အခန်း (၁၉၂၆-၁၉၃၀)
Vol. 78 Ch. 1926-1930
အပိုင်း (၁၉၂၆)
လွန်ခဲ့သည့် တစ်နှစ်အတွင်း ရန်ကိုင်သည် သူ့မိန်းမ လေးဦးကို ခေါ်၍ ကြယ်စီရင်စုကြီးအနှံ့ လျှောက်ပတ်ခဲ့သည်။ ထုန်းရွှမ်လောကကြီးရှိ ဘုံကိုးခုထွတ်မြတ်နယ်မြေတွင်ပင် အချိန်အတန်ကြာအောင် သွားနေခဲ့သေးသည်။
လွန်ခဲ့သည့် တစ်နှစ်သည် ရန်ကိုင့်အတွက် အလွန်ကိုမှ ပျော်စရာ ကောင်းခဲ့လေသည်။ ထိုတစ်နှစ်အတွင်း ရန်ကိုင်သည် စိတ်ချမ်းသာမှု၊ ကိုယ်ချမ်းသာမှု ဟုသော ဤလောကကြီး၏ စည်းစိမ်ကို အပြည့်အ၀ ခံစားခဲ့သည်။ သို့သော်လည်း ယနေ့တွင်တော့ ထိုပျော်ရွှင်ဖွယ်ရာ ခရီးမှာ အဆုံးသတ်သွားခဲ့ရလေပြီ။
ရန်ကိုင်သည် အထက်စကြာ၀ဠာဂိုဏ်းသို့ သူ့မိန်းမ လေးဦးနှင့်အတူ ပြန်ရောက်လာခဲ့သည်။ ရန်ကိုင် ပေါ်လာသောအခါ သိုင်းတာအိုအကြောင်း ဆွေးနွှေးနေကြသော တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူ ခြောက်ဦးစလုံး အစီအရင်ရှိရာသို့ လှမ်းကြည့်လိုက်ကြလေသည်။
“ဟိုကောင် ပြန်လာပြီ” လုံထျန်းရှန်က ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
“ကောင်စုတ်လေး နင် နောက်ဆုံးတော့ ပေါ်လာပြီပေါ့” ချီယွဲ့မှာမူ အံတကြိတ်ကြိတ် ဖြစ်နေ၏။
ကွေ့ဇူက ရယ်သာ ရယ်မောလျက် “ဂိုဏ်းချုပ်က မိန်းမ လေးယောက်နဲ့ ထိုင်ပျော်နေတာ၊ အချိန်မှီပြန်ရောက်လာတာကို ကျေးဇူးတင်သင့်နေပြီ”
ထိုစဉ် အိုင်းအောင်က ကြားဖြတ်၀င်ပြောလိုက်လေသည် “ကောင်စုတ်လေး မင်းမှာ ရှင်းစရာရှိတာတွေ ရှင်းဖို့ သုံးရက် အချိန်ရမယ်။ သုံးရက်ပြီးတာနဲ့ ငါတို့ စမယ်”
ဟင်းလင်းပြင် အစီအရင်ပေါ်တွင်ရှိနေသော ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားပြီး ချက်ချင်းပဲ အဓိက တောင်ထွတ်ပေါ်သို့ လှည့်၍ လက်သီးဆုပ်ပြလိုက်လေ၏။ အိုင်းအောင်စကားကို ကြားသော် ရန်ကိုင်သည် သူ့မိန်းမ လေးဦးဘက်သို့ လှည့်၍ ပြုံးကာပြောလိုက်လေသည် “ငါတို့မှာ အချိန် သုံးရက် ကျန်သေးတယ်”
အမျိုးသမီး လေးဦးမှာတော့ ရန်ကိုင် ကဲ့သို့ ပြုံးမနေနိုင်ကြဘဲ သုန်သုန်မှုန်မှုန်ဖြင့်သာ ရှိနေကြသည်။ ဤနေ့အတွက် ပြင်ဆင်ထားခဲ့ကြသော်လည်း တကယ်တမ်း ဤနေသို့ ရောက်လာသည့်အခါ လေးဦးစလုံးမှာ တုန့်ဆိုင်း နေခဲ့ကြလေသည်။ တုန့်ဆိုင်းနေသည်ထက် ရန်ကိုင့်အား ပိုစိတ်ပူနေသည်ဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။
ထိုသုံးရက်အတွင်း ရန်ကိုင်သည် လုပ်စရာရှိသည့် ကိစ္စအားလုံး အပြီးသတ် လုပ်ဆောင်ခဲ့သည်။ အကြီးအကဲများကို ခေါ်ကာ အစည်းအဝေး ထိုင်သည်။ ဂိုဏ်းချုပ်ရာထူးကို ရီရှီယွင်ထံ လက်လွှဲပေးသည်။ စုယန်နှင့် ရှနင်းချန်တို့အား အကြီးအကဲရာထူးပေးကာ ရီရှီယွင်အား ကူညီစေသည်။
ဤနည်းဖြင့် အထက်စကြာ၀ဠာဂိုဏ်းသည် သူနှင့် ကွေ့ဇူတို့ မရှိသည့်တိုင် တန်ခိုးရှင်ဘုရင် ပထမအဆင့် ကျင့်ကြံသူ သုံးဦးနှင့်တကွ အစီအရင်များ၏ အကူအညီဖြင့် ဘေးကင်းလုံခြုံစွာ ဆက်လက် ရပ်တည်နိုင်ပေလိမ့်မည်။ တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးမှ လာရောက် တိုက်ခိုက်မည်ဆိုလျှင်ပင် အထက်စကြာ၀ဠာဂိုဏ်းတွင် ပြန်တိုက်ခိုက်နိုင်သည့် ခွန်အား ရှိပေသည်။
စီစဉ်စရာအားလုံးကို စီစဉ်ပြီးတော့မှသာ ရန်ကိုင် အေးအေးဆေးဆေး အနားယူနိုင်တော့သည်။ ထို့နောက် နေရာအသီးသီးမှ ရလာသည့် ကျင့်စဉ်များ၊ သိုင်းပညာရပ်များ၊ ဆေးလုံးများနှင့် အခြားအမျိုးမျိုးသော ရတနာများကို အထက်စကြာ၀ဠာဂိုဏ်း၏ တပည့်များ အသုံးပြုနိုင်စေရန် ရတနာဂိုထောင်ထဲတွင် ချန်ထား ခဲ့လေသည်။
သုံးရက်တာဆိုသော အချိန်သည် မျက်တောင် တစ်ခတ်စာ အချိန်အတွင်း ကုန်ဆုံးသွားခဲ့သည်။ ယနေ့တွင် အထက်စကြာ၀ဠာဂိုဏ်း၏ အခြေအနေမှာ ယခင်ကကဲ့သို့ ပျော်မွေ့ဖွယ် ကောင်းမနေတော့ပေ။
တံခါးပိတ် ကျင့်စဉ်၀င်နေကြသော မရေမတွက်နိုင်သော တပည့်များသည် တံခါးပိတ် ကျင့်စဉ်၀င်ရာမှ ထွက်လာကြပြီး အဓိက ခန်မထဲတွင် စုဝေးကာ အထက် စကြာ၀ဠာဂိုဏ်းအား တည်ထောင်ခဲ့သည့် သူအား မော့ကြည့်နေကြသည်။
ရန်ရင်ဖုန်းနှင့် ဒေါင်စုကျုတို့ ဆိုလျင် သူတို့သားကို ထပ်မံ ခွဲရတော့မည် ဖြစ်သည့်အတွက်ကြောင့် ငိုပင် ငိုကြွေး နေခဲ့ကြသည်။ စုယန်နှင့် အခြားသူများမှာလည်း ရန်ကိုင့်အား စကားတစ်ခွန်းပြီးတစ်ခွန်း ပြောနေခဲ့ကြလေသည်။
“ဟိုရောက်လို့ နင့်ကို ကူညီပေးမယ့် မိန်းမတစ်ယောက် ရှိလို့ရှိရင် လက်သာ လက်ခံလိုက်။ ယောင်္ကျားတစ်ယောက် ကြီးကြီးမားမား အောင်မြင်ဖို့ဆိုရင် အနောက်ကနေ ထောက်ပံ့ပေးမယ့် မိန်းမ တစ်ယောက် ရှိဖို့လိုတယ်” စုယန်က ပြောလိုက်သည်။
“ဂျူနီယာ မောင်လေး နင့်ကိုယ်နင် ဂရုစိုက်နော်၊ မလိုအပ်ရင် လုံး၀ မစွန့်စားနဲ့နော်” ရှနင်းချန်သည် ဖောင်းအစ်နေသည့် မျက်လုံးများဖြင့် ရန်ကိုင့်အား ကြည့်ရင်း သတိပေးလိုက်လေသည်။
“နင် ဘယ်မိန်းမပဲ ထပ်ယူ ထပ်ယူ၊ ငါတို့ကိုတော့ လုံး၀ မေ့မသွားနဲ့နော်” ရွှယ့်ယွယ်က ပြောလိုက်သည်။
“နင်သာ ငါတို့ ညီအမတွေကို မေ့သွားရဲတယ်ဆိုရင် နောက်တစ်ကြိမ်တွေ့တာနဲ့…” ရှန်ချင်းလော့သည် အံကိုကြိတ်၍ လည်ပင်းအား တိကနဲ့ ဖြတ်တောက်ပြသည့် အမူအရာမျိုး လုပ်ပြလိုက်သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင်သည် မဲ့ပြုံးသာ ပြုံးလိုက်၏။ ထို့နောက် အလေးအနက် အမူအရာဖြင့် ပြောလိုက်လေ၏။ “ငါမရှိတုန်း ငါ့မိဘတွေကို စောင့်ရှောက်ပေးထားဦးနော်”
“စိတ်မပူနဲ့ အေးအေးဆေးဆေးသာသွား” စုယန်က ခေါင်းညိတ်လိုက်သည်။
“နင်တို့တွေကို ရထားတာ ငါ့အတွက် တကယ်ကို ကံကောင်းတာပဲ” ရန်ကိုင်က ပြောလိုက်သည်။
ထိုစကားကိုကြားသည့်အခါ အမျိုးသမီး လေးဦးစလုံး ရှက်သွေးဖြာသွားခဲ့လေသည်။ ရှန်ချင်းလော့က ထက်ရှသည့် လေသံဖြင့် “သွားသာ သွာစမ်းပါ။ ငါတို့ကို စီနီယာတွေရှေ့မှာ ရှက်အောင် လာလုပ်မနေနဲ့”
ရန်ကိုင်က ရယ်မောလိုက်ပြီး အမျိုးသမီး လေးဦးစလုံးအား တစ်ယောက်ချင်းစီကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်လေသည်။
ထို့နောက်တွင် ရန်ကိုင်နှင့် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူများသည် ကြယ်စီရင်စုထဲသို့ ပျံတက်သွားကြလေသည်။
အမျိုးသမီးလေးဦးစလုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားနေသော ရန်ကိုင်ကို ကြည့်ရင်း တစ်ခုခု ပြောချင်နေသည့်အလား ပါးစပ်ကို ဟလိုက်ကြသော်ငြား မည်သည့်စကားလုံးမှ ထွက်မလာခဲ့ချေ။
“ဂိုဏ်းချုပ်ရဲ့ ခရီးလမ်း အဆင်ပြေချောမွေ့ပါစေလို့ အထက်စကြာ၀ဠာဂိုဏ်းက ဆုတောင်းပေးလိုက်ပါတယ်”
ဂိုဏ်းချုပ် အောင်မြင်မှု အသီးသီးကို ဆုပ်ကိုင်ပြီး
ဂုဏ်ယူ၀င့်ကြွားစွာနဲ့ ဂိုဏ်းဆီ ပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်” အောက်ဘက်ဆီမှ ရီရှီယွင်၏ အသံ ထွက်ပေါ်လာခဲ့သည်။
ရီရှီယွင် ပြောပြီးသွားသည်နှင့် ချက်ချင်းဆိုသလို အထက်စကြာ၀ဠာဂိုဏ်း၏ တပည့်များ သံပြိုင် ဟစ်ကြွေးသံ ထွက်ပေါ်လာခဲ့လေသည်။
“ဂိုဏ်းချုပ် အောင်မြင်မှု အသီးသီးကို ဆုပ်ကိုင်နိုင်ပြီး ဂုဏ်ယူ၀င့်ကြွားစွာနဲ့ ဂိုဏ်းစီ ပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်”
တပည့်ပေါင်းများစွာ၏ မိုးခြိမ်းသံတမျှ ကျယ်လောင်သော သံပြိုင် ဟစ်ကြွေးသံသည် ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားခဲ့လေသည်။
“မင်းတို့ပြောတဲ့အတိုင်း ဖြစ်ပါစေလို့ ငါတို့လည်း ဆုတောင်းပါတယ်” လုံထျန်းရှန်၏ ရယ်မောသံသည် အဝေးတစ်နေရာမှ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် အလင်းတန်းပေါင်းများစွာသည် ကြယ်စီရင်စုထဲသို့ တိုး၀င်ပျောက်ကွယ် သွားခဲ့လေသည်။ ထိုအခါမှပဲ လူပေါင်းများစွာ စတင် ငိုကြွေးကြလေတော့သည်။
……
ကြယ်စီရင်စုကြီးထဲရှိ တစ်နေရာတွင် လူခုနစ်ယောက် အဖွဲ့ မတ်တပ်ရပ်နေကြသည်။ ရန်ကိုင်မှ လွဲ၍ ကျန်သူများသည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ရန်ကိုင်အတွက် ထိုလူများ အားလုံးသည် သူ၏ အသိမိတ်ဆွေများ ဖြစ်ကြပေသည်။ ချီယွဲ့ အိုင်းအောင်နှင့် ကွေ့ဇူတို့မှာမူ ပြောနေစရာပင် မလိုချေ။
ရန်ကိုင်သည် လုံထျန်းရှန်နှင့် သိပ်မတွေ့ဖူးသော်လည်း အနည်းဆုံး တစ်ကြိမ်လောက်တော့ တွေ့ဖူး၏။ ဓါးအဖွဲ့အစည်း၏ ခေါင်းဆောင် ကုချန်းယွင် ဆိုလျှင်လည်း ရန်ကိုင်သည် ဓါးအဖွဲ့အစည်း၏ ကြယ်များတွင် ကမ္ဘာခြား ဟင်းလင်ပြင် အစီအရင်များ လိုက်လံ ခင်းကျင်းနေစဉ်က ထိုခပ်ပုပု လူအိုကြီးနှင့် သိုင်းတာအိုအကြောင်း မကြာခန ဆွေးနွေးခဲ့ဖူးသည်။
ကုချန်းယွင်သည် ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နေတတ်သည့် လူတစ်ယောက်ဖြစ်ပေသည်။
နောက်ဆုံးတစ်ယောက် ကိတော့ ရန်ကိုင် မသိချေ။ ရန်ကိုင်မှ ထိုတစ်ယောက်အား စိတ်၀င်တစား ဖြင့် ကြည့်နေသည်ကို မြင်သော် လုံထျန်ူရှန်က ပြုံးလျက် မိတ်ဆက်ပေးလိုက်လေသည်။
“လာခဲ့ ရန်ကိုင် ငါမင်းကို မိတ်ဆက်ပေးမယ်။ ဒီယောက်က ငါတို့ကြယ်စီရင်စုကြီးထဲက တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတွေထဲမှာ သက်တမ်းအရင့်ဆုံးနဲ့ အားအကောင်းဆုံး ပညာရှင် ဝူတောက်ပဲ”
ရန်ကိုင်က အံအားသင့်သွားသည့် အမူအရာဖြင့်
“စီနီယာ ဝူတောက်လား…”
ဝူတောက်သည် သူ့အဖြူရောင် မုတ်ဆိတ်မွှေးနှင့် လိုက်ဖက်ညီစွာ ရိုးရှင်းသည့် မီးခိုးရောင် ၀တ်စုံကို ၀တ်ဆင်ထားပေသည်။ လုံထျန်းရှန်သာ မိတ်ဆက်မပေးလျင် သူ့ရှေ့တွင် ရပ်နေသူသည် ကြယ်စီရင်စုကြီး၏ ဒဏ္ဏာရီလာ ဝူတောက် ဖြစ်နေလိမ့်မည်မှန်း ရန်ကိုင် ဘယ်တော့မှ သိလိမ့်မည် မဟုတ်ပေ။
ဝူတောက်သည် ကြယ်စီရင်စုကြီးထဲရှိ ပညာရှင်ပေါင်းများစွာမှ လေးစားအားကျရသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ဝူတောက် အသက်ရှင်နေသည်မှာ နှစ်ပေါင်း ငါးထောင်ကျော်ခန့် ရှိနေပြီဟု ကောလာဟလ များက ပြောကြပေသည်။။
ဝူတောက် သည် လူရှေ့သူရှေ့တွင် ထွက်ပေါ်လာလေ့ မရှိသော်လည်း ကြယ်စီရင်စုကြီးထဲရှိ ကျင့်ကြံသူများကမူ သူ့အား အသန်မာဆုံးဟု သတ်မှတ်ထားကြပေသည်။
ရန်ကိုင်သည် တောင်စိမ်းကြယ်သို့ သွားစဉ်က ဝူတောက်၏ နာမည်ကို ပထမဆုံးအကြိမ် ကြားဖူးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ရန်ကိုင်သည် ဝူတောက်၏ တပည့်ဖြစ်သော ရှုပင်းပိုင် ကို သွေးအကျဉ်းထောင် စမ်းသပ်ပွဲတွင် တွေ့ခဲ့ဖူးပေသည်။ ထိုအကြောင်းကြောင့်ပင် တောင်စိမ်းကြယ်၏ ကြယ်သခင်ဖြစ်သော လော့ဟိုင်သည် ဂျူနီယာတစ်ယောက်သာ ဖြစ်သော ရှုပင်းပိုင်ကို တလေးတစားဖြင့် ဆက်ဆံနေခဲ့ခြင်း ဖြစ်သည်။
ထိုအချက်ကို ကြည့်ရုံဖြင့်ပင် ဝူတောက် မည်မျှ ကျော်ကြားသည်ကို မြင်နိုင်ပေသည်။ ဝူတောက်သည် ကြယ်စီရင်စုကြီး တစ်ခုလုံးအတွက် ဘိုးဘေးတစ်ဦးကဲ့သိုပင် ဖြစ်သည်။ ပို၍ ရှားပါးသည့် အချက်မှာ ဤလူသည် အလွန်ကိုမှ အံ့အားသင့်ဖွယ်ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားသည့်တိုင် ဝူတောက်နှင့် ပက်သက်သော မကောင်းသတင်း တစ်ခုကိုမှ မကြားရခြင်းပင်။ ဝူတောက်၏ ဂုဏ်သတင်းမှာ အမြဲတမ်း ကောင်းမွန်မြဲ၊ ကောင်းမွန်ဆဲပင်။
“ဂျူနီယာ ရန်ကိုင် စီနီယာ ဝူတောက်ကို နှုတ်ဆက်ပါတယ်” ဝူတောက်မှန်း သိလိုက်သော် ရန်ကိုင်သည် အလျင်စလိုပင် နှုတ်ဆက်လိုက်လေသည်။
“ဂိုဏ်းချုပ်ရန်က အရမ်း ယဉ်ကျေးနေတာပဲ” ဝူတောက်က ပြုံးလျက် “ရောင်ရင်း လုက ဒီလူအိုကြီး အကြောင်း အရမ်းချဲ့ကား ပြောနေတာ… တကယ်တော့ ဒီလူအိုကြီးက သူပြောသလောက်လည်း မဟုတ်ပါဘူး။ ဂိုဏ်းချုပ်ရန် ပေါ့ပေါ့ပါးပါးနဲ့ ပြောလို့ရတယ်။ ဒီလူအိုကြီးက တစ်ဘဝလုံး လိပ်တစ်ကောင်လို နေလာခဲ့ရုံပဲ။ အသက်ရှည်ရှည်နေလာတော့ အတွေ့အကြုံတွေ စုဆောင်းဖို့ ပိုပြီးအချိန်ရတယ်လေ။ ဒါပေမဲ့ ဂိုဏ်းချုပ်ကတော့ ဒီလူအိုကြီးနဲ့ လုံး၀မတူဘူး။ ဒီလူအိုကြီးက ဒီကြယ်စီရင်စုကြီးထဲမှာပဲ ငြိမ်ကုပ်ပြီး နေနေပေမဲ့ ဂိုဏ်းချုပ်ရန်ကတော့ ပိုမြင့်တဲ့ အဆင့်ဆီ တက်လှမ်းနိုင်ဖို့ ကြယ်တာယာ အစုအဝေးစီ သွားတဲ့လမ်းကြောင်းကို ရှာနိုင်ခဲ့တယ်။ ဒီဝူတောက် အဲ့အချက်နဲ့ ပတ်သက်ပြီး ဂိုဏ်းချုပ်ရန်ကို တကယ် လေးစားတယ်”
ရန်ကိုင်က ခေါင်းခါလျက် ချီးကျူးစကားကို ငြင်းဆိုလိုက်လေသည်။ ထို့နောက် လူအုပ်ကြီး ဘက်သို့ လှည့်၍ အလေးအနက် အမူအရာဖြင့် “အကုန်လုံး ကိုယ့်လုံခြုံရေးကို ဂရုမစိုက်ဘဲ ကြယ်တာရာ အစုအဝေးစီသွားတဲ့ လမ်းကြောင်းကို လာဖွင့်ပေးတဲ့ကျေးဇူးကို ဒီဂျုနီယာ လုံး၀မမေ့ပါဘူး။ ကျေးဇူးပြုပြီး ဒီဂျူနီယာ ဂါ၀ရပြုတာကို လက်ခံပေးပါ”
ပြောပြီးသည်နောက် ရန်ကိုင်သည် အကုန်လုံးအား ဦးညွှတ်လိုက်လေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ချီယွဲ့က ရယ်မောလျက် ခေါင်းတစ်ခါခါဖြင့် ပြောလိုက်လေ၏ “နင် အခုလိုတွေ လုပ်နေစရာမလိုဘူး။ ငါတို့ နင့်ကို ကူညီတယ်ဆိုတာ နင့်အတွက်ကြောင့်ပဲ မဟုတ်ဘူး ငါတို့ အတွက်လည်းပါတယ်။ ငါတို့အကုန်လုံးက တန်ခိုးရှင်ဘုရင် တတိယအဆင့်ကို ရောက်နေကြပြီ။ ဒီထက်ပိုမြင့်တဲ့အဆင့်ဆီ ရောက်ချင်ရင် ကြယ်တာရာ အစုအဝေးဆီ သွားမှပဲ ရတော့မှာ။ ကျင့်ကြံသူတွေထဲမှာ ပိုမြင့်မားတဲ့ နောက်တစ်ဆင့်ဆီ မရောက်ချင်တဲ့သူ ဘယ်သူရှိလို့လဲ။ ဝူတောက် ကိုယ်တိုင် ဒီကို ရောက်နေတာကိုပဲ ကြည့်”
ဝူတောက်က ခါးသက်စွာ ပြုံးလျက် “ဟုတ်တယ်။ ရောင်ရင်းလုံ ဒီအကြောင်းကို ပြောတုန်းက ဒီလူအိုကြီး လာရမယ်ဆိုတာ သိလိုက်တယ်။ ဒီလူအိုကြီးသာ မလာဘူးဆိုရင် အနှေးနဲ့အမြန်ဆိုသလို အသက်ကြီးပြီး သေသွားရတော့မှာ”
နှစ်ပေါင်း ငါးထောင်ကျော်ကြာအောင် အသက်ရှင်လာသော တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူ ဖြစ်သည်နှင့်အညီ ဝူတောက် အသက်ရှင်လာသည့် သက်တမ်းမှာ အလွန်ကို ရှည်ကြာသည်ဟု ပြော၍ရပေသည်။ လက်ရှိ ဝူတောက်တွင် အသက်ရှင်ရန် အချိန်များများစားစား မရှိတော့ချေ။ သူသာ အသက်ကြီးပြီး သေမသွားချင်လျှင် သူ့ကျင့်ကြံခြင်းအား မြှင့်တင်မှပဲ ရပေတော့မည်။
ထို့ကြောင့် ကြယ်တာရာအစုအဝေးသည် သူ့နောက်ဆုံး မျှော်လင့်ချက် ဖြစ်လာခဲ့သည်။ ထို့အတွက်ကြောင့်ပင် ဝူတောက် ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။
“အဲ့လိုဆိုပေမဲ့လည်း ဒီဂျူနီယာ အားလုံးကို ကျေးဇူးတင်ပါသေးတယ်”
ထိုသို့သာ ပြောနေသော်ငြား ရန်ကိုင့်စိတ်ထဲ သိပ်ပြီးတော့ လိပ်ပြာမလုံခဲ့ချေ။ အကြောင်းမှာ သူသည် ကြယ်စီရင်စုကြီးနှင့် ပတ်သတ်သည့် အကြောင်းစုံကို မပြောပြခဲ့သည့် အတွက်ကြောင့်ဖြစ်သည်။ ကြယ်စီရင်စုကြီးထဲတွင် ကာကွယ်သူများ ရှိနေသည်ဆိုသည့် အကြောင်းကို မပြောခဲ့ပေ။သို့သော် ကြယ်စီရင်စုကြီး၏ ကာကွယ်သူများမှာ ထိုလူများနှင့် မပတ်သတ်သည့်အတွက် ရန်ကိုင် လည်း အချိန်ကုန်ခံပြီး ရှင်းပြမနေခဲ့ချေ။
“ကဲ ဒီလောက်ဆို စကားတွေပြောတာ တော်လောက်ပြီ။ ကောင်လေး ဘာလုပ်ရမလဲ ငါတို့ကို ပြောတော့”
“ဒီမှာရှိတဲ့ သူတိုင်းက ကြယ်တာရာ အစုအဝေးဆီ သွားချင်တာလား” ရန်ကိုင်က မေးလိုက်သည်။
“ဦးလေးလုံက လိုက်မှာမဟုတ်ဘူး။ သူက ငါတို့ကို ကူညီပေးရုံ သက်သက်ပဲ ရောက်လာတာ” အိုင်းအောင်က ရှင်းပြလိုက်သည်။
“ဟုန်းလော့ ကုန်သွယ်ရေး အဖွဲ့အစည်းက အကြီးကြီးပဲ။ အဲ့လိုအဖွဲ့အစည်းကို စောင့်ကြပ်ဖို့ တစ်ယောက်ယောက် နေခဲ့မှပဲ ဖြစ်လိမ့်မယ်။ ဒါ့ကြောင့် ဒီတစ်ကြိမ် ငါပဲလိုက်မယ်။ သူလိုက်မှာ မဟုတ်ဘူး”
ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။ အထက်စကြာ၀ဠာဂိုဏ်းတွင်ပင် ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ သုံးဦးကို ချန်ထားရစ်ခဲ့ပေသည်။ ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းကဲ့သို့ မဟာအင်အားစုကြီး ဆိုလျင် ပြောနေစရာပင်မလိုတော့။
“အဲ့လိုဆိုရင်တော့ ဒီဂျူနီယာ စပါတော့မယ်”
ပြောပြီးသည်နောက် ရန်ကိုင်သည် ကြယ်ဧကရာဇ် တံဆိပ်ပြား ကိုးခုစလုံးကို ထုတ်ယူလိုက်လေသည်။ ကြယ်ဧကရာဇ်တံဆိပ်ပြား ကိုးခုမှာ ပုံမှန်တိုင်းသာဆိုလျှင် ဘာမှမထူးခြားသော်လည်း တံဆိပ်ပြား ကိုခုစလုံး အတူဆုံသွားပြီးနောက်တွင် စတင်၍ ပဲ့တင်ထပ်လာခဲ့သည်။ မကြာမီ အမျိုးမျိုးသော အင်းကွက်များ ကြယ်ဧကရာဇ် တံဆိပ်ပြားများပေါ်တွင် ထွက်ပေါ်လာခဲ့လေသည်။
ထို့နောက် တံဆိပ်ပြားကိုးခုသည် မည်သည့် အကူအညီမှ မပါဘဲနှင့် လေထဲသို့ အလိုလို ပျံတက်သွားပြီး ပုံစံကွက် တစ်ခုအတိုင်း သူတို့ဘာသာ အသီးသီး နေရာယူကြတော့၏။ ကြယ်ဧကရာဇ် တံဆိပ်ပြားတစ်ခုသည် အလယ်တွင် နေရာယူထားပြီး ကျန်တံဆိပ် ရှစ်ပြားသည် ထောင့်ရှစ်ထောင့် အသီးသီးတွင် နေရာယူထားလိုက်ကြသည်။
ထို့နောက် ကြယ်ဧကရာဇ်တံဆိပ်ပြားများဆီမှ တဝီဝီ မြည်သံများ ထွက်ပေါ်လာခဲ့လေသည်။ ထိုစဉ် ရန်ကိုင်က အားလုံးဘက်သို့ လှည့်၍ အော်ပြောလိုက်လေသည်။ “အကုန်လုံး ခင်ဗျားတို့ရဲ့ သူတော်စင်ချီကို အစီအရင်ထဲကို ထည့်ပေးကြပါ”
ပြောပြီးသည်နှင့် ရန်ကိုင်သည် ဦးဆောင်၍ သူ့ သူတော်စင်ချီကို ရှစ်ထောင့်ပုံစံ အစီအရင် ကွက်ထဲသို့ ဖြည့်သွင်းလိုက်လေသည်။ အကုန်လုံးသည်လည်း ရန်ကိုင်ပြောသည့်အတိုင်း လိုက်လုပ်ကြသည်။ တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူ ခြောက်ဦးစလုံးမှ လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် ရန်ကိုင်တို့ကို ဗဟိုပြု၍ ပတ်ပတ်လည် မိုင်တစ်သောင်း တစ်ခုလုံး တုန်ခါသွားခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၉၂၇)
တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး၏ အားကုန်သုံး တိုက်ခိုက်မှုသည် ကျင့်ကြံရေးကြယ်လေး တစ်လုံးကို ဖျက်ဆီးပစ်နိုင်လေသည်။ ယခုအချိန်၌ ဤနေရာတွင် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူခြောက်ဦးနှင့် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ရှိနေခဲ့ကြသည်။
ထိုခုနစ်ယောက်စလုံး တစ်ပြိုင်တည်းလှုပ်ရှားသည့် မြင်ကွင်းသည် တကယ်ကို ရင်သက်ရှုမောဖွယ်ရာ ကောင်းပေသည်။ သူတို့ခုနစ်ဦးပေါင်း ထုတ်လွှတ်လိုက်သည့် စွမ်းအင်သည် မိုင်တစ်သန်းအတွင်း ရှိနေသည့် အရာမှန်သမျှကို အငွေ့ပျံ ပျောက်ကွယ်သွားအောင် လုပ်ပစ်နိုင်၏။
သို့သော်လည်း ထိုမျှကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းအင်ထုကြီးသည် အစီအရင်ကွက်ကို ဘာဆိုဘာမှ ဖြစ်မသွားစေခဲ့ပေ။ ကြယ်ဧကရာဇ်တံဆိပ်ပြားကိုးခု စုဝေးရာမှ ဖြစ်ပေါ်လာသော အစီအရင်ကွက်သည် အဆုံးမဲ့တွင်းနက်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့်အလား ကျင့်ကြံသူခုနစ်ဦး၏ သူတော်စင်ချီများကို အငမ်းမရ စုပ်ယူနေခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း အကုန်လုံး၏အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ မဟာဧကရာဇ်၏ နည်းလမ်းများကို အထင်သေးလိုက်မိပြီမှန်း ခုနစ်ဦးစလုံး နားလည်သွားခဲ့ကြသည်။ မဟာဧကရာဇ်သည် ထိုတံဆိပ်ပြားများကို လွန်ခဲ့သော နှစ်တစ်သောင်းခန့်က ဖန်တီးခဲ့ခြင်းဖြစ်သော်လည်း တံဆိပ်ပြားများမှာတော့ ယနေ့ထိတိုင် ဤကဲ့သို့သောစွမ်းအားကို ထုတ်ဖော်နိုင်နေသေးသည်။
ထိုအချက်ကို ကြည့်ရုံနှင့်ပင် ကြယ်တာရာကောင်းကင် မဟာဧကရာဇ် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို မြင်တွေ့နိုင်ပေသည်။ အကုန်လုံး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့ဘာဆက်လုပ်ရမည်ကို သိလိုက်သည့်အလား ကျင့်ကြံသူခုနစ်ဦးစလုံးသည် အစီအရင်ထဲသို့ ပိုမိုအားစိုက်ကာ သူတော်စင်ချီများကို ထည့်သွင်းလိုက်ကြလေသည်။
အချိန်ကြာလာသည်နှင့် ရှစ်ထောင့်ပုံအစီအရင်ကွက်၏ အလင်းရောင်မှာ ပိုပို၍တောက်ပလာခဲ့လေသည်။ အရွယ်အစားမှာလည်း လက်ဆေးဇလုံအရွယ်မှတစ်ဆင့် ညစာစားပွဲအရွယ်ထိသို့ ကြီးလာခဲ့၏။ ထိုအချိန်တွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးချင်းစီသည် အလေးအနက်အမူအရာများဖြင့် သူတို့၏သူတော်စင်ချီကို အစီအရင်ကွက်ထဲသို့ အသည်းအသန် ဖြည့်သွင်းနေခဲ့ကြလေသည်။
ဤသို့လုပ်ရသည်မှာ ခန္ဓာကိုယ်အတွက် အတော်လေးဝန်ပိစေသော်လည်း သူတို့စိတ်ထဲတွင်တော့ အတော်လေး လှုပ်ရှားနေမိခဲ့သည်။ တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ရောက်လာပြီးနောက်ပိုင်း ဤကြယ်စီရင်စုကြီးထဲတွင် သူတို့အားစိန်ခေါ်ရဲသည့်လူ ဘယ်သူမှ မရှိတော့ချေ။ ထို့ကြောင့် သူတို့၏ဘဝကြီးမှာ အတော်လေးကို ပျင်းစရာကောင်းလာခဲ့လေသည်။
သို့သော်လည်း ယနေ့တွင်တော့ သူတို့အတွက် ပြိုင်ဖက်တစ်ဦး ရလာခဲ့လေသည်။ ထိုပြိုင်ဖက်မှာ အခြားမဟုတ်။ ရှစ်ထောင့်ပုံအစီအရင်ကွက်သာ ဖြစ်သည်။ ကုချန်းရင်မှာ အလွန်ကိုမှ ကျေနပ်အားရနေသည့်အလား အူလှိုက်သည်းလှိုက် အော်ရယ်မောနေသည်။ သူ့ခွန်အား တဖြည်းဖြည်း ယုတ်လျော့လာသည်ကိုပင် သတိမထားမိတော့ဘဲ ရှိရှိသမျှစွမ်းအားကို ထုတ်သုံးကာ ရှစ်ထောင့်ပုံအစီအရင်ကွက်ထဲသို့ သူတော်စင်ချီများကို အရူးအမူးဖြည့်သွင်းနေ၏။
သူသာလျှင်မဟုတ်။ အခြားသူများသည်လည်း နည်းလမ်းအသီးသီးကိုသုံးကာ အစီအရင်ကွက်ထဲသို့ သူတော်စင်ချီကို အရူးအမူးဖြည့်သွင်းနေခဲ့ကြသည်။ သို့သော် အချိန်ခဏကြာလာပြီးနောက်တွင် အကုန်လုံး အခက်အခဲနှင့် စတင် ကြုံတွေ့လာကြလေတော့သည်။
အကြောင်းမှာ သူတို့ဘက်မှ အစီအရင်ကွက်ထဲသို့ သူတော်စင်ချီကို အရူးအမူးဖြည့်သွင်းနေသည့်တိုင် ကြယ်တာရာအစုအဝေးထဲသို့ သွားမည့်လမ်းကြောင်း ပေါ်လာမည့်အရိပ်အယောင်ကို မမြင်ရသေးသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ပြောင်းလဲသွားသည့် အရာဆို၍ အစီအရင်ကွက်၏ တဖြည်းဖြည်းကြီးမားလာသော အရွယ်အစားသာ ရှိသည်။
အကုန်လုံး ရန်ကိုင်ဆီသို့ လှည့်ကြည့်လာခဲ့လေသည်။ သို့သော်လည်း သူတို့မြင်လိုက်ရသည်မှာ အလေးအနက် အမူအရာဖြင့် သူတော်စင်ချီကို အစီအရင်ကွက်ထဲသို့ အဆက်မပြတ် ဖြည့်သွင်းနေသော ရန်ကိုင့်ပုံစံသာ ဖြစ်လေ၏။ ရန်ကိုင့်ပုံစံကို မြင်ပြီးနောက် အကုန်လုံး စိတ်အေးသွားခဲ့လေသည်။ ထို့နောက်တွင် တစ်ယောက်ချင်းစီသည် စိတ်ဝိဥာဉ်ဆေးလုံးတစ်လုံးဆီကို ထုတ်သောက်လိုက်ကြလေ၏။
ဤအခြေအနေသည် သုံးရက်သုံးညတိုင်တိုင် ကြာမြင့်ခဲ့လေသည်။ ထိုသုံးရက်အတွင်း သူတို့အားလုံး သူတော်စင်ချီကို ပြန်လည်ဖြည့်တင်းရန်အတွက် ဆေးလုံး မည်မျှ ထုတ်သောက်ခဲ့သလဲ ဆိုသည်ကိုပင် မမှတ်မိတော့ပေ။
နောက်ဆုံး သုံးရက်မြောက်နေ့၌ ကြယ်စီရင်စုကြီးထဲ ခပ်အုပ်အုပ်မြည်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ တလက်လက်တောက်ပနေသော ရှစ်ထောင့်ပုံအစီအရင်ကွက်သည်လည်း ရုတ်တရက်ဆိုသလို အကြီးကြီးဖြစ်သွားခဲ့လေသည်။
ထို့နောက်တွင်ပင် အိမ်ငယ်လေးတစ်လုံး အရွယ်အဖြစ်သို့ ချက်ချင်းပြန်ကျုံ့သွားခဲ့၏။ ရှစ်ထောင့်ပုံအစီအရင်ကွက်သည် ဝင်လာသည့်လူမှန်သမျှကို ဝါးမြိုမည့် ဧရာမသားရဲကြီး တစ်ကောင်၏ ပါးစပ်ပေါက်အလား ဟင်းလင်းပြင်ထဲ ဝဲနေခဲ့လေ၏။
နက်နဲဆန်းကြယ်သော စွမ်းအားတစ်ရပ်သည် ရှစ်ထောင့်ပုံ အစီအရင်ကွက်ဆီမှ ဖြာထွက်လာခဲ့လေသည်။ ကြယ်ဧကရာဇ် တံဆိပ်ပြားကိုးခုစလုံးကိုတော့ မည်သည့်နေရာတွင်မှ မတွေ့ရတော့ချေ။ ထိုအခါမှပဲ အကုန်လုံး ရပ်လိုက်ကြပြီး ရှစ်ထောင့်ပုံအစီအရင်ကွက်မှ ပြောင်းလဲသွားသော သူတို့ရှေ့ရှိ ဝင်ပေါက်ကို လှမ်းကြည့်လိုက်ကြလေသည်။
“ဒါက ကြယ်တာရာအစုအဝေးဆီ သွားမယ့်လမ်းကြောင်းလား။” အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်တွင် ကွေ့ဇူကမေးလိုက်သည်။ ဤဝင်ပေါက်ဆီမှ လေဟာနယ်လိုဏ်ခေါင်းများတွင် ရှိနေလေ့ရှိသည့် ဟင်းလင်းပြင်စွမ်းအားနှင့် ဆင်တူသော စွမ်းအားတစ်မျိုးကို ခံစားနေရလေသည်။ မတူညီသည်မှာ ဝင်ပေါက်ဆီမှ ဖြာထွက်နေသည့် စွမ်းအားသည် သူကဲ့သို့ တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် တုန်လှုပ်ခြောက်ချားအောင် လုပ်နိုင်ခြင်းပင်။
“ငါတို့ ဝင်ရမလား။ မဝင်ရဘူးလား။” ကုချန်းယွင်က မေးလိုက်သည်။ မည်သူမှ သူ့အား ပြန်မဖြေခဲ့ပေ။ ချက်ချင်းဆိုသလို အကုန်လုံး၏အကြည့်သည် ရန်ကိုင့်ဆီသို့ ရောက်လာခဲ့လေသည်။
ရန်ကိုင်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ “ကျုပ်ကတော့ဝင်မှာ။ ဒါပေမယ့် မဝင်ခင် အားအရင်ပြန်ဖြည့်လိုက်ဦးမယ်။”
“ရန်ကိုင်ပြောတာမှန်တယ်။” ချီယွဲ့က ခေါင်းငြိမ့်၍ ပြောလိုက်သည် “ငါတို့အထဲမှာ အန္တရာယ်တွေနဲ့ ကြုံရင်ကြုံရနိုင်တယ်”
“ဒါဆိုလည်း အားပြန်ဖြည့်ဖို့ နေ့တစ်ဝက်လောက် နားကြတာပေါ့။ ဒီဝင်ပေါက်က ဘယ်လောက်ကြာအောင် ပွင့်နေမှန်း ဘယ်သူမှမသိဘူး။ ငါတို့သာ နှောင့်နှေးနေလို့ ဝင်ပေါက်ပြန်ပိတ်သွားခဲ့ရင် ဝမ်းနည်းနေရင်တောင် ဘာမှ ထူးလာမှာမဟုတ်ဘူး” ဝူတောက်က ပြောလိုက်သည်။
မည်သူမှ ကန့်ကွက်စကားမဆိုခဲ့ဘဲ အကုန်လုံးသည် စိတ်ဝိဥာဉ်ဆေးလုံး အသီးသီးကိုထုတ်ကာ အားပြန်ဖြည့်ကြလေသည်။ ရန်ကိုင်သည် အကုန်လုံး အားမြန်မြန် ပြန်ပြည့်နိုင်စေရန်အတွက် သိုလှောင်လက်စွပ်ထဲမှ သူတော်စင်သလင်းကျောက်များကို ထုတ်ယူလိုက်သည်။
ထို့နောက် ထိုသူတော်စင်သလင်းကျောက် အားလုံးကို ချေမွပစ်လိုက်လေသည်။ နေ့ဝက်ကြာပြီးနောက်တွင် အကုန်လုံး ဝင်ပေါက်ရှေ့၌ ပြန်လည်စုဝေးလာခဲ့ကြသည်။
ရန်ကိုင်ကစ၍ ပြောလိုက်၏။ “ဂျူနီယာ ရှေ့ဆုံးကနေ ကင်းထောက်အဖြစ် သွားပေးမယ်။ စီနီယာတို့က ကျေးဇူးပြုပြီး နောက်ကနေပဲ လိုက်လာခဲ့ပေးပါ။”
“မင်းကို ဘယ်လိုလုပ်ပြီး အဲ့လိုလုပ်ခိုင်းလို့ ဖြစ်ပါ့မလဲကွ” အိုင်းအောင်က ကန့်ကွက်စကား ပြောလိုက်သည်။
ရန်ကိုင်သည် သူ့သားမက်ဖြစ်သည်။ ရွှယ့်ယွယ်၏အဖေ ဖြစ်သည်နှင့်အညီ ရန်ကိုင့်အား မည်ကဲ့သို့များ စွန့်စားခိုင်းရဲမည်နည်း။ ရန်ကိုင်သာ တစ်ခုခုဖြစ်သွားခဲ့လျှင် ရွှယ့်ယွယ် မုဆိုးမဖြစ်သွားပေလိမ့်မည်။ ပြောပြီးသည့်နောက် အိုင်းအောင်သည် သူအရင်ဝင်မည့်အလား ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။
သို့သော်လည်း ရန်ကိုင်က အလျင်စလို လှမ်းတားလိုက်လေသည်။ “ကျုပ်အရင်ဝင်ရတာက ကျုပ်က လေဟာနယ်စွမ်းအားကို ကျွမ်းကျင်ထားလို့ပဲ။ ဒီလမ်းကြောင်းက လေဟာနယ်လိုဏ်ခေါင်းတစ်မျိုးပဲလေ။ ဒီတော့ ကျုပ်အရင်ဝင်တာ အကောင်းဆုံးပဲ။”
“ရန်ကိုင်ပြောတာ မှန်တယ်…အိုင်းအောင်၊ မင်းခေါင်းမာမနေနဲ့။ အခုလိုအချိန်မျိုးမှာ လေဟာနယ်စွမ်းအားကို ကျွမ်းကျင်ထားတဲ့သူက ရှေ့ဆုံးကသွားတာ အကောင်းဆုံးပဲ။” ချီယွဲ့က ဝင်ပြောလိုက်သည်။
အိုင်းအောင်သည် တခဏတာ တုံ့ဆိုင်းနေပြီးနောက် ခေါင်းငြိမ့်လိုက်လေ၏။ “အဲ့ဒါဆိုလည်း မင်းပဲအရင်သွားပေါ့။ ဒါပေမယ့် သတိထားဦးနော် ကောင်လေး။”
ရန်ကိုင်ကပြုံးလျက် ခေါင်းငြိမ့်လိုက်ပြီးနောက် လုံထျန်းရှန်ဘက်သို့ လှည့်၍ပြောလိုက်လေသည်။ “စီနီယာလုံ ကျုပ်တို့မရှိတုန်း အရိပ်ကြယ်ကို တစ်ချက်လောက် စောင့်ကြည့်ထားပေးဦးနော်။”
“မင်းစိတ်ချထားလိုက်။ ငါမကြာခဏ လာလာကြည့်ပေးမယ်။ ပြီးတော့ အခုက အရင်လိုသွားရလာရ ခက်တော့တာမဟုတ်ဘူးလေ။ မင်းစိတ်ပူမနေနဲ့။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း ရှိနေသေးသရွေ့ အရိပ်ကြယ် ဘာမှမဖြစ်စေရဘူး။” လုံထျန်းရှန်က ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် စီနီယာ” ရန်ကိုင်က လက်သီးဆုပ် ကျေးဇူးတင်စကားဆိုပြီးနောက် ဝင်ပေါက်ထဲသို့ ခုန်ဝင်သွားလေသည်။ ထို့နောက် ကုချန်းရင်၊ ဝူတောက်နှင့် ကွေ့ဇူတို့ အသီးသီးဝင်သွားကြလေသည်။ ချီရွဲ့သည်လည်း လိုက်သွားခဲ့သည်။ အိုင်းအောင်သည် လုံထျန်းရှန်ကို နှုတ်ဆက်ပြီးနောက် နောက်ဆုံးမှ ဝင်လာခဲ့လေသည်။
မျက်တောင်တစ်ခတ်အတွင်း ဟင်းလင်းပြင်ထဲ လုံထျန်းရှန်တစ်ဦးတည်းသာ ကျန်တော့သည်။ တလက်လက် တောက်ပနေသည့် ဝင်ပေါက်ကိုကြည့်ရင်း လုံထျန်းရှန်၏ မျက်လုံးထဲ စိတ်အားထက်သန်သည့် အရိပ်အယောင်တစ်ချို့ ဖြတ်ပြေးသွားခဲ့လေသည်။ သို့သော် အခြားသူများကဲ့သို့ ဝင်ပေါက်ထဲသို့ လိုက်မဝင်သွားဘဲ သက်ပြင်းချ၍သာ အရိပ်ကြယ်ဆီသို့ ပြန်ထွက်လာခဲ့လိုက်လေ၏။
ဝင်ပေါက်ထဲသို့ ဝင်လာပြီးနောက်တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင်လုံးဝကို မှင်သက်သွားခဲ့လေသည်။ သူ့အား စောင့်ကြိုနေမည်မှာ ဘာမှမရှိသည့် လေဟာနယ်လိုဏ်ခေါင်းတစ်ခုသာ ဖြစ်လိမ့်မည်ဟုသာ မျှော်လင့်ထားခဲ့သော်လည်း အထဲသို့ဝင်လာပြီးနောက်မှသာ သူထင်ထားသလို ဟုတ်မနေမှန်း သိသွားခဲ့ရသည်။
သူ့ပတ်ပတ်လည်တွင် ဆန်းကြယ်သည့်စွမ်းအားတစ်မျိုး စီးဆင်းနေကြောင်းကို ရန်ကိုင်သတိပြုမိလိုက်သည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ပတ်ဝန်းကျင်တစ်ခုလုံးဟာလည်း ပိုးစုန်းကြူးများနှင့် ဆင်တူသည့် အလင်းစက်ကလေးများဖြင့် ပြည့်နေခဲ့လေသည်။ ထိုအလင်းစက်ကလေးများသည် အသိစိတ်ရှိနေသည့်အလား သူတို့ဘာသာ ရွေ့လျားနေကြ၏။
လက်ရှိပုံစံသည် ကန်ရေပြင်ထက် အလင်းပြန်နေသော ကြယ်ရောင်စုံသည့်ကောင်းကင်ကြီးကို ကြည့်နေရသလိုပင်။ ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းမိလိုက်လေသည်။ အသက်တစ်ချက် ရှူသွင်းလိုက်ပြီးနောက် ကြယ်တာရာအစုအဝေးသို့ သွားသည့်လမ်းကြောင်းကို ဖွင့်ရာမှ ခံစားခဲ့ရသည့် ပင်ပန်းနွမ်းနယ်မှု အားလုံး ပျောက်ကွယ်သွားသလို ခံစားလိုက်ရလေသည်။
ထို့နောက်တွင် ဘာကြောင့်မှန်းမသိ ထိုအလင်းစက်ကလေးများသည် သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာကြလေသည်။ အလင်းစက်ကလေးများထဲတွင် ပါဝင်သောစွမ်းအင်သည် သူ့အသွေးအသား၊ အရိုးကို ဖောက်ဝင်ကာ ကုန်ဆုံးသွားသော ရန်ကိုင်၏ စွမ်းအင်များကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းပေးလေသည်။ ထိုအခြင်းအရာကို မြင်ပြီးနောက် ရန်ကိုင် အလွန် ပျော်သွားခဲ့၏။
“ဒါက…..” ရန်ကိုင့်နောက်ဘက်ဆီမှ ထိတ်လန့်တကြား အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင် လှည့်ကြည့်စရာပင်မလိုခဲ့။ အသံကိုကြားရုံဖြင့်ပင်လျှင် ဘယ်သူမှန်းပြောနိုင်ပေသည်။ အသံပိုင်ရှင်မှာ အခြားမဟုတ်။ ဓားအဖွဲ့အစည်း၏ခေါင်းဆောင် ကုချန်းယွင်သာ ဖြစ်လေသည်။
ချက်ချင်းဆိုသလို ဝူတောက်၊ ကွေ့ဇူ၊ ချီရွဲ့နှင့် အိုင်းအောင်တို့ဆီမှလည်း အထိတ်တလန့် အော်ဟစ်သံများ အသီးသီး ထွက်ပေါ်လာခဲ့လေသည်။ အကုန်လုံးသည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး၏ ဟန်ပန်အမူအရာပင် ထိန်းမထားနိုင်တော့ဘဲ သူတို့ပတ်ဝန်းကျင်ရှိ မြင်ကွင်းကိုကြည့်ရင်း အလွန်ကိုမှ အံ့ဩနေခဲ့ကြလေသည်။
“သိပ်သည်းလိုက်တဲ့ မိုးမြေစွမ်းအင်တွေ။ လုံးဝကို သန့်စင်နေတာပဲ။ ခန္ဓာကိုယ်ထဲတောင် ဒီတိုင်းစုပ်ယူပစ်လိုက်လို့ ရတယ်။ ဒီမှာ တစ်ရက်လောက် ကျင့်ကြံရတာက အပြင်မှာ တစ်နှစ်လောက် ကျင့်ကြံရတာနဲ့ အတူတူပဲ။ ဒါဘယ်နေရာလဲ။ ငါတို့ ကြယ်တာရာအစုအဝေးဆီ ရောက်နေပြီလား။”
“ဒါကြယ်တာရာအစုအဝေး မဟုတ်လောက်သေးဘူး။” ရန်ကိုင်က ခေါင်းခါလိုက်သည်။
“မင်းဘယ်လိုသိတာလဲ။”
“သေချာတော့ မပြောတတ်ပေမယ့်” ရန်ကိုင်က မဲ့ပြုံးပြုံးလျက် “ကျုပ်ပြောနိုင်သလောက်ဆိုရင် ဒီနေရာက ကြယ်တာရာအစုအဝေးနဲ့ ကြယ်စီရင်စုကြီး ကြားထဲမှာပဲ ရှိဦးမှာ။ ဒီနေရာကို ဖြတ်ပြီးတော့မှပဲ ကြယ်တာရာအစုအဝေးဆီကို ရောက်မှာ။”
“ဒီနေရာတောင် ဒီလောက်ကောင်းနေလို့ရှိရင် ကြယ်တာရာအစုအဝေးဆို ဘယ်လောက်များ ကောင်းလိုက်မလဲမသိဘူး။” ထိုအတွေးများ ခေါင်းထဲ ထွက်ပေါ်လာသည်နှင့် မည်သူမှ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ချေ။
သူတို့ထင်ထားသည့်အတိုင်းသာ ဖြစ်မည်ဆိုလျှင် နောက်တစ်ဆင့်သို့ ချိုးဖျက်ဝင်ရောက်ဖို့သည် ခက်ခဲသည့်ကိစ္စ မဟုတ်တော့ချေ။ ကြယ်စီရင်စုကြီးထဲတွင် တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ရောက်နိုင်သောလူအားလုံးသည် ပါရမီရှင်များ ဖြစ်ကြသည်။
ထို့ကြောင့် သူတို့သာ သင့်တော်သည့် ကျင့်ကြံရေးပတ်ဝန်းကျင် နေရာကောင်းတစ်ခုကို ရှာတွေ့နိုင်လျှင် တန်ခိုးရှင်ဘုရင် တတိယအဆင့်ကို ဖြတ်ကျော်၍ နောက်တစ်ဆင့်သို့ ဝင်ရောက်နိုင်ပေလိမ့်မည်။
“ကြယ်တာရာအစုအဝေးက ဘယ်လိုပုံစံလဲ ကျုပ်မသိပေမယ့် ဒီနေရာမှာတော့ ကျုပ်တို့အကြာကြီး နေလို့မရလောက်ဘူး။” မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အလွန်ကိုမှ အံ့ဩနေမိသော်လည်း ရန်ကိုင်သည် တည်တည်ငြိမ်ငြိမ်ဖြင့် လေ့လာသုံးသပ်ပြလိုက်၏။
“မင်းဘာလို့ အဲ့လိုပြောတာလဲ။”
“ဘာလို့လဲဆိုတော့ ဒီနေရာက လမ်းကြောင်းတစ်ခုပဲလေ။ ဒီလမ်းကြောင်းက အမြဲတမ်းတည်ရှိနေမယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ မတော်တဆ တစ်ခုခုသာဖြစ်သွားလို့ ဒီလမ်းကြောင်း ပျက်စီးသွားမယ်ဆိုရင် ကျုပ်တို့ ဒီနေရာမှာပဲ ထာဝရပိတ်မိသွားတော့မှာ” ထိုစကားကို ကြားသည့်အခါမှပဲ အကုန်လုံးသည် သူတို့အန္တရာယ်တွင်းထဲ ရောက်နေမှန်း နားလည်သွားခဲ့ကြလေသည်။
အိုင်းအောင်က ခေါင်းညိတ်၍ ပြောလိုက်၏။ “ရန်ကိုင်ပြောတာ ဟုတ်တယ်။ ငါတို့ဒီနေရာမှာ အကြာကြီးနေလို့ မသင့်တော်ဘူး။”
ရန်ကိုင်ကပြုံးလျက် ထပ်ပြောလိုက်သည်။ “ဒါပေမယ့် ဒီလောက်ကြီးလည်း စိုးရိမ်နေစရာ မလိုပါဘူး။ ဒီနေရာကို ဖြတ်သွားတယ်ဆိုမှတော့ ရသမျှအကျိုးအမြတ်တွေ အကုန် ယူသွားရမှာပေါ့။ အဲ့အလင်းစက်လေးတွေက သူတော်စင်ချီကို ပြန်ဖြည့်တင်းပေးနိုင်ရုံ မဟုတ်ဘူး။ ကျုပ်တို့ရဲ့ခန္ဓာကိုယ်နဲ့ ဝိဥာဉ်ကိုလည်း သန့်စင်ပေးနိုင်တယ်။ အကုန်လုံး အဲ့ဒါတွေကို စုပ်ယူနိုင်သမျှ စုပ်ယူထားကြနော်”
“ခန္ဓာကိုယ်နဲ့ ဝိဥာဉ်ကိုပါ သန့်စင်ပေးနိုင်တာလား။” ဝူတောက်၏မျက်ဝန်းများ တဖျတ်ဖျတ် တောက်ပလာခဲ့လေသည်။ ထို့နောက် အော်ရယ်မောလျက် “အဲ့လိုဆိုမှတော့ ဒီအခွင့်အရေးကို လက်မလွတ်တမ်း အသုံးချရမှာပေါ့။”
ထိုအခါ ရန်ကိုင်ပြောသည်ကို ကြားပြီးနောက်တွင် အကုန်လုံးသည် သူတို့၏ကျင့်စဉ်အသီးသီးကို လှည့်ပတ်၍ အလင်းစက်လေးများကို တတ်နိုင်သလောက် စုပ်ယူကြလေသည်။ မကြာမီ ထူးဆန်းသည့်အချက်တစ်ခုကို အကုန်လုံး သတိပြုမိသွားခဲ့ကြသည်။
လူခြောက်ယောက်ထဲတွင် ရန်ကိုင်နှင့်အိုင်းအောင်၏ အလင်းစက်များကို စုပ်ယူနေသည့်အမြန်နှုန်းသည် ကျန်လူအားလုံးထက် ဆယ်ဆမက ပိုမြန်နေခြင်းပင်။ အထူးသဖြင့် ရန်ကိုင်ပင်။ သူအလင်းစက်များကို စုပ်ယူသည့်နှုန်း မည်မျှမြန်သလဲဆိုလျှင် သူဖြတ်သွားသည့် လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော အလင်းစက်အားလုံး လုံးဝကို ပျောက်ကွယ်ကုန်လေသည်။
အိုင်းအောင်မှာလည်း သိပ်မဆိုးလှ။ သို့သော် သူနှင့်ရန်ကိုင်ကြားတွင် သိသာသောကွာခြားချက်တော့ ရှိနေပေသေးသည်။ သို့သော် သူတို့နှစ်ဦးနှင့် ယှဉ်လိုက်လျှင် အခြားသူများ၏ အခြေအနေမှာ အတော်လေးကို ဆိုးရွားနေ၏။
“မင်းတို့နှစ်ယောက် ဘယ်လိုကျင့်စဉ်တွေ သုံးနေကြတာလဲ။” ဝူတောက်က လှမ်းမေးလိုက်လေသည်။ သူတို့ခြောက်ဦးထဲတွင် ရန်ကိုင်နှင့်အိုင်းအောင်သည် အသန်မာဆုံး မဟုတ်ကြချေ။ အထူးသဖြင့် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သို့သာ ရောက်သေးသည့် ရန်ကိုင်ဖြစ်သည်။
ထို့ကြောင့် ကျင့်ကြံခြင်းအရ ပြောရမည်ဆိုလျှင် ရန်ကိုင်၏ စုပ်ယူနှုန်းသည် အနည်းဆုံးဖြစ်သင့်သည်ကို ဘာကြောင့်များ သူက အားလုံးထဲတွင် အမြန်ဆုံးဖြစ်နေရသနည်း။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၉၂၈)
အခြားသူများသည်လည်း ထိုအချက်ကို သတိပြုမိသွားပြီး ရန်ကိုင်နှင့်အိုင်းအောင်ကို မယုံသင်္ကာအကြည့်ဖြင့် ကြည့်လာကြသည်။ “ကျုပ်ဘာကျင့်စဉ်မှ မသုံးဘူး။ ဒီတိုင်လေးပဲ စုပ်ယူနေတာ”
ထိုသို့ပြောပြီးနောက်တွင် အိုင်းအောင်သည် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ရန်ကိုင်ကလည်း ခေါင်းငြိမ့်၍ “ကျုပ်လည်း ဘာကျင့်စဉ်မှ မသုံးဘူး။”
ထိုအခါ အကုန်လုံး နားလည်ရခက်သွားကြလေ၏။ ဘာကျင့်စဉ်မှမသုံးလျှင် ရန်ကိုင်နှင့်အိုင်းအောင်၏ စုပ်ယူနှုန်းသည် သူတို့ထက် ဘာကြောင့်များ အဆပေါင်းများစွာ ပိုမြန်နေရသနည်း။
“ကျင့်စဉ်တွေမသုံးဘူးဆိုရင် မင်းတို့နှစ်ယောက်နဲ့ ပတ်သက်ပြီး တစ်ခုခုထူးခြားနေလို့ပဲ ဖြစ်ရမယ်။” ကုချန်းရင်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။
ခဏအကြာ၌ ချီယွဲ့က အဖြေကိုရှာတွေ့သွားသည့်အလား ထအော်ပြောလေ၏။ “နင်တို့နှစ်ယောက်က ကြယ်သခင်ဖြစ်နေလို့များလား။”
ယခုမှပဲ အခြားသူများသည်လည်း ထိုအချက်ကို စဉ်းစားမိသွားကြသည်။
ခြောက်ယောက်အနက်တွင် ရန်ကိုင်နှင့် အိုင်းအောင်သည်သာ ကြယ်သခင်များ ဖြစ်ကြပြီး ကျန်လူအားလုံးသည် သာမန်ကျင့်ကြံသူများ ဖြစ်ကြလေသည်။ ချီယွဲ့ပြောသည်မှာ ဖြစ်နိုင်သည်ဟု အကုန်လုံးတွေးလိုက်ကြသည်။ ထို့ကြောင့်သာ မဟုတ်လျှင် အခြားဖြစ်နိုင်ချေကို သူတို့ မစဉ်းစားတတ်တော့ချေ။
“ထူးဆန်းတယ်။ ကြယ်သခင်ဖြစ်ရင် ဒီလို အကျိုးကျေးဇူးတွေ ခံစားရတာလား။” ဝူတောက်က နောင်တရနေသည့်လေသံဖြင့် ပြောလိုက်သည်။ အစောကြီးကတည်းက ဤသို့ဖြစ်မည်မှန်းသာ ကြိုသိခဲ့လျှင် သူလည်း ကျင့်ကြံရေးကြယ်တစ်လုံးကို သန့်စင်ရန် ကြိုးစားခဲ့ပေသည်။ ကျင့်ကြံရေးကြယ်တစ်လုံးကို သန့်စင်ခြင်းသည် အန္တရာယ်ရှိသည်မှာ မှန်သော်ငြား အနည်းဆုံးတော့ ကြိုးစားထိုက်၏။
အလင်းစက်လေးများသည် အစပိုင်းတွေ့ရသည့် အရာများသာ ဖြစ်သေးသည်။ သူတို့သာ ဆက်သွားနေလျှင် နောက်ပိုင်း၌ ပို၍အဖိုးတန်သည့် အရာများကိုလည်း တွေ့လာနိုင်ပေလိမ့်မည်။ ထိုအချိန်၌ သူတို့သာ ကြယ်သခင်ဖြစ်နေခဲ့မည်ဆိုလျှင် ပိုမို များပြားသည့် အကျိုးအမြတ်များကို ရယူနိုင်ပေလိမ့်မည်။
သို့သော်လည်း ယခုမူ အလင်းစက်များကို လျင်မြန်စွာ စုပ်ယူနေသည့် ရန်ကိုင်နှင့်အိုင်းအောင်အား မနာလိုအားကျစွာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။ ထိုလူများ၏ ပုံစံကို ကြည့်ရင်း အိုင်အောင်သည် ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်လေသည်။
ရန်ကိုင်က မျက်မှောင်ကြုတ်ကာ ရုတ်တရက် အကြံပေးလိုက်လေ၏။ “ကျုပ်တို့ ခွဲသွားကြရင် ကောင်းမလား။ မဟုတ်လို့ ဒီတိုင်းပဲဆက်သွားနေရင် အားလုံးအတွက် အဆင်ပြေမှာ မဟုတ်ဘူး။ ကျုပ် စီနီယာတို့နဲ့ ခပ်လှမ်းလှမ်းကနေ သွားလိုက်မယ်လေ။ စီနီယာတို့လည်း နည်းနည်းလူချင်းခြားပြီး သွားလိုက်ကြပေါ့။ ဒါပေမယ့် အရမ်းကြီးတော့ မခြားလိုက်နဲ့နော်။”
ဤနေရာတွင် လက်ရှိအချိန်အထိ မည်သည့်အန္တရာယ်နှင့်မှ မကြုံတွေ့ရသေးသည့်အတွက် သူတို့အဖို့ လူခွဲသွားလျှင်လည်း သိပ်ပြဿနာမရှိလောက်ပေ။
“မင်းပြောတာဟုတ်တယ်” ဝူတောက်သည် ရန်ကိုင်၏ ပြောစကားကို ထောက်ခံလိုက်လေသည်။ အခြားမည်သူမှလည်း ကန့်ကွက်စကားမပြောခဲ့။ ဤသို့ဖြင့် ခြောက်ယောက်စလုံး လူခွဲလိုက်ကြ၏။
ရန်ကိုင်သည် ညာဘက်တွင်နေလိုက်ပြီး ကျန်ငါးယောက်သည် ဘယ်ဘက်တွင် သွားနေကြလေသည်။ ဤသို့ဖြင့် ရန်ကိုင်တို့ခြောက်ယောက်အဖွဲ့သည် မနှေးမမြန်နှုန်းဖြင့် တဖြည်းဖြည်း ခရီးဆက်လာခဲ့ကြသည်။ ကြယ်သခင်ဖြစ်သည်နှင့် ဘာကြောင့် ဤကဲ့သို့ဖြစ်ရသလဲ ဆိုသည်ကို သူမသိသော်လည်း သူ့ကိုယ်ထဲသို့စီးဝင်နေသည့် အလင်းစက်ကလေးများသည် သူသန့်စင်ထားသည့် ကြယ်အမြူတေနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေရမည်မှန်း ရန်ကိုင် ပြောနိုင်ပေသည်။
ထို့ကြောင့်သာမဟုတ်လျှင် သူနှင့်အိုင်းအောင်၏ အလင်းစက်ကလေးများကို စုပ်ယူနှုန်းသည် အခြားသူများထက် အဆပေါင်းများစွာ ပိုမြန်လိမ့်မည်မဟုတ်ပေ။ သူ့ကိုယ်ထဲရှိ ကြယ်အမြူတေ၏ စွမ်းအင်ကြောင့်သာ ထိုအလင်းစက်ကလေးများကို အလွယ်တကူ စုပ်ယူနိုင်ခြင်းဖြစ်သည်။
အိုင်းအောင်တို့ဖက်လည်း အဆင်ပြေနေကြောင်း အတည်ပြုပြီးသည့်နောက်တွင် ရန်ကိုင်သည် အလင်းစက်လေးများ၏ အကျိုးအာနိသင်ကို စတင်စစ်ဆေးကြည့်တော့လေသည်။ သူ့ခန္ဓာကိုယ်သည် ယခင်ကတည်းက အလွန်ကိုမှ အားကောင်းလှသည်။
ကြယ်စီရင်စုကြီးထဲရှိ သေမင်းဇုန်ထဲ နှစ်ပေါင်းများစွာကြာအောင် လေ့ကျင့်ပြီးနောက်တွင် သူ့ခန္ဓာကိုယ်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ရှိသင့်ရှိထိုက်သည့် ခန္ဓာကိုယ်ထက်ကို အများကြီး ပိုအားကောင်းနေခဲ့လေပြီ။
သို့သော်လည်း အလင်းစက်ကလေးများ ဝင်လာပြီးနောက်တွင် သူ့အသွေးအသားများ ယခင်ထက် ပိုမိုအားကောင်းလာနေကြောင်းကို ရန်ကိုင်ခံစားနေရသည်။ သူ့ခန္ဓာကိုယ်၏ အသက်ဓာတ်သည် တရိပ်ရိပ်နှင့် တက်လာနေခဲ့၏။ အလင်းစက်ကလေးများနှင့် တွေ့ပြီးနောက်မှပဲ သူ့ရွှေရောင်သွေးစက်သည်လည်း လုံးဝသန့်စင်သွားသည့်အဆင့်ကို မရောက်သေးမှန်း နားလည်သွားခဲ့သည်။ ရန်ကိုင်အနေဖြင့် ရွှေရောင်သွေးစက်ကို ဆက်ပြီး အဆင့်မြှင့်တင်နိုင်သေး၏။
အလင်းစက်လေးများမှ သူ့ကိုယ်ထဲရှိ အညစ်အကြေးများကို ဆေးကြောသန့်စင်ပေးသွားသည့်အတွက် ရန်ကိုင်၏ အသွေးအသား၊ အရိုးများပါ ပိုမိုအားကောင်းလာခဲ့ရုံမက သူ့ကိုယ်တွင်းအင်္ဂါများပင်လျှင် ပိုမို မာကြောကြံ့ခိုင်လာခဲ့လေသည်။
သူ့ဝိဥာဉ်သည်လည်း အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ အသိစိတ်ကို အသိစိတ်ပင်လယ်ထဲသို့ ပို့လွှတ်ကြည့်လိုက်သည့်အခါ မရေမတွက်နိုင်သော အလင်းစက်ကလေးများသည် အပြင်ဘက်မှ သူ့အသိစိတ်ပင်လယ်ထဲသို့ စီးဝင်လာနေသည်ကို တွေ့ရှိလိုက်ရသည်။ သူ့အသိစိတ်ပင်လယ်မှာ အလင်းစက်ကလေးများကို စုပ်ယူနေသော်လည်း အဓိကပင်တိုင် စုပ်ယူနေသည့်အရာမှာ ခုနစ်ရောင်ခြယ် ဝိဥာဉ်ကြာပန်းသာ ဖြစ်လေသည်။
ဝိဥာဉ်ကြာပန်းသည် အလင်းစက်အများစုကို စုပ်ယူနေခဲ့ပြီး အနည်းအကျဉ်းသည်သာ သူ့အသိစိတ်ပင်လယ်ထဲသို့ ရောက်သွားခဲ့သည်။ ထိုအခြင်းအရာကို မြင်ပြီးနောက် ရန်ကိုင် ရုတ်တရက် နားလည်သွားခဲ့လေသည်။ သူနှင့်အိုင်းအောင်မှ အလင်းစက်များကို အခြားသူများထက် ပိုမိုလျင်မြန်သည့် အမြန်နှုန်းဖြင့် စုပ်ယူနေသည့်ကိစ္စကို သူတို့နှစ်ဦးစလုံးသည် ကြယ်သခင်များ ဖြစ်သည့်အတွက်ကြောင့်ဟူသော အကြောင်းပြချက်ဖြင့် ရှင်းပြ၍ရသည်။
သို့သော်လည်း ကြယ်သခင်များ ဖြစ်ကြလျက်နှင့် ရန်ကိုင်၏စုပ်ယူနှုန်းသည် ဘာကြောင့်များ အိုင်းအောင်ထက် ပိုမြန်နေရသနည်း။ ယခုမှပဲ အကြောင်းပြချက်ကို ရန်ကိုင် ရှာတွေ့သွားတော့သည်။ ရန်ကိုင်၏စုပ်ယူနှုန်း အိုင်းအောင်ထက် ပိုမြန်နေရခြင်းမှာ ဝိဉာဏ်ကြာပန်းကြောင့်သာ ဖြစ်လေသည်။
ဝိဉာဏ်ကြာပန်းမှ အလင်းစက်လေးများကို ကူပြီးစုပ်ယူပေးနေလေရာ ရန်ကိုင်၏စုပ်ယူနှုန်းသည် အိုင်းအောင်ထက် ပိုမြန်နေသည်မှာ အထူးအဆန်း မဟုတ်တော့ပေ။ ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ယခုမှပဲ ကြယ်တာရာအစုအဝေးထဲရှိ ကြယ်ကြွေဂိုဏ်းမှ ဝူရှန်ဖုန်း ပြောခဲ့သည့်စကားကို ပြန်သတိရသွားတော့သည်။ ဝိဥာဉ်ကြာပန်းသည် နောက်တစ်ဆင့်သို့ ထပ်မံပြောင်းလဲနိုင်သေးသည်ဟု ဝူရှန်ဖုန်းမှ ပြောခဲ့သည်။ ထိုစကားကိုကြားစဉ်က ရန်ကိုင် အလွန်အံ့အားသင့်သွားခဲ့ရလေသည်။
ထိုစဉ်က သူတွေးခဲ့သည်မှာ ခုနစ်ရောင်ခြယ်ဝိဉာဏ်ကြာပန်းသည် ဝိဉာဏ်ကြာပန်း၏ နောက်ဆုံးပုံဖြစ်သည်ဟူ၍ပင်။ သို့သော်လည်း ယခုမှပဲ ဝူရှန်ဖုန်းပြောသည်မှာ အမှန်ဖြစ်နေကြောင်း နားလည်သွားတော့၏။
ဝိဥာဉ်ကြာပန်းသာ နောက်တစ်ဆင့်သို့ ဆင့်ကဲပြောင်းလဲသွားလျှင် မည်သို့များ ဖြစ်လာမည်နည်း။ မည်သို့သော အကျိုးအမြတ်များကို သူ့ဆီသို့ ဆောင်ကြဉ်းလာပေးမည်နည်း။ ရန်ကိုင်မသိပေ။ သို့သော်လည်း ဝိဥာဉ်ကြာပန်းမှ အလင်းစက်များကို စုပ်ယူနေသည်မှာ ကောင်းသည့်အချက်မှန်းတော့ သိသည်။
ထို့ကြောင့် ဝိဥာဉ်ကြာပန်းအား လုပ်ချင်သလိုလုပ်ခွင့် ပေးထားလိုက်ပြီး အသိစိတ်ထဲမှသာ ပြန်ထွက်လာခဲ့လိုက်၏။ ရန်ကိုင်၏ခန္ဓာကိုယ်သည် ဝဲကတော့တစ်ခုနှယ် သူဖြတ်လျှောက်သွားသည့် နေရာမှန်သမျှရှိ အလင်းစက်အားလုံးကို စုပ်ယူနေခဲ့သည်။ တဖြည်းဖြည်း ပြောင်းလဲလာနေသော သူ့ခန္ဓာကိုယ်ကိုကြည့်ရင်း ရန်ကိုင် အလွန်ကိုမှ ဝမ်းသာပျော်ရွှင်နေခဲ့လေသည်။
အချိန်မှာ တရွေ့ရွေ့ကုန်ဆုံးနေခဲ့သော်လည်း ဤနေရာတွင် နေ၊ လ၊ ကြယ်တို့ မရှိသည့်အတွက် အချိန်မည်မျှ ကုန်သွားကြောင်းကို မည်သူမှ အတိအကျ မပြောနိုင်ကြပေ။ အကြမ်းဖျဉ်းလောက်သာ ခန့်မှန်းမိကြ၏။
သူတို့ခန့်မှန်းရသလောက် ဤနေရာသို့ ရောက်နေသည်မှာ တစ်လခန့် ကြာမြင့်သွားလေပြီ။ ရုတ်တရက် ရန်ကိုင်၏ဘေးဘက်မှ အထိတ်တလန့် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ဘာတွေများဖြစ်သလဲဟုတွေးလျက် ရန်ကိုင်လည်း ဘေးဘက်သို့ အလျင်စလို လှည့်ကြည့်မိလိုက်လေသည်။
သို့သော်လည်း သူထင်သလိုဟုတ်မနေကြောင်း ကြည့်ပြီးမှ သိလိုက်ရသည်။ ငါးယောက်စလုံးမှာ အေးအေးဆေးဆေးဖြင့် ရှိနေကြပြီး အိုင်းအောင် တစ်ယောက်သည်သာ ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာဖြင့် မျက်မှောင်ကြီးကြုတ်ကာ အတွေးနက်နေခဲ့သည်။ ကျန်လေးယောက်စလုံးသည်လည်း အိုင်းအောင်ကဲ့သို့ပင် အတွေးနက်နေကြ၏။
“အကုန်လုံး အဆင်ပြေကြရဲ့လား။” ရန်ကိုင်ကမေးလိုက်သည်။
ကွေ့ဇူက ခေါင်းမော့၍ “ဂိုဏ်းချုပ် ခင်ဗျားကိုယ်ထဲကစွမ်းအား တစ်ခုခုဖြစ်သွားသလား ကြည့်ကြည့်လိုက်ပါလား။” ကွေ့ဇူသည် ရန်ကိုင်၏အမေးကို တိုက်ရိုက်ပြန်မဖြေဘဲ ရန်ကိုင့်ကိုသာ ကိုယ့်ဘာသာ ပြန်စစ်ဆေးခိုင်းကြည့်လိုက်၏။
ရန်ကိုင်သည်လည်း ချက်ချင်းပဲ သူ့ကိုယ်ထဲရှိစွမ်းအားကို စတင်စစ်ဆေးကြည့်လိုက်လေသည်။ မကြာခင် ရန်ကိုင့်အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေ၏။
“ဂိုဏ်းချုပ်လည်း သတိပြုမိတယ်နဲ့တူတယ်။” ကွေ့ဇူက ရယ်မောလျက် “အဲ့ဒါကြောင့် ကျုပ်တို့တွေအကုန်လုံး အံ့အားသင့်ကုန်ကြတာ”
“တကယ်ကြီး ဘာတွေဖြစ်နေတာလဲ။” ရန်ကိုင်က နားမလည်နိုင်သည့် အမူအရာဖြင့် အားလုံးဘက်သို့လှည့်၍ မေးလိုက်လေသည်။ အကုန်လုံးသည် ရှင်းမပြတတ်သည့်အလား ခေါင်းသာခါလိုက်ကြ၏။
ဝူတောက်သည် ခဏကြာအောင် စဉ်းစားနေပြီးနောက် သူ့အတွေးကိုပြောပြလိုက်လေသည်။ “ဒီလူအိုကြီး ကြည့်ရသလောက်တော့ ငါတို့ကိုယ်ထဲက သူတော်စင်ချီက ပိုမြင့်တဲ့ပုံစံတစ်ခုဆီ ပြောင်းလဲနေတာပဲ။”
“ပိုမြင့်တဲ့ပုံစံ…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။
“ဟုတ်တယ်” ဝူတောက်က ခေါင်းငြိမ့်လိုက်သည် “ဒါပေမယ့် ဒါက ဒီလူအိုကြီးရဲ့ အထင်သက်သက်ပဲ။ ဘာလက်ဆုပ်လက်ကိုင် သက်သေပြစရာမှ မရှိသေးဘူး။”
ပြောနေရင်းမှ တစ်ချက်ရပ်လိုက်ပြီး ဆက်ပြောလိုက်၏။ “ငါတို့ ကျင့်ကြံခြင်းဘဝကို စလျှောက်တုန်းက ယွမ်ချီနဲ့စခဲ့ရတယ်။ အစစ်အမှန်ဒြပ်စင်အဆင့်ကို ရောက်လာပြီးတဲ့နောက်ပိုင်း ယွမ်ချီက အစစ်အမှန်ချီအဖြစ်ကို ပြောင်းလဲသွားတယ်။ အဲ့လိုနဲ့ ဆက်ပြီး ကျင့်ကြံလာလိုက်တာ သူတော်စင်အဆင့်ကို ရောက်လာတဲ့အချိန် အစစ်အမှန်ချီက သူတော်စင်ချီကို ထပ်ပြီး ပြောင်းလဲသွားပြန်တယ်။ ဒါပေမယ့် အဲ့အချိန်ကနေစပြီး အခု တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်တဲ့အထိ သူတော်စင်ချီက ထပ်ပြီးပြောင်းလဲသွားခြင်း မရှိဘူး။ ဒီလူအိုကြီး အရင်က အဲ့ကိစ္စနဲ့ပတ်သက်ပြီး စဉ်းစားခဲ့ဖူးတယ်။ သူတော်စင်ချီမှာလည်း ပိုမြင့်တဲ့ပုံစံတစ်မျိုး ရှိနေလိမ့်ရမယ် ဆိုပြီးတော့ပေါ့။”
“ဒီတော့ စီနီယာဝူတောက် ပြောချင်တာက…” ရန်ကိုင်က မျက်ခုံးပင့်လျက် “ကျုပ်တို့ကိုယ်ထဲက သူတော်စင်ချီက ပိုပြီးအားကောင်းတဲ့အသွင်ကို ပြောင်းလဲနေတာပေါ့။”
“ဟုတ်လောက်တယ်” ဝူတောက်ကရယ်မော၍ “ဒီကအလင်းစက်တွေက ဝိဥာဉ်နဲ့ခန္ဓာကိုယ်ကိုပဲ သန့်စင်ပေးနိုင်တာ မဟုတ်ဘူး။ သူတော်စင်ချီကိုလည်း ပြောင်းလဲပေးနိုင်တယ်။ ဒီလူအိုကြီး ထင်တာတော့ ငါတို့ကိုယ်ထဲက သူတော်စင်ချီတွေ အကုန်လုံးသာ နောက်ပုံစံတစ်ခုကို ပြောင်းလဲသွားပြီဆိုရင် ငါတို့နောက်တစ်ဆင့် တက်လို့ရပြီ”
ထိုစကားကိုကြားသည့်အခါ အကုန်လုံး၏ခန္ဓာကိုယ် တုန်ရီသွားခဲ့လေသည်။ ဤနေရာရှိလူများထဲတွင် ရန်ကိုင်မှအပ ကျန်လူအားလုံးသည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ဝူတောက်ပြောသည့် နောက်တစ်ဆင့်ဆိုသည်မှာ ဘာမှန်း သူတို့အားလုံးနားလည်ကြပေသည်။
ထိုနောက်တစ်ဆင့်သည် တန်ခိုးရှင်ဘုရင်အဆင့်ထက် ပိုမြင့်သည့်အဆင့်တစ်ခုကို ပြောနေခြင်းဖြစ်သည်။ ထိုအဆင့်သည် ကြယ်စီရင်စုကြီး၏ သမိုင်းတစ်လျှောက် မည်သူမှမရောက်ဖူးသေးသည့် အဆင့်တစ်ခုလည်း ဖြစ်ပေသည်။
လက်ရှိတွင် တစ်စတစ်စပြောင်းလဲလာသော သူတို့၏သူတော်စင်ချီသည် အကုန်လုံးအတွက် အခွင့်အရေးတစ်ခုသာမဟုတ်။ မျှော်လင့်ချက်တစ်ခုလည်း ဖြစ်ပေသည်။ သူတော်စင်ချီထက် ပိုပြီးသန့်စင်သိပ်သည်းပြီး အားကောင်းသည့်စွမ်းအားမျိုး သူတို့တစ်ခါမှ မကြုံတွေ့ခဲ့ဖူးချေ။
တစ်နည်းဆိုရသော် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦးသည် တူညီသောကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားကြသည့်တိုင် တစ်ဦးတွင် ပုံစံအသစ်သို့ ပြောင်းလဲထားသည့် ချီစွမ်းအင်များ ပိုမိုများပြားနေမည် ဆိုပါက တစ်ဖက်လူကို အလွယ်တကူ အနိုင်ယူနိုင်ပေလိမ့်မည်။
အစစ်အမှန်ချီသည် ယွမ်ချီထက် အားကောင်းသလို သူတော်စင်ချီသည်လည်း အစစ်အမှန်ချီထက် ပို၍အားကောင်းပေသည်။ ထို့ကြောင့် ဤသူတို့တွေ့ရှိထားသည့် ချီစွမ်းအင်အသစ်သည်လည်း သူတော်စင်ချီထက် ပို၍အားကောင်းရပေမည်။
“ဒါပေမယ့် ဒီပြောင်းလဲသွားတဲ့ ချီစွမ်းအင်ကို ဘယ်လိုခေါ်တာလဲ ဆိုတာတော့ ငါလည်းမသိဘူး။” ဝူတောက်က ပြောလိုက်လေသည်။ ကြယ်စီရင်စုကြီးထဲရှိ မည်သူမှ တန်ခိုးရှင်ဘုရင်အဆင့်ကို ကျော်လွန်ပြီး နောက်တစ်ဆင့်သို့ မရောက်ဖူးသေးသဖြင့် သူတို့ ဤအကြောင်းကို မသိသည်မှာ အထူးအဆန်းမဟုတ်ချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၉၂၉)
“ရန်ကိုင် မင်းက ငါတို့အားလုံးထဲမှာ အလင်းစက်အများဆုံးကို စုပ်ယူထားတာဆိုတော့ မင်းရဲ့သူတော်စင်ချီ ဘယ်လောက် ပြောင်းလဲသွားပြီလဲ။” ကုချန်းယွင်က မေးလိုက်သည်။
ထိုမေးခွန်းကိုကြားသည့်အခါ အကုန်လုံး ရန်ကိုင့်ကို လှည့်ကြည့်လာသည်။ ရန်ကိုင်က အလျင်အမြန်ပဲ ပြန်ဖြေလိုက်သည်။ “တစ်…ရာခိုင်နှုန်းလောက်ပေါ့” “(၁)ရာခိုင်နှုန်းတောင်…” ဝူတောက်က အလန့်တကြား ထအော်လေသည်။
အကုန်လုံးသည် ရန်ကိုင့်အား မနာလိုအားကျစွာဖြင့် ကြည့်လိုက်သည်။ “(၁)ရာခိုင်နှုန်းက အဲ့လောက်တောင် များလို့လား။” ရန်ကိုင်ကြောင်သွားခဲ့လေသည်။
ဝူတောက်က ခါးသက်စွာပြုံးလျက် “များတာပေါ့။ ဒီလူအိုကြီးရဲ့ သူတော်စင်ချီဆို ပြောင်းရုံလေးပဲ ရှိသေးတယ်။ ဒါတောင် ခွန်အားတိုးတက်လာတာ အရမ်း သိသာတယ်။ ဒီလောက်လေးပဲ ကြာသေးတာတောင် မင်းသူတော်စင်ချီက ဒီလောက် ပြောင်းလဲနေပြီဆိုတော့ အကုန်လုံး ပြောင်းလဲဖို့ သိပ်မကြာလောက်ဘူး”
“သူ့အတွက်က သိပ်မကြာလောက်ပေမယ့် ငါ့သူတော်စင်ချီ အကုန်လုံးသာ လုံးဝ ပြောင်းလဲသွားဖို့ဆိုရင် အနည်းဆုံး ဒီမှာ ငါးနှစ်ခြောက်နှစ်လောက် နေရလိမ့်မယ်” ချီရွဲ့က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ “ခေါင်းဆောင်အိုင်းအောင်ကော….”
အကုန်လုံး၏အကြည့်သည် ခေါင်းဆောင်အိုင်းအောင်ဆီသို့ ရောက်လာခဲ့လေသည်။ “ငါက ရန်ကောင်လေးထက် ဆယ်ဆလောက်ပိုနှေးတယ်။” အိုင်းအောင်က ဖြည်းဖြည်းချင်းခေါင်းခါလျက် ပြောလိုက်သည်။
“အဲ့ဒါတောင် အတော်လေးမြန်နေပီ။” အကုန်လုံး အတော်လေး စိတ်ပေါက်ပေါက် ဖြစ်သွားခဲ့ကြလေသည်။
ဤနေရာသို့ဝင်လာပြီးနောက်တွင် ကြယ်သခင်ဖြစ်ရုံဖြင့် ဤကဲ့သို့သော အကျိုးကျေးဇူးများကို ရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။ ရန်ကိုင်၏သူတော်စင်ချီ ပြောင်းလဲသွားသည့်နှုန်းကိုကြည့်ရင်း သူတို့စိတ်ထဲ အလွန်ကိုမှ မယုံကြည်နိုင်ဖြစ်နေခဲ့သည်။
ထိုအကြောင်းကို ခဏကြာအောင် ပြောဆိုဆွေးနွေးနေပြီး နောက်တွင် အကုန်လုံး ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြလေသည်။ အဖွဲ့နှစ်ဖွဲ့ပြန်ခွဲလိုက်ပြီး အလင်းစက်များကို မြန်နိုင်သမျှမြန်အောင် စုပ်ယူကြတော့သည်။
ရန်ကိုင်တို့အဖွဲ့၏ အရှေ့ဘက်စူးစူးရှိ မိုင်တစ်သောင်းအကွာခန့် နေရာတစ်ခုတွင်…
ဤနေရာသည် အခြားနေရာများကဲ့သို့ပင် အလင်းစက်ကလေးများဖြင့် ပြည့်နှက်နေခဲ့လေသည်။ သို့သော်လည်း ဤနေရာတွင် လူသုံးယောက်ရှိနေခဲ့သည်။ ထိုလူသုံးယောက်အနက် နှစ်ယောက်မှာ အမျိုးသားများဖြစ်ကြပြီး တစ်ယောက်သာ အမျိုးသမီးဖြစ်သည်။
သုံးယောက်စလုံးသည် အသက်ငယ်ငယ်လေးသာ ရှိကြသေးသော်လည်း သူတို့၏အရှိန်အဝါမှာတော့ အလွန်ကိုမှ အားကောင်းပေသည်။ ထိုလူသုံးယောက်အနက် တစ်ယောက်သည် မှုန်ကုပ်ကုပ်အမူအရာဖြင့် တင်ပလင်ခွေ ထိုင်နေခဲ့သည်။ သူ့ဆီမှထွက်ပေါ်နေသည့် ချောက်ချားဖွယ်ရာ အရှိန်အဝါကြောင့် ကျန်နှစ်ယောက်သည် သူနှင့်ခပ်ဝေးဝေးတွင်သာ နေနေကြလေသည်။
ထိုသုံးယောက်စလုံးသည် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူများဖြစ်ကြသည်။ ထိုသုံးယောက်ထိုင်နေသည့်နေရာတွင် သူတို့အား လွှမ်းခြုံထားသည့် စက်ဝိုင်းခြမ်းပုံ စွမ်းအင်အကာအကွယ်တစ်ခု ရှိနေခဲ့သည်။ ထိုအကာအကွယ်ကြောင့် မည်သည့် အလင်းစက်မှာ သူတို့ ရှိနေရာဆီသို့ ရောက်မလာနိုင်ခဲ့ပေ။
သုံးယောက်စလုံးမှာ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူချည်းများ ဖြစ်ကြသော်လည်း တင်ပလင်ခွေ ထိုင်နေသည့်လူ၏ အရှိန်အဝါသည် ကျန်နှစ်ဦးထက် အဆပေါင်းများစွာ ပိုမို အားကောင်းနေခဲ့လေသည်။
ရုတ်တရက် ထိပ်ပြောင်ပြောင်နှင့်လူက မျက်လုံးဖွင့်လာပြီး ပတ်ဝန်းကျင်ကို စိတ်မရှည်သည့်အမူအရာဖြင့် လှည့်ပတ်ကြည့်ရင်း ရေရွတ်လိုက်၏။ “ငါတို့ဒီကိုရောက်နေတာ ငါးနှစ်တောင် ကြာနေပြီ။ နောက်ထပ် ဘယ်လောက်တောင် ထပ်စောင့်နေရဦးမှာလဲ။”
ထိုစကားကိုကြားသည့်အခါ သူ့ဘေးတွင်ရှိနေသော အမျိုးသမီးကလည်း မျက်လုံးဖွင့်လျက် ရှေ့တည့်တည့်အား လှမ်းကြည့်ရင်း တိုးတိုးလေးပြောလိုက်၏။ “စိတ်ထိန်းလေ အစ်ကိုဖုန်းတဲ့။ ငါးနှစ်ဆိုတာ အစ်ကိုဖုန်းတဲ့နဲ့ကျွန်မအတွက် ဒီလောက်ကြာတာမို့လို့လား။ ပြီးတော့ ဒီမှာငါးနှစ်တောင် နေလိုက်ရပေမယ့် အစ်ကိုယင်လဲ့ရှန်ရဲ့ မရဏအမှောင်တိုက်ဖုံး အကာအကွယ်ကြောင့်လည်း အကျိုးကျေးဇူး အများကြီး ရသွားတယ်လေ”
‘ယင်လဲ့ရှန်’ ဟူသောနာမည်အား ကြားသည့်အခါ ဖုန်းတဲ့ဟူသော ခေါင်းတုံးသည် သူ့ရှေ့တွင် တင်ပလင်ခွေ ထိုင်နေသော တုန်လှုပ်ချောက်ချားဖွယ်ရာ အရှိန်အဝါကို ထုတ်လွှတ်နေသည့်လူအား လှမ်းကြည့်လိုက်လေသည်။
ထို့နောက် အနည်းငယ်ကြောက်ကြောက်လန့်လန့်ဖြင့် ခေါင်းညိတ်လျက် “အဲ့ဒါတော့ဟုတ်တယ်။ အစ်ကိုယင်ရဲ့ မရဏတိုက်ဖုံး အကာအကွယ်ကြောင့်သာ မဟုတ်ရင် ငါတို့ဒီမှာ တစ်လနှစ်လလောက်ပဲ နေလို့ရမှာ။ ဒါပေမယ့် ငါသိချင်တာက ငါတို့ဒီမှာဘာလို့ ဒီလောက်ကြာအောင် ထိုင်စောင့်နေရတာလဲ။ အစ်ကိုယင် ဘာလုပ်ချင်နေတာလဲ နင်သိလား ဂျူနီယာညီမလျို။”
လျို့ရှန်းယွင်က ဖြည်းဖြည်းချင်းခေါင်းခါလျက် “ကျွန်မလည်း မသိဘူး။ ဒါပေမယ့် အစ်ကိုယင်မှာက သူ့အကြောင်းနဲ့သူ ရှိမှာပါ။” ဖုန်းတဲ့က ခါးသက်စွာပြုံးလျက် “ထားလိုက်တော့ ဒီအကြောင်းကို ဆက်မပြောဘဲ နေကြရအောင်။”
“ဒါနဲ့ နင့်ကိုယ်ထဲက သူတော်စင်ချီ ဘယ်လောက်လောက် ပြောင်းလဲသွားပြီလဲ။”
“ငါးပုံတစ်ပုံလောက်ပဲ” လျို့ချန်းယွင်က မဲ့ပြုံးပြုံးလိုက်သည်။ ထို့နောက် ယင်လဲ့ရှန်အား အားကျစွာကြည့်လျက် လေသံတိုးတိုးဖြင့် ပြောလိုက်လေ၏။ “အစ်ကိုယင်နဲ့ ယှဉ်လိုက်ရင်တော့ ဘာမှမဟုတ်သေးဘူး။ ကျွန်မအထင်အရဆိုရင် အစ်ကိုယင်ရဲ့ကိုယ်ထဲက သူတော်စင်ချီတွေ အကုန်လုံးနီးပါး အရင်းအမြစ်ချီအဖြစ်ကို ပြောင်းလဲသွားလောက်ပြီ။ ဒီထဲကသာ ထွက်သွားတာနဲ့ သူတာအိုအဆင့်ကို ချက်ချင်း ချိုးဖြတ်သွားနိုင်လောက်တယ်။ ကြယ်သခင်ဖြစ်ရတဲ့ အကျိုးကျေးဇူးက တကယ်အံ့ဩဖို့ ကောင်းတာပဲ။”
ဖုန်းတဲ့က မနာလိုအားကျစွာဖြင့် “ငါသာ ဒီအကြောင်းကို ကြိုသိခဲ့မယ်ဆိုရင် ကျင့်ကြံရေးကြယ်တစ်လုံးရဲ့ အမြူတေကို သွားပြီးသန့်စင်လိုက်တယ်”
“ဒါပေမယ့် ကြယ်အမြူတေတစ်ခုကို သန့်စင်နိုင်ဖို့ဆိုတာလည်း လွယ်တာမဟုတ်ဘူးလေ။” လျို့ရှန်းယွင်က ဖြည်းဖြည်းချင်း ခေါင်းခါလျက် “အဲ့ကိစ္စက ကံမကောင်းရင် အောင်မြင်နိုင်တဲ့ ကိစ္စမျိုးမဟုတ်ဘူး။ ကြယ်အမြူတေကို သန့်စင်ဖို့ကြိုးစားရင်း ကျွန်မတို့ တစပြင်ကန္တာရကြယ်စီရင်စုကြီးရဲ့ တန်ခိုးရှင်ဘုရင် တတိယအဆင့် ပညာရှင်တွေ ဘယ်လောက်တောင် သေသွားပြီးပြီလဲ။ ကျွန်မတောင် ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိလို့ ကြယ်အမြူတေကို သန့်စင်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့တာ”
“ဘာပဲဖြစ်ဖြစ် မကြာခင် ကြယ်တာရာအစုအဝေးဆီ ရောက်တော့မှာပဲ။ အဲ့တော့မှပဲ ကြယ်အမြူတေတစ်ခုကို လိုက်ရှာလည်း နောက်မကျသေးဘူး။”
ဖုန်းတဲ့က ဖြည်းဖြည်းချင်းခေါင်းခါလျက် “အဲ့လိုဆိုပေမယ့် ငါကြားရသလောက်ကတော့ ကြယ်အမြူတေက ကြယ်တာရာအစုအဝေးမှာတောင် အရမ်းကိုရှားတာတဲ့။ ပညာရှင်တွေ တော်တော်များများဆိုရင် သူတို့ကျင့်ကြံခြင်းကို တမင်တကာ ပြန်လျှော့ချပြီး ဒီကြယ်တာရာလိုဏ်ခေါင်းထဲလာ၊ ပြီးတာနဲ့ အဓိကကြယ်စီရင်စုကြီးတွေထဲသွားပြီး ကြယ်အမြူတေကို သန့်စင်ဖို့ ကြိုးစားကြတာတဲ့။ နင်နဲ့ငါက ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရပြီဆိုတော့ နောက်ပိုင်း ငါတို့ကြယ်သခင်ဖြစ်လာနိုင်ဖို့က သိပ်အခွင့်အလမ်း မရှိတော့ဘူး။”
ထိုစကားကိုကြားသည့်အခါ လျို့ရှန်းယွင် အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့လေသည်။
“မင်းတို့နှစ်ယောက် တိတ်တိတ်နေလို့မရဘူးလား။ မင်းတို့ထိုင်စကားများနေကြတာ ဒီဘုရင် တစ်ချက်မှကို အာရုံစိုက်လို့မရတော့ဘူး။”
ရုတ်တရက် ရှေ့ဘက်ဆီမှ သုန်သုန်မှုန်မှုန် အသံတစ်သံ ထွက်လာခဲ့လေသည်။ ထိုအသံကို ကြားသည့်အခါ လျို့ရှန်းယွင်နှင့်ဖုန်းတဲ့တို့ နှစ်ဦးစလုံး ကြောက်ကြောက်လန့်လန့်နှင့် ရှေ့ဘက်သို့ လှမ်းကြည့်လိုက်ကြလေသည်။
ထိုအခါမှပဲ မျက်စိပိတ်လျက် တင်ပလင်ခွေထိုင်နေသော ယင်လဲ့ရှန် မျက်လုံးပွင့်နေကြောင်း တွေ့လိုက်ရ၏။ ယင်လဲ့ရှန်၏ ခံစားချက်မပါသည့် အေးစက်စက် အကြည့်သည် ကြည့်ခံရသည့် လူတိုင်းအား အလွန်ကိုမှ စိတ်မသက်မသာ ဖြစ်စေနိုင်ပေသည်။
လျို့ရှန်းယွင်က အားတင်းပြုံးလျက် တောင်းပန်လိုက်လေ၏။ “ကျွန်မတို့က ဒီတိုင်းပဲစကားပြောနေလိုက်တာ။ စီနီယာအစ်ကိုယင်ကို နှောင့်ယှက်မိသွားမယ်လို့ မထင်ထားခဲ့ဘူး။ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့ စီနီယာအစ်ကိုယင်” ယင်လဲ့ရှန်သည် ဘာမှပြန်မပြောဘဲ ထူးမခြားနားဟန်ဖြင့်သာ သူတို့အား တစ်ချက်ဝေ့ကြည့်လိုက်၏။
မကြာခင် ဖုန်းတဲ့က မျက်မှောင်ကြုတ်လျက် မေးလိုက်လေသည်။ “အစ်ကိုယင် ကျုပ်တို့ဒီမှာစောင့်နေတာ ငါးနှစ်တောင်ကြာနေပြီ။ နောက်ထပ် ဘယ်လောက်လောက် ထပ်စောင့်ရဦးမှာလဲ။” “မင်းထွက်သွားချင်လို့လား…” ယင်လဲ့ရှန်က ဖုန်းတဲ့အားကြည့်ကာ မေးလိုက်၏။
ဖုန်းတဲ့က ချက်ချင်းပြန်ပြောလိုက်လေ၏။ “အစ်ကိုယင်သာ ကျုပ်တို့ဘာလို့ ဒီမှာစောင့်နေရသလဲဆိုတဲ့ အကြောင်းရင်းကို ပြောပြပေးမယ်ဆိုရင် ဒီဖုန်းကျေကျေနပ်နပ်နဲ့ ဆက်ပြီးစောင့်ပေးမှာပါ။ ဒါပေမယ့် ဒီကြယ်တာရာလမ်းကြောင်းထဲကို ဝင်လာကတည်းက အစ်ကိုယင်က ချက်ချင်းကြီး ကိုယ့်ဘာသာကိုယ်ပဲ ကျင့်ကြံနေတာဆိုတော့ ဒီဖုန်းလည်းနည်းနည်းပါးပါး….”
“ဒီတော့မင်းက ငါ့လုပ်ပုံကို မကြိုက်ဘူးပေါ့။” ယင်လဲ့ရှန်၏ အေးစက်စက်အသံ ထွက်လာခဲ့သည်။ ဖုန်းတဲ့က မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်၏။ “မဟုတ်ပါဘူး။ ဒီအတိုင်း...” သူ့စကားကို ဆုံးအောင်ပင် မပြောရသေးခင်မှာပဲ သူ့ရှေ့၌ ပုံရိပ်တစ်ခု ရုတ်တရက်ပေါ်လာခဲ့လေသည်။
ဘယ်အချိန်ကတည်းကမှန်းမသိ ယင်လဲ့ရှန်သည် ဖုန်းတဲ့ရှေ့သို့ ရောက်နေခဲ့သည်။ ယင်လဲ့ရှန်၏ အေးစက်စက်မျက်လုံးများကိုကြည့်ရင်း ဖုန်းတဲ့ တုန်တုန်ရီရီ ဖြစ်သွားခဲ့လေသည်။ တရိပ်ရိပ်နီးကပ်လာနေသော သေခြင်းတရား၏ အရှိန်အဝါကို ခံစားမိလိုက်သည့်အခိုက် ဖုန်းတဲ့လည်း သူ့ရှေ့တည့်တည့်သို့ အလိုလို လက်သီးဖြင့် ထိုးချမိလိုက်လေသည်။
“မလုပ်နဲ့…” လျို့ရှန်းယွင်၏အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး အလန့်တကြား ထအော်လေသည်။
“ဟမ့်..” ယင်လဲ့ရှန်က အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ဖုန်းတဲ့၏လက်သီးချက် သူ့ဆီတိုးဝင်လာနေသည်ကို မြင်သည့်တိုင် ရှောင်ရှားခြင်းမပြုဘဲ သူ့လက်တစ်ဖက်ကိုမြှောက်၍သာ ထိုလက်သီးချက်တွင်ပါသော အဖျက်စွမ်းအားကို လွယ်လင့်တကူ ချေဖျက်လိုက်လေသည်။
ထို့နောက် ကျန်လက်တစ်ဖက်ဖြင့် ဖုန်းတဲ့၏လည်ပင်းကို ဖမ်းဆွဲညှစ်လိုက်၏။ ယင်လဲ့ရှန်၏ လည်ပင်းညှစ်ခြင်း ခံလိုက်ရသည်နှင့်တစ်ပြိုင်နက် ဖုန်းတဲ့သည် သူ့သူတော်စင်ချီကို ကောင်းကောင်းမလည်ပတ်နိုင်တော့ချေ။
ထိုမြင်ကွင်းကိုကြည့်ရင်း လျို့ရှန်းယွင် အလွန်ကိုမှ ထိတ်လန့်သွားခဲ့လေသည်။ ယခုမှပဲ ယင်လဲ့ရှန်ကို သူမအထင်သေးမိသွားကြောင်း နားလည်သွားခဲ့သည်။ ယင်လဲ့ရှန်သည် သူ့ကိုယ်ထဲရှိ သူတော်စင်ချီအားလုံးကို အရင်းအမြစ်ချီသို့ ပြောင်းလဲပြီးသွားခဲ့လေပြီ။
ထို့ကြောင့်သာမဟုတ်လျှင် အဆင့်တူတစ်ယောက်ဖြစ်သော ဖုန်းတဲ့အား ဤမျှအလွယ်တကူ ဖိနှိပ်နိုင်လိမ့်မည်မဟုတ်ချေ။ ဤနေရာသို့မလာခင်ကတည်းက ယင်လဲ့ရှန်သည် သူမတို့ထက် အများကြီးပိုအားကောင်းသည့်သူတစ်ဦး ဖြစ်သည်။ သို့သော်လည်း ခွန်အားကွာခြားချက်မှာ အရမ်းကြီးမသိသာခဲ့ပေ။
သို့သော်လည်း ဤနေရာသို့ ရောက်လာပြီးနောက်တွင် သူတို့ကြားရှိ ခွန်အားကွာခြားချက်မှာ အလွန်ကိုမှ ကြီးမားသွားခဲ့၏။ ထိုသို့ဖြစ်ရခြင်းမှာ ယင်လဲ့ရှန်၏ သူတော်စင်ချီအားလုံး အရင်းအမြစ်ချီသို့ ပြောင်းလဲသွားသည့် ကိစ္စနှင့်ပတ်သက်နေ၏။
“အစ်ကိုယင်…” ဖုန်းတဲ့မှာ ရုန်းကန်နေသော်လည်း လုံးဝမလွတ်နိုင်ခဲ့ပေ။ “ငါတို့အကုန်လုံး တစပြင်ကန္တာရ ကြယ်စီရင်စုထဲက လာတာကြောင့်သာမဟုတ်ရင် မင်းတို့ကို ငါ့ရဲ့မရဏအမှောင်တိုက်ဖုံး အကာအကွယ်ထဲမှာတောင် နေခိုင်းခဲ့မှာ မဟုတ်ဘူး။ အဲ့ဒါကိုတောင် မင်းတို့ကကျေးဇူးမတင်ဘဲ ဒီဘုရင်ရဲ့ဆုံးဖြတ်ချက်ကို လာပြီးမေးခွန်းထုတ်နေသေးတယ်။ မင်းလိုကောင်မျိုးက သေတာတောင် သနားဖို့မတန်တဲ့ကောင်။” ယင်လဲ့ရှန်က အေးစက်စက်အမူအရာဖြင့် ပြောလိုက်ပြီးနောက် ဖုန်းတဲ့လည်ပင်းအား ညှစ်ထားသည့်သူ့လက်ထဲသို့ အားနည်းနည်း ထပ်ထည့်လိုက်လေသည်။ လျိုရှန်းယွင်မှာ ထိုမြင်ကွင်းကိုကြည့်ရင်း ဝင်တားလိုက်ချင်သော်လည်း ယင်လဲ့ရှန်၏ ရက်စက်သည့်နည်းလမ်းများအကြောင်း ပြန်စဉ်းစားမိလိုက်သည့်နောက် ကြောက်ကြောက်ဖြင့်သာ ရပ်နေမိတော့လေသည်။
သူမဝင်မတားရသည့်အကြောင်းရင်းမှာ ယင်လဲ့ရှန်သာ အမှန်တကယ်ဒေါသထွက်သွားမည်ဆိုပါက ဖုန်းတဲ့ ကျိန်းသေ သေရမည်မှန်း သိနေသည့်အတွက်ကြောင့်ပင်။
ထို့ကြောင့် အားတင်းပြုံးလျက်သာ ပြောလိုက်လေသည်။ “အစ်ကိုယင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါနော်။ ကျွန်မနဲ့ဖုန်းတဲ့တို့ နှစ်ယောက်စလုံး ကိုယ့်အမှားကိုယ် သိကြပါပြီ။ ကျွန်မတို့ ပြောခဲ့တာတွေအတွက်လည်း တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး အစ်ကိုဖုန်းကို ချမ်းသာပေးပါနော် အစ်ကိုယင်။”
“မင်းအမှားမင်းသိပြီလား။” ယင်လဲ့ရှန်က ထူးမခြားနားဟန်ဖြင့် မေးလိုက်သည်။ ဖုန်းတဲ့အလျင်အမြန် ခေါင်းညိတ်လိုက်လေသည်။ “ဒုတိယအကြိမ်ဆိုတာ ထပ်ပြီးရှိလာတော့မှာ မဟုတ်ဘူး။”
ပြောပြီးသည့်နောက် ယင်လဲ့ရှန်သည် ဖုန်းတဲ့အား အမှိုက်ထုပ်တစ်ထုပ်နှယ် လွှင့်ပစ်လိုက်လေ၏။
လျို့ရှန်းယွင်မှာ ဝင်ကူညီပေးချင်သော်လည်း မဆင်မခြင် မလှုပ်ရှားရဲခဲ့ပေ။ ထို့အစား ယင်လဲ့ရှန်အား အထိတ်ထိတ် အလန့်လန့်ဖြင့်သာ ကြည့်နေခဲ့လေ၏။ ဖုန်းတဲ့အား အပြစ်ပေးပြီးနောက်တွင် ယင်လဲ့ရှန်သည် နောက်တစ်ကြိမ် ထပ်မလှုပ်ရှားတော့ချေ။
လက်နောက်ပစ်လျက်သာ ပြောလိုက်၏။ “ငါတို့နှစ်ယောက်စလုံးက ကြယ်စီရင်စုကြီးတစ်ခုတည်းကနေ ဖြစ်နေတဲ့အတွက် ငါမင်းတို့ကို အရမ်းကြီး မရက်စက်ချင်ဘူး။ တကယ်တော့ မင်းတို့လည်း ကြယ်တာရာအစုအဝေးထဲရောက်ရင် ငါ့မရဏဂိုဏ်းထဲဝင်ပြီး ငါတို့အားလုံးက တစ်မိသားစုတည်း ဖြစ်လာကြတော့မှာ။ အဲ့ဒါကြောင့်မို့လို့ ငါမင်းတို့အပေါ် ဒီလောက်ကြင်နာပေးနေတာ။”
လျို့ရှန်းယွင်က အားတင်းပြုံးလျက် ပြန်ပြောလိုက်လေ၏။ “စီနီယာအစ်ကိုယင်က ဒီလိုပြောမှတော့ ကျွန်မလေးလေးစားစားနဲ့ နာခံပေးပါ့မယ်။” မရဏဂိုဏ်းသည် တစပြင်ကန္တာရကြယ်စီရင်စုထဲတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပေသည်။
ထို့ကြောင့် ကြယ်တာရာအစုအဝေးထဲတွင်ရှိသည့် ၎င်း၏ဂိုဏ်းမှာလည်း ထူးမခြားနားသာ ဖြစ်ရပေလိမ့်မည်။ သို့သော်လည်း ပညာရှင်များစွာကို ပိုင်ဆိုင်ထားသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည့်အတွက်ကြောင့် အင်အားစုအနည်းငယ်သည်သာ ထိုဂိုဏ်းအား စိန်ခေါ်ရဲကြပေသည်။ သူမတို့သာ ကြယ်တာရာအစုအဝေးထဲသို့ ရောက်ပြီး ထိုကဲ့သို့ အင်အားတောင့်တင်းသည့် အဖွဲ့အစည်းတစ်ခုထဲသို့သာ ဝင်နိုင်မည်ဆိုလျှင် သူမတို့၏အနာဂတ်မှာ ပို၍ချောမွေ့လာလောက်ပေသည်။
ထိုကဲ့သို့အင်အားစုတစ်ခုထဲသို့ ဝင်နိုင်မည့်အပေါ် ဝမ်းသာအားရ ဖြစ်မိသော်လည်း တစ်ချိန်တည်းတွင် သူမတို့ကိုယ်တိုင်ကပါ မကောင်းသတင်းဖြင့် ကျော်ကြားလာမည် ဆိုသည့်အကြောင်းကို စဉ်းစားမိလိုက်သည့်အခိုက် လျို့ရှန်းယွင် သိပ်ပြီးမကျေမနပ် ဖြစ်သွားခဲ့လေသည်။
သို့သော်လည်း ယင်လဲ့ရှန်က ထိုကဲ့သို့ပြောနေမှဖြင့် သူမတွင် ဘာရွေးချယ်စရာ ရှိဦးပါမည်နည်း။ ဖုန်းတဲ့မှာမူ အသက်ရှင်ခွင့် ရသည်ကိုပင် ကျေနပ်သင့်နေလေရာ မည်သို့များ ကန့်ကွက်စကား ပြောရဲဦးမည်နည်း။ ထိုနှစ်ယောက်၏ပုံစံနှင့် ပတ်သက်၍ ယင်လဲ့ရှန်သည် အလွန်ကျေနပ်အားရသွားသည့်အလား စ၍ပြောလိုက်သည်။ “ဒီဘုရင် အခုထိ ဘာလို့ကြယ်တာရာအစုအဝေးထဲ မသွားသေးဘဲ ဒီမှာအကြာကြီးနေနေလဲဆိုတာကို မင်းတို့သိချင်နေတာမလား။”
လျို့ရှန်းယွင်နှင့်ဖုန်းတဲ့သည် အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် လျို့ရှန်းယွင်က ပြောလိုက်လေ၏။ “စီနီယာအစ်ကိုယင် ပြောလို့အဆင်မပြေရင်လဲ….”
“အဆင်မပြေတာ ဘာမှမရှိဘူး။” ယင်လဲ့ရှန်က ပြန်ပြောလိုက်၏။
“မင်းတို့က ငါ့မရဏဂိုဏ်းထဲ ဝင်တော့မယ့်လူတွေဆိုတော့ အပြင်လူတွေမဟုတ်တော့ဘူးလို့ ပြောလို့ရတယ်။ ဒီတော့ မင်းတို့ကိုပြောလိုက်တာ ဘာမှကိစ္စမရှိဘူး။ ဒီဘုရင် ဒီမှာထိုင်စောင့်နေရတဲ့အကြောင်းရင်းက ဒီကြယ်တာရာလမ်းကြောင်းထဲ ဝင်လာမယ့် အခြားကြယ်စီရင်စုကလူတွေကို စောင့်နေတာပဲ။”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၉၃၀)
“အခြားကြယ်စီရင်စုကြီးက လူတွေကိုစောင့်နေတာ။” လျို့ရှန်းယွင်နှင့်ဖုန်းတဲ့တို့ နှစ်ဦးစလုံး ကြောင်သွားခဲ့ကြလေသည်။ ယင်လဲ့ရှန် ဤနေရာတွင် ငါးနှစ်ကြာအောင် နေနေခဲ့ခြင်းသည် ထိုအကြောင်းကြောင့် ဖြစ်နေလိမ့်မည်ဟု သူတို့လုံးဝမထင်ထားခဲ့ပေ။
ယင်လဲ့ရှန်အသုံးပြုထားသည့် မရဏအမှောင်တိုက်ဖုံး အကာအကွယ်သည် မရဏဂိုဏ်း၏ အထွတ်အမြတ်ရတနာ တစ်ခုဖြစ်သည်။ ကောလဟလများက ပြောသည်မှာတော့ ထိုရတနာကို ကြယ်တာရာအစုအဝေးထဲရှိ မရဏဂိုဏ်းမှ ပေးအပ်ချီးမြှင့်ခဲ့သည်ဟု ပြောကြသည်။
တစ်နည်းဆိုရသော် မရဏအမှောင်တိုက်ဖုံး အကာအကွယ်သည် တန်ခိုးရှင်ဘုရင်အဆင့်ကို ကျော်လွန်နေသည့် မှော်ရတနာတစ်ခုဖြစ်ပေသည်။ မရဏအမှောင်တိုက်ဖုံး အကာအကွယ်ကို တစ်ကြိမ်အသုံးပြုလိုလျှင် မရေမတွက်နိုင်သော ဝိညာဉ်များကိုသုံးကာ အားအရင်ဖြည့်ပေးရ၏။
ထိုအခါမှပဲ လွန်ခဲ့သောငါးနှစ်ခန့်က ယင်လဲ့ရှန်သည် တစပြင်ကန္တာရကြယ်စီရင်စုကြီးထဲရှိ ကျင့်ကြံရေးကြယ် တစ်လုံးဆီသို့သွားကာ ထိုကြယ်ပေါ်ရှိလူပေါင်းများစွာအား သတ်ဖြတ်ခဲ့ကြောင်းကို လျို့ရှန်းယွင် ပြန်သတိရသွားလေ၏။
ထိုစဉ်က လူပေါင်းများစွာသည် ယင်လဲ့ရှန် ရူးများရူးသွားသလားဟု ထင်ခဲ့ကြသည်။ ယခုမှပဲ ယင်လဲ့ရှန် ထိုကဲ့သို့လုပ်ရခြင်းမှာ မရဏအမှောင်တိုက်ဖုံး အကာအကွယ်ကို အသုံးပြုရန် ပြင်ဆင်နေခြင်းဖြစ်မှန်း လျို့ရှန်းယွင် နားလည်သွားခဲ့လေသည်။
“မင်းတို့နားလည်လား။” ယင်လဲ့ရှန်က လျို့ရှန်းယွင်နှင့် ဖုန်းတဲ့အားကြည့်ကာ မေးလိုက်သည်။ လျို့ရှန်းယွင်က ခေါင်းခါလျက် “အဆင်ပြေမယ်ဆိုရင် စီနီယာအစ်ကိုယင် တစ်ချက်လောက် အသေးစိတ် ရှင်းပြပေးလို့ရမလားမသိဘူး”
ယင်လဲ့ရှန်က ပြောလိုက်၏ “ငါကြယ်သခင်တွေကို စောင့်နေတာ။” ထိုစကားကိုကြားသည့်အခါ လျို့ရှန်းယွင်နှင့် ဖုန်းတဲ့တို့နှစ်ဦးစလုံး ချက်ချင်း နားလည်သွားခဲ့လေသည်။
လျို့ရှန်းယွင်က ပြန်ပြောလိုက်၏။ “ဒီတော့ မရဏဂိုဏ်းမှာ အခြားသူတွေဆီက ကြယ်အမြူတေကို လုယူနိုင်တဲ့နည်းလမ်း ရှိတယ်ဆိုတဲ့ ကောလဟလတွေက အမှန်ပဲပေါ့။”
ယင်လဲ့ရှန်က ခေါင်းငြိမ့်၍ ပြောလိုက်၏။ “ဟုတ်တယ်”
“ဒီတော့ စီနီယာအစ်ကိုယင်က တခြားလူတွေရဲ့ ကြယ်အမြူတေကို လုယူချင်တာပေါ့။”
“မဟုတ်ဘူး။” ယင်လဲ့ရှန်က အေးစက်စက်အမူအရာဖြင့် “ငါ့မှာ ကြယ်အမြူတေတစ်ခု ရှိပြီးနေပြီ။ နောက်ထပ် ကြယ်အမြူတေတစ်ခုကို ထပ်ပြီးစုပ်ယူလို့ မရတော့ဘူး။”
“ဒါဆိုစီနီယာအစ်ကိုယင် ဘာလို့…..”
“ငါ့အတွက် အသုံးမဝင်ပေမယ့် အခြားသူတွေအတွက် အသုံးဝင်တယ်လေ။ ငါအခု ကြယ်တာရာအစုအဝေးထဲက မရဏဂိုဏ်းကို သွားတော့မှာ။ ဒီတော့မသွားခင်လေး လက်ဆောင်တစ်ခုခု ပြင်သွားပေးရမှာပေါ့။ အဲ့ဒါမှပဲ ဂိုဏ်းထဲဝင်ပြီးနောက်ပိုင်း ဒီဘုရင်ရဲ့အနာဂတ်က ဖြောင့်ဖြူးသာယာသွားနိုင်မှာ။”
ထိုအခါမှပဲ ယင်လဲ့ရှန် ဤနေရာတွင် ဘာကြောင့်ငါးနှစ်ကြာအောင် ထိုင်စောင့်နေရသလဲဆိုသည်ကို လျို့ရှန်းယွင်နှင့် ဖုန်းတဲ့တို့ အမှန်တကယ် နားလည်သွားကြတော့လေသည်။ ယင်လဲ့ရှန်သည် တစပြင်ကန္တာရ ကြယ်စီရင်စုကြီးထဲတွင် အရှင်သခင်တစ်ပါး ဖြစ်ချင်ဖြစ်လိမ့်မည်ဖြစ်သော်ငြား သူသည် တန်ခိုးရှင်ဘုရင် တတိယအဆင့်ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။
ကြယ်တာရာအစုအဝေးထဲသို့ ရောက်လာပြီးနောက် ထိုကဲ့သို့ ကျင့်ကြံခြင်းသည် ဘာမှမပြောပလောက်တော့ချေ။ မရဏဂိုဏ်းသည် တပည့်များကြား အလွန်ကိုမှ ပြိုင်ဆိုင်မှုပြင်းထန်သည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ ကြယ်စီရင်စုကြီးထဲမှ ရောက်လာသူတစ်ယောက်ဖြစ်သည့် သူ့တွင် မည်သည့် ကျောထောက်နောက်ခံမှ မရှိပေ။
ထို့ကြောင့် သူ့ကိုယ်သူအားကိုးရုံသာ ရှိတော့သည်။ ဤအကြောင်းကြောင့်ပင် ယင်လဲ့ရှန်သည် ကြယ်သခင်များကို ပစ်မှတ်ထားနေရခြင်း ဖြစ်သည်။ သူသာ ကြယ်အမြူတေတစ်ခုကို လက်ဆောင်အဖြစ် ယူသွားပေးနိုင်မည်ဆိုလျှင် ကျောထောက်နောက်ခံ မရှိမည်ကို စိတ်ပူစရာမလိုတော့ချေ။
လျို့ရှန်းယွင်နှင့် ဖုန်းတဲ့တို့နှစ်ဦးစလုံးလည်း ယင်လဲ့ရှန်၏ အမြော်အမြင်ကြီးမားမှုအပေါ် မလေးစားဘဲမနေနိုင်အောင် ဖြစ်သွားခဲ့ကြလေသည်။ တာအိုသခင်သို့ ချိုးဖျက်ဝင်ရောက်နိုင်သည့်တိုင် ကြယ်တာရာအစုအဝေးဆီသို့ မသွားသေးဘဲ ဤနေရာတွင် ငါးနှစ်ကြာအောင် စောင့်နေသည်ကိုကြည့်လျှင် ယင်လဲ့ရှန်မည်မျှ စိတ်ရှည်ကြောင်း၊ ဇွဲကောင်းကြောင်း မြင်တွေ့နိုင်ပေသည်။
သို့သော်လည်း ဤသည်မှာ အလောင်းအစားတစ်ခုသာ ဖြစ်လေသည်။ အကြောင်းမှာ ဤနေရာတွင်နေနေခြင်းသည် သူတို့၏ကျင့်ကြံခြင်းကို နှောင့်နှေးစေနိုင်သည်။ ယင်လဲ့ရှန်၏ သူတော်စင်ချီသည် အရင်းအမြစ်ချီအဖြစ်သို့ လုံးဝပြောင်းလဲသွားပြီဆိုလျှင်ပင် ကြယ်တာရာလမ်းကြောင်းထဲတွင်သာ ရှိနေသေးသည့်အတွက် သူ့အနေဖြင့် တာအိုသခင်အဆင့်သို့ မချိုးဖျက်နိုင်သေးပေ။
“ဒီဘုရင်သာ မရဏဂိုဏ်းရဲ့ အာရုံစိုက်ခံရမှုကို ရလိုက်မယ်ဆိုရင် နောက်ပိုင်းကျင့်ကြံဖို့ အရင်းအမြစ်တွေ မရှိမှာကို စိတ်ပူစရာမလိုတော့ဘူး။ အဲ့အခါကျ ဧကရာဇ်ဖြစ်လာဖို့က လွယ်လွယ်လေးဖြစ်သွားပြီ။ မင်းတို့ ငါ့နောက်လိုက်သာလုပ်။ မင်းတို့အနာဂတ်က ကျိန်းသေ ဖြောင့်ဖြူးစေရမယ်”
လျို့ရှန်းယွင်နှင့် ဖုန်းတဲ့တို့နှစ်ဦးစလုံး ယင်လဲ့ရှန်အား အလျင်အမြန် ကျေးဇူးတင်လိုက်ကြလေသည်။
“အခု ဒီဘုရင်ဘာလုပ်ချင်နေလဲ မင်းတို့သိသွားပြီဆိုတော့ မင်းတို့ပါးစပ်ကို ပိတ်ထားလိုက်ကြပေတော့။ ငါတိတ်တိတ်လေး နေရတာကိုပဲကြိုက်တယ်။” ယင်လဲ့ရှန်က သူ့လက်ကိုဝှေ့ယမ်း၍ ပြောလိုက်၏။
“ဟုတ်ကဲ့” လျို့ရှန်းယွင်နှင့် ဖုန်းတဲ့တို့နှစ်ဦးစလုံး ခေါင်ညိတ်လိုက်ကြ၏။ ယင်လဲ့ရှန်၏စွမ်းအားကို မြင်တွေ့ပြီးနောက် သူတို့ မည်သို့ပင်ဆန္ဒမရှိစေကာမူ ယင်လဲ့ရှန်၏စကားကို သွားလွန်ဆန်၍ မဖြစ်မှန်း သိသွားကြသည်။ ယင်လဲ့ရှန်အဖို့ သူတို့အားသတ်ပစ်ဖို့သည် ပုရွက်ဆိတ်တစ်ကောင်ကို သတ်သလိုပင်… အလွန်ကိုမှ လွယ်ကူပေသည်။
ထိုစဉ် ခေါင်းလောင်းသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ ယင်လဲ့ရှန်၏အမူအရာ ပြောင်းလဲသွားပြီး ချက်ချင်းပဲ သူ့ခါးရှိခေါင်းလောင်းကို လှမ်းယူလိုက်လေသည်။ လက်ရှိတွင် ခေါင်းလောင်းသည် တစ်ခုခု၏နှောင့်ယှက်ခြင်း ခံရသည့်အလား အဆက်မပြတ် မြည်ဟည်းနေခဲ့သည်။
“တစ်ယောက်ယောက် လာနေပြီ။” ယင်လဲ့ရှန်၏မျက်နှာထက် ကြမ်းကြုတ်ခက်ထန်သည့် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့လေသည်။ “ဒီဘုရင် ငါးနှစ်ကြာအောင် စောင့်လိုက်ရတာ အချည်းနှီး ဖြစ်မသွားဘူးပဲ။ အဲ့လူတွေငါ့ကို စိတ်ပျက်အောင်မလုပ်မိဖို့ပဲ မျှော်လင့်တယ်။ မဟုတ်ရင်တော့ ဟဲ…ဟဲ…ဟဲ”
ယင်လဲ့ရှန်၏ရယ်သံကို ကြားပြီးနောက် နောက်ဘက်တွင် ရပ်နေသည့် လျို့ရှန်းယွင်နှင့် ဖုန်းလဲ့တို့နှစ်ဦးစလုံး ကြက်သီးမွေးညင်း ထသွားကြလေသည်။ ယခုရောက်လာသည့်လူများ သူတို့ကြယ်စီရင်စုကြီးထဲတွင် မည်မျှအဆင့်အတန်း မြင့်မားနေပါစေ၊ မည်မျှပင် အားကောင်းနေပါစေ ယင်လဲ့ရှန်နှင့် လာတွေ့သည့် သူတို့၏ကံကိုသာ အပြစ်တင်ရပေတောမည်။
ယခုရောက်လာသည့်လူများထဲတွင်သာ ကြယ်သခင်တစ်ဦးဦး ပါနေခဲ့မည်ဆိုလျှင်တော့ သူတို့အနေဖြင့် မနာကျင်ရဘဲ သေသွားရနိုင်သော်ငြား ကြယ်သခင်တစ်ဦးမှ ပါမလာခဲ့လျှင်တော့ သေခြင်းထက်ဆိုးသည့်အရာမှာ ဘာမှန်းသိသွားအောင် ယင်လဲ့ရှန် လုပ်ပြပေးပေလိမ့်မည်။
တကယ်တော့ မရဏဂိုဏ်း နာမည်ဆိုးဖြင့် ကျော်ကြားနေရခြင်းမှာ အလကားသက်သက်မဟုတ်ပေ။ တစပြင်ကန္တာရကြယ်စီရင်စုထဲရှိ လူတိုင်းသည် သူတို့၏ နှိပ်စက်သည့်နည်းလမ်းများကို အလွန် ကြောက်ကြပေသည်။
ယင်လဲ့ရှန်တို့အဖွဲ့ဆီမှ မိုင်တစ်ရာခန့်အကွာတွင် ရန်ကိုင်တို့အဖွဲ့သည် ဖြည်းဖြည်းချင်း ရှေ့ဆက်နေခဲ့လေ၏။ ရန်ကိုင်၏သူတော်စင်ချီသည် အလွန်လျင်မြန်သောနှုန်းဖြင့် အရင်းအမြစ်ချီအဖြစ်သို့ ပြောင်းလဲနေခဲ့သည်။
သို့သော်လည်း သူတွက်ကြည့်ရသလောက် ဤနှုန်းအတိုင်းသာ ဆက်သွားနေမည်ဆိုပါက သူ့သူတော်စင်ချီအားလုံး အရင်းအမြစ်ချီသို့ ပြောင်းလဲရန် အနည်းဆုံး တစ်နှစ်နှစ်နှစ်ခန့် အချိန်ယူရပေလိမ့်မည်။
ရုတ်တရက် ရန်ကိုင်သည် မျက်မှောင်ကျုံ့လျက် ခေါင်းမော့ကာ ရှေ့တည့်တည့်သို့ လှမ်းကြည့်လိုက်လေသည်။ သူ့ရှေ့ဘက်တွင် အသက်စွမ်းအင်အရှိန်အဝါအချို့ ရှိနေသည်ဟု ရုတ်တရက်ခံစားလိုက်ရလေသည်။
သို့သော်လည်း ဤကြယ်တာရာလမ်းကြောင်း၏ ပတ်ဝန်းကျင်ကြောင့် သူ့ကောင်းကင်စိတ်အာရုံပင်လျှင် ဝေးဝေးသို့မရောက်နိုင်ချေ။ ထို့ကြောင့် ရန်ကိုင်မှာ သူ့ခန့်မှန်းချက်နှင့်ပတ်သက်ပြီး သိပ်မသေချာ ဖြစ်နေခဲ့သည်။
ခဏမျှ စဉ်းစားကြည့်ပြီးနောက် ရန်ကိုင်သည် လေဟာနယ်စွမ်းအားရော ကောင်းကင်စိတ်အာရုံကိုပါ တစ်ပြိုင်တည်း ဖြန့်ကြက်ချလိုက်လေသည်။ ချက်ချင်းဆိုသလို သူ့ကောင်းကင်စိတ်အာရုံသည် လေဟာနယ်ကိုခုန်ကျော်၍ မိုင်တစ်ရာအကွာဆီသို့ ရောက်သွားခဲ့လေ၏။
“တကယ်ကြီး တစ်ယောက်ယောက်ရှိနေတာပဲ။” ရန်ကိုင်၏ အမူအရာ ရုတ်တရက်ပြောင်းလဲသွားခဲ့လေသည်။ ဤနေရာတွင် အခြားလူများပါ ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ဒီထဲမှာ ကြယ်တာရာအစုအဝေးဆီကို သွားချင်နေတဲ့ အခြားကြယ်စီရင်စုကလူတွေပါ ရှိနေတာလား။
လေထဲတွင် ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကိုသုံး၍ အားလုံးကို ရှေ့ဆက်မသွားရန် အလျင်အမြန် သတိပေးလိုက်လေသည်။ ရန်ကိုင်တို့ရောက်လာမည်ကို စိတ်ရှည်ရှည်ဖြင့် ထိုင်စောင့်နေသော ယင်လဲ့ရှန်၏ မျက်နှာထက် ရုတ်တရက် ဆိုသလို သံသယရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။
ယခုလေးတင် သူ့ဘေးနားမှ ကောင်းကင်စိတ်အာရုံ အရှိန်အဝါတစ်ရပ် ဖြတ်သန်းသွားသလို ယင်လဲ့ရှန် ခံစားလိုက်ရသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ယင်လဲ့ရှန် အလွန်ကိုမှ အံ့အားသင့်သွားခဲ့လေသည်။
သူကဲ့သို့ အလွန်အားကောင်းသည့် လူတစ်ယောက်၏ ကောင်းကင်စိတ်အာရုံပင်လျှင် ဤကြယ်တာရာလမ်းကြောင်းထဲ၌ ခပ်ဝေးဝေးသို့ မသွားနိုင်ပေ။ မိုင်အနည်းငယ်ခန့်အကွာသို့ သွားဖို့ဆိုလျှင်ပင် မဖြစ်နိုင်ပေ။ ထို့ကြောင့်ပင်လျှင် အခြားသူများ၏ အသက်အရှိန်အဝါကို ခံစားနိုင်ရန်အတွက် သူ့ခါးတွင်ချိတ်ထားသော ခေါင်းလောင်းလေးကို အားကိုးနေရခြင်း ဖြစ်သည်။
“ငါပဲ အထင်မှားသွားတာလား။” ယင်လဲ့ရှန်သည် ထိုကဲ့သို့ ရေရွတ်လိုက်ပြီးနောက် ရုတ်တရက်ပြုံးလျက် “ငါအထင်မှားတာမဟုတ်ဘူး ဆိုရင်တော့ ကြည့်ရတာ ပညာရှင်တစ်ယောက်နဲ့ လာတိုးပြီနဲ့တူတယ်။ စိတ်ဝင်စားစရာပဲ။”
ဤနေရာတွင် ရှိနေခဲ့သည်မှာ ငါးနှစ်ကြာနေခဲ့လေပြီ။ သူ့သူတော်စင်ချီအားလုံးသည် အရင်းအမြစ်ချီသို့ ပြောင်းလဲကုန်ကြလေပြီ။ ထို့ကြောင့် လတ်တလောတွင် သူ့အနေဖြင့် တာအိုသခင်အဆင့်သို့ မချိုးဖျက်ရသေးသော်လည်း သူ့တိုက်ပွဲစွမ်းရည်သည် သာမန်တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ယှဉ်နိုင်သည့် အနေအထားမျိုး မဟုတ်တော့ချေ။
အခုရောက်လာနေသည့်လူသည် ကြယ်စီရင်စုကြီးတစ်ခုခုမှ ကြယ်တာရာအစုအဝေးသို့ သွားနေခြင်းဖြစ်သည့်အတွက် သူတို့၏ကျင့်ကြံခြင်းသည် တန်ခိုးရှင်ဘုရင်အဆင့်ကို ကျိန်းသေကျော်လွန်နေလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ယင်လဲ့ရှန် ရောက်လာသည့်လူ မည်သူဖြစ်ဖြစ်၊ ယင်လဲ့ရှန် ကြောက်ရွံ့နေခြင်း မရှိပေ။
သူ့လက်ထဲရှိ ခေါင်းလောင်းမြည်သံမှာ ယာယီ ရပ်တန့်သွားခဲ့လေသည်။ ထိုအခြင်းအရာကို မြင်ပြီးနောက် အလွန်အားကောင်းသည့် ကောင်းကင်စိတ်အာရုံကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတစ်ဦးနှင့် လာတိုးပြီမှန်း ယင်လဲ့ရှန် သိသွားခဲ့သည်။
တစ်ဖက်လူသည်လည်း သူတို့ရှိနေကြောင်းကို တွေ့သွားလောက်ပေပြီ။ သူထင်သည့်အတိုင်းပင် ရန်ကိုင်သည် သူတို့အား ရှာတွေ့ပြီးနေလေပြီ။ တစ်ချိန်တည်းတွင် ရန်ကိုင်သည် အိုင်းအောင်တို့အား လက်ရှိအခြေအနေအကြောင်းကို ပြောပြလိုက်၏။
“ဒီမှာ လူတွေရှိနေတာလား။”
“သုံးယောက်တောင်လား” ချီရွဲ့သည် သူမကြားလိုက်ရသည်ကို မယုံကြည်နိုင်သည့်အလား မျက်လုံးအပြူးသား ဖြစ်သွားခဲ့လေသည်။
“ရန်ကောင်လေး မင်းအထင်မှားတာတော့ မဟုတ်ပါဘူးနော်။” အိုင်းအောင်က မယုံသင်္ကာအမူအရာဖြင့် ပြန်မေးလိုက်သည်။
“ဂိုဏ်းချုပ်ရန်က ဒီလိုပြောမှတော့ သေချာလို့ပေါ့။” ဝူတောက်ကမျက်မှောင်ကြုတ်လျက် “ဒါပေမယ့် အခုမေးစရာရှိတာက အဲ့လူတွေက မိတ်ဆွေတွေလား၊ ရန်သူတွေလား ဆိုတာပဲ။”
“ဟုတ်တယ်။ ဒါပေမယ့် အကုန်လုံးက သူစိမ်းတွေဆိုတော့ ဖြစ်နိုင်ရင် ပြဿနာမရှာတာ အကောင်းဆုံးပဲ။ ရန်ကိုင် မင်းသူတို့အခြေအနေကို ပိုပြီးသေသေချာချာလေး ပြောပြပေးလို့ရမလား။”
ရန်ကိုင်က မျက်မှောင်ကြုတ်လျက် “ကျုပ်ခံစားမိသလောက်ဆိုရင် အဲ့သုံးယောက်စလုံးက တစ်ခုခုကို စောင့်နေတဲ့အတိုင်းပဲ။ တစ်နေရာတည်းမှပဲ မလှုပ်ရှားဘဲ ရပ်နေကြတာ။ သူတို့ရဲ့ကျင့်ကြံခြင်းကတော့ အကုန်လုံး တန်ခိုးရှင်ဘုရင်တတိယအဆင့်တွေချည်းပဲ။ ဒါပေမယ့် သူတို့ထဲကတစ်ယောက်က အရမ်းအရမ်းကို အန္တရာယ်များတယ်လို့ ခံစားနေရတယ်”
“မင်းတောင်မှ အန္တရာယ်များတယ်လို့ ခံစားနေရရင် သူတို့တွေက ကျိန်းသေအားမနည်းလို့ပဲ။” အိုင်းအောင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ “အကုန်းလုံး တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတွေပဲ ဖြစ်သေးတာဆိုတော့ သူတို့လည်း ငါတို့လိုပဲ ကြယ်စီရင်စုကြီးထဲကနေပြီးတော့ ကြယ်တာရာအစုအဝေးကို သွားဖို့ပြင်နေတဲ့သူတွေ ဖြစ်လောက်တယ်။ သူတို့ လမ်းပျောက်နေလို့ အဲ့နေရာမှပဲ ရပ်နေကြတာများလား”
“သွားမေးကြည့်ကြမလား” ကွေ့ဇူကရယ်မောလျက် “သူတို့ကသုံးယောက် ငါတို့ကခြောက်ယောက်လေ။ ဘာလို့ကြောက်နေတာလဲ။”
“လူအင်အားသာတယ်ဆိုပေမယ့် ဒီနေရာကို ဝင်လာပြီးတဲ့နောက်ပိုင်း တန်ခိုးရှင်ဘုရင် တတိယအဆင့်တွေကြားမှာ ခွန်အားကွာခြားချက် အရမ်းကြီးမားလာတယ်ဆိုတာကို မင်းမေ့မထားနဲ့ဦး။ ခေါင်းဆောင်အိုင်းအောင်ကိုပဲကြည့်။ အခုဆို ငါတို့ထဲက ဘယ်သူမှ သူ့ပြိုင်ဖက်မဟုတ်လောက်တော့ဘူး။”
“အဲ့ဒါတော့ဟုတ်တယ်။ ဒါပေမယ့် ဒီတိုင်းပဲဆက်ပြီးတော့ ရပ်နေလို့လည်းမဖြစ်ဘူးလေ။ ငါတို့အကုန်လုံးက ကိုယ့်မြေကိုယ့်ရွာမှာတုန်းက အရှင်သခင်တွေချည်းပဲဟာကို။ ဘယ်တုန်းကအခုလို ကြောက်ကြောက်လန့်လန့်နဲ့ နေခဲ့ရဖူးလို့လဲ။” ထိုစကားထွက်လာသည့်အခါမှသာ အကုန်လုံးလည်း ထိုအချက်ကို သတိပြုမိသွားခဲ့ကြလေသည်။
ကြယ်တာရာလမ်းကြောင်းထဲသို့ ဝင်လာပြီးနောက် ဤနေရာ၏ နက်နဲဆန်းကြယ်မှုများကို မြင်ပြီးသည့်နောက်ပိုင်း သူတို့၏စိတ်ပိုင်းဆိုင်ရာမှာ တဖြည်းဖြည်းနှင့် ပြောင်းလဲသွားခဲ့လေသည်။
သူတို့သည် ယခင်ကကဲ့သို့ ဘာကိုမှမကြောက်သည့်လူများ မဟုတ်ကြတော့ဘဲ တစ်ခုခုဆိုလျှင် ထိတ်လန့်တုန်လှုပ် ကြောက်ရွံ့နေသည့်လူများ အဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲ လာနေခဲ့လေ၏။
“ဟုတ်တယ်။ ဒါပေမယ့် သေသေချာချာသတိထားပြီးတော့ သွားရမယ်။ နောက်ဖြစ်လာမယ့်အရာကတော့ ကံပဲပေါ့။ သူတို့လမ်းပျောက်နေတာဆိုရင် စကားပြောလို့ရပေမယ့် သူတို့တွေကသာ ရန်လိုနေမယ်ဆိုရင်တော့ တိုက်ခိုက်ကြရမှာပေါ့။” ရန်ကိုင်က ပြောလိုက်သည်။
“ဟုတ်တယ်” ဝူတောက်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်လေသည်။ “ဒီဂျူနီယာ ရှေ့ကသွားလိုက်မယ်။” ရန်ကိုင်ကပြုံးလျက် ပြောလိုက်လေသည်။ “မင်းမသွားနဲ့။ ငါသွားမယ်။” အိုင်းအောင်က နှာခေါင်းရှုံ့လျက် ရှေ့ဆုံးမှ ဦးဆောင်သွားလေ၏။
ချီရွဲ့ကလည်းပြုံးလျက် ဝင်ပြောလိုက်လေသည်။ “ဒီတစ်ကြိမ်တော့ သူမှန်တယ်။ နင်သူ့ကို ရှေ့ကသွားခိုင်းလိုက်။” “အင်း…ကောင်းပြီလေ” ရန်ကိုင်လည်း ခေါင်းမာမနေဘဲ သူတို့လုပ်ချင်သည့်အတိုင်း လုပ်ခွင့်ပေးလိုက်၏။
တစ်ဖက်အဖွဲ့မှာ ရန်သူလား မိတ်ဆွေလား မသိရသေးသဖြင့် မည်သူရှေ့ကသွားသွား ကိစ္စမရှိချေ။ ဤသို့ဖြင့် ရန်ကိုင်တို့ ခြောက်ယောက်အဖွဲ့သည် ယင်လဲ့ရှန်တို့ရှိနေသည့် နေရာဆီသို့ ဖြည်းဖြည်းချင်း ဦးတည်သွားလေ၏။
သူတို့ကြားအကွာအဝေး တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ယင်လဲ့ရှန်လက်ထဲရှိ ခေါင်းလောင်းမှာ ပို၍မြည်ဟီးလာခဲ့လေသည်။ ကျင့်ကြံသူများအတွက် မိုင်တစ်ရာဟူသောအကွာအဝေးသည် ဘာမှမဟုတ်ပေ။ ထို့ကြောင့် အမွှေးတိုင်တစ်ချောင်းစာအတွင်း ယင်လဲ့ရှန်တို့ဆီသို့ ရန်ကိုင်တို့အဖွဲ့ ရောက်လာခဲ့လေ၏။
အိုင်းအောင်သည် ယင်လဲ့ရှန်တို့ အဖွဲ့နှင့် မီတာသုံးရာခန့်အကွာတွင် ရပ်လိုက်လေ၏။ အိုင်းအောင်ကို မြင်ပြီးနောက် ယင်လဲ့ရှန်၏ အေးစက်စက်အကြည့် ရုတ်တရက် တလက်လက် တောက်ပလာခဲ့လေသည်။
ထို့နောက် သည်းလှိုက်အူလှိုက် အော်ရယ်မောလျက် “ကောင်းတယ်။ ကောင်းတယ်။ ဒီဘုရင် ငါးနှစ်ကြာအောင် စောင့်နေခဲ့ရတာ တကယ် အချည်းနှီးဖြစ်မသွားခဲ့ဘူးပဲ။”