← Chapters

အခန်း (၁၉၉၁-၁၉၉၅)

Vol. 80 Ch. 1991-1995

အခန်း (၁၉၉၁-၁၉၉၅)

Vol. 80 Ch. 1991-1995

အပိုင်း (၁၉၉၁)

ခန်စစ်ရန်ရှင်းပြသည်ကို နားထောင်ပြီးနောက်တွင် ဤကိစ္စ၏လိုရင်းကို ရန်ကိုင် နားလည်သွားခဲ့လေသည်။ ငါးရောင်ခြယ် ရတနာဘုရားသည် ကြယ်ဝိဉာဉ်နန်းတော်၏ အထွဋ်အထိပ်ရတနာတစ်ခုဖြစ်ပြီး ကြယ်တာရာအစုအဝေးတွင်လည်း နာမည်ကျော်ကြားသည့် ရတနာတစ်ခုဖြစ်သည်။ ထိုသို့ ကျော်ကြားရခြင်းမှာ ငါးရောင်ခြယ် ရတနာဘုရားသည် ဧကရာဇ်မှော်ရတနာတစ်ခု ဖြစ်နေသည့်အတွက်ကြောင့်သာ မဟုတ်ဘဲ အလွန်ကိုမှလည်း ထူးခြားသည့်အတွက်ကြောင့် ဖြစ်ပေသည်။

ငါးရောင်ခြယ်ရတနာဘုရား၏ အတွင်းပိုင်းပုံစံသည် ကမ္ဘာငယ်လေးနှင့် တူသော်လည်း ကမ္ဘာငယ်လေးထက် ပို၍ ပြီးပြည့်စုံသည်ဟု ပြော၍ရပေသည်။ ငါးရောင်ခြယ်ရတနာဘုရားသည် ကြယ်ဝိဉာဉ်နန်းတော်၏ ခေါင်းဆောင်ဖြစ်သော လမင်းမဟာဧကရာဇ်၏ ရတနာတစ်ခုဖြစ်သည်ဟု ကောလဟာလများက ပြောကြသလို ထိုရတနာမှာ လမင်းမဟာဧကရာဇ် နာမည်မကျော်ကြားလာခင်ကတည်းက တည်ရှိနေသည့် ရတနာတစ်ခုဖြစ်သည်ဟုလည်း ပြောကြပေသည်။

လမင်းမဟာဧကရာဇ်မှ ထိုရတနာကိုရပြီးနောက် ထပ်ဆင့်မွမ်းမံလိုက်ခြင်းကြောင့် ယနေ့ဤပုံစံသို့ ရောက်လာခြင်းဖြစ်သည်။ ဘုရား၏အတွင်းပိုင်း လေဟာနယ်သည် ရှေးဟောင်းတိုက်ပွဲကွင်းပြင်ကြီးတစ်ခု ဖြစ်ပေသည်။ ထိုနေရာတွင် ပျံ့ကျဲနေသော ရှေးခေတ် ရတနာများနှင့် မျိုးသုဉ်းပျောက်ကွယ်သွားပြီ ဖြစ်သောဆေးပင်များ၊ အမျိုးမျိုးသော နယ်ပယ်အသစ်များ ရှိနေခဲ့သည်။

ထိုနေရာများသည် ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်များ အလွန်သွားချင်နေသည့် နေရာများဖြစ်သည်။ သတ်မှတ်ထားသည့် လိုအပ်ချက်အချို့ကို ဖြည့်ဆည်းနိုင်မည်ဆိုပါက ကြယ်ဝိဉာဉ်နန်းတော်မှ တပည့်များအနေဖြင့် ငါးရောင်ခြယ်ရတနာဘုရားထဲသို့ ၀င်ခွင့်ရပေလိမ့်မည်။ ထိုထဲတွင် သူတို့၏ ကျင့်ကြံခြင်းကို မြှင့်တင်နိုင်သလို တိုက်ပွဲစွမ်းရည်ကိုလည်း တိုးတက်အောင် လုပ်နိုင်ပေသည်။

ထိုမျှသာလျှင်မဟုတ်သေးဘဲ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအို၏ နက်နဲဆန်းကြယ်မှုများကိုလည်း လေ့လာနိုင်သေး၏။ ငါးရောင်ခြယ်ရတနာဘုရား တည်ရှိလာသည်မှာ မရေတွက်နိုင်အောင် ကြာညောင်းခဲ့ပြီ ဖြစ်သလို မရေတွက်နိုင်သော ကျင့်ကြံသူများသည် ထိုထဲသို့ အတွေ့အကြုံရရန် ၀င်သွားကြပါသော်လည်း ရတနာဘုရားထဲရှိ ရတနာများမှာ ယုတ်လျော့သွားခြင်း မရှိသည့်အပြင် အချိန်ကြာလာသည်နှင့်အမျှ ပိုပို၍ များပြားလာခဲ့လေသည်။

အကြောင်းမှာကား ရှင်းပေသည်။ ငါးရောင်ခြယ် ရတနာဘုရားသည် အန္တရာယ်မရှိသည့် နေရာတစ်ခုတော့ မဟုတ်ချေ။ ရတနာဘုရားထဲသို့၀င်ရင်း သေဆုံးသွားသည့် ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်များလည်း ရှိပေသည်။ သူတို့၏ သိုလှောင်လက်စွပ်များ၊ အဖိုးတန်ရတနာများသည် ငါးရောင်ခြယ် ရတနာဘုရားထဲတွင် ကျကျန်ခဲ့ကာ ရတနာဘုရား၏ အဖိုးတန် ရတနာများ ဖြစ်လာကြလေ၏။

ငါးရောင်ခြယ်ရတနာဘုရားတွင် အလွှာငါးလွှာ ပါ၀င်ပေသည်။ ပထမနှစ်လွှာမှာ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများအတွက်ဖြစ်ကာ တတိယနှင့် လေးလွှာမြောက်မှာ တာအိုသခင်အဆင့် ကျင့်ကြံသူများအတွက် ဖြစ်ပေသည်။ နောက်‌ဆုံးအလွှာမှာမူကား ဧကရာဇ်အဆင့် ကျင့်ကြံသူများအတွက်သာ ဖြစ်လေ၏။

ရတနာဘုရားထဲတွင် မှော်ရတနာများ အဖိုးတန်ဆေးပင်များသာ ရှိကြသည်မဟုတ်။ လောကနိယာမ အစိတ်အပိုင်းများနှင့် ကြယ်အမြူတေ တစ်စိတ်တစ်ပိုင်းတို့သည်လည်း ကျန်ရှိနေကြပေသည်။ ရတနာဘုရား၏ အတွင်းပိုင်းပုံစံမှာ ရှေးဟောင်း တိုက်ပွဲကွင်းပြင်တစ်ခုဖြစ်သည်။ ထိုတိုက်ပွဲကွင်းပြင်ထဲတွင် မရေမတွက်နိုင်သော အားကောင်းသည့် ကျင့်ကြံသူများ တိုက်ခိုက်ခဲ့ကြပြီး သေဆုံးခဲ့ကြပေမည်။ ထို့အတွက်ကြောင့် တစ်စစီဖြစ်နေသည့် လောကနိယာမများနှင့် ကြယ်အမြူတေများ ကျန်ရှိနေခြင်း ဖြစ်သည်။

ထိုအရာများမှာ ပြီးပြည့်စုံခြင်း မရှိကြတော့သော်ငြား ဆင်ခြင်နားလည်နိုင်မည်ဆိုပါက အကျိုးရှိနေဦးပေမည်။ တန်ခိုးရှင်ဘုရင် အထွတ်အထိပ်အဆင့်သို့ ရောက်လာပြီးနောက်တွင် နောက်တစ်ဆင့်မှာ နိယာမစွမ်းအားကို နားလည်အောင်လုပ်ရမည့် တာအိုသခင်အဆင့်သာ ဖြစ်ပေသည်။ သို့သော်ငြား တာအိုသခင်အဆင့် ပညာရှင်များသည် လောကကြီးဆီမှ နိယာမစွမ်းအားကို ငှားရမ်းအသုံးချနိုင်ရုံသာရှိသည်။

လောကစွမ်းအား တစ်နည်းအားဖြင့် ဥပ‌ဒေသစွမ်းအားကို အမှန်တစ်ကယ် အသုံးချချင်သည်ဆိုပါက ဧကရာဇ်အဆင့်သို့ ရောက်အောင် ကျင့်ကြံရပေမည်။ သို့မှသာ နိယာမစွမ်းအားကို ကောင်းမွန်စွာ အသုံးချနိုင်ပေလိမ့်မည်။ ကြယ်တာရာ အစုအဝေးထဲတွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူပေါင်းများစွာသည် သူတို့၏ သူတော်စင်ချီအားလုံးကို အရင်းအမြစ်ချီအဖြစ်သို့ ပြောင်းလဲပစ်လိုက်နိုင်သော်ငြား အနည်းငယ်သည်သာ တာအိုသခင်အဆင့်သို့ ချိုးဖျက်နိုင်ကြပေသည်။

တာအိုသခင်အဆင့်သို့ ချိုးဖျက်ရာတွင် ကြုံရသည့် အကြီးမားဆုံး အခက်အခဲမှာ လောကနိယာမများကို နားလည်အောင် ကြိုးစားရခြင်းပင်။ ထိုအကြောင်းကြောင့်ပင် ကြယ်တာရာအစုအဝေးထဲတွင်ရှိသော ဂိုဏ်းများသည် ကြယ်သခင်များကို လိုချင်ကြခြင်း ဖြစ်ပေသည်။

ဥပမာပြရသော် ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်အဆင့်တွင် ရှိနေကတည်းက အရိပ်ကြယ်၏ လောကနိယာမများကို ခံစားဖူးပေသည်။ သူခံစားခဲ့သည်မှာ ကြယ်တစ်လုံး၏ နိယာမစွမ်းအားသာဖြစ်ပြီး ကြယ်တာရာအစုအဝေး၏ နိယာမစွမ်းအားများနှင့် မယှဉ်နိုင်သော်ငြား အတွေ့အကြုံရဖူးသည်ကပင် သူ့အား အခြားကျင့်ကြံသူများထက် ရှေ့တစ်လှမ်း ပိုရောက်နေစေလေ၏။ ထို့ကြောင့် အခြားသူများနှင့် ယှဉ်လိုက်သော် ရန်ကိုင့်အဖို့ တာအိုသခင်အဆင့်သို့ ချိုးဖျက်ရန် ပိုမိုလွယ်ကူသွားလေပြီ။

“ပြောစရာရှိတာတွေကို ပြောပြီးပြီဆိုတော့ ငါးရောင်ခြယ်ရတနာဘုရားကို ဖွင့်လိုက်တာက အခွင့်အရေးကောင်းတစ်ခုဆိုတာ ဆေးပညာရှင်ရန် နားလည်သွားလောက်မှာပေါ့။ ဟုတ်တယ်မလား” ခန်စစ်ရန်က ပြုံးလျက် မေးလိုက်လေသည်။

“ဟုတ်တယ်။ ကျုပ်နားလည်တယ် ဆိုင်ပိုင်ရှင်ခန် ပြောသွားတဲ့ပုံအရဆိုရင် ငါးရောင်ခြယ်ရတနာဘုရားက တစ်ကယ်ကို စူးစမ်းလို့ကောင်းမယ့် နေရာတစ်ခုပဲ” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။

“အဲ့တာတင်မကသေးဘူး” ခန်စစ်ရန်ကပြုံးလျက်

“အခု မေပယ်မြို့ကို တောင်ဘက်နယ်မြေမှာရှိတဲ့ အင်အားစုအသီးသီးက ပညာရှင်တွေရောက်နေတယ်ဆိုတာ ဆေးပညာရှင်ရန်သိမှာပါ ဟုတ်တယ်မလား။ ကြယ်သံတမန်ကတောင် ငါးရောင်ခြယ်ရတနာဘုရားကို ဖွင့်ပေးနေတာ အခြားလူတွေက အရှက်မရှိ ဘယ်ထိုင်နေရဲပါမလဲ”

“ဆိုင်ပိုင်ရှင်ခန် ပြောချင်တာက” ထိုစကားကိုကြားသည့်အခါ ရန်ကိုင် အံအားသင့်သွားခဲ့လေသည်။

“ဟဲဟဲဟဲ ဆေးပညာရှင်ရန်၊ ကောင်းကင်တိုက်ပွဲဒိုဂျို၊ ရှေးဟောင်းဘုရားကျောင်း၊ အဲ့အင်အားစုတွေအပြင် အခြားမဟာအင်အားစုတွေ အကုန်လုံးက ရတနာဘုရားထဲကို ထည့်ဖို့ဆိုပြီးတော့ အဖိုးတန်ရတနာတွေ ထုတ်ယူလာကြတယ်။ ဆေးလုံးတွေ၊ ကျင့်စဉ်တွေအပြင်ကိုမှ တာအိုသခင်အဆင့် မှော်ရတနာတွေတောင် ပါသေးတယ်”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင်၏ မျက်၀န်းအစုံတစ်ဖျက်ဖျက် တောက်ပသွားခဲ့လေသည်။ ခန်စစ်ရန်ပြောသည်သာ အမှန်ဖြစ်မည်ဆိုလျှင် မေပယ်မြို့မှာတော့ အလွန်ကိုမှ ဂယက်ထပေတော့မည်။

“ကောင်းကင်တိုက်ပွဲဒိုဂျိုဆိုရင် တာအိုအရင်းအမြစ်အသီး သုံးလုံးတောင် ထုတ်လာပေးတာ” ခန်စစ်ရန်က ရုတ်တရက် စိတ်လှုပ်ရှားလာသည့် အမူအရာဖြင့် ပြောလိုက်လေသည်။

သူမည်မျှစိတ်လှုပ်ရှားနေသလဲဆိုလျှင် သူ့အသံပင် တုန်တုန်ရီရီ ဖြစ်နေခဲ့သည်။

“ဆေးပညာရှင်ရန် မင်းက ဆေးပညာရှင်တစ်ယောက်ဆိုတော့ တာအိုအရင်းအမြစ်သစ်သီးတွေ ဘယ်လောက်အသုံး၀င်လည်းဆိုတာကို ကောင်းကောင်းသိမှာပေါ့”

“အရင်းအမြစ်ဆေးလုံးတွေကို ဖော်စပ်ဖို့သုံးတဲ့ အရင်းအမြစ်အသီးတွေကို ပြောတာလား”

“ဟုတ်တယ်” ခန်စစ်ရန်က လက်ဖျားခါလိုက်ရင်း ဆက်ပြောလေသည်။

“ကြယ်တာရာအစုအဝေးထဲမှာ အင်အားစုကြီး အချို့ပဲ တာအိုအရင်းအမြစ်သစ်သီးတွေကို စိုက်ပျိုးနိုင်တယ်။ တောင်ဘက်နယ်မြေထဲမှာဆိုရင် ကောင်းကင်တိုက်ပွဲဒိုဂျိုပဲ အဲ့လိုလုပ်နိုင်တာ။ ကြယ်ဝိဉာဉ်နန်းတော်မှာတောင် တာအိုအရင်းအမြစ် သစ်သီးပင်တွေ မရှိဘူး။ ပြီးတော့ တာအိုအရင်းအမြစ်သစ်သီးတွေဆိုတာ ဆယ်နှစ်ကြာမှ တစ်ခါမှည့်တာ။ အဲ့ဒါကို သုံးလုံးတောင် ထုတ်လာပေးတယ်ဆိုတော့ သူတို့ဘက်က ဘယ်လောက်တောင် ရင်းနှီးထားလည်းဆိုတာ ကြည့်လို့ရတယ်”

“ဆိုင်ပိုင်ရှင်ခန်က အဲ့အသီးတစ်လုံးကို လိုချင်နေတာလား”

“ဒါပေါ့ လိုချင်တာပေါ့” ခန်စစ်ရန်က ခါးသက်စွာပြုံးလျက်

“ဆေးပညာရှင်ရန် ဒီလူအိုကြီး တန်ခိုးရှင်ဘုရင် တတိယအဆင့်ရဲ့ အထွဋ်အထိပ်မှာတစ်နေတာ နှစ်ပေါင်းနှစ်ရာကျော်နေပြီ။ ငါ့အရည်အချင်း ငါသိတယ်။ အခွင့်အရေးတစ်ခုခုသာမရရင် ဒီတစ်သက် တာအိုသခင်အဆင့်ရောက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကံကောင်းပြီး အရင်းအမြစ်အသီးတစ်လုံးသာ ရလိုက်မယ်ဆိုရင်တော့ တာအိုသခင်အဆင့်ကို ရောက်ကောင်းရောက်နိုင်တယ်။ မသေချာပေမဲ့ အနည်းဆုံး အခွင့်အရေးတစ်ခုတော့ရှိတာပေါ့”

ခန်စစ်ရန်သည် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ၏ ဆိုင်ရှင်တစ်ဦးဖြစ်သလို ခရမ်းကြယ်စင် ကုန်သွယ်ရေး၏ အဖွဲ့၀င်တစ်ဦး ဖြစ်သော်လည်း သူ့အဆင့်အတန်းနှင့် ခွန်အားမှာ နိမ့်ကျသည့်အတွက်ကြောင့် သူ့အနေဖြင့် အရင်းအမြစ်ဆေးလုံးကဲ့သို့သော အဖိုးတန်ဆေးလုံးတစ်လုံးကို မရရှိနိုင်ခဲ့ပေ။ အရင်းအမြစ်ဆေးလုံးတစ်လုံးသည် တာအိုသခင် အဆင့် ကျင့်ကြံသူတစ်ဦးကို ဖန်တီးပေးနိုင်ပေသည်။

ထို့ကြောင့် ခရမ်းကြယ်စင် ကုန်သွယ်ရေးအဖွဲ့အစည်းအနေဖြင့် ထိုကဲ့သို့သော ဆေးလုံးကို သူ့လက်အောက်ငယ်သားများဆီသို့ ပေးချင်တိုင်း ပေးနေလိမ့်မည်မဟုတ်ချေ။

ကုန်သွယ်ရေးအဖွဲ့အစည်းအတွက် လုံလောက်အောင် တာ၀န်ထမ်းဆောင်ပေးပြီးမှသာ ပေးပေလိမ့်မည်။ ခန်စစ်ရန်သည် မေပယ်မြို့တွင်နေ၍ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာကို နှစ်နှစ်ရာမက ဦးစီးလုပ်ဆောင်ပေးခဲ့လည်း ထိုမျှလောက်ဖြင့် အရင်းအမြစ်‌ဆေးတစ်လုံးကို ရဖို့ရာ မဖြစ်နိုင်သေးပေ။

ခန်စစ်ရန်ဘာကြောင့် အလွန်စိတ်လှုပ်ရှားနေရသလဲ ဆိုသည်ကို ရန်ကိုင်နားလည်ပေသည်။ အရင်းအမြစ်ဆေးအမယ် တစ်စုံစာအတွက် တာအိုအရင်းအမြစ်အသီး တစ်လုံးသာ လိုအပ်သည်။ ဆေးအမယ်တစ်စုံလျှင် အများဆုံး ဆေးလုံး ကိုးလုံးခန့် ဖော်စပ်နိုင်သည်။ ခန်စစ်ရန်သာ တာအိုအရင်းအမြစ်အသီးတစ်လုံးရလိုက်ပြီး ဆေးပညာရှင်တစ်ဦးရှာကာ ဆေးဖော်စပ်ခိုင်းမည်ဆိုပါက အနည်းဆုံး အရင်းအမြစ်‌ဆေး တစ်လုံးနှစ်လုံးလောက်တော့ ရနိုင်ပေလိမ့်မည်။

သူသာတာအိုသခင်အဆင့်သို့ ချိုးဖျက်သွားနိုင်ပါက ခရမ်းကြယ်စင်ကုန်သွယ်ရေးအဖွဲ့အစည်းထဲရှိ သူ့အဆင့်အတန်းမှာ ကျိန်းသေမြင့်တက်လာပေလိမ့်မည်။ သူ့အနေဖြင့် ဤချောင်ကျသော မေပယ်မြို့တွင် ဆက်နေစရာလိုတော့မည် မဟုတ်ပေ။ ခန်စစ်ရန်သာမဟုတ်ဘဲ ရန်ကိုင်သည်လည်း အရင်းအမြစ်အသီးကို လိုချင်နေသည်။ သူတော်စင်ချီအားလုံးသာ အရင်းအမြစ်ချီသို့ ပြောင်းလဲသွားပြီးပါက၊ တစ်ချိန်ထဲတွင် နိယာမစွမ်းအားကိုပါ ထိတွေ့နိုင်မည်ဆိုပါက ရန်ကိုင့်အနေဖြင့် တာအိုသခင်အဆင့်သို့ ချိုးဖျက်ရန် ကြိုးစားနိုင်ပေသည်။ ထိုအခါ အရင်းအမြစ်ဆေးလုံးသည် သူ့အား တာအိုသခင်အဆင့်သို့ရောက်အောင် ကူညီပေးနိုင်သည့် အထောက်အကူတစ်ခု ဖြစ်လာပေလိမ့်မည်။

“ဆေးပညာရှင်ရန် မင်းရော ငါးရောင်ခြယ်ရတနာဘုရားထဲ ၀င်ချင်လား” စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီးနောက်တွင် ခန်စစ်ရန်သည် ရန်ကိုင့်အား မေးလိုက်လေ၏။

“ဒီလိုအခွင့်အရေးမျိုးကို ဘယ်လိုလုပ်ပြီး လက်လွှတ်လိုက်လို့ ဖြစ်ပါ့မလဲ” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။

“ကောင်းတယ်” ခန်စစ်ရန်က ရယ်မောလျက်

“ငါတို့သာ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင် ငါးရောင်ခြယ်ဘုရားထဲ ဒီတစ်သက် ၀င်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး”

“ဒါပေမဲ့ ဆိုင်ပိုင်ရှင်ခန် ခင်ဗျားပြောတဲ့ပုံအရဆိုရင် ငါးရောင်ခြယ် ရတနာဘုရားထဲကို၀င်ဖို့က အရမ်းအန္တရာယ်များမှာပေါ့။ ခင်ဗျားနဲ့ကျုပ်က တန်ခိုးရှင်ဘုရင် တတိယအဆင့်တွေဆိုတော့ အခြားတန်ခိုးရှင်ဘုရင်အဆင့်တွေကို ရင်ဆိုင်ရမှာ စိတ်ပူစရာမလိုဘူး။ ဒါပေမဲ့ တာအိုသခင်တစ်ယောက်နဲ့သာ သွားတိုးမယ်ဆိုရင်”

“ဟားဟား ဆေးပညာရှင်ရန် အဲ့ကိစ္စနဲ့ပတ်သတ်ပြီး စိုးရိမ်နေစရာမလိုဘူး” ခန်စစ်ရန်က ပြုံး၍လက်ဝှေ့ယမ်းလျက်

“ငါးရောင်ခြယ်ရတနာဘုရားဆိုတာ ဖွင့်ဖို့လွယ်တာမဟုတ်ဘူး။ ကြယ်သံတမန်က ငါတို့မေပယ်မြို့က ကျင့်ကြံသူတွေကိုသနားလို့ ဖွင့်ပေးတာ။ အဲ့တာတောင် သူကိုယ်တိုင်က ရတနာဘုရားတစ်ခုလုံးကို ဖွင့်နိုင်မှာလား။ မဖွင့်နိုင်ဘူး။ ဒီတစ်ကြိမ် သူဖွင့်ပေးတာ ပထမနှစ်လွှာပဲ။ ဒီတော့ တန်ခိုးရှင်ဘုရင် ကျင့်ကြံသူတွေပဲ ၀င်လို့ရမှာ။ တာအိုသခင်တွေ ၀င်ခွင့်ရမှာမဟုတ်ဘူး”

“အဲ့လိုလား” ရန်ကိုင်အံအားသင့်သွားလေသည်။

သို့သော် သေချာစဉ်းစားကြည့်ပြီးနောက် ဘာကြောင့် ထိုသို့ဖြစ်ရမှန်း နားလည်သွားခဲ့လေသည်။ ရတနာဘုရားသည် အားကောင်းသည့် ဧကရာဇ်အဆင့် မှော်ရတနာတစ်ပါးဖြစ်သည်။ ထို့ကြောင့် တစ်ကြိမ်ဖွင့်လျှင် အလွန်ကြီးမားသော တန်ဖိုးကို ပေးဆပ်ရပေလိမ့်မည်။ ကြယ်ဝိဉာဉ်နန်းတော်၏ သံတမန်တစ်ဦးဆိုလျှင်ပင် သူ့အနေဖြင့် ငါးရောင်ခြယ်ရတနာဘုရားတစ်ခုလုံးအား ဖွင့်ဖို့ရာ မဖြစ်နိုင်ပေ။

ထိုသို့သာဖွင့်လိုက်လျှင် ကြယ်ဝိဉာဉ်နန်းတော်အတွက် အဆုံးအရှုံးကြီးမားသွားပေလိမ့်မည်။ သို့သော်လည်း ရန်ကိုင်ကိုယ်တိုင်ကလည်း ပထမနှစ်လွှာကိုသာ ဖွင့်စေချင်ပေသည်။ တာအိုသခင်အဆင့် ကျင့်ကြံသူမရှိသ၍ သူ့အနေဖြင့် ဘယ်သူ့ကိုမှ ကြောက်နေစရာမလိုပေ။

“ဒါ့ကြောင့်ပဲ ဒီလူအိုကြီး ဆေးပညာရှင်ရန်ကို တောက်လျှောက်ခေါ်နေတာ။ ဒီအကြောင်းကို ပြောပြချင်လို့။ အခုလောလောဆယ် ဒီကိစ္စကို ကြယ်သံတမန်နဲ့ ကြည်လင်ကျောက်စိမ်းတောင်ကို လိုက်သွားတဲ့သူတွေပဲ သိသေးတာ။ အခြားသူတွေ မသိသေးဘူး။ အခုဆေးပညာရှင်ရန်ကို ကြိုပြောတာက ကြိုပြီး ပြင်ဆင်ထားစေချင်လို့ပဲ”

“ကျေးဇူးအများကြီးတင်ပါတယ် ဆိုင်ပိုင်ရှင်ခန်” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“ဆေးပညာရှင်ရန် ယဉ်ကျေးနေစရာမလိုပါဘူး။ ဆေးပညာရှင်ရန်သာ မရှိရင် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ ပိတ်လိုက်ရတာ ကြာနေပြီ”

“အဲ့တာဆို ဒီရန် အရင်သွားလိုက်ပါဦးမယ်။ ကျုပ်တစ်ချက် သွားပြင်ဆင်လိုက်ဦးမယ်” ရန်ကိုင် ပြောပြီးနောက် ထရပ်လိုက်လေသည်။

“ဒီလူအိုကြီး ဆေးပညာရှင်ရန်ကို ဒီမှာ နောက်သုံးရက်ကြာရင် စောင့်နေမယ်နော်” ခန်စစ်ရန်က လက်သီးဆုပ်၍ပြောလိုက်သည်။

ရန်ကိုင်လည်းခေါင်းငြိမ့်ပြီး စိတ်ဝိဉာဉ်ဆေးလုံးပလာဇာမှ ထွက်လာခဲ့လေသည်။ ငှားထားသည့်အိမ်သို့ ပြန်ရောက်သည်နှင့် ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲမှ ခူးယူထားသော ဆေးပင်များကိုထုတ်ကာ ဆေးလုံးအချို့ ဖော်စပ်လေတော့သည်။ ငါးရောင်ခြယ်ရတနာဘုရားထဲ တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူများသာ ၀င်ခွင့်ရှိပြီး တာအိုသခင်အဆင့် ပညာရှင်များနှင့် တွေ့မည်ကို စိတ်ပူစရာမလိုသော်လည်း လိုရမယ်ရ စိတ်ဝိဉာဉ်ဆေးလုံးအချို့ ပြင်ဆင်ထားခြင်းသည် အကောင်းဆုံး ဖြစ်လေသည်။

အန္တရာယ်များသည့် ကိစ္စတစ်ခုခုနှင့် ကြုံရမည်ဆိုပါက နောက်ဆုံးရလဒ်သည် သေခြင်းနှင့် ရှင်ခြင်းသာ ဖြစ်ပေလိမ့်မည်။ ဆေးပင်အပုံလိုက်ကြီးကို သူ့ဘေးနားတွင်ချလျက် ရန်ကိုင်သည် ဆေးလုံးများကို တစ်လုံးပြီးတစ်လုံး စတင်ဖော်စပ်လေတော့၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၉၂)

‌ယနေ့တွင် ကြယ်ဝိဥာဉ်နန်းတော်မှ ငါးရောင်ခြယ်ရတနာဘုရားအား ဖွင့်ပေးမည်ဟူသော သတင်းသည် မေပယ်မြို့တစ်မြို့လုံးအား ပျံ့နှံ့သွားခဲ့သည်။ မရေတွက်နိုင်သော ကျင့်ကြံသူများသည် ကြယ်ဝိဥာဉ်နန်းတော်၏ ကြင်နာရက်ရောမှုအပေါ် ချီးမွမ်း‌ထောပဏ္ဏာ ပြုနေကြသော်လည်း တာအိုသခင်အဆင့်ပညာရှင်များမှာတော့ မကျေမနပ်ဖြစ်နေကြသည်။ ကြယ်ဝိဥာဉ်နန်းတော်သည် ငါးရောင်ခြယ်ရတနာဘုရားကို တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများအတွက်သာ ဖွင့်ပေးခဲ့ပြီး တာအိုသခင်အဆင့်ပညာရှင်များအတွက်တော့ မပါခဲ့ပေ။

ချက်ချင်းဆိုသလို မေပယ်မြို့ထဲရှိ ဆေးလုံးဆိုင်များ၊ မှော်ရတနာဆိုင်များအကုန် လူများဖြင့်ပြည့်ကျပ် ကုန်တော့၏။ နှစ်ရက်ကြာပြီးနောက် ငါးရောင်ခြယ်ရတနာ ဘုရားမှာ ဖွင့်ပေတော့မည်။ ထို့ကြောင့်ဝင်ခွင့်ရကြသည့် လူများမှာ အရေးပေါ်အခြေအနေနှင့် ကြုံလာရလျှင် အသုံးပြုနိုင်ရန် အရေးပေါ်ဆေးလုံးများ၊ အသက်ကယ် ဆေးလုံးများကို ဝယ်ထားကြလေ၏။ သူတို့ ယခင်က ပိုက်ဆံကုန်မည်ကို နှမြော၍ မဝယ်ကြသော မှော်ရတနာများကိုပင် ဝယ်ကုန်ကြလေပြီ။

သစ်ပင်ကိုခုတ်ချင်ပါက ပုဆိန်ကိုရှအောင် သွေးထားရပေမည်။ ကျင့်ကြံသူတိုင်း ထိုရိုးရှင်းသည့် အမှန်တရားကို နားလည်ထားကြသည်။ သူတို့သာ ငါးရောင်ခြယ်ရတနာဘုရားထဲရှိ ရတနာများကို ရယူချင်သလို အသက်ရှင်လျက်လည်း ပြန်လည်လွတ်မြောက်လာချင်သည် ဆိုပါက အကောင်းဆုံး ပြင်ဆင်ထားရန်လိုအပ်ပေသည်။

မိုရှောင်ချီသည် ထိုသတင်းကိုကြားပြီးနောက် အလွန်ကိုမှ စိတ်ဝင်စားသွားခဲ့သည်။ ထို့ကြောင့် ဆက်သွယ်ရေး ဓာတ်လုံးမှတစ်ဆင့် ရန်ကိုင့်အား သူနှင့်အတူသွားရန် လှမ်းဖိတ်ခေါ်လိုက်လေသည်။ ရန်ကိုင်လည်း သဘောတူလိုက်၏။ သူ့စိတ်ထဲတွင်တော့ အနည်းငယ် အပြစ်မကင်းသလို ခံစားနေရသည်။ မိုရှောင်ချီသည် ထိုသတင်းကိုကြား ကြားခြင်း သူ့အားဆက်သွယ်လာခဲ့သည်။ သူကမူ သူမအား အကြောင်းကြားရန် မေ့လျော့နေခဲ့သည်။

သူမသာ ငါးရောင်ခြယ်ရတနာဘုရားထဲ ဝင်ချင်သည်ဆိုပါက ရန်ကိုင် လုံးဝကိုတားလိမ့်မည် မဟုတ်ချေ။ မိုရှောင်ချီသည် ထုံအအ ရိုးရှင်းသည့် စိတ်ထားကိုပိုင်ဆိုင်သည့် မိန်းမငယ်လေးဖြစ်သော်ငြား သူမအား ကာကွယ်ပေးနေသည့် မှော်ရတနာများနှင့်ဆိုပါက တန်ခိုးရှင်ဘုရင်အဆင့်အတွင်း မည်သူမှ သူမအား ထိခိုက်အောင်လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ရန်ကိုင်သည် ဆေးဖော်စပ်ရာတွင်သာ အာရုံစိုက်နေခဲ့သည်။ တစ်ချိန်တည်းတွင် မေပယ်မြို့၏ မြို့တော်သခင်ခြံဝန်း၌ စံအိမ်တစ်ခုထဲတွင် ယောင်္ကျားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် ဆယ်မီတာအကွာတွင် မျက်နှာချင်းဆိုင် ထိုင်နေကြလေသည်။

အမျိုးသားမှာ သက်လတ်ပိုင်းလူကြီးတစ်ဦးဖြစ်ပြီး နက်နဲဆန်းကြယ်သည့်အရှိန်အဝါကို ထုတ်လွှတ်နေ၏။ ထိုလူသည် ကြီးကြယ်မြင့်မြတ်သည့် အရှိန်အဝါကို ပေးစွမ်းနေပြီး သူ၀တ်ထားသည့် အနက်ရောင်၀တ်ရုံပေါ်ရှိ ရင်ဘက်နေရာတွင် ငွေရောင်ကြယ်ပုံလေးများစွာ ထိုးထွင်းထားလေသည်။ ဤလူမှာ အခြားမဟုတ်။ ကြယ်သံတမန်သာဖြစ်လေသည်။ ကြယ်ဝိဉာဉ်နန်းတော်၏ သံတမန်များသာ ဤကဲ့သို့သော ၀တ်ရုံမျိုးကို ၀တ်ဆင်ကြသည်။

သူ၀တ်ဆင်ထားသော အနက်ရောင်၀တ်ရုံပေါ်ရှိ ငွေရောင်ကြယ်လေးများသည် ကြယ်သံတမန်ကို ကိုယ်စားပြုနေသည့် အမှတ်လက္ခဏာများ ဖြစ်ကြပေသည်။ ကြယ်ဝိဉာဉ်နန်းတော်ထဲတွင် ကြယ်သံတမန်များကို အဆင့်သုံးဆင့် ခွဲခြားထားကြသည်။ ထိပ်ဆုံးဆင့်တွင် ရွှေကြယ်သံတမန်ရှိနေပြီး အလယ်အလတ်အဆင့်တွင် ငွေကြယ်သံတမန်ရှိနေသည်။ အောက်ဆုံးအဆင့်တွင်တော့ ကြေးရောင်ကြယ်သံတမန်များ ရှိနေကြလေသည်။

သို့သော်ငြား အဆင့်အနိမ့်ဆုံး ကြယ်သံတမန်တစ်ဦး ဖြစ်လာရန်အတွက်ပင် အနည်းဆုံး ဧကရာဇ်ပထမအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားရန် လိုအပ်ပေသည်။ ဤအသက်လေးဆယ်လောက်သာ ရှိမည်ထင်ရသော သက်လတ်ပိုင်းလူကြီးသည် အမှန်တစ်ကယ်ကို ဧကရာဇ်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့သည်။ ဒဏ္ဏာရီလာ ရွှေကြယ်သံတမန်များမှာတော့ ဧကရာဇ်တတိယ ပညာရှင်များဖြစ်ကြပေသည်။

လွန်ခဲ့သည့်နှစ်များအတွင်း ကြယ်ဝိဉာဉ်နန်းတော်မှာ သူတို့၏ ရွှေကြယ်သံတမန်များကို အပြင်သို့လွှတ်သည်မှာ အကြိမ်အနည်းငယ်လောက်သာ ရှိသည်။ ရွှေကြယ်သံတမန်များနှင့် တွေ့ခွင့်ရရန် ခက်ခဲလှပေသည်။ ကြယ်ဝိဉာဉ်နန်းတော်ထဲတွင် စုစုပေါင်းမှ ရွှေကြယ်သံတမန် သုံးဦးသာရှိပြီး သူတို့ မည်သည့်နေရာသို့ရောက်နေမှန်း၊ ဘာလုပ်နေကြမှန်း မည်သူမှမသိကြပေ။

ငွေကြယ်သံတမန်၏ မျက်နှာချင်းဆိုင်ဘက်တွင်တော့ အသက်နှစ်ဆယ်လောက်သာ ရှိမည်ထင်ရသော မိန်းမငယ်လေးတစ်ဦး ထိုင်နေခဲ့လေသည်။ ဤမိန်းမငယ်လေးသည် မျက်စိပဒေသာဖြစ်လှသော ကြင်အင်လက္ခဏာများကို ပိုင်ဆိုင်ထားသည်။ ပိတုန်းရောင်ဆံကေသာသည် ကျောပြင်တစ်လျောက် လျှောကျနေပြီး မျက်၀န်းလှလှကလေးများမှာ အညစ်အကြေးမြူတစ်မှုန်မှပင် စွန်းထင်းခြင်းမရှိသည့် ကန်ရေပြင်တစ်ခုနှယ် ကြည်လင်နေခဲ့လေသည်။

သူမ၀င်ဆင်ထားသည့် အပြာရောင်၀တ်ရုံထက်တွင်လည်း တင့်တယ်လှပသည့် ကျောက်မျက်တို့ကို စီချယ်ထားလေ၏။

ထိုကျောက်မျက်များမှာ သာမန်အဆင်တန်ဆာ သက်သက်သာမဟုတ်ကြဘဲ ကျောက်မျက်တစ်ခုချင်းစီသည် နက်နဲဆန်းကြယ်သော စွမ်းအင်လှိုင်းများကို မသိမသာ ထုတ်လွှတ်နေခဲ့လေသည်။ လက်ရှိတွင် အမျိုးသမီးသည် မျက်မှောင်ကြီးကြုတ်ကာ တင်ပလ္လင်ခွေ ထိုင်နေခဲ့သည်။ သူမခန္ဓာကိုယ် ပတ်လည်ရှိအရှိန်အဝါသည် အနီးနားပတ်၀န်းကျင်ရှိ လောကနိယာမများနှင့် ပဲ့တင်ထပ်နေသည့်အလား မငြိမ်မသက်ဖြစ်နေ၏။ အမျိုးသမီးသည် အဆင့်ချိုးဖျက်ခါနီး အခြေအနေသို့ ရောက်နေခြင်းဖြစ်သည်။ လက်ရှိတွင် အမျိုးသမီးမှာ တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ရောက်နေပြီ ဖြစ်သည့်အတွက် သူမသာအဆင့်ချိုးဖျက်မည်ဆိုပါက တာအိုသခင် အဆင့်သို့ရောက်ရှိသွားပေလိမ့်မည်။

“မင်းသမီး အဆင်ပြေရဲ့လား”

ဧကရာဇ်ဒုတိယအဆင့်ဖြစ်သော ကြယ်သံတမန်ပင် တလေးတစားဖြင့် ခေါ်နေရသည်ကိုကြည့်လျှင် ဤအမျိုးသမီး၏ အဆင့်အတန်းမှာ လုံးဝမနိမ့်ကျကြောင်း သိသာပေသည်။ အမျိုးသမီးက ခေါင်းညိတ်၍ “အခုလောလောဆယ်တော့ ဘာမှမဖြစ်သေးဘူး”

“ဟူး…မင်းသမီး ဒီတစ်ကြိမ်တော့ အရမ်းတဇွတ်ထိုးနိုင်သွားတယ်” ငွေကြယ်သံတမန်က ခေါင်းတစ်ခါခါဖြင့် ပြောလိုက်လေသည်။

“မင်းသမီး အဲ့မျက်နှာတုဓာတ်လုံးကို သုံးလာလိုက်တာ ဒီလူအိုကြီး တစ်ကယ်မသိလိုက်ဘူး။ ပြန်ရောက်ရင်တော့ မဟာဧကရာဇ်က ကျိန်းသေ အပြစ်ပေးတော့မှာ”

ထိုစကားကိုကြားသည့်အခါ အမျိုးသမီးက လျှာလေးတစ်လစ်ထုတ်လျက် ပြန်ပြောလိုက်လေသည်။ “ဦးလေးရှောင် စိတ်ပူမနေနဲ့။ အဲ့အချိန်ကျရင် ရွှင်းအာ အဖေ့ကိုပြောလိုက်မယ်။ ပြီးတော့ ဦးလေးရှောင်က အဖေ့ရဲ့အငယ်ဆုံး ဂျူနီယာတစ်ယောက်ပဲ။ ဦးလေးရှောင်ကို ဆိုးဆိုးရွားရွားကြီး အပြစ်မပေးလောက်ပါဘူး”

“နင်…” သူဒုက္ခရောက်နေသည်အပေါ် ၀မ်းသာနေသည့် လန်ရွှင်း ကိုကြည့်ရင်း ရှောင်ယုယန် အံတကြိတ်ကြိတ်ဖြစ်သွားလေ၏။

“နင့်ကိုနင်တောင် မကာကွယ်နိုင်တာ။ ငါ့ကိုဘယ်လိုပြောပေးမှာလဲ။ မဟာဧကရာဇ်ကပြောပြီးသား နင်ပြန်ရောက်လာတာနဲ့ နင့်ကိုဆယ်နှစ်လုံးလုံး ဘယ်မှထွက်ခွင့်မပေးတော့ဘူးတဲ့”

“ဘာ…ဆယ်နှစ်‌‌တောင်” လန်ရွှင်းသည် အလန့်တကြားထအော်ရင်း ငိုမဲ့မဲ့လေသံဖြင့် “အဲ့တာဆိုရင် သတ်သာ သတ်လိုက်ပေတော့။ အဲ့ဆယ်နှစ်ကြီးတောင် နန်းတော်ထဲမှာ ဘယ်လိုလုပ်နေနိုင်မှာလဲ။ အခုတောင်ပျင်းလွန်းလို့ အပြင်ကိုခိုးထွက်လာခဲ့တာ”

“နင်က အချိန်မှားပြီးထွက်လာတာကိုး” ရှောင်ယုယန်က သက်ပြင်းချ၍ ခါးသက်စွာပြုံးရင်း “အဆင့်ချိုးဖျက်တော့မှန်း နင်သိတယ်။ အဲ့တာကို နန်းတော်ထဲမှာ ထိုင်ပြင်ဆင်မနေဘဲ အခုလိုခိုးထွက်လာတာ။ နင့်လုပ်ရပ်ကကို မဟုတ်တာ”

ထိုစကားကိုကြားသည့်အခါ လန်ရွှင်းက ခေါင်းလေးငုံ၍ ရေရွတ်လိုက်လေ၏ “ရှေးဟောင်းနတ်သားရဲတစ်ကောင် ပေါ်လာတယ်ကြားတာကိုး။ ကျွန်မ ရှေဟောင်းနတ်သားရဲကို တစ်ခါမှမှမမြင်ဖူးတာ ဒီတော့ကြည့်ချင်လို့ထွက်လာတာပေါ့”

“နင်က မဟာဧကရာဇ်ရဲ့သမီးလေ။ နင့်အနာဂတ်က လုံး၀ကိုတောက်ပနေပြီးသား။ ‌ရှေးဟောင်းနတ်သားရဲကို အခုနေမတွေ့ရရင်တောင် နောင်တစ်ချိန်တော့တွေ့ရမှာပဲ။ မတွေ့ရဘူးဆိုရင်တောင် နင့်အဖေကို နဂါးကျွန်းဆီခေါ်သွားပေးဖို့ ပြောလို့ရတာပဲ။ အဲ့မှာ ရှေးနတ်သားရဲတွေမှ အများကြီးပဲ”

“အဲ့မြွေကြီးတွေက ဘာကောင်းလို့လဲ” လန်ရွှင်းက မကျေမနပ်ဖြင့် ရေရွတ်လိုက်လေသည်။

“မြွေကြီး…” ရှောင်ယုယန်၏နှုတ်ခမ်း မဲ့သွားခဲ့လေသည်။

ဧကရာဇ်ဒုတိယအဆင့်ဖြစ်သော သူပင်လျှင် လန်ရွှင်းပြောသည်ကိုကြားပြီးနောက် ဆွံအသွားလေ၏။ နောက်ဆုံး သက်ပြင်းချ၍သာ ပြောလိုက်လေသည် “နင့်ကျင့်ကြံခြင်းကို ဆက်ပြီးဖိနှိပ်လို့မရတော့ဘူး။ အိမ်ပြန်ဖို့လည်း အချိန်မမှီတော့ဘူး။ အဲ့တာကြောင့် မဟာဧကရာဇ်က ငါးရောင်ခြယ်ရတနာဘုရားကို ဖွင့်ခိုင်းလိုက်တာ။ နင်၀င်ပြီး အဆင့်ချိုးဖျက်လို့ရအောင် မဟာဧကရာဇ်က ဟိုကနေ တစ်ကယ့်ဘုရားကို အသက်သွင်းပေးလိမ့်မယ်။ ဒါကိုဖုံးကွယ်လို့ရအောင် ငါတို့ ကြယ်ဝိဉာဉ်နန်းတော်က ဒီမြို့ကလူတွေကို အခွင့်အရေးပေးတယ်ဆိုပြီး လိမ်ညာထားရတာ။ ဟို‌ ကောင်းကင်တိုက်ပွဲဒိုဂျို၊ ရှေးဟောင်းကျောင်းတော်နဲ့ နေမင်းပြာကျောင်းတော်ကလူတွေကိုပါ ၀င်ကူညီလာအောင် လိမ်လိုက်ရသေးတယ်။ မဟုတ်ရင် ငါတစ်ယောက်ထဲနဲ့ အခုလိုလုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ နင်ကိုယ်တိုင်လည်း သတိထားဦးနော်။ အဲ့ကျရင် ကောင်းကင်လမ်းစဉ်နဲ့ သိုင်းတာအိုကို ပိုပြီးခံစားလို့ရအောင်နဲ့ တစ်စစီဖြစ်နေတဲ့ နိယာမတွေကို ပိုပြီးစုပ်ယူနိုင်အောင်လို့ ငါကျင့်စဉ်တစ်ခုသုံးပြီး နင့်ကို တတိယအလွှာပို့ပေးမယ်။ အဲ့ကတစ်စစီ ဖြစ်နေတဲ့ လောကနိယာမတွေနဲ့ ကြယ်အမြူတေတွေက နင့်ကိုအကြီးအကျယ် အထောက်အကူပေးနိုင်တယ်”

“ကျွန်မသိတယ်”

“တစ်စစီ ဖြစ်နေတဲ့ လောကနိယာမတွေနဲ့ ကြယ်အမြူတေတွေကို ဘယ်လိုဆွဲယူရမလဲ ဆိုတာရော နင်သိလား”

“သိတယ်။ အဖေ ကျွန်မကို အရင်က အဲ့တာတွေ သင်ပေးဖူးတယ်”

“ကောင်းတယ်။ ဆိုးတာက မင်းသမီးက ကြယ်သခင်တစ်ယောက် ဟုတ်မနေတာပဲ။ မင်းသမီးသာ ကြယ်သခင်တစ်ယောက်ဆိုရင် ဒီထက်များတဲ့ အကျိုးကျေးဇူးတွေတောင် ရဦးမှာ”

ထိုအခါ လန်ရှင်းက ပြုံးလျက် ပြန်ပြောလိုက်လေသည်။

“ဦးလေးရှောင်ကလည်း ကြယ်သခင်တစ်ယောက်မှ မဟုတ်တာ။ ဒါတောင် ဧကရာဇ်ဒုတိယအဆင့်ကို ရောက်နေနိုင်သေးတာပဲ။ ကြယ်သခင်တွေအတွက်က ကျင့်ကြံရတာ လွယ်တယ်ဆိုပေမဲ့ ကြယ်သခင်အဖြစ်ဘဲနဲ့ တစ်နေ့ကျရင် အဖေ့လိုဖြစ်လာရမယ်လို့ ရွှင်းအာ ကိုယ့်ကိုကိုယ် ယုံကြည်တယ်”

ထိုစကားကို ကြားသည့်အခါ ရှောင်ယုယန်က ရယ်မောလျက် “ကောင်းတယ် ကောင်းတယ်။ မင်းသမီး အခုလိုမျိုး စိတ်ဓာတ်မျိုးထားတာ တစ်ကယ်ကောင်းတယ်။ ဆိုးတာက မင်းသမီးက ယောင်္ကျားတစ်ယောက် မဟုတ်တာပဲ”

လန်ရွှင်းက နှာခေါင်းရှုံ့လျက် “ယောင်္ကျားမဟုတ်တော့ရော ဘာဖြစ်လဲ။ ကျွန်မက ယောင်္ကျားတွေထက် နိမ့်ကျနေလို့လား”

“အာ မဟုတ်ပါဘူး။ မင်းသမီးသာ ယောင်္ကျားဖြစ်မယ်ဆို အခုချိန် တစ်ခွက်တစ်ဖလားလောက် သောက်လို့ရနေပြီလို့” ရှောင်ယုယန်မှာ အတွေ့အကြုံရှိသည့်လူတစ်ဦး ဖြစ်သည့်အတွက် ချက်ချင်းပဲ ခေါင်းစဉ် ပြောင်းလိုက်လေသည်။

“ကျွန်မကတော့ မသောက်ချင်ပါဘူး။ အဲ့လို ခါးခါး နံစော်နေတဲ့ဟာကြီးကို ဘယ်လိုတွေ သောက်ကြလဲမသိဘူး”

“ဟားဟား” ရှောင်ယုယန်သည် ထိုအကြောင်းကို ဆက်ပြောမနေတော့ဘဲ အခြားတစ်ခုကိုသာ ခေါင်းစဉ်ပြောင်း လိုက်၏။ “ဒီတစ်ခါ မင်းသမီးအတွက် အရေးကြီးဆုံးက အဆင့်ချိုးဖျက်ဖို့ပဲ။ အဆင့်ချိုးဖျက်ပြီး အချိန်တွေရှိဦးမယ်ဆိုရင်တော့ တတိယအလွှာကို ပတ်ကြည့်လို့ရတယ်။ အဲ့ထဲမှာ ပစ္စည်းကောင်းတွေ အများကြီးပဲ။ ငါတို့လို လူအိုကြီးတွေကိုယ်တိုင် ၀င်သွားမယ်ဆိုရင်တော့ ဘာပစ္စည်းကောင်းမှ ရမှာမဟုတ်ဘူး။ ငါးရောင်ခြယ်ရတနာဘုရားထဲမှာ အရေးကြီးဆုံးက ကံနဲ့ အခွင့်အလမ်းပဲ။ ခွန်အားက အဲ့လောက်ကြီးမဟုတ်ဘူး”

“ရွှင်းအာ မှတ်ထားပါ့မယ်”

မျက်တောင်တစ်ခတ်အတွင်း နှစ်ရက်ကုန်ဆုံးသွားခဲ့လေသည်။ ယနေ့တွင် မေပယ်မြို့မှာ အလွန်ကိုမှ စည်ကားသက်၀င်နေခဲ့သည်။ မြို့ထဲရှိ ကျင့်ကြံသူတိုင်းလိုလိုသည် မြို့တော်သခင် စံအိမ်ရှေ့ရှိ မြေကွက်လပ်ကြီးတွင် စုဝေးနေကြလေသည်။ တန်ခိုးရှင်နှင့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများမှာတော့ အလွန်ကိုမှ ပျော်ရွှင်နေကြချိန် အခြားကျင့်ကြံသူများမှာတော့ မှုန်ကုပ်ကုပ် ဖြစ်နေကြလေသည်။ သူတို့ ထိုကဲ့သို့ ဖြစ်လည်းဖြစ်ချင်စရာပင်။ တာအိုသခင်အဆင့် ကျင့်ကြံသူများသည် ငါးယောင်ခြယ်ရတနာဘုရားထဲသို့ ဝင်ခွင့်မှမရလေဘဲ။

တန်ခိုးရှင်အဆင့်အောက် ကျင့်ကြံသူများဆိုလျှင်လည်း ငါးယောင်ခြယ်ရတနာဘုရားထဲသို့ ဝင်ရောက်ရန် လုံလောက်သည့်ကျင့်ကြံခြင်းကို ပိုင်ဆိုင်မထားကြပေ။ တန်ခိုးရှင်အဆင့် ကျင့်ကြံသူ တော်တော်များများပင် အထဲသို့ မ၀င်ရဲကြ။ သတ္တိရှိသည့်လူများနှင့် သေရမည်ကို မကြောက်သည့်လူများသည်သာ အထဲသို့ ၀င်ရဲကြခြင်းဖြစ်သည်။

ယခုအချိန်တွင်တော့ မြို့သခင်စံအိမ်ရှေ့တွင် စင်မြင့်ကြီးတစ်ခု ရှိနေခဲ့လေသည်။ ထိုစင်မြင့်ပေါ်တွင် အသက်အရွယ်မတူညီကြသော ကျင့်ကြံသူများစွာ ထိုင်နေကြသည်။ အောက်ဘက်ရှိ ကျင့်ကြံသူများမှာတော့ ထိုကျင့်ကြံသူများကို လေးစားတကြီး၊ အံ့ဩတကြီးဖြင့် ကြည့်နေကြလေသည်။ စင့်မြင်ပေါ်ရှိ ထိုလူအားလုံးသည် ဧကရာဇ်အဆင့် ပညာရှင်များ ဖြစ်ကြသည်။ ဧကရာဇ်အဆင့် မဟုတ်လျှင် ထိုနေရာတွင်ထိုင်ရန် အရည်အချင်းမပြည့်မီပေ။

မြို့သခင်ဖြစ်‌သော တွမ့်ယွမ်ရှန်းပင်လျှင် ဘေးဘက်တွင်သာ ပြုံး၍ ရပ်နေရသည်။ တွမ့်ယွမ်ရှန်းသည် တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည့်အတွက် ပုံမှန်အားဖြင့် မေပယ်မြို့ထဲတွင် အကောင်ကြီးတစ်ကောင် ဖြစ်သော်ငြား ထိုဧကရာဇ်အဆင့် ကျင့်ကြံသူများရှေ့တွင်တော့ အသက်ပင်ရဲရဲမရှုရဲပေ။ အချိန်ကြာလာသည်နှင့်အမျှ ကျင့်ကြံသူများ ပိုပို၍ စုဝေးလာကြလေသည်။

လူတိုင်းသည် ငါးရောင်ခြယ်ရတနာဘုရားအား တွေ့လိုတွေ့ငြား လှည့်ပတ်ကြည့်နေကြသော်ငြား ထိုရတနာ၏ အရိပ်အယောင်ကိုပင် ရှာမတွေ့ကြပေ။ နည်းနည်းပါးပါး နှံ့စပ်သည့် လူများမှာတော့ ငါးရောင်ခြယ်ဘုရားသည် ဤနေရာတွင်မဟုတ်မှန်း သိထာကြပေသည်။ ဤနေရာသည် တောင်ဘက်နယ်မြေဖြစ်သည့်အတွက် မည်သူမှ ကြယ်ဝိဉာဉ်နန်းတော်အား မလေးမစား မလုပ်ရဲကြသော်ငြား မည်သူကများ ထိုကဲ့သို့သော ရတနာကြီးကို သွားလေရာသယ်သွားမည်နည်း။

ယခုတစ်ကြိမ်တွင် ငါးရောင်ခြယ်ရတနာဘုရား ၀င်ပေါက်ကို ကြယ်သံတမန်နှင့် ဤနေရာတွင်ရှိနေသော အခြားသော ဧကရာဇ်အဆင့်ကျင့်ကြံသူများမှ ဖွင့်ပေးပေလိမ့်မည်။ တစ်ချိန်ထဲတွင် ကြယ်ဝိဉာဉ်နန်းတော်၏ ဌာနချုပ်တွင် ရှိနေကြသော ပညာရှင်များမှာလည်း သူတို့နှင့်အတူ ပူးပေါင်းကာ လုပ်ဆောင်ကြပေလိမ့်မည်။ ထို့ကြောင့် ရတနာဘုရားသည် ဤနေရာတွင် မရှိနေသော်လည်း လှမ်းဖွင့်၍တော့ရပေသည်။

ရန်ကိုင်သည် လူအုပ်ကြီးထဲတွင်ရပ်ရင်း ‌သူ့ဘေးနားမှ ပြောစကားကို တိတ်တဆိတ်နားထောင်နေခဲ့သည်။ အစကတော့ ကြယ်သံတမန်သည် ငါးရောင်ခြယ်ဘုရားကို သူနှင့်အတူ သယ်လာလိမ့်မည်ဟု ထင်ထားခဲ့သော်ငြား ယခုမှပဲ ထိုသို့မဟုတ်မှန်း သိလိုက်ရသည်။ သူ့စောင့်နေစဉ်အတွင်း တစ်ယောက်ယောက် သူပခုံးကိုလာပုတ်သဖြင့် လှည့်ကြည့်လိုက်ရာ မိုရှောင်ချီဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။

“အစ်ကိုရန်”

ရန်ကိုင်မှ လှည့်ကြည့်လိုက်ရာ ပြုံးလျက်ရပ်နေသော မိုရှောင်ချီကို တွေ့လိုက်ရလေသည်။ မိုရှောင်ချီ၏ မျက်နှာကိုမြင်ပြီးနောက် မရေတွက်နိုင်သော ကျင့်ကြံသူများ သူမဘေးမှ ကြောက်ကြောက်လန့်လန့်ဖြင့် ဆုတ်ခွာသွားကြလေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၉၃)

မိုရှာင်ချီကို ဆူးများဖြင့်ပြည့်နေသည့် ဖြူကောင်တစ်ကောင်ဟုပြောလျှင် လုံး၀မမှားချေ။ လမ်းတွင် သူမနှင့် မတော်တဆ၀င်တိုက်မိသည့် ကျင့်ကြံသူတိုင်း ဆိုးဆိုးရွားရွား နာကျင်ကြရကုန်သည်။ ထိုအခါမှစ၍ လူတိုင်းသည် မိုရှောင်ချီအား အတော်လေး လန့်သွားကြလေသည်။ ထို့ကြောင့် ရန်ကိုင်နှင် မိုရှောင်ချီတို့ ရပ်နေသောနေရာသည် အတော်လေးကို ကျယ်ကျယ်၀န်း၀န်းဖြစ်နေကာ မည်သူမှ သူတို့နားတို့ ကပ်မလာရဲကြချေ။

“အစ်ကိုရန် ရှင့်ကိုတွေ့ပြီ။ ဒီမှာ လူတွေအများကြီးပဲ”

မိုရှောင်ချီသည် တောသားမြို့ရောက်တစ်ဦးနှယ် ဘေးပတ်၀န်းကျင်အား လှည့်ပတ်ကြည့်လေသည်။ ဤကဲ့သို့ မြင်ကွင်းမျိုးသည် သူမဘ၀တွင် ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည့်အလား။ ရန်ကိုင်သည် ကသိကအောက် အမူအရာဖြင့်ပြုံးလျက် လှမ်းပြောလိုက်လေသည်။

“ရှောင်ချီ ”

“အမ် ဘာဖြစ်လို့လဲ” မိုရှောင်ချီလည်း ချက်ချင်းလှည့်ကြည့်လိုက်၏။

သို့သော်လည်း ချက်ချင်းဆိုသလို မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်နှာဖြူလျော်သွားပြီး ပါးစပ်အား လက်ဖြင့်အလန့်တကြားအုပ်၍ ရန်ကိုင့်ပခုံးကို လက်ညှိုးထိုးရင်း “အစ်ကိုရန် ရှင့်ပခုံးသွေးချင်းနီနေပြီ။ ဘယ်သူ အစ်ကိုရန်ကို တိုက်ခိုက်လိုက်တာလဲ”

“ငါဘာမဖြစ်ဘူး။ အဆင်ပြေတယ်” ရန်ကိုင်က ကိုယ့် ကံကြမ္မာကိုယ် လက်ခံလိုက်သည့်အလား တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်လေသည်။

ခဏအကြာတွင် သူ့ပခုံးပေါ်ရှိ သွေးများအားလုံးကို သုတ်၍ ပြီးသွားခဲ့သည်။ ထို့နောက် ပြောလိုက်၏။

“နောက်တစ်ကြိမ်ကြရင်တော့ ငါ့ကိုအရမ်းမထိနဲ့နော်။ မဟုတ်ရင် ငါ့သွေးတွေအကုန်ကုန်ပြီး သေသွားရလိမ့်မယ်”

ထိုစကားကိုကြားသည့်အခါ မိုရှောင်ချီ ကြောင်သွားခဲ့လေသည်။ ထို့နောက်ရှက်သွားပြီး ခေါင်းကိုငုံ့ကာ အင်္ကျီစကို လက်ဖြင့်ကြိတ်ချေနေတော့၏။

“ဟားဟား မင်းဒီကိုရောက်နေတာကိုး။ ဆေးပညာရှင်ရန်” ခန်စစ်ရန်၏ အူလှိုက်သဲလှိုက် ရယ်မောသံထွက်ပေါ်လာခဲ့သည်။

ရန်ကိုက်လှည့်ကြည့်လိုက်ရာ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာနေသော ဆိုင်ပိုင်ရှင်ခန်ကို တွေ့လိုက်ရလေသည်။

“ဆိုင်ပိုင်ရှင်ခန်” ရန်ကိုင်က လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည်။

“ဆေးပညာရှင်ရန်ရဲ့ ယုံကြည်ချက်ရှိတဲ့ပုံစံကို မြင်လိုက်ရတော့မှပဲ ဒီခန် စိတ်သက်သာရာ ရသွားတော့တယ်။ ကြည့်ရတာ ဆေးပညာရှင်ရန်က သေချာပြင်ဆင်လာတယ်နဲ့ တူတယ်”

“ဒီရန် အတတ်နိုင်ဆုံးတော့ ပြင်ဆင်လာခဲ့တာပဲ”

“ဆေးပညာရှင်ရန်က အရမ်းနှိမ့်ချနေတာပဲ။ ငါးရောင်ခြယ်ရတနာဘုရားထဲမှာ မရေမတွက်နဲ့ အခွင့်အရေးတွေအများကြီးပဲ။ ဆေးပညာရှင်ရန် အခွင့်အရေးကောင်းကောင်း တစ်ခုနဲ့ကြုံရပြီး အမြတ်ကြီးကြီးနဲ့ ပြန်ရောက်လာမယ်လို့ ဒီခန် ယုံကြည်ပြီးသား။ အို ဒီမိန်းကလေးက…”

“သူက ရှောင်ချီလေ။ ကျုပ်‌မိတ်ဆွေတစ်ယောက်ပဲ” ရန်ကိုင်က မိုရှောင်ချီအား ခန်စစ်ရန်ကို နှုတ်ဆက်ပေးလိုက်လေသည်။

မိုရှောင်ချီသည် အတော်လေးကို ရိုးသားအပြစ်ကင်းစင်ပြီး အခြားသူများနှင့် သိပ်ပြီး စကားပြောလေ့ပြောထမရှိသည့်အတွက် ခေါင်းသာညိတ်ပြလိုက်ပြီး ရန်ကိုင့်ဘေးတွင် တိတ်တဆိတ်ရပ်နေလိုက်သည်။

“ဆေးပညာရှင်ရန်… ငါ ဌာနချုပ်ကလာတဲ့ စီနီယာတစ်ယောက်ကို မေးကြည့်လိုက်သေးတယ်။ သူပြောတာကတော့ ငါတို့တွေ ငါးရောင်ခြယ်ရတနာဘုရားထဲကို ၀င်ပြီးသွားတာနဲ့ အကုန်လုံး လမ်းကွဲသွားလိမ့်မယ်တဲ့။ ဒီတော့ ငါတို့အတူတူ တွဲသွားဖို့မဖြစ်နိုင်လောက်ဘူး” ခန်စစ်ရန်က အားနာသည့်လေသံဖြင့် ပြောလိုက်လေသည်။

ရန်ကိုင်က မျက်ခုံးပင့်၍ ပြန်မေးလိုက်၏ “ဒီတော့ ကျုပ်တို့ အထဲကို၀င်သွားတာတဲ့ ကြုံရာနေရာ ပို့ခံရမယ်ဆိုတဲ့သဘောပေါ့”

ရန်ကိုင်သည် အမျိုးမျိုးသော ကမ္ဘာငယ်လေးများစွာထဲသို့ ၀င်ခဲ့ဖူးပေသည်။ ထို့ကြောင့် ဤကဲ့သို့သော အရာများစွာနှင့် အတော်လေးရင်းနှီးနေခဲ့သည်။ ခန်စစ်ရန် ဤအကြောင်းကို ပြောလာသောအခါ ဖြစ်နိုင်ချေတစ်ခုကို ချက်ချင်းတွေးမိသွားလေ၏။

“ဟုတ်တယ်” ခန်စစ်ရန်က ခေါင်းညိတ်၍ “ငါးရောင်ခြယ်ရတနာဘုရားထဲက လောကနိယာမတွေက တစ်စစီဖြစ်နေတော့ ငါတို့လိုကျင့်ကြံသူတွေ အထဲ၀င်သွားတာနဲ့ အကုန်လုံး ရောက်ချင်တဲ့နေရာ ရောက်ကုန်ရော။ ပုံသေပေါ်လာတဲ့နေရာမျိုး မရှိတော့ဘူး။ အစကတော့ ဒီလူအိုကြီး ‌ဆေးပညာရှင်ရန်နဲ့ အတူတူတွဲသွားမလို့ပဲ။ ဒါပေမဲ့ မဖြစ်နိုင်လောက်တော့ဘူး”

ရန်ကိုင်က ပြုံးလျက် “ကျုပ်တို့သာ အတူလက်တွဲလို့မရရင် အခြားသူတွေလည်း အတူလက်တွဲလို့ရမှာ မဟုတ်ဘူး။ ဒီတော့အကုန်လုံးက ကိုယ့်အရည်အချင်းပေါ် ကိုယ်မူတည်သွားပြီ”

“ဆေးပညာရှင်ရန်ပြောတာ အမှန်ပဲ။ ဒီလူအိုကြီးလည်း အဲ့အချက်ကိုစဉ်းစားမိတယ်။ အခုဆေးပညာရှင်ရန်ကို အဲ့အကြောင်း သတိပေးဖို့ လာခဲ့တာ။ ငါးရောင်ခြယ်ရတနာဘုရားထဲမှာ ထောင်ချောက်တွေ အကာအရံတွေအများကြီးပဲ။ အဲ့အစီအရင်တွေက ငါတို့လို တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတွေကို အသာလေးသတ်ပစ်လိုက်လို့ရတယ်။ ကြယ်ဝိဉာဉ်နန်းတော်က တပည့်တွေ တစ်ယောက်ပြီးတစ်ယောက် သေသွားကြရတာ အဲ့ဒါတွေကြောင့်ပဲ။ ဒါကြောင့် ငါတို့ သတိလက်လွတ်နေလို့မဖြစ်ဘူး”

“အခုလိုသတိပေးတဲ့အတွက် ဆိုင်ပိုင်ရှင်ခန်ကို အများကြီးကျေးဇူးတင်ပါတယ်။ ကျုပ်သတိထားပါ့မယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။

ဤသို့ဖြင့် ရန်ကိုင်နှင့် ခန်စစ်ရန်သည် စကားတပြောပြောဖြင့် ထိုနေရာတွင် ရပ်နေကြလေသည်။

“ဒါနဲ့ ဆိုင်ပိုင်ရှင်ခန် အဲ့မှာထိုင်နေတဲ့လူ‌တွေက ဘယ်သူတွေလဲ” ရန်ကိုင်သည် သူ့ရှေ့ရှိ စင်မြင့်ပေါ်တွင်ထိုင်နေသူများကို မေးငေါ့ပြလိုက်လေသည်။

ခန်စစ်ရန်က ရယ်မော၍ ပြောလိုက်၏။

“အကုန်လုံးတော့ ငါမသိဘူးကွ။ သုံး‌ယောက်ပဲ ငါသိတယ်။ ဘယ်ဘက်ကနေစရင် ဒုတိယမြောက်က ငါတို့ကုန်သွယ်ရေးအဖွဲ့ရဲ့ ဒုခေါင်းဆောင် လူကြီးမင်း လျို့ချီပဲ။ သူ့ဘေးနားမှာ ထိုင်နေတာကတော့ ခုနှစ်ရောင်ခြယ်ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ဒုခေါင်းဆောင် လူကြီးမင်း ချုံးရန်။ အလယ်က တစ်ယောက်ကတော့ ငွေကြယ်သံတမန် လူကြီးမင်း ရှောင်ယုယန်ပဲ။ အခြားသူတွေကတော့ သူတို့ဘယ်ကလာလဲဆိုတာတော့ သိပေမယ့် နာမည်တွေကိုတော့မသိဘူး”

ရန်ကိုင်က ခေါင်းညိတ်ပြီး ပြန်ပြောတော့မည်အပြု မိုရှောင်ချီ၏အသံ ထွက်‌ပေါ်လာခဲ့လေသည်။ “ဘယ်ဘက်က ပထမဆုံးတစ်ယောက်က ကောင်းကင်တိုက်ပွဲဒိုဂျိုက ချန်၀မ်ဟောင်၊ ညာဘက်က ပထမဆုံးကတစ်ယောက်က ရှေးဟောင်းကျောင်းတော်က ဖုန်းမင်၊ ဖုန်းမင်ဘေးက‌တစ်ယောက်တော့ နေမင်းပြာ ကျောင်းတော်က ကောင်းရွှယ်ထင်ပဲ”

ရန်ကိုင်နှင့် ခန်စစ်ရန်တို့ နှစ်ဦးစလုံး မိုရှောင်ချီအား အံ့ဩတကြီး ကြည့်လိုက်ကြလေသည်။

“နင်သူတို့အကုန်လုံးကိုသိတာလား”

မိုရှောင်ချီက ရယ်မော၍ “ငါ ဧကရာဇ်အဆင့် ပညာရှင်တော်တော်များရဲ့ နာမည်တွေနဲ့ သူတို့ရုပ်တွေကို မြင်ဖူးတယ်လေ။ ဒါကြောင့်ပဲ သူတို့အကြောင်း သိနေတာ။ ဧကရာဇ်ဒုတိယအဆင့် ရောက်နေတဲ့ ငွေကြယ်သံတမန် ရှောင်ယုယန်ကလွဲလို့ ကျန်တဲ့သူတွေအကုန်လုံးက ဧကရာဇ်ပထမအဆင့် တွေချည်းပဲ”

“သခင်မလေးက တစ်ကယ်ဗဟုသုတ ကြွယ်၀တာပဲ။ ဒီလူအိုကြီး အထင်ကြီးမိသွားပြီ” ခန်စစ်ရန်က လက်သီး‌ဆုပ်၍ တလေးတစားဖြင့် ပြောလိုက်လေသည်။

မိုရှောင်ချီက သူမ၏လက်ကို အလျှင်အမြန် ဝှေ့ယမ်း၍ “ဘာမှမဟုတ်ရပါဘူး”

ရန်ကိုင်၏အမူအရာ အနည်းငယ်ပြောင်းလဲ သွားခဲ့လေသည်။ ခန်စစ်ရန်မှ ဧကရာဇ်အဆင့် ပညာရှင်များကို မိတ်ဆက်ပေးစဉ်က လူကြီးမင်းဟု ခေါ်ဝေါ်သုံးစွဲသွားခဲ့သည်။ သို့သော်လည်း မိုရှောင်ချီကမူ ဧကရာဇ်အဆင့် ပညာရှင်များကို နာမည်တပ်ခေါ်သွားခဲ့လေသည်။ သူတို့၏ အဆင့်အတန်း ခွန်အားကို လုံး၀ဂရုမစိုက်သည့်အလား။

လက်ရှိတွင် ဤမေပယ်မြို့လေးထဲ၌ ဧကရာဇ်အဆင့်ပညာရှင် ခြောက်ဦးတိတိ ရှိနေခဲ့သည်။ ကြည့်ရသလောက် တောင်ဘက်နယ်မြေထဲရှိ အင်အားစုကြီးအားလုံး ဤနေရာသို့ ရောက်နေကြသည့်ပုံပင်။ မြို့သခင် တွမ့်ယွမ်ရှန်း ဘေးနားတွင် ရပ်‌နေရသည်မှာလည်း အထူးအဆန်းတော့ မဟုတ်။ အချိန်ကြာလာသည့်တိုင် အောက်ဘက်တွင်ရှိနေသော မည်သည့်ကျင့်ကြံသူမှ စိတ်မရှည်သည့်ပုံ လုပ်မပြရဲပေ။

လူအရေအတွက် အလွန်ကိုများပြားလာသည့်တိုင် အကုန်လုံး တိတ်ဆိတ်နေကြသည်။ သူတို့ရှေ့တည့်တည့်တွင် ဧကရာဇ်အဆင့် ကျင့်ကြံသူခြောက်ယောက် ထိုင်နေသည်ကို မည်သူကများ အော်ကျယ်အော်ကျယ် လုပ်ရဲမည်နည်း။ သို့သော်လည်း ကောင်းကင်နှင့်မြေပြင်ကို ကြောက်ရကောင်းမှန်း မသိသည့် လူတစ်ယောက်ကတော့ အမြဲဆိုသလို ရှိနေတတ်ပေသည်။

“ထိပ်တန်းအဆင့် အသက်ကိုးသွယ် အားပြန်ဖြည့်ဆေးတွေရမယ်နော်။ မကုန်ခင် ၀ယ်ထားကြနော်။ ဒီဆေးလုံးတွေက တစ်လုံးထဲနဲ့ မင်းတို့သေခါနီးအသက်တွေ အကောင်းအတိုင်း ပြန်ဖြစ်သွားအောင် လုပ်ပေးနိုင်တယ်။ ဒါက မင်းတို့ကို သေမင်းခံတွင်းကနေ ဆွဲခေါ်ပေးနိုင်တဲ့ ဆေးလုံးတွေပဲ။ အခု ဒီ‌ဆေးလုံးတွေက သုံးလုံးပဲကျန်တော့တာ။ သုံးလုံးစလုံးက ငါတို့မိသားစုက လက်ဆင့်ကမ်းလာတဲ့ အဖိုးတန်ရတနာ‌တွေပဲ။ မင်းတို့မ၀ယ်ရင် နောက်ကျသွားလိမ့်မယ်နော်”

လူအုပ်ကြီးထဲမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ကျင့်ကြံသူများ ကြောင်သွားကြပြီး အသံကြားရာသို့ အလျင်စလို လှည့်ကြည့်လိုက်ကြသည်။ လတ်တလောအနေဖြင့် မေပယ်မြို့ထဲ၌ မည်သည့်ဆေးလုံးရောင်းအားအကောင်းဆုံးဟု မေးလာပါက ကုသရေးဆေးလုံးများ ဖြစ်သည်ဟုသာ ပြောရပေမည်။ ကျင့်ကြံသူများသည် ငါး‌ရောင်ခြယ် ရတနာဘုရားထဲ ဝင်ရတော့မည်ဖြစ်သည့်အတွက်ကြောင့် ဒဏ်ရာများကို ပြန်လည်ကုစားပေးနိုင်သော ကုသရေးဆေးလုံးများကို အလုအယက် ဝယ်ယူကြလေသည်။

ထို့ကြောင့် အဓိကဆေးဆိုင်ကြီးများတွင်ပင် ကုသရေးဆေးလုံးများ ပြတ်လပ်ကုန်ကြသည်။ ဆေးလုံးတစ်လုံး မည်မျှပင် တန်ဖိုးကြီးနေစေကာမူ မိမိအသက်ထက်ပို၍ တန်ဖိုးကြီးမည်လော။ ကုသရေး ဆေးလုံးတစ်လုံးသည် ကျင့်ကြံသူတစ်ဦး၏ အသက်ကို သေရေးရှင်ရေးအခြေအနေတွင် ကယ်တင်ပေးနိုင်လေသည်။ ထို့ကြောင့် မည်သည့်ကျင့်ကြံသူမှ ဆေးလုံးဖိုးနှင့် ပတ်သတ်၍ ကပ်စေးနဲမနေကြပေ။

လွန်ခဲ့သောညက မေပယ်မြို့ထဲရှိ ဆေးဆိုင်အားလုံးတွင် ကုသရေးဆေးလုံးများ ပြတ်တောက်သွားခဲ့သည်။ အဆင့်မြင့် ကုသရေး ဆေးလုံးများဆိုမထားနှင့် အဆင့်နိမ့် ကုသရေး ဆေးလုံးများပင် ပြတ်တောက်သွားကြသည်။ သို့သော်လည်း လက်ရှိအချိန်တွင် တစ်ယောက်ယောက်သည် သေခါနီးလူတစ်အား အကောင်းအတိုင်း ပြန်ဖြစ်စေနိုင်သော အသက်ကိုးသွယ် ကုသရေးဆေးလုံးများကို လာရောင်းနေခဲ့သည်။

“ဒီအသံက…ရင်းနှီးနေသလိုပဲ” ရန်ကိုင်နှင့် မိုရှောင်ချီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“အခု၀ယ်ထားကြနော် အသက်ကိုးသွယ် အားပြန်ဖြည့်တဲ့ ဆေးလုံးတွေက ဒဏ္ဏာရီလာ အင်မော်တယ်ရေစက်ကနေ ဖော်စပ်ထားတာ။ အင်မော်တယ်ရေစက်ဆိုတာ အင်မော်တယ် သစ်ပင်ကနေဖြစ်တည်လာတဲ့ အဆီအနှစ်ပဲ။ ရေစက်တစ်စက်က နှစ်တစ်သောင်း ကျောက်နို့ရည် အစက်တစ်ထောင်ထက်တောင် ပိုတန်ဖိုးကြီးသေးတယ်။ အဲ့တာတင် မဟုတ်သေးဘူး။ ဒီဆေးလုံးကို အခြားရှားပါး ဆေးပင်တွေနဲ့ပေါင်းစပ်ပြီး ဧကရာဇ်အဆင့် ဆေးပညာရှင် တစ်ဦးက ဖော်စပ်ထားတာ။ မင်းတို့သာ ဒီအခွင့်အရေးကို လွဲသွားလို့ရှိရင်…”

အသံပိုင်ရှင် မည်သူမှန်း ရန်ကိုင် ရုတ်တရက် မှတ်မိသွားလေသည်။ မိုရှောင်ချီလည်း အသံပိုင်ရှင်ကို မှတ်မိသွားသည့်အလား မကျေမနပ်ဖြင့် အော်ဟစ်လိုက်လေ၏။

“အဲ့တာ ဟိုလူလိမ်အိုကြီးမလား”

ပြောနေရုံရှိသေး ‌မိုရှောင်ချီမှာ ပြေးထွက်သွားခဲ့လေပြီ။ သူမခန္ဓာကိုယ်အား မည်သူမှထိမရသည့် အချက်ကို အခွင့်ကောင်းယူ၍ မိုရှောင်ချီသည် လူအုပ်ကြီးအား သူမခန္ဓာကိုယ်ဖြင့် ပြေး၀င်တိုက်သွားလေ၏။ ထို့နောက် လှမ်း၍ အော်ပြောလိုက်လေသည်။

“လူလိမ်အိုကြီး ရှင်ဆက်ပြီးလိမ်ဖို့ ကြိုးစားနေသေးတယ်ပေါ့။ အရင်တစ်ခါအတွက် သင်ခန်းစာ ပေးခံရဖို့ ပြင်ထားပေတော့”

အသံကြားရာအား လှမ်းကြည့်လိုက်သည့်အခိုက် မိုရှောင်ချီမှန်း သိလိုက်သောအခါ လူအိုကြီး ရင်ထိတ်သွားခဲ့လေသည်။ မိုရှောင်ချီ သူ့နားမရောက်ခင်မှာပင် မိုရှောင်ချီ့နောက်ဘက်သို့ လက်ညိုးထိုး၍ မျက်လုံးအပြူးသားဖြင့် အော်ပြောလိုက်လေ၏။

“ငါးရောင်ခြယ်ရတနာဘုရား”

ထိုစကားကိုကြားသည့်အခါ အကုန်လုံးပျော်သွားကြပြီး ချက်ချင်းပဲ မိုရှောင်ချီနောက်သို့ လှမ်းကြည့်လိုက်ကြလေသည်။ သို့သော်ငြား ထိုနေရာတွင် မည်သည့် ငါးရောင်ခြယ်ရတနာဘုရားမှ ရှိမနေခဲ့ပေ။

“အား…အလိမ်ခံလိုက်ရပြန်ပြီ” ထိုအခါမှပဲ မိုရှောင်ချီ သူမအလိမ်ခံလိုက်ရပြန်မှန်း သိသွားလေသည်။

သူမပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် လူလိမ်အိုကြီးမှာ သဲလွန်စမကျန် ပျောက်ကွယ်သွားလေပြီ။

“မုန်းဖို့ကောင်းလိုက်တာ” မိုရှောင်ချီသည် ဒေါသတကြီး ခြေဆောင့်လိုက်လေသည်။

မီတာထောင်ပေါင်းများစွာအကွာရှိ လူအုပ်ကြီးထဲတွင် ဖြစ်ကတတ်ဆန်း ဖိုသီဖတ်သီ ၀တ်စားထားသည့် လူအိုကြီးတစ်ယောက်သည် စိတ်သက်သာရာ ရသွားသည့်အမူအရာဖြင့် သက်ပြင်းချလိုက်လေသည်။ “ဟူး၊ သီသီလေးပဲ။ အဖမ်းခံရတော့မလို့။ ဘာလို့ ဘ၀ကြီးက ဒီလောက်တောင် ခက်ခဲရတာလဲ။ အဲ့မိန်းကလေးကလည်း လွန်ကိုလွန်လွန်းတယ်။ ငါသူ့ဆီက အရင်းအမြစ်ကျောက် ထောင်ဂဏန်းလောက်ပဲ လိမ်ယူမိတာကို မရရအောင် အတင်းလိုက်သတ်ချင်နေတယ်။ ဟူး မမျှတလိုက်တာ”

ထိုကဲ့သို့ရေရွတ်နေပြီးနောက် လူအိုကြီးသည် သူ့ဘေးနားတွင်ရပ်နေသော လူတစ်ယောက်၏ အင်္ကျီစကိုဆွဲပြီးနောက် တိုးတိုးလေးပြောလိုက်လေသည်။ “ညီငယ်လေး မင်း ငါးရောင်ခြယ်ရတနာဘုရားထဲ ၀င်ဖို့လုပ်နေတာလား။ မင်းကုသရေး ဆေးလုံးတွေ လိုသေးလား။”

“အို လူကြီးမင်းမှာ ကုသရေးဆေးလုံးတွေ ရောင်းဖို့ရှိတာလား” ထိုလူ ရုတ်တရက် စိတ်၀င်စားသွားခဲ့သည်။

“ဟဲဟဲဟဲ”

လူအိုကြီးသည် သူ့သွားဝါဝါများ ပေါ်သည်အထိ ရယ်မော၍ ဆန်းကြယ်သည့် အမူအရာဖြင့် ကျောက်စိမ်းပုလင်းလေး တစ်ပုလင်းထုတ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။

“ဒီအသက်ကိုးသွယ် ကုသရေးဆေးလုံးလေးက သေခါနီးလူတစ်ယောက်ကိုတောင် ပြန်ရှင်လာအောင် လုပ်ပေးနိုင်တယ်။ ဒါတွေက ရှင်းရှင်းပြောရရင် ငါတို့မိသားစုရဲ့ အမွေတွေ။ ညီငယ်လေး မင်းတစ်ချက်လောက် ကြည့်ကြည့်ပါဦး”

မိုရှောင်ချီ ဒေါသတကြီး ပြန်ရောက်လာသည်ကို မြင်သော် သူမရည်ရွယ်ချက် မအောင်မြင်ခဲ့မှန်း ရန်ကိုင် သိလိုက်လေသည်။ သို့သော်လည်း ဤအခြေအနေနှင့် ပတ်သတ်၍ အနည်းငယ် ထူးဆန်းနေသလို ရန်ကိုင်ခံစားနေရသည်။ ရန်ကိုင် ကိုယ်တိုင်သည်လည်း မှောင်ခို‌ဈေးကွက်တွင် ထိုလူအိုကြီးနှင့် တစ်ကြိမ်တွေ့ခဲ့ဖူးပေသည်။

သို့သော်လည်း ထိုလူအိုကြီးနှင့် ပတ်သတ်၍ မည်သည့်ထူးဆန်းသည့်အရာကိုမှ ရှာမတွေ့ခဲ့ချေ။ လူအိုကြီး၏ပုံစံမှာ လုံး၀ကို သာမန်လူတစ်ယောက်လို ဖြစ်နေခဲ့သည်။ သို့သော်လည်း မိုရှောင်ချီ ပြေးထွက်သွားစဉ် ရန်ကိုင်ကပါ သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ လူအိုကြီးကို ပစ်မှတ်ထားလိုက်သည်။ သို့သော်လည်း ချက်ချင်းဆိုသလို ထိုလူအိုကြီးသည် သူ၏ ကောင်းကင်စိတ်အာရုံစက်ကွင်းမှ ပျောက်ကွယ်သွားခဲ့၏။

“အဲ့လူလိမ်အိုကြီးက လုံး၀ကို မရိုးရှင်းဘူး”

ထိုကဲ့သို့တွေးလိုက်ပြီးနောက် ရန်ကိုင် အတော်လေး အံ့အားသင့်သွားလေသည်။ ရန်ကိုင်သည် တာအိုသခင်အဆင့်သို့ ရောက်ခါနီးကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူ့ကောင်းကင်စိတ်အာရုံဆိုလျှင် သူ့ကျင့်ကြံခြင်းထက်ပင် ပို၍အစွမ်းထက်းသေသည်။ သို့သော်လည်း တစ်ဖက်လူသည် သူ့ကောင်းကင်စိတ်အာရုံ စက်ကွင်းမှ အလွယ်တကူ ရုန်းထွက်သွားနိုင်ခဲ့သည်။

ထိုကဲ့သို့သော လူတစ်ယောက်သည် လုံး၀ကို သာမန်လူတစ်ယောက် မဖြစ်နိုင်ပေ။ သို့သော် ထိုသို့သာ ပြောရသော်ငြား သာမန်လူများသည် ဤကဲ့သို့သော နည်းလမ်းကိုသုံး၍ အခြားသူများ၏ အရင်းအမြစ်ကျောက်များကို လျှောက်ပြီးလိမ်ယူနေလိမ့်မည် မဟုတ်ချေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၉၄)

အချိန်သည် တဖြည်းဖြည်းကုန်လွန်လာခဲ့လေရာ မကြာမီ နေ့လည်ခင်းသို့ ရောက်ရှိလာခဲ့လေသည်။ စင်မြင့်ပေါ်တွင် ရပ်နေသော တွမ့်ယွမ်ရှန်းသည် ရှောင်ယုယန်ဘေးသို့ လျှောက်သွားလိုက်ပြီး လေသံတိုးတိုးဖြင့် တစ်ခုခုကိုမေးလိုက်သည်။

ရှောင်ယုယန်က ခေါင်းညိတ်ပြလိုက်သည့်အခါ တွမ့်ယွမ်ရှန်းသည် လူအုပ်ကြီးဘက်သို့လှည့်၍ အသက်ပြင်းပြင်းရှုသွင်းကာ အော်ပြောလိုက်လေ၏။

“မေပယ်မြို့သူ မြို့သားအပေါင်းတို့ တစ်ချက်လောက် နားစိုက်ထောင်ပေးကြပါ”

ထိုစကားကိုကြားသည့်အခါ သူတို့မျှော်လင့်နေသည့် အခိုက်အတန့်သို့ရောက်လာပြီမှန်း လူအုပ်ကြီးသိလိုက်သည်။ ထို့ကြောင့် အကုန်လုံး အသံတိတ်သွားကြပြီး တွမ့်ယွမ်ရှန်းဆီသို့ အာစုံစိုက်လိုက်ကြလေသည်။ တွမ့်ယွမ်ရှန်းက ယဲ့ယဲ့လေးပြုံးကာ လက်သီးဆုပ်၍ ပြောလိုက်၏။

“ပထမဦးစွာအနေနဲ့ ဒီမေပယ်မြို့ထဲမှာ ငါးရောင်ခြယ်ရတနာဘုရားကို လာဖွင့်ပေးတဲ့ ကြယ်ဝိဉာဉ်နန်းတော်က ငွေကြယ်သံတမန် စီနီယာရှောင်ကို တစ်ကယ်ကျေးဇူးတင်ပါတယ်။ ၀င်ရောက်ပြီး ကူညီပေးကြတဲ့ ကောင်းကင်တိုက်ပွဲဒိုဂျို၊ ရှေးဟောင်းကျောင်းတော်၊ နေမင်းပြာကျောင်းတော်၊ ခရမ်းကြယ်စင် ကုန်သွယ်ရေးအဖွဲ့အစည်းနဲ့ ခုနှစ်ရောင်စဉ် ကုန်သွယ်ရေးအဖွဲ့အစည်းတို့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ မေပယ်မြို့သခင် တစ်ဦးအနေနဲ့ ဒီမေပယ်မြို့ထဲက မိသားစုတွေနဲ့ အနီးနား၀န်းကျင်က အင်အားစုတွေကိုယ်စား အားလုံးကို အမှန်တစ်ကယ် ကျေးဇူးတင်ပါတယ်။ စီနီယာတို့ သိုင်းပညာခရီးလမ်းမှာ ပိုပြီး မြင့်မြင့်မားမား လျှောက်လှမ်းနိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်”

တွမ့်ယွမ်ရှန်းသည် စတင်၍ ချီးမွမ်းစကား ဆိုလေသည်။ ထိုစကားကို အစောကတည်းက ကြိုတင်ပြင်ဆင်လာမှန်း သိသာပေသည်။ သို့သော်လည်း သူပြော၍မပြီးသေးခင်မှာပင် ရှောင်ယုယန်က မျက်မှောင်ကြုတ်၍ ဖြတ်ပြောလိုက်လေသည်။

“အပိုတွေပြောမနေနဲ့။ လိုရင်းကို ပြောလိုက်တော့”

လူအများရှေ့တွင် ဆူပူပြောဆိုခံလိုက်ရသော်ငြား တွမ့်ယွမ်ရှန်းမှာတော့ ဒေါသမထွက်ရဲခဲ့ပေ။ ထို့အစား ခေါင်းညိတ်၍သာ ပြောရမည့်စကားကို ဆက်ပြောလိုက်လေ၏။

“အချိန်ရောက်လာခဲ့ပါပြီ။ စီနီယာတို့ စတင်လှုပ်ရှားကြပါတော့။ ကျင့်ကြံသူတို့တွေလည်း မင်းတို့ ငါးရောင်ခြယ်ရတနာဘုရားထဲ ၀င်သွားပြီးတာနဲ့ မင်းတို့ရဲ့ ကံကောင်းမှု၊ ကံဆိုးမှု၊ သေခြင်းရှင်ခြင်း မင်းတို့ကိုယ်တိုင် ဆုံးဖြတ်ကြရတော့မှာပါဆိုတာကို မှတ်ထားကြပါ”

တွမ့်ယွမ်ရှန်းမှ ထိုကဲ့သို့ပြောပြီးနောက်တွင် ဧကရာဇ်ခြောက်ပါးစလုံး မတ်တတ်ရပ်လိုက်ကြလေသည်။ မြေကွက်လပ်တွင်ရှိနေသော လူအုပ်ကြီးသည် ဧကရာဇ်ခြောက်ပါးဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ရှောင်ယုယန်သည် မာန်သွင်းအော်ဟစ်ရင်း လက်ကွက်များစွာကို စတင်ဖန်တီးလေသည်။ ပတ်၀န်းကျင် မိုးမြေစွမ်းအင်သည် တဝုန်းဝုန်း မြည်ဟီးလျက် စတင်စုဝေးလာကြသည်။ မိုးမြေစွမ်းအင်များမှ ထွက်ပေါ်လာသော ဖိအားကြောင့် အောက်ဘက်ရှိ ကျင့်ကြံသူများစွာ ကြောက်လန့်တကြား နောက်သို့ဆုတ်သွားကြလေသည်။

တန်ခိုးရှင်ဘုရင်အဆင့်များသာ ဖိအားခံစားရခြင်းမဟုတ် စင်ပေါ်တွင်ရပ်နေသော အခြားဧကရာဇ် ငါးဦးပင်လျှင် ရှောင်ယုယန်၏ လက်ကွက်များကို သေချာစိုက်ကြည့်နေခဲ့လေသည်။ သဲလွန်စတစ်ခုခုကိုများ တွေ့လိုတွေ့ငြား ကြည့်နေကြသော်လည်း ရှောင်ယုယန်၏ လက်ကွက်များမှာ အလွန်ကိုမှ လျှင်မြန်ရာ လက်ရိပ်များသာ ကျန်ရစ်ခဲ့လေသည်။ နောက်လုံးလက်ကွက်အပြီးတွင် ရှောင်ယုယန်သည် လက်၀ါးနှစ်ဖက်ကို ကောင်းကင်ပေါ်သို့ ပင့်မြှောက်ကာ အော်ဟစ်လိုက်လေသည်။

တစ်ချိန်ထဲတွင် ရှုပ်ထွေးနက်နဲသော မျဉ်းကြောင်းများနှင့် ရုန်းအက္ခရာများ သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ ထို့နောက်တွင် ရှောင်ယုယန်သည် သူ့လက်ချောင်းများအား စုတ်တံသဖွယ်၊ လောကနိယာမများအား မှင်သဖွယ် အသုံးချလျက် ဟင်းလင်းပြင်ထဲ မျဉ်းကြောင်းများကို စတင်ရေးဆွဲလေတော့သည်။ တစ်ချိန်ထဲတွင် အက်ကွဲသံများ အဆက်မပြတ် မြည်ဟီးလာခဲ့သည်။ ဖော်ပြမရနိုင်သည့် စွမ်းအားတစ်ရပ်သည် ဤအစီအရင်ကြီးထံမှ ပေါ်ထွက်လာပြီး ဘေးပတ်ပတ်လည်သို့ တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့လေသည်။

မကြာမီတွင် မီတာတစ်ရာ အချင်းရှိသော စိတ်ဝိဉာဉ်အစီအရင်တစ်ခု အားလုံးရှေ့တွင် ပေါ်ထွက်လာခဲ့၏။ ထိုစဉ် ရှောင်ယုယန်သည် အော်ဟစ်လိုက်လေသည်။

“စလို့ရပြီ”

သူ့အသံဆုံးသွားသည်နှင့် ဧကရာဇ်ငါးယောက်စလုံး အစီအရင်၏ ထောင့်တစ်နေရာစီတွင် ပြေး၀င်နေရာယူလိုက်ကြပြီး သူတို့၏ အရင်းအမြစ်ချီကို အစီအရင်ထဲသို့ စတင်ထည့်သွင်းလေသည်။ အရင်းအမြစ်ချီများ ၀င်ရောက်လာသည်နှင့် အစီအရင်တစ်ခုလုံး စတင်လည်ပတ်လာလေတော့၏။ အချိန်ကြာလာသည်နှင့် အစီအရင်မှာ ပိုပို၍ လည်ပတ်လာလေရာ ကြည့်နေသူများပင်လျှင် ခေါင်းမူးလာခဲ့ရလေသည်။ စွမ်းအင်ကုန်ဆုံးနှုန်းမှာ ထင်ထားသည်ထက် ပိုမိုများပြားနေခဲ့သဖြင့် ဧကရာဇ်အဆင့် ကျင့်ကြံသူခြောက်ဦးစလုံး၏အမူအရာ လေးနက်တည်ကြည်သွားကြလေသည်။

မကြာမီအတွင်း စွမ်းအင်အလွန်အကျွံ သုံးစွဲရသည့်အတွက်ကြောင့် ရှောင်ယုယန်မှအပ အခြားဧကရာဇ်ငါးဦး၏ မျက်နှာများ ဖြူလျော့လာကြလေ၏။ ကံကောင်းစွာဖြင့် အစီအရင်ထဲသို့ အရင်းအမြစ်ချီ ထည့်သွင်းရသည့်အချိန်မှာ သိပ်မကြာညောင်းခဲ့ပေ။ အစီအရင်သည် အရောင်တစ်လက်လက်တောက်ပ‌နေသည့် တံခါးပေါက်အဖြစ်သို့ ပြောင်းလဲသွားသည့် အချိန်တွင် ရှောင်ယုယန်က နောက်တစ်ကြိမ် အော်ဟစ်လိုက်လေသည်။

“မဟာဧကရာဇ် စတင်လှုပ်ရှားလို့ရပါပြီ”

သူ့စကားသံဆုံးသွားသည်နှင့် အလင်းရောင်တံခါးဆီမှ ပုံရိပ်ယောင် လက်ဝါးတစ်ခု ပေါ်လာခဲ့လေသည်။ ထိုလက်ဝါးသည် ကောင်းကင်၏အလွန်မှ ထွက်ပေါ်လာပြီး နောက်ဆုံးအတားအဆီးကို ဖျက်ဆီးပစ်လိုက်သည့်နှယ် အလင်းရောင်ဂိတ်တံခါးပေါက်သည် ရုတ်ချည်းဆိုသလို တည်ငြိမ်သွားခဲ့လေသည်။

တစ်ချိန်ထဲတွင် အရောင်ငါးရောင် တောက်ပနေသော ပုံရိပ်ယောင်ဘုရားတစ်ဆူ ရုတ်တရက်ပေါ်လာခဲ့လေ၏။

“ငါးရောင်ခြယ်ရတနာဘုရား”

ထိုဘုရားကို မြင်လိုက်သည်နှင့် ငါးရောင်ခြယ် ရတနာဘုရားမှန်း အကုန်လုံး တန်းသိလိုက်ကြလေသည်။ ဤ ရတနာဘုရားသည် ကြယ်တာရာအစုအဝေးထဲတွင် နာမည်ကျော်ကြားသည့် အဆင့်မြင့် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ဖြစ်ပေသည်။ ယခင်က သူတို့အားလုံးသည် ဤရတနာနှင့် ပတ်သတ်၍ ကောလာဟလများကိုသာ ကြားဖူးခဲ့ပြီး တစ်ခါမှကိုယ်တိုင်မမြင်ဖူးခဲ့ပေ။

သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ မြင်ရရုံသာမက ထိုရတနာဘုရားထဲသို့ပါ ၀င်ခွင့်ရခဲ့လေပြီ။ ထိုအကြောင်းကိုတွေးရင်း လူပေါင်းများစွာ အသက်ရှု မြန်ဆန်လာခဲ့ကြလေ၏။

“ကူညီပေးတဲ့အတွက် ကျေးဇူးပါ” ရှောင်ယုယန်သည် အခြားသော ဧကရာဇ်ငါးပါးကို ခေါင်းညိတ်ပြလိုက်လေသည်။

ဧကရာဇ်ငါးပါးသည်လည်း အလွန်ကိုမှ ပင်ပန်းနေကြသည့်အလား ရှောင်ယုယန်၏ ကျေးဇူးတင်စကားကို ခေါင်းသာညိတ်ပြလိုက်ကြပြီး သူတို့နေရာသို့ ပြန်သွားထိုင်လိုက်ကြသည်။ ထို့နောက် မျက်လုံးပိတ်ကာ အားပြန်ဖြည့်တော့သည်။ ထို့နောက် ရှောင်ယုယန်၏လက်ထဲ သိုလှောင်လက်စွပ်တစ်ကွင်း ထွက်ပေါ်လာခဲ့လေသည်။ ရှောင်ယုယန်သည် ထိုသိုလှောင်လက်စွပ်ကို အလင်းဂိတ်ပေါက်ထဲ ပစ်ထည့်လိုက်ပြီး လက်ဝါးဖြင့် အသာအယာ ရိုက်ချလိုက်သည်။

သိုလှောင်လက်စွပ်မှာ တစ်စစီပျက်ဆီးသွားခဲ့ပြီး ၎င်း‌ထဲမှ ရာပေါင်းများစွာသော အလင်းတန်းများ ထွက်ပေါ်လာကာ ရတနာဘုရားထဲသို့ လေးကိုင်းမှ ပစ်လွှတ်လိုက်သော မြှားများနှယ် ပျံသန်း ထွက်ခွာသွားကြလေသည်။

“အဲ့တာတွေက…”

“အဲ့တာတွေက အခြားအင်အားစုတွေက ထုတ်ယူလာတဲ့မှော်ရတနာတွေပဲ”

“အဲ့ရတနာကိုကြည့် အဲ့တာနာမည်ကျော် တာအိုအရင်းအမြစ်အသီးတွေမလား”

“ငါသာ တစ်လုံးလောက်ရရင် တာအိုသခင်အဆင့်ကို ချိုးဖျက်လို့ရပြီ”

“တာအိုအရင်းအမြစ်သီးက သုံးလုံးပဲရှိတာ။ ဝင်မယ့်သူတွေက သောင်းနဲ့ချီတယ်။ မင်းဘယ်လိုလုပ်ရမှာလဲ”

“ရရင် ရနိုင်မှာပေါ့။ ဘယ်သူပြောနိုင်မှာလဲ”

အလင်းတန်းများမှာ အခြားအင်အားစုများမှ ယူလာကြသည့် ရတနာများမှန်း သိပြီးနောက်တွင် အကုန်လုံး ပိုမို စိတ်လှုပ်ရှားလာကြလေသည်။ အထူးသဖြင့် တာအိုအရင်းအမြစ်အသီးများသည် တန်ခိုးရှင်ဘုရင်အဆင့်များအကြား အလွန်ကိုမှ နာမည်ကျော်နေခဲ့၏။

အကုန်လုံးမှာ အလွန်ကိုမှ စိတ်လှုပ်ရှားနေကြသော်ငြား မည်သူမှ မဆင်မခြင် မလှုပ်ရှားရဲကြချေ။ ရှောင်ယုယန်သည် သူတို့အား ၀င်၍ရပြီဟု မပြောသေးသည့်အတွက်ကြောင့်ပင်။

လူအုပ်ကြီးအား တစ်ချက်ဝှေ့ကြည့်လိုက်ပြီးနောက် ရှောင်ယုယန်က ပြုံး၍ အော်ပြောလိုက်သည်။

“အကုန်လုံး မင်းတို့၀င်ချင် ၀င်လို့ရပြီ”

ရှောင်ယုယန်ထိုသို့ ပြောမည်ကို စောင့်နေကြသော ကျင့်ကြံသူများသည် အသံကြားသည်နှင့် သူတို့၏ လှုပ်ရှားမှု ပညာရပ်အမျိုးမျိုးကိုသုံးကာ ပုံရိပ်ယောင် ရတနာဘုရားထဲသို့ သူ့ထက်ငါအရင် ပြေး၀င်သွားကြလေသည်။ ထိုတစ်ခဏ ဆိုသလိုအတွင်း မြို့သခင်စံအိမ်အရှေ့ရှိ မြေကွက်လပ်ကြီးမှာ ဆူညံပွက်လောရိုက်သွားလေ၏။

မ၀င်ရသေးခင်ပင်လျှင် အထဲသို့ မည်သူအရင် ၀င်ရမလဲဆိုသည်နှင့်ပတ်သတ်၍ တိုက်ပွဲများပင် ဖြစ်‌နေကြလေပြီ။ ရှောင်ယုယန်သည် ထိုအုတ်အုတ်ကျက်ကျက် လူအုပ်ကြီးကို စိတ်မ၀င်စားဘဲ လူအများကြားရှိ မိန်းမငယ်လေးကိုသာ ကြည့်လိုက်သည်။ ထိုအမျိုးသမီးမှာ သူ့အား ခေါင်းညိတ်ပြသည်ကိုမြင်လျှင် ရှောင်ယုယန်လည်း အသာအယာ ခေါင်းညိတ်ပြလိုက်လေ၏။

ထို့နောက် သူ့လက်ကောက်၀တ်ကို တစ်ချက်လှုပ်ရှားလျက် သိမ်မွေ့ပြီး မမြင်နိုင်သည့် စွမ်းအားတစ်ရပ်ကို အမျိုးသမီးထံသို့ ပစ်လွှတ်လိုက်လေသည်။ ရန်ကိုင်တို့ သုံးယောက်အဖွဲ့သည်လည်း လူအုပ်ကြီးအကြားတိုးရင်း ရတနာဘုရားထဲသို့ ၀င်ရန်ကြိုးစားနေကြသည်။ မိုရှောင်ချီအား လာထိမိသည့် ကျင့်ကြံသူများမှာ ထက်ရှသော ဓါးများဖြင့် ပိုင်းဖြတ်ခံရသည့်အလား နာကျင်စွာအော်ဟစ်ရင်း အနောက်သို့ ဆုတ်သွားကြလေသည်။

ရန်ကိုင်သည်လည်း ထိုအချက်ကို သတိပြုမိသွားပြီးနောက် မိုရှောင်ချီအား မျက်စပစ်ပြလိုက်သည်။ မိုရှောင်ချီမှာ ရန်ကိုင် ဘာပြောချင်နေသလဲ နားလည်သည့်အလား တုံ့ဆိုင်းမနေဘဲ ချက်ချင်းရှေ့မှဦးဆောင်ရင်း ပြေးထွက်သွားလေသည်။ တစ်ခဏအကြာ ရုန်းကန်တွန်းထိုးနေပြီးနောက်တွင် မကြာမီအချိန်အတွင်း အလင်း၀င်ပေါက်ရှေ့သို့ ရောက်လာခဲ့ကြပြီး အထဲသို့ ဝင်သွားကြလေ၏။

ကမ္ဘာခြားဟင်းလင်းပြင်အစီအရင်ကို သုံးရာတွင် ခံစားရသည့် ခံစားချက်ကို ရန်ကိုင် ပြန်လည်ရရှိလိုက်လေသည်။ သို့သော်လည်း သူ့ကိုယ်သူတည်ငြိမ်သွားအောင် အလျင်အမြန် ကြိုးစားလိုက်၏။ မကြာမီ ရန်ကိုင့်၏ မျက်လုံးထဲ လုံး၀ကို ကွဲပြားခြားနားသော ကမ္ဘာတစ်ခု ပေါ်လာခဲ့လေသည်။ ဤနေရာရှိ မိုးမြေစွမ်းအင်သည် ပြင်ကမ္ဘာရှိ မိုးမြေစွမ်းအင်ထက် အတော်လေးပါးလွှာနေကြောင်း ရန်ကိုင် သတိပြုမိလိုက်သည်။

သို့သော်လည်း သူ့ပတ်ပတ်လည်တွင် ကျင့်ကြံသူအားလုံး လိုအင်တောင့်တနေသည့် ဆန်းကြယ်သည့်စွမ်းအားတစ်ရပ်ရှိကြောင်း ရန်ကိုင်တွေ့လိုက်ရသည်။ ထိုစွမ်းအားမှာ အခြားမဟုတ်။ နိယာမစွမ်းအားသာ ဖြစ်လေသည်။ ဤနေရာရှိ နိယာမစွမ်းအားမှာ အနည်းငယ်ထူးဆန်းနေပြီး ပြင်ပလောကထဲရှိ နိယာမစွမ်းအားလို အားကောင်းခြင်းမရှိသလို၊ ပြီးပြည့်စုံခြင်းလည်း မရှိသော်ငြား ဤနေရာရှိ နိယာမစွမ်းအားမှာ နားလည်ရ ပိုမိုလွယ်ကူကြောင်း တွေ့ရှိလိုက်ရသည်။

ငါးရောင်ခြယ်ရတနာဘုရားမှာ ကြယ်ဝိဉာဉ်နန်းတော်ရှိ တပည့်များ အလွန်လိုလားတောင့်တနေသည့် နေရာဖြစ်သည်မှာ အထူးအဆန်းတော့ မဟုတ်တော့ချေ။ ဤကဲ့သို့သော နေရာမျိုးတွင်သာ ကျင့်ကြံရမည်ဆိုပါက ကျင့်ကြံနှုန်း အလွန်ကိုမှ မြန်ဆန်လာပေလိမ့်မည်။ ဤနေရာရှိ နိယာမများမှာ ပြီးပြည်စုံခြင်းမရှိလျှင်ပင် ထိုနိယာမများအား ထိကိုင်ခွင့်ရပြီး၊ နားလည်နိုင်ခွင့် ရခြင်းကပင် အလွန်ကိုမှ အကျိုးကျေးဇူး များနေလေပြီ။

အသိကောင်းကောင်းပင် ပြန်မဝင်နိုင်ခင်သေးမှာပင် ဆိုးဆိုးရွားရွား အော်သံတစ်သံကို ကြားလိုက်ရ၏။ ရန်ကိုင်လည်း ထိတ်ထိတ်လန့်လန့်ဖြင့် လှည့်ပတ်ကြည့်လိုက်ရာ မိကျောင်းကဲ့သို့သော သားရဲတစ်ကောင်မှ လည်ပင်နေရာအား ကိုက်ခဲခံထားရသည့် ကျင့်ကြံသူတစ်ဦးကို တွေ့လိုက်ရလေသည်။

သွေးစိမ်းရှင်ရှင်တို့သည် ရေတံခွန်အလား ထိုကျင့်ကြံသူ၏ လည်ချောင်းမှ ပန်းထွက်လာခဲ့သည်။ ကျင့်ကြံသူမှာ သူ့လက်ဖြင့် သွေးထွက်လွန်နေသည်ကို တားဆီးခဲ့ပါသော်ငြား အချည်းနှီးသာ။ အခြားသော မိကျောင်းသားရဲတစ်ကောင် ထပ်မံထွက်ပေါ်လာပြီး ကျင့်ကြံသူ၏ ပေါင်ကိုကိုက်ကာ နှစ်ကောင်အတူတူ ထိုလူအား အနီးအနားထဲရှိ စိမ့်တောထဲသို့ ဆွဲခေါ်သွားလေ၏။

မျက်တောင်တစ်ခပ်အတွင်း ထိုကျင့်ကြံသူသည် ရန်ကိုင်၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့ပြီး ပလုံစီထနေသော စိမ့်ရွှံ့အိုင် မျက်နှာပြင်ကြီးသာ ကျန်ရစ်ခဲ့လေသည်။ အစောပိုင်းက မိကျောက်းကိုက်ခံလိုက်ရသည့် ကျင့်ကြံသူမှာ ရန်ကိုင့်ထက်စောပြီး ရောက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ဤကမ္ဘာထဲသို့ ရောက်လာပြီးနောက်တွင် အနည်းငယ် ခေါင်းမူးဝေခြင်းဖြစ်ကာ အချိန်တိုအတွင်း ပြန်ကောင်းမလာခဲ့ပေ။ ထို့ကြောင့် အန္တရာယ်နီးကပ်လာသည့်အပေါ် အချိန်တိုအတွင်း မတုံ့ပြန်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဤကိစ္စနှင့် ပတ်သတ်၍ ရန်ကိုင် ၀င်ကူညီပေးချင်သည် ဆိုလျှင်ပင် သူသိလိုက်သည့်အချိန်မှာ အတော်လေးကို နောက်ကျနေခဲ့လေပြီ။ ဤရွံ့အိုင်ထဲ ပုန်းအောင်းနေသည့် သားရဲများမှာ အလွန်ကိုမှ မြန်ဆန်လှသည်။

“ဗွမ်း”

ထိုအသံနှင့်အတူ အစောပိုင်းက ကျင့်ကြံသူအား ဆွဲခေါ်သွားသည့် ရွံ့အိုင်ထဲမှ မိကျောင်းသားရဲတစ်ကောင် ထွက်ပေါ်လာသည်ကို ရန်ကိုင် မျက်၀န်းထောင့်မှ လှမ်းမြင်လိုက်‌ရလေသည်။ ထိုမိကျောင်းသည် ရွံ့အိုင်ထဲမှာ ထွက်လာသည်နှင့် ပါးစပ်ကြီးကိုဟကာ ရန်ကိုင့်ဆီသို့ ပြေး၀င်လာခဲ့၏။

ရန်ကိုင်သည် အစောပိုင်းက ကျင့်ကြံသူကဲ့သို့ သတိလက်လွတ်ဖြစ်နေသူမဟုတ်ပေ။ သူ့လက်သီးအား ငါးရောင်ခြယ်အလင်းဖြင့် လွှမ်းခြုံလျက် ရန်ကိုင်သည် မိကျောင်းခေါင်းကို ပြန်ထိုးချလိုက်လေသည်။ သတ္ထုချင်းထိသွားသည့်အလား မီးပွင့်များ ထွက်လာခဲ့သည်။ မိကျောင်းသည် သူထွက်လာသည့် ရွံ့အိုင်ထဲသို့ ပြန်၀င်သွားသည်အထိ ထိုးချခြင်း ခံလိုက်ရလေသည်။

သို့ရာတွင် မိကျောင်းမှာ သေသွားခြင်းမရှိ။ ၎င်း၏အမြှီးကိုလှုပ်ခါလျက် မြေအောက်ထဲတွင် ထွက်ပြေးရန်ကြိုးစားလေ၏။ ရန်ကိုင်ကမူ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍သာ သူ့ပတ်၀န်းကျင်ကို စစ်ဆေးကြည့်နေလေသည်။ ထို့နောက်တွင် သူ့အမူအရာ ‌အပြောင်းအလဲကြီး ပြောင်းလဲသွား၏။ သူ့ကောင်းကင် စိတ်အာရုံမှတစ်ဆင့် သူ့ပတ်လည်တွင် မရေတွက်နိုင်သော ကြမ်းကြုတ်သည့် အရှိန်အဝါများစွာရှိနေကြောင်း တွေ့လိုက်ရသည်။

ထိုအရှိန်အဝါများသည် ရွံ့အိုင်အောက်မှတစ်ဆင့် တိတ်တဆိတ် ချည်းကပ်လာနေကြခြင်းဖြစ်သည်။ အရှိန်အဝါ ပိုင်ရှင်များမှာ အခြားမဟုတ်။ ယခုလေးတင် ကြုံလိုက်ရသော မိကျောင်းသားရဲများ ဖြစ်ကြလေသည်။ တစ်ကောင်ချင်းဆိုလျှင် မိကျောင်းသားရဲများမှာ သိပ်ပြီး အားကောင်းခြင်း မရှိကြချေ။ အများစုသည် အဆင့်ကိုး အထွတ်အထိပ်များသာ ဖြစ်ကြလေ၏။

ထိုကဲ့သို့သော မျိုးစိတ်များသည် ရန်ကိုင်အတွက် မျက်လုံးထဲပင် ထည့်စရာမလိုချေ။ သို့သော်လည်း လက်ရှိတွင် ဤမွန်းစတား သားရဲအရေအတွက်မှာ အလွန်ကိုမှ များပြားနေသည်။ ရန်ကိုင့်အနေဖြင့် ထိုမွန်းစတားသားရဲများနှင့် တိုက်ခိုက်ရင်း သူ၏ အဖိုးတန်အချိန်များကို မဖြုန်းတီးပစ်ချင်ပေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၉၅)

ဤနေရာတွင် အခြားသူများဆိုလျှင်တော့ ဒုက္ခကောင်းကောင်း ရောက်လေပြီ။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည် ရန်ကိုင့်ကဲ့သို့ တည်နေရာခုန်ကူးခြင်းနှင့် အသားကျနေကြသူများ မဟုတ်ကြချေ။ သာမန်ကျင့်ကြံသူများသည် တည်နေရာခုန်ကူးပြီးနောက် အနည်းငယ် မူးဝေနေသလို ခံစားရပေလိမ့်မည်။ အခြေအနေ မဟန်တော့မှန်းသိလိုက်သော် ရန်ကိုင်သည် ချက်ချင်း လေပေါ်ခုန်တက်လိုက်၏။

ထိုစဉ် သူမမျှော်လင့်ထားသည့်အရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ လေပေါ်ခုန်တက်ပြီး ဆယ်မီတာခန့်အရောက်တွင် အလွန်ပြင်းထန်သော ဖိအားသည် တောင်တစ်လုံးနှယ် သူ့အပေါ်ဖိကျ လာခဲ့သည်။ ရန်ကိုင်လည်း လေပေါ်ခုန်နေရင်းမှ အောက်သို့ ပြန်ပြုတ်ကျလာခဲ့၏။ အကုန်လုံးသည် မျက်တောင်တစ်ခတ်အတွင်း ဖြစ်သွားလေရာ ရန်ကိုင်လည်း လုံး၀ မတုန့်ပြန်လိုက်နိုင်ပေ။

“ပျံသန်းခြင်းကို တားမြစ်တဲ့ အစီအရင်လား”

ရန်ကိုင့်မျက်နှာ မည်းမှောင်သွားခဲ့သည်။ ခန်စစ်ရန်မှ ငါးရောင်ခြယ်ရတနာဘုရား အကြောင်း ရှင်းပြစဉ်က ဘုရားထဲတွင် အစီအရင်နှင့် ထောင်ချောက်ပေါင်းများစွာ ရှိကြောင်း ပြောပြခဲ့ဖူးသည်။ အစီအရင် အမျိုးမျိုးရှိကြသော်လည်း ပျံသန်းခြင်းကို တားမြစ်သည့်အစီအရင်သည် တွေ့ရအများဆုံး အစီအရင်တစ်ခု ဖြစ်သည်။

ပျံသန်းခြင်းကို တားမြစ်သည့် အစီအရင်ထဲတွင် ကျင့်ကြံသူများသည် အရမ်းမြင့်မြင့်ကြီး ပျံသန်း၍ရလိမ့်မည် မဟုတ်ဘဲ အမြင့်တစ်ခုသို့ အရောက်တွင် အလွန်ကြီးမားသည့် ဖိအားကို ခံစားရပြီး အောက်သို့ ပြန်ပြုတ်ကျလာပေလိမ့်မည်။

ရန်ကိုင် ယခုကြုံနေရသည့် အစီအရင်မှာ ပျံသန်းခြင်းကို တားမြစ်သည့် အစီအရင်ဖြစ်သည်။

သူမသိသည့်အချက်မှာ ဤပျံသန်းခြင်းတားမြစ် အစီအရင်ကို တစ်ယောက်ယောက်ကများ ဖန်တီးထားသလား သို့မဟုတ် သဘာ၀အတိုင်း ဖြစ်ပေါ်နေခြင်းပဲလား ဆိုသည်ကိုပင်။ လက်ရှိတွင် ရန်ကိုင်၌ ထိုအကြောင်းကို ထိုင်စဉ်းစားနေရန် အချိန်မရှိပေ။ မရေမတွက်နိုင်သော မိကျောင်းများသည် သူ့ဆီသို့ အဖက်ဖက်မှ ခုန်အုပ်လာနေကြလေပြီ။

ရန်ကိုင်လည်း အားကုန်သုံး၍ လက်သီးများကို တစ်ချက်ပြီးတစ်ချက် ပစ်လွှတ်လိုက်လေသည်။ မျက်တောင်တစ်ခတ် အတွင်း ရန်ကိုင်သည် မိကျောင်းများစွာကို နောက်သို့လွင့်စင်ထွက်သွားအောင် လုပ်နိုင်ခဲ့သည်။ သို့သော် မိကျောင်းများမှာ အလွန်ကိုမှ ဒူပေဒဏ်ပေ ခံပေသည်။ ရန်ကိုင်၏ လက်သီးချက်မိသွားသည့်တိုင် မည်သည့်ဒဏ်ရာမှ မရ။ စိမ့်တော ထဲသို့သာ ထွက်ပြေးသွားကြ၏။

သို့သော်လည်း အခြားသော မိကျောင်းများမှာတော့ ရန်ကိုင့်ဆီသို့ ထပ်မံ ခုန်အုပ်လာပြန်လေသည်။ မကြာမီ ရန်ကိုင့်တစ်ကိုယ်လုံး မိကျောင်းများဖြင့် ပြည့်သွားခဲ့သည်။ မိကျောင်းများသည် ရန်ကိုင့် လက်များ၊ လက်မောင်းများ၊ ခြေထောက်များ အားလုံးကို ကိုက်ခဲထားကြလေသည်။ မိကျောင်းများ၏ ကိုက်အားမှာ အလွန်ကိုမှ ပြင်းလှသည်။ ထို့အပြင် ထိုမိကျောင်းများသည် အဆင့်ကိုး အထွတ်အထိပ် မွန်းစတားသားရဲများပါ ဖြစ်နေသည့်အခါ သူတို့၏ ကိုက်အားမှာ ပြောနေစရာပင်မလိုတော့ချေ။

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများပင် အားကုန်ထုတ်သုံးမည်ဆိုပါက မိကျောင်းအုပ်ကြီးကို ခုခံရန် ခက်ခဲပေလိမ့်မည်။ ကံကောင်းစွာဖြင့် ရန်ကိုင်သည် ဓာတ်ကြီးငါးပါး အကြွင်းမဲ့ဓါးကျင့်စဉ်ကို ကျင့်ကြံထားသဖြင့် သူ့ခန္ဓာမှာ အခြားသော ကျင့်ကြံသူများထက် ပိုသန်မာနေခဲ့လေသည်။

ဓာတ်ကြီးငါးပါးဓါးချီ ဖြာထွက်လာချိန်တွင် ရန်ကိုင့်အား ကိုက်ခဲထားသည့် မိကျောင်းများပါးစပ်မှ သွေးစိမ်းရှင်ရှင် ဖြာထွက်လာခဲ့လေသည်။

ထို့ကြောင့် မိကျောင်းများလည်း ရန်ကိုင့်အားလွှတ်ကာ ပြန်ဆုတ်သွားကြလေသည်။ သို့သော်လည်း မိကျောင်းအုပ်ကြီးကြောင့် ရန်ကိုင့်မှာ စိမ့်တောထဲသို့ ရောက်သွားခဲ့ရလေ၏။ ဤစိမ့်အိုင်ကြီးမှာ အေးစက်ပြီး မှောင်မိုက်နေလေ၏။ အဆိုးဆုံးမှာ လှုပ်ရရှားရခက်ပြီး ဘာကိုမှ မမြင်ရခြင်းပင်။

အသည်းအသန် ရုန်းကန်နေသော်လည်း မည်သို့မှ မလွတ်မြောက်နိုင်ဘဲ သူ့ခန္ဓာကိုယ်သည်သာ စိမ့်အိုင်ထဲသို့ ပိုပို၍ နစ်မြုပ်သွားနေခဲ့လေသည်။ ထို့အပြင် မရေမတွက်နိုင်သော မိကျောင်းများသည်လည်း သူ့အား ဝိုင်းအုံလာကြလေ၏။

“လဓါးသွား”

ရန်ကိုင်သည် လခြမ်းကွေးဓါးသွားများကို အဖက်ဖက်သို့ ပစ်လွှတ်လိုက်လေ၏။ အသားများကို ဖြတ်တောက်သွားသံနှင့်အတူ ရန်ကိုင်ခံစားနေရသည့် ဖိအားမှာလည်း သိသိသာသာ လျော့ကျသွားလေသည်။ မှောင်မိုက်မိုက် စိမ့်အိုင်ထဲ အနီရောင်သွေးများနှင့် မိကျောင်း အလောင်းတို့ဖြင့် ပြည့်နှက်သွားလေ၏။

“နတ်ဆိုးမျက်လုံး”

ရန်ကိုင်၏ ဘယ်ဘက်မျက်လုံးသည် ရုတ်ချည်းဆိုသလို ရွှေရောင်ပြောင်းလဲသွားပြီး ယခုမှပဲ ပတ်၀န်းကျင်ကို ပြန်မြင်လာရသည်။ ပတ်၀န်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာမှ မိကျောင်းများကို သတ်လိုက်သည့်အတွက် မိကျောင်းများမှာ ကြောက်မသွားသည့်အပြင် သွေးနံ့ကြောင့် ပို၍ များပြားသော မိကျောင်းများ ရောက်ရှိလာသည်ကိုပင် ရန်ကိုင် တွေ့လိုက်ရလေသည်။

“ဒီကောင်တွေက သေချင်နေတာပဲ” ရန်ကိုင် ဒေါသထွက်သွားခဲ့သည်။

သူ့လက်ရှိ ကျင့်ကြံခြင်းအရ တာအိုသခင်အဆင့် ပညာရှင်တစ်ဦးကိုပင် ယှဉ်တိုက်ခိုက်၍ ရပေသည်။ သို့သော်လည်း တစ်ချက်ကလေး သတိလက်လွတ်ဖြစ်သွားသည့်အတွက်ကြောင့် ဤအားနည်းသော မွန်းစတားသားရဲအုပ်သည် သူ့အား ယခုလိုဖြစ်သွားအောင် လုပ်ခဲ့သည်။ ရန်ကိုင်မှာ ဒေါသထွက်သွားခဲ့လေသည်။ သူ့လက်ကို ဝှေ့ယမ်း၍ ကမ္ဘာငယ်လေးထဲတွင် အားပြန်ဖြည့်နေသော အင်းစက်ဘုရင်မကို ဆင့်ခေါ်လိုက်သည်။

ထို့နောက် ကောင်းကင်စိတ်အာရုံဖြင့် အမိန့်ပေးလိုက်၏။ အင်းစက်ဘုရင်မသည် ရန်ကိုင်၏ သွေးသားရဲ ဖြစ်နေပြီဖြစ်သည့် အတွက် ကိုယ်ပိုင်အသိဉာဏ်ကို ပိုင်ဆိုင်ထားသည့်တိုင် ရန်ကိုင်၏ အမိန့်များကို တဝေမသိမ်း လိုက်နာလေသည်။ မှောင်မိုက် အေးစက်နေသော စိမ့်အိုင်ထဲ အဖြူရောင် ဓါးအလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ပတ်၀န်းကျင်အနှံ့ ရုတ်ချည်းပျံ့နှံ့လာသော အအေးဓာတ်သည် ရန်ကိုင့်ကိုပါ တုန်ရီစေသွားရုံမက ချည်းကပ်လာသော မိကျောင်းမွန်းစတားသားရဲများ၏ အရှိန်ကိုပါ အကြီးအကျယ် နှေးကွေးသွားစေခဲ့လေသည်။

အလင်းတစ်ချက်လက်သွားပြီးနောက်တွင် ပတ်ပတ်လည်တွင်ရှိနေသော မိကျောင်းများအားလုံး ထက်ပိုင်းပြတ်သွားလေ၏။ အဝေးတွင် ရှိနေသော မိကျောင်းအချို့ပင် မလွတ်မြောက်နိုင်ခဲ့ပေ။

ခရမ်းရောင်နှင့် အပြာရောင်စုံတွဲဓါးကို ရရှိလိုက်ပြီးနောက်တွင် အင်စက်ဘုရင်မ၏ ခွန်အားမှာ အကြီးအကျယ်ကို တိုးတက်လာခဲ့သည်။ ၎င်း၏ လက်စွဲတော်တိုက်ကွက်ဖြစ်သော နှင်းခဲတိုက်ကွက်ကို ထုတ်မသုံးလျှင်ပင် အင်းစက်ဘုရင်မ၏ တိုက်ခိုက်မှုမှာ ကြောက်မခန်းလိလိပင်။

ရန်ကိုင်သည် အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လျက် စိမ့်အိုင်ထဲမှ ထွက်သွားမည်အပြု အလင်းတစ်ချက်လက် သွားသည်ကို သတိပြုမိလိုက်သည်။ စိမ့်အိုင်၏ အောက်ခြေတွင် ဝါးတားတား၊ ကြည်လင်လင် ဖြစ်နေသော အလင်းစက်တစ်ခု တောက်ပနေသည်ကို တွေ့ရှိလိုက်ရသည်။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် ထိုအလင်းစက်ဆီမှ သိမ်မွေ့နူးညံ့သော စွမ်းအင်တို့ ဖြာထွက်နေသည်ကို ခံစားမိလိုက်၏။

ရန်ကိုင်၏မျက်၀န်းအစုံ‌ တောက်ပသွားခဲ့ပြီး သူ့ကိုယ်သူ ချီစွမ်းအင်ဖြင့် ကာရံလျက် စိမ့်အိုင်အောက်သို့ ထိုးဆင်းသွားလေ၏။ အင်းစက်ဘုရင်မသည် သစ္စာရှိ သက်တော်စောင့်တစ်ဦးနှယ် ရန်ကိုင်၏ ဘေးနားမှ လိုက်လာပြီး ရန်ကိုင့်အား နှောက်ယှက်ရန်ကြိုးစားသည့် မည်သည့်အတားအဆီးကိုမဆို ရှင်းပစ်လေသည်။

မကြာမီ ရီဝေဝေအလင်းအား ထုတ်လွှင့်နေသော စိမ့်အိုင်၏အောက်ခြေသို့ ရန်ကိုင် ရောက်လာခဲ့သည်။ သုတ်သင်ခြင်း နတ်ဆိုးမျက်လုံး၏ အကူအညီဖြင့် ထိုအရာ ဘာဖြစ်သလဲဆိုသည်ကို ရန်ကိုင် မြင်တွေ့နိုင်ခဲ့ပေသည်။ ထိုအရာမှာ အခြားမဟုတ်ဘဲ လက်ဝါးအရွယ်မျှသာ ရှိသော မှိုတစ်ခု ဖြစ်နေခဲ့သည်။

“ဘာကြီးလဲ” ရန်ကိုင် အတွေးနက်သွားသည်

ရန်ကိုင်သည် ကြယ်တာရာအစုအဝေးထဲသို့ ရောက်သည်မှာ သိပ်မကြာသေးသည့်အတွက် ဤနေရာတွင်ရှ်ိသော ဆေးပင်များ အကြောင်းကို သိပ်မသိသေးချေ။ ယခု သူ့ရှေ့တွင်ရှိနေသော မှိုအကြောင်းကို တစ်ခါမှ မကြားဖူးသလို မြင်လည်းမြင်ဖူးချေ။ လက်ရှိတွင် ဤမှိုသည် မီးခိုးရောင်ဖြစ်နေလိုက်၊ အစိမ်းရောင် ပြောင်းသွားလိုက်၊ အနီရောင်ပြောင်းသွားလိုက် ဖြစ်နေခဲ့လေသည်။

တစ်ခဏကြာအောင် ထိုင်စဉ်းစားနေသည့်တိုင် ထိုမှိုသည် ဘာဆေးပင်ဖြစ်လို့ဖြစ်မှန်း ရန်ကိုင် မပြောနိုင်ခဲ့။ သို့သော်လည်း မှိုမှ ထုတ်လွှတ်နေသည့် အရှိန်အဝါအရ ဤမှိုသည် တာအိုအဆင့် ‌ဆေးပင်တစ်မျိုး ဖြစ်ရပေလိမ့်မည်။ သို့သော်လည်း နောက်မှပဲ ထိုမှိုအား လေ့လာရန် စဉ်းစားပြီး မှိုအားအရင်ခူး၍ ကမ္ဘာငယ်လေးထဲတွင် စိုက်ရန်သာ စဉ်းစားလိုက်သည်။ ဤသို့ဖြင့် ရန်ကိုင် ချက်ချင်းလှုပ်ရှားတော့၏။

ဤသို့ဖြင့် ရန်ကိုင့်ရှေ့တွင်ရှိနေခဲ့သော မှိုသည် ကမ္ဘာငယ်လေးထဲရှိ ဆေးဥယာဉ်ထဲသို့ ရောက်လာခဲ့လေသည်။ မှိုကို ခူးပြီးနောက်တွင် ရန်ကိုင်သည် ချက်ချင်းထွက်မသွားသေးဘဲ ပတ်၀န်းကျင်ကို စူးစမ်းကြည့်လေ၏။ အခြားတစ်နေရာတွင် အစောပိုင်းက မှိုနှင့်တူသည့် မှိုတစ်ပွင့်ကို ထပ်တွေ့လေ၏။

နေ့တစ်၀က်ကြာမှသာ ရန်ကိုင်သည် စိမ့်အိုင်ထဲမှ ပြန်ထွက်လာခဲ့လေသည်။ အင်းစက်ဘုရင်မသည် ရန်ကိုင့်နောက်မှ အနီးကပ် လိုက်လာခဲ့၏။

စိမ့်အိုင်ထဲတွင်တော့ မရေမတွက်နိုင်သော မိကျောင်းအသေများ ပေါလောပေါ်နေခဲ့လေသည်။ ယခင်က တိတ်ဆိတ်မှောင်မိုက်နေသော စိမ့်အိုင်ကြီးသည် ယခုအခါတွင်တော့ သွေးရောင် ရဲရဲတောက်နေခဲ့လေပြီ။ အင်စက်ဘုရင်မအား ကြောက်သွားသည့် အတွက်ကြောင့်လား၊ ထိုသို့မဟုတ်ဘဲ မိကျောင်းအားလုံး သေသွားသည့်အတွက်ကြောင့်လား မသိ၊ မည်သည့် မိကျောင်းသားရဲမှ ရန်ကိုင့်အား လာမတိုက်ခိုက်ကြတော့ပေ။

ထို့ကြောင့် ရန်ကိုင်လည်း ထိုနေရာမှ အလွယ်တကူ ထွက်လာနိုင်ခဲ့၏။ ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်လည်း မဆင်မခြင် မလှုပ်ရှားတော့ဘဲ မြေပြင်အထက် တစ်မီတာအကွာတွင် ဝဲလျက် စိမ့်အိုင်ကိုဖြတ်ကာ ပျံသန်းသွားလေသည်။ ဤလောကကြီးတွင် ပျံသန်းခြင်းကို တားမြစ်သည့် အစီအရင်အမျိုးမျိုး ရှိကြပေသည်။ အချို့မှာတော့ ပျံသန်းခြင်းကို လုံး၀တားမြစ်ပြီး၊ အချို့မှာတော့ အမြင့်ပေ ဘယ်လောက်ထိသာ ပျံသန်းနိုင်သည်ဟူ၍ ကန့်သတ်ထားကြပေသည်။

အစောပိုင်က အတွေ့အကြုံအရ ဤအစီအရင်သည် အမြင့်ပေ ကန့်သတ်ချက်နှင့် အစီအရင်ဖြစ်မည်မှန်း ရန်ကိုင်သိလေသည်။ သူသာ သတ်မှတ်ထားသည့် အမြင့်ကို မကျော်လွန်သ၍ ပျံသန်း၍ ရနေပေလိမ့်မည်။

စိမ့်အိုင်မှာ အတော်လေးကျယ်သည်ဟု ပြော၍ရပေသည်။ ရန်ကိုင့်အနေဖြင့် စိမ့်အိုင်၏ အခြားတစ်ဖက်သို့ရောက်ရန် နေ့တစ်၀က်ခန့် ပျံသန်းလိုက်ရလေသည်။

အင်းစက်ဘုရင်မကိုတော့ ကမ္ဘာငယ်လေးထဲသို့ ပြန်ထည့်ထားလိုက်သည်မှာ ကြာလေပြီ။ အင်းစက်ဘုရင်မသည် ပြန်လည်ကုသနေဆဲသာ ဖြစ်သည့်အတွက် သူမအား ခဏခဏ ခေါ်ထုတ်ထားခြင်းသည် သိပ်ပြီး မသင့်တော်ချေ။ သူ့တွင် ဤသို့အကူတစ်ယောက် ရှိနေသည်ကို အခြားသူများ မြင်သွားမည်မျိုးလည်း ရန်ကိုင် မဖြစ်စေချင်ပေ။ လက်ရှိတွင် အင်းစက်ဘုရင်မသည် သူ၏ အကြီးမားဆုံး ဝှက်ဝဲတစ်ခုဖြစ်သည်ဟု ပြော၍ရပေသည်။

မလိုအပ်သည့် အချိန်မျိုးတွင် အင်းစက်ဘုရင်မအား ဝှက်ထားသည်မှာ အကောင်းဆုံးသာ ဖြစ်သည်။ ငါးရောင်ခြယ် ရတနာဘုရားထဲရှိ အတွင်းပိုင်း ကမ္ဘာကြီးမှာ အတော်လေး ကျယ်ပြောပေသည်။ မေပယ်မြို့မှ ကျင့်ကြံသူ သောင်းနှင့်ချီ ၀င်လာသည့်တိုင် ယခုအချိန်ထိ နောက်ထပ် ကျင့်ကြံသူတစ်ဦးကို ရန်ကိုင် ထပ်မတွေ့ရသေးပေ။ လှည့်ပတ် ကြည့်နေသည့်တိုင် သူရှာနေသည့် မြေနေရာ အမှတ်အသားကို မတွေ့ရသေးသည့်အတွက် ရန်ကိုင်အနည်းငယ် စိတ်ပျက်သွားခဲ့သည်။

ဤနေရာသည် ငါးရောင်ခြယ်ဘုရား၏ ပထမအလွှာ ဖြစ်လောက်သည်။ ခန်စစ်ရန်ပြောပုံအရ ပထမအလွှာထဲသို့ ရောက်ပြီးနောက်တွင် ဒုတိယအလွှာသို့ မြန်နိုင်သမျှ မြန်အောင် သွားသင့်ပေသည်။ ပထမအလွှာ နှင့် ဒုတိယအလွှာများသည် တန်ခိုးရှင်နှင့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများအတွက်ဆိုသော်ငြား တန်ခိုးရှင်ဘုရင် အထွတ်အထိပ်ဖြစ်သည့် ရန်ကိုင့်အတွက်တော့ ဒုတိယအလွှာသို့ သွားခြင်းသာ ပိုကောင်းပေသည်။

ဒုတိယအလွှာသို့သွားရန် ငါးရောင်ခြယ် အလင်းတန်းကို ဖြတ်သွားရပေမည်။ ထို့ကြောင့် ရန်ကိုင်သည် ငါးရောင်ခြယ် အလင်းတန်းကို လိုက်ရှာနေခြင်းဖြစ်သည်။ သို့သော်လည်း ယခုအချိန်ထိ ရှာမတွေ့သေးချေ။ ငါးရောင်ခြယ် အလင်းတန်းကို မည်သို့ရှာရမလဲ ဆိုသည်နှင့် ပတ်သတ်၍ သဲလွန်စများလည်း သူ့တွင် မရှိပေ။

ပတ်၀န်းကျင်အား လှည့်ပတ်ကြည့်နေစဉ်မှာပင် ရုတ်တရက်ဆိုသလို သူ့ခြေထောက်အောက်ရှိ မြေပြင်မှာ တုန်ခါလာပြီး တဝုန်းဝုန်းမည်သံများ ထွက်ပေါ်လာလေသည်။ ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားပြီး အန္တရာယ်တစ်ခုခုများ ပေါ်လာမလား အထင်နှင့် ချီစွမ်းအင်ကို လှည့်ပတ်၍ ပတ်၀န်းကျင်အား လှည့်ပတ်ကြည့်လိုက်လေသည်။

သူ့ပတ်၀န်းကျင်တစ်ဝိုက် မည်သည့်အရာမှ ပေါ်မလာခဲ့ချေ။ သို့သော် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သောအခါတွင်တော့ ခပ်လှမ်းလှမ်းတစ်နေရာတွင် နဂါးပုံရိပ်တစ်ခု ရုတ်တရက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ နဂါးပုံရိပ်သည် အလွန်ကိုမှ ကြီးမားလှပြီး မီးနီရောင် တောက်နေခဲ့လေသည်။ ထိုနဂါး၏ ၎င်း၏ အမြီးကို ဝှေ့ရမ်းလျက် တိမ်စိုင်တိမ်တိုက်များကြား လှည့်ပတ် ပျံသန်းနေ၏။

ခဏကြာအောင် ပျံသန်းနေပြီးနောက်တွင် မြေပြင်ပေါ်သို့ ပြန်ထိုးဆင်းပြီး ပျောက်ကွယ်သွားခဲ့လေသည်။

ရန်ကိုင်၏မျက်၀န်းများ တဖျက်ဖျက် တောက်ပသွားခဲ့သည်။ ငါးရောင်ခြယ် ရတနာဘုရား၏ ပထမအလွှာတွင် နဂါးပုံရိပ် အစစ်တစ်ခု လာတွေ့ရမည်ဟု မထင်ထားခဲ့ချေ။ ဤနဂါးပုံရိပ်သည် ကျင့်စဉ်၊ ‌နည်းစနစ်တစ်ခုခုမှ ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ နဂါးမှော်ရတနာ တစ်ခုခုမှ ဖြစ်ပေါ်လာခြင်း ဖြစ်လောက်သည်။ ထိုကဲ့သို့ ထင်ရခြင်းမှာ နဂါးပုံရိပ် ထွက်ပေါ်လာချိန်တွင် သူ့ရင်ဘက်မှ အပူလှိုင်းတို့ ဖြာထွက်လာသည့်အတွက်ကြောင့် ဖြစ်သည်။

ထိုအပူလှိုင်းမှာ သူ့ခန္ဓာကိုယ်တွင် ပေါင်းစပ်နေသည့် နဂါးအကြေးခွံမှ လာခြင်းဖြစ်သည်။ နဂါးအကြေးခွံသည် အဝေးတစ်နေရာရာရှိ တစ်ခုခုနှင့် ပဲ့တင်ထပ်နေသည့်ပုံပင်။ နဂါးပုံရိပ်သည် သူ့အတွက် အခွင့်အရေးတစ်ခုမှန်း ရန်ကိုင်သိလိုက်သည်။ နည်းနည်းလေးမှပင် တုန့်ဆိုင်းမနေတော့ဘဲ ရန်ကိုင်သည် နဂါးပုံရိပ် ပျောက်ကွယ်သွားရာနေရာသို့ တဟုန်ထိုး ပြေးထွက်သွားလေ၏။ နဂါးပုံရိပ် ပျောက်ကွယ်သွားသည့် နေရာမှာ ရန်ကိုင်ရှိနေသည့် နေရာနှင့် အတော်လေးဝေးသဖြင့် အစွမ်းကုန် ပျံသန်းလာသည့်တိုင် ထိုနေရာသို့ရောက်ရန် သုံးနာရီခန့် အချိန်ယူလိုက်ရသည်။

လှည့်ပတ်ကြည့်လိုက်ပြီးနောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင့်တစ်ကိုယ်လုံး အေးခဲသွားခဲ့လေသည်။ ဤနေရာတွင် ကျင့်ကြံသူ ရာပေါင်းများစွာ ရှိနေခဲ့သည်။ ကျင့်ကြံသူအရေအတွက်မှာ ထိုမျှနှင့်ပင် ရပ်တန့်နေခြင်းမရှိဘဲ တစ်ဦးပြီးတစ်ဦး ထပ်ရောက်လာနေသေး၏။ နဂါးပုံရိပ် ပျောက်ကွယ်သွားသည့်နေရာမှာ တောင်ကြားတစ်ခု ဖြစ်နေခဲ့လေသည်။

တောင်ကြားအလယ်တွင် ယစ်ပလ္လင် အသေးလေးတစ်ခု ရှိနေခဲ့သည်။ ယစ်ပလ္လင် အသေးလေးမှာ မြေကြီးထဲမှ ပေါ်ထွက်လာသည့်အလား ၎င်းအပေါ်တွင် မြေမှုန်မြေစတို့ ကပ်ညိနေခဲ့လေသည်။ ထိုယစ်ပလ္လင်မှ ရှေးဟောင်းဆန်သည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့၏။

All Chapters