အခန်း (၁၉၂၁-၁၉၂၅)
Vol. 77 Ch. 1921-1925
အပိုင်း (၁၉၂၁)
သူတို့နှစ်ယောက်သည် လက်ရှိတွင် ခန်းမတစ်ခုထဲသို့ ရောက်နေခြင်းဖြစ်သည်။ ကြည့်ရသလောက်တွင် ဤခန်းမထဲသို့ လူသူအရောက်အပေါက် မရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေသည့်ပုံပင်။
လူသူအရောက်အပေါက် မရှိသဖြင့် မည်သည့်အန္တရာယ်မှလည်း မရှိပေ။ ခန်းမထဲတွင် တင်ပလင်ခွေ ထိုင်နေသော အရိုးခြောက်တစ်ရာကျော်သာ ရှိနေခဲ့သည်။
ထိုအရိုးခြောက်များတွင် အသွေးအသားများ မရှိတော့။ အဝတ်အစားများပင်လျှင် အချိန်၏တိုက်စားမှုဒဏ်ကို မခံနိုင်၍ ဆွေးမြည့်ကုန်ကြလေပြီ။ အရိုးခြောက်အချို့မှာ လူပုံစံကို ထိန်းထားနိုင်ကြသေးသော်ငြား အချို့မှာတော့ ကြမ်းပြင်ထက် လဲလျောင်းနေကြကုန်၏။ တကယ်ကို ခြောက်ချားစရာ မြင်ကွင်းပင်။
ပတ်ဝန်းကျင်တွင် အန္တရာယ်ရှိမရှိ စစ်ဆေးပြီးသည့်နောက်တွင် အိုင်းအောင်သည် အရိုးခြောက်များအား အာရုံစိုက်လိုက်လေသည်။ အရိုးခြောက်များကို ခဏကြာအောင် စိုက်ကြည့်နေပြီးနောက်တွင် အိုင်းအောင်က သက်ပြင်းချ၍ ပြောလိုက်လေ၏ “ဒီအရိုးခြောက်တွေက အစီအရင်ရပ်သွားတုန်းက ငါတို့ဆီကို အချိန်မီ ပြန်မရောက်လာနိုင်တဲ့ အဖွဲ့သားတွေပဲ ဖြစ်ရလိမ့်မယ်”
လေဟာနယ်ဟင်းလင်းပြင် အစီအရင်သည် တစ်နေ့တွင် ရုတ်တရက်ကြီး ရပ်တန့်သွားခဲ့လေသည်။ ထို့ကြောင့် ကြယ်နက်ပေါ်တွင် သတ္တုလာတူးနေကြသော ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ အဖွဲ့သားများသည်လည်း ရေလကြယ်သို့ ပြန်မလာနိုင်တော့ချေ။
သတ္တုကြယ်များသည် ကျင့်ကြံဖို့ရာ သင့်တော်သည့်ကြယ်များ မဟုတ်ကြသည့်အတွက် ကြယ်နက်ကြယ်ပေါ်တွင် ပိတ်မိနေသော ကျင့်ကြံသူများသည်လည်း နောက်တစ်ဆင့်သို့ မတက်နိုင်ကြတော့ဘဲ အသက်ကြီးကာ သေဆုံးကုန်ကြရလေသည်။
ခန်းမထဲတွင်ပင် လူပေါင်းတစ်ရာကျော် ရှိနေလေရာ အပြင်ဘက်တွင်ဆိုပါက ဘယ်လောက်များမည်လဲ ခန့်မှန်းကြည့်နိုင်ပေသည်။ ထိုစဉ်က ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းသည် တပည့်ပေါင်းများစွာကို ဆုံးရှုံးခဲ့ရလေသည်။ သမိုင်းမှတ်တမ်းများထဲတွင် ရေးထားသလောက်အရ ထိုစဉ်က ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းသည် တပည့်ပေါင်း ငါးထောင်ကျော်နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
တစ်နည်းဆိုရသော် ဤသတ္တုကြယ်ပေါ်တွင် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ တပည့်ငါးထောင်ကျော် သေဆုံးသွားခဲ့ပေသည်။
“စီနီယာ ဝမ်းနည်းမနေတော့နဲ့။ အခုမှဝမ်းနည်းနေတော့လည်း ဘာမှမထူးတော့ဘူး။” အရိုးခြောက်များကို ကြည့်ရင်း ဝမ်းနည်းပူဆွေးလာသည့် အိုင်းအောင်ကိုမြင်ပြီးနောက် ရန်ကိုင်က နှစ်သိမ့်ပေးလိုက်လေသည်။
အိုင်းအောင်က အားတင်းပြုံး၍ “နှစ်တွေ အများကြီး ကြာသွားပြီဆိုတော့ ဘာမှပြန်လုပ်လို့ မရတော့မှန်း ဒီဘုရင်သိတယ်။ ဒါပေမယ့် ငါစိတ်ပျက်မိတဲ့အချက်က ငါတို့ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက သူတို့အတွက် ဘာမှမလုပ်ပေးခဲ့တာကိုပဲ။ သူတို့ကတော့ အားလုံးကိုယ်စား အနစ်နာခံပြီး ဒီမှာ အရိုးထုတ်သွားရပေမယ့် နှစ်တစ်သောင်း ကြာပြီးတဲ့နောက်မှတော့ ဘယ်သူမှ သူတို့ကို မမှတ်မိကြတော့ဘူး”
“နောက်ပိုင်းကျရင် လူတွေကို သူတို့ကို မှတ်မိလာကြမှာပါ။ သူတို့က အစီအရင်ကို ကာကွယ်ရင်း သေသွားကြတဲ့လူတွေပဲ၊ သူတို့အတွက် ဂုဏ်ပြုအထိမ်းအမှတ် တစ်ခုခု လုပ်ပေးထားရမှာပေါ့”
“မင်းဘာပြောချင်တာလဲ” အိုင်းအောင် နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။
ရန်ကိုင်ကပြုံးလျက် ရှင်းပြလိုက်လေ၏ “ပြောရရင်တော့ ကျင့်ကြံရေးကြယ်တစ်လုံးကနေ အခြားကြယ်တစ်လုံးကို ဟင်းလင်းပြင်အစီအရင်နဲ့ သွားချင်တယ်ဆိုရင် ဒီဘက်ကြယ်မှာကော ဟိုဘက်ကြယ်မှာပါ ဟင်းလင်းပြင်အစီအရင် တစ်ခုစီ ရှိနေရတယ်။ အဲ့အစီအရင်နှစ်ခုထဲက တစ်ခုကသာ ပျက်စီးနေမယ်ဆိုရင် ဘယ်လိုမှ သွားလို့မရတော့ဘူး။ အခုပဲကြည့် ကျုပ်တို့ ရေလကြယ်က အစီအရင်က ထိခိုက်နေတော့ ဒီကို လာလို့မရဘူးလေ။ ဂျူနီယာ ပြန်ပြင်ပေးပြီးတော့မှပဲ လာလို့ရတာမလား။ ဒါပေမယ့် ဘာလို့ လာလို့ရတာလဲ… ဒီဘက်ကဟာက အကောင်းအတိုင်းရှိနေသေးလို့ပေါ့။ အစကတော့ ဂျူနီယာထင်တာက ဒီဘက်ကအစီအရင်ကပါ ပျက်စီးနေတယ်လို့ထင်တာ။ အဲလိုသာဆိုလို့ရှိရင် ဒီဂျူနီယာ လေဟာနယ်လိုဏ်ခေါင်းထဲသွားပြီး ဒီဖြတ်သန်းရေးလမ်းကြောင်းတွေကို သွားပြန်ပြင်ရတော့မှာ။ အဲ့အလုပ်က ဂျူနီယာအတွက်တောင် တော်တော်လေး အန္တရာယ်များတယ်။ ဒါပေမယ့် ဟင်းလင်းပြင် အစီအရင်ကို အသက်သွင်းလိုက်တဲ့နောက်ပိုင်း ဂျူနီယာ လုံးဝအဲ့လိုမျိုး လုံးဝ လုပ်စရာမလိုခဲ့ဘူး။ ဆိုလိုတာက ဒီလူတွေက သူတို့သေတဲ့အထိ ဒီအစီအရင်ကို မထိခိုက်သွားအောင် ကာကွယ်ပေးသွားတယ်ဆိုတာပဲ။ သူတို့လုပ်ရပ်က တကယ်ကိုဂုဏ်ယူဖွယ်ရာကောင်းတယ်။ စီနီယာသူတို့ကို လုံးဝမေ့ထားလို့မရဘူး။ နောင်လာနောက်သားတွေ စံနမူနာထားလို့ရအောင် သူတို့အတွက် အထိမ်းအမှတ်ကျောက်တိုင် လုပ်ပေးထားသင့်တယ်။”
အိုင်းအောင် အနည်းငယ် ကြောင်တောင်တောင် ဖြစ်လာခဲ့လေသည်။ ရန်ကိုင်ပြောသည်ကိုသာ ခေါင်းညိတ်ပြရင်း “မင်းမှန်တယ်။ ဒီဘုရင်သူတို့နာမည်ကို မသိပေမဲ့ သူတို့တွေက ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ သူရဲကောင်းတွေပဲ။ ငါတို့အနာဂတ်မျိုးဆက်တွေက သူတို့လုပ်ပေးခဲ့တာကို အမှတ်ရနေသင့်တယ်။”
လူအများစုသည် မျှော်လင့်ချက် ပျောက်ဆုံးသည့်အခါ ရူးသွပ်လာတတ်ကြပြီး စိတ်ထင်ရာကို လုပ်တတ်ကြပေသည်။
ကံကောင်းစွာဖြင့် ဤလူများမှာတော့ ဘာမှမလုပ်ခဲ့ကြ။ ရာနှင့်ချီသောလူများသည် စိတ်ပေါက်ပေါက်နှင့် အစီအရင်ကို ဖျက်စီးခြင်းမျိုး မလုပ်ခဲ့ဘဲ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှလူများ သူတို့အားလာကယ်မည်ကိုသာ စိတ်ရှည်ရှည်ဖြင့် ထိုင်စောင့်ခဲ့သည်။ ကံမကောင်းစွာဖြင့် မည်သူမျှ သူတို့အားလာမကယ်နိုင်ခဲ့ချေ။ အကျိုးဆက်အနေဖြင့် သူတို့အားလုံး အသက်ကြီးအိုမင်းကာ သေဆုံးသွားခဲ့ကြရလေသည်။
အိုင်းအောင်သည် ရုတ်တရတ် အလေးအနက်အမူအရာဖြင့် အစီအရင်ထဲမှထွက်ကာ ရာပေါင်းများစွာသော အရိုးခြောက်များဆီသို့ လျှောက်သွားပြီး ပြောလိုက်၏။ “ဒီတစ်ယောက်က ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ လက်ရှိခေါင်းဆောင် အိုင်းအောင်ပါ။ ဒီအိုင်းအောင် မင်းတို့လုပ်ရပ်ကို စိတ်ထဲ အမြဲမှတ်ထားပါ့မယ်။ မင်းတို့အေးအေးချမ်းချမ်းနဲ့ အနားယူကြပါ။ ဒီအိုင်းလာတာ နောက်ကျသွားတယ် ဆိုပေမဲ့လည်း မင်းတို့အကုန်လုံးကို ဒီနေ့ပဲ အိမ်ကိုပြန်ခေါ်သွားပေးပါ့မယ်။ အိမ်ကိုခေါ်သွားနေရင်း မင်းတို့ ခန္ဓာကိုယ်တွေ တစ်ခုခုထိခိုက်မိသလို ဖြစ်သွားခဲ့ရင် ထွက်ခွာသွားပြီဖြစ်တဲ့ မင်းတို့ရဲ့စိတ်ဝိညာဉ်တွေကပဲ ငါ့ကိုခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။”
ပြောပြီးသည်နှင့် အိုင်းအောင်သည် ဘာမှမရှိသည့် သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်ပြီး အရိုးခြောက်များကို သူတော်စင်ချီဖြင့် သေသေချာချာ လွှမ်းခြုံ၍ လက်စွပ်ထဲသို့ ထည့်လိုက်လေသည်။
အိုင်းအောင်သည် ထိုအရိုးခြောက်များကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းရန် အမွှေးတိုင် တစ်ချောင်းစာခန့်ထိ အချိန်ယူလိုက်ရလေသည်။
ထို့နောက် ရန်ကိုင်ဖက်သို့လှည့်၍ ပြောလိုက်၏။ “အခြားတပည့်တွေရှိသေးလား ငါတစ်ချက် သွားကြည့်လိုက်ဉီးမယ်။ အဲ့အချိန်အတွင်း မင်းဘာသာမင်း လိုက်ပတ်ကြည့်ကြည့်ပေါ့။ လျှောက်ပတ်ကြည့်ရင်း အဖိုးတန်တဲ့ သတ္ထုတစ်တုံးတုံး တွေ့လို့ရှိရင်တော့ မင်းပဲယူလိုက်… ငါ့ကို ပြန်ပေးနေစရာမလိုဘူး။”
“အဲ့တာဆိုရင် နောက်တစ်လကြာရင် ဒီမှာပြန်တွေ့ကြတာပေါ့ စီနီယာ။ ကျုပ် စီနီယာနဲ့ ဆွေးနွေးစရာလေး ရှိသေးတယ်” အိုင်းအောင်သည် ခေါင်းညိတ်လိုက်ပြီး မြင်ကွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။
ရန်ကိုင်သည်လည်း ခန်းမထဲမှ ထွက်လာခဲ့လိုက်သည်။ ဒီသတ္ထုကြယ်က ငါတစ်ခါတွေ့ဖူးတဲ့ သတ္ထုကြယ်နဲ့ တော်တော်လေး ဆင်တာပဲဟ။ ကျင့်ကြံရေးအတွက် မသင့်တော်ပေမယ့် သတ္ထုတွေအများကြီး ရှိနေတာဆိုတော့ ရှယ်ပဲ။ ငါတို့အထက်စကြာဝဠာဂိုဏ်းတောင် သတ္ထုကြယ်က သတ္ထုတွေနဲ့ ချမ်းသာလာခဲ့တာ။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းလည်း ဒီသတ္ထုကြယ်က သတ္ထုတွေကိုသာ တူးနိုင်မယ်ဆိုရင် တော်တော်လေးချမ်းသာသွားမှာ
ထိုသတ္ထုကြယ်အကြောင်း ပြန်စဉ်းစားမိလိုက်လျှင် ရန်ကိုင့်မျက်ခုံး ကြုတ်သွားခဲ့လေသည်။ ချက်ချင်းပဲ လက်ကို ဝှေ့ယမ်ပြီး ရှောင်ရှောင်နှင့်မီးငှက်ကို ဆင့်ခေါ်လိုက်၏။
“သခင် ကျွန်မဘာများလုပ်ပေးရမလဲ။” လျှို့ယန်သည် မီးငှက်အသွင်ဖြင့်သာ ရှိနေသေး၏။ ရန်ကိုင်သည် လျှို့ယန်အားကြည့်၍ ခေါင်းသာခါပြလိုက်သည်။ ထို့နောက် ကျောက်တုံးရုပ်သေးရုပ်ဘက်သို့ လှည့်၍မေးလိုက်၏။ “ရှောင်ရှောင် ဒီမှာမင်းကြိုက်တဲ့ဟာ တစ်ခုခုလောက်ရှိလား။”
တကယ်တော့ ရန်ကိုင်မေးနေစရာပင် မလိုခဲ့။ ရှောင်ရှောင်သည် အပြင်သို့ရောက်သည်နှင့် ပတ်ဝန်းကျင်သို့ စတင်စူးစမ်းကြည့်နေလေသည်။ ရှောင်ရှောင်ပုံစံသည် ထံထိုင်းထိုင်းပုံစံမျိုးဖြင့်သာ ရှိနေသော်လည်း ရှောင်ရှောင် အလွန် စိတ်လှုပ်ရှားနေပြီမှန်း ရန်ကိုင်ပြောနိုင်သည်။
သတ္ထုများ၏ အဆီအနှစ်ကို ဝါးမြိုသန့်စင်ရန် မွေးဖွားလာကြသည့် ကျောက်တုံးရုပ်သေးရုပ်များအတွက် ဤသတ္ထုကြယ်သည် နိဗ္ဗာန်ဘုံပင် ဖြစ်လေသည်။ သူတို့ကို အချိန်လုံလုံလောက်လောက်သာ ပေးနိုင်လျှင် ဤသတ္ထုကြယ်တစ်ခုလုံးရှိ သတ္ထုအားလုံးကိုပင် ဝါးမြိုပစ်နိုင်လေ၏။
ရန်ကိုင်ထင်ထားသကဲ့သို့ပင် ရန်ကိုင်၏အမေးကို ကြားပြီးနောက် ရှောင်ရှောင်သည် ကြက်အစာကောက်သည့်နှယ် ခေါင်းတငြိမ့်ငြိမ့် လုပ်လာခဲ့သည်။ ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင်က ပြုံးလျက် လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်လေသည်။ “ဒီသတ္ထုကြယ်မှာကော ကြယ်အမြူတေ အကြင်းအကျန်းလေးတွေ ရှိလား”
သူတို့ယခင်တွေ့ခဲ့သည့် ကြယ်သတ္ထုပေါ်တွင် ရှောင်ရှောင်သည် ကြွင်းကျန်ရစ်ခဲ့သည့် အမြူတေစွမ်းအင်အချို့ကို ဝါးမြိုပြီးနောက် အိပ်မောကျသွားခဲ့လေသည်။ ပြန်နိုးလာပြီးနောက်တွင် ရှောင်ရှောင်သည် အရမ်းကြီးသန်မာလာခြင်း မရှိသော်လည်း သူထုတ်သုံးနိုင်သည့် စွမ်းရည်အချို့မှာတော့ ပြောင်းလဲလာခဲ့လေသည်။
ရှောင်ရှောင်သာ ဤသတ္ထုကြယ်ပေါ်တွင် ရှိနေသည့် အမြူတေစွမ်းအင် အကြွင်းအကျန်အချို့ကိုသာ ဝါးမြိုနိုင်မည်ဆိုလျှင် သူ့လက်ရှိခွန်အားသည် ယခင်ထက် ကျိန်းသေ ပိုမို မြင့်မားလာပေလိမ့်မည်။
သတ္ထုကြယ်တစ်လုံး၏ အမြူတေသည် ကျင့်ကြံရေးကြယ်များ၏ ကြယ်အမြူတေနှင့် မတူညီကြပေ။ သတ္ထုကြယ်များ၏ ကြယ်အမြူတေမှာ ထိခိုက်ထားသည့်အတွက် ၎င်းတို့မှ ထုတ်လွှတ်ပေးနိုင်သည့် မိုးမြေစွမ်းအင်မှာလည်း အလွန်ကိုမှ ကျဲပါးလှသည်။
ထို့ကြောင့်ပင် သတ္ထုကြယ်များသည် ကျင့်ကြံရေးအတွက် မသင့်တော်ရခြင်း ဖြစ်သည်။ ကျင့်ကြံဖို့အတွက် အသုံးမဝင်မှဖြင့် သတ္ထုကြယ်များတွင် ကြယ်အမြူတေ ရှိနေလို့ကော ဘာထူးဦးမည်နည်း။
သို့သော်လည်း ကျင့်ကြံရေးကြယ်များမှာတော့ ကြယ်အမြူတေမရှိလျှင် ပြသာနာတက်သွားနိုင်ပေသည်။ ကြယ်အမြူတေမရှိတော့သည့် ကျင့်ကြံရေး ကြယ်တစ်လုံးသည် ကြယ်သေအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။ ထိုအခါ ထိုကြယ်ပေါ်တွင် နေထိုင်ကြသော သက်ရှိပေါင်းမြောက်များစွာသည် ဘေးကပ်ဆိုးနှင့် ကြုံတွေ့ရပေလိမ့်မည်။
ဆေးကြယ်သည်လည်း ထိုနည်းအတိုင်းပင်။ ပုံမှန်အားဖြင့် ဆေးကြယ်တစ်လုံး၏ မိုးမြေစွမ်းအင်သည် သာမန်ကျင့်ကြံရေး ကြယ်တစ်လုံး၏ မိုးမြေစွမ်းအင်ထက်ပင် အများကြီး ပိုသိပ်သည်းသေးသည်။ ထိုသိပ်သည်းလှသည့် မိုးမြေစွမ်းအင်ကြောင့်သာ ဆေးကြယ်ပေါ်တွင် ဆေးပင်များ လျင်မြန်စွာကြီးထွားလာနိုင်ကြခြင်းဖြစ်သည်။
ရန်ကိုင်၏မေးခွန်းကိုကြားသည့်အခါ ရှောင်ရှောင် ခေါင်းရှုပ်သွားခဲ့လေသည်။ ရန်ကိုင် ဘာပြောချင်သလဲ ဆိုသည်ကို နားမလည်သည့်အလား သူ့ခေါင်းကိုသာ တကုတ်ကုတ်လုပ်နေခဲ့၏။
“တုံးလိုက်တာ… သခင်ပြောနေတာ နင်အရင်တစ်ခါစားပြီး အိပ်ပျော်သွားတဲ့ဟာဟဲ့” အနားတွင်ရပ်နေသော လျှို့ယန်သည် ရှောင်ရှောင်၏ခေါင်းကို ဒေါက်ခနဲ ခေါက်ချလိုက်လေသည်။
ထိုအခါမှပဲ ရှောင်ရှောင်သည် ရန်ကိုင် ဘာပြောချင်နေသလဲ ဆိုသည်ကို နားလည်သွားသည့်အလား သူ့မျက်လုံးများ တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး ခေါင်းညိတ်လိုက်လေသည်။
“အဲ့ဒါဆို သွားဝါးမျိုပစ်လိုက်။ နောက်ပိုင်း ဒီလိုရတနာမျိုးတွေ့ရင် ရပ်ကြည့်မနေနဲ့။ သွားသာယူလိုက်။ မင်းဝါးမျိုပြီးသွားလို့ရှိရင် ငါတို့ကို ဒီမှာလာစောင့်နေ။” ရန်ကိုင်သည် လက်ဝှေ့ရမ်း၍ပြုံးကာ ပြောလိုက်သည်။
ရန်ကိုင့်ဆီမှ ခွင့်ပြုချက်ရသည်နှင့် ရှောင်ရှောင်သည် ချက်ချင်းပဲ မြေကြီးထဲသို့ လျှိုဝင်ကာ ပျောက်ကွယ်သွားခဲ့လေသည်။
“သခင်…ကျွန်မတို့ဘာလုပ်ကြမလဲဟင်” လျှို့ယန်ကမေးလိုက်သည်။
“နင်လည်း နင်နဲ့သင့်တော်တာ ရှိမလား လျှောက်ပတ်ကြည့်ကြည့်လေ။ ဒီကြယ်ပေါ်ကို နှစ်တစ်သောင်းအတွင်း ဘယ်သူမှ ရောက်ဖူးသေးတာ မဟုတ်ဘူးဆိုတော့ ရှားပါးတဲ့ အဖိုးတန် သတ္တုတွေ ရှိချင်ရှိနေမှာ”
“သခင်ဘေးနားမှာ နေပေးစရာမလိုဘူးလား။”
“မလိုဘူး။” ရန်ကိုင်ကခေါင်းခါလိုက်သည်။ ရုတ်တရတ်တစ်ခုခုကို နားလည်လိုက်သည့်အလား လျှို့ယန်အား အံ့အားသင့်တကြီးစိုက်ကြည့်လျက် “နင့်အသိဉာဏ်က…”
အတိတ်ကလျှို့ယန်သည် ယခုကဲ့သို့မေးခွန်းများကို ပြန်မမေးတတ်ချေ။ သို့သော်လည်း လက်ရှိလျှို့ယန်မှာတော့ ယခင်ကနှင့် အနည်းငယ်ကွဲပြားနေခဲ့၏။ လျှို့ယန်သည်လည်း မှင်သက်သွားခဲ့လေသည်။ ဘာဖြစ်လို့ဖြစ်နေမှန်းကို နားမလည်နိုင်သည့်အလား မျက်မှောင်ကြီး ကြုတ်သွားခဲ့၏။
ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင်ကပြုံးလျက် ပြောလိုက်လေသည် “ငါ ထင်တာမမှားဘူးဆိုရင် နေမီးလျှံကြောင့် ဖြစ်လိမ့်မယ်။ နေမီးလျှံကို ဝါးမျိုလိုက်လို့ နင့်အသိဉာဏ်က ဒီလောက်ထိ မြင့်မားလာတာ။ ရှောင်ရှောင်က မွေးကတည်းက ဉာဏ်ရည်တအားနိမ့်နေတာ ဆိုးသွားတယ်။ မဟုတ်ရင် သူဒီထက်ပိုပြီး ပါးနပ်လာမှာ။ ဆက်ကြိုးစားထား။ ငါနောက်ပိုင်း အခွင့်အရေးရလို့ရှိရင် နင့်အတွက် ခန္တာကိုယ်အသစ်တစ်ခု ရှာပေးမယ်။ နင်ဒီစွမ်းအင်ပုံစံနဲ့ ဆက်ပြီး နေနေစရာမလိုဘူး” ထိုစကားကိုကြားသည့်အခါ လျှို့ယန်၏ မျက်ဝန်းလှလှလေးများ တဖျတ်ဖျတ် တောက်ပလာခဲ့လေသည်။
ချက်ချင်းပဲ ကျော့ရှင်းစွာ ဉီးညွတ်လျက် “အဲ့တာဆိုရင် ဒီလျှို့ယန် သခင့်ကိုကြိုပြီးကျေးဇူးတင်ပါတယ်။”
ရန်ကိုင်က လက်ဝှေ့ယမ်းပြလိုက်၏။ လျှို့ယန်သည် ချက်ချင်းပဲ စူးရှစွာအော်မြည်လျက် မီးငှက်အသွင်သို့ပြောင်းကာ မိုးကုတ်စက်ဝိုင်းအောက်ဆီသို့ ပျံသန်းပျောက်ကွယ် သွားခဲ့လေသည်။
လျှို့ယန်နှင့် ရှောင်ရှောင်တို့ ထွက်သွားပြီးနောက်တွင် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ကမ္ဘာအငယ်လေးထဲရှိ သူ့ကိုယ်ပွား၏အခြေအနေကို စစ်ဆေးကြည့်လိုက်လေသည်။
သို့ရာတွင် ကိုယ်ပွားမှာတော့ လွင့်မျောတိုက်ကြီးအား သန့်စင်လို့မပြီးသေးသည့်အလား ၎င်း၏ခန္တာကိုယ်မှာ ယခင်ကကဲ့သို့ အကြီးကြီးသာ ဖြစ်နေသေးသည်။ ကိုယ်ပွား၏ လက်ရှိအခြေအနေကို မြင်ပြီးနောက် ယခုအချိန်သည် ကိုယ်ပွားကို အပြင်သို့ထုတ်ရန် မသင့်တော်သေးမှန်း ရန်ကိုင်သိလိုက်သည်။
ထို့နောက် ရန်ကိုင်၏ ပုံရိပ်သည် ရုတ်တရတ် ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။ ဤကြယ်သည် သဘာဝအစီအရင်တစ်ခုဖြင့် လွှမ်းခြုံထားသည့် ကြယ်နက်တစ်လုံးဖြစ်သည်။ ဤကြယ်ပေါ်ရှိသတ္ထုများမှာ ရန်ကိုင်အတွက် အသုံးဝင်လိမ့်မည်မဟုတ်သော်လည်း ဤကြယ်နက်ကို ဘယ်သူမှ မမြင်နိုင်အောင် ဖုံးကွယ်ပေးထားသော အစီအရင်မှာတော့ သူ့အတွက် အလွန် အသုံးဝင်ပေသည်။
အစီအရင်အား အနည်းငယ်မျှလောက်သာ နားလည်နိုင်လျှင်ပင် ရန်ကိုင့်အတွက် အလွန်ကိုမှ အကျိုးရှိပေသည်။ သူရောက်ခဲ့ဖူးသည့် ကျင့်ကြံရေးကြယ်များနှင့် မတူညီစွာ ဤသတ္ထုကြယ်၏ ကောင်းကင်မှာ မှောင်မိုက်နေခဲ့သည်။ နေ၊ လ ဟူ၍မရှိ။ လင်းလက်တောက်ပနေသော ကြယ်လေးများကိုပင် မမြင်ရ။ မှိန်ဖျဖျ အလင်းရောင်တစ်ခုသည်သာ ကောင်းကင်တစ်ပြင်လုံးကို ကြီးစိုးနေခဲ့သည်။
ထိုအလင်းရောင် မည်သည့်နေရာမှ ရောက်လာမှန်း မသိရသော်ငြား ထိုဖျော့တော့တော့ အလင်းရောင်၏ အကူအညီကြောင့်သာ သတ္ထုကြယ်၏ မျက်နှာစာကို မြင်နေရခြင်းဖြစ်သည်။
မိုင်တစ်သိန်းကျော် အမြင့်ထိ ပျံတက်လာပြီးနောက်တွင် ရန်ကိုင်ဆက်မပျံရဲတော့ပေ။ သူသာ ဆက်ပျံတက်ရန် ကြိုးစားမည် ဆိုပါက ဤသဘာဝအတိုင်း ဖြစ်နေသည့် အစီအရင်၏ သေမင်းထောင်ချောက်ကို အသက်ဝင်အောင် လုပ်မိလိုက်သလို ဖြစ်သွားမည်ဟု သိနေသည့် အတွက်ကြောင့်ပင်။
သူပင်လျှင် အစီအရင်၏ တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ဤအစီအရင်သည် သဘာဝအတိုင်းဖြစ်ပေါ်နေသည့် အစီအရင်တစ်ခု၊ တစ်နည်းဆိုရသော် မိုးမြေစွမ်းအင်မှ ဖန်တီးထားသည့် အစီအရင် တစ်ခုနေသည့် အတွက်ကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် အစီအရင်မှ တိုက်ခိုက်မည့်စွမ်းအားသည် နိယာမစွမ်းအားပင် ဖြစ်ပေလိမ့်မည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၉၂၂)
ရန်ကိုင်သည် လေထဲတွင် တင်ပလင်ခွေထိုင်၍ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကာ သူ့ကောင်းကင်စိတ်အာရုံကို ပတ်ဝန်းကျင်နှင့် ပေါင်းစပ်သွားစေလေသည်။ ထို့နောက် ကြယ်ပေါ်ရှိ နိယာမများကို စတင်အာရုံခံတော့၏။
နိယာမစွမ်းအား မည်မျှအရေးကြီးကြောင်းကို ယန်ယန်ဆီမှ သိခဲ့ရခြင်း ဖြစ်သည်။ ကျင့်ကြံသူတစ်ဦးသည် နိယာမစွမ်းအားကို နားလည်သဘောပေါက်နိုင်မှသာ တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်ပြီး ပိုမို မြင့်မားသည့် အဆင့်ဆီသို့ တက်လှမ်းနိုင်ပေလိမ့်မည်။
ထို့ကြောင့်ပင်လျှင် ကြယ်သခင်များ၏ ကျင့်ကြံနှုန်းသည် သာမန်ကျင့်ကြံသူများထက် ပိုမြန်သည်ဟု ယန်ယန် ပြောခဲ့ခြင်းဖြစ်သည်။ ကြယ်သခင်များသည် ကျင့်ကြံရေးကြယ်များ၏ သခင်များဖြစ်ကြပြီး ထိုကျင့်ကြံရေးကြယ်များ၏ ကြယ်အမြူတေများနှင့် ပေါင်းစပ်ထားကြသူများ ဖြစ်ကြသည့်အတွက် သူတို့ကိုယ်ပိုင်ကြယ်များ၏ နိယာမများကို လွယ်ကူစွာ နားလည်သဘောပေါက်နိုင်ပေသည်။
ရန်ကိုင့်အနေဖြင့် ရှောင်ရှောင်အား ဤကြယ်ပေါ်ရှိ လက်ကျန်အမြူတေစွမ်းအားများကို ဝါးမြိုခိုင်းရခြင်းမှာ ထိုအကြောင်းကြောင့်သာ ဖြစ်သည်။ ရှောင်ရှောင်သည်သာ တစ်နေ့တွင် နိယာမစွမ်းအားကို နားလည်သွားနိုင်မည်ဆိုပါက သူ့တိုက်ပွဲစွမ်းရည်သည် အဆင့်တစ်ခုသို့ ရောက်ရှိသွားပေလိမ့်မည်။
ထိုအခါ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ၏ နယ်ပယ်စွမ်းအားကို လျစ်လျူရှုလာနိုင်ရုံမက သူ့နိယာမစွမ်းအားဖြင့်ပင် တစ်ဖက်လူ၏နယ်ပယ်ကို ပြန်လည်ဖိနှိပ်နိုင်ပေလိမ့်မည်။
မကြာမီ ရန်ကိုင် ဈာန်ဝင်စားသည့် အခြေအနေသို့ ရောက်သွားခဲ့လေသည်။ သူ့ပတ်ပတ်လည်တွင် စီးမျောနေသည့် နက်နဲဆန်းကြယ်သော စွမ်းအားတစ်ရပ် ရှိနေသည်ကို ရန်ကိုင်အသေအချာ ခံစားမိနေသည်။ သို့သော်လည်း ထိုစွမ်းအား၏ အတိုင်းအဆ၊ အတိုင်းအနက်ကိုတော့ မခံစားနိုင်ခဲ့ပေ။ ထိုစွမ်းအားမှာ နိယာမများသာ ဖြစ်ကြသည်။
ရန်ကိုင်သည် နိယာမစွမ်းအားကို လုံးဝနားလည်သဘောပေါက်ရန် မမျှော်လင့်ထားပေ။ သူဖြစ်ချင်သည်မှာ ထိုနိယာမစွမ်းအားများနှင့် မကြာခဏ ထိတွေ့နိုင်ရန်သာ ဖြစ်သည်။ လက်ရှိရန်ကိုင်သည် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်နေခြင်းသာ ဖြစ်ပေသည်။
ဤသို့ဖြင့် တစ်လဆိုသော အချိန်ကာလသည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့လေသည်။ ယနေ့တွင် ရန်ကိုင် မျက်လုံးပြန်ပွင့်လာခဲ့၏။ သူ့အကြည့်သည် ပုံမှန်နှင့်မတူဘဲ တစ်မျိုးတစ်မည် ထူးခြားနေခဲ့သည်။ သူမြင်နေရသည့် ပတ်ဝန်းကျင်သည် ယခင်ကထက်ပိုပြီး ကြည်လင်လာသလို ရန်ကိုင်ခံစားလိုက်ရသည်။
ဤသည်မှာ နိယာမစွမ်းအား၏ အနည်းငယ်လောက်ကို နားလည်သဘောပေါက်နိုင်ခဲ့သည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ‘ငါထင်ထားတဲ့အတိုင်းပဲ။ နိယာမစွမ်းအားက နယ်ပယ်စက်ကွင်းထက် အများကြီးပို အားကောင်းတာပဲ။ ငါသာ ဒီလောကနိယာမတွေကို နားလည်နိုင်မယ်ဆိုရင် ဘယ်လောက်တောင် အားကောင်းလာလိုက်မလဲ မသိဘူး ရန်ကိုင် တွေးလိုက်သည်။
“ဒီလိုစွမ်းအားမျိုးကို ထိန်းချုပ်နိုင်မှ နောက်တစ်ဆင့်ကို တက်နိုင်မှာဆိုတော့ အဲ့နောက်တစ်ဆင့်က ဘယ်လို အဆင့်မျိုးလဲ”
တန်ခိုးရှင်ကျင့်ကြံသူများ၏ ရှီစွမ်းအင် ဖြစ်ပါစေ။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ၏ နယ်ပယ်စွမ်းအား ဖြစ်ပါစေ… ထိုစွမ်းအားနှစ်မျိုးလုံးသည် မိမိဆီမှ အခြေတည်လာခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော် ထိုစွမ်းအားနှစ်မျိုးလုံးသည် ကျင့်ကြံသူတစ်ဦး၏ ကိုယ်ပိုင်စွမ်းအင်ဖြစ်ပေသည်။
သို့သော်လည်း နိယာမစွမ်းအားမှာတော့ ထိုကဲ့သို့မဟုတ်။ နိယာမစွမ်းအားဆိုသည်မှာ ကောင်းကင်နှင့်မြေပြင်၏ စွမ်းအားဖြစ်သည်။ ထိုအချက်ကို ကြည့်ရုံပင်လျှင် မည်သည့်စွမ်းအားသည် ပို၍အားကောင်းကြောင်း သိနိုင်ပေသည်။
ရန်ကိုင်သည် မတ်တပ်ကြီးရပ်လျက် ထိုအကြောင်းကို သုံးရက်တိုင်တိုင် တွေးနေခဲ့သည်။ သို့သော်လည်း နားမလည်နိုင်သာ ဖြစ်နေဆဲ။ သူ့အနေဖြင့် ထိုအကြောင်းကို စဉ်းစားရန် အရမ်းစောလွန်းနေသေးမှန်း ရန်ကိုင်သိပေသည်။
‘တွန်းအားပေးလို့မှ မရတာကိုး’ ရန်ကိုင်အောက်သို့ ပြန်ဆင်းလာခဲ့သည်။ နန်းတော်ထဲသို့ ပြန်ရောက်လာပြီးနောက် သူ့ထက် စောရောက်နေသည့် အိုင်းအောင်ကို တွေ့လိုက်ရလေသည်။ အိုင်းအောင် နှင့်အတူ ရှောင်ရှောင်နှင့် လျို့ယန်တို့ကိုလည်း တွေ့လိုက်ရသည်။
သို့သော်လည်း ရှောင်ရှောင်သည် ပထမတစ်ကြိမ်ကဲ့သို့ပင် အိပ်မောကျနေခဲ့ပြန်၏။ ရန်ကိုင်ခန်းမထဲသို့ ဝင်လာသည့်အခါ အိုင်းအောင်သည် လျှို့ယန်အား သင်္ကာမကင်းအမူအရာဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ လျှို့ယန် မည်သည့်နေရာမှ ရောက်လာသလဲဆိုသည်ကို သူမသိသော်လည်း လျှို့ယန်၏ခန္ဓာကိုယ်သည် စွမ်းအင်ခန္ဓာကိုယ်တစ်ခုသာ ဖြစ်ကြောင်းကိုတော့ ပြောနိုင်ပေသည်။
လက်ရှိတွင် လျှို့ယန်သည် ကျောက်တုံးရုပ်သေးရုပ်ကိုဖက်၍ တစ်နေရာတွင်ထိုင်ကာ ရန်ကိုင်ပြန်လာမည်ကို စောင့်နေခဲ့သည်။
“စီနီယာ” ရန်ကိုင်သည် အိုင်းအောင်အား လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေသည်။
“မင်းပြန်ရောက်လာပြီပေါ့” အိုင်းအောင်က ခေါင်းညိတ်ပြလိုက်၏။
“အဆင်ပြေလား စီနီယာ” ရန်ကိုင်ကမေးလိုက်သည်။ “အရိုးခြောက်နှစ်ထောင်ကျော် တွေ့လိုက်တယ်။ ကျန်တဲ့လူတွေကိုတော့ မတွေ့တော့ဘူး။ အဲ့ဒါအပြင် သုံးလို့ရသေးတဲ့ သတ္တုတွေနဲ့ ပြည့်နေတဲ့ ကြယ်သင်္ဘော နည်းနည်း ထပ်တွေ့လိုက်သေးတယ်။ ပြန်ရောက်ရင် ဒီကို လူလွှတ်ပြီး သတ္တုလာတူးခိုင်းရမယ်”
“ဘာမှမရှိတော့ဘူး ဆိုမှတော့ ပြန်ကြတာပေါ့။”
“အင်း” အိုင်းအောင်သည် ဘာမှပြောမနေတော့ဘဲ ဟင်းလင်းပြင်အစီအရင်ပေါ်သို့ တက်လိုက်လေသည်။ ရန်ကိုင်သည် လက်ဝှေ့ယမ်း၍ လျှို့ယန်နှင့်ရှောင်ရှောင်ကို ကမ္ဘာငယ်လေးထဲသို့ ပြန်ဆွဲခေါ်လိုက်သည်။
လျှို့ယန်အား သူမမည်သည့် အဖိုးတန်ရတနာများ ရလိုက်သလဲဆိုသည်နှင့် ပတ်သက်၍ မမေးမြန်းခဲ့သော်လည်း သူမအမူအရာကို ကြည့်ရုံဖြင့်ပင်လျှင် ရတနာတစ်ခုခုနှင့် တွေ့လာကြောင်း ရန်ကိုင် ပြောနိုင်ပေသည်။
အိုင်းအောင်ကမူ လျှို့ယန်နှင့်ရှောင်ရှောင်အကြောင်းကို မေးချင်နေသည့်အလား ပါးစပ်ကိုဟ၍ တစ်ခုခုပြောရန် လုပ်လိုက်သော်ငြား နောက်ဆုံးတွင် ဘာမှမမေးရန်သာ ဆုံးဖြတ်လိုက်၏။ လျှို့ယန်နှင့်ရှောင်ရှောင် နှစ်ယောက်လုံးဆီမှ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်အရှိန်အဝါကို သူခံစားနေရသည်။
ဆိုလိုသည်မှာ သူသာ ထိုနှစ်ယောက်နှင့် တိုက်ခိုက်မည်ဆိုပါက ဘယ်သူနိုင်မလဲဆိုသည်ကို ပြောနိုင်မည်မဟုတ်ချေ။ ဒီကောင်က အသက်ခြောက်ဆယ်တောင် ပြည့်သေးတာမဟုတ်ဘူး။ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်ရော၊ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်ရော ဖြစ်နေပြီ. အဲ့ဒါအပြင်ကိုမှ ကမ္ဘာခြားဟင်းလင်းပြင်အစီအရင်တွေကိုလည်း ခင်းကျင်းနိုင်သေးတယ်။ ပြီးတော့ ဒီလိုကြောက်ဖို့ကောင်းတဲ့ လက်အောက်ငယ်သားတွေပါ ထပ်ရှိနေသေးတယ်။ ကျွတ်.. ဒီကောင် ဘယ်လိုတွေများ ကျင့်ကြံနေတာလဲ… လူသား တစ်ယောက်က ဒီလောက်တောင် လုပ်လိုက်နိုင်လို့လား… ဒါမှမဟုတ် ကောင်းကင်ကပဲ မျက်နှာလိုက်လွန်းနေတာလား
သို့ရာတွင် ရွှယ့်ယွယ်သည် ထိုကဲ့သို့သော လူတစ်ဦး၏နှလုံးသားကို သိမ်းပိုက်ထားနိုင်ကြောင်း ပြန်စဉ်းစားမိသည့်နောက်တွင် အိုင်းအောင် အလွန်ပျော်သွားလေသည်။ သူ့လိုလူတစ်ယောက်သာ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ရန်သူဖြစ်နေမည် ဆိုရင် ငါတို့ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းအတွက် ကပ်ဘေးပဲ။ ခွမ်ချီရှုံး ဒီကောင့်လက်မှာ ဆိုးဆိုးရွားရွား ခံလိုက်ရတာ အထူးအဆန်းမဟုတ်တော့ပါဘူးလေ။
မျက်စိကျိန်းမတတ် အလင်းတန်းတစ်ခု ပေါ်လာပြီးနောက် ရန်ကိုင်နှင့်အိုင်းအောင်သည် ရေကောင်းကင်မြို့၏ မြေအောက်လျှို့ဝှက်အခန်းထဲတွင် ပြန်ပေါ်လာခဲ့လေသည်။ အသိပြန်ဝင်လာပြီးနောက် အိုင်းအောင်က ချက်ချင်း ပြောလိုက်၏ “မင်းအရည်အချင်းကို အတည်ပြုပြီးသွားပြီဆိုတော့ ဟင်းလင်းပြင်အစီအရင်တွေ ခင်းကျင်းမယ့်ကိစ္စကို မင်းဆီကိုပဲ အပ်လိုက်တော့မယ်။ လိုအပ်တဲ့ပစ္စည်းတွေကိုတော့ မင်း ရွှယ့်ယွယ်ဆီမှာ သွားတောင်းလို့ရတယ်။ ငါသူ့ကို ပြောထားလိုက်မယ်။ ငါ သတ္ထုကြယ်ကိစ္စကို စီစဉ်ပေးရဦးမှာ ဆိုတော့ လတ်တလော မင်းနဲ့တွေ့နိုင်ဦးမှာ မဟုတ်သေးဘူး။”
“အဆင်ပြေတယ်။ ကိစ္စမရှိဘူး။” ရန်ကိုင်ကပြုံးလျက် “ဒါပေမယ့် ဂျူနီယာ စီနီယာ့ကို တောင်းဆိုချင်တာလေး တစ်ခုရှိတယ်။ စီနီယာ သဘောတူပေးနိုင်မလား မသိဘူး။”
“မင်းဘာတွေယဉ်ကျေးနေသေးတာလဲ။ ငါတို့က တစ်မိသားစုတည်းပဲ ဖြစ်တော့မှာကို” လက်ရှိတွင် အိုင်းအောင်သည် ရန်ကိုင့်အား မိသားစုဝင်တစ်ဦးအဖြစ် သဘောထားနေလေပြီ။
ထို့ကြောင့် ဘာကြောင့်များ ရန်ကိုင်၏တောင်းဆိုချက်ကို ငြင်းပယ်နေရဦးမည်နည်း။
“ကျုပ် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ကြယ်ဧကရာဇ် တံဆိပ်ပြားကို လိုချင်လို့ပါ” ရန်ကိုင့်စကားကို ကြားသည့်အခါ အိုင်းအောင်၏အမူအရာ အေးစက်သွားခဲ့လေသည်။
“မင်း ငါတို့ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ကြယ်ဧကရာဇ် တံဆိပ်ပြားအကြောင်း ဘယ်လိုသိတာလဲ။” ချက်ချင်းဆိုသလို တစ်ခုခုကို နားလည်သွားသည့်အလား “ရွှယ့်ယွယ်ပြောတာမလား။”
“ဟုတ်တယ်” “အဲ့တံဆိပ်ပြားကို မင်းဘာလို့ လိုချင်နေလဲ ငါ့ကိုပြောပြလို့ရမလား။ ကြယ်ဧကရာဇ်တံဆိပ်ပြားက မဟာဧကရာဇ်ကိုယ်တိုင် ချန်ထားပေးခဲ့တာ ဆိုပေမယ့် တံဆိပ်ပြားထဲက အစွမ်းက သုံးပြီးသွားပြီဆိုတော့ ဘာမှသိပ်အသုံးမဝင်တော့ဘူး။ ဒီတော့ မင်းသာ အဲ့ဒါကိုလိုချင်တယ်ဆိုရင် မင်းဘာလို့ အဲ့ဒါကို လိုချင်နေရလဲ ငါ့ကိုပြောပြပေးရမယ်။ မင်းပြောပြနိုင်မယ်ဆိုရင် ငါမင်းကို အဲ့ဒါပေးမယ်။”
ရန်ကိုင်သည် ခဏကြာမျှ စဉ်းစားနေပြီးနောက် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်ကာ ထိုထဲသို့ သူ့ကောင်းကင်စိတ်အာရုံကို ထည့်သွင်းလိုက်လေသည်။ ထို့နောက် ကျောက်စိမ်းပြားကို အိုင်းအောင်လက်ထဲသို့ ထည့်ပေးလိုက်၏။
“စီနီယာ ဒါကိုကြည့်ကြည့်လိုက်။” အိုင်းအောင်သည်လည်း ကျောက်စိမ်းပြားထဲတွင် ရေးသားထားသော အကြောင်းအရာများကို သေချာဖတ်ကြည့်လေသည်။ ကျောက်စိမ်းပြားထဲတွင် ရေးသားထားသည့် အကြောင်းအရာမှာ လနီမျိုးနွယ်စု၏ခေါင်းဆောင် ချီရွဲ့အား ပြောပြခဲ့သည့် အကြောင်းအရာများသာ ဖြစ်သည်။
ကျောက်စိမ်းပြားထဲတွင် ကြယ်ဧကရာဇ်တံဆိပ်ပြား ကိုးခုကို စုဆောင်းပြီး ကြယ်တာရာအစုအဝေးသို့ သွားနိုင်မည့်လမ်းကြောင်းအား ဖွင့်နိုင်မည့်လျှို့ဝှက်ချက် ပါဝင်နေခဲ့သည်။
အိုင်းအောင်သည် တံဆိပ်ပြားထဲရှိ အကြောင်းအရာကို ဖတ်ပြီးနောက်တွင် အံ့အားသင့်နေသည့် အမူအရာဖြင့် ပြန်မေးလိုက်လေသည်။ “ဒါတကယ်ကြီးလား”
“ဒီလိုကိစ္စမျိုးကို ဂျူနီယာ ဘယ်လိုလို့ နောက်ရမှာလဲ။” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“မင်း ကြယ်ဧကရာဇ် တံဆိပ်ပြားတွေလိုချင်နေတာ ဒါ့ကြောင့်ကိုး။ အဲ့ဒါဆိုရင်တော့ ကိစ္စမရှိဘူး။ ငါ မင်းကိုပေးလို့ရတယ်။ ဒါပေမယ့် တန်ခိုးရှင်ဘုရင် တတိယအဆင့် ခြောက်ယောက်က”
“စီနီယာ့ကို အားကိုးရမှာပေါ့။ ဒီဂျူနီယာမှာ စီနီယာအပါဆို စုစုပေါင်း လေးယောက်ရှိသွားပြီ” အိုင်းအောင်သည် ရန်ကိုင့်အား အံ့ဩတကြီး ကြည့်နေပြီးနောက် ပြုံးလျက်ပြောလိုက်လေသည်။
“မင်းကြည့်ရတာ အစောကြီးကတည်းက ပြင်ထားတဲ့ပုံပဲ။”
“ဒါဆိုရင် စီနီယာကော ကြယ်တာရာအစုအဝေးဘက်ကို သွားဖို့ စိတ်ဝင်စားလား” ရန်ကိုင်က ပြုံးလျက်မေးလိုက်သည်။ ရန်ကိုင့်စကားကို ကြားပြီးနောက် အိုင်းအောင် အတွေးနက်သွားခဲ့လေသည်။
သူသည် လနီမျိုးနွယ်စု ခေါင်းဆောင်းဖြစ်သော ချီရွဲ့ လောက်တော့ စိတ်အားထက်သန်နေခြင်းမရှိချေ။ ခဏကြာအောင်စဉ်းစားနေပြီးနောက် ပြန်ပြောလိုက်၏။ “အခုလောလောဆယ်တော့ အဖြေမပေးနိုင်သေးဘူး။ ဒါပေမယ့် ငါမသွားဘူးဆိုရင်တောင် ဉီးလေးလုံကတော့ ကျိန်းသေသွားလောက်တယ်။”
“စီနီယာလုံလား။” ရန်ကိုင့် မျက်လုံးများ အရောင်တလက်လက် တောက်သွား၏။
ထို့နောက်ခေါင်းငြိမ့်၍ ပြောလိုက်လေသည်။ “သူဆိုရင် တကယ် ကွက်တိပဲ။”
လုံထျန်းရှန်သည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဉီးဖြစ်သည်။ ထို့ကြောင့် သူသည် ကြယ်တာရာအစုအဝေးသို့ သွားမည့်လမ်းကြောင်းကို ဖွင့်မည့် လိုအပ်ချက်အား လုံးဝပြည့်မီသည့် လူတစ်ယောက်ဟု ပြော၍ရပေသည်။ ရန်ကိုင့်အတွက်တော့ လုံထျန်းရှန်၏ အကူအညီကို ရလိုက်ခြင်းသည် ကျားကို အတောင်ပံ တပ်ပေးလိုက်သလိုပင်။
“ဉီးလေးလုံက သိုင်းတာအိုမှာ ပိုပြီးအဆင့်မြင့်မြင့်ရောက်နိုင်ဖို့ နှစ်ပေါင်းများစွာ ကြာအောင် ကျင့်ကြံနေခဲ့တာ။ သူသာ ဒီအကြောင်းကြားရင် ကျိန်းသေပျော်သွားမှာ။” အိုင်းအောင်က ပြုံးလျက်ပြောလိုက်သည်။
တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဉီး သိုင်းတာအို၏မြင့်မားသောအဆင့်သို့ မည်မျှရောက်ချင်နေသလဲ ဆိုသည်ကို မည်သူမှ သိလိမ့်မည်မဟုတ်ပေ။ မိမိကိုယ်တိုင် ထိုအဆင့်သို့ ရောက်လာသည့် အခါမှသာ တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူများ၏ ခံစားချက်ကို နားလည်နိုင်ပေလိမ့်မည်။
ထို့ကြောင့် ထိုအကြောင်းကိုပြောစဉ်က လူစုဆောင်းဖို့သည် ပြသာနာမရှိကြောင်း ရန်ကိုင်ပြောခဲ့ခြင်းဖြစ်သည်။ သူ့အနေဖြင့် သတင်းဖြန့်လိုက်ရုံပင်ဖြစ်သည်။ ပုန်းအောင်းနေသော မွန်းစတားအိုကြီးများသည် သူ့အလိုလို ရောက်လာပေလိမ့်မည်။ ရန်ကိုင်ကသာ သူနှင့် မရင်းနှီးသည့်လူများနှင့် အလုပ်တွဲမလုပ်ချင်သည့်အတွက် ထိုအကြောင်းကို သတင်းမဖြန့်သေးခြင်းဖြစ်သည်။
“မင်းစိတ်ပူမနေနဲ့။ ဉီးလေးလုံ လိုက်ရင်လိုက်၊ ငါလိုက်မယ်” အိုင်းအောင်သည် အလေးအနက်အမူအရာဖြင့် “ဒါနဲ့… မင်းအခု ကြယ်ဧကရာဇ် တံဆိပ်ပြား ဘယ်နှစ်ခု စုဆောင်းပြီးသွားပြီလဲ။”
“ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းကဟာပါ ပါမယ်ဆိုရင်တော့ စုစုပေါင်း ရှစ်ခုရှိသွားပြီ။”
အိုင်းအောင်က မျက်လုံးအပြူးသားဖြင့် “ဒီတော့ တစ်ခုပဲ ကျန်တော့တာပေါ့။ အဲ့တစ်ခုက ဘယ်မှာလဲ”
“ဓားအဖွဲ့အစည်းမှာ”
“ဓားအဖွဲ့အစည်း…” အိုင်းအောင် မျက်ခုံးပင့်သွားခဲ့လေသည်။ သို့သော် ရုတ်တရတ် ပြုံးလျက် ရန်ကိုင်၏ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။ “ကိစ္စမရှိဘူး။ သူတို့အဖွဲ့အစည်းက ကြယ်ဧကရာဇ်တံဆိပ်ပြားကို ငါ့ တာဝန်ထားလိုက်။ ငါ မင်းအတွက်သွားယူပေးမယ်”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင် အလွန်ဝမ်းသာသွားခဲ့သည်။ အစကတော့ ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းမှ ကိစ္စများပြီးသွားလျှင် ဓားအဖွဲ့အစည်းသို့သွားကာ အဖွဲ့အစည်း၏ခေါင်းဆောင်နှင့် စကားပြောရန် စဉ်းစားထားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုကိစ္စကို အိုင်းအောင်က သူတာဝန်ယူမည်ဟု ပြောလာသဖြင့် ရန်ကိုင်ကိုယ်တိုင် အလုပ်ရှုပ်ခံနေစရာ မလိုတော့ချေ။
“ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ”
“မင်းဘာတွေ ဒီလောက် ယဉ်ကျေးနေတာလဲ။ ငါတို့က တစ်မိသားစုတည်းတွေဖြစ်နေပြီပဲကို” အိုင်းအောင်က အော်ရယ်မောလျက် ရန်ကိုင်၏ပခုံးကို ရင်းနှီးကျွမ်းဝင်စွာ ဖက်လိုက်လေသည်။
ရန်ကိုင့်ကို ကြည့်လေကြည့်လေ သူပို၍ကျေနပ်လာလေ ဖြစ်သည်။ ရန်ကိုင်ကဲ့သို့ သားမက်မျိုးသည် အလွန့်အလွန်ကိုမှ တွေ့ရန်ခက်လှသော သားမက်မျိုးဖြစ်ပေသည်။ နောက်ရက်များအတွင်း ရန်ကိုင်သည် အလွန်ကိုမှ အလုပ်ရှုပ်နေလေတော့၏။
ခေါင်းဆောင်အိုင်းအောင်သည် လူများခေါ်ပြီး သတ္ထုကြယ်သို့ သတ္ထုသွားတူးနေကြစဉ် ရွှယ့်ယွယ်သည် ဟင်းလင်းပြင်အစီအရင် ခင်းကျင်းရန်အတွက် လိုအပ်သောပစ္စည်းများကို လိုက်လံစုဆောင်းနေခဲ့လေသည်။
ထိုအချိန်အတွင်း သူတို့ကိုယ် သူတို့ ရန်ကိုင်၏တပည့်ဟု ခံယူထားကြသော ဆေးစံအိမ်မှ ဆေးပညာရှင်များသည် ရန်ကိုင်ဆီသို့ မကြာခဏ လာရောက်လည်ပတ်ကြလေသည်။ ရန်ကိုင်အား လာလည်သည်ဟုသာ ပြောကြသော်လည်း သူတို့တကယ် ဘာလုပ်ချင်သလဲဆိုသည်ကို လူတိုင်းသိကြ၏။ ရန်ကိုင်လည်း ကူကယ်ရာမဲ့နေခဲ့လေသည်။
ထို့ကြောင့် ဆေးစံအိမ်သို့သွားပြီး ထိုနေရာရှိ ဆေးပညာရှင်များကို နောက်တစ်ကြိမ် သင်ခန်းစာ ပို့ချရပြန်သည်။ ငါးရက်ကြာအောင် သင်ခန်းစာ ပို့ချပြီးသည့်အခါမှပဲ ထိုအရှက်မရှိသည့် ဆေးပညာရှင်များ ကျေနပ်သွားကြတော့၏။
သူဆေးပညာ ပို့ချသင်ကြား ပေးနေစဉ်အတွင်း ရွှယ့်ယွယ်သည် ဟင်းလင်းပြင် အစီအရင် ခင်းကျင်းရန်အတွက် လိုအပ်သော ပစ္စည်းအားလုံးကို စုဆောင်းလို့ပြီးသွားခဲ့လေသည်။
ထို့ကြောင့် ရန်ကိုင်လည်း ဆေးပညာရှင်များကို သင်ခန်းစာ ပို့ချပြီးသွားသည်နှင့် ဟင်းလင်းပြင်အစီအရင်ကို စတင် ခင်းကျင်းရတော့လေသည်။ ရန်ကိုင်သည် ရေကောင်းကင်မြို့၏ အလုံခြုံဆုံးနေရာတွင် ဟင်းလင်းပြင် အစီအရင်တစ်ခုကို ခင်းကျင်းလိုက်သည်။
ဆယ်ရက်ကြာပြီးနောက်တွင် အစီအရင်တစ်ခု ပြီးမြောက်သွားခဲ့လေသည်။ ထို့နောက် ရန်ကိုင်နှင့် ရွှယ့်ယွယ်သည် ကျင့်ကြံသူတစ်အုပ်နှင့်အတူ တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောတစ်စီးကို ယူဆောင်လျက် အနီးဆုံး ကျင့်ကြံရေးကြယ်တစ်လုံးဆီသို့ ထွက်သွားလေ၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၉၂၃)
ဤသို့ဖြင့် နှစ်နှစ်ဆိုသော အချိန်ကာလသည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့လေသည်။ ထိုနှစ်နှစ်အတွင်း ရန်ကိုင်သည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှ ပိုင်ဆိုင်ထားသည့် ကြယ်ဆယ့်ရှစ်လုံးပေါ်တွင် ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်များ လိုက်လံခင်းကျင်းပေးခြင်းဖြင့် အလုပ်ရှုပ်နေခဲ့သည်။
ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှ ပိုင်ဆိုင်ထားသည့် ကျင့်ကြံရေးကြယ်များမှာ တစ်ခုနှင့်တစ်ခု အတော်လေးကိုမှ ဝေးကြသည့်အတွက် ကြယ်တစ်လုံးမှတစ်လုံးသို့ သွားရန် အတော်လေး အချိန်ယူရ၏။
ထိုအကြောင်းကြောင့်သာ မဟုတ်ပါက ရန်ကိုင်သည် ကမ္ဘာခြားဟင်းလင်းပြင် အစီအရင် ဆယ့်ရှစ်ခုကို သုံးလအတွင်း အပြီးခင်းကျင်းပေးနိုင်ပေသည်။ နှစ်နှစ် ကြာသွားသည်ဆိုသည်မှာ ကြယ်တစ်လုံးမှ အခြား ကြယ်တစ်လုံးဆီသို့သွားရန် အချိန် ယူနေရသည့် အတွက်ကြောင့် ဖြစ်ပေသည်။
နှစ်နှစ်ကြာပြီးနောက်တွင် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းပိုင်ဆိုင်ထားသည့် ကြယ်ဆယ့်ရှစ်လုံးပေါ်တွင် ကမ္ဘာခြားဟင်းလင်းပြင် အစီအရင် တစ်ခုစီ အသီးသီးထွက်ပေါ်လာခဲ့ကြသည်။ ရန်ကိုင်သည် သွားလာရေးအဆင်ပြေစေရန်အတွက် ဖြတ်သန်းရေးတံဆိပ်များကိုလည်း ဖန်တီးပေးခဲ့သည်။
ရွှယ့်ယွယ်သည် ထိုနှစ်နှစ်အတွင်း ရန်ကိုင့်ဘေးနားတွင် အမြဲရှိနေခဲ့သည်။ အလှလေးတစ်ဦးမှ ဘေးနားတွင် အမြဲလိုက်ပါပေးနေသည့်အတွက် ခရီးသွားရသည်မှာ ပျင်းစရာကောင်းမနေခဲ့ပေ။
ယနေ့တွင် ရန်ကိုင်တို့အဖွဲ့သည် ရေလကြယ်သို့ ပြန်ရောက်လာခဲ့သည်။ ရန်ကိုင်တို့အဖွဲ့ကို လာကြိုသည့်သူမှာ နီကွမ်းဖြစ်ပေသည်။ နီကွမ်းသည် လွန်ခဲ့သည့်နှစ်နှစ်အတွင်း ရန်ကိုင်လုပ်ပေးခဲ့သည်များအတွက် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းကိုယ်စား အထပ်ထပ် ကျေးဇူးတင်နေခဲ့သည်။
ထိုကမ္ဘာခြားဟင်းလင်းပြင် အစီအရင်ကြောင့် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းသည် သူတို့ပိုင်ထားသည့် ကျင့်ကြံရေးကြယ် ဆယ့်ရှစ်လုံးဆီသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်ပေတော့မည်။
အိုင်းအောင်ကမူ ပေါ်မလာခဲ့ချေ။ ရွှယ့်ယွယ်မှ မေးကြည့်လိုက်သည့်အခါ အိုင်းအောင်သည် ကြယ်အမြူတေကို သန့်စင်ရန်အတွက် တစ်ခုသော ကျင့်ကြံရေးကြယ်ဆီသို့ သွားနေကြောင်းကို သိလိုက်ရသည်။
ဤကိစ္စမှာ အလွန်အရေးကြီးသည့်အတွက် ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းတစ်ခုလုံးတွင် နီကွမ်းနှင့် လုံထျန်းရှန်သည်သာ ထိုအကြောင်းကို သိထား၏။ အခြားသူများမှာတော့ အိုင်းအောင် တံခါးပိတ်ကျင့်စဉ် ဝင်နေသည်ဟုသာ သိထားကြလေသည်။
ထိုအကြောင်းကို သိလိုက်ရချိန် ရွှယ့်ယွယ် အလွန် စိတ်ပူသွားခဲ့လေသည်။ တကယ်တော့ ကြယ်အမြူတေကို သန့်စင်ရသည်မှာ အလွန်ကိုမှ အန္တရာယ်များသည်ကိုး။ ရှင်းရှင်းပြောရလျှင် ကျင့်ကြံသူများသည် တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ရောက်မှသာ ကြယ်အမြူတေကို သန့်စင်ရန် ကြိုးစားလေ့ရှိကြသည်။
တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်လောက်ဖြင့် ကြယ်အမြူတေကို သန့်စင်လေ့မရှိကြ။ တောင်စိမ်းကြယ်၏ ကြယ်သခင်ဖြစ်သော လော့ဟိုင်သည်သာ ခြွင်းချက်ဖြစ်ပေသည်။ လက်ရှိတွင် အိုင်းအောင်သည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံခြင်းသာ ရှိသေးသည်။
ရွှယ့်ယွယ်သည် သူမအဖေအတွက် အလွန်ကိုမှ စိတ်ပူသွားခဲ့လေသည်။ ရန်ကိုင်ကမူ ကြယ်သန့်စင်ခြင်း ပညာရပ်ရှိနေသည့်အတွက် အဆင်ပြေသွားလိမ့်မည် ဖြစ်ကြောင်းပြောကာ ရွှယ့်ယွယ်အား နှစ်သိမ့်ပေးနေခဲ့သည်။
“ရန်ကိုင် တစ်ယောက်ယောက်က မင်းကို တွေ့ချင်လို့တဲ့” ရုတ်တရက် နီကွမ်းသည် ရန်ကိုင့်ဘေးနားသို့ လျှောက်လာပြီး တိုးတိုးလေးပြောလိုက်လေသည်
“ဘယ်သူလဲ” ရန်ကိုင်က ပြန်လှည့်မေးလိုက်သည်။
နီကွမ်းကပြုံးလျက် “မင်းလိုက်လာရင် သိလိမ့်မယ်။” ရန်ကိုင်လည်း ဘာမှမေးမနေတော့ဘဲ နီကွမ်းနောက်သို့သာ လိုက်လာခဲ့လိုက်၏။ ခဏကြာအောင် လျှောက်လာပြီးနောက် လျှို့ဝှက်ခန်းတစ်ခန်းဆီသို့ ရောက်လာခဲ့လေသည်။
ထိုလျှို့ဝှက်ခန်းထဲတွင် လူသုံးယောက်ရှိနေခဲ့သည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးပင်။ သုံးယောက်စလုံးမှာ လူငယ်လေးများ ဖြစ်ကြပေသည်။ ရန်ကိုင်ရောက်လာသည်ကို မြင်သည့်အခါ လျှို့ဝှက်ခန်းထဲတွင် ရှိနေသည့် အမျိုးသားက ရယ်ရယ်မောမောနှင့် ဆီးကြိုနှုတ်ဆက်လိုက်လေ၏ “ရောင်းရင်ရန် မတွေ့ရတာတောင် ကြာပြီနော်”
ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ချက်ချင်းပဲ အံ့အားသင့်နေသည့် အမူအရာဖြင့် ပြန်မေးလိုက်လေ၏။ “ရောင်းရင်းကု မင်း ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။”
ရေလကြယ်တွင် ဓားအဖွဲ့အစည်း၏ သခင်လေးဖြစ်သည့် ကုကျန်းရှင်ကို လာတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရန်ကိုင်သည် ကုကျန်းရှင်နှင့် တစ်ကြိမ်တွေ့ခဲ့ဖူးပေသည်။ သူတို့နှစ်ဦးသည် အရမ်းကြီးရင်းနှီးကြခြင်း မရှိသော်လည်း တော်တော်လေး ရင်းနှီးသည်ဟုတော့ ပြောနိုင်ပေသည်။
မတွေ့လိုက်ရသည့် အချိန်အတွင်း ကုကျန်းရှင်၏ ကျင့်ကြံခြင်းမှာလည်း အတော်လေးတိုးတက်လာခဲ့သည်။ ကုကျန်းရှင်သည် တန်ခိုးရှင်ဘုရင်အဆင့်သို့ရောက်ရန် သိပ်မလိုတော့ပေ။ ကုကျန်းရှင်နှင့် အတူပါလာသည့် မိန်းကလေးနှစ်ဦးမှာတော့ ပြောစရာမလိုအောင်ပင် သူ၏လက်ဝဲလက်ယာ ဓားအစေခံနှစ်ဦးသာ ဖြစ်ကြပေသည်။
“သခင်လေးရန်ကို နှုတ်ဆက်ပါတယ်။” လင်းရွဲ့နှင့် အန်းချင်တို့သည် ရန်ကိုင့်အတွက် သူစိမ်းများ မဟုတ်ကြပေ။ ထို့ကြောင့် ရန်ကိုင့်ကိုမြင်ပြီးနောက် မိန်းကလေးနှစ်ဦးစလုံး အလျင်စလို ဦးညွတ်နှုတ်ဆက်လိုက်ကြလေသည်။
“ခင်ဗျားတို့ကိုလည်း တွေ့ရတာ ဝမ်းသာပါတယ်” ရန်ကိုင်က ပြုံးလျက် ပြန်နှုတ်ဆက်လိုက်သည်။
“ရောင်းရင်းရန် ဒီကုရောက်နေတာသိတော့ မင်းအံ့အားသင့်သွားတယ်မလား။” ကုကျန်းရှင်သည် ပြုံးလျက် ရန်ကိုင့်အား မေးလိုက်လေသည်။
ရန်ကိုင်သည် ခဏမျှစဉ်းစားကြည့်လိုက်ပြီး ပြန်ပြောလိုက်လေ၏ “အံ့အားသင့်သွားတာတော့ ဟုတ်တယ်။ ဒါပေမယ့် အရမ်းကြီးတော့ မဟုတ်ဘူး။”
“ကြည့်ရတာ ရောင်းရင်းရန် ဒီကုဘာလို့ဒီရောက်နေလဲ သိနေပြီနဲ့ တူတယ်။”
“ခန့်မှန်းမိရုံပဲ ရှိသေးတယ်။ ဒါပေမယ့် ရောင်းရင်းကုပြောမှ ဒီရန်ထင်တာ ဟုတ်မဟုတ် အတည်ပြုနိုင်မှာ” ရန်ကိုင်က ပြန်ပြောလိုက်သည်။
ကုကျန်းရှင်က ခေါင်းညိတ်၍ “ရောင်းရင်းရန်နဲ့ စကားပြောရတာ တကယ်ပျော်စရာပဲ။ အဲ့လိုဆိုမှတော့ ဒီကု လာရတဲ့အကြောင်းရင်းကို ပြောပြပေးရတာပေါ့။” ပြောနေရင်း ကုကျန်းရှင်သည် သူ့သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်လေသည်။
ထို့နောက် ရန်ကိုင့်လက်ထဲသို့ ထည့်ပေးလိုက်၏။ “ရောင်းရင်းရန် ဒါကိုကြည့်ကြည့်လိုက်။”
“ကြယ်ဧကရာဇ်တံဆိပ်ပြားလား” ရန်ကိုင်၏မျက်ဝန်းတစ်စုံ တဖျတ်ဖျတ် တောက်ပလာခဲ့သည်။ ကုကျန်းရှင် ပေးသည့် တံဆိပ်ပြားကို အလျင်အမြန် လှမ်းယူလိုက်လေသည်။
ဤတံဆိပ်ပြားသည် နောက်ဆုံးကြယ်ဧကရာဇ် တံဆိပ်ပြား ဖြစ်သည်။ တံဆိပ်ပြားပုံစံမှာ သူယခင်စုဆောင်းခဲ့ဖူးသည့် တံဆိပ်ပြားများနှင့် အတူတူပင်ဖြစ်သည်။ ဤတံဆိပ်ပြား ရပြီးသည့်နောက် ရန်ကိုင်တွင် တံဆိပ်ပြားကိုးခုစလုံး စုံသွားလေပြီ။
ကုကျန်းရှင်ကပြုံးလျက် “မင်းလိုနေတယ်ဆိုလို့ ငါ့အဖေက မင်းကိုပေးခိုင်းလိုက်တာ။”
“အဖွဲ့အစည်းသခင်ကုလား” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ ကြယ်ဧကရာဇ်တံဆိပ်ပြားကို သိုလှောင်လက်စွပ်ထဲသို့ သေချာထည့်သိမ်းလိုက်ပြီးနောက် ပြန်မေးလိုက်လေ၏ “ အဖွဲ့အစည်းခေါင်းဆောင်ကုက ဘာတွေတောင်းဆိုလိုက်သေးလဲ။”
သူသည် ဓားအဖွဲ့အစည်းနှင့် မရင်းနှီးပေ။ ကုကျန်းရှင်နှင့်သာ နည်းနည်းပါးပါးလောက် သိကြခြင်းဖြစ်သည်။
သို့သော်လည်း ကုကျန်းရှင်နှင့်သိနေရုံဖြင့် အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်သော ကုချန်းယွင်သည် ကြယ်ဧကရာဇ် တံဆိပ်ပြားကို သူ့ဆီပေးလာလိမ့်မည်ဟု ရန်ကိုင် မထင်ပေ။ ကုချန်းယွင်တွင် တခြားအကြောင်းအရင်း ရှိရပေလိမ့်မည်။
ကုကျန်းရှင်က ရယ်မော၍ နီကွမ်းအားကြည့်ကာ ပြောပြလိုက်လေသည်။ “တောင်းဆိုလိုက်တာတွေ ရှိတာပေါ့။ စီနီယာနီပဲ ပြောပြပေးလိုက်ပါလား။” ရန်ကိုင် နီကွမ်းဘက်သို့ လှည့်ကြည့်လိုက်သည်။
နီကွမ်းက အသာအယာချောင်းဟန့်လျက် ပြောလိုက်၏။ “ဒီလိုကွာ ရန်ကိုင်ရာ။ ခေါင်းဆောင်က သူတံခါးပိတ်ကျင့်စဉ် မဝင်ခင် ဓားအဖွဲ့အစည်းခေါင်းဆောင်နဲ့ သွားဆွေးနွေးကြည့်တယ်။ ဓားအဖွဲ့အစည်း ခေါင်းဆောင်ကလည်း တံဆိပ်ပြားကို ပေးမယ်လို့ပြောတယ်။ အဲ့ဒါတင် မဟုတ်သေးဘူး… ဝင်ပေါက်ကိုဖွင့်တဲ့ နေရာမှာပါ ဝင်ကူညီပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် အပြန်အလှန်အနေနဲ့ မင်းက သူတို့ကို တစ်ခု ပြန်ကူညီပေးရမယ်။ အဲ့ဒါဘာလဲဆိုတော့ သူတို့ ပိုင်ဆိုင်ထားတဲ့ ကြယ်တွေပေါ်မှာ ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်တွေ လိုက်ပြီးခင်းကျင်းပေးဖို့ပဲ။”
“ကျုပ်ထင်တဲ့အတိုင်းပဲ” ရန်ကိုင် မဲ့ပြုံးပြုံးလိုက်၏။ သူခန့်မှန်းမိပြီးသားပင်။ သို့သော်လည်း တကယ်တမ်း ကြားလိုက်ရချိန် သူ့စိတ်ထဲအနည်းငယ်တော့ ပင်ပန်းစိတ် ဝင်မိလေသည်။
တကယ်တော့ သူဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းအတွက် ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်များ လိုက်လံခင်းကျင်းပေးသည့် ကိစ္စသည် တစ်ရက်နှစ်ရက်တည်းနှင့် ပြီးသွားသည့် ကိစ္စမဟုတ်။ နှစ်နှစ်တိုင်တိုင် ကြာမြင့်ခဲ့သည့် ကိစ္စဖြစ်သည်။
ကြယ်စီရင်စုကြီး၏ ထိပ်တန်းအင်းအားစုများအနက် တစ်ခုဖြစ်သည့် ဓားအဖွဲ့အစည်းအနေဖြင့် ရန်ကိုင်မှ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ကြယ်များပေါ်တွင် ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်များ လိုက်ခင်းကျင်းပေးနေသည့် အကြောင်းကို မည်သို့များမသိဘဲ နေမည်နည်း။
ထိုအကြောင်းနှင့် ပတ်သက်သည့် သတင်းများကို သူတို့ကျိန်းသေ ရပေလိမ့်မည်။ ရန်ကိုင်သည် မဲ့ပြုံးပြုံးရင်းမှ ကုကျန်းရှင်ဘက်သို့ လှည့်၍ မေးလိုက်လေသည်။ “ဓားအဖွဲ့အစည်းမှာ ကြယ်ဘယ်နှစ်လုံး ရှိတာလဲ”
ကုကျန်းရှင်က ပြုံးဖြီးဖြီးဖြင့် “သိပ်မများပါဘူး။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းထက် တစ်လုံးလျော့၊ ဆယ့်ခုနှစ်လုံး”
ရန်ကိုင် စိတ်ညစ်ညစ်ဖြင့် ခေါင်းကိုသာ ကုတ်လိုက်မိတော့သည်။ သူ့အတွက် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ ကြယ်ဆယ့်ရှစ်လုံးကို ဟင်းလင်းပြင် အစီအရင်များ လိုက်လံခင်းကျင်းပေးရန်အတွက် နှစ်နှစ်အချိန် ယူလိုက်ရသည်။
ဓားအဖွဲ့အစည်းသည် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းထက် ကျင့်ကြံရေးကြယ်တစ်လုံးသာ ပိုနည်းသဖြင့် အနည်းဆုံး နှစ်နှစ်နီးပါးလောက်တော့ အချိန်ယူရပေလိမ့်မည် “ရောင်းရင်းရန် တကယ် အရည်အချင်းရှိတဲ့သူတွေက အမြဲတမ်းအားမနေတတ်ဘူး။ ငါတို့ဓားအဖွဲ့အစည်း မင်းကို အားကိုးနေမယ်နော်။” ကုကျန်းရှင်က ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
“အဲ့ဒါအပြင် အခြား တောင်းဆိုလိုက်တာတွေကော ရှိသေးလား” ရန်ကိုင်က ထပ်မေးလိုက်သည်။
ကုကျန်းရှင်က အားတင်းပြုံးလျက် “အမ် တစ်ခုတော့ထပ်ရှိသေးတယ်။ ဒီကိစ္စက ငါတို့လည်း မတတ်နိုင်လို့ပါကွာ။ ဘယ်သူလဲ မင်းသိတယ်မို့လား။ ဟိုထိန်းမနိုင်သိမ်းမရ ဆေးပညာရှင်တွေလေ။ သူတို့က ဆေးဝိဇ္ဇာရန်ကို ဓားအဖွဲ့အစည်းရဲ့ ပင်မကြယ်ဆီလာပြီး ဆေးပညာအကြောင်း တစ်ကြိမ်လောက် ဟောပြောပေးစေချင်တယ်တဲ့”
“ဒီအကြောင်းလည်း သတင်းပျံ့သွားတာလား။” ရန်ကိုင် ခေါင်းကိုက်ချင်လာခဲ့သည်။
“ရောင်းရင်းရန်၊ ဒီကြယ်စီရင်စုကြီးထဲမှာ မင်းဘယ်လောက် ကျော်ကြားနေလဲ ဆိုတာကို မင်းမသိလို့” ကုကျန်းရှင်သည် ရန်ကိုင့်အား မနာလိုအားကျစွာဖြင့် ကြည့်ကာ ပြောလိုက်လေသည် “ရောင်းရင်းရန်ရဲ့ နာမည်က ဒီကြယ်စီရင်စုကြီးထဲက လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ရောက်နေကြပြီ။ ကျင့်ကြံခြင်းမှာရော ဆေးပညာမှာပါ တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်နေတဲ့လူ ဘယ်သူရှိလို့လဲ။ ရောင်းရင်းရန် တစ်ယောက်ပဲ ရှိတာ။ ပြီးတော့ ဒီနှစ်သောင်းနဲ့ချီတဲ့ အတွင်း မဟာဆေးတာအိုရဲ့ ပဲ့တင်သံကို ဖြစ်ပေါ်လာစေနိုင်တဲ့လူကလည်း ရောင်းရင်းရန်ပဲရှိတာ။ အဲ့လိုလူတစ်ယောက်က နာမည်မကျော်ဘဲ ဘယ်နေမှာလဲ”
နီကွမ်းကလည်း ဝင်ပြောလိုက်လေသည်။ “ရန်ကိုင် ဒီတစ်လောအတွင်း အလုပ်ချည်းပဲ ရှုပ်နေတာမို့လို့ ဒီအကြောင်းတွေမသိတာ။ ဒါပေမယ့် ကြယ်စီရင်စုကြီးထဲက လူတွေအကုန်လုံး နီးပါးကတော့ မင်းအကြောင်းကို သိနေကုန်ကြပြီ။”
ကုကျန်းရှင်က ဝင်ထပ်ပြောလိုက်ပြန်၏။ “ဒါပေမယ့် ရောင်းရင်းရန် ငါတို့ဓားအဖွဲ့အစည်းက မင်းကိုအလကား ခိုင်းမှာ မဟုတ်ဘူးနော်။ မင်း ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်တစ်ခုကို ခင်းကျင်းပေးရတဲ့အတွက် မင်းကိုသီးသန့် အခကြေးပြန်ပေးဦးမှာ။ ဒါကြောင့် မငြင်းလိုက်ဖို့ ရောင်းရင်းရန်ကို ဒီကုတောင်းဆိုပါတယ်။” ပြောပြီးသည့်နောက် ရန်ကိုင့်အား အလေးအနက် အမူအရာဖြင့် ဦးညွတ်လိုက်လေသည်။
သူထွက်လာစဉ်က ရန်ကိုင့်အား ဟင်းလင်းပြင်အစီအရင် ခင်းကျင်းဖို့ မဖိတ်ခေါ်လာနိုင်လျှင် ပြန်မလာနှင့်ဟု သူ့အဖေက ပြောခဲ့သည်။ သူ့အဖေပြောခဲ့သည့်စကားကို ယခုထိတိုင် သူ့နားထဲ ကြားယောင်နေဆဲပင်။
ရန်ကိုင်သည် ခဏမျှစဉ်းစားနေပြီးနောက် ခေါင်းငြိမ့် သဘောတူလိုက်လေ၏။ “ရောင်းရင်းကု အခုလိုလုပ်နေစရာ မလိုပါဘူး။ ငါသဘောတူတယ်။”
“တကယ်လား” ကုကျန်းရှင် အလွန်ပျော်သွားခဲ့လေသည်။ “ဒါဆို ရောင်းရင်းရန် ဘယ်အချိန်ထွက်မယ်လုပ်ထားလဲ။ ငါတို့ဓားအဖွဲ့အစည်းကြယ်က ဒီနေရာနဲ့ သိပ်မဝေးဘူး။”
“မနက်ဖြန်ကျရင် မိုးပြာသစ်ပင်ကြယ်ဆီ အရင်သွားကြတာပေါ့။”
“မိုးပြာသစ်ပင်ကြယ်…” ကုကျန်းရှင် နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။ သို့သော် တစ်ခုခုကို တွေးလိုက်မိသည့်အလား အံ့အားသင့်နေသည့် အမူအရာဖြင့် ပြန်မေးလိုက်၏ “ရောင်းရင်ရန် မင်းမိုးပြာသစ်ပင်ကြယ်ပေါ်မှာ ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်တစ်ခု ခင်းကျင်းထားတာလား။”
“ဟုတ်တယ်” ရန်ကိုင်ကပြုံးကာ ခေါင်းညိတ်လိုက်၏။
“အဲ့ဒါဆို ပိုတောင်ကောင်းသေးတယ်။ အချိန်ကုန် သက်သာသွားတာပေါ့။ ဒါဆို ဒီကု ရောင်းရင်းရန်ဆီက သတင်းကောင်းကို စောင့်နေမယ်နော်။” လျှို့ဝှက်ခန်းမှ ထွက်လာပြီးနောက်တွင် ရန်ကိုင်သည် ရွှယ့်ယွယ်ဆီသို့ သွားကာ ဓားအဖွဲ့အစည်းအတွက် ဟင်းလင်းပြင်အစီအရင်များ ခင်းပေးရမည့်အကြောင်းကို ပြောပြလိုက်လေသည်။
ရွှယ့်ယွယ်မှာ ရန်ကိုင်နှင့်မခွဲချင်သော်လည်း ရန်ကိုင့်ကို ဆွဲထားဖို့ကလည်း မဖြစ်ပြန်ပေ။ ထို့ပြင် ရန်ကိုင်သည် မနှောင်းသောအနာဂတ်တွင် ကြယ်တာရာအစုအဝေးဟူသော အဆင့်မြင့်နေရာတစ်ခုဆီသို့ သွားဦးမည်ဖြစ်ကြောင်းကိုလည်း သိထားသည်။
ထို့ကြောင့် သူမအနေဖြင့် ရန်ကိုင့်အနားတွင် ဆက်နေချင်သည်ဆိုပါက ကျင့်ကြံခြင်းကိုတိုးတက်အောင် လုပ်ရန်သာရှိတော့သည်။ မဟုတ်လျှင် ရန်ကိုင့်အား အကူအညီ ဖြစ်စေလိမ့်မည်မဟုတ်ဘဲ ဝန်ထုပ်ဝန်ပိုးသာ ဖြစ်လာစေပေလိမ့်မည်။
“စိတ်ပူနေစရာမလိုဘူး။ နင်ထွက်သွားတာနဲ့ တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ဖို့အတွက် တံခါးပိတ်ကျင့်စဉ် ဝင်တော့မှာ။ နင့်မိန်းမတွေအကုန်လုံးက ဒီလောက်တော်နေတာ…ငါနောက်ဆုံးမှာ ကျန်မနေချင်ဘူး။” ရွှယ့်ယွယ်က ဒေါသတကြီး ပြောလိုက်လေ၏။
ရန်ကိုင်ကရယ်မောလျက် “နင်ဒီလောက် ဖိအားများနေစရာ မလိုပါဘူး။ နင်ကိုယ်တိုင်ကလည်း ပါရမီရှင်တစ်ဦးပဲကို”
ထိုစကားကို ကြားသည့်အခါမှ ရွှယ့်ယွယ်မျက်နှာလေး ပြုံးဖြီးဖြီးဖြစ်သွားခဲ့လေ၏။ “ဒါနဲ့ စီနီယာအိုင်းအောင် ပြန်လာလို့ရှိရင် ဒါကိုသူ့ဆီပေးလိုက်ဖို့ မမေ့နဲ့နော်။”
ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူ၍ ရွှယ့်ယွယ်အား ပေးလိုက်လေသည်။
“ဘာကြီးလဲ”
“ကြယ်မြေပုံပဲ။ ဒီမြေပုံက ငါဘယ်မှာရှိနေလဲ ဆိုတာ ပြောပြပေးလိမ့်မယ်။” ရန်ကိုင်က ရှင်းပြလိုက်သည်။
“ငါနားလည်ပြီ” “ပြီးတော့နောက်တစ်ခု ရှိသေးတယ်။ ငါတို့ လူတစ်ယောက် လိုနေသေးတယ်။ နင့်အဖေ ဒါမှမဟုတ် စီနီယာလုံကို ထွက်ရှာပေးဖို့ သွားပြောပေးပါလား။ တွေ့လို့ရှိရင် ကျေးဇူးပြုပြီး ဖိတ်ခေါ်လာပေးပါလို့။”
“ငါနားလည်ပြီ”
ထိုနေ့တွင် ရန်ကိုင်သည် ရွှယ့်ယွယ်နှင့် ညလုံးပေါက်နေရင်း တန်ခိုးရှင်ဘုရင်အဆင့်၏ ဆန်းကြယ်မှုများနှင့် နယ်ပယ်စက်ကွင်းအား မည်ကဲ့သို့ ဖွဲ့စည်းရမလဲ ဆိုသည့်အကြောင်းများကို ရှင်းပြခဲ့လေသည်။ ထို့နောက် နောက်တစ်နေ့မနက်တွင် ရွှယ့်ယွယ်အားနှုတ်ဆက်ပြီး ထွက်ခွာလာခဲ့လေသည်။
ကုကျန်းရှင်နှင့် သူ့ဓားအစေခံနှစ်ဦးမှာ ထွက်ခွာရန်အသင့် ဖြစ်နေကြလေပြီ။ ရန်ကိုင့်ကိုစောင့်နေခြင်းသာရှိသည်။ ရန်ကိုင်နှင့်သူ့အဖွဲ့သည် ရေကောင်းကင်မြို့ရှိ ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်ဆီသို့ ထွက်လာကြလေသည်။ အစီအရင်အား မိုးပြာသစ်ပင်ကြယ်ပေါ်ရှိ အမွှာငါးမန်းကျွန်းတွင် ရှိနေသော ဟင်းလင်းပြင်အစီအရင်နှင့် သွားချိတ်ဆက်နိုင်စေရန်အတွက် နည်းနည်းပါးပါး ပြောင်းလဲလိုက်လေသည်။
ထို့နောက် ထိုအစီအရင်မှတစ်ဆင့် မိုးပြာသစ်ပင်ကြယ်ဆီသို့ ထွက်လာခဲ့လေ၏။ အလင်းတန်းများ ပျောက်ကွယ်သွားချိန် ရန်ကိုင်၊ ကုကျန်းရှင်နှင့် အခြားသူများအားလုံး အမွှာငါးမန်းကျွန်းပေါ်ရှိ ရန်ကိုင့်နန်းတော်သို့ ရောက်လာခဲ့ကြလေသည်။
နန်းတော်အားစောင့်ကြပ်နေကြသော ယွဲ့ရှီနှင့် သူ့တပည့် ဟဲကျောင်၊ ဟဲမြောင်တို့သည် ရန်ကိုင်အား မြင်သော် ချက်ချင်းနှုတ်ဆက်လိုက်ကြသည်။ မတွေ့ရသည်မှာ နှစ်အနည်းငယ်လောက်သာ ကြာသေးသော်လည်း ယွဲ့ရှီ၏ တပည့်နှစ်ဦးဖြစ်သော ဟဲကျောင်နှင့်ဟဲမြောင်မှာတော့ တန်ခိုးရှင်အဆင့်ကို ရောက်နေခဲ့ကြလေပြီ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၉၂၄)
မိုးပြာသစ်ပင်ကြယ်ပေါ်တွင် ခင်းကျင်းထားပြီး ဖြစ်သော ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်ကြောင့် ဓါးအဖွဲ့အစည်း၏ ကြယ်ဆယ့်ခုနှစ်လုံးပေါ်တွင် ကမ္ဘာခြားဟင်းလင်းပြင် အစီအရင် ခင်းကျင်းပေးရမည့် ကိစ္စမှာ အတော်လေး အချိန် သက်သာသွားခဲ့လေသည်။ တစ်နှစ်ခွဲ အတွင်းတွင် ရန်ကိုင်သည် သူခင်းကျင်းရမည့် အစီအရင် ဆယ့်ခုနှစ်ခုကို အပြီးသတ် ခင်းကျင်းနိုင်ခဲ့လေ၏။
အစီအရင် ကိစ္စပြီးနောက်တွင် ဓါးအဖွဲ့အစည်း၏ ဆေးပညာရှင်များဆီသို့ သွားကာ ဆေးပညာအကြောင်း ဟောပြောပေးလေ၏။ သူလုပ်စရာ ကိစ္စအားလုံး အပြီးသတ်ပြီးသွားချိန်တွင် ကွေ့ဇူနှင့် ချိန်းဆိုထားသည့် ဆယ်နှစ်တာ ရက်ချိန်းမှာ ခြောက်နှစ်သာ ကျန်တော့ကြောင်း တွေ့ရှိလိုက်ရသည်။
နောက်ဆုံးတွင် ရန်ကိုင်သည် အရိပ်ကြယ်သို့ ပြန်လာခဲ့လေသည်။ ဂိုဏ်းသို့ ပြန်ရောက်လာသောအခါ အထက်စကြာ၀ဠာ ဂိုဏ်း၏ တပည့်များမှ ရန်ကိုင့်အား ၀မ်းပန်းတသာ ကြိုဆိုကြလေသည်။ ဂိုဏ်းထဲရှိ ကျင့်ကြံသူများ၏ ကျင့်ကြံချင်းအဆင့်မှာ သူမရှိသည့် အချိန်အတောအတွင်း ပိုမြင့်မားသည့် အဆင့်သစ်တစ်ခုကို ရောက်နေကြောင်း ရန်ကိုင် တွေ့လိုက်ရသည်။
အထူးသဖြင့် စုယန် နှင့် ရှနင်းချန်ပင်။ သူ့အမျိုးသမီးနှစ်ဦးသည် တန်ခိုးရှင်ဘုရင် အဆင့်သို့ ချိုးဖျက် ၀င်ရောက်ပြီးနေလေပြီ။ တန်ခိုးရှင် ဘုရင်အဆင့်သို့ ချိုးဖျက် ၀င်ရောက်ပြီးနောက်တွင် စုယန်၏ အရှိန်အဝါမှာ မည်သည့် အညစ်အကြေးမှ စွန်းထင်းနေခြင်း မရှိတော့သည့်အလား ပို၍ သန့်စင်လာခဲ့သည်။
သူမ ပိုင်ဆိုင်ထားသည့် ရေခဲကျောက်စိမ်း အထူးခန္ဓာကိုယ်၊ ရေခဲတောင်ကြားမှ သင်ကြားခဲ့ရသည့် ကျင့်စဉ်များနှင့်တကွ နှင်းခဲဓါးကိုပါ ထပ်ပေါင်းလိုက်ရသော် လက်ရှိစုယန်၏ ခွန်အားသည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်နှင့် ယှဉ်ပြိုင်နိုင်သည် အထိကိုပင် အားကောင်းပေသည်။
ရန်ကိုင်နှင့်သာ ပူးပေါင်းတိုက်ခိုက်မည် ဆိုပါက တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် သတ်နိုင်ပေလိမ့်မည်။
ရှနင်းချန်၏ အရှိန်အဝါမှာမူကား ပိုပို၍ သဘာ၀ ဆန်လာ၏။ သူမ ခန္ဓာကိုယ်တစ်ခုလုံးသည် လောကကြီးနှင့် ပေါင်းစပ်သွားသည့်အလား။ သူမဘာကြောင့် ဤသို့ပြောင်းလဲသွားရသည်ကိုမူ စဉ်းစားကြည့်သော်ငြား အဖြေကို ရှာမတွေ့ခဲ့။
ဤသို့ဖြစ်ရခြင်းမှာ သူမပိုင်ဆိုင်ထားသည့် ထွဋ်မြတ် ဆေးခန္ဓာကိုယ်နှင့် ပတ်သတ်နေရမည်ဟုသာ ကောက်ချက်ချလိုက်လေသည်။
ရှနင်းချန်သည် တိုက်ခိုက်ရာတွင် ကျွမ်းကျင်လိမ့်မည် မဟုတ်သော်ငြား ဆေးပညာပိုင်းတွင်တော့ ပြိုင်ဘက်ကင်းသည့် ပညာရှင်တစ်ဦး ဖြစ်သည်။ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်၀င်ရောက်ပြီးနောက်တွင် လက်ရှိ ရှနင်းချန်၏ ဆေးစွမ်းရည်သည် ရန်ကိုင့်အား ကျော်တက်သွားပြီဟုပင် ပြော၍ ရပေသည်။
စုယန်နှင့် မတူညီစွာ ရှနင်းချန်သည် အရိပ်ကြယ်တွင်သာ နေမနေဘဲ ထုန်းရွမ်လောကကြီးဆီသို့လည်း အကြိမ်ပေါင်း များစွာ ပြန်သွားခဲ့သေးသည်။ တဖြည်းဖြည်း ပြန်လည် စည်ပင်၀ပြောလာသော လောကကြီးနှင့် တကွ ပိုပို၍ သိပ်သည်းလာသော မိုးမြေ စွမ်းရည်များကို ကြည့်ရင်း သူမခွန်အားကို အစဉ်မပြတ် တိုးတက်အောင် လုပ်နေမှသာလျင် ထုန်းရွမ် လောကကြီးသည်လည်း ပို၍ တောက်ပလာမည်မှန်း ရှနင်းချန် နားလည်သွားသည်။
ထို့ကြောင့် အစွမ်းကုန် ကြိုးစားကျင့်ကြံတော့လေ၏။ သူမ၏ ကျင့်ကြံနည်းမှာ အခြားမဟုတ်… ဆေးပညာသာဖြစ်သည်။ ရှနင်းချန်သည် ကျင့်ကြံခြင်း အဆင့်တက်ရန်အတွက် ဆေးလုံးများကို အဆက်မပြတ် ဖော်စပ်နေသည့် အတွက်ကြောင့် အထက်စကြာ၀ဠာဂိုဏ်းတွင် ဆေးလုံးများ ပုံထပ်လာတော့သည်။
ရှနင်းချန် ဖော်စပ်ထားသည့် ဆေးလုံးများကို အရိပ်ကြယ် ဈေးကွက်ထဲသို့ တင်ပို့ရောင်းချ ပြီးနောက်တွင် ဂိုဏ်းအတွက် အကျိုးအမြတ်များစွာကို ရှာနိုင်ခဲ့ရုံမက ရှနင်းချန် ဆေးဖော်စပ်ရန် လိုအပ်သော ဆေးအမယ်များကိုလည်း ပြန်လည် ၀ယ်ယူနိုင်ခဲ့လေသည်။
ဤသို့ဖြင့် အထက်စကြာ၀ဠာဂိုဏ်း၏ ခွန်အားမှာ တစ်နေ့တခြား တိုးမြင့်လာနေတော့၏။ ထိုနှစ်ဦးသာလျင် မဟုတ် တခြားသူများ၏ ကျင့်ကြံခြင်းမှာလည်း သိသိသာသာကို တိုးတက်လာခဲ့လေသည်။ သို့သော်ငြား ရီရှီယွင်သည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ထားသည်မှာ သိပ်မကြာသေးသည့်အတွက် နောက်တစ်ဆင့်သို့ ထပ်မတက်နိုင်သေးချေ။ ကွေ့ဇူသည်လည်း တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်တွင်သာ တစ်နေသေး၏။
ရန်ကိုင်သည် အထက်စကြာ၀ဠာဂိုဏ်းတွင် တစ်လကြာအောင် နေခဲ့သည်။ ထိုတစ်လအတွင်း သူ့မိဘ ဆွေမျိုး အပေါင်းအသင်းများကို အဖော်ပြုပေးခဲ့လေ၏။ တစ်လကြာပြီးနောက်တွင် ရန်ကိုင်သည် အားလုံး၏ မြင်ကွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။ သူ မည်သည့်နေရာသို့ ထွက်သွားသလဲ ဆိုသည်ကို လူအနည်းငယ်မှလွဲ၍ မည်သူမှ မသိကြပေ။
ညအချိန်အခါ၀ယ် အထက်အာကာယံသည် တလက်လက်ဖြင့် တောက်ပနေသော ကြယ်စင်လေးများဖြင့် ပြည့်နေခဲ့သည်။
အထက်စကြာ၀ဠာဂိုဏ်း၏ ဆေးတောင်ထွတ်ပေါ်၌…
ရှနင်းချန်သည် အဓိကလှေကားထစ်ပေါ်ရှိ ကျောက်လှေကားပေါ်တွင် ထိုင်ရင်း မေးထောက်ကာ ကောင်းကင်ပေါ်သို့ မော့ကြည့်နေခဲ့လေသည်။
“ရှပ်….ရှပ်….ရှပ်”
ခြေသံကြားသဖြင့် အနောက်သို့ လှမ်းကြည့်လိုက်ရာ ဖြည်းဖြည်းချင်း လျှောက်လာနေသော စုယန်ကို တွေ့လိုက်ရပေသည်။
ထိုအခါ ရှနင်းချန်က ပြုံးလျက် နှုတ်ဆက်လိုက်၏။
“စီနီယာ အမစု”
စုယန်သည် ရှနင်းချန် ဘေးတွင် ၀င်ထိုင်လိုက်ပြီး သူမကဲ့သို့ပင် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။ နတ်သမီးတမျှ လှပလှသည့် အမျိုးသမီးနှစ်ဦး ဘေးချင်းကပ် ထိုင်နေခြင်းမှာ ပန်းချီဆရာတို့အတွက် အလှပဆုံးသော စုတ်ချက် ပန်းချီကားတစ်ခု ဖြစ်လာနိုင်ပေသည်။ မိန်းကလေးနှစ်ဦး၏ ဆံပင်များသည် လေအဝှေ့၌ ယိမ်းသမလေးများနှယ် လူးလွန့်ကခုန်နေကြသည်။
စုယန်သည် ကောင်းကင်ပေါ်သို့ မော့ကြည့်နေရင်းမှ မေးလိုက်၏။
“ဂျူနီယာညီမ နင်သူ့ကို စိတ်ပူနေတာလား”
ရှနင်းချန်က ဖြေးဖြေးချင်း ခေါင်းခါ၍
“စိတ်မပူပါဘူး၊ သူထွက်သွားပြီးတိုင်း အမြဲတမ်း အန္တရာယ် ကင်းကင်းနဲ့ ပြန်ရောက်လာတာပဲ”
ထိုအခါ စုယန်က ထပ်မေးလိုက်၏။
“ဒါဆို သူနဲ့မခွဲချင် ဖြစ်နေတာပေါ့”
ရှနင်းချန်၏ ပါးလေးများ နီရဲသွားလေသည်။
သို့တိုင် နှုတ်ခမ်းကို ကိုက်လျက် ပြောလိုက်၏။
“စီနီယာအစ်မလည်း အတူတူပဲ မဟုတ်ဘူးလား”
စုယန်လည်း ရှက်သွေးဖြာသွားခဲ့သည်။ သို့သော် ခေါင်းခါလျက် ပြန်ပြောလိုက်၏။
“တစ်ကယ်တမ်း ပြောရရင် ငါသူနဲ့ မခွဲချင်ဘူး ဒါပေမဲ့ မခွဲလို့လည်း ရမှမရတာ၊ အမြဲတမ်း ဒီလိုချည်းပဲကို”
“ဟုတ်တယ်၊ အမြဲတမ်း ဒီအတိုင်းချည်းပဲ”
ရှနင်းချန်က ပြုံးလျက်
“ဒါပေမယ့် ဖြစ်ပါများလာတော့ အခုဆို တော်တော်လေးတောင် အသားကျနေပြီ”
“ဟူး…ယောင်္ကျားတွေ၊ ယောင်္ကျားတွေ၊ အခြားသူတွေကို ဘယ်လို စိတ်ပူအောင်လုပ်ရမလဲ တကယ်သိတယ်။ အရင်တုန်းက ငါတို့ ဒီလောကကြီးအကြောင်း ဘာမှမသိခဲ့ဘူး။ အဲ့လိုမသိဘဲနဲ့ကို ထုန်းရွမ်လောကကြီး အဲ့ကနေ ဒီကိုရောက်လာခဲ့တာ။ အဲ့လိုမလာခင် သူက အမြဲတမ်း ငါတို့ထက် ဦးအောင်အရင် ထွက်တယ်။ ထွက်သွားလို့ အဆင်ပြေမှ ငါတို့ကို ပြန်လာခေါ်တယ်။ အခုအကြိမ်လည်း အတူတူပဲ။ ကြယ်တာယာ အစုအဝေးအကြောင်း ငါတို့ ဘာမှမသိဘူး။ အဲ့နေရာ ဘယ်လောက် အန္တရာယ်များလဲ ဆိုတာလည်း ငါတို့ဘာမှမသိဘူး။ ဒါပေမဲ့ ငါတို့လုပ်နိုင်တာ ဘာမှမရှိဘူးလေ။ သူနဲ့ ကျင့်ကြံခြင်း ပြတ်မထွက်သွားအောင် ကြိုးစား ကျင့်ကြံနေဖို့ပဲ ရှိတယ်”
“စီနီယာ အစ်မက အဲ့လိုမျိုး မလုပ်ချင်လို့လား”
“ငါ သူ့အပေါ် အမြဲတမ်းကြီး မှီခိုမနေချင်ဘူး၊ ငါလိုချင်တာက သူနဲ့အတူတူ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားချင်တာ” စုယန်က ၀မ်းနည်းနေသည့် အမူအရာဖြင့် ပြောလိုက်၏။
“အခု စဉ်းစားကြည့်လိုက်မှ… သတိထားမိတယ်။ သူဒုက္ခရောက်နေတိုင်း ငါတစ်ခါမှသွားပြီး မကူညီနိုင်ခဲ့ဘူး။ ဒါပေမဲ့ ငါဒုက္ခရောက်နေတိုင်းတော့ သူအမြဲပေါ်လာပြီး ငါ့ကို နတ်ဘုရားတစ်ပါးလို ကယ်တင်ပေးသွားတယ်”
ကာကွယ်ပေးခံရသည့် ခံစားချက်မှာ အတော်လေးကိုမှ ပျော်မွေ့ဖွယ်ကောင်းသော်လည်း စုရန်အနေဖြင့် အမြဲတမ်း ထိုခံစားချက်ကြီးကိုပဲ မခံစားချင်ပေ။
မီးပင်လယ်ကိုတောင် ဖြတ်ကျော်ရမယ်ဆိုရင် သူနဲ့အတူတူ ရင်ဆိုင် ကျော်လွှားခွင့်ရမယ်ဆိုရင် ဘာမှ ကိစ္စမရှိတော့ဘူး။ ငါ့အသက် သေရမယ်ဆိုရင်တောင် ငါလုံး၀ နောင်တရမှာ မဟုတ်ဘူး
အကြည့် မျက်၀န်းနှစ်စုံသည် ကြယ်ရောင် တလက်လက်ထနေသော ကောင်းကင်ယံသို့ တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့ကြလေသည်။
ကြယ်စီရင်စုကြီးထဲရှိ အရိပ်ကြယ်၏ လူများမှ သေမင်းဇုန်ဟု ခေါ်ကြသည့် နေရာ၌… ရန်ကိုင်သည် သေမင်းဇုန်၏ အလယ်တည့်တည့်တွင် ရပ်နေလေသည်။ သူ့တစ်ကိုယ်လုံး ရွှေရောင် သွေးများဖြင့် စိုရွှဲနေခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသည့် ဧကရာဇ် ဖိအားသည် သူ့ခန္ဓာကိုယ်အား အဆက်မပျက် ဖျက်စီးနေခဲ့သော်ငြား ရွှေရောင် သွေးစက်သည် ထိုဒဏ်ရာများကို လျင်မြန်စွာ ပြန်လည် ကုစားပေးနေခဲ့လေသည်။ ရန်ကိုင်သည် သူ့ခန္ဓာကိုယ်ကို ဖျက်စီးလိုက် ပြန်ကောင်းအောင် လုပ်လိုက် လုပ်နေခြင်း ဖြစ်သည်။
ထိုသို့ လုပ်နေသည့်အတွက် ကြီးစွာသော နာကျင်မှုကို ရန်ကိုင် ခံစားနေခဲ့ရသော်ငြား ရန်ကိုင် ကတော့ ဂရုမစိုက်ပေ။ ရန်ကိုင်သည် ဤနည်းလမ်းကိုသုံးကာ ဧကရာဇ်ဖိအား၏ နက်နဲဆန်းကြယ်မှုများနှင့် နိယာမ၏ သဘောတရားကို ခံစားကြည့်နေခြင်းဖြစ်သည်။
သူကျင့်ကြံထားသော ဓါတ်ကြီးငါးပါး အကြွင်းမဲ့ ဓါးကျင့်စဉ်နှင့် သောက်သုံးထားသော မရေမတွက်နိုင်သည့် အရိပ်ကောင်းကင် ဆေးလုံးများနှင့်တကွ ရွှေရောင်သွေးစက်တို့၏ အကူအညီကြောင့် ရန်ကိုင်၏ ခန္ဓာကိုယ်သည် အလွန်ပြင်းထန်သော ဖိအားကို ခံစားနေရသည့်တိုင် ပျက်စီးသွားခြင်း မရှိပေ။
သူ့နေရာတွင်သာ အခြား တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးဆိုပါက သေမင်းဇုန်၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကိုခုခံရန်အတွက် သူတို့၏ သူတော်စင်ချီကို လှည့်ပတ်ထားရပေလိမ့်မည်။ သို့ရာတွင် ရန်ကိုင်ကမူ ခန္ဓာကိုယ် သက်သက်ဖြင့်သာ ခုခံနေ၏။ သို့သော်လည်း ဧကရာဇ်ဖိအားမှာ အလွန်ကိုမှ ပြင်းထန်လှသည့် အတွက် ရန်ကိုင့်အနေဖြင့် ဤပုံစံအတိုင်း ဆက်ပြီးထိန်းထားရန် အလို့ငှာ ရွှေရောင်သွေးစက်ကို အဆက်မပြတ် လောင်ကျွမ်းနေရလေသည်။
အချိန်ကြာလာသည့်အခါ ရန်ကိုင့်ကိုယ် ပတ်လည်တွင် ရွှေရောင် သွေးတို့ဖြင့် ဖွဲ့စည်းထားသော ပိုးအိမ်အလွှာတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ မသိလျင် ရန်ကိုင်သည် ပိုးမျှင်ထုတ်သည့် ပိုးကောင်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသလားပင် ထင်ရသည်။ ဤနည်းလမ်းသည် အလွန်ကိုမှ နာကျင်ရသော်လည်း ရန်ကိုင်သည် သူ့အတွက် အခွင့်အရေးတစ်ခုဟုသာ ယူဆထားသည်။
ဤအချိန်သည် ဓါတ်ကြီးငါးပါး အကြွင်းမဲ့ ဓါးကျင့်စဉ်ကို ကျင့်ကြံရန်အတွက် အကောင်းဆုံး အခိုက်အတန့် ဖြစ်ပေသည်။ သူ့ကိုယ်သူ သွေးပိုးအိမ်ဖြင့် ရစ်ပတ်ပြီးနောက်၌ ရန်ကိုင်သည် ဓာတ်ကြီးငါးပါးနှင့် သက်ဆိုင်သော ရတနာ တစ်မျိုးစီကို ထုတ်ကာ ထိုရတနာပစ္စည်း ငါးမျိုးထဲမှ စွမ်းအင်များကို အရူးအမူး စုပ်ယူတော့လေသည်။
ရန်ကိုင်သည် ထိုမျှနှင့်ပင် မရပ်တန့်လိုက်သေးဘဲ ကြည်လင် ကောင်းကင် လေလံစံအိမ်မှ ရရှိလာခဲ့သော တန်ခိုးရှင်အဆီအနှစ် သလင်းကျောက်ကိုပါ ထပ်မံ ထုတ်ယူ၍ တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံခြင်းနှင့် ပတ်သတ်သော သဘောတရားများကို စတင် လေ့လာကြည့်လေသည်။
ဤသုဿန်တစပြင်နှယ် တိတ်ဆိတ်နေသော ကြယ်တာယာ ကောင်းကင်ကြီးထဲရှိ အလွန်ကိုမှ အန္တရာယ်များလှသော သေမင်းဇုန်ထဲတွင် တစ်စုံတစ်ဦးသည် ဧကရာဇ်ဖိအားကို သုံး၍ မိမိ၏ အကန့်အသတ်ကို ချိုးဖျက်ရန် ကြိုးစားနေလိမ့်မည်ဟု မည်သူမှ တွေးမိလိမ့်မည် မဟုတ်ပေ။
သူ့တွင် အချိန်သိပ်မရှိတော့မှန်း ရန်ကိုင်သိနေသည်။ ဓါးအဖွဲ့အစည်းနှင့် ဟုန်းလော့ကုန်သွယ်ရေးအတွက် လေဟာနယ်အခင်းအကျင်းများ လိုက်လံ ခင်းကျင်းနေခြင်းဖြင့် အချိန်များစွာ ဆုံးရှုံးလိုက်ရသည့်အတွက် ဆုံးရှုံးလိုက်ရသည့် အချိန်များ ကာမိစေရန် ဤနည်းလမ်းကို သုံးပြီး ကျင့်ကြံနေခြင်း ဖြစ်သည်။
ဤသို့ဖြင့် မျက်တောင် တစ်ခတ်အတွင်း အချိန်သုံးနှစ် ကုန်ဆုံးသွားခဲ့လေသည်။ ယနေ့တွင် ရာသီဥတုမှာ သာယာနေခဲ့သည်။ မည်သည့် တိမ်စိုင် တိမ်တိုက်မှ မရှိ။ ကောင်းကင်တစ်ခုလုံးသည် ဖန်သား တစ်ချပ်နှယ် ကြည်လင်နေခဲ့သည်။ ရုတ်တရက် ဟင်းလင်းပြင်ထဲတွင် ရွှေရောင်အလင်းတစ်ချက် လက်သွားခဲ့ပြီး ပြန်လည် ပျောက်ကွယ်သွားခဲ့လေသည်။
ထိုရွှေရောင်အလင်း ပေါ်လာသည့် အချိန်၌ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ရပ်ကို လူတိုင်း လိုလို ခံစားလိုက်ရသည်။ အရိပ်ကြယ်၏ မိုးမြေစွမ်းအင်သည် ရုတ်တရက်ဆိုသလို အဆပေါင်းများစွာ ပိုမို သိပ်သည်းလာခဲ့လေသည်။ မရေမတွက်နိုင်သော သက်တံ့အလင်းတန်းများသည်လည်း ကြယ်စီရင်စုကြီးထဲမှ အရိပ်ကြယ်ပေါ်သို့ ကျဆင်းလာခဲ့လေသည်။ ထိုအလင်းတန်းများ ဘာဖြစ်သလဲဆိုသည်ကို မည်သူမှ မသိကြပေ။
နောက်ဆုံးတွင်မှ ထိုအလင်းတန်းများ ကျရောက်သွားသည့် နေရာတိုင်း ကျင့်ကြံဖို့ အလွန်ကိုမှ ကောင်းမွန်သော နိဗ္ဗာန်ဘုံ အဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့ရှိလိုက်ရလေ၏။
အလင်းတန်းများ ကျရောက်သွားသည့် နေရာရှိ မိုးမြေစွမ်းအင်သည် သာမန်နေရာများထက် အဆပေါင်းများစွာကိုမှ ပိုမိုမြင့်မား လာခဲ့သည်။
ယခင်က မည်သူမှ ဂရုမစိုက်ခဲ့သော၊ မည်သည့်အပင်မှ ပေါက်ရောက်ခဲ့ခြင်း မရှိသည့် တောင်ကတုံး တစ်ခုသည် ထိုအလင်းတန်း ကျရောက်ပြီးနောက်တွင် စိမ်းလန်းစိုပြေ လှပသော တောတောင်၊တောအုပ်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ကျင့်ကြံသူများ၏ သွေးများ ဆူပွက်လာခဲ့ကြသည်။ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေသော အလွန်ကောင်းမွန်သည့် ကျင့်ကြံရေး နယ်မြေများကြောင့် လူတိုင်း အလွန်ကိုမှ ပျော်ရွှင်နေကြသည်။ ဤအရာသည် ကောင်းကင်မှ ပေးသည့် လက်ဆောင်ဖြစ်သည်ဟု အကုန်လုံး မှတ်ယူထားကြလေသည်။
အထက်စကြာ၀ဠာဂိုဏ်း၏ ပန်းတစ်ရာ တောင်ထွဋ်၌…
ရီရှီယွင်သည် ရွှေရောင်အလင်းတစ်ချက် လက်သွားသည်ကို သေသေချာချာ မြင်လိုက်ရလေသည်။ ခနအကြာတွင် သူမဘေးနား၌ ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုလူမှာ တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ချိုးဖျက်သွားသည်မှာ ကြာပြီဖြစ်သော ကွေ့ဇူမှ လွဲ၍ အခြားမဟုတ်ပေ။
ကွေ့ဇူရောက်လာသည်ကို မြင်သော် ရီရှီယွင် က ခေါင်းညိတ်ပြလိုက်၏။
ကွေ့စူက ပြောလိုက်လေသည် “ကြည့်ရတာ ဒီကောင် တံခါးပိတ် ကျင့်စဉ်၀င်တာကနေ ထွက်လာပြီနဲ့တူတယ်”
“ဂိုဏ်းချုပ်ကြောင့် အခုလိုတွေ ဖြစ်ကုန်တာလား” ရီရှီယွင်က ပြန်မေးလိုက်သည်။
ထိုစကားကို ကြားသည့်အခါ ကွေ့ဇူက ပြန်ပြောလေ၏ “အရိပ်ကြယ်ရဲ့ ကြယ်သခင်ကလွဲပြီး ဘယ်သူကများ ကြယ်တစ်ခုလုံးကို အခုလိုဖြစ်အောင် လုပ်နိုင်မှာလည်း။ သူက အရိပ်ကြယ်ကို သန့်စင်ထားတဲ့လူ။ ဒီတော့ သူ့ခွန်အား တိုးတက်လာရင် အရိပ်ကြယ်လည်း လိုက်ပြီး တိုးတက်လာမှာပဲ၊ နင်ဒီမှာ နေနေတာ ကြာနေပြီ။ သူ့ခွန်အား တိုးတက်သွားတိုင်း အရိပ်ကြယ်ပါ ပြောင်းလဲသွားတာကို နင် သတိမပြုမိဘူးလား”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၉၂၅)
ကွေ့ဇူ ပြောသည်ကို ကြားသည့်အခါ ရီရှီယွင်က ခေါင်းညိတ်၍ “ဟုတ်တယ်၊ အရိပ်ကြယ်က အရင်ကနဲ့ သိပ်မတူတော့ဘူး ဒါပေမဲ့ အရင်တုန်းက ပြောင်းလဲတာက သိပ်မသိသာတော့ သတိထားမိတဲ့သူ ဘယ်သူမှ သိပ်မရှိဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ် ပြောင်းလဲတာက အရမ်း သိသာလွန်းတယ်”
“အဲ့တာ ဟိုကောင့် ခွန်အား အရမ်း မြင့်လာလို့ပေါ့။ ကြည့်ရတာ သူ တန်ခိုးရှင်ဘုရင်တတိယ အဆင့်ကို ရောက်သွားပြီနဲ့တူတယ်” ကွေ့ဇူက ပြုံးဖြီးဖြီး ဖြင့်ပြောလိုက်သည်။
“တန်ခိုးရှင်ဘုရင် တတိယအဆင့်…” ရီရှီယွင်သည် သူမဘာသာ ရေရွတ်လိုက်လေသည်။
သူမသည်လည်း မည်သည့်အချိန်မှ ထိုအဆင့်သို့ ရောက်နိုင်မည်နည်း။ ရီရှီယွင်သည် မည်သူ့ထက်မဆို ကြယ်တာရာ အစုအဝေးအထဲသို့ ပိုသွားချင်သည်။
အကြောင်းမှာ ကြယ်တာရာအစုအဝေးသည် ကြယ်တာရာကောင်းကင်မဟာဧကရာဇ် နေသည့် နေရာ ဖြစ်သည့်အတွက်ကြောင့်ပင် ဖြစ်သည်။
ယန်ယန် ထွက်သွားစဉ်က သူမ၏ ခွန်အားမှာ လုံလောက်စွာ မြင့်မားနေခြင်း မရှိသည့်အတွက် ယန်ယန့် နောက်သို့ လိုက်မသွားနိုင်ခဲ့ပေ။ ထိုကိစ္စနှင့် ပတ်သတ်၍ ရီရှီယွင် အလွန်ကိုမှ စိတ်ညစ်ခဲ့ရသေးသည်။
ဟင်းလင်းပြင်ထဲ ရွှေရောင်အလင်းတစ်ချက် လက်သွားသည်ကို ရီရှီယင်နှင့် ကွေဇူသည်သာ သတိပြုမိလိုက်ခြင်း မဟုတ်ဘဲ အရိပ်ကြယ်ပေါ်ရှိ တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေသူတိုင်း သတိပြုမိလိုက်ကြပေသည်။ သို့သော် သတိပြုမိလိုက်ခြင်းသာ ဖြစ်ပြီး အခြားဘာကိုမှ ထပ်ပြီး မမြင်လိုက်ရချေ။ သူတို့ မြင်လိုက်ရသည့် အရာဆို၍ ကြယ်စီရင်စုကြီး၏ အတွင်းပိုင်းမှ ထွက်ပေါ်လာသော သက်တံ့ရောင် အလင်းတန်း များသာ ရှိသည်။ ထိုအလင်းတန်း ကျရောက်သွားသော နေရာတိုင်း မိုးမြေစွမ်းအင် အလွန်ကိုမှ သိပ်သည်း ကြွယ်၀သည့် နေရာများ ဖြစ်သွားလေသည်။
တစ်ချိန်ထဲတွင် ရန်ကိုင်သည် ကြယ်စီရင်စုကြီး၏ သေမင်းဇုန်ထဲတွင် မလှုပ်မယှတ် ရပ်နေခဲ့သည်။ လက်ရှိ၌ သူ့အခြေအနေကို သူပင်လျင် သေချာ မပြောနိုင်တော့။ လွန်ခဲ့သည့် နှစ်များတွင် ရန်ကိုင်သည် သေမင်းဇုန်ထဲနေ၍ ဧကရာဇ်ဖိအား၊ နိယာမ စွမ်းအားတို့ကို ခံစားနေခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်အတွင်း တန်ခိုးရှင် အဆီအနှစ် ကျောက်တုံးကိုလည်း သန့်စင်ခဲ့လေသည်။
ထိုနည်းဖြင့်သာ ဆိုလျှင် တန်ခိုးရှင်ဘုရင် တတိယ အဆင့်သို့ အလွယ်တကူ ချိုးဖျက်နိုင်လိမ့်မည်ဟု ထင်ခဲ့သော်ငြား ဘာ့ကြောင့်မှန်းမသိ သူမည်မျှပင် ကြိုးစားစေကာမူ တန်ခိုးရှင်ဘုရင်တတိယ အဆင့်သို့ မချိုးဖျက်နိုင်ခဲ့ပေ။ သိသာသည့်အချက်မှာ သူ့ကိုယ်ပိုင် တန်ခိုးရှင် အဆီအနှစ်ကျောက်တုံးကို မသိပ်သည်းနိုင်သေးခြင်း ဖြစ်သည်။ တန်ခိုးရှင်ဘုရင် တတိယအဆင့် ဖြစ်လာပြီဆိုသည်နှင့် တန်ခိုးရှင်အဆီအနှစ် သလင်းကျောက်ကို သိပ်သည်းနိုင်ရပေမည်။
သူ့ကျင့်ကြံခြင်းမှာ နောက်တစ်ဆင့်သို့ မတက်လိုက်နိုင်ခဲ့သော်လည်း ဓါတ်ကြီးငါးပါး အကြွင်းမဲ့ ဓါးခန္ဓာကိုယ်မှာတော့ သေမင်းဇုန်ထဲရှိ အလွန် ပြင်းထန်သည့် ဖိအားကြောင့် နောက်တစ်ဆင့်သို့ ချိုးဖျက်သွားခဲ့သည်။ သူယူလာသည့် ဓာတ်ကြီးငါးပါးနှင့် သက်ဆိုင်သည့် ရတနာငါးခုအနက် နေမီးလျှံအမြူတေမှလွဲ၍ ကျန်သည့် ရတနာအားလုံး သုံးလို့ ကုန်သွားခဲ့လေပြီ။
ထို့အပြင် သူ့နယ်ပယ် စက်ကွင်းသည်လည်း ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်ခါနီးသွားခဲ့လေပြီ။
ထိုကြောင့် ရန်ကိုင်သည် တန်ခိုးရှင်ဘုရင် တတိယ အဆင့်သို့ မရောက်နိုင်ခဲ့သည့်တိုင် သူ့ခွန်အားမှာတော့ ယခင်ထက် အဆပေါင်းများစွာ ပိုမြင့်မားလာခဲ့လေသည်။
“အခွင့်အရေးပဲ မရောက်လာသေးလို့လား ဒါမှမဟုတ် ငါ့နည်းလမ်းကပဲ တစ်ခုခုမှားနေလို့လား” ရန်ကိုင် နားမလည်နိုင်ခဲ့ပေ။
ဤလောကကြီးတွင် ကိုယ့်ဘက်က ဖြစ်ချင်နေတိုင်း တွန်းအားပေး၍မရသည့် အရာများရှိသည်။ ထို့ကြောင့် ဤတစ်ကြိမ် အဆင့်ချိုးဖျက်ခြင်း ဖြစ်စဉ် မအောင်မြင်သွားသည့်တိုင် ရန်ကိုင် စိတ်ဓာတ် ကျမသွားခဲ့။ သူ့အရည်အချင်းသည် မည်သူ့အောက်မှ နိမ့်ကျခြင်းမရှိဟု ယုံကြည်ပေသည်။ အခြားသူများပင် တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ရောက်နိုင်သေးရာ သူကရော ဘာကြောင့်များ မရောက်နိုင်ရမည်နည်း။ သူလိုအပ်နေသည်မှာ အချိန်သာ ဖြစ်သည်။
“ထားလိုက်တော့ အဲ့အကြောင်းတွေးမနေတော့ဘူး။ ငါ့ခွန်အားက တန်ခိုးရှင်ဘုရင် တတိယအဆင့်တွေနဲ့တောင် ယှဉ်နိုင်တာဆိုတော့ ကြယ်တာရာအစုအဝေးကို သွားမယ့် ၀င်ပေါက်ဖွင့်မယ့် နေရာတစ်နေရာကို ငါယူလိုက်လို့ရတယ်”
ရန်ကိုင်သည် စိတ်ပူမနေတော့ဘဲ သိုလှောင်လက်စွပ်ထဲမှ အ၀တ်အစားသစ် တစ်စုံကို ထုတ်၀တ်လိုက်လေသည်။ ထို့နောက် အရိပ်ကြယ်ဆီသို့ ပြန်လာခဲ့လိုက်၏။ ဂိုဏ်းသို့ ပြန်ရောက်လာပြီးနောက်တွင် ရန်ကိုင်သည် အခြား မည်သူ့ကိုမှ သွားမတွေ့ဘဲ သူ့ဆွေမျိုးများကိုသာ သွားတွေ့လေသည်။ ရက်အနည်းငယ် အကြာတွင် ရန်ကိုင်သည် စုယန်နှင့် ရှနင်းချန်ကို ခေါ်ကာ ကမ္ဘာခြားဟင်းလင်းပြင်မှတစ်ဆင့် အရိပ်ကြယ်မှ ထွက်သွားလေ၏။
မည်သည့်နေရာသို့ ထွက်သွားသနည်း ဆိုသည်ကိုတော့ မည်သူမှ မသိကြပေ။ နောက် တစ်နှစ်လုံးလုံး ရန်ကိုင် ဂိုဏ်းတွင် ပြန်ပေါ်မလာခဲ့။ တစ်နေ့တွင် အထက်စကြာ၀ဠာဂိုဏ်းရှိ ကမ္ဘာခြား ဟင်းလင်းပြင် အစီအရင် ရုတ်တရက် တောက်ပလာပြီး ဟင်းလင်းပြင်အစီအရင်ပေါ်၌ လူနှစ်ဦး ပေါ်လာခဲ့လေသည်။
ရီရှီယွင်နှင့် ကွေ့ဇူသည် သတင်း ကြိုရထားသည့်အလား အနားတွင် ရပ်စောင့်နေကြသည်။ အသစ်ရောက်လာသည့် လူနှစ်ဦးကို မြင်သော် ရီရှင်ယွင်က အနည်းငယ် သားသားနားနား ၀တ်ဆင်ထားသည့် လူကြီးဘက်သို့ လှည့်၍ မေးလိုက်လေသည် “လူကြီးမင်းက ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ ခေါင်းဆောင် အိုင်းအောင်များလား မသိဘူး”
ထိုလူက ခေါင်းငြိမ့်၍ ပြန်ပြောလိုက်သည်။
“ဟုတ်ပါတယ် အိုင်းအောင်ပါပဲ”
“အထက်စကြာ၀ဠာဂိုဏ်းရဲ့ ရီရှီယွင်က ခေါင်းဆောင် အိုင်းအောင်ကို နှုတ်ဆက်ပါတယ်”
“ဒီတော့ အကြီးအကဲရီပေါ့၊ ကျုပ် ခင်ဗျား အကြောင်း ကြားဖူးပါတယ်” အိုင်းအောင်က အလျင်အမြန် ပြန်နှုတ်ဆက်လိုက်သည်။
ထို့နောက် ရီရှီယွင်သည် အိုင်းအောင်ဘေးတွင် ရပ်နေသော လူဘက်သို့ လှည့်၍ ပြုံးကာ ပြောလိုက်သည်။ “ဒီတော့ ဒီတစ်ယောက်က စီနီယာ လုံထျန်းရှန်ပေါ့”
“ဟုတ်ပါတယ်၊ အခုလိုတွေ့ရတာ ၀မ်းသာပါတယ် အကြီးအကဲရီ” လုံထျန်းရှန်သည် တည်တည်ငြိမ်ငြိမ် နှင့် ပြန်နှုတ်ဆက်လိုက်သည်။
“မင်းတို့ နှစ်ယောက် ရောက်လာတာ နည်းနည်းလေး စောသွားတယ်” ကွေ့ဇူက ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
ချက်ချင်းဆိုသလို အိုင်းအောင်နှင့် လုံထျန်းရှန်၏ အကြည့်သည် ကွေ့ဇူ စီသို့ ရောက်လာခဲ့သည်။ ကွေ့ဇူ၏ အရှိန်အဝါမှာ မနှစ်မြို့ဖွယ် ကောင်းသော်ငြား သူသည် သူတို့နှင့် တန်းတူရပ်တည်နိုင်သော တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်းကို အိုင်းအောင်နှင့် လုံထျန်းရှန်တို့ နှစ်ဦးစလုံး သိနေကြသည်။
အချင်းချင်း မလေးမစား လုပ်၍ မဖြစ်သည့်အတွက် လုံထျန်းရှန်နှင့် အိုင်းအောင်သည် ကွေ့ဇူအား ချက်ချင်းပဲ နှုတ်ဆက်လိုက်ကြလေသည်။
“ဟိုကောင်လေး ရန်ကိုင်ရော… သူဘာဖြစ်လို့ ငါတို့ကို လာမနှုတ်ဆက်တာလဲ” အိုင်းအောင်က မကျေမချမ်း ဖြင့် ရေရွတ်လိုက်သည်။
သူသည် ရန်ကိုင်၏ ယောက္ခမကြီး ဖြစ်ပေသည်။ ယောက္ခမ အိမ်လာလည်သည်ကို သမက်က ဘာကြောင့်များ လာမကြိုရသနည်း။
“အခုလောလောဆယ် ဂိုဏ်းချုပ်က ဂိုဏ်းမှာ ရှိမနေပါဘူး။ သူဘယ်သွားလည်း ကျွန်မတို့လည်း မသိရပါဘူး။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ အချိန်ကိုတော့ မှီအောင် ပြန်လာမှာ သေချာပါတယ်” ရီရှီယွင်က ပြန်ပြောလိုက်သည်။
“ဒီကောင်တော့ကွာ..” အိုင်းအောင်က အံကြိတ်၍ “ဒီကောင် ဇွတ်ပျော်နေတာ ချိန်းထားတာကိုတောင် လုံး၀ မေ့သွားပြီနဲ့တူတယ်”
ထိုအခါ လုံထျန်းရှန်က ရယ်မော၍ ပြောလိုက်လေသည်။
“လွန်ခဲ့တဲ့ တစ်နှစ်တုန်းက သူ ငါတို့ ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်းဆီကို ရောက်လာပြီး ရွှယ့်ယွယ်ကို လာခေါ်သွားတယ်လေ။ သူဘယ်သွားမယ်ဆိုတာ ဘယ်သူ့ကိုမှ ပြောမသွားဘူး”
အိုင်းအောင်က ပုတ်သိုးသိုး မျက်နှာဖြင့် “ဒီကောင်က လာချင်တိုင်းလာ၊ ထွက်သွားချင်တိုင်း ထွက်သွားနေတာ။ ငါတောင် သဘောမတူရသေးဘူး ရွှယ့်ယွယ်ကို ခေါ်သွားပြီးနေပြီ။ ပြီးတော့ သူနဲ့အတူ နောက်ထပ် အမျိုးသမီး သုံးဦးလည်း ပါသေးတယ်။ အကုန်လုံးက တန်ခိုးရှင်ဘုရင် အဆင့်တွေချည်းပဲ။ ဒီကောင် အဲ့လူတွေ အကုန်လုံးကို ဘယ်ကနေသွားရှာလာမှန်း ငါမပြောတတ်တော့ဘူး”
“အမျိုးသမီး သုံးဦး…” ရီရှီယွင်က မျက်ခုံးပင့်လျက်
“နှစ်ယောက်ကိုတော့ ကျွန်မသိတယ်။ အဲ့နှစ်ယောက်က ဂိုဏ်းချုပ်ရဲ့ စီနီယာအစ်မတွေပဲ။ သူတို့နှစ်ယောက်လုံးက တန်ခိုးရှင်ဘုရင် အဆင့်တွေချည်းပဲ။ ဒါပေမဲ့ တတိယ တစ်ယောက်က ဘယ်သူလည်း”
ရီရှီယွင်၏ အသံဆုံးသွားသည်နှင့် အနီးအနားဆီမှ အသံတစ်သံ ထွက်လာခဲ့လေသည် “သူက ဒီဘုရင်မရဲ့ မွေးစားသမီးလေ”
ထိုအသံထွက်ပေါ်လာသည်နှင့် တလက်လက် တောက်ပနေသော ကမ္ဘာခြားဟင်းလင်းပြင်အစီအရင်၏ အလင်းရောင် ပျောက်ကွယ်သွားခဲ့လေသည်။ တစ်ချိန်ထဲတွင် ရင့်ကျက်ပျိုရွယ်သော အမျိုးသမီးတစ်ဦးနှင့် ၀က်ဝံတစ်ကောင်ကဲ့သို့ ထွားကျိုင်းလှသည့် လူထွားကြီးတစ်ဦး ပေါ်လာခဲ့လေ၏။
အသံကို ကြားလိုက်သည့်အခါ အိုင်းအောင်နှင့် လုံထျန်းရှန်တို့ ထိတ်လန့်သွားပြီး ကမန်းကတမ်း နောက်သို့ လှည့်ကြည့်လိုက် ကြလေသည်။ စကားပြောလိုက်သည့်လူကို မြင်ပြီးနောက် အိုင်းအောင်က မျက်လုံးပြူးလျက် အလန့်တကြား ထအော်ပြောလေသည်
“ချီယွဲ့တစ္ဆေအိုကြီး… နင်ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ”
ယခုတစ်ကြိမ် ရောက်လာသည့်လူမှာ လနီမျိုးနွယ်၏ ခေါင်းဆောင် ချီယွဲ့သာ ဖြစ်လေသည်။ ချီယွဲ့က လှောင်ပြုံး ပြုံးလျက်“နင်တို့ သက်ကြားအိုကြီး နှစ်ယောက်တောင် လာနိုင်တာ ဒီဘုရင်မက ဘာလို့ မလာနိုင်ရမှာလဲ”
အိုင်းအောင်က နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်သည်။
“မတွေရတာသာ ကြာသွားတာ နင်ကတော့ အရင်လို လျှာစောင်း ထက်နေတုန်းပါပဲလား။ ဟိုကောင်စုတ်က နင်တို့ မွန်းစတားမျိုးနွယ်နဲ့ပါ အဆက်အသွယ် ရှိနေလိမ့်မယ်လို့ ငါတကယ် ထင်မထားဘူး။ ဒါပေမဲ့ ငါလုံး၀ မထင်ထားတာက နင် တန်ခိုးရှင်ဘုရင်တတိယ အဆင့်ကို ရောက်သွားမယ် ဆိုတာပဲ”
“နင်တောင် ရောက်နိုင်သေးတာ ငါက ဘာလို့ မရောက်နိုင်ရမှာလဲ” ချီယွဲ့က ယဲ့ယဲ့လေး ပြုံးလျက် ပြန်ပြောလိုက်လေသည်။
အိုင်းအောင်က မျက်လုံးမှေးစင်းလျက် “ဒီတော့ ရန်ကိုင် ခေါ်ထားတဲ့ ခြောက်ယောက်ထဲက တစ်ယောက်က နင်ပေါ့”
“နင်လည်း မဟုတ်လို့လား” ချီယွဲ့က ပြန်မေးလိုက်သည်။
“ငါက မပါလို့မှမရတာ။ ရန်ကိုင်က ဒီဘုရင်ရဲ့ သမက်လေ။ သူတောင်းဆိုတာကို ဒီဘုရင်က ဘယ်လိုလုပ်ပြီး သဘောမတူဘဲ နေနိုင်မှာလဲ” အိုင်းအောင်က ဂုဏ်ယူ ၀င့်ကြွားစွာ ပြုံးလျက် ပြန်ပြောလိုက်သည်။
“အတူတူပဲလေ ရန်ကိုင်ကလည်း ဒီဘုရင်မရဲ့ သမက်ပဲဟာကို။ သူတောင်းဆိုတာကို ငါကလည်း ဘယ်လိုလုပ်ပြီး သဘောမတူဘဲ နေနိုင်မှာလဲ” ချီယွဲ့က ပြန်ပြောလိုက်၏။
အိုင်းအောင်နှင့် ချီယွဲ့သည် တစ်ဦးကိုတစ်ဦး အတန်ကြာအောင် စိုက်ကြည့်နေပြီးနောက် ရုတ်တရက် အံကြိတ်ကာ ထကျိန်ဆဲတော့ လေသည်။
“အဲ့ကောင်စုတ်မှာ မိန်းမ ဘယ်နှစ်ယောက်တောင် ရှိနေတာလဲ”
လွန်ခဲ့သော တစ်နှစ်က ရန်ကိုင်သည် ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းသို့ သွားက ရွှယ့်ယွယ်ကို ခေါ်သွားခဲ့သည်။ ထိုနည်းတူစွာ မွန်းစတား ဧကရာဇ်ကြယ်သို့သွားပြီး ရှန်ချင်းလော့ကိုလည်း သွားခေါ်ခဲ့လေသည်။ တစ်ချိန်ထဲတွင် သူနှင့်အတူ အမျိုးသမီး နှစ်ဦး လိုက်ပါလာကြလေသည်။ ထို့ကြောင့် ရန်ကိုင့်တွင် လက်ရှိအချိန်၌ အမျိုးသမီး လေးဦး ရှိနေခဲ့လေပြီ။
ထိုအမျိုးသမီး လေးဦးစလုံးသည် တန်ခိုးရှင်ဘုရင် ပထမ အဆင့် ကျင့်ကြံသူချည်းများသာ ဖြစ်ကြသည်။ ရန်ကိုင် တံခါးပိတ် ကျင့်စဉ် ၀င်နေစဉ်အတွင်း ရွှယ့်ယွယ်သည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားခဲ့လေ၏။
“လူငယ်တွေဆိုတာ ဒီအတိုင်းပဲလေ” လုံထျန်းရှန်က ရယ်မောလျက် ၀င်ပြောလိုက်၏ “မင်းတို့နှစ်ယောက် မကျေမနပ် ဖြစ်မနေသင့်ဘူး။ ရန်ကိုင့်လို သမက် တစ်ယောက် ရထားတာကိုတောင် ဂုဏ်ယူနေသင့်တာ”
အိုင်းအောင်ကတော့ မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်လေ၏ “ဒါပေမယ့် ငါ့အဲ့ကောင်လုပ်ပုံကို သိပ်ပြီး ကြည့်မရဘူး”
ချီယွဲ့ကလည်း အေးစက်စက် လေသံဖြင့် ၀င်ပြောလေသည် “အဲ့ကောင် ပြန်လာရင် သင်ခန်းစာ ကောင်းကောင်း ပေးဖို့ လိုနေပြီ”
အိုင်းအောင်သည် ချီယွဲ့ပြောသည်ကို သဘောတူသည့်အလား ခေါင်းညိတ်ထောက်ခံလိုက်၏။
“အကုန်လုံးက အထက်စကြာ၀ဠာဂိုဏ်းရဲ့ အရေးကြီး ဧည့်သည်တွေဆိုတော့ ဂိုဏ်းချုပ် ပြန်မရောက်သေးတုန်း အကုန်လုံးရဲ့ နေစရာကိစ္စ အဝဝကို ကျွန်မကပဲ စီစဉ်ပေးထားပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်မနောက် လိုက်ခဲ့ပေးပါ”
အချင်းချင်း နှုတ်ဆက်စကား ပြောပြီးသွားသည်ကို မြင်သော် ရီရှီယွင်က ၀င်ပြောလိုက်လေသည်။ အကုန်လုံးသည်လည်း ဘာအပိုစကားမှ ပြောမနေဘဲ ရီရှီယွင်နောက်သို့သာ လိုက်သွားလေသည်။ မကြာမီ ဧည့်သည် တစ်ဦးပြီး တစ်ဦး ရောက်လာခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက်တွင် ဓါးအဖွဲ့အစည်း၏ ခေါင်းဆောင် ကုချန်းယွင်သည် သူ့သား ကုကျန်းရှင် နဲ့အတူ ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်ပေါ်တွင် ပေါ်လာခဲ့သည်။
လူမြင်ကွင်းမှ အမြဲတစ်စေ ပျောက်ကွယ်နေလေ့ရှိသော ဝူတောက် သည်လည်း အထက်စကြာ၀ဠာဂိုဏ်းသို့ ရောက်လာခဲ့လေသည်။
ရီရှီယွင်သည် ရောက်လာသူတိုင်း အဆင်မပြေ မဖြစ်ရလေအောင် နေရာထိုင်ခင်းများကို သေသေချာချာ စီစဉ်ပေးထားလေသည်။
ဤနေ့တွင် အထက်စကြာ၀ဠာဂိုဏ်း၌ တစ်ခိုးရှင်ဘုရင် တတိယ အဆင့် ကျင့်ကြံသူ ခြောက်ဦးတိတိ ရှိနေခဲ့လေပြီ။ တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူ ခြောက်ဦးကို တစ်နေရာထဲတွင် တွေ့ရဖို့ဆိုသည်မှာ အလွန်ကိုမှ မလွယ်ကူသည့် ကိစ္စဖြစ်သည်။ တန်ခိုးရှင်ဘုရင် တတိယ အဆင့် ကျင့်ကြံသူများသည် အမြဲလိုလို တံခါးပိတ် ကျင့်စဉ်၀င်နေကြသည့်အတွက် သူတို့ တစ်ဦးကိုပင် မြင်ရဖို့ အလွန်ကိုမှ ခက်ခဲလေရာ ခြောက်ဦးဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။
လူခြောက်ဦး ဆုံသွားပြီးနောက်ပိုင်းတွင် ထိုခြောက်ယောက်သည် အထက်စကြာ၀ဠာဂိုဏ်း၏ တောင်ထွဋ်ပေါ်တွင် နေကာ သိုင်းတာအိုအကြောင်း စတင် ဆွေးနွေးကြတော့သည်။ သူတို့၏ ဆွေးနွေးသံသည် အနီးအနားရှိ မိုးမြေစွမ်းအင်ကိုပင် လှုတ်ခတ် သွားစေခဲ့၏။ ဆန်းကြယ်သော အသံတစ်သံသည် အဘက်ဘက်သို့ ပျံ့နှံ့လာခဲ့လေသည်။
ထိုအသံကြောင့် အထက်စကြာ၀ဠာဂိုဏ်းထဲတွင် ရှိနေကြသော တပည့်ပေါင်းများစွာတို့ အကျိုးအမြတ် များစွာ ရရှိသွားခဲ့ကြလေသည်။ အချိန်ပေါ် ရှုမြင်ပုံသည် ကျင့်ကြံခြင်းအပေါ် လိုက်၍ ကွဲပြားသွားကြသည်။ တန်ခိုးရှင်ဘုရင် တတိယ အဆင့် ကျင့်ကြံသူများအတွက် တစ်လဆိုသော အချိန်ကာလသည် အလွန်ကိုမှ တိုတောင်းပေသည်။
ပညာရှင် ခြောက်ဦးသည် အထက်စကြာ၀ဠာဂိုဏ်း၏ တောင်ထွဋ်ပေါ်တွင် တစ်လတိတိ ထိုင်ကာ သိုင်းတာအိုအကြောင်း ဆွေးနွေးခဲ့ကြသည်။ တစ်လကြာပြီးနောက်တွင် အချိန်အတော်အတန်ကြာအောင် ငြိမ်သက်နေသော ကမ္ဘာခြား ဟင်းလင်းပြင် အစီအရင်သည် ရုတ်တရက် အသက်ဝင်လာခဲ့လေသည်။
အလင်းရောင် ပျောက်ကွယ်သွားပြီးနောက်တွင် လူငါးဦး ပေါ်လာခဲ့လေသည်။ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး လေးဦးပင် ဖြစ်သည်။ ရန်ကိုင်သည် လက်ယာ လက်ဝဲဘက်တွင် အမျိုးသမီး နှစ်ဦးစီ ခြံရံလျက် ကမ္ဘာခြား ဟင်းလင်းပြင် အစီအရင်ပေါ်တွင် ပေါ်လာခဲ့လေသည်။