← Chapters

အခန်း (၁၉၄၁-၁၉၄၅)

Vol. 78 Ch. 1941-1945

အခန်း (၁၉၄၁-၁၉၄၅)

Vol. 78 Ch. 1941-1945

အပိုင်း (၁၉၄၁)

ရန်ကိုင်ကမူ ကြောက်လန့်သွားခြင်းမရှိဘဲ ပြုံးဖြီးဖြီးဖြင့်သာ ပြန်ပြောလိုက်လေသည်။ “မင်းငါ့ကိုသတ်ရင် အကျိုးဆက်ကို ရင်ဆိုင်ရမှာနော်။”

“မင်းလိုဘာမဟုတ်တဲ့ အကျဉ်းသားတစ်ယောက်ကများ ဒီအဖေကို လာမေးခွန်းထုတ်နေရဲသေးတယ်။ မင်းလိုအမှိုက် တစ်ကောင်သေသွားလို့ ဘယ်သူမှ ဂရုစိုက်နေမှာမဟုတ်ဘူး။”

“တကယ်လား” ရန်ကိုင်က ပါးစပ်ထဲရှိသွေးများကို ထွေးထုတ်ရင်း “ငါတို့ကို ဘယ်လိုကိုင်တွယ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး စီနီယာအစ်ကိုခို့က ကာကွယ်သူပိရန်ကို သွားမေးမယ်လို့ ပြောသွားတယ်။ သူအမိန့်မပေးဘဲ မင်းငါတို့ကို သတ်လိုက်တဲ့အကြောင်းသာ သူ့နားထဲ ရောက်သွားရင် မင်းဘာဆက်ဖြစ်မယ်ထင်လဲ”

ကာကွယ်သူပိရန်ဆိုသည့် နာမည်ကိုကြားသည့်အခါ ယန်ရှိရန်၏မျက်လုံးထဲ ကြောက်လန့်တုန်လှုပ်ရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ ရေအေးအေးတစ်ခွက်ဖြင့် လောင်းချခံလိုက်ရသည့်အလား သူ့ဒေါသတို့မှာ တစ်မုဟုတ်ချည်း ချုပ်ငြိမ်းသွားခဲ့လေ၏။

ငါထင်တဲ့အတိုင်းပဲ ယန်ရှိရန်၏အမူအရာကို မြင်သော် ရန်ကိုင်လုံးဝကို တည်ငြိမ်သွားခဲ့လေသည်။ ယခုငှက်မွေးပြာဂိုဏ်းသားများ၏ အပြုအမူကို ကြည့်ရသလောက် ကောင်းသည့်လူတစ်ယောက်ကိုမှ မတွေ့ပေ။

ဂိုဏ်းသားများပင် မကောင်းလေရာ ဂိုဏ်းသည်လည်း ကောင်းလိမ့်မည်မဟုတ်။ ထိုကဲ့သို့သော ဂိုဏ်းတစ်ဂိုဏ်း ယခုအချိန်ထိ မပျက်စီးရသည့်အကြောင်းရင်းမှာ တင်းကြပ်သည့် ဥပဒေစည်းမျဉ်းများကြောင့်သာ ဖြစ်ရပေလိမ့်မည်။

ထို့ကြောင့်ပင် ရန်ကိုင်သည် သူတစ်ခါမှမတွေ့ဖူးသေးသည့် ကာကွယ်သူပိရန်၏ နာမည်ကိုသုံးကာ ယန်ရှိရန်ကို ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။

ယန်ရှိရန် တုံ့ဆိုင်းသွားခဲ့လေသည်။ ရန်ကိုင်ပြောသလိုပင် ယန်ရှိရန်သာ ကာကွယ်သူရန်၏ အမိန့်မပါဘဲ ရန်ကိုင့်အား သတ်လိုက်မည်ဆိုပါက ပြဿနာတက်သွားနိုင်၏။

ကာကွယ်သူပိရန်မှ သူ့အားမသတ်လျှင်ပင် အနည်းဆုံးတော့ အပြစ်ပေးခံရလိမ့်မည်။ ထို့ကြောင့် ရန်ကိုင့်အားသတ်မည့် သူ့အကြံအစည်ကို ဤနေရာတွင်သာ ရပ်တန့်လိုက်ရတော့လေသည်။

သို့သော်လည်း သူ့အဖိုးတန်မြွေလေးကို ရန်ကိုင်မှ သတ်သွားသည်ဖြစ်လေရာ သူ့အနေဖြင့် ဤကိစ္စကို ဤနေရာတွင်ပင် မည်သို့မှမရပ်လိုက်နိုင်ပေ။

တခဏတာ တုံ့ဆိုင်းတွေဝေနေပြီးနောက်တွင် ယန်ရှိရန်သည် ရန်ကိုင်ဆီသို့ လျှောက်သွားပြီး ဒေါသတကြီးဖြင့် ပြောလိုက်၏။ “အခုတော့ နေဦးပေါ့ကွာ။ ကာကွယ်သူပိရန်သာ မင်းကိုသေမိန့်ပေးလိုက်ပြီဆိုရင် ဒီအဖေကိုယ်တိုင် မင်းကိုလာသတ်ပေးမယ်”

ရန်ကိုင်ကမူ ထိုစကားကိုကြားသည့်အခါ နှုတ်ခမ်းကိုသာ ကွေးပြလိုက်လေ၏။ “အခုမင်းကို သတ်လို့မရသေးဘူး ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အပြစ်ပေးလို့မရတာမှ မဟုတ်တာ။ မင်းခန္ဓာကိုယ်ဘယ်လောက်မာလဲ ကြည့်ရသေးတာပေါ့ကွာ။” ပြောပြီးသည်နှင့် ယန်ရှိရန်သည် သူ့လက်သီးထိပ်တွင် အရင်းအမြစ်ချီကို စုစည်းလျက် ရန်ကိုင့်ဝမ်းဗိုက်ဆီသို့ ထိုးချလိုက်လေသည်။

“ဘုန်း…” တောင်တစ်လုံးဖြင့် ဝင်ဆောင့်ခံလိုက်ရသည့်အလား ရန်ကိုင့်တစ်ကိုယ်လုံး ပုစွန်တစ်ကောင်နှယ် ကွေးတက်သွားခဲ့၏။ အလွန်ကိုမှ သည်းမခံနိုင်လောက်အောင် ပြင်းထန်သည့် နာကျင်မှုကြောင့် ရန်ကိုင်သည် သွေးတစ်ပွက် ထိုးအန်လိုက်ရလေသည်။

တမင်သက်သက်ပဲလားမသိ။ ရန်ကိုင်အန်ချလိုက်သည့် သွေးများသည် ယန်ရှိရန်၏မျက်နှာကို သွားစင်လေ၏။ ထိုအဖြစ်အပျက်ကြောင့် ယန်ရှိရန်မှာ ပို၍ဒေါသထွက်သွားခဲ့ပြီး ရန်ကိုင့်အား ခြေထောက်ဖြင့် ထပ်မံဆောင့်ကန်ချလေသည်။

ချက်ချင်းဆိုသလို ရန်ကိုင့်တစ်ကိုယ်လုံး လွင့်ပျံထွက်သွားခဲ့လေသည်။ ဤတစ်ကြိမ်တွင်တော့ ရန်ကိုင် ပြန်ထမလာနိုင်တော့ပေ။ ကြည့်ရသလောက် ရန်ကိုင် သတိလစ်သွားသည့်ပုံပင်။

“မင်းကံကောင်းသွားတယ်မှတ်” ပြောပြီးသည့်နောက် လျို့ရှန်းယွင်အား လှမ်းအော်ပြောလိုက်လေ၏။ “သူ့ကို ဆွဲခေါ်လာပြီး ငါ့နောက်လိုက်ခဲ့။” ရတနာခိုးသည့်မြွေမှာ သေသွားပြီဖြစ်သည့်အတွက်ကြောင့် လျို့ရှန်းယွင်၏ မှော်ရတနာများကို လိုချင်လျှင်ပင် မယူနိုင်တော့ချေ။

ထို့ကြောင့် အရင်ဦးစွာ ထိုနှစ်ယောက်ကို အရိုးအကျဉ်းထောင်ထဲတွင် အကျဉ်းချထားပြီး နောက်မှသာ သူတို့အား နှိပ်စက်နိုင်မည့်နည်းလမ်းများကို ရှာရပေမည်။

ထိုစကားကိုကြားသည့်အခါ လျို့ရှန်းယွင်သည် ရန်ကိုင့်ဘေးနားသို့ အလျင်စလိုပြေးလာပြီး ရန်ကိုင်၏ နှလုံးခုန်နှုန်းကို စမ်းကြည့်လိုက်လေသည်။ ရန်ကိုင်အသက်ရှင်နေသေးမှန်း သိသွားပြီးမှသာ စိတ်အေးသွားနိုင်ခဲ့၏။

သူမကိုယ်သူမ တည်ငြိမ်နေအောင် လုပ်လိုက်ပြီးနောက် ရန်ကိုင်၏ခန္ဓာကိုယ်ကိုမကာ ကုန်းပိုးလိုက်လေသည်။ ထို့နောက် ယန်ရှိရန်ထွက်သွားသည့် လမ်းကြောင်းအတိုင်း တောင်ဘေးဘက်ရှိ လိုဏ်ဂူတစ်လုံးထဲသို့ ဝင်လာခဲ့လိုက်သည်။

လိုဏ်ဂူထဲမှထွက်ပေါ်နေသည့် ဖိအားတစ်မျိုးကြောင့် လျို့ရှန်းယွင်၏လည်ပင်းလေး မသိမသာ ကျုံ့ဝင်သွားခဲ့လေသည်။ လိုဏ်ဂူတစ်ခုလုံးသည် အလွန်ကိုမှ ချောက်ချားဖွယ်ရာ ကောင်းလေသည်။

ထို့အပြင် တောင်အတွင်းပိုင်းဆီမှ နာကျင်စွာ အော်ဟစ်နေသည့် အသံများကိုလည်း ကြားကြားနေရလေသည်။ အထဲသို့ဝင်လာပြီးနောက်တွင် ယန်ရှိရန်က လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။ “အရိုးအကျဉ်းထောင်ထဲကို ဝင်လာပြီးတဲ့သူတွေထဲမှာ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်တဲ့သူဆိုတာ သိပ်မရှိဘူး။ နင် လူမဆန်တဲ့နှိပ်စက်မှုတွေိကို မခံချင်ဘူးဆိုရင် နင့်မှော်ရတနာတွေကို မြန်နိုင်သမျှ မြန်မြန်ပေးလိုက်တာ အကောင်းဆုံးပဲ။ အဲ့ဒါဆို နင်နေလို့ထိုင်လို့ ပိုအဆင်ပြေအောင် ငါကူညီပေးလို့ရတယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ သေတာထက်ဆိုးတဲ့ ဘဝဆိုတာ ဘာလဲသိအောင် ငါလုပ်ပြပေးမယ်။”

ထိုစကားကိုကြားသည့်အခါ လျို့ရှန်းယွင်၏မျက်နှာလေး ဖြူရော်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလာခဲ့လေသည်။ သို့တိုင် သူမ၏မှော်ရတနာကိုပေးရန် ငြင်းဆန်နေသး၏။

လိုဏ်ဂူအတွင်းပိုင်းသို့ ရောက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်မှာ ပိုပို၍မှောင်မိုက် စိုစွတ်လာခဲ့လေသည်။ မကြာမီ ရွံစရာအနံ့အသက်များကိုပါ ရလာခဲ့သည်။ ထိုအနံ့များကြောင့် လျို့ရှန်းယွင် မျက်မှောင်ကျုံ့သွားခဲ့သည်။

မီတာတစ်ထောင်ခန့် လျှောက်လာပြီးနောက်တွင် အကျဉ်းတိုက်တစ်ခုဆီသို့ ရောက်လာခဲ့သည်။ အကျဉ်းခန်းနံရံများကို အလွန်ကိုမှ မာကြောခိုင်ခံ့သည့် မွန်းစတားသရဲတစ်ကောင်၏ အရိုးများဖြင့် ပြုလုပ်ထားပေသည်။

ရုတ်တရက် ထိုအကျဉ်းခန်းများဆီမှ သွေးနီရောင်မျက်လုံး များစွာတို့သည် လျို့ရှန်းယွင်အား စိုက်ကြည့်လာခဲ့လေသည်။ ထိုမျက်လုံးများကိုမြင်ပြီးနောက် လျို့ရှန်းယွင်ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမျှင်များ ထောင်တက်သွားခဲ့လေ၏။

“ငါ့ကိုသတ်ပါ။ ငါ့ကိုသတ်ပါ။ ကျေးဇူးပြုပြီး ငါ့ကိုသတ်ပေးပါ။” ရုတ်တရက် တစ်နေရာရာဆီမှ ချောက်ချားဖွယ်ရာ အော်ဟစ်သံတစ်သံ ထွက်ပေါ်နေခဲ့လေသည်။ မည်ကဲ့သို့သော နှိပ်စက်မှုမျိုးကို ခံစားနေရ၍ ထိုလူသည် သူ့ကိုသတ်ပေးရန် တောင်းဆိုနေရလေသနည်း။

လက်ရှိမြင်ရသလောက် ဤနေရာတွင် သေခြင်းသည် အသက်ရှင်နေရသည်ထက်ပင် ပိုကောင်းသည့်ပုံပင်။ နောက်ဘာဖြစ်မလဲဆိုသည့် အကြောင်းကိုတွေးရင်း လျို့ရှန်းယွင်မျက်နှာ သွေးဆုတ်ဖြူရော်လာခဲ့လေသည်။

“အထဲဝင်” ယန်ရှိရန်သည် ရုတ်တရက် အခန်းတစ်ခန်းရှေ့တွင် ရပ်လိုက်ပြီး တံခါးကိုဖွင့်ကာ လျို့ရှန်းယွင်အား အထဲဝင်ရန် အချက်ပြလိုက်လေသည်။ လျို့ရှန်းယွင်လည်း ယန်ရှိရန်ပြောသည့်အတိုင်း ထိုအခန်းထဲသို့ ရန်ကိုင့်အားကျောပိုးရင်း လမ်းလျှောက်ဝင်သွားလိုက်၏။

လျို့ရှန်းယွင် အထဲသို့ဝင်သွားပြီးသည်နှင့် ယန်ရှိရန်သည် အကျဉ်းခန်းတံခါးကို တင်းတင်းကြပ်ကြပ် ပိတ်လိုက်သည်။ ထို့နောက် တံခါးအား နှစ်ကြိမ်သုံးကြိမ်ခန့် ထုရိုက်၍ ပြောလိုက်၏။ “ဒီနှစ်ယောက်က အသစ်တွေပဲ။ မင်းတို့သူတို့ကို သေချာဂရုစိုက်ပေးလိုက်ဦး။” ပြောပြီးသည့်နောက် လှည့်ထွက်သွားလေ၏။

တစ်ချိန်တည်းတွင် မှောင်မိုက်တိတ်ဆိတ်နေသည့် အကျဉ်းခန်းထဲ သွေးနီရောင်မျက်လုံးအချို့ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ယခုအခါမှပဲ ဤအကျဉ်းခန်းထဲတွင် လူလေးယောက်ရှိနေမှန်း လျို့ရှန်းယွင် သိလိုက်ရလေ၏။

“ဟမ်…မိန်းမတစ်ယောက်လား” ရုတ်တရက် အံ့အားသင့်နေသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ပြောပြီးသည့်နောက်တွင် ထိုလူသည် လျို့ရှန်းယွင်၏ ခန္ဓာကိုယ်အနားသို့လာပြီး နှာခေါင်းတရှုံ့ရှုံ့လုပ်လေ၏။

လျို့ရှန်းယွင်၏ကိုယ်နံ့ကို ရှူရှိုက်လိုက်ရပြီးနေုာက် ထိုလူ အလွန်ကိုမှ စိတ်လှုပ်ရှားလာခဲ့လေသည်။ “မိန်းမတစ်ယောက်ပဲကွ ဟား..ဟား… ကောင်းကင်က ငါတို့ညီအစ်ကိုတွေကို ပစ်ပယ်မထားဘူးပဲ။” တစ်ယောက်ယောက်က ရုတ်တရက် ထရယ်လိုက်လေသည်။

ထိုစကားထွက်ပေါ်လာသည်နှင့် အကျဉ်းတိုက်တစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားပြီး အနီးနားရှိ အကျဉ်းခန်းများထဲတွင် ရှိနေသော အကျဉ်းသားများသည် ထိုင်နေရာမှထကာ လျို့ရှန်းယွင်အား အပြူးအပြဲ လာကြည့်ကြလေသည်။

မကြာမီ ပွဲကြီးပွဲကောင်းတစ်ခုကို ကြည့်ရတော့မည့်အလား အကုန်လုံး ညစ်ကျယ်ကျယ် ရယ်မောလိုက်ကြလေသည်။ ထိုအခြင်းအရာကို မြင်ပြီးနောက် လျို့ရှန်းယွင် မျက်နှာပျက်သွားပြီး ချက်ချင်းပဲ အကျဉ်းခန်း၏ ထောင့်တစ်နေရာဆီသို့ ဆုတ်ခွာသွားလေ၏။

နံရံကိုကျောမှီလျက် ထိုလူအုပ်ကြီးကို သတိကြီးကြီးဖြင့် စိုက်ကြည့်လိုက်လေသည်။ အကျဉ်းခန်းထဲတွင် ရှိနေသော လူထွားကြီးတစ်ဦး ရုတ်တရက် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လာခဲ့သည်။

ထိုလူသည် အနည်းဆုံးနှစ်မီတာမြင့်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြွက်သားအမြှောင်းမြှောင်း ထနေ၏။ သူ့ခွန်အားမှာ ချိတ်ပိတ်ထားခြင်း ခံရသော်ငြား ကြွက်သားအမြှောင်းမြှောင်း ထနေသောခန္ဓာကိုယ်ကြီးသည် ရက်စက်ကြမ်းကြုတ်သည့် မွန်းစတားသရဲတစ်ကောင်၏ အရှိန်အဝါကို ပေးစွမ်းနေခဲ့လေသည်။

“ဒီအမျိုးသမီးကငါ့အပိုင်ပဲ” လူထွားကြီးက ပြောလိုက်လေသည်။ ထိုစကားကိုကြားသည့်အခါ အကျဉ်းခန်းထဲတွင် ရှိနေသော လူသုံးယောက်အနက်မှ တစ်ဦးကပြန်ပြောလိုက်၏။ “ခေါင်းဆောင်ကျုံးက ပြောလာမှတော့ ကျုပ်တို့ညီအစ်ကိုတွေက မျက်နှာသာပေးရတာပေါ့။ ဒါပေမယ့် ခေါင်ဆောင်ကျုံးပျော်ပြီးသွားရင် ကျုပ်တို့ကို နည်းနည်းလောက် ဟဲ..ဟဲ…ဟဲ…”

“မင်းတို့စိတ်ကြိုက်သာလုပ်” ကျုံးချီက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။ “ခေါင်းဆောင်ကျုံးကို ကျေးဇူးအများကြီးတင်ပါတယ်” ထိုသုံးယောက်သည် ကျေးဇူးတင်စကားပြောပြီးနောက် အလျင်စလို နောက်ပြန်ဆုတ်သွားလေသည်။

ထို့နောက် ပွဲကြီးပွဲကောင်းကို ကြည့်ရတော့မည့်အလား ပြုံးဖြီးဖြီးဖြင့် ရပ်နေကြ၏။ လူထွားကြီးသည် လျို့ရှန်းယွင်အား အနီးကပ်ကြည့်ကြည့်လိုက်လေသည်။ လျို့ရှန်းယွင်၏ရုပ်ရည်ကို မြင်ပြီးနောက် ခေါင်းတငြိမ့်ငြိမ့်ဖြင့် “တကယ့်ကိုအချောအလှလေးပဲ။ ဒီတစ်ကြိမ်တော့ ဒီငှက်မွေးပြာဂိုဏ်းက ခွေးသူတောင်းစားတွေကို ငါတကယ် ကျေးဇူးတင်သွားပြီ။”

“ရှင်ဘာလုပ်ချင်နေတာလဲ” လျို့ရှန်းယွင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်မေးလိုက်လေသည်။ သူမထိတ်လန့် တုန်လှုပ်မနေခဲ့ခြင်းမှာ ဤကဲ့သို့သော နေရာမျိုးတွင် ထိုလူများနှင့် အကျိုးသင့်အကြောင်းသင့် ငြင်းခုံနေခြင်းသည် အသုံးဝင်လိမ့်မည်မဟုတ်မှန်း သိထားသည့်အတွက်ကြောင့် ဖြစ်ပေသည်။

ဤကဲ့သို့သော နေရာမျိုးတွင် အရေးပါသည်မှာ ခွန်အားသာ ဖြစ်သည်။ အားလုံး၏ချီစွမ်းအင်မှာ ချိတ်ပိတ်ထားခြင်း ခံရသည့်အတွက် သူတို့၏ကာယခွန်အားကိုသာ အသုံးပြုနိုင်တော့လေသည်။

နှစ်မီတာခန့်အမြင့်ရှိပြီး ကြွက်သားအမြှောင်းမြှောင်း ထနေသည့် ခန္ဓာကိုယ်ကြီးကိုကြည့်ရင်း လျို့ရှန်းယွင် ဖိအားဝင်သွားခဲ့သည်။

“ငါဘာလုပ်ချင်နေလဲ နင်အခုထိ မသိသေးဘူးလား။” ကျုန်းချီက အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီးနောက် ပြောလိုက်၏။ “မနာချင်ရင် ပြောတဲ့အတိုင်းလုပ်”

“ခေါင်းဆောင်ကျုံးပြောတာ တကယ်အမှန်ပဲ။ ကောင်မလေး ခေါင်းဆောင်ကျုံးကို သွားရန်မစဖို့ ငါနင့်ကိုအကြံပေးချင်တယ်။ ခေါင်းဆောင်ကျုန်းက ခန္ဓာကျင့်ကြံခြင်းမှာ တော်တော်လေး ဆရာကျထားတဲ့လူ။ နင့်ခန္ဓာကိုယ်လေးနဲ့ ပြန်ခုခံဖို့လုပ်မနေနဲ့။ သူလုပ်တဲ့အတိုင်းသာ ငြိမ်ငြိမ်လေးငြိမ်ခံပေးလိုက်။ ဒါမဟုတ် ခေါင်းဆောင်ကျုန်းက နင့်ကို စိတ်ကျေနပ်အောင် မလုပ်ပေးနိုင်မှာကို စိတ်ပူနေတာလား”

“အရှက်မရှိတဲ့ ခွေးသူတောင်းစားတွေ” လျို့ရှန်းယွင်သည် အံကြိတ်ရင်း ထအော်ဆဲတော့လေသည်။ “ဟူး… နင်အခုလိုမျိုးသာ သွားဆဲနေရင် အဲ့ကောင်တွေ ပိုပြီးစိတ်ကြွလာရုံပဲရှိမှာ။ ဒီလိုအချိန်မျိုးမှာ တိတ်တိတ်နေလိုက်တာ အကောင်းဆုံးပဲ။” ရုတ်တရက် သူမ၏နောက်ဘက်မှ ရန်ကိုင်၏အသံ ထွက်လာခဲ့လေသည်။

ရန်ကိုင်၏အသံကို ကြားကြားချင်း လျို့ရှန်းယွင် ကြောင်သွားခဲ့သော်လည်း ချက်ချင်းပဲ ပျော်သွားခဲ့လေသည်။ “နင်နိုးလာပြီလား။”

“ငါတစ်ခါမှ သတိလစ်သွားတာမှ မဟုတ်တာ။” ရန်ကိုင်က လျို့ရှန်းယွင်၏ကျောပေါ်မှ ခုန်ဆင်းလိုက်ပြီးနောက် လည်ပင်းနှင့်ဝမ်းဗိုက်ကို ပွတ်သပ်ရင်း နာကျင်စွာညည်းတွားနေပြီးနောက် ပြောလိုက်လေသည်။ “ဟိုခွေးကောင်က တကယ်တီးသွားတာပဲကွ။ သူ့လက်ချက်နဲ့ ငါဒုက္ခိတဖြစ်ခါနီးပဲ။ တစ်နေ့ကျမှ ဒီကောင်နဲ့ငါ တွေ့ဦးမယ်။”

လျို့ရှန်းယွင်သည် ရန်ကိုင့်အား မျက်လုံးအပြူးသားဖြင့် ကြည့်နေခဲ့လေသည်။ ဒီကောင်လူကောဟုတ်ရဲ့လား

ယန်ရှိရန်၏လက်သီးချက်များသည် ရန်ကိုင့်အား သတိလစ်သွားအောင်ပင် မလုပ်နိုင်ခဲ့ပေ။

ရန်ကိုင်၏ခန္ဓာကိုယ် မည်မျှပင် မာကြောနေလေသနည်း။ ရန်ကိုင်နိုးလာသည့်အပေါ် အလွန်ကိုမှ အံ့အားသင့်နေသည့်အတွက် လက်ရှိအခြေအနေကိုပင် လျို့ရှန်းယွင် မေ့လျော့သွားခဲ့လေသည်။

“အို…နင့်မှာ ကောင်လေးရှိနေပြီးသားလား” နှစ်မီတာအကွာတွင် ရပ်နေသောကျုန်းချီသည် ရန်ကိုင့်အား လှောင်ပြုံးပြုံးလျက် အထင်မြင်တသေးဖြင့် ကြည့်လာခဲ့သည်။

“ဟဲ..ဟဲ… ရောင်းရင်းက နောက်နေတာပဲ။ သူနဲ့ကျုပ်က မိတ်ဆွေတွေသက်သက်ပဲ။” ရန်ကိုင်က ရှင်းပြလိုက်လေသည်။ ထိုအခါကျုန်းချီက အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “မင်းတို့ဘာသာ ချစ်သူတွေဖြစ်ဖြစ် မိတ်ဆွေတွေဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ မသေချင်ရင်ထွက်သွားလိုက်”

“ရောင်းရင်းက တယ်ကိုမာနကြီးတာပါလား။” ရန်ကိုင်သည် ခေါင်းမော့ကာ လူထွားကြီးအား စိုက်ကြည့်လိုက်လေသည်။ ထို့နောက် မျက်လုံးမှေးစင်းလျက် “အဲ့လိုဆိုရင် ကျုပ်လည်း ပြန်သတိပေးလိုက်မယ်။ ရောင်းရင်းလည်း မသေချင်ရင် ထွက်သွားလိုက်တော့”

အကျဉ်းတိုက်တစ်ခုလုံး ရုတ်ချည်းတိတ်ဆိတ်သွားခဲ့လေသည်။ အမှောင်ထဲတွင် ရပ်နေသောလူသုံးဦးသည် ရန်ကိုင့်စကားကို ကြားပြီးနောက် ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

ရုတ်တရက် သူတို့ထဲမှတစ်ယောက်က ထအော်ပြောလေ၏။ “မကောင်းတော့ဘူး။ ပြေးတော့။ ခေါင်းဆောင်ကျုန်း ဒေါသထွက်တော့မယ်။” ကျန်နှစ်ယောက်သည်လည်း ခေါင်းဆောင်ကျုန်းဆိုသူ၏ ရက်စက်ကြမ်းကြုတ်ပုံများကို မြင်တွေ့ဖူးသည့်အလား ချက်ချင်းပဲ အကျဉ်းခန်း၏ထောင့်တစ်နေရာသို့ ဆုတ်ခွာသွားလေသည်။

ရန်ကိုင့်စကားကို ကြားပြီးနောက်တွင် ကျုန်းချီက လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်သည်။ “မင်းကတကယ် ရယ်ရတဲ့ကောင်ပဲကွ။ ဒါပေမယ့် ဒီအဖိုးကိုဒေါသထွက်အောင် လုပ်လို့ မင်းအတွက် ဘာကောင်းကျိုးမှမရှိဘူး။ ငါမင်းကို နောက်ဆုံးအခွင့်အရေး ပေးလိုက်မယ်။ ဒူးထောက်ပြီး ငါ့ခြေထောက်ကိုလာလျက်ပေး။ မဟုတ်ရင် နောက်နှစ်ဒီအချိန်က မင်းရဲ့ရက်လည်နေ့ဖြစ်သွားလိမ့်မယ်။”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၄၂)

“ချီးပဲကွာ”

ရန်ကိုင် စိတ်ညစ်ညစ်ဖြင့် ထအော်ဆဲတော့သည်။ ကြယ်တာရာ လမ်းကြောင်းထဲသို့ ၀င်လာပြီးကတည်းက တစ်ခါမှ ကောင်းကောင်း မနေရသေးဘဲ ပြဿနာမျိုးစုံနှင့်သာ ထပ်ခါထပ်ခါ ကြုံတွေ့နေရသည်။

ပထမဦးစွာ သူ့ကြယ်အမြူတေကို လုယူချင်သည့် ယင်လဲ့ရှန်နှင့် သွားတိုးသည်။ ထို့နောက် စီနီယာ အကိုခို့ ဆိုသူနှင့် တွေ့ပြီး အကျဉ်းသားအဖြစ် အဖမ်းခံလိုက်ရလေသည်။ အကျဉ်းသားအဖြစ် အဖမ်းခံလိုက်ရပြီးနောက်တွင် သူ့မှော်ရတနာကို လုယူချင်နေသည့် ယန်ရှို့ရန်နှင့် လာတိုး၏။ နောက်‌ဆုံး ဤလူထွားကြီးနှင့် လာတိုးသည်။

ကြယ်တာရာအစုအဝေးမှ လူတိုင်း ဤသို့ ရက်စက်ကြမ်းကြုတ်နေ၍များလား၊ ထို့သို့မဟုတ် သူ့ကံကိုက အလွန်ဆိုးရွားနေသည့်အတွက် ဤကဲ့သို့ ကြုံတွေ့နေရခြင်းလား ရန်ကိုင်မပြောတတ်တော့ချေ။

မည်သို့ပင်ဖြစ်စေကာမူ ရန်ကိုင်၏ သည်းခံစိတ်မှာ ကုန်ဆုံးသွားလေပြီ။ ထိုစိတ်ညစ်စရာ ကိစ္စများနှင့် ထပ်ခါထပ်ခါ ကြုံတွေ့ရပြီးနောက်တွင် ရန်ကိုင်၏ ဒေါသသည် ပေါက်ကွဲတော့မည့် မီးတောင် တစ်လုံးနှယ် ဖြစ်လာခဲ့သည်။

ယခု ကျုန်းချီက သူ့အား ထပ်ခါထပ်ခါ လာရန်စနေသောအခါ ရန်ကိုင် ချုပ်တည်းထားသည့် ဒေါသတို့ ပေါက်ကွဲကုန်လေသည်။ ထို့ကြောင့် ကျုန်းချီ၏ ခြိမ်းခြောက်စကားကို ကြားသော် ရန်ကိုင်သည် ကြောက်လန့်သွားခြင်းမရှိသည့်အပြင် လှောင်ပြုံး ပြုံး၍ပင် ပြန်ပြောလိုက်သေး၏ “မင်း ပြောပုံအရဆို ဒီနေရာမှာ လူသေလည်း ကိစ္စမရှိဘူးပေါ့”

ကျုန်းချီက လှောင်ပြုံးပြုံးလျက်

“ဒီနေရာက အရိုးအကျဉ်းထောင်လေ… လူသေတာ ဘာလို့ကိစ္စရှိရမှာလဲ”

“ငါ နားလည်ပြီ” ရန်ကိုင် ခေါင်းငြိမ့်လိုက်လေသည်။

ထို့နောက် ခေါင်းမော့၍ ပြုံးလျက် ပြန်ပြောလိုက်၏ “မင်းလည်း တစ်ကယ်ကို ကံမကောင်းတဲ့ကောင်ပဲကွ”

သူ့စကားသံ ဆုံးသွားသည်နှင့် ရန်ကိုင်သည် ကျုန်းဆီသို့ ပြေး၀င်သွားပြီး လက်သီးတစ်ချက် ပစ်ထည့်လိုက်လေသည်။ ထိုလက်သီးချက်ထဲ သူချုပ်တည်းထားခဲ့ရသည့် ဒေါသ၊ မကျေနပ်ချက်တို့ အကုန်ပါ၀င်နေခဲ့သည်။

ကျုန်းချီမှာ သူ့ခန္ဓာကိုယ်အပေါ် အလွန်ဂုဏ်ယူနေခဲ့ပုံပင်။ ထို့ကြောင့် ရန်ကိုင်၏ တိုက်ခိုက်မှုကို မျက်လုံးထဲ မထည့်။ လှောင်ပြုံး ပြုံးလျက်ပင် ပြန်ပြောလိုက်သည်။ “ဒီထဲမှာ ငါ့ကိုလာရန်စရဲတဲ့သူ ရှိမယ်လို့ တစ်ကယ် မထင်ထားဘူး။ ကောင်းပြီလေ ငါ့ကို လာရန်စရင် ဘယ်လိုဖြစ်သွားမလဲဆိုတာ လူတိုင်းသိသွားအောင် မင်းနဲ့ နမူနာလုပ်ပေးရတာပေါ့”

ပြောပြီးသည်နှင့် လက်သီးတစ်ချက် ထိုးချလိုက်လေသည်။ လက်သီးချင်း ထိပ်တိုက် တွေ့သွားသော် ရန်ကိုင့်မျက်နှာရှိ အေးစက်စက် အမူအရာမှာ ပြောင်းလဲသွားခြင်းမရှိသော်ငြား ကျုန်းချီ မျက်နှာရှိ လှောင်ပြောင်ရိပ်များမှာတော့ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားလေသည်။နာကျင်စွာအော်ဟစ်ရင်း ကျုန်းချီ၏ မိုးထိမတတ် ခန္ဓာကိုယ်ကြီးသည် အကျဉ်းထောင် နံရံဆီသို့ လွင့်စင်ထွက်သွားလေသည်။

ဘုန်း..

အရိုးတိုင်များနှင့် ပြေး၀င်စောင့်ပြီးသည်နှင့် ကျုံးချီ၏ ခန္ဓာကိုယ်သည် တစ်ဖြည်းဖြည်း အောက်သို့ လျှောကျလာလေသည်။ ကျုန်းချီ ပြန်မထနိုင်သေးခင်မှာပင် ရန်ကိုင်သည် ကျုန်းချီဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားပြီး လက်သီးချက်များကို မိုးသီးမိုးပေါက်နှယ် ရွာချပေးလိုက်၏။

ဘုန်း..ဘုန်း..ဘုန်း..ဘုန်း..

ရန်ကိုင်၏ လက်သီးချက်သံများသည် အကျဉ်းထောင်ထဲ စီးချက်ကျကျ ထွက်ပေါ်နေခဲ့သည်။ အစက ပွဲကြီးပွဲကောင်းကို ကြည့်ရမည်အထင်နှင့် ရပ်စောင့်ကြည့်နေကြသော အကျဉ်းသားအားလုံး ရန်ကိုင်မှ ကျုန်းချီအား တစ်ဖက်သတ် ဖိနှိပ် ထိုးကြိတ်နေသည်ကို ကြည့်ရင်း မျက်လုံးအပြူးသား ဖြစ်ကုန်ကြတော့လေသည်။

လျို့ရှန်းယွင်မှာလည်း ထိုမြင်ကွင်းကို ကြည့်ရင်း မှင်သက်နေခဲ့၏။ တစ်ချိန်ထဲတွင် စိတ်လည်း လှုပ်ရှားလာခဲ့လေ၏။ ဤကဲ့သို့ နေရာမျိုးတွင် ရန်ကိုင် ပို၍ အားကောင်းလေ သူမအတွက်ပို၍ လုံခြုံလေပင်။ သူမနှင့် ရန်ကိုင်သည် မဟာမိတ်များ ဖြစ်ကြသည် မဟုတ်ပေလော။

ဘုန်း..ခွပ်..ဘုန်း

လက်သီးချက်သံများနှင့်အတူ မကြာမီ သွေးစိမ်းရှင်ရှင် ဖြာထွက်လာခဲ့လေသည်။ ထို့နောက် ကိုယ်တွင်း အင်္ဂါများနှင့်အတူ အရိုးများပါ လွင့်စင်ထွက်လာလေ၏။ ရန်ကိုင် နှင့် ကျုန်းချီ တိုက်ပွဲကြောင့် ငှက်မွှေးပြာဂိုဏ်း၏ တပည့်နှစ်ဦး နိုးနိုးကြွားကြွား ဖြစ်သွားပြီး အကျဉ်းခန်းစီသို့ လာစစ်ဆေးကြလေသည်။

ယခုလေးတင် ရောက်လာသော ရန်ကိုင်သည် ကျုန်းချီအား တစ်ဖက်သတ် ထိုးကြိတ်နေသည်ကို မြင်သော် အကျဉ်းစောင့်များသည် ၀င်မတားသည့်အပြင် အေးစက်စက် အမူအရာဖြင့်သာ ရပ်ကြည့်နေလိုက်လေသည်။ ခဏကြာမျှ ကြည့်နေပြီးနောက် ပြန်လှည့်ထွက်သွားကြလေ၏။ ကျုန်းချီ ပြောသည်မှာ မှန်ပေသည်။ ဤအရိုး အကျဉ်းထောင်ထဲတွင် မည်သူသေသေ ကိစ္စမရှိပေ။

အကျဉ်းသားများ တိုက်ခိုက်ကြလျှင်ပင် အကျဉ်းစောင့်များသည် အစောင့်များသည် ၀င်တားလိမ့်မည် မဟုတ်ပေ။ အချိန်ကြာလာသည်နှင့်အမျှ ကျုန်းချီ၏ အော်ဟစ်သံတို့မှာ တဖြည်းဖြည်း တိုးလျလာပြီး ကျိန်ဆဲသံများအစား သနားညှာတာပေးရန် တောင်းဆိုသည့် အသံများက အစားထိုး ၀င်ရောက်လာလေသည်။ သို့သော် ရန်ကိုင်သည် ကျုန်းချီ တောင်းဆိုသံများကို လျစ်လျူရှု၍ ရူးသွပ်နေသော သားရဲတစ်ကောင်ကဲ့သို့သာ ဆက်လက် ထိုးကြိတ်နေခဲ့သည်။

မကြာမီ ကျုန်းချီ အော်ဟစ်ငြီးတွားသံတို့ လုံး၀ တိတ်ဆိတ်သွားလေသည်။ ထိုအခါမှပဲ ရန်ကိုင် မတ်တတ်ရပ်လိုက်၏။ လက်ရှိ ရန်ကိုင်ရှေ့တွင် ကျုန်းချီ၏ ခန္ဓာကိုယ်ကြီး ရှိမနေတော့ဘဲ ချေမွထားခံရသည့် အသားပုံကြီးသာ ကျန်ရှိနေတော့လေသည်။

အသက်ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်ပြီးနောက် သူ့လက်ရှိ သွေးစများကို ခါထုတ်ပစ်လိုက်၏။ ယခုမှပဲ သူချုပ်တည်းထားခဲ့ရသော ဒေါသနှင့် မကျေနပ်ချက်တို့ အနည်းငယ် ပြေလျော့သွားခဲ့လေ၏။ ကျုံးချီအား သတ်ပြီးနောက်တွင် ရန်ကိုင်သည် ကျန်သုံးဦးဘက်သို့ လှည့်လိုက်၏။

ရန်ကိုင် သူတို့အား စိုက်ကြည့်လာသည်ကို မြင်သော် ထိုသုံးယောက်သည် အကျဉ်းထောင် ထောင့်တစ်‌နေရာတွင် တုန်တုန်ရီရီဖြင့် သွားကုပ်နေကြလေသည်။ ကျုန်းချီ မည်မျှ အားကောင်းလဲ သူတို့ သိကြလေသည်။ သူတော်စင်ချီ ချိတ်ပိတ်ခံထားရသော အခြေအနေမျိုးတွင် တိုက်ခိုက်ရမည် ဆိုပါက အားကောင်းသည့် ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည့် လူကို မည်သူမှ သွားယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။

ထိုသုံးယောက်စလုံးသည် ကျုန်းချီ လက်စာ မိထားဖူးကြသူများ ဖြစ်သည်။ ယခု အသစ်ရောက်လာသူသည် ကျုံးချီအား အပြတ်အသတ် ဖိနှိပ်ကာ သတ်ပစ်နိုင်ခဲ့သည်။ ဤအချက်ကို ကြည့်ရုံဖြင့်ပင် ဤကောင်လေး၏ ခန္ဓာကိုယ် မည်မျှအားကောင်းကြောင်း သိနိုင်ပေသည်။

ထိုသို့ဖြစ်လေရာ သူတို့အနေဖြင့် ရန်ကိုင့်အား မည်သို့မျှ မကြောက်ဘဲ နေနိုင်မည်နည်း။ ကံကောင်းစွာဖြင့် ရန်ကိုင်သည် ကျုန်းချီအား သတ်ပြီးသည်နှင့် သူတို့အား ဆက်ပြဿနာ မရှာတော့ဘဲ အကျဉ်းထောင် ထောင့်တစ်နေရာတွင်သာ သွားထိုင်နေလေသည်။

ထိုအခါမှပဲ ရန်ကိုင်နှင့် တစ်ခန်းထဲတွင် ရောက်နေသော အကျဉ်းသားသုံးဦး စိတ်သက်သာရာ ရသွားကြလေသည်။ ရန်ကိုင် အတော်လေးကိုမှ စိတ်မတည်မငြိမ် ဖြစ်နေမှန်း သတိထားမိသည့်အတွက် လျို့ရှန်းယွင်သည်လည်း ရန်ကိုင်အား သွားမနှောင့်ယှက်တော့ပေ။ နေရာတစ်ခု ရှာပြီးတော့သာ ထိုင်နေလိုက်၏။

အချိန်ခဏ ကြာပြီးနောက်တွင် အကျဉ်းခန်းတံခါး ပွင့်သွားလေသည်။ အစာပိုင်းက ရန်ကိုင်နှင့် ကျုန်းချီ၏ တိုက်ပွဲကို လာကြည့်သွားသော ငှက်မွှေးပြာဂိုဏ်း၏ တပည့်နှစ်ယောက်သည် အေးစက်စက် အမူအရာဖြင့် ၀င်လာပြီး ရန်ကိုင့်ဘက်သို့ လှည့်ကာ ပြောလိုက်၏။

“ကောင်လေး ထစမ်း”

ရန်ကိုင်သည် ထိုနှစ်ဦးအား ခေါင်းမောါ၍ ကြည့်လိုက်ပြီး ခပ်ဖြေးဖြေး ထရပ်လိုက်သည်။ လျို့ရှန်းယွင်သည် စိုးရိမ်နေသည့် အမူအရာဖြင့် ရန်ကိုင့်၏ အ၀တ်စကို နောက်မှလှမ်းဆွဲနေခဲ့သည်။ ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်၏

“စိတ်မပူနဲ့ ခဏနေရင် ငါပြန်လာခဲ့မယ်။ သူတို့ ငါ့ကို သတ်ရဲမှာမဟုတ်ဘူး”

ကာကွယ်သူပိရန် အမိန့်ထုတ်ပြန်ခြင်း မရှ်ိသေးသရွေ့ ငှက်မွှေးပြာဂိုဏ်းထဲရှိ မည်သူမှ သူ့အား အလွန်အကျွံ လုပ်ရဲလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရန်ကိုင့်စိတ်ထဲ ကာကွယ်သူပိရန် ဆိုသည့်သူအား ကျေးဇူးပင် တင်နေမိ၏။ လျို့ရှန်းယွင်အား မစိုးရိမ်ရန် ပြောပြီးနောက်တွင် ရန်ကိုင်သည် အကျဉ်းထောင့်တွင် ငြိမ်ကုပ်နေသည့် လူသုံးယောက်ဘက်သို့ လှည့်၍ ခြိမ်းခြောက်လိုက်လေသည်

“မင်းတို့ မသေချင်ရင် ကိုယ့်ဘာသာ အေးဆေး နေကြနော်။ ငါပြန်လာလို့ သူတစ်ခုခုဖြစ်နေရင် မင်းတို့သုံးယောက်စလုံး သေပြီသာမှတ်”

ရန်ကိုင်မှ ကျုန်းချီအား ရက်ရက်စက်စက် သတ်သွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်ထားကြရာ ထိုသုံးယောက် အနေဖြင့် ရန်ကိုင်၏စကားကို မည်သို့များ လွန်ဆန်ရဲကြမည်နည်း။ သုံးယောက်စလုံးသည် ကြက်အစာ ကောက်သည့်နှယ် သူတို့ခေါင်းကို အထပ်ထပ်အခါခါ ညိတ်ပြလိုက်လေသည်။

“ဘာတွေ လေကြောရှည်နေတာလဲ။ သေချင်နေတာလား။ ထွက်လာဆို မြန်မြန်ထွက်လာလေ” အကျဉ်းစောင့်များသည် ရန်ကိုင့်အား စိတ်မရှည်စွာ ပြောလိုက်လေသည်။

“ဟန့်” ရန်ကိုင်ကမူ အထင်အမြင် တသေးဖြင့် နှာခေါင်းရှုံ့လျက် အကျဉ်းခန်းထဲမှ ထွက်လာခဲ့သည်။

အပြင်သို့ ထွက်လာပြီးနောက်တွင် အကျဉ်းစောင့်နှစ်ယောက်သည် ရန်ကိုင့်ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။ ထို့နောက် တစ်ယောက်မှ ပြောလိုက်၏။ “မင်း စီနီယာ အကိုရန်ကို ဒုက္ခရောက်အောင် လုပ်ခဲ့တယ်ဆို။ ကောင်လေး မင်းက တစ်ကယ်ကို တတ်နိုင်တဲ့ကောင်ပဲကွ။ ရောက်ရောက်ချင်း နေ့မှာတင် ကျုန်းချီကို သတ်ပစ်လိုက်တယ်။ အဲ့ကျုန်းချီကို ငါတို့လည်း ကြည့်မရဖြစ်နေတာကြာပြီ။ သူ့ကို သတ်လိုက်တာနဲ့ ပတ်သတ်ပြီး ငါတို့ ညီအစ်ကိုတွေ မင်းကို တစ်ကယ် လေးစားတယ်။ ဒါပေမဲ့ မင်းကို ကောင်းကောင်း စောင့်ရှောက်ဖို့ စီနီယာ အကိုရန်က ငါတို့ကို မှာထားတာဆိုတော့ နောက်လာမယ့် ကိစ္စနဲ့ ပတ်သတ်ပြီး ငါတို့ကို အပြစ်မတင်နဲ့ပေါ့ကွာ။ အပြစ်တင်ချင်လို့ရှိရင် ရန်မစသင့်တဲ့ လူတွေကို သွားရန်စမိတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်ပေါ့”

ထိုစကားကို ကြားပြီးနောက်တွင် အကြောင်းစုံကို ရန်ကိုင် နားလည်သွားခဲ့လေသည်။ ထို့ကြောင့် ဘာမှပြန်ပြောမနေဘဲ ထိုနှစ်ယောက် ခေါ်ဆောင်ရာ နောက်သို့သာ လိုက်သွားလေ၏။ အကျဉ်းစောင့် နှစ်ယောက်သည် ရန်ကိုင်၏ပုံစံကို မြင်ပြီးနောက် လက်မထောင်ပြလိုက်လေ၏ “မင်းက တစ်ကယ် သတ္တိရှိတာပဲကွ”

မကြာမီ ရန်ကိုင်သည် မှောင်မိုက်နေသည့် အခန်းတစ်ခန်းဆီသို့ ရောက်လာခဲ့လေသည်။ ရန်ကိုင့်အား အခန်းထဲသို့ ခေါ်သွားပြီးနောက် တပည့်နှစ်ဦးသည် နည်းမျိုးစုံဖြင့် နှိပ်စက်တော့လေသည်။ နေ့၀က်လောက် ကြာသည့်အခါမှပဲ သေကောင်ပေါင်းလဲ ဖြစ်နေသည့် ရန်ကိုင် သူ့အကျဉ်းခန်းထဲသို့ ပြန်ရောက်လာခဲ့လေသည်။

ရန်ကိုင်၏ ပုံစံကို မြင်ပြီးနောက် လျို့ရှန်းယွင် အလွန်ကိုမှ ထိတ်လန့် တုန်လှုပ်သွားခဲ့လေသည်။ ရန်ကိုင်သေသွားပြီဟု သူမ ထင်နေခြင်းဖြစ်သည်။ ရန်ကိုင်သာ သေသွားခဲ့လျှင် ဤကဲ့သို့ နေရာမျိုးထဲ သူမတစ်ယောက်ထဲသာ ရှေ့ဆက်ရမည့်အကြောင်း တွေးမိလိုက်ရုံဖြင့် အလွန်ကိုမှ ထိတ်လန့် ချောက်ချားလာခဲ့လေသည်။

သို့သော်လည်း သေခါနီးဖြစ်နေသော ရန်ကိုင်သည် နာရီ၀က်အကြာတွင် ပြန်ထထိုင်လာခဲ့လေသည်။ ခဏ ကြာပြီးနောက်တွင် ရန်ကိုင်သည် ပုံမှန် အခြေအနေအတိုင်း ပြန်ဖြစ်သွားခဲ့သည်။ သူ့ပုံစံမှာ အတော်လေးကိုမှ ဖရိုဖရဲ ဖြစ်နေသော်လည်း သူ့ဒဏ်ရာ အများစုမှာ ပျောက်ကင်းသက်သာ ကုန်လေပြီ။ ထိုအခြင်းအရာကို မြင်ပြီးနောက်တွင် ရန်ကိုင်၏ ခန္ဓာကိုယ်နှင့် ပတ်သတ်၍ လျှို့ဝှက်ချက် တစ်ခုခု ရှိနေရမည်မှန်း လျို့ရှန်းယွင် နားလည်သွားခဲ့လေသည်။

ရက်အနည်းငယ် ကြာသည်အထိ အကျဉ်းစောင့် နှစ်ဦးသည် ရန်ကိုင့်အား လာခေါ်၍ နှိပ်စက်လိုက် အကျဉ်းခန်းထဲ ပြန်ပို့လိုက် လုပ်နေကြလေသည်။ ရန်ကိုင်သည် နှိပ်စက်ခံရပြီး အကျဉ်းခန်းထဲပြန်ရောက် လာသည်နှင့် သူ့ကိုယ်သူ အားပြန်ဖြည့်သည်။ ထိုကဲ့သို့ အဖန်တလဲလဲ ဖြစ်လာပြီးနောက်တွင် ရန်ကိုင်နှင့် ပတ်သတ်၍ ထူးခြားသည့် အချက်တစ်ချက်ကို လျို့ရှန်းယွင် ရှာတွေ့သွားခဲ့လေသည်။

ရန်ကိုင်၏ ခန္ဓာကိုယ်သည် နေ့စဉ်နေ့တိုင်း နှိပ်စက်ခံနေရသည့်တိုင် အားနည်းသွားခြင်းမရှိဘဲ ပိုပို၍ အားကောင်းလာခဲ့လေသည်။ လျို့ရှန်းယွင် မြင်ရသလောက် ရန်ကိုင်၏ ခန္ဓာကိုယ်ထဲ ဖိနှိပ်ခံထားရသည့် စွမ်းအား တစ်မျိုးရှိနေပြီး ထိုစွမ်းအားကို ဖိနှိပ်ထားသည့် စွမ်းအားမှာ တစ်ဖြည်းဖြည်း ပျက်ပျယ်လာနေသလိုပင်။

တစ်ကယ်တော့ သူမတွေးသည်မှာ မှန်သလောက် နီးနီးကို ရှိ‌ပေသည်။ အကျဉ်းစောင့်များ၏ နှိပ်စက်မှုကြောင့် ရန်ကိုင် စုပ်ယူထားသည့် အလင်းစက်များမှာ သူ့ခန္ဓာကိုယ်နှင့် လျင်မြန်စွာ ပေါင်းစပ်လာခဲ့သည်။ ထို့ကြောင့် ရန်ကိုင်၏ သူတော်စင်ချီများမှာ အရင်းအမြစ်ချီအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲလာကုန်ကြလေတော့သည်။

ပုံမှန် အခြေအနေမျိုးတွင် ဆိုပါက ရန်ကိုင့်အနေဖြင့် အလင်းစက်များကို အသိစိတ်ပင်လယ်ထဲမှ ဆွဲထုတ်ကာ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ခိုင်းရပေမည်။ ထိုမှတစ်ဆင့် သူတော်စင်ချီကို အရင်းအမြစ်ချီ အဖြစ်သို့ ပြောင်းလဲပစ်ရ၏။ သို့သော်လည်း ယခု သူ့ကျင့်ကြံခြင်းမှာ ချိတ်ပိတ်ထားခြင်း ခံရသည့်အတွက် ထိုကဲ့သို့ မလုပ်နိုင်တော့ပေ။

အကျဉ်းစောင့်နှစ်ဦး၏ နှိပ်စက်မှုကို ခံလိုက်ရစဉ်က ရန်ကိုင် တစ်ခုခုကို ချက်ချင်းပဲ နားလည်သွားသည်။ သူ့ခန္ဓာကိုယ် ထိခိုက်သွားပြီး ပြန်လည်ကောင်းမွန်ရန် ကြိုးစားချိန်၌ အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော အလင်းစက်လေးများသည် ခန္ဓာကိုယ်ထဲသို့ စီး၀င်လာပြီး သူ၏ သူတော်စင်ချီကို အရင်းအမြစ်ချီအဖြစ်သို့ အတင်းအကြပ် ပြောင်းလဲပစ်ကြလေသည်။

ထိုအချက်ကို နားလည်လိုက်သည့်နောက် ရန်ကိုင် အလွန်ကိုမှ ၀မ်းသာသွားခဲ့သည်။ ထို့ကြောင့် ထပ်တလဲလဲ နှိပ်စက်‌ခံနေရသည့်တိုင်၊ နှိပ်စက်မှုမှာလည်း အလွန်ကိုမှ ဆိုးရွားသည့်တိုင် ရန်ကိုင်ကမူ နာနာခံခံဖြင့်သာ အနှိပ်စက် ခံနေခဲ့၏။ သူတော်စင်ချီအား အရင်းအမြစ်ချီအဖြစ် မြန်မြန် ပြောင်းလဲနိုင်စေရန်အတွက် ပိုဆိုးရွားသည့် နည်းလမ်းများဖြင့် နှိပ်စက်ပါစေဟုပင် ဆုတောင်းနေလိုက်သေးသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၄၃)

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့ရာ မကြာမီ ဆယ်ရက် ပြည့်သွားလေ၏။ ယနေ့တွင် ရန်ကိုင်သည် တင်ပလ္လင်ခွေထိုင် နေရာမှ နိုးလာပြီး သူ့အခြေအနေကို စစ်ဆေးကြည့်လိုက်၏။ အခြေအနေကို စစ်ဆေးကြည့်ပြီးနောက် စိတ်ပျက်သွားသည့် အမူအရာဖြင့် ခေါင်းတခါခါ လုပ်လိုက်၏။ သူ၏ သူတော်စင်ချီ ပြောင်းလဲနေသည့်နှုန်းသည် တော်တော်လေးကို နှေးကွေးပေသည်။

လက်ရှိတွင် သူ့ခန္ဓာကိုယ်ထဲရှိ သူတော်စင်ချီ၏ ငါးပုံ တစ်ပုံလောက်သာ အရင်းအမြစ်ချီအဖြစ်သို့ ပြောင်းလဲသေး၏။ ဤနှုန်းအတိုင်းသာ ဆက်သွားနေမည်ဆိလျှင် သူ၏ သူတော်စင်ချီအားလုံး အရင်းအမြစ်ချီသို့ ပြောင်းလဲရန် အနည်းဆုံး တစ်နှစ်၊ နှစ်နှစ်ခန့် အချိန်ယူရပေလိမ့်မည်။

ရန်ကိုင် မျက်လုံး ပွင့်လာသည်ကို မြင်သော် အကျဉ်းထောင်ထဲတွင် ရှိနေသည့် အကျဉ်းသား သုံးဦးစလုံး မျက်နှာချို သွေးကာ ပြုံးပြလိုက်လေသည်။ သို့ရာတွင် တစ်ယောက်မှ စကားမပြောရဲကြပေ။ ရန်ကိုင်မှ ကျုန်းချီအား မသေမချင်း လက်သီးဖြင့် ထိုးကြိတ် သတ်ဖြတ်ခဲ့သည့် မြင်ကွင်းသည် သူတို့စိတ်ထဲ မှတ်ကျောက် တင်ထားသည့်နှယ် ဖျောက်ဖျက်မရအောင် စွဲထင်နေခဲ့သည်။

ဤနေရာတွင် ရန်ကိုင်သည် သူတို့၏ အသက်များကို အလွယ်တကူ ခြွေယူပစ်လိုက်နိုင်သည်။ သူတို့၏ အသက်များသည် တစ်ဖက်လူလက်ထဲတွင် ရှိနေလေရာ ထိုလူသုံးယောက် အနေဖြင့် ရန်ကိုင့်အား မည်သို့များ မျက်နှာချို မသွေးဘဲ ဘယ်နေမည်နည်း။ ထိုသုံးယောက်သည် ရန်ကိုင့်သာလျှင် မဟုတ်ဘဲ လျို့ရှန်းယွင်ကိုလည်း မျက်နှာချို သွေးနေခဲ့ကြလေသည်။

သူတို့၏ အားနည်းသူအပေါ် အနိုင်ကျင့်ပြီး အားကြီးသူအပေါ် ကြောက်တတ်သည့် ပုံစံကို ရန်ကိုင် အလွန် အထင်သေးမိသော်လည်း ထိုသုံးယောက်မှာ သူ့အား အရေးပါသည့် သတင်းအချက်အလက်များ ပေးနိုင်သည့်အတွက် ရန်ကိုင်သည် သူတို့ သုံးယောက်အား အသက်ရှင်လျက် ထားခဲ့လေသည်။

ထိုသုံးယောက်စီမှ ငှက်မွှေးပြာဂိုဏ်း၊ ကြယ်တာရာ အစုအဝေးနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များကို ရန်ကိုင် ရရှိခဲ့သည်။ ရန်ကိုင် ထင်ထားသလိုပင် ငှက်မွှေးပြာဂိုဏ်းသည် ကောင်းမွန်သည့် ဂိုဏ်းတစ်ဂိုဏ်း မဟုတ်ချေ။ သို့သော်လည်း မိစ္ဆာဂိုဏ်းတစ်ဂိုဏ်းလည်း ဟုတ်မနေပြန်။ တစ်နည်းပြောရသော် ငှက်မွှေးပြာဂိုဏ်း၏ တပည့်များသည် အလွန်ကိုမှ ရက်စက် ယုတ်မာ ကောက်ကျစ်ကြသည်။

ငှက်မွှေးပြာဂိုဏ်းနားတွင် သူတို့နှင့် ရန်ငြှိုးရန်စ များစွာရှိသော ရောင်နီဦး စံအိမ်ဆိုသည့် အင်အားစုတစ်ခု ရှိပေသည်။ သူတို့ကြားတွင် မရေမတွက်နိုင်သော အသေးစားတိုက်ပွဲများ ဖြစ်ပွားနေလေ့ ရှိကြသည်။

ကြယ်တာရာ အစုအဝေးကိုမူ အရှေ့၊အနောက်၊ တောင်၊ မြောက် ဟူ၍ လေးပိုင်း ခွဲထားလေသည်။ တစ်ပိုင်းချင်းစီမှာ အလွန်ကိုမှ ကျယ်ပြောပေလေရာ တာအိုသခင်အဆင့် ပညာရှင်တစ်ဦး သေသည်အထိ ပျံသန်းမည်ဆိုလျှင်ပင် တောင်ဘက်တစ်ခြမ်းလုံးကို နှံ့စပ်အောင် သွားနိုင်လိမ့်မည် မဟုတ်ချေ။

ထိုကဲ့သို့ တောင်ဘက်၊ မြောက်ဘက်၊ အရှေ့ဘက်၊ အနောက်ဘက် ခွဲခြားထားပြီးနောက် ထိုနယ်မြေများတွင် မရေတွက်နိုင်သော ခရိုင်လေးများ ထပ်ရှိနေပြန်၏။ ငှက်မွှေးပြာဂိုဏ်းသည် ကြယ်တာရာ အစုအဝေး၏ တောင်ဘက်နယ်မြေ ချီခရိုင်အတွင်း ရှိနေခြင်း ဖြစ်သည်။ ဤခရိုင်သည် အလျား မိုင် သန်းရှစ်ဆယ်ခန့် ရှည်လျား ပေသည်။

တောင်ဘက် နယ်မြေထဲတွင် ချီခရိုင်သည် အရွယ်အစားအရ ဖြစ်စေ၊ ပညာအရေအတွက်နှင့် အဆင့်အရဖြစ်စေ အလယ်အလတ် နေရာတွင်သာ ရှိသည်။ ချီခရိုင်ထဲတွင် ငှက်မွှေးပြာဂိုဏ်းကဲ့သို့သော အင်အားစုများ မရေမတွက်နိုင်အောင် ရှိကြပေသည်။

လက်ရှိတွင် ရန်ကိုင်သည် မျက်မှောက်ကြီးကြုတ်လျက် သူ့ခန္ဓာကိုယ်ထဲရှိ ပြောင်းလဲမှုများကို စစ်ဆေးနေခဲ့သည်။ ရုတ်တရက် ရန်ကိုင် မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းမော့လိုက်လေသည်။

“ဟဲဟဲဟဲ ကောင်လေး၊ မင်းက တစ်ကယ်ကို ပုံမှန် မဟုတ်ဘူးပဲကွ။ ဒီလူအိုကြီးရဲ့ ကောင်းကင် စိတ်အာရုံကိုတောင် အာရုံခံနိုင်တယ်”

ရုတ်တရက် ရန်ကိုင့်နားထဲ အသံတစ်သံ ထွက်ပေါ်လာခဲ့လေ၏။ ရန်ကိုင်သည် တစ်ချက်လေးမှ မလှုပ်ရှားဘဲ သူ့မျက်လုံးဖြင့်သာ ပတ်၀န်းကျင်ကို စစ်ဆေးကြည့်နေခဲ့သည်။ သို့သော်လည်း သူမည်သို့ပင် စစ်ဆေးကာမူ တစ်စုံတစ်ခု ထူးခြားနေသည့် မည်သည့် အကျဉ်းသားကိုမှ သူရှာမတွေ့ခဲ့ပေ။

“အလုပ်ရှုပ် ခံမနေနဲ့။ ဒီလူအိုကြီးက အကျဉ်းထောင်ရဲ့ အတွင်းဆုံးအပိုင်းမှာ အပိတ်ခံထားရတာ။ မင်းထိုင်နေတဲ့ နေရာကနေ ငါ့ကို မြင်ရမှာမဟုတ်ဘူး” အသံ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။

ဤနေရာတွင် ဆယ်ရက်ကြာအောင် ပိတ်လှောင်ခံထားရပြီးနောက်တွင် ပိုအားကောင်းသည့် ကျင့်ကြံသူများကို အကျဉ်းထောင်၏ အတွင်းပိုင်းတွင် ပိတ်လှောင်ထား‌ကြောင်း နားလည်သွားခဲ့လေသည်။

ယခု စကားပြောလိုက်သည့် ပညာရှင်သည် အကျဉ်းထောင်၏ အတွင်းပိုင်းတွင် ချုပ်နှောင်ခံထားရသည့်အတွက် သူ့ခွန်အားမှာ လုံး၀ကို နိမ့်ကျလိမ့်မည် မဟုတ်ချေ။ အနည်းဆုံး တာအိုသခင် အဆင့်သို့ ရောက်နေရပေလိမ့်မည်။ ထို့ကြောင့်သာ မဟုတ်လျှင် ထိုပညာရှင်သည် သူ့ကိုယ်သူ အခြားသူများ သတိမပြုမိအောင် ဖုန်းကွယ်ပြီး ရန်ကိုင့်အား ကောင်းကင် စိတ်အာရုံဖြင့် ဆက်သွယ်နိုင်လိမ့်မည် မဟုတ်ချေ။ ရန်ကိုင်သည် ခနကြာအောင် စဉ်းစားနေပြီးနောက် ပြန်လည် မေးလိုက်၏။

“စီနီယာ ဘယ်သူလဲ။ စီနီယာ ကျုပ်ကို ဘာပြောချင်လို့လဲ”

“ပြောစရာကတော့ ရှိတာပေါ့။ မင်းအတွက်လည်း သတင်းကောင်းပါပဲ” ထိုအသံက ရယ်မောလျက်

“မင်း ဒီကို ၀င်လာပြီး ကျုန်းချီကို သတ်ပစ်လိုက်ကတည်းက ဒီလူအိုကြီး မင်းကို စောင့်ကြည့်နေခဲ့တာ။ ငါထင်တာ မမှားရင် မင်းအဆင့်မြင့် ခန္ဓာကျင့်စဉ်တစ်ခုကို ကျင့်ကြံထားတာမလား”

“အဲ့တော့..” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

တစ်ဖက်လူသည် သူ့အား အချိန်အတော်ကြာအောင် စောင့်ကြည့်နေခဲ့သူ တစ်ဦးဖြစ်သည့် အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် သူ့ခန္ဓာကိုယ် ခွန်အားကို ဖုံးကွယ်ထားနိုင်လိမ့်မည် မဟုတ်ချေ။

“ဒီတော့ ဒီလူအိုကြီး မင်းကိုတောင်းဆိုချင်တာ တစ်ခုရှိတယ်”

“စီနီယာ ပွင့်ပွင့်လင်းလင်းပဲပြောပါ”

“ငါ့ကို လွတ်အောင် မင်းကို ကူညီခိုင်းချင်တာ” အသံပိုင်ရှင်က ထပ်ပြောလိုက်သည်။

ထိုအခါ ရန်ကိုင်က လှောင်ပြုံး ပြုံးလျက်

“စီနီယာ နောက်နေတာပဲ။ ဂျူနီယာ ကိုယ်တိုင်တောင် အကျဉ်းသား တစ်ယောက်ဖြစ်နေတာကို စီနီယာကို ဘယ်လိုလုပ်ပြီး လွတ်အောင် ကူညီပေးနိုင်မှာလဲ”

“ငါက မင်းကို အခုလိုအကူအညီတောင်းမှတော့ ငါ့မှာအကြံရှိလို့ပေါ့ကွ” ထိုလူက အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လျက်

“မင်း ကျင့်ကြံခြင်းတွေကို ချိတ်ပိတ်ထားတဲ့ စည်းတွေကို ဖြေလို့ရတဲ့ နည်းတစ်ခု ငါမင်းကို ပေးမယ်။ ပြီးတာနဲ့ မင်းကိုယ်မင်း အားပြန်ဖြည့် လို့ရပြီ။ မင်းအရည်အချင်းနဲ့ဆို မင်းကျင့်ကြံခြင်းကို ပြန်ရသွားတာနဲ့ အရိုးအကျဉ်းထောင်ထဲက ဘယ်သူမှ မင်းကို တားနိုင်မှာ မဟုတ်ဘူး။ အဲ့အခါကျ မင်း ဒီလူအိုကြီးကို အေးအေးဆေးဆေး လာလွှတ်ပေးလို့ရပြီ”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင့်၏ မျက်၀န်းအစုံ တောက်ပသွားလေတော့သည်။ ဆန်းကြယ်သည့် လေသံက အလျင်အမြန် ထပ်ပြောလိုက်သည်။

“မင်း ကံကြမ္မာကို တစ်ခြားသူတွေ ထိန်းချုပ်ထားတာ မကြိုက်ဘူးမလား။ ဒီလူအိုကြီးရဲ့ ကျင့်စဉ်က မင်းကို အဲ့လူတွေလက်ကနေ လွတ်အောင် ကျိန်းသေ ကူညီပေးလိမ့်မယ်”

ထိုလူမှာ စကားကို ရိုးရိုးရှင်းရှင်းသာ ပြောသွားသော်လည်း သူ့စကားထဲ ထူးဆန်းသည့် ညှို့ဓာတ်တစ်မျိုး ပါ၀င်နေခဲ့လေသည်။ ထိုလူကြီး၏ စကားကို ကြားပြီးနောက်တွင် ရန်ကိုင် သဘောတူလိုက်မလို ဖြစ်သွားသည်။ သို့သော်လည်း တစ်ခုခု မှားယွင်းနေမှန်း သိလိုက်ပြီးနောက် ထိုအသံ၏ ညှို့ဓာတ်ထဲမှ အတင်းပြန် ရုန်းထွက်လိုက်လေ၏။

အသံပိုင်ရှင်သည် တစ်ဖက်လူ၏ စိတ်ကို ထိန်းချုပ်နိုင်သည့် နည်းလမ်းတစ်မျိုးကို အသုံးပြုနေခြင်း ဖြစ်သည်။ အသံပိုင်ရှင်၏ ထိန်းချုပ်မှုက လွတ်မြောက်လာပြီးနောက် ရန်ကိုင် နှာခေါင်းရှုံ့လိုက်လေသည်။

“ဒီလို အပေါစား လှည့်ကွက်တွေ သုံးနေတာ စီနီယာ မရှက်ဘူးလား”

ထိုစကားကို ကြားသည့်အခါ အသံပိုင်ရှင်က အော်ရယ်မောလျက် “ကောင်လေး မင်းက ငါထင်ထားတာထက်ကို ပိုတော်နေတာပဲကွ။ ဟုတ်ပြီ၊ ဒီလူအိုကြီး မှားသွားတယ်။ ဒီလူအိုကြီး တောင်းပန်တယ် ဟုတ်ပြီလား”

အသံပိုင်ရှင်မှ သူ့အမှားအား ပွင့်ပွင့်လင်းလင်း ၀န်ခံနေသည်ကို မြင်သော် ရန်ကိုင် ဆွံ့အသွားလေ၏။ တစ်ခနကြာအောင် တိတ်ဆိတ်နေပြီးနောက်တွင် ရန်ကိုင် ပြန်မေးလိုက်လေသည်။

“စီနီယာမှာ ကိုယ့်ခွန်အားကို တိုးတက်အောင် လုပ်နိုင်တဲ့အရာရှိနေရင် ဘာဖြစ်လို့ ကိုယ့်ဘာသာကိုယ် မသုံးဘဲ ဂျူနီယာ့စီက အကူအညီ လာတောင်းနေရတာလဲ”

ထိုအခါ အသံပိုင်ရှင်က ပြန်အော်လေ၏။

“ငါ့ဘာသာငါ သုံးလို့ရနေရင် မင်းဆီက ဘာလို့ အကူအညီ လာတောင်းနေတော့မှာလဲ။ ဟို ခွေးသူတောင်းစားတွေက ငါ့ကျင့်ကြံချင်းကိုပါ ချိတ်ပိတ်ထားတာမဟုတ်ဘူး။ ဘာကျင့်စဉ်မှ သုံးမရအောင်ဆိုပြီး ဝိဉာဉ်ချုပ်နှောင်ရွှေကနေ လုပ်ထားတဲ့ သံကြိုးတွေနဲ့ပါ ငါ့ကို ချုပ်ထားတာ။ အဲ့ ဝိဉာဉ်ချုပ်နှောင် ရွှေသံကြိုးတွေ ရှိနေသ၍ ငါ့ကျင့်ကြံခြင်းကို ပြန်ရမယ် ဆိုရင်တောင် ငါဘာခွန်အားမှ ထုတ်သုံးနိုင်မှာ မဟုတ်ဘူး”

“အဲ့လို ဖြစ်နေတာလား” ရန်ကိုင် ခေါင်းငြိမ့်လိုက်လေသည်။

ဝိဉာဉ်ချုပ်နှောင်ရွှေအကြောင်း တစ်ခါမှ မကြားဖူးသော်လည်း အသံပိုင်ရှင် ပြောသွားသည့် ပုံအရ ထိုအရာသည် အရင်းအမြစ်ချီကို မလှည့်ပတ်နိုင်အောင် တားစီးသည့် သတ္ထုတစ်ခု ဖြစ်မှန်း နားလည်သွားခဲ့သည်။ ထို့ကြောင့်သာ မဟုတ်လျှင် ထိုသတ္ထုသည် တာအိုသခင်အဆင့် ပညာရှင်တစ်ဦးကို အကျဉ်းချထားနိုင်လိမ့်မည် မဟုတ်ချေ။

“နောက်တစ်ခု မေးချင်တာရှိသေးတယ်။ အကျဉ်းထောင်ထဲမှာ ဒီလောက် လူအများကြီး ရှိနေတာ ဘာလို့ ဒီဂျူနီယာကိုမှ လာရွေးရတာလဲ။ စီနီယာ့ အမြင်အရဆို ဒီအကျဉ်းထောင်‌ထဲမှာ ဂျူနီယာက အားအကောင်းဆုံး မဟုတ်မှန်း သိလောက်မှာပေါ့” ရန်ကိုင်က သတိထားလျက် ပြန်မေးလိုက်သည်။

“ဒီလူအိုကြီး သိတာပေါ့။ ဒီအကျဉ်းထောင်ထဲမှာ မင်းထက် ပိုအားကောင်းတဲ့သူတွေရှိတယ်။ ဒါပေမဲ့ ဝိဉာဉ်ချုပ်နှောင် ရွှေဆိုတာ သူတော်စင်ချီနဲ့ ဖျက်စီးပစ်လို့ ရတာမဟုတ်ဘူး။ ဒီတိုင်း ရုပ်ခွန်အား သီးသန့်နဲ့ ဖျက်စီးပစ်မှ ရမှာ။ ဒါ့ကြောင့် မင်းဆီကနေ လာအကူအညီတောင်းနေတာ”

ထိုစကားကို ကြားသည့်အခါမှပဲ အသံပိုင်ရှင်သည် သူ့အား အဆင့်မြင့် ခန္ဓာကျင့်စဉ် တစ်မျိုးမျိုးအား ကျင့်ကြံထားသလားဟု ဘာ့ကြောင့် မေးမှန်း နားလည်သွားခဲ့လေသည်။ ရန်ကိုင့် စိတ်ထဲ အတွေးပေါင်းစုံ ဖြတ်ပြေးသွားခဲ့လေသည်။ အသံပိုင်ရှင် ဘယ်သူလဲ၊ အသံပိုင်ရှင် မည်မျှအားကောင်းသလဲ ဆိုသည်ကို သူမသိသော်လည်း လက်ရှိ ရန်ကိုင် ကိုယ်တိုင်မှာလည်း အကျဉ်းသားတစ်ယောက် ဖြစ်နေခဲ့သည်။

မနက်ဖြန် ဘာဖြစ်မလဲ သူမသိ။ ကာကွယ်သူပိရန်မှ မနက်ဖြန် သူ့အား သေမိန့် ချလိုက်လျင် ရန်ရှို့ရန်သည် သူ့အား ပျော်ပျော်ကြီး လာသတ်ပေလိမ့်မည်။ သူသာ သူ့ကျင့်ကြံခြင်းကို ချုပ်နှောင်ထားသည့် စည်းအား ပြန်ဖြည်နိုင်သည့်နည်းလမ်းကို ရသွားပြီ ဆိုလျှင် ယခုကဲ့သို့ လုံး၀ ကူကယ်ရာ မဲ့နေလိမ့်မည် မဟုတ်ဘဲ အနည်းဆုံး ပြန်၍ တိုက်ခိုက်နိုင်ပေလိမ့်မည်။ အသံပိုင်ရှင်အား ကယ်မလား၊ မကယ်ဘူးလား ဆိုသည်ကတော့ သူ့စိတ်အခြေအနေပေါ် မူတည်၍ လုပ်လိုက်ရုံပင်။ ရန်ကိုင် အ‌တွေးနက်သွားသည်ကို မြင်သော် အသံပိုင်ရှင်သည် သံကို ပူတုန်း ထုရန် ကြိုးစားလိုက်လေသည်။

“ရှင်းရှင်းပြောမယ်ကွာ။ ဒီလူအိုကြီးက တာအိုသခင် တတိယ အဆင့် ပညာရှင်တစ်ဦးပဲ။ ဧကရာဇ်အဆင့် ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ။ မင်းသာ ဒီလူအိုကြီးကို ကယ်ပေးမယ် ဆိုရင် ငါမင်းကို ရက်ရက်ရောရော လျော်ကြေး ပြန်ပေးမယ်”

“တာအိုသခင် တတိယအဆင့်” ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။

ရန်ကိုင်တွေ့ခဲ့ဖူးသည့် စီနီယ အကိုခို့ ဆိုသူသည် တာအိုသခင် ပထမ အဆင့်သာ ရှိသေးသော်လည်း ရန်ကိုင့်အား အလွယ်တစ်ကူ ဖိနှိပ်နိုင်ခဲ့သည်။ ယခု အသံပိုင်ရှင်သည် တာအိုသခင် တတိယအဆင့်ဟူ၍ ပြောလာခဲ့သည်။ ထိုသို့ဆိုလျှင် အသံပိုင်ရှင်သာ သူ့ခွန်အားကို ပြန်ရသွားပါက ရန်ကိုင့်ကို အတွေးတစ်ချက်နှင့်ပင် သတ်ပစ်နိုင်ပေလိမ့်မည်။

တစ်ဖက်လူအကြောင်း သေချာမသိရသေးခင်အထိ ရန်ကိုင် မဆင်မခြင် သဘောမတူရဲပေ။ ဖွတ်မရ ဓါးမဆုံး အဖြစ်မျိုးနှင့် ကြုံရမည်ကို ရန်ကိုင် ကြောက်နေခဲ့သည်။

“မင်းဘာကို စိတ်ပူနေလဲ ငါသိတယ်။ စိတ်ပူမနေနဲ့ ငါမင်းကို လုံးလိမ်မှာမဟုတ်ဘူး။ မင်းမကျေနပ်ရင် ငါ့ဝိဥာဉ်နဲ့ တိုင်တည်ပြီး ကျိန်ဆိုပေးလို့ရတယ်”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင် မျက်မှောင်ကြုံ့သွားပြီး အတွေးနက်သွားလေ၏။ ခနအကြာ၌ ပြန်ပြောလိုက်၏

“စီနီယာ အမှန်တိုင်း ပြောနေမှန်းတော့ ဂျူနီယာ သိပါတယ်။ ဒါပေမဲ့ ဒီဂျူနီယာကို ခဏလောက် စဉ်းစားခွင့်ပေးပါဦး”

“ရတယ် မင်း သေသေချာချာ စဉ်းစားလို့ရတယ်။ အလျင်မလိုဘူး” အသံပိုင်ရှင်သည် ရယ်ရယ်မောမောဖြင့် ပြောလိုက်လေသည်။

“ဒါနဲ့ စီနီယာ နာမည်ကို ဂျူနီယာ သိလို့ရမလား”

“ဝူမုံချွမ်”

ရန်ကိုင် ထိုနာမည်ကို သေချာ မှတ်ထားလိုက်လေသည်။ ထို့နောက် သဘောတူရင်ကောင်းမလား၊ ငြင်းလိုက်လျှင် ကောင်းမလား‌ သေချာ စတင် စဉ်းစားတော့သည်။

တစ်ကယ်တော့ ဝူမုံချွမ်၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်သည်မှာ မဆိုးလှသည့် အကြံတစ်ခုဖြစ်သည်။

သို့သော်ငြား လက်ရှိ သူ့ခွန်အားဖြင့် သူ့ကျင့်ကြံခြင်းကို ပြန်ရမည်ဆိုလျင်ပင် ငှက်မွှေးပြာဂိုဏ်းမှ ထွက်သွားနိုင်လိမ့်မည် မဟုတ်ချေ။ ထိုအခါ ငှက်မွှေးပြာဂိုဏ်းမှ ထွက်သွားရန် ဝူမုံချွမ်ကို ကယ်တင်ဖို့ရာ လိုအပ်လာ၏။ သူ့သော်လည်း ဝူမုံချွမ် လွတ်လာသည်နှင့် သူ့အား ဘာလုပ်မလဲကို မည်သူမှမပြောနိုင်ချေ။

ထို့ကြောင့် ရန်ကိုင် တုံ့ဆိုင်းနေရခြင်းဖြစ်သည်။ သူတုံ့ဆိုင်းတွေဝွေနေစဉ်မှာပင် အခန်းအပြင်ဘက်မှ ခြေသံတို့ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင် အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်လျက် တံခါးပေါက်ဆီသို့ လှမ်းကြည့်လိုက်၏။

နေ့စဉ်နေ့တိုင်း သတ်မှတ်ထားသည့်အချိန်သို့ ရောက်သောအခါ အစောင့်နှစ်ဦး ထွက်ပေါ်လာပြီး သူ့အား အကျဉ်းခန်း‌ထဲမှ ဆွဲခေါ်ကာ နှိပ်စက်လေသည်။ သို့သော်လည်း ယခုအချိန်သည် သူ့အား နှိပ်စက်ရမည့် အချိန်သို့ မရောက်သေး။ အစောင့်များ ဘာလုပ်ချင်နေ၍ ဤမျှ စောစောလာရနည်း ဆိုသည့်အပေါ် ရန်ကိုင် နားမလည်နိုင် ဖြစ်နေခဲ့သည်။

ခနအကြာ၌ ရန်ကိုင့်အား နှိပ်စက်ရန် တာ၀န်ကျသော အစောင့်နှစ်ဦး တံခါးပေါက်အရှေ့သို့ ရောက်လာခဲ့လေသည်။ ထို့နောက် ထူးထူးဆန်းဆန်း အမူအရာဖြင့် တံခါးကို ဖွင့်ပြီး ရန်ကိုင်နှင့် လျို့ရှန်းယွင်ကို အော်ပြောလိုက်လေ၏။

“မင်းတို့ နှစ်ယောက် ထွက်လာခဲ့”

ရန်ကိုင်နှင့် လျို့ရှန်းယွင်သည် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ပြောသည့်အတိုင်း အကျဉ်းခန်းထဲမှ ထွက်သွားလိုက်ကြသည်။ သူမသည်လည်း ရန်ကိုင့်ကဲ့သို့ နှိပ်စက်ခံရတော့မည်လားဟု တွေးရင်း လျို့ရှန်းယွင် ခန္ဓာကိုယ်လေး တုန်ရီနေခဲ့သည်။ သို့ရာတွင် ရန်ကိုင်ကမူ တွေးတွေးဆဆဖြင့် ပြန်မေးလိုက်လေသည်။

“ရောင်ရင်းတို့နှစ်ယောက် ဘာများ ပြောချင်လို့ပါလဲ”

အစောင့်တစ်ဦးသည် ရန်ကိုင့်အား ကြည့်လျက် ပြုံးဖြီးဖြီးဖြင့် ပြန်ပြောလိုက်သည်။

“ကာကွယ်သူပိရန်က မင်းတို့ကို တွေ့ချင်လို့တဲ့”

“ကာကွယ်သူပိရန်” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။

ဤနေရာတွင် ဆယ်ရက်ကြာအောင် ချုပ်ထားခံရပြီးနောက် ကာကွယ်သူပိရန်သည် သူတို့အား ဖြစ်ချင်သလို ဖြစ်ဟု ဂရုမစိုက်ဘဲ ပစ်ထားလိုက်ပြီဟု ရန်ကိုင် ထင်သွားခဲ့သည်။ သို့သော်လည်း သူမှားနေသည့် ပုံပင်။ တစ်ဖက်လူ သူ့အား မည်သည့်အကြောင်းကြောင်း ကြောင့် တွေ့ချင်သည် ဖြစ်ပါစေ ဤသည်မှာ သူ့အတွက် အခွင့်အရေးမှန်း ရန်ကိုင် သိနေခဲ့သည်။ လျို့ရှန်းယွင်ဘက်သို့ လှည့်ကြည့်လိုက်သည့်အခါ သူမ၏ မျက်လုံးများလည်း တစ်ဖျတ်ဖျတ် တောက်ပနေမှန်း တွေ့လိုက်ရသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၄၄)

ထိုသူနှစ်ဦးသည် ရန်ကိုင်နှင့် လျို့ရှန်းယွင်ကို အရိုး အကျဉ်းထောင်ထဲမှ ခေါ်ထုတ်၍ ကာကွယ်သူပိရန် နှင့် တွေ့ရန် ခေါ်ဆောင်သွားလေသည်။

“ကောင်လေး ဒီလူအိုကြီးရဲ့ ကမ်းလှမ်းချက်က အကျုံး၀င်သေးတယ်နော်။ မင်းသွားစရာနေရာမရှိရင် ဒီလူအိုကြီးကိုပဲ လာရှာလိုက်”

အရိုးအကျဉ်းထောင်ထဲမှ ထွက်လာခါနီးတွင် ဝူမုံချွမ်၏ အသံကို ရန်ကိုင် ကြားလိုက်ရလေသည်။

သို့သော် ရန်ကိုင်ကမူ ဘာမှမကြားလိုက်သည့်အလား ပြောင်းလဲခြင်းမရှိသည့် အမူအရာဖြင့်သာ အရိုးအကျဉ်းထောင်ထဲမှ ထွက်လာခဲ့လေသည်။ အပြင်သို့ ရောက်ရောက်ချင်းမှာပင် သူ့အား မုန်းတီးစွာ စိုက်ကြည့်နေသည့် အကြည့်တစ်စုံကို ခံစားမိလိုက်သည်။

လှည့်ကြည့်လိုက်ရာ ရန်ရှို့ရန် ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ရန်ရှို့ရန်သည် ဤအကျဉ်းထောင်၏ ၀င်ပေါက်ကို စောင့်ကြပ်ရသူတစ်ဦး ဖြစ်သည့်အတွက် ဤနေရာတွင်ရှိနေသည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။

“မင်း အခုတော့ ကံကောင်းနေလိုက်ဦးပေါ့ကွာ။ တစ်နေ့ကျရင်တော့ မင်း ငါ့လက်ထဲ ရောက်လာမှာပါ။ အဲ့အချိန်ကျမှ သေတာထက် ပိုဆိုးတာ ဘာလဲဆိုတာ သိအောင် ဒီအဖေ မင်းကို ပြပေးမယ်”

ရန်ရှို့ရန်သည် ခြိမ်းခြောက်စကား ပြောလိုက်သည်။ ရန်ကိုင်ကမူ ထူးမခြားနား ဟန်ဖြင့်သာ ပြန်စိုက် ကြည့်လိုက်သည်။ သို့သော်လည်း စိတ်ထဲတွင်မူ ရန်ရှို့ရန်၏ ဆွေစဉ်မျိုးဆက် အားလုံးကို ကျိန်‌ဆဲပစ်နေလေသည်။

သူ၏ အားနည်းမှုအပေါ် ရန်ကိုင် အလွန်ကိုမှ စိတ်ပျက်နေမိသည်။ သူသာ လုံလောက်အောင် အားကောင်းနေမည် ဆိုပါက ဤငှက်မွှေးပြာဂိုဏ်း၏ တပည့်အားလုံးကိုသတ်ကာ ထွက်သွားလိုက်နိုင်ပေသည်။ သို့သော်လည်း သူ့တွင် ထိုကဲ့သို့ လုပ်နိုင်စွမ်း ရှိမနေခဲ့။

သူသာ သွားပြန်ခုခံနေလျင် ဆိုးဆိုးရွားရွား ကံကြမ္မာနှင့်သာ ကြုံတွေ့ရပေလိမ့်မည်။ ထို့ကြောင့် လက်တလောတွင် သူ့အနေဖြင့် ရန်ရှို့ရန်၏ ရန်စစကားကို အံကြိတ်၍ မသိချင်ယောင်နေရုံသာ တတ်နိုင်သည်။

“စီနီယာအကိုရန် ကျုပ်တို့ သွားတော့မယ်နော်။ ကာကွယ်သူပိရန်က သူတို့ကို တွေ့ချင်နေတာဆိုတော့ ကျုပ်တို့လည်း နှောင့်နှေးနေလို့ မရဘူး”

အရိုးအကျဉ်းထောင်စောင့် နှစ်ဦးက ထိုသို့ပြောလိုက်ပြီးနောက် လက်ဝှေ့ယမ်း၍ ပျံသန်းရေး မှော်ရတနာ တစ်ခုကို ထုတ်ယူလိုက်လေသည်။ ဤပျံသန်းရေး မှော်ရတနာသည် စီနီယာအကိုခို့ ဆိုသူ၏ မှော်သင်္ဘောနှင့် လုံး၀ကို ကွဲပြားနေခဲ့သည်။

အကျဉ်းထောင်စောင့် ထုတ်ယူလိုက်သည့် ပျံသန်းရေး မှော်ရတနာရမှာ သင်္ဘောဆိုသည်ထက် မြင်းရထား တစ်စီးနှင့် ပိုတူနေလေသည်။ ထို့အပြင် စီနီယာ အကိုခို့၏ သင်္ဘောထက်လည်း အရွယ်အစား ပိုသေး၏။ မည်သို့ပင် ဖြစ်စေကာမူ ဤမြင်းရထားသည် လူငါးယောက်ကို သယ်နိုင်သည်ထက်ပင် ပိုနေသေးသည်။

မြင်းရထား ပိုင်ရှင်သည် ရထားပေါ်သို့ ခုန်တက်လိုက်ပြီးနောက် ရန်ကိုင်နှင့် လျို့ရှန်းယွင်အား လှမ်းဆွဲယူလေသည်။ ထို့နောက် မြင်းရထားသည် အလင်းတန်းတစ်ခုအသွင် ပြောင်းလျက် ငှက်မွှေးပြာဂိုဏ်း၏ အလယ်ဗဟိုစီသို့ ဦးတည် ပျံသန်း သွားလေ၏။

နောက်ဆုံးတွင် မြင်းရထားသည် တောင်တစ်လုံးပေါ်ရှိ ဧရာမ နန်းတော်ကြီး ရှေ့တွင် ရပ်လိုက်လေသည်။ ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့ မြင်းရထားပေါ်မှ ဆင်းလိုက်ပြီးနောက် အကျဉ်းထောင်စောင့်သည် သူ့ပျံသန်းရေး ‌မှော်ရတနာကို ပြန်ရုတ်သိမ်း လိုက်လေ၏။ ထို့နောက် နန်းတော် အပြင်ဘက်တွင် စောင့်နေသည့် အစောင့်များကို သွားစကား ပြောလေသည်။

“၀င်သွားလိုက်။ ကာကွယ်သူပိရန် အထဲမှာစောင့်နေတယ်”

နန်းတော်စောင့်သည် သူတို့အား ခက်ခဲအောင် လုပ်မနေဘဲ အလွယ်တကူ ၀င်ခွင့်ပေးလိုက်လေသည်။

“မင်းတို့နှစ်ယောက် ကံကောင်းပါစေ”

အကျဉ်းထောင်စောင့်မှာတော့ လိုက်၀င်မလာခဲ့ပေ။ ရန်ကိုင်နှင့် လျို့ရှန်းယွင်အား အဓိပ္ပာယ်ပါပါသာ ပြုံးပြလိုက်သည်။ ထို့နောက် မြင်းရထားကို ပြန်ထုတ်ယူ၍ အကျဉ်းထောင်ဆီသို့ ပြန်ထွက်သွားလေ၏။ ရန်ကိုင်နှင့် လျို့ရှန်းယွင်သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

ကာကွယ်သူပိရန်နှင့် တွေ့ရခြင်းမှာ သူတို့အတွက် ကံကောင်းခြင်းပေပဲလား၊ ကံဆိုးခြင်းပေပဲလား မပြောတတ်။ ကံကောင်းခြင်းဖြစ်လျှင်လည်း ရှောင်လွှဲ၍မရ၊ ကံဆိုးခြင်း ဖြစ်လျှင်လည်း ရှောင်လွဲ၍ မရသည့်အတွက် ကာကွယ်သူပိရန် သည် ပြောရဆိုရ လွယ်ကူသည့် လူတစ်ဦး ဖြစ်ပါစေဟုသာ ကြိတ်၍ ဆုတောင်းနေရတော့သည်။

အစောင့်များ၏ စိတ်၀င်တစား အကြည့်အောက်တွင် ရန်ကိုင်နှင့် လျို့ရှန်းယွင်သည် နန်းတော်ထဲသို့ တစ်လှမ်းပြီး တစ်လှမ်း ၀င်လာလေသည်။ နန်းတော်၏ ထိပ်ဆုံးနေရာတွင် လူနှစ်ဦးမှ သူတို့အား စောင့်နေခဲ့သည်။ ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့ ပေါ်လာသည်နှင့် နှစ်ယောက်စလုံး၏ အကြည့်သည် သူတို့ပေါ်သို့ ရောက်ရှိလာခဲ့လေသည်။

သူတို့အား ကြည့်နေသည့် လူနှစ်ဦးကို မြင်ပြီး ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ တစ်ဦးမှာ သူတို့အား ဖမ်းဆီးခေါ်ဆောင် လာသော စီနီယာအကိုခို့ ဆိုသူ ဖြစ်သည်။ ထိုလူသည် ကျော့ရှင်းသွယ်လျသော ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားသော အမျိုးသမီးတစ်ဦးဘေးတွင် ရပ်နေခဲ့လေသည်။

ထို အမျိုးသမီးသည် အပြာဖျော့ရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး ညောင်စောင်းတစ်ခုပေါ်တွင်း ပျင်းရိပျင်းတွဲ လဲလျောင်းနေခဲ့သည်။ ဆံပင်ကို ဆံထုံး ထုံးထားပြီး လည်တိုင်ကို လှစ်ဟာထားခဲ့သည်။ ရန်ကိုင်တို့ နှစ်ဦး ၀င်လာသည်ကို မြင်သောအခါ သူတို့အား စိတ်၀င်တစား လှမ်းကြည့်လာခဲ့လေသည်။

အမျိုးသမီးသည် အလွန့်အလွန်ကိုမှ နှစ်လိုဖွယ် ကောင်းလှသော်လည်း သူမဆီမှ ထွက်ပေါ်နေသည့် ဖိအားကြောင့် ရန်ကိုင်မှာ အမျိုးသမီးအား တိုက်ရိုက် သွားမကြည့်ရဲခဲ့ချေ။

“ဒါက ကာကွယ်သူပိရန် ဆိုတဲ့သူလား” ရန်ကိုင် ထိတ်လန့်သွားခဲ့သည်။

“ဒါက နင်ဖမ်းလာတဲ့သူလား” ရန်ကိုင်နှင့် လျို့ရှန်းယွင် အထဲ၀င်လာသည်ကို မြင်သော် အမျိုးသမီးက မေးလိုက်လေသည်။

စီနီယာအကိုခို့သည် အလျင်အမြန် ဦးညွှတ်၍ မျက်လွှာချကာ တလေးတစားဖြင့် ပြန်ပြောလိုက်လေသည်။

“ဟုတ်ပါတယ် သူတို့နှစ်ယောက်က ကျုပ် လက်‌တလောကမှ ဖမ်းလာတဲ့ လူနှစ်ယောက်ပါ ကာကွယ်သူသခင်မ”

အမျိုးသမီးသည် ခေါင်းတညိတ်ညိတ် လုပ်လိုက်ပြီးနောက် နှုတ်ခမ်းလေးကိုကွေးလျက် ပြောလိုက်၏။

“သူတို့နှစ်ယောက် ကိုယ်ပေါ်က စည်းတွေကို ဖယ်ပေးလိုက်”

စီနီယာ အကိုခို့ဆိုသူသည် ချက်ချင်းပဲ လက်ကွက်တစ်ခု ဖန်တီး၍ သူ့လက်အား ရန်ကိုင်နှင့် လျို့ရှန်းယွင်စီသို့ ချိန်လိုက်လေသည်။ အလင်းတန်းနှစ်ခု ပေါ်ထွက်လာပြီး ရန်ကိုင်နှင့် လျို့ရှန်းယွင် ထံသို့ ၀င်သွားလေ၏။ ခနအကြာတွင် ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့ တစ်ချက် ငြီးထွားလိုက်ကြ၏။

သူတို့၏ သူတော်စင်ချီ ပြန်လှည့်ပတ်၍ ရလာသည်ကို ခံစားမိလိုက်ကြလေသည်။

“ခစ် ခစ် ခစ်”

အမျိုးသမီးသည် ရုတ်တရက် ရယ်မော၍ ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့၏ မှင်သက်နေသည့် အကြည့်အောက်တွင် သူမ၏ လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်လေသည်။

အမျိုးသီးမှ လက်ကိုမြှောက်လိုက်သည်နှင့် သူတို့ပတ်လည်ရှိ ပတ်၀န်းကျင်လေထု ရုတ်တရက် ပြောင်းလဲတစ်ခုခု ပြောင်းလဲသွားသည်ကို ရန်ကိုင်နှင့် လျို့ရှန်းတို့ သတိပြုမိလိုက်ကြသည်။

စီနီယာ အကိုခို့ ဆိုသူမှာတော့ ဤကဲ့သို့ ဖြစ်မည်မှန်း ကြိုသိထားပုံအလား လုံး၀ အံအားသင့်ပုံမပြ။ ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့၏ အပြုအမူကို ထူးမခြားနား ဟန်ဖြင့်သာ လေ့လာကြည့်နေလေသည်။ သူမ လက်ကို မြှောက်ပြီးနောက်တွင် အမျိုးသမီးသည် လက်ကို အသာအယာ ပြန်ဖိချလိုက်သည်။

ပတ်၀န်းကျင်ရှိ မိုးမြေစွမ်းအင်သည် ရုတ်တရက် စုဝေးသွားပြီး ဧရာမလက်ဝါးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ရန်ကိုင်နှင့် လျို့ရှန်းယွင်အပေါ်သို့ ပြိုဆင်းကျလာခဲ့သည်။

“ရှင်ဘာလုပ်နေတာလဲ” လျို့ရှန်းယွင်က အလန့်တကြား ထအော်လေသည်။

တစ်ချိန်ထဲတွင် မှန်တစ်ချပ်နှင့် တူညီသော မှော်ရတနာတစ်ခုကို ထုတ်ယူလိုက်ပြီး လျှာထိပ်ကို ကိုက်ကာ ထိုမှန်ပေါ်သို့ သွေးတစ်စက် ထွေးထုတ်လိုက်လေသည်။ မှန်ပေါ် သွေးစက် ကျသွားသည်နှင့် မှန်ချပ်သည် တစ်ခုမှ နှစ်ခု၊ နှစ်ခုမှ လေးခု၊ လေးခုမှ ရှစ်ခု စသည်ဖြင့် မရေမတွက်နိုင်သော မှန်ငယ်လေးများ အဖြစ်သို့ ပြောင်းလဲသွားပြီး လျို့ရှန်းယွင်အား ဝိုင်းရံထားလိုက်ကြလေ၏။

တစ်ဖက်လူမှာ တာအိုသခင် အဆင့်တွင်ပင် ထိပ်တန်းအဆင့် ဖြစ်သည်မှန်း သိထားသည့်အတွက် လျို့ရှန်းယွင်သည် သူမ၏အားအကောင်းဆုံး အကာအကွယ်ကို ချက်ချင်း ထုတ်သုံးလိုက်လေသည်။ ရန်ကိုင်သည်လည်း မာန်သွင်း အော်ဟစ်၍ ဓာတ်ကြီးငါးပါး အကျွင်းမဲ့ ဓါးချီကို အသက်သွင်းလိုက်သည်။

တစ်ချိန်ထဲတွင် ရွှေရောင် သွေးမျှင်များကို ထုတ်လွှတ်၍ ကျဆင်းလာနေသော လက်ဝါးချက်ကို ကြားဖြတ် တားဆီးလေသည်။

ရွှစ်..ရွှစ်..ရွှစ်..ရွှစ်

လေပြင်းမှ တစ်ခုခုအား ဖြတ်တောက်နေသည့် အလား ရွှေရောင် သွေးမျှင်များသည် ရန်ကိုင်၏ ထိန်းချုပ်မှုအောက်တွင် အမျိုးသမီး ဖန်တီးလိုက်သည့် လက်ဝါးချက်အား တရစပ် တိုက်ခိုက်ကြလေသည်။ သို့သော်လည်း ရန်ကိုင်၏ သွေးမျှင်များ သည် နေရောင်ရှေ့ ရောက်သွားသည့် နှင်းစက်များနှယ် အရည်ပျော် ပျောက်ကွယ်သွားကုန်ကြလေ၏။

လျို့ရှန်းယွင်သည် သူမဆင့်ခေါ်ထားသည့် မှန်ချပ်အားလုံးကို သူမနှင့် ရန်ကိုင်၏ ခေါင်းပေါ်တွင် စုစည်း စေလိုက်၏။

ဘုန်း…

မှန်အားလုံး တစ်စစီပျက်စီး သွားခဲ့လေသည်။ လျို့ရှန်းယွင်၏ မျက်နှာ ဖြူလျော်သွားပြီး သွေးတစ်ပွက် ထိုးအန်ချလေသည်။ မှန်ကဲ့သို့ မှော်ရတနာမှာလည်း မူလအသွင်ပုံစံ ပြန်ပြောင်းလဲသွား၏။

သို့ရာတွင် ထိုမှန်၏ အရောင်မှာ အနည်းငယ် မှိန်ကျနေခဲ့လေသည်။ ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ ရန်ကိုင်သည် ဓာတ်ကြီးငါးပါး အကြွင်းမဲ့ ဓါးချီကို သူ့လက်ထိပ်တွင် စုစည်းလျက် ကျဆင်းလာနေသည့် လက်ဝါးချက်အား ပိုင်းချလိုက်လေ၏။

ထို့နောက် လေထဲတွင် တစ်ပတ်လှည့်ကာ ညောင်စောင်းပေါ်တွင်း ပျင်းရိပျင်းတွဲ လှဲလျောင်းနေသည့် အမျိုးသမီးအား ပြေး၀င် တိုက်ခိုက်လိုက်လေသည်။

အမျိုးသမီးကမူ ရန်ကိုင် သူမဆီသို့ ပြေး၀င်လာနေသော်လည်း လှုပ်ပင် မလှုပ်ဘဲ ပြုံးသာ ပြုံးလိုက်၏။ ထိုစဉ် သူမ နောက်တွင် ရပ်နေသော စီနီယာ အကိုခို့ ဆိုသူသည် ရန်ကိုင့်အား လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။ လက်ဝါးချက်မှာ ရိုးရိုးလေးသာ ဖြစ်သော်လည်း ထိုလက်ဝါးချက်ထဲ ဝဲကတော့နှယ် လှည့်ပတ်နေသည့် အလွန်ပြင်းထန်သော စွမ်းအားတစ်ရပ် ပါ၀င်နေခဲ့သည်။

လက်ဝါးချက် ထိမှန်ခြင်း ခံလိုက်ရသည်နှင့် ရန်ကိုင် ဖန်တီးထားသည့် အကာအကွယ်အားလုံး တစ်စစီ ကျိုးပျက် ကုန်ကြလေသည်။ ငြီးတွားလိုက်ရင်း ရန်ကိုင် အနောက်သို့ ပြန်ဆုတ်သွားရလေ၏။ ရန်ကိုင်၏ လုပ်ရက်ကိုမြင်ပြီး လျို့ရှန်းယွင်မှာတော့ အလွန်ကိုမှ ထိတ်လန့် တုန်လှုပ်နေခဲ့လေသည်။

သို့သော်လည်း ခနကြာအောင် စဉ်းစားပြီးနောက်တွင် အံကြိတ်ကာ အားကုန် လှည့်ပတ်၍ အမျိုးသမီးနှင့် စီနီယာ အကိုခို့ ဆိုသူစိသို့ ပြေး၀င်သွားလေ၏။ သေရမည် ဆိုလျင်ပင် အနည်းဆုံးတော့ တိုက်ခိုက်သွားရပေမည်။

“ရှန်းယွင် ပြန်ဆုတ်နေလိုက်” ရန်ကိုင်သည် လေထဲမှနေ၍ လှမ်းအော်ပြောလိုက်၏။

ထို့နောက် ပုံပျက် ပန်းပျက် အမူအရာဖြင့် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာခဲ့လေသည်။ ရန်ကိုင်၏ စကားကို ကြားသည့်အခါ လျို့ရှန်းယွင်လည်း လမ်းတစ်၀က်တွင် ရပ်လိုက်၏။ သို့ရာတွင်လည်း သူမရှေ့ရှိ အမျိုးသမီးအား သတိကြီးကြီးထားလျက် ဆက်ကာ စိုက်ကြည့် နေခဲ့လေသည်။

ထိုအခြင်းအရာကို မြင်သောအခါ အမျိုးသမီးက ပျော်ရွှင်စွာ ရယ်မောလိုက်ပြီးနောက် ရန်ကိုင်အား သေချာ စတင် စစ်ဆေးကြည့်လေ၏။ ထို့နောက် ခေါင်းညိတ်၍

“ခို့ဟူ ငါဘာပြောခဲ့လဲ။ သူတို့ ငါ့တိုက်ကွက်ကို တစ်ကယ်ကြီး ခုခံလိုက်နိုင်တယ် ဟုတ်တယ်မလား”

ထိုစကားကို ကြားသည့်အခါ ခို့ဟူဆိုသူက ဦးညွှတ်၍

“သခင်မရဲ့ အမြင်စူးရှမှုအပေါ် ဒီခို့ဟူ တစ်ကယ် လေးစားမိပါတယ်”

ထိုစကားကို ကြားသည့်အခါ အမျိုးသမီးက တစ်ခစ်ခစ် ရယ်မောလိုက်လေသည်။ ငွားငွားစွင့်စွင့် ဖြစ်နေသည့် တောင်နှစ်လုံးဟာလည်း သူမ၏ ရယ်သံနှင့်အတူ နိမ့်ချီ မြင့်ချီ ဖြစ်လာ၏။ ထို့နောက် နှုတ်ခမ်းလေးကို ကွေးလျက် သူမလက်ကို အသာအယာ လှုပ်ရမ်းလိုက်ရင်း ပြောလိုက်လေသည်။

“မြှောက်မနေနဲ့ တစ်ကယ်တော့ ဒီဘုရင်မက ငါ့ခွန်အား နည်းနည်းလောက်ကိုပဲ သုံးသွားခဲ့တာ။ ဒါပေမဲ့ အဲ့လောက်ကိုတောင် ခုခံနိုင်တာကတော့ မဆိုးပါဘူး အထင်ကြီးစရာပဲ”

“သခင်မ ပြောတာ အမှန်ပါပဲ” ခို့ဟူ ခေါင်းငြိမ့်လိုက်လေသည်။

အမျိုးသမီးနှင့် ခို့ဟူတို့ ပြောနေသည့် စကားကို ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့ အတိုင်းသား ကြားနေရသည်။ ရန်ကိုင်ကမူ လုံး၀ အံအားသင့်မနေခဲ့။ လျို့ရှန်းယွင်မှာတော့ သူမ လှည့်စားခံလိုက်ရပြီမှန်း သိလိုက်ပြီးနောက် မကျေမနပ်ဖြင့် မျက်မှောင်ကြီးကြုတ် လိုက်လေသည်။

“နင်သတိထားမိတယ်ပေါ။ ဟုတ်တယ်မလား” အမျိုးသမီးသည် ရန်ကိုင့်ဘက်သို့ လှည့်၍ မေးလိုက်လေသည်။

ရန်ကိုင်သည် နှုတ်ခမ်းထောင့်မှ စီးကျနေသော သွေးကို သုတ်၍ ပြုံးကာ ပြန်ပြောလိုက်၏။

“စီနီယာ ကျုပ်တို့ကို သတ်ချင်နေရင် ဘာလို့ ဒီအထိ ခေါ်တွေ့နေဦးမှာလဲ။ ခုနတုန်းက တိုက်ခိုက်လိုက်တာက စမ်းသပ်မှုတစ်ခုသက်သက်ပဲ”

ထိုစကားကို ကြားသည့်အခါ အမျိုးသမီးက ပြုံးလျက်

“နင်က စိတ်ဝင်စားစရာ ကောင်းတဲ့ ကောင်လေးပဲ။ ဒါဆိုရင် ဒီဘုရင်မ ဘာလို့ နင်တို့ကို တွေ့ချင်လဲဆိုတာရော သိလား”

ထိုအခါ ရန်ကိုင်က မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်၏။

“အဲ့တာကိုတော့ မသိလို့ ခွင့်လွှတ်ပေးပါ စီနီယာ”

အမျိုးသမီးသည် ခေါင်းညိတ်လိုက်ပြီး သူမစားပွဲပေါ်တွင် ရှိနေသည့် သိုလှောင် လက်စွပ် နှစ်ကွင်းကို ကောက်ယူလိုက်လေသည်။ ထို့နောက် ထိုလက်စွပ် နှစ်ကွင်းအား ရန်ကိုင်နှင့် လျို့ရှန်းယွင်ဆီသို့ ပစ်ပေးလိုက်လေ၏။

ထိုလက်စွပ်နှစ်ကွင်းအား ကောင်းကင် စိတ်အာရုံဖြင့် ကြည့်ပြီးနောက်တွင် ရန်ကိုင်နှင့် လျို့ရှန်းယွင်၏ အမူအရာ ထူးဆန်းသွားခဲ့လေသည်။ အကြောင်းမှာ ထိုသိုလှောင် လက်စွပ်နှစ်ကွင်းသည် ခို့ဟူ သူတို့ဆီမှ ယူသွားသည့် လက်စွပ်နှစ်ကွင်း ဖြစ်နေသည့်အတွက် ကြောင့်ပင်။

ထိုအပြင် သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းအားလုံးမှာ ပုံစံမပျက်ပင် ရှိနေကြသေးသည်။

“စီနီယာ ဘာပြောချင်နေတာလဲ” ရန်ကိုင် မျက်မှောက်ကြုတ်သွားခဲ့သည်။

“ဒီဘုရင်မ ထင်တာမမှားရင် နင်တို့ နှစ်ယောက်က အဆင့်နိမ့် ကြယ်စီရင်စုက လာတဲ့ လူတွေမလား”

အမျိုးသမီးက ယဲ့ယဲ့လေးပြုံးလျက် ရန်ကိုင်နှင့် လျို့ရှန်းယွင်အား မေးလိုက်လေသည်။ လျို့ရှန်းယွင် အံအားသင့်သွားခဲ့ပြီး ရန်ကိုင့်ဆီသို့ အလိုလို လှည့်ကြည့်လိုက်လေသည်။ ရန်ကိုင် ကြယ်သခင် ဖြစ်သည်ဟူသော အချက်ကိုများ သူတို့ သတိများ ပြုမိသွားသလားဟုတွေးရင်း လျို့ရှန်းယွင် စတင် စိတ်ပူလာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၄၅)

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သို့သော် ခဏမျှ စဉ်းစားပြီးနောက် ပြန်မေးလိုက်၏။ “ကျုပ်တို့ သိုလှောင်လက်စွပ်ထဲက ပစ္စည်းတွေကိုကြည့်ပြီး စီနီယာ အဲ့ကို ကောက်ချက်ချလိုက်တာလား”

“ဟုတ်တယ်” အမျိုးသမီးက ခေါင်းညိတ်၍

“အဆင့်နိမ့် ကြယ်စီရင်စုကြီးတွေက လာတဲ့သူတွေရဲ့ သိုလှောင်လက်စွပ်တွေမှာပဲ ဒီလို အမှိုက်တွေ ရှိနေမှာ”

သူမ၏ အဖိုးတန်‌ဆုံး ပစ္စည်းများ အမှိုက်ဟု ပြောခံလိုက်ရသည့်အခါ လျို့ရှန်းယွင်စိတ်ထဲ နေမထိထိုင်မသာ ဖြစ်သွားလေသည်။ သို့သော်လည်း တစ်ဖက်လူ၏ ခွန်အား၊ အဆင့်အတန်းနှင့် နည်းလမ်းများကို ပြန်စဉ်းစားလိုက်မိပြီးနောက် လျို့ရှန်းယွင် ဘာမှပြန်မပြောနိုင်တော့ပေ။ ထိုအမျိုးသမီး အတွက်တော့ သူမ၏ ပိုင်ဆိုင်မှုများသည် တစ်ကယ်ကို အမှိုက်သာသာ သာ ဖြစ်လေသည်။

ရန်ကိုင်ကတော့ ဘာမှ စိတ်ပျက်နေခြင်း မရှိခဲ့ပေ။ သူ့ သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများသည် ဟန်ပြသက်သက်သာ ဖြစ်ပြီး တစ်ကယ့် အဖိုးတန် ပစ္စည်းများမှာ ကမ္ဘာငယ်လေးထဲတွင်သာ ရှိနေ၏။ ရှင်းရှင်းပြောရလျင် သူ့သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းအားလုံးသည် အမှိုက်သာသာ သာ ဖြစ်ကြသည်။ ထူးမခြားနားဟန်ဖြင့် ပြုံးလျက် ဆက်၍ မေးလိုက်လေသည်။ “ဒီတော့ စီနီယာ ကျုပ်တို့အပေါ် ဆက်ပြီး သံသယ ၀င်နေပါသေးလား”

ရန်ကိုင် ပြောလိုက်သည့် သံသယ ဆိုသည့် စကားလုံးမှာ သူတို့အား ရောင်နီဦး စံအိမ်၏ သူလျှိုများ ဖြစ်ကြသည်ဟု ထင်နေကြသည့် ကိစ္စသာ ဖြစ်လေသည်။ အမျိုးသမီးက ပြုံးလျက် “ဒါပေမဲ့ ဒီဘုရင်မ သိချင်တာရှိတယ်။ နင်တို့ ဘယ်ကြယ်စီရင်စုက လာတာလဲ”

“တစ်စပြင် ကန္တာရ ကြယ်စီရင်စုကြီးက” ရန်ကိုင်က တုံ့ဆိုင်းခြင်းမရှိ ပြန်ပြောလိုက်သည်။

လျို့ရှန်းယွင်မှာ အနည်းငယ် အံ့အားသင့်မိ သွာသော်လည်း မျက်နှာ အမူအရာမပျက်အောင် ထိန်းထားခဲ့လေသည်။

“အို…” အမျိုးသမီးက မျက်ခုံးလေး ပင့်လျက် တွေးတွေးဆဆဖြင့်

“အဲ့ ကြယ်စီရင်စုကြီးထဲက ဂိုဏ်းတစ်ဂိုဏ်းက ဒီကြယ်စီရင်စုကြီးထဲမှာ ရှိတယ်လို့ ငါကြားဖူးတယ်”

“စီနီယာ မရဏဂိုဏ်းကို ပြောနေတာဖြစ်ပါလိမ့်မယ်။ ကျုပ်တို့က မရဏဂိုဏ်းက မဟုတ်ပါဘူး”

တစ်ဖက်လူသည် သူတို့အား စမ်းသပ်နေရုံ သက်သက်ပဲလား၊ ထိုသို့မဟုတ်ဘဲ သိချင်ရုံ သက်သက်ဖြင့် မေးနေရုံပဲလား မသိသဖြင့် ရန်ကိုင်သည် သတိကြီးကြီးထားလျက် ပြန်ဖြေလိုက်လေသည်။

“ရှင်းရှင်းပြောရရင် ကျုပ်နဲ့ မရဏဂိုဏ်းကြားမှာ ရန်ကြွေးတောင် ရှိသေးတယ်”

“အဲ့လိုလား” အမျိုးသမီးသည် ရန်ကိုင့်အား ယဲ့ယဲ့လေး ပြုံးလျက် ကြည့်နေခဲ့သည်။

သူမ၏ မျက်ဝန်းတစ်စုံသည် ရန်ကိုင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်၍ သူ့စိတ်ထဲ တွေးနေသည့် အတွေးအားလုံးကို ဖောက်မြင်ရန် ကြိုးစားနေသည့်အလား ထူးဆန်းသည့် အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေခဲ့လေသည်။

“ဒီကိုလာတုန်းက ကြယ်တာရာလမ်းကြောင်းထဲမှာ မရဏဂိုဏ်းကလူတွေ ကျုပ်တို့ကို အလစ်ချောင်း တိုက်ခိုက်ခဲ့တယ်လေ” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

မရဏဂိုဏ်းသည် သူ၏ရန်သူတစ်ဦး ဖြစ်နေသည့်အလား ရန်ကိုင်၏မျက်လုံးထဲ ဖုံးဖိမရသည့် အမျက်ဒေါသတို့ ပေါ်ထွက်လာခဲ့လေသည်။ အမျိုးသမီးသည် ခေါင်းသာ ညိတ်လိုက်ပြီး ဘာမှ ပြန်မပြောခဲ့ချေ။ ခဏကြာအောင် စဉ်းစားနေပြီးနောက်တွင် ပြောလိုက်လေ၏ “မင်းတို့ နှစ်ယောက်က ရောင်နီဦး စံအိမ်ရဲ့ သူလျှိုတွေလည်း မဟုတ်သလို အဆင့်နိမ့်ကြယ်စီရင်စုကြီးက လူတွေလည်း ဖြစ်နေတာဆိုတော့ ဒီဘုရင်မ နင်တို့ကို ရွေးချယ်စရာ နှစ်ခုပေးမယ်”

“ကျေးဇူးပြုပြီး ပြောပြပေးပါ စီနီယာ”

“ပထမတစ်ခုက ဒီငှက်မွှေးပြာဂိုဏ်းကနေ အခုချက်ချင်း ထွက်သွားလိုက်။ ဝေးနိုင်သမျှ ဝေးဝေးသွားလေ အကောင်းဆုံးပဲ”

အမျိုးသမီးသည် လက်ညိုးတစ်ချောင်း ထောင်ပြ၍ ပြုံးကာ ပြောလိုက်သည်။ ထိုစကားကို ကြားသည့်အခါ လျို့ရှန်းယွင်၏ အမူအရာပြောင်းလဲသွားပြီး ချက်ချင်း သဘောတူမလို ဖြစ်သွားလေသည်။ သို့သော် သဘောမတူသေးခင် ရန်ကိုင့်ဆီသို့ လှမ်းကြည့်လိုက်ရာ ရန်ကိုင်သည် ထူးမခြားနား ဟန်ဖြင့်သာ ရှိနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမပြောမည့် စကားလုံးများကို အလျင်အမြန် ပြန်မျိုချလိုက်လေ၏။

“ဒုတိယ ရွေးချယ်မှုတစ်ခုကရော စီနီယာ” ရန်ကိုင်က ထပ်မေးလိုက်သည်။

“ဒုတိယ တစ်ခုက ငါတို့ ငှက်မွှေးပြာဂိုဏ်း ထဲကို ၀င်လိုက်။ ငါတို့ ငှက်မွှေးပြာဂိုဏ်းက တောင်ဘက်နယ်မြေထဲမှာ အင်အား အကြီးမားဆုံး မဟုတ်ပေမဲ့ ခိုင်မာတဲ့ အုတ်မြစ်တော့ရှိတယ်။ ငါတို့ ဂိုဏ်းထဲကို ၀င်လိုက်မယ်ဆိုရင် နင်တို့ နေစရာ နေရာလည်း ရသွားမယ်။ အခြေချစရာ နေရာလည်း ရသွားမယ်။ နင်တို့ ကျင့်ကြံချင်းမှာ ပြဿနာတွေ ကြုံရရင်လည်း ဒီဘုရင်မကို လာမေးလို့ရတယ်။ မေးခွန်း တစ်ခု နှစ်ခုလောက်ဆိုရင် ဒီဘုရင်မ နင်တို့အတွက် ဖြေပေးနိုင်တယ်”

“တစ်ကယ်ကို ကောင်းတဲ့ အခွင့်အရေးပဲ”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင်သည် စိတ်လှုပ်ရှားသွားသည့်အလား သူ့မျက်၀န်းများ တောက်ပလာခဲ့သည်။ အမျိုးသမီးသည် ထိုမြင်ကွင်းကို ပြုံး၍သာ ကြည့်နေပြီး ဘာမှ၀င်မပြောခဲ့ပေ။ ရန်ကိုင်သည် ခဏကြာအောင် စဉ်းစားနေပြီးနောက်တွင် မျက်မှောင်ကုတ်ကာ မေးလိုက်လေသည်။

“ကျုပ်မှာ မေးစရာတစ်ခုရှိလို့ပါ စီနီယာ”

“မေးလေ” အမျိုးသမီးသည် မေးကို မော့လျက် ပြောလိုက်၏။

“ကျုပ်တို့ ခွန်အားက ဘာမှ ဒီလောက် မြင့်တာလည်း မဟုတ်တာကို စီနီယာက ဘာလို့ ကျုပ်တို့ကို ဂိုဏ်းထဲ ခေါ်ချင်ရတာလဲ” ထိုစကားကိုကြားသည့်အခါ အမျိုးသမီးသည် ပြုံးကာ ပြန်ပြောလိုက်လေသည်။

“ဘာလို့လဲဆိုတော့ နင်တို့က အဆင့်နိမ့်ကြယ်စီရင်စုကြီးက လူတွေဖြစ်နေလို့ပဲ။ နင်တို့လိုလူတွေက လေ့ကျင့်ပေးရတာ တန်တယ်။ ဆိုးတာက နင်တို့ နှစ်ယောက်စလုံး ကြယ်သခင်တွေ ဟုတ်မနေတာပဲ။ နင်တို့သာ ကြယ်သခင်တွေဆိုရင် ဒီထက် ပိုကောင်းတဲ့ အခွင့်အရေးကိုတောင် ဒီဘုရင်မ ပေးဦးမှာ”

“သိပါပြီ” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။

ဤအကြောင်းကို လျို့ရှန်းယွင်မှ သူ့အား ပြောပြခဲ့ဖူးပေသည်။ အဆင့်နိမ့် ကြယ်စီရင်စုများမှ ကြယ်တာရာ အစုအဝေးသို့ တက်လာကြသူများသည် သူတို့နယ်ပယ် အသီးအသီးတွင် ပါရမီရှင်များ ဖြစ်ကြသည်။ ထို့ကြောင့် ကြယ်တာရာ အစုအဝေးသို့ ရောက်လာသည့်အခါ ထိုနေရာမှ အင်အားစုများ၏ ခေါ်ယူစုဆောင်းခြင်း ခံရလေသည်။

ကြယ်သခင်များ ဟုတ်မနေလျှင်ပင် အဆင့်နိမ့်ကြယ်စီရင်စုများက တက်လာသည့် ကျင့်ကြံသူများကို ကြယ်တာရာ အစုအဝေးရှိ ဂိုဏ်းများမှ အလေးထား တန်ဖိုးထားကြလေသည်။

“ဒီတော့ နင်ဘာရွေးမှာလည်း” အမျိုးသမီးသည် ရန်ကိုင့်အား ကြည့်ကာ မေးလိုက်လေသည်။

“ဘာကို ရွေးရဦးမှာလည်း။ ငှက်မွှေးပြာဂိုဏ်းထဲကိုပဲ ၀င်ရမှာပေါ့”

ရန်ကိုင်သည် တစ်ချက်ပင် တွေဝေမနေဘဲ တန်းသဘောတူလိုက်လေသည်။ ထို့နောက် လျို့ရှန်းယွင် ဘက်သို့ လှည့်၍ မေးလိုက်လေ၏ “ရှန်းယွင် နင်ရော ဘယ်လိုထင်လည်း”

လျို့ရှန်းယွင်မှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။ ရန်ကိုင် ဤကိစ္စကို ဤမျှ အလျင်စလို သဘောတူလိုက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထို့ကြောင့် ‌ရန်ကိုင် မေးလာသည့်အခါ သူမမှာ ချက်ချင်း ပြန်မပြောနိုင် ဖြစ်နေခဲ့၏။ သို့သော်လည်း ရန်ကိုင်နှင့် မျက်လုံးချင်း ဆုံပြီးနောက် လျို့ရှန်းယွင်သည် ချက်ချင်းပဲ ခေါင်းညိတ်လိုက်လေသည်။

“ရောင်ရင်းရန်က ၀င်ချင်မှတော့ ကျွန်မလည်း ၀င်ရမှာပေါ့”

ထိုစကားကို ကြားသောအခါ အမျိုးသမီးက ပြုံးလျက် ညောင်စောင်းပေါ်မှ ထကာ ပြောလိုက်လေသည် “အဲ့လိုဆိုမှတော့ အခုကစပြီး နင်တို့က ငါ့ငှက်မွှေးပြာဂိုဏ်းရဲ့ တပည့်တွေဖြစ်သွားပြီပေါ့။ အခုလောလောဆယ်တော့ နင်တို့က ဒီဘုရင်မရဲ့ စီမံကွပ်ကဲမှုအောက်မှာ ရှိနေလိမ့်မယ်။ ခို့ဟူ… သူတို့ကို နေစရာ စီစဉ်ပေးလိုက်။ သူတို့ ကြိုးစားကျင့်ကြံအောင်လည်း လုပ်ခိုင်းဦးနော်။ ဒီဘုရင်မ စိတ်မပျက်ချင်ဘူး”

ပြောစရာရှိသည်များကို ပြောပြီးနောက် အမျိုးသမီးသည် လှည့်ထွက် သွားလေသည်။ ခို့ဟူသည် တလေးတစား ဦးညွှတ်လိုက်၏။ အမျိုးသမီး ထွက်သွားပြီးနောက်တွင် ခို့ဟူသည် ရန်ကိုင်နှင့် လျို့ရှန်းယွင်ဘက်လှည့်၍ ပြုံးကာ ပြောလိုက်လေသည် “ဒီတော့ အခုကနေစပြီးတော့ ငါတို့တွေက ညီအကို မောင်နှမတွေ ဖြစ်သွားကြပြီပေါ့။ ဒါနဲ့ စီနီယာအစ်ကို အခုထိ မင်းတို့နာမည်တွေကို မသိရသေးဘူးနော်”

“ရန်ကိုင် စီနီယာ အကိုခို့ကို နှုတ်ဆက်ပါတယ်” ရန်ကိုင်က လက်သီးဆုပ်၍ ပြုံးကာ ပြောလိုက်လေသည်။

လျို့ရှန်းယွင်မှာလည်း လက်ရှိ ရုတ်ချည်း ပြောင်းလဲသွားသည့် အခြေအနေအပေါ် အနည်းငယ် ကသိကအောက် ဖြစ်နေသော်ငြား သူမ၏ နာမည်ကိုတော့ အလျင်အမြန်ပင် ပြောပြလိုက်လေသည်။

ရန်ကိုင်တို့၏ နာမည်များ ကို သိပြီးနောက်တွင် ခို့ဟူက ပြောလိုက်၏။ “ဒီတော့ ဂျူနီယာရန်နဲ့ ဂျူနီယာညီမလျို့ပေါ့။ အရင်ရက်တွေက စီနီယာအကို လုပ်ခဲ့တာတွေနဲ့ ပတ်သတ်ပြီး မင်းတို့နှစ်ယောက် စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်။ စီနီယာက ကိုယ့်တာ၀န်ကိုယ် လုပ်နေရတာမို့လို့ပါ”

“ဂျူနီယာ နားလည်ပါတယ်”

ခို့ဟူသည် ခေါင်းငြိမ့်လိုက်ပြီး ရန်ကိုင်တို့ နှစ်ယောက်အား သူ့နောက်သို့ လိုက်လာရန် အချက်ပြလိုက်လေသည်။

“ငါ့နောက်လိုက်ခဲ့။ ငါမင်းတို့ နေရမယ့် နေရာဆီ ခေါ်သွားပေးမယ်။ ငါတို့ ငှက်မွှေးပြာဂိုဏ်းက ထိပ်တန်းအဆင့် အင်အားစုကြီး မဟုတ်ပေမဲ့ အဆင့်နိမ့်တဲ့ အထဲလည်း မပါဘူး”

ခနအကြာတွင် ရန်ကိုင်တို့သည် တောင်အောက်ခြေသို့ ရောက်လာခဲ့လေသည်။ ခို့ဟူသည် ဘေးချင်းကပ် တည်ရှိနေသည့် သစ်သားအိမ်လေး နှစ်လုံးကို ညွှန်ပြလျက် ပြောလိုက်၏။

“အခု လောလောဆယ်တော့ ဒီမှာပဲ နေနှင့်ကြဦး။ အိမ်တစ်လုံးစီကို ကာကွယ်ပေးထားတဲ့ အကာအကွယ်တစ်ခုရှိတယ်။ အဲ့အကာအကွယ်ကို ဖျက်ပြီး ၀င်မယ်ဆိုရင် သက်သေခံ တံဆိပ်ပြားတစ်ခု လိုလိမ့်မယ်။ အဲ့တံဆိပ်ပြားကိုတော့ နောက်နှစ်ရက်လောက်ကြာရင် တစ်ယောက်ယောက် လာပို့ပေးလိမ့်မယ်။ အခုလောလာဆယ် သက်သေခံ တံဆိပ်ပြား မရသေးခင်အထိတော့ မင်းတို့ ကိုယ့်အိမ်ထဲမှာ ကိုယ်နေတာ အကောင်းဆုံးပဲ။ မဟုတ်လို့ သက်သေခံ တံဆိပ်ပြားမပါဘဲ ထွက်သွားရင် ပြဿနာတွေနဲ့ ကြုံရနိုင်တယ်”

“နားလည်ပါပြီ” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။

“ဒါဆို အခုကနေစပြီး ကျုပ်တို့ ဘာလုပ်သင့်ပါလဲ စီနီယာ အ်စကို”

ထိုစကားကို ကြားသည့်အခါ ခို့ဟူက ပြုံးလျက် ပြန်ပြောလိုက်သည် “အခုလောလောဆယ်တော့ ဘာမှလုပ်စရာ မလိုသေးဘူး။ ကျင့်ပဲ ကျင့်ကြံနေလိုက်ဦး။ မင်းတို့ ၀င်လုပ်ရမယ့် တာ၀န်တစ်ခုခုရှိရင် ငါမင်းတို့ကို အကြောင်းကြားလိုက်မယ်။ ပြီးတော့ ငါတို့က ကာကွယ်သူပိရန် ရဲ့ စီမံမှုအောက်မှာ ရှိနေတာဆိုတော့ အခြား ဘယ်သူ့ကိုမှ ဂရုစိုက်နေစရာ မလိုဘူး။ သခင်မရဲ့ အမိန့်ကို လိုက်နာရုံနဲ့ လုံလောက်ပြီ။ ကဲ… ဒီနေ့တော့ ဒီလောက်ပဲ”

ထိုစကားကို ပြောပြီးနောက် ခို့ဟူ လှည့်ထွက်ရန် ပြင်လိုက်လေသည်။ ထိုစဉ် ရန်ကိုင်သည် တစ်ခုခုကို သတိရသွားပြီး အလျင်စလို လှမ်းအော်ခေါ်လိုက်လေ၏။

“စီနီယာ အကိုခို့..”

“မင်းဘာမေးချင်သေးလို့လဲ” ခို့သူသည် စိတ်မရှည်ဖြစ်လာသည့်အလား မျက်မှောင်ကြုတ်သွားခဲ့၏။

ရန်ကိုင်သည် ခို့ဟူနားသို့ ကပ်သွားပြီး လေသံ တိုးတိုးဖြင့် မေးလိုက်လေသည်။ “စီနီယာ အကိုခို့၊ ကာကွယ်သူသခင်မရဲ့ ကျင့်ကြံခြင်းက…”

ခို့ဟူက အဓိပ္ပာယ်ပါပါ ပြုံးလျက် “တာအိုသခင် တတိယ အဆင့်ပဲ။ ဒါပေမဲ့ မင်း အဲ့ကိစ္စနဲ့ ပက်သတ်ပြီး စိတ်ပူနေစရာ မလိုပါဘူး။ ကိုယ့်ဘာသာ ကြိုးစားပြီးပဲ ကျင့်ကြံနေဦး”

“ဟုတ်ကဲ့ပါ စီနီယာ” ရန်ကိုင် ခေါင်းညိတ်လိုက်လေ၏။

ခို့ဟူ ထွက်သွားပြီးနောက်မှသာ ရန်ကိုင်၏ ပြုံးရွှင်နေသာ အမူအရာသည် တဖြည်းဖြည်း အေးစက်သွားခဲ့လေသည်။ လျို့ရှန်းယွင်အား အချက်ပြလိုက်ပြီးနောက် အနားရှိ အိမ်တစ်လုံးထဲသို့ ၀င်သွားလိုက်၏။ လျို့ရှန်းယွင်သည်လည်း နောက်မှ လိုက်ဝင်လာခဲ့လေသည်။

အိမ်အတွင်းပိုင်းမှာ အတော်လေးကိုမှ ရိုးရှင်းပေသည်။ ခုတင်တစ်လုံး၊ စားပွဲခုံတစ်လုံးနှင့် ထိုင်ခုံ တစ်လုံးသာ ရှိသည်။ အိမ်ထဲတွင် လူမရှိသည်မှာ အတော်လေးကြာပြီ ထင်ရသော်ငြား တစ်အိမ်လုံးမှာ လုံး၀ကို သန့်ရှင်းနေခဲ့ပြီး ဖုန်တက်နေခဲ့ခြင်း မရှိပေ။

ထိုင်ခုံပေါ်တွင် ကောက်ထိုင်လိုက်ပြီးနောက် ရန်ကိုင်သည် သူတို့ စကားပြောသည်ကို ချောင်းနားထောင်နေမည့် လူတစ်ယောက်ယောက် ရှိမရှိ ကောင်းကင်စိတ်အာရုံဖြင့် အရင် စစ်ဆေးကြည့်လိုက်၏။

ထို့နောက် လျို့ရှန်းယွင်ဘက်သို့ လှည့်၍ ပြောလိုက်လေသည် “ငါ ငှက်မွှေးပြာဂိုဏ်းထဲ ၀င်ဖို့ ဘာလို့ သဘောတူလိုက်လဲ နင်မေးချင်နေတာမလား”

လျို့ရှန်းယွင်က ခနမျှစဉ်းစားနေပြီးနောက် ပြန်ပြောလိုက်၏ “အစကတော့ အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး မေးချင်မိသေးတယ်။ ဒါပေမဲ့ တွေးကြည့်လိုက်ပြီးတဲ့ နောက်ပိုင်း ငါတို့အသက်ရှင်ချင်လို့ရှိရင် အဲ့လိုလုပ်တာ အကောင်း‌‌ဆုံးမှန်း နားလည်သွားတယ်”

“ဟုတ်တယ် ကာကွယ်သူ ပိရန်က ငါတို့ကို ရွေးချယ်စရာ နှစ်ခု ပေးလိုက်တယ် ဆိုပေမဲ့ ပထမ တစ်ခုကို ရွေးလိုက်ရင် ငါတို့ ဘာဖြစ်မယ်မှန်း ဘယ်သူမှ မပြောနိုင်ဘူး။ ငှက်မွှေးပြာဂိုဏ်းရဲ့ လူတွေရဲ့ ပုံစံကိုလည်း နင်မြင်တာပဲ။ သူတို့ထဲမှာ ကောင်းတဲ့သူ တစ်ယောက်မှ မပါဘူး” ရန်ကိုင်က သက်ပြင်းချ၍ ပြောလိုက်သည်။

လျို့ရှန်းယွင်က ခါးသက်စွာ ပြုံးလျက် “ကြယ်တာရာ အစုအဝေးကြီးထဲကို ရောက်ရောက်ချင်း ဒီလိုတွေ ကြုံရမယ်လို့ ငါတစ်ခါမှ မမျှော်လင့်ထားဘူး။ ကြိုပြီးတော့သာ သိခဲ့မယ်ဆိုရင်…”

“အခုမှ နောင်တ ရနေလို့လည်း ဘာမှမထူးတော့ဘူး။ တစ်ကြိမ်မှာ တစ်လှမ်းပဲ လှမ်းလို့ရတာ။ ငါတို့သာ လုံလောက်အောင် အားကောင်းနေလို့ရှိရင် ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“အဲ့တာတော့ဟုတ်တယ်” လျို့ရှန်းယွင်က ခါးသက်စွာ ပြုံးလျက်ပင် ပြန်ပြောလိုက်သည်။

“ဒါဆိုရင် ငါအရင် သွားနားလိုက်တော့မယ်နော်”

“အင်း”

နောက်ရက်များအတွင်း ရန်ကိုင်တို့၏ ဘ၀မှာ ငြိမ်းချမ်းနေခဲ့လေသည်။ သက်သေခံတံဆိပ်ပြားကို မရသေးသည့် အတွက် ရန်ကိုင်သည် အပြင်သို့ ထွက်မသွားသေးဘဲ သစ်သားအိမ်လေးထဲတွင်သာ အိမ်တွင်း အောင်းနေခဲ့သည်။ သူ့ကျင့်ကြံခြင်းအား ပိတ်နှောင်ထားသည့်စည်း မရှိတော့သည့်အတွက် ရန်ကိုင်၏ သူတော်စင်ချီသည် အရင်းအမြစ်ချီအဖြစ်သို့ အလွန် လျင်မြန်စွာ ပြောင်းလဲလာနေခဲ့သည်။

သူတန်ခိုးရှင်ဘုရင် တတိယ အဆင့်သို့ ရောက်ဖို့ရာပင် သိပ်မကြာတော့ဟု ရန်ကိုင် ခံစားနေခဲ့ရသည်။ သို့ရာတွင် ရန်ကိုင် အလျင်မလိုသေးပေ။ သူသည် ယခုလေးတင်မှာ ငှက်မွှေးပြာဂိုဏ်းထဲသို့ ၀င်လာခြင်းဖြစ်သည်။ သူ့စွမ်းဆောင်ရည်သာ လူအများ အာရုံစိုက်ရာ ဖြစ်နေပါက မလိုလားအပ်သော ပြဿနာများကို ဖြစ်လာနိုင်ပေသည်။

ထို့ကြောင့် ရန်ကိုင်သည် သူစုပ်ယူထားသည့် အလင်းစက်များကို ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်စေရင်း သူတော်စင်ချီကို အရင်းအမြစ်ချီအဖြစ်သို့ ပြောင်းလဲနိုင်ရန်သာ ကြိုးစားနေခဲ့သည်။ ရက်အနည်းငယ် ကြာပြီးနောက်တွင် ခို့ဟူသည် ရန်ကိုင်နှင့် လျို့ရှန်းယွင်အား သူတို့၏ သက်သေခံ တံဆပ်ပြားအသီးသီးကို ယူလာပေးခဲ့လေသည်။

သက်သေခံတံဆိပ်ပြားများ ရပြီးနောက်တွင် ရန်ကိုင်တို့ နှစ်ဦးသည် ငှက်မွှေးပြာဂိုဏ်း၏ အစစ်အမှန် တပည့်များ ဖြစ်လာကြလေပြီ။ သတ်မှတ်ထားသည့် တားမြစ်နေရာ အချို့မှ လွဲ၍ မည်သည့်နေရာမဆို ဝင်ထွက်သွားလာနိုင်၏။ ရန်ကိုင်သည် ထိုအချက်ကို အခွင့်ကောင်းယူ၍ ငှက်မွှေးပြာဂိုဏ်း၏ တပည့်တော်တော်များများနှင့် ရင်းနှီးကျွမ်း၀င်အောင် လုပ်လိုက်သည်။

ငှက်မွှေးပြာဂိုဏ်းသားများ မည်သို့ပင် စရိုက်ဆိုးနေကာမူ ထိုလူအားလုံးသည် ကြယ်တာရာ အစုအဝေး၏ ဒေသခံများဖြစ်ကြသည်။ ထိုလူများကို မေးမြန်းကြည့်ပြီးနောက်တွင် သတင်းအချက်အလက် အချို့ ရန်ကိုင်ရရှိခဲ့လေသည်။ ငှက်မွှေးပြာဂိုဏ်းတွင် ဧကရာဇ်အဆင့် ကျင့်ကြံသူ မရှိဘူးဟူသော အချက်ပင်။

ငှက်မွှေးပြာဂိုဏ်းတွင် တာအိုသခင် တတိယ အဆင့် ပညာရှင်ငါးယောက်ရှိပြီး ပိရန်ယုချင်းမှာ ထိုငါးယောက်အနက်မှ တစ်ယောက်ဖြစ်ပေသည်။

ဤသည်မှာ ရန်ကိုင် မျှော်လင့်ထားသည့် အကန့်အသတ် အတွင်းတွင်သာ ရှိနေခဲ့သေးသည်။

ပိရန်ယုချင်း ၏ကျင့်ကြံခြင်းမှာ တာအိုသခင်တတိယ အဆင့်မှန်း သိသွားပြီးနောက် ငှက်မွှေးပြာဂိုဏ်းတွင် ဧကရာဇ်အဆင့် ပညာရှင်ရှိနေမည် ဆိုလျှင်ပင် အများဆုံးမှ တစ်ယောက်၊ နှစ်ယောက် လောက်သာ ရှိလိမ့်မည် ဖြစ်ပြီး သူတို့၏ ဧကရာဇ်အဆင့် ကျင့်ကြံခြင်းမှာလည်း အရမ်းကြီး မြင့်မားလိမ့်မည် မဟုတ်မှန်း သိသွားခဲ့လေသည်။

ပိရန်ယုချင်း အပြင် အခြားသော တာအိုသခင်လေးဦး ထပ်ရှိနေ‌ပေသေးသည်။ တစ်ဦးမှာ သူတို့၏ ဂိုဏ်းချုပ်ဖြစ်ပြီး ကျန်သုံးဦးမှာ ကာကွယ်သူများ ဖြစ်ကြသည်။ ကာကွယ်သူ လေးဦးသည် အဓိက တောင်တစ်လုံးစီကို ပိုင်ဆိုင်ထားကြပြီး အခြားကာကွယ်သူများ၏ ကိစ္စကို ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ ကိုယ့်ပိုင်နက်တွင်သာ အေးဆေး နေနေကြသည်။

All Chapters