အခန်း (၁၁၀၅-၁၁၀၇)
Vol. 74 Ch. 1105-1107
အခန်း(၁၁၀၅)
ထိုအချိန်တွင် အောက်ဘက်ရှိ သစ်တောထဲတွင် အောင်းထျန်းခွေ့နှင့် သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတို့သည် အပြင်းအထန် တိုက်ခိုက်နေကြသည်။
တစ်နှစ်ကျော် မတွေ့ရသည့် အချိန်အတွင်း အောင်းထျန်းခွေ့၏ ခွန်အားသည် များစွာ တိုးတက်လာခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းတွင် ပဉ္စမအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိနေခဲ့ပြီး သူ၏ ခွန်အားသည် စွမ်းအင်သိပ်သည်းခြင်း အထွတ်အထိပ် ကျင့်ကြံသူထက် မနိမ့်ကျပေ။
လက်ရှိတွင် အောင်းထျန်းခွေ့သည် သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် ထိုက်ရှဂိုဏ်း၏ ကောင်းကင်အဆင့် ကျင့်စဥ် ဖြစ်သည့် ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ်ကို ပေါင်းစပ်၍ တိုက်ခိုက်နေသောကြောင့် သိုင်းသခင်နယ်ပယ် ပထမအဆင့် ကျင့်ကြံသူများနှင့်ပင် တိုက်ခိုက်ရန် လုံလောက်နေ၏။
သို့သော်လည်း အောင်းထျန်းခွေ့၏ ဆန့်ကျင်ဘက်ရှိ သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် သာမန် သိုင်းသခင်နယ်ပယ် ပထမအဆင့် ကျင့်ကြံသူ မဟုတ်ဘဲ သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
မြောက်ပိုင်းတောရိုင်းဒေသတွင် ဤကဲ့သို့ ခွန်အားမျိုးသည် မြောက်ပိုင်းတောရိုင်းဒေသ၏ ဂိုဏ်းချုပ်သုံးဦးနှင့်ပင် နှိုင်းယှဥ်နိုင်၏။
အောင်းထျန်းခွေ့သည် ထူးခြားသော တိုက်ခိုက်ရေးစွမ်းရည် ရှိသော်လည်း လူလတ်ပိုင်းအရွယ် သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ပြိုင်ဘက်နှင့်ယှဥ်လျှင် အတော်လေး ကွာဟလွန်းနေသေး၏။
"ဝုန်း.."
နောက်ထပ်ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုတစ်ခု ဖြစ်သွားခဲ့ပြီးနောက်တွင် အောင်းထျန်းခွေ့၏ ရွှေရောင်အလင်းဖြင့် လင်းလက်နေသော ခန္ဓာကိုယ်သည် သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသား၏ လက်ဝါးရိုက်ချက်ကြောင့် တိုက်ရိုက်ပင် တုန်ယင်သွားခဲ့ပြီး ခုနစ်ပေ ရှစ်ပေခန့် နောက်ဆုတ်လိုက်ရသည်။
သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ ရွှေရောင်အလင်းများသည်လည်း ချက်ချင်းဆိုသလို မှိန်ဖျော့သွားခဲ့သည်။
"တုံဖန့်ဟော် ငါဒီလူကို တားဆီးထားမယ်.. မင်းတို့က လူခွဲပြီး ထျန်းယွဲ့ဂိုဏ်းနဲ့နတ်ဓားဂိုဏ်းကို အကူအညီ သွားတောင်းကြပါ"
အောင်းထျန်းခွေ့က သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသောလူလတ်ပိုင်းအရွယ် အမျိုးသားကြောင့် ပျက်စီးလုနီးပါး ဖြစ်နေသော သူ၏ ခန္ဓာကိုယ်ကို အတင်းအကြပ် ထိန်းချုပ်ရင်း ပြောလိုက်သည်။
သူ၏ မျက်လုံးများတွင် ခိုင်မာပြတ်သားသော အရိပ်အယောင်တစ်ခု လင်းလက်နေခဲ့၏။
"စီနီယာအစ်ကိုအောင်း...ကျွန်တော်တုံဖန့်ဟော်က သေရမှာကြောက်တဲ့သူ မဟုတ်ဘူး.. စီနီယာနဲ့အတူ နေခဲ့ပြီး ဒီကောင်တွေကို တိုက်ခိုက်မယ်"
တုံဖန့်ဟော်က တစ်ဖက်မှ သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
ထို့နောက် သူက စွမ်းအင်သိပ်သည်းခြင်း သတ္တမအဆင့်ခွန်အားကို ထုတ်ဖော်ကာ သူသေကိုယ်သေ တိုက်ခိုက်ရန် ရှေ့တက်လာခဲ့သည်။
"တုံဖန့်ဟော်.. အခုက မိုက်ရူးရဲဆန်ရမဲ့အချိန်မဟုတ်ဘူး ငါတို့ရဲ့မစ်ရှင်ကိုမေ့သွားပြီလား ဒီနေ့ ငါတို့အားလုံး ဒီနေရာမှာ သေသွားခဲ့ရင် ထိုက်ရှဂိုဏ်းက တကယ်ကို အဆုံးသတ်သွားလိမ့်မယ်"
အောင်းထျန်းခွေ့က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
အောင်းထျန်းခွေ့၏ စကားကိုကြားလျှင် တုံဖန့်ဟော်သည် စိတ်လက်မာန်ပါ လုပ်ဆောင်ချင်သော သူ၏ စိတ်ကို ထိန်းချုပ်လိုက်ရသည်။
"စီနီယာအစ်ကိုအောင်း ဂရုစိုက်ပါ.. ငါတို့သွားကြစို့.."
တုံဖန့်ဟော်က အောင်းထျန်းခွေ့ကို နှုတ်ဆက်လိုက်ပြီးနောက်တွင် ထိုက်ရှဂိုဏ်းမှ တပည့်နှစ်ဦးနှင့်အတူ မတူညီသော လမ်းကြောင်း သုံးခုသို့ လူခွဲ၍ ပျံသန်းသွားခဲ့သည်။
"ဟားဟား.. ချာတိတ်လေးတွေက ဒီနေရာကနေ ထွက်ပြေးဖို့ ကြိုးစားချင်နေတာလား သွားသေလိုက်တော့"
သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကောက်ကျစ်စွာ ရယ်မောလိုက်သည်။
မကြာခင်မှာပင် သူက လက်ဟန်အချို့ ပြုလုပ်လိုက်ရာ သွေးရောင် အလင်းများသည် ကောင်းကင်ကနေ ထွက်ပေါ်လာခဲ့ပြီး သူ၏ လက်ထဲတွင် သွေးရောင် လေးတစ်စင်း အဖြစ် စုစည်းသွားခဲ့သည်။
သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားက သွေးရောင်လေးကို လေးကြိမ် ဆက်တိုက်ဆွဲလိုက်ရာ အလွန်ပြင်းထန်သော အရှိန်အဝါများ ပျံ့နှံ့နေသည့် သွေးရောင်မြား လေးစင်းသည် အောင်းထျန်းခွေ့တို့ လေးဦးကို လှုပ်ရှား၍ မရနိုင်အောင် ဖိနှိပ်ကာ ၎င်းတို့ဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာခဲ့သည်။
သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသား၏ အစွမ်းထက်သော တိုက်ခိုက်မှုကြောင့် အောင်းထျန်းခွေ့တို့ လေးဦး၏ မျက်နှာအမူအရာသည် ရုတ်တရက်အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
အောင်းထျန်းခွေ့ပင် သွေးရောင်မြား၏ သက်ရောက်မှုကို ခံနိုင်ရုံမျှသာဖြစ်၍ စွမ်းအင်သိပ်သည်းခြင်း တတိယအဆင့်မှ တုံဖန့်ဟော်သည် ခန္ဓာကိုယ် တခဏမျှ တောင့်တင်းသွားခဲ့သည်။
အထူးသဖြင့် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်၏ အစောပိုင်းအဆင့်တွင်ရှိသော အခြားတပည့်နှစ်ဦးသည် သွေးရောင်မြား၏ ထိန်းချုပ်မှုအောက်တွင် ၎င်းတို့၏ စွမ်းအားများ ချက်ချင်းဆိုသလို ပိတ်ဆို့သွားခဲ့ပြီး သွေးရောင်မြားက သူတို့ဆီ ရောက်လာသည်ကို အထိတ်တလန့်ဖြင့် ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
ထိုက်ရှဂိုဏ်းမှ တပည့်နှစ်ဦး စိတ်ဓာတ်ကျနေသော အချိန်မှာပင် လေထုထဲမှ ထူးဆန်းသော စွမ်းအင်လှိုင်း တစ်ခုသည် ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် သူတို့ကို ပစ်မှတ်ထားနေသော သွေးရောင်မြားသည် လေထဲတွင် တုံ့ခနဲ ရပ်တန့်သွားသည်ကို အားလုံးက အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။
သူတို့မှင်တက်ရာကနေ ပြန်လည် မသက်သာသေးခင်မှာပင် အေးစက်စက် အော်ဟစ်သံ တစ်သံသည် လေထုထဲတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်လာခဲ့၏။
"ဟမ့်.. သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦးက ထိုက်ရှဂိုဏ်းရဲ့နယ်မြေထဲမှာ ထိုက်ရှဂိုဏ်းရဲ့ တပည့်ကို သတ်ရဲတယ်ဆိုတော့ ငါတို့ ထိုက်ရှဂိုဏ်းမှာ ဘယ်သူမှ မရှိတော့ဘူးလို့ ထင်နေတာလား"
အခန်း(၁၁၀၅)ပြီး၏။
အခန်း(၁၁၀၆)
ကောင်းကင်ပေါ်တွင် အေးစက်သော အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့ရာ အောင်းထျန်းခွေ့နှင့် အခြားသူများသည် တစ်ခဏမျှ အံ့အားသင့်သွားကြသည်။
သူတို့က ခေါင်းမော့၍ ကြည့်လိုက်ရာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် လေထုထဲကနေ ဖြည်းညင်းစွာ ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။
"စီနီယာအစ်ကိုကျန်း.. မင်း မင်းက စီနီယာအစ်ကို ကျန်းချန်မဟုတ်လား"
လေထဲကနေ ဆင်းသက်လာသော အနက်ရောင်ဝတ်ရုံဝတ် လူငယ်ကိုမြင်လျှင် ထိုက်ရှဂိုဏ်းမှ တပည့်နှစ်ဦး၏ မျက်ဝန်းထဲတွင် ဝမ်းသာသော အမူအရာများ ထွက်ပေါ်လာခဲ့သည်။
ဝါစဥ်အရ သူတို့က စီနီယာ ဖြစ်သော်လည်း ကျန်းချန်က သူတို့ထက် မြင့်မားသောအဆင့်ကို ရောက်ရှိသွားသောကြောင့် တလေးတစားဖြင့် စီနီယာဟုခေါ်ခြင်း ဖြစ်၏။
"သူပဲ.. သူတကယ် ပြန်လာခဲ့ပြီ"
အောင်းထျန်းခွေ့နှင့် တုံဖန့်ဟော်တို့၏ မျက်လုံးများသည် ရုတ်တရက်ကြုတ်သွားခဲ့သည််။
သူတို့၏ မျက်လုံးထဲတွင် အတွေးနက်နေသော အမူအရာ အနည်းငယ် ရှိနေခဲ့သည်။
တစ်ချိန်က ကျန်းချန်သည် ထိုက်ရှဂိုဏ်းသို့ စတင် ဝင်ရောက်စဥ်တွင် သူတို့သည် ကျန်းချန်ကို အရေးပေးခဲ့ခြင်းမရှိခဲ့ပေ။
သို့သော်လည်း ကျန်းချန်သည် သူတို့အားလုံးကို ခြေထောက်အောက်တွင် နင်းချေခဲ့ကာ အဆုံးသတ်တွင် မြောက်ပိုင်းတောရိုင်းဒေသ၏ ဂိုဏ်းကြီးသုံးဂိုဏ်း သိုင်းပြိုင်ပွဲတွင် နာမည်ကျော်ကြားလားခဲ့ပြီ မြောက်ပိုင်းတောရိုင်း ဒေသ၏ လူငယ်မျိုးဆက်ထဲတွင် နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
ဂိုဏ်းကြီးသုံးဂိုဏ်း သိုင်းပြိုင်ပွဲ ပြီးဆုံးပြီးနောက်တွင် ကျန်းချန်သည် သူ၏ဆရာ ရှောင်တုလီနှင့်အတူ ထိုက်ရှဂိုဏ်းမှထွက်ခွာသွားခဲ့၏။
ထိုအချိန်မှစ၍ မြောက်ပိုင်းတောရိုင်း ဒေသတွင် ကျန်းချန်ကို မမြင်တွေ့ရတော့ပေ။
တစ်နှစ်ကျော် ကြာပြီးနောက်တွင် သူတို့သည် မြောက်ပိုင်းတောရိုင်းဒေသ၏ လူငယ်မျိုးဆက်ထဲတွင် နံပါတ်တစ် ဖြစ်သည့် ကျန်းချန်ကို မေ့လုနီးပါးပင် ဖြစ်နေခဲ့သည်။
သူတို့က ကျန်းချန် ပြန်ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
သို့သော်လည်း ကျန်းချန်၏ ရုတ်တရက် ထွက်ပေါ်လာခြင်းသည် အောင်းထျန်းခွေနှင့် တုံဖန့်ဟော်တို့၏ မျက်လုံးထဲ၌ မျှော်လင့်ချက် အရိပ်အယောင်များကို ဖြစ်ပေါ်စေခဲ့သည်။
ကျန်းချန် ရှိနေသောကြောင့် သူတို့သည် ယနေ့ကြုံတွေ့သောအန္တရာယ်ကို ဖြေရှင်းကောင်း ဖြေရှင်းနိုင်ပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေကာမူ မြောက်ပိုင်းတောရိုင်းဒေသ၏ လူငယ်မျိုးဆက်ထဲမှ နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်သော ကျန်းချန်၏ ပါရမီသည် သူတို့စိတ်ကူးသည်ထက် များစွာကျော်လွန်နေသည် မဟုတ်ပါလော။
တစ်နှစ်ကျော်ကြာပြီးနောက်တွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်က မည်သည့် အဆင့်ထိ ရောက်ရှိနေပြီလဲ ဆိုသည်ကို မည်သူမှ မသိတော့ပေ။
သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုကို ဟန့်တားနိုင်သော အစွမ်းသည်ပင်လျှင် သူတို့အနေဖြင့် လက်လှမ်းမမီနိုင်သော စွမ်းရည် ဖြစ်၏။
"ကောင်လေး မင်းက ဘယ်သူလဲ.. ငါရဲ့ကိစ္စကိုတောင် ဝင်ရှုပ်ရဲတယ်လား"
သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားက ကောင်းကင်ကနေ ဆင်းသက်လာသော ကျန်းချန်ကို ကြည့်ကာ ရေရွတ်လိုက်သည်။
သူ၏ သွေးရောင်မျက်လုံးထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
ကျန်းချန်က သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
"မင်းက သွေးနတ်ဆိုးနန်းတော်ကလား"
"သိပ်ဟုတ်တာပေါ့.. ငါက သွေးနတ်ဆိုးနန်းတော်ရဲ့ ခန်းမအကြီးအကဲ ရှစ်ဦးထဲက တစ်ဦးပဲ"
သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျန်းချန်ကို ဝင့်ကြွားစွာ ကြည့်၍ ပြောလိုက်သည်။
"ကောင်လေး.. မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို ခွန်အားမျိုးကို ပိုင်ဆိုင်ထားတာ တကယ်ကို ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ပဲ.. မင်းသာ ငါတို့ သွေးနတ်ဆိုးဂိုဏ်းကို ခိုလှုံမယ်ဆိုရင် မင်းအတွက် အကန့်အသတ်မဲ့တဲ့ အနာဂတ်ကို ငါတို့အာမခံတယ်"
"ဟမ့်.. ငါ့ကို မင်းတို့ သွေးနတ်ဆိုးနန်းတော်ရဲ့ လက်အောက်မှာ အမှုထမ်းစေချင်တာလား.. လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းက ငါ့ဆရာ ရှောင်တုလီက သွေးအရိပ် အရှင်သခင်နဲ့ စေ့စပ်ညှိနိုင်းခဲ့တယ်.. ညှိနိုင်းမှုအရ ငါတို့ မြောက်ပိုင်းတောရိုင်း ဒေသမှာ မင်းတို့ သွေးနတ်ဆိုးနန်းတော် အနေနဲ့ ငါးနှစ်တိတိ ခြေရှုပ်ခွင့်မရှိဘူး.. ဒါပေမဲ့ မမျှော်လင့်ဘဲ ၂နှစ်မပြည့်ခင်မှာတင် မင်းတို့က ကတိကို ဖျက်ပစ်လိုက်ကြပြီပဲ"
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်သည်။
"ကတိကို ချိုးဖျက်ရဲမှတော့ ငါ့ဆရာကိုယ်စား မင်းတို့ သွေးနတ်ဆိုးနန်းတော်ကို ဖျက်ဆီးပစ်ရမယ်"
ကျန်းချန်၏ စကားကိုကြားလျှင် သွေးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
"မင်း.. မင်းက ရှောင်တုလီရဲ့တပည့် ဆိုတော့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က မြောက်ပိုင်းတောရိုင်းဒေသရဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းသိုင်းပြိုင်ပွဲမှာ အနိုင်ရရှိသွားတဲ့ ကျန်းချန်လား"
"ဟုတ်တယ် ငါကျန်းချန်ပဲ"
ကျန်းချန်က လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"မင်းဘာသာမင်း သတ်သေမလား.. အဲဒါဆိုရင် မင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို အကောင်းအတိုင်း ထားပေးဖို့ ငါစဥ်းစားပေးမယ်"
"ဟားဟား.. ရယ်စရာကောင်းလိုက်တာ ကောင်လေး မင်းငါတို့သွေးနတ်ဆိုးနန်းတော်ကို အရင်တုန်းက သွေးနတ်ဆိုးနန်းတော်လို့ပဲ ထင်နေတာလား.. မင်းရဲ့ဆရာ ရှောင်တုလီ ထွက်ပေါ်လာရင်တောင် ငါတို့ သွေးနတ်ဆိုးနန်းတော်က ကြောက်မှာမဟုတ်ဘူး.. မင်းလိုနို့နံ့တောင် မစင်သေးတဲ့ကောင်လေးဆိုရင် ပြောနေစရာတောင် မလိုဘူး ငါ ဒီနေ့မင်းရဲ့ခေါင်းကိုယူပြီး ရှောင်တုလီနဲ့အတိတ်ကို ရှင်းရမယ်"
လူလတ်ပိုင်းအရွယ် အမျိုးသားက မထီမဲ့မြင် ရယ်မောလိုက်ပြီး ချက်ချင်းဆိုသလို သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။
ထိုအခါ သူ့လက်ဝါးကနေ ထွက်ပေါ်လာသော အသက်စွမ်းအင်များသည် ဧရာမ သွေးလက်ဝါးကို ဖွဲ့စည်းလိုက်ပြီး ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
"ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလို လက်ချောင်းကို ဆန့်ထုတ်လိုက်သည်။
ထိုအခါ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်သည် လက်ချောင်းကနေ ထွက်ပေါ်လာခဲ့ပြီး ဧရာမ သွေးလက်ဝါးကို ဖျက်ဆီးပစ်ကာ လူလတ်ပိုင်းအရွယ် အမျိုးသား၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
သွေးနတ်ဆိုးနန်းတော်မှ အကြီးအကဲ ရှစ်ဦးထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည့် လူလတ်ပိုင်းအရွယ် အမျိုးသား မည်သို့မှ မတုံ့ပြန်နိုင်မီမှာပင် ကျန်းချန်၏ ဓားစွမ်းအင်အောက်တွင် ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားခဲ့သည်။
အခန်း(၁၁၀၆)ပြီး၏။
အခန်း(၁၁၀၇)
"သွေးနတ်ဆိုးနန်းတော်ရဲ့ ခန်းမအကြီးအကဲ ရှစ်ဦးထဲက တစ်ဦးက ဒီလိုပဲ သေဆုံးသွားခဲ့တယ်လား"
သူတို့ရှေ့မှမြင်ကွင်းကိုမြင်လျှင် အောင်းထျန်းခွေ့နှင့် အခြားသူများသည် ပါးစပ်အဟောင်းသားများ ဖြစ်နေခဲ့ကြပြီး အချိန်အတော်ကြာသည် အထိ မှင်တက်ရာကနေ ပြန်လည်သတိ ဝင်မလာခဲ့ကြပေ။
သွေးနတ်ဆိုးနန်းတော်၏ ခန်းမအကြီးအကဲသည် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူဖြစ်သည်။
မြောက်ပိုင်းတောရိုင်းဒေသ တစ်ခုလုံးတွင်ပင် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်သည် အထွတ်အထိပ်တွင် ရှိ၏။
သိထားရမည်မှာ မြောက်ပိုင်းတောရိုင်းဒေသ၏ ထိပ်တန်းဂိုဏ်းကြီး သုံးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သော ထိုက်ရှဂိုဏ်းတွင်ပင် အထွတ်အထိပ် အကြီးအကဲမှ လွဲလျှင် ဂိုဏ်းချုပ် ရှယွင်ထျန်း တစ်ဦးတည်းသာ သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူ ဖြစ်သည်။
"မြောက်ပိုင်းတောရိုင်းဒေသရဲ့ ထိပ်တန်းကျင့်ကြံသူ တစ်ဦးကို ကျန်းချန်က အလွယ်တကူ သတ်ပစ်လိုက်နိုင်တယ်လား"
အောင်းထျန်းခွေ့တို့ လူစုသည် ကျန်းချန်က မည်မျှ မွန်းစတားဆန်ကြောင်း သိရှိထားသော်လည်း ဤမျှထိ ပါရမီ ထူးချွန်လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
ကျန်းချန်က လက်ချောင်းတစ်ချောင်းကို အသာအယာ လှုပ်ရှားလိုက်ရုံဖြင့် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ကျင့်ကြံသူကို အလွယ်တကူ သတ်ဖြတ်ပစ်နိုင်ခဲ့သည် မဟုတ်ပါလော။
ထိုကဲ့သို့ သတ်ဖြတ်သောနည်းလမ်းသည် တကယ်ကိုပင် ကြောက်စရာ ကောင်းလွန်းလှ၏။
ကျန်းချန်က သွေးနတ်ဆိုးနန်းတော်၏ ခန်းမအကြီးအကဲကို သတ်ဖြတ်ပြီးနောက်တွင် အောင်းထျန်းခွေ့တို့ လူစုဘက်သို့ လှည့်ကြည့်ကာ ပေါ့ပါးစွာ ပြုံး၍ ပြောလိုက်သည်။
"အောင်းထျန်းခွေ့.. တုံဖန့်ဟုန်.. ငါတို့ မတွေ့ရတာတောင် ကြာပြီ မင်းတို့ အခြေအနေကောင်းရဲ့လား.."
"ငါတို့ မင်းနဲ့မတွေ့ရတာ တစ်နှစ်ကျော်ခဲ့ပြီ...မင်းဒီအခြေအနေထိ တိုးတက်လာမယ်လို့ တကယ် ထင်မထားမိဘူး"
အောင်းထျန်းခွေ့က ခါးသီးစွာပြုံး၍ ပြောလိုက်သည်။
အဆင့်သတ်မှတ်ချက် တိုက်ပွဲတွင် ကျန်းချန်ကို ရှုံးနိမ့်ပြီးနောက်၌ အောင်းထျန်းခွေ့သည် ကြိုးစားအားထုတ်၍ ကျင့်ကြံခဲ့သည်။
ဤနှစ်ထဲတွင် အောင်းထျန်းခွေ့သည် ရုပ်ပိုင်းဆိုင်ရာ တာအိုကို ဦးစားပေး၍ ကျင့်ကြံခဲ့ပြီး စွမ်းအင်သိပ်သည်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်နှင့် ယှဥ်နိုင်သည်အထိ တိုးတက်လာခဲ့သည်။
ထို့ကြောင့် သူ့ကိုယ်သူ ကျန်းချန်ကို မီလောက်ပြီဟု ထင်နေခဲ့၏။
သို့သော် ယနေ့ ကျန်းချန်နှင့် တွေ့လိုက်ရသောအခါတွင် သူနှင့်ကျန်းချန် ကြားမှ ကွာဟချက်က ပို၍ဝေးကွာသွားပြီ ဆိုသည်ကို သူသဘောပေါက်လာခဲ့သည်။
ကျန်းချန်က လက်ချောင်းကို အသာအယာ လှုပ်ရှားရုံဖြင့်ပင် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။
ထိုက်ရှဂိုဏ်း၏ ခေါင်းဆောင် ရှယွင်ထျန်းပင် ထိုကဲ့သို့ လုပ်နိုင်မည်မဟုတ်ဟု သူထင်၏။
"ဒါက ကံကောင်းမှုတချို့နဲ့ ကြုံတွေ့ခဲ့ရလို့ပါ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးနောက်တွင် အောင်းထျန်းခွေ့ကို အပိုစကားများ မပြောတော့ဘဲ လေးနက်သော လေသံဖြင့် မေးလိုက်သည်။
"ထိုက်ရှဂိုဏ်းမှာ ဘာတွေဖြစ်နေလဲဆိုတာ ငါ့ကို ပြောပြစမ်းပါ.. သွေးနတ်ဆိုးနန်းတော်က ဘာလို့ ထိုက်ရှဂိုဏ်းရဲ့ မနီးမဝေးမှာ မင်းတို့ကို လိုက်လံ တိုက်ခိုက်နေရတာလဲ"
ကျန်းချန်က မေးခွန်းထုတ်လာခဲ့ရာ အောင်းထျန်းခွေ့သည် စိတ်လှုပ်ရှားသွားခဲ့သည်။
ယခုအခါတွင် ကျန်းချန်၏ ခွန်အားသည် အလွန်တရာလျှို့ဝှက်နက်နဲပြီး သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ကိုပင် ကျော်လွန်နေသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်နေချေပြီ။
ကျန်းချန်သာ ကူညီပေးမည်ဆိုလျှင် ထိုက်ရှဂိုဏ်း၏ အကျပ်အတည်းကို ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်။
သို့ဖြစ်ရာ သူက လုံးဝ တုံ့ဆိုင်းခြင်းမရှိဘဲ အရာအားလုံးကို အလျင်အမြန် ပြောပြလိုက်သည်။
လုံရှီတောင် တိုက်ပွဲအပြီးတွင် ရှောင်တုလီနှင့် သဘောတူညီမှုအရ သွေးနတ်ဆိုးနန်းတော်သည် လုံးဝ ငြိမ်သက်သွားခဲ့ပြီး မြောက်ပိုင်းတောရိုင်း ဒေသတစ်ခုလုံးသည် ဂိုဏ်းကြီးသုံးဂိုဏ်း၏ အုပ်ချုပ်မှုအောက်တွင် ငြိမ်းချမ်းခဲ့သည်။
သို့သော် တစ်နှစ်ကျော် တိတ်ဆိတ်နေခဲ့သော သွေးနတ်ဆိုးနန်းတော်သည် လွန်ခဲ့သော သုံးလခန့်တွင် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
၎င်းတို့က ဂိုဏ်းကြီးသုံးဂိုဏ်း၏ အုပ်ချုပ်ရေး အောက်ရှိ နယ်မြေများသို့ ဝင်ရောက်ကာ သက်ရှိ လူသားများ၏ သွေးများဖြင့် ကျင့်ကြံမှုများကို ပြုလုပ်ခဲ့ကြသည်။
ထို့ကြောင့် ဂိုဏ်းကြီးသုံးဂိုဏ်းသည် ၎င်းတို့ကို နှိမ်နင်းရန် အင်အားကြီးမားသော ကျင့်ကြံသူများကို စေလွှတ်ခဲ့၏။
လွန်ခဲ့သော သုံးလအတွင်း သွေးနတ်ဆိုးနန်းတော်သည် ဂိုဏ်းသားအရေအတွက် ပို၍ များပြားလာခဲ့သည်။
ထို့ကြောင့် ထိုက်ရှဂိုဏ်းသည် ဂိုဏ်း၏ခွန်အား ထက်ဝက်နီးပါးကို ဂိုဏ်းလက်အောက်ရှိ နိုင်ငံသုံးနိုင်ငံသို့ စေလွှတ်ကာ သွေးနတ်ဆိုးနန်းတော်၏ အကြွင်းအကျန်များအား နှိမ်နင်းစေခဲ့သည်။
သို့သော် ယနေ့တွင်မူ သွေးနတ်ဆိုးနန်းတော်၏ အုပ်ထိန်းသူသုံးယောက်ထဲမှ တစ်ဦး ဖြစ်သည့် သွေးအရိပ်အရှင်သခင် ရွှယ်ဝူရင်းသည် သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူ အမြောက်အများကို ခေါ်ဆောင်ကာ ထိုက်ရှဂိုဏ်းကို ရုတ်တရက်တိုက်ခိုက်လာခဲ့သည်။
အောင်းထျန်းခွေ့၏ ဤခရီးစဥ်သည် ထျန်းယွဲ့ဂိုဏ်းနှင့် နတ်ဓားဂိုဏ်းတို့ ဆီမှ အကူအညီတောင်းရန် ဖြစ်၏။
သို့ဖြစ်ရာ သွေးနတ်ဆိုးနန်းတော်မှာ ကျင့်ကြံသူများသည် အောင်းထျန်းခွေ့ တို့ကို ထွက်ခွာခွင့်မပြုဘဲ သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ခန်းမအကြီးအကဲတစ်ဦးကို တိုက်ရိုက်စေလွှတ်ကာ အောင်းထျန်းခွေ့တို့ကို လိုက်လံနှိမ်နင်းခဲ့သည်။
"ကျန်းချန်.. အခုထိုက်ရှဂိုဏ်းက အန္တရာယ်ထဲကို ကျရောက်နေခဲ့ပြီ.. ထိုက်ရှဂိုဏ်းရဲ့ တပည့်ဟောင်း တစ်ယောက်အနေနဲ့ ထျန်းယွဲ့ဂိုဏ်းနဲ့ နတ်ဓားဂိုဏ်းဆီ အကူအညီ သွားတောင်းပေးဖို့ ငါတို့မျှော်လင့်ပါတယ်"
"မင်းစိတ်မပူပါနဲ့.. ငါပ ထိုက်ရှဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်ပါ.. ထိုက်ရှဂိုဏ်းဒုက္ခရောက်နေတာကို ငါလက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး"
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
"ဒါပေမဲ့ စစ်ကူသွားတောင်းရတဲ့အထိ ဒုက္ခခံစရာမလိုပါဘူး ထိုက်ရှဂိုဏ်းဆီပဲ ပြန်လှည့်ရအောင်"
အခန်း(၁၁၀၇)ပြီး၏။