အခန်း (၁၈၈၆-၁၈၉၀)
Vol. 76 Ch. 1886-1890
အပိုင်း (၁၈၈၆)
ချန်းယန်သည် ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်၍ “လူသားတွေက မောက်မာတယ်လို့ ပြောကြတယ်။ အစကတော့ သိပ်မယုံချင်ခဲ့ဘူး။ အခု မင်းကို မြင်ပြီးတဲ့နောက်ပိုင်း ငါတကယ် ယုံသွားပြီ”
“လူသားမျိုးနွယ်တွေ မောက်မာတာ အထူးအဆန်း မဟုတ်ဘူး” ရွှယ်ကျောက်သည် ရန်ကိုင်အား ခက်ထန်စွာ စိုက်ကြည့်လျက် ခြိမ်းခြောက်သတိပေးလိုက်လေသည် “ဒါပေမယ့် မင်းမောက်မာချင်ရင် အခြားနေရာသွား၊ ဒီနေရာက မင်းတို့ လူသားမျိုးနွယ်စုပိုင်နက်မဟုတ်ဘူး။ မင်းအသက်ကို ဆုံးရှုံးရမှာကြောက်ရင် အခုကတည်းက အမြီးကုတ်ပြီး ထွက်သွားလိုက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်”
ရန်ကိုင်ကမူ ဘာမှပြန်မပြောဘဲ ခေါင်းဆောင် နှစ်ဦးကိုသာ ပြုံးလျက် ပြန်စိုက်ကြည့်နေခဲ့သည်။
ရန်ကိုင် တုန်တုတ်မျှ မလှုပ်သည်ကို မြင်သော် ချန်းယန်က ထပ်မံ ခြိမ်းခြောက်လိုက်လေသည် “ကောင်လေး၊ မင်းချီယွဲ့နဲ့ ဘယ်လို ပက်သက်လဲတော့ ငါမသိဘူး။ ဒါပေမယ့် မင်းငါတို့လမ်း ဆက်ပိတ်နေဦးမယ် ဆိုရင်တော့ ငါတို့ကို ရိုင်းလို့ဆိုပြီး လာအပြစ်မတင်တော့နဲ့။ မင်းအကြောင်းမင်းသိရင် စောစော ထွက်သွားလိုက်တော့။ ငါတို့ မွန်းစတားမျိုးနွယ်စုဝင်တွေကြားက ကိစ္စမှာ မင်းဝင်ပက်သက်စရာ ဘာအကြောင်းမှ မရှိဘူး”
“ဟုတ်တယ်။ မင်းကိုယ်တိုင်က တန်ခိုးရှင်ဘုရင်ဒုတိယ အဆင့် ဆိုရင်တောင် မင်းနဲ့ အဆင့်တူ နှစ်ယောက်ကို တိုက်ရမှာ။ မင်းတစ်ယောက်တည်းနဲ့ ငါတို့ နှစ်ယောက်ကို တားနိုင်မယ်ထင်လား” ရွှယ်ကျောက်ကလည်း အော်ပြောလိုက်ပြန်၏။
“တားနိုင်၊ မတားနိုင်ကတော့ တိုက်ကြည့်မှ သိမှာပေါ့” ရန်ကိုင်သည် ပြုံးမြဲပြုံးလျက် ပြန်ပြောလိုက်သည်။
ချန်းယန် မျက်နှာပျက်သွားလေသည် “မင်းနဲ့ မဆိုင်တဲ့ ကိစ္စမှာ တကယ် ဝင်ပက်သက်ချင်နေတာလား”
“မဆိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး” ရန်ကိုင်က ခေါင်းခါ၍ “စီနီယာချီယွဲ့က ကျုပ်ရဲ့ ယောက္ခမလေ။ သူ့ကိစ္စက ကျုပ်နဲ့ ဘယ်လိုလုပ်ပြီး မဆိုင်တာ ဖြစ်ရမှာလဲ”
ချန်းယန်နှင့် ရွှယ်ကျောက်တို့၏ အမူအရာ ထူးဆန်းသွားခဲ့လေသည်။ မကြာမီ တစ်ခုခု စဉ်းစားမိသွားသည့်အလား ချန်းယန်က အော်ပြောလိုက်၏ “ဟို လူသားတစ်ဝက်၊ မွန်းစတားတစ်ဝက် မိန်းကလေးကြောင့်ကိုး”
ရှန်ချင်းလော့ကို ပြောနေခြင်းဖြစ်သည်။ ရှန်ချင်းလော့သည် လူသားအဖြစ် မွေးဖွားလာခဲ့သော်ငြား အဆိပ်မုဆိုးမှ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး ကောင်းကင်လနတ်ဆိုးပင့်ကူ၏ စွမ်းအင်အရင်းအမြစ်ကို စုပ်ယူခဲ့ရသည်။ ထို့ကြောင့် ရှန်ချင်းလော့သည် လူသား စင်စစ်မှ မွန်းစတားတစ်ဝက် ဖြစ်နေပြီဟု ပြော၍ရပေသည်။ ထို့အပြင် သူမသည် မွန်းစတားဧကရာဇ်ကြယ်၌ တက်သစ်စ ကြယ်တစ်ပွင့် ဖြစ်သည့်အတွက် မွန်းစတားဧကရာဇ်ကြယ်ပေါ်ရှိ လူများ သူမအား သိသည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။
ထိုစဉ် လခြမ်းတောင်ထဲမှာ ချီယွဲ့၏အသံ ထွက်ပေါ်လာခဲ့လေသည် “ကောင်လေး၊ နင့်ကိုယ်နင် အရမ်း ရင်းနှီးနေသလို လုပ်မနေနဲ့။ ငါနင့်ကို ဘာခွင့်ပြုချက်မှ ပေးသေးတာ မဟုတ်သေးဘူး”
ရန်ကိုင်က လခြမ်းတောင်ဘက်သို့လှည့်၍ ရယ်မောလျက် “စီနီယာသဘောတူတူမတူတူ ကိစ္စမရှိဘူး။ ချန်းလော့က သဘောတူပြီးသွားပြီ”
ချီယွဲ့ ဆွံ့အသွားခဲ့လေသည်။
“တော်လောက်ပြီ” ချန်ယန်သည် ဒေါသတကြီး ထအော်လိုက်ပြီး သူ၏ ငွေရောင်တလက်လက် ထနေသည့် မျက်လုံးအစုံဖြင့် ရန်ကိုင်ကို စိုက်ကြည့်၍ “မင်းက သေချင်နေမှတော့ ငါတို့ကလည်း မင်းဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့။ ရွှယ့်ယွယ်၊ မင်းသူနဲ့ သွားကစားလိုက်၊ ငါအကာအရံကို ဖျက်စီးထားမယ်”
“ရတယ်။ ငါ့တာဝန်သာ ထားလိုက်” ရွှယ့်ယွယ်သည် ကြမ်းကြုတ်စွာပြုံးလျက် ပြန်ပြောလိုက်လေသည်။ ထို့နောက် ရန်ကိုင်အား စားကောင်းသောက်ဖွယ် တစ်ခုနှယ် စိုက်ကြည့်ရင်း လျှာကိုသပ်၍ “တန်ခိုးရှင်ဘုရင်အဆင့် ခန္ဓာကိုယ်က အရမ်းအရသာရှိတာ မင်းသိလား။ တန်ခိုးရှင်ဘုရင်အဆင့်တွေကို ငါမစားရတာတောင် တော်တော် ကြာနေပြီ”
“စကားများမနေနဲ့။ မြန်မြန်ရှင်းပြီးလာခဲ့” ချန်းယန်က အလျင်စလို လှမ်းဆော်ဩလိုက်လေသည်။
သူ့စကားသံ ဆုံးသွားသည်နှင့် ရွှယ်ကျောက်သည် ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။ မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်ရှေ့၌ ပြန်ပေါ်လာပြီး သူ့လက်မောင်းကို လွှဲရိုက်ချလိုက်လေသည်။
သူ့ရိုက်ချက်သည် မည်သည့် စွမ်းအားမှ မပါဝင်သော်ငြား ရွှယ်ကျောက်၏ မြင့်မားသော ကျင့်ကြံခြင်းနှင့် သဘာဝရုပ်ခန္ဓာ စွမ်းအားကိုပါ ထပ်ပေါင်း ထည့်လိုက်သည့်အခါ သူ့ရိုက်ချက်သည် တောင်တစ်လုံးကိုပင် တစ်စစီ ဖြိုပစ်နိုင်သည်အထိ အားကောင်းသွားခဲ့လေသည်။
“သတိထား” လခြမ်းတောင်ထဲမှ ချီယွဲ့၏ စိုးရိမ်တကြီး အော်ဟစ်သတိပေးသံ ထွက်ပေါ်လာခဲ့သည်။
မွန်းစတားမျိုးနွယ်စုဝင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်နှင့်အညီ ရွှယ်ကျောက်၏ စွမ်းအားအကြောင်း ကောင်းကောင်း သိပေသည်။ သူမပင်လျှင် ရွှယ်ကျောက်နှင့် အနီးကပ် ယှဉ်မတိုက်ရဲပေ။
ရန်ကိုင်ကမူ ရှောင်တိမ်းခြင်းမပြုဘဲ လက်မြှောက်၍သာ ရွှယ်ကျောက်၏ ရိုက်ချက်ကို ခုခံလိုက်သည်။
ထိုအခြင်းအရာကို မြင်သည့်အခါ ရွှယ်ကျောက်က လှောင်ပြုံးပြုံးလျက် “မင်းက ငါ့ကို အထင်သေးတယ်ပေါ့။ ရတယ်လေ”
သူ့စကား ဆုံးသွားသည်နှင့် ရွှယ်ကျောက်၏ လက်မောင်းသည် ရန်ကိုင်၏ လက်မောင်းကို သွားရိုက်လေသည်။
ထန်…
သံသံချင်း ထိသည့်အသံနှင့် ဆင်တူသည့်အလွန် ကျယ်လောင်သော အသံတစ်သံ လခြမ်းတောင်တစ်လျှောက် ပဲ့တင်ထပ်သွားခဲ့လေသည်။
ရွှယ်ကျောက်၏ လှောင်ပြုံးပြုံးနေသည့် မျက်နှာထက် မယုံကြည်နိုင်ဖြစ်နေသည့် အမူအရာတို့ အစားထိုး ဝင်ရောက်လာခဲ့လေသည်။
အကာအရံကို တိုက်ခိုက်ရန် ပြင်နေသည့် ချန်းယန်သည်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း လျှပ်စစ်ဖြင့် အတို့ခံလိုက်ရသည့်နှယ် တောင့်တောင့်ကြီး ဖြစ်သွားလေသည်။ ချီယွဲ့သည်လည်း ထိုမြင်ကွင်းကို ကြည့်ရင်း သက်ပြင်းရှိုက်နေမိသည်။
မွန်းစတားမျိုးနွယ်စု ခေါင်းဆောင် သုံးဦးစလုံး သူတို့ အမြင်တွေများ ဝေဝါးနေသလားဟုပင် ထင်နေမိကုန်ကြ၏။
ရန်ကိုင်သည် ဖြည်းဖြည်းချင်း ခေါင်းမော့၍ ရွှယ်ကျောက်အား စိုက်ကြည့်ကာ ပြုံးဖြီးပြလိုက်သည် “ရောင်းရင်း… မင်းက မင်းခန္ဓာကိုယ်ကို တော်တော်လေး ယုံကြည်ချက်ရှိနေတာပဲ”
“မင်း…” ရွှယ်ကျောက်၏ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့လေသည်။ သူ့အားကုန်သုံး ရိုက်ချက်ကို ရန်ကိုင်မှ အလွယ်တကူ ကာကွယ်ပြသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရန်ကိုင်သည် သူ့ရိုက်ချက်ကို စီးခံလိုက်သည့်တိုင် တုတ်တုတ်မျှ လှုပ်မသွားခဲ့။ အနည်းဆုံး ဒဏ်ရာမရလျှင် ရွေ့တော့ ရွေ့သွားသင့်ပေသည်။ ယခုမှ တစ်ချက်ကလေးပင် ရွေ့မသွားချေ။
“မင်းခန္ဓာကိုယ်က…” ရွှယ်ကျောက်သည် ရုတ်တရက် တစ်ခုခုကို နားလည်သွားသည့်အလား အလွန်ကိုမှ အံ့အားသင့်သွားခဲ့လေသည်။
ရန်ကိုင်က ပြုံးလျက် “အားတော့နာပါနဲ့။ ကျုပ်ခန္ဓာကိုယ်ကလည်း အားနည်းမနေဘူး”
သူ့အထင် မှန်နေမှန်း သိလိုက်သည့်နောက် ရွှယ်ကျောက် မျက်လုံးမှေးစဉ်းသွား၏။ မကြာမီ အထင်အမြင်တသေးဖြင့် ဆက်ခံလိုက်ရသည့်အတွက် ဒေါသထွက်လာခဲ့လေသည်။ မွန်းစတားချီတို့ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ဒေါသတကြီး အော်ပြောလေ၏ “လူသား၊ မင်းက ငါတို့ သွေးနဂါးကလန်နဲ့ ခန္ဓာကိုယ်ချင်း ယှဉ်ချင်နေတယ်ဟုတ်လား။ ကောင်းပြီလေ။ ဒီနေ့ တကယ့် ရုပ်ခွန်အားဆိုတာဘာလဲ မင်းသိသွားအောင် ဒီဘုရင် လုပ်ပေးရသေးတာပေါ့”
ပြောပြီးသည့်နောက် ရန်ကိုင်ဆီသို့ လက်သီးချက်များ တရစပ် ပစ်သွင်းလိုက်လေသည်။ ယခု သူ့လက်သီးချက်များသည် မိုးမြေစွမ်းအင်များနှင့်ပါ ပေါင်းစပ်နေလေပြီ။
သို့သော်လည်း နောက်ထပ် အံ့အားသင့်စရာတစ်ခု ထပ်ဖြစ်လာပြန်၏။
ရန်ကိုင်သည် ရွှယ်ကျောက်၏ လက်သီးချက်များကို မရှောင်တိမ်းဘဲ ပြိုင်ဘက်တစ်ယောက် တွေ့လိုက်ရသည့် အလား အားရပါးရ ရယ်မောလျက် သူတင်ကိုယ်တင် ပြန်ထိုးနေခြင်းပင်။
လက်သီးချင်း လက်သီး ထိုးသံများမှာ ဧရာမ တောင်နှစ်လုံး အရှိန်အဟုန် ပြင်းပြင်းနှင့် တစ်လုံးနှင့် တစ်လုံး ဝင်ဆောင့်နေသည့်အလား ကြည့်နေသူများ၏ ရင်ကို တဝုန်းဝုန်း ဖြစ်သွားစေလေသည်။
ဘုန်း… ဘုန်း… အုန်း…
အသက်သုံးရှိုက်စာအတွင်း ရန်ကိုင်နှင့် ရွှယ်ကျောက်သည် အကြိမ်ပေါင်းများစွာ လက်သီးချက်ချင်း ဖလှယ်ပြီးသွားလေပြီ။
သို့တိုင် ထူးခြားသည်မှာ နှစ်ယောက်စလုံး တစ်ယောက်မှ မရွေ့သွားကြခြင်းပင်။ နှစ်ယောက်စလုံးသည် ခန္ဓာကိုယ်ကို သိမ်မွေ့စွာ လှုပ်ရှား၍ တစ်ဖက်ပြိုင်ဘက်၏ ခွန်အားကို ချေဖျက်ပစ်ခဲ့ကြလေသည်။
ဤရိုးရှင်းပြီး ကြမ်းတမ်းသော တိုက်ပွဲသည် တကယ်ကို ရင်သက်ရှုမောဖွယ် ကောင်းလှပေသည်။ သို့သော်လည်း ချန်ယန်မှာတော့ တိုက်ပွဲ၏ အနှစ်သာရကို မခံစားနိုင်ဘဲ စိတ်သာ ပူနေခဲ့လေ၏။ ပူချင်လည်း ပူချင်စရာပင်။ လူသား မျိုးနွယ်စုဝင်များသည် ရုပ်ခွန်အားကို အားကိုးပြီး တိုက်ခိုက်တတ်သူများ မဟုတ်ကြလေဘဲ။ သူတို့ အားသန်သည့်နေရာသည် သိုင်းပညာရပ်များနှင့် မှော်ရတနာများ ဖြစ်ကြပေသည်။
ရန်ကိုင်သည် သူ့ရုပ်ခွန်အား သက်သက်နှင့်ပင် ရွှယ်ကျောက်ကို လက်ရည်တူ ယှဉ်တိုက်နိုင်ခဲ့သည်။ သူသာ မှော်ရတနာများ၊ သိုင်းပညာရပ်များကို အသုံးပြုလာခဲ့မည် ဆိုလျှင် တိုက်ပွဲရလဒ်မှာ ပြောရခက်သွားပေလိမ့်မည်။
ထိုအချက်ကို နားလည်လိုက်သော် ချန်းယန်က အလျင်စလို လှမ်းအော်ပြောလောသည် “ရွှယ်ကျောက်၊ အချိန်ဆွဲမနေတော့နဲ့။ မြန်မြန် အဆုံးသတ်ပြီး လာခဲ့လိုက်တော့”
ထိုစကားကို ကြားသည့်အခါ ရွှယ်ကျောက်က မှုန်ကုတ်ကုတ် အမူအရာဖြင့် အော်ပြောလိုက်၏ “သွေးနဂါး အသွင်ပြောင်းလဲခြင်း”
သူ့စကားသံ ဆုံးသွားသည်နှင့် ရွှယ်ကျောက်၏ ခန္ဓာကိုယ်ဆီမှ အလွန်အားကောင်းသည့် အသက်စွမ်းအားတို့ ထွက်ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်သည် ကြီးထွားလာခဲ့ပြီး သွေးနီရောင် အကြေးခွံတို့သည် အရေပြားတစ်လျှောက် ပေါ်လာခဲ့သည်။ ချိုနှစ်ချောင်းနှင့် နဂါးအမြီးတစ်ချောင်းသည်လည်း နဖူးနှင့် ခါးနောက်ဘက်နေရာမှ အသီးသီး ထွက်လာခဲ့ကြသည်။
ရွှယ်ကျောက်သည် အစစ်အမှန်နဂါးတစ်ကောင် ဖြစ်သော သွေးနဂါး၏ သွေးကို အမွေဆက်ခံရရှိထားသူတစ်ဦး ဖြစ်သည်။
သူသုံးလိုက်သည့် ပညာရပ်သည် မျိုးဆက်သွေး စွမ်းအားကို လှုံ့ဆော်ကာ သူ့ခွန်အားကို တစ်ခဏအတွင်း အကြီးအကျယ် မြင့်မားလာအောင် လုပ်ပေးနိုင်ပေသည်။ အားကောင်းသော ခန္ဓာကိုယ်နှင့်တကွ ရှေးဟောင်း သွေးနဂါး၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ရရှိလိုက်သည့် အခါ ရွှယ်ကျောက်သည် ပိုမို အားကောင်းသည့် ရန်သူများကို တိုက်ခိုက်လာနိုင်လေသည်။
နဂါးအသွင်ပြောင်းလဲခြင်း ပြီးဆုံးသွားသည့်နောက် ဖြာထွက်လာသည့် စွမ်းအားကြောင့် ရန်ကိုင် တစ်ကိုယ်လုံး နောက်သို့ လွင့်စင်ထွက်သွားခဲ့လေသည်။
ထိုအခြင်းအရာကို မြင်သည့်အခါ ရွှယ်ကျောက်က အော်ပြောလိုက်လေ၏ “ကောင်လေး၊ ဒီဘုရင် မလုပ်ချင်သေးလို့ ကြည့်နေတာကို အကောင်းမှတ်နေတယ်။ ဒီဘုရင်ရဲ့ သွေးနဂါးဘိုးဘေးတွေနဲ့ ယှဉ်လိုက်ရင် မင်းဆိုတာ ဘာမှမဟုတ်ဘူးကွ”
ပြောပြီးသည့်နောက် ရန်ကိုင်ဆီသို့ ပြေးဝင်သွားပြီး ရန်ကိုင်၏ သေကွင်းသေကွက် နေရာများကို တရစပ် ထိုးစစ်ဆင် တိုက်ခိုက်လေသည်။
ရန်ကိုင်သည်လည်း မပေါ့ဆရဲဘဲ ချက်ချင်းပဲ တန်ပြန်တိုက်ခိုက်နိုင်စေရေးအတွက် သူ့ခွန်အားကို ချိန်ညှိလိုက်သည်။
ဘုန်း… ဘုန်း…
ရွှယ်ကျောက်မှ သွေးနဂါးအသွင်ပြောင်းလဲခြင်းကို ထုတ်သုံးလိုက်သည့်နောက် ရန်ကိုင် အောက်စည်းသို့ ရောက်သွားခဲ့ရလေသည်။ သူတင်ကိုယ်တင် မယှဉ်တိုက်နိုင်တော့ဘဲ ရှောင်သာ ရှောင်နေရတော့၏။
ထိုအခြင်းအရာကို မြင်သည့်အခါ ချန်းယန်က လှောင်ပြောပြောဆိုလိုက်လေ၏ “ရူးလိုက်တာ။ ရွှယ်ကျောက်နဲ့များ ရုပ်ခွန်အားချင်း ယှဉ်ရတယ်လို့။ ဒီလူသား ခေါင်းမကောင်းတာလား”
ကောင်းကင်ထက်ရှိ တိမ်စိမ်တိမ်တိုက်များကြား၌ ကြယ်သင်္ဘောနှစ်စင်း ပုန်းအောင်းနေခဲ့သည်။ တစ်စီးသည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ ကြယ်သင်္ဘော ဖြစ်ပြီး ကျန်တစ်စီးမှာ လနီမျိုးနွယ်စု၏ ကြယ်သင်္ဘော ဖြစ်ပေသည်။
ယုရှုန်း၊ ဘဟဲ၊ ရှန်တုနှင့် အခြားသူများသည် ရန်ကိုင်နှင့် ရွှယ်ကျောက်တို့၏ တိုက်ပွဲကို စိုးရိမ်တကြီး ငုံ့ကြည့်နေကြ၏။
“ယောက်ဖက ဖင်မနိုင်ဘဲ ပဲကြီးဟင်း သောက်နေတာပဲကွ” ယုရှုန်းက ခေါင်းတရမ်းရမ်းဖြင့် “ရွှယ်ကျောက်ရဲ့ ရုပ်ခွန်အားက မွန်းစတားမျိုးနွယ်စု တစ်ခုလုံးထဲမှာတောင် အမြင့်ဆုံးပဲ။ အဲ့လိုလူကို ထိပ်တိုက် သွားရင်ဆိုင်လိုက်တာ အမှားကြီး လုပ်လိုက်တာပဲ။ ဒီအတိုင်းသာ ဆက်သွားနေရင် ငါ့ညီမလေး မုဆိုးမ ဖြစ်သွားမလားတောင် မသိဘူး”
“မင်းသောက်ပါးစပ်ကို ပိတ်ထားစမ်း” ဘေးနားတွင် ရပ်နေသော ဘဟဲက ထအော်လေသည်။
ယုရှုန်းသည် ချီယွဲ့၏ မွေးစားသားဖြစ်သည့်အတွက် သူ့အဆင့်အတန်းမှာ မြင့်မားသော်ငြား ဘဟဲသည်လည်း အဆင့်အတန်းနိမ့်သူ မဟုတ်ချေ။ သူသည် လွန်ခဲ့သော နှစ်နှစ်ရာခန့်က ချီယွဲ့၏ အယုံကြည်ရဆုံး ဗိုလ်ချုပ် တစ်ယောက် ဖြစ်ခဲ့သည်။ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ပြီးနောက်တွင် သူ့အဆင့်အတန်းမှာ ပို၍ မြင့်မားလာခဲ့ရလေသည်။
ထို့ကြောင့် ယုရှုန်းလည်း ဘဟဲကို သွားပြီး မလေးမစား မလုပ်ရဲပေ။
ဘဟဲစကားကို ကြားသည့်အခါ ယုရှုန်းက ရယ်မော၍ “ဒီအတိုင်း ပြောကြည့်လိုက်တာပါ… ယောက်ဖမှာ ဝှက်ဖဲတွေ ရှိရင် ရှိဦးမှာပေါ့.. ဘယ်သူပြောနိုင်မှာပဲ… ပြီးတော့ သူ့ကြည့်ရတာ ငယ်ငယ်နဲ့ သေမယ့်ရုပ်လည်း မဟုတ်ဘူး”
ဘဟဲက ခေါင်းခါ၍ “သူတကယ် ဖင်မနိုင်ပဲ ပဲကြီးဟင်း သွားသောက်နေတာ။ ဒါပေမယ့် သူ့ကျင့်ကြံခြင်းက ရွှယ်ကျောက်နဲ့ အဆင့်တူပဲဆိုတော့ ခံရတယ်ဆိုရင်တောင် သေမှာတော့ မဟုတ်လောက်ဘူး”
ဘဟဲ စကားသံ ဆုံးသွားသည်နှင့် ပုံရိပ်တစ်ခုသည် အမှိုက်အိတ်စုတ်တစ်ခုနှယ် မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျလာခဲ့လေသည်။
အကုန်လုံးသည် လေထဲ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရပ်ကြည့်နေသည့်လူအား လှမ်းကြည့်လိုက်သည်။ ရပ်နေသေးသည့်လူမှာ ရွှယ်ကျောက် ဖြစ်နေသဖြင့် အောက်သို့ ပြုတ်ကျသွားသည့်လူမှာ ရန်ကိုင်မှလွဲပြီး အခြား မဖြစ်နိုင်တော့ချေ။
ထိုအဖြစ်အပျက်ကြောင့် ကြယ်သင်္ဘောပေါ်တွင် ရှိနေသည့်လူအားလုံး မျက်နှာ ပျက်သွားခဲ့ကြလေသည်။
ရန်ကိုင် ပြုတ်ကျသွားသည့်နေရာတွင် ဧရာမ အက်ကြောင်းကြီးတစ်ခု ရှိနေခဲ့သည်။ ရန်ကိုင်ကိုမူ မတွေ့ရတော့။ အက်ကြောင်းထဲ နစ်ဝင်ပြီး ဟိုးမြေအောက်ထဲ ရောက်သွားသည့်ပုံပင်။
“ဟန့်” ရွှယ်ကျောက် အထင်တသေးဖြင့် နှာခေါင်းရှုံ့၍ “လူသားတန်ခိုးရှင်ဘုရင်အဆင့်တဲ့၊ ဘာမှလည်း မဟုတ်ပါလား”
သူ့တွင် ဤသို့ ပြောနိုင်ခွင့်ရှိပေသည်။ ရန်ကိုင်သည် မည်သို့ပင် ဖြစ်နေပါစေ၊ သူသည် တန်ခိုးရှင်ဘုရင်ဒုတိယ အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေဆဲ။ အဆင့်တူ ကျင့်ကြံသူ တစ်ဦးကို အလွယ်တကူ ဖိနှိပ်လိုက်နိုင်သဖြင့် ရွှယ်ကျောက် အလွန်ကိုမှ မာန်ကြွနေခဲ့လေသည်။
ထိုအခြင်းအရာကို မြင်လိုက်သည့်အခါမှပဲ တစ်ချိန်လုံး ရင်တမမ ဖြစ်နေသည့် ရွှယ်ကျောက် သက်ပြင်းချနိုင်တော့၏။ သို့သော် လုံးဝကြီး စိတ်မအေးသေးဘဲ ရွှယ်ကျောက်ကို လှမ်းသတိပေးလိုက်သေး၏ “ရွှယ်ကျောက်၊ နှောင့်နှေးနေရင် ပြဿနာတွေ တက်လာနိုင်တယ်နော်”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၈၇)
ထိုစကားကို ကြားသည့်အခါ ရွှယ်ကျောက် ခေါင်းညိတ်၍ အောက်သို့ ဆင်းသွားရန် လုပ်လိုက်လေသည်။ သို့သော် ထိုစဉ်မှာပဲ ရန်ကိုင်သည် အက်ကြောင်းထဲမှ ခုန်ထွက်လာ၍ ဖုန်ခါရင်း ပြောလိုက်၏ “သွေးနဂါးခေါင်းဆောင် ဆိုတဲ့အတိုင်းပါလား။ ဒီလောကကြီးမှာ ခင်ဗျားနဲ့ ရုပ်ခွန်အားချင်း ယှဉ်နိုင်တဲ့ လူနည်းနည်းလောက်ပဲ ရှိလောက်မယ်”
ရန်ကိုင်ကို စိုက်ကြည့်နေသည့် ချန်းယန်၏ မျက်လုံးထဲ အံ့ဩရိပ်တို့ ထွက်ပေါ်လာခဲ့လေသည်။ ကောင်းကင်စိတ်အာရုံဖြင့် လှမ်းစစ်ဆေးကြည့်လိုက်သည့် အခါ ရန်ကိုင်သည် ဖုန်ပေနေရုံမှအပါ မည်သည့် ဒဏ်ရာမှ မရထားကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရလေသည်။
ဒီကောင်ဘာလို့ ဘာဒဏ်ရာမှ မရတာလဲ ချန်းယန် မျက်မှောင်ကြုတ်သွားခဲ့လေသည်။
ရွှယ်ကျောက် သုံးလိုက်သော တိုက်ကွက်သည် အလွယ်တကူ ခုခံလို့ရသည့် တိုက်ကွက်မျိုး မဟုတ်ပေ။ ရန်ကိုင်နေရာတွင် သူဆိုလျှင် မသေလျှင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရနေလောက်ပေပြီ။ သို့သော် ဤလူသားကမူ မည်သည့် ဒဏ်ရာမှ မရခဲ့ပေ။
ရန်ကိုင် အကာအကွယ် မှော်ရတနာတစ်ခုကိုမှလည်း ဝတ်မထားခဲ့ပေ။ ရွှယ်ကျောက်နှင့် တိုက်ခိုက်ရာတွင် ရုပ်ခွန်အား သီးသန့်ကိုသာ အသုံးပြုထားခြင်း ဖြစ်ပြီး မည်သည့် အကာအကွယ် မှော်ရတနာကိုမှ အသုံးမပြုခဲ့ပေ။
ဤလူသား၏ ခန္ဓာကိုယ်သည် သွေးနဂါးအသွင် ပြောင်းလဲခြင်းကို အသုံးပြုထားသည့် ရွှယ်ကျောက်ထက်ပင် ပိုအားကောင်းနေခြင်းလား။
ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်နှင့် ချန်းယန် စတင် စိုးရိမ်လာခဲ့လေသည်။
ရွှယ်ကျောက်သည်လည်း ဘာမှမဖြစ်ဘဲ ပြန်ထလာသော ရန်ကိုင်ကို ကြည့်ရင်း ပါးစပ် အဟောင်းသား ဖြစ်နေခဲ့သည်။
“ခင်ဗျား ဒီလောက်ပဲ တတ်နိုင်တာဆိုရင်တော့ မလုံလောက်သေးဘူးနော်” ရန်ကိုင်က ရွှယ်ကျောက်ကို ကြည့်၍ ပြောလိုက်လေသည်။
ရွှယ်ကျောက်သည် ပါးစပ်ဟ၍ တစ်ခုခု ပြောရန် လုပ်လိုက်သော်လည်း ပြောစရာစကား ရှိမနေခဲ့ပေ။ သူပြောလျှင်ပင် သူ့ကိုယ်သူ ပြန်အရှက်ခွဲနေသလိုသာ ဖြစ်ပေလိမ့်မည်။
သူအားအသာဆုံးအပိုင်းတွင် လူသားတစ်ယောက်၏ အထင်သေးခြင်းကို ခံလိုက်ရသည့်အတွက် ရွှယ်ကျောက် အလွန်ကိုမှ ကြိတ်မနိုင် ခဲမရ ဖြစ်နေခဲ့လေသည်။ ယခု ဤအရှက်တရားကို သွေးဖြင့်သာ ဆေးကြောရတော့မည်။
“သွေးနဂါး… ခင်ဗျား အားကုန် မသုံးသေးဘူးမလား။ ခင်ဗျားလို အားကောင်းတဲ့ ရုပ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ကို တွေ့ဖို့ဆိုတာက ကျုပ်အတွက်လည်း လွယ်တာ မဟုတ်ဘူး။ ဒါကြောင့်… ခင်ဗျား ကျုပ်နဲ့ အချိန်ကြာကြာလေး ကစားပေးနိုင်ဖို့ မျှော်လင့်တယ်”
ထိုသို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ရွှယ်ကျောက်ဆီသို့ လျှပ်စီးတန်းတစ်ခုနှယ် ပြေးဝင်သွား၏။
ရွှယ်ကျောက်ဆီသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် သူ့တစ်ကိုယ်လုံး ရွှေရောင်တောက်လာခဲ့သည်။ ဤရွှေရောင်သည် ရွှေရောင်သွေးစက်မှ လာခြင်းမဟုတ်ဘဲ ဒြပ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီမှ လာခြင်းဖြစ်သည်။
သတ္တုဓါးချီဖြင့် လွှမ်းခြုံနေသော ရန်ကိုင်သည် ကောင်းကင်ဘုံကိုပင် ဖြတ်တောက်ပစ်နိုင်သည့် ပြိုင်ဘက်ကင်း ဓါးတစ်ချောင်းအလား။
တိုက်ခိုက်မှု သူ့ဆီ မရောက်သေးခင်မှာပင် မွှေးညင်းပေါက်များ ကျုံ့ဝင်သွားသလို ရွှယ်ကျောက် ခံစားလိုက်ရသည်။ ထိုတိုက်ကွက်နှင့် အတွေ့တွင် ရွှယ်ကျောက်လည်း ပေါ့ဆမနေရဲတော့ဘဲ ခွန်အားကို အစွမ်းကုန် လှည့်ပတ်ကာ ရန်ကိုင်အား ပြန်ထိုးချလိုက်လေသည်။
ဘုန်း…
ယခုတစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်မှုတွင် ရန်ကိုင်ကော ရွှယ်ကျောက်ပါ နှစ်ဦးစလုံး နောက်ဆုတ်သွားခဲ့ကြရသည်။ ရွှယ်ကျောက်၏ အမူအရာသည် အစောပိုင်းကကဲ့သို့ မောက်မာဝံ့ကြွားနေခြင်း မရှိတော့ဘဲ လေးနက် တည်ကြည်နေခဲ့သည်။
တောက်…. တောက်…
ရွှယ်ကျောက်၏ လက်သီးဆီမှ သွေးများ တတောက်တောက် စီးကျလာခဲ့လေသည်။
ဤတစ်ကြိမ် ထိပ်တိုက်တွေ့ဆုံမှုတွင် ရွှယ်ကျောက် ဒဏ်ရာရသွားခဲ့ပေပြီ။
သတ္တုဓါတ်သည် ထက်ရှမှုကို အသားပေသည်။ ရန်ကိုင်သည် ဒြပ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီကို အမြင့်ဆုံးအ ဆင့်ထိ မကျင့်ကြံရေးသေးသော်ငြား အသေးစား ပြီးမြောက်ခြင်း အဆင့်ထိတော့ ရောက်ထားသည်။ ထို့ကြောင့် ရွှယ်ကျောက် ဒဏ်ရာရသွားခဲ့ခြင်း ဖြစ်သည်။
“ဘာမှလည်း မဟုတ်ပါလား” ရွှယ်ကျောက်မှာ ဒဏ်ရာရသွားခဲ့သော်လည်း အရှက်ကွဲမည် စိုးသဖြင့် လေကတော့ မချချေ။
“တကယ်လား” ရန်ကိုင်က ပြုံးဖြီးလျက် “ဒါဆိုလည်း ဆက်ကြည့်ထားပေါ့”
ပြောပြီးသည်နှင့် သူ့ကိုယ်ပတ်လည်ရှိ အရောင်သည် ရွှေရောင်မှ ရွှေရောင်နှင့်အညိုရောင်သို့ ပြောင်းလဲသွား၏။
မြေကမ္ဘာဓါးချီပင်…
မြေကြီးဓါတ်သည် မာကျောကြံ့ခိုင်မှုကို အသားပေးသည်။ ထို့ကြောင့် မြေဓါးချီသည် အကောင်းဆုံး အကာအကွယ်ကို ဖန်တီးနိုင်ပေသည်။ ဒြပ်ကြီးငါးပါးထဲ၌ သတ္တုဓါတ်သည် မြေဓါတ်မှ မွေးဖွားလာသည်။ ထို့ကြောင့် မြေဓါတ် ထွက်ပေါ်လာချိန် သတ္တုဓါတ်သည် မြေဓါတ်နှင့် ပဲ့တင်ထပ်သွားလေသည်။
ရောင်စဉ်နှစ်ခုဖြင့် ကိုယ့်ကိုယ်ကို လွှမ်းခြုံထားလျက် ရန်ကိုင်သည် ရွှယ်ကျောက်ဆီသို့ ပြေးဝင်သွားလေသည်။ ရွှယ်ကျောက်နားသို့ ရောက်လာပြီးနောက် သူ့လက်ကို မြှောက်၍ ရိုက်ချလိုက်လေသည်။
ရွှယ်ကျောက်သည် လက်နှစ်ဖက်ကို ကြက်ခြေခတ် ပုံစံ တစ်ခုပေါ်တစ်ခုထပ်၍ ခုခံလိုက်သည်။
ရန်ကိုင်၏ ခုတ်ရိုက်ချလိုက်သည့်အခိုက် သွေးစိမ်းရှင်းရှင်း ပန်းထွက်လာခဲ့လေသည်။ ထက်ရှသော ဓါးချီသည် ရွှယ်ကျောက်၏ လက်မောင်းကို ဟက်တတ် ပိုင်းချသွားလေသည်။ တရဟော စီးထွက်လာသည့် သွေးများကြောင့် ရွှယ်ကျောက်အင်္ကျီများ နီစွေးကုန်၏။
ယခုတစ်ကြိမ် ဒဏ်ရာသည် ပထမတစ်ကြိမ်ကကဲ့သို့ သေးသေးလေးမဟုတ်ဘဲ အရိုးထိနက်သည့်ဒဏ်ရာ ဖြစ်၏။
နာကျင်မှုကြောင့် ရွှယ်ကျောက်မျက်နှာကြီး ရှုံ့မဲ့သွားပြီး ရှက်ရမ်းရမ်းကာ လှမ်းအော်လေသည် “ကောင်လေး၊ မင်းကိုယ်မင်း အထင်သိပ်ကြီးမနေနဲ့ဦး”
ပြောပြီးသည်နှင့် ရွှယ်ကျောက်သည် သူ့ခွန်အားကို ထပ်မံ မြှင့်တင်လိုက်လေသည်။ သူ့တစ်ကိုယ်လုံး အနီရောင် တောက်လာပြီး ခန္ဓာကိုယ်သည် မီတာတစ်ရာမက ကြီးမားလာခဲ့လေသည်။ အရေပြားတစ်လျှောက် သွေးနီရောင် အကြေးခွံများ ထွက်ပေါ်လာသည် မျက်လုံးများသည်လည်း ကြက်သွေးရောင် ပြောင်းလာခဲ့၏။ ထို့နောက် ရန်ကိုင်အား စူးရဲစွာစိုက်ကြည့်၍ ပါးစပ်ကိုဟကာ သွေးရောင်အလင်းတန်းဖြင့် လှမ်းပစ်လိုက်လေသည်။
“သွေးနဂါးအသွင်ပုံစံ ပြောင်းလိုက်တာလား” ဘဟဲ မျက်လုံးမှေးစဉ်းသွားခဲ့သည်။ ရန်ကိုင်သည် ရွှယ်ကျောက်ကို သွေးနဂါးပုံစံသို့ ပြောင်းသွားအောင်ထိ တွန်အားပေးနိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
သွေးနဂါးအသွင်ပြောင်းလဲခြင်းသည် ဘိုးဘေး သွေးမျိုးဆက်စွမ်းအင်ကို ယူငင်သုံးဆွဲခြင်း ဖြစ်သည်။ သို့သော်လည်း သွေးမျိုးဆက်ကို အပြည့်အဝ အသက်သွင်းလိုက်မည် ဆိုလျှင်တော့ သွေးနဂါး အသွင်ကို ပြောင်းလဲနိုင်ပေလိမ့်မည်။
တစ်နည်းဆိုရသော် ရွှယ်ကျောက် အားကုန် ထုတ်သုံးနေပြီဟု ပြောလိုက်ခြင်း ဖြစ်ပေသည်။
သွေးရောင်အလင်းတန်သည် ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် ရန်ကိုင်ဆီသို့ တိုးဝင်သွားလေသည်။ ထိုအလင်းတန်းသာ ထိခံလိုက်ရလျှင် ရန်ကိုင်လည်း သက်သာလိမ့်မည် မဟုတ်။
ပိုဆိုးသည်မှာ သွေးရောင်အလင်းတန်းဆီမှ ထွက်ပေါ်နေသော တိုက်စားစွမ်းအားပင်။ ထိုစွမ်းအားသည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်အတွက်ပင် အန္တရာယ်များ၏။
သို့သော် ရန်ကိုင်ကမူ မရှောင်ဘဲ မာန်သွင်း၍သာ အော်ဟစ်လိုက်၏ “ရေလာစမ်း”
သူ့စကားသံ ဆုံးသွားသည်နှင့် အပြာရောင်အလင်းသည် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့လေသည်။
အပြာရောင်အလင်းသည် ရန်ကိုင်၏ ခွန်အားကို သိသိသာသာ မြင့်တက်လာစေခြင်း မရှိသော်လည်း သမုဒ္ဒရာ တစ်ခုလုံးကို သူ့အား ဝန်းရံပြီး ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်ပေးနေသည့်အလား လုံခြုံသည့် ခံစားချက်ကို ပေးစွမ်းနေပေသည်။
ခဏအကြာတွင် သွေးနီရောင်အလင်းတန်းသည် ရန်ကိုင်ဆီသို့ ရောက်လာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့လေသည်။
ရွှယ်ကျောက်သည် သွေးရောင်အလင်းတန်းထဲသို့ သေချာ အာရုံစိုက်ကြည့်နေခဲ့သည်။
ရုတ်တရက် တစ်ခုခုကို သတိပြုမိလိုက်သည့်အလား မျက်လုံးပြူးလျက် အလန့်တကြား ထအော်လေသည် “မကောင်းတော့ဘူး”
သွေးနဂါးအသွင်သို့ ပြောင်းလဲထားသည့် ရွှယ်ကျောက်၏ အော်သံသည် မိုးချိန်သံတမျှ ကျယ်လောင်လွန်းလှပေသည်။
သူ့စကားသံ ဆုံးသွားသည်နှင့် သွေးရောင်အလင်းထဲမှ ပုံရိပ်တစ်ခု ခုန်ထွက်လာပြီး ရွှယ်ကျောက်၏ နဂါးခေါင်းကို လက်သီးဖြင့် ထိုးချလိုက်လေသည်။
လက်ရှိတွင် ရန်ကိုင် တစ်ကိုယ်လုံးသည် အရောင် လေးရောင်ဖြင့် လွှမ်းခြုံနေခဲ့လေသည်။
ရွှေရောင်၊အညိုရောင်နှင့် အပြာရောင်အပြင် အလျှံညီးညီး တောက်လောင်နေသည့် မီးတောက်နှယ် လောင်မြိုက်နေသည့် အနီရောင်တစ်ခုလည်း ရှိနေခဲ့သည်။
တစ်ချိန်တည်းတွင် ရန်ကိုင်၏ ခွန်အားသည် ယခင် ရှိသင့်သည်ထက် အများကြီး ပိုမြင့်မားနေခဲ့လေသည်။ ရန်ကိုင်ဆီမှ အရောင်တစ်ရောင် ထွက်လာပြီးနောက် ရန်ကိုင်၏ ခွန်အားသည်လည်း မြင့်တက်လာခဲ့လေသည်။
ဘုန်း…
လက်သီးချက်သည် ရွှယ်ကျောက်၏ ခေါင်းတည့်တည့်ကို ထိမှန်သွားခဲ့လေသည်။ နာကျင်စွာ အော်ဟစ်ရင်း ကြိုးပြတ်သွားသည့် ရွှယ်ကျောက်သည် ကြိုးပြတ်သွားသည့် စွန်တစ်စင်းပမာ လွင့်ထွက်သွားခဲ့သည်။
လေထဲ ကျွမ်းသုံးလေးပတ်လောက် လည်ထွက်သွားပြီးမှ ခြေငြိမ်အောင် ပြန်ရပ်လိုက်နိုင်၏။ သို့သော်လည်း မီးကျွမ်းနေသော လက်သီးရာကြီးမှာတော့ သူ့နဖူးထက် ထင်ကျန်ရစ်နေဆဲ။ လက်သီးရာကြီးပေါ်တွင် မီးတောက်များ လောင်ကျွမ်းနေ၏။ ထိုမီးတောက်ကို ရွှယ်ကျောက် မည်သို့ပင် ငြိမ်းစေကာမူ မီးတောက်မှာတော့ ငြိမ်းသတ်သွားခြင်း မရှိခဲ့ပေ။
“ဘယ်လိုမီးတောက်ကြီးလဲ” ရွှယ်ကျောက်က အလန့်တကြား ထအော်လေသည်။
“နေမီးလျှံလေ” ရန်ကိုင်က ပြုံးဖြီးလျက် ပြန်ပြော၏။
ထိုစကားကို ကြားသည့်အခါ ရွှယ်ကျောက်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။
နေမီးလျှံသည် နေကြယ်၏ အမြူတေမှ ဖြစ်လာခြင်း ဖြစ်သည်။ ရှေးဟောင်းဖီးနစ်ငှက်များ ပိုင်ဆိုင်သည့် နီဗားနား မီးတောက်များကဲ့သို့ပင် နေမီးလျှံသည် မီးတောက်များအနက် အလွန်အားကောင်းသည့် မီးတောက် တစ်ခုအဖြစ် ကျော်ကြားပေသည်။ အဆင့်တူ ရေဓါတ် တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားခြင်း မရှိသလို မီးလျှံအား သန့်စင်ပစ်နိုင်ခြင်းလည်း မရှိလျှင် နေမီးလျှံကို မည်သို့မှ ငြိမ်းသတ်နိုင်လိမ့်မည် မဟုတ်ချေ။
သူ့ခေါင်းထိပ်တွင် လောင်မြိုက်နေသည့် နေမီးလျှံ ရုတ်တရက် ပိုမို ပြင်းထန်လာပြီး သူ့ခန္ဓာကိုယ်ကိုပါ ဆက်လက် လောင်မြိုက်လာသည်ကို ခံစားမိလိုက်သည့် အခါ ရွှယ်ကျောက် တုန်လှုပ်ချောက်ခြားသွားလေသည်။
မခံနိုင်တော့သည့်အဆုံး ရွှယ်ကျောက်သည် နာကျင်စွာ ထအော်ဟစ်တော့၏။
သို့ရာတွင် ရန်ကိုင်ကမူ အဆင့်တူ ကျင့်ကြံသူတစ်ဦးကို အနိုင်ယူလိုက်နိုင်သည့်အတွက် ပျော်နေခြင်း မရှိဘဲ မှုန်ကုတ်ကုတ် အမူအရာဖြင့်သာ ရွှယ်ကျောက်၏ ခန္ဓာကိုယ်ကြီးကို စိုက်ကြည့်နေလေသည်။ ခဏကြာအောင် ကြည့်နေပြီးနောက် ရုတ်တရက် ပြုံးဖြီး၍ “အဲ့လိုကိုး”
“မင်းသတိပြုမိသွားပြီပေါ့” ချန်းယန်၏အသံ ရန်ကိုင် နားထဲ ထွက်ပေါ်လာခဲ့လေသည်။ သူ့အသံကို ရန်ကိုင် ကြားလိုက်သည့် တစ်ချိန်တည်းတွင် နေမီးလျှံ၏ လောင်ကျွမ်းခြင်း ခံနေရသော ရွှယ်ကျောက်၏ ခန္ဓာကိုယ်ကြီးသည် သန်းပေါင်းများစွာသော ငွေရောင်အလင်းစက်လေးများ အဖြစ်သို့ ပြောင်းလဲ ပျောက်ကွယ်သွားခဲ့လေသည်။
အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်သည့် အခါတွင် ဘာဒဏ်ရာမှ ရထားခြင်းမရှိသော ရွှယ်ကျောက်ကို တွေ့လိုက်ရလေသည်။ သို့ရာတွင် ရွှယ်ကျောက်မှာတော့ အစောပိုင်းက အဖြစ်အပျက်ကြောင့်လားမသိ ထိတ်လန့် တုန်လှုပ်နေခဲ့လေသည်။ သူ့ဘေးတွင် ချန်းယန်သည် အလေးအနက် အမူအရာဖြင့် ရပ်နေခဲ့သည်။
“ခင်ဗျားဘယ်တုန်းက လှုပ်ရှားလိုက်တာလဲ။ ကျုပ်သတိမထားမိလိုက်ပါလား” ရန်ကိုင်က ချန်းယန်ကို စိတ်ဝင်တစားဖြင့် စိုက်ကြည့်ကာ ပြောလိုက်လေသည်။
အစကတော့ ရွှယ်ကျောက်ကို အနိုင်ယူနိုင်လိုက်ပြီဟု ထင်နေခဲ့သော်လည်း နေမီးလျှံမီးတောက်ဖြင့် ရွှယ်ကျောက်၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းပစ်ရန် ကြိုးစားလိုက်သည့် အခါမှပဲ ထိုအချက်ကို နားလည်လိုက်၏။
သူထိသွားသည်မှာ ရွှယ်ကျောက်၏ အစ်အမှန် ခန္ဓာကိုယ် မဟုတ်ဘဲ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေခဲ့သည်။
သူ့မသိလိုက်ခင်မှာပဲ ပုံရိပ်ယောင်ထဲသို့ ရောက်သွားအောင် လုပ်နိုင်သည့် စွမ်းရည်သည် မျက်လုံးတစ်ထောင် ခေါင်းဆောင်သာ လုပ်နိုင်သည့် အရာမျိုး ဖြစ်သည်။
“ငါမင်းကို ပြောမယ်ထင်နေလား”
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “သွေးရောင်အလင်းတန်း ကျုပ်ကို လာထိတဲ့အချိန်မလား။ ကောင်းကင်ခွဲလမျက်လုံးဆိုတဲ့အတိုင်းပဲ… တကယ် အထင်ကြီးဖို့ကောင်းတာပဲ”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၈၈)
ရန်ကိုင်မှ သူ့မျက်လုံးစွမ်းရည်အား သိနေကြောင်း ကြားလိုက်ရသည့်အခိုက် ချန်းယန်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့လေသည်။ သို့သော်လည်း ရန်ကိုင်သည် ချီယွဲ့နှင့် အလွန် ရင်းနှီးကြောင်း ပြန်စဉ်းစားမိလိုက်သည့်အခါ ပြန်စိတ်အေးသွားခဲ့လေ၏။
ချန်းယန်သည် မျက်လုံးတစ်ထောင်မျိုးနွယ်စုခေါင်းဆောင် ဟူသော ဂုဏ်ပုဒ်ကို ဤကောင်းကင်ခွဲလမျက်လုံးကြောင့် ရခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ခွဲလမျက်လုံးသည် မျက်လုံးတစ်ထောင်မျိုးနွယ်စုဝင်များသာ တတ်မြောက်နိုင်သည့် မွေးရာပါစွမ်းရည်တစ်ခု ဖြစ်သည်။
သာမန်အားဖြင့် လူသား ကျင့်ကြံသူများသည် ကောင်းကင်ခွဲလမျက်လုံးအကြောင်းကို သိကြလိမ့်မည် မဟုတ်သော်လည်း ရန်ကိုင်သည် ချီယွဲ့နှင့် အလွန် ရင်းနှီးသည့်အတွက် ထိုအကြောင်းကို သိသည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။
ရန်ကိုင်၏ ခန္ဓာကိုယ်ပတ်လည်းအား ဝိုင်းရံထားသော အရောင်လေးရောင်ကို ကြည့်ရင်း ချန်းယန်က ပြောလိုက်၏ “မင်းသုံးသွားတဲ့ နည်းလမ်းက ဒြပ်ကြီးငါးပါးကို အခြေခံထားတာမလား။ အခု အရောင်လေးရောင်ဆိုတော့ တစ်ရောင် ကျန်ဦးမှာပေါ့။ အဲ့တစ်ရောင်ကိုပါ ဘာလို့ မသုံးသေးတာလဲ။ ရွှယ်ကျောက်က မင်းပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်လိမ့်မည်၊ ဒါပေမယ့် ငါတို့နှစ်ယောက် ပေါင်းတိုက်မယ် ဆိုရင် အခုပုံစံနဲ့ နိုင်ဦးမယ်ထင်လား”
ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် ပြန်ပြောလိုက်လေသည် “ကောင်းပြီလေ”
သူ့စကားဆုံးသွားသည်နှင့် အစိမ်းရောင်တစ်ရောင်ပါ ထပ်ထွက်လာခဲ့လေသည်။ ယခင်တည်းက အလွန် မြင့်မားနေခဲ့ပြီဖြစ်သော ရန်ကိုင်၏ ခွန်အားသည် လျင်မြန်စွာ ထပ်မံ မြင့်တက်လာခဲ့လေသည်။
ထိုအခြင်းအရာကို မြင်သည့်အခါ ချန်းယန်နှင့် ရွှယ်ကျောက်တို့ နှစ်ဦးစလုံး မျက်မှောင်ကြုတ်သွားကြ၏။
ပုံမှန်အားဖြင့် ဒြပ်ကြီးငါးပါး စုံသွားရုံဖြင့် ဤမျှ အားကောင်းလာနိုင်လိမ့်မည် မဟုတ်သော်ငြား ရန်ကိုင်၏ ဒြပ်ကြီးငါးပါးစွမ်းအင်သည် တစ်မျိုးကိုတစ်မျိုး အပြန်အလှန် အားဖြည့်ပေးနေခဲ့သည့်အတွက် သူ့ခွန်အားကို ရှိရင်းစွဲထက် အဆပေါင်းများစွာ မြင့်တက်လာစေခဲ့လေသည်။
ရွှယ်ကျောက်၏ မျက်လုံးထဲ ကြောက်လန့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။ ချန်းယန်သာ အချိန်မှီ ဝင်မကူညီလိုက်လျှင် နေမီးလျှံကြောင့် သူဆိုးဆိုးရွားရွား ဒဏ်ရာရနေလောက်ပေပြီ။ ယခုမှပဲ ရန်ကိုင်သည် လွယ်ကူသည် ပြိုင်ဘက်မဟုတ်မှန်း နားလည်သွားတော့သည်။ နှစ်ဦးစလုံးသည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်ချင်း အတူတူပင် ဖြစ်လင့်ကစား သူသည် ရန်ကိုင်၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။
“ဒီလောက်ပဲလား” ချန်းယန်ကမူ နှာခေါင်းရှုံ့လျက် “ဒီလောက်ပဲဆိုရင်တော့ မင်းပြန်ဆုတ်လိုက်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် မင်းသေလိမ့်မယ်”
“တိုက်ခိုက်နေတဲ့အချိန်မှာ ဘာလို့ အပိုစကားတွေ လာပြောနေတာလဲ။ ခင်ဗျားသာကို ကျုပ်သတ်လိုက်တာလို့ ပြောရင်ရော ခင်ဗျားကျုပ်ကို သွားခွင့်ပေးဦးမှာလား” ရန်ကိုင်က အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်၏။
“ဘာကွ” ချန်းယန်၏ မျက်လုံးထဲ ဒေါသမီးတောက်တို့ ချက်ချင်း ထတောက်လာခဲ့လေသည် “မင်းဘာပြောလိုက်တာလဲ”
ရွှယ်ကျောက်သည် တစ်ခုခုကို တွေးမိသွားပြီး “လတ်စသတ်တော့ မင်းကိုး။ အဲ့ဒါကြောင့် မင်းကို မြင်ဖူးပါတယ်လို့ မှတ်နေတာ။ လတ်စသတ်တော့ မင်းက ဟိုခွေးကောင်လေး ဖြစ်နေတာကိုး”
“ရွှယ်ကျောက်၊ မင်းဘာပြောနေတာလဲ” ချန်းယန်သည် ရွှယ်ကျောက်ဘက်သို့ လှည့်မေးလိုက်လေသည်။
“မင်းမသိသေးဘူးလား။ အဲ့ကောင်က ဟိုးတစ်ခါတုန်းက ဒီကို ရောက်လာပြီး ရွှယ်လျန်၊ မီထျန်းတို့နဲ့ သွေးအကျဉ်းထောင်ထဲ ဝင်သွားတဲ့ လူသား ကောင်လေးလေ” ရွှယ်ကျောက်က အံကြိတ်ကာ ပြောလိုက်၏။
“မဖြစ်နိုင်ဘူး” ချန်းယန်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည် “သွေးအကျဉ်းထောင်က တန်ခိုးရှင် အဆင့် ကျင့်ကြံသူတွေကိုပဲ ဝင့်ပြိုင်ခွင့်ပြုတာ။ ပြီးတော့ သွေးအကျဉ်းထောင်စမ်းသပ်ပွဲပြီးသွားတာ ဘယ်လောက် ကြာသေးလို့လဲ။ ဒီလောက် အချိန်လေးနဲ့ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်ကို ရောက်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး”
“ငါလည်း မဖြစ်နိုင်ဘူးလို့ ထင်နေတာ” ရွှယ်ကျောက်က ခေါင်းညိတ်၍ “ဒါပေမယ့် တရားခံက ငါတို့ ရောက်နေမှတော့ မယုံချင်ရင်တောင် မယုံလို့ မရတော့ဘူး”
ချန်းယန် ကြောင်သွားခဲ့လေသည်။ ခဏကြာ တိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်၍ “ကောင်းတယ်။ ငါ့သား မီထျန်းကို ရှာနေတုန်းက ရှာလို့မတွေ့ဘဲ အခုကျမှ မရှာဘဲ ငါ့ရှေ့မှာ အလိုလို ပေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ပေါ်လာပြီးမှတော့ မင်းထွက်သွားဖို့ မစဉ်းစားတော့နဲ့”
“ကောင်းတယ်။ အဲ့ဒါမျိုးမှ ကြိုက်တာ” ရန်ကိုင်က အကျယ်ကြီး အော်ရယ်မောလိုက်လေသည်။
“ရွှယ်ကျောက်၊ ဒီတစ်ခါ သူသေရင်သေ မသေရင် ငါတို့ အသေပဲ” ချန်ယန်မှာ အလွန်ကိုမှ ဒေါသထွက်နေလေရာ ရွှယ်ကျောက် ပြန်ပြောသည်ကိုပင် စောင့်မနေတော့ဘဲ ရန်ကိုင်ဆီသို့ ပြေးဝင်သွားလေသည်။ သွားနေရင်း လမ်းတစ်ဝက် အရောက်တွင် သူ့ခန္ဓာကိုယ်သည် ဆန်းကြယ်စွာ ဝေဝါး ပျောက်ကွယ်သွားခဲ့လေသည်။
သူမည်သည့်နေရာသို့ ထွက်သွားလဲ မည်သူမှ မသိကြ။
သို့သော်လည်း ရွှယ်ကျောက်သည် ထိုမြင်ကွင်းကို မြင်နေကျ ဖြစ်သည့်အလား အံ့အားတသင့် ဖြစ်မနေဘဲ ရန်ကိုင်ဆီသို့သာ ပုံမှန်အတိုင်း ပြေးဝင်သွားလေသည်။
ရန်ကိုင်နားသို့ ရောက်အောင် ပျံသန်းလာပြီးနောက်တွင် ရွှယ်ကျောက်သည် သွေးရောင်အလင်းတန်းကို မှုတ်ထုတ်လိုက်ပြန်လေသည်။
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “လှည့်ကွက်တစ်ခုက နှစ်ကြိမ်အလုပ်မဖြစ်ဘူးဆိုတာကို မသိတာလား”
“အလုပ်ဖြစ်စရာ မလိုဘူး” ရွှယ်ကျောက်သည် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီးနောင် ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားပြီး အမြီးဖြင့် ရိုက်ချလိုက်လေသည်။
သူ့အမြီးပေါ်တွင် ကြေးခွံများသည် စူးချွန်များနှယ် ထောင်ထွက်နေခဲ့သည်။ ရန်ကိုင်သာ ရိုက်ခံလိုက်ရလျှင် သက်သာလိမ့်မည် မဟုတ်ချေ။
ရန်ကိုင်သည် နဂါးအမြီးရိုက်ချက်ကို အလွယ်တကူ ရှောင်တိမ်းလိုက်လေသည်။ သို့သော် ရှောင်းပြီး ခြေခိုင်ခိုင် ပြန်မရပ်နိုင်သေးခင်မှာပဲ မျက်မှောင်ကြုတ်သွားပြီး နယ်ပယ်စက်ကွင်းကို အလျင်စလို ဖြန့်ကျက်ချလိုက်လေ၏။
သူ့နောက်တွင် ပုံရိပ်တစ်ခု ဆန်းကြယ်စွာ ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်သည် ခုဏလေးတင်က ပျောက်ကွယ်သွားခဲ့သော ချန်းယန်သာ ဖြစ်ပေသည်။
လက်ရှိတွင် ချန်ယန်၏ လက်သည် ဓါးတစ်ချောင်းနှယ် ရန်ကိုင်ခေါင်းဆီသို့ ဦးတည်နေခဲ့သည်။
သို့သော် ရန်ကိုင်၏ နယ်ပယ်စက်ကွင်းကြောင့် ချန်းယန်၏ တိုက်ခိုက်မှုသည် လေထဲတွင် တန့်သွားခဲ့သည်။ ရှေ့ဆက်တိုး မရတော့သည့်အခါ သူ့ကိုယ်ပိုင် နယ်ပယ်စက်ကွင်းကိုထုတ်၍ ရန်ကိုင်၏ နယ်ပယ်စက်ကွင်းကို ဖိနှိပ်ရန် ကြိုးစားလိုက်လေသည်။
ထိုအခါ ရန်ကိုင်က နဂါးအရိုးဓါးကိုထုတ်၍ ဝှေ့ရမ်းချလိုက်သည်။
ထိုအခြင်းအရာကို မြင်သည့်အခါ ချန်းယန်သည် ဆက်မတိုက်တော့ဘဲ ပြန်ဆုတ်သွားခဲ့လေသည်။
နဂါးအရိုးဓါးဖြင့် အတီးမခံချင်ပေ။ ဓါးတွင် အသွား မရှိတော့သော်လည်း မည်သူမဆို ထိုမှော်ရတနာသည် တန်ခိုးရှင်ဘုရင်အဆင့်ဖြစ်ကြောင်း ပြောနိုင်ပေသည်။ တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာဖြင့် ရိုက်ခံရလျှင် ကျိန်းသေ ခံစားလို့ကောင်းလိမ့်မည် မဟုတ်ချေ။
“ဘာပြီးမှတော့ ဘာလို့ ထွက်သွားချင်နေသေးတာလဲ” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ သူ့နယ်ပယ်စက်ကွင်းစွမ်းအားကို မြှင့်တင်လိုက်လေသည်။
ဘုန်း…
ချက်ချင်းဆိုသလို ရန်ကိုင် ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်တစ်ခုလုံး စတင် တုန်ခါလာပြီး ရန်ကိုင်ပတ်လည် မီတာတစ်ရာဝန်းကျင်တစ်ခုလုံး မရေမတွက်နိုင်သော အနက်ရောင် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားခဲ့လေသည်။
“ဒါက…” ချန်းယန် ထိတ်လန့်သွားခဲ့လေသည်။ ရန်ကိုင်၏ နယ်ပယ်စက်ကွင်းတွင် ထိုမျှ ကြောက်မက်ဖွယ် ကောင်းလှသည့် အဖျက်စွမ်းအား ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရန်ကိုင်၏ နယ်ပယ်စက်ကွင်းသည် သူ့နယ်ပယ်စက်ကွင်းထက် ပိုအားကောင်းနေရုံမက ဆန်းကြယ်နက်နဲသည့် စွမ်းအားတစ်မျိုးဖြင့်လည်း ပေါင်းစပ်နေသေးသည်။
ထိုစွမ်းအားသည် ဟင်းလင်းပြင်ကိုပင် အက်ကွဲစေကာ မရေမတွက်နိုင်သော အက်ကွဲကြောင်းများကို ဖြစ်ပေါ်လာစေသည်။
“လန့်မနေနဲ့” ထိုစဉ် ရွှယ်ကျောက်က လှမ်းအော်ပြောလိုက်ပြီး သူ့နယ်ပယ်စက်ကွင်းကို ချန်းယန်နှင့် နယ်ပယ်စက်ကွင်းနှင့် ပေါင်းစပ်၍ ရန်ကိုင်၏ နယ်ပယ်စက်ကွင်းကို တန်ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်လေသည်။
ခရက်…
ဟင်းလင်းပြင်သည် ပြိုကျတော့မည့်အလား ပိုပို၍ မတည်မငြိမ် ဖြစ်လာခဲ့သည်။
ရွှယ်ကျောက်သည် ဟင်းလင်းပြင်အက်ကြောင်းများကို လျစ်လျူရှု၍ ချန်းယန်အား ရန်ကိုင်၏ နယ်ပယ်စက်ကွင်းထဲမှ လှမ်းဆွဲခေါ်လိုက်လေသည်။
သူ့လက်ကို ပြန်ဆုတ်ပြီးပြီးချင်းမှာပဲ အက်သံကြီး ထွက်ပေါ်လာခဲ့သည်။
နယ်ပယ်စက်ကွင်းနှစ်ခု ပေါင်းစုံသွားသည့် နေရာရှိ ဟင်းလင်းပြင်တစ်ခုလုံး မှန်တစ်ချက်နှယ် အက်ကွဲသွားပြီး ဧရာမအက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ သို့သော်လည်း မွန်းစတားဧကရာဇ်ကြယ်၏ နိယာမများကြောင့် အက်ကွဲကြောင်းမှာ တစ်ခဏအတွင်း သူ့ဘာသာ ပြန်ပိတ်သွားခဲ့သည်။
အချိန်မှီလေး ပြန်ဆုတ်လိုက်နိုင်သော မွန်းစတား မျိုးနွယ်စုခေါင်းဆောင်နှစ်ဦးသည် ပြန်ပိတ်သွားသော အက်ကွဲကြောင်းကြီးကိုကြည့်ရင်း ရင်တဒုန်းဒုန်း ခုန်နေခဲ့သည်။
နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေသည့်တိုင် အောက်စည်းသို့သာ ရောက်နေသေးသည်။ ဤအခြေအနေမှာ သူတို့နှစ်ဦးစလုံး အိမ်မက်ပင် မမက်ဖူးသည် အခြေအနေမျိုး ဖြစ်သည်။ သို့သော်လည်း ယနေ့တွင် သူတို့ မျက်စိရှေ့တည့်တည့်၌ ဖြစ်နေခဲ့လေပြီ။
လူသား တန်ခိုးရှင်ဘုရင်အဆင့်တွေ ဒီလောက်တောင် အားကောင်းကြာတာလား ချန်းယန်နှင့် ရွှယ်ကျောက်တို့ နှစ်ဦးစလုံး သူတို့ကိုယ်သူတို့ ပြန်မေးမိလိုက်ကြသည်။
တကယ်သာ ဆိုလျှင်တော့ ဤကြယ်စီရင်စုကြီးထဲ သူတို့ မွန်းစတားမျိုးနွယ်ဝင်များအတွက် နေစရာနေရာ ရှိတော့လိမ့်မည် မဟုတ်ချေ။ လူသားတန်ခိုးရှင်ဘုရင်ဒုတိယ အဆင့် အချို့ လာလိုက်ရုံဖြင့် မွန်းစတားဧကရာဇ်ကြယ် တစ်ခုလုံး စိစိညက်ညက် ကြေသွားပေလိမ့်မည်။
“ငါတို့ အားကုန်ထုတ်သုံးဖို့ လိုနေပြီ ရွှယ်ကျောက်” ချန်းယန်က ပြောလိုက်သည်။ ဤပုံစံအတိုင်းဖြင့် ရန်ကိုင်အား မည်သို့မှ အနိုင်ယူနိုင်လိမ့်မည် မဟုတ်မှန်း သိနေခဲ့သည်။
ရန်ကိုင် ပေါ်လာစဉ်က သူ့ကိုယ်သူ အသက်ရှင်အောင် လုပ်ဖို့ ပြဿနာမရှိဟု ချီယွဲ့ကို ပြောခဲ့သည်။ ထိုစဉ်က ထိုစကားကို ဟာသတစ်ခုအဖြစ်သာ ချန်းယန် မှတ်ယူခဲ့၏။ သို့သော်လည်း ယခု တိုက်ခိုက်လိုက်သည့် အခါမှပဲ ရန်ကိုင် မောက်မာလွန်းနေခြင်းမဟုတ်ဘဲ သူ့တွင် ထိုသို့ ပြောနိုင်သည့် ခွန်အား ရှိနေကြောင်းကို နားလည်သွားရတော့သည်။
“ငါသိတယ်” ရွှယ်ကျောက်က ပြန်ပြောလိုက်ပြီးနောက် ပါးစပ်ကိုဟ၍ လက်သီးဆုပ်အရွယ် အလုံးလေးတစ်လုံးကို ထွေးထုတ်လိုက်လေသည်။
“မွန်းစတားအမြူတေ” ရွှယ်ကျောက်သည် သူ့တွင် ရှိသည့် နည်းလမ်းမှန်သမျှကို အိတ်သွန်ဖာမှောက် အသုံးပြုတော့မည်မှန်း ရန်ကိုင် နားလည်လိုက်သည်။
မွန်းစတားမျိုးနွယ်စုဝင်တွင်း မွန်းစတားအမြူတေ တစ်ခုစီ ရှိကြသည်။ သို့သော် မည်သည့် မွန်းစတား ကျင့်ကြံသူမှ သူတို့၏ အမြူတေကို အလွယ်တကူ အသုံး မပြုကြချေ။ အကြောင်းမှာ မွန်းစတားအမြူတေသည် သူတို့၏ အသက်စွမ်းအင်နှင့် တိုက်ပွဲစွမ်းအား၏ ပင်မစွမ်းအင် အရင်းအမြစ် ဖြစ်နေသည့် အတွက်ကြောင့် ဖြစ်ပေသည်။
မွန်းစတားအမြူတေသာ ထိခိုက်သွားလျှင်ဖြစ်ဖြစ်၊ ပျက်စီးသွားခဲ့လျှင်ဖြစ်ဖြစ်၊ သူတို့၏ ခွန်အား အကြီးအကျယ် ယုတ်လျော့သွားနိုင်ပေသည်။
ထို့ကြောင့် မွန်းစတားမျိုးနွယ်ဝင်များသည် သူတို့၏ မွန်းစတားအမြူတေကို လွယ်လင့်တကူ ထုတ်မသုံးကြခြင်း ဖြစ်သည်။
ရွှယ်ကျောက် သူ့မွန်းစတားအမြူတေကို ထုတ်လိုက်ခြင်းမှာ သူအစွမ်းကုန်ကို ထုတ်သုံးတော့မည်ဟု ပြောလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
ရွှယ်ကျောက်သည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက် သူ့မွန်းစတား အမြူတေသည် အလွန်ကိုမှ အဖိုးတန်ပေသည်။ သူ့မွန်းစတား အမြူတေကို သုံး၍သာ ဆေးဖော်စပ်မည် ဆိုလျှင် အဆင့်အမြင့်ဆုံး တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်ပေလိမ့်မည်။
ရွှယ်ကျောက်၏ ခန္ဓာကိုယ်ဟာလည်း အလွန် အားကောင်းသည့် သွေးသားရဲတစ်ကောင်အဖြစ်သို့ သန့်စင်ပစ်နိုင်ပေသေးသည်။
တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သို့ ရောက်နေသည့် ရှေးဟောင်းနတ်သားရဲတို့၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် သွေးသားရဲတစ်ကောင်သည် အံမခန်း ခွန်အားကို ကျိန်းသေ ပိုင်ဆိုင်ထားပေလိမ့်မည်။
ရွှယ်ကျောက်အား မည်ကဲ့သို့ အသုံးချရမလဲ ဆိုသည်နှင့် ပက်သက်၍ ရန်ကိုင် စတင် အစီအစဉ်ဆွဲနေခဲ့သည်။
ချန်းယန်ကမူ ရွှယ်ကျောက်ကဲ့သို့ သူ့မွန်းစတား အမြူတေကို ထွေးမထုတ်ဘဲ အသံအကျယ်ကြီးသာ ထအော်ဟစ်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် လေထိုးလိုက်သည့်နှယ် ရုတ်တရက် ကြီးထွား ဖောင်းကားထွက်လာခဲ့သည်။ ဝတ်ထားသည့် အပေါ်ပိုင်း အဝတ်အစားများလည်း ပေါက်ပြဲထွက်ကုန်လေသည်။
ပြောင်းလဲသွားသည့် ချန်းယန်၏ ပုံစံကို မြင်ပြီးနောက် ရန်ကိုင် ကြက်သီးမွှေးညင်းထသွားသည်။
ချန်းယန်၏ ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ခုလုံးသည် ငွေရောင် တလက်လက် တောက်နေသည့် မျက်လုံးများဖြင့် ပြည့်နေခဲ့လေသည်။
မျက်လုံးအရေအတွက်မှာ စုစုပေါင်း ခုနှစ်ဆယ်မှ ရှစ်ဆယ်ကြားတွင် ရှိပေသည်။
“ဒီဘုရင်ကို ဒီပုံစံပြောင်းအောင် လုပ်ရတဲ့အတွက် မင်းကိုယ်မင်း ဂုဏ်ယူသင့်ပြီ” အေးစက်စက် လေသံဖြင့် လှမ်းအော်လိုက်ပြီးနောက် ချန်းယန်သည် လက်ကွက်များ စတင် ဖန်တီးတော့လေသည်။
ချက်ချင်းဆိုသလို ချန်းယန် မျက်နှာပေါ်ရှိ မျက်လုံး နှစ်လုံးနှင့် ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော မျက်လုံးအားလုံး ငွေရောင်တလက်လက် တောက်ပလာခဲ့လေသည်။ ထို့နောက် ပုံရိပ်လောင် လတစ်စင်း သူ့ကျောဘက်တွင် ထွက်ပေါ်လာခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလိုက်သည်။ မသိလိုက်ခင်မှာပဲ သူ့ကိုယ်သူ ဘာမှမရှိသည့် ဟင်းလင်းပြင်ထဲ ရောက်နေကြောင်း တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်းတစ်ခုလုံး ဗလာဟင်းလင်း ဖြစ်နေပြီး ဘာဆိုဘာမှမရှိဘဲ သူ့ခေါင်းထက် ဝဲနေသည့် လတစ်စင်းသာ ရှိနေခဲ့သည်။
ထိုလမင်း၏ ငွေရောင်အလင်းအောက်တွင် ရန်ကိုင်၏ အတွေးများ ဝေဝါးလာပြီး သူ့ခွန်အားမှာလည်း တဖြည်းဖြည်း လျော့ကျလာနေခဲ့လေသည်။ ငွေရောင်အလင်းသည် သူ့စိတ်ကိုသာမဟုတ်ဘဲ ခန္ဓာကိုယ်ကိုပါ သက်ရောက်နေမှန်း ရန်ကိုင် နားလည်သွားသည်။
ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။ ယခုမှပဲ မည်သည့် တန်ခိုးရှင်ဘုရင်အဆင့်ကိုဖြစ်ဖြစ် အထင်မသေးသင့်ကြောင်း နားလည်သွား၏။ တုန့်ဆိုင်းမနေရဲတော့သည်နှင့် အသက်ကို ပြင်းပြင်းရှူသွင်းလျက် လက်ထိပ်ကို ကိုက်ဖောက်ကာ ထွက်လာသော သွေးဖြင့် သူ့ဘယ်ဘက်မျက်လုံးပေါ် ရေပြင်ညီလမ်းကြောင်းအတိုင်း ဖြတ်ဆွဲချလိုက်လေသည်။
ချက်ချင်းဆိုသလို သူ့ဘယ်ဘက်မျက်လုံးသည် ရွှေရောင်တလက်လက် တောက်ပလာခဲ့လေသည်။ ဤရွှေရောင်မျက်လုံးသည် အကြွင်းမဲ့ အဖျက်စွမ်းအင် အရှိန်အဝါကို သယ်ဆောင်ထားခဲ့သည်။
သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးပင်…
ရန်ကိုင်သည် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးထဲသို့ စိတ်စွမ်းအင် အရူးအမူး ပို့လွှတ်၍ သူ့ခေါင်းထက် ဝဲနေသော ငွေရောင်မျက်လုံးကို စိုက်ကြည့်လိုက်လေသည်။
ဤငွေရောင်မျက်လုံး မည်သို့ပင် ထူးခြားနေပါစေ၊ အသုံးပြုနေသည့်လူမှာ ချန်းယန် ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်သာ ချန်းယန်ကို ဖိနှိပ်နိုင်မည်ဆိုလျှင် ငွေရောင် မျက်လုံးသည်လည်း ပျက်စီးသွားပေလိမ့်မည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၈၉)
ကောင်းကင်ခွဲလမျက်လုံးသည် လကိုပင် တစ်စစီ ဖြစ်အောင် လုပ်ပစ်နိုင်သည့် အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားစဉ် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် အကြွင်းမဲ့ အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားပေသည်။ စွမ်းအင်နှစ်မျိုးသည် ပုံရိပ်ယောင် ဟင်းလင်းပြင်ထဲ စတင် ထိပ်တိုက်တွေ့တော့သည်။
စိတ်စွမ်းအင်လှိုင်းများ အရူးအမူး ဖြာထွက်လာခဲ့သည်။ ကြောက်မက်ဖွယ်ရောင် ရွှေရောင်အလင်းတန်းတစ်ခုသည် ရန်ကိုင်၏ ဘယ်ဘက်မျက်လုံးတွင် စုဝေးလာပြီးနောက် ကောင်းကင်ထက် ဝဲနေသော ငေရောင်လဆီသို့ တိုးဝင်သွားလေသည်။
ငွေရောင်လသည် မတည်မငြိမ် ဖြစ်လာသည့်အလား အနည်းငယ် တုန်ရီလာခဲ့သည်။ သို့သော်လည်း ချက်ချင်း ဆိုသလို ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ တစ်ချိန်တည်း၌ ငွေရောင်လဆီမှ ထောင်ပေါင်းများစွာသော ငွေရောင် အလင်းစက်လေးများ ထွက်ပေါ်လာပြီး ရွှေရောင် အလင်းတန်းကို သွားရောက် ထိပ်တိုက်တွေ့ဆုံလေသည်။
ဘုန်း.. ဘုန်း… ဘုန်း…
ပေါက်ကွဲတို့ ညံမစဲအောင် ထွက်ပေါ်လာခဲ့သည်။
ချန်းယန်ကို မမြင်ရသည့်အတွက် သူ့အခြေအနေကို မသိရသော်လည်း ချန်ယန်သည်လည်း အဆင်ပြေနေလိမ့်မည် မဟုတ်မှန်း ရန်ကိုင် သိနေခဲ့သည်။
ဤပြိုင်ပွဲသည် မျက်လုံးစွမ်းအားချင်း ပြိုင်သည့် ပြိုင်ပွဲသက်သက်ပင် မဟုတ်တော့ဘဲ စိတ်စွမ်းအင်ချင်းပါ ပြိုင်သည့်ပြိုင်ပွဲ ဖြစ်နေသည်။
မျက်လုံးစွမ်းအားချင်းဆိုလျှင် သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးသည် ချန်းယန်၏ ကောင်းကင်ခွဲလမျက်လုံးကို မမှီချေ။ သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးသည် ကောင်းကင်ခွဲလမျက်လုံးလောက် မကောင်းဟု ပြောခြင်းမဟုတ်။ သုတ်သင်ခြင်းနတ်ဆိုး မျက်လုံးသည် ရန်ကိုင် မွေးကတည်းက ပါလာသည့်အရာ မဟုတ်ဘဲ အမွေအနှစ်မှ ရထားသည့် အရာသာ ဖြစ်သည်။
တစ်ဖက်မှာတော့ ချန်းယန်၏ ကောင်းကင်ခွဲလမျက်လုံးသည် သူမွေးကတည်းက ပါလာသည့် မွေးရာပါစွမ်းရည်တစ်ခုဖြစ်ပြီး ထိုစွမ်းအားကို သုံးလာခဲ့သည်မှာ နှစ်ပေါင်း ထောင်နှင့်ချီနေခဲ့လေပြီ။
ထိုသို့ဖြစ်လေရာ ရန်ကိုင်၏ သုတ်သင်ခြင်းနတ်ဆိုး မျက်လုံးသည် ကောင်းကင်ခွဲလမျက်လုံးကို မည်သို့များ သွားပြီး ယှဉ်နိုင်ပါမည်နည်း။
သို့ရာတွင် ဝိဥာဉ်ချင်း ယှဉ်မည်ဆိုလျှင်တော့ ရန်ကိုင်က ပိုသာပေသည်။ ဝိဥာဉ်ကြာပန်း၏ စဉ်ဆက်မပြတ် အားဖြည့်ပေးမှုကြောင့် ရန်ကိုင်၏ ဝိဥာဉ်သည် တန်ခိုးရှင် ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး၏ ဝိဥာဉ်အောက် နိမ့်ကျခြင်း မရှိတော့ချေ။
နှစ်ဖက်စလုံးတွင် အားသာချက်နှင့် အားနည်းချက် ကိုယ်စီ ရှိနေကြသည်။ ထို့ကြောင့် တိုက်ပွဲမှာ တိုက်ကွက် တစ်ကွက်လောက်ဖြင့် တစ်ခါတည်း ပြတ်မသွားဘဲ လက်ရည်ညီနေခဲ့လေသည်။ တစ်ဖက်က တိုက်ခိုက်ချိန် တစ်ဖက်က ခံစစ်ဆင်သည်။ အခြားတစ်ဖက်မှ ပြန်၍ တိုက်ခိုက်လာချိန် ဤဘက်သည် ပြန်၍ ခံစစ်ပြင်ပေသည်။
မကြာမီ ရန်ကိုင်၏ ဘယ်ဘက်မျက်လုံးဆီမှ သွေးများ စတင် စီးကျလာခဲ့လေသည်။ အခြေအနေ သိပ်မကောင်းတော့မှန်း ရန်ကိုင် သိလိုက်သည်။
ချန်းယန် တစ်ယောက်တည်းကိုသာ တိုက်နေရလျှင် အရမ်းကြီး စိတ်ပူနေစရာ မလိုချေ။ နောက်ဆုံးအချိန်ထိ တောင့်ခံပေးလိုက်နိုင်လျှင် အဆင်ပြေပြီ။
သို့သော်လည်း ယခုအချိန်၌ သူတိုက်ခိုက်နေရသည်မှာ ချန်းယန်အပြင် ရွှယ်ကျောက်လည်း ရှိနေသေးသည်။
သူချန်းယန်နှင့် စိတ်စွမ်းအားချင်း ပြိုင်နေစဉ်အတွင်း ရွှယ်ကျောက် ရပ်ကြည့်နေလိမ့်မည်ဟု သူမထင်။
ထိုအချက်ကို နားလည်လိုက်သော် ရန်ကိုင်သည် ဆက်၍ တုန့်ဆိုင်းမနေတော့ဘဲ အသက်ပြင်းပြင်း ရှူသွင်း၍ ကောင်းကင်စိတ်အာရုံကို နှစ်ပိုင်းခွဲကာ တစ်ပိုင်းကို သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးဆီ အာရုံစိုက်နေစဉ် ကျန်တစ်ပိုင်းဖြင့် ဝိဥာဉ်ပညာရပ်ကို ထုတ်လွှတ်လိုက်၏ “အဆုံးမဲ့ကြာပန်း ပွင့်လန်းခြင်း”
သူ့စကား ဆုံးဿွားသည်နှင့် ကြာဖူးတစ်ဖူး ဘယ်ဘက် မျက်လုံးထဲ ပေါ်လာခဲ့လေသည်။ ပေါ်လာပြီးပြီးချင်းမှာပင် ကြာဖူးသည် ချက်ချင်း ပြန်ပျောက်သွားခဲ့သည်။
ထို့နောက် ကောင်းကင်ထက်တွင် ဝဲနေသော လပေါ်၌ ဆန်းကြယ်စွာ ပြန်ပေါ်လာလေသည်။
ရုတ်တရက် ကြာဖူးသည်မှ အားကောင်းသည့် ဆွဲအားတစ်မျိုး ထွက်ပေါ်လာပြီး ချန်းယန်၏ စိတ်စွမ်းအင်ကို အရူးအမူး စုပ်ယူကာ စတင် ဖူးပွင့်လေ၏။
ငွေရောင်လမင်းသည် ကြာပန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး တဖြည်းဖြည်း ပွင့်လန်းလာနေသည့် မြင်ကွင်းမှာ တကယ်ကို မျက်စိပဒဿ ဖြစ်လှပေသည်။
ခဏအကြာတွင် အလွန်နာကျင်နေသည့် အော်သံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် ကောင်းကင်ပေါ်ရှိ ငွေရောင်လမင်းဟာလည်း စတင် တုန်ခါလာခဲ့လေသည်။ သို့ရာတွင် ငွေရောင်လမင်းမှာ မည်သို့ပင် ရုန်းကန်နေစေကာမူ တဖြည်းဖြည်း ပွင့်လန်းလာနေသော ကြာပန်းကို ခါချမပစ်နိုင်ခဲ့ပေ။
အသက်သုံးရှိုက်စာအတွင်း ကြာပန်းမှာ တစ်ဝက်အထိ ဖူးပွင့်ပြီးနေခဲ့လေပြီ။ ရွှေရောင်အလင်းတန်းကို ရင်ဆိုင်နေသည့် ငွေရောင်လ၏ စွမ်းအားမှာလည်း သိသိသာသာကို ယုတ်လျော့သွားခဲ့လေသည်။ ရန်ကိုင်သည် ထိုအချက်ကို အခွင့်ကောင်းယူကာ ရွှေရောင်အလင်းတန်း၏ စွမ်အားကို တိုးမြှင့်လိုက်လေသည်။
ဘုန်း… အက်သံနှင့်အတူ ကောင်းကင်ထက်တွင် ဝဲနေသော ငွေရောင်လမင်း တစ်စစီ ပျက်စီးသွားခဲ့လေသည်။
“အား…” တစ်ချိန်တည်းတွင် ချန်းယန်၏ အော်သံကြီး ထွက်ပေါ်လာခဲ့လေသည်။
ပတ်ဝန်းကျင် ကမ္ဘာကြီးတစ်ခုလုံးလည်း ပျက်စီးလားပြီး ရန်ကိုင်သည်လည်း အရင် ရပ်နေသည့် နေရာသို့ ပြန်ရောက်လာခဲ့လေသည်။
အသက်ပင် ကောင်းကောင်း မရှူနိုင်သေးခင်မှာပင် ရန်ကိုင် ခေါင်းမွှေး ထောင်သွားခဲ့သည်။ သေမင်း သူ့နားသို့ ချဉ်းကပ်လာနေသည့်အလား ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့၏။
“ကောင်လေး၊ နင်ဘာလို့ မပြေးတာလဲ” ချီယွဲ့၏အသံ သူ့နားထဲ ထွက်ပေါ်လာခဲ့သည်။
“ပြေးဖို့၊ သူဘယ်ကို ပြေးနိုင်မှာလဲ” ရွှယ်ကျောက်က ရူးသွပ်စွာ အော်ရယ်မောလိုက်ရင်း “ချီယွဲ့၊ နင်ငါ့ကို တစ်ကြိမ် တားနိုင်ရင် တားနိုင်လိမ့်မယ်။ နှစ်ကြိမ်ကော တားနိုင်ဦးမှာလား။ နင်သာ လူလုံးထွက်မပြလာရင် ဒီကောင်လေး ကျိန်းသေ သေရတော့မှာနော်”
ပြောပြီးသည့်နောက် သူ့သွေးအမြူတေသည် ရန်ကိုင်၏ ရင်ဘတ်တည့်တည့်ဆီသို့ ပြေးဝင်သွားလေသည်။
ရန်ကိုင်၏ ခန္ဓာကိုယ်သည် အလွန် မာကျောမှန်း သူသိသည်။ သာမန် တိုက်ကွက်များဖြင့် ရန်ကိုင်အား ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရန်ကိုင်အား ချန်းယန်မှာ သူ့ပညာရပ်ဖြင့် ပုံရိပ်ယောင်ထဲ ဆွဲခေါ်သွားပြီး ရွှယ်ကျောက်သည် မွန်းစတားအမြူတေဖြင့် ရန်ကိုင်ကို တိုက်ခိုက်လေသည်။
သူ့မွန်းစတားအမြူတေသည် အဆင့်တူ မှော်ရတနာများထက် အများကြီး ပိုအားကောင်းပေသည်။ ယခုတစ်ကြိမ် ရန်ကိုင်သာ ငြိမ်နေဦးမည်ဆိုလျှင်တော့ မသေလျှင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပေလိမ့်မည်။
မွန်းစတားအမြူတေမှာ သိပ်မကြီးသော်လည်း တောင်အလုံးပေါင်းများစွာကို လက်သီးဆုပ်အရွယ်လေး ဖြစ်အောင် သိပ်သည်းထားသည့်အလား အလွန်ကိုမှ လေးလံအားကောင်းပေသည်။
ရန်ကိုင် အသိပြန်ဝင်လာချိန်တွင် မွန်းစတားအမြူတေသည် သူနှင့် တစ်မီတာလောက်သာ ဝေးတော့၏။
ချန်းယန်နှင့် တိုက်ပွဲကို အမြန် အပြီးသတ်နိုင်ရန် အတွက် စိတ်စွမ်းအင် အများကြီး သုံးလိုက်ရသည့် အတွက်ကြောင့် ပုံရိပ်ယောင်ကမ္ဘာထဲမှ လွတ်လာချိန် သူ့ခေါင်းတစ်ခုလုံး တဆစ်ဆစ် ကိုက်နေခဲ့သည်။ ထို့ကြောင့် လေဟာနယ်စွမ်းအားကို ချက်ချင်း ကောင်းမသုံးနိုင် ဖြစ်နေခဲ့လေသည်။
မွန်းစတားအမြူတေ သူ့အား ထိတော့မည်ကို မြင်သော် ရန်ကိုင်လည်း အံကြိတ်၍ ပစ္စည်းတစ်ခုကို ကောက်ထုတ်လိုက်လေသည်။
လက်ဝါးအရွယ်လောက်သာရှိသော ကြေးခွံတစ်ခုသည် ရန်ကိုင် ရင်ဘတ်ရှေ့တွင် ပေါ်လာခဲ့လေသည်။
မွန်းစတားအမြူတေသည် အကြေးခွံအား တည့်တည့် သွားမှန်လေသည်။
ဘုန်း…
သူ့ရင်ဘတ်အား လာဆောင့်မှန်းသည့် အလွန် ပြင်းထန်သည့်အားကြောင့် ရန်ကိုင် လွင့်ထွက်သွားခဲ့၏။ ထိုအခြင်းအရာကို မြင်သည့်အခါ ရွှယ်ကျောက် ပျော်သွားပြီး ရန်ကိုင် ဘယ်လိုဖြစ်သွားလဲ သွားစစ်ဆေးတော့မည်အပြု အက်သံတစ်သံကို ရုတ်တရက် ကြားလိုက်ရလေသည်။
ထိုအသံကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ဆိုသလို ရွှယ်ကျောက် တစ်ကိုယ်လုံး မိုးကြိုးပစ်ချခံလိုက်ရသည့် အလား ပြင်းပြင်းထန်ထန် တုန်ရီသွားခဲ့သည်။ ထို့နောက် သွေးတစ်ပွက် ထိုးအန်ချလိုက်ရပြီး သူ့အရှိန်အဝါမှာလည်း လျင်မြန်စွာ ယုတ်လျော့သွားခဲ့လေသည်။
“ငါ့အမြူတေလေး” ရွှယ်ကျောက် မျက်နှာတစ်ပြင်လုံး စက္ကူဖြူတစ်ရွက်နှယ် ဖြူစွတ်နေခဲ့သည်။ မွန်းစတား အမြူတေကို လှမ်းကြည့်လိုက်သည့်အခိုက် သူထင်သည့် အတိုင်း အက်နေသည်ကို တွေ့လိုက်ရလေသည်။
နည်းနည်းလေးသာ အက်သွားခြင်း ဖြစ်သော်လည်း မွန်းစတားအမြူတေသည် လုံးဝကို အထိခိုက်ခံ၍ မဖြစ်သည့် အရာတစ်ခုဖြစ်သည်။
ရေခဲမုန်တိုင်းထဲသို့ ရောက်သွားသည့်အလား သူ့တစ်ကိုယ်လုံး အေးစက်စက် ဖြစ်လာခဲ့သည်။ သူ့မွန်းစတား အမြူတေကို အက်သွားအောင် ရန်ကိုင် မည်သို့သော နည်းလမ်းအား သုံးသွားသလဲ ဆိုသည်ကို လုံးဝ နားမလည်နိုင်ခဲ့ချေ။
ရန်ကိုင်သည် မွန်းစတားအမြူတေ သူ့အား လာမထိမှီ အကြေးခွံကဲ့သို့သော အရာတစ်ခုအား ထုတ်လိုက်သည်ကိုတော့ မှတ်မိပေသည်။ သို့သော် အရမ်းကြီးတော့ မသေချာ။
မည်သို့ပင် ဖြစ်ပါစေ ဖြစ်သည့်ကိစ္စမှာ ဖြစ်ပြီးသွားလေပြီ။ လက်ရှိအချိန်၌ အရေးအကြီးဆုံးမှာ သူ့မွန်းစတားအမြူတေကို ပြန်ယူရန် ဖြစ်ပေသည်။ အတွေးတစ်ချက်နှင့် ရွှယ်ကျောက်သည် သူ့မွန်းစတား အမြူတေကို ပြန်ဆင့်ခေါ်လိုက်လေသည်။ သို့သော် ပြန်မယူနိုင်သေးခင်မှာပင် ရန်ကိုင်၏ ပုံရိပ်သည် အမြူတေရှေ့တွင် ရုတ်တရက် ပေါ်လာပြီး လှမ်းဆွဲယူလေသည်။
“အိမ်မက်မက်နေလိုက်” ရွှယ်ကျောက် ဒေါသတကြီး ထအော်လေ၏။
ထိုသို့ အော်ဟစ်လိုက်ရင်း စွမ်းအင်ကို အစွမ်းကုန် လှည့်ပတ်၍ သူ့မွန်းစတားအမြူတေကို ပြန်ဆွဲယူရန် ကြိုးစားလေသည်။
ချက်ချင်းဆိုသလို မွန်းစတားအမြူတေသည် အသက် ဝင်လာသည့်အလား ရန်ကိုင် လက်ထဲမှ လွတ်မြောက်ရန် အသည်းအသန် ရုန်းကန်တော့လေသည်။
“နဂါးအသွင်ပြောင်လဲခြင်း” ရန်ကိုင်မှ ရုတ်တရက် ရေရွတ်လိုက်သည်။ နဂါးဟိန်းသံနှင့်အတူ သူ့ဘက်မောင်း တစ်ခုလုံးသည် ယခင်ထက် နှစ်ဆမျှ ကြီးထွားလာပြီး ရွှေရောင်အကြေးခွံတို့သည် လက်မောင်း တစ်လျှောက်တွင် ထွက်ပေါ်လာခဲ့သည်။ တစ်ခဏအတွင်း၌ သူ့လက်မောင်းသည် နဂါးလက်သည်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
နဂါးလက်သည်းနှင့်အတူ နဂါးဖိအားသည်လည်း ဖြာထွက်လာခဲ့သည်။
ရွှယ်ကျောက်တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားလေသည်။ နည်းနည်းလေးမှ မလှုပ်ရဲတော့ဘဲ ရန်ကိုင်အား ပါးစပ်အဟောင်းသားဖြင့်သာ ငေးကြောင် ကြည့်နေလေ၏။ သူ့စိတ်ထဲ တစ်ခုခု ပြောချင်နေသော်ငြား ပြောစရာစကားကိုမူ ရှာမတွေ့ခဲ့ပေ။
အသည်းအသန် ရုန်းကန်းနေသော အမြူတေသည်လည်း နဂါးဖိအား ထွက်ပေါ်လာသည်နှင့် ချက်ချင်း ငြိမ်သက်သွားခဲ့သည်။
“နဂါးအရင်းအမြစ်… မင်းမှာ အစစ်အမှန် နဂါးအရင်းအမြစ်စွမ်းအား ရှိနေတာပဲ” ဘေးနားတွင် ရပ်နေသော ချန်းယန်က အလန့်တကြား ထအော်ပြောလေ၏။ သူ့ကိုယ်ပေါ်ရှိ ရှိနေသော မျက်လုံး အားလုံးသည်လည်း ထိတ်လန့်မှုကြီးစွာ ရန်ကိုင်အား စိုက်ကြည့်နေကြလေသည်။
ပုံရိပ်ယောင်ကမ္ဘာထဲ ရန်ကိုင်နှင့် တစ်ယောက်ချင်း ယှဉ်တိုက်ရာတွင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ရသည်။ ရန်ကိုင်၏ ထုတ်သုံးသွားသည့် တိုက်ကွက်သည် သူ့စိတ်စွမ်းအင် အကုန်လုံးနီးပါးကို ဆွဲယူသွားခဲ့လေသည်။ သို့သော် သူနှင့် တိုက်ခိုက်ရာတွင် ရန်ကိုင်လည်း စိတ်စွမ်းအင် အတော်လေး သုံးခဲ့ရပေသည်။ ထို့ကြောင့် ရန်ကိုင် အားကုန်နေတုန်း ရွှယ်ကျောက်မှ ရန်ကိုင်ကို ရှင်းပစ်နိုင်ရန် မျှော်လင့်ထားခဲ့သော်လည်း ရန်ကိုင်တွင် မွန်းစတားမျိုးနွယ်စုဝင်အားလုံး လိုချင်နေသည့် ရွှေနဂါးအရင်းအမြစ်စွမ်းအား ရှိနေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
“မင်းက လူသားလေ။ ဘယ်လိုလုပ်ပြီး မင်းမှာ ရွှေနဂါး အရင်းအမြစ် ရှိနေရတာလဲ” ချန်းယန်၏ မနာလိုအားကျမှု၊ ဒေါသတရားနှင့် ကြောက်ရွံ့မှုတို့ ရောယှတ်နေသည့် အသံ ထွက်လာခဲ့သည် “ပြီးတော့ မင်းဘယ်လိုလုပ်ပြီး အဲ့စွမ်းအားကို သုံးနေနိုင်တာလဲ”
ထိုမြင်ကွင်းကိုကြည့်ရင်း ချင်းယန်စိတ်ထဲ အလွန်ကိုမှ ကူကယ်ရာမဲ့မိသွားသည်။ ရန်ကိုင်နှင့် တိုက်လေတိုက်လေ ရန်ကိုင် မည်သည့်အတိုင်းအတာထိ အားကောင်းသလဲ ဆိုသည်ကို ပို၍ ခန့်မှန်းရခက်လာလေပင်။
နဂါးအရင်းအမြစ်စွမ်းအားသည်ပင် ရန်ကိုင်၏ နောက်ဆုံး ဝှက်ဖဲ မဟုတ်သေးသလို ချန်းယန် ခံစားနေရသည်။
“ဘယ်လိုနဂါးအရင်းအမြစ်စွမ်းအား မင်းမှာ ရှိနေတာလဲ” ချန်းယန်က လေသံတိုးတိုးဖြင့် လှမ်းမေးလိုက်သည်။
“သိချင်တာလား၊ ဘာလို့ ပြောပြရမှာလဲ” ရန်ကိုင်သည် သူ့လက်ထဲရှိ မွန်းစတားအမြူတေနှင့် ဆော့ကစားရင်း ပြန်လှောင်လိုက်၏။ မွန်းစတားအမြူတေမှာ အစပိုင်း အလွန်ကိုမှ ထိန်းမရသိမ်းမရ ဖြစ်နေသော်လည်း ရွှေနဂါးဖိအား ထွက်ပေါ်လာသည်နှင့် ကြောင်ကိုမြင်သည့် ကြွက်တစ်ကောင်နှယ် ချက်ချင်း ငြိမ်ကုတ်သွားလေသည်။ သူဒီအတိုင်း လွှတ်ပေးလိုက်လျှင်ပင် အမြူတေသည် သူ့ဘာသာ ပျံထွက်မသွားရဲတော့ချေ။
ရွှယ်ကျောက်သည်လည်း တုန်ရီနေခဲ့သည်။
ရွှယ်ကျောက်၏ မျိုးဆက်သွေးစွမ်းအားသည် သွေးနဂါးကလန်မှ ဆင်းသက်လာခဲ့သည်။ ထို့ကြောင့် သူ့သွေးထဲ နဂါးသွေးအချို့ ရှိနေသည်ဟု ပြော၍ရသည်။
ရန်ကိုင် ပိုင်ဆိုင်ထားသည်မှာ အစစ်အမှန်နဂါး တစ်ကောင်၏ စွမ်းအင်အရင်အမြစ်သာလျှင် မဟုတ်ဘဲ ထိုအရင်းအမြစ်သည် နဂါးများအနက် အားအကောင်းဆုံး နဂါးဖြစ်သည် ရွှေနဂါး၏ အရင်းအမြစ် ဖြစ်နေသည်။
ရွှေနဂါးအရင်းအမြစ်မှ ထုတ်လွှတ်လိုက်သည့် ဖိအားသည် ရွှယ်ကျောက်အား လုံးဝကို ဖိနှိပ်ထားခဲ့သည်။ ထို့ကြောင့် ချန်းယန်မှာ အဆင်ပြေနေသော်လည်း ရွှယ်ကျောက်မှာတော့ တုန်တုန်ရီရီ ဖြစ်နေရခြင်းပင်။
ရန်ကိုင်သည် မျိုးနွယ်စုခေါင်းဆောင်ကို ကြည့်ရင်း အမြူတေနှင့် ဆော့ကစားနေခဲ့သည်။
ရန်ကိုင် စဉ်းစားနေသည်မှာ ထိုနှစ်ဦးကို သတ်ပစ်ပြီး သွေးသားရဲအဖြစ် တန်းသန့်စင်ပစ်လိုက်လျှင် ကောင်းမလား၊ ထိုသို့မလုပ်ဘဲ သူတို့၏ မွန်းစတားအမြူတေကို အရင် ယူပြီးမှ သွေးသားရဲအဖြစ် သန့်စင်ပစ်လိုက်လျှင် ကောင်းမလား ဟူ၍ပင်။
တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် မွန်းစတားအမြူတေသည် အလွန် အဖိုးတန်ပေသည်။ အမြူတေမပါသည့် သွေးသားရဲ၏ ခွန်အားသည် ကျိန်းသေ အားနည်းပေလိမ့်မည်။ သို့သော် သူသာ ထိုနှစ်ဦးကို သွေးသားရဲအဖြစ် တိုက်ရိုက် သန့်စင်ပစ်လိုက်မည် ဆိုလျှင် သူတို့၏ မွန်းစတားအမြူတေကို သုံးနိုင်တော့လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ရန်ကိုင် ချက်ချင်း မလှုပ်ရှားသေးခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့် သူစဉ်းစားနေစဉ် ချီယွဲ့၏အသံ ထွက်ပေါ်လာခဲ့လေသည် “ကောင်လေး၊ သူတို့ကို လွှတ်ပေးလိုက်”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၈၉၀)
ချီယွဲ့စကားကို ကြားသည့်အခါ ရန်ကိုင် ကြောင်သွားခဲ့လေသည်။ သူသာလျှင်မဟုတ်၊ ရွှယ်ကျောက်နှင့် ချန်းယန်တို့လည်း ကြောင်သွားကြ၏။ အကုန်လုံးသည် လခြမ်းတောင်ဆီသို့ နားမလည်နိုင်စွာ လှည့်ကြည့်လိုက်ကြလေသည်။
ချီယွဲ့ ဤကဲ့သို့ ပြောလာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။
အချိန်အတော်ကြာအောင် တိတ်နေပြီးနောက်တွင် ရန်ကိုင်က မျက်မှောင်ကြုတ်၍ မေးလိုက်လေသည် “စီနီယာ ဘာပြောချင်နေတာလဲ”
“ငါနင့်ကို သူတို့ကို လွှတ်ပေးဖို့ ပြောနေတာ” ချီယွဲ့က ထူးမခြားနားလေသံဖြင့် ပြောလိုက်သည်။ သူမလေသံထဲ မုန်းတီးမှု၊ ဒေါသ… မည်သည့် ခံစားချက်မှ ပါဝင်မနေခဲ့။
“ရွှယ်ကျောက်နဲ့ ချန်းယန် ငါ့ကို လာရန်စတာ မှန်တယ်။ ဒါပေမယ့် သူတို့က မွန်းစတားမျိုးနွယ်စု ခေါင်းဆောင်တွေ ဖြစ်နေတုန်းပဲ။ သူတို့သာ သေသွားရင် ငါတို့ မွန်းစတားမျိုးနွယ်စုရဲ့ ခွန်အား သိသိသာသာ ထိုးကျသွားလိမ့်မယ်။ အဲ့ဒါ ငါတို့ မွန်းစတားဧကရာဇ်ကြယ် အတွက် မကောင်းဘူး”
သူမစကားကို ကြားသည့်အခါ ရွှယ်ကျောက်နှင့် ချန်းယန်တို့ စိတ်လှုပ်ရှားသွားခဲ့ကြလေသည်။ တစ်ချိန်းတည်းတွင် သူတို့စိတ်ထဲ အပြစ်မကင်းသလိုလည်း ခံစားလိုက်ရသည်။
ချီယွဲ့နှင့် ယှဉ်လိုက်သော် သူတို့သည် ကိုယ်အကျိုးသာ ကိုယ်ဂရုစိုက်သည့် ခေါင်းဆောင်များ ဖြစ်နေကြသည်။
“အခြားသူတွေ နမူနာယူလို့ရအောင် သူတို့ကို စံထားပြီး လုပ်သင့်တာကို စီနီယာက ကျားကို တောထဲ ပြန်လွှတ်ပေးဖို့ လုပ်နေတာလား။ စီနီယာ သေချာ စဉ်းစားဦးနော်” ရန်ကိုင်က ပြောလိုက်လေသည်။
ရွှယ်ကျောက်နှင့် ချန်းယန်တို့ နှစ်ဦးစလုံး ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်ကြလေသည်။ ချီယွဲ့သည်ပင်လျှင် သူတို့အား ခွင့်လွှတ်ပေးနေပြီကို ဤသူစိမ်း လူသားက ဘာကြောင့်များ သူတို့အား မလွှတ်ပေးချင်နေရသနည်း။
ချီယွဲ့က နှာခေါင်းရှုံ့လျက် “ဒီဘုရင်မက အသေးစိတ်တွေကိုပါ နင့်ကို လိုက်ပြောပြနေရဦးမှာလား။ ဒီနေ့ သူတို့ ရသွားတဲ့ ဒဏ်ရာတွေနဲ့ဆို ဆယ်နှစ်လောက် ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး။ သူတို့ ဒဏ်ရာကို ပြန်ကုဖို့ပဲ အာရုံစိုက်နေရမှာ။ ဆယ်နှစ်ကြာသွားခဲ့ပြီဆိုရင်တောင်… ဟွန့်၊ ငါအရှေ့သွားဖို့ ပြောရင် သူတို့ အနောက်သွားရဲဦးမှာလား”
ရွှယ်ကျောက်နှင့် ချန်းယန်တို့ နှစ်ဦးစလုံး တစ်ဦးကို တစ်ဦး သုန်သုန်မှုန်မှုန်ဖြင့် ကြည့်လိုက်ကြလေသည်။
သူတို့စိတ်ထဲ လက်မခံချင်လျှင်ပင် ချီယွဲ့ ပြောသည်မှာ အမှန်ဖြစ်သည်ကိုတော့ လက်ခံရပေမည်။ ချီယွဲ့မှာ တစ်ကြိမ်သာ လှုပ်ရှားလိုက်သော်လည်း ချီယွဲ့သည် နောက်တစ်ဆင့်သို့ ချိုးဖျက်ခါနီးနေပြီဖြစ်ကြောင်း ခေါင်းဆောင် နှစ်ဦးစလုံး ရေးတေးတေးလေး ခံစားမိလိုက်ကြသည်။ နောက်ထပ် အချိန် နည်းနည်းလောက်သာ ထပ်ရမည်ဆိုလျှင် ချီယွဲ့သည် ကျိန်းသေ မွန်းစတားဧကရီ ဖြစ်လာပေလိမ့်မည်။
ထိုသို့သာ ဖြစ်လာခဲ့လျှင် ရွှယ်ကျောက်နှင့် ချန်းယန်တို့ ချီယွဲ့ကို လွန်ဆန်ရဲဦးမည်လား။
မွန်းစတားမျိုးနွယ်စုသည် အားကောင်းသူကိုသာ လေးစားကြသည်။ ဤသည်မှာ မွန်းစတားမျိုးနွယ်စုဝင်တိုင်း အတွက် အမှန်တရား ဖြစ်သည်။
လက်ရှိတွင် ရွှယ်ကျောက်နှင့် ချန်းယန်တို့ နှစ်ဦးစလုံး တိုက်ခိုက်လိုစိတ် မရှိကြတော့ပေ။ လက်သီးဆုပ်၍ အားမပါသည့် လေသံဖြင့် အော်ပြောလိုက်၏ “ဒီနေ့ကိစ္စကိုသာ ခွင့်လွှတ်ပေးမယ်ဆိုရင် နောက်ပိုင်း မွန်းစတားဧကရီရဲ့ အမိန့်ကို တသဝေမတိမ်း နာခံပါမယ်လို့ ကတိပေးပါတယ်”
“ခင်ဗျားတို့စိတ်က တကယ် အပြောင်းအလဲ မြန်တာပဲနော်” ရန်ကိုင်သည် ရွှယ်ကျောက်နှင့် ချန်းယန်တို့အား အံ့အားသင့်တကြီး ကြည့်လိုက်ကြလေသည်။
ရန်ကိုင့်စကားကြောင့် ရွှယ်ကျောက်နှင့် ချန်းယန်တို့ ရှက်သွားခဲ့ပြီး ရှက်ရှက်ဖြင့် ရန်ကိုင်အား စူးရဲစွာ ပြန်စိုက်ကြည့်လိုက်ကြလေသည်။
“နင်တို့ နားလည်တယ်ဆိုမှတော့ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်မယ်” ချီယွဲ့က ပြောလိုက်လေသည်။
“ဧကရီကို ကျေးဇူးအများကြီးတင်ပါတယ်” ရွှယ်ကျောက်နှင့် ချန်းယန်တို့ နှစ်ဦးစလုံး ပျော်သွားပြီး ချက်ချင်းပဲ ကျေးဇူးတင်စကား ဆိုလိုက်ကြလေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်က ပြုံးလျက် ဝင်ပြောလိုက်၏ “စွတ်ပျော်မနေနဲ့ဦး။ စီနီယာချီယွဲ့ကသာ လွှတ်ပေးတာ၊ ကျုပ်လွှတ်ပေးမယ်လို့ မပြောသေးဘူးနော်”
“ကောင်လေး၊ မင်းဘာလုပ်ချင်နေတာလဲ” ချန်းယန်က ရန်ကိုင်အား ဒေါသတကြီး မော့ကြည့်လာလေသည်။
ရွှယ်ကျောက်သည်လည်း မျက်နှာကြီး မှုန်ကုတ်ကုတ် ဖြစ်နေသည်။ သို့သော် သူ့မွန်းစတားအမြူတေသည် ရန်ကိုင် လက်ထဲတွင် ရှိနေသဖြင့် ပြန်ပြောချင်သော်လည်း ဘာမှ ပြန်မပြောရဲခဲ့ပေ။
“ကျုပ်က… ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းပစ်ချင်တာ” ရန်ကိုင်က ပြောလိုက်သည်။
ချန်းယန်နှင့် ရွှယ်ကျောက်တို့ နှစ်ဦးစလုံး ရန်ကိုင်အား အလန့်တကြား ကြည့်ရင်း နောက်သို့ အလိုလို ဆုတ်သွားကြလေသည်။
“ဟူး….” ချီယွဲ့က သက်ပြင်းချလျက် “ကောင်လေး၊ နင်မဖြဲခြောက်ဘဲ မနေနိုင်ဘူးလား။ နင်သာ သတ်ချင်နေရင် အခုအချိန်ထိ အပိုစကားတွေ လျှောက်ပြောနေမှာမဟုတ်ဘူး။ ပြော၊ သူတို့ကို လွှတ်ပေးဖို့ နင်ဘာလိုချင်လဲ”
“စီနီယာ အထင်လွှဲနေတာပြီ။ ကျုပ်ဘာမှ မလိုချင်ဘူး။ ဒီကောင်တွေကိုပဲ ရှင်းပစ်ချင်တာ။ ဒီကောင်တွေကို အသက်ရှင်လျက် ထားလို့ ကျုပ်အတွက် ဘာအကျိုးမှ ရှိတာ မဟုတ်ဘူး။ ပြီးတော့ သူတို့သားတွေကလည်း ကျုပ်လက်မှာ သေသွားခဲ့တာ။ ဒီရန်ကြွေးက ဒီအတိုင်း ကြေအေးသွားမယ်လို့ စီနီယာထင်လား။ နောက်ပိုင်း ပြဿနာတွေ တက်မလာအောင် ဒီကောင်တွေကို အခု ကတည်းက ရှင်းပစ်လိုက်တာ အကောင်းဆုံးပဲ”
“သူတို့မှာ အမွေဆက်ခံမယ့်လူတွေ အများကြီးပဲ။ တစ်ယောက် နှစ်ယောက် သေသွားလို့လည်း ဘာမှမထူးဘူး” ချီယွဲ့က ပြောလိုက်လေသည်။
ချန်းယန်နှင့် ရွှယ်ကျောက်တို့ နှစ်ဦးစလုံး မျက်နှာကြီး မဲ့သွားသော်လည်း ခေါင်းတော့ ညိတ်လိုက်ကြပေသည်။
“အဲ့လိုဆိုရင်…” ရန်ကိုင်က မေးစေ့ကိုပွတ်၍ ခဏမျှ စဉ်းစားနေလိုက်ပြီးနောက် “နောက်ပိုင်း ကျုပ်ကို ပြဿနာ လာမရှာတော့ဘူးလို့ ကျိန်ဆိုပေးရင် သူတို့ကို လွှတ်ပေးမယ်”
ချန်းယန်နှင့် ရွှယ်ကျောက်တို့ နှစ်ဦးစလုံး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ခေါင်းညိတ်၍ ချက်ချင်းပဲ သူတို့၏ ဘိုးဘေးကို တိုင်တည်ကာ ကျိန်ဆိုလိုက်ကြလေသည်။
ချီယွဲ့က ပြောလိုက်လေ၏ “ငါတို့ မွန်းစတား မျိုးနွယ်စုတွေက ရက်စက်ကြမ်းကြုတ်တယ်ဆိုပေမယ့် ဘိုးဘေးတွေကိုတော့ အရမ်း လေးစားတယ်။ ဘယ်မွန်းစတားမျိုးနွယ်စုမှ သူတို့ ကျိန်ဆိုထားတာကို မဖောက်ဖျက်ရဲဘူး။ ဖောက်ဖျက်ရင် တစ်မျိုးနွယ်စုလုံးရဲ့ ဘုံရန်သူ ဖြစ်သွားလိမ့်မယ်”
“ကောင်းပြီလေ။ သူတို့ သွားလို့ရပြီ” ရန်ကိုင်က ပြုံးလျက် ရွှယ်ကျောက်နှင့် ချန်းယန်ကို လက်ဝှေ့ရမ်းပြလိုက်၏။
ရွှယ်ကျောက်ကမူ မသွားသေးဘဲ ရန်ကိုင်ကို ကြည့်ကာ “ငါ့မွန်စတားအမြူတေရော”
“မွန်းစတားအမြူတေကတော့ ကျုပ်သိမ်းထားမှာပေါ့” ရန်ကိုင်က အဓိပ္ပါယ်ပါပါပြုံးလျက် ပြန်ပြောလိုက်လေသည်။
“အဲ့ဒါဆို ငါ့ကို သတ်လိုက်တော့” ရွှယ်ကျောက်က ဒေါသတကြီး ပြန်ပြောလိုက်လေသည်။
ချီယွဲ့က ထပ်မံသက်ပြင်းချ၍ “ကောင်လေး၊ နင်တကယ်ကို ပြဿနာ မရှာဘဲ မနေနိုင်တာပါလား။ သူ့မွန်းစတားအမြူတေကို ပြန်ပေးလိုက်လို့ ဘာဖြစ်မှာ မို့လို့လဲ”
ရန်ကိုင်က ဆွံ့အသွားသည့် အမူအရာဖြင့် “စီနီယာ၊ ကျုပ်ဘက်ကိုလည်း နည်းနည်း ထည့်စဉ်းစားပေးဦးလေ။ ဒီမွန်းစတားအမြူတေကိုရဖို့ ကျုပ်ခက်ခက်ခဲခဲ ကြိုးစားထားရတာ။ ဘာမှမရဘဲတော့ ဒီအတိုင်း ဘယ်လိုလုပ်ပြီး ပြန်ပေးနိုင်မှာလဲ”
“ခွေးကောင်လေး၊ ဒီဘုရင်မ အဲ့အကြောင်းကို မပြောပြောလာအောင် လုပ်နေတာမလား” ချီယွဲ့က ရုတ်တရက် ထကျိန်ဆဲတော့လေသည်။
“စီနီယာ ဘာပြောချင်နေတာလဲ။ ကျုပ်နားမလည်ဘူး” ရန်ကိုင်သည် ချီယွဲ့ပြောချင်သည်ကို မသိချင်ယောင် ဆောင်ပြနေလိုက်သည်။
“နင်ဘာလိုချင်လဲပြော”
“ကျုပ်ဒီမွန်းစတားအမြူတေကိုပဲ လိုချင်တာ” ရန်ကိုင်က ပြန်ပြောလိုက်၏။
“မွန်းစတားဧကရီ ကျေးဇူးပြုပြီး ကျုပ်ကို ကူညီပေးပါဦး” ရွှယ်ကျောက်သည် လခြမ်းတောင်ဘက်သို့လှည့်၍ ငိုတော့မတတ် အမူအရာဖြင့် တောင်းဆိုလိုက်လေသည်။
ဤအဆင့်သို့ ရောက်ရန် နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့ရသည်။ သူ့မွန်းစတားအမြူတေသာ ရန်ကိုင်လက်ထဲ ပါသွားခဲ့လျှင် သူ့ကြိုးစားထားခဲ့ရသည့် ကျင့်ကြံခြင်းသည် ထိုးကျသွားလိမ့်မည် ဖြစ်သလို သူ့အနေဖြင့် နောက်တစ်ဆင့်သို့လည်း မည်သို့မှ တက်လှမ်းနိုင်တော့လိမ့်မည် မဟုတ်ပေ။
“နင်တိတ်နေ” ချီယွဲ့ စိတ်ညစ်လာသည့်အလား ထအော်လိုက်လေသည် “ကောင်လေး။ သူ့မွန်းစတား အမြူတေကို ပြန်ပေးလိုက်။ ငါနင့်ကို တန်ခိုးရှင်ဘုရင် ပထမအဆင့် မွန်းစတားအမြူတေ သုံးခုပေးမယ်”
“ငါးခုမရဘူးလား” ရန်ကိုင်က ဈေးဆစ်လိုက်သည်။
“အဲ့ဒါဆို ချင်းလော့နဲ့ တွေ့ဖို့ မစဉ်းစားတော့နဲ့…” ချီယွဲ့က အသာအယာ ပြန်ပြောလိုက်သည်။ သို့သော် သူမ လေသံကို ကြားသူတိုင်း ချီယွဲ့ အံတကြိတ်ကြိတ် ဖြစ်နေမှန်း ပြောနိုင်ပေလိမ့်မည်။
“အင်း… ထားလိုက်ပါလေ။ စီနီယာက ဝင်ပြောပေးတာ ဆိုတော့လည်း မပေးချင်ရင်တောင် ပြန်ပေးရမှာပေါ့” ရန်ကိုင်က အလျော့ပေးလိုက်သည့် အမူအရာဖြင့် မွန်းစတားအမြူတေကို ရွှယ်ကျောက်ဆီသို့ ပြန်ပစ်ပေးလိုက်လေသည်။
ရွှယ်ကျောက်သည် အမြူတေကို လှမ်းဖမ်းလိုက်ပြီး အလျင်စလို စစ်ဆေးကြည့်လိုက်သည်။ ဘာမှမဖြစ်မှန်း သေချာသွားသည့်နောက် ချက်ချင်း ပြန်မျိုချလိုက်လေသည်။ ထိုအခါမှပဲ ရွှယ်ကျောက် စိတ်အေးနိုင်တော့သည်။
“နင်တို့ နှစ်ယောက် ထွက်သွားတော့။ မှတ်ထားနော်၊ နောက်တစ်ကြိမ် ဒါမျိုး ထပ်လုပ်ရင် ငါအခုလိုမျိုး သဘောကောင်းနေတော့မှာ မဟုတ်ဘူး” ချီယွဲ့က ပြောလိုက်သည်။
ချန်းယန်နှင့် ရွှယ်ကျောက်တို့ နှစ်ဦးစလုံး သင်ခန်းစား ကောင်းကောင်း ရသွားပြီဖြစ်သည့်အတွက် ပြန်မပြောရဲတော့ဘဲ လက်သီးဆုပ်၍သာ အလျင်အမြန် ထွက်သွားလေသည်။
သူတို့ ထွက်သွားပြီးနောက်တွင် ချီယွဲ့က နှာခေါင်းရှုံ့၍ “ကောင်စုတ်လေး၊ ဒီဘုရင်မကို အကြပ်ကိုင်ရဲတယ်ပေါ့။ နင်စောင့်နေစမ်းပါ”
ရန်ကိုင်ကမူ ပျော်ရွှင်စွာသာ ပြုံးနေခဲ့သည်။
“အရင်ဝင်လာခဲ့”
ချီယွဲ့ အသံ ဆုံးသွားသည်နှင့် လခြမ်းတောင်၏ အကာအရံထက် ဝင်ပေါက်တစ်ပေါက် ပေါ်လာခဲ့လေသည်။
ကောင်းကင်ဆီမှ ကြယ်သင်္ဘောနှစ်စင်းသည်လည်း အောက်သို့ ဆင်းလာခဲ့လေသည်။ ခဏအကြာတွင် ရန်ကိုင်သည် ကြယ်သင်္ဘောနှစ်စင်းနှင့်အတူ လခြမ်းတောင်ထဲသို့ ဝင်လာခဲ့လေသည်။
ဘဟဲ၊ ယုရှုန်း၊ ရှန်တုနှင့် အခြားသူအားလုံးသည် ရန်ကိုင်အား မွန်းစတားတစ်ကောင်သဖွယ် စိုက်ကြည့်နေကြ၏။
ယုရှုန်းသည် ရန်ကိုင်အား လေးစားတကြီးဖြင့် ကြည့်ရင်း လက်မ ထောင်ပြလိုက်လေသည်။
ရန်ကိုင် ခေါင်းဆောင်နှစ်ဦးနှင့် တိုက်သွားသည်ကို အကုန်လုံး မြင်လိုက်ရပေသည်။
အဆင့် ကျင့်ကြံသူနှစ်ဦးနှင့် ရင်ဆိုင်နေရသည့်တိုင် ရန်ကိုင်သည် အောက်စည်းသို့ ရောက်သွားခြင်းမရှိဘဲ အထက်စီးမှပင် တိုက်ခိုက်ကာ ပြိုင်ဘက် နှစ်ဦးစလုံးကို အနိုင်ယူနိုင်ခဲ့လေသည်။
တန်ခိုးရှင်ဘုရင်တတိယအဆင့် ပညာရှင်ဆိုလျှင်ပင် ရန်ကိုင်ထက် ပိုကောင်းအောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦးဖြစ်သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က သူသာ တန်ခိုးရှင်အဆင့်ထက် မပိုသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ တစ်နည်းဆိုရသော် ရန်ကိုင်သည် တစ်ခဏလေး အတွင်း ဤအဆင့်ထိ ရောက်လာခဲ့ခြင်းဖြစ်ပြီး သူ့ကျင့်ကြံခြင်းမှာ သိပ်ပြီး အခြေခိုင်ခြင်း မရှိသေးချေ။ သူ့ကျင့်ကြံခြင်းသာ အခြေခိုင်သွားလျှင်တော့ ရန်ကိုင်၏ ခွန်အားသည် တန်ခိုးရှင်ဘုရင်တတိယအဆင့်နှင့်ပင် ယှဉ်နိုင်လာလောက်ပေသည်။
ထိုအချက်ကို စဉ်းစားမိလိုက်သည့်အခိုက် ရှန်တုနှင့် အခြားသူအားလုံး ထိတ်လန့်သွားခဲ့ကြလေသည်။ ရန်ကိုင်သည် ခရမ်းကြယ်မြို့တွင် ခွမ်ရှီကျုန်းနှင့် ရင်ဆိုင်ခဲ့သော်လည်း ထိုစဉ်က သူသည် ခွမ်ရှီကျုန်းနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့ခြင်း မရှိချေ။ သူ့အပေါင်းအပါများကို အားကိုး၍ ခရမ်းကြယ်ကို ဖျက်စီးပစ်မည်ဟု ခြိမ်းခြောက်ပြီး ခွမ်ရှီကျုန်းကို သူတို့အား လွှတ်ပေးလာအောင် တွန်းအားပေးခဲ့ခြင်းသာ ရှိသည်။
“ခေါင်းဆောင်က မင်းနဲ့တွေ့လို့ အဆင်မပြေသေးဘူးနဲ့။ မင်းကို နောက်ထပ်နည်းနည်းလောက် ထပ်စောင့်ဖို့ ပြောလိုက်တယ်။ သူ့အခြေအနေ တည်ငြိမ်သွားတာနဲ့ မင်းကို ခေါ်လိုက်မယ်တဲ့” ဘဟဲက ရန်ကိုင်ကို ပြောလိုက်၏။
“ရတယ်၊ ကိစ္စမရှိဘူး” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
ချီယွဲ့ တံခါးပိတ်ကျင့်စဉ်ဝင်နေသည့် ကိစ္စသည် လုံးဝ ပြီးပြတ်သွားခြင်း မရှိသေးမှန်း ရန်ကိုင် သိနေသည်။ ယနေ့ ပြဿနာသည် ထိုင်ကြည့်နေလို့ အဆင်မပြေသည့် အတွက်ကြောင့်သာ ဝင်စွက်ဖက်လိုက်ရခြင်း ဖြစ်သည်။
ထို့နောက်တွင် ဘဟဲတို့သည် ရန်ကိုင်နှင့် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှ ကျင့်ကြံသူများကို လခြမ်းတောင်၌ နေစရာအသီးသီး စီစဉ်ပေးလိုက်ကြ၏။
မည်သူ့ကိုမှ အထူးတလှယ် မဆက်ဆံသလို အထူးတလှယ်ကြီးလည်း မကြပ်မတ်ထားချေ။
ရန်ကိုင် နေရသည့် နေရာသည် ရှန်ချင်းလော့နေသည့် နေရာနှင့် မဝေးသည့် နေရာတွင် ဖြစ်သည်။
ညဘက် အကုန်လုံး တိတ်ဆိတ်နေချိန် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ရှန်ချင်းလော့၏ နန်းတော်ကို သတိထားပြီး သွားစစ်ဆေးကြည့်လေသည်။
ယနေ့တိုက်ပွဲသည် အတော်လေး ဆူညံသွားခဲ့သော်ငြား ရှန်ချင်းလော့အပေါ်တော့ သက်ရောက်မှုမရှိချေ။ ကျင့်ကြံရာတွင် အရေးကြီးသည့် အခိုက်အတန့်သို့ ရောက်နေသည့်အတွက် မည်သည့် အနှောင့်အယှတ်နှင့်မှ မကြုံရအောင် သူမ၏ ပတ်ဝန်းကျင်တစ်ခုလုံးကို ပိတ်ဆို့ပစ်ထားသည့်ပုံပင်။
ရှန်ချင်းလော့နေသည့် နန်းတော်အပြင်ဘက်တွင် အကာအရံများစွာ ရှိနေခဲ့သည်။
သို့ရာတွင် ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် ထိုအကာအရံအားလုံးကို အလွယ်တကူ ဖြတ်ကျော်သွားခဲ့၏။
နန်းတော်၏ ဒုတိယအထပ်သို့ ရောက်လာပြီးနောက်တွင် ရှန်ချင်းလော့ကို တွေ့လိုက်ရလေသည်။
ရှန်ချင်းလော့သည် ယခင်ကထက်ပင် ပိုလှလာနေသေး၏။ ကျင့်ကြံခြင်း အဆင့် မြင့်မားလာသလို ကောင်းကင်လနတ်ဆိုးပင့်ကူ၏ အရင်းအမြစ်စွမ်းအားနှင့်လည်း ပို၍ ပြီးပြည့်စုံစွာ ပေါင်းစပ်လာနိုင်သည့်အတွက်ကြောင့် ဤစုန်းမလေး၏ ညို့ဓါတ်မှာ သူမကိုယ်ပတ်လည်၌ ဒြပ်ထုအရှိန်အဝါ မျိုးကိုပင် ဖြစ်ပေါ်စေခါနီး ဖြစ်နေလေပြီ။
ရန်ကိင်ကဲ့သို့ လူပင်လျှင် သူမကိုကြည့်ရင်း အနည်းငယ် အသိစိတ်လွတ်သလို ဖြစ်သွားခဲ့သည်။
လက်ရှိတွင် ရှန်ချင်းလော့သည် လက်ပြတ်အင်္ကျီကို ဝတ်၍ တင်ပလင်ခွေထိုင်ကာ ကျင့်ကြံနေခဲ့သည်။ ရန်ကိုင်၏ အကြည့်သည် ခဏကြာမျှ သူမ၏ လက်သွယ်သွယ်လေးများ ဆီတွင် တဝဲလည်လည် ဖြစ်သွားခဲ့လေသည်။
ရှန်ချင်းလော့၏ ခန္ဓာကိုယ်အောက်တွင် အစီအရင် တစ်ခု ရှိနေပြီး နယ်ပယ်ကျောက်တုံးများစွာဟာလည်း သူမ ပတ်လည်တွင် ရှိနေခဲ့သည်။ ယခုဆိုလျှင် ရှန်ချင်းလော့သည် နယ်ပယ်စက်ကွင်းကိုပင် စတင် ဖြစ်ပေါ်နေစေခဲ့လေပြီ။
တန်ခိုးရှင်အဆင့်မှ တန်ခိးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန်အတွက် အခက်ခဲဆုံးအပိုင်းမှာ သူတော်စင်ချီကို လုံလောက်အောင် စုဆောင်းရသည့်အပိုင်း မဟုတ်ဘဲ နယ်ပယ်ကို နားလည်အောင် ကြိုးစားရသည့်အပိုင်း ဖြစ်သည်။
နယ်ပယ်ကို နားလည်သွားမှသာ အတားအဆီးများကို ချိုးဖျက်ကာ တန်ခိုးရှင်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်ပေသည်။
ခဏကြာအောင် စိုက်ကြည့်လာပြီးနောက် ရန်ကိုင် ယဲ့ယဲ့လေး ပြုံးလိုက်၏။
ကောင်းကင်လနတ်ဆိုးပင့်ကူ၏ အရင်းအမြစ်စွမ်းအားကို စုပ်ယူထားသည့် လူတစ်ယောက် ဆိုသည့်အတိုင်းပင်… ရှန်ချင်းလော့၏ အရည်အချင်းမှာ ကြောက်မခန်းလိလိကို တိုးတက်လာခဲ့ပေသည်။ ယခုဆိုလျှင် သူမသည် ရှီကိုပင် နယ်ပယ်စက်ကွင်းအဖြစ်သို့ စတင် ပြောင်းလဲနေခဲ့လေပြီ။ အချိန်သာ ပေးလိုက်လျှင် အခွင့်အရေး ရောက်လာသည်နှင့် တစ်ပြိုင်နက် ကျိန်းသေ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ပေလိမ့်မည်။