← Chapters

အခန်း (၁၉၃၁-၁၉၃၅)

Vol. 78 Ch. 1931-1935

အခန်း (၁၉၃၁-၁၉၃၅)

Vol. 78 Ch. 1931-1935

အပိုင်း (၁၉၃၁)

ယင်လဲ့ရှန်၏ စည်းလွတ်ဝါးလွတ် အော်ရယ်မောနေပုံကို ကြည့်ရင်း ရန်ကိုင်တို့ အလွန်ကိုမှ မပျော်မရွှင် ဖြစ်လာခဲ့ကြသည်။ အထူးသဖြင့် ယင်လဲ့ရှန်၏စိုက်ကြည့်ခြင်း ခံနေရသော အိုင်းအောင်မှာ အလွန်ကိုမှ အန္တရာယ်များသည့် ခံစားချက်ကို ခံစားနေရခဲ့လေသည်။

ပြဿနာမဖြစ်ချင်သည့်အတွက် ဒေါသထွက်နေမိသော်ငြား အိုင်းအောင်သည် ဒေါသစိတ်ကို ချုပ်တည်းလျက် လက်သီးဆုပ်ကာ မေးလိုက်လေသည်။ “ဒီတစ်ယောက်က အိုင်းအောင်ပါ။ ရောင်းရင်းတို့က ဘယ်သူတွေလဲ။ ဒီမှာ ဘာလုပ်နေတာကြတာပါလဲ။”

ယင်လဲ့ရှန်က ပြုံးဖြီးဖြီးဖြင့် ပြန်ပြောလိုက်၏။ “ဒီဘုရင်က တစပြင်ကန္တာရကြယ်စီရင်စုထဲက မရဏဂိုဏ်းရဲ့ခေါင်းဆောင် ယင်လဲ့ရှန်။ မင်းတို့ ဘယ်ကြယ်စီရင်စုကလဲ။”

“ကြယ်စီရင်စု…” ရန်ကိုင်တို့ မည်ကဲ့သို့ ပြန်ဖြေလို့ဖြေရမှန်း မသိတော့ချေ။

ဤလောကကြီးထဲတွင် ကြယ်စီရင်စုပေါင်းများစွာရှိပြီး ကြယ်စီရင်စုများကြား အကာအရံတစ်ခုဖြင့် ကာခြားထားသည့်အကြောင်းကို ရန်ကိုင်မှ ပြောထားသဖြင့် အကုန်လုံး သိထားကြပေသည်။ သို့သော်လည်း ကြယ်စီရင်စုများတွင် နာမည်ရှိသည်ဆိုသော အချက်ကိုတော့ သူတို့မသိခဲ့။ သူတို့ကြယ်စီရင်စု၏နာမည်ကိုလည်း မသိပေ။

“မင်းတို့ကြယ်စီရင်စုကို ဘယ်လိုခေါ်လဲဆိုတာတောင် မသိဘူးလား။” ခေါင်းတုံး ဖုန်းတဲ့သည် ရန်ကိုင်တို့အဖွဲ့အား တောသားမြို့ရောက်များကို ကြည့်သလို ထူးဆန်းသည့်အမူအရာဖြင့် ကြည့်လာခဲ့လေသည်။

အိုင်းအောင်က မဲ့ရယ်ရယ်လျက် ရှင်းပြလိုက်လေသည်။ “ငါတို့မသိတာလည်း တခြားအကြောင်းကြောင့်မဟုတ်ပါဘူး။ ငါတို့ကြယ်စီရင်စုက ပိတ်လှောင်ထားခံရတာ နှစ်ပေါင်းသောင်းနဲ့ ချီနေပြီလေ။ ဒီတော့ ငါတို့ရဲ့ဘယ်ဘိုးဘေးမှ ကြယ်တာရာအစုအဝေးဆီ မရောက်ခဲ့ဖူးသေးဘူး။ ဒါကြောင့် အပြင်လောကကြီးက ငါတို့ ကြယ်စီရင်စုကို ဘယ်လိုခေါ်ကြလဲ ငါတို့မသိဘူး။”

“နှစ်သောင်းနဲ့ချီအောင် ပိတ်နေတာ။” ဖုန်းတဲ့နှင့် လျို့ရှန်းယွင်တို့နှစ်ဦးလုံး အံ့အားသင့်သွားခဲ့ကြလေသည်။ လျို့ရှန်းယွင်က ပြန်မေးလိုက်လေသည်။ “ဒါဆိုရင် ဒီကြယ်တာရာလမ်းကြောင်းကို ဘယ်လိုလုပ်ပြီး ရှာတွေ့လာတာလဲ။”

ကြယ်စီရင်စုထဲမှ ကြယ်တာရာအစုအဝေးဆီသို့ မသွားနိုင်သည့်အခါရှိကြောင်းကို သူမသိပေသည်။ အထူးသဖြင့် ကြယ်စီရင်စုကြီးတစ်ခု၏နိယာမများ ထိခိုက်သွားပြီး မတည်မငြိမ်ဖြစ်လာသည့်အခါ ထိုကြယ်စီရင်စုကြီးထဲတွင် ရှိနေသောကျင့်ကြံသူများသည် ကြယ်တာရာအစုအဝေးဆီသို့ မသွားနိုင်ကြတော့ပေ။

ဥပမာတစ်ခုမှာ ကြယ်တာရာအစုအဝေးဆီသို့ သွားသည့်လမ်းကြောင်း ပိတ်သွားခဲ့သည့်အခါမျိုးတွင် ဖြစ်သည်။ ထို့ကြောင့် နှစ်သောင်းနဲ့ချီကြာအောင် ပိတ်ထားခံရပြီးနောက်ပိုင်း ဤကြယ်တာရာလမ်းကြောင်းကို အိုင်းအောင်တို့အဖွဲ့ မည်ကဲ့သို့ပြန်ပြင်ခဲ့သလဲ ဆိုသည်ကို သူမအလွန်သိချင်မိပေသည်။

“ဒါက…” အိုင်းအောင် တုံ့ဆိုင်းတွေဝေသွားခဲ့လေသည်။ ဤကိစ္စသည် ကြယ်တာရာကောင်းကင် မဟာဧကရာဇ်နှင့် ပတ်သက်နေ၏။ တစ်ဖက်လူသည် သူစိမ်းသက်သက်သာ ဖြစ်သေးသဖြင့် အိုင်းအောင်သည် ဤအကြောင်းကို ရှင်းမပြချင်ပေ။

အိုင်းအောင်၏အမူအရာကို မြင်ပြီးနောက် တစ်ဖက်လူသည် ထိုအကြောင်းကိုမပြောချင်မှန်း လျို့ရှန်းယွင် နားလည်သွားခဲ့သည်။ “ကျွန်မ မမေးသင့်တာကို မေးလိုက်မိပြီ။”

“ဘာမှမဖြစ်ပါဘူး” အိုင်းအောင်က ယဉ်ယဉ်ကျေးကျေးပင် ပြန်ပြောလိုက်လေသည်။

ထို့နောက် အလျင်အမြန်ပဲ ခေါင်းစဉ်ပြောင်းလိုက်၏။ “မင်းတို့သုံးယောက်ကလည်း ကြယ်တာရာအစုအဝေးဆီကို သွားဖို့လုပ်နေတာလား။”

“ဟုတ်တယ်” လျို့ရှန်းယွင်က ခေါင်းညိတ်လိုက်သည်။ “ဒါဆိုဘာလို့ ဒီမှာရပ်နေကြတာလဲ။ လမ်းပျောက်နေလို့လား။”

လျို့ရှန်းယွင်နှင့် ဖုန်းတဲ့တို့သည် ထိုမေးခွန်းအား မည်ကဲ့သို့ပြန်ဖြေရမှန်း မသိသဖြင့် ယင်လဲ့ရှန်ဆီသို့သာ လှည့်ကြည့်လိုက်ကြလေသည်။

ထိုအခါမှပဲ သူ့အားအလွန်ကိုမှ စိတ်မသက်မသာဖြစ်စေသော ဤလူသည် လျို့ရှန်းယွင်တို့အဖွဲ့၏ ခေါင်းဆောင်ဖြစ်နေမှန်း အိုင်းအောင်နားလည်သွားခဲ့သည်။ အိုင်းအောင်သည်လည်း ယင်လဲ့ရှန်အားကြည့်၍ နောက်ထပ်မေးခွန်း မေးတော့မည်အပြု ယင်လဲ့ရှန်၏အကြည့်သည် လူအုပ်ကြီး၏ နောက်တွင် လိုက်ပါလာသော ရန်ကိုင့်ဆီတွင် ရပ်တန့်သွားခဲ့လေသည်။

အိုင်းအောင်သည် တစ်ဖက်အဖွဲ့နှင့် စကားပြောနေစဉ် ဝူတောက်၊ ချီရွဲ့နှင့် အခြားသူများမှာလည်း ယင်လဲ့ရှန်တို့ သုံးယောက်အား လေ့လာကြည့်နေကြ၏။ သူတို့အားလုံးသည် နှစ်ထောင်ပေါင်းများစွာကြာအောင် အသက်ရှင်လာကြသူများ ဖြစ်သည့်အတွက် တစ်ချက်ကြည့်လိုက်ရုံဖြင့် တစ်ဖက်လူ ဘာလုပ်ချင်နေသလဲ၊ တစ်ဖက်လူသည် မည်ကဲ့သို့သော လူစားမျိုးဖြစ်သလဲဆိုသည်ကို အကြမ်းဖျင်း ပြောနိုင်ပေသည်။

လျို့ရှန်းယွင်နှင့် ဖုန်းတဲ့သည် သူတို့အား သာမန်ခံစားချက်မျိုးသာ ပေးစွမ်းနေသော်လည်း ယင်လဲ့ရှန်သည် သူတို့အကုန်လုံးကို အလွန်ကိုမှ မသက်မသာဖြစ်သည့် ခံစားချက်ကို ပေးစွမ်းနေ၏။

ထိုသို့ဖြစ်ရခြင်းမှာ ယင်လဲ့ရှန်ထံမှ ထွက်ပေါ်နေသည့် ကြမ်းကြုတ်ခက်ထန်သည့် အရှိန်အဝါမှာ အလွန်ကိုမှ သိပ်သည်းနေသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ ရန်ကိုင့်ကို မြင်ပြီးနောက် ယင်လဲ့ရှန်၏အကြည့် တလက်လက်တောက်ပသွားသည်ကို မြင်လိုက်သည့်အခါ အခြေအနေမကောင်းတော့မှန်း အိုင်းအောင်တို့အဖွဲ့ နားလည်သွားခဲ့ကြလေသည်။ ချက်ချင်းဆိုသလို အကုန်လုံးသည် ရန်ကိုင့်အား ပိတ်ကာလိုက်ကြလေ၏။

“ဟား..ဟား..ဟား…” ယင်လဲ့ရှန်က ရုတ်တရက် ဝါးလုံးကွဲအော်ရယ်မောကာ ပြောလိုက်၏။ “မင်းတို့အဖွဲ့ထဲမှာ တကယ်ကြီး ကြယ်သခင်တစ်ယောက်မက ရှိနေတာပဲ။ ဒီဘုရင် ဒီနေ့တကယ်ကံကောင်းနေပါလား။”

ကြယ်တာရာလမ်းကြောင်းထဲတွင် ကြယ်သခင်ဖြစ်သည့်လူနှင့် မဖြစ်သည့်လူ ခွဲရသည်မှာ အလွန်ကိုမှ လွယ်ကူလေသည်။ အလင်းစက်များကို စုပ်ယူသည့်နှုန်းကို ကြည့်လိုက်ရုံဖြင့် ကြယ်သခင်ဟုတ်မဟုတ်ကို သိနိုင်သည်။ အစကမူ ယင်လဲ့ရှန်သည် အိုင်းအောင်ကိုသာ အာရုံစိုက်နေသည့်အတွက် ရန်ကိုင်ကို သတိမထားမိခဲ့ပေ။

သို့သော်လည်း အလင်းစက်လေးများကို အလွန်လျင်မြန်စွာ စုပ်ယူနေသည့် ရန်ကိုင်၏အမြန်နှုန်းကြောင့် တခဏအတွင်းမှာပင် ယင်လဲ့ရှန်သည် ရန်ကိုင့်အား သတိထားမိသွားခဲ့သည်။ သားကောင်မှာ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သာရှိသေးကြောင်း သိလိုက်ရချိန်တွင် ယင်လဲ့ရှန် ပို၍ပင် စိတ်လှုပ်ရှားခဲ့လေသည်။

သူမပျော်ဘဲဘယ်နေမည်နည်း။ ဤကြယ်သခင်များကို တွေ့ရဖို့အတွက်နှင့်ပင် ဤနေရာတွင် ငါးနှစ်ကြာအောင် ထိုင်စောင့်နေခဲ့ခြင်း ဖြစ်သည်။ ယခုမူ ကောင်းကင်သည် သူ့အားပစ်ပယ်မထား။ သူ့ရှေ့တည့်တည့်ဆီသို့ ကြယ်သခင်နှစ်ဦးကိုပင် ပို့ပေးလာခဲ့သည်။

ယင်လဲ့ရှန်၏မျက်လုံးများ လောဘအရိပ်တို့ဖြင့် တလက်လက် တောက်ပလာ၏။ “ရောင်းရင်း…” အိုင်းအောင်၏ အမူအရာသည်လည်း အေးစက်သွားခဲ့သည်။

“ရောင်းရင်း….” ယင်လဲ့ရှန်သည် အိုင်းအောင်ဘက်သို့ ခေါင်းစောင်းကြည့်လိုက်သည်။

ထို့နောက် မရဏအမှောင်တိုက်ဖုံး အကာအကွယ်ထောင့်စွန်းဆီသို့ တစ်လှမ်းချင်းတစ်လှမ်းချင်း လျှောက်ထွက်လာပြီးနောက် ပြောလိုက်လေ၏။ “မင်းဘယ်သူ့ကို ရောင်းရင်းလို့ခေါ်နေတာလဲ။”

“လူကြီးမင်း ဘာပြောချင်နေတာလဲ။” အိုင်းအောင်၏အမူအရာ သုန်မှုန်သွားခဲ့လေသည်။

တစ်ဖက်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ဟန်တူသောလူသည် ကျန်နှစ်ယောက်နှင့် ဘာကြောင့်များ အလွန်ကွာခြားနေရသလဲ ဆိုသည်ကို အိုင်းအောင်နားမလည်နိုင် ဖြစ်နေခဲ့လေသည်။ ထိုနှစ်ယောက်နှင့် စကားပြောရသည်မှာ အဆင်ပြေပြေ ရှိနေခဲ့သော်လည်း ဤလူဖြင့်စကားပြောလိုက်ချိန်တွင် တစ်ဖက်လူသည် ရန်စကားဖြင့် စလာခဲ့သည်။

“ဘာမှမဟုတ်ပါဘူး” ယင်လဲ့ရှန်သည် မရဏအမှောင်တိုက်ဖုံး အကာအကွယ်အဖျားပိုင်းတွင် ရပ်လျက် အိုင်းအောင်နှင့်အဖွဲ့အား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည် “မင်းတို့ပုရွက်ဆိတ်တွေ မသေချင်လို့ရှိရင် ကိုယ့်အသိစိတ်ပင်လယ် အတားအဆီးကိုဖွင့်ပြီးတော့ ဒီဘုရင် ဝိဥာဏ်အမှတ်အသားခတ်တာ ခံလိုက်။ ဒီဘုရင် စိတ်ပျော်ရင်ပျော်သလို မင်းတို့အသက်တွေကို ချမ်းသာပေးမယ်။”

“ဘာကွ…ပုရွက်ဆိတ်တွေ ဟုတ်လား”

“မောက်မာလိုက်တာ”

“ငါတို့ကို မင်းကျွန်ဖြစ်စေချင်နေတာလား”

“ဒီလူအိုကြီးကို ရယ်သေရအောင် မလုပ်နဲ့ကွာ။”

အိုင်းအောင်နှင့် အခြားသူအားလုံး အလွန်ကိုမှ ဒေါသူပုန်ထသွားခဲ့လေသည်။

သူတို့ခြောက်ယောက်ထဲတွင် ရန်ကိုင်မှအပ ကျန်လူအားလုံးသည် ကြယ်စီရင်စုကြီး၏ အထွတ်အထိပ်တွင် နှစ်ပေါင်းများစွာကြာအောင် ရပ်တည်လာခဲ့ကြသူများ ဖြစ်သည်။ အကုန်လုံးသည် ပိုင်နက်ကိုယ်စီနှင့် မင်းမူလာခဲ့ကြသူများ ဖြစ်ကြလေရာ ယခုကဲ့သို့ အထင်သေးခံရသည်ကို မည်ကဲ့သို့များ သည်းခံနိုင်မည်နည်း။

ပိုဆိုးသည်မှာ ယင်လဲ့ရှန်သည် သူတို့အား ကျွန်ဇာတ်သွင်းချင်နေခြင်း ဖြစ်သည်။ သူတို့သာ ယင်လဲ့ရှန် ပြောသည့်အတိုင်း လုပ်ပေးလိုက်လျှင် သူတို့ကိုယ်သူတို့ ကြယ်စီရင်စုကြီး၏ ခေါင်းဆောင်များဟု မခေါ်ထိုက်တော့ပေ။

ယင်လဲ့ရှန်၏စကားကို ကြားပြီးနောက် ပြဿနာအိုးများနှင့် လာတိုးပြီမှန်း ရန်ကိုင်ချက်ချင်း နားလည်လိုက်သည်။ တစ်ဖက်လူသည် တန်ခိုးရှင်ဘုရင် တတိယအဆင့်သာ ဖြစ်သော်ငြား ဤကဲ့သို့ မောက်မာရဲနေပုံကိုကြည့်လျှင် သူ့ခွန်အားကို အလွန်ယုံကြည်ချက်ရှိသည့်အတွက်ကြောင့်သာ ဖြစ်ရပေမည်။

ထိုလူ သူ့ခွန်အားအပေါ် ဘာကြောင့်များ အလွန်ယုံကြည်ချက် ရှိနေရသလဲဆိုသည်ကို ရန်ကိုင်မသိသော်လည်း အကြောင်းအရင်းတစ်ခုခု ရှိလိမ့်မည်မှန်းတော့ သိပေသည်။

“မင်းတို့က ဒေါသထွက်တာလား။” အိုင်းအောင်တို့အဖွဲ့ ဒေါသထွက်သွားသည်ကို မြင်သော် ယင်လဲ့ရှန်က လှောင်ပြုံးပြုံးလျက် ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည် “ပုရွက်ဆိတ်တွေမှာ ဒေါသထွက်ဖို့ အခွင့်အရေးမရှိဘူးကွ။ ဒီဘုရင်ရဲ့ကျွန်ဖြစ်ရတာ မင်းတို့အတွက် ဂုဏ်ယူစရာကွ။ ရှက်စရာမဟုတ်ဘူး။”

“နင့်မေကြီးတော်ကို ဂုဏ်ယူစရာပါလား။” ချီရွဲ့က ဒေါသတကြီး ပြန်ပြောလေသည်။ “အဲ့လောက်တောင် ဂုဏ်ယူစရာဖြစ်နေရင် နင်ဘာလို့ငါ့ကျွန် လာမလုပ်တာလဲ။”

ထိုစကားကိုကြားသည့်အခါ ယင်လဲ့ရှန်၏မျက်လုံးများ ရုတ်ချည်းအေးစက်သွားခဲ့လေသည်။

ရှေ့သို့ခြေတစ်လှမ်းလှမ်းကာ မရဏအမှောင်တိုက်ဖုံး အကာအကွယ်ထဲမှ အပြင်သို့ ထွက်လာလိုက်၏။ ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုသည် သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး အကုန်လုံးပေါ်သို့ တောင်တစ်လုံးနှယ် ဖိနှိပ်လာခဲ့လေသည်။

ထိုအရှိန်အဝါကို ခံစားမိလိုက်သည့်အခိုက် အကုန်လုံး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ကြလေသည်။ ယင်လဲ့ရှန်သည် ချီရွဲ့အား လက်ညှိုးထိုးလျက် ရေရွတ်လိုက်၏။ “မရဏသေမင်းလက်ချောင်း”

ထိုတိုက်ခိုက်မှုသည် ဟင်းလင်းပြင်အတားအဆီးများကို ဖြတ်ကျော်၍ ချီရွဲ့ဆီသို့ တစ်မုဟုတ်ချည်း ရောက်ရှိလာခဲ့သည်။

ထိုတိုက်ကွက်ထဲပါဝင်နေသော အဖျက်စွမ်းအားကို ခံစားမိသော် ချီရွဲ့၏အမူအရာ လေးနက်သွားခဲ့ပြီး ချက်ချင်းပဲ လက်နှစ်ဖက်ကို ပူးကပ်ကာ ဧရာမငွေရောင်ပင့်ကူကြီးကို ဆင့်ခေါ်လိုက်လေသည်။ ကောင်းကင်လနတ်ဆိုးပင့်ကူပင် ဖြစ်သည်။ ချီရွဲ့သည်လည်း ရှေးဟောင်းနတ်သရဲတစ်ကောင် ဖြစ်သော ကောင်းကင်နတ်ဆိုးပင့်ကူ၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားပေသည်။

ထိုအကြောင်းကြောင့်ပင် ရှန်ချင်းလော့အား ခေါ်ယူ မွေးစားခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်လနတ်ဆိုးပင့်ကူသည် ၎င်း၏ပါးစပ်ကိုဟလျက် အဖြူရောင်အလင်းတန်းတစ်ခုကို ထွေးထုတ်လိုက်လေသည်။ ထိုအလင်းတန်းသည် ပင့်ကူအိမ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ချီရွဲ့အား တိုးဝင်လာနေသည့် တိုက်ကွက်ဆီမှ ကာကွယ်ပေးလိုက်၏။

“အော်… ရှေးဟောင်းနတ်သရဲတစ်ကောင်ရဲ့ မျိုးဆက်ပါလား။” ထိုမြင်ကွင်းကို မြင်ပြီးနောက် ယင်လဲ့ရှန် အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ သို့သော်လည်း သူ့မျက်နှာမှာတော့ ရှေးဟောင်းကန်ရေပြင်နှယ် တည်ငြိမ်မြဲ တည်ငြိမ်နေ၏ “စိတ်ဝင်စားစရာပဲ။ ဒါပေမယ့် နင့်ခွန်အားက ဒီလောက်ပဲဆိုရင်တော့ သေလို့ရပြီ။” သူ့အသံ ဆုံးသွားသည်နှင့် ယင်လဲ့ရှန်၏လက်ချောင်းသည် ပင့်ကူအိမ်အား သွားရောက်ထိမှန်လေသည်။ ခပ်အုပ်အုပ်အသံ အသံနှင့်အတူ လက်ချောင်းသည် ပင့်ကူအိမ်အား အသာအယာ ထိုးဖောက်သွားခဲ့သည်။

ထိုအခြင်းအရာကို မြင်လိုက်သည့်အခါမှပဲ သူမနှင့် ယင်လဲ့ရှန်ကြား မည်မျှခွန်အားကွာခြားချက် ကြီးမားကြောင်းကို ချီရွဲ့နားလည်သွားခဲ့လေသည်။

“စကြာဝဠာပြောင်းလဲခြင်း” တီးတိုးသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ဝူတောက်သည် သူ့လက်အား ရှေ့တည့်တည့်သို့ဆန့်ထုတ်၍ ဟင်းလင်းပြင်ထဲမှ အေးစက်စက် အလင်းရောင်တလက်လက် ထနေသည့်ဓားရှည်တစ်ချောင်းကို ဆွဲထုတ်လိုက်၏။ ထို့နောက် ထိုဓားရှည်အား ဝှေ့ယမ်းချလိုက်လေသည်။

“ဟဲဟဲ…ကောင်းကင်ဝါးမြိုခြင်းဝိဉာဏ်တစ်သောင်း လာခဲ့စမ်း။” ကွေ့ဇူသည် ညစ်ကျယ်ကျယ်ပြုံးလျက် ဝိဉာဏ်တစ်သောင်းအလံကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် အလံအား အနက်ရောင်ပိတ်ကားချပ်ကြီးအဖြစ်သို့ ပြောင်းလဲစေလျက် မရေမတွက်နိုင်သော ခြောက်ချားဖွယ်ရာ အော်ဟစ်မြည်ကျွေးသံများကို ထုတ်လွှတ်လိုက်လေသည်။

“နေလရောင်စဉ်စင်္ကြာ” ကုချန်းယွင်ကလည်း တိုက်ခိုက်လိုက်သည်။

“အမျက်လက်သီး” အိုင်းအောင်သည်လည်း ငြိမ်မနေခဲ့ပေ။ တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူငါးဦးသည် တိုက်ကွက်အသီးသီးကို သုံးလျက် ယင်လဲ့ရှန်၏သေမင်းလက်ချောင်းကို တားဆီးလိုက်ကြလေသည်။

“ဘုန်း…ဘုန်း…ဘုန်း…” ထိပ်တိုက်တွေ့ဆုံရာမှ ဖြာထွက်လာသည့် စွမ်းအင်များကြောင့် ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါလာခဲ့သည်။ ပေါက်ကွဲအားကြောင့် အိုင်းအောင်တို့အဖွဲ့ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရလေသည်။

သေမင်းလက်ချောင်းမှာ ရပ်တန့်သွားခဲ့သလို အကုန်လုံး၏ တိုက်ကွက်များမှာလည်း ပျောက်ကွယ်သွားခဲ့ကြလေသည်။ သို့ရာတွင် အိုင်းအောင်တို့အဖွဲ့သားအားလုံး၏ အမူအရာများမှာတော့ အလွန်ကို ရုပ်ဆိုးနေခဲ့ကြသည်။

ရန်သူ၏သာမန်ကာလျှံကာ တိုက်ကွက်လေးတစ်ကွက်ကို တားဆီးရန်အတွက် သူတို့ငါးယောက် အတူပူးပေါင်းခဲ့ရသည်။ ထိုလူသာ အားကုန်သုံးတိုက်ခိုက်မည်ဆိုလျှင် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းလိုက်မည်နည်း။ သူတို့မတွေးရဲတော့ပေ။

သူတို့တစ်သက်နှင့်တစ်ကိုယ် ဤမျှစွမ်းအားမဲ့သည့် ခံစားချက်မျိုးအား တစ်ခါမှမခံစားခဲ့ရဖူးချေ။ အဆင့်တူကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်နေရသည့်တိုင် နောက်မရွံ့တမ်း တိုက်ခိုက်ရဲခဲ့သည်။ သေရမည်ဆိုလျှင်ပင် ရန်သူ့ကိုပါ ကျိန်းသေအပါ ခေါ်သွားနိုင်ပေသည်။

သို့သော်လည်း ယင်လဲ့ရှန်နှင့် ရင်ဆိုင်ရသည်မှာတော့ သူတို့ဖြတ်ကျော်၍မရသည့် တောင်ကြီးတစ်လုံးကို ရင်ဆိုင်နေရသလိုမျိုး ဖြစ်နေခဲ့၏။ သူတို့အနေဖြင့် မော့ကြည့်လိုက်သည့်တိုင် တောင်၏အမြင့်ကို မမြင်ရပေ။ တောင်ထိပ်ဖျားကို မြူခိုးတိမ်တိုက်များဖြင့် ဝန်းရံထားသည့်အလား။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၃၂)

အိုင်းအောင်နှင့် အခြားသူများသည် သူတို့၏ ခွန်အားအပေါ် အလွန်ကိုမှ ယုံကြည်ချက် ရှိခဲ့ကြဖူးသော်ငြား ယင်လဲ့ရှန် နှင့် တွေ့ပြီးနောက် သူတို့အလွန် ဂုဏ်ယူရသည့် စွမ်းအားသည် ဘာဆိုဘာမှ မဟုတ်တော့ကြောင်းကို နားလည်သွားခဲ့လေသည်။

တစ်ကြိမ် တိုက်ခိုက်ပြီးနောက်တွင် အိုင်းအောင်တို့ ငါးယောက်စလုံး မဆင်မခြင် ထပ်မလှုပ်ရှားတော့ဘဲ ယင်လဲ့ရှန်အား သတိထား၍သာ ကြည့်နေကြတော့လေသည်။

“စိတ်၀င်စားစရာပဲ” ယင်လဲ့ရှန်က ထူးမခြားနားဟန်ဖြင့် ပြုံးလျက် “ဒါပေမဲ့ မင်းတို့ ခွန်အားလောက်နဲ့ ဒီဘုရင်ကို လာယှဉ်ဖို့က လမဖြစ်နိုင်သေးဘူး။ ဒီဘုရင် နောက်ဆုံးအကြိမ် သတိပေးလိုက်မယ်။ မသေချင်ရင် မင်းတို့အသိစိတ်ပင်လယ် အကာအကွယ်တွေကို ဖယ်ပေးလိုက်”

“အိမ်မက် မက်နေလိုက်”

“ဖယ်ပေးမဲ့အစား အသေပဲ ခံလိုက်မယ့်”

“ဟမ့် ဒီဘုရင်ကိုများ မင်းရဲ့ကျွန် လုပ်ခိုင်းချင်သေးတယ်”

တစ်ဖက်လူအား မနိုင်မှန်းသိသော်လည်း အိုင်းအောင်နှင့် အခြားသူများမှာတော့ လုံး၀ မာန်မလျှော့ပေ။

“ကောင်းပြီလေ။ မင်းတို့က သေချင်နေမှတော့ ဒီဘုရင်လည်း မင်းတို့ကို ယမမင်းဆီ ပို့ပေးရတာပေါ့”

ယင်လဲ့ရှန်၏ မျက်လုံးထဲ အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီးနောက် ရပ်နေရာမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာသည့်အချိန်တွင် ကုချန်းယွင် ရှေ့သို့ ရောက်နေခဲ့လေပြီး။ ထို့နောက် ကုချန်းယွင်အား သူ့လက်ဝါးဖြင့် ရိုက်ချလိုက်၏။ သူ့လက်ဝါးချက်စီမှ ထူးဆန်းသော စွမ်းအင်တစ်မျိုး ထွက်ပေါ်လာခဲ့လေသည်။

ထိုစွမ်းအားကြောင့် ကုချန်းယွင်မှာ သူ့ခန္ဓာကိုယ် ကို မထိန်းချုပ်နိုင်တော့ဘဲ ယင်လဲ့ရှန်၏လက်ဝါး သူ့ဆီသို့ တိုး၀င်လာနေသည်ကိုသာ အကူအညီမဲ့စွာ ရပ်ကြည့် နေရတော့၏။

“ဒါ အဆုံးသတ်လား..”

ထိုကဲ့သို့သော အတွေး ကုချန်းယင်၏ စိတ်ထဲ ဖြတ်ပြေးသွားခဲ့လေသည်။ ရုတ်တရက် အရောင်ငါးရောင်တောက်နေသည့် ပုံရိပ်တစ်ခုသည် သူ့ရှေ့တည့်တည့်တွင် ပေါ်လာခဲ့သည်။

“အဖွဲ့အစည်းခေါင်းဆောင် ပြန်ဆုတ်နှင့်”

ရန်ကိုင်၏အသံ ကုချန်းယွင်၏ နားထဲ ထွက်ပေါ်လာခဲ့သည်။ ထိုအသံ ထွက်ပေါ်လာသည့် တစ်ပြိုင်နက်တည်းတွင် သူ့အား ချုပ်နှောင်ထားသော စွမ်းအား ပျောက်ကွယ်သွားသည်ကို ကုချန်းယွင် အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရလေသည်။

တုံ့ဆိုင်းမနေဘဲ သူတော်စင်ချီကို လှည့်ပတ်၍ နောက်သို့ ဆုတ်လိုက်၏။

ရန်ကိုင်သည် သူ့လက်သီးအား ဓာတ်ကြီးငါးပါး အကြွင်းမဲ့ ဓားချီဖြင့် လွှမ်းခြုံလျက် ယင်လဲ့ရှန်၏ လက်ဝါးတည့်တည့်သို့ ထိုးချလိုက်လေသည်။

ဘုန်း… လက်သီးနှင့် လက်ဝါး အတွေ့တွင် ပေါက်ကွဲသံအကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင့်လက်သီးထက်တွင် လွှမ်းခြုံထားသော ငါးရောင်ခြယ် ရောင်စဉ်သည် ပူပေါင်းတစ်လုံးနှယ် ပေါက်ကွဲထွက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်သည်လည်း ကြိုးပျက်သွားသည့် စွန်တစ်စင်းနှယ် လွင့်စင်ထွက်သွား‌လေသည်။

ယင်လဲ့ရှန်မှာတော့ ရန်ကိုင့်ကဲ့သို့ မဟုတ်ဘဲ နောက်သို့သာ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရလေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း အကုန်လုံး မှင်သက်သွားခဲ့ကြ၏။

“ရန်ကိုင်….” အိုင်းအောင်နှင့် ချီယွဲ့တို့၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားပြီး ရန်ကိုင်၏ အခြေအနေကို အလျင်စလို သွားစစ်ဆေးကြလေသည်။

သေဘေးမှ လက်မတင်လေး လွတ်မြောက်လာသော ကုချန်းယွင် ဝူတောက်နှင့် ကွေ့ဇူတို့သည် ယင်လဲ့ရှန် နောက်တစ်ကြိမ် လှုပ်ရှားမည်ကို စိုးရိမ်သဖြင့် သူ့အား သတိထား၍သာ စောင့်ကြည့်နေကြသည်။

“ဟေ…” မရဏအမှောင်တိုက်ဖုံး အကာအကွယ်ထဲတွင် ရပ်နေသော လျို့ရှန်းယွင် သည် ထိုမြင်ကွင်းကိုကြည့်ရင်း အလွန်ကိုမှ မှင်သက်နေလေသည်။ ထို့နောက် မယုံကြည်နိုင်သည့် အမူအရာဖြင့် ရေရွတ်လိုက်၏ “သူ တစ်ကယ်ကြီး စီနီယာ အကိုယင်ရဲ့ တိုက်ကွက်ကို တားလိုက်နိုင်တာလား”

ထိုမျှသာလျှင် မဟုတ်သေးဘဲ ထိုလူငယ်လေးသည် ယင်လဲ့ရှန်အား နောက်သို့ ဆုတ်သွားအောင်ပင် တွန်းအားပေးနိုင်ခဲ့လေသည်။ ရန်ကိုင် သေသလား ရှင်သလား မသိရသော်ငြား တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံခြင်းဖြင့် ယင်လဲ့ရှန်ကဲ့သို့သော လူမျိုးအား အနောက်သို့ဆုတ်အောင် တွန်းအားပေးနိုင်ခဲ့သည်မှာ အလွန်ကိုမှ မယုံကြည်နိုင်စရာ ကောင်းနေ၏။

လျို့ရှင်းယွင် သာ အံ့အားသင့်နေခြင်းမဟုတ်၊ ဖုန်းတဲ့ သည်လည်း ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။ ယင်လဲ့ရှန် မည်မျှအားကောင်းမှန်း သူသိပေသည်။ ယင်လဲ့ရှန် တိုက်ခိုက်စဉ်က သူပင်လျှင် ဘာမှပြန်မလုပ်နိုင်ခဲ့ချေ။

သို့သော်လည်း တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သာ ရှိသေးသော ဤလူငယ်လေးသည် ယင်လဲ့ရှန်၏ တိုက်ကွက်ကို တားဆီးနိုင်ခဲ့သည်။ တားဆီးနိုင်ရုံတင်မဟုတ်ဘဲ ယင်လဲ့ရှန်အား နောက်သို့ပင် ပြန်ဆုတ်သွားအောင် တွန်းအား ပေးနိုင်ခဲ့၏။

တည့်တည့် ခံလိုက်ရတာဆိုတော့ သူသေသွားလောက်မှာပေါ ဖုန်းတဲ့ တွေးလိုက်၏။

သို့သော်လည်း ထိုလူငယ်လေး သေသွားလျင်ပင် ဂုဏ်ယူ ဝံ့ကြွားစွာဖြင့် သေနိုင်ပေသည်။ သူသည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်ဖြင့် ယင်လဲ့ရှန်အား ရင်ဆိုင်ခဲ့သူ မဟုတ်ပေလော။ သို့သော်လည်း ဖုန်းတဲ့မှာ ဆုံးအောင်မတွေးနိုင်သေးခင်မှာပင် ချောင်းဆိုးသံ တစ်သံကို ကြားလိုက်ရလေသည်။

“သူမသေသေးဘူးလား” ဖုန်းတဲ့ မှင်သက်သွား၏။

ထို့နောက် မျက်လုံးအပြူးသားဖြင့် ရန်ကိုင် လွင့်ထွက်သွားသည့် နေရာဆီသို့ လှမ်းကြည့်လိုက်လေသည်။ လျို့ရှန်းယင်သည်လည်း ထိုမြင်ကွင်းကို ကြည့်ရင်း မှင်သက်နေမိ၏။

ရန်ကိုင်သည် ကြိုးစားပမ်းစား ထရပ်ရင်း သူအဆင်ပြေကြောင်း အိုင်းအောင်နှင့် ချီယွဲ့တို့အား လက်ထောင်ပြလိုက်သည်။ သို့သော်လည်း သူ့မျက်နှာတစ်ပြင်လုံး ဖြူဖက်ဖြူလျော် ဖြစ်နေပြီး အသက်စွမ်းအင်မှာလည်း အလွန်ကိုမှ မတည်မငြိမ် ဖြစ်နေလေသည်။ တောင့်မခံထားနိုင်တော့သည့် အဆုံး ရန်ကိုင်သည် နောက်ထပ် ရွှေရောင် သွေးတစ်ပွက်ကို ထိုးအန်ချလေ၏။

“ကြမ်းလိုက်တာ” ရန်ကိုင်သည် မတ်တပ်ရပ်လာပြီးနောက် ယင်လဲ့ရှန်ဘက်သို့ ကြည့်ကာ ရေရွတ်လိုက်၏။

ယင်လဲ့ရှန်သည်လည်း ရန်ကိုင့်ကြောင့် နောက်သို့ ဆုတ်သွားရသည့် အချိန်မှစ၍ ထူးဆန်းသည့် အမူအရာကြီးဖြင့် ရပ်နေခဲ့လေသည်။ ရန်ကိုင် ပြန်မတိုက်နိုင်သေးသည်ကို အခွင့်ကောင်းယူပြီး ပြန်လိုက်တိုက်ရမည့်အစား ထိုသို့မလုပ်ဘဲ တစ်ခုခုကို နားမလည်နိုင် ဖြစ်နေသည့်အလား မျက်မှောင်ကြီးကြုတ်လျက်သာ ရပ်နေခဲ့သည်။ ရန်ကိုင့်အသံကို ကြားမှပဲ အသိပြန်၀င်လာခဲ့ပြီး ရန်ကိုင့်ဘက်သို့ လှည့်၍ ပြောလိုက်လေသည် “မင်းက မဆိုးဘူးပဲ။ ဒီဘုရင် ထင်တာသာ မမှားရင် ဒီအဖွဲ့ထဲမှာ မင်းက အသန်မာဆုံးမလား”

“ဟဲဟဲ” ရန်ကိုင်က စူးရှစွာပြုံးလျက် ပါးစပ်ထဲတွင်ကျန်နေသေးသော နောက်ဆုံး သွေးအကျန်ကို ထွေးထုတ်ပြီးနောက် ပြောလိုက်၏ “အဲ့လိုတော့ မပြောရဲပါဘူး။ ကျုပ် သူတော်စင်ချီကို သူတို့ထက်ပိုပြီး ပြောင်းလဲနိုင်ရုံလေးပါပဲ။ ခင်ဗျားလည်း အတူတူပဲမလား။ ကျုပ်ထင်တာသာ မမှားရင် ခင်ဗျားကိုယ်ထဲက သူတော်စင်ချီတွေ အကုန်လုံး ပြောင်းလဲသွားကုန်ပြီမလား”

ရန်ကိုင်၏ စကားကို ကြားမှပဲ အိုင်းအောင်နှင့် အခြားသူများအားလုံး နားလည်သွားခဲ့ကြလေသည်။ သူတော်စင်ချီမှာ အခြားပုံစံတစ်မျိုးသို့ ပြောင်းလဲသွားခြင်းကြောင့် အိုင်းအောင်တို့၏ ခွန်အားမှာလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့ရလေသည်။ သို့သော် သူတို့ ဤနေရာသို့ ရောက်သည်မှာ သိပ်မကြာသေးပေ။

ထိုအကြောင်းကြောင့်ပင် သူတို့ကြားရှိ ခွန်အားကွာခြားခြင်းမှာ သိပ်မသိသာသေးခြင်း ဖြစ်သည်။ သူတို့ကိုယ်ထဲရှိ စွမ်းအားအသစ်နှင့် အသားကျအောင် မလုပ်နိုင်သေးခင်မှာပင် အိုင်းအောင်တို့အဖွဲ့သည် ယင်လဲ့ရှန်နှင့် လာတွေ့လေသည်။ ရန်ကိုင်ပြောသည်ကို ကြားပြီးနောက် ယင်လဲ့ရှန် သို့ထက် အများကြီး ပိုသန်မာနေရခြင်းမှာ သူတို့က ညံ့သည့်အတွက်ကြောင့် မဟုတ်ဘဲ ယင်လဲ့ရှန် ကိုယ်တိုင်ကကို သူ့ကိုယ်ထဲရှိ သူတော်စင်ချီအားလုံးအား ပုံစံအသစ်သို့ ပြောင်းလဲထားသည့် အတွက်ကြောင့်သာဖြစ်မှန်း နားလည်သွားခဲ့ကြလေသည်။

“ကျုပ် သိချင်နေတာရှိတယ်။ ခင်ဗျား ဒီကိုရောက်တာ ဘယ်လောက်ကြာပြီတုန်း “ ရန်ကိုင်က မေးလိုက်သည်။

“မကြာသေးပါဘူး။ ငါးနှစ်ပဲ ရှိပါသေးတယ်” ရန်ကိုင် ဘာလုပ်ချင်နေသလဲ ဆိုသည်ကို နားလည်သော်ငြား ယင်လဲ့ရှန်သည် ဂရုမစိုက်ဘဲ အမှန်အတိုင်းသာ ပြောပြလိုက်သည်။

“ငါးနှစ်…ကြည့်ရတာ လူကြီးမင်းကလည်း ကြယ်သခင် တစ်ဦးနဲ့တူတယ်” ရန်ကိုင်က တွေးတွေးဆ‌ဆဖြင့် ပြောလိုက်လေသည်။

“မင်းက တစ်ကယ် အမြင်စူးရှတဲ့ ကောင်ပဲကွ” ယင်လဲ့ရှန်သည် ရန်ကိုင့်အား ချီးကျူးလိုဟန်ဖြင့် ကြည့်လျက်

“ဒီဘုရင်က ပါရမီရှင်တွေကို လေးစားတယ်။ မင်းသာ အညံ့ခံလိုက်မယ်‌ဆိုရင် ဒီဘုရင် မင်းကို အတောမသတ်နိုင်အောင် များပြားတဲ့ အကျိုးအမြတ်တွေ ပေးလို့ရတယ်။ မင်း မိတ်ဆွေတွေကိုတောင် အသက်ချမ်းသာ ပေးလို့ရတယ်”

“ရန်ကိုင်က ရယ်မောလျက် ကျုပ်သာ အညံ့ခံမယ်‌ဆိုရင် ခင်ဗျား ကျုပ်လိုချင်တာမှန်သမျှကို ပေးမှာလား “

ယင်လဲ့ချန်က ခေါင်းမော့လျက် မာနတကြီဖြင့် ပြောလိုက်လေသည်။ “ဒီဘုရင် တတ်နိုင်တဲ့အရာမှန်သမျှ ပေးလို့ရတယ်”

“ဒါဆို ခင်ဗျား အသက်ကို ကျုပ်လိုချင်တယ် ဆိုရင်ရော” ရန်ကိုင်က ပြုံးလျက် ပြန်မေးသည်။

ယင်လဲ့ချန်က ဖြေးဖြေးချင်း ခေါင်းခါလျက် “အဲ့တာဆိုရင်တော့ မင်းသေမှပဲရလိမ့်မယ်။ မင်းက တော်တော်လေး တော်ပေမဲ့ ဒီအသစ်ရလာတဲ့ စွမ်းအား ဘယ်လောက် အားကောင်းလဲဆိုတာ မသိသေးဘူးပဲ။ ပြီးတော့ မင်းကို ပြောလိုက်ဦးမယ်။ ခုနတုန်းက ငါ့ခွန်အား သုံးဆယ် ရာခိုင်နှုန်းကိုပဲ ထုတ်သုံးခဲ့တာ”

ထိုစကားထွက်လာသည့်အခါ အကုန်လုံးရဲ့ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားတော့သည်။ ဆုံးဆယ်ရာခိုင်နှုန်းသော ခွန်အားသည်ပင် သူတို့အားလုံးအား ကူကယ်ရာမဲ့သွားအောင် ပြုလုပ်နိုင်ခဲ့သည်။ ယင်လဲ့ရှန်သာ အားကုန်သုံးပြီး တိုက်ခိုက်မည် ဆိုလျင်တော့…

“ဟားဟား လူတွေရဲ့ မသေခင် တုန်လှုပ်ချောက်ချားနေတဲ့ အမူအရာ‌တွေကို ကြည့်ရတာ ဒီဘုရင် အရမ်းကြိုက်တာပဲ”

ယင်လဲ့ရှန်သည် အော်ဟစ်ရယ်မောလိုက်ပြီးနောက် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ရာ ရုတ်ချည်းဆိုသလို ကုချန်းယွင်နှင့် ဝူတောက်‌ ရှေ့သို့ ရောက်လာခဲ့လေသည်။

“မရဏ ငရဲပန်းပွင့်”

ယင်လဲ့ရှန်သည် သူ့လက်နှစ်ဖက်ကြားတွင် အရင်းအမြစ်ချီကို စုစည်းလိုက်လည်။ ထို့နောက် လက်အား အရှေ့တည့်တည့်သို့ ဆန့်ထုတ်လိုက်ရာ ထူးဆန်းပြီး နှစ်လိုဖွယ်ကောင်းသည့် ပန်းပွင့်တစ်ပွင့် ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက် ပန်းပွင့်သည် ကုချန်းယွင်နှင့် ဝူတောက်ဆီသို့ အရှိန်အဟုန်ပြင်းစွာ တိုး၀င်သွားလေ၏။

“တောင်တစ်ရာ မြစ်ဓါးချက်” ဝူတောက်သည် ရှိသမျှ စွမ်းအင်အကုန်ကို ဓါးထဲသို့ ထည့်သွင်းလျက် ပိုင်းချလိုက်လေသည်။

“ကောင်းကင်ဓါး စကြာ၀ဠာကို အလင်းဆောင်လော့”

ထိုကဲ့သို့ ရေရွတ်လိုက်သည်နှင့် ကုချန်းယွင်၏ ခန္ဓာကိုယ်သည် ခရမ်းရောင် တလက်လက် တောက်ပလာလေ၏။ တစ်ချိန်ထဲတွင် လျှာဖျားကို ကိုက်ကာ သွေးအဆီအနှစ်တစ်စက်ကို ဓါးပေါ် ထွေးထုတ်လိုက်လေသည်။ ထို့နောက် ဓါးအား ရှေ့တည့်တည့်သို့ ထိုးချလိုက်၏။

“ပုရွက်ဆိတ်တွေဆိုတာ ပုရွက်ဆိတ်တွေပဲ ဖြစ်နေမှာပဲ။ မင်းတို့ကများ ဒီဘုရင်ကို လာပြီး ခုခံချင်နေသေးတယ်”

ယင်လဲ့ရှန်၏ မျက်လုံးများ ရုတ်ချည်း အေးစက်သွားပြီး ကုချင်းယွမ်နှင့် ဝူတောက်အား သူ့လက်ညှိုးဖြင့် ထိုးလိုက်လေသည်။

ဖောက်…ဖောက်

ကုချင်းယွင် နှင့် ဝူတောက်၏ သူတော်စင်ချီ အကာအကွယ် ပေါက်ထွက်သွားခဲ့ပြီး သူတို့ရင်ဘက်စီမှ သွေးစိမ်းရှင်ရှင် ဖြာထွက်လာခဲ့လေသည်။ တစ်ချိန်ထဲတွင် နှစ်ဦးစလုံး နောက်သို့ လွင့်စင်ထွက်သွားကြလေ၏။

ယင်လဲ့ရှန်မှ သူ့လက်အား ဝှေ့ယမ်းချလိုက်သောအခါ ဒဏ်ရာရနေသော ကုချန်းယွင်နှင့် ဝူတောက်သည် လုံး၀ကို မခုခံနိုင်ဘဲ ထိုစွမ်းအား လာရာ လမ်းကြောင်းအတိုင်း လွင့်စင် ထွက်သွားကုန်လေ၏။

“သူတို့ကို သတ်ပစ်လိုက်” ယင်လဲ့ရှန်က အေစက်စက် အမူအရာဖြင့် ပြောလိုက်ပြီးနောက် ကျန်လူများဘက်သို့ လှည့်လိုက်လေသည်။

ယင်လဲ့ရှန်က အမိန့်ပေးနေသဖြင့် ဖုန်းတဲ့နှင့် လျိုရှန်းယွင်တို့လည်း စတင် လှုပ်ရှားရလေတော့သည်။ ဖုန်းတဲ့သည် ကြမ်းကြုတ် ခက်ထန်သည့် အမူအရာဖြင့် ချက်ချင်းပဲ ကုချန်းယွင်ဆီသို့ ပြေး၀င်သွားလေသည်။ ယင်လဲ့ရှန်၏ အမိန့်ကို သူမလွန်ဆန်ရဲပေ။

လျို့ရှန်းယွင်သည် ဝူတောက်စီသို့ ပျံသန်းသွားပြီးနောက် အရင်ဆုံးပြောလိုက်၏။ “ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ” ပြောပြီးနောက် ဝူတောက်အား သူမ လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

ထိုလက်ဝါးချက်သည် အတော်လေး ရက်စက်သော်ငြား မည်သည့် သတ်ဖြတ်လိုစိတ်မှ ပါဝင်နေခြင်းမရှိပေ။ ရွေးစရာမရှိသည့်အတွက်ကြောင့်သာ မဟုတ်လျင် အပြစ်မရှိသည့် သူများကို သူမ မသတ်ချင်ပေ။ တစ်ကယ်တော့ သူမသည် တစ်စပြင် ကန္တရကြယ်စီရင်စုထဲတွင် နာမည်ကောင်းဖြင့် ကျော်ကြားခဲ့သူတစ်ဦး မဟုတ်ပေလော။

သို့သော်လည်း လူဆိုသည်မှာ အခြေအနေနှင့် အချိန်အခါကို သိရပေသည်။ ထိုစဉ် မှိုင်းအုံ့အုံ့ အမှောင်ထု တစ်ခုသည် ဒဏ်ရာရနေသော ကုချန်းယွင်နှင့် ဝူတောက်တို့အား လွှမ်းခြုံသွားခဲ့ပြီး အဝေးတစ်နေရာစီသို့ ထွက်ပြေးသွားခဲ့သည်။ ထိုအမှောင်ထု ပျောက်ကွယ်သွားပြီးနောက်တွင် ကွေ့ဇူ၏ ပုံရိပ် ပေါ်လာခဲ့လေ၏။

“မင်းတို့နှစ်ယောက် အဆင်ပြေရဲ့လား” ကွေ့ဇူက အသံတိုးတိုးဖြင့်မေးလိုက်သည်။

“အသက်တော့ ရှင်ဦးမှာပါ” ဝူတောက်က ပြန်ပြောလိုက်သည်။

“ဒါဆိုရင်တော့ ပြဿနာပဲ”‌ ကွေ့ဇူက စိတ်ညစ်ညစ်ဖြင့် “ဟိုကောင် ပြောသွားတဲ့ပုံအရ သူတို့ဒီမှာ ရောက်နေတာ ငါးနှစ်တောင် ကြာနေပြီ။ သူတို့ကိုယ်ထဲက သူတော်စင်ချီကို ပြောင်းလဲဖို့ ငါးနှစ်တောင် အချိန်ရထားတာဆိုတော့ ငါတို့ထက် ကျိန်းသေပိုအားကောင်းလိမ့်မယ်”

“အဲ့တော့ဘာဖြစ်လဲ။ ငါတို့သေရမယ်ဆိုရင်တောင် သူတို့ကိုပါ နောင်တ ရသွားအောင် လုပ်ပေးလိုက်မယ်” ကုချန်းယွင်သည် သူတို့စီသို့ ချည်းကပ်လာနေသည့် ဖုန်းတဲ့နှင့် လျို့ရှန်းယွင်အား ကြမ်းကြုတ်ခက်ထန်စွာ စိုက်ကြည့်လိုက်လေသည်။

ရန်ကိုင်မှာတော့ ကောင်းကောင်းပင် မနားရသေးသော်ငြား ကွေ့ဇူနှင့် ဝူတောက်တို့အဖွဲ့ ဒုက္ခရောက်နေသည်ကို မြင်သော် တိုးတိုးလေး ပြောလိုက်လေ၏။ “စီနီယာ သူတို့ကို သွားကူပေးလိုက်ပါလား”

ထိုစကားကို ကြားသောအခါ ချီယွဲ့နှင့် အိုင်းအောင်တို့ နှစ်ဦးစလုံး တစ်ပြိုင်နက်ထဲ ခေါင်းခါလိုက်ကြလေသည်။ ယင်လဲ့ရှန်သည် ပြိုင်ဘက် သုံးယောက်အနက် အားအကောင်းဆုံးမှန်း သူတို့သိကြသည်။ ရန်ကိုင် တစ်ယောက်ထဲနှင့် ယင်လဲ့ရှန်၏ ပြိုင်ဘက် မည်သို့မှ မဖြစ်နိုင်ချေ။ ရန်ကိုင့်အား တစ်ယောက်ထဲ တိုက်ခိုက်ခိုင်းခြင်းသည် သေတွင်းထဲသို့ ခုန်ဆင်းခိုင်းခြင်းဖြစ်လေရာ သူတို့အနေဖြင့် မည်ကဲ့သို့များ ထိုသို့ အဖြစ်ခံနိုင်မည်နည်း။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၃၃)

“ငါတို့ မင်းနဲ့အတူ တိုက်မယ်” အိုင်းအောင်ကပြောလိုက်သည်။

“ဟုတ်တယ်။ ငါတို့ သုံးယောက်ပေါင်းဆိုရင် သူ့ကို အနိုင်ယူရင် ယူနိုင်လောက်တယ်” ချီယွဲ့က ခေါင်းငြိမ့်၍ ပြောလိုက်သည်။

ရန်ကိုင်က ခေါင်းခါ၍ “စီနီယာတို့ ကိုယ့်အခြေအနေကိုယ် နားမလည်သေးတာပဲ။ သူတော်စင်ချီကနေ ပြောင်းလဲသွားတဲ့ ပုံစံက အရမ်းကို အားကောင်းလွန်းတယ်။ ကျုပ်တစ်ယောက်ထဲနဲ့ သူ့ကို မနိုင်ဘူးဆိုရင် ကျုပ်တို့ အားလုံး ပေါင်းတိုက်လည်း ဘာမှထူးမှာမဟုတ်ဘူး။ ဒါပေမဲ့ စီနီယာ တို့နှစ်ယောက်သာ ကွေ့ဇူကို သွားကူပေးမယ်ဆိုရင်တော့ သူတို့လွတ်ရင် လွတ်လောက်တယ်”

“ဒါဆိုရင် မင်းကရော” အိုင်းအောင်က ပြန်မေးလိုက်သည်။

“ကျုပ်ဘာသာ လွတ်လမ်းရှာမှာပေါ့။ စီနီယာတို့ ကျုပ်ဘာကို ကျွမ်းကျင်ထားလဲ မေ့နေတာလား” ရန်ကိုင်သည် သူ့နှုတ်ခမ်းထောင့်မှ စီးကျနေသော သွေးများကို သုတ်ရင်း ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလိုက်လေသည်။

ရန်ကိုင်ပြောသည်ကို ကြားပြီးနောက် အိုင်းအောင်နှင့် ချီယွဲ့အကြည့်ချင်း ဖလှယ်လိုက်လေ၏။ ထို့နောက် ခေါင်းငြိမ့်ပြီး ပြောလိုက်လေသည်။

“ကောင်လေး ဒါဆို မသေစေနဲ့ဦးနော်”

“သတိထားဦး” ချီယွဲ့က လည်းပြောလိုက်သည်။

ထိုသို့ ပြောပြီးနောက် ကွေ့ဇူတို့ အဖွဲ့အား သွားကူလေသည်။ ယင်လဲ့ရှန်သည် ထိုမြင်ကွင်းကို ကြည့်သာ ကြည့်နေပြီး ၀င်မတားခဲ့ချေ။ သူ့အတွက်တော့ တစ်ဖက် ရန်သူငါးယောက် ပူးပေါင်းတိုက်ခိုက်မည်ဆိုလျင်ပင် ဘာမှထူးခြားလာမည် မဟုတ်သည့်အလား။ ဖုန်းတဲ့နှင့် လျို့ရှင်းယွင် နှစ်ယောက်ဖြင့်ပင် ထိုငါးယောက်အား အနိုင်ယူရန် လုံလောက်နေပေပြီ။

“မင်းက ငါ့ကိုတစ်ယောက်ထဲ တိုက်ခိုက်ချင်နေတာလား။ မင်းကိုယ်မင်း အထင်အရမ်းကြီးမနေဘူးလား” ယဲ့ရှန်သည် လှောင်ပြုံးပြုံးလျက် ရန်ကိုင့်အား ကြည့်ကာ ပြောလိုက်သည်။

ရန်ကိုင်က ရယ်မော၍ ပြန်ပြောလိုက်လေသည်။

“ရန်ငြိုးဆိုတာ ရန်ငြိုး ရန်ငြိုးချင်း တုံပြန်တာထက် ကြေအေးလိုက်တာ ပိုကောင်းတယ်တဲ့။ အခု ကျုပ်တို့ အကုန်လုံးက ကြယ်တာရာ အစုအဝေးဆီ သွားဖို့ လုပ်နေတာလေ ဘာလို့ အချင်းချင်း သတ်ချင်နေရတာလဲ။ ပြီးတော့ ကျုပ်တို့ကြားမှာ ရန်ငြိုး ရန်ကြွေးတွေ ရှိတာမှ မဟုတ်တာ။ ဒီနေ့မတိုင်ခင်အထိ ကျုပ်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကိုတောင် မြင်ဖူးတာမဟုတ်ဘူး။ လူကြီးမင်းက ဘာလို့ ကျုပ်တို့အားလုံးကို အရမ်း သတ်ချင်နေရတာလဲ”

“ဘာလဲ မင်း ကြောက်နေတာလား” ယင်လဲ့ရှန်သည် ရန်ကိုင့်အား အထင်အမြင် တသေးဖြင့် ကြည့်ကာ မေးလိုက်သည်။

ရန်ကိုင်ကတော့ ရယ်သာ ရယ်‌လိုက်ပြီး ဘာမှပြန်မပြောခဲ့ချေ။

“တစ်ကယ်တော့ ငါမင်းကို ရှင်းပြရလည်း ကိစ္စမရှိပါဘူး” ယင်လဲ့ရှန်က ရုတ်တရက် ပြောလိုက်လေသည်။

“တစ်ကယ်တော့ ဒီဘုရင်က မင်းကိုယ်ထဲက ကြယ်အမြူတေကိုပဲ လိုချင်တာ။ အဲ့တာကို ယူပြီး ကြယ်အစုအဝေးထဲမှာရှိတဲ့ မရဏဂိုဏ်းကို လက်ဆောင်ပေးမလို့။ ဒီတော့ မင်းသေသေ ရှင်ရှင် ငါဂရုမစိုက်ဘူး။ မင်းကြောက်တယ်ဆိုရင် အညံ့ခံလိုက် ဒီဘုရင် မင်းအသက်ကို ချမ်းသာပေးလို့ရတယ်”

“ကျုပ် ကြယ်အမြူတေကို လိုချင်တာလား” ရန်ကိုင် မျက်ခုံး ပင့်သွားခဲ့သည်။

“ဒီတော့ စီနီယာက ဒါကို လိုချင်နေတာကိုး”

“ဟုတ်တယ် အဲ့တာကို လိုချင်တာနဲ့ ဒီဘုရင်က ဒီမှာ အကျိုးမဲ့ ငါးနှစ် ထိုင်စောင့်နေခဲ့ရတာ။ ဒါပေမဲ့ ငါထွက်သွားဖို့ လုပ်နေတုန်းမှာပဲ မင်းတို့အဖွဲ့ ပေါ်လာမယ်လို့ မထင်ထားဘူး။ ကြည့်ရတာ မင်းတို့ကံက တော်တော် ဆိုးတာပဲ”

ရန်ကိုင်က ရယ်မောလျက် “ဟုတ်တယ် တစ်ကယ် ကံဆိုးတာ။ ဒါပေမဲ့ စီနီယာလည်း အဲ့လောက် ကံကောင်းမယ်လို့ မထင်ပါဘူး”

“မင်းက လက်မလျှော့သေးဘူးလား” ယင်လဲ့ရှန်၏ မျက်နှာ အေးစက်သွားလေသည်။

“ရှုံးမှ မရှုံးသေးတာ ဘယ်လိုလုပ် လက်လျှော့ရမှာလဲ” ရန်ကိုင်က ညစ်ကျယ်ကျယ် ပြုံးလိုက်၏။

ထို့နောက် သူ့ပုံရိပ်သည် ရပ်နေရာမှ ပျောက်ကွယ်သွားပြီး ယင်လဲ့ရှန်ရှေ့တွင် ပြန်ပေါ်လာခဲ့လေသည်။ ပေါ်လာပြီးနောက်တွင် ရန်ကိုင်သည် သူ့လက်ကို ရှေ့တည့်တည့်သို့ ဆန့်ထုတ်၍ အော်ပြောလိုက်၏ “ဝဲကတော့”

သူ့လက်၀ါးဆီမှ ပိန်းပိန်းပိတ်အောင် မည်းမှောင်နေသည့် အနက်ရောင် ဝဲကတော့ တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထို ဝဲကတော့သည် တဖြည်းဖြည်း ကြီးမားလာပြီး ဧရာမ သားရဲကြီးတစ်ကောင်ကဲ့သို့ ယင်လဲ့ရှန်အား ဝါးမြိုရန် ကြိုးစားလေတော့သည်။

စကားပြောနေလို့ အသုံးမ၀င်တော့သဖြင့် ရန်ကိုင်လည်း တိုက်ခိုက်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။ ဝဲကတော့ဆီမှ ထွက်ပေါ်နေသည့် စွမ်းအားကို ခံစားလိုက်ပြီးနောက် ယင်လဲ့ရှန်၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။

သို့သော်လည်း တုံ့နှေးမနေဘဲ သူ့လက်ကို ဆန့်ထုတ်လိုက်၍ အော်ပြောလိုက်၏။

“ပျက်စီးလိုက်စမ်း”

ဘုန်း…

ရန်ကိုင် ဖန်တီးလိုက်သည့် တွင်းနက်သည် တစ်မုဟုတ်ခြင်း ပျက်စီးသွားပြီး သူကိုယ်တိုင်လည်း နောက်ဆုတ်သွားရလေသည်။ သို့သော်လည်း တစ်စက္ကန့်လေးပင် ရပ်မနေဘဲ ဆက်၍တိုက်ခိုက်လိုက်လေသည်။

လခြမ်းကွေး ဓါးသွား…

ရွှစ်..ရွှစ်..ရွှစ်

ပိန်းပိန်းပိတ် မည်းမှောင်နေသော ဓါးသွားများ ယင်လဲ့ရှန်စီသို့ တစ်ခုပြီးတစ်ခု တိုး၀င်သွားခဲ့လေသည်။

“တစ်ကယ်ကို လေဟာနယ်စွမ်းအားကနေ ဖွဲ့စည်းထားတဲ့ ဓါးသွားတစ်ခုပဲ”

သူ့ရှေ့ရှိ မြင်ကွင်းကိုကြည့်ရင်း ယင်လဲ့ရှန်၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင် ထုတ်သုံးလိုက်သည့် ဝဲကတော့ကို မြင်ကတည်းက ယင်လဲ့ရှန် ထိုသို့ တွေးမိလိုက်ခြင်းဖြစ်သည်။ သို့သော် သိပ်မသေချာခဲ့ပေ။ အခု သူ့စီသို့ တိုး၀င်လာနေသော ဓါးသွားများစီမှ ဖြာထွက်နေသော လေဟာနယ်စွမ်းအားကို ခံစားလိုက်မိပြီးနောက်မှသာ သူ့အထင် မှန်ကန်နေမှန်း နားလည်သွားခဲ့သည်။

ရန်ကိုင်သည် လေဟာနယ်စွမ်းအားကို ထုတ်သုံးနေခြင်းဖြစ်သည်။ ထို့အပြင် လေဟာနယ်စွမ်းအားကို ဤအဆင့်ထိရောက်အောင် ထုတ်သုံး နေပုံကိုကြည့်လျင် ထိုကောင်လေး၏ လေဟာနယ် တာအိုအပေါ် နားလည်မှုသည် အတော်လေးကိုမှ မြင့်မားရပေမည်။ ယင်လဲ့ရှန်၏ မျက်လုံးထဲ မနာလို အားကျစိတ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။

သူအားကျသည်မှာလည်း အားကျ စရာပင်။ လေဟာနယ် တာအိုသည် အလွန်ကိုမှ နားလည်ရခက်သည့် တာအိုတစ်မျိုးပင် မဟုတ်ပေလော။ တတ်ကျွမ်းဖို့ပင် ခက်လေရာ ဆရာကျဖို့ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။

ယင်လဲ့ရှန်သည် တစ်စပြင် ကန္တာရကြယ်စီရင်စုကြီး၏ အရှင်သခင်တစ်ဦး ဖြစ်သည်။ ထိုကြယ်စီရင်စုကြီးထဲ နှစ်ပေါင်း မရေမတွက်နိုင်အောင် မင်းမူလာပြီးနောက်တွင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ခဲ့လေသည်။ တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ရောက်လာပြီးနောက် ဤထူးဆန်းသော လေဟာနယ် စွမ်းအားကို လေ့လာကြည့်ရန် ကြိုးစားခဲ့သည်။

သို့သော်လည်း လေဟာနယ်စွမ်းအားကို ဆရာကျဖို့ရာ မဆိုထားနှင့် တတ်ကျွမ်းအောင်ပင် မလေ့ကျင့်နိုင်ခဲ့သည့်အတွက် စိတ်ပျက်ပျက်ဖြင့်သာ လက်လျော့ခဲ့ရလေသည်။ သို့သော်လည်း ယနေ့တွင်မူ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံခြင်းလေးဖြင့် လေဟာနယ်စွမ်းအားကို ဆရာကျကျ သုံးနိုင်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရလေပြီ။ သူတတ်ပင် မတတ်ကျွမ်းနိုင်သော စွမ်အားကို တစ်ဖက်လူမှ ဆရာကျကျဖြင့် သုံးနေသည်ကို ကြည့်ရင်း ယင်လဲ့ရှန် မနာလိုစိတ်ဖြင့် ဒေါသထွက်လာခဲ့သည်။

ထိုစွမ်းအားကို သူကျ ဘာကြောင့် မလေ့ကျင့်နိုင်ရဘဲ ဤကောင်လေးကျမှ လွယ်လွယ်ကူကူနှင့် အသုံပြုနိုင်နေရသနည်း။ သူ့အရည်အချင်းသည် ထိုကောင်ထက် နိမ့်ကျနေသလော။ ထိုအတွေး ခေါင်းထဲ ပေါ်လာသည်နှင့် ယင်လဲ့ရှန်၏ မျက်လုံးများ မနာလိုအတ္တစိတ်ကြောင့် နီရဲလာပြီး ရုတ်တရက်ဆိုသလို သတ်ဖြတ်လိုစိတ်များ သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာခဲ့လေသည်။

“မင်း လေဟာနယ် စွမ်းအားကို ကျွမ်းကျင်ထားတော့ရော ဘာဖြစ်လဲ။ အကြွင်းမဲ့ စွမ်းအားရှေ့မှာ မင်းလှည့်ကွက်တွေအကုန်လုံးက အချည်းနှီးပဲကွ” ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် ယင်လဲ့ရှန်သည် မရဏ အမှောင်တိုက်ဖုံး အကာအကွယ်ကို ဆင့်ခေါ်လိုက်လေသည်။

အဝေးတစ်နေရာတွင် ရှိနေသော ထိုမှော်ရတနာသည် ယင်လဲ့ရှန်ထံသို့ အလင်းတန်းတစ်ခုအလား တိုး၀င်လာပြီး သူ့အား လျှင်မြန်စွာ လွှမ်းခြုံသွားလေ၏။

ထန်..ထန်..ထန်

မရေတွက်နိုင်သော လခြမ်းကွေး ဓါးသွားများသည် မရဏအမှာင်တိုက်ဖုံး အကာအကွယ်ကို လာရောက် ထိမှန်လေသည်။ သို့ရာတွင် အကာအကွယ်အား ထိုးဖောက်နိုင်ခြင်းမရှိဘဲ လှိုင်းထသွားရုံလောက်သာ လုပ်နိုင်ခဲ့လေသည်။

ထိုအခြင်းအရာကို မြင်ပြီးနောက် ရန်ကိုင့်၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားလေသည်။တစ်ဖက်လူ၏ မှော်ရတနာသည် အလွန်ကိုမှ အဆင့်မြင့်ရ မည်မှန်း ချက်ချင်းနားလည်လိုက်၏။ ထို့ကြောင့်သာ မဟုတ်လျင် သူ့လခြမ်းကွေး ဓါးသွားများကို ဤမျှအလွယ်တကူ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ယင်လဲ့ရှန်သည် လခြမ်းကွေးဓါးများ ထိမှန်သွားသည့်နေရာကို ကြည့်ရင်း လှောင်ပြုံး ပြုံးလျက် ပြောလိုက်၏။

“ဒီဘုရင်ရဲ့ မရဏအမှောင်တိုက်ဖုံး အကာအကွယ်က ကြယ်တာရာစီရင်စုက လက်ဆောင်ပေးထားတဲ့ တာအိုအဆင့် မှော်ရတနာတစ်ခုပဲ။ မင်းရဲ့ အစွမ်းလေးနဲ့များ လာတိုက်ခိုက် ချင်နေသေးတယ်။ မင်းဘာသာမင်း ကြိုက်သလောက်တိုက်။ ဘယ်လိုပဲတိုက်တိုက် ဒီအကာအကွယ်ရှိနေသ၍ မင်းငါ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး”

ပြောပြီးသည့်နောက်တွင် ရန်ကိုင့်၏ လခြမ်းကွေး ဓါးများစီသို့ ပြေး၀င်သွားလေ၏။ လခြမ်းကွေးဓါး များကို ဖြတ်ကျော်လာပြီးနောက်တွင် ရန်ကိုင့်ရှေ့သို့ ရောက်လာပြီး လက်သီးဖြင့် ထိုးချလိုက်လေ၏။

ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားပြီး လေဟာနယ်စွမ်းအားကို ထုတ်သုံးကာ ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ထိုအချိန်မှသာ တစ်ခုခု မှားယွင်းနေမှန်း သတိပြုမိလိုက်သည်။ ဤနေရာရှိ ဟင်းလင်းပြင်သည် သူနေခဲ့သည့် ကြယ်စီရင်စုကြီးနှင့် မတူညီစွာ အလွန်ကိုမှ စေးကပ်နေခဲ့သည်။

ထိုအခြင်းအရာကို မြင်သောအခါ ယင်လဲ့ရှန်က ညစ်ကျယ်ကျယ် ပြုံးလျက် “ဒီနေရာက ကြယ်စီရင်စုကြီး မဟုတ်တော့ဘူးကွ။ ကြယ်စီရင်စုတွေနဲ့ ကြယ်တာရာ အစုအဝေးကြားမှာ ရှိနေတဲ့ လမ်းကြောင်းတစ်ခုပဲ။ ဒီနေရာက လောကနိယာမ တွေက မင်းနေခဲ့တဲ့ ကြယ်စီရင်စုကြီးထဲက လောက နိယာမတွေထက် အဆပေါင်းများစွာ ပိုအားကောင်းတယ်”

ထိုစကား ဆုံးသွားသည်နှင့် ယင်လဲ့ရှန်၏ လက်သီးသည် ရန်ကိုင့် ရင်ဘက် တည့်တည့်ရှေ့သို့ ရောက်လာခဲ့လေသည်။ လက်သီးချက်မှာ သူ့ဆီသို့ မရောက်သေးသော်လည်း ထိုလက်သီးချက်မှ ဖြာထွက်နေသော အရှိန်အဝါ သက်သက်နှင့်ပင်လျှင် ရန်ကိုင့်၏ အရိုးများ အ တကျိကျိ မြည်လာခဲ့သည်။ သူ့အရည်ပြားများ အက်ကွဲလာခဲ့၏။

ထိုအခြင်းအရာကို ကြည့်ရုံဖြင့်ပင် လက်သီးချက်သာ ထိခံလိုက်ရမည်ဆိုပါက ရန်ကိုင် မသေလျှင်ပင် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားပေလိမ့်မည်။ ထိုစဉ် ရန်ကိုင်က ရုတ်တရက် အော်ဟစ်လိုက်လေသည်။

“နဂါးအသွင် ပြောင်းလဲခြင်း” ထိန်လန့်ဖွယ်ရာ နဂါးဟိန်းသံနှင့်အတူ ပတ်၀န်းကျင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။

ယင်လဲ့ရှန်သည်လည်း ရန်ကိုင့်ဆီမှ ရုတ်တရက် ဖြာထွက်လာသည့် ကြီးကျယ် မြင့်မြတ်လှသည့် အရှိန်အဝါကြောင့် တစ်ခဏတာ အေးခဲသွားခဲ့လေသည်။

သူတော်စင်ချီမှ ဖြစ်ပေါ်လာသော နဂါး ကြေးခွံများသည် ရန်ကိုင့် လက်မောင်းတစ်လျောက် ထွက်ပေါ်လာခဲ့သည်။ တစ်ခဏအတွင်း ရန်ကိုင့်၏ လက်မောင်းသည် နဂါးလက်သည်းအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ တစ်ချိန်တည်းတွင် သူ့ရင်ဘတ်ပေါ်၌ လက်ဝါးအရွယ် နဂါးအကြေးခွံတစ်ခု ပေါ်လာခဲ့သည်။

နဂါး‌အကြေးခွံ ပေါ်လာလာချင်း၌ပင် ယင်လဲ့ရှန်၏ လက်သီးသည် ရန်ကိုင့်ရင်ဘတ် သို့ လာရောက်ထိမှန်လေသည်။ သို့သော်လည်း သူမျှော်လင့်ထားသည့် ရန်ကိုင့်တစ်ကိုယ်လုံး သွေးမြူခိုးအသွင်သို့ ပြောင်းလဲသွားသည့် မြင်ကွင်းမျိုး ထွက်ပေါ်မလာဘဲ သူ့လက်သီးတစ်ခုလုံး ထုံကျဉ်သွားသလိုသာ ယင်လဲ့ရှန် ခံစားလိုက်ရသည်။

ယင်လဲ့ရှန်လည်း အလိုလို အနောက်သို့ ဆုတ်မိသွားပြီး သူ့လက်သီးကို ပြန်ကြည့်လိုက်သည့် အခါမှ လုံး၀ကို မှင်သက်သွားရလေတော့၏။

သူ့လက်သီးထက်တွင် သွေးများ စီးကျနေခဲ့သည်။ ထိုသွေးသည် ရန်ကိုင့်သွေးမဟုတ်ဘဲ သူ့သွေးသာ ဖြစ်ပေသည်။ လက်သီးဖြင့် ထိုးလိုက်သူမှ ဒဏ်ရာရသွားသော်လည်း အထိုးခံရသော ရန်ကိုင်မှာတော့ ခန္ဓာကိုယ်တစ်ချက် တုန်ရီသွားရုံမှအပ မည်သည့်ဒဏ်ရာမှ မရခဲ့ပေ။

ချက်ချင်းဆိုသလို ယင်လဲ့ရှန်၏ အကြည့်‌သည် ရန်ကိုင့် ရင်ဘက်တွင် ရှိနေ‌သော နဂါးအကြေးခွံစီသို့ ရောက်လာခဲ့သည်။ ထို့နောက် လောဘ တက်လာသည့် အမူအရာဖြင့်

“တစ်ကယ်ကြီး နဂါး အကြေးခွံတစ်ခုပဲ။ မင်း အဲ့နဂါးအကြေးခွံကို ဘယ်လို သန့်စင်လိုက်တာလဲ”

ယင်လဲ့ရှန်သည် အလွန်ကိုမှ အဖိုးတန်သည့် ရတနာတစ်ခုကို တွေ့လိုက်ရသည့်အလား သူ့အမူအရာသည် ချက်ချင်း တောက်ပလာခဲ့သည်။

ထိုနဂါးအကြေးခွံသည် တာအိုသခင်အဆင့် မှော်ရတနာ ဖြစ်သော သူ၏ မရဏအမှောင်တိုက်ဖုံး အကာအကွယ်ထက်ပင် ပို၍ တန်ဖိုးကြီးသေးသည်။

သူသာ ထိုနဂါး အကြေးခွံကို ရနိုင်မည်ဆိုပါက သူ့အနာဂါတ် အောင်မြင်မှုသည် အမှန်တကယ်ကို ထွန်းတောက်လာပေလိမ့်မည်။

“မင်းလိုကောင်ကများ ကိုယ်နဲ့ မတန်မရာ ရတနာကို ပိုင်ဆိုင်ထားချင်သေးတယ်” ယင်လဲ့ရှန်သည် ဒေါသတကြီး အော်ဟစ်လိုက်ရင်း ရန်ကိုင်အား တိုက်ခိုက်လိုက်လေသည်။

“ဒီဘုရင်ကို ပေးစမ်း”

“ခင်ဗျားမှာ အရည်အချင်းရှိရင် လာယူလိုက်လေ” ရန်ကိုင်ကလည်း မကြောက်စတမ်း ပြန်ပြောလိုက်သည်။

ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းစဉ်မှစ၍ သူ့ဘ၀တွင် မရေတွက်နိုင်‌သော အားကောင်းသည့် ကျင့်ကြံသူများကို ရင်ဆိုင်ခဲ့ရသည်။ သို့တိုင် ထိုရန်သူများဆီမှ မလွတ် လွတ်အောင် ထွက်ပြေးလာနိုင်ခဲ့ပေသည်။ ကံမကောင်းစွာဖြင့် ရန်ကိုင် ယခုတစ်ကြိမ် ရင်ဆိုင်နေရသည့် ပြိုင်ဘက်မှာ အလွန်ကိုမှ အားကောင်းနေ၏။

သို့တိုင် ရန်ကိုင်မှာမူ ကြောက်ရွံသွားခြင်းမရှိဘဲ ယင်လဲ့ရှန်ကဲ့သို့ အားကောင်းသည့် ရန်သူကို တွေ့ရပြီးနောက် ပို၍ပင် တိုက်ခိုက်ချင်စိတ် ပြင်းပြလာခဲ့သည်။ တစ်ဖက် ရန်သူအား ကြောက်လန့်နေခြင်းမရှိဘဲ တိုက်ခိုက်လိုစိတ် အပြည့်ဖြင့် ပြန်လည် ရင်ဆိုင် တိုက်ခိုက်လိုက်သည်။

ဘုန်း…ဘုန်း…ဘုန်း

လက်သီးနှစ်လုံး ထိပ်တိုက် တွေ့သွားခဲ့လေသည်။ ရန်ကိုင်သည် နဂါးအသွင်ပြောင်းလဲခြင်းနှင့် ဓါတ်ကြီးငါးပါး ဓါးကျင့်စဉ်ကိုပါ ထုတ်သုံးထားခဲ့သော်လည်း ယင်လဲ့ရှန်၏ ပြိုင်ဘက် ဖြစ်မနေခဲ့ပေ။ ယင်လဲ့ရှန်ထံမှ စီးထွက်လာသော စွမ်းအားသည် အလွန်ကိုမှ ကြောက်မက်ဖွယ် ကောင်းပေသည်။

သူ့လက်သီးအား ၀န်းရံထားသော ဓါတ်ကြီးငါးပါး အကြွင်းမဲ့ ဓါးချီမှာ ယင်လဲ့ရှန်၏ လက်သီးချက်အောက်တွင် တစ်စစီ ပျက်စီးသွားခဲ့လေသည်။ မျက်တောင် တစ်ခပ်အတွင်း ရန်ကိုင့် လက်မောင်းတစ်ဖက်လုံး သွေးချင်းနီသွားခဲ့သည်။ သူ၏ သေကွင်း သေကွက်နေရာများကို ကာကွယ်ပေးထားသော နဂါး အကြေးခွံကြောင့်သာ မဟုတ်လျှက် ယခုအချိန်လောက်ဆို သူလုံး၀ ပြန်တိုက်နိုင်တော့မည် မဟုတ်ချေ။

ရန်ကိုင်မှာ ဆိုးဆိုးရွားရွား ဒဏ်ရာ ရနေခဲ့သော်လည်း မရဏအမှောင်တိုက်ဖုံး အကာအကွယ်အောက်တွင် ရှိနေသော ယင်လဲ့ရှန်မှာ အကောင်းအတိုင်းသာ ရှိနေခဲ့သည်။

“ကောင်လေး မင်းကံကြမ္မာကို လက်ခံလိုက်စမ်းပါကွာ။ မင်းငါ့ပြိုင်ဘက် လုံး၀ မဖြစ်နိုင်ဘူး” ယင်လဲ့ရှန်သည် ရူးသွပ်စွာ အော်ရယ်မောရင်း ရန်ကိုင့်အား ဆက်လက် တိုက်ခိုက်နေခဲ့သည်။

“ထွက်လာခဲ့စမ်း” ရန်ကိုင်က ရုတ်တရက် အော်ပြောလိုက်သည်။

ချက်ချင်းဆိုသလို ရှောင်ရှောင်နှင့် လျို့ယန်တို့ သူ့ဘေးနား၌ အသီးသီးထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်၏ အခြေအနေကို မြင်သော် ရှောင်ရှောင်သည် ပေါ်လာပြီးသည်နှင့် ဘာမှပြောမနေတော့ဘဲ ကျောက်ဘီလူး အသွင်သို့ ချက်ချင်း ပြောင်းကာ ယင်လဲ့ချန်အား အနက်ရောင် တုတ်ဖြင့် ရိုက်ချလိုက်လေသည်။

လျို့ယန် သည်လည်း မီးငှက်အသွင်ပြောင်းကာ ယင်လဲ့ရှန်ဆီသို့ မိုးကြိုးမီးတောက်များ မှုတ်ထုတ်လိုက်သည်။

ထိုအချင်းအရာကို မြင်သည့်အခါ ယင်လဲ့ရှန်၏ မျက်လုံးများ မှေးစင်းသွားလေသည်။ ရန်ကိုင် ရုတ်တရက် ဆင့်ခေါ်လိုက်သည့် ရှောင်ရှောင်နှင့် လျို့ယန်တို့ကို မြင်သည့်အခါ အနည်းငယ် အံ့အားသင့်မိသွားသော်လည်း ရှောင်ရှောင်နှင့် လျို့ယန်တို့၏ တိုက်ခိုက်မှုများကို လုံး၀ မျက်လုံးထဲ မထည့်ခဲ့ပေ။ ထို့အစား ရန်ကိုင့်အား သတ်ဖြတ်နိုင်ရေးကိုသာ အာရုံစိုက်ထားခဲ့သည်။

ဘုန်း..

အနက်ရောင်တုတ် သူ့အား လာမှန်သည့် အခါမှပဲ ဤကျောက်ဘီလူး၏ စွမ်းအားကို အထင်သေးလိုက်မိပြီမှန်း ယင်လဲ့ရှန် နားလည်သွားခဲ့သည်။

မရဏအမှောင်တိုက်ဖုံး အကာအကွယ် ရှိနေသည့်တိုင် ယင်လဲ့ရှန်သည် အနက်ရောင်တုတ်ထဲ ပါ၀င်နေသော ရိုက်ချက်အားကြောင့် ကြိုးပျက်သွားသည့် စွန်တစ်စင်းနှယ် လွင့်စင် ထွက်သွားလေသည်။ မရဏ အမှောင်တိုက်ဖုံး အကာအကွယ်မှာလည်း ပြင်းထန်သည့် အားတစ်ရပ်ကို ခံလိုက်ရသည့်အလား မှိတ်တုပ် မှိတ်တုပ် ဖြစ်လာခဲ့၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၃၄)

ယင်လဲ့ရှန်သည် ရှောင်ရှောင်ကိုကြည့်ရင်း အလွန်ကိုမှ အံ့အားသင့်နေခဲ့သည်။ သူအတွေ့အကြုံနှင့်ပင်လျှင် ရှောင်ရှောင်သည် သက်ရှိလား သို့မဟုတ်ပဲ ရုပ်သေးရုပ်တစ်မျိုးမျိုးလား ဆိုသည်ကို မခွဲခြားနိုင်ခဲ့ပေ။

ကျောက်တုံးရုပ်သေးရုပ် မျိုးနွယ်စုသည် အလွန်ကိုမှ ရှားပါးလှသည်။ ယန်ယန်မှ ရှင်းပြခဲ့သည့်အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်သည်လည်း ရှောင်ရှောင်၏ ဇစ်မြစ်အကြောင်းကို သိလိမ့်မည်မဟုတ်ချေ။

ထို့ကြောင့် ယင်လဲ့ရှန်သည် တစပြင်ကန္တာရ ကြယ်စီရင်စုထဲတွင် နှစ်ပေါင်းများစွာ ကျင်လည်လာခဲ့သူ တစ်ဦးဖြစ်သည့်တိုင် လောကကြီးမှာ မတွေးဆနိုင်လောက်အောင်ကို ကျယ်ပြောလေရာ သူ့အနေဖြင့် အရာမှန်သမျှကို မည်သို့များ သိနိုင်ပါမည်နည်း။ သူမသိသည့် အကြောင်းအရာများထဲတွင် ကျောက်တုံးရုပ်သေးရုပ်များသည် တစ်ခုအပါအဝင် ဖြစ်ပေသည်။

ကျောက်ဘီလူးအသွင်သို့ ပြောင်းလဲသွားပြီးနောက် ရှောင်ရှောင်၏ခွန်အားမှာ အလွန်ကိုမှ မြင့်မားလာခဲ့သည်။ တစ်ကြိမ်အောင်မြင်သွားပြီးနောက်တွင် ရှောင်ရှောင်သည် ရပ်တန့်သွားခြင်းမရှိဘဲ အနက်ရောင်တုတ်ကို ပင့်မြှောက်၍ နောက်တစ်ကြိမ် ထပ်ရိုက်ချလိုက်လေသည်။

“ချုပ်နှောင်လိုက်စမ်း။” ယင်လဲ့ရှန်သည် အသံတိုးတိုးဖြင့် အော်ဟစ်လိုက်ပြီး သူ့နယ်ပယ်စက်ကွင်းကို ဖြန့်ကျက်လိုက်လေသည်။ သို့ရာတွင် သူ့အစီအစဉ်မှာမူ အလုပ်ဖြစ်မသွားခဲ့ပေ။ သူ့နယ်ပယ်စက်ကွင်းကို ဖြန့်ကျက်လိုက်သည့်အချိန်တွင် ရှောင်ရှောင်ဆီမှ ထူးဆန်းသည့်စွမ်းအင်တစ်မျိုး ထွက်ပေါ်လာပြီး ယင်လဲ့ရှန်၏ နယ်ပယ်စက်ကွင်းမှ စွမ်းအားကို ချေဖျက်သွားခဲ့သည်။

“နိ..နိယာမစွမ်းအားလား” ရှောင်ရှောင်၏ခန္ဓာကိုယ်ဆီမှ ပေါက်ကွဲထွက်လာသည့်စွမ်းအားကိုကြည့်ရင်း ယင်လဲ့ရှန်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ နိယာမစွမ်းအားသည် တာအိုသခင်အဆင့် ကျင့်ကြံသူများသာ နားလည်နိုင်သည့် စွမ်းအားတစ်မျိုးဖြစ်ပေသည်။

ထိုစွမ်းအားသည် နယ်ပယ်စွမ်းအားထက် အဆပေါင်းများစွာကို ပိုမိုမြင့်မားရာ ယင်လဲ့ရှန်သည်ပင်လျှင် နိယာမစွမ်းအားကို ယခုအချိန်ထိ မဖမ်းဆုပ်နိုင်သေးပေ။ သို့သော်လည်း ဤထူးဆန်းသည့် ရုပ်သေးရုပ်ကဲ့သို့သော သတ္တဝါသည် နိယာမစွမ်းအားကို အသုံးပြုနေနိုင်ခဲ့သည်။

ထိုအခြင်းအရာကြောင့် ယင်လဲ့ရှန်အလွန်ကိုမှ အံ့အားသင့်သွားခဲ့လေသည်။ “မင်းလည်းအမြူတေကို ဝါးမြိုထားတာလား။” ယင်လဲ့ရှန်သည် ရှောင်ရှောင်မှ နိယာမစွမ်းအားကို ကျွမ်းကျင်ထားရသည့်အကြောင်းရင်းကို ချက်ချင်း ခန့်မှန်းမိသွားခဲ့သည်။

ထိုအခါ ဒေါသတကြီးအော်ဟစ်၍ “နိယာမစွမ်းအား ဖြစ်တော့ရော ဘာဖြစ်လဲ။ မင်းရဲ့မတောက်တခေါက် အသုံးချတတ်ပုံလေးနဲ့ ဒီဘုရင်ရှေ့မှာ လာမောက်မာချင်နေတာလား။ သေလိုက်စမ်း” ထိုသို့ အော်ဟစ်လိုက်ပြီးသည်နှင့် လက်ကွက်တစ်ခုကို ရုတ်တရက် ဖန်တီးလိုက်လေသည်။

ထိုလက်ကွက်နှင့်အတူ အလွန်ပြင်းထန်သည့် စွမ်းအားတစ်ရပ်သည် ယင်လဲ့ရှန်၏ခန္ဓာကိုယ်တစ်ဝိုက်တွင် စတင်စုဝေးလာခဲ့သည်။ ထို့နောက် လေသံတိုးတိုးနှင့် အော်ဟစ်လိုက်၏။ “မရဏအရိုးလှံ” ရုတ်တရက်ဆိုသလို ယင်လဲ့ရှန်၏ရှေ့တွင် ခြောက်ချားဖွယ်ရာစွမ်းအားကို ထုတ်လွှတ်နေသည့် ဧရာမအရိုးလှံကြီးတစ်ချောင်း ဖြစ်ပေါ်လာခဲ့လေသည်။

အရိုးလှံသည် တခဏကြာတုန်ခါနေပြီးနောက် အားလုံး၏ မြင်ကွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေ၏။ အရိုးလှံ ပြန်ပေါ်လာသည့်အချိန်တွင် ရှောင်ရှောင့်ရှေ့သို့ ရောက်နေခဲ့လေပြီ။ အရိုးလှံသည် ရှောင်ရှောင်၏ ရင်ဘတ်ကိုထိမှန်ပြီး ပေါက်ကွဲသွားခဲ့သည်။ ပေါက်ကွဲရာမှ ထွက်ပေါ်လာသည့် အဖျက်စွမ်းအင်ကြောင့် ရှောင်ရှောင်တစ်ကိုယ်လုံး ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် လွင့်စင်ထွက်သွားခဲ့လေသည်။ ကျောက်စကျောက်နတို့ဟာလည်း ရှောင်ရှောင်၏ရင်ဘတ်မှ ပဲ့ကြွေကျလာခဲ့သည်။

ထိုအချိန်မှာပင် လျို့ယန်သည် စူးရှစွာအော်မြည်လျက် မရေမတွက်နိုင်သော မိုးကြိုးမီးလုံးများကို ယင်လဲ့ရှန်ရပ်နေရာ နေရာဆီသို့ မိုးသီးမိုးပေါက်များနှယ် ကျဲချပစ်လိုက်လေသည်။

“အသွင်ပြောင်းမိုးကြိုးမီးတောက်တစ်မျိုးလား။ ကြည့်ရတာ ဒီငှက်က မီးတောက်တွေအများကြီးကို သန့်စင်ထားတဲ့ပုံပဲ။” ယင်လဲ့ရှန်သည် လျို့ယန်အားကြည့်ကာ ညစ်ကျယ်ကျယ်ပြုံးလျက် “ဒီဘုရင်မှာလည်း မှော်ရတနာဝိညာဉ်ကောင်းကောင်းတစ်ခု ရှိမနေတာနဲ့အတော်ပဲ။ လာစမ်း…”

တစ်ချက်ကြည့်ရုံဖြင့်ပင်လျှင် လျို့ယန်သည် မှော်ရတနာစိတ်ဝိညာဉ်တစ်ခုဖြစ်ကြောင်းကို ယင်လဲ့ရှန် တန်းသိသွားခဲ့လေသည်။

ပြောပြီးသည်နှင့် ယင်လဲ့ရှန်သည် သူ့လက်ကိုဆန့်ထုတ်၍ လျို့ယန်အား လှမ်းဖမ်းဆွဲလိုက်သည်။ တစ်ချိန်တည်းတွင် လေထဲ၌ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလုမတတ် ကြီးမားလှသော ဧရာမလက်ဝါးကြီးတစ်ခု ထွက်ပေါ်လာပြီး လျို့ယန်အပေါ်သို့ တောင်တစ်လုံးနှယ် ပြိုဆင်းလာခဲ့လေသည်။

ထိုအခြင်းအရာကြောင့် လျို့ယန်ထိတ်လန့်သွားခဲ့ပြီး တောင်ပံများကို အလျင်စလိုခတ်ကာ လက်ဝါးကြီးလက်မှ လွတ်မြောက်ရန်ကြိုးစားလိုက်လေသည်။ သို့သော်လည်း လက်ဝါးမှာတော့ အသက်ရှိနေသည့်အလား လျို့ယန်နောက်သို့ အရိပ်သဖွယ် လိုက်နေခဲ့သည်။ လျို့ယန် မည်သည့်နေရာသို့ပင်ပြေးပြေး လက်ဝါးလက်မှ မလွတ်နိုင်ခဲ့ဘဲ နောက်ဆုံးတွင် အဖမ်းခံလိုက်ရလေသည်။

လက်ဝါးသည် လျို့ယန်ကိုမိသည်နှင့် လှောင်အိမ်တစ်လုံးအသွင်သို့ ပြောင်းလဲသွားခဲ့သည်။ လျို့ယန်မှာ စူးရှစွာအော်မြည်ရင်း မိုးကြိုးမီးတောက်များကို မှုတ်ထုတ်ကာ လှောင်အိမ်အား ပြာချပစ်ရန် ကြိုးစားလေသည်။

သို့ရာတွင် သူမလက်ရှိခွန်အားဖြင့် ထိုလှောင်အိမ်ကို ပြာချပစ်ရန် တခဏလောက်တော့ အချိန်ယူရပေလိမ့်မည်။ ထိုစဉ်ရန်ကိုင်သည် ယင်လဲ့ရှန်ရှေ့၌ တစ္ဆေတစ်ကောင်နှယ် ပေါ်လာခဲ့သည်။

ယင်လဲ့ရှန်ကို ကာကွယ်ပေးထားသည့် မရဏအမှောင်တိုက်ဖုံး အကာအကွယ်ရှိနေသည့် အတွက်ကြောင့်သာမဟုတ်လျှင် ရန်ကိုင်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ တစ်ခါတည်း အလစ်ချောင်းတိုက်ခိုက်လိုက်လေပြီ။

ရန်ကိုင်သည် နဂါးလက်သည်းအသွင်သို့ ပြောင်းလဲထားသည့် သူ့ညာဘက်လက်ဖြင့် နဂါးအရိုးဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်၍ ယင်လဲ့ရှန်တည့်တည့်ဆီသို့ အားကုန်သုံး ရိုက်ချလိုက်သည်။

“မင်းကတကယ်ကို ခေါင်းမာတဲ့ကောင်ပဲကွ။” ယင်လဲ့ရှန်က အော်ဟစ်လိုက်လေသည်။ တစ်ချိန်တည်းတွင် သူ့ကိုယ်ပတ်လည်၌ စုဝေးနေသော သိပ်သည်းလှသည့် မကောင်းဆိုးဝါးအရှိန်အဝါသည် ဧရာမခေါင်းပုံစံပုံရိပ်ကြီး တစ်ခုအဖြစ်သို့ သိပ်သည်းကျုံ့ဝင်သွားခဲ့လေသည်။

ယင်လဲ့ရှန်မှ အော်ဟစ်လိုက်သည်နှင့် ထိုခေါင်းသည်လည်း ၎င်း၏ပါးစပ်ဟကာ အော်ဟစ်လိုက်လေ၏။ မမြင်နိုင်သော စွမ်းအားတစ်ရပ်သည် ပေါင်းပင်များကို ရှင်းထုတ်သွားသည့်နှယ် ရန်ကိုင့်၏အသိစိတ်ပင်လယ် အတားအဆီးများကို ချိုးဖျက်ကာ သူ့ဝိဥာဉ်အား လာရောက်ရိုက်ခတ်လေသည်။

“ပြင်းလိုက်တဲ့ ကောင်းကင်စိတ်အာရုံတိုက်ခိုက်မှု” ရန်ကိုင် ရင်ထိတ်သွားခဲ့လေသည်။ သူသာအစွမ်းကုန်ထုတ်မသုံးလျှင် ကံဆိုးမိုးမှောင် ကျတော့မည်မှန်း နားလည်လိုက်သည်။

ယင်လဲ့ရှန်သည် သူရင်ဆိုင်ဖူးသည့် အားအကောင်းဆုံး ရန်သူတစ်ယောက် မဟုတ်သော်ငြား သူ့အနေဖြင့် ယင်လဲ့ရှန်၏ပြိုင်ဖက် လုံးဝမဟုတ်မှန်းတော့ သိပေသည်။ သူယခင်တစ်ခေါက်ကတွေ့ခဲ့ဖူးသည့် ဝူရှန်ဖုန်းဆိုသည့်လူသည် ယင်လဲ့ရှန်ထက် အများကြီး ပိုအားကောင်းလေသည်။

သို့သော်လည်း ထိုစဉ်ကသူ့အား ကူညီပေးမည့်ယန်ယန် ရှိနေခဲ့သည်။ ဝူရှန်ဖုန်းသည် ယန်ယန်၏ ပြိုင်ဖက်တစ်ယောက် လုံးဝ မဟုတ်ခဲ့ပေ။ သို့သော်လည်း လက်ရှိအချိန်တွင် ရန်ကိုင်အား ကူညီပေးမည့်သူ တစ်ယောက်မှ ရှိမနေခဲ့ပေ။ ထို့ကြောင့် သူ့ကိုယ်သူအားကိုးရုံသာရှိသည်။

ရန်ကိုင်သည် ရှိရှိသမျှခွန်အားအကုန်အစင်ကို စုစည်းလျက် နဂါးအရိုးဓားထဲသို့ ထည့်သွင်းလိုက်သည်။ ထို့နောက် မရဏအမှောင်တိုက်ဖုံး အကာအကွယ်အား အားကုန်သုံး ရိုက်ချလိုက်လေသည်။

ပြန်ကန်ထွက်လာသည့်အားကြောင့် ရန်ကိုင်သည် အမြှောက်ဆံတစ်ခုနှယ် လွင့်စင်ထွက်သွားခဲ့လေ၏။ ဓားအရိုးအားကိုင်ထားသည့် သူ့လက်မှာလည်း ဟက်တက်ကွဲထွက်သွားပြီး သွေးများတရစပ် စီးကျလာလေတော့သည်။

“မနိုင်မှန်းသိတာတောင် မင်းကဆက်ပြီး ခုခံချင်နေသေးတာလား။” ယင်လဲ့ရှန်သည် ပမာမခန့်အမူအရာဖြင့် ရန်ကိုင့်အား စိုက်ကြည့်လိုက်လေသည်။ အောင်ပွဲသည် သူ့လက်အတွင်းသို့ ရောက်နေပြီဖြစ်သည့်အလား မြေပြင်ပေါ်သို့ဆင်းရင်း အေးအေးဆေးဆေးအမူအရာဖြင့် ပြောလိုက်လေ၏။

“မင်းအရည်အချင်း၊ ပါရမီကတော့ မင်းရဲ့ကြယ်စီရင်စုကြီးထဲမှာ နံပါတ်တစ်ဆိုတာ ပြောနေစရာတောင်မလိုဘူး။ ဒီဘုရင်တောင် မင်းအဆင့်လောက်တုန်းက မင်းလောက်အားမကောင်းခဲ့ဘူး။ ဒါပေမယ့် မင်းကိုယ်ကကို ကံဆိုးနေတာကိုး။ အချိန်အခါ နေရာမှားပြီး ပေါ်လာမှတော့ မင်းကံကြမ္မာကိုပဲ လိမ်လိမ်မာမာနဲ့ လက်ခံလိုက်ပေတော့ကောင်လေး။”

ရန်ကိုင်သည် ကြိုးစားပမ်းစားဖြင့် မတ်တပ်ပြန်ရပ်လျက် ခေါင်းမော့ကာ ကွေ့ဇူတို့ဘက်သို့ လှမ်းကြည့်လိုက်လေသည်။ ကွေ့ဇူနှင့်အခြားသူများသည် ဖုန်းတဲ့နှင့်လျို့ရှန်းယွင်တို့အား တိုက်ခိုက်နေသေးသော်လည်း တိုက်ပွဲအခြေအနေသည် သူတို့ဘက်သို့ အလေးသာမနေခဲ့ပေ။

လက်ရှိကွေ့ဇူသည် အတော်လေးကိုမှ အခြေအနေ ဆိုးဝါးနေခဲ့သည်။ သူ့အနက်ရောင်ချီမှာ တစ်စစီပြန့်ကျဲကုန်ပြီး သူ့ခန္ဓာကိုယ်မှာလည်း သွေးချင်းနီနေခဲ့လေသည်။ အိုင်းအောင်ဆိုလျှင်လည်း သူ့ရင်ဘတ်တွင် ဒဏ်ရာပြင်းပြင်းတစ်ခု ရထားခဲ့လေသည်။ ချီယွဲ့ဆင့်ခေါ်ထားသည့် ကောင်းကင်လနတ်ဆိုးပင့်ကူမှာလည်း အတော်လေးကိုမှ မှိန်ဖျော့နေခဲ့လေပြီ။ ဝူတောက်နှင့် ကုချန်းယွင်တို့မှာတော့ ပြောနေစရာပင်မလိုတော့။

ဒီအတိုင်းသာဆက်သွားနေလျှင် သူတို့အားလုံး ကျိန်းသေ သေရပေလိမ့်မည်။ ကွေ့ဇူတို့ပင် အခြေအနေမဟန်ခြင်းမဟုတ်။ ရှောင်ရှောင် လျို့ယန်တို့မှာလည်း အဆင်ပြေမနေခဲ့။ ရှောင်ရှောင်သည် လွင့်စင်ထွက်သွားပြီးနောက် သေသလား၊ ရှင်သလား မသိရတော့ချေ။ လျို့ယန်သည်လည်း လှောင်အိမ်တစ်ခုထဲ ပိတ်မိနေခဲ့သည်။

လက်ရှိအချိန်၌ နည်းနည်းအဆင်ပြေနေသူဆို၍ ရန်ကိုင်တစ်ယောက်သာရှိသည်။ သူသာရှုံးနိမ့်သွားခဲ့လျှင်တော့ လျို့ယန်သည် ယင်လဲ့ရှန်၏ မှော်ရတနာဝိညာဉ် ကျိန်းသေ ဖြစ်လာရပေလိမ့်မည်။ ကွေ့ဇူတို့မှာလည်း တစ်ခါတည်း အဆုံးသတ်သွားရပေတော့မည်။

ပိုမိုကောင်းမွန်သော အခွင့်အလမ်းများကို ရှာဖွေရန်အတွက် ကြယ်တာရာအစုအဝေးဆီသို့ စိတ်အားတက်ကြွစွာဖြင့် ထွက်လာခဲ့သော်လည်း ဤကဲ့သို့သောကံကြမ္မာမှ သူတို့အား စောင့်ကြိုနေလိမ့်မည်ဟု မည်သူများ ထင်ထားခဲ့ပါမည်နည်း။

“လက်လျှော့လိုက်တော့ ကောင်လေး။ မင်းနဲ့ဟိုတစ်ယောက်မှာ ကြယ်အမြူတေရှိနေလို့ ဒီဘုရင်က မင်းတို့ကိုသတ်ဦးမှာ မဟုတ်သေးဘူး။ ဒါပေမယ့် ကျန်တဲ့လူတွေကတော့…” ယင်လဲ့ရှန်၏မျက်လုံးထဲ အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့လေသည်။

ရှောင်ရှောင်၏ရိုက်ချက်တစ်ချက်ကြောင့် ယင်လဲ့ရှန်၏ပုံစံမှာ အတော်လေးကို ဖရိုဖရဲဖြစ်နေခဲ့သည်။ ဖရိုဖရဲဖြစ်ရုံမှအပ ယင်လဲ့ရှန်သည် မည်သည့်ဒဏ်ရာမှ ရထားခြင်းမရှိပေ။

“ဖုန်းတဲ့ ကြယ်အမြူတေနဲ့တစ်ယောက်ကို ချန်ထားပြီး ကျန်တဲ့သူတွေအကုန်လုံးကို သတ်ပစ်လိုက်။” ယင်လဲ့ရှန်က ရုတ်တရက် အမိန့်ပေးလိုက်လေသည်။

“ဟုတ်ကဲ့” ဖုန်းတဲ့သည် ညစ်ကျယ်ကျယ်ပြုံးလျက် သူ့ခွန်အားကို ထပ်မံမြှင့်တင်လိုက်လေသည်။

လက်ရှိဖုန်းတဲ့လုပ်နေသည့်ပုံစံမှာ ယင်လဲ့ရှန်လက်တွင် ခံစားခဲ့ရသမျှကို ကွေ့ဇူတို့အပေါ်၌ အတိုးချ ဖွင့်ထုတ်နေသည့်အလား။ ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် မျက်လုံးပိတ်လိုက်သည်။

ထို့နောက် ယင်လဲ့ရှန်အားကြည့်ကာ ပြောလိုက်လေသည်။ “မင်းက ငါ့ကြယ်အမြူတေကို လိုချင်တာမလား။ ငါမင်းကို ပေးလို့ရတယ်။”

“အို…နောက်ဆုံးတော့ လက်လျှော့သွားပြီပေါ့။” ယင်လဲ့ရှန်က ညစ်ကျယ်ကျယ် ပြုံးလိုက်လေသည်။

“ဒါပေမယ့် မင်းဒီတစ်ချက်ကို အရင်ခုခံနိုင်မှရလိမ့်မယ်။” ရုတ်တရက် ရန်ကိုင်၏အမူအရာ ခက်ထန်သွားပြီး ခရမ်းရောင်တောက်နေသည့် အလုံးလေးတစ်လုံး သူ့လက်ထဲ ပေါ်လာခဲ့လေသည်။ ထိုအလုံးလေးသည် ခိုဥအရွယ်လောက်သာရှိပြီး ၎င်းပေါ်တွင် တဖျတ်ဖျတ် လက်နေသော ခရမ်းရောင်လျှပ်ပန်းလျှပ်နွယ်များကြောင့် အတော်လေးကိုမှ မျက်စိပသာဒဖြစ်လှသည်။

“အဲ့ဒါက…” ထိုအလုံးလေးကို မြင်လိုက်သည်နှင့် ယင်လဲ့ရှန်၏ ရင်ထဲ အချက်ပေးခေါင်းလောင်းသံတို့ ဆူဝေသွားခဲ့လေသည်။ ဤဘာမှန်းမသိရသော အလုံးလေးသည် သူ့အား အန္တရာယ်ကြီးကြီးမားမား ပေးနိုင်သည်ဟု မသိစိတ်က ပြောနေခဲ့သည်။

ထိုအလုံးလေးဘာမှန်း မဆုံးဖြတ်နိုင်သေးခင်မှာပင် သေခြင်းအရှိန်အဝါတို့ ကပ်ငြိနေသော အရာအားလုံးအား အမြစ်ဖြတ်ရှင်းပစ်နိုင်သည့် အရှိန်အဝါတစ်ရပ် ထိုအလုံးလေးဆီမှ ပေါက်ကွဲထွက်လာခဲ့လေသည်။

ထိုအခါမှပဲ ယင်လဲ့ရှန်၏အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး အလန့်တကြား ထအော်လေ၏။ “မင်းမှာ တာအိုအဆင့်မှော်ရတနာတစ်ခု ရှိနေတာလား။”

သုတ်သင်ခြင်းမိုးကြိုးတစ်လုံးသည် တာအိုအဆင့် မှော်ရတနာ ဖြစ်သည်ဟု ယင်လဲ့ရှန် အထင်မှားသွားခဲ့လေသည်။

ရန်ကိုင်ကမူ ညစ်ကျယ်ကျယ်ပြုံး၍သာ “ဘာလဲ။ ကြောက်သွားတာလား။”

ယင်လဲ့ရှန်၏ ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာသည် အလျင်အမြန်ပဲ တည်ငြိမ်သွားခဲ့ပြီး ဘာကိုမှဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်၏။ “မင်းမှာ တာအိုအဆင့်မှော်ရတနာတစ်ခု ရှိတော့ရော ဘာဖြစ်လဲ။ ဒီဘုရင်ရဲ့အကာအကွယ်ကို အရင်ချိုးနိုင်အောင် ကြိုးစားလိုက်ဦး။”

ပြောပြီးသည့်နောက် ရန်ကိုင့်ဆီသို့ ပြေးဝင်သွားလေသည်။

ရန်ကိုင့်လက်ထဲရှိ အလုံးလေးသည် သူ့အကာအကွယ်ကို ချိုးဖျက်နိုင်လိမ့်မည်ဟု မယုံကြည်သော်လည်း သတိဆိုသည်မှာ ပိုသည်ဟူ၍မရှိပေ။ ရန်ကိုင့်အား ထိုအလုံးလေးကို အသုံးပြုခွင့်မပေးနိုင်လျှင် အကောင်းဆုံးပင် ဖြစ်သည်။

ရန်ကိုင်ကမူ ယင်လဲ့ရှန်သူ့ဆီသို့ ပြေးဝင်လာနေသည်ကို ဂရုမစိုက်ဘဲ သူ့ခွန်အားအကုန်လုံးကို သုတ်သင်ခြင်းမိုးကြိုး ဓာတ်လုံးထဲသို့သာ ထည့်လိုက်လေသည်။ ရန်ကိုင့်၏ သူတော်စင်ချီ အလုံးလေးထဲသို့ စီးဝင်လာသည်နှင့် လျှပ်စီးတန်းတစ်ခု စတင်ဖြစ်ပေါ်လာခဲ့လေသည်။

“ရွှစ်..” တိုးလျလျအသံနှင့်အတူ ခရမ်းရောင်လျှပ်စီးတန်းလေး တစ်ခုသည် သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံးဆီမှ ယင်လဲ့ရှန်ဆီသို့ တိုးဝင်သွားလေ၏။ ဤခရမ်းရောင်အလင်းတန်းလေးသည် ရန်ကိုင်နှင့် ရှောင်ရှောင်တို့၏ အစွမ်းကုန်တိုက်ကွက်များကိုပင် ခုခံနိုင်ခဲ့သော ယင်လဲ့ရှန်ခန္ဓာကိုယ်ပတ်လည်ရှိ မရဏအမှောင်တိုက်ဖုံး အကာအကွယ်ကို အသာအယာ ဖောက်ထွက်သွားခဲ့လေသည်။

ရန်ကိုင်တို့ မည်သို့ပင်ကြိုးစားခဲ့ပါစေ မဖျက်ဆီးနိုင်ခဲ့သော ယင်လဲ့ရှန်ပတ်လည်ရှိ အနက်ရောင်အကာအကွယ်မှာ လျှပ်စီးတန်းရှေ့တွင် စက္ကူတစ်ရွက်နှယ် အလွန်ကိုမှ ပျက်စီးလွယ်နေခဲ့သည်။

ယင်လဲ့ရှန်ကိုယ်တိုင်ဟာလည်း ညှို့ဓာတ်မိသွားသည့်နှယ် နေရာတွင်သာ တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။ အနက်ရောင် မရဏတိုက်ဖုံး အကာအကွယ်ကို ထိုးဖောက်ဝင်ရောက်လာနေသော လျှပ်စီးတန်းကိုကြည့်ရင်း ယင်လဲ့ရှန်၏မျက်လုံးများ ပြင်းပြင်းထန်ထန် တုန်ရီလာခဲ့လေသည်။

“ဧကရာဇ်မှော်ရတနာ” ယင်လဲ့ရှန်သည် ရန်ကိုင့်လက်ထဲရှိ သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံးအား လှမ်းကြည့်ရင်း ကြောက်လန့်တကြား အော်ပြောလိုက်လေသည်။ ယခုမှပဲ ရန်ကိုင့်လက်ထဲရှိ အလုံးလေးသည် တာအိုအဆင့် မှော်ရတနာတစ်ခု မဟုတ်ဘဲ ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုဖြစ်နေကြောင်းကို နားလည်သွားတော့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၃၅)

ဧကရာဇ်မှော်ရတနာတစ်ခုသည်သာ ဤမျှကြောက်မက်ဖွယ် ကောင်းလှသော အဖျက်စွမ်းအားကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။ မရဏအမှောင်တိုက်ဖုံး အကာအကွယ်မှာ တစ်ချက်ထဲဖြင့် လုံးဝကိုပျက်စီးသွားခဲ့ရသည်။

မည်သည့်တာအိုအဆင့် မှော်ရတနာမှ ဤကဲ့သို့မလုပ်နိုင်ပေ။ ဤကောင်လေးမည်သူနည်း။ သူသည် အစစ်အမှန် နဂါးကြေးခွံတစ်ခုကို သန့်စင်ထားနိုင်ရုံမက ဧကရာဇ် မှော်ရတနာတစ်ခုကိုပင် ပိုင်ဆိုင်ထားခဲ့သည်။

သူတို့ကြယ်စီရင်စုကြီး ပိတ်မိနေသည်မှာ နှစ်သောင်းနဲ့ချီ ကြာပြီဟု မပြောခဲ့လေသလော။ ဘာကြောင့်များ သူ့တွင် ဤမျှအံ့အားသင့်ဖွယ်ကောင်းသည့် အဖိုးတန်ရတနာများ ရှိနေရသနည်း။

သူ့ရှေ့ရှိမြင်ကွင်းကိုကြည့်ရင်း ယင်လဲ့ရှန်မှာ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေခဲ့လေသည်။ ရုတ်တရက် သွေးတစ်ပွက် ထိုးအန်လိုက်၏။ ထပ်မံစစ်ဆေးကြည့်လိုက်သည့်အခါမှ ဧကရာဇ်မှော်ရတနာသည် သူ၏မရဏအမှောင်တိုက်ဖုံး အကာအကွယ်ကို ဖျက်ဆီးသွားပစ်ရုံမက သူ့ခန္ဓာကိုယ်ကိုပင် ကြီးကြီးမားမား ထိခိုက်သွားစေကြောင်း တွေ့ရှိလိုက်ရလေသည်။

အဖျက်စွမ်းအင်တစ်မျိုးသည် သူ့ခန္ဓာကိုယ်နှင့် သွေးကြောများကို ဖျက်ဆီးပစ်ရန် တရစပ်ကြိုးစား နေခဲ့လေသည်။ ယင်လဲ့ရှန်သည် ထိုအဖျက်စွမ်းအားကို ဖယ်ရှားပစ်ရန် ကြိုးစားခဲ့သော်ငြား မည်သို့မျှ မဖယ်ရှားပစ်နိုင်ခဲ့ပေ။

ယင်လဲ့ရှန်မှာ ရုတ်ချည်းဆိုသလို ကြောက်လည်းကြောက်လန့် မိသွားသလို ကံကောင်းသည်ဟုလည်း ခံစားလိုက်ရလေသည်။ ရန်ကိုင်မှာ ဧကရာဇ်မှော်ရတနာ၏ စွမ်းအားအပြည့်အဝကို ထုတ်သုံးနိုင်လောက်သည်အထိ အားကောင်းမနေခဲ့ပေ။

ထို့ကြောင့်သာမဟုတ်လျှင် သူသည် တာအိုသခင်အဆင့် ပညာရှင်တစ်ဦးဖြစ်နေလျှင်ပင် ထိုဧကရာဇ်မှော်ရတနာ၏ စွမ်းအားအောက် တစ်ခါတည်းအငွေ့ပျံ ပျောက်ကွယ်သွားရပေလိမ့်မည်။

ဤဧကရာဇ်မှော်ရတနာကို သူမရရအောင် ယူရပေမည်။ နဂါးအကြေးခွံ၏တန်ဖိုး မရဏအမှောင်တိုက်ဖုံး အကာအကွယ်ထက် ပိုမြင့်မားသည်ဆိုပါက ဤဧကရာဇ် မှော်ရတနာသည် နဂါးကြေးခွံထက်ပင် ပို၍တန်ဖိုးကြီးရပေသည်။

ကြယ်တာရာအစုအဝေးထဲတွင်လျှင်ပင် ဧကရာဇ် မှော်ရတနာများသည် အလွန်ကိုမှရှားပါးပြီး အဖိုးတန်သည့် ရတနာများဖြစ်ကြသည်။ ယင်လဲ့ရှန်သည် ချက်ချင်းပဲ သူ့ဒဏ်ရာများကို အတင်းအကြပ်ဖိနှိပ်၍ စိတ်ဝိညာဉ်ဆေးလုံးများစွာကို ထုတ်သောက်လိုက်လေသည်။

ခက်ခက်ခဲခဲဖြင့် ကုန်းရုန်းထလာပြီးနောက် ရန်ကိုင့်ဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားလေ၏။ ထိုစဉ် လျို့ရှန်းယွင်၏ ကြောက်လန့်တကြား အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

“စီနီယာအစ်ကိုယင်” ယင်လဲ့ရှန်လည်း ထိတ်လန့်တုန်လှုပ်သွားပြီး အော်သံကြားရာဆီသို့ အလျင်စလိုလှည့်ကြည့်လိုက်လေသည်။ ကြယ်တာရာလမ်းကြောင်းတစ်ခုလုံး ပျက်စီးသွားသည့်အလား ဧရာမအက်ကြောင်းကြီးတစ်ခုသည် ဘယ်အချိန်ကတည်းကမှန်းမသိ ထွက်ပေါ်လာနေခဲ့သည်။

“ခရက်…” ထိုအက်ကြောင်းကြီးမှတစ်ဆင့် မရေမတွက်နိုင်သော အက်ကြောင်းငယ်များသည် အဖက်ဖက်သို့ အဆက်မပြတ် ပျံ့နှံ့လာခဲ့လေသည်။ လက်ရှိ ကြယ်တာရာလမ်းကြောင်း တစ်ခုလုံးသည် တစ်စစီ ပျက်စီးတော့မည့်အရေးနှင့် ကြုံနေရသော မှန်တစ်ချပ်ကဲ့သို့ပင် ဖြစ်နေ၏။

“ငါ့လခွမ်း…” ဧကရာဇ်မှော်ရတနာ၏ တိုက်ခိုက်မှုကြောင့် ကြယ်တာရာလမ်းကြောင်း မတည်မငြိမ်ဖြစ်လာပြီး ပျက်စီးတော့မည်မှန်း နားလည်လိုက်သည့်နောက်တွင် ယင်လဲ့ရှန်၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။

“မုန်းစရာကောင်းလိုက်တာ” ယင်လဲ့ရှန်က ဒေါသတကြီး ထအော်လေသည်။ ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟု သူတစ်ခါမှ မထင်ထားခဲ့ပေ။

ဤနေရာတွင် ငါးနှစ်ကြာအောင် ထိုင်စောင့်နေပြီး သူ့သူတော်စင်ချီအားလုံးကို အရင်းအမြစ်ချီအဖြစ်သို့ ပြောင်းလဲပြီးနောက် မရဏအမှောင်တိုက်ဖုံး အကာအကွယ်၏ အကူအညီနှင့်သာဆိုလျှင် ဤနေရာသို့ ရောက်လာသည့်လူ မှန်သမျှကို အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။

သို့သော်လည်း အဖိုးတန်ရတနာများစွာကို ပိုင်ဆိုင်ထားသည့် ရန်ကိုင်ကဲ့သို့လူတစ်ဦး ပါလာလိမ့်မည်ဟု သူမည်ကဲ့သို့များ ထင်ထားပါမည်နည်း။ ဤကြယ်တာရာလမ်းကြောင်းသည် ကြယ်စီရင်စုပေါင်းများစွာနှင့် ကြယ်တာရာအစုအဝေးအား ဆက်သွယ်ပေးထားသည့် တံတားတစ်စင်းဟု ပြော၍ရပေသည်။

ဤနေရာသို့ ဝင်လာကြသူများသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။ ထိုတန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ မည်မျှပင်အားကောင်းနေစေကာမူ ဒီကြယ်တာရာလမ်းကြောင်းကို ဖျက်ဆီးပစ်နိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်ငြား ဧကရာဇ်မှော်ရတနာကို အသုံးပြုထားသည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး၏စွမ်းအားမှာတော့ လုံးဝကို ကွဲပြားသွားခဲ့လေပြီ။

အစစ်အမှန်ဧကရာဇ်တစ်ပါး၏ ခွန်အားအချို့ပါဝင်နေသော သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံး၏ အဖျက်စွမ်းအားကို ကြယ်တာရာလမ်းကြောင်း မည်သို့များ ခုခံနိုင်ပါမည်နည်း။ ထို့ကြောင့်ပင်လျှင် ဤကဲ့သို့ဖြစ်လာရခြင်း ဖြစ်သည်။

“စီနီယာအစ်ကိုယင် ဒီမှာဘာတွေဖြစ်နေတာလဲ။” ကြယ်တာရာလမ်းကြောင်း ပြိုကျတော့မည်မှန်း သိလိုက်ရသည့်နောက်တွင် ဖုန်းတဲ့ အရူးမီးဝိုင်း ဖြစ်သွားခဲ့လေသည်။ အလွန်ကိုမှ စိတ်ပူလွန်းနေသဖြင့် ကွေ့ဇူနှင့်အခြားသူများကိုပင် အာရုံမစိုက်နိုင်တော့ချေ။

“ဒီနေရာ ပျက်စီးတော့မှာ” ယင်လဲ့ရှန်သည် ရန်ကိုင့်ဘက်သို့ အလျင်စလိုလှည့်ကြည့်၍ အံကြိတ်ကာပြောလိုက်လေ၏။ “ဒီကောင်တွေကို အရှင်ဖမ်းလို့မရမှတော့ သတ်ပစ်ရုံပဲ ရှိတော့တာပေါ့။” ယင်လဲ့ရှန်သည် ဖုန်းတဲ့နှင့်လျို့ရှန်းယွင်တို့အား အမိန့်ပေးနေခြင်း ဖြစ်သည်။

ထိုစကားကိုကြားသည့်အခါ ရန်ကိုင်၏အမူအရာ ပြောင်းလဲသွားပြီး ချက်ချင်းပဲ ပြန်အော်ပြောလေသည်။ “စဉ်းတောင်မစဉ်းစားနဲ့” ပြောပြီးသည်နှင့် သူ့ဒဏ်ရာများကို လျစ်လျူရှုလျက် ကုန်ဆုံးသွားသောသူတော်စင်ချီများကို ပြန်လည်ဖြည့်တင်းရန်အတွက် ရွှေရောင်သွေးစက်များစွာကို ဖောက်ခွဲပစ်လိုက်လေသည်။

သူတော်စင်ချီကို ပြန်ဖြည့်ပြီးနောက်တွင် လေဟာနယ်စွမ်းအားကို စတင်အသက်သွင်းလိုက်တော့၏။ ရန်ကိုင်သည် အရူးမီးဝိုင်းဖြစ်နေသည့်နှယ် ပတ်ပတ်လည် ဟင်းလင်းပြင်ကို စတင်တိုက်ခိုက်တော့လေသည်။

ယခင်ကတည်းက မတည်မငြိမ်ဖြစ်နေသော ကြယ်တာရာလမ်းကြောင်းသည် ရန်ကိုင်၏တိုက်ခိုက်မှုကြောင့် ပို၍အခြေအနေ ဆိုးရွားသွားခဲ့လေသည်။ ဧရာမဟင်းလင်းပြင် အက်ကြောင်းကြီးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည်။

ရန်ကိုင်ဘာလုပ်ချင်နေသလဲဆိုသည်ကို နားလည်သွားသည့် နောက်တွင် ယင်လဲ့ရှန်သည် ရန်ကိုင့်အား တားဆီးရန်အတွက် သူ့ဆီသို့တစ်ဟုန်ထိုး ပြေးဝင်သွားလေ၏။ ရန်ကိုင်ကမူ ယင်လဲ့ရှန်ကို လုံးဝဂရုမစိုက်ဘဲ ကြယ်တာရာလမ်းကြောင်းကို ဖျက်ဆီးပစ်ရန်အတွက်သာ ကြိုးစားနေခဲ့လေသည်။

“ဘုန်း…” မှန်တစ်ချပ် ကွဲကြေသွားသည့်နှယ် ကြယ်တာရာလမ်းကြောင်းတစ်ခုလုံး တစ်စစီပျက်စီး သွားခဲ့လေသည်။ “ရန်ကိုင်…” အိုင်းအောင်က ရုတ်တရက် ထအော်လေသည်။ သူနှင့်အခြားသူများ ရှိနေသည့်နေရာအား ဟင်းလင်းပြင်အက်ကြောင်းတစ်ခုမှ လျင်မြန်စွာ ဝါးမြိုသွားသဖြင့် အိုင်းအောင်၏အော်သံမှာ တခဏအတွင်း တိမ်ကောပျောက်ကွယ်သွားခဲ့လေသည်။

ရန်ကိုင်သည် ဒဏ်ရာများစွာ ရထားခဲ့သော်လည်း ထိုဒဏ်ရာများကို ဂရုစိုက်မနေခဲ့ဘဲ သူ့ကောင်းကင်စိတ်အာရုံကိုသုံး၍ အိုင်းအောင်တို့အဖွဲ့အား ဟင်းလင်းပြင်အက်ကွဲကြောင်းထဲသို့ ရောက်အောင် ဝင်ရောက် ကူညီပေးလိုက်လေသည်။

အလန့်တကြား အော်ဟစ်သံတစ်သံ ထပ်မံထွက်ပေါ်လာခဲ့သည်။ လျို့ရှန်းယွင်သည်လည်း ဟင်းလင်းပြင်အက်ကြောင်းတစ်ခု၏ ဝါးမြိုခြင်းခံလိုက်ရပြီး အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။ ဖုန်းတဲ့သည်လည်း ထိုနည်းတူပင်ဖြစ်သည်။

ထိုစဉ် လျို့ယန်သည်လည်း လှောင်အိမ်ထဲမှ လွတ်မြောက်လာခဲ့လေသည်။ အတောင်ပံများကို အသည်းအသန်ခတ်ရင်း ရန်ကိုင့်ဆီသို့ ပျံသန်းသွားရန် ကြိုးစားလိုက်ပါသော်လည်း သူမနှင့်ရန်ကိုင်ကြားတွင် မရေမတွက်နိုင်သော ဟင်းလင်းပြင်အက်ကြောင်းများ ရှိနေခဲ့သည်။

အသက်သုံးရှိုက်စာ ကြာပြီးနောက်တွင် လျို့ယန်သည်လည်း ဟင်းလင်းပြင်အက်ကြောင်းတစ်ခု၏ ဝါးမြိုခြင်းခံလိုက်ရ၏။ ရှောင်ရှောင်ကိုတော့ မတွေ့ရတော့ပေ။ သူသည်လည်း ဟင်းလင်းပြင်အက်ကြောင်းတစ်ခုထဲ ရောက်သွားသည့်ပုံပင်။

ရန်ကိုင်နှင့် ယင်လဲ့ရှန်တို့သည်သာ ကြယ်တာရာလမ်းကြောင်းထဲတွင် ရှိနေတော့၏။ ယင်လဲ့ရှန်သည် ခက်ထန်သည့်အမူအရာဖြင့် အရိုးလှံကြီးတစ်ချောင်းကို ဖန်တီးလျက် ရန်ကိုင့်ဆီသို့ ပစ်လွှတ်လိုက်လေသည်။

ရန်ကိုင်သည် ယင်လဲ့ရှန်အား အေးစက်စက်အမူအရာဖြင့် စိုက်ကြည့်၍ ကြုံးဝါးပြောဆိုလိုက်လေ၏။ “ငါမင်းကိုမှတ်ထားမယ်။ နောက်တစ်ကြိမ်ပြန်တွေ့တဲ့နေ့ ဒီရန်ကြွေးကို အဆတစ်ရာမက မင်းပြန်ပေးဆပ်စေရမယ်။” ပြောပြီးသွားသည်နှင့် ရန်ကိုင်က အနားတွင်ရှိနေသော ဟင်းလင်းပြင်အက်ကြောင်းတစ်ခုထဲသို့ ခုန်ဝင်သွားခဲ့လေသည်။

ထို့ကြောင့် ယင်လဲ့ရှန်၏အရိုးလှံမှာ လေကိုသာ ထိသွားခဲ့ရ၏။ “လီးပဲ…လီးပဲ…” ပိုပို၍များပြားနေသော ဟင်းလင်းပြင် အက်ကြောင်းများနှင့် အလွန့်အလွန်ကိုမှ မတည်မငြိမ် ဖြစ်လာသော လေဟာနယ်ကြီးကိုကြည့်ရင်း ယင်လဲ့ရှန် ဒေါသတကြီး အော်ဆဲတော့လေသည်။ အခြားရွေးချယ်စရာ မရှိတော့သည်နှင့် ယင်လဲ့ရှန်လည်း အံကြိတ်ကာ အနား၌ရှိနေသော ဟင်းလင်းပြင်အက်ကြောင်း တစ်ခုထဲသို့သာ ခုန်ဝင်သွားခဲ့ရလေ၏။

အကုန်လုံးပျောက်ကွယ်သွားပြီးနောက် ခဏအကြာတွင် ကြယ်တာရာလမ်းကြောင်းတစ်ခုလုံး တစ်စစီ ပေါက်ကွဲထွက်သွားခဲ့လေသည်။ သို့သော်လည်း ပေါက်ကွဲထွက်သွားသည့် ကြယ်တာရာလမ်းကြောင်းမှာ လောကနိယာများ၏ ပြုပြင်ပေးမှုကြောင့် နာရီဝက်အကြာတွင် အကောင်းအတိုင်း ပြန်ဖြစ်သွားခဲ့၏။

တောင်စဉ်တောင်တန်းတစ်ခုပေါ်တွင် ရန်ကိုင်သည် ကောင်းကင်ကို မျက်နှာမူလျက် ပက်လက်လှန်ကာ မလှုပ်မယှက် လဲလျောင်းနေခဲ့သည်။ လက်ရှိရန်ကိုင်သည် ရှေးဟောင်းကန်ရေပြင်တစ်ခုနှယ် တည်ငြိမ်နေ၏။ မည်သည့်ဝမ်းနည်းမှု၊ ပျော်ရွှင်မှုမှ သူ့မျက်နှာထက် ထင်ဟပ်နေခြင်း မရှိချေ။

ယင်လဲ့ရှန်နှင့် တိုက်ခိုက်ပြီးနောက် သူ့အားနည်းချက်များကို ချက်ချင်းနားလည်သွားခဲ့ရလေသည်။ သူတို့ခြောက်ယောက်ပေါင်းအဖွဲ့သည် ယင်လဲ့ရှန်တစ်ယောက်တည်းနှင့်ပင် အကြီးအကျယ် ဒုက္ခရောက်ခဲ့ရပြီး တစ်ဖွဲ့လုံး သေခါနီးဖြစ်ခဲ့ရသည်။

သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံးကြောင့်သာ မဟုတ်လျှင် လက်ရှိအချိန်၌ သူတို့ခြောက်ယောက်စလုံး သေလျှင်သေ၊ မသေလျှင် ယင်လဲ့ရှန်၏ကျွန် ဖြစ်နေလောက်ပေပြီ။ ထိုမျှအားကောင်းလှသည့် ယင်လဲ့ရှန်သည်ပင်လျှင် ကြယ်တာရာအစုအဝေးထဲသို့ မရောက်သေးသည့် တစပြင်ကန္တာရ ကြယ်စီရင်စုကြီးထဲမှ ကျင့်ကြံသူတစ်ဦးသာ ဖြစ်သေးသည်။

သူပင်လျှင် ထိုမျှအားကောင်းနေသည်ဆိုပါက ကြယ်တာရာအစုအဝေးထဲရှိ ကျင့်ကြံသူများဆိုလျှင် မည်မျှပင် အားကောင်းလိုက်မည်နည်း။ ရန်ကိုငစိတ်ထဲ အလွန့်အလွန်ကိုမှ အားကောင်းချင်စိတ် ဖြစ်ပေါ်လာခဲ့ပေသည်။

ကွေ့ဇူနှင့်အခြားသူများကိုတော့ ရန်ကိုင် စိတ်မပူပေ။ သူတို့သည် ငါးယောက်စလုံး အတူရှိနေခြင်းဖြစ်သည်။ ထို့အပြင် သူတို့အားလုံး ဟင်းလင်းပြင်အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားစဉ် ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံဖြင့် ကွေ့ဇူတို့ငါးယောက်စလုံး ဟင်းလင်းပြင်ထဲ လမ်းပျောက်မသွားရလေအောင် ဝင်ရောက်ကူညီပေးခဲ့ပေးသည်။

ထို့အပြင် လျို့ယန်နှင့်ရှောင်ရှောင်တို့သည်လည်း ရန်ကိုင့်ဆီမှ ကွဲထွက်သွားခဲ့လေသည်။ ကွေ့ဇူတို့နှင့်စာလျှင် ရန်ကိုင်သည် လျို့ယန်နှင့်ရှောင်ရှောင်ကို ပိုပြီးစိတ်ပူပေသည်။ လျို့ယန်သည် လူတိုင်းလိုချင်နေသည့် မှော်ရတနာစိတ်ဝိညာဉ်တစ်ခုဖြစ်ပြီး ရှောင်ရှောင်မှာလည်း ထူးခြားသောအသွင်သဏ္ဍာန်နှင့် စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

သူတို့များသာ အဖမ်းခံလိုက်လျှင် ကျိန်းသေ ကျွန်ပြုခံရပေလိမ့်မည်။ သို့သော်လည်း ယခုမှစိုးရိမ်နေ၍ ဘာမှထူးမလာ။ ကာယကံရှင်ဖြစ်သည့် သူပင်လျှင် အန္တရာယ်ထဲမှ မလွတ်မြောက်နိုင်သေးပေ။

သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံးအား သုံးလိုက်သည်ကပင် ရန်ကိုင့်အတွက် အတော်လေးကို ဝန်ပိနေပြီဖြစ်လေရာ ကြယ်တာရာလမ်းကြောင်းအား ပို၍မြန်မြန် ပျက်စီးသွားစေနိုင်ရန်အတွက် ဟင်းလင်းပြင်စွမ်းအားကိုပါ ထပ်မံအသုံးပြုလိုက်သည့်အတွက်ကြောင့် ရန်ကိုင့်ခန္ဓာကိုယ်မှာ အတော်လေးကို ထိခိုက်သွားခဲ့ရလေသည်။

ထို့ကြောင့်ပင် ဤနေရာသို့ ရောက်ကတည်းက တစ်ချက်လေးပင် မလှုပ်နိုင်သေးခြင်းဖြစ်သည်။ လဲလျောင်းရင်းဖြင့်သာ ဒဏ်ရာများကို ပြန်လည်ကုစားနေရင်း အားပြန်ဖြည့်နေရုံသာ တတ်နိုင်ခဲ့၏။

ရန်ကိုင်မှာ ဒဏ်ရာရသွားခဲ့သော်လည်း အရမ်းကြီးတော့ ပြင်းထန်ခြင်းမရှိခဲ့ပေ။ ထိုသို့ဖြစ်ရသည်မှာ ယင်လဲ့ရှန်၏ တိုက်ကွက်အများစုကို တားဆီးပေးသွားသည့် နဂါးကြေးခွံကြောင့်သာ ဖြစ်သည်။ ရန်ကိုင်ယခုကြုံနေရသည့် ပြဿနာမှာ သူ့ခွန်အားကို အလွန်အကျွံသုံးစွဲလိုက်သည့် ပြဿနာပင်ဖြစ်လေသည်။

‘ဒီနေရာက ကြယ်တာရာအစုအဝေးပေါ့’ ရန်ကိုင်တွေးလိုက်သည်။ ဤနေရာရှိကောင်းကင်သည် ကြယ်စီရင်စုထဲတွင် သူမြင်နေကျကောင်းကင်နှင့် သိပ်မတူပေ။ ကောင်းကင်ထက်တွင် အရွယ်အစား၊ ပုံသဏ္ဍာန် စုံလင်လှသော နက်ဗျူလာများကို မြင်တွေ့နေရသည်။ ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူတို့ကြယ်စီရင်စုကြီးထဲတွင် မတွေ့ခဲ့ရချေ။

ကြယ်စီရင်စုကြီး၏ ညကောင်းကင်ယံသည် တလက်လက် တောက်ပနေသော ကြယ်လေးများဖြင့်သာ ပြည့်နေ၏။ ညကောင်းကင်ယံကြီးကို လှမ်းကြည့်နေစဉ် သူလာခဲ့သည့် ကြယ်စီရင်စုကြီး မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို သိနေသလိုလို ခံစားနေခဲ့ရသည်။ ကြယ်စီရင်စုကြီးနှင့် သူ့ကြားတွင် အဆက်မပြတ်သွားရလေအောင် ဆက်သွယ်ပေးထားသည့် အရာတစ်ခုခုရှိနေသလိုပင်။

ထိုအရာဘာမှန်းကိုတော့ ရန်ကိုင်မသိခဲ့ပေ။ အချိန်အတော်ကြာအောင် အားပြန်ဖြည့်နေခဲ့ပြီးနောက် လှုပ်လှုပ်ရှားရှား လုပ်လို့ရသည့်အခါမှသာ ရန်ကိုင်သည် သက်ပြင်းအမောကြီးချလျက် သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးများကို ခက်ခက်ခဲခဲဖြင့် ထုတ်သောက်လိုက်လေသည်။

ချက်ချင်းဆိုသလိုပင် သူ့အသိစိတ်ကို အသိစိတ်ပင်လယ်ထဲသို့ ပို့လွှတ်ကြည့်လိုက်၏။ သူလာခဲ့သည့်ကြယ်စီရင်စု မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို ကြယ်တာရာအစုအဝေးထဲသို့ ရောက်နေသည့်တိုင် ခံစားမိနေရခြင်းမှာ သူ့အသိစိတ်ပင်လယ်ထဲရှိ တစ်စုံတစ်ခုနှင့် ပတ်သက်နေလိမ့်မည်ဟု ခံစားနေခဲ့ရသည်။

အသိစိတ်ပင်လယ်ထဲသို့ရောက်ပြီး အပေါ်သို့ မော့ကြည့်လိုက်သည့်အခါမှပဲ သူဘာကြောင့် ထိုကဲ့သို့ ခံစားနေရသလဲဆိုသည်ကို နားလည်သွားတော့လေသည်။ ကြယ်မြေပုံကြောင့်ပင်ဖြစ်သည်။ ထိုကြယ်မြေပုံကိုကြည့်ရင်း ရန်ကိုင်အတွေးနက်သွားခဲ့လေသည်။

ထိုမြေပုံသည် သူကြယ်စီရင်စုကြီးထဲ ရှိစဉ်ကအတိုင်းကဲ့သို့ပင်။ ဘာမှပြောင်းလဲသွားခြင်း မရှိပေ။ သို့သော်လည်း ကြယ်မြေပုံ၏ပုံစံသည် အစောပိုင်းက ကောင်းကင်ထက်တွင် သူမြင်တွေ့လိုက်ရသည့် နက်ဗျူလာတစ်ခုနှင့် ဆင်တူနေခဲ့သည်။ ဘာကြောင့်များ ထိုကဲ့သို့ဖြစ်နေရသနည်း။

သူတွေ့ခဲ့သည့်နက်ဗျူလာသည် သူလာခဲ့သည့် ကြယ်စီရင်စုကြီးများ ဖြစ်နေမလား။ ထို့ကြောင့်သာမဟုတ်လျှင် ကြယ်မြေပုံ၏ပုံစံသည် ဘာကြောင့်များ ထိုနက်ဗျူလာနှင့် ဆင်တူနေရသနည်း။ ထိုနက်ဗျူလာသည်သာ သူလာခဲ့သည့်ကြယ်စီရင်စုကြီး ဖြစ်ပါက အခြားနက်ဗျူလာများသည် အခြားကြယ်စီရင်စုကြီးများ ဖြစ်သည်ဟုပြောလိုက်ခြင်း ဖြစ်ပေလိမ့်မည်။

ထိုကဲ့သို့တွေးလိုက်မိသည့်နောက် ရန်ကိုင် ထိတ်လန့်တုန်လှုပ် သွားခဲ့လေသည်။ အစောပိုင်းက သူမြင်တွေ့ခဲ့ရသလောက် ကောင်းကင်ထက်တွင် မရေမတွက်နိုင်သော များပြားလှသော နက်ဗျူလာများ ရှိနေခဲ့သည်။

ထိုနက်ဗျူလာတိုင်းသည်သာ ကြယ်စီရင်စုကြီးတစ်ခုကို ကိုယ်စားပြုလျှင် ဤလောကကြီးသည် အလွန့်အလွန်ကိုမှ ကျယ်ဝန်းသည်ဟု ပြောရပေမည်။

မဟာဧကရာဇ်တစ်ပါးပင်လျှင် ဤလောကကြီး၏ အစနှင့်အဆုံးကို မြင်တွေ့နိုင်လိမ့်မည် မဟုတ်ချေ။ ကြယ်မြေပုံကို တွေ့လိုက်စဉ်က ဝူရှန်ဖုန်း အလွန်ကိုမှ စိတ်လှုပ်ရှားလာခဲ့သည်ကို ရန်ကိုင်မှတ်မိသေးသည်။ ကြယ်မြေပုံနှင့်ပတ်သက်၍ လျှို့ဝှက်ချက်တစ်ခုခု ရှိသည်ဟူ၍လည်း ယန်ယန်မှပြောခဲ့သည်။ ဘာလျှို့ဝှက်ချက်လဲ ဆိုသည်ကိုတော့ ပြောမသွားခဲ့ပေ။ သို့သော်လည်း ကြယ်မြေပုံသည် ကြယ်စီရင်စုကြီး၏ ကာကွယ်သူဖြစ်လာမည့် ကိစ္စနှင့်ပတ်သက်နေလိမ့်မည်ဟုတော့ ရန်ကိုင်ခန့်မှန်းမိပေသည်။

All Chapters