← Chapters

အခန်း (၁၉၁၆-၁၉၂၀)

Vol. 77 Ch. 1916-1920

အခန်း (၁၉၁၆-၁၉၂၀)

Vol. 77 Ch. 1916-1920

အပိုင်း (၁၉၁၆)

ရှစ်လွှာမြောက်၏ ပတ်၀န်းကျင်သည် ကိုးလွှာနှင့် ဘာမှသိပ်မကွာပေ။ အပူဓါတ် နည်းနည်း လျော့သွားသည်သာ ရှိသည်။ သို့သော်လည်း ထိုအချက်ကိုမည်သူမှ ဂရုမစိုက်နေခဲ့။ အကုန်လုံးသည် ရန်ကိုင့်ရှေ့တွင် တင်ပလ္လင်ခွေ ထိုင်ချလိုက်ပြီး ရန်ကိုင်မှ ဆေးတာအိုအကြောင်း ရှင်းပြမည်ကိုသာ စောင့်နေလိုက်ကြသည်။

ပုံမှန်အားဖြင့် ‌ထိုဆေးပညာရှင်များသာ ရန်ကိုင့်အား ဆေးတာအိုအကြောင်း ရှင်းပြပေးပါဟု တောင်းဆိုလာလျင် ရန်ကိုင့်အနေဖြင့် ရှင်းပြပေးနိုင်လိမ့်မည် မဟုတ်ပေ။ သူ့ဆေးပညာသည် ထိုလူများထက် ပိုတော်နေလျင်ပင် သင်ပြပေးနိုင်လိမ့်မည်မဟုတ်။

ဆေးပညာကို တတ်ကျွမ်းခြင်းနှင့် ကိုယ်တတ်ကျွမ်းထားသည့် ပညာကို တခြားသူများ နားလည်အောင် ပြန်ရှင်းပြရခြင်းသည် မတူညီသည့် ကိစ္စနှစ်ရပ် ဖြစ်သည်။ ဆေးပညာကို တခြားသူများ နားလည်အောင် ရှင်းပြဖို့ရာ ရှင်းပြမည့်သူ၏ ဆေးပညာပေါ် ထိုးထွင်းနားလည်မှုသည် အလွန်မြင့်မားနေရန် လိုအပ်ပေသည်။

ကံကောင်းစွာဖြင့် ယခုအခြေအနေမှာ မတူညီတော့ချေ။ မဟာဆေးတာအို၏ ပဲ့တင်ထပ်သံကို ကိုးကြိမ်တိုင်တိုင် ကြားလိုက်ရပြီးနောက်တွင် ရန်ကိုင်၏ ဆေးပညာအပေါ် နားလည်မှုသည် အဆင့်သစ်တစ်ခုသို့ ရောက်သွားခဲ့လေပြီ။

လက်ရှိသူ့အတွက် သူတော်စင်ဘုရင်အဆင့်နှင့် တန်ခိုးရှင်အဆင့် ဆေးပညာရှင်များကို ဆေးပညာအကြောင်း ပြန်ရှင်းပြဖို့သည် ထမင်းစား ရေသောက်နှယ် လွယ်ကူသွားခဲ့လေပြီ။

ရန်ကိုင်သည် ဆေးဖော်စပ်ရာတွင် ဆေးပင်များကို မည်ကဲ့သို့ရွေးချယ်ရမည်၊ ဆေးညွှန်းကောင်းနှင့် အဆင့်နိမ့်ဆေးညွှန်းများကို မည်ကဲ့သို့ ခွဲခြားရမည်၊ ဆေးအရည်များကို မည်ကဲ့သို့သန့်စင်ရမည်၊ အပူချိန်ကို မည်သို့ထိန်းချုပ်ရမည်၊ အစီအရင်များကို မည်ကဲ့သို့ ခင်းကျင်းရမည်နှင့် နောက်ဆုံးတွင် ဆေးသန့်စင်သည့် နည်းလမ်းများအကြောင်းကို သုံးရက်တိုင်တိုင် ပြောပြသွားလေသည်။

ဆေးပညာရှင်များမှာ ရန်ကိုင်ပြောသွားသည့်အပေါ် အလွန်အာရုံစိုက်နေကြသဖြင့် အချိန်သုံးရက် ကုန်လို့ ကုန်သွားမှန်းပင် မသိလိုက်ကြချေ။ ရန်ကိုင် ရှင်းပြသည်ကို နားထောင်ပြီးနောက် ‌ဆေးပညာရှင်များ၏ အမူအရာ ၀င်းလက်တောက်ပ လာခဲ့ကြလေသည်။

သူတို့နှစ်ပေါင်းများစွာ ကြုံနေရသည့် ပြဿနာများနှင့် ပတ်သတ်သည့် အဖြေကို ရှာတွေ့လိုက်သည့် အလား။ ရန်ကိုင်သည်လည်း ‌ဆေးပညာအကြောင်းကို ဟောပြောပြခဲ့ရင်းမှ အကျိူးအမြတ်များစွာ ရခဲ့လေသည်။

ဆေးပညာရှင်များကို ဆေးတာအိုအကြောင်း သင်ပေးခြင်းအားဖြင့် သူကိုယ်တိုင်သည်လည်း မဟာ‌ဆေးတာအို၏ ပဲ့တင်သံမှ ရရှိလာသော ထိုထွင်းသိမြင်မှုများကို ပိုမို သဘောပေါက်လာနိုင်ခဲ့၏။

အစပိုင်းတွင် ပြောလိုက် ရပ်လိုက်၊ပြောလိုက် ရပ်လိုက် လုပ်နေခဲ့သော်လည်း နောက်ပိုင်းသို့ရောက်လာသည်နှင့် ရန်ကိုင်သည် တစ်ချက်မှ မရပ်တော့ဘဲ တရစပ်သာ ပြောသွားတော့သည်။

သူပြောသွားသည့်အရာများမှာ သာမန်ဆေးပညာရှင်များ တစ်ဘ၀လုံး ထိုင်ကြိုးစားလျှင်ပင် သိလာမည် မဟုတ်သည့် ဆေးပညာဆိုင်ရာ ဗဟုသုတများပင် ဖြစ်သည်။

ရန်ကိုင်ရှင်းပြနေစဉ် အတောအတွင်း ဈာဉ်၀င်စား နေရာမှ နိုးထလာသော ကိုးလွှာမြောက်ရှိ ဆေးပညာရှင်များသည်လည်း ရှစ်လွာမြောက်သို့ တက်လာကြပြီး ရန်ကိုင်ပြောနေသည်ကို လာနားထောင်ကြသည်။

ထိုလူများသည် အကျိုးအမြတ် နှစ်ခုကို ရရှိသွားသည်ဟု ပြော၍ ရသည်။ ပထမဆုံး တစ်ခုသည် မဟာဆေးတာအို၏ ပဲ့တင်ထပ်သံမှဖြစ်ပြီး ဒုတိယ တစ်ခုမှာတော့ ရန်ကိုင့်ဆီမှ ဖြစ်လေသည်။

သုံးရက် ကြာပြီးနောက်တွင် ဆေးပညာရှင် အယောက် ငါးရာစလုံး ရှစ်လွှာမြောက်တွင် ရောက်နေကုန်ကြလေပြီ။ အကုန်လုံးသည် ရန်ကိုင့်ရှေ့တွင်ထိုင်ပြီး သူ့အား တလေးတစား အမူအရာများဖြင့် စိတ်အားတက်သန်စွာ ကြည့်နေကြခဲ့ကြသည်။ ကျုန်းအောင်ပင်လျှင် ချွင်းချက် မဟုတ်။

နောက်ဆုံး ရန်ကိုင်သည် ပြောလက်စကို နဂုံး ချုပ်လိုက်၏။ ရှစ်လွှာမြောက်တစ်ခုလုံးသည် အသက်ရှူသံမကြားရအောင်ပင် တိတ်ဆိတ်သွားခဲ့သည်။ အကုန်လုံးသည် သူတို့၏ အသက်ရှူသံကိုပင် အတတ်နိုင်ဆုံး ဖိနှိပ်ထားခဲ့သည်။ ရန်ကိုင်မှာ ပြောလို့ ပြီးသွားသည့်တိုင် ဆေးပညာရှင်များမှာတော့ ရန်ကိုင် ပြောပြမည်ကို ဆက်ပြီး နားထောင်ချင်နေကြသေး၏။

ရန်ကိုင်က ပြုံးလျက် မက်တပ်ရပ် လိုက်သည်။ ထို့နောက် လူအုပ်ကြီးအား လက်သီးဆုပ်ကာ ပြောလိုက်၏ “ဒီနေ့တော့ ဒီလောက်ပါပဲ၊ နားထောင်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်”

ဆေးပညာရှင် အယောက် ငါးရာ စလုံးသည်လည်း မတ်တပ်ရပ်၍ ရန်ကိုင့်ဘက်သို့လှည့်ကာ လက်သီးဆုပ်လျက် တလေးတစားဖြင့် ပြောလိုက်ကြလေသည်။ “အခုလို အလုပ်ရှုပ်ခံပြီး ရှင်းပြသင်ကြားပေးတဲ့အတွက် ဆေးဝိဇ္ဇာရန်ကို တပည့်တို့ ကျေးဇူးအများကြီး တင်ပါတယ်”

ရန်ကိုင် ကြောင်သွားခဲ့လေသည်။ သို့သော်လည်း သူ့အမူအရာမှာ ချက်ချင်းပဲ ပုံမှန်ပြန်ဖြစ်သွားလေသည်။ ကျန်းရွမ်သည် ကျိုးထဲဆီမှ လမ်းညွှန်မှုလေး ရလိုက်သည့်အတွက် ကျိုးထဲရှေ့တွင် သူ့ကိုယ်သူ တပည့်ဟု သုံးနှုန်းခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်သည် လမ်းညွှန်ပြသခဲ့ခြင်းသာမဟုတ် သုံးရက်တိုင်တိုင် သင်ကြားပို့ချခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သူသည် ဆေးပညာရှင် အယောက် ငါးရာစလုံး၏ ဆရာဖြစ်သည်ဟုပင် ပြော၍ ရလေသည်။ ကံမကောင်းစွာဖြင့် သူတို့အနေဖြင့် ရန်ကိုင့်အား ဆရာဟု သွားခေါ်၍ မရပေ။ ရန်ကိုင်မှ သူတို့အား ဆရာဟု ခေါ်ခွင့်မပေးသေးသည့် အတွက်ကြောင့်ပင် ဖြစ်သည်။ သို့ရာတွင် သူတို့ကိုယ်သူတို့ တပည့်ဟုတော့ သုံးနှုန်းနိုင်ပေသည်။

ဆေးပညာရှင်များသည် အဆင့်အတန်းကို အလွန်လေးစားကြသည်။ ရန်ကိုင်သည် ဆေးပညာနှင့် ပတ်သတ်သည့် ဗဟုသုတအကြောင်းအရာများအား ရက်ရက်ရောရောဖြင့် သူတို့အား သင်ကြားပြသပေးခဲ့သည်။ ရန်ကိုင့် ကျေးဇူးကြောင့် သူတို့ အနေဖြင့် ညတွင်းချင်း အဆင့်မြင့် ဆေးပညာရှင်များ ဖြစ်မလာနိုင်သေးသော်ငြား သူတို့၏ အနာဂတ်မှာတော့ အတော်လေး ချောချောမွေ့မွေ့ ဖြစ်သွားလေပြီ။

အထူးသဖြင့် ရန်ကိုင်ပြောပြသွားသည့် မှော်ဆန်ဆန် ဆေးလုံးသန့်စင်သည့် နည်းစနစ်ဖြစ်သည်။ သူတို့သာ ထိုနည်းစနစ်ကို နားလည်နိုင်သွားမည်ဆိုလျင် ကြယ်စီရင်စုကြီး၏ ဆေးပညာလောက တစ်ခေတ် ဆန်းသစ်လာပေလိမ့်မည်။ ပုံမှန်အားဖြင့် ဆေးပညာရှင်များအားလုံး သဘောတူထားကြသည်မှာ ဆေးတစ်စုံစာလျှင် ဆေးလုံးတစ်လုံးသာ ဖော်စပ်နိုင်သည် ဟူ၍ပင်။

သို့သော်လည်း ရန်ကိုင်ပြောသွားသည့် ဆေးလုံး သိပ်သည်းသည့် နည်းစနစ်နှင့်သာ ဆိုပါက ဆေးအမယ် တစ်စုံစာလျင် ဆေးလုံး နှစ်လုံးမှ ငါးလုံးအထိ ဖော်စပ်နိုင် လာပေလိမ့်မည်။ ဤနည်းလမ်းသည် ဆေးပညာရှင်များ ဆေးလုံးဖော်စပ်ရမည့်အချိန်ကို လျှော့ချပေးနိုင်ရုံမက ဆေးအမယ် နည်းနည်းဖြင့် ဆေးလုံးများစွာကို ထုတ်လုပ်ပေးနိုင်အောင်လည်း ကူညီပေးနိုင်ပေသည်။

မည်သို့ပင် ဆိုစေကာမူ ထိုငါးရာသော ဆေးပညာရှင်များသည် ယနေ့မှစ၍ ရန်ကိုင်၏ တပည့်များ ဖြစ်လာကြပြီဟု ပြော၍ ရပေသည်။ ကျုန်းအောင်သည်ပင် ချွင်းချက်မဟုတ်။ ဤလူအင်အားသည် ကြယ်စင်စုကြီးတစ်ခုလုံးကိုပင် လှုပ်ခါသွားအောင် လုပ်ပစ်နိုင်ပေသည်။

ဤဆေးပညာရှင် အယောက် ငါးရာအနက် ဘယ်နှစ်ယောက်လောက်များ တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်ကြမလဲ မည်သူမှ မပြောမနိုင်ချေ။ ရန်ကိုင်ကတော့ သူတို့၏ ပြောစကားကို စိတ်ထဲထားမနေဘဲ လက်သီးဆုပ်၍သာ ပြန်ပြောလိုက်၏ “မလိုပါဘူး”

“ဆေးဝိဇ္ဇာရန်၊ ဒီတပည့် ဆေးဝိဇ္ဇာရန် ပြောသွားတဲ့ အချက် တစ်ချက်နဲ့ ပက်သက်ပြီး အတော်လေး ခေါင်းရှုပ်နေလို့ပါ။ အဆင်ပြေရင် ဆေးဝိဇ္ဇာရန် တစ်ချက်လောက် ရှင်းပြပေးလို့ရမလားမသိဘူး”

သတ်လတ်ပိုင်းအရွယ် အမျိုးသမီး ‌ဆေးပညာရှင်တစ်ဦးသည် ရန်ကိုင့်အား ကြည့်၍ မေးလိုက်လေသည်။

“မေးစရာရှိရင် မေးလိုက်ပါ၊ ဒီဘုရင် ဖြေနိုင်တာဆိုရင် ကျိန်းသေ ဖြေပေးပါ့မယ်” ရန်ကိုင်ကပြုံး၍ ပြန်ပြောလိုက်သည်။

“ဒီမှာရှိနေတဲ့လူအားလုံး ဆေးပညာရှင်ရန် ရဲ့ စရိုက်ကို သိပါတယ်၊ ယုံလည်းယုံကြည်ပါတယ် ဒါပေမဲ့ ဆေးဝိဇ္ဇာရန် ဆေးမဖော်စပ်ခင်တုန်းက ဒီလောကကြီးမှာ ဆေးဝိဇ္ဇာရန့် ထက်‌ရော၊ ဆေးဝိဇ္ဇာ ကျိုးထဲ ထက်ပါ ပိုတော်တဲ့ ဆေးပညာရှင်တစ်ဦး ရှိတယ်လို့ ပြောသွားတယ်လေ၊ အဲ့တာ တကယ်ပြောလိုက်တာလား မသိဘူး”

သူမ ထိုအကြောင်းကို ပြောလိုက်သည့်အခါမှပဲ တစ်ယောက်ယောက်ကလည်း ၀င်ပြောလိုက်လေသည် “ဟုတ်တယ် ဟုတ်တယ်၊ ကျုပ်လည်း အဲ့စကားကို ကြားလိုက်တယ်။ ဒါပေမဲ့ အဲ့တာက ဖြစ်နိုင်ပါ့မလား၊ ဆေးဝိဇ္ဇာရန်ရဲ့ ဆေးပညာက ပြီးပြည့်စုံတဲ့ အနေအထားကို ရောက်ခါနီးနေပြီ၊ ဆေးပညာလောကမှာ သူ့ထက် ပိုတော်တဲ့လူ မရှိလောက်တော့ဘူး။ အဲ့စကားက ဆေးဝိဇ္ဇာရန် ဒီအတိုင်း ပြောလိုက်တဲ့စကားပဲ ဖြစ်ရမယ်”

“ကျုပ် ဒီအတိုင်း ပြောလိုက်တာမဟုတ်ဘူး” ရန်ကိုင်က ပြုံးကာခေါင်းခါရမ်း၍ “တကယ် ပြောလိုက်တာ။ ဒီလောကကြီးမှာ ‌ဆေးပညာနဲ့ ပတ်သတ်လာရင် ကျုပ်ထက် ပိုတော်တဲ့လူ တစ်ယောက်ကတော့ ကျိန်းသေ ရှိတယ်”

“မဖြစ်နိုင်ဘူး၊ အဲ့လိုလူတစ်ယောက် တကယ်ကြီး ရှိတာလား၊ ဆေးဝိဇ္ဇာရန်က ကိုယ့်ကိုကိုယ် အရမ်း နှိမ့်ချနေတာပဲ”

ဆေးပညာရှင်များက ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်ကြလေသည်။ ရန်ကိုင်ပြောသွားသည်ကို သူတို့မယုံချင်ကြပေ။ ရန်ကိုင်သည် ကိုယ့်ကိုကိုယ် နှိမ့်ချနေသည်သာ ဖြစ်မည်ဟု သူတို့တွေးလိုက်ကြသည်။

“ကျုပ်အတည်ပြောနေတာဆို” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် “အခုလောလောဆယ်တော့ ကျုပ် သူ့ထက် နည်းနည်းလောက် ပိုသာရင်သာနေလိမ့်မယ်၊ ဒါပေမဲ့ နောက်ပိုင်းကျရင်တော့ သူကျုပ်ကို ကျော်တက်သွားလိမ့်မယ်။ အချိန်ကြာလာတာနဲ့ကို သူက ကျုပ်ထက် ပိုတော်လာမှာ”

“အဲ့လူ ဘယ်သူလည်း” ဆေးပညာရှင်အားလုံး အံအားသင့်သွားကြလေသည်။

ရန်ကိုင်၏ အမူအရာကိုမြင်ပြီးနောက် ရန်ကိုင် နောက်ပြောနေခြင်းမဟုတ်မှန်း အကုန်လုံး သဘောပေါက်သွားခဲ့ကြသည်။ ရန်ကိုင်ပြောနေသည့်သူ မည်သူဖြစ်မည်မှန်း သူတို့တစ်ကယ် သိချင်သွားမိခဲ့လေသည်။

“ကျုပ်သိရသလောက်ဆို အခုချိန်ထဲ ဆေးဝိဇ္ဇာကျိုးထဲရဲ့ ဆေးစွမ်းရည်က ဒီကြယ်စင်စုကြီးထဲမှာ အမြင့်ဆုံးထဲမှာ ပါတယ်၊ တစ်ယောက်ယောက်က သူနဲ့ အဆင့်တူမှာ ရပ်တည်နိုင်မယ်ဆိုရင်တောင် သူ့ကို ကျော်တက်ဖို့က မဖြစ်နိုင်ဘူး။ ဒီတော့ ဆေးဝိဇ္ဇာရန် ပြောတဲ့လူက…”

“ခင်ဗျားတို့ ခန့်မှန်း မနေကြနဲ့။ ကျုပ်ပြောလည်း ခင်ဗျားတို့ သိမှာမဟုတ်ဘူး။ သူက ကျုပ်စီနီယာ အစ်မပဲ” ရန်ကိုင်က ရှင်းပြလိုက်လေသည်။

”ဆေးဝိဇ္ဇာရန်ရဲ့ စီနီယာ အစ်မလား၊ မအံ့ဩတော့ပါဘူးလေ၊ ဆေးဝိဇ္ဇာရန်တို့က ဆေးပညာ ဂိုဏ်းကများ လာကြတာလား၊ စီနီယာရော ဂျူနီယာရောက တန်ခိုးရှင်ဘုရင် အဆင့် ဆေးပညာရှင်တွေချည်း ဖြစ်နေကြတာဆိုတော့”

“ဆေးဝိဇ္ဇာရန်၊ ဆေးဝိဇ္ဇာရန်တို့ နေတဲ့ဂိုဏ်းထဲကို ဒီတပည့် ၀င်လို့ရမလား”

တစ်‌ယောက်ယောက်မှ မေးလိုက်သည်နှင့် တခြား ဆေးပညာရှင်များသည်လည်း ရန်ကိုင်အား စိတ်အားထက်သန်စွာ ကြည့်လိုက်ကြလေသည်။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်နှစ်ဦးအား ပျိုးထောင်ပေးနိုင်သော ဂိုဏ်းသည် ဆေးပညာရှင်များ၏ အမြင်တွင် တော်၀င်နယ်မြေ တစ်ခုဖြစ်သည်။ သူတို့သာ ထိုဂိုဏ်းထဲသို့ ဝင်နိုင်မည်ဆိုပါက သူတို့ ဆေးစွမ်းရည်ကို အဆင့်မြှင့်တင်နိုင်သည့် နေရာတစ်ခုထဲသို့ ဝင်လိုက်သည်နှင့် မခြားချေ။

ထို့ကြောင့် အားလုံး၏ စိတ်ထဲတွင် အတွေးတစ်တွေးသာ ရှိနေခဲ့သည်။ ရန်ကိုင့်၏ ဂိုဏ်း မည်သည့်နေရာတွင် ရှိသလဲ ဆိုသည်ကို မေးဖို့ပင်။ ရန်ကိုင်၏ ဂိုဏ်းထဲသို့ မ၀င်နိုင်လျင်ပင် ရန်ကိုင်ဂိုဏ်း ရှိနေသည့် နေရာကိုသာ သိရမည်ဆိုပါက သူတို့အနေဖြင့် တစ်ခုခု သိချင်တာများ ရှိသည့်အခါ ထိုဂိုဏ်းသို့ သွားပြီး မေးမြန်းနိုင်ပေသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင် ထရယ်တော့၏။ “ခေါင်းဆောင်အိုင်းအောင်သာ ဒီအကြောင်းကြားရင် သူဘယ်လို ထင်မလဲ”

အိုင်းအောင်သာ သူတို့၏ ဆေးပညာရှင် အယောက် ငါးရာစလုံး ရန်ကိုင်၏ ဂိုဏ်းထဲ၀င်ရန် ကြိုးစားနေသည်ကို မြင်လျင် ကျိန်းသေ ရန်ကိုင့်အား လာတိုက်ခိုက်ပေလိမ့်မည်။ ထိုလူများသည် ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်း၏ လက်ရွေးစင် အင်အားစု ဖြစ်သည်။ သူတို့အားလုံးသာ အဖွဲ့အစည်းထဲမှ ထွက်သွားပါက ဟုန်းဟော့ကုန်သွယ်ရေး၏ ဆေးလုံး ထုတ်လုပ်ခြင်းလုပ်ငန်း ရပ်တန့်သွားရပေလိမ့်မည်။

“အဲ့အကြောင်းကို ထပ်မပြောကြနဲ့တော့၊ အခွင့်အရေးရရင် ခင်များတို့ကို ဖိတ်ခေါ်လိုက်မယ်၊ အခုတော့ ခင်များတို့ရထားတဲ့ ထိုးထွင်းသိမြင်မှုတွေကို နားလည်အောင် အရင် တံခါးပိတ်ကျင့်စဉ်ဝင်လိုက်ကြဦး”

ဆက်သာပြောနေလျင် ဤစကားဝိုင်း ပြီးပြတ်တော့မည် မဟုတ်မှန်း ရန်ကိုင် သိနေခဲ့သည်။ ထိုစကားကို ကြားသည့်အခါ မည်သူမှ ရန်ကိုင့်အား ဆက်ပြီး ခက်ခဲအောင် လုပ်မနေတော့ချေ။ ရန်ကိုင်ပြောသလိုပင် ဤရက်များအတွင်း သူတို့အားလုံး အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။ ထို့ကြောင့် လက်တလော အနေဖြင့် သူတို့အားလုံး တံခါးပိတ်ကျင့်စဉ်ဝင်ရန် လိုအပ်နေပေသည်။

ချက်ချင်းဆိုသလို ဆေးပညာရှင်အယောက် ငါးရာစလုံးသည် သူတို့နေထိုင်ကြသည့် နေရာများဆီသို့ ပြန်ထွက်သွားကြလေသည်။ ကျုန်းအောင်ကမူ ထွက်မသွားခဲ့။ ဆေးစံအိမ်ထဲ သူနှင့်ရန်ကိုင် နှစ်ယောက်ထဲ ရှိတော့အခါမှ လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။ “ငါမင်းကို ဆရာလို့ ခေါ်ရမလား၊ ဆေးဝိဇ္ဇာရန်လို့ ခေါ်ရမလား”

“ဆေးဝိဇ္ဇာသာ အဲ့လို‌ခေါ် နေရင် ကျုပ်စိတ်ထဲ တစ်မျိုးကြီး ဖြစ်နေမှာ” ရန်ကိုင်က အားတင်းပြုံးကာ ပြန်ပြောလိုက်၏။

“လာစမ်းပါကွာ၊ မင်းငါ့ကို ဆေးဝိဇ္ဇာလို့သာ ထပ်ခါ်နေရင် ငါရှက်ပြီး တွင်းတစ်တွင်းထဲ ပြေးပုန်းမိတော့မှာ” ကျုန်းအောင်က ရန်ကိုင့်ကို ကြည့်၍ပြောလိုက်သည် “မင်းရှေ့မှာ ဘယ်သူက ကိုယ့်ကိုကိုယ် ဆေးဝိဇ္ဇာလို့ သုံးနှုန်းရဲမှာလဲ”

“အဲ့တာဆို အရင်အတိုင်းပဲထားလိုက်လေ၊ ဘယ်သူမှ ရှက်နေစရာ မလိုတော့ဘူး” ရန်ကိုင်က ကျုန်းအောင်၏ ပခုံးကို ပုတ်၍ ပြုံးကာ ပြောလိုက်သည်။

ထို့နောက် အလျင်အမြန်ပဲ ခေါင်းစဉ်ပြောင်းလိုက်၏။ ကျုန်းအောင်၏ နားနားသို့ ကပ်၍ လေသံတိုးတိုးဖြင့် မေးလိုက်၏ “ကြည့်ရတာ ခင်များလည်း တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေပြီနဲ့ တူတယ်”

ကျုန်းအောင်သည် ရန်ကိုင့်အား အံ့အားသင့်တကြီး ပြန်စိုက်ကြည့်၍ “မင်း သိနေတာလား”

“မဟာဆေးတာအိုရဲ့ ပဲ့တင်သံ ထွက်လာတုန်းက ပထမဆုံး ထိုင်ချလိုက်တာ ခင်များလေ၊ ပြီးတော့ ကျုပ်ဆေးပညာတာအိုအကြောင်း ရှင်းပြနေတုန်းကလည်း ခင်များ အကျိုးကျေးဇူး အများကြီးရလိုက်မှာပေါ့၊ အဲ့လောက် အကျိုးကျေးဇူး အများကြီး ရပြီးတာတောင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် မဖြစ်သေးတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“ဟုတ်တယ် ငါတော်တော်လေး မြတ်သွားတယ်၊ ဒါပေမဲ့ ဆေးပညာရှင်တစ်ယောက် အဆင့်တက်တာက ကျင့်ကြံသူတစ်ယောက် အဆင့်တက်တာနဲ့ မတူဘူးကွ၊ အခုလောလောဆယ်တော့ ငါတံခါးပိတ် ကျင့်စဉ် ၀င်ဖို့ လိုဦးမယ်၊ တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာလို့ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ပြီဆိုရင် ငါ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးဖြစ်ပြီ”

“အဲ့တာဆို ကျုပ် သတင်းကောင်းကို စောင့်နေမယ်နော်” ရန်ကိုင်က ပြုံးလျက် ပြောလိုက်သည်။

“ကျေးဇူးပဲ ရန်ကိုင်” ကျုန်းအောင်သည် ရန်ကိုင့်အား ကျေးဇူးတင်စကား ပြောလိုက်လေသည်။

ရန်ကိုင်မှာ ကြားကြားချင်း အံ့အားသင့်သွားသော်လည်း ချက်ချင်းပဲ ပြန်ပြောလိုက်၏ “ဒါ ခင်များရတဲ့ အခွင့်အရေးလေ၊ ကျုပ်ကို ကျေးဇူးတင်စရာ မလိုဘူး၊ ခင်များစိတ်ထဲ အဲ့အကြောင်းတွေကို စွဲနေတုန်း တံခါးပိတ်ကျင့်စဉ်၀င်တာ ကောင်းလိမ့်မယ်၊ ခင်းများ တံခါးပိတ် ကျင့်စဉ်၀င်တာကနေ ထွက်လာတဲ့တစ်နေ့ ဒီကြယ်စီရင်စုကြီး တစ်ခုထဲမှာ နောက်ထပ် တန်ခိုးရှင်ဘုရင်အဆင့် ‌ဆေးပညာရှင်တစ်ဦး ထပ်မွေးဖွားလာလိမ့်မယ်လို့ ကျုပ်မျှော်လင့်နေမယ်”

“ငါလည်း အဲ့လို မျှော်လင့်တာပါပဲ” ကျုန်းအောင်က ခေါင်းငြိမ့်၍ “ဒါဆို ငါသွားတော့မယ်”

ရန်ကိုင်သည် ခေါင်းငြိမ့်ပြလိုက်၏။ ကျုန်းအောင် ပျောက်ကွယ်သွားပြီးနောက်တွင် ရန်ကိုင်သည် ချက်ချင်းပဲ သူ့ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက် ချလိုက်လေသည်။ ဟင်းလင်းပြင်ထဲတွင် လုံထျန်းရှန်၏ အရှိန်အဝါကို မတွေ့ရတော့ကြောင်း သတိပြုမိလိုက်သည်။

ရန်ကိုင်သည် လုံထျန်းရှန် ရှိမရှိကို သိပ်ဂရုမိစိုက်နေခဲ့ချေ။ အားလုံး ထွက်သွားပြီးနောက်တွင် ရန်ကိုင်၏ ပုံရိပ်သည်လည်း နန်းတော်ထဲမှ ပျောက်ကွယ်သွားခဲ့လေသည်။ သူပြန်ပေါ်လာသည့် အချိန်တွင် ဆေးစံအိမ်၏ အပြင်ဘက်သို့ ရောက်နေခဲ့လေပြီ။

ရင်းနှီးနေသည့် ပုံရိပ်တစ်ခုသည် အပြင်ဘက်တွင် သူ့အား ရပ်စောင့်နေခဲ့သည်။ ရန်ကိုင် ရုတ်တရက်ကြီး ပေါ်လာသည်ကို မြင်သည့်အခါ ထိုလူ အလန့်တကြား ထခုန်လေသည်။ သိုသော်လည်း ပေါ်လာသည့်လူသည် ရန်ကိုင်ဖြစ်နေမှန်း သိလိုက်ရပြီးနောက် စိတ်သက်သာရာ ရသွားလည့်အလား သက်ပြင်း ချလိုက်၏။

အလျင်အမြန်ပဲ လက်သီးဆုပ်ကာ ရန်ကိုင့်ကို နှုတ်ဆက်လိုက်လေသည်။

“ရောင်းရင်းရှန် မင်းဘာလို့ ဒီရောက်နေတာလဲ” ရန်ကိုင်က ရှန်တုအား အံဩတကြီး ကြည့်ကာ မေးလိုက်၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၁၇)

ရန်ကိုင့်အား ဆေးစံအိမ်အပြင်ဘက်တွင် စောင့်နေသူမှာ ရှန်တုမှလွဲ၍ အခြားမဟုတ်ပေ။ ရန်ကိုင်၏ အမေးကိုကြားသောအခါ ရှန်တုက ပြန်ပြောလိုက်လေ၏ “ငါ့အဖေက လာစောင့်နေခိုင်းတာလေ”

“ဘာလို့လဲ… ခေါင်းဆောင် အိုင်းအောင်က ငါ့ကို တွေ့ချင်နေလို့လား” ရန်ကိုင်က မေးလိုက်၏။

“ဘာမှတော့မဟုတ်ပါဘူး အမေလေးနိုးလာပြီဆိုတဲ့ အကြောင်း လာပြောတာရယ်။ အမေလေးက သူသောက်တဲ့ ဆေးလုံးကို ဖော်စပ်ပေးတဲ့လူကို ကိုင်တိုင်ကိုယ်ကျ ကျေးဇူးတင်ချင်လို့ ငါ့ကို လာခေါ်ခိုင်းလိုက်တာ။ ရန်ကိုင်၊ မင်းအဆင်ပြေရင် လိုက်လာပေးလို့ရမလား”

“ရတယ်လေ” ရန်ကိုင်က ခေါင်းညိတ်လိုက်၏။

ကုပီဟူ နိုးလာသည့်အပေါ် ရန်ကိုင် အံ့အားမသင့်ခဲ့ပေ။ အိုင်းအောင်သည် ကုပီဟူကို အင်မော်တယ် ရေစင် တိုက်ကျွေးထားသည်။ ထို့ကြောင့် သူမ၏ ပြင်ပဒဏ်ရာ အားလုံးမှာ ကောင်းမွန်နေခဲ့လေပြီ။ သူမ ယခုချိန်ထိ သတိလစ်နေရခြင်းမှာ ဝိဥာဉ်ဒဏ်ရာကြောင့်သာ ဖြစ်သည်။

ယခု ဝိဉာဉ်အားဖြည့်ဆေး ရှိလာပြီဖြစ်သည့်အတွက် သူမ၏ ဝိဥာဉ်ဒဏ်ရာမှာလည်း အဆင်ပြေသွားလေပြီ။ ထို့အပြင် ရန်ကိုင် ဖော်စပ်ထားသည့် ဝိဉာဉ်အားဖြည့်ဆေးသည် ဆေးသွေးကြောများပါသည့် ဝိဉာဉ်အားဖြည့် ဆေးလုံး ဖြစ်သည်။ ဆေးသွေးကြောပါသည့် ‌ဆေးလုံး၏အရည်အသွေးမှာ သာမန်ဆေးလုံးထက် အစပေါင်းများစွာ ပိုအားကောင်း ပေသည်။ ဆေးသွေးကြောပါသည့် ဝိဉာဉ်အားဖြည့်ဆေးကို သောက်ပြီး နိုးမလာမှသာလျင် ထူးဆန်းနေရမှာ ဖြစ်သည်။

ဆေးလုံး၏ အကူအညီဖြင့် ကုပီဟူ၏ ဝိဉာဉ်သည် ယခင်ကထက်ပင် ပို၍ အားကောင်းလာနိုင်သေး၏။

သွားနေရင်း ရှန်တုသည် ရန်ကိုင်အား တစ်ခုခုပြောချင်နေသည့်အလား မကြာမကြာ လှမ်းလှမ်း ကြည့်နေသည်။ ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင်က ပြုံး၍ ပြောလိုက်လေသည် “ရောင်ရင်းရှန် မင်းတစ်ခုခု ပြောချင်တာရှိရင် ပြောလိုက်နော် အားနာမနေနဲ့၊ ငါတို့က အပြင်လူတွေ မဟုတ်ဘူး”

ထိုစကားကိုကြားသောအခါ ရှန်တု၏ နှုတ်ခမ်း မဲ့သွားခဲ့လေသည်။ ချက်ချင်းပဲ အလေးအနက် အမူအရာဖြင့် မေးလိုက်လေသည် “ငါသိချင်တာက အဲ့ဆေးလုံးကို မင်းတစ်ကယ်ကြီး ဖော်စပ်ခဲ့တာလား၊ ပြီးတော့ မင်းက တကယ်ကြီး တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်လား”

သူ ရန်ကိုင်ကို သိလာသည်မှာ ကြာပေပြီ။ နှစ်ဦးသား သိပ်မတွေ့ဖြစ် ကြသော်လည်း ရန်ကိုင်သည် သိုင်းတာအိုတွင်သာမက ဆေးတာအိုတွင်ပါ အဆင့်မြင့်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

သူနဲ့ ယှဉ်လိုက်ရင် ငါ့တန်ခိုးရှင်အဆင့် ကျင့်ကြံချင်းက ဘာမှမဟုတ်တော့ဘူး

ယခင်က သူပါ့ရမီကို ဂုဏ်ယူခဲ့သော်လည်း ရန်ကိုင်ထုတ်ပြသွားသည့် အရည်အချင်းများကို မြင်ပြီးနောက် သူ့ယုံကြည်ချက်တို့ ဟိုးအောက် ထိုးဆင်းသွားခဲ့ရလေသည်။

“ဟုတ်တယ် ငါတကယ် တန်ခိုးရှင်ဘုရင်အဆင့် ‌ဆေးပညာရှင်တစ်ဦးပဲ၊ အဲ့ဆေးလုံးကိုလည်း ငါပဲ ဖော်စပ်ခဲ့တာ” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။

ထိုအခါ ရှန်တုက ထပ်မေးလိုက်လေသည် “ပြီးတော့မင်း ဆေးဝိဇ္ဇာကျိုးထဲနဲ့ ဆေးပညာချင်း ပြိုင်ခဲ့တယ်ဆိုတာကရော တကယ်ကြီးလား”

“အဲ့အကြောင်း သတင်းတွေတောင် ပျံ့နေပြီလား” ရန်ကိုင်က အံ့အားသင့်နေသည့် အမူအရာဖြင့် ပြန်မေးလိုက်၏။

“ပျံ့ရုံတင်မဟုတ်ဘူး တစ်မြို့လုံးပါ သိနေကြတာ၊ အခု တစ်မြို့လုံး အဲ့အကြောင်းပဲ ပြောနေကြတာ” ရှန်တုက နောင်တရနေသည့် အမူအရာဖြင့် “အစောကြီးကတည်းကသာ ဒီလိုဖြစ်မယ်မှန်း သိခဲ့ရင် မင်းနဲ့ ရေကောင်းကင်မြို့ကို တစ်ခါထဲ လိုက်လာခဲ့လိုက်ပါတယ်၊ အခုတော့ ပွဲကြီးပွဲကောင်းကို လွတ်သွားလိုက်ရပြီ၊ ပြီးတော့ ငါအဲ့ကျိုးထဲဆိုတဲ့လူကို အစကတည်းက သိပ်ကြည့်မရတာ။ သူရှုံးသွားတဲ့အချိန် သူ့မျက်နှာကို မမြင်လိုက်ရတာ တစ်ကယ်ဆိုးတယ်ကွာ”

ရန်ကိုင်ကမူ ပြုံးသာပြုံးနေပြီး ဘာမှပြန်မပြောခဲ့ချေ။

“ဒါနဲ့ ရောင်ရင်းရန် မင်း ငါ့အမေလေးကို သိလား”

“မသိပါဘူး ဘာဖြစ်လို့လဲ”

“မင်းသူ့ကို မသိရင် မင်းရဲ့ နှစ်နှစ်ထောင် လွတ်လပ်ခွင့်ကိုသုံးပြုံး ဘာလို့ ကျိုးထဲနဲ့ သွားပြိုင်တာလဲ၊ ငါ့အမေလေး ဒီအကြောင်းကို သိသွားတုန်းက မတားရကောင်းလားဆိုပြီး ငါ့အဖေကို ဆူနေတာ”

ရန်ကိုင်ကပြုံးလျက် ပြန်ပြောလိုက်၏ “ငါနိုင်နေမှန်း သိနေလို့လေ။ ငါနိုင်မယ်မှန်း သိနေမှတော့… ကြေး ဘယ်လောက်ကြီးကြီး ဂရုစိုက်နေစရာ လိုပါဦးမလား”

ထိုစကားကိုကြားသောအခါ ရှန်တုသည် ရန်ကိုင်အား လက်မ ထောင်ပြလိုက်လေသည်။ ထို့နောက် ချက်ချင်းဆက်ပြောလိုက်၏ “ငါ့အမေလေးက မင်းကို တော်တော် သဘောကျနေတာ၊ မင်းသူ့ကိုတွေ့ရင် သိပါလိမ့်မယ်”

ပြောရင်းဆိုရင်းဖြင့် ရန်ကိုင်နှင့် ရှန်တုသည် စံအိမ်တစ်လုံးရှေ့သို့ ရောက်လာခဲ့ကြလေသည်။ လက်ရှိတွင် သူတို့သည် ရေကောင်းကင် မြို့ထဲတွင်သာ ရှိနေသေးသော်လည်း ပတ်၀န်းကျင်သည် မြို့ထဲနှင့်စာလျင် အတော်လေးပြောင်းလဲသွား၏။ ဤနေရာ၏ ပတ်၀န်းကျင်သည် ဆူညံယောက်ယက်ခတ် နေသည့် မြို့ထဲနှင့်မတူဘဲ အလွန်တိတ်ဆိတ်ကာ ငြိမ်းချမ်းနေ၏။

ဤနေရာသည် ကုပီဟူ အနားယူသည့် နေရာလည်း ဖြစ်လေသည်။ စံအိမ်တစ်ခုလုံးကို အားကောင်းသည့် အစီအရင်များဖြင့် လွှမ်းခြုံထားလေသည်။ ထိုအစီအရင်များကို ကောင်းကင် စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့် အခိုက် ရန်ကိုင်ပင် အံ့အားသင့်သွားခဲ့ရသည်။ စံအိမ်ထဲသို့ ၀င်လာပြီးနောက် တသွင်သွင်စီးဆင်းနေသော စမ်းချောင်းလေးပေါ်သို့ ဖြတ်၍ တည်ဆောက်ထားသော တံတားလေး တစ်စင်းကို တွေ့လိုက်ရပေသည်။

တစ်ချိန်ထဲတွင် တူရိယာ တီးမှုတ်သံတို့ကိုလည်း ကြားလိုက်ရလေသည်။ ရှန်တုသည် တံတားကိုဖြတ်၍ သူ့အား အထဲသို့ခေါ်လာခဲ့သည်။ မည်သူမှ သူတို့အား မတားကြပေ။ ခနအကြာတွင် ရန်ကိုင်နှင့် ရှန်တုသည် စံအိမ်ကြီး၏ အတွင်းပိုင်းဆုံးနေရာသို့ ရောက်လာခဲ့လေသည်။

ထိုနေရာတွင် ရိုးရှင်းသော အိမ်တစ်လုံးနှင့် ခရမ်းရောင် ဝါးတောတစ်တော ရှိနေခဲ့သည်။ ဝါးအိမ်လေးထဲတွင် လူသုံးယောက် ရှိနေကြောင်း ရန်ကိုင် အာရုံခံမိလိုက်၏။ တစ်ယောက်မှာ အိုင်းအောင်ဖြစ်ပြီး တစ်ယောက်မှာ ရွှယ့်ယွယ်ဖြစ်သည်။ နောက်‌ဆုံးတစ်ယောက်ကိုတော့ သူမမြင်ဖူးချေ။ ထိုသူသည် ကုပီဟူသာ ဖြစ်ရပေမည်။

ရှန်းတုသည် ဝါးအိမ်အပြင်ဘက်တွင်ရပ်၍ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏ “အဖေ ကျွန်တော် ရန်ကိုင်ကို ခေါ်လာခဲ့ပါပြီ”

“အထဲ၀င်လာခဲ့” အိုင်းအောင်၏အသံ အထဲမှထွက်လာခဲ့သည်။

ရှန်တုက ရန်ကိုင့်ဘက်သို့ လှည့်၍ ပြုံးကာပြောလိုက်၏။

“ရောင်ရင်း အထဲဝင်သွားလို့ရပြီ”

ရန်ကိုင်လည်းခေါင်းငြိမ့်၍ အထဲသို့ ၀င်သွားလေသည်။ အိမ်ထဲသို့ ၀င်လာပြီးပြီးချင်းမှာပင် သူ့အား အကြည့်သုံးစုံက စိုက်ကြည့်နေကြောင်း တွေ့လိုက်ရလေ၏။ ရန်ကိုင့်ခမျာ ဝါးအိမ်လေး၏အခြေအနေကို လှည့်ပတ်မကြည့်ရသေးမှာခင် အိုင်းအောင်သည် သူ့ဆီသို့ပြေးလာပြီး ပခုံးကိုပုတ်ကာ အားပါးတရ ပြောလိုက်လေသည် “ရောင်ရင်းရန် ငါမင်းကို တကယ် ကျေးဇူးတင်တယ်ကွာ၊ မင်းကြောင့်သာမဟုတ်ရင် ငါ့မိန်းမ ဒီလောက်မြန်မြန် နိုးလာနိုင်မှာ မဟုတ်ဘူး”

ခေါင်းဆောင်အိုင်းအောင်သည် သူတော်စင်ချီကို သုံး၍ပင် ရန်ကိုင့်ပခုံးကို ပုတ်နေသည့်အလား တဖုန်းဖုန်း မြည်သံများ ထွက်ပေါ်လာခဲ့လေသည်။ ရွှယ့်ယွယ်ကမူ အထူးအဆန်းမျက်နှာကြီးဖြင့် ထိုမြင်ကွင်းကို ကြည့်နေခဲ့၏။ ရွှယ့်ယွယ်၏ အကြည့်ကို မြင်သောအခါ ရန်ကိုင်၏နှုတ်ခမ်း တွန့်သွားခဲ့လေ၏။ ချက်ချင်းပဲ လက်သီးဆုပ်၍ ပြန်ပြောလိုက်၏ “ခေါင်းဆောင်အိုင်းအောင် ဒီလောက်ယဉ်ကျေးနေစရာ မလိုပါဘူး၊ ကျုပ်က ရွှယ့်ယွယ်နဲ့ မိတ်ဆွေတွေပဲကို…ဒီလောက်က ဘာမှ မပြောပလောက်ပါဘူး”

“မင်းအတွက် ဘာမှမဟုတ်ပေမဲ့၊ ငါ့မိန်းမနဲ့ ငါ့အတွက်ကတော့ မင်းပေးခဲ့တဲ့ အသက်ပဲ ရှိတော့တာလေ၊ငါဘယ်လိုလုပ်ပြီး မေ့လို့ရမှာလဲ” အိုင်းအောင်က ပြန်ပြောလိုက်၏။

ရန်ကိုင်သည် ပြုံးသာပြုံးလိုက်ပြီး ဘာမှဆက်မပြောတော့ဘဲ တခြားတစ်ဖက်သို့သာ လှည့်ကြည့်နေလိုက်လေသည်။ သူအိမ်ထဲသို့ ၀င်လာကတည်းက မျက်၀န်းတစ်စုံသည် သူ့အား တောက်လျောက် စိုက်ကြည့်နေခဲ့သည်။ ထိုမျက်လုံး ပိုင်ရှင်မှာ ကုပီဟူသာ ဖြစ်လေသည်။

သူပြန်လှည့်ကြည့်လိုက်သောအခါ ကုပီဟူသည် သူ့အား ပြုံးပြလာခဲ့၏။ ကုပီဟူကို ကြည့်ရသည်မှာ အသက် နှစ်ဆယ် သုံးဆယ်လောက်သာ ရှိသေးသည်ဟု ထင်ရပေသည်။ သူမ၏ ကျင့်ကြံခြင်းမှာတော့ တန်ခိုးရှင်ဘုရင်အဆင့်၏ အထွဋ်အထိပ် ဖြစ်ပေသည်။ ယခု သတိလစ်နေရာမှ ပြန်နိုးလာသည့်အတွက်ကြောင့်လားမသိ သူမ၏မျက်နှာသည် အနည်းငယ် ဖြူဖတ်ဖြူလျော် ဖြစ်နေခဲ့သည်။

သို့သော်လည်း သူမ၏ အလှမှာတော့ ထိုအတွက်ကြောင့် လျော့ကျသွားခြင်းမရှိ။ ကုပီဟူသည် တကယ်ကို တိုင်းကျော်ပြည်ကျော် အလှပဂေး တစ်ယောက်ဖြစ်ပေသည်။ အစကတည်းက ဤသို့ဖြစ်မည်ဟုပင် ရန်ကိုင်တွေးပြီးသားပင်။ မဟုတ်လျှင် အိုင်းအောင်အနေဖြင့် အဘယ်ကြောင့်များ ကုပီဟူကို တမ်းတမ်းစွဲ ဖြစ်နေရမည်နည်း။

“ရှင်က ဆေးဝိဇ္ဇာရန်လား၊ သတင်းတွေ ကြားရတဲ့အတိုင်းပဲ ဆေးဝိဇ္ဇာရန်က တစ်ကယ်ကို လူတွေကြားက နဂါးတစ်ကောင်ပဲ” ကုပီဟူက မတိုးမကျယ် လေသံဖြင့် ပြောလိုက်လေသည်။

ကုပီဟူ၏ စကားကို ကြားလိုက်သည့်အခါ ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားလေသည်။ ကုပီဟူ၏ ပြောပုံနှင့် ပတ်သတ်၍ တစ်ခုခုလွဲမှားနေသည်ဟု သူ့စိတ်ထဲ ခံစားနေရသည်။ ကုပီဟူသည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ဦးသာဖြစ်ပြီး သူကတော့ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပေသည်။ သို့သော်လည်း ကူပီဟူပြောပုံမှာ အကြီးအကဲတစ်ဦးမှ ဂျူနီယာတစ်ဦးအား ချီးကျူးပုံ ပေါက်နေခဲ့သည်။

သို့သော်လည်း ရန်ကိုင်သည် ထိုအကြောင်းကို များများစားစား စဉ်းစားမနေဘဲ လက်သီးဆုပ်၍သာ ပြန်နှုတ်ဆက်လိုက်လေ၏ “သခင်မကုကို နှုတ်ဆက်ပါတယ်”

ကုပီဟူက ချောင်းအနည်းငယ်ဆိုးကာ ပြန်ပြောလိုက်၏ “ဆေးဝိဇ္ဇာရန်က အရမ်းယဉ်ကျေးတာပဲနော်၊ ဆေးဝိဇ္ဇာရန်က ကျွန်မအသက်ကို ကယ်တင်ပေးထားတာဆိုတော့ ကျေးဇူးတင်မယ့်တင် ကျွန်မကပဲ တင်ရမှာ၊ ရှန်တုနဲ့ပဲ ဖိတ်ခေါ်ခိုင်းလိုက်တဲ့အတွက် ဆေးဝိဇ္ဇာ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်၊ အခုလောလောဆယ် ကျွန်မအခြေအနေက လမ်းလျှောက်ဖို့ အဆင်မပြေသေးလို့ပါ၊ မဟုတ်ရင် ကျွန်မကိုယ်တိုင် ဆေးဝိဇ္ဇာကို လာဖိတ်ပါတယ်”

“ဘယ်လိုလုပ်ပြီး အဲ့လိုလုပ်လို့ ဖြစ်ပါ့မလဲ၊ သခင်မကုက ရွှယ့်ယွယ်အမေလေ၊ ရွှယ့်ယွယ်နဲ့ ကျုပ်ကသူယ်ချင်းဆိုတော့ လာမယ့်လာ ကျုပ်ကပဲ လာရမှာပေါ့”

ရန်ကိုင်၏ ပြောပုံဆိုပုံနှင့် ပတ်သတ်၍ ကျေနပ်သွားသည့်အလား ကုပီဟူ ခေါင်းညိတ်လိုက်လေသည်။ အနားတွင်ရပ်နေသည့် အိုင်းအောင်မှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း နားမလည်နိုင် ဖြစ်နေခဲ့သည်။ အိုင်းအောင်က အလျင်စလို ၀င်ပြောလိုက်လေသည် “အခုလေးတင်ပဲ မင်းကို ဘယ်လိုကျေးဇူးတင်ရင် ကောင်းမလဲလို့ ငါနဲ့ ငါ့မိန်းမ ‌ဆွေးနွေးနေကြတာ၊ ဒါပေမဲ့ အခုထိ စဉ်းစားလို့မရသေးဘူး၊ ဒီလိုလုပ်လိုက်လေ ရောင်ရင်းရန်… မင်းဘာလိုချင်လဲ ပြောလိုက်၊ ဒီအိုင်းတတ်နိုင်တဲ့ အတွင်းကဆိုရင် ကျိန်းသေ ဖြည့်ဆည်းပေးမယ်”

ရန်ကိုင်၏မျက်လုံးများ တောက်ပလာပြီး ရွှယ့်ယွယ်ကို လှမ်းကြည့်လိုက်လေသည်။ ရွှယ့်ယွယ်သည် တည်ငြိမ်ချင်ဟန်ဆောင်ပြီး ရန်ကိုင့်၏ အကြည့်ကို ရှောင်ဖယ်လိုက်လေ၏။

ထိုအခြင်းအရာကို တိတ်တဆိတ်စောင့်ကြည့်‌နေသာ ကုပီဟူက ပြုံးလျက် ပြောလိုက်သည် “ငါ့မှာ အကြံတစ်ခုရှိတယ်”

“အို မိန်းမ မင်းဘယ်လိုအကြံပေးချင်တာလဲ ပြောကြည့်လေ၊ နားထောင်ကြည့်ရအောင်” အိုင်းအောင်က ပြောလိုက်၏။

ကုပီဟူသည် ဘာမှမပြောဘဲ ရန်ကိုင်နှင့် ရွှယ့်ယွယ်ကို သူ့နားလာရန် အချက်ပြလိုက်လေသည်။ ရန်ကိုင်နှင့် ရွှယ့်ယွယ်သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ကုပီဟူ ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း သူတို့ နားမလည်ကြပေ။ သို့သော်လည်း ကုပီဟူ ခေါ်သည့်အတိုင်းသာ ရှေ့တက်သွားလိုက်၏။

ကုပီဟူသည် ရန်ကိုင်၏ လက်ကိုကိုင်၊ ရွှယ့်ယွယ်၏ လက်ကိုကိုင်လျက် လက်နှစ်ဖက်ကို တစ်ခုပေါ်တစ်ခု တင်ပေးလိုက်လေသည်။ ထို့နောက် ရန်ကိုင့်အား ပြုံးကာ မေးလိုက်၏ “ဆေးဝိဇ္ဇာရန် ဒီလက်ဆောင်နဲ့ ပတ်သတ်ပြီး ကျေနပ်ရဲ့လား မသိဘူး”

စစချင်းတွင် ရန်ကိုင် ကြောင်နေသေး၏။ သို့သော်လည်း မကြာမီ ရယ်မော၍ ပြန်ပြောလိုက်လေ၏ “သခင်မကုက လှလည်းလှသလို အမြင်လည်း စူးရှတာပဲ။ ဒီရန် ဒီလက်ဆောင်နဲ့ ပတ်သတ်ပြီး တကယ်ကို ကျေနပ်ပါတယ်”

ရွှယ့်ယွယ်သည် ခနကြာသည်အထိ မှင်သက်နေ၏။ ကုပီဟူ ဘာပြော‌ချင်နေမှန်း နားလည်သွားသည့်နောက်တွင် ရှက်ရွံ့မှုကြောင့် သူမမျက်နှာတစ်ပြင်လုံး ခရမ်းချဉ်သီးနှယ် နီရဲတွတ်သွားခဲ့လေသည်။ ရှက်ရှက်ဖြင့် ခြေစောင့်ရင်း “အမေလေး….”

အိုင်းအောင်မှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း မျက်လုံးကြီး ပြူးနေခဲ့သည်။ သူ့စိတ်ထဲ ဘာမှားလို့ မှားနေမှန်း နားမလည်ခဲ့။ ထို့ကြောင့် ပြန်၍ မေးလိုက်လေသည်။

“မိန်းမ မင်း ဒါဘာပြောချင်တာလဲ”

“ရှင် နားမလည်ဘူးလား” ကုပီဟူသည် အိုင်းအောင်ကို ကြည့်၍ ရှင်းပြလိုက်လေ၏။

“ဆေးဝိဇ္ဇာရန်က ရွှယ့်ယွယ်ရဲ့ လျှို့ဝှက်ချက်ကို သိထားတာ ကြာလောက်ပြီ၊ သူတို့နှစ်ယောက်က ချစ်သူတွေတောင် ဖြစ်ချင် ဖြစ်နေကြမှာ”

“ဘယ်လို…”

ကုပီဟူ၏ စကားကြောင့် အိုင်းအောင် အံအားသင့်သွားခဲ့လေသည်။ ထိုစကားကိုကြားပြီးနောက် အိုင်းအောင်သည် ယခင်ကကဲ့သို့ ဖော်ရွေခြင်းမရှိတော့ဘဲ ရန်ကိုင့်အာ့ စူးရဲစွာ စိုက်ကြည့်လာတော့၏။ ရန်ကိုင်ကမူ အိုင်းအောင်၏ အမူအရာကို ဂရုစိုက်မနေဘဲ ပြုံး၍သာ ပြောလိုက်လေသည် “သခင်မကု ပြောတာအမှန်ပဲ၊ ကျုပ်ရွှယ့်ယွယ် မိန်းကလေးတစ်ယောက်မှန်း သိနေတာကြာပြီ၊ ဒါပေမဲ့ သခင်မကု ဘယ်လိုသိသွားတာလဲ၊ ကျုပ် စဉ်းစားရသလောက်တော့ အဲ့လျှို့ဝှက်ချက် ပေါ်သွားအောင် ဘာတစ်ခုမှ မလုပ်လိုက်ဘူးလားလို့၊ ရွှယ့်ယွယ်လည်း သခင်မ ကုကို အဲ့အကြောင်း မပြောပြထားလောက်ဘူးလို့ ထင်တာပဲ”

ကွေ့ပီဟူက ပြုံးလျက် ပြန်ပြောလိုက်သည် “ရှင်းပါတယ်၊ ဆေးဝိဇ္ဇာရန်နဲ့ ကျွန်မနဲ့က သိကြတဲ့သူတွေ မဟုတ်ဘူးလေ၊ အဲ့တာကို ဆေးဝိဇ္ဇာရန်က နှစ်နှစ်ထောင် လွတ်လပ်ခွင့်ကို လောင်းကြေးထပ်ပြီး ဆေးဝိဇ္ဇာကျိုးထဲနဲ့ သွားပြိုင်တယ်၊ ဒါပေမဲ့ ဘာလို့ အဲ့လို ပြိုင်ရတာလဲ၊ ကျွန်မကြောင့် မဟုတ်တာတော့ သေချာတယ်၊ ခေါင်းဆောင် အိုင်းအောင် ကြောင့်လည်း မဖြစ်နိုင်ဘူး၊ ဒီတော့ သေချာတယ် ရွှယ့်ယွယ်ကြောင့်ပဲ ဖြစ်ရမယ်၊ ယောင်္ကျား တစ်ယောက် အခုလို လုပ်ဖို့ဆိုတာ သူချစ်တဲ့မိန်မ ကြောင့်ပဲ ဖြစ်ရမှာလေ”

ရန်ကိုင် ကြောင်သွားခဲ့လေသည်။

“ဒီတော့ သခင်မကုက နိုးလာလာချင်းမှာပဲ ဒီအချက်ကို သတိပြုမိ သွားတာပေါ့”

“အွန်း… အဲ့တုန်းက ခန့်မှန်းချက်သပ်သပ်ပဲ ရှိသေးတယ် မသေချာသေးဘူး၊ အဲ့တာကြောင့် သေချာသွားအောင် အတည်ပြုမလို့ ဆေးဝိဇ္ဇာရန်ကို ဒီကို လာခိုင်းလိုက်တာ”

“သခင်မကုက တကယ်ကို ဉာဏ်ပညာ ကြီးမားတာပဲ” ရန်ကိုင်က လေးစားတကြီး ပြောလိုက်လေသည်။ သူနှင့် ရွှယ့်ယွယ် ကြိုက်နေသည်ကို ထိုအချက်များမှ ကောက်နုတ်ပြီး ပြောနိုင်လျင် ကုပီဟူသည် သာမန် မိန်းမတစ်ဦး မည်သို့မှ မဖြစ်နိုင်ချေ။

ကုပီဟူသည် လှလည်း လှသလို ဉာဏ်လည်း ပြေးသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။

“ရွှယ့်ယွယ် အဲ့တာ တကယ်ပဲလား”

အိုင်းအောင်သည် ရေခဲတမျှ အေးစက်သည့် အမူအရာဖြင့် ရွှယ့်ယွယ်ဘက်သို့ လှည့်၍ မေးလိုက်လေသည်။ ရွှယ့်ယွယ်သည် နှုတ်ခမ်းလေးကို ကိုက်၍ အသာအယာ ခေါင်းညိတ်လိုက်၏။

“နင် နင် တကယ် ငါ့ကို ရူးအောင်လုပ်‌နေတာပဲ”

ရွှယ့်ယွယ်သည် သူ့မျှော်လင့်ချက်အတိုင်း ဖြစ်မလာသည့်အပေါ် အလွန် စိတ်ပျက်သွားသည့်အလား အိုင်းအောင်က ပြောလိုက်သည်။ သူသည် ရွှယ့်ယွယ်ကို ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်း၏ ဆက်ခံသူဖြစ်လာအောင် လေ့ကျင်းပေးနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရွှယ့်ယွယ်သည် ယောကျာ်းတစ်ယောက်နှင့် သွားကြိုက်လိမ့်မည်ဟု အိုင်းအောင် မည်ကဲ့သို့များ မျှော်လင့်ထားပါမည်နည်း။

ထို့အပြင် သူ ရန်ကိုင့်အား ရောင်ရင်းရန် ရောင်ရင်းရန်ဟု ခေါ်ခဲ့သည်များအပေါ် ပြန်စဉ်းစားလိုက်သော် ရှက်လွန်းသဖြင့် တွင်းတစ်တွင်းတူးပြီးတော့သာ ပြေးပုန်းချင်စိတ်များ ဖြစ်ပေါ်လာတော့သည်။

“ဒါကြောင့် ဒီကောင့်ကို ရောင်ရင်းရန်လို့ ခေါ်လိုက်တိုင်း ငါ့ကို ထူးထူးဆန်းဆန်း မျက်နှာနဲ့ ပြန်ကြည့်နေတာကိုး”

“ရွှယ့်ယွယ်က မငယ်တော့ဘူး၊ ရှင်သူ့ကို မွေးကတည်းက ယောင်္ကျားယောင် ဆောင်ခိုင်းခဲ့တာ၊ ရှင်သူ့ကို တစ်သက်လုံး ယောင်္ကျားယောင် ဆောင်ခိုင်းသွားမလို့လား၊ ရွှယ့်ယွယ်က မိန်းမ တစ်ယောက်အဖြစ် မွေးလာတာ… သူလည်း သူ့ဘ၀နဲ့သူ နေချင်မှာပေါ့၊ ရှင်က ဘာဖြစ်လို့ လိုက်တားနေရတာလဲ၊ အခု ဆေးဝိဇ္ဇာရန်ကိုလည်း ကြည့်လိုက်ဦး၊ သူ့စရိုက် သူ့ရုပ်ရည် ဘာမှကို အပြစ်ပြောစရာ မရှိဘူး၊ နှစ်ယောက်စလုံးကလည်း တစ်ယောက်ကိုတစ်ယောက် ကြိုက်နေကြတဲ့သူတွေ၊ ရှင်ကျေးဇူးပြုပြီး သူတို့ကို ဒီတိုင်း လွှတ်ထားလို့ မရဘူးလား”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၁၈)

“မရဘူး” အိုင်းအောင်က ခပ်ပြတ်ပြတ် ငြင်းချလိုက်လေ၏။

“တခြားကိစ္စတွေကို လက်ခံပေးလို့ရပေမဲ့ ဒီကိစ္စကတော့ လုံး၀ မရဘူး”

ထိုစကားကိုကြားသည့်အခါ ရွှယ့်ယွယ် မျက်နှာပျက်သွားခဲ့လေသည်။ ‌

“ယောင်္ကျား… ရှင် ရွှယ့်ယွယ်ဘက်ကလည်း စဉ်စားပေးဦးလေ၊ ရွှယ့်ယွယ်က ဒီလောက်စံနှုန်းမြင့်တာ၊ သာမန် ယောင်္ကျားတွေကို ကြိုက်စရာလား၊ ဒါမှမဟုတ် ရှင်က ရွှယ့်ယွယ်ကို ယောင်္ကျား မယူစေချင်တော့ဘဲ တစ်ဘ၀လုံး အပျိုကြီးအဖြစ်ပဲ အရိုးထုတ်သွားစေချင်တာလား” ကုပီဟူက ပြောလိုက်သည်။

“ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ထဲမှာ သိုင်းတာအိုကလွဲပြီး အခြား ဘာကိုမှ အာရုံစိုက်မထားသင့်ဘူး၊ သိုင်းတာအိုကိုပဲ အာရုံစိုက်သင့်တာ၊ သူသာ သိုင်းတာအိုမှာ ပြီးပြည့်စုံခြင်း အဆင့်ထိရောက်သွားပြီဆိုရင် အချစ်ကိစ္စကို စဉ်းစားလို့ရတယ်။ ဒါပေမဲ့ အဲ့မတိုင်ခင်အထိတော့ သိုင်းတာအိုကိုပဲ အာရုံစိုက်ထားရလိမ့်မယ်” အိုင်းအောင်က မျက်နှာတည်ဖြင့် ပြောလိုက်လေသည်။

သို့သော် ‌ကုပီဟူသည် ရုတ်တရက်ပြုံးကာ ပြန်ပြောလိုက်၏ “ကြည့်ရတာ ရှင့်ကို စကားသက်သက်နဲ့ပဲ ထိုင်ပြောနေလို့ မရတော့ဘူးနဲ့တူတယ်”

ထိုစကားကို ကြားသည့်အခါ အိုင်းအောင်၏ အမူအရာ ပြောင်းလဲသွားလေသည်။အလန့်တကြား ထအော်ရင်း “မိန်မ မင်းဘာကိုလုပ်ချင်နေတာလဲ၊ မင်းတစ်ခုခုလုပ်မယ်ဆိုရင် သေသေချာချာ ပြန်စဉ်းစားဦးနော်”

“ဘာမှမဟုတ်ပါဘူး” ကုပီဟူက အေးစက်စွာပြုံးလျက်

“ခေါင်းဆောင်ကြီး အိုင်းအောင်က ဟုန်းလော့ ကုန်သွယ်ရေးနဲ့ သိုင်းတာအိုကိုပဲ အာရုံရှိတာဆိုတော့ ဒီက မိန်းကလေးအတွက် နေစရာမရှိတော့ဘူးနဲ့ တူပါတယ်၊ အခုဆို ခေါင်းဆောင်အိုင်းအောင်က သိုင်းတာအိုရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းလောက်သာ လိုတော့တာလေ၊ ခေါင်းဆောင်အိုင်းအောင် ပြောခဲ့သလိုပဲ သိုင်းတာအိုရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်မှ အချစ်ကိစ္စကို အာရုံစိုက်ဖို့က နောက်မကျသေးဘူး ဆိုတော့ ဒီမိန်းကလေးကပဲ အလိုက်တသိနဲ့ ထွက်သွားပေးရမှာပေါ့ မဟုတ်ရင် ခေါင်းဆောင် အိုင်းအောင်ရဲ့ သိုင်းတာအိုဆီ သွားမယ့်ခရီးကို နှောင့်နှေးအောင် လုပ်မိနေသလို ဖြစ်နေပါဦးမယ်”

ထိုစကားပြောနေစဉ် အတွင်း ကုပီဟူသည် အချိန်မရွေး ငိုချတော့မည့်အလား ဖြစ်နေခဲ့သည်။

သူမ၏ ဖြူဖတ်ဖြူ‌လျော်ဖြစ်နေသော မျက်နှာလေးနှင့်ပါ ထပ်ပေါင်းလိုက်သော် ကုပီဟူမှာ အလွန်ပင်ကိုမှ ဂရုဏာ သက်စရာ ကောင်းနေခဲ့လေသည်။ အိုင်းအောင် တကယ်ကို ထိတ်လန့် တုန်လှုပ်သွားခဲ့လေသည်။ ချက်ချင်းပဲ ရန်ကိုင်နှင့် ရွှယ့်ယွယ်တို့ကို တွန်းဖယ်လျက် ကုပီဟူနားသွားကာ သူမ လက်ကို တယုတယ ဆုပ်ကိုင်၍ ပြောလိုက်လေသည် “မိန်းမ ငါအဲ့လို မဆိုလိုပါဘူးကွာ၊ ရွှယ့်ယွယ်ကို သင်ပြပေးနေရုံ သပ်သပ်ပါ၊ ငါတကယ်ကို…”

“ရှင်ဘာပြောချင်နေလဲဆိုတာ ကျွန်မနားလည်ပါတယ်” ကုပီဟူသည် မျက်၀န်းထောင့်စွန်းမှ မျက်ရည်များကို သုတ်လျက် “ခေါင်းဆောင် အိုင်းအောင် စိတ်ချထားလိုက်ပါ၊ ဒီမိန်းကလေး ဒီမှာ ခနလောက်ပဲနေမှာပါ၊ အကြာကြီးမနေပါဘူး၊ ကိုယ့်ဘာသာ လမ်းလျှောက်လို့ရပြီ ဆိုတာနဲ့ ကျိန်းသေ ဒီကနေ ထွက်သွားပေးပါ့မယ်၊ ကျွန်မကြောင့်နဲ့ ခေါင်းဆောင်အိုင်းအောင်ရဲ့ သိုင်းတာအို ခရီးလမ်း နှောင့်နှေးသွားတာမျိုး လုံး၀ မဖြစ်စေရပါဦး၊ ခေါင်းဆောင် အိုင်းအောင် သိုင်းတာအိုရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကိုရောက်တော့မှပဲ ဒီမိန်းကလေး ပြန်လာပါ့မယ်”

ပြောပြီးသည့်နောက် အသည်းကွဲနေသည့်အလား နှုတ်ခမ်းလေးကို ကိုက်လိုက်၏။ မျက်ရည်များသည် သူမ၏ ပါးပြင်ထက်ပေါ် အဆက်အပြတ် ကျဆင်းလာခဲ့လေသည်။

“မိန်း…မိန်းမ”

အိုင်းအောင် ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေခဲ့တော့သည်။ ဘာပြောလို့ ပြောရမှန်းလည်းမသိ အလွန်ကိုမှ စိတ်ပူနေခဲ့လေသည်။ ဖြစ်နိုင်လျင် ဒူးထောက်ပြီး ကုပီဟူအား တောင်းပင် တောင်းပန်လိုက်ချင်ပေသည်။ သို့သော်လည်း ရန်ကိုင်နှင့် ရွှယ့်ယွယ်တို့က ကြည့်နေလေရာ သူ့အနေဖြင့် မည်ကဲသို့များ ထိုကဲ့သို့ လုပ်နိုင်မည်နည်း။

ချက်ချင်းပဲ နောက်သို့လှည့်၍ ရန်ကိုင်နှင့် ရွှယ့်ယွယ်တို့အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

“အာ…အဖေ အမီး သွားလိုက်ပါဦးမယ်နော်”

ရွှယ့်ယွယ်သည် သူမ ဆက်ရှိမနေသင့်တော့သည်ကြောင်း သိလိုက်သည်နှင့် ချက်ချင်းပဲပြောလိုက်လေ၏။ ပြောပြီးသည်နှင့် ချက်ချင်းပဲ ရန်ကိုင့်ကိုဆွဲခေါ်ကာ ထွက်သွားလေသည်။ ရန်ကိုင်လည်း အလျင်စလို လက်သီး‌ဆုပ် နှုတ်ဆက်ပြီးနောက် ရွှယ့်ယွယ်နှင့်အတူ လိုက်ထွက်သွားလေသည်။

မထွက်သွားခင် ကုပီဟူမှ သူ့အား မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ ရန်ကိုင့်မျက်နှာ ပြုံးဖြီးဖြီး ဖြစ်သွားလေ၏။ အိုင်းအောင်သည် အကောင်ကြီးကြီး ‌လူကောင်ထွားထွားသာ ဖြစ်သော်လည်း နှလုံးပျော့သူဖြစ်မှန်း ရန်ကိုင် နားလည်သွားလေသည်။ အိုင်းအောင်သည် သူ့မိန်းမကို အလွန် ချစ်မြတ်နိုးပေသည်။

သူလည်း ဒီလိုဖြစ်နေတာ စုရန် ၊ ရှနင်းချင် နဲ့ ရှန်ချင်းလော့တို့သာ ဒီလိုလှည့်ကွက်သုံးပြီး ငါ့ကို လာဖိအား ပေးရင် ငါလည်းခုခံနိုင်လောက်မှာ မဟုတ်လောက်ဘူး

သူရဲကောင်းတို့ ကျဆုံးရသည်မှာ အမျိုးသမီးတို့၏ ညွှတ်ကွင်း၌သာ ဖြစ်သည်ဟုသော အဆိုသည့်အချက်မှာ ထာ၀ရ မှန်သည့် စကားတစ်ခွန်းဖြစ်သည်။

သူတို့အပြင်သို့ရောက်လာချိန် ရှန်တုကို ဘယ်နေရာမှာမှ မတွေ့ရတော့ပေ။ အပြင်သို့ ရောက်ပြီးသည်နှင့် တပြိုင်နက် ဝါးအိမ်လေး၏ အကာအရံမှာ ရုတ်ချည်း အသက်၀င်လာခဲ့လေသည်။

ယခုဆိုလျင် အထဲရှိ မည့်သည့်အသံကိုမှ အပြင်ဘက်မှ မကြားနိုင်တော့ပေ။

ရန်ကိုင်သည် ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်သော်လည်း ဘာမှမထူးခြားကြောင်း တွေ့လိုက်ရသည်။

“သခင်မကု…” ရန်ကိုင်သည် ပြောနေရင်း ရုတ်တရက် ရပ်တန့်လိုက်၏။ ကုပီဟူအား သခင်မကု ဟုပဲ ဆက်ခေါ်ရမလား တခြားတစ်နည်းဖြင့်ပဲ ခေါ်ရမလား အကြပ်ရိုက်သွားသည့် အတွက်ကြောင့် ဖြစ်သည်။ သို့သော်လည်း နောက်ဆုံးတွင် ‘သခင်မကု’ဟုသာ ဆက်ခေါ်ရန် ဆုံးဖြတ်လိုက်လေသည် “သခင်မကုကို ကြည့်ရတာ နင့်ကိုတော်တော် ချစ်တဲ့ပုံပဲ”

“ဒါပေါ့ အမေလေးက ငါတို့အပေါ်အရမ်းကောင်းတာ၊ ဒါကြောင့်ပဲ ငါတို့အားလုံးက သူ့ကိုအရမ်းလေးစားကြတာလေ၊ အဖေ့ကို ထိန်းချုပ်နိုင်တာဆိုလို့ သူပဲရှိတယ်၊ အမေလေးစကားကို အရမ်းနားထောင်နေလို့ဆိုပြီး ငါ့အဖေကို ပြောရဆိုရ လွယ်တဲ့လူတစ်ယောက်လို့ သွားမထင်လိုက်နဲ့။ သူက တခြားတွေရှေ့မှာဆို ဒီပုံစံ မဟုတ်ဘူး”

“ငါသိတယ်” ရန်ကိုင် ခေါင်းငြိမ့်လိုက်သည်။

အိုင်းအောင်သည် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းအား နှစ်ရှည်များစွာ အုပ်ချုပ်လာသည် လူတစ်ဦး ဖြစ်သည်နှင့်အညီ သူ့တွင် ခေါင်းဆောင်တစ်ဦး၏ အရှိန်အဝါဟိတ်ဟန်တော့ ကျိန်းသေရှိပေလိမ့်မည်။ ထိုစဉ် ရွှယ့်ယွယ်သည် ရုတ်တရက် ရန်ကိုင့် လက်မောင်းကို ကိုင်၍ မေးလိုက်လေသည် “နင်ဘယ်တော့ ငါ့ကို လက်ထပ်မှာလဲ”

“ဟမ်” ရန်ကိုင်သည် ရွှယ့်ယွယ်အား အံဩတကြီး ကြည့်လိုက်သည်။

ထို့နောက် ရယ်ပြုံး ပြုံးလျက် “ခေါင်းဆောင် အိုင်းအောင် ကိစ္စကို သခင်မကု ဖြေရှင်းနိုင်လိမ့်မယ်လို့ နင်ဒီလောက် ယုံကြည်နေတာလား”

“ယုံတာပေါ့၊ အမေလေး ၀င်ပါနေမှတော့ အဖေ ဘယ်လိုလုပ်ပြီး သဘောမတူဘဲနေရဲပါ့မလဲ၊ ပြီး‌တော့ အမေလေး မရှိဘူးဆိုရင်တောင် နင့်အဆင့်အတန်း နင့်ခွန်အားကို ကြည့်ပြီး ငါ့အဖေက သဘောတူရမှာပဲ”

“နင့်ကြည့်ရတာ ငါ့ကို လက်ထပ်ဖို့ မစောင့်နိုင်တော့တဲ့ပုံပဲ”

ရန်ကိုင်က ရွှယ်ယွယ်အား စိုက်ကြည့်ရင်း ပြောလိုက်သည်။ ရွှယ့်ယွယ် ချက်ချင်း ရှက်သွေးဖြာသွား ခဲ့လေသည်။ ခြေကိုစောင့်လျက် နှုတ်ခမ်းလေးဆူကာ ပြောလိုက်၏ “အဲ့တော့ဘာဖြစ်လဲ ငါသာ အရင်စ မပြောခဲ့ရင် နင့်လို လူတစ်ယောက်ရဲ့ နှလုံးသားထဲမှာ ငါ့ကိုယ်ပိုင်နေရာတစ်ခုကို ဘယ်လိုလုပ်ပြီး ထူထောင်နိုင်မှာလဲ”

ရန်ကိုင် ဆွံ့အသွားခဲ့လေသည်။ ရွှယ့်ယွယ်က အေးစက်စက် အမူအရာဖြင့် ရန်ကိုင့် ရင်ဘက်ကို လက်ဖြင့်တောက်ရင်း အံကြိတ်ကာ ပြောလိုက်လေသည် “ဒါနဲ့ပြောစမ်းပါဦး ငါဧကရာဇ်ဥယာဉ်ထဲမှာ တွေ့ခဲ့တဲ့ ဟိုစုန်းမ ရှန်ချင်းလော့ အပြင် နင့်မှာ ဘယ်မိန်းကလေးတွေ ထပ်ရှိနေသေးတာလဲ၊ သူတို့နာမည်တွေက ဘာလဲ”

ရန်ကိုင့်ရင်ဘက်ကို တောက်နေစဉ်အတွင်း ရွှယ့်ယွယ်သည် သူမလက်တွင် သူတော်စဉ် ချီကိုပါ စုစည်းလိုက်လေသည်။ ရွှယ့်ယွယ်မှ အကြိမ်အနည်းငယ် တစ်တောက်တောက် တောက်နေပြီးနောက် ရန်ကိုင်လည်း ချောင်းထဆိုးတော့၏။ ထို့နောက် လိပ်ပြာမလုံသည့် အမူအရာဖြင့် ပြန်ပြောလိုက်လေ၏ “နည်းနည်းလောက်ပါပဲ”

“ဘယ်လောက် နည်းနည်းလဲ၊ အတိအကျပြော” ရွှယ့်ယွယ်က မျက်လုံးမှေးစင်း၍ ပြန်ပြောလိုက်၏။

ရန်ကိုင် လက်နှစ်ချောင်း ထောင်ပြလိုက်လေ၏။

“သူတို့တွေက ဘယ်သူတွေလဲ”

“ငါ့စီနီယာ အမနှစ်ယောက်ပဲ” ရန်ကိုင်က အာတင်းပြုံး၍ ပြန်ပြောလိုက်၏။

“ငယ်ကျွမ်းဆွေ လေးတွေပေါ့” ရွှယ့်ယွယ် အံ့အားသင့်သွားလေသည်။ ထို့နောက် ချက်ချင်းပဲ ပြန်‌ပြောလိုက်လေ၏ “ငါ့အတွက် တစ်ကယ်ကို မျှော်လင့်ချက် မရှိပါလား၊ အိမ်ထဲက ဒုတိယနဲ့ တတိယ အိပ်ခန်းတွေကလူအသီးသီး ရှိနေပြီဆိုတော့ လေးယောက်မြောက် အိပ်ခန်းကိုပဲ ယူရတော့မှာပေါ့”

ရွှယ့်ယွယ်သည် ရုတ်တရက် မပျော်မရွှင် ဖြစ်လာခဲ့လေသည်။ နှုတ်ခမ်းလေးကို ကိုက်လျက် ရန်ကိုင့်အား ထပ်မေးလိုက်၏ “နောက်ပိုင်းကျရင်ရော နင်မိန်းကလေး ဘယ်နှစ်ယောက် ထပ်ယူဦးမှာလဲ”

“မယူတော့ပါဘူး” ရန်ကိုင်က ပြန်ဖြေလိုက်၏။

ရွှယ့်ယွယ် တခစ်ခစ် ထရယ်လေသည်။ ထို့နောက် ညစ်ကျယ်ကျယ် ပြုံးလျက်“နင် တကယ် သေချာလို့လား၊ နောက်ပိုင်း ငါကိုယ်တိုင် လက်ပူးလက်ကြပ် မမိစေနဲ့နော်၊ မိရင်တော့ အမကြီးသုံးယောက်ကို သွားပြောလိုက်မှာ”

“တကယ်မယူတော့ဘူး ငါအတည်ပြောတာ” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။ ထို့နောက် ရွှယ့်ယွယ်၏ လက်ကလေးကို တယုတယ ဆုပ်ကိုင်ရင်း မြတ်နိုးစွာ ပြောလိုက်လေ၏။

“နင်တို့နဲ့တင် ငါ လုံလောက်နေပြီ” ရွှယ့်ယွယ် ရှက်သွေး ဖြန်းဖြန်း ဖြာသွားခဲ့လေသည်။ သကာရည် သောက်လိုက်ရသည်နှယ် သူမရင်ထဲ ၀မ်းသာပီတိ ဂွမ်းဆီထိ ဖြစ်သွားလေ၏။ ရွှယ့်ယွယ်သည် ခေါင်းလေးငုံလျက် လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်လေသည် “ကောင်စုတ်”

ကျွီ… သူတို့နှစ်ဦး စကားပြောနေစဉ် တဲအိမ်လေး၏ တံခါး ရုတ်တရက်ပွင့်သွားပြီး ထောင်ထောင်မောင်းမောင်း ခေါင်းဆောင်အိုင်းအောင် ထွက်လာခဲ့လေသည်။ ရွှယ့်ယွယ်သည် ရန်ကိုင့် လက်ထဲမှ သူမလက်ကို အလျင်စလို ဆွဲယူလိုက်ပြီး ကြောက်လန့်နေသည့် ယုန် တစ်ကောင်နှယ် နောက်သို့ ခုန်ဆုတ်သွားခဲ့လေသည်။

အိုင်းအောင်သည် သူတို့ဘာတွေလုပ်နေသည်အား သိနေသည့်အနှယ် ရန်ကိုင်နှင့် ရွှယ့်ယွယ်အား စူးရဲစွာ စိုက်ကြည့်လိုက်သည်။ သို့သော် ဘာမှတော့မပြောခဲ့။ အေးစက်စက် အမူအရာဖြင့်သာ ရန်ကိုင့်အား လက်ယပ် ခေါ်လိုက်၏။ တစ်ချိန်ထဲတွင် ခပ်မာမာလေသံဖြင့် ပြောလိုက်လေသည် “ကောင်လေး ဒီဘုရင်နောက် လိုက်လာခဲ့”

ပြောပြီးသည်နှင့် တစ်ခုသောဘက်စီသို့ လမ်းလျှောက်ထွက်သွားလေ၏။ ရောင်ရင်းရန်မှတစ်ဆင့် ဆေးဝိဇ္ဇာရန်။ ထိုမှ တစ်ဆင့် ကောင်လေး။ ခေါင်းဆောင်အိုင်းအောင်၏ ခေါ်ဆိုပုံကို ကြည့်ခြင်းအားဖြင့် ရန်ကိုင့်အပေါ် သူ့အထင်အမြင် မည်မျှပြောင်းလဲသွားသလဲ ဆိုသည်ကို မြင်နိုင်ပေသည်။ ရန်ကိုင်ကမူ ထိုမြင်ကွင်းကို ကြည့်ရင်း ယဲ့ယဲ့လေးသာ ပြုံးလိုက်သည်။

ထို့နောက် ရွှယ့်ယွယ်ဘက်သို့ လှည့်၍ “ငါ စီနီယာနဲ့ စကား နည်းနည်းလောက် သွားပြောလိုက်ဦးမယ်၊ နင်အရင် ပြန်ထားနှင့်၊ ငါပြီးမှ လိုက်လာခဲ့မယ်” ရွှယ့်ယွယ်သည် သူမပါ လိုက်ချင်နေသည့်အလား တစ်ခုခု ပြောရန် လုပ်လိုက်သည်။

သို့သော်လည်း ဤကိစ္စမှာ ယောင်္ကျားနှစ်ဦးပြောမည့် ကိစ္စဖြစ်ပြီး သူမ၀င်ပါရန် မသင့်တော်ကြောင်း နားလည်လိုက်သည့်အတွက် “အဲ့တာဆို သတိထားဦးနော်၊ အဖေ နင့်ကို ခက်ခဲအောင်လုပ်ရင် သည်းသာခံခဲ့၊ နင်ပြန်လာရင် သူနင့်ကို ခက်ခဲအောင် လုပ်ခဲ့တာ‌တွေအတွက် ငါနင့်ကို အလျော် ပြန်ပေးမယ်”

ပြောပြီးနောက် ရှက်ရှက်ဖြင့် ခြေထောက်တွင် စက်တပ် ထားသည့်အလား ခြေကုတ်သုတ်ကာ ထွက်ပြေးတော့သည်။ ရန်ကိုင့်၏ မျက်နှာထက် ထူးဆန်းသည့် အမူအရာ ထွက်ပေါ်လာခဲ့လေ၏။

“ကောင်လေး မင်းအခုထိ မလာသေးဘူးလား” ခပ်လှမ်းလှမ်း တစ်နေရာမှ ခေါင်းဆောင် အိုင်းအောင်၏ မကျေမနပ် ဖြစ်နေသည့်အသံ ထွက်ပေါ်လာခဲ့လေသည်။

“လာပြီ လာပြီ” အိုင်းအောင်ရှေ့သို့ ရောက်လာပြီးနောက် ရန်ကိုင်က ပြုံးကာ လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေ၏။

“ရန်ကိုင် ယောက္ခမကြီးကို နှုတ်ဆက်ပါတယ်”

“ကောင်လေး မင်းငါ့ကို ဘယ်လို ခေါ်လိုက်တယ်”

အိုင်းအောင်သည် အမြှီးတက်နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်နှယ် ချက်ချင်း ထပြန်မေးလေသည်။

“ဟဲဟဲ” ရန်ကိုင်သည် အားတင်း၍သာ ရယ်လိုက်၏။

“အစားကို စားချင်တိုင်းစားလို့ရတယ်၊ စကားကိုတော့ ပြောချင်တိုင်း ပြောမရဘူးကွ၊ ဒီမှာ ငါပြောလိုက်မယ် ကောင်လေး… မင်း ငါ့သမီး ရွှယ့်ယွယ်ကို လက်ထပ်ဖို့ မေ့လိုက်တော့၊ ငါလုံး၀ သဘောမတူဘူး” အိုင်းအောင်သည် ရန်ကိုင့်ကို စိုက်ကြည့်၍ စူစူပုတ်ပုတ် မျက်နှာဖြင့် ပြောလိုက်လေသည်။

“လုံး၀ သဘောမတူဘူးလား” ရန်ကိုင် ကြောင်သွားလေသည်။

“ဟုတ်တယ်။ လုံး၀ သဘောမတူဘူး” အိုင်းအောင်က မျက်မှောင်ကြုံ့၍ ပြန်ပြောလိုက်သည် အိုင်းအောင်၏ ပုံစံမှာ သူသည် မိုးကြိုးသာပစ်ချလျင် ပစ်ချခံမည်။ သူ့သမီးနှင့် ရန်ကိုင် လက်ထပ်မည့်ကိစ္စကို လုံး၀ သဘောတူမည့်ပုံ မပေါ်ချေ။

“အဲ့လိုဆိုမှတော့…” ရန်ကိုင်သည် ခဏမျှ စဉ်းစားနေပြီးနောက် “မနက်ဖြန် ဒီ ဂျူနီယာ ရေကောင်းကင်မြို့ကနေ ထွက်သွားပေးရတာပေါ့”

“ဟမ်” အိုင်းအောက် အနည်းငယ် လန့်သွားလေသည်။ ရန်ကိုင့်ဘက်မှ သူပြောသည်ကို ဤမျှအလွယ်တစကူ သဘောတူလိမ့်မည်ဟု ထင်မထားခဲ့။ ရန်ကိုင်သည် သူ့သမီးကို ဘာပဲဖြစ်ဖြစ် မရရအောင် လက်ထပ်မည်ဟု ထင်ထားခဲ့သော်လည်း အခက်အခဲကြုံလိုက်ရသည်နှင့် ချက်ချင်း နောက်ဆုတ်သွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ရန်ကိုင့်စကားကို ကြားပြီးနောက် အိုင်းအောင် အလွန်ကိုမှ ပျော်သွားခဲ့လေသည်။ သူ့တွင် တစ်ဖက်သူကို ပြန်ရှင်းပြနိုင်မည့် အခွင့်အရေး ရသွားခဲ့လေပြီ။

ဘာပဲဖြစ်ဖြစ် ငါသူ့ကိုထွက်သွားခိုင်းတာမဟုတ်ဘူး၊ သူ့ဘာသာ ထွက်သွားတာ၊ ဒီတော့ ဒီကိစ္စက ငါနဲ့ ဘာမှ မဆိုင်ဘူး

တစ်ခုခု ပြန်ပြောမည်အပြု ရန်ကိုင်က သက်ပြင်းချကာ ဆက်ပြောလိုက်၏ “ဟူး…ဒါပေမဲ့ ကျုပ်သာ ထွက်သွားရင် ဟို ဆေးပညာရှင် အယောက်ငါးရာလည်း ကျုပ်နောက် လိုက်လာကြမှာ”

“မင်း ဘာပြောချင်တာလဲ” ရန်ကိုင်၏ စကားကို ကြားသည့်အခါ အိုင်းအောင် ရင်ထိတ်သွားခဲ့လေသည်။

“ဟဲဟဲ တကယ်တော့ ကျုပ် ခေါင်းဆောင်အိုင်းအောင်ကို ပြောဖို့မေ့နေတာ၊ ခေါင်းဆောင် အိုင်းအောင် ထွက်သွားပြီးနောက်ပိုင်း ကျွန်ုပ် ဆေးပညာရှင် အယောက်ငါးရာကို ဆေးပညာနဲ့ ပတ်သတ်ပြီး လမ်းညွှန်ပြသမှုတွေ လုပ်ပေးခဲ့တယ်၊ အခုဆိုရင် ကျုပ်က သူတို့ရဲ့ ဆရာတစ်ပိုင်းတောင် ဖြစ်နေပြီ။ တကယ်တမ်း ပြောရရင် သူတို့က ကျုပ်နောက်လိုက်ပြီး ကျုပ်ဂိုဏ်းထဲ ဝင်မယ်တောင် လုပ်နေကြတာ… ဒါပေမယ့် သူတို့ ပြောတာကို ကျုပ်လက်မခံခဲ့ဘူး။ ခေါင်းဆောင်အိုင်းအောင်နဲ့ ကျုပ်က တစ်မိသားစုတည်း ဖြစ်တော့မှာပဲကို။ သူတို့ ခေါင်းဆောင်အိုင်းအောင် အဖွဲ့ထဲကနေ ထွက်သွားမှာကို ကျုပ်ဘယ်လိုလုပ်ပြီး ဒီအတိုင်း ကြည့်နေနိုင်ပါ့မလဲ။ ဒါပေမယ့် ရွှယ့်ယွယ်နဲ့ ကျုပ်သာ ရေစက်မပါဘူး ဆိုရင်တော့ သူတို့လည်း ခေါင်းဆောင်အိုင်းအောင်ဆီမှာ ဆက်ပြီး နေလောက်တော့မှာ မဟုတ်ဘူး။ ကျုပ်မရှိတဲ့ နေရာမှာ သူတို့က ဘယ်လိုလုပ်ပြီး နေချင်ပါ့မလဲ”

“ဆရာတစ်ပိုင်း!” အိုင်းအောင် ချက်ချင်းပဲ ထိတ်လန့်သွားလေသည်။ ထို့နောက် ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်၍ “ကောင်လေး မင်းငါ့ကို ခြိမ်းခြောက်နေတာလား”

ရန်ကိုင် နောက်နေခြင်းမဟုတ်မှန်း သူသိသည်။ ‌ရန်ကိုင်သည် ထိုသူများ၏ ဆရာတစ်ပိုင်းဖြစ်နေပြီ ဖြစ်သည့်အတွက်ကြောင့်သူ သာ အချက်ပြလိုက်ပါက ထိုဆေးပညာရှင် အယောက် ငါးရာလုံး သူ့နောက်သို့ ကောက်ကောက်ပါအောင် လိုက်လာကြပေလိမ့်မည်။

ကျန်းရွမ် ကျိုးထဲ နောက်သို့ လိုက်သွားသည်ကို ကြည့်လျှင် သိနိုင်ပေသည်။ ဆေးပညာရှင် အယောက် ငါးရာစလုံးသာ အဖွဲ့ထဲမှ ထွက်သွားမည်ဆိုပါက နောက်ပိုင်းတွင် သူတို့ ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်းတွင် ဆေးဖော်စပ်ပေးမည့် ဆေးပညာရှင် တစ်ယောက်မှ ရှိတော့လိမ့်မည် မဟုတ်ချေ။ အိုင်းအောင် ဆုံးဖြတ်ရ ခက်သွားလေသည်။ ရန်ကိုင်ကို အထင်သေးလိုက်မိပြီမှန်း ယခုမှပဲ အိုင်းအောင်သ သဘောပေါက်သွားတော့သည်။

“ကျုပ် ဘယ်လိုလုပ် ခေါင်းဆောင်အိုင်းအောင်ကို ခြိမ်းခြောက်ရဲပါ့မလဲ” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်၏။

“မင်းတကယ် သတ္တိရှိတာပဲ” အိုင်းအောင်သည် အံတစ်ကြိတ်ကြိတ်ဖြင့် ပြောလိုက်သည်။

ရန်ကိုင်သည် အိုင်းအောင်၏ စကားကို လျစ်လျူရှုလျက် သိုလှောက်လက်စွပ်ထဲမှ‌ ကျောက်ပြားတစ်ပြားကို ရုတ်တရက် ထုတ်ယူလိုက်လေသည်။ ထို့နောက် သက်ပြင်းချ၍ ထပ်ပြောလိုက်ပြန်၏ “အစကတော့ ဒီပစ္စည်းကို စီနီယာကို လက်ဆောင် ပေးမလို့ပဲ။ ဒါပေမယ့် ကျုပ်တို့ နှစ်ယောက်က ရေစက်မပါတော့ဘဲ ကျုပ်ဘာသာပဲ ပြန်သိမ်းထားလိုက်ရတော့မှာပေါ့”

“အဲ့တာဘာကြီးလဲ” အိုင်းအောင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

“လျှို့ဝှက် ကျင့်စဉ်တစ်ခုပဲ” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၁၉)

အစကတော့ ရန်ကိုင် ထုတ်လိုက်သည့် ပစ္စည်းအပေါ် အိုင်းအောင် အတော်လေး စိတ်၀င်စားမိလေသည်။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်လည်းဖြစ် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူလည်းဖြစ်သည့် ရန်ကိုင့်လို လူမျိုးမှ ထုတ်ပြသည့် ပစ္စည်းသည် လုံး၀ကို ပုံမှန်မဟုတ်နိုင်ပေ။ သို့သော်လည်း ရန်ကိုင်မှ လျှို့ဝှက် ကျင့်စဉ်တစ်ခုဟု ပြောလိုက်သောအခါ အိုင်းအောင် လုံးဝ စိတ်မ၀င်စားတော့ချေ။

နှုတ်ခမ်းကြီး မဲ့၍သာ ပြန်ပြောလိုက်လေသည် “ဘာများလဲလို့ မှတ်နေတာ ကျင့်စဉ်ဖြစ်နေတာကိုး၊ ငါတို့ ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့က စီးပွားရေးကိုပဲ အာရုံစိုက်တာ ဆိုပေမဲ့ ကျင့်ကြံခြင်းလည်း အာရုံစိုက်တယ်ကွ၊ မင်း ကျင့်စဉ်ကိုတော့ မင်းဘာသာမင်း သိမ်းထားလိုက်တော့ ၊ ငါတို့ ကုန်သွယ်ရေးအဖွဲ့မှာ ကျင့်စဉ်တွေအများကြီးပဲ”

သို့တိုင် ရန်ကိုင်သည် မျက်နှာပျက်သွားခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ပြောလိုက်၏ “ဒီ ကျင့်စဉ်နာမည်က ကြယ်သန့်စင်ခြင်း ပညာရပ်တဲ့”

ထိုစကားကိုကြားလိုက်ပြီးနောက် အိုင်းအောင်၏ အကြည့်သည် ရန်ကိုင် လက်ထဲရှိ ကျောက်ပြားဆီသို့ ရောက်လာခဲ့လေသည်။ ထို့နောက် ရန်ကိုင်၏ လက်ထဲရှိ ကျောက်ပြားအား ဆတ်ခနဲ ဆွဲယူပြီး မျက်လုံးအပြူးသားဖြင့် သေချာဖတ်ကြည့်တော့၏။ ကျောက်ပြားပေါ်တွင် ရှေးခေတ်အရှိန်အဝါကို ထုတ်လွှတ်နေသည့် စကားလုံး (၇)လုံးကို ရေးထွင်းထားပေသည်။ ထိုစကားလုံးများသည် အလွန်ကိုမှ ဆန်းကြယ်ပြီး ယနေ့ခေတ် စကားလုံးများနှင့် ကွဲပြားနေခဲ့သည်။ သို့သော်လည်း သေချာဖတ်ကြည့်မည် ဆိုလျင် ထိုစကားလုံးများသည် ကြယ်သန့်စင်ခြင်းပညာရပ် ဟူသော စကားလုံးများနှင့် တူညီနေသည်ကို တွေ့ရပေလိမ့်မည်။ ကျောက်ပြားကို ကိုင်ထားသည့် အိုင်းအောင်၏ လက်များ တစ်ဆတ်ဆတ် တုန်ရီလာခဲ့၏။

“စီနီယာ အခုလိုလုပ်တာ၊ ခင်ဗျားလို လူတစ်ယောက်အတွက် သိပ်ပြီး မသင့်တော်ဘူးလို့ မထင်ဘူးလား” ရန်ကိုင်က အိုင်းအောင်ကို စလိုက်၏။

“မင်းပါးစပ်ကို ပိတ်ထားလိုက်” ရန်ကိုင့်အား ဒေါသတကြီး ပြန်အော်လေသည်။

ထို့နောက် ရန်ကိုင့်အား ဂရုမစိုက်တော့ဘဲ ကျောက်ပြားကို ဂရုတစိုက် ဖတ်ရှုနေတော့၏။

ဤကျောက်ပြားကို ဧကရာဇ်ဥယျာဉ်ထဲမှ ရန်ကိုင် ရရှိခဲ့ခြင်း ဖြစ်သည်။ ဤကြယ်သန့်စင်ခြင်း ပညာရပ်ကြောင့်ပင် ရှနင်းချန်သည် ထုန်းရွမ်လောကကြီး၏ ကြယ်အမူတေကို သန့်စင်နိုင်ခဲ့ပြီး ကြယ်သခင်တစ်ပါး ဖြစ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

အရိပ်ကြယ်၏ အမြူတေကို သန့်စင်ထားသည့် သူ့အတွက် ဤကြယ်သန့်စင်ခြင်း ပညာရပ်သည် အသုံး၀င်လိမ့်မည် မဟုတ်သော်လည်း ဤပညာရပ်သည် ကြယ်အမြူတေကို သန့်စင်သည့် နည်းလမ်းများအနက် အကောင်း‌ဆုံးတစ်ခု ဖြစ်နေဆဲပင်။ သူ့ကိုယ်ပွား လွင့်မျောတိုက်ကြီး၏ ကြယ်အမြူတေကို အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့သည်ကို ကြည့်လျှင် သိနိုင်ပေသည်။

လက်ရှိတွင် အိုင်းအောင်သည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့သည်။ သူသာ ကြယ်အမြူတေ တစ်လုံးကို သန့်စင်နိုင်ခဲ့ပါက သူ့အနာဂါတ် အလားအလာသည် အကန့်အသတ် မဲ့သွားမည် ဖြစ်ပြီး ကျင့်ကြံခြင်းမှာလည်း တန်ခိုးရှင်ဘုရင် တတိယ အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။ ထို့ကြောင့် ကြယ်သန့်စင်ခြင်းပညာဟု ကြားလိုက်သည်နှင့် အိုင်းအောင်သည် လူကြီးလူကောင်းတစ်ယောက်၏ အမူအရာကိုပင် မေ့လျော့သွားခြင်းဖြစ်သည်။

ယခင်အခါက အိုင်းအောင်သည် ရွှယ့်ယွယ်ကို ပညာရှင်များစွာနှင့် လွှတ်၍ ဧကရာဇ် ဥယျာဉ်ထဲရှိ ကြယ်သန့်စင်ခြင်း ပညာရပ်ကို သွားယူခိုင်းဖူးပေသည်။ သို့သော်လည်း ရွှယ့်ယွယ်မှာ မအောင်မြင်ခဲ့ဘဲ ထိုပညာရပ်မှာ ရန်ကိုင့် လက်ထဲသို့ ရောက်လာခဲ့သည်။ ရွှယ့်ယွယ်သည် ထိုအကြောင်းနှင့် ပတ်သတ်၍ ကြယ်သန့်စင်ခြင်း ပညာရပ်သည် ရန်ကိုင့်လက်ထဲသို့ ရောက်နေမှန်း အိုင်းအောင် လုံး၀ မသိခဲ့ပေ။

ရန်ကိုင်သည် ပြုံး၍သာ အိုင်းအောင်အား ရပ်ကြည့်နေခဲ့သည်။ ကြယ်သန့်စင်ခြင်း ပညာရပ်ကို စဖတ်ကြည့်လိုက်သည်နှင့် အိုင်းအောင်၏ အမူအရာမှာ အမျိုးမျိုး ပြောင်းလဲနေခဲ့သည်။ တစ်ခါတစ်ရံ စိတ်လှုပ်ရှားလာလိုက်၊ တစ်ခါတစ်ရံ စိုးရိမ်လာလိုက်၊ တစ်ခါတစ်ရံ ပျော်သွားလိုက် စသည်ဖြင့် အမျိုးမျိုးသော စိတ်ခံစားချက် အမူအရာတို့သည် သူ့မျက်နှာထက်၌ ထွက်ပေါ်လာခဲ့လေသည်။

အချိန်အတော်ကြာသွားပြီးနောက်တွင် အိုင်းအောင်သည် ရုတ်တရက် အူလှိုက်သဲလှိုက် အော်ရယ်မောလေ၏။

“စီနီယာ ဘယ်လိုနေလဲ” ရန်ကိုင်က ပြုံးလျက် မေးလိုက်၏။

အိုင်းအောင်သည် ရန်ကိုင့်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာ အမူအရာသည် ယခင်ကကဲ့သို့ တင်းမာ ခက်ထန်နေခြင်း မရှိတော့ဘဲ‌ ဖော်ဖော် ရွေရွေဖြင့် ပြန်ပြောလိုက်၏ “ကောင်လေး မင်းက တခြားသူတွေကို စိတ်ကျေနပ်အောင် ဘယ်လိုလုပ်ရမလဲ တစ်ကယ်သိတဲ့ကောင်ပဲကွ၊ ပိုဆိုးတာက မင်းရဲ့ ကျင့်ကြံခြင်းက ဒီဘုရင်နဲ့ ဘာမှမကွာဘူး၊ အဲ့တာကိုတောင် မင်းက အကြီးတွေကို လေးစားရမှန်း သိတယ်။ ဒါနဲ့ ပတ်သတ်ပြီး ဒီဘုရင် အရမ်း ကျေနပ်တယ်”

“စီနီယာ ကျေနပ်ဖို့ပဲလိုတာပါ”

“ငါ ဒါကို ယူထားလိုက်မယ်၊ ရွှယ့်ယွယ် ကိစ္စကိုတော့ ငါတစ်ချက် စဉ်းစားပေးမယ်”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင် ပြုံးလိုက်လေသည်။ အိုင်းအောင်က ထိုသို့ပြောလာမှဖြင့် သူနဲ့ ရွှယ့်ယွယ် ကိစ္စကို သဘောတူလိုက်ပြီမှန်း ရန်ကိုင် နားလည်လိုက်သည်။

အစောပိုင်းက ပြောထားသည့် စကားအတွက် မျက်နှာ မပျက်ချင်၍သာ ယခုကဲ့သို့ ပြောလိုက်မှန်း ရန်ကိုင် သိသည်။

“လာ ငါ့နောက်လိုက်ခဲ့ဦး” ငါမင်းကို မေးစရာလေးရှိလို့။

အိုင်းအောင်၏ ကြမ်းတမ်း ခက်ထန်သော အမူအရာမှာ ကြက်ပျောက်ငှက်ပျောက်ကို ပျောက်သွားခဲ့လေပြီ။ ရန်ကိုင့်အပေါ် သူ၏ ဆက်ဆံပုံမှာလည်း အဆပေါင်းများစွာ ပို၍ သိမ်မွေ့လာခဲ့သည်။ ရန်ကိုင်က ခေါင်းငြိမ့်၍ “စီနီယာရဲ့ အမိန့်ကို ဘယ်လိုလုပ်ပြီး မနာခံလို့ ဖြစ်ပါ့မလဲ”

အိုင်းအောင်သည် ရန်ကိုင်၏ ပြောပုံ ဆိုပုံနှင့် ပတ်သတ်၍ အလွန်ကိုမှ ကျေနပ်နေခဲ့လေသည်။ ထို့နောက် လက်နောက်ပစ်ကာ လမ်းလျှောက်နေရင်းမှ ရန်ကိုင့်အား လှမ်းမေးလိုက်လေ၏။ ဒီဘုရင် သိချင်နေတာက “အခု မင်းအသက် ဘယ်လောက်ရှိပြီလဲ ဆိုတာပဲ”

“အွန်း… အဲ့ကိစ္စကတော့ ဒီဂျူနီယာကိုယ်တိုင်လည်း သေချာ မပြောတတ်ဘူး” ရန်ကိုင်က ရှက်ရှက်ဖြင့် ပြုံးလိုက်၏။

ထုန်းရွမ်လောကကြီးထဲမှ ထွက်လာပြီးသည့် အချိန်မှစ၍ သူသည် ကြယ်စီရင်စုကြီးထဲ လှည့်ပတ် သွားလာနေခဲ့ခြင်း ဖြစ်သည်။ ကိုယ့်အလုပ်နဲ့ ကိုယ်ပင် ရှုပ်နေလေရာ အသက် ဘယ်လောက် ရှိလပြီလဲ ဆိုသည်ကို မည်ကဲ့သို့များ မှတ်ထားနိုင်ပါမည်နည်း။

“ငါးဆယ်၊ ခြောက်ဆယ်လောက်တော့ ရှိပြီ ထင်တာပဲ”

“ငါးဆယ် ခြောက်ဆယ်..!” အိုင်းအောင်၏ အမူအရာ မဆိုသလောက်လေး ပြောင်းလဲသွားခဲ့လေသည်။

“မင်း တစ်ကယ်ကြီး အဲ့လောက်ပဲ ရှိသေးတာလား”

သာမန် သေမျိုးများအတွက် ငါးဆယ် ခြောက်ဆယ်သည် သက်ကြီးပိုင်းထဲ ပါသော်ငြား ကျင့်ကြံသူများအတွက်မူ ငါးဆယ် ခြောက်ဆယ်မှာ လူငယ်တစ်ဦးသာ ဖြစ်ပေသည်။ ဤ ကြယ်စီရင်စုကြီးထဲရှိ သူတော်စင်အဆင့်နှင့် သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများသည် ရန်ကိုင့် အသက်လောက်သာ ရှိကြ၏။

ပါရမီသိပ်မမြင့်ကြသူများဆိုလျှင် ရန်ကိုင်၏ အသက်သို့ ရောက်နေသည့်တိုင် မသေမျိုးအဆင့်နှင့် အင်မော်တယ် တက်လှမ်းခြင်းအဆင့်သို့သာ ရောက်ကြသေး၏။ သို့ရာတွင် ရန်ကိုင်ကမူ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သို့ပင် ရောက်နေသည်။

ကြယ်စီရင်စုကြီးထဲရှိ တန်ခိုးရှင်ဘုရင် အဆင့်သို့ ရောက်နေသူများကို ကြည့်လိုက်လျင် အကုန်လုံးသည် အနည်းဆုံး နှစ်တစ်ထောင်လောက် မနေခဲ့ဖူးလျှင် အနည်းဆုံး နှစ် ရာနှင့်ချီပြီးတော့ နေကြဖူးသည့် မွန်းစတားအိုကြီးများ ဖြစ်ကြသည်။ ထို့ကြောင့် ရန်ကိုင် အသက်ငါးဆယ် ခြောက်ဆယ် လောက်သာ ရှိသေးမှန်း သိလိုက်ရချိန်တွင် အိုင်းအောင် အလွန်ကိုမှ အံအားသင့်သွားခဲ့ခြင်း ဖြစ်သည်။

“ငါ မင်းရဲ့ အရိုးသက်တမ်းကို စစ်ဆေးကြည့်လို့ရမလား” အိုင်းအောင်က ရန်ကိုင့်အား မယုံသင်္ကာဖြင့် ကြည့်လျက် မေးလိုက်သည်။

“ရတယ်လေ” ရန်ကိုင်က သူ့လက်ကို ဆန့်ထုတ်ပေးလိုက်၏။

အိုင်းအောင်သည် ရန်ကိုင့်လက်ကို ကိုင်လျက် သူ့ကောင်းကင်စိတ်အာရုံကို ရန်ကိုင့်လက်ထဲ စီး၀င်စေလိုက်သည်။ ခနကြာအောင် စစ်ဆေးနေပြီးနောက် ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာဖြင့် ရန်ကိုင့်လက်ကို ပြန်လွှတ်ပေးလိုက်သည်။ သူ စစ်‌ဆေးကြည့်ရသလောက် ရန်ကိုင့်အသက်သည် နှစ်တစ်ရာပင် မရှိသေးကြောင်း တွေ့လိုက်ရပေသည်။

ကျင့်ကြံသူတစ်ဦးသည် သူ့ရုပ်ရည်ကို ပြောင်းလဲနိုင်လျင်ပင် အရိုးကိုတော့ မပြောင်းလဲနိုင်ပေ။ အရိုးသက်တမ်းကို စစ်ဆေးလိုက်ခြင်းအားဖြင့် ကျင့်ကြံသူတစ်ဦး၏ သက်တမ်းကို သိနိုင်ပေလိမ့်မည်။

ဒီကောင် ဘယ်လိုတောင် ကျင့်ကြံတာလည်း ရုတ်တရက် ‌အိုင်းအောင်သည် နှစ်ပေါင်းများစွာကို အကျိုးမဲ့ အသက်ရှင်လာသည်ဟု ခံစားလိုက်ရသည်။ သူ့အား ပို၍ ထိတ်လန့်သွားစေသည်မှာ ရန်ကိုင်၏ အရိုးသက်တမ်းကို သွား၍ စစ်ဆေးနေချိန် ရန်ကိုင်၏ အသက်စွမ်းအင်မှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းနေကြောင်း တွေ့ရှိလိုက်ရခြင်းပင်။

သို့သော်လည်း ရန်ကိုင် ထိုကဲ့သို့ဖြစ်နေရခြင်းမှာ အင်မော်တယ် သစ်ပင်ကို သန့်စင်လိုက်ခြင်းအတွက်ကြောင့် ဖြစ်ရမည်ဟု အိုင်းအောင် ချက်ချင်း နားလည်သွားခဲ့သည်။ ရန်ကိုင်သည် အင်မော်တယ် သစ်ပစ်ကို သန့်စင်ထားသည်ဟု ခေါင်းဆောင်အိုင်းအောင် အမှန်တကယ် ယုံကြည်နေခဲ့လေပြီ။

ထိုအကြောင်းကြောင့်ပင် ရန်ကိုင်သည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သို့ ဤသို့ မြန်မြန် ရောက်ရှိလာခဲ့ရခြင်းဖြစ်မည်ဟု ကောက်ချက်ချလိုက်သည်။ ခေါင်းဆောင် အိုင်းအောင်သည် အသက်ကို ပြင်းပြင်း ရှူသွင်းလျက် အမှန်အတိုင်း ပြောလိုက်သည် “မင်းအရည်အချင်းနဲ့ဆို ဒီကြယ်စီရင်စုကြီးထဲမှာ မင်းနဲ့ထိုက်တန်တဲ့ ဘယ်မိန်းကလေးမှ မရှိတော့ဘူး၊ မင်းလို ယောင်္ကျားမျိုးကို ရလိုက်တာ ရွှယ့်ယွယ်အတွက် ကံကောင်းတယ်လို့တောင် ပြောလို့ရတယ်၊ ဒီဘုရင် စိတ်အေးသွားပြီ”

နောက်ဆုံးတွင် ရန်ကိုင်နှင့် ရွှယ့်ယွယ်၏ မင်္ဂလာ ကိစ္စကို သဘောတူလိုက်လေပြီ။ တစ်ကယ်တော့ ရန်ကိုင်ကဲ့သို့ ပညာရှင်တစ်ဦးသည် နှစ်တစ်သန်းတွင် တစ်ကြိမ် မွေးဖွားလာဖို့ပင် မဖြစ်နိုင်ချေ။ ထို့ကြောင့် သူသည် ရွှယ့်ယွယ်နှင့် ထိုက်တန်သည်ထက်ကို ပိုပေသည်။

“ဒါပေမဲ့ ဒီဘုရင် မင်းကို တစ်ခုသတိပေးစရာရှိသေးတယ်” အိုင်းအောင်သည် တစ်ခုခုကို စဉ်းစားမိသွားသည့်အလား လေးနက်စွာ ပြောလိုက်သည်။

“ပြောပါ စီနီယာ”

“မင်း ရွှယ့်ယွယ်ရဲ့ ခန္ဓာကိုယ်ကို သိတယ်မလား”

အိုင်းအောင်က မေးလိုက်သည်။

“နဂါးခြင်ဆီဖီးနစ် ခန္ဓာကိုယ်မလား” ရန်ကိုင်က ပြုံးလျက်

“အဲ့အထူး ခန္ဓာကိုယ်ကြောင့်သာ မဟုတ်ရင် ကြယ်စီရင်စုကြီးတစ်ခုလုံးကို ရွှယ့်ယွယ် လိမ်ထားလို့ရမှာမဟုတ်ဘူး၊ သူ‌ယောင်္ကျားယောင် ဆောင်ထားတယ်ဆိုတာ လူတော်တော်များများ သိနေလောက်ပြီ”

“ဟုတ်တယ်”

“ဒါပေမဲ့ မင်းက ဒီခန္ဓာကိုယ်အကြောင်း သိထားတယ်ဆိုတော့ အဲ့ခန္ဓာကိုယ်ရဲ့ အကျိုးကျေးဇူးကိုလည်းသိမှာပေါ့”

ရန်ကိုင်က အထူးအဆန်း အမူအရာဖြင့် ခေါင်းငြိမ့်လိုက်သည်။ အိုင်းအောင်က ချောင်းဟန့်လျက် ရှက်ရှက်ဖြင့်ပြောလိုက်၏ “ဒီစကားက လူကြီးတစ်ယောက်အနေနဲ့ ပြောဖို့ သိပ်မသင့်တော်ဘူး ဆိုပေမဲ့ ငါမင်းကို သတိတော့ ပေးလိုက်မယ်၊ မင်းအကျိုးအတွက်ရော ရွှယ့်ယွယ် အကျိုးအတွက်ရော စောစောမလုပ်ဖို့ အကြံပေးချင်တယ်၊ အွန်း… ငါဘာပြောချင်လည်း နားလည်တယ်မလား၊ ရွှယ့်ယွယ် သိုင်းတာအိုမှာ အဆင့်မြင့်လာမှ မင်းတို့ လုပ်လည်း ကိစ္စမရှိဘူး၊ မင်းလို လူတစ်ယောက်က စိတ်ရှည်သည်းခံနိုင်မယ်လို့ ငါမျှော်လင့်တယ်”

“ဂျူနီယာ နားလည်ပါတယ်” ရန်ကိုင် သူ့နှဖူးထက် ဝေ့သီလာခဲ့သော ချွေးသီးများကို သုတ်ချလိုက်လေသည်။ သူ့အနာဂတ် ယောက္ခမ လောင်းကြီးနှင့် ဤအကြောင်းကို ပြောရသည်မှာ အင်မတန်ကိုမှ ရှက်ဖွယ်ကောင်းပေသည်။

“မင်းနားလည်ရင်ပြီးရော” အိုင်းအောင်သည် ရန်ကိုင့် ပခုံးကို ပုတ်လျက် သက်ပြင်းချကာ ပြောလိုက်သည်။

“ဒီဘုရင်ကို အခုလို လုပ်လို့ဆိုပြီး အပြစ်တင်မနေနဲ့ဦး၊ မင်း အဖေတစ်ယောက် ဖြစ်လာတဲ့တစ်နေ့ ကိစ္စအားလုံး နားလည်သွားလိမ့်မယ်”

ရန်ကိုင်က ပြန်ပြောလိုက်၏။

“ စီနီယာက ကိုယ့်သမီးကို ချစ်လို့ အခုလို လုပ်ခဲ့တယ်ဆိုတာ ဂျူနီယာ နားလည်ပါတယ်”

“ကောင်းတယ်” အိုင်းအောင်က ခေါင်းညိတ်၍ “အွန်း ဒါနဲ့ ငါမင်းကို ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့ရဲ့ ဧည့်အကြီးအကဲအဖြစ် ဖိတ်ခေါ်ဖို့ စဉ်းစားနေတာ၊ မင်း ဘယ်လိုထင်လည်း”

“ရပါတယ် ကိစ္စမရှိဘူး၊ စီနီယာ ဂျူနီယာရဲ့ ကျော်ကြားမှုကို အသုံးပြု‌ချင်နေတယ်ဆိုတာ ဂျူနီယာ နားလည်ပါတယ်”

“မင်းသိမယ်လို့ ငါထင်သားပဲ၊ မင်းက အခုလေးတင်ပဲ ဆေးဝိဇ္ဇာကျိုးထဲနဲ့ ဆေးပညာချင်း ပြိုင်ပြီး အနိုင်ရလာခဲ့တာ။ တကယ့် အရေးကြီးဆုံးအချက်က မင်းမဟာဆေးတာအိုရဲ့ ပဲ့တင်သံကို ပေါ်လာအောင် လုပ်တယ် ဆိတာကို ငါ သတင်းဖြန့်ပြီးသွားပြီ။ ဒီသတင်းက အနှေးနဲ့အမြန်ဆိုသလို ကြယ်စီရင်စုကြီးထဲ ပြန့်သွားမှာ၊ အဲ့အချိန်မျိုးမှာသာ မင်းက ဟုန်းဟော့ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ဧည့်အကြီးအကဲ ဖြစ်နေမယ်ဆို ကြယ်စီရင်စုကြီးထဲက ဆေးပညာရှင်တွေ ဒီကို အပြေးအလွှား ရောက်လာကြမှာ၊ ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်းထဲ ၀င်ပါရစေဆိုပြီး သူတို့ ထိုင်တောင်းပန်နေမှာကို ငါမြင်ယောင်သေးတယ်၊ ဒီတစ်ကြိမ်တော့ ငါဘယ်သူ့ကိုမှ မျက်နှာသာ ပေးစရာမလိုတော့ဘူး၊ ဟား..ဟား…ဟား..”

အိုင်းအောင်သည် ဆေးပညာရှင်များအပေါ်လက်စားပြန်ချေရတော့မည့်အလား အူလှိုက် သည်းလှိုက် အော်ရယ်မောလိုက်လေသည်။ ထို မြင်ကွင်းကို ကြည့်ရင်း ရန်ကိုင် အားတင်း၍သာ ပြုံးလိုက်သည်။ အိုင်းအောင်ကို ကြည့်ရသည်မှာ ‌ဆေးပညာရှင်များကို အတော်လေး အခဲမကျေ ဖြစ်နေသည့်ပုံပင်။

“ဒါနဲ့ မင်း ကျိုးထဲနဲ့ လောင်းထားတဲ့ ကိစ္စကို ဘယ်လိုလုပ်မှာလဲ၊ မင်းအခု ဘယ်မှာ နေနေတာလဲ၊ သူဖော်စပ်ပေးမယ့် ဆေးလုံးတွေကို ငါမင်းစီ ပို့ပေးလိုက်မယ်” အိုင်းအောင်က မေးလိုက်လေသည်။

“မလိုပါဘူး စီနီယာ၊ အဲ့တာတွေကို စီနီယာတို့ပဲယူထားလိုက်ပါ၊ အဲ့တာတွေကို ဒီဂျူနီယာရဲ့ တင်တောင်း လက်ဆောင်လို့ပဲ သဘောထားလိုက်ပါ” ရန်ကိုင်က ပြုံးလျက် ပြောလိုက်လေသည်။

အိုင်းအောင်၏ မျက်လုံးများ ချက်ချင်းဆိုသလို မှေးစင်းသွားခဲ့လေ၏။

“မင်းတစ်ကယ်ကြီး မလိုချင်တာလား၊ တန်ခိုးရှင် ဘုရင်အဆင့် ဆေးလုံး အလုံး ခြောက်ဆယ်‌တောင် နော်၊ အဲ့တာတောင် တစ်နှစ်ပဲရှိသေးတယ်၊ နှစ်နဲ့ချီလာရင် ရာနဲ့ ထောင်နဲ့ ချီလာမှာ”

“စီနီယာ တစ်ခုခုကို မေ့နေတာလား၊ ဂျူနီယာကလည်း တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်လေ”

ထိုအခါမှပဲ အိုင်းအောင်က ရယ်မောလျက် “ဒါပေမဲ့ ဒီတန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတွေလောက်နဲ့ တင်တောင်း လက်ဆောင်က လုံလောက်တယ်လို့ မင်း မထင်ပါဘူးနော်”

ရန်ကိုင်က ပြုံးလျက် “ကြယ်သန့်စင်ခြင်း ပညာရပ်ရယ်၊ ကျုပ်တပည့် တပိုင်းဖြစ်နေတဲ့ တန်ခိုးရှင်အဆင့် ဆေးပညာရှင် အယောက် ငါးရာရယ်..”

“မင်းပေးထားတာတွေက လုံလောက်ခါနီးနေပြီ” အိုင်းအောင်က ၀မ်းသာအားရ ၀င်ပြောလိုက်၏

“ကမ္ဘာခြား ဟင်းလင်းပြင် အစီအရင်တွေပါ ထပ်ထည့်ပေးမယ်ဆိုရင်ရော” ရန်ကိုင်က ပြုံးလျက် ပြောလိုက်သည်။

ထိုစကားကို ကြားသည့်အခါ အိုင်းအောင် မှင်သက်သွားလေ၏။ ချက်ချင်းပဲ လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်၏။

“ငါလည်း မင်းကို ဒီအကြောင်း မေးချင်နေတာ၊ မင်းတကယ်ကြီး ကမ္ဘာခြား ဟင်းလင်းပြင် အစီအရင်တွေကို ခင်းကျင်း နိုင်တာလား၊ လူတစ်ယောက်ကို ကြယ်တစ်လုံးကနေ တခြား ကြယ်တစ်လုံးကို ပို့ပေးနိုင်တဲ့ အစီအရင်လေ”

“စီနီယာ ဒီအကြောင်းကို သိထားတယ်ဆိုတော့ ရှန်တုစီကပဲ သိထားတာ ဖြစ်ရမယ်၊ ဟုတ်တယ်မလား၊ ဒါဆိုရင် သူကိုယ်တိုင် စမ်းသပ်ခဲ့တဲ့ အကြောင်းကိုရော ရှန်တု စီနီယာကို မပြောပြဘူးလား”

“ရှန်တုကတော့ ပြောတာပဲ၊ ဒါပေမဲ့ ဒီဘုရင်ကကို သိပ်မယုံနိုင်ဖြစ်နေတာ” အိုင်းအောင်က အလေးအနက် အမူအရာဖြင့်

“ငါတို့ ဟုန်းလော့ ကုန်သွယ်ရေးမှာ ကျင့်ကြံခြင်း ကြယ်ရယ်၊ သတ္ထုကြယ်ရယ်၊ ဆေးကြယ်ရယ် အပါအ၀င် စုစုပေါင်း ဆယ့်ရှစ်လုံး ရှိတယ်၊ အဲ့ကြယ်တစ်လုံးဆီကနေ အခြားတစ်လုံးဆီ ပစ္စည်းတွေပို့ဖို့က လွယ်တာမဟုတ်ဘူး ပိုက်ဆံအရမ်းကုန်တယ်၊ အချိန်လည်း အရမ်းပေးရတယ်၊ ဒါပေမဲ့ မင်းသာ ကမ္ဘာခြား ဟင်းလင်းပြင်တွေကို အဲ့ကြယ်တွေပေါ်မှာ လိုက်ပြီး ခင်းကျင်းပေးမယ် ဆိုရင်တော့ မင်း ငါတို့ ဟုန်းလော့ ကုန်သွယ်ရေးတစ်ဖွဲ့လုံးရဲ့ ကျေးဇူးရှင် ဖြစ်သွားပြီ၊ ရွှယ့်ယွယ်နဲ့ လက်ထပ်ဖို့ကို အသာထားလိုက် မင်းသာ ဆန္ဒရှိရင် ငါ့သမီးတွေ အကုန်လုံးကိုတောင် လက်ထပ်လို့ရတယ်”

“စီနီယာ မနောက်နဲ့လေ၊ ရွှယ့်ယွယ်နဲ့တင် ကျုပ်အတွက် လုံလောက်နေပြီပဲ”

“မင်းတော်တယ် ရွှယ့်ယွယ် လူရွေးမမှားဘူး” ထိုစကားကို ပြောပြီးနောက်တွင် အိုင်းအောင်က ဆက်ပြောလိုက်လေသည် “ငါ့နောက်လိုက်ခဲ့”

ပြောပြီးသည်နှင့် တစ်နေရာဆီသို့ ဦးတည်ထွက်သွား၏။ အိုင်းအောင် ဘာလုပ်ချင်နေမှန်း မသိသော်လည်း အိုင်းအောင်က ပြောနေသဖြင့် ရန်ကိုင်လည်း ဘာမှ မေးမနေဘဲ သူပြောသည့် အတိုင်းသာ အနောက်မှ လိုက်သွားခဲ့လေသည်။ မကြာမီ ရန်ကိုင်နှင့် အိုင်းအောင်သည် အစောင့်တင်းကြပ်သည့်သည့် နန်းတော်တစ်လုံး ရှေ့သို့ ရောက်လာခဲ့သည်။

နန်းတော်အား ရွှေရောင်သံချပ်ကာ ၀တ်ဆင်ထားသည့် တန်ခိုးရှင် ဒုတိယ အဆင့်သို့ ရောက်ရှိနေသည့် အစောင့်များမှ စောင့်ကြည့်နေခဲ့လေသည်။ တစ်ချိန်ထဲတွင် နန်းတော် ပတ်လည်အား အစီအရင်များစွာဖြင့် ကာရံထားခဲ့သည်။ ဤနေရာသည် ရေကောင်းကင်မြို့၏ အရေးကြီးဆုံးနေရာများထဲမှ တစ်ခု ကျိန်းသေဖြစ်ရပေလိမ့်မည်။

“ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်” အိုင်းအောင် ရောက်လာသည်ကို မြင်သော် အစောင့်များက အလျင်စလို နှုတ်ဆက်ကြလေသည်။ အိုင်းအောင်သည် ခေါင်းညိတ်လိုက်ပြီး ရန်ကိုင့်အား အထဲသို့ ခေါ်သွားလေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၂၀)

နန်းတော်ထဲသို့ ၀င်လာအပြီးတွင် သူ့မျက်နှာအား လေဟာနယ်စွမ်းအားများ လာရောက် ရိုက်ခတ်နေသည်ကို ရန်ကိုင် ခံစားလိုက်ရသည်။ ရှေ့တည့်တည့်သို့ လှမ်းကြည့်လိုက်ရာ ခန်းမအလယ်တွင် လင်းလင်းပြင် အစီအရင်တစ်ခု ရှိနေကြောင်း တွေ့လိုက်ရလေသည်။

ဒီနေရာက ရေလကြယ်ရဲ့ ဟင်းလင်းပြင်အစီအရင် ရှိတဲ့နေရာပဲ ဖြစ်ရမယ်… ရန်ကိုင် တွေးလိုက်၏။

ထို့ကြောင့်သာ မဟုတ်လျှင် ဤနေရာသည် ထိုမျှ အစောင့်အကြပ် ထူထဲနေလိမ့်မည် မဟုတ်ပေ။ အထဲသို့ ၀င်လာပြီးနောက်တွင် အိုင်းအောင်က ရန်ကိုင်ကို မိတ်ဆက်ပေးလိုက်လေသည်။

“အဲ့တာက ငါတို့ ရေလကြယ်က မြို့တွေကို ဆက်သွယ်ပေးထားတဲ့ ဟင်းလင်းပြင် အစီအရင်ပဲ၊ ငါတို့ ရေလကြယ်ရဲ့ အရမ်း အရေးပါတဲ့ အစီအရင်တစ်ခုပေါ့”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ကောင်းကင် စိတ်အာရုံဖြင့် ဖြန့်ကျက် စစ်ဆေးပြီးနောက် ထိုအစီအရင်၏ တည်ဆောက်ပုံကို ချက်ချင်း နားလည်သွားခဲ့လေသည်။ သို့သော်လည်း အရမ်း ဂရုစိုက်မနေခဲ့ပေ။ သူ့ကဲ့သို့သော လူတစ်ယောက်အတွက် ဤကဲ့သို့သော အစီအရင်ကို ခင်းကျင်းဖို့သည် ထမင်းစားရေသောက်နှယ် လွယ်ကူပေသည်။

“စီနီယာ ဘာလို့ ကျုပ်ကို ဒါကို ပြချင်နေတာလဲ” ရန်ကိုင်ကမေးလိုက်သည်။

“ငါ မင်းကို ပြချင်နေတာ ဒါမဟုတ်ဘူး” အိုင်းအောက်က ပြုံးလျက် သူ့နောက်သို့လိုက်လာရန် အချက်ပြလိုက်သည်။

ထို့နောက် ဘေးသို့ချိုးကွေ့ကာ ထိုဘေးဘက်တွင် ရှိနေသော တံခါးတစ်ပေါက်ထဲသို့ ၀င်သွားလေသည်။ ထို တံခါးပေါက်ထဲသို့ ၀င်လိုက်သည်နှင့် မြေအောက်ထဲသို့ ဦးတည်နေသော ကြောင်လိမ် လှေကားတစ်ခုကို တွေ့လိုက်ရ၏။

နံရံ ဘေးပတ်လည်တွင် တန်ဆာဆင်ထားသော ညလင်းပုလဲ များကြောင့် လှေကားလမ်းတစ်လျှောက်သည် မှောင်မိုက်နေခြင်းမရှိချေ။

အိုင်းအောင်၏ ဦးဆောင်မှုဖြင့် ကြောင်လိမ် လှေကားတစ်လျှောက် ဆယ့်ငါးမိနစ်ခန့်ကြာအောင် ဆင်းလာပြီးနောက်တွင် မြေအောက်ထဲသို့ ရောက်ရှိလာလေ၏။ တဖြည်းဖြည်း လျှောက်လာပြီးနောက် သူတို့ရှေ့ဘက်သည် ရုတ်တရက်ကြီး အလွန်ကိုမှ ကျယ်လွန်းလာကြောင်း တွေ့ရှိလိုက်ရလေသည်။

ဤနေရာသည် မြေအောက် လှိုင်ခေါင်းတစ်ခု မဟုတ်ဘဲ အလွန်ကိုမှ ကျယ်၀န်းသည့် လျှို့ဝှက်ခန်းတစ်ခု ဖြစ်နေကြောင်း ရန်ကိုင် အံ့အားသင့်ဖွယ် တွေ့လိုက်ရပေသည်။ လျှို့ဝှက်ခန်းထဲတွင် ဘာဆိုဘာမှ ရှိမနေဘဲ ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေသည့် အရာတစ်ခုကိုသာ ရန်ကိုင် တွေ့လိုက်ရသည်။

ရန်ကိုင်သည် မျက်ခုံးပင့်လျက် ချက်ချင်းဘဲ ရှေ့တက် သွားကြည့်လိုက်လေသည်။ ညလင်း ပုလဲများ၏ အကူအညီအဖြင့် ရန်ကိုင်သည် သူ့ရှေ့တွင်ရှိနေသည့် အရာကို သေသေချာချာ မြင်တွေ့လိုက်ရသည်။

“ဒါ ကမ္ဘာခြား ဟင်းလင်းပြင် အစီအရင်လား” ရန်ကိုင်က အိုင်းအောင်အား အံအားတကြီး ကြည့်လိုက်သည်။

“ဟုတ်တယ်” အိုင်းအောင်က ခေါင်းငြိမ့်၍

“ကမ္ဘာခြား ဟင်းလင်းပြင် အစီအရင်ပဲ”

“စီနီယာတို့ ဒါကို မသုံးနိုင်ဘူးလား” ရန်ကိုင်က ထပ်မေးလိုက်သည်။

“မရဘူး။ ဒီအစီအရင်နဲ့ ပက်သက်ပြီး ဘာတွေ ဖြစ်နေမှန်းမသိဘူး။ ရှေးစာအုပ်တွေထဲမှာ ပြောထားတာတော့ ဒီအစီအရင်ကို အသက်သွင်းလို့ မရတာ နှစ်တစ်သောင်းကျော်လောက် ရှိနေပြီတဲ့။ ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ အသစ်တက်လာတဲ့ ခေါင်းဆောင်တိုင်း၊ ဒီအစီအရင်ကို အသက်သွင်းဖို့ ကြိုးစားကြတာပဲ။ ဒါပေမယ့် ဘယ်သူမှ မအောင်မြင်ခဲ့ဘူး”

“ရန်ကိုင်..ဒီဘုရင် မင်းကို မယုံကြည်တာတော့မဟုတ်ဘူး၊ ဒါပေမဲ့ ဒီကိစ္စက အရမ်း အရေးကြီးတဲ့ကိစ္စဆိုတော့ ဒီဘုရင် ကိုယ်တိုင် မြင်ရမှပဲ ယုံနိုင်မယ်၊ မင်းသာ ဒီအစီအရင်ကို ပြန်ပြင်နိုင်မယ်ဆိုရင် ဒီဘုရင်မင်းပြောတာကို ယုံပေးမယ်” အိုင်းအောင်က အလေးအနက် အမူအရာဖြင့် ပြောလိုက်၏။

“ဒါများ ဘာခက်လို့” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။

“မင်းတကယ်ကြီး ဒီအစီအရင်ကို ပြင်နိုင်တာလား” အိုင်းအောင် ၀မ်းသာအားရ ဖြစ်သွားခဲ့လေသည်။

“ပြင်နိုင်တာပေါ့” ရန်ကိုင် ခေါင်းညိတ်၍ “ဒါပေမဲ့ ဒီအစီအရင်က ဘယ်ကို ဆက်သွယ်ထားလဲဆိုတာ စီနီယာ တစ်ချက်လောက် ပြောပြလို့ရမလား”

ထိုစကားကို ကြားသောအခါ အိုင်းအောင်သည် ရန်ကိုင့်အမေးအား ပြန်ဖြေရန် ခက်ခဲနေသည့်အလား မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သို့ရာတွင် ခနကြာအောင် တွန့်ဆုတ်နေပြီးနောက် ပြန်ပြောလိုက်၏။ “မင်းနဲ့ငါနဲ့က တစ်မိသားစုထဲ ဖြစ်တော့မှာဆိုတော့ မင်းကိုပြောပြလို့လည်း ကိစ္စမရှိပါဘူး၊မင်း ကြယ်နက်တွေအကြောင်း ကြားဖူးလား”

“ကြယ်နက်တွေ..” ရန်ကိုင် မျက်မှောင် ကြုတ်သွားခဲ့သည်။

ထို့နောက် အံအားသင့်နေသည့် အမူအရာဖြင့် ပြန်မေးလိုက်၏။ “ဒီတိုင်း သမာရိုးကျ နည်းလမ်းတွေနဲ့ သွားလို့မရတဲ့ ကြယ်တွေကိုပြောတာလား၊ ဟိုးကြယ်စီရင်စုကြီး အတွင်းပိုင်းထဲမှာ ပုန်းနေတဲ့ ကြယ်တွေလေ၊ သာမန် မျက်လုံးနဲ့တောင် မမြင်နိုင်တဲ့ ကြယ်တွေပေါ့”

“ဟုတ်တယ်၊ အဲ့ကြယ်တွေပဲ” အိုင်းအောင်က ခေါင်းငြိမ့်၍

“ကြယ် စီရင်စုကြီးက လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေခဲ့တာ၊ ဒီတိုင်းကြည့်လိုက်ရင် ကြယ်စီရင်စုကြီးထဲမှာ ဘာကြယ်အသစ်မှ မရှိဘူးလို့ ထင်ရပေမဲ့ တစ်ကယ်တမ်းတော့ အဲ့လိုမျိုးမဟုတ်ဘူး၊ ကြယ်စီရင်စုကြီးထဲမှာ ကြယ်နက်တွေ အများကြီးရှိတယ်၊ အဲ့ကြယ်တွေဆီ ငါတို့ ရောက်အောင် မသွားနိုင်တာပဲ ရှိတာ၊ ဒီကြယ်စီရင်စုကြီးထဲမှာ ပေါ်ပေါ်ထင်ထင် ရှိနေတဲ့ ကြယ်တွေက အင်အားစုအသီးသီးကို အပိုင်သိမ်းယူလို့ ကုန်သွားကြပြီ”

“ငါတို့ ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့ကိုပဲ အရင်ကြည့်လိုက်ကွာ၊ ငါတို့မှာ ထိန်းချုပ်ထားတဲ့ကြယ် စုစုပေါင်း ဆယ့်ရှစ်လုံး ရှိတယ်၊ ဒါပေမဲ့ ငါတို့အဖွဲ့အစည်းသာ ဒီထက်ပိုပြီး အားကောင်းလာချင်တယ်ဆိုရင် သူများထိန်းချုပ်ထားတဲ့ ကြယ်တွေကို တိုက်ခိုက်လုယက်မှပဲ ရတော့မှာ၊ အဲ့လိုမလုပ်ချင်ဘူးဆိုရင် ငါတို့ဘာသာ ကြယ်အသစ်ရှာပေါ့၊ ကျူးကျော်စစ်ဆိုတာလည်း လွယ်လွယ်နဲ့ စလို့ကောင်းတဲ့အရာမဟုတ်ဘူး၊ ဒီတော့ ကိုယ့်အင်အားစု တိုးတက်လာချင်တယ် ဆိုရင် အလုံခြုံဆုံး နည်းလမ်းက ကြယ်နက်တွေ လိုက်ရှာဖို့ပဲ၊ ဒါပေမယ့် ကြယ်နက်ဆိုတာကလည်း လိုက်ရှာဖို့ လွယ်တာမဟုတ်ဘူး၊ မင်း ကြယ်နက်တစ်လုံး ဘေးကနေ ဖြတ်ပျံသွားရင်တောင် အဲ့ကြယ်က ကြယ်နက် ဖြစ်လို့ ဖြစ်နေမှန်း သိမှာမဟုတ်ဘူး”

ရန်ကိုင်က ခေါင်းညိတ်၍ သဘောတူလိုက်သည်။

“ကျုပ်လည်း အဲ့အကြောင်းတွေ ကြားဖူးတယ်၊ ပြောကြတာတော့ ဒီကြယ်စီရင်စုကြီးထဲမှာ ကြယ်တွေကို လူတွေမမြင်နိုင်အောင် ကာကွယ်ပေးထားတဲ့ သဘာ၀အတိုင်း ဖြစ်ပေါ်နေတဲ့ အစီအရင်တွေ အများကြီးရှိတယ်တဲ့၊ တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတွေတောင် အဲ့အစီအရင်တွေကို ဖောက်မမြင်နိုင်ဘူးတဲ့”

ပြောနေရင်း ရန်ကိုင်သည် မျက်မှောင်ကြီး ကြုတ်လျက် အံအားသင့်နေသည့် အမူအရာဖြင့်ပြန်ပြောလိုက်သည်။ “ဒီတော့ စီနီယာပြောချင်တာက ဒီဟင်းလင်းပြင် အစီအရင်က ကြယ်နက်တစ်လုံးနဲ့ ဆက်သွယ်ထားတယ် ဆိုတာကိုပေါ့”

အိုင်းအောင်သည်လည်း စိတ်လှုပ်ရှားလာခဲ့လေသည်။ ခေါင်းညိတ်၍ ပြန်ပြောလိုက်၏ “ဟုတ်တယ် ဒီအစီအရင်က ကြယ်နက်တစ်လုံးနဲ့ ဆက်သွယ်ထားတာ၊ မင်းမသိတို့… ငါတို့ ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ ဘိုးဘေးတွေက ကြယ်တာရာကောင်းကင် မဟာဧကရာဇ်နဲ့ နဲနဲပါးပါး ရင်းနှီးဖူးတယ်၊ အဲ့ကြယ်နက်ကို မဟာဧကရာဇ်ကပဲ ရှာတွေ့ခဲ့တာ၊ နောက်ဆုံးတော့ ငါတို့ ဘိုးဘေးတွေကို လာပြောခဲ့တယ်လေ၊ ပြီးတော့ ဒီအစီအရင်ကို ခင်းကျင်းခဲ့တဲ့လူကလည်း မဟာဧကရာဇ် ကိုယ်‌တိုင်ပဲ”

တကယ်ကြီး ယန်ယန်လား ရန်ကိုင် အံအားသင့်သွားခဲ့သည်။

ယခုမှပဲ သူ့ရှေ့ရှိ အစီအရင်သည် သူခင်းကျင်းသည့် အစီအရင်နှင့် ဘာကြောင့်တူညီနေရသလဲ ဆိုသည်ကို ယခုမှပဲ ရန်ကိုင် နားလည်သွားတော့လေသည်။ ယန်ယန် ခင်းကျင်းထားသည့် အစီအရင် ဖြစ်နေတာကြောင့်ကိုး… သူတတ်ကျွမ်းထားသည့် အစီအရင်ပညာအားလုံး ကို ယန်ယန်မှ သင်ပေးထားခဲ့ခြင်း ဖြစ်လေရာ ဤ အစီအရင်သည် သူသိထားသည့် အစီအရင်နှင့် မတူညီနေပေမှသာ အံ့အားသင့်ဖွယ် ဖြစ်နေပေလိမ့်မည်။

အစကတော့ ရန်ကိုင်သာ သူတို့ကုန်သွယ်ရေးအဖွဲ့၏ ဘိုးဘေးများ မဟာဧကရာဇ်နဲ့ ရင်းနှီးကြောင်းကို ကြားလိုက်ရလျင် အံအားသင့်သွားမည်ဟု ထင်ခဲ့သော်လည်း ရန်ကိုင်သည် ရုပ်တည်ကြီးနှင့်သာ ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထို့ကြောင့် အိုင်းအောင် ရန်ကိုင့်အား ပို၍လေးစား အထင်ကြီးမိ သွားခဲ့လေသည်။

အိုင်းအောင်က ဆက်ပြောလိုက်၏ “ဒီကြယ်နက်က သတ္ထုကြယ်ပဲ၊ တော်တော်လေး အဆင့်မြင့်တဲ့ သတ္ထုကြယ်ပေါ့၊ ရှင်းရှင်းပြောရရင် ငါတို့ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းက ရတနာပုံပေါ်မှာ နှစ်တစ်သောင်းလောက်ကြာအောင် ထိုင်နေခဲ့ပေမဲ့ အဲ့ရတနာပုံကို လက်နဲ့ တစ်ချက်တောင် မထိရသေးဘူး၊ တကယ်ကို ဆိုးလိုက်တဲ့ကံ၊ ရန်ကိုင် မင်းသာ ဒီအစီအရင်ကို ပြန်ကောင်းအောင် လုပ်ပေးနိုင်မယ်ဆိုရင် ငါတို့ကုန်သွယ်ရေးအဖွဲ့ရဲ့ ကျေးဇူးရှင် ဖြစ်သွားပြီ၊ ဒီဘုရင်….”

ထိုနားသို့ ရောက်လျင် အိုင်းအောင် မည်သို့ ဆက်ပြောလို့ ပြောရမှန်း မသိတော့ချေ။ ပါးစပ်ကတော့ ရန်ကိုင့်အား ကျေးဇူးတင်ချင်သော်လည်း ဤကိစ္စသည် ကျေးဇူးတင်ရုံဖြင့် မလောက်ပေ။ ရန်ကိုင်သည် စပေါ်လာကတည်းက သူတို့ကုန်သွယ်ရေးအဖွဲ့အတွက် အကျိူးအမြတ်များစွာ ဆောင်ကြည်းပေးခဲ့သူ ဖြစ်သည်။

“ဒါတွေအားလုံးအတွက် ငါ သူ့ကို ဘယ်လို ကျေးဇူးတင်ရင်ကောင်းမလဲ” အိုင်းအောင် စိတ်ထဲမှ တွေးလိုက်သည်။

“စီနီယာ စိတ်ချထားလိုက်၊ ဒီအစီအရင်ကို ကျွန်တော်ပြင်ပေးမယ်” ရန်ကိုင်သည် အစီအရင်ကို ပြင်ရမည်မှာ သူ့တာ၀န်ဖြစ်သည့်အလား ပြောလိုက်သည်။

“ကောင်းပြီလေ၊ ဒါဆို ဒီဘုရင်စောင့်‌နေမယ်နော်၊ ဘယ်လောက် ကြာလောက်မလဲ” အိုင်းအောင်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

“ဘယ်လောက်မှ မကြာဘူး၊ ခဏလေးပဲ” ပြောပြီးသည့်နောက် ရန်ကိုင်သည် ဟင်းလင်းပြင် အစီအရင် တည့်တည့်ဆီသို့ လျှောက်သွားလေသည်။

မပြင်ခင် ရန်ကိုင်သည် အစီအရင်အား ကောင်းကင် စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်၏။ ထို့နောက် သိုလှောင်လက်စွပ်ထဲမှ ကမ္ဘာပျက်ထဲတွင် ရခဲ့သော လေဟာနယ် သလင်းကျောက်များနှင့် တခြားသော ပစ္စည်းအမျိုးမျိုးကို ထုတ်ယူလိုက်လေသည်။ ထို့နောက် ခနကြာတွင် ရန်ကိုင့်ဆီမှ ခြစ်ခြစ်တောက် ပူလောင်သည့် အပူဓာတ်တို့ ဖြာထွက်လာခဲ့လေသည်။ ရန်ကိုင်သည် သူထုတ်ယူလိုက်သော ပစ္စည်းများကို အရည်ကျို ပုံသွင်းကာ အစီအရင်နှင့် ပေါင်းစပ်နေခဲ့သည်။ တစ်ချိန်ထဲတွင် ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်၍ အစီအရင်၏ အတွင်းပိုင်းတည်းဆောက်ပုံကိုလည်း ပြန်လည် ပြုပြင်နေခဲ့လေသည်။

ရန်ကိုင်သည် ဤအစီအရင်ကို ပြန်ပြင်ရန်အတွက် အမွှေးတိုင်တစ်ချောင်းစာသာ အချိန်ယူခဲ့သည်။ နောက်ဆုံးတွင် ရန်ကိုင်သည် အသင့်ထုတ်ယူလာသည့် လေဟာနယ် သလင်းကျောက်များကို အစီအရင်ထဲတွင် နေရာချလိုက်လေသည်။ အစီအရင် တစ်ခုလုံးသည် ရုတ်တရက် တဝီဝီ မြည်သံပြုကာ တောက်ပလာခဲ့၏။ ယခင်က မှိန်းတိန်းတိန်း ဖြစ်နေသော အစီအရင်သည် ယခုဆိုလျှင် စတင်၍ တောက်ပလာနေခဲ့လေပြီ။ တချိန်ထဲတွင် အား‌ကောင်းသည့် လေဟာနယ်လှိုင်းတို့မှာလည်း အစီအရင်မှ ဖြာထွက်လာခဲ့၏။

“ဒါ….” ထိုမြင်ကိုကြည့်ရင်း အိုင်းအောင်မှာတော့ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့‌လေသည်။

ဟုန်းလော့ကုန်သွယ်ရေး၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သလို တန်ခိုးရှင်ဘုရင် ဒုတိယ အဆင့် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည့်အတွက် အိုင်းအောင်သည် သူ့ဘ၀တွင် မရေတွက်နိုင်သော အံ့ဩဖွယ်များကို မြင်တွေ့ခဲ့ဖူးပေသည်။ ထို့ကြောင့် ပုံမှန် ထူးဆန်းသည့် အရာတစ်ခုခု သူ့ရှေ့တွင် ပေါ်လာလျင်ပင် အံအားသင့်နေမည် မဟုတ်။

သို့သော်လည်း ရန်ကိုင် လုပ်ပြသွားသည်များကို မြင်ပြီးနောက် အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေခဲ့သည်။ ရန်ကိုင့်အတွက်ပင် ဟင်းလင်းပြင် အစီအရင်ကို ပြန်ပြင်ဖို့သည် လွယ်ကူသည့်ကိစ္စ ဖြစ်လိမ့်မည် မဟုတ်ဟု ထင်ခဲ့သည်။ ဤ ဟင်းလင်းပြင်ကို ပြန်ပြင်ရန် ရန်ကိုင့်အနေဖြင့် အနည်းဆုံး တစ်လ နှစ်လ၊ မဟုတ်လျင် တစ်နှစ် နှစ်နှစ်လောက် အချိန်ယူရမည်ဟု ထင်ခဲ့သည်။

သို့သော်လည်း ရန်ကိုင်သည် ဤအစီအရင်ကို ပြန်ပြင်ရန်အတွက် အမွှေးတိုင်တစ်ချောင်းစာသာ အချိန် ယူလိုက်ရမည်ဟု သူမည်သို့များ ထင်ထားခဲ့ပါမည်နည်း။ သူတို့ ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်း နှစ်ပေါင်း တစ်သောင်းကြာအောင် မဖြေရှင်းနိုင်ခဲ့သော ပြဿနာကြီးကို ရန်ကိုင်မှ အမွေးတိုင်တစ်ချောင်းစာ အချိန်အတွင်း ဖြေရှင်းပြသွားသည်ကို ကြည့်ရင်း အိုင်းအောင်မှာတော့ လုံး၀ကို ပါးစပ် အဟောင်းသား ဖြစ်နေတော့၏။

“ဒီကောင် လူရောဟုတ်ရဲ့လား” အိုင်းအောင်မှာ သူ့ရှေ့ရှိ မြင်ကွင်းကို မယုံကြည်ချင်သော်ငြား တဝီဝီ မြည်နေသော ဟင်းလင်းပြင်အစီအရင်နှင့် ဖြာထွက်လာသော လေဟာနယ် လှိုင်းတို့သည် သူ့အား ဟင်းလင်းပြင် အစီအရင်မှာ ပြန်ကောင်းသွားပြီ ဖြစ်ကြောင်း အတည်ပြုပေးနေခဲ့သည်။

သူ ထိတ်လန့် တုန်လှုပ်နေစဉ် ရန်ကိုင်သည် ပစ္စည်းအချို့ကို ထုတ်ယူလိုက်ပြီး ထပ်မံ အရည်ကျို ပုံသွင်းပြန်လေသည်။ မကြာမီ ရန်ကိုင့်လက်ထဲ၌ တံဆိပ်ပြားတစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။ တံဆပ်ပြား ရလာပြီးနောက်တွင် ရန်ကိုင်သည် အိုင်းအောင်အား ခေါ်ကာ ပြုံးလျက် ပြောလိုက်၏ “အခြား တစ်ဖက်မှာဘာရှိလဲ စီနီယာ သွားကြည့်ချင်လား”

“သွားကြည့်လို့ရလား” အိုင်းအောင်က မယုံသင်္ကာဖြင့် မေးလိုက်သည်။

ရန်ကိုင်၏ အရည်အချင်းကို မေးခွန်းထုတ်နေခြင်း မဟုတ်ပေ။ လက်ရှိ သူမြင်နေရသည့် အရာအားလုံးသည် သူနားလည်နိုင်သည့် အကန့်အသတ်ကို ကျော်လွန်နေသည့် အတွက်သာ ဖြစ်သည်။

“ရတာပေါ့၊ ဒီအစီအရင်က ကျုပ်သိထားတဲ့ အစီအရင်နဲ့ အတူတူပဲ၊ ပြဿနာက အတွင်းပိုင်းပုံစံ နည်းနည်းလေး ပျက်စီးနေတာလေးပဲရှိတာ။ ဘာမှ ဒီလောက်ကြီး မဟုတ်ဘူး၊ အခုအဲ့ဒီပြဿနာကို ကျုပ် ဖြေရှင်းလိုက်ပြီ၊ ပြီးတော့ အစီအရင်ကို ပိုကောင်းသွားအောင် နဲနဲလောက်လည်း ပြုပြင်ထားလိုက်သေးတယ်၊ အခု လေဟာနယ် သလင်းကျောက်တွေပါ ထည့်ထားလိုက်ပြီဆိုတော့ ဒီအစီအရင်ကို နှစ်တစ်သောင်းလောက် ဘာပြဿနာမှ မရှိဘဲ သုံးလို့ရပြီ”

ရန်ကိုင် ပြောသည့် စကားကို ကြားပြီးနောက် အိုင်းအောင် တံတွေးတစ်လုတ် မြိုချမိလိုက်လေသည်။

ထိုအစီအရင်၏ အခြားတစ်ဖက်တွင် သူတို့ ဟုန်းလော့ ကုန်သွယ်ရေး နှစ်တစ်သောင်းကြာအောင် ရယူရန်ကြိုးစားခဲ့သော်လည်း မရယူနိုင်ခဲ့သည့် သတ္ထုကြယ်ကြီး တစ်လုံးရှိနေကြောင်း စဉ်းစားလိုက်မိပြီးနောက် အိုင်းအောင် စိတ်လှုပ်ရှားလာပြီး အစီအရင်ဆီသို့ လျှောက်သွားလိုက်လေသည်။

“စီနီယာ ဒါကိုယူသွားဦး” ရန်ကိုင်သည် သူသန့်စင်ထားသည့် တံဆိပ်များကို အိုင်းအောင် လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

“ဒီတော့ ဒါက မင်းရဲ့ ဖြတ်သန်းရေး တံဆိပ်ပြားပေါ့၊ ဒါမပါရင် ဒီအစီအရင်ကို သုံးလို့ မရဘူးပေါ့” အိုင်းအောင်က ခနမျှ စဉ်းစားနေပြီးနောက် ပြောလိုက်သည်။

ထိုအကြောင်းကို ရှန်တုစီမှ ပြန်ကြားထားခြင်း ဖြစ်ရပေလိမ့်မည်။

“စီနီယာပြောအမှန်ပဲ။ ဒါပေမယ့် ဒီဖြတ်သန်းရေး တံဆိပ်ပြား မပါလည်း အစီအရင်ကို သုံးလို့ရတယ်၊ ကွာသွားမှာက ဖြတ်သန်းရေး တံဆိပ်ပြား မပါဘဲ ဒီအစီအရင်ကို သုံးမယ်ဆိုရင် ကိုယ်သွားချင်တဲ့ နေရာမရောက်ဘဲ ဟင်းလင်းပြင်ထဲ ရောက်သွားမှာ တစ်ချက်ပဲ” ရန်ကိုင်က နှုတ်ခမ်းကွေးလျက် ပြန်ပြောလိုက်သည်။

“ကောင်းတယ် ဒါက မင်းကိုယ်တိုင် လုပ်ထားတာဆိုတော့ ဒီဘုရင် ဘာမှ စိတ်ပူနေစရာ မလိုတော့ဘူး” အိုင်းအောင်သည် ရယ်ရယ်မောမော ဖြင့် ပြောလိုက်ပြီးနောက် “သွားကြရအောင် ဟိုဘက် သတ္ထုကြယ် ဘယ်လိုနေမလဲဆိုတာ ဒီဘုရင် တော်တော်လေး သိချင်နေပြီ”

အိုင်းအောင်က အလွန်သွားချင်နေသဖြင့် ရန်ကိုင်လည်း အချိန်မဆွဲတော့ဘဲ အစီအရင်ထဲသို့ သူတော်စင်သလင်းကျောက်များ ပစ်ထည့်ကာ

ဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းလိုက်သည်။

အစီအရင်သည် ရုတ်တရက် တလက်လက် တောက်ပလာခဲ့ပြီး ရန်ကိုင်နှင့် အိုင်းအောင်တို့သည့် အစီအရင်ပေါ်မှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။ ဟုန်းလော့ ကုန်သွယ်ရေးနှင့် ‌မိုင်ပေါင်း သောင်းကျော် ဝေးကွာသော လူသူကင်းမဲ့နေသည့် ကြယ်တစ်လုံးပေါ်ရှိ နန်းတော်ထဲတွင် အလင်းရောင် တဖျတ်ဖျတ်တောက်ပလာခဲ့သည်။

ခဏအကြာတွင် အလင်းရောင်သည် ပြန်လည် ပျောက်ကွယ်သွားပြီး အလင်းရောင်ပေါ်လာသည့် နေရာတွင် ရန်ကိုင်နှင့် အိုင်းအောင်တို့ ပေါ်လာခဲ့သည်။

ဟင်းလင်းပြင် အစီအရင်ကို စသုံးသုံးချင်း အချိန်အကြာကြီး ခေါင်းမူးနေခဲ့သည့် ရှန်တုကဲ့သို့ မဟုတ်ဘဲ အိုင်းအောင်သည် တစ်ခန အတွင်း အသိပြန်၀င်လာနိုင်ခဲ့သည်။ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူတစ်ဦး ဆိုသည့်အတိုင်းပင်။ နန်းတော်ထဲသို့ ရောက်လာသည်နှင့် အိုင်းအောင်သည် သူ့ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်၍ ချက်ချင်းပဲ ပတ်၀န်းကျင်ကို စစ်ဆေးကြည့်လိုက်လေသည်။

All Chapters