← Chapters

အခန်း (၁၈၇၆-၁၈၈၀)

Vol. 76 Ch. 1876-1880

အခန်း (၁၈၇၆-၁၈၈၀)

Vol. 76 Ch. 1876-1880

အပိုင်း (၁၈၇၆)

ခွမ်ရှီကျုန်း အတည် ပြောနေခြင်းဖြစ်သည်။ နောက်နေခြင်း မဟုတ်။ သူ့ခွန်အားဖြင့် ရန်ကိုင်ကဲ့သို့ တန်ခိုးရှင်ဘုရင်ဒုတိယ အဆင့် ကျင့်ကြံသူတစ်ဦးကို ဘာကြောင့်များ ကြောက်နေရမည်နည်း။ ပြောပြီးသည့်နောက် တုန့်ဆိုင်းမနေဘဲ ရှန်တု တည့်တည့်အား သူ့လက်ကို ညွှန်လိုက်လေသည်။

သေမင်းတံစဉ်ကောက် လည်ကုတ်လာထိသည့်အလား ရှန်တု မျက်နှာတစ်ပြင်လုံး သွေးဆုတ် ဖြူလျော်သွားခဲ့ပြီး တစ်ကိုယ်လုံး ကြောက်ရွံ့မှုကြောင့် တုန်ရီလာခဲ့လေသည်။

ထိုစဉ် ရန်ကိုင်ပုံရိပ်သည် ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။ ခွမ်ရှီကျုန်း၏ မျက်လုံး မှေးစဉ်းသွားပြီး ကျန်လက်တစ်ဖက်ကို လက်သီးတင်းတင်းဆုပ်၍ သူ့ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်ကို ထိုးချလိုက်လေသည်။

ခွမ်ရှီကျုန်း ထိုးလိုက်သည့် ဟင်းလင်ပြင်တည့်တည့်တွင် ရန်ကိုင် ပြန်ပေါ်လာခဲ့သည်။ ရှန်တုနှင့် အခြားသူများကို သူ့ခန္ဓာကိုယ်ဖြင့် ကာကွယ်ပေးထားရင်း လက်နှစ်ဖက်ကို ဟင်းလင်းပြင်ဆီသို့ ဆန့်ထုတ်လိုက်သည်။

ပျောက်ကွယ်လိုက်စမ်း…

ဟင်းလင်းပြင်စွမ်းအားတို့သည့် စုဝေးလာခဲ့ပြီးနောက် တွင်းနက်တစ်ခုသည် ခွမ်ရှီကျုန်းရှေ့၌ ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုတွင်းနက်သည် သားရဲကြီးတစ်ကောင်နှယ် ခွမ်ရှီကျုန်းကို ဝါးမြိုရန် ကြိုးစားလေသည်။ ထိုဗလာနတ္ထိဖြင့် ပြည့်နက်နေသော တွင်းနက်ကြီးကိုကြည့်ရင်း ခွမ်ရှီကျုန်း အနည်းငယ် တုန်ရီသွားခဲ့လေသည်။

တန်ခိုးရှင်ဘုရင်တတိယအဆင့် စွမ်းအားတို့ သူ့ဆီမှ ဖြာထွက်လာခဲ့လေသည်။

ဘုန်း…

မိုးချိန်းသံတမျှ ကျယ်လောင်သည့် ပေါက်ကွဲသံနှင့်အတူ တွင်းနက်သည် ဖန်တစ်ချပ်နှယ် တစစီ ကွဲကြေသွားခဲ့သည်။ တစ်စစီ ဖြစ်သွားသော ဟင်းလင်းပြင်စွမ်းအားများသည် ပျောက်ကွယ်သွားခြင်းမရှိဘဲ မရေမတွက်နိုင်သော ဓါးသွားလေးများ အဖြစ်သို့ ပြောင်းလဲကာ ခွမ်ရှီကျုန်းဆီ ထပ်မံ တိုးဝင်သွားပြန်လေသည်။

“မင်းက သတ္တိရှိနေတယ်ပေါ့” ခွမ်ရှီကျုန်း ဒေါသပုန်ထသွား၏။ ချက်ချင်းပဲ သူတော်စင်ချီကို လှည့်ပတ်၍ သူ့ကိုယ်ပတ်လည်၍ အကာအရံတစ်ခု ဖန်တီးကာ လေဟာနယ် ဓါးသွားများကို တားဆီးလိုက်လေသည်။

ရွှစ်…ရွှစ်.. ရွှစ်…

မရေမတွက်နိုင်သော လေခွင်းသံတို့နှင့်အတူ ပိန်းပိန်းပိတ် မည်းနက်နေသော လခြမ်းကွေးပုံစံ ဓါးသွားများ ခွမ်ရှီကျုန်းဆီသို့ တစ်စင်းပြီးတစ်စင်း တိုးဝင်လာခဲ့သည်။

လခြမ်းကွေးဓါးသွားနည်းစနစ်…

ထိုလခြမ်းကွေးဓါးသွားများဆီမှ အန္တရာယ် အငွေ့အသက်ကို ခံစားမိလိုက်သည့်အခိုက် ခွမ်ရှီကျုန်း နည်းနည်းလေးမှ မပေါ့ဆရဲတော့ဘဲ ပါးစပ်ကိုဟ၍ ကျောက်စိမ်းတံဆိပ်ပြားနှင့် ဆင်တူသော မှော်ရတနာတစ်ခုကို ထွေးထုတ်လိုက်လေသည်။ ထိုမှော်ရတနာသည် တွန့်လိမ်ကောက်ကွေးနေပြီးနောက် ငှက်ကြီးတစ်ကောင်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားလေသည်။

ငှက်ကြီးတွင် ခေါင်းသုံးလုံးရှိပြီး ခေါင်းတစ်လုံးချင်းစီသည် အိမ်တစ်လုံးခန့်မျှ ရှိပေသည်။ ငှက်ကြီးသည် ၎င်း၏ တောင်ပံများကို တဖျက်ဖျက်ခတ်ရင်း မိုးမြေစွမ်းအင်များကို စုစည်းလျက် လေဓါးသွားများ ဖန်တီးကာ ရန်ကိုင်၏ လခြမ်းကွေး ဓါသွားများကို တားဆီးလိုက်လေသည်။

လေဓါးသွားနှင့် လခြမ်းကွေးဓါးသွားတို့ ထိပ်တိုက်တွေ့ရာ ဟင်းလင်းပြင်တစ်ခုလုံး တစ်စစီ ပျက်စီးထွက်ကုန်လေသည်။ အနီားအနား ဟင်းလင်းပြင်တစ်ခုလုံး ပေါက်ကွဲမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

ရုတ်တရက် ထိုပေါက်ကွဲမှုများ အလယ်မှ ရောင်စဉ်ငါးဖြာ တောက်ပနေသည့် လက်သီးတစ်လုံးသည် အရှိန်အဟုန်ပြင်းစွာ ခွမ်ရှီကျုန်းဆီသို့ တိုးဝင်လာခဲ့လေသည်။

ခွမ်ရှီကျုန်းသည်လည်း တွေဝေမနေဘဲ ချက်ချင်းပဲ လက်သီးတစ်လုံး ပြန်ပစ်ကျွေးလိုက်သည်။

ဘုန်း… လက်သီးချင်း ထိပ်တိုက်တွေ့ရာမှ ခွမ်ရှီကျုန်း၏ ခန္ဓာကိုယ် တုန်တက်သွားခဲ့သည်။ နောက်သို့ ခြေလှမ်း သုံးလှမ်းခန့် ဆုတ်ပြီးမှပဲ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်နိုင်၏။ ရန်ကိုင်မှာမူ ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် နောက်သို့ လွင်စ့င်ထွက်သွားခဲ့လေသည်။ ရုတ်တရက် ကိုယ်ထဲရှိ စွမ်းအင်များ မငြိမ်မသက်ဖြစ်လာကာ မျက်နှာတစ်ပြင်လုံး သွေးဆုတ် ဖြူလျော်သွားလေသည်။

တိုက်ပွဲမှာ လျင်မြန်စွာ ဖြစ်ပျက်သွားသဖြင့် အများစုမှာ ဘာဖြစ်လို့ ဖြစ်သွားမှန်းပင် မသိလိုက်ကြချေ။ တောက်လျှောက် ရပ်ကြည့်နေကြသည့် တန်ခိုးရှင်ဘုရင်ပထမအဆင့်များပင် ဘာဖြစ်လို့ ဖြစ်သွားမှန်း မသိကြဘဲ တန်ခိုးရှင်ဘုရင်ဒုတိယ အဆင့်များ ဖြစ်ကြသော ကုန်းစွန်းလျန်နှင့် လီမောက်မင်တို့သာ ဖြစ်စဉ်တစ်ခုလုံးကို သေချာ မြင်နိုင်ခဲ့ကြသည်။

တိုက်ပွဲကိုကြည့်ရင်း နှစ်ယောက်စလုံး အလွန်ကိုမှ ထိတ်လန့်အံ့အားသင့်နေခဲ့ကြသည်။

ယခုမှပဲ ရန်ကိုင်သည် သူတို့နှင့် တိုက်ခိုက်ခဲ့ရာတွင် သူ့ခွန်အားကို အကုန်မသုံးခဲ့မှန်း နားလည်သွားတော့သည်။

ယခုလက်ရှိ ခွမ်ရှီကျုန်းနှင့် တိုက်ခိုက်ရာတွင် ရန်ကိုင်သည် ဒဏ်ရာများ ရခဲ့သော်လည်း ရှုံးဖို့ကတော့ အဝေးကြီး လိုပေသေးသည်။

ခွမ်းရှီကျုန်းဆိုသည်မှာ မည်သူနည်း။ သူသည် နှစ်ထောင်ပေါင်းများစွာ အသက်ရှင်လာပြီး ကြယ်စီရင်စုကြီး တစ်ခုလုံးထဲ လက်ချိုးရေတွက်လို့ရအောင် ရှားပါးသည့် တန်ခိုးရှင်ဘုရင်တတိယအဆင့်သို့ ရောက်နေသော မွန်းစတားအိုကြီးများအနက် တစ်ယောက် အပါအဝင် ဖြစ်သည်။ သို့ရာတွင် ရန်ကိုင်သည် သူ့ကဲ့သို့သော ပညာရှင်မျိုးကိုပင် ထိပ်တိုက်ရင်ဆိုင်ပြီး မသေအောင် နေနိုင်ခဲ့သည်။

ထိုမျှတင် မဟုတ်သေး… ရန်ကိုင်သည် ခွမ်ရှီကျုန်းလက်မှ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ လူများကိုပင် ကယ်သွားလိုက်နိုင်သေး၏။

ထိုမြင်ကွင်းကိုကြည့်ရင်း ကုန်းစွန်းလျန်နှင့် လီမောက်မင်တို့ အလွန်အမင်း တုန်လှုပ်နေခဲ့ကြသည်။ တိုက်ပွဲကို ကြည့်နေရင်း သူတို့ကိုယ်သူတို့လည်း ပြန်မေးကြည့်မိသည်… သူတို့သာ ဆိုလျှင်ကော ရန်ကိုင်ကဲ့သို့ လုပ်နိုင်မည်လား။

အဖြေကတော့ မလုပ်နိုင်ပေ… အများဆုံး ဖြစ်နိုင်ချေရှိသည်မှာ ခွမ်ရှီကျုန်း၏ တိုက်ကွက် တစ်ကွက်နှင့်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားဖို့သာ ရှိလိမ့်မည်။

ဖြစ်ပျက်သွားသည့် အခြင်းအရာအားလုံးကို ကြည့်ရင်း ခွမ်ရှီကျုန်း၏ အမူအရာ အမျိုးမျိုး ပြောင်းလဲနေခဲ့သည်။ ဒေါသထွက်ခြင်းမရှိ၊ ရှက်သွားခြင်းလည်း မရှိဘဲ အလေးအနက် အမူအရာဖြင့်သာ ရန်ကိုင်ကို စိုက်ကြည့်နေခဲ့၏။

ရန်ကိုင်သည် ရှန်တုနှင့် အခြားသူများရှေ့တွင် ရပ်၌ နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်လျက် ခေါင်းမော့ကာ ခွမ်ရှီကျုန်းကို ပြန်စိုက်ကြည့်လိုက်၏။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်တွင် ခွမ်ရှီကျုန်းက ပြောလိုက်လေ၏ “လေဟာနယ်စွမ်းအားလား”

“စီနီယာက အမြင်စူးရှတာပဲ” ရန်ကိုင် ပြုံးဖြီးဖြီးလုပ်ပြလိုက်သည်။

“မင်းတကယ်ကြီး လေဟာနယ်စွမ်အားကို နားလည်ထားတာပဲ။ ပြီးတော့ နည်းနည်းလေးတောင် နားလည်ထားတာ မဟုတ်ဘူး” ခွမ်ရှီကျုန်း အလွန် အံ့အားသင့်နေမိသည်။

ကြယ်စီရင်စုကြီးထဲ လေဟာနယ်စွမ်းအားကို တတ်ထားသည့် လူဆို၍ အနည်းငယ်သာ ရှိသည်။ သူတို့ ခရမ်းကြယ်တွင်လည်း လေဟာနယ်စွမ်းအင်ကို တတ်ကျွမ်းထားသည့် လူအချို့ရှိပေသည်။ သို့သော် ထိုလူများသည် လေဟာနယ်စွမ်းအားကို တတ်ရုံလေးသာ တတ်ထားကြခြင်းဖြစ်ပြီး တိုက်ပွဲတွင် အသုံးပြုနိုင်လောက်သည် အထိ မကျွမ်းကျင်ထားကြပေ။

သို့သော်လည်း ရန်ကိုင် သုံးသွားသည့်ပုံကိုကြည့်လျှင် သူသည် လေဟာနယ်စွမ်းအားကို အဆင့်မြင့်မြင့် တတ်ကျွမ်းထားကြောင်း သိနိုင်ပေသည်။ မဟုတ်လျှင် တွင်းနက်တို့၊ လေဟာနယ်ဓါသွားတို့ကို ဖန်တီးပြီး တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။

တကယ်ကို ထိတ်လန့်စရာပင်…

လီမောက်မင်နှင့် ကုန်းစွန်းလျန်တို့သည်လည်း ထိုအခြင်းအရာကို ကြည့်ရင်း ကြောင်နေကြသည်။ ခွမ်ရှီကျုန်း ပြောသည့်အခါမှပဲ ရန်ကိုင် သုံးသွားသည်မှာ လေဟာနယ် စွမ်းအားမှန်း နားလည်သွားတော့သည်။ ထိုသို့ သိလိုက်သည့်နောက် သူတို့၏ အမူအရာ ပို၍ အရုပ်ဆိုးသွားလေ၏။

ရန်ကိုင်သည် သူ့ခွန်အား တော်တော်များများကိုပင် မသုံးဘဲ သူတို့နှင့် တိုက်ခိုက်ခဲ့သည်လား။

နှစ်ယောက်တစ်ယောက် တိုက်ရုံတင်မဟုတ်ဘဲ သူ့အဓိက စွမ်းရည်များကိုပင် မသုံးဘဲ တိုက်ခိုက်သွားခဲ့သည်။ သို့တိုင် အောက်စည်းသို့ မရောက်ဘဲ အထက်စည်းမှပင် သူတို့အား ပြန်၍ တိုက်ခိုက်နိုင်ခဲ့သေးသည်။ ထို့အကြောင်းကို ပြန်စဉ်းစားမိလိုက်သည့်အခိုက် လီမောက်မင်နှင့် ကုန်းစွန်းလျန်တို့ နှစ်ဦးစလုံး အလွန် ရှက်ရွံ့မိသွားကြလေသည်။

“လေဟာနယ်စွမ်းအားမှန်း သိပြီဆိုတော့ ကျုပ်ကို ထွက်မပြေးအောင် တားနိုင်မယ်လို့ စီနီယာ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိသေးလား” ရန်ကိုင်က ယုံကြည်ချက်ရှိနေသည့် အမူအရာဖြင့် “ကျုပ်သွားချင်ရင် ဘယ်သူမှ ကျုပ်ကို မတားနိုင်ဘူး”

ထိုစကားကို ကြားသည့်အခါ ခွမ်ရှီကျုန်းက ခေါင်းညိတ်၍ “မင်းစကားတွေက အရမ်းကို မောက်မာလွန်းပေမယ့် မင်းမှာ အဲ့လို ပြောလို့ရတဲ့ အရည်အချင်းရှိတယ်”

“စီနီယာ နားလည်တယ်ဆိုမှတော့ ဘာလို့ မဆွေးကြေတာလဲ။ ဒီနေ့ကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ကြမယ်လေ။ ကျုပ်မိတ်ဆွေတွေနဲ့ ကျုပ်ထွက်သွားပေးမယ်။ စီနီယာလည်း ဒီမှာ ဖြစ်သွားတာတွေကို မေ့လိုက်ပေါ့။ ဘယ်လိုလဲ”

“အိမ်မက်မက်နေလိုက်” ခွမ်ရှီကျုန်းက ပြန်၍ လှောင်ပြောင်ပြောဆိုလိုက်သည် “လေဟာနယ်စွမ်းအားကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်တဲ့ လူတစ်ယောက်ကို သတ်ဖို့ တကယ်ခက်တယ်ဆိုတာ အမှန်ပဲ။ ဒါပေမယ့်… အဲ့ဒါ မင်းတစ်ယောက်တည်း ရှိနေမှလေ။ ဒီလူတွေ အများကြီးနဲ့ ငါ့လက်ကနေ မင်းလွတ်အောင် ပြေးနိုင်မယ်လို့ ထင်လား။ ဘယ်သူမှ သုံးနှစ်သား ကလေးမဟုတ်ဘူးကွ။ အကုန်လုံးက အတွေ့အကြုံ ရှိကြတဲ့လူတွေချည်းပဲ။ မလှိမ့်တပတ် လာလုပ်ဖို့ စဉ်းစားမနေနဲ့”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင် မျက်နှာမဲ့သွား၏။ ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် “စီနီယာ သိသွားလိမ့်မယ်လို့ မထင်ထားဘူး။ စီနီယာပြောတာ အမှန်ပဲ”

ထိုစဉ် ရန်ကိုင်နောက်တွင် ရှိနေသော ရှန်တုက ဝင်ပြောလိုက်၏ “ရန်ကိုင်၊ ငါ့တို့ကို ထားခဲ့လိုက်။ မင်းဘာသာ လွတ်အောင်ပြေး။ ငါသေလို့ နောင်တမရဘူး။ မင်းပါ ငါတို့ကြောင့် ဒုက္ခရောက်သွားရရင်တော့ ငါတကယ်ကို နောင်တရမှာ”

ရန်ကိုင်က ရှန်တုဘက်သို့ လှည့်၍ ပြုံးလျက် “အဲ့လိုလုပ်လို့တော့ ဘယ်ဖြစ်ပါ့မလဲ။ မင်းတို့ကို ကယ်လို့တောင် ပြီးနေပြီကို ဒီအခြေအနေရောက်မှ ဒီအတိုင်း ထားခဲ့လိုက်လို့ ဘယ်ဖြစ်ပါ့မလဲ။ ငါမင်းတို့ကိုပါ အတူခေါ်သွားမယ်”

“အတူ ခေါ်သွားဖို့” ခွမ်ရှီကျုန်းက လှောင်ပြုံးပြုံးလျက် “ကောင်လေး၊ မင်းက ကိုယ့်ကိုယ်ကို အရမ်း အထင်ကြီးနေတာပဲကွ။ ငါရှိနေတာတောင် ဒီလို ပြောရဲတယ် ဆိုတော့ မင်းက တကယ်ကို မောက်မာတဲ့ကောင်ပဲကွ”

ပြောပြီးသည်နှင့် သူ့လက်ကို ဝှေ့ရမ်းလိုက်ရာ တန်ခိုးရှင်ဘုရင်ပထမအဆင့် ရှစ်ယောက်၊ လီမောက်မင်နှင့် ကုန်းစွန်းလျန်တို့သည် ချက်ချင်း လေပေါ် ပျံတက်လာပြီး ရန်ကိုင်အား ဝိုင်းလိုက်ကြလေသည်။

ထွက်ပြေးရန် မလွယ်တော့မှန်း သိလိုက်သည့်နောက် ရှန်တုတို့အဖွဲ့ မျက်နှာပျက်သွားခဲ့သည်။

သို့ရာတွင် ရန်ကိုင်က အကျယ်ကြီးသာ အော်ရယ်မော၍ “စိတ်ဝင်စားစရာပဲ။ ဒီလောက် ပညာရှင်အများကြီးဝိုင်းတာ ခံရမယ်လို့ မထင်ထားဘူး။ ဒါပေမယ့် ဒီလို ပညာရှင်တွေ အများကြီးနဲ့ တွေ့ရဖို့ဆိုတာလည်း လွယ်တာ မဟုတ်ဘူးဆိုတော့ အခွင့်အရေး ရတုန်းလည်း စိတ်ရှိတိုင်း သောင်းကျန်းပေးရသေးတာပေါ့”

ရန်ကိုင် လုံးဝ ကြောက်လန့်သွားခြင်း မရှိဘဲ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေသေးသည်ကို မြင်သော် ခွမ်ရှီကျုန်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။

“ခင်ဗျားတို့အားလုံး သတိထားကြပေတော့နော်” ရန်ကိုင်က အကုန်လုံးကို ညစ်ကျယ်ကျယ်ပြုံးကာ သတိပေးလိုက်ပြီးနောက် သူ့လက်ကို ဝှေ့ရမ်း၍ အော်ပြောလိုက်လေသည် “ထွက်လာပေတော့”

သူ့စကားသံ ဆုံးသွားသည်နှင့် တောင်တစ်လုံးထက်ပင် ပိုကြီးမားသည့် ဧရာမသက်ရှိကြီးတစ်ခု ခရမ်းကြယ်မြို့ပေါ်တွင် ရုတ်တရက် ပေါ်လာခဲ့လေသည်။

“ဘာကြီးလဲ” အကုန်လုံး အလန့်တကြား ထအော်ကြ၏။

“ကြီးလိုက်တာ။ လူသားပုံစံ ရုပ်သေးရုပ်ကြီးလား”

“ငါ့လခွမ်း၊ ဘာကြီးလဲဟ”

နေရောင်ပင် ကွယ်သွားရလောက်အောင် ကြီးမားသော ပုံရိပ်ကြီးကိုကြည့်ရင်း အကုန်လုံး မှင်သက်နေကြလေသည်။

ထိုပုံရိပ်သည် မီတာတစ်ထောင်မက မြင့်မားပြီး လူသားပုံစံရှိပေသည်။ သို့ရာတွင် ခန္ဓာကိုယ် တစ်ခုလုံးမှာတော့ ကျောက်သားများဖြင့်သာ ဖွဲ့စည်းထားခဲ့သည်။

ထို့အပြင် ထိုပုံရိပ်ဆီမှ မည်သည့် အသက်စွမ်းအင်မှ ဖြာထွက်နေခြင်းမရှိ။ တန်ခိုးရှင်ဘုရင်တတိယအဆင့်တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်သော ဖိအားတစ်ရပ်သည်သာ ဖြာထွက်နေခဲ့သည်။

လေထဲ ရပ်နေသည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ အားလုံး သူတို့ပေါ်သို့ တောင်တစ်လုံး ကျလာသည့်နှယ် ခံစားလိုက်ကြရသည်။

တန်ခိုးရှင်ဘုရင်အဆင့်သို့ မရောက်သေးသည့် လူများမှာတော့ ပျံပင်မပျံနိုင်ကြတော့ဘဲ ကောင်းကင်ပေါ်မှ တဘုတ်ဘုတ် ပြုန်ကျကုန်ကြလေသည်။

ကျောက်ဘီလူးကြီးသည် ပေါ်လာပြီးနောက် မြေပြင်ပေါ်သို့ ရုတ်တရက် ကျဆင်းလာခဲ့သည်။

“မကောင်းတော့ဘူး” ရန်ကိုင်၏ ကိုယ်ပွား ကျောက်ဘီလူကြီး အောက်သို့ ပြုတ်ကျလာနေသည်ကို မြင်သော် ခွမ်ရှီကျုန်း အလန့်တကြား ထအော်လေသည်။ သို့သော်လည်း သူလှုပ်ပင် မလှုပ်ရှားရသေးခင်မှာပဲ ကောင်းကင်တစ်ခုလုံး မည်းမှောင်သွားခဲ့လေသည်။

စူးရှသည့် ငှက်အော်သံနှင့်အတူ ဧရာမမီးငှက်ကြီးတစ်ကောင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုမီးငှက်သည် ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်များဖြင့်သာ ဖွဲ့စည်းထားပြီး လျှပ်စီးတန်းများသည် ခန္ဓာကိုယ်အနှံ့ တဖျက်ဖျက် လက်နေခဲ့သည်။ ၎င်းဆီမှ ဖြာထွက်နေသည့် အဖျက်စွမ်းအင် အရှိန်အဝါကြောင့် အကုန်လုံး ရင်တုန်ပန်းတုန် ဖြစ်ကုန်ကြ၏။ မီးငှက် ပေါ်လာပြီးနောက်တွင် ပတ်ဝန်းကျင်၏ အပူချိန်သည် လျင်မြန်စွာ ထိုးတက်လာခဲ့လေသည်။

ထိတ်လန့်စရာ အဖြစ်အပျက်မှာ ထိုမျှနှင့်ပင် မရပ်တန့်သေး…

ရွှေရောင်သွေးမျှင်များစွာသည် ရန်ကိုင်ဆီမှ ထွက်ပေါ်လာပြီး အမျိုးမျိုးသော သားရဲများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ရန်ကိုင်၏ သွေးသားရဲတပ်ပင် ဖြစ်လေသည်။

မိုးကြိုးမီးတောက်ငှက်… အမြီးသရဖူမွေ… ဗာမီလီလန်မီးငှက်… ကြယ်ဘုရင်လိပ်… မျက်လုံးရှစ်လုံး နတ်ဆိုးဖား… ခရမ်းကြယ်းမိုးကြိုးကောင်းကင်ကျားသစ်…

အခြားသော သားရဲများလည်း ရှိနေပေသေးသည်။ ထုန်းရွှမ်လောကကြီးတွင် လိုရမယ်ရ ထားခဲ့သည့် သံမဏိမီးတောက် တစ္ဆေပင့်ကူမှလွဲ၍ ကျန်သည့်သွေးသားရဲအားလုံး ဤနေရာတွင် ရောက်နေကြလေသည်။ သွေးသားရဲများသည် တန်ခိုးရှင်တတိယ အဆင့်အောက် မလျော့သော အရှိန်အဝါကို ထုတ်လွှတ်နေကြ၏။ သွေးသားရဲအကောင်နှစ်ဆယ် တစ်နေရာတည်းတွင် စုလိုက်သည့်နောက် ကောင်းကင်တစ်ခုလုံးကို ဖုံးလုမတတ် ရွှေရောင်အလင်းတန်းတို့ ဖြာထွက်လာကုန်ကြလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၇၇)

အခြေအနေမှာ ရုတ်တရက်ကြီး ပြောင်းလဲသွားခဲ့လေသည်။ ဗြုန်းစားကြီး ပေါ်လာသည့် ထူးဆန်းသည့် သတ္တဝါများကို ကြည့်ရင်း ခရမ်းကြယ်ရှိ ပညာရှင်များအားလုံး မှင်သက်ကုန်ကြ၏။

ဝေါင်း…

အော်သံတစ်သံသည် ကောင်းကင်တစ်ခွင် ပျံနှံ့သွားခဲ့လေ၏။ ဘေးတွင် တစ်ချိန်လုံး ရပ်နေသော ရှောင်ရှောင်သည် ရန်ကိုင်၏ အမိန့်ကို ရလိုက်သည့်နောက် ရင်ဘတ်ကို တဒုန်းဒုန်းထုရင်း ပို၍ပင် ကြီးမားသည့် ဧရာမကျောက်ဘီလူကြီး အသွင်သို့ ပြောင်းလဲလိုက်လေသည်။

ထို့နောက်တွင် ရှောင်ရှောင်၏ ခန္ဓာကိုယ်ထက် ချော်ရည်ပူ စီးကြောင်းတို့ ထွက်ပေါ်လာခဲ့လေသည်။ သူ့ဆီမှ ဖြာထွက်နေသည့် အပူချိန်မှာလည်း ရုတ်ချည်း မြင့်တက်လာခဲ့၏။

ဤသည်မှာ ရှောင်ရှောင်၏ နောက်ဆုံးပုံစံ… ချော်ရည်ကျောက်ဘီလူး ဖြစ်ပေသည်။

လက်ရှိ ရှောင်ရှောင်သည် မီတာတစ်ရာကျော် မြင့်မာပြီး တစ်ကိုယ်လုံး ချော်ရည်များဖြင့် ဖုံးလွှမ်းနေခဲ့သည်။ ပုခုံးထက်တွင်မူ အလွန်ကိုမှ လေးလံသော အနက်ရောင်တုတ်ကို ထမ်းထား၏။ အနက်တုတ်ကို ရှောင်ရှောင် ဝှေ့ရမ်းနေသည့်ပုံမှာ ပေါ့ပေါ့လေး ထင်ရသော်လည်း သူလွှဲချက်ကြောင့် ပတ်ပတ်လည်ရှိ အဆောက်အဦးများ တစ်စစီ ပျက်စီးကုန်ကြလေသည်။

အနက်ရောင်တုတ်ကို လွှဲလိုက်တိုင်း ဖြာထွက်လာသည့် အားလှိုင်းသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ၏ ရင်ကို ဆယ်ပေါင်တူကြီးနှယ် တဒုန်းဒုန်း လာဆောင့်ရိုက်လေသည်။

ဘုန်း…

နောက်ဆုံး ရန်ကိုင့်ကိုယ်ပွား မြေပြင်ပေါ်သို့ ရောက်လာ၏။

ရန်ကိုင့်ကိုယ်ပွား ကျလာသည့် အရှိန်ကြောင့် ခရမ်းကြယ်မြို့ တစ်ခုလုံး ငလျင်လှုပ်သည့်နှယ် ပြင်းပြင်းထန်ထန် လှုပ်ခါသွား၏။ မြို့ပြင်ဘက်တွင် ရှိနေသော အိမ်များအားလုံး အက်ကြောင်းထကုန်ပြီး မြို့တွင်းထဲတွင် ရှိနေသည့် အိမ်များမှာတော့ ပြိုကျပျက်စီးကုန်ကြလေသည်။

ရန်ကိုင်သည် လေထဲတွင်ရပ်၍ ထီမထင်ဟန်ဖြင့် ပြုံးလျက် ခွမ်ရှီကျုန်းကို စိုက်ကြည့်နေခဲ့သည်။ ခွမ်ရှီကျုန်းမှာတော့ ဒေါသကြောင့် မျက်နှာတစ်ပြင်လုံး ပြာနှမ်းနေလေပြီ။

ကိုယ်ပွားကျောက်ဘီလူး၏ လှုပ်ရှားမှုများမှာ အလွန်ကိုမှ နှေးကွေးသော်လည်း ၎င်း၏ ခြေလှမ်း တစ်လှမ်းချင်းစီတိုင်းသည် အောက်ဘက်ရှိ အရာအားလုံးကို စီစီညက်ညက် ကြေသွားစေလေသည်။

ကိုယ်ပွားကျောက်ဘီးလူးမှာ တိုက်ပင် မတိုက်သေးဘဲ နေသားကျအောင် လမ်းလျှောက်နေခြင်းသာ ဖြစ်သော်လည်း သူလမ်းလျှောက်သည်ကပင် ခရမ်းကြယ်မြို့အား အပျက်အစီးများစွာ ဖြစ်စေခဲ့လေသည်။

“ဘာကြီးလဲကွာ”

“မြန်မြန်တိုက်ကြ၊ အဲ့ဒါကိုမတားရင် ခရမ်းကြယ်တစ်မြို့လုံး ပျက်စီးသွားလိမ့်မယ်”

ပညာရှင်များစွာသည် အော်ဟစ်ကြရင်း ခွမ်ရှီကျုန်း အမိန့်မပေးရသေးခင်မှာပဲ နည်းလမ်းအမျိုးမျိုးကိုသုံး၍ ကိုယ်ပွား ကျောက်ဘီလူးကို တိုက်ခိုက်လိုက်ကြလေသည်။

တန်ခိုးရှင်ဘုရင်အဆင့် ဆယ်ယောက်နှင့်တကွ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်နှစ်ားသည် သူတို့၏ မှော်ရတနာများကို သုံး၍ ကိုယ်ပွားကျောက်ဘီလူးကို တိုက်ခိုက်လိုက်ကြလေသည်။ အကုန်လုံးသည် ကိုယ်ပွား ကျောက်ဘီလူး၏ တစ်နေရာတည်းကို စုပြုံ တိုက်ခိုက်လိုက်ကြခြင်း ဖြစ်သည်။

ပေါက်ကွဲသံများနှင့်အတူ ကျောက်စကျောက်နများ လွင့်ပျံထွက်လာခဲ့လေသည်။ ပေါက်ကွဲရာမှ ထွက်ပေါ်လာသည့် အလင်းသည် ပညာရှင်များကိုပင် မျက်စိကျိန်းသွားစေခဲ့သည်။

အလင်းရောင် ပျောက်ကွယ်သွားလို့ ကြည့်လိုက်သည့် အခိုက် မြင်လိုက်သည့် အခြင်းအရာကြောင့် အကုန်လုံး ခြေဖျားလက်ဖျားများ အေးစက်ကုန်ကြလေသည်။

တန်ခိုရှင်ဘုရင်အဆင့် ဆယ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုသည် ကျောက်ဘီလူကြီးအား ဘာမှ သိပ်မလုပ်လိုက်နိုင်ချေ။ ကျောက်စ ကျောက်နအချို့ ပဲ့ထွက်သွားအောင် လုပ်နိုင်ခဲ့သော်လည်း ကျောက်ဘီလူး၏ အရှိန်အဝါမှာ လျော့ကျသွားခြင်း မရှိသည့်အပြင် ပို၍ပင် ကြမ်းကြုတ်ခက်ထန်လာခဲ့လေသည်။

ဤသည်မှာ ရန်ကိုင်၏ ဝိဥာဉ်ကိုယ်ပွား ဖြစ်သည့်အတွက် ရန်ကိုင်၏ စိတ်နေစရိုက်ကို ပိုင်ဆိုင်ထားပေသည်။ ရန်ကိုင်သည် သူ့အား ရန်လာစလျှင် ငြိမ်ခံနေတတ်သူ တစ်ဦး မဟုတ်ချေ။

ကျောက်ဘီလူး၏ မျက်ဝန်းအစုံသည် ကြမ်းကြုတ်တော့မည့် အရိပ်အယောင်ဖြင့် တလက်လက် တောက်ပလာခဲ့သည်။ ခြေတစ်ဖက်ကို မြှောက်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပြန်ဆောင့်ချလေသည်။

ခရက်…

ခြေထောင် ဆောင့်နင်းရာ နေရာကို ဗဟိုပြု၍ အက်ကြောင်းများစွာ ထွက်ပေါ်လာခဲ့လေသည်။ အက်ကြောင်းများသည် တစ်နေရာတည်းတွင် ရပ်တန့်မနေဘဲ ပတ်ပတ်လည်သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။

ထို့နောက်တွင် ကျောက်ဘီလူးကို သူ့လက်ကို ဆန့်ထုတ်၍ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ကျောက်တုံးအပိုင်းအစများကို စွမ်းအားတစ်ရပ်ဖြင့် လွှမ်းဆွဲယူလိုက်သည်။ ကျောက်တုံး အသေးစားလေးများမှာ ဖရဲသီးတစ်လုံးအရွယ်ရှိပြီး ပိုကြီးသည့် ကျောက်တုံးများမှာတော့ အိမ်တစ်လုံးခန့် ရှိပေသည်။

ကျောက်တုံးများကို ဆွဲယူပြီးနောက် အော်ဟစ် ဟိန်းဟောက်၍ ထိုကျောက်တုံးများကို ပတ်ပတ်လည်သို့ ပြန်ပစ်လွှတ်လေသည်။

ထိုတိုက်ခိုက်မှုသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများကို ဘာမှ မလုပ်နိုင်ချေ။ တန်ခိုးရှင်အဆင့် ကျင့်ကြံသူများပင် ထိုတိုက်ခိုက်မှုများကို အလွယ်တကူ ရှောင်နိုင်၏။ သို့သော် ကျောက်ဘီလူမှာ လူများကို တိုက်ခိုက်နေခြင်း မဟုတ်။ ၎င်း၏ ပစ်မှတ်မှာ အိမ်များနှင့် အဆောက်အဦးများ ဖြစ်ကြပေသည်။

မျက်တောင်တစ်ခတ်အတွင်း ခရမ်းကြယ်နန်းတော် တစ်ဝက်ခန့် ပျက်စီးသွားကုန်ကြလေသည်။

ထိုအခြင်းအရာကိုကြည့်ရင်း ခွမ်ရှီကျုန်း၏ မျက်နှာကြီး ပြိုတော့မည့်မိုးနှယ် ဖြစ်နေခဲ့လေသည်။

တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦး သူ့ပိုင်နက်ထဲသို့ ဝင်လာပြီး စိတ်ရှိတိုင်း သောင်းကျန်းသွားသည်ကို ခရမ်းကြယ်မှ ပညာရှင်များ မည်သို့မှ မတားနိုင်သည့် အကြောင်းသာ သတင်း ပြန့်သွားခဲ့လျှင် ခရမ်းကြယ်သည် အကုန်လုံး၏ ရယ်စရာ ဖြစ်လာရပေလိမ့်မည်။ ဤသည်မှာ ခရမ်းကြယ်၏ သမိုင်း တစ်လျှောက် ဖျက်မရသည့် အမည်းစက်ကြီး တစ်ခုလည်း ဖြစ်လာပေလိမ့်မည်။

ဤကိစ္စကို မြန်မြန် အဆုံးသတ်ရမည် ဖြစ်သော်လည်း ရန်ကိုင်သည် သူ့အား မျက်လုံးဒေါက်ထောက် စောင့်ကြည့်နေသဖြင့် အခွင့်အရေးမရနိုင် ဖြစ်နေခဲ့သည်။

မီးငှက်သည် ရုတ်တရက် စူးရှစွာ အော်မြည်လျက် ရန်ကိုင်၏ အမိန့်မရသေးဘဲ ပြေးထွက်သွားလေသည်။

လျို့ယန် ဘာများလုပ်ချင်နေလဲဟု တွေးလျက် ရန်ကိုင် မျက်ခုံးပင့်လိုက်လေသည်။ သို့သော် တိုက်ပွဲကွင်းပြင်ထဲရှိ တစ်ခုခုကို သတိပြုမိသွားပြီးနောက် ဘာမှပြန်မပြောတော့ဘဲ ပြုံးစိစိသာ လုပ်နေလိုက်၏။

လျိုယန်သည် အလွန်ကိုမှ မြန်ပေသည်။ အတောင်တစ်ခတ် ခတ်ရုံဖြင့် တစ်မိုင်ကျော်ကို ရောက်သွားခဲ့သည်။

လီမောက်မင်ရှေ့တွင် ပြန်ပေါ်လာပြီးနောက် နှုတ်ခမ်းကို ဟလျက် လျှပ်ပန်းလျှပ်နွယ်တို့ ရောယှတ်နေသော မီးတောက်များကို မှုတ်ထုတ်လိုက်လေသည်။

မီးတောက်ထဲ ပါဝင်သည့် အဖျက်စွမ်းအားကို ခံစားမိလိုက်သည့်နောက် လီမောက်မင်သည် အလျင်စလို ရှောင်လိုက်ပြီး ဝိုင်ပုလင်းထဲမှ တစ်ငုံ မောက်သောက်၍ အပြာရောင်မီးတောက်များကို လျို့ယန်ဆီသို့ ထွေးထုတ်လိုက်၏။

ထိုအခြင်းအရာကို မြင်သည့်အခါ လျို့ယန်၏ မျက်လုံးထဲ ညစ်ကျယ်ကျယ် အရိပ်အယောင်တို့ ဖြတ်ပြေးသွား၏။ ရှောင်တိမ်းရန် မကြိုးစားဘဲ ရှေ့သို့ပင် တိုးကာ ပါးစပ်ကိုဟ၍ အပြာရောင်မီးတောက်များကို မျိုချပစ်လိုက်လေသည်။

တစ်ချိန်တည်းတွင် သူမ၏ ဝမ်းဗိုက်နေရာသည် လျင်မြန်စွာ ဖောင်းတက်လာခဲ့လေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း အကုန်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

သူမ၏ အကြံအစည် အောင်မြင်သွားသည့်နောက် လျို့ယန်သည် နောက်သို့ပင် လှည့်မကြည့်ဘဲ ရန်ကိုင်ဆီသို့ ပြန်သွားလေသည်။

လီမောက်မင်မှာတော့ ထိုအခြင်းအရာကို ကြောင်၍သာ ကြည့်နေခဲ့လေသည်။ ဘာတွေဖြစ်လို့ ဖြစ်သွားမှန်း သူလုံးဝ နားမလည်နိုင်ချေ။

အချိန်အတော်ကြာအောင် တိတ်နေပြီးနောက်မှသာ အသိပြန်ဝင်လာပြီး ဝမ်းနည်းတကြီး ထအော်လေသည် “ငါရဲ့ ရေခဲမီးတောက်လေး”

အော်ပြောနေရင်း လက်ကွက်များ ဖန်တီး၍ လျို့ယန် ဝမ်းဗိုက်ထဲရှိ ရေခဲမီးတောက်ကို သူမ မသန့်စင်နိုင်ခင် ပြန်ယူရန် ကြိုးစားလေသည်။ ထို့အတွက်ကြောင့် မီးငှက်၏ ဝမ်းဗိုက်နေရာမှ ဖောင်းလိုက်၊ ပိန်လိုက် ဖြစ်လာခဲ့လေသည်။

တစ်ချိန်တည်းတွင် သူမကိုယ်ထက် အနီရောင်၊ ခရမ်းရောင်နှင့် အပြာရောင်အလင်းတို့ အဆက်မပြတ် ထွက်ပေါ်လာခဲ့လေသည်။

လျို့ယန် နာကျင်စွာ ထအော်လေသည်။

ရေခဲမီးတောက်ကို အတင်းအကြပ် ဝါးမြိုရသည်မှာ လွယ်ကူသည့် ကိစ္စတော့ မဟုတ်ချေ။ သူမ အနေဖြင့် တန်ဖိုးတစ်ခု ကျိန်းသေ ပြန်ပေးဆပ်ရပေသည်။ ရေခဲမီးတောက်သည် သာမန် မီးတောက်တစ်ခုမှ မဟုတ်လေပဲ။ လီမောက်မင်သည်ပင် သေကောင်ပေါင်းလဲ အခြေအနေကို ဖြတ်ကျော်လာပြီးနောက်မှ ရရှိလာနိုင်ခဲ့ခြင်း ဖြစ်သည်။

အရောင်သုံးရောင်သည် လျို့ယန်၏ ခန္ဓာကိုယ်ကို တိုက်ပွဲ ကွင်းပြင်အဖြစ် သဘောထား၍ တစ်ဖက်အပေါ် အသာစီးရရန် ကြိုးစားနေကြလေသည်။

သို့သော်လည်း အပြာရောင်မီးတောက်သည် ပုံမှန်မဟုတ်သလို လျို့ယန်သည်လည်း ပုံမှန်မှ မဟုတ်လေဘဲ။ သူမသည် ရေခဲမီးတောက်အောက် နိမ့်ကျခြင်းမရှိသည့် နေမီးလျှံနှင့် အာကာယံမိုးကြိုးမီးတောက်ကို စုပ်ယူထားသူဖြစ်သည်။ တိုက်ပွဲ အခြေအနေမှာ ခဏလောက်သာ သူမသာကိုယ်မသာ ဖြစ်နေပြီး အနည်းငယ်ခန့် ကြာပြီးနောက် အပြာရောင်အလင်းရောင်သည် လျင်မြန်စွာ မှိန်ကျလာခဲ့လေသည်။

ထိုစဉ် လျို့ယန်၏ ခန္ဓာကိုယ် တုန်ရီသွားပြီး သုံးချောင်းထောက် မီးဖိုပုံရိပ်တစ်ခု သူမကိုယ်ထဲ ပေါ်လာခဲ့သည်။

ဤသည်မှာ တန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲမီးဖိုဖြစ်သော သူမ၏ မွေးရာပါမှော်ရတနာ ဖြစ်ပေသည်။

ရေခဲမီးတောက်သည် တဖြည်းဖြည်း သိပ်သည်းသွားပြီးနောက် ပန်းပဲမီးဖိုထဲ ပိတ်လှောင်ခံလိုက်ရသည်။ မီးတောက်ကို ထိန်းချုပ်သွားနိုင်ပြီ ဖြစ်သဖြင့် ဘာမှ စိတ်ပူစရာ မလိုတော့ချေ။ နောက်ပိုင်း အချိန်ပေးပြီး သန့်စင်လိုက်လျှင် ဤမီးတောက်သည် သူမ၏ အပိုင် ဖြစ်လာပေလိမ့်မည်။

အဟွတ်…

ရေခဲမီးတောက်နှင့်သူ့ကြား ဆက်သွယ်မှု ပြတ်တောက်သွားသဖြင့် လီမောက်မင် သွေးတစ်ပွက် ထိုးအန်လိုက်ရလေသည်။ သူသာ ထိုမီးငှက်ကို မသတ်နိုင်လျှင် သူ့မီးတောက်ကို ပြန်ယူဖို့ မဖြစ်နိုင်တော့ချေ။

လျို့ယန်နှင့် လီးမောက်မင်တို့ ရေခဲမီးတောက်အား အပြိုင် လုနေကြချိန် ရှောင်ရှောင်သည် ကုန်းစွန်းလျန်နှင့် တိုက်ခိုက်နေခဲ့၏။

ကျောက်ဘီလူး အသွင်ပြောင်းထားသော ရှောင်ရှောင်သည် ရန်ကိုင်၏ ကိုယ်ပွားကျောက်ဘီလူးနှင့် ယှဉ်လိုက်လျှင် အဖိုးနှင့် မြေးကဲ့သို့ ဖြစ်နေခဲ့သည်။ ကုန်းစွန်းလျန်သည် ရန်ကိုင်၏ ကိုယ်ပွား ကျောက်ဘီလူးကို မယှဉ်နိုင်သည့်အခါ ရှောင်ရှောင်ဘက်သို့ လှည့်လာခဲ့သည်။

သူ့ဓါးတိုလေးမှာ ရန်ကိုင်နှင့် တိုက်ပွဲတွင် ထိခိုက်သွားသဖြင့် ထိုဓါးတိုအစား တိုက်ပွဲတူကြီးတစ်ခုကို သုံးပြီးတော့သာ ရှောင်ရှောင်နှင့် တိုက်ခိုက်ရတော့လေသည်။

မှော်ရတနာထဲသို့ သူတော်စင်ချီကို ထည့်သွင်းပြီးနောက် ရှောင်ရှောင်ပေါ်သို့ ထုချလိုက်လေသည်။

ရှောင်ရှောင်သည် တိုက်ပွဲတူကို အနက်ရောင်တုတ်ဖြင့် ပြန်ရိုက်ချလေသည်။

အနက်ရောင်တုတ်နှင့် အတွေ့တွင် ကုန်းစွန်းလျန်၏ တိုက်ပွဲတူကြီး တစ်စစီ ပျက်စီးသွားလေသည်။ သူကိုယ်တိုင်သည်လည်း ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် လွင့်စင်ထွက်သွားခဲ့လေသည်။ ရှောင်ရှောင် ရိုက်လိုက်သည့် အားကြောင့် သူ့လက်နှစ်ဖက်စလုံးရှိ အရိုးများပင် သွင်သွင် ကျိုးကုန်လေသည်။

ယခုမှပဲ သူမည်မျှ ရူးမိုက်သည့် အမှားကို လုပ်မိမှန်း ကုန်းစွန်းလျန် နားလည်သွားတော့သည်။ သူ့တိုက်ပွဲတူသည် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာ မဟုတ်သော်လည်း တန်ခိုးရှင် အဆင့်မြင့် မှော်ရတနာတစ်ခုတော့ ဖြစ်နေသေးသည်။ သို့တိုင် ထိုကဲ့သို့သော မှော်ရတနာသည်ပင် အနက်ရောင်တုတ်နှင့် အတွေ့၌ တစ်စစီ ဖြစ်သွားခဲ့သည်ကို ကြည့်လျှင် အနက်ရောင်တုတ် မည်မျှ မာကျောကြောင်းကို မြင်တွေ့နိုင်ပေသည်။

ဤခွန်အားသည် ထိပ်တိုက်ရင်ဆိုင်သည့် အခါမျိုး၌ ဆယ်ခါတိုက်၊ ဆယ်ခါအနိုင်ရနိုင်သည့် ခွန်အားမျိုးဖြစ်သည်။

တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူနှစ်ဦးစလုံး အလွယ်တကူ ဖိနှိပ်ခံလိုက်ရသည်ကိုကြည့်ရင်း တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူရှစ်ဦးစလုံး ကူကယ်ရာ မဲ့ကုန်ကြလေသည်။

ရန်ကိုင်၏ ကိုယ်ပွား ကျောက်ဘီလူမှာလည်း ခရမ်းကြယ်မြို့ထဲ လမ်းပတ်လျှောက်နေသေး၏။ သူ့ခြေလှမ်း တစ်လှမ်းချင်းစီတိုင်းသည် ခရမ်းကြယ်မှ ပညာရှင်များ၏ ရင်ကို တဒိန်းဒိန်း မြည်စေနေခဲ့သည်။

ရှန်တုနှင့် သူ့အပေါင်းများသည်ပင် သူတို့ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။

ရန်ကိုင်သည် တစ်ယောက်တည်းသာ ဖြစ်သော်လည်း ခရမ်းကြယ်မှ ပညာရှင်များအားလုံးကို အထက်စီးမှ ဖိနှိပ်ထားနိုင်၏။ သူတို့သာ မျက်စိတပ်အပ် မမြင်ရလျှင် ဘယ်တော့မှ ယုံနိုင်လိမ့်မည် မဟုတ်ချေ။ ရှန်တုမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အလွန်ကိုမှ ထိတ်လန့်နေမိသလို တစ်ချိန်တည်းတွင် ရှက်လည်းရှက်၊ စိတ်ဓါတ်လည်း ကျမိသွား၏။

သူနှင့်ရန်ကိုင် စတွေ့သည့်အချိန်ကို ပြန်စဉ်းစားလိုက်လျှင်… ထိုစဉ်က ရန်ကိုင်သည် ကျင့်ကြံခြင်းအရ သူ့ထက်ပင် နိမ့်သေး၏။ သို့သော် နောက်တစ်ကြိမ် ပြန်တွေ့သည့်အခါတွင် သူ့ရောင်းရင်းသည် သူလုံးဝကို မော်ကြည့်ရမည့် အဆင့်တစ်ခုသို့ ရောက်နေကြောင်း ရှန်တု တွေ့ရှိလိုက်ရလေသည်။ သူတို့ကြားရှိ ခွန်အားကွာခြားချက်ကို သူတစ်သက်လုံး ကြိုးစားလျှင်ပင် လိုက်မှီနိုင်တော့လိမ့်မည် မဟုတ်ပေ။

ထိုအချက်ကြောင့် ရှန်တု စိတ်ဓါတ်ကျချင်သလို ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။

ရန်ကိုင်နှင့် လမ်းခွဲပြီးနောက်ပိုင်း သူအလေလိုက်နေခဲ့ခြင်း မဟုတ်ပေ။ ခေါင်းဆောင်အိုင်းအောင်၏ အသိအမှတ်ပြုမှုကို ရချင်သလို တတိယညီလေးကိုလည်း ကျော်တက်ချင်သည့်အတွက် ကြိုးစားပမ်းစား လေ့ကျင့်ခဲ့သည်။ သို့သော် သူ့တိုးတက်မှုသည် ရန်ကိုင်၏ တိုးတက်မှုနှင့် ယှဉ်လိုက်သော် မပြောပလောက်အောင် မှေးမှိန်သွားရလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၇၈)

“စီနီယာ၊ ဆက်သွားချင်သေးလား” ရန်ကိုင်သည် လေထဲတွင် ဝဲလျက် ခွမ်ရှီကျုန်းကို စိုက်ကြည့်ကာ မေးလိုက်သည်။ ထို့နောက် ရုတ်တရက် ပြုံးလျက် “ဒီအတိုင်းသာ ဆက်သွားနေရင် ခရမ်းကြယ် တစ်မြို့လုံး တစ်စစီ ဖြစ်သွားလိမ့်မယ်နော်။ ... မေ့နေလိုက်တာ။ စီနီယာအတွက်တော့ ဘာမှဘယ်သိပ်ဖြစ်ပါ့မလဲ။ ခရမ်းကြယ်က အကျယ်ကြီးပဲကို။ ခရမ်းကြယ်မြို့တစ်မြို့ ပျက်စီးသွားတော့လည်း၊ ဘာဖြစ်တာမှတ်လို့… ကြည့်ရတာ အခြားမြို့တွေဆီကိုပါ ကျုပ်သွားလည်ရဦးမယ်နဲ့တူတယ်။ အချိန်တွေက ပိုနေသေးတာပဲ… လောစရာမှ မလိုတာ၊ ဟုတ်တယ်မလား စီနီယာ”

ရန်ကိုင့် စကားကို ကြားသည့်အခါ ခရမ်းကြယ်မှ လူများအားလုံး ကြက်သီးဖြန်းဖြန်း ထသွားကြသည်။

ရန်ကိုင်သာ အရင်က ထိုစကားကို ပြောလိုက်လျှင် အကုန်လုံး သူ့အား အရူးဟုသာ ပြောကြမည်ဖြစ်သော်လည်း ရန်ကိုင် ခေါ်ထုတ်လာသည့် ထူးဆန်းသည့် သတ္တဝါများ၏ အဖျက်စွမ်းအားကို မြင်တွေ့ပြီးနောက် မည်သူမှ ရန်ကိုင်၏ စကားကို ယုံမှားသံသယ မဖြစ်တော့ချေ။

ရန်ကိုင်သာ စိတ်ရှည်ရှည်နှင့် ဖျက်စီးမည်ဆိုလျှင် ခရမ်းကြယ် တစ်ခုလုံးကို စိစိညက်ညက် ကြေသွားအောင် လုပ်ပစ်နိုင်ပေသည်။

အကုန်လုံးသည် ခွမ်ရှီကျုန်းကြည့်လိုက်ကြသည်။ နောက်ဆုံး ဆုံးဖြတ်ချက်သည် ခွမ်ရှီကျုန်းပေါ်တွင် မူတည်နေသည်။ ခွမ်ရှီကျုန်း ရပ်လိုက်ပါစေဟုသာ ဆုတောင်းနေရတော့သည်။

လက်ရှိတွင် ရန်ကိုင်သည် အဆောက်အဦးများကို ဖျက်စီးနေသော်ငြား မည်သူ့ကိုမှ ထပ်မသတ်သေးချေ။ အကယ်၍ သူသာ ဒေါသထွက်လာပြီး လူများကိုပါ လိုက်သတ်မည် ဆိုလျှင်တော့ ခရမ်းကြယ်တစ်ခုလုံး သွေးချောင်းစီးသွားရပေလိမ့်မည်။

“တော်လိုက်တော့” ခွမ်ရှီကျုန်းမှာ အလွန်အမင်း ဒေါသထွက်နေသော်လည်း အခြေအနေသည် သူ့ဘက်သို့ အရေး သာမနေခဲ့ပေ။

ရန်ကိုင်က ပြုံးလျက် “ဒီတော့ စီနီယာ ရပ်လိုက်မယ်ပေါ့”

“မင်းနိုင်တယ်” ခွမ်ရှီကျုန်းက မှုန်ကုတ်ကုတ်မျက်နှာဖြင့် မုန်းတီးစွာ ပြောလိုက်လေသည် “မင်းလူတွေကို ခေါ်ပြီး မြန်မြန် ထွက်သွားလိုက်တော့။ နောက်တစ်ကြိမ် မင်းခရမ်းကြယ်ပေါ်၊ ခြေချရဲခြေချကြည့်၊ ငါဘာပဲ ပေးဆပ်ရပေးဆပ်ရ မင်းကို မရရအောင် လိုက်သတ်မယ်”

“စိတ်ချထားလိုက်၊ စီနီယာ၊ ကျုပ်ဒီကို ဘယ်တော့မှ နောက်တစ်ကြိမ် ပြန်လာတော့မှာ မဟုတ်ဘူး” ရန်ကိုင်သည် ခွမ်ရှီကျုန်း၏ ခြိမ်းခြောက်စကားကို အရေးမစိုက်သည့်အလား ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။

ရန်ကိုင်သည် လေဟာနယ်စွမ်းအားကို အဆင့်မြင့်မြင့် တတ်ကျွမ်းထားသည့် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူ့ကိုသာ ဟင်းလင်းပြင်တစ်ခုထဲ ပိတ်ပြီး မဖမ်းနိုင်လျှင် ဤကြယ်စီရင်စုထဲရှိ မည်သူမှ သူ့အား သတ်နိုင်လိမ့်မည် မဟုတ်ချေ။

“ဒီနေ့ကိစ္စက မပြီးသေးဘူး။ တစ်နေ့ကျမှ ရေလကြယ်ဆီ သွားပြီး အိုင်းအောင်နဲ့ လူချင်းတွေ့ သွားစကားပြောဦးမယ်” ခွမ်ရှီကျုန်းသည် ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ပြီး ပြောလိုက်သည်။

ယခုအချိန်ထိတိုင် ရန်ကိုင်သည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှ ဖြစ်သည်ဟု ခွမ်ရှီကျုန်း ယုံကြည်နေဆဲ။

“ရေလကြယ်က စီနီယာကို အချိန်မရွေး ကြိုဆိုနေပါတယ်” ထိုသို့ ပြောပြီးနောက် ရှန်တုဘက်သို့လှည့်၍ “ရောင်းရင်းရှန်တု၊ မင်းတို့ အရင်သွားနှင့်။ ငါပြီးရင် လိုက်လာခဲ့မယ်”

“မင်းမလိုက်ဘူးလား” ရှန်တုန် မျက်မှောင်ကြုတ်သွားခဲ့၏။

“ပြီးမှ လိုက်လာမယ်။ အခု သူတို့ကို စောင့်ကြည့်ရဦးမယ်” ရန်ကိုင်က အောက်ဘက်သို့ ညွှန်ပြ၍ “ငါတို့သာ တစ်ပြိုင်တည်း ထွက်သွားရင် ဒီကောင်တွေ ငါတို့ ကြယ်သင်္ဘောကို ဖြတ်တိုက်ရင် ဖြတ်တိုက်မှာ။ ငါ့ကို စိတ်ပူမနေနဲ့။ ငါထွက်သွားချင်ရင် ဘယ်သူမှ ငါ့ကို တားလို့မရဘူး”

ထိုအခါမှ ရှန်တုက လက်သီးဆုပ်၍ “အဲ့လိုဆိုရင် ငါရင်သွားတော့မယ်နော် ရောင်းရင်းရန်၊ မင်းကိုယ်မင်းလည်း ဂရုစိုက်ဦး။ ငါမင်းကို ကြယ်သင်္ဘောပေါ်ကနေ စောင့်နေမယ်”

“အေး”

ပြောပြီးသည့်နောက်တွင် ရှန်တုသည် ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်းမှ လူများနှင့် ထွက်သွားလေသည်။ မသွားခင် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှ လူများသည် ရန်ကိုင်အား ကျေးဇူးတင်စကား ဆိုသွားခဲ့ကြလေသည်။

အောက်ဘက်တွင် ရှိနေသော ရှောင်ရှောင်သည် မူလပုံစံသို့ ပြန်ပြောင်း၍ အနက်ရောင်တုတ်ချောင်းကို ထမ်းကာ ရှန်တုတို့ နောက်သို့ ပြေးလိုက်သွားလေသည်။

ခရမ်းကြယ်မှ ပညာရှင်များမှတော့ မလှုပ်ရှားရဲကြဘဲ ရှန်တုတို့အဖွဲ့ ထွက်သွားသည်ကိုသာ ကူကယ်ရာမဲ့စွာဖြင့် ရပ်ကြည့်နေကြရ၏။

“မင်းက တော်တော် သတိကြီးတာပဲကွ” ခွမ်ရှီကျုန်းက ရုတ်တရက် ပြောလိုက်လေသည်။

“ဒီလို အခြေအနေမျိုးမှာ သတိကြီးမှ ဖြစ်မယ်လေ စီနီယာရဲ့” ရန်ကိုင်က ရယ်မောလျက် ပြန်ပြော၏။

“ထွက်သွားတဲ့ တစ်ကောင်နဲ့ အောက်မှာ ရှိနေသေးတဲ့ တစ်ကောင်က ဘာတွေလေ။ ဒီလူအိုကြီး သူတို့လို သက်ရှိမျိုး တစ်ခါမှ မတွေ့ဖူးဘူး” ခွမ်ရှီကျုန်းက မေးလိုက်၏။

“သက်ရှိတစ်မျိုးပဲ။ ဒါပေမယ့် အရမ်းကို ရှားပါးတဲ့ မျိုးနွယ်စုတွေကပေါ့။ စီနီယာ လိုချင်နေလို့ လိုက်ရှာမယ်ဆိုရင်တောင် ရှာလို့တွေ့မှာ မဟုတ်ဘူး။ ကျုပ်တောင် သူတို့တွေကို ကံကောင်းပြီး ရခဲ့တာ”

ခွမ်ရှီကျုန်းက ခေါင်းညိတ်၍ သွေးသားရဲများဘက်သို့ လှည့်ကာ ပြောလိုက်လေသည် “အဲ့ဒါတွေကကော ဘာတွေလဲ။ အဲ့ဒါတွေလည်း ရှားပါးတဲ့ မျိုးစိတ်တွေကလို့ လာမပြောနဲ့နော်”

“အဲ့ဒါတွေက နည်းစနစ်တစ်ခုခုသုံးပြီး ဖန်တီးထားတဲ့ သားရဲတွေ။ စီနီယာ သင်ချင်လို့လား။ သင်ချင်ရင် သင်ပေးလို့ ရတယ်နော်” ရန်ကိုင်က ပြုံးလျက် ပြောလိုက်သည်။

“မေ့လိုက်တော့” ခွမ်ရှီကျုန်းက အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည် “သင်ကြေးကို ငါပေးနိုင်မှာ မဟုတ်ဘူး”

ရန်ကိုင်သည် အချိန်ဆွဲရန်သက်သက်အတွက် သူနှင့် စကားလာပြောနေမှန်း ခွမ်ရှီကျုန်း သိသည်။ ထို့ကြောင့်လည်း အလကား ဖြစ်မည့်အတူတူ သူမသိသည့် အကြောင်းအရာများ အကြောင်း မေးကြည့်နေခြင်း ဖြစ်သည်။ ရန်ကိုင်က သင်ပေးမည့် ပြောမည့် နည်းစနစ်းကိုတော့ သူသင်မည်မဟုတ်ချေ။ သူသင်ချင်လျှင် သူ့ဘက်ကလည်း တစ်ခုခု ပြန်ပေးဆပ်မှ ရပေလိမ့်မည်။ ဤလောကကြီးတွင် အလကားရသည့်အရာ ဟူ၍ မရှိချေ။

“အဲ့ဒါတော့ မတတ်နိုင်ဘူးပေါ့” ရန်ကိုင်သည် ထိုနေရာတွင်ပင် စကားစ ဖြတ်ပစ်လိုက်လေသည်။

ရုတ်တရက် လီမောက်မင်က ရှေ့တက်၍ စိတ်ဓါတ် ကျနေသည့် အမူအရာဖြင့် လက်သီးဆုပ်ကာ “ရောင်းရင်းရန်၊ ငါ့ရဲ့ ရေခဲမီးတောက်လေး ပြန်ပေးလို့ရမလား”

“ရေခဲမီးတောက်” ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး လျို့ယန်အား လှမ်းကြည့်လိုက်လေသည်။

“ဟုတ်တယ်။ အဲ့ရေခဲမီးတောက်က ငါ့အတွက် အရမ်း အရေးကြီးလို့ပါ၊ ငါသာ အဲ့ဒါကို ဆုံးရှုံးလိုက်ရရင်…” လီမောက်မင်က ရှက်ရှက်ဖြင့် ပြောလိုက်သည်။

“အဲ့ဒါဆိုရင် ရောင်းရင်းလီ လူမှားနေပြီလို့ ပြောရမယ်။ ရောင်းရင်းလီ တောင်းရမှာ ကျုပ်ကိုမဟုတ်ဘူး၊ သူ့ကိုပဲ” ရန်ကိုင်က လျို့ယန်ကို လက်ညိုးထိုးပြလိုက်လေသည်။

“ရောင်းရင်းရန် မနောက်နဲ့လေ” လီမောက်မင်က မဲ့ပြုံးပြုံးလျက် “အဲ့ဒါ ဘာမှန်းမသိပေမယ့် ရောင်းရင်းရန်က သူ့ဆရာ ဖြစ်တာ အထင်သားကြီး။ ရေခဲမီးတောက်ကို ပြန်ပေးဖို့ ဆိုတာက ရောင်းရင်းရန် ပြောလိုက်ရုံပဲ… အလကား ပြန်မယူဘူး။ တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာတစ်ခုနဲ့ လဲပေးမယ်၊ အဆင်ပြေလား”

လီမောက်မင်က အနူးအညွတ် တောင်းဆိုနေသဖြင့် ရန်ကိုင်လည်း ခဏလောက် စဉ်းစားပြီးနောက် ပြန်ပြောလေ၏ “အဲ့ဒါဆို ပြောကြည့်ပေးမယ်”

“ကျေးဇူးအများကြီး တင်ပါတယ်”

ရန်ကိုင်က လျို့ယန်ဘက်သို့လှည့်၍ “သူပြောသွားတာ နင်လည်း ကြားတာပဲ။ ဒီတော့ အဲ့ရေခဲမီးတောက်ကို ပြန်ပေးလို့ အဆင်ပြေလား။ အဆင်ပြေရင် ခေါင်းညိတ်လိုက်၊ မပြေဘူးဆိုရင် ခေါင်းခါလိုက်”

လျို့ယန်သည် ရန်ကိုင်အား တစ်ခါသာ စောင်းကြည့်လိုက်ပြီး အရေးမစိုက်ဖြင့် အခြားဘက်သို့ လှည့်သွားလေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင်က လီမောက်မင် ဘက်သို့လှည့်၍ ပခုံးတွန့်လျက် “ရောင်းရင်းလီ၊ မင်းလည်း မြင်တယ်နော်၊ ငါပြောပေးတာပဲ… သူကကို ပြန်မပေးချင်နေတော့ ငါလည်း ဘာမှမတတ်နိုင်ဘူး”

“ဒါက…” လီမောက်မင် ဆွံ့အသွားလေသည်။

ထိုစဉ် နီားအနား တစ်နေရာမှ ကြယ်သင်္ဘောတစ်စင်း ကောင်းကင်ပေါ်သို့ ပျံတက်လာပြီး ကြယ်စီရင်စုထဲသို့ အလွန် လျင်မြန်သည့် အမြန်နှုန်းဖြင့် ပျံတက်သွားလေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင်က လက်သီးဆုပ်၍ “အားလုံးကို ဒီကနေပဲ နှုတ်ဆက်လိုက်ပါတယ်။ တစ်နေ့ ကံဆုံခဲ့ရင်တော့ ပြန်တွေ့ကြတာပေါ့”

ပြောပြီးသည့်နောက် သွေးသားရဲများ၊ လျို့ယန်နှင့် ကိုယ်ပွား ကျောက်ဘီလူးကို ပြန်ခေါ်ကာ ကြယ်သင်္ဘောနောက်သို့ ပြေးလိုက်သွားလေသည်။

“ရောင်းရင်းရန်၊ ငါ့ရေခဲမီးတောက်လေး…” လီမောက်မင်မှာ ဝမ်းနည်းတကြီး လှမ်းအော်ပြောလိုက်ပါသော်လည်း ရန်ကိုင်မှာတော့ ဟိုးအဝေးကို ရောက်နေခဲ့လေပြီ။

“ဘိုးဘေး၊ သူ့ကို ဒီအတိုင်း လွှတ်လိုက်မလို့လား” ကုန်းစွန်းလျန်သည် ခွမ်ရှီကျုန်းဘေးတွင် ရပ်၍ မေးလိုက်သည်။

ယနေ့တိုက်ပွဲသည် ခရမ်းကြယ်အား အကြီးအကျယ် မျက်နှာပျက်စေခဲ့ရုံမက ကုန်းစွန်းလျန်သည်လည်း အထိအခိုက်၊ အဆုံးအရှုံးများစွာနှင့် ကြုံတွေ့ခဲ့ရသည်။

ခွမ်ရှီကျုန်းသည် တစ်ခုခုအား ဝေခွဲရခက်နေဟန်ဖြင့် တုန့်ဆိုင်းတွေဝေနေခဲ့သည်။ သို့ရာတွင် သူ့မျက်လုံးမှာတော့ မီးတောက်လောင်လုမတတ် ဖြစ်နေခဲ့လေသည်။

“မကောင်းတော့ဘူး” ရုတ်တရက် ထိတ်လန့်တုန်လှုပ်နေသည့် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ အကုန်လုံး အသံ ကြားရာဆီသို့ လှမ်းကြည့်လိုက်ရာ ကျိဝူကျိအား လက်ထောက် တစ်ယောက်လို ဖြစ်သည့် ကျိကျွင်း ဖြစ်နေကြောင်း တွေ့လိုက်ရ၏။

“လူအိုကြီးကျိ၊ ဘာဖြစ်လို့လဲ” ကျိဝူကျိသည် နာကျင်မှုကို အံကြိတ်ခံရင်း မေးလိုက်လေသည်။

“ဒုတိယသခင်လေး၊ ခေါင်ချုပ်ရန် ခရမ်းကြယ်ရဲ့ ရတနာဂိုဒေါင်ထဲမှာ ရှိတဲ့ဟာတွေ အကုန် ယူသွားတယ်” ကျိကျွင်းက အသံအကျယ်ကြီး အော်ပြောလိုက်လေသည်။

“ဘာ” ကျိဝူကျိနှင့် ခွမ်ရှီကျုန်းတို့ နှစ်ဦးစလုံး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ကြလေသည်။

“မျိုးရိုးနာမည်ရန်က ခရမ်းကြယ်ဂိုဒေါင်ထဲ ဘယ်လို ဝင်သွားတာလဲ။ သော့ကကော ဘယ်လိုရတာလဲ။ အဲ့ဒါထက် သူ့ကို ဘယ်သူ ခေါ်သွားတာလဲ”

“အဲ့လိုကိုး။ ရတနာဂိုဒေါင်နားမှာရှိတဲ့ အစောင့်တွေကို ဒုတိယသခင်လေး ဘာလို့ ဖယ်လိုက်လဲ စဉ်းစားနေတာ ဒါကြောင့် ဖြစ်နေတာကိုး” ကုန်းစွန်းလျန်က ကျိဝူကျိကို စိုက်ကြည့်၍ “မင်းက သူနဲ့ ပေါင်းကြံနေတာပေါ့”

“ကျုပ်…” ကျိဝူကျိ စိုးရိမ်လာခဲ့လေသည် “သူက တစ်ခုပဲ ယူမယ်ပြောသွားတာ… အကုန်လုံး ယူသွားမယ်မှန်းမှ မသိတာ။ အဲ့လို ဖြစ်မှာစိုးလို့ လူအိုကြီးကျိကိုတောင် လိုက်သွားခိုင်းလိုက်သေးတယ်”

အကုန်လုံး၏ အကြည့် သူ့ဆီသို့ ရောက်လာသည်ကို မြင်သော် ကျိကျွင်းက ရှက်ရှက်ဖြင့် ရေရွတ်လိုက်လေ၏ “သူကျုပ်ကို ရိုက်ထည့်သွားလို့ သတိမေ့နေတာ။ အခုမှပဲ ပြန်နိုးလာခဲ့တာ…”

“အမှိုက်ကောင်” ခွမ်ရှီကျုန်းသည် ဒေါသတကြီး အော်ဟစ်ရင်း သူ့လက်ကို ဝှေ့ရမ်း၍ ကျိကျွင်းအား လှမ်းတိုက်ခိုက်လိုက်လေသည်။ အားလှိုင်းကြောင့် ကျိကျွင်းမှာ နောက်သို့ လွင့်စင်ထွက်သွားပြီး အနီးအနားရှိ နံရံတစ်ခုနှင့် သွားဆောင့်လေသည် “အဲ့ကောင့်နောက်ကိုလိုက်ကြ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကောင်ကို သတ်ရမှဖြစ်မယ်”

“ဟုတ်ကဲ့” အမိန့်ရလိုက်သည့်နှင့် အကုန်လုံးသည် သူတို့၏ လှုပ်ရှားမှုပညာရပ်များကိုသုံး၍ တစ်ခုသောဘက်သို့ ပျံထွက်သွားကြလေသည်။

ခဏအကြာတွင် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော တစ်စင်းနှင့်တကွ တန်ခိုးရှင့်အဆင့် ကြယ်သင်္ဘောများစွာတို့သည် ခရမ်းကြယ်မြို့ကို ဖြတ်၍ ရန်ကိုင် ထွက်ပြေးသွားသည့်ဘက်သို့ လိုက်သွားကြလေသည်။

ခရမ်းကြယ်၏ ရတနာဂိုဒေါင်ထဲ မည်သို့သော ရတနာများ ရှိနေမသလဲ ဆိုသည်ကို အခြားသူများ မသိသော်လည်း ခွမ်ရှီကျုန်းကတော့ ကောင်းကောင်း သိပေသည်။

ဂိုဒေါင်ထဲရှိ ရတနာအကုန်လုံးနီးပါးသည် အချိန်ကြာကြာ စိတ်ရှည်ရှည်ဖြင့်ပြန်စုဆောင်းလျှင် စုဆောင်း၍ ရနိုင်သော်လည်း ထိုရတနာများအနက် နဂါးအကြေးခွံ မပါချေ။ ထိုနဂါးကြေးခွံသည် ခရမ်းကြယ်ကို စတည်ထောင်ကတည်းက ရှိနေသည့် ပစ္စည်းတစ်ခု ဖြစ်ပြီး မျိုးဆက်အဆက်ဆက်၏ ပါရမီရှင်တို့သည် နဂါးကြေးခွံကို သန့်စင်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြချေ။ ခွမ်ရှီကျုန်း ကိုယ်တိုင်ပင်လျှင် ကြိုးစားကြည့်ခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့။ ထို့ကြောင့် ဂိုဒေါင်ထဲ ယခုအချိန်ထိ ရှိနေသေးခြင်း ဖြစ်သည်။

မည်သူမှ သန့်စင်နိုင်ခြင်း မရှိသော်လည်း နဂါးအကြေးခွံမှာ အဖိုးမရှိသည် ပစ္စည်းတစ်ခုတော့ မဟုတ်၊ အလွန်ကိုမှ အဖိုးတန်သည့် ပစ္စည်းတစ်ခု ဖြစ်ပေသည်။

ယခု နဂါးအကြွေးခွံ ခိုးခံလိုက်ရသည့်အကြောင်း ကြားလိုက်သည့်နောက် ခွမ်ရှီကျုန်း အလွန်ကိုမှ ဒေါသပုန် ထသွားခဲ့လေသည်။

ယနေ့သည် ခရမ်းကြယ်အတွက် အလွန်ကိုမှ သက်ရောက်မှု ကြီးမားသည့် နေ့တစ်နေ့ ဖြစ်ခဲ့သည်။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများကြား တိုက်ပွဲကြောင့် အဆင့်နိမ့်ကျင့်ကြံသူများနှင့် မြိုနေလူထုအပေါင်း ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။ ထို့အပြင် ရုတ်တရက်ကြီး ပေါ်လာသည့် ထူးထူးဆန်းဆန်း သတ္တဝါကြီးများ ကြောင့်လည်း မြို့အစိတ်အပိုင်း တော်တော်များများ ပျက်စီးသွားခဲ့ရသေး၏။ ထိုသို့ ဖြစ်ပြီးနောက် ယခု ကြယ်သင်္ဘော များစွာကို တွေ့မြင်လိုက်သည့်အခါ ခရမ်းကြယ်တွင် တစ်ခုခု ဖြစ်နေပြီမှန်း အကုန်လုံး သဘောပေါက်လိုက်ကြလေသည်။

သို့သော်လည်း တကယ်တမ်း ဘာတွေ ဖြစ်နေသလဲ ဆိုသည်ကိုတော့ မည်သူမှ မသိကြပေ။

ရန်ကိုင်သည် ကြယ်သင်္ဘောအား အလျင်အမြန် လိုက်မှီလာခဲ့သည်။ ကောင်းကင်စိတ်အာရုံဖြင့် လှမ်းအကြောင်းကြားလိုက်ပြီးနောက် ကိုယ်ထည်တံခါး ပွင့်လာခဲ့လေသည်။ ရန်ကိုင်လည်း ထိုတံခါးပေါက်အတိုင်း ဝင်လာလိုက်ပြီးနောက် ရှန်တုတို့အဖွဲ့ သူ့အား စောင့်နေသည်ကို တွေ့လိုက်ရ၏။

“ရှောင်းရင်းရန်” ရှန်တုက လက်သီးဆုပ်၍ အလေးအနက် အမူအရာဖြင့် “ဒီနေ့ကိစ္စကို ဒီရှန်တု သေချာမှတ်ထားပါ့မယ်။ နောက်ပိုင်း ရောင်းရင်းရန် တစ်ခုခု အကူအညီလိုလို့ရှိရင် ပြောသာ ပြောလိုက်၊ ဒီရှန်တု အတတ်နိုင်ဆုံး ကူညီပေးမယ်”

ရန်ကိုင်က ရယ်ရယ်မောမောဖြင့် “ရောင်းရင်းရှန်တုကလည်း အခုလိုတွေ လုပ်နေစရာမလိုပါဘူး။ ငါတို့က တစ်မိသားစုတည်းပဲ ဟာကို”

တစ်မိသားစုလည်း ရှန်တု ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။ သို့သော် ထိုအကြောင်းကို ထိုင်တွေးမနေဘဲ ရန်ကိုင် သူ့ကို ခင်သည့် အတွက်ကြောင့်သာ ထိုကဲ့သို့ ပြောခြင်း ဖြစ်ရမည်ဟု တွေးလျက် ခေါင်းထဲမှ ထုတ်ပစ်လိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၇၉)

ကြယ်သင်္ဘောပေါ်တွင် ရှန်တုတို့အဖွဲ့သာလျှင် မဟုတ်ဘဲ လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းမှ လူများလည်း ရှိနေကြသည်။

ဟွာရို့မုန်၊ ရှကျင်းဝူ၊ ယောင်ချင်း၊ ဟိုင်ထျန်း၊ ကောင်းဟုန်နှင့် အခြားသူများအားလုံး ရန်ကိုင်အား စိုးရိမ်နေသည့် အမူအရာများဖြင့် ကြည့်နေကြသည်။

အကုန်လုံးသည် သူတို့ တစ်ဘဝလုံးလိုလိုကို ခရမ်းကြယ်၌ နေလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့ကိုယ်သူတို့ ခရမ်းကြယ် ကျင့်ကြံသူများဟု ပြောမရလျှင်ပင် အနည်းဆုံး ခရမ်းကြယ်သား တစ်ဝက်လောက်တော့ ဖြစ်နေလေပြီ။ ယခုမူ ရုတ်တရက် ဖြစ်ပေါ်လာသော မမျှော်လင့်ထားသည့် အဖြစ်အပျက်များကြောင့် ခရမ်းကြယ်မှ ထွက်ပြေးလာခဲ့ရသည်။ သူတို့ အနေဖြင့် ခရမ်းကြယ်သို့ ဘယ်လိုမှ ပြန်သွားနိုင်တော့လိမ့်မည် မဟုတ်ချေ။ သို့ရာတွင် သူတို့တွင် ခရမ်းကြယ်မှအပ အခြားနေစရာနေရာ မရှိသေးပေ။ ထို့ကြောင့် သူတို့၏ အနာဂတ်ကို တွေးပူနေရလေ၏။

လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းမှ လူများအပြင် ကြည်လင်ကောင်းကင်လေလံစံအိမ်မှ လီနွော့၊ ဒေါ်လေးချန် ဆိုသည့်လူနှင့် အခြားလူအချို့လည်း ရောက်နေ၏။

လီနွော့နှင့် ဒေါ်လေးချန်တို့မှာတော့ ရန်ကိုင်အား အလွန် ကျေးဇူးတင်နေကြသည်။

ကြည်လင်ကောင်းကင်လေလံစံအိမ်သည် ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်းမှ တည်ဆောက်ထားသည့် လေလံစံအိမ် တစ်ခု ဖြစ်သည်။ ရန်ကိုင် ရှန်တုနှင့် တွေ့ပြီးနောက် ရှန်တုမှ တစ်ယောက်ယောက်ဆီ သတင်းပါးပေးစမ်းပါဟု တောင်းဆိုခဲ့စဉ်က သူသတင်းပါးစေချင်သည့်လူမှာ အခြား မဟုတ်ဘဲ လီနွော့သာ ဖြစ်ပေသည်။

ယခု အဖြစ်အပျက်ပြီးနောက်ပိုင်း ကြည်လင်ကောင်းကင် လေလံစံအိမ်အနေဖြင့် အရိပ်ကြယ်တွင် ဆက်ပြီး ခြေကုပ် ယူနိုင်တော့လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် လမ်းကြောင်းငါးသွယ် အဖွဲ့အစည်းအတွက် လွတ်လမ်းပြင်ရာတွင် ကြည်လင်ကောင်းကင်လေလံစံအိမ်ကိုပါ ထည့်စဉ်းစားခဲ့လေ၏။

သူတို့ အစီအစဉ်မှာ လုံးဝကို ချောချောမွေ့မွေ့နှင့် ပြီးမြောက်သွားနိုင်ခဲ့သည်။ သို့ရာတွင် ထိုသို့ ဖြစ်နိုင်ဖို့ရာ ရန်ကိုင်သည် အခရာ ကျခဲ့သည်။ ရန်ကိုင်သာ သူတစ်ယောက်တည်း ခရမ်းကြယ်မှ ပညာရှင်များကို ထိန်းမထားနိုင်ခဲ့လျှင် သူတို၏ အစီအစဉ်မှာ လုံးဝ သွားပေပြီ။

“ခေါင်းဆောင်ဟွာကို ကျုပ်မိတ်ဆက်ပေးရဦးမယ်။ ဒါက ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းခေါင်းဆောင် အိုင်းအောင်ရဲ့သား ရှန်တုပဲ” ရန်ကိုင်က ရှန်တုကို ညွှန်ပြ၍ မိတ်ဆက်ပေးလိုက်သည်။

သူမတို့နှင့် တစ်လှေတည်း ထွက်ပြေးလာရသော စုတ်စုတ်ပြတ်ပြတ် ဖြစ်နေသည့် ဤကောင်လေးသည် နောက်ခံ အသိုင်းအဝိုင်း အလွန်တောင့်တင်းသည့် အင်အားစုမှ လာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။ သူမပင်လျှင်မဟုတ်၊ ရှကျင်းဝူနှင့် လမ်းကြောင်းငါးသွယ်အဖွဲ့အစည်းမှ အခြားလူ အားလုံးသည်လည်း ရှန်တုအား အံ့ဩတကြီး ကြည့်နေကြ၏။

ရှန်တုက ပြုံးဖြီးလျက် “မင်းတို့အားလုံးက‌ ရောင်းရင်းရန်ရဲ့ မိတ်ဆွေတွေဆိုမှတော့ ဒီရှန်တုရဲ့ မိတ်ဆွေတွေပဲပေါ့”

“ငါမင်းအဲ့ဒါကို ပြောမှာ စောင့်နေတာ” ရန်ကိုင်က ပြုံးလျက် “အခု ခေါင်းဆောင်ဟွာနဲ့ သူ့အဖွဲ့သားတွေ ခရမ်းကြယ်ကနေ ထွက်ပြေးလာခဲ့ရတာ ငါ့ပယောဂ မကင်းဘူး။ အခု သူတို့မှာ နေစရာ မရှိသေးလို့ မင်းသူတို့အတွက် ရေလကြယ်မှာ နေစရာ တစ်ခုလောက် စီစဉ်ပေးလို့ရမလား”

“ငါ့တာဝန်ထားလိုက်” ရှန်တုက ရင်ဘတ်ကို လက်ဖြင့်ပုတ်၍ “ရေလကြယ်မှာ မိုင်တစ်သန်းကျယ်တဲ့ နယ်မြေနဲ့ မြို့ကြီးခုနှစ်မြို့က ငါအပိုင်စားရထားပြီးသား။ ခေါင်းဆောင်ဟွာ အဆင်ပြေတယ်ဆိုရင် ကုန်သွယ်ရေး အဖွဲ့အစည်းမှာ အဆင့်မြင့်မန်နေဂျာအဖြစ် လုပ်လို့ရတယ်”

“မိုင်တစ်သန်းပိုင်နက်”

“မြို့ကြီးခုနှစ်မြို့”

“မန်နေဂျာရာထူး”

လမ်းကြောင်းငါးသွယ်အဖွဲ့အစည်းမှ ကျင့်ကြံသူအားလုံး သူတို့နားသူတို့ မယုံကြည်နိုင် ဖြစ်နေခဲ့ကြလေသည်။

ရန်ကိုင်နှင့် မတွေ့ခင်က လမ်းကြောင်းငါးသွယ် အဖွဲ့အစည်းသည် အသက်ရှင်ရန်အတွက် ရုန်းကန်နေရသည့် ခရမ်းကြယ်၏ အဆင့်အနိမ့်ဆုံး စီးပွားရေး အဖွဲ့အစည်းများအနက် တစ်ခုသာ ဖြစ်လေသည်။

သို့သော်လည်း ရှန်တု၏ စကားတစ်ခွန်ကြောင့် သူတို့၏ ရာထူးမှာ နောက်နှစ်ပေါင်းတစ်ထောင်လောက် မနားတမ်း ကြိုးစားလျှင်ပင် အိမ်မက်ပင် မမက်နိုင်သေးသည့် အခြေအနေသို့ ရောက်သွားခဲ့သည်။

ရှန်တု၏ အကူအညီလည်းရ၊ သူတော်စင်သလင်းကျောက် သန်းနှစ်ရာကလည်း ထပ်ရှိနေသေးရာ လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေးအဖွဲ့အစည်း အောင်မြင်ဖို့ရာသည် ဧကန်မုချ ဖြစ်လာပေတော့မည်။

“အဲ့ဒါက… သင့်တော်ပါ့မလား” ဟွာရို့မုန်က အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

“ဘာမသင့်တော်စရာရှိလို့လဲ” ရှန်တုက ရယ်မောလျက် “ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့စည်းက စီးပွားရေးကို အဓိက အားပြုတာ၊ ရေလကြယ်မှာ ကုန်သွယ်ရေး အဖွဲ့အစည်းတွေဆိုမှ အများကြီးပဲ။ နင်တို့ရဲ့ ရည်ရွယ်ချက်က ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်နဲ့ လာတူနေတယ် ဆိုမှတော့ ဘာပြဿနာ ရှိဦးမှာ မို့လို့လဲ။ နင်တို့ကို အဆင့်မြင့် မန်နေဂျာ ရာထူးပေးလိုက်ရင် ငါ့အလုပ်တွေတောင် ပိုပြီး သက်သာသွားဦးမယ်”

ရန်ကိုင်က ပြုံးလျက် “ရောင်းရင်းရှန်တုကတောင် ဒီလို ပြောနေပြီဆိုတော့ ခေါင်းဆောင်ဟွာ ငြင်းမနေသင့်တော့ဘူးနော်”

ဟွာရို့မုန်မှာတော့ သူမကိုယ်သူမ အိမ်မက်ထဲသို့ ရောက်နေသည့်အလား ခံစားနေရရာ ရှကျင်းဝူ ချောင်းဟန့်တော့မှပဲ အသိပြန်ဝင်လာခဲ့လေသည်။ အမူအရာကို အလျင်အမြန် ပြန်ထိန်းလိုက်ပြီးနောက် ကျော့ရှင်းစွာ ဦးညွှတ်၍ “အခုလို ကူညီပေးတဲ့အတွက် ဒုတိယသခင်လေးကို ကျေးဇူးအများကြီး တင်ပါတယ်”

ရှန်တုက လက်ဝှေ့ရမ်း၍ “မလိုဘူး ခေါင်းဆောင်ဟွာက၊ အခုကစပြီး တစ်မိုသားစုတည်း ဖြစ်တော့မှာကို ဘာလို့ ဒီလိုတွေ ယဉ်ကျေးနေစရာ လိုဦးမှာလဲ”

လီနွော့က ရှေ့တက်၍ ဟွာရို့မုန်၏ လက်ကို ကိုင်ကာ ပြောလိုက်လေသည် “အစ်မဟွာ၊ ဂျူနီယာညီမကလည်း ဒုတိယ သခင်လေးရဲ့ ပိုင်နက်ထဲမှာ အလုပ်လုပ်မှာဆိုတော့ ကျေးဇူးပြုပြီး ညီမကို စောင့်ရှောက်ပေးပါဦးနော်”

“ဂျူနီယာညီမက နောက်တတ်တာပဲနော်။ အစ်မကပဲ ဂျူနီယာညီမကို အားကိုးရမှာကို”

ကြယ်သင်္ဘောထဲရှိ အခြေအနေသည် အလွန်ကိုမှ ပျော်ရွှင်ဝမ်းသာဖွယ် ကောင်းနေခဲ့လေသည်။

ထိုစဉ် ရန်ကိုင်က မျက်မှောင်ကြုတ်၍ နှာခေါင်းရှုံ့လျက် “ကြည့်ရတာ ခရမ်းကြယ်က လွယ်လွယ်နဲ့ လက်မလျှော့ချင်တဲ့ပုံပဲ”

ရှန်တု၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည် “ဘာဖြစ်လို့လဲ”

“ကြယ်သင်္ဘောဆယ်စီး ငါတို့နောက် လိုက်နေတယ်။ ကိုးစီးက တန်ခိုးရှင်အဆင့်၊ တစ်စီးက တန်ခိုးရှင်ဘုရင်အဆင့်ပဲ”

ထိုစကားကို ကြားသည့်အခါ အကုန်လုံး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။

တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောများသည် အလွန်ကိုမှ ရှားပါးပေသည်။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၌ပင် ထိုကဲ့သို့သော ကြယ်သင်္ဘောမျိုး အနည်းငယ်သာရှိသည်။ ခရမ်းကြယ်အတွက်လည်း အတူတူပင်။ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောအား မောင်းလာပုံထောက်လျှင် ဦးဆောင်လာသည့် လူမှာ ခွမ်ရှီကျုန်းသာ ဖြစ်ရပေလိမ့်မည်။

ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ ကြယ်သင်္ဘောမှာ တန်ခိုးရှင်အဆင့် ဖြစ်သော်လည်း သူတို့နောက်သို့ လိုက်လာနေသည်မှာ တန်ခိုးရှင်ဘုရင်အဆင့် ဖြစ်သည်။ အဆင့်မတူဘဲ သွားပြိုင်လျှင် သင်္ဘောတစ်စီးလုံး တစ်ခါတည်း တစ်စစီ ဖြစ်သွားပေလိမ့်မည်။ ထိုအခါ အကုန်လုံလးည်း ဒုက္ခရောက်ရပေမည်။

“ဘာလုပ်ကြမလဲ”

“ပြေးရမှာပေါ့”

“ပြေးလို့မရဘူးလေ။ သူတို့ သင်္ဘာက ငါတို့ထက် မြန်တယ်ဟ။ ပြန်လှည့်တိုက်မှပဲ ရလိမ့်မယ်”

အကုန်လုံး ထိတ်ထိတ်လန့်လန့် ဖြစ်ကုန်ကြလေသည်။

ရှန်တုကမူ ရန်ကိုင်ဘက်သို့သာလှည့်၍ ရယ်မောလျက် “မင်းတို့ ဒီလောက်လည်း စိတ်ပူမနေကြစမ်းပါနဲ့ကွာ။ ရန်ကိုင် ရှိနေတာပဲ… ဘာတွေ ဒီလောက် စိတ်ပူစရာရှိတာ မှတ်လို့။ ခရမ်းကြယ်လို့ မြို့ထဲကတောင် ထွက်လာပြီးပြီးကို ဒီလောက်ကျယ်တဲ့ ကြယ်စီရင်စုထဲမှာ သူတို့လက်က မလွတ်နိုင်စရာ အကြောင်းရှိပါ့မလား”

ထိုအခါမှပဲ အကုန်လုံး ငြိမ်သက်သွားကြပြီး ရန်ကိုင်အား လှမ်းကြည့်လိုက်ကြလေသည်။

“မင်းက ငါ့ကို တကယ် ယုံကြည်နေတာပဲကွ” ရန်ကိုင်က ရယ်မောလျက် ခေါင်းညိတ်၍ “စိတ်ပူမနေနဲ့။ အကုန်လုံး ဘာမှ မဖြစ်စေရဘူးလို့ ငါအာမခံတယ်။ ဒီအတိုင်းသာ ဆက်သွားနေ။ နောက်က လိုက်လာနေတဲ့လူတွေကို ငါကိုင်တွယ်လိုက်မယ်”

ပြောပြီးသည့်နောက် သူ့ပုံရိပ် ရုတ်တရက် ပျောက်ကွယ်သွားပြီး ကြယ်သင်္ဘော ကုန်းပတ်ပေါ်တွင် ပြန်ပေါ်လာခဲ့လေသည်။

နောက်သို့ လှမ်းကြည့်လိုက်ရာ အရှိန်အဟုန်ပြင်းပြင်းနှင့် သူတို့နောက်သို့ လိုက်လာနေသော ကြယ်သင်္ဘော ဆယ်စီးကို တွေ့လိုက်ရသည်။

အသက်ဆယ်ရှိုက်စာသာ ရှိသေးသော်လည်း သူတို့ကြားရှိ အကွာအဝေးမှာ တစ်ဝက်လောက် နီးကပ်လာခဲ့လေသည်။ မကြာမီ သူတို့ ကြယ်သင်္ဘောသည် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော အမြောက်များ၏ ပစ်မှတ်အတွင်းသို့ ရောက်လာပေတော့မည်။

ထိုစဉ် ခွမ်ရှီကျုန်းက ဒေါသတကြီး လှမ်းအော်ပြောလေသည် “ကောင်လေး၊ ငါတို့ ဂိုဒေါင်ထဲက မင်းယူသွားတဲ့ပစ္စည်း အကုန် ပြန်ပေးစမ်း၊ မဟုတ်ရင် ငါမင်းကို မရရအောင် လိုက်သတ်မှာ”

သူ့အော်ပြောပုံကို ကြည့်လျှင် ခွမ်ရှီကျုန်း မည်မျှ ဒေါသထွက်နေမှန်း သိနိုင်ပေသည်။

ရန်ကိုင်က ပြုံးလျက် “စီနီယာက ဘာလို့ ဒီလောက်တောင် ကပ်စေးနဲရတာလဲ။ ခရမ်းကြယ်က ဒီလောက် ချမ်းသာတာကို။ ပြီးတော့ ကျုပ်ယူသွားတဲ့ဟာတွေကလည်း စီနီယာတို့ မသုံးတဲ့ ဟာတွေချည်းပဲလေ။ အခု ကျုပ်လက်ထဲလည်း ရောက်နေပြီ ဆိုတော့ ခဏလောက် ငှားလိုက်ပါလား။ နောက်ကျမှပဲ ပြန်လာပေးမယ်လေ… အဲ့လိုဆို အဆင်ပြေလား”

“မင်းအခု ပြန်ပေးမယ်ဆို ဒီလူအိုကြီး ဘာမှမဖြစ်သလို မသိချင်ယောင် ဆောင်ပေးလိုက်မယ်။ မဟုတ်ရင်တော့ ကြယ်သင်္ဘောထဲမှာ ရှိနေတဲ့ မင်းတို့တွေအကုန်လုံး ဒီကြယ်စီရင်စုထဲမှာပဲ နိဂုံးချုပ်သွားရလိမ့်မယ်”

“စီနီယာက မဆွေးနွေးချင်ဘူးပဲ” ရန်ကိုင်က ပခုံးတွန့်လျက် “ရတယ်လေ။ စီနီယာက မဆွေးနွေးချင်မှတော့ ကျုပ်လည်း မပြောတော့ဘူးပေါ့။ ပြန်ပေးဖို့ကတော့ အခုလောလောဆယ် ပြန်ပေးဦးမှာ မဟုတ်သေးဘူး။ ပြီးတော့ စီနီယာကို ပြောလိုက်ဦးမယ်။ စီနီယာသာ ကျုပ်တို့နောက် ထပ်လိုက်လာနေဦးမယ်ဆိုရင် စီနီယာ တစ်သက်လုံး နောင်တ ရနေအောင် ကျုပ်လုပ်ပေးလိုက်မှာ”

“လေဟာနယ်စွမ်းအားကို တတ်ထားတာနဲ့ မင်းလုပ်ချင်တာ လုပ်လို့ ရပြီထင်နေတာလား ကောင်လေး။ ကြယ်စီရင်စုကြီးက အကျယ်ကြီးကွ။ ဒီထဲမှာ မင်းမတွေ့ဖူးသေးတဲ့ ပညာရှင်တွေမှ အများကြီး။ ဒီလူအိုကြီး မင်းကို နောက်ဆုံး အခွင့်အရေး ပေးလိုက်မယ်။ မင်းခိုးသွားတာတွေ ပြန်ပေး၊ မဟုတ်ရင် မင်းတို့ အကုန်လုံး သေရမယ်”

ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံးလျက် “ကျုပ်လည်း စီနီယာကို နောက်ဆုံးအကြိမ် သတိပေးလိုက်မယ်။ အခုချက်ချင်း ပြန်ဆုတ်ရင် ဆုတ်လိုက်၊ မဟုတ်ရင် တစ်သက်လုံး နောင်တရသွားအောင် လုပ်ပေးလိုက်မယ်”

“မင်းက ငါ့ကို မခံချင်အောင် လာလာ ရန်စနေတယ်ပေါ့။ ရတယ်လေ… စီနီယာတစ်ယောက်ကို ဘယ်လို လေးစားရမလဲ ဒီလူအိုကြီး မင်းကို သင်ပေးရမှာပေါ့” ပြောပြီးသည်နှင့် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော၏ ကိုယ်ထည်ဆီမှ သလင်းအမြှောက်များစွာ ထွက်ပေါ်လာခဲ့လေသည်။

သလင်းအမြှောက်များဆီမှ ထွက်ပေါ်လာသည့် အလင်းကြောင့် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော တစ်ခုလုံး နေနှယ်လနှယ် လင်းထိန်သွားခဲ့လေသည်။

ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအင်တို့ ဟင်းလင်းပြင် တစ်ခုလုံးကို ပြည့်နှက်သွားခဲ့လေသည်။

ရန်ကိုင်သည် ကြယ်သင်္ဘောထက်တွင် ရပ်ရင်း အသက်ကို ပြင်းပြင်းရှူသွင်းလျက် လေဟာနယ်စွမ်းအားကို အရူးအမူး လှည့်ပတ်ထိန်းချုပ်လိုက်လေသည်။

ဘုန်း…

ပေါက်ကွဲသံနှင့်အတူ အမြှောက်ပြောင်းဝဆီမှ ရောင်ခြည်တန်းများ ထွက်ပေါ်လာခဲ့လေသည်။ ရောင်ခြည်တည်း သွားရာလမ်းတစ်လျှောက်တွင် ရှိနေသော ကံမကောင်း အကြောင်းမလှသည့် ဥက္ကာခဲများမှာတော့ တစ်ခါတည်း အငွေ့ပျံ ပျောက်ကွယ်သွားကုန်ကြရလေသည်။

ဤတန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောမှ ပစ်လိုက်သော ရောင်ခြည်တန်း ဆယ်ခုသည် ကြယ်သင်္ဘောတစ်စင်း မဆိုထားနှင့်၊ ကျင့်ကြံရေးကြယ်တစ်လုံးကိုပင် ဖျက်စီးပစ်နိုင်ပေသည်။

ရောင်ခြည်တန်းဆယ်ခုသည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ ကြယ်သင်္ဘောကို ဖောက်ထွက်သွားခဲ့သည်။

မီးရှေ့ရောက်သည့် နှင်းပွင့်သူငယ်နှယ် ကြယ်သင်္ဘောသည် နည်းနည်းလေးပင် မခုခံနိုင်ဘဲ တစ်ခါတည်း အငွေ့ပျံ ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ခွမ်ရှီကျုန်း ကြောင်သွားခဲ့၏။ ဤမျှ လွယ်လိမ့်မည် မဟုတ်မှန်း သူသိနေသည်။

သို့သော်လည်း ချက်ချင်းဆိုသလို တစ်ခုခု မှားယွင်းနေမှန်း သတိပြုမိလိုက်ပြီး အခြားဘက်သို့ လှည့်ကြည့်လိုက်လေသည်။

သူလှည့်ကြည့်လိုက်သည့်ဘက်တွင်… ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ ကြယ်သင်္ဘော ရှိနေခဲ့သည်။ ကြယ်သင်္ဘောသည် ဘာမှမဖြစ်ဘဲ အကောင်းအတိုင်း ရွက်လွှင့်နေဆဲပင်… ရန်ကိုင်သည် ပြုံးဖြီးဖြီးဖြင့် ကြယ်သင်္ဘော ပေါ်တွင် ရပ်နေ၏။

“ကြယ်သင်္ဘောကိုတောင် နေရာပြောင်းပစ်နိုင်တာလား” ဘာတွေ ဖြစ်သွားလဲ ခွမ်ရှီကျုန်း အလျင်အမြန်ပဲ နားလည်သွား၏။ ထိုသို့ နားလည်လိုက်သည့်နောက် အံ့အားသင့်မှုကြောင့် သူ့တစ်ကိုယ်လုံး မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် တောင့်တင်းသွားလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၈၀)

ရန်ကိုင် လေဟာနယ်စွမ်းအားကို အဆင့်မြင့်မြင့် အသုံးပြုနိုင်မှန်း သိထားခဲ့သော်လည်း ကြယ်သင်္ဘောတစ်စင်းကိုပင် လေဟာနယ်စွမ်းအားသုံး၍ နေရာပြောင်းပစ်နိုင်သည်အထိ ကျွမ်းကျင်ထားလိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။ ဤသည်မှာ လူသားတစ်ယောက် လုပ်နိုင်သည့်အရာမျိုး မဟုတ်တော့ချေ။

ထို့ကြောင့်ပင် သလင်းအမြှောက်များအားလုံး ရန်ကိုင်တို့ ကြယ်သင်္ဘောကို ထိမသွားခဲ့ခြင်း ဖြစ်သည်။

ခွမ်ရှီကျုန်း ငေးကြောင်ကြောင် ဖြစ်နေစဉ် ရန်ကိုင်က လှမ်းအော်ပြောလေသည် “စီနီယာက ကျုပ်သတိပေးတာကို နားမထောင်ချင်မှတော့ အကျိုးဆက်ကို ရင်ဆိုင်ရတော့မှာပေါ့”

“မကောင်းတော့ဘူး” ခွမ်ရှီကျုန်း အလန့်တကြား ထအော်လေသည်။ ရန်ကိုင် ဘာလုပ်မယ်မှန်း မသိသော်ငြား သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်အကြီးကြီး ရနေသည်။

“အကာအကွယ်တွေကို မြန်မြန် အသက်သွင်းကြစမ်း” ထို့ကြောင့် အကုန်လုံးကို လှမ်းအော်ပြောလိုက်လေသည်။

တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောကို ထိန်းချုပ်နေသည့် ကျင့်ကြံသူများမှာလည်း အကာအကွယ် အစီအရင်များကို လျင်မြန်စွာ အသက်သွင်းလိုက်ကြလေသည်။ ကြယ်သင်္ဘော ပတ်လည်တွင် အကာအကွယ်တစ်ခု ပေါ်လာခဲ့သည်။ ထိုအကာကွယ်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးမှ အစွမ်းကုန် တိုက်ခိုက်လျှင်ပင် မပျက်စီးနိုင်သည်အထိကို အားကောင်းပေသည်။

သို့ရာတွင် ထိုမျှ ပြင်ဆင်ပြီးသည့်တိုင်း ခွမ်ရှီကျုန်း လုံးဝ စိတ်မအေးနိုင်သေးချေ။

ထိုစဉ် သူ့ရှေ့တည့်တည့်စီမှ ခရမ်းရောင်အလင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

ခရမ်းရောင်အလင်းမှာ အလွန် တောက်ပခြင်းမရှိ၊ အစောပိုင်းက ပစ်လွှတ်လိုက်သော ရောင်ခြည်တန်းများနှင့် ယှဉ်လိုက်လျှင် လပြည့်ဝန်းနှင့် ပိုးစုန်းကြူး အလင်းရောင်ကို ယှဉ်သလို ဖြစ်နေ၏။

ထိုသို့ပင် ဖြစ်စေကာမူ၊ ထိုခရမ်းရောင်အလင်းကို မြင်လိုက်ချိန် ခွမ်ရှီကျုန်း ရင်တဒုန်းဒုန်း ခုန်လာခဲ့သည်။ ထိုခရမ်းရောင်အလင်းကို ကြည့်နေရင်း တဖြည်းဖြည်း မျက်လုံးပြူးလာပြီး တစ်ကိုယ်လုံးဟာလည်း တဆတ်ဆတ် တုန်ရီလာခဲ့လေသည်။

ခရမ်းရောင်အလင်း ထွက်ပေါ်လာသည့် နေရာဆီမှ သူ့အား ဒူးထောက်ပြီး အရှုံးပေးချင်လာအောင် လုပ်နေသည့် အရှိန်အဝါတစ်ခုကို ခံစားလိုက်ရ၏။

“ဧကရာဇ်ဖိအား” ထိုလွှမ်းမိုးခြယ်လှယ်လွန်းလှသည့် အရှိန်အဝါသည် ဘာမှန်း ခွမ်ရှီကျုန်း ချက်ချင်း သိလိုက်လေသည်။

ဒီကောင့်မှာ ဧကရာဇ်မှော်ရတနာတစ်ခု ရှိနေတာလား… မဖြစ်နိုင်ဘူး

ဧကရာဇ်မှော်ရတနာများသည် ဒဏ္ဏာရီလာ ကြယ်တာရာ ကောင်းကင် မဟာဧကရာဇ်ကိုယ်တိုင် အသုံးပြုခဲ့သော် တန်ခိုးရှင် ဘုရင်အဆင့်ကို ကျော်လွန်နေသည့် မှော်ရတနာများ ဖြစ်ကြသည်။

သူထင်သည့်အတိုင်း… တကယ်ကြီး ဧကရာဇ်မှော်ရတနာ ဖြစ်မည်ဆိုပါက သူ့တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော ကျိန်းသေ ပျက်စီးရပေလိမ့်မည်။

ထိုအချက်ကို နားလည်လိုက်သော် ခွမ်ရှီကျုန်းက အလျင်စလို ထအော်လေသည် “မင်းတို့ မသေချင်ရင် မြန်မြန် ပြေးကြတော့”

ပြောပြီးသည့်နောက် သင်္ဘောကိုယ်ထည်တံခါး ရှိရာဆီသို့ ပြေးထွက်သွားပြီး တံခါးပေါက်ကို လက်သီးဖြင့် ထိုးဖွင့်ကာ အားလုံးထက်ဦးအောင် ပြေးထွက်သွားလေသည်။

ခွမ်ရှီကျုန်းကဲ့သို့ လူမျိုးပင် ထိုမျှ ကြောက်ကြောက်လန့်လန့် ဖြစ်နေသည်ကိုမြင်သော် အကုန်လုံးလည်း ထိတ်လန့်လာပြီး ချက်ချင်းပဲ တစ်ယောက်ပြီးတစ်ပေါက် ကိုယ်ထည်တံခါးပေါက်မှ ပြေးထွက်သွားကုန်ကြလေသည်။

ရန်ကိုင်သည် သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးကို ကိုင်လျက် သူတို့နောက်သို့ လိုက်လာနေသော တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောကို စိုက်ကြည့်နေခဲ့သည်။

ရန်ကိုင်မှ သူ့သူတော်စင်ချီကို ထည့်သွင်းနေသည်နှင့်အမျှ သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးဆီမှ ထွက်ပေါ်နေသော ခရမ်းရောင် လျှပ်ပန်းလျှပ်နွယ်တို့မှာ ပိုမို ပြင်းထန်လာနေခဲ့လေသည်။

လိုအပ်သော သူတော်စင်ချီပမာဏကို ထည့်သွင်းပြီးနောက် သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးဆီမှ လျှပ်စီးတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ရန်ကိုင့် ကောင်းကင်စိတ်အာရုံ၏ စေညွှန်ရာ အတိုင်း တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောဆီသို့ လေးကိုင်းမှ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းနှယ် ပြေးထွက်သွားလေသည်။

လျှပ်စီးတန်းနှင့်အတွေ့၌ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော၏ အကာအကွယ်ပေါ်၌ အပေါက်တစ်ပေါက် ဖြစ်ပေါ်လာခဲ့သည်။ တန်ခိုးရှင်ဘုရင်တတိယအဆင့် ပညာရှင်များ၏ တိုက်ခိုက်မှုကို ခုခံနိုင်သည့် အကာအကွယ်ပင် ဖြစ်လင့်ကစား ခရမ်းရောင်အလင်းတန်းကိုတော့ မည်သို့မှ မခုခံနိုင်ခဲ့ပေ။

အကာအကွယ်ကို ထိုးဖောက်လာပြီးနောက်တွင် ခရမ်းရောင် အလင်းတန်းသည် သင်္ဘောကိုယ်ထည်ကိုပါ ဆက်လက် ထိုးဖောက်သွား၍ သင်္ဘော၏ အခြားတစ်ဖက်ခြမ်းမှ ပြန်ထွက်လာခဲ့လေသည်။

သို့တိုင် ခရမ်းရောင်အလင်းတန်း၏ စွမ်းအားမှာ ကျဆင်းသွားခြင်း မရှိသေးဘဲ နောက်မှ လိုက်လာနေသည့် တန်ခိုးရှင်အဆင့် ကြယ်သင်္ဘောတစ်စင်းဆီသို့ ဆက်လက် တိုးဝင်သွားလေသည်။

ဘုန်း…

ပေါက်ကွဲသံကျယ်ကြီးနှင့်အတူ တန်ခိုးရှင်အဆင့်မြင့် ကြယ်သင်္ဘောသည် ရောင်ချိန်ပင် မရလိုက်ဘဲ တစ်ခါတည်း အငွေ့ပျံ ပျောက်ကွယ်သွားခဲ့လေသည်။ ထိုအခါမှသာ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောဆီမှ အက်သံအကျယ်ကြီး ထွက်ပေါ်လာခဲ့၏။

သင်္ဘောပတ်လည်တွင် ကာရံထားသော အကာအကွယ်သည် မှန်တစ်ချပ်နှယ် တစစီ ကွဲကြေသွားလေသည်။ သင်္ဘော တစ်စင်းလုံးမှာလည်း နှစ်ပိုင်း ကွဲထွက်သွားခဲ့၏။

ကံကောင်းစွာဖြင့် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောကို တည်ဆောက်ရာတွင် အသုံးပြုထားသည့် သတ္တုများမှာ အဆင့်မြင့် သတ္တုများ ဖြစ်သည့်အတွက် တစ်စစီ ပေါက်ကွဲထွက်သွားခြင်း မရှိခဲ့ပေ။ ထိုသို့ပင် ဖြစ်လင့်ကစား ဤတန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောသည် လုံးဝ သုံးမရတော့ချေ။

ပထမဆုံး ထွက်ပြေးသွားသည့် ခွမ်ရှီကျုန်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း ဖြူဖတ်ဖြူလျော် မျက်နှာဖြင့် အလိုလို ရေရွတ်မိလိုက်လေသည် “ဧကရာဇ်အဆင့် မှော်ရတနာပဲ။ လုံးဝ သေချာတယ်”

သူမည်သို့ပင်တွေးတွေး နားမလည်နိုင် ဖြစ်နေခဲ့ရလေပြီ. ရန်ကိုင်သည် အလွန်ပါရမီကောင်းသည့် လူငယ်တစ်ဦး ဖြစ်သလို အားကောင်းသည့် လက်အောက်ငယ်သားများစွာကိုလည်း ပိုင်ဆိုင်ထား၏။ ထို့အပြင် လေဟာနယ်တာအိုပါ ကျွမ်းကျင်ထားပြီး ဧကရာဇ်မှော်ရတနာတစ်ခုကိုပါ ပိုင်ဆိုင်ထားသေးသည်။

လူတစ်ယောက်တည်းတွင် ထိုမျှ သရေယိုဖွယ်ကောင်းလှသော အခွင့်ထူးခံများကို ဘာကြောင့် ရထားရလေသနည်း။

ထိုမျှ အားသားချက်များ ရှိထားလေရာ ဤကြယ်စီရင်စုထဲ မည်သူကများ သူ့ပြိုင်ဘက် ဖြစ်နိုင်ဦးမည်နည်း။ ကြယ်စီရင်စုကြီး၏ အထွဋ်အထိပ်သို့ ရောက်နေသော ခွမ်ရှီကျုန်း ပင်လျှင် ရန်ကိုင် ထုတ်ဖော်ပြသသွားသည့် နည်းလမ်းများကို မြင်ပြီးနောက် စွမ်းအားမဲ့သလို ခံစားလိုက်ရလေသည်။

လေဟာနယ်တာအိုကို အဆင့်မြင့်မြင့် ကျွမ်းကျင်ထားသည့် တစ်ချက်တည်းကပင် ရန်ကိုင်အား ကြယ်စီရင်စုကြီးထဲ ပြိုင်ဘက်ကင်းအောင် လုပ်ပေးနိုင်ပေသည်။ ဤကြယ်စီရင်စုထဲ သူ့အား သတ်နိုင်လောက်သည့်လူမရှိချေ။ ဤမျှ ကြောက်မက်ဖွယ်ရာ နည်းလမ်းများကို ပိုင်ဆိုင်ထားသည့် သူ့ကဲ့သို့ လူတစ်ယောက် တွေ့ကရာလူ လိုက်ပြဿနာ မရှာနေသည်မှာ အကုန်လုံးအတွက် ကောင်းချီဟုပင် ဆိုရပေတော့မည်။

ခွမ်ရှီကျုန်းစိတ်ထဲ နှစ်ပေါင်းများစွာကြာအောင် မခံစားဖူးခဲ့သော အကြောက်တရားကို ရုတ်တရက် တစ်ဖန်ပြန်လည် ခံစားလိုက်ရလေသည်။

သူပြန်ဆုတ်ချင်နေလေပြီ။

ရန်ကိုင်ကိုလည်း မသတ်နိုင်သလို ဧကရာဇ်မှော်ရတနာ၏ တိုက်ခိုက်မှုကိုလည်း မခုခံနိုင်လေရာ ပြန်ဆုတ်ခြင်းသည် အကောင်းဆုံး လမ်းကြောင်း ဖြစ်ပေသည်။

သို့သော်လည်း ရန်ကိုင်အား လှမ်းကြည့်မိလိုက်သည့်အခိုက် ထိတ်လန့်နေသော သူ့မျက်လုံများသည် ဝမ်းသာရိပ်တို့ဖြင့် တလက်လက် ပြန်လည် တောက်ပလာခဲ့လေသည် “ပစ်ကြစမ်း၊ အဲ့ကောင်ကို အလွတ်မပေးကြနဲ့”

ရန်ကိုင်မျက်နှာသည် ဧကရာဇ်မှော်ရတနာကို သုံးပြီးနောက် စက္ကူဖြူတစ်ရွက်နှယ် ဖြူစွတ်သွားကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။

ဧကရာဇ်မှော်ရတနာသည် အလွန်ကိုမှ အားကောင်းသောင်ငြား ထိုမှော်ရတနာကို အသုံးပြုရန် ပေးဆပ်ရသည့် တန်ဖိုးမှာလည်း ပေါ့သေးသေး မဟုတ်ကြောင်း ခွမ်ရှီကျုန်း ချက်ချင်း နားလည်သွားခဲ့သည်။ လက်ရှိ ရန်ကိုင်၏ ခွန်အားအရ ဧကရာဇ်မှော်ရတနာအား နောက်တစ်ကြိမ် ထပ်ပြီး အသုံးပြုနိုင်ဦးမည် မဟုတ်ပေ။

ခွမ်ရှီကျုန်း၏ ခန့်မှန်းချက် မှန်ပေသည်။

ရန်ကိုင် ဧကရာဇ်မှော်ရတနာကို နောက်တစ်ကြိမ် ထပ်မသုံးနိုင်တော့ချေ။

ရန်ကိုင့် ဘဝတွင် ဧကရာဇ်မှော်ရတနာကို အကြိမ်များစွာ သုံးခဲ့ဖူးပေသည်။ သုံးလိုက်သည့်အချိန်တွင် သူတော်စင်ချီနှင့် စိတ်စွမ်းအင် အကုန်ကုန်သွားရစမြဲပင်။ သူ့ခွန်အား တိုးတက်လာသည့်အလျောက် ဧကရာဇ်မှော်ရတနာမှ ထုတ်လွှတ်နိုင်သည့် စွမ်းအားမှာလည်း တိုးတက်လာခဲ့သော်ငြား ဧကရာဇ်မှော်ရတနာအား နှစ်ကြိမ်ဆက်တိုက်ကြီးတော့ အသုံး မပြုနိုင်သေးချေ။

ယန်ယန်ကဲ့သို့သော လူမျိုးသည်သာ သုတ်သင်ခြင်း မိုးကြိုးဓါတ်လုံးကို မည်သည့် ဘေးထွက်ဆိုးကျိုးမှ မကြုံရဘဲ အသုံးပြုနိုင်လောက်၏။

သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးကို သုံးပြီးနောက်တွင် ရန်ကိုင်သည် ချက်ချင်းပဲ ဆေးတစ်လုံးကို ကောက်သောက်လိုက်၏။

ချိုမြမြ ဆေးအရည်သည် လည်ချောင်းတစ်လျှောက် စီးဆင်းသွားခဲ့သည်။ တစ်ချိန်တည်းတွင် သူ့တစ်ကိုယ်လုံး အနည်းငယ် ပြန်လည် လန်းဆန်းလာသလို ခံစားလိုက်ရ၏။

ထိုစဉ် ခွမ်ရှီကျုန်းသည် သူ့လူများကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်လေသည်။

ကျန်သည့် တန်ခိုးရှင်အဆင့် ကြယ်သင်္ဘော ရှစ်စင်းသည် သူတို့၏ သလင်းအမြှောက်များကို ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ ကြယ်သင်္ဘောဆီသို့ ချိန်လိုက်ကြလေသည်။

မျက်စိကျိန်းမတတ် အလင်းတန်းများနှင့်အတူ ကမ္ဘာပျက်မတတ် ရောင်ခြည်တန်းတို့ ကြယ်သင်္ဘောရှစ်စင်းမှ ဖြာထွက်လာခဲ့လေကြသည်။

သူ့ဆီသို့ ရောင်ခြည်တန်းများစွာ တိုးဝင်လာနေလင့်ကစား၊ ရန်ကိုင်သည် အေးအေးလူလူဖြင့်သာ ရပ်၍ ခွမ်ရှီကျုန်းကို လှမ်းအော်ပြောလိုက်လေသည် “စီနီယာ၊ ဒီတစ်ကြိမ်က ခရမ်းကြယ်ကို ပထမဆုံး လာခဲ့ဖူးတာဆိုပေမယ့် ကျုပ် အရမ်းကို မပျော်မရွှင် ဖြစ်ရတယ်။ နောက်ပိုင်း အခွင့်အရေးရရင် စီနီယာ ကျုပ်ထပ်လာခဲ့ပါ့မယ်။ စီနီယာ အဲ့အချိန်ထိ အသက်နေဖို့ မျှော်လင့်ပါတယ်”

ထိုစကားလုံးများသည် ခွမ်ရှီကျုန်း၏ ရင်ထဲ အကြောက်တရားများကို ဖြစ်ပေါ်လာစေခဲ့လေသည်။ ရန်ကိုင် ထုတ်ပြသွားသည့် နည်းလမ်းများကို ပြန်စဉ်းစားကြည့်ပြီးနောက် ရန်ကိုင်သာ ယနေ့ လွတ်သွားခဲ့လျှင် ခရမ်းကြယ်၏ အနာဂတ် လုံးဝ ကောင်းတော့မည်မဟုတ်မှန်း သိလိုက်၏။

ခွမ်ရှီကျုန်း၏ ရင်တထိတ်ထိတ် ဖြစ်နေသည့် အကြည့် အောက်၌ပင် ရန်ကိုင်သည် လက်နှစ်ဖက်ကို ဆန့်ထုတ်၍ သူ့ရှေ့ရှိ ဟင်းလင်းပြင်ကို ဆွဲဖြဲချလိုက်လေသည်။

…

လိုက်ကာနှစ်ချပ်ကို ဖွင့်လိုက်သည့်နှယ် ဧရာမ ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ရန်ကိုင်ရှေ့၌ ထွက်ပေါ်လာခဲ့လေ၏။

အက်ကွဲကြောင်းကြီးထဲ ဘာဆိုဘာမှမရှိ… ဗလာနတ္ထိ ဟင်းလင်းပြင်ကြီးသာ ရှိနေခဲ့သည်။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ ကြယ်သင်္ဘောသည် ထိုအက်ကွဲကြောင်းထဲသို့ အေးအေးလူလူ ရွက်လွှင့်သွားခဲ့လေသည်။

ပျောက်ကွယ်သွားသော ကြယ်သင်္ဘောကို ကြည့်ရင်း ခွမ်ရှီကျုန်း၏ မျက်နှာကြီး ပြိုတော့မည့်မိုးနှယ် မည်းမှောင်နေ၏။ သူ့စိတ်ထဲ သူကိုယ်တိုင် လှုပ်ရှားလိုက်လျှင် ကောင်းမလားဟူသော မေးခွန်းနှင့် ပက်သက်၍ ကြိမ်ဖန်များစွာ လွန်ဆွဲနေမိခဲ့သော်ငြား နောက်ဆုံးတွင် မလှုပ်ရှားရန်သာ ဆုံးဖြတ်လိုက်သည်။

သူကိုယ်တိုင် တိုက်ခိုက်လျှင်ပင် ရန်ကိုင်အား တားနိုင်လိမ့်မည် မဟုတ်ဘဲ အခပ်မသင့်လျှင် အက်ကွဲကြောင်းထဲသို့ပါ ပါသွားနိုင်ပေသည်။

ရန်ကိုင်သည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် အတွက် ဟင်းလင်းပြင်ထဲ လမ်းပျောက်သွားမည်ကို စိုးရိမ်စရာ မလိုတော့ချေ။ သို့ရာတွင် သူကတော့မတူ။ ခွမ်ရှီကျုန်းသည် လေဟာနယ်စွမ်းအားကို တတ်ကျွမ်းထားသူမဟုတ်။ သူသာ ဟင်းလင်းပြင်ထဲ လမ်းပျောက်သွားခဲ့လျှင် ထိုနေရာတွင်သာ တစ်သက်လုံး ပိတ်မိနေပေလိမ့်မည်။

နောက်ဆုံး ခွမ်ရှီကျုန်း၏ စိတ်ထဲ ထိတ်လန့်တုန်လှုပ်မှု၊ အလိုမကျမှုတို့သည်သာ ကျန်ရစ်ခဲ့ရလေသည်။

မလိုမကျမှုမှာ ရန်ကိုင်ယူသွားသည့် ရတနာများကို ပြန်မယူလိုက်နိုင်သည့် အတွက်ကြောင့်နှင့် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘော ပျက်စီးသွားသည့် အတွက်ကြောင့်ဖြစ်ပြီး ကြောက်ရွံ့တုန်လှုပ်မှုမှာတော့ ရန်ကိုင် ထွက်မသွားခင် နောက်ဆုံး ပြောသွားသည့် စကားများကြောင့် ဖြစ်ပေသည်။

ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း ကြယ်သင်္ဘော ပျောက်ကွယ်သွားပြီးနောက်တွင် ဟင်းလင်းပြင်အက်ကြောင်းသည် သူ့အလိုလို ပြန်ပိတ်သွားခဲ့လေသည်။

ထိုအခါမှ ကြယ်သင်္ဘောရှစ်စင်းမှ ပစ်လွှတ်လိုက်သည့် ရောင်ခြည်တန်းများ ရောက်လာခဲ့သည်။ ထိုရာနှင့်ချီသော ရောင်ချီတန်းများသာ ထိခိုက်ခံလိုက်ရလျှင် လုံးဝ သေပေပြီ။ သို့သော်လည်း ပစ်မှတ် မရှိတော့မှဖြင့် ရောင်ခြည်တန်း မည်မျှပင် အဖျက်စွမ်းအား ပြင်းထန်စေကာမူ ဘာမှ အသုံးမဝင်တော့ချေ။

ထိုအဖြစ်အပျက်ကြောင့် ခွမ်ရှီကျုန်း၏ မျက်နှာမှာ နှစ်ရာပေါင်းများစွာ ပို၍ အိုစာသွားခဲ့လေသည်။ ခွမ်ရှီကျုန်းမှ ဆက်၍ အမိန့်မပေးသဖြင့် အခြားသူများလည်း ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ချေ။

ခဏအကြာတွင် ကြယ်သင်္ဘောထဲမှ ပညာရှင်များစွာ ထွက်လာပြီး ခွမ်ရှီကျုန်းရှေ့တွင်ရပ်ကာ သူ့အား စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။

“ဟူး…” ခွမ်ရှီကျုန်းသည် သက်ပြင်းအမောကြီးချလျက် ကိုယ့်ကိုယ်ကို လှောင်ရယ်သလို ရယ်မောလိုက်ရင်း “လူငယ်မျိုးဆက်က လူကြီးမျိုးဆက်ကို ကျော်ဖြတ်လိမ့်မယ်မှန်း ငါသိနေတယ်။ အချိန်စွမ်းအားကို ဘယ်သူမှ မလွန်ဆန်နိုင်ပါလား”

“ဘိုးဘေ…” အကုန်လုံးလည်း ပြောစရာစကား ပျောက်ရှနေကြသည်။ ရန်ကိုင်လက်တွင် ကြီးကြီးမားမား ဆုံးရှုံးလိုက်ရသည့်အတွက် ခွမ်ရှီကျုန်း အတော်လေး စိတ်ဓါတ် ကျနေမယ်မှန်း သိထားသော်လည်း မည်သို့ နှစ်သိမ့်ပေးရမယ်မှန်းမသိ ဖြစ်နေကြလေသည်။

All Chapters