အခန်း (၁၈၆၁-၁၈၆၅)
Vol. 75 Ch. 1861-1865
အပိုင်း (၁၈၆၁)
လီနွော့သည် လူအုပ်ကြီး၏ အော်ဟစ်သံများကို လျစ်လျူရှု၍ အစေခံမိန်းကလေးကိုသာ လင်ဗန်းကို ယူလာရန် ပြောလိုက်သည်။
ယခုတစ်ကြိမ်တွင်တော့ လေလံတင်မည့် ပစ္စည်းအား ဖုံးထားသည့် ပိတ်စ မရှိတော့ချေ။ ထို့ကြောင့် မည်သို့သော သတ္တု ဖြစ်သလဲဆိုသည်ကို အကုန်လုံး လှမ်းမြင်လိုက်ရလေသည်။
သတ္တုသည် ဖရဲသီးလေး တစ်လုံးအရွယ်လောက်သာရှိပြီး ကိုယ်ထည်တစ်ခုလုံးသည် အပြာရောင် တောက်နေခဲ့သည်။ သတ္တု အလေးချိန်မှာလည်း သိပ်လေးသည့်ပုံမပေါ်။ အစေခံမလေးသည် သတ္တုအား အသာအယာ ကိုင်မထားနိုင်ခဲ့သည်။
လူအုပ်ကြီးဆီမှ အော်ဟစ်အထွန့်တက်သံများ တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့ပြီး အကုန်လုံး၏ အကြည့်သည် သတ္တုဆီသို့ စုပြုံရောက်ရှိလာခဲ့လေသည်။ သီးသန်းခန့်များထဲမှလည်း ကောင်းကင်စိတ်အာရုံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး သတ္တုတုံးကို လာရောက် စစ်ဆေးကြလေသည်။
သို့သော်လည်း ထိုသတ္တု ဘာသတ္တုမှန်း မည်သူမှ အမျိုးအစား မခွဲနိုင်ခဲ့ပေ။ ရန်ကိုင်သည်ပင် မျက်မှောင်ကြုတ်နေခဲ့သည်။
ဤလောကကြီးတွင် သူ့ကောင်းကင်စိတ်အာရုံဖြင့် မမြင်နိုင်သည့် အရာဆို၍ အနည်းငယ်သာ ရှိတော့သည့်အနက် ဤသတ္တုသည် တစ်ခုအပါအဝင် ဖြစ်နေခဲ့သည်။ ထိုတစ်ချက်နှင့်ပင် ဤသတ္တုသည် အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခု မဟုတ်လျှင်ပင် ရှားပါးသည့် အဖိုးတန်သည့် ရတနာတစ်ခု ဖြစ်သည်မှာတော့ သေချာပေသည်။
ရန်ကိုင် စိတ်ဝင်စားသွားခဲ့လေသည်။
လီနွော့က နှုတ်ခမ်းလေးကွေးလျက် ပြောလိုက်၏ “ဒီပစ္စည်းကို ကျွန်မတို့ ကြည်လင်ကောင်းကင်စံအိမ်က မတော်တဆ ရခဲ့တာပါ။ ရကတည်းက စစ်ဆေးကြည့်ခဲ့ပေမယ့် ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ပါဘူး။ ဒီနေ့ ဒီမှာ ပညာရှင်တွေ အများကြီး ရှိနေတာဆိုတော့ လူကြီးမင်းတို့ထဲမှာ ဒီပစ္စည်း ဘာပစ္စည်းလဲ သိနေတဲ့ ဆရာတစ်ယောက်ယောက် ရှိချင်ရှိနေလောက်မှာပါ။ ဆရာတို့ သိခဲ့လို့ရှိရင် ဘာပစ္စည်းလဲဆိုတာ ကျွန်မကို တစ်ချက်လောက် ပြောပြပေးဖို့ တောင်းဆိုပါတယ်”
“မင်းဘာတွေ မဟုတ်တုတ်ကတွေ လျှောက်ပြောနေတာလဲ။ ဒီလိုပစ္စည်းမျိုးကို ဘယ်လိုလုပ်ပြီး ဒီမှာ လာလေလံတင်နေတာလဲ” တစ်ယောက်ယောက်က စိတ်မရှည်ဟန်ဖြင့် ထအော်လေသည်။
လီနွော့က ပြုံး၍သာ ပြန်ပြောလိုက်လေသည် “ဒီနောက်ဆုံး ပစ္စည်းအတွက် ကြမ်းခင်းဈေးက သန်းသုံးဆယ်ပါ”
ထိုစကားကိုကြားသည့်အခါ ခန်းမထဲရှိ လူများစွာ ထရယ်လေသည်။ လီနွော့ကမူ ဂရုမစိုက်ဘဲ စင်ပေါ်တွင်သာ ပြုံး၍ ရပ်နေခဲ့သည်။
ဤပစ္စည်းကို သူမတို့ ကြည်လင်ကောင်းကင်စံအိမ်မှ အချိန်အကြာကြီး လေ့လာခဲ့သော်လည်း မည်သည့် သဲလွန်စကိုမှ ရှာမတွေ့ခဲ့ဟု ပြောခဲ့ပြီးသားပင်။ ဒေါ်လေးချန်ပင် ဤအရာ ဘာမှန်းမသိခဲ့ချေ။ သို့ရာတွင် ထိုသို့ မသိရုံဖြင့် ဤပစ္စည်း၏ တန်ဖိုးကို လျှော့ချမပစ်နိုင်ချေ။
ဤပစ္စည်း၏ မာကျောမှုသည် တကယ်ကို ပြိုင်ဘက်ကင်း ဖြစ်ပေသည်။ သူမ နှိုင်းယှဉ်ကြည့်ထားရသလောက် မည်သည့် တန်ခိုးရှင်ဘုရင်အဆင့်သတ္တုမှ ဤသတ္တုလောက် မာကျောခြင်း မရှိချေ။ တစ်နည်းဆိုရသော် ဤသတ္တုသည် အနည်းဆုံး တန်ခိုးရှင်ဘုရင်အဆင့် သတ္တုရိုင်းတစ်ခု ဖြစ်ပေသည်။
ဤပစ္စည်းကို လေလံတင်လိုက်သော်လည်း တကယ် ရောင်းရရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ မရောင်းရလည်း သူမတို့အတွက် ကိစ္စမရှိချေ။
အချိန်အတော်ကြာ စောင့်နေသော်လည်း မည်သူမှ ဈေးမပေးခဲ့ချေ။ လီနွော့သည် လူအုပ်ကြီးအား လှည့်ပတ်ကြည့်ပြီးနောက် အနည်းငယ် စိတ်ပျက်မိသွားခဲ့၏။ ဤပစ္စည်းကို ရောင်းရတော့မည့်ပုံမပေါ်။
“မိန်းကလေးလီ၊ ဒီဘုရင် အဲ့ဒါကို တစ်ချက်လောက် စစ်ကြည့်လို့ရမလား” ရုတ်တရက် သီးသန့်ခန်းတစ်ခန်းထဲမှ အသံတစ်သံ ထွက်လာခဲ့သည်။
အသံကြားရာဆီသို့ လှည့်ကြည့်လိုက်ရာ အခန်း (က-၅)မှ ဖြစ်နေကြောင်း တွေ့ရှိလိုက်ရ၏။ ပြုံးလျက် ခေါင်းညိတ်ကာ ပြောလိုက်လေသည် “ဟုတ်ကဲ့… ရပါတယ်။ ခဏလောက်စောင့်ပါ ဆရာ”
ပြောပြီးသည်နှင့် အစေခံအား သတ္တုရိုင်းကို ရန်ကိုင် ရှိနေသည့် အခန်းဆီသို့ ယူသွားပေးလိုက်ရန် ပြောလိုက်လေသည်။
ရန်ကိုင်သည် မျက်မှောင်ကြီးကြုတ်နေခဲ့သည်။
ဟွာရို့မုန်က အံ့အားသင့်နေသည့် အမူအရာဖြင့် “ဆရာ အဲ့ဒါဘာမှန်း သိလို့လား”
ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလျက် “မသေချာသေးဘူး။ ဒါကြောင့် အနီးကပ် စစ်ဆေးကြည့်ချင်တာ”
ဟွာရို့မုန် ခေါင်းညိတ်လိုက်သည်။
အခန်း (က-၁)ထဲတွင် ရှိနေသော ကျန်းချန်ဖုန်းသည် မှုန်ကုတ်ကုတ် အမူအရာဖြင့် ပြောလိုက်၏ “အကြီးအကဲချုပ်၊ ကျုပ်ပြောတဲ့လူက အဲ့လူပါပဲ”
ကုန်းစွန်းလျန်က မျက်ခုံးပင့်၍ မျက်လုံးမှေးစဉ်းကာ ပြောလိုက်လေသည် “ငါ့ခရမ်းကြယ်ရဲ့ တတိယခေါင်ချုပ်ဆိုတဲ့ လူလား”
“ဟုတ်ပါတယ်” ကျန်းချန်ဖုန်းက ခေါင်းညိတ်၍ “အကြီးအကဲချုပ် အမိန့်ပေးလို့ ကျုပ်သူ့ကို အတွင်းမြို့ဆီ လာဖို့ သွားဖိတ်ခေါ်သေးတယ်။ ဒါပေမယ့် သူက ရိုင်းရိုင်းစိုင်းစိုင်း ပြန်ငြင်းပစ်လိုက်တယ်။ အကြီးအကဲချုပ်က ဖိတ်ခေါ်လိုက်တာလို့ သေချာ ပြောလိုက်တာကိုတောင် နည်းနည်းလေးမှ ဂရုမစိုက်ဘူး”
ကုန်းစွန်းလျန်က သူ့မုတ်ဆိတ်မွှေးကိုပွတ်သပ်၍ “အရည်အချင်းရှိရင် မောက်မာလို့ရတယ်။ ငါအဲ့လူကို တွေ့ချင်နေတာ၊ ဒီမှာ လာတွေ့ရမယ်လို့ မထင်ထားဘူး။ အခု ငါတို့ စကားပြောလို့ရပြီပေါ့။ တတိယခေါင်ချုပ်က လေပဲ ကျယ်နေတာလား၊ လေကျယ်တဲ့အတိုင်း လုပ်နိုင်တဲ့ အရည်အချင်း ရှိလား ဒီလူအိုကြီး သိရတော့မှာပေါ့”
ထိုစကားကို ကြားသည့်အခါ ကျန်းချန်ဖုန်း အံ့အားသင့်သွားခဲ့ပြီး ချက်ချင်း ပြုံးဖြီးဖြီး ဖြစ်သွားခဲ့လေသည်။ ကုန်းစွန်းလျန်သည် သူမျက်နှာပျက်ရသည်ကို ဂရုမစိုက်ချင်ယောင် ဆောင်နေသော်လည်း တကယ်တမ်းတွင် သူသည် မျက်နှာပျက်ရသည်ကို အလွန် မုန်းတီးသည့်လူတစ်ဦး ဖြစ်ပေသည်။
ရန်ကိုင်သည် လေလံပစ္စည်းကို ကိုင်၍ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်လေသည်။
ဟွာရို့မုန်နှင့် အစေခံမလေးသည် ဘာတစ်ခွန်းမပြောဘဲ ဘေးမှနေ၍သာ ရပ်ကြည့်နေခဲ့သည်။
အစပိုင်းတွင် ဘာမှမဖြစ်သေးသော်လည်း ခဏအကြာတွင် ရန်ကိုင်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး သူ့မျက်လဲ စူးရှသည့် အလင်းတစ်ချက် ရုတ်တရက် ဖြတ်ပြေးသွားလေ၏။ တစ်ယောက်ယောက်၏ တိုက်ခိုက်ခြင်းခံလိုက်ရသည့်အလား ချက်ချင်းပဲ သူ့ပတ်ပတ်လည်အား ကောင်းကင်စိတ်အာရုံဖြင့် လျင်မြန်စွာ ကာကွယ်လိုက်လေသည်။
ဖတ်….
တိုးလျသော အသံနှင့်အတူ ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံ အကာအကွယ် တစ်မုဟုတ်ချည်း ပျက်စီးသွားခဲ့လေသည်။ ထပ်ပြီး ခုခံဖို့လုပ်နေစဉ်မှာပင် အကုန်လုံး ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။
လေလံစံအိမ်မှာ တစ်ခုလုံးမှာတော့ တိတ်ဆိတ်နေခဲ့လေပြီ. ကိုးဆယ့်ကိုးရာခိုင်နှုန်းသော ကျင့်ကြံသူများမှာ ဖြူဖတ်ဖြူလျော် ဖြစ်ကာ တုန်ရီနေခဲ့ကြလေသည်။
ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံ ပျက်စီးသွားသည့် အခိုက်သည် ငြိမ်နေသော နဂါးတစ်ကောင်ထဲ လိုဏ်ဂူထဲမှာ ခေါင်းထွက်လာသည့်အလား… အကုန်လုံး ကြောက်ရွံ့မှုကြောင့် တုန်ရီသွားခဲ့ကြလေသည်။
ကံကောင်းစွာဖြင့် ထိုချောက်ခြားဖွယ်ရာ ဖိအားသည် တစ်ခဏချင်း ပြန်လည် ပျောက်ကွယ်သွားခဲ့လေသည်။ ထို့ကြောင့်သာ မဟုတ်လျှင် လူပေါင်းများစွာ၏ ဝိဥာဉ်များ ထိခိုက်သွားကုန်ကြပေတော့မည်။
ရန်ကိုင်၏ မျက်လုံးထဲ အံ့အားသင့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့၏။ ချက်ချင်းပဲ လေလံပစ္စည်းကို အစေခံမလေးဆီသို့ ပြန်ပေးကာ ပြောလိုက်၏ “ရပြီ။ ပြန်ယူသွားလိုက်တော့”
“ဟုတ်ကဲ့” အစေခံမလေးသည် လေလံပစ္စည်းကို ယူကာ အလျင်အမြန် ပြန်ထွက်လာခဲ့လေသည်။
“ဒီလူအိုကြီးလည်း အဲ့ပစ္စည်းကို တစ်ချက် စစ်ဆေးကြည့်ချင်လို့ အဆင်ပြေမလားမသိဘူး မိန်းကလေးလီနွော့” ကုန်းစွန်းလျန်က လှမ်းမေးလိုက်သည်။
ရန်ကိုင့် အခန်းဆီမှ ထိုမျှ အားကောင်းသည့် ကောင်းကင်စိတ်အာရုံ ဘာကြောင့် ထွက်ပေါ်လာရလဲ ဆိုသည်ကို သူအတော်လေး သိချင်နေမိသည်။ အစောပိုင်းက အဖြစ်အပျက်သည် ရန်ကိုင်ကြောင့် ဖြစ်လာသလား၊ လေလံပစ္စည်းကြောင့်ပဲ ဖြစ်လာရသလား ဆိုသည်ကိုတော့ စစ်ဆေးကြည့်ပြီးမှပဲ ဆုံးဖြတ်ရပေလိမ့်မည်။
“ကိစ္စမရှိပါဘူး” လီနွော့က ပြုံးလျက် ပြန်ပြောလိုက်သည်။
အစေခံမလေးသည် ချက်ချင်း လေလံပစ္စည်းကို ကုန်းစွန်းလျန်တို့ ရှိနေသည့် အခန်းဆီသို့ ယူသွားပေးလေသည်။
ကုန်းစွန်းလျန်သည် လေလံပစ္စည်းကို ရန်ကိုင်ထက်ကြာအောင် ကြည့်နေသော်လည်း ရန်ကိုင်ကဲ့သို့ တု့န်ပြန်မှုမျိုး ဖြစ်မလာစေခဲ့ပေ။ လေလံစံအိမ်တစ်ခုလုံးမှာတော့ ရင်တမမနှင့် ဖြစ်နေခဲ့ပြီး ခဏကြာမှပဲ သက်ပြင်းချနိုင်သွား၏။ သူတို့ စိတ်ထဲတွင် အကြီးအကဲချုပ်ကို မည်သို့များ အပြင်လူ တစ်ယောက်က လာယှဉ်နိုင်မည်နည်းဟု တွေးမိသွားကြလေ၏။
ရန်ကိုင်နှင့် ကုန်းစွန်းလျန်မှ အစပြုလိုက်သည်နှင့် အခြား သီးသန့်ခန်းများထဲမှ ပညာရှင်များသည်လည်း သူတို့အတိုင်း လိုက်တောင်ဆိုကြလေသည်။
လေလံပစ္စည်းသည် ပညာရှင်တစ်ဦးပြီးတစ်ဦးဆီသို့ ရောက်သွားပြီး နောက်ဆုံး အမွှေးတိုင်တစ်ချောင်းစာကြာမှပဲ စင်ပေါ်သို့ ပြန်ရောက်လာခဲ့လေသည်။
လီနွော့က ပြုံးလျက် “အခု ဆရာတို့ ကြည့်ပြီးသွားပြီ ဆိုတော့ ဒီပစ္စည်း ဘာပစ္စည်းလဲဆိုတာကို ဆရာတို့ထဲက တစ်ယောက်ယောက်ကများ ပြောနိုင်ကြလားမသိဘူး။ ပြောနိုင်ရင် ကျေးဇူးပြုပြီး ပြောပြပေးပါလို့ တောင်းဆိုပါတယ်။ တကယ်လို့ ပြောပြနိုင်တဲ့လူသာ ဒီပစ္စည်းကို လေလံအောင်ခဲ့ရင် ကျွန်မတို့ဘက်က တစ်ဆယ်ရာခိုင်နှုန်း ဈေးလျှော့ပေးပါ့မယ်”
“မိန်းကလေးလီနွော့၊ ဒီလူအိုကြီးက ပါရမီမပါပေမယ့် ဒီသတ္တုက အနည်းဆုံး တန်ခိုးရှင်ဘုရင်အဆင့်မှန်းတော့ ပြောနိုင်တယ်” (ခ)အခန်းထဲမှ အသံတစ်သံ ထွက်လာခဲ့သည်။
“တန်ခိုးရှင်ဘုရင်အဆင့်မှန်းတော့ လူတိုင်းသိတာပေါ့။ ဘာပစ္စည်းမှန်းပဲ မသိကြတာ”
“ဖီးနစ်ကြယ်သတ္တုများ ဖြစ်နေမလားမသိဘူး။ အဲ့သတ္တုထဲကနေ အပူဓါတ်တွေ ဖြာထွက်နေတာကို ဒီလူအိုကြီး ခံစားမိတယ်။ ဖီးနစ်သတ္တုကလည်း အပူဓါတ်တွေ ဖြာထွက်နေလေ့ ရှိတယ်ဆိုတော့…”
“ခင်ဗျား ကန်းနေတာလား လူအိုကြီးရှု၊ ဒီလောက် အပြာရောင် တောက်နေတဲ့ သတ္တုကို ဖီးနစ်သတ္တုလို့ ပြောချင်တာလား။ အပြာရောင်တောက်နေသည့် ဖီးနစ်သတ္တု ခင်ဗျား မြင်ဖူးလို့လား။ ဖီးနစ်သတ္တုတွေ အကုန်လုံးက အနီရောင်တွေချည်းပဲကို…”
“အဲ့ဒါလည်း ဟုတ်နေပြန်ရော..”
“ဟဲဟဲ” လီနွော့က ပြုံးလျက် ပြောလိုက်လေသည် “ဆရာတို့ စိတ်လျှော့ထားကြပါ။ ဒီပစ္စည်းကို အရင် လေလံတင်ပြီးတော့မှပဲ ဆွေးနွေးကြလေ၊ အဆင်ပြေရဲ့လား”
ထိုလူအုပ်လည်း ဤပစ္စည်း ဘာပစ္စည်းမှန်း မသိသည်ကို သူမ သိသွားလေပြီ။ ထို့ကြောင့် ဆက်ပြီး အချိန်ဖြုန်းနေစရာ မလိုတော့ချေ။
“မိန်းကလေးလီနွော့ ပြောသလိုပဲပေါ့”
“ကောင်းပြီလေ၊ ဒီလူအိုကြီး သန်းသုံးဆယ်ပေးမယ်” သတ္တုတုံးအား ဖီးနစ်သတ္တုဟု ပြောခဲ့သော (ခ)အခန်းထဲမှ လူအိုကြီးက ဈေးခေါ်လိုက်လေသည်။
ထိုသတ္တု ဘာသတ္တုဖြစ်နေပါစေ အနည်းဆုံးတော့ တန်ခိုးရှင်ဘုရင်အဆင့် သတ္တုတစ်ခုဖြစ်သည်။ ဤသတ္တုကိုသာ ပြန်ယူသွားပြီး လက်နက်တစ်ခုအဖြစ် ပြောင်းနိုင်ခဲ့လျှင် ကျိန်းသေ ဝယ်ရကျိုးနပ်ပေလိမ့်မယ်။
တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာများသည် ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းပေးနိုင်သည့် ရတနာများ ဖြစ်လာနိုင်ပေသည်။ ဂိုဏ်းကြီးတော်တော်များများတွင် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာတစ်ခုပင် မရှိချေ။
“သုံးဆယ့်တစ်သန်း”
“သုံးဆယ့်သုံးသန်း”
မကြာမီ ဈေးမှာ လေးဆယ့်နှစ်သန်းထိသို့ ရောက်လာခဲ့၏။
ယခုတစ်ကြိမ်တွင်တော့ လူတော်တော်များများ ဆုတ်သွားခဲ့ကြလေပြီ။
ထိုလူများ၏စိတ်ထဲ ဤဘာမှန်းမသိရသည့် ပစ္စည်းအပေါ် သူတော်စင်အများကြီး ဖြုန်းတီးပစ်ရမည်ကို မတန်ဟု တွေးနေကြသည့်ပုံပင်။ လူလေးငါးယောက်လောက်သာ ဆက်ပြီး ဈေးခေါ်နေကြပေသည်။ မည်သူမှသာ ဝင်မပါလာတော့လျှေင် ဈေးနှုန်းမှာ သန်းငါးဆယ်လောက်တွင်သာ ရပ်တန့်သွားပေတော့မည်။
ပြောသည့်အတိုင်း ဈေးနှုန်းသည် ငါးဆယ့်တစ်သန်းတွင် ရပ်တန့်သွားပြီးနောက် မည်သူမှ ဈေးထပ်မခေါ်တော့ချေ။
လီနွော့၏ မျက်လုံးထဲ စိတ်ပျက်သည့် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့လေသည်။ သို့သော်လည်း မည်သူ ဈေးထပ်ပေးဦးမလဲ မေးတော့မည်အပြု အခန်း (က-၅)ထဲမှ အသံတစ်သံ ထွက်လာခဲ့လေသည် “သန်းခြောက်ဆယ်”
ရန်ကိုင် ဈေးခေါ်လိုက်ခြင်း ဖြစ်သည်။
လီးနွော့ အခန်း (က-၅)ဆီမှ အံ့အားသင့်နေသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။
ရန်ကိုင်သည် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သဖြင့် ဤစ္စည်းကို သူစိတ်မဝင်စားတော့ဘူးဟု လီနွော့ ထင်သွားခဲ့သည်။ ယခုမှပဲ ရန်ကိုင်သည် ထိုလူများနှင့် အပြိုင်အဆိုင် ဈေးပြိုင်ပေးမနေလိုဘဲ နောက်ဆုံးမှကျမှသာ တစ်ချက်တည်း ဈေးခေါ်ပြီး လေလံပစ္စည်းကို အပိုင်သိမ်းလိုခြင်းဖြစ်ကြောင်း သိသွားခဲ့သည်။
ဤနည်းလမ်းသည် အားကောင်းသည့် ပညာရှင်အများစု အသုံးပြုသည့် နည်းလမ်းဖြစ်ပေသည်။
ဤပစ္စည်း ဘာပစ္စည်းမှန်း သူသိသွားလေသလော။ လီနွော့ သင်္ကာမကင်း ဖြစ်သွားခဲ့လေသည်။ ရန်ကိုင်သည် ပထမဆုံး ဤပစ္စည်းကို စစ်ဆေးခဲ့သူဖြစ်သလို စစ်ဆေးခဲ့သူများတွင်လည်း သူ့ဆီမှသာ ထူးခြားသည့် တုန်ပြန်မှု ထွက်ပေါ်လာခဲ့သူ ဖြစ်သည်။
ရန်ကိုင်သည် ဤပစ္စည်းဘာပစ္စည်းမှန်း မသိဘဲ တန်ဖိုးကြီးကြီးနှင့် ဝယ်သွားသည်ဟု ပြောလာလျှင် သူမ ယုံလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း မမေးသင့်သည့် အကြောင်းများ မမေးသင့်ကြောင်း သိထားသည့်အတွက် ပါးစပ်ကိုသာ ပိတ်နေလိုက်လေသည်။
ရန်ကိုင် ဈေးခေါ်လာသည့်အတွက် အကုန်လုံး တိတ်သွားခဲ့ကြလေသည်။
ပစ္စည်းတန်ဖိုးသည် သူတို့ တတ်နိုင်သည့် ပမာဏကို ကျော်လွန်နေသည့် အပြင် ရန်ကိုင်၏ ခွန်အားသည် သူတို့ သွားစိန်မခေါ်ရဲလောက်အောင်ကို မြင်မားနေခဲ့ပေသည်။
ထို့ကြောင့် ရန်ကိုင် ဈေးခေါ်လိုက်သည်နှင့် မည်သူမှ ဈေးထပ်မခေါ်တော့ချေ။
လီနွော့က အလျင်အမြန် ပြောလိုက်လေသည် “ဒီကဆရာက သန်းခြောက်ဆယ် ဈေးခေါ်ထားပါတယ်။ ထပ်ပေးချင်တဲ့လူများ ရှိလား မသိဘူး။ မရှိရင် ကျွန်မ စရေပါတော့မယ်…”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၆၂)
လီနွော့သည် ရန်ကိုင်ကို အတော်လေး သဘောကျပေသည်။ အခြား သဘောမျိုးမဟုတ်။ ရန်ကိုင်သည် ချဉ်းကပ်ရ လွယ်ကူသည် ပုံပေါက်သလို သူမဆီသို့ အဖိုးတန်သည့် သတင်းတစ်ခုလည်း ယူဆောင်လာပေးသည့် အတွက်ကြောင့် ဖြစ်ပေသည်။
ထိုစဉ်က သူမကြားခဲ့သည့်အသံမှာ ရန်ကိုင်၏ အသံသာ ဖြစ်ပေသည်။
ထို့ကြောင့် ရန်ကိုင် ဈေးပေသည်ကို မြင်သော် ချက်ချင်းပဲ လေလံပွဲအား အလျင်အမြန် အဆုံးသတ်ရန် လုပ်တော့လေသည်။
တစ်ချိန်တည်းတွင် အနည်းငယ်လည်း စိတ်ပျက်မိသွား၏။ ရန်ကိုင်သာ ဤပစ္စည်းကို စိတ်ဝင်စားနေမှန်း သိခဲ့လျှင် လေလံမတင်ခဲ့ဘဲ တိုက်ရိုက်သာ လက်ဆောင်ပေးလိုက်ပေသည်။ သို့ရာတွင် ယခုမှတော့ ထိုကဲ့သို့ လုပ်မရတော့ချေ။
ထိုအကြောင်းများကို စဉ်းစားနေရင်း လီနွော့ စရေတော့လေသည် “သန်းခြောက်ဆယ် တစ်ကြိမ်…”
“သန်းခုနှစ်ဆယ်” ဒုတိယအကြိမ် မရေရသေးခင်မှာပဲ နောက်တစ်ယောက်မှ ဈေးခေါ်လိုက်လေသည်။
လှမ်းကြည့်လိုက်ရာ ဈေးခေါ်လိုက်သည့်လူမှာ အကြီးအကဲချုပ် ကုန်းစွန်းလျန် ဖြစ်နေကြောင်း တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်မိသွားခဲ့လေသည်။
အခန်း (က-၅)တွင် ရှိနေသော ရန်ကိုင်သည်လည်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သို့ရာတွင် အံ့အားသင့်နေဟန် မပြဘဲ ဈေးအသစ်သာ ထပ်ခေါ်လိုက်လေသည် “သန်းတစ်ရာ”
ဟူး…
ခန်းမထဲရှိ ကျင့်ကြံသူများ သက်ပြင်းရှိုက်လိုက်လေသည်။
ယခင်လေလံပွဲများတွင် ပစ္စည်းအချို့သည်သာ သန်းတစ်ရာ ကျော်ခဲ့သော်လည်း ယနေ့တွင်တော့ ပစ္စည်းသုံးခုသည် သန်းတစ်ရာဟူသော ဈေးသို့ ရောက်ရှိခဲ့ကြလေသည်။ တန်ခိုးရှင် ဘုရင်အဆင့် ဆေးလုံးဆိုလျှင် သန်းတစ်ထောင်ဟူသော ဈေးသို့ပင် ရောက်ရှိခဲ့သေး၏။
ဤဘာမှန်းမသိရသော သတ္တုသည်လည်း သန်းတစ်ရာဟူသော ဈေးနှုန်းကို ကျော်တက်သွားခဲ့လေပြီ။ သို့ရာတွင် ဤသည်မှာ အစသာ ရှိပေသေးသည်။
ချက်ချင်းဆိုသလို အကုန်လုံး စိတ်လှုပ်ရှားလာခဲ့ကြလေသည်။ တန်ခိုးရှင်ဘုရင်အဆင့် အချင်းချင်း ယှဉ်ပြိုင်မှုသည် ခွန်အားအရ ဖြစ်စေ၊ ချမ်းသာကြွယ်ဝမှုအရဖြစ်စေ ကြည့်ကောင်းသည့် ပွဲတစ်ပွဲ ဖြစ်ပေသည်။
ရန်ကိုင်မှ ဈေးခေါ်လိုက်သည်နှင့် ကုန်းစွန်းလျန်သည်လည်း ချက်ချင်းပဲ လိုက်ခေါ်လိုက်လေသည် “သန်းနှစ်ရာ”
အကုန်လုံး ထိတ်လန့်သွားခဲ့ပြန်လေသည်။
ကုန်းစွန်းလျန်သည် ဤလေလံပွဲတွင် ပစ္စည်းနှစ်ခု အတွက်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည် သူဈေးခေါ်သည့် ပုံစံသည် တကယ်ကို အထက်စီးရောက်ပေသည်။ သူ့ပြိုင်ဘက်ကို လုံးဝ ဂရုမစိုက်သည့်နှယ် အတိုင်အဆမတန်အောင်ကို ဈေးတင်ပစ်ကာ ဈေးခေါ်ခြင်း ဖြစ်သည်။
ဤသည်မှာ လေလံပြိုင်ပေးခြင်း မဟုတ်တော့ချေ။ ငွေအင်အားဖြင့် အခြားသူများကို ဖိနှိပ်ခြင်းသာ ထြစ်တော့သည်။
ထိုသို့တွေးနေရင်းမှ အကုန်လုံး အချက်တစ်ချက်ကို စဉ်းစားမိသွားကြလေသည်။ (က-၅)တွင်ရှိသော ဆရာသည်လည်း အကြီးအကဲချုပ်နှင့် မတည့်သည့်အတွက် အကြီးအကဲချုပ်သည် ဒုတိယသခင်လေးကို လုပ်သလို လုပ်နေခြင်းပဲလား။
“ဟားဟား၊ အကြီးအကဲချုပ်က တကယ် ချမ်းသားတာပဲ” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် လူအများကြားအောင် အော်ပြောလိုက်၏။
“ရောင်းရင်းက ယဉ်ကျေးလွန်းနေတာပဲ။ သန်းနှစ်ရာဆိုတာ တကယ်တော့ ဘာမှမဟုတ်ဘူး။ ရောင်းရင်းနဲ့ငါတို့လို အဆင့်မှာ ရောက်နေတဲ့ လူတွေအတွက် သူတော်စင် သလင်းကျောက်ဆိုတာ အသုံးဝင်တော့မှ မဟုတ်တော့တာ” ကုန်းစွန်းလျန်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်လေသည်။
“အကြီးအကဲချုပ်ပြောတာ အမှန်ပဲ” ရန်ကိုင်က ထောက်ခံလိုက်သည် “အဲ့လိုဆိုမှတော့…”
ရန်ကိုင်၏ အသံသည် ရုတ်တရက် တန့်သွားခဲ့လေသည်။ ထို့ကြောင့် လူအုပ်ကြီးလည်း သေချာ ကြားရလေအောင် နားကို သေချာ စွင့်ထားလိုက်ကြလေသည်။
“သန်းငါးရာ”
ထိုစကား ထွက်လာသည်နှင့် ခန်းမတစ်ခုလုံး အထိတ်တလန့် ဖြစ်ကုန်ကြလေသည်။ အကုန်လုံးသည် နားကြားများ မှားသွားသည့်အလား ရန်ကိုင် ရှိနေသည့် အခန်းဆီသို့ မျက်လုံးကြီး ပြူးလျက် လှမ်းကြည့်လိုက်ကြလေသည်။
အကြီးအကဲချုပ် ဈေးတင်သည့်ပုံစံမှာ ရက်စက်သော်ငြား ဤလူဈေးတင်သည့်ပုံစံမှာတော့ ပို၍ပင် ရက်စက်နေသေးသည်။ အခန်း (က-၅)တွင် ရှိနေသူသည် မည်သူများနည်း။ အကြီးအကဲချုပ်နှင့် သွားယှဉ်ပြိုင်ရဲရအောင် သေရမည်ကို သူမကြောက်လေသလော။
လီနွော့သည်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း ဤပစ္စည်းအား လေလံတင်မိသည့် သူမကိုယ်သူမ ပြန်အပြစ်တင်တော့လေသည်။ ယခု ဤပစ္စည်းကြောင့် အကြီးအကဲချုပ်နဲ့ ဆရာတို့ စတင်ပြီး အချင်း များကုန်ကြလေပြီ။ ယနေ့ ကိစ္စကိုသာ ကောင်းကောင်း မကိုင်တွယ်နိုင်လျှင် လုံးဝကို ပြဿနာ တက်ပေလိမ့်မည်။ ချက်ချင်းပဲ အနားတွင် ပုန်းနေသော ဒေါ်လေးချန်အား ဤကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်းနှင့် ပြီးသွားအောင် ဖြေရှင်ပေးနိုင်မည့် အကြံဥာဏ်တစ်ခုလောက် စဉ်းစားပေးပါဟု တောင်းဆိုလိုက်လေသည်။
ကုန်းစွန်းလျန်၏ အသံ နောက်တစ်ကြိမ် ထွက်လာခဲ့လေသည် “ရောင်းရင်း၊ ဒီပစ္စည်းအတွက် သန်းငါးရာ ပေးချင်နေတာ သေချာလား”
ရန်ကိုင်က ရယ်မော၍ “ဘာဖြစ်လို့လဲ၊ အကြီးအကဲချုပ်၊ အကြီးအကဲချုပ်တောင် ကိုယ့်အတွက် အသုံးမဝင်တဲ့ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးအတွက်တောင် သန်းတစ်ထောင် သုံးရဲသေးတာ ဒီဘုရင်ကကော ဘာလို့များ ဒီပစ္စည်းအတွက် သန်းငါးရာ မသုံးရဲရမှာလဲ”
ကုန်းစွန်းလျန် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်၏။
ရန်ကိုင်သည် သူနှင့် စကားပြောရာတွင် သူ့ကိုယ်သူ ‘ဘုရင်’ဟု သုံးနှုန်းသွားသည်ကို ကုန်းစွန်းလျန် အတော်လေး ကြည့်မရဖြစ်သွားခဲ့သည်။ ထို့အပြင် ကျန်းချန်ဖုန်းအား ရန်ကိုင်ကို သွားဖိတ်ခေါ်ခိုင်းသည့် အခါတွင်လည်း တစ်ဖက်လူသည် သူ့အား နည်းနည်းလေးမှ မျက်နှာသာမပေးဘဲ ငြင်းလွှတ်ခဲ့သည်။ ထို့ကြောင့်များကို ပြန်စဉ်းစားမိသော် ကုန်းစွန်းလျန်၏ လေသံ အေးစက်စက် ဖြစ်သွားခဲ့လေသည် “ဘာမှမဖြစ်ပါဘူး။ ရောင်းရင်း ဈေးအမြင့်ကြီးပေးပြီး တကယ် မပေးနိုင် ဖြစ်သွားမှာပဲစိုးတာ”
“အဲ့ကိစ္စဆိုရင်တော့ အကြီးအကဲချုပ် စိတ်ပူနေစရာ မလိုပါဘူး” ရန်ကိုင်က ရယ်မော၍ “အကြီးအကဲချုပ်တောင် သန်းတစ်ထောင် ပေးနိုင်သေးတာ ဒီဘုရင်က ဘာလို့ မပေးနိုင်ရမှာလဲ”
ထိုအခါ ကုန်းစွန်းလျန်က တုန့်ဆိုင်းခြင်းမရှိ ဈေးထပ်ခေါ်လိုက်လေသည် “သန်းခြောက်ရာ”
“သန်းတစ်ထောင်” ရန်ကိုင်လည်း နည်းနည်းလေးမှ အောက်ကျခံမနေချေ။
စကားလုံးလေးအချို့သည် ဤဘာမှန်းမသိရသော သတ္တု၏ တန်ဖိုးအား တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးနှင့် တူညီသော ဈေးနှုန်းသို့ ရောက်ရှိလာစေခဲ့လေသည်။
ဤလောကကြီးတွင် သန်းတစ်ထောင်တန်သည့် ပစ္စည်းများ ရှိလေသလား။ ရှိပေသည်။ သို့ရာတွင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးနှင့် ဤသတ္တု နှစ်ခုစလုံးသည် သန်းတစ်ထောင်တန်သည့် ပစ္စည်းများ မဟုတ်ကြပေ။
ကုန်းစွန်းလျန်၏ မျက်လုံးထဲ အေးစက်စက် အကြည့်တစ်ချက် ဖြတ်ပြေးသွားခဲ့လေသည်။ ဈေးထပ်တင်တော့မည်အပြု ကျိဝူကျိက ရုတ်တရက် ဝင်ပြောလိုက်လေသည် “ဆရာတို့ နှစ်ယောက်က တကယ် ချမ်းသာကြတာပဲ။ ဝူကျိ တကယ် အထင်ကြီးသွားပြီ။ ဒါပေမယ့် အကြီးအကဲချုပ်က အခုလေးတင် သန်းတစ်ထောင်သုံးထားတာ၊ ထပ်ပြီး ဈေးတင်နိုင်ပါဦးမလား”
ကျိဝူကျိသည် အစောပိုင်းက အဖြစ်အပျက်အတွက် ကုန်းစွန်းလျန်ကို အတော်လေး မကျေမနပ် ဖြစ်နေခဲ့ပေသည်။ ထို့ကြောင့် ရန်ကိုင်နှင့် ကုန်းစွန်းလျန်တို့ ပြိုင်ဆိုင်နေကြသည်ကို မြင်သည့်အခါ ချက်ချင်းပဲ ရန်ကိုင်ဘက်မှ ဝင်ရောက် ကူညီတော့လေသည်။
သင့်ရန်သူ၏ ရန်သူသည် သင်၏ မိတ်ဆွေဖြစ်သည် ဟူသောအတိုင်းပင်။ ထို့အပြင် သူသည် ရန်ကိုင်ကို သူ့ဘက်သို့ ပါအောင်လည်း ဆွဲခေါ်ချင်သေးသည်။ ထို့ကြောင့် ယခုအချိန်သည် ရန်ကိုင်ဆီမှ မျက်နှာသာရအောင်လုပ်ဖို့အတွက် အကောင်းဆုံး အချိန်ဖြစ်ပေသည်။
“ဒီလူအိုကြီး ပေးနိုင်မပေးနိုင်က ဒုတိယသခင်လေးရဲ့ ကိစ္စမဟုတ်ဘူး” ကုန်းစွန်းလျန်၏ မှုန်ကုတ်ကုတ် မျက်နှာထားဖြင့် ပြန်ပြောလိုက်လေသည်။
“ဝူရီ ဝင်ပါရမယ့်ကိစ္စမဟုတ်မှန်း သိပါတယ်။ ဒါပေမယ့် ကျုပ်အဖေနဲ့ အကြီးအဆုံးအကိုက ခရမ်းကြယ်မှာမရှိတဲ့အချိန် အကြီးအကဲချုပ်ကပဲ အုပ်ချုပ်နေရတာဆိုတော့ အခု အကြီးအကဲချုပ်ရဲ့ ဂုဏ်သတင်းက ကိုယ့်ပိုင် ဂုဏ်သတင်း သက်သက် မဟုတ်တော့ဘဲ ခရမ်းကြယ်တစ်ခုလုံးနဲ့ ဆိုင်တာမျိုး ဖြစ်လာပါပြီ။ ဒါကြောင့် ဝူကျိ ဝင်ပါနေရတာပါ။ တန်ခိုးရှင်ဘုရင် အဆင့် ဆေးလုံးကို အကြီးအကဲချုပ် ရသွားပေမယ့် အကြီးအကဲချုပ် သန်းတစ်ထောင် အပြည့်ပေးမပေးကို ဘယ်သူမှ မမြင်လိုက်ရပါဘူး။ ဟုတ်တာပေါ့… အကြီးအကဲချုပ်လို လူမျိုးကို ဘယ်လိုလုပ်ပြီး လိမ်ညာပြီး လုပ်ပါ့မလဲ။ အကြီးအကဲချုပ် ဖြောင့်ဖြောင့်မတ်မတ်နဲ့ လုပ်မယ်လို့ ဝူကျိ ယုံပြီးသားပါ။ ဒါပေမယ့် အောက်မှာရှိနေတဲ့ လူတိုင်းက ဝူကျိလို ယုံကြမယ်လို့ ဘယ်သူ အာမခံနိုင်မှာလဲ။ အခုအချိန်ထိ အကြီးအကဲချုပ်က တန်ခိုးရှင်ဘုရင် အဆင့် ဆေးလုံးကို နိုင်ထက်စီးနင်းပြုပြီး ယူသွားတယ်လို့ သူတို့ ထင်ချင်ထင်နေကြဦးမှာ”
“ရိုင်းလိုက်တာ” ကျန်းချန်ဖုန်းက ထအော်လေသည် “သန်းတစ်ထောင်ပေးမပေးကို မိန်းကလေးလီနွော့ အသိဆုံးပဲ။ မိန်းကလေးလီနွော့ ကိုယ်တိုင်လည်း ပြောပြီးသားကို ဒုတိယ သခင်လေးက ဘာပြောချင်တာလဲ”
“ဟဲဟဲ။ အဲ့ဒါဆိုလည်း ရှစ်ယောက်မြောက် အကြီးအကဲ ပြောသလို့ပဲပေါ့။ သန်းတစ်ထောင်က အခုလေးတင်ပဲ ပေးလိုက်တာပေါ့” ကျိဝူကျိက ရယ်မော၍ ပြောလိုက်သည်။
“ဟုတ်တယ်” ကျန်းချန်ဖုန်း မျက်နှာ မှုန်ကုတ်နေခဲ့သည်။
“ဒါပေမယ့် သံသယဆိုတာ ထပ်တလဲလဲ ငြင်းခံရတဲ့အခါ ဖြစ်လာလေ့ရှိတယ်တဲ့” ကျိဝူကျိသည် ကျန်းချန်ဖုန်း ဒေါသ ထွက်နေသည်ကို လျစ်လျူရှု၍ ဆက်ပြောလိုက်လေသည် “အကြီးအကဲချုပ်က ခရမ်းကြယ်တစ်ခုလုံးရဲ့ ခေါင်းဆောင် ဖြစ်နေတာဆိုတော့ လူထုက သူ့အပေါ် သံသယဝင်တယ်ဆိုတာ နည်းနည်းလေးတောင် ဖြစ်သင့်တဲ့ အရာမျိုး မဟုတ်ဘူး။ မဟုတ်ရင် ခရမ်းကြယ်ရဲ့ ဂုဏ်သတင်း ပျက်ပြားသွားမှာပါ့။ အကြီးအကဲချုပ်က အားလုံးအထက်မှာ ရပ်တည်နေတာ။ သူလုပ်သမျှ ကိစ္စတိုင်းက ခရမ်းကြယ်တစ်ခုလုံးအတွက် စံပြ ဖြစ်နေသင့်တာ။ အကြီးအကဲချုပ်လည်း ဒီလိုကိစ္စမျိုးကို မြင်ချင်မှာ မဟုတ်မှန်း ဒီသခင်လေး ပြောရဲတယ်”
ကုန်းစွန်းလျန်သည် မျက်လုံးကြီး မှေးစဉ်းလျက် ကျိဝူကျိ ရှိရာဘက်ဆီသို့ ကြည့်နေခဲ့သည်။ ကျိဝူကျိ ပြောပြီးသွားသည့်အခါ ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်လေသည် “ဒီတော့ ဒီအကြီးအကဲချုပ် ဘယ်လိုလုပ်သင့်တယ်လို့ ဒုတိယသခင်လေး ထင်လဲ။ ကျေးဇူးပြုပြီး အလင်းပြပေးပါဦး ဒုတိယသခင်လေး”
“ဝူရှိ ဘယ်လုပ်ရဲပါ့မလဲ အကြီးအကဲချုပ်ကလည်း” ကျိဝူကျိက ချက်ချင်းပဲ သူ့ကိုယ်သူ နှိမ့်ချလျက် “ဒါပေမယ့် ပြောပါ ဆိုရင် ဒီကိစ္စကို ဖြေရှင်းဖို့က လွယ်လွယ်လေးပါ။ အကြီးအကဲချုပ် ထပ်ပြီး ဈေးပေးချင်တယ်ဆိုရင် တကယ်ပိုက်ဆံရှိမရှိ အရင် သက်သေပြဖို့ လိုတယ်လေ။ အဲ့လိုဆိုမှတော့… ဘာလို့ စင်ပေါ်မှာ သူတော်စင်သလင်းကျောက် အချို့ အရင် မပုံလိုက်တာလဲ။ အဲ့လိုဆို အကုန်လုံးရဲ့ အမြင်ကို ရှင်းသွားစေမယ်လို့ ဝူကျိ ထင်ပါတယ်”
ကျိဝူကျိသည် စကားလုံးများကို ပါးနပ်စွာ သုံးနှုန်းလျက် သူ့အား ချောက်ချရန်ကြိုးစားနေသည်ကို ကြည့်ရင်း ကုန်းစွန်းလျန် အတော်လေး စိတ်ညစ်သွားခဲ့လေသည်။ ထို့ကြောင့် ကျန်းချန်ဖုန်းကို တိတ်တဆိတ် အချက်ပြလိုက်လေသည်။ ကျန်းချန်ဖုန်းသည် အကြီးအကဲချုပ် ဘာပြောချင်နေလဲ ဆိုသည်ကို နားလည်သည့်အလား ချက်ချင်းပဲ အော်ပြောလိုက်လေသည် “သူတော်စင်သလင်းကျောက်တွေကို ပုံပေးရဖို့၊ ဘယ်လေလံပွဲကများ အဲ့လိုလုပ်ရ…”
“အဲ့အကြံမဆိုးဘူး” ကျန်းချန်ဖုန်း ပြောလို့မပြီးသေးခင်မှာပဲ ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံသုံး၍ ကျန်းချန်ဖုန်အား စကား ဆက်မပြောနိုင်အောင်လုပ်၍ ကြားဖြတ်ပြောလိုက်လေသည် “ငါလည်း လက်ခံတယ်။ လေလံပြိုင်ဆွဲတာဆိုတော့ ငါလည်း မဟုတ်တာလုပ်ရတာကို သဘောမကျဘူး။ ဒုတိယသခင်လေးက တကယ် စဉ်းစားတတ်တာပဲ”
“ဆရာ ချီးကျူးလွန်းနေပါပြီ” ကျိဝူက ချက်ချင်းပဲ ရန်ကိုင်အား တိုးတိုးလေး ပြောလိုက်လေသည် “ဆရာ၊ ဝူကျိမှာ သန်းခြောက်ရာရှိတယ်။ ဆရာလိုရင် ဝူကျိ ပေးလို့ရတယ်”
“မလိုဘူး။ ဒုတိယသခင်လေးရဲ့ ကြင်နာမှုကို ဒီရန် မှတ်ထားလိုက်ပါမယ်” ရန်ကိုင်၏ အသံ ထွက်လာခဲ့လေသည် “အကြီးအကဲချုပ်ကော ဘယ်လိုထင်လဲ မသိဘူး”
ယခု ကုန်းစွန်းလျန် ပို၍ ဒေါသထွက်လာခဲ့လေသည်။ သို့ရာတွင် ကျားပေါ်ခွစီးလျက်သား ဖြစ်နေပြီ ဖြစ်နေပြီ ဖြစ်သည့် အတွက် ခေါင်းညိတ်ရုံသာ တတ်နိုင်တော့လေသည် “ကောင်းပြီလေ။ အဲ့အတိုင်းပဲ လုပ်ကြတာပေါ့”
ခရမ်းကြယ်၏ အကြီးအကဲချုပ် ဖြစ်သည့်အတွက် ငွေရေးကြေးရေးအပေါ် လုံးဝ စိတ်ပူစရာမလိုချေ။ သူနှင့် လာပြိုင်ခြင်းသည် ကိုယ့်အရှက်ကိုယ်ခွဲခြင်းသာ ဖြစ်သည်။
“ဆရာတို့နှစ်ယောက်က သဘောတူတယ်ဆိုမှတော့ လိုအပ်တာတွေအကုန်လုံး ကျွန်မ ပြင်လိုက်ပါမယ်” လီနွော့ သက်ပြင်းချလိုက်မိသည်။ လေလံပွဲရှိ အခြေအနေသည် အတော်လေး တင်းမာနေသော်လည်း တိုက်ပွဲ ဖြစ်မည့် အရိပ်အယောင်တော့မ ရှိတော့ချေ။ ထို့နောက် ရန်ကိုင်ဘက်သို့ လှည့်၍ “ဆရာက သန်းတစ်ထောင်ခေါ်ထာ’တာဆိုတော့…”
“ကျုပ်မှာ အဲ့လောက်များတဲ့ သူတော်စင်သလင်းကျောက် မရှိဘူး”
ရန်ကိုင်က ပြန်ပြောလိုက်သည်။
“သူတော်စင်သလင်းကျောက် မရှိဘဲနဲ့ ဘယ်လို လေလံဝင်ဆွဲရဲတာလဲ။ ကိုယ့်အရှက်ကိုယ်ခွဲနေတာလား” ကျန်းချန်ဖုန်း ထအော်ရယ်လေသည်။
“ရှစ်ယောက်မြောက်အကြီးအကဲ၊ ဒီဆရာက သူ့မှာ အဲ့လောက်များတဲ့ သူတော်စင်သလင်းကျောက် မရှိဘူးလို့ပဲ ပြောလိုက်တာလေ။ အခြား ပေးစရာမရှိဘူလို့မှ မပြောလိုက်တာ။ ဘာတွေ စိတ်ဆောနေတာလဲ” ကျိဝူကျိက ချက်ချင်း ဖြတ်ပြောလိုက်သည်။
“ဒုတိယသခင်လေး ပြောတာ အမှန်ပဲ” ရန်ကိုင်က ခေါင်းညိတ်၍ “ကျုပ်မှာ အဲ့လောက်များ သူတော်စင် သလင်းကျောက်တော့မရှိဘူး။ ဒါပေမယ့် အခြား ရတနာတွေနဲ့ ပေးမယ်ဆို အဆင်ပြေမလားမသိဘူး မိန်းကလေးလီနွော့”
“အဆင်ပြေပါတယ် ဆရာ။ ကျွန်မတို့ လေလံစံအိမ်က သူတော်စင်သလင်းကျောက်အပြင် အခြား တန်ဖိုးတူ ပစ္စည်းတွေကိုလည်း လက်ခံပါတယ်” လီနွော့က ပြန်ပြောလိုက်၏။
“ကောင်းပြီ။ အဲ့ဒါကို တစ်ချက် ကြည့်ကြည့်လိုက်” ပြောပြီးသည့်နောက် ရန်ကိုင်သည် ပုလင်းတစ်လုံးကို သူတော်စင်ချီဖြင့် ထိန်းချုပ်၍ လီနွော့ဆီသို့ ပစ်ပေးလိုက်လေသည်။
မရေမတွက်နိုင်သော မျက်လုံးများသည် ပုလင်းပေါ်တွင် စုပြုံရောက်ရှိနေခဲ့ကြလေသည်။ သူတော်စင်သလင်းကျောက် သန်းတစ်ထောင်များတန်ရအောင် ထိုပုလင်းထဲ မည်သို့သော ဆေးလုံးများ ရှိနေမလဲဆိုသည်ကို အတွေးများနေခဲ့ကြသည်။
လီနွော့သည် ပုလင်းအား ဖမ်း၍ အဖုံးဖွင့်ကာ အနံ့ခံကြည့်လိုက်ပြီးနောက် အလန့်တကြား ထအော်လေသည် “တန်ခိုရှင်ဘုရင်အဆင့်ဆေးလုံးလား”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၆၃)
“ဘာ၊ တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံးလား”
“ဘယ်လိုတောင်လားလ”
“အဲ့ဆရာဆီမှာ တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံးတစ်လုံး ထပ်ရှိနေသေး ူးစတာလား”
ခန်းမထဲရှိ ကျင့်ကြံသူပေါင်းများစွာ အံ့ဩဘနန်း ဖြစ်ကုန်ကြ၏။ လည်ပင်းကို ရှည်နိုင်သမျှ ရှည်အောင်ဆန့်ရင်း လီနွော့လက်ထဲရှိ ဆေးပုလင်းအား အသည်းအသန် လှမ်းကြည့်ကြ၏။
လီနွော့သည် ဘာအပိုစကားမှ ထပ်ပြောမနေတော့ဘဲ ဆေးပုလင်းထဲရှိ ဆေးလုံးကိုသာ သူမ လက်ဖဝါးပေါ်သို့ သွန်ချပြလိုက်သည်။
ချက်ချင်းဆိုသလို ခန်းမတစ်ခုလုံး သင်းပျံ့မွှေးထုံသည့် ဆေးရနံ့တို့ဖြင့် ကြိုင်လှိုင်လာခဲ့လေသည်။
ပထမလေလံတင်သွားသည့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးကို ဆေးပုလင်းအပြင်သို့ ထုတ်လိုက်စဉ်က တစ်မူထူးခြားသည့် ဆေးရနံ့ကို သူတို့ ရခဲ့ကြသည်။ ထို့ကြောင့် ဆေးနံ့ကို ရလိုက်သည်နှင့် ထိုဆေးလုံးသည် တန်ခိုးရှင်ဘုရင် အဆင့် ဆေးလုံးမှန်း အကုန်လုံး သိသွားခဲ့ကြလေသည်။
မတူသည့်အရာဆို၍ ဆေးရနံ့သာရှိသည်… ယခုဆေးလုံး၏ ဆေးရနံ့သည် ပထမတစ်ကြိမ်ထက်ပင် ပိုသင်းနေသလိုပင်။
“ကြည့်၊ ဒီတန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံးက အရှေ့တစ်လုံးထက် နည်းနည်း ပိုကြီးနေသလိုပဲ။ အရည်အသွေး ပိုကောင်းနေလို့ အခုလို ဖြစ်နေတာများလား”
“မင်းကြီးတော်… ဆေးလုံးရဲ့ အရည်အသွေးကို အရွယ်အစားနဲ့ သွားတိုင်းလို့ ရမလားဟ။ ဒါပေမယ့် အရောင်နဲ့ အနံ့ကတော့ ပထမတစ်လုံးထက်ကို ပိုသာတယ်”
“ငါပြောတာ မဟုတ်လို့လား”
“ဟုတ်တော့ဟုတ်ပေမယ့် ဟုတ်လည်း မဟုတ်ဘူးလေ”
ခန်းမထဲရှိ ကျင့်ကြံသူများသည် အပြိုင်အဆိုင် အော်ဟစ် ဆွေးနွေးပြောဆိုနေကြချိန် (က-၂)အခန်းထဲတွင် ရှိနေသော ကျိဝူကျိမှာတော့ ထိုဆေးလုံးကိုကြည့်ရင်း အလွန်ကိုမှ ပျော်ရွှင်မြူးထူးနေခဲ့လေသည်။
ပထမတစ်ကြိမ် လေလံတင်သည့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးကို ကုန်းစွန်းလျန်မှ လုယူသွားသည့်အတွက် သူ့စိတ်ထဲ အလွန်ကိုမှ စိတ်ညစ်နေခဲ့ရသည်။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးနှင့် ရေစက်ပါမလာသည့် အတွက်ကြောင့်ပဲ ဖြစ်မည်ဟု ကိုယ့်ကိုယ်ကို ပြန်နှစ်သိမ့်နေစဉ်မှာပဲ ရန်ကိုင်က တန်ခိုးရှင်ဘုရင် အဆင့် ဆေးလုံးတစ်လုံးကို ထုတ်လာခဲ့လေသည်။ သူထုတ်လာသည့် ဆေးလုံးသည် ပထမတစ်ကြိမ် လေလံတင်သည့် ဆေးလုံးထက်ပင် ပို၍ အရည်အသွေး မြင့်နေခဲ့၏။
ကျိဝူကျိ မပျော်ဘဲ ဘယ်နေမည်နည်း။
မည်သို့ပင်ဖြစ်စေကာမူ ဤတန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးကိုတော့ ရအောင် ယူရပေတော့မည်။ ဤဆေးလုံးနှင့်သာ ဆိုလျှင် သေချာပြင်ဆင်ထားသရွေ့ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်တက်ရောက်ရန် ကြိုးစားကြည့်နိုင်ပေသည်။
အောင်မြင်သွားခဲ့လျှင် ကုန်းစွန်းလျန်ထက်ပင် ပိုမို မြင့်မားသည့် အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်လာနိုင်ပေလိမ့်မည်။
“ဒီဘုရင်ရဲ့ ဆေးလုံးက ဘယ်လိုလဲ။ သန်းတစ်ထောင် တန်ရဲ့လား” ရန်ကိုင်၏ အသံ ထွက်ပေါ်လာခဲ့သည်။
လီနွော့၏ မျက်လုံးထဲ အရိပ်တစ်ချက် ဖြတ်ပြေးသွား၏။ ချက်ချင်းပဲ ရယ်မောလျက် “ပထမ တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံးက သန်းတစ်ထောင်နဲ့ ရောင်းထွက်သွားတာဆိုတော့ ဒီတန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးကလည်း သန်းတစ်ထောင် တန်တာပေါ့”
သူမ ရန်ကိုင်ကို ကူညီနေခြင်း ဖြစ်သည်။
ထိုစဉ် ကုန်းစွန်းလျန်က နှာခေါင်းရှုံ့၍ ဝင်ပြောလေသည် “မိန်းကလေးလီနွော့၊ မင်း သေချာစဉ်စားကြည့်ပါဦး။ ပထမတစ်လုံးကို ဒီလူအိုကြီး သန်းတစ်ထောင်နဲ့ ဝယ်ခဲ့လို့ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတိုင်းက သန်းတစ်ထောင် တန်သွားတယ်ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒီဆေးလုံးက သန်းတစ်ထောင်တန်တယ်ဆိုတာကို ဒီလူအိုကြီး လက်မခံဘူး”
လီနွေဦ့ မျက်မှောင်ကြုတ်သွားခဲ့လေသည်။ တစ်ခုခု ပြန်ပြောတော့မည်အပြု ကျိဝူကျိ၏ အသံ ထွက်လာခဲ့လေသည် “အကြီးအကဲချုပ် စိတ်ပူမနေနဲ့။ ဘယ်သူမှမဝယ်ရင် အဲ့ဆေးလုံးကို ဒီဝူကျိ သန်းတစ်ထောင်နဲ့ ဝယ်မယ်”
လက်ရှိတွင် သူ့၌ သန်းတစ်ထောင် မရှိသေးသော်လည်း သူ့အဆင့်အတန်းအရ တစ်စိတ်တစ်ပိုင်းကို အရင်ပေထားပြီး လက်ကျန်ကို နောက်မှပေး၍လည်း အဆင်ပြေပေသည်။
လီနွော့သည် ခေါင်းညိတ်၍ ပြုံးကာ ကုန်းစွန်းလျန်ဘက်သို့ လှည့်၍ “ဒီလိုမျိုးဆိုရင်ကော အကြီးအကဲချုပ် အဆင်ပြေပါရဲ့လား မသိဘူး”
“ဟန့်” ကုန်းစွန်းလျန်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် ဈေးထပ်တင်လေသည် “သန်းတစ်ထောင့် တစ်ရာ”
“အကြီးအကဲချုပ်၊ မျှမျှတတဖြစ်သွားအောင် သူတော်စင် သလင်းကျောက်ကို အရင် ပုံပေးပါ” ကျိဝူကျိူက အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
ကုန်းစွန်းလျန်သည် ဘာမှမပြောဘဲ သူတော်စင်သလင်းကျောက် တစ်ကွင်းကိုသာ ပစ်ပေးလိုက်သည်။
ကျိဝူကျိက ပြုံးဖြီးဖြီးဖြင့် “သေချာစစ်ဆေးကြည့်ဦးနော် မိန်းကလေးလီနွော့၊ တကယ်တော့ ဒီလောက်များတဲ့ သူတော်စင် သလင်းကျောက်တွေဆိုတာ ခဏလေးနဲ့ ရေတွက်လို့ပြီးတာမျိုး မဟုတ်ဘူး”
ကျိဝူကျိ ပြောသည့်အခါမှပဲ လူတိုင်း ထိုအချက်ကို စဉ်းစားမိသွားသည်။ ထိုမျှ များလှသည့် သူတော်စင်သလင်းကျောက်ကို မည်သို့များ တစ်ခဏလေးအတွင်း အပြီးသတ် ရေနိုင်မည်နည်း။ သို့သော်လည်း လီနွော့ အခန်း (က-၁)ထဲသို့ သွားပြီး သူတော်စင်သလင်းကျောက် ပြည့်မပြည့် သွားစစ်ကြည့်စဉ်က ဝင်သွားပြီး ခဏလေးအတွင်း ပြန်ထွက်လာခဲ့သည်။ လုံးဝ မသင်္ကာစရာပင်။
အကြီးအကဲချုပ်သည် ကျိကျွင်းပြောသလို အပြည့်မပေးဘဲ သူ့အဆင့်အတန်းဖြင့် လီနွော့အား ဖိနှိပ်ထားခဲ့သည်များ ဖြစ်နေမလား။ ထိုသို့သာဆိုလျှင်တော့ သူ့လုပ်ရပ်က တကယ်ကို လွန်သွားပြီဟု ပြော၍ရသည်။
ယခုတစ်ကြိမ်တွင်တော့ လီနွော့သည် သူတော်စင် သလင်းကျောက်များကို အမွှေးတိုင်တစ်ချောင်းစာ ကြာသည်အထိ ထိုင်ရေတွက်လိုက်ရသည် “ပြည့်ပါတယ်။ စုစုပေါင်း သန်းတစ်ထောင့်တစ်ရာ အတိပါပဲ”
“အကြီးအကဲချုပ်က တကယ် ချမ်းသာတာပဲ။ ကျုပ်တကယ် အထင်းကြီးသွားပြီ” ရန်ကိုင်က ပြုံးလျက် ပြောလိုက်သည်။
“လူကြီးမင်းသာ ဈေးထပ်မတင်နိုင်တော့ရင် ဒီလေလံပစ္စည်းက ဒီလူအိုကြီးရဲ့ အပိုင် ဖြစ်လာတော့မှာနော်” ကုန်းစွန်းလျန်က ပြန်ပြော၏။
ထိုစကားကို ကြားသည့်အခါ ရန်ကိုင်သည် ရယ်သာ ရယ်လျက် လီနွော့ဆီသို့ နောက်ထပ် ဆေးပုလင်းတစ်ပုလင်း ထပ်ပစ်ပေးလိုက်လေသည်။
“နောက်ထပ်ဆေးလုံးလား”
“တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံးပဲလား”
“မင်းစကားကိုကြည့်ပြော။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတွေက ပေါပေါသောသော ရနေတဲ့ ဂေါ်ဖီထုပ်တွေ မဟုတ်ဘူး။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတွေကို တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တွေကပဲ ဖော်စပ်နိုင်တာ။ ဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးအမယ်တွေကလည်း ရှားမှရှာတဲ့ ပစ္စည်းတွေ။ ဒီလို ဆေးလုံးမျိုး တစ်လုံးရှိနေရင် ကံကောင်းနေပြီ။ ဘယ်လိုလုပ်ပြီး နောက်တစ်လုံး ထပ်ရှိနိုင်မှာလဲ။ ဒီဆေးလုံးက အခြားဆေးလုံးပဲ ဖြစ်လိမ့်မယ်”
“မင်းပြောတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ဆရာက သာမန်လူတစ်ယောက်မှ မဟုတ်တာ။ သူ့လို လူတစ်ယောက်မှာ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံး တစ်လုံးထက်မက ပိုရှိနေတာလည်း ဖြစ်နိုင်တာပဲ”
အကုန်လုံးသည် ယခုတစ်ကြိမ် ရန်ကိုင် ပစ်ပေးလိုက်သည့် ဆေးပုလင်းထဲ မည်သည့် ဆေးလုံး ရှိနေမလဲ ဆိုသည်နှင့် ပက်သက်၍ အားတက်သရော ငြင်းခုံဆွေးနွေးကြပြန်လေသည်။
လီနွော့သည် ဆေးပုလင်းအဖုံးကို မယုံသင်္ကာဖြင့် ဖွင့်ကြည့်လိုက်သည်။ သို့သော်လည်း ဆေးလုံးကို မြင်ပြီးနောက် ခန္ဓာကိုယ်လေးတစ်ချက် တုန်ရီသွားပြီး အံ့အားသင့်နေသည့် အမူအရာဖြင့် အော်ပြောလိုက်လေသည် “တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးပဲ”
“ဘယ်လို၊ တကယ်ကြီး နောက်ထပ် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးလား”
“ဒီဆရာမှာ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတွေ ဘယ်လောက်တောင် ရှိနေတာလဲ”
“ဆရာ၊ အစေခံဘာလေးများ လိုလား။ လိုရင် ဒီလူအိုကြီး လုပ်ပေးမယ်လေ။ ဒီလူအိုကြီးက တန်ခိုးရှင်အဆင့် ရောက်နေပါပြီ”
“ခင်ဗျားဘာတွေ ပြောနေတာလဲ လူအိုကြီးချန်၊ ခင်ဗျား အသက်နဲ့ ဆရာ့အစေခံ လုပ်ချင်နေသေးတာလား။ တန်ခိုးရှင်ဘုရင် အဆင့် ဆေးလုံးကို အဲ့လောက်တောင် လိုချင်နေတယ်ပေါ့။ အိမ်မက်သာ မက်နေလိုက်။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးကို ရသွားမယ်ဆိုရင်တောင် ခင်ဗျား အရည်အချင်းနဲ့ တန်ခိုးရှင်ဘုရင် အဆင့် ရောက်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တန်ခိုးရှင်ဘုရင် အဆင့် ဆေးလုံးကို ခင်ဗျားဆီ ပေးလိုက်ရင် အလကားပဲ ဖြစ်မှာ။ ဆရာ၊ ဒီစွန်းကို ကြည့်ကြည့်လိုက်ပါ။ ဒီစွန်းက တန်ခိုးရှင်တတိယ အဆင့်ရဲ့ အထွဋ်အထိပ်ကို ရောက်နေပါပြီ။ ရှီစွမ်းအင်မှာ ဆိုရင်လည်း ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ဖို့ လက်တစ်ကမ်းပဲ လိုတော့တာပါ။ ဆရာသာ အစေခံလိုရင် ဒီစွန်း ဆရာ့အတွက် အစေခံလုပ်ပေးဖို့ အဆင်သင့်ပါပဲ”
“စွန်းအိုကြီး၊ မင်းဒီချန်ကို လာချောက်ချချင်နေတာလား။ မင်းသေပြီသာမှတ်”
“ရှင်တို့လို သက်ကြားအိုကြီးနှစ်ယောက်က ဆရာ့ရဲ့ အစေခံ လုပ်ချင်နေတယ်ပေါ့၊ တကယ် ရယ်စရာပဲ။ ဆရာ၊ ကျွန်မမှာ အထူးခန္ဓာကိုယ် တည်ဆောက်ပုံရှိပါတယ်။ ဒဏ္ဏာရီလာ မိုးမြေဆေးမီဖိုနတ်ခန္ဓာနဲ့ မယှဉ်နိုင်ပေမယ့် အရမ်းကြီးတော့ မကွာပါဘူး။ ဆရာသာ ဆန္ဒရှိတယ်ဆိုရင် ကျွန်မက ဆရာ့အတွက် အဆင့်သင့်ပါပဲ။ ကျွန်မ ကျင့်ကြံခြင်းက တန်ခိုးရှင်ဒုတိယအဆင့်ပဲ ရှိသေးတယ်ဆိုပေမယ့် အနှေးနဲ့အမြန် တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်မယ့်လူပါ။ ဆရာသာ လက်ခံမယ်ဆိုရင် အစေခံမဖြစ်ဖြစ်၊ အိမ်ဖော်ဖြစ်ဖြစ် ကျွန်မ လုပ်ပေးပါမယ်”
“မိန်းမပျက်မ၊ တွေ့ကရာ ယောကျာ်းတွေနဲ့ ပျော်ပါးပြီးသား နင့်ခန္ဓာကိုယ့်နဲ့ ဆရာ့နား ကပ်ချင်နေတာလား။ ကိုယ့်အဆင့် ကိုယ်မသိလိုက်တာ။ ဆရာ၊ ကျေးဇူးပြုပြီး ကျွန်မကိုပဲ အစေခံအဖြစ် ရွေးချယ်ပေးပါ။ ကျွန်မ ခန္ဓာကိုယ်က ဘယ်ယောကျ်ားသားမှ မထိရသေးတဲ့ ခန္ဓာကိုယ်ဆိုတာ အသက်နဲ့ရင်းပြီး အာမခံရဲပါတယ်”
“မဟုတ်ဘူး ဆရာ။ ကျွန်မကိုပဲရွေးပါဆရာ၊ ကျွန်မက သူ့ထက်ပိုပြီး ဆရာ့ကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ပါတယ်”
ရုတ်တရက်ဆိုသလို ခန်းမတစ်ခုလုံး အော်ဟစ်သံ ပေါင်းစုံဖြင့် ဆူညံပွတ်လောက် ရိုက်ကုန်လေသည်။ တန်ခိုးရှင်အဆင့် ကျင့်ကြံသူပေါင်းများစွာတို့သည် ရန်ကိုင်၏ အစေခံဖြစ်ရဖို့အရေး အားတက်သရော တောင်းဆိုကြတော့လေသည်။
ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးနှစ်လုံးကို အလွယ်တကူ ထုတ်ပြသွားခဲ့သည်။ ဆိုလိုသည်မှာ သူ့တွင် နောက်ထပ် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးများလည်း ထပ်ရှိကောင်း ရှိနေနိုင်ပေသေးသည်။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးသည် သူတို့ကဲ့သို့ တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူများအတွက် အလွန်ကိုမှ အဖိုးတန်လှပေသည်။ ထို့ကြောင့် တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံးအတွက် ရန်ကိုင်၏ အစေခံဖြစ်ရလျှင်ပင် သူတို့အတွက်တော့ တန်ပေသည်။
အမျိုးသမီးပေါင်းစုံသည် ရန်ကိုင်၏ အစေခံ ဖြစ်ဖို့အတွက်နှင့် အော်ဟစ်ပြိုင်ဆိုင်နေကြသည်ကို ကြည့်ရင်း ဟွာရို့မုန်၏ မျက်နှာကြီး မဲ့သွားခဲ့လေသည်။ သူမစိတ်ထဲ ထိုမိန်းမများကို ရွံ့ရှာစက်ဆုပ်မိလာခဲ့သည်။
သို့ရာတွင် သူမကိုယ်တိုင် ရန်ကိုင်အား ကြည့်လိုက်မိသည့်အခါ ရန်ကိုင်၏ ရုပ်ရည်ထဲ မျောပါချင်သလိုပင် ဖြစ်သွားခဲ့သည်။ သူမသည်လည်း တန်ခိုးရှင်တတိယအဆင့်ပင် မဟုတ်လေသလော။
လီနွော့ကမူ စင်ပေါ်တွင်ရပ်၍ အောက်ဘက်ရှိ ရယ်ချင်ပက်ကျိ မြင်ကွင်းကို မဲ့ပြုံးပြုံး၍သာ ကြည့်နေခဲ့သည်။ လေလံပွဲပေါင်းများစွာ ကျင်းပခဲ့ဖူးသော်လည်း ဤသို့သော အဖြစ်အပျက်မျိုးနှင့် တစ်ခါမှ မကြုံဖူးခဲ့ချေ။
ထိုအချိန်တွင် ရန်ကိုင်က ချောင်းဟန့်၍ ပြောလိုက်လေသည် “အားလုံးရဲ့ ဆန္ဒကို ဒီဘုရင် နားလည်ပါတယ်။ ဒါပေမယ့် အခုလောလောဆယ် ဒီဘုရင် ဘယ်နောက်လိုက်မှ လက်ခံချင်စိတ် မရှိသေးပါဘူး။ ပြီးတော့ ဒီတန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတွေ အကုန်လုံးကို ဒီဘုရင် ကံကောင်းပြီး ရလာခဲ့တာ။ စုစုပေါင်းမှ နှစ်လုံးပဲရှိတာ။ အခု ပေးလိုက်တာက အကုန်ပဲ”
ရန်ကိုင်တွင် တကယ်ပဲ ထိုဆေးလုံး နှစ်လုံးပဲ ရှိပေသည်။ ထိုဆေးလုံးနှစ်လုံးကို သူအဆင့်တက်သည့်အခါ လိုအပ်လာလျှင် သုံးရန်အတွက် လိုရမယ်ရ ဖော်စပ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ့အဆင့်တက်ခြင်း ဖြစ်စဉ်မှာ လုံးဝကို ချောချောမွေ့မွေ့ ပြီးဆုံးသွားသဖြင့် တစ်လုံးပင် သုံးစရာမလိုလိုက်ချေ။
ရန်ကိုင် စကားကို ကြားသည့်အခါ ကျင့်ကြံသူပေါင်းများစွာ စိတ်ပျက်သွားခဲ့ကြလေသည်။ အချို့မှာတော့ စိတ်လှုပ်ရှားမြဲ စိတ်လှုပ်ရှားနေကြသေးသော်လည်း တော်တော်များများမှာတော့ စိတ်ပျက်အားလျော့သွားခဲ့ကြလေသည်။
ရန်ကိုင်သည် လီနွော့ဘက်သို့လှည့်၍ မေးလိုက်သည် “ဒီတစ်လုံးကော ဘယ်လောက်တန်လဲ”
လီနွော့က ချက်ချင်းပဲ ပြန်ပြောလိုက်သည် “ပထမတစ်လုံးက သန်းတစ်ထောင်ဆိုမှတော့ ဒီတစ်လုံးလည်း သန်းတစ်ထောင်ပဲပေါ့”
ကုန်းစွန်းလျန်က ဒေါသတကြီး ဝင်ပြောလေသည် “သန်းတစ်ထောင်ပြောရအောင် ဒီဆေးလုံးကို သန်းတစ်ထောင်နဲ့ ထပ်ဝယ်မယ့်လူ ရှိသေးလို့လား”
လီနွော့ ဆွံ့အသွားလေ၏။
ထိုစကားကိုကြားသည့်အခါ ရန်ကိုင်က သည်းလှိုက်အူလှိုက် ရယ်မောလျက် “သန်းတစ်ထောင်မလုပ်တော့နဲ့ မိန်းကလေးလီနွော့၊ သန်းငါးရာပဲထားလိုက်”
လီနွော့က ခေါင်းညိတ်၍ “အဲ့လိုဆိုမှတော့ သန်းငါးရာပဲပေါ့။ အကြီးအကဲချုပ် ဘာများပြောချင်ပါသေးလဲရှင့်”
ကုန်းစွန်းလျန်သည် ဘာမှမပြောဘဲ အေးစက်စက် အမူအရာဖြင့်သာ နှာခေါင်းရှုံ့လိုက်လေသည်။
တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတစ်လုံး၏ တန်ကြေးသည် သန်းငါးရာနှင့် ခြောက်ရာကြားတွင်ရှိမှန်း လူတိုင်း သိပေသည်။ ထို့ကြောင့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတစ်လုံးအတွက် သန်းငါးရာဆိုသည်မှာ လျှော့ပြီး တွက်ထားသည်ဟု ပြော၍ရသည်။ ထို့ကြောင့် ကုန်းစွန်းလျန်လည်း ဘာမှ ထပ်မပြောနိုင်တော့ပေ။
လီနွော့က ပြုံးလျက် “အခန်း (က-၅)က ဆရာက သန်းတစ်ထောင့်ငါးရာ ဈေးခေါ်ထားပါတယ်။ အကြီးအကဲချုပ် ထပ်ဈေးခေါ်ချင်ပါသေးလားရှင့်”
ကုန်းစွန်းလျန် တုန့်ဆိုင်းတွေဝေသွားခဲ့လေသည်။
ထိုအခိုက်အတန့်တွင် ကျန်းချန်ဖုန်းက ကုန်းစွန်းလျန်နားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်လေ၏ “အကြီးအကဲချုပ်၊ အဲ့ပစ္စည်းက ဘာမှဒီလောက် အဖိုးတန်တာ မဟုတ်ဘူးနော်။ ဘာလို့ ပိုက်ဆံအကုန်ခံပြီး အဲ့လူနဲ့ ထပ်ပြိုင်နေတာလဲ”
ကုန်းစွန်းလျန်က ကျန်ချန်ဖုန်အားကြည့်၍ မျက်နှာမဲ့ကာ ပြန်ပြောလိုက်လေသည် “ပစ္စည်းအတွက် ပြိုင်နေတာ မဟုတ်ဘူး။ မျက်နှာအတွက် ပြိုင်နေတာလဲ”
“အာ…” ကျန်းချန်ဖုန်း ဆွံ့အသွားခဲ့လေသည်။ ချွေးလည်း ပျံသွားခဲ့၏။ မျက်နှာအတွက် ပြိုင်သည့် ပြိုင်ပွဲသည် တကယ်ကြီး သူတော်စင်သလင်းကျောက် သန်းတစ်ထောင်ကျော်တောင် ကုန်လေသလားဟုလည်း တွေးမိသွားသည်။ ထိုနှစ်ဦးသည် တကယ်ကို သူဌေးကြီးများပင် ဖြစ်ကြလေသည်။ သူ့ဘာသာ မကျေမနပ်ဖြင့် ကြိတ်တွေးနေပြီးနောက် ဆက်ပြောလိုက်၏ “အဲ့လိုဆိုရင် အကြီးအကဲချုပ် ဆက်မပြိုင်သင့်တော့ဘူး။ ဒီနေရာက ခရမ်းကြယ်လေ။ သူအကြီးအကဲချုပ်ကို မျက်နှာသာ မပေးလို့ ဘယ်ရမလဲ။ အဲ့အတွက် အကြီးအကဲချုပ် စိတ်ပူနေစရာ လိုလို့လား”
ကုန်းစွန်းလျန်၏ မျက်လုံးထဲ လက်မလျှော့သေးချင်သည့် အရိပ်အယောင်အချို့ ဖြတ်ပြေးသွား၏။ နောက်ဆုံးတွင် ခေါင်းညိတ်၍ “ကောင်းပြီလေ။ အဲ့ဒါဆိုလည်း ဒီမှာပဲ ရပ်လိုက်ကြတာပေါ့”
သူ့အနေဖြင့် ဆက်ပြီး ဈေးခေါ်နိုင်သေးသော်လည်း ရန်ကိုင် ဈေးပေးသည့်နှုန်းကိုကြည့်ရင်း သူနိုင်မနိုင် မသေချာတော့ချေ။ ကျန်းချန်ဖုန်း ပြောသလိုပင် ဤနေရာသည် သူစီမံနေရသည့် ခရမ်းကြယ်ဖြစ်သည်။ တစ်ဖက်လူအား နည်းနည်းပါးပါးလောက် အနိုင်ပေးလိုက်လို့ကော ဘာအရေးနည်း။
ပြောပြီးသည်နှင့် ကုန်းစွန်းလျန်သည် သီးသန်းခန်းထဲမှ ပျောက်ကွယ်သွားခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၆၄)
ကျန်းချန်ဖုန်းမှာ အတော်လေး ကူကယ်ရာမဲ့နေခဲ့သည်။ ကုန်းစွန်းလျန် လုပ်သွားသည့် အရှုပ်ထုတ်ကို သူလိုက်ရှင်းရပေဦးမည်။
လီနွော့သည် အချိန်အတော်ကြာအောင် စောင့်နေသော်ငြား ကုန်းစွန်းလျန်သည် ဈေးထပ်မပေးတော့သည့်အတွက် စပြီး ရေတွက်တော့လေသည်။ သုံးကြိမ် ရေပြီးနောက်တွင် လေလံပစ္စည်းသည် ရန်ကိုင်လက်ထဲသို့ ရောက်လာခဲ့လေသည်။
လေလံပစ္စည်းကို ရပြီးနောက်တွင် ရန်ကိုင် ထိုပစ္စည်းသည် သိုလှောင်လက်စွပ်ထဲသို့ ဝမ်းသာတကြီး ထိုးထည့်လိုက်လေသည်။
ဤပစ္စည်းကို ရလိုက်ရုံဖြင့် ရန်ကိုင်ဘာကြောင့် ဤမျှ ပျော်နေရသလဲ ဆိုသည်ကို ဟွာရို့မုန် အလွန် သိချင်နေမိသည်။
နောက်ဆုံး လေလံပစ္စည်း ပြီးနောက်တွင် လေလံပွဲလည်း အဆုံးသတ်သွားခဲ့လေသည်။ လူတော်တော်များများ ထွက်သွားပြီးနောက် ကျန်းချန်ဖုန်းသည် လီနွော့ဆီသို့ ခိုးကြောင်ခိုးဝှက်သွားလျက် ကုန်းစွန်းလျန် ယခင် ပေးထားခဲ့သော သူတော်စင်သလင်းကျောက်များကို သွားပြန်ယူလေသည်။
သူတော်စင်သလင်းကျောက် သန်းတစ်ထောင့်တစ်ရာကို ဤအတိုင်း ပစ်မထားခဲ့နိုင်ပေ။
ကျိဝူကျိမှာ တစ်ခုခုကို စောင့်နေသည့်အလား သူ့သီးသန့်ခန်းထဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့၏။ အချိန်အတော်ကြာပြီးနောက်တွင် တံခါးပွင့်သွားပြီး ကျိကျွင်း အထဲသို့ လျှောက်ဝင်လာခဲ့သည်။
ကျိကျွင်း ဝင်လာသည်ကို မြင်သည်နှင့် ကျိဝူကျိက အဆောတလျင် မေးလိုက်လေသည် “အခြေအနေ ဘယ်လိုလဲ လူအိုကြီးကျိ”
ကျိကျွင်းက ပြုံးဖြီးဖြီးဖြင့် လက်သီးဆုပ်ကာ ပြန်ပြောလိုက်၏ “အကုန်အဆင်ပြေတယ် ဒုတိယသခင်လေး”
“တကယ်လား” ကျိဝူကျိ ပျော်သွားလေသည် “ကောင်းတယ်။ လူအိုကြီးကျိ လုပ်ပေးခဲ့တာတွေအတွက် ဒီသခင်လေး ကျိန်းသေ မှတ်ထားပေးမယ်”
ကျိကျွင်းက ခေါင်းခါ၍ ပြောလိုက်လေသည် “ဒုတိယသခင်လေး အခုလိုတွေ လုပ်နေစရာမလိုပါဘူး။ ဒုတိယ သခင်လေး ငယ်ငယ်လေးကတည်း ဒီလူအိုကြီး စောင့်ကြည့်လာခဲ့တာ။ အခုလို လုပ်ပေးတာ သဘာဝပါပဲ။ ဒီလူအိုကြီးကို ဘာမှ ကျေးဇူးတင်နေစရာ မလိုဘူး”
ပြောပြီးသည့်နောက် ကျောက်စိမ်းပုလင်းတစ်ပုလင်းကို ထုတ်ကာ ပြောလိုက်၏ “ဒီမှာ မိန်းကလေးလီနွော့ဆီကနေ ဒီလူအိုကြီး ဝယ်လာတဲ့ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးပါ။ သူဆုံးဖြတ်ရ ခက်ခဲနေတဲ့အချိန်မှာ ဝင်ပြောပေးလို့ ကျေးဇူးတင်တဲ့ အနေနဲ့ မိန်းကလေးလီနွော့က ဒီဆေးလုံးကို သန်းခြောက်ရာနဲ့ ထားပေးလိုက်ပါတယ်”
“အို” ကျိဝူကျိ အံ့အားသင့်သွားခဲ့သည် “လီနွော့က ဒီလောက် သဘောကောင်းလို့လား”
ကျိကျွင်းက မယုံသင်္ကာအမူအရာဖြင့် “စီးပွားရေးမှာ ကောင်းတယ်ဆိုးတယ်ဆိုတာ မရှိဘူး။ လီနွော့က စီးပွားရေး လုပ်တဲ့နေရာမှာ အရမ်း ပါးတဲ့လူ။ အကြောင်းမရှိဘဲ သန်းလေးရာကို ဒီအတိုင်း လျှော့ပေးလိုက်တာမျိုးတော့ လုံးဝ လုပ်မှာမဟုတ်ဘူး… အခြားအကြောင်း တစ်ခုခုကြောင့် ဖြစ်ရလိမ့်မယ်။ ဟိုဆရာနဲ့ ရင်းနှီးနေလို့များလား”
ကျိဝူကျိက တွေးတွေးဆဆဖြင့် ပြုံးလျက် “လူအိုကြီးကျိ ပြောတာ ဖြစ်နိုင်လောက်တယ်။ အဲ့ဆရာကဘက်က ဝင်ပြောပေးဖို့ ကျုပ်ကို ဒီလောက် ဈေးလျှော့ပေးလိုက်တာ ဖြစ်လိမ့်မယ်”
“အဲ့ဒါကလွဲပြီး ဒီလူအိုကြီး အခြား အကြောင်းအရင်းကို မစဉ်းစားတတ်တော့ဘူး” ကျိကျွင်း ခေါင်းညိတ်လိုက်၏။
“ဟုတ်လောက်တယ်” ကျိဝူကျိသည် ခဏကြာအောင် စဉ်းစားနေပြီးနောက် “အဲ့လိုသာဆိုရင် ဒီကြည်လင်ကောင်းကင် လေလံစံအိမ်ကို ပိုဂရုစိုက်ပေးရတော့မှာပေါ့။ ဆေးလုံးကိစ္စကတော့ အဆင်ပြေသွားပြီ။ ဟိုကိစ္စကကော ဘယ်ိုလဲ”
“အဲ့ဆရာက သဘောတူလိုက်တယ်။ ဒုတိယသခင်လေးနဲ့ အဲ့ဆရာတို့ သီးသန့်တွေ့လို့ရအောင် မိန်းကလေးလီနွော့ကို အခန်းတစ်ခန်း စီစဉ်ပေးဖို့ ပြောထားပါတယ်။ ဒုတိယ သခင်လေးကို ကျုပ်ခေါ်သွားပေးမယ်”
ကျိဝူကျိ၏ မျက်လုံးထဲ ဝမ်းသာရိပ်တို့ ထွက်ပေါ်လာခဲ့၏။
ကြည်လင်ကောင်းကင်စံအိမ် နောက်ခြမ်းရှိ အကာအရံ များစွာဖြင့် ကာရံထားသည့် သီးသန်းခန်းတစ်ခန်း၏ အပြင်ဘက်တွင် ဟွာရို့မုန်နှင့် လီနွော့တို့သည် ငြိမ်သက်စွာ ရပ်နေကြလေသည်။ မကြာမီ ကျိကျွင်းနှင့် ကျိဝူကျိတို့ ရောက်လာခဲ့လေသည်။
အမျိုးသမီးနှစ်ဦးသည် အလျင်အမြန် ဦးညွှတ်လိုက်ကြ၏။ ထို့နောက်တွင် လီနွော့က ပြုံးလျက် “ဆရာ အထဲမှာ ရောက်နေပါပြီ။ ဒုတိယသခင်လေး ဝင်သွားလိုက်ပါ”
“ကျေးဇူးအများကြီးတင်ပါတယ် မိန်းကလေးလီနွော့” ကျိဝူကျိက လက်သီးဆုပ်၍ ပြောလိုက်သည်။
“ဒုတိယသခင်လေးက ယဉ်ကျေးလွန်းနေပါပြီ။ ကျွန်မအတွက် ဘာမှ အပန်းမကြီးလိုက်ပါဘူး”
“ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။ ဒီနေ့ကိစ္စကို ဒီသခင်လေး သေချာမှတ်ထားပါမယ်။ နောက်ပိုင်း အခွင့်အရေးရတဲ့ တစ်နေ့ ဒီနေ့ကိစ္စအတွက် မိန်းကလေးလီနွော့ကို ကျိန်းသေ ပြန်ကျေးဇူးဆပ်ပါ့မယ်”
လီနွော့သည် ပြုံးသာပြုံးလိုက်ပြီး ဘာမှပြန်မပြောတော့ပေ။
ထို့နောက်တွင် ကျိဝူကျိသည် ကျိကျွင်းနှင့်အတူ အထဲသို့ ဝင်သွားလိုက်လေသည်။
အခန်းထဲတွင် ရန်ကိုင်သည် တစ်ခုခုကို စဉ်းစားဆင်ခြင်နေသည့်အလား ထိုင်ခုံတစ်လုံးပေါ်တွင် မျက်လုံးပိတ်ကာ ထိုင်နေခဲ့သည်။
ထိုအခြင်းအရာကို မြင်သည့်အခါ ကျိဝူကျိသည် ချက်ချင်း အသံရှူသံကို တိုးချလိုက်ပြီး ကျိကျွင်းကို အပြင်ထွက်နေရန် အချက်ပြလိုက်လေသည်။
ကျိကျွင်းက မျက်မှောင်ကြုတ်၍ လေသံတိုးတိုးဖြင့် “ဒုတိယသခင်လေး…”
“စိတ်ပူမနေနဲ့” ကျိဝူကျိက ပြန်ပြောလိုက်သည်။
ကျိဝူကျိက ထိုကဲ့သို့ ပြောနေသဖြင့် ကျိကျွင်းလည်း ဘာမှ ဆက်ပြောမနေတော့ဘဲ အခန်းထဲမှသာ ထွက်လာခဲ့လိုက်၏။
မကြာမီ အခန်းထဲ ရန်ကိုင်နှင့် ကျိဝူကျိသာ ကျန်တော့လေ၏။ ရန်ကိုင်သည် စကားလည်းမပြော၊ မျက်လုံးလည်းမဖွင့်၊ လှုပ်လည်း မလှုပ်ဘဲ ငြိမ်သက်မြဲသာ ငြိမ်သက်နေခဲ့သည်။ ကျိဝူကျိသည်လည်း ရန်ကိုင်အား သွားမနှောင့်ယှတ်ရဲသည့်အတွက် ငြိမ်ငြိမ်လေးသာ ရပ်စောင့်နေလိုက်လေသည်။
ရန်ကိုင်သည် တစ်ခုခုကို နားလည်ဆင်ခြင်နေသည်ဟု ထင်နေခြင်း ဖြစ်သည်။ တကယ်တော့ ထိုသို့ မဟုတ်ဘဲ ရန်ကိုင်သည် သူ့အသိစိတ်ကို ကမ္ဘာငယ်လေးထဲသို့ ပို့ထားခြင်းသာ ဖြစ်ပေသည်။
ကမ္ဘာငယ်လေးထဲတွင်၊ ရန်ကိုင်၏ ကိုယ်ပွား၊ မီးငှက်နှင့် ကျောက်တုံးရုပ်သေးရုပ် ရှောင်ရှောင်မှလွဲ၍ အခြား မည်သူမှ မရှိပေ။
တိုက်ကြီးတစ်ခုလုံးမှ ဖြစ်လာသည့် ဝိဥာဉ်ကိုယ်ပွားသည် ခန္ဓာကိုယ် အလွန်ကြီးမားသည့်အတွက် မည်သည့် သိုလှောင်လက်စွပ်ထဲတွင်မှ နေမရဘဲ ဧကရာဇ်မှော်ရတနာ ဖြစ်သော ကမ္ဘာငယ်လေးထဲတွင်သာ နေလို့အဆင်ပြေပေသည်။
ကိုယ်ပွားသည် တိုက်ကြီးနှင့် ပေါင်းစပ်ပြီးသွားသည့်နောက်၌ ရန်ကိုင်သည် သူ့ကိုယ်ပွားကို သိပ်အာရုံမစိုက်ဖြစ်တော့ချေ။ ယခု ပြန်မြင်လိုက်မှပဲ ကိုယ်ပွားသည် ယခင်ထက် အများကြီး ပိုသေးလာကြောင်း တွေ့ရှိလိုက်ရသည်။
ရန်ကိုင် ပျော်သွားခဲ့လေသည်။ ကိုယ်ပွားသည် သူ့ကိုယ်ထဲမှ အညစ်အကြေးများကို စွန့်ထုတ်ပစ်နေသည်နှင့်အမျှ ခန္ဓာကိုယ်လည်း တဖြည်းဖြည်း သေးလာမည့်ပုံပင်။
သို့ရာတွင် ရှောင်ရှောင် ရှိနေသည့် ပုံစံကိုတော့ ပြန်ရောက်နိုင်လိမ့်မည် မဟုတ်ချေ။ ရန်ကိုင်လည်း ထိုကဲ့သို့ ဖြစ်မည်ကို မမြင်ချင်ပေ။ ကိုယ်ပွား၏ အရွယ်အစားသည် တစ်ဝက်လောက်ပဲ လျှော့သွားလျှင်ပင် အဆင်ပြေပေသည်။ လက်ရှိ အရွယ်အစားမှာတော့ အရမ်း ကြီးလွန်းနေ၏။ အလွန် ကြီးမားသည့် အရွယ်အစားသည် ရန်သူအား ထိတ်လန့်သွားအောင် လုပ်နိုင်သော်လည်း လှုပ်ရှားဖို့ရာ သိပ်အဆင်မပြေချေ။ ထိုသည်မှာ ကိုယ်ပွား၏ အားနည်းချက် ဖြစ်ပေသည်။
လျို့ယန်သည် နေမီးလျှံမီးတောက်အချို့ကို စုပ်ယူဝါးမြိုနေတုန်းပင်။
ရှောင်ရှောင်သည်နည်း ထိုနည်းအတိုင်းပင်။
ရှောင်ရှောင်နှင့် လျို့ယန်တို့ နှစ်ဦးစလုံးသည် ရန်ကိုင်၏ အကြီးမားဆုံး ထောက်ခံသူများ ဖြစ်ကြသည့်အတွက် တစ်ယောက်ကို တစ်ယောက်ထက်ပိုပြီး မျက်နှာသာပေး၍ မဖြစ်ပေ။ ယခု လျှို့ယန်သည် နေမီးလျှံမီးတောက်အချို့ကို စုပ်ယူနေချိန် ရှောင်ရှောင်သည်လည်း သူမနည်းတူ လုပ်နေခဲ့သည်။
သို့ရာတွင် ရှောင်ရှောင်၏ နည်းလမ်းသည် လျှို့ယန်နှင့် သိပ်မတူချေ။ လျှို့ယန်သည် မီးလျှံအမျှင်တန်းတစ်ခုကို စုပ်ယူပြီးသည့်အခါ သန့်စင်ပြီး သူမကိုယ်ထဲသို့ ပေါင်းစပ်လိုက်၏။ ရှောင်ရှောင်ကမူ လျို့ယန်ကဲ့သို့မဟုတ်ဘဲ နေမီးလျှံအမြူတေကို တစ်ခါတည်း မျိုချပစ်လိုက်၏။ ထိုနည်းလမ်းသည် လျှို့ယန် သုံးနေသည့် နည်းလမ်းထက် ပိုအန္တရာယ်များပေသည်။
ရန်ကိုင် ရောက်လာသည့်အချိန်တွင် နှစ်ဦးစလုံးသည် နေမီးလျှံမီးတောက်များကို စုပ်ယူနေခဲ့ကြသည်။ သို့ရာတွင် နှစ်ပေါင်းများစွာကြာအောင် သုံးစွဲလာခဲ့သော်လည်း နေမီးလျှံအမြူတေမှာ အရွယ်အစား သိပ်ပြီး ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။ ရန်ကိုင် စရသည့် အချိန်ကကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ အပူဓါတ်ကို ထုတ်လွှတ်နေဆဲ။
နေကြယ်တစ်လုံး၏ အမြူတေဆိုသည့်အတိုင်းပင်… တကယ်ကို အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ပါး ဖြစ်ပေသည်။ လက်သီးဆုပ်လေးသာ ဖြစ်သော်လည်း ထိုလက်သီးဆုပ်လေးထဲ ကိန်းအောင်းနေသော စွမ်းအားမှာတော့ ကြောက်မခန်းလိလိပင်။
ရန်ကိုင်သည် လေလံအောင်လာသည့် ပစ္စည်းနှင့်အတူ ကမ္ဘာငယ်လေးထဲသို့ ရောက်လာခဲ့သည်။ ရောက်သည်နှင့် ရှောင်ရှောင်နှင့် လျို့ယန်ကို ခေါ်လိုက်လေသည်။
ခဏကြာအောင် လျို့ယန်သည် လူသားပုံစံဖြင့် ရန်ကိုင်ရှေ့တွင် ပေါ်လာခဲ့လေသည် “နှုတ်ဆက်ပါတယ် ဆရာ။ ဆရာ ဘာများပြောချင်လို့ပါလဲ”
“မင်းတို့နှစ်ယောက် ဒါရဲ့ အပြင်ပိုင်းအလွှာကို ဝါးမြိုပစ်လိုက်ပါလား” ရန်ကိုငသ်ည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံး နှစ်လုံးသုံးပြီး လေလံအောင်လာသည့် ပစ္စည်းကို ညွှန်ပြပြီး ပြောလိုက်သည်။
“ဒါက…” လျို့ယန်သည် ဖရဲသီးအရွယ်ရှိ သတ္တုအား အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် ရုတ်တရက် အံ့အားသင့်နေသည့် အမူအရာဖြင့် “ဆရာ၊ ဒါဘာကြီးလဲ။ ဒါကိုသာ စားလိုက်ရင် ကျွန်မအတွက် အရမ်း အကျိုးရှိလိမ့်မယ်လို့ ခံစားနေရတယ်”
“အပြင်အလွှာက ဖီးနစ်ငွေကြယ်သတ္တုပဲ” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်သည်။
လေလံပွဲ၌ ဤပစ္စည်းသည် ဖီးနစ်ငွေကြယ်သတ္တု ဖြစ်နိုင်သည်ဟု တစ်ယောက်ယောက်မှ မပြောခဲ့သည်။ သူမမှားချေ။ ဖီးနစ်ငွေကြယ်သတ္တုသည် နတ်ဝိဥာဉ်ဖြစ်သည့် ဖီးနစ်ငှက်မှ ၎င်း၏ မီးတောက်များဖြင့် သတ္တုများကို အရည်ဖျော်ချပစ်ရာမှ ကြွင်းကျန်သည့် အကြွင်းအကျန်များမှ ဖြစ်ပေါ်လာခြင်းဖြစ်သည့်အတွက် ထိုသတ္တုထဲ ဖီးနစ်ငှက်၏ အရှိန်အဝါတို့ ကိန်းအောင်းနေခဲ့သည်။
လျို့ယန်သည် မှော်ရတနာစိတ်ဝိဥာဉ်မှ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သူမ၏ မူလပုံစံသည် မီးငှက်ဖြစ်သည်။ ဤလောကကြီးတွင် မီးငှက်များအနက် မျိုးဆက်သွေး အမြင့်မားဆုံး သတ္တုဝါသည် ဖီးနစ်ငှက်သာ ဖြစ်၏။
ထို့ကြောင့်ပင် အပြင်ပိုင်းအလွှာသည် သူမအတွက် အရမ်း အသုံးဝင်သည်ဟု ခံစားနေရခြင်း ဖြစ်သည်။ သူမသာ ထိုအပြင်ပိုင်း အလွှာကို စုပ်ယူဝါးမြိုနိုင်မည်ဆိုလျှင် အစစ်အမှန်ဖီးနစ်ငှက်၏ အမွှေအနှစ်အချို့ကို ရကောင်းရသွားနိုင်ပေသည်။
“အပြင်ပိုင်းအလွှာလား” လျို့ယန်က တွေးတွေးဆဆဖြင့် “ဒီတော့ အထဲမှာ အခြားတစ်ခု ရှိနေသေးတယ်ပေါ့”
“ဟုတ်တယ်။ အထဲကဟာကို ချန်ထားလိုက်။ အထဲကဟာက ငါ့အတွက် အသုံးဝင်တယ်” ရန်ကိုင်က အဓိပ္ပါယ်ပါပါပြုံးလျက် ပြန်ပြောလိုက်လေသည်။
“ဆရာ၊ အထဲကဟာက ဘာလဲဟင်”
“တန်ခိုးရှင်အဆီအနှစ်သလင်းကျောက်ပဲ” ရန်ကိုင်က မျက်လုံးမှေးစဉ်းလျက် ပြောလိုက်သည်။
“တန်ခိုးရှင်အဆီအနှစ်သလင်းကျောက်” လျို့ယန် ထိတ်လန့်သွားခဲ့လေသည် “အဲ့ဒါက တန်ခိုးရှင်ဘုရင်တတိယ အဆင့်တွေပဲ သိပ်သည်းနိုင်တာ မဟုတ်ဘူးလား”
“ဟုတ်တယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ သူသည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ဖြစ်နေသေးသော်လည်း ဤအဆင့်သို့ ရောက်သည်မှာ သိပ်မကြာသေးသည့်အတွက် သူ့ဘာသာ တန်ခိုးရှင်အဆီအနှစ်သလင်းကျောက်အား မည်ကဲ့သို့ ဖွဲ့စည်းရမည်ကို မသိသေးချေ။
သို့သော်လည်း တန်ခိုးရှင်အဆီအနှစ်သလင်းကျောက် အကြောင်းတော့ အရင်က ကြားခဲ့ဖူးပေသည်။
မွန်းစတားဧကရာဇ်၏ လနီမျိုးနွယ်စုခေါင်းဆောင်သည် သူ့အား မွန်းစတားဘုရင်အရူးမိကျောင်း၏ တန်ခိုးရှင်အဆီအနှစ် သလင်းကျောက်အား သွားယူခိုင်းခဲ့ဖူးသည်။
သို့သော်လည်း မွန်းစတားမျိုးနွယ်စုဝင်တစ်ဦး၏ တန်ခိုးရှင်အဆီအနှစ်သလင်းကျောက်သည် မွန်းစတားအမြူတေနှင့် ပိုတူပေသည်။ ဖီးနစ်ကြယ်သတ္တုထဲတွင် ရှိနေသည့် အရာမှာတော့ လူသားမျိုးနွယ်စုဝင်တစ်ဦး၏ တန်ခိုးရှင်အဆီအနှစ် သလင်းကျောက် ဖြစ်ပေသည်။
ထိုအကြောင်းကြောင့်ပင် ဤပစ္စည်းကို ကုန်းစွန်းလျန်နှင့် ပြိုင်ကာ မရရအောင် ဝယ်ခဲ့ခြင်းဖြစ်သည်။
ကုန်းစွန်းလျန်သည် ဤပစ္စည်း ဘာပစ္စည်းလဲ ဆိုသည်ကို မသိသည့်တိုင် ဤပစ္စည်းသည် အဖိုးတန်သည့်အရာ တစ်ခုခု ဖြစ်လိမ့်မည်မှန်းတော့ ရန်ကိုင် သိနေသည်။ ထို့ကြောင့်သာ ဈေးကို မရရအောင် လိုက်တင်နေခဲ့ခြင်း ဖြစ်သည်။
လေလံခန်းမထဲတွင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်သည့်လူဆို၍ သူနှင့် ကုန်းစွန်းလျန်သာရှိသည်။ သူတို့ နှစ်ဦး၏ ကောင်းကင်စိတ်အာရုံသည်သာ ဤသတ္တု၏ အပြင်လွှာကိုဖြတ်ပြီး အထဲကို လှမ်းမြင်နိုင်ပေသည်။ မည်သူမှ ထိုကဲ့သို့ မမြင်နိုင်ကြချေ။ ထို့ကြောင့် ဤဖီးနစ်ငွေကြယ်သတ္တု မည်မျှ အဖိုးတန်သလဲဆိုသည်ကို မည်သူမှ မသိကြချေ။
ရန်ကိုင်နှင့် ကုန်းစွန်းလျန်ကြား ကွာခြားချက်မှာ ရန်ကိုင်သည် ဤပစ္စည်းအတွင်းပိုင်းထဲတွင် မည်သို့သောအရာ ရှိနေလဲ ဆိုသည်ကို အတိအကျိ သိနေသည့်အချိန် ကုန်းစွန်းလျန်ကမူ ခန့်မှန်း၍သာ သိနိုင်၏။
ကုန်းစွန်းလျန်သာ ရန်ကိုင်ကဲ့သို့ သေချာ သိထားခဲ့လျှင် လုံးဝ အလွယ်တကူ လက်လျှော့သွားလိမ့်မည် မဟုတ်ချေ။ ရန်ကိုင်နှင့် ရေကုန်ရေခမ်း ပြိုင်ဝယ်သွားလောက်သည်။
တန်ခိုးရှင်အဆီအနှစ်သလင်းကျောက်များသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများအတွက် အလွန် အဖိုးတန်ကာ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်မှ တတိယ အဆင့်သို့ ချိုးဖျက်နေသူများအား ကြီးကြီးမားမား အကူအညီပေးနိုင်၏။ ချီယွဲ့သည် တန်ခိုးရှင်ဘုရင်တတိယအဆင့်သို့ ချိုးဖျက်ရန် ကြိုးစားလိုသည့်အတွက်ကြောင့်ပဲ အရူးမိကျောင်းဘုရင်၏ တန်ခိုးရှင်အဆီအနှစ်ကျောက်တုံးကို သွားယူခိုင်းခဲ့ခြင်း ဖြစ်သည်။
လက်ရှိရန်ကိုင်သည် ထိုစဉ်က ချီယွဲ့နှင့် ယှဉ်လို့ရနေလေပြီ။ ထို့ကြောင့် ဤတန်ခိုးရှင်အဆီအနှစ်သလင်းကျောက်သည် သူ့အတွက် အလွန်ကိုမှ အသုံးဝင်ပေသည်။
ကြယ်စီရင်စုကြီးတစ်ခုလုံးတွင်ပင် တန်ခိုးရှင်ဘုရင်တတိယ အဆင့်သို့ ရောက်နေသူ မည်မျှ ရှိလို့နည်း။ ရောက်နေသူ အားလုံးဟာလည်း လူမြင်ကွင်းတွင်ပင် နှစ်ပေါင်းထောင်နှင့်ချီအောင် တစ်ခါ မမြင်ရတော့သည့် သက်ကြားအိုကြီးများ ဖြစ်ကြသည်။ သူတို့ အသက်ရှင်သေလား မည်သူမှ မသိကြ။ ထိုလူအိုကြီးများ သက်တမ်းဆုံးသို့ ရောက်လာသည့်အခါ သူတို့ဘာသာ လူမသိသူမသိ နေရာများ၌ သေသွားလေ့ရှိကြသည်။ ထို့ကြောင့် သူတို့၏ တန်ခိုးရှင်အဆီအနှစ် သလင်းကျောက်များမှာလည်း ပျောက်ဆုံးသွားကြရလေသည်။
ထိုအကြောင်းကြောင့်ပင် တန်ခိုးရှင်အဆီအနှစ် သလင်းကျောက်များ ဤကြယ်စီရင်စုထဲ အလွန်ကိုမှ ရှားပါးနေခြင်း ဖြစ်သည်။
ရန်ကိုင် အနေဖြင့် ဤတန်ခိုးရှင်အဆီအနှစ် သလင်းကျောက်ကို ရနိုင်သည်မှာ ကံကောင်းသည့် အတွက်ကြောင့် ဖြစ်ပေသည်။ အထဲရှိ တန်ခိုးရှင်အဆီအနှစ် သလင်းကျောက်နှင့် ယှဉ်လိုက်လျှင် ဖီးနစ်သတ္တုကြယ်မှာ ဘာမှ ဒီလောက် မဟုတ်တော့ချေ။ ထို့ကြောင့် ရှောင်ရှောင်နှင့် လျို့ယန်တို့အား ရက်ရက်ရောရော ပေးပစ်လိုက်ခြင်း ဖြစ်သည်။ ထို့အပြင် ဖီးနစ်ကြယ်သတ္တုသည် လျှို့ယန်အတွက်လည်း အသုံးဝင်၏။
တန်ခိုးရှင်အဆီအနှစ်သလင်းကျောက်ကို ဘာကြောင့်များ ဖီးနစ်ကြယ်သတ္တုက ဖုံးနေသလဲ ဆိုသည်ကိုတော့ ရန်ကိုင်လည်း မသိချေ။
တန်ခိုးရှင်ဘုရင်တတိယအဆင့်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က ဖီးနစ်ငှက်၏ မီးတောက်ထဲ သေသွားသည့် အတွက် သူ့တန်ခိုးရှင်အဆီအနှစ်သလင်းကျောက်သည် အနားရှိ သတ္တုတစ်မျိုးမျိုးနှင့် ပေါင်းစပ်သွားခြင်း ဖြစ်လောက်၏။
ဤသည်မှာ ခန့်မှန်းချက်တစ်ခုသာ ဖြစ်ပေသည်။
တန်ခိုးရှင်အဆီအနှစ်သလင်းကျောက်ကြောင့်သာ ဖီးနစ်ကြယ်သတ္တု၏ အရောင်မှာ အပြာရောင် ဖြစ်နေရခြင်း ဖြစ်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၆၅)
ကမ္ဘာငယ်လေးထဲရှိ ကိစ္စများပြီးနောက် သူ့အသိစိတ်ကို ခန္ဓာကိုယ်ထဲသို့ ပြန်ပို့လိုက်လေသည်။ ဘေးဘက်တွင် ရပ်နေသော ကျိဝူကျိကို ကြည့်ရင်း ရန်ကိုင်က ပြောလိုက်၏ “ထိုင်လေ ဒုတိယသခင်လေး”
ကမ္ဘာငယ်လေးထဲ တန်ခိုးရှင်အဆီအနှစ်သလင်းကျောက် ကိစ္စကို သွားရှင်းနေသော်လည်း ကျိဝူကျိ အခန်းထဲသို့ ဝင်လာသည်ကို သူသိပြီးသားပင်။
ရန်ကိုင်က ဖော်ဖော်ရွေရွေ ရှိသည်ကိုမြင်သော် ကျိဝူကျိက ပျော်ရွှင်စွာပြုံးလျက် အလျင်အမြန် ပြောလိုက်လေသည် “ဝူကျိ မတ်တပ်ရပ်ပြီးတော့ပဲ ပြောလိုက်ပါမယ်”
ရန်ကိုင်က မျက်လုံးမှေးစဉ်း၍ ပြန်ပြောလိုက်လေသည် “ခရမ်းကြယ်ရဲ့ ဒုတိယသခင်လေး တစ်ယောက်က ဘယ်လိုလုပ်ပြီး မတ်တပ်ရပ် စကားပြောလို့ ဖြစ်ပါ့မလဲ။ ထိုင်လိုက်ပါ သခင်လေး ဝူကျိ၊ မတ်တပ်ရပ်ပြောနေတာ သိပ်မသင့်တော်ဘူး။ ကျုပ်တို့ အဆင်အတန်းတွေကလည်း အဲ့လောက်ကြီးကွာတာမှ မဟုတ်တာ”
ကျိဝူကျိက လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည် “အဲ့လိုဆိုမှတော့ ဝူကျိ ထိုင်လိုက်ပါတော့မယ်”
ပြောပြီးသည့်နောက် ရန်ကိုင်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်ပြီး ရန်ကိုင်အတွက် ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးလိုက်လေသည်။
ရန်ကိုင်က ပြုံးလျက် ပြောလိုက်၏ “လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ဝင်ကူညီပေးခဲ့တဲ့ ကိစ္စအတွက် ဒီဘုရင် ဒုတိယသခင်လေးကို အရင်ဆုံး ကျေးဇူးတင်ပါတယ်”
ကျိဝူကျိ ကြောင်သွားခဲ့လေသည်။ သို့သော် ရန်ကိုင် ဘာကို ပြောနေလဲ ချက်ချင်း နားလည်သွားပြီးနောက်တွင် အလျင်စလို ပြန်ပြောလိုက်လေ၏ “ခေါင်းချုပ် ကျေးဇူးတင်စရာ မလိုပါဘူး။ ခေါင်ချုပ်လိုလူမျိုးကို လာရန်စရဲတာ အဲ့ကျန်းချောင် သေချင်နေလို့ပဲဖြစ်မှာ။ ဒီသခင်လေးက ဒုဗိုလ်ချုပ်ချူကျန်းကို ဖမ်းခိုင်းလိုက်ပေမယ့် သူ့အဖိုးရှိနေတော့ ထောင်ထဲမှာ အကြာကြီး မနေရလောက်ဘူး။ ခဏနေရင် ပြန်လွတ်လာလိမ့်မယ်”
ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ကျန်းချောင်က ဘာမှမဟုတ်တဲ့လူမှန်း ဒုတိယသခင်လေးလည်း သိတာပဲ။ ဒီဘုရင် ဘာလို့ သူ့ကို ဂရုစိုက်နေရဦးမှာလဲ”
ကျိဝူကျိက လက်သီးဆုပ်၍ “ခေါင်းချုပ်ရဲ့ ကြင်နာတတ်တဲ့ စိတ်အပေါ် ဒီဝူကျိ လေးစားမိသွားပါပြီ”
ရန်ကိုင်က လက်ဝှေ့ရမ်း၍ “အဲ့ဒါတွေ ထားလိုက်တော့။ ဒုတိယသခင်လေး ဒီဘုရင်နဲ့ တွေ့ချင်တာ အဲ့လို အကြောင်းတွေ ပြောဖို့တော့ မဟုတ်ဘူးမလား”
ကျိဝူကျိက ခါးကိုမတ်လျက် ပြန်ပြောလေ၏ “ခရမ်းကြယ်မှာ တတိယခေါင်ချုပ် ပေါ်လာတယ်လို့ ဝူကျိ ကြားမိပါတယ်။ ဆရာလို ခေါင်ချုပ်တစ်ယောက်ကို ရလိုက်တာ ကျုပ်တို့ ခရမ်းကြယ်အတွက် တကယ် ကံကောင်းမှုတစ်ခုပါပဲ”
“လိုရင်းကိုပြော”
ကျိဝူကျိ၏ လေသံ တု့ခနဲ ရပ်သွားခဲ့သည်။ ခဏလောက် စဉ်းစားပြီးနောက် မတ်တပ်ရပ်၍ ရန်ကိုင်အား အလေးအနက် ဦဂညွှတ်ကာ ပြောလိုက်လေသည် “ဒီဝူကျိကို ခရမ်းကြယ်ကို ထိန်းချုပ်နိုင်အောင် ဝင်ကူညီပေးဖို့ ခေါင်ချုပ်ကို ဝူကျိ အကူအညီ တောင်းပါတယ်”
သူ့အမူအရာမှာ တည်ကြည်လေးနက်နေသည်။ လေသံမှာလည်း မဆုတ်မနစ် ဇွဲမလျော့မည့် ပုံစံမျိုး ပေါက်သော်ငြား ထိုစကားကို ပြောပြီးနောက်တွင် သူ့နဖူးထက် ချွေးသီးများဝေ့သီလာခဲ့လေသည်။ သူ့စိတ်ထဲ အလွန်ကိုမှ စိုးရိမ်နေသည့်ပုံပင်။
မည်သည့် တုန့်ပြန်သံမှ မကြားသဖြင့် မော့ကြည့်လိုက်ရာ ရန်ကိုင်သည် သူ့အား ယဲ့ယဲ့လေးပြုံးလျက် ကြည့်နေကြောင်း တွေ့လိုက်ရသည်။ ရန်ကိုင်၏ အပြုံးသည် အလွန်ကို အဓိပ္ပါယ်ပါပေသည်။ တစ်ဖက်လူ၏ အကြည့်ထဲ မည်သည့် ဖိအားမှ ကိန်းအောင်းနေခြင်းမရှိသော်လည်း ထိုအကြည့်သည့် သူ့ဝိဥာဉ်အတွင်းပိုင်းထိကိုပင် လှမ်းမြင်နိုင်သည့်နှယ် အလွန်ကိုမှ စူးရှလွန်းလှသည်။
ကျိဝူကျိ ရင်တဒုန်းဒုန်း ဖြစ်သွားခဲ့သည်။ သို့သော်လည်း အံကြိတ်၍သာ ဆက်ပြောလိုက်၏ “ကျေးဇူးပြုပြီး ဝူကျိကို ကူညီပေးပါ ခေါင်ချုပ်”
“ရဲတင်းလိုက်တာ” ရန်ကိုင်သည် ရုတ်တရက် စားပွဲခုံကို စောင့်ရိုက်ချ၍ အေးစက်စက် လေသံဖြင့် မာန်မဲလိုက်လေသည်။
ကျိဝူကျိသည် တစ်ခုခုကို နားလည်သွားသည့်အလား ရန်ကိုင်အား အံ့ဩတကြီး ကြည့်လိုက်၏။
ရန်ကိုင်က လှောင်ပြုံးပြုံး၍ “ဒုတိယသခင်လေးက သစ္စာဖောက်ဖို့ ကြိုးစားနေမယ်လို့ ဒီဘုရင် မထင်ထားဘူး။ ခေါင်ချုပ်ဆိုတဲ့ ရာထူးက ခရမ်းကြယ်ရဲ့ ဂုဏ်ကျက်သရေနဲ့ ခွန်အားကို ကိုယ်စားပြုတယ်ဆိုတာကို သိနေတာတောင် သခင်လေးဝူကျိ အဖေ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်ဖို့ လာကူညီခိုင်းနေတယ်ဆိုတော့ ဒုတိယသခင်လေးက ဒီဘုရင်ကို မသတ်သတ်အောင် လာတွန်းအားပေးနေတာလား”
ကျိဝူကျိက အလျင်စလို ပြန်ပြောလိုက်လေသည် “ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့ဦး ခေါင်ချုပ်။ ခေါင်ချုပ်ဆိုတာ ဘာကို ဆိုလိုမှန်း ဝူကျိ သိပါတယ်။ ဒါပေမယ့် ဖြစ်နေတာက…”
“ဘာဖြစ်နေလို့လဲ” ရန်ကိုင်သည် သူ့နယ်ပယ်ကို ဖြန့်ကျက်၍ ကျိဝူကျိအား လွှမ်းခြုံလျက် မမှိတ်မသုံ စိုက်ကြည့်နေလိုက်သည်။
ကျိဝူကျိ ချွေးစေးများ ပျံလာခဲ့လေသည်။ သူ့တစ်သက် ပထမဆုံးအကြိမ်အဖြစ် သေခြင်းတရား၏ အငွေ့အသက်ကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ဖူးသွားတော့သည်။ ရန်ကိုင့် နယ်ပယ်၏ ဖိအားအောက်တွယ် သူ့တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်လာပြီး အတွေးများလည်း ယောက်ယတ်ခတ်ကုန်တော့လေသည်။
သို့သော်လည်း အရေးအကြီးသည့် အချိန်ဖြစ်နေသည့်အတွက် လျှာကိုကိုက်၍ စိတ်ကိုကြည်အောင်လုပ်ကာ ပြန်ပြောလိုက်သည် “သာမန်အချိန်မျိုးဆိုရင်တော့ ဒီလို သစ္စာဖောက်မယ့်အတွေးမျိုး ဝူကျိ တွေးရဲမှာ မဟုတ်ပါဘူး။ ခရမ်းကြယ်ကို ကျုပ်တို့ ကျိမိသားစုက မျိုးရိုးအစဉ်အဆက် အုပ်ချုပ်လာခဲ့တာ။ အခု ခရမ်းကြယ်ကို အုပ်ချုပ်နေတဲ့လူကလည်း ဒီဝူကျိ လေးစားရတဲ့ ဝူကျိရဲ့ အဖေ ဖြစ်နေတယ်။ ဝူကျိ ဘယ်လိုလုပ်ပြီး သူ့ကို မလေးမစား လုပ်ရဲပါ့မလဲ။ ဒါပေမယ့်… အဖေက သေသွားခဲ့ပြီ။ အကြီးဆုံးအကိုကလည်း ပျောက်နေတယ်။ အခု ခရမ်းကြယ်က ခေါင်းမရှိတဲ့ နဂါးတစ်ကောင်လို ဖြစ်နေလို့ ဝူကျိက ဝင်ထိန်းချုပ်ဖို့ လုပ်တာပါ။ ဝူကျိသာ မထိန်းချုပ်ရင် အခြား ထိန်းချုပ်မယ့်လူ ရှိတော့မှာ မဟုတ်ပါဘူး”
“မင်းအဖေသေတယ်လို့ မင်းကို ဘယ်သူပြောတာလဲ” ရန်ကိုင်သည် ကျိဝူကျိအား မျက်လုံးမှေးစဉ်းလျက် သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်လိုက်သည်။
ကျိလုန် သေသွားသည်ကို ကျိဝူကျိ သိနေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။
ကျိဝူကျိ မည်သို့ သိလာမှန်း မသိသော်လည်း ကျိဝူကျိသည် သူ့အဖေ သေသွားမှန်းကို သေချာ သိနေခဲ့သည်။
ကျိလုန် သေသွားခဲ့သည့်အချိန်တွင် ရန်ကိုင်နှင့် ကွေ့ဇူမှလွဲ၍ အခြား မည်သူမှ ရှိမနေခဲ့ချေ။ ထိုသို့ ဖြစ်သည်ကို ကျိလုန် သေသွားသည့်အကြောင်းကို ကျိဝူကျိက မည်သို့ သိသွားရသနည်း။ ရန်ကိုင် မစဉ်းစားတတ်ချေ။
ကျိဝူကျိသည် စိတ်ငြိမ်သွားသည့်အလား သူ့စကားလုံးများမှာ တဖြည်းဖြည်း ရှင်းလင်းလာခဲ့သည်။ ရန်ကိုင်အား မျက်လုံးတည့်တည့် စိုက်ကြည့်၍ ပြန်ပြောလိုက်၏ “ခေါင်ချုပ် လိမ်နေစရာမလိုပါဘူး။ ဝူကျိအဖေ သေသွားမှန်းကို ဝူကျိ အစောကြီး ကတည်းက သိပြီးသားပါ”
ပြောပြီးသည့်နောက် ရုတ်တရက် ထရယ်မောလျက် “ဝူကျိ ဘယ်လိုသိသွားတာလဲဆိုပြီး ခေါင်ချုပ် တွေးချင် တွေးနေမှာပေါ့၊ ဟုတ်တယ်မလား။ ရှင်းပါတယ်။ ဝူကျိအဖေမှာ အသက်မီးအိမ်ဆိုတာ ရှိတယ်။ သူအသက်ရှင်နေသရွေ့ အဲ့မီးအိမ်က ဆက်လင်းနေမှာ။ သူသေသွားပြီ ဆိုရင်တော့ အဲ့မီးအိမ်လည်း မီးငြိမ်းသွားလိမ့်မယ်။ ဝူကျိ အဖေမှာ အဲ့မီးအိမ်ရှိတဲ့အကြောင်းကို ဝူကျိအမေနဲ့ ဝူကျိပဲသိတယ်။ ဝူကျိရဲ့ အကြီးဆုံးအစ်ကို ကျိတုန်တောင် အသက်မီးအိမ်အကြောင်း မသိဘူး”
“အသက်မီးအိမ်” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ ထိုမီးအိမ်အကြော်ငး သူတစ်ခါမှ မကြားဖူးချေ။ သူ့စိတ်ထဲ ထိုအသက်မီးအိမ်ဆိုသည့် အရာသည် စုယန် သိပ်သည်းခဲ့ဖူးသည် ရေခဲဓါတ်လုံး ဆိုသည့် အရာနှင့် ဆင်တူလိမ့်မည်ဟုတော့ တွေးမိသည်။
“ဟုတ်တယ်” ကျိဝူကျိက ခေါင်းညိတ်၍ ပြန်ပြော၏ “ကျုပ်အဖေမှာ မိန်းမတွေအများကြီးရှိပေမယ့် ဝူကျိအမေကို သူအချစ်ဆုံးပဲ။ ဒါကြောင့် သူ့အသက်မီးအိမ်ကို ဝူကျိအမေဆီ ပေးထားခဲ့တယ်။ အဲ့ဒါကြောင့်ပဲ သူသေသွားမှန်း ဝူကျိ သိတာ”
“ကျိလုန်က မင်းအမေကို ဂရုစိုက်ရင် ဘာလို့ ဆက်ခံသူ ရာထူးကို မင်းဆီ မပေးတာလဲ”
ကျိဝူကျိက ခါးသက်စွာပြုံးလျက် “ခေါင်းချုပ်က ခရမ်းကြယ်ကို အခုမှရောက်တာဆိုတော့ ဒီအကြောင်းကို သိဦးမှာ မဟုတ်သေးဘူး။ ခရမ်းကြယ်ကို အဖေ ဦးဆောင်တာ မှန်ပေမယ့် သူ့လက်အောက်မှာ အဖေလိုပဲ အားကောင်းတဲ့ အကြီးအကဲချုပ် ဆိုတဲ့လူ ရှိသေးတယ်။ ကျုပ်အကြီးဆုံးအစ်ကိုရဲ့ အမေက အကြီးအကဲချုပ်ရဲ့ သမီးပဲ”
“ငါနားလည်ပြီ” ခေါင်းညိတ်လိုက်သည်။ ကျိတုန်ကဲ့သို့ စိတ်ဓါတ်အားနည်းသည့်လူတစ်ယောက် ဘာကြောင့် ခရမ်းကြယ်၏ သခင်လေး ဖြစ်နေရလဲ ဆိုသည်ကို သူနားလည်သွားလေပြီ။ ကျိလုန်မှ သူ့သားကို အရမ်း အလိုလိုက်သည်ဟူသော သူ့အထင်မှာ လုံးဝ လွဲမှားနေခဲ့သည်။
“ကျုပ်အဖေ သေသွားတာနဲ့ ပက်သက်ပြီး ခေါင်ချုပ်ကို ကြည့်ရတာ နည်းနည်းလေးမှ အံ့ဩတဲ့ပုံမပေါ်ဘူးဆိုတော့ ခေါင်ချုပ်လည်း ကျုပ်အဖေ သေသွားတဲ့အကြောင်း သိထားပြီးပြီပေါ့” ကျိဝူကျိက ပြောလိုက်လေသည်။
“မင်းဘာလို့ အဲ့လိုထင်တာလဲ” ရန်ကိုင်က ပြန်မေး၏။
“ဟဲဟဲ… ကျုပ်အဖေ အကြီးဆုံးအစ်ကိုနဲ့ ထွက်သွားတဲ့ နေရာက ဒဏ္ဏာရီလာ ကမ္ဘာပျက်ဆိုတဲ့ နေရာပဲ။ အဲ့နေရာက အရမ်း အန္တရာယ်များတာ။ ကျုပ်အဖေတောင် အသက်ရှင်လျက် ပြန်လာနိုင်မယ်လို့ အာမ မခံနိုင်ဘူး။ ကျုပ်အဖေ အဲ့မှာ သေသွားတာ ဖြစ်လောက်တယ်… ဒါပေမယ့် ကျုပ်အဖေ သေသွားပြီးပြီးချင်း ခေါင်ချုပ်က ရုတ်တရက်ကြီး ပေါ်လာတယ်။ ခေါင်ချုပ်အကြောင်း ဝူကျိ တစ်ခါမှ မကြားဖူးဘူး။ ဒါကြောင့် ဝူကျိ တွေးလိုက်တာက ခေါင်ချုပ်က ကျုပ်အဖေနဲ့ ကမ္ဘာပျက်ထဲမှာ တွေ့ပြီး ခရမ်းကြယ်ရဲ့ တတိယခေါင်ချုပ် ဖြစ်လာတယ်လို့… ဝူကျိ အဖေ သေသွားတဲ့အချိန်တုန်းက ခေါင်ချုပ် အဲ့မှာတောင် ရှိချင်ရှိနေမှာ။ ဒါကြောင့်ပဲ ဝူကျိအဖေ သေသွားတဲ့ကိစ္စအပေါ် ခေါင်ချုပ် နည်းနည်းလေးမှ အံ့အားသင့်တဲ့ပုံမပေါ်တာ”
“မင်းစဉ်းစားတာတော်တယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း ရုတ်တရက်ဆိုသလို သူ့အမူအရာသည် အေးစက်စက် ဖြစ်သွားပြီး သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ကျိဝူကျိကို စိုက်ကြည့်၍ “ဒါပေမယ့် ဒီဘုရင် ကျိလုန်ကို သတ်လိုက်တာကော မဖြစ်နိုင်ဘူးလား။ ဒုတိယ သခင်လေး ဘာလို့ အဲ့အချက်ကို မစဉ်းစားခဲ့တာလဲ”
ကျိဝူကျိ၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ သို့ရာတွင် ပျာယာခတ်သွားခြင်း မရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ပြောလိုက်လေသည် “ဝူကျိ စဉ်းစားခဲ့တာပေါ့။ ဒါပေမယ့် အဲ့လို ဖြစ်နိုင်ချေက အရမ်းအရမ်းကို နည်းလွန်းတယ်။ ဝူကျိ ခေါင်ချုပ်ရဲ့ ခွန်အားကို အထင်သေးနေတာ မဟုတ်ဘူးနော်။ ကျုပ်အဖေက ခေါင်ချုပ်တံဆိပ်ပြားကို ပေးလိုက်တယ်ဆိုကတည်းက ခေါင်ချုပ်ရဲ့ ခွန်အားက မေးခွန်းထုတ်စရာမလိုအောင် ပေါ်လွင်နေပြီးသား။ ဒါပေမယ့် အဲ့လိုဆိုရင်တောင် ခေါင်ချုပ် အနေနဲ့ ဝူကျိ အဖေလို လူတစ်ယောက်ကို မသတ်နိုင်လောက်ဘူး။ ဒါကြောင့် ဝူကျိအဖေသေတာ ခေါင်ချုပ်နဲ့ ဘာမှမဆိုင်ဘူးလို့ ဝူကျိ ကောက်ချက်ချလိုက်တာ”
ကျိဝူကျိ ထိုသို့ တွေးသည်မှာလည်း အထူးအဆန်းတော့ မဟုတ်။ သို့ရာတွင် သူမှားသွားသည့်အချက်မှာ ရန်ကိုင်၏ ခွန်အားကို အထင်သေးမိလိုက်ခြင်းပင်။ ကျိလုန်နှင့် တိုက်ခိုက်သူမှာ ရန်ကိုင်တစ်ယောက်တည်း မဟုတ်။ ကွေ့ဇူနှင့် သူ့ဝိဥာဉ်ကိုယ်ပွားလည်း ပါပေသည်။
“ပြီးတော့ နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုလည်း ရှိသေးတယ်။ ကျုပ်အစ်ကို အသက်ရှင်နေသေးတာပဲ။ ကျုပ်အဖေကိုသာ ခေါင်ချုပ် သတ်လိုက်တာမှန်ရင် ကျုပ်အစ်ကို လုံးဝ အသက်ရှင်နေစရာအကြောင်း မရှိဘူး”
“မင်းရဲ့ အကြီးဆုံးအစ်ကိုမှာလည်း အသက်မီးအိမ် ရှိတာလား” ရန်ကိုင်က အံ့အားသင့်တကြီး မေးလိုက်သည်။
“ရှိတာပေါ့” ကျိဝူကျိ ခေါင်းညိတ်လိုက်သည်။
ကျိတုန်ကို တစ်ခါတည်း မသတ်ခဲ့လိုက်သည်မှာ ကံကောင်းသွားသည်ဟု ရန်ကိုင် တွေးမိသွားသည်။ ကျိတုန်ကိုပါ သတ်လိုက်လျှင် ခရမ်းကြယ်သို့ ရောက်ရောက်ချင်း ခရမ်းကြယ်မှ ပညာရှင်များ၏ အဝိုင်းခံရမည်မှာ သေချာသလောက် ရှိပေသည်။
ထိုအချက်ကို စဉ်းစားမိလိုက်သော် ရန်ကိုင်က သက်ပြင်းချ၍ “သခင်လေးဝူကျိ တော်တော် တော်တာပဲ။ ဒီဘုရင်သာ ကျိလုန်ဆိုရင် သခင်လေးကို ကျိန်းသေ ဆက်ခံသူ ဖြစ်လာအောင် လေ့ကျင့်ပေးမှာ”
ကျိဝူကျိက ပျော်ရွှင်စွာပြုံးလျက် “ခေါင်ချုပ် ချီးကျူးလွန်းနေပါပြီ။ ဝူကျိက အသက်ရှင်ဖို့အတွက်ပဲ တတ်နိင်သလောက် ကြိုးစားနေတာပါ”
ရန်ကိုင်က ထပ်မံ သက်ပြင်းချ၍ ပြောလိုက်၏ “မင်းမှန်တယ်။ ကျိလုန် ကမ္ဘာပျက်ထဲမှာ သေသွားခဲ့တာ။ ငါလည်း ကျိလုန်ကို အဲ့မှာပဲ တွေ့ခဲ့တာ။ ငါတို့နှစ်ယောက် အတူ ပူးပေါင်းပြီး အဲ့က အခက်အခဲတွေကို ရင်ဆိုင်ခဲ့တာပေါ့။ နောက်ဆုံးလည်းကျရော ငါ့ကို တတိယခေါင်ချုပ်လုပ်ဖို့ ကမ်းလှမ်းလာတယ်။ ဒီဘုရင်ကလည်း သဘောတူလိုက်တာပေါ့။ ဒါပေမယ့် အဲ့မှာ ခုနှစ်ရောင်ခြယ်နတ်ငှက်ရှိနေမယ်လို့ ဘယ်သူ ထင်ထားမှာလဲ။ အဲ့နတ်ငှက်က တန်ခိုးရှင်ဘုရင်တတိယအဆင့်တွေကတောင် ပိုအားကောင်းနေသေးတယ်။ မင်းအဖေ သေသွားခဲ့ရတာ အဲ့နတ်ငှက်ရဲ့ ခုနှစ်ရောင်ခြယ်အလင်းတန်း သွားမှန်လို့ပဲ”
ရန်ကိုင် ပြောသည်ကို နားထောင်ပြီး ကျိဝူကျိ ရုတ်တရက် ဝမ်းနည်းတကြီး ငိုကြွေးတော့လေသည်။ မျက်ရည်များဟာလည်း ပါးပြင်တစ်လျှောက် စီးကျလာခဲ့သည်။ ကျိဝူကျိ၏ သရုပ်ဆောင် စကေးကို ရန်ကိုင် ကြိတ်လေးစားမိသွားသည်။
ဤကျိဝူကျိဆိုသည့်ကောင်သည် တကယ်ကို အကွက်ချရာတွင် ဆရာတစ်ဆူဖြစ်သည်။ သရုပ်ဆောင်ရာတွင်လည်း အလွန်တော်၏။ သူ့အဖေ သေသွားသည့် သတင်းကြားပြီး အလွန်ကိုမှ ဝမ်းနည်းကြေကွဲသွားသည့်နှယ် လုပ်ပြနေလိုက်မှာ… တကယ်ကို ဩချရလောက်ပေသည်။
သူ့အဖေ သေသွားသည်ကို သိပြီးနေသည်မှာ အကြာကြီး ဖြစ်နေပြီကို ယခုကျမှ လာငိုပြနေမှဖြင့် သူဟန်ဆောင်ငိုနေမှန်း ရန်ကိုင် မည်သို့များ မသိဘဲ နေမည်နည်း။ သို့ရာတွင် ကျိဝူကျိ သူပြောသည်ကို တကယ် ယုံသွားလား မယုံဘူးလား ဆိုသည်ကိုတော့ ရန်ကိုင်လည်း မသိချေ။
မည်သို့ပင်ဖြစ်စေ ကျိဝူကျိသူ့အား ယုံယုံမယုံယုံ ကိစ္စမရှိ။ သူ့အနေဖြင့် ဖြည်းဖြည်းနှင့်မှန်မှန် လှမ်းနေရန်သာ လိုအပ်သည်။
ခဏကြာအောင် ငိုနေပြီးနောက်တွင် ကျိဝူကျိသည် မျက်ရည်များကိုသုတ်၍ သူ့အမူအရာကို ပြန်ထိန်းလိုက်ပြီးနောက် တုန်ရီနေသည့် လေသံဖြင့် ပြောလိုက်သည် “ခေါင်ချုပ်ကို ရှက်စရာတွေ မြင်စေလိုက်မိကုန်ပါပြီ”
“ဒုတိယသခင်လေး အခုလို ဝမ်းနည်းတာ သဘာဝပါပဲ။ ဘာမှ အားနာနေစရာ မလိုပါဘူး” ရန်ကိုင်က နှစ်သိမ့်ပေးလိုက်သည်။
“ခေါင်ချုပ်၊ ဝူကျိ သိပ်နားမလည်တာ တစ်ချက်ရှိတယ်။ ခေါင်ချုပ် ရှင်းပြပေးနိုင်မလား မသိဘူး” ကျိဝူကျိ ရုတ်တရက် ပြောလိုက်၏။
“ပြောကြည့်လေ” ရန်ကိုင် ခေါင်းညိတ်ပြလိုက်၏။
“ကျုပ်အကြီးဆုံးအစ်ကို အခုဘယ်ရောက်နေလဲ ခေါင်ချုပ် သိလား” ကျိဝူကျိက လေသံတိုးတိုးဖြင့် မေးလိုက်၏။