အခန်း (၁၉၆၆-၁၉၇၀)
Vol. 79 Ch. 1966-1970
အပိုင်း (၁၉၆၆)
ငှက်မွှေးပြာတောင်မှ မိုင်တစ်သိန်းခန့် အကွာတွင် အလင်းတန်း နှစ်ခုသည် လျှပ်စီးတန်းတမျှအမြန်နှုန်းဖြင့် ပျံသန်းနေကြသည်။
ချောင်ကျသည့် နေရာသို့ ရောက်လာပြီးနောက်တွင် အလင်းတန်းနှစ်ခုစလုံး ရပ်တန့်လိုက်ပြီး အောက်သို့ ဆင်းလိုက်ကြလေသည်။
အလင်းတန်းများ ပျောက်ကွယ်သွားချိန် ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့ ပေါ်လာခဲ့သည်။
“ငါတို့ လွတ်လာပြီလား” လျို့ရှန်းယွင် စိတ်ထဲ အံအားသင့်နေမိသလို တစ်ချိန်ထဲတွင်လည်း မယုံကြည်နိုင် ဖြစ်နေပေသည်။
သူတို့ ပျံသန်းလာနေစဉ်အတွင်း မည်သူမှ သူတို့အား လာမတားခဲ့ပေ။ သို့သော်လည်း ထိုအချက်မှာ အရမ်းကြီး အံ့အားသင့်စရာတော့မဟုတ်။ သူမနှင့် ရန်ကိုင် နှစ်ယောက်စလုံးသည် ငှက်မွှေးပြာဂိုဏ်း၏ တပည့်များပင် မဟုတ်ပေလော။ သူတို့တွင် သက်သေခံ တံဆိပ်ပြားများ ရှိကြပေသည်။
တစ်ယောက်ယောက်မှ မေးလာခဲ့လျှင် သက်သေခံတံဆိပ်ပြားကို ထုတ်ပြလိုက်ရုံပင်။ ငှက်မွှေးပြာတောင်မှ ထွက်လာပြီးတွင် ရန်ကိုင်နှင့် လျို့ရှန်းယွင်သည် အရှိန်ကုန်တင်ကာ မြန်နိုင်သမျှ မြန်အောင် ပျံသန်းလာခဲ့ကြလေသည်။ ယခု တော်တော်ဝေးဝေးသို့ ပျံသန်းလာပြီးလောက်ပြီဟု ဆုံးဖြတ်လိုက်ပြီးမှ မြေပေါ်ဆင်းလာကြခြင်း ဖြစ်သည်။
မိုင်တစ်သိန်းဟူသော အကွာအဝေးသည် လုံလောက်သည်ထက်ကို အများကြီး ပိုပေသည်။ ထို့အပြင် ယခု ငှက်မွှေးပြာဂိုဏ်း ရင်ဆိုင်ရသည့် ပြဿနာအရ မည်သူမှ သူတို့ထွက်ပြေးသည်ကို ဂရုစိုက်နေလိမ့်မည် မဟုတ်။ ရန်ကိုင်နှင့် လျို့ရှန်းယွင်တို့ မည်သူလဲဆိုသည်ကို သိထားကြသည့် ခို့ဟူနှင့် ပိရန်ယုချင်းတို့ ဂိုဏ်းထဲတွင် မရှိနေသည်မှာလည်း ကံကောင်းသွားသည်ဟု ပြော၍ရသည်။
“ရန်ကိုင် ငါတို့ တစ်ကယ်ကြီး လွတ်လာပြီလား” လျို့ရှန်းယွင်မှာ အလွန်ကိုမှ စိတ်လှုပ်ရှား ပျော်ရွှင်နေခဲ့သည်။
“ရှန်းယွင် ဒီကိုလာဦး” ရန်ကိုင်ကမူ လျို့ရှန်းယွင်ကဲ့သို့ ပျော်ရွှင်မနေဘဲ အလေးအနက် အမူအရာဖြင့်သာ လက်ယပ်ခေါ်လိုက်သည်။
ထို့နောက် အိပ်ကပ်ထဲမှ သိုလှောင်လက်စွပ် အချို့ကို ထုတ်ကာ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေး ကြည့်လေသည်။ ထိုသိုလှောင် လက်စွပ်များသည် အရိုးအကျဉ်းထောင်ထဲတွင် သူသတ်ခဲ့သည့် ရန်သူများဆီမှ ရရှိခဲ့ခြင်းဖြစ်သည်။
သိုလှောင်လက်စွပ် စုစုပေါင်း လေးကွင်း ရှိနေခဲ့လေသည်။ ထိုထဲရှိ ပစ္စည်းများကို စစ်ဆေးကြည့်နောက်ပြီးတွင် ရန်ကိုင်သည် သိုလှောင် လက်စွပ် တစ်ကွင်းကို သူ့အတွက်သိမ်းထားလိုက်ပြီး ကျန်သုံးကွင်းကို လျို့ရှန်းယွင် လက်ထဲသို့ ထည့်ပေးကာ ပြောလိုက်သည်။
“နင် ဒါကို ယူထားလိုက်”
“ရန်ကိုင် ဒါဘာသဘောလဲ” လျို့ရှန်းယွင်သည် ရန်ကိုင့်အား ကြောင်ကြည့်နေလေသည်။
“ဘာမဟုတ်ဘူး အခုကနေစပြီး ငါတို့ လမ်းခွဲသွားကြရအောင်” ရန်ကိုင်က ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားသည့်အခါ လျို့ရှန်းယွင်၏ ခန္ဓာကိုယ်လေး တုန်တက်သွားလေသည်။ ထို့နောက် ခက်ခက်ခဲခဲဖြင့် ပြန်မေးလိုက်၏။
“ဘာလို့လဲ။ ငါက နင့်အတွက် ၀န်ထုပ်၀န်ပိုး ဖြစ်စေလို့လား”
ရန်ကိုင်သည် မျက်မှောင်ကြုတ်နေလိုက်ပြီးနောက် မကြာမီ ခေါင်းညိတ်လိုက်လေသည်။
“ဟုတ်တယ်”
လျို့ရှန်းယွင်သည် ရန်ကိုင့်အား အလေးအနက် အမူအရာဖြင့် စိုက်ကြည့်နေပြီး အံကြိတ်ကာ ပြန်ပြောလိုက်လေသည်။ “မဟုတ်ဘူး။ ရန်ကိုင် င့ါကို အမှန်အတိုင်းပြော။ ငါတို့ အန္တရာယ် တစ်ခုခုနဲ့ ကြုံနေရလို့လား။ အဲ့အန္တရာယ်က စီနီယာဝူနဲ့ ပတ်သတ်နေတာလား”
“နင်ဘာလို့ မလိုတဲ့ မေးခွန်းတွေအများကြီး လာမေးနေတာလဲ” ရန်ကိုင်က စိတ်မရှည်သည့် ဟန်ဖြင့် ပြန်ပြောလိုက်သည် “မိန်းမတွေ အကုန်လုံးက နင့်လိုမျိုးပဲလား။ ငါနင့်ကို ထွက်သွားလို့ပြောရင် ထွက်သွားလိုက်ပေါ့”
လျို့ရှန်းယွင်သည် လက်သီးတင်းတင်းဆုပ်ရင်း ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်ရင်း ပြန်ပြောလိုက်လေသည်။
“ဒီအတောအတွင်း ငါနင့်ဆီက အကူအညီတွေ အများကြီးရခဲ့တယ်။ ဒီတော့ နင်အန္တရာယ် တစ်ခုခုနဲ့ ရင်ဆိုင်နေရတာကို ငါရှန်းယွင်ကလည်း ဘယ်လိုလုပ်ပြီး ထိုင်ကြည့်နေနိုင်မှာလဲ”
“ငါဘယ်လိုလုပ်ပြီး အန္တရာယ်ရှိနိုင်မှာလည်း” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် နင်နဲ့ငါက ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေပြီ။ နင်က နင်သွားရမယ့် လမ်းကို ဆက်လျှောက်။ ငါက ငါသွားရမယ့် လမ်းကို ဆက်လျှောက်မယ်” ပြောပြီးသည်နှင့် ရန်ကိုင်သည် ချက်ချင်း ပျံသန်းထွက်ခွာသွားလေသည်။
“နင် ဒီတိုင်း ထွက်သွားလို့ ရမယ် ထင်နေတာလား” လျို့ရှန်းယွင်သည် မျက်ခုံးပင့်၍ နှာခေါင်းရှုံ့ကာ ရန်ကိုင့်နောက်သို့ ပြေးလိုက်လေသည်။
ရန်ကိုင်ဘာကြောင့် ဤကဲ့သို့ လုပ်နေမှန်း မသိသော်ငြား၊ လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကိုင် သူမအပေါ် ဆက်ဆံခဲ့သည်ကို ကြည့်ရသလောက် ရန်ကိုင်သည် ဤကဲ့သို့ ရက်စက်သူတစ်ဦး မဟုတ်ပေ။ ရန်ကိုင် ယခုကဲ့သို့ လုပ်ရခြင်းမှာ ပြဿနာ တစ်ခုခု ကြုံရသည့်အတွက်ကြောင့်သာ ဖြစ်ရပေမည်။
သူ့ပြဿနာထဲ သူမအား ဆွဲမသွင်းချင်သည့် အတွက်ကြောင့်သာ ဤကဲ့သလို့လုပ်ခြင်း ဖြစ်လောက်၏။ သို့သော်လည်း သူမသည် ကျေးဇူးမသိတတ်သည့် လူတစ်ယောက်ကဲ့သို့ မည်သို့များ ပြုမူနိုင်ပါမည်နည်း။ သူမ၏ ခွန်အားသည် နိမ့်ကျသည် ဆိုလျှင်ပင် နှစ်ယောက်သား အတူပူးပေါင်း၍ လုပ်ဆောင်မည် ဆိုပါက တစ်ယောက်ထဲ လှုပ်ရှားခြင်းထက် ပို၍ ကောင်းပေသေးသည်။
သို့သော်လည်း လျို့ရှန်းယွင်သည် ရန်ကိုင့်နောက်သို့ ပြေးလိုက်ရုံတင် ရှိသေးသော်ငြား ရန်ကိုင်ကမူ သူမ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေပြီ။
ရန်ကိုင်၏ အရှိန်သည် တန်ခိုးရှင်ဘုရင် တစ်ဦး ရှိသင့် ရှိထိုက်သည့် အရှိန်ထက် အများကြီး ပိုမြန်နေခဲ့သည်။ ထို့အပြင် ရန်ကိုင် ထွက်သွားသည့် လမ်းကြောင်းဆီမှ လေဟာနယ် စွမ်းအင်လှိုင်းအချို့ကို သူမ ခံစားလိုက်ရလေသည်။
ရန်ကိုင် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားမှန်း လျို့ရှန်းယွင်သိသည်။ ကြယ်တာရာ လမ်းကြောင်းတွင် ရှိစဉ်က ရန်ကိုင်သည် ယင်လဲ့ရှန်နှင့် တိုက်ခိုက်ရာတွင် လေဟာနယ် စွမ်းအားကို ထုတ်သုံးခဲ့လေသည်။ လေဟာနယ် စွမ်းအားကို ကျွမ်းကျင်ထားသော လူတစ်ယောက်နောက်သို့ ပြေးလိုက်ရန် ကြိုးစားနေသည်မှာ အကျိုးမဲ့ လုပ်ရက်တစ်ခုသာ ဖြစ်ပေသည်။။
ထို့ကြောင့် လျို့ရှန်းယွင်သည် ရန်ကိုင့်နောက်သို့ ခဏကြာအောင် လိုက်နေပြီးနောက် လက်လျှော့လိုက်လေတော့သည်။ မြေပြင်ပေါ်သို့ ပြန်ဆင်းလာပြီးနောက် သက်ပြင်း တစ်ချက်ချ၍ ရန်ကိုင် ပျောက်ကွယ်သွားသည့် ဘက်သို့ ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်လေ၏။
“ဒီအတောအတွင်း ငါ့ကို ဂရုစိုက်ပေးခဲ့တာတွေအတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ”
ထို့နောက် ရန်ကိုင် ပေးခဲ့သည့် လက်စွပ်များကို စစ်ဆေး ကြည့်လိုက်လေသည်။ သိုလှောင် လက်စွပ်ထဲ အရင်းအမြစ်ကျောက်များစွာနှင့် မှော်ရတနာများ ရှိနေခဲ့သည်။ သိုလှောင် လက်စွပ်တစ်ကွင်းသည် တခြားသိုလှောင် လက်စွပ်များထက် အများကြီး ပိုမိုကြွယ်၀နေခဲ့သည်။ ထိုသိုလှောင် လက်စွပ်မှာ ကျိုးရီ၏ အပိုင်သာ ဖြစ်ရပေမည်။
“ဒါကမှ သူ့စရိုက်နဲ့ ကွက်တိပဲ” လျို့ရှန်းယွင်က ခါးသက်စွာ ပြုံးလိုက်သည်။
ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ၏ သိုလှောင်လက်စွပ်ကိုသာ ယူထားပြီး၊ ကျန်သည့် သိုလှောင်လက်စွပ်အားလုံးကို သူမအား ပေးပစ်ခဲ့လေသည်။ သူမအနေဖြင့် ဤအရင်းအမြစ်များနှင့် ဆိုပါက နောက်လာမည့် အချိန်အနည်းအငယ် အတွင်း ကျင့်ကြံရေး အရင်းအမြစ် မရှိမည်ကို စိတ်ပူစရာ မလိုတော့ပေ။
ရန်ကိုင်သည် ဆက်လက် ပျံသန်းနေခဲ့လေသည်။ လျို့ရှန်းယွင်နှင့် လမ်းခွဲလိုက်ရခြင်းမှာ သူ့စိတ်ထဲ အလွန်ကိုမှ စိုးရိမ် ပူပန်နေသည့် အတွက်ကြောင့်သာ ဖြစ်သည်။ ထိုကဲ့သို့ စိုးရိမ်ပူပန်အောင် လုပ်နေသည့် အဓိက တရားခံမှာ ဝူမုန်ချွမ်သာ ဖြစ်ပေသည်။
ဝူမုန်ချွမ် ဘာကြံနေလဲ သူမသိသော်ငြား၊ ထိုလူအိုကြီးသည် သူ့အား သဘောထား ကြီးကြီးဖြင့် လွှတ်ပေးစရာ အကြောင်း လုံး၀ မရှိပေ။ အထူးသဖြင့် သူ့အား ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို သင်ပေးပြီးနောက်တွင် ဖြစ်သည်။
“ဒီလူအိုကြီး တစ်ခုခု ကြံနေတာပဲဖြစ်ရမယ်”
ထိုလူအိုကြီးသည် တာအိုသခင်အဆင့် ပညာရှင်တစ်ဦး ဖြစ်သည်။ ရှင်းရှင်းပြောရလျင် ဝူမုန်ချွမ်သည် ဧကရာဇ်အဆင့်သို့ ခြေလှမ်း တစ်၀က် ရောက်နေပြီဟုပင် ပြော၍ရပေသည်။ ရန်ကိုင့်အနေဖြင့် ထိုလူအိုကြီးနှင့် ရင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပေ။
ထို့ကြောင့် လျို့ရှန်းယွင်ကိုပါ ပြဿနာမများစေရန်အတွက် သူမနှင့် လမ်းခွဲလာခြင်း ဖြစသည်။ မည်သို့ပင် ဖြစ်စေကာမူ လျို့ရှန်းယွင်သည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေဆဲ။ သူမသည် တစ်ချိန် တစ်ခါက သူမ၏ ကြယ်စီရင်စုကြီးအား စိုးမိုးခဲ့သူ တစ်ဦး ဖြစ်လေရာ ကြယ်တာရာ အစုအဝေးသို့ ရောက်သည့်တိုင် သူမကိုယ်သူမ ဂရုစိုက်နိုင်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်ပေသည်။
သူမသာ ကံမကောင်းဘဲ ပြဿနာတစ်ခုခုနှင့် ကြုံခဲ့ရမည် ဆိုလျှင်တော့ ထိုသည်မှာ သူမ၏ ကံကြမ္မာသာ ဖြစ်လေသည်။ လောလောဆယ်တွင် ရန်ကိုင်သည် ငှက်မွှေးပြာဂိုဏ်းမှ ဝေးနိုင်သမျှ ဝေးဝေးသာ ပျံသန်းချင်နေခဲ့သည်။ ထို့ကြောင့် တစ်ချက်ကလေးမှ မရပ်ဘဲ ဆက်၍သာ ပျံသန်းနေခဲ့လေသည်။
လမ်းတစ်လျောက်တွင် ရန်ကိုင်သည် တောင်တန်းများနှင့် အမျိုးမျိုးသော မြစ်ချောင်းများကို မြင်တွေ့ခဲ့ရသည်။ ဤနေရာရှိ ကျင့်ကြံခြင်း ပတ်၀န်းကျင်သည် သူနေခဲ့သည့် ကြယ်စီရင်စုကြီးထဲရှိ မည်သည့် ကျင့်ကြံရေး ပတ်၀န်းကျင်ထက်မဆို ပိုကောင်းပေသည်။
ညဘက်သို့ ရောက်လာသည့်အခါ ကောင်းကင်ထက်၌ အဆင့်နိမ့် ကြယ်စီရင်စုကြီး တစ်ခုစီကို ကိုယ်စားပြုနေသော တလက်လက်တောက်ပနေသည့် နက်ဗျူလာ အစုအဝေးများကို မြင်တွေ့ရလေသည်။
တစ်လကြာအောင် ပျံသန်းလာနေပြီး နောက်မှသာ ရန်ကိုင် အနည်းငယ် လုံခြုံသလို ခံစားလိုက်ရသည်။ ရန်ကိုင်သည် ထိုတစ်လအတွင်း တောက်လျှောက်ကို ပျံသန်းလာနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဝူမုန်ချွမ်သည် အလွန်အားကောင်းသည့် တာအိုသခင်တစ်ဦး ဖြစ်နေလျှင်ပင် မိုင်သန်းပေါင်းများစွာ အကွာအဝေးတွင် ရှိနေသူတစ်ဦးအား လှမ်းတိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။
ရပ်ပြီးနောက် လှည့်ပတ်ကြည့်လိုက်သည့်အခါ လွင်တီးခေါင်ပြင်ကြီးကိုသာ တွေ့လိုက်ရပေသည်။ ကြယ်တာရာ အစုအဝေးသို့ ရောက်သည်မှာ မကြာသေးသည့်အတွက် ကြယ်တာရာ အစုအဝေးနှင့် ပတ်သတ်၍ ဘာဆို ဘာမှ မသိပေ။ ဤကြယ်တာရာ အစုအဝေးတွင် နယ်မြေကြီး လေးခုရှိပြီး သူသည် ယခုတွင် တောင်ဘက်နယ်မြေထဲတွင်သာ ရှိနေသေးကြောင်းကိုသာ သိထားသည်။
ရွေးချယ်စရာ မရှိတော့သည်နှင့် ရန်ကိုင်သည် အရှိန်ကို လျှော့ချပြီး သူ့ခွန်အားကို ပြန်ဖြည့်ရင်း လူသူ အရိပ်အယောင်များကို လိုက်ရှာရတော့သည်။ နေ့တစ်၀က်ကြာအောင် ပျံသန်းလာပြီးနောက် နောက်ဆုံးတွင် တစ်ခုခုကို ရှာတွေ့သွားခဲ့သည်။
မြင်းရထားနှင့် ဆင်တူသော ပျံသန်းရေး မှော်တနာ တစ်ခုကို လှမ်းမြင်လိုက်ရလေသည်။ ထိုမြင်းရထားစီမှ ထွက်ပေါ်နေသော အရှိန်အဝါအရ ထိုမှော်ရတနာသည် တန်ခိုးရှင်ဘုရင်အဆင့် ဖြစ်လောက်သည်။ ရန်ကိုင်သည် အနီးဆုံးမြို့ကို သွားနိုင်မည့် လမ်းကြောင်းကို မေးရန်အတွက် ထိုမြင်းရထားဆီသို့ အလျင်အမြန် ပျံသန်းသွားလေသည်။
သို့သော်လည်း တစ်ဖက်လူမှာမူ တစ်ချက်ကလေးပင် ရပ်မပေးဘဲ ရန်ကိုင့်အား မသိကျိုးကျွန် ပြု၍သာ ဆက်ပြီး ပျံသန်းသွားခဲ့လေသည်။
“ဟွန့် မာနကြီးလိုက်တာ” ရန်ကိုင် စိတ်ညစ်သွားလေသည်။
သို့သော်လည်း မကြာခင်မှာပင် ထိုမြင်းရထားနောက်မှ များစွာသော ပျံသန်းရေး မှော်ရတနာများ လိုက်လာနေသည်ကို တွေ့လိုက်ရလေသည်။
“ဘာတွေဖြစ်နေတာလဲ” ရန်ကိုင် နားမလည်နိုင် ဖြစ်သွားခဲ့သည်။
တစ်ယောက်ယောက်၏ ပြဿနာထဲ ၀င်ပါလိုက်မိလေသလားဟုပင် ရန်ကိုင် တွေးမိသွားလေသည်။ သို့သော်လည်း အခြေအနေကို သေချာ စစ်ဆေးကြည့်လိုက်ပြီးနောက် ထိုကဲ့သို့ မဟုတ်မှန်း တွေ့ရှိလိုက်ရသည်။ အနောက်မှ လိုက်လာသူများသည် မည်သည့် သတ်ဖြတ်လိုစိတ်ကိုမှ ထုတ်ဖော်ထားခြင်းမရှိ။
အစောပိုင်းက မြင်းရထား ပျံသန်းသွားဆီသို့သာ ရိုးရိုးရှင်းရှင်း ပျံသန်းနေကြခြင်း ဖြစ်သည်။ သူတို့အားလုံးကို ကြည့်ရသည်မှာ တစ်နေရာဆီသို့ ဦးတည်သွားနေပုံပင်။
“ဘာတွေဖြစ်နေတာလဲ”
ရန်ကိုင်သည် လေထဲတွင် ဝဲရပ်ရင်း သူတို့ ထိုလူများလုပ်နေသလဲ မေးရလေအောင် လက်ဝှေ့ယမ်း ပြလိုက်သည်။ သို့ရာတွင် အကုန်လုံးသည် အလျင်လိုနေသည့်အလား ရန်ကိုင့်အား လျစ်လျူရှုထားကြလေသည်။ ထိုကဲ့သို့ လျစ်လျူရှုခံရသည့်အတွက် ရန်ကိုင် ရှက်ပင် ရှက်ချင်လာခဲ့သည်။
သို့သော်လည်း ထိုလူများကို ထိုင်ကြည့်နေရင်းမှ ရန်ကိုင်သည် ပျံသန်းရေး မှော်ရတနာများနှင့် ပတ်သတ်၍ သတင်းအချက်အလက် တော်တော်များများ ရရှိခဲ့ရလေသည်။ ထိုလူများ သုံးသွားသည့် ပျံသန်းရေး မှော်ရတနာများမှာ အမျိုးမျိုးပင်။ လွန်းပျံပုံစံ၊ မြင်းရထားပုံစံ၊ လှေပုံစံ၊ ဝေါယာဉ်ပုံစံနှင့် အခြား အမျိုးမျိုးသော ပုံစံရှိကြသည့် မှော်ရတနာများကို အသုံးပြုသွားကြလေသည်။ တစ်ခုချင်းစီ၏ အမြန်နှုန်းမှာလဲ အလွန်ကိုမှ မြင့်မားပေသည်။
“ဟေ့ မင်းဘာတွေ ကြောင်ရပ်နေတာလဲ။ မင်း မြန်မြန် မလုပ်ဘူးဆိုရင် ဘာအကျိုးအမြတ်မှ ရမှာ မဟုတ်ဘူးနော်” ရုတ်တရက် ဘေးဘက်ဆီမှ အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
ရန်ကိုင် လှည့်ကြည့်လိုက်သည့်အခါ ကျားခေါင်းပုံစံ မြင်းရထား တစ်စင်းသည် သူ့ဘေးတွင် ရပ်နေကြောင်း တွေ့လိုက်ရပေသည်။ ထိုမြင်းရထားထံမှ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံခြင်း ပိုင်ဆိုင်ထားသည့် သတ်လတ်ပိုင်း လူကြီးတစ်ဦးသည် ရန်ကိုင့်အား စိတ်၀င်တစား စိုက်ကြည့်နေခဲ့သည်။ ရန်ကိုင်လည်း ၀မ်းသာအားရဖြင့် အလျင်စလို လက်သီးဆုပ်၍ ပြောလိုက်လေသည်။
“တွေ့ရတာ ၀မ်းသာပါတယ် ရောင်ရင်း”
ထိုသတ်လတ်ပိုင်း လူကြီးသည် ခေါင်းငြိမ့်လိုက်ပြီး တွေးတွေးဆဆဖြင့်
“မင်းက…မေပယ်မြို့က မဟုတ်ဘူးလား”
“မေပယ်မြို့…” ရန်ကိုင်သည် မျက်ခုံးပင့်လျက် ဖြေးဖြေးချင်း ခေါင်းခါရင်း ပြန်ပြောလိုက်သည်။
“မဟုတ်ပါဘူး။ မေပယ်မြို့က ဒီနေရာနဲ့ ဝေးလား။ ကျုပ်သိလို့ ရမလား”
“မင်း ဒီလမ်းကြောင်းအတိုင်း ဆက်သွားလိုက်။ မိုင်တစ်သောင်းလောက် ဆက်သွားပြီးရင် မေပယ်မြို့ကို ရောက်လိမ့်မယ်”
သတ်လတ်ပိုင်း လူကြီးမှာ ရင်းနှီးဖော်ရွေသည့် ပုံပင်။
ထို့ကြောင့် ရန်ကိုင့်အား အချိန်ယူကာ ရှင်းပြလေသည်။ ထို့နောက် ပြုံးလျက် ပြောလိုက်၏ “ဒါပေမယ့် မင်းတကယ်ကြီး မေပယ်မြို့ကိုပဲ သွားချင်နေတာလား။ အခုကိစ္စမှာ ဝင်ပါဖို့ နည်းနည်းလေးမှ စိတ်မဝင်စားဘူးလား”
“အာ…ကျုပ်လည်း အဲ့တာကို မေးချင်နေတာ။ အဲ့လူတွေ ဘာလို့ အဲ့ဘက်ကိုသွားနေလည်း ရောင်ရင်း တစ်ချက်လောက် ရှင်းပြလို့ရမလား” ရန်ကိုင်က မေးလိုက်သည်။
ထိုအခါ သတ်လတ်ပိုင်း လူကြီးက ပြုံးလျက် “ဒီနေရာကနေ မိုင်သုံးသောင်းလောက် ဝေးတဲ့ ကြည်လင်ကျောက်စိမ်းတောင်မှာ တစ်ယောက်ယောက်က အသိစိတ်ရှိနေတဲ့ မှော်ရတနာ စိတ်ဝိဉာဉ်နဲ့တူတဲ့ မီးငှက်တစ်ကောင်ကို တွေ့လိုက်ရတယ်တဲ့။ အခု အကုန်လုံးက အဲ့မီးငှက်ကို လုယူနိုင်ဖို့အတွက် အပြေးအလွှားသွားနေကြတာ”
“မီးငှက် မှော်ရတနာ စိတ်ဝိဉာဉ်လား”
ထိုစကားကို ကြားသည့်အခါ ရန်ကိုင် ထိတ်လန့်သွားလေသည်။
“မေပယ်မြို့ကို သွားချင်ရင် မင်းဒီလမ်းကြောင်းအတိုင်း သွားလို့ရတယ်။ ဒါမှမဟုတ် အဲ့မီးငှက်ကို သွားကြည့်ချင်တယ် ဆိုရင်တော့ မင်း မြန်မြန်လုပ်မှပဲ ရမှာနော်”
ရှင်းပြပြီးသည်နှင့် သတ်လတ်ပိုင်း လူကြီးသည် မြင်းရထားနှင့် အရှိန်ကုန် ပျံသန်းလေတော့သည်။ ရန်ကိုင်သည် ထိုနေရာတွင် ကြောင်ပြီး ရပ်နေခဲ့သည်။ မကြာမီ သူအလွန်ကိုမှ စိတ်လှုပ်ရှားလာခဲ့လေသည်။
တစ်ဖက်လူသည် သေချာရှင်းမပြသွားသော်လည်း ထိုလူပြောသည့် ပုံအရ မီးငှက်ဆိုသည်မှာ လျို့ယန် ဖြစ်နိုင်လောက်ပေသည်။ လျို့ယန်၏ မူလပုံသည် မီးငှက်ပင် မဟုတ်လေလော။ ထို့အပြင် သူမသည် မှော်ရတနာ စိတ်ဝိဉာဉ် တစ်ခုဖြစ်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၉၆၇)
ကြယ်တာရာ လမ်းကြောင်းထဲတွင် ရှိစဉ်က ရန်ကိုင်သည် ထိုစွမ်းအားကိုသုံး၍ လမ်းကြောင်းတစ်ခုလုံးကို မတည်မငြိမ်ဖြစ်အောင် လုပ်ခဲ့သဖြင့် လျို့ယန်၊ ရှောင်ရှောင် တို့နှင့် လမ်းကွဲသွားရလေသည်။ ထိုစဉ်ကတည်းက ရန်ကိုင်သည် ထိုနှစ်ဦး၏ လုံခြုံရေးကို တော်တော်လေး စိတ်ပူနေခဲ့ခြင်းဖြစ်သည်။
ကံမကောင်းစွာဖြင့် ထိုနှစ်ဦးအား မည်ကဲ့သို့ သွားရှာရမည်ကို ရန်ကိုင် သိမနေခဲ့ပေ။ ရှောင်ရှောင်သည် ကြည့်လိုက်ရုံဖြင့် ရုပ်သေးရုပ် တစ်ရုပ်နှင့် ဆင်တူပေသည်။ ထို့ကြောင့် လူအများ၏ စိတ်၀င်စားမှုကို ခံရနိုင်၏။ ရှောင်ရှောင်သာ သူ့ခွန်အားကို ထုတ်ပြမည်ဆိုပါက လူအများ၏ ပစ်မှတ် ကျိန်းသေဖြစ်လာပေလိမ့်မည်။
သို့ရာတွင် ရှောင်ရှောင်၏ ထွက်ပြေးသည့်နည်းလမ်းမှာ အလွန်ကိုမှ ဖမ်းရခက်ပေသည်။ ကျောက်တုံး ရုပ်သေးရုပ် မျိုးနွယ်စု၀င်တစ်ဦးဖြစ်သည့်အတွက် ရှောင်ရှောင်သည် သူ့အား တစ်စုံတစ်ဦးမှ လိုက်ဖမ်းပါက မြေထဲတူးပြီး ထွက်ပြေးနိုင်၏။
လျို့ယန်ကမူ ထိုသို့မဟုတ်။ သူမတွင် ရှောင်ရှောင်ကဲ့သို့ ထွက်ပြေးနိုင်သည့် နည်းလမ်းများ ရှိမနေခဲ့။ သို့ရာတွင် သူမသည်လည်း ရှောင်ရှောင်ကဲ့သို့ ကျင့်ကြံသူများ အလွန်စိတ်၀င်စားသည့် မှော်ရတနာတစ်ခု ဖြစ်နေခဲ့သည်။
သူမကိုသာ ဖမ်းပြီး မှော်ရတနာတစ်ခုထဲ ထည့်သွင်းလိုက်မည်ဆိုလျှင် အစစ်အမှန် မှော်ရတနာ စိတ်ဝိဉာဉ်ဖြစ်ပေါ်နေသည့် မှော်ရတနာ တစ်ခုကို ရလိုက်သည်နှင့် အတူတူပင်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ မီးဓာတ်ကျင့်စဉ်အား ကျင့်ကြံထားကြသူများဆိုလ လျို့ယန်အား ဖမ်းကာ သန့်စင်ပြီး သူတို့ကိုယ်သူတို့ ပိုသန်မာလာအောင် လုပ်နိုင်ပေသည်။
လျို့ယန်အား ဘာမှသုံးစရာ မရှိဘူးဆိုလျှင်ပင် သူမအား ရောင်းချရာမှ ငွေကြေးများစွာ ရရှိနိုင်ပေသည်။ ထို့ကြောင့် လျို့ယန်၏ အခြေအနေသည် ရှောင်ရှောင်ထက် ပို၍ အန္တရာယ်များသည်ဟုပင် ပြော၍ရပေသည်။
ထို့ကြောင့် သတ်လတ်ပိုင်း လူကြီး ပြောသည်ကို ကြားပြီးနောက် ရန်ကိုင် စိတ်လှုပ်ရှားသွားသလို တစ်ချိန်ထဲတွင်လည်း စိုးရိမ်မိသွားလေသည်။
ကြည်လင်ကျောက်စိမ်းတောင်တွင် ပေါ်လာသည်သာ လျို့ယန် ဖြစ်နေသည် ဆိုပါက သူမ၏ အခြေအနေမှာ အလွန်ကိုမှ တွေးပူစရာပင်။
ဤမျှ ကျင့်ကြံသူအများကြီး ဝိုင်းဖမ်းမည်ကို လျို့ယန် အနေဖြင့် မည်သို့များ အချိန်အကြာကြီး ခုခံနိုင်မည်နည်း။ အနှေးနှင့် အမြန်ဆိုသလို အဖမ်းခံရပေလိမ့်မည်။ ထိုအချက်ကို နားလည်လိုက်ပြီးနောက် ရန်ကိုင်သည် အရှိန်ကုန်တင်ကာ လူအုပ်ကြီးနောက်သို့ ပြေးလိုက်လေသည်။
မိုင်သုံးသောင်းဆိုသော အကွာအဝေးသည် တန်ခိုးရှင်ဘုရင် အဆင့်သို့ ရောက်နေကြသည့် ကျင့်ကြံသူများအတွက် ဘာမှမဟုတ်ပေ။ ထို့ကြောင့် အမွှေးတိုင် အချိန်တစ်၀က်စာ ကြာပြီးနောက်တွင် ရန်ကိုင်သည် ကြည်လင်ကျောက်စိမ်းတောင်၏ အဖျားပိုင်းသို့ ရောက်လာခဲ့လေသည်။
ဤနေရာတွင် စုဝေးနေသည့် ကျင့်ကြံသူပေါင်း အကြမ်းဖျဉ်း နှစ်ရာခန့် ရှိနေခဲ့သည်။ သို့ရာတွင် ရန်ကိုင့်အား စိတ်သက်သာရာ ရသွားစေသည်မှာ ဤနေရာတွင်ရှိနေသည့် ကျင့်ကြံသူအများစု၏ ကျင့်ကြံခြင်းမှာ သိပ်မြင့်မားမနေခြင်းပင်။ အများစုသည် တန်ခိုးရှင်အဆင့် သို့မဟုတ် တန်ခိုးရှင်ဘုရင် အဆင့်များသာ ဖြစ်ကြပြီး တာအိုသခင် အဆင့်များမှာတော့ အလွန့်အလွန်ကိုမှ ရှားပါးပေသည်။
လက်ရှိအခြေအနေကို ကြည့်ရသလောက် မေပယ်မြို့ရှိ ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းမှာ သိပ်မြင့်မားသည့်ပုံ မပေါ်ပေ။ ဤနေရာတွင် စုဝေးနေကြသည့် ကျင့်ကြံသူများမှာ တောင်ထဲသို့ ချက်ချင်း ပြေးမ၀င်သွားကြသေးဘဲ ထို့အစား တစ်ဦးနှင့်တစ်ဦး မဟာမိတ် ဖွဲ့နေကြသည်။
အချို့လူများမှာ ဒဏ်ရာပရပွနှင့် သွေးအလိမ်းလိမ်း ဖြစ်နေကြသည်။ မီးလောင်ကျွမ်းရာများသည် လူတော်တော်များများပေါ်တွင် တွေ့နေရပေသည်။ မြေပြင်ထက် မီးကျွမ်းပြီး သေဆုံးနေသည့် အလောင်းအချို့ပင် ရှိနေသေးသည်။
“အဲ့မီးငှက်က တော်တော်ကြမ်းတာကွ။ သူ့အရှိန်အဝါက တန်ခိုးရှင်ဘုရင် တတိယအဆင့် တစ်ယောက်ထက်သာ အားမကောင်းတာ၊ သူ့မီးတောက်တွေက ခုခံဖို့ သောက်ရမ်း ခက်လွန်းတယ်။ ရောင်ရင်းကျောင်း နဲ့ ရောင်ရင်းကျန်းတို့ဆိုတာ တန်ခိုးရှင်ဘုရင်အဆင့်တွေထဲမှာ ဝါရင့်သမာရင့်တွေ။ သူတို့လို လူမျိုးတွေတောင် မီးငှက်ရဲ့ တိုက်ကွက်တစ်ကွက်ကို မခံနိုင်ကြဘူး။ ကျွတ် ငါတို့လည်း အပြေးမြန်သွားလို့ပေါ့ မဟုတ်သာ မဟုတ်ရင်တော့…”
စကားပြောနေသည့် လူသည် အကြောက်မပြေသေးဟန်ဖြင့် အလောင်းဘေးတွင်ထိုင်ရင်း သူ့ဒဏ်ရာများကို ကုသလျက် အခြားသူများကို ရှင်းပြနေခဲ့လေသည်။ တော်တော်များများ သူ့နားတွင် စုစည်းနေရခြင်းမှာ သူ့ဆီမှ မီးငှက်နှင့် ပတ်သတ်၍ သတင်းအချက်အလက်များ ရယူချင်ကြသလို၊ မီးငှက် မည်မျှသန်မာကြောင်းကို သူ့ဒဏ်ရာများမှ တစ်ဆင့် စစ်ဆေးကြည့်လိုသည့် အတွက်ကြောင့်လည်း ပါပေသည်။
ထိုအကြောင်းကြောင့်ပင် ဤနေရာတွင် စုဝေးနေကြသော ကျင့်ကြံသူများသည် တောင်ထဲသို့ တစ်ဦးချင်း ၀င်မသွားဘဲ အဖွဲ့ဖွဲ့ကာ မီးငှက်ကို ဖမ်းရန် ကြံစည်နေကြခြင်း ဖြစ်သည်။ ထိုစကားကို ကြားသည့်အခါ ရန်ကိုင် စိတ်လှုပ်ရှားသွားခဲ့လေသည်။
တန်ခိုးရှင်ဘုရင် တတိယအဆင့်၊ ကြောက်မက်ဖွယ်ရာ မီးတောက်၊ ထိုစကားလုံး များသည် လျို့ယန်ကို ကိုယ်စားပြုနေသလိုပင်။ အစကမူ ကြည်လင်ကျောက်စိမ်း တောင်ထဲတွင် တွေ့ရသော မီးငှက်သည် လျို့ယန် ဟုတ်မဟုတ် သိပ်မသေချာသေးပေ။ သို့သော်လည်း ထိုလူပြောသည်ကို ကြားပြီးနောက် ဤမီးငှက်သည် လျို့ယန် ဖြစ်သည်ဟု ရှစ်ဆယ်ရာခိုင်နှုန်း သေချာသွားလေပြီ။
လျို့ယန်၏ အရှိန်အဝါမှာ တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်နိုင်ပေသည်။ လျို့ယန်သည် မီးတောက်များစွာကို စုပ်ယူထားသလို၊ နေမီးလျှံ ကိုပါ စုပ်ယူထားသည့်အတွက် သူမ၏ မီးတောက်များမှာ ရန်ကိုင်ပင် အလွယ်တကူ မထိရဲသည်အထိ အလွန်ကိုမှ ကြောက်မက်ဖွယ် ကောင်းပေသည်။
“ဒါနဲ့ ရောင်ရင်းတို့ အဲ့မီးငှက် ဘယ်လိုပုံစံလဲဆိုတာကို တွေ့ခဲ့ရသေးလား” ရန်ကိုင်သည် လူအုပ်ကြီးထဲ တိုး၀င်၍ မေးလိုက်လေသည်။
“တွေ့ခဲ့တာပေါ့” အစေားပိုင်းက ရှင်းပြနေသူသည် ခေါင်းမော့၍ မဲ့ပြုံးပြုံးကာ ပြောလိုက်၏ “မဟုတ်ရင် ငါတို့တွေအကုန်လုံး ဘာလို့ အခုလိုတွေ ဖြစ်ကုန်ရမှာလည်း”
“ဒါဆို မီးငှက် ဘယ်လိုပုံ ရှိလည်းဆိုတာ ရောင်ရင်း တစ်ချက်လောက် ပြောပြပေးလို့ ရမလား”
“ပြောပြဖို့ကတော့ နည်းနည်းတော့ခက်သား။ အဲ့မီးငှက်မှာ အမြှီးရှည်ကြီးတစ်ခု ရှိမယ်ကွာ။ မီးငှက် ကိုယ်ထည်ကလည်း အရမ်းကြီးမကြီးဘူး။ အွန်း… ဆယ်မီတာလောက်ပဲ ရှိလောက်တယ်”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင် ကြောင်သွားလေ၏။ သူမသာ လျို့ယန်ဆိုလျင် သူမ၏ အရွယ်အစားမှာ ထို့ထက် ပိုကြီးလောက် ပေသည်။
“ဒါဆို အဲ့မီးငှက်က အသွင်ပြောင်းလို့ကောရလား” ရန်ကိုင်က ဆက်မေးလိုက်သည်။
ထိုလူက ရယ်မော၍ မေးလိုက်သည်။
“ဘာလဲ မင်းက အဲ့မီးငှက်ကို မပေါ်တပေါ် ၀တ်ထားပြီး အနီရောင်ဆံပင်လေးနဲ့၊ ရုပ်ချောချော အေးစက်စက် မျက်နှာထားလေး ပိုင်ဆိုင်ထားတဲ့ အလှလေးတစ်ယောက်အဖြစ် ပြောင်းလဲသွား စေချင်တာလား”
ထိုလူ၏ စကားကို ကြားသည့်အခါ လူအုပ်ကြီးသည် ရန်ကိုင့်အားကြည့်ရင်း ရုတ်တရက် ထရယ်မောကြလေသည်။
“ကျေးဇူးအများကြီး တင်ပါတယ်”
ရန်ကိုင်သည် မဲ့ပြုံးသာ ပြုံးလျက် လူအုပ်ကြီးထဲမှ ပြန်ထွက်လာခဲ့သည်။ ကြည်လင်ကျောက်စိမ်း တောင်ထဲရှိ မီးငှက်သည် လျို့ယန် ဟုတ်မဟုတ်ကို အထဲ၀င်သွားပြီး စစ်ဆေးကြည့်မှသာ သိရပေလိမ့်မည်။ ပထမဦးစွာ သူ့အသိစိတ် ပင်လယ်ထဲရှိ ဝိဉာဉ်အမှတ်အသားကို လှုံ့ဆော်ရပေမည်။
ထိုဝိဉာဉ် အမှတ်အသားသည် လျို့ယန်အား ပထမဦးဆုံးအကြိမ်အဖြစ် ဖိနှိပ်ခဲ့စဉ်က ခပ်နှိပ်နိုင်ခဲ့သော အမှတ်တံဆိပ်တစ်ခု ဖြစ်သည်။ သူတို့နှစ်ဦးသည်သာ အလွန်ဝေးကွာမနေခဲ့ပါက ရန်ကိုင်သာ ထိုဝိဉာဉ် အမှတ်အသားကို အသက်သွင်းလိုက်မည်ဆိုလျှင် လျို့ယန်ကို အာရုံခံနိုင်ပေလိမ့်မည်။
သို့ရာတွင် ဝိဉာဉ်အမှတ်အသားကို အသက်သွင်းလိုက်သည့်တိုင် လျို့ယန်ဆီမှ မည်သည့် တုန့်ပြန်မှုမှ ထွက်ပေါ်မလာခဲ့ပေ။ ကြည့်ရသလောက် ကြည်လင်ကျောက်စိမ်း တောင်ထဲသို့သာ ၀င်ပြီးတော့ စစ်ဆေးရတော့မည့် ပုံပင်။
ကြည်လင် ကျောက်စိမ်းတောင်ထဲသို့ ၀င်ရန် ဆုံးဖြတ်လိုက်ပြီး နောက်မှာပင် လူတစ်ဦးသည် သူ့နောက်ဘက်မှ တိုးတိုးတိတ်တိတ် ချဉ်းကပ် လာခဲ့လေသည်။ ရန်ကိုင် မျက်မှောင်ကြုတ်လိုက်ပြီး အနောက်သို့ လှည့်ကြည့်လိုက်ရာ ရှိသင့် ရှိထိုက်သည့် အမို့အမောက်များကို ပိုင်ဆိုင်ထားသည့် ခန္ဓာကိုယ် သေးသေးနှင့် အမျိုးသမီးတစ်ဦးမှ သူ့အား ပြုံး၍ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဤမိန်းကလေးမှာ အတော်လေးကို လှလောက်သော်ငြား သူမ ပါးပေါ်ရှိ လခြမ်းကွေးပုံစံ အညိုရောင်မွေးရာပါ အမှတ်အသားကြောင့် သူမ၏ အလှအပမှာ အတော်လေး လျော့ကျသွားခဲ့ရလေသည်။ ထိုမိန်းကလေးသည် သူမ၏ အမို့အမောက် အရှိုက်အဝှမ်းများကို ဖုံးကွယ်နိုင်စေရန်အတွက် ခပ်လျော့လျော့ အစိမ်းရောင် ၀တ်စုံတစ်ခုကို ၀င်ဆင်ထားပြီး သူမ၏ ခါးတစ်ဝိုက်တွင်တော့ ပိုချည်အိတ် များစွာကို ချိတ်ဆွဲထားခဲ့လေသည်။
မိန်းကလေးသည် လုံ၀ကို အပြစ်ကင်းစင်သည့် အပြုံးကို ဆင်မြန်းလျက် ရန်ကိုင့်အား အနည်းငယ် ကြောက်ကြောက်လန့်လန့်ဖြင့် လှမ်း၍ မေးလိုက်လေသည် “ဦးလေး။ ဦးလေးနဲ့ ခဏလောက် စကားပြောလို့ရမလား”
ရန်ကိုင့်မျက်နှာ တစ်မုဟုတ်ချည်း မည်းမှောင်သွားပြီး မှုန်ကုတ်ကုတ် လေသံဖြင့် ပြန်ပြောလိုက်လေသည်။
“ဘယ်သူက နင့်ဦးလေးလဲ။ ငါအဲ့လောက် အသက်ကြီးနေလို့လား”
သေမျိုးတစ်ဦး၏ အမြင်အရ ရန်ကိုင်၏ အသက်မှာ အတော်လေးကြီးသည်ဟု ပြောနိုင်သော်ငြား ကျင့်ကြံသူတစ်ဦး၏ အမြင်အရဆိုလျှင်တော့ ရန်ကိုင်သည် အသက်ငယ်ငယ် လေးသာ ရှိသေးပေသည်။ ထို့အပြင် သူ့ရုပ်ရည်သည် အသက်နှစ်ဆယ်လောက်သာရှိသေးသော လူငယ်လေးတစ်ဦး၏ ပုံစံမျိုးသာ ဖြစ်သည်။
ထိုကဲ့သို့ ဖြစ်နေသည်တိုင် မိန်းမငယ်လေး တစ်ဦးမှ သူ့အား ဦးလေးဟု ခေါ်လိုက်သည်ကို ကြားသောအခါ ရန်ကိုင် အတော်လေးကို စိတ်ပျက်သွားခဲ့လေသည်။ ရန်ကိုင့်၏ ခက်ထန်သည့် အမူအရာကြောင့် ကောင်မလေးမှာ ကြောက်သွားခဲ့ပြီး ထိတ်ထိတ်လန့်လန့်ဖြင့် အနောက်သို့ ဆုတ်သွားခဲ့လေသည်။
ရန်ကိုင်သည် မိန်းမငယ်လေးအား ဝေ့ကြည့်လိုက်သည်။ သူ့အကြည့်သည် သူမ၏ အမို့အမောက် အရှိုက်အဝှမ်းများတွင် တစ်ခဏမျှ ရပ်တန့်နေပြီးနောက် အံအားသင့်နေသည့် လေသံဖြင့် ရေရွတ်လိုက်လေ၏။
“တန်ခိုးရှင်ဘုရင် တတိယအဆင့်လား”
ဤအသက် ဆယ့်ငါး ဆယ့်ခြောက်နှစ်လောက်သာ ရှိသေးမည် ထင်ရသော ကောင်မလေးသည် သူနှင့်အဆင့်တူ ကျင့်ကြံသူဖြစ်နေသည်ကို အံအားသင့်ဖွယ် တွေ့လိုက်ရလေသည်။
အပေါ်ယံ ရုပ်ရည်မှာတော့ အသက် တစ်ဆယ့်ငါး၊ တစ်ဆယ့်ခြောက်လောက်သာ ရှိမည်ထင်ရသော်လည်း သူမ၏ တကယ့် အသက်ကိုတော့ သူမ မပြောနိုင်ပေ။ ဤကောင်မလေးသည် အသက်ငယ်ငယ်နှင့် မိန်းကလေးပုံစံ အယောင်ဆောင်ထားသည့် အဖွားအိုကြီး တစ်ဦးလည်း ဖြစ်ကောင်း ဖြစ်နေနိုင်ပေသည်။
သူ၏ ခက်ထန်သည့် ပုံစံကိုမြင်ပြီး ဤကောင်မလေး တကယ် ကြောက်သွားလိမ့်မည်ဟုတော့ ရန်ကိုင် မထင်။ ဟန်ဆောင်နေခြင်းသာ ဖြစ်လောက်သည်။ သူမလုပ်ပုံမှာ စုန်းမအိုကြီးများ လုပ်သည့်ပုံစံအတိုင်းပင်။
သို့သော်လည်း ထိုစဉ် ရန်ကိုင်သည် တစ်စုံတစ်ဦးကို တွေးမိသွားသည်။ လင်းယွင်အာ ပင်။ အထက်စကြာ၀ဠာဂိုဏ်းတွင် ရှိစဉ်က ထိုကောင်မလေးသည် သူ့အား အမြဲတစေ ဦးလေး၊ ဦးလေးဟု ခေါ်ခဲ့သည်။ ယခုအချိန် ဤကောင်မလေး မည်သည့်နေရာသို့များ ရောက်နေမည်နည်း။ ယန်ယန်သည် သူမထွက်သွားစဉ်က လင်းယွင်အာကိုပါ သူမနှင့်အတူ ခေါ်သွားခဲ့သည်။
ရန်ကိုင်၏ ခက်ထန်နေသည့် အမူအရာသည် တဖြည်းဖြည်း ပြေလျော့သွားခဲ့လေသည်။ ထိုအခြင်းအရာကို မြင်မှသာ ကောင်မလေးသည် စိတ်သက်သာရာရသွားသည့် အမူအရာဖြင့် သူမ၏ရင်ဘတ်ကို လက်ဖြင့်ဖိကာ လေတစ်ရှိုက် ရှူထုတ်လိုက်လေသည်။
“အာ…ဒါဆို အစ်ကိုကြီး ကျွန်မနဲ့ ခဏလောက် စကားပြောလို့ရမလား”
‘တစ်ကယ်ကို သရုပ်ဆောင်တော်တဲ့သူ’ ရန်ကိုင်သည် စိတ်ထဲတွင် ကြိတ်၍ လှောင်ပြောင်လိုက်ပြီးနောက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။
“နင် ဘာအကြောင်း ပြောချင်တာလဲ”
ကောင်မလေးသည် ဘယ်တစ်ချက် ညာတစ်ချက် လှည့်ပတ်ကြည့်လိုက်ပြီးနောက် ယဲ့ယဲ့လေး ရယ်မောလျက် ရန်ကိုင်အား ကောင်းကင်စိတ်အာရုံဖြင့် တိုးတိုးလေး ပြောလိုက်လေသည်။
ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး အလျင်အမြန် ပြန်ပြောလိုက်၏။ “နင် လိမ်နေတာလား”
“အစ်ကိုကြီးနဲ့ ကျွန်မကြားမှာ ဘာရန်ညှိုးမှ မရှိတာကို ကျွန်မက ဘာလို့ လိမ်ရမှာလဲ” ကောင်မလေးက ပြန်ပြောလေသည်။
“ကောင်းပြီလေ၊ အဲ့လိုဆိုမှတော့ သွားကြည့်တာပေါ့” ရန်ကိုင်က ပြောလိုက်သည်။
ကောင်မလေးသည် ချက်ချင်းပဲ ပြုံးလျက် ဦးဆောင်သွားလေသည်။ ကောင်မလေးသည် ရန်ကိုင့်အပေါ် နည်းနည်းလေးမှ မသိမချပ်။ ထို့ကြောင့် ဤအမျိုးသမီး သရုပ်ဆောင်နေခြင်း ပဲလား၊ သို့မဟုတ် သူမ၏ ခွန်အားအပေါ် ယုံကြည်ချက် ရှိသည့် အတွက် ယခုကဲ့သို့ ပြုမူနေခြင်းပဲ ဖြစ်လေသလားဟု ရန်ကိုင် တွေးမိသွားလေသည်။
သူမ၏ ခွန်အားအပေါ် ယုံကြည်ချက် ရှိသည့်အတွက်ကြောင့်သာ သူ့အပေါ် နည်းနည်းလေးမှ သတိမထားခြင်း ဖြစ်သည်ဟူသော အချက်ကို ရန်ကိုင် ပိုယုံမိလေသည်။ ခဏကြာအောင် လျှောက်လာပြီး လူအုပ်ကြီးထဲမှ ထွက်လာပြီးနောက် အနည်းငယ် ချောင်ကျသည့် နေရာသို့ ရန်ကိုင်တို့ ရောက်လာခဲ့သည်။
ထိုနေရာတွင် လူနှစ်ဦး စောင့်နေခဲ့ပေသည်။ ကောင်မလေး ပြန်လာသည်ကို မြင်သောအခါ ထိုနှစ်ဦးစလုံး ပျော်ရွှင်စွာ ပြုံးလိုက်ကြသည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်သည့်အခါ ထိုနှစ်ဦးစလုံးသည် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူများ ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။
နှစ်ဦးအနက် တစ်ဦးမှာ အမျိုးသားဖြစ်ပြီး ကျန်တစ်ဦးမှာတော့ အမျိုးသမီး ဖြစ်ပေသည်။
အမျိုးသားသည် ယုံကြည်အားကိုးထိုက်သည့် လူတစ်ဦး၏ ပုံစံပေါက်နေပြီး ကြင်နာနွေးထွေးသည့် အပြုံးကို ဆင်မြန်းထားသည်။
အမျိုးသမီးမှာမူ လူကောင်သေးသေးနှင့် စွဲမက်ဖွယ်ရာ ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင် ထားသည့် လူတစ်ဦး ဖြစ်ပေသည်။ အထူးသဖြင့် သူမ၏ အရည်ရွှန်းလဲ့နေသည့် မျက်၀န်း တစ်စုံမှာ ပုရိသယောင်္ကျားများအတွက် အလွန်စွဲမက်ဖွယ်ရာ ဖြစ်နေခဲ့သည်။
“ညီမလေး ရှောင်ချီ။ နင် နောက်တစ်ယောက် ထပ်ရှာလာတာလား” အမျိုးသမီးက ပြုံးလျက် မေးလိုက်သည်။
ကောင်မလေးက ခေါင်းညိတ်၍ ပျော်ရွှင်စွာ ပြန်ပြောလိုက်၏။“ဒီ အစ်ကိုကြီးဆို အဆင်ပြေလောက်တယ်။ သူက ကျွန်မတို့ရဲ့ အစီအစဉ်ကို စိတ်၀င်စားတယ်တဲ့” ပြောနေရင်း ရန်ကိုင့်ဆီသို့ ညွှန်ပြလိုက်လေသည်။။
အမျိုးသားသည် ရန်ကိုင့်အား ပြုံးပြလိုက်ပြီး ခေါင်းညိတ်၍ လက်သီးဆုပ်ကာ ပြောလိုက်သည်။ “ဒီတစ်ယောက်က ရှုချင်းပါ။ ရောင်ရင်းနာမည် ဘယ်လိုခေါ်လဲ သိလို့ရမလား”
“ရန်ကိုင်”
ကြယ်တာရာ အစုအဝေးထဲတွင် သူ့အား သိသည့်လူ အလွန်ကိုမှ နည်းပါးသည့်အတွက် ရန်ကိုင်သည် နာမည်အမှန်ကိုသာသုံးရန် ဆုံးဖြတ်လိုက်လေသည်။
“ယုရို့မေ၊ ရောင်ရင်းရန်ကို နှုတ်ဆက်ပါတယ်” အမျိုးသမီးက ကျော့ရှင်းစွာ ဦးညွှတ်လိုက်လေသည်။
ရန်ကိုင်လည်း ပြန်၍ နှုတ်ဆက်လိုက်သည်။
“ကျွန်မနာမည်က မိုရှောင်ချီပါ”
ရန်ကိုင့်အား ဦးဆောင် ခေါ်လာသည့် ကောင်မလေးက သူမကိုယ်သူမ မိတ်ဆက်ပေးလိုက်သည်။ ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။
“ညီမ ရှောင်ချီ။ နင်ခုနတုန်းက မီးငှက်ရဲ့နေရာကို သိတယ်လို့ ပြောခဲ့တယ်နော်။ အဲ့တာ အမှန်ပဲလား”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၉၆၈)
မိုရှောင်ချီဟူသော ဤကောင်မလေးသည် မီးငှက်၏ တည်နေရာ အတိအကျကို သိထားသည်ဟု ပြောလာသည့် အတွက်ကြောင့်သာမဟုတ်လျှင် ရန်ကိုင်သည် ဤနေရာအထိ လိုက်လာလိမ့်မည် မဟုတ်ချေ။ တစ်ဦးပေါ်တစ်ဦး အကွက်ချ ကြံစည်မှုများသည် ကျင့်ကြံသူများအကြား ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စများသာ ဖြစ်ကြသည်။
ထို့ကြောင့် မိမိနှင့် ရင်းနှီးကျွမ်း၀င်သူများ မဟုတ်လျှင် သတိထားခြင်းသည် အကောင်းဆုံး ဖြစ်သည်။ ရန်ကိုင့်ကဲ့သို့ သတိကြီးသူတစ်ဦးသည် အကြောင်းအရင်းမရှိဘဲ ဘာကြောင့်များ ဤသူစိမ်းမိန်းကလေးတစ်ဦးနောက်သို့ လိုက်လာရမည်နည်။ မိုရှောင်ချီ ပြောသည့်စကားသည် သူ့အတွက် ငြင်းဆန်ဖို့ အလွန်ကိုမှ ခဲယဉ်းနေခဲ့သည်။ ရန်ကိုင်၏ အမေးကို ကြားပြီးနောက် မိုရှောင်ချီက ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။
“ဟုတ်တယ်။ အမှန်ပဲ”
“ဒါဆို မီးငှက်က ဘယ်မှာလဲ” ထိုအခါ ရန်ကိုင်က လိုရင်းကို တိုက်ရိုက် တန်းမေးလိုက်လေသည်။
ဘေးဘက်တွင် ရပ်နေသော ရှုချင်းနှင့် ယုရို့မေတို့သည်လည်း နားစွင့်ထားလိုက်ကြသည်။
“မီးငှက်က…” မိုရှောင်ချီသည် ထိုစကားလုံးကိုသာ ရေရွတ်လိုက်ပြီး တစ်ခုခုကို သတိရသွားသည့်အလား နောက်ပြောမည့် စကားများကို ပြန်မြိုချလိုက်သည်။
ထို့နောက် ပြုံးလျက် ပြန်ပြောလိုက်သည်။
“အဲ့တာက အခုမပြောသေးဘူး။ ကျွန်မနောက် လိုက်ခဲ့”
မိုရှောင်ချီဆိုသည့် ကောင်မလေးကို ကြည့်ရသည်မှာ တစ်ကယ်ရိုးရှင်း အပြစ်ကင်းစင်ပြီး ဤလောကကြီး အကြောင်း သိပ်မသိသေးသည့်ပုံပင်။ ရန်ကိုင် မေးသည့် မေးခွန်းကို တစ်ကယ်ကြီး ပြန်ဖြေရန် လုပ်နေခဲ့သည်။ ရန်ကိုင် က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ “အဲ့တာဆို ငါက နင့်ကို ဘယ်လိုယုံ ရမှာလဲ။ နင် မီးငှက်ရဲ့ နေရာကို သိနေတယ်ဆိုရင် နင်ရင်းနှီး နေတဲ့ လူတွေကိုရှာပြီး ဘာလို့ ကိုယ့်ဘာသာကိုယ် သွားမရှာတာလည်း။ ဘာလို့ ငါတို့လို သူစိမ်းတွေကို လိုက်ရှာနေရတာလည်း”
ရှုချင်းကလည်း ခေါင်းငြိမ့်၍ ပြောလိုက်လေသည်။
“ရောင်ရင်းရန် ပြောတာအမှန်ပဲ။ ညီမ ရှောင်ချီ၊ ငါတို့ နင့်ကို မယုံတာမဟုတ်ပါဘူး။ ဒီတော့ ညီမရှောင် ဘာလို့ ဒီလိုလုပ်ရတယ်ဆိုတာ ရှင်းပြပေးဖို့ ဒီရှု မျှော်လင့်ပါတယ်”
မိုရှောင်ချီသည် သူမ၏ မျက်ခုံးကြောလေးများကို တွန့်ကွေးလျက် လုံး၀ကို ပုံမှန်ဆန်သည့် လေသံဖြင့် ပြန်ပြောလိုက်သည်။ “အမှန်တိုင်းပြောရရင် ကျွန်မ တောင်ထဲကို ၀င်သွားဖူးတယ်။ ဘယ်လို ၀င်သွားလဲဆိုတော့ ခုနက ဒဏ်ရာရနေတဲ့ အဖွဲ့ကိုတွေ့လိုက်တယ်မလား။ ကျွန်မ သူတို့နောက်ကနေ တိတ်တိတ်လေး လိုက်၀င်သွားတာ။ သူတို့အဖွဲ့မှာ သေတဲ့လူကသေ လွတ်တဲ့လူကလွတ် သွားတယ်။ သူတို့ ထွက်သွားတဲ့ နောက်ပိုင်း ကျွန်မ အရဲစွန့်ပြီး အထဲကို ၀င်သွားသေးတယ်။ အဲ့မှာ မီးငှက်ကို တွေ့ခဲ့တာ။ အဲ့တာကြောင့်ပဲ မီးငှက်ဘယ်မှာ ရှိလည်းဆိုတာကို အတိအကျသိတာ။ ကိုယ်သိတဲ့လူတွေကို ဘာဖြစ်လို့ လိုက်မရှာရလည်း ဆိုတော့ ဒီနေရာမှာ ကျွန်မနဲ့ သိတဲ့သူ တစ်ယောက်မှ မရှိဘူးလေ။ ပြီးတော့ အဲ့မီးငှက်ကို ကျွန်မတစ်ယောက်တည်း တိုက်ခိုက်လို့ နိုင်မယ် မထင်ဘူးလေ။ အဲ့တာကြောင့် ရှင်တို့ဆီက အကူအညီ လာတောင်းတာ”
ရန်ကိုင်နှင့် ရှုချင်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြလေသည်။ မိုရှောင်ချီ ပြောသွားသည့် စကားထဲ သံဿယ ၀င်စရာ တစ်ချက်မှ ရှိမနေခဲ့ပေ။ ရှိနေလျှင်ပင် သူမပြောသွားသည့် စကားနည်းနည်းလေးမှ အဖြေတစ်ခုကို ရှာနိုင်လိမ့်မည် မဟုတ်။ သူတို့အားလုံး တိတ်ဆိတ်သွားသည်ကို မြင်သော် မိုရှောင်ချီသည် စိုးရိမ်လာပြီး အလျင်စလို ပြောလိုက်လေသည်။
“ဒါပေမဲ့ စိတ်မပူပါနဲ့ အဲ့ကောင်လေးက တော်တော်လေး အားကောင်းတယ်ဆိုပေမဲ့ အခုမှ ကလေးအရွယ်ပဲ ရှိသေးတာ။ ဒီတော့ ကျွန်မတို့သာ သေချာပြင်ဆင်ထားရင် သူ့ကို အနိုင်ယူဖို့ မခက်ဘူး”
ထိုအခါ ဘေးဘက်တွက်ရပ်နေသော ယုရို့မေ က မေးလိုက်သည်။
“ညီမရှောင်ချီ၊ ငါတို့ မီးငှက်ကို ကြောက်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မီးငှက်က တစ်ကောင်ထဲ ရှိတာလေ။ ငါတို့ အောင်မြင်သွားမယ် ဆိုရင် မီးငှက်ကို ဘယ်လို ဝေစုခွဲမှာလည်း”
ထိုစကားကို ကြားသည့်အခါ မိုရှောင်ချီက အားလုံးဘက်သို့လှည့်၍ တောင်းပန်စကား ပြောလိုက်လေသည်။
“ကျွန်မလည်း အခုပဲ အဲကိစ္စနဲ့ ပတ်သတ်ပြီး အကိုကြီး အမကြီးတို့နဲ့ ဆွေးနွေးတော့မလို့။ အဲ့မီးငှက်လေးက ကျွန်မအတွက် အရမ်းအသုံး၀င်တာ ဆိုတော့ အဲ့မီးငှက်ကိုရရင် ကျွန်မကိုပေးဖို့ တောင်းဆိုချင်ပါတယ်”
သူမစကား ထွက်လာသည်နှင့် ရန်ကိုင်သာမဟုတ်၊ ရှုချင်းနှင့်ယုရို့မေး သည်လည်း မိုရှောင်ချီအား အထူးအဆန်း အမူအရာဖြင့် စိုက်ကြည့်လိုက်ကြလေသည်။ သူတို့အားလုံးသည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ပညာရှင်များ ဖြစ်ကြသည်။ မည်သည့် အကျိုးအမြတ်မှ မရဘဲနှင့် ဘာကြောင့်များ ထိုကောင်မလေးနှင့်အတူ ပူးပေါင်း လုပ်ဆောင်ရမည်နည်း။
ကိုယ်ပိုင် အစီအစဉ်ရှိနေသော ရန်ကိုင့်ကို ထည့်မတွက်လျှင်ပင် ရှုချင်းနှင့် ယုရို့မေ တို့သည် လုံး၀ သဘောတူလိမ့်မည် မဟုတ်ချေ။
“ဒီအဘွားကြီး တော်တော်လေး လွန်မနေဘူးလား” ရန်ကိုင် စိတ်ထဲ ရေရွတ်လိုက်သည်။
ထိုသူများ၏ အမူအရာကို မြင်သော် မိုရှောင်ချီ အလျင်အစလို ဆက်ပြောလိုက်သည် “ကျွန်မ ရှင်တို့အားလုံးကို အလကား မကူညီခိုင်းပါဘူး။ တန်ရာတန်ကြေး ပြန်ပေးမှာပါ”
“ဘယ်လိုမျိုးလဲ” ရှုချင်းက အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
သူ့အမူအရာသည် အစောပိုင်းကကဲ့သို့ ရင်းနှီးဖော်ရွေခြင်း မရှိတော့ချေ။
“ညီမရှောင်ချီ ငါတို့ကို ဘယ်လို တန်ရာတန်ကြေး ပြန်ပေးမှာလည်း”
မိုရှောင်ချီသည် ထိုမေးခွန်းကို ချက်ချင်းပြန်မဖြေဘဲ သိုလှောင်လက်စွပ်ထဲမှာ ပစ္စည်းသုံးခု ထုတ်ယူလိုက်သည်။ မှော်ရတနာ သုံးခုအနက် တစ်ခုသည် အဖိုးတန်ကျောက်မြက်ရတနာများဖြင့် တန်ဆာဆင်ထားသည့် ပန်းရောင် ၀တ်ရုံတစ်ရုံ ဖြစ်နေခဲ့သည်။ ထိုအဖိုးတန် ကျောက်မြက်ရတနာများမှာ သာမန် ကျောက်မြက်ရတနာများ မဟုတ်ကြချေ။ ထိုကျောက်မြက် ရတနာများစီမှ အားကောင်းသည့် အရှိန်အဝါများ ဖြာထွက်နေခဲ့သည်။
ဒုတိယ ရတနာမှာ မဲနက်နေသည့် လေးလံမည် ထင်ရသော ဓါးပြားကြီး ဖြစ်သည်။ နောက်ဆုံးတစ်ခုမှာတော့ သွေးညှီနံ့များထွက်နေသည့် ဆန်းကြယ်သော အင်းကွက်များ ထိုးထွင်းထားသည့် ဆေဘာဓါးတစ်ချောင်း ဖြစ်သည်။ တစ်ချက် ကြည့်ရုံဖြင့်ပင် ထိုဆေဘာဓါး အောက်တွင် ပညာရှင်များစွာ သေဆုံးခဲ့ကြောင်း သိနိုင်ပေသည်။
မှော်ရတနာ သုံးခုစလုံးစည် အားကောင်းလှသည့် စွမ်းအင် အရှိန်အဝါကို ထုတ်လွှတ်နေ၏။
“တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာတွေလား”
ရှုချင်း မျက်လုံးပြူးသွားခဲ့ပြီး ယုရို့မေ သည်လည်း အသက်ရှုနှုန်း မြန်ဆန်လာခဲ့သည်။ ရန်ကိုင်လည်း အမှန်တစ်ကယ်ကို မှင်သက်နေခဲ့သည်။ မိုရှောင်ချီ ထုတ်ပြလိုက်သည့် မှော်ရတနာများသည် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာများ ဖြစ်နေခဲ့သည်။ ထို့အပြင် သာမန် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာများပင် မဟုတ်။
“ဒီ ယင်ဓါးပြားနဲ့ နောင်တဆေးဘာတို့က တန်ခိုးရှင်ဘုရင် အဆင့်မြင့် မှော်ရတနာတွေပဲ။ တစ်ခုချင်းစီမှာ သူ့အားသာချက်နဲ့သူ ရှိတယ်။ ဒီရောင်စုံ ပိတ်ကျဲ ၀တ်စုံကျတော့ တောင်ဘက်နယ်မြေထဲမှာ တွေ့ရတဲ့ သက်တမ်း သုံးထောင်ရှိတဲ့ နှင်းပိုးကောင်တွေကနေရတဲ့ ပိုးချည်တွေနဲ့ လုပ်ထားတဲ့ တန်ခိုးရှင်ဘုရင်အလယ်အလတ် အဆင့် မှော်ရတနာတစ်ခုပဲ။ အဲ့နှင်းပိုးကောင်တွေကနေ ရတဲ့ ပိုးချည်ကနေ လုပ်ထားတဲ့ ၀တ်စုံတွေက ဓာတ်ကြီးငါးပါးစလုံးကို ခုခံနိုင်တယ်။ ပြီးရင် ဒီ အင်္ကျီပေါ်မှာ ထိုးထွင်းထားတဲ့ ကျောက်တွေကလည်း တိုက်ခိုက်တဲ့ နေရာမှာ သုံးလို့ရသလို ခုခံတဲ့နေရာမှာလည်း သုံးလို့ရတယ်။ အခု မစသေးခင် ဒီရတနာ သုံးခုကို ရှင်တို့ကို ပေးမယ်။ ကျွန်မတို့သာ အောင်မြင်သွားရင် ရှင်တို့ကို ထပ်ပြီး ကျေးဇူးတင်ဦးမယ်”
မိုရှောင်ချီသည် သူမရှိ လူသုံးဦးကို ကြည့်ရင်း စိုးရိမ်နေသည့်လေသံဖြင့် မေးလိုက်သည် “ဒီလောက်ဆို လုံလောက်လား”
ရှုချင်းသည် သူ့ရှေ့ရှိ မှော်ရတနာများကို ကြည့်ရင်း တံတွေး တစ်လုပ်ပြီးတစ်လုပ် မြိုချနေသည်။ ယုရို့မေး၏ မျက်လုံးလေးများသည် ပိတ်ကျဲ၀တ်ရုံမှ အကြည့်မခွာနိုင် ဖြစ်နေခဲ့သည်။ ရန်ကိုင်သည် ထိတ်လန့် တုန်လှုပ်စိတ်ကို တတ်နိုင်သမျှ ဖုံးကွယ်ထားရင်း မိုရှောင်ချီအား တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လိုက်သည်။။
သူ့စိတ်ထဲ အချက်ပေး ခေါင်းလောင်းသံတို့ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ ဤအမျိုးသမီးသည် တန်ခိုးရှင်ဘုရင်အဆင့် ရတနာသုံးခုကို အလွယ်တကူ ထုတ်ပြသွားခဲ့သည်။
ချမ်းသာခြင်းဆိုသော စကားလုံးသည် သူမအား ဖော်ပြခြင်းငှာ မစွမ်းသာတော့။ ဤကဲ့သို့သော လူတစ်ဦးသည် ကျိန်းသေ လူမသိ သူမသိတစ်ဦး မဖြစ်နိုင်ပေ။
သူမသည် အယောင်ဆောင်ထားသည့် တာအိုသခင် အဆင့် ပညာရှင်တစ်ဦးပင် ဖြစ်နိုင်ပေသည်။ ထို့ကြောင့်သာမဟုတ်လျှင် ဘာကြောင့်များ ယခုကဲ့သို့ မဆင်မခြင် လုပ်ရမည်နည်း။ မည်သို့ပင် ဖြစ်စေကာမူ သူမသည်မိမိ၏ ရတနာများကို သူတစ်ပါးသိအောင် ထုတ်ပြလျှင် မည်သို့ဖြစ်လာမည် ဆိုသည်ကို ကောင်းကောင်း သိထားရပေလိမ့်မည်။
သို့တိုင် မှော်ရတနာများကို အလွယ်တကူ ထုတ်ပြနေသည့်ပုံကို ကြည့်လျှင် ဤအမျိုးသမီးသည် ဤနေရာရှ်ိ မည်သူ့ကိုမှ မကြောက်သည့် ပုံပင်။ သို့သော်လည်း သူမ၏ ကျင့်ကြံခြင်းကို ဖုံးကွယ်ထားချင်သည် ဆိုပါက အထူးသဖြင့် ရန်ကိုင့်ဆီမှ ဆိုလျှင် သူမအနေဖြင့် အနည်းဆုံး တာအိုသခင် တတိယအဆင့် ဖြစ်ရပေလိမ့်မည်။
ထိုသို့ဆိုလျှင် ဘာလို့ အခြားသူများ၏ အကူအညီကို လိုက်တောင်းနေရသနည်း။ ရန်ကိုင် လုံး၀ မစဉ်းစားတတ်တော့ပေ။
“ဒီလောက်က မလုံလောက်သေးဘူးလား”
ရန်ကိုင်တို့ သုံးဦးသည် အချိန်အတော်ကြာသည့်တိုင် မတုန့်ပြန်သဖြင့် မိုရှောင်ချီသည် စိတ်ပျက်ပျက်ဖြင့် မှော်ရတနာများကို ပြန်သိမ်းရန် လုပ်လိုက်သည်။
“ညီမရှောင်ချီ ဘာလို့ အဲ့လိုပြောတာလည်း” ယုရို့မေး ပထမဆုံး စလှုပ်ရှားလိုက်လေသည်။
“စတွေ့ကတည်းက ညီမလေးက မိန်းမကောင်းတစ်ယောက် ဆိုတာ သိပြီးသား။ ညီမလေးက မီးငှက်လိုချင်တယ်ဆိုမှတော့ အမ ကူညီပေးရတာပေါ့”
သူမ၏ လက်မှာ စကားထက် ပိုမြန်နေခဲ့လေသည်။ စကားပင် ဆုံးအောင် မပြောနိုင်ခင်သေးမှာပင် မိုရှောင်ချီလက်ထဲမှ ပိတ်ကျဲ၀တ်ရုံကို ယူ၍ သူမ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်ပြီးနေလေပြီ။ ကြည်လင် ကျောက်စိမ်းတောင်ထဲရှိ မီးငှက် မည်မျှ အဖိုးတန်သည်လဲ မသိသေးသော်ငြား သူမလက်ထဲရှိ ဤတန်ခိုးရှင်ဘုရင် အလယ်အလတ်အဆင့်ရှိ ဤပိတ်ကျဲ ၀တ်ရုံမှာတော့ အလွန်ကိုမှ အဖိုးတန်ပေသည်။
ထို့အပြင် မိုရှောင်ချီသည် မီးငှက်အား မဖမ်းနိုင်ခင်မှာပင် ဤသို့ အဖိုးတန်ရတနာများ ပေးနေခဲ့သည်။ သူမတို့သာ တစ်ကယ်ကြီး မီးငှက်ကို ဖမ်းနိုင်သွားလျှင် မည်ကဲ့သို့သော အကျိုးအမြတ်များကို ရနိုင်မည်နည်း။ ထိုအကြောင်းကို တွေးရင်း ယုရို့မေ အလွန်ကိုမှ စိတ်လှုပ်ရှားလာခဲ့သည်။
ထို့ကြောင့် ဆက်ပြီး တုန့်ဆိုင်းမနေတော့ခြင်း ဖြစ်သည်။ ယုရို့မေပင် စတင်လှုပ်ရှားနေသည်ကို မြင်သော် ရှုချင်းသည်လည်း ငြိမ်မနေနိုင်တော့ဘဲ အသာအယာ ချောင်းဟန့်၍ ပြောလိုက်လေသည်။
“ညီမ ရှောင်ချီက ဒီလိုမျိုး ရက်ရက်ရောရောတွေ ပေးနေတယ် ဆိုမှတော့ ဒီရှုကလည်း ကူညီပေးရတာပေါ့” ပြောပြီးသည့်နောက် သူ့အကြည့်သည် ဓါးပြားကြီးနှင့် ဆေဘာ အကြားတွင် ကူးခပ်နေခဲ့သည်။။
နောက်ဆုံးတွင်တော့ ဆေဘာဓါးအစား ဓါးပြားကြီးကိုသာ ရွေးချယ်လိုက်သည်။ ရှုချင်းနှင့် ယုရို့မေတို့ အသီးသီး ရွေးချယ်ပြီးနောက်တွင် မိုရှောင်ချီသည် ရန်ကိုင့်ဘက်သို့ လှည့်လာခဲ့သည်။ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူ့အနေဖြင့် ဖြစ်နိုင်လျှင် ဤပြဿနာ အရှုပ်အရှင်းထဲ ၀င်မပါချင်ပေ။
သို့သော်လည်း လျို့ယန်အား ပညာရှင်များစွာမှ ဝိုင်း၀န်းတိုက်ခိုက်နေသည့်အကြောင်း စဉ်းစားလိုက်မိပြီးတွင် သဘောတူရန်သာ တတ်နိုင်လေ၏။ ရှုချင်းကလည်း ၀င်ပြောလိုက်လေသည်။
“ရောင်ရင်းရန် ညီမရှောင်ချီက ဒီလောက် ရက်ရက်ရောရော ပေးနေတာလေ။ မင်းဘာလို့ တန့်ဆိုင်းနေသေးတာလဲ”
ရန်ကိုင်က သက်ပြင်းချလျက် “ကျုပ် တုန့်ဆိုင်းနေတာမဟုတ်ဘူး။ ကျုပ် ဆေဘာဓါးတွေ မသုံးလို့”
ထိုစကားကို ကြားသည့်အခါ မိုရှောင်ချီ၏ မျက်လုံးလေးများ တလက်လက် တောက်ပသွားပြီး အလျင်စလို ပြောလိုက်လေသည် “ဒါဆို အကိုရန်က ဘယ်လို မှော်ရတနာမျိုး လိုချင်တာလည်း”
သူမကြည့်ရသည်မှာ ရန်ကိုင်မှ သူမပေးသည့် မှော်ရတနာအား လက်မခံမည်ကို အတော်လေး ကြောက်လန့်နေသည့်ပုံပင်။
“ဓါးရှိလား။ ရေခဲဓာတ်ပါတဲ့ ဓါးဆိုရင် အကောင်းဆုံးပဲ”
အင်းစက်ဘုရင်မတွင် လက်နက်ကောင်းကောင်း မရှ်ိသေးသည့်အကြောင်း ရန်ကိုင် ပြန်အမှတ်ရသွားသည်။
“အွန်း တစ်ချက်ကြည့် ကြည့်မယ်နော်။ အဲ့လိုဓါးမျိုး ရှိတယ် ထင်တာပဲ”
ပြောပြီးသည့်နှောက် မိုရှောင်ချီသည် ဆေဘာဓါးအား သိမ်းလိုက်ပြီး သိုလှောင်လက်စွပ်ကို မွှေနှောက် ရှာဖွေကြည့်တော့သည်။ ရှုချင်းနှင့် ယုရို့မေးသည် မိုရှောင်ချီ၏ သိုလှောင်လက်စွပ်ကို ရတနာသိုက်ကြီး တစ်ခုအလား မျက်တောင် မခတ်တမ်း စူးရဲစွာ စိုက်ကြည့်နေလေသည်။
သူမတို့ ယခုလိုဖြစ်သည် မှာလည်း ဖြစ်ချင်စရာပင်။ မိုရှောင်ချီ၏ ပုံစံသည် သူမတို့ကို ဤကဲ့သို့ဖြစ်အောင် လုပ်နေသည်ကိုး။ တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာ သုံးခုကိုပင် အလွယ်တကူ ထုတ်ယူနိုင်လေရာ သူမ၏ လက်စွပ်ထဲတွင် အခြားသော အဖိုးတန်ရတနာများ ထပ်မရှိနိုင်တော့ဘူးဟု မည်သူ ပြောနိုင်မည်နည်း။
မည်သူကများ ထိုကဲ့သို့သော သိုလှောင်လက်စွပ်ကို မလိုချင်ဘဲ နေမည်နည်း။ ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် လှောင်ပြုံးသာ ပြုံးလိုက်လေသည်။ ရှုချင်းနှင့်ယုရို့မေး သည် ငါးစာကိုသာ မြင်ပြီး ငါးချိတ်ကိုတော့ မမြင်ခဲ့ပေ။
လူများသည် ရတနာကြောင့် သေကြသလို၊ ငှက်များသည်လည်း အစာကြောင့် သေရသည်။ ဤသည်မှာ ဘယ်သောအခါမှ ပြောင်းလဲသွားခြင်း မရှိသည့် အမှန်တရားတစ်ခု ဖြစ်သည်။ အချိန်အတော်ကြာအောင် ရှာနေပြီးနောက် မိုရှောင်ချီသည် ခေါင်းမော့၍ တောင်းပန်သည့် လေသံဖြင့် ပြောလိုက်သည်။
“အကိုရန် ကျွန်မ ထင်တာ မှားသွားပြီနဲ့တူတယ်။ ရေခဲဓါတ်ပါတဲ့ တန်ခိုးရှင်ဘုရင်အဆင့် ဓါးတစ်ချောင်းမှ မရှိဘူး”
သူမ၏ ပုံစံမှာ အမှားတစ်ခုခုလုပ်မိသွားပြီး ခွင့်လွှတ်ပေးရန် တောင်းပန်နေသည့် ကလေးတစ်ဦးပုံပင် ပေါက်နေခဲ့လေသည်။ ရန်ကိုင်က ပြန်ပြောလိုက်လေသည် “မရှိရင်လည်း ထားလိုက်တော့”
အင်းစက်ဘုရင်အသည် သင့်တော်သည့် လက်နက်တစ်ခု မရှိလျှင်ပင် မြင့်မားသည့် ခွန်အားကို ထုတ်ဖော်နိုင်ပေသေးသည်။
“စုံတွဲ ဓါးနှစ်ချောင်း ဆိုရင်ရော အဆင်ပြေလား”
ပြောပြီးသည်နှင့် မိုရှောင်ချီသည် ခြောက်ခြားဖွယ်ရာ အအေးဓာတ်ကို ထုတ်လွှတ်နေသည့် ဓါးရှည် နှစ်ချောင်းကို ထုတ်ယူလိုက်လေသည်။ ဓါးနှစ်ချောင်းအနက် တစ်ချောင်းသည် ခရမ်းရောင်ဖြစ်ပြီး တစ်မီတာကျော် ရှည်လျားလေသည်။ ကျန်တစ်ချောင်းမှာ အပြာရောင် တောက်နေပြီး အနည်းငယ် ပိုတိုပေသည်။
ထိုဓါးနှစ်ချောင်းနှင့် ပတ်သတ်၍ အသိသာဆုံး အချက်မှာ ဓါးတစ်ချောင်းစီသည် တန်ခိုးရှင်ဘုရင်အဆင့် အဆင့်မြင့် မှော်ရတနာတစ်ခု၏ အရှိန်အဝါကို ထုတ်လွှတ်နေခြင်းပင်။ ထိုဓါးနှစ်ချောင်းကို ကြည့်ရင်း ရှုချင်းနှင့် ယုရို့မေတို့၏ အသက်ရှုနှုန်း မြန်ဆန်လာခဲ့လေသည်။
“ဓါး နှစ်ချောင်းလား” ရန်ကိုင့်၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားလေသည်။
မိုရှောင်ချီတွင် ဤကဲ့သို့ ရတနာမျိုးရှိနေလိမ့်မည်ဟု မမျှော်လင့်ထားပေ။ တစ်ကယ်တမ်း ပြောရလျှင် ဓါးနှစ်ချောင်းဆိုသော်လည်း ထိုဓါးနှစ်ချောင်းပေါင်းမှ မှော်ရတနာ တစ်ခုဟု ပြော၍ ရပေသည်။ ဓါးနှစ်ချောင်းကို အသုံးပြု၍ တိုက်ခိုက်ရသည်မှာ ဓါးတစ်ချောင်းတည်းကို သုံး၍ တိုက်ခိုက်ရသည်ထက် အများကြီး ပိုခက်ခဲပေသည်။
ထိုနည်းတူစွာ ဓါးနှစ်ချောင်းကိုသုံး၍ ထုတ်သုံးနိုင်သည့် စွမ်းအား ပမာဏသည် ဓါးရှည်တစ်ချောင်းထက် အများကြီး ပိုအစွမ်းထက်ပေသည်။ ထို့ကြောင့် ဤဓါးနှစ်ချောင်း၏ တန်ဖိုးသည် အဆင့်တူ မှော်ရတနာများထက် အများကြီး ပိုမြင့်မားနေရခြင်း ဖြစ်ပေသည်။ အခြားတစ်နည်းဖြင့် ပြောရသော် ဤဓါးနှစ်ချောင်း၏ တန်ဖိုးသည် တာအိုအဆင့် မှော်ရတနာတစ်ခုနှင့် တူညီပေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၉၆၉)
“ဒီ စုံတွဲဓါးနှစ်ချောင်းကို ငါ့ကိုပေးချင်တာ သေချာလား။ဒီ ဓါးနှစ်ချောင်းရဲ့ တန်ဖိုးက နည်းတာမဟုတ်ဘူးနော် ” ရန်ကိုင်သည် မိုရှောင်ချီကို ကြည့်၍ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ရောင်ရင်းရန် မလိုချင်ရင် ငါယူလိုက်တဲ့ ဓါးပြားကြီးနဲ့ လဲမလား” ရှုချင်းက ပြန်မေးလိုက်သည်။
သူသည် အရူးမဟုတ်သည့်အတွက် မည်သည့် မှော်ရတနာသည် ပို၍ အဖိုးတန်ကြောင်းကို ကောင်းကောင်းသိပေသည်။ ရန်ကိုင်ကမူ အေးစက်စွာသာ ပြုံးပြလိုက်၏။ ရှုချင်း ကြောင်အမ်းအမ်း ဖြစ်သွားပြီး ရှက်ရှက်ဖြင့် ခေါင်းကို ကုတ်လိုက်လေသည်။
မိုရှောင်ချီ ကမူ ကူကယ်ရာမဲ့စွာဖြင့် ပြုံးလျက် ပြန်ပြောလိုက်၏ “ဒါပေမဲ့ အကိုရန် လိုချင်တဲ့မှော်ရတနာ ကျွန်မမှာမှ မရှိတာ။ အကိုရန် လိုချင်တဲ့အထဲကဆို ဒီဓါးနှစ်ချောင်းကပဲ အသင့်တော်ဆုံး ဖြစ်လောက်မှာ။ ဒါကြောင့် အကိုရန် ကြိုက်တယ်ဆိုရင် ယူလိုက်လို့ရပါတယ်”
“ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ ဒီဓါးနှစ်ချောင်းကိုပဲ ယူရတော့မှာပေါ့”
ရန်ကိုင်သည် ဓါးနှစ်ချောင်းကို မူရှောင်ချီ လက်ထဲမှ ယူလိုက်ပြီးနောက် ကမ္ဘာငယ်လေးထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် အင်းစက် ဘုရင်မအား ထိုဓါးနှစ်ချောင်းကို သန့်စင်ရန် အမိန့်ပေးလိုက်လေသည်။ ထိုဓါးနှစ်ချောင်း ပျောက်ကွယ်သွားမှသာ ရှုချင်းနှင့် ယုရို့မေးသည် သူတို့၏ အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ကြလေ၏။
သို့သော်လည်း မိုရှောင်ချီ၏ ကြွယ်၀ ချမ်းသာမှုကို မြင်ပြီးနောက် သူတို့အနေဖြင့် သူမဆီမှ မည်သည့်အကျိုးအမြတ်များ ရနိုင်မည်လဲ ဆိုသည့်အပေါ် စတင်၍ တွေးတောလေသည်။
ရှုချင်းနှင့် ယုရို့မေသည် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်နေကြသည့်အလား အကြည့်ချင်း ဖလှယ်နေခဲ့ကြသည်။
မိုရှောင်ချီကမူ ထိုအချက်ကို သတိမပြုမိဘဲ ရန်ကိုင်တို့သုံးဦး သူမပေးလိုက်သည့် လက်ဆောင်များကို လက်ခံလိုက်သည့်အပေါ် ပျော်နေခဲ့သည်။ ထို့နောက် ပြုံးလျက် ပြောလိုက်လေ၏ “ဒါဆို အကုန်လုံး သဘောတူလိုက်ပြီနော်။ ကျွန်မတို့သာ နောက်ပိုင်း အဲ့ကောင်လေးကို ဖမ်းနိုင်ခဲ့လို့ အကုန်လုံးက ကတိပေးထားတဲ့ အတိုင်း လုပ်နိုင်မယ်ဆိုရင် ရှောင်ချီ အရမ်းကို ကျေးဇူးတင်မှာပါ”
“ဟုတ်တာပေါ့။ ကတိပေးထားတဲ့အတိုင်း လုပ်ပေးရမှာပေါ့” ရှုချင်းသည် ယခင်ကကဲ့သို့ ဖော်ဖော်ရွေရွေပြန်ပြုံး လာခဲ့သည်။
“ဒါဆို ငါတို့ နှောင့်နှေးမနေသင့်တော့ဘူး” ရန်ကိုင်က လောဆော်လိုက်သည်။
လက်ရှိတွင် ကြည်လင်ကျောက်စိမ်း တောင်ထပ်တွင် အဖွဲ့ပေါင်းများစွာ စုဝေးနေခဲ့ကြလေသည်။ အချို့အဖွဲ့များဆိုလျှင် တောင်ထဲသို့ ၀င်ပြီးတော့ပင် စစ်ဆေးနေကြလေသည်။ လျို့ယန်၏ အခြေအနေကို အလွန်စိတ်ပူနေသည့်အတွက် ရန်ကိုင် ဆက်ပြီး မစောင့်ချင်တော့ပေ။
“အွန်း ကျွန်မနောက် လိုက်ခဲ့” မိုရှောင်ချီသည် အားလုံးကို ဦးဆောင် ခေါ်သွားလေသည်။
“ရောင်ရင်းရန် ကြွပါ” ရှုချင်းက ပြုံး၍ ပြောလိုက်သည်။
ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
“မင်းတို့နှစ်ယောက် ရှေ့ဆုံးကနေ သွားလိုက်လေ။ ငါအနောက်ကနေ လိုက်ခဲ့မယ်”
ရှုချင်းက ပြုံးလျက် ပြန်ပြောလိုက်သည်။
“အဲ့လို ဆိုမှတော့ ရောင်ရင်းရန်ကိုပဲ ဒုက္ခပေးရတာပေါ့”
ပြောပြီးသည်နောက် မိုရှောင်ချင်းနောက် လိုက်သွားလေသည်။ယုရို့မေလည်း ရန်ကိုင့်အား ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးနောက် ရှုချင်းနောက် အပြေးလိုက်သွားလေသည်။ ရန်ကိုင်သည် ပတ်၀န်းကျင်အား တစ်ချက် လှည့်ပတ်ကြည့်လိုက်ပြီးနောက် ထိုအဖွဲ့နောက်သို့ ပြေးလိုက်သွား၏။
ကြည်လင်ကျောက်စိမ်း တောင်တန်းသည် မိုင် သိန်းနှင့်ချီကာ ရှည်လျားပေသည်။ တောင်အတွင်းပိုင်းထဲ ကြမ်းကြုတ် ခက်ထန်သည့် မွန်းစတား သားရဲများစွာနှင့် ပြည့်နေခဲ့သည်။ သို့သော်လည်း ရန်ကိုင်တို့ အဖွဲ့သည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူလေးဦးနှင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည့်အတွက် တာအိုသခင်အဆင့် မွန်းစတားသားရဲ တစ်ကောင် ပေါ်လာမည်ဆိုလျှင်ပင် ပြန်တိုက်ခိုက်နိုင်ပေသည်။
ထို့ကြောင့် ရန်ကိုင်တို့ လေးဦးစလုံး ဘာကိုမှ သိပ်ပြီး စိတ်ပူနေခြင်း မရှိခဲ့ပေ။ ထို့အပြင် သူတို့ လေးဦးစလုံးသည် တောင်အနက်ပိုင်းထဲသို့ သွားနေခြင်း မဟုတ်သည့်အတွက် မည်သည့် အားကောင်းသည့် မွန်းစတား သားရဲနှင့်မှ ကြုံတွေ့ရမည် မဟုတ်ချေ။
ရှောင်ချီသည် မီးငှက်၏ တည်နေရာကို သေချာ သိထားသည့်ပုံပင်။ ကြည်လင်ကျောက်စိမ်း တောင်တန်းကို ၀င်လာပြီးနောက် တစ်ချက်ကလေးပင် တုန့်ဆိုင်းမနေဘဲ လမ်းကြောင်း တစ်ခုပြီး တစ်ခုကို ဦးဆောင်သွားလေသည်။ သူမ၏ ပုံစံကို ကြည့်ရင်းမှ ရန်ကိုင် အနည်းငယ် ယုံကြည်ချက် ရှိသွားခဲ့သည်။
သို့သော်လည်း ရန်ကိုင် အံအားသင့်သွားရသည့် အချက်မှာ မိုရှောင်ချီသည် သွားနေစဉ် အတောအတွင်း သူတို့သုံးဦးအပေါ် တစ်ချက်ကလေးမှ သတိမချပ် ခြင်းပင်။ သူမကြည့်ရသည်မှာ သူတို့ သုံးဦးစလုံးကို လုံး၀ ယုံကြည်နေသည့် ပုံပင်။
အလယ်တွင်ရှိနေသော ရှုချင်းနှင့်ယုရို့မေသည် တစ်ခုခုကို ကြံစည်နေသည့်အလား ကောင်းကင် စိတ်အာရုံဖြင့် ပြောဆို ဆက်သွယ်နေကြလေသည်။ သူတို့ နှစ်ယောက်စလုံးမှာ တိုးတိုးတိတ်တိတ်ဖြင့် မည်သူမှ သတိမထားမိအောင် ကြံစည်နေကြပါသော်ငြား တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ပိုင်ဆိုင်သင့်သည့် ကောင်းကင်စိတ်အာရုံထက် ပိုအားကောင်းသည့် ကောင်းကင်စိတ်အာရုံ ပိုင်ဆိုင်ထားသည့် ရန်ကိုင့်လက်မှ မည်ကဲ့သို့များ လွတ်မြောက်နိုင်ပါမည်နည်။
လက်ရှိအချိန်တွင် ဤအဖွဲ့သည် အလွန်ကိုမှ စိတ်၀င်စားစရာ ကောင်းလှသည်။ မိုရှောင်ချီသည် ဆန်းကြယ်သည့် ဇစ်မြစ်ကို ပိုင်ဆိုင်ထားသည်။ ရှုချင်းနှင့် ယုရို့မေးသည် ခိုးကြောင်ခိုးဝှက်နှင့် တစ်ခုခုကို အကွက်ချ ကြံစည်နေသည်။ ရန်ကိုင်တွင်လည်း သူ့ကိုယ်ပိုင် ရည်ရွယ်ချက် ရှိနေ၏။ နောက်ဆုံးတွင် မည်သူ ရယ်နိုင်မလဲ ဆိုသည်မှာတော့ မသေချာသည့် မေးခွန်းတစ်ခုပင်။
လမ်းတစ်လျှောက်တွင် မီးငှက်ကိုရှာဖွေနေသည့် အခြားအဖွဲ့များကိုလည်း တွေ့ခဲ့ရပေသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့် အခြားအဖွဲ့များကို သိပ်မတွေ့ရတော့ပေ။ သူတို့ လေးဦးသည် တဖြည်းဖြည်းနှင့် ကြည်လင်ကျောက်စိမ်း တောင်၏ အတွင်းပိုင်းထဲသို့ ရောက်လာခဲ့သည်။
နေ့တစ်၀က်ကြာပြီးနောက်တွင် ရှေ့ဆုံးမှ ဦးဆောင်သွားနေသော မိုရှောင်ချီသည် ရုတ်တရက် ရပ်လိုက်လေသည်။ ကျန်သုံးယောက်သည်လည်း ချက်ချင်း ရပ်လိုက်ကြ၏။
“ပထမအကြိမ် တွေ့တုန်းက မီးငှက်က အဲ့တောင်ပေါ်မှာ ရှိနေတာ။ အကုန်လုံး တိုက်ခိုက်ဖို့ ပြင်ထားကြတော့နော်” မိုရှောင်ချီသည် အကုန်လုံးကို သိတိပေးလိုက်လေသည်။
ရှုချင်းနှင့် ယုရို့မေးသည် ခေါင်းညိတ်၍ သူတို့၏ စွမ်းအားကို စတင်လှည့်ပတ်လိုက်ကြသည်။ ရန်ကိုင်ကမူ မျက်မှောင်သာကြုတ်နေခဲ့သည်။ လျို့ယန်သာ သူ့နားတွင်ရှိနေခဲ့လျှင် ရန်ကိုင့်အနေဖြင့် သူမ၏ အရှိန်အဝါကို အစောကြီးကတည်းက အာရုံခံမိရပေမည်။ သို့သော် ဤနေရာသို့ ရောက်လာသည့်တိုင် လျို့ယန်၏ အရှိန်အဝါကို လုံး၀ မခံစားရ။
ထို့ကြောင့် ဖြစ်နိုင်ချေ နှစ်ခုသာ ရှိတော့သည်။ တစ်ခုမှာ လျို့ယန်သည် ပုန်းအောင်းမည့် နေရာအသစ်တစ်ခု ရှာရန်အတွက် ဤတောင်မှ ထွက်သွားခြင်း ဖြစ်ရမည်။ နောက်တစ်ခုမှာ ရန်ကိုင် မမြင်ချင်သည့်အရာပင်။ ဤကြည်လင်ကျောက်စိမ်း တောင်ထဲရှိ မီးငှက်မှာ လျို့ယန် မဟုတ်သည့်အတွက်ကြောင့်ပင်။ ထို့ကြောင့်သာ ရန်ကိုင်သည် လျို့ယန်၏ အရှိန်အဝါကို အာရုံမခံမိခြင်းဖြစ်သည်။
မိုရှောင်ချီသည် ကျင့်စဉ်တစ်ခုကို သုံး၍ သူမ၏ အရှိန်အဝါကို ဖုံးကွယ်လိုက်သည်။ ရှုချင်းနှင့် ယုရို့မေး တို့သည်လည်း ထိုအတိုင်းလိုက်လုပ်ကြလေသည်။ သုံးယောက်စလုံးသည် သူတို့၏ အရှိန်အဝါကို ဖုံးကွယ်ရန်အတွက် လျှို့ဝှက်နည်းစနစ် အမျိုးမျိုးကို သုံးသွားခဲ့ကြသည်။ သို့သော်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် မည်သူ၏ လျှို့ဝှက်နည်းစနစ်မှာ ပို၍အားကောင်းကြောင်းကို အထင်းသား မြင်နိုင်ပေသည်။
မိုရှောင်ချီမှာ သူမ၏ လျှို့ဝှက် နည်းစနစ်ကို အသုံးပြုလိုက်သည်နှင့် သူမ၏ အရှိန်အဝါမှာ လုံး၀ကို ပျောက်ကွယ်သွားခဲ့သည်။ မျက်စိဖြင့် မြင်နေရသည်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်ပင် သူမအား အာရုံခံနိုင်လိမ့်မည် မဟုတ်ပေ။ သူမ ကျင့်ကြံထားသည့် ကျင့်စဉ်မှာ အမှန်တစ်ကယ်ကို အဆင့်မြင့်ရပေလိမ့်မည်။
ရှုချင်းနှင့် ယုရို့မေး မှာတော့ လုံး၀ကို ကွဲပြားနေခဲ့သည်။ သူတို့၏ နည်းစနစ်မှာ မဆိုးရွားလှသော်လည်း မိုရှောင်ချီ၏ နည်းစနစ်နှင့်တော့ လုံး၀ မယှဉ်နိုင်ပေ။ ရန်ကိုင်သည်လည်း လျှို့ဝှက်နည်းစနစ်ကို သုံး၏ သူ့အရှိန်အဝါကို ဖုံးကွယ်လိုက်သည်။ ဗလာနတ္ထိပင်။ သို့သော်လည်း ဗလာနတ္ထိ၏ စွမ်းအားအပြည့်အ၀ကို ထုတ်မသုံးခဲ့ဘဲ အနည်းငယ်လောက်ကိုသာ ထုတ်သုံးခဲ့၏။
ဤနည်းဖြင့် သူသည် လေဟာနယ်စွမ်းအားကို ကျွမ်းကျင်ထားကြောင်း အခြားသူများ သတိပြုမိလိမ့်မည် မဟုတ်ချေ။ ရန်ကိုင် မစဉ်းစားတတ်သည့် အချက်မှာ သူမှ ဗလာနတ္ထိ ပညာရပ်ကို အသက်သွင်းလိုက်သည်နှင့် မိုရှောင်ချီသည် သူ့ဘက်သို့ သင်္ကာမကင်း အမူအရာဖြင့် လှည့်ကြည့်လာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အလျင်အမြန် ပြန်လှည့်သွားခဲ့လေသည်။
“သူတစ်ခုခုကို သတိထားမိသွားတာလား” ရန်ကိုင် အံအားသင့်သွားခဲ့သည်။
ရန်ကိုင်တို့ လေးယောက် အဖွဲ့သည် တိုးတိုးတိတ်တိတ်ဖြင့် ရှေ့ဆက်သွားကြလေသည်။ မကြာမီ တောင်ပေါ်ရှိ တစ်နေရာသို့ ရောက်လာခဲ့လေသည်။ အောက်သို့ ငုံ့ကြည့်လိုက်ပြီးနောက် မိုရှောင်ချီက အလန့်တကြားထအော်လေ၏။
“ဘာဖြစ်လို့လဲ” ရှုချင်း အံ့အားသင့်သွားလေ၏။
“ဒီမှာ မရှိတော့ဘူး” ထိုသို့ အော်ပြောလိုက်ပြီးနောက် မိုရှောင်ချီသည် ချက်ချင်းပဲ တောင်ကြားထဲသို့ ဆင်းသွားလေသည်။
ကျန်သုံးယောက်သည်လည်း အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် သူတို့အရှိန်အဝါကို ဖုံးကွယ်ရန် အသုံးပြုထားသည့် လျှို့ဝှက်နည်းစနစ် အားလုံးကို ပယ်ဖျက်ကာ မိုရှောင်ချီနောက်သို့ လိုက်သွားကြလေသည်။ တောင်ထိပ်ကြားထဲတွင် မကြာသေးမီကမှ တိုက်ပွဲဖြစ်ထားသည့် အရိပ်အယောင်များကို တွေ့နေရသည်။
မီးတောက်များ နေရာအနှံ့သို့ ပျံ့နေခဲ့ပြီး အသားကျွမ်းနံ့တို့မှာလည်း လေထဲ ပျံ့နှံ့နေခဲ့သည်။ ထိုမြင်ကွင်းကိုကြည့်ရင်း အကုန်လုံး မျက်စိ မှေးစဉ်းသွားခဲ့ကြသည်။ သို့ရာတွင် ဤနေရာရှိ တိုက်ပွဲရလဒ်များသည် မိုရှောင်ချီ သူတို့အား လိမ်မနေကြောင်း သက်သေပြနေခဲ့လေသည်။
မီးငှက်သည် ဤနေရာတွင် တစ်ကယ်ကြီး နေခဲ့ပေသည်။ သို့သော်လည်း သူ့ရန်သူ အနည်းငယ်ကို သတ်ပြီးနောက် ထွက်ပြေးသွားသည့်ပုံပင်။
“အဲ့တာ ကျန်းမိသားစုရဲ့ တတိယ အကြီးအကဲ မဟုတ်ဘူးလား” ရှုချင်းသည် မီးခိုရောင် ၀တ်စုံ ၀တ်ထားသည့် လူအိုကြီးတစ်ဦး အလောင်းကို ညွှန်ပြရင်း ပြောဆိုလိုက်သည်။
“အဲ့လူ ဘယ်လောက် အားကောင်းလဲ” ရန်ကိုင်က မေးလိုက်သည်။
ရှုချင်းက အလေးအနက် အမူအရာဖြင့် “ကျန်းမိသားစုဆိုတာ မေပယ်မြို့တော်က ထိပ်တန်း အင်အားစုတွေထဲက တစ်ခုပဲ။ သူတို့ရဲ့ တတိယ အကြီးအကဲဆိုတာ နာမည်ကျော် ပုဂ္ဂိုလ် တစ်ဦးပဲ။ ငါတို့လိုပဲ တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားတာ”
“အဲ့တာ သစ်ရွက်နီ နန်းတော်ရဲ့ ခေါင်းဆောင်မဟုတ်ဘူးလား။ သူလည်း တစ်ကယ်ကြီး သေသွားတာလား” ယုရို့မေသည် သူမ၏ နှုတ်ခမ်းကို လက်ဖြင့်အုပ်ရင်း အလန့်တကြား အော်ပြောလေသည်။
သေဆုံးနေကြသော ကျင့်ကြံသူများတွင် အနည်းဆုံး တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ ရှစ်ဦး ပါပေသည်။ ထိုရှစ်ဦးအနက် တော်တော်များများသည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
တန်ခိုးရှင်ဘုရင်အဆင့် ရှစ်ဦး ပူးပေါင်း တိုက်ခိုက်သည့်တိုင် မီးငှက်၏ သတ်ဖြတ်ခြင်း ခံခဲ့ရသေးသည်။
ထိုအချက်ကို ရှာတွေ့ပြီးနောက်တွင် ရှုချင်းနှင့် ယုရို့မေး၏ တို့၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ထိုအလောင်း ရှစ်လောင်းကို မြင်ပြီးမှပဲ မီးငှက်၏ စွမ်းအားကို သူတို့ အထင်သေးမိသွားကြောင်း နားလည်သွားကြသည်။ ရှင်းရှင်းပြောရလျှင် သူတို့အဖွဲ့ထဲ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ လေးဦးသာ ရှ်ိသည်။
သူတို့ လေးဦးပေါင်း၏ ခွန်အားသည် ဤသေဆုံးနေသော အလောင်းရှစ်လောင်းထက် ကျော်လွန် နိင်လိမ့်မည် မဟုတ်ချေ။ ဤလူရှစ်ဦး ပူးပေါင်းတိုက်ခိုက်ခဲ့သည့်တိုင် မီးငှက်အား မသတ်နိုင်ဘဲ သူတို့သာ ပြန်အသတ်ခံလိုက်ရသည်။ သူတို့ လေးဦး ဆိုလျှင်ကော ဘာထူးဦးမည်နည်။။
မြေပြင်ပေါ်ရှိ အလောင်းများကို မြင်ပြီးနောက်တွင် ရှုချင်းနှင့် ယုရို့မေတို့ ပြန်ဆုတ်ချင်လာခဲ့သည်။ ရန်ကိုင်သည်လည်း ထိုမြင်ကွင်းကို ကြည့်ရင်း မျက်မှောင်ကြုတ်နေခဲ့သည်။ လျို့ယန်၏ ခွန်အားကို သူကောင်းကောင်း သိပေသည်။ လျို့ယန်သည် အားမနည်းသည့်တိုင် ဤမျှ များပြားလှသော ပညာရှင်များကိုတော့ သတ်ပစ်နိုင်လိမ့်မည် မဟုတ်။
ရန်ကိုင်တို့ သုံးဦး တုန့်ဆိုင်းလာသည်ကို မြင်သောအခါ မိုရှောင်ချီက အလျင်အမြန် နှစ်သိမ့် ပေးလိုက်လေသည်။
“အဲ့လောက်ကြီး စိတ်ပူစရာမလိုဘူး။ အဲ့ကောင်လေးက ဒီတစ်ဖွဲ့လုံးကို သတ်ပစ်နိုင်ပေမဲ့ သူလည်း ဒဏ်ရာရသွားတယ်”
“နင် ဘယ်လိုသိတာလဲ” ရန်ကိုင်က မေးလိုက်သည်။
“မြေပြင်ပေါ်မှာ သွေးကွက်တွေ ရှိနေတယ်လေ” မိုရှောင်ချီက ပြုံးလျက် တစ်နေရာရှိ သွေးကွက်များကို ညွှန်ပြလိုက်သည်။
မိုရှောင်ချီ ညွှန်ပြသည့်နေရာတွင် သွေးကွက် တစ်ကွက်ရှိနေခဲ့သည်။ သို့သော်လည်း ထိုသွေးကွက်သည် သာမန်သွေးနှင့် မတူညီစွာ မီးတောက်များဖြင့် လောင်ကျွမ်းနေခဲ့လေသည်။ မိုရှောင်ချီ ပြောမှပဲ ရန်ကိုင်လည်း ထိုအချက်ကို သတိပြုမိလိုက်သည်။
‘တစ်ကယ်ကြီး လျို့ယန် မဟုတ်ဘူးပဲ’
မီးတောက်နေသည့် သွေးကွက်ကို မြင်လိုက်သည်နှင့် ရန်ကိုင် စိတ်ပျက်သွားခဲ့လေသည်။ ကြည်လင် ကျောက်စိမ်းတောင်ထဲရှိ မီးငှက်သည် အမှန်တစ်ကယ်ကို လျို့ယန် ဟုတ်မနေခဲ့ပေ။ လျို့ယန်သည် မှော်ရတနာ စိတ်ဝိဉာဉ်ဖြစ်သည့်အတွက် ရုပ်ခန္ဓာမရှိ။ သူမ ဒဏ်ရာရသွားမည် ဆိုလျှင်ပင် သွေးထွက်ရန် မဖြစ်နိုင်ပေ။
သို့သော်လည်း ဤသွေးကွက်၏ အခြေအနေကို ကြည့်ရသလောက် ထိုသွေးထဲတွင် အလွန်ကိုမှ ပြင်းထန်သည့် မီးဓာတ်စွမ်းအားတို့ ပါ၀င်နေသည့် ပုံပင်။ လျို့ယန် မဟုတ်မှန်း သိသွားပြီးနောက် ရန်ကိုင် သိပ်ပြီး စိတ်မပါတော့ချေ။ သူ ကြည်လင် ကျောက်စိမ်းတောင်သို့ လာရသည့် အကြောင်းအရင်းမှာ ဤနေရာတွင် လျို့ယန် ရှိနေသည်ဟု ထင်သည့် အတွက်ကြောင့်ပင်။
“အဲ့တာဆို ငါတို့ အခွင့်အရေး ရှိနိုင်သေးတယ်”
ရှုချင်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ကျန်းမိသားစု၏ တတိယအကြီးအကဲတို့ အဖွဲသည် ဤနေရာတွင် သေသွားခဲ့သော်လည်း မီးငှက်ကိုတော့ ဒဏ်ရာရအောင် လုပ်သွားနိုင်ခဲ့သည်။ ထို့ကြောင့် သူတို့လေးယောက်သာ သေသေချာချာ ပြင်ဆင်သွားလျှင် မီးငှက်ကို ဖမ်းနိုင်လောက်သည်။
“ငှက်ကိုတွေ့ရင် ဘာလုပ်မယ်ဆိုတာ ငါတို့ သေချာ မဆွေးနွေးသင့်ဘူးလား” ယုရို့မေးက မေးလိုက်သည်။
သူမရှေ့ရှိ အလောင်းရှစ်လောင်းကိုကြည့်ရင်း သူမအလွန်ကိုမှ စိတ်မသက်မသာ ဖြစ်လာခဲ့ရသည်။ မိုရှောင်ချီ၏ အလောင်းရှစ်လောင်းကို လိုချင်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် အစောကြီးကတည်းက ထွက်သွားနေပြီးလောက်ပြီ။ ရတနာများမှာ အလွန်ကိုမှ တက်မက်ဖွယ် ကောင်းသော်လည်း မိမိ၏ အသက်သည်သာ အရေးကြီးဆုံး ဖြစ်ပေသည်။။
“ဟုတ်တယ် သေချာဆွေးနွေးရမယ်။ အချိန်ကျလာလို့ရှိရင် သေသေချာချာ ချောချောမွေ့မွေ့ ပူးပေါင်းနိုင်အောင် ငါတို့ သုံးတဲ့ ကျင့်စဉ်တွေ နည်းလမ်းတွေအကြောင်းကို အသေးစိတ် ဆွေးနွေးကြရင် မကောင်းဘူးလား” ရှုချင်းက အကြံပေးလိုက်သည်။
ရှုချင်းပြောသည်ကို ကြားပြီးနောက် ရန်ကိုင်သည် ရှုချင်းအား အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်လေသည်။ မိုရှောင်ချီကမူ ပြုံးလျက်ပင် ယုံကြည်ချက် အပြည့်ဖြင့် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“မလိုဘူး ရှင်တို့ အဲ့ကောင်လေးကို တွေ့တာနဲ့ ခဏလောက်ပဲ အချိန်ဆွဲထားပေး။ ကျန်တဲ့ ကိစ္စကို ကျွန်မ ဆက်တာ၀န်ယူမယ်”
မိုရှောင်ချီသည် ယုံကြည်ချက် အပြည့်ဖြင့် ပြောလာခဲ့ခြင်းဖြစ်သည်။ သူမ ထိုယုံကြည်ချက်ကို မည်သည့်နေရာမှ ရလာသလဲ ဆိုသည်ကိုတော့ ရန်ကိုင် မပြောတတ်ပေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၉၇၀)
မိုရှောင်ချီကို ကြည့်ရင်း ရန်ကိုင် ပိုပို၍ နားမလည်နိုင် ဖြစ်လာခဲ့သည်။ သူမ၏ အပြုအမူကိုကြည့်ရင်း သူမ ဟန်ဆောင်နေခြင်းသာ ဖြစ်ကြောင်း အတော်လေး သေချာသော်ငြား ယခုထိတိုင် သူမဆီမှ မည်သည့် ဟာကွက်ကိုမှ ရှာမတွေ့သေးပေ။ ထို့အပြင် သူမပေးသွားသော လက်ဆောင်များနှင့် ထုတ်သုံးသွားသော ကိုယ်ပျောက် ကျင့်စဉ်အရ သူမ၏ ဇစ်မြစ်သည် လုံး၀ကို သာမန် မဖြစ်နိုင်ပေ။
သာမန် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးသည် မည်သို့များ အဆင့်မြင့် တန်ခိုးရှင်ဘုရင်အဆင့် ရတနာများစွာကို ပိုင်ဆိုင် ထားနိုင်မည်နည်း။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအားများအရ ဤကောင်မလေးသည် အားကောင်းသော မှော်ရတနာ များစွာကို ၀တ်ဆင်ထားကြောင်း သိသာပေသည်။
ထိုအချက်များကိုကြည့်၍ မိုရှောင်ချီသည် ကျိန်းသေ အားကောင်းသည့် နောက်ခံတစ်ခုခုမှ လာကြောင်း ရန်ကိုင် ခန့်မှန်းမိလိုက်သည်။ ထို့ကြောင့် ရန်ကိုင် ပို၍ သတိထားလိုက်လေသည်။ ထိုအမျိုးမျိုးသော အကြောင်းအရင်းများကြောင့် မိုရှောင်ချီမှ သူမ မီးငှက်အပေါ် ရင်ဆိုင်နိုင်သည်ဟု ပြောသည့်အပေါ် ရန်ကိုင်အတော်လေး ယုံကြည်မိသွားသည်။
မိုရှောင်ချီပေးသည့် လက်ဆောင်များကို ယူထားပြီ ဖြစ်သဖြင့် ရန်ကိုင့်အနေဖြင့် သူမအား ဤအတိုင်း ပစ်ထား၍ မဖြစ်ချေ။ ရန်ကိုင့်အနေဖြင့် ဤမီးငှက် ကိစ္စထဲ ဆက်ပြီး မပါ၀င် မပတ်သက် ချင်တော့သော်ငြား သူ့မှာ ဤအတိုင်း ရပ်နေ၍လည်း မဖြစ်ချေ။
“ညီမရှောင်ချီ နင့်မှာ မီးငှက်နဲ့ ရင်ဆိုင်ဖို့ နည်းလမ်းရှိတယ်လို့ ပြောသွားတယ်မလား။ ငါ့ု့တိကို အသေးစိတ် ပြောပြပေးလို့ရမလား။ ဒီမီးငှက်က အရမ်းအားကောင်းတာဆိုတော့ ငါတို့ အဲ့ဒီလူတွေရဲ့ ခြေလှမ်းအတိုင်း လိုက်နေရာမှာစိုးလို့ သေချာသွားအောင် မေးကြည့်တာ” ရှုချင်းသည် အနီးအနားရှိ အလောင်းများကို ညွှန်ပြရင်း စိုးရိမ်နေသည့် လေသံဖြင့် ပြောလိုက်လေသည်။
ယုရို့မေသည်လည်း ရှုချင်းပြောသည်ကို ထောက်ခံသည့်အလား ခေါင်းညိတ်လိုက်သည်။ ရှောင်ချီ မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမ ကြည့်ရသည့်ပုံမှာ အနည်းငယ် ရှက်နေသည့် ပုံပင်။ သို့သော် ခဏကြာမျှ စဉ်းစားနေပြီးနောက် ဆုံးဖြတ်ချက် ချလိုက်သည့်အလား ပြန်ပြောလိုက်လေသည်။
“အသေးစိတ် ရှင်းပြဖို့ကတော့ သိပ်အဆင်မပြေဘူး။ ဒါပေမဲ့ ကျွန်မမှာ အဲ့မီးငှက်ကို ချုပ်နှောင်ပစ်နိုင်တဲ့ မှော်ရတနာ တစ်ခုရှိတယ်။ ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်ပေးပါ။ ရှင်တို့ အသက်အန္တရာယ်ရှိမယ့် အလုပ်မျိုး ကျွန်မ မလုပ်ခိုင်းပါဘူး”
ထိုစကားကို ကြားသည့်အခါ ရှုချင်းနှင့် ယုရို့မေသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြလေသည်။ ရှုချင်းက ပြုံးလျက် ပြန်ပြောလိုက်သည်။
“ညီမရှောင်ချီက အခုလိုပြောမှတော့ ဒီရှု ထပ်မမေးတော့ပါဘူး။ ညီမရှောင်ချီ အောင်မြင်ပါစေ လို့ပဲ ဒီရှု ဆုတောင်းပေးလိုက်ပါတယ်”
“စိတ်မပူနဲ့ ကျွန်မတာ၀န်သာထားလိုက်” မိုရှောင်ချီသည် ပျော်ရွှင်သွားပြီး သူမ ရင်ဘက်ကို ပုတ်လျက် “ဒါဆို အဲ့ကောင်နောက် မြန်မြန် လိုက်ရအောင်။ သူဘယ်ထွက်ပြေးသွားမှန်း မသိပေမဲ့ ကျန်ခဲ့တဲ့ သဲလွန်စတွေကို ခြေရာခံပြီး သူ့နောက် လိုက်လို့ရတယ်”
ပြောပြီးသည်နှင့် ရှေ့ဆုံးမှ ဦးဆောင် ထွက်သွားလေသည်။ နောက်ထပ် တစ်နာရီမျှ ဆက်သွားပြီးနောက်တွင် မိုရှောင်ချီသည် ရုတ်တရက် ရပ်လိုက်လေသည်။ အခြေအနေမှာလည်း ရုတ်ချည်းဆိုသလို တင်းမာ ခက်ထန်လာခဲ့သည်။ သဲလွန်စသည် ဤနေရာတွင် အဆုံးသတ်သွားခဲ့လေပြီ။
မိုရှောင်ချီသည် မျက်မှောင်ကြုတ်လျက် သဲလွန်စကို ထပ်ရှာရန် ကြိုးစားနေစဉ်မှာပင် အလွန်ကိုမှ အားကောင်းသည့် စွမ်းအားတစ်ရပ်သည် အနီးအနားဆီမှ ပေါက်ကွဲထွက်လာခဲ့လေသည်။ ထိုအရှိန်အဝါမှာ အလွန်အမင်း ပူပြင်းလှသဖြင့် ၎င်းပေါ်လာသည်နှင့် ပတ်၀န်းကျင်ရှိ အရှိန်အဝါမှာ ရုတ်ချည်း မြင့်တက်လာပြီး အနီးအနားရှိ သစ်ပင် ပန်းပင်အားလုံး ညှိုးလျော် ခြောက်သွေ့ ကုန်လေသည်။
“သတိထား” ရန်ကိုင်က လှမ်းအော်လိုက်သည်။
ရန်ကိုင် သတိပေးနေစရာပင်အလို အကုန်လုံးသည် တန်ခိုးရှင်ဘုရင် တတိယ ကျင့်ကြံသူများ ဖြစ်ကြသည့်အတွက် ထိုစွမ်းအားကို ခံစားမိလိုက်သည်နှင့် မီးငှက်သည် အနီးနားတစ်နေရာတွင် ပုန်းနေသည်မှန်း သိလိုက်ကြသည်။
အပူစွမ်းအင် သူတို့ဆီသို့ တိုး၀င်လာချိန်တွင် လေးယောက်စလုံးသည် ချက်ချင်း လူချင်း ခွဲလိုက်ကြလေသည်။
ဘုန်း…
လက်ဆေးဇလုံ အရွယ်လောက်ရှိသော အနက်ရောင် မီးလုံးတစ်လုံးသည် ရန်ကိုင်တို့ ရပ်နေခဲ့သည့် နေရာအား လာရောက်ထိမှန်လေသည်။ မီးဘောလုံးထဲရှိ ကြောက်မက်ဖွယ်ရာ အပူချိန်ကို ခံစားမိလိုက်သော် အကုန်လုံး၏ အမူအရာ ရုတ်ချည်း လေးနက်သွားကြလေသည်။
“ငါထင်ထားတဲ့အတိုင်းပဲ ဒီမှာပုန်းနေတာကိုး”
မိုရှောင်ချီကမူ ကြောက်လန့်သွားခြင်း မရှိဘဲ ပျော်ပင် ပျော်နေသေးသည်။ သူမ၏ မျက်နှာလေးသည် စိတ်လှုပ်ရှားမှုဖြင့် တလက်လက် တောက်ပလာခဲ့သည်။ သူမ ကြည့်နေသည့်ဘက်၌ မီးနီရောင် ငှက်မွှေးများ ပိုင်ဆိုင်ထားပြီး တစ်ဆယ် မီတာခန့် ရှည်လျားသော ထူးဆန်းသည့် ငှက်တစ်ကောင် ရှိနေခဲ့သည်။ မီးငှက်သည် ကျူးကျော်လာသည့် လူများအား ကြမ်းကြုတ်စွာ စိုက်ကြည့်နေခဲ့သည်။
“လျို့ယန်လား” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။
ရုတ်တရက် ပေါ်လာသော မီးငှက်သည် လျို့ယန်နှင့် လုံး၀နီးပါးကို ချွတ်စွတ်တူပေသည်။ သို့သော်လည်း သူ့ရှေ့ရှိ မီးငှက်သည် လျို့ယန် မဟုတ်ကြောင်းကို မကြာခင်မှာပဲ ရန်ကိုင် သတိပြုမိသွားခဲ့သည်။ အကြောင်းမှာ ထိုမီးငှက်သည် မီးတောက်များဖြင့် ဖွဲ့စည်းထားသည့်ပုံ ပေါက်နေသော်လည်း ၎င်းတွင် အသွေးနှင့်အသား ရှိနေသည်။ ထို့အပြင် ၎င်းသည် သူ့ထက်ပင် ပို၍အားကောင်းသည်ဟု ရန်ကိုင် ခံစားနေရသည်။
“ငါလခွမ်း ဒါကို မှော်ရတနာ စိတ်ဝိဉာဉ်လို့ ဘယ်ကောင် သတင်းဖွလိုက်တာလဲ” ရှုချင်းသည် အလွန်ကိုမှ ဒေါသထွက်နေဟန်ဖြင့် စတင် ကျိန်ဆဲ လေသည်။
ကြည်လင်ကျောက်စိမ်းတောင်ထဲတွင် မှော်ရတနာ စိတ်ဝိဉာဉ်တစ်ခု ရှိနေသည်ဟု သတင်းပျံ့လာခြင်းကြောင့် လူပေါင်းများစွာ ရောက်လာကြခြင်းဖြစ်သည်။ သို့သော်လည်း ယခု ကြည့်ရသလောက် ထိုသတင်းမှာ မမှန်သည့် ပုံပင်။
သူတို့ရှေ့ရှိ မီးငှက်သည် လုံး၀ကို မှော်ရတနာ စိတ်ဝိဉာဉ်တစ်ခု မဟုတ်ဘဲ အသွေးအသား ပိုင်ဆိုင်ထားသည့် မီးငှက်တစ်ကောင် ဖြစ်နေခဲ့သည်။
သို့သော်လည်း ယခုမှ ထိုအကြောင်း တွေးကာ နောင်တရနေ၍ အဓိပ္ပာယ်မရှိတော့ပေ။
“ထပ်လာနေပြီ” ယုရို့မေးသည် အော်ဟစ် သတိပေးလိုက်ရင်း ချက်ချင်း ရှောင်တိမ်းလိုက်လေသည်။
ချက်ချင်းဆိုသလို အနောက်ရောင် မီးလုံးတစ်လုံးသည် သူမ ရပ်နေခဲ့သည့် နေရာအား လာရောက် ထိမှန်လေသည်။ ယုရို့မေသည် အကြောက် မပြေသေးသည့် အမူအရာဖြင့် ခပ်လှမ်းလှမ်း တစ်နေရာတွင် ပြန်ပေါ်လာခဲ့သည်။ ထို မီးဘောလုံးတွင် ပါ၀င်သော အဖျက်စွမ်းအင်ကို သူမ သေချာခံစားမိလေသည်။
ထိုမီးတောက်များသာ ထိမှန်ခြင်း ခံလိုက်ရပါက သူမ၏ ကံကြမ္မာသည် ကျန်းမိသားစု၏ တတိယ အကြီးအကဲနှင့် ဘာမှ ကွာခြားသွားလိမ့်မည် မဟုတ်ပေ။ သေဆုံးသွားကြသော တန်ခိုးရှင်ဘုရင် အဆင့်များစွာမှာ ဤမီးငှက်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်ဖြစ်မှန်း ပြသနေခဲ့သည်။ ထိုအလောင်းများကို မြင်ပြီးမှဖြင့် ယုရို့မေ အနေဖြင့် မည်ကဲ့သို့များ မဆင်မခြင် လှုပ်ရှားရဲဦးမည်နည်း။
“ရှင်တို့ ခဏထိန်းပေးထားဦးနော်။ ကျွန်မ နည်းနည်းလောက် ပြင်လိုက်ဦးမယ်” မိုရှောင်ချီသည် ထိုသို့ အော်ပြောလိုက်ပြီးနောက် ခပ်လှမ်းလှမ်း တစ်နေရာသို့ ခုန်ဆုတ်သွားလေသည်။
ထို့နောက် လက်ကွက်များစွာကို ဖန်တီးတော့၏။ တစ်ချိန်ထဲတွင် သူမ၏ နှုတ်ခမ်းလေးများသည်လည်း တစ်ခုခုကို ရွတ်ဆိုနေသည့်အလား လှုပ်စိလှုပ်စိ ဖြစ်လာခဲ့လေသည်။ သူမ ဘာရွတ်နေသည်ကို မသိရသော်ငြား မကြာမီ သူမရှေ့တွင် ရေဘောလုံးလေး တစ်လုံး ပေါ်လာခဲ့လေသည်။
ထိုရေဘောလုံးလေးထဲ အလွန်ကိုမှ သိပ်သည်း ပြင်းထန် လှသည့် ရေဓာတ်စွမ်းအင်တို့ ကိန်းအောင်းနေခဲ့သည်။ သေသေချာချာ နားစိုက်ထောင်မည် ဆိုလျှင် ထိုရေဘောလုံးစီမှ လှိုင်းရိုက်ခတ်သံများကိုပင် ကြားနိုင်ပေသည်။
“တာအိုအဆင့် မှော်ရတနာလား” ရှုချင်း၏ မျက်လုံးများ နီရဲလာခဲ့ပြီး အသက်ရှုသံမှာလည်း မတည်မငြိမ် ဖြစ်လာခဲ့လေသည်။
သူသည် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တစ်ဦး ဖြစ်သော်ငြား တာအိုအဆင့် မှော်ရတနာတစ်ခုကိုတော့ တစ်ခါမှ မပိုင်ဆိုင်ဖူးခဲ့ဘူးပေ။ သူမ ထုတ်ပြသွားခဲ့သည့် ရတနာများကို မြင်ပြီးနောက် ဤကောင်မလေးတွင် အနည်းဆုံး တာအိုအဆင့် မှော်ရတနာတစ်ခု ရှိရမည်ဟု ခန့်မှန်းထားသော်ငြား သူမ တစ်ကယ်ကြီး ထုတ်ပြလာချိန်တွင်တော့ ရှုချင်း မတိတ်လန့်ဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။
ထို့အပြင် ကြည့်ရသလောက် ဤရေစက်လုံးသည် သာမန်တာအိုအဆင့် မှော်ရတနာတစ်ခုပင် မဖြစ်လောက်။ အဆင့်မြင့် တာအို မှော်ရတနာ တစ်ခုပင် ဖြစ်ရပေလိမ့်မည်။ ထိုကဲ့သို့သော ရတနာမျိုးသည် ရှုချင်းအတွက်တော့ အဖိုးမဖြတ်နိုင်လောက်အောင်ကို တန်ဖိုးကြီးပေသည်။
“ရောင်ရင်းရှု အခုအချိန်က စိတ်ပျံ့လွှင့်လို့ ကောင်းတဲ့အချိန် မဟုတ်ဘူးနော်” ရန်ကိုင်သည် မိုရှောင်ချီဆီသို့ အလျင်စလို ပြေးသွားရင်း အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။
မိုရှောင်ချီမှ ရေစက်လုံး မှော်ရတနာကို ထုတ်ယူလိုက်ပြီး ဘာမှန်းမသိသော စကားများကို စတင် ရွတ်ဆိုချိန်မှစ၍ မီးငှက်၏ အကြည့်သည် မိုရှောင်ချီဆီသို့ ရောက်ရှိလာခဲ့လေသည်။ တစ်ချိန်ထဲတွင် မိုရှောင်ချီဆီမှ အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည့်အလား သူ၏ မျက်လုံးများ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
ချက်ချင်းဆိုသလို မီးငှက်သည် ၎င်း၏ နှုတ်သီးကို ဟလျက် မိုရှောင်ချီဆီသို့ မီးတောက်များကို မှုတ်ချလိုက်လေသည်။ ရန်ကိုင်၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားပြီး ချက်ချင်း ရှောင်တိမ်းရန် လုပ်လိုက်လေသည်။
“ကျေးဇူးပြုပြီး ကျွန်မကို ကူပြီး ခုခံပေး။ ကျွန်မ လှုပ်လို့မရဘူး” ရန်ကိုင် မရှောင်တိမ်းရသေးခင်မှာပင် မိုရှောင်ချီ၏ စိုးရိမ်တကြီးအသံ ထွက်ပေါ်လာခဲ့လေ၏။
“တုံးလိုက်တဲ့ ၀က်ကွာ” ရန်ကိုင် စတင် ကျိန်ဆဲလေတော့သည်။
မိုရှောင်ချီ တစ်ကယ်ကြီးပဲ တုံးအနေခြင်းလား။ တုံးအယောင် ဆောင်နေခြင်းပဲလား ရန်ကိုင် မခွဲတတ်တော့ပေ။ ဤမျှ အားကောင်းသည့် ရန်သူနှင့် ရင်ဆိုင်နေရသည့်တိုင် လှုပ်ရှား၍ မရသော ကျင့်စဉ်တစ်ခုကို ထုတ်သုံးနေသည်။ သူမ၏ လုပ်ရက်သည် ကိုယ့်သေတွင်းကိုယ် တူးခြင်းနှင့် မခြားပေ။
ယခုနေ သူသာ ရှောင်တိမ်းလိုက်လျှင် မိုရှောင်ချီ အနေဖြင့် မီးတောက်များ၏ ထိမှန်ခြင်း ခံရပေလိမ့်မည်။ မီးတောက်များတွင် ပါ၀င်သော အဖျက်စွမ်းအားအရ သူမ ကျိန်းသေ သေပေလိမ့်မည်။ သူမ၏ ထုံထုံအအ အပြုအမူသည် ဟန်ဆောင်နေခြင်း မဟုတ်ဘဲ တစ်ကယ်ကြီးများ ဖြစ်နေမလား။ သူကပဲ သူမဟန်ဆောင်နေခြင်း ဖြစ်သည်ဟု အထင်မှားနေခြင်းပဲလား။
ထိုကြောင့်သာ မဟုတ်လျှင် ဤကဲ့သို့သော အခြေအနေမျိုးတွင် လှုပ်ရှား၍မရသော ပညာရပ်မျိုးကို သူမဘာကြောင့် ထုတ်သုံးရမည်နည်း။ အတွေ့အကြုံ နည်းနည်းရှိသော လူများပင် ဤသို့သော အခြေအနေမျိုးတွင် ထိုကဲ့သို့သော ပညာရပ်များ ထုတ်မသုံးသင့်မှန်း သိပေသည်။
လက်ရှိ အဖွဲ့ထဲတွင် သူမနောက်ကျောကို ဓါးနှင့် ထိုးချင်နေသည့်သူ တစ်ယောက်မက ပါနေသည်ကို သူမ သတိမပြုမိလေသလော။ ချက်ချင်းဆိုသလို ရန်ကိုင့်စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားခဲ့လေသည်။ သို့သော်လည်း ထိုအတွေးများကို ချက်ချင်း ဘေးချထားလိုက်ပြီး အော်ပြောလိုက်လေ၏။ “မင်းတို့ မသေချင်ရင် ငါ့ကို လာကူဦး”
ပြောပြီးသည်နှင့် ရန်ကိုင့် ခန္ဓာကိုယ်မှ ရောင်စဉ် ငါးဖြာ ပေါက်ကွဲထွက်လာလေသည်။ ထို့နောက် သူ့လက်ကို ဆန့်ထုတ်၍ အော်ပြောလိုက်၏။
“မြေကမ္ဘာ ဓါးချီ၊ ဓာတ်ပျယ်ခြင်း ဒိုင်း”
ဝါကျင့်ကျင့် အလင်းရောင်တစ်ခုသည် ရန်ကိုင့်ရှေ့တွင် စုဝေးလာပြီး ဧရာမ ဒိုဏ်းကြီး အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့လေသည်။ သို့ရာတွင် ရန်ကိုင်သည် ထိုမျှနှင့်ပင် မရပ်တန့်သေးပေ။ သစ်သားဓာတ်ကိုသုံး၍ သူ့ခန္ဓာပတ်လည်တွင် ပုံရိပ်ယောင် သစ်တော တစ်ခုကို ဖန်တီးလိုက်၏။
ထို့နောက် ရေဓာတ်၊ သတ္ထုဓာတ်၊ မီးဓာတ် စသည်တို့ကို ထုတ်သုံးလိုက်လေသည်။ ထိုဓာတ်ကြီးငါးပါးကို သုံးပြီး ရန်ကိုင်သည် သူ့ရှေ့ တည့်တည့်တွင် အကာအကွယ် ငါးမျိုး တိတိကို ဖန်တီးလိုက်သည်။
ဘုန်း…
မီးတောက်များသည် မြေဓာတ်အကာအကွယ်ကို လာရောက် ထိမှန်လေသည်။ မြေဓာတ်အကာအကွယ်သည် မီးတောက်များရှေ့တွင် စက္ကူတစ်ရွက်နှယ် ပါးလွှာနေ၏။ မီးတောက်များသည် မြေဓာတ်အကာအကွယ်ကို ချိုးဖျက်လာပြီးနောက် သစ်တော အကာအကွယ်ကို ထပ်မံချိုးဖျက်လေသည်။
ထို့နောက် ရန်ကိုင် ဖန်တီးထားသည့် အကာအရံအားလုံးကို တစ်ခုပြီးတစ်ခု လျှင်မြန်စွာ ချိုးဖျက်သွားလေသည်။ မီးဓာတ် အကာအကွယ်ဆီသို့ ရောက်မှသာ အနက်ရောင် မီးတောက်များ တစ်ခဏတာ ရပ်တန့်သွားခဲ့လေသည်။
ဤသည်မှာ အထူးအဆန်းတော့မဟုတ်။ ရန်ကိုင်၏ မီးဓာတ်များသည် နေမီးလျှံမှ ဖန်တီးထားခြင်း မဟုတ်ပေလော။ ရှင်းရှင်း ပြောရလျှင် နေမီးတောက်သည် တစ်ဖက်လူ၏ မီးတောက်များအောက် နိမ့်ကျခြင်း မရှိပေ။ သို့သော်လည်း တစ်ဖက်လူ၏ မီးတောက် ပမာဏမှာ သူ့ထက်ပိုများနေ၍ ရန်ကိုင်၏ မီးတောက်မှာ တစ်ခဏလောက်သာ ခုခံနိုင်ပြီး မျက်တောင် တစ်ခတ်အတွင်း ပျက်စီးသွားခဲ့ရလေသည်။
သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် တိုး၀င်လာနေသော မီးတောက်များကို ကြည့်ရင်း ရန်ကိုင့်ကိုယ်ပေါ်ရှိ အမွှေးအမျှင်များအားလုံး ထောင်တက်သွားလေသည်။ သေခြင်းတရားသည် သူဆီသို့ တရိပ်ရိပ်ဖြင့် လာနေသလို ရန်ကိုင် ခံစားလိုက်ရသည်။ ထိုအခါမှပဲ ရှုချင်းနှင့် ယုရို့မေတို့ စတင် လှုပ်ရှားတော့လေသည်။
သူတို့နှစ်ဦးသည် တစ်ခုခုကြိတ်ကြံနေကြသော်လည်း သူတို့နှစ်ယောက်တည်းဖြင့် မီးငှက်၏ ပြိုင်ဘက် မဟုတ်နိုင်မှန်း ကျိန်းသေ နားလည်ထားကြသည်။ သူတို့သာ မီးငှက်လက်မှ လွှတ်မြောက်ချင်သည် ဆိုလျှင် မိုရှာင်ချီကို အရင်ကယ်ရပေလိမ့်မည်။ ရန်ကိုင်ပင် စလှုပ်ရှားနေသည်ကို မြင်သော် သူတို့လည်း ရပ်ကြည့် မနေနိုင်တော့ပေ။
ကောင်းကင်ရေလှိုင်း ဓါးချက်…
အဆုံးမဲ့ အကာအရံစည်း…
ရှုချင်းနှင့် ယုရို့မေးသည် သူတို့၏ တိုက်ကွက် အသီးသီးကို ထုတ်သုံးရင် အနက်ရောင် မီးတောက်များကို တားဆီးလိုက်လေသည်။ တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူနှစ်ဦး၏ အားကုန်သုံး တိုက်ကွက်များမှာ အထင်သေးသင့်သည့် တိုက်ကွက်မျိုးတော့မဟုတ်။
သူတို့ နှစ်ဦး ၀င်ရောက် ကူညီလာသဖြင့် ရန်ကိုင် ခံစားနေရသည့် ဖိအားမှာ အကြီးအကျယ် လျော့ကျသွားခဲ့ရလေသည်။