← Chapters

အခန်း (၁၉၉၆-၂၀၀၀)

Vol. 80 Ch. 1996-2000

အခန်း (၁၉၉၆-၂၀၀၀)

Vol. 80 Ch. 1996-2000

အပိုင်း (၁၉၉၆)

ယစ်ပလ္လင်လေးပေါ်တွင် ဘာမှန်းမသိရသော ပစ္စည်းများစွာ ရှိနေခဲ့လေသည်။ သို့သော်လည်း ထိုပစ္စည်းများကို အနက်ရောင် အလင်းအကာအရံမှ ဖုံးကွယ်ထားသဖြင့် မည်သူမှ မမြင်နိုင်ကြပေ။ ပစ္စည်း၏ ပုံသဏ္ဌာန် အသေးစိတ်ကို မမြင်နိုင်ကြသော်ငြား အနားသတ်ပုံစံလောက်ကိုတော့ လှမ်းမြင်နိုင်ကြလေသည်။ အနက်ရောင် အလင်းများဖြင့် ဖုံးအုပ်ထားသည့် ပစ္စည်းများမှာ ပုံသဏ္ဍာန် အရွယ်အစား အမျိုးမျိုးရှိကြသည်။

အချို့မှာ တူများဖြစ်ပြီး အချို့မှာ ဓါးများဖြစ်ကြပေသည်။ ဓါးမြောင်ကဲ့သို့သော မှော်ရတနာများနှင့် ကျင့်စဉ်များလည်း ရှိနေသေး၏။ ကျောက်စိမ်းပုလင်းများနှင့် သတ္တာများပင် ရှိကြသည်။ ထိုပစ္စည်းတစ်ခုချင်းစီတိုင်းသည် အလွန်ကိုမှ မက်လောက်စရာ ကောင်းနေခဲ့လေသည်။ အထူးသဖြင့် အလွန်ကိုမှ အားကောင်းသည့် အရှိန်အဝါများကို ထုတ်လွှတ်နေသည့် မှော်ရတနာများပင် ဖြစ်ကြသည်။

ထိုမှော်ရတနာများအနက် အဆင့်အနိမ့်ဆုံးပင်လျှင် တာအိုအဆင့် ရှိပေသည်။ ထိုအရာများကိုမြင်ပြီးနောက် ရန်ကိုင်၏ မျက်လုံးများ တဖျက်ဖျက် တောက်ပသွားခဲ့သည်။ ရန်ကိုင်သာလျှင်မဟုတ် ဤနေရာတွင် စုဝေးနေကြသော ကျင့်ကြံသူများသည်လည်း ယစ်ပလ္လင်ဆီသို့ လောဘတကြီး စိုက်ကြည့်နေကြလေ၏။

“ဒါတွေက အင်အားစု အသီးသီးက ယူလာတဲ့ ပစ္စည်းတွေလား။ ဖြစ်နိုင်တာက တာအိုအရင်းအမြစ်အသီးက ဒီနေရာမှာများလား” ရုတ်တရက် ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။

“မဟုတ်ဘူး” ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။

“ဒီကိုအစောကြီးကရောက်လာတဲ့ သူဆီက ပြန်ကြားတာတော့ ဒီယစ်ပလ္လင်က မြေကြီးထဲက ထွက်လာတာတဲ့။ တစ်ယောက်ယောက်က အစီအရင်တစ်ခုခုကို သွားအသက်သွင်းလိုက်မိလို့ ယစ်ပလ္လင်ပေါ်လာတာပဲ ဖြစ်ရမယ်။ ပြီးတော့ ယစ်ပလ္လင်နဲ့ ယစ်ပလ္လင်ပေါ်က ပစ္စည်းတွေအကုန်လုံးက ရှေးဟောင်း အရှိန်အဝါကို ထုတ်လွှတ်နေတယ်။ အင်အားစုကြီးတွေက ယူလာတဲ့ ပစ္စည်းတွေနဲ့ တစ်ခုမှမတူဘူး”

“ဒီတော့ မင်းပြောချင်တာက ဒီယစ်ပလ္လင်က အစကတည်းက ဒီနေရာမှာ ရှိနေတာပေါ့”

“ဖြစ်နိုင်တယ်”

“ဒါဆို ဘာလို့စောင့်နေတာလဲ။ သွားယူကြမယ်လေ”

ရှေးခေတ်အချိန်ကတည်းက ယခုအချိန်ထိ ပျက်ဆီးယိုယွင်းသွားခြင်းမရှိဘဲ အကောင်းတိုင်း ရှိနေသော ရတနာများသည် အင်အားစုကြီးများမှ ယူလာသည့် ရတနာများထက် အဆပေါင်းများစွာ ပိုမိုအဖိုးတန်ပေသည်။ ထိုသတင်း ပျံ့သွားသည်နှင့် ဤမှော်ရတနာများကို လုယူရန် ကျင့်ကြံသူပေါင်းများစွာ ရောက်လာပေလိမ့်မည်။

အစပိုင်းတွင် အခြေအနေကို စောင့်ကြည့်ရန် ‌ဆုံးဖြတ်ထားသည့် ကျင့်ကြံသူများသည် နောက်ပိုင်း မစောင့်နိုင်တော့သည့်အဆုံး ယစ်ပလ္လင်ဆီသို့ ပြေးထွက်သွားကြလေသည်။

သူတို့ပြေးထွက်သွားသည်ကိုကြည့်ရင်း အခြားသော ကျင့်ကြံသူများသည်လည်း ယစ်ပလ္လင်ဆီသို့ ပြေးထွက်သွားကြလေ၏။

ရန်ကိုင်ပင်လျှင် စတင်လှုပ်ရှားနေခဲ့လေပြီ။

သို့သော်လည်း ရန်ကိုင်သည် ရှေ့ဆုံးမှ ပြေးထွက်မသွားဘဲ အလယ်အလတ်လောက် နေရာမှ ပြေးလိုက်သွားလေ၏။ ဤနည်းဖြင့် သူသည် ရှေ့ဆုံးမှ လူများ၏ အခြေအနေကို လေ့လာ၍ ရသလို အစီအရင် တစ်ခုခုထဲသို့ ကျမသွားအောင်လည်း လုပ်နိုင်ပေသည်။

“အကုန်လုံး နေကြပါဦး”

ထိုစဉ် အဖြူရောင်၀တ်စုံကို ၀င်ဆင်ထားသော လူငယ်လေးတစ်ယောက်သည် လူအုပ်ကြီးထက်မှ ပျံသန်းလာ၍ အော်ပြောလိုက်လေသည်။ လူငယ်လေး၏ ပုံစံကို ကြည့်ရသလောက် နောက်ခံတောင့်သည့် အင်အားစုမှ လာသည့်ပုံပင်။

“အကုန်လုံး စိတ်ငြိမ်ငြိမ်ထားပြီး ကျုပ်ပြောတာကို နားထောင်ပေးကြပါ” လူငယ်လေးက ထပ်အော်ပြောလိုက်သည်။

ကျင့်ကြံသူများစွာ မျက်မှောင်ကြုတ်သွားပြီး လေပေါ်တွင်ဝဲနေသည့် လူငယ်လေးအား စိတ်မရှည်စွာ ကြည့်လိုက်ကြသည်။ ရတနာများမှာ သူတို့ရှေ့တွင် ရောက်နေခဲ့ပြီ။ သို့သော် တစ်ယောက်ယောက်သည် ထိုရတနာများအား သွားမယူရန် သူတို့အား လာပြောနေခဲ့သည်။ မည်သူကများ ထို‌သို့ပြောသည်ကို ကြိုက်မည်နည်း။

သို့သော်လည်း စကားပြောလိုက်သည့် လူကိုမြင်ပြီးနောက် တော်တော်များများသည် ဆက်မသွားဘဲ ရပ်လိုက်ကြလေသည်။ လန့်သွားကြသူများရှိသလို၊ ကြောက်သွားကြသူများလည်းရှိ၏။

“ဒီတော့ သခင်လေး ကျန်းချူဟဲပေါ့” လူအုပ်ကြီးထဲမှ လူငယ်လေးကို မှတိမိသူတစ်ဦးသည် လက်သီး‌ဆုပ်၍ ပြောလိုက်လေသည်။

“သခင်လေးကျန်း ဘာများပြောချင်လို့လဲ မသိဘူး”

“သခင်လေးကျန်းက ကျန်းမိသားစုရဲ့ အာဏာကိုသုံးပြီး ဒီရတနာတွေ အကုန်လုံးကို တစ်ယောက်ထဲ အပိုင်သိမ်းချင်နေတာလား။ အဲ့လိုဆိုရင် သခင်လေးကျန်းကို သေချာပြန်စဉ်းစားဖို့ အကြံပေးချင်ပါတယ်”

“ဟုတ်တယ် အဲ့ရတနာတွေ အကုန်လုံးက ပိုင်ရှင်မဲ့နေတာ။ ကျန်းမိသားစုက မေပယ်မြို့မှာ အားကောင်းတဲ့ အင်အားစုဆိုပေမဲ့ ဒီနေရာက ငါးရောင်ခြယ် ရတနာဘုရားပဲ။ သခင်လေးကျန်း ဒီနေရာမှာ လှုပ်ရှားချင်တယ်ဆိုရင် အရင်ဆုံး ကိုယ့်အခြေအနေကိုယ် ပြန်စဉ်းစားဖို့ လိုလိမ့်မယ်” အခြားတစ်ယောက်ကလည်း ၀င်ပြောလိုက်သည်။

ထိုစကားကို ကြားသည့်အခါ ဤလူငယ်လေး မည်သူဖြစ်မှန်း ရန်ကိုင် ချက်ချင်းနားလည် သွားခဲ့သည်။ ဤလူငယ်လေးမှာ မေပယ်မြို့ ကျန်းမိသားစု၏ သခင်လေးသာ ဖြစ်လေသည်။ မေပယ်မြို့ရှိ မြို့သခင်လက်အောက်တွင် အားကောင်းသော အင်အားစုများရှိကြသည်။ ထိုအင်အားစုများအနက် ကျန်းမိသားစုသည် အတော်လေးအားကောင်းသည့် မိသားစုတစ်ခု ဖြစ်သည်ဟု ပြော၍ရပေသည်။

ကျန်းမိသားစုတွင် တာအိုသခင် ပထမအဆင့်သို့ ရောက်နေသည့် ဘိုးဘေးတစ်ဦးရှိသည်။ ကျန်းမိသားစုနှင့် မည်သည့်အဆက်အသွယ်မှ မရှိသော်လည်း ကျန်းမိသား၀င် တော်တော်များသည် ကြည်လင်ကျောက်စိမ်းတောင်၌ လွမ်ဖုန်း၏ မီးတောက်များအကြား သတ်ခံလိုက်ရကြောင်း ရန်ကိုင် ကြားလိုက်ရပေသည်။

ငါးရောင်ခြယ် ရတနာဘုရားထဲသို့ ၀င်လာသည့်လူ တော်တော်များများမှာ မေပယ်မြို့မှ ဖြစ်ကြသည့်အတွက်ကြောင့် ကျန်းချူဟဲကို တော်တော်များများ မှတ်မိကြပေသည်။ ကျန်းချူဟဲကို မသိလျှင်ပင် အနည်းဆုံး သူ့နာမည်ကိုတော့ ကြားဖူးကြပေမည်။ သို့‌သော်လည်း အစောပိုင်းက ကျင့်ကြံသူများ ပြောသွားခဲ့သလို ဤနေရာသည်သာ မေပယ်မြို့ ဖြစ်ပါက လူတိုင်းသည် ကျန်းမိသားစု၏ဘိုးဘေးကို ကြောက်နေရဦးမည် ဖြစ်သော်ငြား ဤနေရာသည် မေပယ်မြို့မဟုတ်။ ငါးရောင်ခြယ် ရတနာဘုရားဖြစ်သည်။

ကျန်းမိသားစု၏ အာဏာစက်သည် ဤနေရာအပေါ်သိပ်ပြီး သက်ရောက်မှု မရှိချေ။ ထို့အပြင် ရတနာများသည် သူတို့ရှေ့တွင် ရှိနေခြင်းဖြစ်သည်။ ငှက်များသည် အစာကြောင့် သေရသလို လူများသည်လည်း ရတနာကြောင့် သေရသည်။ ကျန်းချူဟဲ မဆိုထားနှင့် ကျန်းမိသားစု၏ ဘိုးဘေးကိုယ်တိုင် ရောက်လာမည်ဆိုလျှင်ပင် ဤနေရာရှိ ရာနှင့်ချီသော ကျင့်ကြံသူများသည် ရတနာများကို လက်လျှော့ပေးလိမ့်မည် မဟုတ်ချေ။

ကျန်းချူဟဲက ပြုံး၍ ပြောလိုက်သည်။

“ရောင်ရင်းတို့က တစ်ကယ်ကြီး လုပ်နေကြတာပဲ။ ဒီနေရာမှာ ကျင့်ကြံသူ ရာနဲ့ချီပြီးရှိနေတာ… ဒီကျန်းက ဘယ်လိုလုပ်ပြီး ကိုယ့်ကိုကိုယ် လူတိုင်းရဲ့ရန်သူဖြစ်အောင် လုပ်ရမှာလဲ။ ဒီကျန်း အဲ့လိုလုပ်ချင်နေတာ မဟုတ်ဘူး”

“ဒါဆို သခင်လေးကျန်း ဘာပြောချင်နေတာလဲ”

ကျန်းချူဟဲက ပြုံး၍ ဆက်ပြောလိုက်သည်။ “ဒီကျန်းပြောချင်တာက အကျိုးအမြတ်ဆိုတာ ရှိလာရင် အန္တရာယ်လည်း ရှိလာမယ် ဆိုတာပဲ။ ပြီးတော့ ဒီနေရာက အခြားမဟုတ်ဘူး။ ငါးရောင်ခြယ်ရတနာဘုရားနော်။ အဲ့ ယစ်ပလ္လင်ပေါ်က ရတနာတွေကို အလွယ်လေး ယူလို့ရမယ်ထင်လား။ အဲ့ရတနာတွေသာ အလွယ်လေး ယူလို့ရမယ်‌ဆိုရင် အခုချိန်ထိ ဒီနေရာမှာ ရှိနေတော့မှာ မဟုတ်ဘူး”

“ကျုပ်တို့လည်း ဒီအချက်ကို နားလည်ပါတယ်။ ဒါပေမဲ့ တစ်ခုခုလိုချင်ရင် စွန့်စားရမှာက သဘာ၀ပဲလေ။ မဟုတ်ရင် အခုလို ကျင့်ကြံနေတာက ဘာအကျိုးရှိတော့မှာလဲ။ ယစ်ပလ္လင်ပေါ်က ရတနာတွေကို သွားယူလို့ အန္တရာယ်ရှိမှန်း ကျုပ်သိတယ်။ ဒါပေမဲ့ ဖြစ်လာမယ့် အကျိုးဆက်တွေအတွက် ကျုပ်ပြင်ဆင်ပြီးသွားပြီ” ပထမဆုံး စကားပြောလိုက်သည့်လူက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။

“ရောင်ရင်းရဲ့ သတ္တိက လေးစားစရာပဲ” ကျန်းချူဟဲက ပြုံးလျက် “ဒါပေမဲ့ ယစ်ပလ္လင်အကြာင်းကို အရင်စုံစမ်းသင့်တယ်လို့ ရောင်းရင်း မထင်ဘူးလား။ ကိုယ့်အကြောင်းလည်းသိမယ်၊ ရန်သူအကြောင်းလည်း သိမယ်ဆိုရင် တိုက်ပွဲတစ်ရာ တိုက်ရမယ်ဆိုရင်တောင် အောင်ပွဲက ကိုယ့်လက်ထဲမှာပဲ ရှိနေမှာ”

“ဒါကအခုမှ ကျုပ်တို့အားလုံး ငါးရောင်ခြယ် ရတနာဘုရားထဲ ၀င်ဖူးတာလေ။ ဘယ်သူက ယစ်ပလ္လင်အကြောင်း သိရမှာလဲ” ထိုလူက ခေါင်းခါ၍ပြောလိုက်သည်။

သို့သော်လည်း ချက်ချင်းပဲ အံအားသင့်နေသည့် အမူအရာဖြင့် ကျန်းချူဟဲအား ကြည့်၍ မေးလိုက်သည်။ “ဖြစ်နိုင်တာက သခင်လေးကျန်း တစ်ခုခုသိထားလို့လား။ သိထားလို့ရှိရင် ကျုပ်တို့ကို ဉာဏ်အလင်းဖွင့်ပေးပါဦး”

ကျန်းချူဟဲက ခေါင်းခါ၍ “ကျုပ်လည်း အဲ့ယဇ်ပုလ္လင်အကြောင်းကို မသိဘူး။ ဒါပေမဲ့ ဒီနေရာမှာ အဲ့ယစ်ပလ္လင်အကြောင်း သိနေတဲ့ တစ်ယောက်ယောက်ရှိမယ်လို့ ကျုပ်ယုံတယ်”

ပြောပြီးသည့်နောက် ကျန်းချူဟဲသည် လူအုပ်ကြီးထဲရှိ တစ်ခုသောနေရာသို့ လှမ်းကြည့်၍ ပြုံးကာ မေးလိုက်သည်။

“သခင်မလေးချင်း ဘယ်လိုလဲ”

အကုန်လုံးလည်း ကျန်းချူဟဲကြည့်နေသည့် နေရာသို့ လိုက်ကြည့်လိုက်ရာ ကြယ်အများကြား ထွန်းလင်းတောက်ပနေ‌သည့် လမင်းပမာ လူအများကြားရပ်နေသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရလေသည်။ ထိုအမျိုးသမီးမှာ အတော်လေးကို ငယ်ရွယ်ပြီး နှစ်ဆယ့်ငါး၊ နှစ်‌ဆယ့်ခြောက် နှစ်လောက်သာ ရှိမည်ဟု ထင်ရသည်။ သို့သော်လည်း ရောဂါတစ်မျိုး ခံစားနေရသည့် အတွက်ကြောင့်လားမသိ သူမ အသားရည်မှာ ဖြူဖတ်ဖြူလျော် ဖြစ်နေခဲ့ပြီး၊ ခန္ဓာကိုယ်မှာ အနည်းငယ် ပိန်လှီနေခဲ့လေသည်။

လက်ရှိပုံစံကြောင့်သာ မဟုတ်လျှင် အမျိုးသမီးသည် ကျိန်းသေ အလှပဂေး တစ်ယောက် ဖြစ်ပေလိမ့်မည်။ သို့ရာတွင် ဤကဲ့သို့ ဖြစ်နေသည့်တိုင် အမျိုးသမီးမှာ လေယူရာ ယိမ်းနွှဲ့နေသည့် ပန်းလေးတစ်ပွင့်နှယ် လှပနေသေး၏။

ကျန်းချူဟဲမှ လူအုပ်ကြီး၏ အာရုံအား သူမဘက်သို့ လှည့်ပေးလိုက်သည်ကိုမြင်သော် သခင်မလေးချင်းဟုဆိုသူ မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သူမနားတွင် ရှိနေသော ကျင့်ကြံသူများသည်လည်း ကျန်းချူဟဲအား မကျေမနပ် စိုက်ကြည့်လိုက်ကြသည်။

“ချင်းမိသားစုက သခင်မလေး ချင်းယုလား” လူအုပ်ကြီးထဲမှ အံ့အားသင့်တကြီး အော်သံများ ထွက်ပေါ်လာခဲ့သည်။

ချင်းယုဆိုသော မိန်းကလေးသည် အတော်လေး ကျော်ကြားသည့်ပုံပင်။

“ကြားဖူးတာတော့ သခင်မလေးချင်းယုက အတော်လေး ဗဟုသုတ ကြွယ်၀တယ်တဲ့။ သခင်မလေးချင်း ဒီယစ်ပလ္လင်ကြောင်း သိနေမလားမသိဘူး။ သခင်မလေးသိတယ်ဆိုရင် ကျုပ်တို့အားလုံးကို ရှင်းပြပေးဖို့ မျှော်လင့်ပါတယ်။ အဲ့လိုသာဆို ဒီကျန်း သခင်မလေးချင်းကို တကယ် ကျေးဇူးတင်မိမှာပါ” ကျန်းချူဟဲက ပြုံး၍ ပြောလိုက်လေသည်။

ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ ကျန်းချူဟဲ ဘာလုပ်ချင်နေသလဲ ဆိုသည်ကို ရုတ်တရက် နားလည်သွားခဲ့လေသည်။ ကျန်းချူဟဲ ဆိုသောလူသည် ယစ်ပလ္လင်အကြောင်း မေးမြန်းလိုခြင်းဖြစ်သည်။ သို့သော် သူ့ဘာသာ သွားမေးမည်ဆိုလျှင် ချင်းယုသည် သူ့အား ပြောပြမည် မဟုတ်ချေ။ သို့သော်လည်း လူထုကြီး တစ်ခုလုံးသာ မေးလာမည် ဆိုပါက ချင်းယုအနေဖြင့် မပြောပြချင်လျှင်ပင် ပြောပြရပေလိမ့်မည်။

သူမ လူအုပ်ကြီးတစ်ခုလုံး၏ ပစ်မှတ် ဖြစ်မလာချင်ပေ။ ဤ ကျန်းချူဟဲ ဆိုသည့်လူသည် ရိုးသားသည့်ပုံ ထင်ရသော်လည်း သူ့နည်းလမ်းမှာ အလွန်ကိုမှ ကောက်ကျစ်လေ၏။ လူအုပ်ကြီးထဲတွင် ရန်ကိုင့်ကဲ့သို့ လက်ရှိအခြေအနေကို သဘောပေါက်သွားသည့် လူပေါင်းများစွာ ရှိပေသည်။ သို့သော်လည်း ဤကိစ္စမှာ သူတို့၏ အကျိုးအမြတ်နှင့်လည်း ပတ်သတ်နေသဖြင့် မည်သူမှ ချင်ယုဘက်က ၀င်မပြောပေးကြချေ။

“ဟုတ်ပါတယ် သခင်မလေးချင်း။ သခင်မလေးချင်း ဒီယစ်ပလ္လင်နဲ့ ပတ်သတ်ပြီး တစ်ခုခုသိထားရင် ကျုပ်တို့ကို ပြောပြပေးပါ။ သခင်မလေးချင်းသာ ကျုပ်တို့ ရင်ဆိုင်ရမယ့် အန္တရာယ်တွေအကြောင်း ကြိုပြောပြပေးထားရင် ကျုပ်တို့အားလုံး သခင်မလေးချင်းကို တစ်ကယ် ကျေးဇူးတင်မိမှာပါ”

မရေမတွက်နိုင်သော အကြည့်များ သူမဆီသို့ စုပြုံရောက်ရှိလာသည်ကိုမြင်သော် ချင်းယု အနည်းငယ် မသက်မသာ ဖြစ်လာခဲ့လေသည်။ သူမ ခံစားနေရသည့် ဖိအားမှာ အရမ်းများသည့်အတွက်ကြောင့်လားမသိ ချင်ယုမှာ သူမ လက်ကိုင်ပုဝါကို အုပ်၍ ချောင်းဆိုးတော့၏။

“ကျုပ်တို့ သခင်မလေးက ငယ်ငယ်ကတည်းက နေမကောင်းဖြစ်လာတာ။ စကားအရမ်းပြောလို့ မဖြစ်ဘူး။ ကျေးဇူးပြုပြီး သူ့ကို ခက်ခဲအောင် မလုပ်ကြပါနဲ့” ချင်းယုဘေးတွင် ရပ်နေသော အလယ်လေးဆယ် ငါးဆယ်လောက်ရှိသည့် တန်ခိုးရှင်ဘုရင် တတိယအဆင့် သက်တော်စောင့်တစ်ဦးက လက်သီးဆုပ်၍ ၀င်ပြောလိုက်လေသည်။

သို့သော်လည်း ချင်ယုက သူ့လက်ကိုမြှောက်၍ ၀င်ပြောလိုက်၏ “ရတယ် ဘာမှမဖြစ်ဘူး။ သခင်လေးကျန်းနဲ့ ကျန်တဲ့ မိတ်ဆွေတွေက သိချင်နေတယ် ဆိုမှတော့ ကျွန်မကလည်း သိသလောက် ပြောပြပေးရတာပေါ့”

ချင်ယုမည်ကဲ့သို့ရောဂါရနေသည်ကို မသိသော််ငြား သူမရထားသော ရောဂါသည် သူမထုတ်သုံးနိုင်သော ခွန်အားကို ကန့်သတ်ထားရုံသာမက၊ သူမ၏ အသက်စွမ်းအင်ကိုပါ တဖြည်းဖြည်း စုပ်ယူစားသုံးနေသည့်ပုံပင်။ သို့သော်ငြား ချင်ယုမှ ယစ်ပလ္လင်အကြောင်း ပြောပြလာမည်ဟု ပြောသောအခါ အကုန်လုံးမှ သူမအား လှည့်ကြည့်လာကြပေသည်။

“သခင်မလေးချင်းက ဒီယစ်ပလ္လင်အကြောင်း တစ်ကယ်သိတာပဲ။ ဒီကျန်း လေးစားသွားခဲ့ပြီ” ကျန်းချူဟဲ ပျော်သွားခဲ့လေသည်။

သူသည် ကံစမ်းကြည့်လိုက်ချင်းသာဖြစ်ပြီး ချင်ယုသည် တစ်ကယ်ကြီး သိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ကျွန်မထင်တာ မမှားရင် ဒါက နဂါးပျံယစ်ပလ္လင်ပဲ”

ငါးရောင်ခြယ်ရတနာဘုရားထဲတွင် ချင်ယုတစ်ယောက်သာ ရှိတော့သည့်အလား အကုန်လုံးသည် တိတ်သွားကြလေသည်။

“ဒီယဇ်ပလ္လင်နဲ့ဆိုရင် ငါးတစ်ကောင်တောင် နဂါးဂိတ်ကို ခုန်ကျော်ပြီး နဂါးတစ်ကောင် ဖြစ်လာနိုင်တယ်တဲ့။ ဒီနဂါးပျံ ယဇ်ပလ္လင်ပေါ်လာတဲ့နေရာက ပုံသေမရှိဘူး။ သူ့ဘာသာ ကြိုက်တဲ့နေရာမှာ ပေါ်လာတာ။ ပထမအလွှာမှာ ပေါ်ချင်ပေါ်မယ်။ ဒုတိယအလွှာမှာ ပေါ်ချင်ပေါ်မယ်။ ငါးလွှာမှာတောင် ပေါ်ချင်ပေါ်လာမယ်။ ကောလာဟလတွေ ပြောတာကတော့ ဒီနဂါးပျံ ယဇ်ပလ္လင်က ရှေးခေတ်အချိန်ကတည်းက တည်ရှိလာတာတဲ့။ ဒါပေမဲ့ ကြယ်ဝိဉာဉ်နန်းတော်က လူတွေတောင် ဒီ ယဇ်ပလ္လင်ကို တွေ့ရလေ့မရှိဘူး။ ကြယ်ဝိဉာဉ်နန်းတော်က ရှေးဟောင်း စာအုပ်တွေမှာဖော်ပြထားတာကတော့ နဂါးပျံ ယဇ်ပလ္လင်က စုစုပေါင်း ရှစ်ကြိမ်ပေါ်လာပြီးပြီတဲ့။ တစ်ကြိမ် ပေါ်လာတိုင်းမှာ ရှားပါးရတနာအချို့ပါ ယဇ်ပလ္လင်နဲ့အတူ ပေါ်လာခဲ့တယ်တဲ့။ တစ်ယောက်ယောက်သာ အဲ့ယဇ်ပလ္လင်ပေါ်က ရတနာတစ်ခုခုကို ရလိုက်မယ်ဆိုရင် နဂါးဂိတ်ကို ခုန်ကျော်ပြီး ဧကရာဇ်အဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်မယ်လို့ ပြောကြတယ်”

“နဂါးဂိတ်ကို ခုန်ကျော်ပြီး ဧကရာဇ်အဆင့် ရောက်မယ်” ကျင့်ကြံသူပေါင်းများစွာမှ သက်ပြင်းရှိုက်သံများ ထွက်ပေါ်လာခဲ့သည်။

အကုန်လုံး၏ မျက်လုံးများသည် လောဘမီးတောက်များဖြင့် လောင်မြိုက်လာခဲ့၏။ မေပယ်မြို့ထဲရှိ ကျင့်ကြံသူများမှာ သာမန်အရည်အချင်းလောက်သာ ရှိသည်ဟု ပြော၍ရသည်။ သူတို့၏ခွန်အားမှာ သိပ်မဆိုးလှသော်ငြား သူတို့တွင် နောက်ခံကောင်းကောင်းမရှိသည့်အတွက် တန်ခိုးရှင်ဘုရင်အဆင့်ကို ကျော်လွန်ပြီး တာအိုသခင်အဆင့် ရောက်ဖို့ပင် သူတို့အတွက် ခက်ခဲလှသော ကိစ္စတစ်ခု ဖြစ်နေခဲ့သည်။ သို့သော်လည်း ချင်ယု၏ စကားများသည် သူတို့အား မျှော်လင့်ချက်တစ်ခု ပေးလာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၉၇)

ချင်းယုပြောသည်ကို ကြားပြီးနောက် မရေမတွက်နိုင်သော ကျင့်ကြံသူများ ပို၍ စိတ်ပူလာခဲ့ကြလေသည်။ ယဇ်ပလ္လင်ပေါ်ရှိ ရတနာများမှာ အဖိုးတန်ရတနာများမှန်း အစကတည်းက သိထားကြသော်ငြား အရမ်းကြီးတော့ မသေချာခဲ့ပေ။ ထို့အပြင် အခြားသော ကျင့်ကြံသူများလည်း ရှိနေသည့်အတွက်ကြောင့် မဆင်မခြင် မလှုပ်ရှားခဲ့။

သို့သော်လည်း ချင်းယုပြောသည်ကို ကြားပြီးနောက်တွင် အကုန်လုံး ယတိပြတ် ဆုံးဖြတ်လိုက်လေသည်။ ဧကရာဇ်အဆင့်သို့ ရောက်အောင်လုပ်ပေးနိုင်သော အခွင့်အရေးဟူသည် သူ့တို့အသက်ကို စွန့်စားရန်ပင် ထိုက်တန်ပေသည်။ သို့သော်လည်း အချို့လူများမှာတော့ တည်တည်ငြိမ်ငြိမ်ပင် ရှိနေပြီး ပြန်မေးလိုက်လေသည် “ဒီနဂါးပျံယဇ်ပလ္လင်နဲ့ ပတ်သတ်ပြီး ဘယ်လို အန္တရာယ်တွေရှိနေလဲ ကျုပ်တို့ကို ပြောပြပေးလို့ရမလား သခင်မလေးချင်း”

“အန္တရာယ်တွေလား။ ရှိတာပေါ့။ အသက်ကိုတောင် အန္တရာယ်ပေးနိုင်တာတွေပေါ့။ ဘယ်လို အန္တရာယ်မျိုးတွေလဲ ဆိုတာတော့ ကျွန်မလည်းမသိဘူး။ တစ်ကယ်တော့ ဒီငါးရောင်ခြယ်ရတနာဘုရားဆိုတာ ကြယ်ဝိဉာဉ်နန်းတော်ရဲ့ အထွတ်အထိပ် ရတနာတစ်ပါးလေ။ ဒီတော့ အဲ့အကြောင်းနဲ့ ပတ်သတ်ပြီး ရှေးဟောင်းစာအုပ်တွေထဲမှာ များများစားစား ပြောထားတာမရှိ‌ဘူး။ ပြီးတော့ ကျွန်မကိုယ်တိုင်ကလည်း ဒီထဲကို အခုမှ ပထမဆုံးအကြိမ် ၀င်လာဖူးတာဆိုတော့…”

ထိုစကားကိုကြားသည့်အခါ အကုန်လုံး စိတ်ပျက်သွားခဲ့လေသည်။ ချင်းယုသည် ထိုထက်ပိုသိထားမည်မှန်း အကုန်လုံး ထင်နေကြသော်ငြား သူမဘက်မှ ဤမျှပြောပြပေးသည်ကပင် ကျေးဇူးတင်စရာ ကောင်းနေလေပေပြီ။ သူတို့သာဆက်ပြီး တွန်းအားပေးနေလျှင် ကျေးဇူးမသိတတ်ရာ ရောက်ပေလိမ့်မည်။ အကုန်လုံးနီးပါးသည် မေပယ်မြို့တွင် နေထိုင်ကြခြင်း ဖြစ်လေရာ မည်သူကများ မေပယ်မြို့၏ အားအကောင်းဆုံး မိသားစုတစ်ခုကို သွားရန်စချင်မည်နည်း။

သူတို့ သွားရန်စလိုက်လျှင် ငါးရောင်ခြယ် ရတနာဘုရားထဲမှ အသက်ရှင်လျက် ထွက်လာနိုင်လျှင်ပင် ချင်းမိသားစု သူတို့အား လာပြဿနာရှာမည်ကိုတွေးရင်း ကြောက်ကြောက်လန့်လန့်ဖြင့်သာ နေနေရပေလိမ့်မည်။

“ဒါပေမဲ့ နဂါးပျံယဇ်ပလ္လင်က တစ်ကယ့် နဂါးအစစ်တစ်ကောင်ဆီက အရိုးတွေနဲ့ လုပ်ထားတယ်လို့ ပြောကြတယ်။ ဒါကြောင့် နဂါးပျံယဇ်ပလ္လင်ဆီကို သွားချင်လို့ရှိရင် အနည်းဆုံး ရှေးဟောင်းနဂါးတစ်ကောင်ရဲ့ နဂါးဖိအားကို ခုခံနိုင်ဖို့တော့ လိုလိမ့်မယ်” ချင်းယုက ဆက်ပြောလိုက်လေသည်။

“ရှေးဟောင်းနဂါးအရိုးကနေ လုပ်ထားတာ”

“နဂါးဖိအား” အကုန်လုံး အလန့်တကြား ထအော်လေသည်။

ထိုစဉ်မှာပင် တစ်စုံတစ်ခုသည် လေထဲ အလွန်လျှင်မြန်သည့်နှုန်းဖြင့် ဖြတ်သွားနေသည့်အလား လေတိုးသံများ မဆက်မပြတ် ထွက်ပေါ်လာခဲ့လေသည်။ အကုန်လုံး အံအားသင့်သွားပြီး သူတို့၏ ခွန်အားကိုလှည့်ပတ်ရင်း ပတ်၀န်းကျင်ကို လှည့်ပတ်စစ်ဆေးလိုက်ကြ၏။ ထိုအခါမှပဲ တစ်ယောက်ယောက်က ထအော်လေသည်။

“ခွေးသူတောင်းစားတွေ။ ခိုးကြောင်ခိုးဝှက် လာလုပ်နေတယ်”

ကြည့်ရသလောက် ကျင့်ကြံသူအားလုံးသည် ချင်းယုကို အာရုံစိုက်နေခိုက် ကျင့်ကြံသူတစ်စုသည် သူတို့ကိုယ်သူတို့ ဖုံးကွယ်၍ မည်သူမှမသိအောင် နဂါးပျံယဇ်ပလ္လင်သို့ တိုးတိုးတိတ်တိတ် ချဉ်းကပ်သွားနေသည့်ပုံပင်။ ထိုလူများ သုံးသွားသည့် နည်းစနစ်မှာ အတော်လေးကိုမှ အဆင့်မြင့် ထူးခြားလှပေသည်။ သူတို့ ရှိနေသည်ကို မည်သူမှ သတိမပြုမိလိုက်ကြ။ နဂါးပျံယဇ်ပလ္လင်၏ ရုတ်တရက် ပြောင်းလဲမှုကြောင့်သာ မဟုတ်လျှင် ယဇ်ပလ္လင်ပေါ်ရှိ ရတနာအားလုံး ထိုလူစုလက်သို့ ရောက်နေလောက်လေပြီ။

သို့သော်လည်း လက်ရှိတွင်တော့ ထိုလူအားလုံး ဆက်ပြီး ပုန်းမနေနိုင်တော့ချေ။ သူတို့အဖွဲ့သည် လူသိပ်မများလှဘဲ ငါးယောက်လောက်သာရှိပြီး တစ်ယောက်ချင်းစီသည် နဂါးပျံယဇ်ပလ္လင်ဆီသို့ ဦးတည်ရာတစ်ဖက်ဆီမှ ချည်းကပ်သွားနေခြင်း ဖြစ်သည်။ လက်ရှိတွင် ထိုလူများထဲမှ တစ်ယောက်သည် အစီအရင်တစ်ခုကို မတော်တဆ သွားအသက်သွင်းလိုက်မိသည့်အလား နဂါးပျံယဇ်ပလ္လင်မှ လျှပ်စီးတန်းများ ထွက်ပေါ်လာပြီး ထိုလူဆီသို့ တိုး၀င်သွားလေသည်။

ထိုအဖွဲ့မှာ အချိန်မီ မတုန့်ပြန်လိုက်နိုင်သဖြင့် သူတို့ထဲမှနှစ်ဦးသည် ပွဲချင်းပြီး အသတ်ခံလိုက်ရလေသည်။ အသက်ရှင် ကျန်ရစ်သူများမှာလည်း သူတို့အား အခြားသူများ သတိပြုသွားမိပြီမှန်း သိလိုက်ပြီးနောက် ဆက်ပြီး ပုန်းကွယ်နေရန် မကြိုးစားတော့ဘဲ တိုး၀င်လာနေသည့် လျှပ်စီးတန်းများကို ခုခံနိုင်ရန်သာ အတတ်နိုင်ဆုံး ကြိုးစားလိုက်ကြလေသည်။

ကံကောင်းစွာဖြင့် နဂါးပျံယဇ်ပလ္လင်၏ တိုက်ခိုက်မှုမှာ သိပ်အားမကောင်းခဲ့ချေ။ ထို့ကြောင့် ကျန်သုံးဦးမှာ တိုး၀င်လာသည့် တိုက်ခိုက်မှုများကို အခက်အခဲမရှိ ခုခံနိုင်ခဲ့၏။ လူအုပ်ကြီးကိုလှည့်ပြီးနောက် အကုန်လုံး၏ အကြည့်ကိုမြင်သော် ထိုလူသုံးဦးသည် အချင်းချင်း အကြည့်ချင်းဖလှယ်၍ အံကြိတ်ကာ ရှေ့သို့ ပြေးထွက်သွားကြလေသည်။

“အဲ့တာ တစ္ဆေခြေလှမ်းဂိုဏ်းက ကောင်တွေပဲ”

“အားနည်းတဲ့ ခွေးတစ်သိုက်က ငါ့ရတနာတွေကို လာလိုချင်နေတာလား”

“ဒီကောင်တွေ သေချင်နေတာပဲ။ အဲ့ရတနာတွေက ငါ့အပိုင်ကွ”

တ‌စ္ဆေခြေလှမ်းဂိုဏ်းမှ ကျင့်ကြံသူတစ်အုပ် နဂါးပျံယစ်ပလ္လင်ဆီသို့ ပြေးသွားသည်ကိုမြင်သော် ကျန်ရှိနေသည့် ပညာရှင်များလည်း ရပ်ကြည့်မနေနိုင်တော့ချေ။ သူတို့၏ လှုပ်ရှားမှု ပညာရပ် အသီးသီးကိုသုံး၍ သူ့ထက်ငါအရင် နဂါးပျံယဇ်ပလ္လင်ဆီသို့ ပြေးသွားကြလေ၏။

ကျန်းချူဟဲသည် အမြန်ဆုံးဖြစ်သည်။ မျက်တောင်တစ်ခပ်အတွင် မီတာပေါင်းများစွာ ခုန်ကျော်သွားပြီး ယစ်ပလ္လင်ပေါ်ရှိ ရတနာတစ်ခုဆီသို့ သူ့လက်ကို ဆန့်တန်းလိုက်၏။ ကျန်းချူဟဲ၏ လက်မှ ကြိုးတစ်ချောင်း ထွက်ပေါ်လာခဲ့ပြီး ယဇ်ပလ္လင်ပေါ်တွင်ရှိနေသော ကျင့်စဉ်ဆီသို့ တိုး၀င်သွားခဲ့လေသည်။

“သခင်လေးကျန်း မင်း… ထိုအချင်းအရာကို မြင်သောအခါ တစ်စုံတစ်ဦးက အလန့်တကြား ထအော်လေ၏။

“ဟား ဟား ဟား ဟား” ကျန်းချူဟဲက အော်ဟစ်ရယ်မော‌လိုက်သည်။

ယဇ်ပလ္လင်ပေါ်ရှိ ကျင့်စဉ်မှာ သူ့အပိုင်ဖြစ်တော့မည်ကိုတွေးရင်း ကျန်းချူဟဲ အလွန်ကိုမှ ဝမ်းသာအားရ ဖြစ်နေခဲ့လေသည် “ရတနာတွေဆိုတာ ယူနိုင်တဲ့လူပဲ ပိုင်သင့်တာ။ ဒီကျင့်စဉ်က ဒီကျန်းရဲ့ အပိုင်ပဲ”

သို့သော်လည်း သူ့စကားသံ ဆုံးသွားသွားချင်းမှာပင် သူ့မျက်နှာထက်ရှိအပြုံး တောင့်တင်းသွားလေသည်။ သူ့လက်ထဲရှိ ကြိုးအား အံ့အားတကြီး စိုက်ကြည့်ရင်း ပြောလိုက်သည်။ “ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ”

သူ့လက်ထဲရှိကြိုးသည် ပုံမှန်အားဖြင့် မီတာတစ်ရာခန့် သွားနိုင်သော်ငြား ယခုတွင်မူ ဆယ်မီတာအခန့်တွင်သာ ရပ်တန့်နေခဲ့ပြီး တွန်းအားမရှိတော့သည့်အလား မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ ကျန်းချူဟဲ မည်သို့ပင် ကြိုးစားစေကာမူ ကြိုးမှာ လုံး၀ကို တုန့်ပြန်မလာခဲ့ပေ။ သူသာလျှင်မဟုတ် ရတနာအမျိုးမျိုးကို သုံးပြီး ယဇ်ပလ္လင်ပေါ်ရှိ ပစ္စည်းများကို ရယူရန်ကြိုးစားနေသည့် လူများသည်လည်း အလားတူဖြစ်ရပ်မျိုးနှင့် ကြုံတွေ့လိုက်ရလေသည်။

ကျန်းချူဟဲ ကြောင်တောင်တောင်ဖြစ်နေစဉ်မှာပင် ပြင်းထန်သော ဖိအားတစ်ခုသည် သူ့အပေါ် ကျဆင်းလာခဲ့လေသည်။ ကျန်းချူဟဲမှာ အလစ်အငိုက် မိသွားခဲ့ရာ လုံးဝ ပြန်မခုခံနိုင်ဘဲ မြေပြင်ပေါ်သို့ ခြေကားယား လက်ကားယား ပြုတ်ကျသွားခဲ့ရပြီး မြေကြီးနှင့် မျက်နှာမိတ်ဆက်သွားခဲ့ရလေသည်။

“ဟားဟားဟားဟား။ သခင်လေးကျန်း ဦးညွတ်တာ တယ်တော်ပါလား။ ကောင်းကင်ကနေ မြေပြင်ထိရောက်အောင် ဦးညွတ်နိုင်တယ်။ ကျုပ်တကယ် လေးစားသွားပြီ” အစောပိုင်းက ကျန်းချူဟဲ၏ လှောင်ပြောင်ပြောဆိုခြင်း ခံလိုက်ရသော ကျင့်ကြံသူသည် ကျန်းချူဟဲ ပြုတ်ကျပြီး မြေကြီးထဲ ခေါင်းစိုက်သွားသည်ကို ကြည့်ရင်း အားပါးတရ အော်ရယ်မောတော့လေသည်။

“ငါလခွမ်း ငါမင်းကို မှတ်ထားမယ်”

ကျန်းချူဟဲသည် မြေပြင်ပေါ်မှ ကမန်းကတမ်း ထရပ်လိုက်ပြီးနောက် ပြန်အော်ပြောလေသည်။ လှည့်ပတ်ကြည့်လိုက်ပြီးနောက် နဂါးပျံယဇ်ပလ္လင်သို့ ပျံသန်းသွားရန် ကြိုးစားနေသည့် ကျင့်ကြံသူအားလုံး ထိုအခြေအနေမျိုးနှင့် ကြုံတွေ့လိုက်ရကြောင်း တွေ့လိုက်ရပေသည်။ အကုန်လုံးသည် ကောင်းကင်ပေါ်မှ ခြေပစ်လက်ပစ် ပြုတ်ကျလာ‌နေ၏။ သူတစ်ဦးတည်းသာ ဖြစ်နေခြင်းမဟုတ်ဘဲ အခြားသူများလည်း သူ့ကဲ့သို့ ဖြစ်နေကြောင်း မြင်လိုက်ရသည့်အခါမှပဲ ကျန်းချူဟဲ အတော်လေး စိတ်လက်ဖြေသာသွားခဲ့သည်။

ထိုအခါမှပဲ နဂါးပျံယဇ်ပလ္လင်ပေါ်ရှိ ရတနာများကို လိုချင်သည်ဆိုပါက ကိုယ်တိုင်သွားယူရမည်ဖြစ်ကြောင်း အကုန်လုံး နားလည်သွားကြလေသည်။ သို့သော်လည်း ထိုသို့လုပ်ဖို့ရာ အမှန်တစ်ကယ် မလွယ်ကူပေ။ အစကတော့ သူတို့ကြားရှိ အကွာအဝေးမှာ သိပ်မဝေးကွာသည့်အတွက် လူတိုင်း သိပ်ဂရုမစိုက်ခဲ့။ သို့သော် နဂါးပျံယဇ်ပလ္လင်နှင့် နီးလာပြီးနောက် ၎င်းဆီမှ ထွက်ပေါ်နေသော ဖိအားမှာ ပိုပို၍ပြင်းထန်လာကြောင်း ခံစားလိုက်ရပေသည်။

သူတို့စိတ်ထဲ နဂါးပျံယစ်ပလ္လင်တစ်ခုလုံးသည် တိုး၀င်လာမည့်သားကောင်ကို စောင့်နေသည့် ဧရာမရှေးဟောင်း သားရဲကြီးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားသည့်အလား ခံစားနေရသည်။ စိတ်စွမ်းအား အားနည်းသည့် ကျင့်ကြံသူများဆိုလျှင် ကြောင်တောင်တောင်ပင် ဖြစ်သွားကြလေသည်။ သူတို့၏ မျက်လုံးများထဲ ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နက်လာပြီး တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရီလာကြလေ၏။ နဂါးဖိအားကို ရင်ဆိုင်နိုင်သူများဆိုလျှင်ပင် ခြေတစ်လှမ်း မြှောက်ရန် မနည်းကြိုးစားနေရသည်။

“သခင်မလေး၊ ကျုပ်တို့…”

ချင်းမိသားစုအဖွဲ့သည်လည်း ချင်းယု အနားတွင်ကပ်ရင်း ချင်းယု၏ အမိန့်ပေးချက်အတိုင်း နဂါးပျံယဇ်ပလ္လင်ဆီသို့ မနှေးမမြန်နှုန်းဖြင့် ချဉ်းကပ်လာနေခဲ့ကြသည်။ ချင်းယု မှာတော့ ယစ်ပလ္လင်ပေါ်ရှိ ရတနာများကို အခြားသူများ ယူသွားမည်အား မကြောက်သည့်အလား တည်တည်ငြိမ်ငြိမ်ဖြင့်သာ ဆက်သွားနေခဲ့သည်။ အချိန်နှင့်အမျှလည်း ခဏခဏ ချောင်းဆိုးနေခဲ့သည်။ သို့သော်လည်း ချင်းမိသားစုများမှာ သူမကဲ့သို့မဟုတ်။ ရတနာများအား အခြားသူများယူသွားမည်ကိုတွေးရင်း အလွန်ကိုမှ စိုးရိမ်နေခဲ့ကြသည်။

“စိတ်ပူမနေနဲ့” ချင်းယုသည် တိုးတိုးလေး ပြောလိုက်သည်။

“နဂါးပျံယဇ်ပလ္လင်ဆီသွားဖို့က ဒီလောက်လွယ်တာမဟုတ်ဘူး။ ပြေးသွားနေမယ့်အစား ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချသင့်တယ်။ နဂါးဖိအားကို ခံစားဖို့ဆိုတာ လွယ်လွယ်နဲ့ရတဲ့ အခွင့်အရေးမဟုတ်ဘူး။ ဒီအခွင့်အရေးကိုသုံးပြီး ရှင်းတို့အားလုံး ကျင့်ကြံလို့ရတယ်။ နောက်ပိုင်း အားကောင်းတဲ့ ပြိုင်ဘက်နဲ့တွေ့ရင်တောင် နဂါးဖိအားကို ခံစားဖူးထားတဲ့အတွက် သူတို့ဖိအားကို သိပ်ဖြုံတော့မှာ မဟုတ်ဘူး”

ချင်းယုသည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သာ ဖြစ်သော်ငြား ချင်းမိသားစု အစောင့်များအပေါ် အလွန်ကိုမှ ဩဇာကြီးမားသည့်ပုံပင်။ သူမ စကားပြောလိုက်သည့်အခါ အကုန်လုံး တည်ငြိမ်သွားကြလေသည်။ အရင်လို စိတ်ပူမနေတော့ဘဲ စိတ်ကို တည်တည်ငြိမ်ငြိမ်ထား၍ နဂါးဖိအားကို ခုခံရန် ကြိုးစားလိုက်ကြသည်။ ရုတ်တရက်ဆိုသလို ချင်းယု မျက်မှောင်ကြုတ်သွားပြီး တစ်ခု‌သောက်သို့ လှမ်းကြည့်လိုက်လေသည်။

သူမလှမ်းကြည့်လိုက်သည့်အခိုက် ရန်ကိုင်နှင့် အကြည့်ချင်းဆုံသွားသည်။ ရန်ကိုင်က တစ်ချက်ပြုံးပြလိုက်ပြီးနောက် ရှေ့သို့ ဆက်သွားလေသည်။

“သူက…”

ချင်းယုသည် ရန်ကိုင့်ကျောပြင်ကို သေချာစိုက်ကြည့်နေခဲ့ပါသော်လည်း ရန်ကိုင်နှင့် ပတ်သတ်သည့် မည်သည့်အကြောင်းအရာမှ ရှာမတွေ့ကြောင်း သူမသိရှိလိုက်ရလေသည်။ အခြားသူများမှာ ယဇ်ပလ္လင်ပေါ်မှ ရတနာများကိုရရန် အသည်းအသန် ကြိုးစားနေကြသော်လည်း ထိုလူကတော့ လုံး၀ကို အပူအပင်မရှိသည့်အလား ပန်းခြံထဲ လမ်းလျှောက်ထွက်သလို အေးအေးဆေး လမ်းလျှောက်နေခဲ့သည်။ ချင်းယုသည် ခေါင်းတစ်ခါခါလုပ်ရင်း ခေါင်းတစ်ချက်ငုံ့လိုက်ပြီးနောက် မျက်လုံးပိတ်လိုက်လေသည်။

ထို့နောက် ခေါင်းပြန်မော့ပြီး ကြည့်လိုက်သည့် အချိန်တွင် သူမ၏မျက်၀န်းထဲ ညအချိန်တွင် ကောင်းကင်ယံ၌ တစ်လက်လက်တောက်ပနေသော ကြယ်ရောင်များကဲ့သို့ စူးရှသည့် အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားခဲ့လေသည်။ တစ်ချိန်ထဲတွင်ပင် ရန်ကိုင့်တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။ လျှို့ဝှက်ချက် အားလုံးကို ဖောက်ထွင်းမြင်နိုင်နေသော မျက်၀န်းတစ်စုံသည် သူ့အားစိုက်ကြည့်နေသလို ခံစားလိုက်ရလေသည်။ လှည့်ကြည့်လိုက်ရာ ချင်းယုနှင့် နောက်တစ်ကြိမ် အကြည့်ချင်း ဆုံသွားခဲ့သည်။ ချက်ချင်းဆိုသလို ချင်းယု၏ ခန္ဓာကိုယ် တုန်ရီလာပြီး ချောင်းတဟွတ်ဟွတ် ဆိုးတော့လေသည်။

“သခင်မလေး” အစောင့်များအားလုံး ထိတ်လန့်သွားကြသည်။

ချင်းယုသည် လက်ကာပြလိုက်ပြီး လက်သုတ်ပုဝါနှင့် ပါးစပ်ကိုအုပ်ကာ ချောင်းအနည်းငယ် ထပ်ဆိုးလိုက်သည်။

“ကျွန်မ အဆင်ပြေတယ်”

ချင်းယု အသက်ပြင်းပြင်းရှုသွင်းလိုက်၏။ ခေါင်းပြန်မော့၍ ရန်ကိုင်ရှိနေသည့် နေရာသို့ ပြန်ကြည့်လိုက်သောအခါ ရန်ကိုင်သည် သဲလွန်စမကျန် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရလေသည်။ ထိုအခါ ချင်းယုက သက်ပြင်းတစ်ချက်သာ ချလိုက်၏။

“ဒီမိန်းကလေးက တော်တော်ထူးဆန်းတာပဲ”

တစ်ချိန်ထဲတွင် လူအုပ်ကြီးထဲ တိုး၀င်သွားသော ရန်ကိုင်သည် မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်လေသည်။ ချင်းယုဆိုသော မိန်းကလေးနှင့် ပတ်သတ်၍ တစ်ခုခုထူးဆန်းနေသည်ဟု သူခံစားနေရသည်။ သို့သော် တစ်ဖက်လူမှာ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သာ ရှိနေသေးသည့်အတွက်ကြောင့် သူ့အထင်နှင့် လက်တွေ့အမှန်တရားကို တိုက်မကြည့်နိုင်ဘဲ ဖြစ်နေလေသည်။

သို့သော်လည်း ချင်းယု သူ့အား ကြည့်လာသည့် အချိန်တွင် သူမ၏အကြည့်သည် သူ့လျှို့ဝှက်ချက်အားလုံးကို ထိုးဖောက်မြင်နိုင်သည့်အလား စူးရှလွန်းလှသည်။ ထို့ကြောင့် ရန်ကိုင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားရလေသည်။

“ဒီအမျိုးသမီးနဲ့ အဆက်အသွယ်မလုပ်တာ အကောင်းဆုံးဖြစ်လိမ့်မယ်”

သူ့လျှိုဝှက်ချက် ပေါက်ကြားသွားမည် စိုးသည့်အတွက်ကြောင့် ချင်းယုနှင့် ဖြစ်နိုင်လျှင် အဆက်အသွယ် မလုပ်မိစေရန် ဆုံးဖြတ်လိုက်လေသည်။

“အား…”

ထိုစဉ် စူးစူးဝါးဝါး အော်ဟစ်သံတစ်သံ ရုတ်တရက်ထွက်ပေါ်လာခဲ့လေသည်။ နဂါးဖိအားကြောင့် မှင်သေသေနေသော ကျင့်ကြံသူတစ်ဦးမှ ထအော်လိုက်ခြင်း ဖြစ်လေသည်။ ထိုကျင့်ကြံသူသည် ကြောက်မက်ဖွယ်ရာ တစ်ခုခုကို မြင်လိုက်ရသည့်အလား တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရီလာခဲ့လေ၏။ တစ်ချိန်ထဲတွင် သူ့ချီမှာ ကသောင်းကနင်း ဖြစ်လာပြီ သူ့လူကိုယ့်လူ မသိတော့ဘဲ မဲမဲမြင်ရာ တိုက်ခိုက်တော့လေ၏။

ခဏအကြာတွင် ဘုန်း ဟူသော ပေါက်ကွဲသံနှင့်အတူ ထိုကျင့်ကြံသူ၏ ဦးခေါင်း ပေါက်ကွဲထွက်သွားခဲ့သည်။ သွေးများ ရေပန်းသဖွယ် ဖြာထွက်လာပြီးနောက် ခေါင်းမပါသည့် အလောင်းတစ်ခု မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားလေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း အနားတွင်ရှိနေသော ကျင့်ကြံသူများ ထိတ်လန့်တုန်လှုပ်သွားကြလေ၏။

သို့သော်လည်း အခြေအနေမှာ ဤမျှနှင့်ပင် မရပ်တန့်သေးချေ။ ထိုလူ သေသွားသည်မှ အစပြု၍ နေရာအရပ်ရပ်ဆီမှ စူးစူးဝါးဝါး အော်သံများ ထွက်ပေါ်လာခဲ့လေသည်။ ထိုကျင့်ကြံသူများသည်လည်း ပထမဆုံး သေသွားခဲ့သည့် ကျင့်ကြံသူများကဲ့သို့ ဖြစ်သွားကြလေသည်။ အိမ်မက်ဆိုး တစ်ခုထဲသို့ ရောက်သွားသည့်အလား သူတို့၏ ချီစွမ်းအင်မှာ ကသောင်းကနင်း ဖြစ်သွားပြီး မဲမဲမြင်ရာကို တိုက်ခိုက်တော့လေသည်။ ထိုသို့ တိုက်ခိုက်နေရင်းမှ ခဏအကြာ၌ သူတို့၏ ဦးခေါင်းများ ပေါက်ကွဲထွက်ကုန်လေ၏။

“နဂါးဖိအား ဖိနှိပ်ခြင်း”

လူအုပ်ထဲတွင်ရှိနေသော တစ်ယောက်ယောက်က ကြောက်လန့်တကြား ထအော်လေသည်။ ထိုလူများ မည်ကဲ့သို့ အသတ်ခံလိုက်ရမှန်း လူတိုင်းနားလည်လိုက်ကြသည်။ ပြင်းထန်လွန်းလှသည့် နဂါးဖိအားကို မတောင့်ခံနိုင်တော့သည့် အခါတွင် ကျင့်ကြံသူများ၏ ဝိဉာဉ်များ ထိခိုက်ကုန်ကြလေသည်။ ထိုအကြောင်းကြောင့်ပင် ဤကဲ့သို့ ဖြစ်ကုန်ရခြင်း ဖြစ်သည်။

ဤအခြေအနေကိုကြည့်ရင်း ကြောက်လည်းကြောက်၊ အားလည်းနည်းသည့် ကျင့်ကြံသူများမှာ ရှေ့ဆက်မတိုးရဲတော့ဘဲ ပြန်ဆုတ်ရန် ကြိုးစားကြတော့လေ၏။ သို့သော်လည်း ထိုလူများ အနောက်သို့ ဆုတ်လိုက်သည်နှင့် တစ်ပြိုင်နက် နဂါးပျံယဇ်ပလ္လင်မှ အလင်းတန်းများစွာ ထွက်ပေါ်လာခဲ့လေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း အကုန်လုံး ထိတ်လန့်သွားခဲ့လေသည်။ အလင်းတန်းများသည် လူတိုင်းဆီသို့ ဦးတည်လာခြင်း မဟုတ်ဘဲ ပြန်ဆုတ်ရန် ကြိုးစားနေကြသော ကျင့်ကြံသူများဆီသို့သာ ဦးတည်တိုး၀င်သွားကြလေသည်။ မျက်တောင် တစ်ခတ်အတွင်း ကျင့်ကြံသူ အယောက် သုံးဆယ်ကျော် ဤလောကကြီးကို လက်ပြ နှုတ်ဆက်သွားရပြန်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၉၈)

တစ်မုဟုတ်ချင်း ပြောင်းလဲသွားသည့် အဖြစ်အပျက်ကိုကြည့်ရင်း လူတိုင်း မှင်သေသေကုန်ကြလေ၏။ ခဏကြာ တိတ်ဆိတ်နေပြီးနောက်တွင် ကျင့်ကြံသူတစ်ဦးက ရုတ်တရက် ထအော်လေသည် “ငါတို့ ပြန်ဆုတ်လို့မရတော့ဘူး။ ပြန်ဆုတ်တာနဲ့ ငါတို့ကိုသတ်မယ့် အစီအရင်တစ်ခု ဒီမှာရှိနေတယ်။ အကုန်လုံး သတိထားကြပေတော့”

“ငါလခွမ်း ဒါကထောင်ချောက်ကြီးဟ။ ငိုးမ ကြယ်ဝိဉာဉ်နန်းတော်”

“ငါ ဘာလုပ်ရမလဲ”

ခွန်အားမှာ နိမ့်ကျသော်ငြား ရတနာကို လိုချင်ဇောဖြင့် ဇွတ်ပြေးတက်လာကြသူများမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ကုန်ကြလေသည်။ ထို့ကြောင့် စိတ်ပေါက်ပေါက်ဖြင့် ကြယ်ဝိဉာဉ် နန်းတော်ကိုသာ စတင်ကျိန်ဆဲကြလေတော့၏။

လက်ရှိတွင် တော်တော်များများ ကျဉ်းထဲကြပ်ထဲ ရောက်နေကြလေသည်။ နဂါးဖိအားနှင့် ရင်ဆိုင်ရမည်။ နောက်ပြန်ဆုတ်လျှင်လည်း အစီအရင်များ၏ တိုက်ခိုက်မှု ခံရဦးမည်။

ရှေ့လည်းတိုးမရ နောက်လည်းဆုတ်မရသည့်အဆုံး တော်တော်များများသည် မတ်တပ်သာရပ်‌နေကြတော့သည်။ သို့သော်လည်း လူတိုင်း ထိုကဲ့သို့ နေကြခြင်းမဟုတ်။ ကိုယ့်စွမ်းအာအပေါ် ယုံကြည်ချက်ရှိသူများသည် နဂါးဖိအားကို ခုခံရင်း ရှေ့သို့ဆက်သွားကြလေသည်။ နဂါးဖိအားကြောင့် သေဆုံးသွားသည့် ကျင့်ကြံသူများစွာ ရှိနေသည့်တိုင် ထိုလူများမှာ ကြောက်ရွံသွားခြင်းမရှိဘဲ ရဲရဲဝံဝံ့ဖြင့်သာ ရှေ့ဆက်သွားနေကြလေသည်။

သူတို့ဘ၀တွင် သေရေးရှင်ရေး အခြေအနေများစွာနှင့် ကြုံတွေ့ခဲ့ရဖူးသည်။ ထိုကဲ့သို့သော အခြေအနေများတွင်သာ ကြောက်နေခဲ့မည်ဆိုပါက ယနေ့သူတို့ ရှိလာလိမ့်မည် မဟုတ်ချေ။ ကျင့်ကြံသူတစ်ဦး အနေဖြင့် အားကောင်းလာချင်သည် ဆိုပါက အန္တရာယ်များအကြား စွန့်စားသွားလာရန် လိုအပ်ပေသည်။ ထို့အပြင် နဂါးပျံယဇ်ပလ္လင်ပေါ်ရှိ ရတနာများကို မပြောလျှင်ပင် နဂါးပျံယစ်ပလ္လင်နှင့် နီးကပ်လာရာမှ ရရှိသည့် အကျိုးအမြတ်များသည်ပင်လျှင် သူတို့အား ရှေ့သို့ ဆက်သွားအောင် တွန်းအားပေးနေခဲ့လေသည်။

နဂါးပျံယဇ်ပလ္လင်မှ ထွက်ပေါ်လာသည့် နဂါးဖိအားအောက်တွင် သူတို့၏ သူတော်စင်ချီသည် အရင်းအမြစ်ချီ အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲလာနေသည်ကို ကျင့်ကြံသူပေါင်းများစွာ သတိပြုမိလိုက်ကြလေသည်။ ဤကူးပြောင်းသည့် နှုန်းသည် အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံးများကို သောက်ပြီး ပြောင်းလဲသည့် နှုန်းထက်ပင် ပိုမြန်နေသေးသည်။ ရန်ကိုင်သည်လည်း ထိုအချက်ကို ရှာတွေ့သွားခဲ့သည်။

တစ်ကယ်တော့ ရန်ကိုင့်အနေဖြင့် နဂါးပျံယဇ်ပလ္လင်မှ ထွက်ပေါ်နေသာ နဂါးဖိအားကို သူ့အပေါ်လုံး၀ မရောက်အောင် ဖယ်ရှားပစ်၍ ရပေသည်။ သူ့တွင် ရွှေနဂါး အရင်းအမြစ်ရှိနေခဲ့သည်။ နဂါးပျံယဇ်ပလ္လင်သည် အစစ်အမှန် နဂါးတစ်ကောင်၏အရိုးမှ လုပ်ထားသော်ငြား ရွှေနဂါး အရင်းအမြစ်ရှေ့တွင် ထိုနဂါးဖိအားမှာ ဘာမှမပြောပလောက်တော့ပေ။ နဂါးများတွင်လည်း အဆင့်အတန်းအမျိုးမျိုး ရှိကြသည်။

နဂါးကလန်ထဲတွင် ရွှေနဂါးသည် အမြင့်မားဆုံးသော အဆင့်အတန်းနှင့် စွမ်းအားကို ပိုင်ဆိုင်ထားသည့် နဂါးတစ်ကောင် ဖြစ်ပေသည်။ အစောပိုင်းက သူမြင်လိုက်ရသည့် နဂါးပုံရိပ်အရ နဂါးပျံယဇ်ပလ္လင်သည် နဂါးနီ တစ်ကောင်၏ အရိုးများမှ ဖန်တီးထားခြင်းသာ ဖြစ်ရမည်။ နဂါးနီများသည် မီးဓာတ်ကို ထိန်းချုပ်နိုင်ကြပြီး ရွှေနဂါးလောက် အဆင့်မြင့်မားခြင်း မရှိပေ။ ရွှေနဂါးအရင်းအမြစ် ရှိထားရုံဖြင့်ပင် ရန်ကိုင်သည် နဂါးပျံယစ်ပလ္လင်မှ ထွက်ပေါ်နေသော ဖိအားကို ပယ်ဖျက်ပစ်လိုက်နိုင်၏။

ထို့ကြောင့် ရန်ကိုင်၏ ဆယ်မီတာ ပတ်ပတ်လည်၌ မည်သည့်ဖိအားမှ ရှိမနေခဲ့ပေ။ ထိုအချက်ကို ရှာတွေ့ခဲ့စဉ်က နဂါးပျံယစ်ပလ္လင်ဆီသို့ ပြေးသွားပြီး ရတနာအားလုံးကို သိမ်းကြုံးယူပစ်လိုက်လျှင် ကောင်းမလားဟု စဉ်းစားမိလိုက်သေးသည်။ သို့သော် သေသေချာချာ ပြန်တွေးတောကြည့်ပြီးနောက် ထိုကဲ့သို့ မလုပ်ရန် ဆုံးဖြတ်လိုက်လေသည်။ ဤနေရာတွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ ရာပေါင်းများစွာ ရှိနေခဲ့သည်။

ရန်ကိုင့်အနေဖြင့် နဂါးဖိအား၏ အကူအညီဖြင့် ကျင့်ကြံသူများ၏ ဝိုင်းအုံတိုက်ခိုက်မှုမှ လွတ်မြောက်နိုင်မည် ဆိုလျှင်ပင် ငါးရောင်ခြယ် ရတနာဘုရားမှ ထွက်လာပြီးနောက်တွင်တော့ အန္တရာယ် ကင်းနိုင်တော့မည် မဟုတ်ချေ။ အပြင်ဘက်တွင် ရှိနေကြသူများသာ သူမှ နဂါးပျံယစ်ပလ္လင်မှ ရတနာအားလုံးကို ရရှိသွားခဲ့မှန်း သိသွားမည်ဆိုပါက လူတိုင်း၏ ပစ်မှတ်တစ်ခု ဖြစ်လာပေလိမ့်မည်။ အပြင်ဘက်တွင်ရှိနေသော တာအိုသခင်အဆင့် ပညာရှင်များသည် နဂါးပျံယဇ်ပလ္လင်မှ ရတနာများကို မလိုချင်ဘဲ နေမည်မဟုတ်ပေ။

သူသာ တာအိုသခင်အဆင့် ပညာရှင်များ၏ ပစ်မှတ်ဖြစ်လာမည်ဆိုပါ သူ့အနာဂတ်မှာ လုံး၀ကိုသွားလေပြီ။ ထို့ကြောင့် ရန်ကိုင်သည် အေးအေးဆေးဆေးသာ လှုပ်ရှားနေခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ရန်ကိုင်သည် လူအုပ်ကြီးထဲတွင် ပုန်းအောင်းလျက် နဂါးပျံယဇ်ပလ္လင်ဆီသို့ တစ်လှမ်းချင်း သွားနေခဲ့သည်။ နဂါးဖိအားကိုသုံး၍ သူတော်စင်ချီကို အရင်းအမြစ်ချီအဖြစ်သို့ ပြောင်းလဲပစ်နေရင်း ပတ်၀န်းကျင်ရှိ ကျင့်ကြံသူများ၏ အခြေအနေကိုလည်း စစ်‌ဆေးကြည့်နေလေသည်။

မကြာမီ အားကောင်းသည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများကို တွေ့လိုက်ရသည်။ ထိုလူများသည် သူတို့၏ သူတော်စင်ချီများကို အရင်းအမြစ်ချီအဖြစ်သို့ ပြောင်းလဲထားကြပြီးလေပြီ။ အခြားလူများအဖို့ နဂါးဖိအားကို ခက်ခက်ခဲခဲ ခုခံနေရသော်လည်း ထိုလူများအဖို့ သိပ်ခက်မနေခဲ့ချေ။ ထိုသူအားလုံးသည် အခြား ကျင့်ကြံသူများထက် ရှေ့သို့ စောရောက်နေကြသည်။

နဂါးပျံယစ်ပလ္လင်ပေါ်ရှိ ရတနာများကို မည်သို့ ယူလျှင်ကောင်းမလဲ စဉ်းစားနေရင်း အရှိန်တင်လိုက်လေသည်။ အတွေးထဲ နစ်မြောနေစဉ်အတွင်း ဘေးဘက်ဆီမှ ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာလေသည်။

“ဒီသခင်လေးကို ဘယ်သူကျော်တက်ရဲတာလဲ။ သေလိုက်စမ်း”

စကားဆုံးသွားသည်နှင့် တပြိုင်နက် လက်ဝါးတစ်ခု ရန်ကိုင့်ဆီသို့ တိုး၀င်လာခဲ့လေသည်။ လက်ဝါးချက်မှာ ပြင်းလွန်းသဖြင့် လေခွင်းသံများပင် ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင် မျက်နှာပျက်သွားခဲ့ပြီး ချက်ချင်းပဲ လက်ဝါးတစ်ချက် ပြန်ရိုက်ချလိုက်လေသည်။

ဘုန်း…

လက်ဝါးနှစ်ခု ထိပ်တိုက်တွေ့သွားခဲ့ပြီး အားကောင်းသည့် စွမ်းအင်လှိုင်းတို့ ဖြာထွက်လာခဲ့လေ၏။ ရန်ကိုင်၏ ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ရီသွားခဲ့သော်ငြား အနောက်သို့ တစ်လှမ်းမှ ဆုတ်မသွားခဲ့ရပေ။ အခြားတစ်ဖက်တွင်တော့ သူ့အား တိုက်ခိုက်လိုက်သည့်လူမှာ ရန်ကိုင့်၏ တိုက်ကွက်ကို မခုခံနိုင်ဘဲ လွင့်ထွက်သွားခါနီး ဖြစ်သွားခဲ့လေသည်။ ထိုလူ၏အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ပြီး သူ့မျက်နှာတစ်ပြင်လုံး သွေးဆုပ်ဖြူလျော် သွားခဲ့လေ၏။

အနောက်သို့ ပြန်ဆုတ်ရန် ကြိုးစားသည့် ကျင့်ကြံသူတိုင်းကို နဂါးပျံယဇ်ပလ္လင်၏ သတ်ပစ်ခြင်း ခံလိုက်ရသည့် မြင်ကွင်းကို သူကွက်ကွက်ကွင်းကွင်း မြင်ခဲ့ပေသည်။ သူသာ နောက်ပြန်ဆုတ်သွားလျှင် ထိုကဲ့သို့သော အကျိုးဆက်နှင့် ရင်ဆိုင်ရနိုင်၏။ ထိုသို့သာ ဖြစ်သွားခဲ့လျှင် သူသည်လည်း အစောပိုင်းလူများ လျှောက်သွားသည့်လမ်းကို လိုက်ရပေလိမ့်မည်။ ထိုအချက်ကို နားလည်လိုက်သော် အံကြိတ်၍ နောက်သို့ လွင့်စင်မထွက်သွားအောင် တောင့်ခံထားလိုက်လေသည်။

နောက်သို့ လွင့်စင်မည့်အစား ရန်ကိုင်၏ ရိုက်ချက်ကိုသာ ခုခံလိုက်ပေသည်။ ဘုန်း… ပေါက်ကွဲထွက်သံနှင့်အတူ ထိုလူမျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်သွားပြီး ပါးစပ်၊ နှာခေါင်း၊ နားတို့မှ သွေးများစီးကျလာလေသည်။

“သခင်လေး”

အနောက်မှ အစောင့်သည် အလန့်တကြားအော်ဟစ်ရင်း ထိုလူကို ထိန်းပေးထားလိုက်သည်။ တစ်ချိန်ထဲတွင် သူ့စွမ်းအားကိုသုံးရင်း ရန်ကိုင့်ရိုက်ချက်မှ စွမ်းအားများကို ချေဖျက်ပေးလိုက်လေသည်။ ယခုမှပဲ သူ့အား တိုက်ခိုက်သည့်သူကို ရန်ကိုင် မြင်လိုက်ရလေသည်။ ပြုံးပြရင်း ရန်ကိုင်က ပြောလိုက်သည်။

“သခင်လေးကျန်းပါလား”

သူ့အား တိုက်ခိုက်လိုက်သူမှာ အခြားမဟုတ်။ ကျန်းချူဟဲသာ ဖြစ်လေသည်။ ကျန်းချူဟဲအား ပထမဆုံးတွေ့စဉ်က ဤလူ လူကြီးလူကောင်းတစ်ယောက် ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော်လည်း ကျန်းချူဟဲမှ လူအုပ်ကြီးအား လှည့်စား၍ ချင်းယုအား နဂါးပျံယဇ်ပလ္လင်အကြောင်း ပြောလာအောင် ဖိအားပေးခဲ့သည်ကို မြင်ပြီးနောက် ဤလူသည် ရုပ်ရည်ဖြောင့်သလောက် အင်မတန်ကိုမှ စိတ်ထားကောက်ကျစ်သူမှန်း ရန်ကိုင် သိလိုက်လေသည်။

ဤကဲ့သို့သော လူများကို ရန်ကိုင် အလွန်အမြင်ကပ်ပေသည်။ ယခုတွင်လည်း သူ့အားကျော်တက်ရန် ကြိုးစားသည့်အတွက်ကြောင့် ရန်ကိုင့်အား တိုက်ခိုက်ခဲ့သည်။

“လူကြီးမင်းက ဘယ်သူများလဲ”

ကျန်းချူဟဲမှာ ရန်ကိုင့်လက်စာ မိသွားပြီးနောက် ရန်ကိုင့်အပေါ် အလွန်မုန်း‌တီး သွားသော်ငြား ကြောက်လည်း ကြောက်သွားခဲ့လေသည်။ သူနှင့်အဆင့်တူ တန်ခိုးရှင်ဘုရင် ကျင့်ကြံသူတစ်ဦးဆီမှ တိုက်ကွက်တစ်ကွက်ကိုပင်လျှင် မခုခံနိုင်ဘဲနေလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ချေ။ ထို့အပြင် လက်ရှ်ိ ကြည့်ရသလောက် တစ်ဖက်လူသည် သာမန်ကာလျှံကာ ရိုက်ချလိုက်ခြင်း ဖြစ်သည်။

ခွန်အား အပြည့်ကိုပင် ထုတ်သုံးသွားခြင်းမရှိ။ သို့သော်ငြား သူ့မှာတော့ ထိုသာမန်ကာလျှံကာ လက်ဝါးရိုက်ချက်ကြောင့် လွင့်ထွက်လုနီးပါး ဖြစ်သွားခဲ့ရသည်။

‘ဒီကောင် ဘယ်လိုကောင်ကြီးလဲ’

ကျန်းချူဟဲ ရန်ကိုင့်အား အတော်လေး ကြောက်သွားလေသည်။ မေပယ်မြို့ထဲတွင် မည်သည့်အချိန်ကများ ဤကဲ့သို့သော ပါရမီရှင်တစ်ဦး ပေါ်လာခဲ့သနည်း။

“ငါ ဘယ်သူလဲဟုတ်လား” ရန်ကိုင်က ပြုံးလျက် “ဒီလောကကြီးမှာ သခင်လေးကျန်း ရန်စလို့ မရနိုင်တဲ့လူတွေ ရှိတယ်ဆိုတာ သိထားသင့်တယ်နော်”

ရန်ကိုင့်၏ စကားကိုကြားသည့်အခါ ကျန်းချူဟဲ၏ မျက်နှာထက် မယုံကြည်သည့် အမူအရာတို့ ထွက်ပေါ်လာခဲ့သည်။ သို့သော်ငြား သေချာပြန်စဉ်းစားပြီးနောက် ဤလူငယ်လေးသည် မေပယ်မြို့အပြင်ဘက်ရှိ အင်အားစုတစ်စုဆီမှ လာသည့်လူမှန်း နားလည်သွားခဲ့၏။ တစ်ကယ်တော့ လက်ရှိ မေပယ်မြို့ထဲတွင် တောင်ဘက်နယ်မြေထဲမှ ပညာရှင်များစွာ ရှိနေသည် မဟုတ်ပေလော။ ထိုအချက်ကို စဉ်းစားမိသောအခါ ကျန်းချူဟဲ၏ အမူအရာ လေးနက်တည်ကြည်သွားပြီး လက်သီးဆုပ်၍ ပြောလိုက်လေသည် “လူကြီးမင်းကို ရန်စလိုက်မိသလို ဖြစ်သွားရင် ကျေးဇူးပြုပြီး သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ ဒီကျန်း တောင်းဆိုပါတယ်”

“သခင်လေးကျန်းက စဉ်းစားတတ်သားပဲ။ အခုဟာက ပထဆုံးအကြိမ်ဆိုတော့ လွှတ်ပေးလိုက်ပါမယ်” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် ပြုံးလိုက်ပြီးနောက် ကျန်းချူဟဲကို လျစ်လျူရှုကာ ကျောခိုင်း၍ ဆက်လျှောက်သွားလေသည်။

ရန်ကိုင်၏ကျောပြင်ကိုကြည့်ရင်း ကျန်းချူဟဲ၏ မျက်နှာ ပြာရာမှ နီမြန်းလာခဲ့လေသည်။ ရန်ကိုင့်လက်ဝါးမှ ရလာသည့် ဒဏ်ရာများကို ဖိနှိပ်နေရသလို နဂါးပျံယဇ်ပလ္လင်မှ နဂါးဖိအားကိုလည်း ခုခံနေရသည်။ ထို့ကြောင့် ကျန်းချူဟဲမှာ အတော်လေးကို ဒုက္ခရောက်နေတော့၏။

ချင်းယုသည် လူအုပ်ကြီး၏နောက်ဘက်မှ ဖြည်းဖြည်းချင်း လမ်းလျှောက်လာနေခဲ့သည်။ သူမ၏ခွန်အားမှာ အတော်လေးနိမ့်ကျနေသည့် အတွက်ကြောင့် အခြားသူများကဲ့သို့ မြန်မြန်ဆန်ဆန် ရှေ့သို့မသွားနိုင်ပေ။ သို့သော်လည်း ထိုအတွက်ကြောင့်ပင် ရန်ကိုင်နှင့် ကျန်းချူဟဲတို့ တိုက်ခိုက်သည့် မြင်ကွင်းကို မြင်လိုက်ရလေသည်။

“ဒီလူ သူ့နောက်ခံက ဘာများလဲ” ချင်းယု မျက်မှောင်ကြုတ်သွားခဲ့သည်။

မေပယ်မြို့သူတစ်ယောက် ဖြစ်သည့်အတွက်ကြောင့် ကျန်းချူဟဲ၏ ခွန်အားကို ကောင်းကောင်းသိပေသည်။ ကျန်းချူဟဲ၏ အရည်အချင်းမှာ အကောင်းဆုံးထဲမပါသော်ငြား သူ့အား နောက်ခံပေးထားသည့် ကျန်းမိသားစု ရှိနေခဲ့သည်။ ထို့အပြင် နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက်တွက် ကျန်းချူဟဲသည် တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ရောက်ရှိလာခဲ့ပြီး သူ၏ သူတော်စင်ချီ အားလုံးကို အရင်းအမြစ်ချီသို့ ပြောင်းလဲထားနိုင်ခဲ့သည်။

ရှင်းရှင်းပြောရလျှင် ကျန်းချူဟဲသည် တန်ခိုးရှင်ဘုရင်အဆင့်တွင် ပြိုင်ဘက်ကင်း မဟုတ်သော်ငြား သူသည် အဆင့်တူ ကျင့်ကြံသူတစ်ဦး၏ သာမန်ကာလျှံကာ ရိုက်ချက်တစ်ခုကြောင့် ဒဏ်ရာရသွားမည့် သူမျိုးလည်း မဟုတ်ပေ။ သို့သော်လည်း တစ်ယောက်ယောက်ကမူ ထိုကဲ့သို့ဖြစ်အောင် လုပ်ပြသွားခဲ့သည်။ ထို့ကြောင့် ချင်းယု ရန်ကိုင့်အား အတော်လေး စိတ်၀င်စားသွားခဲ့သည်။

“သခင်မလေး အဲ့လူ တစ်ခုခု ထူးခြားလို့လား”

ချင်းယု ရန်ကိုင့်အား စိုက်ကြည့်နေသည်ကို မြင်သော် အစောင့်တစ်ယောက်က မနေနိုင်ဘဲ မေးလိုက်သည်။

“ရှင်တို့ အဲ့လူကို အရင်ကတွေ့ဖူးလား”

ချင်းယုက မေးလိုက်သည်။

အစောင့်အားလုံးခေါင်းခါပြလိုက်လေသည်။ အစောပိုင်းက ပြောလိုက်သော အစောင့်က “သခင်မလေးသိချင်ရင် ငါးရောင်ခြယ် ရတနာဘုရား ပိတ်သွားတာနဲ့ မေးပေးမယ်လေ”

ချင်းယုက ခေါင်းငြိမ့်လိုက်၏။

“မေးပဲ မေးနော်။ သူ့ကို သွားရန်မစနဲ့”

“ဟုတ်ကဲ့”

……

နဂါးပျံယဇ်ပလ္လင် အနီးသို့ ရောက်လာသည်နှင့်အမျှ ကျင့်ကြံသူများကြား စွမ်းအားကွာဟချက်မှာ ပို၍သိသာလာခဲ့သည်။ အကုန်လုံးသည် တန်ခိုးရှင်ဘုရင် အဆင့်ကျင့်ကြံသူများသာ ဖြစ်ကြသော်ငြား၊ တော်တော်များများဆိုလျှင် တန်ခိုးရှင်ဘုရင် တတိယအဆင့်ကို ရောက်ထားကြသော်လည်း နဂါးပျံယဇ်ပလ္လင်မှ ဖြာထွက်နေသာ ဖိအားအောက်တွင် တစ်ဦးနှင့်တစ်ဦး၏ ခွန်အားကွာခြားချက်မှာ သိသာလာခဲ့ရသည်။

အားကောင်းသည့်ခွန်အားကို ပိုင်ဆိုင်ထားကြသည့် ကျင့်ကြံသူများမှာ ရှေ့သို့ မြန်မြန်ဆန်ဆန် သွားနိုင်ကြပြီး အားနည်းသည့် သူများမှာ နောက်ကျကျန်ရစ်ခဲ့သည်။ ယခုဆိုလျှင် နဂါးပျံယစ်ပလ္လင်အား ဦးတည်သွားနေသူများကို အဖွဲ့အမျိုးမျိုးခွဲလို့ရပေပြီ။ ရှေ့ဆုံးနေရာတွင် ရှိနေသော အဖွဲ့၊ ဒုတိယနေရာတွင်ရှိနေသောအဖွဲ့၊ တတိယနေရာတွင် ရှိနေသောအဖွဲ့ စသည်ဖြင့်ပင်။

ရှေ့ဆုံးနေရာတွင် ရောက်နေသောအဖွဲ့တွင် တန်ခိုးရှင်ဘုရင် တတိယအဆင့် လေးဆယ်ခန့် ရှ်ိနေခဲ့သည်။ သူတို့ကြားရှိ ခွန်အားကွာခြားချက်မှာ သိပ်မသိသာပေ။ နဂါးပျံယစ်ပလ္လင်ပေါ်တွင် ရှိနေသာ ရတနာများကို ထိပ်ဆုံးနေရာတွင် ရောက်နေသော ကျင့်ကြံသူများသာ ယူနိုင်လောက်၏။ ဒုတိယ၊ တတိယနေရာရှိ ကျင့်ကြံသူများအတွက်တော့ မျော်လင့်ချက်မရှ်ိပေ။ သို့သော်လည်း ပြန်ဆုတ်လျှင် အသတ်ခံရမည် ဆိုးသည့်အတွက်ကြောင့် ထိုလူများမှာ အံကြိတ်၍ ရှေ့ဆက်သွားနေရုံသာ တတ်နိုင်လေ၏။

ထိုသို့ သွားနေစဉ် အတောအတွင်း ကျင့်ကြံသူများတစ်ယောက်ပြီးတစ်ယောက် သေကုန်ကြလေသည်။ နဂါးဖိအားမှာ အလွန်ကိုမှ ပြင်းထန်လှသည့်အတွက် မခုခံနိုင်တော့ဘဲ သေဆုံးသွားကြခြင်း ဖြစ်သည်။ ယခုဆိုလျှင် နဂါးပျံယစ်ပလ္လင် တစ်ဝိုက်တွင် အလောင်းပေါင်း ရာနှင့်ချီ ရှိနေခဲ့လေပြီ။ တစ်ကယ်ကို ခြောက်ခြားစရာ မြင်ကွင်းပင်တကား။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၉၉)

နဂါးပျံယဇ်ပလ္လင်ကို ဗဟိုပြုလျက် ပတ်ပတ်လည် မီတာတစ်ထောင် ပတ်ဝန်းကျင်သည် မရေမတွက်နိုင်သော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများအတွက် သေမင်းထောင်ချောက်တစ်ခု ဖြစ်လာခဲ့လေသည်။ နာရီ၀က်ခန့် ကြာပြီးသည့်နောက်တွင် ထိပ်ဆုံးနေရာ၌ ရှိနေသည့် ကျင့်ကြံသူများမှာ နဂါးပျံ ယဇ်ပလ္လင်နှင့် ဆယ်မီတာသာ ဝေးကွာတော့လေသည်။ ထိုမျှ နီးကပ်လာပြီးနောက် နဂါးပျံယဇ်ပလ္လင်ပေါ်တွင် ရှိနေသာ ရတနာများကိုလည်း သေသေချာချာ မြင်လာရလေ၏။

ရတနာများကိုမြင်ပြီးသည့်နောက်တွင် အကုန်လုံး အသက်ရှုမြန်လာခဲ့လေသည်။ သို့သော်လည်း ရတနာမှာ ဆယ်ခုကျော်လောက်သာရှိပြီး လူအရည်အတွက်မှာ လေးဆယ်ကျော်လောက် ရှိနေသဖြင့် အချို့လူများမှာတော့ လက်ဗလာနှင့်သာ ပြန်ရန်သာရှိလေသည်။ အကုန်လုံးသည် ထိုအချက်ကို သိထားကြသည်။

ထို့ကြောင့် နဂါးပျံယဇ်ပလ္လင်နှင့် ဆယ်မီတာအကွာခန့်သို့ ရောက်လာသောအခါ သူတို့၏ခွန်အားကို တိတ်တဆိတ်စတင် လှည့်ပတ်ကြတော့လေသည်။ ရုတ်တရက် ရွှေရောင်မြှားတစင်း ထွက်ပေါ်လာပြီး ထွားထွားကြိုင်းကြိုင်း လူတစ်ဦးဆီသို့ တိုး၀င်သွား၏။

“ငါသိနေတယ်။ မင်းဒီ အဖေကို တိုက်ခိုက်မယ်‌ဆိုတာ။ ခွေးမသား မင်းဆက်ပြီး ထိန်းမထားနိုင်တော့ဘူးမလား”

လူထွားကြီးသည် သူတိုက်ခိုက်ခံရမည်မှန်း ကြိုသိနေသည့်အလား ရွှေရောင်မြှား သူ့ဆီသို့ တိုး၀င်လာသည်နှင့် လိပ်ခွံဒိုင်းတစ်ခုကို ထုတ်၍ ကာကွယ်လိုက်သည်။

ဘုန်း…

ရွှေရောင်မြှားမှာ အတော်လေးအားကောင်းသော်ငြား လိပ်ခွံကိုတော့ မထိုးဖောက်နိုင်ခဲ့ပေ။ ထိုအခြေအနေကို မြင်သည့်အခါ လူထွားကြီးအား တိုက်ခိုက်လိုက်သူ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားလေသည်။ လူထွားကြီးက ညစ်ကျယ်ကျယ်ပြုံး၍ ဒိုင်းကို ပြန်သိမ်းလိုက်သည်။ ထို့နောက် လက်သီးကိုဆုပ်၍ ထိုးချလိုက်လေ၏။

“တိုက်တန်ဘုရင် လက်သီး”

ဤလက်သီးချက်မှာ အလွန်ကိုမှ အားကောင်းသည့် ပညာရပ်တစ်ခု ဖြစ်ပေသည်။ လက်သီးချက် ‌ထွက်ပေါ်လာသည်နှင့် အနီးအနားတွင် ရှိနေသော နိယာမစွမ်းအားတို့ အနည်းငယ် လှုပ်ခတ်သွားသည်ကို မြင်တွေ့နိုင်ပေသည်။ ကြည့်ရသည်မှာ လူထွားကြီးသည် တာအိုသခင် အဆင့်သို့ရောက်ရန် လက်တစ်ကမ်းလောက်သာ လိုတော့သည့်ပုံပင်။

လူထွားကြီး၏လက်သီးကျရောက်လာသည်ကို မြင်သော် ရွေရောင်မြှားအား ပစ်လိုက်သူ၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားလေသည်။ ကမန်းကတမ်း ခန္ဓာကိုယ်ကို လှည့်ရှောင်လိုက်ပြီး တစ်မီတာခန့် အရှည်ရှိသော ဓါးတစ်ချောင်းကို ထုတ်ယူလိုက်လေသည်။

“ရေစင်္ကြာပန်းတိုက်ကွက်”

ထိုသို့ အော်ဟစ်လိုက်ပြီးနောက် ထိုလူသည် သူ့ဓါးအား စက်ဝိုင်းသဖွယ် ဝှေ့ယမ်းချလိုက်လေ၏။ တိုက်တန်ဘုရင် လက်သီးနှင့် ဓါးအလင်းလှိုင်းတို့မှာ ထိပ်တိုက် တွေ့ဆုံသွားခဲ့လေသည်။ ကျင့်ကြံသူ နှစ်ဦး၏ နယ်ပယ်စက်ကွင်းများမှာ ပေါက်ကွဲထွက်သွားကြသည်။ နှစ်ဦးစလုံး၏ နယ်ပယ်စက်ကွင်းများသည် ပြီးပြည့်စုံခြင်း အဆင့်သို့ရောက်ရှိနေသည့် နယ်ပယ်စက်ကွင်းများ ဖြစ်ကြပေသည်။

ခရက်…ခရက်

သူတို့နှစ်ဦးဆီမှ ထွက်ပေါ်လာနေသည့် စွမ်းအားကို မတောင့်ခံနိုင်တော့သည့်အလား အက်ကြောင်းရာလေးများ ဟင်းလင်းပြင် တစ်ဝိုက်တွင် စတင်ထွက်ပေါ်လာခဲ့လေသည်။

“ကောင်းတယ်။ ကောင်းတယ်။ နောက်ဆုံးတော့ အသုံးကျတဲ့သူတစ်ယောက် ပေါ်လာပြီပေါ့” ထိုအချင်းအရာကိုမြင်သောအခါ လူထွားကြီးသည် ဒေါသထွက်ခြင်း မရှိသည့်အပြင် အားပါးတရပင် အော်ရယ်မောလေသည်။

သူ့ပြိုင်ဘက်မှာတော့ လူထွားကြီးကဲ့သို့ ၀မ်းသာမနေခဲ့။ ကြိတ်၍သာ ငြီးတွားနေခဲ့သည်။ သူကြုံရာကျပန်း တိုက်ခိုက်လိုက်သည့်လူမှာ ဤမျှ အားကောင်းသည့်သူ ဖြစ်နေမှန်း မသိခဲ့ချေ။ ပြန်ဆုတ်၍လည်း မရသဖြင့် အံကြိတ်၍သာ သူ့ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်နေရတော့သည်။

သူတို့နှစ်ဦး စတင်တိုက်ခိုက်လိုက်သည်နှင့် လေးဆယ်မကသော ကျင့်ကြံသူများသည်လည်း စတင်လှုပ်ရှားကြလေသည်။

အကုန်လုံးသည် နဂါးပျံယဇ်ပလ္လင်သို့ ဆက်မသွားကြတော့ဘဲ သူတို့နှင့် အနီးဆုံးတွင် ရှိနေသည့် ကျင်ကြံသူများနှင့် တိုက်ခိုက်ကြတော့လေ၏။ ရုတ်ချည်းဆိုသလို နဂါးပျံယဇ်ပလ္လင်အနီးတစ်ဝိုက်တွင် ဗရမ်းဗတာ တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ ချောင်းမြောင်း တိုက်ခိုက်မှုများ၊ တန်ပြန်တိုက်ခိုက်မှုများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျင့်ကြံသူတစ်ဦးသည် အခြား ကျင့်ကြံသူတစ်ဦးအား ချောင်းမြောင်း တိုက်ခိုက်လိုက်စဉ် တတိယ ကျင့်ကြံသူတစ်ဦးမှ ထိုတစ်ဦးအား ချောင်းမြောင်းတိုက်ခိုက်လိုက်ပြန်သည်။

အချို့မှာ တစ်ယောက်ထဲတိုက်ခိုက်နေစဉ်၊ အချို့မှာတော့ အုပ်စုဖွဲ့ကာ တိုက်ခိုက်နေကြသည်။ သူတို့အားလုံးမှာ တစ်မြို့တည်းသားများ ဖြစ်ကြသော်လည်း ယခုအချိန်တွင်တော့ ကမ္ဘာမကျေ ရန်ဘက်များနှယ် တိုက်ခိုက်နေကြသည်။ သူတို့ ကျင့်ကြံထားသည့် ကျင့်စဉ်များ၊ မှော်ရတနာများကိုသုံးရင်း ရန်သူအား အမြန်ဆုံး သတ်ဖြတ်နိုင်ရန် ကြိုးစားနေကြသည်။

အနောက်ဘက်တွင် ရှိနေသော ကျင့်ကြံသူများသည် ထိုအချင်းအရာကိုမြင်ပြီး ကြောင်သွားကြလေ၏။ သို့သော် မကြာမီ အကုန်လုံး ၀မ်းသာသွားကြလေသည်။ အကြောင်းမှာ ရှေ့ဆုံးမှလူများသာ ဤသို့ တိုက်ခိုက်နေပါက သူတို့တွင် နဂါးပျံယဇ်ပလ္လင်မှ ရတနာများကို ရယူရန် အခွင့်အရေး ရှိနေပေလိမ့်ဦးမည်။ ထိုသို့ စဉ်းစားမိလိုက်သည့်နောက်၌ နောက်ဘက်တွင် ရှိနေသော ကျင့်ကြံသူများသည် ရှိရှိသမျှ ခွန်အားကို ညစ်ထုတ်ရင်း ရှေ့ဆုံးသို့ရောက်အောင် ကြိုးစားကြတော့လေသည်။

သို့သော်လည်း မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်ခဲ့ရလေသည်။ ရှေ့ဆုံးရှိ ကျင့်ကြံသူများသည် သူတို့အချင်းချင်း တိုက်ခိုက်နေကြပါသော်ငြား နောက်ဘက်ရှိ တစ်ယောက်ယောက်သာ သူတို့နား ချဉ်းကပ်လာပါက အချင်းချင်း တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး ချဉ်းကပ်လာသူအား ပူးပေါင်းတိုက်ခိုက်ကြလေသည်။ ကြည့်ရသလောက် ပထမဦးဆုံးနေရာတွင် ရှိနေသည့် ကျင့်ကြံသူများသည် သူတို့အချင်းချင်းကိုသာ ပြိုင်ဘက်အဖြစ် သဘောထားကြပြီး အနောက်တွင်ရှိနေသည့် ကျင့်ကြံသူများအား အားနည်းသည့်လူများဟု မှတ်ယူထားပုံပင်။

အားနည်းသည့် လူများသည် နဂါးပျံယစ်ပလ္လင်ပေါ်ရှိ အဖိုးတန်ရတနာများကို ပိုင်ဆိုင်ဖို့ရာ အရည်အချင်း မပြည့်မီပေ။ ကျင့်ကြံသူ အယောက်နှစ်ဆယ်ကျော်မက သေသွားပြီးမှသာ အနောက်ဘက်တွင် ရှိနေသော ကျင့်ကြံသူများ ထိုအချက်ကို သဘောပေါက်သွားခဲ့လေသည်။ ထို့ကြောင့် စိတ်ရှိတိုင်း ရှေ့သို့ ဆက်မတိုးရဲတော့ချေ။

ရန်ကိုင်သည် ဒုတိယနေရာရှိ အဖွဲ့ထဲတွင် ရှိနေခြင်းဖြစ်သည်။ ထိုအချင်းအရာကို မြင်သောအခါ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏။ သူသာ နဂါးပျံယဇ်ပလ္လင်ရှိရာဆီသို့ သွားချင်ပါက ပထမဆုံးနေရာရှိ ကျင့်ကြံသူများ၏ ပစ်မှတ် ဖြစ်လာပေလိမ့်မည်။ သို့သော်လည်း ပထမဆုံးနေရာရှိ ကျင့်ကြံသူများကို အရင်မကျော်ဖြတ်ဘဲ နဂါးပျံယဇ်ပုလ္လင်ဆီသို့ မည်ကဲ့သို့ သွားမည်နည်း။

ထိုကဲ့သို့ တွေးလိုက်ပြီးနောက် ရန်ကိုင်က အကျယ်ကြီး အော်ပြောလိုက်လေသည်။

“ရတနာတွေဆိုတာ ကံပါတဲ့လူနဲ့ပဲ သက်ဆိုင်တာ။ ဒီငကြောက်တွေက အရမ်းလွန်လွန်းတယ်။ ငါတို့လမ်းကို လာပိတ်ပြီး ရတနာတွေမရအောင် လာလုပ်‌နေကြတယ်။ ရောင်ရင်းတို့ မင်းတို့ နဂါးဂိတ်ကို ကျော်ဖြတ်ပြီး ဧကရာဇ်တွေ ဖြစ်မလာချင်ကြဘူးလား။ ဖြစ်လာချင်ရင် ငါ့နောက်လိုက်ခဲ့” ပြောပြီးသည့်နောက် ရန်ကိုင်သည် ရှေ့ဆုံးမှ ပြေးထွက်သွားလေသည်။

ဒုတိယနေရာတွင် ရှ်ိနေကြသော ကျင့်ကြံသူများသည် ဤနေရာတွင် ရပ်မနေချင်ကြပေ။ ချင်းယုပြောသည်ကို ပြန်စဉ်းစားပြီးနောက် အကုန်လုံး စိတ်အားတက်ကြွသွားကြပြီး ရန်ကိုင့်နောက်သို့ ပြေးလိုက်သွားကြလေ၏။

“မင်းက တစ်ကယ် လျှာစောင်းထက်တဲ့ကောင်ပဲကွ။ ဒီတော့ မင်းအရင် သေဖို့သာ ပြင်ထားလိုက်တော့” ရှေ့ဘက်အဖွဲ့ထဲရှိ ပညာရှင်နှစ်ဦးသည် ရန်ကိုင့်ဆီသို့ အာရုံစိုက်လာခဲ့လေသည်။

တစ်ဦးသည် ပုဆိန်ကြီးတစ်ခုကို ထုတ်ယူ၍ ရန်ကိုင့်အား ပိုင်းချလိုက်လေသည်။ အခြား တစ်ဦးသည် သူ့လက်ကို ဆန့်ထုတ်၍ ခေါင်းလောင်းလေးတစ်ခုကို ဆင့်ခေါ်လိုက်လေသည်။ ထိုခေါင်းလောင်းသည် တချွင်ချွင် မြည်လျက် မမြင်နိုင်သော စွမ်းအားတစ်ခုကို ရန်ကိုင့်ဆီသို့ ပစ်လွှတ်လိုက်၏။ ရန်ကိုင်လည်း သတိလက်လွတ် မနေရဲချေ။ သူ့ခွန်အားကို အစွမ်းကုန်ထုတ်သုံး၍ ဆေဘာဓါးတစ်ချောင်းကို ထုတ်ယူလိုက်သည်။

ထိုဆေဘာဓါးထဲသို့ စိတ်စွမ်းအင်ကို ထည့်သွင်းပြီးနောက် ခုတ်ပိုင်းချလိုက်လေ၏။ မျက်စိကျိန်းမတတ် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဓါးအလင်းတန်းသည် ရန်ကိုင့်ပစ်မှတ်၏ အသိစိတ်ပင်လယ် အတားအဆီးကို ထိုးဖောက်ကာ အသိစိတ်ပင်လယ်ထဲသို့ တိုး၀င်သွားခဲ့လေသည်။ ထိုလူ၏ အသိစိတ်ပင်လယ်ထဲ မုန်တိုင်းများ ဖြစ်ပေါ်လာခဲ့သည်။ သူ့ဝိဥာဉ်တစ်ခုလုံး နှစ်ပိုင်း ကွဲထွက်သွားတော့မည့်အလား သူ့အသိစိတ်ပင်လယ် တစ်ခုလုံး လှိုင်းထန်လာခဲ့လေသည်။

သို့သော်လည်း လှိုင်းလုံးများမှာ အမြင့်သို့ ရောက်ရှိခြင်းမရှိဘဲ ဘာ့ကြောင့်မှန်းမသိ လမ်းတစ်၀က်တွင် အငွေ့ပျံကုန်ကြလေ၏။ အသိစိတ်ပင်လယ်သည် ကျင့်ကြံသူတစ်ဦး၏ ဝိဉာဉ်၏ အရင်းအမြစ်ဖြစ်သည်။ အသိစိတ်ပင်လယ်ထဲရှိ ရေအားလုံးသာ ခမ်းခြောက်သွားမည်ဆိုပါက ဝိဉာဉ်လည်း ထိခိုက်သွားရပေလိမ့်မည်။ ရန်ကိုင်၏ ဆေဘာဓါးနှင့် တိုက်ခိုက်ခံလိုက်ရသူမှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား တောင့်တောင့်ကြီး ဖြစ်သွားလေသည်။

ရန်ကိုင့်အား ကြောက်လန့်တကြား စိုက်ကြည့်ရင်း တစ်ခုခုကို ပြောချင်နေသည့်အလား ပါးစပ်ကို ပိတ်လိုက်ဖွင့်လိုက် လုပ်နေခဲ့သည်။ သို့သော် မည်သည့် စကားလုံးမှ ထွက်မလာခဲ့ဘဲ ခဏအကြာတွင် ခေါင်းငိုက်ငိုက်စိုက်၍ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားခဲ့လေသည်။

“ဘယ်လိုဖြစ်သွားတာလဲ”

သူ့ပြိုင်ဘက် သူ့ပြိုင်ဘကက် ရုတ်တရက်ကြီး သေသွားသည့်ပုံကိုကြည့်ရင်း ကျန်တစ်ဦးမှာ အလွန်ကိုမှ ထိတ်လန့်နေခဲ့လေသည်။ သူ့ပြိင်ဘက်နှင့် အချိန်အတော် တိုက်ခိုက်နေခဲ့ရသည့်အတွက် ထိုလူမည်မျှရင်ဆိုင်ရခက်မှန်း ကောင်းကောင်းသိထားပေသည်။ အချိန်အတော်ကြာအောင် တိုက်ခိုက်ခဲ့သည့်တိုင် မည်သူမှ အသာမရခဲ့ပေ။ သို့သော်လည်း ဘယ်ကမှန်းမသိ ပေါ်လာသော တန်ခိုးရှင်ဘုရင် ကျင့်ကြံသူတစ်ဦးသည် သူ့ပြိုင်ဘက်အား ဓါးတစ်ချက်နှင့် သတ်ပြသွားခဲ့သည်။

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးသည် ဤကဲ့သို့စွမ်းအားအား ပိုင်ဆိုင်ထားစရာ အကြောင်းမရှိချေ။ ထို့ကြောင့် အဓိကအကြောင်းအရင်းမှာ ဆေဘာဓါးကြောင့်သာ ဖြစ်ရပေလိမ့်မည်။ သို့သော်လည်း ဆေဘာဓါးသည် မည်ကဲ့သို့သော မှော်ရတနာတစ်ခု ဖြစ်နေ၍များ ဤစွမ်းအားကို ထုတ်ဖော်နိုင်ရလေသနည်း။ ထိုလူ ငေးကြောင်နေစဉ်မှာပင် ရန်ကိုင်သည် သူ့ဆီသို့ တိုး၀င်လာနေသော တိုက်ခိုက်မှုများကို တိမ်းရှောင်၍ သူ့ပြိုင်ဘက်ရှေ့တွင် ပေါ်လာခဲ့လေသည်။

အပြုံးကြီးပြုံး၍ သူ့ဆေဘာဓါးကိုခုတ်ရန် နောက်တစ်ကြိမ် မြောက်လိုက်၏။ အခုမှပဲ ထိုဆေဘာဓါး မည်မျှထူးဆန်းကြောင်းကို ထိုလူရှာတွေ့သွားတော့သည်။ ဓါးသွားမှာ ပိန်းပိန်းပိတ်အောင် မည်းမှောင်နေခဲ့သည်။ ထို့အပြင် ဓါးသွားဆီမှ သူ့ဝိဉာဉ်ထိတောင် ထိုးဖောက်နိုင်သော ရှင်းပြ၍မရနိုင်သော စွမ်းအားတစ်ရပ်ကို ခံစားနေရ၏။ သူသာ ထိုဓါးသွားကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပါက ဝိဉာဉ်နှစ်ပိုင်း ကွဲထွက်သွားတော့မလို ခံစားရလေသည်။

ခေါင်းတစ်စစ်စစ်ကိုက်လာသလို ခံစားရသဖြင့် ဓါးသွားဆီမှအကြည့်လွှဲလိုက်၏။ ရန်ကိုင် ထုတ်ယူလာသည့် ဓါးမှာ အခြားမဟုတ်။ ဝိဉာဉ်ခွဲ ဆေဘာဓါးသာ ဖြစ်လေသည်။ ဤဆေဘာဓါးသည် အင်းစက်ဧကရာဇ် ပိုင်ဆိုင်ခဲ့သော ဧကရာဇ်မှော်ရတနာ တစ်ခုသာ ဖြစ်လေသည်။ အင်းစက်ဧကရာဇ်၏ မှော်ရတနာများမှာ သူ့အတွက် အသုံးမ၀င်သည့်အတွက် ရန်ကိုင်လည်း ပစ်ထားမိခဲ့သည်။ သို့သော်ငြား အင်းစက်ချုပ်နှောင်လက်ကောက်၏ အစွမ်းကို နှစ်ကြိမ်တိုင်တိုင် မြင်တွေ့ပြီးနောက် ဧကရာဇ် မှော်ရတနာများသည် ဧကရာဇ်မှော်ရတနာများသာ ဖြစ်ကြောင်း ရန်ကိုင် နားလည်သွားခဲ့လေသည်။

ထိုအကြောင်းကြောင့်ပင် ရန်ကိုင်သည် ဝိဉာဉ်ခွဲ ဆေဘာဓါးကို အားနေသည့် အချိန်အတွင်း စတင်သန့်စင်ရန် ကြိုးစားတော့၏။ ခွန်အားနှင့် အချိန်များစွာ စိုက်ထုတ်ခဲ့သည့်တိုင် ယနေ့အချိန်ထိ ဝိဉာဉ်ခွဲဆေဘာာဓါးအား အပြည့်အ၀ မသန့်စင်နိုင်သေးပေ။ ဆေဘာဓါးကို ထုတ်သုံးလျှင်ပင် သူထုတ်သုံးနိုင်သည့် စွမ်းအားမှာ အနည်းငယ်လောက်သာရှိသည်။ သို့သော်လည်း ဧကရာဇ် မှော်ရတနာများသည် ဧကရာဇ်မှော်ရတနာများသာဖြစ်နေဆဲ။

ဧကရာဇ်မှော်ရတနာတစ်ခု၏ သေးငယ်သော စွမ်းအားသည်ကပင်လျှင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ ခုခံနိုင်သည့် အရာမျိုးမဟုတ်ချေ။ စိတ်စွမ်းအင်ကို ပိုင်းဖြတ်ပြီး ဝိဉာဉ်ကို ထိခိုက်အောင်လုပ်နိုင်သော ဤမှော်ရတနာမျိုး ဆိုလျှင်တော့ ပြောနေစရာပင်မလိုတော့။ ခန္ဓာကိုယ်ကို တိုက်ခိုက်မှုမရှိဘဲ ဝိဉာဉ်ကိုသာ တိုက်ခိုက်သည့် မှော်ရတနာများမှာ အလွန်ကိုမှ ရှားပါးသည်ကိုး။ ဝိဉာဉ်ခွဲဆေဘာဓါးသည် ခုခံရေးမှော်ရတနာများထက်ပင် ပိုမိုရှားပါးသည့် ဝိဉာဉ်မှော်ရတနာတစ်ခု ဖြစ်ပေသည်။

ထို့အပြင် ရန်ကိုင်၏ ဝိဉာဉ်ကလည်း အလွန်ကိုမှ အားကောင်းနေသေး၏။ ဝိဉာဉ်ခွဲ ဆေဘာဓါးနှင့် ပေါင်းစပ်လိုက်သော် သာမန် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးသည် သူ့တိုက်ကွက်ကို မည်သို့များ ခုခံနိုင်ပါဦးမည်နည်။ ထို့ကြောင့် ရန်ကိုင့်၏ ဓါးချက်ကို မိသွားပြီးနောက် တစ်ဖက်လူ၏ ဝိဉာဉ်မှာ ချက်ချင်းပျက်ဆီးသွားပြီး နေရာတွင်ပင် ပွဲချင်းပြီး သေသွားရခြင်း ဖြစ်သည်။

ရန်ကိုင်သည် ဤကဲ့သို့ဖြစ်အောင် တမင်လုပ်ခဲ့ခြင်းဖြစ်သည်။ ပထမနေရာတွင် ရှိနေသော ကျင့်ကြံသူများသည် ဒုတိယနေရာတွင် ရှိနေသော ကျင့်ကြံသူများအား အလွန်ကိုမှ အထင်သေးကြသည်။ ထို့ကြောင့် တစ်ဖက်လူများ သူ့အားတိုက်ခိုက်လာမည်ကို တား‌ဆီးရန်အတွက် ဤနည်းလမ်းကိုသာ ထုတ်သုံးရပေတော့သည်။ လူတစ်ယောက်အား အလွယ်တစ်ကူ သတ်ပြလိုက်ပြီးနောက်တွင် အခြားသူများသည် သူ့အား တားဆီးရဲတော့မည် မဟုတ်ချေ။

ရန်ကိုင် ထင်သည့်အတိုင်းပင် ပထမတစ်ယောက် သတ်ပြပြီးနောက် ရန်ကိုင်မှ ဝိဉာဉ်ခွဲဆေဘာဓါးကို ထပ်မြောက်လာသည် မြင်သော် ရန်ကိုင့် ရှေ့ရှိ ကျင့်ကြံသူမှာ ချက်ချင်း ကြောက်လန့်တကြား နောက်ပြန်ဆုတ်လေ၏။ သို့သော်လည်း သူဆုတ်လိုက်သည့် ခြေလှမ်းသည် နဂါးပျံယဇ်ပုလ္လင်အနီးတွင် ခင်းကျင်းထားသော စိတ်ဝိဉာဉ်အစီအရင်ကို သွားအသက်သွင်းလိုက်မိသလို ဖြစ်သွားခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၀၀၀)

နဂါးပျံယဇ်ပုလ္လင်ဆီမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် ထိုခြေတစ်လှမ်းဆုတ်လိုက်သော ကျင့်ကြံသူဆီသို့ တိုး၀င်သွားလေသည်။ ထိုလူ၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားပြီး တုံ့ဆိုင်းမနေတော့ဘဲ အရှိန်ကုန်သုံးကာ ထွက်ပြေးတော့လေ၏။

သို့သော်လည်း သူမည်မျှ မြန်အောင်ပြေးပြေး လျှပ်စီးတန်းထက် ပိုမြန်နိုင်မှာမို့လား… မမြန်နိုင်ပေ။ တစ်ခဏအတွင်း လျှပ်စီးတန်းမှာ သူ့အား လိုက်မှီသွား၏။

အသက်တစ်ရှိုက်စာ အတွင်းမှာပင် အလင်းတန်းသည် ထိုလူ၏ ချီအကာအကွယ်ကို ထိုးဖောက်ပြီး သူ့ရင်ဘက်ကို လာရောက်ထိမှန်လေသည်။

“အား…”

စူးစူးဝါးဝါး အော်ဟစ်သံနှင့်အတူ ထိုလူ မြေပြင်ပေါ်သို့ ခြေပစ်လက်ပစ် ပြုတ်ကျလာခဲ့လေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း အကုန်လုံး ကြောက်ရွံမှုကြောင့် တုန်ရီသွားကြသည်။ ရင်ကိုင် စတင်လှုပ်ရှားလိုက်သည့် အချိန်မှစ၍ ယခုအချိန်ထိ အသက်သုံးရှိုက်စာသာ ရှိသေးသော်ငြား ကျင့်ကြံသူ နှစ်ဦးမှာတော့ သေသွားလေပြီ။ သေသွားသူများမှာ သာမန်လူများမဟုတ်၊ တန်ခိုးရှင်ဘုရင် အထွတ်အထိပ်တွင် ရှိနေကြသော ကျင့်ကြံသူများ ဖြစ်ကြသည်။

မှော်ရတနာ၏ အကူအညီကြောင့် ဆိုသော်ငြား ထိုမှော်ရတနာမှာ ရန်ကိုင်၏ အပိုင်ဖြစ်သောကြောင့် မှော်ရတနာသည် သူခွန်အားကို ကိုယ်စားပြုပေသည်။ ရန်ကိုင့်စွမ်းအားကို မြင်ပြီးနောက် အကုန်လုံး ရန်ကိုင်ကို ကြည့်သည့် အကြည့်များ ပြောင်းလဲသွားခဲ့ကြလေသည်။ ယခင်က အထင်တသေး အကြည့်များသည် ကြောက်လန့်၊ တုန်လှုပ်နေသည့် အကြည့်များသို့ ပြောင်းလဲသွား၏။

တစ်ချိန်ထဲတွင် ကျင့်ကြံသူများစွာသည် ရန်ကိုင်ဆီမှ ခပ်ခွာခွာနေလိုက်ကြသည်။ ရန်ကိုင်လည်း ဤကဲ့သို့ ဖြစ်စေချင်နေခြင်း ဖြစ်သည်။ အကုန်လုံး သူ့အား ကြောက်လန့်သွားသည်ကို မြင်သည့်အခါ ဝိဥာဉ်ခွဲ ဆေးဘားဓါးကို သိမ်း၍ မြောက်ကြွမြောက်ကြွ အမူအရာဖြင့် ယဇ်ပုလ္လင်ဆီသို့ လျှောက်သွားလိုက်လေသည်။

“ဂါး….”

ရုတ်တရက် မိုးခြိမ်းသံတမျှ ကျယ်လောင်သည့်အသံ လူအုပ်ကြီးဆီမှ ထွက်ပေါ်လာခဲ့လေသည်။

အကုန်လုံး အံအားသင့်သွားပြ အသံကြားရာသို့ လှည့်ကြည့်လိုက်သောအခါ မြင်လိုက်ရသည့် အခြင်းအရာကြောင့် အကုန်လုံး၏ အမူအရာများ တောင့်တင်းကုန်ကြသည်။ သူတို့လှည့်ကြည့်ရာဘက်၌… အသက်သုံးဆယ်လောက် ရှိမည်ထင်ရသော လေ့ကျင့်ရေး ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ဦးသည် ကျင့်စဉ် တစ်ခုဦးကို ထုတ်သုံးလိုက်လေသည်။ ထိုကျင့်စဉ်ကို ထုတ်သုံးပြီးနောက် ထိုလူ၏ ခန္ဓာကိုယ်မှာ နီရဲလာပြီး သူ့ခေါင်းထက် ရေနဂါးပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။

သို့သော်လည်း တစ်ခဏသာ ပေါ်လာချင်း ဖြစ်သည်။ ပေါ်လာပြီး မကြာခင်မှာပင်‌ ရေနဂါးသည် ထိုလူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားခဲ့လေသည်။ တစ်ချိန်တည်း၌ ထိုလူ၏ အရှိန်အဝါမှာ တရိပ်ရိပ် မြင့်တက်လာခဲ့သည်။ နဂါးဖိအား တစ်စွန်းတစ်စသည်လည်း သူ့ခန္ဓာကိုယ်မှ စတင် ဖြာထွက်လာခဲ့လေသည်။

“တွမ့်ထျန်းစီ”

“အဲ့တာ တွမ့်ထျန်းစီပဲ” တစ်ယောက်ယောက်က ထအော်လေသည်။

“သူက မြို့သခင်ရဲ့သားလား”

“ငါကြားတာကတော့ သူငယ်ငယ်တုန်းက စွန့်စားရေးခရီးထွက်ရင်း ကံကောင်းပြီး ရေနဂါးတစ်ကောင်ရဲ့ ဝိဉာဉ်တစ်ခုကို ရလိုက်တယ်တဲ့။ ကြည့်ရတာ အဲ့ကောလာဟလတွေ မှန်နေတဲ့ပုံပဲ။ ဒီနဂါးဝိဉာဉ်နဲ့ဆို သူရင်ဆိုင်နေရတဲ့ ဖိအားက ကျိန်းသေ လျော့သွားမှာ”

တွမ်းထျန်းစီကိုကြည့်ရင်း ကျင့်ကြံသူများစွာက မနာလိုအားကျစွာဖြင့် အော်ပြောလိုက်ကြလေသည်။ ရန်ကိုင်လည်း ထိုလူ မည်သူမှန်း ချက်ချင်းသိသွားခဲ့သည်။ ထိုလူသည် အခြားမဟုတ်ဘဲ မြို့သခင် တွမ့်ယွမ်ရှန်း၏သား တွမ့်ထျန်းစီ ဖြစ်နေခဲ့လေသည်။ သူ့ခေါင်းထက်တွင် ပေါ်လာသည့် နဂါးပုံရိပ်မှာ ရေနဂါး၏ ဝိဉာဉ်သာဖြစ်သည်။ တွမ့်ထျန်းစီသည် ရေနဂါးဝိဥာဉ်၏ အကူအညီဖြင့် နဂါးဖိအားကို ခုခံလိုက်ခြင်း ဖြစ်သည်။

နေနဂါးများမှာ နဂါးကလန်၏ အစိတ်အပိုင်းတစ်ခု မဟုတ်သော်ငြား ၎င်းတို့ထဲတွင် အစစ်အမှန် နဂါးတစ်ကောင်၏ သွေးများ စီးဆင်းနေပေသေးသည်။ ထို့ကြောင့် နေနဂါးတစ်ကောင်၏ ဝိဉာဉ်သည် နဂါးဖိအားကို ခုခံရာတွင် အမှန်တစ်ကယ်ကို အသုံး၀င်ပေသည်။ တွမ့်ထျန်းစီသည် တစ်ကယ်ကို စိတ်ရှည်သူဟု ပြောရမည်။

သူ့တွင် ဤကဲ့သို့သော ဝှက်ဖဲတစ်ခု ရှိနေသည့်တိုင် အစပိုင်းတွင် လုံး၀ ထုတ်မသုံးခဲ့၊ ယခုအချိန်မှသာ ထုတ်သုံးခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့သော ဝှက်ဖဲမျိုးကို သိမ်းထားသည့်လူမှာ သူတစ်ယောက်တည်း မဟုတ်ချေ။ တွမ့်ထျန်းစီမှ သူ၏ ရေနဂါးကို ထုတ်သုံးလိုက်သည်နှင့် အခြားသော လူငယ်လေးတစ်ဦးကလည်း ခေါင်းလောင်းတစ်ခုကို ထုတ်သုံးလိုက်လေသည်။

သူ့ကိုယ်သူ ခေါင်းလောင်းဖြင့် ကာရံလိုက်ပြီးနောက်တွင် ဘေးပတ်၀န်းကျင်မှ ကျင့်ကြံသူများ၏ တိုက်ခိုက်မှုများသည် ထိုလူငယ်လေးဆီသို့ လုံး၀ မရောက်ရှိနိုင်တော့ပေ။ တိုက်ခိုက်မှု များမှာ အားကောင်းသော်လည်း ခေါင်းလောင်းအကာအကွယ်ကို လုံး၀ မထိုးဖောက်နိုင်ခဲ့။ ထိုသို့ဖြစ်ရာ ထိုလူငယ်လေးအနေဖြင့် နဂါးပျံယဇ်ပုလ္လင်ဆီသို့ တစ်လှမ်းချင်းတစ်လှမ်း လျှောက်သွားနိုင်ပေသည်။

“အဲ့တာ မီးတောက်ကျောင်းတော်က ကောင်းကင်ဘုရင် ခေါင်းလောင်းပဲ”

“ဒါဆိုသူက ကျုန်းကျီကျင်းပေါ့” လူအုပ်ကြီးထဲမှ ကျင့်ကြံသူတစ်ယောက်က အော်ပြောလိုက်လေသည်။

“တာအို အလယ်အလတ်အဆင့် ကောင်းကင်ဘုရင် ခေါင်းလောင်းလား”

“ဒါ ညစ်တာပဲကွ။ သူက အဲ့ခေါင်းလောင်းကြီး ထုတ်သုံးလာမှတော့ ငါတို့က ဘယ်လိုလုပ်ပြီး တိုက်ခိုက်ရတော့မှာလဲ”

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများစွာက အော်ပြောလိုက်ကြလေသည်။ ကျုန်းကျီကျင်း၏ ကျင့်ကြံခြင်းမှာ ကောင်းကင်ဘုရင် ခေါင်းလောင်း၏ စွမ်းအားကို အပြည့်အ၀ ထုတ်သုံးနိုင်လောက်သည်အထိ မြင့်မားခြင်း မရှိသော်ငြား ထိုခေါင်းလောင်းသည် တာအို အလယ်အလတ်အဆင့် အကာအကွယ် မှော်ရတနာတစ်ခု ဖြစ်နေဆဲ။ ထို့ကြောင့် သာမန် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုသည် ခေါင်းလောင်းအား မည်သို့မှ ထိုးဖောက်နိုင်လိမ့်မည် မဟုတ်ချေ။

ဆယ်ယောက်ကျော်မက ဝိုင်းတိုက်ခိုက်မည် ဆိုလျှင်ပင် ကျုန်းကျီကျင်း အနေဖြင့် ထိုလူများ၏ တိုက်ခိုက်မှုကို အလွယ်တကူ ခုခံနိုင်ပေသည်။ ရှေ့သို့သွားနေရင်း ကျုန်းကျီကျင်းသည် သူ့အား တိုက်ခိုက်လိုက်သူများဘက်သို့ လှည့်၍ ပြောလိုက်၏။

“မင်းတို့အားလုံးကို ငါအကုန် မှတ်ထားမယ်။ ဒီက ကိစ္စတွေ ပြီးသွားတာနဲ့ ငါ့အလှည့်ရောက်ပြီလို့သာ မှတ်ထားလိုက်တော့”

ထိုစကားကိုကြားသည့်အခါ တန်ခိုးရှင်ဘုရင် ကျင့်ကြံသူများစွာ၏မျက်နှာ ဖြူရော်သွားကြလေသည်။

“သခင်လေးကျုန်း ဒါနားလည်မှု လွဲသွားတာပါ။ ကျုပ်တို့တိုက်ခိုက်လိုက်တဲ့လူက သခင်းလေးကျုန်း မှန်း မသိလို့ အခုလိုတွေ ဖြစ်ကုန်တာပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ သခင်လေးကျုန်း။ သခင်လေးကျုန်းမှန်းသာ အစောကြီးကတည်းက သိခဲ့ရင် ဘယ်လိုလုပ်ပြီး တိုက်ခိုက်ရဲမှာလဲ”

ကျုန်းကျီကျင်း သူ့အား လက်စားလာချေမည်ကို စိုးသောကြောင့် တန်ခိုးရှင်ဘုရင် ကျင့်ကြံသူတစ်ဦးက အလျင်စလို ပြောလိုက်လေသည်။

“ဟုတ်တယ် ဟုတ်တယ်။ သခင်လေးကျုန်း မှန်းသာ သိခဲ့ရင် ဘယ်လိုလုပ်ပြီး အခုလို‌တွေ ဖြစ်လာပါ့မလဲ”

ထိုစကားကိုကြားသည့်အခါ ကျုန်းကျီကျင်းက လှောင်ပြုံးပြုံး၍ ပြန်ပြောလိုက်လေသည်။

“ကောင်းပြီလေ။ ဒီတစ်ကြိမ်ကတော့ ခွင့်လွတ်ပေးလိုက်မယ်။ နောက်တစ်ကြိမ် ဒီသခင်လေးကို လာပြီးပြဿနာ ရှာရဲဦးမယ် ‌ဆိုရင်တော့ မင်းတို့ အသေပဲ”

“မလုပ်ရဲပါဘူး။ အခုလို နားလည်ပေးတဲ့အတွက် သခင်လေးကျုန်းကို ကျေးဇူးအများကြီးတင်ပါတယ်”

ဤအချိန်သည် ထိုလူများနှင့် ပြိုင်နေရမည့် အချိန်မဟုတ်မှန်း ကျုန်းကျီကျင်း ကောင်းကောင်း သိပေသည်။ သူသာ ခေါင်းမာပြီး ထိုလူများနှင့် ဆက်တိုက်ခိုက်နေမည် ဆိုပါကသူ့အတွက် ဘာအကျိုးမှ ရှိလိမ့်မည်မဟုတ်။ ထို့ကြောင့် ထိုလူများနှင့် ဖက်ပြိုင်မနေတော့ခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် တွမ့်ထျန်းစီ၊ ကျုန်းကျီကျင်း နှင့် ပြိုင်ဆိုင်နိုင်သူ၍ ရန်ကိုင်တစ်ဦးသာ ရှိတော့သည်။

ဤအခြေအနေသို့ ရောက်လာပြီဖြစ်သဖြင့် ရန်ကိုင်လည်း သူ့ခွန်အားကို ဖုံးကွယ်မနေတော့ဘဲ ရွှေနဂါး အရင်းအမြစ်ကိုသုံးကာ နဂါးဖိအားကို ခုခံလိုက်လေသည်။ သုံးယောက်စလုံးသည် တစ်ဦးအခြေအနေကို တစ်ဦးစောင့်ကြည့်ရင်း နဂါးပျံယဇ်ပုလ္လင်ဆီသို့ ဦးတည်သွားနေကြသည်။ လက်ရှိအချိန်တွင် ရန်ကိုင့်စိတ်ထဲ အလွန်ကိုမှ ခါးသက်သက် ဖြစ်နေခဲ့လေသည်။

တွမ့်ထျန်းစီ၊ ကျုန်းကျီကျင်း တို့နှင့် မတူသည်မှာ သူ့တွင် အားကောင်းသည့်နောက်ခံ မရှိချေ။ သူ့ခွန်အားကို သုံး၍သာ နဂါးပျံယဇ်ပုလ္လင်ပေါ်ရှိ ရတနာအားလုံးကို သိမ်းယူလိုမည်ဆိုပါက ကျိန်းသေ လူထု၏ ပစ်မှတ်ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် တွမ့်ထျန်းစီနှင့် ကျုန်းကျီကျင်းအား အရင်သွားယူခိုင်းပြီး နောက်မှပဲ နဲနဲပါးပါး သွားယူရင်ကောင်းမလား စဉ်းစားတော့လေသည်။ သို့သော်ငြား ခဏကြာအောင် စဉ်းစားနေပြီးနောက် ထိုကဲ့သို့ မလုပ်တော့ရန် ဆုံးဖြတ်လိုက်သည်။

တစ်တတ်စားလည်း ကြက်သွန်၊ နှစ်တတ်စားလည်း ကြက်သွန်သာ ဖြစ်သည့်အတွက် သူရတနာ ဘယ်နှစ်ခုကို ယူသွားပါစေ လူထု၏ ပစ်မှတ်ကတော့ ကျန်းသေဖြစ်လာပေဦးမည်။ ထို့ကြောင့် ယဇ်ပုလ္လင်ပေါ်ရှိ ရသမျှ ရတနာအားလုံးကိုယူရန် ဆုံးဖြတ်လိုက်၏။ ရန်ကိုင်မှ ဆုံးဖြတ်ပြီးပြီးချင်းမှာပဲ တွမ့်ထျန်းစီသည် လက်ကွက်တစ်ခုကို ဖန်တီးလိုက်လေသည်။ တစ်ချိန်ထဲတွင် သူ့အရှိန်အဝါမှာ ရုတ်ချည်း မြင့်တက်လာခဲ့သည်။

ပြီးသည်နှင့် မာန်သွင်းအော်ဟစ်၍ နဂါးပျံယဇ်ပုလ္လင်ဆီသို့ ခြေတစ်လှမ်းထဲဖြင့် ခုန်သွားခဲ့လေ၏။ ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် ရင်ထိတ်သွားခဲ့လေသည်။ ကျုန်းကျီကျင်း ၏ အမူအရာမှာလည်း ပြောင်းလဲသွားခဲ့ပြီး နှစ်ဦးစလုံးသည် အံကြိတ်ကာ အရှိန်တင်လိုက်ကြလေ၏။

“ဒါတွေအားလုံး ငါ့အပိုင်ပဲကွ” တွမ့်ထျန်းစီသည် အော်ဟစ်ရယ်မော၍ ယဇ်ပုလ္လင်ပေါ်ရှိ ဓါးကဲ့သို့သော ရတနာအား လှမ်းဆွဲယူလိုက်လေသည်။

ထိုဓါးသည် နဂါးပျံယဇ်ပုလ္လင်ပေါ်ရှိ ရတနာများအနက် အဆင့်အမြင့်ဆုံး ရတနာတစ်ခု ဖြစ်ပေသည်။ တွမ့်ထျန်းစီမှာ သတိကြီးသူ တစ်ဦးဟု ပြော၍ရပေသည်။ ဓါးအား လှမ်းဆွဲယူလိုက်သော်လည်း သတိကိုတော့ လွှတ်မထားခဲ့ပေ။ မတော်တဆ တစ်ခုခုဖြစ်လာလျှင် အချိန်မီ တုန့်ပြန်နိုင်ရန်အတွက် သူ့ခွန်အားကိုပါ လှည့်ပတ်ထားခဲ့သည်။ သို့သော်လည်း သူမျှော်လင့်ထားသလို ဖြစ်မလာဘဲ ဓါးအား အလွယ်တကူ ယူနိုင်ခဲ့လေသည်။

ထို့အတွက်ကြောင့် တွမ့်ထျန်းစီမှာ အံအားသင့်မိသွားခဲ့သော်ငြား အလွန်ကိုမှ ပျော်သွားခဲ့သည်။ သို့သော်လည်း သူ့ဓါးကို သူ့သို့လှောင်လက်စွပ်ထဲအား ထည့်ရန်လုပ်‌နေစဉ် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်လာလေသည်။ တွမ့်ထျန်းစီမှ ဓါးအားလှမ်းဆွဲ ယူပြီးသည်နှင့် ဓါးသည် သစ်ကိုင်းခြောက်တစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့သည်။ ထို့နောက် ထိုသစ်ကိုင်းခြောက်သည် တစ်စစီဖြစ်ကာ မြေပေါ်သို့ ပြုတ်ကျသွားခဲ့လေသည်။

တွမ့်ထျန်းစီ၏အပြုံး တောင့်တင်းသွားခဲ့၏။ တွမ့်ထျန်းစီအား အာရုံစိုက်နေကြသည့် ကျင့်ကြံသူများမှာလည်း ထိုမြင်ကွင်းကို ကြည့်ရင်း မှင်သက်ကုန်ကြလေသည်။

“အတု၊ အတုကြီးလား” တွမ့်ထျန်းစီသည် ဒေါသတကြီးအော်ဟစ်၍ သူ့လက်ထဲရှိ သစ်ကိုင်းခြောက်ကို လွင့်ပစ်ကာ ‌တူ တစ်ခုအား လှမ်းယူလေ၏။

ဤ တူသည်လည်း ပထမယူခဲ့သည့် ဓါးကဲ့သို့ပင် ယဇ်ပုလ္လင်နှင့် ကွာသွားသည်နှင့် သာမန် ကျောက်တုံးတစ်တုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ပုံရိပ်ယောင်ပဲ။ ဒါတွေအကုန်လုံးက ပုံရိပ်ယောင်တွေပဲ။ ငါတို့အကုန်လုံး လှည့်စားခံလိုက်ရပြီ” လူအုပ်ကြီးထဲမှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ထိုလူပြောနေစရာပင် မလိုချေ။ တွမ့်ထျန်းစီ ကြုံနေရသည့် အရာကိုမြင်ပြီး အကုန်လုံး ထိုအချက်ကို သတိပြုမိသွားခဲ့သည်။ တွမ့်ထျန်းစီ အဖြစ်အပျက်ကို မြင်ပြီးနောက် ရှေ့တက်လာရန် ကြိုးစားနေကြသည့် ကျင့်ကြံသူများမှာ ရယ်ရခက် ငိုရခက် ဖြစ်ကုန်ကြလေသည်။ နောက်ဆုံး ရလာဒ်သည် ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြချေ။

သူတို့အား ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာအောင် လုပ်ပေးနိုင်သော နဂါးပျံယဇ်ပုလ္လင်ကြီးသည် အတုအယောင်ကြီးတစ်ခု ဖြစ်နေခဲ့သည်။ ရန်ကိုင်သည်လည်း ထိုမြင်ကွင်းကို ကြည့်ရင်း ကြောင်တောင်တောင်ဖြစ်နေ၏။ ခဏတာ မှင်သက်နေပြီးနောက်တွင် မျက်လုံးကိုပိတ်၍ ပြန်ဖွင့်လိုက်လေသည်။ အကုန်လုံးမှာ နဂါးပျံယစ်ပလ္လင်ကိုသာ အာရုံစိုက်နေကြ၍ ရန်ကိုင်၏ ဘယ်ဘက်မျက်လုံး ရွှေရောင်ပြောင်းသွားသည်ကို ဘယ်သူမှ သတိမပြုမိလိုက်ကြချေ။

နတ်ဆိုးမျက်လုံးကို ထုတ်သုံးပြီးသည်နှင့် ရန်ကိုင်သည် ယဇ်ပုလ္လင်ဆီသို့ ပြေး၀င်သွားခဲ့လေသည်။ ကျုန်းကျီကျင်းသည်လည်း နဂါးပျံယဇ်ပုလ္လင်ဆီသို့ အရှိန်ကုန်တင်ကာ ပြေးသွားနေခဲ့သည်။ တွမ့်ထျန်းစီနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် နဂါးပျံယစ်ပလ္လင်ပေါ်ရှိ ရတနာများကို တစ်ခုပြီးတစ်ခု ဆွဲယူလေသည်။ သို့သော်လည်း ဤအလွန်အဖိုးတန်သည် ထင်ရသော ကျင့်စဉ်နှင့် ရတနာပစ္စည်းများမှာ သာမန်ပစ္စည်းများသာ ဖြစ်နေခဲ့သည်။

ရန်ကိုင်လည်း နဂါးပျံယစ်ပလ္လင်ဆီသို့ ရောက်လာခဲ့သည်။ ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ကောက်ယူလိုက်ပြီးနောက် အဖုံးကို ဖွင့်ကြည့်လိုက်သည်။ ထို့နောက် ဒေါသတကြီး အော်ဆဲကာ ကျောက်စိမ်းပုလင်းကို လွှင့်ပစ်တော့လေသည်။

မကြာမီ ရန်ကိုင်တို့ သုံးဦး၏ လက်ချက်ဖြင့် ယဇ်ပုလ္လင်ပေါ်တွင် မည်သည့်ပစ္စည်းမှ မကျန်ရှိတော့ပေ။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” တွမ့်ထျန်းစီ မှာတော့ လက်ရှိအခြေအနေကို လက်မခံနိုင်သေးသည့်အလား စိတ်ပျက်ပျက်ဖြင့် ရေရွတ်နေလေသည်။

“ကြည့်ရတာ ငါတို့အားလုံး အရူးလုပ်ခံလိုက်ရတဲ့ပုံပဲ” ကျုန်းကျီကျင်း က မဲ့ပြုံးပြုံးလျက် ရယ်မောလိုက်သည်။

All Chapters