← Chapters

အခန်း (၁၈၈၁-၁၈၈၅)

Vol. 76 Ch. 1881-1885

အခန်း (၁၈၈၁-၁၈၈၅)

Vol. 76 Ch. 1881-1885

အပိုင်း (၁၈၈၁)

“ထားလိုက်တော့။ ပြန်ကြရအောင်။ ကျိလုန်လည်းသေ၊ တုန်အာကလည်း သူနဲ့ ရှိနေတာဆိုတော့ သေဖို့များသွားပြီ။ အခု ခရမ်းကြယ်က ခေါင်းမရှိတဲ့ နဂါးတစ်ကောင်လို ဖြစ်နေပြီ။ အနာဂတ်အတွက်တော့… “ပြောပြီးသည့်နောက် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်၏။

ကုန်းစွန်းလျန်သည် ရင်ကို ကော့လိုက်၏။

“မင်းတို့အားလုံးကို ဝူကျိ အမိန့်ပေးလိမ့်မယ်။ အကုန်လုံး သူ့ကို တတ်နိုင်သမျှ ကူညီပေးလိုက်ကြ” ထို့နောက် ခွမ်ရှီကျုန်းသည် ကုန်းစွန်းလျန်ဘက်သို့လှည့်၍ “မင်းအုတ်မြစ်က ထိခိုက်နေပြီ။ ဒီတော့ မင်းတံခါးပိတ်ကျင့်စဉ် ဝင်မှရတော့မယ်”

“ဟုတ်ကဲ့” ခွမ်ရှီကျုန်း၏ ဆုံးဖြတ်ချက်နှင့် ပက်သက်၍ အလိုမကျ ဖြစ်မိသော်လည်း မကန့်ကွက်ရဲသည့်အတွက် ခေါင်းညိတ် သဘောတူရုံသာ တတ်နိုင်လေသည်။ ခွမ်ရှီကျုန်း ပြောသည်မှာလည်း မှန်ပေသည်။ ရန်ကိုင်နှင့် တိုက်ခိုက်ရာတွင် သူကြီးကြီးမားမား ဒဏ်ရာရသွားခဲ့သည်။ ထိုဒဏ်ရာကိုသာ သေချာ မကုသလျှင် ဆိုးရွားသည့် အကျိုးဆက်များကို ရင်ဆိုင်ရနိုင်ကာ အခပ်မသင့်လျှင် ကျင့်ကြံခြင်းအဆင့်ပင် လျှောကျသွားနိုင်ပေသည်။

ခရမ်းကြယ်၏ ဂိုဏ်းချုပ်ရာထူးနှင့် ယှဉ်လိုက်သော် သူ့ခွန်အားသည် ပို၍ အရေးကြီးပေသည်။

“ဘိုးဘေးကို ကျေးဇူးအများကြီးတင်ပါတယ်။ တပည့် အစွမ်းကုန်ကြိုးစားပြီး ခရမ်းကြယ်ကို တိုးတက်အောင် လုပ်ပေးပါ့မယ်” ကျိဝူကျိက ပြောလိုက်သည်။ ရောင်ကိုင်းနေသော နှာခေါင်းရှုံးနှင့် ဖြူဖတ်ဖြူလျော် ဖြစ်နေသော သူ့မျက်နှာပင် ဝမ်းသာပျော်နေရွှင်သည့် သူ့အမူအရာကို ဖုံးဖိမထားနိုင်ခဲ့ပေ။

အခြေအနေမည်မျှပင် ခက်ထန်ခဲ့ပါစေ၊ မည်မျှ များပြားသော အလှည့်အပြောင်းများ ဖြစ်ပေါ်ခဲ့ပါစေ၊ အဆုံးတွင်တော့ သူ့ပန်းတိုင်ကို အရောက်လှမ်းနိုင်ခဲ့ပေသည်။

…

ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း ကြယ်သင်္ဘောသည် ဟင်းလင်းပြင်ထဲ အေးအေးလူလူ ရွက်လွှင့်နေခဲ့သည်။ ရန်ကိုင်သည် သင်္ဘောကုန်းပတ်ပေါ်တွင် ထိုင်ရင်း ကြယ်သင်္ဘော ဟင်းလင်းပြင် စီးကြောင်းထဲ မျောပါမသွားစေရန် သူ့လေဟာနယ် စွမ်းအားဖြင့် ကြယ်သင်္ဘောတစ်စီးလုံးကို လွှမ်းခြုံထားလေသည်။

ရန်ကိုင်ကဲ့သို့ လမ်းညွှန်ပေးမည့် လူတစ်ဦးသာ မပါလျှင် ဟင်းလင်းပြင်ထဲ သွားလာရသည်မှာ အလွန်ကို အန္တရာယ်များပေသည်။ ဟင်းလင်းပြင်စီးကြောင်းများသည် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် တစ်စစီ ဖြစ်အောင် တိုက်စားပစ်နိုင်သည်အထိ အားကောင်းပေသည်။

ဟင်းလင်းပြင်ထဲသို့ ဝင်လာလာချင်းတွင်း အကုန်လုံး အထိတ်ထိတ်အလန့်လန့် ဖြစ်ခဲ့ကြသော်လည်း ယခုမူ အကုန်လုံး အေးဆေးဆေး ဖြစ်နေကြလေပြီ။ အခွင့်အရေး ရတုန်းလေး ပတ်ဝန်းကျင်ကိုပင် စတင် စူးစမ်းနေကြ၏။

ဟင်းလင်းပြင်ထဲ ဝင်နိုင်ဖို့ရာ မလွယ်ကူချေ။ ထို့ကြောင့် ရရှိလာသည့် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရပေသည်။

သို့ရာတွင် ကံမကောင်းစွာဖြင့် ဟင်းလင်းပြင်ထဲ ဘာဆိုဘာမှ ရှိမနေဘဲ ဗဟာနတ္ထိသာ ရှိနေခဲ့သဖြင့် အကုန်လုံး စိတ်ပျက်လက်ပျက် သွားခဲ့ကြရလေသည်။

ခဏအကြာတွင် အကုန်လုံးသည် ပတ်ဝန်းကျင်ကို ဂရုစိုက်မနေတော့ဘဲ လုပ်လက်စ အလုပ်များကိုသာ ပြန်သွားလုပ်နေကြတော့၏။

အချိန်တစ်ခု ကြာပြီးနောက် ကြယ်သင်္ဘောထဲ တဝီဝီ မြည်သံများ ထွက်ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် အကုန်လုံး၏ မြင်ကွင်းထဲ တလက်လက် တောက်ပနေသော ကြယ်များ တဖန်ပြန်လည် ထွက်ပေါ်လာခဲ့လေသည်။

ကြယ်သင်္ဘောသည် ကြယ်စီရင်စုထဲသို့ ပြန်ရောက်လာခဲ့လေပြီ။

ရန်ကိုင်သည် လူအုပ်အလယ်တွင် ပေါ်လာခဲ့သည်။ သို့သော် သူ့မျက်နှာမှာ ဖြူဖတ်ဖြူလျော် ဖြစ်နေဆဲ။ လူအုပ်ထဲသို့ ရောက်ရောက်ချင်း ချော်လဲလုမတတ်ပင် ဖြစ်သွားခဲ့သည်။

“ရန်ကိုင်၊ မင်းအဆင်ပြေရဲ့လား” ရှန်တုသည် ရန်ကိုင်အား အလျင်စလို လှမ်းထူမပေးလိုက်လေသည်။

“ရတယ်၊ ငါအဆင်ပြေတယ်” ရန်ကိုင်က လက်ဆန့်ထုတ်ကာ တားလိုက်ပြီး “ငါ့အားကုန်သုံးလိုက်ရလို့ အားပြတ်သွားရုံပဲ။ ရက်နည်းနည်းလောက် နားလိုက်ရင် ပြန်ကောင်းသွားလိမ့်မယ်။ စိတ်ပူမနေနဲ့”

ယခင်က ကြယ်သင်္ဘောကဲ့သို့သော အလွန်ကြီးမားသည့် အရာမျိုးနှင့် ဟင်းလင်းပြင်အက်ကွဲကြောင်းကို တစ်ခါမှ မဖြတ်သန်းခဲ့ဖူးပေ။ လေဟာနယ်စွမ်းအားကို အဆင့်မြင့်မြင့် အသုံးချနိုင်သော်လည်း ဤသို့လုပ်ခြင်းသည် သူ့ခန္ဓာကိုယ်ကို အလွန်ဝန်ပိစေပေသည်… အထူးသဖြင့် သုတ်သင်ခြင်းမိုးကြိုး ဓါတ်လုံးကို သုံးပြီးပြီးခြင်းမျိုးတွင် ဖြစ်သည်။

သို့သော်လည်း ဤသို့ လုပ်လိုက်ခြင်းအားဖြင့် လေဟာနယ် စွမ်းအားကို မည်သည့်အတိုင်းအတာအထိ အသုံးချနိုင်လဲ ဆိုသည်ကို သူကောင်းကောင်း နားလည်သွားရလေသည်။

“အဲ့ဒါဆို မင်းသွားနားနှင့်လိုက်လေ။ ဒီက ကိစ္စကို ငါတာဝန်ယူထားလိုက်မယ်” ရှန်တုက ပြောလိုက်၏။

ဟွာရို့မုန်နှင့် အခြားသူများသည်လည်း ရန်ကိုင်အား စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။

ရန်ကိုင်က ခေါင်းညိတ်၍ “အခုလောက်ဆို လုံခြုံလောက်ပြီ။ မင်းတို့ အေးအေးဆေးဆေး ရွက်လွှင့်သွားလို့ရပြီ။ တစ်ခုခု ဖြစ်ရင် ငါလာခဲ့မယ်”

“စိတ်ပူမနေနဲ့၊ အေးဆေးသာ ပြန်နားလိုက်။ လီနွော့၊ ရောင်းရင်းရန်အတွက် အခန်းတစ်ခန်းလောက် အမြန် ပြင်ပေးလိုက်ပါဦး” ရှန်တုက လီနွော့ဘက်သို့လှည့်၍ အမိန့်ပေးလိုက်သည်။

“ဆရာ၊ ကျေးဇူးပြုပြီး ကျွန်မနောက် လိုက်ခဲ့ပေးပါ” လီနွော့သည် အလျင်အမြန်ပဲ ရန်ကိုင်အား ဦးဆောင် ခေါ်သွားလေသည်။

တန်ခိုးရှင်အဆင့်မြင့် ကြယ်သင်္ဘောများသည် အင်အားစုကြီးတိုင်း လိုလိုတွင် ရှိသော်လည်း ဤကြယ်သင်္ဘောသည် ရှန်တုကိုယ်ပိုင် ကြယ်သင်္ဘော ဖြစ်သည့် အတွက် အထဲရှိ အပြင်အဆင်မှာလည်း သာမန် တန်ခိုးရှင်အဆင့်မြင့် ကြယ်သင်္ဘောများထက် ပိုပြီး ခမ်းနားပေသည်။ လီနွော့သည် ရန်ကိုင်အား ကြယ်သင်္ဘောထဲရှိ အကောင်းဆုံး အခန်းတစ်ခန်းဆီသို့ ခေါ်သွားပေးလိုက်လေသည်။

ရန်ကိုင်သည် ကုတင်ဆီသို့ လျှောက်သွားလိုက်ပြီး တင်ပလင်ခွေ ထိုင်ချလိုက်သည်။ ထို့နောက် အခန်း အပြင်အဆင်ကို လှည့်ပတ်ကြည့်လိုက်၏။ အစီအရင်ကြောင့်လား မသိရာ အခန်းထဲရှိ မိုးမြေစွမ်းအင်သည် အတော်လေး သိပ်သည်းနေ၏။

စိတ်ငြိမ်းချမ်းစေရန်အတွက် အကောင်းဆုံး အမွှေးနံ့သာကိုလည်း ထွန်းညှိပေးထားလေသည်။

ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်၍ မော့သောက်လိုက်သည်။ ထို့နောက် အသက်ရှုနှုန်းကို ချိန်ညှိလိုက်လေသည်။

အချိန်သည် တရွေ့ရွေ့ဖြင့် ကုန်ဆုံးသွား၏။

ခြောက်ရက်ခန့် ကြာပြီးနောက်တွင် ရန်ကိုင် အကောင်းအတိုင်း ပြန်ဖြစ်လာခဲ့သည်။

ဟင်းလင်းပြင်ထဲတွင် သူ့ကိုယ်သူ အကန့်အသတ်ထိ ရောက်အောင် တွန်အားပေးခဲ့ရသဖြင့် လေဟာနယ်စွမ်းအားနှင့် ပက်သက်၍ အနည်းငယ် တိုးတက်လာခဲ့ရသည်။ ယခု ပြန်ကောင်းလာသည့်အခါ ထိုစဉ်က ရရှိခဲ့သည့် ဥာဏ်အလင်း အသစ်များကို ပြန်သုံးသပ်ကြည့်လေသည်။

ဤသို့ဖြင့် နောက်ထပ် ရက်အနည်းငယ် ထပ်မံ ကုန်ဆုံးသွားခဲ့သည်။

ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ကြယ်သင်္ဘော၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ ကြယ်သင်္ဘောသည် ကြယ်စီရင်စုထဲ အဆင်ပြေပြေနှင့် ရွက်လွှင့်နေသလို သင်္ဘောပေါ်ရှိ လူအားလုံးမှာလည်း သူတို့၏ တာဝန်အသီးသီးကို လုပ်ဆောင်နေကြသည်။ အကုန်လုံးသည် သူ့ဟာနှင့်သူ တည်တည်ငြိမ်ငြိမ်၊ ငြိမ်ငြိမ်းချမ်းချမ်းဖြင့် ရှိနေ၏။

သင်္ဘော ဦးတည်သွားနေသည့် နေရာသည် ရန်ကိုင် သွားချင်နေသည့် နေရာလည်းဖြစ်သည့် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ ဠာနချုပ်ရှိရာ ရေလကြယ်ပင် ဖြစ်လေသည်။

ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းသို့ ရောက်ပြီး သူ့ကို မြင်လျှင် ရွှယ့်ယွယ် မည်သို့များ ဖြစ်သွားလေမလဲကိုပင် မြင်ယောင်ကြည့်နေ၏။

ရွှယ့်ယွယ်အကြောင်း စဉ်းစားမိလိုက်သည့်အခါ.. ရှနင်းချန်၊ စုယန်နှင့် ရှန်ချင်းလော့တို့အကြောင်း အလိုလို စဉ်းစားမိသွားပြီး သက်ပြင်းအမောကြီး ချမိလိုက်လေသည်။

ခေါင်းခါ၍ မကောင်းသည့် ခံစားချက်များကို ဖယ်ထုတ်လိုက်ပြီးနောက် အခန်းပတ်လည်၌ အကာအရံတစ်ခုချကာ ကမ္ဘာငယ်လေးထဲသို့ ဝင်လိုက်လေသည်။

တကယ်တော့ ခွမ်ရှီကျုန်းတို့ဆီမှ ထွက်ပြေးစဉ်က ရှန်တုတို့ အားလုံးကို ကမ္ဘာငယ်လေးထဲ ထည့်သယ်ပြီး ခေါ်သွားလို့ ရပေသည်။ သို့ရာတွင် ထိုသို့မလုပ်ခဲ့။ ကမ္ဘာငယ်လေးသည် ဤလောကကြီး၏ နားလည်မှုကို ဆန့်ကျင်ကျော်လွန်နေသည့် အရာတစ်ခုဖြစ်သည်။ ထို့ကြောင့် ကမ္ဘာငယ်လေးအကြောင်း သိသည့် လူနည်းလေ ပိုကောင်းလေ ဖြစ်ပေသည်။

သူ့လက်ရှိခွန်အားအရ ကြယ်စီရင်စုထဲရှိ မည်သူ့ကိုမှ ကြောက်နေစရာ မလိုတော့သော်လည်း သတိဆိုသည်မှာ ပိုသည်ဟူ၍ မရှိပေ။ ပြဿနာများသည့် တစ်ယောက်ယောက်သာ ကမ္ဘာငယ်လေးကြောင့် သူ့အား ပစ်မှတ်ထားလာကပါ အလကားသက်သက် စိတ်ညစ်ရနိုင်ပေသည်။

ကမ္ဘာငယ်လေးထဲမှာတော့ အလွန်ကိုမှ ငြိမ်းချမ်းနေ၏။

ရန်ကိုင် ရောက်လာသည့်အချိန်တွင် ရှောင်ရှောင်သည် နေမီးလျှံကို ဝါးမြိုနေခဲ့သည်။ ရန်ကိုင်သည် ရှောင်ရှောင်ဆီသို့ သွားပြီး ခရမ်းကြယ်၏ ရတနာဂိုဒေါင်ထဲမှ ရလာသည့် သတ္တုများကို ထုတ်ပေးလိုက်လေသည်။

ထိုသတ္တုများကို မြင်သည့်အခါ ရှောင်ရှောင်၏ မျက်လုံး ဝိုင်းဝိုင်းလေးနှစ်လုံး တဖျက်ဖျက် တောက်ပလာခဲ့သည်။ ချက်ချင်းပဲ နေမီးလျှံကို ဝါးမြိုနေရာမှထ၍ သတ္တုများဆီသို့ ပြေးလာပြီး သတ္တုတစ်တုံးပြီးတစ်တုံး ပါးစပ်ထဲ ပစ်ထည့်တော့၏။

မကြာမီ ရန်ကိုင် ထုတ်ပေးလိုက်သည့် သတ္တုအားလုံး ကုန်သွားခဲ့လေသည်။ ရှောင်ရှောင်သည် ဗိုက်မဝသေးသည့် အလား ရန်ကိုင်အား စိတ်အားထက်သန်စွာ လှည့်ကြည့်လာသည်။

ရှောင်ရှောင်ပုံစံကိုကြည့်ရင်း ရန်ကိုင်သာ မဲ့ရယ်သာ ရယ်လိုက်ရင်း “ကုန်ပြီ၊ မရှိတော့ဘူး။ စားပြီးသားတွေကိုပဲ အရင် သွားသန့်စင်ပါဦးဟ”

သတ္တုအရေအတွက်မှာ နည်းသော်လည်း ခရမ်းကြယ်၏ ရတနာဂိုဒေါင်ထဲတွင် ရှိနေသည့် သတ္တများဖြစ်သည့် တစ်ခုချင်းစီသည် အလွန်အဖိုးတန်သည့် သတ္တုများ ဖြစ်ရပေလိမ့်မည်။

ရန်ကိုင်က ထိုကဲ့သို့ ပြောလာသည့်အခါ ရှောင်ရှောင်သည် ခေါင်းကိုကုတ်၍ တပြုံးပြုံးဖြင့် လှည့်ထွက်သွာပြီး ဝါးမြိုလိုက်သည့် သတ္တုများကို သွားသန့်စင်လေသည်။

ထို့နောက် ရန်ကိုင်သည် လျို့ယနမ်ဘက်သို့ ကြည့်လိုက်သည်။ ယခင်ကကဲ့သို့ လျို့ယန်ကို မတွေ့ရဘဲ လျို့ယန်၏ မွေးရာပါ မှော်ရတနာဖြစ်သည့် တန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲမီးဖိုကိုသာ တွေ့လိုက်ရလေသည်။

ပန်းပဲမီးဖိုဆီမှ လျို့ယန်၏ အော်ဟစ်သံများနှင့်အတူ မီးတောက်များ ရံဖန်ရံခါ ပေါက်ကွဲထွက်လာနေခဲ့သည်။ ထိုမီးတောက်များထဲ နေမီးလျှံစွမ်းအားသည်သာလျှင်မဟုတ်၊ အာကာယံမိုးကြိုးမီးတောက်နှင့် ရေခဲမီးတောက်တို့၏ စွမ်းအားလည်း ပါဝင်နေခဲ့လေသည်။

လျို့ယန်သည် သူမ ဝါးမြိုထားသည့် ရေခဲမီးတောက်ကို ချေဖျက်သန့်စင်နိုင်ရန် ကြိုးစားနေခဲ့သည်။

ရန်ကိုင် ရောက်လာသည့်ကို သတိပြုမိသည့်အလား မီးငှက်သည် မှော်ရတနာထဲမှ ခေါင်းပြူထွက်လာခဲ့သည်။ ရန်ကိုင်အား တစ်ချက် ကြည့်လိုက်ပြီးနောက် မီးဖိုထဲသို့ ပြန်ဝင်သွားပြီး သူ့အလုပ်သူ ဆက်လုပ်နေ၏။

“ကြည့်ရတာ အကုန်လုံး အဆင်ပြေနေတဲ့ပုံပဲ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ လျို့ယန်တွင် သူ့အား လှမ်းကြည့်ရန် အချိန် ရှိနေသေးပုံထောက်လျှင် ရေခဲမီးတောက်ကို သန့်စင်ရာ၌ မည်သည့် အခက်အခဲနှင့် မကြုံရသည့်ပုံပင်။

အကုန်လုံး အဆင်ပြေပြေနှင့် ရှိနေကြောင်း သိရပြီးနောက် ဆေးပင်များ စိုက်ပျိုးထားသည့် ဆေးဥယျာဉ်ကို သွားကြည့်လေ၏။ ကမ္ဘာပျက်ထဲမှ ရလာသည့်၊ ကြယ်စီရင်စုထဲ မျိုးတုန်း ပျောက်ကွယ်သွားပြီးဖြစ်သည့် ဆေးပင်တော်တော်များများကို ဤနေရာတွင် စိုက်ပျိုးထားခဲ့ပေသည်။ ဤနေရာသို့ ရောက်လာသည့် မည်သူမဆို သင်းပျံ့မွှေးကြိုင်သည့် ဆေးရနံ့ကို ကျိန်းသေ ရနိုင်ပေလိမ့်မည်။

ရန်ကိုင်သည် ဆေးဥယျာဉ်ဘေးတွင် ဆောင့်ကြောင့်ထိုင်ပြီး သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းအချို့ကိုထုတ်ကာ သူ့ရှေ့တွင် တစ်ခုချင်းစီ နေရာချလေသည်။

ပထမဆုံးတစ်ခုမှာ မြေကမ္ဘာချီကြောမ သလင်းကျောက် ဖြစ်သည်။

ဤသလင်းကျောက်သည် ခရမ်းကြယ်၏ ရတနာဂိုဒေါင်ထဲမှ ရလာသည့် အဖိုးအတန်ဆုံး ရတနာသုံးခုအနက် တစ်ခု အပါအဝင် ဖြစ်လေသည်။ မြေကမ္ဘာချီကြောမ သလင်းကျောက်ကို ထုတ်ပြီးနောက် ဆေးဥယျာဉ်အလယ်သို့ လှမ်းပစ်လိုက်၏။

မြေပြင်နှင့် ထိလိုက်သည်နှင့် တစ်ပြိုင်နက် သလင်းကျောက်သည် ချက်ချင်းပဲ ဟိုးမြေအောက်ထဲသို့ ထိုးဆင်းသွားလေသည်။

ခဏအကြာတွင် ဆေးဥယျာဉ်ကို ဗဟိုပြု၍ ပတ်ပတ်လည် မီတာတစ်ထောင်ဝန်းကျင်၏ မိုးမြေစွမ်းအင်သည် ယခင်ထက် အဆတစ်ရာမ ထိုးတက်သွားလေသည်။

မြေအောက်ထဲမှ မြူခိုးမျှင်များကဲ့သို့ အမျှင်တန်းလေးများ ထွက်ပေါ်လာပြီး လေထဲတွင် ဝဲနေကြသည်။ မကြာမီ ပတ်ဝန်းကျင် တစ်ခုလုံး ထိုအမျှင်လေးများဖြင့် ပြည့်နှက်ကုန်ကြလေသည်။

“စိတ်ဝိဥာဉ်ချီမျှင်တွေလား” ထိုအမျှင်တန်းလေးများကို မြင်သည့်အခိုက် ရန်ကိုင်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပသွားခဲ့သည်။

မိုးမြေစွမ်းအင်သည် ယေဘုယျအားဖြင့် မမြင်နိုင်သော ထိတွေ့ကိုင်တွယ်၍ မရသည့် အရာတစ်ခုဖြစ်သည်။ သို့သော်လည်း မိုးမြေစွမ်းအင်၏ သိပ်သည်းဆသည် အတိုင်းအတာတစ်ခုအထိသို့ ရောက်လာသည့်အခါ မိုးမြေစွမ်းအင်ကို သာမန် မျက်စိဖြင့် မြင်နိုင်လာလေသည်။

မိုးမြေစွမ်းအင် အလွန်သိပ်သည်းကြွယ်ဝသည့် တောင်ကုန်းတောင်တန်းများ၊ မြစ်ချောင်းများထက် စုဝေးနေသော မြူခိုးများသည် မိုးမြေစွမ်းအင်များမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။ သို့သော်လည်း ထိုမြူခိုးများသည်ပင် စိတ်ဝိဥာဉ်ချီမျှင်များကို ယှဉ်၍မရချေ။

စိတ်ဝိဥာဉ်ချီမျှင်သည် မိုးမြေစွမ်းအင်၏ ပိုအဆင့်မြင့်ပုံစံ တစ်မျိုးဖြစ်ပြီး တောင်ကုန်းတောင်းတန်းများထက် မြင့်တွေရသည့် မြူခိုးများထက် ပို၍ သိပ်သည်းသန့်စင်သည့် မိုးမြေစွမ်းအင်မျိုးလည်း ဖြစ်သည်။

ထိုအမျှင်တန်းလေးများသည် အသိပ်သည်းဆုံးနှင့် အသန့်စင်ဆုံး မိုးမြေစွမ်းအင်ကို ကိုယ်စားပြုပေသည်။ ရန်ကိုင်သည် စိတ်စွမ်းအင်ချီမျှင်အချို့ကို ဖမ်းယူ၍ ကျင့်စဉ်ကို လှည့်ပတ်ကြည့်လိုက်သည်။ စွမ်းအင်အမျှင်တန်းလေးသည် သူ့လက်ဝါးထဲသို့ စိမ့်ဝင်ပျောက်ကွယ်သွားပြီး အပူစီးကြောင်း တစ်ခုအဖြစ်သို့ ပြောင်းလဲကာ သူ့သွေးကြောတစ်လျှောက်မှ တစ်ဆင့် ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားခဲ့လေသည်။

မရေမတွက်နိုင်သော စိတ်ဝိဥာဉ်ချီမျှင်များ စုဝေးနေသည့် ဆေးဥယျာဉ်လေးသည် စိတ်ကူယဉ်ကျွန်း တစ်ကျွန်းနှင့်ပင် တူနေပေသေးသည်။

မြေကမ္ဘာချီကြောမသလင်းကျောက်ကို ဤနေရာတွင် ထားလိုက်ခြင်းသည် ဤကဲ့သို့သော ပြောင်းလဲမှုမျိုးကို ဖြစ်လာစေလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။ မူလ အစီအစဉ်မှာ မြေကမ္ဘာချီကြောမသလင်းကျောက်၏ အကူအညီဖြင့် ဆေးပင်များကို ပြုစုပျိုးထောင်လိုသလို သူ့အတွက်လည်း ကျင့်ကြံဖို့ရာ သင့်လျော်သည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် ဖြစ်ပေသည်။

လက်တွေ့ရလဒ်သည် သူ့ခန့်မှန်းချက်ထက်ကို ကျော်လွန်နေ၏။

မြေကမ္ဘာချီကြောမ သလင်းကျောက်ဆိုသည့်အတိုင်းပင်၊ အရွယ်အစားမှာ သေးသော်ငြား ထုတ်လွှတ်ပေးနိုင်သည့် မိုးမြေစွမ်းအင်မှာတော့ ထိတ်လန့်ဖွယ်ရာပင်။

သို့သော်လည်း မြေကမ္ဘာချီကြောမသလင်းကျောက်သည် မီတာတစ်ထောင် ပတ်လည်လောက်ကိုသာ ပြောင်းလဲသွားစေ၏။ သို့တိုင် ထိုမီတာတစ်ထောင်ပတ်လည်သည် ယခင်နှင့် လုံးဝ မတူတော့ဘဲ ကျင့်ကြံသူများအတွက် အခြား မည်သည့် နေရာထက်မဆို ပိုမိုကောင်းမွန်သည့် နေရာတစ်ခု ဖြစ်လာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၈၂)

သူ့ခန္ဓာကိုယ်သည် ကျင့်စဉ်ကို မလှည့်ပတ်ဘဲနှင့်ပင် စိတ်ဝိဥာဉ်ချီမျှင်များကို အလိုလို စုပ်ယူနေကြောင်း ရန်ကိုင် တွေ့ရှိလိုက်ရလေသည်။ ဤကဲ့သို့သော နေရာမျိုးတွင်သာ ကျင့်ကြံရမည်ဆိုလျှင် ကျင့်ကြံသူတစ်ဦး၏ တိုးတက်နှုန်းသည် သာမန်ထက် အဆတစ်ရာလောက် ပိုမြန်လာပေလိမ့်မည်။

ထိုအကြောင်းများကို ဆက်တွေးမနေတော့ဘဲ ဒုတိယ ပစ္စည်းကို ကောက်ယူလိုက်သည်။

ဒုတိယပစ္စည်းမှာ ကြယ်ဧကရာဇ်တံဆိပ်ပြားပင် ဖြစ်ပေသည်။

ဤတစ်ခုသည်လည်း ကျန်ခြောက်ခုနှင့် ဘာမှမကွာချေ။ တံဆိပ်ပြား အကုန်လုံးသည် သတ္တုတစ်မျိုးတည်းဖြင့် ပြုလုပ်ထားကြပြီး ဧကရာဇ်ဟူသော စကားလုံးကို မျက်နှာပြင်တွင် ထိုးထွင်းထားကြသည်။ ထို့အပြင် တံဆိပ်ပြားတိုင်းတွင် ဧကရာဇ် ဖိအား တစွန်းစတစီ ကပ်ညိနေကြလေသည်။

တံဆိပ်ပြားကို ခဏကြာအောင် ကြည့်နေပြီးနောက် သူ့တွင် ရှိနေသော တံဆိပ်ပြားခြောက်ခုကို ထုတ်ယူလိုက်၏။ တံဆိပ်ပြားခုနှစ်ခု စုံသွားချိန်တွင် ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

တံဆိပ်ပြားခုနှစ်ခုသည် သူ့လက်ထဲမှ အလိုလို ပျံထွက်သွားပြီး မျက်တောင်တစ်ခတ်အတွင်း သူတို့ဘာသာ စက်ဝိုင်းပုံစံ စီသွားကြလေသည်။ သို့သော်လည်း စက်ဝိုင်းပုံမှာ တစ်ဝက်တစ်ပျက်သာ ဖြစ်နေခဲ့သည်။

ထိုသို့ ဖြစ်ရခြင်းမှာ တံဆိပ်ပြား ကိုးခုစလုံးကို မရသေးသည့် အတွက်ကြောင့်မှန်း ရန်ကိုင် သိနေခဲ့သည်။ တံဆိပ်ပြား(၇)ခုသည် လေထဲတွင် ခဏကြာအောင် ဝဲနေပြီးနောက် ရုတ်တရက် မြေပေါ်သို့ ပြန်ပြုတ်ကျလာခဲ့လေသည်။ ရန်ကိုင်သည် တံဆိပ်ပြား ခုနှစ်ခုကိုကောက်ယူ၍ သိုလှောင်လက်စွပ်ထဲ ပြန်ထည့်ထားလိုက်လေသည်။

ထို့နောက် နောက်ဆုံး ပစ္စည်းနှစ်ခုကို ကြည့်လိုက်သည်။

တစ်ခုသည် နဂါးကြေးခွံဖြစ်ပေသည်။

သူ့ရှေ့ရှိ နဂါးကြေးခွံနှင့် သူ့ကိုယ်ထဲရှိ နဂါးအရိုးဓါးတို့သည် တစ်ခုကိုတစ်ခု အာရုံခံနိုင်သည့်အလား အလိုလို ပဲ့တင်ထပ်လာသဖြင့် ရန်ကိုင်သည် နဂါးအရိုးဓါးကို အတင်းအကြပ် ပြန်ဖိနှိပ်လိုက်ရသည်။

ဤနဂါးကြေးခွံ၏ တန်ဖိုးသည် မြေကမ္ဘာချီကြောမ သလင်းကျောက်၏ တန်ဖိုးအောက် နိမ့်ကျခြင်း မရှိချေ။ ဤနဂါး အကြွေးခွံကို သုံး၍ မှော်ရတနာတစ်ခုသာ ဖန်တီးမည်ဆိုလျှင် အနည်းဆုံး တန်ခိုးရှင်ဘုရင်အဆင့်မြင့် မှော်ရတနာတစ်ခုကို ကျိန်းသေ ဖန်တီးနိုင်ပေလိမ့်မည်။ ထိုမှော်ရတနာသည် မည်သည့် အမျိုးအစားဖြစ်ဖြစ်၊ တိုက်ခိုက်ရေးလက်နက်ဖြစ်ဖြစ်၊ အကာအကွယ် မှော်ရတနာဖြစ်ဖြစ်၊ ထိပ်တန်းအဆင့် မှော်ရတနာ တစ်ခု ဖြစ်မည်မှာတော့ မြေကြီးလက်ခတ် မလွဲချေ။

အမှန်တကယ်တွင်တော့ နဂါးကြေးခွံ၏ အလွန်မာကျောသည့် စွမ်းရည်အရ အကာအကွယ်မှော်ရတနာတစ်ခု ဖန်တီးသည်မှာတော့ အကောင်းဆုံး ဖြစ်ပေသည်။

ကံမကောင်းစွာဖြင့် အဆင့်မြင့် မီးတောက်တစ်ခုခု မပိုင်ဆိုင်ထားသရွေ့ မည်သည့် တန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲပညာရှင်မှ ဤနဂါးအကြွေးခွံကို မှော်ရတနာတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်လိမ့်မည် မဟုတ်ချေ။

သူကိုယ်တိုင်ကလည်း ပန်းပဲပညာရှင်တစ်ဦး မဟုတ်သည့် အတွက် ဤနဂါးအကြေးခွံကို အရည် မဖျော်ပစ်နိုင်ပေ။ သို့ရာတွင် သူ့တွင် အခြားသူများ၌ မရှိသည့် အားသာချက်တစ်ခု ရှိပေသည်။

ရွှေနဂါးအရင်းအမြစ်ကို ပိုင်ဆိုင်ထားခြင်းပင်…

အစစ်အမှန်နဂါးများအနက်တွင် ရွှေနဂါးသည် နဂါးတို့၏ ဧကရာဇ်တစ်ဖြစ်လဲ ရှေးဟောင်းနတ်ဝိဥာဉ်အားလုံး၏ အုပ်စိုးသူဟု ပြောကြသည်။ ရွှေနဂါးအရင်းအမြစ်လည်းရှိ၊ မွန်းစတား အသွင်ပြောင်းလဲခြင်း ကျင့်စဉ်လည်း ရှိနေသည့်အတွက် ဤနဂါး အကြွေးခွံကို အောင်မြင်စွာ သန့်စင်နိုင်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေခဲ့သည်။ သူသာ ဤနဂါးကြွေးခွံကို သူ့ကိုယ်ထဲသို့ ပေါင်းထည့်နိုင်မည်ဆိုပါက နဂါးတို့ တတ်အပ်သော နတ်စွမ်းရည် တစ်မျိုးကို အသုံးပြုနိုင်လာပေလိမ့်မည်။

နဂါးအကြွေးခွံသည် အစစ်အမှန်နဂါးတစ်ကောင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သလို နဂါးအရိုးဓါးမှာလည်း အတူတူပင်။

နဂါးအရိုးဓါးသည် နဂါးတစ်ကောင်၏ အရိုးနှင့် နဂါးဓါတ်တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သို့ရာတွင် နဂါးအရိုးနှင့် ဓါတ်လုံးကို စရစဉ်က မှော်ရတနာတစ်ခုအဖြစ် မသွန်းလုပ်နိုင်ခဲ့သည့်အတွက် ယန်ယန်သည် သမားရိုးကျ မဟုတ်သည့် နည်းလမ်းဖြင့် နဂါးအရိုးဓါးကို ဖန်တီးခိုင်းခဲ့သည်။ လျို့ယန်၏ ပန်းပဲမီးဖိုကို သုံး၍ နဂါးအရိုးနှင့် နဂါးဓါတ်လုံးကို အတင်းအကြပ် ပေါင်းစပ်ကာ မှော်ရတနာတစ်ခုအဖြစ်သို့ ပြောင်လဲပစ်သည့် နည်းလမ်းပင်။

ထိုနည်းလမ်းသည် သူ့တို့ လက်တလော တတ်နိုင်သည့် စွမ်းရည်အရ နဂါးအရိုးနှင့် နဂါးဓါတ်လုံးကို အကောင်းဆုံး အသုံးချနိုင်သည့် နည်းလမ်းပင် ဖြစ်လေသည်။

တစ်နည်းဆိုရသော ရန်ကိုင်တွင် အစစ်အမှန်နဂါး တစ်ကောင်၏ အစိတ်အပိုင်း သုံးခုရှိပေသည်… နဂါးအရိုး၊ နဂါးဓါတ်လုံးနှင့် နဂါးကြေးခွံတို့ပင် ဖြစ်လေသည်။

ထိုပစ္စည်းသုံးခုစလုံးကိုသာ သူ့ကိုယ်ထဲ ပေါင်းထည့်နိုင်မည်ဆိုလျှင် သူ့ခွန်အား တစ်ဟုန်ထိုး မြင့်တက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

အခြားသူများအတွက် ထိုသို့လုပ်ဖို့ရာ မဖြစ်နိုင်သော်လည်း ရွှေနဂါးအရင်းအမြစ်ကို ပိုင်ဆိုင်ထားသည့် ရန်ကိုင် အတွက်တော့ ဖြစ်နိုင်ပေသည်။

သို့သော်လည်း အလျင်မလိုသေးသည့်အတွက် အခြား တစ်ခုဘက်သို့သာ လှည့်လိုက်သည်။

ထိုအရာသည် မြေကမ္ဘာချီကြောမနှင့် ဆင်တူသလိုလို ရှိသည့် ခြောက်ထောင့်ပုံစံ သလင်းကျောက်တစ်တုံးပင် ဖြစ်လေသည်။ မြေကမ္ဘာချီကြောမ သလင်းကျောက်သည် မည်သည့် စွမ်းအင်မှ ဖြာထွက်နေခြင်းမရှိသည့် သာမန် သလင်းကျောက်တစ်တုံးနှင့် ဘာမှမကွာခြားသည့် သလင်းကျောက်တစ်တုံး ဖြစ်သည်။ ကောင်းကင်စိတ်အာရုံဖြင့် စမ်းကြည့်သည့် အခါမှသာလျှင် သလင်းကျောက်ထဲ မြောက်မြားလှစွာသော စွမ်းအင်များ ကိန်းအောင်းနေကြောင်းကို သိနိုင်ပေသည်။

ဤဆဌဂံ သလင်းကျောက်မှာတော့ ထိုကဲ့သို့မဟုတ်ဘဲ အားကောင်းလှသော စွမ်းအင်အရှိန်အဝါကို ထုတ်လွှတ်နေ၏. ရန်ကိုင်ကဲ့သို့ လူပင် သလင်းကျောက်ဆီမှ ထွက်ပေါ်နေသည့် စွမ်းအင်ကြောင့် ဖိအား ခံစားနေရ၏။

ဤဆဌဂံသလင်းကျောက်သည် လေလံပွဲ၌ ရန်ကိုင်ရခဲ့သည့် တန်ခိုးရှင်အဆီအနှစ်သလင်းကျောက်ပင် ဖြစ်လေသည်။ တန်ခိုးရှင်ဘုရင်တတိယအဆင့်များသာ သိပ်သည်းနိုင်သည့် အဖိုး မဖြတ်နိုင်သော ရတနာတစ်ခုလည်း ဖြစ်ပေသည်။

တန်ခိုးရှင်အဆီအနှစ်သလင်းကျောက်သည် တန်ခိုးရှင်ဘုရင် အဆင့်များအတွက် နယ်ပယ်ကျောက်တုံးထက်ပင် ပို၍ ဆွဲဆောင်မှု ရှိသည့် ရတနာတစ်ခု ဖြစ်ပေသည်။

နယ်ပယ်ကျောက်တုံးသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများအား နယ်ပယ်စွမ်းအင်ကို ပိုမို လွယ်ကူစွာ အာရုံခံနိုင်အောင်သာ လုပ်ပေးနိုင်သော်လည်း တန်ခိုးရှင် အဆီအနှစ်ကျောက်တုံးကမူ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများကို ကျင့်ကြံခြင်းတွင် နောက်တစ်ဆင့်သို့ တက်သွားအောင် ကူညီပေးနိုင်ပေသည်။

ဤသည်မှာ ရန်ကိုင် အဆောတလျင် လိုအပ်နေသည့် အရာ ဖြစ်ပေသည်။

တန်ခိုးရှင်အဆီအနှစ်သလင်းကျောက်ကို ဖုံးနေသည့် ဖီးနစ်ငွေကြယ်သတ္တုမှာတော့ ရှောင်ရှောင်နှင့် လျို့ယန်တို့ ဝါးမြိုလိုက်လို့ ကုန်သွားပေပြီ။ ကျန်တော့သည်မှာ ဤတန်ခိုးရှင် အဆီအနှစ် သလင်းကျောက်သာ ရှိတော့သည်။ ရန်ကိုင်သာ ဤသလင်းကျောက်ကို စုပ်ယူနိုင်မည်ဆိုပါက တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ချက်ချင်း မချိုးဖျက်နိုင်လျှင်ပင် တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ တက်လှမ်းမည့် သူ့ကျင့်ကြံရေးခရီးလမ်းမှာ ပို၍ လွယ်ကူချောမွေ့သွားပေလိမ့်မည်။

တန်ခိုးရှင်အဆီအနှစ်ကျောက်ကို ကြည့်လိုက်၊ နဂါးအကြေးခွံကို ကြည့်လိုက်လုပ်နေရင်းမှ နောက်ဆုံးတွင် နဂါးအကြွေးခွံကို အရင်သန့်စင်ရန် ဆုံးဖြတ်လိုက်လေသည်။

တန်ခိုးရှင်အဆီအနှစ်သလင်းကျောက်ကို သန့်စင်ဖို့ရာ အချိန်အများကြီး လိုအပ်သည်။ လောလောဆယ်ဆယ် သူ့တွင် ထိုမျှ များများစားစား အချိန်မရှိ၊ လုပ်စရာကိစ္စများစွာသည် သူ့အား စောင့်နေသေးသည်။

နဂါးအစိတ်အပိုင်း သုံးခုအနက်တွက် နဂါးအရိုးဓါးနှင့် နဂါးဓါတ်လုံးသည် မှော်ရတနာတစ်ခုအဖြစ် အသုံးပြုလို့ ရနေသေး၏။ ထို့ကြောင့် နဂါးအကြွေးခွံကို သန့်စင်ရန်သာ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

စဉ်းစားပြီးသော် တုန့်ဆိုင်းမနေဘဲ နဂါးအကြေးခွံကို ချက်ချင်း ကောက်ယူ၍ မွန်းစတားအသွင်ပြောင်းလဲခြင်း ကျင့်စဉ်၏ ဒုတိယ အပိုင်းကို နှလုံးသွင်းလိုက်လေသည်။

မွန်းစတားအသွင်ပြောင်းလဲပညာရပ်၏ ဒုတိယအပိုင်းတွင် မွန်းစတားသားရဲ၏ အစိတ်အပိုင်းများကို ခန္ဓာကိုယ်ထဲသို့ မည်ကဲ့သို့ ပေါင်းစပ်ရမလဲဆိုသည့် နည်းလမ်းကို ဖော်ပြထား၏။

နဂါးအကြေးခွံသည် မွန်းစတားသားရဲတစ်ကောင်၏ အစိတ်အပိုင်း တစ်ခုဖြစ်ပေသည်။ သာမန် မွန်းစတားသားရဲ အစိတ်အပိုင်းနှင့် မတူသည်မှာ နဂါးတို့သည် မွေးကတည်းက အလွန်မြင့်မားသည့် ခွန်အားဖြင့် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။

ဆယ်ရက်လောက်ကြာအောင် လေ့လာပြီးမှပဲ ဒုတိယ အပိုင်းကို လက်တွေ့အကောင်အထည်ဖော်ရန် ဆုံဖြတ်လိုက်၏။

ရန်ကိုင် မျက်လုံး ပြန်ပွင့်လာခဲ့သည်။ သို့သော် သူ့မျက်လုံးများသည် ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ ခိုင်မာသည့် ပြတ်သားသည့် အလင်းရောင်ဖြင့် တဖျက်ဖျက် လက်နေ၏။ ထို့ကြောင့် လက်နှစ်ချောင်းကို ပူးကပ်လျက် လက်ကောက်ဝတ် နေရာကို ဖြတ်ချလိုက်သည်။

လက်‌ကောက်ဝတ်နေရာ ပြတ်ထွက်သွားပြီး ရွှေရောင်သွေးများ တရဟော စီးကျလာလေ၏။ သို့သော်လည်း အလွန် မြင့်မားသော ကုစားနှုန်းကြောင့် ပြတ်ရှရာမှာ လျင်မြန်စွာ ပြန်ပိတ်လာခဲ့လေသည်။

ရန်ကိုင်သည် သူ့ဒဏ်ရာ လုံးဝ ပြန်မကောင်းသွားခင် နဂါးအကြေးခွံကို အမြန် ကောက်ယူ၍ ဒဏ်ရာထဲသို့ ထိုးထည့်လိုက်၏။ တစ်ချိန်တည်းတွင် မွန်းစတားအသွင် ပြောင်းလဲခြင်း ပညာရပ်ကို အသက်သွင်း၍ ရွှေနဂါးအရင်းအမြစ် စွမ်းအားကို နဂါးအကြေးခွံထဲသို့ ပို့လွှတ်လိုက်လေသည်။

ဝုန်း…

တိုးလျလျ အသံတစ်သံနှင့်အတူ နဂါးအကြေးခွံထက် နဂါးခေါင်းပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤနဂါးခေါင်းသည် ရန်ကိုင် မြင်ခဲ့ဖူးသည့် မည်သည့် နဂါးခေါင်းထက်မဆို ပို၍ ကြီးကျယ်မြင့်မြတ်သလို ကြောက်ဖို့လည်း ကောင်းပေသည်။ ဤနဂါးခေါင်းရှေ့တွင် သူ့ကိုယ်သူ သေးနုပ်သည့် ပုရွတ်ဆိတ် တစ်ကောင်နှယ် ရန်ကိုင် ခံစားလိုက်ရ၏။

နဂါးခေါင်းသည် အကြွင်းမဲ့နဂါးဖိအားကို ထုတ်လွှတ်ရင်း ခံစားချက်ကင်းမဲ့စွာ ရန်ကိုင်အား စိုက်ကြည့်နေ၏။

ဝေါင်း…

နဂါးဟိန်းသံတစ်သံသည် ရန်ကိုင်နားထဲ မိုးချိန်းသံတမျှ ကျယ်လောင်စွာ မြည်ဟည်းထွက်ပေါ်လာခဲ့သည်။ ထိုဟိန်းသံကြောင့် ရန်ကိုင်၏ နှလုံးခုန်နှုန်းပင် သူ့အလိုလို မြန်ဆန်လာခဲ့ရလေသည်။ တစ်ချိန်တည်းတွင် ပတ်ဝန်းကျင် တစ်ခုလုံး လက်ဆုပ်လက်ကိုင် ပြမရသော နဂါးဖိအားတို့ဖြင့် ပြည့်နှက်လာခဲ့သည်။

ရန်ကိုင်သည် နောက်မတွန့်ဘဲ နဂါးခေါင်းကို အေးစက်စွာ ပြန်စိုက်ကြည့်လိုက်လေသည်။

ခဏအကြာတွင် နဂါးခေါင်းပုံရိပ်သည် ရုတ်တရက် တုန်ခါလာပြီး ရွှေရောင်အလင်းတန်းအသွင်သို့ ပြောင်းလဲကာ နဂါးအကြေးခွံထဲသို့ ပြန်ဝင်သွားလေသည်။

တစ်ချိန်တည်းတွင် နှစ်ပေါင်းများစွာကြာအောင် တည်ရှိလာခဲ့သော နဂါးကြေးခွံသည် အသက်ဝင်လာသည့်အလား ရန်ကိုင်၏သွေးကို အငမ်းမရ သောက်သုံးတော့လေသည်။

တစ်ခဏလေးအတွင်း သွေးများစွာ ဆုံးရှုံးလိုက်ရသည့် အတွက် ရန်ကိုင် ခေါင်းမူးချင်သလို ဖြစ်လာခဲ့သည်။ ထို့ကြောင့် နည်းနည်းလေးမှ ဆက်တုန့်ဆိုင်းမနေရဲတော့ဘဲ ချက်ချင်းပဲ သွေးဆုံးရှုံးမှုကို ဖာထေးရန် ရွှေရောင်သွေးတစ်စက်ကို အမြန် ဖောက်ခွဲပစ်လိုက်လေသည်။

နဂါးအကြေးခွံသည် အလွန်ပျော်သွားသည့်အလား နောက်တစ်ကြိမ် ထပ်မံ ဟိန်းဟောက်လိုက်ပြီး ရန်ကိုင်သွေးကို ပိုမို လောကြီးစွာ သောက်သုံးတော့လေသည်။

ရန်ကိုင် သွေးထဲတွင် ကိန်းအောင်းနေသည်မှာ အလွန် များပြားသော အသက်စွမ်းအင်များ ဖြစ်ကြသည်။ အထူးသဖြင့် အသက်ရေစင်မှ ဖန်တီးထားသော ရွှေရောင်သွေးစက်ပင် ဖြစ်သည်။ ရွှေရောင်သွေးစက်တစ်စက်ချင်းစီတိုင်းသည် သေခါနီး လူတစ်ဦးကို ပြန်ရှင်အောင် လုပ်ပေးနိုင်လောက်အောင် များပြားလှသည့် အသက်စွမ်းအင်ကို ပိုင်ဆိုင်ထားကြပေသည်။

အချိန်သည် တဖြည်းဖြည်း ကုန်လွန်နေခဲ့ပြီး ယခုဆိုလျှင် ရွှေရောင်သွေးစက် ဆယ်စက်တိတိကို ရန်ကိုင် ဖောက်ခွဲပြီးသွားလေပြီ။ သို့ရာတွင် နဂါးကြေးခွံမှာတော့ မကျေနပ်သေးသည့်အလား သူ့သွေးများကို ဆက်သောက်နေသေး၏။

ယခုဆိုလျှင် နဂါးကြေးခွံသည် တစ်ပြင်လုံး‌ ရွှေရောင်သန်းနေပြီ ဖြစ်ပြီး ၎င်းဆီမှ ထုတ်လွှတ်နေသည့် နဂါးဖိအားမှာလည်း ယခင်ထက် ပိုအားကောင်းနေခဲ့လေပြီ။

ခဏအကြာ၌ သူ့သွေးဆုံးရှုံးမှု ရပ်တန့်သွားသလို ရန်ကိုင် ခံစားလိုက်ရလေသည်။ ပြီးသွားပြီမှန်း သိလိုက်သည့်နောက် ငုံ့ကြည့်လိုက်ရာ နဂါးကြေးခွံသည် ရွှေရောင်အလင်းတန်း တစ်ခု အသွင်သို့ ပြောင်းလျက် သူ့လက်ကောက်ဝတ်ရှိ ဒဏ်ရာပတ်လည်၌ လှည့်ပတ်နေသည်ကို တွေ့လိုက်ရသည်။

ရန်ကိုင်သည် အသက်ပြင်းပြင်းရှူသွင်းလျက် စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်သည်။ ထို့နောက် အတွေးတစ်ချက်နှင့် ရွှေရောင်အလင်းတန်းကို ဒဏ်ရာမှတစ်ဆင့် သူ့ကိုယ်ထဲသို့ ဆွဲယူလိုက်လေသည်။

ထိုသို့ လုပ်ပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကိုင် ရုတ်တရက် မျက်လုံးပြူးသွားပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာခဲ့၏။ တစ်ချိန်တည်းတွင် ချွေးသီးတို့သည်လည်း နဖူးထက်မှ တတောက်တောက် စီးကျလာခဲ့သလို အဝတ်အစားများသည်လည်း ချွေးများဖြင့် စိုရွှဲလာကုန်ကြသည်။

အလွန် မခံမရပ်နိုင်လောက်အောင် ပြင်းထန်သည် နာကျင်မှု တစ်ခုသည် ရန်ကိုင်၏ နာဗ်ကြောများတစ်လျှောက် ပျံ့နှံ့လာခဲ့၏။

နာကျင်မှုသည် ရန်ကိုင်အတွက် အစိမ်းသက်သက် မဟုတ်ချေ။ နာကျင်မှုများနှင့် အသားကျနေသူတစ်ဦး ဖြစ်သည့် အလျောက် ယခုအကြိမ်တွင်လည်း အံကြိတ်ကာ တောင့်ခံနိုင်ခဲ့သည်။ အလွန် နာကျင်လာသည့်အဆုံး အသံကုန် အော်ဟစ်ပစ်လိုက်လေသည်။ ကမ္ဘာငယ်လေးထဲ ရန်ကိုင်၏ အော်သံကြီး ဟိန်းထွက်သွားခဲ့လေ၏။

ယခုတစ်ကြိမ် ခံစားရသည့် နာကျင်မှုမှာ အလွန်ကိုမှ ဆိုးရွားလွန်းလှသည်။ နဂါးအကြေးခွံသည် ချော်ရည်စီးကြောင်း တစ်ခုနှယ် သွားရာလမ်းတစ်လျှောက်ရှိ အရာမှန်သမျှကို လောင်ကျွမ်းပစ်နေသလိုပင်… သူ့လက်မောင်းတစ်လျှောက်လုံး အလွန်ကိုမှ ပူလောင်၊ နာကျင်လာခဲ့ရသည်။

နဂါးအကြေးခွံ ဖြတ်သွားနေသည့် အခိုက်အတန့်တိုင်းသည် အလွန်ကိုမှ နာကျင်လွန်းလှပေသည်။

နာလွန်းသည့်အတွက် ထိန်းပင် မထိန်းနိုင်တော့ဘဲ အဆက်မပြတ် အော်ဟစ်နေရတော့လေသည်။ ကမ္ဘာငယ်လေးထဲ သူတစ်ယောက်သာ ရှိနေသည့်အတွက် အခြားတစ်ယောက် မြင်သွားမည်ကို တွေးပြီး ရှက်နေစရာလည်း မလိုချေ။

သို့သော်လည်း ရန်ကိုင်၏ အော်သံကို ကြားလိုက်ချိန် ရှောင်ရှောင်နှင့် လျို့ယန်တို့ စိုးရိမ်တကြီး ခေါင်းမော့ကြည့်လာကြ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၈၃)

နာကျင်လွန်းသဖြင့် အော်ရလွန်းသည့် အတွက်ကြောင့် ရန်ကိုင်မှာ အသံတွေပါ ဝင်ကုန်လေသည်။

နဂါးအကြေးခွံ တစ်ချက် ရွေ့လိုက်တိုင်း သူ့လက်ကို ဓါးအစင်းပေါင်းများစွာမှ အပိုင်းပိုင်း ဖြတ်တောက်လိုက်သလို ရန်ကိုင် ခံစားနေရသည်။ နဂါးအကြေးခွံ တစ်ကြိမ်ရွေ့လိုက်တိုင်း သူ့သွေးကြောများ၊ အသားစိုင်များ စုတ်ပြဲကုန်ရသည်။ အလွန် အားကောင်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်တိုင် သူ့အသွေးအသားများကို တစ်စစီ စုတ်ဖြဲပစ်နေသည့် ဒဏ်ကိုတော့ ရန်ကိုင် မခံစားနိုင်ခဲ့ပါချေ။

တစ်ရက်ကြာပြီးနောက်တွင် နဂါးအကြေးခွံသည် ရန်ကိုင်၏ နှလုံးဆီသို့ ရောက်သွားခဲ့လေသည်။

ဒုတ်… ဒုတ်…

နှလုံးခုန်သံပြင်းပြင်း နှစ်ချက် ထွက်ပေါ်လာခဲ့ပြီးနောက် ရန်ကိုင် တစ်ကိုယ်လုံး တောင့်တောင်ကြီး ဖြစ်သွား၏။ ထို့နောက် ရန်ကိုင် နှလုံးခုန်ရပ်သွားပြီး ရွှေရောင်အလင်းတစ်ချက်နှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေသည်။

ထိုမြင်ကွင်းကို အဝေးမှ စောင့်ကြည့်နေသည့် လျို့ယန်နှင့် ရှောင်ရှောင်တို့ ရန်ကိုင် လဲကျသွားသည်ကိုမြင်သော် သူ့ဆီသို့ အလောတကြီး ပြေးလာကြလေသည်။ လျို့ယန်သည် ရန်ကိုင်အား အလျင်စလို ထူမပေးလျက် အသက်ရှူသေး၊ မရှူသေး စမ်းကြည့်သည်။ ရှောင်ရှောင်မှာတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိ စိုးရိမ်တကြီးသာ ခုန်ဆွခုန်ဆွ လုပ်နေ၏။

ရန်ကိုင် အသက်မရှူတော့သလို နှလုံးလည်း မခုန်တော့ကြောင်း သိလိုက်ရသည့်နောက်တွင် လျို့ယန်၏ မျက်ဝန်းအစုံ မှေးစဉ်းသွားခဲ့ပြီး.. ခဏကြာ၌ ခေါင်းမော့၍ ရှောင်ရှောင်အားကြည့်ကာ ခေါင်းခါပြလိုက်လေသည်။

ရှောင်ရှောင်သည် တဝူဝူ မြည်ကြွေးလျက် သူ့လက်ညိုးဖြင့် ရန်ကိုင်ကိုထိုးလိုက်၊ လျို့ယန်ကို ထိုးလိုက်လုပ်ရင်း မြန်မြန် နည်းလမ်းတစ်ခုစဉ်းစားရန် တိုက်တွန်းလေသည်။

လျို့ယန်ကမူ တိတ်သာတိတ်နေ၏။

ထိုစဉ် သေသွားပြီထင်ရသော ရန်ကိုင်သည် ရုတ်တရက်ကြီး မျက်လုံးပွင့်လာပြီး အသက်ပြင်းပြင်း ထရှူလေ၏။ လိပ်ပြာလွင့်သွားသည့် လူတစ်ယောက် ဝိဥာဉ်နှင့် ခန္ဓာကိုယ် ပြန်ကပ်သွားသည့်အလား ရန်ကိုင်သည် ရင်ဘတ်ကို လက်ဖြင့် တင်းတင်းဆုပ်၍ အမောတကော အသက်ရှူလေ၏။ သူ့မျက်လုံး အစုံဟာလည်း ပြင်းပြင်းထန်ထန်ကို တုန်ခါနေခဲ့လေသည်။

ဒုတ်… ဒုတ်…

အစောပိုင်းက နှလုံးခုန်သံထက် ပိုမို ကျယ်လောင်သည့် နှလုံးခုန်သံ ထွက်ပေါ်လာခဲ့လေသည်။ နှလုံးခုန်သံမှာ တဖြည်းဖြည်း ကျယ်လောင်သည်ထက် ကျယ်လောင်လာခဲ့သည်။

သို့ရာတွင် အချိန်တဖြည်းဖြည်း ကြာသွားသည့်နောက် နှလုံးခုန်သံမှာ တဖြည်းဖြည်း ပုံမှန် ပြန်ဖြစ်သွားခဲ့လေ၏။ ထိုအခါမှပဲ ရန်ကိုင်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး အကြောက်မပြေသေးဖြင့် အမူအရာဖြင့် မတ်တပ်ရပ်လိုက်သည်။

လျို့ယန်သည် ရန်ကိုင်အား မျက်မှောင်ကြုတ်၍ကို စိုက်ကြည့်နေခဲ့သည်။ ရန်ကိုင် အဆင်ပြေကြောင်း အတည်ပြုပြီးမှသာ သက်ပြင်းအမောကြီး ချလိုက်လေ၏။ ရှောင်ရှောင်ကမူ ဝမ်းသာပျော်ရွှင်နေသည့် အမူအရာဖြင့် ရန်ကိုင် ခြေထောက်နားတွင် ထခုန်နေလေသည်။

“မတော်တဆလေး တစ်ခုဖြစ်သွားလို့၊ မင်းတို့ကို စိတ်ပူအောင် လုပ်လိုက်မိပြီ” ရန်ကိုင်က ပြုံးလျက် သူ့နဖူးထက်မှ ချွေးများကို သုတ်ချလိုက်လေသည်။

ယခုကဲ့သို့ ဖြစ်မည်ဟု သူလည်း မထင်ထားခဲ့ချေ။ နဂါးအကြေးခွံလေးနှင့် ပေါင်းစပ်ရုံလေးသည်ပင် အလွန်ကိုမှ အန္တရာယ်များလွန်သည်။ အကုန်လုံးသည် အစပိုင်းတွင် အဆင်ပြေပြေနှင့် ရှိနေသော်လည်း နဂါးအကြေးခွံ သူ့နှလုံးသို့ အရောက်တွင် သူသေရတော့မလို ရုတ်တရက် ခံစားလိုက်ရ၏။

ကံကောင်းစွာဖြင့် သူ့ခန္ဓာကိုယ် အလွန် အားကောင်းနေသည်မှာ ကံကောင်းသွားခဲ့သည်။ သာမန်လူများထက် အသက်ပြင်းသည့်အတွက် သေရာမှ ပြန်လည် ရှင်သန်နိုင်လာခဲ့လေသည်။ သူ့နေရာတွင်သာ အခြား တစ်ယောက်ဆိုပါက တမလွန်ဘဝသို့ ရောက်နေလောက်ပေပြီ။

တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သို့ ရောက်နေသည့်တိုင် နဂါးအကြေးခွံကို သူ့ကိုယ်ထဲသို့ ပေါင်းစပ်ဖို့ ကြိုးစားရင်း အသက်ပျောက်ခါနီး ဖြစ်ခဲ့ရသည်ကို ကြည့်လျှင် ဤနည်းလမ်း မည်မျှ အန္တရာယ်များကြောင်း မြင်တွေ့နိုင်ပေသည်။

ဤသည်မှာ နဂါးအစိတ်အပိုင်းတစ်ခုကို သူ့ကိုယ်ထဲသို့ ပထမဆုံးအကြိမ် ပေါင်းထည့်ကြည့်ခြင်း ဖြစ်သည်။ သူ့တွင် နောက်ထပ် နဂါးအစိတ်အပိုင်း နှစ်ခု ရှိနေသေးသည်။ သို့သော် တစ်ကြိမ် စမ်းဖူးသွားပြီ ဖြစ်သည့်အတွက် သိသွားလေပြီ။ သူ့ခွန်အား ယခုထက်အများကြီး ပိုမမြင့်လာသေးရွေ့ ထိုနဂါး အစိတ်အပိုင်းနှစ်ခုကို သူ့ကိုယ်ထဲသို့ ပေါင်းထည့်ရန် လုံးဝ စဉ်းစားတော့မည် မဟုတ်ပေ။

ရန်ကိုင် အဆင်ပြေနေသည်ကို မြင်သော် လျို့ယန်သည် ခေါင်းညိတ်ပြလိုက်ပြီး ငှက်အသွင်သို့ပြောင်း၍ ပန်းပဲမီးဖိုရှိရာဆီသို့ ပြန်သွားလေသည်။

ရှောင်ရှောင်ကမူ ရန်ကိုင်၏ ခြေသလုံးကို လာပုတ်သည်။ ထို့နောက် ခါးကို တတ်နိုင်သလောက်ဆန့်၍ “နောက်ပိုင်း ပြဿနာတစ်ခုခုနှင့် ကြုံရလျှင် စိတ်မပူနှင့်။ သူရှိတယ်”ဟု ပြောချင်နေသည့်အလား ရင်ဘတ်ကို ပုတ်ပြလိုက်လေသည်။

ရန်ကိုင်ကလည်း ပြုံးလျက် ရှောင်ရှောင်ခေါင်းကို ပြန်ပုတ်ပေးလိုက်လေသည်။

ထိုစဉ် ရန်ကိုင် ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ချလိုက်လေသည်။ ထို့နောက်‌ ရှောင်ရှောင်ဘက်သို့လှည့်၍ “မင်းသွားပြန်ကျင့်ကြံတော့။ အပြင်မှာ ကိစ္စတစ်ခု ပေါ်လာသလို့ ငါသွားကြည့်လိုက်ဦးမယ်”

ထိုသို့ ပြောပြီးနောက် ရန်ကိုင် ပျောက်ကွယ်သွားလေ၏။

ကြယ်စီရင်စုထဲ သူ့ဘာသာ ရွက်လွှင့်နေသင့်သော ကြယ်သင်္ဘောသည် ဆက်မသွားတော့ဘဲ ရပ်နေခဲ့လေသည်။ အပြင်ဘက်တွင်တော့ တိုက်ပွဲသံတို့ ဆူညံနေခဲ့၏။

ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ ကြယ်သင်္ဘောပေါ်ရှိ ကျင့်ကြံသူများ၏ စုပေါင်းခွန်အားမှာ နိမ့်ကျခြင်းမရှိချေ။ ရန်ကိုင် အပြင် ကြယ်သင်္ဘောပေါ်၌ နောက်ထပ် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ရှိပေသေးသည်… ကြည်လင်ကောင်းကင် လေလံစံအိမ်မှ ဒေါ်လေးချန်ဆိုသူပင်… သူမသည် တန်ခိုးရှင် ဘုရင် ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။

သူမအောက်တွင် လီနွော့၊ ဟွာရို့မုန်နှင့် ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်းမှ အခြား ကျင့်ကြံသူများလည်း ရှိနေကြသေးသည်။ အားလုံးသည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူချည်းများ ဖြစ်ကြပြီး ထိုလူများအနက် တန်ခိုးရှင်တတိယအဆင့်သို့ ရောက်နေသည့် လူအရေအတွက်မှာလည်း မနည်းမနောပင်။

သို့တိုင် တိုက်ပွဲဖြစ်ရာတွင် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းဘက်သည် အောက်စည်းသို့ ရောက်နေခဲ့လေသည်။

ဒေါ်လေးချန်သည် ရန်သူ တန်ခိုးရှင်ဘုရင်ပထမအဆင့် ကျင့်ကြံသူတစ်ဦးနှင့် တိုက်ခိုက်နေသဖြင့် အခြားသူများကို ဂရုမစိုက်နိုင် ဖြစ်နေခဲ့သည်။ လီနွော့နှင့် ဟွာရို့မုန်တို့ကဲ့သို့ တန်ခိုးရှင်တတိယအဆင့်သို့ ရောက်နေသည့် လူများမှာတော့ ပြိုင်ဘက် အသီးသီးနှင့် တိုက်ခိုက်နေကြလေသည်။

ရှကျင်းဝူ၊ ဟိုင်ထျန်း၊ ယောင်ချင်းနှင့် လမ်းကြောင်းငါးသွယ် ကုန်သွယ်ရေး အဖွဲ့အစည်းမှ အခြားသူများမှာတော့ မျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်နေကုန်ကြလေပြီ။

သူတို့ ရင်ဆိုင်နေရသည့် ရန်သူ အရေအတွက်မှာ အလွန် များလွန်းသည်။ တိုက်ပွဲ ဖြစ်နေသည်မှာ အတော်လေး ကြာနေခဲ့လေပြီ။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦး၏ အရှိန်အဝါမှာ ထင်သလောက် ပြင်းထန်နေခြင်း မရှိသည်ကို ကြည့်လျှင် သူတို့၏ သူတော်စင်ချီ တော်တော်များများကို အသုံးပြုထားရကြောင်း မြင်တွေ့နိုင်ပေသည်။

သို့သော်လည်း တစ်ဖက်ပြိုင်ဘက်သည် တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူ ဖြစ်နေသည့်အတွက်ကြောင့် နှစ်ဖက်စလုံးသည် အလွန်အကျွံ မတိုက်ခိုက်ရဲဘဲ တစ်ဖက်ခွန်အားကို တဖြည်းဖြည်းချင်း ချွေယူရန်သာ ကြိုးစားနေကြ၏။

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးသာ ချောင်ပိတ်မိသည့် အခြေအနေထဲ ရောက်သွားခဲ့၍ ရှိရှိသမျှ နည်းလမ်းအကုန် ထုတ်သုံးလာမည်ဆိုလျှင် နှစ်ဖက်စလုံး အတွက် အန္တရာယ်များနိုင်ပေသည်။

“ရှောင်းရင်းရန် ဘာလို့ ထွက်မလာသေးတာလဲ” ရှန်တုသည် ရန်သူကို တွန်းထုတ်လိုက်ရင်း အမောတကော အသက်ရှူနေသည့် ယောင်ချင်းကို လှမ်းမေးလိုက်လေသည်။

ယောင်ချင်ကလည်း စိတ်ဓါတ်ကျနေသည့် အမူအရာဖြင့် “ငါဘယ်လိုလုပ်ပြီး သိမှာလဲ။ ဆရာ့တံခါးကို သွားခေါက်ကြည့်တာပဲ၊ ဘာပြန်ထူးသံမှ မကြားရတာ”

“သူဥာဏ်အလင်းပွင့်နေတဲ့ အချိန်နဲ့ သွားတိုးလို့နဲ့တူတယ်။ မဟုတ်ရင် အခုထိ ထွက်မလာဘဲ နေမှာ မဟုတ်ဘူး” ရှန်တုက ရေရွတ်လိုက်၏။ ဒေါ်လေးချန် ရှိနေသေးသည့်အတွက် ဘာမှ စိတ်ပူနေစရာ မလိုသေးသော်ငြား မတော်တဆ တစ်ခုခုသာ ဖြစ်သွားခဲ့လျှင် သူတို့အားလုံး အကျဉ်းသား ပြန်ဖြစ်ကုန်ကြပေလိမ့်မည်။

ရှန်တု သူ့ကံကိုသာ ကျိန်ဆဲမိတော့သည်။

ပုံမှန်အားဖြင့် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း အလံပါသည့် ကြယ်သင်္ဘောဆိုလျှင် တော်တော်များများက ရှောင်သွားကြပေသည်။ သို့သော်လည်း ယခုတစ်ကြိမ် အခြေအနေမှာတော့ မတူတော့ချေ။ ပထမဆုံး အနေဖြင့် ခရမ်းကြယ်၏ အတွင်းရေး အားပြိုင်မှုများကြား အကျဉ်းသားအဖြစ် ဆွဲသွင်းခံလိုက်ရသည်။ ထိုနေရာမှ ကံကောင်းပြီး လွတ်လာသည့်တိုင် ဤအရှုပ်ထုပ်နှင့် ထပ်လာတိုးပြန်လေသည်။

သူ့လူများ၏ အခြေအနေကို လှည့်ပတ်ကြည့်ပြီးနောက် ရှန်တု မျက်နှာပျက်သွားခဲ့သည်။ ရန်ကိုင်သာ အချိန်မှီ ပေါ်လာမလျှင် အကုန်လုံး အဖမ်းခံရတော့ပေမည်။

သူစိတ်ပူနေသည့် အချိန်မှာပဲ သူကြားချင်နေသည့် အသံကို ကြားလိုက်ရလေသည် “ရပ်လိုက်တော့… မတိုက်ကြတော့နဲ့။ ငါတို့တွေက ရန်သူတွေ မဟုတ်ဘူး”

ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းဘက်မှ လူများအားလုံး ပျော်သွားပြီး အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ရာ ဟင်းလင်းပြင်ထဲ ရပ်နေသည်ကို ရန်ကိုင်ကို တွေ့လိုက်ရလေသည်။ ယခုမှပဲ သူတို့ စိတ်အေးနိုင်တော့သည်။ ရန်ကိုင် ပေါ်လာပြီ ဖြစ်သည့် အတွက် ဘာမှ စိတ်ပူနေစရာ မလိုတော့ချေ။

ဒေါ်လေးချန်နှင့် တိုက်ခိုက်နေသော တန်ခိုးရှင်ဘုရင်ပထမအဆင့် ကျင့်ကြံသူက ပြန်အော်ပြောလေ၏ “မင်းဘယ်သူ့ကို မိတ်ဆွေတွေလို့ ခေါ်နေတာလဲ”

ရန်ကိုင်ကမူ ရယ်မော၍သာ “ဘာလဲ၊ နှစ်လေး နည်းနည်းလောက် ကြာသွားတာနဲ့ စီနီယာက ဂျူနီယာကို မေ့သွားတာလား”

“မင်းငါ့ကို သိတာလား” တစ်ဖက်အဖွဲ့၏ တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူ ကြောင်သွားခဲ့လေသည်။ ခဏလောက် စဉ်းစားကြည့်နေပြီးနောက် ရုတ်တရက် အံ့အားသင့်နေသည့် လေသံဖြင့် “ဒီအသံက နေပါဦး…”

ရေရွတ်နေရင်း ရန်ကိုင်ဘက်သို့ တစ်ချက် ထပ်လှည့်ကြည့်လိုက်သည်။ ထို့နောက် မျက်လုံးကြီးပြူးလျက် အထစ်ထစ်အငေါ့ငေါ့ဖြင့် “မင်း… မင်း…”

“စီနီယာဘဟဲ… ကျွန်တော် ထွက်သွားပြီးနောက်ပိုင်း အဆင်ဆင်ပြေပြေနဲ့ ရှိနေမယ်လို့ မျှော်လင့်ပါတယ်” ရန်ကိုင်က လက်သီးဆုပ်၍ ပြုံးကာ ပြောလိုက်လေသည်။

ဘဟဲသည် ရန်ကိုင်အား ခဏကြာသည်အထိ ကြောင်ကြည့်နေပြီးနောက် ရုတ်တရက် အော်ပြောလေသည် “မင်းပဲ… ရန်ကိုင်းလား”

“ဟေး၊ ယောက်ဖ” ဘေးဘက်မှ အသံအောအောတစ်သံ ထွက်ပေါ်လာခဲ့သည်။ ပြောလိုက်သည့်လူမှာ ရှိန်စရာကောင်းသည့် မုတ်ဖိတ်ဖွားကြီးနဲ့ လူထွားကြီးတစ်ယောက် ဖြစ်လေသည်။

“အစ်ကိုယုရှုန်ပါလား” ရန်ကိုင်က ပြုံးလျက် ပြောလိုက်၏။

“ယောက်ဖကြီးလို့ပဲခေါ်” ယုရှုန်းက ပြန်ပြော၏။

“ဟားဟား…” ရန်ကိုင်ကမူ ဘာမှပြန်မပြောဘဲ ပြုံးသာ ပြုံးလိုက်လေသည်။

ရန်ကိုင် ပေါ်လာပြီးနောက် နှစ်ဖက်ကြားတိုက်ပွဲ ရပ်သွားခဲ့လေသည်။ သို့ရာတွင် အကုန်လုံး၏ အမူအရာမှာ အထူးတဆန်း ဖြစ်နေဆဲ… တိုက်ပွဲမှာ ရပ်သွားသည် ဆိုသော်ငြား အကုန်လုံးဟာတော့ တစ်ဖက်ရန်သူကို သတိချပ်နေကြဆဲပင်။

“ရောင်းရင်းရန်” ရှန်တုက ရန်ကိုင်ဆီသို့ ပျံသန်းလာပြီး မေးလိုက်၏ “မင်းဒီမွန်းစတားအုပ်နဲ့ သိတာလား”

“အေးသိတယ်” ရန်ကိုင်က ခေါင်းညိတ်၍ “ခင်တောင် ခင်သေးတယ်”

ရှန်တုနှင့် တိုက်ခိုက်နေသည့်အဖွဲ့မှာ မွန်းစတားဧကရာဇ်ကြယ်၊ လနီမျိုးနွယ်စုမှအဖွဲ့ဖြစ်ကြောင်း သိလိုက်ရသည့်အခါ ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။ ဤကြယ်စီရင်စုထဲ မည်သို့များ ထိုအဖွဲ့နှင့် လာတိုးရသလဲ ဆိုသည့်အပေါ် စဉ်းစားရခက်သွားခဲ့သည်။

ဘဟဲ တန်ခိုးရှင်ဘုရင်ပထမအဆင့်သို့ ရောက်နေသည့် အချက်မှာတော့ သူထင်ထားသည့်ဘောင်အတွင်း ရှိနေပေသည်။

ဘဟဲကို စတွေ့စဉ်က ဘဲဟဲသည် ရီရှီယွင်အဆင့်သို့ ရောက်နေခဲ့သည်။ ရီရှီယွင်သည် တန်ခိုးရှင်ဘုရင်အဆင့်သို့ အလွယ်တကူ ချိုးဖျက်နိုင်နေပြီဖြစ်သည့် လူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် ဘဟဲသည်လည်း အတူတူပင်… အထူးသဖြင့် သွေးအကျဉ်းထောင်စမ်းသပ်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ပြီးနောက်ပိုင်းတွင်ပင် ဖြစ်သည်။

ယုရှုန်းမှာတော့ တန်ခိုးရှင်တတိယအဆင့်တွင်သာ ရှိနေသေးသော်လည်း သူ့အရှိန်အဝါမှာတော့ ယခင်နှင့်စာလျှင် ပို၍ အားကောင်းလာခဲ့လေပြီ။

“သူတို့ ဘယ်သူတွေလဲသိတာလား” ရှန်တုက ရန်ကိုင်အား အံ့အားသင့်နေသည့် အမူအရာဖြင့် “ငါသိသလောက်ဆို သူတို့ အကုန်လုံးက မွန်းစတားဧကရာဇ်ကြယ်၊ လနီမျိုးနွယ်စုကပဲ။ မင်းလည်း သူတို့ကို သိတာလား”

“သိတာပေါ့” ရန်ကိုင်က ရယ်မောလျက် ပြန်မေးလိုက်၏ “ဒါနဲ့၊ နေပါဦး။ မင်းတို့ ဘယ်လိုလုပ်ပြီး သူတို့နဲ့ သွားတိုက်ခိုက်နေရတာလဲ”

ရှန်တုက ချက်ချင်းပဲ မကျေနပ်သည့် အမူအရာဖြင့် စပြောလေ၏ “အဲ့တစ်ဖွဲ့လုံး စွန့်ပစ်ကုန်းမြေနဲ့ ကြယ်တာရာ အက်ကြောင်းက ကောင်တွေလိုပဲ၊ တစ်ကောင်မှ သောက်ကောင်းကျိုး မပေးတဲ့ကောင်တွေ။ ငါတို့ဘာသာ အေးဆေးသွားနေတာကို ငါတို့ ကြယ်သင်္ဘောကို လာပြီး လုဖို့ လုပ်တယ်လဲ။ အဲ့ဒါကြောင့် ငါတို့ ပြန်တိုက်ခိုက်နေရတာ”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။

ယုရှုန်းက အလျင်စလို ပြန်ပြောလိုက်လေ၏ “မင်းမဟုတ်တာတွေ လျှောက်မပြောနဲ့။ ငါတို့က ကိုယ့်နယ်စပ် ကိုယ်ကာကွယ်နေကြတာ။ မင်းတို့ဘာသာ ဖင်ယားပြီး ငါတို့ မွန်းစတားဧကရာဇ်ကြယ် ပိုင်နက်ထဲ ဝင်လာတာ မဟုတ်ဘူးလား”

“မွန်းစတားဧကရာဇ်ကြယ်က အနားမှာလား” ရန်ကိုင် ကြောင်သွားပြီး လှည့်ပတ်ကြည့်လိုက်သည့်နောက် ခပ်လှမ်းလှမ်း၌ သိပ်သည်းလှသည့် မွန်းစတားချီတို့ စုဝေးနေသည့် ကြယ်တစ်လုံးကို လှမ်းမြင်လိုက်ရလေသည်။

“ဟုတ်တယ်။ ဒီနေရာနဲ့ မိုင်ငါးသန်းအကွာမှာ” ယုရှုန်းက ပြန်ပြောလိုက်၏။

“မိုင်းငါးသန်းတောင် ကွာနေတာလေ၊ မင်းတို့ တရား မလွန်လွန်းဘူးလား” ရှန်တုက မျက်နှာကြီးမဲ့လျက် ပြန်ပြောလေ၏။

“ဒီအဖေက ငါတို့ ပိုင်နက်လို့ပြောရင် ငါတို့ ပိုင်နက်ပဲ။ အထွန့်လာမတက်နဲ့။ မင်းတို့ လူသားတွေက ငါတို့ ပိုင်နက်ထဲ ဝင်လာရဲမှတော့ ငါတို့ကလည်း သင်ခန်းစာ ပေးရတာပေါ့” ယုရှုန်သည် ချက်ချင်းပဲ အောက်ကျမခံ ပြန်ပြောလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၈၄)

“အပိုစကားတွေ လာမပြောနဲ့။ မိုင်ငါးသန်းတောင် ဝေးနေတာကို မင်းတို့ ပိုင်နက်လို့ ပြောရုံနဲ့ မင်းတို့ပိုင်နက် ဖြစ်သွားရောလား” ရှန်တုက ပြန်အော်ပြောလေသည် “နည်းနည်းပါးပါးလည်း စဉ်းစားပြီးမှပြောဦး”

ယုရှုန်းသည် ရှန်တုအား တစ်ချက်ကြည့်လိုက်ပြီးနောက် ရန်ကိုင်ဘက်သို့လှည့်၍ “ယောက်ဖ၊ ငါဒီကောင်ကို ကြည့်မရတော့ဘူး။ သတ်ပစ်လိုက်လို့ အဆင်ပြေမလား”

ထိုစကားထွက်လာသည့်အခိုက် နှစ်ဖက်အဖွဲ့ကြားရှိ အခြေအနေမှာ ချက်ချင်းဆိုသလို ပြန်လည် တင်းမာလာခဲ့လေသည်။ ဒေါ်လေးချန် ဆိုသူသည် သူတော်စင်ချီကို အစွမ်းကုန်လှည့်ပတ်၍ ယုရှုန်းအား သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်လိုက်သည်။ ဘဟဲသည် ဒေါ်လေးချန်ဆိုသူ လှုပ်ရှားသည်နှင့် တစ်ပြိုင်တည်း လှုပ်ရှားနိုင်ရန် သူ့ကောင်းကင် စိတ်အာရုံဖြင့် ဒေါ်လေးချန်ကို မျက်ခြေမပြတ် စောင့်ကြည့်နေ၏။

“ပြဿနာ မရှာကြနဲ့တော့ကွာ” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ သူ၏ တန်ခိုးရှင်ဘုရင်အရှိန်အဝါကို ထုတ်လွှတ်လိုက်လေသည်။

ရန်ကိုင်၏ ခွန်အားကို ခံစားမိလိုက်သည့်အခိုက် ဘဟဲက အလန့်တကြား ထအော်ပြောလေ၏ “ရန်ကိုင်၊ မင်း… မင်း တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်တောင် ရောက်နေပြီလား”

ပြောနေရင်း ထိတ်လန့်အံ့ဩလွန်းသဖြင့် သူလျှာသူပင် ပြန်ကိုက်မိလုမတတ် ဖြစ်သွားခဲ့လေသည်။

ရန်ကိုင်ကို တွေ့လိုက်စဉ်က ရန်ကိုင်သည် ယခင်ထက် အများကြီး ပိုသန်မာလာပြီဟု ခံစားမိခဲ့သည်။ သို့သော် ဤအတိုင်းအတာထိတော့ မဟုတ်။ ယခု ရန်ကိုင် သူ့ခွန်အားကို ထုတ်ပြလိုက်သည့် အခါမှပဲ ရန်ကိုင်သည် သူ့ထက်ပင် ပိုမြင့်သည့် အဆင့်သို့ ရောက်နေကြောင်း နားလည်သွားတော့လေသည်။

ထိုကောင် မည်သို့များ ကျင့်ကြံလေသနည်း။

ရန်ကိုင်နှင့် စတွေ့စဉ်က ရန်ကိုင်သည် တန်ခိုးရှင်ဒုတိယ အဆင့်သာ ရှိသေးသည်။ သွေးအကျဉ်းထောင်မှ ထွက်လာပြီး နောက်တွင်ပင် ရန်ကိုင်သည် တန်ခိုးရှင်ဒုတိယအဆင့်သာ ရှိနေသေး၏။

ယခု နှစ်ဘယ်လောက်များ ကြာသေးလို့နည်း။ ဆယ်နှစ်လား… နှစ်နှစ်ဆယ်လား… ထိုအချိန်လေးနှင့် မည်သို့များ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သို့ ရောက်သွားရလေသနည်း။ ဒီလောကကြီးတွင် သူ့လို အမြန်နှုန်းဖြင့် ကျင့်ကြံနိုင်သည့် လူရော ရှိမှရှိပါသေးလေရဲ့လော။

ဘဟဲ မှင်သက်နေခဲ့လေသည်။

“ဘယ်လို၊ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်လား။ စီနီယာဘဟဲ၊ ခင်ဗျား သေချာရဲ့လား” ယုရှုန်းသည်လည်း မျက်လုံးပြူးနေ၏။

“ဘာလို့ မသေချာရမှာလဲ” ဘဟဲ အာခေါင် ခြောက်ကပ်ကပ် ဖြစ်ချင်လာခဲ့သည်။

ရန်ကိုင်၏ ကျင့်ကြံနှုန်းကို သိသည့် မည်သူမဆို စိတ်အေးအေးဖြင့် စကားပြောနိုင်လိမ့်မည် မဟုတ်ချေ။ ရန်ကိုင် အဆင့်တက်သည့်နှုန်းနှင့် ယှဉ်လိုက်လျှင် သူအသက်ရှင်လာခဲ့ရသည့် နှစ်များမှာ အချည်းနှီးပါလားဟု ဘဟဲ တွေးမိသွားလေသည်။

ယုရှုန်းသည် ခဏကြာအောင် မှင်သက်နေပြီးနောက် ရုတ်တရက် သည်းလှိုက်အူလှိုက် ထရယ်မောလျက် “ငါ့ယောက်ဖ ဆိုတဲ့အတိုင်းပဲ။ မင်းလိုလူမျိုးကပဲ ငါ့ညီမလေးနဲ့ လိုက်တာ”

ရှန်ချင်းလော့အကြောင်း ကြားသည့်အခါ ရန်ကိုင်၏ ခက်ထန်နေသည့် အမူအရာ ပျော့ပြောင်းသွားခဲ့ပြီး အားလုံးကို ပြောလိုက်လေ၏ “အကုန်လုံး၊ ငါ့ကို မျက်နှာသာပေးပြီး ဒီနေ့ ကိစ္စကို ဒီမှာတင် ရပ်လိုက်ကြပါတော့လား။ ဘာမတော်တဆ ကြီးကြီးမားမားမှ မဖြစ်သေးဘူးဆိုတော့ ရပ်လို့ အဆင်ပြေပါတယ်”

ပြောပြီးသည်နှင့် ဘဟဲဘက်သို့ လှည့်လိုက်၏။ ထို့နောက် ရှန်တုကို လှည့်ကြည့်လိုက်၏။

ဘဟဲက ခေါင်းညိတ်၍ “ရတယ်လေ။ ဒီလူတွေက မင်းခေါ်လာတာတော့ဆိုတော့ ငါ့ဘက်ကလည်း သူတို့ကို ခက်ခဲနေအောင် လုပ်လို့ ဘယ်ဖြစ်ပါ့မလဲ”

ရှန်တုက နှာခေါင်းရှုံ့၍ “ရောင်းရင်းရန်ကြောင့် မို့လို့ပေါ့၊ ဟန့်”

“မင်းတကယ် အဲ့မွန်းစတားတွေကို သိနေမယ်လို့ ငါမထင်ထားဘူး”

“ကောင်းပြီ’ ရန်ကိုင်က ခေါင်းညိတ်၍ ယုရှုန်းဘက်သို့လှည့်ကာ မေးလိုက်လေသည် “ချင်းလော့ အခု ဘယ်လိုနေလဲ”

“ညီမလေးလား” ယုရှုန်းက ခေါင်းကုတ်၍ ပြုံးဖြီးလျက် “သူသွေးအကျဉ်းထောင်ထဲက ပြန်ရောက်ကတည်းက တံခါးပိတ် ကျင့်စဉ်ဝင်နေတာ။ သူထွက်လာတဲ့နေ့ တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်တဲ့နေ့ပဲ။ မွေးစားအမေလည်း အဲ့အတိုင်းပဲ တွေးနေတာ။ မင်းသူ့ကို စိတ်ပူနေစရာ မလိုသေးဘူး”

“စီနီယာချီယွဲ့ကော” ရန်ကိုင်က ထပ်မေးလိုက်သည်။

“မွေးစားအမေလည်း တံခါးပိတ်ကျင့်စဉ်ဝင်နေတယ်” ယုရှုန်းက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။

“စီနီယာချီယွဲ့လည်း တံခါးပိတ်ကျင့်စဉ် ဝင်နေတာလား… ဒီတော့ ပြောချင်တာက…” ရန်ကိုင် ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။

“ဟုတ်တယ်” ယုရှုန်းက ရယ်မော၍ “မွေးစားအမေ တံခါးပိတ်ကျင့်စဉ်ကနေ ထွက်လာတဲ့နေ့က မွန်းစတားဧကရာဇ်ကြယ် တစ်ခုလံး ငါတို့ လနီမျိုးနွယ်စုအောက် ရောက်မယ့်နေ့ပဲ”

ချီယွဲ့သည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ဖြစ်သည်။ ယခု အရူးမိကျောင်းဘုရင်၏ တန်ခိုးရှင်အဆီအနှစ်ကျောက်တုံးကို ရပြီးနောက် တံခါးပိတ်ကျင့်စဉ် ဝင်သွားခဲ့လေသည်။ သူမသာ အောင်မြင်စွာ အဆင့်ချိုးဖျက်နိုင်မည်ဆိုပါက မွန်းစတားဧကရာဇ်ကြယ်၌ တစ်ဦးတည်းသော မွန်းစတားဘုရင် ဖြစ်လာပေလိမ့်မည်။

မွန်းစတားမျိုးနွယ်စုတွင် တန်ခိုးရှင်ဘုရင်တတိယအဆင့်သို့ ရောက်သူများကိုသာ မွန်းစတားဘုရင်ဟု ခေါ်ကြသည်။ ယခု လက်ရှိတွင် ချီယွဲ့သည် မျိုးနွယ်စုခေါင်းဆောင်သာ ဖြစ်နေသေး၏။

မွန်းစတားဘုရင်များသည် မွန်းစတားမျိုးနွယ်စုကို အုပ်ချုပ်သည့် အရှင်သခင်များ ဖြစ်ကြသည်။ ထို့ကြောင့် သူမသာ တန်ခိုးရှင်ဘုရင်တတိယအဆင့်သို့ ချိုးဖျက်နိုင်မည်ဆိုပါက မွန်းစတားဧကရာဇ်ကြယ်တစ်ခုလုံး၏ အရှင်သခင် ဖြစ်လာပေလိမ့်မည်။

“အဲ့ဒါဆိုရင် စီနီယာချီယွဲ့ကို ကြိုပြီး ဂုဏ်ပြုထားရတာပေါ့” ရန်ကိုင်က ပြောလိုက်လေသည် “ငါအခု စီနီယာချီယွဲ့နဲ့ တွေ့ချင်လို့။ ရောင်းရင်းယု ငါ့ကို ခေါ်သွားပေးလို့ရမလား”

“ယောက်ဖလို့ခေါ်ရင် ခေါ်သွားပေးမယ်” ယုရှုန်းက ရယ်ရယ်မောမောနှင့် ပြန်ပြောလေသည်။

ရန်ကိုင်သည် ယုရှုန်းကို လျစ်လျုရှု၍ ဘဟဲဘက်သို့သာ လှည့်လိုက်လေသည်။

ဘဟဲက အားတုံ့အားနာ အမူအရာဖြင့် “ပုံမှန်ဆိုရင် ငါမင်းကို ခေါ်သွားပေးလို့ရတယ်။ ပြီးတော့ မင်းက အပြင်လူ တစ်ယောက်မှ မဟုတ်တာ၊ ငါတို့ လနီမျိုးနွယ်စုဆီ ကြိုက်တဲ့အချိန် ဝင်ထွက်လို့ ရတယ်။ ငါတို့က အမြဲတမ်း ကြိုဆိုနေပြီသား။ ဒါပေမယ့် အခုက ယုရှုန်း ပြောသွားသလိုပဲ စီနီယာချီယွဲ့က တံခါးပိတ်ကျင့်စဉ် ဝင်နေတာ ဆိုတော့ သွားနှောင့်ယှတ်လို့ သိပ်အဆင်ပြေမနေဘူးလားလို့”

“ကျုပ်နားလည်တယ်။ ဒါပေမယ့် ကျုပ်က စကား နည်းနည်းပဲ ပြောမှာ။ စီနီယာချီယွဲ့ ကျင့်ကြံခြင်း မနှောင့်နှေးစေရဘူးလို့ အာမခံတယ်”

ဘဟဲ မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ယုရှုန်းသည်လည်း သူဝင်ဆုံးဖြတ်နိုင်သည့် ကိစ္စမဟုတ်မှန်း သိသည့်အတွက် ဘာမှ ဝင်မပြောခဲ့ချေ။

“စိတ်မပူနဲ့။ စီနီယာချီယွဲ့ မကျေနပ်တာတစ်ခုခုရှိရင် ကျုပ်တာဝန်ယူတယ်… ဒါပေမယ့် ဒီသတင်းကိုသာကြားရင် ခင်ဗျားတို့ကို အပြစ်တင်ဖို့မပြောနဲ့၊ စီနီယာချီယွဲ့က ပျော်တောင် ပျော်နေဦးမှာ”

“ဟူး…” ဘဟဲက သက်ပြင်းချ၍ “မင်းက အဲ့လို ပြောနေမှတော့ ငါဘာပြောနိုင်ဦးမှာလဲ”

“စီနီယာဘဟဲကို ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်လေသည်။

“ရောင်းရင်းန်၊ မင်း မွန်းစတားဧကရာဇ်ကြယ်ဆီ သွားမလို့လား” ရှန်တု၏ အမူအရာ ပြောင်းလဲသွားပြီး လေသံ တိုးတိုးဖြင့် မေးလိုက်လေသည်။

“ဟုတ်တယ်။ ငါစီနီယာချီယွဲ့ကို သွားပြောစရာရှိလို့” ရန်ကိုင်က ခေါင်းညိတ်၍ “မင်းတို့ကော ဘယ်လိုလုပ်မှာလဲ။ ဒီမှာပဲ စောင့်မှာလား။ ဒါမှမဟုတ် ငါနဲ့ မွန်းစတားဧကရာဇ်ကြယ်ဆီ လိုက်ခဲ့မှာလား”

ရှန်တု မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ခဏမျှ စဉ်းစားနေပြီးနောက် “မွန်းစတားမျိုးနွယ်စုကကောင်တွေက အရမ်း ရက်စက်ကြမ်းကြုတ်တာ။ ရောင်းရင်းရန်ကို တစ်ယောက်တည်း လွှတ်လိုက်လို့မဖြစ်ဘူး။ ငါတို့သာ အတူတူသွားရင် တစ်ယောက်ကို တစ်ယောက် ကူညီပေးလို့ ရတယ်။ ပြီးတော့ မွန်းစတားဧကရာဇ်ကြယ် ဘယ်လိုမျိုးလဲ ဆိုတာ ငါလည်း သိချင်နေတာနဲ့အတော်ပဲ”

“ဒါဆို သွားကြတာပေါ့” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်၏။

ရှန်တုသည် အကုန်လုံးက ပြင်ဆင်ကြရန် အမိန့်ပေးလိုက်၏။ တစ်ချိန်တည်းတွင် အနားရှိ ဂြိုလ်သိမ်ဂြိုလ်မွှား ပင်လယ်ထဲမှ မွန်းစတားမျိုးနွယ်စုဝင်များ စီလာကြသည့် ကြယ်သင်္ဘောတစ်စင်း ထွက်လာခဲ့လေသည်။

မွန်းစတားမျိုးနွယ်စုသည် ဆေးပညာ၊ ပန်းပဲပညာများကို တတ်ကျွမ်းသူများ မဟုတ်ကြသော်လည်း မွန်းစတားဧရာဇ်ကြယ်၌ မွန်းစတားမျိုးနွယ်စုဝင်ချည်းများသာ နေကြသည်မဟုတ်၊ အခြား မျိုးနွယ်စုဝင်များဖြစ်သည့် လူသားမျိုးနွယ်စုဝင်များလည်း နေကြပေသည်။ သို့သော် သူတို့အဆင့်အတန်းမှာ အရမ်း မြင့်မားခြင်း မရှိချေ။

မွန်းစတားဧကရာဇ်ကြယ်၌ ပိုင်နက်ဆယ်ခုရှိပြီး ပိုင်နက် တစ်ခုချင်းစီကို မျိုးနွယ်စုခေါင်းဆောင် တစ်ဦးစီမှ အုပ်ချုပ်၏။ လူသားများအပေါ် ဆက်ဆံပုံစံသည် ပိုင်နက်ပေါ်လိုက်၍ ကွဲပြားကြလေသည်။ အချို့ပိုင်နက်များသည် လူသားများကို မြင်သည်နှင့် တန်းသတ်ကြသလို အချို့မှာတော့ လူသားများအတွက် နေစရာထိုင်ခင်များ ပေးကြလေသည်။

လီနီမျိုးနွယ်စုသည် သံသယရှိစရာ မလိုအောင်ကို လူသားများအား အခွင့်အရေးပေးသည့် နေရာတစ်ခု ဖြစ်ပေသည်။ ပန်းပဲပညာရှင်များ၊ ဆေးပညာရှင်များဆိုလျှင် သာမန် မွန်းစတား မျိုးနွယ်စုဝင် ပညာရှင်များထက်ပင် ပို၍ အဆင့်အတန်း မြင့်ကြ၏။ ထိုအကြောင်းကြောင့်ပင် လနီမျိုးနွယ်စု၏ တိုးတက်မှုမှာ အလွန်ကိုမှ လျင်မြန်လာခဲ့ရခြင်း ဖြစ်သည်။

ဘဟဲတို့ စီးလာသည့် ကြယ်သင်္ဘောသည် လူသား ပန်းပဲပညာရှင်များမှ တည်ဆောက်ထားခြင်း ဖြစ်သည်။ တန်ခိုးရှင် အလယ်အလတ်အဆင့်သာ ဖြစ်သော်လည်း ခရီးတို၊ ခရီးလတ်လောက် သွားရန်အတွက်တော့ အဆင်ပြေပေသည်။

ကြယ်သင်္ဘောနှစ်စင်းသည် မွန်းစတားဧကရာဇ်ကြယ်ဆီသို့ ဘေးချင်းယှဉ်ကာ ထွက်လာခဲ့ကြသည်။

မိုင်ငါးသန်းဆိုသော အကွာအဝေးကို ဖြတ်ကျော်ရန် အတွက် တစ်ရက်နှင့်တစ်ည အချိန်ယူခဲ့ရသည်။

လခြမ်းတောင်သည် ချီယွဲ့၏ နန်းတော် တည်ရှိသည့် တောင်ဖြစ်ပေသည်။

ကြယ်သင်္ဘောနှစ်စင်းသည် တိမ်စိုင်တိမ်တိုက်များကို ဖြတ်ကျော်ပြီး လခြမ်းတောင်ပေါ်တွင် ရပ်တန့်လိုက်ကြသည်။ ကြယ်သင်္ဘောပေါ်မှ ငုံ့ကြည့်သည့်အခါ အောက်ဘက်ရှိ တောင်များကို အလင်းအကာအရံတစ်ခုမှ လွှမ်းခြုံထားကြောင်း တွေ့ရှိလိုက်ရလေသည်။

အလင်းအကာအရံ အပြင်ဘက်တွင် အားကောင်းသည့် အရှိန်အဝါကို ထုတ်လွှတ်နေကြသော မွန်းစတားမျိုးနွယ်စုမှ ပညာရှင်များ စုဝေးနေခဲ့ကြ၏။

တစ်ယောက်သည် ချွန်ထွက်နေသော ဆံပင်များကို ပိုင်ဆိုင်ထားပြီး ယုရှုန်းထက်ပင် ကိုယ်ထည် ကြီးမားသည့် မွန်းစတားမျိုးနွယ်စုဝင် တစ်ဦးဖြစ်သည်။

အခြား တစ်ယောက်မှာတော့ မွန်းစတားမျိုးနွယ်စုဝင် တစ်ဦးနှင့်မတူညီစွာ သေးသွယ်သွယ်လေးသည်။ ထိုလူပုံစံမှာ ပညာရှိ ကျောင်းတော်သား တစ်ဦးလိုပင်။ မျက်လုံးများသည် ဆန်းကြယ်သော စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားသည့်အလား ငွေရောင်တဖျက်ဖျက် တောက်နေခဲ့သည်။

လက်ရှိတွင် မွန်းစတားမျိုးနွယ်စုဝင် ပညာရှင်များစွာသည် အလင်းအကာအရံကို တိုက်ခိုက်ကြနေလေသည်။ အကောင် ထွားထွားနှင့် မွန်းစတားမျိုးနွယ်စုဝင် ခေါင်းဆောင်က လှမ်း၍ အော်ပြောလိုက်လေသည် “ချီယွဲ့၊ ငါတို့က အဝေးကြီးကတောင် လာရတာကို နင်က လခြမ်းတောင်တစ်ခုလုံးကို ပိတ်ထားတယ်ပေါ့။ ဒါနင်ငါ့တို့ကို ကြိုဆိုတဲ့ ပုံစံလား။ နင်ဒီရွှယ်ကျောက်ကို အထင်သေးလွန်းသွားပြီ”

ထိုစကားကို ကြားလိုက်သည့်အခိုက် စကားပြောလိုက်သည့်လူ မည်သူမှန်း ရှင်းသွားလေပြီ။ ထိုလူမှာ မျိုးနွယ်စုခေါင်းဆောင် ဆယ်ဦးအနက် တစ်ဦးအပါအဝင် ဖြစ်သော သွေးနဂါးမျိုးနွယ်စုခေါင်းဆောင်ပင် ဖြစ်လေသည်။ လူသားများကို အရွံရှာဆုံး မွန်းစတားမျိုးနွယ်စုဝင် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပေသည်။ သူ့ပိုင်နက်ထဲရှိ လူသားများအားလုံးသည် ကျွန်ဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင် အသတ်ခံရသည်ချည်းသာ။

ထိုအခြင်းအရာကို မြင်သည့်အား ကျောင်းတော်သား ပုံစံနှင့် မွန်းစတားမျိုးနွယ်စုဝင်ခေါင်းဆောင်က ပြောလိုက်လေသည် “ရောင်းရင်းရွှယ်ယွယ်၊ သိနေရဲ့သားနဲ့ ဘာလို့ သွားမေးနေသေးတာလဲ။ သူလည်း ငါတို့နဲ့ အဆင့်တူတူပဲ။ အဲ့ဒါကို ဟိုးအဝေးကြီးက လာရတဲ့ ငါတို့ကို ထွက်မတွေ့ဘဲ လခြမ်းတောင် တစ်ခုလုံးကို ပိတ်ထားတယ်ဆိုတာ ငါတို့ကို မလေးစားလို့ပဲ။ ငါတို့ကို မျက်လုံးထဲမထည့်လို့ကို အခုလိုမျိုးလုပ်တာ”

“သူက ဒီရွှယ်ကျောက်ကို မျက်နှာသာမပေးမှတော့ ငါကလည်း လေးလေးစားစား လုပ်နေစရာ မလိုတော့ဘူးပေါ့” အစာကတည်းက ဒေါသထွက်နေသော ရွှယ်ကျောက်သည် ကျောင်းတော်သား၏ စကားကိုကြားပြီးနောက် ပို၍ ဒေါသထွက်သွားလေသည် “ချီယွဲ့၊ ငါ့သား ရွှယ့်လျန် သွေးအကျဉ်းထောင်မှာ သေသွားတဲ့ ကိစ္စကိုတောင် နင်နဲ့ မရှင်ရသေးဘူး။ အခု နင်က ငါ့ကို အခုလို ထပ်လုပ်တယ်ပေါ့။ ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ ငါနင့်ကို မျိုးနွယ်စုခေါင်းဆောင်ချင်း ယှဉ်တိုက်ဖို့ စိန်ခေါ်တယ်။ နင်လက်ခံရဲလား”

မည်သည့် စကားသံမှ ထွက်မလာခဲ့ချေ။

ထိုအခါ ရွှယ်ကျောက်သည် အံကြိတ်၍ သူဘေးတွင် ရပ်နေသော ကျောင်းတော်သားကို မေးလိုက်လေသည် “ရောင်းရင်းချန်ယန်၊ ဒီမိန်းမက ငါစိန်ခေါ်တာကို ဘာမှ ပြန်မပြောဘူး။ ငါတို့ ဘယ်လို ဆက်လုပ်ကြမလဲ”

မျက်လုံးတစ်ထောင်မျိုးနွယ်စုခေါင်းဆောင် ဖြစ်သည့် ချန်းယန်သည် မျက်လုံးမှေးစဉ်းလျက် “သူက ပြန်မပြောမှတော့ သူ့နန်းတော်ထဲ အတင်းအကြပ်ဝင်ရုံပေါ့။ အဲ့တန်ခိုးရှင်အဆီအနှစ် ကျောက်တုံးကို ဘယ်လိုနည်းနဲ့မှ သူ့ကို သန့်စင်ခွင့်ပေးလို့ မဖြစ်ဘူး။ သူသာ အောင်မြင်သွားရင် ငါတို့အတွက် နေစရာ ရှိတော့မှာ မဟုတ်ဘူး”

ထိုစကားကို ကြားသည့်အခါ ရွှယ်ကျောက်၏ မျက်လုံးထဲ ကြောက်ရွံ့ရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ လက်သီးကို တင်းတင်း ဆုပ်၍ ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏ “ဟုတ်တယ်။ ဒီအကာအရံကို အတင်းအကြပ်ဖျက်ဝင်မှပဲ ရတော့မယ်”

“ရောင်းရင်းရွှယ် အလျင်စလို စွတ်မလုပ်နဲ့ဦး။ ဒီအကာအရံက လစွမ်းအင်ကို စုပ်ယူပြီး သူ့ဘာသာ အားပြန်ဖြည့်လို့ရတဲ့ အစီအရင်၊ လွယ်လွယ်နဲ့ ဖျက်စီးလို့ ရမှာမဟုတ်ဘူး”

ရွှဘ်ကျောက်က အထင်တသေးဖြင့် “အစီအရင်က ကာပဲ ကာနိုင်တာ၊ ပြန်တိုက်နိုင်တာမှ မဟုတ်တာ။ မင်းနဲ့ငါသာ ပူးပေါင်းလိုက်ရင် ဒီအစီအရင် တားနိုင်ဦးမှာလား။ ရောင်းရင်းချန် အရမ်း သတိကြီးနေတာပဲ။ သွေးအကျဉ်းထောင်ထဲမှာ ငါ့သားပဲ သေသွားတာ မဟုတ်ဘူး။ မင်းသားလည်း သေသွားတာကို မေ့မထားနဲ့ဦး။ သူတို့ နှစ်ယောက်ကို သတ်လိုက်တဲ့လူက ချီယွဲ့ လွှတ်လိုက်တဲ့ ဟိုလူသားပဲ။ ဒီကိစ္စမျာ ချီယွဲ့ မပါဘူးလို့ ငါမယုံဘူး”

ထိုစကားကို ကြားသည့်အခါ ချန်းယန်၏ မျက်လုံးထဲ သတ်ဖြတ်လိုစိတ်တို့ ဖြတ်ပြေးသွားခဲ့လေသည် “ကောင်းပြီလေ။ ငါတို့ အတူ ပူးပေါင်းတိုက်ခိုက်ကြတာပေါ့”

မွန်းစတားမျိုးနွယ်စုဝင် နှစ်ဦးသည် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် သူတို့၏ မွန်းစတားချီကို လှည့်ပတ်လိုက်လေသည်။ ချက်ချင်းဆိုသလို မျိုးနွယ်စုခေါင်းဆောင် နှစ်ဦးဆီမှ ထွက်ပေါ်လာသော မွန်းစတားချီကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါလာခဲ့၏။

ချန်းယန်နှင့် ရွှယ်ကျောက်တို့ဆီမှ ထွက်ပေါ်လာသည့် ဖိအားကို ခံစားမိသော နောက်ဘက်တွင် ရှိနေသည့် မွန်းစတားး မျိုနွယ်စုဝင်အားလုံး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားကြပြီး အလျင်စလို နောက်သို့ ဆုတ်လိုက်ကြလေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၈၅)

မျိုးနွယ်စုခေါင်းဆောင် နှစ်ဦးသည် ဆုံးဖြတ်ပြီးသည်နှင့် စတင်လှုပ်ရှားတော့လေသည်။ ရွှယ်ကျောက်သည် မာန်သွင်း အော်ဟစ်လိုက်ရာ သူ့ခန္ဓာကိုယ်ကြီးသည် ရုတ်တရက် ကြီးထွားလာခဲ့လေသည်။ အသက်စွမ်းအင်နှင့် အရှိန်အဝါမှာ တစ်ပြိုင်တည်း မြင့်တက်လာပြီး အနီရောင် အရောင်အဝါ စက်ကွင်းတစ်ခုသည် သူ့ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ရွှယ်ကျောက်သည် လျှပ်စီးတန်းတစ်ခုနှယ် တောင်အကာအရံဆီသို့ ပြေးဝင်သွားလေသည်။

မွန်းစတားမျိုးနွယ်စုဝင်များသည် ၎င်းတို့၏ ခွန်အားကြောင့် ကျော်ကြားကြသည့်အနက်မှ ရေနဂါးမျိုးနွယ်စုခေါင်းဆောင်သည် ခွန်အားအရာတွင် ဆရာတစ်ပါးဖြစ်သူ ဖြစ်သည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း မြေပြင်သည် တုန်ခါလာပြီး အက်ကွဲလာ၏။

ဘုန်း…

ရွှယ်ကျောက်သည် မည်သည့် နည်းစနစ်ကိုမှ ထုတ်မသုံးဘဲ တောင်အကာအကွယ်ကို ပလိန်းကြီး ဝင်တိုက်လေသည်။ သူဝင်ဆောင်သည့်အားကြောင့် တောင်တစ်ခုလုံး တုန်ခါလာပြီး အလင်းအကာအရံမှာလည်း ပျက်စီးတော့မည့်အလား မှိတ်တုတ်မှိတ်တုတ် ဖြစ်လာခဲ့သည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ရွှယ့်ယွယ် ပျော်ရွှင်စွာ ပြုံးသွားလေသည်။ တောင်အကာအကွယ် ပျက်စီးတော့မည် အထင်နှင့် အားထပ်စိုက်တော့မည်အပြု သူဝင်ဆောင့်သည့် အားထက်ပင် ပိုပြင်းထန်သည့် ပြန်ကန်းအားတစ်ရပ် အကာအရံဆီမှ ထွက်ပေါ်လာခဲ့လေသည်။

အလစ်အငိုက် မိသွားသဖြင့် ရွှယ်ကျောက်မှာ အချိန်မှီ မရှောင်တိမ်းလိုက်နိုင်ဘဲ ပြန်ကန်အားကု အပြည့်အဝ ခါးစည်း ခံလိုက်ရလေသည်။

ရွှယ်ကျောက်တစ်ကိုယ်လုံး ကြိုးပြတ်သွားသည့် စွန်းတစ်စင်းနှယ် လွင့်ထွက်သွားခဲ့လေသည်။ ထိုမြင်ကွင်းကို ကြည့်နေသည့် မွန်းစတားမျိုးနွယ်စုဝင်များ၏ မျက်နှာထက် ထိတ်လန့်ကြောက်ရွံ့ရိပ်များ ထွက်ပေါ်လာခဲ့ကြသည်။

ကံကောင်းစွာဖြင့် ရွှယ်ကျောက်မှာ အားကောင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်အတွက် ပြန်ကန်အားမှာ အတော်လေး ပြင်းထန်သည့်တိုင် သူ့အား ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ပေ။ ချန်းယန်သည် ထိုမြင်ကွင်းကိုကြည့်ရင်း အလေးအနက် အမူအရာဖြင့် “လခြမ်းတောင်ကိုယ်တိုင်က ရှေးဟောင်းမွန်းစတားဘုရင်တစ်ဦး၏ အစိတ်အပိုင်းကနေ ဖြစ်လာတာတဲ့။ ကြည့်ရတာ တောင်ဆီမှာ ငါတို့ မသိတဲ့ စွမ်းရည်တွေ ရှိနေတဲ့ပုံပဲ”

ရွှယ်ကျောက်ကမူ မှုန်ကုတ်ကုတ် အမူအရာဖြင့်သာ ပြန်ပြောလိုက်လေသည် “စကားပဲပြောမနေနဲ့၊ လာကူပေးဦး”

ချန်းယန်သည် ခေါင်းညိတ်၍ ငွေရောင်အလင်းကို သူ့မျက်လုံးမှ စတင် ထုတ်လွှတ်လိုက်သည်။ ထိုငွေရောင်အလင်းသည် တဖြည်းဖြည်း သိပ်သည်းလာပြီး ဓါးနှစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက် ဓါးနှစ်ချောင်းသည် လေးကိုင်းမှ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းနှယ် အကာအရံဆီသို့ တိုးဝင်သွားလေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ရွှယ်ကျောက်လည်း ရပ်ကြည့်မနေဘဲ အကာအရံဆီသို့ ပြေးဝင်သွားကာ သူ့လက်သီးဖြင့် ထိုးချလိုက်လေသည်။

မျိုးနွယ်စုခေါင်းဆောင်နှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုသည် ကမ္ဘာတစ်ခုလုံးကို ဖျက်စီးနိုင်သည့်အထိပင် အားကောင်းလှပေ၏။

ယခုတစ်ကြိမ် တိုက်ခိုက်မှုမှာတော့ အကာအရံမှာ ယခင်တစ်ကြိမ်ထက်ကို ပို၍ တဖျက်ဖျက် လက်လာခဲ့သည်။ တစ်ကြိမ်သေဖူး ပျဉ်ဖိုးနားလည်သွားသော ရွှယ်ကျောက်မှာတော့ ကြိုတင် ပြင်ဆင်ထားသည့်အတွက် ပြန်ကန်အားကို မခံစားခဲ့ရတော့ပေ။

မျိုးနွယ်စုခေါင်းနှစ်ဦး၏ ပူးပေါင်းတိုက်ကွက်နှင့် ရင်ဆိုင်ရ အပြီးတွင် အကာအရံမှာ အနည်းငယ် မှိန်ကျသွားခဲ့လေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ချန်းယန်နှင့် ရွှယ်ကျောက်တို့ အဓိပ္ပါယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့သာ ဤအတိုင်း ဆက်တိုက်ခိုက်နေလျှင် အကာအရံကို ကျိန်းသေ ဖျက်စီးနိုင်လိမ့်မည်မှန်း သိလိုက်သည်။ ထိုအခါ ချီယွဲ့နန်းတော်ဆီသို့သွားမည့် သူတို့လမ်းကို ပိတ်ဆိုမည့်အရာ ဘာမှရှိနေတော့လိမ့်မည် မဟုတ်ချေ။ မည်သည့် နည်းလမ်းကို သုံးရပါစေ ချီယွဲ့အား မွန်းစတားအဆီအနှစ်ကျောက်တုံးကို လုံးဝ စိတ်ယူခွင့်ပေး၍ မဖြစ်ပေ။

“ရွှယ်ကျောက်၊ ချန်းယန်၊ ဒီဘုရင်မလည်း နင်တို့လိုပဲ မွန်းစတားမျိုးနွယ်စုဝင်တစ်ဦးရဲ့ ခေါင်းဆောင်ပဲ။ ငါတို့ကြား ပြဿနာတွေ ဖြစ်လာအောင် ငါမလုပ်ချင်ဘူး။ နင်တို့ အခုချက်ချင်း ထွက်သွားမယ်ဆိုရင် ငါဘာမှမဖြစ်သလို့ ဟန်ဆောင်ပေးလိုက်မယ်။ မဟုတ်ရင်တော့ ငါ့အဆိုးမဆိုတော့နဲ့”

“ချီယွဲ့” ချန်းယန်နှင့် ရွှယ်ကျောက်တို့ နှစ်ဦးစလုံး တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြသည်။

ချီယွဲ့အား အကြိမ်ပေါင်းများစွာ တွေ့ဖူးသည့်အတွက် ချီယွဲ့၏ အသံကို မှတ်မိပေသည်။ သို့သော်လည်း လက်ရှိ ချီယွဲ့သည့် ပုံမှန် ချီယွဲ့နှင့် မတူသော ခံစားချက်ကို ပေးနေခဲ့သည်။ ချီယွဲ့၏ စကားမှာ ကြမ်းတမ်းခက်ထန်ခြင်း မရှိဘဲ သိမ်သိမ်မွေ့မွေ့သာ ဖြစ်သော်လည်း သူမပြောသည်ကို နားထောင်ရသည်မှာ နည်းနည်း ချောက်ခြားဖွယ်ကောင်းနေခဲ့သည်။ သူတို့သာ ဤအတိုင်း ဆက်လုပ်နေမည်ဆိုလျှင် ဆိုးရွားသည့် အကျိုးဆက်ကို ရင်ဆိုင်ရမည်ဟုလည်း စိတ်ထဲ အလိုလို ခံစားလာနေခဲ့ရသည်။

မျိုးနွယ်စုခေါင်းဆောင်နှစ်ဦးစလုံး တွေဝေသွားခဲ့ကြသည်။

သို့ရာတွင် ချန်းယန်ကမူ အံကြိတ်၍သာ ပြန်အော်ပြော၏ “လေကျယ်မနေနဲ့။ လုပ်နိုင်ရင် အကာအရံဖွင့်ပြီး ငါတို့ကို အထဲ ခေါ်လိုက်”

“ဟုတ်တယ်” ရွှယ်ကျောက်ကလည်း ဝင်ပြောလိုက်သည် “ချီယွဲ့၊ ငါတို့ အားလုံးက ခေါင်းဆောင်တွေပဲလို့ နင်ပြောတယ်။ အဲ့ဒါဆို ငါတို့ ရောက်လာတာကို ဘာလို့ အကာအရံအပြင်မှာပဲ ရပ်စောင့်ခိုင်းနေတာလဲ။ အချင်းချင်း လေးစားတယ်ဆိုရင် အကာအရံကို ဖွင့်ပြီး အထဲကို ဖိတ်ခေါ်လိုက်”

“နင်တို့နဲ့ အဲ့လောက် ဖြစ်နေမှတော့ နင်တို့စိတ်ကြိုက်သာ လုပ်တော့။ ငါ့ဘက်ကတော့ သတိပေးပြီးသွားပြီ။ ဖြစ်လာတော့မှ ငါ့အဆိုး မဆိုကြနဲ့” ထိုသို့ ပြောပြီးနောက် ချီယွဲ့၏အသံ တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားခဲ့လေသည်။

ရွှယ်ကျောက်နှင့် ချန်းယန်တို့ နှစ်ဦးစလုံး ချွေးပျံ့လာခဲ့ကြသည်။

အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက်တွင် ချန်ယန်သည် ရွှယ်ကျောက်ဘက်သို့လှည့်ကာ မေးလိုက်လေသည် “ရောင်းရင်းရွှယ်ကျောက်၊ မင်းကြောက်လား”

“ငါဘယ်သူ့ကိုမှ မကြောက်ဘူး” ရွှယ်ကျောက်က အေးစက်စက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။

“ကောင်းတယ်” ချန်းယန်က ခေါင်းညိတ်လျက် ပြုံးဖြီးကာ ပြောလိုက်လေသည် “အဲ့လိုဆိုမှတော့ လုပ်လက်စအလုပ်ကို ပြီးအောင်ထိ လုပ်ကြတာပေါ့”

ရွှယ်ကျောက် တုန့်ဆိုင်းသွားခဲ့သည်။ မျက်မှောင်ကြီးကြုတ်ကာ ခဏတာ တွေးဝေနေပြီးနောက်တွင် ယတိပြတ် ဆုံးဖြတ်းချက်ချလိုက်လေသည် “ကောင်းပြီလေ”

သဘောတူညီချက်ရပြီးနောက် ခေါင်းဆောင်နှစ်ဦးသည် သူတို့၏ တိုက်ကွက်အသီးသီးကိုသုံး၍ လခြမ်းတောင် အကာအကွယ်ကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ကြလေသည်။

“တကယ်ကို ခေါင်းမာတဲ့ အရူးတွေပါလား” ချီယွဲ့၏ အသံနှင့်အတူ အနီးပတ်ပတ်လည်တစ်ဝိုက်ရှိ မိုးမြေစွမ်းအင်များ ကသောင်းကနင်း ဖြစ်လာခဲ့လေသည်။ ထိုမိုးမြေစွမ်းအင်များသည် ဧရာမလက်ဝါးကြီးအဖြစ်သို့ လျင်မြန်စွာ စုဝေးသွားခဲ့လေသည်။

ထို့နောက် လက်ဝါးသည် ကောင်းကင်ထက်မှနေ၍ ရွှယ်ကျောက်နှင့် ချန်းယန်ပေါ်သို့ ကျဆင်းလာလေ၏။

ကျဆင်းလာနေသည့် လက်ဝါးဆီမှ ဖိအားကြောင့် မွန်းစတားမျိုးနွယ်စု ခေါင်းဆောင်နှစ်ဦးစလုံး ဒူးများ ညွှတ်ကျချင်သလို ဖြစ်သွားခဲ့သည်။ လက်ဝါးကြီးအား ကြောက်လန့်တကြား မော့ကြည့်ရင်း အလန့်တကြား အော်ပြောလိုက်ကြလေသည် “လောကကြီးကို အမိန့်ပေး စေခိုင်းနိုင်တာ… သူတန်ခိုးရှင်ဘုရင် တတိယအဆင့်ကို ရောက်နေပြီလား”

ချန်းယန်သည်လည်း အံ့အားသင့်သွားခဲ့သည်။ ချီယွဲ့ ပိုင်နက်ထဲသို့လာသောင်းကျန်းရဲခြင်းမှာ သူတို့ဘက်တွင် လူအင်အား အသာစီး ရထားသည့် အတွက်ကြောင့် ဖြစ်သည်။ ချီယွဲ့သာ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်တွင် ရှိနေသေးသရွေ့ သူတို့ဘက်က အသာရနိုင်ပေသည်။

သို့သော်ငြား ချီယွဲ့သာ မွန်းစတားဘုရင် ဖြစ်နေခဲ့မည် ဆိုလျှင်တော့ သူတို့နှစ်ယောက် ပူးပေါင်းထားလည်း ဘာမှ ထူးလာလိမ့်မည် မဟုတ်ချေ။

ထိုအတွေး ခေါင်းထဲ ပေါ်လာသည်နှင့် ချန်ယန်စိတ်ထဲ ပြန်ဆုတ်ချင်စိတ်များ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ခဏအကြာတွင် သူ့ငွေရောင်မျက်လုံး တဖျက်ဖျက် လက်သွားပြီး ရွှယ်ကျောက်ကို လှမ်းအော်ပြောလိုက်လေသည် “မဟုတ်ဘူး၊ အဲ့ဒါ သိုင်းပညာရပ်သုံးပြီး ဖန်တီးထားတာ ရောင်းရင်းကျောက်”

ရွှယ်ကျောက်အား လှမ်းအော်ပြောပြီးနောက် ပါးစပ်ဟ၍ လက်ဝါးတည့်တည့်ဆီသို့ လှမ်းအော်ဟစ်လိုက်လေသည်။

ရွှယ်ကျောက်မှာ တိုက်ခိုက်လိုစိတ် ပျောက်ဆုံးနေခဲ့ပြီ ဖြစ်သော်ငြား ချန်းယန် အော်ဟစ်သံကို ကြားပြီးနောက် ချက်ချင်းပဲ တိုးဝင်လာနေသည့် လက်ဝါးဆီ လက်သီးချက်များ တရစပ် ပစ်လွှတ်ပေးလိုက်လေသည်။

ဘုန်း… ဘုန်း… ဘုန်း…

လက်သီးချက်များနှင့် အသံလှိုင်းများသည် လက်ဝါးကြီးနှင့် သွားထိပ်တိုက်တွေ့လေသည်။ မျက်စိကျိန်းမတတ် လင်းထိန်သော အလင်းတန်းများနှင့်အတူ အလွန်ပြင်းထန်သည့် စွမ်းအင်လှိုင်းများ အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေသည်။

ခဏအကြာမှပဲ စွမ်းအင်လှိုင်းနှင့် အလင်းတန်းများ ပျောက်ကွယ်သွားခဲ့၏။

လခြမ်းတောင်ဆီမှ မည်သည့်တုန်ပြန်မှုမှ ထပ်မံ မထွက်ပေါ်လာသည်ကိုမြင်သော် ချန်းယန်နှင့် ရွှယ်ကျောက်တို့ နှစ်ဦးစလုံး ယုံကြည်ချက်ရှိရှိ ပြုံးလိုက်ကြလေသည်။

“ချီယွဲ့၊ ချီယွဲ့၊ နင်တကယ်ကြီး မွန်းစတားဘုရင် မဖြစ်သေးဘူးပဲ” ရွှယ်ကျောက်သည် ပြုံးဖြီးဖြီးဖြင့် ရေရွတ်လိုက်လေသည်။

“အချိန်ဆွဲမနေနဲ့” ချန်ယန်ကတော့ စိတ်ပူနေသည့် အမူအရာဖြင့် “အချိန်ဆွဲနေရင် သူအောင်မြင်သွားလိမ့်မယ်။ အဲ့အခါကျရင် ငါတို့အတွက် နေစရာ ရှိတော့မှာ မဟုတ်ဘူး”

“အင်း” ရွှယ်ကျောက်၏ မျက်လုံးထဲ ကြမ်းတမ်း ခက်ထန်သည့် အရိပ်ယောင်တို့ ဖြတ်ပြေးသွားခဲ့လေသည်။

“အဲ့ဒါဆို ဘာတွေ စောင့်နေသေးတာလဲ။ အကာအရံကို မြန်မြန်ဖျက်စီးပြီး သွားတားကြတာပေါ့” ချန်ယန်က ဒေါသတကြီး အော်ပြောလိုက်လေသည်။

ခေါင်းဆောင်နှစ်ဦး ထပ်တိုက်ခိုက်တော့မည်အပြု သူ့တို့ရှေ့၌ ပုံရိပ်တစ်ခုသည် ဆန်းကြယ်စွာ ထွက်ပေါ်လာခဲ့လေသည်။

“ဘယ်သူလဲ” ရွှယ်ကျောက် ထအော်လေသည်။

“လူသားလား” ရန်ကိုင်ကို မြင်သည့်အခါ ချန်းယန် မျက်မှောင်ကြုတ်သွားခဲ့၏။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် အလန့်တကြား ထအော်လေသည် “တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်လား”

မွန်းစတားဧကရာဇ်ကြယ်တွင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေသည့် လူသားတစ်ယောက်မှ မရှိချေ။ တန်ခိုးရှင်အဆင့် လူသားများပင် အလွန်ကိုမှ ရှားပါးလှသည်။ ထို့ကြောင့် တစ်ခုတည်းသော ရှင်းပြချက်မှာ ဤလူသားသည် အခြား ကျင့်ကြံရေးကြယ်မှ ရောက်လာခြင်းသာ ဖြစ်ရပေမည်။

ရန်ကိုင်ပုံစံအသည် သူတို့ကိစ္စကို ဝင်စွက်မည့် ပုံစံမျိုးပင်။

“ဒီကောင့်ကို မြင်ဖူးနေသလိုပဲ” ရွှယ်ကျောက်သည် ရန်ကိုင်ကို ကြည့်ရင်း မျက်လုံးမှေးစဉ်းလျက် လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။

ရန်ကိုင်ကမူ ညစ်ကျယ်ကျယ်ဖြင့် ပြုံးဖြီးလျက် ချီယွဲ့ကို လှမ်းအော်ပြောလိုက်လေသည် “စီနီယာ၊ ပြဿနာ တက်နေတာလား”

“ကောင်စုတ်၊ နင်ကိုး” ချီယွဲ့၏ အံ့အားသင့်နေသည့်အသံ လခြမ်းတောင်ထဲမှ ထွက်ပေါ်လာခဲ့သည်။

“နင်ဘယ်လိုလုပ်ပြီး တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်ကို ရောက်နေတာလဲ” ပို၍ ထိတ်လန့်တုန်လှုပ်နေသည့် အသံတစ်သံ လခြမ်းတောင်ထဲမှ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။ အနီးတစ်ဝိုက်ရှိ မိုးမြေစွမ်းအင်များပင် မတည်မငြိမ် ဖြစ်သွားသည်ကို ကြည့်လျှင် ချီယွဲ့ မည်မျှ အံ့အားသင့်နေကြောင်း သတိပြုမိနိုင်ပေသည်။

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “လောကကြီးက အကျယ်ကြီးပဲ။ ဒီကျယ်ပြောတဲ့ လောကကြီးထဲမှာ မဖြစ်နိုင်တဲ့ အရာဆိုတာ မရှိဘူး စီနီယာရဲ့။ အခု အဲ့ကိစ္စတွေ ပြောနေမယ့် အစား ကိုယ့်ဘာသာသာ အာရုံစိုက်နေစမ်းပါ စီနီယာရယ်”

ချီယွဲ့က ဒေါသတကြီး ပြန်အော်ပြောလေသည် “ဒီဘုရင်မက အဲ့လောက်လေးတွေတောင် မသိဘူးလို့ နင်ပြောချင်နေတာလား”

“ကြည့်ရတာ ဂျူနီယာ အပိုစကားတွေ ပြောလိုက်မိပြီနဲ့ တူတယ်” ရန်ကိုင်က ရယ်မော၍ “ထားလိုက်တော့ပေါ့လေ။ စီနီယာ ပြဿနာ ဂျူနီယာ ဝင်ကူဖို့ လိုသေးလား”

“နင်ကိုယ်နင် ယုံကြည်ချက်ရှိတယ်ပေါ့” ချီယွဲ့က အံ့အားသ့င်နေသည့် လေသံဖြင့် “တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်တောင် ဘယ်လောက်ရှိပြီလဲ”

“နှစ်ယောက်တစ်ယောက် တိုက်ရမှာဆိုတော့ အရမ်းကြီး အာမမခံရဲပေမယ့် ကိုယ့်ကိုယ်ကိုတော့ လုံခြုံအောင် ကာကွယ်လို့ ရတယ်”

“အို” ချီယွဲ့၏ အံ့ဩသွားခဲ့သည်။ ရန်ကိုင် မည်သည့် နေရာကများ ထိုယုံကြည်ချက် ရလာလဲ ဆိုသည်ကို သိချင်မိသွား၏။ သို့သော် ခဏကြာအောင် တိတ်နေပြီးနောက် ပြန်ပြောလိုက်၏ “အခု ငါလှုပ်ရှားလို့ အဆင်မပြေသေးဘူး။ အဆင်ပြေရင် နင်သူတို့ကို တားထားနှင့်လိုက်။ ပြီးတော့ နင်က အပြင်လူမှမဟုတ်တာ။ ဝင်ကူသင့်တာ နင့်တာဝန်ပဲလေ”

“စီနီယာ သဘောအတိုင်းပါပဲ”

“သတိထားဦးနော်။ နင်ဘာတွေ စားထားလို့ ဒီလောက် အချိန်အတွင်း တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်ကို ရောက်လာလဲ မသိပေမယ့်… တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်လာတဲ့ လူတိုင်းက ပညာရှင်တွေချည်းပဲ။ နင့်ကိုယ်နင် မသေစေနဲ့ဦး။ ချင်းလော့ ငါ့ကို လာအပြစ်တင်နေမှာမျိုး မဖြစ်ချင်ဘူး” ချီယွဲ့က ပြောလိုက်သည်။ ရန်ကိုင် ဤမျှမြန်မြန် တန်ခိုးရှင်ဘုရင် ဒုတိယ အဆင့်သို့ ရောက်လာရသည်မှာ ဆေးလုံး၊ သို့မဟုတ် ရတနာ တစ်မျိုးမျိုး၏ အကူအညီကြောင့်ဟု ထင်နေခြင်း ဖြစ်သည်။

“အခုလို သတိပေးတဲ့အတွက် ကျေးဇူးပါပဲစီနီယာ၊ ဂျူနီယာ အသက်ရှင်နိုင်အောင် ကြိုးစားပါ့မယ်” ရန်ကိုင် ခေါင်းညိတ်လိုက်၏။

ရန်ကိုင်နှင့် စကားပြောနေစဉ် ရွှယ်ကျောက်နှင့် ချန်းယန်တို့မှာတော့ တိတ်နေခဲ့သည်။ သို့ရာတွင် သူတို့၏ မျက်နှာအမူအရာမှာတော့ အချိန်နှင့်အမျှ ပိုပို၍ မှုန့်မှိုင်းအုံ့ဆိုင်းလာနေခဲ့သည်။

ရန်ကိုင်မှ သူတို့အား မျက်လုံးထဲမထည့်သလို စကားပြောနေသည်ကို ကြည့်နေရသည်မှာ သူတို့အတွက် အလွန်ကိုမှ စိတ်ကသိကအောက် ဖြစ်စရာ ကောင်းလှပေသည်။

နှစ်ယောက်စလုံးသည် ကျော်ကြားသည့် မျိုးနွယ်စု ခေါင်းဆောင်များ ဖြစ်ကြသည်။ ကြယ်စီရင်စုကြီး တစ်ခုလုံးကို ထည့်စဉ်းစားလျှင်ပင် သူတို့သည် ထိပ်တန်းအဆင့် ပညာရှင်များ ဖြစ်ကြသည်။ မည်သူကများ သူတို့အား ဤသို့ ပမာမခန့် ဆက်ဆံခဲ့ဖူးသနည်း။

All Chapters