← Chapters

အခန်း (၁၁၀၈-၁၁၁၀)

Vol. 74 Ch. 1108-1110

အခန်း (၁၁၀၈-၁၁၁၀)

Vol. 74 Ch. 1108-1110

အခန်း(၁၁၀၈)

ထိုက်ရှဂိုဏ်းသည် မြောက်ပိုင်းတောရိုင်းဒေသ၏ နှစ်ထောင်‌ပေါင်းများစွာ သက်တမ်းရှိသော ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည်။

ဤနှစ်များတွင် ထိုက်ရှဂိုဏ်းသည် ကျဆင်းသောကာလကို ရောက်ရှိခဲ့၏။

သို့သော်လည်း ဆင်ပိန်လျှင် ကျွဲထက်ကြီးသေးသည် ဆိုသော စကားကဲ့သို့ပင် ထိုက်ရှဂိုဏ်းသည် မြောက်ပိုင်းတောရိုင်းဒေသ၏ အထွတ်အထိပ် ဂိုဏ်းကြီး သုံးဂိုဏ်းထဲတွင် တစ်ဂိုဏ်းအပါအဝင်အဖြစ် ရှိနေဆဲပင်။

အထူးသဖြင့် လွန်ခဲ့သည့်တစ်နှစ်ကျော်က ထိုက်ရှဂိုဏ်းတွင် ကျန်းချန် ပေါ်ထွက်လာခဲ့၏။

ထို့နောက် မြောက်ပိုင်းတောရိုင်းဒေသ၏ ဂိုဏ်းကြီးသုံးဂိုဏ်း သိုင်းပြိုင်ပွဲတွင် ပထမနေရာကို ရရှိခဲ့ကာ မြောက်ပိုင်းတောရိုင်းဒေသ၏ လူငယ်မျိုးဆက်သစ်ထဲတွင် နံပါတ်တစ် ဖြစ်လာခဲ့သည်။

ထို့အပြင် သွေးအရိပ်အရှင်သခင်ကို ထိုက်ရှဂိုဏ်းမှ ရှောင်တုလီက နှိမ်နင်းလိုက်ပြီးနောက်တွင် ထိုက်ရှဂိုဏ်း၏ ဂုဏ်သတင်းသည် ပြန်လည် မြင့်တက်လာခဲ့သည်။

ယနေ့တွင် ထိုက်ရှဂိုဏ်း၏ တောင်ထိပ်ရှိ လေထုသည် ယခင်နေ့များကထက် ပို၍ တည်ကြည်လေးနက်နေခဲ့၏။

ထိုက်ရှဂိုဏ်းသည် ယနေ့တွင် ဂိတ်တံခါးကို တင်းကြပ်စွာ ပိတ်ထားပြီး ဂိုဏ်းတစ်ဂိုဏ်းလုံးတွင်လည်း ရွှေရောင်အလင်းများဖြင့် ဝန်းရံနေခဲ့သည်။

ဤရွှေရောင်အလင်း အကာအရံသည် ထိုက်ရှဂိုဏ်း၏ သေရေးရှင်ရေး အချိန်တွင်မှ ဖွင့်လှစ်လေ့ ရှိသည့် ဂိုဏ်း၏ အကာအကွယ် အစီအရင် ဖြစ်သည်။

ယနေ့တွင် ထိုက်ရှဂိုဏ်း၏ခေါင်းဆောင် ရှယွင်ထျန်းသည် ထိုက်ရှဂိုဏ်း၏ အင်အားကြီးမားသော ကျင့်ကြံသူ ဆယ်ယောက်ကျော်နှင့်အတူ လေထဲတွင် ရှိနေခဲ့သည်။

သူ၏မျက်နှာထားက အလွန်ပင် လေးနက်တည်ကြည်နေခဲ့၏။

ထိုက်ရှဂိုဏ်း၏ အကာအကွယ်အစီအရင် အပြင်ဘက်တွင် သွေးနီရောင်ဝတ်ရုံများကို ဝင်ဆင်ထားသော ပုံရိပ်ဆယ်ခုကျော်သည် ရှယွင်ထျန်းတို့လူစု၏ ဆန့်ကျင်ဘက်တွင် ရပ်နေခဲ့ကြသည်။

ထိုလူစု၏ခေါင်းဆောင်မှာ လွန်ခဲ့သည့် တစ်နှစ်ကျော်က လုံရှီတောင်တွင် ပေါ်ပေါက်လာခဲ့သော သွေးနတ်ဆိုးနန်းတော်၏ အုပ်ထိန်းသူ သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် သွေးအရိပ်အရှင်သခင် ရွှယ်ဝူယင်း ဖြစ်၏။

တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီး‌နောက်တွင် သွေးအရိပ်အရှင်သခင်၏ အရှိန်အဝါသည် လုံရှီတောင်တွင် ရှိစဥ်ကထက်ပင် များစွာ ပို၍အားကောင်းလာခဲ့ပြီး သိုင်းသခင်နယ်ပယ် သတ္တမအဆင့်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

"‌သွေးအရိပ်အရှင်သခင်.. လုံရှီတောင် တိုက်ပွဲတုန်းက မင်းတို့သွေးနတ်ဆိုးနန်းတော်နဲ့ အကြီးအကဲ ရှောင်တုလီတို့ကြားမှာ သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့တယ်.. ဒီသဘောတူညီချက်အရ ငါးနှစ်အတွင်း မင်းတို့ သွေးနတ်ဆိုးနန်းတော်အနေနဲ့ မြောက်ပိုင်းတောရိုင်းဒေသမှာ ခြေချခွင့်မရှိဘူး.. အခုတော့ မင်းက သဘောတူညီချက်ကို ချိုးဖောက်ခဲ့တဲ့အပြင် ငါတို့ထိုက်ရှဂိုဏ်းကိုပါ လာရောက် တိုက်ခိုက်နေသေးတယ်.. မင်းက အကြီးအကဲရှောင်ရဲ့ စကားကို ဂရုမစိုက်တာလား"

ရှယွင်ထျန်းက သွေးအရိပ်အရှင်သခင်ကို စူးစိုက်၍ ကြည့်ကာ အေးစက်စက် ရေရွတ်လိုက်သည်။

"ရှယွင်ထျန်း.. မင်း ရှောင်တုလီရဲ့နာမည်ကို သုံးပြီး ငါ့ကိုခြိမ်းခြောက်ဖို့ မစဥ်းစားနဲ့ ငါခန့်မှန်းတာ မမှားရင် ရှောင်တုလီက မြောက်ပိုင်းတောရိုင်းဒေသမှာ ရှိမနေတော့ဘူး.. တစ်နှစ်ကျော်ကြာ ထွက်ပေါ်မလာပုံထောက်ရင် မြောက်ပိုင်းတောရိုင်းဒေသကနေ ထွက်သွားပြီလို့ ငါထင်တယ် ဒါ့အပြင် ငါတို့သွေးနတ်ဆိုးနန်းတော်က လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်လောက်က သွေးနတ်ဆိုးနန်းတော် မဟုတ်တော့ဘူး ရှောင်တုလီ ပေါ်လာခဲ့ရင်တောင် ငါတို့ သွေးနတ်ဆိုး နန်းတော်အနေနဲ့ ဘာမှကြောက်စရာမရှိဘူး"

သွေးအရိပ်အရှင်သခင်က မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။

"ငါမင်းကို နောက်ဆုံး အခွင့်အရေးပေးမယ်.. ငါတို့ သွေးနတ်ဆိုးနန်းတော်ကို အညံ့ခံလိုက်ပါ.. ဒီလိုမှ မဟုတ်ရင်တော့ မင်းတို့ ထိုက်ရှဂိုဏ်းကို မြေလှန်ပြီး ဖျက်ဆီးပစ်မယ်"

"ဟမ့်.. စိတ်ကူးယဥ်နေတာပဲ"

ရှယွင်ထျန်း၏ မျက်လုံးများက အေးစက်နေခဲ့သည်။

"ဒီနေ့ ငါ့ရဲ့ထိုက်ရှဂိုဏ်း ပျက်စီးသွားမယ် ဆိုရင်တောင် မင်းတို့ သွေးနတ်ဆိုးနန်းတော်ကို ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ဘူး"

"ရှယွင်ထျန်း.. မင်းတော်တော်ခေါင်းမာတာပဲ"

သွေးအရိပ် အရှင်သခင်က အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် သူ၏ လက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်သည်။

"ဝုန်း.."

ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအင်များသည် လေထဲတွင် ချက်ချင်း ပျံ့နှံ့သွားခဲ့ပြီး ပုံရိပ်ယောင် ဧရာမသွေးလက်ဝါးကြီးကို ဖြစ်ပေါ်စေခဲ့ကာ ထိုက်ရှဂိုဏ်း၏ အကာအရံအစီအရင်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

"ဝုန်း.."

ပုံရိပ်ယောင်လက်ဝါး၏ ရိုက်ချက်အောက်တွင် ထိုက်ရှဂိုဏ်း၏ အစီအရင်သည် ရုတ်တရက်လှိုင်းများ ထလာခဲ့ပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်သံသည် ကောင်းကင်ထက်တွင် ပဲ့တင်ထပ်နေခဲ့သည်။

"ငါ့ရဲ့ တိုက်ခိုက်မှုကိုတောင် တားဆီးနိုင်ခဲ့တယ် ဆိုတော့ ထိုက်ရှဂိုဏ်းရဲ့ ဂိုဏ်းအကာအကွယ် အစီအရင်က ဘယ်ဆိုးလို့လဲ .. ဒါပေမဲ့ ဒီလို အသေးအဖွဲ အစီအရင်လောက်နဲ့ ငါ့ကို တားချင်နေတာကတော့ ရယ်စရာပဲ.."

"ပျက်စီးစမ်း"

စကားဆုံးသည်နှင့် သွေးအရိပ် အရှင်သခင်၏ လက်ထဲတွင် ထူးဆန်းသော သွေးနီရောင် ဓားတစ်လက် ရောက်ရှိလာခဲ့သည်။

ထိုသွေးနီရောင်ဓားသည် ကောင်းကင်ပေါ်သို့ မြင့်တက်သွားခဲ့ပြီး မီတာတစ်ရာ ရှည်လျားသော သွေးနဂါးတစ်ကောင် အဖြစ်ပြောင်းလဲကာ ထိုက်ရှဂိုဏ်း၏ဂိုဏ်းအကာအကွယ်အစီအရင်ကို အပြင်းအထန် တိုက်ခိုက်လိုက်သည်။

"ဘန်း.. ဘန်း.."

ထိုက်ရှဂိုဏ်း၏ ဂိုဏ်းအကာအကွယ် အစီအရင်သည် အဆုံးသတ်တွင် သွေးနဂါး၏ တိုက်ခိုက်မှုကို ခံနိုင်ရည်မှမရှိတော့ဘဲ အက်ကြောင်းများ ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် ရွှေရောင်အလင်းစများ အဖြစ် ပြောင်းလဲကာ‌ လေထဲ၌ ပျောက်ကွယ်သွားခဲ့၏။

အခန်း(၁၁၀၈)ပြီး၏။

အခန်း(၁၁၀၉)

ထိုမြင်ကွင်းကိုမြင်လျှင် ရှယွင်ထျန်းတို့လူစု၏ မျက်နှာသည် ချက်ချင်းပင် အလွန်တရာလလေးနက်သွားခဲ့ကြသည်။

ထိုက်ရှဂိုဏ်း၏ ဂိုဏ်းအကာအကွယ် အစီအရင်သည် ထိုက်ရှဂိုဏ်း၏ တည်ထောင်သူ ချန်ထားရစ်ခဲ့သည့် အကာအကွယ်အစီအရင်ဖြစ်ပြီး သိုင်းသခင်နယ်ပယ် နဝမအဆင့်ကျင့်ကြံသူ၏ အပြည့်အဝ တိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်းရှိသည်။

သွေးအရိပ်အရှင်သခင်၏ အစောပိုင်းက ထုတ်လွှတ်လိုက်သော သွေးနီရောင်ဓားက ထိုက်ရှဂိုဏ်းအကာအကွယ်အစီအရင်ကို ဤမျှလွယ်ကူစွာ ဖျက်ဆီးနိုင်လိမ့်မည်ဟု ရှယွင်ထျန်းမည်သို့မှ မထင်ထားခဲ့ပေ။

"ရှယွင်ထျန်း.. မင်းငါတို့ကို အညံ့မခံလည်း ကိစ္စမရှိဘူး"

သွေးအရိပ်အရှင်သခင်က ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်သည်။

"သိပ်မကြာခင် မြောက်ပိုင်းတောရိုင်း ဒေသတစ်ခုလုံးက ငါတို့သွေးနတ်ဆိုးနန်းတော်ကို အညံ့ခံရမှာပဲ"

"စိတ်ကူးယဥ်မနေနဲ့"

ရှယွင်ထျန်းက ကြုံးဝါးလိုက်ပြီး သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်၏ စွမ်းအားများကို ထုတ်ဖော်လိုက်ရာ အပြာရောင်လက်ဝါးရိပ် တစ်ခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး သွေးအရိပ်အရှင်သခင်ကို တိုက်ခိုက်လိုက်သည်။

"သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်လောက်နဲ့ ငါ့ကို ယှဥ်ရဲသေးတယ်.. ကိုယ့်ကိုယ်ကိုယ် သေလမ်းရှာနေတာပဲ"

သွေးအရိပ်အရှင်သခင်က မထီမဲ့မြင် ပြုံးလိုက်သည်။

ထိုခဏတွင် သူ၏ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်သောသွေးနီရောင်အလင်းများ ထွက်ပေါ်လာခဲ့ပြီး ရှယွင်ထျန်း၏ လက်ဝါးရိပ်ကို လွယ်လွယ်ကူကူပင် ဖျက်ဆီးပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သွေးအရိပ်အရှင်သခင်၏ ပုံရိပ်သည် ရှယွင်ထျန်း၏ ရှေ့တွင် လျှပ်တပြက် ပေါ်ထွက်လာခဲ့ပြီး သွေးလက်ဝါးရိုက်ချက်ဖြင့် ရှယွင်ထျန်းကို ရိုက်ချလိုက်သည်။

"ဂိုဏ်းချုပ် သတိထား"

ထိုမြင်ကွင်းကိုမြင်လျှင် ရှယွင်ထျန်း၏ နောက်မှ ဂိုဏ်းအကြီးအကဲများ၏ မျက်နှာများသည် ဖြူဖျော့သွားခဲ့သည်။

သွေးအရိပ်အရှင်သခင်၏ ခွန်အားသည် အလွန်အားကောင်းပြီး သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူဖြစ်သည့် ရှယွင်ထျန်းပင် ခုခံနိုင်စွမ်း လုံးဝ မရှိသလောက် ဖြစ်နေခဲ့၏။

ထိုက်ရှဂိုဏ်းတွင် အထွတ်အထိပ်အကြီးအကဲ ကျီရှ တစ်ဦးတည်းသာ သွေးအရိပ်အရှင်သခင်ကို ရင်ဆိုင်နိုင်ဖွယ် ရှိသည်။

သို့သော် အထွတ်အထိပ်အကြီးအကဲ ကျီရှသည် နတ်ဓားဂိုဏ်းထံ သွားရောက်နေသောကြောင့် ထိုက်ရှဂိုဏ်းတွင် ရှိမနေခဲ့ပေ။

ဤကဲ့သို့အချိန်တွင် သွေးအရိပ်အရှင်သခင်၏ ဝင်ရောက်တိုက်ခိုက်မှုသည် သူတို့ထိုက်ရှဂိုဏ်းကို အကျပ်အတည်းထဲ ရောက်ရှိစေခဲ့သည်။

သူ၏ခန္ဓာကိုယ်နှင့် နီးကပ်လာသော သွေးလက်ဝါးကို ကြည့်ရင်း ရှယွင်ထျန်း၏ မျက်နှာတွင် ပြတ်သားသောအမူအရာတစ်ခုပေါ်ပေါက်လာခဲ့သည်။

ရှယွင်ထျန်းက သွေးအရိပ်အရှင်သခင်ကို အသက်စွန့်၍ သူသေကိုယ်သေတိုက်ခိုက်ရန် ပြင်ဆင်နေစဥ်မှာပင် လေထုထဲတွင် အသံတစ်သံသည် ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။

ရှယွင်ထျန်း၏ ဦးခေါင်းကို လက်ဝါးဖြင့်ရိုက်ချတော့မည့် သွေးအရိပ်အရှင်သခင်သည် နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာကနေ အေးစိမ့်သော ခံစားချက်ကို အလိုအလျောက်ခံစားမိလိုက်သည်။

သူက အထိတ်တလန့် ဖြစ်သွားခဲ့ပြီး သတိထားလိုက်သော်လည်း လေထုထဲကနေ ထွက်ပေါ်လာသည့် ထူးဆန်းသော ဓားစွမ်းအင်တစ်ခုသည် သူ့ဆီသို့ သက်ရောက်လာခဲ့သည်။

ထိုဓားစွမ်းအင်၏ တိုက်ခိုက်မှုအောက်တွင် သွေးအရိပ်အရှင်သခင်၏ ခန္ဓာကိုယ်သည် ဆယ်ပေကျော်ခန့် နောက်သို့လွင့်စင်သွားခဲ့သည်။

သူက ချက်ချင်းပင် လေထုကို စူးစိုက်ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဘယ်သူလဲ သတ္တိရှိရင် ထွက်လာခဲ့စမ်း.."

"သွေးအရိပ်အရှင်သခင်.. လုံရှီတောင်မှာတုန်းက ငါ့ဆရာက မင်းရဲ့ ခွေးအသက်ကို ချမ်းသာပေးခဲ့တယ်.. ဒီအတွက် မင်းတို့သွေးနတ်ဆိုးနန်းတော်က မြောက်ပိုင်းတောရိုင်းဒေသမှာ ငါးနှစ်အတွင်း ခြေမရှုပ်ပါဘူးလို့ ကတိပေးခဲ့တယ်..မင်းက ငါ့ဆရာရဲ့စကားကို မနာခံဘဲ မြောက်ပိုင်းတောရိုင်းဒေသမှာ ဒုက္ခပေးလိမ့်မယ်လို့ ငါတကယ် ထင်မထားမိဘူး"

သွေးအရိပ်အရှင်သခင်၏ စကားသံ ထွက်ပေါ်လာသည်နှင့်အတူ လေထုထဲကနေ တည်ကြည်သော စကားသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် အနက်ရောင်ပုံရိပ် တစ်ခုသည် လေထုထဲကနေ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့ပြီး လူတိုင်း၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။

"ကျန်း.. ကျန်းချန်"

လေထုထဲမှ ရုတ်တရက် ထွက်ပေါ်လာသော ပုံရိပ်ကို မြင်လျှင် ရှယွင်ထျန်းနှင့် ထိုက်ရှဂိုဏ်းမှ အကြီးအကဲများသည် တစ်ခဏမျှ မှင်တက်သွားကြသည်။

ချက်ချင်းဆိုသလိုပင် သူတို့၏ မျက်လုံးထဲတွင် ဝမ်းသာသောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

တစ်နှစ်ကျော်ကြာ ပျောက်ကွယ်သွားခဲ့သော ကျန်းချန်သည် ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေတွင် ပြန်လည် ရောက်ရှိလာခဲ့သည်။

သိထားရမည်မှာ ကျန်းချန်သည် ရှောင်တုလီ၏ တပည့် ဖြစ်သည်။

ယခုကျန်းချန်က ထွက်ပေါ်လာသည် ဖြစ်ရာ ‌ရှောင်တုလီသည်လည်း ရောက်ရှိနေလောက်သည် မဟုတ်ပါလော။

ဤကိစ္စကို ရှောင်တုလီသာ ကူညီခဲ့လျှင် ထိုက်ရှဂိုဏ်းသည် ယနေ့တွင် ကယ်တင်ခံရလိမ့်မည် ဖြစ်၏။

အခန်း(၁၁၀၉)ပြီး၏။

အခန်း(၁၁၁၀)

"ကောင်လေး.. လတ်စသတ်တော့ မင်းကိုး"

သွေးအရိပ်အရှင်သခင်က ရုတ်တရက် ထွက်ပေါ်လာသော ကျန်းချန်ကို မြင်လျှင် မျက်မှောင်ကြုတ်သွားခဲ့သည်။

လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က လုံရှီတောင်တွင် ကျန်းချန်သည် ဂိုဏ်းကြီးသုံးဂိုဏ်း သိုင်းပြိုင်ပွဲတွင် ထွန်းလင်းတောက်ပခဲ့ပြီး လူငယ်မျိုးဆက်၏ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

ထိုပြိုင်ပွဲတွင် ပြသခဲ့သော ကျန်းချန်၏ ပါရမီသည် သွေးအရိပ် အရှင်သခင်ကို အလွန်ပင် စိုးရိမ်စေခဲ့သည်။

ထို့ကြောင့်ပင် သွေးနတ်ဆိုးနန်းတော် အတွက် အနာဂတ်တွင် ပြဿနာ ဖြစ်လာနိုင်သည့် ဤကောင်လေးကို သတ်ဖြတ်ရန်ဆုံးဖြတ်ချက် ချလိုက်သည်။

သို့သော် သွေးအရိပ် အရှင်သခင် မထင်ထားခဲ့သည်မှာ သူ၏ကျန်းချန်အပေါ် တိုက်ခိုက်မှုသည် ကျန်းချန်ကို မတိုက်ခိုက်နိုင်ရုံသာမက လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူတစ်ယောက် ဖြစ်သည့် ရှောင်တုလီကို အပြစ်ပြုမိသလို ဖြစ်သွားခဲ့ပြီး သွေးနတ်ဆိုးနန်းတော်သည် သဘောတူညီမှု တစ်ခုကိုပင် ပြုလုပ်ပေးခဲ့ရသည်။

ထိုကိစ္စပြီးနောက်တွင် သွေးနတ်ဆိုးနန်းတော်သည် ရှောင်တုလီကို ကြောက်ရွံ့မှုကြောင့် တစ်နှစ်ကျော် ကြာသည် အထိ မြောက်ပိုင်းတောရိုင်း ဒေသတွင် မည်သည့်ကိစ္စကိုမှ ပြုလုပ်ရဲခြင်းမရှိခဲ့ပေ။

လွန်ခဲ့သည့် သုံးလခန့်တွင် သွေးနတ်ဆိုးနန်းတော်၏ ခန်းမသခင်သည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်၏ခွန်အားကို အောင်မြင်စွာ ပြန်လည်ရရှိခဲ့သည်။

ထိုနောက်ပိုင်းတွင် သွေးနတ်ဆိုး နန်းတော်သည် မြောက်ပိုင်းတောရိုင်းဒေသတွင် တဖြည်းဖြည်း ခြေရှုပ်လာခဲ့၏။

ဤသုံးလအတွင်း သွေးနတ်ဆိုးနန်းတော်ကို နှိမ်နင်းနေရသောကြောင့် မြောက်ပိုင်းတောရိုင်း ဒေသ၏ ဂိုဏ်းကြီးသုံးဂိုဏ်းသည် အားအင်ကုန်ခန်းလုနီးပါးပင် ဖြစ်ခဲ့ရသည်။

ထိုက်ရှဂိုဏ်း၏ အထွတ်အထိပ်အကြီးအကဲ ကျီရှသည် ထျန်းယွဲ့ဂိုဏ်းနှင့် နတ်ဓားဂိုဏ်းတို့၏ အထွတ်အထိပ် အကြီးအကဲများနှင့်အတူ သွေးနတ်ဆိုးနန်းတော်အား ပူးပေါင်းနှိမ်နင်းရန် ကိစ္စကို သွားရောက် ဆွေးနွေးနေခဲ့သည်။

အကြီးအကဲ ကျီရှ ရှိမနေ၍ ထိုက်ရှဂိုဏ်း၏ အင်အားသည် ယခင်ကထက် လုံးဝကို အားနည်းနေခဲ့သည်။

သွေးနတ်ဆိုးနန်းတော်က ဤအခွင့်အရေးကို အပြည့်အဝအသုံးချကာ သွေးအရိပ် အရှင်သခင်ကို သွေးနတ်ဆိုးနန်းတော်၏ အင်အားကြီးမားသော ကျင့်ကြံသူများနှင့် ဘအတူ စေလွှတ်ခဲ့ပြီး ထိုက်ရှဂိုဏ်းကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့သည်။

သို့သော်လည်း ထိုက်ရှဂိုဏ်း၏ ဂိုဏ်းအကာအရံ အစီအစဥ်ကို ချိုးဖျက်ပြီး ထိုက်ရှဂိုဏ်းကို ဖျက်ဆီးတော့မည့် အချိန်တွင် ကျန်းချန်က ထွက်ပေါ်လာမည်ဟု သွေးအရိပ် အရှင်သခင် မထင်ထားခဲ့ပေ။

"ဒီကောင်လေးက ‌ရှောင်တုလီရဲ့တပည့် ဆိုတော့ ရှောင်တုလီက ထိုက်ရှဂိုဏ်းမှာများ ရှိနေမလားမသိဘူး"

သွေးအရိပ် အရှင်သခင်၏ မျက်လုံးထဲတွင် မရေမရာ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

"သွေးအရိပ်အရှင်သခင်..လုံရှီတောင်မှာတုန်းက ငါ့ဆရာက မင်းကို ဂရုဏာစိတ်နဲ့ အသက်ချမ်းသာပေးခဲ့တယ်.. ကြည့်ရတာ မင်းက နောင်တမရတဲ့ပုံပဲ.. ငါ့ရဲ့ ထိုက်ရှဂိုဏ်းကိုတောင် လာပြီး ရိုင်းစိုင်းရဲတယ် ဒီနေတော့ ငါ့ဆရာကိုယ်စား မင်းကို ငါသတ်ပစ်မယ်"

ကျန်းချန်က သွေးအရိပ် အရှင်သခင်ကို လေးနက်စွာကြည့်၍ ပြောလိုက်သည်။

"ကောင်လေး မင်းတစ်ယောက်တည်းနဲ့ ငါ့ကို သတ်မလို့လား မင်းကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး.. ငါ့ကိုသတ်ချင်ရင် မင်းဆရာကို ဆင့်ခေါ်လိုက်လေ"

သွေးအရိပ်အရှင်သခင်က မထီမဲ့မြင် ပြုံး၍ ပြောလိုက်သည်။

ရှောင်တုလီ၏ ခွန်အားသည် အလွန်အစွမ်းထက်၍ နတ်ဝိညာဥ်ဘုရင်နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်နိုင်ဖွယ်ရှိ၏။

သို့သော်လည်း သူတို့ သွေးနတ်ဆိုးနန်းတော်၏ ခန်းမသခင်သည် ယခုအခါတွင် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်၏ ခွန်အားကို ပြန်လည် ရရှိထားပြီဖြစ်ရာ ရှောင်တုလီကို ကြောက်စရာ မလိုတော့ပေ။

ကျန်းချန်က သွေးအရိပ်အရှင်သခင်ကို တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။

"မင်းလောက်ကို သတ်ဖို့ ငါ့ဆရာ ဘာလို့လိုမှာလဲ.. ငါတစ်ယောက်တည်းနဲ့ လုံလောက်တယ်"

သွေးအရိပ်အရှင်သခင်သည် သိုင်းသခင်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်သည်။

ယန်ဒီမြို့မှ သိုင်းသခင်နယ်ပယ် သတ္တမအဆင့် ဖြစ်သည့် ဧကရာဇ်အဆင့် ပါရမီရှင်ပင် ဤလူထက် အဆများစွာ အားကောင်း၏။

သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် သိုင်းသခင်နယ်ပယ် နဝမအဆင့်ဖြစ်သည့် ဧကရာဇ်အဆင့် ပါရမီရှင်ကိုပင်အလွယ်တကူ သတ်ဖြတ်နိုင်သည် ဖြစ်ရာ သူ့ရှေ့မှ သွေးအရိပ်အရှင်သခင်လောက်ကို စာဖွဲ့၍ ထည့်ပြောနေစရာပင်မလိုပေ။

"ဟားဟား.. မင်းက တော်တော်လေး မောက်မာတာပဲ.. ကောင်းပြီလေ မင်းငါ့ကိုဘယ်လိုသတ်နိုင်မလဲဆိုတာကြည့်ရသေးတာပေါ့"

သွေးအရိပ်အရှင်သခင်က မထီမဲ့မြင် ရယ်မောလိုက်သည်။

လွန်ခဲ့သည့် တစ်နှစ်ကျော်လောက်က ကျန်းချန်သည် မြောက်ပိုင်းတောရိုင်းဒေသ၏ ဂိုဏ်းကြီးသုံးဂိုဏ်း သိုင်းပြိုင်ပွဲတွင် အံ့အားသင့်ဖွယ် အစွမ်းပြခဲ့သည်။

သို့သော်လည်း ထိုအခါက စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်ကိုပင် မထိုးဖောက်ရသေးပေ။

သူ၏ခွန်အားကမူ ဤတစ်နှစ်အတွင်း သိုင်းသခင်နယ်ပယ်သတ္တမအဆင့်သို့ပင် ပြန်လည် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ကျန်းချန်က မည်မျှပင် နတ်ဆိုးဆန်စွာ ပါရမီရှိသည်ဖြစ်စေ မူလဘူတ နယ်ပယ်အဆင့်ကနေ သိုင်းသခင်နယ်ပယ် သတ္တမအဆင့်နှင့် ယှဥ်နိုင်သည်အထိ အင်အားကြီးမားသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်မည် မဟုတ်လောက်ပေ။

"ဟမ့်.. သိုင်းသခင်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူလေးကများ ငါ့ရှေ့မှာ မောက်မာရဲနေပါလား"

ကျန်းချန်က သွေးအရိပ် အရှင်သခင်ကို စူးရှစွာစိုက်ကြည့်၍ ရေရွတ်လိုက်သည်။

အခန်း(၁၁၁၀)ပြီး၏။

All Chapters