← Chapters

အခန်း (၁၈၉၆-၁၉၀၀)

Vol. 76 Ch. 1896-1900

အခန်း (၁၈၉၆-၁၉၀၀)

Vol. 76 Ch. 1896-1900

အပိုင်း (၁၈၉၆)

“ရောင်းရင်းရန်ရေ…” ရွှယ့်ယွယ်သည် အံကြိတ်ကာ ရန်ကိုင်၏ နာမည်ကို လှမ်းခေါ်လိုက်သည်။

ရွှယ့်ယွယ်၏ လေသံကို နားထောင်ပြီး ရွှယ့်ယွယ် သူ့ကို အလွန် ဒေါသထွက်နေပြီမှန်း ရန်ကိုင် သိလိုက်သည်။ သို့သော် ပြုံးရုံသာပြုံးလျက် လက်သီးဆုပ်လျက် “တတိယ သခင်လေး၊ ကျုပ်တို့ နောက်ဆုံးအကြိမ် တွေ့ပြီးကတည်းက ကောင်းကောင်းမွန်မွန်နဲ့ ရှိနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

“ရောင်းရင်းရန်ရဲ့ ကျေးဇူးကြောင့်ပေါ့” ရွှယ့်ယွယ်က အေးစက်စက်‌ လေသံဖြင့် ပြန်ပြောလိုက်လေသည်။

ဘာကြောင့်မှန်းမသိ၊ ရန်ကိုင်နှင့် ရွှယ့်ယွယ်တို့ ပြောနေသည်ကို ကြားပြီးနောက် ရှန်တုတစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့သည်။ ရန်ကိုင်သည် သူနှင့် ရွှယ်ယွယ်ကြား မည်သည့် ရန်ငြိုးမှ မရှိပါဟု ပြောခဲ့သော်လည်း ယခု သူတို့ ပြောသည်ကို နားထောင်ပြီးနောက် သူတို့နှစ်ဦးကြား ရန်ငြိုးကြီးကြီးမားမား တစ်ခု ရှိနေလိမ့်မည်ဟု ရှန်တု ထင်မိလာခဲ့သည်။

ရွှယ့်ယွယ်ကိုကြည့်လိုက်၊ ရန်ကိုင်ကို ကြည့်လိုက် လုပ်ရင်း ကြားဝင်ဖြန်ဖြေပေးတော့မည်အပြု၊ ရွှယ့်ယွယ်က သူ့အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်၍ ပြောလိုက်လေသည် “မင်းထွက်သွားလိုက်။ ငါရောင်းရင်းရန်နဲ့ ပြောစရာလေးရှိလို့”

ရွှယ့်ယွယ်သည် ရောင်းရင်းရန်ဆိုသော စကားလုံးကို လေသံမာမာဖြင့် ဖိပြောလိုက်လေသည်။

ရှန်တုမှာ ရွှယ့်ယွယ်ပြောသည့်စကားကို ကြာပြီး ပြောမည် ပြင်နေသည့် စကားများကို ပြန်မျိုချလိုက်ရသည်။ မည်သို့ လုပ်လျှင်ကောင်းမလဲ စတင် တွေးတောရတော့၏။ တစ်ဖက်သည် သူ့အသက်ကို ကယ်ပေးထားသည့် သူငယ်ချင်း ဖြစ်ပြီး အခြားတစ်ဖက်မှာတော့ သူသာ ပြောသည့်အတိုင်း မလုပ်လျှင် အချိန်မရွေး သူ့အသက်ကို ချွေယူသွားမည့် နတ်ဆိုးတစ်ဦး ဖြစ်သည်။ တောင်တောင်များထဲသို့ ထွက်ပြေးခြင်းသည်သာ အကောင်းဆုံး ဖြစ်လောက်သည်။ အနည်းဆုံး ထိုနေရာတွင် မီးအတွက် ထင်းမရှိမည်ကို စိတ်ပူစရာမလိုချေ။

အသက်နှစ်ရှိုက်စာမျှ တုန့်ဆိုင်းနေပြီးနောက် အလေးအနက် အမူအရာဖြင့် ပြောလိုက်လေသည် “ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ မင်းတို့ နှစ်ယောက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စကားပြောနိုင်ဖို့အတွက် ဒုတိယ အစ်ကိုကပဲ အပြင်မှာ စောင့်ပေးရတာပေါ့”

ပြောပြီးသည့်နောက် ခြေထောက်တွင် စက်တပ်ထားသည့်အလား အခန်းထဲမှ အလျင်အမြန် ထွက်ပြေးတော့သည်။ ငေးကြောင်ကြောင် ဖြစ်နေသည့် ဒေါ်လေးချန်နှင့် လီနွော့ကိုပါ သူ့နောက်သို့ တစ်ခါတည်း လိုက်ခဲ့ရန် လှမ်းအချက်ပြလိုက်လေသည်။ အမျိုးသမီးနှစ်ဦးသည် ရန်ကိုင်အား စူရဲစွာ တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် ရှန်တုနှင့်အတူ ထွက်သွား၏။

ဒုန်း…

ဝင်ပေါက်တံခါး ပြန်ပိတ်သွားခဲ့လေသည်။

အပြင်သို့ ရောက်လာပြီး တံခါးပိတ်သွားသည်နှင့် ရှန်တု၊ ဒေါ်လေးချန်နှင့် လီနွော့တို့ သုံးယောက်သည် တံခါးနားသို့ ကပ်ကာ ချောင်းနားထောင်ကြလေသည်။

အခန်းထဲမှ မည်သည့် လှုပ်ရှားသံမှ ထွက်မလာ၊ တိုက်ခိုက်သံလည်း မကြားရသလို ရန်ဖြစ်နေသည့် အသံလည်း မကြားရဘဲ တိတ်ဆိတ်မှုသာ ကြီးစိုးနေခဲ့၏။

အချိန်အတော်ကြာလာသည့်နောက်၊ နောက်ဆုံး မနေနိုင်တော့သည့်အဆုံး ရှန်တုက မေးလိုက်လေသည် “တတိယညီလေး ရောင်းရင်းရန်ကို သွားတော့ မတိုက်ခိုက်ရဲလောက်ပါဘူးနော်။ ရောင်းရင်းရန်က တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်ဆိုတော့ သူသာ တတိယ ညီလေးကို ထိခိုက်အောင် လုပ်မိသွားရင် ငါအဖေ့ကို ဘယ်လို ပြန်ရှင်းပြရမှာလဲ”

“အဲ့ကိစ္စနဲ့ ပက်သက်ပြီး ဒုတိယသခင်လေး စိတ်ပူနေစရာ မလိုဘူး” လီနွော့က ရှန်တုကို ကြည့်၍ နှုတ်ခမ်းလေးကွေးကာ ပြန်ပြောလိုက်လေသည် “သူတို့ ကြည့်ရတာ တိုက်ခိုက်မယ့်ပုံမပေါ်ဘူး”

“သူတို့ မတိုက်ခိုက်ကြဘူးလား” ရှန်တု ကြောင်သွားခဲ့လေသည်။ “အခုလေးတင် တတိယညီလေး ငါတို့ကို စိုက်ကြည့်နေတာ နင်မတွေ့ဘူးလား။ ငါတို့ကို အစိမ်းလိုက် ဝါးစားချင်နေတဲ့အတိုင်းပဲ၊ အပြင်လူတွေ ရှေ့မှာသာ ယဉ်ယဉ်ကျေးကျေး လုပ်နေတာ… တတိယ ညီလေး တကယ့်ပုံစံ ဘယ်လိုလဲဆိုတာကို ငါကောင်းကောင်း သိပြီးသား။ ငယ်ငယ်လေးကတည်းက သူ့ကြောင့် ငါစိတ်ဒဏ်ရာရခဲ့တာ။ အခု ကြည့်ရတာ သူနဲ့ ရောင်းရင်းရန်ကြားမှာ ရန်ငြိုး ကြီးကြီးမားမား ရှိနေတဲ့ပုံပဲ”

“အရမ်းကို ပြိုင်ဆိုင်လိုစိတ်ကြီးမားတဲ့ ပြိုင်ဘက်တွေ ဖြစ်လိမ့်မယ်။ ရန်ငြိုးတော့ မဖြစ်လောက်ဘူး၊ အဲ့အစား…” ပြောနေရင်း ဆက်ပြောရမည်ကို ရှက်လာသည့်အလား လီနွော့ ပါးနှစ်ဖက် နီမြန်းလာခဲ့လေသည်။

“ပြိုင်ဘက်တွေ၊ ရန်ငြိုးမရှိတဲ့လူတွေ…” ရှန်တု မျက်မှောင်ကြုတ်သွားခဲ့လေသည် “အဲ့ဒါဆို သူတို့က အချစ် ပြိုင်ဘက်တွေလား။ တတိယညီလေးက ရောင်းရင်းရန်ရဲ့ မိန်းကလေးကို လုယူဖို့ ကြိုးစားနေတာလား။ သူတို့ နှစ်ယောက်စလုံး တစ်ပြိုင်တည်း ကြိုက်ရလောက်အောင် ဘယ်မိန်းကလေးကများ ဒီလောက် ကံကောင်းနေတာလဲ မသိဘူး”

ထိုစကားကို ကြားသည့်အခါ လီနွော့ ကိုယ့်နဖူးသာ ကိုယ်ရိုက်လိုက်တော့သည်။ ထို့နောက် တိုးတိုးလေး ပြောလိုက်၏ “မိန်းမပြိုင်လုနေတာ မဟုတ်ဘူး… တတိယ သခင်လေး စီနီယာရန်ကို ဘယ်လိုအကြည့်နဲ့ ကြည့်နေလဲ ဆိုတာကို ဒုတိယသခင်လေး မတွေ့တာလား”

“ရက်စက်ကြမ်းကြုတ်တဲ့ သားသတ်သမား တစ်ယောက်လိုလား။ အဲ့ဒါ ဘာဖြစ်လို့လဲ” ရှန်တုက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

လီနွော့ တကယ်ကို ခေါင်းကိုက်ချင်လာလေပြီ။ ဤနလပိန်းတုံး ဒုတိယသခင်လေးကို မည်သို့ ရှင်းပြရမလဲ မသိတော့ချေ။

ထိုအခြင်းအရာကို မြင်သည့်အခါ ရှန်တုက မကျေမနပ်ဖြင့် ပြန်ပြောလိုက်လေ၏ “ရှင်းရှင်းပြောလေ။ နင်က ရှင်းရှင်းမှမပြောတာ၊ ငါဘယ်သိမှာလဲ”

ဘေးနားတွင် ရပ်နေသော ဒေါ်လေးချန်က ချောင်းဟန့်၍ ရှက်ရှက်ဖြင့် ဝင်ပြောလိုက်လေသည် “ဒုတိယသခင်လေး စဉ်းစားကြည့်လိုက်… တတိယ သခင်လေးက တကယ်ကို မိန်းကလေးတွေကြားမှာ ရေပန်းစားတဲ့လူ၊ ဒါပေမယ့် သူ့လာကြိုက်တဲ့ မိန်းကလေးတွေကို ပြန်ကြိုက်တာမျိုး ရှိလား”

“မရှိဘူး” ရှန်တုက ခေါင်းခါလျက် “အဲ့ဒါ ဒီသခင်လေး တတိယညီလေးကို လေးစားတဲ့ အချက်တွေထဲက တစ်ချက်ပဲ။ မိန်းမကိစ္စတွေနဲ့ ပက်သက်လာရင် လုံးဝ ကင်းကင်းရှင်းရှင်းနေနိုင်တဲ့ သူ့ကို ငါတကယ် လေးစားတယ်။ ဒါနဲ့… အဲ့ကိစ္စက ဒီနေ့ ကိစ္စနဲ့ ဘာဆိုင်လို့လဲ”

“ဒါဆိုရင်၊ ဒုတိယသခင်လေး တတိယသခင်လေးနဲ့ ပက်သက်ပြီး ထွက်နေတဲ့ ကောလဟာလတွေကိုကော… ကြားမိသေးလား”

“ဘယ်ကောလဟာလကို ပြောတာလဲ၊ ကောလဟာလတွေက အများကြီးပဲလေ” ရှန်တုက အထင်အမြင် တသေးဖြင့် “သူ့ကို ပြောနေလိုက်တဲ့ ကောလဟာလတွေများ အများကြီးပဲ။ ဘာတဲ့၊ ရှေးဟောင်းစစ်နတ်ဘုရားက ပြန်ဝင်စားတာတဲ့… အချို့ကလည်း ပြောပြန်တယ်… သူက ယောကျာ်းလေး မဟုတ်ဘဲ မိန်းကလေးတဲ့၊ ထပ်ရှိပါသေးတယ်၊ ဘာပါလိမ့်… ဟုတ်တယ်။ သူက မိန်းကလေးတွေကို မကြိုက်ဘဲ ယောကျာ်းတွေကိုပဲ ကြိုက်တာတဲ့… သူတို့ ပြောချင်တိုင်း ပြောနေတဲ့ စကားတွေကို ငါက ဘယ်လိုလုပ်ပြီး သွားယုံရမှာလဲ။ အကုန်လုံးက သူတို့ သက်သက်ဖန်တီးထားတဲ့ ဇာတ်လမ်းတွေချည်းပဲကို”

ဒေါ်လေးချန်နှင့် လီနွော့သည် ရှန်တုအား အလေးအနက် အမူအရာဖြင့် စိုက်ကြည့်နေကြလေသည်။

ရှန်တု၏ ရယ်သံ ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။ ရုတ်တရက် တစ်ခုခုကို နားလည်သွားသည့်အလား မျက်စိပျက်မျက်နှာပျက်ဖြင့် “တတိယသခင်လေးက ယောကျာ်းဆိုပေမယ့် သူမိန်းမတွေကို စိတ်ဝင်စားတာ ငါတစ်ခါမှ မမြင်ဖူးဘူး။ အဖွဲ့ထဲက အကြီးအကဲတွေက သူ့ကို မိန်းကလေးတွေ အများကြီးနဲ့ မိတ်ဆက်ပေးဖူးတယ်။ တစ်ယောက်ချင်းစီတိုင်းက တကယ့် အချောအလှလေးတွေချည်းပဲ။ဒီနေ့အထိ သူတစ်ယောက်ကိုမှ ပြန်မကြိုက်သေးဘူး။ ဒါပေမယ့်… တတိယညီလေး ရောင်းရင်းရန်ကို ကြည့်နေတဲ့ အကြည့်က…”

ဒေါ်လေးချန်နှင့် လီနွော့သည် ရှန်တု တွေးသည်မှာ မှန်ကန်ကြောင်း ခေါင်းညိတ်ပြလိုက်ကြသည်။

“အဲ့လိုတော့ မဖြစ်နိုင်ဘူးမလား” ရှန်တု တစ်ကိုယ်လုံး ချွေးအေးများဖြင့် စိုရွှဲလာခဲ့လေသည်။

“ငါလည်း အဲ့လို မဖြစ်ဖို့ မျှော်လင့်တာပဲ” ဒေါ်လေးချန်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။

သူတို့ ထင်သလိုသာ ဖြစ်မည်ဆိုလျှင် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းရှိ မိန်းမငယ်လေး များစွာတို့ ရင်ကွဲနာကျကုန်ကြပေလိမ့်မည်။

ရွှယ့်ယွယ်နှင့် ရန်ကိုင်သည် တစ်ဦးကိုတစ်ဦး အချိန် အတော်ကြာအောင် စိုက်ကြည်နေပြီးနောက်တွင် ရွှယ့်ယွယ်သည် အံကြိတ်၍ အော်ပြောလိုက်လေသည် “ခွေးကောင်”

ပြောပြီးသည်နှင့် ရန်ကိုင် ရင်ဘတ်ကို တဒုန်းဒုန်း ထုရိုက်တော့လေသည်။

သို့သော်လည်း ရန်ကိုင် ရင်ဘတ်ပေါ်သို့ လက်သီး ကျသွားချိန် ဖျော့ဖျော့လေးသာ သွားထိလေသည်။

ရန်ကိုင်ကမူ ထိုမြင်ကွင်းကိုကြည့်ရင်း ရယ်သာ ရယ်နေ၏။

ရွှယ့်ယွယ်သည် နှုတ်ခမ်းကိုကိုက်လျက် ခေါင်းမော့ကာ ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်သည်။

ရန်ကိုင်သည် ချက်ချင်းပဲ ရွှယ့်ယွယ်ကို ပွေ့ဖက်လိုက်လေသည်။

ရွှယ့်ယွယ်မှာ ခဏတာမျှ ရုန်းကန်းလိုက်သော်ငြား နောက်ဆုံး ရှက်ရှက်ဖြင့် ရန်ကိုင်၏ ရင်ခွင်ကျယ်ကြီးထဲ ငြိမ်ကျသွားခဲ့လေသည်။

“ဒီကို ရောက်လာတာ ဘာလို့ ငါ့ကို အရင်လာမတွေ့တာလဲ” ရွှယ့်ယွယ်က အထွန့်တက်လိုက်၏။

“လာတွေ့မလို့ပဲ။ ရှန်တုကို လုပ်ခိုင်းလိုက်တဲ့ ကိစ္စက အတော်လေး ကြာနေမယ်လို့ မထင်ထားလိုက်ဘူး”

“အသုံးမဝင်တဲ့ ဒုတိယအစ်ကို” ရွှယ့်ယွယ်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် အပြစ်အားလုံးကို ရှန်တုပေါ်သို့ ပုံချလိုက်လေသည်။

“အဲ့ကျိလုန်လက်ကနေ ဘယ်လို လွတ်လာတာလဲ ငါ့ကို ပြန်ပြောပြ” ရွှယ့်ယွယ်သည် ရန်ကိုင်အား ခေါင်းမော့ကြည့်ရင်း ပြောလိုက်သည်။

ထိုနီစွေးစွေး နှုတ်ခမ်းဖူးဖူးလေးများသည် ရန်ကိုင် အတွက် အလွန်ကိုမှ သရေယိုချင်စရာ ကောင်းနေခဲ့သည်။ ရန်ကိုင်လည်း မနေနိုင်တော့ဘဲ ဖွဖွလေးတစ်ချက် ကောက်နမ်းချလိုက်လေသည်။

ရွှယ့်ယွယ် မျက်နှာတစ်ပြင်လုံး ချက်ချင်း နီတက်လာခဲ့လေသည်။

ကမ္ဘာပျက်ထဲတွင် ရန်ကိုင်နှင့် အသားချင်း ထိကပ်ခဲ့ဖူးသော်လည်း ထိုစဉ်က သေရေးရှင်ရေး အခြေအနေတွင်ဖြစ်သည်။ သူမ သေရတော့မည်ဟု ထင်သည့်အတွက် ဘာမှ နောက်ဆံတင်းမနေတော့ဘဲ လုပ်ချင်သည်ကို လုပ်ချလိုက်ခြင်း ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်ကမူ မတူချေ။

အထူးသဖြင့် သူမ၏ ဒုတိယအစ်ကို အပြင်မှ ချောင်းနားထောင်နေမှန်း သိလိုက်သည့်နောက်တွင် အနည်းငယ် စိုးရိမ်မိသွားသလို စိတ်လည်း လှုပ်ရှားလာမိခဲ့သည်။

ထိတ်လန့်တုန်လှုပ်လာသည်နှင့် ရန်ကိုင်အား တွန်းထုတ်၍ သူ့ရင်ခွင်ထဲမှ အမြန် ထွက်ပြေးလေ၏။

ရွှယ့်ယွယ်ပုံစံကိုကြည့်ရင်း ရန်ကိုင် ထရယ်လေ၏။ ထိုင်စရာခုံတစ်လုံးရှာပြီး ကောက်ထိုင်လိုက်၏။

ရန်ကိုင် ထိုမျှ တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေသည်ကို မြင်သော် ရွှယ့်ယွယ် ဒေါသတကြီး ခြေဆောင့်လေ၏။

ထို့နောက် ရန်ကိုင်ဘေးရှိ ခုံတစ်လုံးတွင် ကောက်ထိုင်လိုက်ပြီးနောက် စပျစ်တစ်လုံးယူကာ အခွံခွာပြီး ရန်ကိုင်ပါးစပ်ဝသို့ တေ့ပေးလိုက်သည်။

“ငါ့ကို လည်ပင်းရှည်အောင် လုပ်မနေနဲ့။ ကျိလုန် နင့်ကို မရရအောင် သတ်ချင်နေတာ မဟုတ်ဘူးလား။ နင်ဘယ်လိုလုပ်ပြီး လွတ်လာတာလဲ။ အင်မော်တယ် သစ်ပင်နဲ့ ပက်သက်တဲ့ သတင်းတွေကော ပြန့်သွားသေးလား”

ရွှယ့်ယွယ်သည် မေးခွန်းပေါင်းများစွာကို ရေကရား လွှတ်သည့်နှယ် စိုးရိမ်တကြီး မေးချလိုက်သည်။ သို့သော် နောက်ဆုံး မေးခွန်းကို မေးပြီးချိန် အလျင်စလို ထပ်ပြောလိုက်၏ “နင်စိတ်ချထားလိုက်။ အင်မော်တယ် သစ်ပင်အကြောင်းမပြောဖို့ ဦးလေးနီကွမ်းကို ငါပြောထားတယ်”

“ငါနင့်ကိုယုံတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

သို့သော်လည်း ရန်ကိုင့် စကားကို ရွှယ့်ယွယ် နားလည်ပေသည်။ ရန်ကိုင်သည် သူ့ကို ယုံသည်ဟုသာ ပြောသွားပြီ နီကွမ်းကို ယုံသည်ဟု ပြောမသွားခဲ့ချေ။

တကယ်တော့ နီကွမ်းသည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်တွင် အင်မော်တယ်သစ်ပင် ရှိနေသည် ဆိုသော လျှို့ဝှက်ချက်သည် အလွန်ကိုမှ အရေးကြီးသည့် အတွက် ရွှယ့်ယွယ်မှ တောင်းဆိုလိုက်ရုံဖြင့် နှုတ်ပိတ် နေလိမ့်မည် မဟုတ်ချေ။ သို့တိုင် နီကွမ်း အခြားသူများကို လျှောက်ပြောလျှင်ပင် အင်မော်တယ်သစ်ပင် အကြောင်း သိထားသည့်လူမှာ လက်တစ်ဖက်စာပင် ပြည့်လိမ့်မည်မဟုတ်ဟု ရန်ကိုင် ယုံကြည်ပေသည်။

လူတိုင်းသည် အကောင်းဆုံး ရတနာများကို သူတို့ တစ်ကိုယ်တည်း အတွက်သာ လိုချင်ကြသည်။

ထို့သို့ဖြင့် ရန်ကိုင်သည် လွင့်မျောတိုက်ကြီးမှ ထွက်လာပြီးနောက်ပိုင်း ဘာဆက်ဖြစ်လဲ ဆိုသည်ကို စတင် ပြန်ပြောပြတော့လေသည်။

ကျိလုန်နှင့် ကျိတုန်တို့ နှစ်ဦးစလုံး ရန်ကိုင်သတ်လို့ သေသွားသည့်အကြောင်း ကြားလိုက်သည့်အခါ ရွှယ့်ယွယ် သက်ပြင်းရှိုက်မိသွားခဲ့လေသည်။

ယခုအချိန်အထိ ရန်ကိုင်၏ ကျင့်ကြံခြင်းကို မစစ်ဆေးကြည့်ရသေးချေ။ သူမသည် တန်ခိုးရှင်တတိယ အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည့်အတွက် ရန်ကိုင်သာ မသိစေချင်လျှင် သူမ အနေဖြင့် ရန်ကိုင်၏ ကျင့်ကြံခြင်းကို မြင်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ရန်ကိုင်သာ သူမ၏ ကောင်းကင်စိတ်အာရုံကို ပိတ်ဆို့မထားလျှင်တော့ ရန်ကိုင်၏ ကျင့်ကြံခြင်းကို သူမ၏ ကောင်းကင်စိတ်အာရုံဖြင့် မြင်နိုင်ပေသည်။

“နင်တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်တောင် ရောက်နေပြီလား” ရွှယ့်ယွယ် ထိတ်လန့်သွားလေသည်။

ကမ္ဘာပျက်ထဲတွင် ရှိစဉ်က သူတို့ နှစ်ဦးစလုံးသည် တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သို့သော် ယခု နှစ်အနည်းငယ် ကြာပြီးနောက်တွင် သူမသည် တန်ခိုးရှင်တတိယအဆင့်တွင်သာ ရှိနေသေးသော်လည်း ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သို့ပင် ရောက်နေခဲ့လေပြီ။

ရွှယ့်ယွယ်စိတ်ထဲ အလျင်လိုသည့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သို့သော်လည်း ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ ကိစ္စ အဝဝကို ကိုင်တွယ်လာပြီးနောက်တွင် သူမ၏ စိတ်ဓါတ်သည် သာမန်လူများထက် ပိုမို ခိုင်မာလာခဲ့သည်။ အသက်ပြင်းပြင်းရှူသွင်း၍ ဝရုန်းသုန်းကား ဖြစ်နေသည့် စိတ်ခံစားချက်များကို တည်ငြိမ်အောင် လုပ်ပြီးနောက် ပျော်ရွှင်စွာ ပြန်ပြောလိုက်၏ “ကျိတုန်ရော၊ ကျိတုန်ပါ သေသွားပြီဆိုတော့ အခု ခရမ်းကြယ်က ခေါင်းမရှိတဲ့ နဂါးတစ်ကောင် ဖြစ်နေပြီပေါ့”

“ဟုတ်တယ်။ အဲ့ဒါတင်မဟုတ်သေးဘူး… သူတို့ အုတ်မြစ်ပါ ဆိုးဆိုးရွားရွား ထိခိုက်ထားသေးတယ်”

“နင်ဘာပြောချင်တာလဲ” ရွှယ့်ယွယ် ဇဝေဇဝါ ဖြစ်သွားလေသည်။ ကျိလုန် သေသွားသည့်အတွက် ခရမ်းကြယ် ထိခိုက်သွားသည်မှာ မှန်သော်လည်း သူတို့၏ အုတ်မြစ်မှာတော့ ထိခိုက်သွားလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ခရမ်းကြယ်တွင် ကျိလုန်နှင့် ကျိတုန်တို့ သေသွားသည့် ကိစ္စအပြင် အခြားကိစ္စတစ်ခုပါ ထပ်ဖြစ်သွားရမည်မှန်း သိလိုက်သည်။

“ဘာမှတော့မဟုတ်ပါဘူး။ ငါခရမ်းကြယ်ကိုသွားပြီး နည်းနည်းလောက် ပတ်သောင်းကျန်းလိုက်တာ။ သူတို့ အကြီးအကဲ ကုန်းစွန်းလျန် ပြင်းပြင်းထန်ထန် ထိခိုက်သွားပြီး ပညာရှင်တော်တော်များများလည်း သေသွားခဲ့တယ်လေ”

“အဲ့လိုတွေ ဖြစ်သွားတာလား” ရွှယ့်ယွယ်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပသွားခဲ့လေသည် “ငါ့ကို အသေးစိတ်ပြောပြ”

ရန်ကိုင်သည် ပြုံးဖြီးဖြီးဖြင့် ရွှယ့်ယွယ်ကို မျက်စပစ်ပြလိုက်လေသည်။ ရွှယ့်ယွယ်သည် ရန်ကိုင်ကို ဒေါသတကြီး လှမ်းကြည့်လိုက်သော်လည်း နောက်အသီး တစ်လုံးကိုခွာကာ ရန်ကိုင်အား ခွံ့ကြွေးလိုက်ပေသေးသည်။

ထို့နောက် ရန်ကိုင်သည် ခရမ်းကြယ်တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြန်ပြောပြလေ၏။

ရန်ကိုင် ပြောသည်ကို ကြားပြီးနောက် ရွှယ့်ယွယ်၏ မျက်နှာ တဖြည်းဖြည်း ပြုံးလာခဲ့သည်။ နောက်ဆုံးတွင် ခေါင်းတခါခါဖြင့် “ဒါဆိုရင် အခုနင်က အရမ်းကြယ်ရဲ့ အမုန်းဆုံး ရန်သူ ဖြစ်နေလောက်ပြီ။ ခွမ်ရှီကျုန်းတောင် နင်သူတို့ရဲ့ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောကို ဖျက်စီးသွားတာကို မတားလိုက်နိုင်ဘူးဆိုတော့ သူအခု တော်တော်လေး စိတ်ဓါတ်ကျနေလောက်တယ်”

“ငါသူ့ကို သတိပေးသားပဲ။ သူမှ နားမထောင်တာ” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။

“ဒါပေမယ့် ဒုတိယအစ်ကိုက ဒီအကြောင်းကို ဘာလို့ အဖေဆီ သွားပြန်မတင်ပြရတာလဲ။ အခု ငါနားလည်သွားပြီ။ ခရမ်းကြယ်က သူတို့ စီးပွားရေး တော်တော်များများကို ဘာလို့ ပြန်ရုတ်သိမ်းသွားလဲ စဉ်းစားနေတာ။ ဒီအကြောင်းကြောင့် ဖြစ်နေတာကိုး” ယခင်က သူမ နားမလည်သည့် ကိစ္စတော်တော်များများကို ယခု နားလည်သွားခဲ့လေပြီ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၉၇)

"ငါအဖေက အခုတလော ဝမ်းနည်းပြီး အရမ်းတွေ စိတ်ဓာတ် ကျနေတာ။သူသာ ဒီအကြောင်းကြားလိုက်ရင် ကျိန်းသေဝမ်းသာသွားလောက်တယ်။ သူ့ကို ချက်ချင်း သွားအကြောင်းကြားရမယ်" ရွှယ့်ယွယ်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

ရန်ကိုင်သည် ရွှယ့်ယွယ်အား အံသြသင့်တကြီး စိုက်ကြည့်၍ ပြန်မေးလိုက်လေသည် "ငါမှတ်မိသလောက်ဆိုရင် နင့်အဖေကို နင်အရမ်းမုန်းနေတာ မဟုတ်ဘူးလား။ ဘာလို့အခုကျမှ သူ့ကို အရမ်းဂရုစိုက်နေရတာလဲ"

ရွှယ့်ယွယ်က တောက်ပစွာပြုံးလျက် ပြန်ပြောလိုက်၏ "အဲဒါတွေအကုန်လုံးက အတိတ်မှာကျန်ခဲ့ပြီလေ အရင်တုန်းကတော့ ငါ့ကို ယောကျာ်းယောင်ဆောင်ခိုင်းလို့ ငါသူ့ကို အရမ်းမုန်းခဲ့ဖူးတယ် ဒါပေမယ့် အခုမဟုတ်တော့ဘူး။ ဒီလောကကြီးမှာ ငါ့ဘယ်သူလဲဆိုတာကို သိနေတဲ့ လူတစ်ယောက်ရှိနေပြီပဲ။ အဲဒါနဲ့တင် ငါ့အတွက် လုံလောက်နေပြီ။ ပြီးတော့ အဖေက ငါ့အကျိုးအတွက်ပဲ အဲဒါတွေကိုလုပ်ခဲ့တာ။ ငါသူ့ကို ဘာမုန်းစရာအကြောင်းမှ မရှိဘူး" ထိုစကားကိုပြောပြီးနောက်တွင် ရွှယ့်ယွယ်သည် သူမခံစားနေရသည့် ဝမ်းနည်းပူဆွေးမှု၊ ပူပင်ကြောင့်ကြမှု အားလုံး ပျောက်ကွယ်သွားသည့်အလား ချိုသာစွာပြုံးလိုက်လေသည်။

ထိုအခါမှ ရန်ကိုင်လည်း ကမ္ဘာပျက်ထဲတွင် ရွှယ့်ယွယ် ပြောခဲ့သည့် စကားတစ်ခွန်းကိုကို ပြန်အမှတ်ရသွားခဲ့သည်။ ရွှယ့်ယွယ်ပြောခဲ့သည်မှာ ဒီလောကကြီးတွင် သူမအား သာမန်အမျိုးသမီးတစ်ဦးအဖြစ် ဆက်ဆံပေးနိုင်မည့် လူတစ်ဦးရှိလျှင် အဆင်ပြေပြီ ဟူ၍ပင်။ ဤအဆင့်အတန်း မြင့်မားလှပြီး ယောကျာ်းယောင်ဆောင်ထားသော လူတကာကို ငေးမောလာအောင် လုပ်နိုင်သည့် ရွှယ့်ယွယ်၏ ဆန္ဒမှာ ဤမျှ ရိုးရှင်းပါလေသလားဟု တွေးရင်း ရန်ကိုင်အနည်းငယ် အံအားသင့်နေမိသည်။

"ခေါင်းဆောင်အိုင်းအောင်က ဘာဖြစ်သွားတာလဲ" ရန်ကိုင်က မေးလိုက်သည်။

ထိုစကားကို ကြားသည့်အခါ ရွှယ့်ယွယ်၏

ပြုံးပျော်နေသည့် မျက်နှာလေး ချက်ချင်း ညိုးကျသွားပြီး လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်လေသည်"အမေလေးကြောင့်"

"အမေလေး " ရန်ကိုင် စိတ်ရှုပ်သွားခဲ့သည်။ သို့သော်လည်း ရွှယ့်ယွယ်ပြောနေသည်မှာ ခေါင်းဆောင်အိုင်းအောင်၏ လက်ရှိဇနီးမှန်း ချက်ချင်းနားလည်သွားခဲ့လေသည်။ ရွှယ့်ယွယ်၏ အမေ သေသွားခဲ့သည်မှာ ကြာလေပြီ။ သူမပြောနေသည့် အမေလေးဆိုသူမှာ ခေါင်းဆောင်အိုင်းအောင်၏ လက်ရှိ ဇနီးပင်ဖြစ်သည်။

ရွှယ့်ယွယ်က ခါးသက်စွာပြုံးလျက် "ငါ့အဖေက အားလုံးအထက်မှာ ရပ်တည်နေတဲ့လူတစ်ယောက်ဆိုပေမယ့် သူက အရမ်းသံယောဇဥ်ကြီးတဲ့ လူတစ်ယောက်လည်း ဟုတ်တယ်။ အထူးသဖြင့် အမေလေးကိုပေါ့ သူက အမေလေးကို အရမ်းချစ်တာ။ ဒါပေမယ့် ကံဆိုးတယ်လို့ဘဲ ပြောရမလား… လွန်ခဲ့တဲ့ တစ်နှစ်တုန်းက အမေလေး တံခါးပိတ်ကျင့်စဥ်ဝင်သွားတယ်။ တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖြတ်ဖို့ ဆိုပြီးတော့ပေါ့။ ဒါပေမယ့် ဘာတွေ ဖြစ်သွားလည်းတော့ မသိဘူး… တန်ခိုးရှင်ဘုရင်အဆင့်ကို မရောက်လိုက်ဘဲ ကျင့်ကြံခြင်း သွေဖယ်သွားတဲ့ ပြဿနာနဲ့ ကြုံလိုက်ရတယ်။ သွေးကြောတွေ ပျက်စီးပြီး တစ်ခါတည်း နေရာမှာတင် သေခါနီးဖြစ်သွားတာ။ အဖေလည်း သူတတ်နိုင်သလောက် အမေလေးကို ကယ်တင်ဖို့ကြိုးစားခဲ့တာပဲ။ ဒါပေမယ့် ဘာမှ သိပ်မထူးလာဘူး အမေလေး အသက်ကို အခုချိန်ထိ ထိန်းထားနိုင်သေးတယ် ဆိုပေမယ့် အမေလေးက အခုအချိန်ထိ သတိလစ်နေတုန်းပဲ၊ အရင်တစ်နှစ်လုံးလုံး ငါ့အဖေ အမေလေးကို နှိုးနိုင်ဖို့ ကြိုးစားနေတာ…ဒါပေမယ့် ဘယ်လိုမှ မအောင်မြင်ခဲ့ဘူး"

"တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖြတ်နေတုန်း တစ်ခုခုဖြစ်သွားခဲ့တာလား” ရန်ကိုင် ထိတ်လန့်သွားပြီး ချက်ချင်းပဲ ဤပြဿနာက မည်မျှကြီးမားလဲဆိုသည်ကို နားလည်သွားခဲ့သည်။

တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖြတ်ရင်း ကျင့်ကြံခြင်း သွေဖယ်သွားသည့် ကိစ္စသည် ပုံမှန်အားဖြင့် သေလမ်းသာရှိသည့် ကိစ္စမျိုး ဖြစ်သည်။ အမေလေးဆိုသူ ယခုချိန်ထိ အသက်ရှင်နေရခြင်းမှာ ခေါင်းဆောင်အိုင်းအောင်၏ စွမ်းအားကြောင့် ဖြစ်သလို ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ မြောက်မြားလှစွာသော အရင်းမြစ်များကြောင့်လည်း ဖြစ်လေသည်။ ခေါင်းဆောင်အိုင်းအောင် ကိုယ်တိုင်ကလည်း တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သို့ ရောက်နေပြီမှာ ကြာပြီဖြစ်သည့် အားကောင်းသော ကျင့်ကြံသူ တစ်ဦးဖြစ်သည်။

"အဲဒီတုန်းက အမေလေးရဲ့ခန္ဓာကိုယ်က လုံးဝကို ဆိုးဆိုးရွားရွား ထိခိုက်သွားတာ။ ဒါပေမယ့် အဖေက အရမ်းကို အစွမ်းထက်တဲ့ နည်းလမ်းတစ်ခုကိုသုံးပြီး သေမင်းခံတွင်းကနေ ဆွဲခေါ်ပေးထားခဲ့တယ်။ လွန်ခဲ့တဲ့ ခြောက်လတုန်းကလည်း အရမ်းအဖိုးတန်တဲ့ ရတနာတစ်ခုကိုသုံးပြီး အမေလေးရဲ့ ဒဏ်ရာတွေကို ကုပေးခဲ့

သေးတယ်”

ထိုအကြောင်းကို ပြောနေစဥ် ရွှယ့်ယွယ်သည် ရန်ကိုင်ကို အဓိပ္ပါယ်ပါပါ လှမ်းကြည့်လိုက်လေသည်။ အိုင်းအောင်ထုတ်လာသည့် အဖိုးတန်ရတနာသည် မည်သည့် ရတနာဖြစ်သလဲ ဆိုသည်ကို ပြောမသွားခဲ့သော်လည်း ဤလောကကြီးတွင် သေခါနီး လူတစ်ဦးကို ပြန်ရှင်လာအောင်လုပ်ပေးနိုင်သည့် ရတနာ အနည်းငယ်သာရှိမှန်း ရန်ကိုင်သိသည်။ ဥပမာပြရလျှင် အင်မော်တယ်ရေစင်ပင်ဖြစ်သည်။

ကမ္ဘာပျက်ပေါ်လာစဥ်က ထိုထဲတွင်ရှိသည့် အင်မော်တယ်ရေစက်သုံးစက်ကို တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ သုံးဦးမှ အညီအမျှ ခွဲဝေရရှိသွားခဲ့လေသည်။

ထိုသုံးဦးမှာ နီကွမ်း၊ ကျီလုံနှင့် ကွေ့ကျူ တို့သာဖြစ်သည်။ သူတို့သုံးဦးမှာ အင်မော်တယ် ရေစက်သုံးစက်ကိုသာ ရရှိခဲ့သော်လည်း ရန်ကိုင်မှာတော့ အင်မော်သစ်ပင်တစ်ပင်လုံးကို ရယူနိုင်ခဲ့လေသည်။

ကွေ့ကျူ ရသွားသည့် အင်မော်တယ်ရေစက်ကို ရန်ကိုင်က ပြန်ရသွားခဲ့သလို ကျိလုန်ဆီမှ ရေစက်ကိုလည်း ကျိလုန်ကို သတ်ပြီးနောက် ရန်ကိုင်မှ ထပ်ရရှိသွားခဲ့သည်။ လွန်ခဲ့သောနှစ်ဝက်က ခေါင်းဆောင်အိုင်းအောင် ထုတ်ယူလာခဲ့သည့် အဖိုးတန် ရတနာဆိုသည်မှာ အင်မော်တယ်ရေစက်သာ ဖြစ်ရပေလိမ့်မည်။

အင်မော်တယ်ရေစက်သည် သေသွားသည့်ကို ပြန်ရှင်အောင်လုပ်ပေးနိုင်သောကြောင့် တန်ခိုးရှင်ဘုရင်တတိယအဆင့်များပင်လျှင် လိုချင်သော ရတနာတစ်မျိုး ဖြစ်သည်။

အင်မော်တယ်ရေစက်ကိုသာ ရရှိထားခြင်းသည် အသက်နှစ်သက်ကိုပင် ပိုင်ဆိုင်ထားသည်နဲ့တူပေသည်။ ထိုကြောင့်ခေါင်းဆောင်အိုင်းအောင်က အင်မော်တယ်ရေစက်ကို ရွှယ့်ယွယ်၏ အမေဆီ တုံ့ဆိုင်းခြင်းမရှိပေးလိုက်သည်ကို ကြည့်လျှင် အမေလေးဆိုသူကို သူမည်မျှ ချစ်မြတ်နိုးကြောင်း မြင်တွေ့နိုင်ပေသည်။

"အမေလေးက မသေသေးပေမယ့် နိုးလာမယ့် အရိပ်ယောင် မပြသေးဘူး။ ပြီးတော့ ဒီအတောအတွင်း ငါ့အဖေက ဆေးပညာရှင် အများကြီးခေါ်ထားပြီး အမေလေးရဲ့အခြေနေကို စစ်ဆေးကြည့်တယ်။ သူတို့ပြောတာတော့ အမေလေးက သူ့ဝိညာဥ် ပြင်းပြင်းထန်ထန် ထိခိုက်သွားလို့ သတိလစ်နေတာတဲ့။ အဲ့လိုဒဏ်ရာမျိုး ပြန်ကောင်းစေချင်တယ်ဆိုရင် ဝိညာဥ်ကိုကုသပေးနိုင်တဲ့ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတစ်လုံးကို သောက်မှ အဆင်ပြေလိမ့်မယ်တဲ့။ ဒါပေမယ့်အဲ့လိုဆေးလုံးကို သောက်နိုင်မယ် ဆိုရင်တောင် နိုးလာဖို့က အာမခံချက်မရှိသေးဘူး။ငါ့အဖေကတော့ သူတတ်နိုင်သမျှနည်းလမ်းတွေကို အသုံးချနေတာဘဲ။ ငါတောင် သူ့ကိုကြည့်ပြီး စိတ်ဓာတ်ကျလာတယ်။"

ရန်ကိုင်သည် ရွှယ့်ယွယ်ပြောပြနေသည်ကို သေချာအာရုံစိုက်နားထောင်နေခဲ့သည်။

ရွှယ့်ယွယ် ပြောပြီးသွားနောက် အလေးနက် လေသံဖြင့် ပြန်မေးလိုက်လေသည် "ဘယ်လိုဆေးလုံးမျိုး လိုအပ်တယ်လို့ ပြောသွားတာလဲ"

"ဝိညာဥ်အရင်းမြစ် အားပြန်ဖြည့်ဆေးလို့တော့ ပြောတာပဲ" ရွှယ့်ယွယ်ကပြောလိုက်သည်။

စဥ်းစားကြည့်လိုက်သည့်နောက် ထိုဆေးလုံးကို ဖော်စပ်ရန် ဘာလိုအပ်သလဲ၊ ထိုဆေးလုံး၏အာနိသင်မှာ မည်ကဲ့သို့ဖြစ်သည်ကို ရန်ကိုင်နားလည်သွားခဲ့သည်။

ကံကောင်းစွာဖြင့် ဝိညာဥ်အရင်းအမြစ်အားပြန်ဖြည့်ဆေးကို ဖော်စပ်ရမည့်ဆေးညွှန်းအား ဆေးပညာကျမ်းတွင် မှတ်တမ်းတင်ထားခဲ့လေသည်။ သို့တိုင် ရန်ကိုင်ကတော့ မနေနိုင်ဘဲ ပြောလိုက်မိသေး၏။

"နင်တို့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက တကယ့်လူတော်တွေနဲ့ ပြည့်နေတာပဲ။ ဒီလိုပျောက်ဆုံးနေပြီဖြစ်တဲ့ ဆေးလုံး တစ်လုံးကိုတောင် သိနေသေးတယ်" သူသာ အစစ်မှန်ဆေးပညာကျမ်းကို ဧကရာဇ်ဥယျာဥ်ထဲ၌ မတော်တဆရခဲ့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ဤမျှ များပြားသည့် ဆေးညွှန်းများကို သိနေလိမ်မည်မဟုတ်ချေ။ သို့သော်လည်း ဟုန်းလော့ကုန်သွယ်ရေးထဲမှ တစ်ယောက်ယောက်က သိနေခဲ့သည်။ ဒီစီရင်စုကြီး၏ မဟာအင်အားစု သုံးခုအနက် တစ်ခုဆိုသည့်အတိုင်းပင်။

"နင်လည်း သိတာလား" ရွှယ့်ယွယ်သည် ရန်ကိုင်အား အံသြသင့်တကြီး ကြည့်လိုက်သည်။ ချက်ချင်းဆိုသလို

သူမ၏ မျက်ဝန်းလေးများ တဖျက်ဖျက် တောက်ပလာခဲ့ပြီး ပြောလိုက်လေ၏ "ဟုတ်သားပဲ။ နင်လည်း ဆေးပညာရှင် တစ်ယောက်ပဲကို"

သူမ ယင်နေကြာရေစင် အဆိပ်မိပြီး သတိလစ်နေစဥ်က ဆေးတိမ်တိုက်ပါသည့် ဆေးလုံးကိုဖော်စပ်ပြီး သူမအသက်ကိုကာ်တင်ပေးခဲ့သူမှာ ရန်ကိုင်သာဖြစ်သည်။ သူမခေါင်းထဲတွင် ရန်ကိုင်အကြောင်း အမြဲတစေ တွေးနေမိသော်လည်း ရန်ကိုင်သည် ဆေးပညာရှင် ဖြစ်သည်ဟူသောအချက်ကို လုံးဝ မေ့လျော့နေခဲ့သည်။

အခု ရန်ကိုင်ပြောသည့်အခါမှသာ ရန်ကိုင် ဆေးပညာရှင်တစ်ဦး ဖြစ်ကြောင်း ပြန်သတိရသွားတော့သည်။ သို့သော်လည်း ချက်ချင်းဆိုသလိုပင် ရွှယ့်ယွယ်၏ မျက်ဝန်းလေးများ ပြန်မှိန်ကျသွားပြီး အားမပါသည့်လေသံဖြင့်

“ဝိညာဥ်အရင်းအမြစ်အားပြန်ဖြည့်ဆေးက တန်ခိုးရှင်ဘုရင် အလယ်လတ်အဆင့် ဆေးလုံးတစ်လုံးပဲ။ အဲ့လိုဆေးလုံးမျိုးကို တန်ခိုးရှင်ဘုရင်အဆင့်ဆေးပညာရှင်တွေပဲ ဖော်စပ်နိုင်တာ။ နင်ကဆေးပညာရှင်တစ်ယောက်ဆိုပေမယ့်…"

ရွှယ့်ယွယ်သည် စကားကိုပင် ဆုံးအောင် ပြောမသွားခဲ့ပေ။ ရန်ကိုင်၏ အရည်အချင်းကို မယုံကြည်သည်မဟုတ်။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်များကိုက အလွန်ရှားပါးလွန်းနေသည့် အတွက်ကြောင့်သာ ဖြစ်သည်။ ဒီစီရင်စုကြီးတစ်ခုလုံး လိုက်ရှာမည်ဆိုလျှင်ပင် ထိုကဲ့သို့သော ဆေးပညာရှင်ကို ရှာတွေ့ဖို့သည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးကို ရှာတွေ့ဖို့ထက်ပင် ပိုခက်လောက်ပေသည်။

ရန်ကိုင်သည် အသက်ငယ်ငယ်လေးဖြင့် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သို့ ရောက်နေသည်ကိုကြည့်လျှင် သိုင်းပညာတာအိုတွင် သူမည်မျှပါရမီပါသည်ကို မြင်တွေ့နိုင်သည်။ သို့သော်လည်း သိုင်းတာအို၌ အလွန်ပါရမီပါသည့် လူတစ်ဦးသည် ဆေးပညာတာအိုတွင် မည်သို့များ အလွန်ထူးချွန်နေအုံးမည်နည်း။

ရန်ကိုင်ကမှု ရှင်းပြမနေဘဲပြန်၍သာ မေးလိုက်သည် "ပုံမှန်ဆို နင့်အမေလေးက နင့်ကိုဘယ်လိုဆက်ဆံလဲ"

"အမေလေးငါ့အပေါ် အရမ်းကောင်းတယ်။ ငါ့အမေ သေသွားတဲ့ နောက်ပိုင်း အမေလေး လက်ထဲမှာပဲ ကြီးပြင်းလာခဲ့တာ။ လူတွေရှေ့မှာ ဘယ်လိုပြုမှုရမလဲ အခြားလူတွေနဲ့ ဘယ်လို စကားပြောရမလဲဆိုတာကို သူပဲသင်ပေးခဲ့တာ။ ငါ့လျှို့ဝှက်ချက်တွေ အားလုံးကိုလည်း သူသိတယ် ။အဖေမရှိတဲ့ အချိန်မျိုးတွေဆို ငါ့ကိုမိန်းကလေး ဝတ်စုံတွေ ပေးဝတ်လေ့ရှိတယ်"

ထိုအကြောင်းကိုပြောနေခဲ့စဥ် ရွှယ့်ယွယ်၏ မျက်နှာလေး ပြုံးနေခဲ့လေသည်။ ထို့နောက် ဝမ်းသာချိုမြိန်စရာ အကြောင်းအရာတစ်ခုကို ပြန်သတိရသွားသည့်အလား "ဒါပေမယ့် ငါအဲ့လို ဝတ်ရရင်တောင် ခဏလောက်ပဲ။ ပြီးရင် ယောကျာ်းလေးပုံစံ ပြန်ချိန်းရရော။ အဖေက ငါအဲ့ပုံစံနဲ့ သူ့ရှေ့ ပေါ်လာရင် အရမ်း ဒေါသထွက်တာ”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ရွှယ့်ယွယ် ပြောသွားသည့်ပုံအရ အမေလေးသည် သူ့ကို အရမ်းချစ်သည့် လူတစ်ယောက် ဖြစ်ရပေမည်။

"ငါတစ်ချက်သွားကြည့်လို့ရမလား"ရန်ကိုင်က မေးလိုက်၏။

"နင်သွားကြည့်ချင်တာလား" ရွှယ့်ယွယ်က အံအားသင့်နေသည့် အမူအရာဖြင့် "ဟုတ်သားပဲ။ နင်လည်းဆေးပညာရှင် တစ်ယောက်ပဲကို။ အဲ့ဒီက ဆေးပညာရှင်တွေနဲ့ ဆွေးနွေးကြည့်ပေါ့။ အမေလေးကို ကုသလို့ ရ၊မရ။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ငါတို့ဂိုဏ်းရဲ့ ဧည့်အကြီးအကဲ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်ကို ငါ့အဖေ သွားဖိတ်ခေါ်ထားသေးတယ်။ အခုထိတော့ မရောက်သေးဘူး”

"နှစ်ဝက်ကတည်းက သွားခေါ်တာ အခုထိတောင် မရောက်သေးတာလား” ရန်ကိုင် အံအားသင့်သွားသည်။

“တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တွေ ဘယ်လောက် မောက်မာလဲဆိုတာ နင်မေ့နေတာပဲ။ အဲ့လူက ငါတို့ဂိုဏ်းရဲ့ ဧည့်အကြီးအကဲ ဆိုပေမယ့် သူ့မှာလည်း ကိုယ်ပိုင်ဂိုဏ်း ရှိတယ်။ ဧည့်အကြီးအကဲက ဘာလဲဆိုတာ နင်သိပါတယ်"

"အင်း ငါသိတယ်" ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ဧည့်အကြီးအကဲသည် မဟာအကြီးအကဲနှင့် အဆင့်အတန်းချင်း တူညီမှုနီးပါးရှိသော်လည်း မဟာအကြီးအကဲတွင် ရှိသည့် တာဝန်မျိုးမရှိချေ။ ဧည့်အကြီးအကဲဆိုသည်မှာ သူတို့၏နာမည်ကို ဂိုဏ်းအား အငှားချထားသူများ ဖြစ်ကြသည်။ အပြန်အလှန်အနေဖြင့် ဂိုဏ်းမှ သူတို့၏နာမည်ကို အသုံးပြုသည့်အတွက် အကျိုးအမြတ်များ ပြန်ပေးရလေသည်။

ထို့ကြောင့် ဧည့်အကြီးအကဲတစ်ဦးသည် ဂိုဏ်းနှင့် မသက်ဆိုင်ဟု ပြော၍ရသလို ဂိုဏ်းအတွက်လည်း ဘာမှ လုပ်ပေးစရာမလိုပေ။ ဂိုဏ်းတစ်ဂိုဏ်းလုံး အန္တာရယ် နှင့် ရင်ဆိုင်နေရလျှင်ပင် ဧည့်အကြီးအကဲသည် ဘာမှ မလုပ်ဘဲ ထွက်သွားနိုင်၏။ မည်သူမှ သူ့ကို ဝေဖန်လိမ့်မည်မဟုတ်ချေ။

တစ်ဖက်မှာတော့ မဟာအကြီးအကဲက ထို့ကဲ့သို့မဟုတ်။ မဟာအကြီးအကဲ၏အဆင့်အတန်းမှာ အလွန်ကိုမှ မြင့်မားသော်လည်း မဟာအကြီးအကဲသည် ဂိုဏ်းနှင့်သာ အတူသေ၍ ဂိုဏ်းနှင့်သာအတူရှင်ရည့်လူမျိုး ဖြစ်သည်။

ဂိုဏ်းတစ်ဂိုဏ်းလုံး အန္တာရာယ်နှင့် ရင်ဆိုင်ရပြီဆိုလျှင် မဟာအကြီးအကဲသည် ပထမဦးဆုံး ရှေ့မှ ထွက်ရပ်ရမည့်လူ ဖြစ်သည်။

ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းသည် အလွန်ကိုမှ အင်အားကြီးသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။ ခေါင်းဆောင်အိုင်းအောင် ဆိုသူမှာ ထိုအဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်သည်။ သို့တိုင် သူကိုယ်တိုင်ဖိတ်ခေါ်သည်ကို နှစ်ဝက်ကြာသည့်တိုင် ရောက်မလာသေးသည်ကို ကြည့်လျှင် ထိုဆေးပညာရှင် မည်မျှမောက်မာကြောင်း မြင်တွေ့နိုင်ပေသည်။

ထိုသို့ဆိုပင်လျှင် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှာတော့ ဘာမှ အထွန့်မတက်ရဲပေ။

အိုင်းအောင်သည်ပင်လျှင် ဆေးပညာရှင် စိတ်မပျက်ရလေအောင် ယဥ်ယဥ်ကျေးကျေးဖြင့်သာ တောင်းဆိုနေရသည်။ ဆေးပညာရှင်မှာ ယခုအချိန်ထိ ရောက်မလာသေးသော်လည်း သတင်းစကားအရတော့ နောက်ရက်အနည်းငယ်အတွင်း ရေလကြယ်သို့

ရောက်လာလိမ့်မည်ဟု ပြောနေကြသည်။

အိုင်းအောင်မှာ အမေလေးကိစ္စနှင့် အလွန်ကိုမှ ဗျာများနေရသည့် အတွက်ကြောင့် ရှန်တုကိုပင် မတွေ့နိုင်တော့ချေ။ ထို့အကြောင်းကြောင့်ပင် ရှန်တုမှာ ရက်အတော်ကြာအောင် သွားစောင့်နေခဲ့သော်လည်း သူ့အဖေနှင့် တွေ့ခွင့်မရခဲ့ခြင်း ဖြစ်သည်။

"အဲ့လိုဆိုမှတော့ တစ်ချက်သွားကြည့် ကြတာပေါ့” ရန်ကိုင်က ပြောလိုက်လေသည်။

"ကောင်းပြီလေ ငါနင့်ကိုခေါ်သွားပေးမယ်။ အမေလေးသာ နင့်အကြောင်းသိရင် ကျိန်းသေပျော်သွားမှာ" ရွှယ့်ယွယ်သည် ကျလုမတတ်ဖြစ်နေသော မျက်ရည်များကို သုတ်ရင်း ပြောလိုက်လေသည်။ ကြည့်ရသလောက်တော့ အမေလေးဆိုသူသည် သူမနှလုံးသားထဲ၌ သူမအဖေထက်ပင် ပိုအရေးကြီးသည့် နေရာ၌ ရှိနေသည့်ပုံပင်။

"ငိုမနေနဲ့ နင်ငိုနေတဲ့ပုံကိုသာ ရှန်တုမြင်သွားရင် သူဘယ်လိုထင်သွားမလဲ" ထိုသို့ပြောရင်း ရန်ကိုင်သည် ရွှယ့်ယွယ်၏ မျက်ရည်စများကို သုတ်ပေးလိုက်သည်။ ရန်ကိုင်၏ လုပ်ရပ်ကြောင့် ရွှယ့်ယွယ်၏ ပါးလေးများ နီမြန်းလာခဲ့ရလေသည်။

မကြာမီခန်းမတံခါးပွင့်သွားပြီးရန်ကိုင်နှင် ရွှယ့်ယွယ်တို့ ရှေ့ဆင့်နောက်ဆင့် လမ်းလျှောက်ထွက်လာခဲ့လေသည်။ တံခါးပေါက်ဝတွင် ခိုးနားထောင်နေကြသော ရှန်တုတို့ သုံးဦးသည် တံခါးပေါက် ပွင့်လာသည်ကိုမြင်သော် အလျင်စလိုနောက်သို့ ခုန်ဆုတ်လိုက်ကြသည်။

ထို့နောက် ရန်ကိုင်နဲ့ ရွှယ့်ယွယ်တို့အား သင်္ကာမကင်း အမူအရာဖြင့် ကြည့်လိုက်ကြသည်။ ရွှယ်ယွယ်မျက်နှာကို မြင်ပြီးနောက် မျက်နှာပျက်သွားခဲ့လေ၏။ သူတတိယညီလေး၏ မျက်လုံးများသည် ငိုထားသည့်အလား အနည်းငယ် နီမြန်းနေခဲ့သည်။ ထို့အပြင် ပါးနှစ်ဖက်မှာလည်း ရှက်သွေးဖြာနေသည့်နှယ် ပန်းဆီရောင်သန်းနေလေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၉၈)

ဘုရားရေဘယ်လိုတွေဖြစ်ကုန်တာလဲ ထိုနှစ်ယောက်ကြား ဘာတွေများ တကယ်ကြီး ဖြစ်သွားခဲ့လေသနည်း။

ပုံမှန်အားဖြင့် အရမ်းကိုမှ ရက်စက်ကြမ်းတမ်းပါသည် ဆိုသော သူ၏တတိယညီလေးသည် ဘာကြောင့်များ ရှက်သွေးဖြာနေသည့် ပုံစံမျိုး ပေါက်နေရသနည်း။ ထိုသို့ စိတ်ထဲ ညီးတွားရင်းမှ ရန်ကိုင်ကိုကြည့်သည့် ရှန်တု၏ အကြည့်မှာလည်း အပြောင်းကြီး ပြောင်းလဲသွားခဲ့လေသည်။

ရွှယ့်ယွယ်ပုံစံကိုကြည့်ရင်းလီနွော့ နှင့် ဒေါ်လေးချန်တို့မှာလည်း မှင်သက်နေကြသည်။ ဘာပြောလို့ ပြောရမှန်းပင်မသိတော့။

ထိုသုံးယောက်သူမအားအထင်လွှဲနေသည်ကို သိလိုက်သော် ရွှယ့်ယွယ် ပို၍ ရှက်သွားခဲ့လေသည်။ လိပ်ပြာမလုံသည့် လူတစ်ဦး၏ မျက်လုံးများကဲ့သို့ တောင်ကြည့်မြောက်ကြည့် လိုက်လုပ်တော့သည်။

"ရှန်တု ငါရေကောင်းကင်မြို့ဆီ ရွှယ့်ယွယ်နဲ့ တစ်ချက်လောက် သွားကြည့်လိုက်အုံးမယ်"

"ဪ..အင်း အင်း... " ရှန်တုသည် ရန်ကိုင် ဘာပြောသွားလဲဆိုသည်ကိုပင် မသိလိုက်ဘဲ တအင်းအင်းတအားအားဖြင့်သာ ပြန်ထူးလိုက်သည်။

"အဲဒါဆိုငါသွားပြီနော်" ရန်ကိုင်ကပြုံးလျက် လက်သီးဆုပ်ကာ ပြောလိုက်သည် "လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းကို စောင့်ရှောက်မယ့်ကိစ္စ ငါမင်းလက်ထဲကို အပ်ထားလိုက်ပြီနော် ရှန်တု”

ပြောပြီးပြီးနောက် ရွှယ့်ယွယ်အား မျက်စပစ်ပြလိုက်လေသည်။ ထို့နောက် နှစ်ဦးသား ကိုယ်ပိုင်ကြယ်လွန်းပျံ အသီးသီးကို ထုတ်ကာ ပျံသန်းသွားကြလေသည်။

ရန်ကိုင်နှင် ရွှယ့်ယွယ်တို့ ထွက်သွားပြီး အတော်လေး ကြာသည့်အခါမှပဲ ရှန်တုနှင့်အမျိုးသမီး နှစ်ဦးအသိ ပြန်ဝင်လာကြသည်။

ရှန်တုသည် ခေါင်းကို လက်နှစ်ဖက်ဖြင့် ကိုင်၍ တုန်လှုပ်နေသူ တစ်ယောက်အနှယ် အော်ဟစ်လေ၏ "သွားပြီ သွားပြီး သွားပြီ တတိယညီလေးရာ မင်းဘယ်လိုတောင် လုပ်ရက်တာလဲကွာ။ ဘယ်လိုလုပ်ပြီး ဒီလိုတွေဖြစ်ကုန်ရတာလဲ။ ပြီးတော့ ရန်ကိုင် မင်းလည်း ဟူးးးး" ရှန်တုသက်ပြင်းသာ ချလိုက်တော့သည်။

ဒေါ်လေးချန်နှင့် လီနွော့သည်လည်း ရှန်တုကဲ့သို့ပင် ဖြစ်နေလေသည်။

"ငါတော့သွားပြီ" ရှန်တု သည်အားမရှိသည့်အလား မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားခဲ့လေသည်။

"ဒီကိစ္စက ဒုတိယသခင်လေးနဲ့ဘာဆိုင်လို့လဲ" လီနွော့သည် နားမလည်နိုင်စွာဖြင့် ရှန်တုကို ကြည့်ကာမေးလိုက်သည်။

"ရန်ကိုင်ကို ဒီနေရာဆီ ခေါ်လာတာငါလေ။ ငါသာခေါ်မလာခဲ့ရင်… သူနဲ့တတိယညီလေးမှာသာ ဒီလိုအကြံမျိုးရှိနေတာကို သိခဲ့ရင် အသေသာခံလိုက်မယ်။ ရန်ကိုင်ကိုတော့ ဒီနေရာဆီ လုံဝခေါ်လာခဲ့မှာမဟုတ်ဘူး။ ငါတကယ်ကို မှားသွားတယ်။ ငါတို့ မျိုးရိုးမပျောက် ပျက်သွားအောင်လို့ အဖေက ငါနဲ့တတိယညီလေးကို မြန်မြန်လက်ထပ်ပြီး ကလေးမွေးစေချင်နေတာ။ အခုတတိယညီလေးက ဒီလိုဖြစ်သွားတော့ ဘယ်သူက ကလေးမွေးတော့မှာလဲ။ ကလေးမွေးမယ့် တာဝန်က အကုန်လုံးငါ့တစ်ယောက်ထဲဆီကို ရောက်လာတော့မှာပေါ့" ရှန်တုက အထွန့်တက်လိုက်လေသည်။

တစ်ချိန်တည်းတွင် သူ့စိတ်ထဲ ဖိအားအကြီးကြီးလည်း ခံစားနေရလေသည်။

လီနွော့က နှုတ်ခမ်းလေးကွေးကာပြုံးလျက် ပြောလိုက်လေသည် "အဲ့ကိစ္စတွေက အနာဂတ် မှာဖြစ်မယ့်ကိစ္စတွေလေ။ ဒုတိယသခင်လေး အခုစိုးရိမ်နေစရာ မလိုသေးပါဘူး"

ထိုအခါ ရှန်တုက လီနွော့ဘက်သို့ လှည့်၍ အလျင်စလို အမူအယာဖြင့် မေးလိုက်၏ "ဒါဆိုငါတို့ကလေး ယူကြမလား"

လီနွော့ ရှက်သွေးဖြာသွားပြီး ရှန်တုအား ဒေါသတကြီး စိုက်ကြည့်လိုက်ပြီးနောက် ရှက်ရှက်ဖြင့် ထွက်ပြေးသွားလေသည်။ ထွက်ပြေးသွားသော လီနွော့ကို ကြည့်ရင်း ရှန်တုက အနောက်ဘက်မှလှမ်း အော်ပြောလိုက်၏ "နင်ငြင်းတာလား၊ သဘောတူလိုက်တာလား တစ်ခုခုပြောသွားအုံးလေ။ နင်အခုလို ဘာမှမပြောဘဲ ထွက်ပြေးသွားတော့ ငါကဘယ်ဟာကို အတည်ယူရပေးရမှာလဲ"

ဒေါ်လေးချန်မှာတော့ ထိုမြင်ကွင်းကို ကြည့်ရင်း ကူကယ်ရာမဲ့နေသည့် အမှုအယာဖြင့် ခေါင်းတခါခါသာ လုပ်နေခဲ့လေသည်။

ရေကောင်းကင်မြို့သည် ရေလကြယ်ပေါ်တွင် မိုးမြေစွမ်းအင် အသိပ်သည်းဆုံးနှင့် အတိုးတက်ဆုံး မြိုတစ်မြို့ ဖြစ်လေသည်။ မြို့ထဲသို့ ဝင်ချင်သည့် ကျင့်ကြံသူတိုင်း သူတော်စင်သလင်းကျောက် မြောက်များစွာကို အဖိုးအခအဖြစ် ပေးရသည်။ မြို့ထဲတွင် ဆက်နေချင်သည်ဆိုပါက ပိုမို များပြားသော ပမာဏကို ပေးချေရလေသည်။ ရေကောင်းကင်မြို့သည် ဟုန်းလော့ကုန်သွယ်ရေးအား တစ်နှစ်လျှင် သူတော်စင်သလင်းကျောက်များစွာ ရှာပေးနေသည့် ငွေထုတ်စက်ကြီး တစ်ခု ဖြစ်ပေသည်။

ရွှယ့်ယွယ်သည် သက်သေခံ တံဆိပ်ပြားကိုပင် ထုတ်မပြတော့ဘဲ ရန်ကိုင်ကိုခေါ်ကာ ရေကောင်းကင်မြို့ထဲသို့ တန်းဝင်လာခဲ့လေသည်။ ဂိတ်ပေါက်ဝ၌စောင့်နေသော အစောင့်များသည်လည်း ရွှယ့်ယွယ်အား တစ်ချက်ကလေးပင် မတားခဲ့ချေ။ ရွှယ့်ယွယ် မည်သူလည်း ဆိုတာကို သူတို့သိနေကြသည်။ ရန်ကိုင်ကိုသာ စိတ်ဝင်စားသည့် အမူအယာဖြင့် တစ်ချက်နှစ်ချက် လှမ်းကြည့်ကြ၏။

မြို့ထဲသို့ ဝင်လာပြီးနောက်တွင် အမျိုးသမီးများ စွာသည် ရွှယ့်ယွယ်အပေါ် တမ်းတမ်းစွဲဖြစ်နေ ကြသည်ကို ရန်ကိုင် တွေ့လိုက်ရသည်။ ရွှယ်ယွယ်အား လှမ်းမျက်စပစ်လျှင်ပစ်၊ ရွှယ့်ယွယ်၏ နာမည်ကို လှမ်းခေါ်လျှင်ခေါ် လုပ်နေကြသည်။ ရွှယ့်ယွယ်အား အတော်ကြာသည်အထိ စိုက်ကြည်နေကြသည့် ယောကျာ်းများပင် ရှိနေကြသေးသည်။ မြို့ထဲသို့ ဝင်လာလိုက်သည်နှင့် လူပေါင်းစုံ၏ အကြည့်တို့သည် ရွှယ့်ယွယ်ဆီသို့ စုပြုံ ရောက်ရှိလာကြ သည်။

ရွှယ့်ယွယ်မှာမူ ထိုမြင်ကွင်းနဲ့ အသားကျနေသည့်အလား ဂရုပင် မစိုက်နေဘဲ ရန်ကိုင်အား မျက်စပစ်ပြပြီး ရေကောင်းကင်မြို့ အလယ်သို့ ပျံသန်းသွားလေသည်။ ရန်ကိုင်ကမူ မဲ့ပြုံးသာပြုံးလျက်သာ ရွှယ့်ယွယ် အနောက်မှ လိုက်သွားခဲ့လေသည်။

သူတို့နှစ်ယောက် ထွက်သွားပြီးနောက် မကြာမီ လူတစ်ဦးသည် စာလိပ်ကြီးများ ကိုင်လျက် လမ်းလယ်ခေါင်သို့ ပြေးလာပြီး အားလုံးကြားအောင် အော်ပြောလိုက်လေသည် "နာမည်ကျော် ပန်းချီပညာရှင် ဆွဲထားတဲ့ တတိယသခင်လေးရဲ့ပန်းချီကားချပ်တွေ ရမယ်နော်။ ပန်းချီးကားတွေထဲကပုံက အရမ်းကို အသက်ဝင်တာမို့ ပန်းချီးကားကိုသာ ရထားရင် တတိယသခင်လေးကို ကိုယ်တိုင်တွေ့နေရသလို ခံစားနေရမှာပါ။ ပြီးတော့ ပန်းချီးကားတစ်ချပ်ကို သူတော်စင် သလင်းကျောက် တစ်ထောင်ဘဲ ကျသင့်တာမို့ ပစ္စည်းမကုန်ခင်လေး မြန်မြန် ဝယ်ထားကြမယ်နော်" ထိုသို့အော်ပြောနေရင်းမှ သူ့ လက်ထဲမှ ပန်းချီကားတစ်ချပ်ကို အားလုံး မြင်အောင် ဖွင့်ပြလိုက်၏။

ပန်းချီးကားချပ် ပေါ်တွင် ကျောက်စိမ်းသရဖူကို ဆောင်းထားပြီး ခေါက်ယပ်တောင် တစ်ချောင်းကို ကိုင်ထားသည့် အလွန်ကိုမှ ရုပ်ရည်ချောမောလှသော ယောကျာ်း တစ်ဦးရှိနေခဲ့သည်။ ထိုယောကျာ်းသည်အဖြူ ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပိတုန်းရောင် ဆံပင်ကို ပိုင်ဆိုင်ထားသည်။

နာမည်ကျော် လက်ရာဆိုသည့်အတိုင်း ရွှယ့်ယွယ်နှင့် တကယ်ကို ဆင်တူပေသည်။ နှုတ်ခမ်းလေးမှာလည်း ကြည့်နေသည့် လူအားလုံးကို ပြုံးပြနေသလို ဖြစ်အောင် အနည်းငယ် တွန့်ကွေးထားလေသည်။ ထိုပန်းချီးကားချပ်ကို မြင်ပြီးနောက် မရေမတွက်နိုင်သော အမျိုးသမီးများရော၊ အမျိုးသားများပါ ပန်းချီအရောင်းသမားဆီသို့ စုပြုံ တိုးဝင်လာကြလာလေသည်။

"ငါ့ကိုတစ်ခုပေး"

"ငါနှစ်ခုယူမယ်"

"ဒီမှာသူတော်စင်သလင်းကျောက်တစ်ထောင် ငါ့ကိုတစ်ခုပေး"

"ငါ့ကိုတစ်ခုလောက် ရောင်းပေးပါကွာ။ ဒီတစ်ကြိမ်သာ ငါမရရင် ငါ့မိန်းမငါ့ကို အိမ်ထဲဝင်ခွင့်ပေးမှာ မဟုတ်ဘူးကွ။ မင်းကြောင့် ငါအခုလိုဘဝ ရောက်ရတာ တတိယ သခင်လေးရာ"

"ဘယ်ခွေးကောင် ငါ့ရင်ဘက်ကို လာကိုင်နေတာလဲဟဲ့။ သတ္တိရှိရင်အခုချက်ချင်းထွက်လာခဲ့စမ်း"

"မင်းတို့ရန်ဖြစ်မနေကြနဲ့တော့ ဒီပန်းချီကားတွေ အကုန်လုံးကို ဒီအဖေပိုင်သွားပြီ" ပြောရင်းဆိုရင်းဖြင့် မုတ်ဆိတ်ပရပွနှင့် သက်လတ်ပိုင်းလူကြီး တစ်ဦးသည် သူတော်စင်ချီကို ထုတ်လွှတ်၍ လူအုပ်ထဲသို့ ပြေးဝင်လာခဲ့လေသည်။

ပန်းချီကားကို လုနေကြသည့် လူအုပ်ကြီးတစ်ခုလုံး လွင့်ထွက်သွားပြီးနောက် သက်လတ်ပိုင်း လူကြီးသည် ပန်းချီးကားချပ် ရောင်းနေသည့် လူဆီမှ ပန်းချီးကားချပ် အားလုံးကို လုယူလိုက်ပြီး သူ့သိုလှောင်လက်စွပ်ထဲသို့ ထည့်ကာ လူအုပ်ကြီးကို ဝေ့ကြည့်၍ အေးစက်စက်လေသံနှင့် ပြောလိုက်လေ၏ "မင်းတို့လိုကောင်တွေကများ တတိယသခင်လေးရဲ့ ပန်းချီကားချပ်ကို လိုချင်နေသေးတယ်။ မတူရာမတန်ရာကွ ဒီလောကကြီးမှာ တတိယသခင်လေးနဲ့ လိုက်ဖက်တာ ဆိုလို့ ဒီအဖေပဲ ရှိတယ်ကွ"

ကောင်းကင်တွင်ပျံဝဲနေသည့် ရွှယ့်ယွယ်သည် သက်လက်ပိုင်းလူကြီး၏ စကားကို ကြားပြီး နောက်မြေပြင်ပေါ်သို့ ပြုတ်ကျလုမတတ်ဖြစ် သွားခဲ့လေသည်။ လူအုပ်ကြီးနဲ့အတော်လေး ဝေးရာတွင်ရှိနေသော်လည်း သူမ၏မြင့်မားသော ကျင့်ကြံခြင်းကြောင့် အောက်ဖက်မှပြော နေသည့်စကားများကို လှမ်းကြားနေရသည်။ သက်လတ်ပိုင်း လူကြီး၏ စကားကိုကြားရပြီးနောက် သူမတစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားခဲ့လေသည်။

ရန်ကိုင်သည် ရွှယ့်ယွယ်ကို ကြည့်ကာမေးလိုက်သည် "နင်မြို့ထဲလာတိုင်း အမြဲတမ်း ဒီလို ဖြစ်တာပဲလား”

"အမြဲတမ်းပဲ" ရွှယ့်ယွယ်က ကူကယ်ရာမဲ့စွာ ပြန်ပြောလိုက်လေသည် "ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် မြို့ထဲကိုဘယ်တော့မှမလာချင်တာ"

ပြောပြီးနောက်ရန်ကိုင်အားအေးစက်စက် အမှုအယာဖြင့် ကြည့်လျက် "နင်က ဒါကို ရယ်စရာလို့ ထင်တယ်ပေါ့"

"ငါမရယ်ပါဘူး" ရန်ကိုင်က အလေးနက် အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။

"နင်ရယ်ရဲရင် ရယ်ကြည့်ပေါ့။ ငါနဲ့ တွေ့သွားစေရမယ်"

"ငါတကယ်မရယ်ဘူး" သို့တိုင် ရယ်ချင်စိတ်ကို အပြည့်အဝ ဖုံးကွယ်မထားနိုင်ခဲ့ပေ။ ရန်ကိုင် ပုံစံကိုကြည့်ရင်း ရွှယ့်ယွယ် အံတကြိတ်ကြိတ် ဖြစ်သွားခဲ့သည်။

ရေကောင်းကင်မြို့အလယ်ရှိ မိုးမြေစွမ်းအင်အရှိန်အဝါသည်အလွန်ကိုမှ သိပ်သည်းလွန်းသည့်အတွက်ကြောင့် စိတ်ဝိညာဉ်ချည်မျှင်များ ဖြစ်ပေါ်ကာနီး အခြေအနေထိပင် ရောက်ရှိနေလေသည်။

မြို့အလယ်ခေါင်တည်တည့်တွင် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ ဋ္ဌာနချုပ် ဖြစ်သည့် ကြီးကျယ်ခမ်းနားသော နန်းတော်ကြီးတစ်လုံး ရှိနေခဲ့သည်။ ထိုနန်းတော်ကြီး၏ အနောက်မြှောက်ဘက်စူးစူးတွင် ခြင်္သေ့ရိုင်းကဲ့သို့ လူထွားကြီး တစ်ဦးသည် မျက်မှောင်ကြုတ်၍ ခေါင်တုန့်ခေါက်ပြန် လမ်းလျှောက်နေခဲ့ သည်။

တစ်စုံတစ်ဦးကို စောင့်နေသည့်အလား အပြင်ဘက်သို့လည်း မကြာမကြာ လှမ်းလှမ်း ကြည့်နေ၏။

ထိုလူကြီး မည်မျှ စိုးရိမ်ပူပန်နေကြောင်းကို သူ့မျက်နှာထက်တွင် အထင်းသားမြင်နေရသည်။ ထိုလူကြီး၏ နောက်တွင် လူတစ်အုပ် မတ်တပ်ရပ်နေကြလေသည်။

ထိုလူများ ဝတ်စားထားသည့်ပုံအရ ထိုလူအုပ်သည် တန်ခိုးရှင်အဆင့် ဆေးပညာရှင်များဖြစ်ကြသည်မှာ အထင်းသားပင်။ သို့ရာတွင် အကုန်လုံးမှာ တိတ်နေကြသည်။ စကားတစ်ခွန်းပင်မပြောရဲ ကြ။ သူတို့စကားပြောလိုက်၍ လူထွားကြီး ဒေါသထွက်သွားမည်ကို စိုးရိမ်နေကြသည်။

လူထွားကြီးမှာ အခြားမဟုတ်။ ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်း၏ခေါင်းဆောင် အိုင်းအောင်သာ ဖြစ်သည်။ တန်ခိုးရှင်အဆင့် ဆေးပညာရှင်များသည် အဆင်အတန်း မြင့်မားသော်လည်း ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့ အစည်း၏ ခေါင်းဆောင်ဖြစ်သည့် အိုင်းအောင်လောက်တော့ အဆင့်အတန်း မြင့်မားခြင်းမရှိပေ။

ထို့အပြင် သူတို့အားလုံးသည် ခေါင်းဆောင်အိုင်းအောင်၏ ဇနီးကို ကုသပေးရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သူများ ဖြစ်ကြသည်။

ထို့ကြောင့် အိုင်းအောင်ကို စကားသွားပြောရန် အတော်လေး ရှက်ရွံ နေကြသည်။ လက်ရှိ၌ အိုင်းအောင်သည်လည်း အတော်လေး ဒေါသထွက်နေခဲ့သည်။ ထို့ကြောင်ပင် သူ၏ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် အရှိန်အဝါကိုပင် ကောင်းကောင်း မထိန်းထားနိုင်တော့ချေ။ အိုင်းအောင်ဆီမှ ဖြာထွက်နေသည့်အရှိန် အဝါကြောင့် အနောက်တွင် ရှိနေသည့် ဆေးပညာရှင်အားလုံး စကားတစ်ခွန်းပင် မပြောရဲတော့ဘဲ ငြိမ်ကုတ်နေကုန်ကြလေ၏။

ရုတ်တရက်အိုင်းအောင်သည် ခန်းမဝင်ပေါက် ဆီသို့လှမ်းကြည့်လိုက်လေ၏။ ထို့နောက် ချက်ချင်းပဲ ပျော်သွားပြီး စိုးရိမ်စိတ်တို့ ပြည့်နေသည့် အသံဖြင့် လှမ်းအော်ပြောလိုက်၏ "ဆေးဆရာကျိုထဲ ရောက်လာပြီလား"

ခန်းမရှေ့သို့ အလင်းတန်းနှစ်ခု ကျဆင်းလာခဲ့သည်။ အလင်းများ ပျောက်ကွယ်သွားပြီးနောက် လူနှစ်ဦးပေါ်လာခဲ့သည်။ ထိုနှစ်ဦးမှာ အခြားမဟုတ်၊ ရန်ကိုင်နှင်ရွှယ့်ယွယ်သာ ဖြစ်လေသည်။

ခေါင်းဆောင်အိုင်းအောင် စကားကိုကြားသည့်အခါ ရန်ကိုင်လည်း သူ့အနောက်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။ သို့သော်လည်း မည်သူကိုမှ မတွေ့ရပေ။ ရွှယ့်ယွယ်က ဘာတွေဖြစ်နေသလဲ ဆိုသည်ကို နားလည်သည့်အလား အလျင်အမြန်ပဲ ရှင်းပြလိုက်လေသည်။ "အဖေ… ဆေးဆရာကျိုထဲ ရောက်လာတာ မဟုတ်ပါဘူး "

"ဆေးဆရာကျိုးထဲ မဟုတ်ဘူးလား” အိုင်းအောင်၏ မျက်နှာကြီး မှုန်ကုတ်သွားခဲ့လေသည်။

ရန်ကိုင်အားအေးစက်စက်အမှုအယာဖြင့်လှမ်း ကြည့်လိုက်ပြီးနောက် ရွှယ့်ယွယ်ဘက်သို့ လှည့်ကာ အော်ဆူလေ၏ "ဆေးဆရာကျိုးထဲ မဟုတ်ရင် ဘာလို့ ခေါ်လာသေးတာလဲ။ အခုချိန်မှာ ဒီနေရာဆီ နင်ခေါ်ချင်တဲ့သူကို ခေါ်လာလို့ရမယ် ထင်နေတာလား"

အဆူခံလိုက်ရသည့်အခါ ရွှယ့်ယွယ်သည် ပြန်မပြောရဲခဲ့ဘဲ ခေါင်းကိုသာငုံ့၍ တောင်းပန်လိုက်လေသည် "ဒါပေမယ့် ကျွန်တော်ရဲ့ သူငယ်ချင်းကလည်း ဆေးပညာရှင် တစ်ယောက်ပါဘဲ။ဒါကြောင့်…"

"ဆေးပညာရှင်" အိုင်းအောင်၏ အမူအယာ ချက်ချင်း ကြည်လင်ဝင်းပသွားခဲ့လေသည်။ ယခုမှဘဲ ရန်ကိုင်၏ ကျင့်ကြံခြင်းကို သေချာ စစ်ဆေးမိတော့သည်။

"တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်လား” ယခုမှသာ ရန်ကိုင်၏ ကျင့်ကြံခြင်းသည် သူနှင့်အဆင့်တူတွသ် ရှိနေကြောင်းကို နားလည်သွားခဲ့လေသည်။ သိပ်မယုံချင်သည့်အလား ရန်ကိုင်ကို နောက်တစ်ကြိမ် သေသေချာချာ ထပ်စစ်ဆေးကြည်၏။ ထို့နောက် ရွှယ့်ယွယ် ဘက်သို့ လှည့်ကာ မေးလိုက်လေ၏ "ရွှယ့်ယွယ် နင့်မှာဘယ်တုန်းက ဒီလိုသူငယ်ချင်း မျိုးရှိသွားတာလဲ"

သူရန်ကိုင်ကို တစ်ခါမှမမြင်ဖူး ချေ။ ရွှယ့်ယွယ်မှာ ပါရမီမြင့်မားသည့် လူတစ်ဦး ဖြစ်သော်လည်း သူသည် တန်ခိုးရှင် တတိယအဆင့် ကျင့်ကြံသူသာ ဖြစ်သေးသည်။ ထို့ကြောင့် သူမအနေဖြင့် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးနှင့် မိတ်ဆွေဖြစ်ဖို့သည် မဖြစ်နိုင်သည့် ကိစ္စတစ်ရပ် ဖြစ်သည်။

"သူက ကျွန်တော်ပြောပြောနေတဲ့ ရန်ကိုင်ဆိုတဲ့ သူလေ " ရွှယ့်ယွယ်ကလေသံတိုးတိုး ဖြင့်ပြန်ပြောလိုက်ပြီးနောက် အိုင်းအောင်၏ အမူအယာ မည်သို့ရှိမလဲ သိအောင် မသိမသာလေး တစ်ချက် အကဲခတ်ကြည့်လိုက်သည်။

"ဂျူနီယာရန်ကိုင် ခေါင်းဆောင်အိုင်းအောင်ကို နှုတ်ဆက်ပါတယ်" လက်သီးနှင့်လက်ဖဝါး ပူးကပ်၍ ပြောလိုက်လေသည်။ ရွှယ့်ယွယ် အကြောင်းအရင်းမရှိ ဆူခံနေရသည်ကိုကြည့်ရင်း စိတ်မပျော်မရွှင် ဖြစ်မိသော်လည်း လက်ရှိသူတို့ ရှေ့၌ရပ်နေသူမှာ ရွှယ့်ယွယ်နှင့် ရှန်တု၏ အဖေ ဖြစ်နေသည့်အတွက် ရန်ကိုင်အနေဖြင့် လေးစားသမှုတော့ ပြုရပေလိမ့်မည်။

"ရန်ကိုင်လား" အိုင်းအောင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ရုတ်တရက် တစ်ခုခုကို စဥ်းစားမိလိုက်သည့်အလား ပြန်မေးလိုက်လေသည် "မင်းက အဲဒီရန်ကိုင်လား" ဩ

"ကြည့်ရတာ ခေါင်းဆောင်အိုင်းအောင် ကျုပ်ကိုသိနေတဲ့ပုံပဲ" ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။

ခေါင်းဆောင်အိုင်းအောင်၏ အမှုအယာသည် သူ့ကိုသိပ်ကြည့်မရသည့် ပုံစံမျိုးပေါက်နေခဲ့ သည်။

"ငါသိတာပေါ့" ထိုသို့ ပြန်ပြောပြီးနောက် အိုင်းအောင်သည် သူတော်စင်ချီကို အရူးအမူး လှည့်ပတ်၍ ရန်ကိုင်ကို ဖမ်းဆွဲလိုက်လေသည်။

"အဖေ" ရွှယ့်ယွယ်၏ အမှုအယာအပြောင်းလဲ ကြီးပြောင်းလဲသွားခဲ့လေသည်။

ရောက်လာလာချင်း ရန်ကိုင်အား သူမအဖေ ဘာကြောင့် ရုတ်တရက်ကြီး တိုက်ခိုက်မှန်းကို ရွှယ့်ယွယ်နားမလည်နိုင် အောင်ဖြစ်နေခဲ့သည်။

ရန်ကိုင်၏ အမူအယာသည်လည်း ခက်ထန်သွားလေသည်။ ရွှယ့်ယွယ်အား ဘေးသို့ တွန်းထုတ်လိုက်ပြီးနောက် လက်ဝါးပေါ်တွင် သူတော်စင်ချီကို စုစည်း၍ အိုင်းအောင်၏ လက်တည့်တည့်ဆီသို့ ပြန်ရိုက်ထုတ်လိုက်လေသည်။

ဘုန်းးးးး

မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် ပေါက်ကွဲသံကြီးနှင့်အတူ ပြင်းထန်သော စွမ်းအင်လှိုင်းတို့ အဘက်ဘက်သို့ဖြာထွက် လာခဲ့လေသည်။ မကြာမီ ဖုန်များရှင်းသွားပြီးနောက် ရန်ကိုင်သည် အနောက်သို့ ခြေသုံးလှမ်းခန့် ဆုတ်လိုက်ရပြီး အိုင်းအောင်က ခြေနှစ်လမ်းသာ ဆုတ်လိုက်ရလေသည်။ ယခုတိုက်ပွဲတွင် အိုင်းအောင်သည် ရန်ကိုင်ထက် အနည်းငယ် အသာစီးရနေခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၉၉)

ဖြာထွက်လာသော စွမ်းအင်လှိုင်းများကြောင့် ရန်ကိုင်မှ ကာကွယ်ပေထားသည့် ရွှယ်ယွယ်မှအပ ခန်းမထဲတွင် ရှိနေသူများအားလုံး ဒယီးဒယိုင် ဖြစ်သွားကုန်ကြလေသည်။

"ခေါင်းဆောင် အိုင်းအောင် ဒါဘာသဘောလဲ" ရန်ကိုင်သည် အိုင်းအောင်အား မျက်လုံးမှေးစင်းကာ စိုက်ကြည့်ရင်း မေးလိုက်လေသည်။

အိုင်းအောင်စိတ်ထဲ အတော်လေးကိုမှ အံ့အားသင့်နေခဲ့သည်။ အချိန်မရွေးခုန်အုပ်တော့မယ့် ကျားတစ်ကောင်နှယ် မျက်လုံးကိုမှေးစင်းလျက် ရန်ကိုင်အား မမှိတ်မသုန် စိုက်ကြည့်နေ၏။

သို့သော်လည်း မကြာမီ ဝါးလုံးကွဲရယ်မောကာ ပြောလိုက်လေသည်။ “မင်းက တကယ့်ကို ပါရမီရှင်ပဲကွ၊ ကောင်လေး… နီကွမ်း မင်းအကြောင်းတွေ ငါ့ကိုအများကြီးပြောဖူးတယ်။ အစကတော့ မယုံချင်ဘူး။ ဒါပေမဲ့ အခုကြည့်ရသလောက်တော့ နီကွမ်းပြောတာတောင် လျှော့ပြောထားတဲ့ပုံပဲ။ မင်းအရည်အချင်းက ရွှယ့်ယွယ်ထက်တောင် အများကြီးသာသေးတယ်”

" စီနီယာချီးကျူးလွန်းနေပါပြီ၊ ဂျူနီယာက ကံကောင်းပြီး အခွင့်အရေးတချို့နဲ့ ကြုံတွေ့ခဲ့ရရုံပါ" ရန်ကိုင်က ခတ်ပြတ်ပြတ်သာ ပြန်ပြောလိုက်သည်။ သူ့အမူအရာသည် နှိမ့်ချခြင်းမရှိသလို မောက်မာခြင်းလည်းမရှိပေ။

အိုင်းအောင်သည် ခေါင်းငြိမ့်လျက် ရုတ်တရက် လက်ကိုဆန့်ထုတ်ကာ ပြောလိုက်သည် "အဲ့တာကိုပေး"

ဘေးဘက်တွင်ဖြူဖက်ဖြူလျော် မျက်နှာဖြင့်ရပ်နေသော ရွှယ့်ယွယ်သည် ယခု သူမအဖေ ပြောသည့်စကားကို ကြားမှပဲ သူမအဖေ ဘာကြောင့် ရန်ကိုင့်အား ရုတ်တရက်ကြီး ထတိုက်ခိုက်ရသလဲ ဆိုသည်ကို နားလည်သွားတော့သည်။

ရန်ကိုင်ကမူ မျက်မှောင်ကြုံ့သွားခဲ့သွားသည်။ သို့သော်လည်း အိုင်းအောင် ဘာကိုပြောနေသလဲ ဆိုသည်ကို အလျင်အမြန်နားလည်သွားခဲ့ပြီး ပြုံးကာ ပြန်ပြောလိုက်၏ "စီနီယာ ဘာလိုချင်နေတာလဲ"

"မင်းသိပါတယ်" အိုင်းအောင်က စိတ်မရှည်စွာပြောလိုက်သည်။

ရန်ကိုင်ကမူ ခေါင်းခါ၍ "စီနီယာ အဲ့တာကိုရရင်တောင် အသုံး၀င်တော့မှာမှ မဟုတ်တာ၊ အဲ့တာက ခန္ဓာကိုယ် ဒဏ်ရာတွေကိုပဲ ကုသပေးနိုင်တာ၊ သခင်မကု အခုကြုံနေရတဲ့ ပြဿနာက ဝိဉာဉ်ထိခိုက်နေတာပဲ"

ရွှယ့်ယွယ့်အမေလေး၏ နာမည်သည် ကုပီဟူ ဖြစ်ပေသည်။ ထိုအကြောင်းကို လမ်းတွင်လာရင်း ရွှယ့်ယွယ်မှ ရန်ကိုင့်အား ပြောပြခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်သည် သူမအား သခင်မကု ဟူ၍ သုံးနှုန်းခဲ့ခြင်း ဖြစ်သည်။

"ငါသိတာပေါ့" အိုင်းအောင်က အလျင်အမြန်ပြန်ပြောလိုက်သည်။

"အဲ့တာဆို စီနီယာဘာလို့ လိုချင်နေသေးတာလဲ" ရန်ကိုင်က မျက်ခုံးပင့်လျက် ပြန်ပြောလိုက်၏ "ကျေးဇူးပြုပြီး မပေးနိုင်တာ ခွင့်လွှတ်ပေးပါ စီနီယာ”

ခန်းမထဲတွင်ရှိနေသည့် တန်ခိုးရှင်အဆင့် ဆေးပညာရှင်များမှာတော့ ရန်ကိုင်တို့ပြောနေကြသည့် အရည်စက်ဆိုသည်မှာ ဘာမှန်းကို နားမလည်နိုင်အောင် ဖြစ်နေကြလေသည်။

သို့သော် ရန်ကိုင်၊ အိုင်းအောင်နှင့် ရွယ့်ယွယ်တို့မှာတော့ ထိုအရာဘာကိုဆိုလိုမှန်း အတိုင်းသား သိနေကြသည်။ သူတို့ပြောနေကြသည့် အရည်စက်မှာ အင်မော်တယ်ရေစင်နှင့် အင်မော်တယ်သစ်ပင်သာ ဖြစ်သည်။ အိုင်းအောင် ရန်ကိုင်အား တိုက်ခိုက်ရခြင်းမှာ ရန်ကိုင့်ဆီမှ အင်မော်တယ်သစ်ပင်ကို လိုချင်သည့် အတွက်ကြောင့်ဖြစ်သည်။ အင်မော်တယ်ရေစင်သည် ကုပီဟူ၏ ထိခိုက်သွားသောဝိဉာဉ်ကို ပြန်မကုသပေးနိုင်သော်လည်း အင်မော်တယ်သစ်ပင်မှာတော့ ထိုကဲ့သို့မဟုတ်။

အင်မော်တယ်သစ်ပင်အား သန့်စင်ခြင်းဖြင့် မဖျက်စီးနိုင်သော အကြွင်းမဲ့ အင်မော်တယ်ခန္ဓာကိုယ်ကို ရရှိနိုင်ပေသည်။

ထို့ကြောင့် အင်မော်တယ်သစ်ပင်ကိုသာ သန့်စင်လိုက်လျင် ကုပီဟူ၏ ထိခိုက်သွားသော ဝိဉာဉ်ကို ကုသဖို့သည် ထမင်းစားရေသောက်နှယ် လွယ်ကူသွားပေပြီ။

"မင်းအဲ့တာကို သန့်စင်လိုက်ပြီလို့တော့ ငါ့ကိုလာမပြောနဲ့နော်" အိုင်းအောင်သည် ရန်ကိုင့်အား ကြောက်မက်ဖွယ်ကောင်းသည့် အကြည့်ဖြင့်စိုက်ကြည့်၍ ပြောလိုက်သည်။

ရန်ကိုင်ကမူ ဘာမှပြန်မပြောဘဲ ရယ်သာရယ်နေခဲ့လေသည်။

ရန်ကိုင် တစ်ကယ်ကြီး သန့်စင်လိုက်ပြီဟုထင်လျက် အိုင်းအောင်ရင်ထိတ်သွား၏။ သူထိုသို့ ထင်ချင်သည်မှာလည်း ထင်ချင်စရာပင်၊ နီကွမ်းပြောပုံအရ ရန်ကိုင်သည် ကမ္ဘာပျက်ထဲသို့ သွားစဉ်က ရွယ်ယွယ့်နှင့် အဆင့်တူ တန်ခိုးရှင်တတိယအဆင့်သာ ရှိသေးသည်။ သို့သော်လည်း ယခုတွေ့လိုက်ရချိန်တွင် ရန်ကိုင်သည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သို့ပင် ရောက်နေခဲ့လေပြီ။

ကျင့်ကြံသူတစ်ဦး မည်မျှပင် ပါရမီ ရှိနေစေကာမူ၊ မည်သို့သော အခွင့်အရေးနှင့်ပင် ကြုံရစေကာမူ တန်ခိုးရှင်တတိယအဆင့်မှ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သို့ အချိန်တိုအတွင်း ခုန်တက်လာဖို့သည် လုံးဝ မဖြစ်နိုင်ချေ။

ထို့ကြောင့်ရှင်းပြချက်တစ်ခုသာ ရှိတော့သည်။ ရန်ကိုင်မှ အင်မော်တယ်သစ်ပင်ကို သန့်စင်လိုက်သည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။ အိုင်းအောင်မှာတော့ လက်မလျော့ချင်သေးဘဲ ကောင်းကင်စိတ်အာရုံဖြင့် ရန်ကိုင့်၏ ခန္ဓာကိုယ်ကို သေချာစစ်ဆေးကြည့်လိုက်သည်။

သို့သော် ရန်ကိုင့်၏ ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသည့်ကြောက်မက်ဖွယ်ရာ အသက်ဓာတ်ကို ခံစားမိပြီးနောက် အိုင်းအောင် အလွန်ကိုမှ ထိတ်လန့်တုတ်လှုပ်သွားခဲ့သည်။ ရန်ကိုင့်ထံမှ ဖြာထွက်နေသော အသက်စွမ်းအင်အရှိန်အဝါသည် သူ့ကဲ့သို့သော ပညာရှင်ကိုပင် ကြောက်ရွံ့သွားအောင် လုပ်နိုင်ပေသည်။

"မင်း တစ်ကယ်ကြီးသန့်စင်လိုက်တာလား" အိုင်းအောင်က မျက်စိပျက် မျက်နှာပျက် အမူအရာမျိုးဖြင့် ပြောလိုက်သည်။ တစ်ချိန်ထဲတွင် သူ့မျက်လုံးထဲရှိ မျှော်လင့်ချက် အရိပ်အယောင်တို့မှာလည်း ပျောက်ကွယ်သွားခဲ့သည်။ အင်မော်တယ်သစ်ပင်ကဲ့သို့သော ရတနာမျိုးကို သူ မသန့်စင်လိုက်ရသည့်အတွက် စိတ်ဓာတ်မကျ။ သူစိတ်ဓာတ်ကျနေသည်မှာ အင်မော်တယ်သစ်ပင်ကို သုံးပြီး ကုပီဟူကို မကယ်နိုင်တော့သည့်အတွက်ကြောင့်သာ ဖြစ်သည်။

ရန်ကိုင်ကမူ ဘာကိုမှရှင်းပြမနေဘဲ အိုင်းအောင်ကိုသာ ဆက်ပြီး အထင်လွဲနေစေလိုက်သည်။ ခဏကြာအောင် တိတ်ဆိတ်နေပြီးနောက်တွင် အိုင်းအောင်က လေသံတိုးတိုးဖြင့် ရုတ်တရက် ရေရွတ်လိုက်၏ " မင်းသန့်စင်လိုက်ရင်တောင် ကိစ္စမရှိဘူး၊ အင်မော်တယ်သစ်ပင်ရဲ့ စွမ်းအားတွေက မင်းခန္ဓာကိုယ်ထဲမှာ စီးဆင်းနေဦးမှာပဲ။ မင်းသွေးကိုသာ ရမယ်ဆိုရင် သူ့ကိုကယ်လို့ရလောက်တယ်"

လက်ရှိ အိုင်းအောင်၏ ပုံစံမှာ ချောင်ပိတ်မိနေသည့် လူတစ်ဦး၏ ပုံစံမျိုးဖြစ်နေလေသည်။ သူလိုချင်သည့်အရာကို ရဖို့အတွက် ဘာကိုမဆိုလုပ်တော့မည့် ပုံစံမျိုးပင်။

အိုင်းအောင်၏စကားကိုကြားသောအခါ ရွယ်ယွယ့်၏ အမူရာ အပြောင်းအလဲကြီးပြောင်းလဲသွားပြီး ချက်ချင်းပဲ ရန်ကိုင့်ရှေ့သို့ ပြေးရပ်ကာ အော်ပြောလိုက်လေသည်။ "အဖေ အဲ့လိုလုပ်လို့ မရဘူး"

"နင်ဘေးဖယ်နေ ဒါနင်စကား‌၀င်ပြောရမယ့်နေရာ မဟုတ်ဘူး" အိုင်းအောင်က ကြိမ်းဝါးလိုက်သည်။

"ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့ရဲ့ နာမည်ကျော် ခေါင်းဆောင်က ဒီလောက်ပဲရှိတာကိုး။ လူတစ်ဦးကို ဂုဏ်သတင်းနဲ့ကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတာ တစ်ကယ်မှန်တာပဲ" ရန်ကိုင်က အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

"ကောင်လေး မင်းဘာပြောလိုက်တာလဲ၊ မင်းစကားကို ကြည့်ပြောနော်" အိုင်းအောင်က မျက်လုံးမှေးစင်းလျက် ပြန်ပြောသည်။

ရန်ကိုင်ကမူ လှောင်ပြုံးပြုံးလျက် "ရွယ့်ယွယ် မျက်နှာကြောင့်ပေါ့ မဟုတ်ရင် ခင်များနဲ့တောင် ရပ်ပြီးစကားပြောနေတော့မှာမဟုတ်ဘူး၊ ခုနတုန်းက ကျွန်ုပ်ကို တိုက်ခိုက်လိုက်တာအတွက်နဲ့တင် ခင်များတို့ ရေကောင်းကင်မြို့တော် တစ်ခုလုံးကို စိစိညက်ညက်ကြေအောင် လုပ်ပစ်လိုက်ပြီ။ ဟန့်…ခင်ဗျား အမျိုသမီးအတွက် အခုလိုလုပ်နေတယ်ဆိုတာ သိလို့လည်းပါတယ်၊ မဟုတ်ရင် ဖုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းဆိုတာ ဘာဆိုဘာမှ မရှိတော့အောင် ကျုပ်လုပ်ပစ်လိုက်တာကြာပြီ”

ရွယ့်ယွယ်၏မျက်နှာ ဖြူဖပ်ဖြူလျော်ဖြစ်သွားပြီး ရန်ကိုင့်၏ အ၀တ်ကိုဆွဲကာ တိုးတိုးလေးပြောလိုက်လေသည် “ဟဲ့၊ နင့်စကားကို ကြည့်ပြော..”

ရန်ကိုင်က ပြုံးလျက် ပြန်ပြော၏ “နင့်အဖေစိတ်ငြိမ်သွားရင် ငါ့စကားကို ထိန်းပြောပေးမယ်”

ထိုအခါမှပဲ အိုင်းအောင်းသည် သူရှေ့တွင် ရပ်နေသူမှာ သူအနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရသည့်လူ မဟုတ်ဘဲ သူနှင့်အဆင့်တူ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း နားလည်သွားခဲ့လေသည်။

ထိုကဲ့သိုသော ပညာရှင်တစ်ဦးသာ ဒေါသထွက်ပြီး စိတ်ရှိတိုင်း သောင်းကျန်းမည် ဆိုပါက ရေကောင်းကင်မြို့တော် တစ်ခုလုံး ဆိုးဆိုးရွားရွား ပျက်စီးသွားရပေလိမ့်မည်။

“မင်းက တစ်ကယ်ကိုရူးတာပဲကွ ကောင်လေးရ” စိတ်ငြိမ်သွားပြီဖြစ်သော်ငြား အိုင်းအောင်မှာ မျက်နှာပျက်ရမည်ကို လက်မခံနိုင်၍ ပြန်ပြောလိုက်သည်။

“ကျွန်ုပ်အခုပဲ ခရမ်းကြယ်ကနေ လာခဲ့တာ” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံး၍ပြန်ပြောလိုက်သည်။

သူဘာပြောချင်သည်ကို အိုင်းအောင်နားလည်မည်ဟု ယုံကြည်ပေသည်။ ရန်ကိုင့်စကားကိုကြားပြီးနောက် အိုင်းအောင် အံဩတကြီး ဖြစ်သွားသည်။ တစ်ခုခုကို နားလည်သွားသည့်အလား တိုးတိုးလေးရေရွတ်လိုက်၏။ “လတ်စသတ်တော့ မင်းကိုး”

ခရမ်းကြယ်တွင် ဘာတွေဖြစ်ပျက်သွားသည်ကို ရွယ့်ယွယ်သိလိမ့်မည် မဟုတ်သော်လည်း ကြယ်စီရင်စုကြီးအနှံ့ ကင်းထောက်များစွာ လွှတ်ထားသည့် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းကြီး၏ ခေါင်းဆောင်ဖြစ်သည့် သူကမူ မသိဘဲ ဘယ်နေမည်နည်း။

ရန်ကိုင်ပြောသည်ကိုကြားပြီးနောက် ခရမ်းကြယ်တွင် သောင်းကျန်းသွားသူမှာ ယခု သူ့ရှေ့တွင်ရပ်နေသူဖြစ်ကြောင်း အိုင်းအောင် ချက်ချင်း နားလည်လိုက်သည်။ ဖန်ရှီကျုံး ကဲ့သို့သော ထိတ်တန်းသိုင်းပညာရှင်တစ်ဦးပင်လျင် ရန်ကိုင့်အား မတာဆီးနိုင်ခဲ့ပေ။ သူသာဆိုလျင်တော့ ပြောနေစရာပင် မလိုတော့။ ထိုအချက်ကိုနားလည်လိုက်သော် အိုင်းအောင်သည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်း၍ ခေါင်းညိမ့်ကာပြောလိုက်၏ “ဒီဘုရင် ရိုင်းသလိုဖြစ်သွားတာ စိတ်ထဲမထားဖို့မျှော်လင့်ပါတယ် ရောင်ရင်း”

“ရောင်ရင်း..” ထိုစကားကိုကြားလိုက်သည့်အခိုက် ရွယ့်ယွယ်၏မျက်နှာမဲ့သွားခဲ့သည်။ ကောင်လေးဟုခေါ်ဝေါ်နေရာမှ မည်ကဲ့သို့ ရုတ်တရက်ကြီး ရောင်ရင်း ဖြစ်သွားရလေသနည်း။ ချက်ချင်းပဲ ရွယ့်ယွယ်သည် ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ အိုင်းအာင်က ရန်ကိုင့်အား ရောင်ရင်းဟု ခေါ်လိုက်သည့်အခါ သူမက မည်ကဲ့သို့ ဖြစ်သွားမည်နည်း။

ရန်ကိုင်ကမူ ရယ်သာရယ်လျက် ပြန်ပြောလိုက်၏ “အခုလိုတွေပြောနေစရာမလိုပါဘူး။ စီနီယာ့မိန်းမကို ကယ်ချင်လို့ ဒီလို‌တွေလုပ်နေမှန်းဂျူနီယာ နားလည်ပါတယ်”

“အခုလို သဘောထားကြီးမားပေးတဲ့အတွက် ရောင်ရင်းကို ကျေးဇူးတင်ပါတယ်၊ ရောင်ရင်းအကြောင်းကို နီကွမ်းဆီက အများကြီးကြားပြီးသားပါ၊ ရေကောင်းကင်မြို့စီ ရောက်လာတယ်ဆိုမှတော့ ခနလောက်အနားယူသွားပါဦး၊ ဒီကကိစ္စလေးတွေရှင်းပြီးတာနဲ့ ရောင်ရင်းနဲ့ စကားလာပြောပါ့မယ်” အိုင်းအောင် စကားကိုကြားပြီးနောက် နီကွမ်းသည် သူနှင့် ရွယ်ယွယ်အကြား ဆက်ဆံရေးကို အိုင်းအောင် အားမပြောရသေးမှန်း ရန်ကိုင်နားလည်သွားလေသည်။

မဟုတ်လျှသ် အိုင်းအောင်အနေဖြင့် သူ့အားဤသို့ ပြောဆိုဆက်ဆံနေလိမ့်မည် မဟုတ်ချေ။

“အဖေ၊ ရန်ကိုင်ကလည်း ဆေးပညာရှင်တစ်ယောက်ပဲ” သူမအဖေ သည် ရင်ကိုင်အား ရောင်ရင်း ရောင်ရင်း ဟု ဆက်တိုက်ခေါ်‌နေသည်ကိုကြားသော် ရွယ့်ယွယ် စိတ်မသက်မသာ ဖြစ်လာကာ ချက်ချင်းခေါင်းစဉ်ချိန်းရန် ကြိုးစားလိုက်လေသည်။

“အို…” အိုင်းအောင်သည် ရန်ကိုင့်အား အံအာ့သင့်တကြီးကြည့်၍ “ရောင်ရင်းက သိုင်းတာအိုမှာတင် အဆင့်မြင့်တာမဟုတ်ဘဲ ဆေးပညာမှာပါ ကျွမ်းကျင်နေတာလား”

“နဲနဲပါးပါးလောက်ပါပဲ” ရန်ကိုင်က သူ့ကိုယ်သူနှိမ့်ချ၍ ပြန်ပြောလိုက်သည်။

“နဲနဲလောက်မကပါဘူးကွာ မင်းကိုယ်မင်းနှိမ့်ချမနေစမ်းနဲ့ ကောင်လေး”

အိုင်းအောင်မျက်မှောင်ကြုံ့သွားလေသည်။ ဤလောကကြီးတွင် သူစကားပြောနေစဉ်ဖြတ်ပြောရဲသည့်လူ သိပ်မရှိချေ။ သို့ရာတွင် စကားပြောလိုက်သည့်လူကို ကိုမြင်ပြီးနောက် အောင်းအိုင်၏အမူအရာ ပြော‌လျော့သွားခဲ့သည်။

ကြည့်ရသည်မှာ စကားပြောလိုက်သည့် လူသည် အတော်လေးအဆင့်အတန်း မြင့်မားပုံပေါ်ပြီး အိုင်းအောင်ပင် အပြစ်မတင်ရဲသူ ဖြစ်ပုံရသည်။ ရန်ကိုင်လည်း အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်သောအခါ လုံး၀ကို အံအားသင့်သွားခဲ့လေသည်။

တန်ခိုးရှင်အဆင့်ဆေးပညာရှင်များစုဝေးနေရာအရပ်တွင် ရင်းနှီးနေသည့် မျက်နှာတစ်ခုကို သူလှမ်းမြင်လိုက်ရသည်။

“ဆေးဆရာ ကျုန်းအောင်လား” ရန်ကိုင် ပျော်သွားပြီး ချက်ချင်းပဲ သွားနှုတ်ဆက်လိုက်လေသည်။ ယခု စကားပြောလိုက်သူမှာ အံ့အားသင့်ဖွယ်ကို တန်ခိုးရှင်အဆင့်မြင့် ဆေးပညာရှင် ကျုန်းအောင် ဖြစ်နေခဲ့သည်။ ရန်ကိုင်နှင့် ရွှယ့်ယွယ်တို့ မိုးရေစဉ်ကြယ်သို့ သွားစဉ်က ကျုန်းအောင် အိမ်တွင် အတော်ကြာအောင်နေခဲ့ဖူးသည်။ ထိုအချိန်က ရန်ကိုင်၏ ခွန်အားမှာ အတော်လေးနိမ့်ကျခဲ့သလို ဆေးပညာအရာတွင်လည်း သိပ်ထူးချွန်ခဲ့ခြင်းမရှိသေးပေ။ ကျုန်းအောင်မှာတော့ သူနှင့်မတူဘဲ ထိုအချိန်ကတည်းက တန်ခိုးရှင်အဆင့်မြင့် ဆေးပညာရှင် တစ်ဦး ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

ကျုန်းအောင်ကို ဤနေရာတွင်လာတွေ့ရလိမ့်မည်ဟု ရန်ကိုင် လုံး၀ မထင်ထားခဲ့ပေ။ သို့သော် သေချာစဉ်းစားလိုက်ပြီးနောက် ကျုန်းအောင် ဤနေရာတွင် ရှိနေသည်မှာ အဓိပ္ပာယ်ရှိမှန်း နားလည်သွားခဲ့သည်။ ကျုန်းအောင်သည် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းထဲသို့ တရား၀င် ၀င်ရောက်ခြင်းမရှိသေးသော်လည်း သူသည် မိုးရေစဉ်ကြယ်တွင် နှစ်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့သူဖြစ်ရာ ဖုန်းလော့ကုန်သွယ်ရေးအဖွဲ့၏ ဂုဏ်ထူးခံ ဧည့်သည်တစ်ဦးဟု ပြော၍ရပေသည်။ ယခု ခေါင်းဆောင်အိုင်းအောင်၏ ဇနီး ဒုက္ခရောက်နေချိန် ကျုံးအောင်ကို ဖိတ်ခေါ်သည်မှာ သဘာ၀သာ ဖြစ်သည်။

“ငါ့ကိုလာ မချီးကျူးနေစမ်းပါနဲ့ကွာ” ကျုန်းအောင်က မဲ့ပြုံးပြုံးလျက် “ဆယ်စုနှစ်လောက် မတွေ့လိုက်ရတာနဲ့ မင်းက တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်တောင် ရောက်နေပြီ၊ ဒီလူအိုကြီးကတော့ အခုထိ တန်ခိုးရှင်တတိယအဆင့်မှာပဲ ရှိနေတုန်း၊ ငါတို့ကြား ဘာမှယှဉ်နိုင်စရာကို မရှိတာ”

“စီနီယာက ကိုယ့်ကိုယ်ကို နှိမ့်ချလွန်းနေတာပဲ၊ အရင်ကတည်းက ဆေးပညာတာအိုမှာ စီနီယာရဲ့ ထိုးထွင်းသိမြင်မှုတွေက လုံး၀ကိုမြင့်မားပြီးသား၊ အခုချိန်ဆို ပိုပြီးတော့တောင် တိုးတက်လာဦးမှာ။ အခုစီနီယာ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် ဖြစ်ဖို့ သိပ်မလိုတော့ဘူးမလား”

ထိုစကားကိုကြားသောအခါ ကျုန်းအောင်သည် ဂုဏ်ယူစွာဖြင့် ပြုံးလိုက်လေသည်။

“ မင်းတို့တစ်ယောက်နဲ့တစ်ယောက်သိကြတာလား” အိုင်းအောင်က အံ့အားသင့်နေသည့် အမူအရာဖြင့် မေးလိုက်လေသည်။

ကျုန်းအောင်က ပြုံးလျက် “ဟိုးအရင်နှစ် တွေတုန်းက သူနဲ့ဆေးပညာနဲနဲပါးပါးဆွေးနွေး ဖူးတယ်လေ။ ငါ့ဆေးမီးဖိုးတွေ အများကြီးကို အဲ့ကောင်ပဲသမသွားတာ”

ရန်ကိုင်ကမူ ရယ်မောလျက် “အဲ့ဆေးမီးဖိုတွေက ကျွုပ်အတွက် အသုံးမ၀င် တော့ဘူး။ စီနီယာ ပြန်လိုချင်ရင် ပြန်ယူလို့ရတယ်နော်”

“မယူတော့ဘူး။ အခုအဲ့တာတွေလည်း ငါအတွက် အသုံးမ၀င်တော့ဘူး” ကျုန်းအောင်က လက်ဝှေ့ရမ်း၍ “မင်းဘာသာပဲ သိမ်းထားလိုက်တော့”

ထိုစကားကို ကြားသောအခါ ရန်ကိုင့် မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွား၏။ ထို့နောက် သူ့ခန်းမှန်းချက်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။ “ကျုပ်ထင်တဲ့အတိုင်းပဲ စီနီယာက တစ်ကယ်ကြီး တန်ခိုးရှင်ဘုရင် အဆင့်ကိုရောက်တော့မှာပဲ။ ဝိဉာဉ် အရင်းအမြစ် အားဖြည့်ဆေးကို ညွှန်းပေးလိုက်တာလည်း စီနီယာပဲမလား”

“ဟုတ်တယ်” ကျုန်းအောင်ကအလေးအနက်အမူအရာဖြင့် “သခမင်မကုရဲ့ ပြဿနာက ဖြေရှင်းဖို့ လွယ်ပေမဲ့ ဖြေရှင်းလို့ရတဲ့ နည်းလမ်းကတော့ နည်းနည်းလေး ပဲရှိတယ်၊ အဲ့နည်းလမ်းတွေထဲကမှ ဝိဉာဉ်အားဖြည့်ဆေးကို ဖော်စပ်ဖို့က အလွယ်ကူဆုံး နည်းလမ်းပဲ”

“ဆေးအမယ်တွေစုပြီးသွားပြီလား”

“အကုန်လုံးနီးပါးတော့ စုပြီးသွားပြီ။ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့ရဲ့ စွမ်းအားနဲ့ လိုအပ်တဲ့ ဆေးအမယ်တွေကို စုဖို့က သိပ်မခက်ဘူး၊ တစ်ကယ့်ပြဿနာက ခုနှစ်ရောင်ခြယ်သမင်ရဲ့ မွန်းစတား အမြူတေပဲ”

“မွန်းစတားအမြူတေလည်းရပြီ။ လွန်ခဲ့တဲ့ ဆယ်ရက်လောက်ကပဲ ဒီဘုရင်ဆီကို ရောက်လာတယ်” အိုင်းအောင်က ၀င်ပြောလိုက်၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၀၀)

ခုနှစ်ရောင်ခြယ် သမင်သည် မျိုးတုဉ်းပျောက်ကွယ်သွားပြီဖြစ်သော ရှေးဟောင်းမွန်းစတား သားရဲတစ်ကောင်ဖြစ်သည်။

ခုနှစ်ရောင်ခြယ်သမင်၏ မွန်းစတားအမြူတေသည် ဝိဉာဉ်အရင်းအမြစ်အားပြန်ဖြည့်ဆေး ဖော်စပ်ရာတွင် အဓိကဆေးအမယ်ဖြစ်ပြီး ၎င်း၏နှလုံးမှာတော့ နှစ်တစ်သောင်းအမွှေးနံ့သာကို ဖော်စပ်ရာတွင်အဓိက ပါ၀င်ပစ္စည်းဖြစ်ပေသည်။ နှစ်တစ်သောင်းအမွှေးနံ့သာသည် ကျင့်ကြံသူ တစ်ဦး၏ ချီနှင့် သွေးစွမ်းအင်ကို တည်ငြိမ်အေးချမ်းအောင် လုပ်ပေးနိုင်ပေသည်။ အမွှေးတိုင်တစ်ချောင်းသည် နှစ်ပေါင်းတစ်သောင်းကြာအောင် အထွန်းခံ၏။

နှစ်တစ်သောင်းအမွှေးတိုင်ကို ကျင့်ကြံနေစဉ်အတွင်း ထွန်းညှိထားမည်ဆိုလျင် ထိုကျင့်ကြံသူအနေဖြင့် သူ့စိတ်ကို အတွင်းနတ်ဆိုးမှ ဝါးမြိုသွားမည်ကို စိုးရိမ်စရာမလိုတော့ချေ။ ထို့ကြောင့် နှစ်တစ်သောင်းအမွှေးနံ့သာသည် ကျင့်ကြံခြင်း အတွက် အလွန်ကိုမှ အသုံး၀င်ခြင်း ဖြစ်သည်။

ယခု အထက်စကြာဝဠာဂိုဏ်း၏ မြင့်တက်နဂါး နန်းတော်ထဲတွင် နှစ်တစ်သောင်းအမွှေးနံ့သာကို ထွန်းညှိထားပေသည်။ ထိုနှစ်တစ်သောင်း အမွှေးနံ့သာကို သဲမီးတောက်နယ်မြေ၏ ခြောက်လွှာမြောက်မှ ပြန်သယ်ယူလာခဲ့ခြင်းဖြစ်သည်။ အထက်စကြာ၀ဠာဂိုဏ်း၏ တစ်ပည့်တစ်ဦးဦး အဆင့်ချိုးဖျက်လိုလျှင် မြင့်တက်နဂါးနန်းတော်သို့ သွား၍ကျင့်ကြံနိုင်ပေသည်။ ထိုနေရာတွင် နှစ်တစ်သောင်း အမွေးနံ့သာသည်သာ ရှိနေခြင်းမဟုတ်ဘဲ အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်လည်း ရှိနေပေသည်။

အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်သည် ကျင့်ကြံသူတစ်ဦးအား ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုကို ပိုမိုလွယ်ကူစွာ ထိုးထွင်းသိမြင်နိုင်အောင် ကူညီပေးနိုင်ပေသည်။

အမှန်အတိုင်းပြောရမည်ဆိုလျှင် အထက်စကြာဝဠာဂိုဏ်း၏ တပည့်များ လျင်မြန်စွာတိုးတက်လာရသည့် အကြောင်းအရင်းများအနက် နှစ်တစ်သောင်းအမွှေးနံ့သာနှင့် အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်သည် အဓိက အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေခဲ့သည်။ ထိုအဖိုးတန် ရတနာနှစ်မျိုးကြောင့်သာ မဟုတ်လျင် အထက်စကြာ၀ဠာဂိုဏ်း၏ စုစုပေါင်းခွန်အားသည် ယခုထက် တစ်ဆင့်နိမ့်ကျနေပေဦးမည်။

ခုနှစ်ရောင်ခြယ်သမင်၏ တစ်ကိုယ်လုံးသည် ရတနာဖြစ်သည်။ မွန်းစတားအမြူတေ ဖြစ်စေ၊ နှလုံးဖြစ်စေ အလွန်ကိုမှ ရှာရခက်၏။

သို့သော် ဟုန်းလော့ကုန်သွယ်ရေးသည် မွန်းစတားအမြူတေကို တကယ်ကြီး ရအောင် ရှာနိုင်လိမ့်မည်ဟု မည်သူ ထင်ထားပါမည်နည်း။ ထိုသတင်းကိုကြားရချိန် ရန်ကိုင်ပင်လျင် အံ့အားသင့်သွားခဲ့သည်။

အိုင်းအောင်သည် ပြောရင်းဆိုရင်းဖြင့် တလက်လက် တောက်ပနေသည့် မွန်းစတားအမြူတေကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်လေသည်။

“တကယ်ကြီး ခုနှစ်ရောင်ခြယ်သမင်ရဲ့ မွန်းစတားအမြူတေပဲ” ကျုန်းအောင်က ပြောလိုက်သည်။

မွန်းစတားအမြူတေပေါ်လာသည်နှင့် ကျုံးအောင်၏အကြည့်သည် ခုနှစ်ရောင်ခြယ်သမင်၏ မွန်းစတားအမြူတေပေါ်တွင်သာ ရောက်နေတော့သည်။ ဤကဲ့သို့‌သော ဆေးအမယ်သည် ဆေးပညာရှင်များကို အလွန်စိတ်၀င်စားလာအောင် လုပ်နိုင်ပေသည်။ ဤလောကကြီးတွင် ရှားပါးသည့် ဆေးအမယ်များ ဆေးအရည်အဖြစ်သို့ပြောင်းလဲသွားပြီး သူတို့လက်ထဲတွင်ပင် ဆေးလုံးအဖြစ်သို့ သိပ်သည်းသွားသည်ကို မမြင်ချင်သည့် ဆေးပညာရှင် ဟူ၍မရှိပေ။ ဆေးပညာရှင်များသည် ရှာတွေ့ရန်ခက်ခဲလှသည့် ဆေးအမယ်များနှင့် ဆေးဖော်စပ်ရသည်ကို အလွန်နှစ်ခြိုက်သူများဖြစ်ကြသည်။

“နှမြောစရာပဲ၊ ဒီမွန်းစတားအမြူတေက သိမ်းထားတာ တော်တော်ကြာ‌နေတော့ အာနိသင်တွေ တော်တော်ဆုံးရှုံးကုန်ပြီ” ကျုန်းအာင် သက်ပြင်းတစ်ချက်ချလိုက်သည်။ ခန်းမထဲတွင်ရှိနေသည့် အခြားသော ဆေးပညာရှင်များလည်း ကျုန်းအောင်၏အပြောကို ခေါင်းငြိတ် ထောက်ခံလိုက်ကြလေသည်။ ထိုသို့မှတ်ချက်ပေးရခြင်းမှာ မွန်းစတားအမြူတေ ပတ်လည်ရှိ ခုနစ်ရောင်တောက်နေသည့် ရောင်စဉ်စက်ကွင်းသည် လှိုင်းထန်နေသည့် ပင်လယ်ပြင်ထဲ အချိန်မရွေး နစ်မြုပ်သွားနိုင်သော လှေငယ်လေးကဲ့သို့ အလွန်ကိုမှ အားပျော့နေပြီ ဖြစ်သည့်အတွက်ကြောင့်ဖြစ်သည်။

“ဟုတ်တယ်၊ ဒါပေမယ့် ဒီမွန်းစတား အမြူတေကိုတောင် တော်တော် ခက်ခက်ခဲခဲနဲ့ ရှာလိုက်ရတယ်။ နှလုံးဆိုရင် ရှိတောင် မရှိတော့ဘူး၊ နှလုံးသာရှိရင် ပိုပြီးတော့အဆင်ပြေမှာ” အိုင်းအောင်က သက်ပြင်းသာချနေတော့သည်။ ဆေးအမယ်အားလုံးကို စုစည်းပြီးသွားပြီဖြစ်သောကြောင့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် ကျိုးထဲ ရောက်လာပြီး ဆေးဖော်စပ်ပေးဖို့သာ ကျန်တော့သည်။

“ဆေးပညာရှင်ကျိုးထဲ သူဘယ်ချိန်ရောက်လာမယ်လို့ ပြောထားသေးလား” ရန်ကိုင်က အိုင်းအောင်ကိုကြည့်ကာ မေးလိုက်သည်။ အိုင်းအောင်က အားတင်းပြုံးလျက် “သူပို့လိုက်တဲ့ သတင်းစကားထဲမှာ ရေကောင်းကင်မြို့ကို နောက်ရက် အနည်းအငယ်အတွင်း ရောက်မယ်လို့ပဲ ပြောသွားတာ၊ ဘယ်ချိန်ရောက်မယ်လို့ အတိအကျ ပြောမသွားဘူး။ ဒါပေမဲ့ ဒီလောက်စောင့်ပြီးမှတော့ ငါလည်း အလျင်မလိုတော့ပါဘူး” ပြောသာပြောလိုက်သော်ငြား အိုင်းအောင်စိတ်မရှည်နိုင်ဖြစ်နေသည်ကို သူ့မျက်နှာကြည့်ရုံဖြင့် အထင်းသား မြင်တွေ့နိုင်ပေသည်။

အိုင်းအောင်သည် လူအများလေးစားရသည့် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး တစ်ဖြစ်လဲ ဖုန်းလော့ကုန်သွယ်ရေးအဖွဲ့၏ ခေါင်းဆောင်လည်း ဖြစ်သည်။ သူ့ဘ၀တွင် အခြားသူများကသာ သူ့ကို စောင့်ခဲ့ရပြီး သူကတော့ အခြားဘယ်သူ့ကိုမှ စောင့်ခဲ့စရာမလိုခဲ့ချေ။ သို့သော်လည်း ယခုမူ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်ရောက်လာမည်ကို စိတ်ရှည်ရှည်ဖြင့်သာ ထိုင်စောင့်နေရ၏၊။ သူမကျေမနပ်ဖြစ်လျှင်ပင် ဘာမှမတတ်နိုင်ချေ။

“ဒီဆေးဆရာက တစ်ကယ်ကိုမာနကြီးတာပဲကွ” ရန်ကိုင်က ရယ်မော၍ပြောလိုက်သည်။ ရန်ကိုင်သည် ထိုစကားကိုပြောလိုက်သည်နှင့် ရန်ကိုင်သည် သူပြောချင်နေသည့် စကားကိုပြောလိုက်သည့် အလား အိုင်းအောင်သည် ရန်ကိုင်အား လှမ်းကြည့်လိုက်လေသည်။

သို့သော်လည်း ထိုစဉ်မှာပင် ခန်းမထဲ အသံတစ်သံ ပျံ့လွင့်လာခဲ့သည် “လူကြီးမင်း ဘာပြောချင်တာလဲ၊ လူကြီးမင်းက ဆေးဝိဇ္ဇာကျိုးတဲကို စွပ်စွဲနေတာလား”

“ဟန့်… ကျုပ်ဘယ်မှာ စွပ်စွဲလို့လည်း” ရန်ကိုင်က သူဘာမှမပြောလိုက်သည့်အလား ပုခုံးတွန့်၍ ပြန်ပြောလိုက်သည်။ အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်သည့်အခါ တန်ခိုးရှင်အဆင့် ဆေးပညာ၀တ်စုံကို ၀တ်ဆင်ထားသည့် နှာခေါင်းကောက်ကောက်ဖြင့် သတ်လတ်ပိုင်း လူကြီးတစ်ဦး ခန်းမထဲသို့ ၀င်လာနေသည်ကို တွေ့လိုက်ရလေသည်။

ခန်းမထဲသို့ ၀င်လာပြီးနောက် ရန်ကိုင်အား မကျေမနပ်ဖြင့် ကြည့်လျက် ပြောလိုက်၏ “တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်ဆိုမှတော့ ဆေးဆရာကျိုးတဲ့က ဘယ်လိုလုပ်ပြီး အမြဲတမ်း အားနေပါ့မလဲ၊ သူအခုလိုနောက်ကျတာ သဘာဝပဲ၊ လူကြီးမင်းက အခုလိုပြောပြီး ဆေးဝိဇ္ဇာကျိုးထဲကို မလေးမစား လုပ်နေတာလား”

ရန်ကိုင်မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ဤလူသည် ကျိုးတဲ့ကို အလွန်လေးစားသည့်လူ ဖြစ်မည်မှန်း ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့လေသည်။ မဟုတ်လျှင် ကျိုးထဲ မကောင်းကြောင်းပြောရုံဖြင့် သူကိုပြဿနာ လာရှာလိမ့်မယ်မဟုတ်ချေ။ ရန်ကိုင်သည် ထိုသူ၏ ၀တ်ရုံကို နောက်တစ်ကြိမ် သေချာကြည့်ကြည့်လိုက်သည်။

ထိုသူသည်တန်ခိုးရှင် အလယ်အလတ်အဆင့် ဆေးပညာရှင်၀တ်စုံကို ၀င်ဆင်ထားလေသည်။ ထိုကဲ့သို့သောလူမျိုးနှင့် အငြင်းအခုန် မလုပ်ချင်သည့်အတွက် ရယ်မော၍သာ ပြန်ပြောလိုက်သည် “ရိုင်းသလို ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်”

ကျင့်ကြံခြင်း လောကတွင် အားကောင်းသည့် ကျင့်ကြံသူများကို အားနည်းသည့် ကျင့်ကြံသူများက လေးစားကြသလို ဆေးပညာအသိုင်းအဝိုင်းတွင်လည်း အဆင့်မြင့်ဆေးပညာရှင်များကို အဆင့်နိမ့်ဆေးပညာရှင်များက လေးစားလေ့ရှိကြ‌ပေသည်။

ကြယ်စီရင်စုကြီးတစ်ခုလုံးတွင် လက်တစ်ဆုပ်စာပင် မရှိ‌သော တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်များကိုဆိုလျင် လူပို၍ပင် လေးစားကြသေးသည်။ ထို့ကြောင့် ဆေးဆရာကျိုးထဲတွင် သူ့အားလေးစားသူ မရေမတွက်နိုင်အောင်များပြားပေသည်။ ဤနှာခေါင်းကောက်ကောက်ဖြ င့်လူသည် ကျိုးထဲအား လေးစားသူများအနက်မှ တစ်ဦးဖြစ်ရပေမည်။

ရန်ကိုင်မှ အလျှော့ပေးလိုက်ပြီ ဖြစ်သော်လည်း နှာခေါင်းကောက်ကောက်နှင့် သက်လတ်ပိုင်း လူကြီးမှာတော့ ရန်ကိုင့်အား အလွတ်မပေးချင်သေးဘဲ ဆက်ပြောလိုက်သည် “လူကြီးမင်းက တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တစ်ဦး ဖြစ်ရင် ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ဆေးဆရာကျိုးထဲကို အပုတ်ချတာက အမှားကြီးကို လုပ်လိုက်တာပဲ၊ ဒီကိစ္စက ဒီတိုင်းကြေအေးလိုက်လို့ ရတဲ့ကိစ္စမဟုတ်ဘူး။ မဟုတ်လို့ရှိရင် ဆေးဝိဇ္ဇာကျိုးထဲရဲ့ ဂုဏ်သတင်းကို ထိခိုက်သွားနိုင်တယ်၊ ဒီအကြောင်းသာပျံ့သွားရင် ဖြစ်လာမယ့်အကျိုးဆက်ကို လူကြီးမင်း ရင်ဆိုင်နိုင်မှာ မို့လို့လား”

သူပြောလိုက်သည့် ဘာမဟုတ်သည့် အကြောင်းအရာလေးအား ပုံကြီးချဲ့ပြီး လာပြောနေသည်ကို ကြားရသောအခါ ရန်ကိုင့်မျက်နှာ သုန်မှုန်သွားပြီး ပြန်မေးလိုက်လေသည်။ “ အဲ့တာဆို မင်းဘာလုပ်ချင်တာလဲ”

“တောင်းပန်ရမယ်၊ ဆေဝိဇ္ဇာကျိုးထဲ ရောက်လာရင် သူ့ကိုတောင်းပန်ရမယ်”

“ဟမ့်” ရန်ကိုင်က နှာခေါင်းရှုံ့လျက် “ဘာလဲ ဆေးဝိဇ္ဇာကျိုးထဲရဲ့ ဂုဏ်သတင်းကတော့ ဂုဏ်သတင်းဖြစ်ပြီး ဒီဘုရင်ရဲ့ ဂုဏ်သတင်းကတော့ ဘာမှမဟုတ်ဘူးပေါ့၊ မင်းကအဲ့လိုပြောချင်တာလား”

မည်သို့ပင်ဆိုစေကာမူ ရန်ကိုင်သည် တန်းခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူ့အဆင့်တန်း ဂုဏ်သတင်းနှင့် ခွန်အားဖြင့် စကားလေးတစ်ခွန်းလောက် မှားပြောမိရုံဖြင့် ဘယ်သောအခါမှမတွေ့ဖူးသည့် ဆေးပညာရှင်တစ်ဦးကိုတောင်းပန်ရမည်။ မည်သို့သော ပြက်လုံးနည်း။

“မင်းလိုဘာမဟုတ်တဲ့ ကျင့်ကြံသူတစ်ဦးက ဆေဝိဇ္ဇာကြီးနဲ့ ဘယ်လိုလုပ်ပြီး လာယှဉ်နေတာလဲ” ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးမှန်း သိသော်လည်း နှာခေါင်းကောက်ကောက်နှင့်လူသည် ရန်ကိုင်ကို နည်းနည်းလေးမှ မကြောက်သည့်အပြင် အထင်ပင် သေးနေလိုက်သေးသည်။

သူ့အား ထိုသို့ လာပြောသည့်အခါ ရန်ကိုင်က ပြန်၍ ခြိမ်းခြောက်လိုက်လေသည် “အဲ့ဒီ ဘာမဟုတ်တဲ့ ကျင့်ကြံသူက မင်းအသက်ကို အလွယ်လေး ဇိဝိန်ချွေယူပစ်လိုက်လို့ ရတယ်နော်”

နှာခေါင်းကောက်ကောက်နှင့် လူက ချက်ချင်းပဲ အိုင်းအောင်ဘက်သို့လှည့်၍ အထွန့်တက်လိုက်လေသည်။ “ခေါင်းဆောင်အိုင်အောင်ကြည့်ဦး ဒီလူက ဆေးဆရာကျိုးထဲကို အပုတ်ချရုံတင် မဟုတ်ဘူး။ ကျုပ်ကိုပါ သတ်ပစ်မယ်ဆိုပြီး လာခြိမ်းခြောက်နေတယ်၊ ခေါင်းဆောင် အိုင်းအောင် ဒီအတိုင်းပဲရပ်ကြည့်နေတော့မှာလား”

ရန်ကိုင်က ချက်ချင်းပဲ ပြန်ပြောလိုက်သည် “ ခေါင်းဆောင်အိုင်းအောင်ကလည်း မင်းပြောတဲ့ ဘာမဟုတ်တဲ့ ကျင့်ကြံသူလေးပဲလေ”

နှာခေါင်းကောက်ကောင်နှင့်သူ ကြောင်တောင်တောင် ဖြစ်သွားလေသည်။ အိုင်းအောင်သည် နှုတ်ခမ်းကွေးလျက်ပြုံးကာ ကောင်းကင်သို့ မော့ကြည့်ပြီး မသိချင်ယောင်နေလေ၏။

နှာခေါင်းကောက်ကောက်နှင့်လူ၏ စကားသည် သူ့အားအလွန်ကိုမှ စိတ်မပျော်မရွှင်ဖြစ်စေ၏။ အစကတည်းက ကွေ့ပီဟူ၏ ဒဏ်ရာကြောင့် စိတ်ညစ်နေသည်ဆိုကာမှ ထိုကောင်ကပါ လာပြဿနာ ရှာနေသေးသည်။ ထို့ကြောင့် မသိချင်ယောင်သာ ဆောင်နေ‌လိုက်တော့၏။

ထို့ပြင် ရန်ကိုင်ကလည်း သူပြောချင်သည့် စကားကို ပြောပေးနေခြင်း ဖြစ်သည်။ တကယ်တမ်းပြောရလျင် ကျိုးထဲသည်အလွန်ကိုမှ မာနကြီးသူတစ်ဦးဖြစ်သည်။ မာနကြီးရုံတင်မဟုတ်၊ အလွန်ကိုမှ အမြတ်ကြီးစားသူ တစ်ဦးလည်းဖြစ်သည်။သူ့အား တစ်ခါဆေးဖော်စပ်ဖို့ ဖိတ်ခေါ်လိုက်တိုင်း သူတို့ဟုန်းလော့ကုန်သွယ်ရေး ဆုံးရှုံးလိုက်ရသည်မှာ မနည်းမနောပင်။

အိုင်းအောင်၏အတွေးကို သတိပြုလိုက်မိပြီးနောက်တွင် နှာခေါင်းကောက်ကောက်နှင့် လူကြီ၏ အမူအရာ မှုန်ကုတ်ကုတ် ဖြစ်သွားလေသည်။ သူလွန်သွားပြီမှန်း သိလိုက်သည်။ သူသည် ရန်ကိုင့်ကို ဆူပူကြိမ်းမောင်းမိရုံသာမက အိုင်းအောင်ကိုပါ ရန်စမိလိုက်သလို ဖြစ်သွားသည်။သူ့စိတ်ထဲအလွန်ကိုမှ နောင်တရနေမိသည်။

သို့သော် ထွက်ပြီးသား ဆင်ဆွယ်ပြန်၀င်ရိုး မရှိသလို ပြောပြီးသားစကား ပြန်ရုပ်သိမ်းဖို့ရာ မဖြစ်နိုင်တော့သောကြောင့် မာန်မချဘဲ ဆက်၍သာပြောလိုက်သည် “မင်းငါ့အသက်ကို ယူနိုင်တော့ရောဘာဖြစ်လဲ၊ မင်းနဲ့ငါ ဘာရန်ငြိုးမှ ရှိတာမှမဟုတ်တာ၊မင်းလုပ်ရဲရင် လုပ်လိုက်လေ၊ လုပ်လိုက်ရင် မင်းဂုဏ်သတင်း မင်းဖျက်စီးသလိုပဲ ဖြစ်သွားမှာ၊ ငါက ဆေးပညာရှင်တစ်ယောက် ဖြစ်တယ်ဆိုတာကိုလည်း မေ့မထားနဲ့ဦး။ မင်းငါ့ကိုသတ်လိုက်ရင် နောက်ပိုင်း မင်းအတွက် ဘယ်သူက ဆေးဖော်စပ်ပေးတော့မှာလဲ”

“အိုး အားတော့နာပါရဲ့ကွာ ငါလည်း ဆေးပညာရှင်တစ်ယောက်ပဲကွ” ရင်ကိုင်က ပြုံး၍ပြန်ပြောလိုက်သည်။

“မင်းလား..” နှာခေါင်းကောက်ကောက်နှင့် လူကြီးကလှောင်ပြုံးပြုံးလျက် “မင်းကသိုင်းပညာတာအိုမှာ ပါရမီပါတယ် ဆိုတာတော့ ငါယုံပါတယ်၊ မင်းက ခေါင်းဆောင်အိုင်းအောင်နဲ့တောင် လက်ရည်တူ ယှဉ်နိုင်တဲ့ လူတစ်ယောက်ပဲ။ ဒါပေမယ့် အဲ့တော့ဘာဖြစ်လဲ၊ မင်းရဲ့အချိန်တွေ အကုန်လုံးနီးပါးကိုသိုင်းပညာ တာအိုမှာပဲ သုံးထားတာ၊ ဆေးပညာကို လေ့လာမယ်ဆိုရင်တောင် ဘယ်လောက် တိုးတတ်နိုင်မှာမို့လို့လဲ၊ ငါလက်တစ်ဖက် နောက်ပစ်ပြီးတော့တောင် မင်းကို အသာလေး အနိုင်ယူပစ်လို့ရတယ်”

သူပြောသည့် စကားမှာ နားကြားခါးသော်လည်း ခန်းမထဲရှိ ဆေးပညာရှင်များအားလုံး တွေးနေကြသည်မှာလည်း ထိုအတိုင်းပင်ဖြစ်သည်။ ရန်ကိုင်သည် ဆေးပညာရှင် တစ်ဦးဖြစ်သော်လည်း ဆေးပညာတာအိုတွင် အဆင့်မြင့်မြင့် ကျွမ်းကျင်ထားလိမ့်မယ်ဟု မည်သူမှမထင်ကြပေ။ ကျုန်းအောင်သည်ပင် ရန်ကိုင်၏ ဆေးပညာအရည်အချင်းသည် သူ့လောက်မြင့်သည်ဟု မထင်ချေ။

ဆိုရသော် အကုန်လုံးတွင် အချိန်အကန့်အသတ်နှင့် ရှိသည်။ ထိုအချိန်အကန့်အသတ်အတွင်း သိုင်းပညာတာအိုကို ဤမျှ အဆင့်မြင့်မြင့် လျှောက်လှမ်းနိုင်သည်ကပင် ဂုဏ်ယူစရာ ကောင်းနေလေပေပြီ။

သူ့တွင် ဆေးပညာလေ့လာရန် မည်သို့များ အချိန်ရှိဦးမည်နည်း။ ရန်ကိုင်ကမူ ရယ်၍သာ ခေါင်းတစ်ခါခါဖြင့် “ထားလိုက်တော့ ငါမင်းနဲ့ လေကုန်ခံမနေချင်တော့ဘူး၊ မင်းဘာသာ တွေးချင်ရာတွေးတော့”

ထိုကဲ့သို့ လူတစ်ဦးနှင့် သူတစ်ကယ်ကို စကာမများ မနေချင်တော့ပေ။

“ဟမ့် ဒါနဲ့များလာပြီးမောက်မာချင်နေသေးတယ်” ရန်ကိုင် နောက်ဆုတ်သွားသည်မြင်သော် နှာခေါင်းကောက်ကောက်နှင့်လူသည် နောက်ဆုတ်ရန် မကြိုးစားဘဲ ပို၍ပင် မောက်မာလာခဲ့သည်။ ရန်ကိုင်သည် သူ့ဆေးပညာရှင် အဆင့်အတန်းကိုကြောက်၍ နောက်ဆုတ်သွားခြင်း ဖြစ်သည်ဟု ထင်နေခြင်းဖြစ်သည်။ ထို့ကြောင့်ပင် ပို၍ ရဲတင်းလာခဲ့သည် “မင်းနဲ့ငါကြားက ကိစ္စ‌ကို ဒီမှာ ကြေအေးပေးလို့ရပေမယ့် ဆေးဝိဇ္ဇာကျိုးထဲကို အပုတ်ချတဲ့ကိစ္စကိုတော့ မင်းတာ၀န်ယူကိုယူရလိမ့်မယ်”

“မင်းတစ်ကယ်မပြီးသေးတာလား” ရန်ကိုင်၏အမူအရာ ရုတ်ချည်း‌ အေးစက်သွားခဲ့သည်“ငါဘာကို တာ၀န်ယူရမှာလဲ၊ ကျိုးထဲက မင်းအဖေလား၊ ဒါမှမဟုတ် မင်းအဖို့မို့လို့ အဲ့လောက် ဆတ်ဆတ်ထိမခံ ဖြစ်နေတာလား။ မာနကြီးတယ် ပြောမိလိုက်ရုံလေးကို မင်းကဘာဖြစ်နေတာလဲ၊ ငါပြောတာရော မှားလို့လား၊ ခေါင်းအောင်အိုင်းအောင် လွန်ခဲ့တဲ့နှစ်၀က်ကတည်းက သွားခေါ်ထားတာကို အခုထိမရောက်သေးတာ မာနကြီးတာ မဟုတ်လို့ ဘာဖြစ်ရမှာလဲ”

ရန်ကိုင်သည် အိုင်းအောင်ပြော‌ချင်နေသည့် အရာအားလုံးကို ပြောချသွားသည်။ အိုင်းအောင်သည် ကျိုးထဲ ယခုအချိန်ထိရောက်မလာသေးသည့်အပေါ် အင်မတန်မှစိတ်ညစ်၊ စိတ်ပျက်နေသော်လည်း ဆေးဖော်စပ်ပေးရန် သွားရောက်တောင်းဆိုသူမှာ သူဖြစ်နေသည့်အတွက် မကျေနပ်လျင်ပင် ငြိမ်ခံနေရုံသာတတ်နိုင်၏။ သူ၏စိတ်ထဲတွင်တော့ ကျိုးထဲအား အကြိမ်ပေါင်းများစွာ ကြိမ်ဆဲနေလေ‌သည်။ ကျိုးထဲတင်မဟုတ် သူ့ဆွေစဉ်မျိုးဆက်များ အားလုံးကိုပါ ကျိန်ဆဲနေလေသည်။ ထို့ကြောင့် ရန်ကိုင်ပြောသည့် စကားကိုကြားသောအခါ သူ့စိတ်ထဲ ကြိတ်၍အားပေး နေမိလေသည်။

“မင်းဘယ်လိုလုပ် ဆေးဝိဇ္ဇာတစ်ယောက်ကို နာမည်တပ်ခါ်ရဲတာလဲ” နှာခေါင်းကောက်ကောက်နှင့် လူကြီး ဆွေ့ဆွေ့ခုန်သွားလေသည်။

ရန်ကိုင်ကမူ နှာခေါင်းကောက်ကောက်နှင့် လူကြီး၏ ပုံစံကိုကြည့်ရင်း ရယ်သာရယ်နေလိုက်၏ “အဲ့ဒါ ဘာဖြစ်လို့လဲ။ သူက တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် တစ်ဦးပဲ မဟုတ်ဘူးလား”

“မင်း…မင်း…မင်း..” နှာခေါင်းကောက်ကောက်နှင့်လူကြီး၏ ရင်ဘက် ဖောင်းလိုက်ပိန်လိုက် ဖြစ်လာလေသည်။ ရန်ကိုင်အား လက်ညိုးငေါက်ငေါက် ထိုးရင်း အိုင်းအောင်ဘက်သို့ လှည့်၍ပြောလိုက်သည် “ခေါင်းအောင်အိုင်းအောင် သူဆေးဝိဇ္ဇာကို မလေးမစားလုပ်နေတာ ဒီအတိုင်း ကြည့်နေတော့မှာလား၊ ဆေးဝိဇ္ဇာကျိုးထဲသာ ဒီအကြောင်း ကြားရင် သူတစ်ကယ် ဒေါသထွက်သွားမှာနော်”

“အမ်..”ထိုစကားကိုကြားသောအခါ အိုင်းအောင် ထိတ်လန့်သွားလေသည်။ ချက်ချင်းပဲ ရန်ကိုင်ဘက်သို့ လှည့်၍ တောင်းဆိုလိုက်လေသည် “မင်း ဒီတစ်ကြိမ်တော့ သည်းခံပေးလိုက်ပါကွာ”

ရွှယ့်ယွယ့်လည်း ရန်ကိုင့်အား တောင်းဆိုသော အကြည့်ဖြင့်ကြည့်လိုက်ပေသည်။ ဤကိစ္စသာကျိုးထဲ နားထဲရောက်လျင် ထိုလူအိုကြီး၏စိတ်အရ ဤကိစ္စကိုကျိန်းသေ အကျယ်ချဲ့ပေလိမ့်မည်။ ပြန်လှည့်သွားလိမ့်မည် မဟုတ်သော်လည်း သူတို့ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းအား တစ်ခုခုဆုံးရှုံးသွားအောင် ကျိန်းသေပြန်လုပ်ပေလိမ့်မည်။

ရန်ကိုင်ကခေါင်းညိတ်၍ “စီနီယာက တောင်းဆိုနေမှတော့ ဂျူနီယာ ဒီကိစ္စကို ဒီမှာတင်ပဲ ရပ်ပေးလိုက်ပါ့မယ်၊ ဒါပေမဲ့ ဒီကောင်သာ ဆက်ပြီး ပေါက်ပေါက်ဖောက်နေလို့ကတော့ ဂျူနီယာဒီကောင့်ကို သင်ခန်းစာပေးလို့ဆိုပြီး အပြစ်မတင်နဲ့နော်”

အိုင်းအောင်က ခေါင်းညိတ် “ဟုတ်ပြီ..ဟုတ်ပြီ”

ထိုအခြင်းအရာကို မြင်သည့်အခါ နှာခေါင်းကောက်ကောက်နှင့် လူကြီး၏အမူအရာ မည်းမှောင်သွားခဲ့သည်။ တစ်ခုခုဆက်ပြောမည်အပြု ရန်ကိုင်မှ သူ့အား အကြည့်စူးစူးဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်သည့်အခါ ဘာတစ်ခွန်းမှ ဆက်မပြောရဲတော့ချေ။

လေသံတိုးတိုးဖြင့်သာ ရေရွတ်လိုက်သည် “မင်းစောင့်နေဦးပေါ့ကွာ… ဆေးဝိဇ္ဇာကျိုးထဲ ရောက်လာတာနဲ့ မင်းပြဿနာတက်ပြီသာမှတ်”

“ငါစောင့်နေတယ်” ရန်ကိုင်က ပြန်ပြောလိုက်၏။ အစောပိုင်းက ရွှင်ရွှင်မြူးမြူးဖြင့် ရှိနေသော ခန်းမထဲရှိ အခြေအနေသည် နှာခေါင်းကောက်ကောက်နှင့်လူကြီး ရောက်လာပြီးနောက်တွင် လုံး၀ကို ပျက်စီးသွားခဲ့လေသည်။

All Chapters