← Chapters

အခန်း (၁၉၀၁-၁၉၀၅)

Vol. 77 Ch. 1901-1905

အခန်း (၁၉၀၁-၁၉၀၅)

Vol. 77 Ch. 1901-1905

အပိုင်း (၁၉၀၁)

ဆေးဝိဇ္ဇာကျိုးထဲကို ကြောက်သည့်အတွက်ကြောင့် ခန်းမထဲရှိ တန်ခိုးရှင်အဆင့် ဆေးပညာရှင်အားလုံး ရန်ကိုင့်ကို စကားလာမပြောတော့ချေ။ ကျုန်းအောင် တစ်ယောက်သည်သာ ဆေးဝိဇ္ဇာကျိုးထဲ ဒေါသထွက်ထွက် မထွက်ထွက်ဂရုမစိုက်ဘဲ ရန်ကိုင်နှင့် စကားလာပြော၏။

ရန်ကိုင်သည်ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ ကုပီဟူ၏အခြေအနေ အကြောင်း မေးကြည့်လိုက်လေသည်။ ဤရက်များအတွင်း ကျုန်းအောင်သည် ကုပီဟူ၏ ဒဏ်ရာများကို စောင့်ကြည့်နေရသူတစ်ဦး ဖြစ်သဖြင့် သူမအခြေအနေကို ကောင်းကောင်းသိလောက်ပေသည်။ ကျုန်းအောင်စီမှ အသုံးဝင်သည့် သတင်းတချို့ ရလိုက်လေသည်။

“ဒါနဲ့ အဲ့ကောင်က ဘယ်ကောင်လည်း၊ ကျုပ်တောင် ဘာမှမပြောရသေးတာကို ဘာလို့ ကျုပ်ကို မဆီမဆိုင် ပလိန်းကြီး လာစွပ်စွဲနေတာလဲ”

ရန်ကိုင်က နှာခေါင်းကောက်ကောက်နှင့် လူကြီးအား မေးငေါ့ပြလျက် မေးလိုက်သည်။

ထိုအခါ ကျုန်းအောင်က လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏ “သူက ကျန်းရွမ်ပဲ။ တစ်ကယ်ဆိုသူက ဆေးပညာမှာ ပါရမီမပါဘူး၊ ဆရာကောင်းလည်းမရှိတော့ သူ့ဆေးပညာအရည်အချင်းက အဲ့လောက်မမြင့်ဘူးပေါ့ကွာ။ ဒါပေမယ့် နောက်ပိုင်း ဆေးဝိဇ္ဇာကျိုးထဲဆီကနေ လမ်းညွှန်မှု ရရှိသွားပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် ဥာဏ်အလင်းပွင့်သွားတယ်၊ အဲ့ကနေစပြီး သူ့ဆေးပညာအရည်အချင်းက တစ်ဟုန်ထိုး တိုးတက်လာလိုက်တာ တန်ခိုးရှင်အလယ်အလတ်အဆင့်ထဲ ရောက်လာတဲ့အထိပဲ၊ အဲ့တာကြောင့် သူကိုယ်သူ ဆေးဝိဇ္ဇာကျိုးတဲ့ရဲ့ ကျောင်းသားလို့ ခံယူထားတာ၊ အဲ့တာကြောင့်ပဲ မင်းဆေးဝိဇ္ဇာကျိုးထဲ အကြောင်း မကောင်းတာ ပြောလိုက်တဲ့အချိန် သူဆွေ့ဆွေ့ခုန်သွားတာ”

“အဲ့လိုကိုး” ရန်ကိုင်နားလည်သွားခဲ့သည်။ တစ်နည်းဆိုရသော် ကျန်းရွမ်သည် ကျိုးထဲအား လေးစားရုံသာမက ဆရာအဖြစ်လည်း မှတ်ယူထားသူဖြစ်သည်။ ကျိုးထဲသည် သူ၏ရင်ထဲ၌ အလွန်မြင့်မားသည့်နေရာတွင် ရှိနေသည်။ ရန်ကိုင်သည် ကျိုးထဲအား မကောင်းကြောင်းပြောခြင်း မဟုတ်ဘဲ မောက်မာသည်ဟုသာ ပြောလိုက်ခြင်း ဖြစ်သော်လည်း နှာခေါင်းကောက်ကောက်နှင့်လူမှာတော့ ထိုစကားကိုပင် သည်းမခံနိုင်ခဲ့ပေ။

“ဒါပေမဲ့ ဆေးဝိဇ္ဇာကျိုးထဲကတော့.. အွန်း..ပြောဖို့တော့ခက်တယ်” ကျုန်းအောင်သည် တစ်ခုခုကိုပြောချင်နေသော်လည်း အဆုံးတွင်မပြောခဲ့ပေ။ ရန်ကိုင်ကမူ သူဘာပြောချင်နေလဲ ဆိုသည်ကို သဘောပေါက်ပေသည်။

ဆေးပညာရှင်တစ်ဦးအနေဖြင့် ကျုန်းအောင်သည် သူ့ထက်ပိုအဆင့်မြင့်သည့် ကျိုးထဲအား မလေးမစား မလုပ်သင့်ချေ။ ကျိုးထဲအား မလေးမစားလုပ်ခြင်းသည် ဆေးပညာတာအိုကို မလေးမစားလုပ်ခြင်း မည်ပေသည်။ ထို့ကြောင့် ကျန်းအောင်အနေဖြင့် သူပြောချင်သည့် ကိစ္စများရှိနေလျင်ပင် သူမပြောနိုင်သည့် ကိစ္စများလည်း ရှိနေပေသည်။

“ဘာပဲဖြစ်ဖြစ် သတိထားကောင်လေးရေ၊ မင်းက တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ရင်ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးကို သွားအထင်မသေးလိုက်မိစေနဲ့။ ပြောရရင်ကွာ ခေါင်းဆောင်အိုင်းအောင်ကို မင်းနဲ့ ကျိုးထဲ ဘယ်သူ့ကို ရွေးမလဲမေးရင် သူဘယ်သူ့ကို ရွေးမယ်ထင်လဲ။ သူကျိုးထဲကို ရွေးဖို့ ရှယ်ဆယ်ရာခိုင်နှုန်းသေချာတယ်”

“ကျွန်ုပ်နားလည်တယ်” ရန်ကိုင်က ပြုံးလျက်ပြန်ပြောလိုက်သည်။

သူတို့နှစ်ဦးလေသံတိုးတိုးဖြင့် စကားပြောနေကြစဉ် ခန်းမထဲသို့ ရွှေရောင်သံချပ်ကာအင်္ကျီ ၀တ်ဆင်ထားသော ကျင့်ကြံသူတစ်ယောက် အလျင်စလိုပြေး၀င်လာပြီး လက်သီးနှင့်လက်ဝါးကို ပူးကပ်၍ ခေါင်းဆောင်အိုင်းအောင်ကို တင်ပြလိုက်လေသည်။ “ခေါင်းဆောင် ဆေးဆရာကျိုးထဲရောက်လာပါပြီ”

“သူလာပြီလား” အိုင်းအောင်၏ မျက်၀န်းတစ်စုံ ချက်ချင်းတောက်ပသွားခဲ့သည်။ လက်ကိုအလျင်စလို ဝှေ့ရမ်း၍ အော်ပြောလိုက်၏ “မြန်မြန် အထဲကို ဖိတ်ခေါ်လိုက်လေ”

သို့သော်ပြောပြီးပြီးချင်းမှာပင် ဆက်ပြောလိုက်၏ “မဟုတ်ဘူး မဟုတ်ဘူး… ငါကိုယ်တိုင်ပဲ သွားကြိုလိုက်မယ်”

ဆေးဝိဇ္ဇာကျိုးထဲ ရောက်လာမည့်အချိန်ထိ ကုပီဟူ တောင့်ခံမထားနိုင်မည်ကို စိုးရိမ်၍ နှစ်၀က်ကြာအောင် ရင်တမမနှင့် ထိုင်စောင့်နေခဲ့ရသည်။ ယခု ဆေးဆရာကျိုးထဲ ရောက်လာသည့်အကြောင်း ကြားလိုက်ရသည့်အခါ အိုင်းအောင် အလွန်၀မ်းသာသွားသည်။ ယခုမှပဲ သူ့ရင်ထဲရှိအလုံးကြီးလည်း ကျသွားတော့၏။

ယခုနောက်ဆုံးကျန်တော့သည်မှာ ဆေးဝိဇ္ဇာကျိုးထဲ ဝိဉာဉ်အရင်းအမြစ်အားဖြည့်ဆေးလုံးအား ဖော်စပ်ပေးဖို့ကို စောင့်ဖို့သာရှိတော့သည်။ ထိုဆေးလုံးသာ ဖော်စပ်ပြီးသည်နှင့် ကုပီဟူကို ကယ်တင်၍ ရပေပြီ။

ပြောနေရင်း သူ့ကိုယ်သူ သပ်ရပ်အောင်လုပ်လိုက်ပြီး အပြင်သို့ ပြေးထွက်သွားလေသည်။ ခန်းမထဲရှိ အခြားသူများသည်လည်း ဤအတိုင်းရပ်ကြည့်မ‌နေကြပေ။ ကျိုးထဲ ရောက်လာပြီဆိုသည့်အကြောင်း ကြားလိုက်သည့်အခါ ချက်ချင်းပဲ ခေါင်းဆောင်အိုင်းအောင် နောက်သို့ ပြေးလိုက်သွားကြလေသည်။

နှာခေါင်းကောက်ကောက်နှင့်လူသည် ရန်ကိုင့်အနားမှ ဖြတ်သွားစဉ် ရန်ကိုင့်အား စူးရဲစွာစိုက်ကြည့်လိုက်သည်။ သူ့မျက်နှာပုံစံမှာ ဆေးဆရာရောက်လာပြီဆိုမှတော့ မင်းသေဖို့သာ ပြင်ထားပေတော့ဟု ပြောနေသယောင်‌ယောင်။

ရန်ကိုင်ကမူ ထိုကောင့်အား မသိကျေးကျွန်သာ ပြုထားလိုက်သည်။

“သွားကြိုကြမယ်လေ၊ ဆေးဆရာသာ ငါတို့ဒီမှာရပ်နေတာမြင်ရင် ဒေါသထွက်ပြီး ပြဿနာလိုက်ရှာနေဦးမယ်” ကျုံးအောင်သည် ခေါင်းခါရင်းမဲ့ပြုံးပြုံးလျက် ခန်းမအပြင်ဘက်လို့ တဖြည်းဖြည်း လမ်းလျှောက်ထွက်သွားလေသည်။

ရန်ကိုင်သည်လည်း ခန စဉ်းစားကြည့်ပြီးနောက် ကျုန်းအောင်နောက်လိုက်သွားခဲ့သည်။ ခန်းမအပြင်ဘက်တွင် တန်ခိုးရှင်အဆင့် ဆေးပညာရှင်များသည် အိုင်းအောင် နောက်တွင်ရပ်လျက် ကောင်းကင်ပေါ်သို့ မော့ကြည့်နေကြသည်။

ကောင်းကင်ထက် တစ်နေရာတွင် သက်တံရောင်အလင်းတန်းတစ်ခုသည် သူတို့ရှိရာနေရာသို့ အလွန် လျင်မြန်သောအမြန်နှုန်းဖြင့် ပျံသန်းလာနေခဲ့သည်။ ကြည့်ရ‌သလောက် ယခုပျံသန်းလာသူသည် ပျံသန်းရေးမှော် ရတနာတစ်မျိုးမျိုးကို အသုံးပြုနေခြင်း ဖြစ်လောက်၏။

ပုံမှန်အားဖြင့် ရေကောင်းကင်မြို့တော်လိုနေမျိုးတွင် လူတော်တော်များများ ပျံသန်းရေး မှော်ရတနာမျိုးကို မသုံးရဲကြချေ။ အနည်းငယ်လောက်သည်သာ ထိုကဲ့သို့သော မှော်ရတနာမျိုးကို သုံးရဲကြသည်။ သုံးရဲသည့် သူမှာလည်း အလွန်အဆင့်အတန်းမြင့်မားသည့် သူများဖြစ်ကြပေသည်။ ဆေးဝိဇ္ဇာကျိုးထဲသည် ထိုကဲ့သို့သော အဆင့်အတန်း မြင့်မားသည့် လူအများအနက် တစ်ဦးအပါအ၀င်ဖြစ်သည်။

အစကမူ ဆေးဝိဇ္ဇာကျိုးထဲသည် ကြယ်လွန်းပျံတစ်ခုကို စီး၍ ပျံသန်းလာနေခြင်း ဖြစ်သည်ဟု ရန်ကိုင်ထင်ခဲ့မိသည်။ သို့သော် အနီးကပ်ကြည့်ကြည့်လိုက်မှ ထိုသို့မဟုတ်မှန်း သိလိုက်ရလေသည်။

သက်တံ့ရောင်အလင်းတန်းသည် ခန်းမနှင့်ဝေးနေသေးသော်လည်း ရန်ကိုင်ကမူ အသေးစိတ် လှမ်းမြင်နေရသည်။ ထိုအရာသည် ကြယ်လွန်းပျံတစ်ခု မဟုတ်ဘဲ လူရှစ်ဦးမှ ထမ်းလာသည့် ဝေါယာဉ်တစ်ခုသာ ဖြစ်နေသည်။

လူရှစ်ဦးသည် သူတို့ခြေထောက်အောက်တွင် လေပြင်းများကို အဆက်မပြတ် ဖန်တီး၍ ဝေါယာဉ်ကိုသယ်ဆောင်ကာ ပျံသန်းလာနေခြင်း ဖြစ်သည်။ ဝေါယာဉ်ကိုသယ်လာသည့် လူရှစ်‌ယောက်လုံးမှာ အချိုးအစားကျနလှသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ငယ်ရွယ် ချောမောလှသော မိန်းမပျိုလေးများသာ ဖြစ်ကြသည်။

ဝေါယာဉ် ကိုယ်တိုင်ဟာလည်း အလွန်ကိုမှ တင့်တယ်ခမ်းနားလှသည်။ ဝေါယာဉ်ပေါ်ရှိ ထိုင်ခုံများသည်လည်း နေရာကျယ်၀န်းပြီး ထိုထိုင်ခုံများပေါ်တွင် လူနှစ်ဦးထိုင်နေကြသည်။ တစ်ဦးမှာ မုတ်ဆိတ်မွှေးရော၊ ဆံပင်များပါ ဖြူဖွေးနေသည့် လူအိုကြီး တစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ မိန်းမငယ်လေး ဖြစ်သည်။

လက်ရှိတွင် မိန်းမငယ်လေးသည် ဝေါယာဉ်ပေါ်‌တွင် မတ်တပ်ရပ်ကာ ပတ်၀န်းကျင်ကို စိတ်၀င်တစား လှည့်ပတ်ကြည့်နေသည်။

“အဲ့ဝေါယာဉ်ကို လဖမ်းဝေါယာဉ်လို့ခေါ်တယ်။ ဆေးဝိဇ္ဇာကျိုးထဲအတွက်ဆိုပြီး ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက အထူးတလည် တည်ဆောက်ပေးထားတာ၊ အဲ့ဝေါယာဉ်က အမြန်ဆုံး ကြယ်လွန်းပျံထက်တောင် တစ်ဆယ်ရာခိုင်နှုန်း ပိုမြန်တယ်၊ အဲ့မိန်းကလေးတွေကိုလည်း ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းကပဲ ပေးထားတာ၊ အခုဆိုရင် အဲ့ဝေါယာဉ်က ဆေးဝိဇ္ဇာ ကျိုးထဲရဲ့ အမှတ်အသားလို ဖြစ်နေပြီ”

ကျုန်းအောင်သည် ရန်ကိုင့်အား လေသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။

ရန်ကိုင်က ရယ်ရယ် မောမောဖြင့် “စီနီယာ ကျုန်းအောင်လည်း တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် ဖြစ်လာတော့မှာပဲ၊ ဖြစ်လာရင် သူ့လိုမျိုးနေလို့ရပြီ”

ကျုန်းအောင်ကမူ ခေါင်းခါ၍ “ငါက ဆေးပညာကိုပဲ စိတ်၀င်စားတာ။ အဲ့လိုမျိုးတွေကို စိတ်၀င်စားတာ မဟုတ်ဘူး”

ရန်ကိုင်သည်ခေါင်းငြိမ့်၍ ဘာမှဆက်မပြောတော့ချေ။

ခနအကြာတွင် ဝေါယာဉ်ရောက်လာပြီး ခန်းမကြီးရှေ့တွင် တဖြည်းဖြည်းချင်း ဆင်းသက်လိုက်သည်။ အိုင်းအောင်သည် အ၀တ်အစားများကို သပ်ရပ်အောင်လုပ်၍ စကားသွားပြောမည်အပြု ဝေါယာဉ်ဆီမှ ပုံရိပ်တစ်ခု ပြေးထွက်လာခဲ့သည်။ ထိုပုံရိပ်သည် ငွေခေါင်းလေးနှယ် ချိုမြိန်လှသည့် အသံလေးဖြင့် တခစ်ခစ် ရယ်မောရင်း ရန်ကိုင်ဘေးနားတွင် ရပ်နေသည့် သူအား အားပါးတရ ပြေးဖက်လိုက်လေသည်။ ရန်ကိုင် ဘေးနားတွင် ရပ်နေသူ၏ ရင်ထဲသို့ ခေါင်း၀င်လိုက်ပြီးနောက် အားပါးတရ အသက်ရှူလိုက်၏။

ထိုမြင်ကွင်းကိုကြည့်ရင်း အားလုံး ကြောင်တောင်တောင် ဖြစ်နေကြလေသည်။ လူမြင်ကွင်းတွင် ဤသို့ အရှက်မရှိ လုပ်ရက်မျိုးကို လုပ်သည့်သူသည် မည်သူများဖြစ်မလဲဟု အားလုံးသိချင်နေကြသည်။ သို့သော် လုပ်သည့်သူကိုမြင်ပြီးနောက် အကုန်လုံးသည် တစ်ခုခုကို နားလည်သွားသည့် အလား ပြုံးသာ ပြုံးနေ‌လိုက်ကြတော့သည်။

ရန်ကိုင်မှာတော့ ထိုမြင်ကွင်းကို ကြည့်ရင်းမှင်သက်နေခဲ့သည်။ အကြောင်းမှာ ဝေါယာဉ်ပေါ်မှ ပြေးထွက်လာသည့်လူ လာဖက်နေသူမှာ အခြားသူမဟုတ်ဘဲ သူ့ဘေးတွင်ရပ်နေသည့် ရွှယ့်ယွယ်သာ ဖြစ်သည့် အတွက်ကြောင့် ဖြစ်သည်။ ရွှယ့်ယွယ်သည်လည်း အလွန်ကိုမှ ရှက်ရွံနေခဲ့လေသည်။ လူမြင်ကွင်းတွင် ဤကဲ့သို့ အဖြစ်အပျက်နဲ့ ကြုံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သို့သော် သူမအားလာဖက်နေသူကို တွန်းမထုတ်ခဲ့ချေ။ ကြောင်တောင်တောင်ဖြင့်သာ ရပ်နေ၏။

ရန်ကိုင်ကမူ ရွှယ့်ယွယ်အား လာဖက်နေသူကို ကြည့်ရင်းဖြင့် နားရင်း နှစ်ချက်သုံးချက်လောက် ပြေးတီးချင်စိတ်များ တဖွားဖွားပေါ်လာခဲ့၏။ သို့သော်လည်း ချက်ချင်းပဲ ထိုအကြံကို ပြန်ပယ်ချလိုက်လေသည်။ အကြောင်းမှာ ရွယ့်ယွယ်ကိုဖက်နေသူသည်လည်း အမျိုးသမီးတစ်ဦးသာ ဖြစ်နေသည့် အတွက်ကြောင့် ဖြစ်သည်။

ထိုပုံရိပ်သည် ကြောင်တစ်ကောင်နှယ် ရွယ့်ယွယ်၏ ရင်ဘတ်ကို ခေါင်းဖြင့် ပွတ်သပ်နေ၏။ နောက်ဆုံးတွင် ခေါင်းလေးမော့လာပြီး ပြုံးလျက် ပျားသကာနှယ် ချိုမြိန်လှဿည့် လေသံဖြင့် နှုတ်ဆက်လိုက်လေသည်။ “အစ်ကို ရွယ့်ယွယ် မတွေ့ရတာတောင်ကြာပြီနော်၊ ကျွန်မကို လွမ်းနေလားဟင်”

ရွှယ့်ယွယ်၏ နှုတ်ခမ်း မဲ့သွားခဲ့သည်။ အားတင်းပြုံးလျက် ပြန်ပြောလိုက်၏ “ညီမ ကျိုးလင်ကိုး ဘယ်သူလဲလို့မှတ်နေတာ၊ ညီမကျိုးလင် ငါ့ကိုတစ်ချက်လောက် လွှတ်ပေးလို့ရမလားဟင်”

ကျိုးလင်ဆိုသော မိန်းကလေးသည် နာနာခံခံပင် နောက်သို့ဆုတ်ကာ သူ့ရှေ့တွင် ရပ်နေလိုက်သည်။ ထို့နောက် မျက်လုံးမှေးစင်း၍ ရွှယ့်ယွယ်ကို အထက်အောက် အစုံအဆန် စူးမ်းကြည့်လိုက်ပြီးနောက် ခေါင်းငြိမ့်၍ ချီးကျူးလိုက်၏။ “အစကို ရွယ့်ယွယ်က မတွေ့ရတာကြာတာနဲ့ အရင်ထက်တောင် ပိုချောလာတာပဲ၊ ကြယ်စီရင်စုထဲက မိန်းကလေးတွေ အစ်ကို ရွယ့်ယွယ်ကို အရူးအမူးဖြစ်နေတာ မထူးဆန်းတော့ပါဘူး”

သူမလေသံထဲ မနာလိုသည့် အရိပ်အယောင် အချို့ပါဝင်နေခဲ့သည်။ သို့တိုင် လူမြင်ကွင်းတွင် ရွှယ့်ယွယ်အား ပွင့်ပွင့်လင်းလင်း ချီးကျူးခဲ့ပေသည်။

ဦးနောက်ရှိသည့်သူတိုင်း သူမဘာဖြစ်နေသလဲဆိုတာကို မြင်နိုင်ပေသည်။ ထို ကျိုးလင်ဆိုသော မိန်းကလေးသည် ရွယ့်ယွယ်ကို ကြိုက်နေခြင်းသာဖြစ်သည်။ သို့သော်လည်း ထိုကိစ္စမှာ အထူးအဆန်းတော့မဟုတ်၊ ရွှယ့်ယွယ်သည် ကြယ်စင်စုထဲရှိ မိန်းကလေးတိုင်း၏ အိမ်မက်ဖြစ်သည်ကိုး။ ထို့ကြောင့် မိန်းကလေးတစ်ဦး သူ့အားကြိုက်နေသည်မှာ သဘာ၀သာဖြစ်သည်။ ကျိုးလင်၏ စကားကို ကြည့်ရသလောက် သူတို့နှစ်ဦးသိနေကြသည်မှာ အတော်လေး ကြာနေသည့်ပုံပင်။

“ညီမ ကျိုးလင်က အရမ်းယဉ်ကျေးနေတာပဲ” ရွှယ့်ယွယ် ယဲ့ယဲ့သာ ပြုံးလိုက်သည်။ ရန်ကိုင်သာမရှိလျှင် အဆင်ပြေပေသည်။ သို့သော်လည်း ရန်ကိုင်သည် ဘေးနားတွင်ထိုင်၍ ဤမြင်ကွင်းအား ကြည့်နေသည့်အကြောင်း စဉ်းစားမိလိုက်တိုင်း ရွယ့်ယွယ် အလွန်ကိုမှ ရှက်လာခဲ့သည်။

“လင်အာ မရိုင်းနဲ့လေ” ထိုစဉ် အနောက်ဘက်မှ အသံတစ်သံထွက်လာခဲ့သည်။ ကျိုးထဲသည် ဝေါယာဉ်ပေါ်မှ တဖြည်းဖြည်းချင်း ထကာ ကောင်မလေးကို လှမ်းအော်ပြောလိုက်သည်။

ကျိုးလင်သည် ရွယ့်ယွယ်အား လျှာလေးတစ်လစ် တစ်လစ် ထုတ်ပြလျက် တိုးတိုးလေးပြောလိုက်၏ “ပြီးရင် အစ်ကိုရွယ့်ယွယ်ကို လာရှာမယ်၊ အခုတော့ အဖိုးခေါ်နေလို့ သွားလိုက်ဦးမယ်နော်”

ပြောပြီးနောက် ဝေါယာဉ်စီသို့ပြေးသွားပြီး သူမ အဖိုးကို ထူမပေးလိုက်လေသည်။ ရန်ကိုင်သည် ရွှယ့်ယွယ်အား ပြုံးစိစိဖြင့်သာ ကြည့်နေခဲ့သည်။ ရွှယ့်ယွယ်မှာတော့ ရှက်ရှက်ဖြင့် ဒေါသထွက်လာပြီး ရန်ကိုင့်အား စူးရဲစွာ ပြန်စိုက်ကြည့်နေလေသည်။

“နှုတ်ဆက်ပါတယ် ဆေးဝိဇ္ဇာ၊ အလုပ်ရှုပ်ခံပြီး ဒီကိုလာပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်” ယခုမှပဲ ခေါင်းဆောင်အိုင်းအောင် စကားပြောခွင့်ရတော့သည်။ ချက်ချင်းပဲ လက်သီး၊လက်ဝါး ပူးကပ်၍ ဆေးဝိဇ္ဇာကျိုးထဲကို နှုတ်ဆက်လိုက်လေသည်။

“နှုတ်ဆက်ပါတယ် ဆေးဝိဇ္ဇာ ခရီးဝေးကလာခဲ့ရတော့ ဆေးဝိဇ္ဇာပင်ပန်းနေမှာပေါ့၊ ကျေးဇူးပြုပြီး အနားယူဖို့ အထဲကိုကြွပါဦး” တန်ခိုးရှင်အဆင့် ဆေးပညာရှင်များအားလုံး ကျိုးထဲအား လေးစားစွာ နှုတ်ဆက်လိုက်ကြသည်။

“အဟမ်း..အင်း.. ငါလည်း အသက်တွေ ကြီးလာတော့ အရိုးအဆစ်တွေ မခိုင်တော့ဘူးနဲ့ တူတယ်။ ဒီလောက်ကလေးလာလိုက်ရတာတောင် တော်တော် ပင်ပန်းသွားတယ်၊ မင်းတို့အားလုံးကိုလည်း စောင့်နေအောင် လုပ်မိလို့ အားနာပါတယ်ကွာ” ကျိုးထဲသည် လက်သီး၊လက်ဝါး ပူးကပ်၍ ပြန်ပြောလိုက်သည်။

ရန်ကိုင်သည်လည်း ကျိုးတဲ့ မည်သူမှန်းသိအောင် သေသေချာချာကြည့် ကြည့်လိုက်သည်။ ကျိုးတဲ့သည် သာမန်လူတစ်ဦးနှင့် ဘာမှမကွာချေ။ ကျင့်ကြံချင်းဆိုလျင် ကျိုးတဲ့သည် တန်ခိုးရှင်ဒုတိယအဆင့်၌သာ ရှိသေးသည်။ထို့အပြင် ရုပ်ရည်ကိုကြည့်ရသလောက် ဆေးဝိဇ္ဇာကျိုးထဲသည် ပြောရဆိုရ လွယ်ကူမည့်ပုံစံမျိုးပေါက်နေသည်။

ထို့ကြောင့် ရန်ကိုင်တွေးမိသွား၏ “သူနှစ်၀က်လောက်‌ ကြာနေရတာ လမ်းမှာ ကိစ္စတစ်ခုခုကြုံနေလို့ ဖြစ်လောက်တယ်၊ မဟုတ်ရင် ခေါင်းဆောင်အိုင်းအောင် ကိုယ်တိုင်ဖိတ်တာတောင် ဒီလောက်ကြာပြီးမှ ရောက်လာမှာ မဟုတ်ဘူး”

“ခရီးဝေးကြီးလာခဲ့ရတော့ ဆေးဝိဇ္ဇာပင်ပန်းနေမှာပေါ့၊ ဒီဘုရင် ဆေးဝိဇ္ဇာနားဖို့အတွက် နေရာတစ်ခုပြင်ပေးရမလား” အိုင်းအောင်က မေးလိုက်သည်။

“အွန်း..…အဲ့တာလည်းကောင်းတာပဲ၊ ဒီလူအိုကြီး နည်းနည်း ပင်ပန်းနေပြီ” ကျိုးတဲ့က ခေါင်းငြိမ့်လိုက်သည်။ အိုင်းအောင်က အပေါ်ယံသဘောဖြင့်သာ မေးလိုက်သော်လည်း ကျိုးတဲ့သည် တကယ်ကြီး သဘောတူလိုက်လေသည်။ ကျိုးတဲ့၏ ပြန်ပြောစကားကြောင့် အိုင်းအောင်မှာ လုံးဝကို မှင်သက်သွားခဲ့လေသည်။

တစ်ချိန်ထဲတွင် စိတ်ထဲ၌လည်း ပြောလိုက်၏

ငါက လောက၀တ်အရ ပြောလိုက်တာလေ မင်းကဘာလို့ တစ်ကယ်ကြီး လက်ခံလိုက်တာလဲ၊ ငါဘယ်လောက် စိတ်ပူနေလဲဆိုတာကို မင်းမတွေ့တာလား၊ ဒါမှမဟုတ် အိုလွန်းလို့ မင်းမျက်လုံး‌တွေဝါးကုန်တာလား

အခြားတန်ခိုးရှင်အဆင့် ဆေးပညာရှင်များသည်လည်း မျက်မှောင်ကြုတ်ကုန်ကြလေသည်။ ယခုတစ်ကြိမ်တွင်တော့ ဆေးဝိဇ္ဇာကျိုးထဲ မှားမှန်းကို အကုန်လုံး လက်ခံသဘောတူကြပေသည်။

တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်မို့လို့ ငါတို့ကို နှစ်၀က်စောင့်ခိုင်းတာ အဆင်ပြေတယ်။ မင်းမောက်မာချင်လည်း မောက်မာလို့ရတယ်။ ဒါပေမယ့် မင်းအခုဒီရောက်နေပြီကို ဆေးမဖော်စပ်သေးဘဲ ဘာတွေထိုင်နားချင်နေသေးတာလဲ၊ လူနာက သေခါနီးဖြစ်နေတာကို မင်းမမြင်ဘူးလား၊ ပြီးတော့ မင်းကိုကြိုဖို့ ကြယ်သင်္ဘောတစ်စီးလည်း လွှတ်လိုက်သေးတယ်။ မင်းတာကို မင်းဘာသာ ရှည်ပြီး ဝေါယာဉ်စီးလာတာလေ။ ပြီးတော့၊ မင်းတစ်ချိန်လုံး ထိုင်ပဲ စီလာတာကို ဘယ်လိုလုပ်ပြီး ပင်ပန်းနေရတာလဲ

အိုင်းအောင်စိတ်ထဲ စတင်၍ ငြီးတွားလေတော့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၀၂)

“ဟား...ဟား..ငါနောက်နေတာပါကွ ခေါင်းဆောင်အိုင်းအောင်ရ။ မင်းအဲ့မျက်နှာကြီး မလုပ်စမ်းပါနဲ့” ရုတ်တရက် ကျိုးထဲက ရယ်မော၍ ပြောလိုက်လေသည်။

သူနောက်နေလား၊ မနောက်နေလား ဆိုသည်ကိုတော့ ဘုရားသာသိပေလိမ့်မည်။ အိုင်းအောင်၏ မပျော်မရွှင် ဖြစ်နေသော မျက်နှာကိုမြင်ပြီးနောက် သဘောထား ပြောင်းလဲသွားခြင်း ဖြစ်လောက်၏။

ကျိုးထဲသည် အဆင့်အတန်း မြင့်မားသူတစ်ဦး ဖြစ်‌သော်လည်း အိုင်းအောင်ကိုယ်တိုင်ကလည်း အဆင့်အတန်းနိမ့်သူ တစ်ယောက်မဟုတ်။ ထို့ကြောင့်

အိုင်းအောင်ကိုလည်း အနည်းငယ်တော့ မျက်နှာသာ ပေးရပေလိမ့်မည်။

“ဟဲ..ဟဲ..ဆေးဝိဇ္ဇာ နားချင်လည်း ကိစ္စမရှိပါဘူး။ နားလို့ရပါတယ်။ ကျုပ်ကလည်း အလျင်လိုတာမှ မဟုတ်တာ။ ဒီလောက် အကြာကြီးတောင် စောင့်ပြီးသွားပြီပဲ။ရက်နည်းနည်းလောက် ထပ်စောင့်လိုက်ရလည်း ကိစ္စမှမရှိတာ”

အိုင်းအောင်သည်လည်း ချက်ချင်းပဲ ပြန်ပြောလိုက်လေသည်။ ကသိကအောက် အခြေအနေမှ ရုန်းထွက်နိုင်ရန် တစ်ဖက်လူကို မျက်နှာသာမပေးချင်ပင် ပေးရတော့မည်။ထို့အပြင် သူ့စကားထဲ တစ်ဖက်လှည့်နှင့် လှည့်ပြောသွားသော အချက်တစ်ချက် ပါပေသေးသည်။ မင်းငါ့ကို အကြာကြီး စောင့်ခိုင်းထားပြီးသွားပြီနော် ဟူသော သတင်းစကားပင်ဖြစ်သည်။

“လူနာကို အရင်ကယ်ရမှာပေါ့”ကျိုးထဲက လက်ဝှေ့ယမ်း၍ ပြောလိုက်သည် “ဆေးဝိဇ္ဇာကို ကျေးဇူးအများကြီးတင်ပါတယ်”

ထိုအခါမှပဲအိုင်းအောင်သက်ပြင်းချနိုင်တော့သည်။

“ကျန်းရွှမ်..ဆရာ့ကိုနှုတ်ဆက်ပါတယ်။ခရီးပန်းလာတာတောင် တခြားလူတွေကို ဦးစားပေးတတ်တဲ့ဆရာက တကယ်ကို ကြင်နာတတ်တဲ့ တစ်ယောက်ပါပဲ။ ဆရာ့လိုလူ တစ်ယောက်က အားလုံးအတွက် စံနမူနာပါပဲ။ ဒီကျန်းရွှမ် ဆရာ့ကိုတကယ်လေးစားသွားပါပြီ”

နှာခေါင်းကောက်ကောက်နဲ့လူကြီးသည် လူအုပ်ထဲမှ တိုးထွက်လာပြီး ကျိုးထဲအား အသားကုန် ဖားယားတော့သည်။ ကျိုးထဲသည် နှာခေါင်းကောက်ကောက်နှင့်လူကို မြင်မြင်ချင်း စိတ်ရှုပ်သွားခဲ့သည်။

သို့သော်လည်း မကြာမီ အော်ရယ်မော၍ “လတ်စသတ်တော့ မင်းကိုး။ ဟင်.. မင်းတန်ခိုးရှင် အလယ်အလတ်အဆင့် ဆေးပညာရှင်တောင် ဖြစ်နေပြီလား။ မင်းက တကယ် တိုးတက်တာ မြန်တာပဲကွ။ ဇွဲမလျော့နဲ့၊ ဆက်ကြိုးစားထား”

ကျိုးထဲ၏ ချီးကျူးစကားကို ကြားလိုက်ရသော် ကျန်းရွှမ် အလွန်ကိုမှ ဂုဏ်ယူသွားခဲ့သည်။ ချက်ချင်းပဲကျိုးထဲအား ထပ်မံဖားယားတော့လေသည် “ဆရာ့ကြောင့်သာမဟုတ်ရင် ဒီကျန်းရွှမ် အခုလောက်ထိ တိုးတက်နိုင်မှာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ဒီကျန်းရွှမ်ဂါရဝပြုတာကို လက်ခံပေးပါဆရာ”

ပြောပြီးသည့်နောက်စိတ်အားတက်ကြွစွာဖြင့် ကျိုးထဲအား စတင်ဦးညွတ်ကန်တော့လေသည်။

ကျိုးထဲက ခေါင်းညိမ့်၍ ပြန်ချီးကျူးလိုက်သည် “မင်းက ကျေးဇူးသိတတ်တဲ့ကောင်ပဲကွ။ မင်းစိတ်ဓာတ်ကျနေလို့ ငါကမင်းကို နည်းနည်းပါးပါး ညွှန်ပြပေးလိုက်တာ။ အဲ့ကိစ္စကို မင်းအခုထိ မှတ်မိနေဦးမယ်လို့ ငါတကယ်မထင်ထားဘူး။ မင်းသာဆန္ဒရှိရင် အခုကစပြီး ငါ့ဘေးမှာနေလို့ရတယ်။ ငါမှာလည်း လက်ထောက်တစ်ယောက် လိုနေတာနဲ့ အတော်ပဲ”

“နေမှာပေါ့ဆရာ။နေမှာပေါ့။အခုလို အခွင့်အရေးပေးတဲ့ အတွက် ဆရာ့ကို ကျေးဇူးအများကြီးတင်ပါတယ်။ ဆရာ ဘယ်သွားသွား တပည့် ဆရာ့နောက်ကို ကျိန်းသေလိုက်ပါ့မယ်” ကျန်းရွှမ် ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်သွားလေသည်။ သူ့အား ဤကဲ့သို့ အခွင့်အရေးပေးသည့်အတွက် ကျိုးထဲအား ထပ်တလဲလဲကို ကျေးဇူးတင်နေတော့သည်။

သူသည်တန်ခိုးရှင် အလယ်အလတ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်သော်လည်း ကျိုးထဲ၏ လက်ထောက် ဖြစ်ရသည့်အတွက် ရှက်ရွံ့ခြင်းမရှိ။ ကျိုးထဲ၏ လက်ထောက် ဖြစ်ရသည်မှာ သူ့အတွက် ဂုဏ်ယူစရာပင်။ ကျိုးထဲ၏ လက်‌ထောက်ဆိုသည်မှာ လူပေါင်းများစွာမှ ဒူးထောက်ပြီး တောင်းပန်လျှင်ပင် မရနိုင်သည့် ရာထူးမျိုးဖြစ်သည်။ ကျိုးထဲအား ဤကဲ့သို့ဦး ညွတ်ကန်တော့ပြီး လေးစားသမှုပြုကာ ချီးကျူးစကားပြောရုံဖြင့် ဤမျှအံ့သြဖွယ်ကောင်းသည့် အခွင့်အရေးကို ရလိုက်လိမ့်မည်ဟု ကျန်းရွှမ် လုံးဝ မထင်ထားခဲ့ချေ။

ထို့အပြင် ကျိုးထဲသည် ကျန်းရွှမ်မှ သူ့ကိုယ်သူ တပည့်..တပည့်ဟု သုံးနှုန်းသွားသော စကားလုံးကိုလည်း ဘာကွန့်ကွက်စကားမှ မပြောခဲ့။

နှာခေါင်းကောက်ကောက်နှင့် လူသည် ပုံမှန်အားဖြင့် တန်ခိုးရှင် အလယ်အလတ်အဆင့် ဆေးပညာရှင် တစ်ဦးသာ ဖြစ်သော်ငြား ကျိုးထဲ၏ တပည့်သာ ဖြစ်လာခဲ့မည် ဆိုလျှင် သူ့အဆင့်အတန်းမှာ လုံးဝမိုးနှင့်မြေလို ကွာခြားသွားပေလိမ့်မည်။

တန်ခိုးရှင်ဘုရင်အဆင့်အောက်ရှိ ဆေးပညာရှင်များအားလုံး သူ့အား‌ လေးလေးစားစားဖြင့် ဆက်ဆံရပေတော့မည်။ ကျန်းရွှမ်မှာ ပျော်လွန်းသဖြင့် ထပင်ကခုန်ချင်လာသည်။ တန်ခိုးရှင်အဆင့် ဆေးပညာရှင် အချို့သည်လည်း ကျန်းရွှမ်အား အားကျစွာ ကြည့်လိုက်ကြလေသည်။

ကျိုးထဲ၏ နောက်လိုက် လုပ်ရသည်မှာ လက်ထောက်ဆိုလျှင်ပင် အလွန်ကိုမှ ဂုဏ်ယူစရာကောင်းသည့် ရာထူးမျိုး ဖြစ်သည်။ ကျိုးထဲနားတွင် နေခြင်းအားဖြင့် ဆေးပညာနှင့် ပက်သက်သည့် အမျိုးမျိုးသော အသိပညာများကို သင်ယူလေ့လာနိုင်ပေသည်။ ထိုးထွင်းသိမြင်မှုသာ လုံလောက်အောင် မြင့်မားနေမည်ဆိုလျှင် ကံကောင်းပါက ဒုတိယကျိုးထဲပင် ဖြစ်လာနိုင်သည်။ မည်သူကများ ကျန်းရွှမ်လို ဂုဏ်မယူဘဲ နေဦးမည်နည်း။

ကျန်းရွှမ်သည် ခဏကြာအောင် ဂုဏ်ယူနေပြီးနောက် ရုတ်တရက် ကျိုးထဲနားသို့ကပ်သွားကာ တိုးတိုးလေး ပြောလိုက်လေသည်။ ကျန်းရွှမ်သည် သူ့အသံကို တိုးနိုင်သမျှ တိုးအောင်ပြောနေခြင်း ဖြစ်သည်။ ကောင်းကင်စိတ်အာရုံဖြင့် မစူးစမ်းသရွေ့ သူဘာပြောနေသလဲ ဆိုသည်ကို မည်သူမျှ ကြားနိုင်လိမ့်မည်မဟုတ်ချေ။ ထို့အပြင် ဆေးဝိဇ္ဇာကျိုးထဲရှေ့၌ မည်သူကများ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ရဲမည်နည်း။

ထို့ကြောင့် သူဘာပြောသလဲဆိုသည်ကို မည်သူမျှ မကြားရချေ။ သို့သော်လည်း သူဘာအကြောင်း ပြောမလဲဆိုသည်ကိုတော့ လူတိုင်းသိနေကြသည်။

ချက်ချင်းဆိုသလို အားလုံး၏အကြည့်သည် ရန်ကိုင့်ဆီသို့

ရောက်ရှိလာခဲ့လေသည်။ယခုချိန်မှစ၍ ရန်ကိုင်တော့ ဒုက္ခ ရောက်ပြီမှန်း အကုန်လုံးသိလိုက်ကြသည်။ ရန်ကိုင် သွားရန်စလိုက်သည့်သူမှာ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်သည်။ နောက်နောင် သူဆေးလုံးလိုအပ်လာပါက မည်သူ့ကိုများ သွားအကူအညီတောင်းနိုင်မည်နည်း။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးအတွက် အဆင့်တက်ဖို့ဆိုသည်မှာ အလွန်ကိုမှ ခဲယဉ်းပေသည်။ ဆေးလုံး၏ အကူအညီသာ မပါလျှင် အချိန်အကြာကြီးကျင့်ကြံသည့်တိုင် နည်းနည်းလောက်သာ တိုးတက်နိုင်၏။ တစ်ဘဝလုံး ထိုင်ကြိုးစားလျှင်ပင် လုံးဝမတိုးတက်သည်မှာလည်း ဖြစ်နိုင်ပေသည်။

“နှမြောစရာပဲ။ သူ့လိုပါရမီရှင်တစ်ယောက်က အခွင့်အရေးသာရရင် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာမှာ။ အခုတော့ သူ့အနာဂတ်ကတော့သွားပါပြီ” ဆေးပညာရှင်ပေါင်း များစွာ၏ မျက်နှာထက် နှမြောတသဖြစ်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့သည်။

ထိုအချိန်အတောအတွင်း ကျိုးထဲမှာတော့ မျက်လုံးမှေးစင်းလျက် ရန်ကိုင့်အားနှစ်ကြိမ်သုံးကြိမ် လှည့်လှည့်ကြည့်လိုက်သည်။

ထို့နောက် ဂရုမစိုက်သည့်အလား သူ့အကြည့်ကို ပြန်ရုတ်သိမ်းသွား၏။ ကျန်းရွှမ်မှာမူ ပြောလို့မပြီးသေးသည့် အလား ထပ်တလဲလဲ ပြောနေခဲ့သည်။အိုင်းအောင်မှာတော့ ထိုမြင်ကွင်းကို ကြည့်ရင်း စိတ်ညစ်လာခဲ့သည်။သို့သော် သွားမပြောရဲသဖြင့် စိတ်ရှည်ရှည်ဖြင့်သာ ရပ်စောင့်နေရလေ၏။

သူပြောခဲ့သလိုပင် သူစောင့်နေရသည်မှာ အကြာကြီး ဖြစ်နေလေပြီ။ ထို့ကြောင့် နည်းနည်းလောက် ဆက်စောင့်ရလည်း ကိစ္စမရှိပေ။ ထို့အပြင် ကျန်းရွှမ်သည် လက်ရှိတွင် ဆေးဝိဇ္ဇာကျိုးထဲ၏ တပည့်တစ်ပိုင်း ဖြစ်လာနေခဲ့လေပြီ ဖြစ်သည့် အတွက်ကြောင့် သူ့အား ယခင်ကကဲ့သို့ သွားဆက်ဆံ၍မရတော့ချေ။ အချိန်အတော်ကြာသွားတော့မှပဲ ကျန်းရွှမ် စကားပြောလို့ ပြီးသွားခဲ့သည်။

ထိုစဉ် အိုင်းအောင်က အချိန်ကိုက် ဝင်ကြားဖြတ် ပြောလိုက်လေသည်။ “ဆေးဝိဇ္ဇာ ကျေးဇူးပြုပြီး အထဲကို ကြွလာခဲ့ပေးပါ”

“အင်း”ကျိုးထဲက သဘောတူလိုက်သည်။ ကျိုးလင်အကူအညီ ဖြင့် ကျိုးထဲသည် အဓိကခန်းမထဲသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း ဝင်သွားခဲ့လေသည်။ အိုင်းအောင်နားရော က်လာစဉ် အိုင်းအောင်အား လက်ယပ်ခေါ်လိုက်သည်။ အိုင်းအောင်လည်း ကျိုးထဲ ဘာပြောချင်သလဲဆိုသည်ကို နားလည်သည့်အလား ချက်ချင်းပဲ ကျိုးထဲနှင့်ပခုံးချင်းယှဉ်လျက် လမ်းလျှောက်သွား လေ၏။ အခြားသူများသည် သူတို့ နှစ်ဦးနောက်မှ ဖြည်းဖြည်းချင်း လိုက်သွားကြသည်။

“ခေါင်းဆောင်အိုင်းအောင် ဒီလူအိုကြီး ဒီတစ်ခါ ကိစ္စနှစ်ခုကြောင့် ရေကောင်းကင်မြို့ဆီလာခဲ့တာ။ တစ်ခုက ဝိဉာဏ်အရင်းအမြစ် ဆေးလုံးကိုဖော်စပ်ဖို့။ နောက်တစ်ခုကတော့ ခေါင်းဆောင်အိုင်းအောင်ဆီကနေ တောင်းဆိုချင်စရာလေးတစ်ခုရှိလို့” ကျိုးထဲက အိုင်းအောင်ဘက်သို့ လှည့်၍ ပြောလိုက်၏။

“ဆေးဝိဇ္ဇာ ပြောစရာရှိတာ ပြောလိုက်ပါ။ ကျုပ်တို့ ဟုန်းလော့ကုန်သွယ်‌ရေးအဖွဲ့အစည်း တတ်နိုင်တဲ့ ဘောင်အတွင်းမှာ ရှိနေသရွေ့ လုံးဝ ငြင်းမှာ မဟုတ်ပါဘူး” အိုင်းအောင်က ပြန်ပြောလိုက်၏။

“ဟဲ..ဟဲ ဒီလောက်စိတ်မလောနဲ့ဦးလေ။ ကျုပ်ပြောမယ့်ဟာကို ခေါင်းဆောင်အိုင်းအောင် သဘောတူလောက်မှာမဟုတ်ဘူး။” ကျိုးထဲက တည်တည်ငြိမ်ငြိမ်ဖြင့်ပြုံးလိုက်သည်။

အိုင်းအောင်က ဂုဏ်ယူဝံ့ကြွားစွာဖြင့် “ကျုပ်တို့ဟုန်းလော့ကုန် သွယ်ရေးအဖွဲ့အစည်းက ဒီကြယ်စီရင်စုကြီးတစ်ခုလုံးမှာ ပြန့်နေတာ။ ကျုပ်ကိုယ်ကျုပ် အချမ်းသာဆုံးလို့တော့ မပြောရဲပေမယ့် ဆေးဝိဇ္ဇာရဲ့ တောင်းဆိုချက်ကိုတောင် မဖြည့်ဆည်းပေးနိုင်ရင် ဆေးဝိဇ္ဇာကို ဘယ်မျက်နှာနဲ့ သွားဖိတ်ခေါ်ရဦးမှာလဲ”

“ခေါင်းဆောင်အိုင်းအောင်က အဲ့လိုပြောမှတော့ ဒီလူအိုကြီးလည်း ကွေ့ပတ်ပြီး ပြောမနေတော့ပါဘူး။” ကျိုးထဲသည် တစ်ချက်ရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်၏ “ဒီလူအိုကြီး အခုတစ်ကြိမ်ရောက်လာတာ ငါ့မြေးမလေးရဲ့ လက်ထပ်ပွဲကိစ္စကြောင့်ပဲ”ပြောရင်း သူ့အား ထူမပေးထားသည့် ကျိုးလင်ဆီသို့ မေးငေါ့ပြလိုက်လေသည်။

“လက်ထပ်ပွဲကိစ္စ” အိုင်းအောင်ရင်တုန်သွားခဲ့လေသည်။ မသိလိုက်မသိဘာသာဖြင့် သူ့အကြည့်သည် ရွှယ့်ယွယ်ဆီသို့ အလိုလို ရောက်သွားခဲ့သည်။ ထို့နောက် အားတင်းပြုံးလျက် ပြန်ပြောလိုက်၏။ “မိန်းကလေးကျိုးလင်က ဆေးဝိဇ္ဇာရဲ့မြေးလည်းဟုတ်တယ်။ အဆင့်အတန်းလည်း မြင့်ပြီး အရမ်းလည်းလှတယ်။ ကျုပ်ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းထဲက ဘယ်ကောင်စုတ်များ ကံကောင်းပြီး မိန်းကလေးကျိုးလင်ရဲ့ နှစ်ခြိုက်မှုကိုရသွား တာလဲ မသိဘူး”

“ခေါင်းဆောင်အိုင်းအောင် မင်းမသိချင်ယောင် ဆောင်မနေစမ်းပါနဲ့ကွာ”ကျိုးထဲကပြုံးလျက်“ဒီလောကကြီးမှာ ငါ့လင်အာလေးနဲ့ ထိုက်တန်တဲ့သူ သိပ်ရှိတာမဟုတ်ဘူး။ ဟုန်းလော့ကုန် သွယ်ရေးအဖွဲ့အစည်းမှာတော့ တစ်ယောက် ရှိတယ်။ ပြီးတော့ လင်အာက သူ့ကိုငယ်ငယ်လေးတည်းက သိတာ။ ငယ်ငယ်လေးတည်းကပဲ ကြိုက်နေခဲ့တာ။ ဒီလူအိုကြီး ရေကောင်းကင်မြို့ကိုလာမယ်လုပ်တော့ သူလည်း အတင်းလိုက်မယ်ဆိုပြီး လုပ်တာ။ ပြီးရင် ဒီလူအိုကြီးကို သူ့လက်ထပ်ပွဲအတွက် တောင်းဆိုပေးဖို့ပြောတယ်။ မလုပ်ပေးဘူးဆိုရင် ငါ့မုတ်ဆိတ်မွှေးကို မီးရှို့ပစ်မယ်တဲ့။ ငါတကယ် အလိုလိုက်ထားမိတာပဲကွာ”ကျိုးထဲက စိတ်ဓာတ်ကျကျဖြင့် ပြောလိုက်၏။

“အဘိုး” ကျိုးလင်၏ မျက်နှာတစ်ပြင်လုံး နီမြန်းသွားခဲ့လေသည်။ ရှက်ရှက်ဖြင့် ကျိုးထဲ၏ လက်မောင်းကို ဟိုလွှဲယမ်းဒီလွှဲယမ်းလုပ်ရင်း သူမရဲ့အကြည့်သည် ရွှယ့်ယွယ်ဆီသို့ အလိုလို ရောက်သွားခဲ့လေသည်။

အရူးတစ်ယောက်ပင်လျှင် ကျိုးထဲ ဘာပြောချင်နေမှန်း သိလိမ့်မည်ဟု သူမယုံကြည်ပေသည်။ ကျိုးထဲ၏ စကားကိုကြားပြီးနောက် ရွှယ့်ယွယ်မည်ကဲ့သို့ ဖြစ်သွားမလဲဆိုသည်ကို သူမ အလွန်သိချင်နေမိသည်။

သို့သော်လည်း လှမ်းကြည့်မိလိုက်သည့် အခိုက် ကျိုးလင်ရင်ထိတ်သွားခဲ့လေ၏။ ရွှယ့်ယွယ်မှာသူမထင် သကဲ့သို့ ပျော်မနေဘဲ ဖြူဖတ်ဖြူ‌ရော်သာဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။

“အစ်ကိုရွှယ့်ယွယ်က ငါ့ကိုမကြိုက်တာလား” ကျိုးလင် စတင်စိတ်ပူလာခဲ့သည်။

“ဆေးဝိဇ္ဇာက ရွှယ့်ယွယ်ကို ပြောချင်နေတာလား။” အိုင်းအောင်လည်း ဆက်ပြီး မသိချင်ယောင်ဆောင်လို့ မရတော့သည့်အဆုံး ပြန်မေးလိုက်လေသည်။

“ဟုတ်တယ်” ကျိုးထဲကပြုံး၍ ရွှယ့်ယွယ်အား ကျေနပ်စွာ လှမ်းကြည့်ရင်း ဆက်ပြောလိုက်သည် “တတိယသခင်လေးက လူတွေကြားက နဂါးတစ်ကောင်ပဲ။ သူကငယ်လည်းငယ်တယ်။ ရုပ်လည်းချောတယ်။ ပါရမီကလည်းမြင့်တယ်။ ပြီးရင် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ဆက်ခံသူလည်း ဖြစ်နေသေးတယ်။ ဟဲဟဲ...ခေါင်းဆောင်အိုင်းအောင်သာ ဒီကမ်းလှမ်း ချက်ကိုသဘောတူတယ်ဆိုရင် ဒီလူအိုကြီးက သူ့ကို သားတစ်ယောက်လို အကောင်းဆုံးပြုစုပျိုးထောင်ပေးမယ်။ နောက်ပိုင်း ဒီလူအိုကြီး ရေကောင်းကင်မြို့မှာပဲ နေချင်‌တောင် နေဖြစ်သွားနိုင်တယ်”

သူပြောချင်သည်မှာ ရှင်းပေသည်။ ရွှယ့်ယွယ်နှင့်ကျိုးလင်သာ လင်မယား ဖြစ်လာခဲ့လျှင် ကျိုးထဲသည် ဟုန်းလော့ကုန်သွယ်ရေး

အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာပေလိမ့်မည်။ ထိုအခါ သူသည် ရေကောင်းကင်မြို့တွင်နေပြီး ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းအတွက် ဆေးလုံးများ ဖော်စပ်ပေးပေမည်။ အိုင်းအောင်သာ သူ့အားအလိုရှိလျှင် အဝေးကြီးသို့ လာပြီး ဖိတ်ခေါ်နေစရာ မလိုတော့ချေ။

ဤသည်မှာ မည်သည့်အင်အားစုအတွက်မဆို အလွန်ကိုမှ စွဲမက်ဖွယ်ရာ ကောင်းလှသည့် မက်လုံးတစ်ခု ဖြစ်သည်။ ရွှယ့်ယွယ်သာ ယောက်ျားတစ်ယောက်ဆိုလျှင်တော့ ခေါင်းဆောင်အိုင်းအောင်သည် ဤကိစ္စကို တွေးပူနေလိမ့်မည် မဟုတ်ဘဲ ချက်ချင်း သဘောတူလိုက်ပေမည်။ သူ့သား ပျော်ရွှင်မှုနှင့် စာလိုက်လျှင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်သည် အများကြီးပို၍ တန်ဖိုးကြီးပေသည်။ သို့သော်လည်း ရွှယ့်ယွယ်သည် ယောက်ျားလေး မဟုတ်။ မိန်းကလေး ဖြစ်နေခဲ့သည်။ ဤလက်ထပ်ပွဲမှာ လုံးဝမဖြစ်နိုင်ချေ။ ခေါင်းဆောင်အိုင်းအောင် သဘောတူမည်ဆိုလျှင်ပင် ပထမဆုံး မင်္ဂလာဦးညမှာပင် အကုန်လုံး ပေါ်သွားပေလိမ့်မည်။

ထိုအခါသူ့လုပ်ရပ်သည် ကျိုးထဲအား လုံးဝကို ရန်စလိုက်သလို ဖြစ်သွားပေလိမ့်မည်။ အိုင်းအောင် ဘာပြောလို့ပြောရမှန်းမသိ တော့ချေ။ သူ့ဘဝတွင် ပထမဦးဆုံးအကြိမ်အဖြစ် ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။

“ဘာဖြစ်လို့လဲ ခေါင်းဆောင်အိုင်းအောင် တခြား တွေးပူစရာတွေရှိသေးလို့လား။” အစကတော့ သူကိုယ်တိုင်သာ လာတောင်းရမ်းလျှင် အိုင်းအောင်သည် သူ့အား ကျိန်းသေ မျက်နှာသာပေးလိမ့်မည်ဟု ထင်ခဲ့သည်။ ထို့အပြင် အိုင်းအောင်သည် သူ့ဆီမှအကူအညီကို လိုနေသေး၏။ သို့သော်လည်း တကယ် လာတောင်းရမ်းချိန်တွင် ကျိုးထဲသည် သူမျှော်လင့်ထားသည့် စိတ်အားထက်သန်သော တုန့်ပြန်မှုမျိုးကို အိုင်းအောင်ဆီတွင် မတွေ့ရချေ။ အိုင်းအောင်မှာတော့ အလွန်အမင်းကို ရှက်ရွံ့နေခဲ့သည်။ အိုင်းအောင်၏ပုံစံကိုမြင်ပြီး ကျိုးထဲစိတ်ညစ်သွားလေသည်။ သူ့လေသံမှာလည်း အေးစက်သည်ထက် အေးစက်လာခဲ့သည်။

“အဲ့လိုမျိုးမဟုတ်ဘူး။အဲ့လိုမျိုးမဟုတ်ဘူး။ ဆေးဝိဇ္ဇာ နားလည်မှုလွဲနေတာ” အိုင်းအောင်က ကမန်းကတန်း လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။ သူသာ ဤကိစ္စကို ကောင်းကောင်း မကိုင်တွယ်လျှင် ပြဿနာ အကြီးကြီး တက်တော့မည်မှန်း သိနေသည်။

သို့သော်လည်း ကောင်းကောင်း ကိုင်တွယ်ဖို့ရာ အတွက် မည်သို့များ အကြောင်းပြချက် ပေးရဦးမည်နည်း။ ကျိုးထဲက အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့၍ပြောလိုက်သည်။ “ဒီလူအိုကြီးက လက်ထပ်ပွဲကိစ္စပြောဖို့လာခဲ့တာ။ ဝိဉာဉ်အရင်းမြစ်အားဖြည့်ဆေးဆိုတာ ဒီလူအိုကြီးရဲ့ သဘောထားကို ပြတဲ့လက်ဆောင်ပဲ။ ခေါင်းဆောင်အိုင်းအောင်သာ လက်ထပ်ပွဲကို သဘောတူမယ်ဆိုရင် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း အတွက် တစ်နှစ်ကို တန်ခိုးရှင်ဘုရင်အဆင့်ဆေးပုလင်း ဆယ်ပုလင်း ဒီလူအိုကြီးဖော်စပ်ပေးမယ်”၏

ထိုစကားကို ကြားလိုက်သည့်အခိုက် ခန်းမထဲတွင် ရှိနေသူအားလုံး ကျိုးထဲအား ထိတ်လန့်တကြီး လှမ်းကြည့်လိုက်ကြသည်။ ဆေးပုလင်းဆယ် ပုလင်းဆိုသည်မှာ ဆေးလုံးအလုံးတစ်ရာကို ဆိုလိုပေသည်။ သာမန်ဆေးလုံးဆိုလျှင် ဘာမှကိစ္စမရှိ။

ယခုကျိုးထဲပြောသွားသည်မှာ သာမန်ဆေးလုံးမဟုတ်။ တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံး အလုံးတစ်ရာဖြစ်သည်။ ဆေးလုံးတစ်လုံးချင်းစီသည် အလွန်ကိုမှ အဖိုးတန်ပေသည်။ ကျိုးထဲကဲ့သို့သော ဆေးပညာရှင်တစ်ဦး အတွက်ပင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးအလုံးတစ်ရာကို ဖော်စပ်ဖို့ဆိုသည်မှာ သိပ်ပြီးလွယ်ကူသည်မဟုတ်။ ကျိုးထဲသည် ကျိုးလင်ကို အလွန်ချစ်မြတ်နိုးသူမှန်း အကုန်လုံးချက်ချင်း နားလည်သဘောပေါက်သွားကြသည်။ မဟုတ်လျှင် ဤသို့ ကမ်းလှမ်းစရာအကြောင်းမရှိချေ။

အိုင်းအောင်မှာလည်း ရင်တဒုန်း ဒုန်းခုန်လာခဲ့သည်။ သူသည်အခြားသူများထက်ပင်ပို၍ စိတ်ပျက်နေသေးသည်။ ယခင်ကကျိုးထဲအား တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးဖော်စပ်ပေးရန်အတွက် သွားအကူအညီ တောင်းလိုက်တိုင်း ဆေးအမယ်များစွာကို ထောက်ပံ့ပေးရရုံသာမက ဆေးဖော်စပ်ခလည်း အများကြီးပေးရပေသည်။ ထိုမျှသာလျှင် မဟုတ်။ ကျိုးထဲ၏စိတ်အခြေအနေကိုလည်း ကြည့်ရသေးသည်။ သို့ပင်လျှင် အများဆုံးမှ တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံး အလုံး၂၀လောက်သာ ရ၏။

လွန်ခဲ့သည့်နှစ်ကဆိုလျှင်၅လုံးသာ ရလိုက်သည်။ ယခုမူ ဤလူအိုကြီးသည် နှစ်စဉ်နှစ်တိုင်း ဆေးလုံး အလုံးတစ်ရာကို ဖော်စပ်ပေးမည်ဟု ပြောလာခဲ့သည်။ ဤသို့ ပြောနိုင်ပုံကိုကြည့်လျှင် အလုံးတစ်ရာဟူသော ပမာဏသည် ကျိုးထဲ၏ အကန့်အသတ် ဟုတ်သေးပုံမရ။

ထိုသို့ ဖြစ်လျှင် ဘာကြောင့်များ သူတို့အား တစ်နှစ်မှ ငါးလုံး၊ ဆယ်လုံး၊ အလုံးနှစ်ဆယ်လောက်သာ ဖော်ပေးရသနည်း။ ထိုအကြောင်း ပြန်တွေးလိုက်တိုင်း အိုင်းအောင်အလွန်ရင်နာလာလေသည်။

သူတို့ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းမှ ကျိုးထဲအား ပြင်ဆင်ပေးထားခဲ့သည့် လက်ဆောင်အားလုံးကို ခွေးများ ကျွေးပစ်လိုက်သလားဟုပင် အိုင်းအောင် ထင်မိလာခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၀၃)

နှစ်စဉ်နှစ်တိုင်း တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံး အလုံးတစ်ရာ ဖော်စပ်ပေးမည်ဟူသော ကျိုးထဲ၏စကားသည် အားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့လေသည်။ မည်သူမျှ ဤမျှမက်မောဖွယ်ရာကောင်းသည့် ကမ်းလှမ်းချက်ကို မငြင်းပယ်နိုင်ချေ။

ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ ဆေးပညာရှင်များသည် အိုင်းအောင်ကိုပင် မသိမသာလေး မျက်စိမှိတ်ပြနေကြ သည်။

အိုင်းအောင်အား ဤသို့ပြောနေရခြင်းမှာ အကြောင်းအရင်း နှစ်ခုရှိသည်။ တစ်ခုမှာ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းအတွက်ဖြစ်ပြီး နောက်တစ်ခုမှာ သူတို့အကျိုးအတွက် ဖြစ်သည်။ ဤမင်္ဂလာပွဲကိစ္စသာ ဖြစ်မြောက်သွားခဲ့လျှင် ကျိုးထဲသည် နောက်ပိုင်းတွင် ရေကောင်းကင်မြို့၌နေပေလိမ့်မည်။ ထိုအခါ သူတို့အနေဖြင့် ကျိုးထဲနှင့် မကြာခဏ စကားပြောလာနိုင်မည် ဖြစ်ကာ လိုအပ်သည့် အကြံဉာဏ်များကိုလည်း တောင်းဆို လာနိုင်ပေတော့မည်။

သို့သော်လည်း အိုင်းအောင်သည် သူတို့ဖြစ်စေချင်သည့်အတိုင်း လုပ်မပေးခဲ့ချေ။

“ဒီလူအိုကြီး ကမ်းလှမ်းချက်က မလုံလောက်သေးဘူးလို့ ခေါင်းဆောင် အိုင်းအောင် ထင်နေတာလား” ကျိုးထဲ၏ မျက်နှာသုန်မှုန်လာခဲ့သည်။

သူ့ဘက်မှ ဤမျှ ရက်ရက်ရောရောဖြင့် ကမ်းလှမ်းနေသည့်တိုင် အိုင်းအောင်ဆီမှ အပေါင်းလက္ခဏာဆောင်သည့် တုံ့ပြန်မှုမျိုးမတွေ့ရသေး။ သူ့စိတ်ထဲ အံ့အားသင့်သည်ထက်ပို၍ ဒေါသဖြစ်မိသွားခဲ့သည်။

“ဒါမှမဟုတ် ခေါင်းဆောင်အိုင်းအောင်က ဒီလူအိုကြီးရဲ့ မြေးမလေးက တတိယသခင်လေးနဲ့ မတန်ဘူးလို့ ထင်နေတာလား။”

အိုင်းအောင်နဖူးထက် ချွေးစေးများ စိုရွှဲလာခဲ့သည်။ ကမန်းကတန်း လက်ဝှေ့ယမ်း၍ အမြန်ပြန်ပြောလိုက်ရသည်။

“အဲ့လိုမဟုတ်ပါဘူး။ လင်အာကိုသာ ဇနီးအဖြစ်ရရင် ရွှယ့်ယွယ်အတွက် တကယ်ကို ဂုဏ်ယူစရာကောင်းမှာပါ။ ဘယ်လိုလုပ်ပြီး မထိုက်တန်တာဖြစ်ရမှာလဲ။”

“အဲ့ဒါဆိုရင် ခေါင်းဆောင်အိုင်းအောင် ဘာလို့ တုံ့ဆိုင်းနေတာလဲ” ကျန်းရွှမ်က ဝင်ဖြတ်ပြောလေသည်။ “တတိယသခင်လေးက ပါရမီပါတယ်။ အရမ်းလည်း ချောတယ်။ မိန်းကလေး လင်အာကလည်း မိန်းကလေးထဲမှာတောင် ရှားမှရှားဆိုတဲ့ အလှပဂေးတစ်ယောက်။ သူတို့နှစ်ဦးက လုံးဝကိုနတ်ဖက်တဲ့ စုံတွဲပဲ”

အိုင်းအောင်သည် ကျန်းရွှမ်ကိုတည်တည်ငြိမ်ငြိမ်ဖြင့် လှမ်းကြည့်လိုက်သည်။ သူ့စိတ်ထဲ ထိုသကောင့်သားအား ပါးလေးငါးချက်လောက် ပြေးရိုက်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာခဲ့ လေသည်။

အရင်တုန်းကဒီကောင်ဘာလို့ဒီလောက်စိတ်ပျက်စ

ရာမကောင်းဘဲနဲ့ ဒီနေ့ကျမှဘာလို့ဒီလောက်မျက်စိစပါးမွှေးစူး

စရာဖြစ်နေရတာလဲ။

“ဆေးဝိဇ္ဇာကျန်းပြောတာအမှန်ပဲ”အိုင်းအောင်မှာ ကျန်းရွှမ်အား မကျေမနပ် ဖြစ်နေမိသော်လည်း ကျိုးထဲအား ရန်စမိလိုက်မည် စိုးသည့်အတွက်ကြောင့် ကျန်းရွှမ်အား ယခင်ကကဲ့သို့ ခေါ်ဝေါ်မနေတော့ဘဲ ဆေးဝိဇ္ဇာဟု သုံးနှုန်းရတော့လေသည်။

“ဒါပေမယ့် ဘာလဲ”ကျိုးထဲ၏အသံသည် အလွန်ကိုမှ အေးစက်နေခဲ့သည်။ သူ့လေသံထဲ ဒေါသ အရိပ်အယောင်တို့ပင် ပါနေခဲ့လေသည်။ “ဒါပေမယ့် ဆေးဝိဇ္ဇာ ကျေးဇူးပြုပြီး ကျုပ်ကိုခွင့်လွှတ်ပေးပါ။ တကယ်တော့ ဒီကိစ္စက ရွှယ့်ယွယ်နဲ့ ပတ်သက်နေတာပါ”

သူ့အဖေ ဒုက္ခရောက်နေသည်ကို မြင်သော် ရွှယ့်ယွယ်လည်း မနေနိုင်တော့ဘဲ ရှေ့တက်ပြီးဝင်ပြောတော့လေသည်။ “ရွှယ့်ယွယ်၏ရင်ထဲမှာ အခြားတစ်ယောက်ရှိနေပါပြီ။ အဲ့လူနဲ့လည်း သေအတူရှင်မကွာ အတူနေဖို့ ကတိကဝတ်ပြုပြီးသွားပါပြီ။ ကျေးဇူးပြုပြီး ကျူပ်ကို ခွင့်လွှတ်ပေးပါ ဆေးဝိဇ္ဇာ”

ကျိုးလင်သည် ကောင်းကင်ကြီးတစ်ခုလုံး သူ့အပေါ် ပြိုကျလာ၏သည့်နှယ် တဆတ်ဆတ် တုန်ရီလာခဲ့လေသည်။ ရွှယ့်ယွယ်အား ကြည့်နေရင်း သူမ၏မျက်နှာတစ်ပြင်လုံး ရုတ်တရက် သွေးမရှိတော့သည့်နှယ် ဖြူဖတ်ဖြူရော် ဖြစ်သွားခဲ့သည်။ မျက်ဝန်းများမှာလည်း ငိုချတော့မည့်အလား နီရဲလာခဲ့လေသည်။

ရွှယ့်ယွယ်သည် ကျိုးလင်ဘက်သို့လှည့်၍ ရှင်းပြလိုက်လေသည်။

“ညီမလင်းအာ ငါတို့တစ်ယောက်ကိုတစ်ယောက်သိလာခဲ့တာ ကြာခဲ့ပြီ။ ငါတို့နှစ်ဦး အချိန်အကြာကြီး မကုန်ဆုံးဘူးပေမယ့် ငါနင့်ကို ငါ့ညီမလေးတစ်ဦးလို အမြဲသတ်မှတ်ခဲ့တာ။ နင့်အပေါ် တခြားဘာစိတ်ကူးမှ မရှိခဲ့ဖူးဘူး။ နင့်ကိုညီမလေး တစ်ယောက်လိုပဲ ချစ်ခင်နှစ်သက်ခဲ့တာ။ ကျေးဇူးပြုပြီး ဒီရွှယ့်ယွယ်ကို ခွင့်လွှတ်ပေးပါ ညီမလင်အာ။ ပြောရမှာ အားနာပေမယ့် ငါနင့်ခံစားချက်ကို လက်မခံနိုင်လို့ပါ”

ရွှယ့်ယွယ့်၏ စကားကိုကြားပြီးနောက် ကျိုးလင် အလွန်ကိုမှ စိတ်ထိခိုက်သွားကာ ချုံးပွဲချ ငိုယိုတော့လေသည်။ ကျိုးလင်ငိုနေသည့်ပုံစံမှာ မုန်တိုင်းကြားတွင် ရောက်နေသော ပန်းပွင့်လေးတစ်ပွင့်နှယ် ဖြစ်နေခဲ့သည်။ သူမငိုနေသည့်ပုံကို ကြည့်ရင်း အကုန်လုံး အလိုလိုဝမ်းနည်းမိလာခဲ့သည်။ သူ့မြေးမလေး ငိုနေသည်ကို မြင်ပြီးနောက် ကျိုးထဲ၏မျက်နှာသည်လည်း ရေခဲတမျှ အေးစက်သွားလေတော့သည်။

“ငါဂရုမစိုက်ဘူး။ငါဂရုမစိုက်ဘူး။” ကျိုးလင်သည် ရုတ်တရက် ကျိုးထဲ၏ လက်မောင်းကို ဆွဲလားရမ်းလား လုပ်လျက် ထအော်တော့လေသည် “သမီး အစ်ကိုရွှယ့်ယွယ်နဲ့ပဲ အတူရှိချင်တာ။ အဖိုး တစ်ခုခု စဉ်းစားပါဦး။ အဖိုး မလုပ်တတ်တော့ဘူးလား။ တစ်ခုခုစဉ်းစားပေးပါဦး။ လင်းအာ… အစ်ကိုရွှယ့်ယွယ်ကို လက်မထပ်ရဘူးဆိုရင် လင်းအာ သေလိုက်မှာနော်”

ထိုစကားကို ကြားလိုက်သည့်အခိုက် အကုန်လုံး မျက်နှာပျက်သွားလေသည်။ ကျိုးလင် ပြဿနာ ရှာနေသည်ကို ကြည့်ရင်း ကျိုးထဲသည် သူမအား အလွန်ကိုမှ အလိုလိုက်ထားခြင်း ဖြစ်ကြောင်း အကုန်လုံး နားလည်သွားခဲ့သည် ။မဟုတ်လျှင် မိန်းကလေးတစ်ဦးသည် လူမြင်ကွင်း၌ မည်သို့များ ဤကဲ့သို့ စိတ်ထင်တိုင်း သောင်းကျန်းရဲမည်နည်း။

ကျိုးထဲမှာလည်း အတော်လေး ကူကယ်ရာမဲ့ စိတ်ဓာတ်ကျနေခဲ့သည်။ ကျိုးလင်း၏ လက်ကလေးကို ပွတ်ပေးရင်း နှစ်သိမ့်ပေးလိုက်သည်။ “အရင်ငိုတာ ရပ်လိုက်ဦး။ အခုပဲအဖိုး ခေါင်းဆောင် အိုင်းအောင်နဲ့ ဆွေးနွေးနေတာ မဟုတ်ဘူးလား။ သမီးသာ ထပ်ငိုနေရင် အဖိုး အခု ချက်ချင်း ထွက်သွားတော့မှာနော်။ ရေကောင်းကင်မြို့ဆီ ဘယ်တော့မှ ပြန်လာတော့မှာမဟုတ်ဘူး။ အဲ့ခါကျရင် တတိယသခင်လေးကိုလည်း ဘယ်တော့မှ ထပ်တွေ့ရတော့မှာ မဟုတ်ဘူး”

ကျိုးထဲ၏ လှည့်ကွက်မှာ လုံးဝကို အလုပ်ဖြစ်သွားခဲ့လေသည်။ ကျိုးလင် ချက်ချင်း အငိုတိတ်သွား၏။သို့သော် တရှုံ့ရှုံ့နှင့် ဆက်ငိုနေဆဲ။ ရွှယ့်ယွယ်မှာလည်း ထိုမြင်ကွင်းကို ကြည့်ရင်း လုံးဝကို ကူကယ်ရာမဲ့နေခဲ့သည်။ နောက်ဆုံးမတတ် နိုင်တော့သည့်အဆုံး ကျိုးလင်၏ အကြည့်ကို လွှဲဖယ်လိုက်လေသည်။

သူမသာ မပြတ်မသား ဖြစ်နေလျှင် ပြဿနာ ပိုကြီးလာလိမ့်မည်မှန်း ကောင်းကောင်း သိနေသည်။ ယခုအချိန်သည် စိတ်ဓာတ် ပျော့ညံ့နေရမည့် အချိန်မဟုတ်။

ထိုအချိန်အတောအတွင်း အိုင်းအောင်မှာတော့ ရင်တထိတ်ထတ် ဖြစ်နေခဲ့သည်။ ကျိုးထဲ ဘာပြောချင်သလဲဆိုသည်ကို သူမသိဘဲနေမည်လား။ ကျိုးထဲသည် ကျိုးလင်အား နှစ်သိမ့်ပေးသလိုသာ လုပ်နေသော်ငြား တကယ်တမ်းတွင် တစ်ဖက်လှည့်နှင့် အိုင်းအောင်ကို ခြိမ်းခြောက်နေခြင်း ဖြစ်သည်။

သူပြောချင်သည်မှာရှင်းပေသည်။ အိုင်းအောင်သာ သူ့မြေးမလေး၏ တောင်းဆိုချက်ကို မဖြည့်ဆည်းပေးလျှင် သူချက်ချင်း ရေကောင်းကင်မြို့မှ ထွက်သွားမည်ဖြစ်ပြီး ဤနေရာသို့ ဘယ်တော့မှ နောက်တစ်ကြိမ်ခြေချတော့မည် မဟုတ်ချေ။

တစ်နည်းဆိုရသော် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းသည် သူတို့၏ တစ်ဦးတည်းသော တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် တစ်ဦးကို ဆုံးရှုံးလိုက်ရပေလိမ့်မည်။ ထိုကိစ္စသည် သူတို့ အဖွဲ့အစည်း၏ အမြတ်ငွေကို ကြီးကြီးမားမား ထိခိုက်နိုင်ရုံတင်မက အဖွဲ့အစည်း၏ ဂုဏ်သတင်းကိုပါ ထိခိုက်သွားနိုင်ပေသည်။ ဤသို့သာ တကယ်ဖြစ်လာလျှင် သူတို့ကုန်သွယ်ရေးအဖွဲ့ အစည်းအနေဖြင့် နောက်ပိုင်းတွင် နောက်ထပ် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးကို ငှားရမ်း၍ ရနိုင်ဦးမည်လား။

ရနိုင်လိမ့်မည်မဟုတ်ချေ။ သူတို့ကိုယ်ပိုင်တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးကို ပျိုးထောင်မှသာ ရပေလိမ့်မည်။ သို့သော်လည်း တန်ခိုးရှင်ဘုရင်အဆင့်ဆေးပညာရှင်တစ်ဦးကို ပြုစုပျိုးထောင်ဖို့သည် လွယ်မှမလွယ်လေဘဲ။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်ပေါ်လာဖို့အရေးသည် တန်ခိုးရှင် ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်လာအောင် ပျိုးထောင်ရသည်ထက်ပင် ပိုခက်သေးသည်။ မဟုတ်လျှင် တန်ခိုးရှင်ဘုရင် အဆင့်ဆေးပညာရှင်များ၊ ပန်းပဲပညာရှင်များ ရှားပါး နေလိမ့်မည်မဟုတ်ချေ။

ထို့ကြောင့်သာမဟုတ်လျှင် အိုင်းအောင်အနေဖြင့် ကျိုးထဲ၏ အချိန်နှစ်ဝက်လောက် နောက်ကျနေသည့် ကိစ္စကို ပြုံးကာ သည်းခံပေးနေလိမ့်မည် မဟုတ်ပေ။

“ခေါင်းဆောင်အိုင်းအောင်”ကျိုးထဲက လေသံမာမာဖြင့် ပြောလိုက်သည်။“မင်းတွေ့တဲ့အတိုင်းပဲ။ ငါ့မြေးမလေးက ရွှယ့်ယွယ်ကိုမှ လိုချင်နေတာ။ ဒီကိစ္စနဲ့ ပက်သက်ပြီး ငါလည်း ဘာမှမတတ်နိုင်ဘူး။ ဒါပေမယ့် တတိယသခင်လေးရဲ့ စိတ်ထဲမှာကလည်း အခြားတစ်ယောက်ရှိနေပြီဆိုတော့ သူကို သွားတွန်းအားပေးဖို့ကလည်း မဖြစ်နိုင်ပြန်ဘူး။ မဟုတ်ရင် လူတိုင်းက ဒီလူအိုကြီးကို အင်အားသုံးပြီး သူများ ချစ်ခြင်းကိုလိုက်ခွဲတဲ့သူလို့ လက်ညှိုးထိုးပြီးပြောကြမှာ။ ဒီတော့ ဒီလူအိုကြီး တတိယသခင်လေးစဉ်းစားဖို့ ရက်နည်းနည်းပေးမယ်ကွာ။ ပြီးရင်ငါ့ကိုပြန်ပြော။ အဲ့အချိန် အတွင်း ငါရေကောင်းကင်မြို့မှာ ရှိနေမယ်။ မင်းတို့ သေချာတွေး ပြီးသွားပြီဆိုရင် ငါ့ကိုလာရှာလှည့်” အိုင်းအောင်သည် ဝိဉာဏ် အရင်းအမြစ်အားဖြည့်ဆေးကို အသည်းအသန်လိုချင်နေမှန်း သူသိသည်။

ထို့ကြောင့်ဤစကားကိုပြောလိုက်ခြင်းဖြစ်သည်။ သူထင်သည့်အတိုင်းပင် အိုင်းအောင် တကယ် အကြပ်ရိုက်သွားတော့လေသည်။

ကျိုးထဲအားဝိဉာဏ်အရင်းအမြစ်အားဖြည့် ဆေး အရင်ဖော်စပ်ခိုင်းစေချင်သော်လည်း ပါးစပ်ကိုဖွင့်မရခဲ့။ အကြောင်းမှာ သူ့ဘက်မှ ရဲရဲတင်းတင်းသွားတောင်းဆိုလျှင်ပင် ကျိုးထဲသည် အကြောင်းပြချက်တစ်ခုပေးပြီး ကျိန်းသေ ငြင်းဆန်မည်ကို သိနေသည့်အတွက်ကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် သွားစကားပြောသည်ထက် တိတ်နေလိုက်သည်ကသာ ပိုကောင်းပေသည်။

သူ့အကြည့်သည် ရွှယ့်ယွယ်ဆီသို့ ရောက်လာခဲ့သည်။ သူ့စိတ်ထဲ ကျိုးထဲ၏တောင်းဆိုချက်ကို အရင်သဘောတူလိုက်ပြီး နောက်မှပဲဖြစ်လာမည့် ပြဿနာကို ရှင်းလျှင် ကောင်းမလားဟု တွေးမိသွားသည်။

သို့သော်လည်း တကယ့် ပြဿနာမှာ ရွှယ့်ယွယ်သည် မိန်းကလေးတစ်ဦး ဖြစ်နေခြင်းဖြစ်သည်။ သူသာသဘောတူလိုက်လျှင် ကျိုးထဲကို လုံးဝရန်စလိုက်သလို ဖြစ်သွားပေလိမ့်မည်။

အိုင်းအောင်ခေါင်းကိုက်လာခဲ့သည်။ သူ့တစ်သက်တာတွင် ဤ မျှခက်ခဲသည့်အခြေအနေမျိုးနှင့် တစ်ခါမျှမကြုံဘူးချေ။

“အရင်ကတော့ ဆေးဝိဇ္ဇာကျိုးထဲရဲ့ ဂုဏ်သတင်းကို ကြားပြီးတော့ လေးစားနေခဲ့တာ။ ဒါပေမယ့် ဒီနေ့ကိစ္စကိုမြင်ပြီးတဲ့ နောက်ပိုင်း တကယ် စိတ်ပျက်သွားမိတယ်..ကျွတ်..ကျွတ်.”

အိုင်းအောင်စိတ်ထဲ ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေစဉ်မှာပင် ခန်းမထဲ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ အသံကို ကြားလိုက်သည့်အခိုက် အိုင်းအောင် အလွန်ကိုမှ ထိတ်လန့်သွားခဲ့သည်။ ချက်ချင်းပဲ အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ပြီးနောက် လုံးဝကိုမှင်သက်သွားခဲ့လေ၏။

စကားပြော လိုက်သည့်သူမှာ ရန်ကိုင် ဖြစ်နေသည့် အတွက်ကြောင့်ပင်ဖြစ် လေသည်။

ဒီကောင်နှင့် ရွှယ့်ယွယ်က ရင်းနှီးတဲ့သူတွေဆိုတော့ ဒီကောင်အခုလိုဝင်ပြောတာ ရွှယ့်ယွယ်ကြောင့်ပင်ဖြစ်ပေလိမ့် မည်။ ဒါပေမယ့် ဒီကောင် ဒီလိုမပြောလိုက်သင့်ဘူး။ အခုလိုပြောလိုက်တာ ကျိုးထဲကိုလုံးဝရန်စလိုက်သလို ဖြစ်သွားပြီ။ ဒါပေမယ့် သူက ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ အဖွဲ့သား တစ်ယောက် မဟုတ်ဘူး။ ဒီတော့ သူကျိုးထဲကို ဘယ်လိုပဲပြော ပြော ငါတို့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းနဲ့ ဘာမှမဆိုင်ဘူး။ ဟုတ်တယ်။

ထိုသို့စဉ်းစားလိုက်ပြီးနောက် ရန်ကိုင်သည် အခုလိုအချိန်မျိုးတွင် စကားပြောဖို့ရာ အသင့်တော်ဆုံးလူမှန်း အိုင်းအောင် ချက်ချင်းနားလည်သွားခဲ့သည်။ ရန်ကိုင် စကားဝင် ပြောလာသည်ကို မြင်သည့်အခိုက် အိုင်းအောင်၏ ညှိုးကျနေသည့် မျက်လုံးများ အလိုလို တောက်ပလာခဲ့လေသည်။ ရန်ကိုင့် စကားကို ကြားပြီးနောက်တွင် အခြားသူများ၏အမူအရာလည်း ပြောင်းလဲသွားခဲ့ကြသည်။

ရန်ကိုင်သည် စကားကိုဆုံးအောင် မပြောလိုက်သော်လည်း သူ့ စကားထဲရှိ အထင်သေးသည့်လေသံမှာ အထင်းသားပင်။ ဒီစကားကို တန်ခိုးရှင်ဘုရင်အဆင့်ဆေးပညာရှင်တစ်ဦးရှေ့မှာ သွားပြောတာ ကိုယ့်မျက်နှာကိုယ်ပြန်ရိုက်သလို ဖြစ်မနေဘူး လား။

တန်ခိုးရှင်အဆင့်ဆေးပညာရှင်အားလုံး ရန်ကိုင့်ကို နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။ ကျိုးထဲမှာတော့ ပုံမှန်မျက်နှာထားဖြင့်သာ ရှိနေခဲ့လေသည်။

ရန်ကိုင့်စကားကြောင့် ချက် ချင်းဒေါသထွက်သွားခြင်း မရှိဘဲ ရန်ကိုင့်အား ပြန်စိုက်ကြည့်၍ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။“ခေါင်းဆောင်အိုင်း အောင် သူက…”

“ဆေးဝိဇ္ဇာ ရန်ကိုင်ကကျုပ်သူငယ်ချင်းပါ”

အိုင်းအောင် ပြန်မပြောခင် ရွှယ့်ယွယ်က ဝင်ဖြေလိုက်လေသည်။

“သူက မင်းတို့ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်လား” ကျိုးထဲ မျက်မှောင်ကြုတ်သွားခဲ့သည်။ “မဟုတ်ပါဘူး။ သူက ဒီနားကနေဖြတ်သွားရင်းနဲ့ လမ်းကြုံလို့ ကျုပ်ဆီဝင်လာလည်တာပါ” ရွှယ့်ယွယ်က ရှင်းပြလိုက်သည်။ ကျိုးထဲက နားလည်သွားသည့်အလား ခေါင်းညိတ်၍ ပြုံးကာပြောလိုက်သည်။

“လူကြီးမင်း ခုနတုန်းက ပြောလိုက်တဲ့စကားကို ဒီလူအိုကြီး မသိချင်ယောင် ဆောင်လိုက်လို့တော့ မရဘူး။ လူကြီးမင်းကို ကြည့်ရတာ ဒီလူအိုကြီးကို သိပ်မကျေမနပ်ဖြစ်နေသလိုပဲ။ ဒီလူအိုကြီး လူကြီးမင်းကို ရန်စမိလိုက်တာမျိုးရှိလို့လား။” ကျန်းရွှမ်ဆီမှ ရန်ကိုင် သူ့မကောင်းကြောင်းကို ပြောနေကြောင်း ကျိုးထဲ သိပြီးသားပင်။ တကယ်တော့ ရန်ကိုင်သည် သူ့မကောင်းကြောင်းကို ပြောခြင်းမဟုတ်။ သူသည် မာနကြီးသည်ဟုသာ ပြောလိုက်ခြင်းဖြစ်သည်။ သို့သော်လည်းကျိုးထဲသည် ရန်ကိုင်၏ နာမည်ကို သေချာ မှတ်ထားလိုက်လေသည်။ နောက်နောင် ရန်ကိုင့်အား မည်သည့် တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံးမှ ဖော်စပ်ပေးမည် မဟုတ်ဟု တေးထားလိုက်သည်။

သို့သော်လည်း ထိုအတွက်ကြောင့်နှင့် ရန်ကိုင့်အား သွားပြဿနာရှာ၍ မဖြစ်

သေးချေ။ ထို့ကြောင့် လက်ရှိတွင်ထိုကိစ္စကို ဘေးချထားရုံသာ တတ်နိုင်ခဲ့သည်။ သို့သော်လည်း သူ့ဘက်က ဘာမှပြန်မလုပ်ရသေးခင် ရန်ကိုင်က နောက်တစ်ကြိမ် သူ့အား ထပ်မံပြဿနာ လာရှာပြန်လေသည်။ ယခုတစ်ကြိမ်တွင်တော့ သူရပ်ကြည့်နေ၍ မဖြစ်တော့ချေ။ မင်းကတန်ခိုးရှင်ဘုရင်ဒုတိယအဆင့်ကျင့် ကြံသူတစ်ယောက်ဖြစ်တော့ရော ဘာဖြစ်လဲ။ ဆေးလုံးလိုအပ် တဲ့အချိန် ဒီလူအိုကြီးကို လာတောင်းဆိုရမှာပဲ။

ထိုအကြောင်းကို စဉ်းစားမိလိုက်သည့်အခါ ကျိုးထဲ ဂုဏ်ယူချင်သလိုဖြစ်သွား လေသည်။

“ဆေးဝိဇ္ဇာက နောက်နေတာပဲ။ ဒါကအခုမှ ဒီရန် ဆေးဝိဇ္ဇာကိုတွေ့ဖူးတာ။ ဘယ်လိုလုပ်ပြီးဆေးဝိဇ္ဇာက ဒီရန်ကို ရန်စဖူးရမှာလဲ။”ရန်ကိုင်ကတည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက် သည်။

“အဲ့ဒါဆိုဘာလို့…”

“ရှင်းရှင်းပြောရရင် ပြဿနာကဘာ လဲ။”ရန်ကိုင်က ဖြတ်ပြောချလိုက်သည်။ ကျိုးထဲမျက်နှာပျက် သွားလေသည်။ တစ်ခုခုပြန်ပြောတော့မည်အပြု ရန်ကိုင်က ဆက်၍ပြောလိုက်သည်။

“ဆေးပညာရှင်တွေဆိုတာ သမားတော်တွေလို၊ ဆရာဝန်တွေ လိုပဲ။ ဆေးပညာရှင်ဆိုတဲ့ အလုပ်‌က လူသားမျိုးနွယ်ဘက်ကော

ကျွမ်းကျင်မှုပိုင်းဘက်ကော နှစ်ဖက်စလုံးကိုမျှပြီး ကြည့်ရတဲ့ အရမ်း မြင့်မြတ်တဲ့ အလုပ်တစ်ခု။ အခု သခင်မကုရဲ့ဝိဉာဉ် ထိခိုက်နေတာ တစ်နှစ်တောင်ရှိပြီ။ ဒီအတိုင်းသာ ဆက်သွားနေရင် သူ့အသက်က သိပ်ခံတော့မှာမဟုတ်ဘူး။ ဒါပေမယ့် ဆေးဝိဇ္ဇာက ဘာလုပ်နေလဲ။ ရောက်ရောက်ချင်း သူ့အတွက် လိုအပ်နေတဲ့ ဝိဉာဉ်အရင်းအမြစ်အားဖြည့်ဆေးကို ချက်ချင်း ဖော်စပ်ပေးလား။ မဖော်စပ်ပေးဘူး။ ဒါကိုအသုံးချပြီး ခေါင်းဆောင်အိုင်းအောင်နဲ့ တတိယသခင်လေးကို ဖိအားပေးနေတာ မဟုတ်ဘူးလား။ ဒါက ဆေးဝိဇ္ဇာတစ်ယောက် လုပ်သင့်တဲ့ လုပ်ရပ်လား။ ဆေးဝိဇ္ဇာကိုယ်တိုင်လည်း ပြန်စဉ်းစားကြည့်။ ဆေးဝိဇ္ဇာဆိုတဲ့ စကားလုံးကကော ဆေးဝိဇ္ဇာနဲ့ ထိုက်တန်ရဲ့လားဆိုတာကို။ ဒီစကား လုံးရဲ့အဓိပ္ပါယ်က တော်တော်လေး လေးနက်နေလိမ့်မယ်။ ဆေးဝိဇ္ဇာကလည်း အသက်ကြီးနေပြီဆိုတော့ စကားလုံးဒဏ်ကြောင့် ဝန်မပိသွားဖို့ မျှော်လင့်ပါတယ်။”

ရန်ကိုင်မှ ထိုစကား ကိုပြောပြီးသွားချိန် တန်ခိုးရှင်အဆင့် ဆေးပညာရှင်များ၏ အမူအရာမှာ ပိုဆိုးသွားရုံမက ခေါင်းဆောင်အိုင်းအောင်ပင်လျှင် ပို၍ စိတ်ရှုပ်သွားခဲ့သည်။

ရန်ကိုင်သည် ကျိုးထဲအား လုံးဝကို ပြောင်ပြောင်တင်းတင်း ရန်စလိုက်ခြင်း ဖြစ်သည်။ ရန်ကိုင့် စကားသည် အိုင်းအောင် ပြောချင်နေသည့်စကားဖြစ်သည်။ သို့သော်လည်း ထိုစကားကို ကျိုးထဲ ရှေ့တည့်တည့်တွင် ပြောလိုက်ခြင်းသည် ကျိုးထဲအား ရန်စလိုက်ခြင်း မည်ပေသည်။

သူပြောလိုက်သည်မှာ အမှန်တရားဖြစ်သော်လည်း အမှန်တရားဆိုသည့် စကားတိုင်းသည် ပြောသင့်သည့် စ စကားများ မဟုတ်ချေ။ ဤလောကကြီးတွင် မှန်နေသော်လည်း မပြောသင့်သည့် စကားများလည်း ရှိကြသေး၏။

“မင်း…”ကျိုးထဲမျက်နှာ ပြာနှမ်းသွားခဲ့သည်။ ရန်ကိုင့်စကားကို မည်ကဲ့သို့ ပြန်ပြောလို့ပြောရမှန်းမသိ ဖြစ်သွားလေသည်။ မည်သူမှ သူ့ရှေ့တည့်တည့်တွင် ဤကဲ့သို့မပြောရဲကြချေ။ တန်ခိုးရှင်ဘုရင်အဆင့် သိုင်းပညာရှင်များပင်လျှင် သူ့ရှေ့တွင်နှိမ့်နှိမ့်ချချနှင့် နေရသည်။ မည်သူကများ သူ့အား ဤကဲ့သို့ ရဲရဲတင်းတင်း စွပ်စွဲရဲဖူးခဲ့လေသနည်း။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၀၄)

“နင်ကဘယ်သူမို့လို့ ငါ့အဖိုးကို လာမကောင်းပြောနေရတာလဲ။”ကျိုးလင်ကချက်ချင်းပဲ ဒေါသတကြီးထအော်ပြောလေသည်။ ပြီးသည်နှင့် သူမလက်ကို ရန်ကိုင့်တည့်တည့်သို့ ချိန်လိုက်၏။ မီးနဂါးတစ်ကောင်ထွက်ပေါ်လာပြီး ရန်ကိုင့်ဆီသို့ ပျံသန်းသွားလေသည်။ အစကတည်းက ရွှယ့်ယွယ်ကြောင့် အသည်းကွဲနေသည်ဆိုပါမှ ရန်ကိုင်ကသူမအဖိုးကိုပါ လာပြီး ပြစ်တင်ပြောဆိုနေသည်ကိုမြင်သော် ကျိုးလင်လည်းဆက်ပြီး သည်းမခံနိုင်တော့ဘဲ ရန်ကိုင့်အား ဒေါသတကြီးတိုက်ခိုက် တော့လေသည်။

ကျိုးထဲ၏မြေးမလေးတစ်ဦးဖြစ်သည့်အလျောက် ကျိုးလင်မှာ ပါရမီကောင်းရုံမက မြောက်များလှစွာသော အရင်းအမြစ်များ ကိုလည်း ရရှိထား၏။ ထို့ကြောင့်အသက်ငယ်ငယ်နှင့်ပင် တန်ခိုးရှင်ဒုတိယအဆင့်သို့ ရောက်နေခဲ့လေသည်။ သူမ၏တိုက်ခိုက်မှုမှာ သာမန်ကာလျှံကာသာဖြစ်သော်လည်း ထိုတိုက်ခိုက်မှုမှာ အတော်လေးအားကောင်းပေသည်။ မီးနဂါးထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်အပူချိန်မှာ ရုတ်ခြည်းထိုး တက်သွားခဲ့လေသည်။

“လင်အာ…ရပ်လိုက်”ကျိုးထဲ အလန့် တကြားထအော်လေသည်။ ကျိုးလင်သည် ငယ်ရွယ်ပြီးတဇွတ် ထိုးနိုင်သည့်အတွက် ရန်ကိုင် မည်မျှ အားကောင်းသလဲဆိုသည်ကို သိလိမ့်မည် မဟုတ်သော်လည်း သူကမူ ကျန်းရွှမ်း၏ ပြောပြချက်အရ ရန်ကိုင်သည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ဖြစ်ကြောင်းကို သိထားလေသည်။ ကျိုးလင်အနေဖြင့် ရန်ကိုင်၏ ပြိုင်ဘက်မည်သို့မျှမဖြစ်နိုင်ပေ။ ထို့ကြောင့် ရန်ကိုင်သာ ဒေါသထွက်ပြီး ကျိုးလင်အား တိုက်ခိုက်မည်ဆိုပါက ပြသာနာ အကြီးကြီး တက်သွားနိုင်ပေသည်။

သို့သော်လည်း သူအနည်းငယ် နောက်ကျသွားခဲ့သည်။ သူအော်ပြောလိုက်ချိန်တွင် မီးနဂါးသည် ရန်ကိုင်ရှေ့သို့ပင် ရောက်နေခဲ့လေပြီ။

ရန်ကိုင်၏အမူအရာမှာတော့ ပြောင်းလဲသွားခြင်းမရှိ။ ရှောင်တိမ်းခြင်းလည်းမပြုဘဲ နေရာမှာပင်ရပ်နေလေ၏။ မီးနဂါး သူ့ရှေ့တည့်တည့်သို့ ရောက်လာသည်ကို မြင်သော် လက်ကို ဆန့်ထုတ်ကာ မီးနဂါးကို ဖမ်းကိုင်လိုက်လေသည်။

ချက်ချင်းဆိုသလို မီးတောက်မီးဖွားတို့ ဖြာထွက်လာပြီး မီးနဂါးမှာလည်း အလင်းစက်ကလေးများအဖြစ်သို့ ပျောက်ကွယ်သွားခဲ့လေ သည်။

ပတ်ဝန်းကျင် အပူချိန်သည်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့၏။ ထိုမြင်ကွင်းကိုကြည့်ရင်း ကျိုးလင်မှာ ပါးစပ်အ‌ဟောင်းသား ဖြစ်နေခဲ့လေသည်။

သူမ၏တိုက်ခိုက်မှုကို ပြိုင်ဘက်မှ ဤမျှအလွယ်တကူ ချေဖျက်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ရန်ကိုင်သည် သူမထက်အများကြီး ပိုသန်မာမှန်းကို ယခုမှပဲ နားလည်သွားခဲ့သည်။ သို့ရာတွင် ကြောက်ရွံ့သွားခြင်းမရှိဘဲ နှုတ်ခမ်းကိုကိုက်၍ပင် ထအော်လေ၏။ “အဖိုး သူသမီးကို အနိုင်ကျင့်နေတယ်။”

ထိုသို့ပြောနေရင်း ကျိုးတဲ၏ လက်မောင်းကို ကိုင်ကာ ဆွဲလားရမ်းလားလုပ်လေသည်။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတိုင်း သူမအဖိုးအား တလေးတစားပင် ဆက်ဆံသည့်အတွက် ကျိုးထဲသည် အလွန်ကိုမှ အားကောင်းသူတစ်ဦးဟု ကျိုးလင်အမြဲယုံကြည်ခဲ့သည်။ ထို့ကြောင့် သူမတစ်ခုခုခံရတိုင်း အမြဲတမ်း သူမအဖိုးကိုသာ အားကိုးလေသည်။

သို့သော်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင် ကျိုးထဲဘာလုပ်နိုင်မည်နည်း။

တန်ခိုးရှင်ဘုရင်အဆင့်ပညာရှင်များ သူ့အားလေးစားနေရခြင်းမှာ သူ့ဆေးပညာ အရည်အချင်းကြောင့်ပင်ဖြစ်သည်။ သူ့ကျင့်ကြံခြင်းကြောင့်မဟုတ်။ သူသည် တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။

သူ့မြေးမလေး တောင်းဆိုသည့် အတိုင်းသာ ရန်ကိုင်အား သွားတိုက်ခိုက်ပါက သူပင်လျှင် ပြန်ခံလိုက်ရပေဦးမည်။ ရန်ကိုင်ကမူ ထိုမြင်ကွင်းကိုကြည့်ရင်း လှောင်ပြုံးပြုံးလေ၏။ မည်သို့ပင်ဖြစ်စေ ရန်ကိုင့်တွင် ကျိုးလင်အား သင်ခန်းစာပေးခွင့် ရှိလေသည်။

ဂျူနီယာတစ်ဦးမှ သူကဲ့သို့ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးအား အကြောင်းပြချက်မရှိ လာတိုက်ခိုက်ခြင်းသည် မလေးမစားလုပ်ခြင်းဖြစ်သည်။

သို့သော်လည်း သူ့မြေးမလေး လွန်သည်ကိုပင် ဂရုမစိုက်ဘဲ ကျိုးထဲသည်သာ တကယ်ကြီး သူ့အား ပြဿနာလာရှာမည်ဆိုပါက သူ့ဘက်မှ အလွန်ဖြစ်သွားပေမည်။

သို့သော်လည်း သူမအဖိုး ဘာမှပြန်မပြောသည်ကို မြင်သော် ကျိုးလင်သည် အိုင်းအောင်ဘက်သို့ လှည့်အော်လေသည်။ “ဦးလေးအိုင်းအောင် အဲ့ကောင်ကိုသတ်ပေး။ အဲ့ကောင်ကို သတ်ပေးမယ်ဆိုရင် ကျွန်မအဖိုးကို ဝိဉာဏ်အရင်းအမြစ်အားဖြည့်ဆေးကို ဖော်ပေးဖို့ ပြောပေးမယ်”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင့်မျက်နှာ မည်းမှောင်သွား၏။ အိုင်းအောင်၏အမူအရာမှာလည်း ထူးထူးဆန်းဆန်း ဖြစ်သွားလေ၏။ အလိုလိုက်ခံရသည့် မိန်းကလေးတစ်ဦး ဆိုးချင်တိုင်းဆိုးသည်မှာ ကိစ္စတော့မရှိ။ သို့သော်လည်း သူမဒေါသထွက်ရုံနှင့် လူတစ်ယောက် အသက်ကို ယူချင်သည်မှာ နည်းနည်းတော့ လွန်သွားပေပြီ။

ထို့အပြင် ပြဿနာ စရှာသည့်သူမှာလည်း သူမသာဖြစ်သည်။ ဦးနှောက်ရှိသည့်သူတိုင်း ကျိုးလင်၏တောင်းဆိုချက်ကို သဘောတူလိမ့်မည် မဟုတ်ချေ။ အရေးကြီးဆုံးအချက်မှာ ကျိုးလင်ရန်စထားသူသည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခြင်းပေ။

“ဦးလေးအိုင်းအောင်ပဲ အဲ့ဆေးလုံးကို ဖော်စပ်ချင်လို့ အဖိုးကို ဖိတ်ခေါ်ခဲ့တာ မဟုတ်ဘူးလား။ ဦးလေးအိုင်းအောင်က အားကောင်းပြီးသားပဲ။ သူ ဦးလေးအိုင်းအောင်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာမဟုတ်ဘူး။ ကျေးဇူးပြုပြီး သူ့ကိုသတ်ပေးစမ်းပါ။” ကျိုးလင်သည် ရန်ကိုင့်အား လက်ညှိုးထိုးရင်း အိုင်းအောင်ဘက်သို့လှည့်ကာ အတင်းကြပ် တောင်းဆိုလိုက်လေသည်။

“အာ…” အိုင်အောင်က အားတင်းပြုံး၍ ပြန်ပြောလိုက်သည်။ “မိန်းကလေးလင်အာ ဦးလေးလည်း သူ့ပြိုင်ဘက် မဟုတ်ဘူးကွ။”

“ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။ ဦးလေးက ဒီလောကကြီးရဲ့ အားအကောင်းဆုံးသူတွေထဲက တစ်ယောက် မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး သူ့ပြိုင်ဘက် မဖြစ်နိုင်ရတာလဲ။ အာ….ကျွန်မသိပြီ။ ဦးလေးက အဲ့ဆေးလုံးကို မလိုချင်လို့ကိုး။”

“လင်အာ အပိုတွေ လျှောက်လုပ်မနေတော့နဲ့။” နောက်ဆုံး ရပ်ကြည့်မနေနိုင်တော့သည့်အဆုံး ကျိုးထဲက ထအော်လေသည်။

သူမအဖိုး တကယ် ဒေါသထွက်နေသည်မှန်း သိသွားသည့်အခါ ကျိုးလင် မျက်နှာ ပျက်သွား၏။ ဆက်ပြီး အော်ကြီးဟစ်ကျယ် လုပ်မနေတော့ဘဲ ချက်ချင်း ငြိမ်ကုပ်သွားလေသည်။ သို့သော်လည်း ရန်ကိုင်၏ အမူအရာကို မြင်သည့်အခါ ထပ်ပြီး ဒေါသထွက်လာပြန်သည်။

သို့သော် သူမအဖိုး၏ ဆူပူကြိမ်းမောင်းခြင်းကို ခံထားရသည့် အတွက် ထပ်မသောင်းကျန်းရဲတော့ဘဲ အံကိုသာ တင်းတင်း ကြိတ်နေ၏။

“ရွှယ့်ယွယ် နင်ဒီလက်ထပ်ပွဲကို သဘောမတူလိုက်တာ ကံကောင်းသွားတယ်။” ရန်ကိုင်ကပြုံးလျက် ပြောလိုက်သည်။ “သူ့လိုလူမျိုးကို သွားလက်ထပ်မိရင် နင့်တစ်ဘဝလုံး စိတ်ဆင်းရဲနေရတော့မှာ။”

ရွှယ့်ယွယ်သည် ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်လိုက်သော်လည်း ဘာမှတော့ ပြန်မပြောခဲ့ပေ။ “လူကြီးမင်းက ဒီလူအိုကြီးကို ထပ်တလဲလဲ လာရန်စနေတာပဲ။ လူကြီးမင်း တကယ် ဘာဖြစ်ချင်နေတာလဲ။”

ကျိုးထဲသည် ရန်ကိုင့်အား မှုန်ကုတ်ကုတ် အမူအရာဖြင့် စိုက်ကြည့်၍ မေးလိုက်လေသည်။

“ဟမ့် လာပြန်ပြီ အဲ့စကား။ ကျုပ်က တမင်သက်သက် ရန်စနေတာမဟုတ်ဘူး။ အမှန်ကို ပြောနေတာ” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြုံးလျက် ပြန်ပြောလိုက်သည်။ “လင်အာက ဒီလူအိုကြီး အလိုလိုက်ထားလို့ အခုလိုဆိုးနေတာ။ ဒါပေမယ့် သူ့စိတ်ရင်းက ကောင်းပြီးသား။ လူကြီးမင်း အဲ့လိုပြောလို့ မရဘူးလေ။”

“စိတ်မထင်တာနဲ့ လူတစ်ယောက်ကို ထသတ်ဖို့လုပ်နေတဲ့ သူက စိတ်ရင်းကောင်းတယ်… ခင်ဗျားနောက်နေတာလား။ ကျုပ်သာသူတော်စင်ဘုရင် တစ်ဦးသာဆိုရင် အခုချိန်ထိ အသက်ရှင်နိုင်ဦးမယ် ထင်လား။ သူ့လက်ချက်ကြောင့် တခါတည်း သေနေလောက်ပြီ။” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်၍ထေ့ငေါ့ ပြောဆိုလိုက်လေသည်။

“မင်းသာ သူတော်စင်ဘုရင်ဆိုရင် ဒီလူအိုကြီးနဲ့ အခုလို စကားပြောခွင့် ရနေတော့မှာ မဟုတ်ဘူး။”

“ဟုတ်တာပေါ့။ ဒါပေမယ့် ကျုပ်က သူတော်စင်ဘုရင်အဆင့် ဟုတ်မနေဘူးလေ”

“တော်လောက်ပြီ။”ကျန်းရွှမ်က ဖြတ်ပြီး ဝင်ပြောလိုက်သည်။ ရန်ကိုင် ကျိုးထဲအား ရန်စနေသည့်မြင်ကွင်းကို သူဆက်ကြည့် မနေနိုင်တော့ချေ။ “လူကြီးမင်းက ဆရာ့ကို တကယ် မလေးမစား လုပ်နေတာပဲ။ လူကြီးမင်း ဒီအဆင့်ထိ ရောက်လာဖို့ အသုံးပြုခဲ့တဲ့ ဆေးလုံးတွေကို ဘယ်သူဖော်စပ် ပေးခဲ့တယ်ဆိုတာ မေ့နေတာလား။ ကျေးဇူးနည်းနည်းလေးပဲ သိတတ်တယ်ဆိုတဲ့ လူဆိုရင်တောင် လူအများက လေးစားရတဲ့ ဆေးပညာရှင်တစ်ဦးကို လူကြီးမင်း ဆက်ဆံနေသလို ဆက်ဆံမှာမဟုတ်ဘူး။”

“ရေသောက်လိုက်ပြီ ဆိုတာနဲ့ ကိုယ်သောက်လိုက်တဲ့ရေ ဘယ်ကလာလဲဆိုတာကို မမေ့သင့်ဘူးလို့ မင်းပြောချင်နေတာမလား။” ရန်ကိုင်ကခေါင်းငြိမ့်၍ “ဒါပေမယ့် အားနာပါတယ်ကွာ။ ငါမင်းကိုလည်း ပြောပြီးသွားပြီ။ ငါက ဆေးပညာရှင်တစ်ယောက်။ ငါသောက်ခဲ့တဲ့‌ ဆေးလုံးတွေ အကုန်လုံးကို ငါ့ဘာသာငါပဲ ဖော်စပ်ခဲ့တာ။ ဒီတော့ ဘယ်ဆေးပညာရှင်ကိုမှ ကျေးဇူးတင်စရာ အကြောင်းမရှိဘူး။”

“လူကြီးမင်းကလည်း ဆေးပညာရှင်လား။” ကျိုးထဲ၏မျက်ဝန်း တစ်စုံ အရောင်တဖျတ်ဖျတ် လက်သွားလေသည်။ သူ့ကြည့်ရသည်မှာ ရန်ကိုင်ပြောသည်ကို မယုံသည့်ပုံပင်။

“ဟုတ်တယ်”

“ဪ….”ကျိုးထဲက လှောင်ပြုံးပြုံးလျက် “ဒါဆိုရင် လူကြီးမင်းက ဘယ်အဆင့် ဆေးပညာရှင်လဲဆိုတာ သိလို့ရမလား။ လူကြီးမင်းရဲ့ ဆေးပညာရှင်တံဆိပ်ကရော ဘယ်မှာလဲ။”

“ဆေးပညာရှင်တံဆိပ်လား ကျုပ်မှာမရှိဘူး။ ဘယ်အဆင့်ထိရောက်နေပြီလဲ ဆိုတာကိုလည်း မပြောနိုင်ဘူး။”

ထိုအခါ အနားတွင် ရပ်နေသောကျန်းရွှမ်က ရန်ကိုင်အား ပြန်၍လှောင်ပြောင်လေသည် “ဆရာ ဒီကောင့်ကို ဘာလို့ ဂရုစိုက်နေသေးတာလဲ။ သူ့ကျင့်ကြံခြင်းက မြင့်ချင်မြင့်လိမ့်မယ်။ ဒါပေမယ့် သူဒီလောက် အသက်ကြီးသေးတာ မဟုတ်ဘူး။ ဒီတော့ သူက ဆေးပညာရှင်တစ်ဦး ဖြစ်တယ်ဆိုရင်တောင် အဆင့်နိမ့် ဆေးပညာရှင်တစ်ဦးပဲ ဖြစ်နေဦးမှာ။ ဆရာအာရုံစိုက်ခံရဖို့ အဆင့်မမှီသေးဘူး။ ဆရာက ကြယ်စီရင်စုကြီးရဲ့ အထွဋ်အထိပ်မှာ ရပ်တည်နေတဲ့လူ”

ကျန်းရွှမ်၏စကားကို ကြားသည့်အခါ ကျိုးထဲသည် ဂုဏ်ယူဝံ့ကြွားစွာပြုံးလျက် ရန်ကိုင့်အား အထင်တသေးဖြင့် လှမ်းကြည့်လိုက်လေသည်။

“အထွတ်အထိပ်… ဘာအထွတ်အထိပ်လဲ” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည်။ “ဒီကြယ်စီရင်စုကြီးထဲမှာ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တွေ အများကြီး မရှိပေမယ့် တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်နေပြီး ဆေးဝိဇ္ဇာကျိုးထဲထက် ပိုငယ်တဲ့ လူတစ်ယောက်ကိုတော့ ကျုပ်သိတယ်။ သူ့အနာဂတ် အောင်မြင်မှုတွေက ဒီဆေးဝိဇ္ဇာထက် အများကြီးကို သာဦးမှာ။”

ရန်ကိုင်ပြောနေသည်မှာ ရှနင်းချန်ဖြစ်ပေသည်။

“အပိုတွေ” ကျိုးထဲက ထအော်လေသည်။ အနာပေါ် တုတ်ကျသွားသည့်နှယ်“ဒီလူအိုကြီးက တန်ခိုးရှင်ဘုရင် အဆင့်နိမ့်ရဲ့ အထွတ်အထိပ်ကို ရောက်နေတဲ့လူ။ တန်ခိုးရှင်ဘုရင် အလယ်အလတ်အဆင့်ကို ကြိုက်တဲ့အချိန် ချိုးဖျက်လို့ရတယ်။ ကြယ်စီရင်စုကြီးထဲက ဘယ်သူကများ ဒီလူအိုကြီးထက် သာနိုင်ဦးမှာလဲ။”

သူကျွမ်းကျင်ရာနယ်ပယ်အကြောင်း ပြောလာသည့်အခါ ကျိုးထဲသည် အလွန်ကိုမှ ဆတ်ဆတ်ထိမခံ ဖြစ်လာလေသည်။

“ဆေးဝိဇ္ဇာ မယုံဘူးပေါ့။” ရန်ကိုင်ကပြုံးလျက် ပြန်ပြောလိုက်သည်။

“မင်းအဲ့လူကိုခေါ်လာခဲ့။ ဒီလူအိုကြီး သူနဲ့ ပြိုင်ပြီး ငါတို့နှစ်ယောက် ဘယ်လောက်ကွာလဲဆိုတာ ပြပေးမယ်။” ကျိုးထဲက အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်သည်။

“အဲ့လူက မိုင်ပေါင်းဘီလီယံနဲ့ချီပြီး ဝေးတဲ့နေရာမှာ ရှိနေတာ။ ဒီတော့ ကျုပ်သူ့ကို အခုချက်ချင်း ခေါ်လာပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဆေးဝိဇ္ဇာသာ ပြိုင်ချင်တယ်ဆိုရင်တော့… ဒီရန် ဆေးဝိဇ္ဇာနဲ့ ပြိုင်ပေးမယ်လေ။ ဒီရန်ရဲ့ ဆေးစွမ်းရည်က အဲ့တစ်ယောက်အောက် မနိမ့်ကျဘူးလို့ယုံတယ်။ ဒါကြောင့် ဆေးဝိဇ္ဇာသာ ဒီရန်ကို အနိုင်ယူနိုင်မယ်ဆိုရင် ဆေးဝိဇ္ဇာပြောတာကို ဒီရန်လက်ခံပေးမယ်။ ဒါပေမယ့် ဒီရန်ကို မနိုင်ဘူးဆိုရင်တော့ ဟဲ…ဟဲ..”

ခန်းမထဲတွင် ရှိနေသည့်လူများသည် မယုံကြည်နိုင်စရာ တစ်ခုခုကို မြင်တွေ့လိုက်ရသည့်အလား ရန်ကိုင့်အား ပါးစပ် အဟောင်းသားဖြင့် လှမ်းကြည့်လိုက်ကြလေသည်။

ကျုန်းအောင်ပင်လျှင် ရန်ကိုင့်အား မျက်လုံးကြီးပြူးလျက် ကြည့်နေခဲ့သည်။ အိုင်းအောင်၏ အမူအရာလည်း ပြောင်းလဲသွားပြီး အတွေးပေါင်းစုံ သူ့ခေါင်းထဲ ဖြတ်ပြေးသွားခဲ့လေသည်။

ရုတ်တရက် ရန်ကိုင်၏ရည်ရွယ်ချက်ကို နားလည်သွားသည့် အလား သူ့မျက်လုံးအစုံသည် တဖျတ်ဖျတ် တောက်ပလာခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း စိတ်ထဲ၌ တွေးလိုက်၏။ ‘ဟုတ်တယ်။ ဒီရန်ကတကယ်ကို မိတ်ဆွေ ဖွဲ့ထိုက်တဲ့ လူတစ်ယောက်ပဲ။’

“ဘာ..မင်းဘာပြောလိုက်တာလဲ။” ကျိုးထဲသည် ရန်ကိုင့်အား အံ့အားသင့်တကြီး စိုက်ကြည့်၍ ပြန်မေးလိုက်သည်။ သူများ နားကြားလွဲသွားသလားဟု ထင်မိလေ၏။

ရန်ကိုင်က သက်ပြင်းချလျက် “ဆေးဝိဇ္ဇာကို ဒီရန်နဲ့ ပြိုင်မလားလို့ မေးလိုက်တာ။”

“မင်းက ဒီလူအိုကြီးနဲ့ ဆေးစွမ်းရည်ချင်း ပြိုင်ချင်တာလား။” ကျိုးထဲသည် ရုတ်တရက်ကြီး ဝါးလုံးကွဲမတတ် ထအော်ရယ်မောလျက် အထင်မြင်တသေးဖြင့် ပြောလိုက်လေသည် “မင်း ဘာတွေဒီလောက် ယုံကြည်ချက်ရှိနေလဲ… ဒီလူအိုကြီး နားမလည်နိုင်တော့ဘူး။”

“အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆေးဝိဇ္ဇာ စိတ်ပူနေစရာ မလိုဘူး။ ဆေးဝိဇ္ဇာလုပ်ဖို့လိုတာက ဒီရန်နဲ့ ပြိုင်မလား မပြိုင်ဘူးလားဆိုတာပဲ စဉ်းစားဖို့ပဲ။”

“ဟမ့်…မင်းဘာလုပ်ချင်တာလဲဆိုတာ ဒီလူအိုကြီး မသိဘူးများ မှတ်နေလား။ မင်း ဒီလူအိုကြီးကို မင်းနဲ့ မပြိုင်ပြိုင်လာအောင် ရန်စဖိအားပေးပြီး မင်းတို့လိုအပ်နေတဲ့ ဝိဉာဉ်အရင်းအမြစ်အားဖြည့်ဆေးကို ဖော်စပ်လာအောင် လုပ်ချင်နေတာမလား။” ကျိုးထဲက လှောင်ပြုံးပြုံးလျက် ရန်ကိုင်အား ကြည့်လိုက်သည်။

“ဒါပေါ့။ ဆေးဝိဇ္ဇာ တကယ်ကို အမြင်စူးရှတာပဲ။ ဒီရန်က ဆေးဝိဇ္ဇာနဲ့ ဝိဥာဉ်အရင်းအမြစ်အားဖြည့်ဆေးကို ဘယ်သူ ပိုကောင်းအောင် ဖော်စပ်နိုင်လဲ ပြိုင်မှာ”

ချက်ချင်းဆိုသလို ရန်ကိုင်ဘာလုပ်ချင်နေသလဲ ဆိုသည်ကို ခန်းမထဲတွင် ရှိနေသည့်သူအားလုံး နားလည်သွားခဲ့လေသည်။ ကျိုးထဲသာ ဒေါသထွက်ထွက်နှင့် ရန်ကိုင်နှင့် သွားပြိုင်မည် ဆိုပါက ရန်ကိုင်လိုချင်နေသည့် အရာကို ဖြည့်ဆည်းပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။ တကယ်တမ်းသာ ပြိုင်ပွဲဖြစ်လာခဲ့လျှင် ကျိုးထဲသည် အစွမ်းကုန်သုံးပြီး ဆေးလုံးကို ဖော်စပ်ပေလိမ့်မည်။ ထိုအခါ ကုပီဟူ ကြုံနေရသည့်ပြဿနာကိုလည်း အလွယ်တကူ ဖြေရှင်းသွားနိုင်ပေလိမ့်မည်။ ရန်ကိုင်ဖော်စပ်နိုင် မဖော်စပ်နိုင် ဆိုသည်ကိုတော့ မည်သူမှ ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။

တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးကို ဆေးပြိုင်ဖော်စပ်၍ ရှုံးရသည်မှာ ရှက်စရာမဟုတ်ပေ။ သို့သော်လည်း ဆေးပညာရှင်နှင့် တိုက်ခိုက်ရာတွင် ရှုံးနိမ့်ခဲ့လျှင်တော့ တကယ်ကို ရှက်စရာဖြစ်သွားပေလိမ့်မည်။

“မင်းလာနောက်နေတာလား။ မင်းနှပ်ချတိုင်းခံရအောင် ဒီလူအိုကြီးကို သုံးနှစ်သားကလေးများ မှတ်နေတာလား။” ကျိုးထဲသည် အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လျက် ရန်ကိုင့်အား အထင်အမြင်တသေးဖြင့် ကြည့်လိုက်သည်။

“ဆေးဝိဇ္ဇာ အဲ့လိုပြောလိုက်တာ ဒီရန်ကို မတရားပြောလိုက်တာပဲ။” ရန်ကိုင်ကပြုံးလျက် “ဒီလိုလုပ်ကြရအောင်။ ဒီပြိုင်ပွဲအတွက် ဒီရန် အရင်လောင်းကြေး ထပ်လိုက်မယ်။”

“မင်းဘာလောင်းကြေးထပ်မှာလဲ” ကျိုးထဲက အေးစက်စက် လေသံဖြင့်မေးလိုက်သည်။

“ကျုပ်ရှုံးရင် ဆေးဝိဇ္ဇာကျိုးရဲ့ သက်တော်စောင့်အဖြစ် နှစ်တစ်ထောင်ကြာအောင် လုပ်ပေးမယ်။” ရန်ကိုင်က ပြောလိုက်သည်။

“ဘာ…” ထိုစကားကို ကြားသည့်အခါ အကုန်လုံး အကြီးအကျယ် ထိတ်လန့်သွားခဲ့ကြသည်။ ရန်ကိုင့်အား ရူးများရူးနေသလားဟုပင် တွေးထင်မိလာကြသည်။

ကျိုးထဲသည်ပင်လျှင် ကြောင်နေခဲ့၏။ ရန်ကိုင်ပြောသည့် ကမ်းလှမ်းချက်ကို ကြားပြီးနောက် ပြိုင်ပွဲအား ချက်ချင်းသဘောတူလိုက်ချင် လာခဲ့လေသည်။သူသည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးဖြစ်ပြီး သူ့တွင် လက်အောက်ငယ်သား များစွာရှိသော်လည်း တန်ခိုးရှင်ဘုရင်အဆင့် လက်အောက်ငယ်သား တစ်ဦးမှတော့ ရှိမနေခဲ့ပေ။ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်အားလုံးသည် မာနကြီးပြီး မောက်မာကြသူများ ဖြစ်ကြသည်။

သူ့ဆီမှ အကူအညီ လာတောင်းလျှင်သာ ယဉ်ယဉ်ကျေးကျေး ပြုမူပြောဆိုနေလိမ့်မည် ဖြစ်သော်လည်း သူ့အစေခံ၊ သူ့ကျွန် တော့ လုံးဝလုပ်လိမ့်မည် မဟုတ်ချေ။

ထို့အပြင် ရန်ကိုင်သည် သာမန်တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူပင် မဟုတ်ဘဲ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သို့ ရောက်နေသူတစ်ဦးဖြစ်သည်။ ကြယ်စီရင်စုကြီးတစ်ခုလုံးကို ထည့်တွက်မည်ဆိုလျှင်ပင် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သို့ ရောက်နေသည့်ကျင့်ကြံသူ များများစားစား မရှိချေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၀၅)

ငါသာတန်ခိုးရှင်ဘုရင် ဒုတိယအဆင့်တစ်ယောက်ကို လက်အောက်ငယ်သားအဖြစ် ရလိုက်မယ်ဆိုရင် ငါ့အဆင့်အတန်းနဲ့ ကြယ်စီရင်စုကြီးတစ်ခုလုံးကို ကြီးစိုးပစ်လို့ ရတယ်။

ရန်ကိုင်၏ကမ်းလှမ်းချက်အပေါ် ကျိုးထဲအလွန်ကိုမှ စိတ်ဝင်စားသွားခဲ့သည်။ သူ့စိတ်ထဲ ထိုကမ်းလှမ်းချက်သည် ရန်ကိုင်ဆင်ထားသည့် ထောင်ချောက်တစ်ခု ဖြစ်သည်ဟု ခံစားနေရလင့်ကစား သူ့ဆေးစွမ်းရည်အပေါ် ယုံကြည်ချက် ရှိသည့်အတွက် ရန်ကိုင်၏ကမ်းလှမ်းချက်ကို သဘောတူချင်သွားသည်။

“ရန်ကိုင်..”ရွှယ့်ယွယ်သည် အလန့်တကြားထအော်လေသည်။ ရန်ကိုင့်အား ထိုသို့မလုပ်ရန် ဖြောင်းဖျချင်သော်လည်း ရန်ကိုင်က လက်ထောင်ပြကာ တားထားခဲ့သည်။ ထို့နောက် ကျိုးထဲဘက်သို့လှည့်၍ ပြောလိုက်၏။ “ဒီရန်က ပါရမီသိပ်ပါတာ မဟုတ်ဘူး။ အခုမှ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်ကို ရောက်သေးတာပဲကြည့်။ ဒါပေမယ့် ဒီရန်ရဲ့ ခန္ဓာကိုယ်က အရမ်းကိုအားကောင်းတာဆိုတော့ နောက်ထပ် နှစ်တစ်သောင်းလောက်နေဖို့က ပြဿနာမရှိဘူး။ နှစ်တစ်ထောင် ကြာအောင် ဆေးဝိဇ္ဇာရဲ့သက်တော်စောင့် လုပ်ပေးဖို့က ကျုပ်အတွက် အဆင်ပြေတယ်။ ဒါပေမယ့် ဒီရန်သိချင်တာက ဆေးဝိဇ္ဇာ ဒီရန်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံရဲလားဆိုတာပဲ။”

အိုင်းအောင်နှင့် ဆေးပညာရှင်အားလုံး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ကြလေသည်။ ကျိုးထဲ၏ အမူအရာမှာလည်း ပြောင်းလဲသွားခဲ့သည်။

ကျိုးထဲသည် ခေါင်းညိတ်၍ ပြန်ပြောလိုက်၏။ “မင်းကမ်းလှမ်းချက်က တကယ် မက်မောစရာပဲ။ ဒါပေမယ့် သက်တော်စောင့် ဖြစ်ရုံလောက်နဲ့က တကယ် မလုံလောက်သေးဘူး။ မင်းငါခိုင်းတာ အကုန်လုပ်ပေးနိုင်မှ အဆင်ပြေလိမ့်မယ်။” ကျိုးထဲပြောသည်ကို ကြားပြီးနောက် အိုင်းအောင်၏မျက်နှာ ဒေါသကြောင့် မည်းမှောင်သွားခဲ့လေသည်။

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတိုင်းသည် အထင်ကရပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့အနေဖြင့် ကျိုးထဲ ရှေ့တွင် တလေးတစားဖြင့် ပြုမူနေမည်ဆိုလျှင်ပင် အကြောင်းအရင်းမှာ ကျိုးထဲအပေါ် လေးစားစိတ်ကြောင့်သာ ဖြစ်သည်။

ကျိုးထဲ၏ သက်တော်စောင့်အဖြစ် နှစ်တစ်ထောင်ကြာအောင် လုပ်ပေးမည်ဟူသော ရန်ကိုင်၏ ကမ်းလှမ်းချက်သည် အိုင်းအောင်၏အမြင်အရ အလွန်ကိုမှ မယုံကြည်နိုင်စရာ ကောင်းသည့် ကမ်းလှမ်းချက်တစ်ခု ဖြစ်သည်။ သူသာ ရန်ကိုင်နေရာတွင် ဆိုလျှင်တော့ လုံးဝကို သဘောတူလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ကျိုးထဲမှာမူ ထိုမျှနှင့်ပင် မကျေနပ်နိုင်သေးဘဲ တစ်ထွာပေးသည်ကို တစ်ကိုက်ထပ်လိုချင် နေခဲ့သည်။ သူလိုချင်နေသည်မှာ သက်တော်စောင့် မဟုတ်တော့ဘဲ အစေခံသာဖြစ်သည်။ သက်တော်စောင့်သည် ကျိုးထဲ၏ လုံခြုံရေးကိုသာ ဂရုစိုက်ရပြီး အစေခံမှာတော့ ကျိုးထဲ၏ ခိုင်းသမျှ၊ အလုပ်မှန်သမျှကို လုပ်ပေးရမည့်တာဝန် ရှိလေသည်။ ကျိုးထဲ၏လုပ်ရပ်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများကို စော်ကားလိုက်ခြင်းပင် ဖြစ်လေသည်။

အိုင်းအောင်သည်လည်း ရန်ကိုင်ကဲ့သို့ပင် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် ကျိုးထဲပြောသည့်စကားကို ကြားပြီးနောက် အလွန်အမင်း ဒေါသထွက်သွားခဲ့ခြင်းဖြစ်သည်။

ရန်ကိုင်ကမူ တစ်ချက်ကလေးပင် တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်လေသည်။ ရန်ကိုင်ဤမျှ အလွယ်တကူ သဘောတူလိုက်မည်ဟု ကျိုးထဲထင်မထားခဲ့။ ရန်ကိုင် အင်တင်တင်လုပ်နေမည်ဟုသာ ထင်ခဲ့သည်။ ထို့ကြောင့် အစွန်းရောက်သည့် တောင်းဆိုချက်ကို တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

တောင်းဆိုချက် အလုပ်မဖြစ်လျှင်ပင် နောက်ချန် အစီအစဉ် များစွာ ကျန်ရစ်နေပေသေးသည်။ ဥပမာပြောရသော် ရန်ကိုင့်အနေဖြင့် သူ့အမိန့်အား ဘယ်နှစ်ကြိမ်သာ နာခံရမည် ဆိုသည်မျိုးပင်။ သို့သော်လည်း သူ့နောက်ချန်အစီအစဉ် တစ်ခုကိုမျှ မသုံးလိုက်ရဘဲ သဘောတူညီချက် ရသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ခဏတာကြောင်အမ်းအမ်း ဖြစ်နေပြီးနောက် နောက်တစ်ကြိမ် ထပ်၍ တောင်းဆိုလိုက်ပြန်သည်။ “နှစ်တစ်ထောင်ကလည်း မလုံလောက်သေးဘူး။ နှစ်နှစ်ထောင်”

“ရတယ်လေ” ရန်ကိုင်သည် တစ်ချက်ကလေးပင် တွေးမနေဘဲ သဘောတူလိုက်သည်။

“ဆေးဝိဇ္ဇာကျိုးထဲ..”ထိုမြင်ကွင်းကို မကြည့်နိုင်တော့သည့် အဆုံး အိုင်းအောင်က ဒေါသတကြီး ထအော်လေ၏။ “ခင်ဗျား နည်းနည်းလွန်နေပြီ မဟုတ်ဘူးလား။”

သူဆက်ပြီး ရပ်မကြည့်နိုင်တော့ချေ။ ကျိုးထဲ ရေကောင်းကင်မြို့သို့ နှစ်ဝက်လောက် နောက်ကျပြီး ရောက်လာသည်ကိုပင် သူအပြစ်မပြောခဲ့။ ရွှယ့်ယွယ်၏ လက်ထပ်ပွဲနှင့် ဆေးဖော်စပ်ပေးမည့် ကိစ္စကို အကြပ်ကိုင်လာသည့် အခါတွင်လည်း သည်းခံခဲ့သည်။ သို့သော်လည်း လက်ရှိ ကျိုးထဲ၏ လုပ်ရပ်မှာတော့ တကယ်ကို တရားလွန်နေလေပြီ။

ထို့ပြင် ရန်ကိုင့်အနေဖြင့် ကျိုးထဲအား ဆေးစွမ်းရည်ချင်း ပြိုင်ဆိုင်မည်ဟု ပြောရခြင်းမှာ ကုပီဟူကြောင့်သာ ဖြစ်သည်။ ရန်ကိုင်ဘာကြောင့် ဤကဲ့သို့ လုပ်ချင်နေသလဲ ဆိုသည်ကို မသိသော်လည်း ရန်ကိုင့်အပေါ်တော့ အလွန် ကျေးဇူးတင်မိလေသည်။

ရန်ကိုင်မည်သည့်ရည်ရွယ်ချက်ကြောင့် လုပ်သည်ဖြစ်ပါစေ ရန်ကိုင့်အပေါ်တော့ အကြွေးတင်သွားလေပြီ။ မည်သည့် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူကများ နှစ်နှစ်ထောင်ကြာအောင် သူ့ကိုယ်သူ အခြားတစ်ယောက်၏ ကျွန်အဖြစ်ခံမည်နည်း။ ရန်ကိုင် တစ်ယောက်သာ ရှိပေလိမ့်မည်။

ထို့ကြောင့် အိုင်းအောင်လည်း နည်းနည်းလေးမျှ ယဉ်ကျေးမနေနိုင်တော့ဘဲ ဝင်ပြောလိုက်ခြင်း ဖြစ်သည်။ ဤသို့ အခြေအနေမျိုးကိုပင် ဆက်ပြီး ရပ်ကြည့်နေဦးမည် ဆိုလျှင် သူသည် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ ခေါင်းဆောင်မလုပ်သင့်တော့ချေ။

ကျိုးထဲက ပြန်၍လှောင်ပြောင်လိုက်၏။ “သူကတောင် သဘောတူနေတာကို ခေါင်းဆောင်အိုင်းအောင်က ဘာတွေ စိတ်ပူနေတာလဲ။”

ရန်ကိုင်သည် အိုင်းအောင်အားကြည့်၍ ပြုံးကာ ပြောလိုက်သည်။ “ခေါင်းဆောင်အိုင်းအောင် စိတ်ပူမနေနဲ့။ ကျုပ်ဘက်က သဘောတူလိုက်ရင်ပေမယ့် ဆေးဝိဇ္ဇာ နှစ်နှစ်ထောင်ထိကြာအောင် အသက်ရှင်နိုင်မလား ဆိုတာက သေချာသေးတာ မဟုတ်ဘူး” ရန်ကိုင်သည် ကျိုးထဲအား စောစောသေမည့်သူဟု ကျိန်ဆဲပြောဆိုနေခြင်း ဖြစ်သည်။

ကျိုးထဲသည် တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သေးသလို နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်လာခဲ့သူ တစ်ဦးလည်းဖြစ်သည်။ ထို့ကြောင့် သူ့တွင် အသက်ရှင်ရမည့်အချိန် အများကြီးမကျန်တော့ဘူးဟု ပြောနိုင်ပေသည်။ ကျိုးထဲကမူ ရန်ကိုင့်စကားကို ကြားပြီး နှာခေါင်းသာ ရှုံ့လိုက်တော့သည်။ ထို့နောက်အေးစက်စက် အမူအရာဖြင့် ပြန်ပြောလိုက်၏။ “မင်းစိတ်ချထားလိုက်။ ဒီလူအိုကြီး နှစ်နှစ်ထောင်ထိ အသက်ရှင်နိုင်အောင်ကို နေပြသွားမှာ။”

“မျှော်လင့်ရတာပေါ့။”ရန်ကိုင်က ပြုံးလိုက်သည်။

ထိုမြင်ကွင်းကိုကြည့်ရင်း အိုင်းအောင် သက်ပြင်းသာ ချမိလိုက်လေသည်။ ရန်ကိုင့်ပခုံးကို ပုတ်၍ “ရောင်းရင်း၊ ဒီနေ့ ကစပြီး ငါ့ကို ညီအစ်ကိုလို့သာ သတ်မှတ်ထားလိုက်တော့။ ငါ ဒီနေ့ကိစ္စကို လုံးဝမမေ့ဘူး”

“ဟဲ..ဟဲ..”ရန်ကိုင် အားတင်းပြုံးလိုက်လေသည်။

ရန်ကိုင့်စိတ်ထဲ ရယ်ရခက် ငိုရခက် ဖြစ်နေ၏။ ထို့ကြောင့် ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်လေသည်။ “အခု ဒီရန်ဖက်က လောင်းကြေးကို သတ်မှတ်ပြီးသွားပြီဆိုတော့ ဆေးဝိဇ္ဇာဘက်က လောင်းကြေးကို ပြောရမယ့်အလှည့်ပေါ့”

ထိုစကားကို ကြားသည့်အခါ ကျိုးထဲ၏အမူအရာသည် အေးစက်စက် ဖြစ်သွားလေသည်။ ချက်ချင်းပဲ ပြန်၍မေးလိုက်၏။

“မင်းဘယ်လိုလောင်းကြေးမျိုး လိုချင်နေတာလဲ။” ရန်ကိုင်က ပြုံးလျက် “ဒီရန်က ကိုယ့်လွတ်လပ်ခွင့်ကို လောင်းကြေးအဖြစ် အသုံးချခဲ့တာဆိုတော့ ဆေးဝိဇ္ဇာလည်း အဲ့အတိုင်းပဲ လုပ်သင့်တာပေါ့။”

ထိုစကားကိုကြားသည့်အခါ ကျိုးထဲမျက်မှောင် ကြုတ်သွားခဲ့လေသည်။

“ဘာဖြစ်လို့လဲ။ ဆေးဝိဇ္ဇာ မလုပ်ရဲလို့လား။ ဒါမှမဟုတ် ဆေးဝိဇ္ဇာက ကိုယ့်ဆေးစွမ်းရည် အပေါ် ယုံကြည်ချက်မရှိတာလား။” ရန်ကိုင်က မီးလောင်ရာ လေပင့်ပေးလိုက်သည်။

“ဘာလို့မရှိရမှာလဲ။”ကျိုးထဲချက်ချင်း ပြန်ထအော်လေသည်။ “ဆေးပညာနဲ့ပတ်သက်လာရင် ဒီလူအိုကြီး ဘယ်သူ့ကိုမှ မကြောက်ဘူးကွ။ ဒါပေမယ့် ဒီလိုရန်စလိုက်ရုံနဲ့ မင်း ဒီလူအိုကြီးကို သဘောတူလာအောင် လုပ်နိုင်မယ် ထင်ရင်တော့ မှားသွားပြီ။”

“ကျွတ်…ကျွတ်..”ရန်ကိုင်က အထင်အမြင်တသေးဖြင့် “အော်.. ဆေးဝိဇ္ဇာက ရှုံးမှာကြောက်နေတာပဲ။ အဲ့ဒါဆို ရတယ်လေ။ လောင်းကြေးကို ပြောင်းလိုက်ကြတာပေါ့။ ဆေးဝိဇ္ဇာက အသက်ရှင်ဖို့ နှစ်နည်းနည်းပဲ ကျန်တော့တာဆိုတော့ သူများရဲ့ကျွန် ဘယ်လုပ်ချင်ပါ့မလဲ။ ဟုတ်တယ်မလား။ အဲ့လိုဆိုမှတော့ တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံး အလုံးတစ်ရာကို နှစ်တိုင်း ဖော်စပ်ပေးရမယ်ဆိုရင်ရော”

“တစ်နှစ်ကို အလုံးတစ်ရာ” ကျိုးထဲ၏မျက်နှာ ဒေါသကြောင့် နီမြန်းလာခဲ့လေသည်။“မင်းငါ့ကို ဆေးထုတ်စက် မှတ်နေတာလား။”

ရန်ကိုင်ဘာမှ ပြန်မပြောရသေးခင် အနားတွင် ရပ်နေသောကျုန်းအောင်က ဝင်ပြောလိုက်လေသည်

“ဆေးဝိဇ္ဇာ ခင်ဗျားဘယ်လိုလုပ်ပြီး ဒီလိုပြောနိုင်ရတာလဲ။ ရန်ကိုင်က သူ့သက်တမ်းရဲ့ နှစ်နှစ်ထောင်ကိုတောင် ခင်ဗျားရဲ့ အစေခံ လုပ်ပေးမယ်ဆိုပြီး လောင်းကြေးထပ်ထားတာ။ ပြီးတော့ သူက တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်နော်။ ခင်ဗျားဘက်ကလည်း တူညီတဲ့လောင်းကြေး ပြန်ထပ်ရမှာပေါ့။ တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံး တစ်နှစ်ကို အလုံးတစ်ရာ ဖော်စပ်ပေးဖို့ဆိုတာ ခင်ဗျားလိုဆေးပညာရှင် အတွက် ဘာမှမဟုတ်ဘူး။ ဒါပေမယ့် ရန်ကိုင့်အတွက် နှစ်နှစ်ထောင်ကတော့ အရမ်းကို အရေးကြီးတယ်။ ခင်ဗျားကိုယ်ခင်ဗျား မြင့်မြတ်ပြီး အဆင့်အတန်းရှိတဲ့သူလို့သာ သတ်မှတ်နေတာ ခင်ဗျားလုပ်ရပ်က တကယ်ကို အောက်တန်း ကျလွန်းတယ်။ ခင်ဗျားလုပ်ပုံက ရန်ကိုင့်ကို ဝါစဉ်နဲ့ အနိုင်ကျင့်နေတာပဲ။”

ကျုန်းအောင်သည် ဤမြင်ကွင်းကို အစအဆုံး ထိုင်ကြည့်နေခြင်း ဖြစ်သည်။ ကျိုးထဲ၏လုပ်ရပ်မှာ တဖြည်းဖြည်းနှင့် လွန်ကိုလွန်လာခဲ့လေသည်။ အစကမူ ကျိုးထဲ၏စရိုက်ကို မကြိုက်သည့်တိုင် ကျိုးထဲအား ဆေးပညာရှင်တစ်ဦးအဖြစ် လေးစားပေသည်။ သို့သော်လည်း ယခုတွင်မူ လူအိုကြီး၏စရိုက်သည် သူထင်ထားသည် ထက်ကိုပင် အများကြီးပိုဆိုးရွားနေကြောင်း တွေ့ရှိလိုက်ရသည်။

သူနှင့်ယှဉ်လိုက်လျှင် ရန်ကိုင်မှာ အဆများစွာ ပိုသာပေသည်။ ကျိုးထဲအပေါ်ထားသည့် သူ၏လက်ကျန် လေးစားမှုလေးပင်လျင် ကျိုးထဲ၏လုပ်ရပ်ကို မြင်ပြီးနောက် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့တော့သည်။

ကျိုးထဲမှာမူ ကျုန်းအောင်၏စကားကို ဂရုမစိုက်ဘဲ ပြန်၍သာ လှောင်ပြောင်ပြောဆိုလိုက်လေသည်။ “ဒီလူအိုကြီးရဲ့ အမြင်အရဆိုရင် သူ့နှစ်နှစ်ထောင် လွတ်လပ်ခွင့်က ဘာမှမဟုတ်ဘူး။ ဒါပေမယ့် ငါက တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံး အလုံးတစ်ရာကို နှစ်တိုင်းဖော်စပ်ပေးရမှာ။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတစ်လုံး ဘယ်လောက် အဖိုးတန်တယ်ဆိုတာကို မင်းတို့မသိတာလား။”

“ဟမ့်..ခင်ဗျားမှန်ပါတယ်။”ရန်ကိုင်က ခေါင်းငြိမ့်ကာ သဘောတူလျက် “အဲ့လိုဆိုမှတော့ အလုံးတစ်ရာ မဖော်စပ်ခိုင်းတော့ဘူး။ အလုံးရှစ်ဆယ်ဆိုရင်ရော။”

“ငါးဆယ်ပဲ”ကျိုးထဲက လက်ဝှေ့ယမ်းလိုက်သည်။

“ခုနစ်ဆယ့်ငါး”

“ငါးဆယ့်ငါး”

“ခုနစ်ဆယ်”

“ခြောက်ဆယ်ကွာ”

“သဘောတူတယ်” အကုန်လုံး၏ မှင်သက်နေသော အကြည့်အောက်မှာပင် ရန်ကိုင်နှင့်ကျိုးထဲသည် အပြန်အလှန် ငြင်းခုံရင်း နောက်ဆုံးတွင် တစ်နှစ်၌ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံး အလုံးခြောက်ဆယ် ဖော်စပ်ပေးရမည်ဟူသော ကမ်းလှမ်းချက်တွင် သဘောတူညီချက် ရရှိသွားခဲ့လေသည်။

ဤပမာဏသည် ရန်ကိုင်ပထမဆုံး ကမ်းလှမ်းလိုက်သည့် ပမာဏ၏ တစ်ဝက်လောက်သာ ရှိသော်လည်း တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးအလုံးခြောက်ဆယ် ဆိုသည်မှာ တကယ်ကိုများသည့် ပမာဏပင် ဖြစ်နေသေးသည်။

ကြယ်စီရင်စုကြီးတစ်ခုလုံးကို ထည့်စဉ်းစားမည် ဆိုလျှင်ပင် တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံးသည် လူပေါင်းများစွာကို ရူးသွပ်မတတ်ဖြစ်အောင် လုပ်နိုင်ပေသည်။ ကျိုးထဲကဲ့သို့သော ဆေးပညာရှင်တစ်ဦးသည်သာ အလုံးတစ်ရာ၊ အလုံးခြောက်ဆယ်ကို ထိုမျှအလွယ်တကူ ပြောထွက်ပေလိမ့်မည်‌။

သဘောတူညီချက် ရသွားပြီးနောက်တွင် ကျိုးထဲသည် ရန်ကိုင့်အား ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်၍ “ကောင်လေး အခုအလောင်းအစားကို ခေါင်းဆောင်အိုင်းအောင်နှင့် ဆေးပညာရှင်တွေ အများကြီးရှေ့မှာ လုပ်လိုက်တာနော်။ မင်းရှုံးလို့မှ ဝန်မခံရဲရင်တော့ …”

“ပူမနေနဲ့။ ခေါင်းဆောင်အိုင်းအောင်က နာမည်ရှိပြီးသား။ သူက အမြဲတမ်း မျှမျှတတပဲ ဆက်ဆံတာ။ အချို့လူတွေလို လူရှေ့မှာတစ်မျိုး၊ ကွယ်ရာမှာတစ်မျိုး လုပ်နေတဲ့လူတွေ မဟုတ်ဘူး။ ကျုပ်လည်း အားလုံးရှေ့မှာပဲ ပြောလိုက်မယ်။ ရှုံးသွားလို့ ပြောတဲ့အတိုင်း မလုပ်ဘူးဆိုရင် ခေါင်းဆောင်အိုင်းအောင် ကျုပ်ကို သတ်လို့ရတယ်” ရန်ကိုင်က ပြုံးလျက်ပြောလိုက်သည်။

ကျိုးထဲ၏မျက်နှာ မည်းမှောင်သွားခဲ့လေသည်။ သူ့မျက်ဝန်းထဲ ကြောက်ရွံ့သည့် အရိပ်အယောင်တစ်ချို့ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်ပြောသည်မှာ ရန်ကိုင့်အနေဖြင့် သူသာသဘောမတူလျှင် အိုင်းအောင်အနေဖြင့် သူ့ကို သတ်နိုင်သည်။

ထိုနည်းတူစွာ ကျိုးထဲသည်လည်း သဘောမတူခဲ့ပါက အိုင်းအောင်အနေဖြင့် ကျိုးထဲကို သတ်နိုင်ပေသည်ဟု ပြောလိုက်ခြင်း ဖြစ်သည်‌။

ကျိုးထဲသည် တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။ အိုင်းအောင်သာ သူ့ကိုတကယ် သတ်မည်ဆိုလျှင် သူမည်သို့မျှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

တစ်ချက်လောက်စဉ်းစားပြီးနောက် ကျိုးထဲက ပြောလိုက်လေသည်။ “ဒီလူအိုကြီး ခေါင်းဆောင်အိုင်းအောင်ရဲ့ စရိုက်ကို မယုံတာတော့ မဟုတ်ဘူး။ ဒါပေမယ့် လူကြီးမင်းက တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးလေ။ ခေါင်းဆောင်အိုင်းအောင်နဲ့ ကျင့်ကြံခြင်းအဆင့် အတူတူပဲ။ လူကြီးမင်းသာ ထွက်ပြေးဖို့ကြိုးစားရင် ခေါင်းဆောင်အိုင်းအောင်က တားနိုင်မှာလား။” အိုင်းအောင်၏ မျက်နှာ အေးစက်သွားခဲ့လေသည်။

သူတစ်ခုခု ပြောတော့မည်အပြု ဟင်းလင်းပြင်ထဲမှ စွမ်းအင်လှိုင်းအချို့ ထွက်ပေါ်လာပြီး မကြာမီပုံရိပ်တစ်ခုသည် ဘယ်ဆီဘယ်ကမှန်းမသိ အားလုံးရှေ့ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

ထိုလူ၏မျက်နှာထက်တွင် အပြုံးတစ်ပွင့်ကို ဆင်မြန်းထားခဲ့သည်။ ပေါ်လာသည့်လူသည် မုတ်ဆိတ်မွေးရော ဆံပင်ရောပါ ဖြူဖွေးနေသော်လည်း အသားအရေမှာ နီကြင့်ကြင့် ဖြစ်နေသဖြင့် အသက်ကြီးသည့် ပုံစံမျိုးပေါက်မနေဘဲ လူငယ်လေးတစ်ဦးပုံသာ ပေါက်နေခဲ့လေသည်။ ထို့အပြင် သူ၏ကျောဘက်တွင် ဓားအိမ်တပ်ထားသည့် ဓားတစ်ချောင်းကို ချိတ်ဆွဲထားခဲ့သည်။

သူရပ်နေသည့်ပုံစံမှာ အရာရာကို ဖြတ်တောက်ပြစ်မည့် အကြွင်းမဲ့ဓားတစ်ချောင်း၏ပုံစံမျိုးပင်။ ထိုလူသည် လက်နောက်ပစ်လျက် လေထဲဖြည်းဖြည်းချင်း လျှောက်လာပြီး ပြုံးကာပြောလိုက်သည် “အိုင်းအောင် မတားနိုင်ရင် ငါဝင်တားပေးမယ်။ အဲ့ဒါဆိုရင် ဆေးဝိဇ္ဇာအတွက် အဆင်ပြေမလားမသိဘူး။”

ထိုလူ၏အသံကို ကြားတော့မှပဲ လူအုပ်ကြီး အသိဝင်လာခဲ့လေသည်။ ထိုလူမျက်နှာကို မြင်ပြီးနောက်တွင် အိုင်းအောင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

အလျင်စလိုလက်သီးဆုပ်၍ ဦးညွှတ်ကာ ပြောလိုက်လေသည်။ “ဦးလေးလုံ၊ ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ။”

“ဦးလေးလုံလား။” အိုင်းအောင်၏ခေါ်ဝေါ်ပုံကို ကြားပြီးနောက် ထိုလူ မည်သူမှန်း အကုန်လုံးချက်ချင်း နားလည်သွားခဲ့လေသည်။

ထိုလူသည် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ တစ်ဦးတည်းသော တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူ ဖြစ်သည့် လုံထျန်းရှန်သာ ဖြစ်ပေသည်။ ခရမ်းကြယ်မှ သိုင်းအရူးနှင့် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ လုံထျန်းရှန်တို့သည် ကြယ်စီရင်စုကြီး၏ နာမည်ကျော်ပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။ သို့သော်လည်း ဂုဏ်သတင်းပိုင်းတွင် လုံထျန်းရှန်သည် ခရမ်းကြယ်မှ သိုင်းအရူးထက် ပိုကျော်ကြားသည်ဟု ပြော၍ရသည်။

အကြောင်းမှာ လုံထျန်းရှန် တန်ခိုးရှင်ဘုရင်တတိယအဆင့်သို့ ရောက်စဉ်က သူသည် အကြောင်းအရင်းတစ်ခုကြောင့် ကျင့်ကြံရေးကြယ်တစ်လုံးဆီသို့ သွားရောက်ခဲ့လေသည်။

ထို့နောက်တွင် ဘာအကြောင်းကြောင့်မှန်းမသိ လုံထျန်းရှန်သည် ထိုကျင့်ကြံရေးကြယ်ပေါ်ရှိ ဂိုဏ်းအားလုံးကို ဖျက်ဆီးပစ်ကာ လူပေါင်းများစွာကို သတ်ဖြတ်ပစ်ခဲ့သည်။ ထိုအချိန်မှစ၍ လုံထျန်းရှန်သည် ကြယ်စီရင်စုထဲ နာမည်ဆိုးဖြင့် စတင်ကျော်ကြားလာလေတော့သည်။ နောက်ပိုင်း သူ့အကြောင်း စကားပြောကြသည့် မည်သူမှ ကျယ်ကျယ်လောင်လောင် မပြောရဲကြတော့ချေ။

All Chapters