← Chapters

အခန်း (၁၉၈၁-၁၉၈၅)

Vol. 80 Ch. 1981-1985

အခန်း (၁၉၈၁-၁၉၈၅)

Vol. 80 Ch. 1981-1985

အပိုင်း (၁၉၈၁)

အခန်းထဲသို့ ဝင်လာလိုက်သည်နှင့် ရန်ကိုင်၏ မျက်နှာကို ချစ်ချစ်တောက်ပူလောင်သည့် အပူလှိုင်းများ လာဟပ်လေသည်။

“ဆေးပညာရှင်ရန် ဆေးညွှန်းတွေနဲ့ အသားကျသွားအောင် အရင်လုပ်လိုက်ပါဦး။ ဘာမှ အလျင်လိုစရာမလို‌ဘူးနော်။ အဆင်သင့်ဖြစ်မှ ဆေးစဖော်စပ်လို့ရတယ်” ရန်ကိုင် လောကြီးနေမည်ကို စိုးရိမ်သည့်အတွက်ကြောင့် ခန်စစ်ရန်သည် မသွားခင် သတိပေးလိုက်သည်။

ရန်ကိုင်က ခေါင်းညိတ်၍ ပြန်မေးလိုက်၏။

“ဒါနဲ့ ဆိုင်ပိုင်ရှင်ခန် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာက လက်ရှိ ဘယ်ဆေးလုံးတွေကို အရေးတကြီး လိုအပ်နေတာလဲ”

“အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံးတွေပေါ့။ မေပယ်မြို့ထဲမှာ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတွေ အများကြီးရှိတယ်လေ။ ဒါကြောင့် အဲ့ဆေးလုံးကိုပဲ အများဆုံးလိုအပ်တာ။ ဆေးလုံး တစ်သုတ် ဖော်စပ်ပြီးတာနဲ့ သွားရောင်းလို့ရှိရင် ချက်ချင်းကုန်သွားတာပဲ။ လုံး၀ကို ရောင်းလို့မလောက်ဘူး” ခန်စစ်ရန်က ဂုဏ်ယူ၀င့်ကြွားစွာဖြင့်ပြောလိုက်သည်။

“ကျုပ်နားလည်ပြီ” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။

လောကကြီးတွင် မရေမတွက်နိုင်သော ဆေးပင်များနှင့် ဆေလုံးများ ရှိကြပေသည်။ ဆေးပင်အပင်(၂၀)လောက်ကို အမျိုးမျိုး ပေါင်းစပ်ရင်းမှ အမျိုးမျိုးသော ဆေးလုံးများကို ဖော်စပ်နိုင်ပေသည်။ သို့သော်လည်း ဤလောကကြီးတွင် မည်သည့်ဆေးလုံးသည် ၀ယ်လိုအား အကောင်းဆုံးလဲဟု လိုက်လံမေးမြန်းမည် ဆိုပါက ကုသရေးဆေးလုံးနှင့် အားပြန်ဖြည့်ရေး ဆေးလုံးတို့သာ မပါလျှင် ကျင့်ကြံသူများသည် အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံးဟုသာ ပြောကြပေလိမ့်မည်။

အရင်းအမြစ်ချီသိပ်သည်းခြင်းဆေးလုံးသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများကြားတွင် အလွန်ကို ရေပန်းစားနေသည်ဟု ပြော၍ရပေသည်။ ထိုဆေးလုံးသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတိုင်း လိုအပ်နေသည့် ဆေးလုံးတစ်လုံး ဖြစ်ပေသည်။ မေပယ်မြို့သည် မြို့ကြီးတစ်မြို့ မဟုတ်သည့်အတွက် မြို့ထဲတွင် တာအိုသခင်အဆင့် ကျင့်ကြံသူများများစားစား မရှိပေ။ သို့သော်လည်း တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများကတော့ အများကြီးရှိပေသည်။

ထိုအကြောင်းကြောင့်ပင် မေပယ်မြို့တွင် အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံးမှာ အလွန်ကိုမှ ၀ယ်လိုအားမြင့်နေရခြင်း ဖြစ်သည်။ အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံးကို မရောင်းနိုင်ဘဲနှင့် မေပယ်မြို့ထဲတွင် ဆေးဆိုင်လာဖွင့်ရန် မစဉ်းစားသင့်ပေ။ ထို့အပြင် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ၏ အရင်းအမြစ်ချီ သန့်စင်ခြင်းဆေးလုံးမှာ ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦးမှ ပြုပြင်ပေးထားသည့်အတွက် ပုံမှန်ဆေးလုံးများထက် ပိုမို အာနိသင်ကောင်းမွန် နေလေရာ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာမှ ထွက်သည့် အရင်းအမြစ်ချီ သိပ်သည်းခြင်း ဆေးလုံးမှာ အခြား ဆေးလုံးများထက်ကို ပို၍ နာမည်ကျော်နေရလေသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာမှ အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံးများကို အလုအယက် ၀ယ်ယူကြပေသည်။ အရင်းအမြစ်ချီ သိပ်သည်း‌ခြင်း ဆေးလုံးအသစ်တစ်သုတ် ထွက်လာတိုင်း တစ်မုဟုတ်ချည်းကို ကုန်သွားရသည်။ နောက်ဆုံးတွင် ခန်စစ်ရန်သည် ကျင့်ကြံသူများ ၀ယ်နိုင်သည့် အရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံးပမာဏအပေါ် ကန့်သတ်ရတော့လေသည်။

သို့တိုင် ၀ယ်လိုအားနှင့် အလျင်မီအောင် မဖော်စပ်နိုင်သေးပေ။ လက်ရှိတွင် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ၌ အရင်းအမြစ်ချီသိပ်သည်းခြင်းဆေးလုံးျားမ ပြတ်တောက်နေသဖြင့် ဝယ်သူများနှင့် ဖောက်သည်ဟောင်းကြီးများ မကျေမနပ်ဖြစ်နေကြသည်။

ဆေးဖော်စပ်သည့်အခန်းအပြင်ဘက်တွင် ခန်စစ်ရန်သည် စိုးရိမ်ပူပန်နေသည့် အမူအရာဖြင့် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေခဲ့သည်။ တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ရောက်အောင် ကျင့်ကြံလာနိုင်သူတစ်ဦး ဖြစ်သည့်အတွက် ခန်စစ်ရန်၏ စိတ်စွမ်းအင်နှင့် ခွန်အားမှာ နိမ့်ကျခြင်း မရှိပေ။ ပုံမှန်မဟုတ်သည့် ထူးခြားသော အဖြစ်အပျက်များနှင့် ကြုံရလျှင်ပင် ခန်စစ်ရန်သည် သူ့အမူအရာကို တည်ငြိမ်အောင် ထိန်းထားနိုင်ပေသည်။

သို့သော်လည်း လက်ရှိအချိန်တွင်တော့ ခန်စစ်ရန်သည် ဒယ်အိုးပူပေါ်ရောက်နေသည့် ပုရွက်ဆိတ်တစ်ကောင်နှယ် ဖြစ်နေခဲ့သည်။ သေချာနားထောင်ကြည့်မည်ဆိုလျှင် ဆေးဆိုင်အပြင်ဘက်မှ တန်ခိုးရှင်ဘုရင် ကျင့်ကြံသူများ၏ စိတ်မရှည်စွာ အော်ဟစ်သံများကို ကြားရပေလိမ့်မည်။

ရှပ်..ရှပ်..ရှပ်

အပေါ်ဘက်ဆီမှ ခြေသံများထွက်ပေါ်လာခဲ့သည်။ ခန်စစ်ရန် လှည့်ကြည့်စရာပင်မလို။ ရောက်လာသည့်သူမှာ ဆိုင်၀န်ထမ်းမှန်းသာ သူသိနေခဲ့သည်။ ခန်စစ်ရန်ရှေ့သို့ ရောက်လာပြီး တစ်ခုခုပြောတော့မည်အပြု ဘာမှမပြောရသေးခင်မှာပင် ခန်စစ်ရန် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

“ဝယ်သူတွေကို စောင့်ခိုင်းထားဖို့ ငါမင်းကို မပြောထားဘူးလား။ ဘာဖြစ်လို့ဆင်းလာတာလဲ”

“ဆိုင်ပိုင်ရှင်ခန် အခြေအနေတွေက ထိန်းလို့မရတော့ဘူး။ ပုံမှန်ဆို မနေ့ကတည်းက ရောင်းပေးရမယ့် အရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံးတွေက အခုထိ မရတော့ အပြင်မှာ စောင့်နေတဲ့ လူတွေကလည်း သိပ်ပြီး စိတ်မရှည်ကြတော့ဘူး”

“သူတို့ မကျေနပ်တော့ရော ငါတို့ ဘာလုပ်ပေးနိုင်လို့လဲ။ ဘာလဲ ငါ့ကို တန်ခိုးသုံးပြီး ဆေးလုံးတွေ ဖန်တီးပေးစေချေင်နေတာလား။ သွား… ဆက်စောင့်နေခိုင်းလိုက်” ခန်စစ်ရန်က စိတ်မရှည်သည့် အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။

“ကျုပ်တို့ ရှင်းပြတာပဲ…၊ သူတို့ကမှ နားမထောင်တာ။ ပြီးတော့…”

“ပြီးတော့ ဘာလဲ” ခန်စစ်ရန် မျက်နှာပျက်သွားခဲ့လေသည်။

“ဘယ်သူသတင်းဖွလိုက်လည်းတော့ မသိဘူး။ ကျုပ်တို့ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာက ဆေးလုံးတွေ ဆက်မရောင်းတော့ဘူး အချို့က ပြောနေကြတယ်။ အချို့ စိတ်မရှည်တော့တဲ့ ဝယ်သူတွေဆို အဲ့ဒါကို ကြားပြီး ထွက်သွားကုန်ကြပြီ”

“ကျိုးနင်းစီ...မိန်းမပျက်မ” ခန်စစ်ရန်သည် အသံအကျယ်ကြီး ထအော်ဆဲလုမတတ် ဖြစ်သွားလေသည်။

မည်သူသတင်းဖွလိုက်မှန်းသတင်းအတိအကျ မရထားသော်ငြား ထိုသတင်းကိုဖွလိုက်သူမှ ကျိုးနင်းစီသာဖြစ်မည်မှန်း ခန်စစ်ရန် အတပ်ပြောရဲပေသည်။ ဤမိန်းမသည် သူတို့စိတ်ဝိဉာဉ်ဆေးလုံးပလာဇာကို မပိတ် ပိတ်အောင် ဉာဏ်နီဉာဏ်နက်မျိုစုံသုံးကာ အကောက်ကြံနေသူတစ်ဦးဖြစ်သည်။ ဒေါသထွက်နေသော်ငြား ခန်းစစ်ရန် လုပ်နိုင်သည့်အရာ ဘာမှရှိမနေခဲ့ပေ။

သူတို့သာ အရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံးတစ်သုတ် အချိန်မီအတွင်း ထုတ်မရောင်းနိုင်ဘူးဆိုပါက အမှန်တရားကို မသိကြသော ဈေး၀ယ်သူများသည် လောလာဟလများကို ယုံစားကာ သူတို့ဆိုင်မှ ထွက်သွားကြပေလိမ့်မည်။ သို့သော်လည်း ထိုအခြေနှင့် ပတ်သတ်၍ ခန်စစ်ရန် ဘာများလုပ်နိုင်ပါမည်နည်း။

ဆေးဖော်စပ်သည့်အခန်းကိုကြည့်ရင်း ရန်ကိုင်သူ့အား စိတ်ပျက်အောင် မလုပ်ပါစေနှင့်ဟုသာ ကြိတ်၍ ဆုတောင်းနေရလေတော့သည်။

“ဆိုင်ရှင် အဲ့ဆေးပညာရှင်ရန်က တစ်ကယ်တော်တာလား”

ဆိုင်၀န်ထမ်းကြည့်ရသည်မှာ ရန်ကိုင့်အပေါ် သိပ်ပြီး ယုံကြည်ချက်ရှိသည့်ပုံမပေါ်။ သူ့ဘ၀တွင် ဆေးပညာရှင်ပေါင်းများစွာနှင့် တွေ့ဖူးပေသည်။ သို့သော် သူတွေ့ဖူးသည့် မည်သည့်ဆေးပညာရှင်မှ ရန်ကိုင့်လောက် ကျင့်ကြံခြင်း မြင့်မားခြင်း မရှိပေ။ ထို့အပြင် ဆေးပညာရှင်အများစုသည် ယေဘုယျအားဖြင့် ဖြစ်သလိုသာ နေတတ်ကြသည်။ ဆေးပင်များနှင့် အမြဲထိတွေ့နေရသည့်အတွက် သူတို့ခန္ဓာကိုယ်ပေါ်တွင် ဆေးသင်းရနံ့များ ကပ်ငြိနေတတ်သည်။ သို့သော်လည်း ရန်ကိုင့်ပုံစံသည် သူတွေ့ခဲ့ဖူးသည့် မည်သည့်ဆေးပညာရှင်နှင့်မှ တူမနေခဲ့ပေ။

“ငါ ဘယ်လိုလုပ်ပြီးသိမှာလဲ” ခန်စစ်ရန် ခပ်ပြတ်ပြတ် ပြန်ပြောလိုက်လေသည်။

ရန်ကိုင် ဆေးဖော်စပ်ခန်းထဲသို့ ၀င်သွားသည်မှာ ဆယ်ရက်ခန့် ရှိနေလေပြီ။ ပြောသည့်အတိုင်းပဲ ပထမနှစ်ရက်အား ဆေးညွှန်းများကို လေ့လာရန် အသုံးပြုခဲ့သည်။ တတိယရက်တွင် အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံးများကို ဖော်စပ်မည့် ဆေးပင်များကို ရန်ကိုင်မှ တောင်းဆိုခဲ့လေသည်။ ထိုအချိန်မှစ၍ ဆေးဖော်စပ်သည့် အခန်းတံခါးမှာ ပိတ်သွားခဲ့သည်မှာ ယနေ့အထိပင်။

ခန်စစ်ရန်မှာ အလွန်ကိုမှ စိတ်စောနေလေရာ ဆေးဖော်စပ်သည့်အခန်းထဲသို့ ပြေးဝင်သွားပြီး ရန်ကိုင်မှ ဆေးလုံးမည်မျှ ဖော်စပ်ပြီးပြီဆိုသည်ကိုသာ ပြေးကြည့်ချင်ပစ်လိုက်တော့လေသည်။ ဆေးပညာရှင်၏ အရည်အချင်းအပေါ်မူတည်၍ ‌ဆေးဖော်စပ်သည့် အောင်မြင်မှုနှုန်းမှာလည်း ကွဲပြားသွားတတ်သည်။ သူတို့ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာမှ ခန့်အပ်ခဲ့ဖူးသည့် ဆေးပညာရှင်များအနက် အတော်ဆုံးမှာ ခုနှစ်ဆယ်ရာခိုင်နှုန်းသာ ဖြစ်ပေသည်။။

ဆိုလိုသည်မှာ ထိုဆေးပညာရှင် ဆေးဆယ်ခါ ဖော်စပ်လျှင် ခုနစ်ခါမှာ အောင်မြင်ပေလိမ့်မည်။ ဤအောင်မြင်မှုနှုန်းမှာ အတော်လေး မြင့်မားသည်ဟု ပြော၍ရပေသည်။ ဖန်းဟုန်မှာ ငါးဆယ် ငါးဆယ် ဖြစ်ပေသည်။ သူဆေးဖော်စပ်လျှင် ဆယ်အိုးအနက် ငါးအိုးမှာ ကျရှုံးသွားလေ့ရှိပေသည်။ သို့တိုင်ပင် ခန်စစ်ရန်အနေဖြင့် သူ့အား တလေးတစားဖြင့် ဆက်ဆံရသည်။

ရန်ကိုင်၏ အောင်မြင်မှုနှုန်းကရော မည်မျှရှိမလဲဆိုသည်ကို ခန်စစ်ရန် အလွန်သိချင် နေမိလေသည်။ ခြောက်ဆယ်လား။ ခုနှစ်ဆယ်လား။ နှစ်ဆယ်ရာခိုင်နှုန်းလောက် အောင်မြင်လျှင်ပင် ခန်စစ်ရန် ဘာမှအပြစ်မပြောလိုပေ။ လက်ရှ်ိအခြေအနေကို ဖြေရှင်းနိုင်မည့် အရင်းအမြစ်ချီ သိပ်သည်းခြင်း ဆေးလုံးအနည်းငယ်လောက်ကိုသာ ဖော်စပ်ပေးနိုင်လျှင် အကုန်အဆင်ပြေပေသည်။

သို့သော်လည်း ခန်စစ်ရန် စိတ်ပူနေ‌သည်မှာ ရန်ကိုင်သည် ယခုအချိန်ထိ အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံး တစ်လုံးကိုပင် ထုတ်ပေးမလာသေးခြင်း ဖြစ်သည်။ ဆေးပညာရှင်များ ဆေးဖော်စပ်နေချိန်တွင် နှောက်ယှက်ခြင်းသည် လုပ်သင့်လုပ်ထိုက်သည့် အပြုအမူတစ်ခုမဟုတ်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ခန်စစ်ရန်သည် ဆေးဖော်စပ်ခန်းထဲ ပြေး၀င်သွားနေလောက်ပြီးလေပြီ။ လူအုပ်ကြီး၏ ပြောဆိုအော်ဟစ်သံများမှာ တဖြည်းဖြည်း ကျယ်လောင်လာသဖြင့် ခန်စစ်ရန်မှာလည်း ပိုပို၍ စိုးရိမ်ပူပန်လာခဲ့ရလေသည်။

ကျွီ…

ထိုစဉ်အသံတစ်သံထွက်ပေါ်လာလေသည်။ ထိုအသံ ပေါ်လာသည့်အခိုက် ခန်စစ်ရန် အလွန်ပျော်ရွှင်သွားပြီး ဆေးဖော်စပ်ခန်းသို့ လှည့်ကြည့်လိုက်လေသည်။ အခန်းတံခါး လုံး၀မပွင့်သေးသော်ငြား ခန်စစ်ရန်မှာတော့ အခန်းထဲသို့ ပြေး၀င်သွားပြီးနေလေပြီ။ ဆေးဖော်စပ်ခန်းထဲရှ်ိ အပူလှိုင်းကိုပင် ဂရုမစိုက်တော့ဘဲ ရန်ကိုင့်ဘေးဘက်ဆီသို့ ချက်ချင်းပြေးသွားလေသည်။ ထို့နောက် တစ်ချက် လှည့်ပတ်ကြည့်လိုက်သည်။

အလျှင်အမြန်ပင် အခန်းထောင့်တွင်စုပုံထားသည့် မီးကျွမ်းထားသော ‌ဆေးပင်များကို တွေ့လိုက်ရလေသည်။ သို့သော်လည်း မီးကျွမ်းထားသည့် ဆေးပင်များမှာ သိပ်မများပေ။ သူပေးလိုက်သည့် ဆေးပင်များ၏ တစ်ဆယ်ရာခိုင်နှုန်းခန့်သာ ရှိသည်။ လွန်ခဲ့သော ခုနစ်ရက်ခန့်က ခန်စစ်ရန်သည် ရန်ကိုင့်အား ဆေးအမယ် အစုံတစ်ရာစာ ပေးလိုက်လေသည်။

ယခုသူသိချင်နေသည်မှာ ရန်ကိုင်သည် သူပေးလိုက်သည့် ဆေးအမယ်ထဲမှ မည်မျှကို အသုံးပြုပြီးသွားပြီးပြီလဲ ဆိုသည်ကိုပင်။ ထိုအရာကိုသာ သိနိုင်မည်ဆိုလျှင် သူ့အနေဖြင့် ရန်ကိုင်၏ အောင်မြင်မှုနှုန်းကို ခန့်မှန်းနိုင်ပေလိမ့်မည်။

“ဆေးပညာရှင်ရန်၊ ကျုပ်တောင်းဆိုထားတဲ့ ဆေးလုံးတွေကို ဖော်စပ်ပြီးသွားပြီလားမသိဘူး” ခန်စစ်ရန်သည် လက်သီးဆုပ်၍ အားတင်းကာ မေးလိုက်လေသည်။

“အင်း ပြီးသွားပြီ။ ဒီမှာ” ရန်ကိုင်က ခေါင်းညိမ့်၍ သူ့လက်ကိုဝှေ့ယမ်းကာ သိုလှောင်လက်စွပ်ထဲမှ ဆေးပုလင်း သုံးဆယ်ကျော်ကို ထုတ်ပေးလိုက်၏။

ရန်ကိုင်ထုတ်ပေးလာသည့် ဆေးပုလင်း သုံးဆယ်ကျော်ကိုမြင်ပြီးနောက် ခန်စစ်ရန် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့လေသည်။ သူ့ခဗျာ စကားပင်မပြောနိုင်တော့ဘဲ ဆေးပုလင်း သုံးဆယ်ကျော်ကိုသာ စိတ်လွတ်သွားသည့် ပုံစံဖြင့် ရပ်ကြည့်နေလေ၏။ ရန်ကိုင်က ခန်စစ်ရန်အား အံဩတကြီးကြည့်လျက် လှမ်းခေါ်လိုက်လေသည်။

“ဆိုင်ပိုင်ရှင်ခန်”

ထိုအခါမှပဲ ခန်စစ်ရန်အသိပြန်၀င်လာခဲ့လေသည်။

သူ့လည်ပင်းအား ဘယ်တစ်ချက် ညာတစ်ချက် ချိုးလျက် ရန်ကိုင့်ဘက်သို့လှည့်၍ မေးလိုက်လေသည်။

“ဆေးပညာရှင်ရန် ဒါတွေက အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံးတွေလား”

“ဟုတ်တယ်လေ။ ဆိုင်ပိုင်ရှင်ခန် စစ်ဆေးကြည့်ချင်ရင် စစ်ဆေးကြည့်လို့ရတယ်”

ထိုစကားကို ကြားသည့်အခါ ခန်စစ်ရန် တုန့်ဆိုင်းမနေတော့ဘဲ ဆေးပုလင်းတစ်ပုလင်းကို ကောက်ယူလိုက်လေ၏။ ထို့နောက် တစ်ပုလင်းချင်းစီတိုင်းကို လိုက်စစ်ဆေးကြည့်ရာ အကုန်လုံးသည် အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံးများ ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ဆေးပုလင်း တစ်ပုလင်းတွင် ဆေးလုံးဆယ်လုံး ပါပေသည်။ လက်ရှိတွင် ဆေးပုလင်း သုံးဆယ်ကျော် ရှိနေသည်။

ဆိုလိုသည်ကား ဤနေရာတွင် အရင်းအမြစ်ချီသိပ်သည်းခြင်းဆေးလုံး အလုံးသုံးရာကျော် ရှိနေသည်ဟု ပြောလိုက်ခြင်းပင်။ အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံး အလုံးသုံးရာကျော်ဟူသော ပမာဏ‌ကိုတွေးရင်း ခန်စစ်ရန် အလွန်ကိုမှ မှင်သက်မိနေလေ၏။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလည်း။ ငါအိမ်မက်များ မက်နေတာလား”

ရန်ကိုင်သည် ခုနစ်ရက်အတွင်း အရင်းအမြစ်ချီသိပ်သည်းခြင်းဆေးလုံး သုံးရာကျော် ဖော်စပ်ပေးသွားခဲ့သည်။ ထိုပမာဏသည် ယခင်က သူငှားခဲ့သည့် ဆေးပညာရှင်သုံးဦးပေါင်းပြီး ဖော်စပ်မှ ရနိုင်သည့် ပမာဏပင်။ ရန်ကိုင်တစ်ယောက်သည် ထိုသုံးယောက်နှင့် ညီမျှသည်ဟု ပြောလိုက်ခြင်းပေလော။ ခန်စစ်ရန် ကောင်းကောင်းပင် မစဉ်းစားနိုင်တော့ချေ။ လက်ရှိ ကိစ္စသည် သူ့အတွေးကို ကျော်လွန်နေပေသည်။

ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင်လည်း စိတ်ပေါက်ပေါက်နှင့် ကျိန်ဆဲမိလေတော့သည်။ ဤသို့ဖြစ်မှန်းသာ ကြိုသိလျှင် နောက်ထပ် ဆေးလုံးတစ်ရာလောက်ကို သူ့အတွက်သာ ထပ်သိမ်းထားလိုက်ပါသည်။ တစ်ကယ်တော့ ရန်ကိုင့်အတွက် အရင်းအမြစ်ချီ သိပ်သည်းခြင်း ‌ဆေးလုံးများကို ဖော်စပ်ရသည်မှာ သိပ်မခက်ခဲပါချေ။ အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံးမှာ တန်ခိုးရှင်ဘုရင် အလယ်အလတ်အဆင့် ဆေးလုံးတစ်လုံးသာဖြစ်သည်။

ရန်ကိုင်သည် တန်ခိုးရှင်ဘုရင် အဆင့်မြင့် ဆေးလုံးများကိုပင် ဖော်စပ်နိုင်သူ ဖြစ်ပေရာ အလယ်အလတ်အဆင့် ဆေးလုံးများကို ဘာကြောင့် မဖော်စပ်နိုင်ရမည်နည်း။ ဆေးလုံးကို တစ်ခါမှ မဖော်စပ်ဖူးသည့်အတွက်ကြောင့်သာ စဖော်စပ်ခါစတွင် အရှုံးများနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ အစပိုင်း၌ ဆေးအမယ် တစ်စုံလျှင် အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေး နှစ်လုံးမှ သုံးလုံးသာ ဖော်စပ်နိုင်ခဲ့သော်လည်း တောက်လျှောက် ဖော်စပ်လာသည်နှင့်အမျှ သူဖော်စပ်နိုင်သည့် ဆေးလုံးအရေအတွက်မှာ လေးလုံးမှ ငါးလုံးအထိသို့ တိုးလာခဲ့လေသည်။

ခန်စစ်ရန်ပေးသည့် ဆေးအမယ်အစုံ တစ်ရာခန့်မှ အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံး အလုံးလေးရာခန့် ဖော်စပ်နိုင်ခဲ့၏။ သူ့စွမ်းဆောင်ရည် အရမ်းကြီး ထင်သာမြင်သာ ဖြစ်မနေစေရန်အတွက် ရန်ကိုင်သည် ဆေးလုံးတစ်ရာလောက်ကို သူ့အိတ်ကပ်ထဲ ထိုးထည့်ထားလိုက်လေသည်။ သို့သော်လည်း ယခုကြည့်ရသလောက် တစ်ရာပင်လျှင် နည်းနေသေးသည့်ပုံပင်။ အနည်းဆုံး နှစ်ရာခန့်လောက် ယူထားလိုက်သင့်၏။

သူကိုယ်တိုင်သည်လည်း အရင်းအမြစ်ချီ သိပ်သည်းခြင်း ဆေးလုံးများကို လိုအပ်ပေသည်။ နည်းနည်းလေးပင် လိုအပ်ခြင်းမဟုတ်။ သူယူထားသည့် အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံးအားလုံးကို မသုံးနိုင်လျှင်ပင် ရောင်းစား၍ ရပေသေးသည်။

အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံးကို ၀ယ်မည့် ဧည့်သည် ရှ်ိမနေမည်ကို စိုးရိမ်စရာမလိုပေ။ ခန်စစ်ရန်၏ အမူအရာကိုကြည့်ရင်း ဆေးသွေးကြောပါသည့် ဆေးလုံးအားလုံးကို သိမ်းထားလိုက်သည်မှာ တစ်ကယ်ကံကောင်းသည်ဟု ရန်ကိုင် တွေးလိုက်မိသည်။ အချိန်အတော်ကြာပြီးနောက်တွင် ခန်စစ်ရန်သည် ရုတ်တရက်ပြီး ဝါးလုံးကွဲထရယ်မောလေသည်။

ခန်စစ်ရန်ဘာကြောင့် ဤမျှပျော်နေမှန်း ရန်ကိုင် ပြောနိုင်သည်။ သို့သော်လည်း ဘာမှသွားပြောမနေဘဲ ပါးစပ်သာပိတ်ထားလိုက်၏။ ရန်ကိုင် ဤမျှတော်လိမ့်မည်ဟု ခန်စစ်ရန်လည်း မထင်ထားခဲ့ပေ။ ရန်ကိုင်သည် တစ်ကြိမ်တည်းဖြင့် သူယခင်ငှားခဲ့သည့် ဆေးပညာရှင်သုံးဦးပေါင်းမှ ဖော်စပ်နိုင်သည့် ဆေးလုံးပမာဏကို ဖော်စပ်ပြသွားခဲ့သည်။

အစကတော့ ဆေးပင်အများကြီးကို ရန်ကိုင် မဖြုန်းတီးပစ်ပါစေနှင့်ဟု ဆုတောင်းနေခဲ့သော်ငြား ယခုမူ ရန်ကိုင် ထုတ်ပြလာသည့် ဆေးလုံးအရေအတွက်ကြောင့် ခန်စစ်ရန် အလွန်ကိုမှ အံအားသင့်နေခဲ့သည်။ ယခင်ရက်များအတွင်း သူကြုံတွေ့ခဲ့ရသည့် အလွန်ဆိုးရွားခဲ့သည့် အတွေ့အကြုံများကြောင့် ခန်စစ်ရန်သည် ပျော်နေသည့်စိတ်ကို မထိန်းချုပ်တော့ဘဲ အာပါးတရ အော်ဟစ်ရယ်မောမိလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၈၂)

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ တစ္ဆေအိုကြီးခန်က တကယ်ကြီး အရင်းအမြစ်ချီသိပ်သည်းခြင်းဆေးပုလင်း (၃၀)ကျော် ယူလာတာလား။ နင်မြင်လိုက်တာသေချာလား” ကျိုးနင်းစီသည် သူမရှေ့ရှိ တန်ခိုးရှင်ပထမအဆင့် ကျင့်ကြံသူအား စိုက်ကြည့်ရင်း မှုန်ကုတ်ကုတ် အမူအရာဖြင့် မေးခွန်းထုတ်လိုက်လေသည်။

ပုပုတုတ်တုတ်နှင့် ကျင့်ကြံသူက အလျင်စလို ခေါင်းညိတ်၍ ပြန်ပြောလိုက်သည် “လက်အောက်ငယ်သား တကယ် ပြောတာပါ။ သူတို့ ထုတ်ယူလာတဲ့ ဆေးပုလင်း သုံးဆယ်ကျော်စလုံးက အရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံးတွေချည်းပဲ။ ဆေးလုံးတွေ ထွက်လာတာနဲ့ အကုန်လုံး ဝိုင်းလုကြလို့ လက်အောက်ငယ်သားတောင် အသည်းအသန် လုပြီးမှ ဒီသုံးလုံးပဲ ရလာလိုက်တယ်။ ရပြီးတာနဲ့ ချက်ချင်းပဲ ပြန်လာခဲ့တာ”

ပြောပြီးသည့်နောက် အရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံးသုံးလုံး ထည့်ထားသည့် ဆေးပုလင်းတစ်ပုလင်းကို ထုတ်၍ ကျိုးနင်းဆီ လက်ထဲသို့ တလေးတစားဖြင့် ထည့်ပေးလိုက်လေသည်။

စိတ်ဝိဥာဉ်ဆေးလုံးပလာဇာ၏ အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံးမှာ အလွန်ကိုမှ ကျော်ကြားလှသည့် အတွက်‌… နောက်ဆုံးတွင် ခန်စစ်ရန်သည် တစ်ဦးလျှင် သုံးလုံးသာ ဝယ်ခွင့်ရတော့မည်ဟု ကြေညာလိုက်ရလေ၏။

ထိုအကြောင်းကြောင့်ပင် အရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံးများ မှောင်ခိုဈေးကွက်ထဲ မကြာခဏ ပေါ်လာလေ့ ရှိပေသည်။ မှောင်ခိုဈေးကွက်ထဲရှိ ဈေးနှုန်းမှာ ပုံမှန်ထက် နှစ်ဆယ်ရာခိုင်နှုန်းခန့် ပိုများသော်လည်း လုံးဝကို ရောင်းမလောက်ခဲ့ပေ။

သူတော်စင်ချီကိုသာ အရင်းအမြစ်ချီအဖြစ်သို့ သိပ်သည်းနိုင်မည်ဆိုလျှင် နှစ်ဆယ်ရာခိုင်နှုန်းလောက်ခန့် ဈေးပိုများသည်ကို မည်သူမှ ဂရုစိုက်နေလိမ့်မည် မဟုတ်ပေ။

“တကယ်ကြီး အရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံးတွေပဲ” ဆေးပုလင်းထဲမှ ဆေးလုံးသုံးလုံးကို လက်ဖဝါးပေါ် သွန့်ချကြည့်ပြီးနောက် ကျိုးနင်းစီက မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်လေသည်။

“ဆိုင်ပိုင်ရှင်၊ အဲ့ဆေးလုံးတွေက ရန်ကိုင်ဆိုတဲ့ ဆေးပညာရှင် ဖော်စပ်ထားတဲ့ ဆေးလုံးတွေများ ဖြစ်နေမလား” ပုပုဝဝနှင့် ကျင့်ကြံသူက မေးလိုက်သည်။

ကျိုးနင်းစီက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ “ဆယ်ရက်တည်းနဲ့ ဒီလောက် ဆေးလုံးများကြီးကို သူတစ်ယောက်တည်း ဖော်စပ်နိုင်တယ်လို့ နင်ထင်နေတာလား။ အဲ့လို ဖြစ်နိုင်မယ်ုလို့ထင်လား။ တာအိုသခင်အဆင့် ဆေးပညာရှင်တွေတောင် အခုလို မလုပ်နိုင်ဘူး”

“လက်အောက်ငယ်သား မှားသွားပါတယ်” ခဏလောက် စဉ်းစားကြည့်ပြီးနောက်တွင် ပုပုဝဝနှင့် ကျင့်ကြံသူက အလျင်အမြန် သဘောတူလိုက်လေသည်။ သူကိုယ်တိုင်သည် ဆေးပညာရှင်တစ်ဦး မဟုတ်သော်လည်း စိတ်ဝိဥာဉ်ဆေးလုံးများအား မည်ကဲ့သို့ ဖော်စပ်ရသလဲ၊ ဆေးအမယ်တစ်စုံလျှင် ဆေးလုံးမည်မျှ ရနိုင်သလဲ၊ တစ်နေ့လျှင် ဆေးပညာရှင်တစ်ဦး ဆေးလုံး မည်မျှကို ဖော်စပ်နိုင်သလဲ ဆိုသည်ကိုတော့ သိပေသည်။

အရင်းအမြစ်ချီသိပ်သည်းခြင်းဆေးလုံး အလုံး သုံးရာအား ဆယ်ရက်အတွင်း ဖော်စပ်နိုင်လျှင်ပင် သူတော်စင်ချီကို အလွန်အကျွံ အသုံးပြုရသည့် အတွက်ကြောင့် ထိုကဲ့သို့လုပ်ဖို့ရာ မဖြစ်နိုင်ပေ။

“ကြည့်ရတာ တစ္ဆေအိုကြီးခန်ရဲ့ ဂိုဒေါင်ထဲမှာ အရံအနေနဲ့ သိုလှောင်ထားတဲ့ ဆေးလုံးတွေ ရှိနေသေးတဲ့ ပုံပဲ” ကျိုးနင်းစီက တွေးတွေးဆဆဖြင့် ရေရွတ်လိုက်၏။

“ဒါဆို နောက်ဘာဆက်လုပ်ကြမလဲ။ လက်အောက်ငယ်သား ကြားတာတော့ ခရမ်းကြယ်စဉ် ကုန်သွယ်ရေးအဖွဲ့အစည်းက ဆေးပညာရှင်နှစ်ဦးကို လွှတ်လိုက်တယ်တဲ့။ နောက်နှစ်လလောက်ဆို သူတို့ ရောက်ပြီ။ အဲ့အချိန်အတွင်း စိတ်ဝိဥာဉ်ဆေးလုံးပလာဇာကို ပိတ်အောင်မလုပ်နိုင်ရင် လက်အောက်ငယ်သားတို့ အခု အခွင့်အရေးကို ဆုံးရှုံးသွားရလိမ့်မယ်”

ထိုစကားကို ကြားသည့်အခါ ကျိုးနင်းစီက ခေါင်းညိတ်လိုက်၏။ တစ်ချိန်ထဲတွင် ရေခဲတမျှ အေးစက်သည့် သတ်ဖြတ်လိုစိတ်တို့ သူမ၏ မျက်ဝန်းနက်ထဲ ဖြတ်ပြေးသွားခဲ့လေသည်။ ထိုသိပ်သည်းလှသည့် သတ်ဖြတ်လိုစိတ်ကြောင့် ရှေ့တွင် ရပ်နေသော ဝဝပုပုနှင့် ကျင့်ကြံသူ တုန်တုန်ရီရီ ဖြစ်သွားခဲ့လေသည်။

“စိတ်ဝိဥာဉ်ဆေးလုံးပလာဇာကိုပဲ သွားပြန်ကြည့်ထား။ တစ်ခုခု ထူးခြားရင် ငါ့ကို ချက်ချင်း လာပြန်အကြောင်းကြား” ကျိုးနင်းစီက သူမလက်ကို ဝှေ့ရမ်း၍ အမိန့်ပေးလိုက်လေသည်။

“ဟုတ်ကဲ့”

ထိုကျင့်ကြံသူ ထွက်သွားပြီးနောက်တွင် ကျိုးနင်းစီသည် နားမလည်နိုင်သည့် အမူအရာဖြင့် အရင်းအမြစ်ချီ သိပ်သည်းခြင်း ဆေးလုံးတစ်လုံးကို ထပ်မံ ကောက်ယူလိုက်၏။ ထို့နောက် နမ်းရှုံ့ကြည့်၍ ခဏကြာအောင် စစ်ဆေးကြည့်နေပြီးနောက် တိုးတိုးလေး ပြောလိုက်လေသည် “ထူးဆန်းတယ်။ ဆေးလုံးက ဘာလို့ ဒီလို ဖြစ်နေရတာလဲ။ အချိန်အကြာကြီး သိုလှောင်ထားတဲ့ ဆေးလုံးဆို အခုလို ဖြစ်မနေသင့်ဘူး။ ဒီဆေးလုံးကို ကြည့်ရတာ အခုလေးတင်မှ သန့်စင်ထားတဲ့ပုံစံမျိုး…”

ကျိုးနင်းစီသည် ဆေးပညာရှင်တစ်ဦး မဟုတ်သော်ငြား ဆေးလုံးများနှင့် တစ်နှစ်ပတ်လုံး ထိတွေ့လာရသူတစ်ဦး ဖြစ်သည့်အတွက် ထိုအချက်ကို ချက်ချင်း သတိပြုမိသွား၏။

ဆေးလုံး သုံးလုံးသည် အရောင် ရှင်းတောက်နေသည့် အတွက် အရည်အသွေးမှာ ထိပ်တန်းအဆင့် ဖြစ်သည်မှာ သိသာသည်။ သို့သော်လည်း ကျိုးနင်းစီ နားမလည်နိုင် ဖြစ်နေသည်မှာ ထိုဆေးလုံးသုံးလုံးသည် မကြာသေးခင်ကမှ ဖော်စပ်ထားသည့် ဆေးလုံးများနှင့် တူနေခြင်းပင်။

တကယ်ကြီး အဲ့ဆေးပညာရှင်ရန် ဖော်စပ်လိုက်တာများ ဖြစ်နေမလား

သို့သော်လည်း စဉ်းစားမိမိချင်းမှာပင် ထိုအတွေးကို ချက်ချင်းပဲ ပယ်ချလိုက်လေသည်။

သူမ မည်သို့ပင် စဉ်းစားစေကာမူ လူတစ်ဦးမှ စိတ်ဝိဥာဉ်ဆေးလုံး အလုံးသုံးရာကျော်ကို ဆယ်ရက်အတွင်း သန့်စင်နိုင်သည်ဟူသော အချက်ကို လုံးဝ မယုံနိုင်ပေ။ ထို့အစား ဤဆေးလုံးများသည် တစ္ဆေအိုကြီးခန်မှ အရံ အနေဖြင့် သိမ်းဆည်းထားသည့် ဆေးလုံးများ ဖြစ်သည် ဟူသော အချက်ကိုသာ ပိုယုံချင်နေမိသည်။

ခဏကြာမျှ စဉ်းစားနေပြီးနောက် ဆေးလုံးတစ်လုံးကို သောက်ကြည့်လိုက်သည်။

သူမကိုယ်ထဲရှိ သူတော်စင်ချီအားလုံးမှာ အရင်းအမြစ်ချီ အဖြစ်သို့ ပြောင်းလဲပြီးနေပြီ ဖြစ်သည့်အတွက်ကြောင့် ဤဆေးလုံးသည် သူမအပေါ်တွင် မည်သည့် အကျိုး သက်ရောက်မှုမှ မရှိတော့ချေ။ သူမအနေဖြင့် ဆေးအာနိသင်ကို စမ်းကြည့်ရန်အတွက်သာ သောက်ကြည့်လိုက်ခြင်း ဖြစ်သည်။

အစပိုင်းတွင် အေးအေးဆေးဆေးဖြင့်သာ ရှိနေသော်ငြား ဆေးအာနိသင်ကို ခံစားမိပြီးနောက်တွင် ကျိုးနင်းစီ၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက် မျက်လုံးအပြူးသားဖြင့် ထအော်လေ၏ “ဒါက…”

ဤအရင်းအမြစ်ချီသိပ်သည်းခြင်းဆေးလုံး၏ အာနိသင်မှာ စိတ်ဝိဥာဉ်ဆေးလုံးပလာဇာ၌ ပုံမှန် ရောင်းနေသည့် ဆေးလုံးများ၏ အာနိသင်ထက်ပင် ပိုမို ကောင်းမွန်နေကြောင်း တွေ့လိုက်ရလေသည်။ အရမ်းကြီး မသိသာသော်ငြား အာနိသင် ပိုကောင်းလာသည်မှာတော့ တကယ်အမှန်ပင် ဖြစ်နေလေသည်။

“အဲ့တစ္ဆေအိုကြီး ဆေးဝိဇ္ဇာတစ်ဦးကို အကူအညီတောင်းပြီး ဆေးညွှန်းကို ပြင်ခိုင်းလိုက်တာလား” ကျိုးနင်းစီသည် ဖြစ်နိုင်ချေတစ်ခုကို ရုတ်တရက် စဉ်းစားမိလိုက်လေသည်။

ကျိုးနင်းစီမှ စိတ်ဝိဥာဉ်ဆေးလုံးပလာဇာမှ ဆေးပညာရှင် သုံးဦးကို မက်လုံးကောင်းကောင်းပေး၍ ခေါ်ခဲ့ရသည့် အဓိက အကြောင်းအရင်းမှာ ဤအချက်ကြောင့် ပါပေသည်။

သို့သော်လည်း သူမ မည်သို့ပင် တောင်းဆိုစေကာမူ ဆေးပညာရှင် သုံးဦးစလုံးသည် ဆေးညွှန်းအား လုံးဝကို ထုတ်မပြောခဲ့ပေ။ သို့သော်လည်း သူတို့ မပြောလျှင်ပင် အရမ်းကြီး ကိစ္စမရှိချေ။ ထိုသုံးဦးသည် ဆေးလုံးစံအိမ်အတွက်သာ ဆေးဖော်စပ်ပေးကြမည် မဟုတ်လော။ သူတို့ကို ရထားပြီ ဖြစ်လေရာ ဆေးညွှန်းကို မရလည်း အရမ်းကြီး ကိစ္စမရှိတော့ပေ။

ထိုဆေးပညာရှင်သုံးဦးသည် စိတ်ဝိဥာဉ်ဆေးလုံး ပလာဇာမှ ဆေးညွှန်းကိုသုံး၍ အရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံးများကို ဖော်စပ်ခဲ့ဖူးကြသူများဖြစ်သဖြင့် သူတို့ ဖော်စပ်သည့် ဆေးလုံးသည် စိတ်ဝိဥာဉ်ဆေးလုံးပလာဇာမှ ရောင်းချသည့် အရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံးနှင့် အတူတူသာ ဖြစ်နေပေလိမ့်မည်။ ထိုသို့ ဖြစ်လာသည့်အခါ စိတ်ဝိဥာဉ်ဆေးလုံးပလာဇာ၏ အားသာချက် တဖြည်းဖြည်း ပျောက်ဆုံးသွားရပေလိမ့်မည်။

သို့သော်လည်း ယနေ့ တွေ့ရှိမှုသည် ကျိုးနင်းစီအား အကြီးအကျယ် ဒေါသထွက်သွားစေခဲ့လေသည်။

တစ္ဆေအိုကြီးခန်သည် တကယ်ကို ကောက်ကျစ်လွန်း၏။ သူမ၏ အစီအစဉ်ကို သူ အစောကြီး ကတည်းက သိထားလောက်သည်။ ထို့ကြောင့်ပင် ဆေးညွှန်းကို နောက်တစ်ကြိမ် ထပ်ပြောင်းပြီး ဆေးအာနိသင်ကို တိုးလာအောင် လုပ်လိုက်ခြင်း ဖြစ်သည်။ ဤနည်းဖြင့် စိတ်ဝိဥာဉ်ဆေးလုံးပလာဇာသည် ဆေးအာနိသင်အပိုင်းတွင် သူမတို့ ဆေးစံအိမ်အပေါ် ဆက်ပြီး အသာရနေပေလိမ့်မည်။

ဒေါသထွက်လွန်းသဖြင့် ကျိုးနင်းစီ၏ ရင်ဘတ်ကြီး နိမ့်ချည်မြင့်ချည် ဖြစ်လာခဲ့လေသည်။ ဤကဲ့သို့ ဖြစ်လာလေရာ သူမဘက်မှ ငွေကုန်ကြေးကျများစွာသုံး၍ ထိုဆေးပညာရှင်သုံးဦးအား ခေါ်ခဲ့သည့်လုပ်ရပ်မှာ ဘာများ အသုံးဝင်ပါဦးမည်နည်း

“တစ္ဆေအိုကြီးခန်၊ နင်စောင့်နေစမ်းပါ။ မကြာခင် ကြယ်ဝိဥာဉ်နန်းတော်က ကြယ်သံတမန် ရောက်လာတော့မှာ။ အဲ့ကျမှ နင်ငါ့ကို ဘယ်လို လာပြိုင်မလဲ ကြည့်ရသေးတာပေါ့” ကျိုးနင်းစီက ရေရွတ်လိုက်လေသည်။

တစ်ချိန်တည်းတွင်… စိတ်ဝိဥာဉ်ဆေးလုံးပလာဇာ၏ ဆေးဖော်စပ်သည့် အခန်းထဲ၌… ရန်ကိုင်သည် တင်ပလ္လင်ခွေထိုင်၍ လွန်ခဲ့သည့် ရက်များအတွင်း သူဆေးဖော်စပ်ခဲ့သည့်ကိစ္စကို ပြန်လည်တွေးတော သုံးသပ်နေခဲ့လေသည်။

အရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံးပေါင်းများစွာကို ဖော်စပ်ပြီးနောက်တွင် ရန်ကိုင်သည် သူနှိုက်ယူထားသည့် အရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံး အလုံးတစ်ရာအပြင် အခြားသော အကျိုးအမြတ်များစွာကိုလည်း ထပ်ရခဲ့၏။ ဆေးတာအိုအပေါ် သူ၏ ထိုးထွင်းနားလည်သိမြင်မှုများ ပိုမို တိုးတက်လာရခြင်းပင်။

ကျိုးနင်းစီ၏ ခန့်မှန်းချက်မှာ မှားယွင်းသွားခဲ့ပေသည်။ စိတ်ဝိဥာဉ်ဆေးလုံးပလာဇာ၏ အရင်းအမြစ်ချီ သိပ်သည်းခြင်း ဆေးလုံး၏ ဆေးညွှန်းမှာ ပြောင်းလဲသွားခြင်း မရှိပေ။ ရန်ကိုင် သန့်စင်လိုက်သည့် ဆေးအရည်မှာ အလွန်ကိုမှ သန့်စင်နေသည့် အတွက်ကြောင့်သာ ဆေးအာနိသင်မှာ ပိုကောင်းလာရခြင်း ဖြစ်သည်။

ဤသည်မှာ အစသာရှိသေးသည်။ သူသာ ဆေးလုံးများကို ဆက်၍ ဖော်စပ်နေသည်နှင့် သူဖော်စပ်သည့် ဆေးလုံးများ၏ ဆေးအာနိသင်မှာ ပိုပို၍ တိုးတက်လာလိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေပေသည်။

ခန်စစ်ရန်သည် ရန်ကိုင်အား နောက်ထပ် ဆေးအမယ် အစုံတစ်ရာ ထပ်ပေးလာလေသည်။ သို့သော် ရန်ကိုင်အား ခဏလောက် အနားယူပြီးမှ ထပ်မံ ဖော်စပ်စေသည်။

ခန်စစ်ရန်သည် ရန်ကိုင်ထက်ပင် ရန်ကိုင်၏ ခန္ဓာကိုယ် အခြေအနေကို ပို၍ စိတ်ပူနေခဲ့လေသည်။

ယခု စိတ်ဝိဥာဉ်ဆေးလုံးပလာဇာတွင် ဆေးပညာရှင်ဟူ၍ ရန်ကိုင် တစ်ယောက်သာ ရှိသည်။ သို့သော်လည်း ရန်ကိုင်သည် ယခင် ဆေးပညာရှင်သုံးဦး ပေါင်းထားသလောက်ကို တော်ပေသည်။ ထိုသို့ဖြစ်လေရာ ခန်စစ်ရန်အနေဖြင့် ရန်ကိုင်အား မည်သို့များ လျစ်လျူရှုထားရဲဦးမည်နည်း။ ရန်ကိုင် ဖော်စပ်ပေးသည့် အရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံး သုံးရာကျော်ကို ရပြီးနောက်တွင် ရန်ကိုင်အပေါ် ခန်စစ်ရန်၏ သဘောထားမှာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ယခုဆိုလျှင် ခန်စစ်ရန်သည် ရန်ကိုင်အပေါ် ပို၍ ရင်းနှီးဖော်ရွေ၊ လေးစားလာခဲ့သည်။

လက်ရှိတွင် ရန်ကိုင်သည် အရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံးများကို ဖော်စပ်ရာမှ ရရှိလာခဲ့သည့် ထိုးထွင်းနားလည်မှုများကို ပြန်လည် ဆင်ခြင်သုံးသပ်ရင်း နှိုက်ယူထာသည့် အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံးများကိုသုံး၍ သူ့ကိုယ်ထဲရှိ သူတော်စင်ချီကို အရင်းအမြစ်ချီအဖြစ်သို့ ပြောင်းလဲလေ၏။

ရက်အနည်းငယ်ကြာပြီးနောက်တွင် ရန်ကိုင်သည် ဆေးလုံးများကို နောက်တစ်ကြိမ် ထပ်မံ ဖော်စပ်လေ၏။

ရန်ကိုင်သည် ဆေးမဖော်စပ်ခင် ဆေးအမယ်များကို သေချာ ပြင်ဆင်ထားခဲ့သည်။ ခရမ်းမူလဆေးမီးဖိုရှေ့တွင် ထိုင်လိုက်ပြီးနောက် တေဇောဓါတ်အသိစိတ်ပင်လယ်ကို သုံးကာ ဆေးမီးဖိုကို စတင် အပူပေးလေသည်။ ထို့နောက် အမျိုးမျိုးသော ဆေးပင်များကို ဆေးမီးဖိုထဲသို့ ပစ်ထည့်လိုက်၏။ ထို့နောက် တေဇောဓါတ်စိတ်စွမ်းအင်ကို သုံး၍ ဆေးပင်ထဲရှိ အညစ်အကြေးများကို ရှင်းပစ်ရင်း ဆေးအရည်များကို စတင် သိပ်သည်းလေသည်။ တစ်ချိန်တည်းတွင် စိတ်ဝိဥာဉ်အစီအရင်များကိုလည်း ဆေးမီးဖိုထဲ တစ်ခုပြီးတစ်ခု ဖန်တီးလေသည်။

ရန်ကိုင်၏ လက်ကွက်များမှာ အလွန်ကိုမှ ချောမွေ့သွက်လက်ပေသည်။ မီးတောက်အပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းမှာလည်း ဧကရာဇ်အဆင့် ဆေးပညာရှင် တစ်ဦးပင် ချီးကျူးရလောက်အောင် ကောင်းမွန်ပေသည်။

လက်ရှိ ရန်ကိုင်အတွက် အရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံးများကို ဖော်စပ်ရသည်မှာ ထမင်းစားရေသောက်နှယ် လွယ်ကူလာခဲ့သည်။ မည်သည့် အချိန်တွင် အစီအရင်များကို ခင်းကျင်းရမည်၊ မည်သို့သော အစီအရင်များသည် အကောင်းဆုံးဖြစ်သည်၊ ဆေးပင်များကို သန့်စင်ပစ်ရာတွင် မီးအပူချိန်အား မည်မျှ ထားရမလဲ စသည် အချက်တို့ကို ကောင်းကောင်း နားလည်နေခဲ့လေပြီ။

ဆေးဖော်စပ်ခြင်းသည် ဤကဲ့သို့ လွယ်ကူလာသည့် အခါမျိုးတွင် ဆေးဖော်စပ်ခြင်း မအောင်မြင်အောင် တမင်တကာ လုပ်ယူမှသာ ရလာတော့လေသည်။

ဆေးသင်းရနံ့တို့ကို စတင် ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်၏ အမူအရာ ရုတ်ချည်း တည်ကြည်သွားခဲ့လေ၏။ ဤအဆင့်သို့ ရောက်လာပြီးနောက်တွင် ရန်ကိုင်လည်း ပေါ့ပေါ့ဆဆ မနေရဲတော့ပေ။

ဆေးအရည်များသည် အမျိုးမျိုးသော အစီအရင်များ၏ ထိန်းချုပ်မှုအောက်တွင် စတင် ပေါင်းစပ်လာခဲ့ကြလေသည်။ ဆေးရနံ့မှာ အတိုင်းအတာတစ်ခုထိ သင်းကြိုင်လာပြီးနောက် ရန်ကိုင် ရုတ်တရက် လှုပ်ရှားလိုက်၏။ လက်ကွက်များကို ဖန်တီး၍ စွမ်းအင်စီးကြောင်းတစ်ခုကို ခရမ်းမူလ ဆေးမီးဖိုထဲသို့ ထည့်သွင်းလိုက်လေသည်။ ထိုစွမ်းအင်စီးကြောင်းသည် ထူးဆန်းသော အသွင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားလေ၏။

လက်ရှိခေတ်နှင့် မသက်ဆိုင်ဘဲ ရှေးပဝေသဏီခေတ်မှ ရောက်လာသည်ဟုပင် ထင်မှတ်ရသော အရှိန်အဝါတစ်ခုသည် ရန်ကိုင်၏ လှုပ်ရှားမှုများဆီမှ ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင် အသုံးပြုနေသည့် နည်းစနစ်မှာ အခြားမဟုတ်… ဘုံကိုးသွယ်ဆေးသိပ်သည်းခြင်း နည်းစနစ်သာ ဖြစ်ပေသည်။ ဤနည်းနစ်စသည် အစစ်အမှန်ဆေးပညာကျမ်းတွင် မှတ်တမ်းတင်ထားသည့် နည်းစနစ်တစ်ခုမဟုတ်ဘဲ အစစ်အမှန်ဆေးတာအို၏ ပဲ့တင်သံဆီမှ ရန်ကိုင် ဥာဏ်အလင်းပွင့်ပြီး သိခဲ့ရသည့် နည်းစနစ်တစ်ခု ဖြစ်ပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၈၃)

ထိုနေ့က ကျိုးထဲနှင့် ပြိုင်နေရင်းနောက်ဆုံး ပြီးခါနီးတွင်မှ ဆေးတာအို၏ ပဲ့တင်ထပ်သံဆီမှ ဤဆေးသိပ်သည်းခြင်း နည်းစနစ်ကို ရရှိခဲ့ခြင်းဖြစ်သည်။ ဤဆေးသိပ်သည်းခြင်း နည်းစနစ်သည် ရန်ကိုင်၏ ဆေးတာအိုအပေါ် ထိုးသွင်းနားလည်မှုများပေါ် အခြေခံ၍ဖြစ်ပေါ်လာခြင်းဖြစ်သည်။

မဟာဆေးတာအို၏ ပဲ့တင်သံ၊ တစ်နည်းအားဖြင့် ကောင်းကင်လမ်းစဉ်၏ အကူအညီကိုရရှိပြီးနောက်တွင် ရန်ကိုင်သည် ဤဆေးသိပ်သည်းခြင်း နည်းစနစ်ကို နားလည်နိုင်သွားခဲ့လေသည်။ ထို့ကြောင့် ဤဘုံကိုးသွယ် ဆေးသိပ်သည်းခြင်း နည်းစနစ်သည် မဟာဆေးတာအိုနှင့် ကောင်းကင်လမ်းစဉ်တို့မှ ဖြစ်တည်လာသည်ဟု ပြော၍ ရပေသည်။

ကောင်းကင်လမ်းစဉ်သည်အလွန်ကိုမှ နက်နဲဆန်းကြယ်ပေသည်။ ကံကြမ္မာပါသည့် လူအနည်းငယ်သာ ကောင်းကင်လမ်းစဉ်ဆီမှ တစ်စုံတစ်ခုကို နားလည်နိုင်၏။ သို့သော် တစ်ခုခုကို နားလည်လိုက်နိုင်ပြီဆိုလျှင်လည်း နားလည်လိုက်နိုင်သူအတွက် အလွန်ကိုမှ အကျိုးများပေသည်။ ရန်ကိုင်၏ ဘုံကိုးသွယ် ဆေးသိပ်သည်းခြင်း နည်းစနစ်သည် ကောင်းကင်လမ်းစဉ်မှ ဖြစ်ပေါ်လာခြင်း ဖြစ်သော်လည်း ရန်ကိုင်သည် ကောင်းကင်လမ်းစဉ်အပေါ် အနည်းငယ်လောက်သာ လေ့လာကြည့်လိုက်နိုင်ခြင်းဖြစ်သည်။

ဤဆေးသိပ်သည်းခြင်း နည်းစနစ်မှာ မဟာဆေးတာအို၏ ပဲ့တင်သံမှ သူ့အတွက် အထူးတလည် ဖန်တီးပေးထားခြင်းဖြစ်သည့်အတွက် သူ့အနေဖြင့် အခြားသူများအား သင်ပေးချင်လျှင်ပင် သင်ပေး၍ ရနိုင်လိမ့်မည်မဟုတ်ပေ။ ဤဆေးသိပ်သည်းခြင်းနည်းစနစ်ကို ရန်ကိုင် စရခဲ့စဉ်က ကျွမ်းကျင်ဖို့တစ်ကယ်ခက်သည်ဟု ထင်ခဲ့လေသည်။ အခုပြန်စဉ်းစားကြည့်လိုက်သည့်အခါမှပဲ ထိုကဲ့သို့ခက်ရသည်မှာ အကြောင်းအရင်းရှိမှန်း နားလည်သွားတော့သည်။

တစ်ကယ်တော့ ဤဆေးသိပ်သည်းခြင်း နည်းစနစ်သည် ဆေးပညာအရာတွင် ကြယ်စီရင်စုကြီးထက် များစွာရှေ့ရောက်နေသော ကြယ်တာရာအစုအဝေးထဲတွင်ပင် အလွန်ကိုမှ အဆင့်မြင့်သည်ဟု ပြော၍ရပေသည်။ ရန်ကိုင်သည် သူဖော်စပ်ထားသည့် ဆေးလုံးအားလုံးကို ဘုံကိုးသွယ် ဆေးလုံးသိပ်သည်းခြင်းနည်းစနစ်ကို သုံး၍ဖော်စပ်သွားခြင်းဖြစ်သည်။ ရန်ကိုင်မှ ဘုံကိုးသွယ် ဆေးသိပ်သည်းခြင်းနည်းစနစ်ကို သုံးလိုက်သည်နှင့် ဆေးဖော်စပ်ခန်းထဲရှိ ဆေးနံ့မှာ ပိုပို၍သင်းကြိုင်လာခဲ့သည်။

အကန့်အသတ်တစ်ခုသို့အရောက်တွင် ခရမ်းမူလ ဆေးမီးဖိုမှ ဖောက်ကနဲ့ဟူသော အသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာခဲ့လေသည်။ အချိန်ကျလာပြီမှန်းသိလိုက်သော် ရန်ကိုင်သည် ဆေးမီးဖိုအဖုံးကို ဆွဲဖွင့်လိုက်လေသည်။ ချက်ချင်းဆိုသလို စိတ်ဝိဉာဉ်ဆေးလုံး ခြောက်လုံး ထွက်လာလေ၏။ ရန်ကိုင်သည် ထိုဆေးလုံး ခြောက်လုံးကို အလျင်စလို ဖမ်းယူလိုက်ပြီး အသင့်ပြင်ထားသည့် ကျောက်စိမ်းပုလင်းထဲသို့ ထည့်လိုက်လေသည်။

“ခြောက်လုံးပဲလား” ရန်ကိုင် မျက်မှာင်ကြုတ်သွားခဲ့သည်။

သူ့ကြည့်ရသည်မှာ သိပ်ကျေနပ်သည့်ပုံမပေါ်။ ရှင်းရှင်းပြောရလျှင် ဆေးအမယ်တစ်စုံစာလျှင် ဆေးလုံး ကိုးလုံးအထိ သိပ်သည်းနိုင်ပေသည်။ ရန်ကိုင်သည် ဆေးပညာတွင်အလွန်ကိုမှ ပါရမီပါသလို နက်နဲဆန်းကြယ်သည့် ဘုံကိုးသွယ် ဆေးသိပ်သည်းခြင်းနည်းစနစ်ကို ရထားသော်ငြား သူသည် တန်ခိုးရှင်ဘုရင်အဆင့်မြင့် ဆေးပညာရှင်တစ်ဦးသာ ဖြစ်သေးသည်။ ထို့ကြောင့် ဆေးလုံးခြောက်လုံးသာ သိပ်သည်းနိုင်သည်မှာ အထူးအဆန်းတော့မဟုတ်ပေ။ သို့သော်လည်း ဆေးလုံးခြောက်လုံးဆိုသည်မှာ အတော်လေးကို ထူးချွန်သည်ဟုပြောရပေသည်။

အနည်းငယ်သော ‌ဆေးပညာရှင်များသည်သာ ဆေးအမယ်တစ်စုံစာလျှင် ဆေးလုံးခြောက်လုံး ဖော်စပ်နိုင်ကြ၏။ ထိုကဲ့သို့ ဖော်စပ်နိုင်ကြသူများသည် ကြယ်တာရာအစုအဝေးထဲတွင် အလွန်ကိုမှ နာမည်ကျော်ကြားကြသူများ ဖြစ်ကြပေသည်။ ထိုကဲ့သို့ ဖော်စပ်နိုင်သည့် ‌ဆေးဝိဇ္ဇာများအတွက်လျှင်ပင် အမြဲတမ်းဖော်စပ်နိုင်ရန် မဖြစ်နိုင်ပေ။ တစ်ခါတစ်ရံ ခြောက်လုံးထက်နည်းသည့် ပမာဏကိုသာ ဖော်စပ်နိုင်သည့် အချိန်မျိုးလည်းရှိပေ၏။

ခြောက်လုံးဆိုသည့် ပမာဏမှာ အများအားဖြင့် တာအိုသခင်အဆင့် ဆေးပညာရှင်များသာ ဖော်စပ်နိုင်သည့် ပမာဏဖြစ်သည်။ ရန်ကိုင့်အနေဖြင့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးဖြစ်လျက်နှင့် ဆေးခြောက်လုံးအထိရအောင် ဖော်စပ်နိုင်ခြင်းမှာ ဘုံကိုးသွယ် ဆေးသိပ်သည်းခြင်း နည်းစနစ်ကြောင့် ဖြစ်လေသည်။ ထို့ကြောင့်ပင် ဆေးပညာရှင်များသည် ကောင်းမွန်သည့် ဆေးသိပ်သည်းခြင်း နည်းစနစ်များကို အလွန်တပ်မက်ရခြင်းဖြစ်သည်။

အလွန်ကောင်းမွန်သည့် ဆေးသိပ်ခြင်းနည်းစနစ်သည် သူတို့အား အချိန်ကုန်၊ စွမ်းအင်ကုန် သက်သာအောင် လုပ်ပေးနိုင်ပေသည်။ အရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံးကိုစဖော်စပ်ချိန်က ရန်ကိုင်သည် တစ်ကြိမ်လျှင် ဆေးလုံးတစ်လုံးသာ ဖော်စပ်နိုင်၏။ သို့သော်လည်း ဆယ်ရက်ကျော်ကြာလာပြီးနောက်တွင် ရန်ကိုင်သည် ‌ဆေးအမယ်တစ်စုံစာလျှင် ခြောက်လုံးအထိရအောင် ဖော်စပ်လာနိုင်ခဲ့သည်။ အကန့်အသတ်ဖြစ်သော ကိုးလုံးအထိသို့ရောက်ရန် သိပ်မလိုတော့သော်ငြား ထိုအဆင့်သို့ရောက်ဖို့ရာ တစ်ကယ်မလွယ်ကူပေ။

ရန်ကိုင့်အနေဖြင့် ဆေးတစ်စုံစာလျှင် ဆေးလုံးကိုးလုံးအထိ ဖော်စပ်ချင်သည်ဆိုပါက ထပ်တလဲလဲ လေ့ကျင့်ရန်လိုအပ်သလို၊ ‌ဆေးဖော်စပ်ခြင်းတွင်လည်း ပို၍အချိန်ပေးရန် လိုအပ်ပေသည်။ ရန်ကိုင်သည် ဤတစ်ကြိမ် ဆေးအမယ်အစုံတစ်ရာကို ဖော်စပ်ရန်အတွက် ခုနစ်ရက်ခန့်အချိန်ယူလိုက်သည်။ ပုံမှန်အတိုင်းပင် ခန်စစ်ရန် သံသယမ၀င်စေရန်အတွက် အချို့ဆေးအမယ်များကို မရှုံး ရှုံးအောင်လုပ်ပစ်လိုက်လေသည်။ တစ်ကယ်တော့ ရန်ကိုင်၏ လက်ရှိစွမ်းရည်အရ သူ့အနေဖြင့်မျက်လုံးပိတ်ပြီး ‌ဆေးဖော်စပ်မည်ဆိုလျှင်ပင် အကြိမ်တိုင်းကို အောင်မြင်အောင် ဖော်စပ်နိုင်ပေသည်။

ဆေးလုံးများကို လာယူလို့ရပြီမှန်း ကြားလိုက်ပြီးနောက်တွင် ခန်စစ်ရန်သည် ဆေးဖော်စပ်ခန်းထဲသို့ ၀မ်းသာအားရ ၀င်လာလေ၏။ တစ်ကြိမ်မြင်ပြီးသွားပြီ ဖြစ်သော်လည်း ဤမျှအချိန်တိုအတွင်း ဆေးအမယ်အစုံတစ်ရာကို ဖော်စပ်နိုင်သော ရန်ကိုင်၏ စွမ်းရည်ကို ခန်စစ်ရန် အံအားမသင့်ဘဲမနေနိုင် ထပ်ဖြစ်ရပြန်လေသည်။ ယခုတစ်ကြိမ်သည်လည်း ယခင်တစ်ကြိမ်နှင့် ဘာမှမကွာပေ။ ရန်ကိုင်သည် အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံး အလုံးသုံးရာခန့် ဖော်စပ်ထားခဲ့သည်။ ယခင်တစ်ကြိမ်နှင့်ကွာသည်မှာ ယခင်တစ်ခါက ဆေးလုံးတစ်ရာသာ နှိုက်ယူခဲ့သော်ငြား ယခုတစ်ကြိမ်သည် ရန်ကိုင်သည်ဆေးလုံး နှစ်ရာခန့်နှိုက်ယူထားခဲ့လေသည်။

“ဆေးပညာရှင်ရန်နဲ့ အလုပ်လုပ်ရတာ ဒီလူအိုကြီးအတွက် တစ်ကယ်ဂုဏ်ယူစရာပဲ” ခန်စစ်ရန်သည် ရန်ကိုင့်အား ပြုံးကာကြည့်ရင်း ပြောလိုက်လေသည်။

“ဆေးပညာရှင်ရန်ကြောင့်သာမဟုတ်ရင် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာက လုံး၀ကိုပိတ်လိုက်ရပြီ။ ဒါပေမဲ့ စကားနဲ့ကျေးဇူးတင်တယ် ပြောနေလို့ကတော့ ဘာမှထူးမှာမဟုတ်ပါဘူး။ နောက်ပိုင်း ဆေးပညာရှင်ရန် အကူအညီတစ်ခုခုလိုလို့ရှိရင် လာပြောလိုက်။ ဒီလူအိုကြီး တတ်နိုင်တယ်ဆိုရင် ကျိန်းသေကူညီပေးမယ်”

“အခုက စီးပွားရေးလုပ်နေတာပဲ။ ဒီလောက်ထိ မလိုပါဘူး ဆိုင်ပိုင်ရှင်ခန်” ရန်ကိုင်က ပြုံးလျက်ပြောလိုက်သည့်။

ရန်ကိုင်၏ ကိုယ့်ကိုကိုယ် နှိမ့်ချသည့်အပြုအမူကိုမြင်ပြီးနောက် ပို၍ တစ်ပြုံးပြုံးဖြစ်သွားခဲ့လေသည်။ ဤကဲ့သို့ အရည်အချင်းရှိပြီး၊ ငယ်ရွယ်နှိမ့်ချသည့် ဆေးပညာရှင်မျိုး သူတစ်ခါမှမတွေ့ဖူးချေ။ ဆေးပညာရှင်အားလုံးသည် မျက်လုံး ခေါင်းပေါ်ရောက်နေသည့်လူများသာ ဖြစ်ကြသည်။

ထိုမျှသာမဟုတ် အကုန်လုံးသည် သူတို့အား အကြွေးတင်ထားကြသည့်နှယ်…ခန်စစ်ရန်မှ ဆေးလုံးလာယူလျှင် သူ့အားမှုန်ကုတ်ကုတ်ဖြင့် ကြည့်နေကြလေသည်။

သို့သော်လည်း ဒေါသထွက်ပြ၍မရသဖြင့် သူကျင့်ကြံခြင်းမှာတစ်ဖက်များထက် ပိုမြင့်နေသည့်တိုင် ခန်စစ်ရန်အနေဖြင့် အမြဲတမ်း ကိုယ့်ကိုကိုယ်သာ နှိမ့်ချနေခဲ့ရသည်။ ထို့အပြင် ထို‌ဆေးပညာရှင်များ စိတ်ကျေနပ်အောင် အထူးလက်ဆောင်များလည်း ပေးရသေး၏။ ဥပမာပြရသော် ခန်စစ်ရန်သည် ဖန်းဟုန်ဆေးတစ်ကြိမ် ဖော်စပ်ပြီးသွားတိုင်း သူစိတ်လျော့နိုင်စေရန်အတွက် အပျိုစင်မိန်းကလေးတစ်ဦးကို စီစဉ်ပေးရလေသည်။ ထို့အပြင် ထိုအပျိုစင်မိန်းကလေးများ၏ ကျင့်ကြံခြင်းမှာလည်း တန်ခိုးရှင်အဆင့်အောက်နိမ့်၍ မဖြစ်ပေ။

မေပယ်မြို့ထဲတွင် တန်ခိုးရှင်အဆင့်ကျင့်ကြံသူ အများကြီးရှိသည်မှာမှန်သော်ငြား စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ အနေဖြင့် ဖန်းဟုန်၏လိုအပ်ချက်နှင့်ကိုက်ညီသော အမျိုးသမီးများကိုရှာရန်အတွက် ပိုက်ဆံများစွာ ကုန်ကျခဲ့ရလေသည်။ အခြားဆေးပညာရှင်နှစ်ဦးမှာဆိုလျှင် ဖန်းဟုန်ထက်ပင် ပိုဆိုးသေးသည်။ တစ်ဦးသည် မြို့သခင်စံအိမ်တွင်သာရသော နှစ်တစ်သောင်းဆူးပန်းဝိုင်ကို သောက်ချင်ပြီး၊ အခြားတစ်ဦးမှာတော့ နတ်ဆိုးမီးတောက်စိမ့်တောတွင်သာ ပေါက်ရောက်သော နတ်ဆိုးမီးတောက်အသီးကို လိုချင်ပေသည်။

နှစ်တစ်သောင်း ဆူးပန်းဝိုင်သည် တစ်ခွက်လျှင် အရင်းအမြစ်ကျောက်တစ်ထောင်ကုန်ကျပြီး လိုချင်တိုင်း၀ယ်မရသည့်အရာ ဖြစ်လေသည်။ ခန်စစ်ရန်တွင် အဆက်အသွယ်ကောင်းများ ရှိသည့်အတွက်ကြောင့် ခံသာသွားသည်။ မဟုတ်လျှင်သူ့အနေဖြင့် ထိုဝိုင်ကို လုံး၀ ၀ယ်၍ရလိမ့်မည်မဟုတ်ချေ။

နတ်ဆိုးမီးတောက်အသီးမှာတော့ ပို၍ပင် ရှားပါးသေးသည်။ ထိုအသီးများသည် နတ်ဆိုးမီးတောက်စိမ့်တော အလယ်တွင်သာ ပေါက်ရောက်ကြခြင်းဖြစ်ရာ အလွန်ကိုမှရှားပါးပြီး ဈေးလည်းကြီး၏။

ထို့ကြောင့် နတ်ဆိုးမီးတောက်အသီး တစ်လုံးလျှင် အရင်းအမြစ်ကျောက် ငါး‌ထောင်မှရှစ်ထောင်အထိ ဈေးရှိတတ်သည်။ ပိုဆိုးသည်မှာ ထိုအသီးသည် ကျင့်ကြံခြင်းကိုတိုးတက်အောင် လုပ်ပေးနိုင်သည့် အသီးမဟုတ်ဘဲ စားသောက်ဖွယ်ရာအဖြစ်သာ သုံးဆောင်နိုင်သည့် အသီးတစ်မျိုးဖြစ်နေခြင်းပင်။ ထိုအကြောင်းများကို ပြန်တွေးလိုက်တိုင်း သူ့နှလုံး သွေးယိုကျလာသလို ခန်စစ်ရန် ခံစားလိုက်ရလေသည်။ ထို့အပြင် ဤဆေးပညာရှင်ရန်နှင့် အလုပ်လုပ်ရသည့် ပိုကောင်းသောအချက်မှာ ဤဆေးပညာရှင်ရန်သည် ဖော်ရွေရုံသာမက အစောပိုင်းကဆေးပညာရှင်များကဲ့သို့ ထူးထူးဆန်းဆန်း တောင်းဆိုမှုများမလုပ်ပေ။

ဆေးညွှန်းများကို ဖတ်နိုင်လျှင်ပင် သူ့အတွက်အဆင်ပြေနေလေပြီ။ ရန်ကိုင်နှင့် ယှဉ်လိုက်သော် ထိုဆေးပညာရှင်သုံးဦးစလုံးသည် တစ်ကယ်ကိုမှ ရွံဖို့ကောင်းပေ၏။ လက်ရှိတွင် ထို‌ဆေးပညာရှင်သုံးဦးစလုံးသည် ကျိုးနင်းစီ၏ လက်ထဲတွင်ရောက်နေပြီဖြစ်သဖြင့် သူ့အနေဖြင့် ထိုပြဿနာများကို ထပ်မံရင်ဆိုင်စရာမလိုတော့ပေ။ ထို‌အကြောင်းကိုတွေးမိရုံဖြင့် ခန်စစ်ရန် ၀မ်းသာအားရ ဖြစ်သွားလေသည်။

“ဆေးပညာရှင်ရန် မင်းအခု နည်းနည်းလောက်နားချင်လား။ မင်းအခုပေးထားတဲ့ ဆေးလုံးတွေနဲ့ဆို လ၀က်လောက်က ဘာမှပူစရာ မလိုတော့ဘူး” ခန်စစ်ရန်က ပြောလိုက်သည်။

“အို အရင်းအမြစ်ချီ သိပ်သည်းခြင်း ဆေးလုံးတွေ လုံလောက်သွားပြီဆိုရင် အခြားဆေးလုံးတွေရော ဖော်စပ်ပေးဖို့ မလိုတော့ဘူးလား” ရန်ကိုင်က ပြန်မေးလိုက်လေသည်။

ခန်စစ်ရန်က ရယ်မော၍ “အခြားဆေးလုံးတွေက သိပ်ပြီး၀ယ်လိုအားမရှိဘူး။ ရောင်းရမယ်ဆိုရင်တောင် ဒီလူအိုကြီးမှာ အရန်သင့် သိုလှောင်ထားတဲ့ ဆေးလုံးတွေရှိသေးတယ်။ ကျေးဇူးပြုပြီးနားလိုက်ပါ ဆေးပညာရှင်ရန်။ အရမ်းကြီး ဖိအားပေးပြီး အလုပ်လုပ်နေစရာ မလိုပါဘူး”

“ကောင်းပြီလေ။ ဒါဆို ကျုပ်ရက်နည်းနည်းလောက် နားရတာပေါ့” ခဏလောက်စဉ်းစားပြီးနောက် ရန်ကိုင်က ခေါင်းညိမ့်လိုက်လေသည်။

“အဲ့တာကောင်းတယ်။ ဒါနဲ့ ဆေးပညာရှင်ရန်က မေပယ်မြို့ကို မကြာသေးခင်က ရောက်လာတာနော် ဟုတ်တယ်မလား။ ဒါဆို မနက်ဖြန် ဒီလူအိုကြီးနဲ့ တစ်နေရာရာသွားချင်လား”

“ဘယ်ကိုလဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။

ခန်စစ်ရန်ကပြုံးလျက် “တစ်ကယ်တော့ ကြယ်ဝိဉာဉ်နန်းတော်က ကြယ်သံတမန်တစ်ယောက် မေပယ်မြို့ကို ရောက်နေတယ်။ သူအခု မြို့တော်၀န် စံအိမ်မှာ နေနေတာ။ အဲ့ကြယ်သံတမန် သူ့လာရင်းကိစ္စကို လုပ်နေတဲ့ အချိန် အဖော်အဖြစ် လိုက်ပေးဖို့ မြို့သခင်စံအိမ်ကနေ ဒီလူအိုကြီးကို လှမ်းဖိတ်လိုက်တယ်လေ”

“ကြယ်ဝိဉာဉ်နန်းတော်က ကြယ်သံတမန်” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။

ရန်ကိုင်၏ အမူအရာကို မြင်သောအခါမှ ခန်စစ်ရန် တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။ ကံကောင်းစွာပင် ရန်ကိုင်သည် ကြယ်ဝိဉာဉ်နန်းတော်ကိုပင် မသိသည့် လူတစ်ယောက်ဖြစ်မနေခဲ့ပေ။ ကြယ်ဝိဉာဉ်နန်းတော်သည် လမင်းမဟာဧကရာဇ် နေထိုင်သည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်လေရာ ရန်ကိုင့်အနေဖြင့် ထိုဂိုဏ်းအား မသိစရာအကြောင်းတော့ ရှိမနေခဲ့ပေ။ လမင်းမဟာဧကရာဇ်သည် မဟာဧကရာဇ်ကြီး ဆယ်ပါးအနက် တစ်ပါးဖြစ်ပေသည်။ ထို့ကြောင့် ကြယ်ဝိဉာဉ်နန်းတော်၏ ကိုယ်စားလှယ်ဖြစ်သော ကြယ်သံတမန်သည် အလွန်ကိုမှ အဆင့်အတန်းမြင့်သည့်အထဲ ပါပေသည်။

“ကြယ်ဝိဉာဉ်နန်းတော်က ကြယ်သံတမန်က မေပယ်မြို့ကို ဘာလို့ရောက်လာရတာလဲ” ရန်ကိုင် မျက်မှောင်ကြုတ်နေခဲ့သည်။ မေပယ်မြို့သည် ထိုကဲ့သို့သော ပညာရှင်တစ်ဦး လာရောက်ရလောက်သည်အထိ အဆင့်မြင့်မြို့တစ်မြို့ ဟုတ်မနေခဲ့ပေ။ သို့သော်လည်း မကြာမီ ရန်ကိုင်သည် တစ်ခုခုကို နားလည်သွားခဲ့လေသည်။

“ကြည်လင်ကျောက်စိမ်းတောင် ကိစ္စကြောင့်လား”

“ဟုတ်တယ်” ခန်စစ်ရန်က ခေါင်းငြိမ့်၍ ပြန်ပြောလိုက်သည်။

“ကြည်လင်ကျောက်စိမ်းတောင်မှာ လွမ်ဖုန်းတစ်ကောင် ပေါ်လာတယ်လေ။ အဲ့တာကြောင့်ပဲ မေပယ်မြို့ကို ပညာရှင်တွေ အများကြီး ရောက်ချလာတာ။ ဆေးပညာရှင်ရန်က ဆေးဖော်စပ်ရင်း အလုပ်ရှုပ်နေလို့ အဲ့ကိစ္စတွေကို မသိတာ မထူးဆန်းဘူး။ ကြယ်သံတမန်လည်း အဲ့လွမ်ဖုန်းကိစ္စကြောင့်ပဲ ဒီကိုရောက်လာတာ။ မဟုတ်ရင် သူတို့လိုပညာရှင်တွေ မေပယ်မြို့လို မြို့လေးတစ်မြို့ကို ရောက်လာစရာ အကြောင်း ဘယ်လိုလုပ်ပြီး ရှိမှာလဲ”

“အခြားဘယ်သူတွေ ထပ်လာကြသေးလဲ” ရန်ကိုင် ရုတ်တရက် သိချင်လာခဲ့သည်။

ရန်ကိုင့်၏အမေးကိုကြားသော် ခန်စစ်ရန်သည် သူသိထားသမျှ အရာလုံးကိုရှင်းပြလိုက်လေသည် “လွမ်ဖုန်းပေါ်လာတဲ့သတင်း ပျံ့သွားတာ အရမ်းမြန်လွန်းတယ်။ အခု မေပယ်မြို့ကို တောင်ပိုင်းနယ်မြေမှာရှိတဲ့ ဂိုဏ်းတော်တော်များများက ပညာရှင်တွေ ရောက်နေကြပြီ။ ဒီလူအိုကြီး သိသလောက်ဆို ကောင်းကင်တိုက်ပွဲဒိုဂျိုရယ်၊ ရှေးခေတ်ကျောင်းတော်ရယ်၊ နေမင်းပြာကျောင်းတော်ရယ် အဲ့အင်အားစုတွေက အကြီးအကဲတွေရောက်နေတယ်။ သူတို့အပြင်ကိုမှ ငါတို့ ခရမ်းပြာကုန်သွယ်ရေးအဖွဲ့အစည်းနဲ့ ခုနှစ်ရောင်စဉ်အဖွဲ့အစည်းက ပညာရှင်တွေလည်း ရောက်နေတယ်။ ဒါပေမဲ့ ဒီလူအိုကြီးက စိတ်ဝိဉာဉ်ဆေးလုံးပလာဇာကို စီမံခန့်ခွဲဖို့ပဲ တာ၀န်ပေးခံထားရတာဆိုတော့ ဘယ်သူတွေ ရောက်လာတယ်ဆိုတဲ့အကြောင်းကိုတော့ သိခွင့်မရှိဘူး” ခန်စစ်ရန်က ပြောပြလိုက်လေသည်။

“သူတို့တွေအပြင်ကိုမှ အခြားအင်အားစုငယ်တွေးနဲ့ အဖွဲ့အစည်းတွေက သံတမန်တွေ လွှတ်လိုက်သေးတယ်။ အခု မေပယ်မြို့တစ်ခုလုံးက ပညာရှင်တွေနဲ့ ပြည့်နေပြီ”

“သူတို့တွေက လွမ်ဖုန်းကို ခြေရာခံ လိုက်ချင်နေကြတာလား” ရန်ကိုင် ကြောင်သွားလေသည်။

“အဲ့လိုတော့ ဘယ်ဟုတ်ပါ့မလဲ” ခန်စစ်ရန်က ရယ်မော၍

“လွမ်ဖုန်းဆိုတာ ရှေးဟောင်း နတ်သားရဲတစ်ကောင်လေ။ မဟာဧကရာဇ် ဆယ်ပါးတောင် တစ်ယောက်ချင်းဆို အနိုင်ယူနိုင်ဖို့ မသေချာဘူး။ အဲ့လိုတည်ရှိမှုမျိုးကို ဘယ်သူကသွားပြီး ခြေရာခံရဲမှာလဲ။ ဒါပေမဲ့ ရှေးဟောင်းနတ်သားရဲတစ်ကောင် ပေါ်လာတယ်ဆိုတဲ့ သတင်းက လူတော်တော်များများကို အာရုံစိုက်သွားစေတယ်လေ။ ဒီတော့ အင်အားစုတော်တော်များများက အဲ့လွမ်ဖုန်းကို ခြေရာခံလိုက်လို့လည်း ဘာမှထူးမှာ မဟုတ်မှန်းသိတယ်။ ဒါပေမဲ့ ဒီတိုင်း လျစ်လျူရှုထားဖို့ကလည်း မဖြစ်ပြန်ဘူး။ ဒါကြောင့် အင်အားစုတော်တော်များများက သူတို့ရဲ့ ထိပ်တန်းပညာရှင်တွေကို မလွှတ်လိုက်ဘဲနဲ့ ဒီတိုင်း ရိုးရိုးပညာရှင် အချို့ကိုပဲ လွှတ်လိုက်တာ။ တစ်ချိန်ထဲမှာလည်း သူတို့အင်အားစုရဲ့ လူငယ်ကြယ်ပွင့်တွေကို အတွေ့အကြုံရအောင်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်လည်း ပါတာပေါ့”

“ကျုပ်နားလည်ပြီ”

“စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ ကိုယ်တိုင်က ဘာမှမဟုတ်ပေမဲ့ ခရမ်းကြယ်စင်အဖွဲ့အစည်းရဲ့ အခွဲတစ်ခုဖြစ်နေတုန်းပဲလေ။ ပြီးတော့ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာက မြို့သခင်ကိုယ်တိုင် ထောက်ခံပေးထားတာဆိုတော့ အခုတစ်ကြိမ် ကြယ်သံတမန်ကို ကြိုဆိုပြီး အဖော်ပြုပေးဖို့အတွက် ဒီလူအိုကြီးကို ဖိတ်လိုက်တယ်။ ဆေးပညာရှင်ရန်ကော ရှေးဟောင်းနတ်သားရဲလွမ်ဖုန်း ပေါ်လာတဲ့ ကြည်လင်ကျောက်စိမ်းတောင်ကို သွားကြည့်ချင်လား။ အခု အဲ့နေရာတစ်ခုလုံး အနက်ရောင်မီးတောက်တွေနဲ့ ပြည့်နေတယ်တဲ့။ တာအိုသခင်အဆင့် ပညာရှင်တွေတောင် အတွင်းပိုင်းကို အရမ်းကြီး ၀င်မသွားရဲကြဘူးတဲ့။ ဒါပေမဲ့ အပြင်ဘက်နေ လှမ်းကြည့်လို့ရတယ်လို့တော့ ပြောတယ်။ အဲ့မီးတောက်တွေကိုကြည့်ရင်း တစ်ခုခု နားလည်သွားနိုင်ရင်လည်း အမြတ်ပဲလေ”

‘ငါက မြင်တာတောင်မဟုတ်ဘူး။ ကိုယ်တိုင်တောင် ကြုံခဲ့ပြီးပြီ’ ရန်ကိုင် သူ့စိတ်ထဲ၌ တွေးလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၈၄)

လွမ်ဖုန်းပေါ်လာသည့်အချိန်တွင် ရန်ကိုင်လည်း ကြည်လင်ကျောက်စိမ်းတောင်ထဲ ရှိနေခဲ့သည်။ အမှန်အတိုင်းပြောရလျှင် ရန်ကိုင်သည် လွမ်ဖုန်းအား အနီးကပ် မြင်ဖူးခဲ့သည့် လူများအနက် တစ်ဦးအပါအ၀င် ဖြစ်ပေသည်။ ခြားနားချက်မှာ လွမ်ဖုန်းအား အနီးကပ်မြင်ခဲ့ရသူအားလုံး သေဆုံးသွားခဲ့ရပြီး ရန်ကိုင်တစ်ယောက်သာ အသက်ရှင်ခဲ့ခြင်းဖြစ်သည်။ ခန်စစ်ရန်၏ ကမ်းလှမ်းချက်ကို ရန်ကိုင် လုံး၀စိတ်မ၀င်စားပေ။ ထို့ကြောင့် ပြန်၍သာငြင်းလိုက်သည်။

ရန်ကိုင်မလိုက်သည်မှာ နှမြောစရာဟု ခန်စစ်ရန်တွေးလိုက်မိသော်ငြား ဘာမှတော့ ထုတ်မပြောခဲ့ပေ။ တစ်ကယ်တော့ လူတိုင်းသည် ကြယ်သံတမန်နှင့် တွေ့ချင်သည့်လူများမှ မဟုတ်ကြလေကိုး။ လူတိုင်းတွင် ရည်ရွယ်ချက် ကိုယ်စီရှိကြပေသည်။ ထို့ကြောင့် ခန်စစ်ရန်လည်း ရန်ကိုင့်အား သွားပြီး တွန်းအားပေးမနေခဲ့ပေ။ ရန်ကိုင့်အား ရက်အနည်းငယ်ခန့် အနားယူရန် ပြောပြီးနောက်တွင် ခန်စစ်ရန်သည် ထိုနေရာမှ ထွက်လာခဲ့လေသည်။

ရန်ကိုင်သည် သူ့ကိုယ်သူ သန့်ရှင်းသပ်ရပ်အောင် လုပ်ပြီးနောက် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာမှ ထွက်ကာ သူငှားထားသည့် အိမ်လေးဆီသို့ ပြန်လာခဲ့လေသည်။ နောက်တစ်နေ့တွင် ကြီးကျယ်ခမ်းနားလှသော ဧရာမပျံသန်းရေး သင်္ဘောတစ်စင်းသည် မြို့သခင်အိမ်မှ ကြည်လင်ကျောက်စိမ်းတောင်ဆီသို့ ပျံသန်းထွက်ခွာသွားလေသည်။ သင်္ဘော၏ ဘေးဘက်ခြမ်းတွင် တောက်ပနေသော လတစ်စင်းပုံကို ထိုးထွင်းထားလေ၏။

ထိုတံဆိပ်သည် တောင်ဘက်နယ်မြေတစ်ခုလုံး၏ အရှင်သခင်ဖြစ်သော ကြယ်ဝိဉာဉ်နန်းတော်၏ အမှတ်သင်္ကေတသာ ဖြစ်လေသည်။ ထို့လှေကြီးကို မြင်သည်နှင့် မေပယ်မြို့ထဲတွင် ရှိနေသူများအားလုံး အလွန်ကိုမှ အံအားသင့်သွားကြရလေသည်။ ရန်ကိုင်ကမူ ထိုအရာများကို ဂရုစိုက်မနေဘဲ ကျောက်စိမ်းဖြူမြင်းနဂါးလှည်းယာဉ်တစ်ခုကို ငှားပြီး လှည်းမောင်းသူအား မြို့အနောက်ဘက်ရှိ တစ်ခုသောလမ်းဆီသို့ သွားရန်ညွှန်ကြားလိုက်လေသည်။

မေပယ်မြို့သည် တောင်ဘက်နယ်မြေအတွင်း နာမည်ကျော်ကြားခြင်းမရှိသည့် လူမသိသူမသိ မြို့ငယ်လေးတစ်မြို့ ဖြစ်လျှင်ပင် အလွန်ကိုမှ ကျယ်ပြောသော နယ်ပယ်ဧရိယာကိုတော့ ပိုင်ဆိုင်ထားပေသည်။ မြို့ထဲတွင် ပျံသန်းခြင်းကို တားမြစ်ထားသဖြင့် အချိန်သက်သက်သာသာဖြင့် ခရီးသွားလိုပါက ကျောက်စိမ်းဖြူမြင်းနဂါးများ ပြေးဆွဲသော လှည်းယာဉ်ကို ငှားရန်သာ ရှိပေသည်။ ထို ကျောက်စိမ်းဖြူမြင်းနဂါးများသည် ရှေးခေတ်နဂါးများ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်ဟု ပြောကြသည်။

သို့သော်လည်း ထိုသွေးမျိုးဆက်မှာ အလွန်ကိုမှ ကျဲပါးပေသည်။ ကျောက်စိမ်းဖြူမြင်းနဂါးများမှာ သိမ်မွေ့ပြီး ထိန်းချုပ်ရလွယ်ကူသည့်အပြင် လျင်မြန်စွာ သွားလာနိုင်ကြသည့်အတွက် လှည်းယာဉ်များကို ပြေးဆွဲရာတွင် အသုံးပြုကြပေသည်။

နာရီ၀က်ကြာပြီးနောက်တွင် ရန်ကိုင်သည် သူသွားချင်နေသည့် နေရာသို့ရောက်လာခဲ့လေသည်။ လှည်းစီးခပေးပြီးနောက်တွင် လှည်းပေါ်မှဆင်းကာ လမ်းကြိုလမ်းကြားထဲသို့ လျှောက်၀င်လာခဲ့လေသည်။

ထို့နောက် အသင့်ပြင်လာသည့် အ၀တ်အစားများကိုထုတ်၍ လွှမ်းခြုံလိုက်သည်။ မျက်နှာနှင့် ခန္ဓာကိုယ်အား အနက်ရောင်၀တ်ရုံများနှင့် ခြုံပြီးသော် ရန်ကိုင်သည် လူစည်ကားနေသည့် လမ်းပေါ်သို့ ပြန်ထွက်လာလိုက်လေသည်။ ဤနေရာသည် မှောင်ခိုဈေးကွက် တည်ရှိရာနေရာ တစ်ခုပင်ဖြစ်လေသည်။ မေပယ်မြို့သို့ ရောက်သည်မှာ သိပ်မကြာသေးသော်ငြား ရန်ကိုင်သည် မှောင်ခိုဈေးကွက်အကြောင်းကိုတော့ စုံစမ်းထားပြီးခဲ့လေပြီ။

ဤမှောင်ခိုဈေးကွက်အတွင် လူတိုင်းလိုက်နာရသည့် စည်းကမ်းရှိလေသည်။ ဤစည်းကမ်းမှာ ကိုယ်၀ယ်မည့် ပစ္စည်း၏ဇစ်မြစ်ကို မမေးရခြင်း၊ လာ၀ယ်သူ၏ နာမည်ကိုမမေးရခြင်းနှင့် ဝယ်ပြီးပစ္စည်း ပြန်မလဲပေးခြင်း၊ ငွေပြန်မအမ်းခြင်းတို့သာ ဖြစ်ကြလေသည်။

မှောင်ခိုဈေးကွက်သည် အဖိုးတန်ပစ္စည်းများကို အလွယ်တကူရှာဖွေလို့ရသည့်နေရာ ဖြစ်သည့်အတွက်ကြောင့် မေပယ်မြို့သူမြို့သားများကြား အလွန်ကိုမှ နာမည်ကျော်ကြားပေသည်။

ထို့ကြောင့် မှောင်ခိုဈေးကွက်သည် အမြဲလိုလို စည်ကားသိုက်မြိုက်နေတတ်သည်။ သို့သော်လည်း ဤနေရာရှိ စည်းမျဥ်းများကြောင့်ပင် မှောင်ခိုဈေးကွက်၌ အဖိုးတန်ရတနာများ လာရောက်ရောင်း၀ယ်ကြသည့်အခါ အလိမ်ခံနိုင်ရချေ များ‌ပေသည်။ တစ်နည်းအားဖြင့် မှောင်ခိုဈေးကွက်သည် ကျင့်ကြံသူတစ်ဦး၏ အမြင်နှင့် ဗဟုသုတကို စမ်းသပ်သည့်နေရာတစ်ခု ဖြစ်သည်။ ကိုယ့်လောဘကြောင့် အလိမ်ခံလိုက်ရမည်ဆိုပါက ကိုယ့်ကိုကိုယ်သာ အပြစ်တင်ရပေလိမ့်မည်။

အစက‌တော့ အနက်ရောင်၀တ်ရုံ၀တ်သွားခြင်းသည် လူအများ၏အာရုံစိုက်မှုကို ခံရနိုင်သည်ဟုတွေးရင်း ရန်ကိုင်စိတ်ပူခဲ့သေးသည်။ သို့သော်လည်း သူလမ်းပေါ်ထွက်လာခဲ့သည့်အခါမှသာ အလကားသက်သက် စိတ်ပူနေခဲ့ခြင်းဖြစ်မှန်း နားလည်သွားခဲ့လေသည်။ လမ်းမပေါ်တွင် သူ့ကဲ့သို့၀တ်စားထားသူ များစွာရှိပေသည်။

ရန်ကိုင်လမ်းမပေါ်ရောက်သည်နှင့် လူအိုကြီးတစ်ဦး သူ့ရှေ့သို့ ရုတ်တရက် ရောက်ချလာခဲ့လေသည်။ ထိုလူအိုကြီးသည် ဘေးပတ်၀န်းကျင်ကို ကျီးကန်းတောင်မှောက် လှည့်လှည်ကြည့်ရှုပြီးနောက် ရန်ကိုင်၏အ၀တ်အစားကိုဆွဲရင်း သူ့နောက်သို့ လိုက်လာရန် အချက်ပြလိုက်သည်။

“မြန်မြန်ပြော” ရန်ကိုင်က အေးစက်စက်အမူအရာဖြင့် ပြောလိုက်လေသည်။

“ငါ့မှာမင်းကို သတင်းကောင်းပြောစရာရှိလို့ကွ ညီငယ်လေးရ။ ဒါပေမဲ့ ဒီကိစ္စက လမ်းမပေါ်မှာပြောလို့ အဆင်မပြေဘူး” လူအိုကြီးသည် တစ်ယောက်ယောက်များသူတို့အား ကြည့်နေသလားဟုတွေးရင်း ပတ်၀န်းကျင်အား သတိဖြင့် ကြည့်နေခဲ့လေသည်။

“အဲ့တာဆို မပြောတော့နဲ့” ရန်ကိုင်ပြောလိုက်သည်။

မှောင်ခိုဈေးကွက်တွင်ဤကဲ့သို့ လူလိမ်လူညာများစွာရှိမှန်း ရန်ကိုင်သိထားခဲ့သည်။ ထို့ကြောင့် လူအိုကြီးနှင့် ဆက်၍အချိန်ဖြုန်းမနေတော့ပေ။ ပြောပြီးသည့်နောက် ရန်ကိုင်သည်ထွက်သွားရန် လုပ်လိုက်လေသည်။

“အာ ညီငယ်လေး နေပါဦး” လူအိုကြီးသည် ရန်ကိုင့်လမ်းအား အလျင်စလိုလှမ်းပိတ်၍ အံကြိတ်ကာ ပြောလိုက်လေ၏။

“ကောင်းပြီလေ။ ညီငယ်လေးက အလုပ်ရှုပ်နေတဲ့ လူတစ်ယောက်ဆိုမှတော့ ဒီလူအိုကြီးလည်းဆက်ပြီး အချိန်ဖြုန်းမနေတော့ပါဘူး။ ဒါကို တစ်ချက်ကြည့် ကြည့်လိုက်”

ပြောပြီးသည်နှင့် သူ့အိပ်ကပ်ထဲမှ တိန့်လိမ်နေသည့် တိရိစ္ဆာန်သားရေပြားတစ်ချပ်ကို ထုတ်ယူလိုက်လေသည်။ တိရိစ္ဆာန်အရေပြားသည် အတော်လေးကိုမှ ဟိုဟောင်းနေဟန်ထင်ရပြီး သိမ်မွေ့သည့် စွမ်းအင်လှိုင်းတစ်ခု ဖြာထွက်နေခဲ့သည်။ ရှုပ်ထွေးသည့်မျဉ်းလိုင်းတို့မှာလည်း တိရိစ္ဆာန်‌သားရေ ပေါ်တွင် ထိုးထွင်းထားခဲ့လေသည်။ လူအိုကြီးသည် တိရိစ္ဆာန်သားရေပြားကို ပြပြီးသည်နှင့် ချက်ချင်းပဲ ပြန်သိမ်းထားပြီး စိတ်မပါသည့်လေသံဖြင့် ပြောလိုက်လေသည် “ဒီလူအိုကြီး ရှင်းရှင်းပဲပြောလိုက်မယ်။ ဒါက ဒီလူအိုကြီးရဲ့ ဘိုးဘေးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ရတနာမြေပုံတစ်ခုပဲ။ ဒီလူအိုကြီးရဲ့ ဘိုးဘေးတွေက တစ်ချိန်က ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်ခဲ့ဖူးတယ်။ ဒီရတနာမြေပုံက ကောင်းကင်ဝါးမြိုခြင်းမဟာဧကရာဇ်ရဲ့ ရတနာသိုက်ဆီ လမ်းညွှန်ထားတဲ့မြေပုံတစ်ခုပဲ။ ဒါပေမဲ့ ဒီလူအိုကြီးက သိပ်အားမကောင်းတော့ ရတနာမြေပုံကို ကောင်းကောင်းအသုံးမချနိုင်ဘူး။ ဒါပေမဲ့ ဒီညီငယ်လေးကိုတွေ့လိုက်တာနဲ့ ညီငယ်လေးက ဒီမြေပုံနဲ့တစ်ကယ် ကံစပ်တဲ့လူမှန်း တန်းသိလိုက်တယ်။ ဒါကြောင့် ဒီညီငယ်လေးကို ဒီမြေပုံလာရောင်းဖို့ ဆုံးဖြတ်လိုက်တာ။ ဘယ်လိုလဲ ညီငယ်လေး ဒီမြေပုံကိုဝယ်ချင်လား”

“ကောင်းကင်ဝါးမြိုခြင်းမဟာဧကရာဇ်” ရန်ကိုင် မျက်မှောင်ကြုတ်လိုက်သည်။

“ဟုတ်တယ်”

“ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ကျင့်ကြံထားတဲ့ မဟာဧကရာဇ်ကို ပြောတာလား”

“သူကလွဲလို့ ဘယ်သူရှိရဦးမှာလည်း” လူအိုကြီးသည် ရန်ကိုင့်အား ၀မ်းသာအားရဖြင့်ကြည့်၍ “ဒီကညီငယ်လေးက ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲ ဥပဒေသိကိုလည်း သိနေတာလား။ အဲ့ကျင့်စဉ်က ကောင်းနဲ့မြေပြင်ကတောင် သည်းမခံနိုင်တဲ့ ထိပ်တန်းကျင့်စဉ်တစ်ခုနော်။ ရှင်းရှင်းပြောရရင် အဲ့ကျင့်စဉ်က မြေပုံထဲမှာပြောထားတဲ့ ရတနာဂိုထောင်ထဲမှာတောင် ရှိနေနိုင်တယ်။ ညီငယ်လေးသာ အဲ့ကျင့်စဉ်ကိုရသွားရင် မဟာဧကရာဇ်ဆယ်ပါးထဲက တစ်ပါးဖြစ်လာဖို့ ဘာမှမခက်ခဲတော့ဘူး”

“ဟဲဟဲ ကျုပ်က ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေကို သိတောင်သိပြီးနေပြီ။ ခင်းဗျားရဲ့ရတနာကို စိတ်မ၀င်စားဘူး။ အခြားတစ်ယောက်သွားရှာလိုက်”

“ဒီလူအိုကြီးက ဒီလောက်ကောင်းတဲ့ရတနာကို အရင်းအမြစ်ကျောက် ငါးထောင်ထဲနဲ့ရောင်းမှာလေ။ ညီငယ်လေး မင်းတစ်ကယ်ကြီး လက်လွှတ်လိုက်တော့မလို့လား” လူအိုကြီးသည် ရန်ကိုင့်အား လှမ်းအော်ပြောနေခဲ့သည်။

ရန်ကိုင်ကမူ ဂရုစိုက်မနေခဲ့ပေ။ ထို့နောက်တွင်လူအိုကြီးက ဒေါသထွက်နေသည့် အမူအရာဖြင့်ပြောလိုက်လေသည်။

“ကောင်စုတ်လေး မ၀ယ်ချင်ရင်လည်း မ၀ယ်ချင်ဘူးပေါ့။ ဘာတွေအရှက်မရှိ လာကြွားနေတာလဲ။ သူ့ကိုယ်သူ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ပိုင်တယ်လေးဘာလေးနဲ့။ ငါ့ကို အရူးများမှတ်နေလားမသိဘူး”

ပြောပြီးသည့်နောက် လူအိုကြီးသည် သူ့ဘာသာ ရေရွတ်လိုက်လေသည် “ငါလိမ်တာ အရမ်းသိသာနေလို့များလား။ အခြားနည်းလမ်းတစ်ခုသုံးရင်ကောင်းမလား”

အခြားလူများအား ဆက်မလိမ်နိုင်တော့မည်ကိုစိုး၍ လူအိုကြီးစိုးရိမ်စပြုလာသည်။ ထိုစဉ်မှာပင် ကျင့်ကြံသူတစ်ဦး လမ်းထဲသို့လျှောက်၀င်လာသည်ကို တွေ့လိုက်ရသည်။ ထိုသူမှာ အသက်နှစ်ဆယ်ပင် မပြည့်သေးသည့် မိန်းမငယ်လေးတစ်ဦးဖြစ်ပေသည်။ ထိုကောင်မလေးမှာ ပြီးပြည့်စုံသည့် ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသော်ငြား သူမှပါးပြင်ထက်ရှိ လခြမ်းကွေး အမှတ်အသားကြီးမှာ သူမ၏အလှတရားကို ယုတ်လျော့နေစေခဲ့သည်။

ထိုကောင်မလေးသည် အံ့အားသ့င်နေသည့်အမူအရာဖြင့် လမ်း၏ ဟိုဘက်အခြမ်းကိုကြည့်လိုက် ဒီဘက်အခြမ်းကိုကြည့်လိုက်ဖြင့် လျှောက်လာနေခဲ့၏။ ထိုကောင်မလေးကို မြင်သည့်အခါ လူအိုကြီးသည် တတ်နိုင်သမျှ ဖော်ရွေချင်ယောင်ဆောင်၍ ပြုံးရင်း ထိုကောင်မလေးအား သွားနှုတ်ဆက်လေ၏။

“ရှင် ရှင်ဘာလုပ်ချင်တာလဲ” ထိုကောင်မလေးမှာကြောက်လန့်သွားပြီး ချက်ချင်းပဲ နောက်သို့ခုန်ဆုတ်သွားလေသည်။

“ကြောက်နေစရာမလိုကောင်မလေး။ ဒီလူအိုကြီးက မင်းကိုဘာမှမလုပ်ဘူး” လူအိုကြီးကပို၍ ကြင်နာစွာပင် ပြုံးပြလိုက်သေးသည်။

“ဒါဆို ရှင်ဘာလုပ်ချင်နေတာလဲ” ကောင်မလေးသည် လူအိုကြီးအား သတိထား၍ အထက်အောင်စုံဆန် စစ်ဆေးကြည့်လိုက်လေသည်။

လူအိုကြီးက ရယ်မော၍ “ဒီလူအိုကြီးက ကောင်မလေးနဲ့ကံစပ်တယ်ထင်လို့ အခွင့်အရေးတစ်ခု ပေးချင်လို့လာခဲ့တာ”

ထိုစကားကို‌ကြားသည့်အခါ ကောင်မလေး၏ မျက်လုံးများ တဖျက်ဖျက်တောက်ပသွားပြီး ပျော်ရွှင်စွာပြန်မေးလိုက်လေသည် “အခွင့်အရေးတစ်ခု။ ဘယ်လိုအခွင့်အရေးလဲ မြန်မြန်ပြောပြပါလား”

ဒေါ်လေးဖုန်း သူမငယ်စဉ်က ပြောပြခဲ့သည့် ဒက္ဏာရီလာပုံပြင်များမှာ အမှန်ဖြစ်သည်ဟုတွေးရင်း ကောင်မလေးမှာ စိတ်လှုပ်ရှားလာခဲ့လေသည်။ အခွင့်အလမ်းနှင့် ကံကောင်းမှုများသည် အမှန်တစ်ကယ်ကို တစ်ကယ်ဖြစ်နေခဲ့သည်။ သူမ၏ ငယ်ဘဝက ပုံပြင်များတွင် သာမန်ကျင့်ကြံသူများသည် ဆန်းကြယ်သည့် ပညာရှင်တစ်ဦးဦး၏ လမ်းညွှန်ပြသမှုကို ရပြီးနောက်တွင် ရုတ်ချည်းဆိုသလို အားလုံးမှ ခေါင်းမော့ကြည့်ရသည့် ပညာရှင်များဖြစ်လာကြလေသည်။

ကောင်မလေးသည် သူမငယ်စဉ်က ထိုကဲ့သို့သော ပုံပြင်မျိုးကို နားထောင်ရသည်အား အလွန်ကိုမှ နှစ်သက်ခဲ့သည်။ သို့သော်လည်း နှစ်၀က်ကြာအောင် ထွက်လာပြီးသည့်တိုင် ထိုကဲ့သို့သော အခြေအနေမျိုးနှင့် တစ်ခါမှမကြုံခဲ့ရဖူးပေ။ ထို့ကြောင့် ဒေါ်လေးဖုန်း လိမ်များလိမ်နေသလားဟုပင် သူမတွေးထင်လာရသည်။

သို့သော်လည်း ယခုမူ သူမအား အခွင့်အရေးတစ်ခုပေးချင်နေသည့် ဆန်းကြယ်သည့် လူအိုကြီးတစ်ဦး သူမရှ့၌ပေါ်လာခဲ့လေသည်။ ကောင်မလေးမှာ အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့ရာ ဤလူလိမ်၊လူညာ လူအိုကြီးသည် သူမအမြင်တွင် သူ၏အမွေအနှစ်ကို ဆက်ခံမည့်တပည့်တစ်ဦးကို လိုက်ရှာနေသော ပညာရှင်တစ်ဦးနှယ် ဖြစ်လာခဲ့လေသည်။

လူအိုကြီးသည် သူမ၏အလွန်ထူးခြားသည့် ပါရမီအရည်အချင်းကိုမြင်ပြီး ဤကဲ့သို့သော အခွင့်အရေးပေးလာခြင်း ဖြစ်ရမည်ဟု ကောင်မလေးထင်နေခဲ့သည်။ လူအိုကြီး၏ ဖိုသီဖက်သီ ဖရိုဖရဲအမူအရာမှာလည်း အားကောင်းသည့်ပညာရှင်တစ်ဦးမှ လူအများအာရုံစိုက်မခံရစေရန် ရုပ်ဖျက်ထားခြင်းဟုသာ ထင်နေခဲ့သည်။

“ဟဲဟဲဟဲ” လူအိုကြီးသည် သူ၏သွားဝါဝါများပေါ်အောင် ရယ်မောလိုက်ရင်း အိပ်ကပ်ထဲမှ တိရိစ္ဆာန်သားရေပြားတစ်ခုကို ထုတ်ယူလိုက်လေသည်။

……

“အဖွား ဒီနားမှာစိတ်ဝိဉာဉ်ဆေးလုံးတွေ ရောင်း၀ယ်လို့ရတဲ့ ဆိုင်တစ်ဆိုင်ရှိလား” ရန်ကိုင်သည် ဆိုင်တစ်ဆိုင်ရှေ့တွင်ရပ်၍ ကတုန်ကယင်ဖြစ်နေသော ဆံဖြူအဖွားကြီးကို မေးလိုက်လေသည်။

“တစ်ခုကို အရင်းအမြစ်ကျောက်ငါးရာ။ အဲ့တာတွေကို ဒီအဖွားကြီးကိုယ်တိုင်လုပ်ထားတာနော်” အဖွားကြီးသည် ရန်ကိုင့်အား ပြုံးကြည့်ရင်း ဘာမှန်းမသိရသော ရန်ကိုင့်ရှေ့ရှိ ထူးထူးဆန်းဆန်းပစ္စည်းများကို ညွှန်ပြလိုက်လေသည်။

“ဒီနားမှာ ဆေးဆိုင်တွေရှိလားမေးနေတာ” ရန်ကိုင်က မျက်မှောင်ကြုတ်၍ ဆက်ပြောလိုက်သည်။

“အို နှစ်ခု၀ယ်မယ်ဆိုရင် ငါနင့်ကို ဈေးလျော့ပေးလို့ရတယ်။ ကိုးရာပဲထားလိုက်” အဖွားကြီးက လက်ကိုးချောင်းထောင်ပြလိုက်လေသည်။

“မကြားချင်ယောင်ဆောင်မနေနဲ့။ ကျုပ်ခင်ဗျားဆိုင်ကို မဖျက်ဆီးရဲဘူးလို့ ထင်နေတာလား” ထိုသို့ပြောလိုက်ပြီးနောက်တွင် ရန်ကိုင်သည် သူ၏တန်ခိုးရှင်ဘုရင်တတိယအဆင့် အရှိန်အဝါကို ထုတ်လွှတ်လိုက်လေသည်။

ထိုအခါမှပဲအဖွားကြီး၏အမူအရာ ပြောင်းလဲသွားပြီး ရူးချင်ယောင်ဆောင်မနေတော့ဘဲ အေးစက်စက်အမူအရာဖြင့် ဆက်ပြောလိုက်သည် “ကောင်စုတ်လေး။ အကြီးအကဲတွေကို ဘယ်လိုလေးစားရမှန်းမသိဘူးလား။ ရိုင်းလိုက်တာ”

“တန်ခိုးရှင်ဘုရင်ပထမအဆင့်ကများ နားမကြားချင်ယောင် လာဆောင်နေသေးတယ်။ ကျုပ်ကိုအရူးများမှတ်နေလား” ရန်ကိုင်က အထင်အမြင်‌တသေးဖြင့် စိုက်ကြည့်ရင်းပြောလိုက်သည်။

“အဲ့ဘက်ကိုသွား။ ငါ့စီးပွားရေးကို လာနှောက်ယှက်မနေနဲ့။ စီးပွားရေးလုပ်ရတာ ခက်ခဲနေပါတယ်ဆိုမှ” အဖွားကြီးသည် အခြားတစ်ဖက်သို့ ညွှန်ပြလိုက်ပြီးနောက် ကတုန်ကယင်ဖြစ်နေသည့် ပုံစံသို့ပြန်ပြောင်းလိုက်လေသည်။

အဖွားကြီး ညွှန်ပြသည့်အတိုင်း လျှောက်လာလိုက်ရာ မကြာမီဆိုင်တစ်ဆိုင်ရှေ့သို့ ရန်ကိုင်ရောက်လာခဲ့သည်။ လူတစ်ဦး ရပ်နေခဲ့လေသည်။ ရန်ကိုင့်အား မြင်သည်နှင့် ထိုသူသည် အားတက်သရော လာရောက်နှုတ်ဆက်လေသည်။ ထို့နောက် သူ့အား အခန်းတစ်ခန်းစီစဉ်ပေးလိုက်ပြီး လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးကာ ပြန်ထွက်သွားလေသည်။ ရန်ကိုင်လည်း အလျင်လိုမနေခဲ့ပေ။ လက်ဖက်ရည်ကိုမြည်းစမ်းရင်းဖြင့်သာ စိတ်ရှည်ရှည်ဖြင့် ထိုင်စောင့်နေခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၈၅)

သူ့တွင်လည်း ရွေးချယ်စရာမရှိတော့သဖြင့် မှောင်ခိုဈေးကွက်သို့ လာခဲ့ရခြင်းဖြစ်သည်။ သူ့တွင် နှိုက်ယူထားသည့် အရင်းအမြစ်ချီသိပ်သည်းခြင်းဆေးလုံး အလုံးသုံးရာကျော် ရှိနေသည်။ ထိုသုံးရာကျော်စလုံးကို သူတစ်ယောက်တည်း သုံးလို့ ကုန်လိမ့်မည်မဟုတ်။ သိမ်းထားမည်ဆိုလျှင်လည်း အလကား ဖြစ်ကုန်လိမ့်မည်။ ထို့ကြောင့် ဤနေရာတွင် လာရောင်းရန် စဉ်းစားလိုက်ခြင်း ဖြစ်သည်။ သူ့တွင် ရောင်းချရန် ဈေးကွက်မရှိသလို ထိုအရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံးများသည် တရားဝင် နည်းလမ်းဖြင့် ရထားသည့် ဆေးလုံးများလည်း မဟုတ်ကြသည့် အတွက်ကြောင့်ပင်။

ပေါ်တင်ကြီးသာ သွားရောင်းလျှင် စိတ်ဝိဥာဉ်ဆေးလုံး ပလာဇာသည် သူ့အား ပြဿနာ လာရှာပေလိမ့်မည်။ သို့သော် မှောင်ခိုဈေးကွက်တွင် ရောင်းမည်ဆိုလျှင်တော့ မည်သည့် ပြဿနာမှ မရှိတော့ချေ။

ယခုလောလောဆယ်၌ ရန်ကိုင်တွင် အရင်းအမြစ်ကျောက် တစ်တုံးမှ မရှိတော့ချေ။ ဤအရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံးများကို ရောင်းချပြီးနောက်တွင် သူ့အတွက် အရေးပေါ်သုံးငွေအချို့ ရလာလောက်ပေသည်။

ခဏအကြာတွင် လူဝကြီးတစ်ဦး အခန်းထဲသို့ လျှောက်ဝင်လာခဲ့သည်။ ဝလွန်းသဖြင့် သူလမ်းလျှောက်နေသည့် အချိန်တွင် ကြမ်းပြင်သည်ပင် တကျွီကျွီ မြည်နေခဲ့လေသည်။ မျက်နှာတစ်ပြင်လုံးဟာလည်း အဆီများဖြင့် ဖုံးနေခဲ့ရာ မျက်လုံးနှစ်လုံးဆိုလျှင် အပေါက်သေးသေးလေး နှစ်ပေါက်အဖြစ်သာ ကျန်ရှိနေတော့သည်။

အခန်းထဲသို့ ဝင်လာပြီးနောက်တွင် ထိုလူက လက်သီးဆုပ်၍ စိတ်အားတက်သန်စွာဖြင့် ပြောလိုက်သည် “ကျင်းဖုကွေ့ သခင်လေးကို နှုတ်ဆက်ပါတယ်”

ကိုယ်ဆီ ဈေးလာဝယ်၊ ဈေးလာရောင်းသည့်လူ၏ နာမည်ကို မမေးရသည့် ထုံးစံကြောင့် ရန်ကိုင်အား သခင်လေးဟုသာ နှုတ်ဆက်လိုက်လေသည်။

ရန်ကိုင်က မတ်တပ်ရပ်၍ ပြန်ပြောလိုက်၏ “ဆိုင်ရှင်ကျင်း မင်္ဂလာပါ”

တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ဤလူဝကြီးသည် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။ သာမန် တန်ခိုးရှင်ဘုရင် တတိယအဆင့်တစ်ဦးပင်မဟုတ်၊ သူ့ဆီမှ ထွက်ပေါ်နေသည့် စွမ်းအင်အရှိန်အဝါအရ သူတော်စင်ချီ အားလုံးကို အရင်းအမြစ်ချီသို့ ပြောင်းလဲထားပြီးသည့် တန်ခိုးရှင်ဘုရင်တတိယအဆင့်သာ ဖြစ်ရပေလိမ့်မည်။ ဤကဲ့သို့သော ပညာရှင်များကို မေပယ်မြို့ထဲတွင် တွေ့ရခဲသော်လည်း တစ်ယောက်စ၊ နှစ်ယောက်စတော့ ရံဖန်ရံခါ တွေ့တတ်ပေသည်။ ဤပမာအားဖြင့် ခန်စစ်ရန်နှင့် ကျိုးနင်းစီတို့ အားလုံးသည် ထိုကဲ့သို့သော ပညာရှင်များ ဖြစ်ကြပေသည်။

ကျင်းဖုကွေ့မှ ထိုင်ချလိုက်ရာ သူ့ကိုယ်အလေးချိန်ကြောင့် ထိုင်ခုံကြီး ကျွီခနဲ မြည်ကျသွားလေသည်။

ထို့နောက် အပြုံးကြီးပြုံးလျက် မေးလိုက်လေသည် “ဆိုင်ဝန်ထမ်းလေးက ပြောတယ်၊ သခင်လေးက စိတ်ဝိဥာဉ် ဆေးလုံးတွေ အများကြီး ရောင်းချင်နေတယ်တဲ့။ အဲ့ဒါ အမှန်ပဲလား”

“အမှန်ပဲ”

ထိုစကားကို ကြားသည့်အခါ ကျင်းဖုကွေ့၏ မျက်လုံးထဲ အလင်းတစ်ချက် လက်သွားခဲ့လေသည် “သခင်လေး ဘယ်လို ဆေးလုံးမျိုး ရောင်းချင်းတာလဲ။ ဒီကျင်းက မေပယ်မြို့မှာ လူသိများနာမည်ကျော်ကြားတဲ့ လူတစ်ဦးပဲ။ ဒီတော့ သခင်လေးအနေနဲ့ ဈေးနှိမ်ခံနေရမှာကို စိတ်ပူနေစရာ မလိုဘူး။ ဒီလူအိုကြီးက မျှမျှတတပဲ ဈေးပေးတာ”

“ကျုပ်သိပါတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ ဆေးပုလင်းတစ်ပုလင်းကို ထုတ်၍ ကျင်းဖုကွေ့ရှေ့သို့ ချပေးလိုက်လေသည် “ကျုပ်ဘယ်လို ဆေးလုံးမျိုး လာရောင်းလဲဆိုတာကို ဆိုင်ရှင်ကျင်းဘာသာ တစ်ချက် ကြည့်ကြည့်လိုက်ပါလား”

ကျင်းဖုကွေ့သည် ခေါင်းညိတ်၍ သူ့ရှေ့ရှိ ပုလင်းကို ကောက်ယူစစ်ဆေးကြည့်လိုက်သည်။ ထို့နောက် အံ့ဩသွားသည့် လေသံဖြင့် “အရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံးတွေလား”

အရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံးများသည် မှောင်ခိုဈေးကွက်တွင် အမြဲတမ်း ပြတ်တောက်နေလေ့ ရှိသည်။ ဤဆေးလုံးသည် မရောင်းရမည်ကို စိုးရိမ်စရာမလိုဘဲ ရောင်းဖို့ရာ လုံလောက်သည့် ပမာဏ မရှိမည်ကိုသာ စိုးရိမ်ရသည့် ဆေးလုံးတစ်မျိုး ဖြစ်သည်။

“သခင်လေး ဘယ်နှစ်လုံး ရောင်းချင်တာလဲ”

ရန်ကိုင်က လက်သုံးချောင်း ထောင်ပြလိုက်လေသည်။

ကျင်းဖုကွေ့က မှင်သက်သွားသည့် အမူအရာဖြင့် ပြန်မေးလိုက်လေသည် “သုံးရာလား။ အဲ့လောက်တောင်လား”

တန်ခိုးရှင်ဘုရင်ပထမအဆင့် ကျင့်ကြံသူတစ်ဦးသည် အရင်းအမြစ်ချီသိပ်သည်းခြင်းဆေးလုံးတစ်လုံးကို ဆယ်ရက် ကြာအောင် အသုံးပြုနိုင်ပေသည်။ ဒုတိယအဆင့်များကတော့ ခြောက်ရက်၊ ခုနှစ်ရက်လောက်သာ သုံးနိုင်ကြပြီး တတိယအဆင့်များမှာမူကာ သုံးရက်မှ လေးရက်လောက်သာ သုံးနိုင်ကြသည်။

ထို့ကြောင့် ဤအရင်းအမြစ်သိပ်သည်းခြင်း ဆေးလုံး အလုံးသုံးရာကျော်သည် များလည်းမများ၊ နည်းလည်း မနည်းသည့် ပမာဏ ဖြစ်ပေသည်။ ဤမျှ အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံးများစွာကို ရရှိထားသည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးဖြင့် သူတို့၏ သူတော်စင်ချီအား အရင်းအမြစ်ချီသို့ ကူးပြောင်းရေးနှင့် ပက်သက်၍ နောက်နှစ်အနည်းငယ်လောက် ကြာသည်အထိ စိုးရိမ်နေစရာ မလိုတော့ချေ။

ကျင်းဖုကွေံ စဉ်းစားနေသည်မှာ ရန်ကိုင်သည် ဤမျှ များပြားလှသော အရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံးများအား မည်ကဲ့သို့ ရလာသလဲ ဆိုသည်ကိုပင်။ သို့သော်လည်း သူသိချင်နေသည့် မေးခွန်းသည် သွားမေးသင့်သည့် မေးခွန်း မဟုတ်သဖြင့် ပါးစပ်သာ ပိတ်နေလိုက်လေသည်။

ခဏကြာအောင် စဉ်းစားနေပြီးနောက် ကျင်းဖုကွေ့က ပြန်ပြောလိုက်လေသည် “သုံးရာက နည်းတော့ မနည်းဘူး။ ဒါပေမယ့် အရည်အသွေးက…”

ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည် “စစ်ဆေးကြည့်လိုက်လေ”

ကျင်းဖုကွေ့က ခေါင်းညိတ်လိုက်လေသည် “ဒါဆို တစ်ချက်လောက် စစ်ဆေးကြည့်ပါရစေ”

ပြောပြီးသည့်နောက် ကျောက်စိမ်းပုလင်းထဲမှ အရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံးတစ်လုံးကို ထုတ်ပြီး သောက်ကြည့်လိုက်လေသည်။ တစ်ချိန်တည်းတွင် သူ့ကျင့်စဉ်ကို လှည့်ပတ်ကြည့်လိုက်သည်။ ခဏအကြာ၌ သူ့မျက်လုံးထဲ အံ့အားသင့်နေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။

ဤဆေးလုံးသည် စိတ်ဝိဥာဉ်ဆေးလုံးပလာဇာမှ ဆေးညွှန်းအတိုင်း ဖော်စပ်ထားသည့် ဆေးလုံး ဖြစ်သည့်အတွက် ဆေးအာနိသင်မှာ ပုံမှန် ဈေးကွက်ထဲတွင် ရောင်းသည့် ဈေးလုံးများထက် အများကြီး ပိုကောင်းပေသည်။

ကျင်းဖုကွေ့သည် ဤကဲ့သို့သော ဆေးလုံးများနှင့် ပက်သက်ပြီး တစ်ကြိမ်မက အရောင်းအဝယ် လုပ်လာခဲ့သူ တစ်ဦး ဖြစ်သဖြင့် တစ်ချက် မြည်းစမ်းကြည့်ရုံနှင့်ပင် ဤဆေးလုံး၏ ထူးခြားချက်ကို တန်းသိလိုက်လေသည်။

ရန်ကိုင် ယူလာခဲ့သည့် ဤဆေးလုံးများသည် သာမန် နေရာတစ်ခုမှ မဖြစ်နိုင်မှန်း ကျင်းဖုကွေ့ ချက်ချင်း တန်းသိလိုက်လေသည်။ အခန်းတစ်ခန်းလုံး ရုတ်ချည်း တိတ်ဆိတ်သွားခဲ့လေသည်။ လူဝကြီးကျင်းသည် တစ်ခုခုကို စဉ်းစားနေသည့်အလား စားပွဲခုံကို လက်ဖြင့် တတောက်တောက် ခေါက်နေခဲ့လေသည်။

အချိန်အတော်ကြာမျှ တိတ်ဆိတ်နေပြီးနောက်၌ ပြောလိုက်လေသည် “ဆေးအရည်အသွေးကတော့ မေးနေစရာတောင် မလိုတော့ဘူး။ ဒီတော့ သခင်လေး ဒီဈေးဆိုရင် ဘယ်လိုလဲ”

ပြောပြီးသည့်နောက် လက်ထောင်ပြလိုက်၏။

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ကျုပ်ဆေးလုံးတွေက အဲ့လောက်ပဲ တန်တာလား။ အဲ့ဒါဆို အားနာပါတယ် ဆိုင်ရှင်ကျင်း၊ ကျုပ်မရောင်းတော့ဘူး”

ကျင်းဖုကွေ့က အသာအယာ ချောင်းဟန့်၍ “နေပါဦး သခင်လေးရဲ့၊ ဒီအရင်းအမြစ်သိပ်သည်းခြင်းဆေးလုံးတွေရဲ့ အရည်အသွေးက ထိပ်တန်းဆိုပေမယ့် သူတို့ကို ရောင်ဖို့က လူအင်းအားလည်း လိုဦးမယ်။ သခင်လေးက ဒီကျင်းကို နည်းနည်းလောက်တောင် အမြတ်မရစေချင်တော့ဘူးလား”

“ဆိုင်ရှင်းကျင်းပြောတာ မှန်တော့ မှန်ပေမယ့် အကုန် မမှန်ဘူး” ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည် “ဒီဆေးလုံးတွေကို ရောင်းဖို့ လူအင်အားလိုတယ်ဆိုပေမယ့် အရင်းအမြစ်ချီသိပ်သည်းခြင်းဆေးလုံးတွေကို ရောင်းဖို့က အဲ့လောက်ခက်လို့လား။ အခု ကျုပ်ခင်ဗျားဆိုင်ကို မလာဘဲ လမ်းမပေါ်မှာပဲရပ်ပြီး… ကျုပ်မှာ အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံးတွေရှိတယ်။ ဝယ်ချင်ရင် လာဝယ်လို့ ရတယ်လို့သာ အော်ပြောလိုက်… ခဏလေးအတွင်း ကျုပ်မှာ ပါလာသမျှ ဆေးလုံးအကုန်လုံး ပြောင်သွားလိမ့်မယ်။ ဆိုင်ရှင်ကျင်း အဲ့လို အခွင့်အရေးကြီးကို လက်လွှတ်ချင်တာ သေချာလား”

ကျင်းဖုကွေ့၏ မျက်နှာကြီး မဲ့သွားခဲ့လေသည်။ အံတကြိတ်ကြိတ်ဖြင့် ဈေးထပ်ခေါ်လိုက်သည် “ဒီလောက်ဆိုရင်ရော ဘယ်လိုလဲ”

ရန်ကိုင်က ပြန်ပြောလိုက်၏ “နောက်ထပ် ငါးရာလောက် တိုးလိုက်ဦး။ အဲ့ဒါဆို နောက်ပိုင်း စီးပွားရေး ထပ်လုပ်လို့ရပြီ”

ကျင်းဖုကွေ့သည် အစပိုင်းတွင် အင်တင်တင် လုပ်နေသော်လည်း ခဏအကြာတွင် သဘောတူလိုက်လေ၏ “ကောင်းပြီလေ။ အဲ့လိုပဲ လုပ်ကြတာပေါ့။ နောက်ပိုင်း ဒီလို အရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံးတွေ ရောင်းချင်တာရှိရင် ကျုပ်တို့ကို ဦးစာပေးပြီး လာပေးဖို့‌ မျှော်လင့်ပါတယ်”

“ဒါပေါ့” ရန်ကိုင်က အဓိပ္ပါယ်ပါပါပြုံးလျက် “အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံးတွေအပြင် နောက်ထပ် ဆေးလုံးတွေလည်း ရှိသေးတယ်။ ဆိုင်ရှင်ကျင်း တစ်ချက် ကြည့်ကြည့်ပါလား”

အခြားဆေးလုံးများသည် ငှက်မွှေးပြာဂိုဏ်းတွင် ဆေးဖော်စပ်ရင်း ရခဲ့သည့် ဆေးလုံးများ ဖြစ်ကြပေသည်။ ဆေးလုံးမှာ မျိုးစုံဖြစ်သော်ငြား အရည်အသွေးနှင့် အဆင့်မှာတော့ အရင်းအမြစ်ချီသိပ်သည်းခြင်းဆေးလုံးကို မမှီချေ။

ကျင်းဖုကွေ့ကတော့ ထိုအချက်ကို ဂရုစိုက်မနေခဲ့ပေ။ သူ့အတွက်တော့ အမြတ်ရနိုင်လျှင် အကုန် အဆင်ပြေ၏။

ခဏကြာအောင် ငြင်းခုံဈေးစစ်နေပြီးနောက်တွင် ရန်ကိုင်သည် သူ့ဆေးလုံးများကို ရောင်းချရင်းမှ အရင်းအမြစ်ကျောက် တစ်သိန်းခုနှစ်သောင်း ရလိုက်လေ၏။ ထိုမျှလောက် ရပြီးမှပဲ ရန်ကိုင် အနည်းငယ် စိတ်လက်ပေါ့ပါးသွားတော့သည်။

ငှက်မွှေးပြာဂိုဏ်းတွင် တစ်လလောက် ဆေးဖော်စပ်ပေးခဲ့သည့်တိုင် အရင်းအမြစ်ကျောက် သုံးသောင်းလောက်သာ ရှာနိုင်ခဲ့သည်။ သို့သော်လည်း ဤနေရာတွင် လဝက်လောက် ဆေးဖော်စပ်လိုက်ရုံဖြင့် အရင်းအမြစ်ကျောက် တစ်သိန်းကျော် ရလိုက်ပေသည်။ ထိုသို့ ကွာခြားရသွားခြင်းမှာ အရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံးသည် အလွန်ကိုမှ လူဝယ်များနေသည့် ဆေးလုံး တစ်လုံး ဖြစ်သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။

ကျင်းဖုကွေ့ဆိုင်မှ ထွက်လာပြီးနောက်တွင် ရန်ကိုင်သည် ချက်ချင်း ပြန်မသွားသေးဘဲ အနက်ရောင် ဝတ်ရုံကိုခြုံလျက် မှောင်ခိုဈေးတစ်ဝိုက် လှည့်ပတ်ကြည့်လေ၏။

ဤသို့သော နေရာမျိုးတွင် ပစ္စည်းကောင်းများကို တွေ့ရတတ်ပေသည်။ သို့သော် ထိုသို့ ဖြစ်နိုင်ချေမှာ အလွန်ကိုမှ နည်းလှသည်။ ရန်ကိုင်မှာ လှည့်ပတ်၍ လျှောက်ကြည့်နေခဲ့သော်လည်း ဘာမှမရခဲ့ပေ။

အိမ်ပြန်တော့မည်ပြင်နေစဉ်မှာပင် မလှမ်းမကမ်း တစ်နေရာဆီမှ ရင်းနှီးနေသည့် အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရလေသည်။ အသံပိုင်ရှင်က‌ ဒေါသထွက်နေသည့် လေသံဖြင့် အော်ဟစ်လိုက်သည် “ရှင်တို့ မတရား အနိုင်ကျင့်ဖို့မလုပ်နဲ့နော်”

ထိုအသံကို ကြားလိုက်သည့်အခိုက် ရန်ကိုင် ကြောင်သွားခဲ့ပြီး လူတစ်ယောက်ကို ချက်ချင်း သွားပြန်သတိရလိုက်လေသည်။

တကယ် ဖြစ်နိုင်ပါ့မလား ရန်ကိုင် သူ့ဘာသာ တွေးလိုက်သည်။ မေပယ်မြို့သို့ ရောက်လာပြီးနောက်ပိုင်း လူအနည်းငယ်ကိုသာ သူသိသေးသည်။ ထို့ကြောင့် ထိုသံကို သူမှားစရာအကြောင်းမရှိချေ။

သိချင်လာသဖြင့် တစ်ချက် သွားပြေးကြည့်လေ၏။

မလှမ်းမကမ်း တစ်နေရာတွင် လူများစွာသည် ဝိုင်းဖွဲ့၍ လူတစ်အုပ်ကို ကြည့်နေကြလေသည်။

ရန်ကိုင်လည်း လူကြားထဲတိုးပြီး သွားကြည့်၏။ ချက်ချင်းဆိုသလို မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင် မျက်လုံးအပြူးသား ဖြစ်သွားခဲ့လေသည်။

သူ့ရှေ့တွင် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကောင်မလေးတစ်ဦးသည် မျက်မှောင်ကြုတ်၍ ရပ်နေခဲ့သည်။ ကောင်မလေးသည် လူကောင်သေးသေး၊ ရင်ဘတ်ကြီးကြီးနှင့် အချိုးအစားကျနသော ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားသည်။ အသားအရေမှာလည်း နှင်းကဲ့သို့ ဖြူဖွေးနေခဲ့လေသည်။ အသိသာဆုံးအချက်မှာ သူမ၏ ပါးပြင်ပေါ်ရှိ မွေးရာပါ လခြမ်းကွေး အမှတ်အသားနှင့် ခါးပေါ်၌ ချိတ်ဆွဲထားသော အိတ်လေးများပင် ဖြစ်လေသည်။

မိုရှောင်ချီလား

ရန်ကိုင် သူ့မျက်လုံးသူ မယုံနိုင် ဖြစ်နေခဲ့သည်။

သူ့ရှေ့ရှိ ကောင်မလေးသည် ကြည်လင်ကျောက်စိမ်းတောင်တွင် တွေ့ခဲ့ရသည့် ကောင်မလေး ဖြစ်နေခဲ့သည်။

သူမသေသွားတာလား ထိုကောင်မလေးကို မြင်ပြီးနောက် ဘာကြောင့်မှန်းမသိ သူ့ရင်ထဲ စိတ်သက်သာရာ ရသွားခဲ့လေသည်။ သူ့စိတ်ထဲ အပြစ်မကင်းစိတ်မှာလည်း ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့လေသည်။

သူ့စိတ်ထဲ အပြစ်မကင်းသလို ခံစားနေရသည်မှာ အခြားတော့မဟုတ်၊ မိုရှောင်ချီအား သူနှင့် ခပ်ဝေးဝေးတွင် နေခိုင်းခဲ့သည့် အတွက်ကြောင့်သာ ဖြစ်သည်။ သူသာ သူမအား ခပ်ဝေးဝေးတွင် မနေခိုင်းခဲ့လျှင် သူ့အနေဖြင့် သူမအား ကမ္ဘာငယ်လေးထဲသို့ ဆွဲခေါ်သွားနိုင်ပေသည်။ ထို့ကြောင့် သူမသေသွားရသည့် အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းမှာ သူ့ကြောင့်ဖြစ်သည်ဟု တွေးလျက် စိတ်မကောင်း ဖြစ်နေခဲ့ရခြင်း ဖြစ်သည်။

ယခု သူမအား နောက်တစ်ကြိမ် ပြန်မြင်လိုက်ရသည့် အခါတွင် သူ့စိတ်ထဲရှိ အပြစ်မကင်းစိတ်တို့ ပျောက်ကွယ်သွားခဲ့လေသည်။

မိုရှောင်ချီအား ပြန်မြင်လိုက်ရသည့်အခါ သူ့စိတ်ထဲ ဝမ်းသာမိသွားသလို လွမ်ဖုန်း၏ မီးတောက်များလက်မှ သူမ မည်ကဲ့သို့ လွတ်လာသလဲဆိုသည့်အပေါ်လည်း စတင် အတွေးများမိသွားခဲ့လေသည်။ လွမ်ဖုန်း၏ မီးတောက်မှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ကမ္ဘာငယ်လေးကြောင့်သာ မဟုတ်လျှင် သူသည်လည်း ကျိန်းသေ သေသွားခဲ့ရပေလိမ့်မည်။

သို့သော်ငြား မိုရှောင်ချီ၏ ဇာစ်မြစ်သည် အလွန်ကိုမှ နက်နဲဆန်းကြယ်သည့်အကြောင်း ပြန်စဉ်းစားမိလိုက်သည့် အခါ… သူမတွင် လွမ်ဖုန်း၏ မီးတောက်များကိုပင် ခုခံနိုင်သော အလွန်အမင်း အားကောင်းသည့် မှော်ရတနာ တစ်ခု ရှိကောင်းရှိနေနိုင်သည်ဟု တွေးမိသွားပြန်သည်။

မိုရှောင်ချီသည် သွားလေရာ ပြဿနာ တက်သည်ဟု ပြောရလေမလား… ယခုအချိန်တွင်လည်း လူတစ်သိုက်နှင့် ပြဿနာ ဖြစ်နေခဲ့လေသည်။

သူမနှင့် ပြဿနာ တက်နေသည့်လူများမှာ အဖွဲ့တစ်ဖွဲ့ ဖြစ်ပေသည်။ ထိုအဖွဲ့၏ ခေါင်းဆောင်မှာ ရုပ်ချောချော လူငယ်လေးတစ်ဦး ဖြစ်ပေသည်။

All Chapters