အခန်း (၁၀၉၆-၁၀၉၈)
Vol. 74 Ch. 1096-1098
အခန်း(၁၀၉၆)
"အပေးအယူလား"
ကျန်းချန်က တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
"စီနီယာက ဘယ်လိုမျိုး အပေးအယူလုပ်ချင်သလဲ ဆိုတာ သိပါရစေ"
"မင်းက ဆရာသခင် ချန်ထားရစ်ခဲ့တဲ့ ပကတိ အင်ပါယာတစ်ပိုင်း သွေးအဆီအနှစ်ကို မျိုချလိုက်ပြီ ဆိုတော့ ရွှယ်မင်ကျောင်းဆောင်ကို ပိုင်ဆိုင်နိုင်တဲ့ အရည်အချင်းရှိနေပြီ"
ရွှယ်ယဲ့က ကျန်းချန်ကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။
"ငါမင်းကို ရွှယ်မင်ကျောင်းဆောင် ထိန်းချုပ်နိုင်အောင် ကူညီပေးနိုင်တယ်.. ဒါပေမဲ့ ငါက ဒီရွှယ်မင်ကျောင်းဆောင်နဲ့ ဆက်ပြီး ချည်နှောင်ခံထားရတာမျိုးကို မလိုချင်တော့ဘူး.. ရွှယ်မင်ကျောင်းဆောင်ကို မင်းအပြည့်အဝ ထိန်းချုပ်ပြီးတာနဲ့ ငါ့ကိုလွတ်လပ်ခွင့်ပေးရမယ်.. ဘယ်လိုသဘောရလဲ"
ရှေးကာလက သူတော်စင်ရွှယ်မင် သေဆုံးချိန်တွင် ရွှယ်ယဲ့သည် ဉာဏ်အလင်းရခါစသာ ရှိသေးသည်။
ယခု နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ပြီးနောက်တွင် ရွှယ်ယဲ့သည် နတ်သန္ဓေအင်ပါယာနှင့် ယှဥ်နိုင်သော ဝိညာဥ်ဧကရာဇ်အဖြစ် ကြီးထွားလာခဲ့ပြီ ဖြစ်၏။
ရွှယ်ယဲ့သည် ရွှယ်မင်ကျောင်းဆောင်ဖြင့် ချည်နှောင်ခံထားရသောကြောင့် ဤနေရာမှ ထွက်ခွာနိုင်ခြင်း မရှိဘဲ ရွှယ်မင်ကျောင်းဆောင်ထဲတွင်သာ နေထိုင်ခဲ့ရသည်။
ဤနှစ်များအတွင်း ရွှယ်ယဲ့သည် သူတော်စင်ရွှယ်မင် ချန်ထားရစ်ခဲ့သော သွေးအဆီအနှစ်ကို တစ်စုံတစ်ဦးက ရရှိကာ ရွှယ်မင်ကျောင်းဆောင်ကို ထိန်းချုပ်ပြီး အင်ပါယာ အမွေအနှစ်နယ်မြေထဲကနေ သူ့ကို ခေါ်ထုတ်သွားရန် အမြဲတစေ မျှော်လင့်နေခဲ့သည်။
ထိုအချိန်သို့ ရောက်လျှင် သူသည် ရွှယ်မင်ကျောင်းဆောင်၏ ဝိညာဥ်အဖြစ်မှ လွတ်မြောက်ကာ လွတ်လပ်ခွင့်ကို ရရှိမည်ဖြစ်ပြီး ဝိညာဥ်ဧကရာဇ်အဖြစ် ကမ္ဘာကြီးကို ခြေဆန့်နိုင်မည် မဟုတ်လော။
သို့သော်လည်း ရွှယ်ယဲ့ကို စိတ်ပျက်စေခဲ့သည်မှာ အင်ပါယာအမွေအနှစ် နယ်မြေသည် နှစ်တစ်ရာတွင် တစ်ကြိမ်သာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ရွှယ်မင်ကျောင်းဆောင်သို့ ဝင်ရောက်လာကြသော်လည်း မည်သူကမှ သူတော်စင်ရွှယ်မင် ချန်ထားရစ်ခဲ့သည့် သွေးအဆီအနှစ်ကို ရယူနိုင်ခြင်း မရှိခဲ့ပေ။
ယခုအခါတွင် ရွှယ်ယဲ့သည် အဆုံးသတ်၌ သူစောင့်ဆိုင်းခဲ့ရသည့်သူကို တွေ့ရှိနေခဲ့ပြီ ဖြစ်၏။
ထို့ကြောင့် ကျန်းချန်က ပကတိ အင်ပါယာတစ်ပိုင်း သွေးအဆီအနှစ်ကို မျိုချပြီးနောက်တွင် သူက ကျန်းချန်နှင့်အပေးအယူ လုပ်ရန် ပေါ်လာခဲ့ခြင်း ဖြစ်သည်။
"ပြဿနာ မရှိပါဘူး.. ကျွန်တော်စီနီယာနဲ့ ဒီအပေးအယူကို လုပ်ဖို့ သဘောတူပါတယ်"
ကျန်းချန်က ရှည်ရှည်ဝေးဝေး စဥ်းစားမနေဘဲ ခေါင်းညိမ့်လိုက်သည်။
သူက ယခုအခါတွင် ရွှယ်မင်ကျောင်းဆောင်ထဲ၌ ရှိနေ၍ ရွှယ်မင်ကျောင်းဆောင်၏ ဝိညာဥ်ဖြစ်သော ရွှယ်ယဲ့၏ ရှေ့တွင် လုံးဝ ခုခံနိုင်စွမ်း မရှိပေ။
ထို့ကြောင့် ရွှယ်ယဲ့ကို ငြင်းဆန်ခြင်းသည် သေခြင်းတရားကို ရှာဖွေသည်နှင့် ထူးမခြားနားပင် မဟုတ်ပါလား။
ထို့ပြင် ရွှယ်ယဲ့နှင့် အပေးအယူသည် ကျန်းချန် အတွက်လည်း အကျိုးကျေးဇူး များစွာရှိ၏။
အကြောင်းအရင်းမှာ ရွှယ်မင်ကျောင်းဆောင်ကို ထိန်းချုပ်နိုင်ခြင်းသည် ရွှယ်မင်ကျောင်းဆောင်၏ အရာအားလုံးကို သူတစ်ဦးတည်းသာ ပိုင်ဆိုင်သွားပြီဟု ဆိုလိုရာ ရောက်သည် မဟုတ်ပါလော။
သိထားရမည်မှာ ဤရွှယ်မင်ကျောင်းဆောင် ထဲတွင် သူတော်စင်ရွှယ်မင် တစ်သက်တာလုံး ရှာဖွေခဲ့သည့် အရာအားလုံးနီးပါး ပါဝင်နေခြင်း ဖြစ်၏။
ဤကဲ့သို့ အပေးအယူမျိုးကို ရရှိလိမ့်မည်ဟု ကျန်းချန် တစ်ခါမှ မတွေးခဲ့ဖူးပေ။
ရွှယ်ယဲ့၏ လွတ်လပ်ခွင့်ကို ပေးလိုက်ရုံမျှဖြင့် ရွှယ်မင်ကျောင်းဆောင်နှင့် ပတ်သက်သည့် အရာအားလုံးကို ရရှိနိုင်မည်ဖြစ်ရာ ဤကဲ့သို့ ကောင်းမွန်သော အပေးအယူကို အဘယ်ကြောင့် မလုပ်ဆောင်ဘဲ နေရပါမည်နည်း။
ရွှယ်ယဲ့က သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်ရာ ရှေးဟောင်း ဝိညာဥ်စွမ်းအင်များ ထွက်ပေါ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် စာလိပ်တစ်လိပ်သည် လေထဲကနေ ဖြည်းညင်းစွာ လက်ဝါးထဲသို့ ကျဆင်းလာခဲ့သည်။
"ဒါက ဝိညာဥ်စာချုပ်ပဲ.. မင်းနဲ့ငါ ဝိညာဥ်စာချုပ် ချုပ်ကြမယ်.. ငါတို့ထဲက ဘယ်သူမဆို ကတိဖောက်ဖျက်တာနဲ့ အရမ်းကြီးတဲ့ အဖိုးအခတစ်ခုကို ပေးဆပ်ရလိမ့်မယ်"
ရွှယ်ယဲ့က ဝိညာဥ်စာလိပ်ကို ထိန်းချုပ်ကာ ကျန်းချန်နှင့် ဝိညာဥ်စာချုပ် ချုပ်ဆိုလိုက်သည်။
မကြာခင်မှာပင် သူက ကျန်းချန်၏ စိတ်ထဲသို့ နည်းလမ်းတချို့ ပေးပို့လိုက်၏။
"ကောင်လေး.. ဒါက ရွှယ်မင်ကျောင်းဆောင်ကို ထိန်းချုပ်တဲ့နည်းလမ်းပဲ.. အင်ပါယာအမွေအနှစ်နယ်မြေပိတ်ဖို့ ငါးရက်ပဲကျန်တော့တယ် ဒီငါးရက်အတွင်းမှာ ရွှယ်မင်ကျောင်းဆောင်ရဲ့ တစ်စိတ်တစ်ပိုင်းကို သန့်စင်ပြီး အင်ပါယာ အမွေအနှစ် နယ်မြေထဲကနေ ယူသွားနိုင်မယ်လို့ ငါမျှော်လင့်တယ်.. ဒီလိုမှ မဟုတ်ရင်တော့ ဒီရွှယ်မင်ကျောင်းဆောင်ထဲမှာ မင်းက ငါနဲ့အတူ နှစ်တစ်ရာတိုင် နေရလိမ့်မယ်.."
ရွှယ်ယဲ့က လေးနက်စွာ ပြောလိုက်သည်။
ထို့နောက်တွင် ရွှယ်ယဲ့သည် ကျန်းချန်ရှေ့ကနေ လျှပ်တပြက် ပျောက်ကွယ်သွားခဲ့၏။
ရွှယ်ယဲ့ ပျောက်ကွယ်သွားပြီးနောက်ကွယ်တွင် ကျန်းချန်သည် သူ၏ ဒဏ်ရာများကို ကုသရန်နှင့် ခွန်အားများကို ပြန်လည်ရရှိရန် အတွက် ကုသရေး ဆေးလုံးများကို အလျင်အမြန် ထုတ်ယူကာ စတင် ကျင့်ကြံခဲ့သည်။
ပကတိ အင်ပါယာတစ်ပိုင်း၏ ရတနာသည် သန့်စင်ရန် မလွယ်ကူပေ။
ထို့ကြောင့် ကျန်းချန် အတွက် ဤငါးရက်သည် အလွန်ပင် အရေးတကြီး ဖြစ်နေခဲ့သည်။
မည်သို့ပင် ဖြစ်စေကာမူ ကျန်းချန်သည် ဤငါးရက်အတွင်း ရွှယ်မင်ကျောင်းဆောင်ကို ထိန်းချုပ်နိုင်ရပေမည်။
အကြောင်းရင်းမှာ သူက ဤရွှယ်မင်ကျောင်းဆောင်တွင် နှစ်တစ်ရာတိုင် ရွှယ်ယဲ့နှင့်အတူ နေထိုင်လိုခြင်း မရှိသောကြောင့်ပင်။
၂နာရီကြာ ကျင့်ကြံပြီးနောက်တွင် ကျန်းချန်သည် သူ၏ ခွန်အားကို အထွတ်အထိပ် အခြေအနေအထိ ပြန်လည်ရရှိခဲ့သည်။
ထို့နောက်တွင် သူက အချိန်မဆွဲတော့ဘဲ ရွှယ်ယဲ့ သူ့ကို ချန်ထားရစ်ခဲ့သော နည်းလမ်းကို တိုက်ရိုက် လိုက်နာကာ ရွှယ်မင်ကျောင်းဆောင်ကို သန့်စင်ရန် စတင်ခဲ့သည်။
အခန်း(၁၀၉၆)ပြီး၏။
အခန်း(၁၀၉၇)
ကျန်းချန်က ရွှယ်မင်ကျောင်းဆောင်၏ စတုတ္ထထပ်တွင် တင်ပျဥ်ခွေထိုင်ကာ ရွှယ်ယဲ့ သူ့ကို ပေးခဲ့သော လျှို့ဝှက်နည်းလမ်းဖြင့် ရွှယ်မင်ကျောင်းဆောင်ကို စတင်သန့်စင်ခဲ့သည်။
သို့သော်လည်း ရွှယ်မင်ကျောင်းဆောင်သည် ပကတိအင်ပါယာတစ်ပိုင်း၏ ရတနာတစ်ပါး ဖြစ်သည်။
ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဝိညာဥ်ဘုရင်နယ်ပယ်အဆင့်ကို ယခုမှ စတင် ထိုးဖောက်ရုံသာ ရှိသေး၏။
သို့ဖြစ်ရာ သူ၏ ခွန်အားဖြင့် ရွှယ်မင်ကျောင်းဆောင်ကို ထိန်းချုပ်ရန် မလွယ်ကူပေ။
အစစ်အမှန် နဂါးခန္ဓာကိုယ်၏ သွေးစွမ်းအား အကူအညီဖြင့်ပင် ရွှယ်မင်ကျောင်းဆောင်နှင့် ဆက်သွယ်ရန် တစ်နေ့နှင့်တစ်ည အချိန်ယူခဲ့ရသည်။
"ဟူး.. ဒီနှုန်းက တကယ်ကို နှေးကွေးလွန်းတာပဲ.. ရွှယ်ယဲ့ကို ငါ့ရဲ့ကျွန်အဖြစ် မသိမ်းသွင်းနိုင်တာ အတော်ဆိုးတာပဲ.. ရွှယ်ယဲ့ကိုသာ သိမ်းသွင်းနိုင်ခဲ့ရင် ဒီရွှယ်မင်ကျောင်းဆောင်ကို ထိန်းချုပ်ဖို့က မိနစ်ပိုင်းလောက်ပဲ ကြာလိမ့်မယ်"
ကျန်းချန်က စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
ယခုအခါတွင် သူသည် ရွှယ်ယဲ့ ပေးခဲ့သောနည်းလမ်း အတိုင်း ရွှယ်မင်ကျောင်းဆောင်ကို တစ်ဆင့်ချင်းစီ ဖြည်းဖြည်းချင်း သန့်စင်ရုံသာ ရှိတော့၏။
ကျန်းချန်က ရွှယ်မင် ကျောင်းဆောင်ကို ဆက်လက် သန့်စင်နေခဲ့ပြီး သုံးရက်မျှ ကြာသည့်နောက်တွင် ကျန်းချန်သည် ရွှယ်မင်ကျောင်းဆောင်ကို အဆုံးသတ်၌ ထိန်းချုပ်နိုင်ခဲ့၏။
ထို့နောက်တွင် သူက လုံးဝ တုံ့ဆိုင်းခြင်းမရှိဘဲ ရွှယ်မင်ကျောင်းဆောင်ကို ပိတ်ပစ်လိုက်ပြီး သူတော်စင်မြို့တော် ငါးမြို့မှ တပည့်အားလုံးကို ရွှယ်မင်ကျောင်းဆောင်ကနေ မောင်းထုတ်လိုက်သည်။
ရွှယ်ယဲ့နှင့် ဝိညာဥ်စာချုပ် ချုပ်ဆိုပြီး ကတည်းကပင် ကျန်းချန်သည် သူ့ကိုယ်သူ ရွှယ်မင်ကျောင်းဆောင်၏ သခင်အသစ်အဖြစ် မှတ်ယူထားခဲ့သည်။
ရွှယ်မင်ကျောင်းဆောင်ထဲမှ အရာအားလုံးသည် သူကျန်းချန်၏ ကိုယ်ပိုင်ပစ္စည်းများ ဖြစ်သည်။
သို့ဖြစ်ရာ သူတော်စင်မြို့တော် ငါးမြို့မှ လူများက သူ၏ ကိုယ်ပိုင်ပစ္စည်းများအား လာရောက်ယူငင်နေသည်ကို သူမည်ကဲ့သို့ ခွင့်ပြုနိုင်ပါအံ့နည်း။
ကျန်းချန်က ရွှယ်မင်ကျောင်းဆောင်ကို ပိတ်လိုက်သည်နှင့် ရွှယ်မင်ကျောင်းဆောင်ထဲတွင် မူလက ရှိနေသော ပါရမီရှင်များသည် မည်သို့မှ မတုံ့ပြန်နိုင်ခင်မှာပင် ရွှယ်မင်ကျောင်းဆောင်၏ အပြင်ဘက်သို့ ရောက်ရှိသွားခဲ့ကြသည်။
"လခွမ်း.. ဘာဖြစ်တာလဲဟ.. ငါက ရွှယ်မင်ကျောင်းဆောင်ထဲကနေ ဘယ်လိုလုပ်ပြီး အပြင်ကို ရောက်သွားတာလဲ"
"ငါတော့ အတော်ကံဆိုးတာပဲ.. သတ္တမအဆင့် ဆေးလုံးကို ရခါနီးမှပဲ ရွှယ်မင်ကျောင်းဆောင် အပြင်ဘက်ကို ရောက်ရှိသွားခဲ့တယ်"
"............"
သူတော်စင်မြို့တော်ငါးမြို့မှ ပါရမီရှင် အားလုံးသည် ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေကြောင့် အံ့အားသင့်သွားကြသည်။
အထူးသဖြင့် ကြိုးစားအားထုတ်မှုကို များစွာ ပြုလုပ်ထားပြီး အခွင့်အလမ်းတစ်ခု ရနိုင်တော့မည်ဟု မှန်းဆထားသည့် လူတချို့သည် ကျိန်ဆဲနေခဲ့ကြ၏။
သို့ရာတွင် မည်သို့ပင် ကျိန်ဆဲစေကာမူ ရွှယ်မင်ကျောင်းဆောင်၏ တံခါးသည် ပြန်လည် ပွင့်လာတော့မည် မဟုတ်ပေ။
အဆုံးသတ်တွင် ရွှယ်မင်ကျောင်းဆောင်ထဲကနေ မောင်းထုတ်ခံခဲ့ရသည့် ပါရမီရှင်များသည် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားကြပြီး အင်ပါယာ အမွေအနှစ်နယ်မြေ၏ အခြားသော အခွင့်အရေးများကို ရှာဖွေရန် ထွက်သွားကြသည်။
"စီနီယာအစ်ကို ပိုင်ရီ.. ရွှယ်မင်ကျောင်းဆောင်က ပိတ်သွားခဲ့ပြီ.. ညီလေးကျန်းချန်ကို ဘာလို့ မတွေ့ရတာလဲ.. သူက အစောကြီးကတည်းက ဒီကနေ ထွက်သွားတာများလား"
ရှောင်ပိုင်ရီတို့အဖွဲ့မှ တပည့်တစ်ဦးသည် ရွှယ်မင် ကျောင်းဆောင်၏ ပတ်ဝန်းကျင်ကို အကဲခတ်ကာ ပြောလိုက်သည်။
"ညီလေးကျန်းချန်ကို မတွေ့ဘူး ဆိုတော့ ငါတို့ ဒီကနေ အရင်သွားကြစို့"
ရှောင်ပိုင်ရီက ခေါင်းခါရမ်း၍ ပြောလိုက်သည်။
သို့သော် သူက ကျန်းချန်၏ ဘေးကင်းရေးနှင့် ပတ်သက်၍ စိုးရိမ်ခြင်းမရှိပေ။
အကြောင်းအရင်းမှာ ကျန်းချန်သည် နတ်ဝိညာဥ်ဘုရင်နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့ပြီး သူတော်စင်မြို့တော်ငါးမြို့၏ နံပါတ်တစ် ပါရမီရှင် ဖုန်းချင်းရီပင် ကျန်းချန်၏ ပြိုင်ဘက် မဟုတ်တော့သောကြောင့် ဖြစ်သည်။
ရှောင်ပိုင်ရီတို့ လူစုသည် မကြာသေးမီက ဝိညာဥ်သတ္တုမိုင်းတွင်းကနေ ကြီးမားသော အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြသည်။
သို့ဖြစ်ရာ သူတို့အနေဖြင့် ပုန်းအောင်းရန် နေရာကောင်းကို ရှာဖွေရဦးမည် မဟုတ်ပါလား။
အကယ်၍သာ ပုန်းအောင်း မနေခဲ့လျှင် ဖုန်းချင်းရီသည် သူတို့ကို လာရောက် ဒုက္ခပေးလိမ့်မည် ဖြစ်၏။
ပါရမီရှင်များစွာ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားသည်နှင့် အမျှ ရွှယ်မင်ကျောင်းဆောင်အရှေ့ရှိ ကွင်းပြင်သည် မကြာမီမှာပင် တိတ်ဆိတ်သွားခဲ့သည်။
ကျန်းချန်တစ်ဦးတည်းသာလျှင် ရွှယ်မင် ကျောင်းဆောင်၏ စတုတ္ထထပ်တွင် တင်ပျဥ်ခွေထိုင်ကာ ရွှယ်မင်ကျောင်းဆောင်ကို ဆက်လက် သန့်စင်နေခဲ့၏။
ဤသို့ပင် နှစ်ရက်တာ အချိန်ကာလသည် ထပ်မံ ကုန်လွန်သွားခဲ့သည်။
ကျန်းချန်၏ ရွှယ်မင်ကျောင်းဆောင်ကို သန့်စင်ရာတွင် တိုးတက်မှုသည်လည်း အဆုံးသတ်တွင် ဆယ်ပုံတစ်ပုံအခြေအနေကို ရောက်ရှိလာခဲ့ချေပြီ။
"ကောင်လေး.. ဒီအခြေအနေလောက်ဆို မင်းကို ငါပေးထားတဲ့ လျှို့ဝှက်နည်းလမ်းကို အသုံးပြုပြီး ရွှယ်မင်ကျောင်းဆောင်ကို မင်းရဲ့ခန္ဓာကိုယ်ထဲ ထည့်လို့ရလောက်ပြီ.. အချိန်က အတော်ကပ်နေပြီ.. အင်ပါယာ အမွေအနှစ်နယ်မြေက မကြာခင်ပိတ်တော့မှာဆိုတော့ အခုပဲ စမ်းကြည့်လိုက်တော့"
ထိုအချိန်တွင် ရွှယ်ယဲ့၏ အသံသည် ကျန်းချန်၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
ကျန်းချန်က သူ၏မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်ရာ စတုတ္ထထပ်ကနေ ချက်ချင်းဆိုသလို ရွှယ်မင် ကျောင်းဆောင်၏ အပြင်ဘက်သို့ ရောက်ရှိသွားခဲ့သည်။
အခန်း(၁၀၉၇)ပြီး၏။
အခန်း(၁၀၉၈)
ကျန်းချန် ရွှယ်မင်ကျောင်းဆောင်ကနေ ထွက်ခွာလာပြီးနောက်တွင် အင်ပါယာ အမွေအနှစ် နယ်မြေတစ်ခုလုံးသည် တုန်ခါသွားခဲ့ပြီး ကြီးမားသော စွမ်းအားတစ်ခုသည် ချက်ချင်းဆိုသလို သက်ရောက်လာခဲ့သည်။
ထိုစွမ်းအားတွင် ကြီးမားသော တွန်အားများ ပါဝင်နေပြီး အင်ပါယာ အမွေအနှစ်နယ်မြေထဲမှ ပါရမီရှင်များကို အမွေအနှစ်နယ်မြေထဲကနေ အတင်းအကြပ် မောင်းထုတ်လိုနေပုံ ရ၏။
ရှင်းလင်းစွာဆိုရလျှင် အင်ပါယာ အမွေအနှစ်နယ်မြေသည် အမှန်တကယ် ပိတ်တော့မည် ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်က တုံ့ဆိုင်းမနေဝံ့တော့ဘဲ ရွှယ်ယဲ့ ပေးထားသော နည်းလမ်းကို အလျင်အမြန် အသုံးပြုကာ ရွှယ်မင်ကျောင်းဆောင်ကို ထိန်းချုပ်လိုက်သည်။
တစ်ခဏအတွင်းမှာပင် ရွှယ်မင်ကျောင်းဆောင်သည် သိသိသာသာ တုန်ခါလာခဲ့သည်။
"လာစမ်း"
ကျန်းချန်က ကြုံးဝါးလိုက်ပြီး လက်ဟန်များကို ထုတ်ဖော်လိုက်ရာ သူ၏ ထိန်းချုပ်မှုအောက်တွင် ရွှယ်မင်ကျောင်းဆောင်သည် မြေပြင်ကနေ ကြွတက်လာခဲ့ပြီး လျင်မြန်စွာ ကြုတ်သွားခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ပေပေါင်းများစွာ မြင့်မားသော ရွှယ်မင်ကျောင်းဆောင်သည် လက်ဖဝါးအရွယ် လှပသော ကျောင်းဆောင်တစ်ခု ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ ခန္ဓာကိုယ်ထဲကို တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့သည်။
ကျန်းချန်က ရွှယ်မင်ကျောင်းဆောင်ကို သိမ်းဆည်းပြီးနောက်တွင် လေထုအတွင်းရှိ ကြီးမားသော စွမ်းအင်သည် ပို၍ပင် အားကောင်းလာခဲ့သည်။
ကျန်းချန်၏ပုံရိပ်က လျင်မြန်စွာပင် မှိန်ဖျော့သွားခဲ့ပြီး အဆုံးသတ်၌ အင်ပါယာ အမွေအနှစ်နယ်မြေထဲကနေ ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူတော်စင်မြို့တောာ် ငါးမြို့မှ ပါရမီရှင်တပည့်များသည် အင်ပါယာ အမွေအနှစ် နယ်မြေ၏ အပြင်ဘက်သို့ တစ်ဦးပြီးတစ်ဦး ထွက်လာခဲ့ကြသည်။
ဤနေရာတွင် စောင့်ဆိုင်းနေကြသော သူတော်စင်မြို့တော်၏ အကြီးအကဲများသည် အမွေအနှစ်နယ်မြေထဲမှ ထွက်လာသော သူတို့၏ တပည့်များကို အလျင်အမြန် ကြိုဆိုကာ ဆုံးရှုံးမှုများနှင့် အမြတ်အစွန်းများကို ရေတွက်နေခဲ့ကြသည်။
မကြာမီမှာပင် သူတော်စင်မြို့တော် ငါးမြို့မှ နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူများသည် မျက်နှာ မကောင်းတော့ပေ။
ဤတစ်ကြိမ် အင်ပါယာ အမွေအနှစ် နယ်မြေထဲတွင် ယခင်ကထက် ပါရမီရှင်များစွာ ကျဆုံးခဲ့သည်။
ထိုအထဲတွင် ဧကရာဇ်အဆင့် ပါရမီရှင်များသာမက အင်ပါယာအဆင့် ပါရမီရှင်များပင် ပါဝင်နေ၏။
အထူးသဖြင့် ရှန်းဖုန်းမြို့တော်သည် အင်ပါယာအဆင့် ပါရမီရှင် သုံးဦးပင် ကျဆုံးခဲ့ရသည်။
"ချင်းရီ.. ဒါက ဘယ်လိုဖြစ်တာလဲ.. ဘယ်လိုလုပ်ပြီး ငါတို့ ရှန်းဖုန်းမြို့တော်ရဲ့ အင်ပါယာအဆင့် ပါရမီရှင်သုံးဦးက အမွေအနှစ် နယ်မြေထဲမှာ ကျဆုံးသွားရတာလဲ"
ဤအချိန်တွင် ရှန်းဖုန်းမြို့တော်၏ အကြီးအကဲဖြစ်သည့် ကြာပန်းနတ်ဘုရား ဧကရာဇ် ဖုန်းဝူယင်း၏ မျက်နှာသည် အလွန်အမင်း မှောင်မိုက်နေခဲ့သည်။
အင်ပါယာ အမွေအနှစ် နယ်မြေထဲသို့ သူတို့ ရှန်းဖုန်းမြို့မှ စေလွှတ်ခဲ့သော တပည့်များသည် ရှန်းဖုန်းမြို့တော်၏ မျိုးဆက်သစ် လူငယ်များထဲမှ ထိပ်တန်းပါရမီရှင်များ ဖြစ်ပြီး ၎င်းတို့ တစ်ဦးချင်းစီကို အရင်းအမြစ်များစွာဖြင့် ပြုစုပျိုးထောင်ထားခြင်း ဖြစ်၏။
အထူးသဖြင့် အင်ပါယာအဆင့် ပါရမီရှင်များသည် ရှန်းဖုန်းမြိူ့တော်၏ အနာဂတ်အတွက် အဓိကကျသော အင်အားများ ဖြစ်ကြသည်။
ယခုအခါတွင် ရှန်းဖုန်းမြို့တော်၏ အင်ပါယာအဆင့် ပါရမီရှင်သုံးဦးလုံး တစ်ပြိုင်နက်တည်း ကျဆုံးခဲ့သည်ဖြစ်ရာ အနာဂတ်တွင် သူတို့ ရှန်းဖုန်းမြို့တော်၏ အင်အားကို များစွာ ထိခိုက်စေမည် ဖြစ်၏။
"အကြီးအကဲ.. ဒီကိစ္စတွေ အားလုံးက ကျန်းချန်ရဲ့ လက်ချက်ပဲ"
ဖုန်းချင်းရီ၏ မျက်လုံးများက အေးစက်သွားခဲ့ပြီး အင်ပါယာအမွေအနှစ် နယ်မြေထဲတွင် ဖြစ်ပျက်ခဲ့သမျှကို ဖုန်းဝူယင်အား ပြောပြလိုက်သည်။
"တယ်သတ္တိကောင်းတဲ့ကောင်ပါလား"
ဖုန်းဝူယင်၏ အိုမင်းသော မျက်လုံးထဲတွင် ကြောက်မက်ဖွယ်ကောင်းသော လူသတ်ငွေ့များ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
သူ၏ စူးရှသောအကြည့်သည် လေထုကို ချက်ချင်း ထိုးဖောက်ကာ ရှောင်တုလီကို အင်ပါယာ အမွေအနှစ်နယ်မြေထဲမှကိစ္စများအား တင်ပြနေသည့် ကျန်းချန်ဆီသို့ ရောက်ရှိသွားခဲ့သည်။
"ကောင်လေး မင်းက ငါတို့ ရှန်းဖုန်းမြို့တော်ရဲ့ အင်ပါယာအဆင့် ပါရမီရှင်သုံးဦးကိုတောင် သတ်ရဲတယ်.. မြန်မြန်လာပြီး အသေလာခံစမ်း"
ဖုန်းဝူယင်၏ ဒေါသတကြီး ကြုံးဝါးသံကိုကြားလျှင် လူတိုင်း၏ အကြည့်သည် ကျန်းချန်ဆီသို့ ရောက်ရှိသွားခဲ့သည်။
"ယန်ဒီမြို့က ကောင်လေးက ဘာတွေများ လုပ်လိုက်လို့ ရှန်းဖုန်းမြို့တော်ရဲ့ အကြီးအကဲ ဖုန်းဝူယင်းကို ဒေါသထွက်စေခဲ့သလဲ မသိဘူး.ယ"
"မင်းတို့ မသိသေးဘူးကိုး.. ဒီကောင်လေးရဲ့နာမည်က ကျန်းချန်.. သူက ဒီတစ်ကြိမ် အင်ပါယာ အမွေအနှစ်နယ်မြေထဲမှာ အထူးခြားဆုံး ပါရမီရှင်ပဲ..သူက ဖုန်းချင်းရီကိုတောင် အနိုင်ယူခဲ့တယ်လို့ ပြောကြတယ်.. ရှန်းဖုန်းမြိူ့တော်ရဲ့ အင်ပါယာအဆင့် ပါရမီရှင်သုံးဦးစလုံးက သူ့လက်ထဲမှာ သေခဲ့တာတဲ့"
"ဟ.. လခွမ်း ဒီကောင်က ကြမ်းလှချည်လား"
"..........."
လူတိုင်းက ကျန်းချန်ကို ထိတ်လန့်တကြား ကြည့်နေခဲ့ကြသည်။
သူတို့၏ စိတ်ထဲတွင် အသက်ရှူမှားမတတ် ဖြစ်နေကြ၏။
ဖုန်းချင်းရီသည် သူတော်စင်မြို့တော် ငါးမြို့၏ နံပါတ်တစ်ပါရမီရှင် ဖြစ်ပြီး လူငယ်မျိုးဆက်သစ်များ ထဲတွင် မည်သူမှ ယှဥ်ပြိုင်နိုင်ခြင်း မရှိခဲ့ပေ။
သို့ဖြစ်ရာ လူသိနည်းသော အညတရ ကောင်လေးတစ်ယောက်က ဖုန်းချင်းရီကို အနိုင်ယူခဲ့သည်ဟု ကြားလျှင် အတော်လေး တအံ့တသြ ဖြစ်နေခဲ့ကြသည်။
ဖုန်းဝူယင်၏ ဒေါသထွက်နေသော အသွင်အပြင်ကို မြင်လျှင် ကျန်းချန်သည် မျက်မှောင် အနည်းငယ် ကြုတ်မိလိုက်သည်။
ရှန်းဖုန်းမြို့တော်၏ နတ်သန္ဓေအင်ပါယာအဆင့် အကြီးအကဲသည် သူ့ကို အမှန်တကယ်ပင် ဒုက္ခပေးတော့မည့်ပုံရသည် မဟုတ်ပါလား။
အခန်း(၁၀၉၈)ပြီး၏။