← Chapters

အခန်း (၁၉၇၁-၁၉၇၅)

Vol. 79 Ch. 1971-1975

အခန်း (၁၉၇၁-၁၉၇၅)

Vol. 79 Ch. 1971-1975

အပိုင်း (၁၉၇၁)

ဝဲကတော့…

ဝှက်ဖဲများကိုသာ ထုတ်မသုံးလျှင် သူ့အနေဖြင့် ဤကပ်ဘေးမှ အသက်ရှင်နိုင်လိမ့်မည် မဟုတ်မှန်း ရန်ကိုင် သိနေခဲ့သည်။ ထို့ကြောင့် သူ့ခွန်အားကို ဆက်ပြီး ထိန်ချန်မထားတော့ဘဲ လေဟာနယ်စွမ်းအားကို ထုတ်သုံးလိုက်လေသည်။ ရန်ကိုင့်ရှေ့တွင် ဝဲကတော့ တစ်ခု ရုတ်တရက် ပေါ်လာပြီး ရှေးဟောင်းသားရဲကြီး၏ ပါးစပ်ပေါက်အလား တိုး၀င်လာသည့် အနက်ရောင် မီးတောက်များကို အရူးအမူး ဝါးမျိုကာ ဟင်းလင်းပြင်ထဲသို့ ရွှေ့ပစ်လိုက်လေ၏။

ကံကောင်းစွာဖြင့် မီးတောက်နှင့် တိုက်ရိုက်ထိတွေ့ရာမှ ထွက်ပေါ်လာသော ပေါက်ကွဲ စွမ်းအားသည် သူ့ပညာရပ်အား အခြားသူများ မသိအောင် ဖုံးကွယ်ထားပေးလေသည်။ အနည်းဆုံး ရှုချင်းနှင့် ယုရို့မေသည် ဟင်းလင်းပြင် ပြိုကျသွားရခြင်းမှာ ရန်ကိုင်၏ တိုက်ကွက်ကြောင့်ဟု မထင်ဘဲ မီးတောက်နှင့် သူတို့၏ တိုက်ခိုက်မှုများ ထိပ်တိုက် တွေ့သွားမှုကြောင့်သာဟု ထင်သွားကြပေမည်။

တစ်ဖက်တွင်သူ သူမ၏ မှော်ရတနာအား ထုတ်သုံးနိုင်မည့် ကျင့်စဉ်ကို ထုတ်သုံးနေသည့် မိုရှောင်ချီမှာမူ အံအားသင့်နေသည့် အမူအရာဖြင့် ရန်ကိုင်ဆီသို့ လှမ်းကြည့်လေသည်။ ရန်ကိုင်ကမူ ကျားပေါ်ခွလျက်သား ဖြစ်နေသဖြင့် မည်သည့် ကိစ္စကိုမှ အာရုံမိစိုက်နိုင်သေးရာ ထိုအချက်ကို လုံး၀ သတိမပြုမိလိုက်ပေ။

သူသာ မလွတ်နိုင်လျှင် မီးငှက် ပထမဆုံး တိုက်ခိုက်မည့်သူမှာ သူသာ ဖြစ်ပေလိမ့်မည်။ သို့သော်ငြား ရှောင်လိုက်မည် ‌ဆိုလျှင်လည်း မိုရှောင်ချီ ဒုက္ခရောက်ရပေလိမ့်မည်။ ထိုကြောင့် ရန်ကိုင်သည် သူ့အား ဆုပ်လည်းဆူး၊ စားလည်းဆူး အခြေအနေဖြစ်အောင် လုပ်သွားသော မိုရှောင်ချီကို အဆက်မပြတ် ကျိန်‌ဆဲနေမိတော့လေသည်။

မိုရှောင်ချီသည် သူ့အား လူသားဒိုင်းသဖွယ် အသုံးပြုနေခြင်း ဖြစ်သည်။ ရန်ကိုင်၊ ရှုချင်းနှင့် ယုရို့မေတို့၏ တိုက်ကွက်ကို မြင်ပြီးနောက် ယခု တစ်ကြိမ်တွင် ခက်ခဲသည့် ပြိုင်ဘက်များနှင့် ရင်ဆိုင်ရပြီမှန်း မီးငှက် သိလိုက်လေသည်။ မီးငှက်၏ မျက်လုံးထဲ ဒေါသရိပ်တို့ တစ်ဖျက်ဖျက် လက်သွားပြီး တောင်ပံများအား ခပ်ကာ သူ့အားတားဆီးနေသည့် ရန်ကိုင်တို့ သုံးဦးထံ မီးဘောလုံးများ အဆက်မပြတ် ပစ်လွှတ်လိုက်လေ၏။

ရှုချင်းနှင့် ယုရို့မေးသည် ကြောက်လန့်တကြား အော်ဟစ်ရင်း လှုပ်ရှားမှုပညာရပ်များသုံးကာ မီးငှက်လက်မှ ရှောင်တိမ်းလိုက်ကြလေသည်။ ကံမကောင်းစွာဖြင့် မီးဘောလုံး အရေအတွက်မှာ အလွန်ကိုမှ များပြားသဖြင့် လွတ်လွတ်ကျွတ်ကျွတ် မရှောင်တိမ်းနိုင်ကာ သူတို့၏ မှော်ရတနာ အသီးသီးကို ထုတ်သုံး၍ ခုခံရတော့လေသည်။

ရန်ကိုင့် မျက်နှာမှာ ဒယ်အိုးဖင်နှယ် မည်းမှောင်နေခဲ့လေပြီ။ ရှုချင်းနှင့် ယုရို့မေးမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သော်ငြား သူ့မှာမူ ရပ်နေရုံသာ တတ်နိုင်၏။ နောက်ဆုံး မတတ်နိုင်သည့် အဆုံး တိုး၀င်လာသည့် မီးလုံးများကို တားဆီးရန် ရွှေရောင် သွေးမျှင်များကို ထုတ်သုံးရလေတော့သည်။ အကျိုးရလဒ်မှာ အလွန်ကိုမှ သိသာသော်ငြား တစ်မျှင်ပြီး တစ်မျှင် ပျက်ဆီးသွားသော ရွှေရောင်သွေးမျှင်များကို ကြည့်ရင်း ရန်ကိုင့်ရင်ထဲ အလွန်ကိုမှ နာကျင်နေရသည်။

ရွှေရောင် သွေးမျှင်များမှာ သူ၏ ရွှေရောင် သွေးစက်များမှ ဖန်တီးထားခြင် ဖြစ်သည်။ ပျက်စီးသွားသော ရွှေရောင် သွေးမျှင်များကို ကြည့်ရင်း ရန်ကိုင် ငိုပင် ငိုချင်လာခဲ့သည်။

“အား...ငါရဲ့ ရွှေကြေးမုံလေး” ရှုချင်း၏ အော်သံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင် လှမ်းကြည့်လိုက်ရာ ရှုချင်းလက်ထဲရှိ ကြေးမုံကဲ့သို့သော မှော်ရတနာမှာ မီးစွဲလောင်နေပြီး တဖြည်းဖြည်း အရည်ပျော်ကျ လာနေသည်ကို တွေ့လိုက်ရလေသည်။ ရွေးချယ်စရာ မရှိတော့သဖြင့် ရှုချင်းသည်လည်း သူ၏ အဖိုးတန် ရတနာလေးအား လွှင့်ပစ်ရုံသာ တတ်နိုင်တော့၏။

ထွက်ပေါ်နေသော မှော်စွမ်းအင်အရ ထိုမှန်သည် တန်ခိုးရှင် အလယ်အလတ်အဆင့် မှော်ရတနာတစ်ခု ဖြစ်ပေသည်။ ကြည့်ရသလောက် ဤတိုက်ပွဲတွင် ရန်ကိုင် တစ်ဦးတည်းသာ ဆုံးရှုံးနေခြင်းမဟုတ်။ ရှုချင်းမှာလည်း သူ့မှော်ရတနာကို ဆုံးရှုံးလိုက်ရပေသည်။ ရန်ကိုင်နှင့် ယှဉ်လိုက်လျှင် ရှုချင်း၏ ဆုံးရှုံးမှုမှာ ပို၍ ဆိုးသည်ဟု ပြော၍ရပေသည်။

ရွှေရောင် သွေးမျှင်များမှာ ပျက်စီးသွားသော်လည်း ရန်ကိုင့်အနေဖြင့် ရွှေရောင်သွေးစက်များကို သုံး၍ အသစ် အသစ်သော သွေးမျှင်များ ပြန်၍ ဖန်တီးနိုင်ပေသည်။ သို့သော်လည်း ရှုချင်းမှာတော့ ထိုကဲ့သို့ သော တန်ခိုးရှင်ဘုရင် အလယ်အလတ် အဆင့် မှော်ရတနာတစ်ခုကို ပြန်လည် ရယူနိုင်တော့မည် မဟုတ်ပေ။

ရှုချင်းလည်း ဒုက္ခရောက်နေသည်ကို မြင်သည့်အခါမှပဲ ရန်ကိုင် အတော်လေး စိတ်ဖြေသိမ့်သွားနိုင်ခဲ့လေသည်။ ရှုချင်းသာလျှင် သူ့မှော်ရတနာကို ဆုံးရှုံးလိုက်ရခြင်းမဟုတ်။ ယုရို့မေသည်လည်း သူ့မှော်ရတနာတစ်ခုကို ဆုံးရှုံးလိုက်ရသည်။ အနက်ရောင် မီးတောက်များကြောင့် သူမ၏ တန်ခိုးရှင်ဘုရင်အဆင့် ဆံထုံးမှာ ပျက်စီးသွားခဲ့ရလေသည်။

နှစ်ယောက်စလုံးမှာ သူ‌တို့၏ မှော်ရတနာများ ပျက်ဆီးသွားမှုအပေါ် မီးငှက်ကို အတော်လေး ဒေါသထွက်နေကြသော်လည်း မီးငှက်၏ စွမ်းအားကြောင့် ကြောက်လန့်နေကြရာ နှစ်ယောက်စလုံး ရှေ့တက်ပြီး သွားမတိုက်ခိုက်ရဲကြပေ။

မီးငှက်၏ တိုက်ကွက်များကိုသာ ရှောင်နေခဲ့ရ၏။

ရုတ်တရက်ဆိုသလို မီးငှက်သည် ဒေါသ၊ အမုန်းတရားတို့ ရောယှက်နေသည့် အသံဖြင့် စူးရှစွာ အော်ဟစ်လိုက်လေသည်။ ထိုအသံ ထွက်ပေါ်လာသည်နှင့် အကုန်လုံး၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားကြသည်။ မီးငှက်၏ အော်သံသည် အခြားလူများအား အချက်ပေးလိုက်သလို ဖြစ်သွားပေပြီ။

ကြည်လင်ကျောက်စိမ်းတောင်ထဲသို့ ၀င်လာသည့် ကျင့်ကြံသူများအားလုံးသာ ဤနေရာသို့ ရောက်လာခဲ့ပါက သူတို့လေး‌ယောက် ကြိုးစားထားရသမျှ သဲထဲရေသွန် ဖြစ်ကုန်ပေလိမ့်မည်။ ရန်ကိုင် သတိလက်လွတ် ဖြစ်သွားစဉ်မှာပင် သူ့ဆီသို့ မီးဘောလုံးတစ်လုံး တည့်တည့် ၀င်လာခဲ့လေသည်။

ရန်ကိုင်လည်း ဝဲကတော့ ပညာရပ်ကို ထုတ်သုံးပြီး ထိုမီးလုံးအား တားဆီးတော့မည်အပြု ထိုမီးလုံးသည် သူ့ရှေ့တည့်တည့်တွင်ပင် ပေါက်ကွဲထွက်သွားခဲ့သည်။ ထို့နောက် မရေမတွက်နိုင်သော အနက်ရောင် မီးစက်ကလေးများ ရန်ကိုင့်အပေါ်သို့ စုပြုံ ကျဆင်းလာလေ၏။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင်သည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေတော့ဘဲ နဂါး အသွင်ပြောင်းလဲခြင်း ပညာရပ်ကို ထုတ်သုံးလေ‌တော့သည်။ မိုးခြိမ်းသံတမျှ ကျယ်လောင်သော နဂါးဟိန်းသံ တစ်ခုနှင့်အတူ ပုံရိပ်ယောင် နဂါးခေါင်းတစ်ခု ရန်ကိုင့် ခေါင်းထက်တွင် ပေါ်လာခဲ့သည်။ တစ်ချိန်ထဲတွင် အားကောင်းလှသည့် နဂါးဖိအားတို့မှာလည်း လေထဲ ပျံ့နှံ့လာခဲ့လေသည်။

ရုတ်တရက် ထွက်ပေါ်လာသော် နဂါးဖိအားကြောင့် ရန်ကိုင့်အား တိုက်ခိုက်ရန် ကြိုးစားနေသည့် မီးငှက် မှင်သက်သွား၏။ ကြောက်လန့် တုန်လှုပ်သည့် အရိပ်အယောင်တို့သည် ၎င်း၏ အနီရင့်ရောင် မျက်လုံးများထဲ ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင့် ခန္ဓာကိုယ်ပေါ်ရှိ အစိတ်အပိုင်း တော်တော်များများတွင် နဂါးကြေးခွံများ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်၏ ရင်ဘက်ပေါ်တွင်တော့ အစစ်အမှန် နဂါးအကြေးခွံ တစ်ခု ပေါ်လာခဲ့လေသည်။

ဘုန်း..ဘုန်း..ဘုန်း

သူ့ခန္ဓာကိုယ်အား လာရောက်ထိမှန်နေသည့် မရေမတွက်နိုင်သာ အနက်ရောင် မီးစက်များကြောင့် ရန်ကိုင် သွေးတစ်ပွက် အန်ချလိုက်ရသည်။ အနက်ရောင် မီး‌တောက်များသည် ရန်ကိုင်၏ အသွေးအသားများကို လှိုက်စားရင်း နဂါးအကြေးခွံ ဖုံးအုပ်ထားသည့် အစိတ်အပိုင်းများကို အရည်ဖျော်ချပစ်ရန် ကြိုးစားနေလေသည်။

နဂါးအကြေးခွံဖြင့် ကာကွယ်ထားသော်လည်း ရန်ကိုင်သည် အနက်ရောင် မီးတောက်များကို အပြည့်အ၀ မတားစီးနိုင်ခဲ့ပေ။ တစ်ချိန်ထဲတွင် ရွှေနဂါး အရင်းအမြစ်ကို ထုတ်သုံး၍ အနက်ရောင် မီးတောက်များ မပျံ့နှံ့လာအောင် တားဆီးလိုက်သည်။ သို့ရာတွင် အချည်းနှီးပင်။ ရန်ကိုင်၏ အရှိန်အဝါမှာ သိသိသာသာကို ထိုးကျလာခဲ့သည်။

“ညီမ ရှောင်ချီ ငါဆက်ပြီး မထိန်းထားနိုင်တော့ဘူး”

ရန်ကိုင်က အလျင်စလို ပြောလိုက်ပြီးနောက် မီးဘေယလုံးများကို ရှောင်တိမ်းရန် လုပ်လိုက်လေသည်။ သူ အတတ်နိုင်ဆုံး ကြိုးစား ပြီးသွားလေပြီ။ သူသာ ဆက်နေလျှင် အသက် အန္တရာယ် ရှိလာပေတော့မည်။ အန္တရာယ်ရှိမှန်း သိသည့်တိုင် မိုရှောင်ချီရှေ့တွင် ရပ်ပြီး တတ်နိုင်သမျှ ကာကွယ်ပေးခဲ့သည်။ သူလုပ်ပေးခဲ့သည်မှာ လုံလောက်ပြီဟု ရန်ကိုင် ထင်ပေသည်။

“ကျွန်မ အဆင်သင့်ဖြစ်နေပြီ” မိုရှောင်ချီက ပြန်ဖြေလိုက်ပြီးနောက် သူမ လက်နှစ်ဖက်ကို ရှေ့တည့်တည့်သို့ တွန်းထုတ်လိုက်လေ၏။

ချက်ချင်းဆိုသလို သူမလက်ထဲရှိ ရေဘောလုံးဆီမှ ပင်လယ် ရေလှိုင်းရိုက်ခတ်သံများ ထွက်ပေါ်လာခဲ့ လေသည်။ ခဏအကြာတွင် ရေဘောလုံးသည် မရေမတွက်နိုင်သော အစိတ်အပိုင်းများ အဖြစ်သို့ ပေါက်ကွဲထွက်သွားလေသည်။ ထိုအစိတ်အပိုင်းများသည် မြူမှုန်များအဖြစ်သို့ ပြောင်းလဲသွားပြီး အသက်ရှိနေသည့်အလား အရှေ့သို့ ပြေးထွက်သွား၏။

ထိုမြူခိုးထုကြီးနှင့် ထိတွေ့ပြီးနောက် ရန်ကိုင့်အား အတောမသတ်နိုင်အောင် ဒုက္ခပေးနေသော မီးတောက်များအားလုံး ငြိမ်းသွားလေ၏။ ထို့နောက် မြူခိုးထုကြီးသည် မီးငှက်ဆီသို့ ရောက်လာလေသည်။ မီးငှက်အား လွှမ်းခြုံသွားပြီးနောက် မူလပုံစံ ရေဘောလုံးအဖြစ်သို့ ပြန်ပြောင်းလဲသွားလေ၏။

သို့ရာတွင် ယခုပုံစံ ရေဘောလုံးသည် မိုရှောင်ချီ လက်ထဲတွင် ရှိစဉ်က ရေဘောလုံးထက် အဆပေါင်း များစွာ ပိုကြီးပေသည်။ မီးငှက်မှာ မည်မျှပင် ရုန်းကန်နေစေကာမူ ထိုရေဘောလုံးထဲမှ မလွတ်မြောက် နိုင်ခဲ့ပေ။ မိုရှောင်ချီ မှာလည်း ထိုကဲ့သို့ လုပ်နိုင်ရန်အတွက် အတော်လေးကို အားသုံးလိုက်ရသည့် ပုံပင်။ အမောတကော အသက်ရှုသွင်းနေလေရာ သူမ၏ တောင်နှစ်လုံးပင် နိမ့်ချည် မြင့်ချည် ဖြစ်လာခဲ့လေသည်။

ဤမှော်ရတနာကို သုံးရသည်မှာ သူမအတွက်လည်း အတော်လေးကို မလွယ်သည့်ပုံပင်။ သို့ရာတွင် သူမ မည်မျှပင် ပင်ပန်းနေစေကာမူ မီးငှက်အား ဖမ်းနိုင်သည့်အတွက် ထိုက်တန်သည်ဟု ပြော၍ ရပေသည်။

“ဟဲဟဲဟဲ ငါနင့်ကိုမိပြီ ကောင်လေး။ ဒီတစ်ကြိမ် နင်ဘယ်ပြေးမလဲ ကြည့်ရသေးတာပေါ့” မိုရှောင်ချီသည် ခါးကို မတ်လျက် မီးငှက်ရှိနေရာသို့ လှမ်းကြည့်ရင်း ပြုံးကာ ပြောလိုက်လေသည်။

ထိုစဉ် ရန်ကိုင် ရုတ်တရက် မျက်နှာပျက်သွားပြီး အော်ပြောလိုက်လေ၏။

“သတိထား”

ထိုအော်ပြောလိုက်စဉ်မှာပင် ပုံရိပ်တစ်ခုသည် သူ့နောက်ဘက်တွင် ရုတ်တရက် ပေါ်လာခဲ့လေသည်။ ရန်ကိုင်လည်း အလျင်စလို ရှောင်တိမ်းလိုက်၏။ ကံကောင်းစွာဖြင့် ရန်ကိုင်မှာ အရှောင်မြန်သွားသည့် အတွက် တစ်ဖက်လူ၏ လက်ဝါးချက်သည် ရန်ကိုင့်၏ ပုံရိပ်ကိုသာ ထိမှန်သွားခဲ့လေသည်။

ရန်ကိုင့်နောက်တွင် တိတ်တဆိတ်ပေါ်လာသူမှာ အခြားမဟုတ်။ ရှုချင်းသာ ဖြစ်ပေသည်။ တစ်ချိန်ထဲတွင် ယုရို့မေသည်လည်း မိုရှောင်ချီ၏ အနောက်ဘက်တွင် ပေါ်လာပြီး သူမ ကျောပြင်အား လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။ ရက်စက် ကြမ်းကြုတ်ပြီး လောဘရိပ် တက်နေသည့် အပြုံးတစ်ပွင့်သည် ယုရို့မေ၏ မျက်နှာထက် ရှိနေခဲ့သည်။

အလစ်အငိုက် ချောင်းတိုက်ခိုက်ခံရခြင်း ဖြစ်သည့်အတွက် မိုရှောင်ချီလည်း လုံး၀ မခုခံနိုင်လိုက်ပေ။ ကြောက်လန့်တကြား အော်ဟစ်ရင်း သွေးတစ်ပွက်အန်ကာ နောက်သို့ လွင့်စင် ထွက်သွားခဲ့လေသည်။ သူမ၏ မျက်လုံးလေးများမှာတော့ မယုံကြည်နိုင်မှု အထင်းသားဖြင့်။

“အား…” မိုရှောင်ချီ၏ အော်ဟစ်သံနှင့်အတူ ယုရို့မေ၏ အော်ဟစ်သံပါ တစ်ပြိုင်တည်း ပေါ်ထွက်လာခဲ့သည်။

ပစ်မှတ်အား အောင်မြင်စွာ အလစ်ချောင်း တိုက်ခိုက်နိုင်ခဲ့သော်ငြား ယုရို့မေ ကိုယ်တိုင်သည်လည်း တန်ပြန် ရိုက်ချက်ကြာင့်လား မသိ ဒဏ်ရာရသွားခဲ့လေသည်။ ယုရို့မေ၏ မျက်နှာ တပြင်လုံး သွေးဆုတ်ဖြူလျော် သွာလေသည်။ မိုရှောင်ချီအား ရိုက်လိုက်သည့် သူမ၏ လက်ဝါး တဆစ်ဆစ် ကိုက်ခဲလာသည်ကို ခံစားလိုက်ရသည်။

ထို့ကြောင့် လက်ဝါးအား ငုံ့ကြည့်လိုက်လေရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ယုရို့မေ အလွန်ကိုမှ ထိတ်လန့် တုန်လှုပ်သွားလေ၏။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါ ဘာကြီးလဲ”

ဘယ်ချိန်ကတည်းကမှန်းမသိ သူမလက်ဝါးတွင် ထူးဆန်းသည့် အမှတ်အသားတစ်ခု ရှိနေခဲ့သည်။ ထို အမှတ်အသားမှာ အခြားမဟုတ် ခြောက်ခြားဖွယ်ရာ မျက်နှာကြီးပင် ဖြစ်လေသည်။ ထိုမျက်နှာကြီးကို ကြည့်ရင်း သူမနားထဲ အတောမသတ်နိုင်သော အော်ဟစ်သံများ ကြားယောင်နေရသလို ခံစားလာရလေသည်။

ထိုထူးဆန်းသော မျက်နှာကြီးပေါ်ရှိ မျက်လုံးများသည် ရုတ်တရက် တစ်လက်လက် တောက်ပလာခဲ့လေသည်။ ချက်ချင်းဆိုသလို ယုရို့မေးသည် ကြောက်မက်ဖွယ်ရာ တည်ရှိမှုကြီး တစ်ခုမှ သူမအား စိုက်ကြည့်လာသလို ခံစားလိုက်ရလေသည်။ ခဏတာ တိတ်ဆိတ်နေပြီးနောက်တွင် ယုရိုးမေ၏ ခန္ဓာကိုယ် တုန်ရီလာပြီး မြေပြင်ပေါ်သို့ ပျော့ခွေကျသွားလေ၏။

“ရို့မေ ဘာဖြစ်တာလဲ” ယုရို့မေး မြေပြင်ပေါ်သို့ လဲကျသွားသည်ကိုမြင်သော် ရှုချင်းက အလန့်တကြား ထအော်မေးလေ၏။

ယုရို့မေးမှာမူ အသိစိတ်မကပ်တော့သည့် လူတစ်ယောက်လို ဖြစ်နေခဲ့သည်။ တစ်ယောက်ယောက်သာ ကောင်းကင်စိတ်အာရုံကို သုံးပြီး သူမ၏ စိတ်ပင်လယ်ကို စစ်ဆေးကြည့်မည် ဆိုပါက သူမ အသိစိတ်ပင်လယ်ထဲတွင် လက်ဝါးပေါ်ရှိ မျက်နှာကြီးနှင့် ဆင်တူသော ပုံရိပ် တစ်ခုရှိနေသည်ကို မြင်တွေ့နိုင်ပေလိမ့်မည်။

ထို မျက်နှာကြီးသည် ယုရို့မေး၏ စိတ်စွမ်းအင်ကို အရူးအမူး ဝါးမြိုနေလေရာ သူမ၏ ဝိဉာဉ်စွမ်းအားပါ တစ်ဖြည်းဖြည်း ယုတ်‌လျော့လာခဲ့ရလေသည်။ တစ်ချိန်ထဲတွင် မျက်လုံးထဲရှိ အလင်းရောင်တို့မှာလည်း တဖြည်းဖြည်း မှိန်ကျ လာခဲ့လေ၏။

အလစ်ချောင်း တိုက်ခိုက်ခံလိုက်ရသော်ငြား မိုရှောင်ချီမှာ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခြင်း မရှိဘဲ ချောင်းတဟွတ်ဟွတ် ဆိုး၍ ပြန်ထလာခဲ့လေသည်။ ထို့နောက် ယုရို့မေး ဘက်သို့ လှည့်၍ နားမလည်နိုင်၊ မယုံကြည်နိုင် ဖြစ်နေသည့် လေသံဖြင့် မေးလိုက်လေသည်။

“ရှင်ဘာလို့ ကျွန်မကို အလစ်ချောင်း တိုက်ခိုက်တာလဲ”

မိုရှောင်ချီ၏ ပုံစံမှာ သရုပ်ဆောင်နေသည့်ပုံမပေါက်၊ သူမပုံစံမှာ သူမယုံကြည်ရသူ တစ်ဦး၏ သစ္စာဖောက်ခြင်း ခံလိုက်ရသည့်အတွက် အမှန်တကယ်ကို မယုံကြည်နိုင် ဖြစ်နေသည့်ပုံစံမျိုးပင်။ သူမ ၀တ်ဆင်ထားသည့် အားကောင်းသည့် အကာအကွယ် မှော်ရတနာကြောင့်သာ မဟုတ်လျှင် ယခုအချိန်လောက်ဆို မိုရှောင်ချီ တမလွန်ဘ၀သို့ ရောက်နေလောက်လေပြီ။

“နင် တစ်ကယ်တုံးတာပဲ” ရန်ကိုင်သည် မိုရှောင်ချီအား အရူးတစ်ယောက်နှယ် ကြည့်လိုက်သည်။

မိုရှောင်ချီ သည် ရန်ကိုင့်ဘက်သို့ လှည့်၍ အရည်လဲ့နေသည့် မျက်၀န်းလေးများဖြင့် မေးလိုက်လေ၏။

“ကျွန်မ ဘယ်လိုဖြစ်ပြီး တုံးသွားရတာလည်း”

ထိုအခြင်းအရာကိုကြည့်ရင်း ရန်ကိုင် သူ့နဖူးသူသာ ရိုက်လိုက်တော့သည်။ မည်သို့ ရှင်းပြရလို့ ရှင်းပြရမှန်းပင် မသိတော့ပေ။

“နင်သူ့ကို ဘာလုပ်လိုက်တာလဲ”

ယုရို့မေအား လှမ်းခေါ်နေသော်လည်း မထူးလာသဖြင့် အဆုံးတွင် ရှုချင်းသည် မိုရှောင်ချီဘက်သို့ လှည့်၍ မေးလာလိုက်လေသည်။ မိုရှောင်ချီ၏ ခန္ဓာကိုယ် တုန်ရီသွားပြီး ကြောက်လန့်နေဟန်ဖြင့် သူမလက်ကို ကမန်းကတမ်း ဝှေ့ယမ်းရင်း အလျင်စလို ပြန်ဖြေ လိုက်လေသည်။

“ကျွန်မသူ့ကို ဘာမှ မလုပ်လိုက်ဘူးနော်။ လုပ်လိုက်တာက ကျွန်မ ၀တ်ဆင်ထားတဲ့ မှော်ရတနာကလုပ်လိုက်တာ။ ကျွန်မကို လာတိုက်ခိုက်သူတိုင်း အဲ့တစ္ဆေစည်းရဲ့ တိုက်ခိုက်ခြင်း ခံရလိမ့်မယ်။ သူအခုလို ဖြစ်သွားတာက အဲ့… အဲ့တာကြောင့်”

ရန်ကိုင် ထပ်မံ မှင်သက်သွားရလေပြန်သည်။ မိုရှောင်ချီသည် တစ်ကယ်ကြီး သူမ မှော်ရတနာ၏ လျှို့ဝှက်ချက်ကို အခြားသူအား ထုတ်ပြောလိုက်ခြင်း ပေလော။ ယခုမှပဲ ဤမိုရှောင်ချီ ဆိုသော ကောင်မလေးသည် သူတို့အား လိမ်ညာ လှည့်စားရန် အယောင်ဆောင်ထားသည့် စုန်းမအိုကြီး မဟုတ်ဘဲ အမှန်တစ်ကယ်ကို တုံးအလွန်းသည့် မိန်းကလေး တစ်ဦးသာ ဖြစ်ကြောင်း နားလည်သွားတော့လေသည်။

မိုရှောင်ချီသည် တစ်ကယ်ကြီး သူမ ရုပ်ရည်က နုသလောက် အသက်ကရော ငယ်နေသလော။ ထိုအတွေး သူ့ခေါင်းထဲ ပေါ်လာသည်နှင့် ရန်ကိုင် အံအား သင့်သွားခဲ့၏။ တစ်ကယ်သာ ဖြစ်မည် ဆိုလျှင်တော့ ဤမိုရှောင်ချီဆိုသော ကောင်မလေးသည် အလွန်ကိုမှ ကြောက်မက်ဖွယ် ကောင်းရပေလိမ့်မည်။

“တစ္ဆေစည်း…” ရှုချင်း မျက်မှောင်ကြုတ်သွားခဲ့ လေသည်။

ဤကဲ့သို့သော ကျင့်စဉ်မျိုး သူတစ်ခါမှ မကြားဖူးခဲ့ပေ။ သို့သော်လည်း မကြာမီတွင် ခေါင်းကို ခါ၍ ပြန်ပြောလိုက်သည်။

“ကိစ္စမရှိဘူး။ သူမရှိတော့မှတော့ ဝေစုအားလုံးကို ငါတစ်ယောက်ထဲ ယူရတာပေါ့”

ယုရို့မေ သေသည် ရှင်သည်ကို ဂရုမစိုက်တော့ဘဲ ရှုချင်းသည် အားပါးတရသာ အော်ရယ်မော နေတော့လေသည်။ ထိုစဉ် ရန်ကိုင်က လှောင်ပြုံး ပြုံး၍ ၀င်ပြောလိုက်လေသည်။

“ရောင်ရင်းရှု မင်းဘယ်ကနေ ယုံကြည်ချက်တွေရလာတာလဲ။ ကိုယ့်အခြေအနေကိုယ် သဘောမပေါက်သေးတာလား။ ငါတို့ဘက်က နှစ်ယောက်။ မင်းက တစ်ယောက်ထဲနော်”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၇၂)

“လူပိုများတာ အသုံး၀င်မှာ မို့လို့လား” ရှချင်းက လှောင်ပြုံး ပြုံးလျက် ရန်ကိုင့်အား အထင်အမြင် တသေးဖြင့် စိုက်ကြည့်ရင်း

“အခုလောလောဆယ် မင်းတို့နှစ်ယောက် ဘယ်လောက် ခွန်အား ထုတ်သုံးနိုင်မှာမို့လို့လဲ”

သူ့အမြင်အရ ရန်ကိုင်သည် မိုရှောင်ချီ ရှေ့တွင် ကာရပ်ပြီး မီးငှက်၏ တိုက်ခိုက်မှုများကိုတရစပ် ခုခံခဲ့ရသည့်အတွက် သူ့စွမ်းအား တော်တော်များများကို ထုတ်သုံးလိုက်ရပြီးလေပြီ။

ထို့အပြင် ရန်ကိုင်သည် အနက်ရောင် မီးတောက်များ၏ လောင်ကျွမ်းခြင်းလည်း ခံလိုက်ရသေးသည်။

သူယခု အချိန်ထိ အသက်ရှင်နေသေးသည်မှာ ကံကောင်းသည်ဟု ပြော၍ရပေသည်။ မိုရှောင်ချီ ဆိုလျှင်လည်း ရေဘောလုံး မှော်ရတနာကို ထုတ်သုံးပြီးနောက် လုံး၀နီးပါးကို အားကုန်ခါနီး ဖြစ်သွားခဲ့ရသည်။ နှစ်ယောက်စလုံးသည် လက်ရှိအခြေအနေတွင် မီးစာကုန် ရေခမ်း ဖြစ်နေကြလေပြီ။

ဆက်၍တိုက်ခိုက်နိုင်သေးသည် ဆိုလျှင်ပင် သူတို့၏ ခွန်အား များများစားစားကို ထုတ်သုံးနိုင်တော့မည် မဟုတ်။ သူတို့နှင့် မတူညီစွာ ရှုချင်းမှာတော့ အကောင်းပကတိ အခြေအနေအတိုင်းပင် ရှိနေသေးသည်။ ထို့ကြောင့် နှစ်ယောက်တစ်ယောက် ဖြစ်နေသည့်တိုင် မကြောက်ခြင်းပင်။

ရန်ကိုင်ကမူ ရယ်သာ ရယ်၍ ပြန်ပြောလိုက်၏ “ရောင်ရင်းရှုက အဲ့လို ထင်နေမှတော့ စမ်းကြည့်ကြတာပေါ့”

ရန်ကိုင့်၏ ယုံကြည်ချက်ရှိနေသော အမူအရာကို မြင်သော် ရှုချင်း မျက်မှောင်ကြုတ်သွားခဲ့သည်။ အနားတွင် ရပ်နေသော မိုရှောင်ချီသည် လုံး၀ အသိစိတ်မရှိတော့သလို ဖြစ်နေသော ယုရို့မေ ကို ကြည့်ရင်း ရေရွတ်လိုက်၏။

“ဘာလို့ ငါ့ကို တိုက်ခိုက်တာလဲ”

ရန်ကိုင်က မိုရှောင်ချီဘက်သို့ လှည့်၍ လှောင်ပြောင် ပြောဆိုလိုက်သည်။

“နင် တစ်ကယ်တုံးတာပဲ။ နင့်ရတနာတွေကို သူတို့ရှေ့မှာ သွားထုတ်ပြတော့ သူတို့က တိုက်မှာပေါ့။ နင် ဒါလေးတောင် နားမလည်ဘူးလား။ ဒီလောကကြီးထဲမှာ မကျင်လည်ခင် အဲ့လို အခြေခံ အချက်လေးတွေတောင် နားလည်ထားရမယ်လို့ နင့်မိဘတွေ နင့်ကို မပြောလိုက်ဘူးလား”

“ဟင့်အင်း မပြောလိုက်ဘူး”

မိုရှောင်ချီက ခေါင်းကို အဆက်မပြတ် ခါလေသည်။ ထို့နောက် ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာဖြင့် လက်ကို ကမန်းကတမ်း ဝှေ့ယမ်း၍ “ငါ ဒီမှာ ရောက်နေတဲ့အကြောင်း ငါ့အဖေကို လုံး၀ သွားပြောလို့ မဖြစ်ဘူးနော်။ မဟုတ်ရင် သူငါ့ကို ထိုးလိမ့်မယ်”

“နင့်အဖေကိုတောင် ငါမသိတာ။ ဘယ်လိုလုပ် သွားပြောရမှာလဲ”

မိုရှောင်ချီဆီမှ ထွက်လာသည့် သူလုံး၀ မထင်မှတ်ထားသော စကားကြောင့် ရန်ကိုင် သွေးအန်လုနီးပါး ဖြစ်သွားခဲ့ရလေသည်။

“အဲ့တာလည်း ဟုတ်တာပဲ” ထိုအခါမှပဲ မိုရှောင်ချီ စိတ်သက်သာရာ ရသွားတော့သည်။

“မင်းတို့နှစ်ယောက် တော်လောက်ပြီ”

ရန်ကိုင်နှင့် မိုရှောင်ချီသည် သူ့အား ရှေ့ထားပြီး သူတို့ဘာသာ ပြောချင်တိုင်း စကားပြောနေကြသည်ကို မြင်သော် ရှုချင်း သည်းမခံနိုင်တော့ပေ။ ဒေါသတကြီးဖြင့် လှမ်းအော်ဟစ် လိုက်လေ၏။

“ရောင်ရင်းရန် မင်းမသေချင်ရင် ထွက်သွားတာ အကောင်းဆုံးပဲ။ ငါမင်းနဲ့ မတိုက်ခိုက်ချင်ဘူး”

ရန်ကိုင်က ရယ်မော၍ ရှုချင်းဘက် လှည့်ကာ ပြောလိုက်လေသည်။

“တစ်ကယ်တော့ ငါတို့ တစ်ယောက်ကို တစ်ယောက် ရန်လိုနေစရာမလိုပါဘူး။ ဒါပေမဲ့ ရောင်ရင်းရှု မင်းဘာတွေးနေလည်း ဆိုတာ ဒီရန် နားလည်ပါတယ်ကွ”

ရှုချင်း အံ့အားသင့်သွားခဲ့လေသည်။ ထို့နောက် ရန်ကိုင့်အား အံ့အားတကြီး ကြည့်၍

“ရောင်ရင်းရန်က တစ်ကယ် ဟန်ဆောင် ကောင်းတာပဲ။ ဒါပေမဲ့ အဲ့လိုဆိုမှတော့ ငါတို့ ဘာလို့ အတူတူ မပူးပေါင်းကြတာလဲ။ တစ်ယောက်တစ်၀က် ဝေစုခွဲယူကြမယ်လေ”

“မလိုဘူး” ရန်ကိုင်က ခေါင်းခါ၍ ပြန်ပြောလိုက်သည်။

“ငါက တစ်ခုခုစားရင် အမြဲ တစ်ယောက်တည်း စားရတာပဲကြိုက်တယ်။ အခြားသူတွေနဲ့ ဝေမျှ စားရတာမကြိုက်ဘူး။ ရောင်ရင်းရှု ကိုယ့်အကန့်အသတ်ကို နားလည်တယ်ဆိုရင် အခုထွက်သွားလို့ ရသေးတယ်နော်”

“ဒီလောက် အများကြီးကို တစ်ယောက်ထဲစားလို့ ဗိုက်နာမှာ ရောင်ရင်းရန် မကြောက်ဘူးလား”

“ငါက အစားကြီးတယ်လေ”

မိုရှောင်ချီသည် ရန်ကိုင်နှင့် ရှုချင်းတို့ စကားပြောနေသည်ကို ခဏကြာမျှ ငေးကြောင် ကြည့်နေပြီးနောက် ဖြတ်ပြောလိုက်လေသည်။

“နင်တို့ ဘာတွေစားဖို့ လုပ်နေကြတာလည်း။ ငါ့မှာ အသီးနည်းနည်းတော့ ပါလာတယ်။ စားဦးမလား” ပြောပြီးသည့်နောက် သူမ၏ သိုလှောင်လက်စွပ်ထဲမှ အသီးနှစ်လုံးကို ထုတ်ယူလိုက်လေသည်။

ထိုအသီးများ ပေါ်လာသည်နှင့် တပြိုင်နက် သင်းပျံ့သည့် ရနံ့တို့ လေထဲ ပျံ့လွင့်လာခဲ့သည်။ အသီးများထံမှ ထွက်ပေါ်လာနေသော စွမ်းအင် အရှိန်အဝါအရ ထိုအသီးများမှာ သာမန်အသီးများ လုံး၀ မဟုတ်ကြဘဲ ရှားပါး ရတနာများသာ ဖြစ်ကြလေသည်။

“နင်စကား မပြောရင် ဘယ်သူကမှ နင့်ကို ငအလို့ ထင်မှာမဟုတ်ဘူး” ရန်ကိုင် မိုရှောင်ချီအား ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။

မိုရှောင်ချီ ငိုမဲ့မဲ့ဖြစ်သွားလေ၏။

“ဟမ့် ရောင်ရင်းရန် မင်းက အဲ့လိုပြောနေမှတော့ ဆက်ပြီး ဆွေးနွေးစရာ မလိုတော့ဘူးပေါ့” ရှုချင်းသည် တံတွေးတစ်လုပ် မြိုချရင်း ပြန်ပြောလိုက်လေသည်။

မိုရှောင်ချီ သူမ၏ သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလာသည့် ပစ္စည်းမှန်သမျှသည် ရှုချင်း၏ လောဘကို ပိုပို၍ တိုးပွားလာစေခဲ့သည်။ ယခုဆိုလျှင် မိုရှောင်ချီ၏ လက်စွပ်ထဲ အလွန့်အလွန်ကိုမှ အဖိုးတန်သည့် ရတနာများ ရှိနေလိမ့်မည်ဟု ရှုချင်းပို၍ ယုံကြည်လာခဲ့လေပြီ။ သူသာမိုရှောင်ချီ၏ လက်စွပ်ကို ရယူနိုင်မည် ဆိုပါက သူ့တစ်သက် ကျင့်ကြံရေး အရင်းအမြစ် မလုံလောက်မည်ကို လုံး၀ စိုးရိမ်စရာ လိုတော့လိမ့်မည် မဟုတ်ချေ။

“ရောင်ရင်းရှု ငါ့ကို တိုက်ခိုက်လိုက်ကတည်းက ဘာမှကို ဆွေးနွေးနေစရာ မလိုတော့တာ” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“ကောင်းပြီလေ အဲ့လိုဆိုမှတော့ ရောင်ရင်းရန် လေလုံးပဲထွားနေတာလား။ တစ်ကယ်လုပ်နိုင်လို့ ပြောနေတာလား။ ဒီရှု စမ်းသပ်ကြည့်ရသေးတာပေါ့”

အသံဆုံးသွားသည်နှင့် ရှုချင်း ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းတို့ ပေါက်ကွဲ ထွက်လာခဲ့လေသည်။ တစ်ချိန်ထဲတွင် သူ့ခန္ဓာကိုယ်မှာ လျှင်မြန်စွာ ဖောင်းကား လာခဲ့လေ၏။ သူ့ခန္ဓာကိုယ် အပေါ်ပိုင်းရှိ အ၀တ်အစားများ စုတ်ပြဲထွက်ကုန်ပြီး တစ်ချိန်ထဲတွင် မရေမတွက်နိုင်သော ရွှေရောင် အမွှေးအမျှင်များ ရှုချင်း၏ အရည်ပြားပေါ်တွင် ပေါ်ထွက်လာခဲ့လေသည်။

အသက် သုံးရှိုက်စာအတွင်း ရှုချင်းသည် ခါးကိုင်းကိုင်း၊ လက်မောင်းရှည်ရှည်နှင့် သွေးနီရောင် မျက်လုံးများကို ပိုင်ဆိုင်ထားသည့် ငါးမီတာ မြင့်မားသော တစ်ကိုယ်လုံး ရွှေရောင် အမွှေးအမျှင်များဖြင့် ပြည့်နှက်နေသည့် ဧရာမ ရွှေရောင် မျောက်ဝံကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

ရှုချင်း ပြောင်းလဲသွားသည့်ပုံကို မြင်ပြီးနောက် ရန်ကိုင် အလွန်ကိုမှ ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။ ဤသည်မှာ သူ့ဘ၀တွင် ပထမဦးဆုံး အကြိမ်အဖြစ် ဤကဲ့သို့သော ကျင့်စဉ်မျိုးကို မြင်ဖူးခြင်း ဖြစ်သည်။ သူနေထိုင်ရာ ကြယ်စီရင်စုကြီးထဲတွင် ကျင့်ကြံသူ တစ်ဦးအား မွန်းစတား သားရဲတစ်ကောင်သို့ ပြောင်းလဲပေးနိုင်သည့် ကျင့်စဉ်မျိုး မရှိပေ။

ဤအခြင်းအရာကို ကြည့်ရုံဖြင့်ပင် ကြယ်တာရာ အစုအဝေးသည် ကြယ်စီရင်စုကြီးထက် ကျင့်ကြံခြင်းအရာ၌ မည်မျှ ရှေ့ပိုရောက်နေကြောင်းကို မြင်တွေ့နိုင်ပေသည်။ သို့သော်လည်း ရန်ကိုင်မှာတော့ ရှုချင်း၏ လုပ်ရက်နှင့် ပတ်သတ်၍ ပို၍ အံအားသင့်နေရသည်။

ရှုချင်းသည် အစောပိုင်းက အလွန်အန္တရာယ်များသည့် အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရသော်လည်း ဤတိုက်ကွက်ကို ဖုံးကွယ်ထားခဲ့သည်။ ယခု ရန်ကိုင်နှင့် ရင်ဆိုင်ရသည့် အခါမှ ဤတိုက်ကွက်ကို ထုတ်သုံးလာခဲ့လေသည်။

“သားရဲဝိဉာဉ် ပေါင်းစပ်ခြင်းလား။ ရွှေမျောက်ဝံလား”

ဘေးနားတွင် ရပ်နေသော မိုရှောင်ချီသည် အလန့်တကြား ဆိုလိုက်လေသည်။ ထို့နောက်တွင် သူမ မျက်လုံးလေးများ ကတုန်ကယင် ဖြစ်လာပြီး ရန်ကိုင် မထင်ထားသည့် လုပ်ရက်တစ်ခုကို လုပ်လိုက်၏။ တစ်ကိုယ်လုံး ၀တ်စလစ် ဖြစ်နေသော ရှုချင်း၏ ခန္ဓာကိုယ်ကို မကြည့်ရဲသည့်အလား သူမ၏ လက်ကလေးများကို မြှောက်၍ မျက်လုံးများကို ဖုံးကွယ်လိုက်ခြင်းပင်။

“ဒီအရူးမနဲ့ကတော့ကွာ” ရန်ကိုင် လုံး၀ကို ဆွံအသွားခဲ့လေသည်။

ရှုချင်းနှင့် တိုက်ပွဲတွင် မိုရှောင်ချီဆီမှ မည်သည့်အကူအညီကိုမှ ရနိုင်တော့မည် မဟုတ်မှန်း ရန်ကိုင် နားလည်သွားခဲ့သည်။ ထိုစဉ် အတောအတွင်း သူ၏ ဝှက်ဖဲကို ထုတ်သုံးလိုက်သော ရှုချင်းသည် ရွှေရောင်အလင်းတန်း အသွင်သို့ ပြောင်းကာ မာန်သွင်း အော်ဟစ်လိုက်ရင်း ရန်ကိုင့်ဆီသို့ ရွှေရောင်အလင်းတန်း အသွင်ပြောင်းကာ ပြေး၀င်လာခဲ့လေသည်။

လှည်းယဉ် တစ်စီးစာထက် ပိုမိုကြီးမားသော၊ တောင်များကိုပင် ခြေမွပစ်နိုင်သော လက်သီး တစ်လုံးသည် အရှိန်အဟုန် ပြင်းစွာဖြင့် ရန်ကိုင့်ဆီသို့ တိုး၀င်လာခဲ့လေ၏။

“မြန်လိုက်တာ”

ရှုချင်းသည် လွယ်ကူသည့် ပြိုင်ဘက် မဟုတ်မှန်း ရန်ကိုင် နားလည်သွားခဲ့သည်။ အသက်ကို ဖြည်းဖြည်းချင်း ရှုသွင်းလျက် စိတ်ကို တည်ငြိမ်အောင် လုပ်ပြီးနောက် ရှုချင်း၏ လက်သီးကို သူ့လက်သီးဖြင့် ပြန်တွေ့ပေးလိုက်လေသည်။ ထိုစဉ် ရှုချင်း၏ မျက်လုံးထဲ လှောင်ပြောင်ရိပ်တို့ ဖြတ်ပြေးသွား၏။

လှောင်ပြုံးပြုံးလျက် ရှုချင်းက ပြောလိုက်လေသည်။

“ငါ့လက်သီးကို မင်းလက်သီးနဲ့ တားချင်နေတာလား။ တစ်ကယ် ရူးတဲ့ကောင်”

ဘုန်း…

ပေါက်ကွဲသံ အကျယ်ကြီးနှင့်အတူ ရန်ကိုင်၏ ခန္ဓာကိုယ် တစ်၀က်သည် မြေကြီးထဲသို့ ကျွံ၀င်သွားခဲ့လေသည်။ ရှုချင်း၏ ခန္ဓာကိုယ်ကြီး မှာတော့ အနောက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားပြီး အနောက်သို့ လွင့်စင် ထွက်ခါနီး ဖြစ်သွားရသည်။

ရန်ကိုင်၏ ခွန်အားသည် ဤမျှ အားကောင်းလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် ရှုချင်း အလွန်ကိုမှ အံအားသင့်သွားခဲ့ရလေသည်။ သို့ရာတွင် မြေပြင်ပေါ်၌ ခြေငြိမ်အောင် ရပ်ပြီးနောက် နောက်လက်သီးတစ်လုံးကို ဥက္ကာခဲတစ်လုံးကျဆင်း လာသည့် အရှိန်အဟုန်ဖြင့် ရန်ကိုင့်ပေါ်သို့ ထုချလိုက် လေသည်။

ရန်ကိုင့်၏ ခန္ဓာကိုယ်တစ်၀က်မှာ မြေကြီးထဲ နစ်မြုတ်နေသဖြင့် ထိုလက်သီးချက်ကို မရှောင်နိုင်တော့ပေ။ ရွေးချယ်စရာ မရှိတော့သည့် အဆုံး လက်နှစ်ဖက်ကို မြှောက်ပြီးတော့သာ သူ့ကိုယ်သူ ခုခံလိုက်ရသည်။ ပေါက်ကွဲသံ အကျယ်ကြီးနှင့်အတူ ရန်ကိုင့်၏ ခန္ဓာကိုယ် တစ်ခုလုံး မြေကြီးထဲ ကျွံ၀င်သွားခဲ့ပြီး သူ့ခေါင်းတစ်၀က်သာ မြေပြင်ပေါ် ကျန်ရစ်တော့သည်။

ရှုချင်းသည် ရန်ကိုင့်အား မြေကြီးထဲသို့ ရိုက်ထည့်ပြီးနောက် သူသေသည် ရှင်သည်ကို ဂရုမစိုက်တော့ဘဲ မိုရှောင်ချီ ‌ဆီသို့သာ ပြေး၀င် သွားလေသည်။ သူ့တွင် ရန်ကိုင်နှင့် ယှဉ်တိုက်နေ၍ ဘာအကျိုးအမြတ်မှမရှိ။ မိုရှောင်ချီ၏ သိုလှောင်လက်စွပ်ကို ယူနိုင်လျှင် သူ့အစီအစဉ်မှာ အောင်မြင်သွားပြီဟု ပြော၍ ရပေသည်။

မိုရှောင်ချီမှာမူ အန္တရာယ် သူ့‌ဆီသို့ ချည်းကပ်လာနေသည်ကို သတိမပြုမိဘဲ လက်ဖြင့်သာ မျက်လုံးများကို အုပ်ထားခဲ့သည်။ သူမ မျက်နှာ တစ်ပြင်လုံး နီရဲတက်နေပြီး နားသီးဖျား လေးများပင် နီစွေးစွေး ဖြစ်နေခဲ့လေသည်။

အပျို ဖြန်းဖြန်းလေး ဖြစ်သော မိုရှောင်ချီသည် ခန္ဓာကိုယ် အပေါ်ပိုင်း ဗလာကျင်းနေသော ရှုချင်း၏ ခန္ဓာကိုယ်ကိုပင် မကြည့်ရဲလေရာ ယခုကဲ့သို့ တစ်ကိုယ်လုံး ဝတ်လစ်စလစ်နီးပါး ဖြစ်နေသည့် ရှုချင်းပုံစံကို မည်သို့များ ကြည့်ရဲဦးမည်နည်း။

“ငါ တစ်ကယ်ကြီး မြင်လိုက်တယ်။ ငါတစ်ကယ်ကြီး မြင်လိုက်တယ်။ ငါမျက်စိတော့ ကန်းမသွားပါဘူးနော် ဟုတ်တယ်မလား” ဒေါ်လေးဖုန်း အ‌မြဲလိုလို ပြောလေ့ရှိသော စကားတစ်ခွန်း သူမ၏ နားထဲ ပဲ့တင် ထပ်လာခဲ့လေသည်။

ယောင်္ကျားတွေရဲ့ ရုပ်ဆိုးတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကို ဘယ်တော့မှ မကြည့်နဲ့။ ကြည့်ရင် မျက်စိကန်းသွားလိမ့်မယ် ဟူသော စကားပင်။

ဒေါ်လေးဖုန်း ပြောသွားသည့် ထိုစကားကို မိုရှောင်ချီ ကွက်ကွက်ကွင်းကွင်း မှတ်မိ နေပေသေးသည်။ ထိုစဉ်က ဒေါ်လေးဖုန်း၏ အမူအရာမှာ အလွန်ကိုမှ လေးနက် တည်ကြည်နေခဲ့သည်။ ထို့ကြောင့် သူမပြောသည်မှာ အမှန် ဖြစ်သည်ဟု မိုရှောင်ချီလည်း အတည်ယုံသွားခဲ့ပေသည်။

ရှုချင်းမှာ အလွန်ကိုမှ မြန်ဆန်ပေသည်။ မျက်တောင် တစ်ခပ်အတွင်း မိုရှောင်ချီဘေးနားသို့ ရောက်လာခဲ့သည်။ သူမကိုယ်သူမ လုံး၀ ကာကွယ်ခြင်း မရှိဘဲ မျက်လုံးကို လက်ဖြင့် အုပ်ထားသော ထုံအအ ကောင်မလေးကို ကြည့်ရင်း ရှုချင်း ပြုံးဖြီးဖြီး ဖြစ်သွားခဲ့သည်။

ထို့နောက်သူ့လက်ကို ဆန့်ထုတ်၍ မိုရှောင်ချီ၏ သိုလှောင်လက်စွပ်ကို လှမ်းယူလိုက်လေသည်။ ယုရို့မေ ထံမှ သင်ခန်းစာယူပြီးနောက်တွင် ရှုချင်းသည် မိုရှောင်ချီကို မတိုက်ခိုက်ရဲတော့ပေ။

သူမတွင် အခြား မည်ကဲ့သို့သော မှော်ရတနာများ ရှိနေသေးမှန်း မည်သူမှ မသိချေ။ သူသာ တိုက်ခိုက်လိုက်ပါက ယူရို့မေး၏ လမ်းစဉ်နောက် လိုက်ကောင်း လိုက်သွားရပေလိမ့်မည်။

သူ့ပန်းတိုင်မှာ မိုရှောင်ချီ၏ လက်စွပ်သာ ဖြစ်သည်။ သို့သော်လည်း သူ့လက်မှာ မိုရှောင်ချီနှင့် တစ်မီတာ အကွာခန့်သို့ ရောက်ခါနီးတွင် မိုရှောင်ချီ ၀တ်ဆင်ထားသည့် နားကပ်နှစ်ခုသည် တစ်လက်လက် တောက်ပကာ အလင်းတန်းနှစ်ခု ရုတ်တရက် ပေါ်လာပြီး ရှုချင်းဆီသို့ လေးကိုင်းမှ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းနှယ် တိုး၀င်လာခဲ့လေသည်။

မမျှော်လင့်ထားသည့် တန်ပြန် တိုက်ကွက်ကြောင့် ရှုချင်း၏ မျက်လုံးများ မှေးစင်းသွားပြီး သူ့တစ်ကိုယ်လုံးရှိ ရွှေရောင် အမွှေးအမျှင်များ ထောင်တက်သွားခဲ့သည်။ ရှုချင်း၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး မိုရှောင်ချီနားသို့ မကပ်ရဲတော့ဘဲ ချက်ချင်း ပြန်ဆုတ်ခွာ လာလေသည်။

အလင်းတန်းနှစ်ခုမှာမူ ရပ်တန့်သွားခြင်းမရှိဘဲ ရှုချင်း၏ ဘယ်နှင့် ညာမှ ဆက်လက် တိုး၀င်လာခဲ့လေသည်။ သေရေး ရှင်ရေး အခြေအနေနှင့် ကြုံတွေ့လာရသော် ရှုချင်းသည် မာန်သွင်း အော်ဟစ်လိုက်လေသည်။ သူ့ ခန္ဓာကိုယ် တစ်ခုလုံး ရွှေရောင် တလက်လက် တောက်ပလာပြီး မူလ ခန္ဓာကိုယ်ကြီးမှာ ပို၍ ကြီးမားလာသယောင် ထင်ရလေသည်။

ဖောက်…ဖောက်

မြည်သံနှစ်ခုနှင့်အတူ ရှုချင်း ခန္ဓာကိုယ်တွင် ၀န်းရံနေသော ရွှေရောင်အကာအကွယ် တမဟုတ်ချည်း ထိုးဖောက်ခံလိုက်ရလေသည်။ ရှုချင်းလည်း ဒယီးဒယိုင် ဖြစ်သွားလေသည်။ ထို့နောက် အလင်းတန်းနှစ်ခုသည် မိုရှောင်ချီ၏ နားကပ်များဆီသို့ အလျှင်အမြန် ပျံသန်းသွားလေ၏။

လက်ရှိတွင် ရှုချင်း၏ ၀မ်းဗိုက်တွင် သွေးများ တရဟော စီးကျနေသည့် အပေါက်ကြီးတစ်ပေါက် ရှိနေခဲ့သည်။ ကြောက်ကြောက် လန့်လန့်ဖြင့် ရှုချင်းသည် သူ၏ ချီကို လှည့်ပတ်၍ သွေးထွက်လွန် နေသည်ကို တားဆီးရန် ကြိုးစားလိုက်လေသည်။

ထို့နောက် သူ့ရှေ့တွင် ရှိနေသာ ကောင်မလေးအား အလွန်ကိုမှ မယုံကြည်နိုင်ဟန်ဖြင့် လှမ်းကြည့်လိုက်သည်။

ဤကောင်မလေးသည် တစ်ချက်မှ သူတို့အား တန်ပြန်မတိုက်ခိုက်ခဲ့သည့်တိုင် သူမ၀တ်ဆင်ထားသည့် မှော်ရတနာများသည် သူတို့အား ဆိုးဆိုးရွားရွား ထိခိုက်သွားအောင် တိုက်ခိုက်နိုင်ခဲ့ပေသည်။ ယုရို့မေး သေသွားသည်မှာ အထူးအဆန်း မဟုတ်တော့။

“နင် ဘယ်သူလဲ” ရှုချင်း အော်ဟစ် မေးလိုက်၏။

ယခုအချိန်ထိပင် မိုရှောင်ချီ၏ နောက်ခံမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ရာကောင်းကြောင်း မသိလျှင်တော့ သူသည် တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူတစ်ဦး လုပ်မနေသင့်တော့ပေ။ မိုရှောင်ချီ၏ စည်းစိမ်အပေါ် စုံလုံးကန်းပြီး တက်မက်မိသည်ကိုပင် နောင်တရလာခဲ့လေသည်။

မိုရှောင်ချီသည် တစ်ကယ့် ပညာရှင်တစ်ဦး၏ မျိုးဆက်တစ်ယောက်သာ ဖြစ်ရပေလိမ့်မည်။ ထိုကဲ့သို့သော လူတစ်ယောက်အား သွားပြဿနာ ရှာမိပါက ပြဿနာအား လက်စတုံး နိုင်လျှင် အဆင်ပြေပေသည်။ ထိုသို့သာ မဟုတ်ဘဲ ထိုကဲ့သို့သော လူတစ်ယောက်အား သွားပြဿနာ ရှာသည်သာ သတင်းပေါက်ကြားသွားမည် ဆိုပါက သူ့တစ်ဘ၀လုံး ခွေးပြေး၀က်ပြေး ထွက်ပြေးရင်းသာ အချိန်ကုန်ဆုံးရပေတော့မည်။

သူသာ မိုရှောင်ချီ၏ အကြီးအကဲများ လက်ထဲသို့ ရောက်သွားပါက သေဆုံးခြင်းသည်သာ အကောင်းဆုံး မျှော်လင့်ချက်တစ်ခု ဖြစ်လာပေလိမ့်မည်။ သို့သော်လည်း ထွက်ပြီး ဆင်စွယ် ပြန်၀င်ရိုးမရှိ။ ထွေးပြီးသား တံတွေး ပြန်မျိုချ၍ မရပေ။ နောင်တရနေ၍လည်း အသုံးမ၀င် တော့သဖြင့် မျက်မြင်သက်သေအား နှုတ်ပိတ်ရန်သာ ကြိုးစားရပေတော့သည်။

သူအတွေးထဲ နစ်မြောနေစဉ်မှာပင် သူ့နောက်ဘက်မှ အားကောင်းလှသည့် သတ်ဖြတ်လိုစိတ်တစ်ခု ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရသည်။ ရှုချင်း ထိတ်လန့်တုန်လှုပ်သွားပြီး အနောက်သို့ လှည့်ကြည့်လိုက်ရာ သူ့ဆီသို့ ဒေါသတကြီး ပြေး၀င်လာနေသော ရန်ကိုင်ကို တွေ့လိုက်ရပေသည်။ အရောင်ငါးရောင်ဖြင့် တစ်လက်လက် တောက်ပနေသော ရန်ကိုင့် လက်သီးမှာ သူ့ကိုပင် အနည်းငယ် တုန်ရီသွားစေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၇၃)

ရွှေမျောက်ဝံအကြောင်း ဘာမှ သိမထားသည့်အတွက် ရန်ကိုင်သည် မျောက်ဝံတစ်ကောင်ပုံစံပေါက်နေသော ရှုချင်း၏ ခွန်အားကို အထင်သေးမိသွားခဲ့လေသည်။

ရွှေမျောက်ဝံသည် ရှေးခေတ်အခါများတွင် သူ၏ အားကောင်းသည့် ရုပ်ခွန်အားကြောင့် ကျော်ကြားသည့် သားရဲတစ်ကောင်ဖြစ်သည်ဆိုသော အချက်ကိုသာ သိထားခဲ့လျှင်တော့ ယခုကဲ့သို့ မဆင်မခြင် လုပ်မိမည် မဟုတ်သလို မြေကြီးထဲသို့ ကျွံဝင်သွားအောင်လည်း ထောင်းချခံခဲ့ရလိမ့်မည် မဟုတ်ချေ။

ရွှေမျောက်ဝံများသည် တောင်များကိုပင် အလွယ်တကူ မပစ်နိုင်သော သားရဲများ ဖြစ်ကြသည်။

ကံကောင်းစွာဖြင့် ရန်ကိုင်မှာ အတော်လေးကိုမှ အရေထူသူဖြစ်လေရာ နည်းနည်းလောက် ရှက်သွားရုံမှအပ မည်သည့် ဒဏ်ရာမှတော့ ရသွားခြင်း မရှိခဲ့ပေ။ ဒဏ်ရာမရသော်လည်း ဒေါသတော့ အလွန်ကို ထွက်သွားခဲ့ပေသည်။

ရန်ကိုင်သည် မရေမတွက်နိုင်သော ဟင်းလင်းပြင် အက်ကွဲကြောင်းငယ်လေးများဖြင့် ပြည့်နှက်နေသော သူ၏ နယ်ပယ်စက်ကွင်းဖြင့် ရှုချင်းအား ဖိနှိပ်တော့လေသည်။ တစ်ဆက်တည်းတွင် လဓါးသွားများကိုပါ ရှုချင်းဆီသို့ ပစ်ထည့်လိုက်လေသည်။

ရန်ကိုင်၏ နယ်ပယ်စက်ကွင်းသက်သက်နှင့်ပင် အလွန့်ကိုမှ မရှုမလှ ဖြစ်နေသည်ကို ရန်ကိုင်က လဓါးသွားများကိုပါ ထပ်မံ ပစ်လွှတ်လိုက်သည်ကို မြင်သော် ရှုချင်း၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားလေ၏။

ထို့ကြောင့် ဝမ်းဗိုက်အောက်ပိုင်း ဒဏ်ရာရထားလင့်ကစား ကောင်းကင်ပေါ်သို့မော့၍ ဟိန်းဟောက်မာန်ဖီလိုက်လေသည်။ သူ့ကိုယ်ပေါ်ရှိ ရွှေရောင်အမွှေးအများသည် စတီးဆူးချွန်များနှယ် ထောင်တက်လာခဲ့သည်။ ထိုဆူးချွန်းများ၏ အားကိုးဖြင့် ရှုချင်းသည် ရန်ကိုင်၏ နယ်ပယ်စက်ကွင်းဖိအားမှ ရုန်းထွက်လိုက်လေသည်။

ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် တိုးဝင်လာသော လေဓါးသွားများ၏ စွမ်းအားမှ ပြင်းထန်သော်ငြား ပစ်မှတ်ကိုတော့ ထိသွားခဲ့ခြင်း မျိပေ။

ရှုချင်း ရှိနေသည့်နေရာဆီသို့ လှည့်ကြည့်လိုက်သည့် အခါ မည်သည့်အချိန်ကတည်းကမှန်းမသိ ရှုချင်း၏ လက်ထဲ ပုဆိန်ကြီးတစ်လက် ရောက်နေသည်ကို တွေ့လိုက်ရသည်။ လက်ရှိတွင် ရှုချင်းသည် ထိုပုဆိန်ကို မြှောက်ကာ ရန်ကိုင်ပေါ်သို့ ခုတ်ချလာနေခဲ့လေသည်။

ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင်သည် သူ၏ ဒြပ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီကို ချက်ချင်း အသက်သွင်းလိုက်၏။ တစ်ချိန်တည်းတွင် နဂါးအသွင်ပြောင်းကျင့်စဉ်ကို အသက်သွင်း၍ ညာဘက်ကို နဂါးလက်သည်းအဖြစ်သို့ ပြောင်းလဲကာ ပုဆိန်တည့်တည့်သို့ ထိုးချလိုက်လေသည်။

ရန်ကိုင်၏ လက်သီးနှင့် ပုဆိန်တို့ ထိပ်တိုက် တွေ့ဆုံသွား၏။ တောင်နှစ်လုံး အရှိန်အဟုန်ပြင်းစွာ ဝင်ဆောင့်ကြသည့်အလား ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားခဲ့လေသည်။

“ဘယ်လိုဖြစ်သွားတာလဲ”

ရှုချင်း၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွား၏။ သူ့ပုဆိန်နှင့် တိုက်ခိုက်လိုက်ရသည့်တိုင် ရန်ကိုင်မှာ ဘာမှ ဖြစ်မသွားခဲ့ဘဲ သူ့ပုဆိန်သာ လွင့်စင်ထွက်သွားခဲ့ရသည်။ ရန်ကိုင်သည် ရှုချင်း၏ တိုက်ကွက်ကြောင့် အနည်းငယ်သာ နောက်သို့ ဆုတ်သွားခဲ့ရပြီး ချက်ချင်း ပြန်ပြေးဝင်လာ၏။

ရှုချင်း ထုတ်သုံးသွားသည့် တိုက်ကွက်သည် သေချာ ပြင်ဆင်ထားသည့် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူများကိုပင်လျှင် ဒဏ်ရာရသွားအောင် လုပ်နိုင်ပေသည်။ သို့ရာတွင် ရန်ကိုင်မှာတော့ မည်သည့်ဒဏ်ရာမှ ရသွားခဲ့ခြင်းမရှိ။

‘ဒီကောင် ဘယ်လောက်တောင် အားကောင်းနေတာလဲ’

သို့ရာတွင် ရှုချင်းမှာ ကြောက်လန့်သွားခြင်းမရှိဘဲ ဒေါသတကြီး‌ အော်ဟစ်ရင်းဖြင့်သာ ရန်ကိုင်ဆီသို့ ပြန်လည် တိုးဝင်သွားခဲ့လေသည်။

ဤသို့ဖြင့် လုံးထွေးသတ်ပုတ်ပွဲကြီးမှာ စတင်တော့လေ၏။ သို့သော်ငြား တိုက်ပွဲအစကတည်းက ရှုချင်းမှာ အောက်စည်းသို့ ရောက်နေခဲ့လေသည်။ တိုက်ပွဲချိန် ကြာလာသည်နှင့် ရန်ကိုင်မှာ ပိုပို၍ ရက်စက်ကြမ်းကြုတ်လာခဲ့သည်။

‘ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်နေရတာလဲ၊ ရွှေမျောက်ဝံ အသွင်ကို ပြောင်းထားတာတောင် ဘာလို့ သူ့ကို မနိုင်သေးတာလဲ။ ဖြစ်နိုင်တာက… သူ့အရင်းအမြစ်ချီများ…’

ရှုချင်းမှာ ရန်ကိုင် ထုတ်ပြသွားသည့် ခွန်အားကြောင့် အလွန်ကိုမှ ထိတ်လန့်နေမိသလို မယုံသင်္ကာလည်း ဖြစ်နေခဲ့၏။ ထိုကဲ့သို့သော အတွေးများ သူ့ခေါ်ထဲ ပေါ်လာသည်နှင့် သူ့စိတ်ထဲ ကြောက်ရွံ့စိတ်တို့ စတင် ထွက်ပေါ်လာခဲ့လေသည်။

ရှုချင်းမှာ ရန်ကိုင်နှင့် တိုက်ခိုက်ရာတွင် အဘက်ဘက်မှ ဖိနှိပ်ခံထားရပြီး ဒဏ်ရာအသစ်များ တစ်ခုပြီးတစ်ခု အဆက်မပြတ် ရလာနေခဲ့လေသည်။

လက်ဖက်ရည်ခွက်တစ်ဝက်ခန့်ကြာအောင် တိုက်ခိုက်လာပြီးနောက် သူသာ ဤအတိုင်း ဆက်ပြီး တိုက်ခိုက်နေဦးမည်ဆိုလျှင် အနှေးနှင့်အမြန်ဆိုသလို ရန်ကိုင်၏ လက်ချက်ကြောင့် သေရလိမ့်မည်မှန်း နားလည်သွားခဲ့လေသည်။ ထို့ကြောင့် မည်ကဲ့သို့ ထွက်ပြေးလျှင်ကောင်းမလဲ စတင် စဉ်းစားတော့လေ၏။

ထိုအချိန်မှာပင် တစ်ခုခု ပျက်စီးသွားသည့်အသံနှင့်အတူ လေတိုးသံများ အော်ရယ်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည် “ကောင်းကင်က ငါ့ကို တကယ်ကြီး ကောင်းချီးပေးနေတာပဲကွ”

ထိုအသံဆုံးသွားသည်နှင့် ပျံသန်းရေး သင်္ဘောစင်း ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထိုသင်္ဘော၏ ကုန်းပတ်ပေါ်တွင် အားကောင်းသည့် အရှိန်အဝါကို ထုတ်လွှတ်နေသော လူရှစ်ဦး ရှိနေခဲ့သည်။ ထိုရှစ်ဦးအဖွဲ့ကို ဦးဆောင်လာသည့်လူမှာ လက်ရှိ ရေဘောလုံးထဲ ပိတ်မိနေသော မီးငှက်ကို စိုက်ကြည့်နေသည့် လူအိုကြီး တစ်ဦးပင် ဖြစ်လေသည်။

ထိုအဖွဲ့ ရုတ်တရက် ပေါ်လာသည်ကို မြင်သည့်အခါ ရန်ကိုင်နှင့် ရှုချင်းတို့ နှစ်ဦးစလုံး တိုက်ခိုက်နေသည်ကို ချက်ချင်း ရပ်တန့်လိုက်ကြလေသည်။

ထို့နောက်တွင် ရန်ကိုင်သည် မိုရှောင်ချီဘေးတွင် ပြန်ပေါ်လာပြီး မျက်မှောင်ကြုတ်၍ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ တစ်ချိန်တည်းတွင် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။

ထိုသို့ စစ်ဆေးကြည့်လိုက်သည့်အခါမှပဲ အစောပိုင်းက မီးငှက်၏ အော်ဟစ်သံကြောင့်လားမသိရာ ကျင့်ကြံသူများစွာ သူတို့ဆီသို့ အလောတကြီး လာနေသည်ကို တွေ့ရှိလိုက်ရလေသည်။

ပိုဆိုးသည်မှာ သူတို့ဆီသို့ ပထမဆုံး ရောက်လာသည့် အဖွဲ့ကို ဦးဆောင်နေသည့် လူအိုကြီးမှာ တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခြင်းပင်။

လူအိုကြီး၏ စကားသံ ဆုံးသွားပြီး မကြာခင်မှာပင် ကျောင်းတော်သားပုံစံ ဝတ်စားထားသည့် သက်လတ်ပိုင်း လူကြီးတစ်ဦး ရုတ်တရက် ပေါ်လာခဲ့လေသည်။ ထိုလူသည် ရောက်သည်နှင့် လှောင်ပြုံးပြုံး၍ ပြောလိုက်လေ၏ “သက်ကြားအိုကြီးကျို၊ မင်းက တကယ် မြန်တာပဲကွ”

ထိုစကားကိုကြားသည့်အခါ လူအိုကြီးက မျက်နှာကြီးမဲ့၍ သက်လတ်ပိုင်းလူကြီးဘက်သို့လှည့်ကာ ပြန်ပြောလိုက်လေသည် “ချန်ရှီချီ၊ မင်းလည်း ရောက်နေတာလား”

ချန်ရှီချီဆိုသည့် သက်လတ်ပိုင်းလူကြီးက ပြုံးလျက် ပြန်ပြောလိုက်၏ “မင်းတောင် ရောက်လာနိုင်သေးတာက ငါကကော ဘာလို့ မလာနိုင်ရမှာလဲ”

“ငါတို့ မီးတောက်ကျောင်းတော်ကလည်း ဒီပွဲမှာ ဝင်ပါချင်တယ်ကွ။ လူအိုကြီးကျို၊ မင်းမငြင်းဘူးမလား” သူတို့နှစ်ဦး ငြင်းခုံနေစဉ်မှာပင် အခြားတစ်ဖက်ဆီမှ အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ လူထွားကြီး တစ်ဦးသည် ကျားပုံစံ မြင်းရထားတစ်စီးကို စီးနင်း၍ သူတို့ဆီသို့ လာနေခဲ့လေသည်။

မီးတောက်ကျောင်းတော်မှ လူဆိုသည့်အတိုင်းပင်… ထိုလူကြီးသည် မီးဓါတ်အရှိန်အဝါကို ထုတ်လွှတ်နေရုံမက သူ့ဆံပင်နှင့် မုတ်ဆိတ်မွှေးများသည်ပင် မီးနီရောင် ဖြစ်နေခဲ့လေသည်။

“ဟန့်” မီးတောက်ကျောင်းတော်မှ ထိုလူကို မြင်သည့်အခါ လူအိုကြီးကျိုနှင့် ချန်ရှီချီတို့ နှစ်ဦးစလုံး အသီးသီး နှာခေါင်းရှုံ့လိုက်ကြလေသည်။

“တာအိုသခင်သုံးယောက်တောင်လား” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ တစ်ဖက်လူ၏ ခွန်အားကို သေချာမပြောနိုင်သော်ငြား သူခန့်မှန်းရသလောက်တော့ လူအိုကြီးကျိုနှင့် ချန်ရှီချီသည် တာအိုသခင်ပထမအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး မီးတောက်ကျောင်းတော်မှ လူထွားကြီးကမူ တာအိုသခင်ဒုတိယအဆင့် ဖြစ်လောက်၏။

ထို့ကြောင့် သက်လတ်ပိုင်းလူကြီး ပေါ်လာသည်နှင့် လူအိုကြီးကျိုနှင့် ချန်ရှီတို့ နှစ်ဦးစလုံး တစ်ဦးနှင့်တစ်ဦး ငြင်းခုံမနေကြတော့ဘဲ လူထွားကြီးကိုသာ သတိ တကြည့်ကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။

“ကျောင်းသခင်လော့ကိုယ်တိုင် ရောက်လာမယ်လို့ မထင်ထားဘူး။ ကျောင်းသခင်လော့ မီးတောက်ကျောင်းကို အုပ်ချုပ်နေရတာနဲ့ အလုပ်ရှုပ်နေတာ မဟုတ်ဘူးလား။ ကျုပ်ကြားသလောက်တော့ အခုတလော မီးတောက်ကျောင်းတော်က သိပ်ပြီး မငြိမ်းချမ်းဘူးဆို” လူအိုကြီးကျိုက အေးစက်စက် အမူအရာဖြင့် ပြောလိုက်၏။

မျိုးရိုးနာမည်လော့နှင့် လူထွားကြီးက ယဲ့ယဲ့လေး ရယ်မောလျက် ပြန်ပြောလိုက်သည် “လူအိုကြီးကျို စိတ်ပူနေစရာ မလိုပါဘူး။ မီးတောက်ကျောင်းတော်က ကိစ္စလေးတွေ အကုန်လုံး ဒီလော့ ရှင်းလိုက်လို့ အကုန် အဆင်ပြေသွားပြီ”

ထိုပညာရှင်သုံးဦး ရောက်လာပြီး မကြာခင်မှာပင် ကျင့်ကြံသူများတစ်ဦးပြီးတစ်ဦး ထပ်ရောက်လာကြသည်။ အများစုမှာ အဖွဲ့ကိုယ်စီနှင့် ရောက်လာကြခြင်း ဖြစ်ပြီး ချန်ရှီချီကဲ့သို့ တစ်ကိုယ်တော် ရောက်လာသည့် လူများမှာတော့ အတော်လေး ရှားပေသည်။

ထိုအခြင်းအရာကိုမြင်ပြီး တာအိုသခင်အဆင့် ပညာရှင် သုံးဦး၏ မျက်နှာကြီး မဲ့သွားကြလေသည်။ သူတို့စိတ်ထဲ လုပ်ရကိုင်ရ လွယ်သွားအောင် ရောက်လာသည့် လူများကို မောင်းထုတ်ပစ်ချင်သော်လည်း လူအများ၏ ဘုံရန်သူ ဖြစ်လာမည် ဖြစ်သည့်အတွက်ကြောင့် ထိုသို့ မလုပ်ခဲ့ပေ။

လူများ ပိုပို၍ ရောက်လာသည်ကို မြင်ပြီးနောက် လုပ်ရကိုင်ရ လွယ်တော့မည်မဟုတ်မှန်း ရန်ကိုင် သိသွား၏။

ဘာလုပ်လျှင်ကောင်းမည်လဲ စဉ်းစားနေစဉ်မှာပင် ကျောင်းသခင်လော့က ရုတ်တရက် မေးလိုက်လေသည် “လူအိုကြီးကျို၊ ခင်ဗျားက အားလုံးထက် အတွေ့အကြုံ ပိုကြွယ်ဝတာဆိုတော့ ဒီမွန်းစတားသားရဲ ဘာသားရဲလဲ သိလား”

ကျောင်းသခင်လော့သည် ရေဘောလုံးထဲရှိ မီးငှက်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့သည့်တိုင် ဘာသားရဲမှန်း မပြောနိုင်ခဲ့ပေ။

လူအိုကြီးကျိုက မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်၏ “ဒီလူအိုကြီးထင်တာမမှားရင် ဒီ‌ကောင်လေးက ဖီးနစ် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့ သားရဲတစ်ကောင် ဖြစ်လိမ့်မယ်”

“ဖီးနစ်”

“ရှေးဟောင်းနတ်သားရဲလား”

ထိုစကားကို ကြားသည့်အခါ ကျင့်ကြံသူပေါင်းများစွာ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြလေသည်။

ရှေးဟောင်းနတ်သားရဲဆိုသည့် ဂုဏ်ပုဒ်မှာ ပေါ့သေးသေးတော့ မဟုတ်ပေ။ ထိုနာမည်ကို ကြားလိုက်သည့်အခါ သာမန် ကျင့်ကြံသူတစ်ဦးပင် ကြောက်လန့်သွားရပေလိမ့်မည်။ မဟာဧကရာဇ်ဆယ်ဦးပင် ရှေးဟောင်းနတ်သားရဲတစ်ကောင်နှင့် မရင်ဆိုင်ချင်ပေ။ အစစ်အမှန် ရှေးဟောင်းနတ်သားရဲတစ်ကောင်သည် ကမ္ဘာတစ်ခုလုံးကို ဖျက်စီးပစ်နိုင်လောက်အောင်ပင် အားကောင်းပေသည်။

ထိုစကားကို ကြားသည့်အခိုက် ရန်ကိုင်၏ မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။ ယခုမှပဲ ဤမီးငှက်ဆီမှ ဖိအားတစ်မျိုး ဘာကြောင့် ခံစားနေရမှန်းကို နားလည်သွားတော့သည်။

နဂါးများတွင် နဂါးဖိအားရှိသလို ဖီးနစ်များတွင်လည်း ဖီးနစ်ဖိအား ရှိပေသည်။ ဤမီးငှက်သည် တကယ်ကြီး ဖီးနစ် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပါက ဖီးနစ်ဖိအားကို ကျိန်းသေ ပိုင်ဆိုင်ထားရပေလိမ့်မည်။

ချန်ရှီချီက ခေါင်းညိတ်၍ “လူအိုကြီးကျိုပြောတာ အမှန်ပဲ။ ဒါပေမယ့် ဒီမီးငှက်က ဘယ်မျိုးနွယ်ထဲကလဲ”

ကျောင်းသခင်လော့က ရယ်မော၍ “ရှေးခေတ်တုန်းက လွမ်ဖုန်းဆိုတဲ့ ရှေးဟောင်းနတ်သားရဲတစ်ကောင် ရှိတယ်။ လွမ်ဖုန်းတွေက ဖီးနစ်နဲ့ မိုးပြာလွမ်ရဲ့ သွေးမျိုးဆက်တွေကို ပိုင်ဆိုင်ထားကြတဲ့သားရဲတွေ။ ကြည့်ရတာ ဒီကောင်လေးက လွမ်ဖုန်းမျိုးနွယ်ထဲက ဖြစ်လောက်တယ်။ သိပ်တော့ မသေချာဘူး”

“လွမ်ဖုန်း” လူအိုကြီးကျို မျက်မှောင်ကြုတ်သွား၏။ ထို့နောက် ဘေးနားတွင်ရပ်နေသော ရှုချင်းဘက်သို့ လှည့်၍ မေးလိုက်လေသည် “ကောင်လေး၊ ဒီငှက် မင်းတို့နဲ့ တိုက်တုန်းက ဘာစွမ်းအားတွေ သုံးသွားတာလဲ”

ရှုချင်းမှာ လူပုံစံကို ပြန်ပြောင်းပြီးနေခဲ့လေပြီ။ သို့သော် သူ့မျက်နှာမှာ အနည်းငယ် ဖြူဖတ်ဖြူလျော် ဖြစ်နေ၏။ လူအိုကြီးကျို၏ အမေးကိုကြားသော် ဘာကိုမှ မဖုံးကွယ်ရဲဘဲ သိထားသမျှ အကြောင်းစုံကို ပြန်ပြောပြလိုက်လေသည်။

ရှုချင်း ပြောသည်ကို နားထောင်ပြီးနောက်တွင် တာအိုသခင်အဆင့် ပညာရှင်သုံးဦးစလုံး စိတ်လှုပ်ရှားလာကြ၏။ ရှုချင်းပြောပုံအရဆို ဤမီးငှက်သည် တကယ်ကြီး လွမ်ဖုန်းမျိုးနွယ်ဝင် ဖြစ်လောက်ပေသည်။

ဤမီးငှက်သည် တကယ်ကြီး ရှေးဟောင်းနတ်သားရဲ တစ်ကောင်ပင် ဖြစ်သည်။ သို့သော်လည်း အရွယ် မရောက်သေးသည့် မွေးကင်းစ ရှေးဟောင်းနတ်သားရဲ တစ်ကောင် ဖြစ်သည်။

သူတို့သာ ဤမီးငှက်လေးကို ဖမ်းခေါ်သွားပြီး ပြုစုပျိုးထောင် မွေးမြူနိုင်မည်ဆိုပါက မီးငှက် ကြီးလာသည့် အခါ သူတို့၏ အင်အားစုသည် ရှေးဟောင်းနတ်သားရဲ တစ်ကောင်ကို ပိုင်ဆိုင်ထားသည့် အင်အားစုတစ်ခု ဖြစ်လာပေလိမ့်မည်။

ထိုအကြောင်းကို တွေးလိုက်မိသည့်အခိုက် လူပေါင်းများစွာတို့သည် မီးငှက်အား မီးတောက်မတတ် အကြည့်များဖြင့် လောဘတကြီး လှည့်ကြည့်လာကြလေ၏။

လူအိုကြီးကျို၊ ချန်ရှီချီနှင့် ကျောင်းသခင်လော့တို့ပင် သူတို့၏ လောဘစိတ်ကို ဖုံးဖိမထားနိုင်ခဲ့ပေ။

“ငါတို့ထွက်သွားဖို့လိုပြီ” အခြေအနေ မဟန်တော့မှန်း သိလိုက်သော် ရန်ကိုင်သည် မိုရှောင်ချီကို တိုးတိုးတိတ်တိတ် သတိပေးလိုက်လေသည်။

“ငါ့လက်တွေကို ဖယ်လို့ရပြီလား” မိုရှောင်ချီက ကြောက်ကြောက်လန့်လန့်ဖြင့် မေးလိုက်လေသည်။

“အခုထိ နင့်မျက်လုံးကို ဖုံးထားတုန်းပဲလား” ရန်ကိုင် ကြောင်သွားခဲ့ပြီး ချက်ချင်းပဲ မိုရှောင်ချီ၏ လက်ကို လှမ်းဆွဲဖယ်လိုက်လေသည်။

ထိုအခါမှပဲ လူများစွာရောက်နေကြောင်း မိုရှောင်ချီ သတိပြုမိသွားခဲ့လေသည် “လူအများကြီးပဲ”

“ဟုတ်တယ်။ ငါတို့သာ အခုမထွက်သွားရင် ဘယ်လိုမှ ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး” ရန်ကိုင်က အံကြိတ်၍ ပြောလိုက်သည်။

“ဒါပေမယ့်… ငါ့လွမ်ဖုန်းလေး” မိုရှောင်ချီသည် သူမ၏ မှော်ရတနာထဲ ပိတ်မိနေသည့် မီးငှက်လေးအား နှမြေတသစွာ ကြည့်လိုက်လေသည်။ သူမသည် ထုံထုံအအ မိန်းကလေးတစ်ဦး ဖြစ်သော်လည်း ဤလူအများကြီး၏ ရှေ့၌ ဤမီးငှက်လေးကို ယူသွားနိုင်လိမ့်မည် မဟုတ်မှန်း ကောင်းကောင်း သိနေသည်။

“အဲ့ကောင် လွမ်ဖုန်းမှန်း နင်သိတယ်ပေါ့” ရန်ကိုင်သည် မိုရှောင်ချီအား အံ့ဩတကြီး ကြည့်လိုက်လေသည်။

“အင်း၊ ပထမဆုံးအကြိမ် မြင်ကတည်းက သိခဲ့တာ” မိုရှောင်ချီက ပြောလိုက်လေသည်။

ရန်ကိုင် ကြောင်သွားခဲ့ပြီးနောက် မိုရှောင်ချီအား စတင် ကျိန်ဆဲတော့လေသည်။

ကြည်လင်ကျောက်စိမ်းတေင်ထဲရှိ မီးငှက်သည်သာ လွမ်ဖုန်းသားပေါက်လေးမှန်း သိခဲ့ပါက မိုရှောင်ချီမှ သူ့အား ယခုထက်ဆယ်ဆပိုများသည့် အကျိုးအမြတ်များ ပေးမည် ဆိုလျှင်ပင် ဤနေရာသို့ ဘယ်တော့မှ လာခဲ့လိမ့်မည် မဟုတ်ပေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၇၄)

ကိုယ့်ဘာသာနေလျှင် ဘာမှ အပြစ်မရှိသော်လည်း ရတနာများ ပိုင်ဆိုင်လာသည့်အခါ လူအများ၏ ပစ်မှတ် ဖြစ်လာရလေသည်။ ဤလွမ်းဖုန်းကို ရလိုက်၍ သူတို့အတွက် ဘာအကျိုးမှ မရှိနိုင်သည့်အပြင်ကိုမှ ပြဿနာပင် တက်သွားနိုင်သေးသည်။ ဤလွမ်းဖုန်းသည် သားပေါက်လေးသာ ရှိသေးဖြင့် ၎င်းတွင် မိဘများ ရှိရပေဦးမည်။ အရွယ်ရောက်နေသည့် လွမ်ဖုန်းတစ်ကောင် သူ့အား အမဲလိုက်သလို လိုက်မည်အဖြစ်နှင့် ရန်ကိုင် မကြုံချင်ပေ။

ဤလွမ်ဖုန်းလေးသည် လှပသည့် ပန်းတစ်ပွင့်ဖြစ်သော်ငြား ရိုးရိုးပန်ဖြစ်မနေဘဲ ဆူးချွန်များဖြင့် ပြည့်နေသည့် ပန်းတစ်ပွင့်သာဖြစ်သည်။ ဤနေရာတွင် စုဝေးနေကြသည့် လူများစွာသည် ပန်း၏ အလှတရားကိုသာမြင်ပြီး ဆူးချွန်များကိုတော့ မမြင်ခဲ့ပေ။

သို့သော်လည်း ဤထုံထုံအအ မိန်းကလေးနှင့် အတွေ့တွင် ရန်ကိုင် လုံးဝကို ဆွံ့အသွားရလေသည်။ သူမနှင့် ကျိုးသင့်ကြောင်းသင့် စကားသွားပြောနေလျှင် ရန်ကိုင်သည် စိတ်ပေါက်ပေါက်နှင့် သွေးအန်သွားရပေလိမ့်မည်။

သူတို့နှစ်ဦး တိုးတိုးတိတ်တိတ် ဆက်သွယ်နေကြစဉ် လူအိုကြီးကျိုက ထပ်မေးလိုက်လေသည် “ဒါ ဘာမှော်ရတနာကြီးလဲကွ၊ လွမ်ဖုန်းသားပေါက်ကိုတောင် ချုပ်ထားနိုင်တယ်”

လူအိုကြီးကျိုသည် လွမ်ဖုန်းအား ချုပ်နှောင်ထားသည့် ရေဘောလုံးကို မီးတောက်မတတ် အကြည့်ဖြင့် စိုက်ကြည့်နေ၏။

ချန်ရှီချီနှင့် ကျောင်းသခင်လော့တို့သည်လည်း အတူတူပင်။ အကုန်လုံးသည် ရေဘောလုံးအား ဖုံးဖိမရနိုင်သည့် လောဘတို့ ပြည့်နှက်နေသည့် အကြည့်များဖြင့် ကြည့်နေကြသည်။

လွမ်ဖုန်းသည် သားပေါက်လေး တစ်ကောင်သာ ဖြစ်သော်ငြား ၎င်း၏ သွေးကြောထဲတွင် ရှေးဟောင်းနတ်သားရဲ တစ်ကောင်၏ သွေးများ စီးဆင်းနေ၏ သာမန် မှော်ရတနာတစ်ခုသည် သူ့အား လုံးဝ ချုပ်နှောင်ထားနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဤရေဘောလုံးသည် လုံးဝကို အဆင့်မြင့် မှော်ရတနာတစ်ခု ဖြစ်ရပေလိမ့်မည်။ သို့သော် မည်သည့်အဆင့် ရတနာ ဖြစ်သလဲ ဆိုသည်ကိုမူကား တာအိုသခင်အဆင့် ပညာရှင် သုံးဦးစလုံး မပြောနိုင်ခဲ့ကြပေ။

“အဲ့ဒါကို… အဲ့ကောင်မလေး ယူလာတာ” လူအိုကြီးကျို၏ စကားကိုကြားသော် ရှုချင်းသည် ညစ်ကျယ်ကျယ် ပြုံးလျက် ချက်ချင်းပဲ မိုရှောင်ချီဘက်သို့ လက်ညိုးထိုးပြလိုက်လေသည်။

ရန်ကိုင် မျက်နှာပျက်သွားပြီး ချက်ချင်းပဲ ရှုချင်း၏ ဆွေစဉ်မျိုးဆက်အားလုံးကို ကျိန်ဆဲတော့လေသည်။

ရှုချင်းသည် ဓါးငှားပြီး လူသတ်ချင်နေခြင်း ဖြစ်သည်။ သူသည် မိုရှောင်ချီကို ရန်စမိသွားလေပြီ။ သူမနောက်ကွယ်ရှိ အင်အားစု၏ လိုက်လံဖမ်းဆီးခြင်း ခံရမည် စိုးသည့်အတွက် မိုရှောင်ချီအား ဤနေရာတွင် တစ်ခါတည်း နှုတ်ပိတ်ပစ်လိုခြင်း ဖြစ်သည်။ သို့ရာတွင် သူ့၌ သူမအား ရှင်းပစ်နိုင်မည့် ခွန်အား ရှိမနေသဖြင့် လူအိုကြီးကျိုနှင့် အခြားတာအိုသခင်အဆင့် ပညာရှင်များ မိုရှောင်ချီအား တိုက်ခိုက်လာအောင် လှည့်ကွက်သုံးလိုက်ခြင်း ဖြစ်သည်။

ချက်ချင်းဆိုသလို လူအားလုံး၏ အကြည့်သည် မိုရှောင်ချီဆီသို့ ရောက်လာခဲ့လေသည်။

ကျောင်းသခင်လော့က အဓိပ္ပါယ်ပါပါပြုံးလျက် ပြောလိုက်လေသည် “နင့်အရည်အချင်းက မဆိုးဘူးပဲ ကောင်မလေးရဲ့။ နင်ငါတို့ဂိုဏ်းထဲ ဝင်ချင်လား။ ဝင်မယ်ဆိုရင် ဒီလော့ အကောင်းဆုံး အရင်းအမြစ်တွေကို သုံးပြီး နင့်ကို ပျိုးထောင်ပေးမယ်”

ကျောင်းသခင်လော့၏ အကြံမှာ… မိုရှောင်ချီကို ဂိုဏ်းထဲသို့ခေါ်ပြီး လွမ်ဖုန်းအား ချုပ်နှောင်ထားသည့် မှော်ရတနာကို သူ့အပိုင်အဖြစ် သိမ်းဆည်းပစ်လိုခြင်း ဖြစ်သည်။

သာမန် ကျင့်ကြံသူတစ်ဦးဆိုလျှင်တော့ ကျောင်းသခင်လော့၏ ကမ်းလှမ်းချက်ကို ငြင်းရဲလိမ့်မည် မဟုတ်ချေ။ သို့ရာတွင် မိုရှောင်ချီကတော့ ထိုကဲ့သို့မဟုတ်။ ခေါင်းကိုခါ၍ ပြတ်ပြတ်သားသား ပြန်ပြောလိုက်လေသည် “ဒေါ်လေးဖုန်းက ပြောထားတယ်၊ အပြင်က ဂိုဏ်းတွေက ဘာမှကောင်းတာ မဟုတ်ဘူးတဲ့။ အကုန်လုံးက အနိမ့်စားတွေချည်းပဲတဲ့။ ဒါကြောင့် ကျွန်မ ရှင်တို့ရဲ့ မီးတောက်ကျောင်းထဲ ဝင်မှာမဟုတ်ဘူး”

ကျောင်းသခင်လော့၏ နဖူးထက် သွေကြောကြီးများ‌ ထောင်တက်လာခဲ့ပြီး သူ့အကြည့်မှာလည်း ရုတ်ချည်း အေးစက်သွားခဲ့လေသည်။ လူအိုကြီးကျိုနှင့် ချန်ရှီချီတို့မှာ‌တော့ တစ်ဖက်လူ၏ ကံမကောင်းမှုအပေါ် အော်ဟစ်ရယ်မောနေခဲ့ကြလေသည်။

ရန်ကိုင်၏ မျက်နှာကြီး မည်းမှောင်သွားခဲ့လေသည်။ အားတင်းပြုံး၍ လက်သီးဆုပ်ကာ ပြန်ပြောလိုက်လေ၏ “ကျောင်းသခင်လော့ သူနဲ့ ပက်သက်ပြီး စိတ်ထဲ မထားပါနဲ့။ ဒီကောင်မလေးက ခေါင်းသိပ်မကောင်းလို့ပါ”

“ငါပြောတာ မှားလို့လား” မိုရှောင်ချီက ရန်ကိုင်အား နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်လေသည်။

“ပါးစပ်ပိတ်ထား” ရန်ကိုင်က ထအော်လိုက်သည်။

“အို”

“ဟန့်၊ ငါ့မီးတောက်ကျောင်းတော်ကို စော်ကားတာလား၊ နင့်သတ္တိမသေးဘူးပဲ ကောင်မလေး။ ဒီနေ့ နင်ငါ့တောင်းဆိုချက်ကို ဖြည့်ဆည်းပေးရင် ဖြည့်ဆည်းပေး၊ မဟုတ်ရင်တော့..” ကျောင်းသခင်လော့သည် ရန်ကိုင်၏ စကားကို လုံးဝ အရေးစိုက်မနေခဲ့ပေ။ မိုရှောင်ချီ၏ စကားသည် သူ့အား လူရှေ့သူရှေ့တွင် မျက်နှာပျက်သွားစေခဲ့လေသည်။ သတ်ဖြတ်လိုစိတ်တို့ သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့၏။ မိုရှောင်ချီ၏ မှော်ရတနာကိုသုံးပြီး လွမ်ဖုန်းကို ဖမ်းချုပ်ထားချင်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် အစောကြီးကတည်းက တိုက်ခိုက်ပြီးနေလေပြီ။

“ကျောင်းသခင်လော့ သူ့ကို အလျင်စလို သွားမတိုက်နဲ့နော်။ အဲ့ကောင်မလေး တစ်ကိုယ်လုံးက အားကောင်းတဲ့ မှော်ရတနာတွေနဲ့ ပြည့်နေတာ။ အချို့‌ မှော်ရတနာတွေကို သူ့ကို အလိုလိုတောင် ကာကွယ်ပေးသေးတယ်။ ကျုပ်မိတ်ဆွေ တစ်ယောက်ဆို သူ့ကို တစ်ချက်လောက် သွားရိုက်မိလိုက်ရုံပဲရှိတယ်။ အဲ့ဒါကို သူမဝိဥာဉ်ပျက်စီးပြီး သေသွားရော… ဂျူနီယာတောင် သူ့ကိုယ်ပေါ်က မှော်ရတနာတွေကြောင့် ဒဏ်ရာရသွားရသေးတယ်” ရှုချင်းသည် သူပြောသည်အား မကြားမည်ကို စိုးရိမ်သည့်အတွက်ကြောင့်လားမသိ အားလုံးကြားအောင် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။

“သူ့ဘာသာ ကာကွယ်ပေးတဲ့ မှော်ရတနာလား” ထိုစကားကိုကြားသည့်အခါ ကျောင်းသခင်လော့ သက်ပြင်း ရှိုက်မိသွားလေသည် “မှော်ရတနာစိတ်ဝိဥာဉ်ပါတဲ့ မှော်ရတနာ တစ်ခုများ ဖြစ်နေမလား”

ပိုင်ရှင်အား အလိုလို ကာကွယ်ပေးနိုင်သည့် မှော်ရတနာတစ်ခု ဖြစ်လာရန်အတွက် မှော်ရတနာစိတ်ဝိဥာဉ် အရင်ဆုံး ရှိရပေမည်။ ထိုကဲ့သို့သော မှော်ရတနာများသည် အလွန်တရာကိုမှ အဖိုးထိုက်တန်၏။

“စိတ်ဝင်စားစရာပဲ” လူအိုကြီးကျိုသည် မိုရှောင်ချီအား စိတ်ဝင်တစားဖြင့် စိုက်ကြည့်လာခဲ့သည်။ ထို့နောက် ကောင်းကင်စိတ်အာရုံကိုသုံး၍ သူမ ဝတ်ဆင်ထားသည့် ဆံထုံး၊ လည်ဆွဲ၊ နားကပ်နှင့် လက်ကောက်များကို စစ်ဆေးကြည့်လေ၏။ မကြာမီ ထိုအဆင်တန်ဆာ အားလုံးမှာ အဆင့်မြင့် မှော်ရတနာများ ဖြစ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။

ချန်ရှီချီ၏ မျက်လုံးထဲ လောဘရိပ်တို့ တလက်လက် လက်သွားခဲ့သည်။

“ရှုချင်း၊ မင်းတစ်နေ့ အသေဆိုးနဲ့ သေမယ့်ကောင်” ထိုကဲ့သို့ အော်ပြောလိုက်ပြီးနောက် ရန်ကိုင်သည် မိုရှောင်ချီကို ဆွဲကာ အော်ပြောလိုက်လေသည် “ပြေးတော့”

ပြောပြီးသည်နှင့် ရန်ကိုင်သည် မိုရှောင်ချီကို လှမ်းဆွဲကိုင်လိုက်သည်။ ထိုကဲ့သို့ ကိုင်လိုက်သည့် အချိန်မှာပင် သူ့လက် စူးအောင်းသွားသလို ခံစားလိုက်ရ၏။

“ငါ့လက်ပေါ်မှာ…”

“စကားများမနေနဲ့၊ အသက်ရှင်အောင်သာ အရင်လုပ်” ရန်ကိုင်သည် သူမပြောသည်ကို နားထောင်မနေဘဲ သူတော်စင်ချီဖြင့်သာ သူမအား ရစ်ပတ်၍ ထွက်ပြေးလေသည်။

“ငါ့ရဲ့ ရေဓါတ်လုံးလေ၊ ငါ့လွမ်ဖုန်းလေးရောပဲ” မိုရှောင်ချီသည် သူမ၏ ရေဓါတ်လုံးနှင့် လွမ်ဖုန်းအား ဆွဲယူရန် ကြိုးစားနေသည့်အလား လက်ကွက်များ ဖန်တီးလိုက်လေသည်။

သို့သော်လည်း တာအိုသခင်အဆင့် ပညာရှင်သုံးဦးသည် မည်သို့များ ထိုကဲ့သို့ အဖြစ်ခံနိုင်ပါမည်နည်း။ ကျောင်းသခင်လော့နှင့် အခြားသူအားလုံးသည် သူတို့၏ လက်ကို ဝှေ့ရမ်း၍ ရေဓါတ်လုံးနှင့် လွမ်ဖုန်းအား ပျံထွက်မသွားအောင် ဖိနှိပ်လိုက်လေသည်။

“အခုချက်ချင်း နင့်ရေဓါတ်လုံးကို ပြန်ယူပေတော့” ရန်ကိုင်က အလျင်စလို ပြောလိုက်သည်။

မိုရှောင်ချီသည် ရန်ကိုင်ပြောသည့်အတိုင်းပင် လွမ်ဖုန်းကို ပြန်ယူရန် ကြိုးစားမနေတော့ဘဲ ရေဓါတ်လုံးကို ပြန်ယူရန်သာ အာရုံစိုက်လိုက်လေသည်။

ရေဓါတ်လုံး မရှိတော့သည့်နောက် လွမ်ဖုန်းပေါက်သည် ချက်ချင်း ပြန်လွတ်လပ်သွားခဲ့လေသည်။ လွတ်လာသည်နှင့် ချက်ချင်းပဲ ၎င်း၏ တောင်ပံများကိုခတ်ကာ ပတ်ပတ်လည်သို့ မီးတာက်များ မှုတ်ထုတ်တော့၏။ တစ်ချိန်တည်းတွင် ကောင်းကင်ပေါ်သို့ ပျံတက်ကာ ထွက်ပြေးရန် ကြိုးစားလိုက်လေသည်။

“မင်းဘယ်သွားဖို့ လုပ်နေတာလဲ” တာအိုသခင်အဆင့် ကျင့်ကြံသူသုံးဦးသည် ချက်ချင်းပဲ လွမ်ဖုန်း၏ ပြေးပေါက်များကို ပိတ်လိုက်ကြလေသည်။ သို့ရာတွင် လွမ်ဖုန်းအနားတော့ သိပ်ပြီး ကပ်မသွားရဲခဲ့။ လွမ်ဖုန်းပေါက်၏ အနက်ရောင်မီးတောက်များသည် သူတို့ အတွက်ပင်လျှင် အလွန်ကိုမှ အန္တရာယ်များပေသည်။

လွမ်ဖုန်းပေါက်လေးအား ထွက်မပြေးနိုင်အောင် တားထားပြီးနောက်တွင် ကျောင်းသခင်လော့သည် ရန်ကိုင်နှင့် မိုရှောင်ချီဘက်သို့လှည့်၍ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။

“ထွက်သွားလို့ရမယ့် ထင်နေတာလား၊ တုံးလိုက်တဲ့ ကောင်တွေ” ကျောင်းသခင်လော့က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှု တစ်ခုသည် သာမန်ကာလျှံကာ လက်ဝါးချက်ဆိုလျှင်ပင် လောကနိယာမများကို သက်ရောက်နိုင်ပေသည်။ ရန်ကိုင်စိတ်ထဲ အန္တရာယ်အငွေ့အသက်တို့ ရလိုက်၏။ ထို့ကြောင့် တုန့်ဆိုင်းခြင်းမရှိ ဗလာနတ္ထိ ပညာရပ်ကို အသက်သွင်းလိုက်လေ၏။

လက်ဝါးချက်သည် ဟင်းလင်းပြင်ကိုသာ ထိမှန်သွားပြီး ရန်ကိုင်၏ ခန္ဓာကိုယ်ကို လာမထိခဲ့ပေ။ လက်ဝါးချက်သည် ရန်ကိုင်၏ ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားပြီးနောက် မိုရှောင်ချီဆီသို့ ဆက်လက် တိုးဝင်သွား၏။ မိုးရှောင်ချီ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဘဲဥပုံစံဒိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုဒိုင်းမှာ လက်ဝါးချက်အား အပြည့်အဝ တားဆီးလိုက်သဖြင့် မိုရှောင်ချီမှာ မည်သည့် ဒဏ်ရာမှ ရမသွားခဲ့ပေ။

ရန်ကိုင်သည် မိုရှောင်ချီအား မွန်းစတားတစ်ကောင်ကို ကြည့်သလိုမျိုး စိုက်ကြည့်လိုက်သည်။

သူ့အနေဖြင့် ကျောင်းသခင်လော့၏ တိုက်ကွက်ကို ရှောင်နိုင်ခဲ့ခြင်းမှာ ဗလာနတ္ထိပညာရပ်ကြောင့် ဖြစ်သည်။ သို့ရာတွင် မိုရှောင်ချီမှတော့ ဘာမှလုပ်စရာမလိုခဲ့။ သူမ ဝတ်ဆင်ထားသည့် မှော်ရတနာများသည် သူမအား အလိုလို ကာကွယ်ပေးသွားခဲ့၏။

ဤကောင်မလေး၏ နောက်ခံသည် သူထင်ထာသည့်ထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေသည့်ပုံပင်။

သူတို့နှစ်ယောက် ထွက်ပြေးသည့်နှုန်းမှာ အလွန် မြန်ပေသည်။ မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်တို့ နှစ်ဦးသည် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွား၏။

ကျောင်းသခင်လော့နှင့် အခြားသူများမှာတော့ လွမ်ဖုန်းနှင့် တိုက်ခိုက်ရင်း ကျန်ရစ်ခဲ့လေပြီ။ ချက်ချင်းဆိုသလို လွမ်ဖုန်း ရှိနေသည့် နေရာတစ်ခုလုံး မှော်ရတနာများ၊ သိုင်းပညာရပ်များမှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများဖြင့် ပြည့်နှက်သွားခဲ့လေသည်။ ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့လေသည်။ ယခုဆိုလျှင် အကုန်လုံးသည် မီးငှက်နှင့် အလုပ်ရှုပ်နေကြသည့်အတွက် ရန်ကိုင်နှင့် မိုရှောင်ချီတို့အား လုံးဝ အာရုံမစိုက်နိုင်ကြတော့ချေ။

ဆယ်မိုင်ကျော်မက ထွက်ပြေးလာပြီးနောက်တွင် ရန်ကိုင် ရုတ်တရက် ရပ်တန့်လိုက်လေသည်။

မိုရှောင်ချီသည် ရုတ်တရက် ရပ်လျက် ရန်ကိုင်အား သင်္ကာမကင်း အမူအရာဖြင့် ကြည့်ကာ မေးလိုက်လေသည် “နင်ဘာလို့ ရပ်လိုက်တာလဲ”

ရန်ကိုင်သည် အေးစက်စက် အမူအရာဖြင့် သူမအား အဓိပ္ပါယ်ပါပါ ပြန်ပြုံးပြလိုက်လေသည်။

မိုရှောင်ချီ၏ မျက်နှာလေး ရုတ်တရက် ဖြူလျော်သွားပြီး နောက်သို့ ကမန်းကတန်း ဆုတ်လိုက်ရင်း ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်အော်ပြောလိုက်သည် “နင်ဘာလုပ်ချင်နေတာလဲ။ ငါနင့်ကို ပြောလိုက်မယ်… ငါက ဒေါသထွက်လာရင် အရမ်း ကြောက်ဖို့ကောင်းတဲ့လူနော်”

ရန်ကိုင်က ဆွံ့အသွားသည့် အမူအရာဖြင့် “ငါနင့်ကို ဘာလုပ်ရမှာလဲ။ ငါ့ဘာသာငါ ဒီကနေ စောင့်ကြည့်ဖို့ လုပ်နေတာလဲ”

မိုရှောင်ချီ မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ထို့နောက် တစ်ခုခုကို နားလည်သွားသည့်အလား ပျော်ရွှင်စွာ ပြုံး၍ “ဒီတော့နင်က နောက်ကွယ်ကနေ အမြတ်ထုတ်ဖို့ ကြံနေတာပေါ့”

မိုရှောင်ချီသည် ပျော်စရာတစ်ခုခုကို ရှာတွေ့သွားသည့် အလား အလွန်ကိုမှ စိတ်လှုပ်ရှာလာခဲ့လေသည်။

“အဲ့ခွေးကောင်ရှုချင်း လွတ်ဦးမလား ကြည့်ရသေးတာပေါ့။ ငါ့ကို အကောက်ကြံတဲ့လူတိုင်း ဘယ်ကောင်မှ အဆုံးသတ်ကောင်းလေ့မရှိဘူး” ရန်ကိုင်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။

“ငါလည်းနင့်ကို ကူညီပေးမယ်။ အဲ့ကောင်က တကယ်ကို လူကောင်းတစ်ယောက် မဟုတ်ဘူး” မိုရှောင်ချီက ပြောလိုက်လေသည်။

သူလူကောင်းတစ်ယောက် မဟုတ်တာကို နင်အစကတည်းက သတိမပြုမိဘူးလား ရန်ကိုင် လုံးဝကိ ဆွံ့အသွားခဲ့လေသည်။

ထိုသို့ဖြင့် ရန်ကိုင်နှင့် မိုရှောင်ချီသည် သူတို့၏ အရှိန်အဝါကို အပြည့်အဝ ဖုံးကွယ်၍ ပုန်းအောင်းနေလေ၏။

သို့သော်လည်း မိုရှောင်ချီသည် ရန်ကိုင်နှင့် လှမ်းလှမ်း၍ ရှိနေခဲ့သည်။ ရန်ကိုင်မှ သူ့မအပေါ် မကောင်းကြံမည်ကို ကြောက်သည့်အတွက် လူခြားနေခြင်းမဟုတ်၊ ထို့အစား ရန်ကိုင်ကိုယ်တိုင်ကကို သူမအား ကြောက်သည့်အတွက် သူနှင့် ခပ်ခွာခွာတွင်နေရင်း ပြောထားခြင်း ဖြစ်သည်။

ဤကောင်မလေး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဆူးချွန်များဖြင့် ပြည့်နေခြင်းဖြစ်သည်။ သူမအား မတော်တဆ ထိလိုက်မိသည့်အတွက်ကြောင့် သူ့လက် ဒဏ်ရာရသွားခဲ့ရသည်။ သူသာ သူမအား မတော်တဆ နောက်တစ်ကြိမ် ထပ်ထိမိသွားလျှင် မည်သို့သော ပြဿနာများ ဖြစ်လာမလဲ မည်သူမှ မပြောနိုင်ချေ။

ထို့ကြောင့် ရန်ကိုင်သည် မိုရှောင်ချီအား သူနှင့် မီတာတစ်ထောင်အကွာ၌ ခွာနေရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မိုရှောင်ချီသည် နှုတ်ခမ်းကိုကွေးလျက် မသက်မသာ အမူအရာဖြင့် တစ်ခုခုကို ရေရွတ်နေသည့်ပုံပင်။

တိုက်ပွဲဖြစ်နေသည့်နေရာသည် သူတို့နှင့် မိုင်သုံးဆယ်လောက် ဝေးသော်လည်း အားကောင်းလှသည့် ကောင်းကင်စိတ်အာရုံဖြင့် ရန်ကိုင်သည် တိုက်ပွဲ အခြေအနေကို သေချာ မြင်တွေ့နိုင်လေသည်။

ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး တိုက်ပွဲထဲသို့ ဝင်ပါလာခဲ့ကြလေသည်။ အချို့ဆိုလျှင် တာအိုသခင်အဆင့် ပညာရှင်များပင် ဖြစ်နေကြသည်။

တိုက်ခိုက်နေကြခြင်းနှင့်အတူ လူတစ်ဦးပြီးတစ်ဦးလည်း သေဆုံးနေခဲ့ကြသည်။ မကြာခဏဆိုသလို ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး ကောင်းကင်ပေါ်မှ ပြုတ်ကျလာပြီး သွေးပွက်ပွက်အန်ကာ သေဆုံးကြရလေသည်။

တာအိုသခင်အဆင့် ကျင့်ကြံသူများမှာတော့ အခြားသူများထက် ပို၍ တည်ငြိမ်ပေသည်။ သူတို့အချင်းချင်း တိုက်ခိုက်နေကြသော်ငြား လွမ်ဖုန်းအား ထွက်မပြေးနိုင်အောင်လည်း တားဆီးထားကြပေသည်။

မကြာမီ ရှုချင်းကို ရန်ကိုင် တွေ့သွားခဲ့သည်။ ထိုကောင်သည် ရွှေမျောက်ဝံ့အသွင်ကိုပြောင်း၍ လူအိုကြီးကျို၏ လက်မှ အသက်ရှင်ကျန်ရစ်လာသည့် လူများကို လိုက်လံ သတ်ဖြတ်ပစ်နေခဲ့သည်။

ကြည်လင်ကျောက်စိမ်းတောင်တွင် လာရောက် စုဝေးနေကြသည့် ကျင့်ကြံသူများ၏ ရှစ်ဆယ်ရာခိုင်းနှုန်းမှာ တိုက်ပွဲထဲ ဝင်ပါနေခဲ့ကြသည်။ နှစ်နာရီအတွင်းမှာပင် အလောင်းများ တောင်နှယ် ပုံထပ်လာခဲ့လေသည်။

အချိန်ကြာလာသည့်နောက်တွင် တာအိုသခင်အဆင့် ပညာရှင်များပင်လျှင် ထိခိုက်လာကြလေသည်။ ယခု အကုန်လုံးမှာ အားကုန်သုံး၍ တိုက်ခိုက်နေကြကုန်လေပြီ။ ဤတိုက်ပွဲမှာ လွမ်ဖုန်းအား လုယူနိုင်ရေးအတွက် တိုက်ခိုက်သည့် တိုက်ပွဲသက်သက် မဟုတ်တော့ဘဲ မကျေနပ်သူများကြား ရန်ကြွေးဆပ်ကြသည့် တိုက်ပွဲ တစ်ခုလည်း ဖြစ်လာခဲ့လေပြီ

တိုက်ပွဲချိန်ကြာလာသည်နှင့် လူသေ အလောင်းများ ပိုပို၍ များပြားလာခဲ့သည်။

နောက်ဆုံး အခြေအနေမှာ သူတို့ပင် ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီမှန်း နားလည်လိုက်သော် တာအိုသခင်အဆင့် ပညာရှင်များသည် အချင်းချင်း ညှိနှိုင်း၍ တိုက်ပွဲအား ယာယီ ရပ်တန့်လိုက်ကြလေသည်။ တိုက်ပွဲ ရပ်သွားသည့်အချိန်တွင် မူလက တိုက်ပွဲတွင် ပါဝင်ခဲ့သည့်လူများ၏ တစ်ဝက်လောက်သာ အသက်ရှင်ကျန်ရစ်နေတော့သည်။

လွမ်ဖုန်းပေါက်လေးကိုတော့ ကျင့်ကြံသူများစွာက ဝိုင်းရံထားခဲ့ပေသည်။ လွမ်ဖုန်းပေါက်လေးမှာ ယခင်ကကဲ့သို့ ခက်ထန်ကြမ်းကြုတ်နေခြင်း မရှိတော့ဘဲ မြေပြင်ထက်တွင် အားနည်းစွာဖြင့်သာ လဲလျောင်းနေခဲ့လေသည်။ ၎င်းငှက်မွှေးတောင်ပေါ်ရှိ မီးတောက်များဆိုလျှင်လည်း ငြိမ်းသွားတော့မည့်အလား မှိန်ကျလာနေခဲ့သည်။

တိုက်ပွဲကြောင့် လွမ်ဖုန်းပေါက်လေးမှာ အတော်လေး ဒဏ်ရာရသွားသည့်ပုံပင်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၇၅)

ပညာရှင်ပေါင်းများစွာက စောင့်ကြည့်နေကြသဖြင့် လွမ်ဖုန်း ပေါက်ကလေးမှာ လွတ်မြောက်မည့်ပုံမပေါ်။ မေးစရာ ရှိတော့သည်မှာ မည်သူကများ ထို လွမ်ဖုန်းပေါက်ကလေးကို ယူနိုင်မလဲ ဆိုသည်ကိုပင်။ သို့သော်လည်း လက်ရှိ ကြည့်ရသလောက် အကုန်လုံးသည် ထိုလွမ်ဖုန်း ပေါက်ကလေးကို လက်လျှော့ချင်သည့်ပုံ မပေါ်။

ထို့ကြောင့် အချိန်တိုအတွင်း လွမ်ဖုန်းပေါက်လေး၏ ပိုင်ရှင်ပေါ်လာဖို့မှာ သိပ်ပြီး မဖြစ်နိုင်လှပေ။ တစ်ကယ်လည်း ထိုကဲသို့ဖြစ်လာပေသည်။ လက်ကျန် ကျင့်ကြံသူများသည် တစ်နာရီကျော်မက ငြင်းခုန် အော်ဟစ် ဆွေးနွေးနေကြပါသော်ငြား အဖြေတစ်ခုမူကား ထွက်မလာနိုင်ခဲ့ပေ။

အ‌ခြေအ‌နေမှာ မတိုးသာမဆုတ်သာ ဖြစ်နေခဲ့ရာမှ ဒုတိယတိုက်ပွဲတစ်ခု ထပ်မံဖြစ်ပွားတော့မည့်အလား စတင် တင်းမလာခဲ့သည်။

လွမ်းဖုန်းပေါက်လေးမှာတော့ မြေပြင်ပေါ်တွင် လဲလျောင်းရင်း အော်ဟစ်ငိုယိုနေခဲ့သည်။ ထိုမြင်ကွင်းကိုကြည့်ရင်း အနီးနားတစ်နေရာမှ ပုန်းအောင်း စောင့်ကြည့်နေခဲ့သော ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး စတင်စိုးရိမ်လာခဲ့သည်။

ထိုလူများသာ လွမ်ဖုန်းပေါက်လေးနှင့် ပတ်သက်၍ ဆွေးနွေးပြီးသွားခဲ့လျှင် အကုန်လုံးသည် မိုရှောင်ချီဘက်သို့ လှည့်လာကြပေလိမ့်မည်။ တကယ်တော့ မိုရှောင်ချီသည် လွမ်ဖုန်းပေါက်လေး‌အောက် တန်ဖိုးနိမ့်ကျခြင်း မရှိသည့်လူတစ်ယောက် မဟုတ်ပေလော။ ထွက်သွားရင်ပဲကောင်းမလား၊ ဆက်နေရင်ပဲကောင်းမလား၊ ဝေခွဲမရဖြစ်နေစဉ်မှာပင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့လေသည်။

တစ်ချိန်ထဲတွင် ကြောက်မက်ဖွယ်ရာ သေခြင်းတရား အငွေအသက်တို့ကို ခံစားလိုက်ရ၏။ သို့ရာတွင် ဘာကြောင့်များ ထိုကဲ့သို့ခံစားရာမှန်း မသိသဖြင့် မျက်မှောင်သာ ကြုတ်သွားခဲ့လေသည်။ မိုရှောင်ချီ ဘက်သို့လည်း လှည့်ကြည့်လိုက်ရာ မိုရှောင်ချီ သည်လည်း တစ်ခုခုကိုသတိပြုမိသည့်အလား ဘေးပတ်ဝန်းကျင်သို့ ကြောက်ကြောက်လန့်လန့်ဖြင့် လှည့်ပတ်ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။

ထိုစဉ်မှာပင် ရုတ်တရက်ဆိုသလို ကောင်းကင်တစ်ခုလုံး မှောင်အတိကျသွားလေသည်။ နေကိုပင် ဖုံးကွယ်နိုင်လောက်အောင် ကြီးမားသော ဧရာမတိမ်တိုက်ကြီးတစ်ခု ထွက်ပေါ်လာသည့်အလား အလွန်ကိုမှ ကြီးမားလှသော ဧရာမ အရိပ်ကြီးတစ်ခုသည် အကုန်လုံးအား လွှမ်းခြုံသွားခဲ့သည်။ တစ်ချိန်ထဲတွင် လေထုအပူချိန်မှာလည်း လျင်မြန်စွာ မြင့်တက်လာခဲ့သည်။

အပူချိန်မှာ အလွန်ကိုမှ မြင့်တက်လာသည့်အတွက် ကြည်လင်ကျောက်စိမ်းတောင်တစ်ဝိုက်တွင် ရှိနေသော သစ်ပင်ပန်းများပင် ညိုးလျော်ခြောက်သွေ့ကာ မီးလောင်ပြာကျကုန်၏။ စူးရှသည့် ငှက်အော်သံတစ်ခုသည် အထက်အာကာယံမှ ထွက်ပေါ်လာခဲ့သည်။ ထိုအော်သံ ထွက်ပေါ်လာသည့်အခါ ရန်ကိုင် ထိတ်လန့်သွားပြီး ကောင်းကင်ပေါ်သို့ အလိုလို လှည့်ကြည့်လိုက်မိသည်။ ထို့နောက် မြင်လိုက်ရသည့်အရာကြောင့် သူ့တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။

ကောင်းကင်ပေါ်တွင် လွမ်ဖုန်းပေါက်လေးနှင့် ရုပ်ချင်း ဆင်တူသော ဧရာမ ငှက်ကြီးတကောင်သည် တောင်ပံများကို တစ်ဖျတ်ဖျတ်ခတ်ရင်း သူတို့ဆီသို့ ပျံသန်းလာနေခဲ့သည်။ ထိုငှက်ကြီးသည် လက်ရှိသူတို့ရှေ့တွင် ရှိနေသော လွမ်ဖုန်းပေါက်လေးထက် အဆပေါင်းများစွာကို ပိုကြီးပေသည်။ ထို့ငှက်ကြီးပျံသန်းလာရာ လမ်းတလျှောက်၌ ရှိနေသော ဟင်းလင်းပြင်သည် ငှက်ကြီးဆီမှ ထွက်ပေါ်နေသော အပူစွမ်းအင်လှိုင်းကို မခံနိုင်သည့်အလား တွန့်လိမ်ကာ လောင်ကျွမ်းခံရသည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့လေသည်။

ထိုအပြင် ၎င်းဆီမှ ဖြာထွက်နေသော တောင်များကိုပင် ခြေမွဖျက်ဆီးပစ်နိုင်သော ဖိအားကြောင့် ခပ်လှမ်းလှမ်းတွင် ရှိနေသည့်တိုင် ရန်ကိုင့်၏အရိုးများ တကျွိကျွိ မြည်လာခဲ့ရသည်။

“ရှေးဟောင်းနတ်သားရဲ လွမ်ဖုန်းပဲ” ရန်ကိုင် အလန့်တကြား ဆိုလိုက်လေသည်။

ဤငှက်ကြီးမှာ ဒဏ္ဍာရီများထဲတွင်သာ ပေါ်လာလေ့ရှိပြီး အစစ်အမှန် နဂါးများနှင့်ပင် ယှဉ်နိုင်လေ့ရှိသော အလွန်အားကောင်းလှသည့် ရှေးဟောင်းနတ်သားရဲ လွမ်ဖုန်း ဖြစ်ပေသည်။ စောစောထွက်မသွားမိခဲ့သည့် သူ့ကိုယ်သူ ပြန်၍သ အပြစ်တင်မိတော့သည်။ ဤနေရာတွင် လွမ်ဖုန်း ပေါက်လေး ရှိနေသဖြင့် လွမ်ဖုန်းပေါက်လေး၏ အမေသည် တစ်နေရာရာတွင်ရှိနေလိမ့်မည်ဟု အ‌စောကြီးကတည်းက ခန့်မှန်းမိပေသည်။

ထိုစဉ်ကတည်းက ထွက်သွားခဲ့လျှင် သူလည်း ဒုက္ခရောက်ရတော့မည်မဟုတ်။ သို့သော်လည်း သူ မတင်ထားခဲ့သည်မှာ လွမ်ဖုန်း အမေကြီးသည် ဤမျှမြန်မြန်နှင့် ရောက်လာလိမ့်မည်ဟူ၍ပင်။ လွမ်ဖုန်း အမေကြီး၏ အလွန်ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို ကြည့်ရုံနှင့်ပင်လျှင် ရန်ကိုင် တစ်ကိုယ်လုံး လှုပ်မရ ဖြစ်နေခဲ့လေပြီ။ ၎င်းဆီမှ ဖြာထွက်နေသော အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်သည့် အနက်ရောင် မီးတောက်များ၏ အရှိန်အဝါကို ခံစားမိလိုက်သည့် အခိုက်တွင်တော့ ပြောနေစရာပင် မလိုတော့ချေ။

ရန်ကိုင့်၏ မျက်လုံးများ ပြင်းပြင်းထန်ထန် တုန်ခါလာပြီး ထွက်ပြေးရန် ကြိုးစားလိုက်လေသည်။ သို့သော်လည်း သူမည်သို့ပင် ကြိုးစားစေကာမူ သူ့လက်‌ချောင်းတစ်ချောင်းပင် မလှုပ်နိုင်ကြောင်း တွေ့လိုက်ရလေသည်။ လွမ်ဖုန်း အမေကြီး သူ့ခေါင်းထက်မှ ပျံသန်းသွားသည်ကိုသာ ကူကယ်ရန်မဲ့စွာဖြင့် ရပ်ကြည့်နေရလေသည်။

မိုင်သုံးဆယ်အကွာတွင် ရှိနေသော လွမ်ဖုန်းပေါက်လေးသည် သူ့မိဘကို ပြန်တွေ့လိုက်ရသည့်အလား မနိုင့်တနိုင် ထရပ်ရင်း အသည်းအသန် လှမ်းအော်ဟစ်နေလေသည်။ ‌ကျောင်းသခင်လော့၊ လူအိုကြီးကျို နှင့် ချန်ရှကျင်း နှင့် အခြားသူအားလုံးသည်လည်း သူတို့ရပ်နေသည့် နေရာတွင်သာ တောင့်တောင့်ကြီးဖြင့် ရပ်နေကြလေ၏။ ဧရာမအရိပ်ကြီး ပေါ်လာသည့်အချိန်မှစ၍ သူတို့ ပြဿနာအကြီးကြီး တက်ပြီမှန်း သိလိုက်ကြသည်။

ပုတီးစေ့တမျှ ကြီးမားလှသော ချွေသီချွေးပေါက်များ သူတို့မျက်နှာထက် ဝေ့သီလာခဲ့လေသည်။ ဤကပ်ဘေးမှ လွတ်မြောက်နိုင်ရန်အတွက် အကုန်လုံးသည် သူတို့၏စွမ်းအားကို တတ်နိုင်သမျှ လှည့်ပတ်လိုက်ကြသည်။ သို့သော်လည်း ရှေးဟောင်းနတ်သားရဲ တစ်ကောင်မှ ထုတ်လွတ်နေသည့်ဖိအားကို သူတို့မည်သို့ ခုခံနိုင်ပါမည်နည်း။ သူတို့အားလုံးသည် လူကြီးရှေ့ ရောက်နေသည့် မွေးကင်းစကလေးများနှယ် ဖြစ်နေကြသည်။

တာအိုသခင်အဆင့် ပညာရှင်များပင်လျှင် ချွင်းချက်မဟုတ်။ သို့ရာတွင် သူတို့မှာ တန်ခိုးရှင်ဘုရင်အဆင့်နှင့် တန်ခိုးရှင်အဆင့်များနှင့် စာလျှင်တော့ ပို၍အဆင်ပြေနေပေသေးသည်။ အားနည်းသည့် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများ ဆိုလျှင် လွမ်ဖုန်းဆီမှ ဖြာထွက်နေသာ ဖိအားသပ်သပ် နှင့်ပင် သွေးအန်ကာ သေဆုံးကုန်ကြလေသည်။

လွမ်ဖုန်းအမေကြီးသည် ကောင်းကင်ထက်တွင် ဝဲနေခဲ့သည်။ လွမ်ဖုန်းပေါက်လေး၏ အခြေအနေကိုမြင်သော် ၎င်း၏ မျက်လုံးများသည် ရုတ်ချည်း ခက်ထန်ကြမ်းကြုတ်လာခဲ့ပေသည်။ ထို့နောက် စူးရှစွာအော်မြည်လျက် ၎င်း၏ နှုတ်သီးကို ဟဟာ ကမ္ဘာလောကကြီးအား အဆုံးသတ်သွားစေနိုင်သည့် အနက်ရောင်မီးတောက်များအား ဒီရေလှိုင်း တစ်ခုနှယ် မှုတ်ချလိုက်လေသည်။

“မဟုတ်ဘူး….” ကျောင်းသခင်လော့မှာ ဘာဆိုဘာမှ ပြန်မလုပ်နိုင်ဘဲ အသည်းအသန်သာ တစ်ချက်အော်ဟစ်လိုက်နိုင်ပြီး အနက်ရောင် မီးတောက်များကြောင့် အငွေ့ပျံသွားခဲ့ရလေသည်။

အနက်ရောင်မီးတောက် ဖြတ်သန်းသွားရာလမ်းတလျှောက်ရှိ အရာမှန်သမျှ ပျက်စီးသွားရသည်။ လွမ်ဖုန်းပေါက်လေးနားတွင် ကျင့်ကြံသူပေါင်း နှစ်ရာကျော်မက ရှိပေသည်။ ထို ကျင့်ကြံသူအားလုံး အနက်ရောင် မီးတောက်ထဲ ပါသွားခဲ့ပြီး တစ်ယောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။

အနက်ရောင်မီးတောက်များမှာ လျှင်မြန်စွာပျံ့နှံ့ သွားခဲ့ပေရာ မိုင်ပေါင်းရာချီအကွာမှပင် မြင်တွေ့နိုင်ပေသည်။

ထို အနက်ရောင်မီးတောက်များမှာ ကောင်းကင်နှင့် မြေကြီးကိုပင် လောင်ကျွမ်းပစ်ချင်နေသည့်အလား အရှိန်အဟုန်ပြင်းစွာ လောင်ကျွမ်းနေခဲ့သည်။ မီးတောက်များ ထွက်ပေါ်လာပြီးနောက်တွင် ချက်ချင်းဆိုသလို ဆယ်မိုင်ပတ်ဝန်းကျင်တစ်ခုလုံး ဘာဆိုဘာမှ ပေါက်ရောက်နေခြင်းမရှိတော့သည် ဖုန်ဆိုးနယ်မြေကြီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။ သို့သော်လည်း အနက်ရောင်မီးတောက်များ ငြိမ်းသွားခြင်း မရှိသေးဘဲ ဆက်၍ ပျံ့နှံ့နေခဲ့သည်။

မိုင်သုံးဆယ်အကွာတွင်ရှိနေသော ရန်ကိုင်သည် အနက်ရောင်မီးတောက်များ ဆူနာမီလှိုင်းတစ်လုံးနှယ် သူ့ဆီသို့ တိုးဝင်လာနေသည်ကိုမြင်သော် နည်းနည်းလေးမှ တုန့်ဆိုင်းမနေတော့ဘဲ ရွှေနဂါး အရင်းအမြစ်ကို ထုတ်သုံး၍ လွမ်ဖုန်း၏ ဖိအားမှ ရုန်းထွက်လိုက်လေသည်။ ထို့နောက် ကမ္ဘာငယ်လေးကို ဆင့်ခေါ်ကာ ထိုထဲသို့ ၀င်ပုန်း နေလိုက်သည်။ ရန်ကိုင် ပျောက်ကွယ်သွားပြီးပြီးချင်းမှာပင် အနက်ရောင် မီးတောက်များသည် သူရှိနေသည့် နေရာသို့ လွှမ်းခြုံသွားခဲ့လေသည်။

ရန်ကိုင်သာ တစ်စက္ကန့်လေး ပို၍ နောက်ကျနေခဲ့မည်ဆိုပါက ကျောင်းသခင်လော့နှင့် တခြားသူများ၏ လမ်းစဉ်အတိုင်း လိုက်သွားပေးရလိမ့်မည်။

“မဟုတ်သေးဘူး”

ကမ္ဘာငယ်လေးထဲ ပုန်းပြီးမှပဲ မိုရှောင်ချီကို ရုတ်တရက် သတိရသွားခဲ့သည်။ မိုရှောင်ချီမှာ အားကောင်းသည့် မှော်ရတနာများကို ပိုင်ဆိုင်ထားသော်လည်း ရှေးဟောင်း နတ်သားရဲတစ်ကောင်ဖြစ်သည့် လွမ်ဖုန်း ရှေ့တွင် ထိုမှော်ရတနာအားလုံးမှာ ဘာဆိုဘာမှ အသုံးမဝင်တော့ပေ။

ရန်ကိုင်သည် ထွက်ပြေးရန်သာ စိတ်လောနေသည့်အတွက် မိုရှောင်ချီကို မေ့သွားခဲ့သည်။ စဉ်းစားကြည့်လိုက်ပြီးနောက် သူ့အနေဖြင့် မိုရှောင်ချီကို ကယ်ချင်လျှင်ပင် ကယ်ရန် အချိန်မှီလိုက်မည်မဟုတ်မှန်း သိသွားခဲ့ပေသည်။

မိုရှောင်ချီ၏ သနားစရာ အဆုံးသတ်အကြောင်း တွေးမိသော် ရန်ကိုင် အနည်းငယ်စိတ်ညစ်သွားခဲ့သည်။

သူနှင့် မိုရှောင်ချီကြား မည်သည့်ခင်မင်ရင်းနှီးမှုမှ မရှိသော်လည်း ဤအလွန်ကိုမှ စိတ်ထားရိုးရှင်း သန့်စင်သည့် ထူထူအအ ကောင်မလေးသည် အနက်ရောင် မီးတောက်များ၏ လောင်ကျွမ်းခံရပြီး ပြာပုံဘဝရောက်သွားရန် မထိုက်တန်ပေ။

“သူ့အသက်ရှင်ပါစေလို့ပဲ ဆုတောင်းပေးရတာပေါ့”

သိပ်ပြီးမဖြစ်နိုင်မှန်း သိသည့်တိုင် ရန်ကိုင် ထိုကဲ့သို့ တွေးလိုက်ပေသေးသည်။ အဆက်မပြတ် လောင်ကျွမ်း ပျံ့နှံ့လာသည့် အနက်ရောင်မီးတောက်များကြောင့် ကြည်လင်ကျောက်စိမ်း တောင်တစ်ခုလုံး မည်သည့်သစ်ပင်မှ ပေါက်ရောက်ခြင်းမရှိသည့် ဖုန်းဆိုးမြေကြီးတစ်ခုဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။ မီးတောက်များ ရပ်တန့်သွားသည့်အခါမှာပဲ ကောင်းကင်ထက်တွင် ဝဲနေသည့် လွမ်ဖုန်း အမေကြီးသည် လူ့အသွင်သို့ ပြောင်းလဲလိုက်လေသည်။

သူမသည် အဆင့်အတန်းမြင့်သည့် အဝတ်အစား ဝတ်ဆင်ထားပြီး ဆံပင်ကို ဆံထုံး ထုံးထားခဲ့လေသည်။ သူမ၏မျက်လုံးထဲ မည်သည့်ခံစားချက်တို့မှ ရှိမနေဘဲ အေးစက်စက် သတ်ဖြတ်လိုစိတ်တို့သာ ရှိနေခဲ့သည်။ လွမ်ဖုန်းပေါက်လေးဆီ ကြည့်လိုက်သည့်အခါမှပဲ သူမ၏မျက်ဝန်းတစ်စုံထဲ ကြင်နာယုယရိပ်တို့ ထွက်ပေါ်လာခဲ့လေ၏။

လက်ရှိမြေပြင်ပေါ်ရှိ လွမ်ဖုန်းပေါက်လေးသည်လည်း အသက် သုံးနှစ်ကျော်လောက်သာ ရှိမည်ထင်ရသော ကလေးငယ်လေးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေ၏။ အမျိုးသမီးမှ သူမလက်ကို ဆန်ထုတ်လိုက်လေရာ မမြင်နိုင်သော စွမ်းအားတစ်ရပ် ထွက်ပေါ်လာပြီး ကလေးငယ်လေးအားတဖြည်းဖြည်း သူမ‌ဆီသို့ ဆွဲခေါ်ယူလာလေသည်။ အမျိုးသမီးမှာမူ ဤကဲ့သို့ ပြဿနာရှာရကောင်းလားဟု အပြစ်တင်နေဟန်ဖြင့် ကလေးလေးအား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

သို့ရာတွင် ကလေးလေးမှာတော့ ပျော်ရွှင်စွာပြုံးကာ အမျိုးသမီး၏ ရင်ခွင်ထဲသို့၀င်၍ သက်သောင့်သက်သာ ဖြစ်အောင် လဲလျောင်းလိုက်ပြီးနောက် မျက်လုံးပိတ်ကာအိပ်သွားလေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း အမျိုးသမီးမှာ ကူကယ်ရာမဲ့စွာဖြင့်သာ သက်ပြင်းချလိုက်လေသည်။

ထို့နောက် တခြားတစ်ဖက်ဆီသို့ အလွန်လျှင်မြန်သည့် နှုန်းဖြင့် ပျံထွက်သွားလေ၏။ သို့ရာတွင် သူမထွက်မသွားခင်တွင် ရန်ကိုင်ရှိခဲ့သည့်နေရာသို့ တစ်ချက်လှမ်းကြည့်လိုက်လေသည်။

ထိုသို့ကြည့်နေစဉ်အတွင်း သူမစိတ်ထဲတစ်ခုခုကို နားမလည်နိုင်ဖြစ်နေသည့်အလား သူမ၏ မျက်ခုံးကြောတို့မှာ တွန့်ကွေးနေခဲ့လေသည်။ ဆယ်ရက်ကြာပြီးနောက်တွင် ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲမှ တိုးတိုးတိတ်တိတ် ထွက်လာခဲ့လေသည်။ အပြင်ဘက်သို့ ရောက်ရောက်ချင်းမှာပင် အလွန်ပြင်းထန်သည့် အပူလှိုင်းတို့ သူ့မျက်နှာကို လာဟပ်သည်ကို ခံစားလိုက်ရသည်။

ရန်ကိုင် ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းပဲ လေပေါ်သို့ ပြန်တက်လိုက်လေသည်။ လေပေါ်တွင်၀ဲပြီး အောက်သို့ငုံ့ကြည့်လိုက်သောအခါ မြင်လိုက်ရသောမြင်ကွင်းကြောင့် ရန်ကိုင် အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာ နေရာကိုဗဟိုပြုလျက် ပတ်ဝန်းကျင် မိုင်တစ်ရာပတ်ပတ်လည်လုံး အနက်ရောင်မီးတောက်များဖြင့် ပြည့်နေခဲ့လေသည်။

ဆယ်ရက်ကြာသွားသည့်တိုင် အနက်ရောင်မီးတောက်များမှာ ငြိမ်းသွားခြင်းမရှိ။ အထူးသဖြင့် အလယ်ဗဟိုရှိ ဆယ်မိုင်ပတ်လည်သည် လုံးဝလုံးဝကို အနက်ရောင် မီးတောက်များဖြင့်သာ ပြည့်နေခဲ့လေသည်။ ကြည့်ရသလောက် ဤနေရာတွင် သစ်ပင်ပန်းပင်များ ပြန်ပေါက်နိုင်ရန်အတွက် နောက်နှစ်ပေါင်း ထောင်နှင့်သောင်းနှင့်ချီပြီး ကြာဦးမည့်ပုံပင်။

မီးတောက်များထဲ မည်သည့် အလောင်းကိုမှ မတွေ့ရပေ။ တိုက်ပွဲကွင်းပြင်တွင် စုဝေးနေကြသော ကျင့်ကြံသူများသည် မီးတောက်များကြောင့် တစ်ခါတည်း အငွေ့ပျံ ပျက်ကွယ်သွားသည့်အတွက် မည်သည့် အလောင်းမှ ကျန်ရစ်နေခဲ့ခြင်းမရှိ။ မိုရှောင်ချီ ရှိနေခဲ့သည့် နေရာကို လှမ်းကြည့်လိုက်ပြီးနောက် ရန်ကိုင့်မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ ထိုနေရာတွင်လည်း အနက်ရောင်မီးတောက်များ ရှိနေခဲ့သည်။ မိုရှောင်ချီ၏ အရိပ်အယောင်ကိုတော့ မတွေ့ရပေ။

“ကြည့်ရတာ အဲ့ကောင်မလေးလည်း မီးထဲ ပါသွားပြီနဲ့တူတယ်” ရန်ကိုင် တွေးလိုက်၏။

ထိုစဉ်ကသာ သူသာ မိုရှောင်ချီ အနီးတွင် ရှိနေခဲ့မည်ဆိုပါက သူမအား တစ်ခါထဲ ဆွဲခေါ်ခဲ့လိုက်ပေသည်။ သို့ရာတွင် သူတို့နှစ်ဦးကြား အကွာအဝေး အနည်းငယ် ခြားနေခဲ့သည်။ သူသာ တစ်စက္ကန့်လေး နောက်ကျနေမည်ဆိုပါက မီးထဲ ပါသွားမည်ဖြစ်သဖြင့် ကမ္ဘာငယ်လေးထဲ အလျင်စလို ခုန်ဝင်ခဲ့ခြင်းဖြစ်သည်။

“ကံတရားကအဲလိုဆိုမှတော့ အဲလိုပဲပေါ့”

မိုရှောင်ချီအား သွားထိမိရာမှ သူမ မှော်ရတနာများ၏ တိုက်ခိုက်လာမည်ကို စိုးရိမ်နေရသည့်အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင်သည် သူမနှင့် ဤမျှခပ်ခွာခွာ နေခဲ့လိမ့်မည်မဟုတ်ချေ။ ထိုစဉ်က မိုရှောင်ချီသာ သူ့နားရှိနေခဲ့လျှင် သူမကိုပါ သူ၏ကမ္ဘာငယ်လေးထဲသို့ ခေါ်သွား၍ရပေသည်။

ခေါင်းတခါခါလုပ်ရင်း ရန်ကိုင်သည် ထိုနေရာမှ ထွက်သွားရန် လုပ်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် ရန်ကိုင်သည် တစ်ခုခုကို သတိပြုမိသွားခဲ့လေသည်။ သူကြည့်နေရာ အရပ်တွင် တခုခု ကျန်ရှိနေခဲ့သည်။ လွမ်ဖုန်း၏ ကမ္ဘာဖျက် မီးတောက်များကြားတွင် ကျန်ရှိနေသေးသည်ကို ကြည့်လျှင် ထိုအရာသည် ရှာပါးရတနာတစ်ခုသာ ဖြစ်ရပေလိမ့်မည်။

ပျော်ရွှင်စွာပြောင်းရင် ရန်ကိုင်သည် ထိုပစ္စည်း ရှိရာနေရာသို့ ပျံသန်းလေသည်။ အနားသို့ ရောက်သည့်အခါမှာပဲ ထိုအရာ ဘာလဲဆိုသည်ကို ရန်ကိုင် မြင်လိုက်ရသည်။ ထိုအရာသည် တစ်မီတာ လောက်သာ ရှည်လျားသည့် ငှက်မွှေးတောင် တစ်ချောင်း ဖြစ်နေခဲ့သည်။

“လွမ်ဖုန်းရဲ့ ငှက်မွှေးတောင်လား”

ရန်ကိုင် မျက်ခုံးပင့်ပြီး အနီးကပ်သွားကြည့်လိုက်သည်။ သို့သော်လည်း ငှက်မွေးအား လက်ဖြင့် သွားမထိရဲသဖြင့် ရွှေရောင်သွေးမျှင် တစ်မျှင်ကိုသာ ထုတ်ပြီး ငှက်မွေးအား ရစ်ပတ်စေလိုက်သည်။ သို့သော်လည်း ထူးခြားစွာပင် ဤငှက်‌မွှေးသည် လုံးဝကို ပူမနေခဲ့ပေ။ ထိုအပြင် ငှက်မွေးဆီမှ မည်သည့်အန္တရာယ်ကိုမှလည်း မခံစားရ။

သို့သော်လည်း သေချာစစ်ဆေးကြည့်မည်ဆိုပါက ဤငှက်မွှေးထဲ ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအင်တို့ ကိန်းအောင်းနေသည်ကို တွေ့ရပေလိမ့်မည်။

“ရတနာပဲကွ”

ငှက်မွှေးတောင်ကိုသာ ကျွမ်းကျင်သည့် ပန်းပဲပညာရှင်တစ်ဦးလက်ထဲသို့ ထည့်ပေးနိုင်မည်ဆိုပါက အလွန်အားကောင်းသည့် မှော်ရတနာတစ်ခုကို သွန်းလုပ်နိုင်‌ပေလိမ့်မည်။

ဧကရာဇ် မှော်ရတနာတစ်ခုကိုပင် သွန်းလုပ်ကောင်း သွန်းလုပ်နိုင်လောက်၏။ ရန်ကိုင်သည့် ငှက်မွှေးတောင်အား ခဏကြာအောင် စစ်ဆေးကြည့်နေပြီးနောက် ကမ္ဘာငယ်လေးထဲ ထည့်သိမ်းလိုက်လေသည်။

ယခုတစ်ကြိမ် ကြည်လင်ကျောက်စိမ်းတောင်သို့ ခရီးမှာ အမြတ်ထွက်ခဲ့သည်ဟု ပြော၍ရပေသည်။

မိုရှောင်ချီဆီမှ စုံတွဲ ဓါးတစ်ချောင်းကို ရခဲ့သလို လွမ်ဖုန်း၏ ငှက်မွှေးတောင် တစ်ချောင်းကိုလည်း ရခဲ့ပေသည်။ မိုရှောင်ချီအကြောင်း ပြန်တွေးမိပြီးနောက် ရန်ကိုင် သက်ပြင်းတစ်ချက်သာ ချလိုက်သည်။

စိတ်ကိုအနည်းငယ်တည်ငြိမ်အောင် လုပ်ပြီးနောက် မေပယ်မြို့ ရှိရာဆီသို့ ထွက်လာခဲ့လေသည်။ လက်ရှိတွင် ရန်ကိုင်သည် တန်ခိုးရှင်ဘုရင် တတိယအဆင့်သာ ရှိသေးသည်။ သူ့ကိုယ်ထဲရှိ သူတော်စင်ချီ အားလုံးကို အရင်းအမြစ်ချီအဖြစ်သို့ မပြောင်းလဲရသေးပေ။ ထို့ကြောင့် ရန်ကိုင့် အနေဖြင့် တာအိုသခင်အဆင့်သို့ မချိုးဖြတ်နိုင်သေးပေ။ လက်ရှိ လုပ်စရာရှိသည်မှာ သူကိုယ်ထဲရှိ သူတော်စင်ချီများကို အရင်းအမြစ်ချီ အဖြစ်သို့ ပြောင်းလဲပေးနိုင်မည့် နည်းလမ်းတခုရှာဖို့ပင်။

All Chapters