အခန်း (၂၀၃၁-၂၀၃၅)
Vol. 82 Ch. 2031-2035
အပိုင်း(၂၀၃၁)
“ဒုမြို့သခင်၊ ဒီစိတ်ဝိဥာဉ်ဆေးလုံးက ငါးရောင်ခြယ် ရတနာဘုရားထဲက လာတာလား” လူအုပ်ထဲမှ တစ်စုံတစ်ဦးက ထ၍ မေးလိုက်လေသည်။
အရက်သမားက ခေါင်းညိတ်လျက် ပြုံးကာ ပြန်ပြောလိုက်သည် “ဟုတ်တယ်။ ဒီဆေးလုံးက ငါးရောင်ခြယ်ရတနာဘုရားပွင့်တုန်းက အခြား အင်အားစုတွေကနေ အဲ့ထဲကို ထည့်ထားတဲ့ ဆေးလုံးတစ်လုံး မဟုတ်ဘူး။ ငါးရောင်ခြယ်ရတနာ ဘုရားထဲမှာ အစကတည်းက ရှိနေတဲ့ ဆေးလုံးပဲ။ ဆေးသွေးကြောတွေကို တွေ့တယ်မလား… ဒါတွေကြောင့်သာ မဟုတ်ရင် ဒီဆေးလုံး ဘယ်လောက်ပဲ ကောင်းကောင်း၊ နှစ်တွေဒီလောက် ကြာသွားပြီးရင် ပြာဖြစ်သွားရမှာပဲ။ အခုလိုမျိုး ဒီအချိန်ထိ အကောင်းအတိုင်း ရှိနေနိုင်သေးတယ်ဆိုတာ ဆေးသွေးကြောတွေကြောင့်ပဲ”
ဆေးလုံးများကို ဖော်စပ်ပြီးသွားလျှင် ဆေးအာနိသင်ကို ထိန်းသိမ်းရန်အတွက် ဆေးပုလင်းထဲ ထည့်၍ သိမ်းဆည်းလေ့ ရှိကြသည်။ သို့သော်လည်း အဆင့်မြင့် ဆေးလုံးများပင်လျှင် နှစ်ပေါင်းမရေမတွက်နိုင်အောင် မတည်ရှိနိုင်ကြချေ။ မည်သို့ပင် သိမ်းဆည်းထားလင့်ကစား အချိန်ကြာလာသည်နှင့် ဆေးအာနိသင်မှာ တဖြည်းဖြည်း လျော့ပါးလာပေလိမ့်မည်။
သို့သော်ငြား ဆေးသွေးကြောကို ပိုင်ဆိုင်ထားမည် ဆိုလျှင်တော့ ထိုကိစ္စနှင့် ပက်သက်၍ စိတ်ပူနေစရာ မလိုတော့ချေ။ ဆေးသွေးကြောများသည် မိုးမြေစွမ်းအင်ကို အလိုလျောက် စုပ်ယူနိုင်သည့်အတွက်ကြောင့် ဆေးအာနိသင်ကို မပျောက်ပျက်အောင် ထိန်းထားနိုင်၏။ ဆေးတိမ်တိုက်ပါသည့် ဆေးလုံးဆိုလျှင် ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသေးသည်။ ဆေးတိမ်တိုက်သည် ဆေးအာနိသင်ကို ထိန်းထားနိုင်ရုံမက ပို၍ အားကောင်းလာအောင်ပင် လုပ်နိုင်သေးသည်။
ထို့ကြောင့် ဆေးတိမ်တိုက်ပါသည့် ဆေးလုံးတစ်လုံးသည် သက်တမ်းရင့်လေ ပို၍ အဖိုးတန်လေပင်။
ဆေးတိမ်တိုက်ပါသည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတစ်လုံးသည် နှစ်ပေါင်းထောင်နှင့်ချီ ကြာပြီးနောက် ဧကရာဇ်အဆင့် ဆေးလုံးတစ်လုံး၏ ဆေးအာနိသင်နှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။
ရန်ကိုင် ကိုယ်တိုင်သည်လည်း ထိုကဲ့သို့သော ဆေးလုံးမျိုးကို မြင်ဖူးပေသည်။ ဧကရာဇ်ဥယျာဉ်ထဲ၌ ခရမ်းမူလ ဆေးမီးဖိုကို ရခဲ့စဉ်က ထိုဆေးမီးဖိုထဲ ဆေးတိမ်တိုက်ပါသည့် ဆေးလုံးတစ်လုံး ရှိနေခဲ့ပေသည်။ ထိုဆေးလုံးသည် ဧကရာဇ်ဥယျာဉ်ထဲ နှစ်ပေါင်း မရေမတွက်နိုင်အောင် တည်ရှိလာသည့်အတွက် ဆေးလုံးမှာ တန်ခိုးရှင်ဘုရင် အလယ်အလတ်အဆင့်ပင် ဖြစ်လင့်ကစား ဆေးအာနိသင်မှာတော့ သာမန် ဧကရာဇ်အဆင့် ဆေးလုံး တစ်လုံး၏ ဆေးအာနိသင်ထက်ပင် ပိုပြင်းသေးသည်။
ထိုကဲ့သို့သော ဆေးလုံးမျိုးသည် ဧကရာဇ်အဆင့် ပညာရှင်များအတွက်ပင် အလွန်ကိုမှ အဖိုးတန်လှသည်။ ထိုအကြောင်းကြောင့်ပင် ထိုဆေးလုံးကို ရန်ကိုင် မသောက်ရဲသေးခြင်း ဖြစ်သည်။ ဆေးအာနိသင်မှာ အလွန် ပြင်းသည့်အတွက် သူ့ခန္ဓာကိုယ် မခံနိုင်မည်ကို စိုးရိမ်ရ၏။
ဆေးလုံးသည် အလွန်ကိုမှ အဖိုးတန်လွန်းသည့် အတွက် လူမြင်ကွင်း၌လည်း ထုတ်မပြရဲချေ။ လောကကြီး တစ်ခုလုံး ထိုကဲ့သို့သော ဆေးလုံးမျိုး ဆယ်လုံးထက် ပိုမရှိသည့်အတွက် ထိုဆေးလုံး မည်မျှ အဖိုးတန်သလဲ ဆိုသည်ကို စဉ်းသာ စဉ်းစားကြည့်နိုင်ပေသည်။
သူ့လက်ရှိ ခွန်အားနှင့်ပင်လျှင် ထိုဆေးလုံးကို သွားမသောက်ရဲသေးချေ။ ဆေးအာနိသင်ကို ခံနိုင်လောက်သည်အထိ အားကောင်းလာသည့် အခါမှပဲ ထိုဆေးလုံးကိုသောက်ရန် စဉ်းစားထားသည်။
“ဒုမြို့သခင်၊ ဒီဆေးလုံးက ဘယ်အဆင့်လဲ၊ ဆေးလုံးကို ဘယ်နေရာတွေမှာ သုံးတာလဲ” ခန်းမထဲတွင် ရှိနေသော ကျင့်ကြံသူတစ်ဦး ထမေးလိုက်လေသည်။
အရက်သမားက ပြုံး၍ ပြန်ပြောလိုက်သည် “မင်းမမေးလည်း ဒီလူအိုကြီး ရှင်းပြတော့မလို့။ ငါတို့ဆီက ဆေးပညာရှင်တွေကို စစ်ဆေးကြည့်ခိုင်းပြီးတဲ့နောက် ဒီဆေးလုံးက တာအိုအလယ်အလတ်အဆင့် ဆေးလုံးတစ်လုံး ဆိုတာ သိလာရတယ်။ ဒီဆေးလုံးကို ဘာအတွက် သုံးလဲဆိုတာကတော့ မင်းတို့ အားလုံး တော်တော်လေး စိတ်ဝင်စားကြမယ့်အပိုင်းပေါ့”
အရက်သမားပြောသည်ကို ကြားပြီးနောက် ခန်းမထဲရှိ ကျင့်ကြံသူများ ပို၍ စိတ်အားတက်ကြွလာခဲ့ကြလေသည်။
“အရင်ခေတ်တွေတုန်းက ဒီဆေးလုံးကို ဘယ်လို ခေါ်ကြလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး။ ဒီဆေးလုံးနဲ့ ပက်သက်တဲ့ ဆေးညွှန်းကလည်း အခုခေတ်မှာ မရှိတော့တာ ကြာပြီ။ မြို့သခင်ကတော့ ဒီဆေးလုံးကို ခြင်ဆီရှင်းဆေးလုံးလို့ အမည်ပေးထားတယ်။ နာမည်အတိုင်းပဲ… ဒီဆေးလုံးက လူတစ်ယောက်ရဲ့ ခြင်ဆီနဲ့ ခန္ဓာကိုယ်ကို သန့်စင်အောင် လုပ်ပေးနိုင်တယ်။ ဒီဆေးကို သောက်ပြီးသွားရင် မင်းတို့ကိုယ်မင်းတို့ ပြန်မွေးဖွားလာသလို ခံစားရလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ မင်းတို့ရဲ့ အရည်အချင်းတွေကလည်း မြင့်တက်လာလိမ့်မယ်”
အရက်သမား၏စကား ဆုံးသွားသည့် အချိန်တွင် ခန်းမထဲ၌ ရှိနေသော ကျင့်ကြံသူများ ရုတ်တရက် အလန့်တကြား ထအော်ကြလေသည်။ သီးသန့်ခန်းများထဲ၌ ရှိနေကြသော ပညာရှင်များပင်လျှင် ကောင်းကင်စိတ်အာရုံ အသီးသီးကိုသုံး၍ ဆေးလုံးကို စတင် စစ်ဆေးကြတော့၏။
အကုန်လုံး ယခုကဲ့သို့ စိတ်ဝင်စားလာကြသည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။ ဤလောကကြီးတွင် ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်နှင့် ခြင်ဆီကို သန့်စင်ပေးပြီး အရည်အချင်းကို တိုးတက်လာအောင် လုပ်ပေးနိုင်သည့် ဆေးလုံးမျိုးသည် အလွန်ကိုမှ ရှားပါးသည်ကိုး။ ဒဏ္ဏာရီလာ ဆေးလုံးအချို့နှင့် ရတနာအနည်းငယ်မှလွဲ၍ မည်သည့် ဆေးလုံးမှ ဤကဲ့သို့ မလုပ်ပေးနိုင်ပေ။
ဤလောကကြီးတွင် ပိုမို မြင့်မားသည့် အရည်အချင်းကို မပိုင်ဆိုင်လိုသည့်လူ ရှိရဲ့လော။ မြင့်မားသည့် ပါရမီနှင့် အရည်အချင်းသည် ကျင့်ကြံသူတိုင်း လိုချင်ကြသည့် မွေးရာပါ လက်ဆောင်များ ဖြစ်ကြသည်။ တာအိုသခင်အဆင့်သို့ မချိုးဖျက်နိုင်သည့် တန်ခိုးရှင်ဘုရင် တတိယအဆင့်များ ဘာကြောင့် ရှိနေရသနည်း။ သူတို့၏ ကျင့်စဉ် နိမ့်ကျသည့် အတွက်ကြောင့် ဖြစ်နိုင်သလို ရထားသည့် ဒဏ်ရာများကြောင့်လည်း ဖြစ်နိုင်သည်။ အခြားသော အကြောင်းအရင်းများကြောင့်လည်း ဖြစ်နိုင်သေး၏။
သို့သော် အဓိက အကြောင်းအရင်းမှာ သူတို့၏ အရည်အချင်း မလုံလောက်သည့် အတွက်ကြောင့်ပင် ဖြစ်သည်။
“မဟုတ်သေးဘူး ဒုမြို့သခင်” ထိုစဉ် ကျန်းမိသားစုမှ ပညာရှင်က ရုတ်တရက် ထပြောလိုက်လေသည် “ဒီဆေးလုံးက ဒီလောက် အစွမ်းထက်တယ်ဆိုရင် ဘယ်သူမှ ဒီမှာ လာလေလံတင်မှာ မဟုတ်ဘူး။ သူတို့ဘာသာပဲ သောက်လိုက်မှာပေါ့။ ဦးနှောက်ရှိတဲ့လူတိုင်း အခုလို ဆုံးဖြတ်ချက်မျိုး ချမှာမဟုတ်ဘူး။ ဒီဆေးလုံးမှာ အားနည်းချက်တွေတော့ ရှိသေးတယ်မလား ဒုမြို့သခင်”
ထိုစကားကို ကြားသည့်အခါ ဆေးလုံးအား မီးတောက်မတတ် အကြည့်ဖြင့် ကြည့်နေကြသော ကျင့်ကြံသူပေါင်းများစွာ အသိပြန်ဝင်လာကြလေသည်။ ကျန်းမိသားစုခေါင်းဆောင် ပြောသည်မှာ ယုတ္တိရှိသည်ဟုလည်း သူတို့ ခံစားလိုက်ကြသည်။ ဤဆေးလုံးသာ ဒုမြို့သခင်ပြောသည့်အတိုင်း အစွမ်းထက်မည် ဆိုပါက မည်သူမှ ဤကဲ့သို့သော ဆေးလုံးမျိုးကို လေလံလာတင်လိမ့်မည် မဟုတ်ချေ။ မြို့သခင်တွမ်ယွမ်ရှန်းသည်လည်း ဆေးလုံး၏ အာနိသင်ကို သိသွားခဲ့လျှင် သူ့အတွက်သာ သိမ်းထားလိုက်ပေလိမ့်မည်။
ယခုမှပဲ သူတို့ ထိုအချက်ကို သတိပြုမိသွားခဲ့ကြသည်။
အရက်သမားသည် ကျန်းမိသားစု၏ သီးသန့်ခန်းဆီသို့ ကြည့်၍ အဓိပ္ပါယ်ပါပါ ပြုံးလျက် ပြန်ပြောလိုက်လေသည် “ရောင်းရင်းကျန်းပြောတာ အမှန်ပဲ။ ဒီဆေးလုံးရဲ့ အာနိသင်က အရမ်း မက်လောက်စရာ ကောင်းနေပေမယ့် ဆေးလုံးကိုယ်တိုင်မှာ အားနည်းချက်အချို့တော့ ရှိနေတယ်”
“အို၊ ဘာများလဲမသိဘူး” ကျန်းမိသားစုမှ ပညာရှင်က ချက်ချင်း ပြန်မေးလိုက်လေသည်။
“ပထမတစ်ချက်က ဒီဆေးလုံးကို သူတော်စင်ဘုရင် အဆင့်နဲ့ အဲ့အောက်က ကျင့်ကြံသူတွေပဲ သောက်လို့ရတယ်။ အဲ့ထက်ပိုမြင့်တဲ့ ကျင့်ကြံသူတွေက သွားသောက်မယ်ဆိုရင် ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး။ နောက်တစ်ချက်က ဆေးအာနိသင်က တန်ခိုးရှင်အဆင့်ကို ရောက်တဲ့အထိပဲ အသုံးဝင်လိမ့်မယ်။ တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်ပြီ ဆိုတာနဲ့ အဲ့ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်နဲ့ အရည်အချင်းက နဂိုအတိုင်း ပြန်ဖြစ်သွားလိမ့်မယ်။ အဲ့နှစ်ချက်ပဲ… အဲ့နှစ်ချက်ကလွဲပြီး ဘာဘေးထွက်ဆိုးကျိုးမှ မရှိဘူး”
“ဒီလောကကြီးမှာ ဒီလိုမျိုးထူးဆန်းတဲ့ ဆေးလုံးမျိုး တကယ်ကြီး ရှိနေတာလား” ကျန်းမိသားစုမှ ပညာရှင် အံ့အားသင့်သွားခဲ့လေသည်။
အရက်သကမားက ပြုံးလျက် “ရှေးခေတ် လောကကြီး ဘယ်လိုပုံစံလဲဆိုတာ ဘယ်သူမှမသိကြဘူး။ ဒါပေမယ့် အဲ့ခေတ်တုန်းက အရမ်း အားကောင်းတတ်စွမ်းတဲ့ ပညာရှင်တွေ အများကြီးရှိတယ်ဆိုတာတော့ ဒီလူအိုကြီး သိတယ်။ ဒီတော့ ဒီလိုဆေးလုံးမျိုး အဲ့ခေတ်မှာ ရှိတယ် ဆိုတာ အထူးအဆန်းတော့ မဟုတ်ဘူး”
“ဒီကျန်း နားလည်ပါပြီ။ အခုလို ရှင်းပြပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ဒုမြို့သခင်”
“ကဲ… ဒီလူအိုကြီးလည်း ရှင်းပြလို့ ပြီးသွားပြီဆိုတော့ အားလုံးလည်း ဒီဆေးလုံးအကြောင်းကို နားလည်လောက်ရောပေါ့။ ဒီလိုဆိုမှတော့ လေလံပွဲကို စကြာတာပေါ့။ ကြမ်းခင်းဈေးက အရင်းအမြစ်ကျောက် တစ်သိန်းပဲ။ တစ်ကြိမ်တိုးတိုင်း တိုးတိုင်း ငါးထောင်အောက် နည်းလို့မရဘူး”
“တစ်သိန်း”
“တစ်သိန်းငါးသောင်း”
“နှစ်သိန်း”
ဤခြင်ဆီရှင်း ဆေးလုံးသည် သူတော်စင်ဘုရင်နှင့် ထိုအဆင့်အောက် ကျင့်ကြံသူများ အတွက်သာ အသုံးဝင်သော်ငြား ၎င်း၏ ဆေးအာနိသင်မှာ လူများစွာကို စိတ်ဝင်စားလာအောင် လုပ်နိုင်ပေသေးသည်။
ဤဆေလုံးသည် လေလံပွဲသို့ လာရောက်ကြသည့် ကျင့်ကြံသူများအတွက် အသုံးဝင်လိမ့်မည် မဟုတ်သော်ငြား ထိုလူများ၏ သူတော်စင်ဘုရင်အဆင့်သို့သာ ရောက်သေးသည့် မျိုးဆက်များအတွက်တော့ အလွန်ကိုမှ အသုံးဝင်ပေသည်။ သို့သော်လည်း ကန့်သတ်ချက်များကြောင့် ဆေးလုံးသည် အရမ်းကြီး ဈေးကောင်းတော့ ရလိမ့်မည် မဟုတ်ချေ။
လေလံဈေးမှာ တစ်ခဏအတွင်း နှစ်သိန်းကို ကျော်တက်သွားခဲ့လေသည်။
(ခ-၉)တွင် ရှိနေသော ရန်ကိုင်သည်လည်း မျက်ခုံးပင့်၍ စတင် လေလံဝင်ဆွဲတော့လေသည်။
ခန်စစ်ရန်သည် ရန်ကိုင်အား အံ့ဩတကြီးကြည့်၍ “ဆေးပညာရှင်ရန်မှာ ဒီဆေးလုံးနဲ့ သင့်တော်တဲ့ မိတ်ဆွေလေး တစ်ယောက်ယောက် ရှိနေတာလား”
ခဏလောက် စဉ်းစားနေပြီးနောက်တွင် ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏ “အဲ့လိုပြောလို့ရတယ်… ပြီးတော့ လေလံပွဲကို လာပြီးမှတော့ လက်ဗလာနဲ့ ပြန်လို့တော့ မဖြစ်ဘူးလေ၊ မဟုတ်ဘူးလား”
“ဒါပေါ့” ခန်စစ်ရန် ခေါင်းညိတ်လိုက်၏။ သူကိုယ်တိုင်သည်လည်း အစောပိုင်းက ဈေးနည်းသည့် ပစ္စည်းအချို့ကို ဝင်ရောက် လေလံဆွဲခဲ့ပေသည်။ သို့သော် ယခုအကြိမ် ရန်ကိုင် ပထမဦးဆုံး လေလံဝင်ဆွဲခြင်း ဖြစ်သည်။
“ဆေးပညာရှင်ရန်၊ လေလံဆွဲရင် တုန့်ဆိုင်းမနေနဲ့နော်။ အရင်းအမြစ်ကျောက်မလောက်ရင်၊ ဒီလူအိုကြီးကိုပြော၊ ဒီလူအိုကြီးမှာ တော်တော်လေး ပါလာတယ်” ခန်စစ်ရန်က ပြောလိုက်သည်။
“အဲ့ဒါဆို ဆိုင်ပိုင်ရှင်ခန်ကို ကြိုပြီး ကျေးဇူးတင်ထားရတာပေါ့” ရန်ကိုင်က ပြုံး၍ ထပ်မံ ဈေးမြှင့်လိုက်လေသည် “နှစ်သိန်းငါးသောင်း”
ဤဆေးလုံးကို လေလံဝင်ဆွဲနေရခြင်းမှာ ကျန်းရို့ရှီအတွက် ဖြစ်ပေသည်။ ကျန်းမိသားစု ကောင်မလေးသည် သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသည့်အတွက် ဤဆေးလုံးကို သောက်ရန် အကောင်းဆုံး အရွယ် ဖြစ်သည်ဟု ပြော၍ရသည်။
သူ့အနေဖြင့် ထိုကောင်မလေးအပေါ် မည်သည့် ခံစားချက်မှ မရှိသော်ငြား လေဟာနယ်ဝိဥာဉ်ကျောက်စိမ်း၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန်အတွက် တစ်နေ့နေ့တွင် ထိုကောင်မလေး၏ အကူအညီကို လိုလာပေလိမ့်မည်။ ထို့အပြင် သူသည် ကျန်းရို့ရှီနှင့် အချိန်အတန်ကြာအောင် ရှိနေရဦးမည် ဖြစ်သည့်အတွက် သူမအား မြန်မြန် တိုးတက်လာအောင် လုပ်ပေးသည်မှာ သူ့အတွက် အကျိုးမဟုတ်ချေ။ သူမ အားကောင်းလာလျှင် သူထမ်းပိုးထားရသည့် ဝန်ထုပ်ဝန်ပိုးလည်း အတော်လေး ပေါ့သွားပေလိမ့်မည်။
အရေးအကြီးဆုံးအချက်မှာ ရန်ကိုင်သည် ထိုကဲ့သို့ ရည်ရွယ်ချက်မျိုး ရှိသည့်အတွက် ကျန်ရို့ရှီကို ခေါ်ထားခြင်း ဖြစ်သည်။ သို့ရာတွင် သူ့ရည်ရွယ်ချက်ကို သူမ မသိအောင် ဖုံးကွယ်ထားခဲ့ပေသည်။ ထို့ကြောင့် လက်ဆောင်အချို့ ပြန်ပေးလိုက်ခြင်းသည် သူ့ရင်ထဲ ခံစားနေရသည့် အပြစ် မကင်းသည့်စိတ်ကို အတော်လေး သက်သာသွားအောင် လုပ်နိုင်မည်ဟု ခံစားနေရပေသည်။
လေလံဈေးမြင့်လာသည်နှင့် လူအချို့သာ ဆက်ပြီး လေလံဆွဲကတော့၏။ ရန်ကိုင်မှ သုံးသိန်း ပေးလိုက်ချိန်တွင် အမျိုးသမီးတစ်ဦးသည်သာ သူနှင့် ဆက်ပြိုင်တော့သည်။ ထိုအမျိုးသမီးသည် အောက်ဘက်ရှိ ခန်းမထဲတွင် ထိုင်နေသည့်လူတစ်ဦးဖြစ်ပြီး အရမ်းကြီး ချမ်းသာပုံမရ။ ထို့အပြင် သူမသည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်လေသည်။
တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက်တွင် အမျိုးသမီးသည် ဆက်၍ ဈေးတင်လေသည်။
ရန်ကိုင်သည်လည်း အလျှော့မပေးခဲ့ချေ။
ရန်ကိုင်မှ သုံးသိန်းနှစ်သောင်းဟု အော်ပြောလိုက်ချိန် အမျိုးသမီးသည် လက်လျှော့လိုက်သည့်အလား သက်ပြင်း အမောကြီး ချလိုက်လေသည်။
ထိုအခြင်းအရာကို မြင်သည့်အခါ အရက်သမားသည် ချက်ချင်း ရှေ့သို့တက်၍ အော်ပြောလိုက်လေ၏ “သုံးသိန်းနှစ်သောင်း တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ ရောင်းထွက်သွားပါပြီ။ ရောင်းရင်း၊ ကျေးဇူးပြုပြီး စင်နောက်ဘက်မှာ ငွေသွားရှင်းပေးပါ”
ထိုစကားကို ကြားသည့်အခါ ရန်ကိုင်က ပြုံး၍ ထိုင်ရာမှထကာ ခန်စစ်ရန်ဘက်သို့လှည့်ပြီး ပြောလိုက်၏ “ကျုပ်အခုပဲ ပြန်လာခဲ့မယ်”
“မြန်မြန် ပြန်လာခဲ့နော်။ ငါထင်တာသာ မမှားရင် ခဏနေရင် တာအိုအရင်းအမြစ်အသီး ပေါ်လာတော့မှာ” ခန်စစ်ရန်သည် စင်အောက်ဘက်သို့ မျှော်လင့်တကြီး လှမ်း၍ ကြည့်လိုက်လေသည်။
ရန်ကိုင်သည် ခေါင်းညိတ်ပြီး အခန်းထဲမှ ထွက်သွား၏။
စင်နောက်ဘက်သို့ ရောက်ပြီး အရင်းအမြစ်ကျောက် သုံးသိန်းနှစ်သောင်းပေးပြီးနောက်တွင် ခြင်ဆီရှင်းဆေးလုံးကို ရလာခဲ့လေသည်။
စိတ်ဝိဥာဉ်ဆေးလုံးလေး တစ်လုံးအတွက်နှင့် အရင်းအမြစ်ကျောက်များစွာ သုံးပစ်ရသည်မှာ သိပ်တော့ မတန်။ သူသုံးလိုက်သည့် ပမာဏသည် သူ့၌ ရှိနေသော စုစုပေါင်း ပမာဏသည် သုံးပုံတစ်ပုံပင် ရှိသည် မဟုတ်ပေလော။ အရေးအကြီးဆုံး အချက်မှာ ဤဆေးလုံးသည် သူ့အတွက် အသုံးမဝင်ခြင်းပင်။ သို့သော် ရေရှည်ကို မျှော်တွေးမည် ဆိုလျှင်တော့ အဆင်ပြေသည်ဟု ပြော၍ရသည်။
ထို့အပြင် ရန်ကိုင် အနေဖြင့် ဤဆေးလုံး၌ ပါဝင်သည့် ဆေးအမယ်များကို လေ့လာကြည့်နိုင်ပေသည်။ ထိုအရာများမှ တစ်ဆင့် ဆေးညွှန်ကို ထုတ်နှုတ်နိုင်မည် ဆိုပါက သူ့အတွက် အလွန်ကိုမှ အသုံးဝင်ပေလိမ့်မည်။ အခြားအရာများကို မပြောသေးလျှင်ပင် ဤဆေးလုံးသည် ဤခေတ်၌ မရှိတော့သော ဆေးလုံးတစ်လုံးဖြစ်သည်။ သူသာ ဆေးညွှန်းကို ထုတ်နှုတ်နိုင်မည်ဆိုပါက ဆေးလုံးသည် သူ့အတွက် အသုံးမဝင်လျှင်ပင် ဆေးဖော်စပ်ပြီး အခြားသူများဆီ ရောင်းချနိုင်သည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း(၂၀၃၂)
ရန်ကိုင် သူ့အခန်းဆီသို့ ပြန်ရောက်လာသည့်အခါ အခြားသော ပစ္စည်းတစ်ခုသည် ဈေးနှုန်းတစ်ခုဖြင့် ရောင်းထွက်သွားပြီးနေလေပြီ။
“နောက်ဆုံးပစ္စည်းဆီ မရောက်သေးဘူးလား” ရန်ကိုင်က အံ့အားသင့်နေသည့် လေသံဖြင့် မေးလိုက်သည်။
ခန်စစ်ရန်က ခေါင်းခါရင်း မဲ့ပြုံးပြုံးလျက် “ဒီတစ်ကြိမ် ပစ္စည်းတွေအများကြီးကို လေလံတင်တာနဲ့ တူတယ်။ ဒါပေမယ့် တာအိုအရင်းအမြစ်အသီး ပေါ်လာလို့ သိပ်မလိုတော့ပါဘူး”
ရန်ကိုင်သည် ခေါင်းသာညိတ်လိုက်ပြီး ဘာမှ ပြန်မပြောတော့ဘဲ စင်ဆီသို့သာ လှမ်းကြည့်လိုက်လေသည်။
အရက်သမားသည် နားလည်ရခက်စွာပြုံးလျက် လူအုပ်ကြီးကို ဝေ့ကြည့်ရင်း ပြောလိုက်လေသည် “ဒီတစ်ကြိမ် လေလံတင်မယ့်အရာက တော်တော်လေး ထူးဆန်းတဲ့ဟာလို့ ပြောလို့ရတယ်။ ရှင်းရှင်းပြောရရင် အခုဟာက လေလံတင်မယ့် စာရင်းထဲမှာ မပါဘူး။ ဒါပေမယ့် ဒါကို ဒီနေ့မှ ရောက်လာတဲ့ မိတ်ဆွေတစ်ယောက်က လာရောင်းတာ။ သူ့လုပ်ရပ်က လေလံပွဲ စည်းမျဉ်းတွေကို ဆန့်ကျင်သလို ဖြစ်ပေမယ့် သူလေလံတင်မယ့်ဟာက တကယ်ကို အဖိုးတန်တဲ့ဟာတစ်ခု ဖြစ်နေတော့ လေလံတင်ဖို့ ခွင့်ပြုလိုက်တယ်။ ဟဲဟဲ၊ မီဓါတ်ကျင့်စဉ်တွေ၊ မီးဓါတ်မှော်ရတနာတွေကို ပိုင်ဆိုင်ထားတဲ့ မိတ်ဆွေ ဒီတစ်ကြိမ် လေလံတင်မယ့်ဟာကို သေချာ အာရုံစိုက်ထားသင့်တယ်”
ပြောပြီးသည့်နောက်တွင် စင်နောက်ဘက်ဆီသို့ လက်ယပ်ပြလိုက်ရာ ကောင်မလေးတစ်ဦးသည် ပန်းကန်လုံး တစ်လုံးကိုကိုင်၍ စင်ပေါ်သို့ တက်လာခဲ့လေသည်။
ခန်းမထဲတွင် ရှိနေသော ကျင့်ကြံသူအားလုံးသည် ပန်းကန်လုံးအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြ၏… အထူးသဖြင့် မီးဓါတ်ကျင့်စဉ်ကို ကျင့်ကြံထားသူ သို့မဟုတ် မီးဓါတ်မှော်ရတနာတစ်ခုခုကို ပိုင်ဆိုင်ထားကြသူများပင်။
အပေါ်ယံ ကြည့်ရသလောက် ဤပန်းကန်လုံးထဲတွင် တစ်စုံတစ်ခုကို ချိတ်ပိတ်ထားသည့်ပုံပင်။ ပန်းကန်လုံးပေါ်ရှိ ရုန်းအက္ခရာများသည် တဖျတ်ဖျတ် လက်နေပြီး ကန်းထဲရှိ ငါးများနှယ် ကူးခတ်သွားလာနေကြသည်။
“စိတ်ဝင်စားစရာပဲ၊ အထဲမှာ ဘာရှိနေတာလဲမသိဘူး” ခန်စစ်ရန်သည် ပြုံး၍ ပန်းကန်လုံးကို သေချာ စိုက်ကြည့်လိုက်၏။
ရန်ကိုင်ကမူ ပန်းကန်လုံး ပေါ်လာသည့် အချိန်မှစ၍ မျက်မှောင်ကြီးသာ ကြုတ်နေခဲ့လေသည်။
တစ်ခုသော အကြောင်းကြောင့် ပန်းကန်လုံးထဲရှိ အရာနှင့် သူ့ကြားတွင် ဆက်သွယ်မှုတစ်ခုခု ရှိနေသလိုမျိုး ခံစားနေရသည်။ သို့သော်ငြား ပန်းကန်လုံး ပတ်လည်ရှိ အမျိုးမျိုးသော အစီအရင်များကြောင့် ထိုခံစားချက်မှာ အတော်လေးကို အားပျော့နေခဲ့လေသည်။ သူ့စိတ်ထဲ တစ်ခုခု ဂနာမငြိမ် ဖြစ်နေသလို ခံစားနေရသည့် အတွက်ကြောင့်သာ မဟုတ်လျှင် လက်ရှိ သူခံစားနေရသည့် ခံစားချက်သည် စိတ်အထင် သက်သက် ဖြစ်သည်ဟုသာ ထင်ိပေလိမ့်မည်။
ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်သော်ငြား အကာအကွယ်ကို မထိုးဖောက်နိုင်သည့်အတွက် အထဲရှိ အခြေအနေကို မစစ်ဆေးနိုင်ခဲ့ပေ။
“ဆေးပညာရှင်ရန်၊ အထဲမှာ ဘာရှိလဲ သိနေတာလား” ရန်ကိုင်၏ အမူအရာကို မြင်ပြီးနောက် ခန်စစ်ရန်က မေးကြည့်လိုက်လေသည်။
ရန်ကိုင်သည် ခေါင်းခါပြလိုက်သော်ငြား သူ့အကြည့်သည် ပန်းကန်လုံး ပေါ်သို့သာ ရောက်နေခဲ့၏။
ခဏအကြာတွင် အရက်သက်မားသည် စတင်၍ ရှင်းပြတော့လေသည် “ဒီဟာကို တာအိုသခင်အဆင့် မိတ်ဆွေ တစ်ဦးကို ဖမ်းလာခဲ့တာ။ ဒါပေမယ့် သူက ရေဓါတ်ကို ကျင့်ကြံထားတာဆိုတော့ ဒီဟာက သူ့အတွက် လုံးဝ အသုံးမဝင်ဘူး ဖြစ်သွားတယ်။ ဒါကြောင့် နှမြေသတစွာနဲ့ပဲ ဒီမှာ လေလံလာတင်လိုက်တာ။ မဟုတ်ရင် ဒီဟာကို လုံးဝ လာရောင်းမှာမဟုတ်ဘူး”
“ကျုပ်တို့စိတ်ကို ကလိကလိ ဖြစ်အောင် လုပ်မနေပါတော့နဲ့ ဒုမြို့သခင်ရာ။ မြန်မြန်သာ ပြောပြလိုက်ပါတော့” တစ်ယောက်ယောက်က စိတ်မရှည်စွာ ထပြောလိုက်လေသည်။
အရက်သမားက ရယ်မော၍ ခေါင်းညိတ်ကာ ပြောလိုက်၏ “အင်း၊ ဒါပေမယ့် ငါနည်းနည်းလောက် ရှင်းပြချင်တာ ရှိသေးတယ်။ လွန်ခဲ့တဲ့ လအနည်းငယ် လောက်တုန်းက ကြည်လင်ကျောက်စိမ်းတောင်မှာ မီးဓါတ် မှော်ရတနာစိတ်ဝိဥာဉ်တစ်ခု ပေါ်လာတယ်လို့ မေပယ်မြို့ထဲမှာ သတင်းတွေ ထွက်လာသေးတယ်။ တော်တော်များများက အဲ့သတင်းကြာပြီး ကြည်လင်ကျောက်စိမ်းတောင်ဆီ ထွက်သွားခဲ့ပေမယ့် သူတို့ တွေ့လိုက်ရတာက မှော်ရတနာစိတ်ဝိဥာဉ်မဟုတ်ဘဲ လွမ်ဖုန်းပေါက်လေး ဖြစ်နေတယ်။ ငါတို့ မေပယ်မြို့က ကျင့်ကြံသူတွေလည်း အဲ့လွမ်းဖုန်းပေါက်လေးကို ရဖို့ ကြိုးစားလိုက်ကြသေးတယ်။ ဒါပေမယ့် ဘယ်သူမှ မအောင်မြင်လိုက်ဘူး။ နောက်ဆုံးမှာ သူ့အမေ လွမ်ဖုန်း ပေါ်လာပြီး ကမ္ဘာဖျက်မီးတောက်တွေ မှုတ်ထုတ်သွားလို့ ကြည်လင်ကျောက်စိမ်းတောင်တစ်ခုလုံး ပြာပုံဘဝ ရောက်သွားရတယ်။ ဒီနေ့ထိကို အဲ့မီးတောက်တွေ လောင်မြိုက်နေတုန်းပဲ။ လွမ်ဖုန်းတစ်ကောင်ရဲ့ စွမ်းအားက တကယ် ကြောက်စရာပဲ”
ထိုကမ္ဘာဖျက်အနက်ရောင်မီးတောက်များကို သူကိုယ်တိုင် မြင်လိုက်ရသည့်အလား သက်ပြင်းချလိုက်၏။
“ဒုမြို့သခင် ပြောချင်တာက အခုတစ်ကြိမ် လေလံတင်မယ်ဟာက လွမ်ဖုန်းပေါက်လေးလို့လား” ခန်းမထဲတွင် ရှိနေသော ကျင့်ကြံသူတစ်ဦးက စိတ်လှုပ်ရှားစွာ ထပြောလေသည်။
ကျင့်ကြံသူပေါင်းများစွာသည်လည်း ထိုကဲ့သို့ တွေးမိသွားကြသည်။ လွမ်ဖုန်းပေါက်လေး ဆိုသည့် အကြောင်းကို စဉ်းစားမိသည်လည်း လူပေါင်းများစွာ အသက်ရှူ မြန်လာကြလေသည်။
အရက်သမားကမူ ရယ်၍သာ ပြန်ပြောလိုက်သည် “လွမ်ဖုန်းပေါက်လေး ဟုတ်လား။ ငါတို့ လွမ်ဖုန်းပေါက် တစ်ကောင်ကို ဒီမှာ ထားမယ်လို့ မင်းတို့ တကယ်ကြီး ထင်နေတာလား။ လေလံပေးရဲတဲ့လူ ရှိမရှိကို အရင် ထားလိုက်ဦး၊ ရှိမယ်ဆိုရင်တောင် ငါတို့ကတော့ လေလံ မတင်ရဲဘူး။ နတ်သားရဲကို သွားရန်စရဲရင် ကြည်လင်ကျောက်စိမ်းတောင်က အကောင်းဆုံး နမူနာပဲ။ ဘယ်သူက အဲ့လို အဖြစ်ခံရဲမှာလဲ”
ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အကုန်လုံး ကျောရိုးတစ်လျှောက် စိမ့်တက်သွားကြလေ၏။ သေချာ စဉ်းစားပြီးလိုက်မှပဲ အရက်သမား ပြောသည်မှာ အမှန်ဖြစ်နေကြောင်း စဉ်းစားမိသွားကြသည်။ မည်သူကများ နတ်သားရဲတစ်ကောင်၏ မျိုးဆက်ကို လေလံတင်ရဲမည်နည်း။ ထိုသို့ လုပ်ခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူခြင်းနှင့် မခြားချေ။
“ဒါဆို ဒုတိယသခင်က ဘာလို့ ဒီအကြောင်းကို ပြောတာလဲ…”
အရက်သမားက ပြုံး၍ ဆက်ပြောလိုက်လေသည် “ငါအဓိက ပြောချင်တဲ့ အကြောင်းအရာက လွမ်ဖုန်းပေါက် မဟုတ်ဘူး၊ မှော်ရတနာစိတ်ဝိဥာဉ်ပဲ။ မင်းတို့ ဘာတွေ ထိုင်နားထောင်နေမှန်းကို မသိဘူး။ ငါပြောချင်တာက တစ်ခြား၊ မင်းတို့ စဉ်းစားနေတာက တစ်ခြား။ ထားလိုက်တော့… ဒီနေ့ လေလံတင်မယ့်ဟာကို မင်းတို့ ဘာသာပဲ ကြည့်လိုက်ကြတော့”
ပြောပြီးသည်နှင့် လက်ကွက်အချို့ကို ဖန်တီး၍ ပန်းကန်လုံးအား ရိုက်ချလိုက်လေသည်။ ပန်းကန်လုံး ပတ်လည်ရှိ အစီအရင်များ တဖျက်ဖျက် လက်လာပြီး စူးရှသည့် ငှက်အော်သံနှင့်အတူ မီးငှက်တစ်ကောင် ပန်းကန်လုံးထဲမှ အပြင်သို့ ပျံထွက်လာလေ၏။
သုံးမီတာခန့် မြင့်မားသည့် မီးတောက်တစ်ခု လေလံစင်မြင့်ထက်တွင် ရုတ်တရက် ထွက်ပေါ်လာပြီး နတ်သားရဲဖြစ်သော ဖီးနစ်ငှက်နှင့် ဆင်တူသည့် မီးတောက် ငှက်တစ်ကောင်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားလေ၏။ ဤမီးငှက်၏ မီးတောက်များကြား လျှပ်စီးတန်းများလည်း တဖျက်ဖျက် လက်နေခဲ့လေသည်။
ဤမီးငှက်သည် မိုးကြိုးနှင့် မီးတောက်ဓါတ်စွမ်းအင် နှစ်မျိုးကို တကယ်ကြီး ပိုင်ဆိုင်ထားခဲ့သည်။
ထို့အပြင် ၎င်းဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာလည်း တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးနှင့်ပင် ယှဉ်နိုင်သေး၏။ တောင်ပံများကို ဖြန့်ကျက်ထားသည့် တစ်ကိုယ်လုံး မီးတောက်နေသည့် မီးငှက်ပုံစံမှာ တကယ်ကို မျက်စိပဒဿ ဖြစ်လှပေသည်။
“လျို့ယန်လား”
(ခ-၉)သီးသန့်ခန်းထဲတွင် ရှိနေသော ရန်ကိုင်သည် မျက်လုံးမှေးစဉ်း၍ ရုတ်တရက် ထရပ်ကာ အလန့်တကြား အော်ပြောလိုက်လေသည်။
“ဆေးပညာရှင်” ခန်စစ်ရန်သည် ရန်ကိုင်အား နားမလည်နိုင်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။ ရန်ကိုင် ဘာကြောင့် ဤကဲ့သို့ ဖြစ်သွားမှန်း သူမသိ။ သို့သော်ငြား ဒေါသတို့ ရောယှတ်နေသော အံ့အားသင့်နေသည့် ရန်ကိုင်၏ မျက်နှာကို မြင်သော် ချက်ချင်း နားလည်သွားခဲ့လေသည်။
လျို့ယန်ကို ဤကဲ့သို့သော အခြေအနေမျိုးနှင့် လာတွေ့ရလိမ့်မည်ဟု ရန်ကိုင် လုံးဝ မထင်ထားခဲ့ချေ။
ဤအရာသည် သူတကယ် စိတ်ပူနေသည့်အရာ ဖြစ်သည်။ လျို့ယန်၏ မီးတောက်ခန္ဓာကိုယ်ကိုသာ မီးဓါတ် ကျင့်စဉ်ကို ကျင့်ကြံထားသည့် ကျင့်ကြံသူတစ်ဦးမှ သန့်စင်လိမ့်မည် ဆိုပါက ထိုကျင့်ကြံသူ၏ ခွန်အားသည် သိသိသာသာကို မြင့်တက်လာပေလိမ့်မည်။ ထိုသို့ မဟုတ်ဘဲ သူမအား မီးဓါတ်မှော်ရတနာထဲသို့ ထည့်သွင်းလိုက် ဆိုလျှင်လည်း ထိုမှော်ရတနာ၏ အဆင့်ကို သိသိသာသာ မြှင့်တင်နိုင်ပေသည်။
ရန်ကိုင် စိုးရိမ်နေသည့်အရာ အမှန်တကယ် ဖြစ်လာခဲ့လေပြီ။ လျို့ယန်သည် အဖမ်းခံရရုံတင် မဟုတ်ပါ လေလံတင်ပြီးတော့ပါ ရောင်းချခံနေရသည်။
ကံကောင်းစွာဖြင့် သူမအား လေလံတင်ရောင်းသည့် လေလံပွဲသို့ ရန်ကိုင် ရောက်နေခဲ့ပေသည်။ ရန်ကိုင် အတွက်တော့ ဤကိစ္စသည် ကံကောင်းသည်ဟုပဲ ပြောရမလား၊ ကံဆိုးသည်ဟုပဲ ပြောရမလား ခက်လှသည်။
ပန်းကန်လုံးအား စင်မြင့်ပေါ်သို့ ယူလာစဉ်က ထိုအရာနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေသည်ဟု ခံစားနေရသည်မှာ အထူးအဆန်း မဟုတ်တော့ချေ။
ရန်ကိုင် ထရပ်လိုက်သည်နှင့် တစ်ပြိုင်နက် စင်မြင့်ပေါ်၌ ရှိနေသော လျှို့ယန်သည်လည်း ရန်ကိုင် ရှိနေသည်ကို သတိပြုမိသွားသည့်အလား အခန်း (ခ-၉)ဆီသို့ အလိုလို လှည့်ကြည့်လာခဲ့လေသည်။ ထို့နောက် သူ့ဆီသို့ ပျံသန်းလာရန် ကြိုးစားနေသည့်အလား စူးရှစွာ အော်မြည်ရင်း တောင်ပံများကို တဖျက်ဖျက် ခတ်လိုက်၏။
သို့ရာတွင် ထိုအချက်ကို သတိပြုမိသွားသော အရက်သမားသည် ချက်ချင်း လက်ကွက်တစ်ခု ဖန်တီးလိုက်ရာ ချိန်းကြိုးကဲ့သို့သော ချိတ်စည်းများ လျို့ယန်၏ ခန္ဓာကိုယ်တစ်လျှောက် ပေါ်လာပြီး သူမ၏ တောင်ပံများကို ချုပ်နှောင်ပစ်လိုက်လေသည်။
“ရပ်လိုက်” ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင် ဒေါသတကြီး လှမ်းအော်ပြောမိလိုက်လေသည်။
သို့သော်ငြား ထိုသို့ အော်ပြောပြီးလိုက်မှပဲ သူအနည်းငယ် မဆင်မခြင် ဖြစ်သွားကြောင်း သဘော ပေါက်သွားခဲ့သည်။ လျို့ယန်သည် ယခင်က သူ့အပိုင် ဖြစ်ခဲ့သော်ငြား ယခုအချိန်တွင် သူမသည် အခြားလူ တစ်ဦး၏ ဖမ်းဆီးခြင်း ခံရပြီး လေလံတင်ရောင်းခံနေရ၏။
သူ့တွင် အရက်သမာအား လျို့ယန်အပေါ် ညှာပေးရန် ဖိအားပေးနိုင်သည့် အဆင့်အတန်းရော ခွန်အားပါ ရှိမနေခဲ့ပေ။ အပြန်အလှန် အနေနှင့် သူ့အပြုအမူသည် သူနှင့် လျို့ယန်ကြားက ဆက်ဆံရေးကို အခြားသူများ သတိပြုမိသွားအောင် လုပ်ပေးလိုက်သလို ဖြစ်သွားနိုင်၏။
ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ရန်ကိုင်သည် အသက် ပြင်းပြင်း ရှူသွင်း၍ စိတ်ကို တည်ငြိမ်အောင် လုပ်ပြီး ဆက်ပြောလိုက်လေသည် “ညင်ညင်သာသာလေးလုပ်ပါ ဒုမြို့သခင်ရဲ့။ ကျုပ်လိုချင်နေတဲ့ဟာလေးကို ကျေးဇူးပြုပြီး ထိခိုက်အောင် မလုပ်ပါနဲ့”
အရက်သမားသည် အတော်လေးကို ဖော်ရွေသည့် လူတစ်ဦးဖြစ်သည်။ ထိုစကားကို ကြားသည့်အခါ ရန်ကိုင် ရှိနေသည့်ဘက်သို့ လှမ်းကြည့်၍ ပြုံးကာ ပြောလိုက်၏ “စိတ်မပူနဲ့။ ဒီလူအိုကြီးက ထိန်းထိန်းသိမ်းသိမ်းနဲ့ပဲ လုပ်တာ။ ဒါကို ဘာအန္တရာယ်မှ မဖြစ်စေဘူး။ အားလုံး မြင်တဲ့အတိုင်းပဲ အခုတစ်ကြိမ် လေလံတင်မှာက ဒီမီးဓါတ် မှော်ရတနာစိတ်ဝိဥာဉ်ပါပဲ။ ဒီမှော်ရတနာ စိတ်ဝိဥာဉ်က သာမန် မှော်ရတနာစိတ်ဝိဥာဉ်မျိုး မဟုတ်ဘူးနော်။ အတော်လေးကို ဥာဏ်ရည်မြင့်တဲ့ မှော်ရတနာစိတ်ဝိဥာဉ် တစ်ခုပဲ။ ဒါကိုသာ မှော်ရတနာတစ်ခုခုထဲ ပေါင်းထည့်နိုင်မယ် ဆိုရင် လုံးဝကို အကျိုးများမှာ”
အရက်သမားသည် လျို့ယန်အား ဈေးကောင်းဖြင့် ရောင်းချနိုင်ရန်အတွက် မိုးမွှန်အောင်ကို ချီးကျူးစကားများ တဖွဖွပြောတော့လေသည်။
ရန်ကိုင်မှာတော့ ထိုမြင်ကွင်းအား မျက်နှာကြီး မဲ့၍သာ ထိုင်ကြည့်နေရလေသည်။
လက်ရှိ အခြေအနေအရ သူ့အနေဖြင့် လျို့ယန်အား ပြန်ယူလိုလျှင် လေလံပြိုင်ပေးပြီး ယူလျှင်ယူ မယူလျှင် ရှိနေသည့် လူအားလုံးကို ဖိနှိပ်ပြီး အတင်းလုယူဖို့သာ ရှိတော့သည်။
ဒုတိယ နည်းလမ်းသည် လုံးဝ မဖြစ်နိုင်ပေ။ ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူ တစ်ဦးဖြစ်သလို ဧကရာဇ်အဆင့် မှော်ရတနာများစွာကို ပိုင်ဆိုင်ထားသော်ငြား သူသာ အကြမ်းဖက်မည်ဆိုလျှင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားပေလိမ့်မည်။
သို့သော်ငြား လေလံဆွဲဖို့ရာ ကျပြန်တော့လည်း သူ့၌ အရင်းအမြစ်ကျောက်များစွာ ရှိမနေခဲ့ပေ။ အနည်းဆုံး သူ့တွင် လျို့ယန်အား လေလံအောင်နိုင်လောက်သည်အထိ များပြားသော အရင်းအမြစ်ကျောက်များ ရှိမနေခဲ့ပေ။
လက်ရှိ အခြေအနေနှင့် ပက်သက်၍ ရန်ကိုင် အလွန်ကိုမှ စိတ်ညစ်နေခဲ့သည်။
ခန်စစ်ရန်သည် ဘာဖြစ်နေသလဲ ဆိုသည်ကို အနည်းငယ် သတိထားမိသွားသည့်အလား၊ တစ်ခဏတာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် လေသံတိုးတိုးဖြင့် မေးလိုက်လေသည် “ရောင်းရင်းရန်၊ ဒီမှော်ရတနာ စိတ်ဝိဥာဉ်နဲ့ မင်း ဘယ်လိုပက်သက်နေတာလဲ”
ရန်ကိုင်က ပြန်၍ ရှင်းပြလိုက်၏ “ဆိုင်ပိုင်ရှင်ခန် သတိပြုမိသွားပြီ ဆိုမှတော့ ကျုပ်လည်း ဖုံးကွယ် မနေတော့ပါဘူး။ တကယ်တော့ သူ့နာမည်က လျို့ယန်ပဲ။ အရင်က ကျုပ်ရဲ့ မှော်ရတနာစိတ်ဝိဥာဉ် ဖြစ်ခဲ့တာပေါ့”
“အို၊ သူက ဆေးပညာရှင်ရဲ့ မှော်ရတနာစိတ်ဝိဥာဉ်လား” သူ့စိတ်ထဲ ခန့်မှန်းမိပြီးသား ဖြစ်သော်ငြား တကယ်ကြားလိုက်ရချိန် အတော်လေး ထိတ်လန့်သွားမိခဲ့ပေသေးသည်။
“ကျုပ်ရဲ့ မှော်ရတနာစိတ်ဝိဥာဉ်တင် မဟုတ်ဘူး။ ကျုပ်မိတ်ဆွေလည်း ဟုတ်တယ်”
“မိတ်ဆွေ…” ခန်စစ်ရန်သည် ရန်ကိုင်အား အံ့အားသင့်နေသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။ သူ့အနေဖြင့် ဘာပြန်ပြောလို့ ပြောရမှန်းမသိပင် ဖြစ်သွားခဲ့သည်။ တကယ်တော့… မည်သူကများ မှော်ရတနာ စိတ်ဝိဥာဉ်တစ်ခုကို မိတ်ဆွေတစ်ယောက် အဖြစ် သဘောထားလို့နည်း။ ရန်ကိုင်၏ အတွေးနဲ့ ပက်သက်၍ သူလုံးဝ နားမလည်နိုင် ဖြစ်နေခဲ့လေသည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း(၂၀၃၃)
ခန်စစ်ရန်သည် မည်သည့်မေးခွန်းကိုမှ ထပ်၍မေးမနေတော့ဘဲ ပြန်၍သာ ပြောလိုက်လေသည်။ “ကြည့်ရတာ ဆေးပညာရှင်ရန်က ဒီလေလံပွဲမှာ ဝင်ပြိုင်ချင်တယ်နဲ့တူတယ်”
“ဟုတ်တယ်၊ ဒါပေမယ့် အရင်းအမြစ်ကျောက် မရှိတာဆိုးနေတာ” သူ့တွင်ရှိနေသည့် အဖိုးတန်ပစ္စည်းတစ်ခုခုကို ရောင်းထုတ်ပြီး အရင်းအမြစ်ကျောက်ရှာလျှင် ကောင်းမည်လား စဉ်းစားရင်း ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။
ငါ မြေလေးတစ်တုံးလောက်ကို ထုတ်ရောင်းလိုက်သင့်လား။ လက်သည်းခွံအရွယ်လောက် ဆိုရင်တောင် လိုအပ်တာပိုများများ ရနေပြီ။ ဒါပေမယ့် မြေလေးပေါ်လာရင် ပြဿနာတွေ တက်သွားနိုင်တယ်
“ဟား ဟား၊ ဒီမှော်ရတနာစိတ်ဝိညာဉ်က ဆေးပညာရှင်ရန်ရဲ့မိတ်ဆွေဆိုမှတော့ ဆေးပညာရှင်ရန် ငြိမ်မနေသင့်တော့ဘူး။ ဝင်ပြီးတော့သာ ဆွဲပေတော့။ အရင်းအမြစ်ကျောက်မလုံလောက်ရင် မပူနဲ့။ ဒီလူအိုကြီး ဆေးပညာရှင်ရန်အစား ပေးထားပေးမယ်။ နောက်ပိုင်းဆေးပညာရှင်ရန်မှာ အရင်းအမြစ်ကျောက်ရှိမှ ပြန်ပေးပေါ့။” ခန်စစ်ရန်က ပြောလိုက်လေသည်။
ရန်ကိုင်က ခန်စစ်ရန်ဘက်သို့လှည့်၍ မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်၏။ “ဒါပေမယ့် ဆိုင်ရှင်ခန်က အဲ့ဒါတွေကို တာအိုအရင်းအမြစ်အသီးအတွက် ယူလာတာမဟုတ်ဘူးလား။”
ခန်စစ်ရန်က လက်ကိုယမ်း၍ ပြုံးကာ ပြန်ပြောလိုက်၏။ “အစတုန်းကတော့ တာအိုအရင်းအမြစ်အသီးအတွက် မျှော်လင့်ချက်ရှိပါသေးတယ်။ ဒါပေမယ့် အခုတော့ အဲ့လောက် မျှော်လင့်ချက်မရှိတော့ဘူး။ ဒီလေလံပွဲမှာ တာအိုသခင်အဆင့်ပညာရှင်တွေ အများကြီးပေါ်လာမယ်လို့ မထင်ထားဘူး။ အကုန်လုံးက ဒီလူအိုကြီးထက် ပိုချမ်းသာတဲ့ လူတွေချည်းပဲ။ ပြီးတော့ ဆေးပညာရှင်ရန်ကလည်း အလောတကြီးလိုအပ်နေတာဆိုတော့ ဒီလူအိုကြီးကလည်း ကူညီပေးရတာပေါ့။ တာအိုအရင်းအမြစ်အသီးကတော့ ထားလိုက်တော့ပါလေ။ ဟိုလှိုဏ်ဂူစံအိမ်ကို သွားစုံစမ်းတော့မှပဲ ကြည့်ကြည့်ရမှာပေါ့။ ဘယ်သူသိမှာလဲ။ ကံကောင်းရင် အဲ့မှာ တာအိုအရင်းအမြစ်ဆေးလုံး တစ်လုံးလောက်ရှိချင်ရှိနေမှာ။”
“ဆိုင်ပိုင်ရှင်ခန်၊ ခင်ဗျားမှာ အရင်းအမြစ်ကျောက် ဘယ်လောက်ပါလာလဲ။” ရန်ကိုင်က အလေးအနက် လေသံဖြင့်မေးလိုက်သည်။
ခန်စစ်ရန်က လက်ညှိုးထောင်ပြလိုက်လေ၏။ “ဒီလောက်ပဲပါလာတယ်။ အဲ့ထက်တော့ပိုမရှိတော့ဘူး။ ဒီလောက်နဲ့ ဆေးပညာရှင်ရန် အဆင်ပြေမှ ရလိမ့်မယ်။ မဟုတ်ရင် ဒီလူအိုကြီးလည်း မတတ်နိုင်တော့ဘူး”
“ရတယ်၊ ကိစ္စမရှိဘူး။ ကျေးဇူးအများကြီးတင်ပါတယ် ရောင်းရင်းခန်။ ကျုပ် ဒီကျေးဇူးကို လုံးဝမမေ့ပါဘူး။” ရန်ကိုင်က ကျေးဇူးတင်စကားဆိုလိုက်လေသည်။
ခန်စစ်ရန်၏ကြင်နာရက်ရောမှုသည် ရန်ကိုင်၏ရင်ကို တကယ်ထိသွားခဲ့လေသည်။ အကယ်၍ ယနေ့တွင်သာ ခန်စစ်ရန်သည် တာအိုအရင်းအမြစ်အသီးကို မရနိုင်ခဲ့သလို သူတို့သွားရောက်စူးစမ်းလေ့လာမည့် လှိုဏ်ဂူစံအိမ်ထဲတွင်လည်း တာအိုအရင်းအမြစ်ဆေးလုံး ရှိမနေဘူး ဆိုပါက သူနောက်ပိုင်း တာအိုအရင်းအမြစ်ဆေးလုံးများကို ဖော်စပ်နိုင်သည့်အခါ ခန်စစ်ရန်အား တစ်လုံးပြန်ပေးမည်ဟု စိတ်ထဲ သန္ဒိဌာန်ချလိုက်လေသည်။ ခန်စစ်ရန်နှင့် ရက်ပေါင်းအတော်ကြာအောင် ပေါင်းသင်း ဆက်ဆံလာပြီးသည့်နောက်တွင် ခန်စစ်ရန်သည် မိတ်ဆွေဖွဲ့သင့်ဖွဲ့ထိုက်သည့် လူကောင်းတစ်ဦး ဖြစ်ကြောင်းကို ရန်ကိုင်နားလည်လာခဲ့သည်။
ခန်စစ်ရန်၏အကူအညီရလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်အလွန်ကိုမှ ယုံကြည်ချက်မြင့်မားလာခဲ့လေသည်။ တာအိုအလယ်အလတ်အဆင့်ဆေးမီးဖိုသည်ပင်လျှင် အရင်းအမြစ်ကျောက် ၆သန်းဖြင့် ရောင်းထွက်သွားခဲ့ရလေရာ လျှို့ယန်၏တန်ကြေးသည် ထို့ထက်ပို၍ မြင့်မားလောက်လိမ့်မည် မဟုတ်ချေ။
သူမသည် အသိစိတ်ရှိနေသော မှော်ရတနာစိတ်ဝိညာဉ်တစ်ခု ဖြစ်နေလျှင်ပင် လျှို့ယန်သည် တန်ခိုးရှင်ဘုရင် တတိယအဆင့်တွင်သာ ရှိနေသေးသည်။ ထို့ကြောင့် တကယ့် ပညာရှင်များအတွက် သူမဆီမှ ရနိုင်သည့် အကူအညီမှာ အကန့်အသတ်နှင့် ရှိပေသည်။
ထိုသို့ပင်ဖြစ်လင့်ကစား စိတ်ပူစရာကိစ္စများမှာတော့ ရှိနေပေသေးသည်။
ထိုအချက်နှင့် ပတ်သတ်ပြီး စဉ်းစားနေစဉ်မှာပင် စင်မြင့်ပေါ်တွင်ရှိနေသော အရက်သမားက ဆက်၍ပြောလိုက်လေသည်။ “ဒီမှော်ရတနာစိတ်ဝိညာဉ်က တော်တော်လေး ကံကောင်းတဲ့ကောင်ပဲ။ သူ့ဘဝမှာ မီးတောက် တော်တော်များများကို စုပ်ယူခဲ့ရတဲ့ပုံပဲ။ သူ့ရဲ့ သိပ်သည်းသန့်စင်တဲ့ မီးဓါတ်တစ်မျိုးတည်းတင် ရှိနေတာ မဟုတ်ဘူး။ မိုးကြိုးစွမ်းအင်ပါ ထပ်ရှိနေသေးတယ်။ ဒီမှော်ရတနာစိတ်ဝိညာဉ်က တန်ခိုးရှင်ဘုရင် တတိယအဆင့်ပဲ ရှိသေးလို့ဆိုပြီး သွားတော့ အထင်မသေးလိုက်နဲ့နော်။ တကယ်တမ်းသာ တိုက်ခိုက်မယ်ဆိုရင် ဘယ်သာမာန်တန်ခိုးရှင်ဘုရင် တတိယအဆင့်မှ ဒီမီးငှက်ရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး။ တာအိုသခင်လောက်ပဲ သူ့ကိုအနိုင်ယူနိုင်မှာ။ ဒီတော့ ဧည့်သည်တွေထဲမှာ မီးဓာတ်မကျင့်ကြံထားတဲ့ ကျင့်ကြံသူတွေ ရှိနေမယ်ဆိုရင်တောင် စိတ်ပူနေစရာမလိုဘူး။ ဒီမှော်ရတနာစိတ်ဝိညာဉ်က ရောင်းရင်းတို့ရဲ့ ခွန်အားကို မမြှင့်တင်ပေးနိုင်ဘူး ဆိုရင်တောင် တိုက်ပွဲမှာတော့ ကျိန်းသေ အကူအညီ ပေးနိုင်လိမ့်မယ်”
အရက်သမားမှ လျှိယန်အား မိုးမွှန်အောင် ချီးမွမ်းနေသည်ကိုမြင်သော် ရန်ကိုင့်မျက်နှာ တဖြည်းဖြည်း မည်းမှောင်လာခဲ့လေသည်။ သူ့စိတ်ထဲ စင်ပေါ်သို့ ပြေးတက်သွားပြီး အရက်သမား၏ မျက်နှာကို လေးငါးချက်လောက် ဆင့်ထိုးပစ်ချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာခဲ့သည်။ အရက်သမားမှ လျှိယန်အား ပို၍ချီးကျူးလေ ရန်ကိုင့်အတွက် ပို၍အဆင်မပြေလေပင်။
“ရှင်းရှင်းပြောရရင် နောက်ဆုံးပြောရမှာ တစ်ခုကျန်သေးတယ်။ ဒီမှော်ရတနာစိတ်ဝိညာဉ်မှာ… ဟဲဟဲဟဲ နောက်ထပ်ပုံစံတစ်ခုရှိသေးတယ်။” အရက်သမားမျက်နှာထက် ညစ်ကျယ်ကျယ်အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့လေသည်။
ထို့နောက်တွင် လူအုပ်ကြီးရှေ့၌ လက်ကွက်တစ်ခုဖန်တီးလိုက်လေ၏။ သူမ ခန္ဓာကိုယ်အား ချုပ်နှောင်ထားသော ချိန်းကြိုးများမှာ တဖြည်းဖြည်း တင်းကြပ်လာသည့်အတွက် လျှို့ယန်မှာ နာကျင်စွာ အော်ဟစ်ရင်း နောက်ဆုံးတွင် မီးနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် အချိုးအစား ကျနလှပသော မိန်းမပျိုလေး တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။
“ငါလခွမ်း၊ ဒီမှော်ရတနာစိတ်ဝိညာဉ်က လူအသွင်တောင် ပြောင်းနိုင်တာလားဟ။ ဘယ်လိုကံကောင်းမှုတွေများ ကြုံတွေ့ခဲ့ရသလဲတောင် မသိတော့ပါဘူး။ ခန္ဓာကိုယ်ကတော့ တကယ်ကို ရှယ်ကြီးပဲကွာ။ တကယ့်ခန္ဓာကိုယ်အစစ်လား မှတ်ရတယ်။ ဒါက သာမာန်မှော်ရတနာစိတ်ဝိညာဉ်တစ်ခု လုပ်နိုင်တဲ့ အရာတစ်ခု မဟုတ်တော့ဘူး။ ပြောသာ ပြောနေရတာ သူ့အသားလေးကို ထိလိုက်ရရင် ဘယ်လို နေမလဲမသိဘူး။ ငါသွားထိကြည့်ချင်လိုက်တာ”
လျှို့ယန် လူပုံစံပြောင်းသွားသည်ကိုမြင်သည့်အခါ ခန်းမထဲတွင်ရှိနေသာ လူအားလုံး ဝရုန်းသုန်းကား ဖြစ်ကုန်ကြလေသည်။ သို့သော်ငြား လျှို့ယန်ကမူ သူမနှင့်မိုင်တစ်ထောင်အတွင်းသို့ မည်သူ့ကိုမှ အကပ်မခံချင်သည့်အလား အေးစက်စက် မျက်နှာထားဖြင့်သာ ရပ်နေခဲ့လေသည်။
သို့ရာတွင် သူမ၏ ထိုအေးစက်စက်မျက်နှာထားသည် သူမ၏အလှကို ပိုမို မက်မောဖွယ်ကောင်းအောင် လုပ်နေခဲ့၏။ စွဲမက်ဖွယ်ကောင်းသည့် သူမ၏ ဖီးနစ် မျက်ဝန်းလေးများကိုကြည့်ရင်း ခန်းမထဲတွင် ရှိနေသော ယောကျာ်းသားများစွာ ရင်ခုန် စိတ်လှုပ်ရှားလာကြလေသည်။
လျှို့ယန်သည် လှရုံတင်သာမဟုတ်။ သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းမှာလည်း လုံးဝကိုပြည့်စုံလှသည်။ အမို့အမောက် အရှိုက်အဝှမ်းတို့မှာ သူမခန္ဓာကိုယ်ကို ရစ်ပတ်ချုပ်နှောင်ထားသည့် ချိန်းကြိုးများကြောင့် ပို၍သိသာထင်ရှားနေခဲ့ရလေသည်။
ထိုအချင်းအရာကို မြင်သည့်အရာ ရန်ကိုင် မျက်နှာပျက်သွားခဲ့ပြီး သက်ပြင်းသာချလိုက်လေ၏။ စိမ်ပြေနပြေနှင့် လက်ဖက်ရည်တစ်ခွက် ထိုင်သောက်နေသော ခန်စစ်ရန်သည် ထိုအချင်းအရာကိုမြင်ပြီးနောက် လက်ဖက်ရည် သီးသွားခဲ့လေ၏။ ထို့နောက် ရန်ကိုင့်ဘက်သို့ လှည့်၍ နားလည်ရခက်သည့်အမူအရာဖြင့် “ရောင်းရင်းရန်၊ သူက မင်းမိတ်ဆွေလို့ ဘာလို့ပြောလဲဆိုတာကို ဒီလူအိုကြီး လုံးဝနားလည်သွားပြီ။”
“ရောင်းရင်းခန်၊ ခင်ဗျားထင်နေသလို မဟုတ်ဘူး။” ရန်ကိုင်မှာ သူ့ကိုယ်သူ ခုခံပြောဆိုရန်ပြင်လိုက်သော်ငြား ခန်စစ်ရန်၏အတွေးကို လုံးဝမပြောင်းလဲနိုင်ခဲ့ပေ။
“ယောက်ျားအချင်းချင်းပဲကွာ ငါနားလည်တာပေါ့။” ခန်စစ်ရန်က အဓိပ္ပါယ်ပါပါပြောလိုက်လေသည်။
ရန်ကိုင်သည် ပုခုံးသာတွန့်ပြလိုက်ပြီး ပါးစပ်ပိတ်၍သာ ငြိမ်နေလိုက်တော့သည်။ ဆက်ပြောနေ၍လည်း ခန်စစ်ရန်က ယုံမှာမှမဟုတ်လေဘဲ။
“မင်းတို့အားလုံးမြင်ကြတယ်နော်။ ဒီမှော်ရတနာစိတ်ဝိညာဉ်က အားကောင်းတဲ့အကူ တစ်ယောက်တင်မဟုတ်ဘူး။ မင်းတို့လမ်းလျှောက်တဲ့အချိန် သူ့ကိုခေါ်သွားလို့ရှိရင် တကယ်ကိုမျက်နှာပန်းပွင့်မှာ။ ဘယ်လောက်အထင်ကြီးဖို့ကောင်းလဲ။ ဒီလိုမှော်ရတနာစိတ်ဝိညာဉ် တစ်ခုကို ပိုင်ဆိုင်ထားခွင့်ရတာ။ ရှင်းရှင်းပြောရရင် သူ့ကိုမြင်မြင်ချင်းတုန်းက ငါတောင် ငါ့အတွက် သိမ်းထားလိုက်ချင်သေးတယ်။ ဒါပေမယ့် ငါ့အသက်က တော်တော်လေးကြီးနေပြီ။ ဒီလိုကိစ္စတွေနဲ့မသင့်တော်တော့လို့သာ ဒီလေလံပွဲမှာ ဝင်မပြိုင်တာ။”
အရက်သမားကရယ်မော၍ “ကဲ အပိုတွေတော်လောက်ပြီ။ လေလံပွဲစကြတာပေါ့။ ဒီမီးငှက်မှော်ရတနာစိတ်ဝိညာဉ်ရဲ့ ကြမ်းခင်းဈေးက အရင်းအမြစ်ကျောက် (၁)သန်းပဲ။ လေလံဆွဲတိုင်းဆွဲတိုင်းကို ၅သောင်းအောက်နည်းလို့မရဘူး။ အကုန်လုံး ကျေးဇူးပြုပြီး လေလံစဆွဲလို့ရပါပြီ။”
လျှို့ယန်၏ ကြမ်းခင်းဈေးမှာ တာအို အလယ်အလတ်အဆင့် ဆေးမီးဖို၏ဈေးနှင့် သွားတူနေခဲ့သည်။ ထိုအချင်းအရာကိုကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့သလို မကောင်းသည့် ခံစားချက်တို့လည်း ရလိုက်လေသည်။
သူစိတ်ထင်နေသည့်အတိုင်းပင်… အရက်သမား၏ စကားဆုံးသွားသည်နှင့် တပြိုင်နက် တစ်ယောက်ပြီးတစ်ယောက် အပြိုင်အဆိုင် လေလံဆွဲကြတော့လေသည်။ အသက်၁၀ရှိုက်စာအတွင်း၌ပင် လေလံဈေးမှာ (၂)သန်းကျော်ကို ထိုးတက်သွားခဲ့သည်။
“၃သန်း”
ရုတ်တရက် (က)သီးသန့်အခန်းထဲမှ အသံတစ်သံ ဟိန်းထွက်လာခဲ့လေသည်။ ထိုလေလံဈေးကြောင့် ဆက်၍လေလံဆွဲရန်ကြံနေကြသောလူအားလုံး ရုတ်တရက်တိတ်သွားကုန်ကြလေ၏။
အရင်းအမြစ်ကျောက် ၁သန်း တိုက်ရိုက်ကြီးဈေးတင်လိုက်သည့်လူမှာ အခြားမဟုတ်။ အစောပိုင်းက တာအိုအလယ်အလတ်အဆင့်ဆေးမီးဖိုအား ဝယ်သွားခဲ့သည့်လူသာဖြစ်လေသည်။
“အဲ့စီနီယာပေါ့၊” အသံပိုင်ရှင်မှာ ကျောက်စိမ်းနက်ဆေးမီးဖိုအား ရသွားသည့် တာအိုအဆင့်ပညာရှင်မှန်း သိသွားသည့်နောက် အကုန်လုံး အံ့အားသင့်ကုန်ကြလေသည်။
“ဒီစီနီယာက တကယ်ချမ်းသာတာပဲကွ။ ကျောက်စိမ်းနက်ဆေးမီးဖိုကို ၆သန်းနဲ့ ဝယ်သွားပြီးတာတောင် ဒီမှော်ရတနာကိုပါ ထပ်ဝယ်ဖို့ လုပ်နေပြန်ပြီ”
“မင်းဘာသိလို့လဲ သူသာ ဒီမှော်ရတနာစိတ်ဝိညာဉ်ကို ရသွားလို့ရှိရင် လုံးဝသူ့အတွက်ကို ရှယ်ကောင်းသွားတော့မှာ။ မှော်ရတနာစိတ်ဝိညာဉ်ကိုသာ ကျောက်စိမ်းနက်ဆေးမီးဖိုထဲ ပေါင်းထည့်လိုက်မယ်ဆိုရင် ဆေးမီးဖိုရဲ့အဆင့်က တာအိုအဆင့် အဆင့်မြင့်ထိတောင် တက်သွားနိုင်သေးတယ်။ အခန့်မသင့်ရင် ဧကရာဇ်အဆင့်ထိကိုတောင် ရောက်ချင်ရောက်သွားနိုင်သေးတယ်။”
“အဲ့လိုကိုး…အဲ့ဒါကြောင့် အဲ့စီနီယာ ဒီမှော်ရတနာစိတ်ဝိညာဉ်ကို လေလံဝင်ဆွဲနေတာ။”
“ဟဲဟဲ အဲ့စီနီယာ ဘယ်လောက်ချမ်းသာလဲ ကြည့်ရသေးတာပေါ့။ ဒါက အရင်တစ်ခါနဲ့မတူဘူး။ ဒီမှော်ရတနာစိတ်ဝိညာဉ်ကို လိုချင်နေတဲ့လူတွေက အများကြီးပဲ။”
၃သန်းဟူသော ပမာဏကို ကြားလိုက်ရချိန် ရန်ကိုင် ခေါင်းကိုက်ချင်လာခဲ့လေသည်။ အသံပိုင်ရှင်မည်သူမှန်း သူသိသည်။ ဘာကြောင့် လျှို့ယန်ကို လိုချင်နေမှန်းလည်း သိပေသည်။ ခန်းမထဲရှိလူများ ဆွေးနွေးနေသကဲ့သို့ပင် အသံပိုင်ရှင်သည် လျို့ယန်ကို ဆေးမီးဖိုထဲသို့ ပေါင်းထည့်ရန် ကြံစည်နေခြင်း ဖြစ်သည်။
အသံပိုင်ရှင်သည် အားကောင်းသလို အလွန်လည်း ချမ်းသာသည်။ ထို့ကြောင့် သူဈေးဝင်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ဈေးဆက်ပေးရန် ကြိုးစားနေကြသည့် လူအားလုံး သူတို့ ပါးစပ်များကို ပိတ်လိုက်ကြလေသည်။ ချက်ချင်းဆိုသလို လေလံခန်းမတစ်ခုလုံး တစ်ခဏတာ တိတ်ဆိတ်သွားခဲ့လေ၏။
ထိုအချင်းအရာကို မြင်သည့်အခါ ရန်ကိုင်လည်း ရွေးချယ်စရာမရှိတော့ဘဲ ဝင်ပါရတော့လေ၏။
“၄သန်း” လျှို့ယန်အတွက်ဆိုလျှင်တော့ သူ့တွင်ရှိနေသာ အရင်းအမြစ်ကျောက်အားလုံး ကုန်သွားရမည်ဆိုလျှင်ပင် လေလံဝင်ဆွဲရပေမည်။
ရန်ကိုင်၏အသံ ထွက်ပေါ်လာသည့်အခိုက်တွင် လျှို့ယန်၏ အေးစက်စက် မျက်နှာ အမူအရာ မသိမသာလေး တုန်ရီသွားခဲ့သည်။ မသိလိုက်မသိဘာသာနှင့် သူမ၏ အကြည့်သည် (ခ)သီးသန့်အခန်းဆီသို့ အလိုလိုရောက်ရှိသွားခဲ့ပြီး နှုတ်ခမ်းလေးကိုအပေါ်သို့ အသာအယာ ကွေးလိုက်လေ၏။ ရန်ကိုင်သည် သူမအား အခြားသူတစ်ယောက်၏ လက်ထဲသို့ အရောက်ခံလိမ့်မည် မဟုတ်မှန်းကို လျှို့ယန်သိနေသည်။
“ကြည့်ရတာ နောက်ထပ် သူဌေးတစ်ယောက် ရှိနေသေးတယ်နဲ့တူတယ်။ ပွဲကတော့ ကောင်းပြီဟေ့။ နောက်ဆုံး ဘယ်သူရသွားမလဲမသိဘူး။”
“ပိုချမ်းသာတဲ့လူက ရမှာပေါ့ကွ”
ရန်ကိုင်ဈေးတင်လိုက်သည့်အခါ (က)သီးသန့်အခန်းထဲတွင် ရှိနေသော အသက် (၄၀) အရွယ်လောက်ရှိမည့် လူကြီးတစ်ဦးသည် မျက်မှောင်ကြုံ့၍ ကောင်းကင်စိတ်အာရုံကို (ခ-၉)အခန်းဆီသို့ ထုတ်လွှတ်လိုက်လေသည်။
သီးသန့်အခန်းများ ပတ်လည်တွင် ကောင်းကင်စိတ်အာရုံများကို ကာကွယ်နိုင်သည့် အကာအရံများရှိကြသော်ငြား ထိုအကာအရံများမှာ မကြာသေးခင်ကမှ တည်ဆောက်ထားခြင်းဖြစ်ကြသလို သက်လတ်ပိုင်းလူကြီး၏ ကောင်းကင်စိတ်အာရုံမှာလည်း အလွန်ကိုမှ အားကောင်းလှသည့်အတွက် အကာအရံများကို တစ်မုဟုတ်ချည်း ချိုးဖြတ်ပြီး ရန်ကိုင်နှင့် ခန်စစ်ရန်ဆီသို့ ရောက်လာခဲ့လေသည်။
ကောင်းကင်စိတ်အာရုံ သူ့ဆီရောက်လာသည်နှင့် ခန်စစ်ရန်မှာ မွမ်းကြပ်လာသည့်အလား မျက်နှာတပြင်လုံး ဖြူဖတ်ဖြူလျော် ဖြစ်လာခဲ့သည်။ ရန်ကိုင်သည်လည်း ထိုကဲ့သို့ ခံစားလိုက်ရပေသည်။ သို့သော်လည်းငြား သူ့စိတ်စွမ်းအင်ကို လှည့်ပတ်လိုက်သည်နှင့် အကောင်းအတိုင်း ပြန်ဖြစ်သွားခဲ့သည်။
တာအိုသခင်ဒုတိယအဆင့်လား ရန်ကိုင် မျက်နှာပျက်သွားခဲ့သည်။
“ရောင်းရင်းဟန်၊” လေလံပွဲအား ဦးစီးကျင်းပရသည့် လူတစ်ဦးဖြစ်သည်နှင့်အညီ ရောင်းရင်ဟန်ဆိုသည့်လူမှ တစ်ဖက်လူအား သူ့အဆင့်အတန်းနှင့် ခွန်အားကိုသုံး၍ ဖိနှိပ်နေသည်ကို အရက်သမား ထိုင်ကြည့်မနေနိုင်ပေ။ ထို့ကြောင့် ချက်ချင်းပဲ လှမ်းအော်ပြောလိုက်လေသည် “ကျေးဇူးပြုပြီး အဲ့လိုမလုပ်ဖို့ မျှော်လင့်ပါတယ်”
ထိုစကားကိုကြားသည့်အခါ ရောင်းရင်းဟန် ဆိုသည့်လူက ပြုံး၍ “ဒီဟန် ဘာမှမလုပ်ပါဘူး။ ဘယ်သူဈေးဝင်ခေါ်တာလဲဆိုတာ တစ်ချက်စစ်ဆေးကြည့်ရုံပါပဲ။ ဒုမြို့သခင် စိတ်ထဲမထားပါနဲ့။”
အရက်သမားက မျက်မှောင်ကြုံ့၍ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။ “အဲ့လိုဆိုရင်တော့ အကောင်းဆုံးပေါ့။ ရောင်းရင်းဟန် ကိုယ်တိုင်က အထူးဧည့်သည်တစ်ယောက် ဖြစ်နေတာဆိုတော့ လေလံပွဲရဲ့စည်းမျဉ်းတွေကို သိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
“ကျုပ်ကို လာသတိပေးနေစရာမလိုဘူး။” မျိုးရိုးနာမည်ဟန်ဆိုသောလူက အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။
အရက်သမားက အလေးအနက်အမူအရာဖြင့် ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “အဲ့ဒါဆို လေလံပွဲကို ဆက်လုပ်ကြတာပေါ့။ (ခ/၉) သီးသန့်အခန်းထဲက ရောင်းရင်းက (၄)သန်းပေးထားပါတယ်။ ရောင်းရင်းဟန် ဈေးထပ်ပေးချင်သေးလား။”
အရက်သမား၏စကား ဆုံးသွားသည့်နောက်တွင်… မျိုးရိုးနာမည်ဟန်ဆိုသည့် ကျင့်ကြံသူ အသံမထွက်နိုင်သေးခင်မှာပင် အခြားသော (က)သီးသန့်အခန်းထဲမှ အော်ဟစ်ရယ်မောသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာခဲ့လေသည်။ “ဒီသခင်လေးက (၄.၅)သန်းပေးမယ်။”
ထိုလေသံထဲ မောက်မာဝံ့ကြွားမှု ပမာမခန့် အထင်အမြင်သေးမှုတို့ဖြင့် ပြည့်နေခဲ့သည်။ သူ့လေသံအရ အသံပိုင်ရှင်သည် မည်သူ့ကိုမှ ဂရုမစိုက်သည့်အလား။ အသံကိုကြားပြီးနောက် စင်ပေါ်တွင်ရပ်နေသာ အရက်သမားပင်လျှင် မျက်မှောင်ကြုံ့သွားခဲ့လေသည်။ မျိုးရိုးနာမည်ဟန်နှင့် ကျင့်ကြံသူလည်း မျက်နှာပျက်သွားခဲ့ပြီး ယခုလေးတင် ပြန်ရုတ်သိမ်းလိုက်သော သူ့ကောင်းကင်စိတ်အာရုံကို လေလံပွဲထဲ ထပ်မံဝင်ရောက်လာသည့် ပြိုင်ဘက်အသစ်ဆီသို့ ဖြန့်ကျက်ချလိုက်လေသည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း(၂၀၃၄)
မျိုးရိုးနာမည်ဟန်ဆိုသည့် ကျင့်ကြံသူသည် မြို့သခင်နှင့်ပင် ယှဉ်နိုင်သော တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ ထို့ကြောင့် အရက်သမားမှ သတိပေးနေသည့်တိုင် ဂရုစိုက်မနေခဲ့ဘဲ အစောပိုင်းက နည်းလမ်းကိုသုံး၍ တစ်ဖက်လူအပေါ် ဖိအားပေးရန် ထပ်မံကြိုးစားလေသည်။
ချက်ချင်းဆိုသလို ထိုလူ၏အားကောင်းလှသော ကောင်းကင်စိတ်အာရုံသည် (က)သီးသန့်အခန်း၏ အကာအရံများကို ချိုးဖောက်ဝင်ရောက်သွားခဲ့လေ၏။ သို့သော်ငြား မျိုးရိုးနာမည်ဟန်ဆိုသည့် ကျင့်ကြံသူ မျှော်လင့်မထားသည်မှာ သူ့ဘက်မှ မည်သည့်ဖိအားမှ မပေးရသေးခင်မှာပင် သူ့စိတ်စွမ်းအင်အောက် နိမ့်ကျခြင်းမရှိသည့် အားကောင်းလှသော စိတ်စွမ်းအင်တစ်ရပ် ပြန်လည် ပေါက်ကွဲထွက်လာလိမ့်မည် ဟူသော အချက်ပင်။
မျိုးရိုးနာမည်ဟန်နှင့်ကျင့်ကြံသူ မျက်လုံးမှေးစင်းသွားခဲ့သည်။ သို့သော်ငြား ယခုနေမှ သူ့ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းဖို့ရာ နောက်ကျနေပြီဖြစ်သဖြင့် အံကြိတ်ကာ တစ်ဖက်လူ၏ ကောင်းကင်စိတ်အာရုံဖြင့်သာ ထိပ်တိုက် တွေ့ဆုံရတော့၏။ လေလံခန်းမထဲ မမြင်နိုင်သည့် စိတ်အာရုံနှစ်ခုကြား တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့လေသည်။ ထိုတိုက်ပွဲပြီးနောက်တွင် မျိုးရိုးနာမည်ဟန်ဆိုသည် ကျင့်ကြံသူရော တစ်ဖက်ပညာရှင်ပါ နှစ်ဦးစလုံး ညည်းတွားလိုက်ကြရသည်။ သူတို့နှစ်ဦးကြား ထိပ်တိုက်တွေ့ဆုံပွဲမှာ သရေရလဒ်ဖြင့်သာ အဆုံးသတ်သွားခဲ့လေသည်။
တာအိုသခင်ဒုတိယအဆင့်လား မျိုးရိုးနာမည်ဟန်ဆိုသည့် ကျင့်ကြံသူ မျက်နှာပျက်သွားခဲ့သည်။
ယခုမှပဲ အစောပိုင်းက လေလံဝင်ဆွဲလိုက်သည့်လူ ဘာကြောင့် အလွန်မောက်မာနေမှန်း နားလည်သွားတော့သည်။ ထိုလူ့တွင် သူ့အားကာကွယ်ပေးမည့် တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ရှိနေသည့် အတွက်ကြောင့်ပေကိုး။ တာအိုသခင်ဒုတိယအဆင့် သက်တော်စောင့်တစ်ဦး ရှိထားသည်ကိုကြည့်လျှင် လေလံဈေးခေါ်လိုက်သည့် လူ၏ နောက်ခံသည် လုံးဝကို သာမန်မဟုတ်ချေ။
“ဟားဟား၊ ဒီသခင်လေးက ၄.၅သန်းပေးထားတယ်။ ထပ်ပေးချင်တဲ့လူရှိသေးလား။ မရှိတော့ရင် ဒီမှော်ရတနာစိတ်ဝိညာဉ်က ဒီသခင်လေးရဲ့ အပိုင်ဖြစ်သွားတော့မှာနော်။” အစောပိုင်းက ဈေးခေါ်လိုက်သည့်လူသည် တာအိုသခင်အဆင့် ကျင့်ကြံသူနှစ်ဦးကြား တိုက်ပွဲဖြစ်သွားသည်ကိုပင် အရှင်းဂရုမစိုက်ဘဲ မောက်မာဝံ့ကြွားစွာဖြင့် အော်ပြောလိုက်လေသည်။
သီးသန့်အခန်းထဲ၌ သက်လတ်ပိုင်းလူကြီးတစ်ဦးသည် မျက်မှောင်ကြုံ့၍ အသာအယာပြောလိုက်လေသည်။ “သခင်လေး၊ ဒီမီးဓာတ် မှော်ရတနာစိတ်ဝိညာဉ်က အရင်းအမြစ်ကျောက် ၄.၅သန်းမတန်ဘူးနော်။ ဒါကိုဝယ်တာ ကျုပ်တို့အတွက် အရှုံးပဲ။ ပြီးတော့ သခင်လေးကိုယ်တိုင်ကလည်း ဘာမီးဓာတ်ကျင့်စဉ်ကိုမှ ကျင့်ကြံထားတာ မဟုတ်ဘူးလေ။ ဘာလို့ သခင်လေး ဒါကို ဒီလောက်ဝယ်ချင်နေရတာလဲ။ ဒီအကြောင်းကိုသာ နန်းတော်သခင် သိသွားခဲ့ရင်…”
“ခင်ဗျား ဘာမှမသိဘူးပဲ။” သက်လတ်ပိုင်းလူကြီးနှင့် ဆန့်ကျင်ဘက်တွင် ခေါက်ယပ်တောင်ကို ကိုင်ထားသည့် ခပ်ချောချော သခင်လေးတစ်ဦး ရှိနေခဲ့လေသည်။ သက်လတ်ပိုင်းလူကြီး၏ စကားကိုကြားသည့်အခါ သခင်လေးဆိုသူက ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်သည်။ “ဒီသခင်လေး ဘာမီးဓာတ်ကျင့်စဉ်ကိုမှ မကျင့်ကြံထားဘူး။ ဒီသခင်လေးမှာ ဘာမီးဓာတ်မှော်ရတနာမှလည်း မရှိဘူး။ ဒါပေမယ့် ခင်ဗျားသိလား။ ဒီမှော်ရတနာစိတ်ဝိညာဉ်က တော်တော်လေးလှတယ်။ ပြီးတော့ ဒီသခင်လေး သိချင်နေတာ နောက်တစ်ချက်လည်း ရှိသေးတယ်။ အဲ့မှော်ရတနာစိတ်ဝိညာဉ်က ဘယ်လိုနေမလဲဆိုတာပဲ။ သူ့ကိုထိတွေ့ရတဲ့ခံစားချက်က သာမာန်လူတစ်ယောက်လိုပဲလားဆိုတာ သိချင်နေတာ။ သူသာ တကယ့်လူတစ်ယောက်ရဲ့ အထိအတွေ့ ခံစားချက်မျိုးကို ပေးနိုင်တယ်ဆိုရင်တော့ အရင်းအမြစ်ကျောက် ဘယ်လောက်ပဲကုန်ကုန် ဒီသခင်လေး အကုန်ခံနိုင်တယ်။”
ထိုစကားကိုကြားသည့်အခါ သက်လတ်ပိုင်းလူကြီး ကြောင်သွားခဲ့ပြီး မျက်မှောင်ကြုံ့သွားခဲ့လေသည်။ သို့သော်လည်း ဤကိစ္စတွင် သူဝင်မပါနိုင်မှန်း သိနေခဲ့သည်။ ထို့ကြောင့် ခေါင်းတခါခါဖြင့်သာ သက်ပြင်းချ၍ မဲ့ပြုံးသာပြုံးလိုက်လေတော့၏။ ဤသခင်လေးသည် အေးစက်စက်မျက်နှာထားနှင့် ရင့်ကျက်သည် အလှမယ်လေးများကို အလွန်နှစ်သက်မှန်း သူသိနေသည်။
တစ်နည်းဆိုရသော် ဤမှော်ရတနာစိတ်ဝိညာဉ်၏ ကိုယ်လုံးကိုယ်ပေါက်နှင့် မျက်နှာထားသည် သူ့သခင်လေးအကြိုက်နှင့် လုံးဝကို ကွက်တိဖြစ်နေခဲ့လေသည်။
“၅သန်း” ရန်ကိုင်သည် ပြောင်းလဲခြင်းမရှိသည့်အမူအရာဖြင့် ထပ်မံဈေးတင်လိုက်သည်။
“ခွေးသူတောင်းစား” ရန်ကိုင်ဈေးခေါ်လိုက်သည်နှင့် သခင်လေးဆိုသူက အလျင်အမြန် ထရပ်ပြီး ဒေါသတကြီးအော်ပြောတော့လေသည်။ “ဒီသခင်လေးလက်ထဲကဟာကို လာလုချင်နေတာလားကွ။ မင်းငါဘယ်သူလဲ မသိဘူးလား။ ငါတို့ သူတော်စင်နန်းတော်ကို တကယ်ကြီး ဆန့်ကျင်ချင်နေတာလား။ (၅.၁)သန်း၊ မင်းပေးနိုင်ရင် ထပ်ပေးလိုက်စမ်း” ထိုစကားကိုကြားပြီးသည့်နောက်တွင် သခင်လေးဆိုသည့်လူ မည်သူမှန်း အကုန်လုံး ချက်ချင်းသဘောပေါက်သွားခဲ့ကြသည်။ ဈေးပေးလိုက်သည့်လူမှာ အခြားမဟုတ် သူတော်စင်နန်းတော်၏ သခင်လေးဖြစ်သူ နင်ယွမ်ချန်းသာ ဖြစ်လေသည်။ ရန်ကိုင်သည်လည်း အံ့အားသင့်သွားခဲ့သည်။
ဒီကောင့်အသံကို ရင်းနှီးနေတယ်မှတ်နေတာ။ လတ်စသတ်တော့ ဟိုခွေးကောင်လေး ဖြစ်နေတာကိုး
ရန်ကိုင်သည် နင်ယွမ်ချန်းဆိုသည့်လူနှင့် နှစ်ကြိမ်တွေ့ဆုံခဲ့ဖူးပေသည်။ ပထမတစ်ကြိမ်မှာ မိုရှောင်ကျိအား ဝင်ရောက်ကူညီပေးစဉ်က ဖြစ်ပြီး ဒုတိယအကြိမ်မှာ ငါးရောင်ခြယ်ရတနာဘုရားထဲတွင် ရှိစဉ်ကဖြစ်ပေသည်။ သို့သော်လည်း ယနေ့တွင် သူ့စိတ်သည် လျှို့ယန်ဆီသို့သာ ရောက်နေခဲ့သဖြင့် နင်ယွမ်ချန်း၏အသံကို လုံးဝ သတိမပြုမိခဲ့ပေ။
ဒါဆိုရင် မျိုးရိုးနာမည်ဟန်ရဲ့ ကောင်းကင်စိတ်အာရုံနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့လူက နင်ယွမ်ချန်းရဲ့သက်တော်စောင့် လျှိရီကျိပေါ့။
“သူတော်စင်နန်းတော်ကဖြစ်တော့ရော ဘာအရေးလဲ။ မင်းအဖေ နင်ပိုယန်ကိုယ်တိုင် ရောက်နေတာ ဆိုရင်တော့ ဒီဟန် မျက်နှာပေးပေးလိုက်ဦးမှာ။ ဒါပေမယ့် မင်းက ဘာမို့လို့လဲ”
“၅.၂သန်း” မျိုးရိုးနာမည်ဟန်နှင့်ကျင့်ကြံသူက ထပ်မံဈေးပေးလိုက်လေသည်။
“ဒါဆို လူကြီးမင်းက ဘယ်သူများလဲ” နင်ယွမ်ချန်းက မှုန်ကုတ်ကုတ်အမူအရာဖြင့် မေးလိုက်လေသည်။
မျိုးရိုးနာမည်ဟန်နှင့်ကျင့်ကြံသူက ရယ်မော၍သာ ပြန်ပြောလိုက်သည်။ “သိချင်ရင် မင်းအဖေကို သွားပြန်မေးကြည့်လိုက်လေ။ ငါဘယ်သူလဲ မင်းကိုပြောပြလိမ့်မယ်”
“ငါလခွမ်း။ ခင်ဗျားဘယ်လိုတောင် ဒီသခင်လေးကို လာအထင်သေးရဲတာလဲ” နင်ယွမ်ချန်း၏မျက်နှာ ဒေါသကြောင့် နီရဲတက်လာခဲ့သည်။
“သခင်လေး၊ ဒါက တခြားတစ်ယောက်ရဲ့ပိုင်နက်နော်။ ပြီးတော့ အဲ့မျိုးရိုးနာမည်ဟန်ဆိုတဲ့ကျင့်ကြံသူက သွားရန်စလို့ ကောင်းတဲ့လူတစ်ယောက်မဟုတ်ဘူး။ ကျုပ်တို့ လက်လျှော့လိုက်ရင် မကောင်းဘူးလား” လျှိရီကျိက ပြောလိုက်သည်။
“လက်လျှော့ဖို့။ ဘာလို့ လက်လျှော့ပေးရမှာလဲ။ သူလိုကောင်ကများ ဒီသခင်လေးကို လာအထင်သေးရဲတယ်။ ကောင်းပြီလေ။ ဘယ်သူပိုချမ်းသာလဲ ပြိုင်ကြတာပေါ့။ ဒီသခင်လေးနဲ့များ လာပြိုင်ချင်သေးတယ်။ အကြောင်းသိအောင် ပြပေးရသေးတာပေါ့”
အလွန်ကိုမှ ဒေါသပုံထွက်သွားသည့်နှယ် နင်ယွမ်ချန်းသည် အော်ပြောလိုက်လေ၏။ “၅.၅သန်း”
“၅.၆သန်း” မျိုးရိုးနာမည်ဟန်နှင့်ကျင့်ကြံသူက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဈေးခေါ်လိုက်သည်။
“၆သန်း”
“၆.၁သန်း”
အခုဆိုလျှင် ရန်ကိုင်ပင်လျှင် ဝင်၍ဈေးမခေါ်နိုင်တော့ချေ။ လေလံဈေး ၆သန်းကို ကျော်သွားသည့်နောက်တွင် သူ့၌ မျှော်လင့်ချက်မရှိတော့မှန်း ရန်ကိုင်သိလိုက်သည်။ ခန်စစ်ရန်တွင် အရင်းအမြစ်ကျောက် ၅သန်းသာ ပါလာခဲ့သည်။ ရန်ကိုင့်တွင် ၁သန်းရှိသည့်အတွက် စုစုပေါင်းပမာဏသည် ၆သန်းသာရှိလေ၏။
သူသာ မြေလေးတစ်တုံးနှစ်တုံးလောက်ကို ထုတ်ပြီးမရောင်းသရွေ့ ဤလေလံပွဲတွင် ဝင်ရောက်လေလံဆွဲနိုင်လိမ့်မည်မဟုတ်ချေ။ သို့သော်ငြား မြေလေးသည် အလွန်ကိုမှ အဖိုးတန်လွန်းလှသည်။ ယခုနေသာ ထုတ်ရောင်းလိုက်လျှင် မလိုလားအပ်သော ပြဿနာများသာ ပိုဖြစ်ပေါ်လာနိုင်စေ၏။ လေလံပွဲကို မနိုင်နိုင်တော့မှန်း သိလိုက်သည့်နောက် ရန်ကိုင်တိတ်ဆိတ်သွားခဲ့လေသည်။
ခန်စစ်ရန်သည် ရန်ကိုင့်အားကြည့်၍ သက်ပြင်းချကာ နှစ်သိမ့်ပေးလိုက်သည်။ “ရောင်းရင်း၊ ဘဝဆိုတာ ဒီလိုပါပဲကွာ”
ရန်ကိုင်သည် ခေါင်းသာညိတ်လိုက်ပြီး ဘာမှပြန်မပြောခဲ့ချေ။
ဤအခြေအနေအထိ ရောက်လာပြီးသည့်နောက်တွင် လေလံပွဲမှာ ကိုယ်စိတ်ဝင်စားသည့် ပစ္စည်းသက်သက်ကို လေလံဆွဲနေခြင်းမဟုတ်မှန်း အကုန်လုံးနားလည်လာခဲ့သည်။ မျိုးရိုးနာမည်ဟန်နှင့်ကျင့်ကြံသူသည် လျှိယန်အား သူ၏ကျောက်စိမ်းနက်ဆေးမီးဖိုအတွက် လေလံဆွဲနေခြင်းဖြစ်သည်ဆိုပါက နင်ယွမ်ချန်းသည် မျက်နှာမပျက်ရလေအောင် လေလံဆွဲနေခြင်းသာ ဖြစ်တော့သည်။
မျိုးရိုးနာမည်ဟန်နှင့်ကျင့်ကြံသူသည် အလွန်ချမ်းသာသည့်လူတစ်ဦးဖြစ်လျှင်ပင် သူသည် ယခုလေးတင်ကမှ ကျောက်စိမ်းနက် ဆေးမီးဖိုကိုဝယ်ရန်အတွက် အရင်းအမြစ်ကျောက် ၆သန်း သုံးထားခဲ့သည်။ ထို့ကြောင့် သူ့တွင် အရင်းအမြစ်ကျောက် များများစားစား ထပ်ရှိတော့လိမ့်မည်မဟုတ်ချေ။
လေလံဈေး ၇သန်းသို့ရောက်လာသည့်အခါ မျိုးရိုးနာမည်ဟန်နှင့်ကျင့်ကြံသူ၏အသံ တိမ်ဝင်သွားခဲ့ပြီး မျက်နှာပျက်သွားခဲ့လေ၏။ နောက်ဆုံး နင်ယွမ်ချန်းမှ ၇.၅သန်းဟု အော်လိုက်သည့်နောက် မျိုးရိုးနာမည်ဟန်ဆိုသည့် ကျင့်ကြံသူ လုံးဝကို တိတ်သွားခဲ့လေသည်။
“ဟမ့်၊ ဒီသခင်လေးဆီကများ လာလုချင်သေးတယ်။ ကိုယ့်အခြေအနေကိုယ်အရင်သိအောင် လုပ်လိုက်ဦး။ ဒီသခင်လေး လိုချင်တဲ့ ဘယ်အရာမဆို တစ်ခါမှ လွှတ်ပေးရရိုး ထုံးစံမရှိဘူးကွ” နင်ယွမ်ချန်းက အော်ကျယ်အော်ကျယ်ဖြင့် ပြောလိုက်သည်။
“သခင်လေး၊ အဆင်ပြေရင် အခြားလူတွေကို ရန်လိုက်မစတာ ကောင်းလိမ့်မယ်နော်။” အနားတွင်ရပ်နေသာ လျှိုယီကျိက လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
“သူ့လိုလူမျိုးကို ဘာလို့ညှာညှာတာတာပြောနေရမှာလဲ။ ဒီကောင်က ကျုပ်ကိုအရင် မျက်လုံးထဲမထည့်တာလေ။ လာပြီးတော့တောင် အထင်သေးနေလိုက်သေးတယ်။ သူ့လိုလူမျိုးကို ဘယ်လိုမှ ကောင်းကောင်းပြောနေစရာ မလိုဘူး။” နင်ယွမ်ချန်းသည် ခေါက်ယပ်တောင်ကိုဖွင့်၍ ဆရာကြီးစတိုင်ဖြင့် သူ့ကိုယ်သူ ယပ်ခပ်နေတော့လေ၏။
သူဆက်ပြောနေရင်လဲ အပိုသာဖြစ်မယ်မှန်းသိနေသော လျှိုရီကျိသည် သက်ပြင်းသာချလိုက်လေသည်။
“သူတော်စင်နန်းတော်က သခင်လေးက ၇.၅သန်းပေးထားပါတယ်။ ထပ်ပေးချင်တဲ့လူများ ရှိပါသေးလား။ ၇.၅သန်း တစ်ကြိမ်။ ၇.၅သန်း နှစ်ကြိမ်။ ၇.၅သန်း ၃ကြိမ်။ ရောင်းထွက်သွားပါပြီ။ မှော်ရတနာစိတ်ဝိညာဉ်ကို သူတော်စင်နန်းတော်က သခင်လေးနင် ပိုင်သွားပါပြီ။ သခင်လေးနင် ကျေးဇူးပြုပြီး စင်နောက်ဘက်ဆီ တစ်ယောက်ယောက်လွှတ်၊ ငွေချေပြီး ပစ္စည်းလာယူလို့ရပါပြီ။” အရက်သမားက အပြုံးကြီးပြုံးလျက် ပြောလိုက်သည်။
ပြောပြီးသည့်နောက်တွင် အလေးအနက်အမူအရာဖြင့် အရက်သမားက ပြောလိုက်လေ၏။ “ကဲ.. နောက်ဆုံးပစ္စည်းကိုတော့ ရောက်လာပြီ။ အကုန်လုံး ဒါဘာပစ္စည်းလဲဆို သိထားပြီးကြပြီနဲ့တူပါတယ်။ ဒီတော့ ဒီလူအိုကြီး ဘာအပိုစကားမှပြောမနေတော့ဘူး။”
ပြောပြီးသည့်နောက်တွင် စင်နောက်ဘက်ဆီမှ အမျိုးသမီးတစ်ဦးသည် လင်ဗန်းတစ်ချပ်ကိုကိုင်၍ စင်ပေါ်သို့တက်လာခဲ့လေသည်။
လေလံတင်မည့် နောက်ဆုံးပစ္စည်းမှာ ကောင်းကင်တိုက်ပွဲတိုကျိုမှ ငါးရောင်ခြယ်ရတနာဘုရားထဲ ထည့်လိုက်သော တာအိုအရင်းအမြစ်သုံးလုံးအနက်မှ တစ်လုံးဖြစ်ပေသည်။ ချက်ချင်းဆိုသလို အကုန်လုံး၏အကြည့်သည် လင်ဗန်းပေါ်သို့ ရောက်ရှိလာခဲ့လေသည်။ ကျင့်ကြံသူပေါင်းများစွာသည် တာအိုအရင်းအမြစ်အသီးတစ်လုံးကို တစ်ခါမှမမြင်ဖူးကြပေ။ ထို့ကြောင့် သူတို့တွင် ဤတာအိုအရင်းအမြစ်အသီးကို ရနိုင်မည့်အခွင့်အရေးမရှိမှန်း သိနေလျှင်ပင် အနည်းဆုံးတော့ သိချင်စိတ်ကို ပြေပျောက်အောင် တာအိုအရင်းအမြစ်အသီး မည်ကဲ့သို့သော ပုံစံရှိမလဲ သိချင်ကြသည်။
လူပေါင်းများစွာသည် ဤတာအိုအရင်းအမြစ်အသီးကြောင့်ပင် လေလံပွဲသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ (က)သီးသန့်အခန်းထဲတွင် ရှိနေသော တာအိုသခင်အဆင့်ပညာရှင်များ ကျောက်စိမ်းနက်ဆေးမီးဖိုနှင့်တကွ လျှို့ယန်အား လေလံဆွဲသည့်လေလံပွဲတွင် ဝင်ရောက်မယှဉ်ပြိုင်ရခြင်းမှာ သူတို့တွင်ရှိနေသော ငွေကြေးအားလုံးကို ဤတာအိုအရင်းအမြစ်အသီးအား ဝယ်ယူနိုင်ရေးအတွက် ထိန်ချန်ထားသည့် အတွက်ကြောင့်သာဖြစ်လေသည်။
ထိုပညာရှင်အားလုံးသည် ရည်ရွယ်ချက်တစ်ခုတည်းကြောင့် ရောက်လာခြင်းဖြစ်သည်။
တာအိုအရင်းအမြစ်အသီးကိုသာရပြီး ဆေးလုံးအဖြစ် ဖော်စပ်နိုင်မည်ဆိုပါက အနည်းဆုံး တာအိုအရင်းအမြစ်ဆေးလုံး လေး၊ ငါး၊ ခြောက်လုံးလောက်ရနိုင်ပေလိမ့်မည်။ တစ်နည်းဆိုရသော် ဤတာအိုအရင်းအမြစ်အသီးသည် တာအိုသခင်အဆင့်ပညာရှင် လေး၊ငါး၊ခြောက်ဦးလောက်ကို မွေးထုတ်ပေးနိုင်၏။
နောက်ဆုံးလေလံပွဲသည် အင်အားစုကြီးများ အချင်းချင်း ပြိုင်ဆိုင်ကြမည့် လေလံပွဲတစ်ခုသာဖြစ်လေသည်။
ရန်ကိုင်ကမူ လေလံပွဲတွင် ပါဝင်ချင်စိတ်မရှိတော့။ တာအိုအရင်းအမြစ်အသီးသည် အခြားသူများအတွက် အလွန်မက်လောက်စရာ ကောင်းနေမည်ဖြစ်သော်ငြား ရန်ကိုင်အတွက်တော့ မှုလောက်စရာ မဟုတ်ပေ။ သူ့အိတ်ကပ်ထဲတွင် တာအိုအရင်းအမြစ်အသီးတစ်လုံး ရှိနေခဲ့လေပြီ။ အဓိကအချက်မှာ သူ့တွင် ဤနောက်ဆုံးလေလံပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အတွက် လုံလောက်သည့် ငွေကြေးအင်အား ရှိမနေခြင်းပင်။
လက်ရှိအချိန်၌ ရန်ကိုင်၏အာရုံသည် လျှို့ယန်၏တည်နေရာပေါ်တွင်သာ ရောက်နေခဲ့သည်။ လျှို့ယန် ပိတ်မိနေသည့် ပန်းကန်လုံးပတ်လည်တွင် ခတ်နှိပ်ထားသည့်ချိတ်ဆည်းများကြောင့် သူနှင့်လျှို့ယန်ကြား ချိတ်ဆက်မှုမှာ အတော်လေးကိုမှ အားနည်းသွားခဲ့ရသော်ငြား လျှို့ယန်၏အကြမ်းဖျင်း တည်နေရာကိုတော့ အာရုံခံနေနိုင်ပေသည်။
ထို့ကြောင့်ပင် ရန်ကိုင်သည် တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေနိုင်ခြင်းဖြစ်သည်။ လျှို့ယန်အား ငွေကြေးချင်းယှဉ်ပြီး မလုနိုင်မှဖြင့် အားသုံးပြီး လုယူရန်သာ ရှိတော့လေသည်။
ကံကောင်းစွာဖြင့် လျှို့ယန်အား လေလံအောင်သွားသည့်လူမှာ နင်ယွမ်ချန်း ဖြစ်နေခဲ့လေသည်။ နင်ယွမ်ချန်းဆီမှ ပစ္စည်းလုရမည့် အပေါ်တွင် ရန်ကိုင့်စိတ်ထဲ နည်းနည်းလေးမှ မသက်မသာမဖြစ်မိ။ သူနှင့် နင်ယွမ်ချန်းကြား အစောကြီးကတည်း ရန်ကြွေးများစွာရှိနေခြင်းဖြစ်သည်။ အမှန်အတိုင်း ဆိုရလျှင် သူနှင့် နင်ယွမ်ချန်းသည် ငါးရောင်ခြယ်ရတနာဘုရား၏ ဒုတိယဝင်ပေါက်နား၍ တိုက်ခိုက်ခါနီး ဖြစ်သွားခဲ့ကြသေးသည်။
နင်ယွမ်ချန်းအဖွဲ့တွင် သူအာရုံစိုက်ရမည့်လူဆို၍ တာအိုသခင်ဒုတိယအဆင့်သို့ ရောက်နေသော လျှိရီကျိ တစ်ဦးသာရှိပေသည်။ တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးသည် လက်ရှိသူ့ခွန်အားဖြင့် သွားရင်ဆိုင်နိုင်သည့် လူတစ်ဦးမဟုတ်ချေ။ ကံကောင်းစွာဖြင့် ရန်ကိုင့်တွင် တာအိုသခင်ဒုတိယအဆင့်၊ တာအိုသခင်ပထမအဆင့်တို့ဖြင့် ယှဉ်ပြိုင်နိုင်သော သွေးသရဲနှစ်ကောင်ရှိနေခဲ့လေသည်။ သွေးသရဲနှစ်ကောင် အားကိုးဖြင့် လျှိရီကျိအား အချိန်ဆွဲထားရန် ကိစ္စမရှိပေ။
လျှိရီကျိသာ မရှိတော့လျှင် ရန်ကိုင့်အနေဖြင့် လျှို့ယန်အား နင်ယွမ်ချန်းလက်မှ အလွယ်တကူ လုယူနိုင်ပေသည်။ နင်ယွမ်ချန်းသည် ဟိတ်ကြီးဟန်ကြီးသာ လုပ်နေသော်ငြား သူ့သက်တော်စောင့်မပါလျှင် တကယ်ကို ဘာမှသုံးစားမရသည့် လူတစ်ယောက်ဖြစ်သည်။ ထိုသို့ဆုံးဖြတ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် သေသေချာချာ စတင်အစီအစဉ်ဆွဲတော့လေသည်။
ရန်ကိုင့်စိတ် အခြားတစ်နေရာသို့ရောက်နေချိန် လေလံပွဲမှာ စတင်နေခဲ့လေပြီ။
ခန်စစ်ရန်သည်လည်း ဝင်ရောက်လေလံဆွဲလိုက်သေးသည်။ သို့သော်ငြား သူ့ငွေရေးကြေးရေးအင်အားမှာ လုံလောက်အောင် တောင့်တင်းခြင်းမရှိသည့်အတွက် နှစ်ကြိမ် လေလံဝင်ဆွဲပြီးသည်နှင့် လုံးဝကို လက်လျှော့လိုက်ရလေသည်။ တစ်ယောက်ယောက်မှ ၈သန်းဟု အော်ခေါ်လိုက်ချိန် ခန်စစ်ရန် သူ့ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ်လဲကျသွားခဲ့သည်။
သို့သော်ငြား ရန်ကိုင်ကမူ ခန်စစ်ရန်၏အခြေအနေကို ဂရုစိုက်မနေနိုင်ခဲ့။ သူ့စိတ်အာရုံအလုံးစုံသည် လျှို့ယန်၏ တည်နေရာပေါ်တွင်သာ ရောက်ရှိနေခဲ့လေသည်။ လက်ရှိတွင် လျှို့ယန်သည် သူတော်စင်နန်းတော်၏ သီးသန့်ခန်းထဲသို့ ရောက်နေခဲ့လေပြီ။ သို့သော်ငြား နင်ယွမ်ချန်းမှာမူ ချက်ချင်း ထသွားခြင်းမရှိသေးဘဲ အခြားသူများ တာအိုအရင်းအမြစ် အသီးအတွက် အသည်းအသန် လေလံပြိုင်ဆွဲနေကြသည်ကို အေးအေးဆေးဆေး ထိုင်ကြည့်နေခဲ့လေသည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း(၂၀၃၅)
အရင်းအမြစ်အသီးအား ပြိုင်လုကြသည့် လေလံပွဲသည် အလွန်ကိုမှ ပြိုင်ဆိုင်မှု ပြင်းထန်လှသည်။
အစပိုင်းတွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ ဝင်ရောက် လေလံဆွဲနိုင်ကြသော်ငြား အချိန်ကြာလာသည်နှင့် တာအိုသခင်အဆင့် ပညာရှင်များသာ ဆက်၍ လေလံ ဆွဲနိုင်ကြတော့၏။
ထိုလူများသည် လေလံဆွဲနေရုံတင်သာလျှင် မဟုတ်၊ ကောင်းကင်စိတ်အာရုံကိုသုံး၍ တစ်ဦးကိုတစ်ဦးလည်း တိုက်ခိုက်နေကြသေးသည်။
မကြာခဏဆိုသလို အချို့သော သီးသန့်ခန်းများဆီမှ ညည်းတွားသံများ ထွက်ပေါ်လာကြလေသည်။
အရက်သမားကမူ ထိုကဲ့သို့ဖြစ်မည်မှန်း ကြိုသိထားသည့်အလား လုံးဝကိုဂရုစိုက်မနေခဲ့ဘဲ အကုန်လုံးအား သူတို့ လုပ်ချင်သလိုသာ လုပ်ခွင့်ပေးထားလိုက်လေသည်။
လေလံဈေး တဖြည်းဖြည်း မြင့်လာသည်နှင့်အမျှ ခန်းမထဲရှိ အခြေအနေမှာလည်း တင်းမာသည်ထက် တင်းမာလာခဲ့သည်။ မွန်းကြပ်ဖွယ်ကောင်းလာသော အခြေအနေကြောင့် ခန်းမ အောက်ဘက်တွင် ရှိနေကြသော ကျင့်ကြံသူများ ရင်တမမ ဖင်တကြွကြွ ဖြစ်လာကြလေ၏။
ရန်ကိုင်သည်လည်း ထိုလေလံပွဲကိုကြည့်ရင်းမှ ထိုပညာရှင်များကို နောက်ခံပေးထားသည့် မိသားစုများ၊ ဂိုဏ်းများ မည်မျှ ကြွယ်ဝချမ်းသာကြောင်းကို အကြမ်းဖျဉ်း သိသွားခဲ့ရသည်။
လေလံပွဲသည် တစ်နာရီကျော် ကြာမြင့်သွားခဲ့ပြီး နောက်ဆုံးတွင် တာအိုအရင်းအမြစ်အသီးအား သီးသန့်ခန်း တစ်ခန်းထဲတွင် ရှိနေသော တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးမှ အရင်းအမြစ်ကျောက် ၁၁ သန်းဖြင့် အနိုင်ရသွားခဲ့လေသည်။ ကြယ်တာရာအစုအဝေး တစ်ခုလုံးတွင်ပင်လျှင် အရင်းအမြစ်ကျောက် ၁၁ သန်းဟူသော ပမာဏသည် ဒုတိယနှင့် တတိယတန်းစားဂိုဏ်းများအတွက် အတော်လေးမက်လောက်စရာ ငွေကြေးပမာဏ တစ်ခုဖြစ်သည်။
သို့သော်ငြား ထိုငွေကြေးပမာဏကိုသုံး၍ တာအိုသခင်အဆင့် ပညာရှင်အချို့ ဖန်တီးနိုင်မည်ဆိုပါက အမှန် တကယ်ကိုရင်းရ ထိုက်တန်ပေသည်။ ဤသို့ဖြင့် လေလံပွဲမှာ အဆုံးသတ်သွားခဲ့ရလေတော့သည်။
ရန်ကိုင်နှင့် ခန်စစ်ရန်သည် လေလံပွဲမှ အတူတကွ ပြန်လည်ထွက်ခွာလာခဲ့သည်။ အခြားသော ကျင့်ကြံသူများသည် နှစ်ယောက်တစ်ဖွဲ့၊ သုံးယောက်တစ်ဖွဲ့ ဖွဲ့လျက် စကားတပြောပြောနှင့် ခန်းမထဲမှ အသီးသီး ထွက်လာကြကုန်၏။
“ရောင်းရင်းရန် သွားမစူးစမ်းခင်လေး ငါနည်းနည်းလောက် သွားပြင်လိုက်အုံးမယ်။ အဲ့နေရာက ငါ့ကို စိတ်ပျက်အောင် မလုပ်ပါစေနဲ့လိုပဲ ဆုတောင်းရတော့မယ်” ခန်စစ်ရန်က တိုးတိုးလေးပြောလိုက်သည်။
ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည် “အဲ့ဒါဆို ရောင်းရင်းခန်ဆီက သတင်းကို စောင့်နေမယ်နော်”
“ဒါဆို ငါသွားလိုက်အုံးမယ်။ ဘိုင့်ဘိုင်” ခန်စစ်ရန်သည် လက်သီးဆုပ်နှုတ်ဆက်ပြီးနောက် ထွက်ခွာလာခဲ့သည်။
ခန်စစ်ရန် ထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်လည်း ထွက်လာခဲ့လေသည်။
ခဏအကြာတွင် ရန်ကိုင်သည် လမ်းတစ်လမ်းဆီသို့ ရောက်လာပြီး စားသောက်ဆိုင် တစ်ဆိုင်ထဲ ဝင်ထိုင်လိုက်သည်။ ပြတင်းပေါက်ဘေးရှိ ထိုင်ခုံတွင် ဝင်ထိုက်လိုက်ပြီးနောက် ဝိုင်နှင့် စားသောက်ဖွယ်ရာ အချို့မှာကာ ထိုင်စားနေတော့သည်။
သူငှားထားသည့်အိမ်သို့ ချက်ချင်းမပြန်ရသေးခြင်းမှာ လျှို့ယန်၏ တည်နေရာကို အာရုံခံချင်သည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။
မေပယ်မြို့ထဲတွင် လှုပ်ရှားရမလွယ်ကူသည့်အတွက် သူတော်စင်နန်းတော်အဖွဲ့ မြို့ထဲမှ ထွက်သွားမည့်အချိန်ကို စောင့်ရုံသာ ရှိတော့သည်။ သူတော်စင်နန်းတော်သည် တောင်ဘက်နယ်မြေအထဲတွင် အတော်လေး ခွန်အားကြီးမားသည့် အင်အားစုတစ်ခုဟု ပြော၍ရသည်။
လွမ်ဖုန်းပေါ်လာသည့် ကိစ္စနှင့်တကွ ငါးရောင်ခြယ် ရတနာဘုရားဖွင့်သည့် ကိစ္စတို့ကြောင့် သူတော်စင်နန်းတော်သည် မေပယ်မြို့ထဲတွင် အတော်လေးကြာအောင် နေသွားခဲ့၏။
သို့သော် ရန်ကိုင်တွက်ကြည့်ရသလောက် သူတို့အနေဖြင့် မေပယ်မြို့ထဲ အကြာကြီး မနေလောက်ချေ။ ထို့ကြောင့် ရရှိလာမည့် အခွင့်ကောင်းကို စိတ်ရှည်ရှည်ဖြင့် ထိုင်စောင့်နေခဲ့လေသည်။ သို့သော်ငြား နှစ်ရက်တိုင်တိုင် ထိုင်စောင့်နေရလိမ့်မည်ဟု ရန်ကိုင်မထင်ထားခဲ့ပေ။
ထိုအချိန်အတောအတွင်း သူတော်စင်နန်းတော်အဖွဲ့သည် သူတို့၏ တည်းခိုခန်းထဲတွင် တောက်လျှောက်နေနေခဲ့သည်။ လုံးဝကိုထွက်မသွားကြချေ။ လျှို့ယန်၏အရှိန်အဝါကို အာရုံခံမိနေသေးသည့်အတွက် ရန်ကိုင်လည်း အရမ်းကြီး စိတ်ပူမနေခဲ့။
သူတော်စင်နန်းတော်မှလူများ မေပယ်မြို့ထဲတွင် နေနေရသည့် အကြောင်းအရင်းမှာ နင်ယွမ်ချန်းမှ လျှို့ယန်အား အညံ့ခံအောင်လုပ်ချင်သည့်အတွက်ကြောင့် ဖြစ်လိမ့်မည်ဟု ရန်ကိုင်ကောက်ချက်ချလိုက်သည်။ ရန်ကိုင်၏ခန့်မှန်းချက် မမှားခဲ့ပေ။
လက်ရှိအချိန်တွင် တည်းခိုခန်း၏ အပေါ်ထပ်ရှိ အခန်းတစ်ခန်းထဲ၌ နင်ယွမ်ချန်းသည် လက်ကွက်များ ဖန်တီးရင်း သူ့ရှေ့ရှိ ပန်းကန်လုံးကို ဒေါသတကြီး စိုက်ကြည့် နေခဲ့သည်။
ခဏအကြာတွင် ထူးဆန်းသည့် မီးနီရောင် ငှက်တစ်ကောင် ပန်းကန်လုံးထဲမှ ချက်ချင်း ထွက်ပေါ်လာခဲ့လေ၏။ လျိုရီကျိသည် နင်ယွမ်ချန်း ဘေးနားမှ တစ်ဖဝါးပင် မခွာဘဲ တောက်လျှောက် ရပ်နေခဲ့လေသည်။
“မိန်းမပျက်မ” ယခုဆိုလျှင် နင်ယွမ်ချန်းသည် ဘာကြောင့်မှန်းမသိ အလွန်ကိုမှ ဒေါသပုန်ထနေခဲ့သည်။ လျှို့ယန်ကိုကြည့်ရင်း ဒေါသတကြီးအော်ပြောလေ၏။ “လူပုံစံ မြန်မြန်ပြောင်းစမ်း။ ငါ့စကားကိုနားမလည်ချင်အောင် လာဆောင်မနေနဲ့။ နင့်အသိဉာဏ်က ငါဘာပြောလဲ ဆိုတာကို အကုန်နားလည်မှန်း ငါသိပြီးသား”
စည်းတံဆိပ်ပေါင်းများစွာနှင့် ချိတ်ပိတ်ထားခြင်း ခံရသော လျှို့ယန်မှာမူ အသံတစ်သံပင် မထွက်သလို မည်သည့်ပြဿနာမှလည်း မရှာဘဲ အတောင်ပံများကို ခတ်၍သာ လေထဲဝဲနေခဲ့လေသည်။
ထို့နောက် နင်ယွမ်ချန်းမှ ဟာကွက်တစ်ခုလောက် လုပ်လိုက်သည့်နှင့်တပြိုင်နက် နှုတ်သီးကိုဟ၍ နင်ယွမ်ချန်းအား မီးတောက်မိုးကြိုးဘောလုံးတစ်လုံးဖြင့် လှမ်းပစ်လိုက်လေ၏။
ယခုလိုတကြိမ်မက ဖြစ်ပြီးသွားပြီ ဖြစ်သဖြင့် နင်ယွမ်ချန်းမှာ လျှို့ယန်၏လုပ်ရပ်နှင့် ပတ်သက်၍ အံ့အားသင့်မနေခဲ့ပေ။ သူ့အားကာကွယ်ပေးမည့် လျိုရီကျိ ရှိနေသည့်အတွက် ရှောင်နေစရာလည်းမလိုခဲ့။ လျိုရီကျိသည် သူ့လက်ကိုဝှေ့ရမ်း၍ မိုးကြိုးမီးတောက်ဘောလုံးကို အသာအယာ ဖျက်ဆီးပစ်လိုက်လေသည်။
“ဟဲဟဲ နင်က တစ်ကယ်စိတ်ကြီးတာပဲ။ ကောင်းတယ်။ ဒီသခင်လေးကလည်း အဲ့လိုမျိုးကိုမှ ကြိုက်တာ။ ဒါပေမယ့် နင်က လူပုံစံမပြောင်းချင်မှတော့ ဒီသခင်လေးကို ရက်စက်လို့ဆိုပြီး လာအပြစ်မတင်နဲ့ပေါ့။ အကြီးအကဲလျို အဆင်သင့်ပြင်ပေတော့။ သူတော်စင်နန်းတော်ဆီ ပြန်ကြမယ်”
ထိုစကားကိုကြားသည့်အခါ အနားတွင် ရပ်နေသော လျိုရီကျိမှာ အလွန်ပျော်သွားပြီး ချက်ချင်းပဲ ပြန်ပြောလိုက် လေသည်။ “သခင်လေး ကျုပ်တို့ တစ်ကယ်ကြီး ပြန်တော့မှာလား”
“ဟုတ်တယ်။ နှစ်ရက်တောင် ကြိုးစားတာတောင် ဒီအစုတ်ပလုတ် မီးငှက်မကို အညံ့ခံအောင် မလုပ်နိုင်သေးဘူး။ ဒီတော့ ဆက်နေလည်း ဘာမှမထူးတော့ဘူး။ သူတော်စင်နန်းတော်ဆီ ပြန်ပြီး အဖေ့ဆီကဘဲ အကူအညီ တောင်းရတော့မယ်။ အဲ့အချိန်ကျ သူငြင်းရဲအုံးမလား ကြည့်ရသေးတာပေါ့” နင်ယွမ်ချန်းသည် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး လက်ကွက်အချို့ဖန်တီး၍ လျှို့ယန်အား ပန်းကန်လုံးထဲသို့ ပြန်ပို့လိုက်လေသည်။
နာရီဝက်ကြာပြီးသည့်နောက်တွင် သူတော်စင်နန်းတော် အဖွဲ့သည် စားသောက်ဆိုင်မှထွက်၍ မြို့ဂိတ်ပေါက်ဆီသို့ လမ်းလျှောက်လာခဲ့လေသည်။
ထိုအခါမှပဲ တည်းခိုခန်းထဲရှိ အခန်းတစ်ခန်းထဲ၌ တင်ပလ္လင်ခွေ ထိုင်နေသော ရန်ကိုင် မျက်လုံးပွင့်လာပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ “နောက်ဆုံးတော့ သူတို့ သွားပြီပေါ့”
သူတော်စင်နန်းတော်အဖွဲ့ ထွက်မသွားသေးလျှင် သူတစ်ကယ်ကို ပြဿနာတက်ရပေတော့မည်။
ခန်စစ်ရန်အား လှိုင်ဂူစံအိမ်ကို အတူတူသွားရောက် စူးစမ်းမည်ဟု ကတိပေးထားခဲ့၏။ ထို့ကြောင့် ဤနေရာတွင် အချိန်ကြာနေလျှင် သိပ်အဆင်မပြေတော့ချေ။
ရန်ကိုင်သည် သူတော်စင်နန်းတော်အဖွဲ့သို့ ချက်ချင်း လိုက်မသွားခဲ့ဘဲ ခဏကြာအောင် စောင့်နေပြီးမှသာ မြို့ဂိတ်ပေါက်ဆီသို့ လျှောက်သွားလိုက်လေသည်။
ခဏအကြာ၌ မေပယ်မြို့မှ မိုင်သန်းပေါင်းများစွာ အကွာရှိ လွင်ပြင်တစ်ခုထက်၍ ရန်ကိုင်သည် လျင်မြန်စွာ ပျံသန်းနေခဲ့လေသည်။
သူနှင့်လျှို့ယန်ကြားရှိ ဆက်သွယ်ချက်ကြောင့် သူတော်စင်နန်းတော်အဖွဲ့ မည်သည့်ဘက်သို့ သွားနေမှန်း ရန်ကိုင်သိနေခဲ့သည်။ ထို့ကြောင့် တစ်ဖက်အဖွဲ့အား မျက်ခြေပျက်သွားမည်ကို စိတ်ပူမနေခဲ့ချေ။
သို့ရာတွင် သူ့၌ သင့်တော်သည့် ပျံသန်းရေးမှော်ရတနာ တစ်ခုတစ်လေမှ ရှိမနေသည့်အတွက်ကြောင့် တစ်ဖက်အဖွဲ့အား အမီမလိုက်နိုင် ဖြစ်နေခဲ့ရသည်။ အရှိန်ကုန်တင်ကာ ပျံသန်းနေရင်းမှ အလွန်အားကောင်းသည့် ကောင်းကင်စိတ်အာရုံတစ်ခု သူ့အား ရုတ်တရက် လွှမ်းခြုံသွားသည်ကို ရန်ကိုင် ခံစားလိုက်ရသည်။
ထိုရုတ်တရက် အခြေအနေကြောင့် ရန်ကိုင်အမူအယာ ပြောင်းလဲသွားပြီး ချက်ချင်းရပ်တန့်လိုက်ရလေ၏။ ကောင်းကင်စိတ်အာရုံတွင် မည်သည့်သတ်ဖြတ်လိုစိတ်မှ ပါဝင်မနေခဲ့သော်ငြား ထိုကောင်းကင်စိတ်အာရုံမှာ အလွန်ကိုမှ အေးစက်လွန်းနေခဲ့လေသည်။
ရန်ကိုင့်အား တစ်ချက်လွှမ်းခြုံသွားပြီးသည့်နောက်တွင် သူ့ဘာသာ ပြန်ဆုတ်သွားခဲ့လေသည်။
ရန်ကိုင်မှာ ဘာဖြစ်လို့ ဖြစ်မှန်းမသိ။ သူ့နေရာတွင်သာ ကြောင်ပြီးရပ်နေလေသည်။ ခဏကြာအောင် စဉ်းစားနေပြီးမှပင် တစ်ခုခုကို နားလည်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်လေ၏။ “အခြားတစ်ယောက်ကလည်း သူတော်စင်နန်းတော်အဖွဲ့ နောက်ကို လိုက်နေတာပဲ။ ဒီခံစားချက်က… အဲ့လူက မျိုးရိုးနာမည်ဟန်းနဲ့ ကျင့်ကြံသူများ ဖြစနေမလား"
လေလံပွဲတွင်ရှိစဉ်က မျိုးရိုးနာမည်ဟန်နှင့် ကျင့်ကြံသူသည် သူ့ကောင်းကင်စိတ်အာရုံကိုသုံး၍ ရန်ကိုင့်အား ဖိအားပေးရန် ကြိုးစားခဲ့ဖူးသည်။ ထို့ကြောင့် တစ်ဖက်လူ၏ ကောင်းကင်စိတ်အာရုံကို ရန်ကိုင်ရင်းရင်းနှီးနှီး မှတ်မိနေခဲ့လေသည်။
ဤနေရာတွင် သူနှင့်အကြံတူဉာဏ်တူတစ်ယောက်ကို လာတွေ့ရလိမ့်မည်ဟု ရန်ကိုင် လုံးဝမထင်ထားခဲ့ချေ။ တစ်ဖက်လူသည် သူ့ခွန်အားအပေါ် အလွန်ကိုယုံကြည်သလို တန်ခိုးရှင်ဘုရင်အဆင့်သာ ဖြစ်သေးသော လူတစ်ဦးအား မျက်လုံးထဲမထည့်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင့်အနေဖြင့် ထိုလူအား သတိပင် ပြုမိလိမ့်မည် မဟုတ်ချေ။
သူသာ ထိုလူအား သတိမမူမိဘဲ သူတော်စင်နန်းတော် အဖွဲ့အား သွားရောက်တိုက်ခိုက်မည်ဆိုပါက နောက်ဆုံး အကျိုးအမြတ်ရသွားမည့်လူမှာ မျိုးရိုးနာမည်ဟန်နှင့် ကျင့်ကြံသူသာ ဖြစ်နေနိုင်လောက်သည်။
ထိုသို့တွေးမိလိုက်သော် ရန်ကိုင့်တစ်ကိုယ်လုံး ချွေးအေးများဖြင့် စိုရွှဲသွားခဲ့လေသည်။ ကံကောင်းစွာဖြင့် မျိုးရိုးနာမည်ဟန်ဆိုသည့် ကျင့်ကြံသူတွင် ထိုကဲ့သို့သော အစီအစဉ်မျိုး ရှိမနေခဲ့။ ထိုကြောင့်သာ မဟုတ်လျှင်တော့ ရန်ကိုင် တကယ်ကို ပြဿနာတက်ပေမည်။ မျိုးရိုးနာမည်ဟန်နှင့် ကျင့်ကြံသူသည် သူ့ကောင်းကင်စိတ်အာရုံကိုသုံး၍ ရန်ကိုင့်အား ဤကိစ္စထဲဝင်မပါရန် ဖိအားပေးလိုခြင်းဖြစ်သည်။
သူ့အစီအစဉ်သည် အခြားသောတန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများအပေါ် အလုပ်ဖြစ်လိမ့်မည်ဖြစ်သော်ငြား ရန်ကိုင့်အပေါ်တွင်တော့ လုံးဝအကျိုးသက်ရောက်မှုမရှိခဲ့ပေ။
ခဏအကြာတွင် ရန်ကိုင်သည် သူတော်စင်နန်းတော် အဖွဲ့နောက်သို့ ဆက်လိုက်လေသည်။ သို့သော်ငြား ယခု တစ်ကြိမ်တွင်တော့ အေးအေးဆေးဆေးသာ လိုက်နေ၏။ နည်းနည်းလေးမှ အလျင်လိုနေခြင်း မရှိတော့ချေ။
မျိုးရိုးနာမည်ဟန်ဆိုသည့် ကျင့်ကြံသူမှ သူတော်စင် နန်းတော်အဖွဲ့ကို သွားရောက် တိုက်ခိုက်မည် ဖြစ်သည့် အတွက်ကြောင့် ရန်ကိုင် အနေဖြင့် အလျင်လိုနေစရာ မလိုတော့ချေ။ နှစ်ဖက်စလုံး တိုက်ခိုက်ကြပြီး နောက်ဆုံး အသီးသီး ဒဏ်ရာရနေသည့် အချိန်မှ အစာဝင်ကောက်လျှင် အကောင်းဆုံး ဖြစ်သည်။ သူတော်စင် နန်းတော်အဖွဲ့အား အချိန်ထားမည့် မျိုးရိုးနာမည်ဟန်ဆိုသည့် ကျင့်ကြံသူ ရှိနေပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင် စိတ်အေးအေးဖြင့်သာ ရှိနေတော့လေ၏။
သူတော်စင်နန်းတော်အဖွဲ့နောက်သို့ ဆက်လိုက်နေရင်း နောက်ဆက်လုပ်မည့် ကိစ္စနှင့်ပက်သက်၍ သေချာစတင် အစီအစဉ် ဆွဲတော့လေသည်။
သူ့အနေဖြင့် နှစ်ဖက်အဖွဲ့ဆီသို့ သတိပြုမိခြင်းမခံရဘဲ ချဉ်းကပ်သွားနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ သို့ရာတွင် အချိန်အတော်ကြာအောင် စဉ်းစားလိုက်သည့်တိုင် အကြံကောင်းတစ်ခုကိုမှ စဉ်းစားမရသဖြင့် ရန်ကိုင် စိတ်ညစ်ချင်သွားခဲ့သည်။
ယခုကြည့်ရသလောက် မီးစင်ကြည့်ကရုံသာ ရှိတော့လေသည်။ နာရီဝက်ခန့်ကြာပြီးသည့်နောက် ကောင်းကင်သည် အနည်းငယ်မှောင်လာခဲ့သည်။
ပုံမှန်အတိုင်း ပျံသန်းနေသော ရန်ကိုင်သည် ရုတ်တရက် မျက်ခုံးပင့်လိုက်ပြီး အဝေးတစ်နေရာဆီသို့ လှမ်းကြည့်လိုက် သည်။
သူလှမ်းကြည့်ရာအရပ်တွင် အရောင်တလက်လက် တောက်ပနေခဲ့သည်။ သေသေချာချာ နားထောင်ကြည့်မည် ဆိုလျှင် ဝိုးတဝါးတား ပေါက်ကွဲသံများကိုပင် ကြားနိုင်ပေသည်။
ထိုမျှသာ မဟုတ်သေးဘဲ အားကောင်းလှသည့် စိတ်စွမ်းအင်တို့မှာလည်း အဆက်မပြတ် ဖြာထွက်နေခဲ့၏။
"သူနောက်ဆုံးလှုပ်ရှားပြီပဲ" ရန်ကိုင် စိတ်အားတက်သွားခဲ့ပြီး ဗလာနတ္ထိပညာရပ်ကို အသက်သွင်း၍ တိုက်ပွဲကွင်းပြင်ဆီသို့ ချဉ်းကပ်သွားလေ၏။
နာရီဝက်ကြာအောင် ပျံသန်းလာပြီးသည့်နောက်တွင် တိုက်ပွဲဖြစ်နေသည့်နေရာဆီသို့ ရောက်လာခဲ့လေသည်။
မှိန်ဖျဖျ လရောင်အောက်၌ ကောင်းကင်ထက်တွင် ဝဲနေသော သင်္ဘောတစ်စင်း ရှိနေခဲ့သည်။ ထိုသင်္ဘော၏ ကုန်းပတ်ပေါ်တွင် လူတစ်အုပ် ရှိနေခဲ့လေသည်။
ထိုလူများအနက် တစ်ဦးမှာ သူတော်စင်နန်းတော်၏ သခင်လေး နင်ယွမ်ချန်းဖြစ်ပြီး အခြားလူများမှာတော့ သူတော်စင်နန်းတော်မှ တပည့်များဖြစ်ကြပေသည်။
ပျံသန်းရေးသင်္ဘောရှိရာမှ မီတာတစ်ထောင်ခန့် အကွာတွင် ပုံရိပ်နှစ်ခု တိုက်ခိုက်နေခဲ့ကြသည်။ သေချာ စစ်ဆေးကြည့်လိုက်ပြီးနောက် တိုက်ခိုက်နေကြသည့် လူနှစ်ဦးမှာ မျိုးရိုးနာမည်ဟန်ဆိုသည့် ကျင့်ကြံသူနှင့် လျိုရီကျိ ဖြစ်နေကြောင်း ရန်ကိုင် တွေ့ရှိလိုက်ရ၏။
သူတို့နှစ်ဦးကြားရှိ တိုက်ပွဲမှာ ပြင်းထန်သော်ငြား မည်သူမှ အသာရနေခြင်း မရှိခဲ့ချေ။
နှစ်ဦးစလုံး၏ ခွန်အားမှာ အတူတူလောက်သာ ဖြစ်သည့်အတွက် ကြာကြာတိုက်ခိုက်နိုင်သည့်သူက အနိုင်ရနိုင်ချေပိုများပေသည်။