အခန်း (၂၀၁၁-၂၀၁၅)
Vol. 81 Ch. 2011-2015
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၁၁)
ထိုမျှသာမဟုတ် ထိုလူ၏ အသက်စွမ်းအင်မှာ စုပ်ယူခံနေရသည့်အလား ထိုလူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ညိုးကျလာနေခဲ့သည်။
“သူ့ရဲ့ အသက်စွမ်းအင်တွေကို စုပ်ယူပစ်နေတာပဲ” ရန်ကိုင်၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့လေသည်။
ထိုလူသည် တန်ခိုးရှင်ဘုရင်အဆင့် ဖြစ်သော်ငြား ထိုထူးဆန်းသည့် နွယ်ပင်များနှင့် အတွေ့တွင် သုံးနှစ်သား ကလေးတစ်ဦးနှယ် ဘာဆိုဘာမှ ပြန်မလုပ်နိုင်ခဲ့ပေ။
“သစ်သားဝိဉာဉ်။ အဲ့တာ သစ်သားဝိဉာဉ်ပဲ။ ဒီမြေအောက်ထဲမှာ အဲ့လို သစ်သားဝိဉာဉ်တစ်ခုကို ချိတ်ပိတ်ထားမယ်လို့ ကျွန်မ လုံးဝ မထင်ထားဘူး” မိုရှောင်ချီက ကြောက်လန့်တကြား အမူအရာဖြင့် ရုတ်တရက် ထအော်လေသည်။
မိုရှောင်ချီ ဤမျှထိတ်လန့်တုန်လှုပ်နေသည်ကို ရန်ကိုင့်ဘ၀တွင် ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ ကြည်လင်ကျောက်စိမ်း တောင်တွင် လွမ်ဖုန်းပေါက်လေးနှင့် တွေ့စဉ်ကပင် မိုရှောင်ချီ ဤကဲ့သို့ ထိတ်လန့်နေခြင်း မရှိခဲ့။ လုံး၀ကို တည်တည်ငြိမ်ငြိမ့်ဖြင့်သာ ရှိခဲ့လေသည်။ သို့သော်လည်း ဤထူးဆန်းသည့် နွယ်ပင်များကို မြင်ပြီးနောက် သူမ၏မျက်နှာ လုံး၀ကို ဖြူလျော်သွားခဲ့လေသည်။
“အစ်ကိုရန် ကျွန်မတို့ ထွက်ပြေးမှဖြစ်တော့မယ်။ ကျွန်မတို့ နှစ်ယောက်တည်းနဲ့ ဒီကောင့်ကို လုံးဝ ပြန်တိုက်နိုင်မှာ မဟုတ်ဘူး။ ဒီကောင်က ဒဏ်ရာ ရသွားရင်အောင် သက်ရှိတွေရဲ့ အသက်စွမ်းအင်ကို စုပ်ယူပြီး သူ့ကိုယ်သူ ပြန်ကောင်းအောင် လုပ်နိုင်တယ်”
ပြောပြီးသည်နှင့် မိုရှောင်ချီသည် သူမလက်ကို ဝှေ့ယမ်း၍ ကျောက်စိမ်းဖြူ လှည်းယာဉ်တစ်စီးကို ထုတ်ယူလိုက်လေသည်။ ထို့နောက် ရန်ကိုင့်ကိုပါ ဆွဲခေါ်သွားပြီး လှည်းယာဉ်ကို မောင်းနှင်တော့လေ၏။ မိုရှောင်ချီမှာ သူမ၏အရင်းအမြစ်ချီကို လှည်းယာဉ်ထဲ ထည့်သွင်းလိုက်သည်နှင့် လှည်းယာဉ်၏ ဘေးပတ်ပတ်လည်မှ အားကောင်းလှသော အစီအရင်နှင့် အကာအရံများ ထွက်ပေါ်လာလေသည်။ ထို့နောက်တွင် လှည်းယာဉ်မှာ စတင် တုန်ခါလာပြီး အရှိန်တင်တော့လေ၏။
သို့သော်လည်း လှည်းယာဉ်မှာ အရှိန်ကောင်းကောင်း မတင်နိုင်ခင်သေးမှာပင် မရေမတွက်နိုင်သော နွယ်ပင်များသည် လှည်းယာဉ်ဆီသို့ ၀င်ရောက်လာခဲ့လေသည်။ လက်တံများအား ကြာပွတ်များသဖွယ် အသုံးချရင်း လှည်းယာဉ်အား ပြင်းပြင်းထန်ထန် ရိုက်ခတ်တော့သည်။ လှည်းယာဉ် ပတ်လည်တွင် ရှိနေသော အလင်းအကာအရံများမှာလည်း တဖျတ်ဖျတ် လင်းလက်လာကုန်ကြလေသည်။ ကံကောင်းစွာဖြင့် လှည်းယာဉ်မှာ တော်တော်လေးကို အဆင့်မြင့်သည့်အလား ၎င်း၏အကာအရံများမှာ လုံးဝ ပျက်စီးသွားခြင်း မရှိခဲ့ပေ။
တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးကို တမဟုတ်ချည်း သတ်ပစ်နိုင်သော နွယ်ပင်များမှာ လှည်းယာဉ်အကာအကွယ်ကို ချက်ချင်း မထိုးဖောက်ခဲ့ပေ။ သို့သော်ငြား နွယ်ပင်များ၏ အဆက်မပြတ် နှောက်ယှက်တိုက်ခိုက်မှုကြောင့် လှည်းယာဉ်မှာ ဤနေရာမှ ထွက်မသွားနိုင် ဖြစ်နေခဲ့ရသည်။ ခဏအကြာတွင် လှည်းယာဉ်တစ်စီးလုံးကို နွယ်ပင်များက ရစ်ပတ်သွားလေ၏။
ထိုအခြင်းအရာကိုကြည့်ရင်း မိုရှောင်ချီ၏မျက်နှာ ဖြူလျော်သွားခဲ့သည်။
“လဓါးသွား” ရန်ကိုင်က နှာခေါင်းရှုံ့လျက် သူ့လက်ကို ဝှေ့ယမ်းကာ လဓါးသွားကြီးတစ်ခုကို ပစ်လွှတ်၍ လှည်းယာဉ်အား ရစ်ပတ်နေသည့် နွယ်ပင်များကို ဖြတ်ချလိုက်လေသည်။
သူ့တိုက်ခိုက်မှုမှာ အကျိုးသက်ရောက်မှု ရှိသော်ငြား လက်ရှိ သူတို့ကြုံနေရသည့် ပြဿနာကို အပြည့်အ၀ မဖြေရှင်းနိုင်ခဲ့ပေ။ ရန်ကိုင်၏ လဓါးသွားကြီးသည် နွယ်ပင်များကို ဖြတ်တောက်နိုင်သော်ငြား နွယ်ပင်လေးပင်ကို ဖြတ်တောက်ပြီးသည်နှင့် စွမ်းအင်ကုန်ကာ ပျောက်ကွယ်သွားလေသည်။ ဖြတ်တောက်ခံလိုက်ရသော နွယ်ပင်များမှာ မျက်တောင်တစ်ခပ်အတွင်း ပြန်ပေါက်လာပြီး လှည်းယာဉ်ကို ပို၍ တင်းကြပ်စွာ ရစ်ပတ်လိုက်ကြသည်။
“ရောင်ရင်းရန် ငါတို့ မီးဓာတ်ကို သုံးဖို့လိုလိမ့်မယ်။ အခြား တိုက်ခိုက်မှုတွေက ထိရောက်မှာမဟုတ်ဘူး” မိုရှောင်ချီသည် သူမ ခါးထက်တွင် ချိတ်ဆွဲထားသော အဝတ်အိတ်ကို ပုတ်လိုက်ရင်း ရန်ကိုင့်အား လှမ်းအော်ပြောလိုက်သည်။
ထိုအ၀တ်အိတ်ဆီမှ မီးတောက်ချီလင်နှင့်တူသော သတ္တဝါတစ်ကောင် ထွက်ပေါ်လာခဲ့လေသည်။ မီးတောက်ချီလင်သည် မိုရှောင်ချီ အစောပိုင်းက ခေါ်ထုတ်လာခဲ့သော သားရဲများကဲ့သို့ပင် အဆင့်တစ်ဆယ် သားရဲတစ်ကောင် ဖြစ်နေခဲ့သည်။ အပြင်သို့ ရောက်သည်နှင့် မီးတောက်ချီလင်မှာ ၎င်း၏ပါးစပ်ကိုဟ၍ နွယ်ပင်များဆီသို့ မီးတောက်များ မှုတ်ထုတ်လိုက်လေသည်။ မီးတောက်များ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင်ရှိနေသော နွယ်ပင်များ ချက်ချင်း ကျုံ့၀င်ကာ ပြန်ဆုတ်သွားလေ၏။
နွယ်ပင်သည် မီးတောက်များကို အလွန်ကိုမှ ကြောက်ရွံ့သည့်ပုံပင်။ ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင်သည် ဒြပ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီထဲမှ မီးဓါးချီကို ထုတ်သုံး၍ နွယ်ပင်များကို လိုက်ဖြတ်လေ၏။ ယခု တစ်ကြိမ်တွင်တော့ ပြတ်သွားသည့် နွယ်ပင်များမှာ ချက်ချင်း ပြန်မထွက်လာတော့ချေ။ ကြည့်ရသလောက် မီးဓါတ်သည် ဤနွယ်ပင်များအပေါ် အလွန်ကိုမှ အကျိုးသက်ရောက်မှုရှိသည့်ပုံပင်။
မိုရှောင်ချီကလည်း ငြိမ်မနေခဲ့။ မီးတောက်ချီလင်ကို ထုတ်ပြီးနောက်တွင် ကြက်သွေးရောင် ဖဲကြိုးတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ဖဲကြိုးထဲသို့ အရင်းအမြစ်ချီ ထည့်သွင်းလိုက်သည်နှင့် ဖဲကြိုးသည် လောင်ကျွမ်းနေသော မီးတောက် တိမ်တိုက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ ဤသို့ဖြင့် လူနှစ်ဦးနှင့် သားရဲတစ်ကောင်သည် လှည်းယာဉ်အား သွားမရအောင် ရစ်ပတ်ချုပ်နှောင်ထားသော နွယ်ပင်များအား ဖျက်ဆီးနေကြတော့၏။
နွယ်ပင်တော်တော်များများ ပြတ်သွားသည့်အခါ မိုရှောင်ချီသည် နည်းနည်းလေးမှ တုန့်နှေးမနေဘဲ ခြေဆောင့်၍ လှည်းယာဉ်ထဲရှိ အစီအရင်ကို အသက်သွင်းလိုက်၏။ လှည်းယာဉ် တဝီဝီ တုန်ခါလာပြီး လျှပ်စီးတမျှ အမြန်နှုန်းပင် နွယ်ပင်အုပ်ထဲမှ ဝုန်းခနဲ ပြေးထွက်သွားလေသည်။ နွယ်ပင်များမှာ လက်မလျှော့သေးဘဲ လှည်းယာဉ်နောက်သို့ ဆက်လိုက်ကြသေး၏။ သို့ရာတွင် လှည်းယာဉ်၏ အမြန်နှုန်းကို မယှဉ်နိုင်သဖြင့် နောက်တွင်သာ ပြတ်ကျန်ရစ်ခဲ့လေသည်။
အသက်ဆယ်ရှိက်စာကြာချိန်တွင် လှည်းယာဉ်သည် အန္တရာယ်ဇုံမှ လုံး၀ကို လွတ်မြောက်လာနိုင်ခဲ့ပြီး နွယ်ပင်များလည်း လှည်းယဉ်နောက်မှ ဆက်မလိုက်ကြတော့ပေ။
ယခုမှပဲ မိုရှောင်ချီ စိတ်သက်သာရာ ရနိုင်တော့သည်။ ရေဘဝဲလက်တံများကဲ့သို့ အဆက်မပြတ် ဝှေ့ယမ်းရင်း မြင်မြင်ရာ သတ်ဖြတ်နေသော နွယ်ပင်များမှာ အလွန်ကိုမှ ခြောက်ချားဖွယ်ရာ ကောင်းပေသည်။
“ရှောင်ချီ အဲ့တာက သစ်သားဝိဉာဉ်လား” ရန်ကိုင် ယခုမှပဲ မေးနိုင်တော့သည်။
“အဲ့တာက ကိုယ်ပိုင်အသိဉာဏ်ကို ပိုင်ဆိုင်ထားတဲ့ အပင်အမျိုးအစား တစ်မျိုးပဲ။ သူတို့ကို ရင်ဆိုင်ဖို့က တစ်ကယ်မလွယ်ဘူး။ သူတို့ပုံစံပြောင်းလာတဲ့ မူလအပင်ကိုယ်ကို မူတည်ပြီး သစ်သားဝိဉာဉ်တွေမှာ စွမ်းအင် အမျိုးမျိုးရှိတယ်။ ဒီ သစ်သားဝိဉာဉ်က ဘယ်လို စွမ်းအင်ကို ပိုင်ဆိုင်ထားလဲ မသိဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သစ်သားဝိဉာဉ်တွေအကုန်လုံးက သတ်ဖို့ ခက်တာတွေချည်းပဲ။ သူတို့မှာရှိတဲ့ သစ်သားဓာတ်စွမ်းအင်က သူတို့ကို မသေနိုင်အောင် လုပ်ပေးနေတာ။ ဒဏ်ရာရသွားရင် သူ့ဘာသာ ပြန်ကုစားနိုင်တယ်။ ဒါကြောင့် သစ်သားဝိဉာဉ်တစ်ခုကို ဒဏ်ရာပြင်းပြင်းထန်ထန် ပေးလိုက်မယ် ဆိုရင်တောင် အဲ့တာကို အချိန်တစ်ခုပေးလိုက်ရင် သူတို့ဘာသာ ပြန်ကောင်းသွားလိမ့်မယ်။ သစ်သားဝိဉာဉ်တွေ အကုန်လုံးကတော့ ဆိုးတာမဟုတ်ဘူး။ တစ်ချို့ သစ်သားဝိဉာဉ်တွေက အရမ်းကောင်းတယ်။ အရမ်းလည်း အသုံး၀င်တယ်။ ဒါပေမဲ့ အခုကြုံလိုက်ရတဲ့ သစ်သားဝိဉာဉ်ကတော့ အရမ်းကို အန္တရာယ်ရှိတဲ့ မျိုးစိတ်ပဲ။ အဲ့ သစ်သားဝိဉာဉ်ကို ချိတ်ပိတ်ထားတာ ဘယ်လောက်တောင် ကြာနေပြီလဲမသိဘူး။ အဲ့တာကြောင့်ပဲ သူ့ခွန်အားက သိသိသာသာ လျော့ကျနေတာ။ မဟုတ်ရင် ကျွန်မတို့ သူ့လက်ထဲကနေ အခုခွန်အားနဲ့ ဘယ်လိုမှ လွတ်လာနိုင်မှာ မဟုတ်ဘူး”
“သစ်သားဝိဉာဉ်တွေက အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။
“ကြောက်ဖို့ကောင်းတာပေါ့။ အစ်ကိုရန် အဲ့ သစ်သားဝိဉာဉ်တွေကို သွားအထင်မသေးနဲ့နော်။ သစ်သားဝိဉာဉ်သတ်လို့ သေသွားတဲ့ ဧကရာဇ်တွေတောင် နည်းတာ မဟုတ်ဘူး။ ဒီသစ်သားဝိဉာဉ်က အချုပ်အနှောင်ထဲကနေ အခုမှ လွတ်လာတာဆိုတော့ သူ့ဦးတည်ချက်က အားပြန်ဖြည့်ဖို့ပဲ။ အဲ့အတွက် အထိရောက်ဆုံး နည်းလမ်းက သက်ရှိတွေကိုဖမ်းပြီး သူတို့ရဲ့ အသက်စွမ်းအင်ကို စုပ်ယူပစ်တာပဲ။ အို မကောင်းတော့ဘူး။ ဒုတိယ အလွှာတစ်ခုလုံး ပြဿနာတော့တက်ပြီ” ပြောနေရင်း တစ်ခုခုကို နားလည်သွားပြီးနောက် မိုရှောင်ချီက ထပြောလိုက်လေသည်။
“အဲ့တာကတော့ မဖြစ်နိုင်ဘူးမလား။ ဒုတိယအလွှာက အကျယ်ကြီးကို ငါတို့ နေရာတစ်ခုခု ရှာနေလိုက်ပြီး ပုန်းနေလိုက်ရင် ပြီးတာပဲမဟုတ်ဘူးလား”
“အဲ့လို ပုန်းနေလို့ သူရှာလို့ တွေ့သွားမယ် ဆိုရင်ရော” မိုရှောင်ချီက ရန်ကိုင့်အားကြည့်ကာ ပြောလိုက်သည်။
“ဒါဆို ဘာလုပ်ကြမလဲ။ ပထမအလွှာကိုပဲ ပြန်သွားကြမလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။
“ငါးရောင်ခြယ် ရတနာဘုရားထဲမှာ အပေါ်ကိုပဲ ဆက်တက်လို့ရတယ်။ အောက်ကို ပြန်ဆင်းလို့ မရဘူး” မိုရှောင်ချီလည်း မျက်မှောက်ကြုတ်နေလိုက်သည်။
ခဏအကြာတွင် သူမမျက်လုံးများ တဖျက်ဖျက် တောက်ပလာခဲ့လေသည်။
“ဟုတ်သားပဲ။ တတိယအလွှာကို သွားလို့ရတယ်လေ”
ရန်ကိုင်ကြောင်သွားခဲ့လေသည်။ “ဘယ်လို။ ဒါပေမဲ့အခုက ပထမအလွှာနဲ့ ဒုတိယအလွှာပဲ ပွင့်သေးတာ မဟုတ်လား”
“ကြိုးစားကြည့်လို့ အရှုံးမရှိဘူး။ တတိယအလွှာကို မရောက်ရင်တော့ ဒီမှာပဲ နေရမှာပေါ့။ ကံကောင်းပါစေလို့ ဆုတောင်းရမှာပဲ” မိုရှောင်ချီက ပျော်ရွှင်စွာရယ်မောရင်း ချီလင်သားရဲကို ပြန်သိမ်းလိုက်ပြီး အာကာယံလင်းနို့ကို ပြန်ထုတ်လိုက်လေသည်။
ထို့နောက် လင်းနို့လေးအား တတိယအလွှာသို့၀င်ရန် ၀င်ပေါက်အားရှာရန် အမိန့်ပေးလိုက်လေ၏။ သုံးရက်ကြာပြီးနောက်တွင် ရန်ကိုင်နှင့် မိုရှောင်ချီသည် ငါးရောင်ခြယ် အလင်းတန်းတစ်ခုရှေ့တွင် ရပ်နေခဲ့လေသည်။ ငါးရောင်ခြယ် အလင်းတန်းမှာ ရန်ကိုင် ယခင်မြင်ခဲ့ဖူးသည့် ငါးရောင်ခြယ်အလင်းတန်းနှင့် အတူတူပင်။ သို့သော်လည်း မတူသည့်အချက်မှာ ဤငါးရောင်ခြယ် အလင်းတန်းကို ၀င်လိုက်၍ မည်သည့်တုံ့ပြန်မှုမှ မရရှိခြင်းပင်။ ဒုတိယအလွှာသို့ ဦးတည်နေသည့် အလင်းတန်းထဲသို့ ၀င်လိုက်စဉ်က ဒုတိယအလွှာသို့ တန်းရောက်လာခဲ့သည်။
ထို့ကြောင့် ရန်ကိုင်သည် မိုရှောင်ချီအား ကူကယ်ရာမဲ့စွာဖြင့်သာ ကြည့်လိုက်လေသည်။ မိုရှောင်ချီကမူ ညစ်ကျယ်ကျယ်ပြုံးလျက် သူမ၏သိုလှောင်လက်စွပ်ထဲမှ လွန်းပျံရှည်ကဲ့သို့သော မှော်ရတနာတစ်ခုကို ထုတ်ယူလိုက်လေသည်။ ထိုမှော်ရတနာ ပေါ်လာသည်နှင့် ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွား၏။ အကြောင်းမှာ ဤမှော်ရတနာဆီမှ တာအိုအဆင့် မှော်ရတနာများပင် ပိုင်ဆိုင်ခြင်းမရှိသည့် အလွန်ကိုမှ ထူးခြားသည့် အရှိန်အဝါတစ်ခုကို ခံစားမိလိုက်သည့်အတွက်ကြောင့် ဖြစ်သည်။
“ဧကရာဇ် မှော်ရတနာ”
ဤလွန်းပျံရှည်ကဲ့သို့သော မှော်ရတနာသည် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ဖြစ်နေခဲ့သည်။ ရန်ကိုင် ကိုယ်တိုင်သည်လည်း ဧကရာဇ်မှော်ရတနာ တစ်ခုမက ပိုင်ဆိုင်ထားဖူးသည့်အတွက် ဧကရာဇ်မှော်ရတနာများ၏ ထူးခြားချက်ကို ကောင်းစွာ နားလည်ထားပေသည်။ ဧကရာဇ် မှော်ရတနာများသည် နိယာမစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ ထိုအကြောင်းကြောင့်ပင် ဧကရာဇ်မှော်ရတနာများသည် အလွန်ကိုမှ အားကောင်းသည့် စွမ်းအားကို ပိုင်ဆိုင်ထားကြခြင်း ဖြစ်သည်။
မိုရှောင်ချီ ပိုင်ဆိုင်ထားသည်မှာ ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ကျိန်းသေ ဖြစ်နေခဲ့လေသည်။ ဧကရာဇ်မှော်ရတနာကို စစမြင်ချင်း ထိတ်လန့်သွားသော်လည်း သေချာစဉ်းစားပြီးနောက် မိုရှောင်ချီအနေဖြင့် ဤကဲ့သို့ မှော်ရတနာမျိုးကို ပိုင်ဆိုင်ထားသည်မှာ အထူးအဆန်းမဟုတ်ကြောင်း နားလည်သွားခဲ့လေသည်။ ထို့ကြောင့် ဆက်ပြီး အံ့အားသင့်မနေတော့ဘဲ ပုံမှန်အတိုင်းသာ ပြုမူလိုက်သည်။
“ကြယ်ကိုးလုံး စည်းဖျက်လွန်းပျံလို့ ခေါ်တယ်။ ဒေါ်လေးဖုန်း ကျွန်မကို ပေးခဲ့တာလေ။ ဒီမှော်ရတနာကို အကာအရံတွေ ဖျက်စီးတဲ့နေရာမှ အထူးတလည် သုံးတာ။ ကျွန်မလက်ရှိခွန်အားနဲ့ဒီမှော်ရတနာရဲ့ စွမ်းအားအပြည့်အ၀ကို ထုတ်သုံးလို့ မရသေးဘူးဆိုပေမဲ့ အစ်ကိုရန်နဲ့ ကျွန်မသာ ပေါင်းလိုက်မယ်ဆိုရင် ဒီကစည်းကိုဖျက်ပြီး တတိယအလွှာကို ၀င်သွားလို့ရလောက်တယ်” မိုရှောင်ချီက ရှင်းပြလိုက်သည်။
“ငါ ဘာလုပ်ပေးရမှာလဲ”
“ဘာမှမခက်ဘူး။ ရိုးရိုးလေးပဲ” မိုရှောင်ချီက ရှင်းပြလိုက်လေသည်။
ရန်ကိုင်သည် မိုရှောင်ချီ ပြောသည်များကို သေချာ မှတ်သားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ မိုရှောင်ချီသည် သူမလက်ကို ဆန့်ထုတ်၍ ကြယ်ကိုးလုံး စည်းဖျက် လွန်းပျံကို ထိလိုက်၏။ ချက်ချင်းဆိုသလို လွန်းပျံမှော်ရတနာသည် အရွယ်အစား ကြီးမားလာပြီး ဆယ်မီတာအထိ ရှည်လျားလာခဲ့လေသည်။ လွန်းပျံယာဉ်ပေါ်သို့ အရင်ခုန်တက်လိုက်ပြီးနောက်တွင် မိုရှောင်ချီသည် ရန်ကိုင့်အား လက်ဝှေ့ယမ်းပြလိုက်သည်။
လွန်းပျံယာဉ်ထဲ ၀င်လာကြပြီးနောက် မိုရှောင်ချီသည် လွန်းပျံ၏ တံခါးကို ပိတ်လိုက်၏။ ထို့နောက် ရန်ကိုင့်အား ခေါင်းညိတ်ပြလိုက်လေသည်။ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပြီးနောက်တွင် နှစ်ဦးစလုံး လက်ကွက်များကိုအသီးသီး ဖန်တီးလိုက်ကြသည်။ ကြယ်ကိုးလုံး စည်းဖျက်လွန်းပျံထဲသို့ စွမ်းအင်များ အဆက်မပြတ် စီး၀င်လာသည်နှင့်အမျှ ယာဉ်မျက်နှာပြင်ပေါ်ရှိ အမှတ် လက္ခဏာများမှာ စတင်၍ တောက်ပလာခဲ့လေသည်။
ရုတ်တရက် ကြယ်ကိုးလုံး စည်းဖျက်လွန်းပျံယာဉ်ပေါ်ရှိ ကြယ်တစ်လုံးမှာ စတင်၍ တောက်ပလာခဲ့သည်။ ခဏအကြာတွင် နောက်ထပ် ကြယ်တစ်လုံး ထပ်မံ ထွန်းလင်းလာလေသည်။ ဤသို့ဖြင့် တတိယ အလုံး လင်းလာသည့်အချိန်မှာတော့ ရန်ကိုင်နှင့် မိုရှောင်ချီတို့ နှစ်ဦးစလုံး သူတို့၏ အကန့်အသတ်သို့ ရောက်နေကြလေပြီ။ သူတို့၏ လက်ရှိအခြေအနေကို ဆက်ပြီး မထိန်းသိမ်းထားနိုင်တော့သည့်အလား နှစ်ဦးလုံး၏ အမူအရာမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြသည်။
တစ်ကယ်တော့ ဤလွန်းပျံယာဉ်သည် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု မဟုတ်ပေလော။ သူတို့နှစ်ယောက်ပေါင်း ခွန်အားဖြင့် ဧကရာဇ်အဆင့် မှော်ရတနာ၏ စွမ်းအားတစ်၀က်လောက်ကို လုံးဝ ထုတ်သုံးနိုင်လိမ့်မည် မဟုတ်ချေ။
မိုရှောင်ချီ၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့လေသည်။ ချက်ချင်းပဲ လက်ကွက်ကိုပြောင်း၍ အော်ဟစ်လိုက်၏။ “ဖျက်ဆီးလိုက်စမ်း”
ချက်ချင်းဆိုသလို ကြယ်ကိုးလုံး စည်းဖျက်လွန်းပျံယာဉ်သည် အနည်းငယ် တုန်ခါလာပြီး ငါးရောင်ခြယ် အလင်းထဲသို့ တိုး၀င်ပျောက်ကွယ်သွားလေသည်။ လွန်းပျံထဲတွင်ရှိနေသော ရန်ကိုင်နှင့် မိုရှောင်ချီတို့ နှစ်ဦးစလုံး အလေးချိန်မရှိတော့သည့် ခံစားချက်ကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။ ထိုခံစားချက်ကို ခံစားမိလိုက်သည့်နောက် နှစ်ဦးစလုံး ပျော်ရွှင်စွာ ပြုံးလိုက်ကြလေသည်။
သို့သော်လည်း နှစ်ဦးစလုံးမှာ သူတို့၏ လုပ်လက်စအလုပ်ကို ရပ်တန့်လိုက်ကြခြင်း မရှိပေ။
ကြယ်ကိုးလုံး စည်းဖျက်လွန်းပျံယာဉ်ထဲသို့သာ သူတို့၏ အရင်းအမြစ်ချီကို ဆက်လက်ထည့်သွင်းနေခဲ့ကြသည်။ မကြာမီ သူတို့ခံစားနေရသည့် မသက်မသာ ခံစားချက်ကြီး ပျောက်ကွယ်သွားခဲ့လေသည်။ နှစ်ဦးစလုံး အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် မိုရှောင်ချီသည် လွန်းပျံထဲမှ အရင်ဦးဆုံး ပြေးထွက်လာခဲ့လိုက်သည်။ ခဏအကြာတွင် အပြင်ဘက်မှ သူမ၏ ၀မ်းသာအားရ အော်ဟစ်သံ ထွက်ပေါ်လာခဲ့လေသည်။
“အစ်ကိုရန် ကျွန်မတို့ တတိယအလွှာကို ရောက်လာကြပြီ”
ရန်ကိုင်လည်း အလွန်ကိုမှ ပျော်ရွှင်နေခဲ့သည်။ အပြင်သို့ ရောက်လာပြီးနောက် ဤနေရာသည် ဒုတိယအလွှာနှင့် တူညီသော်ငြား အနည်းငယ် ကွာခြားချက်ရှိနေကြောင်း တွေ့လိုက်ရသည်။ အကြီမားဆုံးကွာခြားချက်မှာ တစ်စစီပျက်စီးနေသော လောကနိယာမများ၏ သိပ်သည်းမှုပင် ဖြစ်သည်။
“ဒီလောက်ကြီးလည်း မခက်ပါဘူး” မိုရှောင်ချီက ဂုဏ်ယူ၀င့်ကြွားစွာ ပြုံးလိုက်သည်။
“ငါတို့အရင် အားပြန်ဖြည့်ဖို့ လုပ်ရမယ်။ တတိယအလွှာက ဒုတိယအလွှာထက် အများကြီး ပိုအန္တရာယ်များမှာ” သတိပေးလိုက်ပြီးနောက် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ပတ်၀န်းကျင်ကို စစ်ဆေးလိုက်လေသည်။
လက်ရှိအနီးတဝိုက်တွင် မည်သည့်အန္တရာယ်မှ မရှိကြောင်း အတည်ပြုလိုက်ပြီးနောက်တွင် တင်ပလ္လင်ခွေထိုင်ကာ သိုလှောင်လက်စွပ်ထဲမှ ဆေးပုလင်း တစ်ပုလင်းကို ထုတ်ယူလိုက်သည်။ ထို့နောက် ဆေးလုံးများကို ထုတ်သောက်ကာ အားပြန်ဖြည့်တော့၏။ မိုရှောင်ချီလည်း ရန်ကိုင့်အတိုင်း လိုက်လုပ်လေသည်။ သို့သော်လည်း အားပြန်မဖြည့်ခင် ငွေလည်ဆံသားရဲ၊ အာကာယံလင်းနို့နှင့် မီးတောက်ချီလင်တို့ကို အရင်ထုတ်ယူလိုက်ပြီး သူမအား စောင့်ကြပ်စေလိုက်သည်။
အပိုင်း (၂၀12)
ခဏကြာပြီးနောက်တွင် ရန်ကိုင်နှင့် မိုရှောင်ချီတို့ မျက်လုံးပြန်ဖွင့်လာကြလေသည်။ နှစ်ယောက်စလုံး အားပြန်ပြည့်သွားကြလေပြီ။ မိုရှောင်ချီသည် သူမ၏ မွန်းစတားသားရဲများကို သိမ်းကာ ရန်ကိုင့်ဘက်သို့လှည့်၍ မေးလိုက်သည် “အစ်ကိုရန် ကျွန်မတို့ တတိယအလွှာကို ရောက်လာပြီဆိုတော့ အတူတူဆက်သွားကြမလား။ ဒါမှမဟုတ် ခွဲပြီးသွားကြမလား”
ရန်ကိုင်က ခဏမျှစဉ်းစားနေပြီးနောက် ပြန်မေးလိုက်လေသည် “နင် ဘယ်လိုလုပ်ချင်လဲ”
မိုရှောင်ချီက ရယ်မော၍ “လုံခြုံချင်တယ် ဆိုရင်တော့ နှစ်ယောက်အတူသွားတာ ပိုကောင်းတယ်။ ဒါမှမဟုတ် အကျိုးအမြတ် ပိုလိုချင်တယ်ဆိုရင်တော့ တစ်ယောက်ချင်းသွားတာ ကောင်းလိမ့်မယ်။ အစ်ကိုရန် မသိလို့။ ဒီ ငါးရောင်ခြယ်ရတနာဘုရားထဲမှာ တန်ဖိုးအရှိဆုံးက မှော်ရတနာတွေ၊ ဆေးပင်တွေ၊ ကျင့်စဉ်တွေ မဟုတ်ဘူး။ တစ်စစီ ဖြစ်နေတဲ့ လောကနိယာမတွေနဲ့ ကြယ်အမြူတွေပဲ”
“ငါလည်း သူများတွေအဲ့အကြောင်း ပြောတာ ကြားဖူးတယ်။ ဒါပေမယ့် ငါကြုံရသလောက်တော့ အဲ့လို မဟုတ်ပါဘူး။ အဲ့ဒါ ဘာဖြစ်လို့လဲ”
မိုရှောင်ချီက ပြုံးလျက် ရှင်းပြလိုက်သည် “ဘာလို့လဲဆိုတော့ ပထမအလွှာနဲ့ ဒုတိယအလွှာမှာ အဲ့လိုအရာတွေမှ သိပ်မရှိတာ။ ဒါပေမဲ့ တတိယ အလွှာကတော့ မတူတော့ဘူး။ ပြီးတော့ တတိယအလွှာက ကျွန်မတို့ နှစ်ယောက်တည်းရှိနေတာ။ ဒီကရတနာတွေကို ကျွန်မတို့နဲ့ ပြိုင်လုမယ့်သူ ဘယ်သူမှ မရှိဘူး။ ကျွန်မတို့သာ တစ်စစီဖြစ်နေတဲ့ လောကနိယာမတွေနဲ့ ကြယ်အမြူတေတွေကို ရလိုက်မယ်ဆိုရင် တာအိုသခင်အဆင့်ကို ချိုးဖျက်တဲ့အချိန်မှာ အများကြီး ပိုလွယ်ကူသွားလိမ့်မယ်”
ရန်ကိုင်က ခေါင်းညိတ်ကာ ပြုံးလျက် ပြန်ပြောလိုက်သည် “ဒီတော့ နင်ပြောချင်တာက ငါတို့ လူခွဲပြီး လှုပ်ရှားသင့်တယ်ပေါ့”
မိုရှောင်ချီက လျှာလေးထုတ်လျက် ချစ်စဖွယ်ကောင်းစွာပြုံးရင်း ပြန်ပြောလိုက်လေသည်။ “ဟုတ်တယ်။ ကျွန်မတို့သာ အတူတူသွားမယ်ဆိုရင် အကျိုးအမြတ် တစ်ခုခုရတာနဲ့ ခွဲပြီးယူနေရမှာ။ အစ်ကိုရန်နဲ့ အကျိုးအမြတ်တွေကို ခွဲပြီးမယူချင်လို့ မဟုတ်ဘူးနော်”
“ငါသိပါတယ်။ နင့်ကိုယ်နင် ယုံကြည်ချက်ရှိတယ်ဆိုရင် ခွဲပြီး လှုပ်ရှားကြတာပေါ့” ရန်ကိုင်က ပြုံး၍ ဖြတ်ပြောလိုက်သည်။
“အစ်ကိုရန် သတိထားဦးနော်။ ဒီ တတိယအလွှာမှာ အဆင့်ဆယ့်တစ် မွန်းစတားသားရဲတွေတောင် ရှိတယ်”
“နင်လည်းသတိထားဦး” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
မိုရှောင်ချီကိုတော့ ရန်ကိုင် စိတ်မပူပေ။ သူမ တတ်ကျွမ်းထားသည့် ပညာရပ်များနှင့် ၀င်ဆင်ထားသည့် မှော်ရတနာများအရ အဆင့်ဆယ့်တစ် မွန်းစတားသားရဲတစ်ကောင်နှင့် ကြုံတွေ့ရလျှင်ပင် ပြဿနာမရှိနိုင်။ သူ့အတွက်လည်း အတူတူပင်။ အင်မတန် အန္တရာယ်များလာမည် ဆိုလျှင်ပင် အင်းဆက်ဘုရင်မကို ထုတ်ပေးလိုက်ရုံပင်။ အဆင့်ဆယ့်တစ် မွန်းစတားသားရဲများစွာ၏ အဝိုင်းမခံရသ၍ ဘာကိုမှ စိတ်ပူစရာမလိုချေ။
ဤအခွင့်အရေးကို ဖမ်းဆုပ်၍ သွေးသားရဲ အသစ်များပင် ထပ်မံဖန်းတီး၍ ရနိုင်လောက်သည်။ သူ့လက်ရှိ သွေးသားရဲ စစ်တပ်သည် ကြယ်စီရင်စုကြီးထဲမှ မွန်းစတားသားရဲများနှင့် ဖန်တီးထားခဲ့ခြင်း ဖြစ်သည့်အတွက် ကြယ်တာရာအစုအဝေးသို့ ရောက်လာပြီးနောက်တွင် ထိုသွေးသားရဲများမှာ သိပ်ပြီး အသုံးမဝင်တော့ချေ။ ယခုအချိန်သည် သွေးသားရဲအသစ်များကို ဖန်တီးယူရမည့် အချိန် ဖြစ်ပေသည်။
ဆွေးနွေးတိုင်ပင်ပြီးနောက်တွင် ရန်ကိုင်နှင့် မိုရှောင်ချီသည် လမ်းကြောင်းတစ်ခုစီရွေးကာ ထွက်သွားကြလေသည်။ နှစ်ယောက်စလုံးမှာ တောင်နှင့်မြောက် ထွက်သွားကြသဖြင့် သူတို့ချင်း ပြန်တွေ့ဖို့ရာ လုံး၀ကို မဖြစ်နိုင်သလောက်ပင်။
တစ်ရက်ကြာပြီးနောက်တွင်… ရန်ကိုင်သည် မြေပြန့်လွင်ပြင်တစ်ခုသို့ ရောက်နေခဲ့သည်။ လက်ရှိအချိန်၍ ရန်ကိုင်သည် သူ့လက်ကိုဝှေ့ယမ်း၍ လခြမ်းကွေး ဓါးသွားများကို တစ်ခုပြီးတစ်ခု ပစ်လွှတ်နေခဲ့သည်။ ရန်ကိုင့်ရှေ့တည့်တည့် မလှမ်းမကမ်းအကွာတွင် အင်းစက်ဘုရင်မ ရှိနေခဲ့သည်။
အင်စက်ဘုရင်မသည် ၎င်း၏ အမွှာဓါးနှစ်ချောင်းကို အသာအယာဝှေ့ယမ်း၍ တိုက်ခိုက်နေခဲ့သည်။ အင်းစက်ဘုရင်မ၏ ပတ်ပတ်လည်တွင် သိပ်သည်းလှသော ရေခဲဓာတ်များမှ ဖွဲ့စည်းထားသော ရေခဲစက်ကွင်းတစ်ခု ရှိနေခဲ့လေသည်။ အင်းစက်ဘုရင်မနှင့် တိုက်ခိုက်နေသည့် သားရဲမှာတော့ မီးတောက်ပြာ မိုးကြိုးဝံပုလွေ ဖြစ်သည်။ ထိုသားရဲမှာ အဆင့်ဆယ့်တစ် မွန်းစတားသားရဲတစ်ကောင် ဖြစ်ပေသည်။ ဤသားရဲသည် အကောင်သာသေးသော်ငြား အလွန်ကိုမှ မြန်လှပေသည်။
ထို့အပြင် မိုးကြိုးနှင့် မီးဓာတ်ကိုပါ တစ်ပြိုင်တည်း ကျွမ်းကျင်ထားသေး၏။ အင်းစက်ဘုရင်မမှာ တာအိုသခင် ဒုတိယအဆင့်နှင့် ယှဉ်ပြိုင်နိုင်သော စွမ်းအားကို ထုတ်ဖော်နိုင်သော်ငြား အချိန်အတော်ကြာ တိုက်ခိုက်နေသည့်တိုင် မီးတောက်ပြာမိုကြိုးဝံပုလွေကို မသတ်နိုင်ခဲ့ပေ။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင် ဤမွန်းစတားသားရဲ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို မြင်တွေ့နိုင်၏။
ရန်ကိုင်သည် တိုက်ပွဲထဲသို့ မဆင်မခြင် ပြေးမ၀င်သွားဘဲ ခပ်လှမ်းလှမ်မှနေ၍သာ လေဟာနယ်စွမ်းအားကို ထုတ်သုံး၍ မီးတောက်ပြာမိုးကြိုးဝံပုလွေကို အဆက်မပြတ် နှောက်ယှက်နေခဲ့သည်။ အချိန်ကြာလာသည်နှင့် ဝံပုလွေ၏ ခန္ဓာကိုယ်ထက်တွင် ဒဏ်ရာများ ပိုပို၍ များပြားလာခဲ့သည်။ ထို့အပြင် အင်းစက်ဘုရင်မ၏ ရေခဲဓာတ်စွမ်းအင်များ သူ့ကိုယ်ထဲသို့ စိမ့်ဝင်ပျံ့နှံ့လာသည့်အတွက် ၎င်း၏ လှုပ်ရှားမှုများမှာလည်း တဖြည်းဖြည်း နှေးကွေးလာခဲ့၏။
ဤသည်မှာ ရေခဲစက်ကွင်း၏ ကြောက်မက်ဖွယ်ရာ အချက်ပင်ဖြစ်လေသည်။ ရေခဲစက်ကွင်းမှာ ရန်သူသတိမထားမိခင်မှာ တစ်ဖက်လူ၏ လှုပ်ရှားမှုများကို တဖြည်းဖြည်း နှေးကွေးသွားစေပြီး အေးခဲသွားအောင် လုပ်နိုင်ပေသည်။ နှစ်နာရီ ကြာပြီးနောက်တွင် စူးရှစွာ အော်ဟစ်သံနှင့်အတူ အင်းစက်ဘုရင်မ၏ ဓါးနှစ်ချောင်းသည် ရန်သူ၏ သေကွင်းသေကွက်နေရာကို ထိုးဖောက်သွားခဲ့သည်။ မီးတောက်ပြာ မိုးကြိုးသားရဲမှာ နောက်ဆုံးအခိုက်အတန့်သို့ ရောက်လာချိန်တွင် အသည်းအသန် ရုန်းကန်တိုက်ခိုက်လာသဖြင့် အင်းစက်ဘုရင်မမှာ အဆက်မပြတ် နောက်ပြန်ဆုတ်လိုက်ရလေသည်။
ကံမကောင်းစွာဖြင့် ထိုသည်မှာ အချည်းနှီး ရုန်းကန်မှုတစ်ခုသာ ဖြစ်ခဲ့လေသည်။ မကြာမီတွင် မီးတောက်ပြာမိုးကြိုးဝံပုလွေ၏ မျက်လုံးများ အသက်စွမ်းအင် ကင်းမဲ့သွားပြီး ၎င်း၏ခန္ဓာကိုယ်ကြီး မြေပေါ်သို့ ဗုန်းခနဲ လဲကျသွားလေသည်။ ထိုအခါမှပဲ ရန်ကိုင် ရှေ့သို့ ထွက်လာခဲ့လေသည်။ အင်းစက်ဘုရင်မသည် ၎င်း၏စုံတွဲဓါး နှစ်ချောင်းကို ပါးစပ်ထဲထည့်၍ ပြန်မြိုချလိုက်ပြီးနောက် ရန်ကိုင့်ထံသို့ တွားသွားလာပြီး ပွတ်သီးပွတ်သပ် လာလုပ်နေ၏။
ပုံမှန်အားဖြင့် သွေးသားရဲများမှာ ဤသို့ မပြုမူတတ်ချေ။ သို့ရာတွင် အင်းစက်ဘုရင်မမှာ ကိုယ်ပိုင်အသိဉာဏ် ရှိနေသည့်အတွက် ဤသို့ ပြုမူတတ်ပေသည်။ ဝံပုလွေကို တစ်ချက် စစ်ဆေးကြည့်ပြီးနောက်တွင် ဤမီးတောက်ပြာမိုးကြိုး ဝံပုလွေကို သွေးသားရဲအဖြစ် ပြောင်းလဲပစ်ရန် ရန်ကိုင် ဆုံးဖြတ်လိုက်လေသည်။ ရွှေရောင်သွေးမျှင်တစ်ချောင်းကိုထုတ်၍ မီးတောက်ပြာမိုးကြိုးဝံပုလွေထဲ ထိုးသွင်းလိုက်သည်။ ထို့နောက် တင်ပလ္လင်ခွေထိုင်ချကာ လက်ကွက်များကို ဖန်တီးရင်း သွေးသားရဲ ဖန်တီးသည့်နည်းကို စတင် အသက်သွင်းတော့သည်။
နေ့တစ်၀က်ကြာပြီးနောက်တွင် မီးတောက်ပြာမိုးကြိုးဝံပုလွေ၏ ခန္ဓာကိုယ် တုန်ခါလာခဲ့ပြီး မတ်တပ်ပြန်ရပ်လာခဲ့သည်။ သို့ရာတွင် လက်ရှိ ဝံပုလွေမှာ ယခင်ပုံစံနှင့် မတူတော့ချေ။ ၎င်း၏ မျက်လုံးများထဲ အသိစိတ်ရှိသည့် အရိပ်အယောင်တို့ မရှိတော့သလို အမူအရာမှာလည်း မှင်သေသေဖြင့်သာ ဖြစ်နေခဲ့သည်။ ထို့အပြင် သိသာသည့် သွေးဓါတ်အရှိန်အဝါ တစ်ရပ်သည်လည်း ၎င်း၏ ခန္ဓာကိုယ်ဆီမှ ဖြာထွက်နေခဲ့၏။ ဤသည်မှာ သွေးသားရဲတို့၏ အသိသာဆုံး လက္ခဏာတစ်ရပ်ပင် ဖြစ်သည်။ မီးတောက်ပြာ မိုးကြိုးဝံပုလွေကို လေ့လာပြီးနောက် ရန်ကိုင်သည် ကျေနပ်စွာပြုံးလိုက်၏။ ဤသွေးသားရဲသည် တန်ခိုးရှင်ဘုရင် အဆင့်သို့ ပြန်ရောက်မသွားဘဲ ၎င်း၏ မူလအဆင့်ဖြစ်သော တာအိုသခင် အဆင့်တွင်သာ ရှိနေလေသည်။
ရန်ကိုင့်တွင် တာအိုအဆင့်သို့ ရောက်နေသည့် သွေးသားရဲနှစ်ကောင် ရှိလာပြီ ဖြစ်သည့်အတွက် တတိယ အလွှာထဲ မကြောက်ရွံ့ လှုပ်ရှားနိုင်ပြီဟု ပြော၍ရသည်။ စစ်ဆေးကြည့်လိုက်ပြီးနောက်တွင် ရန်ကိုင်သည် သူ၏ သွေးသားရဲနှစ်ကောင်ကို သိမ်းကာ တတိယအလွှာကို ဆက်လက်စူးစမ်းတော့လေ၏။ နှစ်ရက်ကြာပြီးနောက်တွင် ရန်ကိုင်သည် တတိယအလွှာထဲရှိ တစ်နေရာ၌ တင်ပလ္လင်ခွေထိုင်ရင်း ၀မ်းသာအားရဖြင့် သူ့ကျင့်စဉ်ကို လှည့်ပတ်နေလေ၏။ တစ်ချိန်ထဲတွင် ကောင်းကင်ထက်ဆီမှ အလင်းစီးကြောင်းများသည် သူ့ကိုယ်ထဲသို့ အဆက်မပြတ် စီး၀င်နေခဲ့လေသည်။
ထိုအလင်းစီးကြောင်းများမှာ အခြားမဟုတ်။ ငါးရောင်ခြယ်ရတနာဘုရားထဲတွင် ရှိနေသော တစ်စစီပျက်စီးနေသည့် လောကနိယာမများသာ ဖြစ်လေသည်။ မိုရှောင်ချီ ပြောခဲ့သလိုပင် ထိုအရာများသည် ငါးရောင်ခြယ် ရတနာဘုရားထဲ၌ အဖိုးအတန်ဆုံးအရာများ ဖြစ်ကြပေသည်။ ဤနေရာမှ ဖြတ်သွားစဉ် အလွန်သိပ်သည်းသည့် နိယာမများကို ခံစားမိလိုက်သောကြောင့် ဤနေရာတွင်ထိုင်၍ လေ့ကျင့်နေခဲ့ခြင်း ဖြစ်သည်။ ထိုအလင်းစီးကြောင်းများကို စုပ်ယူပြီးနောက်တွင် ရန်ကိုင့်အနေဖြင့် လောကနိယာမများကို ပို၍ ရှင်းရှင်းလင်းလင်း ခံစားလာနိုင်ခဲ့လေသည်။
ဤစွမ်းအားသည် သူ့အား တာအိုအဆင့်သို့ ချိုးဖျက်ရာ၌ ကြီးကြီးမားမား အကူအညီပေးနိုင်၏။ သို့သော်ငြား မကြာမီ ထူးဆန်းသည့် အချက်တစ်ခုကို ရှာတွေ့သွားလေသည်။ ပြဿနာမှာ တစ်စစီ ပျက်စီးနေသော လောကနိယာမများမှာ အလွန်များပြားလှသဖြင့် ရန်ကိုင်မှ ထိုအရာများကို စုပ်ယူလိုက်သော်ငြား အချိန်မှီ မသန့်စင်နိုင်ချေ။ ထို့ကြောင့် ပိုလျှံနေသော အလင်းစီးကြောင်းများမှာ သူ့ထိန်းချုပ်မှုအောက်မှ လွတ်ထွက်ကုန်ကြလေ၏။
သို့သော်လည်း ထိုအလင်းစီးကြောင်းများသည် အပြင်ဘက်သို့ ပြန်ရောက်မသွားဘဲ ကမ္ဘာငယ်လေးထဲသို့သာ တိုး၀င်ပျောက်ကွယ် သွားကြလေ၏။ သူ့ကိုယ်ပွားမှတစ်ဆင့် ထိုတစ်စစီဖြစ်နေသော လောကနိယာမများကို ကမ္ဘာငယ်လေးမှ စုပ်ယူလိုက်ကြောင်း သိလိုက်ရလေသည်။ ထိုအလင်းစီးကြောင်းများကို စုပ်ယူပြီးနောက်တွင် ကမ္ဘာငယ်လေးသည် အကြီးအကျယ် ပြောင်းလဲလာလေ၏။ အလင်းစီးကြောင်းများကို စုပ်ယူပြီးနောက်တွင် ကမ္ဘာငယ်လေး၏ လေဟာနယ်မှာ ပိုပို၍ ပြီးပြည့်စုံလာခဲ့သည်။ ကမ္ဘာငယ်လေးသည် သာမန် သိုလှောင်ရေး ပစ္စည်းတစ်ခုမှ အစ်အမှန် ကမ္ဘာငယ်လေး အဖြစ်သို့ တဖြည်းဖြည်းဦးတည် ပြောင်းလဲလာနေခဲ့၏။
ထိုမျှသာလျှင်မဟုတ်သေးဘဲ အခြားသိပ်မသိသာသော ပြောင်းလဲမှုများလည်း ကမ္ဘာငယ်လေးထဲ၌ ထပ်မံဖြစ်ပွားနေခဲ့လေသည်။ ဘာကြောင့် ထိုကဲ့သို့ ဖြစ်နေရမှန်းကို ရန်ကိုင် နားမလည်ခဲ့ပေ။ သို့သော်ငြား သေချာစဉ်းစားလိုက်ပြီးနောက် ဖြစ်နိုင်ချေရှိသော အချက်တစ်ခုကို သူစဉ်းစားမိသွားခဲ့သည်။ ကမ္ဘာငယ်လေးသည် နောက်ဆုံးတွင်တော့ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးမှ ဆန်းကြယ်သည့် နည်းလမ်းများကိုသုံး၍ ဖန်တီးထားသည့် သိုလှောင်ရေး မှော်ရတနာတစ်ခုသာ ဖြစ်နေသေးသည်။
ထို့ကြောင့် ၎င်းတွင် ကိုယ်ပိုင် လောကနိယာမများ ရှိသော်လည်း ထိုနိယာမများမှာ ပြည့်စုံနေခြင်း မရှိခဲ့ပေ။ ထိုအကြောင်းကြောင့်ပင် လူများသည် ကမ္ဘာငယ်လေးထဲနေပြီး ကျင့်ကြံနိုင်ကြသော်ငြား ကမ္ဘာငယ်လေးသည် မှော်ရတနာတစ်ခုသာ ဖြစ်နေသေးပြီး အစစ်အမှန် ကမ္ဘာတစ်ခု ဖြစ်မနေသေးခဲ့ပေ။ လက်ရှိတွင် ငါးရောင်ခြယ်ရတနာဘုရားထဲရှိ တစ်စစီဖြစ်နေသော လောကနိယာမများကို စုပ်ယူပြီးနောက် ကမ္ဘာငယ်လေးထဲရှိ မပြီးပြည့်စုံသည့် နိယာမများမှာ တဖြည်းဖြည်း ပြည့်စုံလာနေခဲ့လေသည်။
ကမ္ဘာငယ်လေးထဲရှိ လောကနိယာမများသာ အတိုင်းအတာတစ်ခုအထိ ပြည့်စုံသွားမည် ဆိုပါက ၎င်းသည် အစစ်အမှန်ကမ္ဘာတစ်ခုနှင့် ကွာခြားတော့လိမ့်မည် မဟုတ်ပေ။ ထိုခန့်မှန်းချက် မှန်၊ မမှန် မသိသော်ငြား အမှန်တရားနှင့်တော့ သိပ်မဝေးလောက်ချေ။ ထို့ကြောင့် သွားမတားခဲ့ဘဲ ကမ္ဘာငယ်လေးအား အလင်းစီးကြောင်းများကို စိတ်ကြိုက် စုပ်ယူနေခိုင်းလိုက်၏။ ကမ္ဘာငယ်လေးမှ ပျက်စီးနေသော လောကနိယာမများကို စုပ်ယူလိုက်၍ သူ့အား ထိခိုက်သွားသည်မှ မဟုတ်လေပဲ။ သူ့အတွက်ပင် အကျိုးရှိလေ၏။
နေ့တစ်၀က်ကြာအောင် စုပ်ယူနေပြီး အလင်းစီးကြောင်းများ ထပ်မံပေါ်လာခြင်း မရှိတော့သည့်အခါမှပဲ ရန်ကိုင် မျက်လုံးပြန်ဖွင့်၍ သက်ပြင်းအမောကြီး ချလိုက်လေသည်။ ဤနေရာမှ တစ်စစီဖြစ်နေသော လောကနိယာမများကို စုပ်ယူပြီးနောက် သူ၏ နိယာမအပေါ်နားလည်မှုများ အတော်လေး မြင့်တက်လာကြောင်း တွေ့လိုက်ရပေသည်။ ယခုဆိုလျှင် တာအိုအဆင့်နှင့် ပတ်သက်သော ဆန်းကြယ်မှုအချို့ကိုပင် သူ့အနေဖြင့် ဝိုးတဝါးတား နားလည်နေခဲ့လေပြီ။
သို့သော်လည်း ပြည့်ပြည့်စုံစုံကြီးတော့ နားလည်ခြင်း မရှိသေးပေ။ ထို့အပြင် ကမ္ဘာငယ်လေးထဲရှိ လောကနိယာမများမှာလည်း ပြီးပြည့်စုံသည့် အဆင့်ရောက်ဖို့ အဝေးကြီးလိုသေး၏။ သူ့အနေဖြင့် ယခုထက်ပိုများသည့် လောကနိယာများကို စုပ်ယူရန် လိုသေးသည့်ပုံပင်။ မတ်တတ်ရပ်လိုက်ပြီးနောက် ရန်ကိုင်သည် သူ့ခရီးကို ပြန်လည် စတင်ပေသည်။ ရန်ကိုင် မသိလိုက်သည်မှာ သူစုပ်ယူလိုက်သည့် တစ်စစီဖြစ်နေသော လောကနိယာမ ပမာဏသည် တန်ခိုးရှင်ဘုရင်အဆင့် ဆယ်ယောက်မကကို တာအိုအဆင့်သို့ ချိုးဖျက်နိုင်အောင် လုပ်ပေးနိုင်သည်ဟူသော အချက်ပင်။
ကမ္ဘာငယ်လေးမှာ ဤနေရာရှိ တစ်စစီဖြစ်နေသော လောကနိယာမ အများစုကို စုပ်ယူသွားသည့် အတွက်ကြောင့် ရန်ကိုင်ကိုယ်တိုင် စုပ်ယူနိုင်သည့် အချိန်ပမာဏ နည်းပါးသွားရုံမက၊ သူစုပ်ယူနိုင်သည့် ပမာဏမှာလည်း လျော့ကျသွားခဲ့ရလေသည်။ ထို့အပြင် ဤနေရာရှီ တစစ်စီ ဖြစ်နေသော လောကနိယာမအားလုံးမှ ကုန်စင်အောင် စုပ်ယူခြင်း ခံလိုက်ရသည့်အတွက် ဤနေရာသည် အချိန်အတော်ကြာသည်အထိ လွင်တီးခေါင်ပြင်ကြီးသာ ဖြစ်နေပေတော့မည်။ ဤအကြောင်းကိုသာ ကြယ်ဝိဉာဉ်နန်းတော်မှ သိသွားမည်ဆိုပါက ရန်ကိုင့်အား လုံး၀ကို အလွယ်တကူ လွှတ်ပေးလိမ့်မည် မဟုတ်ချေ။
ရန်ကိုင်၏လုပ်ရပ်သည် တစ်နည်းအားဖြင့် ကြယ်ဝိဉာဉ်နန်းတော်၏ အုပ်မြစ်ကို ထိခိုက်သွားစေသည်ဟု ပြော၍ရပေသည်။ မည်သည့်ဂိုဏ်းမှ သူတို့ဂိုဏ်း၏ အခြေခံအုတ်မြစ်အား ထိခိုက်အောင်လာလုပ်သည့်သူကို ခွင့်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ နောက်ရက်များအတွင်း ရန်ကိုင်သည် အစောပိုင်းက ရှာတွေ့ခဲ့သည့် နေရာနှင့် ဆင်တူသည့်နေရာများကို လိုက်ရှာလေသည်။ သို့သော်ငြား ကံမကောင်းစွာဖြင့် တစ်နေရာမှ ရှာမတွေ့ခဲ့ချေ။
ဤရက်များ အတောအတွင်း မွန်းစတားသားရဲများနှင့် ကြုံတွေ့ခဲ့ရသော်ငြား သူ့သွေးသားရဲနှစ်ကောင်၏ ကာကွယ်ပေးမှုကြောင့် ရန်ကိုင့်အနေဖြင့် မည်သည့်ဒဏ်ရာမှ ရရှိခဲ့ခြင်း မရှိပေ။ သူ့သွေးသားရဲနှစ်ကောင်၏ ပူးပေါင်းတိုက်ခိုက်မှုများအောက်တွင် သူ့အား လာရောက်တိုက်ခိုက်သည့် သားရဲများမှာ သေလျှင်သေ၊ မသေလျှင် ထွက်ပြေးကုန်ကြလေသည်။ ရန်ကိုင်သည် သွေးသားရဲအသစ်များ ထပ်မံဖန်တီးခြင်းမရှိဘဲ၊ သေဆုံးသွားသည့် သားရဲများ၏ အလောင်းကိုသာ ခုတ်ထစ်ပြီး အဖိုးတန်အစိတ်အပိုင်းများကို ထုတ်ယူလေသည်။
ယခင်ရခဲ့ဖူးသည့် အတွေ့အကြုံအရ သွေးသားရဲများစွာ ရှိခြင်းသည် သူ့အား ပို၍အကျိုးမရှိစေဘဲ ၀န်ထုပ်၀န်ပိုးသာ ဖြစ်စေကြောင်းကို ရန်ကိုင် နားလည်ထားသည်။ သွေးသားရဲများစွာကို တစ်ပြိုင်တည်း ထိန်းချုပ်ရသည်မှာ အလွန်ကိုမှ စိတ်စွမ်းအင်ကုန်ပေသည်။ ထို့အပြင် သွေးသားရဲများကို ဖန်တီးရန်အတွက် ရွှေရောင်သွေးမျှင်များကိုလည်း အဆုံးရှုံးခံရသည်။ တစ်ချိန်ထဲတွင် ထိုမွန်းစတားသားရဲ၏ အဖိုးတန်သည့် အစိတ်အပိုင်းများကိုလည်း လက်လွှတ်ခံရသေး၏။
ပေးရသည်နှင့် ပြန်ရသည်မှာ လုံး၀ကို မတန်ချေ။ ရက်ပေါင်းမျာစွာကြာအောင် ဘာဆိုဘာမှ ရှာမတွေ့ပြီးနောက်တွင် ရန်ကိုင် အတော်လေး မကျေမနပ် ဖြစ်လာခဲ့သည်။ ငါးရောင်ခြယ်ရတနာဘုရား မည်သည့်အချိန်တွင် ပိတ်မည်မှန်း သူမသိသော်ငြား ပိတ်ဖို့ရာ သိပ်မလိုတော့ဟု သူ့စိတ်ထဲ ခံစားနေရသည်။ ဤသည်မှာ သူမည်သည့်အခါမှ နောက်တစ်ကြိမ် ထပ်မကြုံရနိုင်တော့မည့် ရှားပါးသည့် အခွင့်အရေးတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် ရန်ကိုင်သည် အလောတကြီးဖြင့် တစ်စစီဖြစ်နေသော လောကနိယာမများ သိပ်သည်းသည့် နေရာများကို စတင်ရှာဖွေတော့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀13)
တစ်နေ့တွင် ရန်ကိုင်သည် ကောင်းကင်ထက်တွင် ပျံသန်းနေရင်းမှ ရုတ်တရက်ရပ်တန့်လိုက်ပြီး ခပ်လှမ်းလှမ်း တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။ လှမ်းကြည့်နေရာ အရပ်တွင် မရေမတွက်နိုင်အောင် များပြားလှသော အလင်းစီးကြောင်းများ ရှိနေခဲ့သည်။ ထိုအလင်းစီးကြောင်းများသည် ရေတံခွန်အလား မြေပြင်ပေါ်သို့ တရဟောစီးကျနေခဲ့သည်။ ထိုအလင်းစီးကြောင်းများသည် ရန်ကိုင် အသည်းအသန် လိုက်ရှာနေသည့် တစ်စစီ ဖြစ်နေသော လောကနိယာမများ ဖြစ်ကြပေသည်။
သို့သော်ငြား ထိုနေရာတွင် စုဝေးနေကြသည့် အလင်းစီးကြောင်းများမှာ သူယခင် ကြုံခဲ့ရသည့်နေရာထက် အဆပေါင်းများစွာ ပိုများပြားပေသည်။ ရန်ကိုင် အလွန်ပျော်သွားခဲ့ပြီး ထိုနေရာသို့ ချက်ချင်း ပြေးသွားလေ၏။ သုံးနာရီ ကြာပြီးနောက်တွင် တောင်ကြားတစ်ခုဆီသို့ ရောက်လာခဲ့လေသည်။ သို့သော်ငြား မြင်လိုက်ရသည့် မြင်ကွင်းကြောင်း ရန်ကိုင် လုံး၀ကို မှင်သက်သွားခဲ့၏။
တောင်ကြားအလယ်တွင် ဧရာမအလင်းစီးကြောင်း စက်ကွင်းကြီး ရှိနေခဲ့လေသည်။ ထို့အပြင် အဆက်မပြတ် စီး၀င်လာနေသော အလင်းစီးကြောင်းများကြောင့် ထိုအလင်း စက်ကွင်းကြီးမှာ ပိုပို၍ တောက်ပလာနေခဲ့သည်။
“အများကြီးပဲ”
အလင်းစီးကြောင်းများ အလွန် များပြားလိမ့်မည်မှန်း ကြိုသိထားခဲ့သော်လည်း တစ်ကယ်မြင်လိုက်ရသည့်နောက် ရန်ကိုင် အံအားမသင့်ဘဲ မနေနိုင်ခဲ့ချေ။ အစောပိုင်းက ကမ္ဘာငယ်လေး စုပ်ယူခဲ့သည့် အလင်းစီးကြောင်းများသည် ဤနေရာရှိ အလင်းစီးကြောင်းများ၏ တစ်ရာပုံ တစ်ပုံလောက်သာ ရှိပေသည်။ သူစုပ်ယူခဲ့သော လောကနိယာမ အနည်းငယ်မှပင်လျှင် ရန်ကိုင် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။ ကမ္ဘာငယ်လေးသည်လည်း အကြီးအကျယ် ပြောင်းလဲသွားခဲ့ရသည်။
ထို့ကြောင့် သူသာ ဤနေရာရှိ အလင်းစီးကြောင်းများအကုန်ကို စုပ်ယူနိုင်မည်ဆိုပါက နိယာမစွမ်းအားအပေါ် သူ၏နားလည်မှုမှာ တာအိုအဆင့်သို့ပင် မြင့်တက်လာမည်ဖြစ်ကြောင်း ရန်ကိုင် သိနေခဲ့သည်။ ထိုသို့ဖြစ်လာသည့်အခါ တာအိုသခင်အဆင့်သို့ ချိုးဖျက်ဖို့ရာ ဘာမှ ခက်တော့လိမ့်မည် မဟုတ်ချေ။ ကမ္ဘာငယ်လေးထဲရှ်ိ လောကနိယာမများပင်လျှင် အတိုင်းအတာ တစ်ခုအထိ ပြီးပြည့်စုံသွားနိုင်သည်။
ဘာမှစဉ်းစားမနေတော့ဘဲ ရန်ကိုင်သည် ပျော်ရွှင်စွာပြုံးရင်း လေထဲမှ ခုန်ချလိုက်လေသည်။ အလင်းစက်ကွင်းမှ မီတာသုံးရာခန့်အကွာတွင် နေရာတစ်ခုရှာကာ ထိုင်ချလိုက်သည်။ သူ့အနေဖြင့် အလင်းစက်ကွင်းနားသို့ အရမ်းကြီး မကပ်သွားလိုခြင်းမဟုတ်၊ သူသာ အလင်းစက်ကွင်းနား အရမ်းကြီး ကပ်သွားမည်ဆိုပါက ဗရမ်းဗတာဖြစ်နေသော လောကနိယာမများမှ ဖိနှိပ်သည့်ဒဏ်ကို မခံနိုင်ဘဲ ပေါက်ကွဲထွက်ကာ သေဆုံးသွားမည့်အရေးကို လန့်သည့် အတွက်ကြောင့်ပင် ဖြစ်ပေသည်။
ရန်ကိုင်သည် အသက်ပြင်းပြင်း ရှုထုတ်၍ အင်းစက်ဘုရင်မနှင့် မီးတောက်ပြာမိုးကြိုး ဝံပုလွေကိုထုတ်ကာ သူ့အား စောင့်ကြပ်စေလိုက်သည်။ ထို့နောက် မျက်လုံးပိတ်၍ ကျင့်စဉ်ကို စတင်လှည့်ပတ်တော့လေသည်။ ရုတ်တရက် မမြင်ရသော စွမ်းအားတစ်ခုမှ ဆွဲယူခြင်း ခံနေရသည့်အလား အလင်းစက်ကွင်းကြီးထဲမှ အလင်းစီးကြောင်းတစ်ခုသည် ရန်ကိုင်ထိုင်နေရာဆီသို့ ပျံသန်းလာခဲ့လေသည်။ ထိုအလင်းစီးကြောင်းသည် ရန်ကိုင်၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ စီး၀င်လာပြီး ပျောက်ကွယ်သွားခဲ့သည်။
ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သေးသည့်အတွက် ထိုမျှများပြားလှသော လောကနိယာမများကို မစုပ်ယူပစ်နိုင်ချေ။ ထို့ကြောင့် ယခင်တစ်ခါကကဲ့သို့ပင် သူ့ခန္ဓာကိုယ်၏ အကန့်အသတ်သို့ ရောက်လာပြီးတွင် အလင်းစီးကြောင်းများမှာ ကမ္ဘာငယ်လေးထဲသို့ စီး၀င်ပေါင်းစပ်သွားကြလေ၏။ အချိန်သည် တဖြည်းဖြည်းနှင့် ကုန်ဆုံးနေခဲ့လေသည်။ အလင်းစက်ကွင်းမှ အလင်းစီးကြောင်းများ ပိုပို၍ စုပ်ယူခံလိုက်ရသည်နှင့်အမျှ ရန်ကိုင့် ခန္ဓာကိုယ်တစ်ဝိုက် ရစ်သိုင်းနေသော အရောင်အဝါမှာလည်း ပိုပို၍ သိပ်သည်းလာခဲ့လေသည်။
အချိန်သည် တရွေ့ရွေ့ကုန်ဆုံးနေခဲ့ရာ မကြာမီ သုံးရက်ပြည့်သွားခဲ့လေ၏။ ရန်ကိုင်၏ အရူးအမူး စုပ်ယူမှုကြောင့် အလင်းစက်ကွင်း၏ အရွယ်အစားမှာ သိသိသာသာကို ကျုံ့၀င်သွားခဲ့သည်။ ၎င်း၏အရောင်အဝါမှာလည်း အတော်လေး မှိန်ဖျော့သွားခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်မှ စုပ်ယူနေသည့် အလင်းစီးကြောင်း ပမာဏမှာတော့ ပြောင်းလဲသွားခြင်း မရှိချေ။ တစ်ခုသောအချိန်သို့ အရောက်တွင် ရန်ကိုင် ရုတ်တရက် မျက်လုံးပွင့်လာခဲ့သည်။
ခဏကြာအောင်စဉ်းစားနေပြီးနောက် သူ့လက်ကိုဆန့်ထုတ်၍ ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်ကို ပိုင်းချလိုက်လေသည်။ ရှင်းပြ၍မရသည့် စွမ်းအားတစ်ရပ် သူ့လက်ချောင်းထိပ်မှ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်အား ဟက်တက်ခွဲသွား၏။ ချက်ချင်းဆိုသလို ပိန်းပိန်းပိတ်အောင် မည်းမှောင်နေသော ဟင်းလင်းပြင် အက်ကြောင်းတစ်ခု သူ့လက်ချောင်းဖြတ်သွားရာ လမ်းကြောင်းတစ်လျှောက် ထွက်ပေါ်လာခဲ့လေသည်။
ဤဟင်းလင်းပြင်အက်ကွဲကြောင်း ဖြစ်လာအောင် ရန်ကိုင်မှ လေဟာနယ်စွမ်းအားကို ထုတ်သုံးသွားခြင်း မဟုတ်ပေ။ နိယာမစွမ်းအားကိုသာ ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် ရန်ကိုင်သည် တာအိုသခင်အဆင့် အစွန်အဖျားကို ထိတွေ့ပြီးနေခဲ့လေပြီ။ ဤသို့ ဖြစ်ရသည်မှာ လွန်ခဲ့သည့် ရက်များအတွင်း သူစုပ်ယူခဲ့သည့် တစ်စစီဖြစ်နေသော လောကနိယာမများကြောင့် ဖြစ်သည်။ သို့သော်ငြား နိယာမစွမ်းအားအပေါ် သူ၏နားလည်မှုမှာ အနည်းအကျဥ်းလောက်သာ ရှိသေးသည်။
ထို့ကြောင့် သူ့လက်ချောင်းကို ပြန်ဖယ်လိုက်သည်နှင့် ဟင်းလင်းပြင် အက်ကွဲကြောင်းမှာ သူ့အလိုလို ပြန်ပိတ်သွားခဲ့လေသည်။ ထို့နောက် ကောင်းကင်စိတ်အာရုံကိုသုံး၍ သူ့ကိုယ်ထဲရှိ တန်ခိုးရှင်အဆီအနှစ်ကျောက်တုံးကို စစ်ဆေးကြည့်လေသည်။ ယခင်က လုံး၀ကို မည်းနက်နေသောသူ၏ တန်ခိုးရှင်အဆီအနှစ် ကျောက်တုံးသည် လက်ရှိအချိန်တွင် အရောင်ဖျော့ဖျော့ တောက်နေခဲ့၏။ ရန်ကိုင်၏ တန်ခိုးရှင်အဆီအနှစ်ကျောက်တုံးသည် လေဟာနယ်စွမ်းအားအပေါ် သူ၏နားလည်မှု၊ ထိုးသွင်းသိမြင်မှုအားလုံးကို အခြေတည်၍ ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။
ဤတန်ခိုးရှင်အဆီအနှစ် ကျောက်တုံးသည် သူ၏လေဟာနယ်စွမ်းအား ပညာရပ်များကို သိသိသာသာ တိုးတက်လာအောင် ကူညီပေးနိုင်ပေသည်။ ယခုအချိန်တွင် တန်ခိုးရှင်အဆီအနှစ်ကျောက်တုံး ပတ်လည်၌ နိယာမစွမ်းအားအချို့ ရစ်သိုင်းနေခဲ့၏။ ယခုအချိန်မှစ၍ သူသာ ဆန္ဒရှိလျှင် ဤနိယာမစွမ်းအားကိုအသုံးချကာ အနီးနားပတ်လည်ရှိ ဟင်းလင်းပြင်ကို အနည်းငယ် ထိန်းချုပ်နိုင်ပေလိမ့်မည်။ ထို့အပြင် သူအသုံးပြုနိုင်မည့် နိယာမစွမ်းအားမှာ ဆန်းကြယ်ပြီးအားကောင်းသည့် လေဟာနယ် နိယာမစွမ်းအား ဖြစ်နေပေလိမ့်မည်။
သူ့အနေဖြင့် လက်တလောတွင် သူ့ကျင့်ကြံခြင်းကြောင့် လေဟာနယ်စွမ်းအားနှင့် ပတ်သတ်သည့် နိယာမတော်တော်များများကို ထုတ်သုံးနိုင်ဦးမည် မဟုတ်သော်ငြား သူသာ တာအိုသခင်အဆင့်သို့ ရောက်လာမည်ဆိုပါက အခြေအနေမှာ လုံး၀ ပြောင်းလဲသွားပေလိမ့်မည်။ ကျေနပ်စွာဖြင့် မျက်လုံးပြန်ပိတ်လိုက်ပြီးနောက် ရန်ကိုင်သည် အလင်းစီးကြောင်းများကို ထပ်မံစုပ်ယူတော့လေသည်။ ဆယ်ရက်ကြာပြီးနောက် အလင်းစက်ကွင်း၏ အရွယ်အစားမှာ မူလအရွယ်အစား၏ ဆယ်ပုံတစ်ပုံလောက်သာ ရှိတော့သည်။
ရန်ကိုင်သာ ဤအတိုင်း ဆက်ပြီးစုပ်ယူနေဦးမည်ဆိုပါက မကြာမီအချိန်အတွင်း ဤအလင်းစက်ကွင်း လုံး၀ကို ပျောက်ကွယ်သွားပေလိမ့်မည်။ စုပ်ကောင်းကောင်းနှင့် စုပ်ယူနေသည့် ရန်ကိုင်မှာတော့ ထိုအချက်ကို လုံး၀ သတိမပြုမိခဲ့ချေ။ ရုတ်တရက် သူ့ရှေ့တည့်တည့်မှ ငြီးတွားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံမှာ အတော်လေးကို တိုးလျသော်ငြား ရန်ကိုင်ကတော့ သေသေချာချာ ကြားလိုက်ရပေသည်။ နားကြားမှားသလားဟု ထင်လိုက်မိသော်ငြား ဒုတိယငြီးတွားသံကို ကြားလိုက်ပြီးနောက် ရန်ကိုင်၏အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားပြီး အလျင်စလို မျက်လုံးဖွင့်လိုက်၏။
ရန်ကိုင်၏ စိတ်အခြေအနေကြောင့်လားမသိ အနီးအနားတွင် စောင့်ကြပ်နေကြသော အင်းစက်ဘုရင်မနှင့် မီးတောက်ပြာမိုးကြိုးသားရဲတို့မှာလည်း သူဆီသို့ကာကွယ်ရန် အလျင်စလို ပြေးလာကြလေသည်။ ရန်ကိုင်သည် မျက်လုံးအပြူးသားဖြင့် သူ့ရှေ့တည့်တည့်အား အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ ရေရွတ်လိုက်၏။
“တစ်ယောက်ယောက် ရှိနေသေးတာလား”
အခုမှပဲ သူရှေ့ရှိ အလင်းစက်ကွင်းထဲတွင် ပုံရိပ်တစ်ခုရှိနေကြောင်းကို တွေ့သွားခဲ့လေသည်။ ယခင်က အလင်းစက်ကွင်းမှာ အလွန်ကိုမှ တောက်ပနေခဲ့ပြီး၊ စုဝေးနေခဲ့သည့် လောကနိယာမတို့မှာလည်း အလွန်ကိုမှ များပြားနေခဲ့သည့်အတွက်ကြောင့် ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးနိုင်ခြင်း မရှိခဲ့ပေ။ ယခုအလင်းစက်ကွင်း မူလ၏ ဆယ်ပုံတစ်ပုံလောက်ထိ လျော့ကျသွားမှသာ အလင်းစက်ကွင်းထဲ လူတစ်ယောက်ရှိနေကြောင်း တွေ့လိုက်ရသည်။
‘ဒီလူက အစကတည်းကများ ရှိနေတာလား။ ဒါမှမဟုတ် ငါမသိလိုက်တဲ့ အချိန်မှာများ အထဲ၀င်လာတာလား။ ဒါဆို သူကဘယ်သူလဲ’ ရန်ကိုင် လုံး၀ကို နားမလည်နိုင် ဖြစ်နေခဲ့လေသည်။
တစ်ဖက်လူ၏ ပုံစံအချိုးအစားအရ အလင်းစက်ကွင်းထဲရှိနေသူမှာ လုံး၀ကို အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။ ရန်ကိုင် ချက်ချင်း မိုရှောင်ချီအား တွေးမိသွားလေသည်။ တစ်ကယ်တော့ တတိယအလွှာတွင် သူနှင့် မိုရှောင်ချီအပြင် အခြားမည်သူများ ရှိနေဦးမည်နည်း။ သို့သော်ငြား သေချာစဉ်းစားကြည့်ပြီးနောက် မိုရှောင်ချီ မဖြစ်နိုင်မှန်း သဘောပေါက်သွားခဲ့သည်။ မိုရှောင်ချီသည် သူနှင့် ဆန့်ကျင်ဘက်သို့ သွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သူ့ရှေ့တွင်ရှိနေသူမှာ လုံး၀ကို မိုရှောင်ချီမဖြစ်နိုင်ပေ။ ထို့အပြင် ဤလူ၏ ခန္ဓာကိုယ်အချိုးအစားမှာလည်း မိုရှောင်ချီနှင့် သိပ်မတူပေ။
“မွန်းစတားအိုကြီး တစ်ကောင်ကောင်ကိုများ ဒီနေရာမှာ ချိတ်ပိတ်ထားတာလား”
ဒုတိယအလွှာတွင် တွေ့ခဲ့သော သစ်သားဝိဉာဉ်ကို ပြန်စဉ်းစားလိုက်ပြီးနောက် ရန်ကိုင့်တစ်ကိုယ်လုံး ချေးစေးများ ပျံလာခဲ့လေသည်။ ထိုစဉ်မှာပင် သူ့ရှေ့တွင်ရှိနေသော အမျိုးသမီးသည် မျက်လုံးဖွင့်၍ သူ့အား စိုက်ကြည့်နေကြောင်းကို ရန်ကိုင် ရုတ်တရက် သတိပြုမိလိုက်သည်။ ရန်ကိုင် မျက်မှောင်ကြုတ်လိုက်ပြီး အမြန်ထကာ တစ်ဖက်လူအား သတိကြီးကြီးထားပြီး ကြည့်လိုက်လေသည်။
သို့သော် သူအံ့အားသင့်သွားသည်မှာ တစ်ဖက်လူသည် သူ့အား တစ်ချက်သာစိုက်ကြည့်လိုက်ပြီး သူရှိနေသည်ကို ဂရုမစိုက်သည့်အလား မျက်လုံးပြန်ပိတ်သွားသည်ကိုပင်။ သို့သော်ငြား မကြာမီတွင် သူမဘာကြောင့်ထိုသို့လုပ်ရမှန်း ရန်ကိုင် နားလည်သွားခဲ့လေသည်။ ထိုအမျိုးသမီး မျက်လုံးပိတ်သွားပြီး မကြာမီ လေပြင်းများ တဖြူးဖြူး တိုက်ခတ်လာခဲ့သည်။ သူမဘေးတွင် စုပုံထပ်ထားသော အရင်းအမြစ်ကျောက်များ ပေါက်ကွဲထွက်ကုန်ကြပြီး သိပ်သည်းသန့်စင်သော အရင်းအမြစ်ချီများအဖြစ်သို့ ပြောင်းလဲသွားကြလေ၏။
ချက်ချင်းဆိုသလို မိုးခြိမ်းသံများ မြည်ဟည်းလာပြီး အနက်ရောင်တိမ်စိုင်တိမ်တိုက်များ ဘယ်ကမှန်းမသိ ပေါ်ထွက်လာခဲ့လေသည်။ အရင်းအမြစ်ကျောက်များမှာ ပေါက်ကွဲရာမှ ဖြစ်ပေါ်လာသော မိုးမြေစွမ်းအင်သည် ကောင်းကင်ပေါ်သို့ အရူးအမူးတက်သွားကြပြီး မျက်တောင်တစ်ခတ်အတွင်း အလွန်ကိုမှ ခြောက်ခြားဖွယ်ရာကောင်းသည့် မြင်ကွင်းတစ်ရပ် ဖြစ်ပေါ်လာခဲ့လေသည်။
“အဆင့်ချိုးဖျက်နေတာလား”
ရန်ကိုင် နောက်သို့ ဒယီးဒယိုင်ဆုတ်မိသွားခဲ့သည်။ အလင်းစက်ကွင်းထဲတွင်ရှိနေသော အမျိုးသမီးသည် ဤနေရာတွင် နောက်တစ်ဆင့်သို့ ချိုးဖျက်ရန် ကြိုးစားနေခြင်းဖြစ်သည်။ လက်ရှိ သူ့ရှေ့ရှိ မြင်ကွင်းမှာ အဆင့်ချိုးဖျက်ရာမှ ဖြစ်ပေါ်လာသည့် မိုးမြေကောင်းချီးပင် ဖြစ်လေသည်။ ဤအချိန်မှပဲ အမျိုးသမီး၏ ကျင့်ကြံခြင်းအဆင့်မှာ သူ့ကဲ့သို့ပင် တန်ခိုးရှင်ဘုရင် တတိယအဆင့်ဖြစ်နေကြောင်း သတိပြုမိသွားခဲ့သည်။ သူမသာ အောင်မြင်စွာ အဆင့်တက်နိုင်မည်ဆိုပါက တာအိုသခင်အဆင့် ပညာရှင်တစ်ဦး ကျိန်းသေ ဖြစ်လာပေလိမ့်မည်။
ဤအမျိုးသမီးသည် ဤနေရာတွင် ချိတ်ပိတ်ခံထားရသည့် မွန်းစတားအိုကြီးတစ်ဦး မဟုတ်ဘဲ သူ့ကဲ့သို့ပင် မေပယ်မြို့မှ ကျင့်ကြံသူတစ်ဦးဖြစ်မှန်း ရန်ကိုင် အလျင်အမြန် ကောက်ချက်ချလိုက်သည်။ ဤသို့ဆိုလျှင် သူမအနေဖြင့် တတိယအလွှာသို့ မည်ကဲ့သို့များ ၀င်ရောက်လာသနည်း။ ထိုအချက်ကိုတွေးမိလိုက်သော် ရန်ကိုင့်စိတ်ထဲ အလွန်ကိုမှ အံ့အားသင့်မိသွားသည်။ ဤအမျိုးသမီး မည်သူပင်ဖြစ်စေကာမူ သူမအနေဖြင့် တတိယအလွှာသို့ လာနိုင်သည့်အတွက်ကြောင့် သူမနောက်ခံခွန်အားမှာ လုံး၀ကိုပုံမှန်ဖြစ်လိမ့်မည် မဟုတ်။
သူမ တတိယအလွှာသို့ရောက်လာခြင်းမှာ မတော်တဆရောက်လာခြင်းမဟုတ်ဘဲ တမင်သက်သက်ရောက်လာခြင်း ဖြစ်ရပေမည်။ ထို့အပြင် ဤနေရာတွင်ရှိနေသော အလင်းစီးကြောင်းများမှာလည်း သူမကိုယ်တိုင် စုဝေးထားခြင်း ဖြစ်ရပေလိမ့်မည်။ ရန်ကိုင်သည် သူမ၏ကြိုးစားအားထုတ်မှုများကို အလစ်သုတ်ယူနေခြင်းသာ။ ထိုအချက်ကို စဉ်းစားမိလိုက်သော် ရန်ကိုင် ဇောချွေးပျံသွားခဲ့လေသည်။
အမှန်တရား မည်သို့ပင်ဖြစ်စေကာမူ ဤနေရာသည် သူဆက်နေသင့်သည့်နေရာ မဟုတ်တော့ချေ။ ဤအမျိုးသမီး အဆင့်တက်ပြီးသွားသည်နှင့် ပထမဦးဆုံး လုပ်မည့်အရာမှာ သူနှင့် စာရင်းရှင်းခြင်းပင်။ ရန်ကိုင်သည် တက်သစ်စ တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးကို မကြောက်သော်ငြား ပြဿနာကို ရှောင်နိုင်မည်ဆိုလျှင်တော့ အကောင်းဆုံးပင်။ ထို့ကြောင့် ထွက်ပြေးရန် ဆုံးဖြတ်လိုက်လေ၏။
ရန်ကိုင် ဘာလုပ်ချင်နေသလဲ နားလည်လိုက်သည့်အလား အမျိုးသမီးက အော်ပြောလိုက်လေသည် “အဲ့မှာပဲရပ်နေ၊ မလှုပ်နဲ့။ မဟုတ်ရင် ရှင်ပေးဆပ်ရလိမ့်မယ်”
သို့သော်လည်း ရန်ကိုင်မှ ထွက်ပြေးရန် ဆုံးဖြတ်ထားပြီးမှဖြင့် မည်ကဲ့သို့များ အမျိုးသမီး၏ ခြိမ်းချောက်မှုကို ကြောက်နေရဦးမည်နည်း။ ချက်ချင်းဆိုသလို သူ့လက်ကိုဝှေ့ယမ်း၍ သွေးသားရဲနှစ်ကောင်ကို ရုတ်သိမ်းကာ ထွက်ပြေးတော့လေသည်။ အမျိုးသမီးသည် အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့ကာ သူမလက်ကိုမြှောက်၍ ကြယ်ရောင်ကဲ့သို့သော အလင်းစက်များ စုဝေးလိုက်လေသည်။ ထိုကြယ်အလင်းများသည် မြှားတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင့်ဆီသို့ တိုး၀င်သွားခဲ့၏။
လေခွင်းသံထွက်ပေါ်လာသည်နှင့် ရန်ကိုင့် ကျောရိုးတစ်လျှောက် စိမ့်တက်သွားလေသည်။ တုန့်ဆိုင်းမနေဘဲ နောက်သို့လှည့်ကာ လက်သီးနှစ်ချက် ထိုးထည့်လိုက်သည်။ သူ နောက်သို့လှည့်ပြီး လက်သီးထိုချချခြင်းမှာပင် သူ့လက်သီးချက်သည် ကြယ်ရောင်များနှင့် သွားရောက်ထိပ်တိုက်တွေ့လေသည်။ တစ်ချိန်ထဲတွင် အားကောင်းသည့် စွမ်းအင်လှိုင်းတို့ ဖြာထွက်လာခဲ့သည်။ ရန်ကိုင်သည် ကြယ်ရောင်မြှား၏ လာရောက်ရိုက်ခတ်သည့် တွန်းအားကိုအသုံးချ၍ အလျင်စလို ထွက်ပြေးလေ၏။ အစမှအဆုံး ရန်ကိုင်သည် စကားတစ်ခွန်းပင် ပြောမသွားခဲ့ချေ။
“မြန်လိုက်တာ” အလင်းစက်ကွင်းထဲတွင် ရှိနေသော အမျိုးသမီးသည် အံကြိတ်၍ မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
“ထူးဆန်းလိုက်တာ။ တစ်ကယ်ဆို တတိယအလွှာမှာ ဘယ်သူမှ မရှိရမှာ မဟုတ်ဘူးလား။ ဘာလို့ အဲ့လူက ဒီရောက်နေတာလဲ။ သူ့ကြည့်ရတာလည်း သာမန် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက် ဟုတ်မယ့်ပုံမပေါ်ဘူး”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၁၄)
အမျိုးသမီးသည် သာမန် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး မဟုတ်ချေ။ သူမသည် တာအိုသခင်အဆင့်သို့ ချိုးဖျက်ခါနီးနေသည့် တန်ခိုးရှင်ဘုရင်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူမတိုက်ခိုက်မှုမှာ အလွန်ကိုမှ အားကောင်းကာ သာမန် တစ်ခိုးရှင်ဘုရင်တစ်ဦး ခုခံနိုင်သည့် အရာမျိုး မဟုတ်ချေ။ ရန်ကိုင်သည် သူမတိုက်ကွက်ကို အခက်အခဲမရှိ ခုခံနိုင်ခဲ့သည့်အပြင် ထိုတိုက်ကွက်ကိုပါ အခွင့်ကောင်းယူ၍ အရှိန်ထပ်တင်သွားသေးသည်။
ထို့ကြောင့် ရန်ကိုင်၏ခွန်အားကို အမျိုးသမီး အကြမ်းဖျဉ်း ခန့်မှန်းမိသွားခဲ့လေသည်။
“မေပယ်မြို့ထဲမှာ သူ့လိုမျိုး ပါရမီရှင်တစ်ယောက် တစ်ကယ်ကြီးရှိနေတာလား” အမျိုးသမီးသည် အံအားသင့်နေသည့် အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။
သို့သော်ငြား မကြာမီတွင် တာအိုအဆင့်သို့ ချိုးဖျက်ရာမှ ဖြစ်ပေါ်လာသော မိုးမြေကောင်းချီးမှာ ကျဆင်းလာတော့မည် ဖြစ်သည့်အတွက်ကြောင့် ထိုစိတ်ရှုပ်စရာ အတွေးများကို ခေါင်းထဲမှ ဖယ်ထုတ်ထားလိုက်လေသည်။ မကြာမီ ကောင်းကင်ထက်ဆီမှ မြောက်များလှစွာသော စွမ်းအင်များသည် ရေတံခွန်နှယ် အမျိုးသမီးပေါ်သို့ ကျဆင်းလာခဲ့လေသည်။
ရန်ကိုင်သည် မိုင်တစ်ရာခန့် အကွာအထိ ပျံသန်းပြီးနောက်မှသာ ဖြည်းဖြည်းချင်း ရပ်တန့်လိုက်သည်။ ဤအမျိုးသမီး ဘယ်သူလဲ၊ သူမ တတိယအလွှာထဲသို့ မည်သို့၀င်လာသလဲ သူမသိသော်လည်း သူမ၏ အကျိုးအမြတ်များစွာကို သွားလုယူထားသည့်အတွက်ကြောင့် သူ့အနေဖြင့် အရင်ဆုံး ပြန်ဆုတ်လာသည်မှာ အကောင်းဆုံးဖြစ်သည်။ တစ်ဖက်လူမှာ အဆင့်တက် မိုးမြေကောင်းချီးနှင့် ကြုံနေရသဖြင့် သူ့နောက်သို့ လုံး၀ဆက်လိုက်လာလိမ့်မည် မဟုတ်ချေ။
ရန်ကိုင်၏ နောက်ဘက်ဆီမှ မိုးကြိုးပစ်သံများ အဆက်မပြတ် မြည်ဟီးနေလေသည်။ လှမ်းကြည့်လိုက်ရာ ကောင်းကင်ထက်တွင် ရစ်သိုင်းနေသော အနက်ရောင် တိမ်စိုင်တိမ်တိုက်များကို မြင်တွေ့လိုက်ရသည်။ ဤအမျိုးသမီးသာ မိုးမြေကောင်းချီကို ခုခံနိုင်လိုက်သည် ဆိုသည်နှင့် တာအိုသခင်အဆင့်ကို ချိုးဖျက်နိုင်ပေလိမ့်မည်။ ထို့အပြင် ထိုအမျိုးသမီး၏ပုံကို ကြည့်ရသည်မှာ အဆင့်ချိုးဖျက်ရန်အတွက် အစောကြီးကတည်းက ပြင်ဆင်ထားပြီးသည့်ပုံပင်။
ထို့ကြောင့် သူမအနေဖြင့် တာအိုသခင်အဆင့်သို့ ချိုးဖျက်နိုင်ရန်မှာ အတော်လေး မြင့်မားပေသည်။ ထိုကဲ့သို့ တွေးလိုက်ပြီးနောက် ရန်ကိုင်သည် ထိုနေရာမှ ထပ်မံပျံသန်းသွားလေသည်။ နောက်ရက်များအတွင်း ရန်ကိုင်သည် အတော်လေး မျိုးမျိုးမြတ်မြတ် ရိပ်သိမ်းနိုင်ခဲ့လေသည်။ အကျိုးအမြတ်များ ရခဲ့သလို အန္တရာယ်အချို့နဲ့လည်း ကြုံတွေ့ခဲ့ရသည်။ တစ်ကြိမ်တွင်ဆိုလျှင် အဆင့်ဆယ့်တစ် အထွတ်အထိပ် မွန်းစတားသားရဲတစ်ကောင်၏ လိုက်လံ တိုက်ခိုက်ခြင်းကိုပင် ခံခဲ့ရသေးသည်။
အဆင့်ဆယ့်တစ် အထွတ်အထိပ် မွန်းစတားသားရဲတစ်ကောင်သည် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ခွန်အားချင်း ယှဉ်နိုင်ပေသည်။ ထိုကဲ့သို့သော မွန်းစတားသားရဲတစ်ကောင်သည် သူ့လက်ရှ်ိခွန်အားဖြင့် ကိုင်တွယ်နိုင်သည့်အရာ မဟုတ်။ အင်းစက်ဘုရင်မနှင့် မီးတောက်ပြာ မိုးကြိုးဝံပုလွေတို့ကြောင့်သာ မဟုတ်လျှင် ရန်ကိုင့်အနေဖြင့် အတော်လေး ဒုက္ခရောက်နေလောက်လေပြီ။ အချိန်အတော်ကြာအောင် လှည့်ပတ်ပြေးပြီး ထိုမွန်းစတားကို ခြေရာဖျောက်ပြီးမှပဲ ရန်ကိုင့် အနေဖြင့် အနာယူနိုင်လေသည်။
သို့သော်လည်း နေ့တစ်၀က်ခန့် အနားယူနေပြီးနောက်တွင် ပတ်ပတ်လည် ဟင်းလင်းပြင်သည် ရုတ်ချည်း တောင့်တင်းလာသလို ခံစားလိုက်ရလေသည်။ ဘာမှန်းမသိရသော စွမ်းအားတစ်ရပ်သည် သူ့အား လှုပ်မရအောင် ချုပ်နှောင်လာခဲ့သည်။ ရန်ကိုင်၏အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ သို့သော်လည်း သူမခုခံနိုင်ခင်သေးမှာပင် ထူးခြားဆန်းကျယ်သော စက်ဝိုင်းပုံ အစီအရင်တစ်ခု သူ့ခြေထောက်အောက်တွင် ပေါ်လာခဲ့သည်။ ထိုအစီအရင်သည် လျှင်မြန်စွာ လည်ပတ်လာပြီး အလွန်ပြင်းထန်သော ဆွအားတစ်ရပ်သည်လည်း ထိုထဲမှာ ထွက်လာကာ ရန်ကိုင်အား ဆွဲယူသွားခဲ့လေသည်။
ဟင်းလင်းပြင်အစီအရင်များကိုသုံးရာတွင် ခံစားရသည့် ခံစားချက်ကို ရန်ကိုင် ပြန်ခံစားလိုက်ရသည်။ ယခုမှပဲ အစောပိုင်းက ခံစားချက်သည် ငါးရောင်ခြယ်ရတနာဘုရား ပိတ်တော့မည့် အတွက်ကြောင့်မှန်း ရန်ကိုင် နားလည်သွားခဲ့လေသည်။ ငါးရောင်ခြယ်ရတနာဘုရားထဲ အသက်ရှင်နေသော ကျင့်ကြံသူအားလုံး အပြင်သို့ ပို့ဆောင်ခံလိုက်ရသည်။ ထိုအချင်းအရာကိုသိသော် ရန်ကိုင်လည်း ခုခံမနေတော့ဘဲ အစီအရင် စီးကြောင်းအတိုင်းသာ လိုက်ပါသွားလိုက်သည်။
ခဏအကြာတွင် မေပယ်မြို့ထဲရှိ မြို့သခင်စံအိမ်ရှေ့ရှိ မြေကွက်လပ်ထဲတွင် ပြန်ရောက်ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ရန်ကိုင့်ပတ်ပတ်လည်တွင် လူပေါင်းများစွာ ရှိနေခဲ့သည်။ အကုန်လုံးသည် တည်နေရာခုန်ကူးခြင်း အကျိုးဆက်ကြောင့် အနည်းငယ် ရီဝေဝေဖြစ်နေခဲ့ကြသည်။ အခြားသူများ၏ အာရုံစိုက်ခြင်းမခံရအောင် ရန်ကိုင်လည်း ခေါင်းမူးချင်ယောင် ဆောင်နေခဲ့လိုက်သည်။ မေပယ်မြို့၏ ကျင့်ကြံသူများထံမှ အသံများစွာ ထွက်ပေါ်လာခဲ့သည်။
ယခုတစ်ကြိမ် ငါးရောင်ခြယ်ရတနာဘုရားထဲသို့ ၀င်သွားပြီးနောက် တော်တော်များများမှာ အကျိုးကျေးဇူးများစွာ ရရှိခဲ့သလို အချို့မှာလည်း လက်ဗလာဖြင့်သာ ပြန်လာခဲ့ရသည်။ ငါးရောင်ခြယ် ရတနာဘုရားထဲသို့ မေပယ်မြို့ထဲမှ ကျင့်ကြံသူ တစ်သောင်းကျော် ၀င်ရောက်သွားသော်လည်း တစ်၀က်လောက်သာ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပြီး ကျန်တစ်၀က်မှာ ရတနာဘုရားထဲ သေဆုံးကာ ကျန်ရစ်ခဲ့ကြသည်။ ထိုအချက်ကို ကြည့်ရုံဖြင်ပင် ငါးရောင်ခြယ်ရတနာဘုရားမှ အန္တရာယ်များစွာဖြင့် ပြည့်နှက်နေသော ရတနာသိုက်ကြီးတစ်ခုမှန်း ပြောနိုင်ပေသည်။
စင်ပေါ်တွင်ထိုင်နေသော ဧကရာဇ်အဆင့် ပညာရှင်များမှာတော့ အေးအေးလူလူသာ ရှိနေခဲ့သည်။ ရှောင်ယုယန် စင်ပေါ်တွင် ထိုင်ရင်း လူအုပ်ကြီးအား လှည့်ပတ်၍ ဝေ့ကြည့်နေခဲ့လေသည်။ မကြာမီ သူ့အကြည့်သည် အပြာရောင် ဇာပုဝါအား တပ်ဆင်ထားသည့် အမျိုးသမီးထံတွင် ရပ်တန့်သွားခဲ့သည်။ အမျိုးသမီးနှင့် အကြည့်ချင်းဆုံသွားသည့်အခိုက်တွင် အမျိုးသမီးက အသာအယာ ခေါင်းညိတ်ပြလိုက်၏။ ထိုအခါ ရှောင်ယုယန်မှာ အလွန်ပျော်သွားသည့်အလား သည်းလှိုက်အူလှိုက် ထရယ်မောလေသည်။
“စီနီယာအကိုရှောင်ကိုကြည့်ရတာ အတော်ပျော်နေတဲ့ပုံပဲ” ရှောင်ယုယန်၏ ဘယ်ဘက်တွင်ထိုင်နေသော ချန်၀မ်ဟောင်က ပြောလိုက်သည်။
ရှောင်ယုယန်ပြုံးလျက် “ ငါပျော်တာ ဘာဖြစ်လို့လဲ။ ရောင်ရင်းချန်က မကျေနပ်လို့လား”
“မဟုတ်ပါဘူး” ချန်၀မ်ဟောင်၏မျက်နှာ မဲ့သွားခဲ့ပြီး ချက်ချင်း ပါးစပ်ပြန်ပိတ်လိုက်လေသည်။
ချန်၀မ်ဟောင်သည် ကောင်းကင်တိုက်ပွဲဒိုဂျိုမှ ပညာရှင်တစ်ဦး ဖြစ်ပြီး ဧကရာဇ် ပထမအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသော်ငြား ရှောင်ယုယန်သည် ကြယ်ဝိဉာဉ်နန်းတော်မှ ငွေသံတမန်တစ်ဦးဖြစ်သည်။ ထို့အပြင် ရှောင်ယုယန်သည် သူ့ထက်အဆင့်မြင့်သည့် ကျင့်ကြံခြင်းကိုလည်း ပိုင်ဆိုင်ထားပေရာ ချန်၀မ်ဟောင်အနေဖြင့် မည်ကဲ့သို့ သွား၍ ဆရာလုပ်ရဲမည်နည်။
“ဒါပေမဲ့ မေပယ်မြို့လို မြို့ထဲကနေ ဒီလောက် ကျင့်ကြံသူတွေအများကြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်တာ တစ်ကယ် အံအားသင့်စရာပဲ” ရှေးဟောင်းကျောင်းတော်၏ ဖုန်းမင်က လူအုပ်ကြီးကိုဝေ့ကြည့်ရင်း ပြောလိုက်လေသည်။
“မြို့သခင်တွမ့်ကတော့ ဒီတစ်ကြိမ် တော်တော်လေး ပျော်နေတော့မှာပဲ။ ငါးရောင်ခြယ်ဘုရားထဲ၀င်သွားတဲ့ ကျင့်ကြံသူတစ်၀က်လောက် သေသွားပေမဲ့ ကျန်ခဲ့တဲ့သူတွေက အနာဂတ်မှာ မေပယ်မြို့ကို ထောက်ပံ့ပေးမယ့် ထောက်တိုင်ကြီးတွေ ဖြစ်လာတော့မှာ”
“စီနီယာ ချီးကျူးလွန်းနေပါပြီ။ ဒါတွေအားလုံးက စီနီယာတို့ရဲ့ ကျေးဇူးတွေပါ” မြို့သခင်တွမ့်က နားရွက်လပါးစပ်တက်ချိတ်လုမတတ် ပြုံးရင်း နှိမ့်ချ၍ ပြောလိုက်လေသည်။
ဖုန်းမင်ပြောခဲ့သလိုပင် မေပယ်မြို့၏ ကျင့်ကြံသူ တော်တော်များများ သေဆုံးသွားသော်လည်း အသက်ရှင်ကျန်ရစ်သူများမှာတော့ မေပယ်မြို့၏ တောက်ပသည့် အနာဂတ်ကို ဆောင်ကျဉ်းပေးနိုင်မည့်သူများ ဖြစ်လာကြပေတော့မည်။ လူအုပ်ကြီးထဲသို့ ဝေ့ကြည့်လိုက်လေရာ အပြုံးကြီးပြုံးနေသော သူ့သား တွမ့်ထျန်းစီကို တွေ့လိုက်ရပေသည်။ သူ့သား အကျိုးအမြတ်ရလာသည်ကို မြင်သည့်အခါ တွမ့်ယွမ်ရှန်းအနေဖြင့် မည်သို့များ မပျော်ဘဲ နေနိုင်မည်နည်း။
ရုတ်တရက် တွမ့်ယွမ်ရှန်း မျက်မှောင်ကြုတ်သွားပြီး သူ့သိုလှောင်လက်စွပ်ထဲမှ ဆက်သွယ်ရေး မှော်ရတနာကို ထုတ်ယူလိုက်လေသည်။ ထို့နောက် ဆက်သွယ်ရေးမှော်ရတနာထဲသို့ သူ့ကောင်းကင်စိတ်အာရုံထည့်သွင်းလိုက်၏။ ထိုသို့လုပ်ပြီးပြီးချင်းမှာပင် သူ့အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားလေသည်။ ချက်ချင်းပဲ လူအုပ်ထဲတွင်ရှိနေသော သူ့သားဘက်သို့ လှည့်ကြည့်လိုက်ရာ သူ့သားက အလေးအနက်အမူအရာဖြင့် ခေါင်းညိတ်ပြနေကြောင်း တွေ့လိုက်ရသည်။
ထိုစဉ် မေပယ်မြို့ထဲရှိ မိသားစုခေါင်းဆောင်များ၏ ဆက်သွယ်ရေး မှော်ရတနာများမှာလည်း အဆက်မပြတ် အသက်၀င်လာခဲ့ကြလေသည်။
“မြို့သခင်တွမ် ဘာဖြစ်လို့လဲ” ဖုန်းမင်သည် တွမ့်ယွမ်ရှန်းသား သင်္ကာမကင်း အမူအရာဖြင့် ကြည့်၍မေးလိုက်၏။
“စီနီယာ ပြဿနာတစ်ခုခုတော့ တက်နေပြီတော့တူတယ်” တွမ့်ယွမ်ရှန်းက အလျင်စလို ဦးညွတ်၍ပြောလိုက်သည်။
“မြို့သခင်တွမ့် အဲ့လောက်စိတ်ပူစရာ မလိုပါဘူး။ ကျုပ်တို့တွေရှိနေတာ ဘာတွေ စိတ်ပူနေသေးတာလဲ” ဖုန်းမင်က ပြောလိုက်သည်။
သူပြောသည်မှာလည်း အထူးအဆန်းတော့ မဟုတ်။ ဤနေရာတွင် ဧကရာဇ်အဆင့် ပညာရှင် ခြောက်ဦးပင် ရှိနေလေရာ မဟာဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးသာ ရောက်မလာသရွေ့ ကြုံလာသည့် ပြဿနာများကို သူတို့ ကိုင်တွယ်နိုင်ပေသည်။
တွမ့်ယွမ်ရှန်းသည် နဖူးထက် စီးကျလာနေသော ချွေးများကိုသုတ်ရင်း ရှင်းပြလိုက်သည်။ “ဒီလိုပါ စီနီယာ။ ကျုပ်တို့ မေပယ်မြို့ထဲက ကျင့်ကြံသူတွေ ဒုတိယအလွှာမှာရှိတဲ့ စည်းတစ်ခုကိုဖျက်ပြီး အဲ့ထဲက သစ်သားဝိဉာဉ်တစ်ကောင်ကို လွှတ်ပေးလိုက်မိလို့ပါ”
“ဘယ်လို” ထိုစကားကို ကြားသည့်အခါ ဖုန်းမင်၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားပြီး ချက်ချင်းထရပ်၍ မေးလိုက်လေသည်။
“မင်း တစ်ကယ်ပြောနေတာလား”
“ဟုတ်ပါတယ်။ အခုပဲ ဒီတွမ့် မေပယ်မြို့ထဲက မိသားစုကြီးတွေကနေ သတင်းရလိုက်တာပါ”
“သစ်သားဝိဉာဉ်။ ရတနာဘုရားရဲ့ ဒုတိယအလွှာမှာ တစ်ကယ်ကြီး သစ်သားဝိဉာဉ်တစ်ကောင်ကို ချိတ်ပိတ်ထားတာလား” ယခုအချိန်ထိ စကားမပြောခဲ့သည့် အမျိုးသမီးက မျက်မှောင်ကြုတ်၍ အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်လေသည်။
ထိုအမျိုးသမီးသည် နေမင်းပြာကျောင်းတော်၏ ကောင်းရွမ်ထင်း သာ ဖြစ်လေသည်။ အခြားသော သူများကဲ့သို့ ဧကရာဇ် ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
“သစ်သားဝိဉာဉ်တွေက ကိုင်တွယ်ဖို့ မလွယ်ဘူး။ ဒီတစ်ကောင်က ရှေးဟောင်း သစ်သားဝိဉာဉ်တောင် ဖြစ်နေနိုင်တယ်။ စီနီယာရှောင် မင်းဘာလို့ ငါတို့ကို ဒီအကြောင်း အစောကြီးကတည်းက ကြိုအသိမပေးတာလဲ” ချန်၀မ်ဟောင်သည် ရှောင်ယုယန်ဘက်သို့လှည့်၍ အတွန့်တက်လိုက်လေသည်။
ရှောင်ယုယန်သည် သူလည်း ဘာမှမသိသည့် အမူအရာဖြင့် ပခုံးတွန့်ပြ၍ “ငါးရောင်ခြယ်ရတနာဘုရားက မင်းထင်သလောက် မရိုးရှင်းဘူးကွ။ ရတနာဘုရားရဲ့ အတွင်းပိုင်း တည်ဆောက်ပုံကို မဟာဧကရာဇ်တွေတောင် သေချာ မသိရသေးဘူး။ အထဲမှာရှိတဲ့ အချို့ အစီအရင်တွေ၊ အကာအကွယ်တွေဆို မဂာဧကရာဇ်တွေကိုယ်တိုင် ၀င်စစ်ဆေးရင်တောင် ဘာမှ ရှာမတွေ့နိုင်တဲ့အထိ ပျောက်ချက်သား ကောင်းနေတာ။ ဒီသစ်သားဝိဉာဉ်က အဲ့လို အစီအရင်တွေထဲကတစ်ခုနဲ့ ချိတိပိတ်ခံထားရတာ ဖြစ်လိမ့်မယ်”
ရှောင်ယုယန်မှ ဤကဲ့သို့ပြောနေသည့်အတွက် အခြားသူများလည်း ဘာမှ မတတ်နိုင်တော့ပေ။
“အဲ့သစ်သားဝိဉာဉ်ကို ရှင်းပေးဖို့ စီနီယာတို့ကို တောင်းဆိုပါတယ်။ မဟုတ်ရင် မေပယ်မြို့တစ်ခုလုံး ဒုက္ခရောက်ရမှာမို့လို့ပါ” တွမ့်ယွမ်ရှန်းသည် ဧကရာဇ်အဆင့် ပညာရှင်များကိုကြည့်ရင်း တောင်းဆိုလိုက်သည်။
“သစ်သားဝိဉာဉ်လေးပဲကို မြို့သခင်တွမ့်က ဘာတွေဒီလောက်ကြောက်နေတာလဲ။ ပြီးတော့ အဲ့ကောင်က နှစ်ပေါင်းမရေမတွက်နိုင်အောင် ချိတ်ပိတ်ခံထားရတာဆိုတော့ သူ့ခွန်အားက လျော့ကျနေပြီ။ ကျုပ်တို့ မလှုပ်ရှားဘူး ဆိုရင်တောင် မြို့သခင်တွမ့်ဘာသာ ဒီပြဿနာကို ဖြေရှင်းလိုက်လို့ရတယ်” ဖုန်းမင်က စိတ်မ၀င်စားဟန်ဖြင့် ပြောလိုက်သည်။
သို့ရာတွင် တွမ့်ယွမ်ရှန်းက ခါးသက်စွာပြုံး၍ “စီနီယာမသိလို့ ကျုပ်ကိုပြောတဲ့ သတင်းတွေအရဆိုရင် ဒီသစ်သားဝိဉာဉ်က ကျင့်ကြံသူတွေကိုသတ်ပြီး သူ့ကိုယ်သူ အားပြန်ဖြည့်နိုင်တယ်တဲ့။ ပြီးတော့ အခြား ကျင့်ကြံသူတွေရဲ့ ကိုယ်ထဲကိုလည်း သစ်သားစေ့တွေ ထထားနိုည့်င်တယ်တဲ့။ အဲ့သစ်သားစေ့ ထည့်ထားခံရတဲ့ ကျင့်ကြံသူတွေကို သစ်သားဝိဥာဉ်က အချိန်မရွေး ထိန်းချုပ်ပစ်လိုက်လို့ ရတယ်။ အခု ကြည့်ရသလောက်ဆို ငါးရောင်ခြယ်ရတနာဘုရားထဲက ပြန်ထွက်လာတဲ့ ကျုပ်မေပယ်မြို့ထဲက ကျင့်ကြံသူတော်တော်များများ သစ်သားစေ့ ထည့်ခံထားရလောက်ပြီ”
“မင်းတစ်ကယ်ပြောနေတာလား” ဧကရာဇ် ခြောက်ယောက်စလုံး၏အမူအရာ လေးနက်သွားလေသည်။
“တစ်ကယ်ပြောတာပါ။ ဒီအကြောင်းကို ကျုပ်သားကိုယ်တိုင်ပြောတာပါ။ သူတောင် အဲ့လိုသစ်သားစေ့ ထည့်ခံထားရတဲ့ ကျင့်ကြံသူ သတ်လို့ သေခါနီး ဖြစ်သွားခဲ့ရသေးတယ်” တွမ့်ယွမ်ရှန်းက အလျင်အမြန် ပြောလိုက်သည်။
“အဲ့တာဆို ဒီကိစ္စက နည်းနည်း ပြဿနာများသွားပြီ”
ရှောင်ယုယန်က ခဏကြာစဉ်းစားနေပြီးနောက် အမိန့်ပေးလိုက်လေသည်။
“ကောင်းပြီလေ သစ်သားဝိဉာဉ်က ငါးရောင်ခြယ် ရတနာဘုရားထဲက ထွက်လာတာဆိုတော့ ဒီကိစ္စက ငါတြို ကြယ်ဝိဉာဉ်နန်းတော်ရဲ့ တာ၀န်တစ်စိတ်တစ်ပိုင်း ဖြစ်သွားတာပေါ့။ ကောင်းပြီ။ ဒီရှောင် ၀င်ကူညီပေးမယ်။ မြို့သခင်တွမ့် မေပယ်မြို့ရဲ့ အစီအရင်ကိုဖွင့်လိုက်။ ပြီးရင် မြို့ဂိတ်တွေ အကုန်လုံးကို ပိတ်ချထားလိုက်။ ဘယ်သူမှ ၀င်ခွင့်မပေးနဲ့။ ထွက်ခွင့်လည်း မပေးနဲ့။ ပြီးရင် ဒီမြေကွက်လပ်ထဲကလူတွေပါ တစ်ယောက်မှထွက်မသွားအောင် စောင့်ကြည့်ထား။ ဒီကိစ္စကို ဒီမှာတင် အပြီးဖြတ်ပစ်မယ်”
“ဟုတ်ကဲ့ပါ။ အခုလို ကူညီပေးတဲ့အတွက် စီနီယာတို့ကို ကျေးဇူးအများကြီး တင်ပါတယ်”
ထိုစကားကိုကြားသည့်အခါ တွမ်ယွမ်ရှန်း အလွန်ပျော်သွားပြီး ချက်ချင်းပဲလှည့်၍ အော်ပြောလိုက်လေသည်။
“လူကြီးမင်း ကြယ်သံတမန်ရဲ့ အမိန့်အရ အားလုံး ဒီမှာပဲ ဆက်နေရမယ်။ စီနီယာတွေမှာ ဖြေရှင်းစရာ ကိစ္စလေးတွေရှိလို့ အဲ့ကိစ္စကို ဖြေရှင်းပြီးမှပဲ အားလုံးထွက်သွားခွင့် ရမယ်။ ကျေးဇူးပြုပြီး နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်”
ထိုးစကား ထွက်ပေါ်လာသည်နှင့် ဆူညံပွက်လောရိုက်နေသော မြေကွက်လပ်ကြီးသည် ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။ အကုန်လုံးသည် တွမ့်ယွမ်ရှန်းအား အံ့ဩတကြီးဖြင့် ကြည့်လိုက်ကြသည်။ ဆက်သွယ်ရေး ဓာတ်လုံးကိုသုံး၍ မိုရှောင်ချီနှင့် ဆက်သွယ်နေသော ရန်ကိုင်သည်လည်း မျက်မှောင်ကြုတ်၍ တွမ့်ယွမ်ရှန်းအား အံ့အားသင့်တကြီး ကြည့်လာလေသည်။
သို့သော်ငြား ဤကိစ္စမှာ ဧကရာဇ်တစ်ဦး၏ အမိန့်ဖြစ်သဖြင့် မည်သူမှ လျစ်လျူမရှုနိုင်ပေ။ သူတို့စိတ်ထဲ မကျေနပ်လျှင်ပင် ပြောသည့်အတိုင်း လုပ်ရုံသာတတ်နိုင်လေ၏။
ချက်ချင်းဆိုသလို ဧကရာဇ်ခြောက်ဦးသည် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် လေးဦးမှာ အရပ်မျက်နှာတစ်ခုဆီသို့ ရုတ်တရက် ပျံထွက်သွားကြလေသည်။ စင်ပေါ်တွင် ရှောင်ယုယန်နှင့် ကောင်းရွမ်ထင်းသို့သာ ကျန်ရစ်ခဲ့သည်။
ထို့နောက် တဝီဝီ မြည်သံနှင့်အတူ မေပယ်မြို့တစ်ခုလုံး တုန်ခါလာခဲ့၏။ ထို့နောက် ချက်ချင်းဆိုသလို ပါးလျထွင်းဖောက်မြင်နိုင်သော အကာအကွယ်တစ်ခုသည် မေပယ်မြို့ တစ်ခုလုံးအား ဖုံးအုပ်သွားလေ၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၁၅)
ဤပြောင်းလဲမှုသည် မြေကွက်လပ်တွင်ရှိနေသော ကျင့်ကြံသူများစွာကို အခက်တွေ့သွားစေခဲ့သည်။ သို့သော်လည်း ဧကရာဇ်အဆင့် ပညာရှင်များကြောင့် မည်သူမှ အထွန့်မတက်ရဲကြချေ။ လူတော်တော်များဆိုလျှင် ဘာဖြစ်လို့ ဖြစ်လို့ ဖြစ်နေမှန်းပင် မသိကြ။ အကာအရံပေါ်လာသည်နှင့် စင်ပေါ်တွင်ထိုင်နေသော ရှောင်ယုယန်နှင့် ကောင်းရွမ်ထင်းသည် အကြည့်ချင်းဖလှယ်၍ မတ်တတ်ရပ်လိုက်ကြသည်။
ထို့နောက်တွင်အားကောင်းသော ကောင်းကင်စိတ်အာရုံနှစ်ခုသည် မြေကွက်လပ်ထဲသို့ လွှမ်းခြုံသွားလေသည်။ မြေကွက်ထဲတွင်ရှိနေသော ကျင့်ကြံသူ အားလုံးလိုလို တောင့်တင်းကုန်ကြ၏။ ဧကရာဇ်အဆင့် ကျင့်ကြံသူနှစ်ဦး၏ ကောင်းကင်စိတ်အာရုံ သူတို့အပေါ် ဖြတ်သန်းသွားလေရာ မည်သူကများ မသက်မသာမဖြစ်ဘဲ နေပါမည်နည်း။ ထိုအားကောင်းလှသည့် ကောင်းကင်စိတ်အာရုံနှစ်ခု ရှေ့မှောက်တွင် သူတို့ လျှို့ဝှက်ချက်အားလုံး ပေါ်သွားသလို ခံစားလိုက်ရသည်။
သို့သော်လည်း မကြာမီ ရှောင်ယုယန်နှင့် ကောင်းရွမ်ထင်းသည် သူတို့၏ ကောင်းကင်စိတ်အာရုံအသီးသီးကို ပြန်ရုတ်သိမ်းလိုက်လေသည်။
“ကြည့်ရတာ တော်တော်များများ ကူးစက်ခံထားရတာပဲ” ရှောင်ယုယန်သည် မျက်လုံးမှေးစင်းကာပြောလျက် လက်ဆန့်ကာ လက်ညှိုးထိပ်မှ အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။
ထိုအလင်းတန်းသည် လျှပ်စီးတမျှ မြန်ဆန်သောနှုန်းဖြင့် အောက်ဘက်တွင်ရှိနေသော ၀တ်ရုံပြာ၀တ် ကျင့်ကြံသူ၏ ၀မ်းဗိုက်ကို ထိုးဖောက်သွားခဲ့သည်။ ထိုကျင့်ကြံသူမှာ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သာ ရှိနေသေးသည်။ ထို့ကြောင့် ဧကရာဇ်အဆင့် ပညာရှင်မှ သူ့အား တိုက်ခိုက်လာသည်ကိုမြင်သော် မျက်နှာဖြူလျော်သွားပြီး အလန့်တကြား ထအော်လေသည်။
“လူကြီးမင်း ကြယ်သံတမန် ခင်ဗျား…”
သူ့ကဲ့သို့သော ဘာမဟုတ်သည့် ကျင့်ကြံသူသည် ကြယ်သံတမန်ကဲ့သို့သော ကျင့်ကြံသူကို မည်သည့်အချိန်ကများ သွားရန်စမိလိုက်မှန်း လုံး၀ကို နားမလည်နိုင် ဖြစ်နေခဲ့လေသည်။ သူပြော၍ မပြီးသေးခင်မှာပင် အလင်းတန်းသည် သူ့၀မ်းဗိုက်အား ဖောက်ထွက်သွားခဲ့သည်။ ထို့လူမှာ ယိုင်ထွက်သွားပြီး အလင်းတန်းအရှိန်ကြောင့် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရသည်။
တစ်ချိန်ထဲတွင် အလင်းတန်းသည် သူ့ကျောဘက်ဆီမှ ပြန်ထွက်လာခဲ့သည်။ သို့သော်လည်း လက်ရှိတွင် အလင်းတန်းသည် တစ်ခုခုကို ရစ်ပတ်လွှမ်းခြုံထားခဲ့လေသည်။ သေချာကြည့်ကြည့်လိုက်ပြီးနောက် အလင်းတန်း လွှမ်းခြုံထားသည့်အရာမှာ ဘဲဥပုံသဏ္ဌာန် မိုးပြာရောင် အစေ့တစ်စေ့ ဖြစ်နေကြောင်း အကုန်လုံး အံ့အားသင့်ဖွယ် တွေ့လိုက်ကြရလေသည်။
“ဖက်”
ခပ်အုပ်အုပ်မြည်သံနှင့်အတူ အလင်းတန်း ပေါက်ကွဲထွက်သွားခဲ့ပြီး အစေ့မှာလည်း အငွေ့ပျံသွားခဲ့လေသည်။ ထိုအချိန်မှာပင် အစေ့ဆီမှ စူးစူးရှရှ အောမြည်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအချင်းအရာကို မြင်မှပဲ ၀တ်ရုံပြာလူ၏ကိုယ်ထဲသို့ တစ်စုံတစ်ခုမှ ကျူးကျော်၀င်ရောက်နေသည်မှန်း အကုန်လုံး နားလည်သွားခဲ့လေသည်။ ရှောင်ယုယန်သည် ထိုအရာကို ဖယ်ရှားရန်အတွက် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
၀တ်ရုံပြာနှင့်လူမှာ အတော်လေးကို သွေးဆုတ်ဖြူလျော်နေပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားကြောင်း တွေ့လိုက်ရလေသည်။ သို့ရာတွင် အသက်အန္တရာယ်တော့ မရှိတော့ပေ။ ရှောင်ယုယန်သည် ထိုလူကို တစ်ချက်ပင်လှည့်မကြည့်တော့ဘဲ သူ့လက်ကို ဝှေ့ယမ်း၍ အလင်းတန်းများစွာကို ပစ်လွှတ်လိုက်လေသည်။ အလင်းတန်းများသည် လူအုပ်ထဲရှိ လူပေါင်းများစွာသို့ တိုး၀င်သွားလေ၏။
ရှောင်ယုယန် လှုပ်ရှားလိုက်သည်နှင့် ကောင်းရွမ်ထင်းသည်လည်း လှုပ်ရှားလိုက်လေသည်။ အလေးအနက်အမူအရာဖြင့် ထိုအမျိုးသမီးသည် လေထဲတွင် ပိုက်ကွန်တစ်ခုကို သိပ်သည်းလိုက်လေသည်။ ထိုပိုက်ကွန်သည် တစ်ခုမှနှစ်ခု၊ နှစ်ခုမှ သုံးခု စသည်ဖြင့် အဆက်မပြတ်ကွဲထွက်သွားပြီး လေထဲသို့ ပျံ့နှံ့သွားလေ၏။ ပိုက်ကွန်များမှာ ကိုယ်ပိုင်အသိစိတ် ရှိနေသည့်အလား ပစ်မှတ်အသီးသီးသို့ တိုး၀င်သွားပြီး အုပ်ချလိုက်လေသည်။
ပိုက်ကွန်နှင့် အုပ်ခံလိုက်ရသည့် ကျင့်ကြံသူအားလုံး အလန့်တကြား ထအော်လေ၏။ သို့သော်လည်း ပိုက်ကွန်မှာ သူတို့အား ထိခိုက်စေခြင်းမရှိဘဲ သူတို့ခန္ဓာကိုယ်ကို ဖောက်၀င်သွားပြီး မိုးပြာရောင် အစေ့များကိုသာ ထုတ်ယူသွားမှန်း တွေ့လိုက်ရလေသည်။ ထို့နောက်တွင် ကောင်းရွမ်ထင်းသည် လက်ကွက်တစ်ခုကို ဖန်တီးလိုက်လေ၏။ ထိုအခါ ပိုက်ကွန်လေးများ ပေါက်ကွဲထွက်ကုန်ပြီး အထဲတွင်ရှိနေသော အစေ့များပါ တစ်စစီ ဖြစ်ကုန်ကြလေသည်။
“အဲ့တာ ဘာကြီးလဲ” ကျင့်ကြံသူတစ်ဦးက အနောက်သို့ ဒယီးဒယိုင်ဆုတ်ရင်း အော်ဟစ်လိုက်လေသည်။
အခုမှပဲ ဧကရာဇ်အဆင့် ကျင့်ကြံသူများသည် သူတို့အား သတ်ရန်ကြိုးစားနေခြင်းမဟုတ်ဘဲ သူတို့ကိုယ်ထဲတွင်ကပ်ပါလာသော အစေ့များကို ဖယ်ရှားပစ်ရန် ကြိုးစားနေကြောင်း တွေ့ရှိလိုက်ရလေသည်။ မြေကွက်လပ်တစ်ခုလုံး အော်ဟစ်သံများဖြင့် ပြည့်နှက်သွားလေတော့သည်။ ထိုအခိုက်အတန့်တွင် ပြင်းထန်သည့် စွမ်းအားတစ်ရပ် ရုတ်ချည်း ပေါက်ကွဲထွက်လာခဲ့သည်။ လူအုပ်ကြီးကြားထဲ ထူးဆန်းသည့် သစ်ပင်များစွာ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
ပုံမှန်အားဖြင့် ထိုသစ်ပင်များမှာ သာမန်သစ်ပင်များနှင့် ဘာမှ မကွဲပြားသော်ငြား ၎င်းတို့တွင် အလွန်ကြမ်းကြုတ်ခက်ထန်သည့် အရှိန်အဝါတစ်ရပ် ရှိနေခဲ့သည်။ ထို့အပြင် သစ်ပင်၏ ပင်စည်ပေါ်တွင် လူမျက်နှာကဲ့သို့ မျက်နှာများ ရှိနေကြသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်လည်း အံအားသင့်နေခဲ့သည်။ သူ့ဘေးနားတွင်ရှိနေသော ကျင့်ကြံသူတစ်ဦး အလွန်လျှင်မြန်စွာ ပြောင်းလဲသွားသည်ကို သူကိုယ်တိုင် မြင်တွေ့လိုက်ရပေသည်။
ထိုကျင့်ကြံသူသည် သူ့အပေါင်းအပါများဖြင့် ငါးရောင်ခြယ်ရတနာဘုရားတွင် ကြုံတွေ့ခဲ့ရသော အကြောင်းအရာကိုပြောရင်း ရယ်မောနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရုတ်တရက်ဆိုသလို သူ့မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့သွားလေသည်။ တစ်ချိန်ထဲတွင် သူ့၀မ်းဗိုက်မှာ အရောင်တောက်လာပြီး အရေပြားများမှာလည်း ကွဲအက်သွားခဲ့သည်။ တစ်ခုခုသည် သူ့ကိုယ်ထဲမှ ရုန်းထွက်ရန် ကြိုးစားနေသည့်အလား ကွဲအက်သွားသော အရည်ပြားမှ သွေးများစီးကျလာခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်း ထိုကျင့်ကြံသူသည် လူမျက်နှာပါသော သစ်ပင်တစ်ပင်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။ ထိုသစ်ပင်မှ အစိမ်းရောင်နွယ်ပင်များ အရူးအမူး ထွက်ပေါ်လာခဲ့လေသည်။ ထို ရုတ်တရက် ပြောင်းလဲသွားသည့် အဖြစ်အပျက်ကြောင့် ကျင့်ကြံသူပေါင်းများစွာ အလစ်အငိုက် မိသွားကြသည်။ ကျင့်ကြံသူတစ်ဦးသည် နွယ်ပင်တစ်ပင်၏ ထိုးဖောက်ခြင်း ခံလိုက်ရပြီး သူ့ကိုယ်ထဲရှိ အသက်စွမ်းအင် စုပ်ယူခံလိုက်ရသည့်အလား လျင်မြန်စွာ ညိုးလျော်ခြောက်သွေ့သွားလေသည်။
“သစ်သားဝိဉာဉ်” ရန်ကိုင် အလန့်တကြား ထအော်လိုက်လေသည်။
သူ့ရှေ့တွင် ဖြစ်ပျက်နေသေ အရာကို ရန်ကိုင် မည်ကဲ့သို့များ မမှတ်မိဘဲ နေပါဦးမည်နည်း။ ဤမြင်ကွင်းသည် ငါးရောင်ခြယ် ရတနာဘုရား၏ ဒုတိယအလွှာ၌ သစ်သားဝိဉာဉ်ပေါ်လာသည့် မြင်ကွင်းနှင့် တစ်ထေရာပဲပင်။ သို့သော်လည်း မေပယ်မြို့ထဲရှိ မြေကွက်လပ်ထဲတွင် သစ်သားဝိဉာဉ်ကို နောက်တစ်ကြိမ် ထပ်တွေ့ရမည်ဟု မထင်ထားခဲ့ချေ။ အော်ဟစ်လိုက်ရင်းမှ ရန်ကိုင်သည် အနောက်သို့ ချက်ချင်းခုန်ဆုတ်သွားလေသည်။
တစ်ချိန်ထဲတွင် သူ့လက်ထိပ်၌ ဓါတ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီကိုသိပ်သည်း၍ သူ့ဆီသို့ တိုး၀င်လာနေသော နွယ်ပင်များကို ဖြတ်တောက်ပစ်လေ၏။ ဖြတ်ခံလိုက်ရသော နွယ်ပင်မျာစွာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ ရန်ကိုင်သည် ထိုအခိုက်အတန့်အား အခွင့်ကောင်းယူကာ မြေပြင်အား ဆောင့်ကန်၍ ခပ်ခွာခွာသို့ ဆုတ်သွားခဲ့သည်။ ယခုဆိုလျှင် ဘာတွေဖြစ်နေသလဲ ဆိုသည်ကို ကျင့်ကြံသူပေါင်းများစွာ သိသွားကြလေပြီ။
ချက်ချင်းဆိုသလို သစ်သားဝိဉာဉ်ဟူသော နာမည်သည် မြေကွက်လပ်ထဲရှိ လူများအကြား ပျံ့နှံ့လာခဲ့၏။
“မင်းတို့ခွန်အားကို လှည့်ပတ်ပြီး ကိုယ့်ကိုကိုယ် ကာကွယ်ထားကြ။ သစ်သားအစေ့တွေ မင်းတို့ကိုယ်ထဲ ရောက်မလာစေနဲ့။ မဟုတ်ရင် မင်းတို့ ကံကြမ္မာက အဲ့လူတွေလိုပဲ ဖြစ်သွားလိမ့်မယ်” ရှောင်ယုယန်က အကျယ်ကြီး အော်ဟစ်၍ ပြောလိုက်လေသည်။
ထိုစကားကို ကြားသည့်အခါ ရန်ကိုင်သည် ချက်ချင်းပဲ သူ့ခွန်အားကိုလှည့်ပတ်၍ သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားလိုက်လေသည်။ မြန်မြန်ဆန်ဆန် တုန့်ပြန်နိုင်သည့် ကျင့်ကြံသူများမှာတော့ လွတ်သွားခဲ့ပြီး၊ နှေးနေသူများ၊ ကံမကောင်းသူများမှာတော့၊ သစ်သားစေ့များ ကူးစက်ခံရပြီး သစ်သားဝိဉာဉ်ကိုယ်ပွားအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ စင်မြင့်ထက်တွင် ရှိနေသော ရှောင်ယုယန်သည် အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့၍ သူ့ခွန်အားကိုလှည့်ပတ်ကာ သစ်သားဝိဉာဉ်များစွာကို တစ်ခဏအတွင်း သတ်ပစ်လိုက်လေသည်။
ကောင်းရွမ်ထင်းသည်လည်း ငြိမ်မနေခဲ့ပေ။ လက်ရှိကိစ္စအား အနုနည်းဖြင့် ဖြေရှင်း၍မရသည်ကိုမြင်သော် သနားညှာတာမနေတော့ဘဲ သူမမြင်ကွင်းထဲတွင်ရှိနေသော သစ်သားဝိဉာဉ်ကိုယ်ပွားအားလုံးကို စတင် ဖျက်စီးပစ်တော့လေ၏။ တစ်ချိန်ထဲတွင် အခြား ဧကရာဇ်လေးဦးသည်လည်း မေပယ်မြို့ထဲတွင် လှည့်လည်သွားလာရင်း သစ်သားဝိဉာဉ်အစေ့များကို လိုက်လံရှင်းထုတ်နေကြလေသည်။
ငါးရောင်ခြယ်ရတနာဘုရားထဲမှ ကျင့်ကြံသူများပြန်ရောက်လာသည့်အခါ တော်တော်များများသည် ချက်ချင်း ထွက်ခွာသွားကြသည်။ ထိုလူများအနက် သစ်သားဝိဉာဉ်၏ သစ်သားစေ့ ကူးစက်ခံထားရသည့် လူအချို့ ပါနေပေသည်။ သစ်သားဝိဉာဉ်သည် သူရှိနေမှန်း တစ်ဖက်လူများ သိရှိသွားကြောင်းကို နားလည်သွားပြီးနောက်တွင် မျိုးစေ့အားလုံးကို ချက်ချင်း အပင်ပေါက်လာအောင် လုပ်ပစ်လိုက်သည်။ ထို့အတွက်ကြောင့် ဧကရာဇ်ခြောက်ဦးသည်လည်း သစ်သားဝိဉာဉ်ကိုယ်ပွားများအား ကိုယ်တိုင် လိုက်လံရှင်းလင်းပစ်ရတော့လေသည်။
သစ်သားဝိဉာဉ်၏ အန္တရာယ်ကို နားလည်လိုက်သည့်နောက်တွင် မေပယ်မြို့၏ ကျင့်ကြံသူများသည်လည်း သူတို့ကိုယ်သူတို့ ကာကွယ်ရန် စွမ်းအားများကို စတင်လှည့်ပတ်ကြလေ၏။ မကြာမီ မေပယ်မြို့တစ်ခုလုံးသည် ဗရမ်းဗတာ တိုက်ပွဲများဖြင့် ပြည့်နှက်သွားတော့သည်။ သို့သော်ငြား အခြေအနေမှာ ကိုင်တွယ်၍ ရသေးသည့် အခြေအနေတွင်ပင် ရှိနေသေးသည်။ သစ်သားဝိဉာဉ်ကိုယ်ပွားများမှာ အရမ်းကြီး အားမကောင်းကြသလို သူတို့၏ ခွန်အားမှာလည်း အကန့်အသတ်အတွင်းသာ ရှိကြသည်။
သစ်သားဝိဉာဉ်၏အားသာချက်မှာ ၎င်း၏အစေ့များကို အခြားကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထဲသို့ တိတ်တဆိတ် ထည့်သွင်းနိုင်ခြင်းပင်။ သို့သော်လည်း ကျင့်ကြံသူတစ်ဦးသာ အဆက်မပြတ် သတိကပ်ထားသရွေ့ သစ်သားစေ့ ကူးစက်ခံရနှုန်းမှာ အတော်လေး နည်းပါးပေသည်။ ကျင့်ကြံသူပေါင်းများစွာက အားတက်သရော ပါ၀င်လုပ်ဆောင်နေကြသဖြင့် သစ်သားဝိဉာဉ်ကပ်ဘေးမှာ မကြာမီအချိန်အတွင်း အပြီးသတ်သွားမည့်ပုံပေါ်၏။
နေ့၀က်ကြာပြီးနောက်တွင် မရေမတွက်နိုင်သော သစ်သားဝိဉာဉ်ကိုယ်ပွားအလောင်းများ မေပယ်မြို့ထဲတွင် ပြန့်ကျဲနေကြလေသည်။ ထိုအလောင်းများမှာ မူလက မေပယ်မြို့၏ ကျင့်ကြံသူများသာ ဖြစ်ကြသော်လည်း သစ်သားစေ့၏ ကူးစက်ခံရပြီးနောက်တွင် မတူကွဲပြားသော သစ်သားဝိဉာဉ်ကိုယ်ပွားအဖြစ်သို့ အပြီးတိုင် ပြောင်းလဲသွားကြကုန်၏။ ဧကရာဇ်ခြောက်ဦးမှာ ထိုမျှနှင့်ငြိမ်မနေဘဲ လူခွဲကာ မေပယ်မြို့တစ်ခုလုံးကို သေသေချာချာ လိုက်လံစစ်ဆေးကြလေသည်။
သူတို့စစ်ဆေးနေစဉ်အတွင်း လျှို့ဝှက်စွာ တည်ရှိနေသော သစ်သားဝိဉာဉ်အချို့ကို ထပ်မံတွေ့ရှိလိုက်ရပေသည်။ နှစ်ရက်ကြာပြီးနောက်မှသာ မေပယ်မြို့ထဲရှိ ဗရမ်းဗတာ အခြေအနေမှာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့၏။ နှစ်ရက်အတွင်း မေပယ်မြို့တွင် သေဆုံးသွားသည့် ကျင့်ကြံသူ ထောင်နှင့်ချီပေသည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင် သစ်သားဝိဉာဉ် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို မြင်တွေ့နိုင်ပေသည်။ သစ်သားဝိဉာဉ်မှာ ကိုယ်တိုင်လှုပ်ရှားစရာပင်မလို။ ၎င်း၏ သစ်သားစေ့များကို ဖြန့်လိုက်ရုံဖြင့် တစ်မြို့လုံး ကပ်ဘေးကျသွားလေသည်။
ဤသစ်သားဝိဉာဉ်ကိုသာ အားကောင်းလာခွင့် ပြုလိုက်မည်ဆိုပါက မေပယ်မြို့တစ်ခုလုံး ကပ်ဘေးစိုက်သွားပေလိမ့်မည်။ ယခုမှပဲ ဤသစ်သားဝိဉာဉ်မည်မျှ ကြောက်မက်ဖွယ်ရာကောင်းကြောင်း၊ ဧကရာဇ်များပင် သစ်သားဝိဉာဉ်များလက်၌ သေဆုံးသွားသည်မှာ အခြေအမြစ်မရှိသည့် စကားမဟုတ်ကြောင်း ရန်ကိုင် နားလည်သွားတော့သည်။ လွန်ခဲ့သည့် ရက်များအတွင်း ရန်ကိုင်သည်လည်း အခြား ကျင့်ကြံသူများနှင့်ပေါင်းကာ သစ်သားဝိဉာဉ်အစေ့များကို လိုက်လံဖျက်စီး ပစ်ပေသည်။ တစ်ကယ်တော့ မေပယ်မြို့တစ်မြို့လုံး သစ်သားဝိဉာဉ်များကို ရှင်းထုတ်ရာတွင် ပါ၀င်ဆင်နွှဲနေလေရာ သူသာ ဤအတိုင်း ရပ်နေမည်ဆိုပါ လူအများ၏ ဝေဖန်စရာပစ်မှတ်တစ်ခု ဖြစ်လာပေလိမ့်မည်။
ထိုအတောအတွင်း မိုရှောင်ချီနှင့် ခန်စစ်ရန်သည် သူ့အား အဆင်ပြေနေလားဟု အကြိမ်ပေါင်းများစွာ လှမ်းမေးလေသည်။ ရန်ကိုင် အဆင်ပြေနေသည့်အကြောင်း ကြားရမှပဲ သူတို့အားလုံး စိတ်သက်သာရာ ရသွားကြ၏။ သစ်သားဝိဉာဉ်ကိစ္စ ပြီးသွားပြီးနောက်တွင် ရန်ကိုင်သည် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာသို့ ပြန်လာ၍ ခန်စစ်ရန်နှင့် လာတွေ့သည်။ ထို့နောက် သူဆေးပြန်ဖော်စပ်ရမည့်နေ့ကို သတ်မှတ်၏။ ထိုကိစ္စအပြီးတွင် သူငှားထားသည့် အိမ်သို့ ပြန်လာခဲ့လေသည်။
ရန်ကိုင့်အနေဖြင့် ငါးရောင်ခြယ် ရတနာဘုရားထဲမှ ရရှိလာသော အကျိုးအမြတ်များကို သေချာခွဲခြမ်းကြည့်ရန် လိုအပ်နေပေသေးသည်။ တစ်ချိန်ထဲတွင် မြို့သခင် စံအိမ်ထဲ၌ ဧကရာဇ်ခြောက်ဦးသည် အတူတကွ စုဝေးနေခဲ့ပြီး တွမ့်ယွမ်ရှန်းသည် ဘေးဘက်တွင် တလေးတစား ရပ်နေခဲ့လေသည်။ သို့သော်လည်း ဧကရာဇ်ခြောက်ဦး၏ အမူအရာမှာ ယခင်ကကဲ့သို့ ပေါ့ပေါ့ပါးပါး ရှ်ိမနေကြဘဲ အနည်းငယ် တည်ကြည်လေးနက်လေကြ၏။
“စီနီယာတို့ သစ်သားဝိဉာဉ်ကို ရှင်းထုတ်ပြီးပြီလား” တစ်ခဏကြာအောင် တုန့်ဆိုင်းနေပြီးနောက် တွမ့်ယွမ်ရှန်းက မေးလိုက်လေသည်။
သစ်သားဝိဉာဉ်ကိုယ်ပွားကို ရှင်းလင်းနေစဉ် အတောအတွင်း သူ၏သစ္စာရှိ လက်အောက်ငယ်သားနှစ်ယောက်ကိုပါ သူကိုယ်တိုင် သတ်ဖြတ်ပစ်ခဲ့ရသည်။ ထို့ကြောင့် သစ်သားဝိဉာဉ်ကို ဖျက်ဆီးပစ်ရန်အတွက် မည်မျှခက်ခဲကြောင်း တွမ့်ယွမ်ရှန်း ကောင်းကောင်းနားလည်ပေသည်
“ရှင်းပစ်လိုက်ပြီလို့ ပြောရင်တောင် မင်းယုံမှာမို့လို့လား” ဖုန်းမင်က ခေါင်းမော့၍ ပြောလိုက်လေသည်။
“စီနီယာပြောချင်တာက” တွမ့်ယွမ်ရှန်း၏မျက်နှာ အနည်းငယ် ဖြူလျော်သွားခဲ့လေသည်။
ရှောင်ယုယန်က သက်ပြင်းချ၍ ရှင်းပြလိုက်သည်။ “သစ်သားဝိဉာဉ်တွေက အမျိုးမျိုးရှိကြတယ်။ သူတို့ရဲ့ မွေးရာပါစွမ်းရည်တွေကလဲ အမျိုးမျိုးပဲ။ ဒီသစ်သားဝိဉာဉ်က ဒီဘုရင် ထင်ထားတာထက်ကို ပိုပြီး ပြဿနာများနေသေးတယ်။ ဒါကြောင့် သစ်သားဝိဉာဉ်ကို လုံး၀ရှင်းပစ်လိုက်ပြီလို့ ဒီဘုရင် အာမမခံရဲဘူး။ မြို့ထဲက ကျင့်ကြံသူတွေမှာ ငါတို့ ရှာလို့မတွေ့တဲ့ သစ်သားစေ့ ကူးစက်ခံထားရတဲ့သူ ရှိရင် ရှိနိုင်သေးတယ်”
တွမ့်ယွမ်ရှန်းက ရှုံ့မဲ့သွားသည့် အမူအရာဖြင့် ပြန်မေးလိုက်လေသည်။ “စီနီယာတို့တောင် မသေချာတာလား”
ကောင်းရွမ်ထင်းက ပြန်ပြောလိုက်သည်။ “ဒီတိုင်းကတော့ ရမှာမဟုတ်ဘူး။ မေပယ်မြို့ကလူတွေကို တစ်ယောက်ချင်းခေါ်ပြီး ငါတို့ ကောင်းကင်စိတ်အာရုံနဲ့ သေချာစစ်ဆေးကြည့်မှ ရလိမ့်မယ်”
“စီနီယာတို့ကို ဘယ်လိုလုပ် အဲ့လိုလုပ်ခိုင်းရဲပါ့မလဲ” တွမ့်ယွမ်ရှန်းမှာ အလျင်စလို သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။