← Chapters

အခန်း (၁၁၀၂-၁၁၀၄)

Vol. 74 Ch. 1102-1104

အခန်း (၁၁၀၂-၁၁၀၄)

Vol. 74 Ch. 1102-1104

အခန်း(၁၁၀၂)

"တယ်ကောင်းတဲ့ ဓားငှားပြီးလူသတ်တဲ့ အကြံဥာဏ်ပါလား"

ရှောင်ရှင်းဟဲ၏ မျက်လုံးများသည် အနည်းငယ် မှေးကျဥ်းသွားခဲ့သည်။

"အကယ်၍ ကျန်းချန်က ရွှယ်မင်ကျောင်းဆောင်ရဲ့ပဉ္စမထပ်က လျှို့ဝှက်ချက်ကို မျှဝေဖို့ ဆန္ဒရှိခဲ့ရင်ရော"

လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းက ရှန်းဝူတိုက်ကြီးတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး အင်ပါယာလမ်းစဥ် ပြတ်တောက်သွားခဲ့၍ ထိုအချိန်မှစကာ နောက်ထပ်အစွမ်းထက်သည့် အင်ပါယာ တစ်ပါးမှ ပေါ်ပေါက်မလာတော့ပေ။

ထို့ကြောင့် သူတော်စင်ရွှယ်မင် ချန်ထားရစ်ခဲ့သည့် အင်ပါယာနယ်ပယ်ကို ထိုးဖောက်နိုင်မည့် လျှို့ဝှက်ချက်သည် ကျုံးကျိုးကုန်းမြေရှိ နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူများကို သွေးဆောင်ရန် ကောင်းစွာ လုံလောက်၏။

သူတော်စင်မြို့တော် လေးမြို့မှ နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူများသည် သတင်းကြားသည်နှင့် ချက်ချင်း ရောက်လာကြလိမ့်မည် ဖြစ်သည်။

ထို့အပြင် ဇာတ်မြုပ်နေကြသည့် အစွမ်းထက် ကျင့်ကြံသူများပင် ထိုလျှို့ဝှက်ချက်အတွက် ထွက်ပေါ်လာနိုင်၏။

သို့ဖြစ်ရာ ရှောင်တုလီနှင့်ကျန်းချန်တို့ ဆရာတပည့်နှစ်ယောက်သည် သူတော်စင်မြို့တော် ငါးမြို့မှ နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူများကို မည်ကဲ့သို့ ရင်ဆိုင်နိုင်ပါအံ့နည်း။

သို့သော် ဤဓားငှားပြီးသတ်သည့် နည်းလမ်းသည် ကျန်းချန်က ပဉ္စမထပ်မှ လျှို့ဝှက်ချက်ကို လက်လွှတ်မလွှတ် ဟူသော အခြေအနေပေါ်တွင် မူတည်သေးသည်။

ကျန်းချန်သာ ထိုလျှို့ဝှက်ချက်ကို မျှဝေဖို့ ဆန္ဒရှိခဲ့လျှင် သူတို့၏ နည်းဗျူဟာသည် အဟောသိကံ ဖြစ်သွားပေလိမ့်မည် မဟုတ်ပါလား။

ရှောင်ကျင့်ယွင်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ဆရာ.. ရွှယ်မင်ကျောင်းဆောင်ရဲ့ ပဉ္စမထပ်မှာရှိတဲ့ လျှို့ဝှက်ချက်က ရဖို့မလွယ်ဘူး.. ကျန်းချန်က ဒီလျှို့ဝှက်ချက်ကို ရနိုင်မယ်လို့ဆရာထင်လား"

ထိုစကားကိုကြားလျှင် ရှောင်ရှင်းဟဲ၏ မျက်လုံးများသည် အနည်းငယ် လင်းလက်သွားခဲ့သည်။

အင်ပါယာ အမွေအနှစ်နယ်မြေကို သူတော်စင်မြို့တော် ငါးမြို့သည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာကပင် ရှာတွေ့ခဲ့ကြသည်။

ဤနှစ်ထောင်ပေါင်းများစွာ အတွင်း နှစ်တစ်ရာတိုင်းတွင် သူတော်စင်မြို့တော် ငါးမြို့မှ ပါရမီရှင်များသည် တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်ခဲ့ကြ၏။

မျိုးဆက်တိုင်းတွင် ထူးချွန်သော ပါရမီရှင်များစွာ ပေါ်ပေါက်ခဲ့သော်လည်း ရွှယ်မင်ကျောင်းဆောင်၏ ပဉ္စမထပ်ကို မည်သူမှ ဝင်ရောက်နိုင်ခဲ့ခြင်းမရှိပေ။

ဆိုရလျှင် ရွှယ်မင်ကျောင်းဆောင်၏ စတုတ္ထထပ်မှ ပကတိ အင်ပါယာတစ်ပိုင်း၏ သွေးအဆီအနှစ်ကိုပင် မည်သူမှ ယူဆောင်မသွားနိုင်ချေ။

ကျန်းချန်က ဖုန်းချင်းရီကို အနိုင်ယူပြီး သူတော်စင်မြို့တော်ငါးမြို့၏ နံပါတ်တစ်ပါရမီရှင် ဖြစ်လာခဲ့လျှင်ပင် ရွှယ်မင် ကျောင်းဆောင်၏ ပဉ္စမထပ်မှ လျှို့ဝှက်ချက်ကို ရရှိနိုင်ခြေက အလွန်တရာ နည်းပါး၏။

"ဆရာ စိတ်မပူပါနဲ့.. ကျန်းချန်က ရွှယ်မင်ကျောင်းဆောင်ရဲ့ ပဉ္စမထပ်ကို သေချာပေါက် ဝင်ရောက်နိုင်မှာ မဟုတ်ဘူး..ကျွန်တော်တို့ရဲ့ အစီအစဥ်က သူ့ကို အဆုံးသတ်ဖို့ လုံလောက်ပါတယ်"

ရှောင်ကျင့်ယွင်က အခိုင်အမာ ပြောဆိုလိုက်သည်။

ပကတိ အင်ပါယာနယ်ပယ်ကို ထိုးဖောက်နိုင်မည့် လျှို့ဝှက်ချက်သည် တကယ်ကို အရေးပါသော လျှို့ဝှက်ချက် ဖြစ်သည်။

ကျန်းချန်က ထိုလျှို့ဝှက်ချက်ကို အမှန်တကယ် ရရှိခဲ့လျှင် ယန်ဒီမြို့သည် ပကတိ အင်ပါယာတစ်ပါးကို မွေးဖွားလာနိုင်မည်ဖြစ်ပြီး ကျုံးကျိုးကုန်းမြေရှိ တစ်ခုတည်းသော ကြယ်ငါးပွင့် အဆင့်အင်အားစု ဖြစ်လာနိုင်ပေသည်။

သို့သော် ထိုအခြေအနေသည် ကျန်သူတော်စင်မြို့တော် လေးမြို့၏ သဘောထားနှင့် လုံးဝ ကိုက်ညီမှုရှိမည်မဟုတ်ပေ။

ကျန်းချန်က ထိုလျှို့ဝှက်ချက်ကို ရရှိရန် မဖြစ်နိုင်မှန်း လူတိုင်း သိထားကြသည်။

သို့သော်လည်း အပုံတစ်သောင်းတွင် တစ်ပုံ ဖြစ်နိုင်ခြေ ရှိနေလျှင်ပင် သူတို့အတွက် စိုးရိမ်ရသည် မဟုတ်ပါလော။

ထို့ကြောင့် ကျန်သူတော်စင်မြို့တော် လေးမြို့သည် ကျန်းချန်ကို အလွှတ်ပေးမည် မဟုတ်ပေ။

သူတို့ဖြန့်သည့် သတင်းသာ ပျံ့နှံ့သွားသည်နှင့် သူတော်စင် မြို့တော်လေးမြို့မှ အင်အားကြီးမားသော ကျင့်ကြံသူများသည် ကျန်းချန်ဆီသို့ ကျိန်းသေ ရောက်လာပေလိမ့်မည်။

ရှောင်တုလီသည် သူတော်စင်မြို့တော် လေးမြို့မှ နတ်သန္ဓေအင်ပါယာ အများအပြားကို တိုက်ခိုက်နိုင်လိမ့်မည်ဟု ရှောင်ကျင့်ယွင် မယုံကြည်ခဲ့ပေ။

ရှောင်ကျင့်ယွင်တို့ ဆရာတပည့် နှစ်ယောက် လျှို့ဝှက်ကြံစည်နေကြသည့် တစ်ချိန်တည်းမှာပင် ကျန်းချန်သည် ရှောင်တုလီ၏ နေအိမ်သို့ ရောက်ရှိနေခဲ့သည်။

"ချန်းအာ.. မင်းရဲ့ပါရမီက နတ်ဆိုးဆန်တယ်ဆိုတာ ငါသိတယ်.. မင်းက ငါ့ကို ဘယ်တုန်းကမှ စိတ်မပျက်စေခဲ့ဖူးဘူး ဒါပေမဲ့ ခြောက်လအတွင်း ဒီအခြေအနေအထိ ‌ရောက်လာလိမ့်မယ်လို့တော့ ငါထင်မထားခဲ့မိတာ အမှန်ပဲ"

ရှောင်တုလီက ကျန်းချန်ကို ကျေနပ်စွာ ကြည့်လိုက်သည်။

ခဏအကြာတွင် သူ၏ မျက်နှာသည် ပိုမို၍ လေးနက်လာခဲ့သည်။

"ဒီတစ်ကြိမ် အင်ပါယာ အမွေအနှစ်နယ်မြေမှာ မင်းအများကြီး လုပ်ဆောင်နိုင်ခဲ့တယ်.. ဒါပေမဲ့ ရွှယ်မင်ကျောင်းဆောင်နဲ့ ပတ်သက်တဲ့ကိစ္စက မင်းအတွက် အသက်အန္တရာယ် ရှိလာနိုင်မယ်လို့ ငါထင်တယ်"

ထိုစကားကိုကြားလျှင် ကျန်းချန်က မျက်မှောင်အနည်းငယ်ကြုတ်ကာ ပြောလိုက်သည်။

"ရွှယ်မင်ကျောင်း‌ဆောင်ရဲ့ ပဉ္စမထပ်က လျှို့ဝှက်ချက်ကို ကျွန်တော် ရထားတယ်လို့ သူတို့တွေ သံသယဝင်လာကြလိမ့်မယ်လို့ ဆရာ ဆိုလိုချင်တာလား"

"အင်ပါယာ နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်မဲ့ လျှို့ဝှက်ချက်က နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူတွေ အတွက် တကယ်ကို စွဲဆောင်မှုရှိလွန်းတယ်.."

ရှောင်တုလီက ခါးသီးစွာပြုံးလိုက်ပြီး ကျန်းချန်ကို လေးနက်စွာ ကြည့်လိုက်သည်။

"ချန်းအာ.. ငါ့ကိုအမှန်အတိုင်းပြောပါ...မင်း ရွှယ်မင်ကျောင်းဆောင်ရဲ့ ပဉ္စမထပ်ကို ဝင်ခဲ့သေးလား"

"ကျွန်တော် မဝင်ရသေးပါဘူး"

ကျန်းချန်က ခေါင်းခါလိုက်သော်လည်း သူဆက်ပြောလိုက်သောစကားက ‌ရှောင်တုလီကို မှင်တက်သွားစေခဲ့သည်။

"ဒါပေမဲ့ ကျွန်တော်ရွှယ်မင်ကျောင်းဆောင်ကို ယူလာခဲ့တယ်ဆရာ"

အခန်း(၁၁၀၂)ပြီး၏။

အခန်း(၁၁၀၃)

"ဘယ်လို.. မင်းဆိုလိုချင်တာက ရွှယ်မင်ကျောင်းဆောင်က မင်းဆီမှာ ရှိနေတာလား"

ရှောင်တုလီသည် လှိုင်းလေထန်သော အခြေအနေများစွာကို ကြုံတွေ့ခဲ့ဖူးသူ ဖြစ်သော်လည်း ဤအခိုက်အတန့်တွင် မှင်တက်သွားခဲ့သည်။

ရွှယ်မင်ကျောင်းဆောင် ဆိုသည်မှာ သူတော်စင်ရွှယ်မင်ကိုယ်တိုင် သန့်စင်ထားသည့် ရတနာ ဖြစ်သည်။

ထိုကဲ့သို့ ရတနာကို နတ်သန္ဓေ အင်ပါယာအဆင့် ကျင့်ကြံသူပင်လျှင် အောင်မြင်စွာ ထိန်းချုပ်နိုင်ရန် မလွယ်ကူပေ။

ကျန်းချန်က ရွှယ်မင်ကျောင်းဆောင်ကို အင်ပါယာ အမွေအနှစ် နယ်မြေထဲကနေ ယူလာခဲ့မည်ဟု ရှောင်တုလီ မထင်ထားခဲ့ပေ။

ကျန်းချန်က ဘာကိုမှ ဖုံးကွယ်မထားဘဲ ရွှယ်မင်ကျောင်းဆောင်တွင် ဖြစ်ပျက်ခဲ့သမျှကို သူ့ဆရာအား ပြောပြလိုက်သည်။

"ဆရာ ကျွန်တော် အခုအချိန်မှာ ရွှယ်မင်ကျောင်းဆောင်ကို အပြည့်အဝ မသန့်စင်ရသေးတဲ့ အတွက် ပဉ္စမထပ်ကို ဝင်လို့မရသေးဘူး ကျွန်တော် ရွှယ်မင်ကျောင်းဆောင်ကို အပြည့်အဝ ထိန်းချုပ်ပြီးတဲ့အခါမှပဲ အင်ပါယာ နယ်ပယ်ကို ထိုးဖောက်နိုင်မဲ့ လျှို့ဝှက်ချက်ကို ဆရာ့ဆီ ပေးအပ်ပါ့မယ်"

ကျန်းချန်သည် သူ၏ ဆရာ ရှောင်တုလီကို အမြဲတစေ ကျေးဇူးတင်ခဲ့သည်။

မြောက်ပိုင်းတောရိုင်းဒေသတွင်ဖြစ်စေ၊ ယန်ဒီမြို့တွင်ဖြစ်စေ ရှောင်တုလီသည် သူ့ကို အကူအညီများစွာ ပေးအပ်ခဲ့သည်။

ရှောင်တုလီသာ မရှိခဲ့လျှင် ကျန်းချန်သည် ကျုံးကျိုးကုန်းမြေသို့ ဤမျှ လျင်မြန်စွာ ရောက်လာနိုင်မည်မဟုတ်ပေ။

သူသာ မြောက်ပိုင်းတောရိုင်းဒေသတွင် ဆက်ရှိနေခဲ့လျှင် အဆတစ်ရာစနစ်ဖြင့်ပင် နတ်ဝိညာဥ်ဘုရင် အဆင့်ကို ဤမျှလျင်မြန်စွာ ထိုးဖောက်နိုင်မည် မဟုတ်ချေ။

"ချစ်တပည့် မင်းမှာ ဒီလို စိတ်ထားရှိတာနဲ့တင် ဆရာ ကျေနပ်နေပါပြီ.. ဒါပေမဲ့ ဒီကိစ္စက အရမ်းကို အလေးအနက် ထားရမဲ့ကိစ္စပဲ အခြေအနေအရ မင်း ယန်ဒီမြို့မှာ ဆက်နေလို့မဖြစ်တော့ဘူး"

ရှောင်တုလီက လေးနက်စွာကြည့်၍ ပြောလိုက်သည်။

"ငါတို့နှောင့်နှေးလို့ မဖြစ်ဘူး မင်းကို အခုချက်ချင်း မြောက်ပိုင်းတောရိုင်း ဒေသဆီ ပို့ပေးမှဖြစ်မယ်"

ကျန်းချန်သည် အင်ပါယာ အမွေအနှစ်နယ်မြေထဲတွင် ကမ္ဘာကြီးကိုပင် တုန်လှုပ်စေမည့် ကိစ္စများကို ပြုလုပ်ခဲ့သည်။

သူတော်စင်ရွှယ်မင်၏ ရတနာဖြစ်သည့် ရွှယ်မင်ကျောင်းဆောင် တစ်ခုတည်းနဲ့တင် နတ်သန္ဓေအင်ပါယာများစွာကို ဆွဲဆောင်နိုင်ဖို့ ကောင်းစွာ လုံလောက်နေပြီ ဖြစ်သည်။

သူတော်စင်မြို့တော် ငါးမြို့တွင် အင်ပါယာ အမွေအနှစ်နယ်မြေမှ ရတနာများသည် အလွန်ပင် နည်းပါးသည်။

ကျန်းချန်တွင်မူ ရွှယ်မင်ကျောင်းဆောင် ရှိနေ၍ သူတော်စင်ရွှယ်မင် ချန်ထားရစ်ခဲ့သည့် အမွေအနှစ်များသာမက အင်ပါယာ နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်မည့် လျှို့ဝှက်ချက်များလည်း ရှိနေခဲ့၏။

ထိုအရာအားလုံးနီးပါးသည် ယခုအခါတွင် ကျန်းချန်တစ်ဦးတည်း၏ လက်ထဲတွင်ရှိနေသည်။

ကျန်းချန်၏ လက်ထဲတွင်သာ ရွှယ်မင်ကျောင်းဆောင် ရှိနေမှန်း လူအများ သိသွားခဲ့လျှင် အကျိုးဆက်များသည် ဆိုးရွားလာလိမ့်မည် ဖြစ်၏။

ရွှယ်မင်ကျောင်းဆောင်ကို ကျန်းချန် ရရှိခဲ့သည်ဟု မည်သူမှ မသိလျှင်ပင် သူတော်စင်မြို့တော် ငါးမြို့သည် ကျန်းချန်ကို အလွှတ်ပေးမည် မဟုတ်ပေ။

အကြောင်းအရင်းမှာ ကျန်းချန်သည် ရွှယ်မင်ကျောင်းဆောင်၏ စတုတ္ထထပ်တွင် နောက်ဆုံးအချိန်ထိရပ်တည်နိုင်ခဲ့သည့် တစ်ဦးတည်းသောသူဖြစ်ပြီး ရွှယ်မင်ကျောင်းဆောင်၏ ပဉ္စမထပ်မှ လျှို့ဝှက်ချက်ကို ရရှိရန်အလားအလာ အများဆုံးသူ ဖြစ်သောကြောင့်ပင်။

သူတော်စင်မြို့တော် လေးမြို့မှ အင်အားကြီးမားသော ကျင့်ကြံသူများသည် ဤကိစ္စနှင့် ပတ်သက်၍ ယန်ဒီမြို့သို့ မကြာမီ အချိန်အတွင်း ရောက်လာမည်ကို သူစိုးရိမ်မိသည်။

ထို့ကြောင့် သူတော်စင်မြို့တော်‌လေးမြို့မှ အင်အားကြီးမားသော ကျင့်ကြံသူများ ယန်ဒီမြို့သို့ ရောက်မလာမီ ကျန်းချန်ကို မြောက်ပိုင်းတောရိုင်း ဒေသသဆီ ပို့ဆောင်ရပေမည်။

သို့မဟုတ်လျှင် သူ၏ ခွန်အားတစ်ခုတည်းဖြင့် ကျန်းချန်၏ လုံခြုံရေးကို အာမခံရန်မှာ အလွန်တရာပင် ခက်ခဲ၏။

"ဆရာ.. ဆရာလည်း ကျွန်တော်နဲ့အတူ မြောက်ပိုင်းတောရိုင်းဒေသကို လိုက်ခဲ့ပါလား"

ကျန်းချန်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

ရွှယ်မင်ကျောင်းဆောင်ထဲမှ လျှို့ဝှက်ချက်သည် ကျုံးကျိုးကုန်းမြေရှိ နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူများအတွက် မည်သို့သော အဓိပ္ပါယ်မှန်း သူကောင်းစွာသိသည်။

သူ့ကိုမြောက်ပိုင်းတောရိုင်းဒေသသို့ ပို့ဆောင်ပြီးသည်နှင့် သူ့ဆရာ၏ ခွန်အားသည် ကောင်းကင်ထက် မြင့်နေလျှင်ပင် အန္တရာယ်များလိမ့်မည် ဖြစ်၏။

"ဆရာ့အတွက် ဘာမှစိတ်မပူနဲ့.. မြောက်ပိုင်းတောရိုင်းဒေသကို ပြန်သွားတာက အကောင်းဆုံးသော ရွေးချယ်မှုပဲ.. မင်းရဲ့ဆရာကို ကျုံးကျိုးကုန်းမြေမှာ ယှဥ်နိုင်တဲ့သူ မရှိသေးပါဘူး .. ကဲ ငါအခုပဲ မင်းကို မြောက်ပိုင်းတောရိုင်းဒေသဆီ ပြန်ပို့ပေးမယ်"

ရှောင်တုလီက စကားဆုံးသည်နှင့် သူ၏ လက်ဝါးကို လှုပ်ရှားလိုက်ရာ သုံးပေခန့်မြင့်မားသော နေရာလွတ် အက်ကွဲကြောင်းတစ်ခုသည် သူတို့၏ ရှေ့တွင် ချက်ချင်းပေါ်လာခဲ့သည်။

သူက ကျန်းချန်၏ လက်ကိုဆွဲကာ ထိုနေရာလွတ် အက်ကွဲကြောင်း ထဲသို့ လျှပ်စီးသဖွယ် လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် သူတို့နှစ်ဦးသည် ယန်ဒီမြို့နှင့် မိုင်ထောင်ပေါင်းများစွာ ကွာဝေးသော ရှေးဟောင်းတောင်တန်းရှိ သစ်တော တစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။

အခန်း(၁၁၀၃)ပြီး၏။

အခန်း(၁၁၀၄)

"ဆရာ.. ဒါက မြောက်ပိုင်းတောရိုင်း ဒေသဆီ ‌ကျွန်တော့်ကို ပို့ဆောင်ပေးမဲ့ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်လား"

ကျန်းချန်က သူတို့နှင့် ပေတစ်ရာအကွာတွင် ရှေးဟောင်း တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုကို တွေ့လိုက်ရသည်။

"ဟုတ်တယ်.. ယန်ဒီမြို့ကို ပြန်ရောက်လာကတည်းက ဒီနေရာမှာ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုကို ငါတည်ဆောက်ထားခဲ့တယ်.. ဒီအစီအရင်က မင်းအတွက် ငါချန်ထားရစ်ခဲ့တဲ့ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်နဲ့ချိတ်ဆက်ထားတယ်.. အဲဒီအချိန်တုန်းက မင်းအတွက် ချန်ထားပေးခဲ့တဲ့ စွမ်းအင်ကျောက်တုံးရဲ့ စွမ်းအင် မလုံလောက်တဲ့ အတွက် မင်းက ကျုံးကျိုးကုန်းမြေရဲ့ အပြင်ဘက်နယ်မြေကို မမျှော်လင့်ဘဲ ရောက်ရှိသွားခဲ့ရတာပဲ.. ကဲ တပည့်.. အချိန်ဆွဲနေလို့ မဖြစ်ဘူး.. အခုပဲထွက်သွားတော့.. မင်းထွက်သွားပြီးတာနဲ့ ငါတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ဖျက်ဆီးလိုက်မယ် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ငါပြန်မပြင်သရွေ့ ကျုံးကျိုးကုန်းမြေဆီ မင်းပြန်လာလို့မရဘူး"

ထိုစကားကိုပြောပြီးနောက်တွင် ရှောင်တုလီသည် အာကာသစွမ်းအင် ကျောက်တုံးအနည်းငယ်ကို ထုတ်ယူကာ ကျန်းချန်အား ပေးလိုက်သည်။

"ဆရာ အစစအရာရာ ဂရုစိုက်ပါ.. တပည့် ဒီကို သုံးနှစ်ကနေ ငါးနှစ်အတွင်း သေချာပေါက် ပြန်လာနိုင်အောင် ကြိုးစားမယ် အဲဒီအချိန်ကျရင် သူတော်စင်မြို့တော် ငါးမြို့လုံးကို တပည့်တို့ သေချာပေါက် နင်းချေပစ်ကြစို့"

ကျန်းချန်က အာကသစွမ်းအင်ကျောက်တုံးကို ယူပြီးနောက်တွင် ရှောင်တုလီကို နှုတ်ဆက်စကား ပြောလိုက်သည်။

ယခုအခါတွင် သူသည် ပကတိ အင်ပါယာတစ်ပိုင်းဖြစ်သည့် သူတော်စင်ရွှယ်မင်၏ တစ်သက်တာ လျှို့ဝှက်ချက်များကို ပိုင်ဆိုင်ထားခဲ့သည်။

ရွှယ်မင်ကျောင်းဆောင်ကို အပြည့်အဝ သန့်စင်ပြီးသည်နှင့် ကျောင်းဆောင်အတွင်းရှိ အရင်းအမြစ် အားလုံးကို သူက အသုံးပြုနိုင်တော့မည် ဖြစ်၏။

ထိုအချိန်သို့ ရောက်လျှင် သူ၏ ကောင်းကင်ကိုပင် ဆန့်ကျင်နေသော အဆတစ်ရာစနစ်ဖြင့် ပေါင်းစပ်လိုက်လျှင် နတ်သန္ဓေအင်ပါယာ တစ်ပါး အချိန်တိုအတွင်း ဖြစ်လာနိုင်မည်ဟု အကြွင်းမဲ့ ယုံကြည်ချက် ရှိနေခဲ့သည်။

နတ်သန္ဓေအင်ပါယာ နယ်ပယ်ကို ထိုးဖောက်ပြီးသည်နှင့် သူ၏ နည်းလမ်းများစွာဖြင့်ဆိုလျှင် ကျုံးကျိုးကုန်းမြေတိုက်တွင် သူ့ကို အနိုင်ယူနိုင်သော နတ်သန္ဓေအင်ပါယာ များများစားစား ရှိတော့မည်မဟုတ်ပေ။

"ကောင်းပြီ.. မင်းက ငါရှောင်တုလီရဲ့ တပည့် ပီသတယ်.. မြောက်ပိုင်းတောရိုင်းဒေသကနေ ငါ့ဆီပြန်လာမှာကို ငါစောင့်နေမယ်"

ရှောင်တုလီက လွတ်လပ်စွာ ရယ်မော၍ ပြောလိုက်သည်။

ကျန်းချန်က ရှောင်တုလီကို နှုတ်ဆက်ပြီးနောက်တွင် ချက်ချင်းဆိုသလို တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် ထဲသို့ ဝင်ရောက်သွားပြီး အာကာသစွမ်းအင် ကျောက်တုံးများကို ထည့်သွင်းလိုက်သည်။

တစ်ခဏအတွင်းမှာပင် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုလုံးသည် လင်းလက်လာခဲ့သည်။

ထို့နောက်တွင် ကျန်းချန်၏ ပုံရိပ်သည် လျင်မြန်စွာပင် ပျောက်ကွယ်သွားခဲ့၏။

နောက်ထပ် တစ်ခဏမှာပင် ကျန်းချန်၏ ပုံရိပ်သည် ပိုင်ဟွမ်တောင်ရှိ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ထဲ၌ ပေါ်ပေါက်လာခဲ့သည်။

"နောက်ဆုံးတော့ ပိုင်ဟွမ်တောင်ဆီ ပြန်ရောက်လာခဲ့ပြီ.. ဒီတစ်ခါတော့ ဘာအမှားအယွင်းမှမရှိဘူး ထင်တယ်"

ပတ်ဝန်းကျင်ကို တစ်ခဏမျှ အကဲခတ်ပြီးနောက်တွင် ကျန်းချန်သည် သက်ပြင်းတစ်ချက်ချ၍ ရေရွတ်လိုက်သည်။

"ဒီနေရာက ထိုက်ရှဂိုဏ်းနဲ့ သိပ်မဝေးဘူးဆိုတော့ ထိုက်ရှဂိုဏ်းဆီ အရင်ဆုံးသွားလိုက်မယ်"

တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲမှ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလို အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲကာ ထိုက်ရှဂိုဏ်း ဆီသို့ ဦးတည်သွားခဲ့သည်။

"ရှေ့မှာ ထိုက်ရှဂိုဏ်းကလူတွေ တိုက်ပွဲဖြစ်နေတာများလား"

မိုင်တစ်ရာပင် မပျံသန်းမီမှာပင် ကျန်းချန်သည် သူ့ရှေ့မလှမ်းမကမ်းမှ အလွန် ရင်းနှီးသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရပြီး မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့သည်။

သူက တုံ့ဆိုင်းမနေဘဲ ထိုအရှိန်အဝါ ထွက်ပေါ်လာသည့်နေရာသို့ လျှပ်စီးသဖွယ် လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

မကြာမီမှာပင် အောက်ဘက်ရှိ သစ်တောထဲတွင် ထိုက်ရှဂိုဏ်း၏ တပည့်ဝတ်စုံကို ဝတ်ဆင်ထားသော ပုံရိပ်အချို့သည် ကျန်းချန်၏ မြင်ကွင်းတွင် ပေါ်လာခဲ့၏။

ထိုထိုက်ရှဂိုဏ်းမှ တပည့်များသည် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများစွာ ရရှိနေကြပြီး ထိုက်ရှဂိုဏ်းရှိရာ ဘက်သို့ ထိတ်လန့်တကြား ထွက်ပြေးနေခဲ့ကြသည်။

သူတို့၏ အသွင်အပြင်က အတော်လေး ဖရိုဖရဲ ဖြစ်နေခဲ့၏။

သူတို့၏ အနောက်တွင် ဆယ်ပေခန့် မြင့်သော ဧရာမ လူထွားကြီးတစ်ယောက်သည် ထိုက်ရှဂိုဏ်း၏ တပည့်အချို့ကို ကာကွယ်ပေးထားပြီး သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသောလူနှင့် တိုက်ခိုက်နေခဲ့သည်။

ထိုရွှေရောင်ဧရာမ လူထွားကြီးသည် တခြားသူမဟုတ်ပေ။

ကျန်းချန် တစ်ချိန်က အနိုင်ယူခဲ့ဖူးသော ထိုက်ရှဂိုဏ်း၏ အစစ်အမှန်တပည့် အောင်းထျန်းခွေ့ပင် ဖြစ်သည်။

သူ၏ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ကျန်းချန်၏ မျက်နှာသည် သုန်မှုန်သွားခဲ့သည်။

မြောက်ပိုင်းတောရိုင်းဒေသ၏ အထွတ်အထိပ် ဂိုဏ်းကြီးသုံးဂိုဏ်းထဲတွင် တစ်ဂိုဏ်း ဖြစ်သော ထိုက်ရှဂိုဏ်းမှ တပည့်တစ်ဦးကို ထိုက်ရှဂိုဏ်းနှင့် မနီးမဝေးတွင် လူတချို့သည် လိုက်လံသတ်ဖြတ်နေခဲ့သည်။

သူ‌ မြောက်ပိုင်းတောရိုင်းဒေသမှ ထွက်ခွာသွားသည်မှာ တစ်နှစ်ကျော် ရှိပြီ ဖြစ်၍ မြောက်ပိုင်းတောရိုင်း ဒေသတွင် တစ်စုံတစ်ရာ ကြီးကြီးမားမား ဖြစ်ပျက်ခဲ့သည်မှာ သေချာသလောက် ဖြစ်၏။

အခန်း(၁၁၀၄)ပြီး၏။

All Chapters