အခန်း (၁၉၅၆-၁၉၆၀)
Vol. 79 Ch. 1956-1960
အပိုင်း (၁၉၅၆)
နှင်းစက်ကလေးများ ပျောက်ကွယ်သွားပြီးနောက်တွင် ရေခဲချောက်ကမ်းပါးသည် ယခင်ကကဲ့သို့ တစ်ဖန် ပြည်လည် တိတ်ဆိတ် အေးချမ်း သွားခဲ့လေသည်။ ရန်ကိုင်သည် အမောတကော အသက်ရှုရင်း ဒယိမ်းဒယိုင်နှင့်လျှောက်လျက် မြေပြင်ပေါ်တွင် ပြုတ်ကျနေသော လက်ကောက်ကို သွားကောက်၏။
ယခုမှပဲ သေဘေးမှ ကပ်သီလေး လွတ်မြောက်နိုင်ခဲ့သည့်အပေါ် သက်ပြင်းချနိုင်တော့သည်။ ဤလက်ကောက်လေး ကျေးဇူးကြောင့် သူ့အနေဖြင့် သေဘေးမှ လွတ်နိုင်ခဲ့သလို အင်းစက် ဘုရင်မကိုလည်း သူ့တိုက်ကွက်နှင့် သူ့ဘာသာ ပြန်သေသွားအောင် လုပ်နိုင်ခဲ့လေသည်။
ဤလက်ကောက်မှာ အခြားမဟုတ်။ ဧကရာဇ် မှော်ရတနာ ဖြစ်သော အင်းစက်ချုပ်နှောင် လက်ကောက်ပင် ဖြစ်သည်။ ဤလက်ကောက်သည် အမျိုးမျိုးသော အင်းစက်များကို ဖိနှိပ်နိုင်စွမ်း ရှိပေသည်။ ရန်ကိုင်သည် ဤလက်ကောက်အား အင်းစက်ဧကရာဇ်ကို အရိပ်ကြယ်ပေါ်တွင် ခက်ခက်ခဲခဲဖြင့် သတ်ဖြတ်ပြီးနောက် ရရှိလာခဲ့ခြင်းဖြစ်သည်။
ဤလက်ကောက်အပြင် ဧကရာဇ်မှော်ရတနာ တစ်ခုဖြစ်သော ဝိဉာဉ်ခွဲဆေဘာဓါးကိုပါ ထပ်မံရရှိခဲ့လေသည်။ သို့ရာတွင် ထိုမှော်ရတနာ နှစ်ခု၏ အဆင့်မှာ အလွန်ကိုမှ မြင့်မားလှသဖြင့် ရန်ကိုင်၏ လက်ရှိခွန်အားဖြင့် ကောင်းကောင်း အသုံးမချနိုင် ဖြစ်နေခဲ့လေသည်။
ရန်ကိုင်သည် အင်းစက်ချုပ်နှောင် လက်ကောက်ကို သင်္ကာမကင်း အမူအရာဖြင့် ငုံ့ကြည့်နေခဲ့လေသည်။ အကြောင်းမှာ အင်းစက်ချုပ်နှောင် လက်ကောက်သည် အင်းစက်ဧကရာဇ် ကိုယ်တိုင် အသုံးပြုခဲ့သည့် မှော်ရတနာ တစ်ခုဖြစ်ပြီး အမျိုးမျိုးသော အင်းစက်များအပေါ် ဖိနှိပ် ချုပ်နှောင်နိုင်စွမ်း ရှိသည်ဆိုလျှင်ပင် အင်းစက် ဘုရင်မသည် အားနည်းသည့် သတ္တဝါတစ်ကောင် မဟုတ်ပေ။
အင်းစက်ချုပ်နှောင် လက်ကောင်ဖြင့် ထိရုံကလေးဖြင့် အင်းစက်ဘုရင်မသည် သူ့စွမ်းအား တစ်စက်လေးကိုပင် ထုတ်မသုံးနိုင်တော့ဘဲ ကိုယ့်တိုက်ကွက်နှင့်ကိုယ် ပြန်သေသွားရသည်အထိ ဖြစ်သွားရလေသတည်း။ ထိုကိစ္စနှင့် ပတ်သတ်၍ တစ်ခုခု မှားယွင်းနေပေသည်။
ခနကြာပြီးနောက်တွင် ရန်ကိုင်သည် အင်းစက် ချုပ်နှောင်လက်ကောက်ကို ပြန်သိမ်းလိုက်ပြီး ကမ္ဘာငယ်လေးထဲသို့ ၀င်သွားကြည့်လေသည်။
ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်ပြီးနောက် အင်းစက်ဘုရင်မ၏ ခန္ဓာကိုယ်မှ ထွက်လာသော နှင်းဖြူရောင် အလင်းတန်း မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို အလျင်အမြန် ရှာတွေ့သွားလေသည်။
နောက်တစ်ကြိမ် ပြန်ပျောက်သွားပြီးနောက် ရန်ကိုင်၏ ပုံရိပ်သည် ကမ္ဘာငယ်လေး၏ တခြားနေရာတွင် ပြန်ပေါ်လာခဲ့သည်။ ဤသာယာလှပသော မြစ်ချောင်း တောင်တန်းများနှင့် ပြည့်နေသည့်နေရတွင် နှင်းဖြူရောင် အလင်းတန်းသည် ဓါးပုံစံ အသွင်ယူလျက် လေထဲ ဦးတည်ရာမဲ့ ပျံသန်းနေခဲ့သည်။
ရန်ကိုင်သည် သူ့ကိုယ်သူ ဖုံးကွယ်လျက် တစ်နေရာမှ နှင်းဖြူရောင် အလင်းတန်းကို ချောင်းမြှောင်း ကြည့်ရှုနေခဲ့လေ၏။ နှင်းဖြူရောင် အလင်းတန်းသည် ကမ္ဘာငယ်လေးထဲသို့ ရောက်နေပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် ထိုအရာကို ကြောက်မနေတော့ပေ။
နှင်းဖြူရောင် အလင်းတန်းသည် ဧကရာဇ်အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသည် ဆိုလျင်ပင် ရန်ကိုင့်အနေဖြင့် ကြောက်နေစရာမလို။ နှင်းဖြူဓါးကို ကြည့်နေရင်း ကြည့်နေရင်းမှ ထိုအရာသည် စုယန်၏ နှင်းခဲဓါးနှင့် တူနေကြောင်း တွေ့ရှိလိုက်ရသည်။
“ဒါက အင်းစက်ဘုရင်မရဲ့ ဝိဉာဉ်လား” ရန်ကိုင် တွေးလိုက်သည်။
သို့သော်လည်း ထိုအတွေးကို ချက်ချင်းပဲ ခေါင်းထဲမှ ဖယ်ထုတ်လိုက်လေ၏။ ဤဓါးပုံစံ နှင်းဖြူရောင် အလင်းတန်းသည် စွမ်းအင်သက်သက်ဖြင့် ဖွဲ့စည်းထားသော ဝိဉာဉ်တစ်မျိုးနှင့် အနည်းငယ် တူညီသော်လည်း အင်းစက်ဘုရင်မ၏ ဝိဉာဉ်တော့ လုံး၀ မဖြစ်နိုင်ပေ။
ထို နှင်းဖြူရောင် အလင်းတန်းဆီမှ အလွန်အားကောင်းသည့် ဓါးစိတ်ဆန္ဒတို့ ဖြာထွက်နေသည်ကို ရန်ကိုင် ခံစားမိနေသည်။
“အဲ့ဒါ ဘာကြီးလဲ”
နှင်းဖြူရောင်အလင်းတန်းသည် သူ့အား မည်သည့် အန္တရာယ်မှ မပေးနိုင်ကြောင်း သေချာသွားသည်အထိ စောင့်ကြည့်နေပြီးနောက်မှသာ ပုန်းနေရာမှ ရန်ကိုင် ထွက်လာခဲ့လေသည်။
ရန်ကိုင်ပေါ်လာသည်နှင့် ချက်ချင်းဆိုသလို နှင်းဖြူရောင်ဓါးဆီမှ ရေခဲနိယာမ စွမ်းအားနှင့် ဓါးစိတ် ဆန္ဒတို့ ဖြာထွက်လာပြီး ၎င်း၏ ဓါးထိပ်တည့်တည့်ကို ရန်ကိုင့်ဆီသို့ ချိန်လိုက်လေသည်။
“ငါ့ရှေ့မှာ လာမောက်မာမနေတော့နဲ့”
ရန်ကိုင်သည် လက်ကို ဆန့်ထုတ်၍ ကမ္ဘာငယ်လေး၏ လောက နိယာမများကို ထိန်းချုပ်ကာ နှင်းဖြူရောင် အလင်းတန်းဆီမှ ဖြာထွက်နေသော ရေခဲနိယာမ စွမ်းအားနှင့် ဓါးစိတ်ဆန္ဒတို့ကို ဖျက်စီးပစ်လိုက်လေသည်။ အရိပ်ကြယ်တွင် ရှိစဉ်ကကဲ့သို့ပင် ဤကမ္ဘာငယ်လေး၌ ရန်ကိုင်သည် အရှင်သခင် တစ်ဦးဖြစ်သည်။ ဤကမ္ဘာငယ်လေးထဲရှိ အရာမှန်သမျှကို သူ့အတွေးတစ်ချက်ဖြင့် ထိန်းချုပ်နိုင်ပေသည်။
ဤနေရာတွင် သူနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် ကြိုးစားခြင်းသည် ရူးမိုက်ခြင်းသာ ဖြစ်သည်။ နှင်းဖြူရောင် အလင်းတန်းမှာမူ ထိုအချက်ကို နားမလည်သေးပေ။ ရန်ကိုင်မှ သူ့တိုက်ကွက်အား အလျင်အမြန် ဖျက်စီးသွားသည်ကို သတိမမူဘဲ နှင်းကြွေ တိုက်ကွက်ကိုပါ ထပ်မံ ထုတ်သုံးရန် ပြင်လိုက်လေသည်။
“ပြဿနာ ရှာမနေတော့နဲ့” ရန်ကိုင်က အထင်အမြင် တသေးဖြင့် နှာခေါင်းရှုံ့လိုက်ပြီးနောက် လောကနိယာမများကို ထိန်းချုပ်ကာ ကြိုးတစ်ချောင်း ဖန်တီး၍ နှင်းဖြူရောင် အလင်းတန်းကို ချုပ်နှောင်ပစ်လိုက်လေသည်။
သူ့လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သောအခါ ချုပ်နှောင်ခံထားရသော နှင်းဖြူရောင် အလင်းတန်းသည် သူ့လက်ထဲသို့ ချက်ချင်း ပျံသန်း လာလေ၏။ ရန်ကိုင်သည် မျက်လုံးကို ပိတ်ကာ နှင်းဖြူရောင် အလင်းတန်းအား သေချာ စတင် စစ်ဆေးလေတော့သည်။
စတင် စစ်ဆေးလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ အမူအရာသည် အမျိုးမျိုး ပြောင်းလဲလာလေတော့သည်။ အစပိုင်းတွင် တည်ငြိမ်နေသော်ငြား အချိန် ကြာလာသည်နှင့် သူ့မျက်နှာထက် ထိတ်လန့်အံ့အားသင့်ရိပ်တို့ ထွက်ပေါ်လာခဲ့လေ၏။
အချိန်အတော်ကြာပြီးနောက်တွင် ရန်ကိုင် မျက်လုံး ပြန်ဖွင့်လာခဲ့လေသည်။ ထို့နောက် မယုံကြည်နိုင်မှု အထင်းသားဖြင့် သူ့လက်ထဲရှိ နှင်းဖြူရောင် အလင်းတန်းကို မျက်လုံးကြီးပြူးလျက် စိုက်ကြည့်လိုက်သည်။
“အသိစိတ်ရှိနေတဲ့ ဓါးစိတ် ဆန္ဒ။ အဲ့လိုအရာမျိုး ဒီလောကကြီးမှာ တစ်ကယ်ရှိတာလား” ရန်ကိုင် အံအား သင့်နေခဲ့သည်။
နှင်းဖြူရောင် အလင်းတန်းသည် အင်းစက်ဘုရင်မ၏ ဝိဉာဉ်မဟုတ်သလို မည်သည့်သက်ရှိ၏ ဝိဉာဉ်မှလည်း မဟုတ်ချေ။ ထို့အစား ဤနှင်းဖြူရောင် အလင်းတန်းသည် နှင်းကြွေတိုက်ကွက်၏ ဓါးချက်မှ ဖြစ်ပေါ်လာသော အသိစိတ်ရှိနေသည့် ဓါးစိတ် ဆန္ဒသာ ဖြစ်လေသည်။
ဤလောကကြီးထဲတွင် သက်ရှိအားလုံးသည် အသွေးအသားရှိသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည် မဟုတ်။ အချို့သော သစ်ပင်များ၊ ကျောက်တုံးများနှင့် စိတ်ဝိဉာဉ် ဆေးလုံးများသည် မိုးမြေစွမ်းအင်ကို အချိန်ကြာညောင်းစွာ စုပ်ယူလာကြပြီးနောက်တွင် အသိစိတ်ကို ပိုင်ဆိုင်လာနိုင်ကြပေသည်။
ထို့ကြောင့် ဤလောကကြီးတွင် အမျိုးမျိုးသော လောက ရတနာများနှင့် စိတ်ဝိဉာဉ်ဆေးလုံးများ ရှိနေရခြင်း ဖြစ်သည်။ ဤလောကကြီးသည် အလွန်ကိုမှ ကျယ်ပြောပေရာ ထိုကဲ့သို့ ထူးဆန်းထွေလာများ ရှိနေသည်မှာလည်း သဘာဝသာ ဖြစ်သည်။
သို့ရာတွင် ဓါးချက်တစ်ချက်သည် အသိစိတ်ရှိနေသော ဓါးစိတ်ဆန္ဒတစ်ခုကို ဖြစ်လာစေလိမ့်မည်ဟု ရန်ကိုင် လုံးဝ မထင်ထားခဲ့ပေ။ ဤနှင်းဖြူရောင် အလင်းတန်းသည် နှင်းကြွေတိုက်ကွက်၏ ဓါးစိတ်ဆန္ဒ ဖြစ်နေခဲ့သည်။
အင်းဆက်ဘုရင်မ၏ ဝမ်းဗိုက်တွင် ရှိနေသော ဓါးချက်ထဲ ဧကရာဇ်ပညာရှင်၏ ဓါးစိတ်ဆန္ဒတို့ ကိန်းအောင်းနေခဲ့သည်။ ထိုဓါးစိတ်ဆန္ဒသည် နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင် ပျောက်ကွယ်သွားခြင်း မရှိပေ။ ဧကရာဇ်ဖိအား၊ ရေခဲနိယာမစွမ်းအားအောက်တွင် အချိန်ကြာညောင်းစွာ တည်ရှိလာပြီးနောက်တွင် ထိုဓါးစိတ်ဆန္ဒသည် အသိစိတ်စတင် ဖြစ်ပေါ်လာခဲ့လေသည်။
ဓါးစိတ်ဆန္ဒမှ အသိစိတ်မွေးဖွားလာအောင် လုပ်နိုင်ဖို့ရာ ထိုလူ၏ ဓါးတာအိုအပေါ် ထိုးထွင်းနားလည်မှုပင် မည်မျှများ မြင့်မားနေလိုက်မည်နည်း။ သို့သော်လည်း ထိုအချက်သည် ဓါးအလင်းတန်းမှ ဧကရာဇ်တစ်ဦး၏ စွမ်းအားကို ဘာကြောင့် ထုတ်မသုံးနိုင်ရသလဲ ဆိုသည်ကို ရှင်းပြသွား၏။
အင်းစက် ဘုရင်မ သေသွားခဲ့သည်မှာ ကြာလေပြီ။ ၎င်း၏ အားကောင်းလှသော ခန္ဓာကိုယ်ကြောင့် ချောက်ကမ်းပါးအောက်ခြေတွင် ဆက်တည်ရှိနေနိုင်ခြင်း ဖြစ်သည်။ သူမ ၀မ်းဗိုက်၌ ကပ်ငြိနေသော ဓါးစိတ်ဆန္ဒသည် ရေခဲနိယာမနှင့် ဧကရာဇ်ဖိအားအောက်တွင် အသိစိတ်တစ်ခု စတင် မွေးဖွားလာခဲ့လေသည်။
အသိစိတ် ရရှိလာသည်နှင့် ၎င်းနှင့်အတူ ဖြစ်နေသော အင်းစက် ဘုရင်မအပေါ် စွဲကပ်လိုက်လေသည်။ တစ်နည်းဆိုရသော် နှင်းဖြူရောင် အလင်းတန်း၏ လုပ်ပုံမှာ တစ်ဖက်လူ၏ ဝိဉာဉ်ကို ဝါးမြို၍ ခန္ဒာကိုယ်ကို ထိန်းချုပ်လိုက်ခြင်းမဟုတ်ဘဲ၊ အင်းစက် ဘုရင်မ၏ ခန္ဓာကိုယ်ကို ရုပ်သေးရုပ်သဖွယ် ထိန်းချုပ်နေခြင်းသာ ဖြစ်သည်။
ထိုအကြောင်းကြောင့်ပင် အင်းစက် ဘုရင်မ၏ စွမ်းအားအပြည့်ကို ထုတ်မသုံးနိုင်ခဲ့ခြင်းဖြစ်သည်။ အင်းစက် ဘုရင်မမှ နှင်းကြွေတိုက်ကွက် တစ်ခုတည်းကိုသာ ဘာကြောင့် အသုံးပြနိုင်ရသလဲ ဆိုသည်ကိုလည်း ဤအချက်မှ ရှင်းပြသွားခဲ့လေ၏။ ဤဓါးစိတ် ဆန္ဒသည် နှင်းကြွေဓါးချက်မှ ဖြစ်ပေါ်လာသည့်အတွက် ၎င်းအသုံးပြုနိုင်သည့် ပညာရပ်ဆို၍ နှင်းကြွေ တိုက်ကွက်တစ်ခုသာ ရှိပေသည်။
ပိုဆိုးသည်မှာ ဤနှင်းဖြူရောင် အလင်းတန်းသည် အင်းစက်ဘုရင်မနှင့် အပြည့်အ၀ ပေါင်းစပ်ရသေးခြင်း မရှိပေ။ ထို့ကြောင့် အင်းဆက်ချုပ်နှောင်လက်ကောက်နှင့် အတွေ့တွင် အင်းဆက်ဘုရင်မ၏ ခန္ဓာကိုယ်သည် ဓါးအလင်းတန်း၏ ထိန်းချုပ်မှုမှ ရုတ်တရက် လွတ်ထွက်သလို ဖြစ်သွားခဲ့လေသည်။
ဓါးအလင်းတန်း၏ ထိန်းချုပ်မှု မရှိတော့သည့်နောက် ရန်ကိုင်အား တိုက်ခိုက်ရန် စုစည်းထားသည့် ဓါးချီအပေါ် ထိန်းချုပ်သူလည်း ကင်းမဲ့သွားခဲ့သည်။ ထို့ကြောင့်ပင် ကိုယ့်တိုက်ကွက်နဲ့ကိုယ် ပြန်သေသွားခဲ့ရခြင်း ဖြစ်သည်။ အစက သူနားမလည်ခဲ့သော ကိစ္စအားလုံးသည် နှင်းဖြူရောင် အလင်းတန်း၏ ဇစ်မြစ်ကို သိအပြီးနောက်တွင် လုံး၀ရှင်းလင်း သွားခဲ့လေသည်။
သူ့လက်ထဲ၌ ရုန်းကန်နေသည့် ဓါးစိတ်ဆန္ဒကို ကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဤဓါးစိတ် ဆန္ဒသည် အလွန်ကိုမှ အဖိုးတန်သည့် ရတနာတစ်ခု ဖြစ်ပေသည်။ ဤသည်မှာ အသက်ရှိနေသည့် ဓါးစိတ်ဆန္ဒတစ်ခု ဖြစ်သည့်အတွက် ၎င်းကိုသာ သန့်စင်ပြီး ဝါးမျိုလိုက်မည် ဆိုပါက ဤဓါးစိတ်ဆန္ဒကို ဖြစ်ပေါ်စေခဲ့သော ဧကရာဇ်အဆင့် ပညာရှင်၏ နှင်းကြွေတိုက်ကွက်အပေါ် နားလည်မှုများကို သိရှိသွားနိုင်ပေလိမ့်မည်။
ရန်ကိုင်ပင်လျှင် ဤအသိစိတ်ရနေသည့် ဓါးစိတ်ဆန္ဒကို သန့်စင်ပစ်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။ သို့သော်လည်း နှင်းကြွေ တိုက်ကွက်ကဲ့သော ဓါးပညာရပ်မျိုးကို ကျင့်ကြံလိုပါက ရန်ကိုင်အနေဖြင့် ရေခဲဓါတ်ကျင့်စဉ်တစ်ခုကို ကျင့်ကြံထားလျှင် ကျင့်ကြံ၊ ထိုသို့ မကျင့်ကြံထားလျှင် ရေခဲနိယာမတစ်ခုခုကို နားလည်ထားရပေလိမ့်မည်။
ရန်ကိုင်သည် ရေခဲစွမ်းအားကို ထိန်းချုပ်ရာတွင် နဲနဲလေးပင် အတွေ့အကြုံရှိသူ မဟုတ်။ ထို့ကြောင့် သူ့အနေဖြင့် ဤအသိစိတ်ရှိနေသည့် ဓါးစိတ်ဆန္ဒကို သန့်စင်လိုက်မည် ဆိုလျင်ပင် နှင်းကြွေတိုက်ကွက်အား ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။
“စုယန်သာ ဒီမှာရှိနေရင် တစ်ကယ်ကောင်းမှာပဲ” ရန်ကိုင် သက်ပြင်းချလိုက်သည်။
ရန်ကိုင့်အနေဖြင့် ဤဓါးစိတ် ဆန္ဒကို သန့်စင်၍မရသလို ကမ္ဘာငယ်လေးထဲတွင်လည်း နေခိုင်း၍ မဖြစ်ချေ။ ကမ္ဘာငယ်လေးထဲတွင် သူ၏ အဖိုးတန် ဆေးဥယျာဉ်လေးတစ်ခု ရှိနေသည်။ ဤထိန်းမနိုင် သိမ်းမရ ဓါးဝိဉာဉ်သာ ကမ္ဘာငယ်လေးထဲရှ်ိ ဆေးဥယာဉ်ကို ရှာတွေ့သွားပြီး ရေခဲရိုက်ပစ်ပါက ရန်ကိုင် ရင်ကျိုးရပေလိမ့်မည်။
“တစ်ကယ်ပြဿနာများတဲ့ကောင်” ဓါးစိတ်ဆန္ဒနှင့် ပတ်သတ်၍ မည်သို့လုပ်ရမှန်း ရန်ကိုင် စတင် စဉ်းစားလေတော့သည်။ ဓါးစိတ်ဆန္ဒကို ရန်ကိုင် သန့်စင်၍မရသလို ကမ္ဘာငယ်လေးထဲတွင်လည်း သိမ်းထား၍ မရပေ။ လွှင့်ပစ်ဖို့ရာမှာလည်း အဆီတ၀င်း၀င်းနှင့် အသားတုံးကြီး ဖြစ်နေခဲ့သည်။
နောက်ဆုံး ခေါင်းခြောက်အောင်စဉ်းစား ပြီးနောက်တွင် အကြံတစ်ခု ရလာခဲ့၏။ အကြံရလိုက်သည်နှင့် ကမ္ဘာငယ်လေးထဲမှ ချက်ချင်းထွက်လာခဲ့လေသည်။ ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် နှင်းကြွေတိုက်ကွက်ကြောင့် အပေါက်အပေါက်ဖြစ် သော အင်းစက်ဘုရင်မ၏ အပေါ်ယံအခွံကို ရှာတွေ့သွားခဲ့လေသည်။
ချက်ချင်းပဲ အင်းစက်ဘုရင်မ၏ ခန္ဓာကိုယ်ဆီသို့ သွားကာ ထိုခန္ဓာကိုယ်ကိုမ၍ ကမ္ဘာငယ်လေးထဲ ပစ်ထည့်လိုက်လေသည်။ ထို့နောက်တွင် ရန်ကိုင်လည်း ကမ္ဘာငယ်လေးထဲသို့ ပြန်၀င်လာခဲ့လေသည်။ အထဲသို့ ရောက်သော် အင်းစက်ဘုရင်မ၏ ခန္ဓာကိုယ်နှင့် ဓါးစိတ် ဆန္ဒကို ဘေးချင်းကပ် ယှဉ်ထားလိုက်သည်။
ထို့နောက် သူ့လက်ကို ဆန့်ထုတ်လိုက်လေ၏။ ဓါးစိတ်ဆန္ဒသည် ကိုယ်ပိုင် အသိစိတ် ရှိနေသော်လည်း မွေးဖွားစသာ ဖြစ်သေးသည့်အတွက် အခြားလူများနှင့် ကောင်းကောင်း မဆက်သွယ်နိုင်ပေ။ ဓါးစိတ် ဆန္ဒသည် လက်ရှိတွင် တိရိစ္ဆာန်တစ်ကောင်ကဲ့သို့ တိုက်ခိုက်ဖို့နှင့် သတ်ဖြတ်ဖို့သာသိသော အသိဉာဉ်ကို ပိုင်ဆိုင်ထား၏။
ရန်ကိုင်သည် ဘာမှ စဉ်းစားမနေတော့ဘဲ ဓါးစိတ် ဆန္ဒကို သူ့ကောင်းကင် စိတ်အာရုံဖြင့် ပေါင်းစပ်လိုက်လေသည်။ ရန်ကိုင်သည် ဓါးစိတ် ဆန္ဒပေါ်တွင် သူ့ဝိဉာဉ် အမှတ်အသားကို ချန်ထားရန် ကြိုးစားနေခြင်း ဖြစ်သည်။ ဤနည်းဖြင့် ဆိုပါက သူ့အနေဖြင့် ဓါးစိတ်ဆန္ဒအား အပြည့်အ၀ ထိန်းချုပ် နိုင်ပေလိမ့်မည်။
ဤပုံစံသည် ကျင့်ကြံသူ၏ ဝိဉာဉ်ကို အမှတ်အသားပြုပြီး ကျွန်ဇာတ်သွင်းခြင်းနှင့် အတူတူပင် ဖြစ်လေသည်။ ဓါးစိတ် ဆန္ဒမှာ တိရိစ္ဆာန် တစ်ကောင်၏ အသိဉာဉ်မျိုးသာ ရှိသေးသည့် အတွက် ရန်ကိုင် လုပ်သည့်အတိုင်း လိုက်မလုပ်ခဲ့ပေ။ အသည်းအသန် ပြန်ခုခံလေသည်။
သို့သော် ဓါးစိတ်ဆန္ဒ၏ ထိုသို့သော အသိဉာဉ်ကြောင့်သာလျှင် ရန်ကိုင့်အနေဖြင့် ၎င်းအား အပြည့်အ၀ ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။ ဓါးစိတ်ဆန္ဒ၏ အသည်းအသန် ခုခံမှုကြောင့် ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံပင် မဆိုသလောက်ကလေး ဒဏ်ရာရသွားခဲ့ရသည်။
သို့သော်ငြား နောက်ဆုံးတွင်မူ ဓါးစိတ်ဆန္ဒသည် ရန်ကိုင်၏ နည်းလမ်းများအောက်တွင် လက်လျှော့ အရှုံးပေးလိုက်ရပြီး ရန်ကိုင့်၏ ဝိဉာဉ်အမှတ်အသားဖြင့် ထိုးထွင်းခြင်း ခံလိုက်ရလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၉၅၇)
ဓားစိတ်ဆန္ဒကို ဝိညာဉ်အမှတ်အသားပြုခြင်းသည် ပထမဆုံးအဆင့်သာ ရှိသေးသည်။ ထိုကိစ္စပြီးနောက်တွင် ရန်ကိုင်သည် ဓားစိတ်ဆန္ဒအား ဆက်၍ ချုပ်နှောင်မထားတော့ပေ။
ယခုအခါဆိုလျှင် ဓားစိတ်ဆန္ဒသည် ယခင်ကကဲ့သို့ သူ့အား ရန်မလိုတော့ဘဲ ရင်းနှီးကျွမ်းဝင်သည့် ခံစားချက်ကိုပင် ပေးစွမ်းနေခဲ့လေပြီ။ အဖြူရောင်ဓားရှည်သည် ရန်ကိုင့်ဘေးနားတွင် ဝိုင်းကြီးပတ်ပတ် လှည့်ပတ်နေခဲ့လေသည်။ မွေးပြီးမျက်လုံးဖွင့်ဖွင့်ချင်း ၎င်း၏မိဘများကို မြင်လိုက်ရသည့်အလား။
ရန်ကိုင်သည် ထိုအချက်ကို ဂရုစိုက်မနေဘဲ ဓားအလင်းတန်းအား လုပ်ချင်တိုင်းလုပ်ခွင့် ပေးထားလိုက်ပြီး မျက်လုံးပိတ်၍သာ စိတ်စွမ်းအင်ကို ပြန်ဖြည့်လေသည်။ တစ်ရက်ကြာပြီးနောက် သူ့စိတ်စွမ်းအင်အားလုံး ပြန်ပြည့်သွားခဲ့သည်။
ရန်ကိုင်မျက်လုံးဖွင့်ကြည့်လိုက်ရာ ဓားစိတ်ဆန္ဒမှာ ဆက်မပျံသန်းတော့ဘဲ သူ့ပခုံးပေါ်တွင်နားနေကြောင်း တွေ့လိုက်ရလေသည်။
“လာခဲ့။ ငါမင်းကို ခန္ဓာကိုယ်အသစ်တစ်ခု ပေးမယ်။” ဓားစိတ်ဆန္ဒကို စကားသွားပြောနေ၍လည်း ဘာမှထူးခြားမည်မဟုတ်ကြောင်း သိထားပါသော်ငြား ရန်ကိုင်ကမူ မပြောဘဲမနေနိုင်ခဲ့ပေ။
သူ့စကားသံဆုံးသွားသည်နှင့် ဓားစိတ်ဆန္ဒကိုလှမ်းယူ၍ ရွှေရောင်သွေးမျှင်များစွာကို ထုတ်လွှတ်ကာ ဓားစိတ်ဆန္ဒကို ရစ်ပတ်လိုက်လေသည်။ ဓားစိတ်ဆန္ဒမှာ ခုခံချင်သော်ငြား ရန်ကိုင်၏ အာမခံပေးမှုအောက်တွင် လျင်မြန်စွာ တည်ငြိမ်သွားခဲ့လေသည်။
ဓားစိတ်ဆန္ဒကို ရွှေရောင်သွေးမျှင်များဖြင့် ရစ်ပတ်လိုက်ပြီး နောက်တွင် အလွန်များပြားလှသော အသက်စွမ်းအင်တို့သည် ဓားစိတ်ဆန္ဒထဲသို့ စီးဝင်လာခဲ့ကြလေသည်။ နေ့တစ်ဝက်ကြာပြီးနောက် မူလကအဖြူရောင်တောက်နေခဲ့သော ဓားစိတ်ဆန္ဒမှာ ရွှေရောင်ပြောင်းသွားခဲ့လေ၏။
လက်ရှိအချိန်တွင် ဓားစိတ်ဆန္ဒသည် စွမ်းအင်သက်သက်ဖြင့် ဖွဲ့စည်းထားသည့် ဓားတစ်ချောင်းသာ မဟုတ်တော့ဘဲ ရွှေရောင်သွေးမျှင်များ၏ ပေါင်းစပ်မှုကြောင့် အသက်စွမ်းအင်ကိုပါ ပိုင်ဆိုင်နေခဲ့လေပြီ။
ရွှေရောင်သွေးမျှင်ကို ခန္ဓာကိုယ်အဖြစ် မှတ်ယူပြီး ဓားစိတ်ဆန္ဒကို ဝိညာဉ်အဖြစ် မှတ်ယူလိုက်မည်ဆိုပါက ဤအသိစိတ်ရှိနေသော ဓားစိတ်ဆန္ဒသည် အသွေးအသားကို ပိုင်ဆိုင်ထားသည့် သက်ရှိတစ်ကောင်ဖြစ်လာပြီဟု ပြော၍ရပေသည်။
ရန်ကိုင်၏နည်းလမ်းမှာ မပြီးသေးချေ။ အတွေးတစ်ချက်နှင့် ရွှေရောင်တောက်နေသော ဓားစိတ်ဆန္ဒသည် အင်းစက်ဘုရင်မ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားခဲ့လေသည်။
မူလက မည်သည့်အသက်စွမ်းအင်မှ မရှိသော အင်းစက်ဘုရင်မ၏ အဖြူရောင်ခန္ဓာကိုယ်သည် ရုတ်တရက် ရွှေရောင်တလက်လက် တောက်ပလာခဲ့လေသည်။ မြောက်များလှစွာသော အသက်စွမ်းအင်များ စီးဝင်လာသည့်အတွက် ထိခိုက်ထားသော ဒဏ်ရာများမှာ လျင်မြန်စွာ ပြန်ကောင်းလာနေခဲ့၏။
တစ်ချိန်တည်းတွင် အားကောင်းသော စွမ်းအင်လှိုင်းတို့သည် အင်းစက်ဘုရင်မ၏ ခန္ဓာကိုယ်ဆီမှ ဖြာထွက်လာခဲ့လေသည်။ ယခင်က မှုန်ထိုင်းထိုင်းနှင့် အသက်ကင်းမဲ့နေသော အင်းစက်ဘုရင်မ၏ အဖြူရောင်မျက်လုံးများမှာ စတင်၍ တောက်ပလာခဲ့သည်။
ရန်ကိုင်သည် ဓားစိတ်ဆန္ဒမှ အင်းစက်ဘုရင်မနှင့် ပေါင်းစပ်နေသည့်မြင်ကွင်းကို သေချာအာရုံစိုက် ကြည့်ရှုနေခဲ့လေသည်။ ရန်ကိုင်ယခုသုံးနေသည့် နည်းလမ်းမှာ ဓားစိတ်ဆန္ဒမှ အင်းစက်ဘုရင်မအား ရုပ်သေးရုပ်သဖွယ် ထိန်းချုပ်သည့်နည်းလမ်းနှင့် လုံးဝကိုကွာခြားလေသည်။
ယခုနည်းလမ်းသည် ဓားစိတ်ဆန္ဒအား သွေးသားရဲတစ်ကောင်အဖြစ် ဖန်တီးလိုက်ပြီး ထိုသွေးသားရဲကိုမှတစ်ဆင့် အင်းစက်ဘုရင်မ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်ခြင်းဖြစ်သည်။
သူသာ အောင်မြင်သွားခဲ့မည်ဆိုပါက အလွန့်အလွန်ကိုမှ အားကောင်းသော သွေးသားရဲတစ်ကောင်ကို ရုတ်ခြည်းရရှိနိုင်လာပေလိမ့်မည်။ ကျရှုံးသွားခဲ့လျှင်မူကား ကျရှုံးနိုင်ချေမှာ သိပ်မရှိလောက်ဟု ရန်ကိုင်ခံစားမိပေသည်။
တကယ်တော့ ဓားစိတ်ဆန္ဒသည် အင်းစက်ဘုရင်မ၏ ခန္ဓာကိုယ်နှင့် ယခင်ကတည်းက ထိတွေ့မှုရှိထားခြင်း ဖြစ်သည်။ ယခုရန်ကိုင်မှ ထပ်ဝင်၍ကူညီပေးလိုက်သော် ကျရှုံးနိုင်ခြေမှာ အလွန့်အလွန်ကိုမှ နည်းသွားလေသည်။
အချိန်ကြာလာသည်နှင့်အမျှ အင်းစက်ဘုရင်မ၏ ခန္ဓာကိုယ်သည် ရွှေရောင်တစ်ဝက် အဖြူရောင်တစ်ဝက် ဖြစ်လာခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေသည့် စွမ်းအင်အရှိန်အဝါတို့မှာလည်း တဖြည်းဖြည်းနှင့် တည်ငြိမ်လာခဲ့၏။ ဤသည်မှာ ပေါင်းစပ်ခြင်းဖြစ်စဉ် ပြီးဆုံးခါနီးဖြစ်ကြောင်းကို ပြသနေခဲ့လေသည်။
လိုရမယ်ရ ပို၍အဆင်ပြေသွားအောင် ရန်ကိုင်သည် ရွှေရောင်သွေးစက်အချို့ကို အင်းစက်ဘုရင်မ၏ ခန္ဓာကိုယ်ပေါ်သို့ ချပေးလိုက်လေ၏။ ရုတ်တရက် အင်းစက်ဘုရင်မ၏ နှင်းဖြူရောင်မျက်လုံးများ ရွှေရောင်တလက်လက် တောက်ပလာခဲ့သည်။ ၎င်း၏ငြိမ်သက်နေသော ခန္ဓာကိုယ်ကြီးမှာလည်း စတင် တုန်ခါလာခဲ့လေသည်။
ထို့နောက် မွေးကင်းစကလေးတစ်ဦး ပထမဆုံးအကြိမ် မတ်တပ်ရပ်ကြည့်ရန် ကြိုးစားနေသည့်အလား အင်းစက်ဘုရင်မသည် ခက်ခက်ခဲခဲဖြင့် ထရပ်လိုက်လေသည်။ သို့သော်လည်း မအောင်မြင်ခဲ့ပေ။ မြေပြင်ပေါ်သို့ အကြိမ်များစွာ ဖင်ထိုက်ရက်ပြန်လဲကျလေ၏။ နောက်ဆုံးမှပဲ မတ်တပ်ရပ်နိုင်သွားပြီး ရန်ကိုင့်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာလေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်မရယ်ဘဲမနေနိုင်အောင် ဖြစ်သွားခဲ့သည်။
“အောင်မြင်သွားတာပဲ။” သူ့အကြံအစည်မှာ အနည်းငယ် ကို့ရို့ကားယားနိုင်သော်ငြား တကယ်ကို အလုပ်ဖြစ်သွားခဲ့သည်။ နောက်ဆုံးတွင် မတူညီသောဝိညာဉ်နှင့် ခန္ဓာကိုယ်ကိုသုံးကာ သွေးသားရဲတစ်ကောင်ကို ဖန်တီးနိုင်ခဲ့လေသည်။
ပုံမှန်သွေးသားရဲများသည် သက်ရှိများမဟုတ်ကြပေ။ ထို့အစား သေဆုံးသွားသော မွန်းစတားသားရဲများမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သွေးသားရဲများကို သက်ရှိများဟု ပြော၍မရဘဲ သိုင်းပညာရပ်တစ်ခုဖြင့် ဖန်တီးထားသော အရာများဖြစ်သည်ဟူ၍သာ ပြော၍ရသည်။
အင်းစက်ဘုရင်မ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် မြေပြင်တွင်တွားသွားနေသည့်တိုင် ရန်ကိုင့်ထက်တစ်ဆခွဲ ပိုမြင့်နေခဲ့လေသည်။ အင်းစက်ဘုရင်မကို ကြည့်ရင်းကြည့်ရင်း ရန်ကိုင် ပိုပို၍ကျေနပ်လာခဲ့သည်။
ဓားအလင်းတန်းနှင့် တိုက်ခိုက်စဉ်က ၎င်း၏စွမ်းအား အပြည့်အဝကို ရန်ကိုင်မခန့်မှန်းနိုင်ခဲ့ပေ။ ထို့ကြောင့် ဓားအလင်းတန်း မည်မျှအားကောင်းသလဲဆိုသည်ကို ရန်ကိုင်သိချင်နေခဲ့သည်။ အတွေးတစ်ချက်နှင့် ရန်ကိုင်သည် အင်းစက်ဘုရင်မကို ညွှန်ကြားလိုက်လေ၏။
အင်းစက်ဘုရင်မသည် ချက်ချင်းမတ်တပ်ရပ်၍ ၎င်း၏ရှေ့လက်နှစ်ချောင်းတွင် ချက်ချင်းဓားချီတစ်ခုကို သိပ်သည်းလိုက်လေသည်။ ဓားချီနှင့်အတူ ရေခဲနိယာမစွမ်းအားတို့ပါ သိပ်သည်းလာခဲ့သည်။ ထို့အတွက်ကြောင့် ပတ်ဝန်းကျင်အပူချိန်မှာ ရုတ်ခြည်းထိုးကျသွားပြီး မရေမတွက်နိုင်သော နှင်းပွင့်ကလေးများသည် လေထဲစတင်ထွက်ပေါ်လာခဲ့လေသည်။
ထို့နောက် အင်းစက်ဘုရင်မသည် ၎င်း၏ဓားချီကို ပစ်လွှတ်လိုက်လေသည်။ ‘နှင်းကြွေတိုက်ကွက်’ပင်။ ပြင်းထန်သည့်စွမ်းအားတို့ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ရာ အနီးနားရှိ ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားခဲ့လေသည်။ လောကနိယာမတို့မှာလည်း အနည်းငယ် ကသောင်းကနင်းဖြစ်သွားခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့လေသည်။ အသိစိတ်ရှိနေသည့် ဓားစိတ်ဆန္ဒဆိုသည့်အတိုင်းပင်… နှင်းကြွေတိုက်ကွက်အပေါ် ၎င်း၏ကျွမ်းကျင်မှုမှာ တကယ်ကို ဆရာသခင်အဆင့်သို့ ရောက်နေခဲ့လေ၏။
သို့သော်လည်း ဓားစိတ်ဆန္ဒမှာ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ တိုက်ကွက်မှ ဖြစ်ပေါ်လာခြင်းဖြစ်လေရာ မည်သို့များ သာမန်ဖြစ်နိုင်မည်နည်း။ ဓားစိတ်ဆန္ဒမှ ထုတ်လွှတ်နိုင်သည့် စွမ်းအားသည် အမျိုးမျိုးသောအကြောင်းများကြောင့် လျော့ကျသွားခဲ့ရသော်ငြား သူထုတ်သုံးသွားသည့် တိုက်ကွက်၏ နက်နဲဆန်းကြယ်မှုမှာတော့ တကယ်ကို ရင်သပ်ရှုမောဖွယ်ရာ ဖြစ်နေတုန်းပင်။
“တာအိုသခင်ပထမအဆင့် ကျင့်ကြံသူတစ်ဦးရဲ့ ခွန်အားကုန်သုံးတိုက်ကွက်လောက် အားကောင်းတာလား။” ရန်ကိုင်သည် မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်လေသည်။ သူမျှော်လင့်ထားခဲ့သည့်အတိုင်း ဖြစ်လာခဲ့သဖြင့် ရန်ကိုင်သည် ဤကိစ္စနှင့် ပတ်သက်၍ မကျေမနပ် ဖြစ်မနေခဲ့ပေ။
ယခင်က အင်းစက်ဘုရင်မဆီမှ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးနီးပါး အားကောင်းသောအရှိန်အဝါကို ခံစားခဲ့ရသော်ငြား ၎င်းအား သွေးသားရဲအဖြစ်သို့ ပြောင်းလဲပြီးနောက်တွင် အင်းစက်ဘုရင်မမှ ထုတ်လွှတ်နိုင်သည့် စွမ်းအားမှာ သိသိသာသာကို လျော့ကျသွားခဲ့လေသည်။
ဤသည်မှာ သဘာဝသာဖြစ်သည်။ ရန်ကိုင်ဖန်တီးလိုက်သည့် သွေးသားရဲအားလုံး ဤကဲ့သို့ပင်။ ထို့အပြင် လတ်တလောအနေဖြင့် ဓားစိတ်ဆန္ဒသည် အင်းစက်ဘုရင်မ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ရုံသာ ရှိသေးသည်။ ထို့ကြောင့် ၎င်း၏စွမ်းအားအကုန်ကို မထုတ်သုံးနိုင်သေးပေ။
အချိန်ကြာလာသည့်နောက် ဓားစိတ်ဆန္ဒမှ ထုတ်သုံးနိုင်သည့် စွမ်းအားမှာ ပိုပို၍တိုးတက်လာပေလိမ့်မည်။ ရန်ကိုင် ခန့်မှန်းရသလောက် ဓားစိတ်ဆန္ဒသာ ၎င်း၏စွမ်းအားအကုန်ကိုသာ ထုတ်သုံးနိုင်မည်ဆိုပါက အင်းဆက်ဧကရာဇ်သည် တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးလောက် အားကောင်းလာလိမ့်မည်ဟု ရန်ကိုင် ယုံကြည်ထားခဲ့သည်။ ထိုမျှလောက်ပင် လုံလောက်နေပေပြီ။
တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး သူ့ဘေးနားတွင် ရှိနေခဲ့မည်ဆိုပါက ဤကြယ်တာရာအစုအဝေးထဲ အနည်းငယ် ခေါင်းကိုမော့ ရင်ကိုကော့၍ သွားလာနိုင်ပေပြီ။ ယခင်ကကဲ့သို့ အမြဲလိုလို သတိထားနေပြီး ကြောက်ကြောက်လန့်လန့်နှင့် လှုပ်ရှားနေစရာ မလိုတော့ချေ။
သို့သော်လည်း ပြင်ပအကူအညီများသည် အဆုံးတွင် ပြင်ပအကူအညီများသာ ဖြစ်ကြသည်။ သူ့ကိုယ်ပိုင်ခွန်အား မဟုတ်ချေ။ ကျင့်ကြံသူတိုင်းသည် မိမိ၏ကိုယ်ပိုင်ခွန်အားကိုသာ ပို၍တိုးတက်လာအောင် အားစိုက်သင့်ပေသည်။ ရန်ကိုင်သည် ထိုအချက်ကို နားလည်ထားသည့်အတွက် သူ့မျှော်လင့်ချက်အားလုံးကို ပြင်ပအကူအညီများပေါ် ပုံအပ်မထားခဲ့ချေ။
ရေခဲချောက်ကမ်းပါးသည် ရန်ကိုင့်အတွက် အကျဉ်းထောင်တစ်ခုပင် မဟုတ်တော့ဘဲ ရတနာဂိုဒေါင်ကြီး တစ်ခုနှယ် ဖြစ်နေခဲ့သည်။ ဤနေရာတွင် တန်ခိုးရှင်ဘုရင် တတိယအဆင့်ကို ချိုးဖျက်နိုင်ခဲ့ရုံမက ရေခဲပန်းပွင့်နှင့် ရေခဲအသီးတို့ကိုလည်း ရရှိခဲ့သည်။ ထိုမျှသာမဟုတ်သေးဘဲ အသိစိတ်ရှိနေသည့် ဓားစိတ်ဆန္ဒတစ်ခုကိုလည်း ရရှိလိုက်ပြီး နောက်ဆုံးတွင် တာအိုသခင်ပထမအဆင့်နှင့် တူညီသောခွန်အားကို ပိုင်ဆိုင်ထားသည့် သွေးသားရဲတစ်ကောင်ကို ဖန်တီးနိုင်ခဲ့လေ၏။
အင်းစက်ဘုရင်မကို ကြည့်နေရင်းမှ ဓားစိတ်ဆန္ဒအတွက် ရေခဲဓာတ်စွမ်းအင်သုံး ဓားတစ်ချောင်းလောက် ရှာနိုင်လျှင် ကောင်းမှာပဲဟု ရန်ကိုင်တွေးမိသွားလေသည်။ ဓားစိတ်ဆန္ဒဖြစ်သည့်အတွက် ဓားတစ်ချောင်း၏ အကူအညီကိုသာ ရမည်ဆိုလျှင် ၎င်းမှထုတ်လုပ်နိုင်သည့် စွမ်းအားမှာ ပိုမို၍မြင့်မားလာပေလိမ့်မည်။
ရန်ကိုင့်တွင် ဧကရာဇ်မှော်ရတနာများအပြင် အခြားသော မှော်ရတနာများစွာ ရှိသော်ငြား အင်းစက်ဘုရင်မနှင့် သင့်တော်သည့်မှော်ရတနာတစ်ခုကိုမှ ရှာမတွေ့ခဲ့ပေ။ သို့သော်လည်း ထိုကိစ္စမှာ အံ့အားသင့်စရာတော့ မဟုတ်။
ဤလောကကြီးတွင် မည်သည့်မွန်းစတားသရဲကများ ဓားတာအိုတိုက်ကွက်တစ်ခုကို ကျွမ်းကျင်ထားနိုင်မည်နည်း။ အသစ်ရထားသည့် ခန္ဓာကိုယ်နှင့် အသားကျသွားအောင်လုပ်ရန် ဓားစိတ်ဆန္ဒကို ညွှန်ကြားပြီးနောက်တွင် ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲမှ ထွက်လာခဲ့လေသည်။
ဓားစိတ်ဆန္ဒ၏ကိစ္စနှင့်ပတ်သက်၍ ရန်ကိုင် လုပ်ပေးနိုင်သည့်အရာ ဘာမှထပ်မရှိတော့ပေ။ သူ့အနေဖြင့် အင်းစက်ဘုရင်မ၏ ခန္ဓာကိုယ်နှင့် အပြည့်အဝ ပေါင်းစပ်သွားနိုင်ရန်သာ ကြိုးစားရပေလိမ့်မည်။
လုံးဝပေါင်းစပ်သွားနိုင်ပြီဆိုသည့်တစ်နေ့တွင် ဓားစိတ်ဆန္ဒသည် ပြီးပြည့်စုံသည့် သွေးသရဲတစ်ကောင် ဖြစ်လာပေလိမ့်မည်။ ထိုနေ့ရောက်လာမည့်အချိန်ကို ရန်ကိုင်မျှော်လင့်စောင့်စားနေမိ၏။ နောက်ရက်များ အတွင်းတွင်တော့ မည်သည့်အံ့အားသင့်စရာ ကိစ္စနှင့်မှ ရန်ကိုင် ထပ်မကြုံရတော့ချေ။
ရေခဲချောက်ကမ်းပါးမှ မီတာငါးထောင်အနက်တွင် လိုဏ်ဂူတစ်လုံးတူးပြီး ထိုနေရာတွင် သွားကျင့်ကြံလေ၏။ တစ်ချိန်တည်းတွင် သူအသစ်ရရှိထားသော ဗလာနတ္ထိပညာရပ်ကိုလည်း လေ့လာဆန်းစစ်လေသည်။
နောက်ဆုံး တစ်နေ့တွင် ရန်ကိုင်သည် ရေခဲချောက်ကမ်းထိပ်ပေါ်၌ မတ်တပ်ရပ်ရင်း အဝေးသို့ လှမ်းမျှော်ကြည့်လိုက်၏။ သူသာမမှားလျှင် ဤနေ့သည် သုံးလအကျဉ်းချခံထားရသည့်အချိန် ပြည့်သွားသည့်နေ့ပင်။
ထို့ကြောင့် ခို့ဝူ လာပြန်ခေါ်မည်ကို ဤနေရာတွင် ရပ်စောင့်နေခြင်းဖြစ်သည်။ သူအကျဉ်းချခံထားရသည့် ကာလမှာ ပြီးဆုံးသွားပြီဖြစ်သော်ငြား သူ့ဘာသာပြန်သွားလျှင် ပြဿနာများ တက်လာနိုင်ပေသည်။ ရန်ကိုင်သည် အခြားသူများ သူ့အပေါ်အာရုံစိုက်လာမည်ကို မလိုလားသည့်အတွက် စိတ်ရှည်ရှည်ဖြင့်သာ ထိုင်စောင့်နေခဲ့သည်။
သို့သော်ငြား သူမည်မျှကြာအာင်စောင့်နေစေကာမူ ခို့ဝူပေါ်မလာခဲ့ပေ။ တစ်နေ့လုံးနီးနီး စောင့်နေပြီးမှပဲ အနက်ရောင်အစက်ကလေးတစ်စက် ကောင်းကင်ထက်တွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုအခါ ရန်ကိုင်ပြုံးမိသွားလေသည်။ သို့သော်လည်း ရောက်လာသည့်သူမှာ ခို့ဝူမဟုတ်ဘဲ သူတစ်ခါမှမတွေ့ဖူးသည့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့သည်။ ထိုလူ့ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါအရ တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပေသည်။
ရောက်လာသည့်သူမှာ ဤရေခဲချောက်ကမ်းပါးနားသို့ အရမ်းမကပ်ချင်သည့်အလား ခပ်လှမ်းလှမ်းတွင် ရပ်လိုက်၏။ ရန်ကိုင့်ဘက်သို့ကြည့်ရင်း လှမ်းအော်ပြောလိုက်လေ၏။ “မင်းအကျဉ်းချခံထားရတဲ့ကာလ ပြီးဆုံးသွားပြီလို့ စီနီယာအစ်ကိုခို့က လာပြောခိုင်းလိုက်တယ်။ အခု မင်းဂိုဏ်းဆီပြန်လာလို့ရပြီ။”
ပြောပြီးသည်နှင့် ထိုလူသည် ချက်ချင်းလှည့်ထွက်သွားလေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်မှင်သက်သွားခဲ့၏။ သို့သော်ငြား ချက်ချင်းပဲ အသိပြန်ဝင်လာပြီး ထိုလူနောက်သို့ လှမ်းခုန်လိုက်လေသည်။ တစ်ဖက်လူသည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးသာဖြစ်သလို မိုင်ကုန်ပျံသန်းနေခြင်းမဟုတ်သည့်အတွက် ရန်ကိုင့်အနေဖြင့် ထိုလူအား လျင်မြန်စွာလိုက်မီသွားခဲ့သည်။
ရန်ကိုင် သူနှင့် ဘေးချင်းယှဉ် လာရောက်ပျံသန်းနေသည်ကို မြင်သော် ထိုလူမျက်မှောင်ကျုံ့သွားပြီး ရန်ကိုင့်ဆီမှ အနည်းငယ် ခွာလိုက်လေသည်။ ရန်ကိုင်သည် ထိုလူ၏အပြုအမူကို သတိထားမိသော်ငြား ဂရုစိုက်မနေဘဲ လက်သီးဆုပ်၍သာ မေးလိုက်သည်။ “စီနီယာအစ်ကိုရဲ့ နာမည်ကို သိလို့ရမလား။”
ထိုလူက စိတ်မရှည်သည့်အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။ “ငါက စီနီယာအစ်ကိုခို့ ပြောခိုင်းတာကို လာပြောရုံပဲ။ ရင်းနှီးသလို လာလုပ်မနေနဲ့။” ထိုလူ၏မျက်နှာမှာ ရန်ကိုင်မှသူ့အား အကြွေးများစွာ တင်ထားသည့်အလား ဖြစ်နေခဲ့သည်။
ထိုလူ၏ပြောပုံဆိုပုံကြောင့် ရန်ကိုင်လည်း ခွကျသွားခဲ့လေသည်။ သို့သော်လည်း ဆက်၍မေးလိုက်သေး၏။ “စီနီယာအစ်ကိုခို့ လာမကြိုဘဲ ဘာလို့စီနီယာအစ်ကိုက လာရတာလဲ။” “စီနီယာအစ်ကိုက တာဝန်တစ်ခုရှိလို့ လွန်ခဲ့တဲ့တစ်လလောက်ကပဲ ဂိုဏ်းကနေ ထွက်သွားတယ်။ မင်းသူလာကြိုမှာကို စောင့်နေမယ်ဆိုရင် မင်းရေခဲချောက်ကမ်းပါးဆီကို ပြန်သွားလို့ရတယ်။” ရှင်းပြပြီးသည်နှင့် ထိုလူသည် ချက်ချင်းအရှိန်တင်ကာ ထွက်သွားလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၉၅၈)
ထိုလူ၏လုပ်ပုံကိုင်ပုံ၊ ပြောပုံဆိုပုံကိုကြည့်ရင်း ရန်ကိုင့်မျက်နှာကြီး မဲ့သွားခဲ့လေသည်။ သို့သော်လည်း ငှက်မွေးပြာဂိုဏ်း၏ တပည့်အများစုသည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်ခြင်းမရှိသလို သူတို့နှစ်ဦးသည် ခင်မင်ကြသူများ မဟုတ်ကြသည့်အပြင် တစ်ယောက်နာမည်ကိုပင် တစ်ယောက်မသိကြသူများ ဖြစ်သည့်အကြောင်း ပြန်စဉ်းစားမိလိုက်သောအခါ ရန်ကိုင် ထိုကိစ္စကို ခေါင်းထဲမှဖယ်ထုတ်လိုက်လေတော့၏။
သို့သော်လည်း လွန်ခဲ့သောတစ်လခန့်က ခို့ဝူတာဝန်တစ်ခုနှင့် ထွက်သွားသည့်ကိစ္စအပေါ် ရန်ကိုင်အနည်းငယ်တော့ အံ့အားသင့်သွားမိခဲ့သည်။ မည်ကဲ့သို့သောတာဝန်ကများ ခို့ဝူအား အလောတကြီး ထွက်သွားစေရလေသနည်း။
ရန်ကိုင်သည် ထိုအကြောင်းများကိုတွေး၍ ခေါင်းစားမနေတော့ဘဲ သူနေထိုင်ရာဆီသို့သာ ပြန်လာခဲ့လေသည်။ ရေခဲချောက်ကမ်းပါးသည် ငှက်မွေးပြာဂိုဏ်း၏ဌာနချုပ်နှင့် မိုင်တစ်သောင်းလောက်သာ ဝေးကွာသည့်အတွက် ရန်ကိုင့်အနေဖြင့် ဂိုဏ်းသို့ပြန်လာရန် အချိန်သိပ်မယူလိုက်ရပေ။ သူ့နေအိမ်သို့ ပြန်မဆင်းခင် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ဘေးအိမ်အားစစ်ဆေးကြည့်လိုက်သည်။
ထိုစစ်ဆေးကြည့်လိုက်သည့်အိမ်မှာ အခြားမဟုတ်။ လျို့ရှန်းယွင်၏နေအိမ်သာ ဖြစ်သည်။ သူတို့နှစ်ယောက် နေအိမ်သည် တစ်ခုနှင့်တစ်ခု မီတာနှစ်ဆယ်ပင်မခြားချေ။ ထိုနေအိမ်ထဲတွင် လျို့ရှန်းယွင်သည် တင်ပလင်ခွေထိုင်ကာ ကျင့်ကြံနေခဲ့သည်။
ရန်ကိုင်၏ကောင်းကင်စိတ်အာရုံကို သတိပြုမိလိုက်သော် မျက်လုံးပွင့်လာပြီး အိမ်မှပြေးထွက်လာကာ အံ့အားသင့်နေသည့် အမူအရာဖြင့် “အို…. ရှင်ပြန်လာပြီလား ရောင်းရင်းရန်”
သုံးလလုံးလုံး သူမတစ်ယောက်တည်း နေနေရခြင်းဖြစ်သည်။
ငှက်မွေးပြာဂိုဏ်းသားများမှာ ပြောရဆိုရကောင်းသည့် လူများမဟုတ်ကြသည့်အတွက် သူမအနေဖြင့် အနည်းငယ် အထီးကျန်သလို ခံစားရပေသည်။ သူမနှင့်ရန်ကိုင်သိသည်မှာ သိပ်မကြာသေးသော်ငြား နှစ်ဦးစလုံးသည် တစ်လှေတည်း စီးနေရသူများ ဖြစ်ကြသည်။ ထို့အပြင် ရန်ကိုင်သည် ငှက်မွေးပြာဂိုဏ်းသားများထက် ပို၍ဆက်ဆံရ လွယ်ကူပေသည်။
ထို့ကြောင့် ငှက်မွေးပြာဂိုဏ်းသားများနှင့် ယှဉ်လိုက်သော် ရန်ကိုင့်နှင့်ပို၍ ရင်းနှီးကျွမ်းဝင်လေ၏။ ရန်ကိုင် အကျဉ်းချခံလိုက်ရကြောင်း ကြားသည့်အခါ သူမ စိတ်ပူသွားမိလေသည်။ ရန်ကိုင်သာ ရေခဲချောက်ကမ်းပါး၌ တစ်ခုခုဖြစ်သွားခဲ့လျှင် သူမတစ်ယောက်တည်းသာ ဖြစ်ပေတော့မည်။
“ငါအခုပဲပြန်ရောက်လာတာ” ရန်ကိုင်ကပြုံးလျက် ပြောလိုက်သည်။ “နင်အဆင်ပြေရင် ပြီးတာပဲ။ အို… ရောင်းရင်းရန် ရှင်အဆင့်ချိုးဖျက်ထားတာလား။” ရန်ကိုင်အဆင့်ချိုးဖျက်သွားသည်ကို သတိပြုမိသော် လျို့ရှန်းယွင်သည် ပါးစပ်အားလက်ဖြင့်အုပ်၍ အလန့်တကြား ဆိုလိုက်လေသည်။
ရေခဲချောက်ကမ်းပါး၏ ပတ်ဝန်းကျင်မှာ အလွန်ကိုမှ ဆိုးရွားသည့်အတွက် ရန်ကိုင်အသက်မရှင်ဘဲ နေမည်ကိုပင် သူမစိုးရိမ်နေခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း ရန်ကိုင်သည် အကောင်းအတိုင်း ပြန်ရောက်လာရုံမက သူ့ကျင့်ကြံခြင်းအဆင့်သည်ကပါ နောက်တစ်ဆင့်သို့ ချိုးဖျက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ကံကောင်းသွားရုံပါပဲ” ရန်ကိုင်ကခေါင်းငြိမ့်၍ “ဒီအတောအတွင်း ဘယ်လိုနေလဲ။”
“ဘယ်လိုနေရမှာလဲ” လျို့ရှန်းယွင်က ခါးသက်စွာပြုံးလျက် ခေါင်းခါလိုက်ရင်း “ပုံမှန်ပဲပေါ့” စကားပြောနေရင်း လျို့ရှန်းယွင်သည် ရုတ်တရက် ချောင်းထဆိုးလေသည်။
သူမ၏မျက်နှာမှာ ပုံမှန်မဟုတ်ဘဲ အနည်းငယ် ထူးထူးခြားခြားကို နီမြန်းနေ၏။ သို့သော်လည်း ထိုအချက်ကို ရန်ကိုင်သတိပြုမသွားမိလေအောင် အလျင်အမြန် ပြန်ဖုံးကွယ်လိုက်လေသည်။
သို့ရာတွင် ရန်ကိုင့်ကဲ့သို့ ကျင့်ကြံသူတစ်ဦးသည် ထိုအချက်ကို သတိမပြုဘဲ ဘယ်နေမည်နည်း။
“နင်ဒဏ်ရာရထားတာလား” ရန်ကိုင်မျက်မှောင်ကြုတ်သွားခဲ့သည်။ “ငါကျင့်ကြံနေတုန်း မတော်တဆတစ်ခု ဖြစ်သွားတာ” လျို့ရှန်းယွင်က အလျင်စလို ပြန်ပြောလိုက်သည်။
ရန်ကိုင်သည် လျို့ရှန်းယွင်၏မျက်လုံးတည့်တည့်ကို စိုက်ကြည့်လာသဖြင့် လျို့ရှန်းယွင်မှာ အားတင်း၍ ပြန်ပြုံးပြလိုက်ရလေသည်။ “ဘာမှမဖြစ်ဘူး။ ကျင့်ကြံနေတုန်း နည်းနည်းစိတ်စောသွားလို့ ဖြစ်သွားတာ။ ရက်နည်းနည်းလောက်နားလိုက်ရင် အဆင်ပြေသွားလိမ့်မယ်။”
“တကယ်ကြီး နင်ကျင့်ကြံနေတုန်း မတော်တဆဖြစ်တာရော ဟုတ်ရဲ့လား။” ရန်ကိုင်၏လေသံမှာ တဖြည်းဖြည်း အေးစက်လာခဲ့သည်။
လျို့ရှန်းယွင်မှာ တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ ကျင့်ကြံခြင်းသွေဖယ်သည်မှာ ကျင့်ကြံသူများ ဖြစ်လေ့မရှိသည့်အရာတစ်ခု မဟုတ်သော်ငြား ကျင့်ကြံခြင်းသွေဖယ်ခြင်းသည် တံခါးပိတ်ကျင့်စဉ် ဝင်သည့်အခါမျိုးတွင် ဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင် ကျင့်စဉ်သို့မဟုတ် သိုင်းပညာရပ်တစ်မျိုးမျိုးကို ထိုးထွင်းနားလည်သိမြင်အောင် ကြိုးစားနေသည့်အခါမျိုးတွင်သာ အမှားတစ်ခုခုလုပ်မိရင်း ဖြစ်တတ်သည်။
လျို့ရှန်းယွင်အနေဖြင့် ဤမရင်းနှီးသည့်ပတ်ဝန်းကျင်တွင် လုံးဝကို တံခါးပိတ်ကျင့်စဉ်ဝင်စရာ အကြောင်းမရှိချေ။
“ငါဘာလို့ နင့်ကိုလိမ်ရမှာလဲ။” လျို့ရှန်းယွင်က စိုးရိမ်တကြီး ပြန်ပြောလိုက်သည်။
“ဒီအရင်ရက်တွေတုန်းက တာအိုသခင်အဆင့်ကို ပိုပြီးနားလည်နိုင်မလားဆိုပြီး တံခါးပိတ်ကျင့်စဉ် ဝင်လိုက်တာ။ ငါ့ခွန်အားကမလုံလောက်သေးမှန်း နားမလည်ခဲ့ဘူး”
“ငါသုံးနှစ်သားကလေး မဟုတ်ဘူး။ လိမ်မနေနဲ့။ အမှန်အတိုင်းပြော” ရန်ကိုင်က ပြန်ပြောလိုက်သည်။
လျို့ရှန်းယွင်သည် ပါးစပ်ဟ၍ တစ်ခုခုပြောရန် လုပ်လိုက်သော်ငြား မကြာမီ သက်ပြင်းချ၍ ခေါင်းကိုငုံ့၍သာ ပြန်ပြောလိုက်လေသည်။ “ရန်ကိုင် ဒီကိစ္စကို ဒီတိုင်းပဲ ထားလိုက်ကြရအောင်။ အခုလောလောဆယ် ကာကွယ်သူပိရန်နဲ့ စီနီယာအစ်ကိုခို့က ဂိုဏ်းထဲမှာ ရှိနေတာမဟုတ်ဘူး။ ငါတို့သာ သွားပြဿနာရှာရင် ဒုက္ခရောက်သွားလိမ့်မယ်။”
“ကာကွယ်သူပိရန် ဂိုဏ်းထဲမှာမရှိဘူးလား။” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဟုတ်တယ်။ ကာကွယ်သူပိရန်နဲ့ တပည့်တွေ အုပ်လိုက်ကြီး လွန်ခဲ့တဲ့တစ်လက ထွက်သွားတယ်။ စီနီယာအစ်ကိုခို့ပါ ပါသွားတာ။ သူတို့ဘာလို့ ထွက်သွားမှန်း ငါတကယ်ကိုနားမလည်ဘူး။ ဒါပေမယ့် ငါအဆင်ပြေတယ်ဆိုတော့ ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်ကြတာပေါ့။ နင်နဲ့ငါ အခုမှအသစ်ပဲရှိသေးတာ။ သည်းခံနိုင်သလောက်တော့ သည်းခံကြရအောင်။”
ရန်ကိုင်ကခေါင်းညိတ်လိုက်လေသည်။ ထို့နောက် နှုတ်ခမ်းကိုကွေးလျက် ညစ်ကျယ်ကျယ်ပြုံးကာ ပြန်ပြောလိုက်၏။ “အဲ့လိုမျိုးတွေးတတ်တာ ကောင်းတယ်။ ဒါပေမယ့် တခြားလူတွေက ငါတို့လိုတွေးမှာ မဟုတ်ဘူး။” ပြောပြီးသည့်နောက် ဘေးဘက်သို့ လှည့်ကြည့်လိုက်လေသည်။
လျို့ရှန်းယွင် ကြောင်သွားပြီး ချက်ချင်းပဲ ရန်ကိုင်ကြည့်သည့်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။ ရန်ကိုင်လှည့်ကြည့်နေသည့်ဘက်ဆီမှ ထူးမခြားနားဟန် အမူအရာဖြင့် ကျင့်ကြံသူတစ်ဦးမှ ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့သည် သူတို့ဆီသို့ လမ်းလျှောက်လာနေခဲ့သည်။
ထိုလူသည် ကျောဘက် လက်နောက်ပစ်ထားသည်။ သူနှင့်အတူပါလာသော လူသုံးဦးမှာ ရန်ကိုင်ယခင်က တွေ့ခဲ့ဖူးသည့်လူသုံးဦးသာ ဖြစ်ပေသည်။ တစ်ဦးသည် ရန်ကိုင်မှ သင်ခန်းစာကောင်းကောင်း ပေးခြင်းခံလိုက်ရသည့် ချူဖေးဖြစ်သည်။
သုံးလကြာအောင် ပြန်လည်ကုစားပြီးသည့်တိုင် ချူဖေး၏ဒဏ်ရာများမှာ လုံးဝပျောက်ကင်းသွားခြင်း မရှိသေးပေ။ သို့သော်လည်း ထိုကိစ္စမှာ အထူးတဆန်းတော့မဟုတ်။ ရန်ကိုင်သည် ချူဖေးအား မသေရုံတမယ်ရိုက်နှက်ခဲ့ခြင်း မဟုတ်ပေလေ။
ဆေးကောင်းဝါးကောင်းကို ပိုင်ဆိုင်ထားလျှင်ပင် ချူဖေးအနေဖြင့် သုံးလအတွင်း အပြည့်အဝ ပြန်ကောင်းဖို့ မဖြစ်နိုင်ပေ။ လက်ရှိအချိန်တွင် ချူဖေးသည် လူမမာတစ်ယောက်နှယ် ထောနဲ့ထောနဲ့ဖြင့် လမ်းလျှောက်လာနေခဲ့သည်။
နှစ်ယောက်မှာ ယခင်တစ်ခါက ချူဖေးနှင့်အတူ လိုက်ပါလာခဲ့သည့် လူနှစ်ဦးဖြစ်ပေသည်။ ရန်ကိုင် ရေခဲချောက်ကမ်းပါးမှ ပြန်ရောက်လာလာချင်း သူတို့အဖွဲ့ ပေါ်လာခဲ့သည်။ သူတို့ဘာလုပ်ချင်နေသလဲဆိုသည်မှာ အထင်းသားပင်။
ချူဖေးသည် သူ၏ကမ္ဘာမကျေရန်သူကို တွေ့လိုက်ရသည့်အလား ရန်ကိုင့်အား မုန်းတီးစက်ဆုပ်စွာ ကြည့်လိုက်လေသည်။ အံကိုတင်းတင်းကြိတ်ရင်း ရှေ့ဆုံးမှ လမ်းလျှောက်လာနေသည့် ကျင့်ကြံသူ၏ နားနားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်၏။
ထိုလူ၏အမူအရာမှာ လုံးဝပြောင်းလဲသွားခြင်းမရှိဘဲ ယခင်ကကဲ့သို့ပင် အေးစက်စက်အတိုင်းသာ ရှိနေခဲ့၏။ ချူဖေး၏ဖားယားနေသည့် ပုံစံကိုကြည့်ရသလောက် ထိုလူ၏အဆင့်အတန်းမှာ အတော်လေးမြင့်မားပုံ ရလေသည်။ အနည်းဆုံး ခို့ဝူနှင့် အဆင့်တူတွင် ရှိလောက်သည်။
ဦးဆောင်လာနေသည့်လူသည် ရန်ကိုင့်အား အထင်အမြင်တသေးဖြင့် လှမ်းကြည့်လိုက်လေသည်။ ရန်ကိုင်တို့နှင့် ဆယ်မီတာအကွာသို့ ရောက်လာပြီးနောက်တွင် ချူဖေးက ညစ်ကျယ်ကျယ်ပြုံးလျက် “ဂျူနီယာရန် ငါတို့အရင်တစ်ကြိမ် တွေ့ပြီးကတည်းက မင်းအဆင်ပြေပြေနဲ့ရှိနေမယ်လို့ ငါယုံတယ်။ ကာကွယ်သူပိရန် မင်းကို ရေခဲချောက်ကမ်းပါးမှာ အကျဉ်းချလိုက်တယ်ဆို။ ရေခဲချောက်ကမ်းပါးမှာ အကျဉ်းချခံလိုက်ရပေမယ့် မင်းအခုထိမသေသေးဘဲ နေဦးမယ်လို့ ငါတကယ်ကို မထင်ထားဘူး။ ကြည့်ရတာ မင်းကံက တော်တော်လေး ကောင်းတယ်နဲ့တူတယ်။”
ရန်ကိုင်ကယဲ့ယဲ့လေးရယ်မောလျက် ချူဖေးအား ဝေ့ကြည့်လိုက်ရင်း ပြန်ပြောလိုက်လေသည်။ “စီနီယာအစ်ကိုချူရဲ့ဒဏ်ရာတွေရော ဘယ်လိုနေလဲ။ ကုတင်ပေါ်မှာ လဲနေရတာကြာတော့ ကြွက်သားတွေ တောင့်တင်းနေလို့ ဖြေလျော့ခံချင်လို့ ဒီနေရာရောက်လာတာလား။ အဲ့လိုဆိုရင် ဂျူနီယာက ကူညီပေးဖို့အဆင်သင့်ပဲနော်။”
ထိုစကားကိုကြားသည့်အခါ ချူဖေး၏ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားခဲ့လေသည်။ လွန်ခဲ့သည့်သုံးလခန့်က ရန်ကိုင်နှင့်တိုက်ပွဲသည် သူ့အတွက်တော့ အိပ်မက်ဆိုးကြီးသဖွယ်ပင်။ ရန်ကိုင်၏ စကားလေးနည်းနည်းကြောင့် ကြောက်ကြောက်လန့်လန့် ဖြစ်သွားရကြောင်း ပြန်စဉ်းစားမိလိုက်သည့်အခါ ချူဖေး သူ့ကိုယ်သူ ဒေါသထွက်မိသွားပြီး ချက်ချင်းပဲ ပြန်အော်ပြောလေသည် “မင်းကိုယ်မင်း စွတ်ပြီးအထင်ကြီးမနေနဲ့။ မင်းသာ ကိုယ့်အခြေအနေ ကိုယ်သိရင် စီနီယာအစ်ကိုက နည်းနည်းပါးပါး ညှာတာပေးလို့ရတယ်။ အဲ့လိုမှမဟုတ်ဘူး ဆိုရင်တော့…”
“အော်……” ရန်ကိုင်က အံ့အားသင့်တကြီးဖြင့် ပြန်ပြောလိုက်လေသည်။ “သုံးလလောက်မတွေ့လိုက်ရတာနဲ့ စီနီယာအစ်ကိုချူက တော်တော်လေးကို သတ္တိရှိလာတာပဲ။ ဘာဖြစ်လို့လဲ။ ဒီကစီနီယာအစ်ကိုကြောင့်လား။” ပြောပြီးသည်နှင့် ရန်ကိုင်သည် ဦးဆောင်လာသည့်သူအား လှည့်ကြည့်လိုက်လေသည်။
တစ်ဖက်လူသည် ပြဿနာရှာဖို့ ရောက်လာခြင်း ဖြစ်သည့်အတွက် ရန်ကိုင်လည်း ပြန်ပြီးယဉ်ကျေးမနေခဲ့ပေ။ ချူဖေးတို့သုံးယောက်ကို ရန်ကိုင်ခေါင်းထဲပင် ထည့်ရန်မလိုပေ။ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်တွင် ရှိနေစဉ်ကတည်းက ထိုသုံးယောက်ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။
ယခု တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ရောက်လာပြီးနောက် ပြောနေစရာပင်မလိုတော့။ ရန်ကိုင်ဂရုစိုက်ရမည့်သူဆို၍ သူတို့အဖွဲ့ကို ဦးဆောင်လာသည့်သူသာ ရှိလေသည်။ အရှိန်အဝါသည် ခို့ဝူနှင့်အတူတူပင် ဖြစ်သည်။ ရန်ကိုင့်အထင်သာ မှန်လျှင် ထိုလူသည် တာအိုသခင်ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ရပေလိမ့်မည်။
ထိုလူသည် ပေါ်လာပြီးကတည်းက စကားတစ်ခွန်းမှ မပြောသေးပေ။ သို့သော်လည်း ရန်ကိုင်နှင့်အကြည့်ချင်း ဆုံသွားသည့်အခိုက် ကြောက်မက်ဖွယ်ရာအလင်းတန်းတစ်ခု သူ့မျက်လုံးထဲ ဖြတ်ပြေးသွားခဲ့၏။ တစ်ချိန်တည်းတွင် အားကောင်းလှသည့် စိတ်စွမ်းအင်တို့ ဖြာထွက်လာခဲ့ပြီး ရန်ကိုင်၏အသိစိတ်ပင်လယ်ဆီသို့ တိုးဝင်လာခဲ့လေသည်။
ထိုလူသည် စကားပင်ပြောမနေဘဲ စိတ်စွမ်းအင် ပညာရပ်တစ်ခုဖြင့် ရန်ကိုင့်အား တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ရန်ကိုင် ဒေါသူပုန်ထသွားခဲ့လေသည်။ ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုများသည် အလွန်ကိုမှ အန္တရာယ်များ၏။ သတိသာမထားလျှင် အရူးတစ်ယောက်ပင် ဖြစ်သွားနိုင်ပေသည်။
တစ်ဖက်လူက ဤကဲ့သို့ ရက်စက်နေမှဖြင့် ရန်ကိုင်လည်း သူ့ခွန်အားကို ထိန်ချန်ထားမနေတော့ပေ။ ယနေ့ကိစ္စသည် ချူဖေးကိစ္စနှင့် မတူချေ။ ချူဖေးအားတိုက်ခိုက်စဉ်က ချူဖေး သေမသွားရလေအောင် သူ့လက်စကိုထိန်းပြီး တိုက်ခိုက်ခဲ့သည်။
သို့သော်လည်း ဤလူသည် ရောက်လာသည်နှင့် သူ့အား ဆိုးဆိုးရွားရွားကို ဒဏ်ရာရသွားအောင် တိုက်ခိုက်လေသည်။ ရန်ကိုင့်အနေဖြင့် တစ်ဖက်လူက ဤကဲ့သို့ လာလုပ်နေသည်ကို မည်ကဲ့သို့များ ငြိမ်ခံနိုင်ပါမည်နည်း။
ရန်ကိုင်သည် အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့၍ အသိစိတ်ပင်လယ်ထဲမှ စွမ်းအင်များကိုစုစည်းကာ တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ပြန်လည် တုန့်ပြန်လိုက်၏။
တစ်ဖက်လူ၏တိုက်ခိုက်မှုသည် သူ့အပေါ် လော့ချထားသဖြင့် ရန်ကိုင့်အဖို့ ရှောင်၍မရတော့ချေ။ ပြန်၍ ထိပ်တိုက်ရင်ဆိုင်ရုံသာ ရှိတော့သည်။ တစ်ချိန်တည်းတွင်
ရန်ကိုင်၏အသိစိတ်ပင်လယ်ထဲရှိ ခုနစ်ရောင်ခြယ်ဝိညာဉ်ကြာပန်းသည် လျင်မြန်စွာ လည်ပတ်လာပြီး မျက်စိကျိန်းမတတ် အလင်းရောင်များ ထုတ်လွှတ်လာခဲ့လေသည်။
ထိုအလင်းရောင်များသည် ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံနှင့် ပေါင်းစပ်သွားခဲ့လေ၏။ ကောင်းကင်စိတ်အာရုံနှစ်ခု တိတ်တဆိတ် ထိပ်တိုက်တွေ့သွားခဲ့လေသည်။
ရန်ကိုင့်အားတိုက်ခိုက်လိုက်သူ၏ မျက်လုံးများ မှေးစင်းသွားခဲ့ပြီး အံ့အားသင့်ရိပ်တို့ သူ့မျက်နှာထက် ထွက်ပေါ်လာခဲ့လေသည်။
ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် သူ့ကောင်းကင်စိတ်အာရုံကဲ့သို့ပင် အားကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ တစ်ချက်ကလေး သတိလက်လွတ် ဖြစ်သွားခဲ့သည့် အတွက်ကြောင့် ထိုလူ၏မျက်နှာ ဖြူရော်သွားခဲ့ပြီး ခေါင်းတဆစ်ဆစ်ကိုက်လာခဲ့၏။
ရန်ကိုင့်အတွက်လည်း အဆင်ပြေမနေခဲ့ပေ။ ဤကဲ့သို့သော ကောင်းကင်စိတ်အာရုံ တိုက်ခိုက်မှုမျိုးသည် တစ်ဖက်လူကိုသာမဟုတ်၊ သူ့ကိုလည်းထိခိုက်စေ၏။ သို့သော်လည်း သူ့ဝိညာဉ်အား ပြန်လည်ကုသပေးမည့် ဝိညာဉ်ကြာပန်းရှိနေသည့်အတွက် ရန်ကိုင့်အနေဖြင့် ထိုကိစ္စကို စိတ်ပူနေစရာမလိုပေ။
သူ့ဝိညာဉ်ထိခိုက်သွားမည်ဆိုလျှင်ပင် ဝိညာဉ်ကြာပန်းသည် ထိခိုက်သွားသည့်ဒဏ်ရာကို ပြန်လည်ကုသပေးပေလိမ့်မည်။
အစကတော့ ရန်ကိုင့်အား အလွယ်တကူ အနိုင်ယူနိုင်မည်အထင်နှင့် ကောင်းကင်စိတ်အာရုံကိုသုံး၍ တိုက်ခိုက်ခဲ့သောထိုလူသည် ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံမှာ သူ့ကောင်းကင်စိတ်အာရုံကဲ့သို့ပင် အားကောင်းနေကြောင်းသိပြီးနောက် မဆင်မခြင်လုပ်ခဲ့သည့် သူ့ကိုယ်သူပြန်၍ ကျိန်ဆဲလိုက်မိလေတော့သည်။
ထို့နောက် သူ့ကောင်းကင်စိတ်အာရုံကို အလျင်စလို ပြန်ဆွဲယူလိုက်လေသည်။ သို့ရာတွင် ရန်ကိုင်ကမူ မည်သို့များ အလွယ်တကူ လွှတ်ပေးနိုင်မည်နည်း။ ကျင့်ကြံခြင်းအားကိုးဖြင့် ထိုလူသည် စကားတစ်ခွန်းပင်မပြောဘဲ သူ့ကောင်းကင်စိတ်အာရုံသုံး၍ ရန်ကိုင့်အား တိုက်ခိုက်ခဲ့လိုက်သည်။
သို့သော်လည်း မနိုင်မှန်းသိပြီးနောက်တွင် ပြန်ဆုတ်ချင်နေ၏။ ရန်ကိုင်သည် သူ့အား လာရန်စသည့် လူများအပေါ် ငြိမ်ခံနေရိုးထုံးစံမရှိပေ။ နာကျင်မှုကို တင်းခံရင်း ကောင်းကင်စိတ်အာရုံဖြင့် တစ်ဖက်လူအား ပြန်လည် တိုက်ခိုက်လေသည်။
အစကတော့ ထူးမခြားနားဟန်ဖြင့် ရှိနေခဲ့ပါသော်ငြား ရန်ကိုင်၏လုပ်ရပ်ကိုမြင်ပြီးနောက် ထိုလူ့မျက်နှာထက် ထိတ်လန့်တုန်လှုပ်မှု၊ ကြောက်လန့်မှုတို့ ထွက်ပေါ်လာခဲ့လေ၏။
ရန်ကိုင့်အား တစ်ချက်ကလေးသာ သွားတိုက်ခိုက်လိုက်ခြင်း ဖြစ်သော်လည်း ရန်ကိုင်သည် အခဲမကြေဘဲ သူ့အားဆက်၍ တိုက်ခိုက်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရန်ကိုင်သည် အရူးတစ်ယောက်လားဟုပင် တွေးထင်မိလာသည်။
‘ဒီခွေးကောင် သေမှာကိုမကြောက်ဘူးလား။’ ထိုလူစိတ်ထဲတွင် ကြောက်ကြောက်လန့်လန့်ဖြင့် တွေးလိုက်လေ၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၉၅၉)
ထိပ်တိုက်ရင်ဆိုင်သည့်အခါမျိုးတွင် ပို၍အားကောင်းသည့်သူသာ အနိုင်ရလေ့ရှိသည်။ ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံသည် တစ်ဖက်လူနောက်သို့ တရစပ် ပြေးလိုက်သွားပြီး ဆူနာမီလှိုင်းလုံးနှယ် ထိုလူ၏အသိစိတ် အကာအကွယ်များကို ဖျက်ဆီးပစ်လေသည်။
ဝိညာဉ်ဒဏ်ရာရသွားသည့်အတွက်ကြောင့် ထိုလူလည်း နာကျင်စွာထအော်လေ၏။ စီနီယာအစ်ကိုတစ်ဦး ရှိသင့်ရှိထိုက်သည့် မောက်မာဝံ့ကြွားသည့် အမူအရာမျိုး ရှိမနေတော့ဘဲ နာကျင်စွာသာ အော်ငြီးနေတော့သည်။
ရန်ကိုင်သည်လည်း ဒဏ်ရာရသွားခဲ့ပြီး မျက်နှာတစ်ပြင်လုံး ဖြူရော်သွားကာ တစ်ကိုယ်လုံးတုန်တုန်ရီရီ ဖြစ်သွားခဲ့လေသည်။ သို့တိုင် အံကြိတ်၍ တစ်ဖက်လူပြန်မတိုက်ခိုက်နိုင်သည်ကို အခွင့်ကောင်းယူကာ အလွန်လျင်မြန်သည့်နှုန်းဖြင့် ပြေးဝင်တိုက်ခိုက်လိုက်လေသည်။
“စီနီယာအစ်ကိုကျိုးရီ” ချူဖေး အလန့်တကြား ထအော်လေသည်။ သူ့အမြင်အရ စီနီယာအစ်ကိုကျိုးရီဆိုသည့်လူသည် ရန်ကိုင့်အား တခဏသာသာ စိုက်ကြည့်လိုက်သည်။ ထို့နောက် နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်များ တုန်ရီလာပြီး မျက်နှာများလည်း ဖြူဖပ်ဖြူရော်ဖြစ်သွားကြကုန်သည်။
စီနီယာအစ်ကိုကျိုးရီသည် နောက်သို့ တယိမ်းတယိုင် ဆုတ်သွားရချိန် ရန်ကိုင်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ပြေးဝင်လာခဲ့သည်။
ချူဖေးသည် ရန်ကိုင်၏ တစ်ဖက်သတ် အနိုင်ယူခြင်း ခံရလျှင်ပင် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေဆဲပင်။ ထို့ကြောင့်အစောပိုင်းက ရန်ကိုင်နှင့် စီနီယာအစ်ကိုကျိုးကြား ကောင်းကင်စိတ်အာရုံတိုက်ပွဲ ဖြစ်ပွားခဲ့မှန်း သူပြောနိုင်ပေသည်။ သို့သော်လည်း ထိုတိုက်ပွဲတွင် နိုင်သင့်သည့်လူက နိုင်မသွားဘဲ မနိုင်သင့်သည့်လူက အသာစီး ရသွားလိမ့်မည်ဟု ချူဖေး မထင်ထားခဲ့ပေ။
ရန်ကိုင်သည် ပြန်ဆုတ်သွားခြင်းမရှိဘဲ တိုက်ခိုက်ရန် ပြေးဝင်လာနေသည်ကိုမြင်သော် ချူဖေး ကျိုးရီအား အလျင်စလို လှမ်းသတိပေးလိုက်လေ၏။ သို့သော်လည်း ကျိုးရီမှာ မည်ကဲ့သို့များ အချိန်မီတုံ့ပြန်နိုင်ပါမည်နည်း။
ချူဖေး၏စကားသံ ဆုံးသွားသည့်အချိန်တွင် ရန်ကိုင်သည် ကျိုးရီရှေ့သို့ ရောက်နေခဲ့လေပြီ။ သူ့လက်သီးအား ဓာတ်ကြီးငါးပါး အကြွင်းမဲ့ဓားချီဖြင့် လွှမ်းခြုံလျက် ကျိုးရီ၏ရင်ဘတ်တည့်တည့်ကို ထိုးချလိုက်လေသည်။
“ဘုန်း……” ကျိုးရီသည် ပေါင်တစ်ရာတူကြီးနှင့် ထုခံလိုက်ရသည့်နှယ် မြေကြီးထဲသို့ ကျွံဝင်သွားခဲ့လေသည်။ ထိုအခြင်းအရာကိုမြင်သော် ချူဖေးအလွန်ကိုမှ ထိတ်ထိတ်လန့်လန့် ဖြစ်သွားခဲ့လေသည်။ လွန်ခဲ့သော သုံးလခန့်ကအဖြစ်အပျက်သည် သူ့စိတ်ထဲတစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့လေသည်။
သူ့ဂျူနီယာနှစ်ယောက်ဆိုလျှင်တော့ ပို၍ပင်ဆိုးနေသေး၏။ ထိုနှစ်ဦးသည် ထိတ်လန့်တကြားထအော်ရင်း ကြောက်ကြောက်လန့်လန့်နှင့် အလျင်စလို နောက်ဆုတ်သွားခဲ့ကြလေသည်။
“ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားရတာလဲ။” ချူဖေးသည် သူ့ရှေ့ရှိမြင်ကွင်းကိုကြည့်ရင်း လုံးဝကို မှင်သက်နေခဲ့သည်။ စီနီယာအစ်ကိုကျိုးရီ ပါလာသည့်အတွက် ရန်ကိုင့်ကို သင်ခန်းစာကောင်းကောင်း ပေးနိုင်ပြီဟု တွေးထင်နေခဲ့သော်လည်း တကယ်တမ်းခံလိုက်ရသည့်သူမှာ သူတို့သာဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
သူ့ရှေ့ရှိမြင်ကွင်းကိုကြည့်ရင်း ချူဖေးသူ့မျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်လာခဲ့သည်။ ယခုအခါမှပဲ ရန်ကိုင်၏ကျင့်ကြံခြင်းသည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် မဟုတ်တော့ဘဲ တန်ခိုးရှင်ဘုရင် တတိယအဆင့် ဖြစ်နေကြောင်းကို ချူဖေးသတိပြုမိသွားခဲ့လေသည်။
‘ဒီကောင် ရေခဲချောက်ကမ်းပါးမှာ ချိုးဖျက်သွားတာလား’ သူယခုတစ်ကြိမ် အမှားကြီးလုပ်လိုက်မိပြီမှန်း နားလည်လိုက်သည့်နောက် ချူဖေး ရင်တုန်သွားခဲ့လေသည်။ ငှက်မွေးပြာဂိုဏ်းတွင် ရိုးရာအစဉ်အလာတစ်ခု အမြဲလိုလိုရှိပေသည်။
ရေခဲချောက်ကမ်းပါးတွင် အကျဉ်းချခံရသော တပည့်တစ်ဦးသည် အသက်ရှင်လျက် ပြန်လွတ်လာနိုင်မည် ဆိုပါက ဂိုဏ်း၏ တန်ဖိုးထားခြင်း ခံရပေသည်။ ထိုတပည့်သည်သာ ရေခဲချောက်ကမ်းပါးထဲ မသေရုံအပြင် ဉာဏ်အလင်းပွင့်သွားပြီး အဆင့်ပါချိုးဖျက်နိုင်မည် ဆိုလျှင်တော့ ဂိုဏ်း၏လက်ရွေးစင်တပည့်တစ်ဦးပင် ဖြစ်လာပေလိမ့်မည်။
လွန်ခဲ့သောနှစ်များအတွင်း စီနီယာအစ်ကိုများစွာတို့သည် ထိုနည်းလမ်းဖြင့် နာမည်ကျော်ကြားလာခဲ့ကြလေသည်။ တကယ်တော့ ရေခဲချောက်ကမ်းပါးသည် ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး၏ ဓားတစ်ချက်ကြောင့် ဖြစ်ပေါ်လာပြီး နက်နဲသောဆန်းကြယ်သော ဧကရာဇ်ဖိအားနှင့် ရေခဲနိယာမစွမ်းအားတို့ဖြင့် ပေါင်းစပ်နေသည့် နေရာတစ်ခုပင် မဟုတ်ပေလော။
ထိုကဲ့သို့သော ဆိုးရွားသည့်ပတ်ဝန်းကျင်တွင် အဆင့်ချိုးဖျက်နိုင်သည်ကိုကြည့်လျှင် ထိုလူမည်မျှတော်ကြောင်း သိနိုင်ပေသည်။ ထို့ကြောင့် ရန်ကိုင်သည် သံသယရှိစရာမလိုအောင်ကို လက်ရွေးစင်တပည့်တစ်ဦး ဖြစ်ပေသည်။
ဤအကြောင်းသာ ပြန့်သွားခဲ့မည်ဆိုပါက ဂိုဏ်းသည် ရန်ကိုင့်အပေါ် ကျိန်းသေအာရုံစိုက်လာပေလိမ့်မည်။ ချူဖေးအလွန်ကိုမှ မုန်းတီးနေသော ဤဂျူနီယာသည် သူ့ထက်ပို၍ အဆင့်အတန်း မြင့်လာမည်ဖြစ်ကာ သူ့ထက်လည်းပို၍ တန်ဖိုးထားခြင်းခံရပေလိမ့်မည်။
ထိုအခါ သူ့အနေဖြင့် ရန်ကိုင့်အား မော့ကြည့်ရုံသာ တတ်နိုင်တော့မည်ဖြစ်ပြီး လက်စားချေဖို့ဆိုသည်မှာ အိပ်မက်တစ်ခုသာသာထက် ပိုတော့လိမ့်မည်မဟုတ်ချေ။ ရန်ကိုင်မှသူ့အား ပြဿနာလာမရှာသည်ကပင် ကံကောင်းမှုတစ်ခု ဖြစ်နေခဲ့လေပြီ။
ချုဖေးစိတ်ထဲ အတွေးပေါင်းစုံ ထွက်ပေါ်လာခဲ့သည်။ သူသာ ယနေ့ကိစ္စကို ကောင်းကောင်းမဖြေရှင်းနိုင်ပါက လုံးဝကို ပြဿနာအကြီးကြီး တက်လိမ့်မည်မှန်း နားလည်သွားခဲ့လေသည်။ သူ့စိတ်ထဲ ကျိုးရီအား အသုံးမဝင်ရကောင်းလားဟု ကြိတ်၍ ကျိန်ဆဲနေတော့၏။
ဒေါသသံတို့ဖြင့် စွက်ဖက်နေသော အော်ဟစ်သံတစ်သံ ရုတ်တရက်ထွက်ပေါ်လာခဲ့လေသည်။ “ကောင်လေး မင်းသေချင်နေတာပဲ”
ထိုလေသံထဲ ရှင်းပြမရနိုင်သော အမုန်းတရားနှင့် အေးစက်စက်သတ်ဖြတ်လိုစိတ်တို့ ပါဝင်နေခဲ့လေသည်။
ထိုအသံကိုကြားသည့်အခါ ချူဖေး၏မျက်လုံးများ တောက်ပလာပြီး ဝမ်းသာအားရဖြင့် လှမ်းအော်ခေါ်လေ၏။ “စီနီယာအစ်ကိုကျိုး”
အစောပိုင်းကထွက်လာသည့် အသံသည် မြေကြီးထဲသို့ ကျွံဝင်သွားသည့်ကျိုးရီဆီမှ ထွက်လာခြင်းဖြစ်သည်။
ရန်ကိုင်သည် အားကုန်ထုတ်သုံးခဲ့ပါသော်ငြား ကျိုးရီသည် တာအိုသခင်ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသည်။ သူ့အားမည်သို့များ ဤမျှအလွယ်တကူ သတ်နိုင်ပါမည်နည်း။ ကောင်းကင်စိတ်အာရုံတိုက်ပွဲမှ ဒဏ်ရာရသွားသည့်အတွက်ကြောင့်သာ ရန်ကိုင်မှ ပြေးဝင်တိုက်ခိုက်သည်ကို မခုခံလိုက်နိုင်ခြင်း ဖြစ်သည်။
ထိုသို့အော်ဟစ်လိုက်ပြီးနောက် မြေကြီးထဲမှ ပြန်ခုန်ထွက်လာပြီး ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်နှယ် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရန်ကိုင့်အား စိုက်ကြည့်လိုက်လေသည်။
မူလက ချူဖေး၏တောင်းဆိုချက်ကြောင့်သာ ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်ပြီး ယခုမူ သူကိုယ်တိုင် စိတ်လိုလက်ရ ရန်ကိုင့်အား သင်ခန်းစာပေးချင်နေခဲ့လေပြီ။ ကိုယ့်ထက်တစ်ဆင့်နိမ့်သည့် ဂျူနီယာတစ်ဦး၏ ရိုက်နှက်ခြင်းခံလိုက်ရသည့်အကြောင်းသာ သတင်းပြန့်သွားမည်ဆိုပါက သူ့အနေဖြင့် နောင်အခါတွင် မည်သည့်မျက်နှာနှင့်များ လူရှေ့သူရှေ့သို့ ထွက်ရတော့မည်နည်း။
ကျိုးရီ၏ဒေါသအောက်တွင် ဟင်းလင်းပြင်သည် စတင်၍ အေးခဲလာခဲ့သည်။ အနီးနားတစ်ဝိုက်ရှိ လောကနိယာမများပင်လျှင် အတိုင်းအတာတစ်ခုအထိ သက်ရောက်ခြင်းခံလိုက်ရသည်။ လေပြင်းများလည်း တဖြည်းဖြည်းတိုက်ခတ်လာခဲ့လေသည်။
သူ့စိတ်ထဲ အန္တရာယ်အငွေ့အသက်တို့ကို ခံစားလိုက်ရသည့်အတွက်ကြောင့် ရန်ကိုင်သည် တုံ့ဆိုင်းမနေတော့ဘဲ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို ချက်ချင်းအသုံးပြုလိုက်လေ၏။
ရန်ကိုင့်၏ဘယ်ဘက်မျက်လုံးသည် ရုတ်ခြည်းဆိုသလို တလက်လက်တောက်ပလာခဲ့လေ၏။ ရန်ကိုင်နှင့် အကြည့်ချင်းဆုံသွားသည့်အခိုက် ကျိုးရီထိတ်လန့်တုန်လှုပ် သွားလေ၏။ သူ့အတွေးနှင့် စိတ်ဆန္ဒများအပေါ် သက်ရောက်နေသည့် စွမ်းအားတစ်ရပ် ရန်ကိုင်၏မျက်လုံးဆီမှ ဖြာထွက်လာသည်ကို သတိပြုမိလိုက်လေသည်။
ကောင်းကင်စိတ်အာရုံချင်း တိုက်ခိုက်စဉ်ကပင် အနိုင်မယူနိုင်ခဲ့သည်ကို ယခု ရန်ကိုင်ပါ သုတ်သင်ခြင်း နတ်ဆိုးမျက်လုံးကိုပါ ထုတ်သုံးလာသည့်နောက် ကျိုးရီ လုံးဝကို အောက်စည်း ရောက်သွားရလေတော့သည်။
ရန်ကိုင်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ သူ၏အားအကောင်းဆုံးသော ဝိညာဉ်ပညာရပ်ကို ထုတ်သုံးတော့သည်။
“အဆုံးမဲ့ကြာပန်းပွင့်လန်းခြင်း” ရန်ကိုင်၏ဘယ်ဘက်မျက်လုံးထဲ ကြာဖူးတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုကြာဖူးသည် ပေါ်လာလာခြင်း ပြန်ပျောက်သွားပြီး ချက်ချင်းဆိုသလို ကျိုးရီ၏ မျက်လုံးထဲတွင် ပြန်ပေါ်လာခဲ့လေသည်။ ကျိုးရီမျက်လုံးရှေ့ရှိ အရာအားလုံး ပြောင်းလဲသွားခဲ့လေသည်။
ယခုဆိုရင် သူ့မျက်လုံးထဲ ကြာဖူးတစ်ခုသာ မြင်နေရတော့သည်။ ကြာဖူးသည် သူ့စိတ်စွမ်းအင်ကို အရူးအမူးဝါးမြိုရင်း သေမင်းပန်းပွင့်တစ်ပွင့်နှယ် ဖြည်းဖြည်းချင်း ပွင့်လန်းလာနေခဲ့လေသည်။
ကျိုးရီသည် ရန်ကိုင်ထက် ကျင့်ကြံခြင်းအဆင့် ပိုမြင့်သော်ငြား ရန်ကိုင်၏ဝိညာဉ်စွမ်းအားသည် ကျိုးရီထက် ပိုကောင်းပေသည်။ ထိုသို့ဖြစ်လေရာ သူ့အနေဖြင့် သူ၏အားသာချက်ကို ဘာကြောင့်များ အသုံးမပြုရမည်နည်း။
အဆုံးမဲ့ကြာပန်းပွင့်လန်းခြင်းပညာရပ်ကို ထုတ်သုံးပြီးသည်နှင့် ရန်ကိုင်သည် ချက်ချင်းဆိုသလို ထပ်မံတိုက်ခိုက်လိုက်သည်။ ကျိုးရီမတုံ့ပြန်နိုင်သေးခင်မှာပင် ရန်ကိုင်သည် ရွှေရောင်သွေးမျှင်များစွာကို ထုတ်လွှတ်၍ ပိုက်ကွန်တစ်ခုအသွင်သို့ ပြောင်းလဲပစ်လိုက်သည်။
ထို့နောက် ထိုပိုက်ကွန်ဖြင့် ကျိုးရီအား ရစ်ပတ်လိုက်လေ၏။ “နဂါးအသွင်ပြောင်းလဲခြင်း” ရွှေရောင်သွေးမျှင်များဖြင့် ကျိုးရီအားရစ်ပတ်ပြီးနောက်တွင် ရန်ကိုင်သည် သူ့ညာဘက်လက်အား နဂါးလက်သည်းအသွင်သို့ ပြောင်းလဲကာ ကျိုးရီရင်ဘတ်တည့်တည့်သို့ ထိုးချလိုက်လေသည်။
ယနေ့ကိစ္စသည် ဤအခြေအနေအထိ ရောက်လာပြီဖြစ်သဖြင့် ဤတိုက်ပွဲတွင် ရန်ကိုင်သေလျှင်သေ မသေလျှင် ကျိုးရီသေရပေလိမ့်မည်။ သူထုတ်လွှတ်ထားသည့် သတ်ဖြတ်လိုစိတ်မှာ ဟန်ပြသက်သက်သာမဟုတ်။
ရန်ကိုင်မှ ကျိုးရီအား အမှန်တကယ် သတ်ဖြတ်ပစ်လိုနေခြင်း ဖြစ်သည်။ သူ့အား သတ်ချင်နေသည့်လူတစ်ယောက်ကို ဘာကြောင့်များ ညှာတာပေးနေရဦးမည်နည်း။
“ရောင်းရင်းရန် မလုပ်နဲ့” ထိုအချိန်တွင် လျို့ရှန်းယွင်သည် နောက်ဘက်မှ အလန့်တကြားထအော်လေသည်။ ရန်ကိုင်သာ ကျိုးရီအား သတ်ပစ်လိုက်မည်ဆိုပါက ယနေ့ကိစ္စကို လက်လွတ်ကြက်သွန် ဖြစ်သွားပေတော့မည်။
သို့ရာတွင် သူမ၌ ယနေ့ကိစ္စကို ဝင်ရောက်ဖျန်ဖြေပေးနိုင်သော ခွန်အားမရှိသည့် အတွက်ကြောင့် အော်ပြောရုံသာ တတ်နိုင်၏။ ရန်ကိုင်သည် လျို့ရှန်းယွင်၏အော်ဟစ်သံကို မသိကျေးကျွံပြု၍ ကျိုးရီအားသတ်ပစ်နိုင်ရန်သာ ကြိုးစားလိုက်လေသည်။
နဂါးလက်သည်း သူရင်ဘတ်အားလာထိတော့မည်ကို မြင်သော် ကျိုးရီသည် အဆုံးမဲ့ကြာပန်းပွင့်လန်းခြင်း ပညာရပ်မှ အတင်းအကြပ်ရုန်းထွက်ပြီး ထအော်လေ၏။ “ကောင်လေး…မင်းလုပ်ရဲလား”
“ခရက်…”ဟူသောမြည်သံနှင့်အတူ ကျိုးရီမျက်လုံးထဲရှိ ကြာပန်းပုံရိပ် တစ်စစီ ပျက်ဆီးသွားလေ၏။
တစ်နည်းတစ်ဖုံ ငြိမ်သက်သွားပြီဖြစ်သော သူ၏သတ်ဖြတ်လိုစိတ်မှာလည်း တစ်ဖန်ပြန်လည် ပေါက်ကွဲထွက်လာခဲ့သည်။ တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်ဆီမှ တာအိုသခင်ပထမအဆင့် ကျင့်ကြံခြင်းစွမ်းအားတို့ ပေါက်ကွဲထွက်လာခဲ့လေသည်။
“လေပြင်းလက်ဝါး” ကျိုးရီသည် သူ၏လက်ဝါးပေါ်တွင် လေပွေကဲ့သို့သော ဝဲကတော့တစ်ခုကို ဖန်တီး၍ ရန်ကိုင်၏ ညာဖက်လက်မောင်းကို ဝါးမြိုပစ်ရန် ကြိုးစားလိုက်သည်။
“ခလန်…ချွင်…ခလွမ်…ခလွမ်” သတ္ထုကို တစ်ခုခုမှလာရိုက်ခတ်သံများနှင့်အတူ ရန်ကိုင်၏ညာဘက်လက်ပေါ်ရှိ နဂါးအကြေးခွံများ ကွာကျလေကုန်တော့သည်။
နဂါးလက်သည်းသည်ပင်လျှင် ၎င်း၏မူလပုံစံကို ကောင်းကောင်းမထိန်းထားနိုင်တော့ပေ။ သူတို့ကြား အဆင့်တစ်ဆင့်သာ ကွာခြားနေခြင်းဖြစ်သော်ငြား တစ်ယောက်စီမှ အသုံးပြုနိုင်သည့် စွမ်းအားမှာတော့ အလွန်ကိုမှ ကွာခြားပေသည်။ ကျိုးရီသည် သူ၏သူတော်စင်ချီအားလုံးကို အရင်းအမြစ်ဆီသို့ ပြောင်းလဲထားပြီးနေပြီဖြစ်ပြီး ရန်ကိုင့်မှာတော့ တစ်ဝက်လောက်ကိုသာ အရင်းအမြစ်ချီသို့ ပြောင်းလဲထားနိုင်၏။
ထို့အပြင် ကျိုးရီသည် နိယာမစွမ်းအားတစ်စွန်းတစ်စကိုပင် ထုတ်သုံးနိုင်ပေသေးသည်။ ကျိုးရီထုတ်သုံးသွားသည့် လေပြင်းလက်ဝါးထဲတွင် လေနိယာမစွမ်းအား တစ်စွန်းတစ်စတို့ ပါဝင်နေခဲ့ပေသည်။ နီးကပ်လာနေသည့် သတ်ဖြတ်လိုစိတ်ကို ခံစားမိသော် ရန်ကိုင်၏အမူအယာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့လေသည်။
သို့သော်လည်း နောက်သို့ပြန်မဆုတ်ဘဲ အံကြိတ်၍သာ နဂါးလက်သည်းကို ကျိုးရီ၏ရင်ဘတ်တည့်တည့်ဆီသို့ ပိုအားစိုက်ထုတ်၍ တွန်းထည့်လိုက်လေ၏။ “မင်း…” ထိုအခြင်းအရာကိုမြင်သော် ကျိုးရီ မျက်လုံးပြူးသွားခဲ့လေသည်။ အရင်းအမြစ်ချီကို အသည်းအသန်လှည့်ပတ်၍ သူ့ခန္ဓာကိုယ်ကို ကာကွယ်ရန်ကြိုးစားလိုက်ပါသော်ငြား ရန်ကိုင်၏ထက်ရှသည့် နဂါးလက်သည်းကို မည်သို့မျှ မတားဆီးနိုင်ခဲ့ပေ။
နဂါးလက်သည်း၏ ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားအောက်တွင် ကျိုးရီ၏အကာအကွယ်အားလုံးမှာ စက္ကူတစ်ရွက်နှယ် တစ်စစီပျက်ဆီးကုန်ကြရသည်။ ချက်ချင်းဆိုသလို ရန်ကိုင်သည် ကျိုးရီ၏နှလုံးကို ဆုပ်ကိုင်လိုက်လေသည်။
တစ်ချိန်တည်းတွင် ကျိုးရီ၏လေပြင်းလက်ဝါးသည်လည်း ရန်ကိုင့်အားလာရောက်ထိမှန်လေ၏။ သို့ရာတွင် ကျိုးရီ၏လေပြင်းလက်ဝါး ရန်ကိုင်နှင့်ထိခါနီး၌ ရန်ကိုင်၏ပုံရိပ်သည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။
ထို့အတွက်ကြောင့် လေပြင်းလက်ဝါးမှာ ဘာမှမရှိသည့် ဟင်းလင်းပြင်ကိုသာ ထိမှန်သွားခဲ့ရ၏။ လေပြင်းလက်ဝါး ပျောက်ကွယ်သွားပြီးနောက်တွင် ရန်ကိုင်၏ပုံရိပ် ပြန်ပေါ်လာခဲ့လေသည်။ ရန်ကိုင်သည် ဗလာနတ္ထိပညာရပ်ကို ထုတ်သုံးလိုက်ခြင်းဖြစ်သည်။
သူ့ခန္ဓာကိုယ်အား ဟင်းလင်းပြင်နှင့် ပေါင်းစပ်လိုက်သည့်အတွက် ရန်ကိုင်သည် လေပြင်းလက်ဝါး၏ စွမ်းအားအများစုကို ရှောင်ရှားလိုက်နိုင်၏။ သို့သော်လည်း စွမ်းအားတစ်ချို့တစ်ဝက်မှာတော့ သူ့ခန္ဓာကိုယ်အား လာရောက်ထိမှန်ပေသေးသည်။ ရန်ကိုင့်ရင်ဘတ်တစ်ခုလုံး ဗလောင်ဆူသွားခဲ့ပြီး သွေးတစ်ပွက် ထိုးအန်ချမိလိုက်လေသည်။
“မင်းမသေသေးဘူးလား” ကျိုးရီ အလန့်တကြားထအော်လေသည်။ သူ့လက်ဝါးချက်အောက်တွင် ရန်ကိုင် ကျိန်းသေ သေသွားလိမ့်မည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။
ရန်ကိုင်သည် သူ့နှလုံးကို ဆုပ်ကိုင်ထားသည့်အတွက် ရန်ကိုင့်အနေဖြင့် သူ့တိုက်ကွက်ကို မည်သို့မှမရှောင်နိုင်ပေ။ သူ့လေပြင်းလက်ဝါးရိုက်ချက်ကို မည်သည့်တန်ခိုးရှင်ဘုရင် တတိယအဆင့်မှ ခုခံနိုင်လိမ့်မည်မဟုတ်ဟု ကျိုးရီ အပြည့်အဝယုံကြည်သည်။
ကျိုးရီနားမလည်နိုင်သည်မှာ ရန်ကိုင်သည် ဘာကြောင့်များ သူ့လေပြင်းလက်ဝါး၏ စွမ်းအားအချို့ကိုသာ ခံစားလိုက်ရသလဲဆိုသည်ကိုပင်။ ရန်ကိုင် မည်သို့သော ပညာရပ်ကိုများ ထုတ်သုံးသွားခဲ့လေသနည်း။ ထိုကောင်လေးသည် လှုပ်ပင်မလှုပ်ဘဲနှင့် သူ့တိုက်ကွက်ကို ရှောင်သွားနိုင်ခဲ့သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၉၆၀)
သွေးသံတရဲရဲလက်ဖြင့် ကျိုးရီ၏ နှလုံးကို ဆုပ်ကိုင်ထားပြီး ပါးစပ်မှ ရွှေရောင်သွေးများ စီးကျနေသည့် ရန်ကိုင့်ပုံစံမှာ အလွန်ကို ခြောက်ခြားဖွယ်ရာပင်။ ရွှေရောင် သွေးမျှင်များ၏ ချုပ်နှောင်ခြင်းခံထားရသည့်အတွက် ကျိုးရီမှာ မလှုပ်နိုင်သေးဘဲ သူ့ရှေ့ရှိ ရန်ကိုင့်အား မျက်လုံးအပြူးသားဖြင့်သာ စိုက်ကြည့်နေရသည်။
ဒီကောင် အရူးပဲ။ ဒီကောင် လုံး၀အရူးပဲ ကျိုးရီ သူ့ရင်ထဲ ထိုင်အော်နေခဲ့လေသည်။
ရန်ကိုင်သည် ကျိုးရီ၏ နှလုံးကို ဆုပ်ကိုင်ထားပြီး ကျိုးရီသည် ရန်ကိုင့်အား မျက်လုံးအပြူးသားဖြင့် ကြည့်နေခဲ့သည်။ နှစ်ဦးစလုံး မလှုပ်မယှတ်နှင့် ထိုပုံစံအတိုင်းသာ ရပ်နေကြလေသည်။ မလှမ်းမကမ်းတွင် ရှိနေသော လျို့ရှန်းယွင်သည် ထိုမြင်ကွင်းကိုကြည့်ရင်း ထိတ်လန့် တုန်လှုပ်နေခဲ့သည်။
ချူဖေးနှင့် တခြား တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦးဆိုလျင် တံတွေးများကိုပင် မြိုချနေလေသည်။
“ဟဲဟဲဟဲ ကြည့်ရတာ ခင်ဗျားရှုံးသွားပြီနဲ့တူတယ် စီနီယာအစ်ကို” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်လေသည်။
ကျိုးရီ၏ မျက်နှာကြီး ရှုံ့မဲ့သွားလေသည်။ ၀န်မခံချင်သော်လည်း ဤတိုက်ပွဲတွင် သူတစ်ကယ် ရှုံးသွားလေပြီ။ သူ့အသက်သည် ရန်ကိုင့်လက်ထဲ ရောက်နေခဲ့ပြီ။ ရန်ကိုင်သာ အားနည်းနည်းလေး စိုက်ထုတ်လိုက်သည်နှင့် ကျိုးရီ သေသွားရပေလိမ့်မည်။
“မင်း ငါ့ကို သတ်ရင် မင်းလည်း သေမှာပဲ”
ကျိုးရီသည် ရန်ကိုင့်အား သူ့အသက်ကို ချမ်းသာပေးရန် တစ်ခွန်းပင် မပြောခဲ့။
“အဲ့တာဆို လောင်းကြမလား။ စီနီယာအစ်ကိုကို သတ်ပြီးတာနဲ့ ကျုပ်ဒီနေကနေ ထွက်သွားနိုင်၊ မထွက်သွားနိုင်ပေါ့။ ဂျူနီယာက အရမ်း အားမကောင်းပေမယ့် ပြေတဲ့နေရာမှာတော့ တကယ် တော်တယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။
ရန်ကိုင့်စကားကို ကြားပြီးနောက် ကျိုးရီ ပါးစပ်ပိတ်သွားခဲ့လေသည်။ သူသာ ဆက်ပြောခဲ့လျင် ဤအရူးကောင် သူ့နှလုံးအား ညှစ်ချလိုက်မည်ကို သူလန့်နေခဲ့သည်။ ထိုသို့သာ တကယ် ဖြစ်သွားလျှင် ရန်ကိုင် သေသေရှင်ရှင် ကိစ္စမရှိတော့ပေ။ အကြောင်းမှာ သူသည်လည်း သေနေပြီ ဖြစ်သည့်အတွက်ကြောင့်ပင်။
လူတိုင်းတွင် အသက်တစ်သက်သာ ရှိလေရာ ကျိုးရီအနေဖြင့် မည်ကဲ့သို့များ သူ့အသက်ကို စွန့်စားရဲမည်နည်။
“စီနီယာအစ်ကိုချူ… ခင်ဗျား တစ်ချက်လှုပ်တာနဲ့ ကျုပ် သူ့ကို ချက်ချင်း သတ်ပစ်လိုက်မှာနော်” ရုတ်တရက် ရန်ကိုင်သည် ထွက်ပြေးရန် ကြိုးစားနေသော ချူဖေး ဘက်သို့ လှည့်၍ ပြောလိုက်လေသည်။
ရန်ကိုင်ပြောသည်ကို ကြားမှပဲ လျို့ရှင်းယွင် အသိပြန်၀င်လာပြီး ချက်ချင်းပဲ ထွက်ပြေးရန် ကြိုးစားနေသည့် ချူဖေးရှေ့၌ ပိတ်ရပ်လိုက်လေသည်။ ထိုအခြင်းအရာကိုကြည့်ရင်း ချူဖေးမှာ အော်ငိုချင်စိတ်ပင် ပေါက်သွားခဲ့သည်။ သို့ရာတွင် မျက်ရည်မှာ ကျမလာခဲ့ပေ။
“မင်းက လူတော်တစ်ယောက်ပါပဲ။ နှစ်ဦး နှစ်ဖက်စလုံး သေကြေရမယ့် တိုက်ပွဲမျိုး မင်းမတိုက်ချင်ဘူးဆိုတာ ငါသိတယ်။ မင်းပြန်ဆုတ်လိုက်တော့။ စီနီယာအကို ဒီနေ့ကိစ္စကို ဒီနေရာမှာတင် ရပ်ပေးလိုက်မယ်” ရန်ကိုင့်အား စိုက်ကြည့်ရင်း ကျိုးဖေးပြောလိုက်လေသည်။
ရန်ကိုင်ကမူ ပြုံးလျက်သာ ပြန်ပြောလိုက်၏။
“ဟုတ်တာပေါ့ ကျုပ်ကတော့ ဘယ်သေချင်ပါ့မလဲ။ ဒါပေမဲ့ ဒီကိစ္စက ဒီအခြေအနေထိတောင် ရောက်လာပြီလေ။ ဘာဆက်ထူးဦးမှာလဲ။ ကျုပ်ဘာလုပ်သင့်တယ် ထင်လဲ စီနီယာအစ်ကို။ ခင်ဗျားကို သတ်ပြီး ထွက်ပြေးရင်ပဲ ကောင်းမလား။ ဒါမှမဟုတ် ခင်ဗျားကိုသတ်ပြီး ဂိုဏ်းက အပြစ်ပေးလာမှာကို စောင့်ရင် ကောင်းမလား။ ကျုပ်သာ ခင်ဗျားကို လွှတ်ပေးရင် ကျုပ်ကို ပြဿနာ လာမရှာဘူးဆိုတဲ့ စကားမျိုးတော့ လာမပြောနဲ့နော်။ ဘယ်အရူးမှ အဲ့စကားကို ယုံမှာမဟုတ်ဘူး”
ထိုစကားကို ကြားသည့်အခါ ကျိုးရီ၏ မျက်နှာကြီး မှုန်ကုတ်သွားခဲ့လေသည်။ သူ့အနေဖြင့် ရန်ကိုင့်၏ မေးခွန်းကို မည်သို့ ပြန်ဖြေရမှန်းမသိ။
“မေ့လိုက်တော့” ရုတ်တရက် ရန်ကိုင်က ၀မ်းသာအားရ ရယ်မောလျက် ပြောလိုက်၏ “နောက်ဖြစ်လာမယ့် ကိစ္စကို နောက်မှပဲ စဉ်းစားတော့မယ်။ အခုလောလောဆယ်တော့ ဒီက ကိစ္စကို အရင် ရှင်းကြတာပေါ့”
ပြောပြီးသည်နှင့် ချူဖေးနှင့် သူ့အပေါင်းအပါများ ဘက်သို့ လှည့်၍ အေးစက်စက် အမူအရာဖြင့် ပြောလိုက်လေသည်။
“ဒီနေ့ အခုလို ဖြစ်လာရတာတွေ အကုန်လုံးရဲ့ အဓိက တရားခံက မင်းတို့သုံးယောက်ပဲ။ မင်းတို့ကြောင့်ပဲ ငါရေခဲချောက်ကမ်းပါးမှာ အကျဉ်းချခံရတာ။ မင်းတို့ကြောင့်ပဲ ငါအခုလို ပြဿနာနဲ့ ထပ်ကြုံရတာ။ ဒီတော့ မင်းနဲ့ပဲ အရင်ဆုံး စာရှင်းစရှင်းရတာပေါ့”
“ဒူးထောက်ပြီး မင်းတို့ပါး မင်းတို့ပြန်ရိုက်။ ပြီးရင် မင်းတို့က ၀က်တွေဖြစ်ပါတယ်ဆိုပြီး ထိုင်အော်။ မအော်ရင် ငါသူ့ကို ချက်ချင်းသတ်ပစ်လိုက်မယ်”
ထိုစကားထွက်လာသည်နှင့် ချူဖေးနှင့် သူ့အပေါင်းအပါများ၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားလေသည်။
“မင်း..မင်းလွန်မလာနဲ့နော်” ချူဖေး ထအော်လေ၏။
ဤနေရာသည် အတော်လေးကို ချောင်ကျပြီး လူသူ အရောက်အပေါက်နည်းသော်လည်း သူသာ ရန်ကိုင် ပြောသည့်အတိုင်း လုပ်လိုက်လျှင် နောက်ပိုင်း မည်သည့် မျက်နှာနှင့် လူရှေ့ ထွက်ရမည်နည်။ သူယခုကဲ့သို့ လုပ်သည့်အကြောင်းသာ သတင်းပျံ့သွားလျင် သူသည် တပည့်များကြား ရယ်စရာ ဖြစ်လာပေလိမ့်မည်။
“ဒီလိုတော့ အရှက်ကွဲမခံဘူး။ အသေပဲခံလိုက်မယ်” တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူကလည်း ဒေါသတကြီး ပြန်အော်လိုက်လေသည်။
“တစ်ကယ်လား”
ရန်ကိုင်သည် ယဲ့ယဲ့လေး ပြုံးလိုက်ပြီးနောက် ကျိုးရီအား လှည့်ကြည့်ကာ တစ်ချိန်ထဲတွင် သူ့လက်ကို နည်းနည်း တင်းလိုက်ရင်း ပြောလိုက်လေ၏။
“စီနီယာအစ်ကို၊ စီနီယာအကိုချူက မလုပ်ချင်ဘူးတဲ့။ ဒီတော့ ဘာလုပ်ကြမလဲ။ ဂျူနီယာက စီနီယာနဲ့ အလုပ်ရှုပ်နေတော့ သူတို့ကိုလည်း သွားတွန်းအား ပေးလို့မရဘူး။ ဘယ်လိုလုပ်သင့်လည်း။ ဒီက ကိစ္စကိုပဲ အရင်ရှင်းပြီးတော့မှပဲ သူတို့ဆီသွားလိုက်ရမလား”
ကျိုးရီ၏ နဖူးထက် ချွေးသီးများ စီးကျလာခဲ့လေသည်။ ရန်ကိုင် သူ့နှလုံးသား ညှစ်ထားသည့် တင်းအားမှာ ပိုပို၍ အားကောင်းလာနေသည်ကို ကျိုးရီ ခံစားမိနေသည်။
ထို့ကြောင့် ချူဖေးနှင့် တခြားသူများဘက်သို့လှည့်၍ ဒေါသတကြီး လှမ်းအော်လေသည်။
“ဟျောင့်တွေ အခုကိစ္စက မင်းတို့သုံးယောက်ကြောင့် ဖြစ်လာတာ။ ဘာမှ မသိချင်ယောင်ဆောင်မနေနဲ့။ ငါသေရင် သေသွားရလိမ့်မယ်။ ဒါပေမဲ့ ငါသာ လွတ်သွားခဲ့ရင်တော့ မင်းတို့ ဘယ်လိုဖြစ်လာမလဲ သိထားကြနော်”
ကျိုးရီ၏ စကားကိုကြားပြီနောက် ချူဖေးတို့ သုံးယောက်စလုံး ဖြူဖတ်ဖြူလျော် ဖြစ်သွားကြလေသည်။ ထို့နောက် သုံးယောက်စလုံးသည် ရန်ကိုင့်အား မုန်းလည်းမုန်း၊ အသနားခံသည့် အကြည့်မျိုးဖြင့်လည်း လှည့်ကြည့်လာခဲ့လေ၏။ ရန်ကိုင်ကမူ မသိချင်ယောင်သာ ဆောင်နေခဲ့သည်။
“မင်းတို့ အခုထိ ဒူးမထောက်သေးဘူးလား” ကျိုးရီက လှမ်းအော်ပြောလိုက်သည်။
ထိုအခါ ချူဖေးနှင့် ကျန်သုံးယောက်သည် ဆက်၍ တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်း ဒူးထောက်လိုက်ကြလေသည်။ သူတို့၏ မျက်နှာများမှာတော့ သံပုရာသီး ကိုက်ထားရသည့်နှယ် ရှုံ့မဲ့နေကြသည်။
သူတို့တစ်သက် ဤကဲ့သို့ တစ်ခါမှ အရှက်မရဖူးချေ။ မည်သို့ပင် ဖြစ်စေကာမူ သူတို့သည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူများ ဖြစ်နေဆဲပင်။ တိုက်ခိုက်ပြီး ဒဏ်ရာရသည်မှာလည်း သူတို့အတွက် သာမန် ကိစ္စတစ်ခုသာ ဖြစ်သည်။ သို့သော်လည်း သူတို့ဘ၀တွင် မည်သည့်အခါကများ ယခုကဲ့သို့ ဒူးထောက်ရန် တွန်းအား ပေးခံခဲ့ရဖူးသနည်း။
အကုန်လုံးသည် ဒူးထောက်နေရင်း ရန်ကိုင့်၏ ဆွေစဉ်မျိုးဆက်အားလုံးကို ကြိတ်၍ ကျိန်ဆဲနေလေသည်။ နောက်ပိုင်းတွင် ဤအရှက်ရမှုအပေါ် အဆတစ်ရာခန့် ပြန်ပေးစပ်ခိုင်း ရမည်ဟုလည်း စိတ်ထဲကြုံးဝါးနေခဲ့သည်။
“ငါဘာဖြစ်လို့ ပါးရိုက်သံတွေ မကြားရသေးတာလဲ” ရန်ကိုင်သည် ချူဖေးတို့ဘက် လှည့်၍ နားမလည်နိုင်စွာဖြင့် ပြောလိုက်လေသည်။
ကျိုးရီသည် ချူဖေးတို့အား စူးရဲစွာ စိုက်ကြည့်လိုက်သည်။
“ဖြန်း..ဖြန်း..ဖြန်း..ဖြန်း..ဖြန်း”
ချူဖေးနှင့် အပေါင်းအပါများသည် သူတို့ပါးကို စရိုက်ကြတော့လေ၏။
“ကျန်သေးတယ်လေ” ရန်ကိုင်က လှမ်းပြောလိုက်သည်။
ချူဖေးစိတ်ထဲ ထရပ်ပြီး ရန်ကိုင့်အား ပြေးရိုက်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာခဲ့လေသည်။ သူ့ခဗျာ ဒေါသထွက်လွန်း၍ သတိပင် လစ်ချင်လာခဲ့သည်။ သို့ရာတွင် ကျိုးရီပြောခဲ့သည့် စကားကို ပြန်စဉ်းစားမိသည့် အခါ ဆက်၍ တုန့်ဆိုင်းမနေရဲတော့ဘဲ အံကိုကြိတ်၍ အော်ပြောလိုက်လေသည် “ကျုပ်က ၀က်တစ်ကောင်ပါ”
ချူဖေးပင် စလုပ်နေပြီဖြစ်ရာ ကျန်နှစ်ယောက်ကရော မည်ကဲ့သို့များ ဆက်ပြီး ငြိမ်နေရဲဦးမည်နည်။ ချူဖေး ပြောသည့်အတိုင်း လိုက်ပြောကြလေသည်။
ဤသို့ဖြင့် ငှက်မွှေးပြာဂိုဏ်း၏ တပည့်သုံးယောက်သည် မြေပြင်ပေါ်တွင် ဒူးထောက်၊ ကိုယ့်ပါးကိုယ် ရိုက်ရင်း၊ သူတို့ကိုယ်သူတို့ ၀က်ဟု အော်ပြောနေကြလေ၏။ ဤကဲ့သို့ အရှက်ခွဲခံရသည်မှာ နှိပ်စက်ခံရသည်ထက်ပင် အဆများစွာ ပိုဆိုးပေသည်။
“ကျုပ်တို့ ဂျူနီယာရန်ကို ရန်မစခဲ့သင့်ပါဘူး။ ကျုပ်က ၀က်တစ်ကောင်ပါ”
“ကျုပ်က ၀က်တစ်ကောင်ပါ။ ဂျူနီယာရန် ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ”
“ကောင်းတယ်။ ကောင်းတယ်” ရန်ကိုင်သည် ထိုမြင်ကွင်းကိုကြည့်ရင်း ရယ်မောလျက် “မင်းတို့ ရိုက်ချက်တွေသာ နည်းနည်းလေး ပိုအားပါရင် ပိုပြီးတော့တောင် ကောင်းဦးမှာ”
“အဲ့လောက်ဆို လုံလောက်ပြီလား” ကျိုးရီသည် အံကို တင်းတင်းကြိတ်ရင်း ရန်ကိုင့်အား အေးစက်စွာ စိုက်ကြည့်၍ မေးလိုက်လေသည်။
“စီနီယာအကိုက တစ်ကယ်ကြောက်ဖို့ကောင်းတာပဲ” ရန်ကိုင်က ရုတ်တရက် တုန်လှုပ်နေသည့် အမူအရာဖြင့် “စီနီယာအကို၊ ဂျူနီယာကို ကြောက်အောင်မလုပ်နဲ့နော်။ ဂျူနီယာသာ ကြောက်ကြောက်နဲ့ လက်ထဲ မတော်တဆ အားစိုက်မိသွားရင် စီနီယာရဲ့ နှလုံးကို တစ်စစီ….”
ကျိုးရီသည် မျက်လုံးကို ပိတ်လျက် အသက်ပြင်းပြင်း ရှူသွင်းလိုက်လေသည်။ သူမျက်လုံး ပြန်ဖွင့်လိုက်ချိန်တွင် သူ့မျက်လုံးထဲ မည်သည့် ဒေါသမှ ရှိမနေတော့ပေ။ ထို့နောက် ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည်။
“ဂျူနီယာညီ၊ စီနီယာအကို မသိလိုက်လို့ မင်းကို ပြဿနာ လာရှာမိသလို ဖြစ်သွားတယ်။ ကျေးဇူးပြုပြီး ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်တော့ပါလား။ ငါတို့တွေက တစ်ဂိုဏ်းတည်းသားတွေပဲ။ အခုလိုတွေ မလုပ်သင့်ပါဘူး”
သူပြောလို့ မပြီးသေးခင်မှာပင် ရန်ကိုင်သည် ဘယ်ဘက်လက်ကို မြှောက်၍ သူ့ပါးအား ရိုက်ချလိုက်လေသည်။
“ဖြန်း…”
ကျိုးရီ၏ ပါးအထက် လက်ဝါးရာကြီး ပေါ်လာလေသည်။ သူ့သွားအချို့ပင် လွင့်ထွက်သွားလေသည်။
“အခုမှ တစ်ဂိုဏ်းတည်းသားတွေ လာပြောနေတယ်ပေါ့။ မင်းငါ့ကို တိုက်ခိုက်ဖို့ လုပ်တုန်းက ဘာလို့ အဲ့အကြောင်းကို ကြိုမတွေးခဲ့တာလဲ”
“မင်း..မင်း”
“ဘာကို မင်းလဲ” ရန်ကိုင်သည် ကျိုးရီ၏ ပါးကို ထပ်ရိုက်လေသည်။
ကျိုးရီမှာ ခုခံလိုက်မိချင်သော်ငြား ရန်ကိုင် သူ့နှလုံးသား ဆုပ်ကိုင် ထားသည်ကို ပြန်တွေးမိလိုက်သော် ထိန်လန့် တုန်လှုပ်သွားပြီး ပြန်မခုခံရဲတော့ပေ။ ရန်ကိုင်မှ သူ့ပါးအား တစ်ချက်ပြီးတစ်ချက် ရိုက်နေသည်ကို အံကြိတ်၏ ငြိမ်ခံနေရုံသာ တတ်နိုင်ခဲ့သည်။
“မင်း နောက်တစ်ခွန်း ထပ်ပြောရဲ ထပ်ပြောကြည့်” ငါနောက်တစ်ချက် ထပ်ရိုက်မှာ။ မင်းဘာကြည့်တာလဲ။ အခုလိုမျိုး ဆက်ကြည့်နေမယ်ဆိုရင် ငါမင်းမျက်နှာကို ဆောင့်ထိုးတော့မှာနော်” ပြောရင်း ရန်ကိုင်သည် ကျိုးရီ၏ မျက်နှာကို ပိတ်ထိုးချလိုက်လေသည်။
ယခုမှပဲ ကျိုးရီ လုံး၀ ပါးစပ်ပိတ်သွားတော့၏။ ရန်ကိုင်သည် လုံး၀ကို အရူးတစ်ယောက်ဖြစ်မှန်း နားလည်သွားပြီးနောက် ရန်ကိုင့်အား ထပ်ပြီး ရန်မစတော့ချေ။ သူသာ ဒေါသထွက်ပြနေဦးမည် ဆိုလျှင် ရန်ကိုင်ကလည်း ပို၍ ရက်စက်လာပေလိမ့်မည်။
ရွေးချယ်စရာ မရှိတော့သည်နှင့် ကျိုးရီမှာ သူ့ခေါင်းကိုသာ အောက်ငုံ့ထားရသည်။ သို့သော်လည်း သူ့စိတ်ထဲတွင်တော့ ရန်ကိုင့် လက်ထဲမှာ လွတ်သွားပါက နောက်ပိုင်း ရန်ကိုင့်အား မည်သို့ နှိပ်စက်ရမလဲဆိုသည်နှင့် ပတ်သတ်၍ စတင် စဉ်းစားနေခဲ့လေသည်။
“ရှန်းယွင် နင့်ကို ထိခိုက်အောင်လုပ်တာ သူလား” ရန်ကိုင်က ရုတ်တရက် မေးလိုက်လေသည်။
လျို့ရှန်းယွင်၏ အမူအရာ ပြောင်းလဲသွားလေသည်။ ပါးစပ်ကိုဟ၍ တစ်ခုခုပြောလိုက်ချင်သော်ငြား နောက်ဆုံးတွင် ခေါင်းသာ ငြိမ့်လိုက်သည်။ ရန်ကိုင့် အနေဖြင့် ဦးနှောက်ခြောက်ခံပြီး စဉ်းစားနေစရာ မလိုခဲ့။
လျို့ရှန်းယွင်၏ ခွန်အားအကြောင်း သူကောင်းကောင်း သိပေသည်။ ချူဖေးအနေဖြင့် လျို့ရှန်းယွင်ကို ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့ လုပ်နိုင်သည့် လူဆို၍ သူတို့ လေးယောက်ထဲတွင် ကျိုးရီ တစ်ယောက်သာ ရှိသည်။ ရန်ကိုင်က ခေါင်းညိတ်၍ ညစ်ကျယ်ကျယ် ပြုံးလျက် “စီနီယာအကိုတစ်ဦး ဖြစ်လျက်နဲ့ ဂိုဏ်းထဲ အခုမှ၀င်လာတဲ့ ဂျူနီယာနှစ်ယောက်ကို ကာကွယ် စောင့်ရှောက်ပေးဖို့ မကြိုးစားဘူး။ ဝါစဉ်မြင့်တယ်၊ ကျင့်ကြံခြင်းမြင့်တယ်ဆိုပြီး အနိုင်တောင် ကျင့်လိုက်သေးတယ်။ စီနီယာအစ်ကိုကျိုးရီက တကယ်ကို စံနမူနာ ယူထိုက်တဲ့ လူတစ်ယောက်ပဲ”
စကားဆုံးသွားသည်နှင့် ရန်ကိုင်သည် ကျိုးရီအား နောက်တစ်ကြိမ် ထပ်ထိုးလေသည်။ ကျိုးရီမှာ မခုခံရဲသဖြင့် ရန်ကိုင်သူ့အား ထိုးကြိတ်နေသည်ကို အံကြိတ်၍ သည်းခံနေရုံသာ တတ်နိုင်ခဲ့သည်။ ရန်ကိုင်၏ ကျင့်ကြံခြင်းမှာ သူ့ထက် တစ်ဆင့်နိမ့်သော်ငြား ရန်ကိုင်၏ ရုပ်ခွန်အားမှာတော့ ပေါ့သေးသေး မဟုတ်။
လက်သီး တစ်ချက်ပြီးတစ်ချက် အထိုးခံရပေါင်းများသော် ကျိုးရီ၏ မျက်နှာကြီး ဖူးယောင် ကိုင်းလာလေသည်။ ရုတ်တရက် ကျိုးရီသည် အေးစက်စက် လေသံဖြင့် အော်ရယ်လျက် ထအော်ပြောလေ၏။
“ကောင်လေး မင်းဒီနေ့ ငါ့ကို ရအောင်သတ်နော်။ မသတ်နိုင်ရင်ဘူးဆိုရင်တော့ နောက်ပိုင်း မင်းနဲ့ငါ တွေ့ပြီပေါ့ကွာ”
ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်လေသည်။ ထို့နောက် အေးစက်စက် အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။
“စိတ်မပူနဲ့ ကျုပ်မသေခင် ခင်ဗျားကို ရအောင် သတ်သွားမှာ”
ထိုစဉ် သူတို့ ရှိနေသည့်နေရာသို့ ပညာရှင်တစ်ဦး လျင်မြန်စွာ လာနေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ သူတို့ပြဿနာ စဖြစ်သည်မှာ အတော်လေးကြာနေပြီ ဖြစ်သည့်အတွက် ဤအကြောင်းသည် ငှက်မွှေးပြာဂိုဏ်းထဲ သတင်းပျံ့သွားလောက်ပေပြီ။
ထို့ကြောင့် အနှေးနှင့် အမြန်ဆိုသလို တစ်ယောက်ယောက် ရောက်လာလိမ့်မည်ဟု ရန်ကိုင် မျှော်လင့်ထားပြီးသားပင်။ ရန်ကိုင် မမျှော်လင့်ထားသည်မှာ ရောက်လာသည့်သူသည် အလွန်အားကောင်းသည့် လူတစ်ဦး ဖြစ်နေမည် ဟူသောအချက်ပင်။ အလွန်ဝေးကွာနေသည့်တိုင် ထိုလူဆီမှ ဖြာထွက်နေသည့် အရှိန်အဝါကို ရန်ကိုင် ခံစားနေရသည်။ ထိုလူ၏ ခွန်အားသည် ပိရန်ယုချင်းအောက် နိမ့်ကျခြင်း မရှိပေ။
‘ဘယ်ပညာရှင် ရောက်လာတာလဲ’ ရန်ကိုင် မျက်နှာပျက်သွားလေသည်။
လျို့ရှန်းယွင်သည်လည်း ထိုပညာရှင်ကို သတိပြုမိလိုက်လေသည်။ ထို့ကြောင့် ရန်ကိုင့်အား စိုးရိမ်တကြီး လှမ်း၍ ကြည့်လိုက်လေသည်။ ရန်ကိုင် ယခုတစ်ကြိမ် ပြဿနာ ရှာသည်မှာ တော်တော်လေးကို ဆိုးရွားပေသည်။
ချူဖေးနှင့် သူ့အပေါင်းအပါ နှစ်ယောက်မှာတော့ ထိုအချက်ကို သတိမပြုမိသေးဘဲ မြေကြီးပေါ်ဒူးထောက်၍ သူတို့မျက်နှာသူတို့ ပါးရိုက်ရင်း၊ သူတို့ကိုယ်သူတို့ ၀က်ဟု အော်နေကြသည်။ ခနအကြာတွင် အလင်းတန်းတစ်ခု ရောက်လာပြီး ရန်ကိုင်တို့အဖွဲ့နှင့် မနီးမဝေးတွင် ရပ်တန့်လိုက်လေသည်။
ထိုအလင်းတန်း ပျောက်ကွယ်သွားချိန် လူရိပ်များစွာ ထွက်ပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ်ရာ ဖိအား တစ်ရပ်သည် ကောင်းကင်မှ ပြိုဆင်းကျလာခဲ့သည်။ ထိုဖိအားကြောင့် အကုန်လုံးမှာ အသက်ပင် ကောင်းကောင်း မရှူနိုင် ဖြစ်လာကြလေသည်။