင်သည်ဆိုလျှင်ပင် ဤမျှ အများကြီး သုံးသည်မှာ ယုတ္တိမရှိချေ။
ရန်ကိုင် နားမလည်နိုင် ဖြစ်သွားခဲ့သည်။
ကုန်းစွန်းလျန်က သန်းငါးရာ ပေးလိုက်သည်နှင့် အခန်း (ခ-၂) ရုတ်တရက် တိတ်သွားခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၆၀)
ထိုစဉ်… အခန်း (က-၂)တွင် ရှိနေသော ကျိဝူကျိသည် ကုန်းစွန်းလျန်အား လက်သီးတင်းတင်းဆုပ်၍ အံကြိတ်ကာ စိုက်ကြည့်နေခဲ့သည်။
ကျိကျွင်းသည်လည်း မျက်နှာကြီး မှုန်ကုတ်နေခဲ့သည်။
“ဒုတိယသခင်လေး၊ အဲ့ခွေးအိုကြီး တမင်သက်သက် လုပ်နေတာ” ကျိကျွင်းက ဒေါသတကြီး ပြောလိုက်သည်။
“ကျုပ်သိတယ်” ကျိဝူကျိက အံကြိတ်၍ “သူလေလံပွဲကို ဘာလို့ ရောက်နေလဲ စဉ်းစားနေတာ။ ဒီသခင်လေးကို ပြဿနာ ရှာဖို့ ဖြစ်နေတာကိုး။ ခွေးအိုကြီးက တကယ် အားယားနေတာပဲ”
ကျိကျွင်းက အေးစက်စက် အမူအရာဖြင့် “အဲ့ခွေးအိုကြီးက သခင်လေး ပိုအားကောင်းလာမှာကို ကြောက်နေတာ။ ဒါကြောင့် သခင်လေးကို လိုက်နှောင့်ယှတ်နေတာ”
“တစ်နေ့ကျမှ အဲ့ခွေးအိုကြီးကို ကောင်းကောင်း သင်ခန်းစာ ပေးပစ်ဦးမယ်” ကျိဝူကျိက ပြောလိုက်သည်။
သန်းငါးရာဆိုသော ပမာဏသည် သူမျှော်မှန်းထားသည့် အကန့်အသတ်ကို ကျော်လွန်နေခဲ့သည်။ ယခင်က နှိမ့်နှိမ့်ချချသာ နေခဲ့သည့်အတွက် ငွေကြေးအင်အား များများစားစား စုဆောင်းထားနိုင်ခဲ့ခြင်း မရှိခဲ့ချေ။ ခရမ်းကြယ်၏ အရင်းအမြစ် အားလုံး နီးပါးကို ကျိတုန်ကသာ အသုံးပြုခဲ့ရသည်။
ကျိလုန်နှင့် ကျိတုန်တို့ ပျောက်နေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ကျိဝူကျိသည် ဆက်ပြီးတော့ သူ့ကိုယ်သူ နှိမ့်ချ၍ နေနေပေဦးမည်။
သို့ရာတွင် သူ့အနေဖြင့် ကုန်းစွန်းလျန်ဖြင့် တိုက်ခိုက်လိုလျှင် အားကောင်းနေရန် လိုအပ်ပေသည်။ ထို့ကြောင့် ဤတန်ခိုးရှင် ဘုရင်အဆင့် ဆေးလုံးသည် သူ့အတွက် အရမ်း အရေးပါပေသည်။ သူသာ ထိုဆေးလုံးကိုသုံးပြီး တန်ခိုးရှင်ဘုရင်အဆင့်ကို မြန်မြန် ချိုးဖျက်နိုင်လျှင် သူ့ရာထူးအတွက် ပို၍ အထောက်အကူ ဖြစ်လာနိုင်ပေသည်။
သို့သော်ငြား တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးသည် သူပင်လျှင် အလွယ်တကူ ရနိုင်သည့်အရာမျိုး မဟုတ်ချေ။
ခဏကြာ စဉ်းစားနေပြီးနောက် ကျိဝူကျိက အံကြိတ်၍ ဈေးထပ်ခေါ်လိုက်လေသည် “သန်းခြောက်ရာ”
သန်းခြောက်ရာသည် သူ့အကန့်အသတ် ဖြစ်ပေသည်။ ထို့ထက်ပို၍ ထပ်မထုတ်နိုင်တော့ချေ။ ကုန်းစွန်းလျန်သာ ဈေးထပ်တင်ဦးမည်ဆိုပါက လက်လျှော့လိုက်ဖို့သာ ရှိတော့သည်။
သူထင်ထားသလိုပင် ကုန်းစွန်းလျန်သည် အမှန်တကယ်ကို ဈေးထပ်ခေါ်ပေသည် “တစ်ဘီလျံ”
ကုန်းစွန်းလျန် ပေးလိုက်သည့်ဈေးကို ကြားလိုက်သည့်နောက် အကုန်လုံး၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့လေသည်။ စင်ပေါ်တွင် ပြုံးလျက် ရပ်နေသော လီနွော့ပင်လျှင် မျက်မှောင် ကြုတ်သွားခဲ့လေသည်။ သူမစိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလာနေခဲ့လေပြီ။
“တစ်… တစ်ဘီလျံ” ကျင့်ကြံသူတစ်ဦးက အလန့်တကြား ဆိုလိုက်လေသည် “ငါနားကြားမှားတာလား။ အကြီးအကဲချုပ်က တကယ်ကြီး တစ်ဘီလျံ ဈေးခေါ်လိုက်တာလား”
“ငါလည်း နားကြားမှားနေတာပဲ ဖြစ်ရမယ်။ ဘယ်လိုလုပ်ပြီး ဒီလောက် ဈေးများနိုင်မှာလဲ”
“ဟုတ်တယ်။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတွေ ဈေးကြီးတာ ပုံမှန်ဆိုပေမယ့် ဒီလောက်တော့ မများသင့်ဘူး။ ရောင်နီလေလံအိမ်မှာ ရောင်းခဲ့တဲ့ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတောင် သန်းငါးရာရှစ်ဆယ်ထိပဲ ရောက်လိုက်တယ်”
“အကြီးအကဲချုပ်ဆိုတဲ့အတိုင်း တကယ် ချမ်းသားတာပဲ။ ဆေးလုံး တစ်လုံးအတွက်နဲ့တောင် တစ်ဘီလျံ သုံးနိုင်တယ်”
လူအုပ်ကြီးကြား အမျိုးမျိုးသော အထင်အမြင်တို့ ထွက်ပေါ်လာခဲ့လေသည်။ သို့ရာတွင် တတ်သိနားလည်သူ အချို့မှာတော့ သီးသန့်ခန့်နှစ်ခန်းကြား အားပြိုင်မှုကို သတိပြုမိလိုက်ကြလေသည်။
ကုန်းစွန်းလျန်အနေဖြင့် ဈေးအား မဟားတရား တင်နေရခြင်းမှာ အခန်း (က-၂)မှလူနှင့် မတည့်သည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ ထိုသို့ဖြစ်လျှင်ပင် တစ်ဘီလျံဆိုသည့် ပမာဏမှာတော့ အတော်လေး များနေပေသည်။
“ကုန်းစွန်းလျန်၊ မင်းတမင်သက်သက် လိုက်လုပ်နေတာလား” သည်းမခံနိုင်တော့သည့်အဆုံး ကျိကျွင်းက ထအော်လေသည်။
ထိုအော်သံကြောင့် အကုန်လုံး အခန်း (က-၂)အား အလန့်တကြား လှမ်းကြည့်မိလိုက်ကြလေသည်။ မည်သူကများ အကြီးအကဲချုပ်ကို နာမည်တပ်ခေါ်ရဲလေသနည်း။ ပုံမှန်အားဖြင့် စည်ကားသိုက်မြိုက်နေလေ့ရှိသော လေလံပွဲ အခြေအနေသည် ရုတ်ချည်း တင်းမာလာခဲ့လေသည်။
ထိုအခြင်းအရာကိုကြည့်ရင်း လီနွော့၏ လက်ဖဝါးများလည်း ချွေးပျံလာခဲ့လေသည်။
သို့ရာတွင် ကုန်းစွန်းလျန်ကမူ ထူးထူးခြားခြားကို ဒေါသထွက်ခြင်းမရှိဘဲ ပြုံးလျက်ပင် ပြန်ပြောလိုက်လေသည် “ကျိကျွင်း၊ မင်းဘာပြောချင်နေတာလဲ။ ဒီအကြီးအကဲက ဒီဆေးလုံးကို ကြိုက်လို့ ကြိုက်ဈေးပေးပြီး ဝယ်နေတာလေ။ ငါဈေးပေးတာ မှားနေလို့လား”
“ဘာမှားနေလဲ မင်းအသိဆုံးပဲ” ကျိကျွင်းက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ “မင်းက ခရမ်းကြယ်ရဲ့ အကြီးအကဲချုပ် ဆိုရင်တောင် သူတော်စင်သလင်းကျောက် တစ်ဘီလျံဆိုတာ ထုတ်ချင်တိုင်း ထုတ်လို့ရတဲ့ ပမာဏ မဟုတ်ဘူး။ ကောင်းပြီလေ။ မင်းဈေးခေါ်ပြီးသွားပြီဆိုမှတော့ မင်းဘယ်လိုပေးမလဲ ငါကြည့်ရသေးတာပေါ့။ မိန်းကလေးလီနွော့၊ ကုန်းစွန်းလျန်က ပေးစရာမရှိဘဲ ဒီအတိုင်း ဈေးလျှောက်ပေးနေတယ်လို့ ငါထင်တယ်။ ဒါကြောင့် တစ်ချက်လောက် စစ်ဆေးကြည့်ပေးလို့ ရမလား”
“အဲ့ဒါက…” လီနွော့ တုန့်ဆိုင်းသွားခဲ့လေသည်။ ကုန်းစွန်းလျန်ကို တစ်ဘီလျံ ပေးနိုင်မပေးနိုင် သွားစစ်ဆေးခိုင်းခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးနေခြင်း မဟုတ်ပေလော။
ကုန်းစွန်းလျန်မှာ ဈေးပေးပြီးသွားလေပြီ။ သူပေးနိုင်မပေးနိုင် သူ့ကိစ္စမဟုတ်တော့ချေ။ သူ့ကြောင့် သူမတို့လေလံစံအိမ် နစ်နာရမည် ဆိုလျှင်ပင် အံကြိတ်ငြိမ်ခံနေရုံသာ တတ်နိုင်ပေသည်။
“အကြီးအကဲချုပ်ကို လာမေးခွန်းထုတ်နေတာ မင်းသေချင်နေတာလား ကျိကျွင်း” အခန်း (က-၁)ထဲမှ အခြား အသံတစ်သံ ရုတ်တရက် ထွက်လာခဲ့လေသည်။
ထိုအသံကို ကြားသည့်အခါ ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။ အသံပိုင်ရှင်သည် သူ့ဆီသို့ လာလည်ခဲ့သည့် ရှစ်ယောက်မြောက်အကြီးအကဲပင် ဖြစ်သည်။
“ငါက လုပ်သင့်လုပ်ထိုက်တာကို ပြောနေတာ။ အကြီးအကဲချုပ်သာ တစ်ဘီလျံကို ပေးနိုင်ရင် ငါဘာမှ ထပ်ပြောနေမှာ မဟုတ်ဘူး” ကျိကျွင်းက ပြန်ပြောလိုက်သည်။
“ကျိကျွင်း၊ မင်းတကယ် စမ်းချင်နေတာလား” ကျန်းချန်ဖုန်းက ထအော်လေသည်။ အားကောင်းသည့် သူတော်စင်ချီလှိုင်းတို့သည် အခန်း (က-၁)မှ ပေါက်ကွဲထွက်လာခဲ့လေသည်။
ခန်းမထဲတွင် ရှိနေသော ကျင့်ကြံသူအားလုံး ရုတ်တရက် ထိတ်လန့်တုန်လှုပ်လာခဲ့ကြလေသည်။
ထိုနှစ်ဖွဲ့သာ တိုက်ခိုက်ကြလျှင် ဒုက္ခရောက်မည့်လူမှာ သူတို့သာ ဖြစ်ကြပေလိမ့်မည်။ တန်ခိုးရှင်ဘုရင်အဆင့်များ တိုက်ခိုက်ရာမှ ထွက်ပေါ်လာသော အားလှိုင်းသည် သူတို့ တောင့်ခံနိုင်သည့် အရာမျိုး မဟုတ်ချေ။
“ဘာလို့ ကိုယ့်ကိုယ့်ကို အဆင့်နှိမ့်နေတာလဲ ရှစ်ယောက်မြောက် အကြီးအကဲ” အကြီးအကဲချုပ်က ရယ်မော၍ “သူက စစ်ဆေးချင်မှတော့ စစ်ဆေးပါစေပေါ့။ မိန်းကလေးလီနွော့၊ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးကို ယူလာခဲ့ပေးပါ။ ဒီအကြီးအကဲ တစ်ခါတည်း ပေးပါ့မယ်”
“ဟုတ်ကဲ့” ထိုစကားကို ကြားသည့်အခါ ဆေးပုလင်းကိုယူကာ အခန်း (က-၁)ထဲသို့ လျှောက်သွားလေ၏။
အခန်းထဲသို့ ဝင်လာပြီးနောက် ပြုံးလျက် ဆေးပုလင်းကို ကုန်းစွန်းလျန် လက်ထဲသို့ ထည့်ပေးလိုက်လေသည် “ဒီမှာ အကြီးအကဲချုပ် လေလံအောင်သွားတဲ့ ဆေးလုံးပါ”
“အင်း” ကုန်းစွန်းလျန်သည် လီနွော့အား တစ်ချက်ပင် မကြည့်ပဲ ခေါင်းသာ ညိတ်လိုက်၏။
ကျန်းချန်ဖုန်သည် အေးစက်စက် အမူအရာဖြင့် သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ပေးလိုက်ပြီးနောက် အသံအကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည် “မိန်းကလေးလီနွော့၊ ကျေးဇူးပြုပြီး ဒီထဲမှာ သူတော်စင် သလင်းကျောက် တစ်ဘီလျံရှိမရှိ စစ်ဆေးပေးပါ”
လီနွော့သည် လက်စွပ်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ ထိုသို့ စစ်ဆေးနေရင်း သူမ၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ ခဏအကြာတွင် ပြုံးလျက် “ပြည့်ပါတယ်။ အကြီးအကဲချုပ် ဈေးခေါ်ချင်တိုင်း ခေါ်သွားတာ မဟုတ်ပါဘူး။ အခုလို မှန်မှန်ကန်ကန် လုပ်ဆောင်ပေးတဲ့အတွက် အကြီးအကဲချုပ်ကို ကျေးဇူးတင်ပါတယ်”
“မင်းတို့အခန်းထဲမှာ စစ်ဆေးနေတာကို ငါတို့မှ မမြင်ရတာ တကယ် ဟုတ်မဟုတ် ဘယ်သူသိမှာလဲ” ကျိကျွင်းက ထပ်ပြောလိုက်လေသည်။
ကျန်းချန်ဖုန်းက နှာခေါင်းရှုံ့လျက် “ကျိကျွင်း၊ မိန်းကလေး လီနွော့ကိုယ်တိုင်ကတောင် ပြောပြီးနေတာကို မင်းက ဘာဝင်လျှာရှည်နေတာလဲ။ မင်းက လေလံအိမ်ပိုင်ရှင်လား၊ မိန်းကလေးလီနွော့က လေလံအိမ်ပိုင်ရှင်လား။ ပြီးတော့ ကိုယ့်စီးပွားရေးကို ထိခိုက်မယ့်အလုပ်မျိုး ဘယ်သူက လုပ်မှာလဲ”
“မိန်းကလေးလီနွော့က တန်ခိုးရှင်တတိယအဆင့်ပဲ ရှိတာ။ မင်းတို့ကသာ ဖိအားပေးနေရင် သူဘယ်လိုလုပ်ပြီး ပြန်ပြောရဲမှာလဲ”
“တော်ပြီ လူအိုကြီးကျိ၊ ထပ်ပြောမနေတော့နဲ့” ကျိဝူကျိက ပြောလိုက်သည်။ ကျိကျွင်းမှာ ဒေါသထွက်နေသေးသော်ငြား ကျိဝူကျိက ပြောလာသဖြင့် ပါစပ်ပိတ်ထားလိုက်တော့လေသည်။
ကျိဝူကျိက ရယ်မောလျက် အခန်း (က-၁)ဘက်သို့လှည့်၍ “ဆေးလုံးကို ရသွားတဲ့အတွက် အကြီးအကဲချုပ်ကို ဂုဏ်ပြုပါတယ်”
ကုန်းစွန်းလျန်ကလည်း ပြန်ပြောလိုက်လေသည် “ဒုတိယ သခင်လေးက ယဉ်ကျေးလွန်းနေတာပဲ။ လေလံနိုင်တယ်ဆိုတာ ချမ်းသာတာကြောင့်သက်သက်ပဲလေ။ ဒါပေမယ့် ဒီဆေးလုံးက ဒီအကြီးအကဲအတွက် အသုံးမဝင်ဘူး ဖြစ်နေတယ်။ အပြန်အလှန် အနေနဲ့ ဒုတိယသခင်လေးအတွက်တော့ အသုံးဝင်ချင် ဝင်မှာပေါ့။ ဒုတိယသခင်လေး လိုချင်ရင် ဒီလူအိုကြီး လက်ဆောင်အဖြစ် ပေးလို့ရတယ်။ ဘယ်လိုလဲ”
ကျိဝူကျိသည် တစ်ချက် မျက်မှောင်ကြုတ်သွားပြီးနောက် ပြုံးလျက် ပြန်ပြောလိုက်လေသည် “အကြီးအကဲချုပ်က နောက်နေတာပဲ။ ဝူကျိက အဲ့လောက်တန်ဖိုးကြီးတဲ့ လက်ဆောင်ကို ဘယ်လိုုလပ်ပြီး လက်ခံရဲမှာလဲ”
နှစ်ဦးသား စကားပြောနေသည့်ပုံစံသည် သူတို့ကြား မည်သည့် ရန်ငြိုးမှ မရှိသည့်အလား။
ကျိဝူကျိ စကားပြောလိုက်သည့် အခါမှပဲ အခန်း (က-၂)တွင် ရှိနေသောလူသည် ခရမ်းကြယ်၏ ဒုတိယသခင်လေး ကျိဝူကျိမှန်း အကုန်လုံး နားလည်သွားတော့သည်။
အစောပိုင်းက အပြိုင်အဆိုင် လေလံပြိုင်ပေးနေကြသည့် အကြောင်းကို ပြန်တွေးကြည့်ပြီးနောက်… မကြာသေးခင်က မြို့ထဲ ပျံ့နှံ့လာသည့် သတင်းများသည် အမှန်ဖြစ်နေကြောင်း အကုန်လုံး နားလည်သွားခဲ့လေသည်။ ထိုအချက်ကို နားလည်လိုက်သည့် အခါ အကုန်လုံး စိုးရိမ်ပူပန်လာခဲ့ကြလေသည်။
ကျင့်ကြံသူအများစုအတွက် ခရမ်းကြယ်ကို မည်သူ ဦးဆောင်ဦးဆောင် ကိစ္စမရှိသော်လည်း ဂိုဏ်းချုပ်နေရာလုပွဲတွင် သူတို့ပါ ဆွဲထည့်ခံရမည်ကိုတော့ လန့်ပေသည်။
ဤသို့ဖြင့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံး လေလံပွဲမှာ အဆုံးသတ်သွားခဲ့လေသည်။ လီနွော့ သူတော်စင်သလင်းကျောက် တစ်ဘီလျံ ရလိုက်မရလိုက်ကိုတော့ မည်သူမှ မသိကြပေ။
နောက်ထပ် လေလံတင်မည့် ပစ္စည်းများသည် ဟွာရို့မုန် ယူလာသည့် မြေပိုင်စာချုပ်များ ဖြစ်ကြပေသည်။
ထိုမြေပိုင်စာချုပ်များကို ကုန်သည်များသာ စိတ်ဝင်စားကြပြီး (က)သီးသန့်ခန်းမှ မည်သူမှ ဈေးဝင်မပေးခဲ့ကြပေ။ (ခ)အခန်းမှ လူများမှာတော့ မြေပြိုင်စာချုပ်ကို ရရေးအတွက် အပြိုင်အဆိုင် ဈေးပြိုင်ပေးကြလေသည်။
ကြမ်းခင်းဈေး သန်းတစ်ရာသည် လျင်မြန်စွာ မြင့်တက်လာပြီး သန်းနှစ်ရာခြောက်ဆယ်တွင် ရပ်တန့်သွားခဲ့လေသည်။
အခန်း (က-၅)တွင် ရှိနေသော ဟွာရို့မုန်မှာ ပျော်လွန်းသဖြင့် သတိပင်လစ်ချင်သလို ဖြစ်သွားခဲ့သည်။
လီနွော့သည် ထိုအကြောင်းကို အစောကြီးကတည်းက ကြိုတင် ရှင်းပြထားပြီးပြီ ဖြစ်သော်လည်း မြေပြိုင်စာချုပ်များကို ဤမျှ ဈေးမြင့်မြင့်ဖြင့် ရောင်းရလိမ့်မည်ဟု တကယ် မထင်ထားခဲ့ပေ။
တစ်သန်းဆိုသော ပမာဏသည်ပင် သူမတို့ လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းအတွက် အတော်လေး များပြားနေခဲ့ပြီ ဖြစ်လေရာ သန်းရာဂဏန်း ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။
သန်းနှစ်ရာခြောက်ဆယ် ရလာပြီဖြစ်သည့်အတွက် လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေးအဖွဲ့အစည်း တိုးတက်ဖို့သည် မျှော်လင့်ချက်သက်သက် မဟုတ်တော့ချေ။ ထို့အပြင် ထိုပမာဏဖြင့် သူတို့၏ ကျင့်ကြံခြင်းအတွက် လိုအပ်သော အရင်းအမြစ်များကိုပါ ဝယ်ယူနိုင်လာပေတော့မည်။
ထိုသို့ဖြစ်လာအောင် သူမဘေးတွင် ထိုင်နေသည့် လူက လုပ်ပေးခဲ့ခြင်း ဖြစ်သည်။
ဟွာရို့မုန်သည် ရန်ကိုင်အား ငေးကြောင် ကြည့်နေမိသည်။
“ဆရာ၊ ကိုးဆယ်ရာခိုင်နှုန်းကို ဆရာပဲယူပြီး ကျန်တဲ့ တစ်ဆယ်ရာခိုင်နှုန်းကိုပဲ ကျွန်မတို့ ယူလို့အဆင်ပြေလား” ဟွာရို့မုန်သည် ရန်ကိုင်အား ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်ရင်း မေးလိုက်လေသည်။ တစ်ဆယ်ရာခိုင်နှုန်းသာ ဆိုသော်ငြား ထိုတစ်ဆယ်ရာခိုင်နှုန်းသည် သန်းနှစ်ဆယ်ထက်မက ရှိနေပေသည်။
ရန်ကိုင်သည် ဟွာရို့မုန်အားကြည့်လျက် ရယ်သွမ်းသွေးကာ ပြောလိုက်လေသည် “အဲ့ဒါတွေက မြေပြိုင်စာချုပ်တွေကို ရောင်းလို့ ရတာတွေလေ။ ငါကဘာလို့ ကိုးဆယ်ရာခိုင်နှုန်းကို ယူရမှာလဲ”
“အဲ့လိုဆိုပေမယ့် ဆရာသာမရှိရင် ကျွန်မစွမ်းအားနဲ့ အဲ့မြေပိုင်စာချုပ်တွေကို ဘယ်လိုမှ ရနိုင်မှာ မဟုတ်ဘူးလေ”
ရန်ကိုင်က လက်ဝှေ့ရမ်း၍ “သူတော်စင်သလင်းကျောက်တွေက ငါ့အတွက် အသုံးမဝင်ဘူး။ ငါ့လိုချင်တဲ့ ဟာတွေကို သူတော်စင်သလင်းကျောက်နဲ့ ဝယ်လို့ မရဘူးလား”
“ဒါပေမယ့်…”
“ဒါပေမယ့်တွေ လုပ်မနေနဲ့။ ယူဆို ယူထားလိုက်” ရန်ကိုင်က ပြုံးလျက် ဖြတ်ပြောလိုက်သည်။
“ဆရာ…” ဟွာရို့မုန်သည် ရုတ်တရက်ကြီး ငိုကြွေးချင်လာခဲ့လေသည်။ သူ့မစိတ်ထဲ ရန်ကိုင်သာ သူမ၏ ခန္ဓာကိုယ်ကို တောင်းဆိုခဲ့လျှင် ချက်ချင်း မတုန့်ဆိုင်းပဲ ပစ်ပေးလိုက်မည်ဟုပင် တွေးမိလိုက်လေသည်။
“နောက်ထပ် လေလံတင်မယ့် ပစ္စည်းကတော့ ဒီနေ့ လေလံပွဲရဲ့ နောက်ဆုံးပစ္ဏည်းပါ” လီနွော့က အားလုံးကြားအောင် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည် “ဒါပေမယ့် ကျွန်မ ကြိုပြောထားပါရစေ၊ ဒီပစ္စည်းက ကျွန်မကို ကြည်လင်ကောင်းကင် လေလံစံအိမ်က အမျိုးအစား မခွဲနိုင်တဲ့ ပစ္စည်းတစ်ခုပါ။ ဒါကြောင့် လေလံသာ တင်လိုက်ရတာ၊ ဘာပစ္စည်းမှန်း ကျွန်မတို့လည်း မသိပါဘူး”
“အန်၊ ဘာပစ္စည်းမှန်းမသိဘဲ လေလံတင်ရဲတယ်ပေါ့။ မင်းတို့ ကြည်လင်ကောင်းကင်လေလံစံအိမ်က နည်းနည်း မဟုတ်တော့ဘူးလားလို့”
“ဟုတ်တယ်။ ငါတို့ကို သူတို့ နှပ်ချချင်တိုင်း နှပ်ချလို့ရမယ့် လူတွေများ မှတ်နေလားမသိဘူး။ သူတော်စင်သလင်းကျောက်တွေက လိုတိုင်းတတိုင်း ရနေတဲ့ဟာတွေ မဟုတ်ဘူးကွ”
“ဘာတွေ ဒီလောက် ဖြစ်နေတာလဲ။ အရင်ကြည့်ကြည့်ပြီးမှ ပြောမှပေါ့။ နောက်ဆုံးပေါ်လာတဲ့ ပစ္စည်းဆိုတော့ တန်ခိုးရှင်ဘုရင် အဆင့် ဆေးလုံးတောင် ပိုအဖိုးတန်ချင်တန်နေမှာ၊ ပြောလို့ရတာ မဟုတ်ဘူး”
ခန်းမထဲရှိ ကျင့်ကြံသူများ တစ်ယောက်တစ်ပေါက် စတင် ငြင်းခုံကြလေသည်။