အခန်း (၁၉၁၁-၁၉၁၅)
Vol. 77 Ch. 1911-1915
အပိုင်း (၁၉၁၁)
အိုင်းအောင်သည် စိတ်ထဲတွင် ကျိန်ဆဲနေလိမ့်မည် ဖြစ်သော်လည်း မျက်နှာအမူအရာမှာတော့ ပြုံးပြုံးပင်။ သူ့လက်ရှိခွန်အား၊ အဆင့်အတန်းနှင့် ဖြတ်သန်းလာခဲ့ရသည့် အတွေ့အကြုံများအရ သူ့ရှေ့တွင် တောင်တစ်လုံးပြိုကျ လာလျှင်ပင် မျက်နှာ အမူအရာ တစ်ချက်ပျက်မသွားဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် နေနိုင်ပေသည်။
“အဟမ်း ခေါင်းဆောင် အိုင်းအောင် ကျုပ်ဆရာကတော့ ဆေးဖော်စပ်လို့ပြီးသွားပြီ၊ ဒီက တစ်ယောက်ကရော” ကျန်းရွမ်သည် လူအုပ်ထဲမှ ထွက်လာပြီး ရန်ကိုင့်ကို ညွှန်ပြကာ မေးလိုက်လေသည်။
ယခင်ကဆိုလျင် သူ့အနေဖြင့် ရန်ကိုင့်အား ဒီက တစ်ယောက်ဟု သုံးနှုန်းရဲလိမ့်မည်မဟုတ်ပေ။ သူသည် တန်ခိုးရှင်အဆင့် ဆေးပညာရှင်တစ်ဦးသာဖြစ်ပြီး ရန်ကိုင်သည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ သူ့အနေဖြင့် ရန်ကိုင့်အား ထိုကဲ့သို့ သွားခေါ်ရန် အရည်အချင်း မပြည့်မှီပေ။
သို့သော်လည်း ယခုအခြေအနေမှာ ဆုံးဖြတ်ပြီးနေလေပြီ။ သူ့အနေဖြင့် သူ့ဆရာ၏ အစေခံတစ်ဦး ဖြစ်လာမည့် သူတစ်ဦးအား ဆက်ပြီး ယဉ်ကျေးနေစရာ မလိုချေ။
“သူ့ကြည့်ရတာ ပြီးသေးတဲ့ပုံမပေါ်ဘူး” အိုင်းအောင်က မှုတ်ကုတ်ကုတ် အမူအရာဖြင့် ပြန်ပြောလိုက်သည်။
ထိုအခါက ကျန်းရွမ်က ပြုံးလျက် “ခေါင်းဆောင် အိုင်းအောင်၊ ကျုပ်ထင်တာကတော့ သူမပြီးသေးတာ မဟုတ်ဘဲ မအောင်မြင်တာပဲ ဖြစ်ရလိမ့်မယ်၊ နှစ်ရက်တောင်ရှိတော့မယ်။ အခုထိ ဆေးနံ့ ထွက်မလာသေးတာကိုပဲကြည့်”
ကျန်းရွမ်ပြောမှပဲ ရာနှင့်ချီသော ဆေးပညာရှင်များသည် ထိုအချက်ကို သတိပြုမိသွားကြသည်။ ရန်ကိုင် ဆေးဖော်စပ်နှုန်း မည်မျှပင် နှေးကွေးနေစေကာမူ သူဆေးဖော်စပ်နေသည်မှာ နှစ်ရက်ပင်ရှိနေလေပြီ။ ထိုကြောင့် ထိုနှစ်ရက်အတွင်း ဆေးဖော်စပ်လို့ မပြီးသေးလျှင်ပင် အနည်းဆုံး ဆေးနံ့ကတော့ ထွက်လာသင့်ပေသည်။
သို့သော်လည်း ယခုမူ ဆေးရနံ့လေးပင် မထွက်လာသေး။ ထို့ကြောင့် ရန်ကိုင် ဆေးဖော်စပ်ခြင်းနှင့် ပတ်သတ်၍ တစ်ခုခုမှားနေခြင်းသာ ဖြစ်ရပေလိမ့်မည်။
“သူပြောတာမှန်တယ်” အနားတွင်ရပ်နေသော ကျုန်းအောင်က ပြောလိုက်လေသည်။
အိုင်းအောင်သည် မင်းက ဘယ်ဘက်ကလဲ ဟုမေးနေသော အမူအရာမျိုးဖြင့် ကျုန်းအောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
“ကျုပ်က အမှန်အတိုင်းပဲပြောနေတာ” ကျုန်းအောင်က ထပ်ပြောလိုက်သည်။
အိုင်းအောင် ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့လေသည်။ ထိုဆေးပညာရှင်များသည် သူတို့၏ ဆေးလမ်းစဉ်အပေါ် အလွန်ကိုမှ သစ္စာစောင့်သိကြသည့် သူများဖြစ်သည်။
ရင်းနှီးသည့် မိတ်ဆွေအတွက်ဆိုလျင်ပင် ဆေးတာအိုကိုတော့ လုံး၀ ပုတ်ခတ်ခြင်း မပြုချေ။ ခေါင်းဆောင် အိုင်းအောင်မှာတော့ မည်သို့ ပြန်ပြောလို့ ပြောရမှန်းပင် မသိတော့ချေ။
သူသည် ဆေးပညာအကြောင်း တစ်လုံးမှ မသိလေရာ မည်သို့များသွားပြီး မှတ်ချက် ပေးရမည်နည်း။
“ဆေးရနံ့ထွက်မလာသေးဘူး ဆိုပေမဲ့ မီးတူးနံ့လည်း ထွက်မလာသေးဘူး၊ ဆိုလိုတာက ရန်ကိုင့် ဆေးမီးဖိုထဲက ဆေးပင်တွေက အကောင်းတိုင်း ရှိနေသေးတယ်လို့ ပြောလိုက်တာပဲ” ရုတ်တရက် ရွှယ့်ယွယ်က ၀င်ပြောလိုက်လေသည် “အဲ့တော့သူဆေးဖော်စပ်တာ မကျရှုံးသေးဘူးလို့ ပြောလို့ရတယ်၊ ဟုတ်တယ်မလား”
ကျန်းရွမ် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့လေသည်။
သူမည်သို့ ပြန်ပြောရမှန်း မသိတော့ချေ။ ရွှယ့်ယွယ် ပြောသည်မှာ မှန်ပေသည်။ လက်ရှိတွင် ရန်ကိုင့်ဆေးမီးဖိုမှ မည့်သည့်ဆေးရနံ့မှ ထွက်မလာသေးသလို မည်သည့် မီးတူးနံ့မှလည်း ထွက်မလာခဲ့ချေ။
ထို့ကြောင့် ရန်ကိုင်၏ ဆေးမီးဖိုထဲ ဘာတွေများ ဖြစ်နေသလဲ ဆိုသည်နှင့် ပက်သက်၍ အကုန်လုံး ခေါင်းရှုပ်ကုန်ကြလေသည်။
“ပြီးတော့ အစကတည်းက ဒီပြိုင်ပွဲက အချိန် အကန့်အသတ် မရှိဘူးလို့ ဆေးဝိဇ္ဇာကိုယ်တိုင်က ပြောထားပြီးသား။ အခုမှ နှစ်ရက်ပဲရှိသေးတာ၊ ဘာလို့ဒီလောက် စိတ်မရှည်ဖြစ်နေကြတာလဲ”
“အချိန်အကန့်အသတ် မရှိဘူးလို့ ဆရာပြောသွားတာတော့ ဟုတ်ပါတယ်” ကျန်းရွမ် မျက်မှောင်ကြုတ်ပြီး ပြန်ပြောလိုက်လေသည် “ဒါပေမဲ့ ဒီကောင်သာ ဒီအတိုင်း ဆက်ပြီး ဆေးဖော်စပ်နေရင် ငါတို့ တစ်သက်လုံး ထိုင်စောင့်နေရတော့မှာပေါ့။ အဲ့အခါကျ အနိုင်အရှုံးကို ဘယ်လိုခွဲတော့မှာလဲ”
ထိုသို့ပြောရင်းမှ တစ်ခုခုကို နားလည်သွားအလား ကျန်းရွမ်သည် ပေါင်ကို လက်ဖြင့်ရိုက်၍ “ငါနားလည်သွားပြီ၊ ဒီကောင် ဘာကြံနေလဲဆိုတာ ငါနားလည်သွားပြီ၊ သူ့အကြံက ဆေးမီးဖိုထဲ ဆေးပင်တွေ အကုန်လုံးကို ပစ်ထည့်ပြီး ငါတို့ သူပြီးမယ့်အချိန်ကို မစောင့်နိုင်အောင် အချိန်ဆွဲဖို့ပဲ”
ကျန်းရွမ်၏ ပြောဆိုချက်မှာ ခန့်မှန်းချက်တစ်ခုသာ ဖြစ်သော်ငြား အကုန်လုံးသည်လည်း ကျန်းရွမ်ပြောသည်မှာ ဖြစ်နိုင်ချေ ရှိသည်ဟု တွေးလိုက်ကြလေသည်။
“ဆေးဝိဇ္ဇာက သူ့အဆင့် အတန်းကြောင့်သာ အချိန်အကန့်အသတ်မရှိဘူးလို့ ပြောလိုက်တာ၊ ရန်ကိုင်သာ အဲ့အချက်ကို အခွင့်ကောင်းယူရင် ဒီပြဿနာကနေ လွတ်ရင် လွတ်လောက်တယ်၊ ဘယ်သူကများ သူဆေးဖော်စပ်နေတာကို နှစ်နှစ်၊ သုံးနှစ်၊ လေးငါးနှစ်လောက်ကြာအောင် ထိုင်စောင့်နိုင်မှာလဲ၊ သူ့လို သူ့လို တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး အတွက်ကတော့ ဒီအချိန်အနည်းငယ်လောက်က ဘာမှ မပြောပလောက်ပေမယ့် အခြားသူတွေအတွက်တော့ အဲ့လို မဟုတ်ဘူး
ကျန်းရွမ်းစကားကို ကြားပြီးနောက်တွင် ရန်ကိုင် ဘာကြံနေသလဲ ဆိုတာကို ဆေးပညာရှင်များအားလုံး နားလည်သွားကြသည်။ အကုန်လုံးသည် ရန်ကိုင့်အား မကျေနပ်သည့် အမူအရာများဖြင့် စိုက်ကြည့်လာကြသည်။
“ကိုယ့်အကြောင်းကိုယ်မသိဘဲ ဆေးဝိဇ္ဇာနဲ့လည်း လာပြိုင်သေးတယ်။ ပြိုင်လို့ မနိုင်ပြန်တော့ ဒီလို အောက်တန်းကျတဲ့ ကလိမ်ကျစ်နည်းလမ်းကို သုံးပြန်ရော။ အဲ့လိုမှန်းသိရင် အစကတည်းက မပြိုင်ပါနဲ့လား… သူဆေးဖော်စပ်နေတာကို စောင့်နေရတဲ့လူတွေက သောက်ရူးတွေကိုဖြစ်လို့။ တကယ် ရွံဖို့ကောင်းတဲ့ကောင်”
ချက်ချင်းဆိုသလို တန်ခိုးရှင်အဆင့် ဆေးပညာရှင်တစ်ဦးသည် ခေါင်းဆောင် အိုင်းအောင်ဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ “ခေါင်းဆောင်အိုင်းအောင် ကျေးဇူးပြုပြီး ကျွန်ုပ်တို့ကို ဖြေရှင်းချက်ပေးပါ၊ ဆေးဝိဇ္ဇာကျန်း ပြောတဲ့အတိုင်းဆို ကျုပ်တို့ ဒီတိုင်း ရပ်ကြည့်နေလို့ မဖြစ်ဘူးနော်”
“ဟုတ်တယ်၊ ဆေးတာအိုကို ဘယ်သူမှ စော်ကားလို့မရဘူး၊ ဒီကောင့်လုပ်ပုံက ဆေးတာအိုကို စော်ကားနေတာ။ ဒါ ကြယ်စင်စုကြီးမှာရှိနေတဲ့ ဆေးပညာရှင်တွေကို စော်ကားလိုက်တာပဲ။ သူ့လုပ်ရပ်က ဘယ်လိုမှ သည်းခံပေးလို့မရဘူး”
“ခေါင်းဆောင်အိုင်းအောင်ကို တရားမျှတအောင် လုပ်ပေးဖို့ တောင်းဆိုပါတယ်”
“ခေါင်းဆောင် အိုင်းအောင်သာ ကျွန်ုပ်တို့ ကျေနပ်မယ့် ဖြေရှင်းချက်မျိုး မပေးဘူးဆိုရင် ကျွန်ုပ်တို့ အခုချက်ချင်း ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့ကနေ ထွက်သွားလိုက်တော့မှာ”
ဆေးပညာရှင်အများစုသည် ခေါင်းဆောင် အိုင်းအောင်ဆီမှ စတင်ဖြေးရှင်းချက် တောင်းကြလေတော့သည်။ ထိုဆေးပညာရှင်များသည် ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်သော အိုင်းအောင်ကိုပင် မကြောက်ကြတော့ချေ။
အိုင်းအောင်လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားလေသည်။ သူသာ ဤကိစ္စကို ကောင်းကောင်း မကိုင်တွယ်နိုင်လျင် ဟုန်းဟော့ ကုန်သွယ်ရေးအတွက် ပြဿနာ အကြီးကြီး တက်မည်မှန်း သိနေသည်။
ထိုဆေးပညာရှင်များကို ခေါ်ယူရန်အတွက် သူတို့ဟုန်းလော့ ကုန်သွယ်ရေးမှ ငွေပမာဏ မြောက်များစွာ အသုံးပြုခဲ့ရသည်။ ထိုဆေးပညာရှင်များထဲ သူတို့ ဟုန်းလော့ကုန်သွယ်ရေးမှ ပြုစုပျိုးထောင်ပေးထားသည့် ဆေးပညာရှင် တစ်ဦးမှ မပါပေ။
သူတို့ချုပ်ဆိုထားသော စာချုပ်ထဲတွင် ထို ဆေးပညာရှင်များသည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှ ကြိုက်သည့်အချိန် ထွက်သွားလို့ရသည် ဟူသော သဘောတူညီချက် ပါလေသည်။ သူတို့အတွက်က ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှ ထွက်သွားရလျှင်ပင် ကိစ္စမရှိ။ အခြားအဖွဲ့အစည်းတစ်ခုထဲ သွား၀င်၍ ရပေသည်။ သူတို့အား လက်ကမ်းကြိုဆိုနေမည့် အဖွဲ့အစည်း အများကြီးပင်။
ထိုမြင်ကွင်းကို ကြည့်ရင်း ကျန်းရွမ်မှာတော့ ပြုံးဖြီးဖြီး ဖြစ်နေခဲ့သည်။ သူ သာမန်ကာလျှံကာ ပြောလိုက်သည့် စကားတစ်ခွန်းသည် ဤကဲ့သို့သော မြင်ကွင်းမျိုး ဖြစ်လာစေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကျိုးထဲရော သူရော ထိုမြင်ကွင်းကို ကြည့်ရင်း ၀မ်းသာ အားရ ဖြစ်နေခဲ့ကြသည်။
ကျန်းရွမ်သည် ကျိုးထဲအား လှမ်းကြည့်လိုက်သည့်အခါ ကျိုးထဲသည် သူ့အား ချီးကျူးသည့် အမူအရာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ကျန်းရွမ် ချက်ချင်းဘဲ ခါးကိုကော့၊ ရင်ကိုမော့ထားလိုက်လေ၏။
“ခေါင်းဆောင် အိုင်းအောင်၊ သူ့လုပ်ရပ်က သိသာနေတာပဲကို ကျေးဇူးပြုပြီး ကျွန်ုပ်တို့ကို ဖြေရှင်းချက် ပေးပါတော့”
အချိန်အတော်ကြာသည့်တိုင် ခေါင်းဆောင် အိုင်းအောင်က ဘာမှပြန်မပြောတော့ ဆေးပညာရှင်များက တွန်းအားပေးလိုက်ကြသည်။ မျက်မှောင်ကြီးကြုတ်အောင် ခနကြာအောင် စဉ်းစားနေပြီးနောက်တွင် အိုင်းအောင်က ဆေးပညာရှင်များအား ပြန်ပြောလိုက်လေသည် “ရန်ကိုင် တမင်သက်သက် အချိန်ဆွဲနေတာလို့ မင်းတို့အားလုံး ယုံကြတာလား၊ မင်းတို့တစကယ်ကြီး ဒီလောက်မြန်မြန် ဆုံးဖြတ်ချက် ချလိုက်တာလား၊ ဒီဘုရင်ကတော့ ငါတို့ နဲနဲလောက် ထပ်စောင့်သင့်သေးတယ်လို့ ထင်တာပဲ”
“ဘာတွေထပ်စောင့်နေသေးစရာ လိုသေးလို့လဲ” တစ်ယောက်ယောက်က မကျေမနပ်ဖြင့် ပြန်ပြောလိုက်လေသည်။
ထိုစဉ် ကျိုးထဲက ၀င်ပြောလိုက်သည် “အကုန်လုံး ကျေးဇူးပြုပြီး ငြိမ်ငြိမ်လေး နေပေးကြပါ၊ ခေါင်းဆောင် ပြောတာ အမှန်ပါပဲ။ ဒီလူအိုကြီး ကိုယ်တိုင်ကပဲ အချိန် အကန့်အသတ် မရှိဘူးလို့ ပြောခဲ့တာဆိုတော့ နည်းနည်းလောက် ဆက်စောင့်ကြည့်ကြတာပေါ့”
ကျိုးထဲ ထိုသို့၀င်ပြောလိုက်သောအခါ ဆေးပညာရှင်များမှာ စိတ်မငြိမ်သွားကြပဲ ပို၍ပင် ဒေါသထွက်လာကြလေသည်။ သူတို့အမြင်တွင် ရန်ကိုင်သည် ဆေးဝိဇ္ဇာအား သူနှင့် မပြိုင် ပြိုင်အောင် တွန်းအားပေးခဲ့သူဖြစ်သည်။ ကျိုးထဲမှ သူ့ကမ်းလှမ်းချက်ကို လက်ခံပြီး တကယ်တမ်း ပြိုင်သည့်အခါတွင်လည်း မဟုတ်တရုတ် နည်းလမ်းသုံးကာ အချိန်ဆွဲနေပြန်လေ၏။ သူ့လိုလူမျိုးသည် တကယ်ပင် သေသင့်ပေသည်။
“ဆေးဝိဇ္ဇာ အခုလို ကြင်နာမနေသင့်ဘူး” ဆေးပညာရှင်တစ်ဦးက ခေါင်းခါ၍ ၀င်ပြောလိုက်သည်
“ဆေးဝိဇ္ဇာသာ အခုလိုမျိုး ကြင်နာနေရင် တခြားသူတွေက ဆေးဝိဇ္ဇာရဲ့ ကြင်နာမှုကို အားနည်းချက်အဖြစ် အသုံးပြုသွားကြမှာ၊ ဒီကိစ္စက ဘယ်လိုမှ ဆက်ပြီး စောင့်လို့ ရတဲ့ ကိစ္စမဟုတ်ဘူး”
“ဟုတ်တယ်” တခြား ဆေးပညာရှင်တစ်ဦးက ၀င်ရောက် ထောက်ခံလိုက်လေသည်။ ထိုဆေးပညာရှင်သည် ပထမဦးဆုံး စ စကားပြောခဲ့သည့် ဆေးပညာရှင်ဖြစ်သည်။
သူသည် အခြားမဟုတ် သင်္ချိုင်းကုန်း ခြေတစ်ဖက် လှမ်းနေပြီး မျက်နှာတစ်ပြင်လုံး အရေးကြောင်းများဖြင့် ပြည့်နေသော လူအိုကြီးဖြစ်သည်။ ထိုလူအိုကြီးသည် အိုင်းအောင်အား တည့်တည့်စိုက်ကြည့်၍ စကားပြောလိုက်လေသည် “ခေါင်းဆောင် အိုင်းအောင်၊ ကျုပ်ပြောမယ်ဗျာ၊ သူ့ကိုပဲ အရင်ကြည့်ကြည့်လိုက်၊ ဆေးဖော်စပ်နေတဲ့ ဆေးပညာရှင်တွေ သူ့လောက် အေးအေးဆေးဆေး ဖြစ်နေတာ မြင်ဖူးလား၊ ဆေးဝိဇ္ဇာ ကျိုးထဲလို လူတောင် နှစ်ရက်ဆက်တိုက် ဆေးဖော်ပြီးတာနဲ့ တစ်ခါထဲ အားပြတ်သလို ဖြစ်သွားတာ၊ ဒါပေမယ့် ဒီကောင့်ကြည့်ကြည့်စမ်း မျက်လုံးလေးပိတ်ပြီး အေးအေးဆေးဆေး တရားတောင် ထိုင်နေလိုက်သေးတယ်၊ ပြီးတော့ ဒီကောင့်ဆီက ဘာ သူတော်စင်ချီစွမ်းအင်လှိုင်းမှ မခံစားရဘူး၊ သူ့ဆီမှာ တေဇောဓာတ် အသိစိတ်ပင်လယ် ရှိတယ်လို့ လာမပြောနဲ့၊ ဒီကောင် တေဇောဓာတ်ပင်လယ်ကို သုံးနေတဲ့ အရိပ်အယောင်လည်း လုံးဝ မတွေ့ရဘူး၊ သူအခုလုပ်နေတဲ့ ပုံစံက အချိန်ဆွဲတာ မဟုတ်လို့ဘာလဲ၊ ခေါင်းဆောင်အိုင်းအောင် ခင်များ ဘက်လိုက်လို့မရဘူးနော်၊ ခင်များ ဘက်လိုက်ရင် ကျုပ် တော်တော် စိတ်ပျက်သွားမှာ”
အိုင်းအောင်၏ မျက်နှာကြီး မှုန်ကုတ်သွားလေသည်။
နောက်ဆုံး မတတ်နိုင်သည့် အဆုံး ခေါင်းမော့၍ ဟင်းလင်းပြင်ထဲ လှမ်းကြည့်လိုက်လေသည်။ ယခု ကိစ္စကို လုံထျန်းရှန်မှ ၀င်ဖြေရှင်းပေးပါစေဟု ဆုတောင်းနေမိ၏။ သို့သော်လည်း လုံထျန်းရှန်သည်လည်း ဤကိစ္စ၌ ၀င်ပါမည့်ပုံ မပေါ်။
ဒေါသထွက်နေသော လူအုပ်ကြီးအား စိတ်ငြိမ်အောင် မည်သို့လုပ်ရမည်မှန်း စဉ်းစားနေစဉ်မှာပင် အနီးအနားဆီမှ နှာခေါင်းရှုံ့သံ တစ်သံ ထွက်ပေါ်လာခဲ့လေသည်။ လူအုပ်ကြီးလည်း အံ့အားသင့်သွားပြီး အသံကြားရာစီသို့ လှည့်ကြည့်လိုက်သောအခါ တခြားသူမဟုတ်ဘဲ ရန်ကိုင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
လက်ရှိတွင် ရန်ကိုင်သည် လူအုပ်ကြီးအား တပြုံးပြုံးဖြင့် စိတ်၀င်တစား လှမ်းကြည့်နေခဲ့သည်။
“ရောင်ရင်း မင်းလှည့်ကွက်တွေ ကုန်သွားပြီလား” ကျန်းရွမ်က ရန်ကိုင့်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
ရန်ကိုင်သည် ဆေးမဖော်စပ်ဘဲ ဆေးပင်များကို ဆေးမီးဖိုထဲသို့ ဒီတိုင်းသာ ပစ်ထည့်ထားခြင်း ဖြစ်ရမည်ဟု ယုံကြည်နေပေသည်။ ထို့ကြောင့် စကားကို နည်းနည်းလေးမှ ထိန်းမပြော။ မေးမေးချင်းကို ရန်စကားဖြင့် တန်းမေးလိုက်သည်။
“ငါ့ ဘယ်လှည့်ကွက်တွေက ကုန်သွားရမှာလဲ” ရန်ကိုင်က ကျန်းရွမ်ကို ကြည့်လိုက်သည်။
“အဲ့ဒါကိုတော့ မင်းအသိဆုံးပေါ့”
“ကောင်လေး မင်းဘာရယ်နေတာလဲ” ကျိုးထဲသည် မျက်လုံး မှေးစင်းလျက် ရန်ကိုင့်အား ကြည့်ကာ မေးလိုက်လေသည်။
“ကျုပ်ဘာရယ်တာလဲ ဟုတ်လား၊ ခင်များတို့ရဲ့ နုံချာမှုကို ကြည့်ပြီး ရယ်နေတာလေ”
“မင်း ဘာပြောလိုက်တာလဲကွ” ဆေးပညာရှင်အားလုံး ဒေါသပုန် ထသွားကြလေသည်။ သူတို့ ဆေးပညာရှင် ဖြစ်လာသည့် သက်တမ်းတစ်လျောက် မည်သူမှ သူတို့အား ဤကဲ့သို့ အထင်တသေး မဆက်ဆံခံရဖူးချေ။
“ငါဘာပြောလိုက်တာလဲ ဟုတ်လား။ ငါက မင်းတို့ အားလုံးကို ဘာမှမသိတဲ့ကောင်တွေလို့ ပြောလိုက်တာလေ” ရန်ကိုင်သည် လူအုပ်ကြီးကို အထင်အမြင်တသေးဖြင့် စိုက်ကြည့်၍ ပြောလိုက်လေသည်။
“ဆေးပညာရှင်တစ်ယောက် ဆေးဖော်စပ်တာနဲ့ လုံး၀ကို ပင်ပန်းရမယ်။ မပင်ပန်းလို့မရဘူး… မပင်ပန်းရင် ဆေးဖော်စပ်တာ မဟုတ်ဘူးလို့ မင်းတို့ကို ဘယ်သူပြောတာလဲ၊ ဆေးဖော်စပ်နေတဲ့အချိန် မျက်လုံးမှိတ်ပြီး တရားထိုင်လို့ မရဘူးလို့ကော ဘယ်သူက ပြောတာလဲ၊ ဆေးဖော်စပ်တိုင်း ဆေးနံ့ထွက်ရမယ်လို့ရော မင်းတို့ကို ဘယ်သူပြောတာလဲ” ရန်ကိုင်သည် မေးခွန်းပေါင်းများစွာကို တရစပ်တည်း မေးလိုက်လေသည်။
“မင်းဘာပြောချင်နေတာလဲ”
“ငါဘာမှပြောနေတာမဟုတ်ဘူး” ရန်ကိုင်က နှုတ်ခမ်းလေး ကွေးလျက် ကျိုးထဲအား စိုက်ကြည့်ကာ “ကျုပ် ဆေးဝိဇ္ဇာကို တစ်ခု မေးပါဦးမယ်။ ဆေးဝိဇ္ဇာသာ ယွမ်အားဖြည့် ဆေးလုံးကို ဖော်စပ်မယ် ဆိုရင် အခုလိုမျိုး ချွေးတလုံးလုံးထွက်ပြီး အားကုန်ခါနီး ဖြစ်နေဦးမှာလား”
“ဟမ့် ဖြစ်စရာလား” ကျိုးထဲက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့ လိုက်လေသည်။
“ဟုတ်တယ်မလား၊ ခင်များ ယွမ်အားဖြည့် ဆေးလုံးကို ဖော်စပ်ရင် မပင်ပန်းတာက အဲ့ဆေးလုံးက ခင်ဗျားအတွက် အရမ်း အဆင့်နိမ့်နေလို့လေ၊ ခင်များ မျက်လုံးမှတ်ပြီးတောင် ဖော်စပ်လို့ရတယ်မလား၊ ခင်များမှာရှိတဲ့ သူတော်စင်ချီက အဲ့ဆေးလုံးကို ဖော်စပ်ဖို့ လောက်တာထက်တောင် အများကြီးပိုနေသေးတားကိုး၊ ဒီတော့ ခင်များ ဘယ်ပင်ပန်းပါ့မလဲ”
“ဒီတော့ မင်း ပြောချင်တာက မင်းအတွက် ဝိဉာဉ်အားဖြည့်ဆေးလုံးကို ဖော်စပ်ရတာက ဒီလူအိုကြီးအတွက် ယွမ်အားဖြည့် ဆေးလုံးကို ဖော်စပ်ရသလို လွယ်တယ်ပေါ့” ကျိုးထဲက မျက်မှောင်ကြီးကြုတ်လျက် ပြန်မေးလိုက်သည်။
“ဒါပေါ့” ရန်ကိုင်က ခေါင်းငြိမ့်ကာ ပြုံးပြလိုက်သည်။
“မဟုတ်တရုတ်တွေ”
“မင်းပါးစပ်ကို ပိတ်ထားလိုက်” ရန်ကိုင်သည် စကားပြောလိုက်သည့် လူဘက်သို့ လှည့်၍ ထအော်လေသည်။ “ဒီဘုရင်က မင်းတို့လို တန်ခိုးရှင်အဆင့် မဟုတ်ဘူး… တန်ခိုးရှင်ဘုရင် ဒုတိယ အဆင့်ကွ၊ ငါ့ သူတော်စင်ချီက မင်းတို့ထက် အဆပေါင်းများစွာ ပိုများတယ်၊ ငါဆေးဖော်စပ်နေတဲ့အချိန် ဘာလို့ မျက်လုံးပိတ်ပြီး ထိုင်နေလဲ သိလား။ ငါ့သူတော်စင်ချီ ကုန်သွားကို လုံး၀စိတ်ပူမနေလို့ဘဲကွ၊ ငါ့တေဇောဓာတ် ကိုလည်း မင်းတို့ အာရုံမခံနိုင်တာကလည်း မင်းတို့ ကိုယ်တိုင်ကကို အရမ်း အားနည်းနေလို့ပဲ၊ အဲ့တာကို ဘာမှမသိဘဲနဲ့ လာပြဿနာရှာဖို့ပဲ သိတယ်၊ မင်းတို့ကိုမင်းတို့ ဘာမှတ်နေတကြတာလဲ၊ သောက်ရမ်း တော်လွန်းနေတယ်လို့ ထင်နေကြတာလား”
ရန်ကိုင့် စကားကြောင့် ဆေးပညာရှင်အားလုံး ဆွံအသွားကြလေသည်။
ငါလခွမ်း ဒီကောင်ပြောတာလည်းဟုတ်တာပဲဟ”
ဆေးပညာရှင်များသည် ဆေးပညာရှင်များသာ ဖြစ်ကြသည်။ သူတို့ကြုံရသည့် ပြဿနာများကို ဆေးပညာ အယူအဆဖြင့်သာ ဖြေရှင်းကြပြီး သိုင်းပညာရှင်များ၏ ဘက်မှ တစ်ခါမှ လှည့်မတွေးခဲ့ဖူးချေ။ ယခု ရန်ကိုင်ပြောလိုက်သည့် စကားကို ကြားသည့် အခါမှပဲ ထိုအချက်ကို နားလည်သွားတော့သည်။ ထို့ကြောင့် ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်ကုန်ကြလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၉၁၂)
“မင်းက အမှန်ကို အမှားဖြစ်အောင် ပြောနေတာပဲ” ကျန်းရွမ်က ဒေါသတကြီး ထအော်လေသည်။
“ယွမ်အားဖြည့်ဆေးလုံးက ဘယ်လိုလုပ် ဝိဉာဉ်အရင်းအမြစ်အားဖြည့် ဆေးလုံးနဲ့ ယှဉ်လို့ရမှာလဲ”
“ဟုတ်တယ်… သူတော်စင်ဘုရင်အဆင့် ဆေးလုံးနဲ့ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးဆိုတာ ယှဉ်စရာကိုမရှိတာ” ဆေးပညာရှင်တစ်ဦးကလည်း ၀င်ပြောလိုက်သည်။
“ငါပြောချင်တာလည်း အဲ့ဒါပဲလေ။ ဆေးဝိဇ္ဇာကျိုးထဲက သူတော်စင်တတိယအဆင့်… ဒီဘုရင်က တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်… ငါတို့ နှစ်ယောက်မှာရှိတဲ့ သူတော်စင်ချီက ယှဉ်စရာကိုမရှိတာ” ရန်ကိုင်က မဲ့ပြုံး ပြုံးလျက် ပြန်လှောင်လိုက်သည်။
“ဒီကောင် ဉာဏ်ကောင်းလွန်းနေတယ်”
ဆေးပညာရှင်များ သက်ပြင်းသာ ချလိုက်လေသည်။
ဆေးပညာရှင်များသည် သူတို့ အရည်အချင်းကို အသက်ရှင်နေကြသူများ ဖြစ်ကြပြီး ပါးစပ်ကို သုံးကာ အသက်ရှင်နေကြသူများ မဟုတ်ကြချေ။
ထိုစဉ် ကျိုးထဲက ပြုံးလျက် ၀င်ပြောလိုက်လေသည် “စကားနဲ့က ဘာမှမဖြစ်ဘူး၊ အားလုံးကို ယုံစေချင်ရင် လက်တွေ့ သက်သေပြလိုက်။ အခုချိန်မှာတော့ မင်းဘာပြောပြော အသုံးမ၀င်ဘူး။ ငါတို့ကို ယုံစေချင်တယ်မလား။ ယုံစေချင်ရင် မင်းဘာ တတ်နိုင်လည်း ပြလိုက်လေ။ အဲ့အခါကျ အားလုံး ယုံလာလိမ့်မယ်”
“မင်းတို့က မြင်ချင်ကြတယ်ပေါ့” ရန်ကိုင်က လှောင်ပြုံး ပြုံးလျက် လူအုပ်ကြီးကို ကြည့်ကာ မေးလိုက်လေသည်။
“မင်းလှည့်ကွက် ပေါ်သွားမှာကို ကြောက်နေတာမလား” ကျန်းရွမ်က ပြန်လှောင် လိုက်လေသည်။
ရန်ကိုင်သည် လူအုပ်ကြီးကို လျစ်လျူရှု လျက် ခေါင်းဆောင်အိုင်းအောင်ဘက်သို့ လှည့်ကာ “ခေါင်းဆောင် အိုင်းအောင်၊ ခုနတုန်း ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့က ထွက်သွားမယ် ဆိုတဲ့လူတွေရဲ့ မျက်နှာကို မှတ်မိတယ်မလား၊ သူတို့ထွက်သွားရင် စာချုပ်ဖျက်သိမ်းကြေးပါ တစ်ခါထဲပေးလိုက်ဦးနော်၊ တော်ကြာ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းက ကပ်စေနည်း ပါတယ်ဆိုပြီး ဝေဖန်လေကန်နေကြဦးမယ်”
ထိုစကားကို ကြားသောအခါ အိုင်းအောင်မျက်နှာ ဒယ်အိုးဖင်နှယ် မဲမှောင်သွားခဲ့လေသည်။ ငါ့ဘာသာ အေးဆေးနေနေတာ… မင်းအရှုပ်ထုပ်ထဲ လာဆွဲမထည့်ပါနဲ့ကွာ
အိုင်အောင်၏ မျက်နှာအမူအရာကို မြင်ပြီးနောက် ရန်ကိုင်က ဝါးလုံးကွဲရယ်မောလျက် မတ်တပ်ရပ်ကာ အားလုံးဘက်လှည့၍ အော်ပြောလိုက်လေသည် “မင်းတို့က ဒီဘုရင်ရဲ့ ဆေးစွမ်းရည်ကို သံသယ ဖြစ်နေမှတော့ တကယ့် ဆေးပညာဆိုတာဘာလဲ မင်းတို့သိသွားအောင် ဒီဘုရင် ပြပေးရတာပေါ့”
ထိုသို့ပြောပြီးနောက် သူ့အမူအရာသည် ရုတ်ချည်း လေးနက်သွားခဲ့လေသည်။ ဆန်းကြယ်သည့် လက်ကွက်တစ်ခုကို ဖန်တီးလိုက်ပြီးနောက် ဆေးမီးဖိုဆီသို့ သူ့လက်ကို ဆန့်ထုတ်လိုက်၏။
ချက်ချင်းဆိုသလို လေထဲ၌ ရှုပ်ထွေးဆန်းကြယ်သည့် အစီအရင်တစ်ခု ပေါ်လာပြီး ခရမ်းမူလဆေးမီးဖိုထဲသို့ ပျံသန်း ၀င်ရောက်သွားလေသည်။
ခနအကြာတွင် နောက်ထပ် အစီအရင်တစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။ ထိုအစီအရင်သည်လည်း ခရမ်းမူလ ဆေးမီးဖိုထဲသို့သာ ၀င်သွားလေသည်။
တတိယ၊ စတုတ္ထ…
ပြောင်းလဲသွားသော ရန်ကိုင့် လက်ကွက်များနှင့်အတူ စိတ်ဝိဉာဉ် အစီအရင်များသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး လိပ်ပြာလေးများနှယ် လူးလွန့် ကခုန်ထဲ ဆေးမီးဖိုထဲသို့ ပျံသန်း ဝင်ရောက်သွားလေသည်။
“ဒါက ဆေးသိပ်သည်းတဲ့ နည်းစနစ်ပဲ၊ မဖြစ်နိုင်ဘူး၊ ဆေးသိပ်သည်းတဲ့ နည်းစနစ်ကို သုံးဖို့ဖို့ ဆေးအရည်တွေကို ပေါင်းစပ်ပြီးမှရမှာ။ ဒါပေမယ့် သူဆေးအရည်တွေကို ပေါင်းစပ်နေတာ ငါမတွေ့လိုက်ပါလား”
“ဟုတ်တယ်။ ဆေးအရည်ဖြစ်လာပြီ ဆိုတာနဲ့ ဆေးနံ့က စထွက်လာပြီ။ ဆေးမီးဖိုကို အလုံပိတ်ထားတယ် ဆိုရင်တောင် ဆေးနံ့က တစ်နည်းမဟုတ်တစ်နည်းနဲ့ စိမ့်ထွက်လာဦးမှာပဲ”
“အခု ဆေးအနံ့ နည်းနည်းလေးတောင်မရဘူးဆိုတော့ ဆေးအရည်တွေက မပေါင်းစပ်ရသေးလို့ပဲ၊ ဆေးအရည်တွေကို မပေါင်းစပ်ဘဲနဲ့ ဘယ်လိုလုပ် ဆေးလုံးဖန်တီးမှာလဲ”
“ဒါပေမဲ့ သူသုံးနေတာက ဆေးလုံးသိပ်သည်းတဲ့ နည်းစနစ်ကြီးနော်”
“မင်းအဲ့လိုနည်းစနစ်ကို မြင်ဖူးလား”
အကုန်လုံးသည် သူတို့ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း လုံး၀ကို နားမလည်နိုင် ဖြစ်နေကြသည်။ တစ်ယောက်ကို တစ်ယောက် မင်းအဲ့လို ဆေးလုံးသိပ်သည်းတဲ့ နည်းစနစ်ကို မြင်ဖူးလားဘာလား လိုက်မေးနေပြီး နောက်ဆုံးတွင် ထိုဆေးလုံးသိပ်သည်းသည့် နည်းစနစ်ကို သိသည့်လူ တစ်ယောက်မှ မရှိကြောင်း တွေ့ရှိလိုက်ရလေသည်။
ဤနည်းစနစ်သည် ကြယ်စင်စုကြီးထဲတွင်ရှိသည့် ဆေးသိပ်သည်းသည့် နည်းစနစ်များနှင့် လုံး၀ကို ကွဲပြားနေခဲ့သည်။ သို့ရာတွင် ဆေးပညာရှင်များမှာတော့ ဆေးပညာရှင်များ ဖြစ်နေကြဆဲ။
ရန်ကိုင် ယခု သုံးနေသည့် နည်းစနစ်ကို မမြင်ဖူးသည့်တိုင် ထိုနည်းစနစ်သည် အလွန်ကိုမှန်း အဆင့်မြင့်သည့် ဆေးလုံးသိပ်သည်းသည့် နည်းစနစ် တစ်ခု ဖြစ်ရမည်မှန်း အကုန်လုံး သဘောပေါက်လိုက်ကြလေသည်။ ရန်ကိုင် ဖန်တီးလိုက်သည့် အစီအရင်တစ်ခုချင်းစီသည် မိုးဒဏ် လေဒဏ်ကို ဖြတ်ကျော်လာခဲ့ရသော အဆောက်အဦး အိုကြီးတစ်လုံး၏ အရှိန်အဝါကို ပေးစွမ်းနေ၏။ ထို့ကြောင့် ဤနည်းစနစ်သည် ယခုခေတ်မှ မဖြစ်နိုင်ဘဲ ရှေးခေတ်မှ ကျန်ရစ်ခဲ့သော နည်းစနစ်တစ်ခုသာ ဖြစ်ရပေမည်ဟု ဆေးပညာရှင်များ ကောက်ချက်ချလိုက်ကြလေသည်။ ။
ဆေးပညာရှင်များသည် သူတို့ရှေ့ရှိ မြင်ကွင်းကိုကြည့်ရင်း ကိုယ်စီ ကိုယ်စီ အတွေးထဲ နစ်မြောသွားကြလေသည်။ မည်သူမှ စကားဆက် မပြောကြတော့။ ရန်ကိုင့်အား အဆက်အပြတ် လှောင်ပြောင်ပြောဆိုနေသော ကျန်းရွမ် ပင်လျင် အသံတိတ်နေခဲ့သည်။
ရန်ကိုင်၏ နည်းစနစ်ကို ခနကြာအောင် စောင့်ကြည့်ပြီးနောက်တွင် ကျန်းရွမ် ဉာဏ်အလင်း ပွင့်သွားခဲ့လေသည်။ ထို အဖြစ်အပျက်ကြောင့် ကျန်းရွမ် အလွန်ကိုမှ ထိတ်လန့် တုန်လှုပ်သွားခဲ့လေ၏။
သူ အံ့ဩချင်လည်း အံဩချင်စရာပင်။ သူ့ဆရာ ကျိုးထဲ အသုံးပြုသွားသော ကြာနီနတ်ဖမ်းလက် နည်းစနစ်ကို ကြည့်နေစဉ်ကပင် ဉာဏ်အလင်းမပွင့်ခဲ့။ ယခု ရန်ကိုင်သုံးနေသည့် နည်းစနစ်ကို ခနလေး ကြည့်လိုက်ရုံဖြင့် ဉာဏ်အလင်း ပွင့်သွားခဲ့သည်။
ဒီခွေးကောင် နည်းစနစ်က ငါ့ကို တစ်ကယ်ကြီး ဉာဏ်အလင်းပွင့်သွားအောင် လုပ်နိုင်တာပဲဟ၊ အခြားသူတွေ သိသွားလို့ မဖြစ်ဘူး၊ မဟုတ်ရင် ငါပဲ အရှက်ကွဲမှာ သူ့စိတ်ထဲ ထိုသို့တွေးနေခဲ့သော်လည်း ရန်ကိုင်ဆီမှ တစ်ချက်ကလေးပင် အကြည့်မခွာခဲ့ချေ။
တစ်ခုခုလွတ်သွားမည် စိုးသည့်အလား ရန်ကိုင်၏ လက်ကွက်များကို သေချာစောင့်ကြည့် လေ့လာနေခဲ့သည်။
အစပိုင်းတွင် ရန်ကိုင်၏ လက်ကွက်များမှာ နှေးနေခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း မြန်ဆန်လာခဲ့သည်။ နောက်ဆုံးတွင် ရန်ကိုင်၏ လက်များသည် လိပ်ပြာလေးများ ကခုန်နေသည့်အလား အလွန်တရာကိုမှ မြန်ဆန်လာခဲ့ကာ သာမန် မျက်စိဖြင့် အလျင်မီအောင် လိုက်မကြည့်နိုင်တော့သည် အထိ ဖြစ်လာခဲ့ပေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ဆေးပညာရှင်များသာမဟုတ်၊ ကျုန်းအောင်နှင့် ကျိုးထဲ တို့သည်လည်း ထိတ်လန့် အံ့အားသင့်နေခဲ့သည်။ ဆေးပညာအကြောင်း ဘာဆိုဘာမှ မသိသည့် ရွှယ့်ယွယ်နှင့် အိုင်းအောင် ပင်လျင် ထိုမြင်ကွင်းကိုကြည့်ရင်း မှင်သက် အံ့ဩနေကြလေသည်။
သို့တိုင် ထူးဆန်းနေသည့်အချက်မှာ အယုအချိန်ထိ မည်သည့် ဆေးနံ့မှ ထွက်မလာသေးခြင်း ပင်။
မြေကွက်လပ်ကျယ်ကြီးထဲတွင် ရန်ကိုင်သည် အလေးအနက် အမူအရာဖြင့် ရပ်နေခဲ့သည်။
သူ့မျက်နှာမှာ တည်ငြိမ်နေသော်လည်း ရန်ကိုင်သည် တတ်ကျွမ်းထားသည့် နည်းလမ်းအားလုံးကို အိတ်သွန်ဖာမှောက် အသုံးပြုနေခြင်း ဖြစ်သည်။
လက်ရှိတွင် ရန်ကိုင်သည် အစစ်အမှန်ဆေးပညာကျမ်းမှ လေ့လာခဲ့ရသော နည်းပညာ မှန်သမျှ၊ နည်းစနစ် မှန်သမျှကို အစွမ်းကုန် အသုံးချနေခဲ့သည်။ ယခုအချိန်တွင် ရန်ကိုင်၏ မျက်လုံးထဲ ဘာဆိုဘာမှ ရှိမနေတော့ဘဲ ဆေးပင်နှင့် ဆေးမီးဖိုသာ ကျန်ရှိတော့လေသည်။
ရုတ်တရက် ဆေးမီးဖိုမှ ထူးဆန်းသည့် အသံတစ်သံ ပျံ့လွှင့်လာခဲ့လေသည်။ တစ်ချိန်ထည်းတွင် ဆေးမီးဖို တစ်ခုလုံး ခရမ်းရောင် တောက်ပလာခဲ့၏။
ထိုအသံမှာ သိပ်မကျယ်သော်လည်း အကုန်လုံး၏ နားထဲ သေသေချာချာ ကြားလိုက်ရလေသည်။ အသံမှာ နာရီလက်တံ လည်နေသည့် အသံမျိုးပင်။
ထိုအသံကြောင့် ရန်ကိုင် ဆေးဖော်စပ်နေသည်ကို အာရုံစိုက်နေကြသည့် ဆေးပညာရှင်များ အံ့ဩတကြီး ဖြစ်ကုန်ကြလေ၏။ တစ်ယောက်ယောက်သည် သူတို့ နားနားသို့ကပ်၍ ဆေးတာအို၏ နက်နဲဆန်းကြယ်မှုများကို ရှင်းပြနေသည့်အလား ထူးဆန်းသည့် အသံတစ်သံကို သူတို့နားထဲ ကြားနေခဲ့ရသည်။
သိပ်မကြားရသည့်လူများမှာ သေချာကြားရအောင် အာရုံစိုက်နားထောင်ကြည့်လိုက်သော်ငြား ဘာမှတော့ ထူးမလာခဲ့ချေ။ တစ်ယောက် နှစ်ယောက်လောက် သည်သာ မျက်မှောင်ကြီးကျုံ့လျက် ရုတ်တရက် တင်ပလ္လင် ခွေ ထိုင်ချလိုက်လေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ဆေးပညာရှင်အားလုံး ထိတ်လန့်ကုန်ကြလေသည်။
“ဒါက မဟာဆေးတာအိုရဲ့ ပဲ့တင်သံပဲ”
“တကယ်ကြီး ဒဏ္ဏာရီလာ မဟာဆေးတာအိုရဲ့ ပဲ့တင်သံလား”
ဆေးတာအို၏ ပဲ့တင်သံကို သေချာ နားမလည်နိုင်ကျသော ဆေးပညာရှင်များသည် တင်ပလ္လင်ခွေထိုင်နေသည့် ဆေးပညာရှင်များအား မနာလို အားကျစွာ ကြည့်လိုက်လေသည်။ ထိုသူများသည် မဟာဆေးတာအို ပဲ့တင်သင်မှ အကျိုးအမြတ်အချို့ ရရှိသွားခဲ့ကြသူများ ဖြစ်ကြသည်။
ပဲ့တင်သံသည် အားလုံးနားထဲ နောက်တစ်ကြိမ် ထပ်မံ ပျံ့လွင့်လာခဲ့သည်။ ယခုတစ်ချိန်တွင်တော့ ဆေးပညာရှင်များ၏ အမူအရာမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်လာကြလေသည်။ ယခုတစ်ကြိမ် မဟာဆေးတာအို ပဲ့တင်သံ ထွက်ပေါ်လာပြီးနောက် ဆေးပညာရှင်များစွာ တို့သည် မျက်လုံးပိတ်လျက် ချက်ချင်း တင်ပလ္လင်ခွေ ထိုင်လိုက်ကြလေသည်။
ရုတ်တရက်ဆိုသလို ဆေးစံအိမ်၏ ကိုးလွှာမြောက်သည် စိတိလှုပ်ရှားမှုတို့ဖြင့် ပြည့်နှက် လာခဲ့သည်။ ဆေးပညာရှင်များသည် သူတို့သွေးများ ဆူပွက်လာနေသည့် အလား အလွန်ကိုမှ စိတ်လှုပ်ရှားလာခဲ့ကြလေသည်။
ရန်ကိုင်၏ လက်ကွက်များကို စိုက်ကြည့်နေကြသည့် သူတို့၏ အကြည့်များမှာလည်း စိတ်အားထက်သန်မှု၊ လိုလားတောင့်တမှုတို့ဖြင့် ပြည့်နှက်လာခဲ့ကြသည်။ အကုန်လုံးသည် အစောပိုင်းက တင်ပလ္လင်ခွေချ ထိုင်သွားသော သူတို့၏ အပေါင်းအပါများကဲ့သို့ပင် မဟာဆေးတာအို ပဲ့တင်ထပ်သံကို ကြားချင်လာမိကြလေသည်။
ဤကောင်းချီးပေး အခွင့်အရေးကြီးကို မည်သူမှ လက်လွှတ်မခံချင်ကြပေ။ ကျိုးထဲမှာမူ ထိုမြင်ကွင်းကြောင့် လုံး၀ကို မှင်သက်နေခဲ့လေသည်။ ထူးဆန်းသည့် အသံကို ကြားလိုက်စဉ်က ထိုအသံသည် မဟာဆေးတာအို၏ ပဲ့တင်သံ ဖြစ်လိမ့်မည်ဟု သိပ်မထင်ခဲ့။
သို့သော် ဆေးပညာရှင်များ တစ်ဦးပြီးတစ်ဦး မျက်လုံးပိတ်ကာ တင်ပလင်ခွေထိုင်ချလိုက်သည်ကို မြင်သော် ထိုအသံသည် မဟာဆေးတာအို၏ ပဲ့တင်သံမှန်း လုံး၀သေချာသွားခဲ့လေသည်။ မဟာဆေးတာအို၏ ပဲ့တင်သံသည် ဆေးပညာရှင်တိုင်း၏ အိမ်မက်ဖြစ်သည်။
မဟာဆေးတာအိုရဲ့ ပဲ့တင်သံက ဘယ်လိုဖြစ်ပြီး ဒီမှာ လာပေါ်ရတာလဲ၊ ငါက တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးပဲ၊ ငါ့တစ်ဘ၀လုံးကို ဆေးတာအိုမှာပဲ နှစ်မြုပ်ထားခဲ့တာ၊ ငါ့ဘ၀မှာ ဆေးလုံးတွေအများကြီးကို ဖော်စပ်ခဲ့ဖူးတယ်၊ ဆေးသွေးကြောပါတဲ့ ဆေးလုံးတွေကိုလည်း ဖော်စပ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ မဟာဆေးတာအိုရဲ့ ပဲ့တင်သံက တစ်ခါမှ ပေါ်မလာခဲ့ဘူး။ ဒါပေမဲ့ အခု ဒီကောင်က ပေါ့ပေါ့ပါးပါးနဲ့ ဖော်စပ်နေတာတောင် မဟာဆေးတာအိုရဲ့ ပဲ့တင်သံကို ပေါ်လာတယ်
ပုံမှန်အားဖြင့် ဆေးပညာရှင်များအတွက် အလွန်ကိုမှ နား၀င်ချိုလှသော ဆေးတာအို၏ ပဲ့တင်သံသည် လက်ရှိ ကျိုးထဲအတွက် အလွန်ကိုမှ နားမခံသာအောင် ဖြစ်နေခဲ့လေသည်။ သူ့စိတ်ထဲ ထိုအသံများကို မောင်းထုတ်ပစ်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။
“အဖေ ဘာတွေဖြစ်နေတာလဲ” ရွှယ့်ယွယ်သည် သူမရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း နားမလည်နိုင်တော့သည့် အဆုံး အိုင်းအောင်ဘက်သို့ လှည့်၍ မေးလိုက်လေသည်။
သူမလည်း မဟာဆေးတာအို၏ ပဲ့တင်သံကို ကြားရပေသည်။ ထိုအသံသည် တစ်ယောက်ယောက် သူမနား နားသို့ ကပ်ကာ တိုးတိုးလေး တီးတိုးပြောနေသည့်အသံမျိုး ဖြစ်သည်။ သေချာကြားရအောင် အာရုံစိုက်၍ နားထောင် ကြည့်လိုက်သော်ငြား ဘာမှ ထူးခြားမလားခဲ့ပေ။
သို့သော် ဆေးပညာရှင်များ၏ ရူးသွပ်နေသည့်အမူအရာနှင့် သူတို့၏ အံ့အားသင့်တကြီး အော်ဟစ်နေသံများကို ကြားပြီးနောက် ကိစ္စကြီးကြီး တစ်ခု ဖြစ်ပျက်နေပြီမှန်း ချက်ချင်း နားလည်လိုက်သည်။။
“မဟာဆေးတာအိုရဲ့ ပဲ့တင်ထပ်သံ” အိုင်းအောင်သည်လည်း အလွန်ကိုမှ အံအားသင့်နေခဲ့သည် “တစ်ကယ်ကြီး မဟာဆေးတာအိုရဲ့ ပဲ့တင်ထပ်သံပဲ”
“မဟာဆေးတာအိုရဲ့ ပဲ့တင်ထပ်သံ ဆိုတာ ဘာလဲ အဖေ” ရွှယ့်ယွယ်က မေးလိုက်သည်။
“ကောင်းကင်လမ်းစဉ်ရဲ့ အသံတွေထဲက တစ်သံပေါ့” အိုင်းအောင်က အသက်ပြင်းပြင်းရှူသွင်းရင်း စိတ်ကိုတည်ငြိမ်အောင် လုပ်လျက် အသံတိုးတိုးဖြင့် ရှင်းပြလိုက်လေသည်။
“သိုင်းတာအို၊ ဆေးတာအို၊ ပန်းပဲတာအို၊ အစီအရင်တာအို အဲ့တာတွေအကုန်လုံးက ကောင်းကင်လမ်းစဉ်ရဲ့ အစိတ်အပိုင်းတွေပဲ၊ ကျင့်ကြံသူတစ်ယောက်က သိုင်းတာအိုကို သုံးပြီး ကောင်းကင်လမ်းစဉ်ကို နားလည်နိုင်အောင် ကြိုးစားလိမ့်မယ်၊ အဲ့လိုပဲ ဆေးပညာရှင်တစ်ယောက်ကလည်း ဆေးလုံးတွေကို သုံးမယ်၊ ပန်းပဲပညာရှင် တစ်ယောက်ကလည်း မှော်ရတနာ တွေကို သုံးမယ်၊ အစီအရင်ပညာရှင် တစ်ယောက်ကလည်း အစီအရင်တွေကိုသုံးမယ်၊ သူတို့က အဲ့လိုနည်းလမ်းတွေကို သုံးပြီး ကောင်းကင်လမ်းစဉ်ကို နားလည်နိုင်ဖို့ ကြိုးစားနေကြတာ၊ ရှင်းရှင်းပြောရရင် လူတိုင်းက ပန်းတိုင်တစ်ခုထဲကိုပဲ သွားနေကြတာ၊ ရွေးချယ်တဲ့ လမ်းပဲ မတူကြတာ၊ မဟာဆေးတာအိုရဲ့ ပဲ့တင်သံ ဆိုတာ ကောင်းကင်လမ်းစဉ်ရဲ့ အသံပဲ၊ ပြောကြတာတော့ ဆေးပညာရှင် တစ်ယောက်ရဲ့ ထိုးထွင်းသိမြင်မှုက လုံလောက်အောင် မြင့်မားပြီး ကံကလည်း ကောင်းနေမယ်ဆိုရင် မဟာဆေးတာအိုရဲ့ ပဲ့တင်ကို အသက်သွင်းနိုင်တယ်လို့ ပြောကြတယ်၊ ဒါပေမဲ့ ဒီအသံက ငါနဲ့ နင့်အတွက် ဘာမှအသုံးမ၀င်ဘူး၊ ဒါပေမဲ့ သူတို့တွေ အတွက်ကတော့ နဲနဲလောက်ကြားလိုက်ရရင်တောင် အရမ်းအကျိုးရှိတယ်”
အိုင်းအောင်သည် ပြောနေရင်း သူ့ဘေးနားတွင် ထိုင်နေသည့် ကျုန်းအောင်ကို မေးငေါ့ပြလိုက်လေသည်။ ကျုန်းအောင်သည် ပထမဆုံး ထထိုင်လိုက်လည့် လူဖြစ်သည်။ တစ်နည်းဆိုရသော် လက်ရှိ ဆေးပညာရှင်များထဲတွင် သူသည် ဆေးတာအိုအပေါ် နားလည်မှု အမြင့်မားဆုံး ဖြစ်ပေသည်။
“ဒီ နှစ်တစ်သောင်းအတွင်းမှာ ဘယ်သူမှ မဟာဆေးတာအိုရဲ့ ပဲ့တင်သံကို ပေါ်လာအောင် မလုပ်နိုင်သေးဘူး၊ မဟာဆေးတာအိုရဲ့ ပဲ့တင်သံကို ပေါ်လာအောင်လုပ်ဖို့က လူတစ်ယောက်ရဲ့ ဆေးပညာအဆင့်အတန်းနဲ့ ဘာမှမဆိုင်ဘူး၊ လူတစ်ယောက်ရဲ့ ပါရမီ၊ အရည်အချင်း၊ ထိုးထွင်းနားလည်မှုနှင့် ကံအပေါ်ပဲ သက်ဆိုင်တာ၊ အဲ့အချက်တွေနဲ့ ပြည့်စုံနေရင် ကောင်းကင်လမ်းစဉ်ရဲ့ အသံကို ပေါ်လာအောင် လုပ်နိုင်လိမ့်မယ်”
အိုင်းအောင်ရှင်းပြသည်ကို ကြားပြီးမှပဲ မဟာဆေးတာအို၏ ပဲ့တင်သံသည် ဆေးပညာရှင်များအတွက် မည်မျှအဖိုးတန်သလဲ ဆိုသည်ကို ရွှယ့်ယွယ်နားလည်သွားတော့သည်။
အိုင်းအောင်က ရုတ်ရက် ပြုံးဖြီးဖြီးဖြင့် “ကောင်းကင်က ငါတို့ ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့ကို ချီးမြောက်တာပဲ၊ ဒီနေ့ ပြီးသွားတာနဲ့ ငါတို့ရေကောင်းကင်ကြယ်မှာ ဆေးပညာပါရမီရှင်တွေ ဘယ်လောက်တောင် ပေါ်လာဦးမလဲ မသိဘူး”
“အဖေ ပြောချင်တာက…” ရွှယ့်ယွယ်သည် တစ်ခုခုကို စဉ်းစားမိသွားလေသည်။
“နင် နားမလည်သေးဘူး၊ မဟာဆေးတာအိုရဲ့ ပဲ့တင်သံဆိုတာ ဆေးပညာပါရမီ ပါတဲ့လူတိုင်းအတွက် အကျိုးရှိတယ်၊ အခု ငါတို့ဒီအသံကို ဒီမှာပဲကြားရတာမဟုတ်ဘူး ရေကောင်းကင် တစ်မြို့လုံးကြားရတယ်၊ ဒါ့ကြောင့် ရေကောင်းကင်မြို့မှာ ဆေးပါရမီရှင်တွေ အများကြီး ထွက်ပေါ်လာတော့မယ်လို့ ငါပြောတာ၊ တော်တော်လေးကို ပါရမီပါတဲ့သူတွေဆိုရင် ဒီအသံကိုကြားပြီးတဲ့ နောက်ပိုင်း အနာဂတ်မှာ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တွေတောင် ဖြစ်လာနိုင်တယ်”
ထိုစကားကိုကြားပြီးနောက် ရွှယ့်ယွယ်ပျော်သွားလေသည်။ လက်ရှိ ကြယ်စီရင်စုကြီး တစ်ခုလုံးတွင် တန်ခိုးရှင်ဘုရင်အဆင့် သို့ရောက်ရှိနေသည့် ဆေးပညာရှင်ဟူ၍ သုံး လေးယောက်သာ ရှိသည်။
ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းတွင်လည်း တစ်ယောက်ရှိပေသည်။ ထိုသူမှာ သူတို့၏ ဧည့်အကြီးအကဲ ကျိုးထဲသာ ဖြစ်သည်။
တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်များစွာ သူတို့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းထဲ ပေါ်လာမည်ဆိုပါက သူတို့ဟုန်းလော့ ကုန်သွယ်ရေး တိုးတက်လာမည်ကို မည်သူမှ တားဆီးနိုင်တော့မည် မဟုတ်ချေ။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦး၏ လုပ်ကိုင်နိုင်စွမ်းကို လုံး၀ သွားအထင်မသေးသင့်ပေ။
“ရွှယ့်ယွယ် နင်သွားပြီး ငါ့အမိန့်ကို ထုတ်ပြန်လိုက်၊ အခုကစပြီး ရေကောင်းကင်မြို့မှာ ဆေးပညာပါရမီ ပါတဲ့လူတွေကို လိုက်ရှာခိုင်းဖို့ ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်းက လူတွေကို ပြောလိုက်၊ အထူးသဖြင့် ဆယ်နှစ်အောက် ကလေးတွေပဲ၊ အခွင့်အရေး ရတုန်း ငါတို့အဲ့အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားမှ ဖြစ်မယ်” အိုင်းအောင်က ရွှယ့်ယွယ်အား တိုးတိုးလေး ပြောလိုက်သည်။
“ဒါပေမဲ့ ဒီက ကိစ္စကရော” ရွှယ့်ယွယ်က ပြန်မေးလိုက်သည်။
“ငါရှိနေတာပဲကို နင်ဘာတွေ စိတ်ပူနေတာလဲ” အိုင်းအောင်က လက်ဝှေ့ယမ်း၍ ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့” အိုင်းအောင်က ထိုသို့ပြောလိုက်သဖြင့် ရွှယ့်ယွယ်လည်း မသွားချင် သွားချင်ဖြင့် သွားရလေတော့သည်။
ရွှယ့်ယွယ်ထွက်သွားပြီးနောက်တွင် အိုင်းအောင်က မကျေမနပ်ဖြင့် ရေရွတ်လိုက်၏ “မဟာဆေးတာအိုရဲ့ ပဲ့တင်သံကျ ပေါ်လာတယ်၊ သိုင်းတာအိုရဲ့ ပဲ့တင်သံကျတော့ ဘာဖြစ်လို့ မပေါ်လာရတာလဲ”
သိုင်းတာအို၏ ပဲ့တင်သံသာ ပေါ်လာပါက သူ့အနေဖြင့် တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ပင် ချိုးဖျက်ကောင်း ချိုးဖျက်၀င်ရောက်သွားနိုင်ပေလိမ့်မည်။ ထိုအခြင်းအရာနှင့် ပတ်သတ်၍ သူ့စိတ်ထဲ အနည်းငယ်တော့ မကျေမနပ် ဖြစ်မိသွား၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၉၁၃)
ယနေ့တွင် ရေကောင်းကင်မြို့တော်တစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်နေခဲ့သည်။ မဟာဆေးတာအို၏ ပဲ့တင်ထပ်သံသည် မြို့တစ်ခွင်တွင် ပျံ့သွားခဲ့၏။ ထိုအသံကို ကြားပြီးနောက်တွင် အပြင်ဘက်၌ ဆော့ကစားနေကြသည့် မရေမတွက်နိုင်သော ကလေးများသည် ဆက်မကစားကြတော့ဘဲ အတွေးနက်နေသည့် အမူအရာများဖြင့် မူလရပ်နေသည့် နေရာများတွင်သာ မတ်တပ်ကြီး ရပ်နေကုန်ကြလေသည်။
နားများကိုစွင့်၍ ထိုတီးတိုးသံများကို သေချာကြားရအောင် ကြိုးစားကြည့်လိုက်သည်။ သူတို့မိဘများက ပြန်ခေါ်နေသည့်တိုင် အာစေးမိနေကြသည့်အလား ငေးကြောင်ကြောင်ဖြင့်သာ ရပ်နေကြ၏။
တော်တော်များများမှာ ထိုကိစ္စနှင့်ပတ်သက်၍ နားမလည်နိုင် ဖြစ်နေကြသည်။ သူတို့နားထဲ အသံတစ်သံကို ဘာကြောင့်များ ကြားနေရမှန်း မသိကြချေ။ နားနှင့်ပတ်သက်ပြီး တစ်ခုခု ဖြစ်နေသည်ဟုသာ တွေးခဲ့ကြသည်။ ထို့ကြောင့် သူတို့နားကို လက်ဖြင့်အုပ်ကာ ပိတ်၍ ကြိုးစားကြည့်လိုက်ကြသည်။ သို့တိုင် ဘာမှမထူးခဲ့။ အသံကို ဆက်ပြီးကြားနေရသေး၏။
ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းမှ ကျင့်ကြံသူများစွာနှင့် ရေကောင်းကင်မြို့၏အစောင့်များ အုံလိုက်ကျင်းလိုက် ထွက်လာကြသည်ကို မြင်သည့်အခါမှပင် ကိစ္စကြီးတစ်ခုခု ဖြစ်ပျက်သွားခဲ့ပြီမှန်း ရေကောင်းကင်မြို့သူမြို့သားများ နားလည်သွားကြလေသည်။
ထိုစဉ် တတိယသခင်လေးရွှယ့်ယွယ်၏ ကြေညာချက် ထွက်ပေါ်လာခဲ့လေသည်။ ထိုကြေညာချက်မှာ ကောင်းကင်၏ ပဲ့တင်သံကို ကြားလိုက်ရသူတိုင်း ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းထဲသို့ ဝင်နိုင်သည်ဟူ၍ပင်။
ဝင်လာမည့်သူများကိုလည်း အဖွဲ့အစည်းမှ အကျိုးအမြတ်များစွာ ပေးအပ်မည်ဖြစ်ကာ ကောင်းမွန်စွာလည်း ပြုစုပျိုးထောင်ပေးပေမည်။ အထူးသဖြင့် အသက်ဆယ်နှစ်အောက် ကလေးများဆိုလျှင် ပို၍ကောင်းသည် ဟူ၍ပင်။
ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းထဲ ဝင်မည်ဆိုပါက တစ်နှစ်လျှင် သူတော်စင်သလင်းကျောက် ငါးသိန်းနှင့် နေစရာ နန်းတော်တစ်လုံး ရမည်။ ထိုနန်းတော်ထဲတွင် သူတို့အား ပြုစုစောင့်ရှောက်ပေးရန်အတွက် အစေခံနှစ်ဆယ်ကို ထားရှိပေးပေမည်။
အရေးကြီးဆုံးအချက်မှာ သူတို့၏အဆင့်အတန်းသည် အိမ်တော်ထိန်းတစ်ဦး၏ အဆင့်အတန်းနှင့် တူညီနေမည့် အချက်ပင်။ အခုမှပဲ သူတို့နားထဲ အဆက်မပြတ် ထွက်ပေါ်လာနေသော အသံသည် ဘုရားပေးသည့် လက်ဆောင်မှန်း အကုန်လုံးနားလည်သွားခဲ့ကြလေသည်။
ထိုအကျိုးအမြတ်များကိုကြည့်ရင်း ကလေးမိဘများ ခေါင်းပင် မူးချင်သွားခဲ့သည်။ ထိုနေ့တွင်ပင် ရေကောင်းကင်မြို့၏ မြို့လယ်ခေါင်ဆီသို့ မရေမတွက်နိုင်သော အမျိုးသား၊ အမျိုးသမီးများမှ သူတို့၏ကလေးများအား ဆွဲခေါ်သွားနေသည်ကို မြင်တွေ့နိုင်ပေသည်။
မည်သူမှ ဤအခွင့်အရေးကို လက်မလွတ်ချင်ကြပေ။ မဟာဆေးတာအို၏ ပဲ့တင်သံသည် တစ်ကြိမ်ပြီးတစ်ကြိမ် ထွက်ပေါ်လာနေပြီး စုစုပေါင်း ၉ကြိမ်တိတိ ထွက်ပေါ်လာခဲ့သည်။ ထို၉ကြိမ်ထွက်ပေါ်လာရန်အတွက် တစ်ရက်တိတိ ကြာခဲ့လေသည်။
မဟာဆေးတာအို၏ပဲ့တင်သံကို ၉ကြိမ်တိုင်တိုင် ကြားရပြီးနောက် ဆေးစံအိမ်ထဲရှိ ဆေးပညာရှင် အယောက်တစ်ရာ ဉာဏ်အလင်းပွင့်သွားခဲ့ကြသည်။ ယခုဆိုလျှင် ရန်ကိုင့်ဘေးပတ်ပတ်လည်တွင် ဆေးပညာရှင် အယောက်တစ်ရာသည် တင်ပလင်ခွေထိုင်ကာ သူတို့နားလည်ထားသည့် အကြောင်းအရာများအား သိမြင်နားလည်အောင် ကြိုးစားနေသည်ကို မြင်တွေ့နိုင်ပေလိမ့်မည်။
ရပ်နေသူများအနက် တော်တော်များများမှာလည်း အတွေးနက်နေကြ၏။ သူတို့၏အမူအရာများမှာ စဉ်ဆက်မပြတ် ပြောင်းလဲနေခဲ့သည်။ တစ်ခါတစ်ရံ စိတ်ပူသွားလိုက်၊ တစ်ခါတစ်ရံ ဝမ်းသာသွားလိုက်၊ တစ်ခါတစ်ရံ ငေးကြောင်ကြောင်ဖြစ်သွားလိုက် ဖြစ်နေခဲ့သည်။ အချို့ဆိုလျှင် ရုတ်တရက်ကြီး ရူးကြောင်းမူးကြောင်နှင့်ပင် ထရယ်နေသေးသည်။
မဟာဆေးတာအို၏ပဲ့တင်သံမှာ ၉ကြိမ်တိုင်တိုင် ထွက်လာပြီးသည့်တိုင် ခရမ်းမူလဆေးမီးဖိုမှာတော့ ပုံမှန်အတိုင်းသာ ရှိနေခဲ့သေးသည်။ ရန်ကိုင်သည်လည်း ဆေးလုံးအား ဆက်ပြီး သိပ်သည်းမနေတော့ချေ။
နေ့တစ်ဝက်ခန့်လောက်ကတည်းက ရန်ကိုင်သည် ဆေးမီးဖိုအား ဤအတိုင်းပစ်ထားလိုက်ပြီး တင်ပလင်ခွေထိုင်ကာ မျက်လုံးပိတ်နေခြင်းဖြစ်သည်။ မဟာဆေးတာအို၏ပဲ့တင်သံဆီမှ အခြားဆေးပညာရှင်များသာ အကျိုးအမြတ်ရသွားသည်မဟုတ်၊ ရန်ကိုင်သည်လည်း အကျိုးအမြတ် ကြီးကြီးမားမား ရရှိသွားခဲ့သည်။
သူရရှိခဲ့သည့် အကျိုးအမြတ်သည် အခြားဆေးပညာရှင်များ ရရှိခဲ့သည့် အကျိုးအမြတ်နှင့် ယှဉ်လိုက်လျှင် ပို၍ပင် များသေး၏။ ထိုရှေးဟောင်းဆန်သည့်အသံသည် ရန်ကိုင့်အား ဆေးတာအို၏ နက်နဲဆန်းကြယ်မှုများကို ရှင်းပြသွားခဲ့သည်။
မဟာဆေးတာအို၏ပဲ့တင်သံမှာ သိပ်မကျယ်သော်လည်း ထိုအသံမှပြောနေသည့် စကားလုံးတိုင်းကို ရန်ကိုင်သေချာ ကြားခဲ့ရပေသည်။ စကားလုံးတိုင်းသည် မှတ်ကျောက်တင် ထားသည့်နှယ် ရန်ကိုင့်စိတ်ထဲ၌ စွဲစွဲမြဲမြဲ မှတ်မိနေခဲ့၏။
ဤမဟာဆေးတာအို၏ပဲ့တင်သံကို ကြားလိုက်ရပြီးနောက် ရလာသည့် အကျိုးအမြတ်သည် အစစ်အမှန်ဆေးပညာကျမ်း အား အကြိမ်တစ်သောင်း လေ့လာခြင်းမှရသည့် အကျိုးအမြတ်ထက်ပင် ပိုများနေခဲ့သည်။ သူ့စိတ်ထဲသို့ အစဉ်မပြတ် စီးဝင်လာနေသော ဆေးပညာဆိုင်ရာ ဗဟုသုတများသည် ကောင်းကင်နှင့်မြေပြင်၏ မဟာဆန်းကြယ်မှုများပင် ဖြစ်လေတော့သည်။
ဤကဲ့သို့သော အကြောင်းအရာများကို မဟာဆေးတာအို၏ ပဲ့တင်သံ ထွက်ပေါ်လာသည့်အခါမှသာ သိမြင်နိုင်ပေလိမ့်မည်။ ဆေးပညာရှင်ငါးရာအနက် အယောက်တစ်ရာမှာ တင်ပလင်ခွေထိုင်နေကြပြီး ကျန်တစ်ဝက်မှာ အတွေးနက်နေကြသည်။ လက်ကျန်လူများမှာတော့ အကျိုးအမြတ် အသီးသီးရသွားသည့် လူများကိုကြည့်ရင်း သက်ပြင်းချနေရုံသာ တတ်နိုင်ခဲ့သည်။
သူတို့၏ပါရမီမှာ လုံလောက်အောင် မြင့်မားခြင်းမရှိသလို ကံကလည်း မကောင်းသည့်အတွက် မဟာဆေးတာအို၏ ပဲ့တင်သံ ၉ကြိမ်တိုင်တိုင် ထွက်ပေါ်လာသည့်တိုင် မည်သည့် အကျိုးအမြတ်ကိုမှ ရရှိခဲ့ခြင်းမရှိပေ။
သို့ရာတွင် ထိုသို့ပင်ဖြစ်လင့်ကစား ရန်ကိုင့်အပေါ်မြင်သည့် သူတို့၏သဘောထားမှာတော့ ပြောင်းလဲသွားခဲ့လေသည်။ လက်ရှိ ရန်ကိုင့်အား သူတို့ကြည့်နေသည့် အကြည့်ထဲတွင် အထင်သေးမှု၊ မကျေနပ်မှုတို့ လုံးဝမပါဝင်နေတော့ဘဲ လေးစားအားကျမှုတို့သာ ပါဝင်နေတော့၏။
မဟာဆေးတာအို၏ ပဲ့တင်သံကို ၉ကြိမ်တိုင်တိုင် ထွက်ပေါ်လာအောင် လုပ်နိုင်သည့်သူသည် မည်သို့များ ဆေးပညာရှင်မဟုတ်ဘဲ နေမည်နည်း။ ရန်ကိုင်သာ ဆေးပညာရှင် မဟုတ်ဘူးဟု ပြောလာလျှင် မည်သူမှ ယုံတော့လိမ့်မည်မဟုတ်ပေ။
ရန်ကိုင်သည် ဆေးမီးဖို၏အဖုံးကို ဖွင့်မပြရသေးသော်လည်း ထိုဆေးမီးဖိုထဲတွင် ဝိဥာဉ်အရင်းအမြစ် အားဖြည့်ဆေး ရှိနေလိမ့်မည်ဟု ဆေးပညာရှင်အားလုံး တထစ်ချ ယုံကြည်နေခဲ့သည်။
သူက သိုင်းပညာမှာတင် မဟုတ်ဘူး။ ဆေးပညာမှာလည်း ပါရမီရှင်တစ်ပါး ဖြစ်နေတာကိုး… ရန်ကိုင့်အား သူတို့ မည်ကဲ့သို့ အပုပ်ချပြောဆိုခဲ့ကြောင်းကို ပြန်စဉ်းစားလိုက်မိသည့်အခါ ဆေးပညာရှင်အားလုံး ကိုယ့်ကိုကိုယ် ရှက်ရွံ့မိသွားခဲ့ကြလေသည်။
“ဘာလို့ငါမဟုတ်ရတာလဲ။” ထိုစဉ် အသံတစ်သံသည် ကိုးလွှာမြောက်၌ ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့သည်။ နိုးနေသည့်ဆေးပညာရှင်များသည် အသံကြားရာနေရာသို့ လှည့်ကြည့်လိုက်ကြလေသည်။
အသံပိုင်ရှင်မှာ တခြားသူမဟုတ်ဘဲ ရန်ကိုင့်အား အမြဲလိုလို လှောင်ပြောင်ရန်ကြိုးစားနေသော ကျန်းရွှမ်သာဖြစ်ကြောင်းကို တွေ့ရှိလိုက်ရသည်။ လက်ရှိအချိန်တွင် ကျန်းရွှမ်သည် အရူးတစ်ယောက်နှယ် ဖြစ်နေခဲ့သည်။
တင်ပလင်ခွေထိုင်နေသည့် ဆေးပညာရှင်များကိုကြည့်ရင်း သူ့ဘာသာ အဆက်မပြတ် ရေရွတ်နေ၏။ “ဘာလို့ငါမဟုတ်ရတာလဲ။ ဘာလို့ငါမဟုတ်ရတာလဲ…. ငါလည်းကြားလိုက်ရတာပဲ။ သူတို့ကျ သေချာကြားရပြီး ငါကျဘာလို့ သေချာမကြားရတာလဲ။ သူတို့တွေနဲ့ယှဉ်လိုက်ရင် ငါကတောင် ပိုပြီး ပါရမီမြင့်သေးတယ်။ ကလေးကတည်းက ဘယ်သူမှငါ့ကို ဆေးပညာသင်ပေးတာ မဟုတ်ဘူး။ အကုန်လုံးကို ငါ့ဘာသာငါပဲ သင်ခဲ့တာ။ အဲ့ဒါကို မဟာကောင်းကင်ရဲ့ ပဲ့တင်သံကို ငါဘာလို့ သေချာမကြားရတာလဲ….” သူ့ကိုယ်သူ အရှက်မရှိ မြှင့်တင်ပြောဆိုနေသည့် ကျန်းရွှမ်ကိုကြည့်ရင်း ဆေးပညာရှင်အားလုံး၏ မျက်နှာ မဲ့သွားခဲ့ကြလေသည်။
မဟာဆေးတာအို၏ပဲ့တင်သံအား ကြားနိုင်မကြားနိုင် ဆိုသည်မှာ ပါရမီသာလျှင်မဟုတ်၊ ကံပေါ်လည်း မူတည်ပြီး ကိုယ်ကြားချင်တိုင်း မကြားကြားအောင် သွားလုပ်၍ရသည့် အရာမဟုတ်ပေ။ မဟာဆေးတာအို၏ ပဲ့တင်သံအား ကိုယ်ကြားနိုင် မကြားနိုင် ဆိုသည့်ကိစ္စကို ကောင်းကင်လမ်းစဉ်ကသာ ဆုံးဖြတ်ပေးပေလိမ့်မည်။ သူတို့တွင် ကောင်းကင်လမ်းစဉ်ကို မေးခွန်းထုတ်ပိုင်ခွင့် မရှိပေ။
ထို့ကြောင့် ကျန်းရွှမ်၏အရူးစကားများကို နားထောင်ရင်း ဆေးပညာရှင်အားလုံး သူ့အား အမြင်ကပ်လာခဲ့ကြသည်။ “ငါကြားလိုက်သင့်တာ” ရုတ်တရက် ကျန်းရွှမ်က ခက်ထန်သည့်အမူအရာဖြင့် ထအော်လေသည်။
ထို့နောက် ရန်ကိုင်ဘက်သို့လှည့်၍ အံကြိတ်ကာ ပြောလိုက်သည်။ “ငါနားလည်သွားပြီ။ မင်း မဟာဆေးတာအိုရဲ့ ပဲ့တင်သံကို တစ်ခုခုလုပ်ထားတာမလား။ အဲ့ဒီအသံက မင်းကြောင့်ဖြစ်လာတာဆိုတော့ ငါမကြားနိုင်အောင် တားထားလိုက်တာပဲ ဖြစ်ရမယ်။ ဟုတ်တယ် မင်းကြောင့်ပဲဖြစ်ရမယ်” ပြောပြီးသည်နှင့် ရန်ကိုင့်ဆီသို့ ပြေးဝင်သွားလေသည်။
လက်ရှိအချိန်၌ ဤဆေးစံအိမ်ထဲတွင် စုစုပေါင်း ဆေးပညာရှင် အယောက်ငါးရာ ရှိနေခဲ့လေသည်။ အယောက် တစ်ရာသည် မဟာဆေးတာအို၏ ပဲ့တင်သံကြောင့် ဥာဏ်အလင်းပွင့်သွားခဲ့ကြသည်။ လက်ကျန် လူများအနက် တစ်ဝက်မှာလည်း အကျိုးအမြတ် အချို့ ရရှိသွားပြီး အတွေးနက်နေခဲ့ကြသည်။ ကျန်တစ်ဝက်မှာတော့ ဘာမှမရလိုက်ချေ။ တစ်နည်းဆိုရသော် ဆေးစံအိမ်ထဲရှိ ဆေးပညာရှင် တစ်ဝက်ကျော်လောက်သည် မဟာဆေးအာအို၏ ပဲ့တင်သံဆီမှ အကျိုးအမြတ်များ ရရှိခဲ့သည်ဟု ပြော၍ရ၏။
သို့သော်လည်း ထိုအကျိုးအမြတ် ရသွားသည့် လူတစ်ဝက်ထဲတွင် ကျန်းရွှမ်ပါမနေခဲ့ပေ။ သူသာ ဤအခွင့်အရေးကို ရလိုက်လျှင် တစ်နေ့၌ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးပင် ဖြစ်လာနိုင်ပေသည်။ ထို့ကြောင့် မဟာဆေးတာအို၏ ပဲ့တင်သံကို သေသေချာချာ မကြားလိုက်ရသည့်အပေါ် ကျန်းရွှမ် အလွန်ကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေခဲ့သည်။
“ရိုင်းလိုက်တာ” ရုတ်တရက် ကျန်းရွှမ်၏နားထဲ အော်သံအကျယ်ကြီး ပေါက်ကွဲထွက်လာခဲ့သည်။ အိုင်းအောင်သည် သူ့လက်ကိုဆန့်ထုတ်၍ ရိုက်ချလိုက်ရာ ကျန်းရွှမ်သည် ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် လွင့်စင်ထွက်သွားခဲ့လေသည်။
ဤနေရာတွင် ဉာဏ်အလင်းပွင့်နေသည့် ဆေးပညာရှင် များစွာရှိနေသည့်အတွက် သူတို့အား သွားနှောင့်ယှက်မိမည် စိုးသည့်အတွက်ကြောင့် အိုင်းအောင်သည် သူ့လက်ဆကို လျှော့ထားခဲ့သည်။ သူထုတ်သုံးနိုင်သည့်ခွန်အားကို အတတ်နိုင်ဆုံး လျှော့ချထားခဲ့သလို အသံကိုလည်း ကျန်းရွှမ် တစ်ဦးတည်းသာ ဦးတည်ပြီး အော်ပြောခဲ့သည်။
“မင်း နောက်တစ်ကြိမ် ဒါမျိုးထပ်လုပ်ရဲရင် ငါမင်းအသက်ကို သတ်ပစ်မှာ” အိုင်းအောင်သည် ကျန်းရွှမ်အား အေးစက်စက်အမူအရာဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။ ဆေးဝိဇ္ဇာကျိုးထဲ၏ တပည့်ဖြစ်သည်ဆိုသော အချက်ကိုပင် ဂရုစိုက်မနေတော့ပေ။
သူ့အမြင်တွင် ဆေးစံအိမ်ထဲရှိ ဆေးပညာရှင်အားလုံးသည် အဖိုးတန်ရတနာများ ဖြစ်ကြသည်။ အဖိုးတန်ရတနာများအား ကျန်းရွှမ်မှ လာဖျက်ဆီးမည်ကို သူမည်ကဲ့သို့များ ကြည့်နေနိုင်မည်နည်း။ အရေးကြီးဆုံးအချက်မှာ ကျန်းရွှမ်သည် ရန်ကိုင်အား နှောင့်ယှက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ရန်ကိုင်သည် မဟာဆေးတာအို၏ ပဲ့တင်သံကို အသက်သွင်းခဲ့သူ ဖြစ်လေသည်။ ဆေးစံအိမ်ထဲတွင် ရှိနေသည့်အတွက်ကြောင့် ကျန်းရွှမ်ကံကောင်းသွားသည်ဟု ပြောနိုင်သည်။ အခြားတစ်နေရာသာဆိုပါက ကျန်းရွှမ် အသက်ပျောက်နေလောက်ပေပြီ။
အတီးခံလိုက်ရသည့် အခါမှပဲ ကျန်းရွှမ် အသိပြန်ဝင်လာခဲ့သည်။ သူဘာလုပ်လိုက်မိသလဲ ဆိုသည်ကို နားလည်လိုက်သည့်နောက် သူ့တစ်ကိုယ်လုံး ချွေးအေးများဖြင့် စိုရွှဲသွားခဲ့လေသည်။ အိုင်းအောင်မှ သူ့အား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည့်အခါ ကျန်းရွှမ် ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့သည်။
သူ့အပြုအမူကြောင့် ခေါင်းဆောင်အိုင်းအောင် အလွန်ကိုမှ ဒေါသထွက်နေပြီမှန်း ကျန်းရွှမ် နားလည်လိုက်လေသည်။ ဒါပေမယ့် ငါက ဆရာ့ရဲ့တပည့်ပဲ။ သူ့ကိုကြောက်နေစရာ မလိုဘူး
ထိုကဲ့သို့ တွေးလိုက်မိသည့်နောက် ကျန်းရွှမ် အနည်းငယ် စိတ်ပြန်ငြိမ်သွားခဲ့သည်။
ထို့နောက် ကျိုးထဲဘက်သို့ လှည့်ကြည့်လိုက်လေသည်။ သို့သော်လည်း ကျိုးထဲဘက်သို့ လှည့်ကြည့်ပြီးနောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့အားသင့်သွားပြီး ချက်ချင်းပဲ လေသံတိုးတိုးဖြင့် မေးလိုက်လေသည် “ဆရာ၊ ဆရာဘာဖြစ်သွားတာလဲ”
ကျိုးထဲ၏ခန္ဓာကိုယ်မှာ မတည်မငြိမ်ဖြစ်နေပြီး သူ့မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်နေခဲ့သည်။ လက်ရှိကျိုးထဲ၏ပုံစံသည် ဝိဥာဉ်အရင်းအမြစ် အားဖြည့်ဆေးကို ဖော်စပ်ပြီးသည့် အချိန်ကထက်ပင် ပို၍ အားအင်ကုန်ခမ်း မောပန်းနွမ်းနယ်သည့်ပုံစံမျိုး ပေါက်နေခဲ့လေသည်။
“အဖိုး၊ အဖိုးအဆင်ပြေရဲ့လား။” ကျိုးထဲနှင့်ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေမှန်း သတိပြုမိလိုက်သော် ကျိုးလင် အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။
“ဆေးဝိဇ္ဇာ” အိုင်းအောင်သည်လည်း ကျိုးထဲအား အံ့အားသင့်တကြီး ကြည့်လိုက်သည်။ ကျိုးထဲနှင့်ပတ်သက်ပြီး ဘာမှားလို့မှားနေမှန်း သူနားမလည်နိုင်ခဲ့။ ကျိုးထဲသည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်သည့်အတွက် သူ့ပါရမီသည် ပြောစရာမလိုအောင်ကို မြင့်မားပေသည်။
ထို့ကြောင့် မဟာဆေးတာအို၏ ပဲ့တင်သံ ထွက်ပေါ်လာချိန်တွင် သူသည် အကျိုးအမြတ်ရသူများအနက် တစ်ဦးဖြစ်သင့်သည်။ အကျိုးအမြတ်မရလျှင်ပင် သူ့အနေနှင့် ယခုကဲ့သို့ ဖြစ်မနေသင့်ပေ။
သို့သော်လည်း လက်ရှိတွင် ကျိုးထဲ၏ မျက်နှာကြီးသည် နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး နားထဲမှလည်း သွေးများ တောက်လျှောက်စီးကျနေခဲ့လေသည်။ ကျိုးထဲသည် လှုပ်ရှားခြင်းမရှိသလို ဘာမှလည်း ပြန်မပြောခဲ့ပေ။ အသက်ရှူနေသေးသည့်အတွက်ကြောင့်သာ ကျိုးထဲ အသက်ရှင်နေသေးမှန်း အားလုံးသိနေခြင်း ဖြစ်သည်။
“ဆေးဝိဇ္ဇာ မဟာဆေးတာအိုရဲ့ပဲ့တင်သံကို သွားမေးခွန်းမထုတ်ဖို့ ကျုပ်ခင်ဗျားကို အကြံပေးချင်တယ်။ မဟာဆေးတာအိုရဲ့ပဲ့တင်သံကို မေးခွန်းထုတ်လိုက်တာက ကောင်းကင်ရဲ့လမ်းစဉ်နဲ့ ခင်ဗျားတစ်ဘဝလုံး လျှောက်လှမ်းလာခဲ့တဲ့လမ်းကြောင်းကို မေးခွန်းထုတ်လိုက်တာပဲ။ အခြားတစ်နည်းနဲ့ပြောရရင် ခင်ဗျားက ဆေးတာအိုကို ငြင်းပယ်လိုက်တာပဲ။ ဒီလိုလုပ်လိုက်တဲ့ ခင်ဗျားလုပ်ရပ်ရဲ့အကျိုးဆက်က ပေါ့သေးသေး ဟုတ်နေမှာ မဟုတ်ဘူးနော်။” ရန်ကိုင်က ရုတ်တရက် ပြောလိုက်သည်။
ရန်ကိုင်ပြောပြီးပြီးချင်းမှာပင် ကျိုးထဲသည်ရုတ်တရက် အနက်ရောင်သွေးများကို ထိုးအန်ချလေသည်။ သူ့မျက်နှာ တစ်ပြင်လုံးသည်လည်း သွေးမရှိတော့သည့်အလား ဖြူဆွတ်သွားခဲ့သည်။
ထို့နောက် မလိုလားသည့်အကြည့်ဖြင့် ရန်ကိုင့်အား ကြည့်လာခဲ့လေသည်။
“ဆေးဝိဇ္ဇာ ဘာတွေဖြစ်နေတာလဲ။” အိုင်းအောင်က မျက်မှောင်ကြီးကျုံ့လျက် မေးလိုက်လေသည်။
“ကျုပ်ပြောတာကို မယုံဘူးပေါ့။” ရန်ကိုင်ကပြုံးလျက် “ကျုပ်က မဟာဆေးတာအိုရဲ့ ပဲ့တင်သံကို ထွက်ပေါ်လာအောင်လုပ်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ ဆေးဝိဇ္ဇာက ထင်နေတာလေ။ အဲ့ဒါကြောင့် မယုံဘဲနဲ့ မဟာဆေးတာအိုရဲ့ ပဲ့တင်သံကို သွားမေးခွန်းပြန်ထုတ်တာ။ အဲ့ဒါနဲ့ ဟိုက ပြန်သင်ခန်းစာပေးလိုက်တော့ အခုလိုတွေ ဖြစ်ကုန်တာပေါ့။”
“သင်ခန်းစာပေးတာ” အိုင်းအောင် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ချက်ချင်းပဲ ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာဖြင့် “မဟာဆေးတာအိုရဲ့ ပဲ့တင်သံက အသက်ရှိနေတာလား။”
“ကောင်းကင်လမ်းစဉ်က အမြဲတမ်း ပြောင်းလဲနေတာ။ ကျုပ် ဘာမှအတပ်မပြောနိုင်ဘူး။”
“နင် ငါ့အဖိုးကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့။” ကျိုးလင်သည် ရုတ်တရက် ရန်ကိုင့်အား စူးရဲစွာစိုက်ကြည့် လာခဲ့လေသည်။ ကောင်မလေးသည် တိုက်ခိုက်ရန်အတွက် အဆင်သင့်ဖြစ်နေအောင်ပင် သူတော်စင်ချီကို လှည့်ပတ်ထားလိုက်၏။
သူမစကားကို ကြားသည့်အခါ ရန်ကိုင့်မျက်နှာ အေးစက်သွားခဲပြီး “ကောင်မလေး နင်စားချင်တိုင်း စားလို့ရတယ်။ စကားကို ပြောချင်တိုင်းပြောလို့တော့ မရဘူး။ နင့်အဖိုးကို ထိခိုက်အောင်လုပ်တာ ငါမဟုတ်ဘူး။”
“ဒါဆိုရင် အဖိုးဘာလို့ သွေးအန်သွားတာလဲ။” ကျိုးလင်သည် ဆက်၍ မေးခွန်းထုတ်လိုက်သည်။
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “သိချင်ရင် နင့်အဖိုးကိုမေးကြည့်လေ။ မဟာဆေးတာအိုရဲ့ ပဲ့တင်သံကို နင်လည်း ကြားလိုက်တာပဲမလား။ ကောင်းကင်လမ်းစဉ်ကပေးတဲ့ လက်ဆောင်ကို မယူချင်ရင် ဘာမှမဖြစ်ဘူး။ ဒါပေမယ့် သွားပြန်ပြီးတော့ မေးခွန်းထုတ်ရဲတာ မသေတာတောင် ကံကောင်းတယ်လို့ ပြောလို့ရတယ်။ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ငါ့ကိုလာအပြစ်တင်မနေနဲ့။”
ကျိုးလင်မှာ တစ်ခုခုကို ဆက်ပြောချင်နေသည့်အလား ပါးစပ်ကိုဟလိုက်သော်လည်း ကျိုးထဲက လက်ထောင်ပြကာ သူမအား တားထားလိုက်လေသည်။ ထို့နောက် ရန်ကိုင့်အား ကြည့်ကာ ပြောလိုက်သည် “မင်းတကယ်တော်တာပဲ။”
“ဆေးဝိဇ္ဇာ ကျုပ်ကို ချီးကျူးနေပါပြီ။” ရန်ကိုင်ကပြုံးလျက် ပြန်ပြောလိုက်သည်။
“ဒါပေမယ့် ငါတို့အလောင်းအစားရှိသေးတယ်ဆိုတာ မင်းမမေ့ပါဘူးနော်။ မင်း မဟာဆေးတာအိုရဲ့ ပဲ့တင်သံကို ထွက်ပေါ်လာအောင် လုပ်နိုင်ရင် လုပ်နိုင်လိမ့်မယ်။ အဲ့တော့ ဘာဖြစ်လဲ။ မင်း ဝိဥာဉ်အရင်းအမြစ် အားဖြည့်ဆေးကို ဖော်စပ်ပြီးသွားပြီမို့လို့လား။”
“ဆေးဝိဇ္ဇာက စစ်ဆေးချင်နေသေးတာလား။” ရန်ကိုင်က ကျိုးထဲအား မျက်လုံးမှေးစင်းကာ စိုက်ကြည့်၍ ပြောလိုက်သည်။
“ဆေးမီးဖိုကို ဖွင့်လိုက်။” ကျိုးထဲသည် အသက်ပြင်းပြင်းရှူသွင်း၍ ခက်ခက်ခဲခဲ ပြောလိုက်သည်။
“မဟာဆေးတာအိုရဲ့ ပဲ့တင်သံကို ထွက်ပေါ်လာအောင် လုပ်နိုင်တာကိုကြည့်ရင် မင်းဘယ်လောက် ပါရမီပါလဲဆိုတာကို သိနိုင်သွားပြီ။ ဒါပေမယ့် မင်းပါရမီပါတော့ရော ဘာဖြစ်လဲ။ ပါရမီပါရုံနဲ့ ဝိဥာဉ်အရင်းအမြစ် အားဖြည့်ဆေးကို ဖော်စပ်နိုင်မှာမို့လို့လား။ ဒီလောကကြီးမှာ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေ အများကြီးပဲ။ ဒါပေမယ့် သူတို့ထဲမှာ ဘယ်သူကများ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တွေ ဖြစ်လာနိုင်လို့လဲ။”
“ဆေးဝိဇ္ဇာက အခေါင်းမမြင်ရသေးသရွေ့ မျက်ရည်ကျမယ့်သူ မဟုတ်ဘူးပဲ။” ရန်ကိုင်က တပြုံးပြုံးဖြင့် ပြန်ပြောလိုက်သည်။
“ဆေးဝိဇ္ဇာ ဒီကိစ္စကို ဒီမှာတင်ရပ်လိုက်ကြရင် မကောင်းဘူးလား။” အချို့ဆေးပညာရှင်များက ဆေးဝိဇ္ဇာကျိုးထဲကို သွားဖြောင်းဖျကြလေသည်။
ရန်ကိုင်သည် မဟာဆေးတာအို၏ ပဲ့တင်သံကို ထွက်ပေါ်လာအောင် လုပ်ခဲ့သူဖြစ်သည့်အတွက် သူတို့အားလုံးသည် ရန်ကိုင့်အပေါ် အကြွေးတင်နေသည်ဟု ပြော၍ရသည်။ တစ်ဖက်တွင်လည်း ဆေးဝိဇ္ဇာကျိုးထဲ ဆိုသူမှာ ဆေးပညာလောက၌ ဆေးပညာရှင်တိုင်းလိုလိုက လေးစားရသည့် ဂုဏ်သတင်း၊ အရှိန်အဝါကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
ဤအလောင်းအစားကို မည်သူနိုင်နိုင် မည်သူရှုံးရှုံး နောက်ဆုံးရလဒ်ကို သူတို့မမြင်ချင်ကြပေ။ ထို့ကြောင့် အကောင်းဆုံးနည်းလမ်းသည် ဤနေရာတွင် ရပ်တန့်လိုက်ဖို့သာ ဖြစ်လေသည်။
တစ်ယောက်ကစပြီး ပြောလိုက်သည်နှင့် အခြားဆေးပညာရှင်များပါ ဝင်ပါလာကြသည်။ ခဏအကြာတွင် ဆေးပညာရှင် တော်တော်များများသည် ဆေးဝိဇ္ဇာကျိုးထဲအား ဤနေရာတွင်သာ ရပ်လိုက်ကြရန် ဖြောင်းဖျကြကုန်လေသည်။
ရန်ကိုင်ကမူ ထူးမခြားနားဟန်ဖြင့် “ကျုပ်အတွက်က ကိစ္စမရှိဘူး။ ဆေးဝိဇ္ဇာအပေါ်ပဲ မူတည်တယ်။ ဆေးဝိဇ္ဇာ ဆက်သွားချင်လား။ ဆက်သွားချင်ရင် ကျုပ်သွားပေးမယ်။ မသွားချင်ဘူးဆိုရင်လည်း ဒီမှာပဲရပ်လိုက်လို့ရတယ်။”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၉၁၄)
“ဘာမှဆက်ပြောနေစရာမလိုဘူး။ ဆေးမီးဖိုအဖုံးကိုပဲ ဖွင့်လိုက်။” ကျိုးထဲသည် အခြားဆေးပညာရှင်များ၏ အကြံပြုချက်ကို လျစ်လျူရှုကာ ရန်ကိုင့်တည့်တည့်ကို စိုက်ကြည့်၍ ပြောလိုက်လေသည်။
အိုင်းအောင်သည်လည်း ပါးစပ်ဟ၍ တစ်ခုခုဝင်ပြောရန် လုပ်လိုက်သော်ငြား ကျိုးထဲမျက်လုံးထဲရှိ အကြည့်ကိုမြင်သော် သူ့ပါးစပ်ကိုသာ ပြန်ပိတ်ထားလိုက်လေတော့၏။
ရန်ကိုင်ကခေါင်းညိတ်၍ ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည်။ “ရတယ်လေ။ ခင်ဗျားက ကြည့်ချင်တယ် ဆိုမှတော့ ပြပေးရမှာပေါ့။”
ပြောပြီးသည်နှင့် ဆေးမီးဖိုအဖုံးကို ကောက်ဖွင့်လိုက်လေသည်။
အဖုံးပွင့်သွားသည်နှင့်တစ်ပြိုင်နက် ဆေးမီးဖိုထဲမှ အလင်းတန်းတစ်ခု ပျံထွက်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် သိပ်သည်းလှသည့် ဆေးရနံ့သည် ပတ်ဝန်းကျင်အနှံ့ ပျံ့နှံ့လာခဲ့လေသည်။
“ဒါက…” တစ်ယောက်ယောက်သည် ဆေးမီးဖိုထဲမှ ပျံထွက်လာသည့် အလင်းတန်းကို မျက်လုံးကြီးပြူးကာကြည့်ရင်း အလန့်တကြား ထအော်လေသည်။
ရန်ကိုင်မည်သည့်အချိန်ကတည်းက ဆေးဖော်စပ်လို့ ပြီးသွားမှန်း သူလုံးဝမသိလိုက်ချေ။ ဆေးစဖော်သည့် အချိန်မှစ၍ ဆေးအဖုံးကို မဖွင့်ခင်အချိန်ထိ မည်သည့်ဆေးရနံ့မှ မရရခြင်းမှာ ဆေးရနံ့အားလုံးသည် ဆေးမီးဖိုထဲတွင် စုဝင်နေသည့်အတွက်ကြောင့် ဖြစ်ပေသည်။
ထို့ကြောင့် ဆေးမီးဖိုအဖုံးကို ဖွင့်လိုက်သည့်အခိုက် ဆေးရနံ့မှာ ပုလိပ်ရောဂါနှယ် ပျံ့ထွက်လာလေတော့သည်။ ကျိုးထဲရှုံးသွားလေပြီ။ ရန်ကိုင့်၏ ဝိဉာဏ်အရင်းအမြစ် အားဖြည့်ဆေး မည်သို့ပင် ဖြစ်နေပါစေ သူသည်ဆေးလုံးကို ဖော်စပ်နိုင်သည့်အတွက် ဤအလောင်းအစားကို နိုင်သွားပြီဟု ပြော၍ရပေသည်။
ပြိုင်ပွဲမစတင်ခင် ရန်ကိုင်သာ ဝိဥာဉ်အရင်းအမြစ် အားဖြည့်ဆေးကို ဖော်စပ်နိုင်လျှင် သူရှုံးပြီဟု ကျိုးထဲမှ ပြောခဲ့သည် မဟုတ်ပေလော။ ဝိဉာဏ်အရင်းအမြစ် အားဖြည့်ဆေးအား ဖော်စပ်နိုင်သည့်အချက်ကို ကြည့်လျှင်ပင် ရန်ကိုင်သည်လည်း တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်ဖြစ်ကြောင်းကို အခြားဆေးပညာရှင်အားလုံး နားလည်သဘောပေါက် သွားခဲ့ကြလေသည်။
အကုန်လုံး၏အသက်ရှူနှုန်း မြန်ဆန်လာခဲ့သည်။ ရန်ကိုင့်ကို ကြည့်နေသည့် သူတို့၏မျက်လုံးထဲ စိတ်အားထက်သန်မှု၊ လေးစားမှုတို့ ပြည့်နှက်လာခဲ့သည်။ ထိုအကြည့်မျိုးသည် ကျိုးထဲ သို့မဟုတ် အခြားသော တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်များသာ ရရှိနိုင်သည့်အကြည့်မျိုး ဖြစ်ပေသည်။
ဆေးမီးဖိုထဲမှ ဆေးလုံးပျံထွက်လာသည်ကို မြင်လိုက်သည်နှင့် ကျိုးထဲတစ်ကိုယ်လုံး ဒယီးဒယိုင်း ဖြစ်သွားခဲ့သည်။ သူ့မျက်နှာမှာလည်း နှစ်တစ်ရာလောက်ပို၍ အိုစာသွားခဲ့လေသည်။
သို့တိုင် ကျိုးထဲမှာတော့ အရှုံးမပေးချင်သေးဘဲ ဆက်၍ အော်ပြောလိုက်သည်။ “ဒီကိစ္စက မပြီးသေးဘူး။ အဲ့ဒါ ဝိဥာဉ်အရင်းအမြစ် အားဖြည့်ဆေး ဟုတ်မဟုတ် အရင်စစ်ဆေးကြည့်ရဦးမယ်။”
“ဟုတ်တာပေါ့ ဘယ်ပြီးသေးပါ့မလဲ” ရန်ကိုင်ကလည်းရယ်ရယ်မောမောဖြင့် ပြောလျက် ခရမ်းမူလဆေးမီးဖိုကို နောက်တစ်ကြိမ် ထပ်ရိုက်လိုက်လေသည်။
ရန်ကိုင်၏ လုပ်ရပ်နှင့် ပက်သက်ပြီး ဆေးပညာရှင်များ ဇဝေဇဝါ ဖြစ်သွားခဲ့ကြသည်။ မကြာမီ အားလုံးရှေ့ ထူးဆန်သည့် မြင်ကွင်းတစ်ရပ် ထွက်ပေါ်လာခဲ့လေသည်။
ပထမအလင်းတန်းတစ်ခု ပျံထွက်လာပြီးသည့် နောက်တွင် ဆေးမီးဖိုထဲမှ နောက်ထပ်အလင်းတန်းတစ်ခုပါ ထွက်ပေါ်လာခဲ့လေသည်။ ယခုတစ်ကြိမ် ထွက်ပေါ်လာသည့် အလင်းတန်းနှင့်အတူ ဆေးမီးဖိုထဲမှ ဖြာထွက်နေသည့် ဆေးရနံ့မှာလည်း ပို၍အားကောင်းလာခဲ့သည်။
“နှစ်လုံး… နှစ်လုံးတောင်။ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။ ဝိဥာဉ်အရင်းအမြစ် အားဖြည့်ဆေးကို တစ်ခါတည်းနှစ်လုံး ဖော်စပ်လို့ရလို့လား။ ငါအိပ်မက်များ မက်နေတာလား။ ခေါင်းဆောင်အိုင်းအောင်ကများ သူ့အတွက် ဆေးအမယ် နှစ်စုံစာ ပေးလိုက်လို့လား။ မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ သူ့မှာ ဆေးအမယ်နှစ်စုံစာ ရှိမယ်ဆိုရင်တောင် ဆေးလုံး နှစ်လုံးကို တစ်ပြိုင်တည်း ဖော်စပ်ဖို့က လုံးဝ မဖြစ်နိုင်ဘူး။ တကယ်ကြီး ဘာတွေ ဖြစ်နေတာလဲ”
ဆေးပညာရှင်အားလုံး သူတို့ရှေ့ရှိ မြင်ကွင်းကိုကြည့်ရင်း အလွန်ကိုမှ နားမလည်နိုင် ဖြစ်နေခဲ့ကြလေသည်။ အကုန်လုံးသည် ဆေးမီးဖိုထဲမှ ပျံထွက်လာသည့် အလင်းတန်းလေးနှစ်ခုကို ကြည့်ရင်း မှင်သက်နေခဲ့ကြသည်။
ရန်ကိုင်သည် အသင့်ပြင်ထားသည့် ကျောက်စိမ်းပုလင်းအဖုံးကို ဖွင့်၍ ပျံထွက်လာသည့် အလင်းတန်းနှစ်ခုကို လှမ်းဖမ်းယူလိုက်ပြီး ကျောက်စိမ်းပုလင်းထဲသို့ ထည့်လိုက်လေသည်။
“ငါတကယ်ကြီး အမြင်မှားနေတာ မဟုတ်ဘူးပေါ့။ ဆေးမီးဖိုထဲက တကယ်ကြီး ဆေးလုံးနှစ်လုံး ပျံထွက်လာတာပေါ့။”
“ငါလည်းအမြင်မှားတယ်လို့ပဲ ထင်နေတာ။ တကယ်ကြီး ဖြစ်နေမယ်လို့ မထင်ထားဘူး” တစ်ယောက်တစ်ပေါက် တီးတိုးသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့လေသည်။
သို့သော်လည်း ရန်ကိုင်က ဘာမှမပြောသေးသည့် အတွက်ကြောင့် ဆေးပညာရှင်များသည် ထိုဆေးလုံးကို သွားမစစ်ဆေးရဲသေးကြပေ။
“ဆေးဝိဇ္ဇာ ဒီဆေးလုံးကို စစ်ဆေးချင်လား။” ရန်ကိုင်က ကျောက်စိမ်းပုလင်းကို ကိုင်၍ ကျိုးထဲဘက်သို့လှည့်၍ မေးလိုက်သည်။
ကျိုးထဲ၏အမူအရာ ချက်ချင်းညှိုးကျသွားခဲ့လေသည်။ သူဘာမှ ပြန်မပြောတော့ဘဲ ရန်ကိုင့်အား ရှုပ်ထွေးသည့်အမူအရာဖြင့်သာ ကြည့်နေခဲ့သည်။ အခြားဆေးပညာရှင်များသည်လည်း ဘာမှမပြောခဲ့ပေ။
“ငါကြည့်မယ်” ထိုစဉ် အိုင်းအောင်က ဝင်ပြောလိုက်ပြီးနောက် ရန်ကိုင့်လက်ထဲရှိ ကျောက်စိမ်းပုလင်းကို လှမ်းယူလိုက်လေသည်။ “အဲ့ဒါဆို ခေါင်းဆောင်အိုင်းအောင်ကိုပဲ အလုပ်ရှုပ်ခံခိုင်းရတော့မှာပေါ့။” ရန်ကိုင်ကပြုံးလျက် ပြောလိုက်လေသည်။
ခေါင်းဆောင်အိုင်းအောင်သည် ကျောက်စိမ်းပုလင်းကို ဖွင့်၍ အထဲမှ ဆေးလုံးတစ်လုံးကို သွန်ချလိုက်လေသည်။ ထိုဆေးလုံးသည် ဝိုင်းပြီးကြည်လင်နေ၏။ ဆေးလုံးမှ ထွက်ပေါ်နေသည့် ဆေးရနံ့ကို ရှူရှိုက်လိုက်ရုံဖြင့် သူတို့၏ စိတ်ဝိဥာဉ်များ အေးချမ်းလန်းဆန်းသွားသလို ခံစားလိုက်ရသည်။
ဤကဲ့သို့ အာနိသင်မျိုး ရှိရလေအောင် ထိုဆေးလုံးသည် ဝိဉာဏ်အရင်းအမြစ် အားဖြည့်ဆေးမဟုတ်လျှင် ဘာဆေးလုံးနည်း။ သို့သော်လည်း ရန်ကိုင်ဖော်စပ်ထားသည့် ဝိဥာဉ်အရင်းအမြစ် အားဖြည့်ဆေးသည် ကျိုးထဲ ဖော်စပ်လိုက်သည့် ဝိဉာဏ်အရင်းအမြစ် အားဖြည့်ဆေးနှင့် ယှဉ်လိုက်လျှင် အနည်းငယ်ကွဲပြားနေခဲ့သည်။
ရန်ကိုင်၏ ဆေးလုံးသည် ဆေးညွှန်းထဲ ပြောထားသည့် ဆေးလုံးနှင့် သိပ်မတူချေ။ ရန်ကိုင်၏ ဆေးလုံးသည် အနည်းငယ်လေး ရွှေရောင်တောက်နေပြီး သိပ်သည်းလှသည့် အသက်ဓါတ်တို့ဟာလည်း ဆေးလုံးဆီမှ ဖြာထွက်နေခဲ့သည်။
ဆေးပညာအကြောင်း မသိသည့်လူဆိုလျှင်ပင် ထိုဆေးလုံးသည် အသက်ပေါင်းများစွာကို ကယ်တင်နိုင်သည့် ဆေးလုံးမှန်း ပြောနိုင်ပေလိမ့်မည်။ ထိုဆေးလုံးကိုကြည့်ရင်း ဆေးပညာရှင်အားလုံး တအံ့တဩ ဖြစ်ကုန်ကြလေသည်။
ရန်ကိုင်သည် ဆေးညွှန်းထဲတွင်ပြောထားသည့် ဆေးအမယ်များကို သုံးပြီးတော့သာ ဖော်စပ်ခဲ့သည့်တိုင် သူဖော်စပ်ထားသည့် ဆေးလုံးသည် ဆေးညွှန်းထဲရှိ ဆေးလုံးနှင့် ဘာကြောင့် မတူရသလဲ ဆိုသည်ကို ဆေးပညာရှင် အားလုံး နားမလည်နိုင် ဖြစ်နေခဲ့ကြသည်။
ဆေးဖော်စပ်နေသည့်အချိန်တွင် ရန်ကိုင်မှ သူ့ရွှေရောင် သွေးစက်တစ်အား ဆေးမီးဖိုထဲသို့ မသိမသာလေး ထည့်လိုက်သည်ကို မည်သူမှ သတိ မပြုမိလိုက်ကြချေ။
စိတ်ဝိဥာဉ်ရှိသည့် ဆေးလုံးတစ်လုံးသည်သာ စိတ်ဝိဥာဉ် ဆေးလုံးဟု ခေါ်ထိုက်ပေသည်။
ဤသည်မှာ အစစ်အမှန်ဆေးပညာကျမ်းတွင် မှတ်တမ်းတင်ထားသည့် နောက်ဆုံးစာကြောင်းဖြစ်သည်။ ထိုအချိန်မှစ၍ ရန်ကိုင်သည် သူသာစိတ်ဝိဥာဉ်ဆေးလုံး တစ်လုံးကို ဖော်စပ်လိုလျှင် ဆေးလုံးစိတ်ဝိဥာဉ်သည် အခရာကျကြောင်းကို နားလည်သဘောပေါက်သွားခဲ့သည်။
မွန်းစတားသားရဲများ၏ မွန်းစတားအမြူတေကို ဆေးလုံးဝိဥာဉ်အဖြစ် အသုံးပြု၍ရသလို သူ့ရွှေရောင်သွေးစက်ကိုလည်း ဆေးလုံးဝိဥာဉ်အဖြစ် အသုံးပြု၍ရပေသည်။ ရှင်းရှင်းပြောရလျှင် သူ့ရွှေရောင်သွေးစက်သည် မွန်းစတားသားရဲများ၏ မွန်းစတားအမြူတေထက်ပင် ပိုကောင်းသေး၏။
အကြောင်းမှာ သူ့ရွှေရောင်သွေးစက်သည် အလွန်ကိုမှ အသက်ဓါတ်ကြွယ်ဝသည့် အတွက်ကြောင့် ဖြစ်ပေသည်။ သာမန်အခြေအနေမျိုးတွင်ဆိုလျှင်တော့ ရန်ကိုင် အနေဖြင့် စိတ်ဝိဥာဉ်ဆေးလုံး တစ်လုံးကို ဖော်စပ်ရန်အတွက် ရွှေရောင်သွေးစက်တစ်စက်ကို ဖြုန်းတီးလိမ့်မည် မဟုတ်ပေ။
ရွှေရောင်သွေးစက်များသည် အလွန်ကိုမှ အဖိုးတန်ကာ စိတ်ဝိဥာဉ်ဆေးလုံးတစ်လုံးထက်ပင် ပိုတန်ဖိုးရှိပေသေးသည်။ သို့သော်လည်း ယခုတစ်ကြိမ် ဤဆေးလုံးကို သောက်မည့်သူမှာ ရွှယ့်ယွယ်၏အမေ ဖြစ်နေသည့်အတွက် ရန်ကိုင်လည်း ကပ်စေးနဲမနေတော့ချေ။
ရွှေရောင်သွေးစက်ကြောင့်သာ သူဖော်စပ်လိုက်သည့် စိတ်ဝိဥာဉ်အရင်းအမြစ် အားဖြည့်ဆေးသည် ရွှေရောင်တောက်နေရခြင်း ဖြစ်ပေသည်။
“အကုန်လုံး ဒါစိတ်ဝိဥာဉ်အရင်းအမြစ် အားဖြည့်ဆေး ဟုတ်မဟုတ် စစ်ဆေးကြည့်ပေးကြပါ” အိုင်းအောင်သည် ဆေးလုံးကို ဆေးပညာရှင်များထံသို့ ပေးလိုက်လေသည်။ စစ်ဆေးကြည့်ပြီးနောက်တွင် ထိုဆေးလုံးသည် စိတ်ဝိဉာဏ်အရင်းအမြစ် အားဖြည့်ဆေးဖြစ်ကြောင်းကို အကုန်လုံး သဘောတူလက်ခံလိုက်ကြသည်။
သူတို့စစ်ဆေးကြည့်ရသလောက် ရန်ကိုင်ဖော်စပ်ထားသည့် ဆေးလုံးသည် ဆေးညွှန်းထဲ မှတ်တမ်းတင်ထားသည့် ဆေးလုံးထက်ပင် ပို၍အာနိသင် ကောင်းနေခဲ့သေးသည်။ ထိုကိစ္စပြီးနောက်တွင် အကုန်လုံးသည် ရန်ကိုင့်အား ပို၍ပင် လေးစားလာခဲ့ကြလေသည်။ သူတို့စိတ်ထဲ ထင်နေသည်မှာ ရန်ကိုင်သည် ဝိဥာဉ်အရင်းအမြစ်အားဖြည့်ဆေး၏ ဆေးညွှန်းကို ပြောင်းလဲလိုက်သည်ဟူ၍ပင်။
ထို့ကြောင့်သာ သူဖော်စပ်လိုက်သည့် ဆေးလုံး၏အာနိသင်မှာ ပုံမှန်ရှိသင့်သည်ထက် ပိုမြင့်မားနေခြင်းဖြစ်သည်။ ဝိဉာဏ်အရင်းအမြစ် အားဖြည့်ဆေးကို ဖော်စပ်ရန်အတွက် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေရန် လိုအပ်ပေသည်။
သို့သော်လည်း တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတစ်လုံး၏ ဆေးညွှန်းကို ပြောင်းလဲချင်သည်ဆိုပါက ထိုဆေးပညာရှင်သည် အနည်းဆုံး တန်ခိုးရှင်ဘုရင် အလယ်အလတ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင် တန်ခိုးရှင်ဘုရင်အဆင့်မြင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေရပေလိမ့်မည်။
သို့သော်လည်း ဆေးညွှန်းတစ်ညွှန်းကို ပြုပြင်ဖို့ဆိုသည်မှာ မလွယ်ကူသည့်ကိစ္စတစ်ခု ဖြစ်သည်။ ယနေ့ခေတ်ရှိ ဆေးညွှန်းများသည် ရှေးနှစ်ပေါင်းများစွာကတည်းက မျိုးရိုးအစဉ်အဆက် လက်ဆင့်ကမ်းလာသည့် ဆေးညွှန်းများ ဖြစ်ကြသည်။
ခေတ်အသီးသီးရှိ မရေတွက်နိုင်သော ပါရမီရှင်များသည် ဆေးညွှန်းအား အမျိုးမျိုး ပြုပြင်မွမ်းမံခဲ့ကြပေသည်။ ထို့ကြောင့် ယနေ့ခေတ်တွင် ကျန်ရစ်သော ဆေးညွှန်းများသည် အမှားမရှိလောက်အောင်ကို နည်းသည့် ပြီးပြည့်စုံလုနီးပါး ဖြစ်နေသည့် ဆေးညွှန်းများ ဖြစ်သည်ဟု ပြော၍ရပေသည်။
သို့သော်လည်း ယနေ့တွင် ထိုကဲ့သို့ဆေးညွှန်းအား ပြောင်းလဲပစ်ခဲ့သည့် လူတစ်ဦးကို သူတို့ မြင်တွေ့လိုက်ရလေပြီ။ ထို့ကြောင့်ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်အလယ်အလတ်အဆင့် ဟုတ်လျှင်ဟုတ်။ မဟုတ်လျှင် တန်ခိုးရှင်အဆင့်မြင့် ဆေးပညာရှင်တစ်ဦး ဖြစ်ရမည်ဟူ၍ အကုန်လုံး ကောက်ချက်ချလိုက်လေ၏။
ရန်ကိုင်သည် ကျင့်ကြံခြင်းတွင်သာ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သို့ ရောက်နေခြင်းမဟုတ်ဘဲ ဆေးပညာတွင်ပါ တန်ခိုးရှင်ဘုရင် အနည်းဆုံး ဒုတိယအဆင့်သို့ ရောက်နေပြီ ဖြစ်ကြောင်းကို သိလိုက်ရသည့်နောက် ဆေးပညာရှင်အားလုံး အလွန်ကိုမှ ထိတ်လန့်အံ့အားသင့်ကုန်ကြလေ၏။
ဒီကောင်က နှစ်သောင်းနဲ့ချီပြီး အသက်ရှင်လာတဲ့ မွန်းစတားအိုကြီးတစ်ကောင် လူငယ်လေး အယောင်ဆောင်ထားတဲ့သူလား။ မဟုတ်ရင် သူဘာလို့ ဒီလောက်ငယ်နေမှာလဲ
“ဆေးဝိဇ္ဇာကော စစ်ဆေးချင်သေးလား မသိဘူး။” အိုင်းအောင်သည် ဖြူဖတ်ဖြူရော်ဖြစ်နေသော ကျိုးထဲဘက်သို့ လှည့်၍မေးလိုက်လေသည်။ ကျိုးထဲ၏လုပ်ပုံကိုင်ပုံကြောင့် အိုင်းအောင်သည် ကျိုးထဲအား အလွန်ဒေါသထွက်ခဲ့ဖူးသည်။
သို့သော်လည်း ကြယ်စီရင်စုကြီးတစ်ခုလုံးက လေးစားရသည့် ဆေးဝိဇ္ဇာတစ်ဦး ဤကဲ့သို့ ဖြစ်နေသည်ကိုမြင်သော် အိုင်းအောင် အနည်းငယ် ကရုဏာသက်သွားခဲ့လေသည်။ မည်သို့ပင် ဖြစ်နေစေကာမူ ကျိုးထဲသည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေဆဲ မဟုတ်လော။
သူသာ ဤကိစ္စမှ ပြန်နိုးထမလာနိုင်လျှင် ကြယ်စီရင်စုကြီးတစ်ခုလုံးအတွက် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။ ကျိုးထဲက ခေါင်းခါလိုက်သည်။
“အဲ့လိုဆိုမှတော့ ဒီပြိုင်ပွမှာ အနိုင်ရသွားတဲ့လူက..” အိုင်းအောင်သည် ရန်ကိုင့်အား အနိုင်ရသူအဖြစ် ကြေညာတော့မည်အပြု ရုတ်တရက် ဆေးပညာရှင်တစ်ဦးက ထအော်ပြောလိုက်လေသည်။
“ခေါင်းဆောင်အိုင်ဆောင် ဆေးပုလင်းထဲမှာ နောက်ထပ်ဆေးလုံးတစ်လုံး ရှိသေးတယ်မလား။ အဲ့ဆေးလုံးကိုပါ ကျုပ်တို့ ကြည့်လို့ရမလား”
“ဒီကောင်ပြောမှ ငါသိရတယ်။ ဟုတ်တယ်… ခေါင်းဆောင်အိုင်အောင်၊ အဲ့ဆေးလုံးကိုပါ ကျုပ်တို့ကို တစ်ချက်လောက် ကြည့်ခွင့်ပေးလို့ရမလား”
ဆေးမီးဖိုထဲမှ ဆေးလုံးနှစ်လုံး ပျံထွက်လာခဲ့သည်ကို အကုန်လုံး မြင်လိုက်ရလေသည်။ အိုင်းအောင်သည် ထိုမြင်ကွင်းကိုကြည့်ရင်း သက်ပြင်းသာချလိုက်ပြီး ရန်ကိုင့်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။
ဆေးပုလင်းထဲတွင် ဆေးလုံးနှစ်လုံးရှိမှန်း သူသိသည်။ ဆေးပုလင်းအဖုံးကို ဖွင့်ကြည့်လိုက်စဉ်က ဆေးလုံးနှစ်လုံးကိုလည်း တွေ့ခဲ့သည်။ သို့သော်လည်း ဒုတိယဆေးလုံးကို မြင်ပြီးနောက် အိုင်းအောင်မှာ အလွန်ကိုမှ ထိတ်လန့်လွန်းသဖြင့် ဆေးပုလင်းကိုပင် လွှင့်ပစ်မိမတတ် ဖြစ်သွားခဲ့ရသည်။
ထို့ကြောင့် ဆေးပညာရှင်များ၏ တောင်းဆိုချက်ကို ကြားသည့်အခါ မည်သို့လုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ ရန်ကိုင် မကန့်ကွက်သည်ကို မြင်သော် အိုင်းအောင်သည် ဆေးပညာရှင်များဘက်သို့ နောက်တစ်ကြိမ် လှည့်၍မေးလိုက်လေသည် “မင်းတို့ တကယ်ကြည့်ချင်တာ သေချာလား။”
“သေချာတယ် ခေါင်းဆောင်အိုင်းအောင်”
“ကောင်းပြီလေ။ ရော့… မင်းတို့ဘာသာပဲ ကြည့်လိုက်တော့” အိုင်းအောင်သည် ဆေးပုလင်းကို ဆေးပညာရှင်များထံသို့ ပစ်ပေးလိုက်လေသည်။
ဆေးပညာရှင်များထဲမှ သက်လတ်ပိုင်းအရွယ် ဆေးပညာရှင် တစ်ဦးသည် ချက်ချင်းပဲ ဆေးပုလင်းကို လှမ်းဖမ်းလိုက်လေသည်။ ထို့နောက် ဆေးပုလင်းအဖုံးကို ဖွင့်ကြည့်လိုက်၏။
သို့ရာတွင် အထဲရှိဆေးလုံးကို မြင်ပြီးနောက် သက်လတ်ပိုင်းလူကြီးသည် မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားလေသည်။ မျက်လုံးများသည် အလွန်တရာကိုမှ ထိတ်လန့်စရာကောင်းသည့် အခြင်းအရာတစ်ခုကို မြင်လိုက်သည့်ရသည့်အလား ပြူးကျယ်နေခဲ့လေသည်။
“ရောင်းရင်းကျောင်း ဘာတွေဖြစ်နေတာလဲ။ ငါတို့ကို မြန်မြန် ပြောစမ်းပါဟ။” သက်လတ်ပိုင်းလူကြီးသည် သရဲတစ်ကောင်ကို မြင်လိုက်သည့်နှယ် လုပ်နေသည်ကို မြင်သော် အကုန်လုံးသည် သက်လတ်ပိုင်းလူကြီးအား တွန်းအားပေးလိုက်တော့လေသည်။
သို့ရာတွင် သက်လတ်ပိုင်းလူကြီးမှာတော့ တုပ်တုပ်မျှမလှုပ်။
“ငါ့လခွမ်း..ငါ့ဘာသာငါပဲ ကြည့်တော့မယ်။” အနားတွင် ရှိနေသော ဆေးပညာရှင်သည် အော်ဆဲလိုက်ရင်း သက်လတ်ပိုင်းလူကြီးလက်ထဲမှ ကျောက်စိမ်းပုလင်းကို လုယူလိုက်လေသည်။
သို့သော် သူသည်လည်း သက်လတ်ပိုင်းလူကြီးနှင့် ဘာမှမထူးချေ။ ဆေးပုလင်းထဲရှိ ဆေးလုံးကိုမြင်ပြီးနောက် မျက်လုံးကြီး ပြူးပြီးတော့သာ ကြောင်ရပ်နေတော့၏။
ထိုအခါ အခြားဆေးပညာရှင်များသည်လည်း ရပ်ကြည့်မနေနိုင်တော့ဘဲ ထိုလူဆီမှ ဆေးပုလင်းကိုလုကာ ယူကြည့်ကြတော့လေသည်။ ဤသို့ဖြင့် ဆေးပုလင်းသည် ဆေးပညာရှင် တစ်ဦးပြီးတစ်ဦးဆီသို့ ရောက်သွားခဲ့လေသည်။
ဆေးပုလင်းထဲရှိ ဆေးလုံးကို မြင်သွားသည့်လူတိုင်း သက်လတ်ပိုင်းလူကြီးကဲ့သို့ ဖြစ်ကုန်ကြလေသည်။ မသိသည့် လူသာဆိုလျှင် ဆေးပုလင်းထဲ အဆိပ်ဆေးလုံး တစ်လုံး ရှိနေသည်ဟုပင် ထင်သွားနိုင်ပေသည်။ အဆိပ် ဆေးလုံးမှ ထွက်ပေါ်လာသည့် အဆိပ်ငွေ့ကြောင့် ဆေးပညာရှင်များ ထိုကဲ့သို့ ဖြစ်ကုန်ကြမည်ဟု ထင်မိကောင်း ထင်မိသွားနိုင်ပေသည်။
ကျိုးထဲ၏အမူအရာသည်လည်း ပြောင်းလဲသွားခဲ့သည်။ ဆေးပညာရှင်များ၏ အမူအရာကိုမြင်သော် သူ့စိတ်ထဲ အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့သည်။ သို့သော်လည်း ထိုအတွေးကို သိပ်မယုံချင်မိပေ။
ကျိုးထဲသည် ပညာရှင်တစ်ဦးနှင့် မတူညီစွာ ခက်ခက်ခဲခဲ ရှေ့သို့တိုးသွားလိုက်ပြီးနောက် ငေးကြောင်ကြောင်ဖြစ်နေသော ဆေးပညာရှင်လက်ထဲမှ ဆေးပုလင်းကို လုယူလိုက်လေသည်။
ထို့နောက်ဆေးပုလင်းထဲရှိ ဆေးလုံးကို သူ့လက်ဝါးပေါ်သို့ သွန်ချကြည့်လိုက်သည်။ ထိုဆေးလုံးသည် ပထမတစ်ကြိမ် ဆေးလုံးကဲ့သို့ပင် ရွှေရောင်တောက်နေ၏။ သို့သော်လည်း မတူညီသည့်တစ်ချက်တော့ ရှိပေသည်။
ဆေးလုံးမျက်နှာပြင်ပေါ်ရှိ အကြောင်းအကြောင်း ဖြစ်နေသော မျဉ်းကြောင်းလေးများပင်။ ထိုမျဉ်းကြောင်းလေးများသည် လူ့ခန္ဓာကိုယ်ထဲရှိ သွေးကြောများကဲ့သို့ ဆေးလုံးမျက်နှာပြင်ပေါ်တွင် ပျံ့နှံ့နေခဲ့ကြလေသည်။
“ဆေးသွေးကြောတွေ” ကျိုးထဲ အလန့်တကြား ထအော်တော့လေသည်။ သူ့ခန္ဓာကိုယ်အိုကြီးသည် မုန်တိုင်းထဲ ရောက်နေသော မိုးမခသစ်ပင် ယိမ်းထိုးနေသကဲ့သို့ ဒယီးဒယိုင် ဖြစ်လာခဲ့လေ၏။
သူ့ဘဝတွင် ဆေးသွေးကြောပါသော ဆေးလုံးများကို မဖော်စပ်ဖူးသည်မဟုတ်။ ဖော်စပ်ခဲ့ဖူးပေသည်။ သူသည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်သလို ဆေးလုံးများကို နှစ်ပေါင်းထောင်နဲ့ချီအောင် ဖော်စပ်လာခဲ့သူ တစ်ဦးဖြစ်သည့်အတွက် သူ့အနေဖြင့် ဆေးသွေးကြောပါသည့် ဆေးလုံးတစ်လုံးအား မဖော်စပ်ဖူးစရာ အကြောင်းမရှိပေ။
ဆေးတိမ်တိုက်ပါသည့် အဆင့်နိမ့်ဆေးလုံးအချို့ကိုပင် ဖော်စပ်ခဲ့ဖူးသေး၏။ ဆေးသွေးကြောပါသည့်ဆေးလုံးနှင့် ဆေးတိမ်တိုက်ပါသည့် ဆေးလုံးများကို ယနေ့ထိတိုင် ကျိုးထဲ သိမ်းထားပေသေးသည်။
သို့သော်လည်း ယခုအကြိမ်သည် သူ့ဘဝ၌ ပထမဦးဆုံးအကြိမ် အဖြစ် ဆေးသွေးကြောပါသည့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတစ်လုံးကို မြင်ဖူးခြင်းဖြစ်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၉၁၅)
ရှုံးသွားပေပြီ။ ကျိုးထဲ လုံးဝအပြတ်အသတ်ကို ရှုံးသွားပေပြီ။ ဆေးသွေးကြောပါသည့် ဆေးလုံးကိုမြင်လိုက်ကတည်းက ရန်ကိုင်သည် ကံကောင်းပြီး သူ့အားနိုင်သွားခြင်း မဟုတ်မှန်း ကျိုးထဲနားလည်လိုက်သည်။
ရန်ကိုင်သည် တစ်ကြိမ်တည်းတွင် ဆေးလုံး နှစ်လုံးကို ဖော်စပ်နိုင်ခဲ့ရုံမက ဆေးသွေးကြောပါသည့် ဆေးလုံး တစ်လုံးကိုပင် ဖော်စပ်နိုင်ခဲ့သေးသည်။
ကျိုးထဲအနေဖြင့် ထိုကဲ့သို့ လုံးဝမလုပ်နိုင်ချေ။ ထိုအခါမှပဲ ကျိုးထဲ မျက်နှာပေါ်ရှိ ခေါင်းမာနေသည့် အမူအရာ ပျောက်ကွယ်သွားတော့၏။ အသက်ကို ပြင်းပြင်းရှူသွင်း၍ ဆေးသွေးကြောပါသည့် ဆေးလုံးကို ဆေးပုလင်းထဲသို့ ပြန်ထည့်လိုက်ပြီးနောက် ရန်ကိုင့်ဘက်သို့လှည့်ကာ လက်သီးဆုပ်၍ ပြောလိုက်လေသည် “ဆေးဝိဇ္ဇာရန်က တကယ်ကိုတော်တာပဲ။ ကျေးဇူးပြုပြီး ဒီကျိုးထဲ ဦးညွတ်တာကို လက်ခံပေးပါ။”
ရန်ကိုင်သည် ကျိုးထဲအား အံ့အားသင့်တကြီး ကြည့်လိုက်လေသည်။ ကျိုးထဲကဲ့သို့ လူမျိုးဆီမှ ထိုကဲ့သို့စကားမျိုး ကြားရလိမ့်မည်ဟု သူလုံးဝမထင်ထားခဲ့ချေ။
ကျိုးထဲ၏စရိုက်နှင့် ခေါင်းမာသည့်ပုံစံအရ ဤလူအိုကြီးသည် သူ့အရှုံးကို လွယ်ကူစွာ လက်ခံလိုက်မည်မဟုတ်ဟု ရန်ကိုင် ယုံကြည်နေခဲ့သည်။ သို့သော်လည်း ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူမည်ကဲ့သို့များ ကြိုသိခဲ့ပါမည်နည်း။
ခေါင်းညိတ်၍ ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။ “ခင်ဗျားကျုပ်ကို ချီးကျူးလွန်းနေတာပဲ။”
ကျိုးထဲပင်လျှင် ရန်ကိုင့်အား တလေးတစားဖြင့် ဦးညွှတ်နေသည်ကိုမြင်သော် အခြားဆေးပညာရှင်များလည်း မည်ကဲ့သို့များ မသိချင်ယောင် ဆောင်နေနိုင်တော့မည်နည်း။
ချက်ချင်းပဲ လက်သီးဆုပ်ကာ ရန်ကိုင့်အား တောင်းပန်လိုက်ကြလေသည်။ “ခုနတုန်းက မသိခဲ့လိုက်လို့ ဆေးဝိဇ္ဇာရန်ကို စော်ကားမော်ကား ပြောဆိုမိခဲ့ပါတယ်။ အဲ့အတွက် ဆေးဝိဇ္ဇာရန်ကပဲ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။”
ရန်ကိုင်ကပြုံးလျက် “မသိတာက ခွင့်လွှတ်လို့ရပါတယ်” ရန်ကိုင့်၏ သဘောထားကြီးမားသည့် ပုံစံကြောင့် အကုန်လုံး ဝမ်းသာမိသွားခဲ့ကြလေသည်။
ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက် သူသည် ကြယ်စီရင်စုကြီး၏ ထိပ်တန်းအဆင့် ပညာရှင်များထဲတွင် တစ်ဦးအပါအဝင် ဖြစ်ပေသည်။
တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေသော သူ့အဆင့်အတန်းကိုပါ ထပ်ပေါင်းလိုက်သော် လက်ရှိရန်ကိုင်သည် ကြယ်စီရင်စုကြီးထဲတွင် အဆင့်အတန်း အမြင့်မားဆုံးနဲ့ အလေးစားအခံရဆုံး လူတစ်ဦး ဖြစ်သွားလေပြီ။
နောက်တစ်ချက်မှာ ရန်ကိုင်သည် စိတ်သဘောထား ကောင်းမွန်ပြီး သူတို့အားလုံး၏ ရိုင်းပြမှုအပေါ် အပြစ်မယူခြင်းပင်။ ဤသည်မှာ ဆေးဝိဇ္ဇာတစ်ဦးတွင် ရှိသင့်ရှိထိုက်သည့် အပြုအမူမျိုးဖြစ်ပေသည်။
အစောပိုင်းက ကျိုးထဲ၏ အပြုအမူနှင့် ယှဉ်လိုက်သော် လက်ရှိ ရန်ကိုင်၏ အပြုအမူသည် အများကြီး ပိုပြီး မြင့်မြတ်နေပေသည်။
“လင်အာ ဆေးဝိဇ္ဇာကို လာတောင်းပန်လိုက်။” ဆေးသွေးကြောပါသည့် ဆေးလုံးကို မြင်လိုက်ရပြီးနောက် ကျိုးထဲသည် လူသစ်တစ်ယောက်သို့ ပြောင်းလဲသွားသည့်အလားပင်။ သူ့သဘောထားကိုပါ ပြောင်းလဲပစ်လိုက်ရုံမက သူ့မြေးမလေးကိုပါ ရန်ကိုင့်အား တောင်းပန်ရန် ပြောလိုက်လေသည်။
ကျိုးလင်မှာ မလုပ်ချင်သည့်အလား ကျိုးထဲနောက်တွင် ချက်ချင်းသွားပြေးပုန်းလေသည်။ ထိုအခြင်းအရာကို မြင်သည့်အခါ ကျိုးထဲက အပြစ်တင်တော့မည်အပြု ရန်ကိုင်က ပြုံးလျက်ပြောလိုက်လေသည် “ကလေးတွေကို ထားလိုက်ပါ ဆေးဝိဇ္ဇာကျိုးထဲ။ သူတို့က မသိလို့ လုပ်မိတာဆိုတော့ ကျုပ်လည်းစိတ်ထဲ မထားပါဘူး။” ကျိုးထဲ၏မျက်လုံးထဲ ရှုပ်ထွေးသည့်အကြည့် တစ်ချက် ဖြတ်ပြေးသွားခဲ့သည်။
ချက်ချင်းပဲ ခေါင်းညိတ်၍ ပြန်ပြောလိုက်၏။ “ဒီနေ့ ဆေးဝိဇ္ဇာရန်ကို မြင်ပြီးတဲ့နောက်ပိုင်း ကျုပ်ဘယ်လောက် လိုအပ်နေလဲဆိုတာကို ဒီကျိုးထဲ နားလည်သွားခဲ့ပြီ။ ဒီနေ့အမှားကနေ ကျုပ်အများကြီး သင်လိုက်ရတယ်။”
ထိုသို့ပြောပြီးနောက်တွင် ကျိုးထဲသည် အိုင်းအောင်ဘက်သို့ လှည့်၍ပြောလိုက်လေသည်။ “ခေါင်းဆောင်အိုင်းအောင် ဒီလူအိုကြီး တစ်နှစ်ကျော်လောက် တံခါးပိတ်ကျင့်စဉ် ဝင်ချင်တယ်။ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာပြီးသွားရင် ဆေးဝိဇ္ဇာရန်နဲ့ အလောင်းအစား လုပ်ထားတဲ့အတိုင်း တစ်နှစ်ကို တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးအလုံးခြောက်ဆယ် ဒီလူအိုကြီး ဖော်စပ်ပေးမယ်။ အခုတော့ ဒီလူအိုကြီး အရင်သွားလိုက်ပါဦးမယ်။”
ပြောပြီးသည့်နောက်တွင် ကျိုးထဲသည် ဆေးပုလင်းကို ရန်ကိုင့်လက်ထဲသို့ ပြန်ပေးလိုက်ပြီး သူ့မြေးမလေးနှင့်အတူ ထွက်ခွာသွားခဲ့လေသည်။ အိုင်းအောင်သည်လည်း ကျိုးထဲကို သွားမတားခဲ့ပေ။ နှုတ်ဆက်စကားသာ ပြောလိုက်၏ “နှုတ်ဆက်ပါတယ် ဆေးဝိဇ္ဇာ”
ကျိုးထဲအနေဖြင့် ဤနေရာတွင် ဆက်နေရန် အတော်လေးရှက်ရွံ့နေမည်မှန်း အိုင်းအောင် ပြောနိုင်ပေသည်။ ရန်ကိုင့်အား တည်တည်ငြိမ်ငြိမ်၊ တည်တည်ကြည်ကြည်ဖြင့် တောင်းပန်ဖို့ရန်ပင် သူ့အတွက် အတော်လေး ခက်ခဲနေပေပြီ။ ဆက်နေဖို့ဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။
ရန်ကိုင့်အား ပြောဆိုခဲ့ပုံများကို စဉ်းစားပြီးနောက် မျက်နှာပူပူဖြင့် ဤနေရာတွင် မည်သို့များ ဆက်နေနိုင်ပါတော့မည်နည်း။
“ဆရာ ကျုပ်ကိုစောင့်ပါဦး။” ကျိုးထဲပင် ထွက်သွားသည်ကို ကျန်းရွှမ်ကလည်း ဤနေရာတွင် မည်သို့များ ဆက်နေရဲဦးမည်နည်း။
ချက်ချင်းပဲ ကြောက်လန့်တကြား အမူအရာဖြင့် ကျိုးထဲနောက်သို့ လျင်မြန်စွာ ပြေးလိုက်သွားလေသည်။ ရန်ကိုင်သာ ဤမျှတော်သည့် ဆေးပညာရှင်တစ်ဦးဖြစ်မှန်း သိခဲ့လျှင် သူမည်သို့များ ရန်ကိုင့်အား သွားရန်စခဲ့ပါမည်နည်း။
ယခုမူ နောင်တအတွက် ဆေးမရှိတော့ချေ။ တဖြည်းဖြည်း ထွက်ခွာသွားသော စိတ်ဓာတ်ကျနေသည့် ကျိုးထဲ၏ကျောပြင်ကို ကြည့်ရင်း ရန်ကိုင်သက်ပြင်းသာ ချလိုက်လေသည်။
ရန်ကိုင်သက်ပြင်းချနေသည်ကို မြင်သော် အိုင်းအောင် မျက်မှောင်ကြုတ်ပြီး မေးလိုက်လေသည်။ “ဆေးဝိဇ္ဇာရန် မင်းဘာလို့ သက်ပြင်းတွေချနေတာလဲ။” ရန်ကိုင်၏ ဆေးစွမ်းရည်ကို မြင်ပြီးနောက် အိုင်းအောင်၏ ရန်ကိုင့်အပေါ် အခေါ်အဝေါ်မှာလည်း ပြောင်းလဲသွားလေသည်။
ယခင်က ‘ရောင်းရင်းရန်’ဟု ခေါ်နေခဲ့သော်လည်း ယခုမူ ‘ဆေးဝိဇ္ဇာရန်’ဟု ပြောင်းလဲခေါ်နေခဲ့လြေီ။ ဤသည်မှာ ရန်ကိုင့်အပေါ်ထားသည့် သူ၏လေးစားမှုပင် ဖြစ်သည်။ ကြယ်စီရင်စုကြီးထဲမှာ ဆေးသွေးကြောပါတဲ့ တန်ခိုးရှင်ဘုရင် အလယ်အလတ်အဆင့်ဆေးလုံးကို ဖော်စပ်နိုင်တဲ့သူဆိုလို့ ရန်ကိုင်တစ်ယောက်သာ ရှိလောက်တယ်။
သူကရွှယ့်ယွယ်နဲ့ ရင်းနှီးတာဆိုတော့ သူဒီတစ်ကြိမ် ရေကောင်းကင်မြို့ကို ရောက်လာတာ ရွှယ့်ယွယ်ကြောင့်များ ဖြစ်နေမလား မသိဘူး။ အိုင်းအောင်သည် ရန်ကိုင့်အား ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းတွင် မည်သို့ခေါ်ထားလျှင် ကောင်းမလဲဆိုသည်နှင့် ပတ်သက်၍ စတင် အကြံထုတ်တော့လေသည်။
သူက ဧည့်အကြီးအကဲကျိုးထဲထက်တောင် ပိုအများကြီး တန်ဖိုးရှိသေးတယ်
“ဆေးဝိဇ္ဇာကျိုးထဲအတွက် စိတ်မကောင်း ဖြစ်မိလို့ပါ။” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
“ဟင်…” အိုင်းအောင် နားမလည်နိုင် ဖြစ်သွား၏။
“ဘာဖြစ်လို့လဲ” “ဆေးဝိဇ္ဇာကျိုးထဲရဲ့ ဆေးပညာက နောက်ပိုင်း ဘယ်လိုမှဆက်ပြီး တိုးတက်လာမှာ မဟုတ်တော့ဘူး။” ရန်ကိုင်က ဖြည်းဖြည်းချင်းခေါင်းခါ၍ ပြောလိုက်သည်။
ထိုစကားကိုကြားသည့်အခါ အိုင်းအောင်၏အမူအရာ ပြောင်းလဲသွားခဲ့လေသည်။ ခဏမျှ စဉ်းစားကြည့်လိုက်ပြီးနောက် ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး ပြန်မေးလိုက်လေ၏။ “မဟာဆေးတာအိုရဲ့ ပဲ့တင်သံကြောင့်လား။”
“ဟုတ်တယ် မဟာဆေးတာအိုရဲ့ ပဲ့တင်သံကို သွားမေးခွန်း ထုတ်လိုက်မိတာ ဆေးဝိဇ္ဇာကျိုးထဲလုပ်လိုက်တဲ့ အကြီးမားဆုံး အမှားပဲ။ သူအချိန်မီ ပြန်နိုးလာတာတောင် ကံကောင်းသွားတယ်လို့ ပြောလို့ရတယ်။ မဟုတ်ရင် ဒီတစ်သက် သူဘယ်လိုမှ ဆက်ပြီးဆေးဖော်စပ်လို့ ရတော့မှာ မဟုတ်ဘူး။ ဆေးတာအိုရဲ့ လျစ်လျူရှုတာ ခံရပြီး သူဖော်စပ်တဲ့ ဆေးလုံးတိုင်းက ကျရှုံးရင်းပဲ ကျရှုံးနေတော့မှာ။”
အိုင်းအောင် အံ့အားသင့်သွားခဲ့လေသည်။
“မဟာဆေးတာအိုရဲ့ ပဲ့တင်သံက အဲ့လောက်တောင် အစွမ်းထက်တာလား။”
ရန်ကိုင်က အိုင်းအောင်အား ပြုံးကာကြည့်လျက် “ခေါင်းဆောင်အိုင်းအောင် ခင်ဗျားလည်း သိုင်းတာအို ငြင်းဆန်တာ ခံရရင် သိုင်းကျင့်ကြံလို့ ရတော့မှာ မဟုတ်ဘူး။ အခပ်မသင့်ရဲ့ ခင်ဗျားရဲ့ ကျင့်ကြံခြင်းပါ ပျက်စီးပြီး တစ်ခါတည်း သေမျိုးဘဝကို တန်းရောက်သွားမှာ”
ထိုအခါ အိုင်းအောင်က စိတ်အားတက်ကြွစွာဖြင့် “သိုင်းတာအိုရဲ့ ပဲ့တင်သံသာ ထွက်ပေါ်လာခဲ့ရင် ငါ အဲ့ဒီအခွင့်အရေးကို လုံးဝလက်လွတ်ခံမှာ မဟုတ်ဘူး။ အဲ့အသံကို နားလည်နိုင်အောင်လို့ အတတ်နိုင်ဆုံးကို ကြိုးစားမှာ။”
“သိုင်းတာအိုရဲ့ ပဲ့တင်သံ… အဲ့ဒါက ဝေးပါသေးတယ်” ရန်ကိုင်က သက်ပြင်းချ၍ ပြောလိုက်လေသည်။
မဟာဆေးတာအို၏ ပဲ့တင်ထပ်သံကို ထွက်ပေါ်လာအောင် လုပ်နိုင်ခဲ့သည့်အပေါ် ရန်ကိုင်ပင်လျှင် အံ့အားသင့်နေမိခဲ့လေသည်။ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူတကယ်ထင်မထားခဲ့ချေ။
သူပြိုင်ဆိုင်နေရသည့်သူမှာ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်ဖြစ်သလို သူဖော်စပ်နေသည့်ဆေးလုံးမှာလည်း တန်ခိုးရှင်ဘုရင် အလယ်အလတ်အဆင့် ဆေးလုံးဖြစ်သည့်အတွက် ရန်ကိုင်သည် အစွမ်းကုန်ထုတ်သုံးဖို့ အရေးသာ စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ သူ့စိတ်ထဲ တခြားဘာအတွေးမှ ရှိမနေခဲ့ပေ။
အစစ်အမှန်ဆေးပညာကျမ်းထဲမှ သူတတ်သိ နားလည်ထားသမျှ အသိပညာအားလုံးကိုထုတ်ကာ အသုံးချလိုက်သည့်အခါ မဟာဆေးတာအို၏ ပဲ့တင်သံကို အမှတ်မထင်ထွက်ပေါ်လာအောင် လုပ်မိသွားနိုင်ခဲ့လေသည်။ ယခုပြန်စဉ်းစားကြည့်သည့်အခါမှပဲ ထိုအရာသည် အလွန်ကိုမှ မယုံကြည်နိုင်စရာ ကောင်းနေကြောင်း တွေ့ရှိလိုက်လေသည်။
သူ့အား မဟာဆေးတာအို၏ ပဲ့တင်သံကို နောက်တစ်ကြိမ် ထွက်ပေါ်လာအောင် လုပ်ပေးပါလားဟု ပြောလျှင် လုပ်နိုင်တော့လိမ့်မည် မဟုတ်ချေ။
“ခေါင်းဆောင်အိုင်းအောင် ခင်ဗျားမှာ အလုပ်တွေ မရှိတော့ဘူးလား” ဆေးပညာရှင်တစ်ဦးသည် အိုင်းအောင်အား စူးရဲစွာ စိုက်ကြည့်၍ မေးလိုက်လေသည်။ ထိုလူသည် ကျန်းရွှမ်ကဲ့သို့ပင် တန်ခိုးရှင် အလယ်အလတ်အဆင့် ဆေးပညာရှင်တစ်ဦးသာ ဖြစ်သည်။
ပုံမှန်အခြေအနေမျိုး၌သာဆိုလျှင် သူ့အနေဖြင့် ခေါင်းဆောင်အိုင်းအောင်ကို တလေးတစား ဆက်ဆံရလိမ့်မည် ဖြစ်သော်လည်း လက်ရှိ ခေါင်းဆောင်အိုင်းအောင်၏ လုပ်ပုံကိုင်ပုံကို မြင်ပြီးနောက် သူ့စိတ်ထဲ အလွန်ကိုမှ ဘဝင်မကျ ဖြစ်လာခဲ့လေသည်။
“အဲ့လောက်မများပါဘူး။” ခေါင်းဆောင်အိုင်းအောင်မှာတော့ သူဘာလုပ်မိလို့များ ထိုဆေးပညာရှင်သည် ဘဝင်မကျသည့် လေသံဖြင့် သူ့အား ဤသို့သောမေးခွန်း မေးလာရသလဲ ဆိုသည့်အပေါ် လုံးဝ စဉ်းစားမရ ဖြစ်နေခဲ့လေသည်။
“ခေါင်းဆောင်အိုင်းအောင်က ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းတစ်ခုလုံးရဲ့ ခေါင်းဆောင်လေ။ ဘယ်လိုလုပ် အလုပ်မများဘဲ နေရမှာလဲ။ ခေါင်းဆောင်အိုင်းအောင် လုပ်စရာရှိတဲ့ အလုပ်တွေကို မြန်မြန်သွားလုပ်သင့် နေပြီနော်။”
“ဟုတ်တယ်။ လုပ်စရာတွေ အများကြီးက ခေါင်းဆောင်အိုင်းအောင်ကို စောင့်နေတာ။ ဘာလို့ဒီမှာ အချိန်လာဖြုန်းနေရတာလဲ။ ခေါင်းဆောင်အိုင်းအောင် ကျေးဇူးပြုပြီး ကိုယ့်အလုပ်လေးကိုယ် မြန်မြန်လေး သွားပြန်လုပ်ပါတော့လား” ဆေးပညာရှင်အားလုံး သံပြိုင်ပြောလိုက်ကြလေသည်။
အိုင်းအောင်သည် ထိုဆေးပညာရှင်အားလုံးကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ခဲ့သည်။ ရုတ်တရက် တစ်ခုခုကို နားလည်သွားသည့်အလား ဝါးလုံးကွဲ ထရယ်မောလျက် ပြောလိုက်လေ၏။ “အဲ့ဒါကြောင့်ကိုး။ မင်းတို့ဘာလို့ အစောကြီးကတည်းက မပြောလိုက်တာလဲ။”
အိုင်းအောင်သည် ခေါင်းတခါခါဖြင့် ပြောလိုက်ပြီးနောက် ပြုံးလျက် ရန်ကိုင့်ဘက်သို့လှည့်၍ ပြောလိုက်၏ “ကြည့်ရတာ ဒီဘုရင်ကို ဒီမှာမကြိုဆိုတော့ဘူးနဲ့ တူတယ်။”
“ခေါင်းဆောင်အိုင်းအောင် ခင်ဗျားက အရမ်းစကားများတာပဲနော်” အချို့ဆေးပညာရှင်များက မကျေမနပ်ဖြင့် ပြောလိုက်လေသည်။
သူတို့မှာ ဆေးဝိဇ္ဇာရန်အား ဆေးပညာနှင့်ပတ်သက်သည့် မေးခွန်းများ မေးချင်သော်လည်း ခေါင်းဆောင်အိုင်းအောင် သည် အလုပ်မရှိ အကိုင်မရှိ ရန်ကိုင်နှင့် စကားထိုင်များနေခဲ့လေသည်။
သွားစရာရှိသည်ကို မသွားသေးဘဲ ပေတေပြီး စကား ဆက်ပြောနေသည့် အိုင်းအောင်ကို ကြည့်ရင်း ဆေးပညာရှင်များ ပိုပို၍ ဒေါသထွက်လာခဲ့လေသည်။ ခွန်အားချင်း ကွာနေသည့် အတွက်ကြောင့်သာပေါ့… ခွန်အားချင်းသာ အတူတူ ဖြစ်လိုက်မည်ဆိုပါက တစ်ခါတည်း သူ့အမေပါ မမှတ်မိတော့လောက်အောင် ခေါင်းဆောင်အိုင်းအောင်ကို ဆေးပညာရှင်အားလုံး တစ်ယောက်တစ်ချက် ဝိုင်းတီးနေကြလောက်လေပြီ။
ထိုအခါ အိုင်းအောင်က အလေးအနက်အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “အခုမှပဲ ဒီဘုရင် မှတ်မိတယ်။ ခုနတုန်းက ငါ့ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက ထွက်သွားမယ်လို့ လုပ်နေတာ ဘယ်သူလဲ။ တစ်ချက်လေး ရှေ့လေး ထွက်လာပေးလို့ရမလား။ မျက်နှာလေးတွေ ကြည့်ချင်လို့”
အိုင်းအောင်မှ ထိုစကားကို ပြောလိုက်သည်နှင့် ဆေးပညာရှင်များစွာ လည်ပင်းလေးကျုံ့ဝင်သွားကြပြီး ချက်ချင်းပဲ အခြား ဆေးပညာရှင်များနောက်သို့ ပြေးပုန်းကြလေသည်။
အကုန်လုံးသည် ဆေးဝိဇ္ဇာကျိုးထဲအား လေးစားသည့်အတွက်ကြောင့် ထိုကဲ့သို့ ပြောလိုက်ခြင်းသာ ဖြစ်သော်လည်း ခေါင်းဆောင်အိုင်းအောင်သည် ထိုစကားကို အတည်ပေါက်ကြီး မှတ်ယူကာ လက်စားချေရန် ကြိုးစားလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
မည်သူမှ ခေါင်းဆောင်အိုင်းအောင်နှင့် အကြည့်ချင်း မဆုံရဲကြတော့ပေ။ ရုတ်တရက် ခေါင်းဆောင်အိုင်းအောင်သည် ကြက်ခွပ်ပွဲကို အနိုင်ရသွားသည့် ကြက်ဖကြီးနှယ် ခေါင်းကိုမော့ ရင်ကို ကော့လိုက်လေသည်။
ဆေးပညာရှင်များအား အထက်စီးမှပြန်၍ မေးခွန်းထုတ်နိုင်သည့် အခွင့်အရေးမျိုးသည် အလွယ်တကူ ရနိုင်သည့် အခွင့်အရေးမျိုး မဟုတ်ချေ။ ဆေးပညာရှင်တိုင်းသည် အလွန်ကိုမှ မာနကြီးပြီး ထူးဆန်းသည့် စိတ်ထားများကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။
သူတို့ဆေးဖော်စပ်နေသည့် အချိန်တွင် လာအနှောင့်အယှက် ပေးလျှင် အလွန်ကိုမှ ဒေါသထွက်ကြသည်။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများကိုပင် ခြွင်းချက်မထား။ ထို့အပြင် သူတို့ဆေးပညာကို လေ့လာနေစဉ်အတွင်း အနှောင့်အယှက်ပေးလျှင်လည်း မကြိုက်ကြပြန်။
ထို့ကြောင့် အိုင်းအောင်သည် ထိုဆေးပညာရှင်များနှင့် စကားပြောသည့်အခါ သူ့စကားလုံးများကို သေသေချာချာ သတိထားပြီး ပြောရလေသည်။
ယနေ့တွင်တော့ မျက်စိခေါင်းပေါ် တက်ပေါက်နေသော ဆေးပညာရှင်များအား အထက်စီးမှ မင်းဘာကောင်လဲ ငါဘာကောင်လဲ ပြန်မေးနိုင်ခဲ့လေပြီ။ ထိုအကြောင်းကို စဉ်းစားလိုက်ရင်း ခေါင်းအောင် အိုင်းအောင် အလွန်ကိုမှ ဝမ်းသာအားရဖြစ်လာခဲ့လေသည်။
“ကောင်းတယ်။ကောင်းတယ်။ ကြည့်ရတာ ငါတို့ကုန်သွယ်ရေး အဖွဲ့အစည်းက မင်းတို့ကို ပျိုးထောင်ပေးခဲ့ရတာ အလကား ဖြစ်မသွားဘူးပဲ။ ဒီဘုရင် စိတ်မပူရအောင် ဘယ်လိုလုပ်ရမလဲ မင်းတို့တကယ် သိတဲ့ကောင်တွေ။”
“ခေါင်းဆောင် သခင်မကု အဆင်ပြေရဲ့လား။ သူအခုထိ ဝိဥာဉ်အရင်းအမြစ် အားဖြည့်ဆေးကိုရဖို့ စောင့်နေသေးတာ မဟုတ်ဘူးလား။” သခင်မကုအကြောင်း စကားစလာသည့် အခါမှပဲ အိုင်းအောင်လည်း ထိုအချက်ကို သတိရသွားပြီး ချက်ချင်းပဲ ကျားလိုက်သည့်နှယ် ဆေးစံအိမ်ထဲမှ ပြေးထွက်သွားတော့လေသည်
ငါ့လခွမ်း… ငါ့မိန်းမ သတိလစ်နေတာကို ငါတကယ်ကြီး မေ့နေခဲ့တာပဲဟ လက်ရှိအချိန် အိုင်းအောင်သည် သူ့စိတ်ထဲ အပြစ်မကင်းသလို ခံစားခဲ့ရလေသည်။
“နောက်ဆုံးတော့ လည်ချောင်းထဲ စူးနေတဲ့အရိုး ထွက်သွားပြီ။” အိုင်းအောင်ထွက်သွားသည်ကို မြင်သည့်အခါမှပဲ ဆေးပညာရှင်များ သက်ပြင်းချနိုင်တော့သည်။
ချက်ချင်းဆိုသလို ဆေးပညာရှင်များသည် စားတော့ဝါးတော့မတတ် အကြည့်များဖြင့် ရန်ကိုင့်အား ဝိုင်းအုံလာခဲ့ကြလေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်လည်း ခေါင်းနောက်ချင်သွားခဲ့သည်။
ဘယ်သူမှ ဘာမှစမပြောရသေးခင် ရန်ကိုင်က လက်ထောင်ပြီး ပြောလိုက်သည်။ “အကုန်လုံး မင်းတို့ ဘာလုပ်ချင်နေလဲဆိုတာ ငါသိတယ်။ ဒီနေ့ ငါ့မှာလည်း နည်းနည်းအချိန် ရှိနေသေးတာဆိုတော့ မင်းတို့မေးချင်တာတွေ မေးလို့ရတယ်။ ဒါပေမယ့် ဒီနေရာက စကားပြောလို့ကောင်းတဲ့နေရာ မဟုတ်ဘူး။ မင်းတို့သာ အသံကျယ်ကျယ်နဲ့ ပြောနေလို့ရှိရင် ဥာဏ်အလင်းပွင့်နေတဲ့ အခြားဆေးပညာရှင်တွေကို သွားနှောင့်ယှတ်သလို ဖြစ်သွားလိမ့်မယ်”
ဆေးပညာရှင်များသည်လည်း ထိုအကြောင်းကို မသိကြသည် မဟုတ်။ သိကြပေသည်။ သို့သော်လည်း ပြောလို့မကောင်းသဖြင့် မပြောဘဲနေကြခြင်း ဖြစ်သည်။ ရန်ကိုင်က သူ့ဘာသာ ပြောလာလိမ့်မည်ဟု မထင်ထားခဲ့ကြချေ။
ရန်ကိုင်ပြောသည်ကို ကြားပြီးနောက် ရန်ကိုင်နှင့် ကျိုးထဲသည် လုံးဝကို မတူကွဲပြားသည့် လူနှစ်ဦးမှန်း ဆေးပညာရှင်အားလုံး သဘောပေါက်သွားခဲ့ကြလေသည်။
ကျိုးထဲသည် ရန်ကိုင်နှင့်မတူ။ အတော်လေး စိတ်ဆတ်သူတစ်ဦး ဖြစ်သည်။ သူတို့မှ မေးခွန်းသွားမေးလျှင် မဖြေသည့်အခါမျိုး ရှိသလို သူတို့အား အပြစ်တင်ပြီး တခြားအကြောင်းများ လျှောက်ပြောသည့်အခါမျိုးလည်း ရှိပေသည်။
သို့သော်လည်း ရန်ကိုင့်ပုံစံကို ကြည့်ရသလောက် ရန်ကိုင်သည် တကယ်ကြီး ဆေးတာအိုအကြောင်းကို ရှင်းပြပေးတော့မည့်ပုံပင်။ ထို့ကြောင့် ဆေးပညာရှင်များ အလွန်ကိုမှ ပျော်သွားခဲ့ကြလေ၏။
ရုတ်တရက် တစ်ယောက်ယောက်က အကြံပေးလိုက်လေသည်။ “အဲ့ဒါဆို ရှစ်လွှာကို သွားကြမယ်လေ။ ရှစ်လွှာမှာ လူရှင်းတယ်”
“ဟုတ်တယ်”
“ကောင်းပြီလေ” ရန်ကိုင်က ခေါင်းငြိမ့်လိုက်လေသည်။
“ဆေးဝိဇ္ဇာရန် ရှေ့ကနေ အရင်သွားပါ” ချက်ချင်းပဲ ဆေးပညာရှင်များသည် ရန်ကိုင်သွားရန်အတွက် လမ်းဖယ်ပေးလိုက်ကြလေသည်။ ရန်ကိုင်သည်လည်း ကိုယ့်ကိုကိုယ် နှိမ့်ချမနေခဲ့။ သူသည် ဆေးတာအိုနှင့် သိုင်းတာအို နှစ်ခုလုံးတွင် ပညာရှင်တစ်ဦး ဖြစ်သည်။ သူ့အသက်သည် ထိုလူများထက် ငယ်ချင်ငယ်နေလိမ့်မည် ဖြစ်သော်ငြား သူသည် ဝါစဉ်အရ ထိုလူများထက်ပို၍ စီနီယာကျပေသည်။
သိုင်းတာအိုတွင်ဖြစ်စေ၊ ဆေးတာအိုတွင်ဖြစ်စေ သူသည် ထိုလူများထက် ပို၍ဝါစဉ်မြင့်၏။ သူ့ကိုယ်သူ နှိမ့်ချနေလျှင် သူတော်ကောင်းယောင် ဆောင်နေခြင်းသာ ဖြစ်ရပေလိမ့်မည်။
ထို့ကြောင့် အဆင့်အတန်းမြင့်သည့် ပုဂ္ဂိုလ်ကြီးတစ်ဦး၏ ဟန်ပန်အတိုင်း ဆေးပညာရှင်များ ဖယ်ပေးထားသည့် လမ်းမှတစ်ဆင့် ရှစ်လွှာမြောက်သို့ ဦးဆောင်တက်သွားခဲ့လေသည်။ အခြားဆေးပညာရှင်များသည် ရန်ကိုင့်နောက်မှ အစီအစဉ်တကျ လိုက်လာကြလေသည်။