← Chapters

အခန်း (၁၈၉၁-၁၈၉၅)

Vol. 76 Ch. 1891-1895

အခန်း (၁၈၉၁-၁၈၉၅)

Vol. 76 Ch. 1891-1895

အပိုင်း (၁၈၉၁)

ရန်ကိုင် ငယ်စဉ်က သိခဲ့သော မိန်းမများအနက်၊ စီနီယာ မမလေး ရှနင်းချန်သည် ချွင်းချက်မရှိ အကောင်းဆုံး ပါရမီကို ပိုင်ဆိုင်ထားပေသည်။

သူမအား သာမန်လူများထက် ပိုသာနေစေသည်မှာ သူမ၏ အထူးခန္ဓာကိုယ် ထွတ်မြတ်ဆေးဝိဥာဉ်ခန္ဓာကိုယ်သာ ဖြစ်ပေသည်။

ဒုတိယလူဆိုလျှင်တော့ ရှန်ချင်းလော့ကို ပြောရပေမည်။ ဤစုန်းမသည်လည်း အထူးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေသည်။ သို့ရာတွင် သူမ၏ အထူးခန္ဓာကိုယ်မှာ အနည်းငယ် ချို့ယွင်းသလို ဖြစ်နေပြီး ရှနင်းချန်၏ အထူးခန္ဓာကိုယ်လောက် အသုံးမဝင် ဖြစ်နေခဲ့ပေသည်။

တတိယလူကတော့ စုယန်သာ ဖြစ်ပေသည်။

ဤသည်မှာ မွေးရာပါ ပါရမီချင်းကို နှိုင်းယှဉ်ချင်းသာ ဖြစ်သည်။ စုယန်၏ အရည်အချင်းညံ့သည်လူဟု ပြောလိုခြင်း မဟုတ်ချေ။

သို့သော်လည်း ဤရက်ပိုင်း ကြည့်ရသလောက် ထိုအမျိုးသမီး သုံးဦးသည် သူထင်ထားသလောက် ကွာခြားခြင်း မရှိသည့်ပုံပင်။ အကုန်လုံး အတူတူလောက်သာ ရှိသည်။

ရှနင်းချန်သည် ထုန်းရွှမ်လောကကြီးကို သန့်စင်ခဲ့သည့် အပြင်ကိုမှ ထွတ်မြတ်ဆေးန္ဓာ အထူးခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ကြယ်သခင် တစ်ဦး ဖြစ်သည့် သူမ၏ အနာဂတ်သည် ကျိန်းသေကို တောက်ပပေလိမ့်မည်။

ရှန်ချင်းလော့ဆိုလျှင်လည်း ရှေးဟောင်းနတ်သားရဲ မျိုးကွဲ တစ်ကောင်ဖြစ်သော ကောင်းကင်လနတ်ဆိုးပင့်ကူ၏ အရင်းအမြစ်စွမ်းအားကို စုပ်ယူထားသည်။ ကောင်းကင်လနတ်ဆိုးပင့်ကူ၏ အရင်းအမြစ်စွမ်းအားကို စုပ်ယူပြီးနောက်တွင် သူမ၏ အထူးခန္ဓာကိုယ်နှင့် ပက်သက်သော ချို့ယွင်းချက်များပါ ပျောက်ကွယ်သွားရုံမက သူမ၏ ပါရမီဟာလည်း မြင့်မားစွာ တိုးတက်လာခဲ့လေသည်။ ကောင်းကင်လနတ်ဆိုးပင့်ကူသည် သာမန် တည်ရှိမှုမျိုး မဟုတ်ချေ။ ထိုသက်ရှိသည် ရှေးခေတ်အချိန်က နတ်သားရဲများကိုပင် ယှဉ်တိုက်နိုင်သည့် သားရဲတစ်ကောင် ဖြစ်သည်။

စုယန်ကို ပြောရမည်ဆိုလျှင်သည် သူမသည် နတ်သားရဲများတွင်မှ အထွဋ်အထိပ်တည်ရှိမှု ဖြစ်သော ရေခဲဖီးနစ်၏ အရင်းအမြစ်စွမ်းအားကို ပိုင်ဆိုင်ထားရုံမက ရေခဲနှလုံးသားတောင်ကြားထဲတွင် ကျင့်ကြံခဲ့သော ရေခဲနှလုံးသားကျင့်စဉ်ကြောင့် ရေခဲကျောက်စိမ်း အထူးခန္ဓာကိုယ်ကိုပါ ရရှိလာခဲ့သည်။ ကောင်းချီးရေကန်ထဲကို ဝင်သွားပြီးနောက်တွင် ထိုထဲမှပါ ရေခဲနှလုံးသားတောင်ကို တည်ထောင်ခဲ့သူ ဘိုးဘေး၏ နှင်းခဲဓါးကိုပါ ရလာခဲ့လေသည်။ လက်ရှိတွင် သူမ၏ ပါရမီသည် ရှန်ချင်းလော့နှင့် ရှနင်းချန်တို့အောက် နိမ့်ကျခြင်း မရှိတော့ချေ။

အကောင်းဆုံး သက်သေကို ပြပါဆိုလျှင် သူတို့၏ ကျင့်ကြံခြင်းကိုသာ ပြောရပေလိမ့်မည်။ လက်ရှိတွင် အမျိုးသမီး သုံးဦးစလုံးသည် တန်ခိုးရှင်အဆင့်၏ အထွဋ်အထိပ်တွင် ရောက်နေကုန်ကြလေပြီ။

ရှန်ချင်းလော့ဆိုလျှင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန်အတွက်ပါ ပြင်ဆင်နေခဲ့လေပြီ။ ရှနင်းချန်နှင့် စုယန်တို့သည်လည်း ဤအတိုင်း နေနေလိမ့်မည် မဟုတ်ဘဲ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် ကြိုးစား နေလိမ့်မည်ဟု ရန်ကိုင် ယုံကြည်ပေသည်။

ယခု အရိပ်ကြယ်၏ လောကနိယာမများမှာ ပြန်ကောင်းသွားပြီ ဖြစ်သည့်အတွက် အမျိုးသမီး နှစ်ဦးသာ သေချာ ပြင်ဆင်ထားလျှင် အရိပ်ကြယ်တွင်ပင် တန်ခိုးရှင် ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ပေလိမ့်မည်။

ထိုအကြောင်း တွေးလိုက်မိသည့်အခိုက် ရန်ကိုင် ပြုံးမိသွားလေသည်။

သူနှင့် အလွန်းရင်းနှီးသော မိန်းမများအားလုံး၏ အရည်အချင်းနှင့် ခွန်အားသည် အတူတူလောက်သာ ဖြစ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။ ရွှယ့်ယွယ်သည်လည်း အတူတူပင်…

သူတို့သာ အချင်းချင်းတိုက်ကြလျှင် နောက်ဆုံး မည်သူ အနိုင်ရမလဲဟု ရန်ကိုင် တွေးမိသွားလေသည်။

ထိုအကြောင်းကို စဉ်းစားမိလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင် တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်သွားပြီး ထိုကြောက်မက်ဖွယ်ရာအတွေးကို ချက်ချင်းပဲ ခေါင်းထဲမှ ဖယ်ထုတ်ပစ်လိုက်ရသည်။ အမျိုးသမီး လေးဦးသာ တိုက်ခိုက်ကြလျှင် သူ့အနေဖြင့် ဝေးနိုင်သမျှ ဝေးဝေးသို့သာ ထွက်ပြေးရပေလိမ့်မည်။

ရှန်ချင်းလော့သည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရာ၌ အရေးကြီးသည့် အခြေအနေသို့ ရောက်နေသဖြင့် ရန်ကိုင်လည်း သူမအား သွားမနှောင့်ယှတ်တော့ဘဲ ကောင်းကင်စိတ်အာရုံကို တိုးတိုးတိတ်တိတ်လေး ပြန်ရုတ်သိမ်းလိုက်လေသည်။

ဝင်သက်ထွက်သက်ကို မှန်အောင်လုပ်ပြီး စိတ်ငြိမ်အောင် လုပ်နေစဉ်မှာပဲ မျက်ခုံးပင့်သွားပြီး ဝင်ပေါက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။

တံခါးရှေ့တွင် တစ်ယောက်ယောက် ရပ်နေသည့်ပုံပင်။

ရန်ကိုင်သည် သူ့လက်ကို ဝှေ့ရမ်း၍ တံခါးကို ဖွင့်လိုက်၏။ အလန့်တကြား အော်သံလေးနှင့်အတူ လူတစ်ယောက် အခန်းထဲသို့ ဒယိမ်းဒယိုင် လဲကျလာခဲ့လေသည်။

ဒုန်း…

တံခါး ပြန်ပိတ်သွားခဲ့သည်။

ရောက်လာသည့်လူသည် သတိကြီးကြီးထားလျက် ပတ်ပတ်လည်ကို အလျင်စလို လှည့်ကြည့်လိုက်လေသည်။ ရန်ကိုင်မှ သူမအား ပြုံးကာ ကြည့်နေသည်ကို မြင်သည့်အခါ နှုတ်ခမ်းကြီးမဲ့လျက် ငြီးတွားလိုက်လေသည်။

“လာချင်ရင် ဝင်လာလိုက်ပေါ့။ ဘာတွေ အပြင်ကနေ ဟိုချောင်းဒီချောင်း လုပ်နေတာလဲ” ရန်ကိုင်မှာ ပီလော့၏ ပုံစံကိုကြည့်ရင်း ရယ်ချင်စိတ်ကို မနည်း အောင့်အည်းနေရ၏။ ကုတင်ပေါ်မှထကာ ပီလော့အတွက် ရေနွေးကြမ်းတစ်ခွက် သွားငှဲ့လိုက်ပြီးနောက် အနားရှိ စာပွဲပေါ်တွင်တင်ကာ ပီလော့အား လှမ်းခေါ်လိုက်လေသည်။

“နင်ဘယ်သူ့ကို ခိုးကြောင်ခိုးဝှက်လို့ ပြောနေတာလဲ” ပီလော့သည် ရန်ကိုင်အား စူးရဲစွာစိုက်ကြည့်၍ နှာခေါင်းရှုံကာ ပြန်ပြောလိုက်လေသည် “ငါလာနေမှန်းသိရင် တံခါးကို ရုတ်တရက် တွန်းဖွင့်မယ့်အစား ဘာလို့ ငါ့ကို အထဲကို မခေါ်တာလဲ။ နင်ငါ့ကို လန့်သေအောင် လုပ်နေတာလား”

“ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ ငါ့မှားသွားတယ်… ဟုတ်ပြီလား။ ကဲ၊ စိတ်ပြေသွားရင် ဒီမှာ ရေနွေးကြမ်းလေး လာသောက်လိုက်ဦး” ရန်ကိုင်သည် ဤဘာမဟုတ်သည့် ကိစ္စလေးအတွက်နှင့် ထိုင်ငြင်းခုံနေရလောက်သည်အထိ သဘောထား မသေးသိမ်ပေ။

ပီလော့သည် ထိုင်ခုံပေါ်တွင် ထိုင်ကာ ရေးနွေးကြမ်းကို သောက်လိုက်သည်။ ထို့နောက် စကားတစ်ခွန်းမှ မပြောတော့ဘဲ ထိုင်သာ ထိုင်နေတော့လေသည်။

ရန်ကိုင်မှာ ပီလော့ ဘာကြောင့် ရောက်လာမှန်း မသိသဖြင့် သူမ စပြောမည်ကိုသာ စောင့်နေလိုက်လေသည်။ ခဏကြာအောင် စောင့်နေပြီးနောက် ပီလော့ ဘာကြောင့် ရောက်လာသလဲဆိုသည်ကို မေးတော့မည်အပြု ပီလော့က ရုတ်တရက် ပြောလိုက်လေသည် “ဝက်ဝံကြီးပြောတာ နင်တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်ကို ရောက်နေပြီဆို၊ အဲ့ဒါ အမှန်ပဲလား”

“ဝက်ဝံကြီး…” ရန်ကိုင် မျက်နှာအမူအရာ ထူးထူးဆန်းဆန်း ဖြစ်သွားခဲ့သည်။ သို့သော်လည်း ချက်ချင်းပဲ ဟိုရူးကြောင်မူးကြောင် သူ့ယောက်ဖ ယုရှုန်းကို တွေးမိလိုက်သည့်အခိုက် ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏ “ဟုတ်တယ်”

“ဒါကြောင့် နင်အရင်ကထက် အများကြီး ပိုသန်မာလာတယ်လို့ ခံစားနေရတာကိုး” ပီလော့သည် ရန်ကိုင်၏ ပခုံးကို အသာအယာ ပုတ်လျက် ဝမ်းသာအားရ အမူအရာဖြင့် ပြောလိုက်လေသည် “သခင်မက တကယ်ကို လူရွေးတတ်တာပဲ။ နင်တကယ်မဆိုးဘူး”

ပီလော့ လုပ်နေသည့်ပုံစံမှာ အကြီးအကဲတစ်ဦးမှ သူ့ထက် အငယ်တစ်ဦးကို တော်ကြောင်း ချီးကျူးနေသည့် ပုံနှင့်ပင် တူနေပေသေးသည်။

ရန်ကိုင်ကတော့ ထိုမြင်ကွင်းကိုကြည့်ရင်း ပြုံးသာ ပြုံးလိုက်လေသည်။

သူ့လက်ရှိ အဆင့်အတန်းနှင့် ခွန်အားအရ သေခါနီး မွန်းစတားအိုကြီးများမှလွဲ၍ ပီလော့ တစ်ယောက်သည်သာ သူ့အား ဤသို့ ပြောရဲပေလိမ့်မည်။

သို့သော်လည်း ရန်ကိုင် စိတ်ညစ်မသွားခဲ့ချေ။ ပျော်ပင် ပျော်နေပေသေးသည်။ အကုန်လုံးသည် တစ်ကမ္ဘာတည်းမှ လာကြခြင်း ဖြစ်သည်။ သူခွန်းအား မြင့်မားလာသည့်အတွက် သူတို့ကြားရှိ ဆက်ဆံရေး ပြောင်းလဲသွားရမည်မျိုးကို ရန်ကိုင်လည်း မမြင်ချင်ချေ။

“နင်ဆက်ကြိုးစားနေဖို့ လိုတယ်နော်။ မဟုတ်ရင် သခင်မကို ဘယ်လို ကာကွယ်ပေးနိုင်မှာလဲ၊ ဟုတ်တယ်မလား”

“အေးပါ၊ ဟုတ်ပါတယ်” ရန်ကိုင်က ခေါင်းသာ ညိတ်လိုက်၏။

ရန်ကိုင်၏ တုန့်ပြန်ပုံနှင့်ပက်သက်၍ အလွန် ကျေနပ်သွားသည့် အလား ပီလော့က ပြုံးလိုက်လေသည်။

သို့သော်လည်း ပီလော့၏ ပြုံးနေသည့် မျက်နှာအောက် ဝမ်းနည်းသည့် အငွေ့အသက်တို့ ရစ်သိုင်းနေသည်ကို ရန်ကိုင် အာရုံခံမိလေသည်။

ခဏလောက် စဉ်းစားနေပြီးနောက်တွင် ပီလော့ ဘာကြောင့် ဤသို့ ဖြစ်နေရမှနး်ကို နားလည်သွားလေ၏။ နားလည်သွားသည့်အခါ ပြုံးလျက် ပြန်ပြောလိုက်လေသည် “နင်လည်း မဆိုးပါဘူး။ တန်ခိုးရှင်ပထမအဆင့်တောင် ရောက်နေပြီပဲကို”

ပီလော့၏ မွေးရာပါ ပါရမီသည် အရမ်းကြီး မြင့်မားချင်း မရှိချေ။ ဟန်မင်းဆက်တွင် သူမ၏ ပါရမီသည် ထိပ်တန်း အဆင့်တွင် ရှိချင်ရှိလိမ့်မည် ဖြစ်သော်လည်း ကြယ်စီရင်စုကြီး တစ်ခုလုံးကို ထည့်တွက်မည် ဆိုလျှင်တော့ သာမန်လောက်သာ ဖြစ်သွားပေသည်။

သို့သော်လည်း ရှန်ချင်းလော့နောက်လိုက်ပြီး ကောင်းကင်းလနတ်ဆိုးပင့်ကူ၏ အမွေအနှစ်နှင့် ကြုံရပြီးနောက် ပီလော့သည်လည်း အကျိုးအမြတ်အချို့ ရခဲ့သည့်ပုံပင်။ လနီမျိုးနွယ်စုမှ အရင်းအမြစ်များကိုပါ ထပ်ရလိုက်သည့်အခါ တန်ခိုးရှင်အဆင့်သို့ အခက်အခဲမရှိ တက်ရောက်လာနိုင်ခဲ့လေသည်။

ပုံမှန်အတိုင်းသာ ဆိုလျှင်တော့ ပီလော့သည် သူတော်ဘုရင် ဒုတိယအဆင့်လောက်သာ ရှိနေပေဦးမည်။

“တန်ခိုးရှင်ပထမအဆင့် ရောက်တော့ကော ဘာဖြစ်လဲ” ပီလော့က ခြောက်ကပ်ကပ်ရယ်မောလျက် “သခင်မက တန်ခိုးရှင်ဘုရင်အဆင့်ကိုတောင် ချိုးဖျက်တော့မှာ။ ဒီပုံစံနဲ့ဆို သခင်မနောက် ဆက်ပြီးတော့ လိုက်နိုင်ပါတော့မလားတောင် မသိဘူး”

အဲ့လိုကိုး

ပီလော့ ငြီးတွားနေသည်ကို နားထောင်ရင်း သူ့အထင် မှန်နေကြောင်း သိသွားခဲ့လေသည်။ ပီလော့သည် သူမနှင့် ရှန်ချင်းလော့ကြားရှိ ကွာခြားချက် အလွန် ကြီးမားလာမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် စိတ်ဓါတ်ကျနေခြင်း ဖြစ်သည်။

ရှန်ချင်းလော့ကမူ ပီလော့ အားကောင်းကောင်း၊ မကောင်းကောင်း ဂရုစိုက်လိမ့်မည် မဟုတ်သော်လည်း သူမ၏ နိမ့်ကျသည့် ခွန်အားဖြင့်သာ ရှန်ချင်းလော့နောက်သို့ ဆက်လိုက်နေလျှင် ရှန်ချင်းလော့ကအား အကူအညီ ဖြစ်လိမ့်မည် မဟုတ်ဘဲ ဝန်ထုပ်ဝန်ပိုး တစ်ခုသာ ဖြစ်လာစေပေလိမ့်မည်။

ရှန်ချင်းလော့ သွေးအကျဉ်းထောင်စမ်းသပ်ပွဲသို့ သွားရာတွင် ပီလော့၏ခွန်အား နိမ့်ကျနေသည့်အတွက် ရှန်ချင်းလော့နောက်သို့ မလိုက်နိုင်ခဲ့ပေ။

ပီလော့မှ ရှန်ချင်းလော့အား ဂရုစိုက်ပုံမျိုးနှင့်ဆိုလျှင် သူမတို့ကြားရှိ ခွန်အားကွာခြားချက်သာ အလွန် ကြီးမားလာမည်ဆိုလျှင် သူမဘာသာ ရှန်ချင်းလော့ဘေးမှ အလိုလို ထွက်သွားပေလိမ့်မည်။

ထိုအချက်ကို နားလည်လိုက်သော် ရန်ကိုင်သည် ခဏလောက် ထိုင်စဉ်းစားကြည့်လိုက်၏။ ထို့နောက် ပြုံးလျက် မေးလိုက်လေသည် “ဒီမွန်းစတားဧကရာဇ်ကြယ်မှာ နင်နဲ့ သင့်တော်တဲ့ ကျင့်စဉ်တွေ မရှိဘူးလား”

ပီလော့ ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည် “ဒါက မွန်းစတားဧကရာဇ်ကြယ်လေ။ သခင်မက ကောင်းကင်လနတ်ဆိုးပင့်ကူ၏ အရင်းအမြစ်စွမ်းအားကို စုပ်ယူထားတော့ လူသားတစ်ဝက် မွန်းစတားတစ်ဝက်လို့ ပြောလို့ရတယ်။ ဒါကြောင့် ဒီက ကျင့်စဉ်တွေကို သူအကုန် ကျင့်လို့ရတယ်။ ဒါပေမယ့် ငါ့က လူသားဆိုတော့ ဒီက ကျင့်စဉ်တွေက ငါနဲ့ မသင့်တော်ဘူး။ လူသားတွေ ဖန်တီးထားတဲ့ ကျင့်စဉ်အချို့တော့ ရှိပေမယ့် အကုန်လုံးက အဆင့်နိမ့်တွေချည်းပဲ။ ငါအခု အဲ့အဆင့်နိမ့်ကျင့်စဉ်တွေထဲက တစ်ခုကို သုံးနေတာ”

ပီလော့ ကြည့်ရသည်မှာ အတော်လေး စိတ်ပျက်နေသည့်ပုံပင်။

“ငါ့မှာ နည်းနည်းရှိတယ်” ရန်ကိုင်က ပြုံးလိုက်၏။

စိတ်ဓါတ်ကျနေသည့် ပီလော့သည် ချက်ချင်း ခေါင်းမော့လာပြီး အရောင်တလက်လက် တောက်နေသည့် မျက်ဝန်းအစုံဖြင့် ရန်ကိုင်ကို စိုက်ကြည့်လိုက်လေသည်။ ထို့နောက် နည်းနည်းလေးမှပင် ယှဉ်ကျေးမှုမရှိဘဲ လက်ကို ဆန့်ထုတ်ကာ ပြောလိုက်လေသည် “ငါ့ကို တစ်ခုလောက် ပေးပါလား။ ငါနင့်ကျေးဇူးကို တစ်သက်လုံး မှတ်ထားပေးမယ်”

ပီလော့စကားကို ကြားပြီးနောက် ရန်ကိုင် စိတ်ထဲ တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရလေသည်။

ပီလော့သည် တစ်ခုခုကို သတိပြုမိသွားပြီး ချက်ချင်းပဲ လျှာလေးတစ်လစ်တစ်လျစ် ထုတ်လျက် တောင်းပန်လိုက်လေ၏ “အဆင်ပြေရင် ငါ့ကို သင်ပေးလို့ ရလား။ ငါနင့်ကျေးဇူးကို သေချာ မှတ်ထားမှာပါ။ နောက်ပိုင်း သခင်မရှေ့မှာ နင့်မကောင်းကြောင်းကို မပြောတော့ဘူးလို့ ကတိပေးတယ်”

“နင်ချင်းလော့ရှေ့မှာ ငါ့မကောင်းကြောင်းတွေကို ပြောနေသေးတာလား” ရန်ကိုင် ဒေါသထွက်သွားလေသည်။

ပီလော့က နှုတ်ခမ်းလေးကွေလျက် “ပြောပေမယ့် သခင်မက နင်မှနင်ပဲ ဖြစ်နေတော့ ငါပြောတာတွေ အကုန်လုံးကို ဂရုစိုက်မနေဘူး။ ဟာသလိုပဲ သဘောထားတာ”

“နင်ဘာတွေ ပြောလိုက်တာလဲ”

“အကုန်လုံးပေါ့။ သခင်မနဲ့ ငါ့ကြားမှာ လျှို့ဝှက်ချက်မှ မရှိတာ” ပီလော့က ရန်ကိုင်အား အပြစ်ကင်းသည့် ပုံစံဖြင့် စိုက်ကြည့်၍ ပြောလိုက်လေသည်။

“အဲ့တုန်းက ကိစ္စပါပါလား”

“အဲ့အကြောင်း လာမပြောနဲ့။ အဲ့နေ့ကိစ္စက ငါ့ဘဝမှာ ဖျက်ပစ်မရတဲ့ အမည်းစက်ကြီးလိုပဲ” ပီလော့သည် ရန်ကိုင်အား စိတ်ညစ်ညစ်ဖြင့် စိုက်ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် တစ်ခုခု ကပ်နေသည့်အလား နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်လေသည်။

“ဟူး…” ရန်ကိုင်က သက်ပြင်း အမောကြီး ချလိုက်သည်။

ပီလော့ စိုးရိမ်သွားခဲ့လေသည်။ ရန်ကိုင်ဆီမှ ကျင့်စဉ် ကောင်းကောင်းလေး တစ်ခုလောက် လိုချင်နေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ချက်ချင်းပဲ အခန်းထဲမှ ထွက်ပြေးသွားနေလောက်ပေပြီ။ ထိုနေ့ကိစ္စအကြောင်းကို ပြန်တွေးလိုက်တိုင်း ရှက်လွန်းသဖြင့် တွင်းတစ်တွင်း တူးပြီးတော့သာ ပြေးပုန်းချင်မိလေသည်။

နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင် ထိုထူးခြားသည့် အရသာကို ကွက်ကွက်ကွင်းကွင်း မှတ်မိနေဆဲပင်။

“ထားလိုက်တော့။ အဲ့အကြောင်း မပြောတော့ကြေး၊ အဲ့ကိစ္စကို မဖြစ်ဘူးလို့သာ သဘောထားလိုက်” ရန်ကိုင်က လက်ဝှေ့ရမ်းလိုက်လေသည်။

ပီလော့သည်လည်း သဘောတူသည့်အလား ခေါင်းကို တဆတ်ဆတ် ညိတ်နေခဲ့လေသည်။ ပီလော့မှာ ရှက်လွန်းသဖြင့် နားဖျားလေးများပင် နီရဲနေခဲ့လေသည်။

“နင်ဘယ်ဒြပ်စင်နဲ့ လိုက်ဖက်လဲ ငါတစ်ချက် စမ်းကြည့်မယ်” ရန်ကိုင်သည် ပီလော့လက်ကောက်ဝတ် ပေါ်တွင် လက်နှစ်ချောင်းတင်ကာ စစ်ဆေးကြည့်လိုက်၏။ ပီလော့သည် ရန်ကိုင် စစ်ဆေးနေသည့် အချိန်အတွင်း ငြိမ်ငြိမ်လေးသာ ထိုင်နေခဲ့လေသည်။

ခဏအကြာတွင် ရန်ကိုင်သည် သူ့လက်ကို ပြန်ရုတ်၍ ပြောလိုက်လေသည် “ငါထင်တဲ့အတိုင်းပဲ… နင်နဲ့ လိုက်ဖက်တာ မီးဓါတ်ပဲ”

ပီလော့သည် မီးဓါတ်ကို ပိုင်ဆိုင်သည့် လူများကဲ့သို့ စိတ်မရှည်သလို စိတ်လည်း ဆတ်ပေသည်။

“ဟုတ်တယ်။ ငါလည်း မီးဓါတ်ကျင့်စဉ်တွေကို ကျင့်လိုက်ရင် အခြား ကျင့်စဉ်တွေကို ကျင့်ရတာထက် ပိုမြန်တယ်လို့ ခံစားရတယ်” ပီလော့ ပြောလိုက်သည်။

“အဲ့ဒါ သဘောဝပဲ။ လူတိုင်းက ကိုယ်နဲ့ လိုက်ဖက်တဲ့ ဓါတ်သဘာဝကို ကျင့်ကြံရင် ပိုမြန်လေ့ရှိတယ်။ နင်က မီးဓါတ်ဆိုတော့ ကြည့်ရအောင်… နင်နဲ့ လိုက်ဖက်တဲ့ ဘာကျင့်စဉ်ရှိမလဲ…”

ပြောပြီးသည့်နောက် ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲ မွှေနှောက်ရှာလေသည်။ ပီလော့သည် သွားမနှောင့်ယှတ်ဘဲ စိတ်ရှည်ရှည်ဖြင့်သာ ထိုင်စောင့်နေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၉၂)

ရန်ကိုင် ပိုင်ဆိုင်ထားသည့် ကျင့်စဉ်နှင့် ပညာရပ် အားလုံးသည် ခရမ်းကြယ်၏ ရတနာဂိုဒေါင်ထဲမှ ရလာခြင်း ဖြစ်သည်။ ထိုထဲတွင် ရှိနေသည့် သိုင်းကျင့်စဉ်များသည် မည်သို့များ အဆင့်နိမ့်နိုင်မည်နည်း။ ခရမ်းကြယ်၏ ရတနာဂိုဒေါင်ထဲတွင် သူတို့ အဖွဲ့အစည်း၏ အဓိက အဖိုးတန် ပစ္စည်းများကိုသာ သိမ်းဆည်းထားခြင်း ဖြစ်သည်။

အစကတော့ ထိုကျင့်စဉ်အားလုံးကို အထက်စကြာဝဠာဂိုဏ်းဆီ ပြန်ယူသွားဖို့ပင်။ ထိုနည်းဖြင့်ဆိုလျှင် သူ့ဂိုဏ်းသားများ ကျင့်ကြံဖို့အတွက် ကျင့်စဉ် ရွေးချယ်ရာတွင် ပို၍ ရွေးစရာ များလာပေလိမ့်မည်။ သို့သော် ပီလော့က တစ်ခုလောက် လိုချင်နေသည့်အတွက် ရန်ကိုင်လည်း ကပ်စေးနဲမနေဘဲ တစ်ခုလောက် ထုတ်ပေးရန် ဆုံးဖြတ်လိုက်လေသည်။

မကြာမီ ရန်ကိုင်လက်ထဲ စာအုပ်တစ်အုပ် ပေါ်လာခဲ့လေသည်။ ပီလော့ဆီသို့ ပစ်ပေးလိုက်ပြီးနောက် ပြောလိုက်၏ “ဒီခြေသုံးချောင်းကျီးငှက် ကောင်းကင်ကို ထိုးဖောက်ခြင်း ဆိုတဲ့ သိုင်းကျင့်စဉ်က နင်နဲ့ တော်တော်လေး လိုက်ဖက်လောက်တယ်။ တစ်ချက် ကြည့်ကြည့်လိုက်”

ပီလော့သည် ပျော်ရွှင်စွာပြုံးလျက် စာအုပ်ကို လျင်မြန်စွာ ကောက်ယူလိုက်ပြီး စတင် လှန်းလှောကြည့်လေ၏။

ပီလော့ လှန်ကြည့်နေစဉ် ရန်ကိုင်က ရှင်းပြပေးလိုက်၏ “ဒီကျင့်စဉ်မှာ စုစုပေါင်း အပိုင်းသုံးပိုင်းရှိတယ်။ ပထမ တစ်ပိုင်းကို တန်ခိုးရှင်ပထမအဆင့် ရောက်တဲ့အထိ ကျင့်လို့ရတယ်။ ပထမအဆင့်ကို ကျွမ်းကျင်သွားပြီဆိုရင် နင့်ကိုယ်ထဲက သူတော်စင်ချီတွေက လုံးဝ မီးဓါတ်ကို ပြောင်းသွားလိမ့်မယ်။ ဒုတိယအဆင့်ကတော့ နင့်ကို တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်ထိရောက်အောင် ကူညီပေးနိုင်လိမ့်မယ်။ နင်သာ မီးကျီးငှက် မွန်းစတား တစ်ကောင်ရဲ့ အမြူတေကို ရှာပြီး သန့်စင်နိုင်မယ်ဆိုရင် ဒီကျင့်စဉ်နဲ့ ပိုပေါင်းဖက်နိုင်သွားပြီး တန်ခိုးရှင်ဘုရင် တတိယအဆင့်ကို ရောက်နိုင်လိမ့်မယ်။ တတိယ အပိုင်းကတော့ နတ်စွမ်းရည်တွေ၊ ကျင့်စဉ်တွေနဲ့ ပက်သက်ပြီး ပြောထားတာ။ အဲ့အပိုင်းမှာတော့ နင်နဲ့ လိုက်ဖက်မယ်ထင်တဲ့ဟာတွေကိုပဲ ကျင့်ကြံလိုက်ပေါ့”

ထိုကျင့်စဉ်ကို လှန်လှောကြည့်လိုက်သည့်အခါ ကျင့်စဉ် ပုံစံသည် ပီလော့နှင့် အတော်လေး လိုက်ဖက်မည်ဟု ထင်သဖြင့် ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။

ဤကျင့်စဉ်၏စွမ်းအားကို ပြည့်ပြည့်ဝဝ ထုတ်သုံးချင်လျှင်တော့ မီးကျီးငှက်၏ မွန်းစတားအမြူတေကို ရှာဖို့ လိုပေိမ့်မည်။

မီးကျီးငှက်သည် ရှေးဟောင်းနတ်သားရဲမျိုးကွဲ တစ်ကောင် ဖြစ်သည်။ နဂါး၊ ဖီးနစ်တို့လောက် ကျော်ကြားခြင်း မရှိသည့်အပြင် ကောင်းကင်လနတ်ဆိုး ပင့်ကူထက်ပင် ပိုအားနည်းသော်လည်း ရှဲကျီတို့နှင့် အဆင်တူတွင်တော့ ရှိနေပေသည်။ ကောလဟာလများက ပြောသည်မှာတော့ မီးကျီးငှက်၏ သွေးမျိုးဆက်သည် ဖီးနစ်ငှက်မှ အရင်းခံလာသည်ကို ပြောကြပေသည်။ ထိုစကား မှန်မမှန်ကိုတော့ သူလည်း မသိပေ။

မီးကျီးငှက်၏ အမြူတေနဲ့ဆို ဤကျင့်စဉ်၏ စွမ်းအားသည် အနည်းဆုံး တစ်ဆယ်ရာခိုင်နှုန်း ပိုမြင့်လာပေလိမ့်မည်။

ရန်ကိုင့် စကားကို ကြားသည့်အခါ ပီလော့ အလွန် ပျော်သွားပြီး ချက်ချင်းပဲ ထကျင့်ကြံချင်လားသည့်အလား စာအုပ်ကို တဖျတ်ဖျတ်နှင့် လှန်တော့လေသည်။

မီးကျီးငှက်၏ အမြူတေသည် အခြားနေရာတွင် ရှာရခက်လျှင် ခက်လိမ့်မည် ဖြစ်သော်လည်း မွန်းစတား မျိုးနွယ်စုဝင်များစွာ နေထိုင်ကြသည့် မွန်းစတားဧကရာဇ် ကြယ်တွင်တော့ မီးကျီးငှက် သို့မဟုတ် ၎င်း၏ မျိုးဆက် တစ်ကောင်ကောင်နှင့် တွေ့ဖို့ရာ သိပ်မခက်ပါချေ။

ထိုအကြောင်းကြောင့်ပင် ပီလော့အတွက် ဤကျင့်စဉ်ကို ရွေးပေးလိုက်ခြင်း ဖြစ်သည်။

ကျင့်စဉ်ကို အကြမ်းဖျင်း ဖတ်ကြည့်ပြီးနောက် ခေါင်တညိတ်ညိတ်ဖြင့် စာအုပ်ကို သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်ပြီး အလေးအနက်အမူအရာဖြင့် ရန်ကိုင်ကို စိုက်ကြည့်၍ ကျေးဇူးတင်စကား ဆိုလိုက်လေသည် ‘ကျေးဇူးပဲ”

“မလိုပါဘူး” ရန်ကိုင်က ပြုံးလျက် “ချင်းလော့ ဘေးကနေ တစ်ဖဝါးမှ မခွာဘဲ သူမနားက တောက်လျှောက် အဖော်ပြုပေးနေတဲ့ နင့်ကိုတောင် ကျေးဇူးတင်ရဦးမှာ”

“ငါ့သခင်မနားငါရှိတာ သဘာဝပါပဲ။ ဒီကျေးဇူးကို ငါသေချာမှတ်ထားမယ်။ နောက်ပိုင်း အခွင့်အရေးရတဲ့ တစ်နေ့ကျရင် ငါနင့်ကို ကောင်းကောင်း ကျေးဇူးပြန်ဆပ်မယ်”

ရန်ကိုင်ကတော့ ဘာမှ ပြန်ပြောမနေခဲ့ပေ။

ပီလော့သည် အသစ်ရထားသည့် ကျင့်စဉ်ကို အမြန် ပြန်ကျင့်ချင်နေသည့်အလား၊ ချက်ချင်းပဲ ထရပ်၍ ပြောလိုက်လေသည် “နင်ကောင်းကောင်းနားလိုက်ဦး။ ငါဒီကျင့်စဉ်ကို သွားကျင့်ကြံလိုက်ဦးမယ်”

“အင်း” ရန်ကိုင်က လက်ဝှေ့ရမ်းပြလိုက်၏။

ပီလော့ ထွက်သွားပြီးနောက်… ရန်ကိုင်သည် ခဏလောက် ထိုင်စဉ်းစားနေပြီးနောက် ခရမ်းမူလ ဆေးမီးဖိုကိုထုတ်ကာ ဆေးလုံးများ စဖော်စပ်လေသည်။

ဤသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့လေသည်။

ယနေ့၌… ဆေးဖော်စပ်နေစဉ် ချီယွဲ့၏ အသံကို ရန်ကိုင် ကြားလိုက်ရလေသည် “ကောင်းလေ၊ နင်လာလို့ရပြီ”

ရန်ကိုင်က ချက်ချင်းပဲ ခေါင်းမော့၍ ပြုံးကာ ပြန်ပြောလိုက်လေသည် “ခဏလောက်ပဲစောင့် စီနီယာ၊ ကျုပ်ချက်ချင်း လာခဲ့မယ်”

ထိုသို့ ပြောပြီးနောက် ဖော်စပ်လက်စ ဆေးလုံးကို ပြီးအောင် ဖော်စပ်ပြီးနောက် ယူစရာရှိသည်များကို ယူကာ ချီယွဲ့၏ အိပ်ခန်းဆီသို့ ထွက်လာခဲ့လေသည်။

ချီယွဲ့ အိပ်ခန်းဆီသို့ ယခင်က ရောက်ဖူးသည့်အတွက် မည်သို့ သွားရမလဲဆိုသည်ကို သိနေခဲ့ပေသည်။ ထိုကြောင့် သူ့အား မည်သူမှ လမ်းပြစရာမလိုခဲ့ချေ။

သို့သော်လည်း ဗဟိုနန်းတော်ထဲသို့ ဝင်လာပြီးနောက် အတွင်းပိုင်းဆုံးအခန်းအား အားကောင်းသည့် အကာအရံ တစ်ခုဖြင့် ကာကွယ်ထားသည်ကို တွေ့လိုက်ရလေသည်။ ထိုအကာအရံမှတစ်ဆင့် ချီယွဲ့၏ ဝိုးတဝါးတားပုံရိပ်ကို လှမ်းမြင်နေရလေသည်။

ဤအခြင်းအရာကို မြင်ပြီးနောက်သည် ချီယွဲ့သည် ကျင့်ကြံခြင်း မပြီးသေးဘဲ သူ့အား တွေ့ရန်အတွက် အချိန် အချို့ ပေးခြင်းသာ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့၏။

“နင်ငါ့ကို ပြောစရာရှိလို့ ဒီကို လာတာလို့ ယုရှုန်းက ပြောတယ်။ နင်ဘာပြောချင်တာလဲ” ရှေ့ဘက်ဆီမှ ချီယွဲ့၏ အသံ ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြောလိုက်၏ “ဒါက စကားနည်းနည်းလောက်နှင့် ပြောလို့ရတာ မဟုတ်ဘူး။ စီနီယာကို ဒါကို ဖတ်ပြီးသွားရင် သိလိမ့်မယ်”

ပြောပြီးသည့်နောက် ရန်ကိုင်သည် ကျောက်စိမ်းပြား တစ်ခုထုတ်၍ ကောင်းကင်စိတ်အာရုံဖြင့် သူပြောချင်သည့် အကြောင်းအရာများကို ကျောက်စိမ်းပြားပေါ်တွင် ထိုးထွင်းပြီးနောက် ချီယွဲ့ဆီသို့ ပစ်ပေးလိုက်လေသည်။

သူ့ရှေ့ရှိ အကာအရံပေါ်တွင် ကျောက်စိမ်းပြားတစ်ပြား ဝင်လို့ရလောက်သည်အထိ ကျယ်သော အပေါက်လေး တစ်ပေါက် ဖြစ်ပေါ်လာခဲ့လေသည်။

ချီယွဲ့ ကျောက်စိမ်းပြားကို စစ်ဆေးနေစဉ်အတွင်း ရန်ကိုင်သည် အပြင်ဘက်တွင် ငြိမ်သက်စွာ ရပ်စောင့်နေ၏။

ခဏကြာပြီးနောက် အခန်းထဲမှ စွမ်းအင်လှိုင်းအချို့ ဖြာထွက်လာခဲ့လေသည်။ ရန်ကိုင် ပြောလိုက်သည့် အကြောင်းအရာများကို ဖတ်ပြီး ချီယွဲ့ တစ်ခဏတာမျှ စိတ်လှုပ်ရှားသွားသည့်ပုံပင်။

မကြာမီ အခန်းထဲမှ ထိတ်လန့်မှု၊ မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေသည့် ချီယွဲ့၏ အသံ ထွက်ပေါ်လာခဲ့လေသည် “နင်တကယ်ကြီး ကြယ်တာရာကောင်းကင် မဟာဧကရာဇ်နဲ့ တွေ့ခဲ့တာလား… သူနဲ့ ဆယ်နှစ်တောင် အတူရှိခဲ့တယ် ဆိုတာလည်း တကယ်ကြီးလား”

“မဟာဧကရာဇ်နဲ့ တကယ် တွေ့ခဲ့ဖူးတယ်။ ဒါနဲ့ ကျုပ်နဲ့ ဆယ်နှစ်ကျော်လောက် အတူရှိခဲ့တာက သူ့ရဲ့ ကိုယ်ပွားပဲ။ သူ့အစစ်အမှန် ခန္ဓာကိုယ် မဟုတ်ဘူး”

“နင်လိမ်မှာ မဟုတ်မှန်း ဒီဘုရင်မ သိနေပေမယ့် ဒါက အရမ်း ယုံရခက်လွန်းနေတယ်။ ဒီဘုရင်မ နင့်ကို မယုံတာတော့ မဟုတ်ပေမယ့်… နင့်မှာ အခုပြောသွားတာ အတွက် သက်သေရှိလား”

ရန်ကိုင်က ခေါင်းညိတ်လျက် “စီနီယာ မယုံသင်္ကာ ဖြစ်တာ သဘာဝပါပဲ။ သက်သေကတော့… ဒါဆိုရင် လုံလောက်လား”

ပြောပြီးသည့်နောက် ရန်ကိုင်သည် ကြယ်ဧကရာဇ် တံဆိပ်ပြား ခုနှစ်ခုနှင့် သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးကို ထုတ်ပြလိုက်လေသည်။

ဧကရာဇ်ဖိအား ထွက်လာသည်နှင့် ရန်ကိုင်သည် ဧကရာဇ်ဖိအား ချီယွဲ့ကို သွားမနှောင့်ယှတ်နိုင်အောင် သူ့နယ်ပယ်စက်ကွင်းကို ဖြန့်ကျက်၍ ဖိနှိပ်ထားလိုက်လေသည်။

ရန်ကိုင် ထုတ်ပြလာသည့် ပစ္စည်းများကို မြင်ပြီးနောက် ချီယွဲ့က အံ့ဩဘနန်း ဖြစ်နေသည့် လေသံဖြင့် “နင့်မှာ ကြယ်ဧကရာဇ်တံဆိပ်ပြား ခုနှစ်ခုတောင် ရှိနေတာလား။ အဲ့မိုးကြိုးအရှိန်အဝါတွေ ဖြာထွက်နေတဲ့ အလုံလေးက ဘာကြီးလဲ”

“သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံးလို့ ခေါ်တဲ့ ဧကရာဇ် မှော်ရတနာပဲ” ရန်ကိုင်က ရှင်းပြလိုက်လေသည် “ဒါက မဟာဧကရာဇ်ရဲ့ မှော်ရတနာတစ်ခုပဲ။ သူသိပ်မသုံးဖြစ်လို့ ကျုပ်ကို ပေးခဲ့တာ”

“တကယ်ကြီး ဧကရာဇ်မှော်ရတနာလား” ချီယွဲ့ အလွန် အံ့အားသင့်သွားခဲ့လေသည်။ ကျင့်ကြံခြင်းတွင် အရေးကြီးသည့် အခိုက်အတန့်သို့ ရောက်နေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ချက်ချင်း အခန်းထဲမှ ပြေးထွက်လာပြီး ကြည့်ပေသည်။

“စီနီယာကို ကြည့်ရတာ ဧကရာဇ်မှော်ရတနာတွေ အကြာင်း ကြားဖူးတဲ့ပုံပဲ”

“ဒီဘုရင်မ အသက်ရှင်လာတာ ဘယ်လောက်ကြာပြီလို့ နင်ထင်လဲ။ ဒီလောက် အသက်ရှင်လာပြီး ဒီအကြောင်းတွေကို မကြားဖူးစရာလား” ချီယွဲ့က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်၏။ သို့သော် မကြာမီ ချီယွဲ့က အားကျနေသည့် လေသံဖြင့် “နင့်မှာ တကယ်ကြီး ဧကရာဇ်မှော်ရတနာတစ်ခု ရှိနေတာပဲ။ ဒီတော့ ကျောက်စိမ်းပြားထဲမှာ နင်ရေးထားတာကလည်း အမှန်ပဲပေါ့”

“ဒီလောက် အရေးကြီးတဲ့ကိစ္စကို ဂျူနီယာ နောက်စရာလား” ရန်ကိုင်က ပြောလိုက်သည်။

“အင်း၊ ဒီတော့ နင်ပြောသလို ငါတို့အခု နေနေတဲ့ ကြယ်စီရင်စုတွေလို ကြယ်စီရင်စုတွေ အများကြီးရှိတယ်။ အဲ့ကြယ်စီရင်စုတွေကြားမှာ အကာအရံတွေနဲ့ ခြားထားလို့ ကြယ်စီရင်စု တစ်ခုနဲ့တစ်ခု ဆက်သွယ်လို့ မရတာပေါ့၊ ဟုတ်လား”

“အဲ့ဒါတော့ ကျုပ်လည်း သေချာမသိဘူး။ မဟာဧကရာဇ် ပြောသွားတာကိုပဲ ကျုပ်က ပြန်ပြောပြတာ”

“မဟာဧကရာဇ်ကိုယ်တိုင် ပြောမှတော့ အမှန် ဖြစ်လို့ပေါ့။ ကြယ်စီရင်စုရဲ့ အထက်မှာ ကြယ်တာရာအစုအဝေး ဆိုတဲ့နေရာ ရှိတာလား။ တန်ခိုးရှင်ဘုရင်အဆင့် အထက်မှာ နောက်ထပ် ပိုမြင့်တဲ့ အဆင့်တစ်ဆင့် ရှိနေသေးတာလား”

“အမှန်ပဲ”

“ဟားဟား…” ချီယွဲ့က ရုတ်တရက် ကောက်ရယ်မော၍ ပြောလိုက်လေသည် “ဒီဘုရင်မအထင် မမှားခဲ့ဘူးပဲ။ သိုင်းတာအိုမှာ တကယ်ကို အဆုံးမရှိဘူး… တန်ခိုးရှင်ဘုရင် အဆင့်ကို ရောက်ပြီးလည်း နောက်တစ်ဆင့်ဆို့တာ ထပ်ပြီး ရှိနေသေးတယ်။ ဒီအဆုံးမရှိတဲ့ သိုင်းတာအိုခရီးလမ်းကို ဘယ်သူက ဆုံးအောင် သွားနိုင်မှာလဲ… ငါသိတော့ သိချင်မိသား”

သူမလေသံထဲ စိတ်အားထက်သန်မှု၊ စိတ်လှုပ်ရှားမှုတို့ ပြည့်နေခဲ့သည်။

ချီယွဲ့ ဘယ်လိုခံစားနေရလဲ ရန်ကိုင် နားလည်ပေသည်။ ခွန်အားကို လိုလားတောင့်တားသည့် မည်သည့် ကျင့်ကြံသူ အတွက်မဆို သူတို့ လျှောက်လှမ်းနေသည့် သိုင်းတာအို ခရီးလမ်းသည် တစ်နေရာတွင် အဆုံးသတ်သွားသည်ဟု သိလိုက်ချိန် စိတ်ပျက်သွားမိသည်မှာ သဘာဝသာ ဖြစ်သည်။ ပိုမိုမြင့်မားသည့် အဆင့်သို့ ထပ်မံ တက်လှမ်းနိုင်ကြောင်း သိနေသည့်အခါမှပဲ ကျင့်ကြံသူများသည် ပိုပို၍ ကြိုးစားချင်စိတ် ဖြစ်လာမည် ဖြစ်ကာ သူတို့ကိုယ်သူတို့ တိုးတက်လာအောင် စဉ်ဆက်မပြတ် ကြိုးစားကြပေလိမ့်မည်။

“ကောင်လေး၊ ဒီတော့ နင်ဒီကိုလာတာ ကြယ်တာရာအစုအဝေးဆီသွားတဲ့ လမ်းကြောင်းကို ဖွင့်ဖို့ လူမလောက်လို့ လာအကူအညီတောင်းတာပေါ့” ချီယွဲ့က ရုတ်တရက် မေးလိုက်သည်။

“ဟုတ်တယ်” ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည် “မဟာဧကရာဇ်ပြောသွားတဲ့ပုံဆို ဝင်ပေါက်ကိုဖွင့်ဖို့ တံဆိပ်ပြားကိုးခုကို အရင်ရှာရမယ်။ အခုအခြေအနေအရ အဲ့ကိစ္စက ပြဿနာမရှိဘူး။ ကိုးခုမှာ ခုနှစ်ခု ကျုပ်စုပြီးသွားပြီ”

“ကျန်တဲ့နှစ်ခုကကော”

“ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းက တစ်ခုနဲ့ ဓါးအဖွဲ့အစည်းက တစ်ခုပဲ ကျန်တော့တာ”

“အဲ့ဒါတွေကို နင်ဘယ်လိုယူမှာလဲ။ ဒီတံဆိပ်ပြားတွေက မဟာဧကရာဇ်ရဲ့ အမွေအနှစ်တွေလို့ ပြောလို့ရတယ်။ သူတို့ နင့်ကို ဘယ်လိုမှ အလွယ်တကူ ပေးမှာမဟုတ်ဘူး”

“ကိုယ်ဘယ်လောက်ထိ တတ်နိုင်လဲ ဆိုတဲ့အပေါ်မှာပဲ မူတည်တာပေါ့” ရန်ကိုင်က ပြုံးလျက် ပြောလိုက်သည်။

“အင်း၊ နင်အရင် သွားတောင်းကြည့်လိုက်ပေါ့။ မရရင် ဒီဘုရင် မွန်းစတားဘုရင်အဆင့်ကို ရောက်သွားရင် နင်နဲ့ လိုက်ပြီး လိုက်တောင်းပေးမယ်။ သူတို့ ငြင်းရဲမလား ငါကြည့်ဦးမယ်” ချီယွဲ့က ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်၏။

ရန်ကိုင်က ချက်ချင်းပဲ မျက်နှာကြီးမဲ့လျက် ပြန်ပြောလိုက်၏ “အဲ့ကိစ္စကိုတော့ ကျုပ်တာဝန်ပဲ ထားလိုက်ပါ။ စီနီယာ အလုပ်ရှုပ်ခံနေစရာ မလိုပါဘူး”

“တန်ခိုးရှင်ဘုရင်တတိယအဆင့် ခြောက်ယောက် စုဖို့ ကိစ္စကကော၊ နင်ဘယ်နှစ်ယောက် တွေ့ပြီးပြီလဲ”

“အင်း… အဲ့ကိစ္စနဲ့ ပက်သက်ပြီး အကူအညီ တောင်းချင်လို့ စီနီယာဆီကို လာခဲ့တာ။ ကြည့်ရတာ ဂျူနီယာတောင် ဘာမှ ပြောဖို့ လိုတော့မယ့်ပုံမပေါ်ဘူး”

ရန်ကိုင်သည် ချီယွဲ့၏ အကူအညီ လိုအပ်သည့် အတွက်ကြောင့် မွန်းစတားဧကရာဇ်ကြယ်သို့ လာခဲ့ခြင်း ဖြစ်သည်။ တန်ခိုးရှင်အဆီအနှစ်ကျောက်တုံးကို ရပြီးနောက် ချီယွဲ့ အနေဖြင့် တန်ခိုးရှင်ဘုရင်တတိယအဆင့်သို့ အနှေးနှင့်အမြန် ချိုးဖျက်နိုင်လိမ့်မည်မှန်း ရန်ကိုင် သိနေ၏။ ကွေ့ဇူနှင့် ချိန်းဆိုထားသည့် ဆယ်နှစ်ရက်ချိန်းမှာ အတော်လေး လိုသေးသည့်အတွက် ချီယွဲ့ဆီလာပြီး ဤအကြောင်းကို အရင်လာပြောရန် စဉ်းစားလိုက်ခြင်း ဖြစ်သည်။

ချီယွဲ့ ကူညီလာအောင် မည်သို့ ပြောရမလဲ ဆိုသည်ကိုပင် စဉ်းစားထားပြီးသွားလေပြီ။

သို့သော်လည်း ယခု ကြည့်ရသလောက်တော့ သူဘက်မှ ဘာမှ ပြောစရာမလိုတော့သည့်ပုံပင်။ သူဘာမှ မပြောလျှင်ပင် ချီယွဲ့က ကူညီပေးပေလိမ့်မည်။

“အင်း၊ နင်ဘာမှ ပြောနေစရာမလိုပါဘူး။ ငါကူညီပေးမယ်။ ငါ့ပန်းတိုင်က မဟာဧကရာဇ်အဆင့်ကို ရောက်ဖို့ပဲ။ အခုလို အဲ့လို ရောက်နိုင်မယ့် အခွင့်အရေးတစ်ခု ငါ့ရှေ့ရောက်လာတာကို ဘယ်လိုလုပ်ပြီး ရပ်ကြည့်နေလို့ ဖြစ်ပါ့မလဲ… ဒါပေမယ့် ပြဿနာက ကြယ်စီရင်စုကြီး တစ်ခုလုံး လိုက်ပတ်ရှာမယ်ဆိုရင်တောင် တန်ခိုးရှင်ဘုရင် တတိယအဆင့် ခြောက်ယောက်ကို ရှာတွေ့ဖို့က လွယ်တာ မဟုတ်ဘူး”

တန်ခိုးရှင်ဘုရင်တတိယအဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူခြောက်ဦး၏ အကူအညီကို ရနိုင်ဖို့သည် ကြယ်ဧကရာဇ်တံဆိပ်ပြား ကိုးခုစလုံးကို ရှာတွေ့ဖို့ထက်ပင် ပိုခက်မှန်း ချီယွဲ့ သိပေသည်။

တန်ခိုးရှင်ဘုရင်တတိယအဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူ အများစုသည် လူမသိသူမသိ နေရာများတွင် နေနေကြခြင်း ဖြစ်သည်။ သူတို့ကို ရှာဖို့သည် အတော်လေး မလွယ်သည့် ကိစ္စဖြစ်ပေသည်။

ခရမ်းကြယ်တွင် ခွမ်ရှီကျုန်း ရှိပေသည်။ သို့သော် ရန်ကိုင်သည် သူနှင့် ပြဿနာတက်ထားသူတစ်ဦး ဖြစ်သည့် အတွက် ရန်ကိုင်ကို မကူညီပေးလောက်ချေ။ ကူညီပေးမည် ဆိုလျှင်ပင် ရန်ကိုင် အနေဖြင့် သူ့ကို မယုံနိုင်ပေ။

ရန်ကိုင်က ပြုံးလျက် ပြောလိုက်လေသည် “အခု လောလောဆယ်အတွက်တော့ စီနီယာတစ်ယောက်ရှိမယ်။ နောက်တစ်နေရာကို ဂျူနီယာကိုယ်တိုင် ဖြည့်ပေးလို့ရတယ်။ ပြီးတော့ ဂျူနီယာဂိုဏ်းမှာ တန်ခိုးရှင် ဘုရင်တတိယအဆင့်ကို ချိုးဖျက်ဖို့ ကြိုးစားနေတဲ့ နောက်တစ်ယောက်လည်း ရှိသေးတယ်။ သူသာ အောင်မြင်သွားရင် စုစုပေါင်း သုံးယောက် ရသွားပြီ’

“သုံးယောက် ရပြီဆိုရင်တောင် နောက်ထပ် သုံးယောက် လိုနေသေးတယ်”

ရန်ကိုင်က ပြုံးလျက် “ဒီကျောက်စိမ်းပြားထဲမှာ ပါတဲ့ အကြောင်းတွေကိုသာ လူသိရှင်ကြား ထုတ်ပြလိုက်ရင် ကျန်တဲ့ သုံးယောက်က စိတ်ပူစရာ မလိုတော့ဘူးလို့ ထင်တာပဲ။ စီနီယာလည်း သိတာပဲ… ကြယ်စီရင်စုထဲက မွန်းစတားအိုကြီးတွေက ပိုမြင့်တဲ့အဆင့်ဆီ တက်နိုင်ဖို့ ကြိတ်ပြီး ကြိုးစားနေကြတာ။ အခု ဂျူနီယာက သူတို့ကို ပိုမြင့်တဲ့အဆင့်ဆီ သွားနိုင်မယ့် လမ်းကြောင်းကို ပြပေးနေတာလေ။ သူတို့ စိတ်မဝင်စားဘဲ မနေလောက်ပါဘူး”

“ကြည့်ရတာ နင်ဒါကို အချိန်အကြာကြီးကတည်းက စီစဉ်ထားတဲ့ပုံပဲ”

“ဟုတ်တယ်။ ဒါပေမယ့် ဒီနည်းလမ်းကို နောက်ဆုံး လူရှာလို့ မရတော့မှ ထုတ်သုံးမှာ”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၉၃)

ဘာမှအားသိပ်မစိုက်လိုက်ရဘဲ ချီယွဲ့နှင့် သဘောတူညီချက်ရအောင် လုပ်နိုင်ခဲ့သည့်အတွက် ရန်ကိုင် အတော်လေး ဝမ်းသာနေခဲ့သည်။

ခဏအကြာတွင် ရန်ကိုင်သည် ချီယွဲ့အား အချိန်ဇယား အကြောင်း ပြောပြီး နန်းတော်ထဲမှ ထွက်လာခဲ့သည်။ ချီယွဲ့သည် ထိုအချိန်အတွင်း တန်ခိုးရှင်ဘုရင်တတိယ အဆင့်သို့ ချိုးဖျက်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားမည်ဟု ကတိပေးခဲ့လေသည်။

နောက်နေ့တွင် ဘဟဲသည် သိုလှောင်လက်စွပ်တစ်ကွင်းနှင့် ရန်ကိုင်ဆီသို့ ရောက်လာခဲ့သည် “ဒီမှာ ခေါင်းဆောင် မင်းကို ကတိပေးထားတဲ့ ပစ္စည်းတွေ။ အထဲမှာ တန်ခိုးရှင်ဘုရင် ပထမအဆင့် မွန်းစတားအမြူတေသုံးခုပါတယ်။ အဲ့သုံးခုက ငါတို့ မွန်းစတားဧကရာဇ်ကြယ်မှာတောင် တော်တော်လေး ရှားတဲ့ပစ္စည်းတွေ။ အပြင်မှာဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး။ အခြား ပစ္စည်းတွေကိုတော့ တစ်ချက်ကြည့်ကြည့်လိုက်၊ မလောက်ရင်ပြော၊ ငါသွားထပ်ရှာပေးမယ်”

ရန်ကိုင်သည် သိုလှောင်လက်စွပ်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် ပြုံးကာ ခေါင်းညိတ်၍ “စီနီယာချီယွဲ့ကို ကျေးဇူးတင်ပါတယ်လို့ ကျုပ်အတွက် ပြောပေးပါဦး။ ပစ္စည်းတွေက လိုတာထက်တောင် ပိုပါသေးတယ်”

“အင်း၊ ဒါပေမယ့်…” ရန်ကိုင်သည် ရန်ကိုင်အား အလေးအနက် အမူအရာဖြင့် စိုက်ကြည့်၍ မေးလိုက်၏ “မင်းတကယ်ကြီး ကမ္ဘာခြား ဟင်းလင်းပြင်အစီအရင် ခင်းကျင်းနိုင်တာလား”

ချီယွဲ့နှင့် သူ့အစီအစဉ်အကြောင်း ဆွေးနွေးပြီးနောက် မွန်းစတားဧကရာဇ်ကြယ်နှင့် အရိပ်ကြယ်ကြား ကမ္ဘာခြား ဟင်းလင်းပြင်အစီအရင်တစ်ခု ခင်းကျင်းရန် ဆုံးဖြတ်ခဲ့လေသည်။ ဤနည်းဖြင့် ရှန်ချင်းလော့သာ အဆင့်ချိုးဖျက်သွားလျှင် အရိပ်ကြယ်သို့ ချက်ချင်း သွားနိုင်ပေလိမ့်မည်။

ချီယွဲ့သည်လည်း ရန်ကိုင် ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်များကို ခင်းကျင်းနိုင်သည့် အကြောင်း ကြားလိုက်ရချိန် အတော်လေး ထိတ်လန့်သွားခဲ့သည်။ ရန်ကိုင်၏ စကားအပေါ် သံသယမရှိသည့်အတွက် ချက်ချင်းပဲ ဘဟဲအား လိုအပ်သည့် ပစ္စည်းများကို ပြင်ဆင်ခိုင်းလိုက်လေသည်။

“တကယ်ပေါ့၊ နောက်စရာလား” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။

ဘဟဲက အလျင်စလို ပြောလိုက်လေသည် “ဒါဆိုရင် မင်းဘယ်လို ခင်းကျင်းမလဲ ငါလိုက်ကြည့်ဦးမယ်။ ဟင်းလင်းပြင်အစီအရင်တွေ ခင်းကျင်းတာ ငါတစ်ခါမှ မမြင်ဖူးသေးဘူး”

အကြောင်းအချို့ကြောင့် ရန်ကိုင်မှ ကမ္ဘာခြားဟင်းလင်းပြင် အစီအရင် ခင်းကျင်းမည့် ကိစ္စကို ရှန်တုနှင့် အခြားသူများပါ သိသွားခဲ့လေသည်။

ဟဘဲ အကူအညီဖြင့် ဟင်းလင်းပြင်အစီအရင် ခင်းကျင်းမည့် လခြမ်းတောင်ထဲရှိ နေရာလပ်တစ်ခုသို့ ရောက်လာသည့်အခါ၊ ယုရှုန်း၊ ရှန်တု၊ လီနွော့နှင့် အခြားသူ အကုန်လုံးပါ ရောက်နေကြောင်း တွေ့လိုက်ရလေသည်။

ရန်ကိုင်ကို မြင်သည့်အခါ ရှန်တုက ဝမ်းသာတကြီး နှုတ်ဆက်လိုက်လေသည် “ရန်ကိုင်၊ မင်းတကယ်ကြီး ကမ္ဘာခြားဟင်းလင်းပြင်အစီအရင် ခင်းကျင်းနိုင်တာလား”

အကုန်လုံးသည်လည်း ရန်ကိုင် ပြန်ဖြေမည့် အဖြေကို စိတ်ဝင်တစား စောင့်မျှော်နေကြလေသည်။

“အင်း” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။

ရှန်တု ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေသည်။ ထို့နောက် အလွန်ကိုမှ စိတ်လှုပ်ရှားလာခဲ့လေ၏။

“မင်းတို့က ဘာတွေဖြစ်နေတာလဲ။ ကမ္ဘာခြား ဟင်းလင်းပြင်အစီအရင် တစ်ခု ခင်းကျင်းတာလေးပဲကို” ရန်ကိုင်မှာ ရယ်ချင်စိတ်ကို မနည်းအောင့်အည်းနေရ၏။

“ကမ္ဘာခြားဟင်းလင်းပြင်အစီအရင်လေး” ဘဟဲက ကသိကအောက် အမူအရာဖြင့် ဝင်ပြောလိုက်လေသည် “မင်းက မင်းအရည်အချင်းကို အရမ်း အထင်သေးနေတာပဲ။ ဒီကြယ်စီရင်စုထဲမှာ ရှိနေတဲ့ ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်တွေ အကုန်လုံးက ရှေးခေတ်က လူတွေ ခင်းကျင်းခဲ့တာချည်းပဲကွ။ ဒီခေတ်မှာ ဘယ်သူမှ အဲ့လို အစီအရင်မျိုး ခင်းကျင်းနိုင်တော့တာ မဟုတ်ဘူး။ လေဟာနယ်စွမ်းအားကို ကျွမ်းကျင်ထားတဲ့ လူတွေ ရှိတယ်ဆိုရင်တောင်မှ အကုန်လုံးက ဟင်းလင်းပြင် အစီအရင်တွေကို ပြန်ပြင်ရုံလောက်ပဲ တတ်တာ။ ခင်းကျင်းဖို့ ဆိုတာ ဝေလာဝေး။ ကမ္ဘာခြားဟင်းလင်းပြင်အစီအရင်တွေ ဒီကြယ်စီရင်စုကြီးကို ဘယ်လို ပြောင်းလဲသွားစေနိုင်လဲ ဆိုတာကို မင်းတကယ် မစဉ်းစားတတ်တာပဲ”

“ဟုတ်တယ်” ရှန်တုက ဝင်ထောက်ခံလိုက်လေသည် “အခြားသူတွေကို မပြောခင်၊ ငါတို့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းကိုပဲ အရင်ကြည့်လိုက်။ ငါတို့ဆီကနေ အခြား ကျင့်ကြံရေးကြယ်တွေဆီ ကုန်ပစ္စည်းပို့ဖို့ ကြယ်သင်္ဘောတွေကို သုံးပြီးသွားရတယ်။ တစ်ခါသွားရင် သုံးလေးလလောက်ကနေ နှစ်နဲ့ချီပြီးကြားတယ်။ ဒါပေမယ့် ကမ္ဘာခြားဟင်းလင်းပြင်အစီအရင်တွေသာ ရှိနေရင် ဘယ်လို ဖြစ်သွားမယ်လို့ ထင်လဲ။ ကုန်ပို့စရိတ်တွေက မရှိသလောက်ကို နည်းသွားမှာ။ အချိန်ကုန်လည်း အရမ်း သက်သာသွားလိမ့်မယ်။ မင်းစဉ်းစားကြည့်လိုက်စမ်း… အဲ့လိုဆို ငါတို့ အဖွဲ့အစည်းအတွက် ဘယ်လောက်တောင် မြတ်လိုက်မလဲ။ ငါးနှစ်လောက်သာ အဲ့အတိုင်းလုပ်ကြည့်။ ရလာမယ့် အမြတ်က နည်းနည်းနောနောမဟုတ်ဘူး”

“အဲ့ဒါတင် မဟုတ်သေးဘူး” ဘဟဲက ဖြည်းဖြည်းချင်း ခေါင်းခါ၍ ဝင်ပြောလိုက်လေသည် “ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်တွေသာ ရှိရင် သွားလာရတာလည်း အများကြီး ပိုလွယ်ကူသွားပြီ။ မင်းစဉ်းစားကြည့်ကွာ… ကြယ်သင်္ဘောနဲ့ သွားရင် အချိန်အများကြီးကြာမယ်၊ ပြီးတော့ ဓါးပြ တိုက်ခံရမှာကိုလည်း စိတ်ပူနေရဦးမယ်။ ဒါပေမယ့် ကမ္ဘာခြား ဟင်းလင်းပြင်အစီအရင်နဲ့ သွားမယ်ဆို အဲ့လို ပြဿနာတွေ ရှိဦးမှာလား။ မရှိတော့ဘူးလေ… အသုံးပြုခ နည်းနည်းလောက် ပေးလိုက်ရုံနဲ့ ကိုယ်သွားချင်တဲ့ နေရာကို အချိန်မကုန်ဘဲ အန္တရာယ်ကင်းကင်းနဲ့ သွားနိုင်မယ်။ အဲ့လိုသာ ဖြစ်လာရင် ဘယ်သူက ကြယ်သင်္ဘောတွေနဲ့ သွားဦးမှာလဲ… ဘယ်သူမှ သွားတော့မှာ မဟုတ်ဘူး။ ကမ္ဘာခြားဟင်းလင်းပြင်အစီအရင်တွေသာ တကယ် ရှိလာမယ်ဆိုရင် ကြယ်စီရင်စုကြီးရဲ့ လည်ပတ်ပုံက လုံးဝကို တဆစ်ချိုး ပြောင်းလဲသွားလိမ့်မယ်”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ထိုကိစ္စနှင့် ပက်သက်ပြီး သူတ်စခါမှ မစဉ်းစားခဲ့ဖူးချေ။

“မင်းတို့ ဘာတွေ ဒီလောက် စိတ်လှုပ်ရှားနေတာလဲ” ရန်ကိုင်သည် ဘဟဲ၊ ရှန်တုနှင့် အခြားသူများကို အံ့ဩတကြီး ကြည့်လိုက်လေသည်။

ဘဟဲသည် ရန်ကိုင်၏ အမေးကို ကြားကြားချင်း ကြောင်သွားခဲ့သော်လည်း ချက်ချင်းပဲ ပြုံး၍ ပြန်ပြောလိုက်၏ “ဒီလို သမိုင်းဝင် အဖြစ်အပျက် တစ်ခုကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ရမှာကို ဘယ်သူက စိတ်မလှုပ်ရှားဘဲ နေမှာလဲ”

ရန်ကိုင်လည်း ဘာမှပြန်ပြောမနေတော့ဘဲ ပခုံးသာ တွန့်ပြလိုက်လေသည်။

“ရန်ကိုင်၊ ငါတို့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှာကော ကမ္ဘာခြားဟင်းလင်းပြင် အစီအရင် တစ်ခုလောက် ခင်းကျင်းပေးလို့ရမလား။ စိတ်မပူနဲ့၊ လိုအပ်တဲ့ ပစ္စည်းတွေ အကုန်လုံးကို ငါတို့ ထောက်ပံ့ပေးမယ်။ လက်ခကိုလည်း မင်းကျေနပ်စေရမယ်ကွာ” ရှန်တုက ရန်ကိုင်ကို မေးလိုက်၏။

ရန်ကိုင်သည် ခေါင်းညိတ်ပြီး သဘောတူတော့မည် အပြု ရုတ်တရက် တစ်ခုခုကို စဉ်းစားမိသွားပြီး ပြုံးလျက် ပြန်ပြောလိုက်လေသည် “မင်းတို့ဆီမှ ခင်းကျင်းပေးဖို့က ကိစ္စမရှိဘူး။ ဒါပေမယ့်…”

“ဒါပေမယ့် ဘာလဲ”

“ဒါပေမယ့် ဒီအကြောင်းကို မင်းအဖေနဲ့ ကိုယ်တိုင် ပြောချင်တယ်။ ငါ့သူ့ဆီကနေ တောင်းဆိုချင်တာ တစ်ခုရှိလို့… ဒီကိစ္စနဲ့ အလဲအလှယ်လုပ်လို့ရမလား မသိဘူး” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။

ရှန်တု ပြောသွားသည့်ပုံအရ သူခင်းကျင်းနိုင်သည့် ကမ္ဘာခြားဟင်းလင်းပြင်အစီအရင်များသည် ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်းအပေါ် ကြီးကြီးမားမား အကျိုးသက်ရောက်မှုရှိကြောင်း ရန်ကိုင် နားလည်ပေသည်။ ကမ္ဘာခြားဟင်းလင်းပြင်အစီအရင် ခင်းကျင်းပေးသည့် အတွက် အဖိုးအခအနေဖြင့် ကြယ်ဧကရာဇ်တံဆိပ်ပြားကို ပြန်တောင်းလျှင် တောင်းလို့ ရလောက်၏။

ကြယ်ဧကရာဇ်တံဆိပ်ပြားသည် မဟာဧကရာဇ်မှ ချန်ထားပေးခဲ့သော အမွေအနှစ်တံဆိပ်ပြားတစ်ခု ဖြစ်သော်ငြား ထိုအရာသည် သုံးပြီးသွားလျှင် အသုံးမဝင်တော့ချေ။ ခေါင်းဆောင် အိုင်းအောင်သည် ဘာကို ရွေးချယ်ရမလဲ သိလိမ့်မည်ဟု ရန်ကိုင် ယုံကြည်ပေသည်။

ထို့အပြင် ရန်ကိုင်တွင် ခေါင်းဆောင် အိုင်းအောင် အသည်းအသန် လိုချင်နေသည့် ကြယ်သန့်စင်ခြင်း ပညာရပ်လည်း ရှိနေသေးသည်။

ထိုအချက်ကို စဉ်းစားမိလိုက်သည့်အခိုက် ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းရှိ ကြယ်ဧကရာဇ်တံဆိပ်ပြားကို ယူဖို့သည် ပြဿနာမရှိတော့ဟု ရန်ကိုင် တွေးမိသွား၏။

ဓါးအဖွဲ့အစည်းမှ ကြယ်ဧကရာဇ်တံဆိပ်ပြားကိုပင် ဤနည်းလမ်းဖြင့် သွားလဲလို့ ရလောက်ပေသည်။

ဓါးအဖွဲ့အစည်းသည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းလောက် မကြီးမားသော်လည်း ကျင့်ကြံရေး ကြယ်များစွာကို ထိန်းချုပ်ထားဆဲပင်။ ရန်ကိုင်သာ သူတို့၏ ကျင့်ကြံရေးကြယ်များပေါ်တွင် ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်များ လိုက်ခင်းကျင်းပေးမည်ဆိုလျှင် သူလိုချင်နေသည့် ကြယ်ဧကရာဇ်တံဆိပ်ပြားကို တောင်းလို့ ရနိုင်လောက်ပေသည်။

“ကိစ္စမရှိဘူး။ ဒါပေမယ့် ငါ့အဖေက ဆွေးနွေးလို့ လွယ်တဲ့ လူတစ်ယောက် မဟုတ်ဘူးနော်။ တော်ကြာ မင်းကို တစ်ပတ်ရိုက်သွားဦးမယ်” ရှန်တုက ပြောလိုက်သည်။

“ငါသတိထားမှာပါ”

“အဲ့အကြောင်းကို နောက်မှပြောကြ။ အခု မင်း ကမ္ဘာခြားဟင်းလင်းပြင်အစီအရင်ကို ဘယ်လို ခင်းကျင်းမလဲ ဒီလူအိုကြီး ကြည့်ချင်နေပြီ” ဘဟဲသည် ဘေးနားကနေ တိုက်တွန်းနှိုးဆော်လိုက်လေသည်။

ရန်ကိုင်သည် ခေါင်းညိတ်လိုက်ပြီး အချိန် ဆွဲမနေတော့ဘဲ အကုန်လုံးကို နောက်ဆုတ်ရန် ပြောလိုက်၏။ ထို့နောက် အမျိုးမျိုးသော ပစ္စည်းများကို သိုလှောင်လက်စွပ်ထဲမှထုတ်၍ ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်ကို ခင်းကျင်ရန် စတင် ပြင်ဆင်တော့လေသည်။

ကမ္ဘာခြားဟင်းလင်းပြင်အစီအရင်များကို တစ်ကြိမ်မက ခင်းကျင်းဖူးသဖြင့် လုပ်ပုံလုပ်နည်းနှင့် ပက်သက်၍ ရန်ကိုင် အတော်လေး အသားကျနေခဲ့လေပြီ။

ရန်ကိုင်သည် အမျိုးမျိုးသော အဖိုးတန် ပစ္စည်းများကို ထုတ်ကာ အရည်ဖျော်လေသည်။ ထို့နောက် လိုအပ်သည့် ပုံစံအမျိုးမျိုးရအောင် ပုံသွင်းကာ ရလာသည့် ပစ္စည်းများကို စနစ်တကျ တပ်ဆင်လေသည်။ နှစ်ရက်ကြာပြီးနောက်တွင် မှော်ဆန်ဆန် စွမ်းအင် အရှိန်အဝါတို့ ဖြာထွက်နေသည့် စင်မြင့်တစ်ခု အားလုံးရှေ့ ဖြစ်ပေါ်လာခဲ့လေသည်။ စင်မြင့်ကို ဆောက်ပြီးနောက်တွင် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကိုသုံး၍ စင်ပေါ်တွင် တစ်ခုခုကို စတင် ထိုးထွင်းတော့လေသည်။

ထိုင်ကြည့်နေလို့ သူတို့အတွက် ဘာအကျိုးမှ မရှိသော်လည်း အကုန်လုံးသည် ထွက်မသွားဘဲ ရပ်၍သာ ကြည့်နေကြလေသည်။

သူတို့သာလျှင်မဟုတ်၊ အစီအရင် ပညာရှင်တစ်ဦး လာပြီး ရန်ကိုင် လုပ်နေသည်ကို ကြည့်မည်ဆိုလျှင်ပင် နားလည်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်သည် လေဟာနယ်စွမ်းအားကို သုံးပြီး အစီအရင်ကို ဖန်တီးနေခြင်းဖြစ်သည်။ ဤကိစ္စသည် အစီအရင်ပညာရပ်ကို ကျွမ်းကျင်ထားလျှင်ပင် နားလည်နိုင်သည့် အရာမျိုး မဟုတ်ချေ။

သို့သော်လည်း ကြယ်စီရင်စုထဲမှ မည်သူမှ မလုပ်နိုင်သည့် အရာတစ်ခု ဖြစ်ပေါ်လာနေသည်ကို ကြည့်ရသည်မှာ သူတို့အတွက် အကျိုးမရှိလျှင်ပင် စိတ်ဝင်စားစရာတော့ ကောင်းပေသည်။

လေဟာနယ်သလင်းကျောက်များ တစ်တုံးပြီးတစ်တုံး လေပေါ်ဝဲတက်လာပြီး ပေါက်ကွဲထွက်ကုန်ကြ၏။ ထို့နောက် ထွက်ပေါ်လာသည့် စွမ်းအင်များသည် စင်မြင့်ပေါ်ရှိ အစီအရင်များထဲသို့ စီးဝင်သွားလေသည်။

ဘဟဲသည် ရပ်ကြည့်နေရင်းမှ ရန်ကိုင် သုံးသွားသည့် ပစ္စည်းများ၏ တန်ကြေးကို တွက်ကြည့်နေသည်။ လွန်ခဲ့သည့် ရက်များအတွင်း ရန်ကိုင် အသုံးပြုသွားခဲ့သည့် ပစ္စည်းများ၏ စုစုပေါင်း တန်ကြေးသည် သူတော်စင် သလင်းကျောက် သန်းတစ်ရာလောက် ရှိပေသည်။

ကြယ်စီရင်စုကြီး တစ်ခုလုံးကို ထည့်စဉ်းစားလျှင်ပင် ဤပမာဏသည် မနည်းသည့် ပမာဏ ဖြစ်သည်။

သို့သော်လည်း ဤအစီအရင် ခင်းကျင်းလိုက်၍ ရလာမည့် အကျိုးအမြတ်များကို စဉ်းစားကြည့်မိသော် ဘဟဲ စိတ်အေးသွားခဲ့လေသည်။

ငါးရက်ကြာပြီးနောက် ရန်ကိုင်၏ အလုပ်မှာ စတင် ရုပ်လုံးပေါ်လာခဲ့လေသည်။ အစီအရင်ကို ခဏကြာအောင် ကြည့်နေပြီးနောက် စိတ်မကျေနပ်သေးသည့်အလား… ရန်ကိုင်သည် ကမ္ဘာပျက်ထဲမှ ရလာသည့် လေဟာနယ် သလင်းကျောက်များကို ထပ်ထုတ်လိုက်လေသည်။

ထို့နောက် ထိုသလင်းကျောက်များကို ချွေမွပစ်ကာ ထွက်ပေါ်လာသော စွမ်းအင်များကို ဟင်းလင်းပြင် အစီအရင်နှင့် ပေါင်းစပ်စေလိုက်သည်။ ထိုသို့ ထပ်မံ အဆင့်မြှင့်တင်လိုက်ပြီးနောက်တွင် ဟင်းလင်းပြင် အစီအရင်သည် အနည်းငယ် ပြောင်းလဲလာခဲ့သည်။ ခပ်ဝေးဝေးမှ လှမ်းကြည့်လိုက်လျှင် စင်မြင့် ပတ်လည်ရှိ ဟင်းလင်းပြင်သည် အလယ်ဗဟိုဆီသို့ ကျုံ့ဝင်သလို ဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။

ပြီးနောက်တွင် ရန်ကိုင်သည် အလျင်အမြန်ပဲ လုပ်လက်စအလုပ်ကို အပြီးသတ်ရန် ကြိုးစားတော့၏။ နောက်တစ်ရက် ကြာပြီးနောက်တွင် အကုန်လုံး ပြီးစီးသွားလေသည်။

အကုန်လုံးသည် ထွက်မသွားသေးဘဲ ရန်ကိုင် ဟင်းလင်းပြင်အစီအရင်အား ခင်းကျင်းနေသည်ကို ခြောက်ရက်ကြာအောင် ရပ်စောင့်ကြည့်နေခဲ့ကြသည်။ ရန်ကိုင် ပြီးသွားပြီမှန်း သိလိုက်သည့်နောက် ချက်ချင်းပဲ ရှေ့တိုးကပ်လာကြည့်ကြလေသည်။

“ဒါတကယ်… အလုပ်ဖြစ်တာလား” ယုရှုန်းသည် ဟင်းလင်းပြင်အစီအရင်ကို လက်ချောင်းဖြင့် တောက်ရင်း မေးလိုက်လေသည် “ရန်ကိုင်၊ ငါဒါကို သုံးမယ်ဆိုရင် ဘယ်လောက်ဝေးဝေးထိ သွားလို့ရလောက်လဲ”

“ဒီအစီအရင်က ငါ့ဂိုဏ်းရှိတဲ့ အရိပ်ကြယ်နဲ့ ချိတ်ဆက်ထားတာ” ရန်ကိုင်က ပြုံးလျက် ပြန်ပြော၏ “ဘယ်လောက်ဝေးဝေး သွားနိုင်လဲ ဆိုတာကိုတော့ ငါလည်း သေချာမပြောတတ်ဘူး။ ဒါပေမယ့် မင်းဒီအတိုင်းပဲ ပျံသန်းသွားမယ်ဆိုရင် အနည်းဆုံး ငါးနှစ်ကနေ ခြောက်နှစ်လောက်အထိ ကြာလိမ့်မယ်”

ဟူး…

ယုရှုန်း သက်ပြင်းရှိုက်လိုက်သည်။

ဘဟဲနှင့် အခြားသူများသည်လည်း အလားတူညီစွာ ထိတ်လန့်အံ့အားသင့်သွားခဲ့ကြလေသည်။

ငါးနှစ်၊ ခြောက်နှစ်ဆိုသော အချိန်အကန့်အသတ်သည် ကျင့်စဉ်တစ်ခုကို နားလည်သွားအောင် လုပ်၍ရသလို မှော်ရတနာ တစ်ခုကိုလည်း ဖန်တီးနိုင်သည့် အချိန်ပမာဏ ဖြစ်သည်။ သို့သော်လည်း ဤအစီအရင်နှင့်ဆိုလျှင် ထိုအချိန်အားလုံး အလဟဿ ဖြစ်သွားမည်ကို စိတ်ပူစရာ မလိုတော့ချေ။

“စမ်းကြည့်ချင်လား” ရန်ကိုင်က မေးလိုက်သည်။

“စမ်းကြည့်ရမှာပေါ့” ယုရှုန်းသည် ချက်ချင်းပဲ စင်မြင့်အလယ်တွင် သွားမတ်တပ်ရပ်လိုက်လေသည်။

ဒီလူအိုကြီးလည်း စမ်းကြည့်မယ်” ဘဟဲသည်လည်း ချက်ချင်းပဲ စင်ပေါ်သို့ တက်သွားလေသည်။

“ငါလည်းစမ်းမယ်” ရှန်တုသည်လည်း ပြေးတက်သွား၏။

“ဒုတိယသခင်လေး” လီနွော့ ထိတ်လန့်သွားပြီး လှမ်းတားတော့မည်အပြု ရှန်တုက သူ့အား လက်ကာပြလိုက်၏။

“စိတ်မပူနဲ့၊ ဘာမှဖြစ်မှာမဟုတ်ဘူး။ တစ်ခုခု မှားသွားတယ်ဆိုရင်တောင် ငါသူတို့ကို ဟင်းလင်းပြင်ထဲကနေ ပြန်ခေါ်ပေးလို့ရတယ်” ရန်ကိုင်က ပြုံးလျက် ပြောပြီးနောက် ပစ္စည်းအချို့ကိုထုတ်ကာ တစ်ခုခုကို စတင် ဖန်တီးတော့လေသည်။

ခဏအကြာတွင် တံဆိပ်ပြားအချို့ သူ့လက်ထဲ ထွက်ပေါ်လာခဲ့သည်။

“အဲ့ဒါ ဘာတွေလဲ” ဘဟဲသည် ရန်ကိုင် လက်ထဲရှိ တံဆိပ်ပြားများကို ကြည့်ရင်း မေးလိုက်သည်။

“ဖြတ်သန်းရေး တံဆိပ်ပြားတွေ” ရန်ကိုင်က ရှင်းပြလိုက်လေသည် “ကျုပ်ခင်းကျင်းထားတဲ့ ဟင်းလင်းပြင် အစီအရင်ကို သုံးချင်တဲ့လူတိုင်း ဒီတံဆိပ်ပြားကို ကိုင်ထားမှရလိမ့်မယ်။ မဟုတ်ရင် သွားချင်တဲ့နေရာ မရောက်ဘဲ ဟင်းလင်းပြင်ထဲ ရောက်သွားလိမ့်မယ်”

ဘဟဲ၏ မျက်လုံးများ တဖျက်ဖျက် လက်သွားခဲ့၏။ ရန်ကိုင်အား လေးစားတကြီးဖြင့် ကြည့်လျက် “မင်းသေချာ စဉ်းစားထားတာပဲ”

ကမ္ဘာခြားဟင်းလင်းပြင်အစီအရင်များသည် ကူသန်းသွားလာရေးကိုသာ အဆင်ပြေစေသည်သာ မဟုတ်၊ တိုက်ပွဲအတွက်ပါ အဆင်ပြေပေသည်။ ရန်သူများသာ ကမ္ဘာခြားဟင်းလင်းပြင်အစီအရင်ကို သုံး၍ ရုတ်တရက် ကျူးကျော်တိုက်ခိုက်လာမည်ဆိုပါက ပြဿနာ ကြီးကြီးမားမား တက်သွားနိုင်ပေသည်။

သို့သော်လည်း ဖြတ်သန်းရေးတံဆိပ်ပြားသည် ထိုအန္တရာယ်ကို ရှင်းထုတ်ပေးနိုင်ပေသည်။ ရန်သူသာ ဖြတ်သန်းရေး တံဆိပ်ပြား အများကြီးကို ရအောင် ယူမထားနိုင်သရွေ့ ကမ္ဘာခြားဟင်းလင်းပြင်အစီအရင်ကို သုံးပြီး စစ်အင်အား အလုံးအရင်းလိုက်ဖြင့် ကျူးကျော်ဖို့ ဆိုသည်မှာ မဖြစ်နိုင်သည့် ကိစ္စတစ်ခု ဖြစ်သည်။

“ပြင်ထားကြပေတော့” သတိပေးလိုက်ပြီးနောက်တွင် ရန်ကိုင်သည် သူတော်စင်သလင်းကျောက် အလုံးတစ်ရာကို အစီအရင်ပေါ်ရှိ မြောင်းပေါက်ထဲသို့ ပစ်ထည့်လိုက်၏။ ထို့နောက် စင်မြင်တစ်ခုလုံးသည် သူတော်စင် သလင်းကျောက်ဆီမှ စွမ်းအားကို စုပ်ယူကာ စတင် အသက်ဝင်လာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၉၄)

စင်မြင့်တစ်ခုလုံး ရုတ်တရက် တလက်လက် တောက်ပလာခဲ့လေသည်။

အလင်းတန်း ပျောက်ကွယ်သွားပြီးနောက် စင်ပေါ်သို့ လှမ်းကြည့်လိုက်သည့်အခါ မည်သူမှ မရှိတော့သည်ကို တွေ့လိုက်ရလေသည်။ ရန်ကိုင်နှင့် အခြားသူအားလုံး စင်ပေါ်မှ ပျောက်ကွယ်သွားကုန်ကြလေပြီ။

အရိပ်ကြယ်… အထက်စကြာဝဠာဂိုဏ်း၏ အဓိက မြေကွက်လပ်တွင်…

အစီအရင် တဖျက်ဖျက် တောက်ပလာပြီး လူလေးယောက် ရုတ်တရက် ပေါ်လာခဲ့လေသည်။

ရန်ကိုင်သည် အလယ်တွင် ရပ်ရင်း ဘဟဲနှင့် အခြားသူများကို ပြုံးပြလိုက်လေသည်။

အဖွဲ့ထဲတွင် ရန်ကိုင်ပြီးလျှင် ဘဟဲသည် ဒုတိယ အားအကောင်းဆုံး ဖြစ်သည်။ ထို့ကြောင့် အားလုံးအနက် ပထမဆုံး အသိပြန်ဝင်လာသည့်သူမှာ သူဖြစ်ပေသည်။ အသက် ငါးရှိုက်စာလောက် အချိန်ယူပြီးနောက်တွင် ဘဟဲ မျက်လုံးပြန်ကြည်လာခဲ့လေသည်။

အသက် ဆယ်ရှိုက်စာ၊ ဆယ့်ငါးရှိုက်စာလောက် ကြာပြီးနောက် ရှန်တုနှင့် ယုရှုန်းတို့ပါ ပြန်ကောင်းလာခဲ့၏။

ရန်ကိုင်မှအပ၊ အဖွဲ့ထဲရှိ လူအားလုံး၏ မျက်နှာထက်တွင် ကြောက်ရွံ့ရိပ်တို့ ထင်ဟပ်နေခဲ့သည်။

ကမ္ဘာခြားဟင်းလင်းပြင်အစီအရင်ကို သုံးနေစဉ်အတွင်း ခံစားရသည့် ခံစားချက်မှာ အဆုံးမဲ့ ချောက်နက်ကြီး တစ်ခုထဲသို့ ပြုတ်ကျသွားသည့် ခံစားချက်မျိုးပင်… တစ်ကြိမ် ခံစားဖူးပြီးသည်နှင့် နောက်တစ်ကြိမ် ထပ်ပြီး မခံစားချင်တော့သည့် ခံစားချက်မျိုး ဖြစ်သည်။

“ဒါ မင်းပြောတဲ့ အရိပ်ကြယ်လား” ဘဟဲသည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်လေသည်။ စစ်ဆေးပြီးနောက် ဘဟဲ အတော်လေး အံ့အားသင့်သွားခဲ့သည်။ ဤနေရာသည် ကျင့်ကြံဖို့အတွက် နေရာကောင်းတစ်ခု ဖြစ်သလို အလွန်ကိုမှ လှပသည့် နေရာတစ်ခုလည်း ဖြစ်ပေသည်။

“ဟုတ်တယ်။ ဒါက အထက်စကြာဝဠာဂိုဏ်းပဲ” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။

ရုတ်တရက် တောင်တစ်တောင်ဆီမှ တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူတစ်ဦး၏ ကောင်းကင်စိတ်အာရုံ သူတို့အား လာရောက် စစ်ဆေးလေသည်။ ထိုကောင်းကင် စိတ်အာရုံသည် တန်ခိုးရှင်ဘုရင်ပထမအဆင့် ကျင့်ကြံသူ၏ ကောင်းကင်စိတ်အာရုံ မဟုတ်ဘဲ တန်ခိုးရှင်ဘုရင်ဒုတိယ အဆင့် ကျင့်ကြံသူတစ်ဦးတွင်သာ ရှိသည့် ကောင်းကင် စိတ်အာရုံမျိုး ဖြစ်သည်။

ဘဟဲနှင့် အခြားသူများ၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။

ကိစ္စမှာ ဤမျှနှင့် မပြတ်သေး။ ပထမ ကောင်းကင် စိတ်အာရုံ ပြန်ဆုတ်သွားပြီး မကြာခင်မှာ ဒုတိယ ကောင်းကင်စိတ်အာရုံတစ်ခု ထပ်ရောက်လာလေသည်။ ဤတစ်ကြိမ် ကောင်းကင်စိတ်အာရုံသည် ပထမ ကောင်းကင်စိတ်အာရုံလောက် အားကောင်းခြင်း မရှိသော်လည်း တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦး၏ ကောင်းကင်စိတ်အာရုံတော့ ဖြစ်နေသေးသည်။

လှုပ်ရှားလိုက်သည့် ပထမတစ်ယောက်သည် ကွေ့ဇူမှန်း ရန်ကိုင် သိပေသည်။ ရောက်လာသည့်လူသည် ရန်ကိုင်မှန်း သိပြီးနောက် ကွေ့ဇူလည်း ထပ်ပြီး အာရုံစိုက်မနေတော့ပေ။

လတ်တလောတွင် ကွေ့ဇူတွင် အားသေးသည် မဟုတ်။ တံခါးပိတ်ကျင့်စဉ်နေဝင်နေဆဲသာ ရှိသေးသည်။ ထို့ကြောင့် အရေးကြီးသည့် ကိစ္စသာမဟုတ်လျှင် သူဝင်ပါလိမ့်မည်မ ဟုတ်ပေ။

ဒုတိယကောင်းကင်စိတ်အာရုံမှာတော့ ရီရှီယွင်၏ ကောင်းကင်စိတ်အာရုံပဲ ဖြစ်လေသည်။

“မင်းအပြင်၊ မင်းတို့ အထက်စကြာဝဠာဂိုဏ်းမှာ နောက်ထပ် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် တစ်ယောက်နဲ့ ပထမအဆင့်တစ်ယောက် ထပ်ရှိနေသေးတာပဲ” ဘဟဲက အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်သည်။

“ဟုတ်တယ်”

ဘဟဲ သက်ပြင်းချ ချလိုက်လေသည်။

သူတစ်ခါမှ မကြားဖူးသည့် ဂိုဏ်းတစ်ဂိုဏ်း၏ ခွန်အားသည် ဤမျှ မြင့်မားနေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။

တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်နှစ်ဦးနှင့် ပထမအဆင့် တစ်ဦး… ထိုအင်အားသည် အလွန် မြင့်မားခြင်း မဟုတ်သော်ငြား ကြယ်စီရင်စုကြီးထဲတွင် တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူများသည် အမြင့်ဆုံးသော တိုက်ပွဲ စွမ်းအားကို ကိုယ်စားပြုနေဆဲ။ သုံးယောက်မဆိုထားနှင့် ဂိုဏ်းတစ်ဂိုဏ်းတွင် တစ်ယောက်ရှိဖို့ပင် အတော်လေး ခက်ပေသည်။

ဤဂိုဏ်းသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ သုံးဦးကို ပိုင်ဆိုင်ထားခြင်းပင် မဟုတ်ဘဲ ကျင့်ကြံရန်အတွက် အလွန်ကောင်းမွန်သည့် မြေနေရာကိုလည်း ပိုင်ဆိုင်ထားပေသေးသည်။ ဤသို့သော ဂိုဏ်းမျိုးသည် အနှေးနှင့်အမြန်ဆိုသလို ကျိန်းသေ တိုးတက်လာပေလိမ့်မည်။

ဘဟဲသည် ရန်ကိုင်အား အံ့ဩတကြီး ကြည့်လိုက်၏။

မကြာမီ အားလုံးရှေ့သို့ လှပသည့် ပုံရိပ်တစ်ခု ဆင်းလာခဲ့လေသည်။ ဘဟဲနှင့် အခြားမျက်နှာစိမ်းများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ရန်ကိုင်ဘက်သို့လှည့်၍ ခေါင်းညိတ်ပြလိုက်၏ “ဂိုဏ်းချုပ်၊ ပြန်လာပြီပဲ”

“အကြီးအကဲချုပ် အဆင်ပြေနေတဲ့ပုံပဲ” ရန်ကိုင်က ပြောလိုက်သည်။

ရီရှီယွင်က ခေါင်းညိတ်၍ “စိတ်ပူပေးနေတဲ့ ဂိုဏ်းချုပ်ကြောင့် ကျွန်မ အဆင်ပြေပြေနဲ့ ရှိနေပါတယ်။ ဂိုဏ်းကလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ရှိနေပါတယ်။ ဒီလူတွေက..”

“ဒီနှစ်ယောက်က မွန်းစတားဧကရာဇ်ကြယ် လနီမျိုးနွယ်စုက စီနီယာဘဟဲနဲ့ ယုရှုန်းပဲ။ ဒီတစ်ယောက်က ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ဒုတိယသခင်လေးပဲ။ သူတို့ အကုန်လုံးက ကျုပ်မိတ်ဆွေတွေ” ရန်ကိုင်က မိတ်ဆက်ပေးလိုက်သည်။

ရီရှီယွင်သည် ထိုလူများကို နှုတ်ဆက်လိုက်သလို ထိုလူများသည်လည်း ရီရှီယွင်ကို ပြန်နှုတ်ဆက်လိုက်ကြ၏။

ထို့နောက်တွင် ရီရှီယွင်က ရန်ကိုင်ဘက်သို့လှည့်၍ မေးလေ၏ “ဒီတစ်ခါ ဂိုဏ်းချုပ် ဘယ်လောက်ကြာအောင် နေမှာလဲ”

“ကျုပ်အခုပဲ ပြန်သွားတော့မှာ။ အခုလာတာက အသစ် ဆောက်ထားတဲ့ ဟင်းလင်းပြင်အစီအရင်သစ်ကို စမ်းကြည်ရုံ သက်သက်ပဲ”

ရီရှီယွင်က ခေါင်းညိတ်၍ “ဂိုဏ်းချုပ်က အမြဲတမ်း အလုပ်ရှုပ်နေတာပဲ။ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဖို့ မမေ့ပါနဲ့ဦး ဂိုဏ်းချုပ်”

“ကျုပ်သိတယ်။ ခင်ဗျား လုပ်စရာရှိတာ သွားပြန်လုပ်လို့ ရပြီ”

ရီရှီယွင်သည် ခေါင်းညိတ်လိုက်ပြီး ပြန်လှည့်သွားလေ၏။

ဘဟဲသည် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်နေစဉ် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ သူ့ဆွေမျိုးများ၏ အခြေအနေကို စစ်ဆေးကြည့်လေ၏။ ခဏအကြာ၌ ပြုံးလျက် ယုရှုန်းဘက်သို့လှည့်၍ ပြောလိုက်လေသည် “စမ်းသပ်တာ အဆင်ပြေတယ်ဆိုတော့ ပြန်ကြတာပေါ့”

“အခုချက်ချင်းကြီး ပြန်သွားတော့မလိုလား” ရှန်တု၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည် “ရန်ကိုင်၊ ဒါငါအခုမှ မင်းအိမ်ဆီ ပထမဆုံးအကြိမ် ရောက်ဖူးတာကို ချက်ချင်းကြီးတော့ မောင်းမထုတ်ပါနဲ့ဦးဟ။ နည်းနည်းလောက်တော့ ဆက်နေခွင့်ပေးပါဦး။ ငါရှုခင်းလေး ဘာလေး လိုက်ပတ်ကြည့်ချင်သေးတယ်”

ယုရှုန်းကလည်း ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။

ဘဟဲသည်ပင် ရန်ကိုင်အား တောင်းဆိုသည့် အကြည့်ဖြင့် ကြည့်လာခဲ့သည်။

သုံးယောက်စလုံးသည် ဟင်းလင်းပြင်အစီအရင်ကို သုံးရင်း ခံစားရသည့် မူးဝေသည့်ဒဏ်ရာမှ အရှင်း ပြန်မသက်သာလာသေးချေ။

“နောက်လည်း ကြည့်လို့ရမှာပဲကို” ရန်ကိုင်က ပြုံးလျက် ပြောပြီးနောက် ဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းလိုက်လေသည်။ အဖြူရောင်အလင်း တလက်လက် တောက်ပလာပြီး လေးယောက်စလုံး ပျောက်ကွယ်သွားခဲ့လေသည်။

ယုရှုန်းနှင့် ရှန်တုတို့၏ အလန့်တကြား အော်သံများမှာ လမ်းတစ်ဝက်တွင် ရပ်တန့်သွားခဲ့လေသည်။

သူတို့ အသိပြန်ဝင်လာကြချိန် အကုန်လုံးသည် လခြမ်းတောင်ဆီသို့ ပြန်ရောက်နေကြကုန်လေပြီ။

ပြန်ပေါ်လာသည့်အချိန် ရှန်တုမျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်နေသည်ကိုမြင်သော် ဒေါ်လေးချန်၊ လီနွော့နှင့် အခြားသူများသည် ချက်ချင်းပဲ ရှန်တုအား ပြေးကူပေးလိုက်ကြလေသည်။ သူတို့ လုပ်နေသည့်ပုံသည် ရှန်တုနှင့် မတွေ့ရသည်မှာ နှစ်ပေါင်းများစွာကြာနေသည့် ပုံစံမျိုးနှင့်ပင် တူနေသေးသည်။

ဘဟဲက ခေါင်းခါရင်း ခါးသက်စွာပြုံးလျက် “ဟင်းလင်းပြင်အစီအရင်က တကယ်ကို အံ့ဩစရာပဲ… ဒါပေမယ့် ဘေးထွက်ဆိုးကျိုးကလည်း တကယ်ကို…”

“တစ်ခုလိုချင်ရင် တစ်ခုတော့ ပြန်ပေးဆပ်ရမှာပဲလေ” ရန်ကိုင်က ရယ်မောလျက် ပြောလိုက်သည်။

ဤခေါင်းမူးဝေခြင်း ပြဿနာသည် ရန်ကိုင်ကဲ့သို့ လေဟာနယ်တာအိုကို အဆင့်မြင့်မြင့် ကျွမ်းကျင်ထားခြင်း မရှိလျှင် ကြုံရမည့် ပြဿနာတစ်ခု ဖြစ်သည်။ ဟင်းလင်းပြင် အစီအရင်ကို သုံးတိုင်းတော့ မသက်မသာ ဖြစ်ရမည်မှာ သဘာဝသာ ဖြစ်သော်ငြား ထိုမသက်မသာ ဖြစ်စေသည့် ခံစားချက်သည် အမြဲခံစားနေရသည်မှ မဟုတ်လေဘဲ။

“မင်းပြောသလိုပဲပေါ့” ဘဟဲသည် ရန်ကိုင်၏ အပြောကို ထောက်ခံလိုက်လေသည်။

“ဒီက ကိစ္စပြီးသွားပြီဆိုတော့ နှုတ်ဆက်ရတော့မယ့် အချိန် ရောက်ပြီပေါ့။ စီနီယာဘဟဲ၊ ဒီသိုလှောင်လက်စွပ်ကို ပီလော့ဆီ ပေးပေးပါလား။ ဒီထဲမှာ သူနဲ့ ချင်းလော့အတွက် ကျုပ်ပြင်ပေးထားတဲ့ ဆေးလုံးနဲ့ အခြားဟာတွေရှိတယ်”

ဘဟဲသည် သိုလှောင်လက်စွပ်ကို ထူးမခြားနားဟန်ဖြင့် လှမ်းယူပြီး စစ်ဆေးကြည့်လိုက်သည်။ သိုသော် အထဲရှိ ပစ္စည်းများကို မြင်ပြီးနောက် ပါးစပ်အဟောင်းသားဖြင့် “မင်း… အများကြီးပဲ”

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့် အပြင် လနီမျိုးနွယ်စု၏ အဆင့်အတန်း မြင့်မားသူတစ်ဦး ဖြစ်သည့်အတွက် ဘဟဲသည် ရာထူးရာခံများသာ ခံစားရသည့် ရာထူးစည်းစိမ်ကို ခံစားရပေသည်။ ထိုသို့ပင် ဖြစ်လင့်ကစား ရန်ကိုင် ပေးလိုက်သည့် သိုလှောင် လက်စွပ်ထဲရှိ ပစ္စည်းများကို မြင်ပြီးနောက် မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရလေသည်။

သိုလှောင်လက်စွပ်ထဲတွင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးများစွာ ရှိနေခဲ့ပေသည်။ ထိုဆေးလုံးများကို ကြည့်ရင် ဘဟဲ သရေတမြောင်းမြောင်း ဖြစ်လာခဲ့သည်။

“စီနီယာကလည်း ဆေးလုံးနည်းနည်းပဲဟာကို”

“ဒီဆေးလုံးတွေကို ငါဖြတ်ယူထားလိုက်မှာ မင်းမကြောက်ဘူးလား” ဘဟဲက ရုပ်တည်းကြီးဖြင့် မေးလိုက်လေသည်။

ရန်ကိုင်ကပြုံးလျက် “စီနီယာကို ကျုပ်ယုံပြီးသား”

ဘဟဲက ခေါင်းညိတ်၍ “ကောင်းပြီ။ မင်းစိတ်မပူနဲ့။ ဒီပစ္စည်းတွေကို မိန်းကလေး ပီလော့လက်ထဲရောက်အောင် ထည့်ပေးလိုက်မယ်”

ရန်ကိုင်သည် ဘဟဲအား နောက်တစ်ကြိမ် ကျေးဇူးတင်စကား ပြောပြီးနောက် ကြယ်သင်္ဘော ဆိုက်ကပ်ထားသည့် နေရာဆီသို့ ထွက်လာခဲ့လေသည်။

ဘဟဲနှင့် ယုရှုန်းသည် ရန်ကိုင်အား ကြယ်သင်္ဘောထိ ရောက်အောင် လိုက်ပို့ပေးပေသည်။

မကြာမီ တဝူဝူ မြည်သံနှင့်အတူ ကြယ်သင်္ဘောသည် ကောင်းကင်ပေါ်သို့ ဖြည်းဖြည်းချင်း ပျံတက်သွားလေ၏။ အမြင့်တစ်ခုသို့ ရောက်ပြီးနောက် အရှိန်တင်ကာ တိမ်တိုက်များကြား တိုးဝင် ပျောက်ကွယ်သွားလေသည်။

…

မွန်းစတားဧကရာဇ်ကြယ်မှ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ ပင်မကြယ်ဖြစ်သော ရေလကြယ်သို့ ရောက်ရန် နှစ်ဝက်ခန့် ကြာပေသည်။ လမ်းတွင် ကိစ္စ တစ်ခုခုကြောင့် နှောင်းနှေးနေခဲ့မည်ဆိုပါက ထို့ထက်ပင် ပိုကြာနိုင်ပေသည်။

ထို့ကြောင့် ကြယ်သင်္ဘော စထွက်သည်နှင့် ရန်ကိုင်သည်လည်း တစ်ခါတည်း တံခါးပိတ်ကျင့်စဉ် ဝင်လိုက်လေသည်။

မွန်းစတားခေါင်းဆောင်နှစ်ဦးနှင့် တိုက်ခိုက်ခဲ့ရာတွင် ရန်ကိုင်သည် ရှောင်ရှောင်တို့၊ လျို့ယန်တို့ကို ခေါ်ထုတ်ခြင်း မရှိခဲ့သလို ပြင်ပအကူအညီများကိုလည်း မသုံးခဲ့ချေ။ သူ့ခွန်အားနှင့် သိုင်းပညာရပ်များကိုသာ အသုံးပြုခဲ့သည်။ လေဟာနယ်စွမ်းအားကိုပင် ထုတ်မသုံးသွားခဲ့သော်ငြား မွန်းစတားခေါင်းဆောင်နှစ်ဦးကို နှစ်ယောက် တစ်ယောက်ပေးကာ အနိုင်ယူနိုင်ခဲ့လေသည်။

ထိုတိုက်ပွဲကြီးပြီးနောက်တွင် သူ့ခွန်အား အကန့်အသတ် မည်သည့်နေရာတွင် ရှိသလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့ရသည်။

လက်ရှိ သူသည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သာ ဖြစ်သော်လည်း မည်သည့် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်မှ သူ့ပြိုင်ဘက် မဟုတ်တော့ချေ။ သူသာ အစွမ်းကုန် ထုတ်သုံးပြီး တိုက်ခိုက်မည်ဆိုလျှင် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် နှစ်ယောက်၊ သုံးယောက်လောက်ကိုပင် အသာလေး တစ်ပြိုင်တည်း ရင်ဆိုင်နိုင်ပေသည်။

တန်ခိုးရှင်ဘုရင်တတိယအဆင့်နှင့် ဆိုလျှင်တော့ နည်းနည်း သတိထားဖို့ လိုပေလိမ့်မည်။ သို့သော်လည်း လေဟာနယ်စွမ်းအားကို ကျွမ်းကျင်ထားသည့် အတွက်ကြောင့် မနိုင်လျှင်ပင် ထွက်ပြေးနိုင်ပေသည်။

မွန်းစတားခေါင်းဆောင်နှစ်ဦးနှင့် တိုက်ခိုက်ရာတွင် ရန်ကိုင်သည် နဂါးအကြေးခွံကို ထုတ်သုံးပြီး ရွှယ်ကျောက်၏ မွန်းစတားအမြူတေကို ခုခံခဲ့သည်။ နဂါးအကြေးခွံသည် ရွှယ်ကျောက်၏ မွန်းစတားအမြူတေကို တားဆီးနိုင်ခဲ့ရုံမက ပြန်အက်သွားအောင်ပင် လုပ်နိုင်ခဲ့သေည်။ ထိုအချက်ကို ကြည့်ရုံနှင့် နဂါးအကြေးခွံ မည်မျှ မာကြောကြောင်း မြင်တွေ့နိုင်ပေသည်။

သို့သော်လည်း ထိုအဖြစ်အပျက်တွင် ရန်ကိုင်သည် နဂါးအကြေးခွံကို ထုတ်ပြီး ဒီအတိုင်း သူ့ရှေ့တွင် ချလိုက်ခြင်းသာ ဖြစ်ပြီး အမှန်တကယ် အသုံးပြုခဲ့ခြင်း မဟုတ်ချေ။ နဂါးအကြေးခွံမှ ရသည့် နဂါးစွမ်းအားကိုသာ အသုံးပြုနိုင်မည်ဆိုပါက ဒီထက် အများကြီး ပိုအစွမ်းထက်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။

နဂါးအကြေးခွံသည် ဖျက်စီးမရနိုင်လောက်အောင်ကို မာကျောလှပေသည်။ သူ့ဝိဥာဉ်ဟာလည်း သူ့နှင့်အဆင့်တူ စိတ်စွမ်းအားကို ပိုင်ဆိုင်ထားသော လူတစ်ဦးမှ တိုက်ခိုက်မှသာ ထိခိုက်နိုင်ပေလိမ့်မည်။ ထို့ကြောင့် ရန်ကိုင်သာ နဂါးအကြေးခွံထဲ ပါဝင်သော စွမ်းရည်ကို အပြည့်အဝ အသုံးချလိုလျှင် အလွန်အားအကောင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရန် လိုအပ်ပေသည်။ သို့မှသာ ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါ သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် ဂရုစိုက်နေစရာမလိုဘဲ တိုက်ခိုက်ရာတွင် အပြည့်အဝ အာရုံစိုက်နိုင်ပေလိမ့်မည်။

ကြယ်သင်္ဘောထဲ တံခါးပိတ်ကျင့်စဉ် ဝင်နေစဉ်အတွင်း ရန်ကိုင်သည် နဂါးအကြေးခွံထဲရှိ စွမ်းရည် တစ်မျိုးမျိုးကို နိုးလာစေနိုးနိုးဖြင့် နဂါးအကြေးခွံအား ရွှေရောင်သွေးနှင့်တကွ စိတ်စွမ်းအင်ဖြင့် အဆက်မပြတ် အားဖြည့်ပေးနေခဲ့လေသည်။ နဂါးအရိုးဓါးကိုလည်း အလားတူ နည်းလမ်းအတိုင်းပဲ လုပ်နေခဲ့လေသည်။

ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲထိုင်ရင် ကျင့်ကြံရာ၌သာ အပြည့်အဝ စိတ်နှစ်ထားခဲ့လေသည်။

ကံကြမ္မာသည် သူ့ဘက်သို့ ပါနေသည်ဟု ဆိုရလေမလား သွားရာ လမ်းကြောင်းတစ်လျှောက်တွင် မည်သည့် အတားအဆီးနှင့်မှ မကြုံခဲ့ရဘဲ အနည်းအကျဉ်းမျှသာ ဖြစ်သည့် အာကာသမုန်တိုင်းနှင့် ဂြိုလ်သိမ်ဂြိုလ်မွှား အချို့နှင့်သာ ကြုံတွေ့ခဲ့ရလေသည်။

ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ တန်ခိုးရှင် အဆင့်မြင့် ကြယ်သင်္ဘော တစ်စင်းဖြစ်သည့်အတွက် ထိုအန္တရာယ်များကို အလွယ်တကူ ရင်ဆိုင် ကျော်လွှားနိုင်ခဲ့၏။

တစ်နေ့… တစ်ယောက်ယောက် သူ့တံခါးအား လာခေါက်နေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။

ကမ္ဘာငယ်လေးထဲမှ ထွက်လိုက်ပြီး ဧကရာဇ်မှော်ရတနာကို ပြန်သိမ်း၍ တံခါးကို ဖွင့်လိုက်၏။

အပြင်ဘက်တွင် ဟွာရို့မုန်သည် ငြိမ်သက်စွာ ရပ်စောင့်နေခဲ့လေသည်။ ရန်ကိုင် ပေါ်လာသည်ကို မြင်သည့်အခါ နောက်သို့ တစ်လှမ်းဆုတ်၍ လေးလေးစားစားဖြင့် ပြောလိုက်လေသည် “ခဏကြာရင် ရေလကြယ်ကို ရောက်တော့မယ်လို့ သခင်လေးရှန်တုက ဆရာ့ကို လာပြောခိုင်းလိုက်လို့ပါ”

“အဲ့လောက်တောင် မြန်တာလား” ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ကမ္ဘာငယ်လေးထဲသို့ သူဝင်သွားသည်မှာ ခဏတစ်ဖြုတ်သာ ရှိသေးသည် မဟုတ်လော။

ဟွာရို့မုန်က ပြုံးလျက် ပြန်ပြောလိုက်လေ၏ “ကျွန်မတို့ ထွက်လာတာ ခုနှစ်လတောင် ရှိနေပြီလေဆရာ”

ရန်ကိုင်က ခေါင်းညိတ်ကာ ပြုံးလျက် “အဲ့လောက်တောင်လား။ ကောင်းပြီလေ။ သွားကြတာပေါ့”

“ဟုတ်ကဲ့” ဟွာရို့မုန်က ခေါင်းညိတ်လိုက်ပြီး ရန်ကိုင် နောက်မှ လိုက်လာခဲ့လိုက်လေသည်။

ခဏကြာအောင် လမ်းလျှောက်လာပြီးနောက် ရန်ကိုင်က ရုတ်တရက် လှည့်မေးလိုက်လေသည် “ဒါနဲ့ အရင်တစ်ခေါက်တုန်းက ရှန်တုနဲ့ ပြောခဲ့ကိစ္စ ဘယ်လို အခြေအနေ ရှိလဲ”

ထိုစကားကို ကြားသည့်အခါ ဟွာရို့မုန့်ရင်ထဲ နွေးထွေးသွားခဲ့သည်။ ပြုံးလျက် ကျေးဇူးတင်စွာ ပြန်ပြောလိုက်လေသည် “ဟိုကိုရောက်တာနဲ့ ကျွန်မတို့ လမ်းကြောင်းငါးသွယ်အဖွဲ့အစည်းအတွက် နေစရာ တစ်ခု စီစဉ်ပေးမယ်လို့ သခင်လေးရှန်တုက ပြောထားပါတယ်”

“ခင်ဗျား သဘောတူလိုက်လား”

“ဟုတ်ကဲ့။ ဒါက ကျွန်မတို့ လမ်းကြောင်းငါးသွယ် အဖွဲ့အစည်းအတွက် လက်မလွှတ်သင့်တဲ့ အခွင့်အရေး တစ်ခုပဲလေ”

“ဒါဆိုရင် ခေါင်းဆောင်ဟွာကို ကြိုပြီး ဂုဏ်ပြုရမှာပေါ့။ ခေါင်းဆောင်ဟွာတို့ ကုန်သွယ်ရေးအဖွဲ့အစည်း တိုးတက် အောင်မြင်ကြီးပွားပါစေဗျာ”

“ပေးတဲ့ဆုနဲ့ ပြည့်ရပါစေရှင့်” ဟွာရို့မုန်က လေသံ တိုးတိုးဖြင့် ကျေးဇူးတင်စကား ဆိုလိုက်လေသည်။ သို့သော် သူမျက်လုံးထဲ အထီးကျန်သည့် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့လေသည်။

လွန်ခဲ့သော တစ်နှစ်ခန့်က… ကံကြမ္မာ၏ ပစားပေးမှုအတွက် သူမ အလွန် ပျော်ခဲ့ရသည်။ သို့သော် မကြာသေးခင်က အဖြစ်အပျက်များနောက်ပိုင်း… အနာဂတ် အကြောင်း တွေးမိလိုက်သည့်အခိုက် ပျော်ပင်ပျော်နေလင့် ကစား လမ်းပျောက်ချင်သလို ဖြစ်လာခဲ့လေသည်။

သူမရှေ့ရှိ ကျောပြင်ကျယ်ကြီးကိုကြည့်ရင်း… ထိုလူသည် သူမနှင့် ဝေးသထက် ဝေးရာဆီသို့သာ တဖြည်းဖြည်း လျှောက်သွားတော့မည်မှန်း သိနေခဲ့သည်။ အနာဂတ်တွင် သူတို့အချင်းချင်း ပြန်တွေ့ဖို့ရာပင် မသေချာတော့ချေ။

ရုတ်တရက် သူမစိတ်ထဲ ငိုချပစ်ချင်စိတ်တို့ ဖြစ်ပေါ်လာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၉၅)

ရေလကြယ်ရှိ ရှန်တု၏ နန်းတော်ရှေ့တွင် မြေကွက်လပ်ကြီး တစ်ခု ရှိပေသည်။ တန်ခိုးရှင်အဆင့် ကြယ်သင်္ဘောသည် ထိုမြေကွက်လပ်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။

ရှန်တု ပြန်ရောက်မည့်အကြောင်း ကြားထားပြီး ကြိုစောင့်နေကြသည့် လူများစွာ ရှိပေသည်။

သင်္ဘောကိုယ်ထည်တံခါး ပွင့်လာပြီး ရှန်တု ထွက်လာသည်ကို မြင်သည့်အခါ အကုန်လုံးက သံပြိုင် နှုတ်ဆက်လိုက်ကြလေသည် “ဒုတိယသခင်လေး ပြန်ရောက်လာတာကို ကြိုဆိုပါတယ်”

ရှန်တုက ပြုံးလျက် အကုန်လုံးကို ခေါင်းညိတ်ပြလိုက်၏။

သူ့အား လာနှုတ်ဆက်ကြသည့် ကျင့်ကြံသူများ၏ ရှန်တုနန်းတော်၏ အိမ်ဖော်များနှင့် လက်အောက်ငယ်သားများ ဖြစ်ကြပေသည်။ ထိုလူများအနက် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများစွာ ပါဝင်သော်ငြား တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတော့ တစ်ယောက်မှ မပါခဲ့ပေ။

လီနွော့နှင့် ဒေါ်လေးချန်ကို မြင်သည့်အခါ ထိုကျင့်ကြံသူ အားလုံး ပြုံးလိုက်ကြသည်။ သူတို့ အချင်းချင်း သိနေကြသည်မှာ အတော်လေးကြာနေသည့်ပုံပင်။ ရန်ကိုင်ကို မြင်လိုက်သည့် နောက်တွင် အနည်းငယ် အံ့အားသင့်သွားခဲ့ကြလေသည်။ ရန်ကိုင် မည်သည့်နေရာမှ ရောက်လာသလဲ၊ ရှန်တုနှင့် အတူ လိုက်လာရအောင် သူမည်သူလဲ သိချင်မိသွားကြသည်။

တော်တော်များများသည် ရန်ကိုင်ကို မြင်ဖူးနေသလို ခံစားနေကြရသည်။ သို့သော်လည်း ရန်ကိုင်၏ ကျင့်ကြံခြင်းကို အာရုံခံမိပြီးနောက် ထိုခံစားချက်မှာ လုံးဝ မဖြစ်နိုင်ဟု ကောက်ချက်ချလိုက်လေသည်။

ရှန်တုသည် ဘာမှ ရှင်းပြမနေဘဲ လီနွော့၊ ဒေါ်လေးချန်နှင့် လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းမှ လူများအတွက် နေရာထိုင်ခင်း စီစဉ်ပေးရန်သာ သူ့လူများကို အမိန့်ပေးလိုက်လေသည်။ သူကမူ ရန်ကိုင်အား သူယခင်နေခဲ့ဖူးသည့် အခန်းဆီသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့လေသည်။

“ရောင်းရင်းရန်၊ မင်းဒီမှာ ရက်နည်းနည်းလောက် နေနှင့်လိုက်ဦး။ ဒီတစ်ခေါက် ဖြစ်သွားတဲ့ ကိစ္စကို ငါ့အဖေဆီ သွားအစီအရင်ခံလိုက်ဦးမယ်။ တစ်ခါတည်း မင်းကိစ္စပါ ထည့်ပြောပေးလိုက်မယ်”

“သွားနှင့်၊ ငါတစ်ယောက်တည်း အဆင်ပြေတယ်” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။

ရှန်တု ခေါင်းညိတ်ပြီး ထွက်သွားလေသည်။

နောက်ရက်များအတွင် ရန်ကိုင်သည် ရှန်တု၏ နန်းတော်၌ နေရင်းဖြင့်သာ သတင်းစကားကို ထိုင်စောင့်နေ၏။

ယခုတစ်ကြိမ် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းသို့ လာရသည့် အကြောင်းအရင်းမှာ သူတို့ ပိုင်ဆိုင်သည့် ကြယ်ဧကရာဇ်တံဆိပ်ပြားကို လိုချင်သည့် အတွက်ကြောင့် ဖြစ်သလို ခေါင်းဆောင်အိုင်းအောင်ကို သူ့အစီအစဉ်တွင် ထည့်သွင်းချင်သည့် အတွက်ကြောင့်လည်း ဖြစ်ပေသည်။

ခေါင်းဆောင်အိုင်းအောင်သည် လွန်ခဲ့သည့် နှစ်ပေါင်း များစွာကတည်းက တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သို့ ချိုးဖျက် ဝင်ရောက်ထားသူတစ်ဦးဖြစ်ပြီး တန်ခိုးရှင်ဘုရင် တတိယအဆင့်နှင့် သိပ်မဝေးတော့သူ ဖြစ်သည်။

ထို့နောက် နောက်ဆယ်နှစ်အတွင်း အိုင်းအောင် အနေဖြင့် တန်ခိုးရှင်ဘုရင်တတိယအဆင့်သို့ ချိုးဖျက် ဝင်ရောက်နိုင်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်ပေသည်။

ခေါင်းဆောင် အိုင်းအောင်သာ ကြယ်တာရာအစုအဝေးသို့ သွားမည့် ဂိတ်တံခါးကို ဖွင့်မည့် သူ့အစီအစဉ်ကိုသာ သဘောတူလိုက်လျှင် သူ့တွင် စုစုပေါင်း လူလေးယောက် ရှိလာလိမ့်မည်ဖြစ်ကာ ခြောက်ယောက် ပြည့်ရန် နှစ်ယောက်သာ လိုပေတော့မည်။

ရှန်တု၏ စကားကို ကြားပြီးနောက်တွင် ခေါင်းဆောင် အိုင်းအောင် သူ့အား ပိုစိတ်ဝင်စားလာလိမ့်မည်ဟု ရန်ကိုင် ယုံကြည်ပေသည်။

တကယ်တော့ သူသည် ခရမ်းကြယ် တစ်ခုလုံးကို ဝရုန်းသုန်းကား ဖြစ်အောင် လုပ်ခဲ့သူ မဟုတ်လေလော။ ထိုအချက်ကို ကြာပြီးနောက် ခေါင်းအောင် အိုင်းအောင် မပျော်နေလျှင်သာ ထူးဆန်းပေလိမ့်မည်။ ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်း၊ ခရမ်းကြယ်နှင့် ဓါးအဖွဲ့အစည်းတို့သည် ကြယ်စီရင်စုကြီး၏ မဟာ အင်အားစုသုံးခု ဖြစ်ကြပြီး အပေါ်ယံတွင် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ ရှိကြသော်လည်း တကယ်တမ်းတွင်တော့ သူတို့ကြား အချင်းများမှုများ ရှိပေသည်။ ခရမ်းကြယ်အား ရိုက်ချနိုင်မည့် အခွင့်အရေးသာ ရလျှင် ခေါင်းဆောင်အိုင်းအောင်သည် ကျိန်းသေ ငြိမ်နေလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ခေါင်းဆောင်အိုင်းအောင် သူ့အား ကျိန်းသေ တွေ့လိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေသည်။ ခေါင်းဆောင် အိုင်းအောင်သည် သူ့အား အလွန်အရေးကြီးသည်ဟု ရှုမြင်လာလျှင် သူ့ဆီသို့ပင် ကိုယ်တိုင် လာလည်ပတ်နိုင်၏။

အချိန်ရောက်လာသည့်အခါ အိုင်းအောင်နှင့် စကား ပြောလိုက်ရုံပင်။

သူ့တွင် ကြယ်သန့်စင်ခြင်းပညာရပ်ရှိသလို သူသည် ရွှယ့်ယွယ်၊ ရှန်တုတို့နှင့်လည်း ရင်းနှီးသည်။ ထို့ကြောင့် ခေါင်းဆောင်အိုင်းအောင်ဆီမှ ကြယ်ဧကရာဇ်တံဆိပ်ပြား ရဖို့ သိပ်မခက်လောက်ချေ။ ကြယ်တာရာအစုအဝေးသို့ သွားမည့် ဂိတ်ပေါက်အား လိုက်ဖွင့်ပေးမည့် ကိစ္စနှင့် ပက်သက်၍မူ ခေါင်းဆောင်အိုင်းအောင် သဘောတူမတူ ရန်ကိုင် မသိသေးချေ။ သို့သော်လည်း အနည်းဆုံး ကြိုးတော့ ကြိုးစားကြည့်ရပေလိမ့်မည်။

သူသာ အောင်မြင်သွားခဲ့လျှင် သူ၏ ဆယ်နှစ် အကြံအစည် အောင်မြင်နိုင်ချေ ပိုများလာပေလိမ့်မည်။

အကုန်လုံးသည် အစီအစဉ်အတိုင်း ဖြစ်နေတာပါလားဟု ရန်ကိုင် တွေးမိသွား၏။

သို့သော်လည်း သူအံ့အားသင့်ရသည်မှာ ရှန်တု၏ နန်းတော်၌ ရှစ်ရက်ကြာအောင် ထိုင်စောင့်နေသည့်တိုင် ဘာသတင်းမှ မရသေးသည်ကိုပင်။

ထို့ကြောင့် ဘာတွေးများ ဖြစ်သွားသလဲဟု အတွေး များမိသွားလေသည်။ ထိုရှစ်ရက်အတွင်း ရှန်တုပင် ပျောက်နေခဲ့သည်။ နန်းတော်ထဲရှိ ကျင့်ကြံသူများကို သွားတော့လည်း ရှန်တု ရေကောင်းကင်မြို့ကို ထွက်သွားပြီးကတည်းက ပြန်ရောက်မလာသေးဘူးဟုသာ ပြောကြသည်။

ရေကောင်းကင်မြို့သည် ရေလကြယ်တွင် အကြီးဆုံး မြို့တစ်မြို့ဖြစ်ပြီး ခရမ်းကြယ်၏ ခရမ်းကြယ်မြို့နှင့် အတူတူပင် ဖြစ်သည်။

ရေကောင်းကင်မြို့သည့် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ အဆင့်မြင့် ပညာရှင်များ စုဝေးနေသည့် မြို့တစ်မြို့လည်း ဖြစ်ပေသည်။

နောက်ဆုံး ရှစ်ရက်မြောက်နေ့ ရောက်မှပဲ ရှန်တု မှုန်ကုတ်ကုတ် အမူအရာဖြင့် ပြန်ရောက်လာခဲ့လေသည်။

ရှန်တု၏ ပုပ်သိုးသိုးမျက်နှာကြီးကိုကြည့်ရင်း ရန်ကိုင် ရင်ထဲ မကောင်းတော့ချေ။ ထို့ကြောင့် အလျင်အမြန်ပဲ မေးလိုက်လေသည် “ရှန်တု မင်းဘယ်လိုလုပ်ပြီး ဒီပုံစံ ဖြစ်နေတာလဲ”

“ဟူး… ပြောရရင်တော့ အရှည်ကြီးပဲ” ရှန်တုက စားပွဲပေါ်တွင်ထိုင်ကာ ရေတစ်ခွက် ငှဲ့သောက်လိုက်ပြီးနောက် ရန်ကိုင်ဘက်သို့လှည့်၍ အားနာသည့် အမူအရာဖြင့် “မင်း ငါ့အဖေနဲ့ ဆွေးနွေးစရာကိစ္စလေးတွေရှိလို့ ဒီကို လိုက်လာမှန်း ငါသိတယ်။ ပြောရမှာ အားနာပေးမယ့်… မင်းအချိန်မှားပြီး လာမိပြီနဲ့တယ်”

မွန်းစတားဧကရာဇ်ကြယ်တွင်ကတည်းက ရန်ကိုင်သည် ခေါင်းဆောင်အိုင်းအောင်နှင့် လူချင်းတွေ့ စကားပြောချင်ကြောင်း ပြောခဲ့သည်။ ထို့ကြောင့် ရန်ကိုင် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းသို့ လိုက်လာခြင်းမှာ ထိုအကြောင်းကြောင့်မှန်း သိနေခြင်း ဖြစ်သည်။

“အို” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည် “ခေါင်းဆောင် အိုင်းအောင်… အလုပ်ရှုပ်နေလို့လား”

“အင်း” ရှန်တုက အလေးအနက် အမူအရာဖြင့် “ငါ့အဖေဘက်မှာ တစ်ခုခု ဖြစ်နေတယ်။ ငါသွားတွေ့တာတောင်မှ အတွေ့မခံဘူး။ မင်းအလျင်မလိုရင် နည်းနည်းလောက် ဆက်စောင့်ကြည့်လိုက်ပေါ့။ အခြေအနေတွေ အဆင်ပြေသွားရင် ငါမင်းကို သူနဲ့ တွေ့လို့ရအောင် စီစဉ်ပေးမယ်”

ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် “အဲ့လိုဆိုမှတော့ စောင့်ရုံပဲပေါ့”

ရှန်တုက ပြုံးဖြီးလျက် “ရောင်းရင်းရန် ငါ့ကို ခက်ခဲအောင် လုပ်မှာ မဟုတ်မှန်း ငါသိသားပဲ။ ဒါပေမယ့် ရန်ကိုင်…”

ရှန်တု စကားဆုံးအောင် မပြောရသေးခင်မှာပဲ နန်းတော် အပြင်ဘက်မှ ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည် “ရှန်တု”

ထိုအော်သံကို ကြားလိုက်သည်နှင့် ရှန်တုမျက်နှာ ဖြူလျော်သွားပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီသွားခဲ့လေသည်။

ရန်ကိုင်သည်လည်း ထိုအသံကို ကြားလိုက်ချိန် အံ့အားသင့်သွားခဲ့လေသည်။ ထူးဆန်သည့် အမူအရာဖြင့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်ပြီးနောက် မကြာမီ မဲ့ပြုံးပြုံးလိုက်လေသည်။

ရှန်တုသည် ရုတ်တရက် ထိတ်လန့်တုန်လှုပ်လာပြီး နဖူးကိုလက်ဖြင့်ရိုက်ကာ ရေရွတ်လိုက်၏ “သွားပြီ၊ သွားပြီ။ ငါမင်းကို ရှင်းပြဖို့ပဲ စိတ်လောနေတော့ တတိယညီလေး အပြင်မှာ စောင့်နေသေးတာကို လုံးဝ မေ့သွားတယ်။ ဒါနဲ့ ငါ့တတိယညီလေးကို မင်းသိလားရန်ကိုင်၊ မင်းငါနဲ့ လိုက်လာမှန်း သူသိလိုက်တုန်းက မင်းကို ရှာဖို့ဆို့ပြီး ငါ့ကို ဆွဲခေါ်လာတာ။ ခေါ်တာတောင် ကောင်းကောင်း မခေါ်ဘူး။ ရိုက်နှက်ပြီးမှခေါ်တာ။ သူ့ကို စောစော မပြောရကောင်းလား ဆိုပြီး ငါ့ကို ရှယ်အပြစ်တင်တာကွာ။ အဲ့ကောင်စုတ်က အကြီးတွေကို နည်းနည်းလေးမှ လေးစားမှုမရှိဘူး။ ငါ့မျက်လုံးကိုပဲကြည့်…”

ရှန်တုသည် ရန်ကိုင် မြင်နိုင်အောင် ညိုမည်းနေသော သူ့မျက်ကွင်းများကို လက်ညိုးထိုးပြလိုက်လေသည်။

“ဟဲဟဲ…” ရန်ကိုင် ဘာပြန်ပြောလို့ပြောရမှန်းမသိ ဖြစ်သွားလေသည်။

“မင်းအခုထိ ထွက်မလာသေးရင် ငါမင်းနန်းတော်ကို တစ်စစီဖြစ်အောင် ဖျက်စီးပစ်တော့မှာနော်” ဒေါသတကြီး ဒေါသတကြီး အော်ပြောသံ ထပ်မံ ထွက်ပေါ်လာခဲ့လေသည်။

ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းတွင် ရွှယ့်ယွယ်ကို မသိသည့်လူ မည်သူ ရှိလို့နည်း။ ရွှယ့်ယွယ်သည် ခေါင်းဆောင် ရာထူးကို ဆက်ခံမည့်လူမှန်း အကုန်လုံး သိထားကြသည်။

သူဒေါသထွက်သည့်အခါ မကြောက်သည့်လူ မည်သူမှ မရှိပေ။

ရှန်တုက စိတ်ဓါတ်ကျစွာဖြင့် ငိုယိုတောင်းဆိုလိုက်လေသည် “ရောင်းရင်းရန်၊ ကျေးဇူးပြုပြီး ငါနဲ့ လိုက်ခဲ့ပေးပါကွာ။ ဒီနေ့ကျမှ အဲ့ကောင်ကို ဘာကောင် ဝင်ပူးနေမှန်းကို မသိတော့ဘူး။ မွေးကတည်းက သူငါ့နန်းတော်ဆီကိုလာတာ သုံးခေါက်ပဲ ရှိသေးတယ်။ ဒါပေမယ့် ဒီနေ့ကျ မရရအောင် လာမယ်ချည်း လုပ်နေတယ်။ မင်းတို့ကြား ရန်ငြိုးရှိရင် စိတ်မပူနဲ့၊ ငါဝင်ဖျန်ဖြေပေးမယ်။ သူမင်းကို အရှက်ခွဲရင် ငါမင်းကို… ခေါ်ထုတ်သွားပေးမယ်ကွာ…”

ရှန်တုမှာ ကြမ်းကြမ်းတမ်းတမ်း တစ်ခုခုလောက် ပြောပစ်လိုက်ချင်သော်လည်း အဆုံးတွင်တော့ သူ့တွင် ထိုကဲ့သို့ ပြောရဲသည့် သတ္တိ ရှိမနေခဲ့ပေ။

ရှန်တု၏ ကြောက်လန့်နေသည့်ပုံစံကို ကြည့်ရင်း ရန်ကိုင် ရယ်ချင်စိတ်ကို မနည်း အောင့်အည်းနေရသည်။ အသံကြားရုံဖြင့်လျှင် ရှန်တုကို ဤမျှ ကြောက်နေအောင် လုပ်နိုင်ရအောင် ရွှယ့်ယွယ် ရှန်တုကို မည်မျှများ အနိုင်ကျင့်ခဲ့လေသနည်း။

“စိတ်မပူနဲ့၊ ရွှယ့်ယွယ်… တတိယသခင်လေးနဲ့ ငါက မိတ်ဆွေတွေ၊ ငါတို့ကြား ဘာရန်ငြိုးမှမရှိဘူး” ရန်ကိုင်က အသာအယာ ချောင်းဟန့်၍ ပြောလိုက်လေသည်။

“အဲ့ဒါကောင်းတယ်။ အဲ့ဒါကောင်းတယ်” ထိုအခါမှပဲ ရှန်တု သက်ပြင်းချနိုင်တော့သည်။

ပြောပြီးသည့်နောက် ရန်ကိုင်နှင့် ရှန်တုသည် တစ်ခုသော နန်းတော်ဆီသို့ လမ်းလျှောက်သွားလေသည်။

ထိုနန်းတော်ထဲတွင်… ဒေါသပုန်ထနေသည့် ရွှယ့်ယွယ် ရှိနေခဲ့သည်။ ဒေါသကြောင့် သူမ၏ မျက်နှာလှလှလေး တစ်ပြင်လုံး မှုန်မှိုင်းမှိုင်း ဖြစ်နေ၏။ သူတော်စင်ချီမှာလည်း ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာတော့မည့်အလား မတည်မငြိမ် ဖြစ်နေခဲ့လေသည်။

သူမ တကယ်ကို ဒေါသထွက်နေခြင်း ဖြစ်သည်။

ရှန်တုကို ဒေါသထွက်သည်ထက် ရန်ကိုင်သည် ရေလကြယ်သို့ ရောက်ရောက်ချင်း သူမအား လာမတွေ့ဘဲ ဤနေရာတွင် လာနှပ်နေသည့် သူ့လုပ်ရပ်ကို ပို၍ ဒေါသထွက်ပေသည်။

သူမ မည်မျှ စိတ်ပူနေသလဲ ဆိုသည်ကို ထိုအစုတ်ပလုတ်ကောင် မသိလေသလော။

ဟိုးတစ်ခါမှ လွင့်မျောတိုက်အပြင်ဘက်၌ နှစ်ဝက်ခန့် ရပ်စောင့်နေခဲ့သော်လည်း ရန်ကိုင်လုံးဝ ပေါ်မလာခဲ့ချေ။ ထို့နောက် နောက်ဆုံးတွင် နီကွမ်းနှင့်အတူ ပြန်သွားခဲ့ရ၏။ ထိုအချိန်ကတည်းက ရန်ကိုင် မည်သို့ ဖြစ်နေမလဲ တွေးကာ စိတ်ပူနေခဲ့ရခြင်း ဖြစ်သည်။

သက်ကြားအိုကြီး ကွေ့ဇူ ရှိနေသဖြင့် ရန်ကိုင် သေလိမ့်မည်မဟုတ်မှန် နီကွမ်း ပြောခဲ့သော်လည်း ရွှယ့်ယွယ်ကတော့ စိတ်မအေးနိုင်ခဲ့ပေ။

ရေလကြယ်သို့ ပြန်ရောက်ပြီးနောက် ရန်ကိုင်အကြောင်း လိုက်စုံစမ်းကြည့်သော်လည်း ဘာသတင်းမှ မရခဲ့ချေ။

သို့သော်လည်း ယနေ့တွင် ရှန်တုသည် ရန်ကိုင်ဆိုသော လူတစ်ဦးကို ရေလကြယ်သို့ ခေါ်လာသည့်အကြောင်း မထင်မှတ်ဘဲ ကြားသိခဲ့ရလေသည်။

ရွှယ့်ယွယ်လည်း ချက်ချင်းပဲ ရှန်တုဆီသို့ သွားကာ သူခေါ်လာသည့် ရန်ကိုင်သည် သူမသိသည့် ရန်ကိုင် ဟုတ်မဟုတ် သွားစုံစမ်းကြည့်လိုက်သည်။ သူမ သိသည့် ရန်ကိုင် ဖြစ်နေမှန်းသိပြီးနောက် အလွန် ဒေါသထွက်ကာ စိတ်ပေါက်ပေါက်နှင့် ရှန်တုကို ထိုးကြိတ်တော့၏။

ယောကျာ်းများသည် တကယ်ကို မကောင်းကြချေ။ သူမမှာတော့ အလွန်ကိုမှ စိုးရိမ်ပူပန်နေခဲ့ရသော်လည်း ထိုကောင်ကတော့ အေးအေးဆေးဆေးပင်။ ရေလကြယ်သို့ ရောက်လာသည့်တိုင် သူမအား တစ်ချက်ကလေးပင် လာမတွေ့ချေ။ ထို့ကြောင့် ရန်ကိုင်နှင့်တွေ့ မှတ်လောက် သားလောက်အောင် ကောင်းကောင်း သင်ခန်းစားပေးရမည်ဟု စိတ်ထဲ ကြုံဝါးလိုက်လေသည်။

လီနွော့နှင့် ဒေါ်လေးချန်တို့မှာတော့ ရွှယ်ယွယ်အား အတတ်နိုင်ဆုံး ဖျောင့်ဖျနားချနေခဲ့လေသည်။ သို့ရာတွင် ချက်ချင်းပဲ ထိုသို့ မလုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ အကြောင်းမှာ တတိယသခင်လေး၏ မျက်နှာအမူအရာသည် ရှင်းပြရခက်သည့် ပုံစံမျိုး ဖြစ်နေသည့် အတွက်ကြောင့် ဖြစ်ပေသည်။

တတိယသခင်လေးဆိုသူ၏ လက်ရှိ မျက်နှာသည်… ပျော်လွန်းသဖြင့် ငိုပင်ငိုတော့မလို ဝမ်းသာနေသလို တစ်ချိန်တည်းတွင် စိုးရိမ်မှု၊ ဒေါသတို့ဖြင့်လည်း ပြည့်နေ၏။

သူ့ပုံစံသည် အချစ်ဆိပ်တက်နေသည့် မိန်းကလေး တစ်ဦး သူမကောင်းလေ၏ လျစ်လျူရှုခြင်း ခံလိုက်ရသည့် အတွက်ကြောင့် ဒေါသထွက်နေသည့် ပုံစံမျိုး ဖြစ်သည်။

ထိုမြင်ကွင်းကိုကြည့်ရင်း လီနွော့နှင့် ဒေါ်လေးချန်တို့ နှစ်ဦးစလုံး လုံးဝကို နားမလည်နိုင် ဖြစ်သွားကြလေသည်။ ရွှယ့်ယွယ် ဘာကြောင့်များ ထိုသို့ ဖြစ်နေရသနည်း။

ရုတ်တရက် ကောလဟတစ်ခုကို ပြန်သတိရမိသွားသည့် အခိုက် အမျိုးသမီးနှစ်ဦးစလုံး တုန်တုန်ရီရီ ဖြစ်သွားကြ၏။ အလွန်ကိုမှ ချောမောလှပသည့် တတိယသခင်လေး၏ မျက်နှာလေးကို ကြည့်ရင်း အမျိုးသမီးနှစ်ဦးစလုံး၏ စိတ်ထဲ နောင်တတရားတို့ဖြင့် ပြည့်နှက်သွားခဲ့လေသည်။

ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီး နှစ်ဦးစလုံး ရန်ကိုင်အား ဒေါသထွက်ချင်မိလာခဲ့သည်။

“ဟေး၊ တတိယကြီး၊ မင်းဘာတွေ ဖြစ်နေတာလဲ” ရန်ကိုင်သည် ခန်းမထဲသို့ ယုံကြည်ချက်အပြည့်ဖြင့် လျှောက်ဝင်လာပြီးနောက် အော်ပြောလိုက်လေသည်။

ရုတ်တရက် စူးစိုက်ကြည့်လာသည့် ရွှယ့်ယွယ်၏ အေးစက်စက် အကြည့်ကြောင့် ရှန်တု လည်ပင်လည်း ကျုံ့ဝင်သွားခဲ့သည်။ လေသံတိုးတိုးဖြင့် “အဟန်း… ဒါက မင်းပိုင်နက်လည်းမဟုတ်၊ မင်းနန်းတော်လည်း မဟုတ်ဘူး။ အဲ့ဒါကို ဘာလို့ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်အောင် လုပ်နေတာလဲ။ တစ်ယောက်ယောက်သာ ကြားသွားရင်း ဒုတိယသခင်လေးက မင်းကို အနိုင်ကျင့်နေတယ်လို့ ထင်ကုန်ကြမှာ”

ရွှယ့်ယွယ်သည် ရှန်တုပြောသည်ကို မကြားသည့် အလား ရန်ကိုင်ကိုသာ စိုက်ကြည်နေခဲ့သည်။

လီနွော့နှင့် ဒေါ်လေးချန်တို့ ရန်ကိုင်ကို တစ်လှည့်၊ ရွှယ့်ယွယ်ကိုတစ်လှည့်ကြည့်ရင်း မမျှတလိုက်သည့် လောကကြီးပါလားဟု တွေးလျက် သက်ပြင်း အသီးသီး ချလိုက်ကြလေသည်။

All Chapters