အခန်း (၂၀၀၁-၂၀၀၅)
Vol. 81 Ch. 2001-2005
အပိုင်း (၂၀၀၁)
ဤငါးရောင်ခြယ်ရတနာဘုရားထဲရှိ နာမည်ကျော် နဂါးပျံယဇ်ပုလ္လင်မှာ လိမ်ညာမှုကြီးတစ်ခုသာ ဖြစ်နေခဲ့လေသည်။ နဂါးပျံယဇ်ပုလ္လင် အနီးတစ်ဝိုက်တွင် စုဝေးနေကြသော တန်ခိုးရှင်ဘုရင် ကျင့်ကြံသူ ရာပေါင်းများစွာမှာ အမှန်တရားကို လက်မခံနိုင် ဖြစ်နေကြသည်။ မြေပြင်ပေါ်တွင် ပုံထပ်နေသော အလောင်းများကိုကြည့်ရင်း အကုန်လုံး မျက်စိပျက် မျက်နှာပျက် ဖြစ်နေခဲ့ကြလေသည်။
နဂါးပျံယဇ်ပုလ္လင်ကြီးသာ အတုအယောင်ကြီး ဖြစ်နေမည်ဆိုလျှင် ထိုသူများအားလုံး သေသွားသည်မှာ အချည်းနှီးဖြစ်သွားသည်ဟု ပြော၍ရပေသည်။ အသက်ရှင်နေကြသူများထဲ သေဆုံးသွားသူများ၏ ဆွေမျိုးများ၊ မိတ်ဆွေများ ကျန်ရှိနေကြသေးသည်။
“သခင်မလေးချင်း ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျုပ်တို့ကို ရှင်းပြချက်ပေးသင့်တယ်လို့ မထင်ဘူးလား” ရုတ်တရက် လူအုပ်ထဲမှ တစ်ယောက်သည် ချင်းယုထံသို့လှည့်၍ အေးစက်စက်လေသံဖြင့် မေးလိုက်လေသည်။
ချင်းယုသည် အစောကြီးကတည်းက ရှေ့ဆက်မသွားဘဲ ရပ်လိုက်ခြင်းဖြစ်သည်။ သူမ၏ နိမ့်ကျသော ခွန်အားကြောင့် အရမ်းဝေးဝေးသို့ မသွားနိုင်ခဲ့ပေ။ လက်ရှိတွင် ချင်းယုသည် သူမနှင့် အနီးဆုံးလူနှင့်ပင် မီတာနှစ်ရာခန့် ကွာနေခဲ့သည်။ ထိုလူ၏ အမေးကိုကြားသောအခါ ချင်းယုက မျက်မှောင်ကြုတ်၍ ခေါင်းမော့ကာ ပြန်ပြောလိုက်သည်။ “ရောင်ရင်း ဘာပြောချင်တာလဲ”
“ဟမ့် ကျုပ်ဘာပြောချင်လဲ သခင်မလေးချင်း မသိဘူးလား။ ဒီနဂါးပျံယဇ်ပုလ္လင်အကြောင်းကို သခင်မလေးချင်းပဲ ကျုပ်တို့ကို ပြောပြခဲ့တာလေ။ ကျုပ်တို့အားလုံး သခင်မလေးချင်း ပြောတာကိုယုံကြည်လို့ အခုလိုတွေလုပ်ခဲ့ရတာ။ ဒါပေမဲ့ အခုကြည့် ဒီနဂါးပျံယဇ်ပုလ္လင်က အတုကြီး။ ဒီလောက် လူတွေအများကြီးသေသွားတာကို သခင်မလေးချင်းက မသိချင်ယောင် ဆောင်နေချင်သေးတာလား”
ပြောနေသည့်လူ၏ ပုံစံမှာ မသိလျှင် သူတို့အားလုံး ကိုယ့်ဘာသာ လောဘဇောဖြင့် နဂါးပျံယဇ်ပုလ္လင်ဆီသို့ ပြေးဝင်သွားခဲ့သည့်အပေါ် ချင်းယုပဲ တာဝန်ယူပေးရမလို၊ ချင်းယု ပြောသည့်အတွက်ကြောင့်သာ နဂါးပျံယဇ်ပုလ္လင်ဆီသို့ ပြေးသွားခြင်းဖြစ်ပြီး သူတို့၏ ဆန္ဒနည်းနည်းလေးမှ မပါသလိုလို။
ချင်းယု ပို၍မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော်လည်း သူမဘာမှ ပြန်မပြောနိုင်ခင်မှာပင် သူမဘေးနားက အစောင့်က ၀င်ပြောလိုက်၏။
“ရောင်ရင်း မင်းစကားကို မင်းကြည့်ပြောနော်။ အခုကိစ္စက ငါတို့သခင်မလေးနဲ့ ဘာဆိုင်လို့လဲ”
“သူနဲ့ ဘာဆိုင်လို့လဲဟုတ်လား။ သခင်မလေး ချင်းယု ပြောသွားတာကြောင့်သာ မဟုတ်ရင် ငါတို့ တုန့်ဆိုင်းမနေဘဲရှေ့တက်သွားမှာ မဟုတ်…”
ထိုလူစကားဆုံးအောင် မပြောနိုင်ခင်သေးမှာပင် တွမ့်ထျန်းစီက ဖြတ်ပြောလိုက်လေသည်။
“အပိုတွေ လာပြောမနေနဲ့။ သခင်မလေးချင်း ဘာမှ မပြောရင်တောင် မင်းတို့ဘာသာ လောဘဇောကပ်ပြီး နဂါးပျံယဇ်ပုလ္လင်ဆီ ပြေးသွားကြဦးမှာပဲ မဟုတ်ဘူးလား”
တွမ့်ထျန်းစီသည် မြို့သခင်၏ သားဖြစ်သလို သူ့ခွန်အားမှာလည်း နိမ့်ကျခြင်း မရှိပေ။ ထို့ကြောင့် မေပယ်မြို့ထဲရှိ ကျင့်ကြံသူများကြား သူ့အဆင့်အတန်းမှာ အတော်လေးမြင့်မားပြီး နာမည်လည်း ကျော်ကြားပေသည်။ တွမ့်ထျန်းစီ ၀င်ပြောသည်ကိုကြားသော် လူတော်တော်များများ ခေါင်းငုံ့သွားကြသည်။ သေချာစဉ်းစားကြည့်လိုက်ပြီးနောက် တွမ့်ထျန်းစီ ပြောသည်မှာ အမှန်ဖြစ်နေကြောင်း တွေ့ရှိလိုက်ရပေသည်။
ချင်းယု ဘာမှမပြောလျှင်ပင် မည်သူမှ ဤနဂါးပျံယစ်ပလ္လင်ကို လျစ်လျူရှုထားလိမ့်မည် မဟုတ်ပေ။ သူတို့ရှေ့တွင် ရတနာပုံကြီး ရှိနေလေရာ မည်သူကများ ထိုရတနာပုံကြီးကို လက်လွတ်ခံနိုင်မည်နည်း။ တစ်နည်းဆိုရသော် ချင်းယု ပြောပြော မပြောပြော လက်ရှိအခြေအနေမှာ ပြောင်းလဲသွားမည်မဟုတ်။
“သခင်မလေးချင်းက သဘောထားကြီးကြီးနဲ့တောင် ရှင်းပြပေးခဲ့တာကို မင်းတို့က သူ့ကို လာအပြစ်တင်နေတာလား။ သောက်ရှက်လေးဘာလေး ရှိစမ်းပါကွ” တွမ့်ထျန်းစီသည် အစောပိုင်းက စကားပြောလိုက်သည့် ကျင့်ကြံသူအား ကြည့်ရင်း ပြောလိုက်လေသည်။
ထိုကျင့်ကြံသူမှာလည်း ဘာမှပြန်မပြောရဲတော့ဘဲ အကြည့်သာ ရှောင်လွှဲနေလိုက်သည်။
“ဒီကိစ္စက သခင်မလေးချင်းနဲ့ ဘာမှ မသက်ဆိုင်ဘူး။ မင်းတို့ထဲက တစ်ယောက်ယောက် သူ့ကိုထပ်ပြီး ပြဿနာရှာရဲရင် ငါတို့ မီးတောက်ကျောင်းတော်ရဲ့ ရန်သူဖြစ်ပြီမှတ်”
“ငါတို့ ကျန်းမိသားစုကလည်း သဘောတူတယ်” ကျန်းချူဟဲကလည်း ၀င်ပြောလိုက်သည်။
သူ့အနေဖြင့် ကျန်းမိသားစု ဂုဏ်သတင်းကို တိုးတက်အောင်လုပ်နိုင်မည့် အခွင့်အရေးကို လက်လွှတ်ခံ၍မဖြစ်ပေ။
“ဟုတ်တာပေါ့၊ ကျုပ်တို့ သခင်မလေးချင်းကို ဘယ်လိုလုပ်ပြီး အပြစ်တင်လို့ရမလဲ။ အခုဖြစ်သွားတာတွေက ကိုယ့်လောဘနဲ့ကိုယ် ဖြစ်ကြတာလေ။ သခင်မလေးချင်းက ဒီကိစ္စနဲ့ ဘယ်လိုလုပ်ပြီး ပက်သက်နေရမှာလဲ”
“ဟုတ်တယ် သခင်မလေးချင်း ပြောပြတာကြောင့်သာ မဟုတ်ရင် ငါတို့ ဒါဘာမှန်းဆိုတာတောင် သိမှာမဟုတ်ဘူး။ ကျေးဇူးတင်ရမှာကိုတောင် ကျေးဇူးမတင်ပဲ ကျေးဇူးပြန်ကန်းချင်နေတဲ့ကောင်တွေ”
“တစ်ကယ်ကို မေပယ်မြို့အတွက် ကျက်သရေတုံးတဲ့ ကောင်တွေ။ ဒီကောင်တွေနဲ့အတူ ရပ်နေရတာ ရှက်ဖို့တောင်ကောင်းတယ်”
ထိုအုပ်ကြီးမှ ထိုသို့ဝိုင်းပြောလာသောအခါ ချင်းယုအား ပထမဆုံးစွပ်စွဲ အပြစ်တင်လိုက်သူမှာ ရှက်လွန်းသဖြင့် တွင်းတစ်တွင်းတူးပြီး ပြေးပုန်းချင်စိတ်များပင် ဖြစ်ပေါ်လာတော့သည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ချင်းယုက ပြုံးလျက်
“အခုလိုနားလည်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မပြောတာ လုံး၀မမှားဘူးနော်။ ဒီနဂါးပျံယဇ်ပုလ္လင်က တစ်ကယ်ကို အဖိုးတန် ရတနာတစ်ခုပဲ”
“ဘယ်လိုမျိုးလဲ” တွမ်ထျန်းစီနှင့် ကျုန်းကျီကျင်းတို့၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားလေသည်။
ရန်ကိုင်လည်း ချင်းယုကိုသေချာကြည့်ရင်း သူမနှင့် မဆိုင်သည့် စကားများကို မပြောပါစေနှင့်ဟုသာ ကြိတ်၍ဆုတောင်းနေခဲ့လေသည်။ ချင်းယုကမူ ပြုံး၍ ပြန်ပြောလိုက်သည် “ဒီနဂါးပျံယစ်ပလ္လင်ကကို ရတနာတစ်ခုပဲလေ။ ယစ်ပလ္လင်ပေါ်မှာရှိတဲ့ ပစ္စည်းတွေက ပုံရိပ်ယောင်တွေ ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ယဇ်ပုလ္လင်ကိုယ်တိုင်ကတော့ နဂါးအရိုးနဲ့ ပြုလုပ်ထားတဲ့ မှော်ရတနာတစ်ခုပဲ။ ဒီလိုရတနာဆိုတာ ဧကရာဇ်တွေကတောင် လိုချင်တဲ့ ရတနာမျိုး”
ထိုစကားကိုကြားသည့်အခါ အကုန်လုံး၏ အမူအရာ ထပ်မံတက်ကြွလာလေသည်။ သို့သော်လည်း ချင်းယုက အလျင်အမြန် သက်ပြင်းချ၍ “ဒါပေမဲ့ ကျွန်မတို့ရဲ့ ခွန်အားလောက်နဲ့တော့ ဒီနဂါးပျံယဇ်ပုလ္လင်ကို ဘယ်လိုမှဖျက်စီးပြီး ယူသွားနိုင်မှာ မဟုတ်ဘူး။ အဲ့တာကြောင့်သာ မဟုတ်ရင် နဂါးပျံယစ်ပလ္လင်ဆိုတာ ငါးရောင်ခြယ်ရတနာဘုရားထဲမှာ အခုအချိန်ထိ ရှိနေနိုင်ဦးမှာ မဟုတ်ဘူး။ ယူသွားလို့သာ ရမယ်ဆိုရင် ဒီနဂါးပျံယစ်ပလ္လင်ကို အားကောင်းတဲ့ ပညာရှင်တစ်ယောက်ယောက်က အစောကြီးကတည်းက ယူသွားပြီးလောက်ပြီ။ ကျွန်မတို့သာ နဂါးပျံယဇ်ပုလ္လင်ကို သွားတိုက်ခိုက်မယ်ဆိုရင် မမျှော်လင့်ထားတဲ့ ပြဿနာတွေလည်း ဖြစ်လာနိုင်သေးတယ်။ ဒီတော့ အကုန်လုံး မဆင်မခြင် မလှုပ်ရှားဖို့ ကျွန်မအကြံပေးချင်ပါတယ်”
ထိုစကားကိုကြားသည့်အခါ ကျုန်းကျီကျင်းနှင့် တွမ့်ထျန်းစီတို့၏ အမူအရာ တည်ငြိမ်သွားကြလေသည်။ နှစ်ဦးစလုံး နဂါးပျံယစ်ပလ္လင်သို့လှည့်ကြည့်ရင်း သက်ပြင်းအသီးသီး ချလိုက်ကြသည်။ အဖိုးတန် ရတနာကြီးမှာ သူတို့ရှေ့တွင် ရှိနေသော်လည်း မယူနိုင်ခဲ့ပေ။ မြင်သာမြင် မကြင်ရသည့်ဘ၀မှာ အလွန်ကိုမှ စိတ်ပေါက်ဖွယ် ကောင်းပေသည်။
“ဒါနဲ့ သခင်မလေးချင်း” တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ရန်ကိုင်သည် လက်သီးဆုပ်၍ မေးလိုက်လေသည် “သခင်မလေးချင်း ဒီယစ်ပလ္လင်အကြောင်း သိနေမှတော့ ကျုပ်တို့ဒီကနေ ဘယ်ချိန် ထွက်သွားလို့ရမလဲဆိုတာ သိလို့ရမလား။ ခုနတုန်းက ပြန်ဆုတ်ဖို့ကြိုးစားတဲ့လူတွေ အကုန်အသတ်ခံလိုက်ရတာဆိုတော့…။ လူတိုင်း ဒီနေရာမှာပဲ တစ်ချိန်လုံး ပိတ်မိမနေချင်ကြဘူးလေ”
“ဟုတ်တယ် သခင်မလေးချင်း။ ကျေးဇူးပြုပြီး ပြောပြပေးပါဦး”
ရန်ကိုင်ပြောလိုက်မှပဲ အခြားကျင့်ကြံသူများ ထိုအချက်ကို နားလည်သွားခဲ့လေသည်။ ချင်းယုသည် ရန်ကိုင့်အား သေချာတစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် ပြုံးလျက် ပြန်ပြောလိုက်လေသည်။
“အခု ထွက်သွားချင်ရင် ထွက်သွားလို့ရပြီ။ နဂါးပျံယဇ်ပုလ္လင်ပေါ်က ရတနာတွေ မရှိတော့တာနဲ့ အဲ့အကျိုးသက်ရောက်မှုလည်း ပျောက်ကွယ်သွားပြီ။ ပြီးတော့ နဂါးပျံယစ်ပလ္လင်က နောက်နာရီ၀က်နေရင် ပျောက်ကွယ်သွားတော့မှာ။ ဘယ်အချိန် ပြန်ပေါ်လာမလဲဆိုတာ ဘယ်သူမှသိကြတာ မဟုတ်ဘူး။ မထွက်သွားချင်လည်း ဆက်ပြီးနေလို့ရတယ်။ နဂါးဖိအားဆိုတာ ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခုပဲ။ အဲ့ဒါကိုတော့ ကျွန်မ ရှင်းပြနေစရာ မလိုဘူးထင်ပါတယ်”
ချင်းယု၏အကြည့်ကြောင့် ရန်ကိုင့်မှာ အတော်လေး မသက်မသာ ဖြစ်နေခဲ့ရလေသည်။ သူမ၏အကြည့်သည် သူ့လျှို့ဝှက်ချက်များကို ထိုးဖောက်မြင်နေနိုင်သည့်အလား။ သို့သော်ငြား ကျေးဇူးတင်စကားတော့ ပြောလိုက်သေး၏ “အခုလိုပြောပြပေးတဲ့အတွက် သခင်မလေးချင်းကို ကျေးဇူးအများကြီးတင်ပါတယ်”
ထိုသို့ပြောလိုက်သော်ငြား လှုပ်တော့ မလှုပ်ခဲ့ချေ။ လူတစ်ဦးအနေဖြင့် အခြားသူများ၏ အမှားမှ သင်ခန်းစာယူသင့်သည်။ နဂါးပျံယဇ်ပုလ္လင်ဆီမှ ထွက်လာမည့်လျှပ်စီးတန်းကြောင့် သေဆုံးရမည့် အဖြစ်မျိုးနှင့် သူမကြုံချင်ပေ။ ထို့ကြောင့် တင်ပလ္လင်ခွေသာ ထိုင်ချလိုက်ပြီး အရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံးတစ်လုံးကို ထုတ်သောက်လိုက်လေသည်။
ထို့နောက် ဆေးလုံးနှင့်တကွ နဂါးဖိအားကို သုံး၍ သူ့ကိုယ်ထဲရှိ သူတော်စင်ချီကို အရင်းအမြစ်ချီ အဖြစ်သို့ စတင်ပြောင်းလဲတော့လေ၏။ ရန်ကိုင် တစ်ယောက်ထဲသာ ထိုကဲ့သို့လုပ်နေခြင်းမဟုတ်။ အခြားသူများသည်လည်း ထိုကဲ့သို့ လုပ်ကြပေသည်။ မည်သူမှ မစွန့်စားချင်ကြပေ။
ဤနေရာမှ မြန်မြန်ထွက်ခွာပြီး ရတနာရှာဖွေချင်နေကြသည့် ကျင့်ကြံသူများလည်း ရှိကြသည်။ သို့သော်လည်း ပြန်မဆုတ်ရဲကြသဖြင့် မည်သူက အရင်ဆုံး စတင်လှုပ်မလဲဆိုသည်ကိုသာ စောင့်နေကြလေသည်။ ထိုအခြေအနေကိုမြင်သော် ချင်းယုက ပြုံးလျက် နောက်လို့လှည့်ပြီး လမ်းလျှောက်ထွက်သွားလေသည်။
“သခင်မလေး” ဘေးတွင်ရပ်နေသော အစောင့်များ ထိတ်လန့်တုန်လှုပ်သွားပြီး လှမ်းအော်ခေါ်လိုက်လေသည်။
ချွေးသီးချွေးပေါက်တို့သည် သူတို့၏ နဖူးထက် ဝေ့သီလာခဲ့သည်။ သို့သော်လည်း နဂါးပျံယဇ်ပုလ္လင်ဆီမှ မည်သည့်တုံပြန်မှုမှ ထွက်မပေါ်လာသည်ကို မြင်မှပဲ စိတ်သက်သာရာ ရသွားကြတော့သည်။ ကြည့်ရသလောက် ချင်းယုပြောသည်မှာ မှန်သည့်ပုံပင်။ ပလ္လင်ပေါ်ရှိ ရတနာအားလုံး ပျောက်ကွယ်သွားသည်နှင့် သူတို့အား နောက်ပြန်မဆုတ်အောင် တားဆီးထားသည့် အစီအရင်သည်လည်း အသက်မ၀င်တော့ချေ။
ချင်းယုဘာမှမဖြစ်သည်ကို မြင်ပြီးနောက် အခြားသူများလည်း ဆက်ပြီး တုန့်ဆိုင်းမနေကြတော့ချေ။ မကြာမီ နဂါးပျံယစ်ပလ္လင် အနီးတစ်ဝိုက်တွင် ကျင့်ကြံသူ အနည်းငယ်သာ ကျန်ရစ်ပေတော့သည်။ ရန်ကိုင်သည် ထိုလူများအနက် တစ်ဦးအပါအ၀င်ဖြစ်သည်။ ရန်ကိုင်သည် ရွှေနဂါးအရင်းအမြစ်ကို ထုတ်မသုံးတော့ဘဲ သု့ခန္ဓာကိုယ် သက်သက်ဖြင့် နဂါးဖိအားကို ခုခံနေခြင်း ဖြစ်သည်။
အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးနှင့်ပါ ထပ်ပေါင်းလိုက်သော် သူ့ကိုယ်ထဲရှိ သူတော်စင်ချီမှာ လျင်မြန်စွာ သိပ်သည်းနေလေသည်။ သူကြည့်ရသလောက် ဤနေရာတွင် နာရီ၀က်ခန့် လေ့ကျင့်ခြင်းသည် အပြင်ဘက်၌ ဆယ်ရက်ခန့် လေ့ကျင့်ခြင်းနှင့် ညီမျှနေသည်။ ချင်းယု ပြောခဲ့သလိုပင် နာရီ၀က်ကြာပြီးနောက် နဂါးပျံယစ်ပလ္လင်သည် တဝုန်းဝုန်းမည်သံနှင့်အတူ မြေကြီးထဲသို့ လျှို၀င်ပျောက်ကွယ်သွားခဲ့သည်။
နဂါးဖိအားသည်လည်း သဲလွန်စမကျန် ပျောက်ကွယ်သွားလေ၏။ ရန်ကိုင် သက်ပြင်းချပြီး ထရပ်လိုက်သည်။ လှည့်ကြည်လိုက်ရာ ကျင့်ကြံသူအနည်းငယ်သာ ကျန်တော့ကြောင်း တွေ့လိုက်ရသည်။ အချို့မှာ တစ်ယောက်ထဲရပ်နေကြပြီး အချို့မှာ အဖွဲ့နှင့်ရပ်နေကြလေသည်။ မကြာမီ ထိုကျင့်ကြံသူအားလုံး ဦးတည်ဘက် အသီးသီးသို့ ပျံသန်းထွက်ခွာသွားကြလေ၏။
ရန်ကိုင်သည်လည်း လမ်းကြောင်းတစ်ခုရွေးကာ ငါးရောင်ခြယ် အလင်းတန်းကိုရှာရန်အတွက် ထွက်ခွာလာခဲ့လေသည်။ ခဏကြာအောင် ပျံသန်းနေပြီးနောက်တွင် ရန်ကိုင် မျက်မှောင်ကြုတ်ပြီး အရှိန်တင်လိုက်လေသည်။ တစ်နာရီကြာအောင် ပျံသန်းနေပြီးနောက်တွင် ရန်ကိုင့်မျက်နှာကြီး မှုန်ကုပ်သွားခဲ့သည်။ ဆက်ပျံသန်းမနေတော့ဘဲ အနောက်သို့လှည့်ကြည့်လိုက်သည်။
အစပိုင်းတွင် သူ့နောက်တွင် မည်သူမှရှိမနေသော်ငြား ခဏကြာပြီးနောက်တွင် ခပ်လှမ်းလှမ်းတစ်နေရာမှ အလင်းတန်းတစ်ခု ပေါ်လာခဲ့လေသည်။ အလင်းတန်းမှာ တဖြည်းဖြည်းနီးကပ်လာပြီးနောက် ထိုအလင်းသည် သူယခင်မြင်ခဲ့ဖူးသည့် ပျံသန်းရေးမှော်ရတနာတစ်ခုနှင့် ဆင်တူနေကြောင်း တွေ့ရှိလိုက်ရသည်။
သင်္ဘောပေါ်တွင် ပိန်ပါးသော ပုံရိပ်တစ်ခုရှိပြီး ရန်ကိုင့်ကိုလှမ်းကြည့်နေခဲ့သည်။ ရန်ကိုင့်ကို မြင်ပြီးနောက် ထိုပိန်ပါးသော ပုံရိပ်သည် အနောက်သို့လှည့်၍ သူ့အဖွဲ့သားများကို အမိန့်ပေးလိုက်လေသည်။ မကြာမီ သင်္ဘောသည် ရန်ကိုင့်ရှေ့တွင် ရပ်တန့်သွားပြီး ဖြည်းဖြည်းချင်း ဆင်းသက်လိုက်သည်။
“ဒါ ဘာသဘောလဲ သခင်မလေးချင်း” ရန်ကိုင်သည် ချင်းယုနှင့် သူမအဖွဲ့ကို မှုန်ကုပ်ကုပ်နှင့် ကြည့်လျက်မေးလိုက်သည် “သခင်မလေးချင်း ကျုပ်နောက်လိုက်နေတာကို ကျုပ်မသိဘူးထင်နေတာလား”
ထိုစကားကိုကြားသသည့်အခါ ချင်းယု အလျင်အမြန် တောင်းပန်လိုက်လေသည်။
“ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့ ရောင်းရင်း။ ရောင်းရင်းနောက်ကို တမင်သက်သက်လိုက်နေတာ မဟုတ်ပါဘူး။ ရောင်းရင်းရဲ့အရှိန်က အရမ်းမြန်တော့ ကျန်မတို့ ချင်းမိသားစု သင်္ဘောက အမှီမလိုက်နိုင်ဘဲ အခုလိုတွေဖြစ်ကုန်ရတာပါ”
ရန်ကိုင်က မျက်မှောက်ကြုတ်၍ ဆက်မေးလိုက်သည်။
“သခင်မလေးချင်း ကျုပ်နဲ့တစ်ခုခု ဆွေးနွေးချင်တာ ရှိလို့လား”
“ဟုတ်ပါတယ်” ချင်းယုက ခေါင်းညိတ်လိုက်သည်။
“ကျုပ် သခင်မလေးချင်းနဲ့ တစ်ခါမှမတွေ့ဖူးပါဘူး။ အဲ့တာကို သခင်မလေးချင်းက ဘာလို့ကျုပ်ကိုရှာနေရတာလဲ” ရန်ကိုင် နားမလည်နိုင် ဖြစ်သွားရသည်။
ဖြစ်နိုင်လျှင် ဤအမျိုးသမီးရှေ့မှ အမြန်ထွက်သွားချင်နေပေသည်။ ချင်းယုရှေ့တွင် သူ့လျှို့ဝှက်ချက်အားလုံး လျှို့ဝှက်ချက်မဟုတ်တော့သလို အမြဲလိုလို ခံစားနေရသည်။
“ကျွန်မတို့မတွေ့ဖူးတာ အမှန်ပါပဲ။ ဒါပေမဲ့ လူကြီးမင်းကို မေးချင်တာတစ်ခုရှိလို့ပါ”
“မေးချင်တာတစ်ခု…”
“ဟုတ်ပါတယ်။ ကျေးဇူးပြုပြီး လူကြီးမင်းရဲ့ မျိုးရိုးနာမည်လေး သိလို့ရမလား”
“အဲ့တာကို မေးချင်နေတာလား” ရန်ကိုင် ကြောင်သွားခဲ့လေသည်။
“အဲ့တာတော့မဟုတ်ပါဘူး” ချင်းယုကပြုံးလျက် ချောင်းတစ်ချက်ဆိုးရင်း ပြုံးလိုက်လေသည်။
“ကျွန်မ မေးချင်တာက ဒီမေးခွန်းမဟုတ်ပါဘူး”
ရန်ကိုင်က ခေါင်းညိတ်၍
“ကျုပ်မျိုးရိုးနာမည်က ရန် ပါ”
“ဒီတော့ ရောင်ရင်းရန်ပေါ့” ချင်ယုက ခေါင်းညိတ်လိုက်ပြီးနောက် ရန်ကိုင့်အား ကောင်းကင်စိတ်အာရုံဖြင့် လှမ်းမေးလိုက်လေသည်။
“ရောင်ရင်းရန် နဂါးပျံယစ်ပလ္လင်ပေါ်မှာ ရတနာလုံး၀ မရှိဘူးဆိုတာ တကယ် အမှန်ပဲလား”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၀၂)
“ရောင်ရင်းရန်ကို မေးချင်တာလေးတစ်ခုရှိလို့။ နဂါးပျံယဇ်ပုလ္လင်ပေါ်မှာ ရတနာတွေတစ်ခုမှ မရှိတာ အမှန်ပဲလား”
“သခင်မလေးချင်း ဘာလို့အဲ့လိုမေးတာလဲ”
ရန်ကိုင်သည် အံ့အားသင့်နေသည့် အမူအရာဖြင့် ချင်းယုအားကြည့်ရာ ပြန်မေးလိုက်လေသည်။
ချင်းယုသည် ရန်ကိုင့်စိတ်ထဲရှိ အတွေးများကို ဖောက်ကြည့်ရန်ကြိုးစားနေသည့်အလား ရန်ကိုင့် မျက်လုံးတည့်တည့်ကို သေချာစိုက်ကြည့်နေလေသည်။ ရန်ကိုင်ကလည်း မကြောက်မရွံ့ ပြန်စိုက်ကြည့်လိုက်သည်။ သို့သော်လည်း မကြာမီ မျက်မှောင်ကြုတ်၍ လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။
“သခင်မလေးချင်း ပြောချင်တာက နဂါးပျံယဇ်ပုလ္လင်ပေါ်မှာ ရှိတဲ့ တချို့ရတနာတွေက ပုံရိပ်ယောင်မဟုတ်ဘူးပေါ့”
“ဟဲဟဲ” ချင်းယုကပြုံးလျက် “အဲ့လို မဟုတ်ပါဘူး။ ဒီတိုင်း မေးကြည့်ရုံပါ။ အဲ့တုန်းက အဲ့နားမှာ ရောင်ရင်းရန်၊ ရောင်ရင်းကျုန်းနဲ့ ရောင်ရင်းတွမ့်တို့ပဲ ရှိတာလေ။ အဲ့တော့ နဂါးပျံယစ်ပလ္လင်ပေါ်က ရတနာတွေက အတုအယောင်ဟုတ်လား မဟုတ်ဘူးလားဆိုတာကို ရောင်ရင်းတို့ သုံးယောက်ပဲသိမှာပေါ့”
ရန်ကိုင်က ခေါင်းခါ၍ပြန်ပြောလိုက်သည် “ကျုပ်ကတော့ ဘာရတနာအစစ်မှ မတွေ့ခဲ့ဘူး။ ဟိုနှစ်ယောက်လည်း အတူတူပဲ။ သူတို့ယူလိုက်တဲ့ ရတနာတွေအကုန်လုံးကလည်း အတုအယောင်တွေချည်းပဲ”
“အဲ့လိုကိုး ကျွန်မအတွေးလွန်နေတာ ဖြစ်မှာပါ” ချင်းယုက တောင်းတောင်းပန်ပန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။
“သခင်မလေးချင်း မေးချင်တာဒါအကုန်ပဲလား”
“ဟုတ်ပါတယ်။ ရောင်ရင်းရန်ကို အချိန်ကုန်အောင် လုပ်မိသွားရင် တောင်းပန်ပါတယ်”
“ရပါတယ်။ အခြားဘာကိစ္စမှ မရှိတော့ရင် ကျုပ်ကို သွားခွင့်ပြုပါဦး” ရန်ကိုင်က လက်သီးဆုပ်၍ လှည့်ထွက်သွားရန်လုပ်လိုက်သည်။
“ရောင်ရင်းရန် ကျေးဇူးပြုပြီးနေပါဦး” ချင်းယုက ရုတ်တရက် လှမ်းအော်ပြောလိုက်သည်။
“အခြားကိစ္စရှိသေးလို့လား” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
တစ်ဖက်လူသည် အားနည်းပြီး သိမ်မွေ့ကြင်နာတတ်သည့် အမျိုးသမီးတစ်ဦး ဖြစ်နေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူ့အနေဖြင့် ယခုကဲ့သို့ အချိန်ကုန်ခံပြီး စကားပြန်ပြောနေလိမ့်မည် မဟုတ်ချေ။ သူနှင့် ချင်းယုသည် မိတ်ဆွေသူငယ်ချင်းများ မဟုတ်ကြ။ ယခုမှ ပထမဆုံးတွေ့ဖူးသည့် သူစိမ်းများသာဖြစ်ကြသည်။
“စိတ်မဆိုးပါနဲ့ ရောင်ရင်းရန်။ ကျွန်မက ရောင်ရင်းရန် ဒုတိယအလွှာဆီသွားတဲ့ ၀င်ပေါက်ကိုရှာနေတာလား မေးချင်ယုံပါ”
“ဟုတ်တယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“အဲ့တာဆို ၀င်ပေါက်က ဘယ်နေရာမှာလဲ ရောင်ရင်းရန်သိလား”
ရန်ကိုင် ခေါင်းခါပြလိုက်သည်။ ၀င်ပေါက်သည် ငါးရောင်းခြယ် အလင်းတန်းမှန်းသာသိပြီး ထိုအလင်းတန်း မည်သည့်နေရာတွင်လဲ ဆိုသည်ကိုတော့ သူကိုယ်တိုင်မသိချေ။ ခန်စစ်ရန်သည် အလင်းတန်းအကြောင်းသာ ပြောသွားပြီး၊ အလင်းတန်းနေရာအား ပြောမသွားပေ။ မည်သို့ပင်ဖြစ်စေကာမူ အလင်းတန်းသည် အတော်လေးကိုမှ သိသာထင်ရှားလှပေသည်။
ထို့ကြောင့် အလင်းတန်းနားသာ ရောက်နိုင်မည်ဆိုပါက ထိုအလင်းတန်းအား ရှာမတွေ့နိုင်စရာ အကြောင်းမရှိချေ။ သို့သော်လည်း ချင်းယု၏ အမူအရာကို မြင်ပြီးနောက် ရန်ကိုင် မျက်ခုံးပင့်၍ ပြန်မေးလိုက်သည်။
“၀င်ပေါက် ဘယ်နေရာမှာလဲဆိုတာ သခင်မလေးချင်း သိလို့လား”
“နေရာအတိအကျတော့မသိဘူး”
ရန်ကိုင် ထပ်မံဆွံအသွားပြန်လေသည်။
ချင်းယုကပြုံး၍ ဆက်ပြောလိုက်သည် “ဒါပေမဲ့ နေရာအကြမ်းဖျင်းကိုတော့ သိထားတယ်။ တောင်နှစ်လုံးကြားက မြူခိုးထုကြီးရဲ့ အလွန်မှာ ကြည်လင်သန့်စင်နေတဲ့ စမ်းချောင်းတစ်ခုရှိလိမ့်မယ်။ အဲ့စမ်းချောင်းတွေ ၀န်းရံထားတဲ့နေရာမှာ အလင်းတန်းပေါ်လာမယ်တဲ့”
“တောင်နှစ်လုံးကြားက မြူခိုးထုရဲ့ အလွန် ကြည်လင်သန့်စင်နေတဲ့ စမ်းချောင်းတွေ ၀န်းရံထားတဲ့နေရာမှာ အလင်းတန်းပေါ်လာမယ်” ရန်ကိုင်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။
“ဟုတ်တယ်။ ငါးရောင်ခြယ်အလင်းတန်းက ဒုတိယအလွှာဆီသွားနိုင်တဲ့ တစ်ခုတည်းသော ၀င်ပေါက်ပဲ။ ဒါပေမဲ့ နေရာမှန်မှန်သာ မသွားနိုင်ဘူးဆိုရင် ဘယ်လိုမှ ရှာလို့တွေ့မှာ မဟုတ်ဘူး။ အနားကနေ ဖြတ်သွားမယ်ဆိုရင်တောင် ငါးရောင်ခြယ် အလင်းတန်း ရှိလို့ရှိမှန်း သတိပြုမိမှာမဟုတ်ဘူး”
“ဒီအကြောင်းကို ရှေးဟောင်းစာအုပ်တွေကနေပဲ သိထားတာလား” ရန်ကိုင် ချင်းယုအား အံအားသင့်တကြီး ကြည့်လိုက်သည်။
ချင်းယု ခေါင်းညိတ်ပြလိုက်လေသည်။
“သခင်မလေးချင်းက တစ်ကယ်ကို ဗဟုသုတ ကြွယ်၀တာပဲ” ရန်ကိုင် ချီးကျူးစကား ပြောလိုက်သည်။
ချင်းယု ရှက်သွေးဖြာသွားခဲ့လေသည်။ သို့သော်လည်း မကြာမီ ဖြည်းဖြည်းချင်း ခေါင်းခါ၍ ပြောလိုက်သည်။
“ရောင်ရင်းရန် ချီးကျူးလွန်းနေပါပြီ။ ကျွန်မက အပေါ်ယံလောက်ပဲသိထားတာပါ။ အသေးစိတ်တွေကိုတော့ ဘာမှမသိထားပါဘူး။ ရှင်းရှင်းပြောရရင် ကျွန်မကိုယ်တိုင်လည်း ဒုတိယအလွှာဆီသွားတဲ့ ၀င်ပေါက်ကိုရှာနေတာ။ ရောင်ရင်းရန် စိတ်မရှိဘူးဆိုရင် အတူတူသွားကြမလား”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင်သည် သူမနောက်ရှိ သင်္ဘောကိုလှမ်းကြည့်လိုက်သည်။ အနည်းငယ် တု့န့်ဆိုင်းနေသည့်အမူအရာ သူ့မျက်နှာထက် ပေါ်လာခဲ့သည်။ သူ့တွင်သာ ဤသို့ သင်္ဘောမျိုးရှိပါက အတော်လေးအဆင်ပြေသွား ပေလိမ့်မည်။ သင်္ဘောပေါ်တွင် အေးဆေးအနားယူရင်း ဒုတိယအလွှာဆီ သွားမည့်၀င်ပေါက်အား ရှာ၍ရသည်။
“သခင်မလေးချင်းရဲ့ ကမ်းလှမ်းချက်ကို ဒီရန်ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီရန်က တစ်ယောက်တည်းလှုပ်ရှားရတာ ပိုပြီး သဘောကျလို့ပါ” ခဏစဉ်းစားနေပြီးနောက်တွင် ရန်ကိုင်က ချင်းယု၏ လမ်းလှမ်းချက်ကို ငြင်းဆန်လိုက်လေသည်။
ချင်းယု အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ သို့သော်လည်း ထိုကိစ္စအပေါ်ဆက်၍ တွန်းအားပေးမနေဘဲ ခေါင်းညိတ်၍သာ ပြန်ပြောလိုက်လေသည်။
“အဲ့တာဆို ကျွန်မ ရောင်ရင်းရန်ကို ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး။ ရောင်ရင်းရန် ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်”
“သခင်မလေးချင်းအတွက်လည်း အတူတူပါပဲ။ နှုတ်ဆက်ပါတယ်”
ပြောပြီးသည့်နောက် ရန်ကိုင်သည် ပျံသန်းထွက်ခွာလာလိုက်လေသည်။
“ဟွန့် စေတနာကို တန်ဖိုးမထားတဲ့ကောင်” ရန်ကိုင် ပျောက်ကွယ်သွားရာသို့ကြည့်ရင်း ချင်းယုဘေးတွင်ရှိနေသော အစောင့်က အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။
ချင်းယုက ပြံး၍သာပြန်ပြောလိုက်သည် “သူကိုယ်တိုင်ကကို သတိကြီးလွန်းနေတာ။ စေတနာကို တန်ဖိုးမထားတတ်တာ မဟုတ်ဘူး။ သူ့လိုလူမျိုးတစ်ယောက် အခုလို ဆုံးဖြတ်ချက်ချတာ ဘာမှသိပ်မထူးဆန်းပါဘူး”
“သခင်မလေးက အကောင်းမြင်လွန်းနေတာပဲ” အစောင့်က စိတ်ပျက်သွားဟန်ဖြင့် “ဒါနဲ့ သခင်မလေး။ ဘာလို့သူ့ကို အခုလိုသွားမေးတာလဲ။ နဂါးပျံယစ်ပလ္လင်ပေါ်က ရတနာတွေအကုန်လုံးက အတုတွေပဲမဟုတ်ဘူးလား”
“ဟုတ်လောက်ပါတယ်။ ဒါပေမဲ့ ငါရှေးဟောင်းမှတ်တမ်းတွေထဲမှာ ဖတ်ကြည့်ရသလောက်ဆိုရင် အခုလို မဖြစ်သင့်ဘူး။ ဘာတွေဖြစ်သွားတာလဲ” ပြောပြီးသည့်နောက် ချင်းယု ချောင်းတဟွတ်ဟွတ် ဆိုးလေတော့သည်။
“သခင်မလေး အထဲပြန်၀င်ကြရအောင်။ ဒီနေရာမှာ လေတော်တော်ပြင်းတယ်” အစောင့်က အလျင်အမြန်ပြောလိုက်သည်။
“အွန်း” ချင်းယုက ခေါင်းညိတ်ပြီး သင်္ဘော၀မ်းတွင်းပိုင်းထဲသို့ ပြန်၀င်သွားလေသည်။
တစ်ချိန်ထဲတွင် ပထမအလွှာ၏ တစ်ခုသောနေရာ၌ ပါးပေါ်တွင် လခြမ်းကွေး အမှတ်အသားနှင့် မိန်းမငယ်လေးတစ်ဦး ရှိနေလေသည်။ ထိုမိန်းကလေးသည် မိုရှောင်ချီမှလွဲ၍ အခြားမဟုတ်ပေ။ လက်ရှိတွင် မိုရှောင်သည် ခြင်္သေ့လိုလို၊ ကျားလိုလို ပုံစံပေါက်နေသည့် မွန်းစတား သားရဲတစ်ကောင်ကို စီးနင်းထားသည်။ မွန်းစတား သားရဲ၏အမွှေးများမှာ အဖြူရောင်လိုလို၊ ငွေရောင်လိုလို ဖြစ်နေပြီး အလွန်ကြီးမားသော ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထားလေသည်။
ထိုမွန်းစတားသားရဲ အသက်တစ်ခါ ရှုထုတ်လိုက်တိုင်း ထွက်ပေါ်လာသည့် အပူဓာတ်ကြောင့် မြေပြင်ပေါ်ရှိ မြေလွှာအချို့မှာ အနည်းငယ် အရည်ပျော်သွားရသည်။ မိုရှောင်ချီ စီးနင်းထားသည့် သားရဲမှာ နာမည်ကျော် ငွေလည်ဆံ သားရဲဖြစ်ပေသည်။ ဤသားရဲမှာ ရှေးဟောင်းနတ်သားရဲများ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်မထားကြသော်ငြား ၎င်းသည် မွေးဖွားကတည်းက အဆင့်ငါးမွန်းစတားသားရဲ တစ်ကောင်အဖြစ် မွေးဖွားလာသော အလွန်အားကောင်းသည့် မွန်းစတားသားရဲတစ်ကောင် ဖြစ်သည်။
ပါရမီနှင့် အရည်အချင်းသာ အရမ်းကြီးမဆိုးရွားပါက အဆင့်တစ်ဆယ် သားရဲတစ်ကောင် အလွယ်တစ်ကူ ဖြစ်လာနိုင်သည့် သားရဲတစ်ကောင် ဖြစ်သည်။ ကံကောင်းလျှင် အဆင့်ဆယ့်တစ် သို့ပင် ရောက်နိုင်သေးသည်။ တစ်နည်းဆိုရသော် အရွယ်ရောက်ပြီး ငွေလည်ဆံ သားရဲတစ်ကောင်သည် တန်ခိုးရှင်ဘုရင်အဆင့် သို့မဟုတ် တာအိုသခင်အဆင့်နှင့်ပင် ယှဉ်နိုင်ပေသည်။
အချိူ့ဒဏ္ဏာရီများဆိုလျှင် ဧကရာဇ်အဆင့် ကဲ့သို့ပင် အားကောင်းသည့် အဆင့်ဆယ့်နှစ် ငွေလည်ဆံသားရဲများ ရှိကြသည်ဟုပင် ပြောကြသည်။ လက်ရှ်ိ မိုရှောင်ချီ စီးနင်းနေသည့် သားရဲမှာ တာအိုအဆင့် သားရဲတစ်ကောင်နှင့် မယှဉ်နိင်ပေ။ လက်ရှိသားရဲသည် အဆင့်တစ်ဆယ် အဆင့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သို့သော်ငြား ဤကဲ့သို့ဖြစ်နေလျှင်ပင် ဤငွေလည်ဆံသားရဲသည် အထင်သေးသင့်သည့် သားရဲထဲ မပါ၀င်ချေ။
ငွေလည်ဆံသားရဲများမှာ အလွန်ကိုမှ ကြမ်းကြုတ်ခက်ထန်သည့်အတွက် ယဉ်ပါးအောင် လေ့ကျင့်ဖို့ရာ ခက်ခဲပေသည်။ ဧကရာဇ်အဆင့် ပညာရှင်တစ်ယောက် လှုပ်ရှားမည်ဆိုလျှင်ပင် ငွေလည်ဆံသားရဲတစ်ကောင်ကို ယဉ်အောင် ထိန်းချုပ်ဖို့ရာ မလွယ်ပေ။ ငွေလည်ဆံသားရဲများသည် အညံ့ခံမည့်အစား သေသည်အထိသာ တိုက်ခိုက်သွားတတ်ကြသည်။
သို့သော်လည်း ဤကဲ့သို့သော နာမည်ဆိုးဖြင့် ကျော်ကြားသော သားရဲသည် မိုရှောင်ချီ၏ စီးတော်သားရဲ ဖြစ်နေရလေသည်။ လက်ရှိ သူ့ပုံကို ကြည့်ရသလောက် မိုရှောင်ချီ၏ စီးတော်ဖြစ်နေရသည့်အပေါ် နည်းနည်းလေးမှ မကျေနပ်ပုံမပေါ်။ ကောင်မလေး၏ အမိန့်များအားလုံးကို တဝေမသိမ်း လိုက်နာနေခဲ့သည်။ ထိုငွေလည်ဆံ သားရဲအပြင် မိုရှာင်ချီ၏အရှေ့၌ လက်ဝါးတစ်ခုစာ အရွယ်ရှိသော ထူးဆန်းသည့် သားရဲတစ်ကောင်လည်း ရှိနေခဲ့လေသည်။
ဤသားရဲသည် လင်းနို့ တစ်ကောင်နှင့် တူပြီး သားရဲမှ အဆင့်တစ်ဆယ်သားရဲတစ်ကောင်၏ အရှိန်အဝါကို ထုတ်လွှတ်နေ၏။ ဤလင်းနို့ကို အာကာယံလင်းနို့များဟု ခေါ်ကြသည်။ ငွေလည်ဆံ သားရဲများကဲ့သို့ပင် ဤလင်နိုးများသည် အလွန်ကိုမှ ရှားပါးသည့် မျိုးစိတ်များဖြစ်ကြသည်။ မိုရှောင်ချီအနေဖြင့် ဤကဲ့သို့သော မွန်းစတားသားရဲ နှစ်ကောင်ကို မည်သည့်နေရာမှရလာသလဲ၊ မည်ကဲ့သို့များ ထိန်းချုပ်ခဲ့သလဲ ဆိုသည်မှာတော့ စဉ်းစားစရာပင်။
ဖြစ်နိုင်ချေရှိသည်မှာ ဤမွန်းစတားသားရဲ နှစ်ကောင်သည် ငါးရောင်ခြယ် ရတနာဘုရားထဲ ၀င်မလာခင်ကတည်းက သူမနှင့်အတူရှ်ိနေသော သားရဲများပင် ဖြစ်ကောင်းဖြစ်နေနိုင်သေးသည်။
“ရှောင်ဖု ၀င်ပေါက်ကို မြန်မြန်ရှာစမ်း။ နင်ရှာတွေ့ရင် နင့်ကို အရာသာရှိတာတစ်ခုခု ကျွေးမယ်။ ရှောင်ယင် နင်လည်း မြန်မြန်လျှောက်။ နှေးတိနှေးတုပ် လုပ်မနေနဲ့”
မိုရှောင်ချီသည် ငွေလည်ဆံသားရဲပေါ်တွင် ထိုင်ရင်း အမိန့်များပေးနေလေသည်။ ရှောင်ဖုဆိုသော အာကာယံလင်းနို့သည် ထူးခြားသည့် စွမ်းရည်တစ်ခုခု ရှိသည့်အလား မိုရှောင်ချီအား မြူခိုးထု၊ စမ်းချောင်းများဖြင့် ပြည့်နေသည့် နေရာသို့ ဦးဆောင်ခေါ်သွားနေခဲ့လေသည်။ တောင်တန်းများမှာ အလွန်ကိုမှ ရှည်လျားလှရာ မျက်စိတစ်ဆုံး လှမ်းမျှော်ကြည့်မည်ဆိုလျှင်ပင် အဆုံးကို မြင်နိုင်လိမ့်မည် မဟုတ်ချေ။
ထိုတောင်တန်းများကြား စမ်းရေစီးသံသည် တသွင်သွင် ထွက်ပေါ်နေခဲ့လေသည်။ အာကာယံလင်းဆွဲသည် စမ်းချောင်းတစ်ခုကို ဖြတ်ကျော်လာပြီးနောက် ရပ်လိုက်လေ၏။ မိုရှောင်ချီနှင့် ငွေလည်ဆံသားရဲမှာလည်း စမ်းချောင်း၏ အခြားတစ်ဖက်ဆီသို့ အလျင်အမြန် ရောက်ရှိလာခဲ့လေသည်။ မော့ကြည့်လိုက်ပြီးနောက် အော်ဟစ်ရယ်မောတော့လေသည်။
“ရှာရတာလဲ မခက်ပါလား။ ကြည့်ရတာ ဒီကိုငါပထမဆုံး ရောက်တာထင်တယ်”
ဆက်သွားတော့မည်အပြု မိုရှောင်ချီသည် တစ်ခုခုကို ရုတ်တရက်သတိရသွားပြီး ရပ်တန့်လိုက်လေသည်။
“ဟုတ်သားပဲ။ အစ်ကိုရန် ဘယ်ရောက်နေလဲ အရင်ကြည့်ရအောင်”
ထို့နောက် သူမသိုလှောင်လက်စွပ်ထဲမှ ဓာတ်လုံးကိုထုတ်၍ ထိုထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်လေသည်။ ခဏကြာပြီးနောက် စိတ်ပျက်သွားသော အမူအရာဖြင့် “ဒီနေရာကြီးက ကျယ်လွန်းတယ်။ အစ်ကိုရန်ကိုလည်း ဆက်သွယ်လို့ မရဘူး။ တစ်စစီဖြစ်နေတဲ့ လောကနိယာမတွေကြောင့် အခုလို ဖြစ်နေတာများလား။ ထားလိုက်တော့၊ အချိန်တန်ရင်လည်း သူရောက်လာမှာပဲ။ ရှောင်ဖု၊ နင်ဒီမှာ စောင့်နေလိုက်၊ အစ်ကိုရန် ရောက်လာရင် ငါ့ဆီ ခေါ်လာခဲ့လိုက်”
ထိုသို့ပြောပြီးနောက်တွင် မိုရှောင်ချီသည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်လေသည်။ ထိုကျောက်စိမ်းပြားထဲ အကြောင်းအရာတစ်ခုကို ထည့်သွင်းရေးမှတ်လိုက်ပြီးနောက် အာကာယံလင်းနို့၏ လည်ပင်း၌ ချိတ်ဆွဲပေးလိုက်လေသည်။ ထို့နောက် ကျော့ရှင်းစွာဖြင့် ရှေ့သို့ဆက်သွားလေ၏။ အလင်းတစ်ချက်နှင့်အတူ မိုရှောင်ချီနှင့် ငွေလည်ဆံသားရဲတို့ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။ အာကာယံလင်းနို့သည် ထိုနေရာတွင် နှစ်ပတ် သုံးပတ် ပတ်နေပြီးနောက် အနီးအနားရှ်ိ အုတ်ပုံတစ်ခုထဲသို့ တိုး၀င်ပျောက်ကွယ်သွားလေသည်။
ငါးရောင်ခြယ်ဘုရား၏ သုံးလွှာမြောက်တွင် လန်ရှင်းသည် ပတ်၀န်းကျင်အား လှည့်လည် စစ်ဆေးကြည့်နေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ဆီမှ အန္တာရယ်အားလုံးကို တိုး၀င်မလာအောင် တားဆီးပေးနိုင်သည့် အရောင်အဝါတစ်မျိုးမျိုးကို ထုတ်လွှတ်နေခဲ့သည်။ တစ်ခုသော တောင်ကြားသို့ အရောက်တွင် ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ပတ် စစ်ဆေးကြည့်လိုက်လေသည်။ ထို့နောက် ပျော်ရွှင်စွာ ပြုံး၍ ခေါင်းညိတ်လိုက်လေ၏ “ဒီနေရာပဲ”
ပြောပြီးသည့်နောက် သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းအချို့ကိုထုတ်ကာ စတင်အလုပ် လုပ်လေတော့သည်။ နှစ်ရက်ကြာပြီးနောက်တွင် အကုန်လုံး ပြင်ဆင်လို့ ပြီးသွားလေသည်။ ထို့နောက် အရင်းအမြစ်ကျောက်များစွာကို ထုတ်ယူလိုက်လေ၏။ လိုသည့်အရာအားလုံးကို ပြင်ဆင်ပြီးနောက်တွင် တင်ပလင်ခွေထိုင်ကာ ကျင့်စဉ်ကို စတင် လှည့်ပတ်တော့လေသည်။
ခဏအကြာတွင် လန်ရှင်း၏ ခန္ဓာကိုယ်မှ မှိန်ဖျဖျ စုပ်အားတစ်ခု ပေါ်ထွက်လာလေသည်။ ထိုစုပ်အားသည် ပတ်၀န်းကျင်တွင်ရှိနေသော ပိုးစုန်းကြူကဲ့သို့ အလင်းစက်ကလေးများကို စုပ်ယူတော့လေ၏။ ထိုအလင်းစက်များသည် ရန်ကိုင် ကြယ်တာရာလမ်းကြောင်းထဲတွင် ရှိစဉ်က စုပ်ယူခဲ့သော အလင်းစက်ကလေးများနှင့် ဆင်တူပေသည်။
သို့သော် သေချာစစ်ဆေးကြည့်မည်ဆိုလျှင် ထိုအလင်းစက် နှစ်မျိုးသည် လုံး၀မတူကွဲပြားကြောင်း တွေ့ရပေမည်။ ကြယ်တာရာလမ်းကြောင်းထဲတွင်ရှိသော အလင်းစက်များမှာ သူတော်စင်ချီကို အရင်းအမြစ်ချီသို့ ပြောင်းလဲပေးရာတွင် ပိုမြန်အောင် ပြုလုပ်ပေးနိုင်သော အကူပစ္စည်းများ သပ်သပ်သာဖြစ်ကြပြီး ဤနေရာရှ်ိ အလင်းစက်များမှာတော့ တစ်စစီဖြစ်နေသော လောကနိယာများ ဖြစ်ကြပေသည်။ ထိုအလင်းစက်များ သူမ၏ ခန္ဓာကိုယ်ထဲသို့ ၀င်ရောက်လာသည်နှင့်အမျှ လန်ရှင်းဆီမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ပိုပို၍ အားကောင်းလာခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၀၃)
ငါးရောင်ခြယ် ရတနာဘုရားထဲသို့ ၀င်လာပြီးနောက် ငါးရက်အကြာတွင်… ရန်ကိုင်သည် သူစိမ်းကျင့်ကြံသူနှစ်ဦးနှင့်အတူ သူတို့ရှေ့ရှိ မွန်းစတားသားရဲ တစ်ကောင်ကို ကြည့်နေကြသည်။ ရန်ကိုင်မှာ တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေခဲ့သော်ငြား ကျန်နှစ်ဦးမှာ အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့ကြလေသည်။ သူစိမ်း ကျင့်ကြံသူနှစ်ဦးအနက် တစ်ဦးမှာ အပြာရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး၊ ကျန်တစ်ဦးမှာ အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားသည်။
နှစ်ယောက်စလုံးမှာ အမျိုးသားများ ဖြစ်ကြပြီး တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။ ချင်းယုဆီမှ ထွက်လာပြီးနောက်တွင် ရန်ကိုင်သည် ဒုတိယအလွှာဆီသို့ သွားနိုင်မည့် ၀င်ပေါက်ကို စတင်ရှာဖွေတော့လေသည်။ သို့သော်လည်း နေရာတစ်ခုသို့ ရောက်လာပြီးနောက် ဤကျင့်ကြံသူနှစ်ဦးနှင့် လာတိုးပြီး သူတိူ့ဆီမှ စိတ်၀င်စားဖွယ် သတင်းတစ်ခုကို ကြားလိုက်ရသည်။
သူတို့နှစ်ဦးမှာ ရွှေသလင်းမြက်ပင်များကို ရှာတွေ့ထားကြောင်း၊ ထိုရွှေသလင်း မြက်ပင်များကို သံလက်မျောက်ဝံများမှ စောင့်ကြည့်နေကြောင်း ကြားလိုက်ရလေသည်။ သံလက်မျောက်ဝံများသည် အလွန်ကိုမှ မာကြောထူထဲသည့် အရေပြားကို ပိုင်ဆိုင်ထားကြပေသည်။ ထို့ကြောင့် သူတို့နှစ်ဦးပူးပေါင်းတိုက်ခိုက်သည့်တိုင် သံလက်မျောက်၀ံများကို မနိုင်ခဲ့ချေ။ ထို့ကြောင့် နောက်ဆုံးတွင် မဆုတ်ချင် ဆုတ်ချင်ဖြင့် ပြန်ဆုတ်လာခဲ့ရသည်။
ယခု ထိုနှစ်ဦးသည် သံလက်မျောက်ဝံ လေးကောင်အား တိုက်ခိုက်ပေးနိုင်မည့် လူတစ်ဦးကို လိုက်ရှာနေခြင်းဖြစ်သည်။ ထို့ကြောင့် ရန်ကိုင် သူတို့နားမှ ဖြတ်သွားသည်ကိုမြင်သော် ရန်ကိုင့်အား လှမ်းဖိတ်ခေါ်တော့လေသည်။ သူတို့ပြောပြသည်ကို ကြားပြီးနောက်တွင် ရန်ကိုင်သည် သူတို့အဖွဲ့ထဲ ခဏ၀င်ရန် ဆုံးဖြတ်လိုက်သည်။ ရွှေသလင်းမြက်ပင်များ အကြောင်း မသိသော်လည်း ထိုအရာသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦးကို စိတ်လှုပ်ရှားအောင် လုပ်နိုင်သောကြောင့် ကျိန်းသေ အဖိုးတန်ရတနာတစ်ခု ဖြစ်ရပေလိမ့်မည်။
ထို့အပြင် မွန်းစတားသားရဲများမှာလည်း သံလက်မျောက်ဝံ လေးကောင်သာ ဖြစ်လေသည်။ ထို့ကြောင့် ကြိုးစားကြည့်၍ သူ့အတွက်အရှုံးမရှိပေ။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ရန်ကိုင်သည် သူ့ခွန်အားအပေါ် အပြည့်အ၀ယုံကြည်ပေသည်။ ထိုတန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူနှစ်ဦး သူ့အပေါ်အကွက်ချကြံစည်မည် ဆိုလျှင်ပင် သူ့လက်ရှိခွန်အားဖြင့် ထိုနှစ်ဦးကို ပြန်အမှောက်သိပ်နိုင်မည်ဟု ယုံကြည်၏။
မေးမြန်းကြည့်ပြီးနောက် ရွှေသလင်းမြက်ပင်များသည် ခန္ဓာကိုယ်အား ကျင့်ကြံရာတွင် အသုံး၀င်သည့် ရှားပါးဆေးပင်တစ်မျိုးဖြစ်ကြောင်း သိရှိသွားရလေသည်။ ထိုဆေးပင်များကို တိုက်ရိုက်စားသုံးသည်ဖြစ်စေ၊ ဆေးဖော်စပ်ပြီးမှ စားသုံးသည်ဖြစ်စေ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ခွန်အားကို သိသိသာသာ တိုးတက်လာစေနိုင်ပေသည်။
ထိုဆေးပင်များအား ရွှေသလင်းဆေးလုံးများအဖြစ် သန့်စင်လိုက်မည်ဆိုပါက အကျိုးအာနိသင်မှာ ပို၍ကောင်းမွန်သွားပေလိမ့်မည်။
ထိုအကြောင်းကြောင့်ပင် သံလက်မျောက်ဝံ သားရဲများသည် ဆေးပင်များအနားတွင် နေနေရခြင်းဖြစ်သည်။ သံလိုက်မျောက်ဝံ လေးကောင်အနက် တစ်ကောင်မှာ အဆင့်တစ်ဆယ် အထွတ်အထိပ်သားရဲဖြစ်သည်။ တစ်နည်းဆိုရသော် ထိုအကောင်သည် တန်ခိုးရှင်ဘုရင် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်နိုင်ပေသည်။
ကျန်သုံးကောင်မှာတော့ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူလောက်သာ အားကောင်းကြ၏။
သာမန်မွန်းစတားသားရဲများ ဆိုလျှင်တော့ ထိုတန်ခိုးရှင်ဘုရင် ကျင့်ကြံသူနှစ်ဦး ဤမျှ အလုပ်ရှုပ်နေလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း သံလက်မျောက်ဝံများသည် အလွန်ကိုမှ အားကောင်းသော ခုခံရေးနှင့် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ ထို့အတွက်ကြောင့်ပင်လျှင် ထိုမွန်းစတားသားရဲ လေးကောင်ကို မနိုင်ခဲ့ရခြင်းဖြစ်သည်။ မနိုင်ခဲ့ရုံသာမက သူတို့ပင်လျှင် ဒဏ်ရာအချို့ ရသွားခဲ့လေသေးသည်။
သို့သော်ငြား ရန်ကိုင်၀င်လာပြီးနောက်တွင် အခြေအနေမှာ လုံး၀ကို ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင်မှာ သူ့ခွန်အားကို ထိန်ချန်ထားခဲ့သော်ငြား အားအကောင်းဆုံး သံလက်မျောက်ဝံကို အသာလေး ထိန်းထားနိုင်ခဲ့လေသည်။ ကျန်နှစ်ဦးမှာ အတူပူးပေါင်း၍ အားအနည်းဆုံး သုံးကောင်ကို အရင်သွားသတ်လေသည်။ သတ်ပြီးတော့မှသာ ရန်ကိုင့်ဆီသို့အတူပူးပေါင်း၍ အကြီးဆုံးတစ်ကောင်ကို ဝိုင်းတိုက်ခိုက်ကြသည်။
“ရောင်ရင်းရန်က တစ်ကယ်အားကောင်းတာပဲ။ အကြီးဆုံးတစ်ကောင်ကို ထိန်းသွားတာ သာသာယာယာလေးပဲ။ ဒီကျောင်း တစ်ကယ်လေးစားသွားပြီ” အပြာရောင် ၀တ်စုံ၀တ်ထားသည့်လူက အားတင်းပြုံး၍ ချီးကျူးစကားဆိုလိုက်လေသည်။
“ဟုတ်တယ်။ အရင်တစ်ခေါက်တုန်းက အဲ့အကြီးဆုံးကောင်ကြီးကပဲ ရောင်ရင်းကျောင်းနဲ့ ကျုပ်ကို ဒဏ်ရာရအောင် လုပ်ခဲ့တာ။ ရောင်ရင်းရန် တစ်ယောက်ထဲနဲ့ သူကို ဒီလောက်အကြာကြီး ထိန်းထားနိုင်မယ်လို့ တစ်ကယ်ထင်မထားဘူး။ ရောင်ရင်းရန်ကို ဒီစွန်း တစ်ကယ်လေးစားသွားပြီ” အဖြူရောင် ၀တ်စုံနှင့်လူကလည်း ပြောလိုက်လေသည်။
“ရောင်ရင်းတို့ ယဉ်ကျေးနေတာပဲ။ ဒီရန်က အဲ့လောက်မဟုတ်ပါဘူး။ အဲ့သားရဲက အားကောင်းတယ်ဆိုပေမဲ့ သူတိုက်ခိုက်တာကို ရှောင်နိုင်ရင် သူခွန်အားက ဘာမှဒီလောက်မဟုတ်တော့ဘူး။ ကျုပ် အရှောင်ကောင်းနေရုံပါပဲ” ရန်ကိုင်က ပြန်ပြောလိုက်သည်။
မျိုးရိုးနာမည် ကျောင်းနှင့် စွန်း ဆိုသည့်လူများသည် တစ်ဦးကိုတစ်ဦးသာ ကြည့်လိုက်ကြပြီး ဘာမှပြန်မပြောဘဲ ကသိကအောက် အမူအရာများဖြင့်သာ ရယ်မောလိုက်ကြလေသည်။
တစ်ကယ်တော့ ရန်ကိုင်တိုက်ခိုက်သွားသည်ကို သူတို့လည်း မြင်လိုက်ရပေသည်။ ရန်ကိုင်သည် မျောက်ဝံကြီး၏ တိုက်ခိုက်မှုကို ရှောင်သွားနိုင်ရုံသာမဟုတ် သူ့ခွန်အားမှာလည်း အတော်လေးကိုမှ အားကောင်းလှပေသည်။ အရှောင်တော်ရုံဖြင့် ထိုမျောက်ဝံကြီးကို မည်ကဲ့သို့ တစ်ယောက်တည်း အသာအယာ ထိန်းသိမ်းထားနိုင်ပါမည်နည်း။ လက်ရှိတွင် နှစ်ဦးစလုံး ရန်ကိုင့်အား အနည်းငယ် ကြောက်နေကြလေသည်။
“မွန်းစတားသားရဲ လေးကောင်စလုံး သေသွားပြီဆိုတော့ သူတို့ရဲ့ သွေးအဆီအနှစ်၊ အမွှေးနဲ့၊ အစွယ်တွေကို သွားယူကြတာပေါ့။ အဲ့တာတွေက အကုန်လုံးက တော်တော်လေး အဖိုးတန်တယ်” ကျောင်းဖုန်းက အကြံပေးလိုက်သည်။
“ဟုတ်တယ်။ အထူးသဖြင့် သူတို့ရဲ့ အရေပြားတွေပဲ။ အဲ့တာတွေကိုသုံးပြီး အဆင့်မြင့် အကာအကွယ်မှော်ရတနာတွေကိုတောင် ဖန်တီးလို့ရတယ်” စွန်းချန်းက ဆက်ပြောလိုက်သည်။
ပြောပြီးသည့်နောက် ရန်ကိုင်တို့သုံးဦးသည် အချိန်မဖြုန်းကြတော့ဘဲ ကိုယ်ပိုင်နည်းလမ်းများကိုသုံး၍ သံလက်မျောက်ဝံလေးကောင်ကို စတင် ခုတ်ထစ်ကြတော့လေသည်။ မကြာမီ အကုန်လုံး ခုတ်ထစ်၍ပြီးသွားလေသည်။ ပစ္စည်းများကို သုံးဦး ခွဲဝေယူလိုက်ပြီးနောက် နောက်ဆုံးတွင် အသုံးမ၀င်သည့် အရိုးနှင့် အသားများသာ ကျန်တော့၏။
“ကဲ ဒီကကိစ္စပြီးသားပြီဆိုတော့ ရွှေသလင်းမြက်တွေဘက် လှည့်ကြတာပေါ။ ရွှေသလင်းမြက် ဘယ်လောက်ရှိလဲတော့မသိဘူး။ များများရှိဖို့ပဲ မျှော်လင့်ရတာပေါ့” ကျောင်းဖုန်းက ရှေ့ရှိလှိုင်ဂူအား မီးတောက်မတတ် စိုက်ကြည့်ရင်း ပြောလိုက်သည်။
“၀င်သွားပြီးရင် သိရမှာပေါ့” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ရှေ့ဆုံးမှ ဦးဆောင်၀င်သွားလေသည်။
မျိုးရိုးနာမည် ကျောင်းနှင့် မျိုးရိုးနာမည် စွန်း ဆိုသည့်လူသည် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ရန်ကိုင့်နောက်မှ အလျင်စလို လိုက်သွားကြသည်။ လှိုင်ဂူသည် မှောင်မိုက်ပြီး စိုစွတ်နေသည်။ ထို့အပြင် လှိုင်ဂူတစ်ခုလုံး အော်ဂလီဆန်စရာ ကောင်းလှသည့် အနံ့အသက်များဖြင့် ပြည့်နေခဲ့သည်။ အခြားသော မွန်းစတားသားရဲများ၏ အရိုးများမှာလည်း ၀င်ပေါက်အနားတစ်ဝိုက်တွင် ပုံထပ်နေခဲ့လေသည်။ ခဏကြာအောင် လျှောက်လာပြီးနောက်တွင် လှိုင်ဂူ၏ အနောက်ဘက်သို့ ရောက်လာခဲ့သည်။
သူတို့ရှေ့တွင် မီတာနှစ်ဆယ်လောက် အကျယ်ရှိမည့် ကျောက်ပြားကြီးတစ်ချပ် ရှိနေခဲ့သည်။ ထိုကျောက်ပြားပေါ်တွင် သတ္ထုရောင်တောက်နေသည့် လက်ချောင်းစာအရွယ်ရှိ ရွှေရောင်မြက်ပင်များ ရှိနေခဲ့လေသည်။ ရန်ကိုင်တို့ သုံးဦးသည် အန္တရာယ်ရှိမရှိ သေချာစစ်ဆေးပြီးနောက် ကျောက်ပြားဆီသို့ ဆက်လျှောက်လာခဲ့သည်။
“ဟားဟား ဆယ့်သုံးပင်တောင် ရှိနေတာပဲ” ကျောင်းဖုန်းက ရယ်မောလိုက်လေသည်။
“ဆယ့်သုံးပင်ဆိုတော့ နည်းနည်းဝေရခက်ပြီ” စွန်းချန်းက မျက်မှောင်ကြုတ်၍ ပြောလိုက်လေသည်။
ရန်ကိုင်ကရယ်မော၍ “ဆယ့်သုံးပင်ဆိုမှတော့ တစ်ယောက် လေးပင် ယူကြတာပေါ့။ နောက်ဆုံးတစ်ပင်ကိုတော့ အရင်းအမြစ်ကျောက်နဲ့ ယူပေါ့။ နောက်ဆုံးတစ်ပင်ကို အရင်းအမြစ်ကျောက် အများဆုံးပေးနိုင်တဲ့သူက ရလိမ့်မယ်။ ဘယ်လိုထင်လဲ”
“ရောင်ရင်းရန် ပြောတာကောင်းတယ်” မျိုးရိုးနာမည် ကျောင်းနှင့် စွန်း တို့နှစ်ဦး၏လုံး ရန်ကိုင်ပြောသည်ကို သဘောတူလိုက်ကြပေသည်။
ရန်ကိုင်တို့ သုံးဦးစလုံးသည် ရွှေသလင်းမြက် တစ်ယောက်လေးပင် ခွဲဝေယူလျက် ရန်ကိုင်သည် နောက်ဆုံးအပင်အတွက် အရင်းအမြစ်ကျောက် ငါးထောင်ထုတ်ပေးလိုက်လေသည်။ ဤကဲ့သို့ ဝေခွဲပုံနှင့် ပတ်သတ်၍ အကုန်လုံး သဘောတူလိုက်ကြသည်။
“ဒီတစ်ကြိမ်ပူးပေါင်းတာ တစ်ကယ်အကျိုးရှိတယ်လို့ ပြောလို့ရတယ်။ နောက်တစ်ခါကျရင်လည်း အခုလိုထပ်ပြီး ပူးပေါင်းလုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်” မျိုးရိုးနာမည်ကျောင်း နှင့်လူက လက်သီးဆုပ်၍ ရန်ကိုင့်ဘက်သို့လှည့်ကာာ ပြောလိုက်လေသည်။
“ဟုတ်တယ်။ ရောင်ရင်းရန်က တစ်ကယ်ကို အားကောင်းတာ။ နောက်ပိုင်းလည်း အခုလို ပူပေါင်းလုပ်နိုင်ဖို့ မျှော်လင့်ပါတယ်” မျိုးရိုးနာမည်စွန်း နှင့်လူကလည်း ဆိုလိုက်လေသည်။
“အခွင့်အရေးရှိရင်ပေါ့” ရန်ကိုင်ကပြုံး၍ ပြန်ပြောလိုက်သည်။
“ကဲ ဒီကကိစ္စပြီးသွားပြီဆိုတော့ သွားလိုက်ပါဦးမယ်”
“ကံမကုန်ရင် ထပ်တွေ့ကြတာပေါ့ ရောင်ရင်းရန်” မျိုးရိုးနာမည် ကျောင်းနှင့် မျိုးရိုးနာမည် စွန်း ဆိုသည့်လူက လက်သီးဆုပ်၍ ပြောလိုက်လေသည်။
ရန်ကိုင်သည် ခေါင်းညိတ်၍ လှိုင်ဂူထဲမှ ထွက်လာခဲ့သည်။ လှိုင်ဂူ၀င်ပေါက်သို့ရောက်ချိန် ရန်ကိုင်က လှည့်၍မေးလိုက်သည်။
“ရောင်းရင်းတို့နှစ်ယောက် ဒုတိယအလွှာဆီသွားတဲ့ ၀င်ပေါက်ကို သွားမရှာကြဘူးလား”
ကျောင်းဖုန်းက ရယ်မော၍ “ရှာမှာပေါ့ ဒါပေမဲ့ ခုနတုန်းက တိုက်ပွဲမှာ အတော်လေးအားကုန်သွားလို့ အရင် အားပြန်ဖြည့်ဦးမလားလို့”
“ကျုပ်တို့အတွက် စိတ်ပူမနေနဲ့။ ရောင်ရင်းရန် သွားစရာရှိတာသွားလိုက်” မျိုးရိုးနာမည် စွန်းဆိုသည့်လူကလည်း ခေါင်းညိတ်၍ ပြောလိုက်လေသည်။
ရန်ကိုင်လည်း ဘာမှပြောမနေတော့ဘဲ လှည့်ထွက်လာခဲ့သည်။ ဤသို့ဖြင့် လှိုင်ဂူမှာ ရုတ်ချည်း တိတ်ဆိတ်သွားခဲ့လေသည်။ အချိန် အတော်ကြာသွားပြီးနောက်မှသာ မျိုးရိုးနာမည် စွန်းနှင့်လူက မျက်လုံးဖွင့်၍ တိုးတိုးလေး ပြောလိုက်သည်။
“သူအခုဆို မရှိလောက်တော့ဘူး”
“ဒီလောက်ကြာနေမှတော့ သူရှိဦးမယ် ထင်လို့လား” မျိုးရိုးနာမည်ကျောင်းနှင့်လူက ပြောလိုက်သည်။
“ရောင်ရင်းကျောင်း မင်းဘာလို့ ခုနတုန်းကငါ့ကို လာတားနေတာလဲ။ ရွှေသလင်းမြက်ပင်တွေက အရမ်းရှားတာကွ။ သူ့ကို ငါးပင်တောင် ယူသွားခိုင်းလိုက်တာ တစ်ကယ်မတန်ဘူး။ နောက်ဆုံးတစ်ပင်ကို သူဈေးပေးသွားတဲ့ ပုံစံကို ကြည့်ရသလောက် သူ့မှာ အရင်းအမြစ်ကျောက်တွေ အများကြီး ထပ်ရှိနေမှာ သေချာသလောက်ပဲ။ ငါတို့သာ သူ့ကိုသတ်နိုင်ရင်…”
“ငါတို့နှစ်ယောက်တည်းနဲ့ သူ့ပြိုင်ဘက် ဖြစ်နိုင်မယ်လို့ မင်းထင်လို့လား” မျိုးရိုးနာမည် ကျောင်းနှင့်လူက ပြန်မေးလိုက်သည်။
“ဘာလို့ မဖြစ်နိုင်ရမှာလဲ။ သူအားကောင်းတာ မှန်တယ်။ ဟိုကောင်ကြီးနဲ့ တိုက်ခိုက်တုန်းက သူ့ခွန်အားကို အကုန်ထုတ်သုံးမသွားဘူး။ ဒါပေမဲ့ ငါတို့လည်း အတူတူပဲမဟုတ်ဘူးလား။ ငါတို့နှစ်ယောက်သာ အတူတူပူးပေါင်းလို့ရှိရင် ဘာလို့သူတို့ကို ကြောက်နေဖို့လိုဦးမှာလည်း” မျိုးရိုးနာမည်စွန်းနှင့် ကျင့်ကြံသူက ပြန်ပြောလိုက်သည်။
“အဲ့တာ သူဘယ်လောက် ကြောက်ဖို့ကောင်းမှန်း မင်းမသိလို့လေ” မျိုးရိုးနာမည် ကျောင်းနှင့်သူက နှာခေါင်းရှုံ့လျက် “နဂါးပျံယစ်ပလ္လင်နဲ့ ငါတွေ့ခဲ့တယ်လို့ ပြောခဲ့တယ်မလား။ အဲ့တုန်းက ကွေ့ရှကို ဓါးတစ်ချက်တည်းနဲ့ သတ်သွားတဲ့လူကို ငါတွေ့လိုက်တယ်။ သူ့ဓါးချက်ကြီးက ကြောက်စရာကြီး။ ကွေရှ ဘာမှတောင် ပြန်မလုပ်လိုက်နိုင်ဘူး”
“ကွေ့ရှ… သွေးပြောင်းလဲခြင်းဂိုဏ်းက ကွေရှလား” စွန်းချန်း ကြောင်သွားခဲ့လေသည်။
“ဟုတ်တယ်။ ငါတို့နှစ်ယောက်သာ ကွေရှနဲ့ တိုက်ခိုက်မယ်ဆိုရင် ဘယ်သူနိုင်မယ်လို့ မင်းထင်လဲ”
“သူပဲပေါ့။ ငါတို့က ဘယ်လိုလုပ်ပြီး သူ့ကိုနိုင်မှာလဲ။ သွေးပြောင်းလဲခြင်းဂိုဏ်းက အားကောင်းတဲ့ဂိုဏ်းတစ်ခု မဟုတ်ပေမဲ့ မီးတောက်ကျောင်းတော်နဲ့ယှဉ်နိုင်တဲ့ဂိုဏ်းတစ်ခု ဖြစ်နေတုန်းပဲ။ ပြီးတော့ ကွေ့ရှက အတော်လေးကို ပါရမီပါတဲ့ကောင်တဲ့”
“အဲ့တာကြောင့်ပဲ ငါမင်းကို မလှုပ်ရှားခိုင်းလိုက်တာ။ မျိုးရိုးနာမည် ရန်နဲ့သူကို ငါဘယ်မှာတွေ့ဖူးလဲ မသိလိုက်ဘူး။ ဒါပေမဲ့ သူတိုက်တာကိုကြည့်ပြီး ကွေရှကိုသတ်လိုက်တာ သူမှန်းသိသွားတယ်။ မင်းနဲ့ငါ ပူးပေါင်းပြီး တိုက်ခိုက်မယ်ဆိုရင်တောင် ကျိန်းသေ သူ့ပြိုင်ဘက် ဖြစ်နိုင်မှာမဟုတ်ဘူး”
“အဲ့တာကြောင့်ကိုး။ အခုလို သတိပေးတဲ့အတွက် ရောင်ရင်းကျောင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ မဟုတ်ရင်တော့ ငါတို့နှစ်ယောက်စလုံး ဒုက္ခကောင်းကောင်း ရောက်နေလောက်ပြီ”
မျိုးရိုးနာမည် ကျောင်းနှင့်လူ ပြောသည်ကို ကြားပြီးနောက် မျိုးရိုးနာမည် စွန်းနှင့် ကျင့်ကြံသူ တုန်ရီလာပြီး သူ့နှဖူးနှယ် ချွေးသီးများ ဝေ့သီလာခဲ့လေသည်။
“ထားလိုက်တော့ အဲ့အကြောင်း ဆက်မပြောကြရတော့အောင်။ သူ ဒီကအကြောင်းတွေကို မသိသွားတာ ကံကောင်းသွားတယ်။ သူ့ရုပ်ကြည့်ရတာ ဘာမှသိပ်မသိသလိုပဲနော်။ ရွှေသလင်းမြက်ပင်နဲ့ အဲ့တာရဲ့ အသုံး၀င်ပုံတွေကိုတောင် မသိဘူး”
“ဟုတ်တယ် တော်တော်လေးထူးဆန်းတယ်။ တစ်ကယ်ဆိုရင် သူ့လိုလူတစ်ယောက်က ရွှေသလင်းမြက်ပင်အကြောင်းကို ဘာမှမသိစရာ အကြောင်းမရှိဘူး” မျိုးရိုးနာမည် စွန်းနှင့် ကျင့်ကြံသူက ပြောလိုက်သည်။
“သူမသိလေ ကောင်းလေပဲ။ ငါတို့အတွက် ပိုအကျိုးရှိတာပေါ့။ ရွှေသလင်းမြက်ပင် အကြောင်းမသိလို့ပဲ ရွှေသလင်းမြက်ပင်တွေ ပေါက်တဲ့နေရာမှာ သတ္ထုတွင်းတွေရှိတယ်ဆိုတာကို သူမသိတာ။ မဟုတ်ရင် ငါတို့ဘာမှ ထပ်ရတော့မှာ မဟုတ်ဘူး။ ဒီအောက်မှာ သတ္ထုကြောတစ်ခု ရှိနေတယ်နဲ့တူတယ်” မျိုးရိုးနာမည် ကျောင်းနှင့် ကျင့်ကြံသူက ပြုံး၍ပြောလိုက်လေသည်။
“အခု သူထွက်သွားပြီဆိုတော့ ငါတို့ တူးကြည့်ကြတာပေါ့။ ကံကောင်းပြီး ဧကရာဇ် သတ္ထုတစ်ခုခု တွေ့မယ်ဆိုရင် မင်းနဲ့ငါ ချမ်းသာပြီ။”
“ဧကရာဇ်အဆင့် သတ္ထုတွေက ဘယ်လိုလုပ်ပြီး အဲ့လောက်ရှာရလွယ်မှာလည်းဟ။ ငါကြားရသလောက်ဆိုရင် ဧကရာဇ်သတ္ထုတွေက ငါးရောင်ခြယ် ရတနာဘုရားရဲ့ တတိယအလွှာမှာပဲ ပေါ်လာတာတဲ့။ အခုက ပထမအလွှာမှာပဲ ရှိနေတာ။ ဒါပေမဲ့ ဧကရာဇ်အဆင့် မဟုတ်ရင်တောင် တာအိုအဆင့် သတ္ထုတစ်တုံးလောက်ရရင် တော်တော်လေး ကောင်းနေပြီ”
ပြောပြီးနောက်တွင် နှစ်ဦးစလုံးသည် ဆက်၍ တုန့်ဆိုင်းမနေကြတော့ဘဲ သူတို့၏ ကိုယ်ပိုင် နည်းလည်းများကို သုံးကာ အောက်ဘက်ရှိ ကျောက်ထည်ကြီးကို စတင်ထိုးဖောက်တော့လေသည်။
“ငါထင်ထားတဲ့အတိုင်းပဲ။ ဒီကောင်တွေ တစ်ခုခုကို ဖုံးကွယ်ထားတာပဲ”
ဗလာနတ္ထိကျင့်စဉ်ကိုသုံး၍ မလှမ်းမကမ်းနေရာတွင် ရပ်နေသော ရန်ကိုင်က အေစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၀၄)
အစောကြီးကတည်းက ထိုနှစ်ဦးသည် သူ့ဆီမှ တစ်ခုခုကို ဖုံးကွယ်ထားသည်ဟု ရန်ကိုင်ခံစားနေရသည်။ တစ်ကယ်တော့ သံလက်မျောက်ဝံများ နေသည့်နေရာသည် စိုစွတ် မဲမှောင်ပြီး အနံ့အသက်လည်း မကောင်းချေ။ သို့တိုင် ထိုနှစ်ဦးမှာတော့ ဤနေရာတွင် အားပြန်ဖြည့်ရန် ရွေးချယ်လိုက်သည်။ ထို့ကြောင့် သူတို့နှစ်ဦး တစ်ခုခုကို ဖုံးကွယ်ရခြင်းဖြစ်လိမ့်မည်ဟု ရန်ကိုင် ကောက်ချက်ချလိုက်လေသည်။
အကျိုးအမြတ်မရဘဲ ဤမကောင်းသည့် နေရာတစ်ခုတွင် ဘာ့ကြောင့်များ အားပြန်ဖြည့်ရမည်နည်း။ အားပြန်ဖြည့်ချင်သည်ဆိုလျှင် ပိုကောင်းသည့် နေရာတစ်ခုခုကို သွားရှာ၍ရပေသည်။ ထို့ကြောင့် ရန်ကိုင်သည် ထွက်သွားချင်ယောင် ဆောင်၍ အနီးအနားတွင် ပုန်းအောင်းနေလိုက်သည်။ မကြာမီ ထိုနှစ်ဦး စတင်လှုပ်ရှားနေသံကို ကြားလိုက်ရသည့်အခါ သူ့ခန့်မှန်းချက် မှန်ကန်သွားကြောင်း တွေ့ရှိလိုက်ရပေသည်။
သို့သော်လည်း လက်ရှိအခြေအနေအရ ပုန်းနေရာမှထွက်ပြီး ထိုနှစ်ဦးကို သတ်ပစ်ဖို့ရာ သိပ်မသင့်တော်ပေ။ မျိုးရိုးနာမည် ကျောင်းနှင့် စွန်းဆိုသည့် လူနှစ်ဦးသည် သူ့ဆီမှ တစ်ခုခုကို ဖုံးကွယ်ထားသော်ငြား သူ့အား မတိုက်ခိုက်ခဲ့ပေ။ အပြစ်တင်ရမည်ဆိုလျှင် ဗဟုသုတ လုံလောက်အောင် ကြွယ်၀ခြင်းမရှ်ိသည့် သူ့ကိုယ်သူသာ အပြစ်တင်ရပေမည်။
“ကြည့်ရတာ ဒီတစ်ခါ အပြင်ပြန်ရောက်လို့ရှ်ိရင် ကြယ်တာရာ အစုအဝေးထဲက ဆေးပင်တွေနဲ့ ပစ္စည်းတွေအကြောင်း သိအောင်လုပ်ထားရမယ်နဲ့တူတယ်။ မဟုတ်ရင် အခုလို ထပ်လှည့်စားခံနေရဦးမယ်”
ကျောင်း နှင့် စွန်းတို့တူးနေသည့် မြေအောက်ထဲ မည်သည့်ပစ္စည်းမျိုး ရှိသည်ကို ရန်ကိုင်မသိသော်ငြား ရုတ်တရက်ကြီး ပေါ်လာရန်မသင့်တော်သဖြင့် ဆက်ပြီးတော့သာ ပုန်းနေလိုက်သည်။ လှိုင်ဂူထဲမှာတော့ အသံဗလံများ ထွက်ပေါ်လာခဲ့သည်။ မကြာခင် လှိုင်ဂူကြမ်းပြင်ပေါ်၌ အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်သွားခဲ့သည်။ သို့သော်လည်း ကျောင်းနှင့် စွန်းမှာတော့ ရပ်တန့်သွားခြင်း မရှိဘဲ ဆက်၍သာ တူးနေခဲ့သည်။
နေ့တစ်၀က်ခန့်ကြာပြီးနောက်တွင် ကျောင်းနှင့် စွန်း တို့သည် မျက်မှောင်ကြီးကြုတ်လျက် မှုန်ကုပ်ကုပ်အမူအရာများဖြင့် လှိုင်ဂူထဲမှ ထွက်လာခဲ့ကြသည်။
“ဆိုးလိုက်တဲ့ကွာ နေ့တစ်၀က်လောက် အလကား အချိန်ကုန်သွားတယ်” မျိုးရိုးနာမည် ကျောင်း နှင့်လူက ငြီးတွားလိုက်သည်။
“ဟုတ်တယ်။ အခုလိုဖြစ်မယ်မှန်းသာသိရင် အစောကြီးကတည်းက ထွက်သွားလိုက်တယ်။ အခုတော့ အချိန်တွေ အလဟဿကုန်ပြီ” မျိုးရိုးနာမည် စွန်း နှင့်လူကလည်း သက်ပြင်းချလိုက်သည်။
“ထားလိုက်တော့။ အဲ့အကြောင်း ထိုင်တွေးနေလည်း ဘာမှလုပ်မရဘူး။ ဒုတိယအလွှာဆီ သွားတဲ့၀င်ပေါက်ကိုပဲ မြန်မြန်ရှာကြရအောင်။ ငါးရောင်ခြယ် ရတနာဘုရားက ဘယ်ချိန်ပိတ်မယ်မှန်း သိရတာမဟုတ်ဘူး။ မပိတ်ခင်လေး အကျိုးအမြတ်များများရအောင် ယူထားနိုင်ဖို့ အရေးကြီးတယ်… အထူးသဖြင့် ဟိုတာအိုအရင်အမြစ် အသီးတွေပဲ”
ပြောပြီးသည့်နောက် ထိုနှစ်ဦးသည် ဆက်၍ အချိန်ဖြုန်းမနေတော့ဘဲ ပျံသန်းရေး မှော်ရတနာများကိုထုတ်၍ ပျံသန်းသွားကြလေသည်။
ခဏအကြာတွင် ရန်ကိုင်၏ပုံရိပ် ပေါ်လာခဲ့သည်။ ရန်ကိုင်သည် အတွေးနက်နေသည့် အမူအရာဖြင့် မျိုးရိုးနာမည် စွန်းနှင့် ကျောင်းတို့ ထွက်သွားသည့်ဘက်သို့ ကြည့်လိုက်လေသည်။ ထိုနှစ်ဦး ပြောသွားပုံအရ သူတို့နှစ်ဦးသည် လှိုင်ဂူထဲမှ မည်သည့်အကျိုးအမြတ်ကိုမှ မရရှိခဲ့ပုံပင်။ ထို့ကြောင့်သာမဟုတ်လျှင် သူတို့မျက်နှာကြီး ဆူပုတ်ပုတ်ဖြစ်နေလိမ့်မည် မဟုတ်ချေ။ နောက်ဆုံး လှိုင်ဂူထဲ သွားကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
လှိုင်ဂူ၏ အဆုံးပိုင်းသို့ ရောက်လာပြီးတွင် ယခင်က ကျောက်ပြားကြီးရှိနေရာ၌ ဧရာမ အပေါက်ကြီးတစ်ပေါက် ရှိနေသည်ကို တွေ့လိုက်ရ၏။ ရန်ကိုင်သည် ထိုအပေါ်ထဲသို့ ခုန်ဆင်းလိုက်လေသည်။ မကြာမီ တွင်းအောက်ခြေသို့ ရောက်လာခဲ့လေသည်။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် အကုန်လုံး နားလည်သွားခဲ့သည်။ မျိုးရိုးနာမည် စွန်း နှင့် ကျောင်း တို့မှာ တွင်းတူရာတွင် အတော်လေးတော်သည့်ပုံပင်။
တန်ခိုးရှင်ဘုရင် တတိယအဆင့် ဆိုသည့်အတိုင်း နေ့တစ်၀က်အတွင်း ပေငါးရာ အချင်းရှိပြီး မီတာပေါင်းများစွာနက်သည့် ကျင်းပေါက်ကြီးတစ်ခုကို တူးနိုင်ခဲ့ပေသည်။ ကျင်းပေါက်ကြီးကိုကြည့်ရင်း ထိုနှစ်ဦးကို ရန်ကိုင်အတော်လေး ချီးကျူးချင်မိသွားသည်။ သို့သော် ဤကျင်းပေါက်ထဲတွင် ဘာမှရှ်ိမနေဘဲ သတ္ထုတုံးကြီးတစ်တုံးသာ ရှိနေခဲ့လေသည်။ မည်သည့် သတ္ထုတုံးမှန်း မသိရသော်ငြား ထိုသတ္ထုတုံးသည် ရေညှိပင်များဖြင့် ဖုံးနေသည့်အလား အစိမ်းရောင် တောက်နေခဲ့လေသည်။
သတ္ထုတုံးမှာ သေးသေးလေးမဟုတ်ဘဲ အိမ်ဆယ်လုံးစာလောက် ကြီးပေသည်။ ထို့အပြင် သတ္ထုတုံးအား တိုက်ခိုက်ထားသည့် ခြေရာလက်ရာ အချို့လည်း တွေ့ရပေသည်။ မကြာသေးခင်ကမှ ထူးခြစ်သွားဟန်ရသည့် ခြစ်ရာများ၊ ပြတ်ရှရာများကို သတ္ထုတုံးပေါ်တွင် တွေ့နေရသည်။ ထိုခြစ်ရာများသည် မျိုးရိုးနာမည် စွန်း နှင့် ကျောင်းတို့၏ လက်ရာများပင် ဖြစ်ရပေမည်။။
ထိုလူနှစ်ဦး လှိုင်ဂူထဲမှ ထွက်သွားစဉ် ဘာကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေရမှန်းကို ယခုမှပဲ ရန်ကိုင် နားလည်သွားတော့သည်။ ဤမြေအောက်ထဲတွင် အဖိုးတန် ရတနာတစ်ခု ရှိနေခဲ့သည်။ သို့သော် ထိုအဖိုးတန်ရတနာကို မြင်သာမြင် မယူနိုင်ခဲ့သဖြင့် ထိုနှစ်ဦး အတော်လေးစိတ်ပျက်လက်ပျက် ဖြစ်နေကြခြင်းပင်။ ဤကဲ့သို့သော သတ္ထုတုံးကြီးကို သာမန်သိုလှောင်လက်စွပ်ထဲ သွားထည့်၍မရချေ။
မျိုးရိုးနာမည် ကျောင်းနှင့် စွန်းတို့လည်း ထိုအချက်ကိုသိကြသည်။ ထို့ကြောင့်လည်း သတ္ထုတုံးကို တစ်စစီခွဲပြီး ယူသွားရန် ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း သတ္ထုတုံးမှာ အလွန်မာသည့်ပုံပင်။ သူတို့၏ ခွန်အားနှင့်ပင် သတ္ထုတုံးကို ကွဲအောင် မလုပ်နိုင်ဘဲ ခြစ်ရာများသာ ထင်နိုင်စေခဲ့၏။ နောက်ဆုံး သတ္ထုတုံးကို ယူသွားနိုင်မည် မဟုတ်မှန်း သိလိုက်ကြသဖြင့် စိတ်ပျက်ပျက်ဖြင့်သာ ထွက်လာခဲ့ကြလေသည်။
ရန်ကိုင်ကမူ သတ္ထုတုံးကြီးကိုကြည့်ရင်း ပျော်ရွှင်စွာ ပြုံးနေခဲ့သည်။ သတ္ထုတုံးကို သိုလှောင်လက်စွပ်ထဲ ထည့်၍ မရသော်ငြား သူ့တွင် သိုလှောင်လက်စွပ်ထက်ပင် ပိုမိုကျယ်၀န်းသည့် နေရာလွတ်ကြီးတစ်ခု ရှိနေခဲ့ပေသည်။ ဤသတ္ထုကို သူ့ကမ္ဘာငယ်လေးထဲ ထည့်သိမ်းထား၍ရသည်။ မီတာ ထောင်ပေါင်းများစွာရှိသော သူ့ကိုယ်ပွားကိုပင် ကမ္ဘာငယ်လေးထဲသို့ ခေါ်ထည့်ထားနိုင်ပေရာ ဤမျှလောက်သာ ဆိုလျှင်တော့ ပြောနေစရာမလိုပေ။
ဤသတ္ထုတုံးသည် သူ့ကိုယ်ပွားထက် အများကြီး ပိုသေးပေသည်။ သတ္ထုတုံးမှာ ပထမအလွှာတွင် ပေါ်လာသည့်အတွက် ဧကရာဇ်အဆင့် သတ္ထုတုံးတော့ မဖြစ်လောက်ချေ။ ရန်ကိုင် ခန့်မှန်းကြည့်ရသလောက် ဤသတ္ထုသည် တန်ခိုးရှင်ဘုရင်အဆင့် ဖြစ်လျှင်ဖြင်၊ မဖြစ်လျှင် တာအိုအဆင့် ဖြစ်ရပေလိမ့်မည်။ သူ၏အဆင့်မှာ သိပ်မမြင့်မားလှသော်ငြား အရွယ်အစားမှာ အတော်လေးကြီးမားလှသဖြင့် အဖိုးတန်သည်ဟု ပြော၍ရပေသည်။
သူ့ကိုယ်ပွားသည် ကောင်းကင်ဝါးမျိုးခြင်း တိုက်ပွဲဥပဒေသကို ကျင့်ကြံထားပြီး သူ့ခွန်အားကို တိုးတက်လာအောင် လုပ်ဖို့အတွက် သတ္ထုများစွာ လိုအပ်နေသည်။ ဤသတ္ထုတုံးကြီးသည် သူ့ကိုယ်ပွား၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လောက်၏။
ထိုအချက်ကို တွေးပြီးသော် ရန်ကိုင်သည် ဆက်လက် တုန့်ဆိုင်းမနေတော့ဘဲ တင်ပလ္လင်ခွေထိုင်ကာ သတ္ထုတစ်ခုလုံးကို ကောင်းကင်စိတ်အာရုံဖြင်ဘ လွှမ်းခြုံလိုက်လေသည်။ ထို့နောက် မာန်သွင်းအော်ဟစ်လျက် သတ္ထုတုံးကို ကမ္ဘာငယ်လေးထဲသို့ ပို့ရန်ကြိုးစားလိုက်လေသည်။
ခဏအကြာတွင် သတ္ထုတုံးကြီးသည် ကမ္ဘာငယ်လေးထဲမှ ပျောက်ကွယ်သွားပြီး ရန်ကိုင့်ရှေ့တွင် ပြန်ပေါ်လာခဲ့သည်။ ထိုသို့ လုပ်ပြီးနောက်တွင် ရန်ကိုင် ခေါင်းတဆစ်ဆစ် ကိုက်လာခဲ့သည်။ သို့ရာတွင် ရန်ကိုင်မှာ တုန်လှုပ်နေခြင်းမရှိဘဲ စိတ်စွမ်းအင် ဖြည့်တင်းပေးနိုင်သည့် ဆေးတစ်လုံး ထုတ်သောက်လိုက်သည်။ ခဏအကြာတွင် ရန်ကိုင်သည် သက်ပြင်းအရှည်ကြီးချလျက် မျက်လုံးပြန်ဖွင့်လာခဲ့သည်။ ယခု သူ့စိတ်စွမ်းအင်မှာ ပြန်ပြည့်လုနီးပါး ဖြစ်နေလေပြီ။
ခုနှစ်ရောင်ခြယ် ဝိဉာဉ်ကြာပန်း ရှိနေသည့်အတွက် ရန်ကိုင်၏ စိတ်စွမ်းအင် ပြန်ပြည့်သည့်နှုန်းမှာ သာမန်ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုမြန်နေခဲ့သည်။ ထို့ကြောင့်သာ မဟုတ်လျှင် သူ့လက်ရှိခွန်အားအရ ကုန်သွားသော စိတ်စွမ်းအင်များကိုပြန်ဖြည့်ရန် အနည်းဆုံး ဆယ်ရက်ခန့် အချိန်ယူရပေလိမ့်မည်။ ကမ္ဘာငယ်လေးထဲသို့ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါ သတ္ထုတုံးကြီးသည် သူ့ကိုယ်ပွားရှိနေသည့် နေရာသို့ ရောက်နေကြောင်း တွေ့ရှိလိုက်ရလေသည်။
လက်ရှိတွင် သူ့ကိုယ်ပွားမှာ ယခင်ကနှင့် အနည်းငယ်ကွဲပြားနေခဲ့သည်။ ယခင်ကကဲ့သို့ ကျောက်ဘီလူကြီးသာ ဖြစ်နေသေးသော်ငြား ယခင်တစ်ကြိမ်နှင့်စာလျှင် အနည်းငယ် ပိုသေးလာခဲ့သည်။ သူ့ကိုယ်ပွား အနီးတစ်ဝိုက်၌ ဆယ်မီတာခန့်မြင့်သော ကျောက်စကျောက်နများ ပြည့်နေခဲ့၏။ ထို့အပြင် လက်ရှိတွင် သူ့ကိုယ်ပွား၏ ခန္ဓာကိုယ်မှ ပိုမိုများပြားလှသော ကျောက်စ ကျောက်နများ အဆက်မပြတ် ပြုတ်ကျနေခဲ့လေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင် အလွန်ကိုမှ ကျေနပ်သွားခဲ့သည်။
ဤအမြန်နှုန်းတိုင်းသာ သွားမည်ဆိုလျှင် နှစ်၀က် သို့မဟုတ် တစ်နှစ်အတွင်း သူ့ကိုယ်ပွားသည် သူ့အားကူညီလာနိုင်လိမ့်မည်။ ၎င်း၏ အလွန်ကြီးမားသော ခန္ဓာကိုယ်ကြီးကြောင့် ကမ္ဘာငယ်လေးထဲတွင်သာ အမြဲနေနေရတော့မည် မဟုတ်ချေ။ ကောင်းကင်စိတ်အာရုံကို ပြန်သိမ်းလိုက်ပြီးနောက် ရန်ကိုင်သည် ကျင်းပေါက်ကြီးထဲမှ တက်ကာ လှိုင်ဂူထဲမှ ပြန်ထွက်လာခဲ့သည်။ ထို့နောက် ဦးတည်ရာတစ်ခုရွေးကာ ပျံသန်းသွားလေ၏။
ခုနစ်ရက်ခန့် ကြာပြီးနောက်တွင် ရန်ကိုင်သည် မျက်မှောင်ကြုတ်လျက် အနည်းငယ် စိုးရိမ်နေသည့် အမူအရာဖြင့် သူ့ရှေ့ရှိ တောင်တန်းကို ကြည့်နေခဲ့သည်။ သံလက်မျောက်ဝံများနေသည့် လှိုက်ဂူထဲမှ ထွက်လာပြီးကတည်းက ဒုတိယအလွှာသို့ သွားမည့် ၀င်ပေါက်ကိုတောက်လျှောက် ရှာနေခဲ့ခြင်းဖြစ်သည်။ သို့တိုင် ယခုအချိန်ထိ အရိပ်အယောင်ကိုပင်ရှာမတွေ့သေးချေ။
ချင်းယုပြောသည့်အတိုင်း သူတွေ့သမျှ တောင်စဉ်တောင်တန်းများကို လိုက်ပတ်ရှာကြည့်ပေသည်။ ချင်းယု သူ့ကို လိမ်နေသည်ဟု ရန်ကိုင်မထင်။ သို့တိုင် ဘာဆိုဘာမှ ရှာမတွေ့သေးပေ။ လက်ရှ်ိ သူ့ရှေ့တွင် ရှိနေသောတောင်တန်းသည် သူရှာနေသည့် နေရာဟုတ်မဟုတ် မသိရသေး။ မည်သို့ပင် ဖြစ်စေကာမူ သူတစ်ချက်တော့ သွားကြည့်ရပေလိမ့်မည်။ ထို့နောက် ရန်ကိုင်သည် ထိုတောင်တန်းရှိရာသို့ ပျံသန်းသွား၏။
ခဏအကြာ၌ ရန်ကိုင်သည် တစ်ခုသော တောင်အောက်ခြေသို့ ရောက်လာခဲ့လေသည်။ လှည့်ပတ်ကြည့်လိုက်ပြီးနောက် ရန်ကိုင့်မျက်နှာထက် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဤနေရာသည် မြူခိုးထုများဖြင့် လွှမ်းခြုံနေပြီး ချင်းယု ပြောသည့်နေရာနှင့် လုံး၀ကို ကွက်တိကျနေ၍ဖြစ်သည်။ နေရာမှန်ကို သိလိုက်စဉ်မှာပင် အနက်ရောင် အရိပ်လေးတစ်ခုသည် အနီးနားတစ်နေရာဆီမှ ရုတ်တရက် ခုန်ထွက်လာခဲ့သည်။
ရန်ကိုင်လည်း မသိစိတ်အရ ထိုအနက်ရောင်အရိပ်ကို အားဖြင့် အလိုလိုရိုက်ချမိလိုက်သည်။ အနက်ရောင် အရိပ်မှာလည်း အတော်လေးကို မြန်ပေသည်။ တိုက်ခိုက်ခံရမှန်း သိလိုက်သည်နှင့် အပေါ်သို့ ပျံတက်ကာ ထိုတိုက်ကွက်ကို ရှောင်တိမ်းလိုက်သည်။ ထို့နောက် အနောက်သို့ ပြန်ဆုတ်၍ အဆက်မပြတ် အော်ဟစ်တော့လေသည်။ မဆီမဆိုင် တိုက်ခိုက်ခံလိုက်ရသည့်အပေါ် အတော်မကျေမနပ် ဖြစ်နေသည့်ပုံပင်။
ထိုအော်သံများကို ကြားသည့်အခါ ရန်ကိုင် ကြောင်သွားလေသည်။ ထို့နောက် သူ့ဆီသို့ ခုန်အုပ်လာခဲ့သော အနက်ရောင် အရိပ်လေးကို ကြည့်လိုက်သည်။ ယခုအခါမှပဲ ဤအနက်ရောင် အရိပ်မှာ လက်တစ်ဖဝါးစာ အရွယ်မျှသာရှိသော လင်းနို့တစ်ကောင်နှင့် တူသည့် မွန်းစတားသားရဲမှန်း သိသွားခဲ့လေသည်။ လက်ရှိတွင် ထိုလင်းနို့သည် ရန်ကိုင့်ဆီအား ပျံသန်းလာပြီး သူ့အား စစ်ဆေးကြည့်နေသည့်အလား ရန်ကိုင့်တစ်ကိုယ်လုံးကို ဝိုင်းကြီးပတ်ပတ် လှည့်လည်ပျံသန်းနေခဲ့လေသည်။
၎င်း၏ပုံစံကြောင့် ရန်ကိုင် အတော်လေး အံအားသင့်သွားသည်။ ထိုမွန်းစတားသားရဲ ဘာလုပ်ရန်ကြိုးစားနေမှန်း မသိသေးခင်မှာပင် လင်းနို့ဆီမှ အော်သံများစွာ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် လင်းနို့သည် ပါးစပ်ကိုဟ၍ ကျောက်စိမ်းပြားတစ်ပြားကို ရန်ကိုင့်ဆီ ထွေးထုတ်ပေးလိုက်သည်။
“ငါ့အတွက်လား”
လင်းနို့လေးကမူ ဟုတ်တယ် ဟုပြောနေသည့်အလား ဘာမှန်းမသိသည့် အသံများဖြင့် အော်ဟစ်လိုက်၏။ ရန်ကိုင်လည်း ကျောက်စိမ်းပြားကို ဖမ်းယူလိုက်ပြီးနောက် ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးလိုက်သည်။ ခဏအကြာ၌ ရယ်မောလိုက်သည်။
“လတ်စသတ်တော့ မင်းကို မိုရှောင်ချီ ပို့လိုက်တာပေါ့”
အခုမှပဲ သူ့ရှေ့တွင်ရှိနေသော ဤလင်းနို့သည် မိုရှောင်ချီမှ ပျိုးထောင်ထားခြင်းဖြစ်ပြီး သူ့အား လမ်းပြပေးရန်အတွက် ဤနေရာ၌ ချန်ထားခဲ့ခြင်းဖြစ်မှန်း သိလိုက်ရလေသည်။ သူတစ်ကယ်ကို နေရာမှားပြီး ရောက်လာခဲ့ခြင်း မဟုတ်ပေ။ သို့သော်လည်း မိုရှောင်ချီမှ ဒုတိယအလွှာအား သူ့ထက်စောပြီး ရောက်နိုင်သည့်အပေါ် သူ့အတော်လေး အံအားသင့်နေခဲ့သည်။
“ဒါဆို မင်းရှေ့ကသွား” ရန်ကိုင်သည် ကျောက်စိမ်းပြားကိုသိမ်းလျက် လင်းနို့လေးကို ပြုံးပြလိုက်သည်။
အာကာယံလင်းနို့မှာ သူ့စကားကို နားလည်သည့်အလား ရန်ကိုင် ပြောပြီးနောက် ချက်ချင်း တစ်ဖက်ဆီသို့ ပျံသန်းသွားလေသည်။ ထိုစဉ် ခပ်လှမ်းလှမ်းဆီမှ အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ရောင်ရင်း နေပါဦး” အော်သံနှင့်အတူ အ၀တ်စ လေတိုးသံများ ထွက်ပေါ်လာခဲ့သည်။
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏။ အစောပိုင်းက အာကာယံလင်းနို့၏ အပြုအမူများကိုသာ အာရုံစိုက်နေခဲ့သည့် အတွက် ပတ်၀န်းကျင်အား သတိထားရန် မေ့လျော့သွားခဲ့သည်။ ကောင်းကင်စိတ်အာဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် သူ့ဆီသို့ ပျံသန်းလာနေသည့် တန်ခိုးရှင်ဘုရင် ကျင့်ကြံသူ ခြောက်ဦးရှိနေကြောင်း တွေ့လိုက်ရပေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၀၅)
ထိုကျင့်ကြံသူ ခြောက်ဦးကို ဦးဆောင်လာသူမှာ မောက်မာသည့်ဟန်ပန်ကို ပိုင်ဆိုင်ထားသည့် ချောမောသည့် လူငယ်တစ်ဦးဖြစ်ပေသည်။
ထိုအပြင် တိုက်ဆိုင်စွာပင် ထိုလူကို ရန်ကိုင် သိနေခဲ့သည်။ ထိုလူမှာ အခြားမဟုတ် သူတော်စင်နန်းတော်၏ သခင်လေး နင်ယွမ်ချန်း သာဖြစ်ပေသည်။ မှောင်ခိုဈေးကွက်တွင် နင်ယွမ်ချန်းသည် မိုရှောင်ချီနှင့် ကတောက်ကဆ ဖြစ်ခဲ့သည်။
ထိုစဉ်က ရန်ကိုင်သည် သူ့ပုံစံကိုဖုံးကွယ်၍ သူတော်စင်နန်းတော်မှ လူများကို ဖြဲခြောက်ခဲ့သည်။ ယခု ငါးရောင်ခြယ်ရတနာဘုရားထို့ ၀င်လာပြီးနောက် သူတော်စင်နန်းတော်မှ ကျင့်ကြံသူများနှင့် တိုက်တိုက်ဆိုင်ဆိုင် လာတွေ့နေရသည်။ သို့သော်လည်း လက်ရှိတွင် တာအိုသခင် ဒုတိယအဆင့်သို့ ရောက်နေသော လျိုရီကျိတော့ ပါမလာခဲ့ပေ။ ငါးရောင်ခြယ် ရတနာဘုရားသည် တာအိုသခင် အဆင့်အောက် ကျင့်ကြံသူများအတွက်သာ ဖွင့်ပေးသည့်အတွက်ကြောင့် နင်ယွမ်ချန်း အနေဖြင့် တန်ခိုးရှင်ဘုရင် ကျင့်ကြံသူများကိုသာ သူနှင့်အတူ ခေါ်လာနိုင်သည်မှာ အထူးအဆန်းတော့မဟုတ်။
နင်ယွမ်ချန်း မည်သူမှန်းသိသွားပြီးနောက်တွင် ရန်ကိုင်သည် တစ်ဖက်လူအား နည်းနည်းလေးမှ မျက်နှာသာပေးရန် ကြိုးစားမနေတော့ပေ။ မိုရှောင်ချီနှင့် ကတောက်ကဆ ဖြစ်သည့်နေ့တွင် သူ့မျက်နှာကို သေချာဖုံးကွယ်ထားသည့်အတွက် နင်ယွမ်ချန်း သူ့အား မှတ်မိလိမ့်မည်မဟုတ်ဟု ရန်ကိုင် ယုံကြည်ပေသည်။
“တစ်ခုခု လိုလို့လား” ရန်ကိုင်သည် နင်ယွမ်ချန်းတို့ဘက်သို့ လှည့်၍မေးလိုက်လေသည်။
“မင်း နားပင်းနေတာလား ကောင်လေး။ ဘာကိစ္စမှ မရှိဘဲနဲ့ မင်းကို တားမလားဟ” နင်ယွမ်ချန်းနောက်တွင် ရှိနေသော တန်ခိုးရှင်ဘုရင် ကျင့်ကြံသူတစ်ဦးက အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် စကားပြောလိုက်သည့်လူအား အေးစက်စက်အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
“မရိုင်းနဲ့” နင်ယွမ်ချန်က ဖြတ်ပြောလိုက်သည်။
ထို့နောက် ရန်ကိုင့်ဘက်သို့လှည့်ကာ လက်သီးဆုတ်၍ ပြောလိုက်လေ၏ “ရောင်ရင်း ဒီတစ်ယောက်က သူတော်စင်နန်းတော်ရဲ့ သခင်လေး နင်ယွမ်ချန်းပါ။ ရောင်ရင်းကို ဘယ်လိုခေါ်လို့ရမလဲ”
“ပြောစရာရှိတာပြော။ ငါ့အချိန် လာဖြုန်းမနေနဲ့” ရန်ကိုင်က အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။
နင်ယွမ်ချန်း၏ စရိုက်ကို သူကောင်းကောင်း နားလည်သည်။ နင်ယွမ်ချန်း ယခုလို ယဉ်ကျေးပြနေရခြင်းမှာ သူ့နောက်ခံကို မသိသေးသည့်အတွက်ကြောင့်သာ ဖြစ်သည်။ မှောင်ခိုဈေးကွက်တွင် ဖြစ်ခဲ့သည့် အဖြစ်အပျက်ကြောင့် ယခုကဲ့သို့ ဖြစ်သွားခြင်း ဖြစ်လောက်သည်။ မြွေကိုက်ခံရဖူးသူသည် ကြိုးမြင်တိုင်း ကြောက်ရွံ့နေတတ်သည်မှာ သဘာဝပင် မဟုတ်ပေလော။
ရန်ကိုင်၏ပုံစံနှင့် ပြောဆိုပုံကြောင့် နင်ယွမ်ချန်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သူ့စိတ်ထဲ အတော်လေးကို မပျော်မရွှင် ဖြစ်သွားသော်ငြား စိတ်ကိုချုပ်တည်း၍ ပြောလိုက်လေသည် “အဲ့တာဆို ရှင်းရှင်းပဲပြောတော့မယ်။ ခုနတုန်းက ဒီသားရဲလေး လူကြီးမင်းကို တစ်ခုခု ပေးလိုက်တယ်မဟုတ်လား”
“အဲ့တော့ ဘာဖြစ်လဲ”
ရန်ကိုင် ရုတ်တရက် နားလည်သွားခဲ့လေသည်။ နင်ယွမ်ချန်းသည် ကျောက်စိမ်းပြားအား ရတနာတစ်ခုခုဟုထင်ကာ သူ့ဆီမှ လာရောက်လုယူရန် ကြိုးစားနေခြင်း ဖြစ်သည်။
“အဲ့တာဘာလဲ” နင်ယွမ်ချန်းက ဆက်မေးလိုက်လေသည်။
“အဲ့တာ မင်းနဲ့ ဘာဆိုင်လို့လဲ”
“ရိုင်းလိုက်တာ” အစောပိုင်းက စကားပြောလိုက်သော အစောင့်မှာ ရုတ်ချည်း ဒေါသထွက်သွားပြီး ထအော်တော့လေ၏ “သခင်လေးက မေးနေရင် ဖြေလိုက်ပေါ့။ မင်းက ဘာတွေပြန်မေးနေတာလဲ”
နင်ယွမ်ချန်းက လက်မြောက်၍ တားလိုက်သည်။ သို့သော်လည်း သူ့အမူအရာကလည်း တဖြည်းဖြည်း အေးစက်လာပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။
“ကျုပ် လူကြီးမင်းရဲ့ သားရဲကို တော်တော်လေး စိတ်၀င်စားနေလို့။ လူကြီးမင်း အဲ့သားရဲကို ကျုပ်ဆီရောင်းပေးနိုင်မလား မသိဘူး။ ကျုပ်…”
“စိတ်မ၀င်စားဘူး” ရန်ကိုင်သည် နင်ယွမ်ချန်းအား ဆုံးအောင်ပင် ပြောခွင့်မပေးဘဲ ဖြတ်ပြောလိုက်လေသည်။
ဤလင်းနို့လေးသည် အလွန်ကိုမှ ပြုစုပျိုးထောင်ရန် အလွယ်ကူသည့် အဆင့်တစ်ဆယ် မွန်းစတားသားရဲ ဖြစ်နေသည်ကို ထည့်မပြောလျှင်ပင် ဤလင်းနို့သည် သူ့အပိုင် မဟုတ်ချေ။ မိုရှောင်ချီ၏ သားရဲသာ ဖြစ်လေသည်။ ထို့နောက် ရန်ကိုင်သည် လှည့်ထွက်သွားရန် လုပ်လိုက်သည်။
“ရောင်ရင်းက အကောင်းပြောနေတုန်း လက်မခံဘူးပဲ။ သူ့ကို ဖမ်းလိုက်ကြစမ်း”
ရန်ကိုင်၏ တုံ့ပြန်ပုံကိုမြင်သော် နင်ယွမ်ချန်းသည်လည်း ဆက်ပြီး ယဉ်ကျေးမနေတော့ချေ။ သူ့သက်တော်စောင့်များကို လှုပ်ရှားရန် အမိန့်ပေးလိုက်လေ၏။ ထိုစကားကို ကြားသော် တန်ခိုးရှင်ဘုရင် ကျင့်ကြံသူ ငါးဦးစလုံး ချက်ချင်း လှုပ်ရှားလိုက်ကြလေသည်။
ထိုစဉ် လေထဲတွင် ဝဲနေသော အာကာယံလင်းနို့သည် စူးရှစွာ ထအော်တော့လေသည်။ အသံလှိုင်းများသည် ရေလှိုင်းများနှယ် ပျံ့နှံ့လာပြီး သူတော်စင်နန်းတော်မှ ကျင့်ကြံသူများကို တမုဟုတ်ချည်း လွှမ်းခြုံသွားခဲ့သည်။ အလွန်စူးရှသည့် အော်သံကြောင့် နင်ယွမ်ချန်းနှင့်တကွ ကျင့်ကြံသူငါးဦး၏ မျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်သွားကြလေသည်။ သွေးကြောတစ်လျှောက်တွင် စီးဆင်းနေကြသော အရင်းအမြစ်ချီတို့မှာလည်း ကသောင်းကနင်း ဖြစ်လာကြလေသည်။
အကုန်လုံး ထိတ်လန့်သွားကြပြီး အလျင်အမြန် မာန်သွင်းအော်ဟစ်၍ ကျင့်စဉ်အသီးသီးကို လှည့်ပတ်၍ အသံလှိုင်းများကို ခုခံလိုက်လေသည်။ သူတို့ အသိပြန်၀င်လာသည့်အချိန်တွင် ရန်ကိုင်နှင့် လင်းနို့လေးမှာ အဝေးကြီးသို့ ရောက်နေလေပေပြီ။
“ငါလခွမ်း လိုက်ကြစမ်းကွာ။ ဘာပဲဖြစ်ဖြစ် အဲ့သားရဲကို ရအောင်ဖမ်းမှ ဖြစ်မယ်။ ဒီလို ရတနာရှာနိုင်တဲ့သားရဲကို လုံးဝ အလွတ်ပေးလိုက်လို့ မဖြစ်ဘူး” နင်ယွမ်ချန်းက ဒေါသတကြီး အော်ပြောလိုက်လေသည်။
အစောင့်ငါးဦးသည်လည်း တုန့်ဆိုင်းမနေတော့ဘဲ သူတို့၏ လှုပ်ရှားမှု ပညာရပ်အသီးသီးကိုသုံးကာ ရန်ကိုင်တို့နောက်သို့ လိုက်ကြလေသည်။ သို့သော်လည်း မကြာမီ ရန်ကိုင်နှင့် လင်းနို့လေးအား လုံး၀ကို မျက်ခြေပျက်သွားခဲ့သည်။
“သူတို့ ဘယ်ရောက်သွားတာလဲ” နင်ယွမ်ချန်းမှာ ဘေးပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်နေသော်ငြား မည်သည့် သဲလွန်စမှ မတွေ့ရချေ။
“သခင်လေး အဲ့ကောင်နဲ့သူ့သားရဲက ရုတ်တရက်ကြီးကို ပျောက်သွားတာပါ” အစောင့်တစ်ယောက်က သိပ်မသေချာသည့်အလား ပြောလိုက်သည်။
“သူတို့ ဒီနားတစ်နေရာရာမှာပဲ ရှိနေလိမ့်မယ်။ မြန်မြန်ရှာကြစမ်း။ ရတနာတွေ ထွက်ပြေးသွားတာကို ဒီတိုင်းလွှတ်ထားလိုက်လို့ မဖြစ်ဘူး” နင်ယွမ်ချန်းက ရက်စက်ကြမ်းကြုတ်သည့် အမူအရာဖြင့် ပြောလိုက်သည်။
အစောင့်ငါးဦးသည် ချက်ချင်းပဲ လူခွဲပြီး ရှာကြတော့လေသည်။
မကြာမီ အစောင့်တစ်ဦးက အံ့အားသင့်နေသည့် အမူအရာဖြင့် “သခင်လေး မြန်မြန်လာကြည့်ပါဦး။ ဒါက ဒုတိယအလွှာဆီ သွားတဲ့၀င်ပေါက်လာစလို့”
“ဘယ်လို” နင်ယွမ်ချန်း ပျော်သွားခဲ့လေသည်။
သို့သော်လည်း ချက်ချင်းပဲ ထိုအစောင့်အား ပြန်ပြောလိုက်လေ၏။ “မဖြစ်နိုင်ဘူး ဒုတိယအလွှာဆီ သွားတဲ့၀င်ပေါက်မှာ ငါးရောင်ခြယ် အလင်းတန်းရှိနေမှာ။ ငါးရောင်ခြယ် အလင်းတန်းကို ဒီကနေမပြောနဲ့ ဟိုးအဝေးကြီးကနေတောင် လှမ်းမြင်နေရမှာ။ ငါ့ကို မျက်ကန်းထင်…”
နင်ယွမ်ချန်းမှာ ဒေါသတကြီး အော်ဟစ်နေရင်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မှင်သက်သွားလေသည်။ အစောင့်ပြောခဲ့သလိုပင် ဤနေရာတွင် ငါးရောင်ခြယ် အလင်းတန်းကြီး ရှိနေခဲ့သည်။ မျက်မှောင်ကြုတ်လျက် နင်ယွမ်ချန်းသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်လေသည်။ ချက်ချင်းဆိုသလို သူ့ရှေ့ရှိ အလင်းတန်းမှာ ပျောက်ကွယ်သွားခဲ့သည်။ ရှေ့သို့ ပြန်တိုးလိုက်သည့်အခါ အလင်းတန်း ပြန်ပေါ်လာခဲ့သည်။
“ဘယ်လိုကြီးလဲဟ” နင်ယွမ်ချန်း စိတ်ရှုပ်သွားခဲ့လေသည်။
“သခင်လေး ကြည့်ရတာ ဒီငါးရောင်ခြယ် အလင်းတန်းကို သတ်မှတ်ထားတဲ့ အကွာအဝေး တစ်ခုအတွင်းမှာပဲ မြင်နိုင်တာ ထင်တယ်။ အဲ့ထက်ကျော်သွားရင် လုံး၀ မမြင်နိုင်တော့ဘူးလားလို့” ၀င်ပေါက်ကို ရှာတွေ့ခဲ့သည့် အစောင့်က ပြောလိုက်လေသည်။
“ကြယ်ဝိဉာဉ်နန်းတော်ကခွေးမသားတွေ တစ်ကယ်ကို ကောက်ကျစ်လွန်းတယ်။ ဒီသခင်လေးက ကောင်းချီးပေး သားတော်တစ်ယောက် ဖြစ်နေလို့ပေါ့။ မဟုတ်ရင် သူတို့ရဲ့ ကောက်ကျစ်ပုံမျိုးနဲ့ ဒီဝင်ပေါက်ကို ဘယ်လိုမှ ရှာတွေ့မှာ မဟုတ်ဘူး။ မင်းတို့တွေ ဘာကြောင်ကြည့်နေတာလဲ။ ဒုတိယအလွှာဆီ သွားကြမယ်လေ။ ဟိုခွေးကောင်လည်း ဒီ၀င်ပေါက်ကနေ ဒုတိယအလွှာဆီ ၀င်သွားတာ ဖြစ်ရမယ်။ ဒါ့ကြောင့် ချက်ချင်းကြီးကို ပျောက်သွားတာ”
“သခင်လေး ဒီပုံစံအတိုင်းဆို ဟိုသားရဲလေးက အဖိုးတန်ရတနာတွေ ရှာနိုင်ရုံတင်မကဘူး။ ၀င်ပေါက်ကိုလည်း ရှာနိုင်တယ်နဲ့ တူတယ်”
“အဲ့တာဆိုရင် ဒီသခင်လေး အဲ့သားရဲကို ပိုပြီးတော့တောင် လိုချင်သွားပြီ။ ငါတို့သာ အဲ့သားရဲကို ရနိုင်မယ်ဆိုရင် တတိယအလွှာကို သွားတဲ့ ၀င်ပေါက်ကိုတောင် ရှာရင် ရှာနိုင်မှာ” နင်ယွမ်ချန်း၏ မျက်လုံးထဲ လောဘမီးတောက်တို့ ပြည့်နှက်လာခဲ့သည်။
ချက်ချင်းပဲ သူ့အဖွဲ့ကိုဦးဆောင်၍ ငါးရောင်ခြယ် အလင်းတန်းထဲ ဖြတ်၀င်သွားခဲ့သည်။ ချက်ချင်းဆိုသလို သူတို့အကုန်လုံး ပထမအလွှာမှ ပျောက်ကွယ်သွားခဲ့သည်။ သို့သော်ငြား သူတို့အားလုံး ဒုတိယအလွှာသို့ ရောက်လာသည့် အချိန်တွင်ပင် ရန်ကိုင်၏ အရိပ်အယောင်ကို မတွေ့ရပေ။
တစ်ချိန်ထဲတွင် ဒုတိယအလွှာရှိ အခြားနေရာ တစ်ခုတွင် ရန်ကိုင်သည် လင်းနို့လေးနှင့်အတူ ပျံသန်းနေခဲ့သည်။ လင်းနို့လေးသည် မိုရှောင်ချီအား သူ့ဘာသာရှာနိုင်မှန်း သိထားသည့်အတွက် ဘာမှ၀င်မနှောက်ယှက်ဘဲ လင်းနို့နောက်မှသာ အေးအေးဆေးဆေး လိုက်သွားခဲ့လေသည်။ ဒုတိယအလွှာမှာလည်း ပထမအလွှာနှင့် သိပ်မကွာပေ။ မိုးမြေစွမ်းအင်မှာ အလွန်ကိုမှ ပါးလွှာကာ ကျင့်ကြံဖို့ရာ သင့်တော်ခြင်းမရှိ။
ထို့အပြင် ဒုတိယအလွှာရှိ နိယာမများမှာလည်း ပထမအလွှာကဲ့သို့ တစ်စစီ ဖြစ်နေခဲ့လေသည်။ မတူသည့် အချက်တော့ ရှိပေသည်။ ဒုတိယအလွှာသည် ပထမအလွှာထက်ကို အများကြီး ပိုအန္တရာယ်များ၏။ ရန်ကိုင်သည် ပထမအလွှာထဲတွင် အချိန်အတော်ကြာအောင် ဖြတ်သန်းခဲ့ရသော်ငြား မည်သည့် အားကောင်းလှသည့် အန္တရာယ်၊ အစီအရင် နှင့်မှ မကြုံတွေ့ခဲ့ရပေ။ သို့သော်လည်း ဒုတိယအလွှာသို့ ရောက်လာပြီးနောက်တွင် သူ့ကောင်းကင် စိတ်အာရုံမှတစ်ဆင့် ပုန်းကွယ်နေသော အန္တရာယ်များသည့် စွမ်းအင်လှိုင်းများကို ခံစားမိလိုက်သည်။
ထိုအစီအရင်များသည် လူတစ်ဦးဦးမှ ဖန်တီးထားခြင်းလား သဘာ၀အတိုင်း ဖြစ်နေခြင်းလားဆိုသည်တော့ ပြောရခက်လှပေသည်။ သို့သော်ငြား သေချာသည့် ကိစ္စတစ်ခုမှာတော့ သူတို့သာ အစီအရင်နား ကပ်သွားမည်ဆိုပါက အစီအရင်မှာ တမုဟုတ်ချည်း အသက်၀င်လာပေလိမ့်မည်။ အစီအရင်များ များပြားစွာရှိနေသော်ငြား အာကာယံလင်းဆွဲက ရှေ့ဆုံးမှ ဦးဆောင်သွားနေသည့်အတွက် အစီအရင် တစ်ခုခုထဲသို့ ကျသွားမည်ကို ရန်ကိုင် စိတ်ပူမနေခဲ့ချေ။
ဤသားရဲလေးသည် အန္တရာယ်များကို အလိုလို အာရုံခံနိုင်သည့် မွေးရာပါစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသည့်အလား အန္တရာယ်ရှိသည့် လမ်းများကို ကွေ့ပတ်ရှောင်သွားနိုင်ခဲ့သည်။ ထို့ကြောင့် ဤသားရဲလေးနောက်မှ လိုက်သွားရုံဖြင့် ထိုအန္တရာယ် အားလုံးကို ရှောင်သွားနိုင်ပေလိမ့်မည်။ နေ့တစ်၀က်ကြာအောင် ပျံသန်းလာပြီးနောက်တွင် ရန်ကိုင်နှင့် လင်းနို့လေးသည် မီတာတစ်ထောင်ခန့် အကျယ်ရှိသော လေတဟူးဟူး တိုက်ခတ်နေသည့် ချောက်နက်ကြီးဆီသို့ ရောက်လာခဲ့လေသည်။
ဘယ်ညာတစ်ချက် လှည့်ကြည့်လိုက်ပြီး မည်သည့် အန္တရာယ်မှမရှိကြောင်း အတည်ပြုလိုက်ပြီးနောက် ရှေ့သို့ ဆက်သွားလေ၏။ သို့သော်လည်း ရန်ကိုင်နှင့် လင်းနို့လေးတို့ ချောက်နက်အား ဖြတ်ကျော်ရန် ကြိုးစားလိုက်သည်နှင့် လင်းနို့လေးမှာ စူးစူးရှရှ ထအော်တော့လေသည်။ ရန်ကိုင်လည်း ဘာဖြစ်လို့ဖြစ်မှန်း မသိခင်မှာပင် ရုတ်တရက် သူ့ခန္ဓာကိုယ်တစ်ခုလုံးအောက်သို့ ထိုးကျသွားသလို ခံစားလိုက်ရသည်။ တစ်ချိန်ထဲတွင် အောက်ဘက်မှ အလွန်ပြင်းထန်သည့် ဆွဲအားတစ်ရပ် ပေါ်ထွက်လာခဲ့ပြီး ရန်ကိုင်နှင့် လင်းနို့လေးအား အောက်သို့ ဆွဲချသွားလေသည်။
ရန်ကိုင်၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားပြီး သူ့ခွန်အားကို အလျင်အမြန် လှည့်ပတ်၍ သူ့အားအောက်သို့ ဆွဲချနေသည့် ဆွဲအားကို ခုခံရန်ကြိုးစားလိုက်သည်။ သို့သော်လည်း သူမည်မျှပင် ကြိုးစားနေစေကာမူ လုံး၀အသုံးမ၀င်ကြောင်း တွေ့ရှိလိုက်ရပေသည်။ တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည့်တိုင် အောက်သို့ ပြုတ်ကျနေသော အရှိန်ကို နှေးသွားအောင် မလုပ်နိုင်ခဲ့။ အလွန်ကိုမှ လျင်မြန်လှသော လင်းနို့လေးပင် ထိုဆွဲအားအောက်မှ ရုန်းမထွက်နိုင်ခဲ့ဘဲ ချောက်နက်ထဲသို့သာ တစ်ဟုန်ထိုး ပြုတ်ကျနေခဲ့လေသည်။
အောက်သို့ ပြုတ်ကျလာသည်နှင့်အမျှ လေတိုက်ခိုက်နှုန်းမှာ ပိုပို၍ မြန်ဆန်လာခဲ့ပြီး ဖိအား တစ်စွန်းတစ်စကိုလည်း ရန်ကိုင် စတင်ခံစားလာရသည်။ ယခုအချိန်တွင်တော့ ရန်ကိုင် စတင်ထိတ်လန့်လာလေသည်။ အလွန်ကိုမှ အားကောင်းသည့် ထောင်ချောက်တစ်ခုနှင့် ကြုံတွေ့လိုက်ရပြီမှန်း ရန်ကိုင် နားလည်သွားခဲ့သည်။ ထိုထောင်ချောက်မှာ အလွန်ကိုမှ လျှို့ဝှက်စွာ တည်ရှိနေသဖြင့် သူပင်လျှင်မဆိုထားနှင့် အာကာယံလင်းနို့ပင်လျှင် သတိမပြုမိလိုက်ချေ။
ဤကဲ့သို့သော အစီအရင်မျိုးသည် လူတစ်ဦးဦးမှ ဖန်တီးထားခြင်း မဖြစ်လေရာ။ သဘာ၀အတိုင်း ဖြစ်နေသည့် အစီအရင်တစ်ခုသာ ဖြစ်ရပေမည်။ ထို့ကြောင့်သာ အာကာယံ လင်းနို့ပင်လျှင် သတိမပြုမိလိုက်ခြင်း ဖြစ်ရမည်။ ဤပြုတ်ကျသည့်အရှိန်သာ ဆက်ပြီး မြန်ဆန်ဦးနေမည်ဆိုပါ ရန်ကိုင်သည် အလွန်အားကောင်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်တိုင် အောက်သို့ရောက်သွားသည်နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ ဖြစ်သွားရပေလိမ့်မည်။
လင်းနို့လေးမှာတော့ အဆက်မပြတ်ကို အော်ဟစ်နေလေ၏။ သို့သော်လည်း အောက်သို့ကျနေသည့် အလွန်မြန်ဆန်လွန်းလှသည့် အရှိန်ကြောင့် ၎င်း၏ အော်သံများမှာ ဝေဝါးနေခဲ့သည်။ ရန်ကိုင်မှာ ပတ်၀န်းကျင်အား စူးစမ်းကြည့်ရန် ကြိုးစားကြည့်ပါသော်ငြား ဘာကိုမှ မမြင်နိုင်ခဲ့ပေ။ နောက်ဆုံး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ပြီးမှပဲ ဘေးနားအနီးတစ်ဝိုက်ကို အနည်းငယ် မြင်လာရတော့လေသည်။
လင်းနို့လေးအား ကောင်းကင်စိတ်အာရုံဖြင့် သေချာချိန်ထားလျက် ရွှေရောင်သွေးမျှင် တစ်မျှင်အား ပစ်လွှတ်လိုက်လေသည်။ သို့သော်လည်း ကျဆင်းနေသည့်အရှိန်၊ တိုက်ခတ်နေသည့် လေကြောင့် ပစ်မှတ်ကို လွဲချော်သွားခဲ့ရသည်။ ရွေးချယ်စရာ မရှိတော့သည့်အဆုံး ရန်ကိုင်သည် ရွှေရောင်သွေးမျှင်များကို ပိုက်ကွန်သဖွယ် အသုံးချ၍ လင်းနို့လေးအား သူ့ဆီ ဆွဲယူလိုက်ရလေသည်။
လင်းနို့ သူ့ဆီရောက်လာသည်နှင့် လင်းနို့လေးကိုကိုင်ကာ ကမ္ဘာငယ်လေးထဲသို့ ခုန်၀င်သွားခဲ့သည်။ ခဏအကြာတွင် ချောက်နက်၏ အောက်ခြေ၌ ဘုန်း ဟူသော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ကမ္ဘာငယ်လေးသည် မြေပြင်အထက် နှစ်ကြိမ်သုံးကြိမ် ခုန်နေပြီးနောက် ရပ်တန့်သွားခဲ့သည်။ ထိုအခါမှပဲ ရန်ကိုင်လည်း ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ပတ်၀န်းကျင်အား စစ်ဆေးကြည့်တော့သည်။
သို့သော်လည်း ဤနေရာရှိဆွဲအားမှာ အလွန်ပြင်းထန်သည့်အတွက် သူ့ကောင်းကင်စိတ်အာရုံပင်လျှင် ကမ္ဘာငယ်လေးထဲမှ အပြင်သို့ ရောက်သွားသည်နှင့် တွန့်လိမ်ကုန်ရလေသည်။ ခဏကြာမျှ စဉ်းစားနေပြီးနောက်တွင် ရန်ကိုင်သည် အာကာယံလင်းနို့အား နှစ်သိမ့်နေပေးပြီးနောက် ၎င်းအား ကမ္ဘာငယ်လေးထဲတွင်ထားကာ အပြင်သို့ ထွက်လာခဲ့လေသည်။ အပြင်သို့ရောက်သည်နှင့် ရန်ကိုင့်တစ်ကိုယ်လုံး မြေပြင်နှင့် မိတ်ဆက်သွားရလေသည်။ ဤနေရာရှိ ဆွဲအားမှာ အလွန်ကိုမှ ပြင်းထန်သဖြင့် သူ့အနေဖြင့် လက်ချောင်းတစ်ချောင်း လှုပ်ရှားဖို့ရာပင် အလွန်ကိုမှ ခက်ခဲနေခဲ့ရသည်။
“သဘာ၀အတိုင်း ဖြစ်နေတဲ့ မြေဆွဲအား စက်ကွင်းလား” ရန်ကိုင့် မျက်နှာကြီး မဲ့သွားခဲ့လေသည်။