← Chapters

အခန်း (၁၉၆၁-၁၉၆၅)

Vol. 79 Ch. 1961-1965

အခန်း (၁၉၆၁-၁၉၆၅)

Vol. 79 Ch. 1961-1965

အပိုင်း (၁၉၆၁)

ဦးဆောင်လာသည့်လူမှာ တစ်ခေါင်းလုံး ဖြူဖွေးနေသည့် လူအိုကြီးတစ်ဦး ဖြစ်သည်။ သူ့နောက်တွင် တန်ခိုးရှင်ဘုရင်အဆင့်၊ တာအိုသခင်အဆင့် စသည့် ကျင့်ကြံခြင်း အမျိုးမျိုးရှိကြသော အမျိုးသား၊ အမျိုးသမီးများ လိုက်ပါလာကြသည်။

လက်ရှိတွင် အကုန်လုံးသည် ရန်ကိုင့်အား အံအားသင့်နေသည့် အမူအရာများဖြင့် ကြည့်နေကြသည်။

ထိုလူအိုကြီးကို မြင်သွားသောအခါ ကျိုးရီ အလွန်ပျော်သွားပြီး အလျင်စလို လှမ်းအော်ပြောလေသည်။

“ကာကွယ်သူမြောင် ကျုပ်ကို ကယ်ပါဦး”

“ကာကွယ်သူမြောင်..” ရန်ကိုင် မျက်ခုံးပင့်သွားလေသည်။

မြောင်ချီ သည် ငှက်မွှေးပြာဂိုဏ်း၏ ကာကွယ်သူလေးဦးအနက် တစ်ဦးဖြစ်ပြီး တာအိုသခင် တတိယအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားလေသည်။ သူကဲ့သို့သော ပညာရှင်တစ်ဦးသာ ရန်ကိုင့်အား တိုက်ခိုက်လာပါက ရန်ကိုင့်အနေဖြင့် မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ဤကိစ္စကို မြင်ပြီးနောက် ကာကွယ်သူမြောင် မည်ကဲ့သို့ တုန့်ပြန်မည်ကို သူမသိပေ။ အကယ်၍ ကာကွယ်သူမြောင်သာ ကျိုးရီကို မျက်နှာသာ ပေးမည်ဆိုလျှင်တော့ ရန်ကိုင့်အနေဖြင့် အင်းစက်ဘုရင်မကို လွှတ်ပေးပြီး တစ်ဂိုဏ်းလုံး ပြဿနာ တက်သွားအောင် လုပ်ပစ်ရန် စဉ်းစားထားလေသည်။

အင်းစက်ဘုရင်မသည် တာအိုသခင် ပထမအဆင့် ကျင့်ကြံသူတစ်ဦး၏ ခွန်အားကိုသာ ထုတ်သုံးနိုင်သော်ငြား ၎င်း၏ တောင့်တင်းခိုင်မာသော အခြေခံအုတ်မြစ်ကြောင့် မြောင်ချီအား အနည်းငယ်တော့ ထိန်းထားနိုင်ပေလိမ့်မည်။

ရန်ကိုင့်အနေဖြင့် ထိုအခွင့်အရေးကို အမိအရ ဖမ်းဆုပ်၏ လျို့ရှန်းယွင်နှင့်အတူ ထွက်ပြေးနိုင်ပေသည်။ သူလွတ်နိုင် မလွတ်နိုင် ဆိုသည်မှာတော့ သူ့ကိုယ်ပိုင် စွမ်းအားအပေါ်တွင်သာ မူတည်သွားလေပြီ။

ထိုကဲ့သို့ စဉ်းစားလိုက်ပြီးနောက်တွင် ရန်ကိုင်သည် သူ့စိတ်အခြေအနေကို ထိန်းချုပ်၍ မြောင်ချီအား အကြောက်အရွံ့ကင်းမဲ့စွာ ပြန်စိုက်ကြည့်လိုက်သည်။

မြောင်ချီသည် သူရှေ့ရှိ မြင်ကွင်းကို အံအားသင့်တကြီး ကြည့်နေခဲ့လေသည်။

ရန်ကိုင်နှင့် ကျိုးရီတို့ကြားရှိ ခွန်အား ကွာခြားချက်အရ တစ်ကယ်ဖြစ်သင့်သည်မှာ ကျိုးရီမှ ရန်ကိုင့်အား အလွယ်တကူ ဖိနှိပ်လိုက်ခြင်းပင်။ သို့သော်လည်း လက်ရှိအချိန်တွင်တော့ ကျိုးရီမှာ ရန်ကိုင့်လက်တွင်းသို့ ရောက်နေခဲ့သည်။ သူအသက်ရှင်၊မရှင်သည် ရန်ကိုင်၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်နေလေသည်။

ချူဖေးနှင့် သူ့အပေါင်းအပါများမှာတော့ အလွန်ကိုမှ အခြေအနေဆိုးရွားနေသည့်အတွက် မြောင်ချီသည် သူတို့အား တစ်ကြိမ်ကြည့်သွားပြီးနောက် ထပ်လှည့် မကြည့်တော့ပေ။

“ကာကွယ်သူမြောင် ကူညီပါဦး” ချူဖေးနှင့် တခြားသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် လှမ်းအကူအညီ တောင်းလိုက်ကြလေသည်။

မြောင်ချီကို မြင်ပြီးနောက် သူတို့ရင်ထဲ မျှော်လင့်ချက် အရိပ်အရောင်တို့ ပေါ်လာခဲ့သည်။ အစောပိုင်းက ရန်ကိုင်၏ ခြိမ်းချောက်စကားကို လုံး၀မမှုတော့ဘဲ အလျင်အလို မတ်တပ်ရပ်ကာ ကူညီပေးရန် တောင်းဆိုကြလေသည်။

မြောင်ချီကမူ ဘာစကားမှ ပြန်မပြောဘဲ ကောင်းကင်စိတ်အာရုံကို သုံး၍သာ ရန်ကိုင့်အား ထပ်တလဲလဲ စစ်ဆေးကြည့်နေခဲ့သည်။ ထိုစဉ် မြောင်ချီ၏ နောက်တွင် ရပ်နေသော သက်လတ်ပိုင်း လူကြီးတစ်ဦးသည် ရှေ့သို့ထွက်လာပြီး အေးစက်စက် အမူအရာဖြင့် မေးလိုက်လေသည် “ဒီမှာ ဘာတွေဖြစ်နေတာလဲ”

ထိုလူ မည်သူမှန်း ချူဖေးနှင့် တခြားသူများ အားလုံး သိလိုက်ကြသည်။ ထို့ကြောင့် လက်သီး‌ဆုပ်၍ အလျင်အမြန် ပြန်ပြောလိုက်သည်။

“ကိစ္စက ဒီလိုပါ စီနီယာအကိုဖုန်း။ ကျုပ်နဲ့ ရန်ကိုင်ကြားမှာ ရန်ညှိုးရန်စလေး နည်းနည်းရှိခဲ့ဖူးပါတယ်။ အခု သူ‌ ရေခဲချောက်ကမ်းပါးက ပြန်လာတယ်ကြားတော့ တောင်းပန်ဖို့ လာခဲ့တာပါ။ ဒါပေမဲ့ ကျုပ်တို့ဘက်က ဘာမှတောင် မပြောရသေးဘူး ဂျူနီယာရန်က စိတ်ရူးပေါက်ပြီး ကျုပ်တို့ကို တိုက်ခိုက်တော့တာပဲ။ အလစ်အငိုက် တိုက်ခိုက်ခံလိုက်ရတော့ ကျုပ်တို့ အားလုံးလည်း အခုလိုဖြစ်သွားခဲ့ရတာပါ။ ကျေးဇူးပြုပြီး ကျုပ်တို့အတွက် တရားမျှတမှု ရှာပေးပါဦး စီနီယာအကိုဖုန်း နဲ့ ကာကွယ်သူမြောင်”

ချူဖေးပြောသည်ကို ကြားပြီးနောက် ရန်ကိုင် ကြောင်သွားလေသည်။ ကြောင်ကို လိပ်ဖြစ်အောင် ပြောနိုင်သော ချူဖေး၏ ပြောရည်ဆိုရည်ကိုပင် ရန်ကိုင် အထင်ကြီးမိသွားခဲ့သည်။ စီနီယာအစ်ကိုဖုန်းသည် ဘာမှ ပြန်မပြောသေးဘဲ မျက်မှောင်ကြုတ်၍ ထပ်မေးလိုက်သည်။

“ဒါဆို ဂျူနီယာ ကျိုးကရော ဘာဖြစ်သွားတာလဲ”

ချူဖေးသည် ချက်ချင်းပဲ ရန်ကိုင့်အား လက်ညိုး ငေါက်ငေါက် ထိုးရင်း အော်ပြောလေ၏။

“အဲ့ကောင်လေ၊ အဲ့ကောင်… စီနီယာအစ်ကိုကျိုးက ဒီနားက ဖြတ်သွားရင် ကျုပ်တို့ အနိုင်ကျင့်ခံနေရတာကို မြင်လို့ ဝင်တားတာ။ အဲ့ဒါကို အဲ့ကောင်က သူမှားပါတယ် ဆိုပြီး တောင်းပန်ဖို့ လုပ်တယ်။ စီနီယာအစ်ကိုကျိုးကလည်း သူတကယ် မလုပ်တော့ဘူးအထင်နဲ့ သတိလက်လွတ် နေလိုက်မိတာ။ အဲ့ဒါကို အခွင့်ကောင်းယူက အဲ့ကောင်က စီနီယာအစ်ကိုကျိုးကို ရုတ်တရက်ကြီး ထတိုက်ခိုက်တယ်လေ။ စီနီယာအစ်ကိုကျိုလည်း ရုတ်တရက်ကြီး ဖြစ်သွားတော့ လုံးဝ မခုခံလိုက်နိုင်ဘဲ အခုလိုတွေ ဖြစ်သွားရတာပါ”

ချူဖေးသည် ထိုကဲ့သို့ ပြောနေရင်းမှ ရှိုက်ကြီး တငင်ငင် ငိုကြွေးနေခဲ့သည်။ ကျိုးရီသည် အစအဆုံး စကားတစ်ခွန်းမှ ၀င်မပြောခဲ့သော်လည်း သူသည် ချူဖေးပြောသကဲ့သို့ပင် မတရား ခံလိုက်ရသည့် အပြုအမူမျိုး လုပ်ပြနေခဲ့သည်။

“အပိုတွေ” ချူဖေး၏ ပေါက်လွှတ်ပဲစား စကားများကို သည်းမခံနိုင်တော့သည့်အဆုံး လျို့ရှန်းယွင်သည် ဒေါသတကြီး အော်ပြောလိုက်လေသည်။

“နင်တို့ဘာသာ စီနီယာ အကိုကျိုးရီကို အားကိုးပြီး ငါတို့ကို လာပြဿနာရှာတာ မဟုတ်ဘူးလား။ အခုဒီလိုတွေ ဖြစ်တော့မှ..”

“ရှန်းယွင်၊ ရှင်းပြမနေနဲ့” ရန်ကိုင်က ချူဖေးဘက် လှည့်၍ ဆက်ပြောလိုက်လေသည်။

“မှန်လား မှားလားကို ကာကွယ်သူမြောင် ပဲဆုံးဖြတ် လိမ့်မယ်”

“ဒါပေမဲ့..” လျို့ရှန်းယွင်မှာ တစ်ခုခု ပြောချင်သော်ငြား ရန်ကိုင်၏ အကြည့်ကိုမြင်သော် သက်ပြင်းချ၍သာ ပါးစပ်ပိတ်ထားလိုက်လေသည်။

ယနေ့ကိစ္စ၏ ဆုံးဖြတ်ချက်သည် ကာကွယ်သူမြောင် အပေါ် မူတည်နေလေသည်။ ချူဖေး မှန်မှန်မှားမှား ကာကွယ်သူမြောင်သာ ကျိုးရီအား မျက်နှာသာ ပေးမည်ဆိုလျှင် သူလိမ်ပြောနေလျှင်ပင် အမှန်ဟု ယုံကြည်ပေလိမ့်မည်။ အကယ်၍ ကာကွယ်သူမြောင်သာ တရားမျှတသူတစ်ဦး ဆိုလျှင်တော့ သူတို့အနေဖြင့် ဘာမှရှင်းပြနေစရာ လိုလိမ့်မည် မဟုတ်။ အကုန်လုံးသည် မြောင်ချီ၏ သဘောထားပေါ်တွင်သာ မူတည်နေပေသည်။

“ရှင်းပြစရာ မလိုဘူး။ ဟုတ်လား။ ဘာလဲ မင်းလိပ်ပြာမင်း မလုံတာလား။ အဲ့တာကြောင့် ရှင်းပြစရာ မလိုတော့ဘူးလို့ ပြောနေတာလား”

အစောပိုင်းက ကြောက်လှပါပြီ ဖြစ်နေကြသော ချူဖေးတို့ အဖွဲ့သည် ကာကွယ်သူမြောင်ချီတို့အဖွဲ့ ရောက်လာပြီးနောက်တွင် မတရားခံရသည့်ပုံစံမျိုး လုပ်ပြရင်း ရဲရဲဝံ့ဝံ့ ရှေ့ထွက်ပြောဆိုနေကြလေသည်။ ရန်ကိုင်ကမူ ထိုမြင်ကွင်းကိုကြည့်ရင်း လှောင်ပြုံးသာ ပြုံးနေခဲ့သည်။

ကောင်းကင်ထက်တွင် ရပ်နေသော စီနီယာအစ်ကိုဖုန်း ဆိုသူသည် မျက်မှောင်ကြုတ်၍ အော်ပြောလိုက်လေ၏။

“ပါးစပ်ပိတ်ထားကြစမ်း”

ချူဖေး အလျင်စလို ပါးစပ် ပိတ်လိုက်၏။ စီနီယာ အစ်ကိုဖုန်း ဆိုသူသည် ရန်ကိုင့်အား ကြည့်၍ ပြောလိုက်သည် “မင်းက ဟိုတစ်လောကမှ ဂိုဏ်းထဲ၀င်ထားတဲ့ တပည့်မလား”

“ဟုတ်ပါတယ်။ ရန်ကိုင် စီနီယာအကိုနဲ့ ကာကွယ်သူမြောင်တို့ကို နှုတ်ဆက်ပါတယ်။ ဂျူနီယာလက်က မအားသေးလို့ ကာကွယ်သူမြောင်တို့ကို သေချာ မနှုတ်ဆက်နိုင်တာကို ခွင့်လွှတ်ပေးပါ” ရန်ကိုင်သည် နှိမ့်ချခြင်း မောက်မာခြင်း မရှိသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

စီနီယာအစ်ကိုဖုန်းဆိုသူက လှောင်ပြုံးပြုံးလျက် “မင်း အကြောင်းတွေငါကြားဖူးတယ်။ မင်းသတ္တိက တစ်ကယ်မသေးပါလားကွ။ ဂိုဏ်းထဲ၀င်ထားတာတောင် မကြာသေးဘူး ပြဿနာတွေ တစ်ခုပြီးတစ်ခု လိုက်ရှာပြီးနေပြီ။ ရန်ရှို့ရန် ရဲ့ ရတနာခိုးမြွေလည်း မင်းသတ်ပစ်လိုက်တယ်ဆို။ ပြီတော့ ကာကွယ်သူ ပိရန်ရဲ့ ရေခဲချောက်ကမ်းပါးမှာ အကျဉ်းချတာကိုလဲ ခံလိုက်ရသေးတယ်ဆို။ အခုပြန်ရောက်တာနဲ့ ထပ်ပြီး ပြဿနာရှာနေတယ်ပေါ့”

ရန်ကိုင်သည် မျက်ခုံးပင့်လျက် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်လေ၏။

“သစ်ပင်ကတော့ သူဘာသာ ငြိမ်နေပေမဲ့ လေကတော့ တိုက်နေမှာပဲလေ စီနီယာအစ်ကို”

“ရဲတင်းလိုက်တာ” စီနီယာအစ်ကိုဖုန်းက ဒေါသတကြီး ပြန်အော်ပြောလေသည်

“ဂိုဏ်းထဲ၀င်ထားတာတောင် မကြာသေးဘဲ စည်းမျဉ်းစည်းကမ်းတွေကို လျစ်လျူရှုပြီး နေရာတိုင်းမှာ ပြဿနာရှာနေတာ။ ကြည့်ရတာ မင်းကို တစ်ကယ် ကယ်လို့မရတော့ဘူးနဲ့ တူတယ်”

ရန်ကိုင်၏ မျက်နှာ ရုတ်ချည်း အေးစက်သွားပြီး အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။

“စီနီယာ အကိုဖုန်းပဲ မျက်နှာလိုက်နေတာ မဟုတ်ဘူးလား။ အကြောင်းစုံကို ဘာမှမသိဘဲ ကျုပ်ကို အခုလိုတွေ လာပြောနေတာလေ”

“စီနီယာအစ်ကိုက သင်ပြပေးနေတာကို မင်းက ပြန်ပြောရဲတာလား” စီနီယာ အစ်ကိုဖုန်းသည် ဒေါသထွက်သွားပြီး ရန်ကိုင့်အား ချက်ချင်း ထတိုက်ခိုက်တော့မလို လုပ်လာခဲ့လေသည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် မျက်နှာပျက်သွားခဲ့သည်။ စီနီယာ အစ်ကိုဖုန်းသည် ကာကွယ်သူ မြောင်၏ သဘောထားကို ကိုယ်စားပြုသည် ဆိုပါက ယနေ့ကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဖြေရှင်း၍ ရတော့မည် မဟုတ်ချေ။

အင်းစက်ဘုရင်မအား ခေါ်ပြီး ပြဿနာရှာရန် စဉ်းစားနေစဉ် ကာကွယ်သူမြောင်က အသာအယာ လက်ဝှေ့ယမ်းလိုက်၏။ ဒေါသထွက်နေသော စီနီယာ အစ်ကိုဖုန်းဆိုသူသည် ချက်ချင်းပဲ သူ၏ အရင်းအမြစ်ချီကို ပြန်ရုတ်သိမ်းလိုက်ပြီး ခေါင်းငုံလိုက်လေသည်။

ကာကွယ်သူမြောင်၏ အကြည့်သည့် ရန်ကိုင်ဆီတွင် တစ်ခဏမျှ ဝေ့ဝဲနေပြီးနောက် အဆုံးတွင် ကျိုးရီဆီသို့ ရောက်လာခဲ့လေသည်။ ထို့နောက် အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည် “အသုံးမကျတဲ့ကောင်”

ထိုစကားကို ကြားသည့်အခါ ကျိုးရီမျက်နှာ ဖြူလျော် သွားခဲ့လေသည်။ မြောင်ချီ၏ လေသံမှ တစ်ဆင့် ကာကွယ်သူမြောင် သူ့အပေါ် အလွန်စိတ်ပျက် သွားပြီမှန်း ရန်ကိုင် သိလိုက်သည်။ ကျိုးရီလည်း ဘာမှပြန်မပြောနိုင်ပေ။ သူသည် သူ့ထက် အဆင့်ကြီးတစ်ဆင့်နိမ့်သည့် ရန်ကိုင်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည် မဟုတ်ပေလော။

တာအိုသခင် ကျင့်ကြံသူတစ်ဦး ဖြစ်လျက်နှင့် တန်ခိုးရှင်ဘုရင် ကျင့်ကြံသူတစ်ဦးကိုပင် အနိုင်မယူနိုင်သည်မှာ တစ်ကယ်ကို အသုံးမကျသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။ ကာကွယ်သူမြောင်၏ စကားမှတစ်ဆင့် ဂိုဏ်းထဲရှိ သူ့အဆင့်အတန်းမှာ အတော်လေးကိုမှ နိမ့်ကျသွားပြီမှန်း ကျိုးရီနားလည်သွားခဲ့လေပြီ။

သူ့ရင်ထဲ တစ်ခုခုဆုံးရှုံးသွားသလို ခံစားလိုက်ရသလို ရန်ကိုင့်ကိုလည်း အလွန်ကိုမှ မုန်းတီးလာခဲ့သည်။ ရန်ကိုင့်ကြောင့်သာ မဟုတ်လျှင် မြောင်ချီအနေဖြင့် သူ့အား မည်ကဲ့သို့ ယခုလိုပြောမည်နည်း။ ကျိုးရီသည် ခေါင်းကို ငုံ့ထားပြီး ဘာမှပြန်မပြောဘဲ အံကိုသာ ကြိတ်နေခဲ့သည်။

သို့သော်လည်း သူ့မျက်လုံးများမှာတော့ အဆုံးမဲ့ ဒေါသများဖြင့် ပြည့်နှက်နေခဲ့လေ၏။ တစ်ချိန်ထဲတွင် ကာကွယ်သူမြောင်သည် ရန်ကိုင့်ဘက်သို့ လှည့်၍ ပြောလိုက်လေသည်။

“ဒီမှာ ဒီနေ့ ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့၊ အကုန်လုံးက တစ်ဂိုဏ်းထဲသားတွေပဲ။ ဒီတော့ ငါလည်း ဒီကိစ္စကို မသိချင်ယောင် ဆောင်နေလို့မဖြစ်ဘူး။ အကုန်လုံးကို အရိုးအကျဉ်းထောင်ထဲ ပို့ထားလိုက်။ ကာကွယ်သူ ပိရန် ပြန်ရောက်လာလို့ရှိရင် ရှင်းလိမ့်မယ်”

ထိုသို့ပြောပြီးသည်နှင့် မြောင်ချီသည် လှည့်ထွက်သွားလေသည်။ စီနီယာအစ်ကိုဖုန်း နှင့် တခြားသူများ အားလုံးသည် ဦးညွှတ်လိုက်ကြ၏။ မြောင်ချီ ထွက်သွားပြီးနောက်တွင် စီနီယာ အစ်ကိုဖုန်းသည် ရန်ကိုင်တို့ဘက်သို့ လှည့်၍ အော်ပြောလိုက်လေသည်။

“ကာကွယ်သူမြောင် ပြောသွားတာကို မင်းတို့မကြားဘူးလား”

ချူဖေးနှင့် သူ့အပေါင်းအပါများမှာတော့ ရေခဲရိုက်ခံလိုက်ရသည့်အလား နေရာတွင်သာ တောင့်တောင့်ကြီး ရပ်‌နေကြသည်။ ကာကွယ်သူမြောင်သည် ယနေ့ကိစ္စကို ဤကဲ့သို့ ကိုင်တွယ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ရန်ကိုင်ကမူ အတော်လေးပျော်နေခဲ့သည်။ ကာကွယ်သူမြောင်သည် သူ့အား တိုက်ရိုက်ကြီး မတိုက်ခိုက်ခဲ့သည့်အတွက် သူ့တွင် အခွင့်အရေး ရှိပေသေးသည်။ ယနေ့ကိစ္စသည် ရန်ကိုင် မျှော်လင့်ထားသလို ဖြစ်လာခဲ့သည်။ ထိုအခါ ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် ပြန်အော်ပြောလိုက်လေသည်။

“စီနီယာအစ်ကိုဖုန်း ဒီဂျူနီယာ ကာကွယ်သူမြောင်ရဲ့ အမိန့်ကို မနာခံတာမဟုတ်ပါဘူး။ ဒါပေမဲ့ အခု ဂျူနီယာ အခြေအနေကို ကြည့်ဦးလေ ဂျူနီယာသာ စီနီယာ အစ်ကိုကျိုးကို လွှတ်ပေးလိုက်လို့ရှိရင် ဂျုနီယာကို ကျိန်းသေ တိုက်ခိုက်မှာ။ သူသာ တိုက်ခိုက်လာရင် ဂျူနီယာ ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူးနော်”

“ဝေ့လည်ကြောင်ပတ် လုပ်မနေနဲ့” စီနီယာအစ်ကိုဖုန်းက ပြန်အော်ပြောလိုက်၏။

“မင်းလွှတ်ပေးလည်း သူတိုက်ခိုက်ရဲမှာ မဟုတ်ဘူး။ ကာကွယ်သူမြောင် ကိုယ်တိုင် ပြောသွားတာ။ ကာကွယ်သူမြောင်ရဲ့ အမိန့်ကို သူလွန်ဆန် ရဲမှာလား”

“စီနီယာ အစ်ကိုဖုန်းက အခုလို ပြောမှတော့ ဂျူနီယာ နာခံပါ့မယ်”

ရန်ကိုင်က ပြုံးလျက် ရွှေရောင် သွေးမျှင်များနှင့် သူ့လက်ကို ကျိုးရီ၏ ရင်ဘက်ထဲမှ ပြန်ဆွဲယူလိုက်လေသည်။ ထိုသို့ ဆွဲယူနေရင်းလည်း သူ့စွမ်းအားအနည်းငယ်ကို ကျိုးရီ၏ ရင်ဘက်ထဲ ပေါက်ကွဲပစ်စေလိုက်သည်။ ကျိုးရီမှာ သွေးတစ်ပွက် ထိုးအန်လေသည်။ ထို့နောက် အံကြိတ်၍ ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်၍

“မင်း…”

“အားနာပါတယ် ကျုပ်လက်ကို ပြန်ဆွဲယူလိုက်တာ နည်းနည်း မြန်သွားသလို ဖြစ်သွားတယ်။ နောက်တစ်ကြိမ် ပြန်လုပ်ပေးရမလား” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။

ကျိုးရီမှာ ဒေါသ ထွက်လွန်း၍ သတိလွတ်ချင် မတတ်ပင် ဖြစ်သွားခဲ့သည်။ ထို့နောက် အံကိုကြိတ်၍ ပြန်အော်ပြောလိုက်လေသည်။

“မင်း ငါ့လက်ထဲ မရောက်ပါစေနဲ့လို့ ဆုတောင်းထားပေါ့ကွာ။ မဟုတ်ရင်တော့ မင်းကို သေတာထက် ဆိုးအောင် လုပ်ပစ်မယ်”

“စီနီယာ အစ်ကိုဖုန်း တွေ့လား။ သူကျူပ်ကို ခြိမ်းခြောက်နေတယ်” ရန်ကိုင်က ကြောက်လန့်သည့် အမူအရာဖြင့် စီနီယာအစ်ကိုဖုန်း ဘက်သို့ အော်ပြောလိုက်လေသည်။

စီနီယာ အစ်ကိုဖုန်းဆိုသူမှာတော့ ရန်ကိုင်၏ ပြောစကားများကို လျစ်လျူရှုကာ မျက်နှာ မှုန်ကုပ်ကုပ်ဖြင့်သာ လက်ကွက်များကို ဖန်တီးလိုက်လေ၏။ ထို့နောက် အကုန်လုံးပေါ်သို့ သူ့လက်ဝါးဖြင့် ဖိချလိုက်လေ၏။

ယနေ့ကိစ္စတွင် ပါ၀င် ပတ်သတ်ခဲ့သည့် ခြောက်ယောက်စလုံး ကျင့်ကြံခြင်း ချိတ်ပိတ်ခံလိုက်ရလေ၏။

“ငါ့နောက်လိုက်ခဲ့”

စီနီယာအစ်ကိုဖုန်းသည် စိတ်မရှည်ဖြစ်နေသည့်အလား စကားတစ်ခွန်းမှ မပြောတော့ဘဲ အကုန်လုံးကို အရင်းအမြစ်ချီဖြင့် ဆွဲယူလိုက်လေသည်။ ထို့နောက် အရိုးအကျဉ်းထောင်ဘက်သို့ ပျံသန်းသွားလေ၏။ အရိုးအကျဉ်းထောင်ရှေ့တွင် ရန်ရှို့ရန်သည် ပုံမှန်အတိုင်း စောင့်ကြပ်နေလေသည်။

စီနီယာအစ်ကိုဖုန်း ရောက်လာသည်ကို မြင်သော် ပြုံးလျက် ဦးညွတ် နှုတ်ဆက်လိုက်လေသည်။ စီနီယာ အကိုဖုန်းက ခေါင်းငြိမ့်၍ ပြန်ပြောလိုက်လေသည်။

“ဒီပြဿနာကောင်တွေကို အကျဉ်းချထားလိုက်။ အဲ့ကောင်တွေ ပြဿနာထပ်မရှာအောင် သေချာ စောင့်ကြည့်ထားဦးနော်”

“ဟုတ်ကဲ့” ရန်ရှို့ရန်သည် ခေါင်းငြိမ့်လိုက်ပြီးနောက် စီနီယာ အကိုဖုန်းနှင့် ပါလာသူများကို ကြည့်လိုက်လေသည်။

ချက်ချင်းဆိုသလို သူ့အကြည့်သည် ရန်ကိုင့်စီသို့ ရောက်ရှိလာခဲ့လေ၏။ ထို့နောက် ဒေါသတကြီး ထအော်လေသည်။ “မင်း.. ခွေးသူတောင်းစား။ မင်းပဲ”

“ဟဲဟဲ။ စီနီယာအစ်ကိုရန် ကျုပ်တို့ ထပ်တွေ့ပြန်ပြီနော်” ရန်ကိုင်က ပြုံးကာ နှုတ်ဆက်လိုက်လေသည်။

ရန်ရှို့ရန်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်လေသည်။

“ကောင်းတယ်။ ကောင်းတယ်။ မင်း အရိုးအကျဉ်းထောင်ကို ဒီလောက် မြန်မြန်နဲ့ ပြန်ရောက်လာလိမ့်မယ်လို့ ငါတစ်ကယ် မထင်ထားဘူး။ အဲ့လိုဆိုမှတော့ စီနီယာအစ်ကို ကောင်းကောင်း ပြုစုပေးရတာပေါ့”

“ဒါဆို စီနီယာအစ်ကို ကိုပဲ အားကိုးရတော့မှာပေါ့။ ဟဲဟဲ” ရန်ကိုင်သည် သေခြင်းတရားကို မကြောက်သည့်အလား ပျော်ရွှင်စွာ ပြန်ပြောလိုက်လေသည်။

ရန်ကိုင့်ပုံကိုကြည့်ရင်း စီနီယာအစ်ကိုဖုန်း ဆိုသူမှာတော့ ခေါင်းတခါခါသာ ဖြစ်‌နေတော့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၆၂)

ရန်ကိုင် ဂိုဏ်းထဲသို့ ၀င်လာသည်မှာ လေးလသာ ရှိသေးသော်ငြား အရိုးအကျဉ်းထောင်ထဲသို့ နှစ်ကြိမ်ပင် ရောက်ခဲ့ဖူးလေပြီ။ သို့သော်လည်း ယခုတစ်ကြိမ်မှာတော့ ပထမတစ်ကြိမ်နှင့် မတူညီပေ။

ပထမအကြိမ်မှာ သူလျှိုဟု စွတ်စွဲခံရပြီး အဖမ်းခံလိုက်ရစဉ်က ဖြစ်သည်။ ယခုတစ်ကြိမ်မှာတော့ အပြစ်ပေးခံရခြင်း ဖြစ်လေသည်။ ရန်ကိုင်တို့ ခြောက်ယောက် စလုံးသည် အကျဉ်းခန်းတစ်ခန်းထဲတွင် ပိတ်လှောင်ထားခံရလေသည်။

ချူဖေး၊ ကျိုးရီနှင့် သူ့အပေါင်းအပါများသည် ရန်ကိုင့်အား အမုန်းတရားတို့ဖြင့် ပြည့်နေသည့် အကြည့်များဖြင့် စိုက်ကြည့်နေခဲ့သည်။ သို့ရာတွင် ရန်ကိုင်ကမူ သူတို့၏ အကြည့်ကို လုံး၀ လျစ်လျူရှု ထားလိုက်လေသည်။

တင်ပလ္လင်ခွေထိုင်ချလိုက်ပြီနောက် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ငှက်မွှေးပြာဂိုဏ်းသည် ဆက်နေရန် သင့်တော်သည့် ဂိုဏ်းမဟုတ်တော့။ သူနှင့် လျို့ရှန်းယွင်တို့ ဂိုဏ်းသို့ ၀င်ခဲ့ခြင်းမှာ ဖိအားပေးခံရ၍ဖြစ်သည်။ သူတို့နှစ်ဦးစလုံး ဂိုဏ်းအပေါ် တွယ်တာခြင်း မရှ်ိပေ။

ထို့ကြောင့် ယခုကဲ့သို့ ကိစ္စမျိုးစုံ ကြုံရပြီးနောက်တွင် ရန်ကိုင် ဤနေရာ၌ နေချင်စိတ် ပျောက်လာခဲ့သည်။ သူသာ ဤနေရာတွင် ဆက်နေမည်ဆိုပါက တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပြဿနာ အကြီးကြီး တက်လိမ့်မည်မှန်း သိနေခဲ့သည်။ သူ့လက်ရှိခွန်အားသည် သိပ်မြင့်မားခြင်းမရှ်ိသေးမှန်း ရန်ကိုင် သိနေသည်။

သူ့သက်တမ်းတစ်လျောက် အန္တရာယ်အားလုံးဆီမှ လွတ်မြောက်လာနိုင်ခဲ့သော်ငြား ထိုသို့ ဖြစ်ရခြင်းမှာ သူ့အရည်အချင်းထက် သူ့ကံပေါ်တွင်သာ ပိုမူတည်‌ နေပေသည်။ အမှားလေးတစ်ချက်သည် သူ့ သိုင်းတာအိုလမ်းကြောင်းကို အဆုံးသတ်သွားစေနိုင်သည်။

အကျဉ်းခန်းထဲသို့ ၀င်မလာခင် ရန်ရှို့ရန်နှင့် တိုးတိုးတိတ်တိတ် စကားပြောနေသော ကျိုးရီကို မြင်ပြီးနောက် ဤနေရာမှ ပို၍ မြန်မြန် ထွက်သွားချင်လာ၏။ ရန်ရှို့ရန်နှင့် ကျိုးရီတို့ သူ့အပေါ် တစ်ခုခု အကွက်ချကြံစည်နေမှန်း ရန်ကိုင် ကောင်းကောင်း သိသည်။

ထိုနှစ်ဦးသည် သူ့အား ဤနေရာတွင် သတ်ပစ်ရန်ပင် ကြိုးစားနေလောက်၏။ ရန်ကိုင်သည် ပြဿနာ သူ့အား လာရှာမည်ကို စောင့်နေရိုး ထုံးစံမရှိ။ ကာကွယ်သူပိရန်နှင့် ခို့ဟူသည် ဂိုဏ်းထဲတွင် ရှိမနေသဖြင့် ထိုနှစ်ကောင်သာ နောက်ဆက်တွဲ ပြဿနာများကို သေသေချာချာ ရှင်းလင်းနိုင်မည် ဆိုပါက ရန်ကိုင့်အား သတ်လိုက်လျှင်ပင် မည်သည့် ဆိုးရွားသည့် အကျိုးဆက်ကိုလမှ ရင်ဆိုင်ရလိမ့်မည် မဟုတ်ချေ။

ပိရန်ယုချင်း ပြန်ရောက်လာမည်ဆိုလျှင်ပင် ထိုအမျိုးသမီးသည် အမြဲလိုလို စိတ်အပြောင်းအလဲ ဖြစ်နေသည့်အတွက် သူ့ဘက်မှ ရပ်တည်မလား ဆိုသည်မှာလည်း သိပ်မသေချာ။ ပိရန်ယုချင်းသည် သူ့အား ရေခဲချောက်ကမ်းပါးတွင် တစ်ကြိမ် အကျဉ်းချခဲ့ပြီးလေပြီ။

ထိုသို့ အကျဉ်းချရခြင်းမှာ ကြင်နာသဘောကောင်းသည့် အတွက်ကြောင့်မဟုတ်။ သူ့အလားအလာကို စမ်းသပ်ရန်အတွက်သာ ဖြစ်သည်။ သူသာ သေသွားခဲ့လျှင် လုံး၀ ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။ အသက်ရှင်ခဲ့လျှင်တော့ ယခင်ထက်အနည်းငယ် ပို၍ ဂရုစိုက်လာပေလိမ့်မည်။

သို့သော် သူမ၏စွမ်းအားကို သုံးပြီး သူ့အား ကာကွယ်ပေးမည့် အဆင့်အထိတော့ ဂရုစိုက်ပေးလိမ့်မည် မဟုတ်။ ထိုသို့ ဆုံးဖြတ်လိုက်ပြီးနောက်တွင် ရန်ကိုင်သည် သူနှင့် တစ်ကြိမ်တွေ့ခဲ့ဖူးသည့် ပညာရှင်ကို တိတ်တဆိတ် ဆက်သွယ်လိုက်လေသည်။

“စီနီယာ၊ စီနီယာ ဝူမုန်ချွမ်” ရန်ကိုင်သည် တိုးတိုးလေး ခေါ်နေခဲ့သည်။

သို့သော်လည်း မည်သည့်အသံကိုမှ ပြန်မကြားခဲ့ရပေ။ အရိုး အကျဉ်းထောင်တွင် ပထမဆုံး အကျဉ်းချခံရစဉ်က ဝူမုန်ချွမ် သည် သူ့အား တိတ်တဆိတ် ဆက်သွယ်လာခဲ့သည်။ ဝူမုန်ချွမ်တွင် သူ့ကျင့်ကြံခြင်းကို ချိတ်ပိတ်ထားသည့် စည်းအား ဖျက်စီးနိုင်သည့် နည်းလမ်းတစ်ခု ရှိသည်ဟု ပြောသည်။

ထိုစဉ်က ရန်ကိုင်သည် ငှက်မွှေးပြာဂိုဏ်းနှင့် သိပ်မရင်းနှီးသည့်အတွက် အလျင်စလို မလှုပ်ရှားခဲ့ပေ။ သို့သော်လည်း သူ့အနေဖြင့် ငှက်မွှေးပြာဂိုဏ်းမှ ထွက်ခွာလိုသည် ဆိုပါက ဝူမုန်ချွမ်ကို အားကိုးရန်သာ ရှ်ိသည်။

ဝူမုန်ချွမ်သာ တစ်ကယ်ကြီး တာအိုသခင် တတိယအဆင့် ဆိုပါက သူ့အား လွှတ်ပေးလိုက်ခြင်းသည် တစ်ဂိုဏ်းလုံးကို ယောက်ယပ်ခက် သွားစေနိုင်သည်။ ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ သူနှင့် လျို့ရှန်းယွင်သည် ဂိုဏ်းမှ ထွက်ပြေးနိုင်၏။

သို့သော်လည်း အဆက်မပြတ် အော်ခေါ်နေသည့်တိုင် တစ်ဖက်လူမှ ပြန်ထူးမလာသဖြင့် ရန်ကိုင့်စိတ်ထဲ ဝူမုန်ချွမ်အား အခြားတစ်နေရာသို့ ရွှေ့လိုက်ပြီလားဟု တွေးမိသွားလေသည်။

သို့ရာတွင် ရန်ကိုင်မှာ စိတ်ဓာတ်ကျသွားခြင်းမရှိဘဲ ဆက်၍သာ အော်ခေါ်နေခဲ့သည်။

နောက်ဆုံး နှစ်နာရီ တင်းတင်း ပြည့်သွားပြီးနောက်တွင် ကောင်းကင်စိတ်အာရုံ တစ်ခုသည် ရန်ကိုင့်နားထဲသို့ ခိုးကြောင် ခိုးဝှက်ဖြင့် သတင်းစကားတစ်ခု ပို့လာခဲ့သည်။

“မင်းပါလား ကောင်းလေ။ မင်းနောက်တစ်ကြိမ် ထပ်ပြီး အကျဉ်းချခံရတာလား” ဝူမုန်ချွမ်၏ လေသံထဲ အံအားသင့်သည့် အရိပ်အယောင်တို့ဖြင့် ပြည့်နှက်နေခဲ့သည်။

ရန်ကိုင်က ပါးစပ်ကြီးမဲ့လျက်

“စီနီယာ ဒီဂျူနီယာကို လာလှောင်နေစရာမလိုပါဘူး။ ဒါနဲ့ ဂျူနီယာဒီလောက် ခေါ်နေတာကို စီနီယာ ဘာလို့ မထူးတာလဲ။ စီနီယာကို အခြားတစ်နေရာဆီ ရွှေ့လိုက်ပြီလို့တောင် ဂျူနီယာ ထင်နေတာ”

ဝူမုန်ချွမ်းက ခြောက်ကပ်စွာ ရယ်မောလျက်

“တစ်နေ့ တစ်နေ့ကို ငါအသုံးပြုနိုင်တဲ့ စိတ်စွမ်းအားက အကန့်အသတ်နဲ့ရှိတယ်လေ။ မင်းနဲ့ အခုလို စကားပြောနိုင်ဖို့ဆိုတာတောင် နာရီ၀က် လောက်ပဲ တတ်နိုင်တာ။ ဒါကြောင့် ငါ့စိတ်စွမ်းအင်ကို စိတ်ရှိသလို မသုံးရဲဘူး”

“ဂျူနီယာ နားလည်ပြီ” ရန်ကိုင် ခေါင်းငြိမ့်လိုက်လေသည်။

“ကောင်လေး မင်းဘာလို့ ဒီလူအိုကြီးကို ခေါ်နေတာလဲ။ ဘာလဲ ငါ့ ကမ်းလှမ်းချက်ကို သဘောတူချင်လို့လား”

ဝူမုန်ချွမ် စိတ်လှုပ်ရှားလာသည်ကို ရန်ကိုင် ခံစားမိလိုက်သည်။ ဤနေရာတွင် နှစ်ပေါင်းများစွာ အကျဉ်းချခံထားရသဖြင့် ဝူမုန်ချွမ်သည် သူ့အား ကူညီမည့် သူတစ်ယောက် ပေါ်လာသည့်အပေါ် မည်ကဲ့သို့များ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

သူသာ ဤအခွင့်အရေးကို လက်လွှတ်လိုက်မည်ဆိုပါက သူ့တစ်ဘ၀လုံးကို အရိုးအကျဉ်းထောင်ထဲ အသက်ထုတ်ကောင်း ထုတ်သွားရနိုင်ပေသည်။

ရန်ကိုင်က မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်လေသည်။ “စီနီယာနဲ့ ပူးပေါင်းတာက အဆင်ပြေပါတယ်။ စီနီယာ တောင်းဆိုတာကိုတောင် ကူညီပေးလို့ရတယ်။ ဒါပေမယ့် စီနီယာနဲ့ ပူးပေါင်းလို့ ဂျူနီယာအတွက် ဘာအကျိုးရှိမှာလဲ။ ဂျူနီယာက အလကား လုပ်မပေးချင်ဘူးနော်”

“မင်းဘယ်လို အကျိုးအမြတ်မျိုး လိုချင်တာလဲ။ ဒီလူအိုကြီး အမှန်အတိုင်းပဲ ပြောလိုက်မယ်။ ငါ့မှာအခု ဒီအသက် တစ်သက်ပဲရှိတာ။ ဒီတော့ ငါမင်းကို ဘာပဲကတိပေးပေး ချက်ချင်းတော့ ပြောထားတဲ့ဟာကို ဖြည့်စည်းပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းဒီလူအိုကြီးကို ယုံကြည်တယ် ဆိုရင်တော့ ငါလွတ်လာတာနဲ့ မင်းလိုချင်တာ မှန်သမျှကို ဖြည့်စီးပေးမယ်” ဝူမုန်ချွမ်က အလျင်အမြန် ပြောလိုက်လေသည်။

ရန်ကိုင်သည် နှုတ်ခမ်းကို ကွေးလျက် ပြန်ပြောလိုက်၏။ “ဒီတော့ စီနီယာမှာ အားကောင်းတဲ့ပညာရပ် တစ်ခုခု၊ ဒါမှမဟုတ် ကျင့်စဉ်တစ်ခုလောက်ရှိလား”

“မင်းက ကျင့်စဉ် လိုချင်နေတာလား” ဝူမုန်ချွမ်၏ အသံ ရုတ်တရက် တိတ်ဆိတ်သွားခဲ့လေသည်။

ရန်ကိုင်သည် စိတ်ရှည်ရှည်ဖြင့်သာ ထိုင်စောင့်နေခဲ့သည်။ ထိုကဲ့သို့ တောင်းဆိုချက်မျိုး တောင်းဆိုလိုက်ရခြင်းမှာ ဝူမုန်ချွမ်အနေဖြင့် သူ့အား ဘာမှမပေးဘူးဟု ပြောလျှင်ပင် ရန်ကိုင့် အနေဖြင့် သူအသက်ရှင်ရန်အတွက် ဝူမုန်ချွမ်နှင့် ပူးပေါင်းရမည် ဖြစ်သည်။ ထို့ကြောင့် အလကား ပူးပေါင်းရမည့်အစား တစ်ဖက်လူဆီမှ အရိုးအရင်းလောက် ကိုက်လိုက်ရသည်ပင် သူ့အတွက် မဆိုးလှပေ။

ထို့အပြင် ဝူမုန်ချွမ်၏ လေသံကို ကြည့်ရသလောက် ဤနေရာမှ အလွန်ထွက်ခွာချင်နေပုံပင်။ ထို့ကြောင့် သူ့ဘက်မှ ဤကဲ့သို့ တောင်းဆိုလိုက်သည်မှာ ကိစ္စမရှိပေ။ ခနအကြာတွင် ဝူမုန်ချွမ်သည် ဆုံးဖြတ်ချက် ချပြီးသည့်အလား ညစ်ကျယ်ကျယ် ရယ်မောလျက် ပြောလိုက်လေသည် “ကောင်းပြီလေ။ မင်းက ကျင့်စဉ်တစ်ခုခု သင်ချင်နေမှတော့ ဒီလူအိုကြီးကလဲ ငါ့ရဲ့ အားအကောင်းဆုံး ကျင့်စဉ်ကို မင်းဆီပေးရတာပေါ့။ ဒီကျင့်စဉ် အကူအညီနဲ့သာဆို မင်းအနေနဲ့ ဧကရာဇ် အဆင့်ကို ရောက်ဖို့က လုံး၀ကို လွယ်ကူသွားပြီ။ ရော့ ဒီမှာယူလိုက်”

ထိုစကား ဆုံးသွားသည်နှင့် ရန်ကိုင်၏ အသိစိတ် ပင်လယ်ထဲသို့ သတင်းစကားများစွာ တိုး၀င်လာလေသည်။ ရန်ကိုင်သည် အသိစိတ်ပင်လယ် အကာအကွယ်များကို ဖယ်ရှား၍ ထိုသတင်း အချက်အလက်များကို လက်ခံယူလိုက်သည်။

ဝူမုန်ချွမ်မှ ပေးပို့လာသည့် သတင်းထဲ အချက်အလက်နှစ်မျိုး ပါ၀င်နေခဲ့သည်။ တစ်ခုမှာ သူ့ကျင့်ကြံခြင်းအား ပိတ်လှောင်ထားသည့် စည်းအား ဖြေနိုင်မည့် နည်းလမ်းတစ်ခုဖြစ်ပြီး တစ်ခုမှာ ရန်ကိုင်မှ တောင်းဆိုထားသည့် ကျင့်စဉ်ဖြစ်လေသည်။

ရန်ကိုင်သည် ချက်ချင်းပဲ ထိုကျင့်စဉ်များကို စတင် ဖတ်ရှုလေ၏။ ခနအကြာတွင် ဝူမုန်ချွမ်၏ ပင်ပန်း နွမ်းနယ်နေသည့်အသံ ထွက်ပေါ်လာခဲ့လေ၏။

“ကောင်လေး ဒီလူအိုကြီး မင်းကို အားကိုးမယ်နော်။ မင်း ကိုယ်ပေါ်က စည်းကိုဖြည်ပြီးတာနဲ့ ဒီလူအိုကြီးကို မြန်မြန် လာလွှတ်ပေး ပေတော့”

ပြောပြီးသည့်နောက် တိတ်ဆိတ်သွားခဲ့လေသည်။

ကြည့်ရသည်မှာ စိတ်စွမ်းအင်ကို အသုံးပြုခြင်းသည် ဝူမုန်ချွမ်ကို အလွန်ကိုမှ အားကုန်စေပုံပင်။ ရန်ကိုင်မှ ထပ်ခေါ်နေသည့်တိုင် ဝူမုန်ချွမ်သည် ပြန်မထူးတော့ပေ။ ထိုအချက်ကို နားလည်လိုက်ပြီး နောက်တွင် ရန်ကိုင်သည် ဝူမုန်ချွမ်မှ ပေးလာသည့် ကျင့်စဉ်နှစ်ခုကို စတင် လေ့လာတော့သည်။

ပြောစရာ မလိုအောင်အောင်ပင် သူ့ကျင့်ကြံခြင်းအား ချိတ်ပိတ်ထားသည့်စည်းအား ဖယ်ရှားမည့်နည်းမှာ သိပ်ပြီး နက်နဲခြင်းမရှိသည့်အတွက် အကြိမ်အနည်းငယ်လောက် ဖတ်ရှုပြီးနောက် ထိုကျင့်စဉ်ကို ရန်ကိုင် နားလည်သွားခဲ့လေသည်။

အခြားကျင့်စဉ်၏ နာမည်မှာတော့ အတော်လေးကို ထူးဆန်းပေသည်။ နာမည်မှာ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသ။ ရန်ကိုင့်တွင် ထိုကျင့်စဉ်အား အသေးစိတ် လေ့လာနေရန် အချိန်မရှိသဖြင့် အကြမ်းဖျဉ်းသာ ဖတ်ကြည့်လိုက်၏။ ဖတ်ကြည့်ပြီးနောက်တွင် ရန်ကိုင် အလွန်ကိုမှ ထိတ်လန့်သွားခဲ့လေသည်။

ဝူမုန်ချွမ်သည် သူစိတ်ကျေနပ်စေရန်အတွက် သာမန်ကာလျံကာ ကျင့်စဉ်တစ်ခုကိုသာ ပေးလာလိမ့်မည်ဟု ရန်ကိုင် ထင်ခဲ့သည်။ သူ၏ အားအကောင်းဆုံး ကျင့်စဉ်ဆိုသည်မှာလည်း အလကားသက်သက်သာ ပြောနေခြင်း ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ မည်သူကများ သူ၏ အားအကောင်းဆုံး ကျင့်စဉ်ကို သူစိမ်းတစ်ယောက်အား သင်ပေးမည်နည်း။

သို့သော်လည်း ကျင့်စဉ်ကို ဖတ်ရှုပြီးနောက်တွင် ဝူမုန်ချွမ် ပြောနေသည်မှာ အမှန်ဖြစ်နေမှန်း ရန်ကိုင် တွေ့ရှိသွားလေသည်။ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲ ဥပဒေသသည် လျှို့ဝှက် နည်းစနစ်တစ်ခုနှင့် မတူဘဲ ကျင့်စဉ်တစ်ခုနှင့်သာ ပိုတူ၏။

ဤကျင့်စဉ်ကို ကျင့်ကြံပြီးနောက်တွင် ကျင့်ကြံသူတစ်ဦးသည် စွမ်းအင် အရှိန်အဝါရှိသည့် မည်သည့်အရာကိုမဆို ဝါးမျိုသန့်စင် နိုင်လာပေလိမ့်မည်။ စိတ်ဝိဉာဉ် ဝါးမျိုခြင်း အင်းစက်များကဲ့သို့ပင် ဖြစ်သည်။။

ဤကျင့်စဉ်တွင် အပိုင်းပေါင်းများစွာ ပါ၀င်ပြီး ဤကျင့်စဉ်ကိုသုံး၍ ဧကရာဇ်အဆင့်သို့ရောက်အောင် မည်ကဲ့သို့ ကျင့်ကြံရမည်ဆိုသည်ကို ပြောပြထားခဲ့လေသည်။ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသ ကိုဖတ်ပြီးနောက် ရန်ကိုင် အံ့ဩလွန်းသဖြင့် မျက်လုံးပါ ပြူးသွားခဲ့လေသည်။

ဧကရာဇ်အဆင့်သို့ပင် ရောက်အောင် ကူညီပေးနိုင်သော ကျင့်စဉ်တစ်ခု၏ တန်ဖိုးမှာ အလွန်ကိုမှ မြင့်မားပေသည်။ ဤကျင့်စဉ်သာ လူရှေ့သူရှေ့ ထွက်ပေါ်လာပါက သွေးချောင်းစီး တိုက်ပွဲများစွာကို ဖြစ်ပေါ်လာစေ ပေလိမ့်မည်။

ရန်ကိုင်မှာ သူ့မျက်လုံးပင် သူမယုံနိုင်အောင် ဖြစ်နေသဖြင့် ကျင့်စဉ်အား သေချာသွားလေအောင် ထပ်ခါတလဲလဲ ပြန်စစ်ကြည့်လေသည်။ ရန်ကိုင့်စိတ်ထဲ အလွန်ကိုမှ ထိတ်လန့် တုန်လှုပ်မိနေသလို တစ်ချိန်ထဲတွင်လည်း သင်္ကာမကင်း ဖြစ်နေခဲ့သည်။

ဝူမုန်ချွမ်သည် သူ့အား ဤကဲ့သို့ ကျင့်စဉ်ကို ဘာ့ကြောင့် တုန့်ဆိုင်းခြင်းမရှိ ပေးလာရသနည်း။ ရန်ကိုင့်ဆီမှ အကူအညီလိုလျှင်ပင် ဤကဲ့သို့ အဆင့်မြင့်လှသည့် ကျင့်စဉ်တစ်ခုကို ပေးစရာ အကြောင်းမရှိပေ။ ဝူမုန်ချွမ် ဘာတွေများ ကြံနေသနည်း။

ရန်ကိုင် ဤသို့ သံဿယ ၀င်သည်မှာလည်း ၀င်ချင်စရာပင်။ ဝူမုန်ချွမ်၏ လုပ်ရပ်ကိုက အလွန်ကိုမှ သံဿယ၀င်စရာ ကောင်းနေသည်ကိုး။

ဤလောကကြီးတွင် သူတို့၏ အဖိုးတန် ရတနာတစ်ခုကို အလွယ်တကူ ပေးပစ်သည့်သူ တစ်ဦးမှ မရှိချေ။

နောက်ဆုံးတွင် ရန်ကိုင်သည် ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲ ဥပဒေသကို ကျင့်ကြံရန်အတွက် မွေးရာပါ အထုံပါရမီ တစ်ခုခုကိုလိုအပ်သည်၊ ထိုသို့မဟုတ်လျှင် ဤကျင့်စဉ်ကို ကျင့်ကြံပြီးနောက် ဆိုးရွားသည့် ဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်ရမည်ဟု ကောက်ချက်ချ လိုက်လေသည်။

ဤကျင့်စဉ်ကို ကျင့်ကြံ၍ မည်ကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ရင်ဆိုင်ရမည် ဆိုသည်ကိုတော့ ရန်ကိုင် မသိပေ။ ကောင်းကင်ဝါးမျိုခြင်း ဥပဒေသ ကျင့်စဉ်ကို ယာယီဘေးချထားလိုက်ပြီး ရန်ကိုင်သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ စည်းအားဖြည်ပေးနိုင်မည့် ကျင့်စဉ်ကိုသာ စတင် နားလည်အောင် ကြိုးစားတော့သည်။

ဤချိတ်စည်းကို တာအိုသခင် ပထမအဆင့် ကျင့်ကြံသူ တစ်ဦးမှ ဖန်တီးထားသည့်အတွက် ရန်ကိုင့်အနေဖြင့် စည်းကို ဖယ်ရန် တစ်ဆင့်ချင်း သွားရပေလိမ့်မည်။ အတင်းအကြပ်သာ ဖယ်ရှားမည် ဆိုပါက သူ့ကိုယ်သူ ပြန်ဒဏ်ရာ ရသွားအောင် လုပ်မိသလို ဖြစ်နေပေလိမ့်မည်။

ရန်ကိုင်သည် အတွေ့အကြုံမရှ်ိသည့် ကျင့်ကြံသူတစ်ဦး မဟုတ်သည့်အတွက် ဘာလုပ်ရမလဲ ဆိုသည်ကို နားလည်ပေသည်။ နောက်ဖြစ်လာသည့် အကျိုးဆက်များကို ရင်ဆိုင်ရန် ကြိုတင် စိတ်တင်းထားလိုက်၏။ သို့သော်လည်း ဝူမုန်ချွမ် ပေးသည့်နည်းလမ်းအတိုင်း လုပ်လိုက်ပြီးနောက် တစ်နာရီပင် မပြည့်သည့် အချိန်အတွင်းမှာပင် သူ့ကျင့်ကြံခြင်းအား ဖိနှိပ်ထားသည့် စည်းမှာ ပြေလျော့ခါစ ပြုလာသဖြင့် ရန်ကိုင် အလွန်ကိုမှ အံအားသင့်သွားခဲ့ရသည်။

ထိုအခြင်းအရာကို မြင်ပြီးနောက်တွင် ဝူမုန်ချွမ်သည် ငှက်မွှေးပြာဂိုဏ်းမှ ပညာရှင်တစ်ဦး ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်လေသည်။ ထို့ကြောင့်သာ မဟုတ်လျှင် သူ့အနေဖြင့် ငှက်မွှေးပြာဂိုဏ်းသားများ သုံးသည့် ချိတ်ပိတ်သည့် နည်းလမ်းအပေါ် မည်သို့များ ဤမျှရင်းနှီး ကျွမ်း၀င်နေလိမ့်မည်နည်း။

ဝူမုန်ချွမ်သာ ငှက်မွှေးပြာဂိုဏ်း၏ ဂိုဏ်သားတစ်ယောက်ဆိုလျှင် ဘာကြောင့်များ အရိုးအကျဉ်းထောင်၏ အတွင်းဆုံး အပိုင်းတွင် အကျဉ်းချ ခံထားရသနည်း။ ဤစ္စနှင့် ပတ်သတ်၍ ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

သို့သော် ခေါင်းရှုပ်ခံ စဉ်းစားမနေဘဲ လက်ရှိအခြေအနေမှ လွတ်မြောက်ရန်သာ ကြိုးစားလိုက်လေသည်။ စွမ်းအင် အရှိန်အဝါတို့သည် ရန်ကိုင့် ခန္ဓာကိုယ်စီမှ တဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။ သူ့ဘေးနားတွင် နေနေသော လျို့ရှန်းယွင်လည်း ထိုအချက်ကို သတိပြုမိသွားခဲ့လေသည်။

ထိုအခြင်းအရာကို သတိပြုမိမိချင်း လျို့ရှန်းယွင်မှာ အလွန်ကိုမှ အံအားသင့်သွားသဖြင့် ပါးစပ်အား လက်ဖြင့် အလျင်စလိုပိတ်၍ ရန်ကိုင့်အား လှည့်ကြည့်လိုက်လေသည်။ တခြားသူများ သတိမပြုမိစေရန် လျို့ရှန်းယွင်သည် ချက်ချင်းပဲ ရန်ကိုင့်ရှေ့တွင် ကာရပ်ကာ တင်ပလ္လင်ခွေထိုင်ချလိုက်သည်။

သို့သော်လည်း ဤနည်းလမ်းသည် ရန်ကိုင့်အတွက် အချိန်ခဏလောက်သာ ဆွဲထားပေးနိုင်လိမ့်မည်။ ရန်ကိုင်၏ အရှိန်အဝါသည် တစ်စထက် တစ်စ ပိုအားကောင်းလာသည့်အခါ ကျိုးရီနှင့် အခြားသူများလည်း စတင် သတိပြုမိလာကြလေသည်။ ချက်ချင်းဆိုသလို တစ်ယောက်ချင်းစီသည် ထိုင်ရာမှထကာ ရန်ကိုင် ရှိနေသည့်ဘက်ဆီသို့ သင်္ကာမကင်း အမူအရာဖြင့် ကြည့်လာကြလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၆၃)

ရန်ကိုင်မှ သူ့ကျင့်ကြံခြင်းအား ချိတ်ပိတ်ထားသည့်စည်းအား ဖြည်ရန် ကြိုးစားနေသည်ကိုမြင်သော် ကျိုးရီက ထအော်လေသည်။ “ကောင်လေး မင်းစည်းမျဉ်းတွေကို ဂရုမစိုက်တော့တာလား။”

ချူဖေးကလည်း ဝင်အော်ပြောလေသည်။ “ရန်ကိုင်..ရန်ကိုင် မင်းတော့သေပြီ။ မင်းလုပ်ရပ်က ကာကွယ်သူမြောင်ရဲ့အမိန့်ကို လွန်ဆန်လိုက်တာနဲ့ အတူတူပဲ။ ဘယ်သူမှမင်းကို ကယ်နိုင်တော့မှာမဟုတ်ဘူး။”

ရန်ကိုင်ဒုက္ခရောက်တော့မည့် အကြောင်းကိုတွေးရင်း ချူဖေး ပြုံးဖြီးဖြီးဖြစ်နေခဲ့လေသည်။ သို့သော်လည်း မကြာမီ သူ့မျက်နှာထက်ရှိအပြုံး တောင့်တင်းသွားခဲ့၏။ ရန်ကိုင့်ခန္ဓာကိုယ်ဆီမှ ဖြာထွက်လာနေသည့် စွမ်းအင်အရှိန်အဝါမှာ တစ်စတစ်စနှင့် ပိုပို၍ အားကောင်းလာနေသည့် အတွက်ကြောင့်ပင်။

ရန်ကိုင့်၏ခန္ဓာကိုယ်ပေါ်တွင် ကြိုးကဲ့သို့သော ချိန်းကြိုးတစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။ ထိုချိန်းကြိုးသည် ပျက်စီးတော့မည့်အလား ၎င်းပေါ်ရှိရုန်းအက္ခရာများမှာ တဖျတ်ဖျတ် လက်လာနေခဲ့လေသည်။

“မဖြစ်နိုင်ဘူး” ချူဖေး ထိတ်လန့်သွားခဲ့လေသည်။ ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်တတိယအဆင့်သာ ရှိသေးသည်။ သူ့ကျင့်ကြံခြင်းကို ချိတ်ပိတ်ခဲ့သည့်လူမှာ တာအိုသခင်ပထမအဆင့်ဖြစ်သည်။ ရန်ကိုင့်အနေဖြင့် ထိုစည်းမှ အလွယ်တကူ မလွတ်မြောက်နိုင်သင့်ပေ။

“မကောင်းတော့ဘူး” ကျိုးရီ ရင်ထိတ်သွားခဲ့လေသည်။ သူနှင့်ရန်ကိုင်ကြားရှိ ရန်ကြွေးအရ ရန်ကိုင်သာ သူ့ခွန်အားကိုပြန်ရပါက ပထမဆုံးသေမည့်လူမှာ သူသာဖြစ်မှန်း ကျိုးရီချက်ချင်းသိလိုက်သည်။

ထို့ပြင် လက်ရှိကျိုးရီသည် ဆိုးဆိုးရွားရွား ဒဏ်ရာရထားလေ၏။ ထို့ပြင် သူ့ကျင့်ကြံခြင်းမှာ ချိတ်ပိတ်ထားခံရသည့်အတွက် ရန်ကိုင်သာ တိုက်ခိုက်လာမည်ဆိုပါက မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ထိုအချက်ကိုနားလည်လိုက်သော် ကျိုးရီ ရုတ်တရက် ထိတ်လန့်တုန်လှုပ်လာပြီး အသံအကျယ်ကြီး လှမ်းအော်ခေါ်လေ၏။

“ဂျူနီယာရန်” သို့ရာတွင် ဒုတိယအကြိမ် ထပ်အော်မခေါ်ရသေးခင်မှာပင် ရန်ကိုင့်အား ချုပ်နှောင်ထားသည့်ချိန်းကြိုး ရုတ်တရက် တစ်စစီပေါက်ကွဲထွက်သွားခဲ့လေသည်။

တစ်ချိန်တည်းတွင် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါသည် အကျဉ်းခန်းထဲ ထွက်ပေါ်လာခဲ့လေ၏။ ရန်ကိုင်သည် လွတ်လာလာချင်းမှာပင် ငြိမ်မနေဘဲ ချက်ချင်းပဲ ကျိုးရီဆီသို့ပြေးဝင်သွား၏။

ကျိုးရီရှေ့သို့ရောက်သည်နှင့် လျှပ်စီးတမျှအမြန်နှုန်းဖြင့် ကျိုးရီ၏လည်ပင်းကို ဖမ်းဆွဲညှစ်လိုက်လေသည်။ ကျိုးရီတစ်ကိုယ်လုံး တောင့်တင်းသွားပြီး တစ်ချက်ကလေးပင် မလှုပ်ရဲတော့ပေ။

သူ့ရှေ့ရှိရန်ကိုင့်ကိုကြည့်ရင်း ကျိုးရီမျက်လုံးထဲ ကြောက်ရွံ့မှုတို့ ပြည့်နှက်လာခဲ့သည်။ ရန်ကိုင်မှ သူ့လည်ပင်းအား အတင်းအကျပ် ဖိညှစ်ထားသည့်အတွက် ကျိုးရီမှာအသံတစ်ချက်ပင် မထွက်နိုင်တော့။

ထိုမြင်ကွင်းကိုကြည့်ရင်း ချူဖေးနှင့်အခြားသူများလည်း ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ကြောက်ကြောက်လန့်လန့်ဖြင့် ဖင်ထိုက်လျက်လဲကျကုန်လေသည်။ ရန်ကိုင်သည် ကျိုးရီအား ထူးမခြားနားဟန်ဖြင့်ကြည့်ရင်း ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။ “ဂျူနီယာရန်…” ကျိုးရီသည် ကြိုးစားပမ်းစားဖြင့် ပြောလိုက်၏။ ရန်ကိုင့်အား တောင်းပန်တိုးလျှိုးသည့် အကြည့်ဖြင့်ကြည့်ရင်း တောင်းဆိုလိုက်လေသည်။

“မင်းငါ့ကိုတကယ်မသတ်ပါဘူးနော်။ ဟုတ်တယ်မလား။ စီနီယာအစ်ကို မင်းအပေါ် အမှားလုပ်ခဲ့တယ်ဆိုပေမယ့် ငါတို့ကတစ်ဂိုဏ်းတည်းသားချင်းတွေပဲလေ။ တောင်းပန်ပါတယ်ကွာ။ ငါ့ကိုလွှတ်ပေးပါ။ ဖြစ်သွားခဲ့တာတွေကို ငါဘယ်သူ့ကိုမှ ပြန်မပြောပါဘူး။ မင်းအခု ရပ်လိုက်မယ်ဆိုရင်တောင် နောက်မကျသေးဘူးလေ။”

“ဖြစ်နိုင်မယ်ထင်လို့လား အရူးရဲ့” ရန်ကိုင်က အထင်မြင်တသေးဖြင့် ပြန်ပြောလိုက်ပြီးနောက် သူ့လက်ထဲ အားစိုက်ချလိုက်၏။

“ခရက်” ဟူသောမြည်သံနှင့်အတူ ကျိုးရီ၏လည်ပင်း ကျိုးသွားခဲ့လေသည်။

ရန်ကိုင်သည် ကျိုးရီလက်ထဲမှ သိုလှောင်လက်စွပ်ကို လှမ်းယူလိုက်ပြီး အလောင်းကို အခြားတစ်နေရာဆီသို့ လွှင့်ပစ်လိုက်သည်။ သိုလှောင်လက်စွပ်ထဲ ဘာပါသလဲဆိုသည်ကို စစ်ဆေးကြည့်မနေတော့ဘဲ သူ့အိတ်ကပ်ထဲသို့ လက်စွပ်ကိုထိုးထည့်လိုက်၏။

ထိုမြင်ကွင်းကိုကြည့်ရင်း ချူဖေးနှင့် သူ့အပေါင်းအပါများမှာတော့ အကုန်လုံး တုန်တုန်ရီရီ ဖြစ်နေခဲ့လေသည်။ ကျိုးရီသေသွားသည်ကို မြင်ပြီးနောက် နောက်သေရမည့်သူမှာ သူတို့သာဖြစ်မှန်း ချက်ချင်းနားလည်သွား၏။

ရန်ကိုင့်အား ဘာကြောင့်များ သွားရန်စမိခဲ့ရသလဲဟုတွေးရင်း သူတို့ရင်ထဲ အလွန်ကိုမှ နောင်တရမိလာခဲ့လေသည်။

“ဂျူနီယာရန် ငါ့ကိုခွင့်လွှတ်ပေးပါကွာ။ စီနီယာအစ်ကို မှားပါတယ်။ ကျေးဇူးပြုပြီး ငါတို့ကိုချမ်းသာပေးပါ။” ချူဖေးသည် အသံအကျယ်ကြီး ငိုယိုတောင်းပန်တော့လေသည်။

ရန်ကိုင်သည် ချူဖေးအား အေးစက်စက်အမူအရာဖြင့်သာ ကြည့်နေခဲ့သည်။ ထို့နောက် ရွှေရောင်သွေးမျှင်တစ်ချောင်းကို ပစ်လွှတ်၍ ချူဖေး၏အသက်ကို နှုတ်ယူလိုက်လေ၏။ ချူဖေး၏နဖူးထက် အနီရောင်အစက်ကလေးတစ်စက် ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံး တောင့်တင်းသွားကာ မြေကြီးပေါ်သို့ လဲကျသွားခဲ့လေသည်။

ကျန်နှစ်ဦးကိုလည်း ချူဖေးကဲ့သို့ ရွှေရောင်သွေးမျှင်ကိုသုံးပြီး သတ်ပစ်လိုက်လေ၏။ ထို့နောက် သူတို့၏သိုလှောင်လက်စွပ်ကိုယူကာ အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်လေသည်။ အကျဉ်းခန်းထဲရှိ ကိစ္စအားလုံးကို ရှင်းပြီးသော် ရန်ကိုင်သည် လျို့ရှန်းယွင်ဘက်သို့လှည့်၍ ပြောလိုက်သည်။ “ရှန်းယွင် နင်ဒီမှာနေဉီး။ ငါအခုပဲ ပြန်လာခဲ့မယ်”

“နင်ဘယ်သွားမလို့လဲ။”

လျို့ရှန်းယွင်မှာမူ လက်ရှိအဖြစ်အပျက်မှ ကောင်းကောင်းအသိပြန်မဝင်လာနိုင်သေး။ ရန်ကိုင် သူ့ကျင့်ကြံခြင်းကို ပြန်ရသွားပြီးသည့်အချိန်မှစ၍ ကျိုးရီနှင့်ကျန်သုံးဦးအား သတ်ပစ်လိုက်သည်မှာ အသက်တစ်ရှိုက်နှစ်ရှိုက်စာမျှသာ ကြာခဲ့သည်။

ယနေ့တွင် ရန်ကိုင်သည် ငှက်မွေးပြာဂိုဏ်းမှထွက်ပြေးရန် ကြိုးစားတော့မည်မှန်း လျို့ရှန်းယွင် နားလည်သွားခဲ့လေသည်။ ထို့ကြောင့်သာမဟုတ်လျှင် ရန်ကိုင် ဤမျှရက်ရက်စက်စက် ပြုမူလိမ့်မည်မဟုတ်ချေ။ သူမသည်လည်း ငှက်မွေးပြာဂိုဏ်းပေါ် တွယ်တာစိတ်မရှိ။ တွန်းအားပေးခံရသည့်အတွက်ကြောင့်သာ မဟုတ်လျှင် ဤကဲ့သို့သောဂိုဏ်းထဲသို့ ဘာကြောင့်များ ဝင်ရမည်နည်း။

သူမစိတ်ထဲ ငှက်မွေးပြာဂိုဏ်းမှ ထွက်သွားချင်သော်လည်း သူမတို့နှစ်ဦးတွင် ထိုသို့ထွက်သွားနိုင်သည့် ခွန်အား ရှိမနေမည်ကို စိုးရိမ်နေခဲ့ရသည်။ ထို့ကြောင့်ရန်ကိုင်မှ တစ်နေရာရာသွားမည်ဟု ပြောလာသည်ကိုကြားသည့်အခါ အလိုလို လှမ်းမေးမိလိုက်လေသည်။

ရန်ကိုင်ကမူ ရှင်းပြမနေဘဲ စိတ်မပူရန်သာပြောပြီး အရိုးအကျဉ်းထောင်၏ အတွင်းပိုင်းထဲသို့ ဝင်သွားခဲ့လေသည်။ အရိုးအကျဉ်းထောင်၏အတွင်းပိုင်း မည်ကဲ့သို့ရှိမလဲဆိုသည်ကို ရန်ကိုင်မသိသော်လည်း ဝူမုန်ချွမ်းရှိနေသည့်နေရာသည် အလွန်ကိုမှ အစောင့်အကြပ်ထူထဲလိမ့်မည်မှန်းတော့ သိသည်။

အတွင်းပိုင်းသို့ လျှောက်ဝင်လာသည့်နောက် လိုဏ်ဂူသည် ပိုပို၍မည်းမှောင်လာပြီး စိုစွတ်စွတ် ဖြစ်လာသည်ကို တွေ့ရှိလိုက်ရသည်။ သူ့ဘေးပတ်လည်ဆီမှ ပုန်းကွယ်နေသော စွမ်းအင်လှိုင်းများကိုလည်း ခံစားမိလိုက်လေသည်။

ထိုစွမ်းအင်လှိုင်းများမှာ အကျဉ်းထောင်ထဲတွင် ခင်းကျင်းထားသော အားကောင်းသည့်အစီအရင်များဆီမှ ဖြာထွက်နေခြင်းဖြစ်သည်။ သို့သော်လည်း ရန်ကိုင်အံ့အားသင့်သွားရသည့်အချက်မှာ အကျဉ်းထောင်ထဲ အကျဉ်းချခံထားရသော ကျင့်ကြံသူအားလုံးသည် ရန်ကိုင်ထွက်လာသည်ကို မြင်သည့်တိုင် အသံတစ်ချက်ပင်မပြုခြင်းပင်။

အကုန်လုံးသည် ယခုကဲ့သို့ဖြစ်လာမည်မှန်း ကြိုသိထားကြသည့်အလား အချို့ဆိုလျှင် သူ့အား ဆက်သွားရန်ပင် ပြောနေသေးသည်။ အချို့ကမူ သူ့အား အစီအရင်ရှိနေသည့်နေရာများကို ညွှန်ပြပြီး ထိုနေရာများကို မသွားရန်ပြောလေ၏။

‘ဒီလူတွေက ဝူမုန်ချွမ်နဲ့တစ်ဖွဲ့တည်းဖြစ်လောက်တယ်’ ထို့ကြောင့်ပင်လျှင် ရန်ကိုင်ထွက်လာသည့်အပေါ် ထိုလူများ အံ့အားသင့်မနေရခြင်း ဖြစ်ပေလိမ့်မည်။ လေ့လာကြည့်ပြီးနောက်တွင် အရိုးအကျဉ်းထောင်၏ အတွင်းပိုင်း၌ အကျဉ်းချခံထားရသည့် ကျင့်ကြံသူဆယ်ဦးမက ရှိနေကြောင်း တွေ့ရှိလိုက်ရလေသည်။

ထိုလူအားလုံး၏ ကျင့်ကြံခြင်းမှာ ချိတ်ပိတ်ထားခြင်းခံရသော်ငြား သူတို့ဆီမှ ခံစားနေရသည့် အရှိန်အဝါအရ ထိုလူအားလုံးသည် တာအိုသခင်အဆင့် ကျင့်ကြံသူများ ဖြစ်ရပေလိမ့်မည်။

‘ဝူမုန်ချွမ်ဘယ်သူလဲ။ ဒီလူတွေကရော ဘယ်သူတွေလဲ။ ဘာလို့သူတို့တွေအကုန်လုံး ဒီမှာအကျဉ်းချခံထားရတာလဲ’ ရန်ကိုင့်စိတ်ထဲ မေးခွန်းပေါင်းစုံ ထွက်ပေါ်လာခဲ့သည်။ ဤငှက်မွေးပြာဂိုဏ်း၏နောက်ကွယ်တွင် လျို့ဝှက်ချက်အကြီးကြီးတစ်ခု ရှိနေလိမ့်မည်ဟုလည်း သူ့စိတ်ထဲအလိုလို ခံစားနေခဲ့ရလေသည်။

မီတာတစ်ထောင်ကျော်မက ဆက်လျှောက်လာပြီးနောက် နောက်ဆုံးတွင် အဆုံးဆီသို့ ရန်ကိုင်ရောက်လာခဲ့သည်။ ဤနေရာတွင် ဘာမှန်းမသိသော သတ္ထုတစ်မျိုးမျိုးဖြင့် ပြုလုပ်ထားသည့် အကျဉ်းခန်းတစ်ခန်း ရှိနေခဲ့သည်။ အကျဉ်းခန်းတစ်ခန်းလုံးကို အလုံပိတ်ထားပြီး ပြတင်းပေါက် သေးသေးလေး တစ်ပေါက်သာ ဖွင့်ထားခဲ့၏။

သို့သော်လည်း အတွင်းပိုင်းမှာ လုံးဝကိုမည်းမှောင်နေသည့်အတွက် ပြတင်းပေါက် ရှိနေသည့်တိုင် ဘာဆိုဘာမှကို မမြင်ရပေ။ မှောင်နေသည့် အတွက် ဘာကိုမှ မမြင်ရသော်ငြား ထိုအကျဉ်းခန်းထဲ အသက်စွမ်းအင်အရှိန်အဝါ တစ်ခု ရှိနေသည်ကိုတော့ ရန်ကိုင် သေချာ ခံစားနေခဲ့ရသည်။

“ကောင်လေး မင်းရောက်လာတာမြန်တာပဲကွ။ မင်းအရည်အချင်းက ဒီလူအိုကြီးထင်ထားတာထက်တောင် အများကြီးပိုကောင်းသေးတယ်။” အကျဉ်းခန်းဆီမှ အံ့အားသင့်နေသည့် အရိပ်အယောင်တို့ ရောယှက်နေသည့် ဝူမုန်ချွမ်၏ ခြောက်ကပ်ကပ်အသံ ထွက်ပေါ်လာခဲ့လေသည်။

“စီနီယာဝူလား” ရန်ကိုင်ကမေးလိုက်သည်။ “ဟုတ်တယ်”

“ကျုပ်အခုဘာလုပ်ရမလဲ။” ရန်ကိုင်က အလျင်စလို ပြန်မေးလိုက်သည်။ သူငှက်မွေးပြာဂိုဏ်းမှ လွတ်နိုင်မလွတ်နိုင် ဆိုသည်မှာ ဤအကျဉ်းခန်းထဲမှာ ပိတ်လှောင်ထားခံရသည့် လူပေါ်တွင်မူတည်နေပေသည်။

ထို့ကြောင့် ရန်ကိုင်ဆက်ပြီး အချိန်ဆွဲမနေချင်ပေ။ “ဒီအကျဉ်းခန်းကို ဘယ်လိုဖွင့်ရမလဲဆိုတဲ့နည်းလမ်း ငါမင်းကိုသင်ပေးမယ်။” ဝူမုန်ချွမ်၏အသံ ဆုံးသွားပြီးနောက် ရန်ကိုင်၏နဖူးဆီသို့ ကောင်းကင်စိတ်အာရုံတစ်ခု တိုးဝင်လာခဲ့လေသည်။ ရန်ကိုင်သည် မျက်မှောင်ကြုတ်သွားခဲ့သော်လည်း ခုခံမနေဘဲ ဝူမုန်ချွမ်ပေးသည့် နည်းစနစ်ကို လက်ခံယူလိုက်သည်။

ဤနည်းလမ်းမှာ သူ့ကျင့်ကြံခြင်းအား ချိတ်ပိတ်ထားသည့်စည်းကိုဖြည်သည့် နည်းလမ်းနှင့် တူပေသည်။ သို့သော်လည်း ပိုရှုပ်ထွေး၏။ သို့သော်လည်း ကံကောင်းစွာဖြင့် ယခင်အတွေ့အကြုံများကြောင့် အမွှေးတိုင်တစ်ချောင်းစာအတွင်း ထိုနည်းစနစ်ကို နားလည်သွားခဲ့လေသည်။

ရန်ကိုင်သည် သူ့ချီကို သူ့ရှေ့တည့်တည့်ရှိတံခါးထဲသို့ ထည့်သွင်းလိုက်သည်။ မမြင်နိုင်သော စိတ်ဝိညာဉ်အစီအရင်များနှင့် အကာအကွယ်များ တဖြည်းဖြည်း အက်ကွဲလာနေသည့်အလား အက်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေခဲ့လေသည်။

ခဏအကြာတွင် ရန်ကိုင်သည် သူ့လက်ကိုမြှောက်၍ အကျဉ်းတံခါးကိုပုတ်လိုက်၏။ နောက်ဆုံးအကာအရံ ကျိုးပျက်သွားသည့်အလား အကျဉ်းတံခါး တဖျတ်ဖျတ် တောက်ပလာခဲ့လေသည်။

ထိုစဉ်ဝူမုန်ချွမ်၏ စိတ်လှုပ်ရှားနေသည့်အသံ ထွက်ပေါ်လာခဲ့သည်။ “မင်းက ငါထင်ထားတာထက် တကယ်ကြီးပိုတော်နေတာပဲကွ။ အဲ့ကိစ္စပြီးသွားပြီဆိုတော့ အခုဒီလူအိုကြီး ဝိညာဉ်ချုပ်နှောင်ရွှေသံကြိုးတွေကို လာဖြည်ပေးလို့ရပြီ။ ဒီကြိုးတွေသာ ပြေသွားတာနဲ့ ငါတို့ ဒီက ထွက်သွားလို့ရပြီ”

ဝူမုန်ချွမ်၏လေသံထဲ မျှော်လင့်မှု၊ စိတ်လှုပ်ရှားမှုတို့သာမက ရူးသွပ်နေသည့် အရိပ်အယောင်အချို့ပါ ပါဝင်နေခဲ့လေသည်။ ထို့ကြောင့် ဝူမုန်ချွမ်သာလွတ်လာလျှင် ဘာလုပ်မလဲဟုတွေးရင်း ရန်ကိုင်အနည်းငယ် တုန့်ဆိုင်းမိသွားခဲ့သည်။ သူ့လုပ်ရပ်သည် သူ့အနာဂတ်အပေါ် ဆိုးရွားသည့်အကျိုးဆက်များကို ဖြစ်ပေါ်လာစေနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် မွန်းစတားတစ်ကောင်ကို အကျဉ်းထောင်ထဲမှ လွှတ်ပေးလိုက်သလို ဖြစ်နေမည်ကို ရန်ကိုင် လန့်နေခဲ့သည်။

သို့သော်လည်း လက်ရှိအခြေအနေအရ သူ့တွင် အခြားရွေးချယ်နေစရာ မရှိသဖြင့် ရန်ကိုင်သည် တခဏမျှ တုံ့ဆိုင်းနေပြီးနောက် ထိုစိုးရိမ်ပူပန်မှုအားလုံးကို ဘေးဖယ်ထားလိုက်လေသည်။

အကျဉ်းတံခါးကို တွန်းဖွင့်လိုက်ပြီးနောက် မှိန်ဖျဖျအလင်းရောင်၏ အကူအညီဖြင့် အကျဉ်းခန်းထဲရှိ အခြေအနေကို ရန်ကိုင်မြင်နိုင်ခဲ့လေ၏။ မုန်ချွမ်၏ပုံစံကို မြင်ပြီးနောက်တွင် ရန်ကိုင်မျက်လုံး မှေးစင်းသွားခဲ့လေသည်။

အကျဉ်းထောင်နံရံပေါ်တွင် လူတစ်ဦး ခြေကားယား လက်ကားရား ကပ်ထားခြင်း ခံရလေသည်။ ထိုလူ၏ ခြေလက်များကို နံရံပေါ်တွင် သံစူးချွန်များဖြင့် ထုတ်ချင်းပေါက် ရိုက်ကပ်ထားခဲ့လေ၏။

လက်ရှိဝူမုန်ချွမ်၏ ခန္ဓာကိုယ်သည် အရိုးပေါ်အရေတင် ဖြစ်နေခဲ့လေသည်။ ဆံပင်များဆိုလျှင်လည်း ကျိုးတိုးကျဲတဲ ဖြစ်နေ၏။ ရှင်းရှင်းပြောရလျှင် ဝူမုန်ချွမ်သည် မည်သည့်စွမ်းအင် အရှိန်အဝါမှ မရှိတော့သည့် အသက်ရှင်နေသော အလောင်းတစ်လောင်းနှင့်ပင် မကွာခြားတော့ချေ။

သို့သော်လည်း သူ့မျက်လုံးမှာမူ အလွန်တရာကိုမှ တောက်ပနေခဲ့လေသည်။ “စီနီယာဝူလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဟဲ..ဟဲ..ဟဲ..ဟဲ…. အရိုးပေါ်အရေတင်နေသည့်လူအိုကြီးသည် ပြုံးဖြီးဖြီးဖြင့် ပြန်ပြောလိုက်၏။ “မယုံသင်္ကာဖြစ်မနေနဲ့။ ဒီလူအိုကြီးက ဝူမုန်ချွမ်ပဲ”

“ခင်ဗျားက…” ရန်ကိုင် ပြောစရာစကားပင် မရှာတတ်တော့ချေ။

ဝူမုန်ချွမ်အပေါ် မည်မျှမုန်းတီးနေ၍များ ငှက်မွေးပြာဂိုဏ်းသည် သူ့အား ဤကဲ့သို့ဖြစ်အောင် နှိပ်စက်ထားလေရသနည်း။

“နှိပ်စက်ထားခံရလို့ အခုလိုတွေ ဖြစ်လာတာလေ။ ဒါပေမယ့်ငါက ဘာမှမှ ပြန်မလုပ်နိုင်သေးတာ။ အသက်ရှင်ဖို့ သူတို့နှိပ်စက်တာကို တောင့်ခံရုံပဲရှိတာပေါ့” မုန်ချွမ်သည် တစ္ဆေတစ်ကောင် အော်မြည်နေသည့်အလား ခြောက်ကပ်ကပ် လေသံတိုးတိုးဖြင့် ပြန်ပြောလာ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၆၄)

“လူတွေလာနေပြီ။ မင်းမြန်မြန်လုပ်ပေတော့” ဝူမုန်ချွမ်၏ အမူအရာ ရုတ်ခြည်းအေးစက်သွားပြီး ရန်ကိုင့်အား အလျင်စလို တွန်းအားပေးလိုက်လေသည်။ ရန်ကိုင်သည်လည်း အရိုးအကျဉ်းထောင်ဝင်ပေါက်ဆီမှ တစ်ယောက်ယောက် လမ်းလျှောက်လာနေသည့်အသံကို သတိပြုမိလိုက်သည်။

ထို့ကြောင့် တုံ့ဆိုင်းမနေတော့ဘဲ ဝူမုန်ချွမ်ဆီသို့ ပြေးသွားပြီး ဝူမုန်ချွမ်၏ညာလက်အား နံရံနှင့်ကပ်ရိုက်ထားသော သံချောင်းကို ဆွဲနှုတ်လေ၏။ ဝူမုန်ချွမ်ပြောသည့်အတိုင်းပင် ဤသံချောင်းသည် ဝိညာဉ်ချုပ်နှောင်ရွှေဖြင့် ပြုလုပ်ထားပေသည်။

သံချောင်းကို ကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ကိုယ်ထဲရှိ ချီစီးဆင်းမှု ရပ်တန့်သွားသည်ကို ရန်ကိုင်ခံစားလိုက်ရသည်။ “မင်းရဲ့ရုပ်ခွန်အားကိုပဲသုံး” ဝူမုန်ချွမ်က သတိပေးလိုက်သည်။ ရန်ကိုင်သည် ခေါင်းညိတ်လိုက်ပြီး ထိုသံချောင်းကို အားကုန်သုံးကာ ဆွဲနှုတ်လေသည်။ ‘ချွင်’ခနဲဟူသော မြည်သံနှင့်အတူ သံချောင်းကျွတ်ထွက်သွားခဲ့သည်။

အနက်ရောင်သွေးများလည်း ဖြာထွက်လာခဲ့လေသည်။ အချိန်အလွန်ကြာသွားသည့် အတွက်ကြောင့်လားမသိ သွေးမှာ ပုံမှန်ကဲ့သို့ နီကြင့်ကြင့်ဖြစ်မနေတော့ဘဲ မည်းနက်နက်နှင့် စေးပျစ်ပျစ်ဖြစ်နေခဲ့သည်။

တစ်ချောင်းကို နှုတ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ဝူမုန်ချွမ်၏ခြေလက်များအား နံရံနှင့်ကပ်ရိုက်ထားသော အခြား သံသုံးချောင်းကို သွားဆွဲနှုတ်ပေးပေသည်။ နောက်ဆုံးသံချောင်းကို ဆွဲနှုတ်ပြီးနောက်တွင် ဝူမုန်ချွမ်သည် မြေပြင်ပေါ်သို့ ခြေပစ်လက်ပစ် ပြုတ်ကျလာခဲ့သည်။

သို့ရာတွင် နာကျင်မှုကြောင့် ငြီးတွားနေခြင်းမရှိဘဲ ဝမ်းသာပျော်ရွှင်နေသည့်အလား ညစ်ကျယ်ကျယ် ရယ်မောနေခဲ့လေသည်။ ဝူမုန်ချွမ်၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည့် ဝိညာဉ်ချုပ်နှောင်ရွှေသံကြိုးများ ရှိနေပေသေးသည်။ ထိုသံကြိုးမှာ အလွန်ကိုမာကြောသဖြင့် ရန်ကိုင်၏ရုပ်ခွန်အားနှင့်ပင် ဆွဲမဖြတ်နိုင်ခဲ့ပေ။‌ နောက်ဆုံးတွင် ရန်ကိုင်သည် ဓာတ်ကြီးငါးပါး အကြွင်းမဲ့ဓားချီကိုသုံးပြီး ဖျက်ဆီးပစ်ခဲ့ရလေ၏။

ထိုအခါမှပဲ ထိုသံကြိုးများကို ဆွဲဖြတ်နိုင်ခဲ့လေသည်။ ဓာတ်ကြီးငါးပါး အကြွင်းမဲ့ဓားချီသည် ခန္ဓာကျင့်စဉ်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည့်အတွက် ဝိညာဉ်ချုပ်နှောင်ရွှေ၏ အကျိုးသက်ရောက်ခြင်း မခံရပေ။

သူ့အားချုပ်နှောင်ထားသည့် အချုပ်အနှောင်အားလုံး မရှိတော့သည့်နောက်တွင် ဝူမုန်ချွမ်သည် ဒယီးဒယိုင်ဖြင့် မတ်တပ်ရပ်လာခဲ့လေသည်။ ထို့နောက် မိစ္ဆာဆန်ဆန်ပြုံးလျက် အော်ပြောလိုက်လေ၏။ “ကျုကျွင်းရှန်၊ ပိရန်ယုချင်း၊ မြောင်ချီ၊ ထုန်ချုန်း မင်းတို့အားလုံး သေဖို့ပြင်ထားပေတော့။” ဝူမုန်ချွမ်းပြောသည့် နာမည်လေးခုကို ကြားပြီးနောက် ရန်ကိုင်ရင်ထိတ်သွားခဲ့လေသည်။

ထိုလေးဦးမှာ ငှက်မွေးပြာဂိုဏ်း၏ ကာကွယ်သူလေးဦးမှလွဲ၍ အခြားမဟုတ်ပေ။ ဝူမုန်ချွမ်နှင့် ထိုကာကွယ်သူလေးဦးကြား ကမ္ဘာမကျေရန်ငြိုးတစ်ခု ရှိနေသည့်ပုံပင်။ ဝူမုန်ချွမ်အား ယခုကဲ့သို့ဖြစ်အောင် ထိုလူလေးဦးမှပဲ နှိပ်စက်ခဲ့ခြင်း ဖြစ်လောက်သည်။

သို့သော်လည်း လက်ရှိဝူမုန်ချွမ်သည် သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေသည့် အခြေအနေမျိုးသို့ ရောက်နေခဲ့လေသည်။ သို့တိုင် လွတ်လာပြီးသည်နှင့် တိတ်တဆိတ်ထွက်ပြေးရန် မကြိုးစားဘဲ အရှက်မရှိ ကြွားဝါပြောဆိုနေခဲ့သည်။

နှိပ်စက်ခံရဖန်များလွန်း၍ ဝူမုန်ချွမ် ရူးများရူးသွားခြင်းပင်လား။ သူ့ကျင့်ကြံခြင်းကိုပြန်ရရချင်း ဤနေရာမှ ချက်ချင်းထွက်မပြေးခဲ့မိသည့်အပေါ်ပင် ရန်ကိုင်နောင်တရလာခဲ့လေသည်။

သူ၏အဖိုးတန်အချိန်များကို ဤလူအိုကြီးအားကယ်ခြင်းဖြင့် အဆုံးရှုံးမခံလိုက်သင့်ပေ။ သို့သော်ငြား ယခုမှနောင်တရနေ၍လည်း ဘာမှမထူးတော့။ တခဏမျှတွေးလိုက်ပြီးနောက် ရန်ကိုင်ကပြောလိုက်လေသည်။ “စီနီယာ ကျုပ်တို့သဘောတူထားတာ ပြီးသွားပြီဆိုတော့ ဂျူနီယာသွားပါတော့မယ်။ စီနီယာကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။”

ပြောပြီးသည်နှင့် ထွက်ပြေးရန် လုပ်လေသည်။

ဝူမုန်ချွမ်သည် ရန်ကိုင်အားစောင်းငဲ့ကြည့်၍ ရယ်မောလျက် ပြန်ပြောလိုက်သည်။ “ဘာဖြစ်လို့လဲ။ ဒီလူအိုကြီးက အဲ့ကာကွယ်သူလေးဦးရဲ့ ပြိုင်ဖက်မဖြစ်နိုင်ဘူးလို့ မင်းထင်နေတာလား။” ရန်ကိုင်ကမျက်မှောင်ကြုတ်၍ ပြန်ပြောလျက် “ဂျူနီယာ စီနီယာကိုမယုံတာ မဟုတ်ပါဘူး။ ဒါပေမယ့် စီနီယာရဲ့အခုလက်ရှိပုံစံက….”

“ဟမ့်…” ဝူမုန်ချွမ်က နှာခေါင်းရှုံ့လိုက်ပြီး သူ့လက်ကိုဝှေ့ယမ်း၍ ကြုံးဝါးပြောဆိုလိုက်လေသည်။ “ငါ့နောက်လိုက်ခဲ့။ ငါအဲ့ကာကွယ်သူလေးဦးရဲ့ ပြိုင်ဖက်ဟုတ်မဟုတ် ငါမင်းကိုပြပေးမယ်။” ဝူမုန်ချွမ်၏ အလွန်ကိုမှယုံကြည်ချက်ရှိနေသည့် အမူအရာကိုမြင်သော် ရန်ကိုင်ကြောင်သွားခဲ့လေသည်။

လူအိုကြီး၏ပုံစံကို ကြည့်ရသလောက် ဝူမုန်ချွမ်သည် သူ့အသက်ကိုတန်ဖိုးမထားသည့် လူတစ်ယောက်မဖြစ်နိုင်။ ထို့ကြောင့် ရန်ကိုင်မှာ အလွန်ကိုမှစိုးရိမ်နေသော်လည်း ဝူမုန်ချွန်ပြောသည့်အတိုင်း သူ့နောက်သို့လိုက်သွားရုံသာ တတ်နိုင်လေသည်။

မကြာမီ ရန်ကိုင်တို့နှစ်ဦးသည် အကျဉ်းခန်းများရှိရာဆီသို့ ရောက်လာခဲ့သည်။ ဝူမုန်ချွမ်ကိုမြင်ပြီးနောက် အစောပိုင်းက ရန်ကိုင့်အား လမ်းပြပေးခဲ့သောကျင့်ကြံသူများသည် အလွန်ကိုမှ စိတ်လှုပ်ရှားလာပြီး အကျဉ်းခန်းရှေ့သို့ ထွက်လာကြလေသည်။

ဝူမုန်ချွမ်သည် လမ်းမအပေါ်တွင်ရပ်လျက် အော်ရယ်မောလိုက်သည်။ ထို့နောက် ခြောက်ကပ်နေသည့် သူ့လက်ကို ဖြည်းဖြည်းချင်းမြှောက်လိုက်၏။ ချက်ချင်းဆိုသလို ရှင်းပြမရနိုင်သော စွမ်းအားတစ်ရပ် သူ၏ခန္ဓာကိုယ်သေးသေးလေးမှ ပေါက်ကွဲထွက်လာခဲ့လေသည်။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် အလွန်ကိုမှ ထိတ်လန့်တုန်လှုပ် သွားခဲ့လေသည်။ ဝူမုန်ချွမ်၏ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသည့် စွမ်းအားကြောင့် သူ့အသိစိတ်ပင်လယ်ပင် မတည်မငြိမ်ဖြစ်လာလေသည်။ သူ့စိတ်စွမ်းအားသည်ပင်လျှင် မဟုတ်။ သူ့အသက်စွမ်းအင်မှာလည်း ဝရုန်းသုန်းကား ဖြစ်လာခဲ့၏။

ရန်ကိုင်၏အမူအရာ အပြောင်းလဲကြီးပြောင်းလဲသွားပြီး သူ့ခွန်အားကို အလျင်စလိုလှည့်ပတ်၍ ထိုစွမ်းအားကို ခုခံလိုက်လေသည်။ သို့တိုင် သူ့အသက်စွမ်းအင်နှင့် စိတ်စွမ်းအားတို့မှာ လုံးဝငြိမ်သက်သွားခြင်း မရှိပေ။

အကျဉ်းခန်းများထဲ ချုပ်နှောင်ထားခံရသော ကျင့်ကြံသူများမှာတော့ ကံမကောင်းခဲ့ပေ။ ဝူမုန်ချွမ်း၏ လုပ်ရပ်ကိုမြင်ပြီးနောက် အကုန်လုံးအလန့်တကြား ထအော်ကြလေသည်။ မျက်နှာပေါ်ရှိ စိတ်အားထက်သန်မှု၊ မျှော်လင့်ချက်အရိပ်အယောင်တို့မှာ ကြောက်လန့်မှု၊ ထိတ်လန့်တုန်လှုပ်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြပြီး ချက်ချင်းနောက်သို့ ပြန်လှည့်ပြေးကြလေ၏။

သို့သော်လည်း သူတို့ဘယ်နေရာသို့ ပြေးမည်နည်း။ သူတို့နောက်တွင် အကျဉ်းခန်းနံရံများသာ ရှိပေသည်။ ကြောက်လန့်တကြား အော်ဟစ်သံများနှင့်အတူ သွေးစီးကြောင်းများ တစ်ခုပြီးတစ်ခု အကျဉ်းခန်းများဆီမှ ထွက်ပေါ်လာပြီး ဝူမုန်ချွမ်၏ပါးစပ်ထဲသို့ စီးဝင်သွားကြလေသည်။

အလွန်ကိုမှ လျင်မြန်သည့်နှုန်းဖြင့် ဝူမုန်ချွမ်၏ အရိုးပေါ်အရေတင်ဖြစ်နေသော ခန္ဓာကိုယ်မှာ လျင်မြန်စွာ ပြန်လည်ပြည့်တင်းလာခဲ့သည်။ ခြောက်ကပ်အက်ကွဲနေသော အရေပြားမှာလည်း နီကြင့်ကြင့်ဖြစ်လာပြီး ပြန်လည်စိုပြည်လာခဲ့လေသည်။ ကျိုးတိုးကျဲတဲဖြစ်နေသော ဆံပင်များပင်လျှင် ပြန်ပေါက်လာကြပြီး ဆံပင်အရောင်မှာလည်း အနက်ရောင်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲလာခဲ့လေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေမိခဲ့သည်။ ဝူမုန်ချွမ်စုပ်ယူလိုက်သည်မှာ အကျဉ်းခန်းများထဲ ပိတ်လှောင်ထားခံရသည့် ကျင့်ကြံသူများ၏ အသက်စွမ်းအင်အဆီအနှစ်များ ဖြစ်နေကြောင်းကို တွေ့ရှိလိုက်ရလေသည်။

အကျဉ်းသားအားလုံးသည် ဝူမုန်ချွမ်ပြန်ကောင်းလာရန်အတွက် အာဟာရများ ဖြစ်သွားခဲ့ကြရသည်။ သူ့ရှေ့ရှိမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်အလွန်ကိုမှ မယုံကြည်နိုင်ဖြစ်နေခဲ့လေသည်။ ဤလောကကြီးတွင် ဤမျှထူးဆန်းလှသည့် ကျင့်ကြံခြင်းနည်းစနစ်ကော ရှိပါသေးရဲ့လား။

ရုတ်တရက် ဝူမုန်ချွမ်မှ သူ့အားပေးခဲ့သည့် ကောင်းကင်ဝါးမြိုခြင်းတိုက်ပွဲဥပဒေသဟူသော ကျင့်စဉ်ကို ပြန်အမှတ်ရလိုက်လေသည်။ ထိုကျင့်စဉ်အား အသေးစိတ်မလေ့လာကြည့်ရသော်လည်း ကျင့်စဉ်အကြောင်းကိုတော့ အကြမ်းဖျဉ်း လေ့လာကြည့်ပြီးသွားလေပြီ။

လက်ရှိတွင်ဝူမုန်ချွမ်သည် ကောင်းကင်ဝါးမြိုခြင်း တိုက်ပွဲဥပဒေသကျင့်စဉ်ကို ထုတ်သုံးနေခြင်းဖြစ်သည်။ ထိုကျင့်စဉ်သည် ဤမျှမိစ္ဆာဆန်ကာ ဆိုးရွားသည့် ကျင့်စဉ်တစ်ခုပေလော။ ထိုကျင့်စဉ်သည် အခြားသူများ၏ အသက်စွမ်းအင် အဆီအနှစ်ကို ကိုယ်ပိုင်ဖြစ်အောင် ပြောင်းလဲပေးနိုင်သလော။ ထိုကျင့်စဉ်သည် မည်မျှအားကောင်း၍များ သေခါနီးလူတစ်ဦးကို အချိန်အနည်းငယ်အတွင်း အကောင်းအတိုင်း ပြန်ဖြစ်သွားအောင် လုပ်ပေးနိုင်ရသနည်း။

‘ဘယ်လိုကျင့်စဉ်ကြီးလဲ’ ရန်ကိုင်ဆက်၍ မတွေးရဲတော့ပေ။ သို့သော်လည်း တစ်ချိန်တည်းမှာပဲ ထိုကျင့်စဉ်မည်မျှပင် အားကောင်းစေကာမူ ၎င်းတွင်တူညီသည့် ဘေးထွက်ဆိုးကျိုးများ ရှိလိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေခဲ့သည်။

ဘေးထွက်ဆိုးကျိုးအားလုံးကို သူမသိသေးခြင်းသာ။ သို့သော်လည်း လက်ရှိသိရသလောက် ဝူမုန်ချွမ်း၏ မိစ္ဆာဆန်သည့်စရိုက်သည် ထိုကျင့်စဉ်၏ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်လောက်ပေသည်။

ထိုအကြောင်းကိုတွေးနေရင်း ဝူမုန်ချွမ်၏ စွမ်းအင်အရှိန်အဝါမှာ အလွန်လျင်မြန်သည့်နှုန်းဖြင့် မြင့်တက်လာနေခဲ့သည်။ သူတော်စင်အဆင့်မှ တန်ခိုးရှင်ဘုရင်အဆင့်သို့ရောက်ရန် အသက်သုံးရှိုက်စာပင် ကြာခဲ့လေသည်။

ထို့နောက်တဖြည်းဖြည်းနှင့် ဆက်လက်မြင့်တက်လာခဲ့လေရာ တန်ခိုးရှင်ဘုရင်ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်၊ တာအိုသခင်ပထမအဆင့် ဤနည်းဖြင့် အဆုံးမရှိသည့်အလား ဝူမုန်ချွမ်၏ကျင့်ကြံခြင်းမှာ ဆက်၍မြင့်တက်လာနေခဲ့လေသည်။ သူ့ကိုယ်သူ တာအိုသခင်တတိယအဆင့် ပညာရှင်တစ်ဦးဖြစ်သည်ဟု ပြောခြင်းမှာ အလကားသက်သက် ကြွားဝါနေခြင်းမဟုတ်မှန်း ယခုမှပဲ ရန်ကိုင်နားလည်သွားတော့သည်။

“ဂိုဏ်းချုပ် ချမ်းသာပေးပါ။ ကျုပ်တို့ဂိုဏ်းချုပ်အပေါ် သစ္စာရှိခဲ့တယ်လေ။ ဘာမှအထွန့်မတက်ခဲ့ဘူးလေ။ ဘာလို့ဂိုဏ်းချုပ်အခုလိုမျိုး ရက်စက်ရတာလဲ။” အကျဉ်းခန်းထဲဆီမှ ကျင့်ကြံသူတစ်ဦးက ရုတ်တရက် ထအော်လေသည်။

ချက်ချင်းဆိုသလို ဘက်ပေါင်းစုံဆီမှ အော်ဟစ်တောင်းပန်တိုးလျှိုးသံများ အသီးသီး ထွက်ပေါ်လာခဲ့ကြလေ၏။

‘ဂိုဏ်းချုပ်လား’ ရန်ကိုင် မျက်လုံးမှေးစင်းသွားခဲ့သည်။

‘ဝူမုန်ချွမ်က ဘယ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်လဲ။ ငှက်မွေးပြာဂိုဏ်းရဲ့ ဂိုဏ်းချုပ်များ ဖြစ်နေမလား။’ ထိုအတွေး သူ့ခေါင်းထဲပေါ်လာသည်နှင့် ရန်ကိုင်အံ့အားသင့်သွားခဲ့သည်။ သူ့စိတ်ထဲ ထိုအချက်ကိုလက်မခံချင်သော်ငြား သေချာစဉ်းစားကြည့်လိုက်သည့်နောက် ထိုအချက်မှာဖြစ်နိုင်သည်ဟု စဉ်းစားမိသွားလေသည်။

ယခုချိန်မတိုင်ခင်အထိ ရန်ကိုင်သည် ငှက်မွေးပြာဂိုဏ်း၏ ဂိုဏ်းချုပ်အကြောင်း တစ်ခါမှမကြားဖူးခဲ့ပေ။ ငှက်မွေးပြာဂိုဏ်းထဲရှိနေသည့် တစ်လအတောအတွင်း သတင်းအချက်များ လိုက်စုံစမ်းခဲ့ပါသော်လည်း ကာကွယ်သူလေးဦး၏အမည်နှင့် အရေးပါသူများ၏အမည်ကိုသာ သိခဲ့ရပြီး ဂိုဏ်းချုပ်၏နာမည်ကို‌တော့ မသိခဲ့ရပေ။

ဂိုဏ်းချုပ်အကြောင်း ပြောလာသည့်အချိန်တွင် သူ့စီနီယာအစ်ကိုအားလုံး၏ အမူအရာ‌ လေးနက်သွားကြပြီး ပါးစပ်သာပိတ်နေကြသည်။ ခို့ဝူကိုမေးစဉ်ကလည်း ခို့ဝူသည်သူ့အား ကိုယ်နှင့်မဆိုင်သည့်ကိစ္စများကို မသိချင်ရန် ဆူပူကြိမ်းမောင်းခဲ့လေသည်။

ထိုစဉ်က ထိုသို့ဘာကြောင့်ဖြစ်ရသလဲဆိုသည်ကို နားမလည်ခဲ့သော်ငြား လက်ရှိသူ့ရှေ့ရှိ မြင်ကွင်းကိုမြင်ပြီးနောက် ရန်ကိုင် နားလည်စပြုလာခဲ့သည်။ ငှက်မွေးပြာဂိုဏ်း၏ဂိုဏ်းချုပ်သည် အရိုးအကျဉ်းထောင်၏ အတွင်းဆုံးအပိုင်းတွင် ချုပ်နှောင်ရွှေဖြင့် ပြုလုပ်ထားသော သံဆူးကြိုးများ၊ ချိန်းကြိုးများဖြင့် အကျဉ်းချခံထားရသည်။

ရန်ကိုင့်ကဲ့သို့ ကျင့်ကြံသူတစ်ဦးဦးသာ ပေါ်မလာခဲ့လျှင် ဝူမုန်ချွမ်အနေဖြင့် ဤအကျဉ်းထောင်ထဲတွင်သာ အရိုးထုတ်သွားရပေလိမ့်မည်။ ငှက်မွှေးပြာဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်နေသည့် အတွက်ကြောင့်ပင် ဝူမုန်ချွမ်သည် ရန်ကိုင့်အား သူ့ကျင့်ကြံခြင်းကို ချိတ်ပိတ်ထားသည့်စည်းအား ပြန်ဖြည်နိုင်မည့် နည်းစနစ်တစ်ခုကို သင်ပေးနိုင်ခြင်းဖြစ်သည်။

ဝူမုန်ချွမ်သည် ငှက်မွေးပြာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်နေမည် ဆိုပါက ဂိုဏ်း၏ကျင့်စဉ်များနှင့် ကျိန်းသေရင်းနှီးပေရမည်။ ကြောက်လန့်တုန်လှုပ်နေကြသည့် ကျင့်ကြံသူများဆီမှ တောင်းပန်တိုးလျှိုးသံများ အလီလီထွက်ပေါ်နေခဲ့သည်။

ဝူမုန်ချွမ်သာ သူပြန်လွတ်လာသည်နှင့် သူ့အပေါ်သစ္စာရှိသည့် ထောက်ခံသူများကို ပြန်လွှတ်ပေးပြီး လက်စားပြန်ချေမည်ဟု ထင်ထားခဲ့ကြပါသော်ငြား ဝူမုန်ချွမ်သည် ထွက်လာလာချင်း ကောင်းကင်ဝါးမြိုခြင်း တိုက်ပွဲဥပဒေသကိုသုံး၍ သူ့လူများ၏အသက်ကိုပင် ပြန်စုပ်ယူလိမ့်မည်ဟု အကုန်လုံး မထင်ထားခဲ့ကြပေ။

သူတို့၏ယုံကြည်မှု မျှော်လင့်ချက်အားလုံးမှာ တစ်စစီ ပျက်စီးသွားခဲ့ရလေသည်။ “ဟုတ်တယ်။ မင်းတို့ငါ့ပေါ် သစ္စာရှိခဲ့တာမှန်တယ်။ ဒီလူအိုကြီးလည်း မင်းတို့ကို တကယ်တန်ဖိုးထားပါတယ်။ ဒါပေမယ့် အခုချိန်မှာ ငါ့ခွန်အားကိုပြန်ရဖို့ လိုနေပြီ။ မင်းတို့သေတဲ့အထိ ဒီလူအိုကြီးနောက်ကိုလိုက်မယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ အခုဒီလူအိုကြီးက မင်းတို့ပြောတဲ့အတိုင်း လုပ်နေရုံပဲလေ။ ဘာမှားလို့လဲ။” ဝူမုန်ချွမ်သည် သူ့လက်အောက်ငယ်သားများ၏ တောင်းပန်တိုးလျှိုးသံများကို မသိချင်ယောင်ဆောင်လျက် ကောင်းကင်ဝါးမြိုခြင်း တိုက်ပွဲဥပဒေသကို ဆက်လက်အသုံးပြုနေသည်။

ထိုစကားကိုကြားပြီးနောက်တွင် ရန်ကိုင်ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့သည်။ အိမ်တစ်အိမ်တွင် ဦးစီးဦးဆောင်မကောင်းလျှင် ကျန်လူများလည်း ကောင်းလိမ့်မည်မဟုတ်။ ယခုမှပဲ ငှက်မွေးပြာဂိုဏ်းသားအားလုံး ဘာကြောင့် ကောက်ကျစ်ယုတ်မာပြီး ဉာဏ်နီဉာဏ်နက်များရမှန်းကို ယခုမှပဲ ရန်ကိုင်နားလည်သွားတော့သည်။

သူတို့ဂိုဏ်းချုပ်ပင် ဤကဲ့သို့ဖြစ်နေလေရာ တပည့်များသည်လည်း မည်သို့များ လူကောင်းများ ဖြစ်လာနိုင်ဦးမည်နည်း။ ငှက်မွေးပြာဂိုဏ်း ဤကဲ့သို့ဖြစ်နေရခြင်းမှာ ဤလူအိုကြီးဝူမုန်ချွမ်ကြောင့်သာ ဖြစ်ပေသည်။ ဤကဲ့သို့သောလူမျိုးသည် သွားပတ်သက်သင့်သော လူမျိုးမဟုတ်။ ရန်ကိုင်အနေဖြင့် ဤအရိုးအကျဉ်းထောင်နှင့် ငှက်မွေးပြာဂိုဏ်းမှ မြန်နိုင်သမျှမြန်မြန် ထွက်သွားရမည်ဟု တွေးလိုက်လေသည်။

ထိုသို့မဟုတ်ဘဲ ဆက်ပြီး ပေကပ်နေဦးမည်ဆိုလျှင် သူ့အနေဖြင့် တစ်နေ့နေ့တွင် ဝူမုချွမ်၏ လက်ချက်ကြောင့် သေကောင်း သေသွားရနိုင်ပေသည်။ သူ့အသက်ကို အခြားသူတစ်ဦး၏လက်ထဲ ထည့်ထားရမည့် အဖြစ်မျိုး ရန်ကိုင် လုံးဝ အဖြစ်မခံနိုင်ပေ။

“ခွေးမသားဝူမုန်ချွမ်၊ ခွေးမသားကောင်းကင်ဝါးမြိုခြင်း မဟာဧကရာဇ်ရဲ့မျိုးဆက်။ မင်းကဧကရာဇ်တွေ အားလုံးအတွက် တကယ်ကိုအရှက်ရစရာပဲ။ မင်းလို့ ကောင်မျိုးတွေက တကယ်ကို မွေးမလာသင့်တဲ့ကောင်တွေ” နောက်ဆုံး သည်းမခံနိုင်သည့်အဆုံး တစ်ယောက်ယောက်ကထပြီး ကျိန်ဆဲလိုက်လေသည်။

သူတို့ဆက်တောင်းပန်နေ၍လည်း အသက်ရှင်တော့မည် မဟုတ်မှန်း သိလိုက်သည့်နောက် ဒေါသတကြီးဖြင့်သာ အော်ဆဲတော့လေ၏။ သူ၏အော်ဆဲသံမှ သတင်းအချက်အလက်တစ်ခုကို ရန်ကိုင်ရရှိသွားခဲ့လေသည်။

“ကောင်းကင်ဝါးမြိုခြင်းမဟာဧကရာဇ်…” ကောင်းကင်ဝါးမြိုခြင်း မဟာဧကရာဇ်အကြောင်း သူတစ်ခါမှ မကြားဖူးသော်လည်း နာမည်သက်သက်နှင့်ပင် ရန်ကိုင်ဖိအားခံစားလိုက်ရသည်။

ဧကရာဇ်အဆင့်သို့ ရောက်သည့်သူများသာ သူတို့ကိုယ်သူတို့ ဧကရာဇ်ဟု ခေါ်ထိုက်ပေသည်။ သို့သော်လည်း သာမန်ဧကရာဇ်များတွင် ဂုဏ်ပုဒ်များမရှိကြပေ။ အားအကောင်းဆုံးသော ဧကရာဇ်များတွင်သာ ဂုဏ်ပုဒ်များရှိကြသည်။

ဂုဏ်ပုဒ်များသည် အမျိုးမျိုးသော အကြောင်းအရာများအပေါ် အခြေခံထားကြသော်ငြား အများစုမှာတော့ သူတို့သုံးသည့်ကျင့်စဉ်၊ အထူးကျွမ်းကျင်သည့်နိယာမအပေါ် မူတည်၍ ဂုဏ်ပုဒ်များ ခေါ်ဝေါ်လေ့ရှိကြသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၆၅)

ဧကရာဇ်များသည် ကြယ်တာရာအစုအဝေး၏ အထွတ်အထိပ်တွင် ရပ်တည်နေကြသူများဆိုလျှင် ဂုဏ်ပုဒ်ပိုင်ဆိုင်ထားကြသော ဧကရာဇ်များသည် ဧကရာဇ်များ၏ အထက်တွင် ရပ်နေကြသူများဟု ပြော၍ ရသည်။ ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်သည် ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

‘ဝူမုန်ချွမ်က ဂုဏ်ပုဒ်ပိုင်ဆိုင်ထားတဲ့ ဧကရာဇ် တစ်ဦးရဲ့ မျိုးဆက်လား’ ရန်ကိုင် အလွန်ကိုမှ အလွန် အံ့အားသင့်နေသည်။

ထိုဧကရာဇ်၏ ဂုဏ်ပုဒ်ကို ကြည့်ရသလောက် သူသည် ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို ကျင့်ကြံခဲ့သည်မှာ သေချာပေသည်။ တစ်နည်းဆိုရသော် ဤကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသသည် ကောင်းကင်၀ါးမျိုခြင်း မဟာဧကရာဇ်မှ သူ့မျိုးဆက်များကို လက်ဆင့်ကမ်းပေးခဲ့သည့် အမွေအနှစ်တစ်ခုသာ ဖြစ်သည်။

ဂုဏ်ပုဒ်ပိုင်ဆိုင်ထားသော ဧကရာဇ်၏ ကျင့်ကြံခြင်း နည်းစနစ်သည် အဖိုးတန်ရုံသာမဟုတ်၊ အလွန့်အလွန်ကိုမှ အဖိုးတန်လွန်းသည်ဟု ပြော၍ရသည်။ ထိုကဲ့သို့သော ကျင့်စဉ်တစ်ခုသာ ပေါ်လာကြောင်း သတင်းပျံ့သွားပါက ဧကရာဇ်များပင် ထိုကျင့်စဉ်ကို ရအောင် အသဲအသန် ကြိုးစားကြပေလိမ့်မည်။

ရန်ကိုင့်စိတ်ထဲ အလွန်ကိုမှ စိတ်မသက်မသာ ဖြစ်လာလေသည်။ မတော်တဆဖြင့် သူသည် လျို့ဝှက်ချက် အကြီးကြီးတစ်ခုကို တွေ့ရှိသွားခဲ့သည်။ ထို့ကြောင့် ဝူမုန်ချွမ်သည် သူ့အား ယခင်ကကဲ့သို့ပဲ လျစ်လျူရှုထားဦးမည်လား၊ ထိုသို့ မဟုတ်ဘဲ သူ့အား နှုတ်ပိတ်ရန် ကြိုးစားမည်လား ရန်ကိုင် မစဉ်းစားတတ်တော့ပေ။

ထို့အပြင် ရန်ကိုင် သိချင်နေသေးသည့် နောက်တစ်ချက် ရှိပေသေးသည်။ ဝူမုန်ချွမ်သည် ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပ‌ဒေသအား အဘယ့်ကြောင့်များ သူ့ကို ပေးခဲ့ရသနည်။ ဤကျင့်စဉ်သည် အလွန်တရာကိုမှ အဖိုးတန်လွန်းသည် မဟုတ်လော။

ဝူမုန်ချွမ်သည် ကြင်နာရက်ရောသည့် လူတစ်ယောက် ဖြစ်သည်ဟု ရန်ကိုင်မယုံ။ လက်ရှိ သူလုပ်နေသည့်ပုံကို ကြည့်ရသလောက် ဤလူအိုကြီးသည် အလွန်ကိုမှ ရက်စက် ကြမ်းကြုတ်သူ တစ်ဦးဖြစ်သည်။ သူ့နောက်သို့ သစ္စာရှိရှိ လိုက်ခဲ့သည့် လက်အောက်ငယ်သားမျာ ကိုပင်လျှင် သူအားကောင်းလာရန်အတွက် သတ်ဖြတ်ပစ်လေရာ ဝူမုန်ချွမ်သည် မည်သို့များ ကြင်နာသည့် လူတစ်ဦး ဖြစ်နိုင်ပါမည်နည်။

ထိုအချက်အားလုံးကို စဉ်းစားပြီးနောက်တွင် ရန်ကိုင် ရုတ်ချည်း သတိကပ်လိုက်လေသည်။ မတော်တဆ တစ်ခုခုသာ ဖြစ်ခဲ့လျှင် အင်းစက်ဘုရင်မကို အချိန်မီ ဆင့်ခေါ်နိုင်ရန်လည်း ပြင်ဆင်ထားခဲ့သည်။ ရန်ကိုင်၏ ပုံစံ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည့်အလား ဝူမုန်ချွမ်သည် ရန်ကိုင့်ဘက် လှည့်ကြည့်လိုက်သည်။

ထို့နောက် ယဲ့ယဲ့လေး ရယ်မောလိုက်၏။ ဝူမုံချွမ်၏ ရယ်သံကို ကြားပြီးနောက် ရန်ကိုင့် ကိုယ်ပေါ်ရှိ အမွှေးအမျှင်များ ထောင်တက်သွားခဲ့လေသည်။ ကံကောင်းစွာဖြင့် ဝူမုန်ချွမ်သည် ရန်ကိုင့်အား ဂရုစိုက်မနေခဲ့ဘဲ လေသံတိုးတိုးဖြင့်သာ ပြောလိုက်လေသည် “ဟမ့် မင်းတို့ထဲက တစ်ယောက်သာ ဒီသတင်းကို ပေါက်ကြားအောင် မလုပ်ခဲ့ရင် အဲ့သူခိုးလေးကောင် ဒီလူအိုကြီးက ကောင်းကင်ဝါးမျိုဧကရာဇ်ရဲ့ မျိုးဆက်ဖြစ်တယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိသွားမှာလည်း။ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲ ဥပဒေသကို ကျွမ်းကျင်ထားတဲ့ငါ့လို လူတစ်ယောက်က မင်းတို့ သစ္စာဖောက်တာကြောင့်သာ မဟုတ်ရင် အခုလိုမျိုး ဆိုးဆိုးရွားရွား ခံလိုက်ရမှာ မဟုတ်ဘူး။ မင်းတို့ထဲက ဘယ်သူငါ့ကို သစ္စာဖောက်သွားလဲဆိုတာ အလုပ်ရှုပ်ခံပြီး ရှာနေမှာမဟုတ်ဘူး။ မင်းတို့အားလုံးသေတာနဲ့ တရားခံလည်း သေသွားရမှာပဲ”

ပြောပြီးသည်နှင့် ဝူမုန်ချွမ်သည် ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲ ဥပဒေသကို ပို၍ အားစိုက်ထုတ်၍ လှည့်ပတ်လိုက်လေသည်။

ရန်ကိုင်မှာတော့ သူ့စိတ်စွမ်းအင်နှင့် အသက်စွမ်းအင်များ ပါမသွားလေအောင် အသည်းအသန် ခုခံနေရလေသည်။ ဤတစ်နေ့တည်းတွင် သူသည် လျှို့ဝှက်ချက်များစွာကို သိခဲ့ရသည်။

ဝူမုန်ချွမ်၏ ပြောစကားအရ သူ့လက်အောက် ငယ်သားတစ်ဦးသည် သူ့အား သစ္စာဖောက်သွားသည့်ပုံပင်။ အကျိုးဆက် အနေဖြင့် ကာကွယ်သူ လေးဦးသည် ဝူမုန်ချွမ်၏ ဇစ်မြစ်ကို သိသွားပြီး ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို လိုချင်သည့်အတွက်ကြောင့် သူ့အား အလစ်ချောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်လောက်သည်။

သို့ရာတွင် ဝူမုန်ချွမ်မှာ ထိုပညာရပ်ကိုမပေးဘဲ ခေါင်းမာနေခဲ့သဖြင့် ယနေ့အချိန်ထိ အသက်ရှင်နေခဲ့ခြင်း ဖြစ်သည်ဟု ပြော၍ရသည်။ သူသာ တစ်ဖက်လူလိုချင်နေသည့် ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို လိုလိုလားလားနှင့် ပေးအပ်ခဲ့ပါက ကာကွယ်သူလေးဦး သူ့အား သတ်ပစ်လိုက်သည်မှာ ကြာလောက်ပေပြီ။

ဂုဏ်ပုဒ်ပိုင်ဆိုင်ထားသော ဧကရာဇ်တစ်ဦး၏ ကျင့်စဉ်ကို မည်သူကများ မလိုချင်ဘဲ နေမည်နည်း။ ကာကွယ်သူ လေးဦးသည် ဝူမုန်ချွမ်ကဲ့သို့တင် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူများဖြစ်ကြသည်။ ထို့ကြောင့် သူတို့လေးဦးသာ အလစ်ချောင်း တိုက်ခိုက်မည် ဆိုပါက ဝူမုန်ချွမ်အနေဖြင့် မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင် အတွေးထဲ နစ်မြောနေစဉ်မှာပင် အကျဉ်းခန်းများစီမှ ကြောက်လန့်တကြား အော်သံများ တဖြည်းဖြည်း ဆိတ်သုဉ်း ပျောက်ကွယ်သွားလေသည်။ ရန်ကိုင် လှည့်ကြည့်လိုက်ရာ အကျဉ်းခန်းထဲရှိ သူများမှာ တစ်ကိုယ်လုံးရှိ အသွေးအသားများများ တစ်စက်မှ ပိုင်ဆိုင်ထားခြင်း မရှိတော့သည့်အလား ညိုးလျော် ခြောက်သွေ့နေသည်ကို တွေ့ရှိလိုက်ရလေသည်။

အကျဉ်းခန်းထဲရှိ လူအားလုံး၏ အသက်စွမ်းအင် အဆီအနှစ်ကို ဝါးမြိုပြီးနောက်တွင် ဝူမုန်ချွမ်သည် သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေသည့် လူအိုကြီး အဖြစ်မှ အသက် သုံးလေးဆယ်လောက်သာ ရှိမည် ထင်ရသော ရုပ်ဖြောင့်ဖြောင့် သက်လတ်ပိုင်း လူကြီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထို့အပြင် ဝူမုန်ချွမ်၏ ကျင့်ကြံခြင်းမှာလည်း တာအိုသခင် တတိယအဆင့်သို့ ပြန်ရောက်နေခဲ့လေပြီ။

အားပြန်ဖြည့်ပြီးနောက်တွင် ဝူမုန်ချွမ်သည် ရန်ကိုင့်ဘက် လှည့်၍ ပြုံးဖြီးကာ ပြောလိုက်သည်။

“သွားကြရအောင်။ ဒီနေ့ ဒီလူအိုကြီး ဒီနေရာကို သွေးနဲ့ ဆေးကြောပစ်ရမယ်။ အသိဟောင်းတစ်ယောက်ရဲ့ အရှိန်အဝါကိုတောင် ငါခံစားနေရပြီ။ တစ်ကယ်ကို လွမ်းဆွတ်ဖို့ ကောင်းလိုက်တာ” ပြောပြီးသည်နှင့် ဝူမုန်ချွမ်သည် အပြင်ဘက်သို့ လျှောက်ထွက်လာခဲ့လေသည်။

ဝူမုန်ချွမ် ဖြတ်သန်းသွားသည့် လမ်းကြောင်းတစ်လျောက် အကျဉ်းခန်းထဲရှိ ကျင့်ကြံသူအားလုံး၏ အသက်စွမ်းအင်မှာ ခမ်းခြောက်သည်အထိ စုပ်ယူခံလိုက်ရလေသည်။ အားနဲသည့် လူများသည် တစ်ခဏအတွင်း သေသွားရပြီး၊ အားကောင်းသည့် သူများမှာတော့ အသက်စွမ်းအင် အတင်းအကြပ် ထုတ်ယူနေခံရသည့်ဒဏ်ကို ပို၍ကြာကြာ ခံစားခဲ့ရလေသည်။

ထိုသို့ စုပ်ယူရင်းမှလည်း ဝူမုန်ချွမ်၏ အရှိန်အဝါမှာ ပိုပို၍ ကြောက်မက်ဖွယ် ကောင်းလာခဲ့ပေသည်။ ဝူမုန်ချွမ်ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါကို ကြည့်ရင်း ရန်ကိုင်ပင်လျှင် ကြောက်လန့်မိလာသည်။

သူ့စိတ်ထဲ ဒီလူအိုကြီး ဒီလောက်အများကြီး စုပ်ယူနေတာ ပေါက်ကွဲပြီး သေမသွားဘူးလား ဟုလည်း တွေးမိနေသည်။

ထိုစဉ် သူတို့ရှေ့သို့ ပုံရိပ်များစွာ ရောက်လာလေသည်။ လှောင်အိမ်ထဲ ဤမျှ ကသောင်းကနင်း ဖြစ်နေရာ အစောင့်များ လာစစ်ဆေးသည်မှာ သဘာ၀သာ ဖြစ်ပေသည်။ ထိုအဖွဲ့ကို ဦးဆောင်လာသူမှာ အခြားမဟုတ်။ ရန်ရှို့ရန်သာ ဖြစ်လေသည်။ သူနှင့်အတူ ရန်ကိုင် ဤနေရာ၌ နေခဲ့စဉ်က သူ့အား နှိပ်စက်ရန် တာဝန်ယူထားခဲ့သော အစောင့်နှစ်ဦး ပါလာခဲ့ကြလေသည်။

ထိုနှစ်ဦး အရိုးအကျဉ်းထောင်ထဲ၀င်လာပြီး အထဲရှိ အခြေအနေကို မစစ်‌ဆေးနိုင်ခင်မှာပင် ဝူမုန်ချွမ်၏ လက်ဝါးစာမိသွားပြီး သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်သွားလေသည်။

ထိုသွေးမြူများသည် သွေးစီးချောင်းများအဖြစ်သို့ ပြောင်းကာ ဝူမုန်ချွမ်၏ ပါးစပ်ထဲသို့ စီး၀င်သွားခဲ့သည်။

“ရန်ကိုင်” အမှောင်ထုအတွင်းမှ လျို့ရှန်းယွင်၏ အသံ ထွက်လာခဲ့သည်။

ဝူမုန်ချွမ်၏ မျက်လုံးထဲ အေးစက်စက် အ‌လင်းရောင်အချို့ ဖြတ်ပြေးသွားပြီး လျို့ရှန်းယွင်အား တိုက်ခိုက်တော့မည်အပြု ရန်ကိုင် အလျင်စလို ဖြတ်အော်ပြောလိုက်လေသည်။

“စီနီယာ သူက ကျုပ်မိတ်ဆွေပါ”

“မင်း မိတ်ဆွေလား”

ဝူမုန်ချွမ်သည် လျို့ရှန်းယွင်အား ခဏကြာမျှ အေးစက်စက် အမူအရာဖြင့် ကြည့်နေပြီးနောက် ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။

“ကောင်းပြီလေ။ သူက အရမ်းအားနည်းပြီး ဒီလူအိုကြီးအတွက် ဘာမှ အသုံး၀င်မှာ မဟုတ်ဘူးဆိုတော့ လွှတ်ပေးလိုက်တာပေါ့”

“ကျေးဇူးအများကြီး တင်ပါတယ် စီနီယာ” ရန်ကိုင် သက်ပြင်း အမောကြီး ချလိုက်သည်။

ဝူမုန်ချွမ်သာ လျို့ရှန်းယွင်အား တစ်ကယ်ကြီး တိုက်ခိုက်မည် ဆိုပါက သူ့အနေဖြင့် ဤအတိုင်းထိုင်ပြီး ရပ်ကြည့်နိုင်နေမည် မဟုတ်ချေ။ အနည်း‌ဆုံး လျို့ရှန်းယွင် မသေအောင် ၀င်ရောက် ကူညီပေးရပေလိမ့်မည်။ ကံကောင်းစွာဖြင့် ထိုကဲ့သို့ မဖြစ်ခဲ့ပေ။

“ရန်ကိုင် ဒီစီနီယာက…”

လျို့ရှန်းယွင်သည် သူမ သေခါနီး ဖြစ်သွားသည် ဆိုသော အချက်ကိုပင် နားမလည်ခဲ့ချေ။ သို့ရာတွင် ဝူမုန်ချွမ်သည် သူမ သွားပြဿနာ မရှာသင့်သည့်လူ မဟုတ်မှန်းတော့ သိနေခဲ့သည်။ ဝူမုန်ချွမ် သူမအား စိုက်ကြည့်လိုက်ချိန် ခြောက်ခြားဖွယ်ရာကောင်းသည့် လက်ကြီးတစ်ဖက်မှ သူမအား ဆုပ်ကိုင်လိုက်သလို ခံစားလိုက်ရပြီး အသက်ပင်ကောင်းကောင်း မရှူနိုင်တော့ပေ။

“ဒါက စီနီယာဝူ ပဲ” ရန်ကိုင်က ပြောပြလိုက်ပြီးနောက် ဝူမုန်ချွမ်ဘက်သို့ လှည့်၍ မေးလိုက်လေသည်။

“စီနီယာ ကျုပ်မိတ်ဆွေပေါ်က ချိတ်စည်းကို ဖြည်ပေးလို့ရလား”

ရန်ကိုင့်အနေဖြင့် လျို့ရှန်းယွင်အား ချိတ်ပိတ်ထားသည့် စည်းအား ဖြည်ပေးနိုင်သော်လည်း သူကိုယ်တိုင်သာ လုပ်မည်ဆိုလျှင် အချိန်အတော်လေး ယူရလောက်သည်။ ထို့ကြောင့် ဝူမုန်ချွမ်သာ ကူညီပေးနိုင်လျှင် အကောင်းဆုံး ဖြစ်ပေသည်။

ဝူမုန်ချွမ်သည် စကားတစ်ခွန်းပင် ပြောမနေဘဲ သူ့လက်ကို တစ်ချက် ဝှေ့ယမ်း၍ လျို့ရှန်းယွင်၏ ကျင့်ကြံခြင်းကို ချိတ်ပိတ်ထားသော စည်းအား ဖြည်ပေးလိုက်သည်။

“ကောင်လေး၊ မင်းဒီကနေ ထွက်သွားတာနဲ့ မင်းမိတ်ဆွေကို ခေါ်ပြီး ဝေးနိုင်သမျှ ဝေးအောင်သာ ပြေးပေတော့” ဝူမုန်ချွမ်က ရုတ်တရက် ပြောလိုက်သည်။

“ဟမ်..” ရန်ကိုင် ကြောင်သွားခဲ့လေသည်။

ရန်ကိုင်သည် ယခုကိစ္စပြီးနောက် ဝူမုန်ချွမ် လက်မှ လွတ်အောင် မည်သို့ ထွက်ပြေးရမလဲ ဆိုသည်ကို ခေါင်းခြောက်အောင် စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသသည် ဝူမုန်ချွမ် ဤနေရာ၌ အကျဉ်းချခံထားရသည့် အကြောင်းအရင်းဖြစ်မှန်း သူကောင်းကောင်းကြီး သိပေသည်။

သူထင်ထားသည်မှာ ထိုကဲ့သို့သော အဖိုးတန် ကျင့်စဉ်တစ်ခုကို ပေးပြီးနောက်၊ သူသည် ဝူမုန်ချွမ်မှာ ကောင်းကင်ဝါးမျို မဟာဧကရာဇ်၏ မျိုးဆက်တစ်ယောက် ဖြစ်သွားမှန်းသိပြီးနောက် ဝူမုန်ချွမ်မှ သူ့အား မည်သို့မှ အလွတ် ပေးလိမ့်မည်မဟုတ်ဟု ထင်ခဲ့သည်။ သို့သော်လည်း ယခုမူ ဤလူအိုကြီးသည် သူ့အား ထွက်ပြေးရန် ပြောလာနေခဲ့လေသည်။ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ရန်ကိုင် မမျှော်လင့်ထားခဲ့ပေ။

“ဘာဖြစ်လို့လဲ။ မင်းထွက်မသွားချင်လို့လား” ဝူမုန်ချွမ်က ယဲ့ယဲ့လေး ပြုံးလိုက်သည်။

“မဟုတ်ပါဘူး စီနီယာ” ရန်ကိုင်က မျက်မှောင်ကြုတ်၏ ခေါင်းခါလျက်

“အဲ့လိုဆိုမှတော့ ဂျူနီယာ စီနီယာကို နှုတ်ဆက်ပါတယ်”

“ဟဲဟဲ မသေစေနဲ့ဦးနော် ကောင်လေး။ မင်း အားကောင်းလာမှာကို ဒီလူအိုကြီး မျှော်လင့်နေမယ်။ ဟဲ့ဟဲဟဲ”

ဝူမုန်ချွမ်သည် ထူးဆန်းစွာပြုံးလျက် အပြင်သို့ ထွက်သွားလေသည်။ ရန်ကိုင်နှင့် လျို့ရှန်းယွင်သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဝူမုန်ချွမ် နောက်မှ လိုက်သွားကြသည်။ မကြာမီ သူတို့နှစ်ဦး အရိုးအကျဉ်းထောင်ထဲမှ ထွက်သွားလေသည်။

ဝူမုန်ချွမ်သည် အကျဉ်းထောင်ရှေ့တွင် လက်နောက်ပစ်၍ ရပ်ကာ အဝေးတစ်နေရာသို့ စိုက်ကြည့်နေခဲ့သည်။

ထိုအရပ်ဆီမှ အလင်းတန်းတစ်ခု သူတို့ဆီသို့ အလွန်လျှင်မြန်သည့် နှုန်းဖြင့် ပျံသန်းလာနေခဲ့သည်။ အလင်းတန်း၏ အရှိန်အဝါမှတစ်ဆင့် ထိုလူသည် သူမကြာသေးခင်ကမှ တွေ့ခဲ့သည့် မြောင်ချီမှန်း ရန်ကိုင် ချက်ချင်း တန်းသိလိုက်သည်။ ရန်ကိုင်သည် ဝူမုန်ချွမ်ဘက် လှည့်၍ လက်သီး‌ဆုပ်ကာ ပြောလိုက်သည်။

“စီနီယာ ဂရုစိုက်ဦးနော်”

ပြောပြီးသည်နှင့် လျို့ရှန်းယွင်ကို ခေါ်ကာ ထွက်သွားလေသည်။ ရန်ကိုင် ထွက်သွားပြီးနောက်တွင် ဝူမုန်ချွမ်သည် ရန်ကိုင် ထွက်သွားသည့်ဘက်သို့ လှည့်၍ တိုးတိုးလေး ရေရွတ်လိုက်လေ၏။

“မျိုးစေ့ကတော့ ချပြီးသွားပြီ။ အပင်ပေါက်လာအောင် စောင့်ဖို့ပဲရှိတော့တယ်”

ခဏကြာအောင် စောင့်နေပြီးနောက်တွင် မြောင်ချီ ပျံသန်းလာသည့်ဘက်သို့ လှည့်၍ အေးစက်စက် အမူအရာဖြင့် အော်ပြောလိုက်၏။

“မြောင်ချီ မင်းလာသေစမ်း”

ဝူမုန်ချွမ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာနေသော မြောင်ချီသည် ထိုအသံကို ကြားပြီးနောက် ထိတ်လန့်သွားပြီး ချက်ချင်းရပ်ကာ ပြန်အော်ပြောလေ၏။

“ဝူမုန်ချွမ် မင်းဘယ်လိုလုပ်ပြီး လွတ်လာတာလဲ”

“ဟဲဟဲဟဲ မင်းငါလွတ်လာမယ်လို့ မထင်ထားဘူးမလား။ ကျေးဇူးတင်ဖို့ ကောင်းတဲ့ လူတစ်ယောက်က ငါ့ကိုလာပြီး လွှတ်ပေးသွားတယ်လေ။ ငါအဖမ်းခံရတည်းက ငါပြောတယ် မင်းတို့ သူခိုးတွေကို တစ်နေ့ကျရင် အကြိမ်တစ်ထောင်မက ပြန်သတ်ပစ်မယ်လို့။ အခု အဲ့နေကို ရောက်လာခဲ့ပြီ။ မင်းတို့ ခွေးအားလုံး သေဖို့ပြင်ထားပေတော့”

တစ်ခဏတာ တုန်လှုပ်နေပြီးနောက်တွင် မြောင်ချီသည် တည်ငြိမ်သွားခဲ့ပြီး ဝူမုန်ချွမ်အား အေးစက်စက် အမူအရာဖြင့် ကြည့်၍ “ဟမ့် မင်းအခုမှ လွတ်လာခါစပဲ ရှိသေးတာကို ဒီဘုရင်နဲ့ ယှဉ်နိုင်မယ်လို့ ထင်နေတာလား။ မင်းရော ငါရောက တာအိုသခင် တတိယအဆင့် ပညာရှင်တွေ ဖြစ်တယ်ဆိုတာကို မေ့မထားလိုက်နဲ့ဦး”

“ယုံကြည်ချက်သာ မရှိလို့ရှိရင် ငါဘာလို့ မင်းရှေ့မှာ ပေါ်လာရမလဲကွ”

ထိုသို့ ပြောပြီးနောက် ဝူမုန်ချွမ်သည် ပါးစပ်ကို ဟ၍ ပုလင်းလေး တစ်လုံးကို ထွေးထုတ်လိုက်လေသည်။ ထိုပုလင်း လေးစီမှ သွေးစီးကြောင်းများ ဖြာထွက်လာပြီး ပတ်၀န်းကျင် တစ်ခုလုံးကို သွေးရောင်ဖြင့် လွှမ်းသွားစေခဲ့သည်။

“သွေးဝိဉာဉ်ပုလင်း။ မင်းမှာ တစ်ကယ်ကြီး အဲ့တာရှိ‌နေတာလား” မြောင်ချီ၏ ကြောက်လန့်တကြား အော်ဟစ်သံ သွေးပင်လယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။

ဝူမုန်ချွမ်က ညစ်ကျယ်ကျယ် ပြုံးရင်း “ရှိတာပေါ့။ အဲ့ပုလင်းက ဒီလူအိုကြီးနဲ့ အမြဲရှိနေခဲ့တာ။ ဒီပုလင်းသာ အရင်တုန်းက အကောင်းအတိုင်း ရှိနေမယ်ဆိုရင် မင်းတို့ လေးယောက်လက်မှာ ငါဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရမှာ မဟုတ်ဘူး။ မြောင်ချီ…မြောင်ချီ၊ မင်းဒီလူအိုကြီးကို အရမ်း အထင်သေးနေတာပဲ။ ဒီလူအိုကြီးက ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်ရဲ့ မျိုးဆက်ကွ။ ငါ့ဆီမှာ ဧကရာဇ်မှော်ရတနာ တစ်ခု နှစ်ခုလောက် ဘာဖြစ်လို့ မရှိဘဲနေရမှာလည်း။ ဒီ သွေးပင်လယ်ထဲမှာ ဒီလူအိုကြီးက အရှင်သခင်ပဲကွ မင်းရုန်းနိုင်သလောက် ရုန်းစမ်း။ မင်း ဘယ်လောက်ရုန်းနိုင်မလဲ။ ဒီလူအိုကြီး မင်းအရိုးတွေကို တစ်စစီခြေမွပစ်ပြီး မင်းအသက် စွမ်းအင်တွေကို ဖြည်းဖြည်းချင်းကို စုပ်ယူပစ်မယ်။ နောက်ဆုံး မင်း သံသရာ စက်ကွင်းထဲ ပြန်သွားလို့ မရတော့အောင်ပါ မင်းဝိဉာဉ်ကို ဝါးမျိုပစ်မယ်”

ဝူမုန်ချွမ်၏ အမုန်းတရားတို့နှင့် ပြည့်နှက်နေသည့် အသံကို ကြားပြီးနောက် မြောင်ချီ၏ မျက်နှာ သွေးဆုပ် ဖြူလျော်သွားခဲ့လေသည်။

“စိတ်မပူနဲ့ ငါ မင်းကိုသတ်ပြီးတာနဲ့ ကျူကျွင်းရှန်၊ ပိရန်ယုချင်း နဲ့ ထုန်းချုန် တို့ကိုပါ သွားသတ်မှာ။ မကြာခင် သူတို့လည်း မင်းနောက်ကို လိုက်လာကြလိမ့်မယ်”

သွေးပင်လယ်ထဲမှ မြောင်ချီ၏ ကြောက်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။ ဤ သွေးစိတ်ဝိဉာဉ်ပုလင်းသည် ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်မှ ချန်ရစ်ခဲ့သည့် ဧကရာဇ်အဆင့် မှော်ရတနာ တစ်ခုဖြစ်ပေသည်။

ဝူမုန်ချွမ်သည် တာအိုသခင် တတိယအဆင့် ပညာရှင်တစ်ဦးသာ ဖြစ်သည့်အတွက်ကြောင့် ဧကရာဇ်မှော်ရတနာ၏ စွမ်းအား အပြည့်အ၀ကို ထုတ်မသုံးနိုင်သော်လည်း ထိုဧကရာဇ်မှော်ရတနာ၏ အကူအညီဖြင့်သာ ဆိုပါက မြောင်ချီသည် ဝူမုန်ချွမ်၏ ပြိုင်ဘက် ဖြစ်လာနိုင်တော့မည် မဟုတ်ပေ။

All Chapters