← Chapters

အခန်း (၁၉၃၆-၁၉၄၀)

Vol. 78 Ch. 1936-1940

အခန်း (၁၉၃၆-၁၉၄၀)

Vol. 78 Ch. 1936-1940

အပိုင်း (၁၉၃၆)

ကြယ်မြေပုံသည် သူလာခဲ့သည့် ကြယ်စီရင်စုကြီးနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေသည်ကို သိလိုက်ပြီးနောက် ရန်ကိုင် ပျော်သွားခဲ့လေသည်။ လက်ရှိတွင် သူ့အနေဖြင့် ကြယ်တာရာ အစုအဝေးထဲသို့ တစ်ယောက်ထဲ ရောက်နေခဲ့သော်လည်း သူ့စိတ်ထဲ အဖော်မဲ့သလို ခံစားမနေရတော့ပေ။ ထို့အပြင် ကြယ်တာရာ အစုအဝေးထဲရောက်လာပြီးနောက် အရိပ်ကြယ်၏ စွမ်းအားကို ဆင့်ခေါ်၍ရသလား ဆိုသည်ကိုလည်း ရန်ကိုင် မသိပေ။

ကြယ်စီရင်စုကြီးထဲ ရှိစဉ်က အတွေးတစ်ချက်နှင့်ပင် အရိပ်ကြယ်စွမ်းအားကို ဆင့်ခေါ် အသုံးချနိုင်ခဲ့သည်။ သို့ရာတွင် ဤနေရာသည် ကြယ်တာရာ အစုအဝေးဖြစ်သည့်အတွက် ထိုကဲသို့လုပ်၍ ရပါဦးမည်လော။ စဉ်းစားကြည့်ပြီးနောက်တွင် အသိစိတ်ကို ခန္ဓာကိုယ်ထဲ ပြန်ပို့၍ အရိပ်ကြယ်စွမ်းအားကို ဆင့်ခေါ်ကြည့်ရန် ကြိုးစားလိုက်လေသည်။

တစ်ချိန်ထဲတွင် ကောင်းကင်ပေါ်ရှိ သူ့မွေးရပ်မြေ ကြယ်စီရင်စုကြီး ဖြစ်မည် ထင်ရသော ‌နက်ဗျူလာ အား သေသေချာချာကို စောင့်ကြည့်လိုက်၏။ ရုတ်တရက် အလွန်ကိုမှ များပြားလှသော နက်ဗျူလာ အုပ်ကြီးထဲ အလင်းတစ်ချက် လက်သွားလေ၏။ မှိန်ဖျဖျ ကြယ်စွမ်းအားတစ်ခုသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်၍ ရန်ကိုင့်ဆီသို့ တစ်ဟုန်ထိုး တိုး၀င်လာခဲ့သည်။ မျက်တောင် တစ်ခတ်အတွင်း ထိုကြယ် အလင်းတန်းသည် ရန်ကိုင့်ကိုယ်ထဲသို့ ၀င်ရောက်သွားခဲ့လေသည်။

“တစ်ကယ်ကြီး ဆင့်ခေါ်လို့ ရသေးတာပဲ” ရန်ကိုင် အံအားသင့်သွားခဲ့သည်။

စမ်းကြည့်သည်သာ ဖြစ်သော်ငြား တစ်ကယ်ကြီး အလုပ်ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော်လည်း အရိပ်ကြယ်နှင့် သူ့ကြားရှိ အကွာအဝေးသည် အလွန်ကိုမှ ကွာခြားလွန်းနေသည့် အတွက် အရိပ်ကြယ်၏ စွမ်းအားကို ဆင့်ခေါ်လိုက်သည့်တိုင် သူ့စွမ်းအားမှာ သိသိသာသာ မြင့်တက်လာခြင်း မရှ်ိ‌ချေ။

ကြယ်အလင်းတန်း သူ့ခန္ဓာကိုယ်ထဲ ၀င်လာသော်ငြား ရန်ကိုင်၏ ခွန်အားမှာ ယေဘူယျအားဖြင့် ဘာမှပြောင်းလဲသွားခြင်း မရှိပေ။ ထိုအချက်ကို နားလည်လိုက်ပြီးနောက် ရန်ကိုင်လည်း အလျင်အမြန်ပဲ သူ့လုပ်ရပ်ကို ရပ်တန့်လိုက်၏။ လက်ရှိ အချိန်တွင် သူသည် မရင်းနှီးသည့် ပတ်၀န်းကျင်သို့ ရောက်ရှိနေခြင်းဖြစ်သည်။ ဤကဲ့သို့ အာရုံစိုက်စရာ ကိစ္စမျိုးသာ ဆက်လုပ်နေလျင် အခြားသူများ၏ ပစ်မှတ် ဖြစ်လာနိုင်ပေသည်။

ထို့နောက်တွင် ရန်ကိုင်သည် မျက်လုံးပိတ်ကာ ကျင့်စဉ်ကိုလှည့်ပတ်၍ ဆေးအာနိသင်ကို စတင် သန့်စင်တော့လေ၏။ ဤနေရာသည် အလွန်ကိုမှ သက်တောင့် သက်သာ ရှိပေသည်။ ကြယ်တာရာ အစုအဝေးထဲရှိ မိုးမြေစွမ်းအင်သည် သူနေခဲ့ဖူးသည့် ကြယ်စီရင်စုထဲရှိ မည်သည့်နေရာထက်မဆို ပိုမို သိပ်သည်း၏။ ထို့အပြင် ဤနေရာရှိ မိုးမြေစွမ်းအင်သည် ကြယ်စီရင်စုကြီးထဲရှိ မိုးမြေစွမ်းအင်နှင့် သိပ်မတူချေ။

ရန်ကိုင် အနေဖြင့် အကောင်းပကတိ ပြန်ဖြစ်ဖို့ ရက်အနည်းငယ်လောက် အချိန်ယူရလိမ့်မည်ဟု တွက်ချက်လိုက်လေသည်။ သူ့ဒဏ်ရာ များကို ကုစားပြီးနောက်တွင် ဘာဆက်လုပ်ရမည် ဆိုသည်ကိုတော့ မစဉ်းစားရသေးပေ။ ကွေ့ဇူနှင့် အခြားသူများကိုသာ မြန်မြန်လိုက်ရှာရမည်ဟု တွေးလိုက်သည်။ အထူးသဖြင့် လျို့ယန်နှင့် ရှောင်ရှောင် ပင်ဖြစ်သည်။

တိတ်ဆိတ်နေသော တောင်စဉ်တောင်တန်းထဲ အချိန်သည် တရွေ့ရွေ့ဖြင့် ကုန်ဆုံးနေခဲ့သည်။ အနီးအနားတွင် မည်သည့်သားရဲမှ ရှိသည့်ပုံမပေါ်။ လေတိုက်သံနှင့် သစ်ရွက်လှုပ်သံတို့သာ တိတ်ဆိတ်နေသော ညအလယ်တွင် ထွက်ပေါ်နေခဲ့သည်။ ရုတ်တရက် ရန်ကိုင် မျက်လုံးပွင့်လာပြီး ကောင်းကင်ထက်ရှိ တစ်နေရာစီသို့ အေးစက်စက် အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ပုံရိပ်တစ်ခုသည် ရုတ်တရက် ပေါ်လာခဲ့လေသည်။

ဖြန့်ကျက်နေသည့် လရောင်ကြောင့် သူမ မျက်နှာကို ရန်ကိုင် သေချာမြင်လိုက်ရသည်။

“နင်ပဲ” ရောက်လာသူကို မြင်ပြီးနောက် ရန်ကိုင် အံအားသင့်သွားလေသည်။

“သေလိုက်တော့” ရန်ကိုင်သည် ရုတ်တရက် မြေပြင်မှ ကုန်းထပြီး နဂါးအသွင်ပြောင်းလဲ ကျင့်စဉ်ကို သုံးကာ ညာဘက်လက်ကို နဂါးလက်သည်း အဖြစ်သို့ ပြောင်းလိုက်ပြီးနောက် ရောက်လာသည့်လူအား ကုတ်ချလိုက်လေ၏။

“နေပါဦး။ နေပါဦး” ထိုအမျိုးသမီးသည် အလန့်တကြား ထအော်ပြီး ရန်ကိုင်၏ တိုက်ခိုက်မှုကို ချေဖျက်လိုက်ရင်း ‌နောက်သို့ အလျင်စလို ဆုတ်လိုက်လေသည်။ ထို့နောက် စိုးရိမ်တကြီးဖြင့် ပြောလိုက်လေ၏။

“ကျွန်မတို့ကြား နားလည်မှုလွဲနေတယ်နဲ့တူတယ်”

ရန်ကိုင်သည် ဘာမှပြန်မပြောနေဘဲ နဂါးလက်သည်းဖြင့်သာ ထပ်မံကုတ်ချ လိုက်သည်။

ထိုအခြင်းအရာကို မြင်သော် အမျိုးသမီး မျက်မှောင်ကြုတ်သွားခဲ့လေသည်။

“ရပ်လိုက်တော့။ အခုအခြေအနေနဲ့ ဆက်ပြီး တိုက်ခိုက်ဖို့ လုပ်နေရင် ရှင့်ဒဏ်ရာတွေက ပိုဆိုးလာမှာ”

“သူတော်ကောင်းယောင် လာဆောင်ပြမနေနဲ့” ရန်ကိုင်သည် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီးနောက် လေဟာနယ် စွမ်းအားကို ထုတ်သုံးလိုက်လေသည်။

သူ့ပုံရိပ်သည် ရပ်နေရာမှာ ပျောက်ကွယ်သွားပြီး အမျိုးသမီးဘေးနားတွင် ရုတ်တရက် ပြန်ပေါ်လာခဲ့လေ၏။ အမျိုးသမီးသည် အလန့်တကြား ထအော်ရင်း သူမကိုယ်ပတ်လည်တွင် အကာအကွယ်တစ်ခုကို သိပ်သည်းစေလိုက်ပြီး နောက်သို့ ထပ်မံ ထပ်ဆုတ်လိုက်လေ၏။ ရန်ကိုင့်အား မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်ရင်း

“ဒီပုံစံ ဖြစ်နေတာတောင် ရှင်က တိုက်ခိုက်နိုင်သေးတယ်နော်။ တစ်ကယ်ကို သာမန်မဟုတ်ဘူးပဲ။ ဟုတ်ပါတယ်လေ ရှင်သာ သာမန်ဖြစ်နေမယ်ဆိုရင် ဘယ်လိုလုပ်ပြီး စီနီယာ အကိုယင်ရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်မှာလဲ”

ရန်ကိုင် မျက်မှောင်ကြုတ်သွားသော်ငြား ဆက်၍တော့ တိုက်ခိုက်မနေတော့ပေ။ လက်ရှိတွင် အားပြန်မပြည့်သေးသည့်တွက် သူ့အနေဖြင့် ဤအမျိုးသမီးကို အချိန်တိုအတွင်း မည်သို့မှ မသတ်နိုင်ပေ။ ထို့ကြောင့် ရန်ကိုင်လည်း ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိ အနည်းငယ် လမ်းပျောက်သွားခဲ့သည်။ ရန်ကိုင် တည်ငြိမ်သွားသည်ကို မြင်သော် အမျိုးသမီးက အားတင်းပြုံး၍ ပြောလိုက်သည်။

“ကျွန်မတို့အခု စကားပြောလို့ရမလား”

“ပြောစရာရှိရင်ပြော။ ဝေ့လည်ကြောင်ပတ် လုပ်မနေနဲ့” ရန်ကိုင်က အေးစက်စက်အမူအရာဖြင့် ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။

ရန်ကိုင့်စကားကို ကြားပြီးနောက်တွင် အမျိုးသမီး မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သို့သော် သူမတို့ လုပ်ခဲ့သည့်ပုံကို ပြန်စဉ်းစားကြည့်မိသောအခါ ရန်ကိုင် ဤသို့ဖြစ်သည်မှာ သဘာ၀သာမှန်း နားလည်သွားခဲ့သည်။ ထို့ကြောင့် ရန်ကိုင့် အပြုအမူကို စိတ်ထဲထားမ‌နေဘဲ ပြောစရာရှိသည်ကိုသာ ပြောလိုက်သည်။

“ရှင့် ဒဏ်ရာတွေ အပြည့်အ၀ ပြန်ကောင်းသေးတာမဟုတ်ဘူး။ ဒါပေမဲ့ ရှင့်လက်ထဲက ဧကရာဇ် မှော်ရတနာကိုတော့ ကျွန်မကြောက်တယ်။ ဒီတော့ ကျွန်မတို့ကြားက ရန်ကြွေးကို ဒီမှာတင်အဆုံးသတ်လိုက်တာ အကောင်းဆုံးပဲ။ တစ်ကယ်တော့ ခုနတုန်းက ဖြစ်ခဲ့တဲ့ ကိစ္စကလည်း ကျွန်မလုပ်ချင်လွန်းလို့ မဟုတ်ဘူး။ တွန်းအားပေးခံရလို့ပဲ”

ရန်ကိုင်သည် အမျိုးသမီးအား အေးစက်စက် အမူအရာဖြင့်သာ ဆက်၍ စိုက်ကြည့်နေခဲ့သည်။

“ဆက်ပြော”

ထိုအမျိုးသမီးမှာ ကြယ်တာရာလမ်းကြောင်းထဲတွင် ယင်လဲ့ရှန်နှင့် ပူးပေါင်းပြီး သူတို့အား တိုက်ခိုက်သည့် အမျိုးသမီးမှလွဲ၍ အခြားမဟုတ်ပေ။ အမျိုးသမီးသည် တိုက်ခိုက်ချင်၍ တိုက်ခိုက်နေခြင်း မဟုတ်မှန်း ရန်ကိုင် သတိထားမိပေသည်။ ခေါင်းပြောင် လူကြီးနှင့် မတူသည်မှာ အမျိုးသမီး၏ တိုက်ခိုက်မှုထဲတွင် မည်သည့် သတ်ဖြတ်လိုစိတ်မှ ပါ၀င်မနေခဲ့ပေ။ ထို့ကြောင့် သူမပြောသည်ကို ကြားသောအခါ အနည်းငယ်တော့ ယုံသွားမိပေသည်။

ယခု ယူမနေရာ၌ ယင်လဲ့ရှန် သို့မဟုတ် ခေါင်းပြောင်လူကြီးသာ ဆိုလျင်တော့ ရန်ကိုင်လည်း အချိန်ကုန်ခံပြီး သူတို့ရှင်းပြသည်ကို နားထောင်နေလိမ့်မည်မဟုတ်ချေ။ သူတို့ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်သည် ယခုကဲ့သို့ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားပြီး ကွေ့ဇူတို့နှင့် လမ်းကွဲသွားစရာ အကြောင်း မရှိပေ။ ရှောင်ရှောင်နှင့် လျို့ယန်သည်လည်း သူနှင့် ကွဲထွက်သွားလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ထိုသုံးယောက်ကို ရန်ကိုင် အလွန်ကိုမှ အခဲမကျေ ဖြစ်နေခဲ့သည်။

“အရင်ဆုံး ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပေးပါရစေ။ ကျွန်မက လျို့ရှန်းယွင်။ စီနီယာ အကိုယွင်လိုပဲ တစ်စပြင် ကန္တရကြယ်စီရင်စု ထဲကနေ လာခဲ့တာ”

လျို့ရှန်းယွင်က ရန်ကိုင့်ကို ကြည့်ရင်း သူမကိုယ်သူမ မိတ်ဆက်ပေးလိုက်သည်။ ရန်ကိုင်က မျက်လုံးမှေးစင်းလျက် ပြန်ပြောလိုက်၏။

“ရန်ကိုင်”

“ဒီတော့ ရောင်ရင်း ရန်ပေါ့” လျို့ရှန်းယွင်က ပြုံးလျက် “ခုကတုန်းက ကိစ္စကို ကျွန်မရှင်းပြပေးပါရစေ။ စီနီယာ အကိုယင်နဲ့ ကျွန်မက ကြယ်စီရင်စုကြီး တစ်ခုထဲက လာတာဆိုပေမဲ့ ကျွန်မတို့က တစ်ဂိုဏ်းတည်း မဟုတ်ဘူး။ ရှင်တို့ကို တိုက်ခိုက်ခဲ့ရတယ် ဆိုတာကလည်း သူက တွန်းအားပေးလို့။ သူပြောတဲ့အတိုင်းသာ မလုပ်ရင် ကျွန်မတို့လည်း အသတ်ခံရမှာလေ။ ဒါပေမဲ့ ကျွန်မ အဲ့အတွက် တောင်းပန်ပါတယ်”

“တောင်းပန်တာသာ အသုံး၀င်နေရင် ဘာလို့များ ကျင့်ကြံနေဦးမှာလည်း” ရန်ကိုင်က ပြန်ပြော၏။

“အဲ့တာကတော့ ရှင့်ဘာသာရှင် တွေးချင်သလို တွေးပေါ့” လျို့ရှန်းယွင်ကလည်း ပြုံးလျင် ခတ်ပြတ်ပြတ်သာ ပြန်ပြောလိုက်သည်။

သူမကိုယ်တိုင်သည်လည်း ယခင်ကြယ်စီရင်စုကြီးထဲ၌ အထွတ်အထိပ် ပညာရှင်တစ်ဦး ဖြစ်ခဲ့သည့်အတွက် အရမ်းကြီး အောက်ကျနေစရာမလိုပေ။ ယခုကဲ့သို့ ရှင်းပြနေရခြင်းမှာ သူမလုပ်ရက်နှင့် ပက်သက်၍ လိပ်ပြာ မလုံသည့်အတွက်ကြောင့်သာဖြစ်သည်။

ထို့ကြောင့်သာမဟုတ်လျှင်တော့ အောက်ကျနောက်ကျ ခံပြီး ရှင်းပြပေးနေလိမ့်မည် မဟုတ်။

“အခု စီနီယာ အကိုယွင် မရှိတော့ဘူးဆိုတော့ ကျွန်မသူ့ကို ဘာမျက်နှာသာမှ ပေးနေစရာမလိုတော့ဘူး။သူခိုင်းတဲ့ အတိုင်းလည်း လုပ်နေစရာ မလိုတော့ဘူး။ ဒါကြောင့် ကျွန်မပြောချင်တာက ကျွန်မတို့ကြားက ရန်ကြွေးတွေကို ဘာလို့ မကျေအေးလိုက်တာလဲလို့”

“မတိုက်ခိုက်တာက ရတယ်။ အခြားကိစ္စကိုတော့ စိတ်မ၀င်စားဘူး။ ကျုပ်ဒဏ်ရာတွေကို ပြန်ကုရဦးမယ် ခင်ဗျားနဲ့ စကားပြောပြီး အချိန်ကုန်ခံနေဖို့ အချိန်မရှိဘူး” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် ပြန်ပြောလိုက်ပြီးနောက် မျက်လုံးပိတ်လိုက်လေသည်။

ထိုအခြင်းအရာကို မြင်သော် လျို့ရှန်းယွင်က ပြုံးလျက် ပြန်ပြော၏။

“ရောင်ရင်းရန် ဘာလို့ ဒီလောက်တောင် စိမ်းကားရတာလဲ”

“ဒါဆို ကျုပ်ဘယ်လို ပြုမူသင့်လဲ”

လျို့ရှန်းယွင်က ပြုံးလျက် “ကျွန်မတို့ အတူပူးပေါင်းကြရင် မကောင်းဘူးလား။ ရှင်နဲ့ ကျွန်မ နှစ်ယောက်စလုံးက အဆင့်နိမ့် ကြယ်စီရင်စုကြီးကနေ လာခဲ့ကြတာ။ ပြီးတော့ ကျွန်မတို့ နှစ်ယောက်စလုံးက လူသစ်တွေ။ ဒီတော့ ပူးပေါင်းတယ်ဆိုတာ ကျွန်မတို့ နှစ်ယောက်စလုံးအတွက် အကျိုးရှိတယ်။ ရှင်ဘယ်လိုထင်လဲ”

ရန်ကိုင်သည် ချက်ချင်းပြန်မဖြေဘဲ စဉ်းစားနေခဲ့သည်။ ထိုအခြင်းအရာကို မြင်သော် လျို့ရှန်းယွင်က အလျင်အမြန် ဆက်၍ ပြောလိုက်သည်။ “ပူးပေါင်းဖို့ ပြောထားမှတော့ ကျွန်မဘက်ကလည်း ပွင့်ပွင့်လင်းလင်းပြောရမှာပေါ့။ ရှင်က အခုမှ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်ပဲ ရှိသေးပေမဲ့ ရှင့်ခွန်အားက ကျင့်ကြံခြင်းအဆင့်ထက် အများကြီး ပိုမြင့်တယ်။ ရှင့်နေရာမှာသာ ရှင့်အဖော်တစ်ယောက်ဆို ကျွန်မ အခုလို အချိန်ကုန်ခံပြီး စကားလာပြောနေမှာ မဟုတ်ဘူး”

“ဒီတော့ ကျုပ်ဂုဏ်ယူ သင့်တာလား” ရန်ကိုင်က လှောင်ပြုံး ပြုံးကာ ပြန်မေးလိုက်လေသည်။

“ကျွန်မပြောချင်တာ အဲ့ဒါမဟုတ်ဘူး။ ဒီကြယ်တာရာ အစုအဝေးထဲမှာ ကျွန်မတစ်ယောက်တည်း မလှုပ်ရှားချင်ဘူး။ ကြယ်တာရာ အစုအဝေးဆိုတာ ကြယ်စီရင်စုကြီးထက် အများကြီး ပိုအန္တရာယ် များတယ်လေ။ တစ်ကယ်တော့….”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင် ရုတ်တရက် စိတ်၀င်စားလာခဲ့သည်။ “ခင်ဗျား ကြယ်တာရာ အစုအဝေးနဲ့ ပတ်သတ်ပြီး တစ်ခုခု သိထားတာလား”

“အများကြီးတော့ မသိပေမဲ့ ရှင့်ထက်တော့ ပိုသိမယ်လို့ထင်တယ်” လျို့ရှန်းယွင်က ပြုံးကာ ပြန်ပြောလိုက်သည်။

ရန်ကိုင်က မျက်နှာကြီး မဲ့လျက် “ကျုပ်တို့ ကြယ်စီရင်စုက နှစ်သောင်းနဲ့ချီပြီး ပိတ်နေခဲ့တာ။ ခင်ဗျား ကျုပ်ထက် ပိုသိတာ ဘာဆန်းလဲ”

ပြောပြီးသည့်နောက် ရန်ကိုင်သည် တင်ပလ္လင် ခွေထိုင်လိုက်သည်။ လျို့ရှန်းယွင် သူ့အား တိုက်ခိုက်လာမည် မဟုတ်မှန်း သိနေခဲ့သည်။ ထို့ကြောင့် သူ့ကိုယ်သူ ကာကွယ်ရန် အာရုံစိုက်မနေဘဲ ဒဏ်ရာများကို ပြန်ကောင်းနိုင်ရေးတွင်သာ အာရုံစိုက်လိုက်လေသည်။

“ရှင်သိချင်တယ်ဆိုရင် ပြောပြပေးလို့ရပါတယ်”

ရန်ကိုင့် ပုံစံကိုမြင်သော် ရန်ကိုင်သည် သူမ ကမ်းလှမ်းချက်ကို ယတိပြတ်ကြီး ငြင်းဆိုမည် မဟုတ်မှန်း လျို့ရှန်းယွင် နားလည်သွားခဲ့လေသည်။

“ကျုပ်သိချင်နေတာ တစ်ချက်ရှိတယ်။ ခင်းဗျား ဒီနေရာကို ဘယ်လို ရှာတွေ့တာလဲ”

“အဲ့တာလား လွယ်လွယ်လေးပါပဲ။ ကျွန်မ ဟင်းလင်းပြင် လမ်းကြောင်းကနေ ထွက်လာနေတုန်း ကြယ်အလင်းတန်း တစ်ခု ဒီနားကနေ ဖြတ်သွားတာကို တွေ့လိုက်တယ်လေ။ ဒီတော့ ရတနာ တစ်မျိုးမျိုးများ ဖြစ်မလားဆိုပြီး လာကြည့်လိုက်တာ။ ရှင် ဖြစ်နေမယ်လို့ မထင်ထားဘူး” လျို့ရှန်းယွင်က ရယ်ရယ်မောမော ဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားသည့်အခါ ရန်ကိုင် အနည်းငယ် စိတ်ညစ်သွားခဲ့လေသည်။ အစောပိုင်းက သူ့လုပ်ရက်သည် တစ်ကယ်ကို ဦးနောက် မရှိသည့် လုပ်ရက်ဖြစ်မှန်း နားလည်လိုက်သည်။ ဤနားတစ်ဝိုက်တွင် ရှိနေသည့်လူမှာ လျို့ရှန်းယွင် ဖြစ်နေသည့်အတွက် ကံကောင်းသွားခဲ့သည်။ အားကောင်းသည့် ရန်သူ တစ်ဦးဦးသာ ဆိုလျင်တော့ အကျိူးဆက်မှာ မတွေးရဲစရာပင်။

“ဒီနေရာက စကားပြောလို့မကောင်းဘူး”

စဉ်းစားကြည့်လိုက်ပြီးနောက်တွင် ဤနေရာသည် ဆက်နေ၍ ကောင်းသည့် နေရာမဟုတ်တော့မှန်း ရန်ကိုင် နားလည်သွားခဲ့လေသည်။ လျို့ရှန်းယွင်ကလည်း ခေါင်းညိတ်လျက်

“ဟုတ်တယ်”

ပြောပြီးသည်နှင့် ရန်ကိုင်နှင့် လျို့ရှန်းယွင်သည် တောင်အတွင်းပိုင်းဆီသို့ ဆက်သွားကြလေသည်။ မိုင် ထောင်ပေါင်းများစွာခန့် အကွာရှိ လှိုင်ဂူတစ်လုံးထဲတွင် ရန်ကိုင်နှင့် လျို့ရှန်းယွင် သည် တစ်ဦးနှင့်တစ်ဦး မီတာအနည်းငယ် ခြား၍ မျက်နှာချင်းဆိုင် ထိုင်နေခဲ့ကြသည်။ ရန်ကိုင်သည် လိုရင်းကို တန်းပြောလိုက်၏။

“ကျုပ်မေးချင်တာရှိတယ်”

“ကျေးဇူးပြုပြီး မေးပါ”

“ခင်ဗျားဘာလို့ ကျုပ်နဲ့ ပူးပေါင်းချင်တာလဲ။ ခုနတုန်းကပဲ ကျုပ်တို့ ရန်သူတွေ ဖြစ်ခဲ့ကြတာ မဟုတ်ဘူးလား”

ရန်ကိုင်သည် လျို့ရှန်းယွင်၏ မျက်လုံး တည့်တည့်ကို စိုက်ကြည့်ရင်း မေးလိုက်လေသည်။ ထိုအခါ လျို့ရှန်းယွင်က ပြုံးလျက် ပြန်ပြောလိုက်၏ “ရောင်ရင်း ရန်က ဉာဏ်နီဉာဏ်နက် မများဘဲ ယုံကြည်ရမယ်လို့ ထင်လို့ပေါ့”

“အို့..” ရန်ကိုင် မဲ့ပြုံးသာ ပြုံးနေလိုက်သည်။

လျို့ရှန်းယွင်က ဆက်ပြောလိုက်သည်။

“ကျွန်မက ငထုံငအ မိန်းမငယ်လေး တစ်ယောက် မဟုတ်ဘူးလေ။ ကျွန်မ အသက်ရှင်လာခဲ့တာ နှစ်ပေါင်းများစွာကြာနေပြီ။ လူတွေအများကြီးနဲ့ လည်းတွေ့ခဲ့ဖူးတယ်။ လူတစ်ယောက်ရဲ ပုံစံ၊ လုပ်ပုံ လုပ်ရက်ကိုကြည့်ပြီး အဲ့လူဘယ်လို ဆိုတာကို အကြမ်းဖျဉ်း ပြောနိုင်လောက်တဲ့အထိတော့ အတွေ့အကြုံရှိနေပြီ။ ရောင်ရင်းရန် ကြယ်တာရာ လမ်းကြောင်းထဲမှာ လုပ်သွားတဲ့ ကိစ္စကို ကျွန်မ သေချာ တွေ့လိုက်တယ်။ အဲ့ကနေမှ တစ်ဆင့် ရောင်ရင်းရန်က မိတ်ဆွေတွေ ဆွေမျိုးတွေကို တန်ဖိုးထားတဲ့ လူတစ်ယောက်ဆိုတာ ကျွန်မ သိလိုက်ရတယ်။ ပြီးရင် တော်တော်လေးလည်း အားကောင်းတဲ့ လူတစ်ယောက်ဖြစ်တာလည်း ပါတယ်”

“အဓိကက ကျုပ် အားကောင်းတာကြောင့်မလား” ရန်ကိုင်က အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်သည်။

လျို့ရှန်းယွင်က ခေါင်းငြိမ့်၍

“ဟုတ်တယ် အဲ့အချက်နဲ့ ပတ်သတ်ပြီး ကျွန်မ ငြင်းမှာမဟုတ်ဘူး။ ဒါပေမဲ့ ရောင်ရင်းရန်က အားကောင်းတာပဲရှိပြီး နိမ့်ကျတဲ့ လူတစ်ယောက် ဆိုရင်တော့ ကျွန်မ အခုလိုမျိုး ပူးပေါင်းဖို့ လာကမ်းလှမ်း နေမှာမဟုတ်ဘူး”

“ကောင်းပြီလေ။ ခင်ဗျားဘက်ကလည်း ရိုးသားနေမှတော့ ကျုပ်ခင်ဗျားကို ဆက်သံဿယ ၀င်နေလို့ရှိရင် ကျုပ် စိတ်ဓာတ် သိမ်ဖျဉ်းရာ ရောက်သွားမှာပေါ” ရန်ကိုင် ခေါင်းငြိမ့်လိုက်သည်။

“ကျုပ်ကလည်း ကြယ်တာရာ အစုအဝေးအကြောင်း ပိုသိချင်နေတာဆိုတော့ ခင်ဗျား ပြောတဲ့အတိုင်း ကျုပ်တို့နှစ်ယောက် နှစ်ဦး ပူးပေါင်းလို့ရတယ်။ ဒါပေမဲ့ ခင်ဗျား သေချာမှတ်ထားလိုက် တစ်နေ့ ခင်ဗျား ကျုပ်နောက်ကျောကို ဓါးနဲ့ ထိုးရဲမယ်ဆိုရင်တော့ ဟွမ်း..ဟွမ်း….”

ရန်ကိုင့်၏ ရယ်သံသည် လျို့ရှန်းယွင်အား ကြက်သီးမွှေးညှင်း ထသွားစေခဲ့သည်။ အလျင်အမြန်ဘဲ ခေါင်းငြိမ့်၍ မျက်နှာတည်ကြီးဖြင့် ပြန်ပြောလိုက်၏။

“စိတ်ချထားလိုက် ရောင်ရင်းရန် ကျွန်က ကလိမ်ကျတတ်တဲ့ လူစားမျိုးမဟုတ်ဘူး”

“အဲ့လိုဆို အကောင်းဆုံးပဲ”

“ဒီတော့ ရှင်သဘောတူတယ်ပေါ့” လျို့ရှန်းယွင်က ရန်ကိုင့်အား ပြုံးကာ စိုက်ကြည့်ရင်း မေးလိုက်သည်။

ရန်ကိုင် ခေါင်းငြိမ့်ပြလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၃၇)

ရန်ကိုင်သည် သူ့ဒဏ်ရာများကို ပြန်ကုစားနေရင်း ကြယ်တာရာ အစုအဝေးနှင့် ပက်သက်သည့် အကြောင်းအရာများကို လျို့ရှန်းယွင် အား မေးကြည့်လိုက်လေသည်။ လျို့ရှန်းယွင်သည်လည်း သူမ သိထားသည့် အကြောင်းအရာများကို မဖုံးမကွယ်ဘဲ အမှန်တိုင်း ပြောပြလိုက်သည်။

“ဒီတော့ တန်ခိုးရှင်ဘုရင် အဆင့်ပေါ်မှာ တာအိုသခင် အဆင့်ရှိပြီး အဲ့အဆင့်ပေါ်မှာ ဧကရာဇ်အဆင့် ရှိတာပေါ့”

“ဟုတ်တယ်” လျို့ရှန်းယွင်က ခေါင်းငြိမ့်လိုက်သည်။

“ကျင့်ကြံသူတစ်ယောက်ရဲ့ ချီက ပြီးပြည့်စုံအဆင့်ကို ရောက်ပြီး အဲ့ကျင့်ကြံသူကလည်း နယ်ပယ်စွမ်းအားကို ထိတွေ့ထားမယ်ဆိုရင် တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်ထားနိုင်လိမ့်မယ်။ အဲ့လိုပဲ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်လည်း နယ်ပယ်စွမ်းအားကို ပြီးပြည့်စုံတဲ့အဆင့်ထိ နားလည်ထားပြီး နိယာမစွမ်းအားကိုလည်း ထိတွေ့ထားနိုင်မယ်ဆိုရင် တစ်နည်းအားဖြင့် ဥပဒေသစွမ်းအားလို့ခေါ်တာပေါ့၊ တာအိုအဆင့်ကို ချိုးဖျက်နိုင်လိမ့်မယ်။ ပြီးတော့ အဲ့စွမ်းအားကို အသုံးချလာနိုင်လိမ့်မယ်”

“နိယာမစွမ်းအား” ရန်ကိုင့်မျက်နှာထက် မျှော်လင့် တောင့်တနေသည့် အမူအရာတစ်ခု ပေါ်ထွက်လာလေသည်။

ထိုအခြင်းအရာကို မြင်သောအခါ လျို့ရှန်းယွင်က ပြုံးလျက် ပြန်ပြောလိုက်သည်။ “ရောင်ရင်းရန် အထင်လွဲမသွားနဲ့ဦးနော် သုံးနိုင်တယ်ဆိုတာ နည်းနည်းလောက်ပဲ သုံးနိုင်တယ် ပြောတာ။ ဘယ်တာအို သခင်မှ နိယာမ စွမ်းအားကို အပြည့်အ၀ အသုံးမချနိုင်ဘူး။ ဧကရာဇ်အဆင့်ကို ရောက်မှပဲ နိယာမတွေကို ထိန်းချုပ်နိုင်တယ်လို့ သူများတွေပြောတာ ကျွန်မ ကြားဖူးတယ်”

“ကျုပ်နားလည်ပြီ”

“အဲ့လိုဆိုပေမဲ့ တာအိုသခင်အဆင့်ကို ချိုးဖျက်ဖို့အတွက် နိယာမစွမ်းအားကိုတော့ မရှိမဖြစ် နားလည်ထားဖို့ လိုသေးတယ်။ ပြီးရင် နောက်ထပ် လိုအပ်တာက သူတော်စင်ချီကို အရင်းအမြစ်ချီအဖြစ် ပြောင်းလဲဖို့ပဲ”

“အရင်းအမြစ်ချီ..” ရန်ကိုင်၏ မျက်လုံးများ တစ်လက်လက် တောက်ပသွားခဲ့လေသည်။

“အဲ့တာက သူတော်စင်ချီကနေ ပြောင်းလဲသွားတဲ့ ပုံစံအသစ်ကို ပြောတာလား”

“ဟုတ်တယ် သူတော်စင်ချီကနေ ပြောင်းလဲသွားတဲ့ ချီကို အရင်းအမြစ်ချီလို့ ခေါ်တယ်”

“ကျုပ်သိသွားပြီ”

“ကြယ်တာရာ လမ်းကြောင်းထဲမှာရှိတဲ့ အလင်းစက်လေးတွေက တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူရဲ့ ကိုယ်ထဲမှာရှိတဲ့ ‌သူတော်စင်ချီတွေကို အရင်းအမြစ်ချီအဖြစ် ပြောင်းလဲပေးနိုင်တယ်။ ဒီတော့ အဲ့အလင်းစက်တွေကို ပိုပြီး စုပ်ယူနိုင်လေလေ ပိုကောင်းလေပဲ”

လျို့ရှန်းယွင်သည် စိတ်ရှည်ရှည်ဖြင့် ရှင်းပြလိုက်လေသည်။

“ဒီတော့ ကြယ်တာရာလမ်းကြောင်းထဲမှာ ငါးနှစ်ကြာအောင် နေလာခဲ့တာဆိုတော့ ခင်ဗျားရဲ့ သူတော်စင်ချီက အရင်းအမြစ်ချီ အဖြစ်ကို လုံး၀ပြောင်းလဲသွားပြီပေါ့” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် မေးလိုက်သည်။

ထိုအခါ လျို့ရှန်းယွင်က ခါးသက်စွာ ပြုံးလျက် ခေါင်းခါရင်း ပြန်ပြောလိုက်၏။ “ရှင် မှားနေပြီ။ ကျွန်မတို့က ငါးနှစ် နေခဲ့ရတယ်ဆိုပေမဲ့ အလင်းစက်တွေကို စုပ်ယူခဲ့ရတဲ့အချိန်က နှစ်လလောက်ပဲရှိတာ။ ကျန်တဲ့အချိန်တွေ အကုန်လုံး မရဏအမှောင်တိုက်ဖုံး အကာအကွယ်ထဲမှာပဲ ပုန်းနေရတာ”

“မရဏ အမှောင်တိုက်ဖုံး အကာအကွယ်…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။

“ဟုတ်တယ်” စီနီယာ အကိုယင် သုံးသွားတဲ့ အကာအကွယ် မှော်ရတနာပဲ။ ပြောကြတာတော့ အဲ့ရတနာကို ကြယ်တာရာ အစုအဝေးထဲမှာရှိတဲ့ မရဏဂိုဏ်းကနေ လက်ဆောင် ရထားတာတဲ့။ အဲ့အကာအကွယ်ကြောင့်ပဲ ကျွန်မတို့ ကြယ်တာရာ လမ်းကြောင်းထဲမှာ ငါးနှစ်ကြာအောင် နေနိုင်ခဲ့တာ။ မဟုတ်ရင် အစောကြီးကတည်းက အပြင်ကို မောင်းထုတ်ခံနေရတာ ကြာပြီ”

“ခင်ဗျား ဘာလို့ အဲ့လိုပြောတာလဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။

“ကြယ်တာရာ လမ်းကြောင်းထဲမှာရှိတဲ့ အလင်းစက်တွေက ကျင့်ကြံသူတွေအတွက် အရမ်း အသုံး၀င်တယ်လေ။ အထူးသဖြင့် အဆင့်နိမ့် ကြယ်စီရင်စုထဲကနေ ကြယ်တာရာအစုအဝေးစီ တက်လာတဲ့ သူတွေအတွက်ပေါ့။ ပြောရရင် အလင်းစက်တွေဆိုတာက ကြယ်တာရာ အစုအဝေးကို လာတဲ့လမ်းကြောင်းတွေစီမှာ ကျွန်မတို့ ပထမဆုံး စပြီး ကြုံတွေ့ရတဲ့ အခွင့်အရေးတစ်ခုလို့ ပြောလို့ရတယ်”

“ကျင့်ကြံသူတွေက ကြယ်တာရာ လမ်းကြောင်းထဲမှာ သူတို့နေချင်သလောက် နေလို့ရမယ်လို့ ရှင်ထင်လား။ မထင်နဲ့။ ယုတ်စွဆုံး အများဆုံးနေနိုင်ရင် နှစ်လပဲ။ အချိန်ပြည့်သွားတာနဲ့ အဲ့လမ်းကြောင်းရဲ့ လောက နိယာမတွေရဲ့ မောင်းထုတ်ခြင်းခံရလိမ့်မယ်”

ရန်ကိုင် နားလည်သွားခဲ့လေသည်။ ယခုမှပဲ သူ့စိတ်ထဲရှိ သံဿယများ ရှင်းလင်းသွားတော့သည်။ ကျင့်ကြံသူများသာ ကြယ်တာရာ လမ်းကြောင်းထဲ နေချင်သလောက် နေနိုင်သည် ဆိုပါက ထိုကိစ္စသည် အဆင့်နိမ့်ကြယ်စီရင်စုများမှ တက်လာသည့် ကျင့်ကြံသူများအတွက် အိမ်မက်ဆိုးတစ်ခု ကျိန်းသေ ဖြစ်လာပေလိမ့်မည်။ ယင်လဲ့ရှန်ကဲ့သို့ လူတစ်ယောက်သာ ကြယ်တာရာလမ်းကြောင်းကို ပိတ်ဆို့ထားလိုက်လျှင် မည်သူမှ ဖြတ်သန်းသွားနိုင်တော့မည် မဟုတ်ချေ။

ယခု လျိုရှန်းယွင် ရှင်းပြသည်ကို နားထောင်ပြီးနောက် ယင်လဲ့ရှန် ထိုနေရာတွင် ငါးနှစ်ကြာအောင် နေနိုင်ခဲ့ခြင်းမှာ မရဏအမှောင် တိုက်ဖုံးအကာအကွယ်ကြောင့်သာ ဖြစ်မှန်း ရန်ကိုင် နားလည်သွားခဲ့လေသည်။

“ကြယ်တာရာ လမ်းကြောင်းထဲမှာရှိတဲ့ အလင်းစက်တွေက သူတော်စင်ချီကို အရင်းအမြစ် ချီအဖြစ် ပိုပြီး မြန်မြန် ပြောင်းလဲပေးနိုင်တယ်။ ဒီတော့ အဲ့အလင်းစက်တွေကို ပိုပြီး များများ စုပ်ယူနိုင်လေ ပိုကောင်းလေပဲ။ အဲ့အပိုင်းမှာ ကြယ်သခင်တွေက သာမန် ကျင့်ကြံသူတွေထက် အများကြီး ပိုသာသွားတယ်။ သူတို့ စုပ်ယူထားတဲ့ ကြယ်အမြူတေတွေကြောင့် အလင်းစက်တွေကို စုပ်ယူနိုင်နှုန်းက သာမန်ကျင့်ကြံသူတွေထက် အများကြီးသာတယ်”

ထိုအကြောင်းကို ပြောနေစဉ် လျို့ရှန်းယွင်သည် ရုတ်တရက် ရပ်သွားပြီ ရန်ကိုင့်အား မျက်လုံးအပြူးသားဖြင့် လှည့်ကြည့်လိုက်လေသည်။

“ဘာဖြစ်လို့လဲ” ရန်ကိုင်မေးလိုက်လေသည်။

“ထူးဆန်းတယ်…” လျို့ရှန်းယွင်က မျက်မှောင်ကြုတ်လိုက်ပြီး အံအားသင့်နေသည့် အမူအရာဖြင့်

“ရောင်ရင်းရန် ရှင်က ကြယ်သခင် တစ်‌ယောက်မလား”

ကြယ်တာရာ လမ်းကြောင်းထဲတွင် ရှိစဉ်က ထိုနေရာရှိ အလင်းစက်များသည် ရန်ကိုင့်၏ ခန္ဓာကိုယ်ထဲသို့ မြစ်ရေကာတာ ကျိုးပေါက်သည့်နှယ် တရဟော စီး၀င်နေသည်ကို မြင်တွေ့ခဲ့ရသည်။ ထိုအချက်သည် ရန်ကိုင် ကြယ်သခင် ဖြစ်သည်ဟူသော အချက်ကို မီးမောင်းထိုးပြနေခဲ့လေသည်။ အခြားသော ကြယ်သခင်များဆိုလျှင် ရန်ကိုင်၏ ဆယ်ပုံ တစ်ပုံလောက်ကိုပင် မစုပ်ယူနိုက်ကြချေ။

“ဟုတ်တယ် ကျုပ်က ကြယ်သခင်တစ်ယောက်ပဲ”

ထိုအကြောင်းကို တစ်ဖက်လူလည်း သိပြီဖြစ်နေသဖြင့် ရန်ကိုင်လည်း ငြင်းမနေခဲ့ချေ။

“ဒါဆိုရင် ရှင်က ဘာလို့ ကြယ်ရောင် တောက်မနေရတာလဲ” လျို့ရှန်းယွင်၏ အမူအရာပို၍ ထူးဆန်းသွားလေသည်။

“ခင်ဗျား ဘာပြောချင်တာလဲ” ရန်ကိုင်သည် လျို့ရှန်းယွင်အား နားမလည်နိုင်စွာ ကြည့်လိုက်သည်။

လျို့ရှန်းယွင်က အလျင်အမြန် ရှင်းပြလိုက်၏။

“ဒီလိုလေ။ ကြယ်သခင်တစ်ယောက် ကြယ်တာရာ အစုအဝေးထဲ ရောက်လာလို့ရှိရင် သူတို့ခန္ဓာကိုယ်က ကြယ်ရောင်တွေ တောက်နေတတ်တယ်။ ဘာလို့ဆို ကြယ်တာရာ လမ်းကြောင်းထဲမှာ အလင်းစက်တွေ အများကြီးကို စုပ်ယူခဲ့လို့။ အဲ့ကြယ်ရောင်က အရမ်းမတောက်ပေမဲ့ တော်တော်လေးတော့ သိသာတယ်။ ဒါပေမဲ့ ရောင်ရင်းရန် ကျတော့….”

ရန်ကိုင်သည်လည်း သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်လျောက် မည်သည့်ကြယ်ရောင်ကိုမှ မမြင်ရပေ။ သို့သော်ငြား သူ့ အသိစိတ်ပင်လယ်ကို စစ်ဆေးကြည့်လိုက်သောအခါ သူ့အသိစိတ်ပင်လယ်တစ်ခုလုံး ကြယ်ရောင် တောက်နေသည်ကို တွေ့လိုက်ရသည်။ အထူးသဖြင့် ခုနစ်ရောင်ခြယ် ဝိဉာဉ်ကြာပန်းနား တစ်ဝိုက်တွင် ဖြစ်ပေသည်။ ထိုနားတစ်ဝိုက်ရှိ ကြယ်ရောင်သည် မျက်စိကျိန်း မတက်ကို စူးရှလှသည်။ ထိုအခါမှပဲ အလင်းစက်လေးများသည် သူ့ခန္ဓာကိုယ်နှင့် မပေါင်းစပ်ရသေးဘဲ သူ့အသိစိတ်ပင်လယ်ထဲ တွင်သာ ရှိနေသေးကြောင်း ရန်ကိုင် နားလည်သွားခဲ့၏။

လျို့ရှန်းယွင် ပြောသည်မှာ မမှားချေ။ တစ်ကယ့် ပြဿနာမှာ ရန်ကိုင် ကိုယ်တိုင်သာ ဖြစ်နေခြင်း ဖြစ်သည်။ ဤကိစ္စသည် ခုနှစ်ရောင်ခြယ် ဝိဉာဉ်ကြာပန်း နှင့် ပတ်သတ်နေသည့်အတွက် ရန်ကိုင်လည်း ပြန်ပြီး ရှင်းပြမနေခဲ့။

“ကြယ်တာရာ လမ်းကြောင်း ပျက်စီးသွားတာနဲ့များ ပတ်သတ်နေမလား” လျို့ရှန်းယွင်သည် မျက်မှောင်ကြုတ်လျက် တွေးတွေးဆဆဖြင့် ပြောလိုက်သည်။

“ဖြစ်နိုင်လောက်တယ်…” ရန်ကိုင်လည်း မသိချင်ယောင် ဆောင်လျက် ၀င်ပြောလိုက်လေသည်။

လျို့ရှန်းယွင်သည် ရန်ကိုင်အား တစ်ချက်သာကြည့်ပြီး ထိုအကြောင်းကို ဆက်ပြောမနေတော့ချေ။ ပြုံးလျက်သာ ပြန်ပြောလိုက်၏ “အဲ့လိုဆို ပိုတောင်ကောင်းသေးတယ်။ ကြယ်ရောင်မတောက်နေတာ ရှင့်အတွက် အများကြီး ပိုလုံခြုံတယ်”

“ဘာဖြစ်လို့လဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ ကြယ်အမြူတေကြောင့်ပဲ။ စီနီယာအကိုယင် ဘာလို့ ရှင့်ကို ပစ်မှတ်ထားလဲ သိလား။ ရှင့်ဆီက ကြယ်အမြူတေကို လုယူချင်လို့ပဲ။ ကြယ်တာရာ အစုအဝေးထဲမှာ ကြယ်အမြူတေက အရမ်းအရမ်းကို ရှားပါးတဲ့ ရတနာတစ်ခုပဲ။ ကြယ်အမြူတေ ရှိထားလို့ရှိရင် လောကနိယာမတွေကို ပိုပြီး ခံစားနိုင်လို့ ကျင့်ကြံသူတွေက ကြယ်အမြူတေကို လိုချင်လာကြတယ်။ ရှင်သာ ကြယ်ရောင်တောက်နေလို့ရှိရင် ရှင်က မကြာသေးခင်ကမှ ကြယ်တာရာလမ်းကြောင်းထဲက ထွက်လာတဲ့ လူတစ်ယောက်မှန်း အခြားလူတွေ သိသွားလိမ့်မယ်။ အဲ့လိုဆိုရင် လူတိုင်းက ရှင့်ကို အာရုံစိုက်လာကြတော့မှာ။ ဒီလောကကြီးမှာ လူတစ်ယောက်ရဲ့ ကိုယ်ထဲကနေ ကြယ်အမြူတေကို ‌ဆွဲထုတ်ပစ်တဲ့ နည်းလမ်းတွေ တစ်ခုထက်မက ရှိတယ်ဆိုတာ ရောင်ရင်းရန် သိသင့်တယ်။ ဒါကြောင့် ရောင်ရင်းရန် ကြယ်သခင် တစ်ယောက် ဖြစ်တယ်ဆိုတာ တစ်ခြားသူတွေကို မသိစေနဲ့။ မဟုတ်ရင် ပြဿနာ အကြီးကြီးတက်သွားလိမ့်မယ်”

“ငါလခွမ်း” ရန်ကိုင်၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။

ရန်ကိုင်၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကြောင့် လျို့ရှန်းယွင်က အံ့အားတကြီး ပြန်မေးလိုက်လေသည်။

“ဘာဖြစ်လို့လဲ”

“ငါ့ အဖော်လေ”

ကြယ်သခင်တစ်ဦးဖြစ်သည့် အိုင်းအောင်အကြောင်း စဉ်းစားမိလိုက်သည့်အခါ ရန်ကိုင် မျက်နှာ ပျက်သွားခဲ့လေသည်။ အိုင်းအောင်သည် ကြယ်တာရာ အစုအဝေးကြီးအကြောင်း ဘာဆို ဘာမှမသိ။ ထို့အပြင်သူသည် အလင်းစက်မျာစွာကို စုပ်ယူခဲ့သည့်အတွက် သူ့ခန္ဓာကိုယ်သည် ကြယ်ရောင် တောက်နေလိမ့်ပေမည်။ လျို့ရှန်းယွင် ပြောသည့် အတိုင်းသာဆိုလျင် အိုင်းအောင် ဒုက္ခအကြီးကြီး ရောက်ပေပြီ။ လျို့ရှန်းယွင်လည်း ထိုအချက်ကို နားလည်သွားခဲ့သည်။ ခတ္တမျှ စဉ်းစားနေပြီးနောက် ပြန်ပြောလိုက်၏။

“ကြယ်တာရာ လမ်းကြောင်းက ပျက်စီးသွားပြီ။ အကုန်လုံးကလည်း ဟင်းလင်းပြင် အက်ကွဲကြောင်းထဲ ရောက်ကုန်တာ ဆိုတော့ အခုရှင် စိတ်ပူနေရင်တောင် ဘာမှလုပ်နိုင်တော့မှာမဟုတ်ဘူး။ ကြယ်သခင်ဖြစ်လို့ အဲ့လို ဆိုးကျိုးတွေချည်း ရှိတာလားဆိုတော့ မဟုတ်ပြန်ဘူး။ ကျွန်မပြောသွားတာက ဆိုးကျိုးတွေချည်း ပြောသွားတာ။ ကြယ်သခင်ဖြစ်လို့ ကောင်းတဲ့ အချက်တွေလည်းရှိသေးတယ်။ ရှင့်သူငယ်ချင်းသာ အားကောင်းတဲ့ လူကောင်းတစ်ယောက်နဲ့ သွားတွေ့မယ်ဆိုရင် ကံတောင် ကောင်းသွားနိုင်သေးတယ်”

ရန်ကိုင် သူမအား မေးခွန်းထုတ်သည့် အကြည့်ဖြင့် ကြည့်နေသည်ကို မြင်သော် လျို့ရှန်းယွင်က ဆက်၍ ရှင်းပြလိုက်လေသည်။

“ရှင့်သူငယ်ချင်းသာ အရမ်း‌အားကောင်းတဲ့ လူကောင်းတစ်ယောက်နဲ့ သွားတွေ့တယ် ဆိုပါစို့။ အဲ့အခါသူက အဲ့ကျင့်ကြံသူရဲ့ တပည့် ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ အဆင့်နိမ့် ကြယ်စီရင်စုထဲက တက်လာတဲ့ ကြယ်သခင်တွေကို ကြယ်တာရာအစုအဝေးက ဂိုဏ်းတွေက အရမ်း တန်ဖိုးထားတယ်။ ဒီတော့ ရှင့်သူငယ်ချင်းသာ အဲ့လို လူတစ်ယောက်ယောက်နဲ့ သွားတွေ့မယ်ဆိုရင် အဲ့တာ သူ့အတွက် ကံကောင်းမှုပဲ”

“ခင်ဗျား တစ်ကယ်ပြောတာလား” ရန်ကိုင် အံအားသင့်သွားခဲ့သည်။

“တစ်ကယ်ပေါ့” လျို့ရှန်းယွင်က ခေါင်းငြိမ့်လျက်

“ကြယ်တာရာ အစုအဝေးမှာ ထိပ်တန်း ဧကရာဇ် ဆယ်ယောက်ရှိတယ်။ အဲ့ဆယ်ယောက်မှာမှ ခြောက်ယောက်က အဆင့်နိမ့်ကြယ် စီရင်စုက လာတာပဲ။ ပြီးတော့ သူတို့ ခြောက်ယောက်စလုံးက ကြယ်သခင်တွေချည်းပဲ”

“ထိပ်တန်း ဧကရာဇ် ဆယ်ပါး” ရန်ကိုင်၏ မျက်လုံးများ တစ်ဖျက်ဖျက် တောက်ပလာခဲ့လေသည်။

“သူတို့တွေက ဘယ်သူလဲ”

သူ့ခေါင်းထဲ ယန်ယန့် အကြောင်း ရုတ်တရက် စဉ်းစားမိသွားသည်။ ယန်ယန် သည်ကော ထိုထပ်တန်း ဧကရာဇ် ဆယ်ပါးအနက် တစ်ပါးဖြစ်နေမည်လား။ လျို့ရှန်းယွင်က ရယ်မော၍ “အဲ့တာတော့ ကျွန်မမသိဘူး။ ကျွန်မသိထား‌တာတွေက စီနီယာ အကိုယင် ပြောပြထားလို့ပဲ။ သူ့မရဏဂိုဏ်းရဲ့ ဌာနချုပ်က ကြယ်တာရာ အစုအဝေးထဲမှာ ရှိနေတာလေ ဒီတော့ သူက ကျွန်မတို့ထက် အများကြီး ပိုသိတယ်။

ဧကရာဇ် ဆယ်ပါးနဲ့ ပတ်သတ်ပြီး ကျွန်မသိထားတာက သူတို့ ဆယ်ယောက်လုံးက အရမ်းအရမ်း အားကောင်းတယ်ဆိုတာပဲ”

“အွန်း…ရောင်ရင်းရန်လည်း တစ်နေ့ သူတို့အဆင့်ကို ရောက်ရင် ရောက်နိုင်ပါတယ်။ ကျွန်မအတွက်တော့ ဧကရာဇ်အဆင့်ကို ရောက်ရင် ကို အဆင်ပြေပြီ” လျို့ရှန်းယွင်သည် ခါးသက်စွာ ပြုံးလိုက်လေသည်။

ထိုအခါ ရန်ကိုင်က ပြန်ပြောလိုက်၏။

“ခင်ဗျားကိုယ် ခင်ဗျား နှိမ့်ချမနေပါနဲ့။ အနာဂါတ် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ သိတာမဟုတ်ဘူး။ ခင်ဗျားလည်း အခွင့်အရေး တစ်ခုခုနဲ့ ကြုံရပြီး ထိပ်တန်း ဧကရာဇ်တစ်ပါး ဖြစ်ရင် ဖြစ်လာနိုင်တာပဲ”

လျို့ရှန်းယွင်က ပြုံးလျက်

“အဲ့လိုဆို ရောင်ရင်းရန် ပြောတဲ့အတိုင် ဖြစ်လာဖို့ပဲ မျှော်လင့်ရတာပေါ့”

ရန်ကိုင် ခေါင်းငြိမ့်လိုက်လေသည်။ လက်ရှိတွင် သူ့အနေဖြင့် အိုင်းအောင်အား အလွန်ကိုမှ စိတ်ပူနေသော်ငြား ဘာမှမလုပ်နိုင်မှန်း သိနေသည်။ သူ့စိတ်ထဲ အိုင်းအောင် ကံကောင်းပါစေဟု ဆုတောင်းပေးနေရုံမှအပ ဘာမှမလုပ်နိုင်ချေ။

စကား တော်တော်များများ ‌ပြောပြီးနောက်တွင် ရန်ကိုင်နှင့် လျို့ရှန်းယွင်ကြားရှိ အခြေအ‌နေသည် ယခင်ကလောက် တင်းမာခြင်း မရှိတော့ချေ။‌

ရန်ကိုင်သည်လည်း လျို့ရှန်းယွင်မှာ မတတ်သာသည့် အတွက်ကြောင့်သာ သူတို့အဖွဲ့ကို တိုက်ခိုက်ခဲ့ရမှန်း သဘောပေါက်သွားခဲ့သည်။ ရန်ကိုင်လည်း သူ့ခွန်အား ပြန်ပြည့်ရန် အလျင်မလိုနေသည့်အတွက် အားပြန်ဖြည့်ရင်း ကြယ်တာရာ အစုအဝေးနှင့် ပတ်သတ်သည့် အကြောင်းအရာများအား လျို့ရှန်းယွင်ကို ဆက်လက် မေးမြန်းနေလေသည်။

ကံမကောင်းစွာဖြင့် လျို့ရှန်းယွင်မှာလည်း ကြယ်တာရာ အစုအဝေးအကြောင်း အရမ်းကြီး သိမထားခဲ့။ ထို့နောက် ရန်ကိုင်နှင့် လျို့ရှန်းယွင်သည် သူတို့၏ ကြယ်စီရင်စုကြီးများအကြောင်း အသီးသီး စတင်ပြောကြလေတော့သည်။ ပြောရင်းဖြင့် သူမ၏ တစ်စပြင်ကန္တာရ ကြယ်စီရင်စုကြီးသည် သူ့မွေးရပ်မြေ ကြယ်စီရင်စုကြီးနှင့် အစစအရာရာ အတော်လေးကို တူညီသည်ကို တွေ့လိုက်ရပေသည်။ ကွာခြားသွားသည့် အချက်မှာ တစ်စပြင်ကန္တရ ကြယ်စီရင်စုကြီးထဲ၌ အားလုံးအထက်တွင် ရပ်နေသူဟူ၍ ယင်လဲ့ရှန် တစ်ယောက်ထဲသာရှိပြီး သူတို့ ကြယ်စီရင်စုကြီးထဲတွင်တော့ အားအကောင်းဆုံးဟု ယူဆထားသော ထိပ်သီး အင်အားစု သုံးစု ရှိနေခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၃၈)

ကြယ်တာရာအကြောင်း ပိုသိလာလေ ဤလောကကြီး မည်မျှကျယ်ပြောကြောင်း၊ သူ့တည်ရှိမှု မည်မျှ သေးနုပ်ကြောင်း ရန်ကိုင် ပိုသိလာခဲ့သည်။ သူ့စိတ်ထဲ အလွန်ကိုမှ အားကောင်းချင်စိတ်လည်း ဖြစ်လာလေသည်။ နှစ်ယောက်သား စကားပြောနေစဉ် ရန်ကိုင်၏ အမူအရာ ရုပ်တရက် ပြောင်းလဲသွားလေ၏။

“ဘာဖြစ်လို့လဲ” လျို့ရှန်းယွင်သည် ရန်ကိုင့်အား နားလည်မနိုင်စွာ ကြည့်လိုက်လေသည်။ သို့သော်လည်း ရန်ကိုင်သည် ချက်ချင်းပဲ တိုးတိုးနေရန် အချက်ပြလိုက်သည်။ လျို့ရှန်းယွင် ပြန်မပြောနိုင်ခင်မှာပင် လှိုင်ဂူရှေ့ အလင်းတစ်ချက် လပ်သွားပြီး ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့လေသည်။ နှစ်ယောက်စလုံးသည် သူတော်စင်ချီကို လည်ပတ်၍ နောက်သို့ခုန်ဆုတ်ကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။

အသစ်ရောက်လာသည့် သူမှာတော့ သူဘယ်သူလဲဟု ဖုံးကွယ်ရန်မကြိုးစားဘဲ ရန်ကိုင်နှင့် လျို့ရှန်းယွင်အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်ရင်းသာ ပြောလိုက်လေ၏။

“မင်းတို့ ကြွက်နှစ်ကောင်က တကယ်အပုန်းကောင်းတာပဲကွ”

မှိန်ဖျဖျ အလင်းရောင်ကြောင့် တစ်လက်လူ၏ မျက်နှာကို ရန်ကိုင် သေချာမြင်လိုက်ရလေသည်။ ထိုလူသည် အသက် သုံးဆယ်လောက် ရှိမည်ထင်ရပြီး သားနားသော ၀တ်ရုံကို ဝတ်ဆင်ထားသည်။ ရန်ကိုင် သတိထားမိသည့်အချက်မှာ ထိုလူ၏ အရှိန်အဝါပင် ဖြစ်သည်။ ထိုလူ၏ အရှိန်အဝါမှာ ကြယ်တာရာ လမ်းကြောင်းထဲတွင် တွေ့ခဲ့ရသည့် ယင်လဲ့ရှန်၏ အရှိန်အဝါထက် အများကြီး ပိုအားကောင်းနေခဲ့သည်။

တာအိုသခင်အဆင့်.. ရန်ကိုင် ချက်ချင်းပဲသိလိုက်လေသည်။ တစ်ဖက်လူသည် တာအိုသခင်အဆင့် ပညာရှင်မှန်း သိသွားပြီးနောက် ရန်ကိုင့် မျက်နှာ မည်းမှောင်သွားခဲ့သည်။ ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့သည် သူတို့ ကြယ်စီရင်စုများ အသီးသီးတွင် ထိပ်သီးအဆင့် ပညာရှင်အသီးသီး ဖြစ်ကြသည့်အတွက် သူတို့၏ အရှိန်အဝါကိုသာ ဖုံးကွယ်၍ ပုန်းနေမည် ဆိုပါက မည်သည့် တန်ခိုးရှင်ဘုရင် အဆင့် ပညာရှင်မှ သတိထားမိလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း တစ်ဖက်လူသည် တာအိုသခင် အဆင့် ပညာရှင်တစ်ဦး ဖြစ်နေသဖြင့် သူတို့အား သတိထားမိသွားသည်မှာ အဆန်းတော့မဟုတ်။

တာအိုသခင် အဆင့် ပညာရှင်တစ်ဦး မည်မျှအားကောင်းသလဲ ဆိုသည်ကို ရန်ကိုင် မသိသော်ငြား သူ့လက်ရှိခွန်အားဖြင့် သွားယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်မှန်းတော့ သိပေသည်။

ရွှစ်… ရွှစ်… ရွှစ်…

လေတိုးသံများနှင့်အတူ နောက်ထပ် လူသုံးယောက် လှိုင်ဂူရှေ့သို့ ထပ်ရောက်လာခဲ့၏။ ထိုထဲမှတစ်ယောက်က “စီနီယာအစ်ကိုခို့ ဘာတွေ့လို့လဲ”

အခြားတစ်ယောက်က အံ့အားသင့်နေသည့် အမူအရာဖြင့် “ဟေ့ ဒီမှာ တစ်ကယ်ကြီး ပုန်းနေတဲ့ လူနှစ်ယောက် ရှိနေတာပဲကွ။ စီနီယာအစ်ကိုခို့ ပါနေလို့ပေါ့ မဟုတ်ရင် ငါတို့ သတိထားမိမှာမဟုတ်ဘူး”

နောက်တစ်ယောက်က

“စီနီယာအကိုခို့က တာအိုသခင် ပထမအဆင့် ပညာရှင်ကွ။ ဟိုနှစ်ယောက်က ငါတို့လိုပဲ… တန်ခိုးရှင်ဘုရင် တတိယအဆင့်ပဲရှိတာ။ ဘယ်လိုလုပ်ပြီး စီနီယာအကိုခို့ လက်ကနေ ပုန်းနေနိုင်မှာလဲ”

ပြောရင်းဆိုရင်းဖြင့် ထိုသုံးယောက်သည် လှိုင်ဂူထဲသို့ ၀င်လာခဲ့လေသည်။ ရန်ကိုင်တို့အား မြင်ပြီးနောက် ပထမဆုံး စကားစပြောလိုက်သည့်လူ၏ အကြည့်ထဲ အဓိပ္ပာယ်တစ်ချို့ ဖြတ်ပြေးသွားခဲ့သည်။ ရန်ကိုင့်ကို တစ်လှည့် လျို့ရှန်းယွင်ကို တစ်လှည့် ကြည့်ရင်း ငါသိနေပါတယ် ဆိုတဲ့ အပြုံးတစ်ပွင့် သူ့မျက်နှာထက် ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်နှင့် လျို့ရှန်းယွင်သည် လှိုင်ဂူထဲ ပုန်းအောင်းနေရင်း ရှက်စရာ ကိစ္စတစ်ခုခု လုပ်နေခြင်းဟု သူထင်သွားခဲ့သည်။

လျို့ရှန်းယွင်မှာ ရှက်နေသော်လည်း ဘာမှပြန်မပြောခဲ့ပေ။ ရန်ကိုင်သည်လည်း တိတ်ဆိတ်နေခဲ့သည်။ တစ်ဖက်အဖွဲ့တွင် တန်ခိုးရှင် ဘုရင်အဆင့် ကျင့်ကြံသူ သုံးဦး ပါနေသည်ကို ထည့်မပြောလျင်ပင် ခေါင်းဆောင်ဖြစ်သည့် တာအိုသခင် ပထမအဆင့် ကျင့်ကြံသူတစ်ဦး နှင့်ပင် ရန်ကိုင်တို့ ဘာမှမလုပ်နိုင်တော့ပေ။

ကံကောင်းစွာဖြင့် တစ်ဖက်လူမှာ သူတို့အား တွေ့တွေ့ချင်း ချက်ချင်း မတိုက်ခိုက်လိုက်ခြင်းပင်။ တိုက်သာ တိုက်ခိုက်လိုက်လျင်တော့ သူနှင့် လျို့ရှန်းယွင် နှစ်ယောက် ဒုက္ခအကြီးကြီး ရောက်လေပြီ။ စီနီယာ အကိုခို့ ဆိုသူသည် ရန်ကိုင်နှင့် လျို့ရှန်းယွင်အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်လိုက်ပြီး အထင်တသေးဖြင့် ပြောလိုက်သည်။

“မင်းတို့ နှစ်ယောက်က သူတော်စင်ချီကို အရင်းအမြစ်ချီအဖြစ် သိပ်တောင် မပြောင်းရသေးဘူးပဲ။ မင်းတို့နှစ်ယောက် ဘယ်ကလဲ။ ငါ့ ငှက်မွှေးပြာ ဂိုဏ်းမှာ ဘာလာလုပ်နေတာလဲ”

“ငှက်မွှေးပြာဂိုဏ်း…” ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့ နှစ်ဦးစလုံး ကြောင်တောင်တောင် အမူအရာဖြင့် တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြသည်။

သူတို့ လာပုန်းသည့် နေရာမှာ ကံမကောင်းစွာဖြင့် ငှက်မွှေးပြာဂိုဏ်း ဖြစ်နေခဲ့သည်။ ရန်ကိုင်သည် စိတ်ကို တည်တည်ငြိမ်ငြိမ် ထား၍ လက်သီးဆုပ်ကာ ရှင်းပြလိုက်လေသည်။

“ရောင်ရင်းတို့ကို နှုတ်ဆက်ပါတယ်။ ဒီက ရောင်ရင်းတို့ ငှက်မွှေးပြာ ဂိုဏ်းရဲ့ ပိုင်နက်မှန်း မသိလို့ ၀င်လာမိခဲ့တာပါ။ အမှားလုပ်မိသလို ဖြစ်သွားရင် ခွင့်လွှတ်ပေးဖို့ ကျေးဇူးပြုပြီး တောင်းဆိုပါတယ်။ ကျုပ်တို့ အခုပဲ ချက်ချင်း ထွက်သွားပေးပါ့မယ်” ပြောပြီးသည်နှင့် ရန်ကိုင်သည် လျို့ရှန်းယွင်အား မျက်စပစ်ပြလိုက်သည်။

လျို့ရှန်းယွင်သည်လည်း ရန်ကိုင် ဘာလုပ်ချင်နေသလဲဆိုသည်ကို နားလည်သည့်အလား ရန်ကိုင့်နောက်သို့ လိုက်သွားရန် လုပ်လိုက်လေသည်။ သို့ရာတွင် မျိုးရိုးနာမည် ခို့ ဆိုသူနှင့် အခြား တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ သုံးဦးသည် လှိုင်ဂူ၀မှ ဖယ်မပေးဘဲ မလှုပ်မရှက်ဖြင့်သာ ရပ်နေလေသည်။

မျိုးရိုးနာမည် ခို့ဆိုသူက ပြောလိုက်၏ “မတော်တဆ ၀င်လာမိတာ၊ ဟုတ်လား…တစ်ခြားသူတွေကို မင်း အရူးလုပ်လို့ရချင်ရမယ်။ ကို အရူးလုပ်လို့ရမယ် မထင်နဲ့။ မင်းတို့နှစ်ယောက် ရောင်နီဦးစံအိမ်ကမလား”

“ရောင်နီဦး စံအိမ်…” ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး ခေါင်းခါပြလိုက်လေသည်။

“အားနားပါတယ် ကျုပ် အဲ့နာမည် တစ်ခါမှ မကြားဖူးဘူး”

“မင်းရဲ့ သရုပ်ဆောင် စွမ်းရည်က မဆိုးဘူးပဲ” တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးက လှောင်ပြောင် ပြောဆိုလိုက်လေသည်။

“စီနီယာ အကိုခို့ အဲ့ကောင်နဲ့ လေကုန်ခံမနေနဲ့။ ခေါ်သွားပြီးတော့သာ စစ်မေးကြည့်လိုက်။ ဒါမှပဲ အဲ့ကောင် အမှန်ပြောမှာ။ ကျုပ်တို့ ငှက်မွှေးပြာဂိုဏ်းရဲ့ ပိုင်နက်ကိုတောင် ဖြတ်ကျော်လာရဲတယ်ဆိုတော့ ရောင်နီဦးစံအိမ်ရဲ့ ခွေးတွေက တစ်ကယ် ရဲတင်းနေတာပဲ”

မျိုးရိုးနာမည် ခို့ ဆိုသူက အေးစက်စက်အမူအရာဖြင့် ၀င်ပြောလိုက်လေသည် “အပြစ်ရှိတဲ့လူတစ်ယောက်ကို လွတ်သွားခွင့် ပြုလိုက်တာထက် အပြစ်မရှိတဲ့ လူတစ်ထောင်ကို သတ်မိလိုက်တာက ပိုကောင်းတယ်”

ပြောပြီးသည်နှင့် လက်ကွက်တစ်ခု ဖန်တီးကာ ရန်ကိုင်နှင့် လျို့ရှန်းယွင်၏ ခေါင်းထက်သို့ ဖိချလိုက်လေသည်။ ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့ မလှုပ်ရှားနိုင်မှာပင် အလင်းတန်းနှစ်ခု သူတို့ရင်ဘက်သို့ လာမှန်လေ၏။ နှစ်ဦးစလုံးမှာ အသိပြန်၀င်လာချိန် အလျင်စလို ခုခံရန် ကြိုးစားလိုက်သော်လည်း ဘယ်ချိန်ကတည်းက မသိ သူတို့ ခန္ဓာကိုယ်အား ကြိုးတစ်ကြိုးမှ ရစ်ပတ် ချုပ်နှောင်ထားသည်ကို တွေ့လိုက်ရလေသည်။

ကြိုးများပေါ်တွင် ရှုပ်ထွေးနက်နဲသည့် အစီအရင်များ ရှိနေလေသည်။ သူတို့ပိုရုန်းလေ ကြိုးမှာ ပိုပို၍ တင်းလာလေပင်။ ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့ အမူအရာ ရုပ်ဆိုးသွားလေသည်။ တစ်ဖက်လူ၏ သာမန်ကာလျှံကာ တိုက်ကွက်တစ်ခုသည် သူတို့အား လုံး၀ပြန်မတိုက်နိုင်အောင် ဖိနှိပ်ထားနိုင်လေသည်။ ထိုအခါမှပဲ တာအိုသခင်အဆင့် ပညာရှင်တစ်ဦး မည်မျှ ကြောက်မက်ဖွယ်ကောင်းမှန်း ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့ နားလည်သွားခဲ့လေသည်။

ရန်ကိုင်တို့အား ချုပ်နှောင်ပြီးနောက်တွင် မျိုးရိုးနာမည်ခို့ ဆိုသူသည် အနောက်သို့ပင် လှည့်မကြည့်ဘဲ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“သူတို့ကို ခေါ်သွားလိုက်တော့”

ပြောပြီးသည်နှင့် လှည့်ထွက်သွားလေ၏။

ရန်ကိုင်မှာ အတော်လေးကိုမှ စိတ်ညစ်နေသော်လည်း ဤအချိန်သည် မဆင်မခြင် လှုပ်ရှားရမည့်အချိန် မဟုတ်မှန်း သိနေခဲ့သည်။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ သုံးဦးသည် ရန်ကိုင်တို့စီအား ရောက်လာပြီး သူတို့ကို အပြင်သို့ ဆွဲခေါ်လေသည်။ လျို့ရှန်းယွင်က ခန္ဓာကိုယ်ကို လှုပ်ခါ၍ အံကြိတ်၍ ပြန်ပြောလိုက်လေသည်။

“ငါ့ကို မထိနဲ့။ ငါ့ဘာသာ လမ်းလျှောက်နိုင်တယ်”

ထိုအခါ လျို့ရှန်းယွင်ကို ထိလိုက်သည့်လူက လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်၏။

“ကောင်မလေးက တစ်ကယ်စွာတာပဲကွ။ အဲ့တာမျိုးကိုမှ ငါကြိုက်တာ။ နှိပ်စက်ခံရတဲ့အခါကျ အခုလိုမျိုး စွာနိုင်ဦးမလား ကြည့်ရဦးမယ်”

အခြားနှစ်ယောက်သည်လည်း ထိုစကားကို ကြားသောအခါ ညစ်ကျယ်ကျယ်ပြုံးလိုက်လေသည်။ သူတို့ ပုံစံကိုကြည့်ရင်း လျို့ရှန်းယွင် ပို၍ ဒေါသထွက်လာခဲ့လေသည်။ တစ်စပြင် ကန္တရကြယ်စီရင်စုကြီးထဲတွင် အရှင်သခင်တစ်ဦး ဖြစ်ခဲ့သော်လည်း ဤနေရာသို့ ရောက်လာပြီးနောက် ရှုခင်းလှလှလေးပင် မကြည့်ရသေးဘဲ အကျဉ်းသားအဖြစ် ဖမ်းခေါ်ခံရလေပြီ။

သူမတစ်သက် ဤမျှရှက်ဖွယ်ကောင်းသည့် အဖြစ်အပျက်မျိုးနှင့် မတွေ့ကြုံဖူးပေ။ ထို့ပြင် ထိုသုံးဦး ပြောနေသည်ကို နားထောင်ရသလောက် ငှက်မွှေးပြာဂိုဏ်းသို့ ရောက်ပြီးနောက်တွင် အနှိပ်စက် ခံရဦးမည့်ပုံပင်။

နှိပ်စက်ခံရမည့် အကြောင်း တွေးကြည့်လိုက်ရုံဖြင့် လျို့ရှန်းယွင်၏ မျက်နှာလေး ဖြူလျော်သွားပြီ ရန်ကိုင့်ဆီသို့ အလိုလို လှမ်းကြည့်လိုက်မိလေသည်။

“ရောင်ရင်းတို့ ကျုပ်တို့ကြား တစ်ခုခုလွဲနေပုံပဲ။ ကျုပ်ရှင်းပြတာကိုအရင် နားထောင်ပေးလို့ရမလား” ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။

“မင်း ရှင်းပြချင်ရင် ဂိုဏ်းရောက်မှပဲ ရှင်းပြတော့” မျိုးရိုးနာမည်ခို့ နှင့်ဆိုသူက အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည်။

“အရင်ဆုံး မင်းတို့ သိုလှောင်လက်စွပ်တွေကိုပေး။ မနာချင်ရင်ပေါ့”

ရန်ကိုင်သည် လျို့ရှန်းယွင်အား ခေါင်းခါပြလိုက်သည်။ ထို့နောက် သူ့ သိုလှောက်လက်စွပ်ကို ချွတ်၍ အနီးဆုံးလူစီသို့ ပစ်ပေးလိုက်သည်။ သူ့သိုလှောင် လက်စွပ်ထဲတွင် မည်သည့် အဖိုးတန် ရတနာမှ မပါရှိချေ။ နေ့စဉ် လိုအပ်လောက်မည့် ပစ္စည်းများကိုသာ ထည့်ထား၏။ တစ်ကယ့် အဖိုးတန် ပစ္စည်းများမှာ ကမ္ဘာငယ်လေးထဲတွင် ရှိနေလေသည်။ ထို့ကြောင့် သူ့ သိုလှောင်လက်စွပ်ကို ပေးလိုက်ရ၍ ရန်ကိုင့်အတွက်ဘာမှ အရှုံးမရှိပေ။

သို့ရာတွင် လျို့ရှန်းယွင်ကတော့ ထိုကဲ့သို့မဟုတ်။ သူမ ပိုင်ဆိုင်သည့် အရာအားလုံးကို သူမ သိုလှောင် လက်စွပ် ထဲတွင် ထည့်သိမ်းထားခြင်း ဖြစ်သည်။ ဤသိုလှောင် လက်စွပ်ကိုသာ ပေးလိုက်ရမည် ဆိုလျင် သူမတွင် ဘာမှမကျန်တော့ချေ။ ချုပ်နှောင်ခံထားရသည့် အတွက်ကြောင့်သာ မဟုတ်လျင် အားကုန်သုံးပြီး ပြန်ခုခံ လောက်သည်။

သို့သော်လည်း လူဆိုသည်မှာ ကိုယ့်ထက် ပိုအားကောင်းသည့်လူကို တွေ့လျင် ဦးညွှတ်ရသည်သာ ဖြစ်သည်။

မပေးချင်သည့်တိုင် သူမ၏ သိုလှောင်လက်စွပ်ကို မပေးချင် ပေးချင်ဖြင့် ချွတ်ပေးလိုက်ရလေသည်။ သိုလှောင်လက်စွပ်အား ရပြီးနောက်တွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူသုံး၏ ခေါင်းဆောင် ဖြစ်ဟန်ရသော စီနီယာ အစ်ကိုခို့ ဆိုသူသည် ရန်ကိုင်တို့၏ အပြုအမူနှင့် ပတ်သတ်၍ ကျေနပ်သွားသည့်အလား ခေါင်းတငြိမ့်ငြိမ့်ဖြင့် သိုလှောင် လက်စွပ်နှစ်ခုကို သိမ်းယူလိုက်လေ၏။

ခနအကြာတွင် ထိုအဖွဲ့သည် လှိုင်ဂူထဲမှ ထွက်လာလေသည်။ အပြင်သို့ ရောက်လာသည်နှင့် စီနီယာ အစ်ကိုခို့ ဆိုသူသည် လွန်းပျံယဉ် အသေးလေး ကိုဆင့်ခေါ်လိုက်လေ၏။ ထိုလွန်းပျံလေးသည် ချက်ချင်းဆိုသလို နဂါး ဖီးနစ်ပုံတို့ ထိုးထွင်းထားသည့် သင်္ဘောတစ်စီးသို့ ပြောင်းလဲသွားလေ၏။ ထိုသင်္ဘောမှာ အရမ်းကြီး မကြီးမားသော်ငြား သူတို့ခြောက်ယောက်ကို သယ်ရန်အတွက်တော့ လုံလောက်သည်ထက်ပင် ပိုသေးသည်။

စီနီယာ အစ်ကိုခို့ဆိုသူသည် သင်္ဘောပေါ်သို့ ခုန်တက်လိုက်ပြီး ရန်ကိုင်နှင့် လျို့ရှန့်ယွင်တို့အား သူ့စွမ်းအားဖြင့် သင်္ဘောကုန်းပတ်ပေါ်သို့ ဆွဲတင်လိုက်လေသည်။ ကျန်သုံးယောက် သည်လည်း သင်္ဘောပေါ်သို့ အလျင်အမြန် လိုက်တက်လာကြလေသည်။ ပြီးသည်နှင့် စီနီယာ အကိုခို့ ဆိုသူသည် အစီအရင်ကို အသက်သွင်းကာ သင်္ဘောပတ်လည်တွင် အကာအကွယ်တစ်ခု ဖန်တီးလိုက်လေသည်။

ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့မှာ ထိုမြင်ကွင်းကိုကြည့်ရင်း အံဩဘနန်း ဖြစ်နေခဲ့ကြသည်။ သူတို့နေခဲ့ကြသည့် ကြယ်စီရင်စုကြီးထဲတွင် ဤကဲ့သို့ ပျံသန်းရေး မှော်ရတနာမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။ သူတို့ မြင်ခဲ့ဖူးသည်မှာ ကြယ်လွန်းပျံ များနှင့် ကြယ်သင်္ဘောများသာ ဖြစ်ကြသည်။

ရှင်းရှင်းပြောရသော် စီနီယာအကိုခို့ ထုတ်လိုက်သည့် ထိုလွန်းပျံသည် ကြယ်လွန်းပျံနှင့် ကြယ်သင်္ဘော ကြားတွင် ရှိပေသည်။ ဤသင်္ဘောသည် ကြယ်လွန်းပျံထက်လည်း သွားရလာရ အဆင်ပြေ၊ ကြယ်သင်္ဘောကဲ့သို့လည်း ကြီးကြီးမားမား နှင့် လေးလေးလံလံ မဖြစ်သည့် ခရီးသွားရာတွင် အလွန်အဆင်ပြေလှသော ပျံသန်းရေး မှော်ရတနာ တစ်မျိုးဖြစ်သည်။

ရန်ကိုင်နှင့် လျို့ရှန်းယွင် တို့၏ ကျင့်ကြံခြင်းမှာ ချိတ်ပိတ်ခံထားရသည့်အတွက် စီနီယာ အစ်ကိုခို့ နှင့် အခြားသူများမှာ ရန်ကိုင်တို့အား ဂရုစိုက်မနေခဲ့ပေ။ သို့သော်လည်း သူတို့နှစ်ယောက်၏ အမူအရာကို မြင်ပြီးနောက် ငှက်မွှေးပြာဂိုဏ်း၏ တပည့်များ ထရယ်ကုန်ကြတော့၏။ ရန်ကိုင်တို့အား လက်ညှိုး တစ်ထိုးထိုးလုပ်ရင်း သူတို့ဘာသာ တီးတိုး ပြောကုန်ကြလေသည်။ ထိုအခါမှပဲ ရန်ကိုင်တို့လည်း အသိပြန်ဝင်ပြီး ရှက်သွားခဲ့လေသည်။

သူတို့ မွေးရပ်မြေ ကြယ်စီရင်စုထဲတွင် နှစ်ယောက်လုံးသည် ထိပ်သီးပညာရှင်များ ဖြစ်ခဲ့သော်ငြား ကြယ်တာရာအစုအဝေးသို့ ရောက်ပြီးနောက်တွင် တောသားမြို့ရောက် ဖြစ်နေခဲ့ကြရသည်။ စီနီယာအကိုခို့ ဆိုသူမှာတော့ သူတို့နှစ်ဦး၏ အမူအရာကို မြင်ပြီးနောက်တွင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သို့သော်လည်း ဘာမှပြောမနေဘဲ သင်္ဘောပျံလေးအား ထိန်းချုပ်ရာတွင်သာ အာရုံစိုက်ထားလိုက်၏။

နာရီ၀က်ကြာအောင် ပျံသန်းပြီးနောက်တွင် အဆောက်အဦးများနှင့် ပြည့်နှက်နေသည့် တောင်တန်းတစ်ခုကို မြင်တွေ့လိုက်ရလေသည်။ ထိုနေရာသည် ငှက်မွှေးပြာဂိုဏ်း၏ ဌာနချုပ် ဖြစ်မည်မှန်း ရန်ကိုင်နှင့် လျို့ရှင်းယွင် တို့ ချက်ချင်း တန်းသိလိုက်၏။ ကြယ်တာရာ အစုအဝေးသို့ တစ်ခါမှမရောက်ဖူးသည့်အတွက် ရန်ကိုင်နှင့် လျို့ရှန်းယွင်သည် သင်္ဘောကုန်းပတ်ပေါ်မှနေ၍ ပတ်၀န်းကျင်အား စိတ်၀င်တစား လှည့်ပတ်ကြည့်နေခဲ့ကြသည်။

အဆောက်အဦးများ ဆောက်ထားသည့် တောင်တန်းစီမှ မိုးမြေအရှိန်အဝါကို ခံစားလိုက်မိသော် ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့ နှစ်ဦးစလုံး တုန်လှုပ်သွားခဲ့ကြလေသည်။ ထိုနေရာရှိ မိုးမြေစွမ်းအင်သည် အလွန့် အလွန်ကိုမှ သိပ်သည်းလှသည်။ အထက်စကြာစဠာဂိုဏ်း၏ မိုးမြေစွမ်းအင်ပင် ဤငှက်မွှေးပြာဂိုဏ်း၏ မိုးမြေ အရှိန်အဝါနှင့် လုံး၀ မယှဉ်နိုင်ပေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၃၉)

“မင်းတို့ရောင်နီဦးစံအိမ်ရဲ့ ဌာနချုပ်ကလည်း ဒီထက်ဆိုးတာမှ မဟုတ်တာ။ ဘာတွေရေးကြီးခွင်ကျယ် လုပ်နေကြတာလဲ။” ရန်ကိုင်နှင့် လျို့ရှန်းယွင်၏ ထိတ်လန့်အံ့အားသင့်နေသည့် အမူအရာကိုမြင်သော် စီနီယာအစ်ကိုခို့ဆိုသူ မျက်လုံးမှေးစင်းသွားခဲ့လေသည်။

ရန်ကိုင်ကပြန်လှည့်၍ ပြောလိုက်၏။ “ကျုပ်ပြောပြီးသွားပြီလေ။ ကျုပ်တို့ရောင်နီဦးစံအိမ်က မဟုတ်ဘူး။ အခုမှဒီကို ပထမဆုံးအကြိမ် ရောက်ဖူးတာ။ ခင်ဗျား မယုံတာတော့ ကျုပ်လည်း မတတ်နိုင်ဘူး”

စီနီယာအစ်ကိုခို့ဆိုသူသည် ခေါင်းသာညိတ်လိုက်ပြီး ဘာမှထပ်မပြောတော့ချေ။ သင်္ဘောကုန်းပတ်ပေါ်တွင်သာ လက်နောက်ပစ်လျက် ရပ်နေလိုက်၏။ ငှက်မွှေးပြာဂိုဏ်း၏ ကောင်းကင်ထက်သို့ ရောက်လာသည့်အခါ စီနီယာခို့ဆိုသူသည် သင်္ဘောအား ခြေထောက်ဖြင့် အသာအယာတောက်လိုက်၏။

ထို့နောက်တွင် သင်္ဘောလေးသည် မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်သွားလေသည်။ အောက်ဘက်တွင် ရှိနေသောတပည့်များသည် ဆင်းလာနေသည့်သူမှာ စီနီယာအစ်ကိုခို့ဆိုသူမှန်း သိလိုက်သည့်နောက် လက်သီးဆုပ်၍ နှုတ်ဆက်လိုက်ကြလေသည်။

ကြည့်ရသလောက် စီနီယာအစ်ကိုခို့ဆိုသူသည် ငှက်မွေးပြာဂိုဏ်းထဲတွင် တော်တော်လေး နာမည်ကျော်ကြားသည့်ပုံပင်။ တပည့်ပေါင်းများစွာ၏ အကြည့်သည် ကြိုးဖြင့်ချုပ်နှောင်ထားခံရသည့် ရန်ကိုင်နှင့် လျို့ရှန်းယွင်ဆီသို့ ရောက်လာခဲ့လေသည်။

ထိုလူများ တီးတိုးပြောနေသည့် စကားသံများထဲမှ ရောင်နီဦးစံအိမ်ဟူသော စကားလုံးကို ရန်ကိုင် ကြားလိုက်ရသည်။ ကြည့်ရသည်မှာ ထိုလူများသည်လည်း သူနှင့်လျို့ရှန်းယွင်ကို ရောင်နီဦးစံအိမ်၏သူလျှိုများဟု ထင်နေကြသည့်ပုံပင်။

ကြည့်ရတာ ရောင်နီဦးစံအိမ်နဲ့ ငှက်မွေးပြာဂိုဏ်းက တော်တော်လေးကို မတည့်ကြတဲ့ပုံပဲ ရန်ကိုင် တွေးလိုက်သည်။ တစ်ချိန်တည်းတွင် ရန်ကိုင်နှင့် လျို့ရှန်းယွင်သည်လည်း ပတ်ဝန်းကျင်အား စတင်စူးစမ်းကြည့်လေသည်။ သို့သော်လည်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် တုန်လှုပ်မိသွားခဲ့၏။

သူတို့ရပ်နေသည့် မြေကွက်လပ်ကြီး၏ အနီးအနားတစ်ဝိုက်တွင် ကျင့်ကြံသူပေါင်း ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့် ရှိနေခဲ့သည်။ တစ်ဝက်လောက်မှာ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူများမှာတော့ အနည်းဆုံး ဆယ်ယောက်ကျော်မက ရှိနေလေသည်။

အချို့တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူများ၏ အရှိန်အဝါမှာဆိုလျှင်ပင် ယင်လဲ့ရှန်ထက်ပင် ပိုမိုအားကောင်းနေသေး၏။ ယင်လဲ့ရှန်ကိုသာ သူ၏တာအိုအဆင့် မှော်ရတနာဖြစ်သည့် မရဏအမှောင်တိုက်ဖုံး အကာအကွယ်ကို မသုံးဘဲ ထိုလူဆယ်ယောက်ကျော်နှင့် သွားတိုက်ခိုင်းမည်ဆိုပါက ရှုံးနိမ့်မည့်သူမှာ ယင်လဲ့ရှန်သာ ဖြစ်မည်မှန်း ရန်ကိုင် တစ်ရာရာခိုင်နှုန်း သေချာပေသည်။

လျို့ရှန်းယွင်ပြောပြသည့် အကြောင်းအရာများနှင့် ချင့်ချိန်စဉ်းစားကြည့်လိုက်ပြီးနောက် ထိုလူအားလုံးသည် သူတို့၏သူတော်စင်ချီအားလုံးကို အရင်းအမြစ်ချီသို့ ပြောင်းလဲထားပြီးကြသူများဖြစ်မှန်း ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့လေသည်။

နိယာမစွမ်းအားကို လုံလောက်အောင် နားမလည်ထားသေးသည့် အတွက်ကြောင့်သာ တာအိုသခင်အဆင့်သို့ မချိုးဖျက်နိုင်သေးခြင်း ဖြစ်သည်။ နိယာမစွမ်းအားအား နားလည်သဘောပေါက်နိုင်မှုသည် တာအိုသခင်အဆင့်နှင့် တန်ခိုးရှင်ဘုရင်အဆင့်အား ပိုင်းခြားထားသည့် အကာအရံကြီးတစ်ခုဖြစ်သည်။

ထို့ကြောင့်ပင် စီနီယာအစ်ကိုခို့ဆိုသူကို လူတော်တော်များများက လေးစားကြခြင်းဖြစ်သည်။ ဤငှက်မွေးပြာဂိုဏ်းမှာ ကြယ်တာရာအစုအဝေးသို့ ရောက်လာပြီးနောက် သူပထမဦးဆုံးတွေ့ရသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်သော်ငြား မြင်မြင်သမျှအရာတိုင်းသည် သူ့အား အံ့ဩဘနန်း ဖြစ်သွားစေခဲ့လေသည်။

တန်ခိုးရှင်ဘုရင်အဆင့် ဆယ်ယောက်ကျော်မက စုဝေးနေသည့်မြင်ကွင်းကို သူနေထိုင်သည့် ကြယ်စီရင်စုတွင် လုံးဝမြင်တွေ့နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ထိုကဲ့သို့သော ပညာရှင်များသည် ဤနေရာတွင်မူ ပျံကျဈေးတွင် ရောင်းနေသော ဂေါ်ဖီထုပ်များကဲ့သို့ မြင်မြင်သမျှနေရာတိုင်းလိုလိုတွင် တွေ့နေရလေသည်။

သို့သော်လည်း ဤသည်မှာ ငှက်မွေးပြာဂိုဏ်း၏ အပေါ်ယံလောက်သာ ရှိသေးသည်။ ငှက်မွေးပြာဂိုဏ်းထဲတွင် တပည့်မည်မျှရှိသလဲ။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူမည်မျှရှိသလဲ။ တာအိုသခင်အဆင့် မည်မျှရှိသလဲ။ မည်သူမှ မသိကြပေ။ ဤဂိုဏ်းတွင် ဧကရာဇ်အဆင့် ပညာရှင်များပင်လျှင် ရှိကောင်းရှိနေနိုင်ပေသည်။

လူခုနစ်ဆယ် ရှစ်ဆယ်ထဲတွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများအပြင် တန်ခိုးရှင်အဆင့်နှင့် သူတော်စင်အဆင့် ကျင့်ကြံသူများလည်း ရှိနေခဲ့သည်။ သို့သော်လည်း ထိုကျင့်ကြံသူများမှာ အနည်းအကျဉ်းလောက်သာ ဖြစ်ပေသည်။

ကြယ်တာရာအစုအဝေးတွင် နေသည့်လူများပင်လျှင် နေ့ချင်းညချင်း ကျင့်ကြံခြင်းအဆင့်များကို ခုန်ကျော်၍မရချေ။ ဤနေရာသည် ကြယ်စီရင်စုကြီးထက် အများကြီး ပိုကောင်းမွန်သော်လည်း ကျင့်ကြံသူတိုင်းသည် အခြေခံမှစ၍ ကျင့်ကြံရသည်။

ထို့ကြောင့်ပင်လျှင် သူတော်စင်အဆင့်နှင့် တန်ခိုးရှင်အဆင့်များကို တွေ့နေရသေးခြင်းဖြစ်သည်။ ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့ ပတ်ဝန်းကျင်အသစ်ကြောင့် ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် စီနီယာအစ်ကိုခို့ဆိုသူသည် သူ့နောက်တွင်ပါလာသော ကျင့်ကြံသူတစ်ဦးအား လှည့်၍ပြောလိုက်လေသည်။ “ချွေ့ကျင်း သူတို့ကို အရိုးအကျဉ်းထောင်ဆီ ခေါ်သွားလိုက်။ ငါသူတို့ကိစ္စကို ဘယ်လိုလုပ်ရမလဲ ကာကွယ်သူပြန်ကို သွားမေးလိုက်ဦးမယ်။”

“အရိုးအကျဉ်းထောင်ကို ပို့ရမှာလား။” ချွေ့ကျင်းဆိုသော ကျင့်ကြံသူက အနည်းငယ်ကြောင်သွားခဲ့လေသည်။ သို့သော်လည်း ဘာမေးခွန်းမှပြန်မေးမနေဘဲ ခေါင်းညိတ်၍သာ ပြောလိုက်၏။

“ဟုတ်ကဲ့” ပြောပြီးသည်နှင့် ချွေ့ကျင်းဆိုသည့်သူသည် ရန်ကိုင်နှင့် လျို့ရှန်းယွင်ဘက်သို့ လှည့်၍ အေးစက်စက်အမူအရာဖြင့် ပြောလိုက်သည်။ “ဆင်းတော့ မင်းတို့ဘယ်အချိန်ထိ ဒီလှေပေါ်မှာ နေနေမှာလဲ။”

ရန်ကိုင်နှင့် လျို့ရှန်းယွင်သည်လည်း ကူကယ်ရာမဲ့စွာ သက်ပြင်းချရင်းဖြင့်သာ သင်္ဘောပေါ်မှ ခုန်ဆင်းလိုက်လေသည်။

“ငါ့နောက်လိုက်ခဲ့” ပြောပြီးသည့်နောက် ချွေ့ကျင်းသည်ရှေ့ဆုံးမှ ဦးဆောင်ထွက်သွားလေသည်။ ရန်ကိုင်နှင့် လျို့ရှန်းယွင်သည်လည်း မလိုက်ချင်လိုက်ချင်ဖြင့် လိုက်သွားခဲ့လေသည်။

ယခုအချိန် သွားပြီးရှင်းပြနေလို့လည်း ဘာမှထူးလိမ့်မည် မဟုတ်မှန်း သူတို့နှစ်ဦးလုံး သိနေခဲ့သည်။ စီနီယာအစ်ကိုခို့ဆိုသူသည် အစကတည်းက သူတို့အား မယုံလေရာ ယခုလည်း ယုံကြည်လိမ့်မည်မဟုတ်ချေ။

ကံကောင်းစွာဖြင့် သူတို့၏ခွန်အားမှာ ချိတ်ပိတ်ထားခြင်း ခံရသော်လည်း မည်သည့်နှိပ်စက်မှုကိုမှတော့ မကြုံတွေ့ရသေးပေ။ သူတို့ဦးတည်သွားနေသည့်နေရာမှာ တစ်ခုသောတောင်တစ်လုံး ဖြစ်ပေသည်။

လမ်းတစ်ဝက်သို့အရောက်တွင် ရန်ကိုင်က ရုတ်တရက် မေးလိုက်၏။ “အရိုးအကျဉ်းထောင်ဆိုတာဘာလဲ ရောင်းရင်းကို ကျုပ်တစ်ချက်လောက် မေးလို့ရမလား။” ချွေ့ကျင်းသည် ရန်ကိုင်ဘက်သို့လှည့်၍ နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်၏။ “ဘယ်သူက မင်းရဲ့ရောင်းရင်းလဲ။”

ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့၏။ သို့သော် လက်သီးဆုပ်၍သာ ပြန်ပြောလိုက်၏။ “ရိုင်းပြသလိုဖြစ်သွားရင် တောင်းပန်ပါတယ်။ အရိုးအကျဉ်းထောင်ဆိုတာဘာလဲ။ စီနီယာအစ်ကို ကျုပ်တို့ကို တစ်ချက်လောက် ရှင်းပြပေးလို့ရမလား။”

ထိုအခါမှပဲ ချွေ့ကျင်း၏ တင်းမာခက်ထန်သည့်အမူအရာ ပြေလျော့သွားခဲ့ပြီး ထို့နောက် ရှင်းပြလိုက်လေသည်။ “အကျဉ်းထောင်ဆိုမှတော့ လူတွေကို ချုပ်ထားတဲ့နေရာပေါ့။ အထဲမှာတော့ ဟဲ..ဟဲ..ဟဲ…မင်းတို့ရောက်ရင် သိမှာပါ။” ချွေ့ကျင်း၏ရယ်သံကို နားထောင်ပြီးနောက် ထိုအကျဉ်းထောင်ဆိုသည့် နေရာသည် သွားလို့ကောင်းသည့် နေရာတစ်ခုမဟုတ်မှန်း ရန်ကိုင်နှင့်လျို့ရှန်းယွင်တို့ နှစ်ဦးစလုံး နားလည်သွားခဲ့ကြလေသည်။

အရိုးအကျဉ်းထောင်သည် တောင်တစ်လုံးအောက်တွင် တည်ရှိနေပြီး ထိုအကျဉ်းထောင်ကို ငှက်မွေးပြာဂိုဏ်း၏ တပည့်သားများက စောင့်ကြပ်နေကြသည်။ ချွေ့ကျင်းသည် ရန်ကိုင်နှင့်လျို့ရှန်းယွင်အား အကျဉ်းထောင်စောင့်နေသည့် တပည့်များလက်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် နောက်သို့တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ ချက်ချင်းထွက်သွားလေသည်။

ရန်ကိုင်နှင့်လျို့ရှန်းယွင်အား လက်ခံရယူလိုက်သည့် တပည့်မှာ တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ ထို့အပြင် သူ့အရှိန်အဝါမှာ အလွန်ကိုမှ အားကောင်းပေသည်။ ချွေ့ကျင်း ထွက်သွားပြီးနောက်တွင် ထိုလူသည် ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့အား မျက်လုံးမှေးစင်းကာ စိုက်ကြည့်လိုက်သည်။

ထို့နောက် မျက်မှောင်ကျုံ့၍ အော်ဆဲတော့လေသည်။ “ခွေးကောင်ချွေ့ကျင်း အကျဉ်းသားတွေခေါ်လာတိုင်း အမြဲတမ်း သိုလှောင်လက်စွပ်တွေ ယူယူသွားတယ်။ ဒီအဖေအတွက် တစ်ခုလေးတောင် ချန်ထားမပေးဘူး။” ထိုသို့ရေရွတ်အော်ဆဲပြီးနောက် ရန်ကိုင်နှင့်လျို့ရှန်းယွင်ဘက်သို့ လှည့်လာပြီး အမိန့်ပေးလိုက်လေသည်။

“မသိချင်ယောင်ဆောင်မနေနဲ့။ မင်းတို့မှာရှိတာ ငါ့ကိုအကုန်ပေး။”

“ဟမ်…” ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့ ဇဝေဇဝါဖြစ်သွားကြလေသည်။

“မင်းတို့သန့်စင်ထားတဲ့ မှော်ရတနာတွေလေ။ ဘာလဲ အဲ့မှော်ရတနာတွေကိုပါ ချွေ့ကျင်း ယူသွားတယ်လို့ မင်းတို့ ဒီအဖေကို ပြောဦးမလို့လား။” ငှက်မွေးပြာဂိုဏ်းတပည့်က လှောင်ပြုံးပြုံးလိုက်သည်။

ထိုစကားကိုကြားသည့်အခါ လျို့ရှန်းယွင်သာလျှင်မဟုတ် ရန်ကိုင်ပါ မျက်နှာပျက်သွားခဲ့လေသည်။ ကျင့်ကြံသူများသည် မှော်ရတနာများကို သူတို့၏ခန္ဓာကိုယ်ထဲသို့ထည့်ကာ သန့်စင်ထားကြပြီး သူတို့စိတ်ရှိသည့်အချိန်တိုင်း ထိုမှော်ရတနာများကို ဆင့်ခေါ်ကာ အသုံးပြုနိုင်ပေသည်။

စီနီယာအစ်ကိုခို့နှင့် သူ့အပေါင်းအပါများသည် ရန်ကိုင်တို့အား သူတို့၏သိုလှောင်လက်စွပ်များကို ပေးရန်သာပြောခဲ့ပြီး မှော်ရတနာများကို မတောင်းဆိုခဲ့ပေ။ သို့သော်လည်း ဤအရိုးအကျဉ်းထောင် အကျဉ်းစောင့်ကမူ သူတို့၏ မှော်ရတနာများကိုပါ ပေးရန် ပြောနေခဲ့သည်။

ကျင့်ကြံသူများ အသုံးပြုကြသည့် မှော်ရတနာများသည် အများအားဖြင့် သူတို့၏စိတ်ဝိညာဉ်နှင့် ချိတ်ဆက်ထားကြသည့် မှော်ရတနာများ ဖြစ်ကြပေသည်။ ထိုမှော်ရတနာများကိုသာ အတင်းအကျပ် ပေးလိုက်ရမည်ဆိုလျှင် သူတို့၏ဝိညာဉ်ကိုလည်း ထိခိုက်နိုင်ပေ၏။

စီနီယာအစ်ကိုခို့နှင့် သူ့အပေါင်းအပါများနှင့် ယှဉ်လိုက်သော် ဤလူသည် တကယ်ကိုအကျင့်မကောင်းဟု ရန်ကိုင်ရုတ်တရက် ခံစားလိုက်ရလေသည်။ ရန်ကိုင့်ခန္ဓာကိုယ်ပေါ်တွင် မှော်ရတနာသုံးခုသာ ရှိသည်။ နဂါးအရိုးဓား၊ သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံးနှင့် ကမ္ဘာငယ်လေးတို့ ဖြစ်ပေသည်။

သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံးနှင့် ကမ္ဘာငယ်လေးသည် ဧကရာဇ်အဆင့် မှော်ရတနာများ ဖြစ်ကြသည်။ ထိုမှော်ရတနာသုံးခုကိုသာ သူ့ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းသန့်စင်ထားပြီး အခြားမည်သည့်မှော်ရတနာကိုမှ သန့်စင်ထားခြင်းမရှိပေ။

သို့သော်လည်း ထိုမှော်ရတနာသုံးခုလုံးသည် အလွန်ကိုမှ အဖိုးတန်သည့် မှော်ရတနာများဖြစ်ကြသည်။ လျို့ရှန်းယွင်တွင်လည်း မည်ကဲ့သို့သော မှော်ရတနာများ ရှိနေသလဲဆိုသည်ကို မသိသော်ငြား သူမအနေဖြင့် သူမ၏ မှော်ရတနာများကို အလွယ်တကူ ပေးလိုက်မည် မဟုတ်မှန်းတော့ ရန်ကိုင်သိနေသည်။

သို့သော်လည်း အကျဉ်းထောင်စောင့်သည် ရန်ကိုင်နှင့်လျို့ရှန်းယွင်တို့ ခေါင်းမာမာနှင့် ပေးလိမ့်မည်မဟုတ်မှန်း ကြိုသိထားသည့်အလား လှောင်ပြုံးပြုံး၍သာ ပြောလိုက်လေသည်။ “မင်းတို့ကငါ့ကို အားသုံးရအောင်လုပ်ချင်နေတာလား။ ကောင်မလေး နင်ငြင်းမယ်ဆိုရင် ငြင်းလို့ရတယ်။ ဒါပေမယ့် ဒီယန်ရှိရန်ကိုတော့ ကောင်းကောင်းအဖော်ပြုပေးရမှာနော်။ ဒီအဖေက မိန်းမတွေဆို ဘယ်လိုချစ်ရမယ်မှန်း ကောင်းကောင်းသိပြီးသား။ ဟဲ...ဟဲ…ဟဲ….” ပြောပြီးသည့်နောက် လျို့ရှန်းယွင်အား ညစ်ကျယ်ကျယ်ဖြင့် ကြည့်လိုက်လေသည်။

ယန်ရှိရန် ဘာပြောချင်နေလဲဆိုသည်ကို နားလည်လိုက်သည့်နောက်တွင် လျို့ရှန်းယွင်သည် ရန်ကိုင်နောက် ချက်ချင်းပြေးပုန်းလေ၏။ ထိုအခြင်းအရာကို မြင်သည့်အခါ ယန်ရှိရန်၏မျက်လုံးများ အေးစက်သွားခဲ့ပြီး ရန်ကိုင့်အား မျက်လုံးမှေးစင်းကာ စိုက်ကြည့်၍ ပြောလိုက်လေသည်။ “မိန်းကလေးတွေက ငြင်းလို့ရတယ်။ ဒါပေမယ့် မင်းကတော့ငြင်းလို့မရဘူး။”

“ကျုပ်မှာ ဘာမှော်ရတနာမှမရှိဘူး။”ရန်ကိုင်က အလျင်အမြန် ပြောလိုက်သည်။

ထိုအခါ ယန်ရှိရန်က အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “ဒီလောက်သိသာနေတာတောင် ဒီအဖေကို လာလိမ်လို့ရမယ်လို့ ထင်နေတယ်ပေါ့။ ကောင်းပြီလေ။ အကောင်းပြောနေတုန်း မရမှတော့ ဒီအဖေကို ရက်စက်လို့ဆိုပြီး အပြစ်မတင်နဲ့ပေါ့။” ပြောပြီးသည့်နောက် သူ့ခါးတွင်ချိတ်ဆွဲထားသော အိတ်လေးတစ်လုံးကို ဖြုတ်လိုက်၏။

ထိုအိတ်ထဲတွင် အသက်ရှင်နေသည့်အရာ တစ်ခုခုရှိနေသည့်အလား အိတ်ကလေးမှာ အနည်းငယ် ဖောင်းကားနေခဲ့လေသည်။

ယန်ရှိရန်သည် လှောင်ပြုံးပြုံးလျက် အိတ်ကိုဖွင့်ကာ အထဲရှိအရာကို အပြင်သို့ထုတ်လိုက်သည်။ အိတ်ထဲရှိအရာကို မြင်ပြီးနောက် လျို့ရှန်းယွင် အလန့်တကြား ထအော်လေသည်။ အိတ်ထဲရှိအရာမှာ အခြားမဟုတ်။ မြွေလေးတစ်ကောင်သာဖြစ်သည်။

သို့သော်လည်း ထိုမြွေမှာ သာမန်မြွေတစ်ကောင်နှင့် လုံးဝကို ကွဲပြားနေ၏။ မြွေ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ကျောက်စိမ်းသားဖြင့် ထုလုပ်ထားသည့်အလား ချောမွတ်တောက်ပြောင်ကာ အဖြူရောင်သန်းနေခဲ့သည်။ ရန်ကိုင်ပင်လျှင် ထိုကဲ့သို့သော မွန်းစတားသရဲမျိုး တစ်ခါမှမမြင်ဖူးချေ။ ကြားလည်းမကြားဖူးပေ။

သို့သော်လည်း ယခုလိုအချိန်မျိုးတွင်မှ ယန်ရှိရန်သည် ဤမွန်းစတားသရဲကို ထုတ်ယူလာလိုက်သည့်အတွက် ဤမွန်းစတားသရဲ၏စွမ်းရည်မှာ အခြားကျင့်ကြံသူများ၏ မှော်ရတနာများကို ခိုးယူခြင်းဖြစ်ရပေလိမ့်မည်။ ယန်ရှိရန်ကို ကြည့်ရသည်မှာ ဤမြွေလေးကို အလွန်ကိုမှ တန်ဖိုးထားသည့်ပုံပင်။ အပြင်သို့ထုတ်သည်ကိုပင် တယုတယဖြင့် ထုတ်ပေး၏။

ပြောပြီးသည့်နောက် ရန်ကိုင့်၏လက်ကို ဆွဲယူလိုက်ပြီး ညစ်ကျယ်ကျယ်ပြုံးလျက် ပြောလိုက်လေ၏။ “အကောင်းပြောနေတုန်း မလုပ်မှတော့ ဒီဘုရင်က တွန်းအားပေးရတော့တာပေါ့။ မင်းအော်သံကို ထိန်းထားနော်။” ပြောပြီးသည်နှင့် သူ့လက်ကိုခါလိုက်ရာ အဖြူရောင်မြွေလေးသည် ယန်ရှိရန်၏လက်မောင်းမှတစ်ဆင့် ရန်ကိုင့်လက်မောင်းတစ်လျှောက်ဆီသို့ လျှောထိုးသွားပြီး ရန်ကိုင်၏လက်ခုံကို ပေါက်ချလိုက်လေသည်။

ထို့နောက်တွင် ထူးဆန်းသည့်မြင်ကွင်းတစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။ ရန်ကိုင်၏အရေပြားကို ကိုက်ချလိုက်သော အဖြူရောင်မြွေလေးသည် မီးခိုးငွေ့အသွင်သို့ပြောင်းကာ သူကိုက်ချလိုက်သည့် ဒဏ်ရာမှတစ်ဆင့် ရန်ကိုင့်ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားခဲ့လေသည်။

ချက်ချင်းဆိုသလို ရန်ကိုင့်တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရီလာခဲ့လေသည်။ အလွန်ကိုမှ မခံမရပ်နိုင်လောက်အောင် ပြင်းထန်လှသည့် နာကျင်မှုကြောင့် သူ့မျက်နှာတစ်ပြင်လုံး ရဲရဲနီလာခဲ့၏။ ခိုင်မာသည့်စိတ်ဓာတ်စွမ်းအားကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင် အလူးအလဲ လှိမ့်အော်နေရလောက်ပေပြီ။

“ရောင်းရင်းရန်” လျို့ရှန်းယွင်က အလန့်တကြား ထအော်လေသည်။ ရန်ကိုင်သည် ဒဏ်ရာရနေသည့် သားရဲတစ်ကောင်နှယ် နာကျင်စွာအော်ဟစ်လိုက်ရင်း မီးတောက်မတတ်အကြည့်ဖြင့် ယန်ရှိရန်အား လှမ်းကြည့်လိုက်လေသည်။

ယန်ရှိရန်ကမူ ကြောက်လန့်သွားခြင်းမရှိဘဲ ရယ်မော၍ပင် ပြန်ပြောလိုက်သည်။ “စိတ်မပူနဲ့။ မင်းသေမှာမဟုတ်ဘူး။ ငါ့မြွေလေးက မင်းကိုဘာထိခိုက်အောင်မှ လုပ်မှာမဟုတ်ဘူး။ သူက အခြားသူတွေဆီကနေ မှော်ရတနာတွေကို လုယူနိုင်တာ။ မင်းမှော်ရတနာတွေကို ယူပြီးသွားတာနဲ့ မင်းဒဏ်ရာတွေကို မင်းဘာသာမင်း ပြန်ကုလိုက်ရုံပဲ။”

ငါထင်တဲ့အတိုင်းပဲ ရန်ကိုင်ရင်ထိတ်သွားခဲ့လေသည်။ မြွေလေး၏စွမ်းရည်သည် သူထင်ထားခဲ့သလိုပင် အခြားသူများ၏ မှော်ရတနာကို လုယူသည့်စွမ်းရည် ဖြစ်နေခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၄၀)

ရန်ကိုင့်တွင်ရှိနေသော မှော်ရတနာသုံးခုစလုံးသည် ကြယ်တာရာအစုအဝေးတွင်ပင် အလွန်ကိုမှ အဖိုးတန်လွန်းသည့် မှော်ရတနာများ ဖြစ်ကြသည်။ ပြောစရာမလိုအောင်ပင် ယန်ယန်ဆီမှ ရရှိထားသည့် ဧကရာဇ်မှော်ရတနာနှစ်ခုသည် အလွန့်အလွန်ကိုမှ တန်ဖိုးကြီးပေသည်။

ထိုမှော်ရတနာများသည် ဧကရာဇ်အဆင့် ပညာရှင်များပင်လျှင် တပ်မက်ရလောက်သည့် မှော်ရတနာများ ဖြစ်ကြသည်။ နဂါးအရိုးဓားမှာ အရမ်းကြီးအဆင့်မမြင့်သော်ငြား ထိုသို့ဖြစ်နေရခြင်းမှာ ရန်ကိုင်မှထိုဓားကို အစစ်အမှန် မှော်ရတနာတစ်ခုဖြစ်အောင် မသန့်စင်ရသေးသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။

လက်ရှိအချိန်တွင် နဂါးအရိုးဓားသည် မပြီးပြတ်သေးသည့် မှော်ရတနာတစ်ခုသာ ဖြစ်၏။ သို့သော်လည်း နဂါးအရိုးဓားကို ထုလုပ်ရန် အသုံးပြုသည့်ပစ္စည်းများမှာ နဂါးအရိုးနှင့် နဂါးဓာတ်လုံးများ ဖြစ်ကြသည့်အတွက် နဂါးအရိုးဓား၏တန်ဖိုးသည် ဧကရာဇ်မှော်ရတနာလောက် မြင့်မားခြင်းမရှိလျှင်ပင် အလွန်ကိုမှ တန်ဖိုးကြီးသည့်အထဲတော့ ပါပေသေးသည်။

ထို့ကြောင့် ရတနာခိုးသည့်မြွေ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာသည်နှင့် ရန်ကိုင် အလွန်ကိုမှ စိုးရိမ်လာခဲ့သည်။ သို့သော်လည်း စိုးရိမ်နေရုံသာ တတ်နိုင်၏။ သူ့ခွန်အားမှာ ချိတ်ပိတ်ထားခြင်း ခံရသည့်အတွက် ဘာဆိုဘာမှ ပြန်မလုပ်နိုင်ခဲ့ပေ။

သူ့ခွန်အားကို ပြန်ရနေလျှင်ပင် ဤယန်ရှိရန်၏ပြိုင်ဖက် မဖြစ်နိုင်သေး။ ယန်ရှိရန်သည် ထိုမြင်ကွင်းကို ဘေးမှနေ၍ တပြုံးပြုံးဖြင့် ကြည့်နေခဲ့သည်။ ညစ်ကျယ်ကျယ်ပြုံးနေရင်းမှ ပြောလိုက်လေ၏။ “အခုချိန်နောင်တရလို့ နောက်မကျသေးဘူးနော်။ မနာချင်ရင် မင်းမှော်ရတနာတွေကို လိမ်လိမ်မာမာနဲ့ပေးလိုက်။ မင်းမှော်ရတနာတွေက အဖိုးတန်တယ်ဆိုရင်တောင် မင်းသေသွားရင် သုံးလို့ရတော့မှာ မဟုတ်ဘူးဆိုတာကို သိသင့်တယ်”

ရန်ကိုင်သည် ဘာမှပြန်မပြောဘဲ ယန်ရှိရန်ကိုသာ အမုန်းတရားများ ပြည့်နှက်နေသည့်အကြည့်ဖြင့် အေးစက်စွာ စိုက်ကြည့်လိုက်လေသည်။ ယန်ရှိရန်ကမူ အထင်မြင်တသေးဖြင့် ပြန်ပြောလိုက်လေ၏။ “ခေါင်းမာတာလား။ ရတယ်လေ အဲ့ဒီတော့ အရမ်းကောင်းတဲ့ နာကျင်မှုလေးကို ဆက်ပြီးခံစားလိုက်ဦးပေါ့။” ပြောပြီးသည်နှင့် လက်ကွက်တစ်ခုကို ဖန်တီးလိုက်လေ၏။

ယန်ရှိရန်၏အချက်ပြမှုကို ရရှိလိုက်သည့်အလား ရန်ကိုင့်ကိုယ်ထဲတွင် ရောက်နေသော ရတနာခိုးသည့်မြွေသည် ပို၍လျင်လျင်မြန်မြန်နှင့် ပြင်းပြင်းထန်ထန် လှုပ်ရှားလာခဲ့လေသည်။

ရန်ကိုင် နောက်တစ်ကြိမ် ထအော်မိပြန်လေ၏။ ရတနာခိုးသည့်မြွေ ဦးတည်သွားနေသည့်လမ်းကြောင်းကို ရန်ကိုင်သေချာ ခံစားမိပေသည်။ ဤမွန်းစတားသရဲသည် မှော်ရတနာများကို အာရုံခံနိုင်သည့်စွမ်းရည်အား ပိုင်ဆိုင်ထားသလားဟုပင် ထင်မှတ်ရသည်။

ယခုရတနာခိုးသည့်မြွေ ဦးတည်သွားနေသည့် နေရာမှာ နဂါးအရိုးဓားပင် ဖြစ်လေသည်။ နာကျင်မှုမှာ အလွန်ကိုမှ ပြင်းထန်သည့်အတွက် ရန်ကိုင့်နဖူးထက် ချွေးသီးချွေးပေါက်များ စီးကျလာခဲ့လေသည်။

နာကျင်မှုကိုတောင့်ခံနေရင်း တစ်ပြိုင်တည်းတွင် ရတနာခိုးသည့်မြွေကိုလည်း အာရုံစိုက် လေ့လာကြည့်နေ၏။ ရတနာခိုးသည့်မြွေသည် မကြာမီ နဂါးအရိုးဓားဆီသို့ ရောက်လာပြီး ၎င်း၏ပါးစပ်ကိုဟကာ နဂါးအရိုးဓားတစ်ချောင်းလုံးကို ဝါးမြိုချလိုက်လေသည်။

သို့သော်လည်း ထိုသို့ဝါးမြိုလိုက်ပြီးနောက် မမျှော်လင့်ထားသည့် ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။ ရတနာခိုးသည့်မြွေသည် အလွန်ကိုမှ ကြောက်လန့်တုန်လှုပ် သွားသည့်အလား ချက်ချင်းပဲ နဂါးအရိုးဓားကို ထွေးထုတ်၍ လှည့်ပြေးလေ၏။

ထိုအခိုက်အတန့်တွင် နဂါးအရိုးဓားဆီမှ နဂါးဖိအား ထွက်ပေါ်လာပြီး နဂါးအရိုးဓား၏လက်ကိုင်တွင် ထည့်သွင်းထားသော နဂါးဓာတ်လုံးထဲရှိ နဂါးဝိညာဉ် ရုတ်တရက် မျက်လုံးဖွင့်လာပြီး ရတနာခိုးသည့်မြွေအား စိုက်ကြည့်လိုက်သည်ကို ရန်ကိုင်သေချာ ခံစားမိလိုက်လေသည်။

နဂါးဝိညာဉ်ဆီမှ ထွက်ပေါ်လာသည့် နဂါးဖိအားကြောင့် ရတနာရှာသည့်မြွေ လန့်ပြေးသွားခြင်းဖြစ်သည်။ ထိုအခြင်းအရာကို မြင်ပြီးနောက် ရန်ကိုင်ဝမ်းသာအားရ ဖြစ်သွားလေသည်။ ကောလဟလများအရ ရေနဂါးများနှင့် မြွေများသည် နဂါးများမှ ဆင်းသက်လာကြသည်ဟု ပြောကြသည်။

တစ်နည်းဆိုရသော် အစစ်အမှန်နဂါးများသည် ထိုမွန်းစတားသရဲများ၏ ဘိုးဘေးများဖြစ်ကြပေသည်။ ရတနာခိုးသည့်မြွေသည် မြွေတစ်မျိုးသာ ဖြစ်သည်။ သူ့ဘိုးဘေးရှေ့တွင် မည်ကဲ့သို့များ မောက်မာဝံ့ကြွားစွာ ပြုမူရဲမည်နည်း။

“ဟမ်” ရတနာခိုးသည့်မြွေ၏ အခြေအနေကို လေ့လာစောင့်ကြည့်နေသော ယန်ရှိရန်သည်လည်း အံ့အားသင့်သွားခဲ့လေသည်။ ဤသည်မှာ သူ၏ရတနာခိုးသည့်မြွေ တစ်ဖက်လူ၏မှော်ရတနာကို ပထမဆုံးအကြိမ်အဖြစ် မလုယူနိုင်ခြင်းဖြစ်သည်။

ဘာကြောင့်များ ထိုကဲ့သို့ ဖြစ်သွားရလေသနည်းဟု တွေးလျက် ရန်ကိုင့်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ ရတနာခိုးသည့်မြွေမှာ နဂါးအရိုးဓားကို မလုယူရဲတော့သည့်အတွက် အခြားမှော်ရတနာများဆီသို့သာ ဦးတည်လိုက်လေသည်။

ယခုတစ်ကြိမ် သူ့ပစ်မှတ်မှာ သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံး ဖြစ်သည်။ သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံးသည် နဂါးအရိုးဓားကဲ့သို့ နဂါးဖိအားကို ထုတ်လွှတ်နေခြင်း မရှိသော်လည်း ဓာတ်လုံးတစ်ဝိုက်တွင် ရစ်သိုင်းနေသော မိုးကြိုးဓာတ်အရှိန်အဝါသည် ရတနာခိုးသည့်မြွေ ခုခံနိုင်သည့်အရာမျိုး မဟုတ်ချေ။

ထို့ကြောင့် ရတနာခိုးသည့်မြွေသည် သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံးအား တစ်ချက်သာ ကြည့်လိုက်ပြီး အခြားမှော်ရတနာတစ်ခုဆီသို့ ဦးတည်လိုက်ပြန်သည်။ မကြာမီ ရတနာခိုးသည့်မြွေသည် ကမ္ဘာငယ်လေးဆီသို့ ရောက်လာခဲ့လေသည်။ ပထမမှော်ရတနာနှစ်ခုနှင့် ပတ်သက်၍ သင်ခန်းစာ ရထားပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ရတနာခိုးသည့်မြွေသည် ကမ္ဘာငယ်လေးကို မြင်လိုက်သည်နှင့် ချက်ချင်းပြေးသွားပြီး ဝါးမြိုခြင်းမပြုဘဲ ကမ္ဘာငယ်လေးကိုသာ ဝိုင်းကြီးပတ်ပတ်လှည့်ပတ်၍ အရင်စူးစမ်းကြည့်လိုက်သည်။

ကမ္ဘာငယ်လေးဆီမှ မည်သည့်အန္တရာယ် အငွေ့အသက်မှ မခံစားရသော် ရတနာခိုးသည့်မြွေသည် ၎င်း၏ပါးစပ်ကိုဟ၍ ကမ္ဘာငယ်လေးအား တစ်ကျိုက်တည်း ဝါးမြိုပစ်လိုက်လေ၏။ ထို့နောက် ရန်ကိုင့်ကိုယ်ထဲမှ ပြန်ထွက်လာရန် လုပ်လိုက်လေသည်။

ထိုအခါမှပဲ သူအမှားကြီးတစ်ခုကို လုပ်လိုက်မိပြီမှန်း ရတနာခိုးသည့်မြွေ နားလည်သွားခဲ့သည်။ ကမ္ဘာငယ်လေး ရတနာခိုးသည့်မြွေ၏ ဝမ်းဗိုက်ထဲ ရောက်သွားသည်နှင့် ၎င်းဆီမှ မိုးမြေစွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့လေသည်။ ထိုစွမ်းအင်ကြောင့် ရတနာခိုးသည့်မြွေ၏ ဝမ်းဗိုက်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားခဲ့သည်။

ရတနာခိုးသည့်မြွေမှာလည်း နာကျင်စွာအော်ဟစ်ရင်း ကြောက်လန့်တကြား ထွက်ပြေးတော့လေသည်။ ကမ္ဘာငယ်လေးသည် သီးခြားတည်ရှိနေသည့် ကမ္ဘာလောကတစ်ခု ဖြစ်သည်။ ရန်ကိုင့်အနေဖြင့် ကမ္ဘာငယ်လေးအား သူ့ကိုယ်ထဲတွင် ထည့်ထားနိုင်ခြင်းမှာ သူမှထိုအရာကို ကြိုးစားပမ်းစားနှင့် သန့်စင်ခဲ့သည့်အတွက်ကြောင့် ဖြစ်ပေသည်။

သို့သော်လည်း ရတနာခိုးသည့်မြွေသည် ဘာမှမဟုတ်သည့် သူ၏ခွန်အားလေးဖြင့် ကမ္ဘာငယ်လေးကို ဝါးမြိုရန် ကြိုးစားချင်နေသည်။ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်ပြီး သေမသွားသည်မှာပင် ကံကောင်းသည်ဟု ပြော၍ရပေသည်။

ရန်ကိုင့်ကိုယ်ထဲတွင် ရှိနေသည့် ရတနာသုံးခုစလုံးသည် သူရယူနိုင်သည့်အရာများ မဟုတ်မှန်း သိလိုက်သော် ရတနာခိုးသည့်မြွေသည် ရန်ကိုင့်ကိုယ်ထဲမှ အလျင်အမြန် ပြန်ထွက်လာခဲ့လေသည်။

တစ်ချိန်တည်းတွင် ရတနာခိုးသည့်မြွေ၏ အခြေအနေကို စောင့်ကြည့်နေသော ယန်ရှိရန်သည်လည်း မျက်နှာပျက်သွားခဲ့လေ၏။

“ဘာဖြစ်သွားတာလဲ။” သူ့တွင် ရတနာခိုးသည့်မြွေ၏ အခြေအနေကို စောင့်ကြည့်နိုင်သည့် နည်းလမ်းတစ်ခုရှိပေသည်။

ထို့ကြောင့် ရတနာခိုးသည့်မြွေ ဒဏ်ရာရသွားသည်ကို ယန်ရှိရန် ချက်ချင်းသတိပြုမိလိုက်သည်။ သတိပြုမိလိုက်သည်နှင့် ချက်ချင်းပဲ လက်ကွက်များကို ဖန်တီး၍ ရတနာခိုးသည့်မြွေအား အမြန်ပြန်လာရန် တိုက်တွန်းလိုက်လေသည်။

နာကျင်မှုအား တောင့်ခံနေပြီးနောက် ရုတ်တရက် ရန်ကိုင်၏ခန္ဓာကိုယ် နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့လေသည်။ သူ့ရင်ဘတ်ဆီမှ သွေးချင်းနီနေသည့် မြွေတစ်ကောင် ခုန်ထွက်လာပြီး ယန်ရှိရန်ဆီသို့ ပြေးဝင်သွားလေသည်။

သွေးများယိုစီးကျနေသည့် ရတနာခိုးသည့်မြွေ၏ ဝမ်းဗိုက်ရှိ အပေါက်ကြီးကိုကြည့်ရင်း ယန်ရှိရန် အလွန်ကိုမှ စိတ်ညစ်သွားခဲ့သည်။ ထိုစဉ် ယန်ရှိရန်နှင့် လျို့ရှန်းယွင်တို့ ထင်မှတ်မထားသည့် ဖြစ်ရပ်တစ်ခုဖြစ်လာခဲ့သည်။

ရန်ကိုင်သည် နောက်သို့ဒယီးဒပါး ဆုတ်သွားရာမှ ရုတ်တရက် သူ့လက်ကိုဆန့်ထုတ်၍ ရတနာခိုးသည့်မြွေအား ဖမ်းကိုင်လိုက်လေသည်။ ထို့နောက် မြွေခေါင်းကို သူ့လက်ဖြင့် ချေချပစ်လိုက်သည်။ ရန်ကိုင်သည် သူ၏သူတော်စင်ချီကို အသုံးမပြုနိုင်သေးသော်ငြား သူ့ကာယခွန်အားမှာ ပေါ့သေးသေးမဟုတ်။

ရန်ကိုင်လှုပ်ရှားသွားသည်မှာ အလွန်ကိုမှ မြန်လွန်းသဖြင့် ယန်ရှိရန်ပင် အချိန်မီမတုံ့ပြန်နိုင်လိုက်ပေ။ သူအသိပြန်ဝင်လာသည့်အချိန်တွင် ရတနာခိုးသည့်မြွေမှာ သေနေခဲ့လေပြီ။

ရန်ကိုင်သည် ယန်ရှိရန်အား ညစ်ကျယ်ကျယ် ပြုံးကြည့်ရင်းမှ ရတနာခိုးသည့်မြွေကို သူ့ပါးစပ်ထဲသို့ထည့်၍ တကျွတ်ကျွတ် မြည်အောင် ဝါးစားပြလိုက်လေသည်။ ရန်ကိုင့်၏ပါးစပ် နှုတ်ခမ်းထောင့်ဆီမှ သွေးများစီးကျလာခဲ့သည်။

“မင်း…” ယန်ရှိရန် ကြောင်သွားခဲ့လေသည်။ သူ့ရတနာခိုးသည့်မြွေ ဤကဲ့သို့ဖြစ်သွားရလိမ့်မည်ဟု တစ်ခါမှထင်မထားခဲ့ပေ။ ရန်ကိုင်၏ခွန်အားမှာ ချိတ်ပိတ်ထားခြင်းခံရသည့်အတွက် ရန်ကိုင့်ကိုလည်း အရမ်းကြီး သတိမထားခဲ့။

သို့သော်လည်း သူသတိလက်လွတ် နေလိုက်မိသည့်အတွက်ကြောင့် သူ၏ရတနာခိုးသည့်မြွေမှာ သေသွားခဲ့ရလေပြီ။ လျို့ရှန်းယွင်မှာတော့ ထိုမြင်ကွင်းကို ကြည့်ရင်း တုန်တုန်ရီရီ ဖြစ်နေခဲ့သည်။

လက်ရှိအချိန်တွင် သူမနှင့်ရန်ကိုင်သည် အကျဉ်းသားများ ဖြစ်နေကြသည်။ ယခုရန်ကိုင့်လုပ်ရပ်သည် ပိုးဖလံမီးတွင်းထဲသို့ တိုးဝင်သည့်ပုံစံနှင့်မခြားချေ။ အခြေအနေ၊ အချိန်အခါကို သူမသိလေသလော။

“သွားပြီ။ တကယ်သွားပြီ” ယခုအချိန်တွင် လျို့ရှန်းယွင်သည် ရန်ကိုင်နှင့်ပူးပေါင်းမိသည်ကိုပင် နောင်တရနေခဲ့လေသည်။ ရန်ကိုင်သည် ပုံမှန်အားဖြင့် တည်တည်ငြိမ်ငြိမ် ရှိနေရင်းမှ ဘာကြောင့်များ ရုတ်တရက် အရူးတစ်ယောက်ကဲ့သို့ ထလုပ်ရသနည်း။

“မင်းသေချင်နေတာပဲ။” ယန်ရှိရန်သည် အလွန်ကိုမှ ဒေါသထွက်သွားပြီး ရန်ကိုင့်ဆီသို့ ပြေးလာကာ ရန်ကိုင့်မျက်နှာကို လက်သီးဖြင့် ပိတ်ထိုးတော့လေသည်။

“ခွပ်” လက်ရှိ ကြိုးဖြင့်ချုပ်နှောင်ထားခံရသည့် ရန်ကိုင်သည် ထိုလက်သီးချက်ကို မည်ကဲ့သို့များ ခုခံနိုင်ပါမည်နည်း။ ချက်ချင်းဆိုသလို ရန်ကိုင်သည် ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် လွင့်စင်ထွက်သွားခဲ့ပြီး အနားတွင်ရှိနေသော တောင်ထဲသို့ကျွံဝင်သွားခဲ့လေသည်။ အရိုးကျိုးသံများလည်း တဖြောက်ဖြောက် ထွက်ပေါ်လာခဲ့သည်။

“ရောင်းရင်းရန်” ထိုမြင်ကွင်းကိုမြင်ပြီးနောက် လျို့ရှန်းယွင် အလန့်တကြား ထအော်လေ၏။ ရန်ကိုင် ရုတ်တရက်ကြီး ဘာကြောင့်များ ဤကဲ့သို့ ထလုပ်ရသလဲဆိုသည်ကို နားမလည်သော်ငြား ရန်ကိုင့်အား စိုးရိမ်တကြီးဖြင့် လှမ်း၍တော့ခေါ်မိလိုက်သေးသည်။

တကယ်တော့ မည်သို့ပင်ဖြစ်စေကာမူ သူမနှင့်ရန်ကိုင်သည် အဆင့်နိမ့်ကြယ်စီရင်စုကြီးမှ တက်လာကြသည့်သူများ ဖြစ်ကြသည်။ တစ်ဖက်တွင်တော့ ဤငှက်မွေးပြာဂိုဏ်းသားများသည် တစ်ယောက်မှ ကောင်းသည့်ပုံမပေါ်။

ရန်ကိုင်သည်သာ ဤနေရာတွင် ဤကဲ့သို့သေသွားရမည် ဆိုပါက သူမရဲ့အနာဂတ်လည်း စိုးရိမ်စရာ ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် ရန်ကိုင့်အား ဤနေရာတွင် မသေစေချင်ပေ။

သို့သော်လည်း ရန်ကိုင့်တွင် အသက်ရှင်နိုင်ချေ နည်းနည်းလေးသာရှိမှန်း သိနေခဲ့သည်။ ယန်ရှိရန်သည် သူ့လက်သီးချက်နှင့်ပတ်သက်၍ နည်းနည်းလေးမှ ညှာတာမနေခဲ့။

ရန်ကိုင့်နေရာတွင်သာ သူမသာဆိုလျှင် ကျိန်းသေ အသတ်ခံနေရလောက်ပေပြီ။ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သာရှိသေးသော ရန်ကိုင်ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။

“အဟွတ်..အဟွတ်” ချောင်းဆိုးသံနှင့်အတူ ရန်ကိုင်သည် ခက်ခက်ခဲခဲဖြင့် ထရပ်လာခဲ့သည်။ ထို့နောက် ရတနာခိုးသည့်မြွေ၏ အသားများကို ထွေးထုတ်လိုက်ပြီး သည်းခြေကိုသာ မျိုချပစ်လိုက်လေသည်။

လျို့ရှန်းယွင်သည် ရန်ကိုင့်အား မွန်းစတားသရဲ တစ်ကောင်အား ကြည့်သကဲ့သို့ ကြည့်နေလိုက်လေသည်။ ရန်ကိုင့်လုပ်ရပ်ကိုမြင်ပြီးနောက် လျို့ရှန်းယွင် မျက်လုံးပြူး မျက်ဆံပြူးဖြစ်သွားပြီး ရင်တဒုန်းဒုန်း ခုန်လာခဲ့လေ၏။

“သူအသက်ရှင်နေသေးတာလား။ ဘယ်လိုလုပ်ပြီး တော့လဲ” “ဒီကောင်မသေဘူးလား” ယန်ရှိရန်လည်း ကြောင်သွားခဲ့လေသည်။ အစောပိုင်းကလက်သီးချက်သည် သူ၏ရတနာခိုးသည့်မြွေ သေသွားသဖြင့် အလွန်ကိုမှ ဒေါသထွက်ထွက်ဖြင့် ထိုးချလိုက်သည့် လက်သီးချက်တစ်ချက် ဖြစ်သည်။

ရတနာခိုးသည့်မြွေသည် တိုက်ပွဲတွင် အသုံးမဝင်သော်လည်း အခြားသူများ၏ မှော်ရတနာကို လုယူနိုင်ပေသည်။ သူ့အနေဖြင့် ထိုရတနာခိုးသည့်မြွေကိုရရန် တန်ဖိုးကြီးကြီး ပေးဝယ်ခဲ့ရသည်။

သူ၏အဖိုးတန်မြွေလေးကို ရန်ကိုင်မှ ရက်ရက်စက်စက် သတ်ပစ်လိုက်သည်ကို ယန်ရှိရန်အနေဖြင့် မည်သို့များ ရပ်ကြည့်နိုင်မည်နည်း။ ရန်ကိုင်မသေသေးသည်ကို မြင်သော် ယန်ရှိရန်၏မျက်လုံးများ အေးစက်သွားခဲ့လေသည်။

ချီစွမ်းအင်သည် ပေါက်ကွဲထွက်တော့မည့် မီးတောင်တစ်လုံးနှယ် သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာခဲ့သည်။ ထို့နောက် ရန်ကိုင့်ဆီသို့ တစ်လှမ်းချင်း‌ လျှောက်သွားလိုက်လေ၏။

All Chapters