အခန်း (၁၀၉၉-၁၁၀၁)
Vol. 74 Ch. 1099-1101
အဆတစ်ရာစနစ် စာစဥ်(၇၄)
အခန်း(၁၀၉၉)
"ဖုန်းဝူယင်.. အင်ပါယာ အမွေအနှစ်နယ်မြေထဲမှာ ဖြစ်ပျက်သမျှက ကိုယ့်ရဲ့ စွမ်းရည်အပေါ်မှာပဲ မူတည်တယ်.. မင်းတပည့်တွေက ညံ့လို့ ငါ့တပည့်လက်ထဲမှာ သေတာလေ.. မင်းက ဘာလို့ ဒီမှာ လာဟောင်နေရတာလဲ.. ငါရှောင်တုလီရဲ့တပည့်ကို အလွယ်တကူ အနိုင်ကျင့်လို့ရမယ်များ ထင်နေလား"
ရှောင်တုလီက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရေရွတ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူက ကျန်းချန်၏ အရှေ့တွင် ရပ်ကာ ဖုန်းဝူယင်၏ နတ်သန္ဓေအင်ပါယာဖိအားကို ဖယ်ရှားပစ်လိုက်သည်။
"ကျန်းချန်က နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီရဲ့ တပည့်လား.. နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီက ယန်ဒီမြို့ကို ပြန်လာတဲ့နောက်မှာ တပည့်တစ်ဦးကို လက်ခံခဲ့တယ်လို့ ကြားဖူးတယ်.. လတ်စသတ်တော့ သူဖြစ်နေတာကိုး.. ဒီကောင်က နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီရဲ့တပည့် ဖြစ်ဖို့ ထိုက်တန်ပါတယ်.. သူ့ရဲ့ပါရမီက ရှောင်တုလီထက် လုံးဝမနိမ့်ဘူး"
"..............."
ထိုမြင်ကွင်းကို မြင်လျှင် လူတိုင်းသည် တအံ့တသြ ရေရွတ်လိုက်ကြသည်။
ထိုအချိန်တွင် ဖုန်းဝူယင်သည် ကျန်းချန်၏ အရှေ့တွင်ရပ်နေသည့် ရှောင်တုလီကို စူးစိုက်၍ ကြည့်လိုက်သည်။
သူ၏ အိုမင်းသော မျက်ဝန်းထဲတွင် မနာလိုသော အရိပ်အယောင်များ ဖြစ်ပေါ်လာ၏။
ရှောင်တုလီသည် သူတော်စင်မြို့တော် ငါးမြို့၏ ရာစုနှစ် အတွင်း နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်သည်။
အသက်သုံးဆယ် အတွင်းမှာပင် ရှောင်တုလီသည် ကျုံးကျိုးကုန်းမြေ၏ ထိပ်တန်းပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
ဆိုရလျှင် လွန်ခဲ့သည့် နှစ်အနည်းငယ်က မပျောက်ကွယ်သွားခင်ကပင် ရှောင်တုလီသည် သူတော်စင်မြို့တော် ငါးမြို့၏ ထိပ်တန်း အင်အားကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့ချေပြီ။
ယခု နှစ်အနည်းငယ် အကြာတွင် ရှောင်တုလီသည် လျှို့ဝှက်ဆန်းကြယ်စွာ ပြန်လည် ရောက်ရှိလာခဲ့၏။
သို့ဖြစ်ရာ သူ၏ ခွန်အားက မည်သည့်အဆင့်တွင် ရောက်နေမှန်း မည်သူမှ အတိအကျမသိပေ။
"ရှောင်တုလီ.. ဒီကောင်လေးက ငါတို့ ရှန်းဖုန်းမြို့တော်ရဲ့ အင်ပါယာအဆင့် ပါရမီရှင် သုံးဦးကိုတောင် သတ်ခဲ့တယ်.. မင်း သူ့ကို ငါ့လက်ထဲ အပ်မှဖြစ်လိမ့်မယ်"
ဖုန်းဝူယင်က ရှောင်တုလီကို သုန်မှုန်သော မျက်နှာထားဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဒီလိုမှမဟုတ်ရင်တော့ ငါတို့ ရှန်းဖုန်းမြို့တော်က မင်းတို့ ယန်ဒီမြို့တော်နဲ့ အမြဲတမ်းရန်ဘက် ဖြစ်စေရမယ်"
ရှန်းဖုန်းမြို့တော်၏ ဝါရင့် နတ်သန္ဓေအင်ပါယာ တစ်ပါး အနေဖြင့် ဖုန်းဝူယင်သည် ရှောင်တုလီ၏ ရှေ့တွင် သူ၏ ဂုဏ်အရှိန်အဝါကို မည်ကဲ့သို့ အဆုံးရှုံး ခံနိုင်ပါမည်နည်း။
ထို့အပြင် ရှောင်တုလီ၏ တပည့်သည် နတ်ဆိုးဆန်စွာ ပါရမီရှိပြီး ယခင်က ရှောင်တုလီနှင့် ဘာမှမကွာခြားပေ။
ထိုကောင်လေးကိုသာ ကြီးပြင်းခွင့် ပြုရမည်ဆိုလျှင် ယန်ဒီမြို့၏ အင်အားသည် သေချာပေါက် တိုးမြင့်လာမည် ဖြစ်ပြီး သူတို့ ရှန်းဖုန်းမြို့၏ ဂုဏ်သိက္ခာကိုပါ အနာဂတ်တွင် ခြိမ်းခြောက်လာနိုင်၏။
"မင်းတောင်းတိုင်း ပေးရမှာလား.. သတ္တိရှိရင် ငါ့တပည့်ရဲ့ ဆံချည်တစ်မျှင်ကိုတောင် ထိရဲရင် ထိကြည့်လိုက်လေ"
ရှောင်တုလီ၏ မျက်နှာအမူအရာက မထီတရီ ဖြစ်နေခဲ့သည်။
သူ၏ခန္ဓာကိုယ်ကနေ ကောင်းကင်ကိုပင် လောင်ကျွမ်းနိုင်သော လွှမ်းမိုးချုပ်ကိုင်နိုင်သည့် စွမ်းအားတစ်ခု ထွက်ပေါ်နေခဲ့၏။
"ကောင်းတယ်.. သိပ်ကောင်းတယ် ဒီနေ့ငါ ဖုန်းဝူယင်က မင်းရှောင်တုလီ ဆီကနေ လေ့လာရတာပေ့ါ"
ဖုန်းဝူယင်က ရှောင်တုလီကို ဒေါသတကြီး ကြည့်လိုက်သည်။
သူက ခြေဖဝါးကို လေထဲတွင် တစ်ချက် ဆောင့်နင်းလိုက်ရာ ပေတစ်ရာပတ်လည်အတွင်းရှိ ထူးဆန်းသော အနက်ရောင်လေများသည် လေထုထဲတွင် စုစည်းလာခဲ့ပြီး အနက်ရောင်ရေခဲလှံ ဆယ်ချောင်း အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုအနက်ရောင် ရေခဲလှံများသည် လေထုကို ထွင်းဖောက်ကာ ရှောင်တုလီ ဆီသို့ လျှပ်စီးသဖွယ် ပစ်ဝင်သွားခဲ့၏။
ဤအချိန်တွင် ရှောင်တုလီသည် ခံစားချက်ကင်းမဲ့သောအမူအရာဖြင့် ရှိနေခဲ့သည်။
သူက လက်ဝါးကို ဆန့်ထုတ်လိုက်ရာ ကြောက်မက်ဖွယ်စွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး သူ၏အရှေ့တွင် မီးလျှံတံတိုင်း တစ်ခုကို ဖန်တီးလိုက်သည်။
"ဖုန်းဝူယင်း ဒီတစ်ခါ ငါအလှည့်ပဲ.."
ရှောင်တုလီက အေးစက်စက် ကြုံးဝါးလိုက်သည်။
ထို့နောက်တွင် သူ၏လက်ဝါးမှ အနီရောင်အလင်းများ ပေါက်ကွဲ၍ ထွက်လာခဲ့၏။
ခဏအကြာတွင် ထိုအနီရောင် အလင်းများသည် လျင်မြန်စွာစုစည်းသွားခဲ့ပြီး သွေးရောင်လက်ဝါး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုလက်ဝါး၏ အထက်တွင် အရာအားလုံးကို လောင်ကျွမ်းနိုင်သော ကြောက်မက်ဖွယ်စွမ်းအင်တစ်ခုသည် ပျံ့နှံ့နေခဲ့ပြီး ပတ်ဝန်းကျင် နေရာလွတ်များကို လောင်ကျွမ်းစေကာ အရာအားလုံးကို အငွေ့ပျံတော့မည့် အလား ဖြစ်နေခဲ့၏။
"အင်ပါယာယန်ရဲ့ကောင်းကင်လောင်ကျွမ်း စည်းတံဆိပ်"
လက်ဝါးသဏ္ဌာန် ပေါ်လာသည်နှင့်အမျှ ရှောင်တုလီက လက်ဟန်များကို ပြုလုပ်လိုက်ရာ ချက်ချင်းဆိုသလို ပေတစ်ရာပတ်လည်အတွင်းရှိ ကောင်းကင်နှင့်မြေကြီး၏ အသက်စွမ်းအင်များသည် ရုတ်တရက် မြင့်တက်လာခဲ့ပြီး ကောင်းကင်ပေါ်ရှိ တိမ်တိုက်များသည်ပင် ကြောက်မက်ဖွယ်အပူချိန်ကြောင့် လောင်ကျွမ်းကာ ပျောက်ကွယ်သွားခဲ့သည်။
ရှောင်တုလီ၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ခံစားမိလျှင် ဖုန်းဝူယင်၏ မျက်နှာအမူအရာသည် ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားခဲ့၏။
တစ်ချိန်တည်းမှာပင် သူသည် ခန္ဓာကိုယ်အတွင်းရှိ အနက်ရောင်စွမ်းအင်များကို အစွမ်းကုန် ထုတ်ဖော်လိုက်တော့သည်။
အခန်း(၁၀၉၉)ပြီး၏။
အခန်း(၁၁၀၀)
ဖုန်းဝူယင်၏ အနက်ရောင်စွမ်းအင်များသည် ဧရာမလက်ချောင်းကြီး တစ်ချောင်း အဖြစ် စုစည်းသွားခဲ့သည်။
လက်ချောင်းကြီးသည် အလွန်တရာ ဆန်းကြယ်ပြီး အေးစက်စက် ခံစားချက်ကို ထုတ်လွှတ်နေ၏။
"ငရဲမှော်လက်ချောင်းသိုင်း"
ဧရာမလက်ချောင်း လျင်မြန်စွာ ပုံပေါ်လာသည်နှင့်အမျှ ဖုန်းဝူယင်းသည် ထိုလက်ချောင်းဖြင့် သူ့ဆီသို့ လာနေသော ဧရာမလက်ဝါးကို ရင်ဆိုင်လိုက်သည်။
"ဝုန်း.."
နတ်သန္ဓေအင်ပါယာနှစ်ပါး၏ တိုက်ခိုက်မှုများသည် အရောင်အသွေး ကွဲပြားသော ဥက္ကာခဲကြီးနှစ်ခု ရုတ်တရက် ထိပ်တိုက် ဆုံမိသကဲ့သို့ပင် နေရာတိုင်းကို မီးပန်းများကဲ့သို့ လင်းလက်စေခဲ့ပြီး ကောင်းကင်ကိုပင် တုန်လှုပ်စေသော အသံသည် ပဲ့တင်ထပ်နေခဲ့သည်။
ကြောက်မက်ဖွယ် စွမ်းအင်မုန်တိုင်း တစ်ခုသည် ထိပ်တိုက်ဆုံမိသော နေရာကို ဗဟိုပြု၍ ပျံ့နှံ့လာခဲ့ရာ ပတ်ဝန်းကျင်နေရာလွတ်များ၌ ပေတစ်ရာခန့် ရှည်လျားသော အနက်ရောင်အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားခဲ့သည်။
ထိုမြင်ကွင်းသည် လူတိုင်းကို ကြက်သီးမွေးညင်း ထစေခဲ့၏။
ထိုစွမ်းအင်မုန်တိုင်း ပျံ့နှံ့ခြင်းသည် ကမ္ဘာကြီးကိုပင် လွှမ်းခြုံထားစေသောလေမုန်တိုင်းကို သယ်ဆောင်လာခဲ့၏။
သူတောင်စင်မြို့တော် ငါးမြို့မှ နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူများသည် သူတို့၏ တပည့်များကို ကာကွယ်ကာ ပေတစ်ရာခန့် နောက်ဆုတ်သွားခဲ့ရသည်။
"ဒါက နတ်သန္ဓေအင်ပါယာတွေကြားက တိုက်ပွဲလား.. တကယ်ကို ကြောက်စရာကောင်းတာပဲ"
သူတော်စင်မြို့တော် ငါးမြို့မှ ပါရမီရှင်များ အားလုံးသည် လေထုထဲရှိ အက်ကွဲကြောင်းများကို အထိတ်တလန့် ကြည့်နေခဲ့ကြသည်။
နတ်သန္ဓေအင်ပါယာ နှစ်ပါး တိုက်ပွဲသည် တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှ၏။
နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူတစ်ဦးကသာ သူတို့ကို ကာကွယ်ပေးထားခြင်း မရှိခဲ့လျှင် ထိုတိုက်ပွဲ၏ အရှိန်ကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်မုန်တိုင်းသည် သူတို့ကို အပြင်းအထန် ဒဏ်ရာရရှိစေရန် လုံလောက်သည်။
"ဝုန်း"
လူတိုင်းက ရှောင်တုလီနှင့် ဖုန်းဝူယင်တို့၏ တိုက်ပွဲကြောင့် အထိတ်တလန့် ဖြစ်နေစဥ်မှာပင် လေထဲတွင် နောက်ထပ် ပေါက်ကွဲသံတစ်သံ ထပ်မံ ထွက်ပေါ်လာခဲ့သည်။
မကြာမီမှာပင် ပုံရိပ်တစ်ခုသည် လေထုထဲကနေ လွင့်စင်သွားခဲ့သည်။
ထိုသူမှာ သူတော်စင် မြို့တော်ငါးမြို့၏ နတ်သန္ဓေအင်ပါယာအဆင့် အထွတ်အထိပ် သုံးယောက်တွင် တစ်ယောက်အပါအဝင် ဖြစ်သော အရိပ်မဲ့နတ်ဘုရားဧကရာဇ် ဖုန်းဝူယင်ပင်ဖြစ်၏။
ဖုန်းဝူယင်၏ ခြေဖဝါးများ လေထုထဲတွင် ခြေချသည့် နေရာတိုင်းတွင် အနက်ရောင် အမှတ်အသားများပင် ကျန်ရစ်ခဲ့သည်။
လေထုထဲတွင် ပေတစ်ရာနီးပါး လွင့်စင်ပြီးနောက်တွင် ဖုန်းဝူယင်သည် သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခဲ့၏။
သို့သော်လည်း ခန္ဓာကိုယ်အတွင်းရှိ မတည်မငြိမ် ဖြစ်နေသော အသက်စွမ်းအင်များကိုမူ ထိန်းချုပ်၍ မရတော့ဘဲ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။
သူက ခေါင်းမော့၍ လေထဲတွင် ဝင့်ကြွားစွာ ရပ်နေသော ရှောင်တုလီကို ကြည့်လိုက်သည်။
သူ၏ အိုမင်းသော မျက်လုံးထဲတွင် အံ့သြသော အရိပ်အယောင် တစ်ခုသည် ဖုံးဖိမရစွာ ထွက်ပေါ်လာခဲ့၏။
ပတ်ဝန်းကျင်ရှိ ကြည့်ရှုသူများသည်လည်း အသက်ရှုမှားမတတ် ဖြစ်နေခဲ့ကြသည်။
ရှန်းဖုန်းမြို့တော်၏ အရှိန်အဝါ ကြီးမားလှသော ဝါရင့်နတ်သန္ဓေအင်ပါယာအဆင့် ပုဂ္ဂိုလ်ဖြစ်သည့် ဖုန်းဝူယင်သည် ရှောင်တုလီ၏ တိုက်ကွက် တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့ရသည်။
တစ်ချိန်က သူတော်စင်မြို့တော် ငါးမြို့ကို ကြောက်လန့်စေခဲ့သည့် နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီသည် နာမည်ကျော်ကြားမှုနှင့် အမှန်တကယ် ထိုက်တန်ခဲ့သည်။
"ရှောင်တုလီရဲ့ခွန်အားက ဒီလောက်တောင် အစွမ်းထက်နေပြီလား"
မီးလျှံဓားဘုရင် ရှောင်ရှင်းဟဲသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ရှောင်တုလီကို ကြည့်နေသည့် သူ၏ အကြည့်တွင် မနာလိုသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
အရိပ်မဲ့နတ်ဘုရားဧကရာဇ် ဖုန်းဝူယင်သည် ရှန်းဖုန်းမြို့တော်၏ ခေါင်းဆောင် ကြာပန်းနတ်ဘုရားဧကရာဇ် ဖုန်းချင်းယာ ပြီးလျှင် ရှန်းဖုန်းမြို့၌ ဒုတိယမြောက် အင်အားအကြီးဆုံးသူ ဖြစ်ပြီး နတ်သန္ဓေအင်ပါယာ နယ်ပယ်၏ တတိယအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ရှောင်တုလီက တိုက်ကွက် တစ်ကွက်တည်းဖြင့်ပင် ဖုန်းဝူယင်ကို အနိုင်ယူနိုင်ပုံ ထောက်လျှင် ရှောင်တုလီ၏ ခွန်အားသည် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေသည်မှာ သံသယဝင်စရာ မလိုပေ။
"ရှောင်တုလီ.. မင်းက ငါတို့ ရှန်းဖုန်းမြို့တော်နဲ့ ရန်ဘက်ဖြစ်ဖို့ တကယ်ပဲ ရည်ရွယ်နေတာလား"
ဖုန်းဝူယင်က သူ၏ စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ထိန်းချုပ်လိုက်ပြီး သုန်မှုန်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"မသေချင်ရင် ငါ့ရှေ့ကနေ ချက်ချင်းထွက်သွားစမ်း.. အပိုစကားတွေ ထပ်ပြောရင် ငါမင်းကို ဓားကွက် တစ်ကွက်တည်းနဲ့ သတ်ပစ်မယ်"
"ဟမ့် ရှောင်တုလီ.. ငါဒီနေ့ကိစ္စကို ကောင်းကောင်းမှတ်ထားမယ်"
ဖုန်းဝူယင်က အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ရှန်းဖုန်းမြို့တော်မှ လူများ ထွက်ခွာသွားသည်နှင့် သူတော်စင်မြို့တော် သုံးမြို့၏ နတ်သန္ဓေ အင်ပါယာများသည်လည်း သူတို့၏ တပည့်များနှင့်အတူ ထွက်ခွာသွားခဲ့သည်။
အခန်း(၁၁၀၀)ပြီး၏။
အခန်း(၁၁၀၁)
ရက်အနည်းငယ်ကြာပြီးနောက်တွင် ကျန်းချန်တို့အဖွဲ့သည် ယန်ဒီမြို့သို့ ပြန်ရောက်လာခဲ့ကြသည်။
ယန်ဒီမြို့မှ အကြီးအကဲ များစွာသည် ကျန်းချန်တို့လူစု ပြန်ရောက်လာမည်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
အကြီးအကဲ အများစုသည် ၎င်းတို့၏ တပည့်များ ဘေးကင်းရန်ကို စိုးရိမ်ပူပန်နေခဲ့ကြ၏။
ကျန်းချန်က အင်ပါယာ အမွေအနှစ်နယ်မြေ အတွင်း နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ထိုးဖောက်ခဲ့ရုံသာမက ရှန်းဖုန်းမြို့တော်၏ နံပါတ်တစ် ပါရမီရှင် ဖုန်းချင်းရီကိုပင် အနိုင်ယူကာ သူတော်စင်မြို့တော် ငါးမြို့၏ လူငယ်မျိုးဆက်ထဲတွင်နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်လာခဲ့ကြောင်း သိရှိလိုက်ရလျှင် သူတို့အားလုံးသည် အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့ကြသည်။
ကျန်းချန်သည် လွန်ခဲ့သော ခြောက်လခန့်က ယန်ဒီမြို့သို့ ဝင်ရောက်လာခဲ့ပြီး အင်ပါယာအဆင့် ပါရမီရှင်တစ်ဦးနှင့် မခြားနားသော ကြောက်မက်ဖွယ် ပါရမီကို ပြသခဲ့သည်။
သို့သော်လည်း ကျန်းချန်က ခြောက်လအတွင်း ဤအခြေအနေအထိ ကြီးထွားလာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
တစ်ချိန်တည်းမှာပင် ယန်ဒီမြို့၏ နတ်ဝိညာဥ်ဘုရင်အဆင့် အကြီးအကဲများစွာသည် ကျန်းချန်တို့ ဆရာတပည့်ကို ဂုဏ်ပြုခဲ့ကြသည်။
ရှောင်တုလီသည် တစ်ချိန်က သူတော်စင်မြို့တော် ငါးမြို့ကို ဖိနှိပ်နိုင်ခဲ့သော ပါရမီရှင်တစ်ဦး ဖြစ်ပြီး မျိုးဆက် တစ်ဆက်ကိုပင် ဦးဆောင်နိုင်ခဲ့သည်။
ယခု ရှောင်တုလီ၏ တပည့်ဖြစ်သည့် ကျန်းချန်၏ ပါရမီသည် ရှောင်တုလီတုန်းကထက်ပင် သာလွန်နေခဲ့၏။
မတော်တဆကိစ္စများ မရှိသရွေ့ အနာဂတ်တွင် ကျန်းချန် ရရှိမည့် အောင်မြင်မှုများသည် ရှောင်တုလီ၏ အောက်တွင် လုံးဝရှိမည် မဟုတ်ပေ။
ဆရာနှင့်တပည့် နှစ်ဦးစလုံးသည် လူတစ်သန်းတွင် တစ်ဦး တွေ့ရခဲသည့် ပါရမီရှင်များ ဖြစ်ကြသည်။
ယန်ဒီမြို့မှ အကြီးအကဲများသည် နောက်ထပ် ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်များစွာ အတွင်း ယန်ဒီမြို့သည် ရှောင်တုလီတို့ တပည့်နှစ်ဦး၏ လွှမ်းမိုးမှုအောက်မှာပင် ရှိနေလိမ့်မည် ဆိုသည်ကို သူတို့၏ အတွေ့အကြုံများဖြင့် သိရှိခဲ့ကြသည်။
ယခင်က မည်သည့်ဘက်မှ မလိုက်ဘဲ ကြားနေခဲ့သည့် အကြီးအကဲတချို့ပင် ရှောင်တုလီတို့ဆရာတပည့်နှစ်ဦးကို ရှောင်ရှင်းဟဲထက်ပို၍ အလေးပေးကာ ဆက်ဆံခဲ့ကြသည်။
ထိုဖြစ်ရပ်ကို သတိပြုမိသော ရှောင်ရှင်းဟဲ၏ မျက်နှာ အမူအရာသည် အနည်းငယ် အကျည်းတန်လာခဲ့သည်။
သူက လူတိုင်းကို စကားအနည်းငယ် ပြောဆိုပြီးနောက်တွင် ရှောင်ကျင့်ယွင်နှ င့်အတူ သူ၏နေအိမ်သို့ ပြန်သွားခဲ့သည်။
"ရှောင်တုလီက ဒီလိုနတ်ဆိုးဆန်တဲ့ တပည့်တစ်ဦးကို ရှာတွေ့လိမ့်မယ်လို့ ငါတကယ် မထင်ထားမိဘူး.. ငါရှောင်တုလီကို လုံးဝ အရှုံးမပေးနိုင်ဘူး.. ဒီတစ်ကြိမ်တော့ ဘယ်လိုအကြောင်းပဲရှိရှိ ရှောင်တုလီကို ထပ်ပြီးရှုံးလို့မဖြစ်ဘူး"
ရှောင်ရှင်းဟဲသည် စိတ်ထဲကနေ ထိတ်လန့်နေခဲ့သည်။
ဤတစ်ကြိမ် အင်ပါယာ အမွေအနှစ်နယ်မြေထဲ ဝင်ရောက်ရာတွင် ကျန်းချန်သည် မထင်မှတ်ဘဲ အစွမ်းပြနိုင်ခဲ့ပြီး သူတော်စင်မြို့တော် ငါးမြို့၏ ပါရမီရှင်အားလုံးကို လွှမ်းမိုးနိုင်သော နံပါတ်တစ် ပါရမီရှင် ဖြစ်လာခဲ့သည်။
ကျန်းချန် ပြသခဲ့သည့် ပါရမီနှင့် အလားအလာသည် သူ့တပည့် ရှောင်ကျင့်ယွင်ထက်ပင် များစွာ သာလွန်နေခဲ့၏။
ယခုအခါတွင် ယန်ဒီမြို့မှ အကြီးအကဲများစွာသည် ကျန်းချန်ကို အရေးတယူ ဆက်ဆံနေခဲ့ကြပြီ ဖြစ်သည်။
ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် ကျန်းချန်သည် သိပ်မကြာခင်မှာပင် ရှောင်ကျင့်ယွင်၏ နေရာကို အစားထိုးသွားနိုင်ပြီး ယန်ဒီမြို့၏ အင်ပါယာသားတော်ဘွဲ့ကိုပင် ရရှိနိုင်တော့မည် ဖြစ်သည်။
ထိုအချိန်သို့ရောက်လျှင် သူနှစ်ပေါင်းများစွာ စီစဥ်ထားသည့် အစီအစဥ်များသည် ပျက်စီးသွားမည်မှာ အသေအချာပင်။
ယင်းမှာ သူလုံးဝ မတွေ့မြင်ချင်သည့် ရလဒ်ပင် ဖြစ်သည်။
"ဆရာ.. ကျန်းချန်က ဒီတစ်ကြိမ် အင်ပါယာအမွေအနှစ်နယ်မြေမှာ အံ့ဖွယ်စွမ်းရည်တွေကို ပြသနိုင်ခဲ့ပေမဲ့ ကျွန်တော့်အမြင်မှာတော့ ဒီကောင်က ကိုယ့်သေလမ်းကိုယ် ရှာနေတာပဲ ဆရာ သူ့ကို လုံးဝ စိုးရိမ်နေစရာမလိုဘူး"
ထိုအချိန်တွင် ရှောင်ကျင့်ယွင်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းများ လင်းလက်သွားခဲ့သည်။
သူက ရှောင်ရှင်းဟဲကို ကောက်ကျစ်စွာ ပြုံးပြလိုက်သည်။
သူ့တပည့်၏ အရိပ်အကဲကို အကဲခတ်တတ်သော ရှောင်ရှင်းဟဲသည် ချက်ချင်းပင် မျက်လုံးများ လင်းလက်သွားခဲ့ပြီး အေးစက်စက် မေးလိုက်သည်။
"ကျင့်ယွင်.. မင်းမှာ အဲဒီကောင်လေးကို ဖယ်ရှားဖို့ နည်းလမ်းရှိလား"
"ဆရာ ဒီတစ်ကြိမ် အင်ပါယာ အမွေအနှစ်နယ်မြေမှာ ကျန်းချန်က ရွှယ်မင်ကျောင်းဆောင်ရဲ့ စတုတ္ထထပ်ကို စိုးမိုးခဲ့တယ်.. သူက စတုတ္ထထပ်က လူတွေအကုန်လုံးကို မောင်းထုတ်ခဲ့တဲ့ အတွက် စတုတ္ထထပ်မှာ သူတစ်ဦးပဲ ကျန်ရစ်ခဲ့တယ်.. ဒါကြောင့် သူက ပကတိအင်ပါယာတစ်ပိုင်းရဲ့ သွေးအဆီအနှစ်ကို ရရှိနိုင်ဖွယ်ရှိတဲ့ တစ်ဦးတည်းသောသူ ဖြစ်နိုင်တဲ့အပြင် ရွှယ်မင်ကျောင်းဆောင်ရဲ့ ပဉ္စမထပ်က လျှို့ဝှက်ချက်ကို ရရှိဖို့ အခွင့်အရေးရှိတဲ့ တစ်ဦးတည်းသောလူလည်းဖြစ်တယ်"
"ကျွန်တော်တို့က ရွှယ်မင်ကျောင်းဆောင်ရဲ့ပဉ္စမထပ်က လျှို့ဝှက်ချက်ကို ကျန်းချန် ရရှိထားတယ်လို့ သူတော်စင်မြို့တော် လေးမြို့ကို သတင်းလွှင့်လိုက်ရုံပဲ.. အဲဒီသတင်းကို ရတာနဲ့ သူတော်စင်မြို့တော် လေးမြို့က ကျန်းချန်ကို အလွှတ်ပေးမှာ မဟုတ်တော့ဘူး"
ရှောင်ကျင့်ယွင်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။
ရွှယ်မင်ကျောင်းဆောင်၏ ပဉ္စမထပ်မှ လျှို့ဝှက်ချက်သည် အင်ပါယာတစ်ပါး ဖြစ်လာရန်အတွက် အလွန် အရေးကြီးသောလျှို့ဝှက်ချက် ဖြစ်သည်။
ကျန်းချန်က ရွှယ်မင်ကျောင်းဆောင်၏ ပဉ္စမထပ်က လျှို့ဝှက်ချက်ကို ရခဲ့သည်ဖြစ်စေ မရခဲ့သည်ဖြစ်စေ၊ ထိုသတင်းသာပျံ့နှံ့သွားလျှင် ကျန်သူတော်စင်မြို့တော် လေးမြို့သည် လျစ်လျူရှု၍ နေနိုင်တော့မည် မဟုတ်ပေ။
ထိုအချိန်သို့ရောက်လျှင် သူတို့သည် သူတော်စင်မြို့တော် လေးမြို့၏ စွမ်းအားကို အားကိုး၍ ကျန်းချန်ကို အလွယ်တကူ ဖယ်ရှားနိုင်လိမ့်မည် မဟုတ်ပါလော။
အခန်း(၁၁၀၁)ပြီး၏။