← Chapters

အခန်း (၁၉၀၆-၁၉၁၀)

Vol. 77 Ch. 1906-1910

အခန်း (၁၉၀၆-၁၉၁၀)

Vol. 77 Ch. 1906-1910

အပိုင်း (၁၉၀၆)

လုံထျန်းရှန်သည် ထိုကျင့်ကြံရေးကြယ်ပေါ်ရှိ ဂိုဏ်းများ၊လူများ အားလုံးကို ဘာကြောင့်ဖျက်ဆီး၊ သတ်ပြစ်ခဲ့လဲဆိုသည်နှင့် ပတ်သက်၍ မည်သူမျှ မသိကြချေ။ သတင်းပြန့်လာသည်မှာတော့ ထိုကိစ္စသည် အမျိုးသမီးတစ်ဦးနှင့် ပတ်သက်နေသည် ဟူ၍ပင်။

ထိုအချိန်မှစ၍ လုံထျန်းရှန်သည် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပြီး လွန်ခဲ့သည့်နှစ်တစ်ထောင်အတွင်း မည်သူမျှ သူ့အား မတွေ့ရတော့ချေ။ သို့သော်လည်း လုံထျန်းရှန်သည် ရေလကြယ်အား အမှောင်ထဲမှ တိတ်တဆိတ် ကာကွယ်ပေးနေကြောင်းကို လူတိုင်း သိကြပေသည်။

ယနေ့တွင် သူပေါ်လာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။ မည်သူမှ တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး အား မလေးစားဘဲ မနေရဲကြပေ။ လူတိုင်းသည် ချက်ချင်းပဲ လက်သီးဆုပ်ကာ ဦးညွတ်၍ နှုတ်ဆက်လိုက်ကြ၏။ အလွန်ကိုမှ မောက်မာသော ကျိုးထဲပင်လျှင် ခြွင်းချက်မဟုတ်။

လုံထျန်းရှန်သည် ရယ်မော၍ ကျိုးထဲအား လက်သီးဆုပ်ကာ ပြန်နှုတ်ဆက်လိုက်လေသည်။ “ဆေးဝိဇ္ဇာက နှစ်တွေအများကြီး ကြာသွားတာတောင် ဘာမှမပြောင်းလဲသေးပါလား။ အဲ့လိုမြင်ရတာ ဒီထျန်းရှန် တကယ်ကို ဝမ်းသာတယ်”

“အကြီးအကဲလုံ မြှောက်ပင့်လွန်းနေပါပြီ။”ကျိုးထဲက ခေါင်းညိတ်လိုက်၏။

“ဦးလေးလုံ ဘာလို့ဒီနေ့ ထွက်လာတာလဲ။” အိုင်းအောင်က အံ့အားသင့်နေသည့် အမူအရာဖြင့် မေးလိုက်သည်။ လုံထျန်းရှန်အကြောင်း အခြားသူများ သိလိမ့်မည်မဟုတ်သော်လည်း အိုင်းအောင်းကတော့ ကောင်းကောင်းသိပေသည်။

ဒီကြယ်စီရင်စုကြီးတစ်ခုလုံးတွင် လုံထျန်းရှန်နှင့် အဆက်အသွယ် အများဆုံးမှာ သူသာဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် လုံထျန်းရှန်သည် အလွန်ကိုမှ တွေ့ရန် ခက်လှသည့် လူတစ်ဦးဖြစ်သည်။

သူလုံထျန်းရှန်ကို သွားတွေ့တိုင်း လုံထျန်းရှန်သည် အမြဲတံခါး ပိတ်ထားခဲ့သည်။ ထို့ကြောင့် အိုင်းအောင်မှာ အမြဲလိုလို စိတ်ဓာတ်ကျကျဖြင့်သာ ပြန်ထွက်လာခဲ့ရလေသည်။ သို့သော်လည်း ဤနေ့တွင် ဘယ်သူမှ မဖိတ်ခေါ်ဘဲနှင့် သူ့ဘာသာ ပေါ်လာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ချေ။

“ငါလည်း နည်းနည်းပါးပါး ပျော်ချင်လို့လေ။” လုံထျန်းရှန်က ရယ်မော၍ ပြောလိုက်သည်။ လုံထျန်းရှန်သည် ယခုကြည့်ရသလောက်တော့ ချဉ်းကပ်ရလွယ်ကူသည့်ပုံစံ ပေါက်နေလေသည်။ သူ့ကို မြင်လိုက်သည့်လူတိုင်း ရင်းနှီးသည့်ခံစားချက်ကို အလိုလိုခံစားရပေလိမ့်မည်။

ပြောရင်းဆိုရင်းဖြင့် လုံထျန်ရှန်သည် ရန်ကိုင့်ဘက်သို့ လှည့်၍ ပြောလိုက်၏။ “မင်းကရန်ကိုင် ဖြစ်ရမယ်ဟုတ်လား။ ငါမင်းကို နာမည်ပဲ တပ်ခေါ်မယ်။ အဆင်ပြေလား။”

“ကိစ္စမရှိပါဘူး”ရန်ကိုင်က ပြုံးလျက် ခေါင်းငြိမ့်လိုက်သည်။

“အင်း..မင်းကတကယ်မဆိုးဘူး။ ငါတို့ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက အခုချိန်ကစပြီး မင်းရဲ့မဟာမိတ်ပဲ။ မင်းလာချင်တဲ့အချိန် လာလို့ရတယ်။ အခုကနေစပြီး ငါတို့ကတစ်မိသားစုတည်း ဖြစ်သွားပြီ။” လုံထျန်းရှန်က ပြုံးလျက်ပြောလိုက်လေသည်။

“ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ။ ဒီဂျူနီယာလည်း ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းကို ကိုယ့်အိမ်ကိုယ့်ယာ အဖြစ် ကျိန်းသေသတ်မှတ်ပါ့မယ်။” ရန်ကိုင်က ချက်ချင်းပဲ ရတုန်းရခိုက် အခွင့်အရေးကိုအမိအရ အသုံးချလိုက်လေသည်။

ရန်ကိုင်ဘာပြောချင်သလဲဆိုသည်ကို ရွှယ့်ယွယ်မသိဘဲ နေမည်လား။ သူမ၏မျက်လုံးကလေးများထဲ ပျော်ရွှင်မှု၊ ရှက်ရွံ့မှုတို့ ဖြတ်ပြေးသွားခဲ့လေသည်။ သို့ရာတွင် လုံထျန်းရှန်၏ ပြောစကားကိုကြားပြီးနောက် ကျိုးထဲ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့လေသည်။

လုံထျန်းရှန်သည် ဘာမှသိပ်မပြောသွားခဲ့သော်လည်း သူပြောသွားသည့် စကားကိုကြည့်လျှင် ကျိုးထဲ၏လုပ်ရပ်နှင့် ပတ်သက်၍ တော်တော်လေး မကျေမနပ်ဖြစ်နေသည့်ပုံပင်။ မဟုတ်လျှင် ဘာကြောင့်များ ရန်ကိုင့်ကို လူမြင်ကွင်းတွင် မျက်နှာသာပေးပြမည်နည်း။

“အဲ့တော့ ဘာဖြစ်လဲ။ ပုံမှန်အတိုင်းဆို တန်ခိုးရှင်ဘုရင် တတိယအဆင့်နဲ့ ငါက အဆင့်အတန်းအတူတူပဲဟာကို။” ထို့ကြောင့် ကျိုးထဲအရမ်းကြီး ဂရုစိုက်မနေတော့ချေ။

“အဲ့ဒါဆို ပိုကောင်းတယ်”လုံထန်းရှန်က ခေါင်းငြိမ့်လိုက်သည်။ သူ့ကြည့်ရသည်မှာ ရန်ကိုင်၏စွမ်းဆောင်ရည်နှင့် ပတ်သက်၍ အတော်လေးကျေနပ်နေသည့်ပုံပင်။

ထို့နောက် ရယ်ရယ်မောမောဖြင့် ခေါင်းစဉ်ပြောင်းလိုက်လေ၏ “အဲ့လို ပြောသာပြောရတာ။ မင်းက ဆေးဝိဇ္ဇာနဲ့ အလောင်း အစားလုပ်ထားတယ်။ ငါကလည်း ပွဲကြပ်ဒိုင်အဖြစ် လုပ်ပေးမှာဆိုတော့ မင်းရှုံးလို့ မင်းအရှုံးကိုဝန်မခံဘူးဆိုရင် ဒီဘုရင်က ငြိမ်နေမှာမဟုတ်ဘူးနော်။ မင်းထွက်ပြေးဖို့ ကြိုးစားတာနဲ့ မင်းကို တကယ်သတ်မှာ” လုံထျန်းရှန်က ပြုံးလျက် ပြောလိုက်လေသည်။

သူ့လေသံထဲ မည်သည့်သတ်ဖြတ်လိုစိတ်မှ မပါဝင်ခဲ့။ သို့တိုင် သူ့စကားကို ကြားပြီးနောက် လူတိုင်း တုန်တုန်ရီရီ ဖြစ်သွားခဲ့ကြသည်။ တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးမှ ပွဲကြပ်ဒိုင်အဖြစ် လုပ်ပေးနေလေရာ ဘယ်သူကများ ကိုယ်ပြောထားသည့်စကားကို မတည်ဘဲ နေရဲဦးမည်နည်း။ ထိုသို့လုပ်ခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာဖြစ်သည်။

“စီနီယာ စိတ်မပူနဲ့။ ဂျူနီယာက ရိုးသားပြီးသား။ ကိုယ့်စကားကို ဘယ်တော့မှ ပြန်ရုပ်သိမ်းမှာ မဟုတ်ဘူး။”

“ငါလည်း အဲ့လို ဖြစ်ဖို့ပဲ မျှော်လင့်တယ်”

ထို့နောက် လုံထျန်းရှန်သည် ကျိုးထဲဘက်သို့ လှည့်၍ “ဆေးဝိဇ္ဇာကော ဘယ်လိုထင်လဲ။ ဒီလုံ ပွဲကြပ်ဒိုင်အဖြစ် လုပ်ပေးနေတာတောင် ဆေးဝိဇ္ဇာထပ်ပြီး စိုးရိမ်နေတာမျိုး ရှိသေးလား”

“ရပါပြီ။ ဒီလောက်ဆို ရပါပြီ။”ကျိုးထဲက ခေါင်းညိတ်လိုက်သည်။

“အဲ့ဒါဆို မင်းတို့စလို့ရပြီ။ ငါလည်းဒီလို စိတ်ဝင်စားစရာပွဲမျိုး မတွေ့ရတာ တော်တော်ကြာနေပြီဆိုတော့ စိတ်ဝင်တစား ကြည့်ကြည့်ရတာပေါ့”ထိုသို့ ပြောပြီးနောက် လုံထျန်းရှန်သည် မီးခိုးငွေ့နှယ် အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

သို့သော်လည်း လုံထျန်းရှန်သည် အနီးအနား တစ်နေရာရာတွင် ရှိနေလိမ့်မည်ဖြစ်ကြောင်းကို လူတိုင်းသိကြသည်။ အကြောင်းမှာ သူရှိနေလျှင် အကုန်လုံး ဖိအားများနေမည် ဖြစ်သည့်အတွက်ကြောင့် အရင်ထွက်သွားပေးလိုက်ခြင်း ဖြစ်သည်။

“ရောင်းရင်းရန် မင်းဒီကိစ္စကို တကယ်လုပ်ချင်နေတာလား။” အိုင်းအောင်သည် ရန်ကိုင့်အား ကြည့်၍ အလေးအနက် အမူအရာဖြင့် မေးလိုက်လေသည်။ သူ့ဆန္ဒကို ပြောရမည်ဆိုလျှင် ရန်ကိုင့်အား ကျိုးထဲနှင့် ဆေးပညာစွမ်းရည်ချင်း မပြိုင်စေချင်ပေ။ ရန်ကိုင် ဝင်ကူညီပေးခဲ့သည့်အပေါ် အလွန်ကိုမှ ကျေးဇူးတင်မိသော်လည်း တစ်ချိန်တည်းတွင် သူ့ဘက်မှ ဘာမှပြန်မလုပ်ပေးနိုင်ခဲ့ပေ။ သူ့အမြင်အရ ဆေးပညာဘက်တွင် ရန်ကိုင် ကျိုးထဲနှင့် သွားပြိုင်ခြင်းသည် သုံးနှစ်သားကလေးတစ်ဦးမှ သက်လတ်ပိုင်းလူကြီး တစ်ဦးကို လက်ဝှေ့ယှဉ်ထိုးရန် သွားစိန်ခေါ်နေသည်နှင့်ပင် တူနေပေသေးသည်။ ရန်ကိုင့်တွင် လုံးဝ နိုင်နိုင်ချေမရှိပေ။

အိုင်းအောင်မှာ ထိုအကြောင်းကို တွေးပြီး စိတ်ပူနေချိန် ရန်ကိုင့်မှာတော့ အိုင်းအောင်၏ ‘ရောင်းရင်းရန်၊ ရောင်းရင်းရန်’ ဟူသော စကားကိုကြားရင် ကြက်သီးမွေးညှင်းများ ထလာခဲ့သည်။ သို့သော် ထိုအချက်ကို သွားပြော၍လည်း မဖြစ်သဖြင့် မသိချင်ယောင် ဆောင်နေရုံသာ တတ်နိုင်ခဲ့လေသည်။

ထို့ကြောင့် ခေါင်းငြိမ့်၍ပြန်ပြောလိုက်သည် “စီနီယာလုံတောင် ရောက်နေပြီပဲဟာကို။ ဒီဂျူနီယာက အခုမှနောင်တရလို့ ရပါဦးမလား။”

“ဟဲ..ဟဲ..ဟုတ်တယ် မင်း နောင်တရလို့မရတော့ဘူး။” ဟင်းလင်းပြင်ထဲမှ လုံထျန်းရှန်၏ ရယ်မောသံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင် ဒုက္ခရောက်နေသည့်အပေါ် နည်းနည်းလေးမှ စာနာစိတ်မထားဘဲ ရယ်ပင်ရယ်နေသည့် လုံထျန်းရှန်ကြောင့် ရွှယ့်ယွယ် အံတကြိတ်ကြိတ် ဖြစ်သွားခဲ့လေသည်။

“ဟူး…..”အိုင်းအောင် သက်ပြင်းမောကြီး ချလိုက်သည်။ “အဲ့လိုဆိုမှတော့ မင်းတို့စလို့ရပြီ။ ဒီက ဆေးပညာရှင်တွေ အကုန်လုံးနဲ့၊ ငါရယ် ဦးလေးလုံရယ်၊ မင်းတို့ ပြိုင်တာကို စောင့်ကြည့်နေမယ်”

ဒီအခြေအနေသို့ ရောက်လာပြီးမှဖြင့် နောက်ပြန်လှည့်၍ ရတော့မည် မဟုတ်မှန်းကို အိုင်းအောင်သိနေခဲ့သည်။ သို့သော်လည်း ရန်ကိုင်သာ ရှုံးနိမ့်သွားခဲ့မည်ဆိုပါက သူ့ဂုဏ်သတင်း အပျက်ခံရမည်ဆိုလျှင်ပင် ရန်ကိုင်လွတ်မြောက်အောင် ဝင်ကူညီပေးမည်ဟု စိတ်ထဲ ကြိတ်၍ ဆုံးဖြတ်ထားလိုက်သည်။

တကယ်တော့ ရန်ကိုင်ယခုကဲ့သို့ ဖြစ်ရသည်မှာ သူ့ကြောင့်ပင် မဟုတ်လေလော။ သို့သော်လည်း ရန်ကိုင်ဘာကြောင့် ဤကဲ့သို့ လုပ်ရသလဲဆိုသည်ကို သူယခုအချိန်အထိ နားမလည်နိုင်သေးပေ။

“ဟဲဟဲ..မင်းတော့သေပြီပဲ။” ကျိုးထဲဘေးတွင်ရပ်နေသော ကျန်းရွှမ်သည် စတင်၍ အော်ရယ်မောတော့လေသည်။ “ဆရာ အစွမ်းကုန်သာ ထုတ်သုံးနော်။ ဒီကောင်နဲ့ဆရာ ဘယ်လောက် ကွာလဲဆိုတာ သိသွားအောင်ပြပေးလိုက်။”

“ဟမ့် မင်းပြောစရာမလိုဘူး။” ကျိုးထဲက အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

ထို့နောက် ရန်ကိုင့်အား မျက်လုံးမှေးစင်းကာ စိုက်ကြည့်လျက် ပြောလိုက်လေ၏ “မင်း ဒီလူအိုကြီးနဲ့ ဘယ်လိုပြိုင်ချင်လဲ။ ငါ မင်းကိုအနိုင်ကျင့်နေတယ် မဖြစ်အောင် ပြိုင်ချင်တဲ့ဆေးလုံးကို မင်းပဲရွေးလိုက်။ မင်းဘယ်လိုဆေးလုံးရွေးရွေး ငါ့အတွက် အဆင်ပြေတယ်” အောင်ပွဲသည် သူ့လက်ထဲတွင် ရောက်နေပြီဖြစ်သည့်အလား ကျိုးထဲသည် ရန်ကိုင့်အား အထင်အမြင်တသေးဖြင့် ကြည့်နေခဲ့လေသည်။

ရယ်စရာကောင်းလိုက်တာ။ မင်းလိုကောင်ကများ ငါနဲ့ ဆေးပညာချင်း လာပြိုင်ချင်သေးတယ်။ ငါမင်းကိုဘယ်လို သင်ခန်းစာပေးမလဲ စောင့်ကြည့်နေဦးပေါ့

“ဘယ်လိုဆေးလုံးဖော်စပ်မလဲဆိုတာကို ဒီရန်ပြောပြီးသွားပြီလေ။ ဘာလို့ပြောင်းနေဦးမှာလဲ။ ဝိဉာဉ်အရင်းအမြစ်အားဖြည့်ဆေးပဲ ဖော်စပ်ကြတာပေါ့။” ရန်ကိုင်ကပြုံးလျက် ပြန်ပြောလိုက်သည်။

“မလုပ်နဲ့” ကျိုးထဲဘာမှမပြောခင် အိုင်းအောင်က ကြားဖြတ် ဝင်အော်ပြောလိုက်သည်။ “ရောင်းရင်းရန် မင်းနောက်ထပ် အခြားဆေးလုံးတစ်လုံးကို ရွေးလိုက်” ဝိဥာဉ်အရင်းအမြစ် အားဖြည့်ဆေးသည် အရမ်းကို အဆင့်မြင့်သည့် ဆေးလုံးတစ်လုံး ဖြစ်သည်။ ရှင်းရှင်းပြောရလျှင် ထိုဆေးလုံးသည် တန်ခိုးရှင်ဘုရင် အလယ်အလတ်အဆင့် ဆေးလုံးတစ်လုံးဖြစ်သည်။

တစ်နည်းဆိုရသော် ထိုဆေးလုံးကို ဖော်စပ်ရန်အတွက် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးကို လိုအပ်ပေသည်။ တန်ခိုးရှင်အဆင့်ဆေးပညာရှင်သာ ထိုဆေးလုံးကို ဖော်စပ်ရန် ကြိုးစားမည်ဆိုပါက အောင်မြင် လိမ့်မည်မဟုတ်ဘဲ ဆေးပင်များသာ အလဟသ ဖြစ်ရပေလိမ့်မည်။

ရန်ကိုင်က ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ကျင့်ကြံခြင်းအရမ်း မြင့်နေတာဆိုတော့ ငယ်ငယ်ကတည်းက သိုင်းပညာကို အာရုံစိုက်လာလို့ပဲ ဖြစ်ရမယ်။ သူဆေးပညာမှာ ဒီလောက် မတော်လောက်ဘူး။ ဆေးပညာမှာ ပါရမီပါတယ် ဆိုရင်တောင် ဒီအသက်ငယ်ငယ်လေးနဲ့ ကျင့်ကြံခြင်းမှာရော ဆေးပညာမှာပါ တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်ဖို့က လုံးဝမဖြစ်နိုင်ဘူး။ သူသာ ဝိဉာဉ်အရင်းအမြစ် အားဖြည့်ဆေးကို ရွေးလိုက်ရင် ပြိုင်ပွဲက ပြိုင်နေစရာကို မလိုတော့ဘူး။ အစကတည်းက သူရှုံးသွားပြီ။

ကုပီဟူအတွက်ပါ ထည့်စဉ်းစားပေးသည့်အတွက် ရန်ကိုင့်ကို အိုင်းအောင်အလွန်ကျေးဇူးတင်ပေသည်။ သို့သော်လည်း ရန်ကိုင် မီးတွင်းထဲခုန်ချနေမည်ကိုတော့ သူမကြည့်ရက်ပေ။

သူသာရန်ကိုင့်အား ဤအတိုင်းလုပ်ခွင့်ပြုလိုက်လျှင် ရန်ကိုင်သည် အခြားတစ်ယောက်၏ကျွန် ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့်ပင် ချက်ချင်းဝင်ကန့်ကွက် လိုက်ခြင်းဖြစ်သည်။ “မင်း အဲ့ဆေးလုံးမရွေးဘဲနဲ့ ယွမ်အားဖြည့်ဆေးကို ရွေးလိုက်ပါလား။ အဲ့ဆေးလုံးက လူတိုင်းသုံးနေတာ။ ဘယ်ဆေးလုံးက ကောင်းတယ် မကောင်းဘူးဆိုတာ အကုန်လုံးနီးပါးပြောနိုင်တယ်။”

ယွမ်အားဖြည့်ဆေးသည် အဆင့်နိမ့်ကျင့်ကြံသူများ သူတို့၏ သူတော်စင်ချီကို ပြန်လည်ဖြည့်တင်းရန်အတွက် အသုံးပြုသည့် သူတော်စင်ဘုရင် အဆင့်နိမ့်ဆေးလုံးတစ်လုံး ဖြစ်ပေသည်။ ထိုဆေးလုံးလောက်ကိုတော့ ရန်ကိုင်ဖော်စပ်နိုင်လိမ့်မည်ဟု အိုင်းအောင် ယုံကြည်ပေသည်။ ရန်ကိုင်သာ ဖော်စပ်နိုင်လျှင် သူ့တွင်အခွင့်အရေး ရှိပေသေးသည်။ ဆေးသွေးကြောပါသည့် ဆေးလုံးကိုသာ ကံကောင်းပြီး ဖော်စပ်မိမည်ဆိုပါက အလောင်းအစားကိုပင် နိုင်ကောင်းနိုင်သွားနိုင်ပေသည်။

ကျုန်းအောင်သည်လည်း ခေါင်းတငြိမ့်ငြိမ့် လုပ်နေခဲ့သည်။ လက်ရှိရန်ကိုင်အတွက် ယွမ်အားဖြည့်ဆေးသည် ပို၍သင့်တော်သည်ဟု သူလည်းထင်ပေသည်။ ရန်ကိုင်သည် ဆေးပညာတွင် ပါရမီပါမှန်း ကျုန်းအောင်သိသည်။ ရန်ကိုင်သည် ဆေးတိုက်တိမ်ပါသည့် ဆေးလုံးတစ်လုံးကိုပင် ဖော်စပ်ဖူးသူတစ်ဦး ဖြစ်သဖြင့် ဆေးသွေးကြောပါသော ယွမ်အားဖြည့်ဆေးကို ဖော်စပ်ဖို့ရာ သူ့အတွက် သိပ်ခက်လိမ့်မည်မဟုတ်ချေ။

ကျိုးထဲသည် ရန်ကိုင်အား သူ့စိတ်ကြိုက်ဆေးလုံးကို ရွေးချယ်ခွင့်ပေးထားသဖြင့် ရန်ကိုင့်အနေဖြင့် ဤအခွင့်အရေးကို လုံးဝ လက်လွတ်မခံသင့်ပေ။

ထိုစဉ် ကျန်းရွှမ်က ဝင်ပြောလိုက်လေသည်။ “ဒီလူကြီးမင်းက ဝိဥာဉ်အရင်းအမြစ်အားဖြည့်ဆေးကို ရွေးချယ်ထားမှတော့ အဲ့ဆေးလုံးကို ဖော်စပ်နိုင်မယ်လို့ သူ့ကိုယ်သူ ယုံကြည်နေလို့ပေါ့။ ဒီကျန်းက သိပ်ပါရမီမပါတော့ လူကြီးမင်းရဲ့ ဆေးစွမ်းရည်ကို လေ့လာပြီး ကိုယ့်ကိုကိုယ် တိုးတက်အောင် လုပ်ချင်ပါတယ်။ ပြီးတော့ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတွေဖော်စပ်တာကို မြင်ရဖို့က သိပ်လွယ်တာမဟုတ်ဘူး။ လူကြီးမင်းတို့သာ ဒီနေ့ တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံး ဖော်စပ်ဖို့ ပြိုင်ကြမယ်ဆိုရင် အားလုံးအတွက် တကယ်ကို မျက်စိပွင့်နားပွင့် ဖြစ်သွားမှာ။ အကုန်လုံးရော ဘယ်လိုထင်ကြလဲ။”

ကျန်းရွှမ်၏စကားကို ကြားပြီးနောက် ဆေးပညာရှင်အားလုံး စိတ်လှုပ်ရှား လာခဲ့ကြလေသည်။

သူတို့သည်လည်း တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတစ်လုံးအား မည်ကဲ့သို့ဖော်စပ်သလဲ ဆိုသည်ကို မြင်ချင်ကြပေသည်။ ယွမ်အားဖြည့်ဆေးလုံးနှင့် ဝိဥာဉ်အရင်းအမြစ် အားဖြည့်ဆေးလုံးဖော်စပ်မည်ကို ယွမ်အားဖြည့်ဆေးနှင့် ဝိဉာဏ်အရင်းအမြစ် အားဖြည့်ဆေးအနက် မည်သည့်ဆေးလုံးကို ဖော်စပ်စေချင်သလဲဟု မေးလာလျှင် သူတို့၏အဖြေမှာ ဝိဥာဉ်အရင်းအမြစ် အားဖြည့်ဆေးသာ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ကျန်းရွှမ်ပြောသည်ကို ကြားပြီးနောက်တွင် အကုန်လုံး ချက်ချင်းသဘောတူလိုက်ကြလေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း အိုင်းအောင်မှာတော့ ဒေါသူပုန်ထသွားလေ၏။ အိုင်းအောင်၏အကြည့်စူးစူးကြောင့် ကျန်းရွှမ် ခေါင်းပုဝင်သွားခဲ့သည်။

ထို့နောက် အားတင်းပြုံး၍ “တောင်းပန်ပါတယ် ခေါင်းဆောင် အိုင်းအောင်။ ဒါပေမယ့်ကျုပ်က ဆေးပညာရှင်ဆိုတော့ ဆေးပညာအမြင်ကနေပဲ ကြည့်ပြီး ပြောလိုက်တာပါ။ ကျုပ်ပြောတာ နည်းနည်းလွန်ရင် လွန်နေမယ်။ ဒါပေမယ့် ကျုပ်ပြောလိုက်တာက ဒီမှာ ရှိနေတဲ့ ဆေးပညာရှင်တွေ အကုန်လုံး ဖြစ်စေချင်နေတဲ့ အရာပဲ။ ခေါင်းဆောင် မယုံရင် သူတို့ကို မေးကြည့်လို့ရတယ်”

“ထားလိုက်တော့။ ကျုပ် ဝိဥာဉ်အရင်းအမြစ်အားဖြည့်ဆေးပဲ ရွေးမယ်။”ရန်ကိုင်က လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

“မင်းတကယ် တွေးပြီးသွားပြီလား။”ကျိုးထဲက အေးစက်စက် လေသံဖြင့် မေးလိုက်လေသည်။

“ဘာလဲ ဆေးဝိဇ္ဇာက ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိတာလား။” ရန်ကိုင်က ပြုံးလျက်ပြန်ပြော၏။

“မင်း နောက်ပိုင်းလည်း အဲ့လိုပဲပြုံးနေနိုင်ဖို့ ဒီလူအိုကြီး မျှော်လင့်တယ်။” ကျိုးထဲက အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လျက် ပြောလိုက်လေသည် “မင်းဘာလုပ်ချင်နေလဲ ငါမသိဘူးမထင်နေနဲ့။ ထားလိုက်တော့။ မင်းက ဝိဥာဉ်အရင်းအမြစ် အားဖြည့်ဆေး ဖော်စပ်ချင်မှတော့ ငါကလည်းဖော်စပ်ပေးရတာပေါ့။”

ယခုအချိန်ထိတိုင် ကျိုးထဲသည် ရန်ကိုင်မှ သူ့လွတ်လပ်ခွင့်ကို အဆုံးရှုံးခံလျက် ကုပီဟူကို ကုသပေးရန်အတွက် ကြိုးစားနေသည်ဟု ထင်နေပေသေးသည်။ ရန်ကိုင်လုပ်သည့် အရာအားလုံးမှာ ဝိဥာဉ်အရင်းအမြစ်အားဖြည့်ဆေးကို ရရန်အတွက်သာ ဖြစ်သည်ဟု ထင်နေခဲ့သည်။

ရန်ကိုင်ကိုယ်တိုင်သည်လည်း တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံးများကို ဖော်စပ်နိုင်လိမ့်မည်ဟုတော့ သူတစ်ခါမျှ မစဉ်းစားခဲ့ဖူးပေ။

“ခေါင်းဆောင်အိုင်းအောင် ဆေးအမယ်တွေ ယူလာခဲ့။” ကျိုးထဲသည် အိုင်းအောင်းကို လှမ်းပြောလိုက်သည်။

အိုင်းအောင်က မျက်မှောင်ကျုံ့၍ ပြန်ပြောလိုက်သည်။ “ကျုပ်မှာ ဆေးအမယ်က တစ်စုံစာပဲရှိတာ။ နှစ်စုံစာရှိတာ မဟုတ်ဘူး။ ဆေးအမယ်တစ်စုံထဲနဲ့ ခင်ဗျားတို့နှစ်ယောက်က ဘယ်လိုပြိုင်ကြမှာလဲ။”

“ဒီလူအိုကြီး ဂရုမစိုက်ဘူး”ကျိုးထဲက ခေါင်းခါ၍ “အစကတည်းက အဲ့ဆေးအမယ်တွေက ငါ့အတွက် ပြင်ထားတာ။ သူ့မှာ ဆေးအမယ်ရှိတာမရှိတာ အဲ့တာသူ့ကိစ္စ။ လိုအပ်တဲ့ဆေးအမယ်တွေမှ မစုဆောင်းနိုင်ဘူးဆိုရင် သူရှုံးပြီလို့ပဲ သတ်မှတ်လိုက်ပေါ့။”

“ဆေးဝိဇ္ဇာ အဲ့ဒါဆိုရင် ခင်ဗျားက မပြိုင်ဘဲနဲ့ နိုင်သွားမှာပေါ့။” အိုင်းအောင်က ပြန်အထွန့်တက်လိုက်သည်။

“သူ့ကိုက ဒီဆေးလုံးကို လာဖော်စပ်ချင်နေတာလေ” ကျိုးထဲက ပြန်ပြောလိုက်လေသည်။ “လူငယ်တွေက အမြဲမောက်မာကြတဲ့ ကောင်တွေချည်းပဲ။ ကောင်းကင်နဲ့မြေပြင် ဘယ်လောက်ကွာတယ်ဆိုတာ သူတို့မသိကြဘူး။ အရိုးထိစိမ့်သွားမယ့် သင်ခန်းစာကို ရတော့မှပဲ ဒီကောင်တွေ ရင့်ကျက်လာကြမှာ။ ဒါသူ့အတွက် သင်ခန်းစာလို့ သဘောထားလိုက်ပေါ့။”

“အကြီးအကဲလုံ ခင်ဗျားရော ဘယ်လိုထင်လဲ။” ကျိုးထဲသည် ဟင်းလင်းပြင်ထဲသို့ကြည့်၍ မေးလိုက်လေသည်။

အချိန်ခဏကြာအောင် တိတ်ဆိတ်နေပြီးနောက် လုံထျန်းရှန်၏ ခံစားချက်ကင်းမဲ့သည့်အသံ ဟင်းလင်းပြင်ထဲမှ ပြန်ထွက်ပေါ်လာခဲ့သည် “ဆေးဝိဇ္ဇာပြောတာမှန်တယ်။ အိုင်းအောင် ဆေးအမယ်တွေကို ဆေးဝိဇ္ဇာဆီပေးလိုက်”

“ဦးလေး..”အိုင်းအောင် ထိတ်လန့်သွားခဲ့လေသည်။ ထိုသို့သာဆိုလျှင် ရန်ကိုင့်တွင် နိုင်နိုင်ချေမရှိတော့ချေ။

ဝိဉာဏ်အရင်းအမြစ်အားဖြည့်ဆေးကို ဖော်စပ်ရန်အတွက် အဓိကလိုအပ်သော ဆေးအမယ်ဖြစ်သည့် ခုနစ်ရောင်ခြယ်သမင်၏ မွန်းစတားအမြုတေသည် မည်မျှရှာရခက်ကြောင်း အိုင်းအောင် ကောင်းကောင်းသိပေသည်။ သူတို့ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းပင်လျှင် အချိန်အကြာကြီး လိုက်ရှာခဲ့သော်လည်း တစ်ခုသာ ရှာတွေ့ခဲ့သည်။ ဤလောကကြီးတွင် ခုနစ်ရောင်ခြယ်သမင်၏ မွန်းစတားအမြုတေ နောက်တစ်ခု ထပ်မရှိနိုင်လောက်တော့ပေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၀၇)

“ရန်ကိုင်ကဒီဆေးလုံးကိုပဲ ဖော်စပ်ချင်နေတာဆိုတော့ သူ့မှာလည်း ပြင်ထားတာရှိလို့နေမှာပေါ့။ မင်းပြင်ထားတဲ့အစုံကို ဆေးဝိဇ္ဇာကျိုးထဲစီ ပေးလိုက်” လုံထျန်းရှန်က ပြောလိုက်သည်။

ထိုစကားကို ကြားသည့်အခါ အိုင်းအောင် အံ့အားသင့်သွားပြီး ချက်ချင်းပဲ ရန်ကိုင့်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

ရန်ကိုင်သည် ပြုံးစိစိဖြင့် ခုနစ်ရောင် တစ်လက်လက်တောက်ပနေသော မွန်းစတားအမြူတေ တစ်ခုကို သိုလှောက်လက်စွပ်ထဲမှ ထုတ်ယူလိုက်သည်။

ရန်ကိုင်ထုတ်ယူလိုက်သည့် မွန်းစတားအမြူတေ၏ အရောင်အဝါမှာ အိုင်းအောင်၏ မွန်းစတားအမြူတေ ထက်ပင် တောက်ပနေသေး၏။

“သူ့မှာတစ်ကယ်ကြီး တစ်ခုရှိနေတာပဲ” အကုန်လုံး အံ့အားသင့်တကြီး ဆိုလိုက်ကြလေသည်။

ဆေးပညာရှင်များစွာသည် ရန်ကိုင့် လက်ထဲရှိ မွန်းစတား အမြူတေအား လောဘတကြီး စိုက်ကြည့်လာကြလေသည်။

မွန်းစတားအမြူတေနှစ်ခုသည် လုံး၀ကို ထပ်တူညီလုနီးပါး ဖြစ်နေပြီး မတူညီသည်ဆို၍ သူတို့၏ အရောင်အဝါသာ ရှိတော့သည်။

“သူ့ မွန်းစတားအမြူတေက ခေါင်းဆောင်အိုင်းအောင်ရဲ့ အမြူတေနဲ့သိပ်မတူဘူးလို့ ငါဘာလို့ ခံစားနေရတာလဲ” တစ်ယောက်ယောက်က နားမလည်နိုင်စွာ ရေရွတ်လိုက်၏။

“ဟုတ်တယ်၊ တူသလိုလိုပေမဲ့ သိပ်မတူသလိုပဲ၊ သူထုတ်လိုက်တာက တကယ်ရော ခုနှစ်ရောင်ခြယ်သမင်ရဲ့ မွန်းစတားအမြူတေ ဟုတ်ရဲ့လား”

“ဒါက သန္ဓေပြောင်း ခုနှစ်ရောင်ခြယ်သမင်ရဲ့ မွန်းစတား အမြူတေပဲ။ ဒါပေမယ့် ဒီမွန်းစတားသားရဲက ခုနှစ်ရောင်ခြယ် သမင်ရဲ့ သွေးမျိုးဆက် နည်းနည်းလောက်ကိုပဲ လက်ခံရရှိထားတာ။ ဒါကြောင့် ဒီလို ဖြစ်နေတာ” ရန်ကိုင်က ပြုံးလျက်ရှင်းပြလိုက်သည်။

ဤမွန်းစတားအမြူတေ သူ့သိုလှောက်လက်စွပ်ထဲတွင် ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့လေပြီ။

ဤမွန်းစတားအမြူတေကို ဧကရာဇ်ဥယျာဉ်ထဲရှိ ခုနှစ်ရောင်ခြယ် သမင်အား အမဲလိုက်ခြင်းမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ရသာရလိုက်သော်လည်း သုံးစရာမရှိသဖြင့် သူ့သိုလှောင်လက်စွပ်ထဲတွင်သာ ကျန်ရစ်နေခဲ့လေသည်။

သို့သော်လည်း ဤနေ့၊ ဤအခါ မျိုးတွင် ခုနှစ်ရောင်ခြယ်သမင်၏ မွန်းစတားအမြူတေသည် အသုံး၀င်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“အဲ့လိုကိုး၊ ကျွတ်… နှမြောစရာပဲ” ကျုန်းအောင်က သက်ပြင်းချလိုက်သည်။

“ဘာလို့လဲ” အိုင်းအောင်ကလှည့်မေးလိုက်၏။

“ခုနှစ်ရောင်ခြယ်သမင်ရဲ့ မွန်းစတားအမြူတေက ဝိဉာဉ်အရင်းအမြစ် အားပြန်ဖြည့်ဆေးကို ဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးအမယ်တွေထဲက တစ်ခုပဲ၊ ရန်ကိုင့် လက်ထဲမှာရှိတဲ့ဟာက လိုအပ်ချက်‌တွေနဲ့ ကိုက်ညီတယ် ဆိုပေမဲ့ ကိုက်ညီရုံလေးပဲ၊ သူ့မွန်းစတားအမြူတေက မသန့်စင်ဘူး၊ သူသာ အဲ့တာကိုသုံးပြီး ဆေးဖော်စပ်မယ်ဆိုရင် သူ့အတွက် တော်တော်လေး ခက်ခဲမှာ”

“ခေါင်းဆောင်ရထားတဲ့ မွန်းစတားအမြူတေကျတော့ အဲ့မွန်းစတားအမြူတေရဲ့ စွမ်းအင်တော်တော်များများက ကုန်သွားပြီ ဆိုပေမဲ့ အမြူတွေက တစ်ကယ့်အစစ်လေ၊ ဒီတော့ အဲ့တာကိုသုံးပြီး ဆေးဖော်စပ်တာက ရန်ကိုင့် လက်ထဲကဟာကိုသုံးပြီး ဆေးဖော်စပ်တာထက် အများကြီးပိုသာတယ်” ကျုန်းအောင်က ရှင်းပြလိုက်သည်။

သူသည် တန်ခိုးရှင်အဆင့်မြင့် ဆေးပညာရှင်တစ်ဦး ဖြစ်သည်။သူ့အနေဖြင့် ဝိဉာဉ်အရင်းအမြစ် အားဖြည့်ဆေးကို ဖော်စပ်နိုင်လိမ့်မည် မဟုတ်သော်လည်း ဆေးညွှန်းကိုပြောခဲ့သူ တစ်ယောက်ဖြစ်သည့် အလျောက် ဆေးလုံး အကြောင်းကိုတော့ တော်တော်လေး နှံ့နှံ့စပ်စပ် သိပေသည်။

သူ့စကားကို ကြားသည့်အခါ အိုင်းအောင်မျက်နှာကြီး မဲ့သွားခဲ့သည်။

“မင်းက အဲ့ဘောင်မ၀င်တဲ့ မွန်းစတားအမြူတေနဲ့ လာပြိုင်ချင်နေတာလား” ကျိုးထဲ ထရယ်လေသည် “ကောင်လေး လူတကာရှေ့မှာ အရှက်မကွဲခင် အရှုံးပေး လိုက်ပါတော့ကွာ”

“ဒါက မသန့်စင်လို့ မလောက်သေးဘူးဆိုရင်၊ ဒါပါထပ် ထည့်ရင်ရော”

ထိုသို့ပြောလိုက်ပြီးနောက် နောက်ထပ် ပစ္စည်းတစ်ခု ရန်ကိုင့်လက်ထဲတွင် ပေါ်လာခဲ့လေသည်။

ထိုအရာပေါ်လာသည်နှင့် ထူးခြားသည့် ရနံ့တစ်မျိုး ပတ်၀န်းကျင်အနှံ့ ပျံ့နှံ့လာခဲ့သည်။ ထိုရနံ့ကို ရှူရှိုက်မိသည့် သူတိုင်း ခေါင်းကြည်သွားသလို ခံစားမိလိုက်လေသည်။

သူတို့စိတ်ထဲကိန်းအောင်းနေ‌သော မကောင်းသည့် ခံစားချက်တို့မှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွား လေ၏။

“နှလုံးလား”

ကျုန်းအောင်၏ မျက်၀န်းအစုံတောက်ပသွားခဲ့လေ၏။ သူ့ပေါင်ကို အားပါးရတ ရိုက်ချ၍ ပြုံးကာ‌ပြောလိုက်လေသည် “အဲ့တာဆို အဆင်ပြေသွားပြီ၊ နှစ်ယောက်စလုံးက စမှတ်တူသွားပြီ”

အိုင်းအောင်သည်လည်း အံ့အားသင့်နေခဲ့သည်။

နှလုံးပါ ထပ်ရှိနေသည့်အတွက် ရန်ကိုင့်၏ အားနည်းချက်သည် လုံး၀ပျောက်ကွယ် သွားပြီမှန်း သူသိလေသည်။ ကျိုးထဲမှာတော့ ရန်ကိုင် ခုနှစ်ရောင်ခြယ် သမင်၏ နှလုံး ထုတ်လာသည်ကို မြင်ပြီးနောက် မျက်နှာကြီး မည်းမှောင်သွားလေ၏။

သို့သော်လည်း အောက်ကျမခံဘဲ ချက်ချင်းပဲ ပြန်ပြောလိုက်လေသည် “မင်းက ခုနှစ်ရောင်ခြယ်သမင် တစ်ကောင်ကို အမဲလိုက်ထားတာကိုး။ ဒါပေမဲ့ အဲ့တော့ဘာဖြစ်လဲ၊ မင်းအရည်အချင်းနဲ့ ဒီလူအိုကြီးကို နိုင်မှာလား။ မင်းအရှက်တကွဲ အကျိုးနည်း မဖြစ်ခင် မင်းကိုနောက်ဆုံး အခွင့်အရေးပေးလိုက်မယ်၊ မင်းအရှုံးပေးလိုက်တော့။ ဒီလိုအခွင့်အရေးမျိုး နောက်တစ်ကြိမ် ထပ်ရမှာမဟုတ်ဘူးနော်”

“ဒီရန် ကလည်း ဆေးဝိဇ္ဇာကို နောက်ဆုံးအခွင့်အရေး ပေးလိုက်မယ်၊ မဟုတ်ရင် ပြိုင်ပွဲပြီးသွားတာနဲ့ ဆေးဝိဇ္ဇာက ဆေးထုတ်စက်ကြီး အဖြစ် ထိုင်လုပ်ရတော့မှာနော်၊ အဲ့တာက ဆေးဝိဇ္ဇာရဲ့ ဂုဏ်သတင်းအတွက်လည်း ကောင်းတာမဟုတ်ဘူး” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“ကောင်းပြီလေ မင်းက မောက်မာချင်မှတော့ မောက်မာထားဦးပေါ့၊ အခုဆေးအမယ်တွေ စုံပြီဆိုတော့ စကြတာပေါ့၊ မင်းနဲ့ငါ ဘယ်လောက်ကွာလည်း ငါမင်းကို သိအောင်ပြပေးမယ်”

ရန်ကိုင်သည် အိုင်းအောင်ဘက်သို့လှည့်၍ လက်သီးဆုပ်ကာ ပြောလိုက်လေသည်။

“ခေါင်းဆောင် အိုင်းအောင်၊ ကျွန်ုပ်တို့ ဆေးဖော်စပ်ဖို့အတွက် သင့်တော်တဲ့ နေရာလေးတစ်ခုလောက် ရှာပေးလို့ရမလား”

“ဆေးဖော်စပ်ဖို့ အတွက်ဆိုရင်တော့ ဆေးစံအိမ်က အကောင်းဆုံးပဲ၊ ပြီးတော့ဒီနေရာနဲ့လည်း သိပ်မဝေးဘူး၊ အဲ့တာအပြင်ကိုမှ အဲ့ဆေးစံအိမ်မှာ မြေမီးတောက်နဲ့ တန်ခိုးရှင်ဘုရင်အဆင့် ဆေးမီးဖိုတွေလည်း အများကြီးရှိတယ်” ပြောရင်းဆိုရင်း ချက်ချင်းပဲ အိုင်းအောင်သည် ရန်ကိုင်တို့အား တစ်နေရာသို့ ခေါ်သွားလေသည်။

အကုန်လုံးသည်လည်း အိုင်းအောင်နောက်မှ လိုက်သွားကြသည်။ တန်ခိုးရှင်အဆင့် ဆေးပညာရှင် များမှာတော့ တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံး ဖော်စပ်မည်အား ကြည့်ရတော့မည့် အကြောင်းကို တွေးရင်း ရင်ခုန် စိတ်လှုပ်ရှားလာခဲ့ကြလေသည်။ ထို့အပြင် ရတုန်းရခိုက် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ ကျိုးထဲစီသို့သွားပြီး သူတို့သိ‌ချင်နေကြသည့် မေးခွန်းအချို့ကို မေးမြန်းလိုက်ကြလေသည်။

တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးနှင့် တွေ့ရဖို့သည် လွယ်သည့်ကိစ္စ မဟုတ်။ ထို့ကြောင့် အခွင့်အရေး ကိုယ့်ရှေ့ရောက်လာတုန်း အမိအရ ဆုပ်ကိုင်ထားရပေမည်။ ကျိုးထဲမှာ စရိုက်မကောင်းသော်လည်း သူ့ဆေးစွမ်းရည်မှာတော့ အထင်ကြီးစရာပင်။

သူ၏ ညွှန်ကြားပြသမှု အနည်းငယ်ကို ရရှိလိုက်သည့်အတွက်ကြောင့် ကျန်းရွမ်သည် သာမန်ဆေးပညာရှင်တစ်ဦးမှ တန်ခိုးရှင် အလယ်အလတ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်လာခဲ့ရသည်။ သူတို့ကိုယ်သူတို့ ကျန်းရွမ်ထက် ပိုတော်သည်ဟု ယူဆထားသည့် ဆေးပညာရှင် များစွာလည်း ရှိကြပေသည်။

သူတို့သည်သာ ကျိူးထဲဆီမှ လမ်းညွှန်မှု အနည်းငယ်ကို ရနိုင်ခဲ့မည်ဆိုလျှင် ကျိန်းသေ အဆင့်‌မြင့် ဆေးပညာရှင်များ ဖြစ်လာကြပေလိမ့်မည်။ ကျိုးထဲသည်လည်း သူ့ပုံရိပ်ကို ထိန်းသိမ်းချင်သည့် အတွက်ကြောင့်လားမသိ၊ လာမေးသမျှ မေးခွန်းတိုင်းကို စိတ်ရှည်ရှည်ဖြင့် ပြန်ဖြေပေးနေခဲ့သည်။

ရန်ကိုင့်နားတွင်ဆို၍ ကျုန်းအောင်တစ်ယောက် သာရှိသည်။ ကျန်သည့် ဆေးပညာရှင်များသည် ကျိုးထဲ နားတွင်သာ စုနေကြသည်။ မောင်နှာခေါင်းကောက် ကျန်းရွမ်သည် ရန်ကိုင့်အား လှောင်ပြုံးပြုံးလျက် မကြာမကြာ လှမ်းလှမ်း ကြည့်နေလေ၏။

“ဆရာ လွန်ခဲ့တဲ့ ရက်အနည်းတုန်းက တပည့်ပြဿနာ တစ်ခုနဲ့ကြုံလိုက်ရတယ်၊ အဲ့ပြဿနာကို မဖြေရှင်းနိုင်လို့ ဆရာကူညီပေးလို့ရမလား” ကျန်းရွမ်က ရုတ်တရက် အသံကျယ်ကျယ်ဖြင့် အော်မေးလိုက်လေသည်။

ဒီကောင် ဘာပြော‌ချင်နေတာလဲဟု တွေးလျက် ဆေးပညာရှင်အားလုံး နားစွင့်ထားလိုက်ကြသည်။

“အို…ဘာပြဿနာလဲ၊ ပြောကြည့်လေ” ကျိုးထဲက တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်သည်။

“တပည့် လူတစ်ယောက်နဲ့တွေ့လာခဲ့လိုပါ၊ အဲ့လူက အခုမှ‌ ဆေးပညာရှင်လမ်းကြောင်းထဲ ၀င်ရုံပဲရှိသေးတယ် တပည့်နဲ့ ပြိုင်ချင်တယ်ဆိုပြီး လာလုပ်နေပါတယ်၊ တပည့်ကလည်း အဲ့ကောင်နဲ့ ပြိုင်ရင် ကောင်းမလား ဆိုပြီး စဉ်းစားနေတာပါ၊ ဒါပေမဲ့ ဆရာ့တပည့်က သူ့ကို အနိုင်မကျင့်ချင်ဘူး၊ အဲ့လိုအနိုင်မကျင့်ချင်လို့ မပြိုင်ဘူး ဆိုရင်လည်း ဆရာ့တပည့်က ညံ့တယ်ဆိုပြီး အဲ့လူ ထင်နေဦးမှာ၊ ဒါနဲ့ပတ်သတ်ပြီး ဆုံးဖြတ်ရခက်နေလို့ပါ ဆရာ”

“ဘာဆုံးဖြတ်ရ ခက်စရာရှိလဲ၊ ဆေးပညာရှင်တွေရဲ့ ဂုဏ်သတင်းဆိုတာ စော်ကားဖို့မဟုတ်ဘူး၊ သူက လာစိန်ခေါ်မှတော့ မင်းလည်းသူ့ကို သင်ခန်းစာ ကောင်းကောင်း ပေးလိုက်ပေါ့။ ဘာမှမဟုတ်တဲ့ လူတစ်ယောက်က ဆေးပညာရှင်တစ်ဦးကို လာအထင်သေးနေတာကို ဘာလို့ ငြိမ်ခံနေရမှာလဲ”

ကျန်းရွမ်သည် ကျိုးထဲ ဘာပြောချင်သလဲဆိုသည်ကို နားလည်သည့်အလား လက်သီးစုပ်၍ ပြန်ပြောလိုက်လေသည်။

“တပည့်သိပါပြီဆရာ၊ အခုလိုသင်ကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်”

ရန်ကိုင့်ဘေးတွင် လမ်းလျှောက်နေ‌သော ရွှယ့်ယွယ်ကမူ ကျိုးထဲမှ ရန်ကိုင်အား ဘာမဟုတ်သည့်လူတစ်ယောက်ဟု သုံးနှုန်းသွားသည့်အကြောင်း ကြား‌သောအခါ အမျက်ဒေါသ ချောင်းချောင်း ထွက်သွားခဲ့သည်။ ဒေါသထွက်ထွက်နှင့် အံကြိတ်နေလေရာ သွားချင်း ကြိတ်သံများပင် ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင်ကို သူမအလွန် တန်ဖိုးထားပေသည်။ ရှင်းရှင်းပြောရလျင် အိုင်းအောင် အထက်ပင် ရန်ကိုင့်ကို ပိုချစ်လေသည်။ ထို့ကြောင့် ကျိုးထဲမှ ရန်ကိုင့်အား အထင်အမြင်တသေးဖြင့် ပြောဆိုနေသည်ကိုမြင်သော် သူမအလွန် ဒေါသထွက်သွားခဲ့လေသည်။ ကျိုးထဲ၏ အဆင့်အတန်း ကြောင့်သာမဟုတ်လျင် သူမ တစ်ခါထဲပြေးပြီး တိုက်ခိုက်ပြီးနေလောက်ပေပြီ။

အချို့တန်ခိုးရှင်အဆင့် ဆေးပညာရှင်များသည်လည်း မျက်မှောင်ကြုတ်သွားကြသည်။ ကျိုးထဲ၏ မှတ်ချက်စကားနှင့် ပတ်သက်၍ သူတို့လည်းမကြိုက်ပေ။

ကျိုးထဲကဲ့သို့ လူတစ်ယောက်သည် သူ့အဆင့်အတန်းအရ ဤကဲ့သို့သော စကားမျိုးကို မပြောသင့်ချေ။ သို့သော် သူတို့စိတ်ထဲ မကြိုက်လျှင်ပင် မြိုသိပ်ထားရုံသာ တတ်နိုင်လေသည်။

အချို့ဆေးပညာရှင်များဆိုလျှင် ကျိုးထဲကို ဖားယားရန် အတွက် လိုက်ပြီးတော့ပင် ရယ်မောနေကြလေသည်။

ဆယ့်ငါးမိနစ်ကြာအောင် လမ်းလျှောက်လာပြီးနောက်တွင် စိတ်ဝိဉာဉ်အစီအရင် တစ်ခုဖြင့်လွှမ်းခြုံထားသည့် နန်းတော်တစ်ခုရှေ့သို့ ရောက်လာခဲ့ကြသည်။ အိုင်းအောင်၏ အကူအညီဖြင့် အကုန်လုံးသည် ထိုအစီအရင်များကို အလွယ်တကူ ဖြတ်ကျော်လာနိုင်ခဲ့သည်။

“ပြင်းလိုက်တဲ့မီးဓါတ်” လေထဲရှိအပူချိန်ကို ခံစားလိုက်မိသောအခါ ရန်ကိုင်က လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

ဤနန်းတော်ထဲ ပျံ့လွင့်နေသောမီးဓာတ်သည် အထက်စကြာ၀ဠာဂိုဏ်းရှိ မြေအဆုတ်မီးတောက်ကန်မှ ထွက်ပေါ်နေသည့် မီးဓါတ်ကဲ့သို့ အလွန်ပြင်းထန် အားကောင်းပေသည်။

“ဒါ ငါတို့ရေကောင်းကင်မြို့ရဲ့ ဆေးပညာစံအိပ်ပဲ” အိုင်းအောင်က ပြုံးလျက် ရှင်းပြလိုက်သည်။

“ဒီဆေးစံအိမ် အောက်မှာ ထိပ်တန်းမြေမီးတောက်ကြီး ရှိတယ်၊ ငါတို့ကုန်သွယ်ရေးအဖွဲ့က ဆေးပညာရှင်တွေ ဆေးဖော်စပ်ကြတော့မယ်ဆိုရင် ဒီမှာပဲလာဖော်စပ်ကြတာ”

ရန်ကိုင် ခေါင်းငြိမ့်လိုက်သည်။ သူတို့နောက်လိုက်လာ နေသည့် ဆေးပညာရှင်များ ဘာကြောင့် အံ့ဩခြင်း မရှိသည်ကို ယခုမှပဲ နားလည်သွားတော့သည်။ ထိုဆေးပညာရှင်များ အားလုံးသည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ ဆေးပညာရှင်များ ဖြစ်ကြသည့်အတွက် သူတို့အနေဖြင့် ဤနေရာတွင် မကြာခဏ ဆေးလာဖော်စပ်ဖူးရပေမည်။

“တောသား..” ကျန်းရွမ်သည် အခွင့်အရေးရသည်နှင့် ရန်ကိုင့်ကိုသာ လာရောက်လှောင်ပြောင် နေခဲ့သည်။

ရန်ကိုင်ကမူ ထိုသကောင့်သားကို မသိကျေးကျွန် ပြုထားခဲ့၏။

“ခေါင်းဆောင် ဘာလာလုပ်တာလဲ” မကြာမီ ဆေးပညာ၀တ်ရုံကို ၀တ်ဆင်ထားတော့ လူအိုကြီးတစ်ဦးသည် နန်းတော်ထဲမှ ထွက်လာကာ အိုင်းအောင်ကို လာမေးလေသည်။

အိုင်းအောင်ကလည်း ခါးသက်စွာပြုံး၍ အကြောင်းစုံကို အကျဉ်းချုပ်ရှင်းပြလိုက်သည်။

“ဘာ…တစ်ယောက်ယောက်က ဆေးဝိဇ္ဇာကျိုးထဲ နဲ့ ဆေးပညာချင်း ပြိုင်ချင်တာလား” လူအိုကြီး အလန့်တကြား ထအော်လေသည်။

ချက်ချင်းဆိုသလို ဆေးစံအိမ်ထဲရှိ တံခါးများ တစ်ချပ်ပြီးတစ်ချပ် ပွင့်ထွက်လာပြီး ဖိုသီဖတ်သီ ဖြစ်နေသော ဆေးပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် သူတို့၏ ဆေးဖော်စပ်ခန်းထဲမှ ပြေးထွက်လာကြလေသည်။

အပြင်သို့ရောက်လာပြီးသည်နှင့် အသံကျယ်ကြီးနှင့် ထအော်မေးတော့သည် “ဘယ်မှာလဲဆေးဝိဇ္ဇာ…. ဘယ်မှာလဲဆေးဝိဇ္ဇာ…”

ထို့နောက် ကျိုးထဲကို မြင်သွားလေသည်။ ချက်ချင်းပဲ ကျိုးထဲဆီသို့ ပြေးကာ ဦးညွှတ်နှုတ်ဆက်လိုက်လေ၏။

ကျိုးထဲသည်လည်း တပြုံးပြုံးဖြင့် အားလုံးကို ပြန်နှုတ်ဆက်လိုက်လေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင် အနည်းငယ် လန့်သွားခဲ့သည်။

ဆေးစံအိမ်ထဲမှ ပြေးထွက်လာသည့် ဆေးပညာရှင် အရေအတွက်မှာ ခုနစ်ဆယ်အောက် မလျော့ချေ။ သူတို့၏ ဆေးပညာအရည်းအချင်းမှာ အရမ်း မမြင့်မားသော်လည်း အရေအတွက်မှာတော့ အလွန်ကိုမှ များပြားပေသည်။ ဤသည်မှာ ဆေးစံအိမ်၏ ပထမဆုံးအထပ်သာ ရှိသေးသည်။

ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါ ဆေးစံအိမ်တွင် နောက်ထပ် ရှစ်ထပ် ရှိနေသေးကြောင်း တွေ့ရှိလိုက်သည်။ ထိုရှစ်ထပ် စလုံးသည် မြေအောက်ထဲတွင် ရှိနေခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် ဆေးစံအိမ်သည် စုစုပေါင်း အလွှာကိုးလွှာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

အလွာတိုင်းတွင် ဆေးဖော်စပ်‌နေသည့် ဆေးပညာရှင်များ ရှိနေကြပေသည်။ ဆေးစံအိမ်ထဲရှိနေသည့် ဆေးပညာရှင် အရည်အတွက်မှာ စု‌စုပေါင်း လေးရာမှ ငါးရာကြားတွင် ရှိသည်။ ဤသည်မှာ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ အမွေအနှစ်ပင် ဖြစ်လေသည်။

ထိုမရေမတွက်နိုင်သော ဆေးပညာရှင်များသည် ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်းအတွက် နှစ်စဉ် ဆေးလုံးများစွာကို ဖော်စပ် သန့်စင်ပေးနေခဲ့သည်။

ရန်ကိုင်သည် ကျိုးထဲ နှင့် ဆေးပညာချင်းပြိုင်မည်ကို သိလိုက်ရသည့်အခါ ထိုဆေးပညာရှင်များ အားလုံးသည် သူတို့ အလေးအမြတ်ထားသည့် အရာတစ်ခု အစော်ကားခံလိုက်ရသည့် အလား ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်ကြသည်။ အိုင်းအောင်သည် ဤနေရာတွင် အရစ်မရှည်ချင် တော့သည့်အတွက် အားလုံးအား အောက်ဘက်သို့ ဦးဆောင် ခေါ်သွားပေးလေ၏။

ရန်ကိုင် စစ်ဆေးကြည့်လိုက်သလိုပင် ဆေးစံအိမ်တွင် စုစုပေါင်း အထပ်ကိုးထပ် ရှိနေခဲ့သည်။ အောက်ဘက်သို့ ရောက်လာလေ မီးစွမ်းအားမှာ ပို၍ ပြင်းထန်လာလေပင်။ ထို့အပြင် အောက်ဘက်သို့ ရောက်လာလေ ဆေးပညာရှင်များ၏ အရည်အချင်းမှာ ပိုမြင့်မားလာလေပင်။ သူတို့ အောက်သို့ တစ်လွှာ ဆင်းလိုက်တိုင်း သူတို့နောက်သို့ လိုက်လာနေသည့် ဆေးပညာရှင် အရေအတွက်မှာ ပိုပို၍ များလာခဲ့လေသည်။

ကိုးလွှာမြောက်သို့ ရောက်လာသည့်အချိန်တွင်တော့ ဆေးစံအိမ်တွင် ဆေးဖော်စပ်နေကြသည့် ဆေးပညာရှင်အကုန် သူတို့နောက်သို့ လိုက်လာနေကြလေပြီ။ ထိုကိစ္စနှင့် ပတ်သက်၍ အိုင်းအောင်မှာ အလွန်ကိုမှ ခေါင်းစားနေခဲ့ရသည်။ အကုန်လုံးကို ကိုယ့်အလုပ်ကိုယ် သွားပြန်လုပ်ကြဟု ပြောချင်သော်လည်း မပြောနိုင်ခဲ့။

ထိုဆေးပညာရှင်များ ကျိုးထဲအား မည်မျှလေးစား တန်ဖိုးထားသည်မှန်း သူကောင်းကောင်း သိသည်။ ထို့အပြင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦး ဆေးဖော်စပ်မည်ကို မြင်ရမည်မှာ ဆေးပညာရှင် များအတွက် အလွန်ကိုမှ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းပေသည်။

သူအမိန့်ပေးလျှင်ပင် ထိုခေါင်းမာသည့် ဆေးပညာရှင်များ သူ့အမိန့်ကို နာခံကြလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဘာမှပြောမနေတော့ဘဲ ရန်ကိုင် နားနားသို့ ကပ်၍သာ တိုးတိုးလေး ပြောလိုက်၏ “ရောင်ရင်းရန် ဘာမှ ဖိအားများမနေနဲ့၊ ငါလည်း အခုလိုတွေဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး၊ မင်း အဲ့ကောင်တွေကို မရှိသလိုသာ သဘောထားလိုက်”

ရန်ကိုင်က ပြုံးလျက် “ခေါင်းဆောင် အိုင်းအောင် စိတ်မပူပါနဲ့၊ ဒီကောင်တွေက ကျွန်ုပ်အတွက် ဘာမှမဟုတ်ဘူး”

“အဲ့တာကောင်းတယ်” ထိုအခါမှပဲ အိုင်းအောင် သက်ပြင်း ချနိုင်တော့သည်။

“ဒီရောက်ပြီဆိုမှတော့ စကြတာပေါ့” ကျိုးထဲက အော်ပြောလိုက်လေသည်။ ထို့နောက် ရာပေါင်းများစွာသော ဆေးပညာရှင်များဘက်သို့ လှည့်၍ ပြုံးကာ ပြောလိုက်သည်

“ဆေးပညာရှင် အပေါင်းတို့ အခုငါ ဒီကောင်လေးနဲ့ ဆေးပညာချင်း ပြိုင်တော့မယ်၊ စီနီယာအရ ငါက သူ့ကို အနိုင်ကျင့်တဲ့ပုံမျိုး ပေါက်နေတဲ့အတွက် ငါ့ကိုယ်ငါလည်း ရှက်မိတယ်၊ ဒါပေမဲ့ အခုလိုလုပ်ရတဲ့ အကြောင်းကလည်း ရှိနေပြန်ရော၊ ဒါကြောင့် မင်းတို့ ငါ့ကို အပြစ်မမြင်ဖို့ မျှော်လင့်ပါတယ်”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၀၈)

ကျိုးထဲ၏ စကားကိုကြားသောအခါ အကြောင်းစုံ မသိသေးသည့် ဆေးပညာရှင်များသည် ရုတ်တရက် ထအော်ပြောကြလေသည် “ဆေးဝိဇ္ဇာ ဘာမှပြောစရာမလိုဘူး၊ ဒီကောင်က သူ့ကိုယ်သူ အထင်ကြီးနေတာ၊ အဲ့လိုကောင်မျိုးကို မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးပေးရမှာ”

“ဟုတ်တယ် ဆေးဝိဇ္ဇာလို မြင့်မြတ်တဲ့ လူတစ်ယောက်ကိုများ လာစိန်ခေါ်ချင်သေးတယ်၊ လာစိန်ခေါ်မိတာ သူ့အမှားပဲ၊ ဆေးဝိဇ္ဇာ ဘာမှ အားနာနေစရာ မလိုဘူး”

“ဒီပြိုင်ပွဲက ဆေးဝိဇ္ဇာအတွက် အဆင့်နိမ့်နေလွန်းတယ်။ အဆင်ပြေရင် ဆေးဝိဇ္ဇာအစား ကျုပ်ဝင်ပြိုင်ပေးရမလား”

အပျော်လိုက်လာကြသည့် ဆေးပညာရှင်များသည် အကြောင်းစုံကို လုံး၀မသိကြပေ။ ကျိုးထဲနှင့် ရန်ကိုင်တို့ မည်သည့်ဆေးလုံး ဖော်စပ်မလဲ ဆိုသည်ကိုပင် မသိကြ။ ကျိုးထဲ ရောက်နေသည်ဟု ကြားလိုက်ရခြင်း အတွက်ကြောင့်သာ ရောက်လာကြခြင်း ဖြစ်သည်။

ကျိုးထဲ၏ သစ္စာခံများ ဖြစ်ကြသည့်အတွက် ကျိုးထဲနှင့် ပြိုင်မည့် ရန်ကိုင့်အပေါ် အကောင်းမမြင်ကြပေ။ သူတို့အမြင်တွင် ကျိုးထဲနှင့် ဆေးပညာချင်း လာပြိုင်ခြင်းသည် လုံး၀ သည်းခံ၍ ရသည့်အလုပ် မဟုတ်။

ဆေးစံအိမ်ထဲမှ ဆေးပညာရှင်များသည် ရန်ကိုင့်အား ဒေါသတကြီးဖြင့် ကြည့်သူကကြည့်၊ အထင်အမြင်တသေးဖြင့် ကြည့်သူကကြည့် လုပ်နေကြလေသည်။ ရန်ကိုင်ကမူ ထိုမြင်ကွင်းကို ပြုံးရင်းဖြင့်သာ ကြည့်နေခဲ့သည်။

”ဟုတ်ပါတယ် မင်းတို့အတွေးကို ငါနားလည်ပါတယ် ဒါပေမဲ့ ဒီနေ့ကိစ္စက ငါကိုယ်တိုင်ပြိုင်မှပဲ အဆင်ပြေမှာ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီကောင် ပြိုင်ချင်တဲ့ဆေးက ဝိဉာဉ်အရင်းအမြစ်အားဖြည့် ဆေးလုံး ဖြစ်နေလို့ပဲ”

“ ဘာ…ဝိဉာဉ်အရင်းအမြစ်အားဖြည့် ဆေးလုံး ဟုတ်လား၊ အဲ့တာ တန်ခိုးရှင်ဘုရင်အလယ်အလတ် အဆင့် ဆေးလုံးမဟုတ်ဘူးလား”

“ဆေးဝိဇ္ဇာက တန်ခိုးရှင်ဘုရင် အလယ်အလတ်အဆင့် ဆေးလုံးကို တစ်ကယ်ကြီး သန့်စင်တော့မှာလား၊ ငါကံကောင်းလိုက်တာကွာ”

“အဲ့တာဆို ဟိုကောင်ကလည်း တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်ပေါ့၊ သူ့ကြည့်ရတာ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်နဲ့လည်း မတူပါလား”

ချက်ချင်းဆိုသလို လူအုပ်ကြီးတစ်ခုလုံး အုပ်အုပ်ကျက်ကျက် ဖြစ်သွားလေသည်။

“ဟုတ်ပြီ အားလုံးတိတ်လိုက်ကြတော့” အိုင်းအောင်က အသံကျယ်ကျယ်ဖြင့် အားလုံးကြားအောင် အော်ပြောလိုက်သည်။

“ဆေးဝိဇ္ဇာကျိုးထဲ နဲ့ ရန်ကိုင်က စပြီး ဆေးဖော်စပ်တော့မှာ၊ မင်းတို့လည်း ဆေးပညာရှင်တွေပဲ၊ ဆေးဖော်စပ်တဲ့အချိန် သွားမနှောက်ယှက် သင့်ဘူးဆိုတာ သိကြတယ်မလား၊ ဒါကြောင့် ဘာအသံမှမထွက်ကြတော့နဲ့။ မဟုတ်ရင် ငါ့ကို ရိုင်းလို့ဆိုပြီး လာအပြစ်မတင်နဲ့” အိုင်းအောင်မှ ထိုစကားကို ပြောပြီးနောက် ခန်းမတစ်ခုလုံး ရုတ်ချည်း တတ်ဆိတ်သွားခဲ့လေသည်။

ကျိုးထဲက ပြုံးလျက်ပြောလိုက်၏ “အားလုံး ကျေးဇူးပြုပြီး တိတ်တိတ်လေး နေပေးကြပါ၊ မင်းတို့ကြည့်ချင်ရင် ကြည့်လို့ရပါတယ် ဒါပေမဲ့ အသံတော့ မထွက်ကြပါနဲ့”

“ခေါင်းဆောင်အိုင်းအာင် ငါတို့ နှစ်ယောက်အတွက် ဆေးအမယ်တွေ စပြင်ဆင်ပေးလို့ရပြီ” ကျိုးထဲက ပြောလိုက်သည်။

“ကောင်းပြီ” ထိုစကားကိုကြားသည့်အခါ အိုင်းအောင်သည် ခေါင်းငြိမ့်၍ သိုလှောင်လက်စွပ် ထဲမှ ဆေးအမယ်များကို ထုတ်ယူလိုက်လေသည်။

ထို့နောက် ဆေးပင်များကို နှစ်ပိုင်းခွဲကာ တစ်ပိုင်းကို ကျိုးထဲသို့ ပေးလိုက်၍ ကျန်တစ်ပိုင်းကို ရန်ကိုင့်ဆီသို့ ပေးလိုက်လေ၏။

ဆေးပင်များကို ပေးပြီးနောက်တွင် အိုင်းအောင်က ပြောလိုက်လေသည် “ဆေးဖော်စပ်မယ်ဆို ဒီအောက်မှာ ရှိတဲ့ မြေမီးတောက်ရဲ့ မီးဓါတ်ကိုသုံးပြီး ဆေးဖော်စပ်လို့ ရတယ်။ အဲ့မီးဓါတ်နဲ့ဆို မင်းတို့ ဆေးဖော်စပ်ရတာ တော်တော်လေး အားကုန်သက်သွားလိမ့်မယ်။ အကုန်လုံး အဆင်သင့်ဖြစ်ပြီဆိုရင် နေရာယူပြီး စဆေးဖော်စပ်လို့ရပြီ”

နဂါးခေါင်းကဲ့သို့သော အရာဝတ္ထုများသည် ကိုးလွှာမြောက်တွင် ဟိုတစ်နေရာ ဒီတစ်နေရာတွင် ရှိနေကြသည်။ နဂါးခေါင်းများမှာ သိပ်မကြီးသော်ငြား ၎င်းတို့၏ ပါးစပ်များမှာ ပွင့်နေခဲ့သည်။ ထိုနဂါးခေါင်း ကဲ့သို့ရော အရာများသည် အစီအရင်ကို ထိန်းချုပ်ရန်အတွက် အသုံးပြုခြင်းဖြစ်သည်။

အစီအရင်ကို အသက်သွင်းလိုက်ပြီ ဆိုသည်နှင့် ဆေးစံအိမ်သည် မြေအောက်ထဲမှ မြေမီးတောက်ကို စတင် စုပ်ယူပေလိမ့်မည်။ နဂါးခေါင်းကို အသုံးပြု၍ မီးတောက်၏ အပူချိန်ကိုလည်း လိုသလို ထိန်းညှိနိုင်ပေသည်။

ကျိုးထဲသည် ဤနေရာနှင့် အတော်ရင်းနှီးနေပုံပင်။ အိုင်းအောင်၏ စကားကို ကြားလိုက်ပြီးနောက် နဂါးခေါင်း တစ်ခုစီသို့ လျှောက်သွားပြီး စတင်ပြင်ဆင်တော့လေသည်။

ရာနှင့်ချီသော ဆေးပညာရှင်များသည် ကျိုးထဲစီသို့ လျှောက်သွားကြပြီး သူနှင့် မီတာနှစ်ဆယ်အကွာတွင် ရပ်လိုက်ကြသည်။

အိုင်းအောင်သည် ရန်ကိုင့်ဘေးနားသို့ လျှောက်လာပြီး လေသံတိုးတိုးဖြင့် ပြောလိုက်လေသည် “ရောင်ရင်းရန် မင်းအခန်းထဲမှာပဲ သီးသန့်ဖော်စပ်ချင်လား၊ ဒီနေရာက တော်တော်လေး ကျယ်တယ်ဆိုပေမဲ့ လူတွေက အများကြီးပဲ၊ တော်ကြာ မင်းအာရုံမစိုက်နိုင်ဘဲ နေဦးမယ်”

“မလိုဘူး၊ ကျုပ်ဘာသာအခန်းထဲမှာ တစ်ယောက်ထဲသွား ဆေးဖော်စပ်ရင် ကျုပ်ကို မဟုတ်တာ တစ်ခုခု လုပ်နေတယ်ဆိုပြီး ထင်ကြဦးမှာ”

“မင်းပြောတာ ယုတ္တိရှိတယ်” အိုင်းအောင် မျက်မှောင်ကြုတ်၍ “ဒါပေမဲ့ မင်းတစ်ကယ်ကြီး ဝိဉာဉ်အရင်းအမြစ် အားဖြည့်ဆေးကို ဖော်စပ်နိုင်လို့လား”

သူ့မှာ သိပ်မယုံချင်သော်ငြား ရန်ကိုင်၏ တည်ငြိမ်နေသည့် အမူအရာကို မြင်ပြီးနောက် သူ့အထင်အပေါ် စတင် မယုံသင်္ကာ ဖြစ်လာခဲ့လေသည်။

“သူ တစ်ကယ်ကြီး တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်များ ဖြစ်နေမလား” ထိုကဲ့သို့သော အတွေးမျိုး အိုင်းအောင်၏ စိတ်ထဲ ထွက်ပေါ်လာခဲ့လေသည်။

“ခေါင်းဆောင် အိုင်းအောင် စောင့်ပြီးတော့သာ ကြည့်နေလိုက်” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။

အိုင်းအောင်လည်း ဘာမှထပ်မပြောတော့ချေ။ ထိုစဉ် ဘေးဘက်စီမှ ကျန်းရွမ်၏အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ရောင်ရင်း ဆရာက မေးခိုင်းလိုက်တယ်၊ မင်း တန်ခိုးရှင်ဘုရင်အဆင့် ဆေးမီးဖို လိုသေးလားတဲ့၊ ဆေးဖော်စပ်တဲ့နေရာမှာ ဆေးမီးဖိုကလည်း အခရာကျတာကို မင်းသိတယ်မလား၊ မင်းအရည်အချင်းနဲ့ တန်ခိုးရှင်ဘုရင်အဆင့် ဆေးမီးဖိုကို သုံးဖို့က သိပ်အဆင်မပြေဘူးဆိုပေမယ့် ဆရာက သဘောကောင်းနေတော့ မင်းကို ပေးခိုင်းလိုက်တယ်”

“ဆေးဝိဇ္ဇာရဲ့ စေတနာကို ဒီ ရန် သဘောပေါက်ပါတယ် ဒါပေမဲ့ မလိုပါဘူး ၊ဒီ ရန်မှာလည်း ကိုယ်ပိုင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးမီးဖိုရှိပြီးသား” ရန်ကိုင်က ရယ်ရယ်မောမောနှင့် ပြန်ပြောလိုက်ပြီးနောက် ခရမ်းမူလ ဆေးမီးဖိုကို သိုလှောင်လက်စွပ်ထဲမှ ထုတ်လိုက်လေသည်။

ဤဆေးမီးဖိုကို ဧကရာဇ် ဥယာဉ်ထဲမှ ရခဲ့ခြင်းဖြစ်သည်။ ဤဆေးမီးဖို့၏ သက်တမ်းမှာ နှစ်ပေါင်း သောင်းနှင့်ချီလေပြီ။ ဆေးမီးဖိုကို စရခဲ့စဉ်က ဆေးမီးဖိုထဲတွင် ဆေးတိမ်တိုက်ပါသည့် ဆေးလုံးတစ်လုံး ရှိနေခဲ့သည်။

ရန်ကိုင် ခရမ်းမူလ ဆေးမီးဖိုကို ထုတ်လိုက်သောအခါ ကျိုးထဲနားတွင် စုဝေးနေကြသော ဆေးပညာရှင်များ အံအားသင့်တကြီး ထအော်ကြလေသည်။ သို့သော်လည်း မကြာမီ အလန့်တကြား အော်ဟစ်သံများ တိတ်ဆိတ်သွားပြီး အကုန်လုံးသည် ရန်ကိုင့်၏ ဆေးမီးဖိုအား လောဘတကြီး စိုက်ကြည့်လာကြသည်။

သူတို့အားလုံးမှာ ဆေးပညာရှင်များဖြစ်သည့် အတွက်ကြောင့် သူတို့အားလုံး ခရမ်းမူလ ဆေးမီးဖို မည်မျှ ထူးခြားသည်ကို မြင်နိုင်ပေသည်။ ခရမ်းရောင် တိမ်တိုက်များသည် ဆေးမီးဖိုတစ်ဝိုက်တွင် ရစ်သိုင်းနေကြသည်။ ဆေးမီးဖိုကို အပြင်သို့ ထုတ်ယူလိုက်သည်နှင့် ကိုးလွှာမြောက်တစ်ထပ်လုံး သင်းပျံ့သည့် ဆေးနံ့များဖြင့် ဖုံးလွှမ်းလာသည်ကို ဆေးပညာရှင်များ ခံစားမိလိုက်ကြသည်။

တစ်ချက်ကြည့်ရုံဖြင့်ပင် ဤဆေးမီးဖိုသည် ထိပ်တန်းအဆင့် ဆေးလုံးများစွာကို ဖော်စပ်ခဲ့ဖူးကြောင်း သူတို့သိသွားကြလေသည်။

“သူ တစ်ကယ်ကြီး ဆေးပညာရှင်လား” ကျန်းရွမ်လည်း မှင်သက်သွားခဲ့သည်။

“သူသာ ဆေးပညာရှင်မဟုတ်ဘူးဆိုရင် ဘာလို့သူ့မှာ တန်ခိုးရှင်ဘုရင်အဆင့် ဆေးမီးဖိုရှိနေရမှာလဲ”

သို့သော်လည်း မကြာမီ ရန်ကိုင်သည် ထိုဆေးမီးဖိုကို မတော်တဆ ရရှိခဲ့ခြင်းသာဖြစ်မည်ဟု ကောက်ချက်ချ လိုက်လေသည်။ တစ်ကယ်တော့ ရန်ကိုင်သည် အားကောင်းသည့် ကျင့်ကြံသူတစ်ဦးပင် မဟုတ်ပေလော။ သူသည် နေရာမျိုးစုံသို့ သွားဖူးပြီး လူမျိုးစုံနှင့်လည်း တွေ့ရဖူးပေမည်။ သူ့ရန်သူများကိုလည်း တိုက်ခိုက် သတ်ဖြတ်ရင်းမှ ထိုလူများ၏ ပစ္စည်းများကိုလဲ ရရှိခဲ့ဖူးပေလိမ့်မည်။ ဤနည်းဖြင့် ရန်ကိုင် ထိုဆေးမီးဖိုကို ရရှိလာခြင်း ဖြစ်မည်ဟု ကျန်းရွမ် ကောက်ချက်ချလိုက်၏။

“ငါလခွမ်းကွာ ငါ့လိုဆေးပညာရှင်မှာတော့ ဆေးမီးဖို ကောင်းကောင်းလေးတောင် မရှိဘဲ၊ သူ့လိုလူမျိုးမှာတော့ တန်ခိုးရှင်ဘုရင်အဆင့် ဆေးမီးဖိုတောင် ရှိနေတယ်၊ လောကြီးက တကယ် မမျှတလိုက်တာ” ကျန်းရွမ် စတင် ငြီးတွားတော့သည်။

ကျန်းရွှမ်စိတ်ထဲ ရန်ကိုင့်လက်ထဲရှိ ခရမ်းမူလ ဆေးမီးဖိုအား ပြေးလုချင်စိတ်များ တစ်ဖွားဖွား ထွက်ပေါ်လာခဲ့လေသည်။ ထိုဆေးမီးဖိုကို ကြည့်ရင်း ရန်ကိုင့်ဆီမှ ခရမ်းမူလဆေးမီးဖိုကို မည်သို့ လုပ်ရမလဲ ကျန်းရွှမ် စတင် အကြံထုတ်တော့လေသည်။

“ငါ ဒီကောင်နဲ့ အလောင်းအစားသွားလုပ်ရင် ကောင်းမလား မသိဘူး” သူ့စိတ်ထဲ အတွေးမျိုးစုံကို စဉ်းစားကြည့်နေသည်။

“မင်း ဆေးမီးဖိုက တော်တော်ကောင်းတာပဲ” ကျုန်းအောင် မျက်ခုံးပင့်လိုက်သည် “ဆေးမီးဖိုရဲ့ အရှိန်အဝါကိုကြည့်ရသလောက်တော့ ဒီဆေးမီးဖိုက တော်တော်ကြာနေပြီ”

ကိုးလွှာမြောက်သို့ ရောက်နေသည့် ဆေးပညာရှင်များအနက် ကျုံးအောင် တစ်ယောက်သည်သာ ရန်ကိုင့် ဘေးနားတွင် ရှိနေပြီး ကျန်ဆေးပညာရှင်များသည် ကျိုးထဲ ဘေးနားတွင် ရောက်နေကြသည်။

“ဟုတ်တယ် တော်တော်ကြာနေပြီ၊ ကျုပ်လည်း ဒီဆေးမီးဖိုကို ကံကောင်းပြီး ရလာတာ၊ ဒါပေမဲ့ ဆေးဝိဇ္ဇာကျုန်းအောင် ကျွန်ုပ်ဆေးမီးဖိုကို လာမျက်စောင်း မထိုးနဲ့နော်၊ ကျွန်ုပ်မှာ ဒီ‌ဆေးမီးဖို တစ်လုံးပဲရှိတာ” ရန်ကိုင်က အဓိပ္ပာယ်ပါပါ ပြုံးလျက် ပြန်ပြောလိုက်သည်။

ရန်ကိုင့်စကားကို ကြားသောအခါ ကျုန်းအောင် မျက်နှာကြီး မဲ့သွားလေသည်။

ထိုမြင်ကွင်းကို မြင်သောအခါ အိုင်းအောင်က ရယ်မောလျက် “အခုမှပဲ ငါသတိရတယ်၊ ငါတို့ရေကောင်းကင် မြို့ရဲ့ ရတနာ ဂိုထောင်ထဲမှာ ပိုင်ရှင်မရှိတဲ့ တန်ခိုးရှင်ဘုရင်အဆင့် ဆေးမီးဖို တစ်လုံးရှိတယ်၊ ဆေးဝိဇ္ဇာကျုန်းအောင် လိုချင်လို့ရှိရင် အဲ့ဆေးမီးဖိုကို ကျုပ်ပို့ပေးလိုက်မယ်လေ”

ကျုန်းအောင်သည် အစမှအဆုံး ရန်ကိုင့်ဘက်မှ ရပ်တည်ပေးသူတစ်ဦး ဖြစ်သည့်အတွက် အိုင်းအောင်သည် ကျုန်းအောင်အပေါ် အတော်လေး သဘောကောင်းနေခဲ့သည်။

ကျုန်းအောင်က ပြုံးလျက် လက်သီးဆုပ်ကာ ကျေးဇူးတင်စကား ဆိုလိုက်လေသည် “ကျေးဇူးအများကြီးတင်ပါတယ် ခေါင်းဆောင် အိုင်းအောင်”

“ပေးသင့်တာပါပဲ”

သူတို့အချင်းချင်း စကားပြောနေစဉ် ကျန်းရွမ်၏ အသံ ဘေးဘက်မှ ထွက်ပေါ်လာခဲ့လေသည် “ရောင်ရင်း ဆရာက ပြောလိုက်တယ်၊ မင်းနဲ့သူ့ကြားက ကွာဟချက်က အရမ်းကြီးမားတာမို့လို့ နောက်ပြီး ပြိုင်ပွဲကလည်း အချိန်အကန့်အသတ် မရှိတော့ မင်းသာ ဝိဉာဉ်အရင်းအမြစ် အားဖြည့်ဆေးကို ဖော်စပ်နိုင်တယ်ဆိုရင် ဆရာက သူအရှုံးပေးမယ်လို့ ပြောခိုင်းလိုက်တယ်”

“ဆေးဝိဇ္ဇာရဲ့ ကြင်နာမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်၊ ဒီဂျူနီယာ အကောင်းဆုံး ကြိုးစားပါ့မယ်” ရန်ကိုင် လက်သီးဆုပ်၍ ပြန်အော်ပြောလိုက်လေသည်။

ကျန်းရွမ်ကမူ လှောင်ပြုံးပြုံး၍သာ ရန်ကိုင့်ကို ကြည့်နေ၏။ ထိုစဉ် အိုင်းအောင်မျက်နှာ ချက်ချင်းတည်သွားပြီး လေသံတိုးတိုးဖြင့် အော်ပြောလိုက်လေသည်။“နှစ်ဖက်စလုံးက အဆင်သင့်ဖြစ်နေပြီဆိုတော့ စလိုက်ကြတာပေါ့”

စမည်ဟု ပြောလိုက်သည်နှင့် ကျိုးထဲဘက်မှ အလွန်ပြင်းထန်သည့် အပူလှိုင်းတို့ စတင် ထွက်ပေါ်လာခဲ့သည်။ ကျိုးထဲသည် စစချင်းတွင်ပင် အစီအရင်ကို အသက်သွင်းလိုက်လေသည်။

“ရန်ကိုင် မစိုးရိမ်နဲ့နော် နင်ရှုံးလည်း ကိစ္စမရှိဘူး” ရွှယ့်ယွယ်မှ စိုးရိမ်တကြီးဖြင့် ဘေးမှပြောလိုက်သည်။

သူမ မပြောသွားသည့် တစ်ချက်လည်းရှိပေသည်။

ထိုအရာမှာ ရန်ကိုင်သာ ရှုံးနိမ့်သွားပါက ရန်ကိုင့်အား ရေကောင်းကင်မြို့မှ ခေါ်ထုတ်သွားရန် သူမ ဘယ်အရာကိုမဆို လုပ်မည်ဟူသော အချက်ပင်။

သူမအသက် သေပင် သေရပါစေ၊ ရန်ကိုင့်အား အခြားတစ်ယောက်၏ ကျွန်တော့် မလုပ်ခိုင်းနိုင်ပေ။ သူမအဖေသည်လည်း ထိုသို့ဖြစ်ချင်လိမ့်မည် မဟုတ်ဟု ရွှယ့်ယွယ် ထင်ပေသည်။

“ငါက‌ အေးအေးဆေးဆေးပဲ၊ ဒါပေမဲ့ နင်တို့ နဲနဲနောက်‌ဆုတ်ပေးလို့ရမလား၊ နင်တို့ ဒီအတိုင်းရပ်နေရင် ငါဘာမှ လုပ်လို့မရတော့ဘူး”

“ဪ တောင်းပန်ပါတယ် တောင်းပန်ပါတယ်၊ ငါမေ့နေလိုက်တာ” အိုင်းအောင်နှင့်တခြားသူများ ဆွံအသွားခဲ့ကြသည်။

အိုင်းအောင်တို့သည် ချက်ချင်းပဲ ရန်ကိုင်ပြောသည့်အတိုင်း နောက်သို့ ဆုတ်လိုက်ကြ၏။ ယခုအချိန်၌ ကိုးလွှာမြောက်ရှိ လူများသည် အဖွဲ့နှစ်ဖွဲ့ အဖြစ်သို့ ကွဲထွက်သွားလေသည်။ တစ်ဖွဲ့သည် ကျိုးထဲကို ဗဟိုပြုထားသည့် အဖွဲ့ဖြစ်လေသည်။ သူတော်စင်ဘုရင် အဆင့်မှ တန်ခိုးရှင်အဆင့်ထိရောက်သော ဆေးပညာရှင် အယောက် ငါးရာကျော်သည် ကျိုးထဲ ပတ်ပတ်လည်တွင် ဝိုင်းပြီး သူဆေးဖော်စပ်နေသည်ကို မျက်တောင်မခတ်တန်း စိုက်ကြည့်နေကြသည်။

တစ်ခြားတစ်ဖက်မှာတော့ ရန်ကိုင့်အဖွဲ့ ဖြစ်သည်။ သို့သော် ကျိုးထဲနှင့် ယှဉ်လိုက်လျင် ရန်ကိုင့်ဘက်မှာတော့ အတော်လေး ခြောက်ကပ်ကပ် ဖြစ်နေခဲ့သည်။ သူ့ဘက်တွင်း အိုင်းအောင်၊ ရွှယ့်ယယ်နှင့် ကျန်းအောင် တို့သာ ရှိနေခဲ့သည်။ ထိုသုံးယောက်မှာလည်း ရန်ကိုင် ဆေးဖော်စပ်နေသည်ကို ကြည့်ရင်း ရင်တမမနှင့် ဖြစ်နေကြလေ၏။

အိုင်းအောင်နှင့် ရွှယ့်ယွယ်သည် တစ်ခုခုကို တိုင်ပင်နေကြသည့်အလား နှစ်ဦးသား မကြာခဏ အကြည့်ချင်း ဖလှယ်နေကြသည်။ ရုတ်တရက် ကျိုးထဲဘက်မှ အာမေဋိတ် အသံများထွက်လာခဲ့သည်။

ကျိုးထဲသည် ပြင်ဆင်ထားသည့် ဆေးများကို ဆေးမီးဖိုထဲသို့ ကျွမ်းကျင်စွာ ပစ်ထည့်လိုက်သည်။

လက်တစ်ဖက်ဖြင့် ဆေးပင်များကို ဆေးမီးဖိုထဲသို့ ပစ်ထည့်နေစဉ် ကျန်လက်တစ်ဖက် ဖြင့် မီးအပူချိန်ကို ကျွမ်းကျွင်းကျင်ကျင် ထိန်းချုပ်နေလေ၏။ ကျိုးထဲ ဆေးဖော်ဆပ်နေသည့်ပုံမှာ အလွန်ကိုမှ မျက်စိပဒဿ ဖြစ်လှပေသည်။

“ဆေးဝိဇ္ဇာဆိုတဲ့ အတိုင်းပဲ၊ ငါတို့မလုပ်နိုင်တဲ့ နည်းလမ်းတွေနဲ့ကို လုပ်နေတာ”

“ငါလခွမ်း ထာ၀ရရေသစ်ခွ နဲ့ နှလုံးပြာသစ်သီးကို အတူပေါင်းပြီး ထည့်လိုက်မယ်လို့ မထင်ထားဘူး”

“ထူးဆန်းတယ်ဟ ပင်လယ်မြက်နဲ့ မီးတောက်နီပန်းက ဆန့်ကျင်ဘက်ဓါတ်တွေ ရှိကြတာမဟုတ်ဘူးလား အဲ့နှစ်ခုကို အတူထည့်လိုက်ရင် ဆေးပင်နှစ်ခုလုံး ပျက်စီးသွားမှာပေါ့”

“မင်း ဘာသိမှာမို့လို့လဲ၊ ဆေးဝိဇ္ဇာမှာ အခုလို လုပ်ရတဲ့ အကြောင်း ရှိပြီးသား၊ ဆေးဝိဇ္ဇာ ပင်လယ်မြက်ကို မီးဖိုထဲ ထည့်လိုက်တုန်းက မီးဖိုထဲက အစီအရင်ကို သူ့ သူတော်စဉ်ချီနဲ့ အသက်သွင်းလိုက်တာကို မင်းမတွေ့ဘူးလား၊ အခုချိန်လောက်ဆို အဲ့ဆေးပင်နှစ်ခုလုံး အတူတူ ပေါင်းစည်းသွားလောက်ပြီ”

“အဲ့လိုကိုး…ငါနားလည်သွားပြီ”

“ဆေးဝိဇ္ဇာလုပ်တာ တစ်ကယ်မြန်တာပဲ။ ကြည့်နေတဲ့ ငါတောင် ဘာဖြစ်လို့ ဖြစ်သွားမှန်းမသိလိုက်ဘူး”

“ဟဲဟဲ အဲ့တာကြောင့် ဆေးဝိဇ္ဇာဖြစ်နေတာပေါ့ကွ၊ မင်းဆက်ပြီးသာ ကြည့်နေ၊ ဒီလိုအခွင့်အရေးဆိုတာ ရခဲတယ်ကွ”

ကျိုးထဲသည် ဝါရင့်သမာရင့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးဖြစ်သည်။ ရန်ကိုင်၏ ကမ်းလှမ်းချက်ကို ဒေါသထွက်ထွက်ဖြင့် သဘောတူခဲ့ခြင်းဖြစ်သော်လည်း ဆေးစဖော်စပ် သည့်အချိန်တွင်တော့ ကျိုးထဲသည် ရှေးဟောင်း ကန်ရေပြင်နှယ် အကြွင်းမဲ့ တည်ငြိမ်နေလေသည်။

သူ့နားထဲ မည်သည့်အသံမှမကြားရတော့၊ သူ့မျက်လုံးထဲ ဆေးမီးဖို၊ ဆေးပင်နှင့် မီးတောက်များသာ ရှိနေတော့သည်။ ကျိုးထဲသည် ဆေးဖော်စပ်ရာတွင်သာ အပြည့်အဝ စိတ်နှစ်ထားခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၀၉)

ကျိုးထဲတွင် ပညာရှင်တစ်ဦး၏ ပုံသဏ္ဍာန်မျိုး ရှိနေသည်။ သူ၏ပြေပြစ်သော လက်ကွက်လှုပ်ရှားမှုများ၊ မီးတောက်ကို အချိန်ကိုက်အသုံးပြုနိုင်မှုနှင့် ဆေးပညာနှင့် ပတ်သက်သော ဗဟုသုတတို့ကိုပါ ပေါင်းစပ်လိုက်သော် ကျိုးထဲသည် အားလုံး၏ အာရုံစိုက်ရာ ဖြစ်လာခဲ့လေသည်။ သူ့နားတွင် ရပ်ကြည့်နေကြသည့် ဆေးပညာရှင်အားလုံးသည် ကျိုးထဲ ဆေးဖော်စပ်နေသည်ကို ကြည့်ရင်း အထင်ကြီးရင်း ကြီးနေကြတော့သည်။

ပတ်ဝန်းကျင်မှာ ဆူညံနေသော်လည်း ကျိုးထဲမှာတော့ ပတ်ဝန်းကျင်မှအသံများ သူ့နားထဲသို့ လုံးဝဝင်မလာသည့် အလား တည်ငြိမ်စွာ ဆေးဖော်စပ်ပြနေခဲ့သည်။ ကျိုးထဲသည် ပတ်ဝန်းကျင်ကိုပင် လျစ်လျူရှုထားနိုင်ခဲ့လေပြီ။

ဤအချက်ကို ကြည့်ရုံနှင့်ပင် ကျိုးထဲ နာမည်ကျော်နေသည်မှာ အလကားသက်သက် မဟုတ်ကြောင်း မြင်တွေ့နိုင်ပေသည်။ ရန်ကိုင်ပင်လျှင် ထိုမြင်ကွင်းကို လေးစားတကြီး ကြည့်နေမိလိုက်၏။

သိုင်းတာအိုသည် ဆေးတာအိုကဲ့သို့ပင်။ ပန်းတိုင်တစ်ခုတည်းကို အာရုံစိုက်ထားနိုင်မှသာလျှင် ကိုယ်လိုချင်သည့်အရာကို ရယူနိုင်ပေလိမ့်မည်။ ပန်းတိုင်နှစ်ခုအား တပြိုင်တည်းရယူရန် ကြိုးစားနေသောလူသည် ဘယ်တော့မှ အမြင့်ဆုံးအဆင့်သို့ ရောက်နိုင်လိမ့်မည် မဟုတ်ချေ။

ကျိုးထဲပင် စနေသည်ကိုမြင်သော် ရန်ကိုင်လည်း ဆက်ပြီး အချိန်ဖြုန်းမနေတော့ဘဲ အသက်ကို ပြင်းပြင်းရှူသွင်းလျက် စိတ်ကိုတည်ငြိမ်အောင် လုပ်လိုက်သည်။ ချက်ချင်းဆိုသလို ရန်ကိုင်၏အမူအရာသည် တည်ကြည်လေးနက် သွားခဲ့လေ၏။ သူ့မျက်လုံးထဲ ဘာဆိုဘာမျှ မရှိတော့ဘဲ ဆေးမီးဖိုနှင့် ဆေးပင်များသာ ရှိတော့လေ၏။ သူ့ပြိုင်ဖက်သည် ဝါရင့်သမ္ဘာရင့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေသည့်အတွက် ရန်ကိုင်လည်း အစွမ်းကုန် ထုတ်သုံးရပေတော့သည်။

ထိုမြင်ကွင်းကို မြင်သည့်အခါ အိုင်းအောင်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့သည်။ ဘေးနားတွင်ရပ်နေသော ကျုန်းအောင်အနားသို့ကပ်၍ တိုးတိုးလေးပြောလိုက်၏ “ဆေးဝိဇ္ဇာကျုန်း ရန်ကိုင့်ပုံစံကိုကြည့်ရတာ ဆေးဝိဇ္ဇာကျိုးထဲနဲ့ တော်တော်လေးဆင်နေတယ်။ ကြည့်ရတာ သူလည်း ဆေးပညာရှင်တစ်ဦးပဲနဲ့တူတယ်။”

ထိုအခါ ကျုန်းအောင်က လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်၏ “ရန်ကိုင်က အစကတည်းက ဆေးပညာရှင်တစ်ဦးပဲ။ အဲ့အချက်ကိုတော့ ဒီလူအိုကြီး အာမခံနိုင်တယ်။ သူဆေးလုံးတွေ ဖော်စပ်နေတာကို ဒီလူအိုကြီးကိုယ်တိုင် မြင်ဖူးတယ်။ ရန်ကိုင်က ဆေးတိမ်တိုက်ပါတဲ့ ဆေးလုံးကိုတောင် ဖော်စပ်ဖူးတဲ့သူ။ ပေါ့သေးသေးတော့ မဟုတ်ဘူး။”

“ဘယ်လို” အိုင်းအောင်ထိတ်လန့် တုန်လှုပ်သွားခဲ့လေသည် “သူအဲ့လောက်တောင် တော်တာလား။ ဆေးဝိဇ္ဇာကျုန်း ကျုပ်ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်။”

“ဘယ်လိုလုပ်ပြီး နောက်ရမှာလဲ။ ကျုပ်အတည်ပြောနေတာ” ကျုန်းအောင်သည် တစ်ခုခုကို ပြန်အမှတ်ရသွားသည့်အလား “သူအဲ့ဆေးလုံးကို ဖော်စပ်နေတုန်းက ဒီလူအိုကြီးကိုယ်တိုင် ဘေးနားကနေ ရပ်ကြည့်နေခဲ့တာ။ သူဖော်စပ်နေတာကို ကြည့်ပြီး ဒီလူအိုကြီးတောင် တော်တော်လေး အကျိုးအမြတ် ရသွားသေးတယ်။ ဒါပေမယ့်…”

“ဒါပေမယ့် ဘာလဲ။”

“ဒါပေမယ့်… အဲ့တုန်းကဖော်စပ်တဲ့ဆေးလုံးက သိပ်အဆင့်မမြင့်ဘူး။ ဆေးတိမ်တိုက်ပါတယ်ဆိုပေမယ့် အဲ့ဒါက ကံကောင်းသွားလို့ပဲ” ကျုန်းအောင်က လိုရင်းကို တန်းပြောလိုက်လေသည်။

“သူအခုဖော်စပ်မယ့်ဆေးလုံးက ဝိဉာဏ်အရင်းအမြစ် အားဖြည့်ဆေးလုံးပဲ။ အဲ့ဆေးလုံးက တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံး။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးကို သူဖော်စပ်နိုင်မလား၊ မဖော်စပ်နိုင်ဘူးလား ဆိုတာကိုတော့ ဒီကျုန်းလည်း အတပ်မပြောနိုင်ဘူး။ ဒါပေမယ့် ဒီကောင်က ဆေးပညာမှာ ပါရမီတော်တော်ပါတာဆိုတော့ ဖော်စပ်ကောင်းဖော်စပ်နိုင်လောက်မှာပါ။ ရှင်းရှင်းပြောရရင် သူသာ ဆေးပညာမှာ နံပါတ်နှစ်ပါရမီရှင်ဆိုရင် ဘယ်သူမှ နံပါတ်တစ် မဖြစ်နိုင်တော့ဘူး။ နေပါဦး… ခေါင်းဆောင်အိုင်းအောင် တစ်ချက်ကြည့်ကြည့်လိုက်စမ်း” ကျုန်းအောင်သည် ပြောနေရင်းမှ ရန်ကိုင့်အား မေးငေါ့ပြလိုက်လေသည်။

လက်ရှိတွင် ရန်ကိုင်သည် ခရမ်းမူလဆေးမီးဖိုထဲသို့ ဆေးပင်များကို တစ်ပင်ပြီးတစ်ပင် တရစပ် ပစ်ထည့်နေခဲ့သည်။ ဆေးဝိဇ္ဇာကျိုးထဲနှင့် မတူသည်မှာ ရန်ကိုင် ဆေးပင်များကို ပစ်ထည့်နေသည့်နှုန်းမှာ အတော်လေးကို မြန်နေခြင်းပင်။ ဆေးပင်အားလုံးကို ဆေးမီးဖိုထဲသို့ ပစ်ထည့်လိုက်ပြီးနောက် မီးဖိုအဖုံးကို ပိတ်လိုက်လေသည်။

ဆေးပညာအကြောင်းကို နားမလည်သည့်လူပင်လျှင် ရန်ကိုင်ဆေးဖော်စပ်နေသည့်ပုံစံနှင့် ပတ်သက်၍ တစ်ခုခုမှားယွင်းနေမှန်း ပြောနိုင်ပေလိမ့်မည်။

ရန်ကိုင်ဖော်စပ်နေသည့် ပုံစံကိုကြည့်ရင်း ရွှယ့်ယွယ် စတင် စိုးရိမ်လာခဲ့လေသည်။ အိုင်းအောင်သည်လည်း ပါးစပ်အဟောင်းသား ဖြစ်နေ၏။

သို့သော်လည်း ဆေးပညာကို နားမလည်သည့်အတွက်ကြောင့် သူ့ဘေးနားတွင် ရပ်နေသော ကျုန်းအောင်ဘက်သို့သာ လှည့်မေးလိုက်လေ၏ “ဆေးဝိဇ္ဇာကျုန်း ရန်ကိုင်ဘာလို့ အခုလိုလုပ်နေတာလဲ။”

“ကျုပ်လည်းမသိဘူး” ကျုန်းအောင်လည်း နားမလည်နိုင် ဖြစ်နေခဲ့သည်။ မည်သည့်ဆေးပညာရှင်မှ ဆေးပင်အားလုံးကို ဆေးမီးဖိုထဲသို့ တပြိုင်တည်းပစ်ထည့်လိမ့်မည် မဟုတ်ချေ။

ဆေးလုံးတစ်လုံးကို ဖော်စပ်ရန်အတွက် ဆေးပင်များကို ဆေးမီးဖိုထဲသို့ စည်းစနစ်ကျကျဖြင့် အချိန်ကိုက် ထည့်ပေးရသည်။ ဆေးမီးဖိုထဲသို့ ဆေးပင်တစ်ပင် ရောက်လာတိုင်း ဆေးပညာရှင်သည် စိတ်စွမ်းအင်ကိုသုံးလျက် မီးဖိုထဲရှိအပူချိန်ကို ထိန်းချုပ်ကာ ဖြစ်ပေါ်လာသည့် ဆေးအရည်များကို သင့်တော်သည့် နည်းလမ်းသုံး၍ ပေါင်းစပ်ရပေသည်။ ဆေးဖော်စပ်ခြင်းသည် ဖြေးဖြေးနှင့်မှန်မှန် လုပ်ရသည့်အလုပ်တစ်ခု ဖြစ်သည်။ သို့မှသာ ဆေးလုံးကောင်းတစ်လုံးကို ရရှိနိုင်ပေလိမ့်မည်။

“သူဒီလိုလုပ်နေတာ ဆေးပင်တွေအကုန် ပျက်စီးကုန်တော့မှာပဲ။” ကျုန်းအောင် စတင်စိုးရိမ်လာခဲ့လေသည်။

ဆေးပင်တိုင်းက အပူချိန်ကို အမျိုးမျိုးတုံ့ပြန်ကြတာ။ သူအခုလိုလုပ်လိုက်တာ မြေမီးတောက်စွမ်းအားကို သုံးတဲ့အချိန်ကျရင် တော်တော်လေး ဒုက္ခရောက်သွားပြီ။ မြေမီးတောက်က ထိန်းချုပ်လို့ရပေမယ့် သူတော်စင်ချီကို ထိန်းချုပ်ရတာလောက် လွယ်တာမဟုတ်ဘူး။ ဆေးဝိဇ္ဇာကျိုးထဲတောင် အစီအရင်ကိုသုံးပြီး မြေမီးတောက်ကို ထိန်းချုပ်နေတာ မင်းမမြင်ဘူးလား ရန်ကိုင်ရ။ ဒါ့ကြောင့်ပဲ သူဆေးပင်တွေကို တစ်ပင်ချင်းထည့်နေတာလေ။ ဆေးပင်တွေ အကုန်လုံးကို တစ်ခါတည်းပစ်ထည့်ရအောင် မင်းသုံးနေတာက ဆေးမီးဖိုကွ။ ဟော့ပေါ့အိုးမဟုတ်ဘူး… ငါ့ကောင်ရ

“ကျိုးထဲကိုမနိုင်မှန်းသိလို့ သူလက်လျှော့လိုက်တာများလား” အိုင်းအောင်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။ ကုပီဟူကို ကယ်နိုင်ရန်အတွက် ရန်ကိုင်သည် ဝိဥာဉ်အရင်းအမြစ် အားဖြည့်ဆေးကို ဖော်စပ်မည်ဟု ပြောခဲ့သည်။

ကျိုးထဲသာ ပြိုင်ပွဲကိုသဘောတူလိုက်သရွေ့ ကုပီဟူ ပြန်နိုးလာနိုင်ချေ ရှိပေသည်။ ရန်ကိုင်နိုင်မလား။ ရှုံးမလား ဆိုသည်ကိုတော့ မည်သူမှမပြောနိုင်ပေ။

“ရန်ကိုင်က မဆင်မခြင်လုပ်တတ်တဲ့သူ မဟုတ်ဘူး။ ဆက်ပြီးတော့သာကြည့်နေ” ရွှယ့်ယွယ်သည် နှုတ်ခမ်းလေးကိုကိုက်လျက် ရန်ကိုင့်အား စိုးရိမ်တကြီး ကြည့်နေခဲ့လေသည်။ သူမ မည်မျှစိုးရိမ်နေသလဲဆိုလျှင် သူမ၏လက်ဖဝါးလေးများပင် ချွေးများစိုရွှဲလာနေသည်ကို ကြည့်လျှင် သိနိုင်သည်။

သို့သော်လည်း ရန်ကိုင်သည် အကုန်လုံးထင်ထားသလို မလုပ်ခဲ့ပေ။ ဆေးပင်အားလုံးကို ဆေးမီးဖိုထဲသို့ ပစ်ထည့်လိုက်ပြီးနောက် အစီအရင်ကို အသက်သွင်းကာ မြေမီးတောက်ကို ဆွဲမယူခဲ့။ ထို့အစား မျက်လုံးပိတ်ကာ တင်ပလင်ခွေထိုင်လျက် လက်ကွက်များစွာ ဖန်တီးလိုက်လေသည်။

ရန်ကိုင်လုပ်နေသည်ကို ကျန်းရွှမ်လည်း မြင်သွားခဲ့သည်။ ရန်ကိုင့်အား အခွင့်အရေးရလျှင်ရသလို လှောင်ပြောင်ရန် ကြိုးစားနေသည့် ကျန်းရွှမ်သည် ဤအခွင့်အရေးကိုလည်း လုံးဝလက်လွတ်မခံခဲ့ချေ “ငါ ဒီကောင့်ကို ဆေးပညာအကြောင်း နည်းနည်းပါးပါး သိမယ်လို့ထင်ထားတာ။ ငါတကယ်မှားသွားတယ်။ ဆေးပင်တွေကို သန့်စင်တော့မယ်ဆိုရင် မီးဖိုထဲကို တစ်ပင်ချင်း ထည့်ပြီး သန့်စင်ရမယ်ဆိုတဲ့ အခြေခံ အချက်လေးကိုတောင် နားမလည်ထားဘူး… ကျွတ်… ကျွတ်… ဒါနဲ့များ ဆရာနဲ့ လာပြိုင်ချင်နေသေးတယ်”

သူ့ဘေးနားတွင်ရပ်နေသော ဆေးပညာရှင်များသည် ထိုစကားကို ကြားသည့်အခါ ရန်ကိုင့်ဆီသို့ လှမ်းကြည့်လိုက်ပြီး ခေါင်းခါလိုက်ကြလေသည်။ ထိုစဉ်တစ်ယောက်ယောက်က ချက်ချင်းဝင်ပြောလိုက်၏။ “ဆေးပင်တွေတော့ နှမြောစရာပဲကွာ။ ဒီကောင် တကယ်မုန်းဖို့ကောင်းတဲ့ကောင်။ ဆေးပင်တွေကို အလကားသက်သက် လာဖြုန်းတီးပစ်နေတယ်”

ဆေးပညာရှင်များ၏အမြင်တွင် ဆေးပင်ဆိုသည်မှာ ဖြုန်းတီးသင့်သည့်အရာ မဟုတ်ချေ။ မူလက ရန်ကိုင့်အား သနားနေခဲ့သော ဆေးပညာရှင်များပင်လျှင် ရန်ကိုင် လုပ်နေသည့် ပုံစံအားမြင်ပြီးနောက် သူ့အား မကျေမနပ် ဖြစ်လာကြလေသည်။

သို့သော် ထိုစဉ် ရန်ကိုင့်ဘေးဘက်ဆီမှ ချစ်ချစ်တောက်ပူလောင်သည့် အပူလှိုင်းတစ်လှိုင်း ဖြာထွက်လာခဲ့သည်။ ထိုအပူလှိုင်းသည် သူတို့ပုံမှန်ခံစားနေရသည့် အပူလှိုင်းနှင့်မတူချေ။ အပူလှိုင်းထဲ ပါဝင်သော အပူဓါတ်မှာ စဉ်ဆက်မပြတ် ပြောင်းလဲနေခဲ့၏။ အပူလှိုင်းသည် တစ်ခါတစ်ခါရံတွင် သိမ်မွေ့နေသလို တစ်ခါတစ်ရံ၌ ကြမ်းတမ်းပြီး ခက်ထန်နေပြန်၏။

ထိုအပူလှိုင်းသည် မီးတောက်ပေါင်းများစွာ ပေါင်းစည်းရာမှ ဖြစ်ပေါ်လာသလို ထင်ရသော်လည်း မီးတောက်များသည် အချင်းချင်း ပေါင်းစပ်သွားခြင်း မရှိဘဲ တစ်ခုချင်းစီ သီးသန့် တည်ရှိနေသေးသည့်အလား။

“အဲ့အပူလှိုင်း ဘယ်ကနေလာတာလဲ။ ထူးဆန်းတယ်။ ဒီကောင် မြေမီးတောက်ကိုလည်း မသုံးဘူး။ သူတော်စင်ချီကိုလည်း မသုံးဘူး။ ဒါဆိုရင် အဲ့အပူလှိုင်းက ဘယ်ကနေလာနေတာလဲ။” ဆေးပညာရှင်များစွာသည် ရန်ကိုင့်အား မယုံသင်္ကာအကြည့်ဖြင့် ကြည့်လိုက်ကြလေသည်။

“တေဇောဓာတ်အသိစိတ်ပင်လယ်။ ငါသိပြီ။ ဟုတ်တယ်” အစပိုင်း နားမလည်နိုင်ဖြစ်နေသော ကျန်းရွှမ်သည် ရုတ်တရက် တစ်ခုခုကို စဉ်းစားမိသွားသည့်အလား အလန့်တကြား ထအော်လေသည်။

“ဘယ်လို…တေဇောဓာတ်အသိစိတ်ပင်လယ်လား”

“သူ့မှာ တကယ်ကြီး တေဇောဓာတ်အသိစိတ်ပင်လယ် ရှိနေတာလား”

ဆေးပညာရှင်များ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြလေသည်။ ချက်ချင်းဆိုသလို ဆေးပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် ရန်ကိုင့်ဆီသို့ လှည့်ကြည့်လာကြလေသည်။

တေဇောဓာတ်အသိစိတ်ပင်လယ်သည် ဆေးပညာရှင်များ၊ ပန်းပဲပညာရှင်များအတွက် အလွန်ကိုမှအသုံးဝင်သည့် အသိစိတ်ပင်လယ်တစ်မျိုးဖြစ်သည်။ တေဇောဓာတ်အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားသည့် ဆေးပညာရှင်များ၊ ပန်းပဲပညာရှင်များသည် တစ်ဝက်လောက် အားစိုက်လိုက်ရုံဖြင့် သူတို့လိုချင်နေသည့် ဆေးလုံးများ၊ မှော်ရတနာများကို ဖော်စပ်ထုလုပ်နိုင်ပေသည်။ ဤသည်မှာ အကုန်လုံး သဘောတူလက်ခံထားသည့် အချက်တစ်ချက် ဖြစ်သည်။

သို့သော်ငြား ဤလောကကြီးတွင် တေဇောဓာတ်အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားသည့်လူ ဘယ်လောက်များများ ရှိလို့ပါနည်း။ ရှိသည့်လူများထဲတွင်ကော ဆေးပညာနှင့် ပန်းပဲပညာ၌ ပါရမီပါသည့်လူ ဘယ်လောက်များ ရှိလို့နည်း။

ဤဆေးစံအိမ်ထဲရှိ ရာနှင့်ချီသော ဆေးပညာရှင်များထဲတွင် တေဇောဓါတ်အသိစိတ်ပင်လယ်ကို ပိုင်ဆိုင်ထားသည့် ဆေးပညာရှင်တစ်ဦးပင် ရှိမနေခဲ့ချေ။ ကျိုးထဲပင်လျှင် အပါအဝင်ဖြစ်သည်။ ရန်ကိုင်တစ်ဦးတွင်သာ တေဇောဓာတ်အသိစိတ်ပင်လယ် ရှိနေခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ဆေးဖော်စပ်နေပြီဆိုပါက အလွန်ကိုမှ တည်ငြိမ်နေတတ်သော ကျိုးထဲပင်လျှင် ထိုစကားကို ကြားလိုက်သည့်အခိုက် ခေါင်းမော့ပြီး ရန်ကိုင့်ဆီသို့ လှမ်းကြည့်လာခဲ့လေသည်။ သို့သော်လည်း မကြာခင်တွင် ရန်ကိုင့်အား အာရုံစိုက်မနေတော့ဘဲ သူ့အလုပ်ကိုသာ သူပြန်အာရုံစိုက်နေလိုက်သည်။

ဆေးဖော်စပ်ရာတွင် အခြားကိစ္စတစ်ခုအပေါ် အာရုံစိုက်၍ မရမှန်း သူကောင်းကောင်းသိသည်။ အခြားသူများကို အာရုံစိုက်နေလျှင် ဆေးဖော်စပ်ခြင်း ကျရှုံးသွားနိုင်ပေသည်။

တေဇောဓာတ်အသိစိတ်ပင်လယ်ရှိတော့ရော ဘာဖြစ်လဲ။ ဒီလူအိုကြီးက နှစ်တစ်ထောင်လောက် ဆေးဖော်စပ်လာတာ။ တေဇောဓာတ်အသိစိတ်ပင်လယ် ပိုင်ဆိုင်ထားတဲ့သူ များများစားစား မရှိဘူးဆိုပေမယ့် ရှိတဲ့သူတိုင်းကလည်း ဘယ်သူမှ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် မဖြစ်သေးဘူး။ ဒါပေမယ့် ဒီလူအိုကြီးက တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်ဖြစ်နေပြီ။ အဲ့တော့ မင်းမှာရှိတော့ရော ဘာဖြစ်လဲ ကျိုးထဲသည် စိတ်ထဲ ကြိတ်ကာ တွေးလိုက်လေသည်။

“ငါ့လခွမ်း…” ကျန်းရွှမ်မှာတော့ အံကြိတ်ပြီးတော့သာ ကျိန်ဆဲနေလေ၏။ သူ့ကဲ့သို့ ပါရမီရှင်ဆေးပညာရှင်တစ်ဦးတွင် တေဇောဓာတ်အသိစိတ်ပင်လယ် ရှိမနေဘဲ ရန်ကိုင့်တွင်မှ သွားရှိနေသည့်အကြောင်းကို တွေးလိုက်ရုံဖြင့် ကျန်းရွှမ် အလွန်ကိုမှ အစာမကြေ ဖြစ်လာခဲ့လေသည်။

ရန်ကိုင်တွင် ရှိနေသေးသော တန်ခိုးရှင်ဘုရင်အဆင့် ဆေးမီးဖိုအကြောင်းကိုပါ ပြန်စဉ်းစားမိလိုက်သော် ကျန်းရွှမ် အလွန်ကိုမှ မနာလို ဖြစ်သွားခဲ့လေသည်။

“ငါ့မှာသာ တေဇောဓါတ်အသိစိတ်ပင်လယ် ရှိနေရင် ကျိန်းသေ ဆရာအဆင့်ကို ရောက်မှာ၊ မဟုတ်ဘူး ဆရာကိုတောင် ကျော်တက်သွားနိုင်သေးတယ်” ယခုမှပဲ ရန်ကိုင်ဘာကြောင့် အလွန်မာနတကြီး ပြုမူနေမှန်းကို ကျန်းရွှမ်နားလည်သွားတော့သည်။

“ဒီကောင့်ကြည့်ရတာ သူ့တေဇောဓာတ်အသိစိတ်ပင်လယ်ကို တော်တော်ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်တဲ့ပုံပဲ။ ဒါ့ကြောင့်မို့လို့ ဆေးပင်တွေ အကုန်လုံးကို ဆေးမီးဖိုထဲ တစ်ခါတည်း ပစ်ထည့်လိုက်တာကိုး။ ဒီကောင်သာ သူ့တေဇောဓာတ်အသိစိတ်ပင်လယ်ကို အပိုင်းပိုင်းခွဲလိုက်နိုင်မယ်ဆိုရင် မီးအပူချိန်ကို ထိန်းချုပ်ဖို့က လွယ်သွားပြီ။ သူ့လိုတန်ခိုးရှင်ဘုရင် ဒုတိယအဆင့်ကျင့်ကြံသူ တစ်ယောက်အတွက်တော့ ဒါကကလေးကစားစရာပဲ ဖြစ်နေမှာ။”

သူထင်သည့်အတိုင်းပင်။ ရန်ကိုင်မှ တေဇောဓာတ်အသိစိတ်ပင်လယ်ကို အသက်သွင်းလိုက်သည်နှင့် အိုင်းအောင်သည်လည်း တစ်ခုခုကို နားလည်သွားခဲ့လေသည်။ သူ့မျက်နှာထက်ရှိ စိုးရိမ်မှုတို့သည် ဒီရေပြန်ကျသွားသည့်အလား လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့လေသည်။

တေဇောဓာတ်အသိစိတ်ပင်လယ် ရှိနေသည့် အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် မြေမီးတောက်ရဲ့စွမ်းအားကို ဆွဲယူသုံးနေစရာ မလိုတော့ချေ။ ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် အမျှင်တန်းပေါင်း များစွာအဖြစ်သို့ ကွဲထွက်သွားသည်ကို အိုင်းအောင် ခံစားမိလေသည်။

အမျှင်တန်းတစ်ခုချင်းစီ၏ သိပ်သည်းဆမှာလည်း တစ်ခုနှင့်တစ်ခု မတူညီကြပေ။ ထို‌တေဇောဓာတ်အသိစိတ်ပင်လယ် စွမ်းအင်အမျှင်တန်းလေးများသည် ဆေးမီးဖိုထဲသို့ စီးဝင်သွားပြီး ဆေးပင်အသီးသီးကို ရစ်ပတ်ကာ ဆေးအရည်ဖြစ်အောင် စတင်သန့်စင်တော့လေသည်။

တေဇောဓာတ်အသိစိတ်ပင်လယ်ကိုသုံး၍ သန့်စင်ရာမှ ဖြစ်ပေါ်လာသော ဆေးအရည်သည် မြေမီးတောက်ကိုသုံးပြီး ရလာသည့်ဆေးအရည်ထက် ပို၍သန့်စင်ပေသည်။ ခရမ်းမူလဆေးမီးဖိုထဲရှိ ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် စဉ်ဆက်မပြတ် ပြောင်းလဲနေပြီး အမျိုးမျိုးသော အစီအရင်တို့သည်လည်း ဆေးမီးဖိုထဲ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေကြောင်းကို အိုင်းအောင် သေချာခံစားမိလေ၏။

ထိုအချိန်အတောအတွင်း ရန်ကိုင်သည် လက်ကွက်များစွာကို စဉ်ဆက်မပြတ် ဖန်တီးနေခဲ့လေသည်။ သူ့လက်ကွက်များမှာ မြန်လည်းမမြန်သလို မျက်စိပသာဒလည်း မဖြစ်သော်ငြား အတော်လေးကိုတော့ ဆန်းကြယ်နေခဲ့သည်။ သူလုပ်နေသည့် လက်ကွက်များသည် ဤကြယ်စီရင်စုကြီးထဲတွင် ပေါ်မလာခဲ့ဖူးသည့် လက်ကွက်များ ဖြစ်ပေသည်။

ထိုအချိန်အတောအတွင်း ကျုန်းအောင်သည် ရန်ကိုင့်အား အပြည့်အဝ အာရုံစိုက်ထားခဲ့လေသည်။ သူသည်အိုင်းအောင်နှင့် မတူညီချေ။ အိုင်းအောင်သည် ဆေးပညာရှင်တစ်ဦး မဟုတ်သည့်အတွက် အပေါ်ယံလောက်ကိုသာ မြင်နိုင်သည်။

သို့သော် ကျုန်းအောင်မှာတော့ ထိုကဲ့သို့မဟုတ်။ သူသည် တန်ခိုးရှင်အဆင့်မြင့် ဆေးပညာရှင်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်၏ ပြောင်းလဲသွားသော တေဇောဓာတ်အသိစိတ်ပင်လယ်စွမ်းအား၊ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသော အစီအရင်များနှင့် ရန်ကိုင်၏ အမျိုးမျိုးပြောင်းလဲနေသော လက်ကွက်များကို ကြည့်ရင်း ရန်ကိုင် ထုတ်သုံးနေသည့် နက်နဲဆန်းကြယ်သော ဆေးပညာနည်းလမ်းကို ထိုးထွင်းသိမြင်နိုင်လေသည်။

ကျုန်းအောင်သည် ရန်ကိုင့်ကိုကြည့်ရင်း အတွေးနက်နေခဲ့သည်။ တစ်ချိန်တည်းတွင် သူ့မျက်လုံးထဲရှိ အရောင်အဝါမှာ တဖြည်းဖြည်း စတင်ပြောင်းလဲ လာခဲ့လေသည်။ ရန်ကိုင် ဆေးဖော်စပ်သည်ကို ကြည့်နေလေ ကြည့်နေလေ သူပို၍ အတွေးနက်လာလေပင်။ ရန်ကိုင်ဆေးဖော်စပ်သည်ကို ကြည့်နေရင်းမှ အချိန်အတော်ကြာအောင် သူမစဉ်းစားနိုင်ခဲ့သည့် သံသယများနှင့် မေးခွန်းတို့၏ အဖြေတို့သည် တစတစ အဖြေထွက်ပေါ်လာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၁၀)

ဆေးစံအိမ်၏ ကိုးလွှာမြောက်၌… ရန်ကိုင်သည် ခရမ်းမူလဆေးမီးဖို၏အဖုံးကို တင်းတင်းကြပ်အောင် ပိတ်ထားသည့်အတွက် ဆေးမီးဖိုထဲတွင် ဘာတွေဖြစ်နေသလဲ ဆိုသည်ကို မည်သူမှ မမြင်နိုင်ကြသလို ဆေးမီးဖိုထဲမှ အသံများကိုလည်း မကြားနိုင်ကြပေ။

ထို့ကြောင့် ငါးရာသောဆေးပညာရှင်တို့သည် ရန်ကိုင့်အား အာရုံစိုက်မနေကြတော့ဘဲ ကျိုးထဲကိုသာ ပြန်အာရုံစိုက်လိုက်ကြသည်။ ရန်ကိုင် ဆေးဖော်စပ်နေသည့် ပုံစံကို မြင်မှ မမြင်နိုင်လေရာ ဆက်ကြည့်နေလို့ကော သူတို့အတွက် ဘာအကျိုးရှိပါမည်နည်း။

တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦး ဆေးဖော်စပ်နေသည်ကို မြင်ရဖို့သည် ကြုံတောင့်ကြုံခဲလှသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ သူတို့သာ ဤအခွင့်အရေးကို တန်ဖိုးမထားလျှင် တစ်ဘဝလုံး နောင်တရနေပေလိမ့်မည်။

ထို့အပြင် ဆေးဝိဇ္ဇာကျိုးထဲသည် အလွန်ကိုမှ မာနကြီးသည့်သူ တစ်ယောက်ဖြစ်သည်ဟု ကောလဟာလများက ပြောကြသည်။ ပုံမှန်အားဖြင့် ထိုဆေးပညာရှင်များ လူကိုယ်တိုင် သွားတွေ့လျှင်ပင် ဆေးဝိဇ္ဇာကျိုးထဲသည် သူတို့အား လက်ခံတွေ့ဆုံလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ရန်ကိုင့်ကျေးဇူးကြောင့် သူတို့သည် ယနေ့တွင် ဆေးဝိဇ္ဇာကျိုးထဲ ဆေးဖော်စပ်နေသည်ကို အနီးကပ်မြင်ခွင့် ရခဲ့လေသည်။

ထိုအကြောင်းကို စဉ်းစားမိလိုက်သည့်အခါ လူပေါင်းများစွာတို့သည် ရန်ကိုင့်အား ကြိတ်ပြီးကျေးဇူးတင်မိ သွားကြလေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင့်အပေါ်လည်း သနားစိတ်လည်း ဖြစ်မိသွားသည်။ ရန်ကိုင့်တွင် တေဇောဓာတ်အသိစိတ်ပင်လယ် ရှိနေလျှင်ပင် ဘာအရေးနည်း။ သူယှဉ်ပြိုင်နေရသည့်လူမှာ ဝါရင့်သမ္ဘာရင့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်သည်။

ဤသို့ဖြင့် အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့လေသည်။ အစပိုင်းတွင် ဆေးပညာရှင်များသည် ကျိုးထဲ၏ အံ့ဩဖွယ်ရာ ဆေးစွမ်းရည်ကိုကြည့်ရင်း အာမေဋိတ်သံပြုလိုက် အချင်းချင်း ဆွေးနွေးလိုက် လုပ်နေကြသည်။

သို့သော် အချိန်ကြာလာသည်နှင့် မည်သူမှ ဆက်ပြီး စကားမပြောကြတော့ဘဲ ဆေးဝိဇ္ဇာကျိုးထဲ ဆေးဖော်စပ်နေသည်ကိုသာ သေချာအာရုံစိုက် လေ့လာနေကြတော့၏။ ဆေးဝိဇ္ဇာကျိုးထဲ ဆေးဖော်စပ်နေသည်ကို ကြည့်ရင်းမှ ဆေးပညာရှင်တို့သည် အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြလေသည်။

သို့သော်လည်း ယခုအချိန်သည် ထိုအကျိုးကျေးဇူးများကို အသုံးချရန်အချိန် မဟုတ်သေးချေ။ နောက်ပိုင်း အားသွားသည့်အခါမှသာ သူတို့နားလည်ထားသည့်အကြောင်းအရာအသစ်များကို ပြန်စဉ်းစားပြီး လက်တွေ့အသုံးချရန် ကြိုးစားကြရပေလိမ့်မည်။

မကြာမီတွင် ကျိုးထဲ၏ဆေးမီးဖိုဆီမှ ဆေးသင်းရနံ့တို့ ပျံ့လွင့်လာခဲ့လေသည်။ ဆေး၏ရနံ့မှာ ခပ်သင်းသင်းလေးပင်။ ကျိုးထဲ၏လှုပ်ရှားမှုများကို စောင့်ကြည့်နေသော ကျန်းရွှမ်သည် အလွန်ကိုမှ စိတ်လှုပ်ရှားလာခဲ့လေသည်။ ကျိုးထဲကို ကြည့်ရင်းမှ အောင်ပွဲသည် သူတို့လက်ထဲသို့ ရောက်နေသည့်အလား‌ လှောင်ပြောင်လိုသည့် အမူအရာဖြင့် ရန်ကိုင်အား လှမ်းလှမ်းကြည့်နေခဲ့လေသည်။

ရန်ကိုင်သည် တေဇောဓာတ်အသိစိတ်ပင်လယ်ကို ထုတ်ဖော်ပြီးချိန်မှစ၍ သူ့ဆီမှ မည်သည့်ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုကိုမှ မတွေ့ရတော့ကြောင်းကို ကျန်းရွှမ် တွေ့ရှိလိုက်ရသည်။ မသိလျှင် ရန်ကိုင် ဆေးမဖော်စပ်နေသည့် ပုံစံအတိုင်းပင်။ ထိုအချက်သည် သူ့အား ရန်ကိုင့်ကိုပို၍ အထင်သေးသွားစေခဲ့လေသည်။

ရန်ကိုင် ဤပြိုင်ပွဲကို ရှုံးနိမ့်သွားပြီး ကျိုးထဲ၏အစေခံ ဖြစ်လာမည့်အကြောင်းကိုပင် သူစဉ်းစားနေခဲ့လေပြီ။ ကျိုးထဲ၏ တပည့်ဖြစ်သည့်အလျောက် သူ့အဆင့်အတန်းသည် အစေခံတစ်ဦး၏ အဆင့်အတန်းထက် ပိုမြင့်မည်မှာ လုံးဝဥဿုံ သေချာပေသည်။

သူတို့သာ အတူတူနေရမည်ဆိုလျှင် သူ့အနေဖြင့် ရန်ကိုင့်အား အမိန့်ပေးနိုင်ပေလိမ့်မည်။ ဒါပေမယ့်သူက တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်ဆိုတော့ ငါသာသူ့ကို စွတ်ပြီး အမိန့်တွေပေးနေရင် ရှက်ရှက်နဲ့ငါ့ကိုလာပြီး တိုက်ခိုက်နေမှ ပြဿနာတက်ဦးမယ်။ ငါသူ့ကို နည်းနည်းတော့ မျက်နှာသာပေးရမှာပေါ့။ ကြည့်ရတာ ငါသူ့ကို ငါ့အခန်းကို သန့်ရှင်းရေးလုပ်ခိုင်းလို့ပဲ ရမယ်နဲ့တူတယ်။ ဒါပေမယ့်ဒီကောင်က ဆေးပညာနည်းနည်း တတ်ထားတာဆိုတော့ ငါ့လက်ထောက်တော့ လုပ်ခိုင်းလို့ရတယ်။ ဟုတ်တယ် အဲ့လိုပဲလုပ်ခိုင်းရမယ်

ထိုအကြောင်းများတွေးရင်း ကျန်းရွှမ် အလွန်ကိုမှ ပျော်နေခဲ့လေသည်။ သူ့စိတ်ထဲ ဤပြိုင်ပွဲကြီးကိုပင် မြန်မြန်ပြီးစေချင်နေ၏။ ဤသို့ဖြင့် မျက်တောင်တစ်ခတ်အတွင်း နှစ်ရက် ကုန်ဆုံးသွားခဲ့လေသည်။

လက်ရှိတွင် ကျိုးထဲ၏ပုံစံမှာ ယခင်ကကဲ့သို့ သားသားနားနားပင် ရှိမနေတော့။ သူ့တစ်ကိုယ်လုံး ချွေးသီးချွေးပေါက်များဖြင့် စိုရွှဲနေခဲ့သည်။ ထိုချွေးသီးချွေးပေါက်များမှာလည်း မြေမီးတောက်မှ ထွက်နေသည့်အပူချိန်ကြောင့် အငွေ့ပျံကုန်ကြလေရာ ကျိုးထဲ၏ပုံစံမှာ အလွန်ကိုမှ ဖရိုဖရဲဖြစ်နေလေသည်။

သို့သော်လည်း မည်သူမှသူ့အား သွားမလှောင်ပြောင်ခဲ့။ အကြောင်းမှာ ကျိုးထဲသည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည့်အတွက်ကြောင့် ဖြစ်သည်။ ထို့အပြင် သူသည် အသက်လည်းတော်တော်လေး ကြီးနေလေပြီ။ ဤအသက်အရွယ်၊ ဤကျင့်ကြံခြင်းဖြင့် နှစ်ရက်ဆက်တိုက် ဆေးဖော်စပ်ရပြီးနောက် ဤကဲ့သို့ ဖြစ်သွားရသည့်အပေါ် သူတို့ မလှောင်ပြောင်ရက်ပေ။

ကျိုးထဲပုံစံမှာ သိပ်အဆင်ပြေနေသည့်ပုံစံ ပေါက်မနေခဲ့သော်လည်း သူ့မျက်လုံးများမှာတော့ စိတ်လှုပ်ရှားမှုဖြင့် အရောင်တလက်လက် တောက်နေခဲ့၏။ ကျိုးထဲဘက်တွင် ပြောင်းလဲမှုတို့ကို စတင်တွေ့မြင်နေရပြီ ဖြစ်သော်လည်း ရန်ကိုင့်ဘက်မှာတော့ မည်သည့် ပြောင်းလဲမှုကိုမှ မမြင်တွေ့ရသေးချေ။

ရုတ်တရက် ကျိုးထဲ၏ခန္ဓာကိုယ် တုန်တက်သွားပြီး ချက်ချင်းပဲ လက်ကွက်များစွာကို ဖန်တီးလိုက်လေသည်။ အကုန်လုံး စိတ်လှုပ်ရှားလာခဲ့ကြသည်။

“ဒါဆေးဝိဇ္ဇာကျိုးထဲရဲ့ ဆေးသိပ်သည်းတဲ့ နည်းစနစ်ပဲ”

“အဲ့ဒါ ကြာနီနတ်ဖမ်းလက် နည်းစနစ်မလား။ အဲ့နည်းလမ်းက ရှေးခေတ်က ဆေးသိပ်သည်းခြင်း နည်းစနစ်တွေထက်တောင် ပိုကောင်းတယ်တဲ့”

“ငါလည်း အဲ့လိုလက်ကွက်မျိုး တစ်ခါဖန်တီးဖူးတယ်။ ဒါပေမယ့် ငါဖန်တီးတဲ့ဟာက ဆေးဝိဇ္ဇာကျိုးထဲရဲ့ လက်ကွက်နဲ့ ယှဉ်လိုက်ရင် အမှိုက်သာသာပဲ ရှိတော့တယ်”

“ဒီဆေးသိပ်သည်းခြင်း နည်းစနစ်က ဆေးဝိဇ္ဇာကိုယ်တိုင် ဖန်တီးထားတာလေ။ ဘယ်လိုလုပ်ပြီး မင်းဖန်တီးထားတဲ့နည်းစနစ်နဲ့ သွားယှဉ်နေရတာလဲ။”

ဆေးပညာရှင်လူအုပ်ကြီး ချက်ချင်း စိတ်အားတက်ကြွလာခဲ့လေသည်။ အကုန်လုံးသည် တစ်ချက်ကလေးမှ လွတ်မသွားရလေအောင် ကျိုးထဲ၏ လက်ကွက်များကို ပြူးပြဲကာ စိုက်ကြည့်နေခဲ့ကြသည်။

ကျိုးထဲ၏လက်များသည် လိပ်ပြာလေးများနှယ် ကခုန်၍ ဆေးမီးဖိုအား မကြာခဏ လာလာထိရိုက်နေခဲ့သည်။ ဆေးမီးဖိုကို သူတစ်ကြိမ်ထိလိုက်တိုင်း ထိလိုက်သည့်နေရာတွင် အနီရောင်ကြာပန်းတစ်ပွင့် ပေါ်လာလေသည်။

ထို့နောက် ထိုအနီရောင်ကြာပန်းသည် အလင်းစက်ကလေးများအဖြစ်သို့ ပြောင်းလဲသွားပြီး ဆေးမီးဖိုထဲသို့ စိမ့်ဝင်သွားလေသည်။ ဤသည်မှာ ကျိုးထဲကိုယ်တိုင် ဖန်တီးထားသည့် ကြာနီနတ်ဖမ်းလက် နည်းစနစ်ပင် ဖြစ်လေသည်။

ကျိုးထဲသည် ဆေးမီးဖိုအား တစ်ချက်ပြီးတစ်ချက်နှင့် စုစုပေါင်း ၈၁ချက်တိတိ ထိရိုက်ခဲ့သည်။ ဆေးမီးဖိုအား နောက်ဆုံးအကြိမ် ထိရိုက်လိုက်ပြီးနောက် တဝီဝီမြည်သံတို့ ဆေးမီးဖိုဆီမှ ထွက်ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် ဆေးမီးဖိုဆီမှ ထွက်ပေါ်နေသော သင်းပျံ့ပျံ့ဆေးရနံ့သည် ရုတ်ချည်းဆိုသလို အဆပေါင်းများစွာ ပိုမို အားကောင်းခဲ့လေသည်။

“ဆေးဝိဇ္ဇာ ဆေးဖော်စပ်တာ ပြီးသွားပြီလား။” တစ်ယောက်ယောက်က အလန့်တကြား ထအော်လိုက်သည်။ သူတို့အားလုံးသည် ဆေးပညာရှင်များ ဖြစ်သည့်အလျောက် ဤမြင်ကွင်းနှင့် အလွန်ရင်းနှီးနေခဲ့လေသည်။

ဤပုံစံသည် ဆေးလုံးတစ်လုံးအား အောင်မြင်စွာ ဖော်စပ်သန့်စင်ပြီးနောက် ဖြစ်ပေါ်လာသည့် မြင်ကွင်းမျိုးဖြစ်သည်။

ဆေးမီးဖိုမှ ထွက်ပေါ်လာသောအသံနှင့် လေထဲပျံ့လွင့်လာသော ဆေးသင်းရနံ့အရ ယခုတစ်ကြိမ် ဆေးဝိဇ္ဇာကျိုးထဲ၏ ဆေးဖော်စပ်ခြင်းအမှုသည် ပြီးပြည့်စုံစွာ ပြီးမြောက်သွားခဲ့ပြီမှန်း အကုန်လုံး ပြောနိုင်ကြ၏။

“ဆေးဝိဇ္ဇာကျိုးထဲဆိုတဲ့ အတိုင်းပဲ။ တန်ခိုးရှင်ဘုရင် အလယ်အလတ်အဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်ဖို့ နှစ်ရက်ပဲကြာလိုက်တယ်။ ဒါ့ကြောင့်ပဲ ဆေးဝိဇ္ဇာကျိုးထဲက ကြယ်စီရင်စုကြီးတစ်ခုလုံးမှာ နံပါတ်တစ် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် ဖြစ်နေတာ။”

ရုတ်တရက် ကျိုးထဲ၏အမူအရာ လေးနက်သွားပြီး ဆေးမီးဖိုအား ခပ်ပြင်းပြင်း ရိုက်ချလိုက်သည်။ ဆေးမီးဖိုအဖုံး ပွင့်ထွက်သွားပြီးနောက် အပြာရောင်အလင်းတန်းတစ်ခုသည် မီးဖိုအတွင်းမှ အလွန်လျင်မြန်သည့်နှုန်းဖြင့် ပျံထွက်လာခဲ့လေသည်။ သို့သော်လည်း ကျိုးထဲသည် ထိုအတွက် ပြင်ဆင်ထားပြီးသားပင်။

အပြာရောင်အလင်းတန်းကို ဆတ်ခနဲလှမ်းဖမ်းလိုက်ပြီး အသင့်ပြင်ထားသည့် ကျောက်စိမ်းပုလင်းထဲသို့ ပစ်ထည့်လိုက်သည်။ အကုန်လုံး၏အကြည့်သည် ဆေးပုလင်းဆီသို့ ရောက်လာခဲ့သည်။ ထို့နောက် ကျိုးထဲသည် မတ်တပ်ရပ်၍ ရယ်မော့တော့လေသည်။ သူ့ပုံစံမှာ အလွန်ကိုမှ ဖရိုဖရဲဖြစ်နေသော်လည်း မျက်နှာတစ်ပြင်လုံးမှာတော့ နီကြင့်ကြင့်ဖြစ်နေခဲ့လေ၏။

“တန်ခိုးရှင်ဘုရင် အလယ်အလတ်အဆင့် ဆေးလုံးတစ်လုံးကို နှစ်ရက်အတွင်း ပြီးမြောက်အောင် ဖော်စပ်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ် ဆေးဝိဇ္ဇာ။ ကြည့်ရတာ ဆေးဝိဇ္ဇာက တန်ခိုးရှင်ဘုရင် အလယ်အလတ်အဆင့်ကိုရောက်ဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့တယ်နဲ့တူတယ်။”

“ဟုတ်တယ်။ ဝိဉာဏ်အရင်းအမြစ် အားဖြည့်ဆေးက တန်ခိုးရှင်ဘုရင် အလယ်အလတ်အဆင့် ဆေးလုံးပဲ။ တန်ခိုးရှင်ဘုရင်ပထမအဆင့်ကို ရောက်နေတဲ့ အခြားဆေးပညာရှင်တစ်ဦး လာဖော်စပ်မယ်ဆိုရင်တောင် ဒီလောက်လွယ်လွယ် ဖော်စပ်နိုင်မှာ မဟုတ်ဘူး။ ကြည့်ရတာ ဆေးဝိဇ္ဇာက တကယ်ကြီး တန်ခိုးရှင်ဘုရင် အလယ်အလတ်အဆင့်ကို ရောက်တော့မယ့်ပုံပဲ။” “ဆေးဝိဇ္ဇာဆိုတဲ့အတိုင်းပါပဲလားကွာ။ ငါ့အရည်အချင်းက သူနဲ့ယှဉ်လိုက်ရင် ဘာမှကို မဟုတ်တော့ဘူး။”

ဆေးပညာရှင်များ တစ်ယောက်တစ်ပေါက် စတင်ပြောဆိုကြတော့လေသည်။ အချို့သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ကျိုးထဲအား ဖားယားကြသလို အချို့မှာတော့ ကျိုးထဲအား ရိုးရိုးသားသား ဂုဏ်ပြုစကား သွားပြောကြလေသည်။

လူအုပ်ကြီးဆီမှ အမျိုးမျိုးသော စကားသံများကို ကြားနိုင်ပေသည်။

ကျိုးထဲသည် ပြုံးလျက် ကျောက်စိမ်းပုလင်းကို လက်ထဲကိုင်၍ လူအုပ်ကြီးဘက်သို့လှည့်၍ ပြောလိုက်လေသည်။ “အားလုံးကိုကျေးဇူးတင်ပါတယ်။ တကယ်တော့ ဒီလူအိုကြီးက မင်းတို့ထက် ရှေ့နည်းနည်း ပိုရောက်နေရုံပါပဲ။ မင်းတို့တွေကလည်း လက်ရွေးစင် ဆေးပညာရှင်တွေပဲကို။ မင်းတို့ရဲ့ အနာဂတ်အောင်မြင်မှုတွေက ဒီလူအိုကြီးအောက် နိမ့်ကျမှာမဟုတ်ဘူး။”

တန်ခိုးရှင်ဘုရင် အလယ်အလတ်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်ခဲ့သည့်အတွက် ကျိုးထဲ အလွန်ကိုမှ စိတ်ပျော်နေခဲ့သည်။ ထို့ကြောင့် သူ့စကားပြောပုံသည် လုံးဝကို သိမ်မွေ့ချောမွတ်နေခဲ့လေသည်။

“ဆရာ၊ တပည့် ဆရာဖော်စပ်ထားတဲ့ဆေးလုံးကို တစ်ချက်လောက် ကြည့်လို့ရမလား။” အဖားအယားကျွမ်းသော ကျန်းရွှမ်သည် ချက်ချင်းပဲ ရှေ့တက်ပြောလိုက်လေသည်။

“ရတယ်လေ” ကျိုးထဲသည် ဆေးပုလင်းကို ကျန်းရွှမ်ဆီသို့ လှမ်းပစ်ပေးလိုက်လေသည်။

ကျန်းရွှမ်သည် ဆေးပုလင်းကို တယုတယဖမ်းလျက် အဖုံးကိုဖွင့်ကာ အထဲရှိ ဝိဥာဉ်အရင်းအမြစ်အားဖြည့်ဆေးကို ကြည့်ကြည့်လိုက်သည်။ ထို့နောက် အလွန်ကိုမှ အံ့အားသင့်သွားသည့် လေသံဖြင့် “ဆေးဝိဇ္ဇာဆိုတဲ့အတိုင်းပဲ ဆရာ ဖော်စပ်လိုက်တဲ့ဆေးလုံးတွေက တကယ့်ကို ထိပ်တန်းအဆင့်တွေချည်းပဲ။ ဆေးလုံးကဝိုင်းပြီး ကြည်လင်နေတာပဲ။ အဲ့ဒါ ဆေးစွမ်းအင်တွေက အထဲမှာ စုနေလို့ဖြစ်ရမယ်။ အရည်အသွေးတစ်ခုထဲကို ကြည့်ပြီး ပြောမယ်ဆိုရင်တောင် ဒီဆေးလုံးက ထိပ်တန်းအဆင့်ထဲကို ပါနေပြီ။ နောက်တစ်ဆင့်သာ ထပ်တက်နိုင်မယ်ဆိုရင်တော့ ဆေးသွေးကြောပါတဲ့ ဆေးလုံးဖြစ်သွားတော့မှာ”

ကျန်းရွှမ်ပြောသည်ကို ကြားပြီးနောက် ဘေးနားတွင် ရပ်နေသော ဆေးပညာရှင်အားလုံး၏ အမူအရာ ထူးဆန်းသွားကြလေသည်။

တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်နေတာနဲ့တောင် အထင်ကြီးဖို့ကောင်းနေတာကို မင်းက ဆေးသွေးကြောပါ ထပ်လိုချင်နေသေးတယ်။ ကြယ်စီရင်စုကြီးထဲမှာ ဒီနှစ်သောင်းချီအတွင်း ဘယ်သူမှ ဆေးသွေးကြောပါတဲ့ တန်ခိုးရှင်ဘုရင်အဆင့်ဆေးလုံးကို မဖော်စပ်နိုင်သေးဘူးဆိုတာ မင်းမသိတာလား

သို့သော်လည်း အကုန်လုံးသည် စိတ်ထဲတွင်သာ တွေးနေကြခြင်းဖြစ်ပြီး အပြင်သို့ ထုတ်မပြောခဲ့ကြချေ။ ချက်ချင်းဆိုသလို အကုန်လုံး၏အကြည့်သည် ကျန်းရွှမ်လက်ထဲရှိ ဆေးပုလင်းဆီသို့ ရောက်လာခဲ့သည်။

ကျန်းရွှမ်လည်း ထိုဆေးပညာရှင်များ ဘာလိုချင်သလဲဆိုသည်ကို မသိဘဲနေမည်နည်း။ သူ့ဆရာကို လှမ်းကြည့်လိုက်သည့်အခိုက် ကျိုးထဲက ခေါင်းငြိမ့်ပြသည်ကို မြင်သော် ဆေးပုလင်းကို ဆေးပညာရှင်များလက်ထဲသို့ ထည့်ပေးလိုက်လေသည်။

ဆေးပုလင်းထဲရှိဆေးလုံးကို မြင်သွားသည့် ဆေးပညာရှင်တိုင်း ကျိုးထဲ၏ဆေးစွမ်းရည်ကို တဖွဖွချီးကျူးကြလေသည်။ ကျိုးထဲသည် ဤကဲ့သို့သောဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်သည့်အပေါ် အလွန်ကိုမှ ဂုဏ်ယူနေခဲ့လေသည်။ ဝမ်းသာလွန်းနေသည့်အတွက် သူ့ရုပ်ရည်မှာ နှစ်တစ်ရာလောက် ပြန်ငယ်သွားသလားဟုပင် ထင်မှတ်ရလေသည်။

“အဖိုး ပြီးတာကတော့ ဟုတ်ပါပြီ။ ဟိုကောင်ကရော…” ကျိုးလင်က ရုတ်တရက်မေးလိုက်လေသည်။

“သွားကြည့်ကြတာပေါ့” ကျိုးထဲကပြုံးလျက် ပြောလိုက်သည်။

ကျန်းရွှမ်ကလည်း ပြုံးလျက် လက်နှစ်ဖက်ကိုပွတ်ရင်း “ဆရာမသိလို့။ ဆရာဆေးဖော်စပ်နေတာကိုကြည့်ရင်း တပည့်က အဲ့ကောင်ကို တောက်လျှောက်ကို စောင့်ကြည့်နေခဲ့တာ။ အစကတော့ သူ့မှာ တေဇောဓာတ်အသိစိတ်ပင်လယ် ရှိနေလို့ သူ့ဆေးစွမ်းရည်က မြင့်မယ်မှတ်နေတာ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ…”

“ကံမကောင်းစွာနဲ့ဘာလဲ။”

“ကံမကောင်းစွာနဲ့ သူ့မှာ တေဇောဓာတ်အသိစိတ်ပင်လယ်ပဲ ရှိတာ။ ဘာမှရှိတာမဟုတ်ဘူး” ကျန်းရွှမ်က ရယ်မောလျက် ပြောလိုက်၏။

ထိုအခါ ကျိုးထဲကပြုံးလျက် ပြစ်တင်ကြိမ်းမောင်းဟန်ဖြင့် “မင်းလူတိုင်းကို လိုက်အထင်သေးနေလို့ မရဘူးကွ။ တေဇောဓာတ်အသိစိတ်ပင်လယ်ဆိုတာ ငါတို့လို ဆေးပညာရှင်တွေအတွက် အရမ်းအသုံးဝင်တယ်။ သူလည်းအဲ့အချက်ကို မသိဘဲမနေလောက်ဘူး။ သူတကယ် ဆေးပညာရှင်တစ်ဦး ဖြစ်ချင်ဖြစ်နေမှာ။”

“ဆရာပြောတာ အမှန်ပဲ။ ဒါပေမယ့် သူဆေးပညာရှင်တစ်ဦး ဖြစ်နေမယ်ဆိုရင်တောင် ဆရာ့ကို မှီမှာမို့လို့လား” ကျန်းရွှမ်က ပြန်ပြောလိုက်သည်။

ထိုအခါ ကျိုးထဲက ဂုဏ်ယူဝံ့ကြွားစွာပြုံးလျက် လက်ဝှေ့ယမ်းကာ ပြောလိုက်လေသည်။ “မင်းမြင်တဲ့အတိုင်းပဲ ဒီနေ့ခေတ် လူငယ်တွေက…..” ပြောရင်းဆိုရင်းနဲ့မှ ကျိုးထဲသည် ရန်ကိုင့်ရှေ့သို့ ရောက်လာခဲ့လေသည်။

“ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်လိုက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ် ဆေးဝိဇ္ဇာ။” ပြိုင်ပွဲအား လက်ခံကျင်းပပေးနေသူတစ်ဦး ဖြစ်သည့်အလျောက် ခေါင်းဆောင်အိုင်းအောင်သည် ရန်ကိုင့်ဘက်တွင် ရပ်နေမည် ဖြစ်သော်လည်း ကျိုးထဲကိုတော့ ဂုဏ်ပြုပေးရပေဦးမည်။

အခြားဆေးပညာရှင်များ ပြောနေသည်ကို ကြားရသလောက် ကျိုးထဲသည် ဝိဥာဉ်အရင်းအမြစ်အားဖြည့်ဆေးကို အောင်မြင်စွာ ဖော်စပ်လိုက်နိုင်သည့်ပုံပင်။

လက်ရှိတွင် သူ့စိတ်ခံစားချက်သည် အလွန်ကိုမှ ရှုပ်ထွေးနေခဲ့သည်။

ဝိဥာဉ်အရင်းအမြစ်အားဖြည့်ဆေးကို အောင်မြင်စွာ ဖော်စပ်လိုက်နိုင်သည့်အတွက် ကုပီဟူကို ကယ်တင်နိုင်တော့မည် ဖြစ်သည့်အတွက်ကြောင့် အိုင်းအောင် အလွန်ကိုမှ ပျော်သွားခဲ့ရသည်။ သို့သော် အခြားတစ်ဖက်က ကြည့်ပြန်လျှင်လည်း ထိုဆေးလုံးအတွက်ကြောင့် ရန်ကိုင်၏ နှစ်နှစ်ထောင်လွတ်လပ်ခွင့်မှာ ဆုံးရှုံးရပေတော့မည်။

ရန်ကိုင်သာ ရှုံးသွားခဲ့လျှင် သူလည်း စိတ်အေးလက်အေးဖြင့် နေနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် အိုင်းအောင်အနေဖြင့် ဝမ်းပဲသာရမလား၊ ဝမ်းပဲနည်းရမလား ဝေခွဲရ ခက်နေတော့၏။

သူ့စိတ်ထဲတွင်တော့ မှော်ဆန်ဆန်ဖြစ်ရပ်တစ်ခု ဖြစ်လာပြီး ဝိဥာဉ်အရင်းအမြစ်အားဖြည့်ဆေးကို ရန်ကိုင် အောင်အောင်မြင်မြင် ဖော်စပ်နိုင်ပါစေဟုသာ ဆုတောင်းနေမိတော့သည်။

“ကျုပ်ကပဲ ခေါင်းဆောင်အိုင်းအောင်ကို ဂုဏ်ပြုပေးရမှာပါ။” ပြောပြီးနောက် ကျိုးထဲသည် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ ကျန်းရွှမ်သည် အလိုက်တသိပင် ဆေးပုလင်းကို ကျိုးထဲလက်ထဲသို့ ထည့်ပေးလိုက်သည်။

ကျိုးထဲသည် ဆေးပုလင်းကိုရပြီးနောက် အိုင်းအောင်လက်ထဲသို့ ပြန်ထည့်ပေးလိုက်၏။ “ဒီမှာ ခေါင်းဆောင်အိုင်းအောင်လိုနေတဲ့ ဝိဥာဉ်အရင်းအမြစ် အားဖြည့်ဆေး။ ဒါနဲ့ဆို သခင်မကု အဆင်ပြေသွားလောက်မှာပါ။”

အိုင်းအောင်ကအားတင်းပြုံးလျက် “အခုလို ကူညီပေးတဲ့အတွက် ဆေးဝိဇ္ဇာကို ကျေးဇူးအများကြီး တင်ပါတယ်။”

“ငါ့တာဝန်ပဲလေ။ ငါက ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ဧည့်အကြီးအကဲပဲဟာကို။ ခေါင်းဆောင်အိုင်းအောင်ရဲ့မိန်းမ သခင်မကု ဒုက္ခရောက်နေတဲ့အချိန်မှာ ငါကဘယ်လိုလုပ်ပြီး ရပ်ကြည့်နေလို့ ဖြစ်ပါ့မလဲ” ကျိုးထဲက ပြန်ပြောလိုက်သည်။

ကျိုးထဲ၏ပြောပုံကိုကြည့်ရင်း အိုင်းအောင်ထဆဲချင်စိတ်သာ ပေါက်လာခဲ့လေသည်။ ခွေးအိုကြီးက အခုမှ သူတော်ကောင်းယောင် လာဆောင်နေတယ်။ ဖော်စပ်ပေးချင်ရင် အစကတည်းက ဖော်စပ်ပေးလိုက်ပါလား။ ငါ့လခွမ်းမို့လို့ ငါ့သမီး မင်္ဂလာကိစ္စနဲ့ လာအကြပ်ကိုင်နေတာလား… မအေဘေး။ တကယ်ကိုသောက်ရှက်မရှိတဲ့ကောင်

All Chapters