အခန်း (၂၀၂၁-၂၀၂၅)
Vol. 81 Ch. 2021-2025
အပိုင်း (၂၀၂၁)
တန်ခိုးရှင်ပထမအဆင့် ကျင့်ကြံသူတစ်ဦး၏ ကိုယ့်ကိုယ် ဖောက်ခွဲသည့်ပြင်းအားမှာ အလွန်ကိုမှ အားကောင်းသော်ငြား တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးကိုတော့ ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ပိန်ပိန်နှင့်လူ၏ လှုပ်ရှားမှုသည် လုပိုင်ချွမ်အား အနည်းငယ် မျက်နှာပျက်အောင်သာ လုပ်နိုင်မည်ဖြစ်ပြီး မည်သည့်ဒဏ်ရာမှတော့ ရစေနိုင်လိမ့်မည် မဟုတ်ချေ။
ထိုအချက်ကို ကြည့်ရုံဖြင့်မှာ ခပ်ပိန်ပိန်နှင့်လူမှာ လုပိုင်ချွမ်အား မည်မျှပင် မုန်းတီးနေကြောင်း မြင်တွေ့နိုင်၏။ သို့သော်လည်း လုပိုင်ချွမ် စိုးရိမ်နေသည်မှာ သူမဟုတ်ဘဲ အခြားတစ်ယောက် ဖြစ်နေခဲ့သည်။ ထိုစဉ် လူငယ်လေးတစ်ဦးသည် သူ့ရှေ့၌ ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုလူငယ်လေး ပေါ်လာသည်နှင့် သူထုတ်လွှတ်ထားသည့် နယ်ပယ်စက်ကွင်းမှာ တစ်မဟုတ်ချည်း ပျက်ဆီးသွားခဲ့လေသည်။ ထိုအကြောင်းကြောင့်ပြင် ခပ်ပိန်ပိန်နှင့်လူ လုပိုင်ချွမ်း၏ ဖိနှိပ်ထားမှုအောက်မှ ရုန်းထွက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုလူငယ်လေးမှ ထွက်ပေါ်နေသော အရှိန်အဝါသည် သူ့အောက် အားမနည်းကြောင်း လုပိုင်ချွမ်း သေချာသတိပြုမိလိုက်သည်။ သို့သော်လည်း ကျန်းမိသားစုတွင် မည်သည့်အချိန်ကများ နောက်ထပ် တန်ခိုးရှင်ဘုရင်အဆင့်တစ်ဦး ရှိနေရသနည်း။ လုပိုင်ချွမ် နားမလည်ခဲ့ပေ။ မည်သို့ပင် ဖြစ်စေကာမူ အကြောင်းအရင်းကို မသိရသေးခင် မဆင်မခြင် မလှုပ်ရှားချင်သည့်အတွက် အနောက်သို့သာ ပြန်ဆုတ်နေလိုက်သည်။ ရန်ကိုင်သည် လုပိုင်ချွမ်အား တစ်ချက်သာ ကြည့်လိုက်ပြီးနောက် ခပ်ပိန်ပိန်နှင့်လူ၏ ကျောကို ပုတ်လိုက်လေသည်။
ကျောပုတ်လိုက်သည်နှင့် တပြိုင်နက် ခပ်ပိန်ပိန်လူ၏ ခန္ဓာကိုယ်ထဲတွင် ၀ရုန်းသုန်းကားဖြစ်နေသော စွမ်းအားများသည် တစ်မဟုတ်ချည်း ငြိမ်ကျသွားပြီး ခပ်ပိန်ပိန်နှင့် ကျင့်ကြံသူမှာလည်း မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျလုမတတ် ဖြစ်သွားခဲ့လေသည်။ ထို့နောက်တွင် ခပ်ပိန်ပိန်နှင့် ကျင့်ကြံသူသည် ခေါင်းမော့၍ ရန်ကိုင့်အား ငေးကြောင်ကြောင် အမူအရာဖြင့် ကြည့်လိုက်လေသည်။
“တတိယညီလေး ပြန်လာခဲ့” ချွေးအေးများ ပြန်ကျနေသည့် ခပ်၀၀ကျင့်ကြံသူမှာ ပိန်ပိန်နှင့် ကျင့်ကြံသူအား လှမ်းအော်ခေါ်လိုက်လေသည်။ သို့တိုင် မလှုပ်မယှက်သာ ရပ်နေသည်ကိုသာ မြင်သော် ပြေးပြီးတော့သာ အနောက်သို့ ဆွဲခေါ်လာလိုက်သည်။
“လူကြီးမင်းက ဘယ်သူများလဲမသိဘူး”
လုပိုင်ချွမ်သည် ရန်ကိုင့်အား အသေအချာ စိုက်ကြည့်နေခဲ့လေသည်။
“လူကြီးမင်းကိုကြည့်ရတာ ကျန်းမိသားစု၀င်တစ်ယောက် မဟုတ်ပါဘူးနော်။ ဟုတ်တယ်မလား”
ရန်ကိုင်က ပြုံး၍ ခေါင်းခါလိုက်သည်။
“ဟုတ်တယ်”
“ဒါဆို လူကြီးမင်းက ဘယ်သူလဲ။ ဘာလို့ မိသားစုနှစ်ခုကြားကိစ္စ္မှာ ၀င်နှောက်ယှက်နေရတာလဲ” လုပိုင်ချွမ် မျက်မှောက်ကြုတ်သွားခဲ့သည်။
ရန်ကိုင်၏ သာမန်ကာလျှံကာ လှုပ်ရှားမှုသည် ရန်ကိုင်၏ခွန်အားသည် သူ့ထက် နိမ့်ကျခြင်း မရှိကြောင်းကို လုပိုင်ချွမ်အား နားလည်သွားစေလိုက်သည်။ ထိုကဲ့သို့သော ရန်သူတစ်ဦးနှင့် ရန်သူမဖြစ်ချင်သည့်အတွက် အနည်းဆုံး ရန်ကိုင်၏ နောက်ခံနှင့် ကျန်းမိသားစုနှင့် သူ၏ဆက်ဆံရေးကို မေးကြည့်နေခြင်းဖြစ်သည်။
“အကြောင်းတစ်ခုခုကြောင့် အခု ကျန်းမိသားစုရဲ့ကိစ္စက ကျုပ်ကိစ္စဖြစ်နေတယ်” ရန်ကိုင်က အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
“ရောင်ရင်းဘာပြောချင်တာလဲ။ ကျန်းမိသားစုရဲ့ ကိစ္စက ရောင်ရင်းကိစ္စ ဆိုတာနဲ့ ပတ်သက်ပြီး သေချာရှင်းပြသင့်တယ် မထင်ဘူးလား။ ပြီးတော့ ဒီလူအိုကြီးက ကျန်းမိသားစုကို လာနှောက်ယှက်နေတာလည်း မဟုတ်ဘူး”
“လုပိုင်ချွမ် အပိုတွေ ပြောမနေတော့နဲ့။ ငါးရောင်ခြယ် ရတနာဘုရားထဲမှာ ငါ့ယောင်္ကျားကို နင်ပဲ သတ်လိုက်တာ မဟုတ်လား။ အခုမှ ဘာစကားလုံး လှလှလေးတွေ လာသုံးပြနေတာလဲ”
ထိုစဉ် သက်လတ်ပိုင်း အမျိုးသမီးသည် ဓါးတစ်ချောင်းကို ကိုင်ဆွဲ၍ စံအိမ်ထဲမှ ထွက်လာပြီး ရန်ကိုင်ဘေးတွင် ရပ်လိုက်လေသည်။
ထိုစကားကိုကြာသည့်အခါ လုပိုင်ချွမ်က ပြုံး
“ကျုပ်လည်း ရောင်ရင်းကျန်း သေသွားလို့ ၀မ်းနည်းရပါတယ်။ ဒါပေမဲ့ သူသေသွားတာက ဒီလုနဲ့ ဘာမှမသက်ဆိုင်ဘူးလေ။ ကျုပ် ဘယ်လိုရှင်းပြမှ ယောင်းမက နားလည်မှာလဲ။
“ဒီက မောင်လေးက ငါ့ယောင်္ကျားမသေခင် ပြောသွားတဲ့စကားတွေကို ငါ့ဆီပြန်ယူလာပြီးပြီ။ အဲ့တာတောင် နင်က ဆက်ပြီး ငြင်းချင်နေသေးတာလား” သက်လတ်ပိုင်း အမျိုးသမီးသည် ရန်ကိုင့်အား လက်ညိုးထိုးပြရင်း အံကြိတ်ကာ အော်ပြောလိုက်လေသည်။
လုပိုင်ချွမ်က မျက်လုံးမှေးစင်း၍ ရန်ကိုင့်ဘက်လှည့်ကာ
“ဒီတော့ မင်းက ငါးရောင်ခြယ် ရတနာဘုရားထဲမှာ ရောင်ရင်းကျန်းနဲ့ တွေ့ခဲ့တာပေါ့”
ထိုစကားကို မေးပြီးသည့်အခိုက် လုပိုင်ချွမ်၏ မျက်နှာထက် ဝမ်းသာအားရဖြစ်နေသည့် အရိပ်အရောင်များ ထွက်လာခဲ့လေသည်။
ရန်ကိုင်က တည်တည်ငြိမ်ဖြင့် ပြန်ပြောလိုက်သည့်။
“ဟုတ်တယ် ကျုပ် ရောင်ရင်းကျန်းနဲ့ တွေ့ခဲ့တာ။ အဲ့တာကို ခင်ဗျားက ဘာလို့ ဒီလောက်ပျော်နေရတာလဲ။ ဘာလဲ တစ်ခုခုကို တွေးမိသွားလို့လား”
လုပိုင်ချွမ်၏ အမူအရာ အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားပြီနောက်တွင် တိုးတိုးလေး ပြောလိုက်သည်။
“ဒီတော့ အဲ့အရာက မင်းနဲ့အတူ ရှိနေတာပေါ့”
“အမှန်ပဲ။ အဲ့တာက ကျုပ်နဲ့အတူရှိနေတာ။ ဘာလဲ လိုချင်လို့လား” ရန်ကိုင်က လုပိုင်ချွမ် ဘက်သို့လှည့်၍ မေးလိုက်လေသည်။
ယခုအခါမှပဲ သက်သတ်ပိုင်းအမျိုးသမီးမှာ သူမပြောခဲ့သည့် စကားအပေါ် အနည်းငယ် နောင်တရသွားခဲ့လေသည်။ သူမ၏ ဒေါသတကြီး ပြောဆိုမှုကြောင့် ရန်ကိုင့်တွင် တာအိုအရင်းအမြစ်သစ်သီး ရှိနေသည်ဟူသော လျှို့ဝှက်ချက် ပေါက်ကြားသွားခဲ့လေသည်။ လုပိုင်ချွမ်သည် ငါးရောင်ခြယ် ရတနာဘုရားထဲသို့ ကျန်းကောင်းရွမ်နှင့် အတူတူ၀င်သွားခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ဦးမှာ အတူတူသွားလာခဲ့ခြင်း ဖြစ်လေရာ တာအိုအရင်းအမြစ်အသီးအား အတူတကွတွေ့ခဲ့သည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။
သက်လတ်ပိုင်းအမျိုးသမီး ဘာမှမပြောလျှင်ပင် ရန်ကိုင့်တွင် တာအိုအရင်းအမြစ်သစ်သီး ရှိနေသည်ဟူသော အချက်ကို လုပိုင်ချွမ် အနှေးနှင့်အမြန်ဆိုသလို သတိပြုမိသွားပေလိမ့်မည်။
“ကြည့်ရတာ အဲ့တာကြောင့်ပဲ ခင်ဗျားက ရောင်ရင်းကျန်းကို သတ်လိုက်တဲ့ပုံပဲ” ရန်ကိုင်က လုပိုင်ချွမ်အား အထင်အမြင်တသေး ကြည့်လိုက်သည်။
“အဲ့တာက ဒီလုနဲ့ ကျန်းမိသားစု ကိစ္စပဲ။ အခု ရောင်ရင်းကို ဒီလူပြောချင်တာ တစ်ခုရှိတယ်”
“အို ဘာများပြောချင်လို့လဲ” ရန်ကိုင်က လုပိုင်ချွမ်အား စိတ်၀င်တစားဖြင့် ကြည့်လိုက်သည်။
လုပိုင်ချွမ်သည် အားလုံးကြားအောင် အော်မပြောဘဲ ရန်ကိုင့်နားထဲသို့သာ ကောင်းကင်စိတ်အာရုံဖြင့် ပြောလိုက်လေသည်။ သူပြောလိုက်သည်နှင့် တစ်ပြိုင်နက်တည်း ရန်ကိုင်သည် အဓိပ္ပာယ်ပါပါပြုံး၍ လေပေါ်သို့ ခုန်တက်လိုက်လေသည်။ ရန်ကိုင် လေပေါ်သို့ ခုန်တက်ပြီးပြီးချင်းမှာပင် ရန်ကိုင် ရပ်နေသည့် မြေအောက်ထဲမှ အနက်ရောင်မြွေတစ်ကောင် ထွက်ပေါ်လာပြီး ရန်ကိုင်အား လှမ်းကိုက်လေ၏။
ထိုမြင်ကွင်းကိုကြည့်ရင်း အကုန်လုံး အံ့အားသင့်နေခဲ့လေသည်။ ထိုမြွေလေး မည်သည့်အချိန်ကတည်းက မြေအောက်ထဲသို့ ရောက်နေသလဲဆိုသည်ကို အကုန်လုံး သတိမပြုမိလိုက်ကြချေ။
“ရောင်းရင်းက တကယ်ကောက်ကျစ်တာပဲ” ရန်ကိုင်က အထင်အမြင်တသေး လေသံဖြင့် ပြောလိုက်သည်။
“ရောင်ရင်းကျန်းလည်း ဒီအတိုင်းပဲ တိုက်ခိုက်ခံရပြီ အဆိပ်မိသွားတာနဲ့တူတယ်။ ဟုတ်တယ်မလား”
ပြောရင်း ရန်ကိုင်သည် ရွှေရောင်သွေးမျှင် တစ်မျှင်ကို ပစ်လွှတ်၍ အနက်ရောင် မြွေလေးအား လျင်မြန်စွာ ရစ်ပတ်လိုက်သည်။ ရန်ကိုင် ဤမျှ သတိကြီးလိမ့်မည်ဟု လုပိုင်ချွမ် ထင်မထားခဲ့ချေ။ ရန်ကိုင် ပြောခဲ့သလိုပင် သူသည် ဤနည်းလမ်းကိုသုံးကာ ငါးရောင်ခြယ်ရတနာဘုရားထဲ၌ ကျန်းကောင်းရွမ်ကို အလစ်ချောင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုစဥ်က သူ့အစီအစဉ်မှာ အလုပ်ဖြစ်ခဲ့ပေသည်။
သူ့အစီအစဉ် မအောင်မြင်သည်ကိုမြင်သော် လုပိုင်ချွမ်သည် အနက်ရောင်မြွေလေးအား အလျင်အမြန် ပြန်ခေါ်ရန်ကြိုးစားလိုက်သည်။
သို့သော်ငြား အရမ်းကိုမှ နောက်ကျလွန်းနေခဲ့လေပြီ။ သူပြန်ခေါ်လိုက်သည့်အချိန်တွင် ရွှေရောင် သွေးမျှင်သည် အနက်ရောင်မြွေလေးအား ရစ်ပတ်ချုပ်နှောင်ပြီးနေလေပြီ။
တဖြည်းဖြည်း တင်းကျပ်လာနေသော ရွှေရောင်သွေးမျှင်၏ ချုပ်နှောင်မှုအောက်တွင် အနက်ရောင်မြွေလေးမှာ အသည်းအသန် ရုန်းကန်နေပါသော်ငြား၊ မည်သို့ပင် ရုန်းကန်နေစေကာမူ လုံးဝမလွတ်မြောက်နိုင်ခဲ့ပေ။
အလွန်တင်းကျပ်လာသော တင်းအားကြောင့် အနက်ရောင်မြွေလေး၏ အရေပြားမှာ ကွဲအက်လာပြီး သွေးများစီးကျလာခဲ့လေသည်။
“ရပ်လိုက်” လုပိုင်ချွမ်သည် ဒေါသတကြီး ထအော်ပြီးတူကဲ့သို့သော မှော်ရတနာတစ်ခုကို ထုတ်ယူလိုက်လေသည်။
ထို့နောက် ကိုတူကို ဝေ့ယမ်းချလိုက်လေရာ အနက်ပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရန်ကိုင့်ဆီသို့ လျှပ်စီးတန်းတမျှ မြန်ဆန်သော အမြန်နှုန်းဖြင့် တိုး၀င်သွား၏။ ဤတိုက်ပွဲတူသည် အဆင့်မြင့် မှော်ရတနာတစ်ခုဖြစ်မှန်း ရန်ကိုင် ချက်ချင်းနားလည်သွားခဲ့သည်။ မဆင်မခြင် မလှုပ်ရှားချင်သည့်အတွက် ထိုတိုက်ကွက်ကို အလျင်အမြန်ပဲ ရှောင်တိမ်းလိုက်လေသည်။ တစ်ရှုးရှုး မြည်သံနှင့်တကွ အက်ကွဲသံများနှင့်အတူ အနက်ရောင်မြွေလေးမှာ ရွှေရောင်သွေးမျှင်၏ မသေမခြင်း ရစ်ပတ်ချုပ်နှောင် သတ်ပစ်လိုက်ခြင်းကို ခံလိုက်ရပေသည်။
နောက်ဆုံးတွင် မြွေလေး၏ ခန္ဓာကိုယ်တခုလုံး တစ်စစီဖြစ်သွားလေ၏။ မြေပေါ်သို့ ရောက်သည့်တိုင် တစ်စစီဖြစ်နေသော အသားစများမှာ ဆက်လက် ရုန်းကန်နေသေးသည်။ သို့သော်ငြား ဤမျှဆိုးရွားသည့် ဒဏ်ရာကို ရထားလေရာ အနက်ရောင်မြွေလေးအနေဖြင့် မည်သို့များ ပြန်ရှင်နိုင်ဦးမည်နည်း။
“ငါ့မြွေလေး” လုပိုင်ချွမ်မှာ သူမယား၊ သားသမီး သေဆုံးသွားသည့်အလား ၀မ်းနည်းတကြီး ထအော်လေသည်။
ထို့နောက် ရန်ကိုင့်အား မီးတောက်မတတ် စိုက်ကြည့်ရင်း လေပေါ်သို့ပျံတက်ကာ အော်ပြောလိုက်လေ၏။
“ငါ့မြွေကို သတ်တဲ့အတွက် မင်းခေါင်းကို ပြန်ယူမယ်”
ပြောပြီးသည်နှင့် တိုက်ပွဲတူထဲသို့ သူ့စွမ်းအားကို ထည့်လိုက်လေ၏။ တဖျက်ဖျက် မြည်သံများနှင့်အတူ လျှပ်ပန်း၊ လျှပ်နွယ်များ တိုက်ပွဲတူထက် ရစ်သိုင်းလာခဲ့လေသည်။ တူမှ ထွက်ပေါ်နေသည့် အရှိန်အဝါကြောင့် အနီးအနားရှိ မိုးမြေစွမ်းအင်တို့ပင် မတည်မငြိမ် ဖြစ်လာခဲ့သည်။ ထို့နောက်တွင် လုပိုင်ချွမ်သည် တိုက်ပွဲတူကိုမြောက်၍ ရန်ကိုင့်တည့်တည့်သို့ ရိုက်ချလိုက်လေ၏။
“ကောင်လေး သတိထား။ အဲ့တာက လုမိသားစုရဲ့ တန်ခိုးရှင်ဘုရင် အဆင့်မြင့် လေမိုးကြိုးတူပဲ။ အဲ့တာနဲ့ ထိပ်တိုက်သွား ရင်မဆိုင်နဲ့” ကျန်းမိသားစု၏ အဖွားအိုသည် မည်သည့်အချိန်ကတည်းက ခြံ၀န်းရှေ့သို့ ရောက်နေမှန်းမသိ၊ ရန်ကိုင်နှင့် လုပိုင်ချွမ်တို့ တိုက်ခိုက်နေသည်ကိုမြင်သော် လှမ်းအော်ပြောလိုက်လေသည်။
ဤမှော်ရတနာ၏စွမ်းအားကို ရန်ကိုင် နားမလည်ဘဲ မည်သို့များ နေပါမည်နည်း။ မှော်ရတနာမှ ဖြာထွက်နေသော မိုးကြိုးဓာတ်စွမ်းအင်သည် အလွန်ကိုမှ ပြင်းထန်လှသည်။ ထို့ကြောင့် အားကောင်းလှသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်တိုင် ထိုမှော်ရတနာအား သွား၍ အထင်မသေးရဲခဲ့ပေ။
သူ့လက်ကို ဝှေ့ယမ်း၍ ရန်ကိုင်သည် မရေမတွက်နိုင်သော ရွှေရောင်သွေးမျှင်များကို သိပ်သည်းကာ ရွှေရောင် ပိုက်ကွန်တစ်ခုကို ယက်လုပ်လိုက်လေသည်။ ထို့နောက် ပိုက်ကွန်ကိုသုံးကာ လေမိုးကြိုးတူကို တားဆီးလိုက်လေ၏။
ဘုန်း…ဘုန်း…ဘုန်း…ဘုန်း
ပေါက်ကွဲသံများနှင့်အတူ ရွှေရောင်သွေးမျှင်များသည် လေမိုးကြိုးတူတို့ လေထဲ ထိပ်တိုက်တွေ့နေခဲ့သည်။ စွမ်းအင်နှစ်ခု အားပြိုင်နေသည့်မြင်ကွင်းမှာ တစ်ကယ်ကို ရင်သပ်ရှုမောဖွယ်ရာပင်။
“အဖွား အဲ့ဆရာ နိုင်နိုင်လောက်လား” အဖွားအိုအား ထူမပေးထားသော ကျန်းရို့ရှီသည် ရန်ကိုင့်အားကြည့်ရင်း မေးလိုက်လေသည်။
သူမသည် အရမ်းကြီး အသက်မကြီးသေးသော်လည်း လက်ရှိတွင် ကျန်းမိသားစု၏ လုံခြုံရေးသည် ရန်ကိုင့်အပေါ် မူတည်နေကြောင်း အနည်းဆုံးတော့ နားလည်ပေသည်။ ထို့ကြောင့် သူမစိတ်ထဲ စိုးရိမ်စိတ်တော့ ဖြစ်မိလေသည်။ အဖွားအိုမှာ ပြန်မဖြေခဲ့ပေ။ သူမကိုယ်တိုင်လည်း ရန်ကိုင့်အကြောင်း သိပ်မသိ။ ရန်ကိုင်သည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးမှန်းသာ သိထားသည်။ သို့သော် လုပိုင်ချွမ်ကရော တန်ခိုးရှင်ဘုရင် တတိယအဆင့် မဟုတ်လို့လော။
အဆင့်တူ ကျင့်ကြံသူနှစ်ဦး၏ ခွန်အားကို နှိုင်းယှဉ်ရသည်မှာ အတော်လေးကို ခက်ခဲပေသည်။ သို့သော်လည်း လက်ရှ်ိအခြေအနေကို ကြည့်ရသလောက် ရန်ကိုင့်မှာ တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေပြီး လုပိုင်ချွမ်မှာတော့ အစွမ်းကုန်သုံးကာ တိုက်ခိုက်နေခဲ့လေသည်။ သူ၏မြွေလေး အသတ်ခံလိုက်ရသည့်အတွက်ကြောင့် ယခုကဲ့သို့ တိုက်ခိုက်နေခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
လုပိုင်ချွမ်သည် ရုတ်တရက် အော်ဟစ်၍ သူ့ပါးစပ်ကိုဟကာ အလင်းတန်းတစ်ခုကို မှုတ်ထုတ်လိုက်လေသည်။ ထိုအလင်းတန်းသည် အပြင်သို့ ရောက်လာသည်နှင့် အခြားသော မှော်ရတနာတစ်ခုအဖြစ်သို့ လျှင်မြန်စွာ ပြောင်းလဲသွား၏။ ထိုအချင်းအရာကို မြင်သောအခါ အဖွားအို၏အမူအရာ ပြောင်းလဲသွားပြီး အလန့်တကြား ထအော်လေ၏။
“ခရမ်းငွေလရေခဲဆေးဘာ”
ကျန်းမိသာစုနှင့် လုမိသားစုသည် နှစ်ပေါင်းများစွာကြာအောင် ရင်းနှီးလာသည့်အတွက်ကြောင့် အဖွားအိုသည် လုမိသားစု၏ အဖိုးတန် ရတနာများအကြောင်း အနည်းအကျဉ်း သိထားလေသည်။ ထို့ကြောင့် လုပိုင်ချွမ် ထုတ်ယူလိုက်သည့် မှော်ရတနာကို အလျင်အမြန်ပဲ မှတ်မိသွားခဲ့သည်။ ဤ ခရမ်းငွေလဆေဘာ သည် လေမိုးကြိုးတူကဲ့သို့ပင် တန်ခိုးရှင်ဘုရင်အဆင့်မြင့် မှော်ရတနာတစ်ခု ဖြစ်ပေသည်။
ဤမှော်ရတနာ နှစ်ခုသည် လုမိသားစုမှ ပိုင်ဆိုင်ထားသည့် အားအကောင်းဆုံးသော မှော်ရတနာများ ဖြစ်ကြသည်။
ထိုရတနာများကို လူတစ်ဦးချင်းစီမှ ကိုင်ဆောင်ထားလေ့ရှိသော်ငြား ယခုတစ်ကြိမ်တွင် လုပိုင်ချွမ်၏လက်ထဲ၌ တစ်ပြိုင်တည်း ပေါ်လာခဲ့သည်။
“လူလေး သတိထား။ ခရမ်းငွေလဆေဘာက အစက တာအိုအဆင့် မှော်ရတနာတစ်ခုပဲ။ ဒါပေမဲ့ ပြဿနာတစ်ခုရှိသွားလို့ တန်ခိုးရှင်ဘုရင်အဆင့်မြင့် မှော်ရတနာတစ်ခု ဖြစ်သွားတာ။ အဲ့တာဆိုရင်တောင် အဲ့မှော်ရတနာမှာ နိယာမစွမ်းအားတချို့ ကျန်နေသေးတယ်” အဖွားအိုက အော်ပြောလိုက်လေသည်။
“အဖွားအိုကြီး ခင်ဗျားပါးစပ်ကို ပိတ်ထားလိုက်စမ်း” လုပိုင်ချွမ်က ဒေါသတကြီး ထအော်လေသည်။
သူသည် ရန်ကိုင်နှင့် သူသေကိုယ်သေ တိုက်ခိုက်နေခြင်းဖြစ်သည်။ သို့သော်လည်း အဖွားအိုမှာတော့ သူ့လျှို့ဝှက်ချက်အားလုံးကို ကရားရေလွှတ် ထိုင်ပြောနေခဲ့လေသည်။ လုပိုင်ချွမ် ဒေါသထွက်ဘဲ ဘယ်နေမည်နည်း။ ထို့ကြောင့် အောက်ဘက်တွင်ရှိနေသော လုမိသားစုများကို မသိမသာ အချက်ပြလိုက်လေသည်။ ထိုလူများအားလုံးသည် ချက်ချင်းပဲ ကျန်းမိသားစု၀င်များဆီသို့ ပြေး၀င်သွားကြလေ၏။
ထိုလူများထဲတွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူသုံးဦး ပါနေပေသည်။ ထိုသုံးဦးစလုံးမှာ ပထမအဆင့်များသာ ဖြစ်သော်ငြား ကျန်းမိသားစုကို ကိုင်တွယ်နိုင်သည်ထက် ပိုပေသည်။ လုမိသားစု၀င်များ ပြေး၀င်လာကြသည်ကို မြင်သော် အဖွားအိုသည် တုတ်ကောက်ကို တင်းတင်းဆုပ်ကိုင်၍ သက်လတ်ပိုင်း အမျိုးသမီးနှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သက်လတ်ပိုင်း အမျိုးသမီးမှာလည်း ခေါင်းညိတ်ပြလိုက်ပြီး ချက်ချင်းပဲ လုမိသားစု၀င်များဆီသို့ ရဲ့၀ံ့စွာ ပြေး၀င်သွားလေသည်။
လုပိုင်ချွမ်သည် ခရမ်းငွေလဆေဘာဓါးကို ထုတ်ယူပြီးသည်နှင့် ထိုဆေဘာကို တင်းတင်းဆွဲကိုင်၍ ရန်ကိုင့်အား ပြောလိုက်သည်။ “ကောင်လေး။ ငါမင်းနဲ့ အချိန်ကုန်မခံချင်တော့ဘူ။ မင်းလက်ထဲကဟာကိုပေး။ အဲ့တာဆို ငါမင်းအသက်ကို ချမ်းသာပေးမယ်။ မဟုတ်ရင် ငါ့ဓါးအောက်မှာ သေဖို့သာ ပြင်ပေတော့”
“ခင်ဗျားဘယ်ကနေ ယုံကြည်ချက်တွေ ရနေတာလဲ” ရန်ကိုင်က ရယ်မော၍ အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်လေသည် “လုပ်မယ်ဆို မြန်မြန်လုပ်လိုက်တော့။ ကျုပ် ခင်ဗျားဓါးကို မျက်စိကျနေပြီ”
“မင်းက သေချင်နေမှတော့ ငါက သတ်ပေးရတာပေါ့။ မင်းဒီဓါးအစွမ်းကို သိချင်နေတာမလား။ ငါပြပေးမယ်”
ပြောပြီးသည်နှင့် လုပိုင်ချွမ်သည် ခရမ်းငွေလ ဆေဘာဓါးကို သူ့ရင်ဘက်ရှေ့တွင်ထားကာ ဓါးပေါ်သို့ သွေးအဆီအနှစ်တစ်စက် ချလိုက်လေသည်။ သွေးအဆီအနှစ်ကို ရလိုက်သည်နှင့် ဓါးမှာ တဝီဝီမြည်လာပြီး ၎င်းဆီမှ နိယာမ စွမ်းအားတို့ ဖြာထွက်လာလေ၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၂၂)
နိယာမစွမ်းအားကို ခံစားမိလိုက်သော် ရန်ကိုင်၏ အမူအရာ ပိုမိုလေးနက်တည်ကြည်သွားခဲ့သည်။ အဖွားအိုမှ ဤခရမ်းငွေလရေခဲဆေဘာဓါးမှာ မအောင်မြင်သည့် တာအိုအဆင့် မှော်ရတနာဖြစ်သည်ဟုပြောသည်မှာ လုံး၀ကို မှန်ပေသည်။ သာမန် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာမျိုးသည် ဤကဲ့သို့သော အစွမ်းမျိုးကို မထုတ်လွှတ်နိင်ချေ။ သို့သော်လည်း ဤသို့ဖြစ်ရခြင်းမှာ လုပိုင်ချွမ်၏ ကျင့်ကြံခြင်းသည် တန်ခိုးရှင်ဘုရင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး သူ့ကိုယ်ထဲရှိ သူတော်စင်ချီအားလုံးကို အရင်းအမြစ်ချီ အဖြစ်သို့ ပြောင်းလဲကာ တာအိုသခင်အဆင့်၏ နက်နဲဆန်းကြယ်မှုနှင့် နိယာမ တစ်စိတ်တစ်ပိုင်းကို ထိတွေ့ဖမ်းဆုပ်ထားနိုင်သည့် အတွက်ကြောင့်လည်း ပါပေသည်။
လုပိုင်ချွမ်အနေဖြင့် ထိုမှော်ရတနာကိုသုံး၍ နိယာမစွမ်းအားကို ထုတ်လွှတ်နိုင်ရန် သူကိုယ်တိုင်ကလည်း အလွန်ကို အားကောင်းနေရန် လိုအပ်သည်။ တန်ခိုးရှင်ဘုရင် တတိယအဆင့် ဖြစ်နေရုံဖြင့် ဤခရမ်းငွေလ ဆေဘာဓါးကိုကိုင်ပြီး နိယာမစွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုဆေဘားမှ ထုတ်လွှတ်နေသည့် စွမ်းအားမှာ ရေခဲနိယာမစွမ်းအားသာ ဖြစ်လေသည်။ ထိုရေခဲနိယာမ စွမ်းအားမှာ အတော်လေးကိုမှ မှိန်ဖျော့နေသော်ငြား ထိုအရာသည် တာအိုအဆင့်ပညာရှင်များ၏ နယ်ပယ်တစ်ခု ဖြစ်နေဆဲ။ နိယာမစွမ်းအား၏ ထပ်ပေါင်းအားဖြည့်မှုကြောင့် လုပိုင်ချွမ်၏ ခွန်အားမှာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့လေသည်။
ခရက်…
ယခုဆိုလျှင် ပတ်ပတ်လည် ဟင်းလင်းပြင်များ အေးခဲတော့မည့် အရိပ်အယောင်ပင် ပြလာနေလေပြီ။ လုပိုင်ချွမ်ကို ဗဟိုပြု၍ ဘေးပတ်၀န်းကျင်တစ်ခုလုံးသည် စတင်အေးခဲလာနေခဲ့သည်။ လုမိသားစုခေါင်းဆောင် လုပိုင်ချွမ်သည် ရုတ်တရက် မာန်သွင်းအော်ဟစ်လိုက်ကာ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ရပ်နေရာမှ ပျောက်သွားခဲ့သည်။ ထို့နောက် ရန်ကိုင့်ရှေ့တွင် ရုတ်တရက်ပေါ်လာပြီး သူ့လက်ထဲရှိ ဆေဘာဓါးဖြင့် ခုတ်ချလိုက်လေသည်။
ဓါးရောင်တစ်ချက် လက်သွားပြီးခဲ့ပြီး အလွန်ကိုမှ အားကောင်းလှသည့် အရှိန်အဝါတစ်ရပ် ဖြာထွက်လာခဲ့သည်။ တစ်ချိန်ထဲတွင် ဓါးချက်ဆီမှ ဖြာထွက်နေသော ရေခဲနိယာမများကြောင့် ဘေးပတ်၀န်းကျင်ပါ အေးခဲကုန်ကာ ရန်ကိုင့်အနေဖြင့် ထွက်ပြေး၍ မရတော့ချေ။
“ဟား…ဟား…ဟား” လုပိုင်ချွမ်က အရူးအမူး အော်ရယ်မောရင်း “မင်းလို ပုရွက်ဆိတ်တစ်ကောင်ကများ ငါ့ကို လာတားချင်နေသေးတယ်။ သေလိုက်တော့”
ဤတိုက်ကွက်ကိုသုံး၍ အခြားသော တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူများစွာ၏ အသက်ကို ခြွေယူခဲ့ဖူးသဖြင့် ရန်ကိုင်သည် သူ့တိုက်ကွက်ကို လုံး၀ တားနိုင်လိမ့်မည် မဟုတ်ဟု လုပိုင်ချွမ် အပြည့်အ၀ ယုံကြည်နေပေသည်။ သို့သော်လည်း ရုတ်တရက်ဖြစ်ပေါ်လာသော အဖြစ်အပျက်ကြောင့် လုပိုင်ချွမ်၏ မျက်လုံးများ မှေးစင်းသွားခဲ့ရ၏။ အကြောင်းမှာ နှစ်ခြမ်းကွဲထွက်သွားသင့်သော ရန်ကိုင်သည် မည်သည့်ဒဏ်ရာမှ ရမနေဘဲ သူ့ရှေ့တွင် အကောင်းပကတိအတိုင်း ရပ်နေခဲ့သည်။
လက်ရှိအချိန်၌ ရန်ကိုင်၏လက်ထဲ အသွားမပါသော ကျောက်စိမ်းရောင် ဓါးရှည်တစ်ချောင်း ပေါ်လာခဲ့သည်။ ထိုဓါးဆီမှ မြွေကဲ့သို့သော သက်ရှိတစ်ကောင် ပေါ်ထွက်လာပြီး ခရမ်းငွေလရေခဲဆေဘာမှ ထုတ်လွှတ်သည့် ကြောက်မက်ဖွယ်ရာ ဓါးချက်ကို လာရောက်တားဆီးသွားလေသည်။ ပုံမှန်အားဖြင့် တန်ခိူရှင်ဘုရင်အဆင့် ကျင့်ကြံသူများအား စွမ်းအားမဲ့သွားအောင် လုပ်ပစ်နိုင်သော ရေခဲနိယာမစွမ်းအားမှာ ရန်ကိုင့်အပေါ် လုံး၀ အကျိုးသက်ရောက်မှု မရှိသည့်နှယ်။
ရန်ကိုင်မှ သူ့ဓါးကို တစ်ချက်ဝှေ့ယမ်းလိုက်ပြီးနောက် နဂါးစိမ်းဓါးဆီမှ စွမ်းအားတစ်မျိုး ထွက်ပေါ်လာပြီး ရေခဲနိယာမစွမ်းအားများကို တမဟုတ်ချည်း ချေဖျက်သွားလေသည်။
“မင်း” လုပိုင်ချွမ်၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားပြီး အလန့်တကြား ထအော်လေ၏။
“မင်းလည်း နိယာမစွမ်းအားကို သုံးနိုင်တာလား”
နိယာမစွမ်းအားသည် ဤလောကကြီး တစ်ခုလုံးကို ချုပ်ကိုင်ထားသည့် စွမ်းအားတစ်မျိုးဖြစ်ပေသည်။ ဤလောကကြီးတွင် တာအိုသခင်အဆင့်သို့ ရောက်မှသာ နိယာမစွမ်းအားကို ထိတွေ့နိုင်သည်။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများမှာတော့ ထိုစွမ်းအားကို လုံး၀ ခံစားနိုင်လိမ့်မည် မဟုတ်ချေ။ လုပိုင်ချွမ် အနေဖြင့် နိယာမစွမ်းအားကို အသုံးပြုနိုင်ခြင်းမှာ ဤခရမ်းငွေလ ရေခဲဆေဘာဓါးကြောင့် ဖြစ်သည်။ သို့သော်ငြား လက်ရှိကြည့်ရသလောက် ရန်ကိုင်သည်လည်း သူ့ကဲ့သို့ လုပ်နေနိုင်သည့်ပုံပင်။
ရန်ကိုင်မှ သူ့တိုက်ကွက်ကိုအလွယ်တကူ ချေဖျက်သွားသည်ကိုမြင်သော် ရန်ကိုင်၏ခွန်အားသည် ကိုးဆယ့်ကိုး ရာခိုင်နှုန်းသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများကို ကျော်လွန်နေပြီး ရန်ကိုင်ကိုယ်တိုင်သည် တာအိုသခင်အဆင့် သို့ ချိုးဖျက်ခါနီးနေသည့် ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း လုပိုင်ချွမ် နားလည်သွားခဲ့လေသည်။ နိယာမစွမ်းအား၏ အကူအညီမရှိတော့သည့်နောက် ရန်ကိုင့်အနေဖြင့် လုပိုင်ချွမ်၏ တိုက်ကွက်ကို အသာအယာပင် တားဆီးလိုက်နိုင်သည်။
“ကောင်လေး မင်းက ကျားသားစားချင်လို့ ၀က်ယောင်ဆောင်နေတဲ့ကောင်လား။ ီးပဲ။” လုပိုင်ချွမ်က မကျေမချမ်းဖြင့် အော်ဟစ်လိုက်လေသည်။
ရန်ကိုင်က ရယ်မော၍
“လူတိုင်းကိုလိုက်ပြီး အထင်သေးနေတဲ့ ခင်ဗျားရဲ့ ခွေးမျက်လုံးကိုပဲ အပြစ်တင်လိုက်ပေါ့”
ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် နဂါးစိမ်းဓါးကို ကိုင်စွဲ၍ လုပိုင်ချွမ်အား ရိုက်ချလိုက်လေသည်။ လုပိုင်ချွမ် တစ်ကိုယ်လုံးမှာ ဥက္ကာခဲတစ်စင်းနှယ် မြေပြင်ပေါ်သို့ ဘုန်းကနဲ ပြုတ်ကျသွားလေ၏။ မြေပြင်ပေါ်မှ ပြန်ရပ်ပြီးနောက်တွင် လုပိုင်ချွမ်သည် ချက်ချင်းပဲ လက်ကွက်များကို ဖန်တီးလိုက်လေသည်။ မြေပြင်တစ်ခုလုံး တုန်ခါလာပြီး မြေနဂါးသုံးကောင် ထွက်ပေါ်လာကာ ရန်ကိုင့်ဆီသို့ တိုး၀င်သွား၏။
“မြေနဂါးကကွက်”
ထိုသို့အော်ဟစ်လိုက်ပြီးတွင် လုပိုင်ချွမ်သည် အခြားလုမိသားစု၀င်များ သေသည်ရှင်သည်ကို ဂရုမစိုက်တော့ဘဲ ချက်ချင်းလှည့်ပြေးလေသည်။
“ဆရာရန် သူထွက်ပြေးဖို့လုပ်နေပြီ” ကျောင်းရို့ရှီက ရုတ်တရက် အော်ပြောလေ၏။
“သူလွတ်မှာလား” ရန်ကိုင်က အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့၍ ကျောက်စိမ်းအရိုးဓါးဖြင့် သူ့ဆီသို့တိုး၀င်လာနေသော မြေနဂါးသုံးကောင်ကို ခုတ်ချပစ်လိုက်လေသည်။
ထို့နောက် ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့သည်။ သူနှင့် လုမိသားစုကြား မည်သည့်ရန်ညှိုးမှ မရှိသော်ငြား သူနှင့် ကျန်းကောင်းရွမ်ကြား သဘောတူညီချက်တစ်ခု ရှိနေလေသည်။ ထို့အပြင် လုပိုင်ချွမ်ကဲ့သို့ အရှက်မရှိသည့် လူတစ်ဦးကို သတ်ပစ်ရန်အတွက် နောက်ဆံတင်းမနေခဲ့ပေ။ လုပိုင်ချွမ် ထုတ်သုံးသွားသည့် မြေနဂါးသုံးကောင်မှာ ဟန်ပြသာဖြစ်ပြီး သူ၏တစ်ကယ့်ရည်ရွယ်ချက်မှာ ထွက်ပြေးရန်ပင် ဖြစ်လေသည်။
ရန်ကိုင် ပြန်ပေါ်လာသည့်အချိန်တွင် လုပိုင်ချွမ်ကို မိသွားခဲ့သည်။ ကျောက်စိမ်းနဂါးဓါးကို ဝှေ့ယမ်း၍ လုပိုင်ချွမ်အား တစ်ခါတည်း အသေသတ်ပစ်ရန် ကြိုးစားနေစဉ်မှာပင် လုပိုင်ချွမ်သည် ရုတ်တရက် နောက်ပြန်လှည့်လာပြီး ရန်ကိုင့်အား ကြမ်းကြုတ်စွာ ပြုံးပြလိုက်လေသည်။ ထို့နောက် သူ့လက်အား ရန်ကိုင့်ရှေ့တည့်တည့်သို့ ချိန်လိုက်သည်။ ထူးဆန်းပြီး သိမ်မွေ့နက်နဲသည့် စွမ်းအားတစ်ရပ် သူ့လက်ဆီမှ ဖြာထွက်လာခဲ့သည်။
ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သလို သူ့အမူအရာမှာလည်း ထူးထူးဆန်းဆန်း ဖြစ်သွားခဲ့သည်။ ချက်ချင်းပဲ သူ့လက်ကို ဆန့်ထုတ်၍ ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်ကို ဖမ်းဆုပ်လိုက်သည်။
“ဟား…ဟား…ဟား…”
လုပိုင်ချွမ် အရယ်ရဆုံးသော ပြက်လုံးကို မြင်လိုက်ရသည့်အလား အော်ရယ်မောလိုက်ပြီး ရန်ကိုင့်အား လှောင်ပြောင်ပြောဆိုလိုက်လေသည်။
“မင်းက တစ်ကယ်သေဖို့ မစောင့်နိုင်တော့တာပဲကွ။ သေချာလို့လား”
ရန်ကိုင်သည် လုပိုင်ချွမ်ကို တစ်ချက်သာ စောင်းငဲ့ကြည့်လိုက်ပြီး သူ့လက်ချောင်းများအား တစ်ခုခုကို မွှေနေသည့်နှယ် မွှေချပစ်လိုက်သည်။
လုပိုင်ချွမ်၏အပြုံး ရုတ်ချည်း တောင့်တင်းသွားခဲ့လေသည်။ သူ့မျက်နှာမှာလည်း ရှုံ့မဲ့လာပြီး ထိတ်လန့် ထုတ်လှုပ်နေသည့်အသံဖြင့် ထအော်ပြောလေ၏ “မဖြစ်နိုင်ဘူး။ လုံး၀မဖြစ်နိုင်ဘူး။ ဒီလူအိုကြီး တစ်သက်လုံးနီးပါး ကျင့်ကြံလာတဲ့ ကျင့်စဉ်ကို မင်းဖျက်ဆီးနိုင်စရာ အကြောင်းလုံး၀ မရှိဘူး”
“ဒီတော့ ခင်ဗျားက ဒါကို အားကိုးချင်နေတာပေါ့။ အယောင်ပြထွက်ပြေးပြီး ကျုပ်သတိပေါ့လျော့အောင် လုပ်ချင်တယ်ပေါ့”
ပြောနေရင်း ရန်ကိုင်မှ သူ့လက်ကို ခပ်တင်းတင်းဆုပ်ချလိုက်လေရာ လုပိုင်ချွမ်ဆီမှ ဖြာထွက်နေသော သိမ်မွေ့နက်နဲသည့်စွမ်းအား လုံး၀ကို ပျောက်ကွယ်သွားခဲ့ရလေသည်။ ထိုအချင်းအရာကိုမြင်သော် သူ့အနေဖြင့် ရန်ကိုင်၏ပြိုင်ဘက် လုံး၀မဖြစ်နိုင်တော့မှန်း လုပိုင်ချွမ် နားလည်လိုက်လေသည်။ ဆက်ပြီးတော့သာ တိုက်ခိုက်နေမည်ဆိုလျှင် သေရမည့်သူမှာ သူသာဖြစ်သွားလိမ့်မည်။ ထို့ကြောင့် တုန့်ဆိုင်းမနေတော့ဘဲ ချက်ချင်း ထွက်ပြေးတော့လေ၏။
“စိတ်၀င်စားစရာပဲ။ ဒီလူအိုကြီးက လေဟာနယ်စွမ်းအားကို တတ်ထားမယ်လို့ ငါမထင်ထားဘူး”
ရန်ကိုင်သည် ချက်ချင်းလိုက်မဖမ်းသေးဘဲ တဖြည်းဖြည်းပျောက်ကွယ်သွားသော လုပိုင်ချွမ် ပုံရိပ်ကို စိုက်ကြည့်နေခဲ့လေသည်။ အစောပိုင်းက လုပိုင်ချွမ် ထွက်ပြေးနေရင်း နောက်ပြန်လှည့်၍ သုံးလိုက်သည့် စွမ်းအားမှာ လေဟာနယ်စွမ်းအားသာ ဖြစ်လေသည်။ သို့ရာတွင် သူ့တိုက်ကွက်မှာ ရန်ကိုင်၏ လဓါးသွားအား ဖြေဖျားပင်မမှီ။ လေဟာနယ်စွမ်းအားကို အပ်တစ်ချောင်းစာမျှဖြစ်အောင် သိပ်သည်းထားသည့် တိုက်ကွက်တစ်ခုဟုသာ ပြော၍ရသည်။
လေဟာနယ်စွမ်းအားမှာ အလွန်ကိုမှ ကာကွယ်ရခက်သဖြင့် တစ်ယောက်ယောက်သာ သတိပေါ့လျော့နေမည်ဆိုပါက လုပိုင်ချွမ်၏ တိုက်ကွက်သည် တစ်ကယ်ကို ထိရောက်သွားနိုင်ပေသည်။ ကံမကောင်းစွာဖြင့် လုပိုင်ချွမ်သည် လေဟာနယ်စွမ်းအားကို ရန်ကိုင့်အပေါ် လာသုံးနေခဲ့သည်။ လုပိုင်ချွမ်၏ လုပ်ရက်မှာ မိကျောင်းမင်းရှေ့ ရေခင်းပြနေခြင်းနှင့် ဘာမှမခြားပေ။ လှည့်ကြည့်လိုက်ရာ ကျန်းမိသားစုနှင့် လုမိသားစုကြား အခြေအနေမှာ ပရမ်းပတာဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။
ကျန်းမိသားစုမှာ လုမိသားစုထက် ခွန်အားရော၊ အရည်အတွက်ပါ နိမ့်ကျသော်ငြား အကုန်လုံးသည် သေရမည်ကို မကြောက်သည့်အလား ရဲရဲတင်းတင်းနှင့် တိုက်ခိုက်နေကြသည်။ သူတို့၏ တိုက်ကွက်များမှာ ကိုယ့်လုံခြုံရေးကိုပင် ဂရုမစိုက်တော့ဘဲ တစ်ဖက်လူအား ဒဏ်ရာရအောင် လုပ်ရေးတွင်သာ အာရုံစိုက်နေခဲ့သည်။ သို့သော်ငြား အဆုံးတွင်သော ခွန်အားကွာခြားချက်မှာ သိသာနေပေသည်။ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက မနှောင်းသောအချိန်တွင် ကျန်းမိသားစု၀င်အားလုံး အသတ်ခံလိုက်ရပေလိမ့်မည်။
သို့သော်ငြား ရန်ကိုင့်ကြောင့် လုပိုင်ချွမ်း ထွက်ပြေးသွားသောအခါ အခြေအနေမှာ လုံး၀ကို အထက်အောက် ပြောင်းပြန်လှန်လိုက်သလို ဖြစ်သွားလေသည်။ လုပိုင်ချွမ် ထွက်ပြေးသွားသည်ကို မြင်ပြီးနောက် လက်ကျန် လုမိသားစု၀င်များ ထိတ်လန့်သွားခဲ့ကြပြီး နည်းနည်းလေးမှပင် တိုက်ခိုက်ချင်စိတ်မရှိကြတော့ဘဲ စတင်ထွက်ပြေးကြတော့လေသည်။ ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်သည် ရွှေရောင်သွေးမျှင်များကို ပစ်လွှတ်၍ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူသုံးဦး၏ အသက်ကို ခြွေယူပစ်လိုက်သည်။
“ကျန်တဲ့လူတွေကိုတော့ ခင်ဗျားတို့ ရှင်းနိုင်လောက်မှာပါ။ ကျုပ် လုပိုင်ချွမ်နောက် လိုက်လိုက်ဦးမယ်”
ရန်ကိုင်သည် လုမိသားစု၀င်အားလုံးကို သတ်မပစ်လိုက်ဘဲ အားအကောင်းဆုံးသော ကျင့်ကြံသူ သုံးဦးကိုသာ သတ်ပစ်လိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် လူလေး”
အဖွားအိုမှာ အလွန်ပျော်သွားပြီး ကျန်းမိသားစု၀င်များအား ကျန် လုမိသားစု၀င်များကို လိုက်လံရှင်းပစ်ရန် အမိန့်ပေးလိုက်လေသည်။ တန်းခိုးရှင်ဘုရင် ပထမအဆင့် ကျင့်ကြံသူသုံးဦးစလုံး သေသွားသည့်အတွက်ကြောင့် လုမိသားစု၀င်များမှာ လုံး၀ကို အောက်စည်းရောက်သွားတော့သည်။ ကျန်းမိသားစု၏ခြံ၀န်းမှ မိုင်တစ်ထောင်ဝေးကွာသော မေပယ်မြို့၏ အနောက်ဘက်ခြမ်းတွင် ခြံ၀န်းကျယ်ကြီးတစ်ခု ရှိပေသည်။
ထိုခြံ၀န်း၏ ဂိတ်ပေါက်ရှေ့တွင် လုစံအိမ် ဆိုသော ဆိုင်းဘုတ်ကို ထိုးထွင်းထားခဲ့သည်။ ဤနေရာသည် လုမိသားစု၀င်များ နေထိုင်ရာနေရာ ဖြစ်ပေသည်။ လက်ရှိတွင် စံအိမ်ထဲ၌ လူပေါင်းများစွာသည် မင်္ဂလာပွဲအတွက် သေသေချာချာ ပြင်ဆင်နေကြသည်။ သူတို့ဆီသို့ တဖြည်းဖြည်း ချည်းကပ်လာနေသော ကပ်ဘေးကိုမူ လုံး၀ သတိမပြုမိကြချေ။ အဓိကခန်းမထဲ လုပိုင်ချွမ် ရုတ်တရက်ပေါ်လာသည်ကို မြင်မှသာ တစ်ခုခုမှားယွင်းနေမှန်း လုမိသားစု၀င်များ နားလည်သွားကြသည်။
“မိသားစုခေါင်းဆောင် ခင်ဗျား ကျန်းမိသားစုဆီ သတို့သမီးခေါ်ဖို့ သွားတာမဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ကြီး ပြန်လာရတာလဲ။ ပြီးတော့ အခုချိန်ကလည်း မင်္ဂလာပွဲစရမယ့်အချိန် မရောက်သေးဘူးလေ” လုမိသားစု၏ တန်ခိုးရှင်အဆင့် ကျင့်ကြံသူများက မေးလိုက်ကြလေသည်။
“အကုန်လုံးကို ထုပ်စရာရှိတာတွေထုပ်ပိုးထားဖို့ အမိန့်ပေးလိုက်။ ငါတို့ဒီကနေ မြန်မြန်ထွက်သွားမှရမယ်”
အမိန့်ပေးပြီးနောက်တွင် လုပိုင်ချွမ်သည် ဘာမှ ဆက်ရှင်းပြမနေတော့ဘဲ စံအိမ်၏ အတွင်းပိုင်းသို့သာ ချက်ချင်း ၀င်ပြေးသွားလေသည်။
“ဘယ်လို”
လုပိုင်ချွမ်၏ အမိန့်ကြောင့် လုမိသားစုခေါင်းဆောင်များ နားမလည်နိုင် ဖြစ်ကုန်ကြသည်။ သို့သော်ငြား လုပိုင်ချွမ်မှာ ဘာမှ သိပ်မပြောသွားခဲ့သော်ငြား လုပိုင်ချွမ်၏ အမူအရာမှတစ်ဆင့် သူတို့ ဒုက္ခရောက်တော့မည်မှန်း အကုန်လုံးသိလိုက်ကြသည်။ ထို့အပြင် မိသားစုခေါင်းဆောင်၏အမိန့်ကို မနာခံရဲသဖြင့် ခဏမျှဆွေးနွေးတိုင်ပင်ပြီးနောက် ချက်ချင်း စတင်ပြင်ဆင်ကြတော့သည်။
လုမိသားစုခြံ၀န်းနောက်ဘက်တွင် လျှို့ဝှက်ခန်းတစ်ခန်း ရှိပေသည်။ လုပိုင်ချွမ်သာ တံဆိပ်ပြားတစ်ခုကိုထုတ်၍ အကာအရံများကို ဖွင့်လိုက်ပြီးနောက် အထဲသို့ ပြေး၀င်သွားလေ၏။ ထိုအခန်းမှာ သိပ်မကြီးလှသော်ငြား ဤနေရာသည် လုမိသားစုမှ ၎င်းတို့၏ အဖိုးတန်ရတနာများကို စုဆောင်းထားသည့်နေရာ ဖြစ်သည်။ လုမိသားစု၏ အရင်းအမြစ်သလင်းကျောက် အားလုံးသည် ဤနေရာတွင် ရှိနေပေသည်။ ထိုအခန်း၏အလယ်တွင် ပိန်းပိန်းပိတ်အောင် မည်းမှောင်နေသော လုံးဝိုင်းသည့် ကျောက်စိမ်းတစ်ခု ရှိနေခဲ့သည်။
ထိုကျောက်စိမ်းသည် ဖြည်းဖြည်းချင်း လည်ပတ်နေပြီး အချိန်နှင့်အမျှ နက်နဲဆန်းကြယ်သည့် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။ အခန်းထဲသို့ ရောက်သည်နှင့် လုပိုင်ချွမ်သည် ထိုလုံးဝိုင်းသည့် ကျောက်စိမ်းဆီသို့ ချက်ချင်းပြေးသွားလေသည်။ ကြည့်ရသလောက် ဤအခန်းထဲတွင် ကျောက်စိမ်းဝိုင်းသည်သာ သူ့အတွက် အဖိုးတန်သည့်ပုံပင်။ လုပိုင်ချွမ်မှ ကျောက်စိမ်းဝိုင်းကို လှမ်းယူတော့မည်အပြု ရုတ်တရက် နောက်သို့လှည့်လိုက်ပြီး အော်ပြောလိုက်လေသည်။
“ဘယ်သူလဲ”
အခုမှပဲ သူ့နောက်တွင် တစ်ယောက်ယောက်ရှိနေမှန်း လုပိုင်ချွမ် သတိပြုမိသွားခဲ့သည်။
“အို” တစ်ချိန်ထဲတွင် အံ့အားသင့်နေသည့် အသံတစ်သံ ရန်ကိုင့်ဆီမှ ထွက်ပေါ်လာခဲ့သည်။
အံအားသင့်နေသည့် အမူအရာဖြင့် ရန်ကိုင်သည် လုပိုင်ချွမ်၏နောက်တွင် ပေါ်လာခဲ့သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၂၃)
လမ်းတစ်၀က်သို့ မရောက်ခင်ကတည်းက ရန်ကိုင်သည် လုပိုင်ချွမ်ကို မိသွားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ချက်ချင်း မတိုက်ခိုက်ခဲ့ဘဲ လုပိုင်ချွမ်၏ နောက်သို့သာ တိုးတိုးတိတ်တိတ် ခြေရာခံလိုက်သွားလေသည်။ ရန်ကိုင်၏ အားကောင်းသော ကောင်းကင်စိတ်အာရုံနှင့်တကွ ဗလာနတ္ထိ ကျင့်စဉ်ကြောင့် သူသာ ပုန်းနေမည်ဆိုလျှင် တာအိုသခင်အဆင့် ပညာရှင်များပင် သူ့အား သတိပြုမိလိမ့်မည် မဟုတ်။
ထိတ်လန့်တကြားဖြင့် ထွက်ပြေးနေသော လုပိုင်ချွမ်ဆိုလျှင် ပြောနေစရာပင်မလို။ လုပိုင်ချွမ်အား ချက်ချင်း မသတ်ခဲ့ရခြင်းမှာ ရန်ကိုင်သည် လုပိုင်ချွမ်နှင့် ပတ်သတ်၍ သိချင်နေသည့် အကြောင်းအရာအနည်းငယ် ရှိနေသည့်အတွက်ကြောင့်သာဖြစ်သည်။ လေဟာနယ်တာအိုသည် နားလည်သဘောပေါက်ရန် လွယ်ကူသည့်အရာတစ်ခု မဟုတ်။ လုပိုင်ချွမ်သည် လေဟာနယ်စွမ်းအားအား အနည်းငယ်မျှ သိပ်သည်းနိုင်လျှင်ပင် ထိုအချက်မှာ လုပိုင်ချွမ်မှ လေဟာနယ်စွမ်းအားအား နားလည်ထားကြောင်း ဖော်ပြနေပေသည်။
ထို့ကြောင့် ရန်ကိုင်သည် လုပိုင်ချွမ်အား အနည်းငယ် စစ်ဆေးကြည့်ချင်လာမိလေသည်။ လျှို့၀ှက်ခန်းကို မြင်ပြီးနောက်တွင် ရန်ကိုင်သည် ဗလာနတ္ထိပညာရပ်ကို အသက်သွင်း၍ လုပိုင်ချွမ်နောက် ဆက်၍လိုက်သွားခဲ့သည်။ သို့သော်လည်း ရန်ကိုင် မမျှော်လင့်ထားသည့်အရာမှာ အခန်းထဲသို့ ဝင်လာလိုက်သည်နှင့် တစ်ပြိုင်နက် ထူးဆန်းသည့် စွမ်းအားတစ်မျိုးသည် သူ၏ ဗလာနတ္ထိကျင့်စဉ်ကို ပျက်ပြယ်သွားအောင် လုပ်လိုက်မည်ဟူသော အချက်ပင်။
ဗဟာနတ္ထိကျင့်စဉ်အား ပျက်ပြယ်သွားအောင် လုပ်လိုက်သည့်အရာမှာ လေထဲဝဲနေသော အနက်ရောင်ကျောက်စိမ်းဝိုင်းလေးမှ ဖြာထွက်နေသည့် စွမ်းအင်ဖြစ်ကြောင်း ရန်ကိုင် သေချာခံစားမိနေလေသည်။
“မင်း…မင်း ဘယ်လို၀င်လာတာလဲ”
လုပိုင်ချွမ်သည် တစ္ဆေသရဲတစ်ကောင် မြင်လိုက်ရသည့်အလား ရန်ကိုင့်ကိုကြည့်ရင်း အသံကုန် ထအော်လေသည်။
ရန်ကိုင်သည် အနက်ရောင်ကျောက်စိမ်းဆီမှ အကြည့်ဖယ်လိုက်ပြီး လုပိုင်ချွမ်ကိုကြည့်ကာ ပြုံး၍ပြန်ပြောလိုက်၏။
“ခင်ဗျားနောက်ကနေ လိုက်၀င်လာတာပေါ့”
“ငါလခွမ်း။ မင်းဘာလို့ ဒီလောက်တောင် ရက်စက်ချင်ရတာလဲ။ ညီငယ်လေး မင်းနဲ့ ဒီလူအိုကြီးနဲ့ တစ်ခါမှ တွေ့ဖူးတာလည်း မဟုတ်ဘူးကွာ။ မင်းနဲ့ငါ့ကြားမှာ ဘာရန်ညှိုးမှ ရှိတာလည်းမဟုတ်ဘူး။ အဲ့တာကို မင်းဘာလို့ ဒီလောက်တောင် ကမ်းကုန်အောင် လုပ်နေရတာလဲ။ ဒီလူအိုကြီးနဲ့ တိုက်ခိုက်ပြီး နှစ်ဦးနှစ်ဖက် ဒဏ်ရာရအောင် လုပ်မယ့်အစား ဒီကိစ္စတွေကို ဒီမှာရပ်လိုက်ကြရင် မကောင်းဘူးလား။ မင်းသာ သဘောတူမယ်ဆိုရင် ဒီလူအိုကြီး မင်းကို ဒီကနေ ဘာဒဏ်ရာမှမရစေဘဲ ထွက်သွားနိုင်အောင် လုပ်ပေးလို့ရတယ်” ရန်ကိုင် ချက်ချင်း မတိုက်ခိုက်သေးသည်ကို မြင်သော် လုပိုင်ချွမ်က ပြောလိုက်လေသည်။
“ကျုပ်ထွက်သွားချင်လို့ရှိရင် ကျုပ်ဘာသာကျုပ် ထွက်သွားမှာပေါ့။ ဘာလို့ ခင်ဗျားဆီက ခွင့်ပြုချက် ယူနေရဦးမှာလည်း” ရန်ကိုင်က လှောင်ပြုံးပြုံးလျက်
“ပြီးတော့ ကျုပ်တို့ကြားမှာ ဘာရန်ညှိုးမှ မရှိဘူးဆိုပေမဲ့ ကျုပ်က ကျန်းမိသားစုရဲ့ တောင်းဆိုချက်ကို လက်ခံထားတာလေ။ ဒီတော့ ခင်ဗျားဆက်ပြီး အသက်ရှင်လို့မရတော့ဘူး”
“ကောင်လေး မင်းသိပ်လွန်မလာနဲ့နော်။ ငါမင်းကို တစ်ကယ်ကြောက်တယ် ထင်နေလို့လား။ နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာ မရစေချင်လို့ ငါအကောင်းပြောနေတာ။ မင်းစကားကို မင်းသေချာပြန်စဉ်းစားဦး”
သို့သော် ရန်ကိုင်၏ ပမာမခန့်အမူအရာကိုမြင်သော် ဆက်ပြောနေ၍လည်း အပိုသာဖြစ်မည်မှန်း လုပိုင်ချွမ် ချက်ချင်းနားလည်သွားခဲ့သည်။ ထို့ကြောင့် ပြောပြီးသွားသည်နှင့် ရန်ကိုင့်ဆီသို့ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြေး၀င်သွားခဲ့လေသည်။ သူ၏ မှော်ရတနာဖြစ်သော လေမိုးကြိုးတူကိုပါ ထုတ်ယူလိုက်သည်။
ရန်ကိုင်သည် ထိုမြင်ကွင်းကိုမြင်သော် ယဲ့ယဲ့လေးပြုံးလျက် အော်ပြောလိုက်လေသည်။
“ထွက်လာခဲ့”
ပြောပြီးသည်နှင့် သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ ချက်ချင်းဆိုသလို အပြာရောင်နှင့် ခရမ်းရောင် စုံတွဲဓါးနှစ်ချောင်းကို ကိုင်စွဲထားသည့် အင်းစက်ဘုရင်မ ထွက်လာခဲ့လေသည်။ အပြင်သို့ ရောက်လာသည်နှင့် အင်းစက်ဘုရင်မသည် ရန်ကိုင်၏ အမိန့်အတိုင်း သူမ၏ ဓါးနှစ်ချောင်းကို ဝှေ့ယမ်းချလိုက်သည်။ အင်းစက်ဘုရင်မအား လူသိရှင်ကြား ထုတ်မသုံးချင်သည့်အတွက် အစောပိုင်းက တိုက်ခိုက်ရာတွင် ထုတ်မသုံးခဲ့ပေ။ သို့သော်ငြား ဤလျှို့ဝှက်ခန်းထဲတွင် သူနှင့် လုပိုင်ချွမ်သာ ရှိသည်။
အင်းစက်ဘုရင်မကို ထုတ်သုံး၍လည်း ဘာမှကိစ္စမရှိ။ အင်းစက်ဘုရင်မသည် တာအိုသခင် ဒုတိယအဆင့်ကိုပင် ယှဉ်ပြိုင်နိုင်သည့် ခွန်အားကို ပိုင်ဆိုင်ထားသဖြင့် လုပိုင်ချွမ်ကဲ့သို့သော လူတစ်ဦးကို အလွယ်တစ်ကူ ကိုင်တွယ်နိုင်ပေသည်။ အင်းစက်ဘုရင်မဆီမှ ထွက်ပေါ်နေသော အရှိန်အဝါကို ခံစားမိသော် လုပိုင်ချွမ် ထိတ်လန့်တုန်လှုပ်သွားပြီး အလန့်တကြား ထအော်လေ၏။
“အဆင့်ဆယ့်တစ် မွန်းစတားသားရဲ”
ချက်ချင်းဆိုသလို သူ့မျက်နှာဖြူလျော်သွားပြီး တိုက်ခိုက်လိုစိတ်များ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားလေသည်။ သူသည် လက်ရှိတွင် တန်ခိုးရှင်ဘုရင် တတိယအဆင့်သာ ရှိသေးသည်။ သူ့လက်ရှိ ခွန်အားဖြင့် အဆင့်ဆယ့်တစ် မွန်းစတားသားရဲတစ်ကောင်နှင့်သာ ကြုံတွေ့ပါက ပြေးရရုံသာ ရှိပေလိမ့်မည်။ ထို့အပြင် ဤအင်းစက်ဘုရင်မမှာ သာမန် မွန်းစတားသားရဲပင်မဟုတ်။ မည်သည့် သာမန် မွန်းစတားသားရဲကများ စုံတွဲဓါးနှစ်ချောင်းကို ဝှေ့ယမ်းနိုင်မည်နည်း။
“ညီလေး ဒီလု ကိုယ့်အမှားကိုယ်သိပါပြီ။ ကျေးဇူးပြုပြီး ငါ့အသက်ကို ခွင့်လွှတ်ပေးပါကွာ” လုပိုင်ချွမ်သည် ချက်ချင်း အသက်ချမ်းသာပေးရန် တောင်းဆိုတော့လေသည်။
ရန်ကိုင်ကမူ လျစ်လျူရှုထားခဲ့သည်။ အင်းစက်ဘုရင်မသည် လုပိုင်ချွမ်၏ အသနားခံမှုကို လုံး၀ဂရုမစိုက်ဘဲ ရေခဲအရှိန်အဝါကို ထုတ်လွှတ်၍ ၎င်း၏ ဓါးနှစ်ချောင်းကို ဝှေ့ယမ်းချလိုက်သည်။ ရုတ်တရက် လျှို့ဝှက်ခန်းတစ်ခုလုံး ဗရမ်းဗတာ ဖြစ်လာကုန်လေသည်။ လုပိုင်ချွမ်မှာ အားကုန်သုံး၍ ခုခံခဲ့သော်ငြား အင်းစက်ဘုရင်မ၏ တိုက်ကွက်ကို လုံး၀မခုခံနိုင်ခဲ့။ တစ်ခဏအတွင်း အမျိုးမျိုးသော ဒဏ်ရာများကြောင့် သူ့တစ်ကိုယ်လုံး သွေးချင်းနီသွားခဲ့လေသည်။
ထိုအချိန်အတောအတွင်းရန်ကိုင်သည် အနက်ရောင်ကျောက်စိမ်းဝိုင်းလေးရှေ့ ရောက်လာပြီး မျက်မှောင်ကြုတ်က စတင်လေ့လာကြည့်လေ၏။ ကျောက်စိမ်းမှာ အလွန်ကိုမှ ထူးခြားလှသည်။ ရန်ကိုင့်၏ ကောင်းကင်စိတ်အာရုံမှာ ထိုအရာကို မထိုးဖောက်နိုင်ခဲ့ပေ။ သို့သော်ငြား ထိုးဖောက်သွားနိုင်သည့် အခါတွင်လည်း သူ့စိတ်အာရုံသည် အဆုံးမဲ့ သမုဒ္ဒရာကြီးထဲသို့ နစ်မြုပ်သွားသလိုသာ ခံစားလိုက်ရသည်။ ထို့အပြင် ဤကျောက်စိမ်းသည် သူ၏ ဗလာနတ္ထိကျင့်စဉ်ကိုပင် ဖယ်ရှားပစ်နိုင်ပေသည်။
ခဏကြာအောင် လေ့လာနေပြီးနောက်တွင် ရန်ကိုင်သည် အနက်ရောင်ကျောက်စိမ်းကို လှမ်းဆွဲယူလိုက်သည်။ သို့သော် ဘာဆိုဘာမှ ဖြစ်မသွားခဲ့။ သူ့စွမ်းအားကို ကျောက်စိမ်းထဲသို့ ထည့်သွင်းကြည့်သည့်တိုင် ဘာမှဖြစ်မလာခဲ့ချေ။
“ထူးဆန်းလိုက်တာ” ရန်ကိုင်က ခေါင်းခါလိုက်သည်။
“ညီငယ်လေး ငါ့ကို ချမ်းသာပေးပါကွာ။ မင်းသာ ဒါရဲ့ လျှို့ဝှက်ချက်ကို သိချင်တယ်ဆိုရင် မင်းကို ပြောပြလို့ရတယ်။ မင်းငါ့ကို ချမ်းသာပေးဖို့ပဲ လိုတယ်” အင်းစက်ဘုရင်မကြောင့် အခန်းထောင့်သို့ ရောက်နေပြီဖြစ်သော လုပိုင်ချွမ်သည် ထိုအချင်းအရာကိုမြင်သော် လှမ်းအော်ပြောလေသည်။
လုပိုင်ချွမ်ရင်ထဲ အတော်လေးကို စိတ်ညစ်နေရသည်မှာ ဤအလွန်မာကြောသည့် လျှို့ဝှက်ခန်း နံရံကြောင့် ဖြစ်ပေသည်။ လုမိသားစု၀င် ဘိုးဘေးများသည် ဤလျှို့ဝှက်ခန်းကို တည်ဆောက်ရန်အတွက် ငွေကြေးမြောက်များစွာ သုံးစွဲခဲ့သည်။ ထို့ကြောင့် သာမန်တာအိုသခင် အဆင့် ပညာရှင်တစ်ဦးပင်လျှင် ဤလျှို့ဝှက်ခန်းကို အချိန်တိုအတွင်း ဖျက်ဆီးပစ်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုသို့ဖြစ်လေရာ လုပိုင်ချွမ်ကဲ့သို့သော လူတစ်ဦးမှ ဤလျှို့ဝှက်ခန်းကို မည်သို့များ ဖျက်ဆီးနိုင်မည်နည်း။
“ခင်ဗျား ဒါအကြောင်း သိတာလား”
ရန်ကိုင်က လုပိုင်ချွမ်ဘက်သို့လှည့်၍ မေးလိုက်သည်။
လုပိုင်ချွမ်က စိုးရိမ်တကြီး ပြန်ပြောလိုက်လေသည်။
“ငါသိတယ်”
ရန်ကိုင်မှ အမိန့်ပေးလိုက်သည့်နောက် အင်းစက်ဘုရင်မသည် ချက်ချင်းရပ်တန့်လိုက်လေသည်။ ၎င်း၏ စုံတွဲဓါးနှစ်ချောင်းသည် လုပိုင်ချွမ်၏ နဖူးနှင့် လက်တစ်လုံးစာသာ ဝေးကွာတော့သည်။ ဖြာထွက်လာသည့် ဓါးချီစွမ်းအင်ကြောင့် လုပိုင်ချွမ်၏ ဆံပင်အချို့ပင် ပြတ်တောက်သွားလေ၏။ သေဘေးက လက်တစ်ကမ်းအလိုလေး လွတ်လာပြီးနောက် လုပိုင်ချွမ်တစ်ကိုယ်လုံး ချွေးအေးများဖြင့် စိုရွှဲနေလေသည်။
“ပြော ဒါဘာလဲ။ ဒါကဘာလို့ ကျုပ်ရဲ့ ကျင့်စဉ်ကို ဖော်ထုတ်ပစ်လိုက်နိုင်တာလဲ” အနက်ရောင်ကျောက်စိမ်းကို မြှောက်လိုက်၊ ဖမ်းလိုက်လုပ်ရင်း ရန်ကိုင်က လုပိုင်ချွမ်ဘက်သို့လှည့်၍ မေးလိုက်လေသည်။
လုပိုင်ချွမ်သည် တံတွေးတစ်လုပ် မြိုချလိုက်ပြီး သူ့ရှေ့တွင်ရပ်နေသော အင်းစက်ဘုရင်မအား လှမ်းကြည့်လိုက်သည်။
“ဘာဉာဏ်နီဉာဏ်နက်မှ ထုတ်မနေနဲ့။ မဟုတ်ရင် ခင်ဗျားကို ချက်ချင်းသတ်ပစ်မှာ” လုပိုင်ချွမ်၏ အမျိုးမျိုးပြောင်းလဲနေသော အမူအရာကိုမြင်လျှင် ရန်ကိုင်က အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။
လုပိုင်ချွမ်သည် တစ်ခုခုကို အလျင်အမြန် နားလည်သွားပြီး တုန့်ဆိုင်းနေသည့် အမူအရာဖြင့် ပြောလိုက်သည်။
“ဒီလူအိုကြီး အပြစ်ပေးခံရဖို့ တိုက်တန်တယ်ဆိုတာ ၀န်ခံပါတယ်။ ဒါ့ကြောင့် ဒီလူအိုကြီး ဘာမှဆက်ပြီး ကြိုးစားတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလူအိုကြီးသာ ညီလေးလိုနေတဲ့ သတင်းကိုပေးနိုင်မယ်ဆိုရင် ဒီလူအိုကြီးရဲ့အသက်ကို ချမ်းသာပေးလို့ရမလား”
“ခင်ဗျားကျုပ်ကို လာအကြပ်ကိုင်နေတာလား” ရန်ကိုင်က ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။
“မဟုတ်ပါဘူး” လုပိုင်ချွမ်က အလျင်အမြန် လက်ဝှေ့ယမ်း၍ “ဒီလူအိုကြီး တစ်ကယ် မသေချင်သေးလို့ပါ”
“ဘယ်သူမှ မသေချင်ဘူး” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ ကျုပ်ခင်ဗျားကို အခွင့်အရေးတစ်ခု ပေးမယ်”
လုပိုင်ချွမ်မှာ အလွန်ပျော်သွားပြီး စကားဆက်ပြောတော့မည်အပြု ရန်ကိုင်က ဆက်ပြောလိုက်သည်။
“ဟုတ်တာပေါ့ ဒါပေမဲ့ ခင်ဗျားပြောတဲ့ အကြောင်းအရာက ကျုပ်ကို ကျေနပ်စေမှ ရမှာနော်”
လုပိုင်ချွမ်၏ အမူအရာ ရုတ်ချည်း ခါးသက်သွားပြီး ပြန်ပြောလိုက်လေသည်။
“ဒီလူအိုကြီး ဘာမှမဖုံးမကွယ်ပဲ ပြောပြပါ့မယ်”
“ကောင်းပြီလေ” ရန်ကိုင်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး သူ့လက်ကိုဆန့်ထုတ်ကာ ကျောက်စမ်းညောင်ဇောင်းတစ်ခုကို ဆွဲယူကာ ထိုင်ချလိုက်လေသည်။
ကျောက်စိမ်းနက်အား မြှောက်လိုက်၊ ပြန်ဖမ်းလိုက်လုပ်ရင်း ပြန်မေးလိုက်၏။
“ဒါဘာလဲ”
လုပိုင်ချွမ်က အလျင်အမြန် ပြန်ပြောလိုက်၏
“လေဟာနယ် ဝိဉာဉ်ကျောက်စိမ်းပါ”
“လေဟာနယ် ဝိဉာဉ်ကျောက်စိမ်း” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။
ထို့နောက် တစ်ခုခုကို တွေးမိသွားဟန်ဖြင့် ပြန်မေးလိုက်၏။
“လေဟာနယ်သလင်းကျောက်နဲ့ ဘာကွာလဲ”
လုပိုင်ချွမ်က အလျင်အမြန် ရှင်းပြလိုက်သည်။
“လေဟာနယ် ဝိဉာဉ်ကျောက်စိမ်းဆိုတာက အရမ်းသန့်စင်တဲ့ လေဟာနယ်သလင်းကျောက်တွေရဲ့ အတွင်းပိုင်းမှာပဲ ထုတ်လွှတ်နိုင်တာပါ။ လေဟာနယ်သလင်းကျောက် တစ်သောင်းမှာတောင် လေဟာနယ်ဝိဉာဉ်ကျောက်စိမ်းတစ်ခု ဖြစ်မလာနိုင်ပါဘူး”
“ဒီတော့ ဒါက လေဟာနယ်သတင်းကျောက်ရဲ့ အမြူတေလိုမျိုးဟာပေါ့” ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။
“ဟုတ်ပါတယ်။ ဒါပေမဲ့ ဒါက လေဟာနယ် ဝိဉာဉ်ကျောက်စိမ်းစစ်စစ်ကြီး မဟုတ်ဘူး။ အခြားပစ္စည်းတစ်ခုခုနဲ့ရောပြီး မှော်ရတနာတစ်ခုအဖြစ် လုပ်ထားတဲ့ပုံပါ” လုပိုင်ချွမ်က ရှင်းပြလိုက်သည်။
“အို ခင်ဗျား တော်တော်လေး သိတာပဲ” ရန်ကိုင်က အံအားသင့်နေသည့် အမူအရာဖြင့် ပြောလိုက်သည်။
“ညီငယ်လေး ချီးကျူးလွန်းနေပါပြီ။ ဒီလူအိုကြီးက ဒီအကြောင်းကို သိရဖို့ နှစ်ပေါင်းများစွာကြာအောင် လေ့လာနေခဲ့တာပါ။ ပြီးတော့ ရှေးဟောင်းစာအုပ်တွေ အများကြီးကို ဖတ်ပြီးတော့မှပဲ အခုလို ကောက်ချက်ချနိုင်ခဲ့တာ” လုပိုင်ချွမ်က ရှင်းပြ၍ တုန့်ဆိုင်းနေသည့် အမူအရာဖြင့် ထပ်ပြောလိုက်သည်။
“ညီငယ်လေး လေဟာနယ်စွမ်းအားကို ကျင့်ကြံထားတာလား”
“ခင်ဗျားရော မဟုတ်လို့လား” ရန်ကိုင်က လုပိုင်ချွမ်အားကြည့်ကာ ပြောလိုက်သည်။
လုပိုင်ချွမ်က ခါးသက်စွာပြုံး၍
“ဒီလူအိုကြီးရဲ့ လေဟာနယ်တာအိုအပေါ် နားလည်မှုက ညီငယ်လေးနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ။ ညီငယ်လေးပဲ ဒီလူအိုကြီးရဲ့ တိုက်ကွက်ကို အလွယ်တကူ ဖျက်ဆီးလိုက်တာ မဟုတ်ဘူးလား။ အဲ့ကတည်းက ဒီလူအိုကြီး ခန့်မှန်းမိပြီးသား။ တစ်ကယ်ဟုတ်နေမယ်လို့ မထင်ထားဘူး။ ညီငယ်လေးသာ လေဟာနယ်စွမ်းအားကို မကျင့်ကြံထားရင် အဲ့လိုမျိုးလုံး၀ လုပ်နိုင်မှာမဟုတ်ဘူး”
“ဘာမှမဟုတ်ပါဘူး” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်သည်။
“ဟုတ်ပါတယ်။ ညီငယ်လေးနဲ့ယှဉ်လိုက်ရင် ဒီလူအိုကြီးက ဘာဆိုဘာမှ မဟုတ်တော့ပါဘူး”
“လာပြီး ဖားယားမနေနဲ့။ လိုရင်းကိုပဲပြော။ ခင်ဗျား လေဟာနယ်စွမ်းအားကို ဘယ်လို ကျင့်ကြံထားတာလဲ။ ဒီလေဟာနယ် ဝိဉာဉ်ကျောက်စိမ်းနဲ့တော့ ပတ်သက်နေတယ် မဟုတ်လား” ရန်ကိုင်က ဆက်မေးလိုက်သည်။
“ညီငယ်လေးပြောတာ အမှန်ပါပဲ” လုပိုင်ချွမ်က ခေါင်းညိတ်လိုက်သည်။
“ဒီလူအိုကြီး လေဟာနယ်စွမ်းအားကို နားလည်ထားရတာ ဒီလေဟာနယ် ဝိဉာဉ်ကျောက်စိမ်းကြောင့်ပါ”
လုပိုင်ချွမ် ပြောပြသည်ကို နားထောင်ပြီးမှပဲ ရန်ကိုင့် သံဿယများ ရှင်းလင်းသွားတော့သည်။ ဤလေဟာနယ် ဝိဉာဉ်ကျောက်စိမ်းကြောင့် သူ၏ ဗလာနတ္ထိကျင့်စဉ် ပျက်ပြယ်သွားစဉ်က လုပိုင်ချွမ်၏ လေဟာနယ်အပေါ် နားလည်မှုသည် ဤအရာနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေရမည်မှန်း နားလည်ပြီးသားပင်။
“လူအိုကြီး ပြောခဲ့သလိုပဲ ဒီလေဟာနယ်ဝိဉာဉ် ကျောက်စိမ်းက အခြားပစ္စည်းတွေနဲ့ပေါင်းပြီး ထူးဆန်းတဲ့ မှော်ရတနာတစ်ခုဖြစ်အောင် အားကောင်းတဲ့ ပညာရှင်တွေကပေါင်းပြီး လုပ်ထားခဲ့တာ။ ဒါပေမဲ့ အဲ့မှော်ရတနာထဲက ဘာစွမ်းအားကိုမှ ဒီလူအိုကြီး ထုတ်မသုံးနိုင်ဘူး။ အဲ့တာကို လေ့လာရင်းမှာပဲ မထင်မှတ်ထားဘဲ လေဟာနယ်စွမ်းအား နည်းနည်းပါးပါးကို ဒီလူအိုကြီး နားလည်သွားခဲ့တာ” လုပိုင်ချွမ်သည် ရန်ကိုင်၏ အမူအရာကို သေချာစောင့်ကြည့်ရင်း ရှင်းပြလိုက်လေသည်။
သို့သော်လည်း ရန်ကိုင်၏မျက်နှာမှာ လုံး၀ကို တည်ငြိမ်နေသဖြင့် လုပိုင်ချွမ်မှာ ပိုပို၍ စိုးရမ်လာခဲ့ရပေသည်။
“လေဟာနယ်စွမ်းအားကို ကျင့်ကြံဖို့ အရမ်းခက်တယ်။ ပါရမီသာ မပါဘူးဆိုရင် နှစ်တစ်ထောင်လောက်ထိုင်ပြီး ကျင့်ကြံလည်း ဘာမှတတ်မှာမဟုတ်ဘူး။ ကျုပ်သိချင်တာက ခင်ဗျားဒါကိုလေ့လာရင်း ဘယ်လိုလုပ်ပြီး လေဟာနယ်စွမ်းအားကို ကျွမ်းကျင်သွားရတာလဲ ဆိုတာကိုပဲ” ရန်ကိုင်သည် လုပိုင်ချွမ်အား မျက်လုံးမှေးစင်းကာကြည့်ရင်း မေးလိုက်လေသည်။
“ခင်ဗျားကျုပ်ကို လာလိမ်ပြောရင် သေသွားပါရစေဆိုပြီး တောင်းဆိုရတဲ့အထိ ကျုပ်လုပ်ပစ်မှာနော်”
လုပိုင်ချွမ်တစ်ကိုယ်လုံး ကြောက်လန့်မှုကြောင့် တုန်ရီသွားပြီး ပြန်ပြောလိုက်လေ၏။
“ငါလုံး၀ကို မလိမ်ပါဘူး ညီငယ်လေး။ မင်းပိုသိချင်တယ်ဆိုမှတော့ ဒီလူအိုကြီး သေချာရှင်းပြပါ့မယ်။ ဒီလူအိုကြီး ဒါကိုလေ့လာရင်းနဲ့ မတော်တဆ လေဟာနယ်စွမ်းအားကို တတ်ကျွမ်းသွားခဲ့တာပါ။ ပြောပြရရင်တော့ အရှည်ကြီးပဲ။ တစ်ကယ်တော့ ဒီပစ္စည်းက ငါတို့လုမိသားစုရဲ့ အပိုင်မဟုတ်ဘူး။ ဒါက ကျန်းမိသားစုရဲ့ဟာပဲ”
“ဒါဆို ဘယ်လိုလုပ်ပြီး ခင်ဗျားတို့ လုမိသားစုလက်ထဲ ရောက်နေရတာလဲ။ ခင်ဗျား ခိုးလာတာလား” ရန်ကိုင်သည် လုပိုင်ချွမ်အား လှောင်ပြုံးပြုံးကာကြည့်၍ ပြောလိုက်လေသည်။
လုပိုင်ချွမ်က လက်ကိုဝှေ့ယမ်း၍
“ညီငယ်လေး မင်းနားလည်မှုလွဲနေပြီ။ ဒါက လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက ကျန်းမိသားစုရဲ့ အမျိုးသမီးတစ်ဦး ငါတို့လုမိသားစုထဲ လက်ထပ်၀င်လာတုန်းက မင်္ဂလာလက်ဖွဲ့အဖြစ် ရလိုက်တဲ့ ပစ္စည်းတစ်ခုပဲ။ ငါတို့ မိသားစုနှစ်ခုက အရမ်းရင်းနှီးတာကို မင်းလည်းသိမှာပေါ့။ ဒါကြောင့် ငါတို့တွေက…”
“အဲ့တာတွေက ခင်ဗျားရခဲ့တဲ့ အခွင့်အရေးနဲ့ ဘာဆိုင်လို့လဲ” ရန်ကိုင်က ဖြတ်ပြောလိုက်သည်။
“ကျေးဇူးပြုပြီး စိတ်ရှည်ပါ ညီငယ်လေး။ ဒီလူအိုကြီး အားလုံးကို ရှင်းပြပါမယ်” လုပိုင်ချွမ်က အားတင်း၍ ပြုံးလိုက်လေသည်။
သို့သော်ငြား ရန်ကိုင်၏ အေးစက်စက်အမူအရာကိုမြင်သော် အချိန်ဆွဲမနေတော့ဘဲ အလျင်အမြန် ဖြတ်ပြောလိုက်၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၂၄)
လုပိုင်ချွမ် ရှင်းပြသည်ကို နားထောင်ပြီးနောက် အကြောင်းစုံကို ရန်ကိုင် နားလည်သွားခဲ့လေသည်။ လုပိုင်ချွမ် ပြောပုံအရ ဤလေဟာနယ် ဝိဉာဉ်ကျောက်စိမ်းသည် လုမိသားစုထဲသို့ လက်ထပ်၀င်လာသည့် ကျန်းမိသားစုမှပေးသည့် ပေးသည့်လက်ဆောင်တစ်ခုမှန်း သိလိုက်ရသည်။ ထိုစဉ်က လုမိသားစုခေါင်းဆောင်သည် ဤရတနာအား အကြိမ်ပေါင်းများစွာ စစ်ဆေးကြည့်သော်ငြား ဘာမှရှာမတွေ့ခဲ့ချေ။
နောက်ဆုံး ကျန်းမိသားစုခေါင်းဆောင်ကိုပင် သွားမေးကြည့်သေးသည်။ ကျန်းမိသားစုခေါင်းဆောင်ကမူ ဤရတနာအား မှော်ရတနာများ ဖန်တီးရာတွင် အသုံးပြုသော ကုန်ကြမ်းပစ္စည်းဖြစ်သည်ဟုသာ ပြောခဲ့သည်။ လုမိသားစုခေါင်းဆောင်လည်း ကျန်းမိသားစုခေါင်းဆောင် ပြောသည်ကိုယုံပြီး ဤလေဟာနယ်ဝိဉာဉ်ကျောက်စိမ်းကို ပန်းပဲပညာရှင်အချို့သို့ ယူသွားပြလေသည်။
သို့သော်လည်း မည်သည့်ပန်းပဲပညာရှင်မှ ဤရှားပါးရတနာကို အရည်မဖျော်ပစ်နိုင်ခဲ့ပေ။ မှော်ရတနာသွန်းလုပ်ဖို့ဆိုလျှင် ပြောနေစရာပင်မလို။ ထိုအချိန်မှစ၍ ဤလေဟာနယ် ဝိဉာဉ်ကျောက်စိမ်းသည် လုမိသားစု ရတနာဂိုထောင်ထဲ ကိန်းအောင်းနေခဲ့လေရာ ယခု လုပိုင်ချွမ်မျိုးဆက်အထိ ရောက်သည်ထိပင်။
“ခင်ဗျားဒီဟာကိုသုံးပြီး လေဟာနယ်စွမ်းအားကို ကျင့်ကြံလို့ရမှန်း ဘယ်လိုသိသွားတာလဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။
“တိုက်ဆိုင်သွားတာ” လုပိုင်ချွမ်က မဲ့ပြုံးပြုံး၍ ဆက်ပြောလိုက်သည်။
“လွန်ခဲ့တဲ့ဆယ်နှစ်က ဒီရတနာခန်းကို လာစစ်ဆေးတုန်း အဲ့ကျောက်စိမ်းက အရောင် တောက်နေတာကို တွေ့လိုက်တယ်။ ဘာတွေများထူးခြားနေလဲဆိုပြီး သွားစစ်ဆေးကြည့်ပေမဲ့ ဘာမှထူးခြားတာ မတွေ့လိုက်ရဘူး။ ပြီးတာနဲ့ မကြာပါဘူး အဲ့အရောင်တောက်နေတာ ရပ်သွားရော။ ဒီလုလည်း အမြင်မှားနေတာပဲ ဖြစ်ပါမယ်ဆိုပြီး အဲ့ကိစ္စကို သိပ်ဂရုမစိုက်ခဲ့ဘူး။ ဒါပေမဲ့ နှစ်၀က်ကြာပြီးတဲ့ နောက်ပိုင်း နောက်တစ်ကြိမ်ထပ်ပြီး အရောင် တောက်လာပြန်တယ်။ အဲ့တော့မှ ဒီလူအိုကြီး အမြင်မှားနေတာမဟုတ်မှန်း သိသွားခဲ့တာ။ ဒုတိယတစ်ကြိမ်က ပထမတစ်ကြိမ်ထက် ပိုကြာတယ်။ ဒါပေမဲ့ အဲ့တစ်ကြိမ်မှာလည်း ဒီလူအိုကြီး ဘာထူးခြားတဲ့ အကြောင်းအရာကိုမှ မသိလိုက်ရဘူး။ လွန်ခဲ့တဲ့နှစ်နှစ်က အဲ့လိုမျိုး နောက်တစ်ကြိမ် ပြန်ဖြစ်တယ်။ ဒါပေမဲ့ အဲ့တစ်ကြိမ်က တော်တော်လေးကိုကြာတယ်လို့ ပြောလို့ရတယ်။ သုံးလလောက်ကိုကြာတာ။ အဲ့သုံးလအတွင်းမှာမှ ဒီလူအိုကြီး အဲ့လေဟာနယ်ဝိဉာဉ်ကျောက်စိမ်းကနေ လေဟာနယ်စွမ်းအားကို ကျင့်ကြံနိုင်တဲ့နည်းကို ရှာတွေ့သွားတာ”
“အဲ့လိုမျိုးတစ်ကယ်ဖြစ်သွားတာလား” ရန်ကိုင်သည် လုပိုင်ချွမ်အား မယုံသင်္ကာဖြင့် ကြည့်လိုက်လေသည်။
“ဒီလု မလိမ်ရဲပါဘူး။ အမှန်ကိုပြောနေတာပါ” လုပိုင်ချွမ်က အလျင်စလို ပြန်ပြောလိုက်သည်။
ရန်ကိုင်က ခေါင်းညိတ်၍
“ဆက်ပြော။ ဒီလေဟာနယ် ဝိဉာဉ်ကျောက်စိမ်းက ဘာဖြစ်လို့ အမြဲတမ်း အရောင်တောက်မနေဘဲ သူတောက်ချင်တဲ့ အချိန်မှပဲ ထတောက်ရတာလဲ”
လုပိုင်ချွမ်က မဲ့ပြုံးပြုံး၍ “အစကတော့ ဒီလုလည်း ညီငယ်လေးလိုပဲ လေဟာနယ်ဝိဉာဉ်ကျောက်စိမ်းက သူအရောင်တောက်ချင်တဲ့အချိန် တောက်မယ်လို့ ထင်ခဲ့တာ။ ဒီလူအိုကြီးကိုယ်တိုင်က ဒီကျောက်စိမ်းကနေ အကျိုးအမြတ်ကြီးကြီးမားမား ရထားတာဆိုတော့ အခွင့်အရေးကို လက်မလွှတ်ချင်ဘူးလေ။ နောက်ပိုင်း သေချာစစ်ဆေးကြည့်လိုက်တော့မှ လေဟာနယ်ဝိဉာဉ်ကျောက်စိမ်းက သူအရောင်တောက်ချင်တဲ့အချိန် တောက်တာမဟုတ်ဘဲ သတ်မှတ်ထားတဲ့သူ ရောက်လာမှ အရောင်တောက်တာမှန်း ဒီလုနားလည်သွားတယ်”
“ဘယ်သူလဲ” ရန်ကိုင်၏မျက်လုံး တဖျက်ဖျက်တောက်ပသွားခဲ့လေသည်။
လုပိုင်ချွမ်၏ပါးစပ် တွန့်ကွေးသွားခဲ့လေသည်။
“ကျန်းမိသားစုက ကောင်မလေးပဲ”
ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီးနောက် တစ်ခုခုကို နားလည်သွားကာ ပြန်မေးလိုက်လေသည်။
“ကျန်းရို့ရှီလား”
“ဟုတ်တယ်” လုပိုင်ချွမ်က ခေါင်းညိတ်၍ ရှင်းပြလိုက်သည်။
“အဲ့ကျန်းမိသားစုက ကောင်မလေး လုမိသားစုကိုလာပြီး ဒီရတနာဂိုထောင်နဲ့ ခပ်နီးနီးမှာ နေသွားတိုင်း ဒီလေဟာနယ်ဝိဉာဉ်ကျောက်စိမ်းက အမြဲအရောင်တောက်တယ်။ ပထမနဲ့ ဒုတိယအကြိမ်ကတော့ တိုက်ဆိုင်တာလို့ ပြောလို့ရပေမဲ့ တတိယအကြိမ်ကတော့ အဲ့လို မဟုတ်တော့ဘူး။ တတိယအကြိမ်က အဲ့ကောင်မလေး ကျုပ်လုမိသားစုမှာ တစ်လတောင် နေသွားတာ။ သူထွက်သွားမှပဲ ဒီလေဟာနယ် ဝိဉာဉ်ကျောက်စိမ်း အရောင်မှိန်သွားတာ။ အဲ့လိုမှန်း သိသွားတဲ့နောက်ပိုင်း ဒီလု အဲ့ကျန်းမိသားစုက ကောင်အမလေးကို အမြဲတမ်း သေသေချာချာ စောင့်ကြည့်လိုက်တယ်။ ဒီလု ထင်တဲ့အတိုင်းပဲ သူရောက်လာတဲ့အခါတိုင်း ဒီလေဟာနယ် ဝိဉာဉ်ကျောက်စိမ်းက အရောင်တောက်တယ်။ အဲ့တာတင် မဟုတ်သေးဘူး သူအသက်ကြီးလာတာနဲ့ ဒီလေဟာနယ်ဝိဉာဉ်ကျောက်စိမ်းက တောက်တဲ့အရောင်က ပိုပိုပြီးတော့ ပြင်းထန်လာတယ်။ ဒီလုက လေဟာနယ်တာအိုမှာ ပါရမီ မပါဘူးလေ။ အခုလိုမျိုး လေဟာနယ်စွမ်းအားကို တတ်ကျွမ်းထားတယ်ဆိုတာ ဒီကျောက်စိမ်းရဲ့ ကျေးဇူးကြောင့်ပဲ”
“အဲ့ကောင်မလေးက ဒါနဲ့ တစ်မျိုးတစ်ဖုံ ပတ်သက်နေတာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။
ဤကိစ္စနှင့် ပတ်သက်၍ ရှင်းပြချက်နှစ်ခုသာ ရှိတော့သည်။ တစ်ခုမှာ ကျန်းရို့ရှီသည် ဤလေဟာနယ်ဝိဉာဉ်ကျောက်စိမ်းနှင့် ပတ်သက်သည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံ တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ဖြစ်သည်။ နောက်တစ်ခုမှာ သူမသည် လေဟာနယ်ဝိဉာဉ်ကျောက်စိမ်းနှင့် ပတ်သက်သည့် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်ရမည်။ သို့သော်ငြား ရန်ကိုင်စစ်ဆေးကြည့်ရသလောက် ကျန်းရို့ရှီသည် သာမန်မိန်းကလေးတစ်ဦးသာ ဖြစ်ပေသည်။ သူမနှင့် ပတ်သက်၍ မည်သည့်ထူးခြားချက်ကိုမှ ရန်ကိုင် ရှာမတွေ့ခဲ့ပေ။
သို့သော် သူမတွင် အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိမရှိ သိလိုလျှင်တော့ သေသေချာချာ ထပ်စစ်ဆေးကြည့်မှသာ ရပေလိမ့်မည်။ ဒုတိယတစ်ခုမှာတော့ ဖြစ်နိုင်ချေ နည်းပေသည်။ ကျန်းရို့ရှီသာ သွေးမျိုးဆက်တစ်ခုခုကို ပိုင်ဆိုင်ထားပါက အခြား ကျန်းမိသားစုများသည်လည်း ထိုသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားရပေလိမ့်မည်။ သို့သော် ကျန်းရို့ရှီ၏ သွေးမျိုးဆက် ရုတ်တရက်နိုးထလာခြင်းမျိုး၊ သူမ၏ သွေးမျိုးဆက်သည် အခြားကျန်းမိသားစု၀င်များထက် ပိုမိုသန့်စင်နေသည်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ရန်ကိုင် အတွေးနက်သွားလေသည်။ လုပိုင်ချွမ်မှာ နည်းနည်းလေးမှ မလှုပ်ရဲဘဲ ရန်ကိုင့်အမူအရာကိုသာ စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေခဲ့သည်။
“ဒါကြောင့် ခင်ဗျားရဲ့ မျိုးဆက်တွေနဲ့ ကျန်းရို့ရှီကို လက်ဆတ်ပေးဖို့ လုပ်တာလား” ရန်ကိုင်က ရုတ်တရက်မေးလိုက်သည်။
လုပိုင်ချွမ်က မဲ့ပြုံးပြုံး၍ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ် အဲ့ကောင်မလေးသာ ကျုပ်တို့ လုမိသားစုမှာ နေနေမယ်ဆိုရင် ဒီလူအိုကြီးအနေနဲ့ လေဟာနယ် ဝိဉာဉ်ကျောက်စိမ်းကို အမြဲလေ့လာလို့ရပြီ။ လေဟာနယ်တာအိုကို ကျွမ်းကျွမ်းကျင်ကျင် လေ့လာဖို့ဆိုတာ မဖြစ်နိုင်တော့တဲ့အရာ မဟုတ်တော့ဘူး” ပြောနေရင်း လုပိုင်ချွမ် ပိုပို၍ စိတ်လှုပ်ရှားလာခဲ့သည်။
သို့သော် မကြာမီ သူ့အမူအရာ ညှိုးကျသွားခဲ့သည်။ အမှား တစ်ခုကြောင့် သူ့အနေဖြင့် ဤအခွင့်အရေးကို ဆုံးရှုံးလိုက်ရပေသည်။ ယခု သူအသက်ရှင်မလား၊ သေမလားဆိုသည်မှာ ရန်ကိုင်၏ စိတ်အခြေအနေပေါ်တွင် မူတည်သည်။
“ညီငယ်လေး ငါမင်းသိချင်တဲ့ ကိစ္စတွေအားလုံးကို ပြောပြပြီးသွားပြီဆိုတော့ ကျေးဇူးပြုပြီးငါ့ကို ချမ်းသာပေးလို့ရမလား” လုပိုင်ချွမ်သည် ရန်ကိုင်အား စိုးရိမ်တကြီး ကြည့်လိုက်သည်။
ရန်ကိုင်က ခေါင်းညိတ်၍ ပြုံးကာ ပြန်ပြောလိုက်သည်။ “ကိစ္စမရှ်ိဘူး”
“ကျေးဇူးအများကြီးတင်ပါတယ် ညီငယ်လေး” လုပိုင်ချွမ် အလွန်ပျော်သွားပြီး ရန်ကိုင့်အား ဦးပင်ညွှတ်လိုက်လေသည်။
သို့သော် သူ့စကားဆုံးသွားသည်နှင့် သူ့တစ်ကိုယ်လုံး နောက်သို့ လွင့်စင်ထွက်သွားခဲ့သည်။ နံရံအား သွား၀င်ဆောင့်ကာ အရိုးသွင်သွင်ကျိုးသွားပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရလေသည်။
“မင်း…” လုပိုင်ချွမ်သည် ရန်ကိုင့်အား မယုံကြည်န်ုင်စွာ ကြည့်လိုက်သည်။
ရန်ကိုင်သည်သူ့အား အသက်ရှင်ခွင့်ပေးမည်ဟု ပြောခဲ့သော်ငြား ယခုကဲ့သို့ တိုက်ခိုက်လာမည်ဟု မထင်ထားခဲ့ပေ။
“ကျုပ် ခင်ဗျားအသက်ကို ချမ်းသာပေးမယ်လို့ ပြောထားတာအမှန်ပဲ။ ဒီတော့ ကျုပ်ခင်ဗျားကို သတ်မှာမဟုတ်ဘူး။ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာမှစိတ်မပူနဲ့။ ဒါပေမဲ့ ကျန်းမိသားစု ခင်ဗျားကို သတ်မသတ်ကတော့ ကျုပ်ကိစ္စမဟုတ်ဘူးနော်”
ထို့နောက်တွင် ရန်ကိုင်သည် လုမိသားစု၏ ရတနာဂိုထောင်ထဲရှိ အရင်းအမြစ်ကျောက်အားလုံးကို သိမ်းယူလိုက်လေသည်။ လုပိုင်ချွမ်၏ လက်တွင်၀တ်ထားသော သိုလှောင်လက်စွပ်ကိုပါ ဆွဲချွတ်ယူလိုက်သည်။ ထို့နောက် လုပိုင်ချွမ်ကို ပခုံးပေါ်တွင်ထမ်း၍ ရတနာဂိုထောင်ပတ်လည်တွင်ရှိနေသော အစီအရင်များကိုဖွင့်နိုင်မည့်နည်းလမ်းကို စတင်ရှာဖွေတော့လေသည်။ ထိုသို့လုပ်ရန်အတွက် အချိန်အတော်လေး ကြာသွားခဲ့သည်။
နောက်ဆုံးတွင် ရတနာဂိုထောင်အား ကာကွယ်ထားသော အစီအရင်များကို ပိတ်လိုက်နိုင်လေသည်။ လုပိုင်ချွမ်၏ တံဆိပ်ပြားနှင့်ပင်လျှင် ထိုအစီအရင်များကို ပိတ်ဖို့ရာ မလွယ်ကူချေ။ သူရတနာဂိုထောင်ထဲမှ ထွက်လာသည့်အချိန်တွင် နေ့တစ်၀က် ကုန်သွားခဲ့လေပြီ။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင် အံအားသင့်သွားလေသည်။
“လုမိသားစုက တစ်ကယ် ပြေးတာကျွမ်းတာပဲ။ မိသားစုထဲမှာ တစ်ယောက်မှတောင် မရှိတော့ဘူး”
လုပိုင်ချွမ်မှ မိသားစု၀င်များကို ထုပ်ပိုးစရာရှိသည့် ပစ္စည်းများကို ထုပ်ပိုးပြီး မြန်မြန်ထွက်သွားရန် ပြောနေစဉ်က ရန်ကိုင်သည် သူ့အနောက်တွင်ပုန်းနေခြင်းဖြစ်သည်။ ထို့ကြောင့် သူပြောသည့် အကြောင်းအရာအားလုံးကို ကြားလိုက်ရပေသည်။ သို့သော်လည်း လုမိသားစု၀င်များမှာ တစ်ကယ်ကို ခြေသွက်လက်သွက်ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သို့ရာတွင် ကိစ္စမရှိချေ။ ရန်ကိုင်သည် ကျန်းမိသားစုမှ အဖွားအိုအား သူတို့အတွက် ပြန်လက်စားချေပေးမည်ဟု ပြောခဲ့သည်။
ယခု လုပိုင်ချွမ်ကို ဖမ်းမိပြီဖြစ်သလို၊ အခြားတန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူသုံးဦးကိုလည်း သတ်ပစ်လိုက်ပြီ ဖြစ်သည့်အတွက်ကြောင့် သူ့တာ၀န်မှာ ကျေသွားပြီဟု ပြော၍ရပေသည်။ ရန်ကိုင်သည် လုမိသားစု တစ်ခုလုံးကို သတ်ဖြတ်ရန် မရည်ရွယ်ထားပေ။ လုမိသားစုတွင် စုစုပေါင်း လူပေါင်းသုံးရာကျော် ရှိသည်။ ထိုထဲတွင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ ပါ၀င်ပေသည်။
ထိုလူအားလုံး သူ့ရှေ့တွင်ရှိနေလျှင်ပင် ရန်ကိုင့်အနေဖြင့် သတ်ရက်လိမ့်မည် မဟုတ်။ ထို့ကြောင့် လုမိသားစု၀င်များ ထွက်ပြေးသွားသည်ကိုမြင်သော် သူတို့နောက်ဆက်မလိုက်ဘဲ လာရာလမ်းကြောင်းအတိုင်းသာ ပြန်လှည့်လာခဲ့လိုက်လေသည်။ လက်ရှိတွင် ကျန်းမိသားစု၏ ခြံ၀န်းရှေ့တစ်ခုလုံး သွေးနီရောင် လွှမ်းနေခဲ့သည်။ အလောင်းများ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေလေသည်။
သတို့သမီး လာရောက်တောင်းရမ်းသော လုမိသားစုမှ တစ်ယောက်မကျန် အကုန်အသတ်ခံလိုက်ရလေသည်။ အဖွားအိုမျက်နှာမှာ ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး သူမတစ်ကိုယ်လုံးသွေးများဖြင့် စွန်းထင်းနေခဲ့လေသည်။ သက်လတ်ပိုင်းအမျိုးသမီးများမှာတော့ သူမ၏ဓါးကို ကတုန်ကယင်ဖြင့်ကိုင်ရင်း အလောင်းများကို စူးရဲစွာ စိုက်ကြည့်နေခဲ့လေသည်။ ပိန်ပိန်နှင့် ၀၀ ကျင့်ကြံသူများမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့သည်။ တစ်ယောက်မှာ ခြေထောက်မှသွေးများ ယိုစီးကျနေပြီး၊ အခြားတစ်ယောက်မှာတော့ သွေးများစီးကျနေသည့် သူ့၀မ်းဗိုက်ကို လက်ဖြင့် ဖိထားခဲ့သည်။
သတို့သမီးလာရောက်တောင်းရမ်းသည့် လုမိသားစုမှလူများအားလုံး အသတ်ခံလိုက်ရသော်လည်း ကျန်းမိသားစုမှ လူများစွာ ဒဏ်ရာရသွားကြလေသည်။ ကံကောင်းစွာဖြင့် မည်သူမှ မသေခဲ့ပေ။ လက်ရှိတွင် ကျန်းမိသားစုမှ အမျိုးသမီးများသည် အလောင်းများကို ရှင်းထုတ်နေကြလေသည်။ လုမိသားစု၏ အလောင်းများကို ခြေထောက်နှင့် ကန်ကျောက်သူကကျောက်၊ တံတွေးထွေးသူကထွေး လုပ်နေကြလေသည်။
ခဏနားပြီးနောက် သက်လတ်ပိုင်းအမျိုးသမီးက ပြောလိုက်လေသည်။ “အမေ မောင်လေးရန်ထွက်သွားတာ တစ်ရက်လောက်တောင် ရှ်ိနေပြီ။ သူ့အခြေအနေ ဘယ်လိုမျိုးရှိလဲ သမီးတစ်ချက်လောက် သွားကြည့်ချင်တယ်။ သူအကူအညီလိုဦးမလားမသိဘူး”
“သွားကြည့်” အဖွားအိုက ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ ဂရုစိုက်ဦးနော်”
“ဟုတ်ကဲ့”
သက်လတ်ပိုင်းအမျိုးသမီးက ခေါင်းညိတ်လိုက်ပြီး အားပင်ပြန်မဖြည့်တော့ဘဲ လုမိသားစုခြံ၀န်းဆီသို့ ပျံသန်းရန် လုပ်လိုက်လေသည်။
ထိုစဉ် ကျန်းရို့ရှီက ရုတ်တရက် အော်ပြောလိုက်၏။ “အဖွားစိတ်ပူစရာ မလိုပါဘူး။ လူကြီးမင်းရန် ပြန်လာနေပြီ”
သူမစကားကိုကြားသောအခါ အဖွားအိုနှင့် သက်လတ်ပိုင်းအမျိုးသမီး ကြောင်သွားခဲ့ပြီး ချက်ချင်းပဲ လှည့်ကြည့်လိုက်ရာ ပုံရိပ်တစ်ခု သူတို့ဆီသို့ ပျံသန်းလာနေသည်ကို တွေ့လိုက်ရသည်။
“သူပြန်လာပြီပဲ” သက်လတ်ပိုင်းအမျိုးသမီး တည်ငြိမ်သွားခဲ့သည်။
အဖွားအိုကပြုံး၍ “လူလေးရန်က တစ်ကယ်အံ့ဩဖို့ ကောင်းတာပဲ”
“သူ့ကြည့်ရတာ တစ်ခုခုကို သယ်လာနေသလိုပဲ။ လူတစ်ယောက်လား” သက်လတ်ပိုင်းအမျိုးသမီးသည် မျက်လုံးမှေးစင်း၍ ရန်ကိုင့်ပခုံးပေါ်တွင် ထမ်းထားသည့်အရာအား သေချာစိုက်ကြည့်နေလေသည်။
ခဏအကြာတွင် သူမတစ်ကိုယ်လုံး တုန်ရီလာပြီး ထအော်ပြောလေသည်။ “အဲ့တာ ဟိုခွေးအိုကြီး လုပိုင်ချွမ်ပဲ။ မောင်လေးရန် အဲ့ခွေးအိုကြီးကို တစ်ကယ် ဖမ်းနိုင်သွားတာပဲ”
“တစ်ကယ်လား” အဖွားအို၏မျက်လုံးများ တဖျက်ဖျက်လက်သွားခဲ့ပြီး ချက်ချင်း ထိုင်ရာမှထ၍ ရန်ကိုင့်ပခုံးပေါ်သို့ လှမ်းကြည့်လိုက်လေသည်။
မကြာမီ ဝါးလုံးကွဲအော်ရယ်မော၍ ပြောလိုက်လေသည်။
“တစ်ကယ်ကြီး ခွေးအိုကြီး လုပိုင်ချွမ်ပဲ။ နောက်ဆုံးတော့ ကံကြမ္မာ တစ်ပတ်ပြန်လည်ပြီပေါ့။ ကောင်းရွမ် ငါ့သား အေးအေးဆေးဆေး အနားယူလို့ရပြီ”
ပြောပြီးသည့်နောက် မျက်ရည်စများ ပါးရည်တွန့်နေသည့် သူမပါးပြင်ပေါ်သို့ စီးကျလာလေသည်။ ကျန်းရို့ရှီသည်လည်း အဖွာအိုကို ထူမထားပြီး ၀မ်းနည်းတကြီး ငိုရှိုက်နေခဲ့သည်။ မကြာမီ ရန်ကိုင်သည် လူအုပ်ကြီးရှေ့ ဆင်းသက်လိုက်ပြီး သေကောင်ပေါင်းလဲဖြစ်နေသော လုပိုင်ချွမ်အား မြေပြင်ပေါ်သို့ပစ်ချ၍ လက်သီးဆုပ်ကာ ပြောလိုက်သည်။
“ကျုပ် ခင်ဗျားတို့ကို စောင့်နေစေခဲ့မိပြီ”
“ဘာမဖြစ်ဘူး။ လူလေးလည်း ခက်ခဲခဲ့မှာပေါ့။ အခုလို ကူညီပေးခဲ့တဲ့အတွက် ကျန်းမိသားစုက လူလေးကို တစ်သက်လုံး ကျေးဇူးတင်နေမှာပါ” အဖွားအိုက ပြောလိုက်သည်။
ရန်ကိုင်က လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“အဖွား အခုလို ယဉ်ကျေးနေစရာ မလိုပါဘူး။ ကျူပ်က ပြောထားတဲ့ သဘောတူညီချက်ကို လုပ်ပေးရုံပဲ”
ထိုစကားကိုကြားသော် အဖွားအို၏မျက်နှာ အနည်းငယ် သုန်မှုန်သွားခဲ့လေသည်။ ကျန်းကောင်းရွမ်အကြောင်း တွေးမိတိုင်း သူမရင်ထဲ မချိမဆန့် ခံစားရသည်။
“ဒါနဲ့ ကျူပ် လုပိုင်ချွမ်ကိုပါ ပြန်ခေါ်လာတယ်။ သူ့ကိစ္စကိုတော့ အဖွားတို့ပဲ အဆင်ပြေသလို စီစဉ်လိုက်ပေါ့” ရန်ကိုင်က အလျင်အမြန်ပဲ ခေါင်းစဉ်ပြောင်းလိုက်၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၂၅)
သန်းခေါင်ယံအချိန် ကျန်းမိသားစုခြံ၀န်းထဲရှိ ခန်းမတစ်ခုထဲတွင် ကျန်းမိသားစုအဖွားအိုသည် ရန်ကိုင့်အတွက် စားသောက်ပွဲတစ်ပွဲ ကျင်းပပေးခဲ့လေသည်။ ထိုစားသောက်ပွဲသို့ ရန်ကိုင်၊ သက်လတ်ပိုင်း အမျိုးသမီးနှင့် အဖွားအိုတို့သာ တက်ရောက်ခဲ့သည်။ ကျန်းရို့ရှီဟူသော ကောင်မလေးသည် အဖွားအို၊ သက်လတ်ပိုင်းအမျိုးသမီးနှင့် ရန်ကိုင်တို့အတွက် သောက်စရာများ ထည့်ပေးနေခဲ့သည်။
လေစားအားကျ၊ ကျေးဇူးတင်သည့် အကြည့်ဖြင့်လည်း ရန်ကိုင့်အား မကြာမကြာ လှမ်းလှမ်းကြည့်နေလေသည်။ ကောင်မလေးသည် အသက် ဆယ့်ခြောက်၊ ဆယ့်ခုနစ်လောက်သာ ရှိသေးသည်။ ထိုအသက်အရွယ်သည် ပုံပြင်များထဲမှ သူရဲကောင်းများကိုအလွန်လေးစား အားကျသည့် အသက်အရွယ်မျိုး ဖြစ်ပေသည်။ ယနေ့တွင် ရန်ကိုင်သည် သူတစ်ဦးတည်းဖြင့် လုမိသားစုတစ်ခုလုံးကို ဖျက်ဆီးပြသွားခဲ့ပြီး ကျန်းမိသားစုကို အန္တရာယ်တွင်းထဲမှ ကယ်တင်ပေးသွားခဲ့သည်။
သူမအနေဖြင့် ရန်ကိုင့်အား မလေးစားဘဲ ဘယ်နေနိုင်မည်နည်း။ သူမတွေ့ခဲ့ဖူးသမျှထဲတွင် ကျန်းကောင်းရွမ်သည် အားအကောင်းဆုံး ဖြစ်လောက်သည်။ ကံမကောင်းစွာဖြင့် သူမ၏ အဖေသည် ငါးရောင်ခြယ်ရတနာဘုရားထဲ သေသွားခဲ့ပေသည်။ လက်ရှိကြည့်ရသလောက် ရန်ကိုင်သည် အသက်တော်တော်ငယ်သေးသည်။ သို့သော်ငြား သူသည် သူမအဖေထက်ပင် ပို၍ အားကောင်းသေးသည်။
ထို့ကြောင့် သူမအနေဖြင့် ရန်ကိုင့်အား မကြာမကြာ လှမ်းလှမ်းကြည့်နေသည်မှာ သဘာ၀သာ ဖြစ်လေသည်။ ဝိုင်ကြောင့်လားမသိ ကောင်မလေး၏မျက်နှာမှာ အနည်းငယ် ပန်းရောင်သမ်းနေခဲ့သည်။ သို့သော်ငြား သူမအပြူအမူကို အကောင်းမွန်ဆုံး ထိန်းသိမ်းထားပေသည်။ အမှားအယွင်းမရှိ စားသောက်ဖွယ်ရာများအား တည်ခင်းပေးနေခဲ့သည်။
“ကျွန်မတို့ ကျန်းမိသားစုမှာ ဆရာ့ကို ဧည့်ခံစရာသိပ်မရှိဘူး။ ဒီလောက်နဲ့ပဲ ဆရာကျေနပ်မယ်လို့ မျှော်လင့်ပါတယ်”
အဖွားအိုသည် ရန်ကိုင့်အား အတတ်နိုင်ဆုံး ယဉ်ကျေးသည့်လေသံဖြင့် ပြောလိုက်လေသည်။
“ကျုပ်ကို ဒီလောက်ယဉ်ကျေးနေစရာမလိုပါဘူး။ နောက်ပြီး လူကြီးမင်းတို့၊ ဆရာတို့လို့လည်း ခေါ်နေစရာမလိုပါဘူး။ စိတ်မရှိဘူးဆိုရင် နာမည်တပ်ခေါ်လို့လည်း ရပါတယ်”
အဖွားအိုမှ သူ့အား လူကြီးမင်း၊ ဆရာဟု ပြောနေသည်ကိုကြားသည့်အခါ ရန်ကိုင့်စိတ်ထဲ မသက်မသာ ဖြစ်မိပေသည်။ ကျန်းမိသားစုမှ လုပိုင်ချွမ်ကို သတ်လိုက်ပြီးနောက် ရန်ကိုင် ချက်ချင်းထွက်သွားချင်ခဲ့သည်။ လေဟာနယ် ဝိဉာဉ်ကျောက်စိမ်းနှင့် ကျန်းရို့ရှီကြားမှ ဆက်နွယ်မှုကြောင့်သာ မဟုတ်လျှင် သူ့အနေဖြင့် လုံး၀ ဆက်နေလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ထိုကိစ္စကို မည်သို့ပြောရမှန်းမသိ ဖြစ်နေခဲ့သည်။ လေဟာနယ် ဝိဉာဉ်ကျောက်စိမ်းထဲတွင် ကျန်းမိသားစုနှင့် ပတ်သက်နေသော လျှို့ဝှက်ချက်များစွာ ရှိနေလောက်သည်။
ထိုအကြောင်းအား မဆင်မခြင် သွားပြောပါက မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်သွားရပေလိမ့်မည်။ ထို့ကြောင့် အခွင့်ကောင်းကို စောင့်နေရုံသာ တတ်နိုင်သည်။ ထိုအချက်အားလုံးကို စဉ်းစားပြီးလိုက်သော် ကျန်းရို့ရှီအား လှမ်းကြည့်လိုက်လေသည်။ သူလှမ်းကြည့်လိုက်သည့် အချိန်မှာပဲ ကောင်မလေးသည်လည်း သူ့အား စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။ ရန်ကိုင် သူမအား လှည့်ကြည့်သည်ကိုမြင်သော် ကျန်းရို့ရှီ ရှက်သွားခဲ့ပြီး အလျင်စလို ခေါင်းငုံ့လိုက်လေသည်။
သူမ၏မျက်နှာတစ်ပြင်လုံး တမဟုတ်ချည်း နီရဲလာခဲ့သည်။ ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်ရယ်မော၍ အကြည့်ပြန်လွှဲလိုက်သည်။ ရန်ကိုင့်ဘေးဘက်တွင်ထိုင်နေသော သက်လတ်ပိုင်းအမျိုးသမီးသည် ထိုအချင်းအရာကိုမြင်သော် ယဲ့ယဲ့လေးပြုံး၍ သူမခေါင်းထဲ အတွေးများစွာ ဖြတ်ပြေးသွားခဲ့လေ၏။
“အဖွား၊ လုမိသားစုကိစ္စကို ရှင်းပြီးသွားပြီဆိုတော့ ကျုပ်တို့ ပြောထားတာအရ ကျုပ်နဲ့ ရောင်ရင်းကျန်းကြားက သဘောတူညီချက် ပြီးသွားပြီပေါ့နော်” ရန်ကိုင်က အလေးအနက်အမူအရာဖြင့် ပြောလိုက်သည်။
“ဟုတ်တယ်” အဖွားအိုက ခေါင်းညိတ်လိုက်သည်။
“တာအိုအရင်းအမြစ်ဆေးလုံးနဲ့ ပတ်သက်ပြီး စိတ်မပူပါနဲ့။ ကျူပ်ဆေးပညာရှင်တစ်ယောက် ရှာပြီး ဖော်စပ်ပြီးသွားရင် ကျန်းမိသားစုကို တစ်လုံးလာပေးပါမယ်”
အဖွားအိုက ရယ်မော၍
“ကျေးဇူးရှင်ရဲ့စရိုက်ကို ဒီအဖွားအို ယုံပါတယ်။ ကျန်းမိသားစုက အလျင်မလိုသေးပါဘူး။ အခု ကျန်းမိသားစုက ဆိုးဆိုးရွားရွားထိခိုက်ထားတာဆိုတော့ တာအိုအရင်းအမြစ်ဆေးလုံးကို ရရင်တောင် ဘာမှလုပ်နိုင်ဦးမှာ မဟုတ်ဘူး။ ကျေးဇူးရှင် အဲ့အကြောင်းနဲ့ ပတ်သက်ပြီး စိတ်ပူမနေပါနဲ့။ ဆေးလုံးဖော်စပ်ပြီးမှပဲ အဲ့အကြောင်း ဆက်ပြောကြတာပေါ့”
“အဲ့တာဆို အကောင်းဆုံးပဲပေါ့” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။
ထိုစဉ် သက်လတ်ပိုင်းအမျိုးသမီးက ရုတ်တရက် ပြောလိုက်လေသည်။
“မောင်လေးရန်က ငယ်လည်းငယ်တယ်၊ အရမ်းအားကောင်းတဲ့ ကျင့်ကြံခြင်းကိုလည်း ပိုင်ဆိုင်ထားတယ်ဆိုတော့ မောင်လေးရန်ကို ကြိုက်နေတဲ့ အမျိုးသမီးတွေ အများကြီးရှိမှာပေါ့နော် ဟုတ်တယ်မလား”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ထိုကဲ့သို့သော စကားလုံးများကို အမျိုးသမီးတစ်ဦးဆီမှ ကြားရလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။ အဖွားအိုလည်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။ အမျိုးသမီးတစ်ဦးအနေဖြင့် ထိုကဲ့သို့သော စကားမျိုးကိုပြောရန် မသင့်တော်ဟု သူမစိတ်ထဲ ခံစားရပေသည်။ သို့သော်ငြား သူမ၏ ချွေးမသည် အကြောင်းအရင်းမရှိဘဲ ထိုအကြောင်းကို ရုတ်တရက်ကြီးပြောလာမည်ဟု မထင်သဖြင့် ငြိမ်သက်စွာသာ စောင့်ကြည့်နေလိုက်လေသည်။
သက်လတ်ပိုင်းအမျိုးသမီးသည် ရန်ကိုင့်၏အမူအရာကို သေချာစောင့်ကြည့်နေခဲ့လေသည်။ ရန်ကိုင်သည် အစပိုင်းတွင် ထိတ်လန့်သွားခဲ့သော်လည်း မကြာမီ သူ့မျက်လုံးထဲ လွမ်းဆွတ်တမ်းတသည့် အရိပ်အယောင်အချို့ ထွက်ပေါ်လာခဲ့သည်။ သူမခန့်မှန်းချက် မှန်နေပြီမှန်း အမျိုးသမီးချက်ချင်းသိလိုက်လေသည်။ သို့သော်ငြား သေချာစဉ်းစားကြည့်မည်ဆိုပါက ဤအရာမှာ ဤမျှအံ့အားသင့်စရာ မရှိပေ။
ရန်ကိုင်သည် အတော်လေးငယ်ရွယ်သော်ငြား တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူ့ခရီးလမ်းတွင် မေ့မရနိုင်သည့် အမျိုးသမီးတစ်ဦး၊ နှစ်ဦးနှင့် တွေ့ဆုံခဲ့သည့်မှာ သဘာ၀သာဖြစ်သည်။ သက်လတ်ပိုင်း အမျိုးသမီးမှ ထိုမေးခွန်းကို ရုတ်တရက် ကောက်မေးလိုက်သည့်အချိန်တွင် စားသောက်ပွဲမှာ ရုတ်ချည်း တိတ်ဆိတ်သွားခဲ့လေသည်။
ခဏအကြာတွင် ရန်ကိုင်က သက်ပြင်းချ၍ မတ်တတ်ရပ်ကာပြောလိုက်သည်။
“အဖွား နောက်ကျနေပြီဆိုတော့ ဒီဂျူနီယာ ပြန်ပြီး အနားယူလိုက်ပါဦးမယ်။ အဖွားလည်း တိုက်ပွဲမှာ ဒဏ်ရာရထားတာဆိုတော့ စောစောပြန်နားလိုက်ဦးပေါ့။ မဟုတ်ရင် ဒဏ်ရာတွေ ပိုဆိုးလာဦးမယ်”
အဖွားအိုကပြုံး၍ ခေါင်းညိတ်လိုက်လေသည်။
“အခုလို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးရှင်ကို ကျေးဇူးအများကြီးတင်ပါတယ်။ ရို့ရှီ ကျေးဇူးရှင်ကို သူနေရမယ့် အခန်ဆီ လိုက်ပို့ပေးလိုက်ပါဦး”
ထိုစကားကိုကြားသည့်အခါ ကျန်းရို့ရှီသည် ရေကရားကိုချလိုက်ပြီး ရန်ကိုင့်အား ကျော့ရှင်းစွာဦးညွတ်၍ ပြောလိုက်လေသည်။
“ဆရာ ကျေးဇူးပြုပြီး ကျွန်မနောက် လိုက်ခဲ့ပေးပါ”
ရန်ကိုင်သည် ကျန်းရို့ရှီနှင့် ခန်းမထဲမှ ထွက်သွားခဲ့လေသည်။ ရန်ကိုင်ထွက်သွားပြီးနောက်တွင် အဖွားအိုသည် သက်လတ်ပိုင်းအမျိုးသမီးအား စူးရဲစွာ စိုက်ကြည့်လိုက်သည်။
သက်လတ်ပိုင်းအမျိုးသမီးက ရှက်ရှက်ဖြင့် “သမီး စကားမှားသွားပါတယ် အမေ”
“ဟမ့် ကံကောင်းလို့ပေါ့။ ကျေးဇူးရှင်က သဘောကောင်းနေတာ။ သူသာ သဘောမကောင်းရင် ဒီအဖွားအို နင့်ကိုဒီအတိုင်းလွှတ်ပေးမှာ မဟုတ်ဘူး”
အဖွားအိုက အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။
သက်လတ်ပိုင်းအမျိုးသမီးမှာ ခေါင်းကိုသာ တစ်ဆက်ဆက်ညိတ်နေလေ၏။
“ဒါနဲ့ နင်ဘာလို့ အဲ့လိုမေးခွန်းကို ရုတ်တရက်ကြီး ကောက်မေးတာလဲ” အဖွားအိုက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“အမေ သတိမထားမိဘူးလား။ ကျေးဇူးရှင်က ရို့ရှီကို ခဏခဏလှမ်းလှမ်းကြည့်နေတာလေ”
“အဲ့တော့” အဖွားအိုက ပြန်မေးလိုက်သည်။
သက်လတ်ပိုင်းအမျိုးသမီးကပြုံး၍
“ရို့ရှီက အလှထွဋ်ခေါင်တစ်ယောက် မဟုတ်ပေမဲ့ သူ့အလှနဲ့သူတော့ ရှိတာပဲလေ။ ကျေးဇူးရှင်ကိုကြည့်ရတာ ရို့ရှီကို စိတ်၀င်စားနေတဲ့ပုံပဲ”
အဖွားအိုက မျက်မှောင်ကြုတ်၍ “မဖြစ်နိုင်ဘူး ရို့ရှီက သူတော်စင်ဘုရင် ပထမအဆင့်ပဲရှိသေးတာ။ ဘယ်လိုလုပ်ပြီး ကျေးဇူးရှင်ကသူ့ကို ကြိုက်ရမှာလဲ”
သက်လတ်ပိုင်းအမျိုးသမီးက နှုတ်ခမ်းကိုကွေး၍ ပြန်ပြောလိုက်သည်။
“အမေ ယောင်္ကျားတွေက အမျိုးသမီးတစ်ဦးရဲ့ ကျင့်ကြံခြင်းကို ဂရုစိုက်တာမဟုတ်ဘူး။ သူတို့ရဲ့ ခံစားချက်ပဲ အဓိကကျတာ။ သူတို့သာ စိတ်၀င်စားမယ်ဆိုရင် အဲ့အမျိုးသမီးရဲ့ ကျင့်ကြံခြင်း ဘယ်လောက်နိမ့်နိမ့် ဂရုစိုက်မှာမဟုတ်ဘူး။ စိတ်မ၀င်စားဘူး ဆိုရင်လည်း အမျိုးသမီးရဲ့ကျင့်ကြံခြင်းက ဘယ်လောက်ပဲမြင့်မြင့် လုံး၀ကို သူတို့ခေါင်းထဲထည့်မှာမဟုတ်ဘူး”
ထိုစကားကိုကြားသည့်အခါ အဖွားအိုက မကျေနပ်သည့် လေသံဖြင့်ပြန်ပြောလိုက်သည်။
“ယောင်္ကျား မိန်းမ ကိစ္စတွေကို ဒီအဖွားကြီးနားမလည်ဘူးလို့ နင်စောင်းပြောနေတာလား”
သက်လတ်ပိုင်းအမျိုးသမီးကလျှာလေးထုတ်လျက် “သမီးအဲ့လိုပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ သမီးတို့ကျန်းမိသားစုက အခု တော်တော်လေး အားနည်းနေတာလေ။ လုမိသားစု မရှိတော့လို့ သမီးတို့ကျန်းမိသားစုအတွက် အတော်လေး ငြိမ်းချမ်းနေတယ်ဆိုပေမဲ့ အမေ မေ့မထားနဲ့ဦးနော် ဒီနားတစ်ဝိုက်မှာ လုမိသားစုတစ်ခုပဲ ကျွန်မတို့ကို စိတ်၀င်စားနေတာ မဟုတ်ဘူး။ အခု ကောင်းရွမ်လည်း မရှိတော့ဘူး။ အားကောင်းတဲ့ ရန်သူတစ်ယောက်ယောက်သာ ကျူးကျော်လာရင် ကျွန်မတို့မိသားစု ဒုက္ခရောက်သွားမှာ။ ကောင်းရွမ်နဲ့ ကျေးဇူးရှင်ကြားက အပေးအယူက ပြီးသွားပြီဆိုတော့ သူ့ကိုထပ်ပြီး အကူအညီတောင်းလို့ရမှာ မဟုတ်တော့ဘူး”
“နင်ပြောချင်တာက” အဖွားအိုက တွေးတွေးဆဆဖြင့် ပြန်မေးလိုက်သည်။
“ကျွန်မတို့ ကျန်းမိသားစုသာ ကျေးဇူးရှင်နဲ့ဆက်ဆံရေးတစ်ခု ထူထောင်နိုင်မယ်ဆိုရင် နောက်ပိုင်း ကျန်းမိသားစု ပြဿနာတစ်ခုခု ဖြစ်လာလို့ရှိရင် ကျေးဇူးရှင်က ဒီအတိုင်းပဲ ရပ်ကြည့်နေမှာလား” သက်လတ်ပိုင်းအမျိုးသမီးကပြုံး၍
“ဒီတော့ ရို့ရှီက ဒီလို ဆက်ဆံရေးတစ်ခု ထူထောင်နိုင်ဖို့ အဓိကသော့ချက်တစ်ခုပဲ”
“နင်ဘာပြောချင်နေလဲ ငါနားလည်သွားပြီ” အဖွားအိုက ခေါင်းညိတ်၍ အလေးအနက်အမူအရာဖြင့်
“နင်ပြောတာက တစ်ကယ့်အကြံကောင်းပဲ။ ကောင်းရွမ် သေသွားပြီဆိုတော့ ငါတို့ ကျန်းမိသားစု အနာဂတ်ကို သေချာစပြီး စဉ်းစားရတော့မယ်”
“ဟုတ်တယ်။ ကျေးဇူးရှင်က ငယ်ငယ်လေးရှိသေးတယ် ဒါပေမဲ့ တန်ခိုးရှင်ဘုရင် တတိယအဆင့်ကို ရောက်နေပြီ။ နောက်ပြီး ဒီနေ့ သူတိုက်ခိုက်သွားတဲ့ပုံကို ကြည့်ရတာ လုံး၀ကို သာမန်တစ်ခိုးရှင်ဘုရင် ကျင့်ကြံသူတစ်ဦးနဲ့မတူဘူး။ ဘယ်သာမန် တစ်ခိုးရှင်ဘုရင် ကျင့်ကြံသူတစ်ဦးမှ လုမိသားစုထဲ၀င်ပြီး လုပိုင်ချွမ်ကို အရှင်ဖမ်းလာနိုင်မှာ မဟုတ်ဘူး။ သူ့အရည်အချင်းနဲ့ နောက်ပိုင်း တာအိုသခင်အဆင့်ကို အသာလေး ချိုးဖျက်နိုင်မှာ။ သမီးတို့ ကျန်းမိသားစုသာ သူနဲ့ ဆက်ဆံရေးတစ်ခုကို ထူထောင်ထားနိုင်မယ်ဆိုရင် အားကောင်းတဲ့ နောက်ခံတစ်ခုကို ရထားသလို ဖြစ်သွားလိမ့်မယ်။ သူဒီမှာ မနေရင်တောင် ဘယ်သူက ကျွန်မတို့ကို လာရန်စရဲမှာလဲ”
ထိုစကားကို ကြားသည့်အခါ အဖွားအို၏ မျက်လုံးများ တဖျက်ဖျက်တောက်ပသွားခဲ့ပြီး စိတ်လှုပ်ရှားလာခဲ့လေသည်။ မေပယ်မြို့ အနီးတစ်ဝိုက်တွင် တာအိုသခင်အဆင့် ကျင့်ကြံသူရှိသည့် မိသားစု များများစားစား မရှိပေ။ သူတို့မိသားစုအား တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးမှ ကာကွယ်ပေးထားမည်ဆိုပါက မည်သူကများ သူတို့မိသားစုကို လာရန်စရဲဦးမည်နည်း။ သို့သော်ငြား အဖွားအိုမှာ အနည်းငယ် တုန့်ဆိုင်းမိနေသေးသည်။
“နင်ပြောတာကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒါကြီးက သိပ်မဖြစ်နိုင်ဘူးလားလို့။ ငါတို့သာ ကျေးဇူးရှင်ကို စိတ်ပျက်သွားအောင် လုပ်မိလိုက်ရင်”
သက်လတ်ပိုင်းအမျိုးသမီးကပြုံး၍
“အမေ ကျွန်မတို့လုပ်လို့ရတယ်”
ပြောနေရင်း အဖွားအိုနားသို့ကပ်သွား၍ တိုးတိုးလေးပြောလိုက်လေသည်။
သူမပြောသည်ကိုကြားပြီးနောက် အဖွားအိုက ခေါင်းညိတ်၍ ပြောလိုက်လေသည် “ကောင်းတယ်။ ကောင်းတယ်။ အရမ်းကောင်းတယ်။ အဲ့တာဆို နင့်အစီအစဉ်အတိုင်း လုပ်ကြတာပေါ့။ ဒါပေမဲ့ ဒီလိုလုပ်တာ ရို့ရှီအတွက် မစာနာရာ ရောက်သွားနိုင်တယ်”
သက်လတ်ပိုင်းအမျိုးသမီးကပြုံး၍ ခေါင်းခါကာ “ဘာလို့ သူ့အတွက် မစာနာသလို ဖြစ်ရမှာလဲ။ ကျေးဇူးရှင်က မကောင်းတဲ့သူမှ မဟုတ်တာ။ ရို့ရှီသာ ကျေးဇူးရှင်နောက် လိုက်ရမယ်ဆိုရင် သူလည်း အရမ်းပျော်မှာ။ အမေစိတ်ချထားလိုက်။ သမီးဒီကိစ္စကို ရို့ရှီကို သေချာရှင်းပြလိုက်မယ်”
“ကောင်းတယ်။ ဒါပေမဲ့ ရို့ရှီသဘောမတူရင်လည်း သွားတွန်းအားမပေးနဲ့ဦး။ ငါတို့ ကျန်းမိသားစု ကောင်းစားဖို့အတွက်နဲ့ သူ့ပျော်ရွှင်မှုကို မဖျက်ဆီးချင်ဘူး”
ကောင်မလေး၏ ဦးဆောင်မှုဖြင့် လမ်းလျှောက်လာခဲ့ရာ မကြာမီ အခန်းတစ်ခန်းသို့ ရန်ကိုင် ရောက်လာခဲ့လေသည်။ ကောင်မလေးသည် အခန်းတံခါးကို ဖွင့်ပေးလိုက်ပြီး အိပ်ယာခင်းကို အလျင်အမြန် ပြင်ဆင်ပေးလိုက်သည်။ ရန်ကိုင်သည် လမ်းတစ်လျှောက် ကောင်မလေးနှင့် စကားနည်းနည်း ပြောကြည့်ခဲ့ပေသည်။ သို့သော်လည်း ဤကောင်မလေးမှာ အလွန်ကို ရှက်နေခဲ့သည်။
ရန်ကိုင့်အမေးကို ပြန်ဖြေသည့်အခါ သူမလေသံမှာ တိုးလျနေခဲ့သည်။ မျက်နှာမှာ ခရမ်းချဉ်သီးနှယ် နီရဲနေခဲ့ပြီး သူမ ဘာအမှားမှ လုပ်မထားသည့်တိုင် ရန်ကိုင့်အား အဆက်မပြတ် တောင်းပန်နေခဲ့လေသည်။ အကုန်လုံး ပြင်ဆင်ပြီးနောက်တွင် ကောင်မလေးက ဦးညွတ်၍ပြောလိုက်လေသည် “ဆရာ အကုန်လုံး ပြင်ဆင်ပြီးပါပြီ။ ရို့ရှီ သွားလိုက်ပါဦးမယ်”
“အွန်း” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
ကောင်မလေးသည် ရန်ကိုင့်ဘေးနားမှ အလျင်စလို ဖြတ်လျှောက်သွားခဲ့သည်။ လရောင်မှိန်ဖျဖျအောက်တွင် သူမမျက်နှာတစ်ပြင်လုံး နီရဲတက်နေသည်ကို ရန်ကိုင် သတိပြုမိလိုက်လေသည်။ ကောင်မလေး ထွက်သွားပြီးနောက်တွင် ရန်ကိုင်သည် အခန်းအား လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် သူ့လက်ကိုဝှေ့ယမ်း၍ ပတ်ပတ်လည်တွင် အကာအရံတစ်ခု ဖန်တီးလိုက်လေသည်။ ထို့နောက် ခုတင်ပေါ်တွင် ထိုင်ချလိုက်ပြီး ယနေ့တိုက်ပွဲမှရလာသည့် အဖိုးတန်ရတနာများကို စတင်စစ်ဆေးတော့လေသည်။
ပြောစရာမလိုအောင်ပင် လုမိသားစု ရတနာဂိုထောင်ထဲမှရလိုက်သည့် ပစ္စည်းများမှာ အတော်လေးကိုမှ အဖိုးတန်လှသည်။ အရင်းအမြစ်ကျောက် သပ်သပ်နှင့်ပင် ခြောက်သိန်းရှိသည်။ အစကတည်းက ရှိထားသည်နှင့် ပေါင်းလိုက်ပါက ရန်ကိုင့်တွင် ယခုအချိန်၌ အဆင့်နိမ့် အရင်းအမြစ်ကျောက် တစ်သန်းခန့် ရှိလာခဲ့လေပြီ။ တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာတစ်ချို့လည်း ရှိပေသေးသည်။ ရန်ကိုင်သည် ထိုပစ္စည်းများကို တစ်ချက်သာ ကြည့်လိုက်ပြီး သူ့သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။
ရှားပါး သတ္ထုများကိုမူ သူ့ကိုယ်ပွား စုပ်ယူနိုင်ရန်အတွက် ကမ္ဘာငယ်လေးထဲသို့ ပစ်ထည့်ထားလိုက်သည်။ ဆေးလုံးအချို့လည်း ထပ်ရှိနေသေးသည်။ ထိုဆေးလုံးများကို အလျင်အမြန် အမျိုးအစားခွဲလိုက်ပြီး လိုရမယ်ရ အသုံးပြုနိုင်ရန်အတွက် သိမ်းဆည်းထားလိုက်သည်။ ထို့နောက်တွင် လုပိုင်ချွမ်၏ သိုလှောင်လက်စွပ်ကို စစ်ဆေးကြည့်လိုက်သည်။ ဂိုထောင်ထဲရှိ ရတနာများနည်းတူ ရှိနေသည်ကို တွေ့လိုက်ရလေသည်။
ထိုရတနာများအနက် လေမိုးကြိုးတူနှင့် ခရမ်းငွေလရေခဲဆေဘာဓါးကို ရန်ကိုင် ပိုနှစ်သက်ပေသည်။ လေမိုးကြိုးတူမှာ အတော်လေးကို ကောင်းသော်ငြား တန်ခိုးရှင်ဘုရင်အဆင့် ရတနာသာဖြစ်သဖြင့် အခြားရတနာများထက် အနည်းငယ်သာ ပိုအဖိုးတန်ပေသည်။ ခရမ်းငွေလရေခဲဆေဘာဓါးမှာမူ ထိုကဲ့သို့မဟုတ်။ ဤဓါးသည် နိယာမစွမ်းအားအချို့ကို ထုတ်လွှတ်နိုင်၏။