← Chapters

အခန်း (၁၉၄၆-၁၉၅၀)

Vol. 78 Ch. 1946-1950

အခန်း (၁၉၄၆-၁၉၅၀)

Vol. 78 Ch. 1946-1950

အပိုင်း (၁၉၄၆)

အချိန်သည် တစ်ရွေ့ရွေ့နှင့် ကုန်ဆုံးနေခဲ့ပြီး ယခုဆိုလျင် ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့ ငှက်မွှေးပြာဂိုဏ်းသို့ ရောက်သည်မှာ တစ်လပင် ကျော်သွားခဲ့လေပြီ။ လွန်ခဲ့သည့် လအတွင်း ရန်ကိုင်သည် ငှက်မွှေးပြာဂိုဏ်းအကြောင်း လိုက်လံစုံစမ်း မေးမြန်းကြည့်ခဲ့သည်။ ထိုအချိန် အတောအတွင်း ကျင့်ကြံနေရုံမှအပ ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့၏ ဘ၀မှာ အတော်လေးကိုမှ ငြိမ်းချမ်းနေခဲ့သည်။

မည်သူမှ သူတို့အား ပြဿနာလာမရှာခဲ့သလို ဂိုဏ်းကလည်း မည်သည့်တာ၀န်မှ မပေးခဲ့ချေ။ လက်ရှိအခြေအနေအရ ငှက်မွှေးပြာဂိုဏ်းထဲသို့ ၀င်ရန် ဆုံးဖြတ်လိုက်သည်မှာ တစ်ကယ် မှန်သွားသည့် ပုံပင်။ အနည်း‌ဆုံး သူတို့တွင် နေစရာ နေရာတစ်ခု ရသွားခဲ့လေသည်။

ဤသို့ပင် ဖြစ်နေလင့်ကစား လက်ရှိအခြေအနေမှာ ယာယီသာ ဖြစ်ကြောင်းကို ရန်ကိုင် ကောင်းကောင်း သိထားခဲ့သည်။ ဂိုဏ်းထဲသို့ ၀င်လာသည့် မည်သူမဆို ဂိုဏ်းအတွက် အကျိုးဆောင်ပေးရလေသည်။ သူတို့ အေးအေးဆေးဆေး အချိန်ဖြုန်းနေနိုင်ခြင်းမှာ ငှက်မွှေးပြာဂိုဏ်းသည် မည်သည့် ပြဿနာမှ မရင်ဆိုင်ရသေးသည့် အတွက်ကြောင့်မှန်း ရန်ကိုင်သိသည်။

ငှက်မွှေးပြာဂိုဏ်းသာ ရန်သူများနှင့် ရင်ဆိုင်ရလျှင်၊ ပြဿနာတစ်ခုခုနှင့် ကြုံရသည့်အခါ သူတို့ကဲ့သို့ အဆင့်နိမ့် တပည့်များသည် ထိုတိုက်ပွဲတွင် ကျိန်းသေ ပါ၀င် ဆင်နွှဲရမည်မှန်း ရန်ကိုင်သေချာ သိသည်။ သူသည် ငှက်မွှေးပြာ ဂိုဏ်းအား တွယ်တာသူ တစ်ဦး မဟုတ်ချေ။ ဤကဲ့သို့သော ဂိုဏ်းအတွက်နှင့် သူ့အသက်ကို မစွန့်စားချင်ပေ။

ထို့အပြင် သူနှင့် လျို့ရှန်းယွင်ကို တစ်စုံတစ်ဦးမှ အမြဲတစေ တိတ်တဆိတ် စောင့်ကြည့်နေသည်ဟု ရန်ကိုင် ခံစားနေရသည်။ သို့သော်လည်း သူတို့မှာ ဂိုဏ်းထဲသို့ ယခုမှ ၀င်လာသည့် တပည့်များဖြစ်သည့်အတွက် ဤကဲ့သို့ စောင့်ကြည့်ခံရသည်မှာ သဘာ၀သာ ဖြစ်သည်။ ရန်ကိုင်သည် ထိုအချက်ကို သိပ်ပြီး ဂရုစိုက် မနေခဲ့ပေ။

သူနှင့် လျို့ရှန်းယွင်သည် ဤအချိန်အတောအတွင်း သာမန်မဟုတ်သည့် ဘာကိုမှ မလုပ်ခဲ့သလို ထူးထူးခြားခြား စွမ်းဆောင်ရည်များကိုလည်း ပြသခဲ့ခြင်း မရှိချေ။ ထို့ကြောင့် ထို့ကြောင့် စောင့်ကြည့်ခံနေရသည့်တိုင် သူတို့၏ မည်သည့် လျှို့ဝှက်ချက်မှ ပေါက်ကြားသွားခဲ့ခြင်း မရှိပေ။

ငှက်မွှေးပြာဂိုဏ်းထဲတွင် ငှက်မွှေးပြာဂိုဏ်း၏ တပည့်များ ကုန်ပစ္စည်းများ ရောင်းဝယ်နိုင်သည့် ဈေးတန်းတစ်ခု ရှိပေသည်။ ထိုဈေးတန်းတွင် နေရာမျိုးစုံရှိကြပြီး အဓိကနေရာကြီးများကိုတော့ အားအကောင်း‌ဆုံးနှင့် ဩဇာအာဏာ ကြီးမားသော အဖွဲ့များကသာ ပိုင်ဆိုင် ထားကြသည်။ ရန်ကိုင် ကဲ့သို့ သာမန်တပည့်များအတွက်မူ ချောင်ကြသည့် နေရာများကို ရွေးချယ်ရုံသာ တတ်နိုင်၏။

မနက်စောစောတွင် ရန်ကိုင်နှင့် လျို့ရှန်းယွင်သည် ဈေးတန်းဘက်သို့ ထွက်လာလေသည်။ ဈေးတန်းသို့ ရောက်လာပြီးတွင် အနည်းငယ် ဟောင်းဟောင်းနွမ်းနွမ်းဖြစ်နေသည့် ဆိုင်တစ်လုံး ရှိသည့် ချောင်ကျသည့်နေရာတစ်ခုဆီသို့ လျှောက်လာခဲ့ကြလေ၏။ ဆိုင်အပြင်ဘက်တွင် ကျင့်ကြံသူ အယောက်သုံးဆယ်မက တန်းစီနေကြလေသည်။

ရန်ကိုင် ရောက်လာသည်ကိုမြင်သော် အကုန်လုံးက လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေသည်။

“မင်္ဂလာပါ ဂျူနီယာရန်”

“ဂျုနီယာရန် မင်းဆိုင် မြန်မြန် ဖွင့်တော့ကွာ။ ငါတို့စောင့် နေရတာ တော်တော်ကြာနေပြီ”

“ဂျူနီယာရန် ငါဒီကို အရင်ရောက်တာနော် ငါ့ကို အရင်ကူညီ”

ကျင့်ကြံသူအများစုမှာ တန်ခိုးရှင် ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး အနည်းငယ်သည်သာ တန်ခိုးရှင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြလေသည်။ သို့တိုင် အကုန်လုံးသည် ရန်ကိုင့်အပေါ် အလွန်ကိုမှ ရင်းနှီးဖော်ရွေနေကြသည်။ ရန်ကိုင်သည်လည်း စီးပွားရေးသမား တစ်ဦး၏ အပြုံးကို ဆင်မြန်းလျက် လက်သီးဆုပ်ကာ ပြန်ပြောလိုက်လေသည်။ “အခုလို အကြာကြီး စောင့်ပေးတဲ့အတွက် စီနီယာ အစ်ကို၊ စီနီယာ အစ်မတို့ကို ကျေးဇူးအများကြီးတင်ပါတယ်။ ဂျူနီယာ အခုပဲစလိုက်ပါ့မယ်”

ပြောပြီးသည်နှင့် ဆိုင်ဆီသို့ လျှောက်သွားလိုက်လေ၏။ ထိုအချိန်တွင် လုံးကြီးပေါက်လှ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ဦးသည် လူပေါင်းများစွာသူ့ကို ကြည့်နေသည်ကိုပင် ဂရုမစိုက်ဘဲ ခါးကို လှုပ်လျှောက်ကာ ၀င်လာခဲ့လေသည်။ ရန်ကိုင့်နားသို့ ရောက်လာပြီးတွင် ရန်ကိုင့်လက်မောင်းကို ကိုင်၍ သူမ ရင်ဘက်ပေါ် ဖိချပေးလိုက်၏။ ထို့နောက် ရန်ကိုင့် နား နားသို့ ကပ်၍ အသက်တစ်ချက် ရှူထုတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်လေ၏။

“ဂျူနီယာ မောင်လေး သူတို့တွေကို မေ့ထားလိုက်ပြီး စီနီယာအစ်မရဲ့ ကိုးသွယ်ပြောင်း စိတ်ဝိဉာဉ်ဆေးလုံးကိုပဲ အရင်ဖော်စပ်ပေးလို့ မရဘူးလား။ စီနီယာအမ မြန်မြန် ပြန်ပြီး ကျင့်ကြံစရာလေး ရှိသေးလို့ပါနော်”

“အာ….စီနီယာအစ်မ ဆိုင်မှာလည်း စည်းမျဉ်းတွေ ရှိနေလို့ပါ။ စီနီယာအစ်မ အတွက် ဖော်စပ်ပေးချင်ပေမယ့် ကျုပ်တို့ဆိုင်က ဦးသူစနစ်ပဲ ဆိုတော့ အဲ့လို လုပ်ပေးဖို့ အဆင်မပြေလို့ပါ” ရန်ကိုင်သည် မျက်မှောင်ကြုတ်၍ သူ့လက်ကို ပြန်‌ဆွဲရုန်းရင်း ပြောလိုက်လေသည်။

အမျိုးသမီးကမူ လက်မလျော့သေးဘဲ ဆက်၍ တွန်းအားပေးလိုက်လေသည် “စိတ်မပူနဲ့ သူတို့တွေကို စီနီယာအစ်မ သွားပြောလိုက်မယ်။ သူတို့ထဲက ဘယ်သူငြင်းရဲလဲ။ ဂျူနီယာ မောင်လေးသာ စီနီယာအမကို အရင်ကူညီပေးမယ်ဆိုရင် စီနီယာအမ…”

ထို့နောက်တွင် ရန်ကိုင့် နား နားသို့ကပ်ခါ တိုးတိုးလေး ပြောလိုက်လေသည်။

“တစ်ကယ်လား.” ရန်ကိုင် စိတ်လှုပ်ရှားသွားပြီး သူ့မျက်လုံးများဟာလည်း အရောင်တစ်လက်လက် တောက်ပသွားခဲ့သည်။

“ဟမ့်” ဘေးဘက်တွင် ရပ်နေသော လျို့ရှန်းယွင်သည် အေးစက်စက် အမူအရာဖြင့် ထိုမြင်ကွင်းကို အထင်အမြင် တသေးဖြင့် စောင်းကြည့်လိုက်လေသည်။

ရန်ကိုင်ကမူ ခြောက်ကပ်ကပ်သာ ရယ်မောလိုက်ပြီး သူ့လက်ကို ပြန်ဆွဲယူရင်း တစ်ချိန်ထဲ၌ အမျိုးသမီး ၏ ငွားငွားစွင့်စွင့် တောင်ပို့နှစ်လုံးကို အသာအယာ ပွတ်သတ်သွားခဲ့လေသည်။ ထို့နောက် နောင်တရနေသည့် အမူအရာဖြင့် “စီနီယာအစ်မ၊ ဂျူနီယာ ဒီက စည်းမျဉ်းတွေကို တစ်ကယ် ချိုးဖျက်လို့ မရလို့ပါ။ ဒါပေမဲ့ စီနီယာအစ်မ ဆန္ဒရှိတယ်ဆိုရင်တော့ ဂျူနီယာရဲ့ အိမ်ကို လာခဲ့လေ။ ဂျူနီယာနဲ့ကောင်းကောင်း စကားပြောကြတာပေါ”

သူမ၏ လှည့်ကွက် အသုံးမ၀င်သည်ကို မြင်သော် အမျိုးသမီးသည် ရုတ်တရက် အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လျက် “ဒါလေးတောင် လုပ်မပေးနိုင်ဘူး”

ထို့နောက် သူ့လက်ကို ရန်ကိုင့်စီမှ ပြန်ဆွဲယူရင်း လျို့ရှန်းယွင်ကို စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ ရန်ကိုင် သူမ၏ တောင်းဆိုချက်ကို သဘောမတူသည်မှာ လျို့ရှန်းယွင်ကြောင့် ဖြစ်သည်ဟု ထင်နေသည့် ပုံပင်။ လျို့ရှန်းယွင်ကမူ ထူးမခြားနား ဟန်ဖြင့် သူမ၏ သိုလှောင် လက်စွပ်ထဲမှ ဆိုင်းဘုတ်တစ်ခု ထုတ်ယူ၍ မြေပြင်ပေါ်သို့ စိုက်ချလိုက်ပြီးနောက် အားလုံးကြားအောင် အော်ပြောလိုက်လေသည်။

“စီနီယာအစ်ကို၊ စီနီယာအစ်မတို့ ဆေးဖော်စပ်ပေးဖို့ တောင်းဆိုချင်တယ်ဆိုရင် ကျေးဇူးပြုပြီး တန်းစီပေးကြပါ။ ၀န်ဆောင်ခကတော့ ဒီမှာ ရေးထားတဲ့အတိုင်းပါပဲ။ ဆေးမဖော်စပ်ခင် ကိုယ်ဖော်စပ်ချင်တဲ့ ဆေးလုံးရဲ့ လိုအပ်တဲ့ ဆေးအမယ်တွေ အားလုံးကို ပြင်ထားပေဖို့ လိုပါလိမ့်မယ်။ ပြီးတော့ ‌ဆေးဖော်စပ်လို့ မအောင်မြင်ခဲ့ရင် ဘာမှ အလျော်အစား ပြန်ပေးမှာ မဟုတ်ပါဘူး။ အဲ့အချက်ကိုလည်း စိတ်ထဲ မှတ်ထားပေးပါ”

သူမပြောသွားခဲ့သည့် အရာအားလုံးကို ဆိုင်းဘုတ် ပေါ်တွင် ရေးထားခဲ့လေသည်။ ထို့ကြောင့် အော်ပြောနေစရာပင် မလိုခဲ့။ သို့ရာတွင် လျို့ရှန်းယွင်ကမူ အမျိုးသမီးကြားအောင် တမင်သက်သက်ကို အော်ပြောလိုက်လေသည်။

သူမပြောနေစဉ်အတွင်း ရန်ကိုင်မှာမူ ဆိုင်ထဲသို့ ရောက်နေခဲ့လေပြီ။ ခရမ်းမူလ ဆေးမီးဖိုကို ထုတ်၍ မျက်လုံးပိတ်ကာ သူ၏ နေ့စဉ်ဒူ၀ အလုပ်ကိစ္စကို စလေတော့သည်။ တစ်လကြာအောင် အတူရှိလာခဲ့ပြီးနောက်တွင် ရန်ကိုင်နှင့် လျို့ရှန်းယွင်၏ ဆက်ဆံရေးမှာ အတော်လေးကိုမှ တိုးတက်လာခဲ့သည်။

ဤရင်းနှီးကျွမ်း၀င်ခြင်း မရှိသည့် ကြယ်တာရာ အစုအဝေးကြီးထဲ သူတို့ နှစ်ဦးသည် ကြယ်စီရင်စုကြီး တစ်ခုထဲမှ ရောက်လာခဲ့ကြသူများ မဟုတ်သလို၊ တစ်‌ယောက်နှင့် တစ်ယောက်အကြောင်း သိပ်မသိကြသော်ငြား နှစ်ဦးစလုံး၏ တစ်လှေတည်း စီးနေကြသည့်လူများ ဖြစ်ကြသည့်အတွက် သူတို့၏ ဆက်ဆံရေးမှာ အတော်လေး တိုးတက်ကောင်းမွန်လာခဲ့၏။

ငှက်မွှေးပြာဂိုဏ်းသို့ ရောက်လာခဲ့ပြီး ရက်အနည်းငယ်ခန့်အကြာတွင် သူတို့နှစ်ဦး ပြဿနာ တစ်ခုကို ရှာတွေ့သွားခဲ့သည်။ သူတို့အနေဖြင့် မည်သည့် ကျင့်ကြံခြင်း အရင်းအမြစ်ကိုမှ မရနိုင်ခြင်းပင်။ သူတို့ နှစ်ဦးသည် ငှက်မွှေးပြာဂိုဏ်း၏ တပည့်များ ဖြစ်ကြသော်ငြား ဂိုဏ်းသည် သူတို့တပည့်များအား အကြောင်းမရှိဘဲ မည်သည့် ကျင့်ကြံရေး အရင်းအမြစ်ကိုမှ ပေးလိမ့်မည် မဟုတ်ချေ။

ကျင့်ကြံခြင်းအတွက် လိုအပ်သော ပစ္စည်းများကို လိုချင်သည်ဆိုပါက ဂိုဏ်းစီမှ ၀ယ်လျင်၀ယ်၊ မ၀ယ်လျှင် ကိုယ့်ဘာသာကိုယ် ရအောင် ရှာရပေလိမ့်မည်။ တန်ခိုးရှင်ဘုရင် ကျင့်ကြံသူများအတွက် သူတော်စင် သလင်းကျောက်များမှာ အသုံးမ၀င်ပေ။ သူတော်စင် သလင်းကျောက်ထဲ သိုလှောင်ထားသော စွမ်းအင် အရင်းအမြစ်သည် တန်ခိုးရှင်ဘုရင် ကျင့်ကြံတစ်ဦး၏ လိုအပ်ချက်များကို လောက်ငှအောင် မဖြည့်စည်းပေးနိုင်ပေ။

ကြယ်တာရာ အစုအဝေးထဲတွင် ငွေကြေးအဖြစ် သုံးကြသော သလင်းကျောက် တစ်မျိုးရှိသည်။ အရင်းအမြစ်ကျောက်များဟုခေါ်သည်။ အရင်းအမြစ် ကျောက်များထဲတွင် သိုလှောင်ထားသော စွမ်းအင်သည် သူတော်စင် သလင်းကျောက်ထဲ သိုလှောင်ထားသည့် စွမ်းအင်ထက် အဆပေါင်းများစွာ ပိုများပေသည်။

ထို့ကြောင့် တန်ခိုးရှင်ဘုရင် အဆင့်နှင့် တာအိုသခင်အဆင့် ကျင့်ကြံသူများသည် ထိုအရင်းအမြစ် ကျောက်များကို သုံး၍ ကျင့်ကြံနိုင်ကြပေသည်။ သူတော်စင် သလင်းကျောက်များကဲ့သိုပင် အရင်းအမြစ်ကျောက်များကိုလည်း အဆင့်နိမ့်၊ အလယ်အလတ်နှင့် အဆင့်မြင့်ဟူ၍ ခွဲထားပေသည်။

အလယ်အလတ်အဆင့်တစ်တုံးလျှင် အဆင့်နိမ့် ဆယ်တုံးတန်ပြီး၊ အဆင့်မြင့်တစ်တုံးလျင် အလယ်အလတ်အဆင့် ဆယ်တုံး တန်ပေသည်။

ဤသည်မှာ ကြယ်တာရာ အစုအဝေး၏ ငွေကြေးပုံစံ ဖြစ်ပေသည်။ တစ်နည်းဆိုရသော် ရန်ကိုင့်အနေဖြင့် သူ့ကျင့်ကြံခြင်းကို မြှင့်တင်လိုလျှင် အရင်းအမြစ်ကျောက်များကို သုံးကာ လိုအပ်သည့် ပစ္စည်းများကို ၀ယ်ယူရပေလိမ့်မည်။ သို့သော်လည်း သူသည် ယခုမှ ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သလို လိုအပ်သည့် အရင်းအမြစ်များကို ရရန် ဘာလုပ်မလဲဆိုသည်ကိုလည်း မသိပေ။

ဈေးတန်းအကြောင်း သိပြီးနောက်တွင် ဆေး‌ဖော်စပ်ပေးကာ အရင်းအမြစ်ကျောက်များ ရှာရမည်ဟူသော အကြံတစ်ခုကို ရန်ကိုင် စဉ်းစားမိသွားသည်။ သူသည် မဟာဆေးတာအို၏ ပဲ့တင်သံ ပေါ်လာအောင် လုပ်နိုင်ခဲ့သော တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးဖြစ်သည်။

ရှနင်းချန် နှင့် ယှဉ်လိုက်လျှင် သူ့အရည်အချင်းမှာ အနည်းငယ် နိမ့်ကျနေသော်လည်း ဆိုးရွားသည့် အထဲတော့ မပါပေ။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်များသည် သူနေခဲ့သည့် ကြယ်စီရင်စုကြီးတွင် အလွန့်အလွန်ကိုမှ ရှားပါးသော်ငြား ကြယ်တာရာ အစုအဝေးထဲတွင်တော့ နေရာတော်တော်များများတွင် တွေ့နိုင်ပေသည်။

ထို့ကြောင့် သူ့အရည်အချင်းကိုသာ အရမ်းကြီး ထုတ်မပြသ၍ လူအများ၏ အာရုံစိုက်စရာ ဖြစ်လာမည့်အပေါ် ရန်ကိုင် စိတ်မပူပေ။ ထို့အပြင် ဆေးပညာရှင်ဟူသော အဆင့်အတန်းသည် သူ့တန်ဖိုးအား ပိုတိုးလာစေသလို သူနှင့် လျို့ရှန်းယွင်အား ပြဿနာများစွာမှလည်း ကာကွယ်ပေးနိုင်ပေသည်။ အားသာချက် အားနည်းချက်များအကြောင်း စဉ်းစားပြီးနောက်တွင် ရန်ကိုင်သည် ထိုအချက်ကို လျို့ရှန်းယွင်နှင့် သွားဆွေးနွေးခဲ့လေသည်။

ထို့နောက် ဈေးတန်းဘက်တွင် ဆိုင်တစ်ဆိုင်ဖွင့်ရန် ဆုံးဖြတ်လိုက်ကြသည်။ စစချင်းနေ့မှာတော့ သူတို့အတွက် အလွန်ကိုမှ ခက်ခဲခဲ့ပေသည်။ မည်သူမှ သူတို့၏ အဖိုးတန်ဆေးပင်များကို သူ့ဆီသို့ လာရောက် မအပ်နှံခဲ့ပေ။ မည်သည့် ကျင့်ကြံသူကများ သူ့အသက်ကို စွန့်စားပြီး ရှာဖွေလာခဲ့ရသော ကျင့်ကြံရေး အရင်းအမြစ်များကို အာမခံချက်မရှိသည့် လူတစ်ဦး၏ လက်ထဲသို့ အပ်နှံ ရဲမည်နည်း။

ထို့အပြင် ဈေးတန်းထဲတွင် ရန်ကိုင့်ကဲ့သို့ ဆေးဖော်စပ်ပေးနေသည့် ဆေးပညာရှင် တစ်ဦးထက်မက ရှိပေသည်။ ဘယ်သူကများ အရဲစွန့်ပြီး ရန်ကိုင့်အား လာရောက် ယုံကြည်ချင်ပါမည်နည်း။ သုံးရက်ကြာပြီးသည်တိုင် ဆေးဝါးဖော်စပ်ပေးရန် လာရောက်အပ်နှံသူ တစ်ဦးမှ မရှိသေးသဖြင့် ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့ အတော်လေး စိတ်ဓာတ်ကျလာခဲ့သည်။

လေးရက်မြောက်နေ့တွင်တော့ ရန်ကိုင်သည် အံကြိတ်ပြီး ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။ အခမဲ့ ဆေးဖော်စပ်ပေးမည်ဖြစ်ပြီး မအောင်မြင်ပါက အကုန် ပြန်လျော်ပေးမည်ဟု ကြေညာလိုက်ခြင်းပင်။ ထိုသို့ ကြေငြာပြီးမှသာ သူ့အား အခွင့်အရေးပေးမည့် လူတစ်ယောက် နောက်ဆုံး၌ ပေါ်လာခဲ့လေ၏။

မည်သို့ပင် ဖြစ်စေကာမူ ဆေးဖော်စပ်ခြင်း မအောင်မြင်လျှင်ပင် ကိုယ်ပေးလိုက်သည့် ဆေးပင်များ ပြန်ရမည် ဖြစ်သည့်အတွက် ကြိုးစားကြည့်လည်း သူတို့အတွက် အရှုံးမရှိပေ။ ရန်ကိုင်မှ သူ၏ ပထမဦးဆုံး စိတ်ဝိဉာဉ်ဆေးလုံးကို စတင် ဖော်စပ်နေစဉ် လျို့ရှန်းယွင် မှာတော့ မီးခဲ ဖင်ခုထိုင်နေရသည့်နှယ် အလွန်ကိုမှ စိုးရိမ်ပူပန်နေခဲ့လေသည်။

တစ်ကယ်တော့ သူမနှင့် ရန်ကိုင်တွင် အရင်းအမြစ်ကျောက် တစ်တုံးပင် မရှိချေ။ ဆိုလိုသည်မှာ သူတို့သာ ဆေးဖော်စပ်ခြင်း မအောင်မြင်ပါက ဆေးဝါးဖော်စပ်ပေးရန် လာရောက် တောင်းဆိုသည့် လူ၏ ဆေးပင်များကို မည်သည့် နည်းနှင့်မှ ပြန်ပေးနိုင်လိမ့်မည် မဟုတ်ချေ။ တစ်နာရီလောက် ကြာအောင် စောင့်နေခဲ့ရသည်မှာ သူမအတွက်တော့ တစ်နှစ်ကဲ့သို့ပင်။

နောက်ဆုံးမှာတော့ ရန်ကိုင် အောင်မြင်သွားခဲ့ပေသည်။ ထို့အပြင် သူဖော်စပ်လိုက်သည့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးမှာ အလွန်ကိုမှ အရည်အသွေး မြင့်မားလှသဖြင့် ဆေးဝါးဖော်စပ်ပေးရန် လာရောက်တောင်းဆိုသည့်လူမှာ အလွန်ကိုမှ စိတ်ကျေနပ် သွားခဲ့ရလေသည်။

ဆေးဖော်စပ်ပြီးနောက် ထွက်လာသည့် ဆေးနံ့မှာဆိုလျင် အလွန်ကိုမှ သင်းကြိုင်လွန်းလှပေရာ လမ်းတစ်၀က်အထိပင် ပျံ့နှံ့သွားခဲ့လေ၏။ ထိုသူသည် သူ့ဆေးလုံးကို ရပြီးနောက် ရန်ကိုင့် အရည်အချင်းကို စချီးကျူးလေသည်။ နောက် ဖော်စပ်ချင်သည့် ဆေးလုံးရှိပါကလည်း ရန်ကိုင့်ဆီသို့သာ လာမည်ဟု ပြောသွားခဲ့လေ၏။ ရန်ကိုင်ကလည်း သူ့အား ယုံကြည်ပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်ပြောလိုက်ပြီး ဤကိစ္စကို သူ့အသိများရှိလျင် ပြောပြပေးပါရန် တောင်းဆိုလိုက်လေသည်။

ငှက်မွှေးပြာဂိုဏ်းသား တပည့်ကလည်း ရန်ကိုင့်၏ တောင်းဆိုမှုကို သဘောတူလိုက်၏။ ထိုနေ့တွင် ဆေးလုံး သုံးလုံး တိတိကို ဖော်စပ်ပေးခဲ့ရလေသည်။ ဆေးလုံး သုံးလုံးစလုံး အောင်မြင်သွားခဲ့ပြီး အကုန်လုံးသည် အရည်အသွေးမြင့်မားသည့် ဆေးလုံးများသာ ဖြစ်ကြသည်။ နောက်တစ်နေ့တွင်မူ ရန်ကိုင် ဆေးလုံး ရှစ်လုံး ဖော်စပ်ခဲ့ရလေ၏။

တတိယမြောက် နေ့တွင်တော့ ရန်ကိုင် ဆိုင်သို့ ရောက်မလာသေးခင်မှာပင် ဆေးဖော်စပ်ပေးရန် ဆိုင်သို့ ရောက်လာကြသည့် လူများမှာ များလွန်းသဖြင့် လူတန်းရှည်ကြီးပင် ဖြစ်နေခဲ့လေသည်။ ထိုကိစ္စပြီးနောက်တွင် ရန်ကိုင်သည် လျို့ရှန်းယွင်အား အခမဲ့ ဖော်စပ်ပေးမည်ဟု ကြောငြာ ထားသည့် ဆိုင်းဘုတ်အား ဈေးနှုန်းတစ်ခု ရေးထားသည့် ဆိုင်းဘုတ်နှင့် ပြောင်းလဲ အစားထိုးရန် ပြောလိုက်လေသည်။

တစ်လကြာအောင် ကြိုးစားပြီးနောက်တွင် ရန်ကိုင်သည် အရင်းအမြစ်ကျောက် တော်တော်များများကို စုဆောင်းမိလာခဲ့သည်။ အရေးအကြီး‌ဆုံးအချက်မှာ သူ့နာမည်သည် ဈေးတန်းထဲတွင် အတော်လေး ကျော်ကြားလာခြင်းပင်။ ‌ဆေးဖော်စပ်ပေးဖို့ရာ တောင်းဆိုရန် ဈေးတန်းသို့ ရောက်လာကြသည့် ငှက်မွှေးပြာတပည့်တိုင်းလိုလိုသည် ယခုဆိုလျင် ဈေးတန်း၏ ချောင်ကြသည့် တစ်နေရာ၌ အခကြေးလည်း မများဘဲ အဆင့်မြင့် ဆေးလုံးများကို ဖော်စပ်ပေးနေသည့် ဂျူနီယာတစ်ဦး ရှိနေကြောင်းကို သိနေကုန်ကြလေပြီ။

ထို့အပြင် ထိုဂျူနီယာ ဆေးဖော်စပ်မည် ဆိုပါက ကျရှုံးနိုင်ချေ အလွန်ကိုမှ နည်းပါးပြီး သူဖော်စပ်လိုက်သည့် ဆေးလုံးအားလုံးမှာလည်း ထိပ်တန်း အဆင့်များသာ ဖြစ်ကြသည်။ ထို့ကြောင့် ဆေးလုံးဖော်စပ်ရန် အကူအညီတောင်းလိုသူတိုင်း ရန်ကိုင့်ဆီသို့ စုပြုံ ရောက်ရှိလာကြလေသည်။

ရန်ကိုင်သည်လည်း သူ့အကန့်အသတ်ကို ထိန်းထားခဲ့သည်။ဆေးသွေးကြောပါသည့် ဆေးလုံးများကို ဘယ်တော့မှ မဖော်စပ်ပေးခဲ့ပေ။ ထို့အပြင် ဆေးဖော်စပ်ရာတွင် မကြာခနဆိုသလို တမင်တကာ မအောင်မြင်အောင်လည်း လုပ်ခဲ့သည်။ ဤနည်းဖြင့် သူသည် ဆေးပညာတာအိုတွင် အလွန်ကျွမ်းကျင်သည် ဟူသော အချက်ကို ဖုံးကွယ်ထားနိုင်ခဲ့ပေသည်။

ရန်ကိုင်သည် အားလုံးအတွက် ဆေးဖော်စပ်နေစဉ် လျို့ရှန်းယွင်သည် ဆေးလုံးဖော်စပ်ပေးရန် လာရောက် တောင်းဆိုသည့် ကျင့်ကြံသူများကို တာ၀န်ယူလေသည်။ သူတို့ ပေးအပ်လာသည့် ဆေးပင်များကို လက်ခံယူထားပြီး ရန်ကိုင်မှ ဖော်စပ်ပြီးသည့် စိတ်ဝိဉာဉ်ဆေးလုံးများကို စောင့်နေသည့် သူများဆီသို့ ပို့ပေးလေ၏။

ရန်ကိုင်နှင့် လျို့ရှန်းယွင်သည် ကိုယ့်အလုပ်နှင့်ကိုယ်ပင်။ အလုပ်မှ ပြန်လာပြီးနောက်တွင် ရန်ကိုင်သည် ရှာလို့ရသည့် အရင်းအမြစ်ကျောက် သုံးဆယ်ရာခိုင်နှုန်းကို လျို့ရှန်းယွင်အား ပေးလေသည်။ တစ်ကယ်တော့ လျို့ရှန်းယွင် ပြောရသလောက်ဆိုလျှင် သူမသည် တစ်ဆယ်ရာခိုင်နှုန်း ယူဖို့ပင် မသင့်တော်ပေ။

တကယ်တမ်းတွင် ရန်ကိုင်သည် တခြားသူများ လိုအပ်နေသည့် ဆေးလုံးကို ဖော်စပ်ပေးနေရသူဖြစ်ပြီး လျို့ရှန်းယွင်သည် လာရောက်သည့် ဧည့်သည်များကို လက်ခံပေးရရုံသာ ရှိသည်။ သို့သော်လည်း ရန်ကိုင်ကမူ သုံးဆယ်ရာခိုင်နှုန်းကို ပေးလေသည်။ ထို့အတွက်ကြောင့် လျို့ရှန်းယွင်မှာ ရန်ကိုင်၏ ရက်ရောမှုအပေါ် အလွန်ကိုမှ ကျေးဇူးတင်သွားလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၄၇)

အခြားသူများအတွက် ဆေးမဖော်စပ်ပေးခင် ရန်ကိုင်သည် ကြယ်တာရာအစုအဝေး၏ ဆေးပညာအကြောင်းကို အရင်ဆုံး သိအောင်ကြိုးစားခဲ့လေသည်။ ပထဦးစွာ ထိုအကြောင်းနှင့် ပတ်သက်၍ ဈေးတန်းထဲတွင် ရှိနေသော ငှက်မွေးပြာဂိုဏ်း၏ တပည့်များကို လိုက်မေးကြည့်၏။

ကြယ်တာရာအစုအဝေး၏ ဆေးပညာအဆင့်အတန်းသည် သူနေခဲ့သည့် ကြယ်စီရင်စုကြီးထက်တော့ လုံးဝလုံးဝကို ပိုသာပေသည်။ အဓိကသိသာသည့်အချက်မှာ ဆေးလုံးသန့်စင်သည့် နည်းလမ်းများပင်။

သူနေခဲ့သည့်ကြယ်စီရင်စုကြီးထဲတွင် ဆေးပညာရှင်များ သိပ်သည်းနိုင်သည့်ဆေးလုံးမှာ ဆေးအမယ်တစ်စုံလျှင် တစ်လုံးသာဖြစ်သည်။ သို့သော်ငြား ဤနေရာတွင်တော့ ဆေးအမယ်တစ်စုံလျှင် အနည်းဆုံး နှစ်လုံးသုံးလုံးခန့် သိပ်သည်းနိုင်ကြပေသည်။

ထိုသို့ဖြစ်ရခြင်းမှာ ကြယ်တာရာအစုအဝေးတွင် အဆင့်မြင့် ဆေးသိပ်သည်းသည့် နည်းလမ်းများကို အားလုံးလေ့လာနိုင်အောင် ထုတ်ပေးထားသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

ဆေးပညာရှင်ဖြစ်သည့် မည်သူမဆို ထိုဆေးသိပ်သည်းသည့် နည်းစနစ်များကို လေ့လာနိုင်ပေသည်။ သို့သော်လည်း ဆေးအမယ်တစ်စုံမှ သိပ်သည်းနိုင်သည့် ဆေးလုံးအရေအတွက်မှာတော့ အကန့်အသတ်နှင့် ရှိပေ၏။

ရန်ကိုင် ယခုဖော်စပ်နေသည့် တန်ခိုးရှင်ဘုရင် အလယ်အလတ်အဆင့် မြကိုးသွယ်ဆေးလုံးသည် သူ့အတွက် အတော်လေးကို ဖော်စပ်ရလွယ်ပေသည်။ ရန်ကိုင်သာ အစွမ်းကုန်ထုတ်သုံး၍ ဆေးဖော်စပ်မည်ဆိုပါက ဆေးသွေးကြောပါသည့် ဆေးလုံးအချို့ကိုပင် ဖော်စပ်ကောင်း ဖော်စပ်နိုင်ချေရှိပေသည်။

ဤဆေးလုံးကိုဖော်စပ်ရန်အတွက် ဆေးအမယ်၁၇မျိုး လိုအပ်ပြီး ဖော်စပ်ဖို့ရာလည်း သိပ်မခက်ချေ။ သို့သော်လည်း အကြီးကျယ်ဆုံးသော ဆေးပညာရှင်သည်ပင်လျှင် ဤဆေးလုံးအား ဆေးအမယ်တစ်စုံစာလျှင် ကိုးလုံးအထိသာ ဖော်စပ်နိုင်သည်။ ကိုးလုံးသည် ဤမြကိုးသွယ် စိတ်ဝိညာဉ်ဆေးလုံး၏ အကန့်အသတ်ဖြစ်သည်။

ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦးမှ ဖော်စပ်မည်ဆိုလျှင်ပင် အများဆုံးကိုးလုံးသာ ဖော်စပ်နိုင်ပေလိမ့်မည်။ ဆေးလုံးတစ်လုံးနှင့်တစ်လုံး နောက်ဆုံးရနိုင်သည့် အကန့်အသတ်မှာ မတူညီကြချေ။

တန်ခိုးရှင်ဘုရင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ဆေးလုံး တစ်လုံးအား ဆေးအမယ်တစ်စုံတည်းဖြင့် တတ်နိုင်သလောက် များများရချင်သည်ဆိုပါက တာအိုအဆင့် ဆေးပညာရှင်တစ်ဦးဆီ သွားအကူအညီတောင်းမှသာ ရပေလိမ့်မည်။

လက်ရှိရန်ကိုင်အတွက် ခြောက်လုံးသည် သူ့အကန့်အသတ် ဖြစ်ပေသည်။ ဤမြကိုးသွယ်ဆေးလုံးသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး၏ သူတော်စင်ချီကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းပေးနိုင်ပေသည်။

နာရီဝက်အတွင်း ဆေးမီးဖိုထဲ ဆေးလုံးခြောက်လုံး ဖြစ်ပေါ်လာခဲ့သည်။ ရန်ကိုင်သည် ဆေးလုံးသုံးလုံးကို သူ့သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်လိုက်ပြီး ကျန်သုံးလုံးကို အသင့်ပြင်ထားသည့် ကျောက်စိမ်းပုလင်းထဲသို့ ထည့်လိုက်လေသည်။

သုံးလုံးဆိုသောပမာဏသည် တစ်ဖက်လူ၏ လိုအပ်ချက်ကို လုံလောက်အောင် ဖြည့်တင်းပေးနိုင်ပေသည်။ ပိုသည့်ဆေးလုံးများကိုတော့ ရန်ကိုင်ကသာ ယူထားလိုက်လေ၏။

ဤနည်းဖြင့် လွန်ခဲ့သည့်တစ်လအတွင်း ရန်ကိုင်သည် အရင်းအမြစ်ကျောက်များစွာကို ရရှိခဲ့ရုံမက အမျိုးမျိုးသော စိတ်ဝိညာဉ်ဆေးလုံးများစွာကိုလည်း ရရှိခဲ့ပေသည်။ ထိုဆေးလုံးများကိုသာ ပြန်လည်ရောင်းချမည်ဆိုလျှင် သူကျိန်းသေချမ်းသာလာပေလိမ့်မည်။

ကံမကောင်းစွာဖြင့် လက်ရှိအချိန်၌ သူသည် တန်ခိုးရှင်ဘုရင်အဆင့် စိတ်ဝိညာဉ်ဆေးလုံးများကိုသာ သန့်စင်နိုင်နေသေးသည်။ တာအိုအဆင့်ဆေးလုံးများကို ဖော်စပ်ရန်အတွက်မူ သူ့၌လိုအပ်သည့် ဆေးအမယ်များ ရှိမနေခဲ့ပေ။

ထို့ကြောင့်သာ မဟုတ်လျှင် သူ့ကိုယ်သူ တာအိုအဆင့် ဆေးလုံးအား ဖော်စပ်နိုင်၊ မဖော်စပ်နိုင်ကို စမ်းသပ်ကြည့်ပြီးနေလေပြီ။ တစ်ချိန်တည်းတွင် ဆေးပညာရှင်များအတွက် ပိုက်ဆံရှာရသည်မှာ အတော်လေး လွယ်ကူပါလားဟု တွေးလိုက်မိလေသည်။

ဆေးလုံးများထည့်ထားသည့် ကျောက်စိမ်းပုလင်းကို အပြင်သို့သွားပေးတော့မည်အပြု လျို့ရှန်းယွင်၏အော်သံ ထွက်လာသည်ကို ကြားလိုက်ရလေသည်။ တစ်ချိန်တည်းတွင် တစ်ခုခုကျိုးကြေသွားသည့် အသံကိုလည်း ကြားလိုက်ရ၏။

ရန်ကိုင်မျက်နှာပျက်သွားပြီး အလျင်အမြန် ထိုင်ရာမှထကာ အခန်းအပြင်ဘက်သို့ ပြေးထွက်သွားလေသည်။ အပြင်သို့ ရောက်လာသည့်နောက် လျို့ရှန်းယွင်သည် မျက်စိပျက် မျက်နှာပျက်ဖြင့် ဘေးတစ်နေရာတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမရှေ့တွင်ရှိနေသော ဆိုင်းဘုတ်မှာ ငှက်မွေးပြာဂိုဏ်း၏ ဝတ်စုံကိုဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ဦးမှ ဖျက်ဆီးလိုက်သဖြင့် တစ်စစီဖြစ်နေခဲ့လေပြီ။

ဆေးဖော်စပ်ပေးရန် လာရောက်တောင်းဆိုကြသော ကျင့်ကြံသူများမှာတော့ ခပ်လှမ်းလှမ်းတစ်နေရာဆီမှ ရပ်စောင့်ကြည့်နေကြသည်။ ရန်ကိုင်ပေါ်လာသည်ကိုမြင်သော် လျို့ရှန်းယွင်သည် အားကိုးရာကို တွေ့လိုက်ရသည့်အလား ရန်ကိုင့်ဆီသို့ အလျင်အမြန် ပြေးလာခဲ့လေသည်။

“ဘာဖြစ်တာလဲ။” ရန်ကိုင်က မျက်မှောင်ကြုတ်၍မေးလိုက်၏။ ယခင်တစ်လလုံးလုံး မည်သူမှသူတို့အား လာရန်မစခဲ့ဖူးပေ။ သူတို့ကလည်း မည်သူ့ကိုမှ သွားရန်မစခဲ့ပေ။ ထို့ကြောင့် ဘာကြောင့် တစ်ယောက်ယောက်ကများ သူ့အား လာရန်ရှာရသလဲ ဆိုသည့်အပေါ် ရန်ကိုင်နားမလည်နိုင် ဖြစ်နေခဲ့သည်။

“နင်ဖော်စပ်လိုက်တဲ့ ဆေးလုံးနဲ့ပတ်သက်ပြီး ပြဿနာရှိနေတယ်လို့ သူတို့ကပြောတယ်။” လျို့ရှန်းယွင်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ဘယ်လိုပြဿနာလဲ။” ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး တစ်ဖက်လူအား လှမ်းကြည့်လိုက်လေသည်။

“အဲ့ဒါကိုတော့ သူတို့သေချာ ပြောမသွားဘူး။ ရောက်တာနဲ့ စပြီးဖျက်ဆီးတော့တာပဲ။” လျို့ရှန်းယွင်က အံကြိတ်၍ ပြောလိုက်လေသည်။ ရန်ကိုင်သည် သူရသမျှအကျိုးအမြတ်၏ သုံးဆယ်ရာခိုင်နှုန်းကို သူမအား ပေးနေသည့်အတွက်ကြောင့် လျို့ရှန်းယွင်သည် ဆေးဖော်စပ်ပေးရာတွင် မကူညီနိုင်သော်ငြား သူမ၏တာဝန်ကိုတော့ အတတ်နိုင်ဆုံး ကောင်းမွန်အောင် ကျေပွန်အောင် လုပ်ဆောင်ပေးပေသည်။

အထူးသဖြင့် ဆိုင်းဘုတ်တာဝန်ပင် ဖြစ်သည်။ ဆိုင်းဘုတ်ပေါ်တွင် ရေးထိုးထားသည့် စကားလုံးများကို သူမကိုယ်တိုင် အသေးစိတ်ကျကျ ဖန်တီးထားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူမသေသေချာချာ ဖန်တီးထားရသည့် ဆိုင်းဘုတ်ဖျက်ဆီးခံလိုက်ရသည့်အခါ လျို့ရှန်းယွင် စိတ်မကျေမနပ်ဖြစ်သွားသည်မှာ သဘာဝသာဖြစ်လေသည်။

“ဘာပြဿနာလဲမပြောဘဲနဲ့ ဒီတိုင်းကြီး လာဖျက်ဆီးနေတာလား” ရန်ကိုင်မျက်ခုံးပင့်လိုက်ပြီး အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ အတတ်နိုင်ဆုံး သူ့ကိုယ်သူနှိမ့်ချ၍ နေနေခဲ့သော်လည်း တစ်ယောက်ယောက်၏ အာရုံစိုက်မှုကို ခံလိုက်ရသည့်ပုံပင်။ ထို့ကြောင့်သာမဟုတ်လျှင် မည်ကဲ့သို့များ ဤကဲ့သို့ဖြစ်လာနိုင်မည်နည်း။

“ဒီမှာဆေးဖော်စပ်နေတဲ့လူက မင်းလား။” ဆိုင်းဘုတ်ပေါ်ကို တက်နင်းထားသော ကျင့်ကြံသူသည် ရန်ကိုင့်အား မာနတစ်ခွဲသားဖြင့် မေးလိုက်လေသည်။

“စီနီယာကို ဘယ်လိုခေါ်လဲမေးလို့ရမလား။” ရန်ကိုင်က တစ်ဖက်လူကို ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်၍မေးလိုက်သည်။

“ချုဖေး။ ကာကွယ်သူကျုရဲ့လက်အောက်က တပည့်တစ်ယောက်ပဲ။” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ သူပြောနေသည့် ကာကွယ်သူကျုဆိုသည်မှာ ကျုကျွင်းရှန်ကို ပြောနေမှန်း ရန်ကိုင်သိပေသည်။

ထိုလူသည် ပိရန်ယုချင်းကဲ့သို့ပင် တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ ကာကွယ်သူလေးယောက်စလုံးမှာ တစ်ယောက်နှင့်တစ်ယောက် တည့်ကြသည်မဟုတ်။

ဂိုဏ်းချုပ်မှ ပြဿနာမဖြစ်အောင် ထိန်းထားသည့်အတွက်ကြောင့်သာ မဟုတ်လျှင် ငှက်မွေးပြာဂိုဏ်းတစ်ဂိုဏ်းလုံး ပရမ်းပတာ ဖြစ်နေလေပြီ။ သို့သော်လည်း ထိုအကြောင်းကြောင့်ပင် အဆင့်နိမ့်တပည့်များ၏ဘဝမှာလည်း ငြိမ်းငြိမ်းချမ်းချမ်းနှင့် ရှိမနေခဲ့ပေ။

ဤဂိုဏ်းထဲတွင် အဆင့်နိမ့်တပည့်များကြား ပေါ်တင်ဖြစ်ဖြစ်၊ တိုးတိုးတိတ်တိတ်ဖြစ်ဖြစ် ဖြစ်ပွားနေကြသည့် တိုက်ပွဲများသာရှိပေသည်။ ထို့ကြောင့် တစ်ဖက်လူသည် ကာကွယ်သူကျုလက်အောက်ရှိ တပည့်တစ်ယောက်မှန်း သိလိုက်သော် ထိုလူသည် ပြဿနာရှာရန်အတွက် ရောက်လာခြင်းဖြစ်မှန်း ရန်ကိုင်နားလည်သွားခဲ့သည်။

“ဒီတော့ စီနီယာအစ်ကိုချူပေါ့။ စီနီယာအစ်ကိုချူ ဂျူနီယာရဲ့ဆိုင်းဘုတ်ကို ဘာလို့ဖျက်ဆီးလိုက်လဲဆိုတာ သိလို့ရမလား” ရန်ကိုင်က မေးလိုက်သည်။

“လာပြီး မသိချင်ယောင်ဆောင်မနေနဲ့။ မင်းဘာအမှားလုပ်လိုက်လဲ ဆိုတာကို မင်းမသိတာလား။” ချူဖေးက အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။

သို့ရာတွင် ရန်ကိုင်ကခေါင်းခါ၍သာ ပြန်ပြောလိုက်၏။ “ဂျူနီယာ ဂိုဏ်းထဲကိုဝင်လာတာ တစ်လပဲရှိသေးတယ်။ အဲ့တစ်လအတွင်း ဂျူနီယာ ဘယ်သူ့ကိုမှ ရန်မစခဲ့ဖူးဘူး။ ဒီတော့ ဂျူနီယာ စီနီယာအစ်ကိုချူကို ဘယ်လို ရန်စမိလိုက်သလိုဖြစ်သွားလဲ တစ်ချက်လောက် ပြောပြပေးလို့ရမလား။”

ထိုစကားကိုကြားသည့်အခါ ချူဖေးက ရယ်မော၍ ပြောလိုက်လေသည်။ “မင်းကဒီလောက် ပြောနေမှတော့ ဒီစီနီယာအစ်ကိုကလည်း မင်းရှင်းသွားအောင် ပြောပြပေးရမှာပေါ့။” ပြောပြီးနောက်တွင် သူ့လက်ကိုဝှေ့ယမ်း၍ အော်ပြောလိုက်လေသည်။

“သူ့ကိုခေါ်လာခဲ့။” ချက်ချင်းဆိုသလို ကျင့်ကြံသူတစ်အုပ်သည် လူတစ်ဦးအား ထမ်းစင်ဖြင့်ခေါ်လာခဲ့လေသည်။ ထိုလူ၏ပုံစံမှာ အလွန်ကိုမှ ဆိုးရွားနေခဲ့သည်။ သူ့အရှိန်အဝါမှာ မတည်မငြိမ်ဖြစ်နေပြီး မျက်လုံးများမှာလည်း ပြူးထွက်နေကာ သွေးရောင်ရဲနေခဲ့သည်။ တစ်ချိန်တည်းတွင်လည်း နားမခံသာစရာကောင်းလှအောင် အဆက်မပြတ် အော်ဟစ် ညည်းတွားနေခဲ့လေသည်။

ထိုလူသည် ထမ်းစင်ပေါ်တွင် အသည်းအသန် ရုန်းကန်နေခဲ့သည်။ သို့သော် သူ့ခန္ဓာကိုယ်အား အကာအကွယ်တစ်ခုဖြင့် ချုပ်နှောင်ထားသည့်အတွက် မလှုပ်ရှားနိုင်ခဲ့ပေ။

“ကျင့်ကြံခြင်းသွေဖယ်သွားတာ။ အဲ့လူကျင့်ကြံခြင်း သွေဖယ်ခြင်းခံစားလိုက်ရတာပဲ။” ကြည့်နေသူများက ပြောလိုက်ကြသည်။ လက်ရှိထမ်းစင်ပေါ်ရှိ ကျင့်ကြံသူမှာ တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း ကျင့်ကြံခြင်းသွေဖယ်ခြင်းဖြစ်စဉ်နှင့် ကြုံတွေ့လိုက်ရသည့်အတွက် ဤကဲ့သို့ဖြစ်နေရခြင်း ဖြစ်သည်။

အလျင်အမြန်သာ မကုသနိုင်ပါက ထိုလူသည် လုံးဝကို ဒုက္ခိတဖြစ်သွားရပေလိမ့်မည်။ သို့သော်လည်း ကျင့်ကြံခြင်းသွေဖယ်သွားသည့်ကိစ္စကို ဖြေရှင်းရန်မှာ အလွန်ကိုမှ ခက်ခဲလှသည်။

အလွန်အားကောင်းသည့် ခွန်အားနှင့်စွမ်းရည်များကို ပိုင်ဆိုင်ထားသည့် ပညာရှင်တစ်ဦးသာ ဤအခြေအနေကို ဖြေရှင်းနိုင်ပေလိမ့်မည်။ ထို့ကြောင့်လည်း ဤအခြေအနေနှင့် ကြုံတွေ့သွားရသည့် ကျင့်ကြံသူအများစုမှာ ဆိုးဆိုးရွားရွားသာ အဆုံးသတ်သွားကြခြင်း ဖြစ်သည်။

“ဂျူနီယာ မင်းဒီလူကိုမှတ်မိလား။” ချူဖေးသည် ရန်ကိုင့်အား အေးစက်စက်အမူအရာဖြင့် စိုက်ကြည့်ရင်း မေးလိုက်လေသည်။ ရန်ကိုင်သည်ထိုလူအား တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ခေါင်းညိတ်၍ “မှတ်မိတယ်။ ကျုပ်ထင်တာသာမှန်ရင် လွန်ခဲ့တဲ့ငါးရက်လောက်တုန်းက သူကျုပ်ဆီလာခဲ့တာ။”

ထိုစကားကိုကြားလိုက်သည့်နောက် လျို့ရှန်းယွင်၏မျက်နှာ ဖြူရော်သွားခဲ့လေသည်။ သူမမှာ အရူးတစ်ယောက် မဟုတ်သည့်အတွက် နောက်ဘာဖြစ်မလဲဆိုသည်ကို ခန့်မှန်းမိနေလေပြီ။ ထို့ကြောင့် ရန်ကိုင့်အား စိုးရိမ်တကြီး လှမ်းကြည့်မိလိုက်လေသည်။

“ဒီတော့ ဂျူနီယာ မင်းဝန်ခံတယ်ပေါ့။” ချူဖေးက လှောင်ပြုံးပြုံးလျက် “ဂျူနီယာကျန်းက တကယ်ကိုပါရမီရှိတဲ့ သူတစ်ယောက်။ ဒီလောက်အသက်ငယ်ငယ်လေးနဲ့ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်ကို ရောက်လို့ဆိုပြီး ကာကွယ်သူကျုက သူ့ကိုမကြာခဏချီးကျူးနေတာ။ သူက ငှက်မွေးပြာဂိုဏ်းရဲ့ တက်သစ်စပါရမီရှင်တွေထဲက တစ်ဦးပဲဆိုပြီးတော့တောင် ကာကွယ်သူကျုက ပြောလိုက်သေးတယ်။”

“အဲ့တော့…” ရန်ကိုင်က ချူဖေးအား ထူးမခြားနားဟန်ဖြင့် ကြည့်လိုက်လေသည်။

ချူဖေး၏မျက်နှာသည် ရုတ်ခြည်းအေးစက်သွားပြီး အံကြိတ်ကာပြောလိုက်သည်။ “ဒါပေမယ့်မင်းကြောင့် သူအခုလို ဖြစ်သွားခဲ့ရတာ။ မင်းဘာပြောချင်လဲ။”

“စီနီယာအစ်ကိုက တကယ်နောက်တတ်တာပဲနော်” ရန်ကိုင်ကရယ်မောလျက် “ဒီစီနီယာအစ်ကိုကျန်းက သူ့ဘာသာ ကျင့်ကြံခြင်းသွေဖယ်သွားတာလေ။ ဘယ်လိုလုပ်ပြီး ကျုပ်အပြစ်ဖြစ်သွားရတာလဲ။”

“ဒါတောင် မင်းဝန်မခံသေးဘူးလား။ သူသာ မင်းဖော်စပ်တဲ့ ဆေးလုံးကိုမသောက်လိုက်ရင် ဘယ်လိုလုပ်ပြီး အခုလိုကျင့်ကြံခြင်းသွေဖယ်တာမျိုးနဲ့ ကြုံရမှာလဲ။ လွန်ခဲ့တဲ့ငါးရက်တုန်းကပဲ မင်းဆီကနေ ဆေးဖော်စပ်ဖို့ သူလာအကူအညီတောင်းသွားတယ်လို့ မင်းအခုလေးတင် ပြောလိုက်တာမဟုတ်ဘူးလား။” ချူဖေးက ပြန်အော်ပြောလိုက်လေသည်။

“ကျုပ်ဆီကဆေးဖော်စပ်ဖို့ လာအကူအညီတောင်းတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် သူ့ကျင့်ကြံခြင်းသွေဖယ်သွားတာ ကျုပ်ကြောင့်လို့ပဲ ပြောလို့မှမရတာ။ သူ့အုတ်မြစ်မခိုင်မာတာလည်း ဖြစ်ရင်ဖြစ်နေမှာပေါ့။ ဒါမှမဟုတ် သူလက်လှမ်းမမှီတဲ့ အရာတစ်ခုခုကို မရရအောင် အတင်းအကြပ် သွားကြိုးစားလို့လည်း ဖြစ်နိုင်တာပဲ။ ကျင့်ကြံခြင်းသွေဖယ်တယ်ဆိုတာ ဆေးလုံးတစ်ခုတည်းကြောင့်ပဲ ဖြစ်နိုင်တာမှ မဟုတ်တာ။ စီနီယာအစ်ကိုက ဘာသက်သေမှမရှိဘဲနဲ့ ဂျူနီယာကို တမင်သက်သက် လာစွပ်စွဲနေတာပဲ။” ရန်ကိုင်သည် ချူဖေးအား အေးစက်စွာ စိုက်ကြည့်လိုက်လေသည်။

တစ်ဖက်လူသည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင့်အနေဖြင့် သူ့အားကြောက်နေစရာမလိုပေ။ ရန်ကိုင်စိတ်ပူနေသည်မှာ ချူဖေးနောက်ကွယ်တွင် တစ်စုံတစ်ဦးရှိနေမလား ဆိုသည်ကိုပင်။

ချူဖေးအနေဖြင့် အကြောင်းမရှိဘဲ သူ့အားပြဿနာလာရှာဖို့ရာ မဖြစ်နိုင်။ ဤဈေးတန်းထဲတွင် ရန်ကိုင့်ကဲ့သို့ပင် ဆေးဖော်စပ်ပေးနေသည့် ဆေးပညာရှင်များစွာ ရှိပေသည်။

သို့သော်ငြား ဆေးဖော်စပ်ပေးသည့် ကိစ္စအဝဝအားလုံးကို ငှက်မွေးပြာဂိုဏ်းကသာ တိုက်ရိုက်စီစဉ်ပြီး မည်သည့်ကာကွယ်သူ၏ စီမံကွပ်ကဲမှုအောက်တွင်မှ ရှိမနေခဲ့ပေ။

“စီနီယာအစ်ကို မင်းကိုအပုပ်ချနေတာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ငါးရက်တုန်းက ဂျူနီယာကျန်း မင်းဆီကနေ လာအကူအညီတောင်းသွားတယ်။ သူပြန်ရောက်လာလည်း ပြန်ရောက်လာရော တစ်ခါတည်းကို တံခါးပိတ်ကျင့်စဉ် ဝင်သွားတာ။ ကျင့်စဉ်ဝင်သွားပြီး မကြာခင်မှာပဲ သူ့ကျင့်ကြံခြင်းသွေဖယ်သွားရော။ ဒီတော့ဒါက တိုက်ဆိုင်လွန်းမနေဘူးလား။ ဂျူနီယာကျန်းရဲ့ပါရမီက ပထမတန်းစားလို့ ကာကွယ်သူကျုကိုယ်တိုင် ပြောထားတာ။ သူ့လိုလူတစ်ယောက်ရဲ့အုတ်မြစ်က မခိုင်မာစရာ အကြောင်းမရှိဘူး။ ဒီတော့ သူအခုလိုဖြစ်သွားတာ အကြောင်းအရင်းတစ်ခုပဲ ရှိတော့တယ်။ မင်းဆီကဝယ်သွားတဲ့ ဆေးလုံးကြောင့်ပဲ။”

“ဟုတ်တယ်။ဟုတ်တယ်။ အဲ့နေ့တုန်းက အဲ့ဆေးလုံးကိုရပြီး စီနီယာအစ်ကိုကျန်း တော်တော်လေးပျော်နေတာ။ ဈေးတန်တန်လေးနဲ့ ရလာတယ်လို့တောင် ပြောသွားသေးတယ်။ မသောက်ခင် ဆေးလုံးကိုလည်း သေချာစစ်ဆေးကြည့်ပါဦးလို့ ကျုပ်သူ့ကိုတော့ သတိပေးလိုက်တာပဲ။ ဒါပေမယ့်သူက တံခါးပိတ်ကျင့်စဉ် ဝင်ဖို့ပဲ စိတ်စောနေတာဆိုတော့ ကျုပ်လည်းဘာမှမတတ်လိုက်နိုင်ဘူး။ နောက်ဆုံးတော့ ဈေးပေါတဲ့ပစ္စည်းတွေဆိုတာ ဘာမှမကောင်းတာပဲကို။ ပိုက်ဆံလေးနည်းနည်းအတွက်နဲ့ စီနီယာအစ်ကိုကျန်း အခုလိုဖြစ်သွားမယ်လို့ ကျုပ်တကယ်ကို ထင်မထားဘူး။” ချူဖေးနှင့်အတူ လိုက်ပါလာသော ငှက်မွေးပြာ ဂိုဏ်းသားတစ်ယောက်က ဝင်ပြောလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၄၈)

ဈေးတန်းသည် ပုံမှန်အားဖြင့် အလွန်ကိုမှ လူစည်ကားလေ့ ရှိပေသည်။ ရန်ကိုင်ရှိနေသည့်နေရာသည် လူသူအရောက်အပေါက် သိပ်မရှိသော်ငြား ယနေ့ကိစ္စကြောင့် ရန်ကိုင်၏ဆိုင်ခန်းတစ်ဝိုက်သည် အလွန်ကိုမှ လူများဖြင့် အုတ်အုတ်ကျက်ကျက်ဖြစ်နေခဲ့သည်။

အကြောင်းစုံကိုမသိဘဲ ရောက်လာကြသူများသည် မျိုးရိုးနာမည်ကျန်းနှင့်ကျင့်ကြံသူ၏ အခြေအနေကိုမြင်သော် ရန်ကိုင့်အား စတင်ပြစ်တင်ပြောဆိုကြတော့လေသည်။ ဈေးပေါသည့်ဆေးပညာရှင်များသည် တကယ်ကိုမယုံရဟု ပြောကာထွက်သွားကြသည်။

သို့သော်လည်း ဤအခြေအနေမှာ မြင်ရသလောက်မရိုးရှင်းဟု ထင်နေကြသည့်လူများလည်း ရှိကြပေသည်။ သို့ရာတွင် ရန်ကိုင်သည် သူတို့၏ မိတ်ဆွေမဟုတ်သလို ငှက်မွေးပြာဂိုဏ်း၏တပည့်များသည် ကိုယ့်ဘာသာကိုယ်သာ နေတတ်ကြသည့်သူများ ဖြစ်ကြသည့်အတွက် မည်သူမှ ရန်ကိုင့်ဘက်မှ ဝင်မပြောပေးခဲ့ပေ။

ထိုအခြေအနေကိုမြင်သော် ယနေ့ကိစ္စကိုသာ ကောင်းကောင်း မကိုင်တွယ်နိုင်လျှင် သူ့အနေဖြင့် ဆေးပညာကိုသုံး၍ ပိုက်ဆံရှာလို့ရတော့မည်မဟုတ်မှန်း ရန်ကိုင်နားလည်သွားခဲ့သည်။

ထိုကိစ္စမှာ ပြဿနာအကြီးကြီးမဟုတ်သော်ငြား အကြောင်းရင်းမရှိဘဲ သူ့အားပြဿနာ လာရှာနေသည်ကိုတော့ ရန်ကိုင်သည်းမခံနိုင်ပေ။

“ရှင်…စီနီယာအစ်ကိုကျန်း ကျင့်ကြံခြင်းသွေဖယ်သွားတာ ရောင်းရင်းရန်သန့်စင်ပေးတဲ့ ဆေးလုံးကြောင့်ဆိုတဲ့ သက်သေ ရှင့်မှာရှိလို့လား။” မနေနိုင်တော့သည့်အဆုံး လျို့ရှန်းယွင်သည် အံကြိတ်၍ ဝင်ပြောလိုက်လေသည်။

ချူဖေးကလှောင်ပြုံးပြုံးလျက် “ဂျူနီယာကျန်းရဲ့ အခုအခြေအနေက အကောင်းဆုံးသက်သေပဲလေ။ ဘာသက်သေ ထပ်လိုသေးလို့လဲ။” လျို့ရှန်းယွင် ဆွံ့အသွားခဲ့ပြီး ရန်ကိုင့်ဘက်သို့သာ လှည့်ကြည့်လိုက်သည်။

ရန်ကိုင်သည် ခဏကြာအောင် စဉ်းစားနေပြီးနောက် ပြောလိုက်သည်။ “လွန်ခဲ့တဲ့ငါးရက်တုန်းက စီနီယာကျန်း ကျုပ်ဆီရောက်လာပြီး ဧကရာဇ်ယန်သွေးဆေးလုံး ဖော်စပ်ပေးဖို့ပြောတယ်။ အဲ့လိုဆေးလုံးက အသက်စွမ်းအင်ကို ပြန်ဖြည့်တဲ့နေရာမှာသုံးတာ။ ကြည့်ရတာ သူလိုအပ်တဲ့ဆေးလုံးက သူကျင့်ကြံမယ့်ကျင့်စဉ်နဲ့ ပတ်သက်နေတဲ့ပုံပဲ။ အဲ့တုန်းက ကျုပ်သူ့ကို ဆေးလုံးလေးလုံး ပေးလိုက်တယ်။ အခု အဲ့ဆေးလုံး တစ်လုံးလုံးများ ကျန်သေးလား ကျုပ်သိလို့ရမလား။ ကျန်သေးလို့ရှိရင် ဂိုဏ်းထဲမှာရှိတဲ့ အခြားဆေးပညာရှင်တွေကို ခေါ်ပြီးတော့ စစ်ဆေးကြည့်ခိုင်းလို့ရပါတယ်။ ကျုပ်ဆေးလုံးမှာ ပြဿနာရှိမရှိဆိုတာကို။”

လျို့ရှန်းယွင်၏မျက်ဝန်းလေးများ တဖျတ်ဖျတ် တောက်ပလာပြီး အလျင်အမြန်ခေါင်းငြိမ့်၍ “ဟုတ်တယ်။ ဆေးလုံးတွေ ကျန်နေသေးတယ်ဆိုလို့ရှိရင် ဆေးအာနိသင်ကို စစ်ဆေးကြည့်လို့ရတယ်။”

ချူဖေးကနှာခေါင်းရှုံ့၍ “ဆေးလုံးအားလုံးကို ဂျူနီယာကျန်းကပဲ ယူသွားတာ။ ဘယ်လိုလုပ်ပြီး ရှိတော့မှာလဲ။”

ထိုအခါ ရန်ကိုင်ကပခုံးတွန့်လျက် “စီနီယာအစ်ကိုချူမှာ ကိုယ်ပြောတဲ့စကားအတွက် ဘာသက်သေမှမရှိဘူးဆိုတော့ ဒါကအပုပ်ချတာသက်သက်ပဲ။ ဒါ့ကြောင့် ဂျူနီယာဘာမှ မလုပ်ပေးနိုင်တာ ခွင့်လွှတ်ပေးပါ။ စီနီယာအစ်ကိုတို့ ကျေးဇူးပြုပြီး ထွက်သွားကြပါတော့။ သက်သေရှိလာတဲ့အခါကျတော့မှ ဒီကိစ္စကိုလာပြောလို့လည်း နောက်မကျသေးပါဘူး။” ပြောပြီးသည်နှင့် ရန်ကိုင်သည် ဆိုင်ထဲသို့ပြန်ဝင်သွားရန် လုပ်လိုက်လေသည်။

တစ်ဖက်လူသည် သူ့အား တမင်သက်သက် ပြဿနာလာရှာနေခြင်း ဖြစ်သည်။ ထို့ကြောင့်ရန်ကိုင်လည်း လေကုန်ခံပြီး စကားဆက်ပြောမနေတော့ပေ။

“မင်းဒီတိုင်းပဲ ထွက်သွားချင်နေတာလား။” ရန်ကိုင့်၏ သဘောထားကိုမြင်သော် ချူဖေး ဒေါသထွက်သွားခဲ့လေသည်။ ချက်ချင်းပဲ လှမ်းအော်ပြောလိုက်၏။ “သွေးကြွေးဆိုတာ သွေးနဲ့ပဲဆပ်ရတယ်ကွ။ ဂျူနီယာကျန်းကို ဒီလိုလုပ်ပြီး ဒီတိုင်း ထွက်သွားလို့ရမယ်လို့ ထင်နေတာလား။”

ရန်ကိုင်သည် ချူဖေးဘက်သို့လှည့်၍ ပြုံးကာ အေးစက်စက်လေသံဖြင့် ပြန်မေးလိုက်လေ၏။ “ဒီတော့ စီနီယာအစ်ကို ဘာလုပ်သင့်တယ်လို့ထင်လဲ။” “ကာကွယ်သူကျုဆီသွားပြီး မင်းအပြစ်ကိုခံယူလိုက်။” ချူဖေးက အော်ပြောလိုက်လေသည်။

“ခင်ဗျား ဘာတွေလာပြောနေတာလဲ။ ကျုပ်က ကာကွယ်သူပိရန်လက်အောက်မှာရှိတဲ့ တပည့်တစ်ယောက်ပဲ။ အပြစ်ပေးခံရမယ်ဆိုရင်တောင် ကာကွယ်သူပိရန်ကပဲ အပြစ်ပေးရမှာ။ ဘာဆိုင်လို့ ကာကွယ်သူကျုက ပေးရမှာလဲ။”

“ရဲတင်းလိုက်တာ။ မင်းဘယ်လိုလုပ်ပြီး ကာကွယ်သူကျုကို မလေးမစားပြောရဲတာလဲ။ ဂိုဏ်းထဲ ဝင်ဝင်ချင်းတောင် ဒီလောက်မောက်မာနေလို့ရှိရင် နောက်ပိုင်း မင်းဘယ်လောက် မောက်မာမလဲဆိုတာကို ပြောလို့တောင်မရတော့ဘူး။ ဟုတ်ပြီလေ… အဲ့လိုဆိုမှတော့ ဂျူနီယာတစ်ယောက်ဖြစ်ရင် ဘယ်လိုနေရမလဲဆိုတာကို ဒီစီနီယာအစ်ကိုကပဲ သင်ပြပေးရတာပေါ့။” ချူဖေးသည် ပြဿနာရှာရန်အတွက် ရောက်လာခဲ့ခြင်းဖြစ်သည်။ ယခုနောက်ဆုံးတွင် သူ့၌ ပြဿနာရှာရန် အခွင့်အရေးရလာခဲ့လေပြီ။

ထို့ကြောင့် ဒေါသတကြီးအော်ဟစ်၍ ချက်ချင်းပဲ ရန်ကိုင့်ဆီသို့ ပြေးဝင်သွားလေ၏။ တစ်ချိန်တည်းတွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး၏ အားကောင်းလှသည့် နယ်ပယ်စက်ကွင်းမှာ ဖြာထွက်လာပြီး ရန်ကိုင့်အား အပြည့်အဝလွှမ်းခြုံသွားလေသည်။

ရန်ကိုင်သည် မျက်လုံးမှေးစင်း၍ သူ့နယ်ပယ်စက်ကွင်းကို ထုတ်လွှတ်ကာ တစ်ဖက်လူ၏ နယ်ပယ်စွမ်းအားကို ခုခံလိုက်လေသည်။ တစ်ချိန်တည်းတွင် ရွှေရောင်သွေးမျှင်များစွာ ထွက်ပေါ်လာပြီး ကြာပွတ်တစ်ချောင်းအဖြစ်သို့ သိပ်သည်းကာ ပြေးဝင်လာနေသည့် ချူဖုန်းအား ရိုက်ချလိုက်လေသည်။

အသက်စွမ်းအင်တို့ဖြင့် ပြည့်နှက်နေပြီး မြွေဟောက် တစ်ကောင်နှယ် ခုန်အုပ်လာသော ရွှေရောင်ကြာပွတ်ကို ကြည့်ရင်း အကုန်လုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့ကြသည်။ ချူဖေးသည်လည်း ထိတ်လန့်တုန်လှုပ်နေခဲ့လေသည်။

တစ်ဖက်လူသည် ဂိုဏ်းထဲသို့ဝင်ထားသည်မှာ မကြာသေးသည့် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည့်အတွက် သူ၏တန်ခိုးရှင်ဘုရင် တတိယအဆင့်ကျင့်ကြံခြင်းအဆင့်ဖြင့် အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု ထင်ခဲ့သော်ငြား လက်တွေ့ တိုက်ခိုက်လိုက်သည့် အခါမှပဲ သူ့အထင် မှားယွင်းနေမှန်း သိသွားခဲ့ရလေသည်။

သူ့ပြိုင်ဘက်၏ နယ်ပယ်စွမ်းအားမှာ သူ့အောက်မကျရုံမက သူ၏နယ်ပယ်စက်ကွင်းထက်ပင်လျှင် ပို၍ အားကောင်းနေသေးသည်။ ထို့အပြင် ရန်ကိုင်ထုတ်သုံးသွားသည့် သာမန်ကာလျှံကာ တိုက်ကွက်မှ တစ်ဆင့် ရန်ကိုင်သည် သူ၏ သူတော်စင်ချီ အတော်များများကို အရင်းအမြစ်ချီအဖြစ်သို့ ပြောင်းလဲထားပြီးပြီ ဖြစ်ကြောင်းကို ချူဖေး သဘောပေါက်သွားခဲ့လေသည်။

ထို့ကြောင့်သာမဟုတ်လျှင် သူ့ထက်တစ်ဆင့်နိမ့်သည့် ကျင့်ကြံသူတစ်ဦးဆီမှ ဤကဲ့သို့သော ဖိအားမျိုးကို ခံစားနေရလိမ့်မည်မဟုတ်ပေ။ သူ့ဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာနေသည့် ရွှေရောင်ကြာပွတ်ကိုကြည့်ရင်း ချူဖေး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့၏။

တစ်ချက်ကလေးပင် တုံ့ဆိုင်းမနေဘဲ မှန်ကဲ့သို့သော မှော်ရတနာတစ်ခုကို ချက်ချင်းထုတ်ယူလိုက်လေသည်။ ထို့နောက် မှန်ထဲသို့ သူ၏အရင်းအမြစ်ချီကို ထည့်သွင်းလိုက်လေသည်။ မှန်မျက်နှာပြင် တစ်ခုလုံး အရောင်တလက်လက် တောက်ပလာပြီး ၎င်းဆီမှ စွမ်းအင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သူနှင့် တိုးဝင်လာနေသည့် ရွှေရောင်ကြာပွတ်ကြား အကာအရံတစ်ခု ဖန်တီးဖြစ်ပေါ်စေလိုက်လေသည်။

“ဖတ်…” ရွှေရောင်ကြာပွတ်သည် မှန်ကိုထိမှန်ပြီးနောက် ပြန်ကန်ထွက်လာခဲ့၏။ ချူဖေးအား နည်းနည်းလေးပင် ဒဏ်ရာရသွားအောင် မလုပ်နိုင်ခဲ့ပေ။

‘ဒီမှန်က ငါ့တိုက်ခိုက်မှုကို ပြန်ကန်ထွက်အောင် လုပ်နိုင်တာလား။ ဟင်း…ဟင်း… ဒါပေမယ့် အဲ့လောက်ပဲဆိုရင်တော့…’ ရန်ကိုင့်မျက်နှာထက် လှောင်ပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့သည်။

ပြန်ကန်ထွက်လာသည့် ရွှေရောင်ကြာပွတ်သည် ရုတ်တရက်တွန့်လိမ်ကာ ရွှေရောင်စပါးကြီးမြွေတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားလေ၏။ နှာမှုတ်ရင်း ရွှေရောင်စပါးကြီးမြွေသည် အကာအရံကို ကွေ့ပတ်သွားပြီး ချူဖေးအား လျင်မြန်စွာရစ်ပတ်လိုက်လေသည်။

ချူဖေး မတုန့်ပြန်နိုင်ခင်မှာပင် ချူဖေး၏လည်ပင်းအား ကိုက်ချလိုက်၏။ ချူဖေးမှာ နာကျင်စွာ ထအော်ပြီး အသည်းအသန် ရုန်းကန်လေသည်။ သို့သော်ငြား မြွေလက်မှ မလွတ်နိုင်သေးခင်မှာပင် ရန်ကိုင်သည် သူ့ရှေ့သို့ ရောက်လာခဲ့လေသည်။

ရန်ကိုင်သည် သူ့လက်သီးကို ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီဖြင့်အုပ်၍ ချူဖေး မျက်နှာတည့်တည့်သို့ ထိုးချလိုက်လေသည်။ ချူဖေးမှာ ထိုလက်သီးချက်ကို ခုခံချင်ပါသော်လည်း ခုခံဖို့ရာ စွမ်းအားမဲ့နေခဲ့လေသည်။

တစ်ဖက်လူ၏ ရွှေရောင်စပါးကြီးမြွေသည် သူ့အားလှုပ်မရအောင် ချုပ်နှောင်ထားပြီး သူ့နယ်ပယ်စက်ကွင်းမှာလည်း တစ်ဖက်လူ၏ နယ်ပယ်စက်ကွင်းဖြင့်ပင် ဖိနှိပ်ထားခံရသည်။ ထို့ကြောင့် ချူဖေးမှာ သူ့ခွန်အားကိုပင် ကောင်းကောင်း မလည်ပတ်နိုင်တော့ပေ။

“ခွပ်” ချူဖေးတစ်ကိုယ်လုံး ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် လွင့်စင်ထွက်သွားခဲ့ပြီး လေထဲ ကျွမ်းလေးငါးပတ်လောက် ပစ်ပြီးမှသာ မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း လူအုပ်ကြီးတစ်ခုလုံး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ ရန်ကိုင်နှင့် ချူဖေးကြားရှိတိုက်ပွဲမှာ စပင်မစလိုက်ရသေးခင်မှာပင် လျင်မြန်စွာ အဆုံးသတ်သွားခဲ့လေသည်။

ဘေးနားတွင်ရပ်နေသော လျို့ရှန်းယွင်မှာလည်း ဤမြင်ကွင်းကိုကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေခဲ့၏။ သူမအနေဖြင့် တိုက်ခိုက်မည့်ဟန်ပြင်ထားသော်လည်း တိုက်ပင် မတိုက်လိုက်ရပေ။ ရန်ကိုင်ကိုကြည့်နေသည့် သူမ၏မျက်လုံးများ တဖျတ်ဖျတ် တုန်ရီလာခဲ့သည်။

ရန်ကိုင်သည် ကြယ်တာရာလမ်းကြောင်းထဲတွင် ရှိစဉ်ကထက် အများကြီးကို ပိုမိုအားကောင်းနေခဲ့လေပြီ။ ရန်ကိုင် ချူဖေးအား အနိုင်ယူလိုက်သည့်အပေါ် သူမဘာမှမပြောလို။ တကယ်တော့ ရန်ကိုင်သည် ယင်လဲ့ရှန်ကိုပင် ဒုက္ခအကြီးကြီး ရောက်အောင်လုပ်ခဲ့သူပင် မဟုတ်ပေလော။

ချူဖေးသည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း သူ့ကိုယ်ထဲရှိ သူတော်စင်ချီ အားလုံးမှာ အရင်းအမြစ်ချီအဖြစ်သို့ ပြောင်းလဲသွားခြင်း မရှိသေးပေ။ ထို့ကြောင့် ချူဖေးသည် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်တိုင် ယင်လဲ့ရှန်ထက် ပိုအားနည်းပေသည်။

ရန်ကိုင်သည် ယင်လဲ့ရှန်ကိုပင် ဒုက္ခရောက်သွားအောင် လုပ်နိုင်သူဖြစ်လေရာ ချူဖေးကို ဘာကြောင့်များ မနိုင်ရမည်နည်း။ သို့ရာတွင် သူမ မမျှော်လင့်ထားခဲ့သည်မှာ ရန်ကိုင် အနေဖြင့် ချူဖေးအား ဤမျှ အလွယ်တကူဖြင့် အနိုင်ယူနိုင်လိမ့်မည် ဟူသောအချက်ပင်။

သူ့ပြိုင်ဖက်သည် တကယ်ကော တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဟုတ်မှ ဟုတ်ပါလေရဲ့လော။ မသိသည့်လူများဆိုလျှင် ချူဖေးသည် တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်ဟုသာ ထင်မိကြပေလိမ့်မည်။

ထို့ပြင် ရန်ကိုင်ကကော တကယ်ကြီး အဆင့်နိမ့်ကြယ်စီရင်စုမှ ကျင့်ကြံသူတစ်ဦးပေလော။ ကြယ်တာရာလမ်းကြောင်းထဲ မျက်စိတပ်အပ် တွေ့ခဲ့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်သည် အဆင့်နိမ့်ကြယ်စီရင်စုကြီးမှ လာသည့်လူဖြစ်သည် ဟူသောအချက်ကို လျို့ရှန်းယွင် ယုံနိုင်လိမ့်မည်မဟုတ်ပေ။

လျို့ရှန်းယွင်သာလျှင် အံ့အားသင့်နေခြင်းမဟုတ်။ ပွဲကိုစောင့်ကြည့်နေကြသည့် ငှက်မွေးပြာဂိုဏ်း၏ တပည့်များမှာလည်း ထိုမြင်ကွင်းကိုကြည့်ရင်း ပါးစပ်အဟောင်းသားကို ဖြစ်နေခဲ့ကြလေသည်။

အထူးအဖြင့် ရန်ကိုင်သည် အလွန်ကိုမှအဆင့်မြင့်သည့် ဆေးပညာရှင်တစ်ဦး ဖြစ်သည်ဟူသော အချက်ကိုသိထားကြသည့် ကျင့်ကြံသူများပင်။ ဆေးပညာရှင်များသည် ကျင့်ကြံကြသော်ငြား သူတို့၏ကျင့်ကြံခြင်းသည် ဆေးပညာအဆင့်အတန်းထက် ပုံမှန်အားဖြင့် အများကြီးကို ပိုနိမ့်လေ့ရှိပေသည်။

သူတို့တစ်ဘဝလုံးလိုလိုကို ဆေးပညာတွင်သာ အာရုံစိုက်ထာကြသည့် အတွက်ကြောင့် ဆေးပညာရှင်များ၏ တိုက်ပွဲစွမ်းအားမှာ အဆင့်တူကျင့်ကြံသူများထက် အများကြီးပို၍ နိမ့်ကျနေလေ့ရှိသည်။ ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်သည့် ဆေးပညာရှင်တစ်ဦး ဖြစ်သည်။

တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေလျက်နှင့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်နေသည်မှာပင် အတော်လေးကိုမှ မယုံကြည်နိုင်စရာ ကောင်းနေလေပြီ။

သို့သော်လည်း ရန်ကိုင်သည် သူ၏ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်ကျင့်ကြံခြင်းဖြင့် တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ရောက်နေသော စီနီယာတစ်ဦးအား အလွယ်တကူ အနိုင်ယူပြသွားသည်မှာတော့ လုံးဝကို သာမန်မဟုတ်တော့ချေ။

ထို့အပြင် ဤပြိုင်ပွဲမှာ တိုက်ပွဲဟုပင် ခေါ်၍မရတော့။ တစ်ဖက်သတ် အနိုင်ကျင့်နေသည်ဟုသာ ပြောရပေတော့မည်။ ရန်ကိုင်ထုတ်ပြသွားသည့် ခွန်အားသည် ပွဲကြည့်နေသည့် လူအားလုံးကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့လေသည်။ ဆေးပညာရှင်တစ်ဦးသည် ဤမျှပင် သန်မာလေသလော ဟူသော အတွေးသည် အားလုံးလိုလို၏ ခေါင်းထဲ တစ်ပြိုင်တည်း ထွက်ပေါ်လာခဲ့လေသည်။

အကုန်လုံးသည် ရန်ကိုင့်အား မွန်းစတားတစ်ကောင်နှယ် စိုက်ကြည့်နေခဲ့ကြသည်။ စီနီယာအစ်ကိုချူ ဘာဖြစ်သွားသလဲ ဆိုသည်ကို‌တော့ မည်သူမှ ဂရုစိုက်မနေကြတော့ပေ။

တော်တော်များများသည် ယခုအဖြစ်အပျက်ပြီးနောက်တွင် ရန်ကိုင်နှင့် မည်သို့များ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ရမလဲ ဆိုသည့်အပေါ် စတင်တွေးတောနေခဲ့ကြလေပြီ။

သို့မှသာလျှင် ရန်ကိုင် တိုးတက်အားကောင်းလာသည့်တစ်နေ့ သူတို့လည်း အသားမစားရနိုင်လျှင်ပင် အရည်တော့ သောက်နိုင်ပေလိမ့်မည်။ ချူဖေးနှင့် အတူလိုက်လာသည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦးမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း ဖြူဖတ်ဖြူလျော် ဖြစ်သွားကြလေသည်။

ချူဖေးနှင့်ရန်ကိုင် စတင် တိုက်ခိုက်စဉ်က သူတို့ နှစ်ဦးသည်လည်း လျို့ရှန်းယွင်ကဲ့သို့ပင် တိုက်ခိုက်မည့်ဟန် ပြင်ထားလိုက်ကြသည်။ သို့ရာတွင် သူတို့ပင် ဝင်မကူညီနိုင်သေးခင်မှာပဲ ချူဖေးသည် အမှောက်သိပ်ခံလိုက်ရလေသည်။

အစတော့ ရန်ကိုင်သည် သူတို့၏ စီနီယာအစ်ကို ချူဖေး သမသည်ကို ကောင်းကောင်း ခံရတော့မည်ဟု ထင်ခဲ့ကြသော်ငြား တကယ်တမ်း မျက်ရည်နှင့်မျက်ခွက် ဖြစ်သွားရမည့်လူမှာ သူတို့သာ ဖြစ်နေလိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။

ရန်ကိုင်၏အကြည့်သည် ထိုနှစ်ယောက်ဆီသို့ နောက်ဆုံးတွင် ရောက်လာခဲ့လေသည်။ ရန်ကိုင် သူတို့ဆီသို့ လှည့်ကြည့်လာသည်ကို မြင်သော် နှစ်ယောက်စလုံး ကြောက်ကြောက်လန့်လန့်ဖြင့် အလိုလို နောက်ဆုတ်သွားမိကြလေသည်။

နှစ်ဦးအနက် တစ်ယောက်သည် တန်ခိုးရှင်ဘုရင် ပထမအဆင့်ကျင့်ကြံသူ တစ်ဦးဖြစ်ပြီး ကျန်တစ်ယောက်သည် ဒုတိယအဆင့် ဖြစ်သည်။ သူတို့နှစ်ယောက်စလုံး အတူပေါင်းတိုက်မည် ဆိုလျှင်ပင် ချူဖေး၏ ပြိုင်ဖက်မဖြစ်နိုင်ရာ မည်သို့များ ရန်ကိုင်၏ ပြိုင်ဘက် ဖြစ်နိုင်ဦးမည်နည်း။

ကံကောင်းစွာဖြင့် ရန်ကိုင်သည်သူတို့အား ပြဿနာလာမရှာဘဲ ချူဖေးဆီသို့သာ တစ်လှမ်းပြီးတစ်လှမ်း လျှောက်သွားခဲ့သည်။ ချူဖေးဆီသို့ ရောက်လာပြီးနောက် မျက်လုံးမှေးစင်း၍ပြုံးကာ ပြောလိုက်လေ၏။ “စီနီယာအစ်ကိုချူ ကျုပ်တို့တစ်ခါမှလည်း မတွေ့ဖူးဘူး။ တစ်ယောက်အကြောင်းလည်း တစ်ယောက် ဘာမှမသိကြဘူး။ အဲ့ဒါကို စီနီယာအစ်ကိုကျန်း ကျင့်ကြံခြင်း သွေဖယ်သွားတဲ့ကိစ္စကို ဘာလို့ အေးအေးဆေးဆေးထိုင်ပြီး မဆေးနွေးချင်ရတာလဲ”

ထိုစကားကိုကြားသည့်အခါ ချူဖေးလည်း မြေပြင်ပေါ်တွင် ဆက်ပြီးလှဲမနေရဲတော့ပေ။ ချက်ချင်းကုန်းထပြီး တိုက်ခိုက်မည့်ဟန်ပြင်ကာ ပြောလိုက်လေ၏။ “မင်းဘာလုပ်ချင်နေတာလဲ။”

“စီနီယာအစ်ကိုက ဘာတွေဒီလောက်ဖြစ်နေတာလဲ။ ဂျူနီယာညီလေးက ဂိုဏ်းထဲကိုဝင်ထားတာမှ မကြာသေးဘူး။ ဘယ်လိုလုပ်ပြီး စီနီယာအစ်ကိုကို ပြဿနာရှာရဲမှာလဲ။ ဂျူနီယာညီလေးက စီနီယာအစ်ကိုနဲ့ စကားကောင်းကောင်း ပြောချင်ရုံပါပဲ။” ရန်ကိုင်ကဖော်ရွေစွာပြုံးလျက် ပြောလိုက်လေသည်။

သို့သော်လည်း ချူဖေး၏မျက်လုံးထဲတွင် ရန်ကိုင့်၏အပြုံးမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ ပြောနေရင်း ရန်ကိုင်သည် စတင်ထိုးကြိတ်တော့မည့်အလား လက်ဆစ်ချိုးလိုက်လေ၏။

ထိုအခြင်းအရာကိုမြင်သည့်အခါ ချူဖေး၏မျက်နှာ ဖြူလျော်သွားပြီး ဖူးရောင်ကိုင်းနေသည့်မျက်နှာဖြင့် ဒေါသတကြီး ပြန်အော်ပြောလေသည်။ “ဒီတစ်ကြိမ် ငါမှားတာ ဝန်ခံတယ်… ဟုတ်ပြီလား။ ဒါပေမယ့် တစ်ထွာပေးလို့ တစ်ကိုက်လိုချင်မလာနဲ့။”

“တစ်ထွာပေးလို့ တစ်ကိုက်လိုချင်မလာနဲ့ ဟုတ်လား။” ရန်ကိုင်၏အကြည့်သည် ရုတ်ချည်းအေးစက်သွားခဲ့လေသည်။ “ဂျူနီယာက ကိုယ့်ဘာသာ အေးဆေးနေနေတာလေ။ အဲ့ဒါကို စီနီယာအစ်ကိုကပဲ ပြဿနာ လာရှာတာ မဟုတ်ဘူး။ အခု စီနီယာအစ်ကိုလုပ်လို့ ဒီဂျူနီယာရဲ့ ဂုဏ်သတင်း ပျက်စီးသွားပြီ။ ဂျူနီယာ ဆေးဖော်စပ်ပေးပြီး ပိုက်ဆံ ထပ်ရှာလို့ မရတော့ဘူး”

“အဲ့တော့ မင်းဘာလုပ်ချင်တာလဲ” ချူဖေးက အံကြိတ်၍ ပြန်မေးလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၄၉)

ရန်ကိုင်နှင့်သူ့ကြားရှိ ခွန်အားကွာခြားချက်ကို နားလည်သွားပြီးနောက်တွင် ချူဖေး ယခင်ကကဲ့သို့ မမောက်မာရဲတော့ပေ။ သို့ရာတွင် လူများစွာက ကြည့်နေသဖြင့် ကြောက်ပြနေ၍လည်းမဖြစ်။ မဟုတ်လျှင် နောက်ပိုင်းကျ မည်သည့်မျက်နှာနှင့် လူရှေ့သူရှေ့သို့ ထွက်ရတော့မည်နည်း။

ထိုအကြောင်းကြောင့်ပင် သူ့ရင်ထဲ ကြောက်လန့်နေမိသည့်တိုင် မကြောက်ချင်ယောင်ဆောင်လျက် ပြန်အော်ပြောလိုက်လေသည်။

“ရှင်းပါတယ်” ရန်ကိုင်က ချူဖေးအား ပြုံးကာကြည့်ရင်း လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်လေသည်။ “စီနီယာအစ်ကိုက အခုလိုမျိုး လာပြဿနာ ရှာလိုက်တော့ ဂျူနီယာအနေနဲ့ နောက်ပိုင်း ဆေးဖော်စပ်ပြီး ပိုက်ဆံရှာလို့ အဆင်မပြေတော့ဘူးလေ။ ဒီတော့ စီနီယာအနေနဲ့ ဂျူနီယာကို နစ်နာကြေးလေး ပြန်မပေးသင့်ဘူးလား”

“နစ်နာကြေးပေးရမယ်။” ချူဖေး မျက်လုံးပြူးသွားခဲ့လေသည်။

ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလျက် “ဟုတ်တယ်။ ဒါပေမယ့် ဂျူနီယာအများကြီး မတောင်းဘူး။ နည်းနည်းလေးပဲ တောင်းမှာ… အများဆုံးရှိမှ သုံးလေးသိန်းလောက်ပါပဲ”

“သုံးလေးသိန်း… မင်းအိပ်မက်ပဲ မက်နေလိုက်” ချူဖေးက မျက်မှောင်ကြီးကြုတ်လျက် ပြန်ပြောလိုက်၏ “သုံးလေးသိန်းကို နည်းနည်းလေးလို့ မင်းပဲ ပြောရဲတယ်”

အရင်းအမြစ်ကျောက် သုံးလေးသိန်း ဟူသောပမာဏသည် ချူဖေးအိပ်မက်ပင် မမက်ဖူးသည့် ပမာဏဖြစ်သည်။ သူကျင့်ကြံခြင်း ခရီးလမ်းပေါ်သို့ စတင်လျှောက်လှမ်းလာသည့် အချိန်မှစ၍ သူအသုံးပြုခဲ့သည့် အရင်းအမြစ်ကျောက်များကိုပါ ရေတွက်ကြည့်မည်ဆိုပါက စုစုပေါင်း သူပိုင်ဆိုင်ခဲ့ဖူးသည့် အရင်းအမြစ်ကျောက်ဆို၍ နှစ်သိန်းလောက်သာရှိသည်။

သို့သော်လည်း ရန်ကိုင်သည်သူ့အား အရင်းအမြစ်ကျောက် သုံးလေးသိန်း လာတောင်းနေခဲ့သည်။ ချူဖေး၏စကားကို ကြားသည့်အခါ ရန်ကိုင့်မျက်နှာ ရုတ်ချည်း အေးစက်သွားခဲ့လေသည် “စီနီယာအစ်ကို တကယ်ကို တာဝန်ခံမှုမရှိတာပဲ။ အဲ့လိုဆိုမှတော့ ဆက်ပြီး ဆွေးနွေးနေစရာ မလိုတော့ဘူးပေါ့”

ရန်ကိုင်ပြောပြီးပြီးချင်းမှာပင် ခေါင်းကိုဘေးဘက်သို့ လှည့်လိုက်လေသည်။ တစ်ယောက်ယောက်မှ သူ့အား သတင်းစကား ပါးနေသည့်အလား။

ထိုမြင်ကွင်းကိုမြင်သော် ချူဖေးက ပျော်ရွှင်စွာပြုံးလျက် ရယ်မောလိုက်၏။ “ဒီနေ့တော့ ဒီမှာပဲ ရပ်လိုက်ကြတာပေါ့ ဂျူနီယာ။ ဒါပေမယ့် စီနီယာ ဒီနေ့ကိစ္စကို သေချာ မှတ်ထားမှာပါ။ တစ်နေ့ကြ ငါတို့အချင်းချင်း ပြန်တွေ့ရင် တွေ့မှာပေါ့၊ ဘယ်သူပြောနိုင်မှာလဲ”

ရန်ကိုင်၏ အမူအရာကိုမြင်ပြီးနောက် လူတစ်ဦမှသူ့အား ကူညီနေပြီမှန်း ချူဖေးသိလိုက်သည်။ သူ့လုံခြုံရေးနှင့် ပတ်သက်၍ ဘာမှစိတ်ပူနေစရာမလိုတော့ပေ။ ထိုသို့ပြောပြီးနောက် ချူဖေး သူ့အပေါင်းအပါများကို လက်ဝှေ့ယမ်း၍ အော်ပြောလိုက်လေသည်။ “သွားကြမယ်” ကျန်နှစ်ယောက်မှာလည်း ဆက်မနေရဲတော့ပေ။ ဂျူနီယာကျန်းအား အလျင်အမြန်မကာ အလျင်အမြန် ထွက်ပြေးရန် ကြိုးစားလေသည်။

“ကျုပ်ကို စိတ်ရှိတိုင်း လာပြဿနာရှာပြီးမှ ဒီအတိုင်း ထွက်သွားလို့ ဘယ်ဖြစ်ပါ့မလဲ စီနီယာရဲ့၊ ဂျူနီယာက ထွက်သွားပါလို့ မပြောသေးဘူးလေ” ရန်ကိုင်က အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ ထို့နောက်သူ့လက်သီးအား ငါးရောင်ခြယ်ချီဖြင့် လွှမ်းခြုံလျက် ချူဖေးဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေ၏။

တစ်ချိန်တည်းတွင် သူ့နယ်ပယ်စက်ကွင်းကို ဖြန့်ကျက်၍ ချူဖေးအား ဖိနှိပ်လိုက်လေ၏။ ရန်ကိုင်၏ နယ်ပယ်စက်ကွင်း သူ့အပေါ် ဖိချလာသည်နှင့် ချူဖေး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ ထို့နောက် ရန်ကိုင်၏ ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီလက်သီး လာမှန်ပြီး မြေကြီးနှင့် ထပ်မံ မိတ်ဆက်သွားရလေသည်။

တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သော ချူဖေးသည် အားမနည်းချေ။ သူ၏ သူတော်စင်ချီအားလုံးကို အရင်းအမြစ်ချီသို့ မပြောင်းလဲရသေးလျှင်ပင် အနည်းနှင့်အကျဉ်းကိုတော့ ပြောင်းလဲပြီးသွားလေပြီ။

သို့ရာတွင် ရန်ကိုင်နှင့် ပထမဆုံးအကြိမ် တိုက်ခိုက်ပြီးကတည်းက သူသည်ရန်ကိုင်၏ ပြိုင်ဘက် မဖြစ်နိုင်မှန်း နားလည်သွားခဲ့လေသည်။ ယခု ရန်ကိုင်မှ သူ့အား နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လာသည်ကို မြင်သည့်အခါ ချူဖေးအလွန်ကိုမှ ကြောက်ကြောက်လန့်လန့် ဖြစ်သွားပြီး သူ့တိုက်ကွက်များကိုပင် ကောင်းကောင်း ထုတ်မသုံးနိုင်တော့ချေ။

ပွဲကြည့်နေသူများမှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း လုံးဝကို ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။ လက်သီးထိုးကြိတ်သံများထဲ ချူဖေး၏ နာကျင်စွာ အော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်ပြန်ထလာသည့်အချိန်တွင် ချူဖေးမှာ မြေပြင်ထက် သွေးအလိမ်းလိမ်းဖြင့် လဲလျောင်းနေခဲ့ရလေပြီ။

ရန်ကိုင်သည် အခြားတစ်ဖက်သို့ကြည့်၍ လေသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်ပြီးနောက် လျို့ရှန်းယွင်ဘက်သို့ အော်ပြောလိုက်လေ၏။ “ဆိုင်ကိုပိတ်လိုက်တော့”

ထိုအခါမှ လျို့ရှန်းယွင် အသိပြန်ဝင်လာခဲ့သည်။ ရန်ကိုင်ပြောသည့်အတိုင်း ဆိုင်အား အလျင်အမြန် သွားပိတ်လေသည်။

ရန်ကိုင်နှင့်လျို့ရှန်းယွင်တို့ ထွက်သွားသည့်အခါ ငှက်မွေးပြာဂိုဏ်း၏ အခြားသောတပည့်များသည် အလိုလို လမ်းဖယ်ပေးလိုက်ကြသည်။ အကုန်လုံးသည်ရန်ကိုင့်အား ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်နေကြသည်။ လျို့ရှန်းယွင်မှာမူ ရန်ကိုင့်၏ကျောပြင်ကိုကြည့်ရင်း အတွေးနက်နေခဲ့လေသည်။

ပုံမှန်အားဖြင့် ငြိမ်းငြိမ်းချမ်းချမ်းသာရှိတတ်သော ရန်ကိုင့်ကဲ့သို့သောလူတစ်ဦးသည် ရုတ်တရက်ကြီး အလွန်ကိုမှ ရက်စက်ကြမ်းကြုတ်တတ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ချူဖေးသာ ရန်ကိုင်နှင့် တစ်ဂိုဏ်းတည်းသားချင်း ဖြစ်နေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင့်လက်ချက်ဖြင့် အသက်ထွက်နေလောက်ပေပြီ။

သို့သော်လည်း ယခုအဖြစ်အပျက်ကြောင့် သူတို့အနေဖြင့် ဆေးဖော်စပ်၍ ပိုက်ဆံရှာလို့ရတော့လိမ့်မည် မဟုတ်ပေ။ ထိုကိစ္စနှင့်ပတ်သက်၍ လျို့ရှန်းယွင် အတော်လေးကို နောင်တရနေခဲ့သည်။

လမ်းလျှောက်နေရင်းမှ ရန်ကိုင်သည် ရုတ်တရက် ရပ်လိုက်လေသည်။ သူမဘာသာ အတွေးရေယာဉ်ကြောထဲ နစ်မြောနေသော လျို့ရှန်းယွင်သည် ရန်ကိုင်ရပ်လိုက်သည်ကို သတိမပြုမိဘဲ ဆက်လျှောက်နေလိုက်ရာ ရန်ကိုင်နှင့် ဝင်တိုက်လုမိမတတ် ဖြစ်သွားခဲ့သည်။

သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်ပြီးနောက် အလျင်အမြန် မေးလိုက်လေ၏။ “ဘာဖြစ်လို့လဲ။”

“နင်အရင်ပြန်နှင့်။ ငါ့ကို တစ်ယောက်ယောက် ခေါ်နေတယ်။” ရန်ကိုင်ကပြောလိုက်သည်။

“တစ်ယောက်ယောက် ခေါ်နေတယ်…” လျို့ရှန်းယွင် မျက်မှောင်ကြုတ်သွားခဲ့၏။

သို့သော်လည်း ရန်ကိုင်ဘာပြောချင်နေသလဲဆိုသည်ကို အလျင်အမြန် နားလည်သွားပြီး ပြန်ပြောလိုက်လေသည်။ “ကာကွယ်သူပိရန်က တွေ့ချင်နေတာလား။ ဒါဆို ခုနတုန်းက နင့်ကို စကားလာပြောတဲ့လူက…” “ဟုတ်တယ်” ရန်ကိုင်ခေါင်းငြိမ့်လိုက်သည်။

“စိတ်ပူမနေနဲ့။ ဘာမှဖြစ်မှာ မဟုတ်ဘူး။”

“ငါလိုက်လာရမလား” လျို့ရှန်းယွင်က မေးလိုက်သည်။

“ကာကွယ်သူပိရန်က နင့်ကိုမခေါ်ဘူး။ နင်လာရင်တောင် ပြန်ပို့ခံရမှာပဲ။ အိမ်သာပြန်သွားလိုက်။” ပြောပြီးသည်နှင့် ရန်ကိုင်သည် အနီးနားရှိ တောင်တစ်လုံးဆီသို့ ပျံသန်းသွားလေသည်။ လျို့ရှန်းယွင်က နောက်မှလှမ်းအော်ပြောလိုက်၏။ “သတိထားဦးနော်” ရန်ကိုင်သည် သူ့လက်ကိုသာ ဝှေ့ယမ်းပြလိုက်၏။

တောင်တက်လမ်းတစ်ဝက်ဆီသို့ ရောက်သည့်အချိန်တွင် ရန်ကိုင်ရှေ့၌ ပုံရိပ်တစ်ဦးပေါ်လာခဲ့လေသည်။ ထိုလူသည် ရန်ကိုင့်အား မျက်နှာကြီးမဲ့ကာ စိုက်ကြည့်နေခဲ့သည်။

“စီနီယာအစ်ကိုခို့” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။

အစောပိုင်းက ရန်ကိုင့်အား ချူဖေးအား ဆက်မတိုက်ခိုက်ရန် လာတားခဲ့သူမှာ စီနီယာအစ်ကိုခို့သာ ဖြစ်လေသည်။ “မင်းသတ္တိကမသေးပါလား။ ငါ့အမိန့်ကိုတောင် လွန်ဆန်ရဲတယ်။ ချူဖေးကိုလွှတ်ပေးလိုက်ဖို့ ငါမင်းကို မပြောဘူးလား။ ဘာလို့ဆက်တိုက်ခိုက်တာလဲ။” ခို့ဝူက စတင်ပြစ်တင်ကြိမ်းမောင်းလေသည်။

ရန်ကိုင်ကလှောင်ပြုံးပြုံး၍ ပြန်ပြောလိုက်၏။ “အဲ့ကောင်က ကျုပ်မျက်နှာပေါ်မှာ တံတွေးလာထွေးချခဲ့တာ ကျုပ်ကဒီတိုင်း ငြိမ်ခံနေလို့ ဖြစ်ပါ့မလားဗျ။ စီနီယာအစ်ကိုခို့ အခုလိုပြောနေတာ ကာကွယ်သူပိရန်ရဲ့ အဖွဲ့အစည်းက အားနည်းလို့တော့ မဟုတ်ပါဘူးနော်။ အဲ့လိုဆိုရင်တော့ ကျုပ်တကယ် စိတ်ပျက်မိသွားမှာ”

“မင်းဂိုဏ်းထဲဝင်တာ ဘယ်လောက်ကြာပြီလဲ။ မင်းဘာတွေသိလို့ အခုလိုတွေ ပြောနေတာလဲ။ ဒီနေ့ကိစ္စက ချူဖေးဒီအတိုင်း ပြဿနာလာရှာတယ်လို့ ထင်နေတာလား။” ခို့ဝူက မေးခွန်းထုတ်လိုက်သည်။

“ကျုပ်သိတာပေါ့။ သူ့ကိုတစ်ယောက်ယောက်က တွန်းအားပေးလိုက်လို့ ကျုပ်ကို လာပြဿနာရှာတာလေ” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“ကျုပ်ကဆေးဖော်စပ်ပြီး ကိုယ့်ဘာသာကိုယ် ပိုက်ဆံလေးရှာချင်ရုံပဲ။ ဒါပေမယ့် တစ်ယောက်ယောက်ရဲ့ ဝင်ငွေလမ်းကြောင်းကို သွားနှောင့်ယှက်မိမယ်လို့ မထင်ထားခဲ့ဘူး။ ကျုပ်ထင်တာသာမှန်ရင် ချူဖေးကိုလာခိုင်းလိုက်တာ ကာကွယ်သူကျုမလား။ ကာကွယ်သူပိရန်က ကာကွယ်သူကျုနဲ့ ပြဿနာမတက်ချင်လို့ ချူဖေးကို ဒီတိုင်းလွှတ်ပေးခိုင်းလိုက်တာမလား။”

ခို့ဝူသည် ရန်ကိုင့်အား အံ့အားသင့်နေသည့် အမူအရာဖြင့် စိုက်ကြည့်၍ ခေါင်းငြိမ့်ကာပြန်ပြောလိုက်သည်။ “ကြည့်ရတာ မင်းကမတုံးသေးဘူးပဲ။ ဟုတ်တယ်။ ဒီနေ့ချူဖေးရဲ့လုပ်ရပ်က ကာကွယ်သူကျု ကိုယ်တိုင်ခိုင်းတာ မဟုတ်ပေမယ့် ကာကွယ်သူကျုရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်နေတယ်။ မင်းဆေးဖော်စပ်ပြီး ပိုက်ဆံရှာချင်တယ်ဆိုရင် ဘာဖြစ်လို့ ရတနာယွမ်ခန်းမထဲ မသွားတာလဲ။ ရတနာယွမ်ခန်းမရဲ့ ဆေးခန်းမတစ်ခုက ဒီဈေးတန်းထဲမှာရှိတယ်ဆိုတာကို မင်းသိတာပဲလေ။ ပြီးတော့ အဲ့ဆေးခန်းမက သူ့ဆေးပညာရှင်တွေကို အကုန်ကာကွယ်ပေးတာ။”

ရန်ကိုင်ကပခုံးတွန့်လျက် “ကျုပ်ကချမ်းသာမနေဘူးလေ။ ကျုပ်သာ ရတနာယွမ်ခန်းမထဲ ဝင်လို့ရှိရင် ကျုပ်ရတဲ့ပိုက်ဆံရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းကို သူတို့ကိုပေးရမှာ။ ကျုပ်အခုမှ အဆင့်နိမ့်ကြယ်စီရင်စုထဲကနေ တက်လာတာ။ ကျင့်ကြံဖို့ အရင်းအမြစ်ကျောက်တွေ အများကြီးလိုသေးတယ်။”

ခို့ဝူသည် နှုတ်ခမ်းကြီးမဲ့လျက်သာ ခေါင်းငြိမ့်လိုက်လေသည်။ ရန်ကိုင်ပြောနေသည်မှာ အမှန်ဖြစ်သည့်အတွက်ကြောင့် ထိုအကြောင်းကို ဆက်ပြောမနေတော့ဘဲ ခေါင်းစဉ်တစ်ခုသာ ပြောင်းလိုက်၏။ “ဒါပေမယ့် မင်းဒီနေ့ချူဖေးကို တိုက်ခိုက်လိုက်တဲ့အတွက် ကာကွယ်သူကျုက ပြဿနာရှာဖို့ အကြောင်းပြချက်ရသွားပြီ။ ဂိုဏ်းရဲ့စည်းမျဉ်းတွေနဲ့ မင်းအပြစ်ပေးတာခံချင်လို့လား။ ချူဖေးက ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့စီနီယာအစ်ကို ဖြစ်နေတုန်းပဲ။ မင်းလုပ်ရပ်က မင်းစီနီယာ တစ်ယောက်ရဲ့အမိန့်ကို လွန်ဆန်လိုက်တာနဲ့ အတူတူပဲ။”

ရန်ကိုင်က အဓိပ္ပါယ်ပါပါပြုံးလျက် “ကာကွယ်သူပိရန် ကျုပ်ကို ခေါ်လိုက်တာ အဲ့ဒါကြောင့်မဟုတ်ဘူးမလား။ သူ့လိုပညာရှင် တစ်ယောက်က ဒီကိစ္စကို ကောင်းကောင်းဖြေရှင်းနိုင်မယ်လို့ ကျုပ်ယုံကြည်တယ်။”

ခို့ဝူမျက်နှာ မည်းမှောင်သွားခဲ့ပြီး အလျင်အမြန်ပဲ ပြန်ပြောလိုက်လေသည်။ “ကာကွယ်သူရှေ့မှာ ‘သူ’တို့၊ ‘အဒေါ်ကြီး’တို့ဆိုတဲ့စကားလုံးမျိုးကို လုံးဝသွားမသုံးနဲ့။ မဟုတ်ရင် မင်းရဲ့ခွေးအသက်ကို ဆုံးရှုံးသွားရလိမ့်မယ်။”

“ကျုပ်နားလည်ပါပြီ” ရန်ကိုင်ခေါင်းငြိမ့်လိုက်သည်။ “ငါ့နောက်လိုက်ခဲ့။ ကာကွယ်သူဒီနေ့ စိတ်ကောင်းဝင်နေဖို့ပဲ မျှော်လင့်တယ်။ မဟုတ်ရင်တော့ မင်းကံကိုပဲ ဆုတောင်းထားတော့ပေါ့။” ခို့ဝူသည် ရန်ကိုင့်အားဆက်၍ အပြစ်တင်မနေတော့ဘဲ ခေါင်းတခါခါဖြင့်သာ တောင်ထိပ်ပေါ်သို့ ရန်ကိုင်အားခေါ်သွားလေသည်။

ခို့ဝူသည် ရန်ကိုင်ယခင်တစ်ကြိမ်ရောက်လာခဲ့သည့် နန်းတော်ထဲသို့ပင် သူ့အားပြန်ခေါ်လာခဲ့သည်။ နန်းတော်ထဲရှိ အဆင်တန်ဆာများမှာ ဘာမှပြောင်းလဲသွားခြင်းမရှိ။ အကုန်လုံးမှာ ယခင်အတိုင်းပင်။

သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ ကာကွယ်သူပိရန်ဘေးနားတွင် အစေခံငယ်လေးများစွာ ရှိနေခဲ့သည်။ အစေခံမလေးများအနက် အချို့သည် ပိရန်ယုချင်းအား ယပ်ခတ်ပေးနေပြီး အချို့မှာတော့ စပျစ်းသီးကို အခွံနွာကာ သူမအား ခွံ့ကျွေးနေလေ၏။ အခြားလူများမှာတော့ ပိရန်ယုချင်း၏ခြေထောက်များကို အသာအယာ နှိပ်နယ်ပေးနေလေသည်။

ပုံမှန်အတိုင်းပင် ခို့ဝူသည် မျက်လွှာချ၍ လက်သီးဆုပ်ကာ ပြောလိုက်လေ၏။ “ကာကွယ်သူသခင်မ ဒီကောင်လေးကို ကျုပ်ခေါ်လာခဲ့ပါပြီ။”

“ကာကွယ်သူသခင်မကို နှုတ်ဆက်ပါတယ်။” ရန်ကိုင်ကမူ ခို့ဝူကဲ့သို့မလုပ်ဘဲ ပိရန်ယုချင်း၏ မျက်နှာတည့်တည့်ကိုစိုက်ကြည့်၍သာ ပြောလိုက်လေသည်။

သို့သော်လည်း သူ့မျက်နှာ မျက်လုံးထက် မည်သည့်အာသီသ၊ ဆန္ဒကိုမှ ထုတ်ဖော်ပြမထားခဲ့ချေ။ သူ့လက်ရှိခွန်အားဖြင့် ပိရန်ယုချင်းကဲ့သို့သော အမျိုးသမီးတစ်ဦးအား တဏှာအကြည့်ဖြင့် သွားမကြည့်သင့်မှန်းကို ရန်ကိုင်ကောင်းကောင်း သိထားခဲ့သည်။ ထိုသို့မဟုတ်လျှင် ဆိုးဆိုးရွားရွားကို အပြစ်ပေးခံရပေလိမ့်မည်။

ရန်ကိုင်၏အသံကို ကြားသည့်အခါ ညောင်စောင်းပေါ်တွင် ပျင်းတိပျင်းရွဲဖြင့် လဲလျောင်းနေသောပိရန်ယုချင်း မျက်လုံးဖွင့်လာခဲ့လေသည်။ ပိရန်ယုချင်း၏ မျက်လုံးများသည် ပုံမှန်နှင့်မတူ အနည်းငယ် ထူးခြားနေခဲ့သည်။

သူမ၏ မျက်လုံးများသည် ရန်ကိုင်အား အလွန်ကိုမှ မသက်မသာဖြစ်စေပေသည်။ သူမနှင့်မျက်လုံးချင်း ဆုံသွားသည့်အခိုက်တွင် သူ့ဝိညာဉ်ကိုဆွဲထုတ်ပြီး စားသုံးရန်ကြိုးစားနေသည့် အဆုံးမဲ့တွင်းနက်ကြီးတစ်ခုအား စိုက်ကြည့်နေရသလို ရန်ကိုင်ခံစားလိုက်ရသည်။

ရန်ကိုင်ထိတ်လန့်သွားခဲ့ပြီး သူ့လျှာကိုကိုက်ကာ အလျင်အမြန် အသိပြန်ဝင်အောင် ကြိုးစားလိုက်လေသည်။ ပိရန်ယုချင်းအား နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည့်အခါ သူမ၏မျက်လုံးများမှာ ပုံမှန်အတိုင်းသာ ပြန်ဖြစ်နေကြောင်း တွေ့လိုက်ရလေ၏။

“ကောင်လေး မင်းသတ္တိကမသေးပါလား။ ဂိုဏ်းထဲဝင်လာရုံပဲ ရှိသေးတယ်… ဒီဘုရင်မအတွက် ပြဿနာတွေ ဖန်တီးပေးနေတယ်ပေါ့။” ပိရန်ယုချင်း၏အသံမှာ ချိုသာမြဲချိုသာနေသော်ငြား လေသံမှာတော့ အေးစက်စက် ထက်ရှရှဖြစ်နေခဲ့လေသည်။

“ကာကွယ်သူသခင်မ ကျေးဇူးပြုပြီး နားလည်ပေးပါ။” ရန်ကိုင်သည် မသက်မသာ စိတ်ခံစားချက်ကို ဖိနှိပ်ရင်း အလျင်အမြန် ပြန်ပြောလိုက်လေသည်။ “ဒီတပည့် ပြဿနာရှာတာ မဟုတ်ပါဘူး။ လာပြဿနာရှာတဲ့လူတွေကို ခုခံနေရုံပါပဲ။”

“ခုခံတာလား…အော်… နင်ခုခံတာက နင့်စီနီယာအစ်ကို သုံးလလောက် ကုတင်ပေါ်လဲနေရအောင် လုပ်ပေးလိုက်တာပေါ့။ ခုခံတယ်ဆိုတာ နင့်အတွက်တော့ အဲ့လိုမျိုးလား” ပိရန်ယုချင်းသည် ရန်ကိုင့်အားကြည့်ကာ ပြောလိုက်လေသည်။

“ဒီတပည့် ဒီတစ်ကြိမ်တော့ နည်းနည်း လက်လွန်သွားပါတယ်။ ဒါပေမယ့် အခုလိုလုပ်ရတာက ကာကွယ်သူသခင်မရဲ့ အဖွဲ့အစည်းက အားမနည်းဘူးဆိုတာ အခြားသူတွေသိသွားအောင် ပြချင်လို့ပါ။ တပည့်သာ ငြိမ်ခံနေလိုက်လို့ရှိရင် အခြားသူတွေက ကာကွယ်သူသခင်မရဲ့ အဖွဲ့အစည်းက အားနည်းတယ်၊ အနိုင်ကျင့်လို့ရတယ် ဆိုပြီးတော့ ထင်ကုန်ကြမှာမို့လို့ပါ။”

“အို…..” ထိုစကားကိုကြားသည့်အခါ ပိရန်ယုချင်းသည် မျက်ခုံးပင့်လျက် ပြုံးကာပြန်ပြောလိုက်လေသည် “ဒီတော့ နင်ပြောချင်တာက ဒီဘုရင်မက တပည့်တွေ အကုန်လုံးကို ခေါ်ပြီး အားလုံးရှေ့မှာ နင့်ကိုချီးကျူးပေးရမယ်ပေါ့။ အဲ့လိုမျိုးလား။”

“တပည့်က လိုအပ်တာကို လုပ်လိုက်ရုံပါပဲ။ ကာကွယ်သူသခင်မ စိတ်ထဲထားစရာမလိုပါဘူး။”

“ရိုင်းလိုက်တာ” ပိရန်ယုချင်းသည် ရုတ်တရက် သူမလက်ကို ဝှေ့ယမ်းချလိုက်ရာ အလွန်ပြင်းထန်သည့်အားတစ်ရပ် ထွက်ပေါ်လာပြီး ရန်ကိုင့်အား သွားရောက်ထိမှန်လေသည်။

ရန်ကိုင်လည်း နည်းနည်းလေးမှမခုခံနိုင်ဘဲ နောက်ဘက်ရှိ နံရံတစ်ခုဆီသို့ သွားဝင်ဆောင့်လေ၏။

“သခင်မ ကျေးဇူးပြုပြီး စိတ်ငြိမ်ငြိမ်ထားပါ” ခို့ဝူကအလျင်စလို ဝင်ပြောလိုက်လေသည်။

သို့သော်လည်း ထိုကဲ့သို့ ဒေါသတကြီး ထအော်ပြီးပြီးချင်း ပိရန်ယုချင်းသည် ရုတ်တရက်ကြီး ပျော်ရွှင်စွာ ရယ်မောနေသဖြင့် ခို့ဝူမှာ သူမဘာတွေးလို့တွေးနေမှန်း အမှန်တကယ်ကို နားမလည်နိုင်အောင် ဖြစ်သွားခဲ့ရလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၅၀)

ရန်ကိုင်သည် သူ့ဘဝတွင် ပိရန်ယုချင်းနှင့် နှစ်ကြိမ်သာ တွေ့ခဲ့ဖူးလေသည်။ ပထမတစ်ကြိမ်မှာ လျို့ရှန်းယွင်နှင့်အတူ လာခဲ့စဉ်က ဖြစ်သည်။ ပိရန်ယုချင်းအား ပထမဆုံးစတွေ့စဉ်က ရန်ကိုင်ခံစားလိုက်ရသည့် ခံစားချက်မှာ ဤအမျိုးသမီးသည် အလွန်ကိုမှ အားကောင်းသည်ဟူ၍ပင်။

သို့ရာတွင် ထိုစဉ်က ပိရန်ယုချင်းသည် မည်ကဲ့သို့သော လူတစ်ယောက် ဖြစ်သလဲ ဆိုသည်ကိုတော့ ရန်ကိုင် မသိခဲ့ပေ။ ယခု ဒုတိယအကြိမ် တွေ့ပြီးမှပဲ ဤအမျိုးသမီးသည် အလွန်ကိုမှ စိတ်အပြောင်းအလဲမြန်သည့် အမျိုးသမီးတစ်ဦးမှန်း နားလည်သွားခဲ့လေသည်။

ပိရန်ယုချင်းသည် တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သဖြင့် သူမ၏သာမန်ကာလျှံကာ ရိုက်ချက်တစ်ခုသည်ပင် ရန်ကိုင့်ကဲ့သို့ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်ကျင့်ကြံသူတစ်ဦးကို လွင့်ပျံထွက်သွားအောင် လုပ်နိုင်ပေသည်။

နံရံနှင့်ဝင်ဆောင့်ပြီးနောက် သူ့သွေးများ ဗြောင်းဆန်သွားသလို ရန်ကိုင်ခံစားလိုက်ရလေသည်။ သူပြန်ထလာသည့်အခါ ပိရန်ယုချင်း ပျော်ရွှင်စွာ ရယ်မောနေသည်ကို တွေ့လိုက်ရလေသည်။

ရန်ကိုင်သည် သူ့ရင်ဘတ်ကိုလက်ဖြင့်ဖိရင်း ပိရန်ယုချင်းအား ပြန်စိုက်ကြည့်လိုက်သည်။ ပိရန်ယုချင်းသည်လည်း ရန်ကိုင့်အား ပြန်၍စိုက်ကြည့်လိုက်လေသည်။

ထို့နောက် ချီးကျူးသည့်အမူအရာဖြင့် ခေါင်းငြိမ့်လျက် “အဲ့လိုသတ္တိရှိတဲ့လူတွေကိုမှ ဒီဘုရင်မကြိုက်တာ။ ကောင်းတယ် နင်ဒီတစ်ကြိမ်လုပ်တာ တော်တယ်။ နင့်ကြောင့် ဒီဘုရင်မမျက်နှာပျက်မသွားရဘူး။”

ရန်ကိုင်သည် မျက်မှောင်သာ ကြုတ်သွားလိုက်ပြီး ပြန်မဖြေခဲ့ပေ။

“ဒါပေမယ့်…” ပိရန်ယုချင်းက ဆက်ပြောလိုက်လေသည် “ဒီနေ့ကိစ္စက ဘယ်လိုပဲဖြစ်ဖြစ် ကျုကျွင်းရှန် ပြဿနာရှာလို့ရအောင် အကြောင်းပြချက်ပေးလိုက်လို့ မဖြစ်ဘူး။ တကယ်တော့နင်ဂိုဏ်းထဲကို ဝင်လာတာ ဘယ်လောက်မှမကြာသေးဘူး။ အဲ့ဒါကို အခုလိုမျိုး ပြဿနာရှာရဲတယ်ဆိုတော့ အခုကိစ္စက ဒီဘုရင်မ ကြီးကြပ်မှု လိုသွားတာ ဖြစ်သွားပြီ။ အဲ့အတွက်ကြောင့်နင့်ကို ရေခဲချောက်ကမ်းပါးမှာ သုံးလအကျဉ်းချမယ်။ ဒါပဲ” ပိရန်ယုချင်းပြောသည်ကို ကြားပြီးနောက်တွင် ရန်ကိုင့်စိတ်ထဲ မကောင်းသည့်ခံစားချက်တို့ ရလိုက်လေသည်။

ထို့ကြောင့် အလေးအနက်အမူအရာဖြင့် ပြန်မေးလိုက်လေ၏။ “ရေခဲချောက်ကမ်းပါးဆိုတာ ဘာလဲ ကာကွယ်သူသခင်မ ပြောပြပေးလို့ရမလား။”

သူသည် ငှက်မွေးပြာဂိုဏ်းထဲမှာ ရှိနေသည်မှာ တစ်လသာရှိသေးသဖြင့် ရေခဲချောက်ကမ်းပါးအကြောင်းကို မကြားဖူးချေ။

“ရေခဲချောက်ကမ်းပါးက…” ပိရန်ယုချင်းက ယဲ့ယဲ့လေးပြုံးလျက် “အပြစ်ကျူးလွန်တဲ့တပည့်တွေကို ထိန်းသိမ်းတဲ့ နေရာတစ်ခုပဲ။ ပတ်ဝန်းကျင်ကတော့ ဟဲဟဲ… နင်ရောက်ရင်သိမှာပါ။” ရန်ကိုင် မျက်နှာပျက်သွားခဲ့လေသည်။

ရေခဲချောက်ကမ်းပါးသည် အလွန်ကိုမှ ဆိုးရွားသည့်နေရာတစ်ခု ဖြစ်သည့်အလား ခို့ဝူသည် ကရုဏာသက်နေသည့်အမူအရာဖြင့် ရန်ကိုင့်အား ကြည့်လာခဲ့လေသည်။

“သူ့ကိုခေါ်သွားတော့” ပိရန်ယုချင်းသည် သူမလက်ကိုဝှေ့ယမ်းလိုက်ပြီးနောက် မျက်လုံးပိတ်ကာ ပြန်အနားယူနေလေသည်။

“ဟုတ်ကဲ့ပါ” ခို့ဝူသည် လေးလေးစားစား ပြန်ဆုတ်လာလိုက်ပြီးနောက် ရန်ကိုင့်ကိုပါ သူနှင့်အတူ ခေါ်သွားလိုက်လေသည်။ ရန်ကိုင့်တွင် မေးစရာမေးခွန်းများ ထပ်ရှိနေသေးသော်ငြား ပိရန်ယုချင်း၏ပုံစံကိုမြင်ပြီးနောက် ဆက်မေးလို့ ဖြစ်တော့မည် မဟုတ်မှန်း နားလည်သွားခဲ့သည်။

ထို့ကြောင့် ခို့ဝူဘက်သို့လှည့်ရုံသာ တတ်နိုင်လေသည်။ နန်းတော်အပြင်ဘက်သို့ ရောက်လာသည့်အခါမှပဲ ခို့ဝူ သက်ပြင်းချလိုက်သည်။ ပိရန်ယုချင်းနဲ့တွေ့တိုင်းတွေ့တိုင်း သူ့ခဗျာ အလွန်ကိုမှ ဖိအားဝင်ရလေသည်။

“စီနီယာအစ်ကိုခို့”ရန်ကိုင်သည် ခို့ဝူဘက်သို့လှည့်၍ မေးလိုက်သည်။

“ဟူး…. ဂျူနီယာရန်” ခို့ဝူက သက်ပြင်းချ၍ ရန်ကိုင့်၏ပခုံးကို လက်ဖြင့်ပုတ်ရင်း “မမေးနဲ့။ မင်းရောက်ရင် သိလိမ့်မယ်။ ဒါပေမယ့်ဒီတစ်ကြိမ် ကာကွယ်သူသခင်မ မင်းကိုအပြစ်ပေးတာ သိပ်မပြင်းဘူးလို့ ပြောလို့ရတယ်။ သုံးလလောက်ဆိုတာ အရမ်းကြီးကြာတာ မဟုတ်ဘူး။ မင်းဒီတိုင်းပဲ တံခါးပိတ်ကျင့်စဉ်ဝင်နေလိုက်။ သုံးလဆိုတာ မျက်တောင်တစ်ခတ်အတွင်း ကုန်သွားလိမ့်မယ်။ သုံးလပြည့်သွားရင် စီနီယာအစ်ကို မင်းကိုလာပြန်ခေါ်မယ်။” ခို့ဝူ၏စကားကိုကြားပြီးနောက် ရေခဲချောက်ကမ်းပါးသည် အလွန်ကိုမှ ဆိုးရွားသည့်နေရာတစ်ခုမှန်း ရန်ကိုင်ပို၍ သေချာသွားခဲ့လေသည်။

သို့သော်ငြား သူ့တွင် ငှက်မွေးပြာဂိုဏ်းမှ ထွက်သွားနိုင်သည့် ခွန်အားရှိမနေသေးသရွေ့ တစ်ဖက်လူခိုင်းသည့်အတိုင်း လုပ်ရုံသာရှိလေသည်။ သူ့ခွန်အားကိုပြန်တွေးရင်း ရန်ကိုင်သည် ခံစားနေရသည့် မကျေနပ်ချက်အားလုံးကို ဖိနှိပ်ထားလိုက်၏။

ခို့ဝူသည် သူ့ပျံသန်းရေးမှော်ရတနာကို ထပ်မံထုတ်ယူလိုက်လေသည်။ သင်္ဘောပေါ်သို့ နှစ်ဦးစလုံး တက်လိုက်ကြပြီးနောက် ခို့ဝူသည် တစ်ခုသောဘက်ဆီသို့ အလွန်လျင်မြန်သည့်နှုန်းဖြင့် ပျံသန်းသွားလေ၏။ တရွေ့ရွေ့ပျံသန်းလာပြီးနောက်တွင် ငှက်မွေးပြာဂိုဏ်း၏ အဆောက်အဦးများ တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့လေ၏။

တစ်ချိန်တည်းတွင် ပတ်ဝန်းကျင်လေထုသည် ပိုပို၍အေးစက်လာသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ အချိန်တစ်ခုသို့ အရောက်တွင် ခို့ဝူသည်ရုတ်တရက် သူ့ရှေ့ကိုညွှန်ပြ၍ “အရှေ့က ရေခဲချောက်ကမ်းပါးပဲ။ အပြစ်ကျူးလွန်တဲ့လူတွေ အကုန်လုံးကို အဲ့မှာ လာအကျဉ်းချထားတာ။ ထွက်ပြေးဖို့လည်း မကြိုးစားနဲ့နော်။ ဒီနေရာက ဌာနချုပ်နဲ့ မနီးပေမယ့် မိုင်တစ်သောင်းမက ကျယ်တယ်။ လူသူအရောက်အပေါက်လည်း ရှိတာမဟုတ်ဘူး။ မင်းသာ ရေခဲချောက်ကမ်းပါးကနေ ခွင့်ပြုချက်မရဘဲ ထွက်သွားလို့ရှိရင် ကာကွယ်သူသခင်မ ကျိန်းသေသိသွားလိမ့်မယ်။ အဲ့ဒီအခါကျရင်တော့……” ခို့ဝူသည် သူ့စကားကိုဆုံးအောင် မပြောခဲ့သော်လည်း သူဘာဆက်ပြောချင်နေသလဲဆိုသည်ကို ရန်ကိုင် နားလည်ပေသည်။

နိမ့်ကျသည့် သူ့ခွန်အားကြောင့် ရန်ကိုင်လည်း ပြောသည့်အတိုင်း လုပ်ရရုံသာ ရှိတော့သည်။ သူ့ရှေ့ဘက်တစ်နေရာတွင် နှစ်ပိုင်းကွဲထွက်နေပြီး တိမ်စိုင်တိမ်တိုက်များကြား ဖုံးကွယ်နေသည့် တောင်တစ်လုံးကို ရန်ကိုင်လှမ်းမြင်နေခဲ့ရသည်။

တောင်နားသို့နီးကပ်လာသည်နှင့် အအေးဓာတ်မှာ ပိုပို၍ ပြင်းထန်လာခဲ့သည်။သင်္ဘော၏ အကာအကွယ်ထဲတွင် ရှိနေသည့်တိုင် သူ့တစ်ကိုယ်လုံး အနည်းငယ်ထုံထုံကျင်ကျင် ဖြစ်လာသလို ရန်ကိုင်ခံစားလိုက်ရသည်။

ထို့အပြင် အအေးဓာတ်သည် ရိုးရိုးအအေးဓာတ်မဟုတ်။ ထိုအအေးဓာတ်ထဲ အရှိန်အဝါတစ်မျိုးပါ ပါဝင်ပေါင်းစပ်နေခဲ့သည်။ ထိုအရှိန်အဝါကို သိနေသလိုလို ခံစားနေရသော်လည်း သေချာစဉ်းစားကြည့်လိုက်သည့်အခါ မမှတ်မိတော့ပေ။

ခဏကြာအောင် စဉ်းစားပြီးနောက်မှသာ မှတ်မိသွားခဲ့လေ၏ “ဧကရာဇ်ဖိအား”

ခို့ဝူသည် ရန်ကိုင့်ဘက်သို့ အံ့အားသင့်တကြီးအမူအရာဖြင့် လှည့်ကြည့်၍ ပြောလိုက်လေသည်။ “မင်း ဒီမှာရှိနေတဲ့ ဧကရာဇ်ဖိအားကို ခံစားမိတာလား။ မင်းအရင်က ဧကရာဇ်တစ်ပါးကို တွေ့ခဲ့ဖူးတာလား။”

ရန်ကိုင်သာ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးကို မတွေ့ခဲ့ဘူးလျှင် ဧကရာဇ်ဖိအားဆိုသည်မှာ မည်ကဲ့သို့သောအရာမှန်း ပြောနိုင်လိမ့်မည်မဟုတ်ချေ။

ခို့ဝူဤနေရာသို့ ပထမဆုံးစရောက်လာစဉ်က ဤနေရာ၏ အအေးဓာတ်သည် အလွန်ကိုမှ ဆိုးရွားလှသည်ဟုသာ ခံစားခဲ့ရသည်။ ထိုအအေးဓာတ်ထဲ သူ့ကျင့်ကြံခြင်းကိုဖိနှိပ်နိုင်သော တွန်းအားတစ်မျိုး ပါနေသလိုလိုပင်။ သို့သော်လည်း ထိုအရာမှာ ဧကရာဇ်ဖိအားမှန်း နားမလည်ခဲ့။ ပိရန်ယုချင်းကို မေးမြန်းပြီးသည့် နောက်မှသာ ဤနေရာရှိ အအေးဓာတ်သည် ရိုးရိုးအအေးဓာတ်မဟုတ်ဘဲ ဧကရာဇ်ဖိအားပါ ရောယှက်ပါဝင်နေသည့် အအေးဓာတ်မှန်း နားလည်သွားခဲ့လေသည်။

ရန်ကိုင်သည် မကြာသေးခင်ကမှ အဆင့်နိမ့်ကြယ်စီရင်စုမှ တက်လာသည့် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးသာဖြစ်သည်။ သို့သော်လည်း ဤနေရာသို့ ရောက်သည်နှင့် ဤနေရာရှိ အအေးဓာတ်ထဲတွင် ဧကရာဇ်ဖိအားပါဝင်နေကြောင်း အလျင်အမြန် ပြောနိုင်ခဲ့သည်။

ထို့ကြောင့် ရန်ကိုင်သည် ဧကရာဇ်အရှိန်အဝါကို ခံစားခဲ့ရဖူးလိမ့်မည်ဟု ခို့ဝူကောက်ချက်ချလိုက်ခြင်း ဖြစ်သည်။

“တစပြင်ကန္တာရကြယ်စီရင်စုကြီးထဲမှာ ဧကရာဇ်ဖိအားကပ်ငြိနေတဲ့ တားမြစ်နယ်မြေတစ်ခု ရှိတယ်လေ။ အဲ့နေရာမှာ ဧကရာဇ်ဖိအားကို ခံစားခဲ့ဖူးတာ။” ရန်ကိုင်က ရှင်းပြလိုက်သည်။

“ငါသိပြီ။” ခို့ဝူက ခေါင်းညိတ်လျက် ပြန်ပြောလိုက်၏။

“ကြယ်စီရင်စုကြီးတစ်ခုစီတိုင်းမှာ အဆင့်မြင့်ဧကရာဇ်အဆင့် ပညာရှင် တစ်ယောက်လောက်ကတော့ ကာကွယ်သူအနေနဲ့ ရှိတတ်ကြတယ်။ ကြည့်ရတာ မင်းတို့တစပြင်ကန္တာရ ကြယ်စီရင်စုကြီးရဲ့ကာကွယ်သူက သူ့စွမ်းအားအချို့ကို အဲ့တားမြစ်နယ်မြေထဲ ချန်ခဲ့တဲ့ပုံပဲ။”

“ဒါပေမယ့် ဒီမှာဘယ်လိုလုပ်ပြီး ဧကရာဇ်ဖိအား ရှိနေရတာလဲ။” ရန်ကိုင်က ပြန်မေးလိုက်သည်။

ထိုမေးခွန်းကို ကြားသည့်အခါ ခို့ဝူကပြုံးလျက် “အဲ့ဒါက ဒီရေခဲချောက်ကမ်းပါးဖြစ်လာတဲ့ပုံနဲ့ ဆက်စပ်နေတယ်။ ဒီရေခဲချောက်ကမ်းပါးကို ရေခဲနိယာမတွေ ထိန်းချုပ်နိုင်တဲ့ ဧကရာဇ်တစ်ဦးက ဖန်တီးခဲ့တာလို့ ပြောကြတယ်။ သူ့ဓားတစ်ချက်နဲ့ ဧကရာဇ်က ဒီတောင်ကို နှစ်ပိုင်းပိုင်းပစ်ခဲ့တာတဲ့။ ဒါ့ကြောင့်ပဲ ဒီနေရာမှာ သူ့ရဲ့ဧကရာဇ်ဖိအား ကျန်ရစ်ခဲ့တာ။ အဲ့လိုဖြစ်ခဲ့တာ နှစ်ပေါင်းထောင်နဲ့ချီနေပြီ။ ဒါပေမယ့် ဧကရာဇ်ဖိအားကတော့ အခုထိ ပျောက်မသွားသေးဘူး။ အဲ့ဒါကြောင့်သာ မဟုတ်ရင် ဒီနေရာကို ငှက်မွေးပြာဂိုဏ်းက တပည့်တွေကို အကျဉ်းချဖို့ သုံးမှာမဟုတ်ဘူး။”

“ဒီတော့ ဒီနေရာက ဧကရာဇ်ရဲ့ဓားတစ်ချက်ကြောင့် ဖြစ်ပေါ်လာတာပေါ့။” ရန်ကိုင်၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့လေသည်။ “အဲ့ဒါကတော့ ဂိုဏ်းထဲကလူတွေ ပြောတာပဲ။ တကယ်ဟုတ်မဟုတ်တော့ ငါလည်းမသိဘူး။”

ခို့ဝူကရယ်မောလျက် “ဒါပေမယ့် ငါမင်းကို သတိပေးလိုက်မယ်။ အဲ့ကိုရောက်သွားရင် တောင်ပေါ်မှာပဲနေနော်။ အောက်ကိုလုံးဝမဆင်းနဲ့။ အောက်ကဧကရာဇ်ဖိအားက အရမ်းပြင်းတယ်။ ငါတို့ဂိုဏ်းက ဂိုဏ်းချုပ်နဲ့ကာကွယ်သူလေးဦးတောင် အောက်ကဧကရာဇ်ဖိအားကို မခံနိုင်ဘူး။ မင်းသာဆိုရင်တော့ ပြောနေစရာတောင်မလိုတော့ဘူး။”

“ကျုပ်သိပါပြီ။ အခုလိုသတိပေးတဲ့အတွက် စီနီယာအစ်ကိုခို့ကို ကျေးဇူးအများကြီးတင်ပါတယ်။” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“ပြီးတော့ ကာကွယ်သူသခင်မက မင်းကို ဒီမှာအကျဉ်းချလိုက်တာ အပြစ်ပေးဖို့သက်သက် မဟုတ်ဘူး။ ရေခဲချောက်ကမ်းပါးရဲ့ပတ်ဝန်းကျင်က အရမ်းဆိုးရွားပေမယ့် မင်းသာဒီနေရာကနေ တစ်ခုခုသိလိုက်နိုင်မယ်ဆိုရင် မင်းအတွက် အရမ်းအကျိုးရှိလိမ့်မယ်။ ကာကွယ်သူသခင်မရဲ့ မျှော်လင့်ချက်ကို စိတ်ပျက်အောင်မလုပ်မိစေနဲ့။” ခို့ဝူက အလေးအနက်အမူအရာဖြင့် ပြောလိုက်လေသည်။

“ကျုပ်နားလည်ပါပြီ” ရန်ကိုင်ကပြုံးဖြီးလျက် “အဲ့လိုဆိုရင် စီနီယာအစ်ကိုခို့ရော ဘာလို့ကျုပ်နဲ့အတူ မလာလိုက်တာလဲ။ ကျုပ်တို့အတူတူ ကောင်းကင်လမ်းစဉ်နဲ့ သိုင်းတာအိုကို လေ့လာကြည့်လို့ရတယ်လေ။”

“မလိုဘူး။ ကျေးဇူးပဲ” ခို့ဝူတစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့လေသည်။

ကြောက်လန့်သည့်အရိပ်အယောင်တို့ သူ့မျက်ဝန်းထဲ ဖြတ်ပြေးသွားခဲ့၏။ “ငါဒီနေရာမှာ တစ်ကြိမ်နေခဲ့ဖူးတယ်။ အဲ့ဒါတောင် တစ်လလောက်ပဲ။ တစ်လပဲ နေလိုက်ရတာတောင် ငါလုံးဝပြန်မလာနိုင်တော့ဘူးလို့ ထင်ခဲ့တာ။”

“အဲ့တုန်းက စီနီယာအစ်ကိုရဲ့ကျင့်ကြံခြင်းက ဘယ်လောက်လဲ။”

“တန်ခိုးရှင်ဘုရင်တတိယအဆင့်” ခို့ဝူက ပြန်ပြောလိုက်လေသည်။ ထိုစကားကိုကြားသည့်အခါ ရန်ကိုင်က သူ့နှုတ်ခမ်းကိုကွေး၍ “ကြည့်ရတာ ကာကွယ်သူသခင်မက ကျုပ်ကိုတော်တော်ကြီး အထင်ကြီးနေတာပဲ။”

“အဲ့ဒါကိုကြည့်ရုံနဲ့တင် ကာကွယ်သူသခင်မက မင်းကငါ့ထက်ပိုတော်တယ်လို့ ယုံကြည်နေတယ် ဆိုတာကို ပြနေတာပဲ။” ခို့ဝူက ရယ်မော၍ သင်္ဘောကို အသာအယာ တောက်လိုက်လေသည်။ ထို့နောက်ရန်ကိုင့်ဘက်သို့လှည့်၍ “ငါမင်းကို ဒီမှာပဲချပေးခဲ့လိုက်မယ်။ မင်းဘာသာမင်းပဲ ဆက်သွားလိုက်ပေတော့။ သုံးလကြာရင် ငါမင်းကို ပြန်လာခေါ်မယ်။”

ရန်ကိုင်သည် ခေါင်းငြိမ့်လိုက်ပြီးနောက် သင်္ဘောပေါ်မှ ခုန်ဆင်းကာ ရေခဲချောက်ကမ်းပါးပေါ်သို့ ပြေးတက်သွားလေသည်။ ရန်ကိုင်ထွက်သွားပြီးနောက်တွင် ခို့ဝူသည် တစ်စက္ကန့်လေးမှပင် ဆက်ရပ်မနေတော့ဘဲ ချက်ချင်းပဲ ပြန်လှည့်ပြေးလေ၏။

ဤနေရာရှိအအေးဓာတ်သည် လူတစ်ယောက်၏ ဝိညာဉ်အထိကိုပင် ထိုးဖောက်ဝင်ရောက်နိုင်လေသည်။ ထို့ကြောင့် သူတော်စင်ချီလှည့်ပတ်နှုန်းကို နှေးကွေးသွားနိုင်စေရုံမက အတွေးများကိုပင် ဖိနှိပ်ပစ်နိုင်၏။

ဤနေရာရောက်လာသည့်သူတိုင်း ငါ့တစ်ကိုယ်လုံး အေးခဲနေတာပါလားဟု အလိုလို ခံစားမိကြရပေလိမ့်မည်။ ရေခဲချောက်ကမ်းပါး၏ အပေါ်ပိုင်းသည် အတော်လေးကို ကျယ်ဝန်းပြီး မရေမတွက်နိုင်သော လိုဏ်ဂူများသည် တောင်နံရံများပေါ်တွင် ရှိနေခဲ့သည်။ ထိုလိုဏ်ဂူများကို ဤနေရာတွင်လာနေသွားသည့် ငှက်မွေးပြာဂိုဏ်း၏ တပည့်များမှ ဖောက်သွားခဲ့ခြင်း ဖြစ်ရပေမည်။

ရန်ကိုင်သည် ချောက်ကမ်းပါးပေါ်တွင်ရပ်၍ လှည့်ပတ်ကြည့်လိုက်သည်။ ချောက်ကမ်းပါးပေါ်တွင် မြက်ပင်တစ်ပင်မှပင်ရှိမနေခဲ့။ အပင်တစ်ပင်မှ ပေါက်ရောက်နေခြင်းမရှိ။ ကျောက်စိုင်ကျောက်တုံးများပင် ရေခဲအဖြစ်သို့ ပြောင်းနေခဲ့သည်။ ဤပတ်ဝန်းကျင်တွင် ဧကရာဇ်ဖိအား အငွေ့အသက်တို့ ရစ်သိုင်းနေသော်ငြား ထိုဖိအားမှာ အလွန်ပြင်းထန်ခြင်း မရှိသည့်အတွက် လက်ရှိရန်ကိုင်၏ခွန်အားဖြင့် အသာလေးခုခံနိုင်ပေသည်။

‘စုယန်သာ ဒီမှာရှိနေရင်’ ရန်ကိုင့်စိတ်ထဲ စုယန်ကိုရုတ်တရက် စဉ်းစားမိသွားလေသည်။ သူမအတွက်တော့ ဤရေခဲချောက်ကမ်းပါးသည် ဆိုးရွားသည့် တားမြစ်နေရာတစ်ခုမဟုတ်ဘဲ ကျင့်ကြံရေးသုခဘုံကြီးသာ ဖြစ်ပေလိမ့်မည်။

ဤနေရာတွင်ရစ်သိုင်းနေသည့် ဧကရာဇ်တစ်ဦး၏ ရေခဲနိယာမအပေါ် ထိုးထွင်းနားလည်မှုများကြောင့် စုယန်သာ ဤနေရာတွင် ကျင့်ကြံမည်ဆိုပါက အလွန်လျင်မြန်သည့်နှုန်းဖြင့် တိုးတက်လာနိုင်ပေလိမ့်မည်။

ကံမကောင်းစွာဖြင့် စုယန်သည် အရိပ်ကြယ်တွင် ကျန်နေရစ်ခဲ့သည်။ ရန်ကိုင်ကမူ ရေခဲနိယာမနှင့် ပတ်သက်သည့်ဘာကိုမှ နားလည်မထားသည့်အတွက် သက်ပြင်းချရုံသာ တတ်နိုင်ခဲ့လေသည်။

ခေါင်းကိုခါလျက် စိတ်ရှုပ်စရာအတွေးများကို ခေါင်းထဲမှ ဖယ်ထုတ်ပစ်လိုက်ပြီးနောက် ပတ်ဝန်းကျင်နှင့် အသားကျအောင် အရင်ကြိုးစားကြည့်လိုက်သည်။ ထို့နောက် တောင်နံရံပေါ်တွင် ဖောက်ထားသော လိုဏ်ဂူများကို သွားစစ်ဆေးကြည့်လေသည်။

ဤနေရာတွင် သုံးလကြာအောင် နေရမည်ဖြစ်သည့်အတွက်ကြောင့် သူ့နားတစ်ဝိုက်တွင် လူရှိမရှိ အရင်စစ်ဆေးရပေလိမ့်မည်။ အခြားလူများ ရှိနေလျှင်တော့ တံခါးပိတ်ကျင့်စဉ်မဝင်ခင် အရင်ဆုံးသွားနှုတ်ဆက်လိုက်ခြင်းသည် အကောင်းဆုံးဖြစ်လိမ့်မည်ဟု ရန်ကိုင်ထင်သည်။

စစ်ဆေးကြည့်ပြီးနောက်တွင် ဤနေရာ၌ သူမှအပ မည်သူမှ ရှိမနေကြောင်း တွေ့လိုက်ရလေသည်။ မည်သူမှရှိမနေသော်လည်း အေးခဲနေသော အလောင်း ဆယ်လောင်းမကတော့ ရှိနေခဲ့သည်။

ထိုလူအားလုံးသည် လိုဏ်ဂူများထဲတွင် တင်ပလင်ခွေထိုင်ရင်း သေဆုံးနေကြခြင်း ဖြစ်သည်။ သူတို့၏မျက်နှာအမူအရာသည် မည်သည့်နာကျင်မှု၊ နှိပ်စက်မှုကိုမှ မခံစားရသည့်အလား အလွန်ကိုမှ ငြိမ်းချမ်းနေခဲ့လေ၏။

All Chapters