အခန်း (၂၀၃၆-၂၀၄၀)
Vol. 82 Ch. 2036-2040
အပိုင်း(၂၀၃၆)
အတန်ကြာအောင် ကြည့်နေပြီးသည့်နောက်တွင် ရန်ကိုင်သည် သူတော်စင်နန်းတော်၏ ပျံသန်းရေး မှော်ရတနာဘက်သို့ အာရုံပြန်လှည့်လိုက်သည်။
လက်ရှိတွင် နင်ယွမ်ချန်းသည် လျိုရီကျိ ရှုံးသွားမည်ကို လုံးဝစိတ်မပူသည့်အလား ယပ်တောင်တခပ်ခပ်ဖြင့် သင်္ဘောကုန်းပတ်ပေါ်တွင် အေးအေးဆေးဆေး ရပ်နေခဲ့သည်။ မကြာမကြာ တိုက်ပွဲကွင်းပြင်ဆီသို့လည်း လက်ညိုးတထိုးထိုး လုပ်နေခဲ့လေသည်။
သူတော်စင်နန်းတော်မှ တပည့်များမှာတော့ နင်ယွမ်ချန်းပြောသမျှ အမိန့်အားလုံးကို ခေါင်ညိတ်၍သာ နာခံနေခဲ့သည်။ ထို့အပြင် သင်္ဘောပတ်လည်တွင် အစိမ်းရောင် အကာအရံတစ်ခုလည်း ရှိနေသေး၏။
ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင်မျက်မှောင်ကြုတ်သွားခဲ့သည်။ တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူနှစ်ဦး တိုက်ခိုက်ရင်း အလုပ် ရှုပ်နေသည့် ယခုအချိန်သည် သူလှုပ်ရှားရန်အတွက် အကောင်းဆုံးအချိန် ဖြစ်ပေသည်။
သို့သော်ငြား သင်္ဘောပတ်လည်ရှိ အကာအရံမှာ အတော်လေးကို မာကြောမည့်ပုံပင်။
ထို့အပြင် သူ့လက်ရှိခွန်အားဖြင့် ထိုအကာအရံအား တစ်ချက်တည်းပေါက်ထွက်သွားအောင် ဖျက်ဆီးပစ်နိုင်မလား သိပ်မသေချာ။
သူသာ လှုပ်ရှားလိုက်ပြီ ဆိုသည်နှင့် အကုန်လုံး သူရှိနေသည်ကို သတိပြုမိသွားကြပေလိမ့်မည်။
အချိန်အတော်ကြာအောင် ထိုင်စဉ်းစားနေပြီးသည့်နောက် အခွင့်ကောင်းတစ်ခုခု ရောက်လာသည်အထိ ထိုင်စောင့်ရန်သာ ဆုံးဖြတ်လိုက်လေ၏။ ထိုသို့ တွေးပြီးသည့်နောက်တွင် တာအိုသခင်အဆင့်ကျင့်ကြံသူ နှစ်ဦး၏ တိုက်ပွဲဆီသို့ ပြန်အာရုံစိုက်လိုက်လေသည်။
အတော်လေးကြာအောင် တိုက်ခိုက်နေပြီးသည့်တိုင် တိုက်ပွဲအရှိန်အဟုန်မှာ လုံးဝလျော့ကျသွားခြင်း မရှိသေး။ နှစ်ဦးစလုံးသည် အားကုန်သုံးကာ တိုက်ခိုက်နေခဲ့ကြသည်။
သို့ရာတွင် ထိုတိုက်ပွဲနှင့်ပတ်သက်၍ တစ်ခုခု မှားယွင်းနေသည်ဟု ရန်ကိုင့်စိတ်ထဲခံစားနေခဲ့ရသည်။ မျိုးရိုးနာမည်ဟန်နှင့် ကျင့်ကြံသူသာ သူတော်စင်နန်းတော် အဖွဲ့ကို အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိလျှင် ကိုယ်ထင်ပြပြီး တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။
ထိုသို့သာ မဟုတ်လျှင် သူလိုချင်နေသည့်အရာကို ရနိုင်တော့လိမ့်မည် မဟုတ်သလို သူတော်စင်နန်းတော်ကိုလည်း ရန်စမိလိုက်သလို ဖြစ်သွားပေလိမ့်မည်။ ဦးနှောက်ရှိသည့် လူတိုင်း ထိုကဲ့သို့တွေးတတ်ပေသည်။
သို့သော်ငြား မျိုးရိုးနာမည်ဟန်နှင့် ကျင့်ကြံသူမှာ ဤကဲ့သို့လုပ်ရန် ရွေးချယ်လိုက်သဖြင့် သူ့၌ဝှက်ဖဲတစ်ခုခု ရှိနေရပေလိမ့်မည်။ ထိုအတွေး သူ့ခေါင်းထဲ ပေါ်လာသည့် အချိန်၌ ရန်ကိုင်စိတ်ထဲ အံ့အားသင့်မိသွားခဲ့သလို မဆင်မခြင် မလုပ်မိခဲ့သည်ကိုလည်း ဝမ်းသားမိသွားခဲ့၏။
"လူကြီးမင်းဘယ်သူလဲ။ ဘာလို့နာမည်မပြောရဲတာလဲ။ လူကြီးမင်းက ဒီမှာတိုးတိုးတိတ်တိတ်နဲ့ ဘာတွေ လာလုပ်ချင်နေတာလဲ" လျိုရီကျိသည် တာအိုအဆင့် ဆေးဘားဓါးကို ဝှေ့ယမ်းချလိုက်ရင်း မေးလိုက်လေသည်။
မျိုးရိုးနာမည်ဟန်နှင့် ကျင့်ကြံသူသည် အစောပိုင်းက တိုက်ပွဲမှ အရှိန်အဟုန်ကို အားယူ၍ အနောက်သို့ ခုန်ရှောင်လိုက်သည်။
တစ်ချိန်တည်းတွင် ဓားကိုဝှေ့ရမ်း၍ လျိုရီကျိ၏ တိုက်ခိုက်မှုကို တားဆီးရင်း ပြန်ပြောလိုက်သည်။ "ကျုပ်ကို မသိတာ ခင်ဗျားညံ့လို့ပဲ။ အဲ့ဒါကို ကျုပ်ကိုလာအပြစ်တင် ချင်နေတာလား။ ရယ်စရာကောင်းလိုက်တာ"
လျိုရီကျိက မျက်မှောင်ကြုတ်၍ အလေးအနက် လေသံဖြင့် ပြန်ပြောလိုက်သည်။ "လူကြီးမင်းရဲ့ မျိုးရိုးနာမည်က ဟန်မှန်း ကျုပ်သိတယ်။ ဒါပေမယ့် ဒီလောကကြီးမှာ မျိုးရိုးနာမည်ဟန်နဲ့ လူတွေ အများကြီးပဲ။ လူကြီးမင်း ဘယ်ကလာလဲ ကျုပ်ဂရုမစိုက်ဘူး။ လူကြီးမင်းသာ ပြန်ဆုတ်ပေးမယ်ဆိုရင် ဒီနေ့ကိစ္စကို မေ့ထားပေးလိုက်မယ်။ အဲ့လိုမှမဟုတ်ဘဲ ကျုပ်တို့ခရီးကို ဆက်ပြီးနှောက်ယှက် နေအုံးမယ်ဆိုရင်တော့ လူကြီးမင်းကို ကျုပ်တို့ သူတော်စင်နန်းတော်ရဲ့ ရန်သူတစ်ဦးအဖြစ် သတ်မှတ်ပြီး ဒီလျှိုလည်း လုံးဝညှာတာပေးနေတော့မှာ မဟုတ်ဘူး။
"သူတော်စင်နန်းတော်လား" မျိုးရိုးနာမည်ဟန်းနှင့် ကျင့်ကြံသူက လှောင်ပြောင်ထေ့ငေါ့လိုသည့်အမူအယာဖြင့် "အိုး..ကျုပ်အရမ်းကြီးကို ကြောက်နေပါပြီနော်။ ဘာမဟုတ်တဲ့ သူတော်စင်နန်းတော်ကများ ဒီဟန်ကို ကြောက်အောင်လုပ်နိုင်မယ် ထင်နေတာလား။ သူတော်စင်နန်းတော် မပြောနဲ့။ ကြယ်ဝိဉာဉ်နန်းတော်က လူဆိုရင်တောင် ကျုပ်ဂရုစိုက်နေမှာမဟုတ်ဘူး။ ကြယ်ဝိဉာဉ်နန်းတော်ကကောင်တွေ ကျုပ်ကိုအမဲလိုက်နေတာ နှစ်နဲ့ချီနေပြီ။ ဒါပေမယ့် ခုထိ ကျုပ်အသက်ရှင်နေတုန်းပဲ"
"ဟမ်" လျိုရီကျိ အံ့အားသင့်သွားခဲ့သည်။
မျိုးရိုးနာမည်ဟန် ပြောသွားသည့် စကားကို ကြားပြီးနောက် လျိုရီကျိအလွန်ကိုမှ ထိတ်လန့်တုန်လှုပ် သွားလေသည်။
ကြယ်ဝိဉာဉ်နန်းတော်သည် တောင်ဘက်နယ်မြေ တစ်ခုလုံး၏ အရှင်သခင်ဖြစ်သည်။ မည်သူမှ ကြယ်ဝိဉာဉ် နန်းတော်၏ ဩဇာအာဏာကို သွားရောက်စိန်မခေါ်ရဲကြပေ။
သို့သော်ငြား ထိုလူပြောသွားပုံအရ မျိုးရိုးနာမည်ဟန် ဆိုသည့်ကျင့်ကြံသူသည် ကြယ်ဝိဉာဉ်နန်းတော်၏ ဝရမ်းပြေး တစ်ဦးဖြစ်သည့်ပုံပင်။ ထိုသို့ပင် ဖြစ်လင့်ကစား သူသည် ယနေ့ထိတိုင် အသက်ရှင်နေသေးပြီး ကောင်းကောင်းမွန်မွန်နှင့် ရှိနေသေး၏။
"မင်း.. မင်းမဖြစ်နိုင်ဘူး" ရုတ်တရက် လျိုရီကျိ၏ စိတ်ထဲ နာမည်တစ်ခု ဖြတ်ပြေးသွားလေသည်။ သူ့ရှေ့ရှိလူအား လက်ညိုးတထိုးထိုးဖြင့် ထအော်လေ၏။ "မင်းဘယ်သူလဲ ငါသိပြီ။ မင်းဟာ ဟန်းလန်ပဲ။ ကြယ်ဝိဉာဉ်နန်းတော်က မောင်းထုတ်ခံလိုက်ရတဲ့လူပဲ"
လွန်ခဲ့သောဆယ်နှစ်ခန့်က ကြယ်ဝိဉာဉ်နန်းတော် ဧကရာဇ်အဆင့် အကြီးအကဲတစ်ဦး၏ တပည့်တစ်ဦးသည် အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့လေသည်။
ပုံမှန်အရဆိုလျှင် သူသည် ကြယ်ဝိဉာဉ်နန်းတော်၏ စည်းမျဉ်းများအတိုင်း ကွပ်မျက်ခံရမည်ဖြစ်သော်ငြား ဘာကြောင့်မှန်းမသိ သူအသတ်ခံရမည့်အကြောင်းကို ကြိုတင်သတင်းရသွားပြီး ရောင်းရင်းတပည့်များကို သတ်၍ ကြယ်ဝိဉာဉ်နန်းတော်၏ အဖိုးတန်ရတနာတစ်ခုခုကို ခိုးယူကာ ထွက်ပြေးလာခဲ့လေသည်။
ထိုအချိန်မှစ၍ ကြယ်ဝိဉာဉ်နန်းတော်သည် သူ့အား တောက်လျှောက် ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။ ထိုသတင်းသည် ထိုအချိန်က တောင်ဘက်နယ်မြေထဲရှိ လူများ၏ ပါးစပ်ဖျား၌ ပြောစရာသတင်းတစ်ခု ဖြစ်ခဲ့လေသည်။
ကြယ်ဝိဉာဉ်နန်းတော်သည် ဤသစ္စာဖောက်ကို ဖမ်းရန်အတွက် တပည့်ပေါင်းများစွာကို စေလွှတ်ခဲ့သော်ငြား မည်သူမှမအောင်မြင်ခဲ့ဘဲ သူတို့တပည့်များစွာကိုသာ ပြန်၍ ဆုံးရှုံးလိုက်ရလေသည်။ ဤကိစ္စသည် ကြယ်ဝိဉာဉ် နန်းတော်ကဲ့သို့သော အင်အားစုကြီးအတွက် အမဲကွက်တစ်ခု ဖြစ်သည်။
သို့သော်ငြား အခြားသော အင်အားစုများနှင့် ဂိုဏ်းများမှာ ဤအကြောင်းကို လူသိထင်ရှား ထုတ်မပြောရဲကြဘဲ နောက်ကွယ်တွင်သာ တီးတိုး ဆွေးနွေးရဲကြသည်။
ကြယ်ဝိဉာဉ်နန်းတော်သည် ဤသစ္စာဖောက်ကို လွန်ခဲ့သည့်ဆယ်နှစ်အတွင်း မရပ်မနား လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ပါသော်ငြား ကံမကောင်းစွာဖြင့် ဟန်းလန်ဆိုသည့် လူကို လုံးဝမဖမ်းနိုင်ခဲ့ချေ။
နောက်ပိုင်း ထိုကိစ္စနှင့်ပတ်သက်၍ ဟန်းလန်သည် ထိုဧကရာဇ်အဆင့်ပညာရှင်၏ တရားမဝင်သားတစ်ဦးဖြစ်ပြီး ထိုအကြီးအကဲမှ ဟန်းလန်အား ကိုယ်တိုင်ကိုယ်ကျ လွှတ်ပေးလိုက်သည်ဟူသော သတင်းများပင် ထွက်လာခဲ့ လေသည်။
သို့သော်ငြား ထိုသတင်းမှန်၊ မမှန်ဆိုသည်ကိုတော့ မည်သူမှ အတည်မပြုနိုင်ခဲ့ပေ။
သူတော်စင်နန်းတော်၏ ရာထူးမြင့်အကြီးအကဲတစ်ဦး ဖြစ်သည်နှင့်အညီ လျိုရီကျိသည် ထိုကဲ့သို့သော အကြောင်းများကို ကြားဖူးထားပြီး ဟန်းလန်ဆိုသော နာမည်ကိုလည်း သိထားပေသည်။
စစချင်းတွင် သူ့ရှေ့ရှိလူနှင့် ဟန်းလန်ဆိုသည့်လူအား မဆက်စပ်မိနိုင်ခဲ့သော်ငြား ထိုလူပြောသွားသည့်စကားကို ကြားပြီးနောက် သူ့ရှေ့တွင်ရပ်နေသည့်လူသည် ဟန်းလန်ဆိုသည့် လူမှန်း ချက်ချင်း ကောက်ချက်ချနိုင်ခဲ့လေသည် "ဒီတော့မင်းက ကြယ်ဝိဉာဉ်နန်းတော်ရဲ့ သစ္စာဖောက်ပေါ့"
"အဲ့တော့ဘာဖြစ်လဲ" ဟန်းလန်သည် ပြုံးလျှက် ရယ်သံစွက်ကာ ပြန်ပြောလိုက်လေသည်။ "ဒါပေမယ့် အခုချိန်မှ သိလိုက်ရတာ ခင်ဗျားအတွက် အရမ်း နောက်ကျလွန်းနေပြီ"
ထိုစကားကို ကြားပြီးသည့်နောက် လျိုရီကျိရင်ထိတ် သွားခဲ့လေသည်။
ချက်ချင်းပဲ အလန့်တကြား ထအော်လေ၏။ "ငါလခွမ်း"
ထိုသို့ပြောပြီးသည်နှင့်တပြိုင်နက် ကြောက်စရာတစ်ခုခု ဖြစ်တော့မည့်အလား နောက်သို့ပင်လှည့်မကြည့်တော့ဘဲ သင်္ဘောဆီသို့ အလန့်တကြား ပြန်လှည့်ပြေးလေသည်။
ထိုစဉ် ဟန်းလန်သည် အလေးအနက်အမူအယာဖြင့် လက်ကွက်များစွာကို ဖန်တီးလိုက်လေသည်။
ချက်ချင်းဆိုသလို မျက်စိကျိန်းမတတ်တောက်ပလှသော လတစ်စင်း ကောင်းကင်ပေါ်၌ ရုတ်တရက် ထွက်ပေါ် လာခဲ့လေ၏။ ထိုလမင်းဆီမှ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဟန်းလန်၏ကိုယ်ထဲသို့ စီးဝင်သွားခဲ့လေ သည်။
ခဏအကြာတွင် ဟန်းလန်ကို ဗဟိုပြု၍ လရောင်တို့သည် အဘက်ဘက်သို့ ပြန့်ကျဲလာခဲ့လေ၏။ အသက်သုံးရှိုက်စာအတွင်း မိုင်ပေါင်းများစွာကျယ်ဝန်းသည့် မြေနေရာတစ်ခုလုံးအား ရှင်းပြမရသည့် စွမ်းအားတစ်ရပ်မှ လွှမ်းခြုံသွားခဲ့လေသည်။
ထိုစွမ်းအင် လွှမ်းခြုံသွားသည်နှင့် ဘေးပတ်ဝန်းကျင် တစ်ခုလုံးသည်လုံး လုံးဝကို ပြောင်းလဲသွားခဲ့လေတော့၏။ ကြယ်စင်များစွာဖြင့် ပြည့်နှက်သော အာကာယံထက်တွင် အရွယ်အစား အမျိုးမျိုးရှိသော လပြည့်ဝန်းများ၊ လခြမ်းကွေးများဖြင့် ထူးဆန်းစွာ ထွက်ပေါ်လာကြလေ၏။ လျိုရီကျိ၊ ဟန်းလန်တို့ ရှိနေသည့် လုံးဝကို ကွဲပြားသည့် ကမ္ဘာလောကကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေပြီ။
“သံသရာလစက်ကွင်း အစီအရင်” သူ့ပတ်ဝန်းကျင် ဤကဲ့သို့ ပြောင်းလဲသွားရသည့် အကြောင်းအရင်းကို နားလည်လိုက်သည့်နောက် လျိုရီကျိ မျက်နှာပျက်သွား၏။
"ဟဲ ဟဲဟဲ" ဟန်းလန်၏ ပုံရိပ်မှာလည်း ပျောက်ကွယ်သွားခဲ့လေပြီ။ လက်ရှိ အချိန်တွင် ဟန်းလန်ကို မတွေ့ရတော့ဘဲ သူ့အသံကိုသာ ကြားနေရတော့သည်။ ဟန်းလန်၏အသံသည် ဘက်ပေါင်းစုံမှ ထွက်ပေါ်လာခဲ့သည့်အတွက် သူရှိနေသည့် နေရာကို အာရုံခံရန် အလွန်ကိုမှ ခက်ခဲနေခဲ့သည်။ "ဟုတ်တယ်။ ဒီအစီအရင်ကို မှတ်မိသွားပြီဆိုတော့ ခင်ဗျား စိတ်အေးအေးနဲ့ သေလို့ရပြီ”
"မင်းဘယ်တုန်းက ဒီအစီအရင်ကို ခင်းကျင်းလိုက်တာလဲ" လျှိုရီကျိက မျက်နှာကြီးမဲ့လျက် ပြန်မေးလိုက်သည်။
"ခင်ဗျားတို့ သူတော်စင်နန်းတော် ဘယ်လမ်းကြောင်းက သွားမယ်ဆိုတာ သိထားမှတော့ ဒီအစီအရင်ကို ခင်းကျင်းဖို့က ခက်ပါဦးမလား။ အပြစ်တင်ချင်လို့ရှိရင် ဘယ်သူ့ကိုမှမျက်လုံးထဲမထည့်ဘဲ ကိုယ့်ကိုကိုယ် ဆရာကြီးထင်နေတဲ့ ခင်ဗျားတို့သူတော်စင်နန်းတော်က သခင်လေးကိုပဲ သွားပြီးတော့အပြစ်တင်လိုက်ပေတော့" ဟန်းလန်၏အသံသည် အဘက်ဘက်ဆီမှ ထွက်ပေါ်လာခဲ့ လေသည်။
ထိုအချင်းအရာကို မြင်ပြီးနောက် သင်္ဘောပေါ်တွင် ရှိနေသော နင်ယွမ်ချန်းလည်း မျက်နှာပျက်သွားခဲ့သည်။ သင်္ဘောကုန်းပတ်ပေါ်တွင် ရှိနေသည့်အတွက် လတ်တလောအနေဖြင့် လုံခြုံနေသေးသော်ငြား သူ့သင်္ဘော တစ်စင်းလုံးမှာလည်း သံသရာလစက်ကွင်း အစီအရင်ထဲသို့ ရောက်နေခဲ့လေပြီ။
ထို့အပြင် လျိုရီကျိ၏ အမူအရာကို ကြည့်ရသလောက် ဤဟန်းလန်ဆိုသည့်လူမှာ အလွန်ကိုမှ အန္တရာယ်များပြီး သူခင်းကျင်းထားသည့် အစီအရင်မှာလည်း ကြောက်မက်ဖွယ်ကောင်းသည့်ပုံပင်။
ထိုအချက်ကို နားလည်လိုက်သည့်နောက်တွင် နင်ယွမ်ချန်းသည် သူတော်စင်နန်းတော်မှ အခြားသော တပည့်များကို လှည့်၍အမိန့်ပေးလိုက်လေ၏။ "အကြီးအကဲလျိုကို မြန်မြန်သွားကူညီပေးလိုက်။ ဒီသခင်လေး ဒီကနေပြီး တိုက်ပွဲကိုညွှန်ကြားပေးမယ်"
သင်္ဘောပေါ်တွင် တန်ခိုးရှင်ဘုရင်အဆင့် ဆယ်ယောက်ကျော်မက ရှိနေခဲ့လေသည်။ တော်တော်များများမှာ ဒုတိယ၊ တတိယအဆင့်များ ဖြစ်ကြသည့်အတွက် သူတို့၏ စုပေါင်းခွန်အားမှာ နည်းသည်ဟု ပြော၍မရချေ။
တပည့်များမှာ တစ်ချက်လေးပင် တုန့်ဆိုင်းမနေဘဲ သူတို့၏ လှုပ်ရှားမှု ပညာရပ်အသီးသီးကိုသုံး၍ လျိုရီကျိဆီသို့ ဦးတည်ထွက်ခွာသွားကြလေ၏။
"ထွက်မလာနဲ့" လျှိုရီကျိမှာ လှမ်းသတိပေးလိုက်သော်ငြား အနည်းငယ်နောက်ကျသွားခဲ့လေသည်။
ထိုတပည့်များ အပြင်သို့ရောက်သည်နှင့်တစ်ပြိုင်နက် ကောင်းကင်ထက်တွင် ချိတ်ဆွဲနေသော အရွယ်အစား အမျိုးမျိုးရှိသည့် လမျိုးစုံဆီမှ နူးညံ့သိမ်မွေ့ဟန်ထင်ရသော ငွေရောင်လရောင်ခြည်တန်းများစွာ ဖြာထွက်လာခဲ့လေသည်။
သို့သော်လည်း တိုက်ပွဲအတွေ့အကြုံ ရှိသူများပီပီ သူတော်စင်နန်းတော်မှ တပည့်များသည် ထိုလရောင် အလင်းတန်းများကို ထိပ်တိုက်တွေ့ဆုံခြင်းမပြုဘဲ အတတ်နိုင်ဆုံး ရှောင်တိမ်းလိုက်ကြသည်။
ကံမကောင်းသည့် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးမှာတော့ အချိန်မီမရှောင်တိမ်းနိုင်ဘဲ လရောင်အလင်းတန်း၏ ထိမှန်ခြင်းခံလိုက်ရလေသည်။
ချက်ချင်းဆိုသလို လရောင်အလင်းတန်း ထိမှန်ခြင်း ခံလိုက်ရသည့် လူခန္ဓာကိုယ်တစ်ဝက်မှာ ရုတ်ခြည်း အရည်ပျော်ကျသွားလေ၏။ သူ့ကိုယ်ပတ်လည်တွင် ကာရံထားသော သူတော်စင်ချီ အကာအကွယ်ပင်လျှင် ဘာဆိုဘာမှ မတတ်နိုင်လိုက်ပေ။
ထိုအခါမှပဲ သူနာကျင်နေသည်ကို ခံစားမိလိုက်သည့် အလား တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်ကျင့်ကြံသူသည် သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက်လေသည်။
သို့သော်လည်း မြင်လိုက်ရသည့် အရာကြောင့် ကြောက်လန့်တကြားထအော်လေ၏။ ထို့နောက်တွင် တစ်ခါတည်း တန်းအသက်ပျောက်သွားပြီး အသက် မဲ့နေသည့် သူ့ခန္ဓာကိုယ်ကြီးသည် ဥက္ကာခဲတစ်စင်းနှယ် မြေပြင်ပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ပြုတ်ကျလာလေ၏။
ထိုမြင်ကွင်းကိုကြည့်ရင်း အကုန်လုံး သက်ပြင်းရှိုက်မိ သွားပြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားကုန်ကြလေသည်။
"မင်း….ဟူး.."လျိုရီကျိမှာတော့ သက်ပြင်းအမောကြီးသာ ချလိုက်သည်။ သူ့စိတ်ထဲ နင်ယွမ်ချန်းအား ကျိန်ဆဲနေမိသော်ငြား အပြင်တော့ထုတ်မပြောခဲ့ပေ။
ထိုအစား စိတ်အခြေအနေကို ထိန်းကာ အားလုံးဘက်သို့သာ လှည့်၍ အော်ပြောလိုက်သည်။ "ထွက်လာပြီးပြီဆိုမှတော့ ငါ့ကိုကူပြီး ဒီအစီအရင်ကို ချိုးဖျက်ပေးပေတော့။ ဒီသံသရာလစက်ကွင်း အစီအရင်က တကယ်ကိုအားကောင်းတာ မှန်ပေမယ့် အစီအရင်ကို ခင်းကျင်းထားတဲ့သူက ဒီလောက်ကျွမ်းတာ မဟုတ်ဘူး။ ငါတို့သာ အတူပူးပေါင်းမယ်ဆိုရင် ဒီအစီအရင်ကနေ ဖောက်ထွက်လို့ရတယ်"
သူ့အဖော်သေသွားသည်ကို မြင်ပြီးသည့်နောက် ထိတ်လန့်တုန်လှုပ်နေကြသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည် လျိုရီကျိ၏စကားကို ကြားပြီးနောက် အနည်းငယ် စိတ်အေးသွားခဲ့လေသည်။
ဟန်းလန်၏ လှောင်ပြောင်ရယ်မောသံများမှာတော့ အဘက်ဘက်မှ ထွက်ပေါ်လာနေဆဲ။ သူ၏ ထိန်းချုပ်မှုအောက်တွင် မရေအတွက်နိုင်သော လရောင်ခြည်အလင်းတန်းများမှာ သူတော်စင်နန်းတော်မှ အဖွဲ့သားများဆီသို့ တစ်ခုပြီးတစ်ခု တိုးဝင်သွားနေကြ လေသည်။
"အဲ့ဒါတွေကိုတားကြ" လျိုရီကျိသည် သူ့လက်ထဲရှိ ဆေဘာဓားကို ကိုင်ဆွဲရင်း တိုးဝင်လာနေသည့် လရောင် အလင်းတန်းအား ပိုင်းခြားလိုက်လေသည်။
အခြားသောတပည့်များမှာလည်း တုန့်နှေးမနေရဲဘဲ သူတို့၏ မှော်ရတနာကျင့်စဉ် အသီးသီးကို ထုတ်သုံးကြ လေသည်။
သို့သော်လည်း သူတော်စင်နန်းတော်မှ အဖွဲ့များမှာ ထိုအခြေအနေကို ခေတ္တခဏလောက်သာ ထိန်းထားနိုင် ကြလေသည်။
မကြာမီ အလင်းတန်းတစ်ခုသည် ထိုလူများ၏ အကာအကွယ်ကို ဖောက်ထွက်သွားခဲ့လေသည်။ လျိုရီကျိ မျက်လုံး မှေးစင်းသွားပြီး အသံကုန်ထအော်လေသည် "လူခွဲပေတော့"
ခြေသွက်လက်သွက်လူများမှာ အချိန်မီ ရှောင်တိမ်းလိုက်နိုင်သော်ငြား နှေးနေသည့်လူများမှာတော့ ကံမကောင်းခဲ့ပေ။ ဤသို့ဖြင့် သူတော်စင်နန်းတော်မှ တပည့်များမှာ လူအုပ်ခွဲကာ ချက်ချင်းထွက်ပြေးကြရတော့ လေသည်။
သူတို့နောက်တစ်ကြိမ် လူပြန်မစုနိုင်သေးခင်မှာပင် သံသရာလစက်ကွင်းအစီအရင်မှာ ထပ်မံ အသက်ဝင်လာပြီး မရေအတွက်နိုင်သော လရောင်ခြည် အလင်းတန်းများကို ထုတ်လွှတ်ပြန်လေ၏။
ယခုတစ်ကြိမ်တွင်တော့ သူတော်စင်နန်းတော်မှ ကျင့်ကြံသူများမှာ ယခင်ကလောက် ကံမကောင်းနိုင် ကြတော့ချေ။ အတော်များများမှာ ရှောင်ပြီးရုံတင်ရှိသေး နောက်တစ်ကြိမ် ထပ်ရှောင်ရမည် ဖြစ်သည့်အတွက်ကြောင့် အချိန်မီ မရှောင်တိမ်းနိုင်တော့ဘဲ အလင်းတန်းများ၏ ထိမှန်ခြင်း ခံကုန်ကြရလေ၏။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း(၂၀၃၇)
သံသရာလစက်ကွင်းအစီအရင်မှ ပစ်လွှတ်လိုက်သည့် လရောင်အလင်းတန်းများသည် အလွန်ကိုမှ အဖျက်စွမ်းအားပြင်းသလို တိုက်စားနိုင်စွမ်းလည်း မြင့်ပေသည်။ အစောပိုင်းက ဆိုးဆိုးရွားရွား သေသွားခဲ့ရသည့် သူတော်စင်နန်းတော်မှ တပည့်ကဲ့သို့ပင် ထိုလရောင်အလင်းတန်းများ၏ ထိမှန်ခြင်းခံလိုက်ရသည့် ကျင့်ကြံသူအားလုံး သူတို့၏ခန္ဓာကိုယ်အစိတ်အပိုင်းများ တဖြည်းဖြည်း အရည်ပျော်ကြကုန်လေသည်။
သူတို့ကိုယ်ပတ်လည်တွင် ကာရံထားသော သူတော်စင်ချီ အကာအကွယ်များပင် အလုပ်မဖြစ်ခဲ့ပေ။ သူတို့ဝတ်ဆင်ထားသည့် အကာအကွယ်မှော်ရတနာ အားလုံးမှာလည်း အရည်ပျော်ကျရကုန်လေသည်။
“အကြီးအကဲလျို ကျုပ်ကိုကယ်ပါဦး။”
လူတစ်ယောက်မှာတော့ ချက်ချင်းမသေသေးခဲ့ပေ။ လရောင်အလင်းတန်း၏ ထိမှန်ခြင်းကို ခံလိုက်ရပြီးနောက်တွင် ချက်ချင်းသေဆုံးသွားခြင်းမရှိဘဲ ဝမ်းဗိုက်တွင် အပေါက်တစ်ပေါက်သာ ကျန်ရစ်ခဲ့၏။ သို့သော်လည်း အလင်းတန်း၏စွမ်းအားမှာ သူ့ခန္ဓာကိုယ်အား တဖြည်းဖြည်း တိုက်စားနေခဲ့လေသည်။
အနာပတ်လည်ရှိစွမ်းအားသည် သူ့ဝမ်းဗိုက်ပတ်လည်အား တဖြည်းဖြည်း တိုက်စားနေလေရာ မကြာမီ သူ့ကိုယ်တွင်းအင်္ဂါများနှင့် အရိုးများပင် ပေါ်လာခဲ့လေ၏။ ထိုလူသည် အကူအညီ ရလိုရငြား လျိုရီကျိဆီသို့ အားကိုးတကြီး ပျံသန်းသွားလေသည်။ သို့သော် ထိုသို့ ပျံသန်းသွားနေရင်း စွမ်းအားတစ်ရပ်သည် သူ့ခေါင်းကို လာရောက်ထိမှန်ရာ သူ့ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့လေသည်။
အနားတွင်ရှိနေသော သူတော်စင်နန်းတော်မှ တပည့်များအားလုံး တိတ်ဆိတ်သွားကုန်ကြပြီး လျိုရီကျိအား ကြောက်လန့်တကြား လှမ်းကြည့်လိုက်လေသည်။
“သူ့ကို ကယ်လို့မရတော့ဘူး။” လျှိုရီကျိက ဒေါသတကြီး ထအော်ပြောလေ၏ “ဒီအတိုင်း ခံစားနေခိုင်းမယ့်အစား မြန်မြန်သေအောင် လုပ်ပေးလိုက်တာက သူ့အတွက်ပိုကောင်းတယ်။”
ထိုစဉ် ဟန်းလန်၏ရယ်သံသည် အဘက်ဘက်မှ ပျံ့နှံ့လာလေသည် “သူတော်စင်နန်းတော်က လူတွေက ဒီလိုပဲ ရက်စက်ကြတာလား။ မင်းတို့က ဒီဟန်းကို မျက်စိပွင့် နားပွင့်ဖြစ်သွားအောင် လုပ်ပေးလိုက်တာပဲ။”
ယခုကဲ့သို့ အလှောင်ပြောင်ခံလိုက်ရသည့်အခါ လျှိုရီကျိမှာ ရှက်ရှက်နှင့်ဒေါသထွက်လာခဲ့လေသည် “မင်း မျိုးရိုးနာမည်က ဟန်ဆိုရင် အပြင်ထွက်လာပြီး ငါနဲ့သတ္တိရှိရှိ လာတိုက်လိုက်။ အစီအရင်နောက်မှာပဲ ခွေးတစ်ကောင်လို ပုန်းမနေနဲ့။”
“ရယ်စရာပဲ။ ဒီအစီအရင်က ကျုပ်ကိုယ်တိုင် ခင်းကျင်းထားတာလေ။ အဲ့တော့ ကျုပ်စွမ်းအား တစ်မျိုးပဲပေါ့။ ခင်ဗျားသာ အုပ်စုလိုက်ဖွဲ့ပြီး ကျုပ်ကို အနိုင်ကျင့်နေတာ မဟုတ်ဘူးလား။ ရှက်တတ်စမ်းပါ” ဟန်းလန်က အထင်မြင်တသေးဖြင့် ပြန်၍ လှောင်ပြောင်လိုက်သည်။
ဤလှည့်ကွက်သည် ဟန်းလန်အပေါ် အလုပ်မဖြစ်သဖြင့် လျိုရီကျိသည် အသက်ရှင်ကျန်နေသည့် သူတော်စင်နန်းတော်မှ တပည့်များဘက်သို့ လှည့်၍သာ လှမ်းအော်ပြောရတော့လေ၏ “မင်းတို့တွေ ဘာရပ်လုပ်နေကြတာလဲ။ အသက်ရှင်ချင်တယ်ဆိုရင် ဒီအစီအရင်ကို အားကုန်သုံးပြီးတော့ တိုက်ကြ။”
ထိုစကားကိုကြားသည့်အခါ မည်သူမျှ အချောင်ခိုမနေရဲဘဲ သူတို့၏အားအကောင်းဆုံးသော တိုက်ပွဲအသီးသီးကို အသုံးပြု၍ အစီအရင်အား စတင်တိုက်ခိုက်ကြတော့လေသည်။
လျိုရီကျိက ရက်စက်ပုံကိုမြင်ပြီးနောက် အကုန်လုံး ကြောက်လန့်သွားခဲ့ကြသော်ငြား လျိုရီကျိပြောသည်မှာ အမှန်မှန်း သူတို့သိနေကြသည်။ ဒီအစီအရင်ထဲမှ လွတ်မြောက်လိုလျှင် အစီအရင်ကို ဖျက်စီးပစ်ရုံသာ ရှိတော့သည်။
“သောက်ရူးလေးတွေ” ဤကဲ့သို့ လှောင်ပြောင်ပြီးနောက်တွင် ဟန်းလန်သည် လေထဲရှိတစ်နေရာတွင် ရုတ်တရက်ပေါ်လာခဲ့လေသည်။
ထို့နောက် လက်ကွက်များကို ဖန်တီး၍ ငွေလမင်းများဆီမှ လရောင်အလင်းတန်းများကို တစ်နေရာဆီသို့ ဦးတည် ပစ်လွှတ်စေလိုက်လေသည်။ ထိုအလင်းတန်းများသည် ထိုနေရာတွင် စုစည်းသွားကြပြီး ပိုမိုအားကောင်းသည့် လရောင်အလင်းတန်းတစ်ခုအဖြစ်သို့ သိပ်သည်းသွားလေသည်။
“သွားတော့။” ဟန်းလန်မှ လက်ဝှေ့ယမ်းလိုက်သည်နှင့် တပြိုင်နက် ထိုလရောင်အလင်းတန်းသည် တစ်ယောက်သော သူတော်စင်နန်းတော်မှ တပည့်တစ်ဦးဆီသို့ တိုးဝင်သွားလေသည်။ ဤအလင်းတန်းမှာ အစောပိုင်းက လရောင်အလင်းတန်းများထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်သလို ပို၍လည်း အားကောင်းပေသည်။
အချိန်ခံလိုက်ရသည့်တပည့်မှာ ရှောင်ချိန်မရလိုက်ဘဲ ထိုအလင်းတန်း၏ ထိမှန်ခြင်း ခံလိုက်ရပြီး ဤလောကကြီးမှ အစအနမကျန် ပျောက်ကွယ်သွားခဲ့ရလေသည်။
လျိုရီကျိသည် ထိုအခိုက်အတန့်ကို စောင့်နေသည့်အလား ဟန်းလန်ပေါ်လာသည်နှင့် တပြိုင်နက် သူ့ဆေဘာဓားပေါ်သို့ သွေးအဆီအနှစ်တစ်စက်ကို ထွေးထုတ်လိုက်လေသည်။ ဆေဘာဓား စတင်တုန်ခါလာသည့်နောက်တွင် လျိုရီသည် မူလနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး ဟန်းလန်ရှေ့တွင် ပြန်ပေါ်လာလေသည်။
ထို့နောက် သူ့ဆေဘာဓားဖြင့် ဟန်းလန်အား ခုတ်ပိုင်းချလိုက်လေသည်။ လျိုရီကျိ၏ မျှော်လင့်စောင့်စားနေသည့် အကြည့်အောက်၌ ဟန်းလန်၏ပုံရိပ် နှစ်ပိုင်းကွဲထွက်သွားခဲ့လေ၏။
ထိုအချင်းအရာကိုမြင်သည့်အခါ လျိုရီကျိ ဝမ်းသာအားရဖြစ်သွားခဲ့လေသည်။ သို့သော်လည်း မကြာမီ တစ်ခုခုမှားယွင်းနေမှန်း သတိပြုမိလိုက်၏။ ဟန်းလန်၏ပုံရိပ်မှာ နှစ်ပိုင်းကွဲထွက်သွားခဲ့သော်ငြား မည်သည့်သွေးမှ ထွက်မလာခဲ့ပေ။ မကြာမီတွင် နှစ်ပိုင်းပြတ်ထွက်သွားသော ဟန်းလန်၏ပုံရိပ်သည် အစအနမကျန် လေထဲ ပျောက်ကွယ်သွားခဲ့လေသည်။
လျိုရီကျိ ခုတ်ချလိုက်သည်မှာ ဟန်းလန် မဟုတ်ဘဲ ဟန်းလန်၏ပုံရိပ် ဖြစ်နေခဲ့သည်။
လက်ရှိ အခြေအနေသည် သူထင်ထားသည်ထက် ပို၍ကိုင်တွယ်ရခက်မှန်း သိလိုက်သည့်နောက်တွင် လျိုရီကျိ မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သူတို့နှစ်ဦးလုံး၏ ကျင့်ကြံခြင်းအဆင့်မှာ အတူတူလောက်သာရှိသဖြင့် တိုက်ပွဲစွမ်းရည်မှာလည်း သူမသာ ကိုယ်မသာလောက်သာ ရှိပေသည်။ ထို့ကြောင့် ဟန်းလန်အနေဖြင့် အရမ်းကြီး အသာစီး ရမနေသင့်ပေ။ သို့သော်ငြား သံသရာလစက်ကွင်းအစီအရင်၏ အကူအညီကို ရပြီးသည့်နောက်တွင် လျိုရီကျိသည် ဟန်းလန်၏ တည်နေရာကို လုံးဝ အာရုံမခံနိုင်တော့ချေ။
ဟန်းလန်မှ တိုက်ခိုက်နေသည်ကို ခုခံနေရုံသာ တတ်နိုင်တော့လေ၏။ လရောင်အလင်းတန်းများမှာ လုံးဝပျောက်ကွယ်သွားခြင်းမရှိဘဲ အဆက်မပြတ်ကို ထွက်ပေါ်လာနေကာ သူတော်စင်နန်းတော်မှ တပည့်များ၏ အသက်များကို အဆက်မပြတ် ချွေယူနေခဲ့လေသည်။
အသက်(၁၀)ရှိုက်၊ အရှိုက်(၂၀)စာ ကြာပြီးသည့်နောက်တွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ (၂)ဦးသာ ကျန်ရစ်တော့ပေသည်။ ထိုတန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်၍ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
နှစ်ယောက်စလုံး၏စိတ်ထဲ ထွက်ပြေးချင်စိတ်တို့ ဖြစ်ပေါ်လာနေပေပြီ။ သူတို့မထွက်ပြေးလျှင် အခြားသူများကဲ့သို့ ကျိန်းသေ သေရလိမ့်မည်မှန်း သိနေကြသည်။
ဤသို့ဖြင့် နှစ်ဦးစလုံး ပျံသန်းရေးမှော်ရတနာဆီသို့ ပြန်လှည့်ပြေးကြလေသည်။ လရောင်တစ်ချက် ထွက်ပေါ်လာပြီး ထွက်ပြေးရန် ကြိုးစားနေသော ကျင့်ကြံသူတစ်ဦးအား ထိမှန်သွားလေ၏။ ထိုသူတော်စင်နန်းတော်၏ တပည့်မှာ အော်ပင်မအော်လိုက်နိုင်ဘဲ အစအနမကျန် ပျောက်ကွယ်သွားခဲ့ရလေသည်။ ကျန်တစ်ယောက်မှာတော့ သင်္ဘောဆီသို့ အောင်မြင်စွာ ရောက်လာနိုင်လိုက်လေ၏။
ထို့နောက် လှမ်းအော်ပြောတော့လေသည်။ “သခင်လေး၊ ကျေးဇူးပြုပြီး ဒီလက်အောက်ငယ်သားကို ဝင်ခွင့်ပေးပါ။”
သင်္ဘောကုန်းပတ်ပေါ်တွင်ရှိနေသော နင်ယွမ်ချန်းမှာတော့ လုံးဝကို ထိတ်လန့်ကြောက်ရွံ့နေခဲ့လေသည်။ သူတော်စင်နန်းတော်တပည့် အော်ဟစ် အကူအညီတောင်းနေသည်ကို မကြားချင်ယောင်ဆောင်၍ ဒေါသတကြီးသာ ပြန်အော်ပြောလေ၏။ “ထွက်သွားစမ်းကွာ၊ အဲ့ဒီအလင်းတန်းတွေကို ဒီကိုခေါ်မလာစမ်းနဲ့။”
“သခင်လေး မင်း…” ထိုတပည့်မှာ နင်ယွမ်ချန်းအား စူးရဲစွာစိုက်ကြည့်ရင်း တစ်ခုခုပြောရန် ကြိုးစားလိုက်လေသည်။
သို့သော်ငြား သူ့စကားမဆုံးသေးခင်မှာပင် လရောင်အလင်းတန်းသည် သူ့အား လာရောက် ထိမှန်လေ၏။
ဘုန်း
လရောင်အလင်းတန်း၏ လက်ကျန်စွမ်းအားသည် သင်္ဘော၏ အကာအကွယ်ကို ဆက်လက်ထိမှန်သွား၏။ တစ်ခုခု အရည်ပျော်နေသည့်အလား တရှဲရှဲမြည်သံတို့ ထွက်ပေါ်လာပြီး သင်္ဘောပတ်လည်တွင် ကာရံထားသော အကာအရံမှာလည်း မှိတ်တုတ်မှိတ်တုတ် ဖြစ်လာခဲ့လေသည်။
ထိုအချင်းအရာကို မြင်သည့်အခါ နင်ယွမ်ချန်း ထိတ်လန့်တုန်လှုပ်သွားပြီး သင်္ဘောကုန်းပတ်ပေါ်သို့ ဖင်ထိုင်ရက် လဲကျလေ၏။ ကံကောင်းစွာဖြင့် ဤသင်္ဘော၏ အဆင့်မှာ နိမ့်မနေခဲ့။ အနည်းဆုံး တာအိုအဆင့်ခန့် ရှိသည့်အတွက်ကြောင့် သင်္ဘော၏အကာအကွယ်မှာ အတော်လေး အားကောင်းပေသည်။
“အဲ့လိုကိုး၊ မင်းသေဖို့သာ ပြင်ပေတော့”
လရောင်အလင်းတန်း ပျောက်ကွယ်သွားသည်နှင့် လျိုရီကျိသည် သင်္ဘောရှေ့တွင် ပေါ်လာပြီး ဆေဘာဓားဖြင့် ပိုင်းချလိုက်လေသည်။ ရုတ်တရက် ပုံရိပ်တစ်ခု သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ ထိုလူမှာ ဟန်းလန်မှလွဲ၍ အခြားမဟုတ်ပေ။ သူ့မျက်နှာမှာ ဖြူဖက်ဖြူလျော်ဖြစ်နေပြီး သူ့အဝတ်အစားများမှာလည်း တစ်ခုခု၏ ပိုင်းဖြတ်ခြင်း ခံထားရသည့်အလား စုတ်ပြဲနေခဲ့သည်။ အစောပိုင်းက လျိုရီကျိ၏ဓားချက်သည် သူ့အားထိသွားသည့်ပုံပင်။
“နောက်ဆုံးတော့သိသွားပြီပေါ့။” အစီအရင်အား အချိန်အတော်ကြာအောင် ထိန်းထားရသည့် အတွက်ကြောင့်လားမသိ၊ ဟန်းလန်၏မျက်နှာမှာ အနည်းငယ် ဖြူဖတ်ဖြူလျော် ဖြစ်နေခဲ့လေသည်။
“ဒါပေါ့။” လျှိုရီကျိသည် သူ့ဆေဘာဓားကိုမြှောက်၍ “ဒီလျို သံသရာလစက်ကွင်း အစီအရင်အကြောင်း ကြားဖူးနေတာကြာပြီ။ ဒါပေမယ့် ဒီနေ့မြင်လိုက်တော့မှပဲ ဒီအစီအရင်က အကူအစီအရင် သက်သက်တစ်ခုမှန်း သိသွားတော့တယ်။ မင်းက ဒီအစီအရင်ထဲမှာ တောက်လျှောက်ပုန်းနေခဲ့တာ။ ငါအဲ့တစ်ချက်ကို လုံးဝမေ့တော့မလို့။”
ဟန်းလန်က ဝါးလုံးကွဲအော်ရယ်မော၍ “အကြီးအကဲလျှိုက တကယ်အမြင်စူးရှတာပဲ။ ဒီဟန်းက ဒီမှာပဲ တောက်လျှောက်ပုန်းနေတော့မလားလို့။ အကြီးအကဲလျှိုက ရှာတွေ့သွားမယ်လို့မထင်ထားဘူး။”
“မင်းလှည့်ကွက်ကို ငါသိသွားပြီဆိုမှတော့ ဒီနေရာကို မင်းသင်္ချိုင်းလို့သာ မှတ်ထားလိုက်ပေတော့” လျိုရီကျိသည် ဟန်းလန်အား ဆေဘာဓားဖြင့် ချိန်ရွယ်၍ အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။
သို့ရာတွင် ဟန်းလန်ကမူ ပြုံး၍သာ ပြန်ပြောလိုက်၏။ “အဲ့ဒါတော့ အကြီးအကဲလျိုရဲ့ အရည်အချင်းပေါ် မူတည်မှာပေါ့။” ပြောပြီးသည့်နောက် လက်ကွက်အချို့ ဖန်တီးလိုက်ရာ မရေမတွက်နိုင်သော ငွေရောင်လများ စတင်တုန်ခါလာခဲ့လေသည်။
“အရင်လှည့်ကွက်ပဲ ထပ်သုံးချင်နေသေးတာလား။” ပြောပြီးသည့်နောက်တွင် လျှိုရီကျိသည် သူ့ဆေဘာဓားအား ပတ်ပတ်လည်သို့ ဝှေ့ယမ်းချလိုက်လေသည်။ မရေမတွက်နိုင်သော ဆေဘာဓားချီများ ထွက်ပေါ်လာပြီး နိယာမစွမ်းအားသည် ပတ်ပတ်လည် ဟင်းလင်းပြင်အား စတင်တုန်ခါလာစေခဲ့လေသည်။
ကောင်းကင်ထက်တွင် ဝဲနေသော ငွေလများသည် ထိုနိယာမစွမ်းအားအောက်၌ စတင်တွန်လိမ်ကာ တစ်စစီ ပျက်စီးကုန်ကြလေ၏။
“သံသရာလစက်ကွင်း အစီအရင်ကလည်း ဘာမှလည်း မဟုတ်ပါလား။”
“အဲ့လိုလား။” ဟန်းလန်သည် ထူးထူးဆန်းဆန်း ပြုံးလိုက်လေသည်။ ထို့နောက်တွင် သူ့တစ်ကိုယ်လုံးသည် လမင်းတစ်စင်းနှယ် ပြောင်းလဲသွားသည့်အလား အရောင် တလက်လက် တောက်ပလာခဲ့လေသည်။
“ဘာကြီးလဲ။” သေခြင်းတရား အငွေ့အသက်ကို ခံစားလိုက်ရသည့်နောက် လျိုရီကျိ၏မျက်နှာ ကြောက်ရွံ့မှုကြောင့် သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။ တစ်ချက်ကလေးပင် တုံ့ဆိုင်းမနေဘဲ ဒိုင်းကဲ့သို့သော မှော်ရတနာတစ်ခုကို အလျင်အမြန် ထုတ်ယူလိုက်လေသည်။ ထိုဒိုင်းသည် အရွယ်အစား တဖြည်းဖြည်း ကြီးမားလာပြီး မကြာမီ လျိုရီကျိ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။ ထိုအခါမှပဲ ဟန်းလန်သည်လည်း ပြင်ဆင်လို့ပြီးသွားသည့်အလား စူးရှသည့် လရောင်အလင်းတန်းတစ်ခုသည် လေးကိုင်းမှ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းနှယ် လျိုရီကျိဆီသို့ အရှိန်အဟုန်ပြင်းစွာ တိုးဝင်သွားခဲ့လေသည်။
ထိုမျှသာပင် မဟုတ်သေးဘဲ အနားပတ်ပတ်လည်တွင် ရှိနေသော ငွေရောင်လများမှာလည်း ဟန်းလန်၏ ထိန်းချုပ်မှုအောက်တွင် လရောင်အလင်းတန်းများကို ပစ်လွှတ်လိုက်လေသည်။ ထိုအလင်းတန်းများသည် ဓားအလင်းတန်းနှင့် ပေါင်းစပ်သွားခဲ့လေရာ တခနအတွင်း ဓားအလင်းတန်း၏ အရွယ်အစားမှာ မီတာပေါင်းများစွာ ရှည်လျားလာခဲ့လေ၏။
ကြောက်မက်ဖွယ်ရာ ဖိအားတစ်ရပ်သည် ကောင်းကင်ထက်မှ သက်ဆင်းလာခဲ့လေသည်။ ထိုဖိအားအောက်တွင် ယခုလေးတင် ဖင်ထိုင်လျက် လဲကျသွားသော နင်ယွမ်ချန်းသည်သာလျှင် ဖြူဖက်ဖြူလျော် ဖြစ်သွားခြင်းမဟုတ်။ အကာအကွယ်၏ နောက်ကွယ်တွင်ရှိနေသော လျိုရီကျိ၏ ခေါင်းထဲ၌လည်း အချက်ပေး ခေါင်းဆောင်သံတို့ ဆူဝေသွားခဲ့လေသည်။
အခုမှပဲ ဟန်းလန်နှင့် သံသရာလစက်ကွင်းအစီအရင်အား လုံးဝကို အထင်သေးလိုက်မိပြီမှန်း နားလည်သွားခဲ့လေ၏။
သံသရာလစက်ကွင်းအစီအရင်သည် ကြယ်ဝိညာဉ်နန်းတော်မှ အရင်းတည်လာသည့် အစီအရင်တစ်ခုဖြစ်သည်။ တောင်ဘက်နယ်မြေ၏ အရှင်သခင်တစ်ပါးဖြစ်သော ကြယ်ဝိညာဉ်နန်းတော်မှ ထွက်ပေါ်လာသော အစီအရင်သည် မည်ကဲ့သို့များ သာမာန်အစီအရင်တစ်ခု ဖြစ်နိုင်ပါမည်နည်း။ လျိုရီကျိသည် အစီအရင်၏အပေါ်ယံကို မြင်နိုင်ခဲ့သော်ငြား အသေးစိတ်ကိုတော့ မမြင်တွေ့နိုင်ခဲ့ပေ။ အစီအရင်အား အထင်သေးမိလိုက်သည့်အတွက်ကြောင့် သူ့ပျက်ကိန်းကို သူပြန်ရှာသလို ဖြစ်သွားခဲ့ရလေသည်။
“သခင်လေး၊ မြန်မြန်ထွက်ပြေးပေတော့။” အံကြိတ်၍ အော်ပြောလိုက်ပြီးနောက်၌ လျိုရီကျိသည် လျှာကိုကိုက်၍ သွေးအဆီအနှစ်တစ်စက်ကို ထွေးထုတ်လိုက်သည်။ ရှေ့တွင်ရှိနေသော အကာအရံမှာ ရုတ်တရက် တလက်လက်တောက်ပလာလေ၏။ တချိန်တည်းတွင် သူ့လက်ထဲရှိ ဆေးဘားဓါးမှာ စတင် တုန်ခါလာပြီး လျိုရီကျိ ကိုယ်တိုင်၏ အရှိန်အဝါမှာလည်း မတည်မငြိမ် ဖြစ်လာခဲ့လေသည်။
“ကိုယ့်ကိုကိုယ် ဖောက်ခွဲဖို့ လုပ်နေတာလား။” ဟန်းလန်၏ ထိတ်လန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာခဲ့လေသည်။ သူ့အသံထဲ ကြောက်ရွံ့မှုတို့ စွက်ဖက်နေခဲ့လေသည်။
ဤလောကကြီးထဲရှိ မှော်ရတနာတိုင်းသည် ကိုယ့်ဘာသာကိုယ် ဖောက်ခွဲပစ်နိုင်သည့် မှော်ရတနာများ မဟုတ်ကြချေ။ သို့သော် ကိုယ့်ဘာသာကိုယ် ဖောက်ခွဲနိုင်သော မှော်ရတနာများဟာလည်း အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုရတနာများ ပေါက်ကွဲထွက်သွားသည့်အခါ အလွန် ပြင်းထန်သည့် အဖျက်စွမ်းအားများ ထွက်ပေါ်လာကြပေလိမ့်မည်။
ရတနာပျက်စီးသွားပြီဆိုပါက မှော်ရတနာပိုင်ရှင်သည် သူ့မှော်ရတနာကိုယ်သာ ဆုံးရှုံးလိုက်ရမည် မဟုတ်ဘဲ သူနှင့် မှော်ရတနာကြားရှိ အဆက်အသွယ်မှာလည်း ပြတ်တောက်သွားသည့် အတွက်ကြောင့် ဆိုးရွားသည့် ဘေးထွက်ဆိုးကျိုးကိုပါ ခံစားရပေလိမ့်မည်။
လျိုရီကျိ ကိုင်ဆွဲထားသည့် ဆေဘာဓားမှာ တာအိုအဆင့်နိမ့် မှော်ရတနာတစ်ခု ဖြစ်သည့်အတွက် ထိုမှော်ရတနာ ပျက်စီးရာမှ ထွက်ပေါ်လာသော စွမ်းအားသည် လုံးဝကို ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။ ထိုစွမ်းအားသည် ဟန်းလန်ကဲ့သို့ လူမျိုး ထိပ်တိုက်ရင်ဆိုင်နိုင်သည့် စွမ်းအားမျိုး မဟုတ်ပေ။
“စဉ်းတောင် မစဉ်းစားနဲ့။” ဟန်းလန်သည် မျက်နှာကြီး မည်း၍ လရောင်ဓားသွားအား ဖိချလိုက်လေသသည်။ လျိုရီကျိ သူ့မှော်ရတနာကို မဖောက်ခွဲပစ်နိုင်ခင် လျိုရီကျိအသက်ကိုယူရန် ကြိုးစားနေသည့်ပုံပင်။
ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးအား တုန်ခါသွားမတတ် ပြင်းထန်စေလောက်သော ပေါက်ကွဲသံကျယ်ကြီးနှင့်အတူ တိုက်ပွဲဖြစ်ပွားရာ နေရာတစ်ခုလုံး မျက်စိကျိန်းမတတ် တောက်ပလာခဲ့သည်။ မိုးမြေစွမ်းအင်များ ကသောင်းကနင်း ဖြစ်လာကာ လောကနိယာမများပင်လျှင် မတည်မငြိမ် ဖြစ်လာခဲ့၏။
လျိုရီကျိ ရပ်နေသည့်နေရာတွင် တွင်းနက်ကြီးတစ်ခု ရုတ်တရက် ပေါ်လာခဲ့လေသည်။ မှော်ရတနာပေါက်ကွဲရာမှ ထွက်ပေါ်လာသော အဖျက်စွမ်းအားသည် ဟင်းလင်းပြင်ကိုပင် တစ်စစီ ပျက်စီးသွားစေသည်ကို ကြည့်လျှင် အဖျက်စွမ်းအား မည်မျှ ပြင်းထန်ကြောင်း စဉ်းစားကြည်နိ့ုင်ပေသည်။
ထိုဟင်းလင်းပြင် ပျက်စီးသွားသည့်နေရာမှ အဆုံးမဲ့ဝါးမြိုစွမ်းအားတို့ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း လောကနိယာမများ၏ ပြန်လည်ကုစားမှုအောက်တွင် ပျက်စီးသွားသော ဟင်းလင်းပြင်မှာ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့လေသည်။
ဟန်းလန်၏ နောက်ဆုံးတိုက်ကွက်သည် သံသရာလစက်ကွင်းအစီအရင် လက်ကျန်စွမ်းအား အားလုံးနီးပါးကို စုပ်ယူပစ်လိုက်သည့်အလား ကောင်းကင်ထက်တွင် ဝဲနေသော ငွေရောင်လများမှာလည်း သိသိသာသာကို မှိန်ကျသွားကုန်လေ၏။ အခုမှပဲ ဟန်းလန်၏ပုံရိပ် ပေါ်လာတော့လေသည်။
လက်ရှိဟန်းလန်၏မျက်နှာမှာ အတော်လေးကို ခြောက်ခြားစရာ ကောင်းနေခဲ့သည်။ သူ့တစ်ကိုယ်လုံး သွေးချင်းနီနေပြီး ဘယ်ဘက်လက်မောင်းမှာလည်း လိမ်ချိုးထားခံရသလို တွန့်လိမ်နေ၏။ တကယ်ကို ခြောက်ခြားစရာ မြင်ကွင်းပင်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း(၂၀၃၈)
လျိုရီကျိနှင့် သူ့ကြား နောက်ဆုံးတိုက်ပွဲသည် ဟန်းလန်အား ဆိုးဆိုးရွားရွား ဒဏ်ရာရသွားစေခဲ့လေသည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ပြီးပြီးချင်းမှာပင် ဟန်းလန်သည် ခရမ်းရောင်သမ်းနေသော သွေးနက်တစ်ပွက်ကို ထိုးအန်ချလေ၏။ ထိုသို့သွေးတစ်ပွက် ထိုးအန်ပြီးသည့်နောက်တွင် သူ့အရှိန်အဝါမှာ သိသိသာသာကို ထိုးကျသွားခဲ့လေသည်။
လျိုရီကျိကိုတော့ မည်သည့်နေရာတွင်မှ မတွေ့ရတော့ချေ။ မိုင်တစ်ထောင်ပတ်လည်တွင် သူ့အရှိန်အဝါ တစ်စွန်းတစ်စကိုပင်မှ အာရုံခံမရတော့။ သူထုတ်သုံးသွားခဲ့သည့် ဒိုင်းမှော်ရတနာသည်သာ တစ်စစီအက်ကွဲ၍ ကျန်ရစ်ခဲ့လေသည်။
ဟန်းလန်၏ နောက်ဆုံးတိုက်ကွက်အောက်တွင် ထိုဒိုင်းမှော်ရတနာမှာ လုံးဝကို ပျက်စီးသွားခဲ့လေသည်။ ဒိုင်းမှော်ရတနာပင်လျှင် ဤကဲ့သို့ ပျက်စီးသွားသည်ကို ကြည့်လျှင် လျိုရီကျိ၏ အဆုံးသတ်ကိုတော့ စဉ်းစားနေစရာပင် မလိုတော့။
“ငါလခွမ်းပဲ။” ဟန်းလန်မျက်နှာ သွေးဆုတ်ဖြူလျော်သွားပြီး အံကြိတ်ကာ ထကျိန်ဆဲလိုက်လေသည်။ ထိုသို့ကျိန်ဆဲရင်းမှ နောက်ထပ်သွေးတစ်ပွက် ထပ်ထိုးအန်လေ၏။
ယခုမှပဲ သင်္ဘောထဲတွင် ပုန်းနေသော နင်ယွမ်ချန်း အသိပြန်ဝင်လာတော့သည်။ ဖင်ထိုင်လျက် လဲကျနေရာမှ အလူးအလဲကုန်းထ၍ လက်ကွက်များကို ဖန်တီးကာ ကြောက်လန့်တကြားနှင့် သင်္ဘောအား အခြားတစ်ဖက်သို့ ဦးတည်စေလိုက်လေသည်။
လျိုရီကျိ သေသွားပြီးနောက်တွင် နင်ယွမ်ချန်းအနေဖြင့် ဤနေရာတွင် မည်ကဲ့သို့များ ဆက်နေရဲဦးမည်နည်း။ လက်ရှိအချိန်၌ သူ့ခေါင်းထဲပေါ်လာသည့်အတွေးမှာ ဤနေရာမှ ဝေးနိုင်သမျှဝေးရာသို့ မြန်မြန်ထွက်ပြေးဖို့သာ ဖြစ်လေသည်။
သို့သော်လည်း ဟန်းလန်က သူ့အား အလွတ်ခံမည်လား။
သင်္ဘောစတင် လှုပ်ရှားရုံတင်ရှိသေး ဟန်းလန်သည် အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လျက် သူ့ခန္ဓာကိုယ်သည် ရုတ်တရက် တွန့်လိမ်လာကာ ထပ်မံပျောက်ကွယ်သွားခဲ့လေသည်။ ချက်ချင်းဆိုသလို အချိန်မရွေးပျက်စီးတော့မည့်နှယ်ဖြစ်နေသော မှိန်ဖျဖျ ငွေရောင်လမင်းများသည် ရုတ်တရက် စူးရှစွာ တောက်ပလာပြီး လရောင်အလင်းတန်းများကို နောက်ဆုံးအကြိမ်အဖြစ် ပစ်လွှတ်လိုက်လေသည်။ ထိုအလင်းတန်းများသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပေါင်းစည်းသွားခဲ့ပြီး သင်္ဘောဆီသို့ ဦးတည် တိုးဝင်သွားလေ၏။
ဟန်းလန်သည် နင်ယွမ်ချန်းကိုပါ တခါတည်း သတ်ပစ်ရန် ကြံစည်နေခြင်းဖြစ်သည်။ ထိုသို့သာမဟုတ်ဘဲ နင်ယွမ်ချန်းသာ လွတ်သွားခဲ့လျှင် သူသည် သူတော်စင်နန်းတော်၏ ပစ်မှတ် ဖြစ်လာပေလိမ့်မည်။ လရောင်အလင်းတန်းမှာ အလွန်ကိုမှ လျင်မြန်ပေသည်။ မျက်တောင်တစ်ခတ်အတွင်း သင်္ဘော၏ အကာအကွယ် အရံအတားကို သွားရောက်ထိမှန်လေ၏။
အလင်းတန်း၏စွမ်းအားမှာ အတော်လေးကိုမှ ပြင်းထန်လွန်းလှသည့်အတွက် သင်္ဘောပေါ်တွင် ရှိနေသော နင်ယွမ်ချန်း ကုန်းပတ်ပေါ် လဲကျသွားပြန်လေသည်။ ရုတ်တရက် တရှဲရှဲမြည်သံနှင့်အတူ လရောင်အလင်းတန်း၏ တိုက်စားစွမ်းအားသည် သင်္ဘောအကာအရံကို စတင်ဖျက်ဆီးပစ်တော့လေ၏။
ထိုစဉ် ဟန်းလန် ရုတ်တရက် ပြန်ပေါ်လာခဲ့သည်။ လက်ရှိတွင် သူ့လက်ထဲရှိဓားမှာ ငွေရောင်တလက်လက် တောက်ပနေခဲ့လေသည်။ အစီအရင်စွမ်းအား၏ အကူအညီဖြင့် ဟန်းလန်သည် သင်္ဘောအကာအရံကို တစ်ချက်တည်း ဖျက်ဆီးပစ်ရန် ကြိုးစားတော့လေသည်။
“ဟမ့်၊ စီနီယာဟန်း၊ ခင်ဗျား ကျုပ်ကို တကယ်ကြီးသတ်မလို့လား။ လွှတ်ပေးလိုက်လို့မရဘူးလား။ ခင်ဗျားသာ ကျုပ်ကို လွှတ်ပေးမယ်ဆိုရင် ကျုပ် ဒီနေ့ ဖြစ်ပျက်သွားတဲ့ကိစ္စကို ဘယ်သူ့ကိုမှ ပြန်မပြောဘူးလို့ အာမခံပါတယ်။”
နင်ယွမ်ချန်းမှာ တန်ခိုးရှင်တတိယအဆင့် ဖြစ်သော်ငြား ဟန်းလန်ရှေ့တွင်တော့ သူသည် ကျားရှေ့ မှောက်လျက်လဲသည့် ယုန်သူငယ်နှယ်ဖြစ်နေခဲ့သည်။ နည်းနည်းလေးမှပင် ပြန်တိုက်ရန် မကြိုးစားဘဲ အသက်ချမ်းသာပေးရန်သာ တောင်းဆိုနေတော့လေသည်။
ဟန်းလန်ကမူ ဘာမှပြန်မပြောခဲ့။ တဖြည်းဖြည်း အေးစက်သည်ထက် အေးစက်လာနေသော သူ့မျက်လုံးများကိုကြည့်ရင်း နင်ယွမ်ချန်းမှာ အလွန်ကိုမှ ထိတ်လန့်ကြောက်ရွံ့လာခဲ့လေသည်။
ခရက်..
ရုတ်တရက် ထွက်ပေါ်လာသော အက်ကွဲသံသည် သေမင်းခေါ်သံအလား နင်ယွမ်ချန်း နားထဲသို့ ရောက်ရှိလာခဲ့လေသည်။ သူ့မျက်နှာတစ်ပြင်လုံး သွေးစုတ်ဖြူလျော်သွားပြီး မျက်လုံးများမှာလည်း သူ့ရှေ့ရှိ မြင်ကွင်းကိုကြည့်ရင်း ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်လာခဲ့သည်။ လက်ရှိအချိန်၌ သင်္ဘောအကာအရံပေါ်တွင် အက်ရာတစ်ခုရှိနေခဲ့လေပြီ။
ခရက်…
ခရက်…
ထိုအက်ရာမှာ လျင်မြန်စွာ ပျံ့နှံ့လာလေခဲ့ရာ မကြာမီ သင်္ဘောအကာအရံတစ်ခုလုံး ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားခဲ့သည်။
နောက်ဆုံးတွင် ဟန်းလန်မှ မာန်သွင်းအော်ဟစ်လိုက်သည့်နောက် သင်္ဘောအကာအရံတစ်ခုလုံး တစ်စီ ပျက်စီးသွားခဲ့သည်။ တစ်ချိန်တည်းတွင် ပတ်ဝန်းကျင်လောကကြီးတစ်ခုလုံးအား လွှမ်းခြုံထားသော ငွေရောင်လကမ္ဘာမှာလည်း လုံးဝကို ပျောက်ကွယ်သွားခဲ့လေသည်။ ဆက်လက်ထောက်ပံ့ပေးမည့် စွမ်းအားမရှိတော့သည့်အတွက်ကြောင့် သံသရာလစက်ကွင်းအစီအရင်မှာ သူ့ဘာသာ ရပ်တန့်သွားတော့၏။ ထို့နောက်တွင် ဟန်းလန်သည် သူ့ဓားကို ကိုင်ဆွဲ၍ ထိတ်လန့်ကြောက်ရွံ့နေသော နင်ယွမ်ချန်းဆီသို့ ပြေးဝင်သွားလေ၏။
သူ့ဓားကို ပြန်ဆွဲထုတ်လိုက်သည့်အချိန် ဟန်းလန်သည် နင်ယွမ်ချန်း၏အနောက်ဘက် မလှမ်းမကမ်းနေရာသို့ ရောက်ရှိနေခဲ့လေပြီ။ နင်ယွမ်ချန်းမှာတော့ အန္တရာယ်ကို ခံစားလိုက်မိသည့်အလား ခုခံမည့်ပုံစံ ပြင်ထားခဲ့သည်။ သို့သော်လည်း ထိုမျှလောက်သာ လုပ်နိုင်ပေသည်။ ခနအကြာတွင် နင်ယွမ်ချန်း၏နဖူးထက် အနီရောင်အစက်တစ်စက် ထွက်ပေါ်လာလေ၏။ ထို့နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး သင်္ဘောကုန်းပတ်ပေါ်သို့ ဘုန်းခနဲ လဲကျသွားလေတော့သည်။
သင်္ဘောအား ထိန်းချုပ်မည့်လူ တစ်ဦးမှ ရှိမနေတော့သည့်အတွက် သင်္ဘောသည်လည်း မြေပြင်ပေါ်သို့ ထိုးကျသွားခဲ့ရလေသည်။ မလှမ်းမကမ်းနေရာမှ တိုက်ပွဲအား အစအဆုံးစောင့်ကြည့်နေခဲ့သော ရန်ကိုင်သည် ဟန်းလန်ကို ကြည့်ရင်း မျက်လုံးမှေးစင်းသွားခဲ့သည်။
‘ဒီကောင်က သူတော်စင်နန်းတော်က လူတွေ အကုန်လုံးကို တစ်ယောက်တည်း သတ်သွားခဲ့တာပဲ။ အစီအရင်စွမ်းအားကို သုံးသွားပေမယ့် သူ့ကိုယ်ပိုင်စွမ်းအားကလည်း တော်တော်လေး ကြောက်ဖို့ကောင်းတယ်။ ဒါပေမယ့် ဒီလောက် တိုက်ခိုက်ပြီးမှတော့ သူ့စွမ်းအား တော်တော် ကုန်နေလောက်ပြီ။ အခုချိန်လောက်ဆို သူ့ခွန်အား တစ်ဝက်လောက်ကိုတောင် ထုတ်သုံးနိုင်တော့မှာ မဟုတ်ဘူး။’
ယခုချိန်သည် လှုပ်ရှားရန် အကောင်းဆုံး ဖြစ်သည်ဟု ရန်ကိုင်ခံစားနေရသည်။
ယခုနေသာ လှုပ်ရှားလိုက်လျှင် သူ့၌ အောင်မြင်နိုင်ချေ ၅၀ရာခိုင်နှုန်းခန့် ရှိပေသည်။ သို့သော်လည်း ဟန်းလန်၏ လက်ထဲတွင် မသုံးရသေးသည့် ဝှက်ဖဲတစ်ခုခုရှိနေမည်ကို ရန်ကိုင် စိုးရိမ်နေသေးသည်။ လျိုရီကျိ သူ့မှော်ရတနာအား ဖောက်ခွဲပစ်လိုက်သည့် ဝှက်ဖဲမျိုး ဝှက်ဖဲတစ်ခုခုသာ ဟန်းလန်တွင် ရှိနေဦးမည်ဆိုပါက ရန်ကိုင် ကောင်းကောင်း ဒုက္ခရောက်ရပေလိမ့်မည်။
ရန်ကိုင်သည် သူ့အတွေးထဲ နစ်မြောနေစဉ် ဟန်းလန်သည် သင်္ဘောပေါ်မှ ဆင်းလာပြီး နင်ယွမ်ချန်း၏အလောင်းအား စတင်ရှာဖွေတော့သည် မကြာမီ သိုလှောင်လက်စွပ်တစ်ကွင်းကို ရှာတွေ့သွားပြီး ထိုသိုလှောင်လက်စွပ်ထဲမှ ပန်းကန်လုံးတစ်ခုကို ထုတ်ယူလိုက်လေသည်။ ပန်းကန်လုံးအား စစ်ဆေးကြည့်လိုက်ပြီးနောက်တွင် ကျေနပ်စွာ ပြုံး၍ ထိုပန်းကန်လုံးကို သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်လိုက်သည်။
ထိုအချင်းအရာကိုမြင်သည့်နောက် ဟန်းလန်မှ သူတော်စင်နန်းတော်မှ လူများအား တိုက်ခိုက်ရခြင်းမှာ မှော်ရတနာစိတ်ဝိညာဉ်ကြောင့်သာမှန်း ရန်ကိုင် နားလည်သွားခဲ့ပေသည်။ ဟန်းလန်၏ရည်ရွယ်ချက်မှာ သူနှင့် အတူတူပင်။
သို့သော်ငြား ကိစ္စအားလုံးကို ရှင်းပြီးသည့်နောက်တွင် ဟန်းလန်မှာ ချက်ချင်းထွက်မသွားသေးဘဲ ရန်ကိုင်ပုန်းနေသည့်နေရာသို့ ကြည့်၍ အေးစက်စက်လေသံဖြင့် လှမ်းအော်ပြောလိုက်လေ၏။
“ကောင်လေး၊ မင်း ဒီလောက်အထိ ကြည့်နေတာ ကြည့်လို့မဝသေးဘူးလား။”
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော် ချက်ချင်း ကိုယ်ထင်မပြသေးချေ။
ထိုအချင်းအရာကိုမြင်သည့်အခါ ဟန်းလန်က အေးစက်စက်အမူအရာဖြင့် ပြုံး၍ ဆက်ပြောလိုက်သည်။ “ဘာဖြစ်လို့လဲ။ မင်းထွက်လာဖို့ ဒီဟန်ကိုယ်တိုင် လာဖိတ်ခေါ်ပေးရဦးမှာလား။” ပြောလိုက်ပြီးသည့်နောက် သူ့လက်ထဲရှိ ဓားရှည်မှာ အရောင်တလက်လက် တောက်ပလာလေသည်။
တစ်ဖက်လူသည် သူရှိနေသည့်အကြောင်းကို မသိဘဲနှင့် သိချင်ယောင်ဆောင်နေခြင်း မဟုတ်မှန်း သိသွားသည့်နောက် ရန်ကိုင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ဆက်၍ပုန်းနေလို့လဲ အကျိုးထူးတော့မည် မဟုတ်သည့်အတွက်ကြောင့် ဗလာနတ္ထိပညာရပ်ကို ပြန်ရုတ်သိမ်း၍ ကိုယ်ထင်ပြလိုက်လေ၏။
ဟန်းလန်က မျက်လုံးမှေးကာ ချီးကျူးလိုက်လေသည်။ “ကောင်းလိုက်တဲ့ ကိုယ်ပျောက်ပညာရပ်။”
ရန်ကိုင်က နှုတ်ခမ်းကိုကွေး၍ ပြုံးကာ ပြန်ပြောလိုက်လေသည်။ “စီနီယာဟန် ကျုပ်ကို ချီးကျူးမနေပါနဲ့။ ဒီကိုယ်ပျောက်ပညာရပ် ဘယ်လောက်ပဲကောင်းကောင်း စီနီယာဟန် ကျုပ်ကို တွေ့သွားတာ မဟုတ်ဘူးလား။ ကျုပ်သိချင်နေတာ စီနီယာဟန် ကျုပ်ကို ဘယ်လိုရှာတွေ့သွားလဲ ဆိုတာပဲ။”
“ကြည့်ရတာ မင်းပညာရပ်ကို အရမ်း ယုံကြည်ချက်ရှိတယ်နဲ့တူတယ်။” ဟန်းလန်သည် ရန်ကိုင့်အား တစ်ချက်ဝေ့ကြည့်လိုက်လေသည်။
ရန်ကိုင်သည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးသာဖြစ်ကြောင်းကို တွေ့ရှိသွားပြီးသည့်နောက် စိတ်အေးသွားခဲ့ပြီး ဂရုမစိုက်သည့်အမူအရာဖြင့် ပြန်ပြောလိုက်ပေသည်။ “ရှင်းရှင်းပြောရရင် ငါ့ဘာသာငါဆို မင်းရဲ့ ကိုယ်ပျောက်စနစ်ကို ဖောက်မြင်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းက ငါ့အစီအရင်ထဲမှာ ရှိနေတာလေ။”
ထိုအခါမှပင် ရန်ကိုင် နားလည်သဘောပေါက်သွားခဲ့သည်။ “အဲ့လိုကိုး။”
ဟန်းလန်သည် ရန်ကိုင့်အား ထူးမခြားနားအမူအရာဖြင့် ကြည့်၍ မေးလိုက်သည်။ “ကောင်လေး၊ မင်းဒီမှာ ဘာလို့ လာပုန်းနေတာလဲ။ နောက်ဆုံးမှ အမြတ်ထုတ်ဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်။”
ရန်ကိုင်က ရယ်မော၍ တုံ့ဆိုင်းခြင်းမရှိ ပြန်ပြောလိုက်လေသည်။ “အဲ့လိုလုပ်ဖို့ ကြံနေတာ။ ဒါပေမယ့် စီနီယာဟန်သာ ကျုပ်ကို အဲ့ပန်းကန်လုံး ပေးမယ်ဆိုရင် ကျုပ်ချက်ချင်း ထွက်သွားပေးမယ်။”
“ဒီတော့ မင်းက ဒီမှော်ရတနာစိတ်ဝိညာဉ်ကို လိုချင်နေတာပေါ့။” ဟန်းလန် မျက်နှာပျက်သွားခဲ့လေသည်။ တစ်ခုခုကို တွေးမိသွားသည့်အလား ခေါင်းညိတ်၍ “ဒီတော့ လေလံပွဲမှာ ငါတို့နဲ့ ဈေးပြိုင်ခေါ်ခဲ့တဲ့လူက မင်းပေါ့။”
“ဒါပေါ့။ ဒါပေမယ့် ကံမကောင်းစွာနဲ့ဘဲ ကျုပ်မှာ ငွေအလုံအလောက်မရှိဘူးလေ။ ဒါကြောင့်ပဲ ဒီနည်းလမ်းကို ရွေးလိုက်ရတာ။”
“ဒီဟန်ရဲ့လက်ထဲကပစ္စည်းကို မင်းတကယ်ကြီး လုဖို့ ကြိုးစားနေတာလား။ မင်းက တကယ်ကို သေရမှာကို မကြောက်တဲ့လူပဲ။” ဟန်းလန်က အထင်မြင်တသေးဖြင့် ပြောလိုက်သည်။
“စီနီယာဟန် သေချာစဉ်းစားနော်။ ကျုပ် ဒီကိုလာရဲမှတော့ ကျုပ်ကိုယ်ကျုပ် ယုံကြည်ချက်ရှိလို့ပေါ့။ ပြီးတော့ စီနီယာဟန် အခုပဲ တိုက်ပွဲကြီးတစ်ပွဲ တိုက်ခိုက်ထားရတာ။ ဒီလိုပုံစံနဲ့ ကျုပ်ရန်သူဖြစ်ဖို့ ရွေးချယ်တာ ဉာဏ်ရှိတဲ့ဆုံးဖြတ်ချက်တော့ မဟုတ်ဘူး”
ရန်ကိုင်မှ ပမာမခန့် အမူအရာကိုကြည့်ရင်း ဟန်းလန် မျက်နှာကြီး မဲ့သွားခဲ့လေသည်။
‘တန်ခိုးရှင်ဘုရင် တတိယအဆင့်တစ်ယောက်ကများ ငါ့ရှေ့မှာလာပြီး မောက်မာနေရဲတယ်။ ဒါပေမယ့် ဒီကောင်ပြောတာလည်း ယုတ္တိတော့ရှိတယ်။ သူလာရဲမှာတော့ သူ့မှာ အားကိုးစရာ တစ်ခုခုရှိလို့ပေါ့။ အဲ့ဒါကြောင့်ပဲ ဒီကောင် ငါ့ကို မကြောက်တာ။’ ထိုသို့စဉ်းစားလိုက်သည့်နောက် ဟန်းလန် မျက်နှာပျက်သွားခဲ့လေသည်။
ယခုအချိန်တွင်တော့ နောက်ထပ် တိုက်ပွဲတစ်ပွဲအား သူထပ်ပြီး မတိုက်ခိုက်ချင်သေးချေ။ လျိုရီကျိနှင့် တိုက်ပွဲအတွင်းမှ သူရခဲ့သည့်ဒဏ်ရာများမှာ သေလောက်အောင် ပြင်းထန်ခြင်းမရှိသော်ငြား ပေါ့သေးသေး ဒဏ်ရာများလည်း ဟုတ်မနေခဲ့။ အရေးအကြီးဆုံးအချက်မှာ သူ့၌ အရင်းအမြစ်ချီ များများစားစား မရှိတော့ခြင်းပင်။
“ကောင်းတယ်၊ ကောင်းတယ်။ ဒီဟန်ရှေ့မှာ အခုလိုမျိုး လာမောက်မာပြရဲတဲ့ လူတစ်ယောက်ကို မတွေ့ရတာ တော်တော်လေးကြာသွားခဲ့ပြီ။ ကောင်လေး ငါဒီနေ့ကိစ္စကို မှတ်ထားမယ်။ မင်း ငယ်ငယ်နဲ့ မသေဖို့သာ ဆုတောင်းထား။” ဟန်းလန်သည် ရန်ကိုင့်အား ခနကြာအောင် စိုက်ကြည့်နေပြီးနောက် ရုတ်တရက် စတင် လှောင်ပြောင်ပြောဆိုတော့လေသည်။
ရန်ကိုင်က ယဲ့ယဲ့လေးသာပြုံး၍ ပြန်ပြောလိုက်၏။ “စီနီယာဟန် ထွက်ပြေးဖို့ လုပ်နေတာလား။ အဲ့ဒါက ကောင်းတဲ့အကြံ မဟုတ်ဘူးနော်။ ကျုပ်က ပြေးတဲ့နေရာမှာ တကယ်တော်တာ။ စီနီယာဟန် ကျုပ်လက်ကနေ လွတ်မှာမဟုတ်ဘူး။”
ပြောပြီးသည့်နောက်တွင် ရန်ကိုင့်၏ပုံရိပ်စီမှ လေဟာနယ်စွမ်းအားတို့ ဖြာထွက်လာပြီး လူကိုယ်တိုင်သည်လည်း ရပ်နေရာမှာ ပျောက်ကွယ်သွားခဲ့လေသည်။ ရုတ်တရက်ဆိုသလို သူ့ပုံရိပ်သည် ဟန်းလန်နှင့် မျက်နှာချင်းဆိုင် တည့်တည့်တွင် ပြန်ပေါ်လာခဲ့၏။ ဟန်းလန်ကဲ့သို့သော ဗဟုသုတကြွယ်ဝ၊ အတွေ့အကြုံကြွယ်ဝသည့် လူတစ်ဦးပင်လျှင် ထိုအချင်းအရာကို မြင်ပြီးနောက် အံ့အားသင့်သွားခဲ့လေသည်။
ထို့နောက် အလန့်တကြား ထအော်လေ၏။ ‘ဘယ်လိုပညာရပ်ကြီးလဲ။ ဒီကောင့် လှုပ်ရှားမှုပညာရပ် အမြန်နှုန်းက တကယ်ကို ငါ့ထက်သာတာပဲ။ ကြည့်ရတာ ဒီကောင် အကြောင်းမရှိ ကြွားနေတာ မဟုတ်ဘူးနဲ့တူတယ်။ ဒီကောင်သာ ဒီပညာရပ်ကိုသုံးပြီး ငါ့ကို အဆက်မပြတ် လိုက်နှောက်ယှက် တိုက်ခိုက်နေမယ်ဆိုရင် ငါဘယ်လိုမှ အားပြန်ဖြည့်လို့ရမှာ မဟုတ်တော့ဘူး’
ထိုအချင်းအရာကိုမြင်ပြီးနောက် ဟန်းလန်မျက်နှာ ဒယ်အိုးဖင်နှယ် မဲမှောင်သွားခဲ့သည်။ ရန်ကိုင်မှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း အပြုံးကြီး ပြုံးနေခဲ့သည်။
ဟန်းလန်အပေါ် ထပ်၍ ဖိအားပေးတော့မည်အပြု ရုတ်တရက် မျက်လုံးပြူးသွားပြီး ဟန်းလန်နောက်ဘက်အား မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်ရင်း အော်ပြောလိုက်လေ၏။
“ခင်ဗျား နောက်မှာ။”
ဟန်းလန်ကမူ အထင်အမြင်တသေးဖြင့်သာ အော်ပြောလိုက်လေသည်။ “မဟုတ်သုတ်ခ လှည့်ကွက်လေးတွေနဲ့ ငါ့ကို လာလှည့်စားလို့ရမယ် ထင်နေတာလား။”
ရန်ကိုင်သည် သူ့အား အာရုံပြောင်းအောင် လုပ်ပြီးနောက် အလစ်ချောင်းတိုက်ခိုက်ရန် ကြံစည်နေသည်ဟု ဟန်းလန်ထင်နေခြင်းဖြစ်သည်။ ဤလှည့်ကွက်မျိုးသည် ကလေးတစ်ဦးကိုပင် အရူးလုပ်၍ မရလေရာ တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝသော ဟန်းလန်ကဲ့သို့ ဝါရင့်တစ်ဦးအား မည်ကဲ့သို့များ လှည့်စားနိုင်ပါမည်နည်း။ သူသာ ရန်ကိုင်ပြောတာကို ယုံပြီး အနောက်သို့ လှည့်ကြည့်လိုက်မည်ဆိုပါက ရန်ကိုင်၏အလစ်ချောင်း တိုက်ခိုက်ခြင်း ခံရပေလိမ့်မည်။
သို့သော်ငြား ထိုစကားကို ပြောပြီးမှပဲ အန္တရာယ် အငွေ့အသက်ကို ဟန်းလန် ခံစားလိုက်ရလေသည်။ ရန်ကိုင်ပြောသလိုပင် သူ့နောက်ဘက်၌ တကယ်ကြီးကို ထူးဆန်းသည့် လှုပ်ရှားမှုအချို့ရှိနေခဲ့သည်။ ဟန်းလန် ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ချက်ချင်းပဲ သူတော်စင်ချီအားလုံးကို သူ့ကိုယ်သူ ကာကွယ်ရန် ထုတ်သုံးလိုက်လေသည်။ ထို့နောက် မြေပြင်ကို ကန်ကျောက်၍ ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။
သို့သော်ငြား သူနောက်ကျသွားခဲ့လေပြီ။ သူ့နောက်ဘက်မှ အလွန်ကိုမှ လျင်မြန်သည့် အစိမ်းရောင် စူးချွန်တစ်ချောင်သည် လေကိုခွင်း၍ သူ့ဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာခဲ့သည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း(၂၀၃၉)
ဟန်းလန်၏ အရင်းအမြစ်ချီ အကာအကွယ်သည် စူးချွန်အား လုံးဝကိုတားဆီးနိုင်ခြင်း မရှိခဲ့ပေ။ ဆူးချွန်သည် သူ့နဖူးအား လျင်မြန်စွာ ဖောက်ထွက်သွားခဲ့ပြီး ဟန်းလန်၏နဖူးထက် အပေါက်တစ်ပေါက် ကျန်ရစ်စေခဲ့သည်။ သို့သော်ငြား ဟန်းလန်သည် အတော်လေးကို အားကောင်းလှသည်။
ပြင်းထန်သည့်ဒဏ်ရာကို ရလိုက်သည့်တိုင် ချက်ချင်း မသေသွားသေးဘဲ သူ့အားတိုက်ခိုက်လိုက်သည့်လူကို လှည့်ကြည့်လိုက်လေသည်။
သို့သော်လည်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီး အလန့်တကြား ထအော်လေ၏။ "ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။ လုံးဝမဖြစ်နိုင်ဘူး"
သူ့အား အလစ်ချောင်းတိုက်ခိုက်ခဲ့သည့်လူမှာ လျှိုရီကျိဖြစ်သည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတိုက်ကွက်ပြီးသည့်နောက်တွင် လျှိုရီကျိမှာ အစအနမကျန် ပျောက်ကွယ်သွားခဲ့လေသည်။
ထို့ကြောင့်လျှိုရီကျိသည် သူ့အကာအကွယ်မှော်ရတနာကို ထားပစ်ခဲ့၍ တစ်နေရာရာတွင် ပုန်းအောင်းကာ သူ့အား အလစ်ချောင်း တိုက်ခိုက်ခဲ့သည်ဟု ထင်နေခြင်းဖြစ်သည်။
သို့သော်ငြား နောက်လှည့်ကြည့်လိုက်သည့်အခါမှသာ သူ့ခန့်မှန်းချက် အမှန်တကယ်ကို မှားယွင်းနေကြောင်း တွေ့ရှိလိုက်ရလေသည်။
သူ့အားအလစ်ချောင်းတိုက်ခိုက်ပြီး ပြုံးစိစိဖြင့် ကြည့်နေသည့်လူမှာ လျှိုရီကျိမဟုတ်ဘဲ သူကိုယ်တိုင် သတ်ပစ်ခဲ့သည့် နင်ယွမ်ချန်း ဖြစ်နေခဲ့သည်။
ဤမြင်ကွင်းမှာလုံးဝကို မယုံကြည်နိုင်စရာ ကောင်းနေခဲ့သည်။ နင်ယွမ်ချန်းသည် တန်ခိုးရှင်ဘုရင်တတိယအဆင့်သာ ရှိသေးပြီး သူကိုယ်တိုင်ကလည်း နင်ယွမ်ချန်းအား အသေအချာ သတ်ပစ်ခဲ့သူဖြစ်သည်။
နင်ယွမ်ချန်းကို သတ်ပြီးသည့်နောက်တွင် သူ့သိုလှောင်လက်စွပ်ကိုပင် လှန်လှောရှာကြည့်ခဲ့သေးသည်။ ထိုကြောင့် နင်ယွမ်ချန်း လုံးဝကိုသေသွားခဲ့မှန်း ဟန်းလန် သေချာပေသည်။
သို့သော်ငြား သေသွားသည့်သူသည် မည်ကဲ့သို့များ အသက်ပြန်ရှင်လာရသနည်း။
နင်ယွမ်ချန်း၏အမူအယာကို သေသေချာချာ စစ်ဆေးကြည့်ပြီးသွားမှပဲ ဟန်းလန်တစ်စုံတစ်ခုအား နားလည်သွားပြီး ရေရွတ်လိုက်လေ၏။ "အဲ့လိုကိုး"
ထိုစကားကိုပြောပြီးသည့်နောက်တွင် မြေပြင်ပေါ်သို့ ပစ်လဲကျသွားခဲ့လေသည်။ တစ်ချိန်တည်းတွင် အနား၌ ရှိနေသော ရန်ကိုင်သည် လက်သီးတင်းတင်းဆုပ်၍ အလန့်တကြားထအော်လေ၏။"သစ်သားဝိဉာဉ်"
သူရပ်နေရာမှ ဖြစ်ပျက်သွားသည့် အကြောင်းစုံကို အသေအချာ မြင်ရပေသည်။ သူဟန်းလန်နှင့် စကားပြောနေစဉ် အတောအတွင်း သေသွားသင့်ပြီဖြစ်သော နင်ယွမ်ချန်းသည် ထူးဆန်းစွာပြန်ထလာခဲ့သည်။
ထို့နောက် ၎င်း၏ပါးစပ်ကိုဟ၍ သစ်သားဆူးချွန်တစ်ခုကို ဟန်းလန်၏ နဖူးတည့်တည့်ဆီသို့ ပစ်ထည့်လိုက်လေသည်။
ဟန်းလန် ဤမျှအလွယ်တကူ သေသွားရခြင်းမှာ လျှိုရီကျိ၏ တိုက်ပွဲကြောင့် အလွန်အားနည်းနေခြင်းကြောင့် ဖြစ်သလို ရန်ကိုင်၏သတိပေးမှုကြောင့်လည်း ပါပေသည်။
ရန်ကိုင်သူ့အား လှည့်စားရန်ကြံနေခြင်းဖြစ်သည်ဟု အထင်မှားလျှက် သူ့နောက်တွင်ရှိနေသော အန္တရာယ်ကို လုံးဝသတိမမူမိခဲ့ပေ။
သူသတိပြုမိလိုက်သည့်အချိန်မှာ လုံးဝကို နောက်ကျလွန်းနေခဲ့လေပြီ။ သေသွားသည့် ကျင့်ကြံသူ တစ်ဦးသည် မည်ကဲ့သို့များ သစ်သားဆူးချွန်တစ်ခုကို ပစ်ထုတ်နိုင်မည်နည်း။
ရန်ကိုင်သည် ငါးရောင်ခြယ်ရတနာဘုရားထဲတွင်သာမက မေပယ်မြို့ထဲတွင်ပါ ဤပုံစံနှင့်ဆင်တူသော အရာမျိုးကို မြင်ခဲ့ဖူးသဖြင့် မြင်မြင်ချင်း တန်းမှတ်မိသွားခဲ့သည်။
လက်ရှိ သူ့ရှေ့တွင်ရှိနေသော သစ်သားဝိဉာဉ်မှာ မေပယ်မြို့တစ်ခုလုံးအား ကသောင်းကနင်းဖြစ်သွားအောင် လုပ်ခဲ့သည့် သစ်သားဝိဉာဉ်သာ ဖြစ်လေသည်။
သစ်သားဝိဉာဉ် ထွက်ပေါ်လာသည့်နေ့မှာပင် ဧကရာဇ် ခြောက်ဦးစလုံး ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် ကျင့်ကြံသူပေါင်းများစွာ သေဆုံးသွားခဲ့ရလေသည်။
နောက်ဆုံးတွင် သစ်သားဝိဉာဉ်အား ရှင်းထုတ်လိုက်နိုင်ပြီ ဖြစ်ကြောင်းကို မြို့သခင်စံအိမ်မှ ကြေညာလိုက်လေသည်။ ထိုအခါမှပင် အကုန်လုံးစိတ်အေးနိုင်တော့၏။
သို့သော်ငြား လက်ရှိကြည့်ရသလောက်တွင် မြို့သခင်စံအိမ်သည် ထိုကဲ့သို့ အမိန့်ထုတ်ပြန်ရခြင်းမှာ လူထုစိတ်အေးသွားအောင် လုပ်ရန်အတွက်သက်သက်သာ ဖြစ်ကြောင်း ရန်ကိုင်နားလည်သွားခဲ့ရသည်။
သစ်သားဝိဉာဉ်မှာ လုံးဝသေဆုံးသွားခြင်းမရှိဘဲ ကျင့်ကြံသူအချို့၏ ခန္ဓာကိုယ်ထဲတွင် ဆက်လက် ပုန်းအောင်းနေဆဲပင်။
သစ်သားဝိဉာဉ်မှာ အလွန်ကိုမှ အပုန်းကောင်းသည်ဟု ပြော၍ရသည်။ ဧကရာဇ်ခြောက်ဦးလက်မှ အောင်မြင်စွာ လွတ်မြောက်နိုင်ခဲ့ရုံသာမက နင်ယွမ်ချန်းဘေးနားတွင် အမြဲတစေ စောင့်ကြပ်နေသော လျှိုရီကျိ၏ လက်မှပင် လွတ်မြောက်နိုင်ခဲ့ပေသည်။
နင်ယွမ်ချန်း ရုတ်တရက် သေသွားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သစ်သားဝိဉာဉ်သည် နင်ယွမ်ချန်း၏ ကိုယ်ထဲတွင်သာ ဆက်၍ပုန်းအောင်းနေပေလိမ့်အုံးမည်။
နင်ယွမ်ချန်းအား သစ်သားဝိဉာဉ်မှ ကူးစက်ထားသည် ဆိုသည့်အကြောင်းကိုလည်း ရန်ကိုင်သိလိမ့်မည်မဟုတ်။
သို့သော်ငြား သူဝင်ပူးထားသည့် လက်ခံကောင် သေဆုံးသွားသဖြင့် သစ်သားဝိဉာဉ်မှာ နောက်ထပ်မံ ပုန်းအောင်းရန်အတွက် နေရာအသစ်တစ်ခုကို ထပ်မံ ရှာဖွေရတော့လေသည်။
အကုန်လုံးသည် တိုက်တိုက်ဆိုင်ဆိုင်ကို ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ အကြောင်းစုံကို သိသွားသည့်နောက် ရန်ကိုင်ရင်ထိတ်သွားခဲ့လေ၏။
မေပယ်မြို့၏ သစ်သားဝိဉာဉ်ရှင်းထုတ်ရေး အစီအစဉ်တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည့်အတွက် သစ်သားဝိဉာဉ်ကိုယ်ပွားများအား တိုက်ခိုက်ရသည်မှာ မည်မျှခက်ခဲကြောင်းကို ရန်ကိုင် ကောင်းကောင်းနားလည်ထားသည်။
ထို့အပြင်ထိုစဉ်က သူ့အားကူညီပေးမည့် အပေါင်းအပါ များစွာရှိနေခဲ့သည်။ သို့တိုင် တိုက်ပွဲ၌ လူပေါင်းများစွာ ဒဏ်ရာရသွားခဲ့ကြရလေသည်။
သို့သော်လည်း ယခုမူ ဤသစ်သားဝိဉာဉ်ကို သူတစ်ဦးတည်း ရင်ဆိုင်တိုက်ခိုက်ရပေတော့မည်။
ရန်ကိုင်သူ့အတွေးထဲ နစ်မြောနေစဉ် နင်ယွမ်ချန်းဆီမှ "ဂလု..ဂလု" ဟူသော ထူးဆန်းသည့် မြည်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ထိုမြည်သံနှင့်အတူ ဟန်းလန်၏ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ ခြောက်သွေ့လာခဲ့လေသည်။
ဤသည်မှာ သစ်သားဝိဉာဉ်၏မွေးရာပါစွမ်းရည်ဖြစ်သော အသက်စွမ်းအင်ဝါးမြိုခြင်းပညာရပ်သာ ဖြစ်လေသည်။ မူလက တန်ခိုးရှင်ဘုရင်တတိယအဆင့်သာရှိသေးသော နင်ယွမ်ချန်းသည် ဟန်းလန်၏ အသက်စွမ်းအင်အစီအနှစ်ကို ဝါးမြိုပြီးသည့်နောက်၌ သူ့အရှိန်အဝါမှာ လျင်မြန်စွာ ထိုးတက်လာခဲ့လေသည်။
တစ်ခဏအတွင်း တန်ခိုးရှင်ဘုရင်တတိယအဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိသွားပြီး တာအိုသခင်အဆင့်သို့ ရောက်ခါနီးပင် ဖြစ်လာခဲ့လေသည်။
ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင်မျက်လုံး မှေးစင်းသွားခဲ့၏။ ယခုနေသာ မလှုပ်ရှားလျှင် အလွန်ကိုမှ နောက်ကျသွားလိမ့်မည်မှန်း သိလိုက်သည့်နောက် ဒေါသတကြီး ထအော်တော့လေ၏။"စဉ်းတောင် မစဉ်းစားနဲ့"
ပြောပြီးသည့်နောက်တွင် ဓာတ်ကြီးငါးပါးအကြွင်းမဲ့ဓားချီမှ မီးဓားချီကိုသုံး၍ မီးတောက်ဓားတစ်ချောင်းကို ဖန်ဆင်းလိုက်လေ၏။
ထို့နောက်တွင် လေဟာနယ်စွမ်းအင်ကိုသုံး၍ နင်ယွမ်ချန်းရှေ့၌ ရုတ်တရက် ပြန်ပေါ်လာပြီး သူ့ဓားဖြင့် ပိုင်းချလိုက်လေသည်။
နားပင်းမတတ် ကျယ်လောင်သည့်ပေါက်ကွဲသံတစ်သံ ရုတ်ခြည်းဟီးထွက်လာခဲ့သည်။ သစ်သားဝိဉာဉ်သည် သစ်သားဓာတ်စွမ်းအင်ကို ပိုင်ဆိုင်ထားသည့် သတ္တဝါတစ်မျိုး ဖြစ်သည့်အတွက်ကြောင့် မီးဓာတ်စွမ်းအင်သည် ၎င်း၏ အိပ်မက်ဆိုးဖြစ်သည်။
ဤသည်မှာ မိုရှောင်ချီမှ ရန်ကိုင့်အား ပြောပြခဲ့သည့် စကားတစ်ခွန်းဖြစ်သည်။ ရန်ကိုင်ကိုယ်တိုင်သည်လည်း ထိုအချက်နှင့်ပတ်သက်၍ မေပယ်မြို့ထဲတွင် အကြိမ်ပေါင်းများစွာ အတည်ပြုပြီးခဲ့လေပြီ။
သစ်သားဝိဉာဉ်ကိုယ်ပွားများကို ရင်ဆိုင်ရာတွင် မီးဓာတ်စွမ်းအင်သည် လေဟာနယ်စွမ်းအားထက်ပင် ပို၍အသုံးဝင်လေသည်။
သူ့တိုက်ခိုက်မှုမှာ နင်ယွမ်ချန်း၏ ဦးခေါင်းတည့်တည့်အား ချိန်ရွယ်ထားသည့်အတွက် ပစ်မှတ်ကိုသာထိသွားမည်ဆိုပါက နင်ယွမ်ချန်းတစ်ကိုယ်လုံး နှစ်ပိုင်းကွဲထွက်သွားပေလိမ့်မည်။
သို့သော်ငြား သစ်သားဝိဉာဉ်ကိုယ်ပွားသည် ရန်ကိုင့်အား အလွယ်တကူ အောင်မြင်ခွင့်ပြုမည်လား။ နင်ယွမ်ချန်းသည် ပါးစပ်ကြီးဟထားလျက် ဟန်းလန်ဦးခေါင်းအား ထိုးဖောက်သွားသော ဆူးချွန်မှတစ်ဆင့် ဟန်းလန်၏ အသက်စွမ်းအင်ကို တောက်လျှောက်စုပ်ယူနေခဲ့သည်။
ရန်ကိုင်၏မီးတောက်ဓား သူ့ခေါင်းနားသို့ တိုးဝင်လာနေသည်ကိုမြင်သော် သူ့လက်နှစ်ဖက်ကို ရုတ်ခြည်းဝှေ့ယမ်းချလိုက်လေသည်။
လက်နှစ်ဖက်သည် တွန့်လိမ်အက်ကွဲလာပြီး ထူထဲရှည်လျားသော နွယ်ပင်နှစ်ပင်အဖြစ်သို့ ပြောင်းလဲကာ တစ်ချောင်းသည် ရန်ကိုင့်ဆီသို့ တိုးဝင်လာချိန် နောက်တစ်ချောင်းသည် မီးတောက်ဓားအား သွားရောက်ခုခံလေသည်။
မီးတောက်ဓားချီမှာ နွယ်ပင်ထက်ပြတ်ရှရာတစ်ခုသာ ထင်ကျန်အောင် လုပ်နိုင်ခဲ့ပြီး ပြတ်သွားအောင်မူ မလုပ်နိုင်ခဲ့ပေ။
သို့သော်လည်း ထိုအချက်နှင့်ပင် နင်ယွမ်ချန်းမှာ နာကျင်စွာထအော်လေသည်။ တစ်ချိန်တည်းတွင် အခြားသောနွယ်ပင်တစ်ပင်သည် ရန်ကိုင့်ဆီသို့ ရောက်ရှိလာခဲ့လေသည်။
ရန်ကိုင်၏ မျက်ဝန်းအစုံမှေးစင်းသွားပြီး ချက်ချင်းပဲ ပြန်ဆုတ်လိုက်၏။ ထို့အတွက်ကြောင့် နွယ်ပင်မှာ လေကိုသာ ရိုက်မိသွားခဲ့လေသည်။
ရန်ကိုင်၏မီးဓားကြောင့် ဖြစ်ပေါ်လာသော ဓားချက်သည် ခဏတာမျှ လောင်ကျွမ်းနေပြီးနောက် ရုတ်တရက် ပေါက်ကွဲထွက်လာသည့် အစိမ်းရောင် အလင်းတန်းများကြောင့် ငြိမ်းသေသွားခဲ့ရလေသည်။
တစ်ချိန်တည်းတွင် ဓားချက်ဒဏ်ရာမှာလည်း အကောင်းအတိုင်း ပြန်ဖြစ်သွားခဲ့သည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ" ထိုအချင်းအရာကို မြင်သည့်အခါ ရန်ကိုင်အလန့်တကြား ထအော်ခဲ့လေသည်။
သူကိုယ်တိုင်သည် မေပယ်မြို့ထဲတွင် သစ်သားဝိဉာည် ကိုယ်ပွား တော်တော်များများကို သတ်ပစ်ခဲ့ဖူးသည်။ သစ်သားဝိဉာဉ်ကိုယ်ပွားများ၏ အသက်စွမ်းအင်မှာ အလွန်ကိုမှ မြင့်မားပြီး ထိုကောင်များမှာ သတ်ရခက်သော်ငြား ဤမျှအားကောင်းလှသည့် ပြန်လည်ကုစားခြင်းစွမ်းအင်အား ပိုင်ဆိုင်ထားသည့် သစ်သားဝိဉာဉ်ကိုယ်ပွားကို သူတစ်ခါမှမမြင်ဖူးချေ။
ထို့အပြင် သူတိုက်ခိုက်လိုက်သည့်တိုက်ကွက်ထဲတွင် သူ့ခွန်အားနည်းနည်းကိုမျှ ထိန်ချန်ထားခြင်း မရှိခဲ့ပေ။
သူ့ယခင် အတွေ့အကြုံများအရ သူ့တိုက်ကွက်သည် သစ်သားဝိဉာဉ်ကိုယ်ပွားအား ဆိုးဆိုးရွားရွား ထိခိုက်သွားအောင်လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ပေသည်။
သို့သော်လည်း လက်တွေ့နှင့် သူ့အထင်သည် တလွဲစီ ဖြစ်နေခဲ့သည်။ သူ့ဓားချက်သည် သစ်သားဝိဉာဉ်အား ဒဏ်ရာလေးသာရသွားစေခဲ့ပြီး ဘာဆိုဘာမှဖြစ်မသွားစေခဲ့ပေ။
သူ့ရှေ့ရှိ သစ်သားဝိဉာဉ်ကိုယ်ပွားသည် သူမြင်ခဲ့ဖူးသည့် သစ်သားဝိဉာဉ်ကိုယ်ပွားများနှင့် အနည်းငယ် ကွဲပြားနေကြောင်း သတိပြုမိလိုက်သည့်နောက် ရန်ကိုင်သတိချပ်လိုက်လေ၏။
ရန်ကိုင်၏တိုက်ခိုက်မှု ပြီးဆုံးသွားသည့်အချိန်မှာပင် သစ်သားဝိဉာဉ်ကိုယ်ပွားဟာလည်း ဟန်းလန်၏အလောင်းကို ပြောင်စင်အောင် စုပ်ယူပြီးသွားခဲ့သည်။
သစ်သားဆူးချွန်အား ပါးစပ်ထဲသို့ပြန်ဆွဲယူလိုက်ပြီး ကျေနပ်သည့်အမူအယာဖြင့် ပြုံးလိုက်၏။
"တာအိုသခင် ပထမအဆင့်" နင်ယွမ်ချန်းဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါကို ခံစားမိလိုက်ပြီးနောက် ရန်ကိုင်၏ အမူအယာ အေးစက်သွားခဲ့သည်။
သူစားသောက်နေသည်ကို ကောင်းကောင်း မစားရအောင် လာနှောက်ယှက်ရလေသလားဟု နင်ယွမ်ချန်းသည် ရန်ကိုင့်အား မုန်းတီးစွာ စိုက်ကြည့်လာခဲ့သည်။
ရုတ်တရက် နင်ယွမ်ချန်း တစ်ကိုယ်လုံးတုန်ခါလာခဲ့ လေသည်။ သူ့ကိုယ်ပေါ်တွင် ဝတ်ထားသော အဝတ်အစား အားလုံးစုတ်ပြဲထွက်ကုန်ပြီး ထိပ်ဖျားပိုင်းမှာ ဓားသွားတမျှ ထူးချွန်လှသည့် နွယ်လက်တံများ သူ့ခန္ဓာကိုယ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့လေသည်။
ချက်ချင်းဆိုသလို နင်ယွမ်ချန်း၏ခန္ဓာကိုယ်တစ်ခုလုံး အကြီးအကျယ် ပြောင်းလဲသွားခဲ့လေသည်။ လက်ရှိ နင်ယွမ်ချန်းသည် လူနှင့်ပင်မတူတော့ဘဲ သစ်သားဝိဉာဉ်လုံးလုံး ဖြစ်သွားခဲ့လေပြီ။
သူ့ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ချက်သည်သာ နင်ယွမ်ချန်း၏မျက်နှာပုံစံ အနည်းအကျဉ်းရှိနေသေးပြီး ကျန်ခန္ဓာကိုယ် အစိတ်အပိုင်းများမှာတော့ မရေမတွက်နိုင်သော နွယ်ပင်များအဖြစ်သို့ ပြောင်းလဲသွားကုန်လေပြီ။
နွယ်လက်တံအချို့သည် ရန်ကိုင့်ဆီသို့ ကြာပွတ်များသဖွယ် တိုးဝင်လာချိန် အချို့သော လက်တံများမှာတော့ သေဆုံးသွားသည့် သူတော်စင်နန်းတော်မှ တပည့်များ၏ အလောင်းများဆီမှ အသက်စွမ်းအင်ကို သွားရောက်စုပ်ယူလေသည်။
သေဆုံးသွားပြီဖြစ်သော သူတော်စင်နန်းတော်မှ တပည့်များ၏အလောင်းများမှာ အလွန်လျင်မြန်သည့်နှုန်းဖြင့် ညှိုးခြောက်လာနေခဲ့လေသည်။
"အိပ်မက်မက်နေလိုက်" ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင်၏ မျက်နှာခက်ထန်သွားပြီး မီးဓားချီကို အလျင်စလို စုစည်း၍ ပိုင်းချလိုက်လေသည်။
ခြစ်ခြစ်တောက်ပူလောင်သော မီးဓားချီများသည် လေကိုခွင်း၍ သူတော်စင်နန်းတော်မှ တပည့်များ၏ အလောင်းများအား ထိုးဖောက်သွားခဲ့သည်။
အလွန်ပူပြင်းလှသည့်မီးချီကြောင့် အလောင်းများမှာ ပြာပုံဘဝသို့ တစ်မဟုတ်ချည်း ရောက်ရှိသွားခဲ့ရလေသည်။
တာအိုသခင်ပထမအဆင့်သို့ ရောက်နေသော သစ်သားဝိဉာဉ်ကိုယ်ပွားသည်ကပင်လျှင် အလွန်ကိုမှ ကိုင်တွယ်ရခက်နေပြီဖြစ်လေရာ ဤသစ်သားဝိဉာဉ်အား ပိုအားကောင်းလာခွင့် ပေးလိုက်ပါက ပြဿနာ လုံးလုံး တက်သွားနိုင်ပေသည်။
ထိုအချင်းအရာကို မြင်သည့်အခါ သစ်သားဝိဉာဉ် ကိုယ်ပွားသည် ရန်ကိုင့်ဆီသို့ လှည့်ကြည့်လာခဲ့လေသည်။ အလွန်ကိုမှ ဒေါသထွက်သွားသည့်အလား ၎င်း၏ ပင်စည်ထက်တွင်ရှိနေသော နင်ယွမ်ချန်း၏ ဝိုးတဝါးတား မျက်နှာသည် ရှုံ့မဲ့လျက် စူးရှစွာထအော်လေ၏။
ချက်ချင်းဆိုသလို ၎င်း၏ခန္ဓာကိုယ်ကြီးတစ်ခုလုံး တုန်ခါလာပြီး မရေမတွက်နိုင်သော အမြစ်များထွက်ပေါ်လာကာ မြေကြီးထဲသို့ တိုးဝင်သွားကုန်ကြလေသည်။
ထို့နောက်တွင် သစ်သားဝိဉာဉ်ကိုယ်ပွားသည် ၎င်း၏နွယ်တံများကိုသုံး၍ ရန်ကိုင့်အား အရူးအမူး တိုက်ခိုက်တော့လေ၏။
ရန်ကိုင်သည် လေဟာနယ်စွမ်းအင်ကိုသုံးလျက် ထိုတိုက်ခိုက်မှုများကို ရှောင်တိမ်းလိုက်ပြီးနောက် သူ့လက်ကိုဝှေ့ယမ်းကာ အင်းစက်ဘုရင်မနှင့် မီးတောက်ပြာ မိုးကြိုးဝံပုလွေကို ဆင့်ခေါ်လိုက်လေသည်။
"အဲ့ဒါကိုသတ်" ထိုသို့အမိန့်ပေးလိုက်ပြီးနောက် ရန်ကိုင်သည် သစ်သားဝိဉာဉ်ကိုယ်ပွားရှေ့တွင် ရုတ်တရက် ပြန်ပေါ်လာပြီး မီးတောက်ဓားဖြင့် ပိုင်းချလိုက်လေသည်။
တစ်ချိန်တည်းတွင် အင်းစက်ဘုရင်မသည် ၎င်း၏ ရေခဲစက်ကွင်းကို ဖြန့်ကျက်၍ အပြာရောင်နှင့်ခရမ်းရောင် အမွှာဓားကိုသုံးကာ ရေခဲဓားချီများပစ်လွှတ်လိုက်လေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး အေးစက်စက်နှင်းပွင့်များဖြင့် ပြည့်နှက်လာခဲ့သည်။ ဖြည်းဖြည်းချင်း ကြွေကျလာနေသော နှင်းပွင့်လေးများမှာ သိမ်မွေ့ဟန်ထင်ရသော်ငြား အမှန်တကယ်တွင် ထိုနှင်းပွင့်တစ်ခုချင်းစီသည် အလွန်ကိုမှ ထက်ရှပေသည်။
နှင်းပွင့်ကလေးများ သစ်သားဝိဉာဉ်၏နွယ်ပင်များပေါ်သို့ ကျသွားသည့်အခိုက် နွယ်ပင်ထက်တွင် ဒဏ်ရာများ တစ်ခုပြီးတစ်ခု စတင်ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းတွင် အေးစက်စက် ရေခဲဓာတ်သည် ဒဏ်ရာများမှတစ်ဆင့် နွယ်ပင်အတွင်းပိုင်းသို့ စိမ့်ဝင်ပျံ့နှံ့သွားခဲ့ရာ သစ်သားဝိဉာဉ်၏ ပြန်လည်ကုစားနှုန်း သိသိသာသာကို လျော့ကျသွားခဲ့ရလေသည်။
အင်းစက်ဘုရင်မသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ သစ်သားဝိဉာဉ်နားသို့ ချဉ်းကပ်သွားပြီး မရေအတွက်နိုင်သော ဓားသွားချက်များကို ပစ်လွှတ်ချလိုက်သည်။
မီးတောက်ပြာမိုးကြိုးဝံပုလွေမှာလည်း ငြိမ်မနေခဲ့ဘဲ ခပ်လှမ်းလှမ်းမှနေ၍ ပါးစပ်ဟကာ မရေမတွက်နိုင်သော အပြာရောင် မီးတောက်ဘောလုံးများကို သစ်သားဝိဉာဉ်ဆီသို့ တရစပ် ပစ်လွှတ်လိုက်လေသည်။
သူ့အကူနှစ်ယောက် ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် သစ်သားဝိဉာဉ်အား ပြန်၍ပင် မတိုက်ခိုက်နိုင်သည်အထိ ဖိနှိပ်ပစ်လိုက်နိုင်လေသည်။
သစ်သားဝိဉာဉ်မှာ တစ်စက်ကလေးပင် ပြန်မတိုက်နိုင်တော့ဘဲ သူ့ကိုယ်သူသာ အသည်းအသန် ကာကွယ်နေရတော့၏။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း(၂၀၄၀)
ဤမြင်ကွင်းမှာ သိပ်ပြီးအံ့အားသင့်စရာမကောင်းချေ။ သစ်သားဝိဉာဉ်ကိုယ်ပွားသည် တာအိုသခင်ပထမအဆင့်သို့ ရောက်လာခဲ့သော်ငြား အင်းစက်ဘုရင်မသည် တာအိုသခင်ဒုတိယအဆင့်နှင့်ယှဉ်နိုင်သော ခွန်အားကိုထုတ်လွှတ်နိုင်သည်။
မီးတောက်ပြာမိုးကြိုးဝံပုလွေမှာလည်း အားနည်းခြင်း မရှိဘဲ သစ်သားဝိဉာဉ်၏အိပ်မက်ဆိုးဖြစ်သော မီးဓာတ်စွမ်းအားကိုထုတ်သုံးနိုင်၏။
ရန်ကိုင်ကပါ သူတို့နှင့်အတူပူးပေါင်း၍ တိုက်ခိုက်နေသည့်အခါ သစ်သားဝိဉာဉ်ကိုယ်ပွားအနေဖြင့် မည်ကဲ့သို့များ အဖိနှိပ်မခံရဘဲ နေပါအုံးမည်နည်း။
လူတစ်ဦးနှင့်သွေးသားရဲနှစ်ကောင်၏ ပူးပေါင်း တိုက်ခိုက်မှုအောက်တွင် မရေမတွက်နိုင်သော နွယ်ပင်များ အပိုင်းပိုင်းပြတ်ထွက်ကုန်လေသည်။
အစိမ်းရောင်သွေးများသည်လည်း မြေပြင်ပေါ်သို့ တရဟော စီးကျလာကြလေ၏။
ပြတ်တောက်သွားသည့် နွယ်ပင်အပိုင်းအစများမှာ ငြိမ်သက်သွားခြင်းမရှိဘဲ တီကောင်များနှယ် မြေပြင်ပေါ်တွင် တွန့်လိမ်နေကြလေသည်။
သို့သော် ထိုဖြတ်တောက်ခံလိုက်ရသည့် နွယ်ပင်များသည် ၎င်းတို့၏ အစိမ်းရောင်သွေးအားလုံးကို ဆုံးရှုံးလိုက်ရပြီးနောက် တဖြေးဖြေးညှိုးလျော်ကာ အမှုန်များအဖြစ်သို့ ပြောင်းလဲသွားကုန်လေသည်။
သစ်သားဝိဉာဉ်မှာ ထပ်မံအော်ဟစ်လိုက်ပြီး ၎င်း၏ စွမ်းအင်ကိုသုံး၍ ပြတ်တောက်သွားသော နွယ်ပင်များကို အသစ်ပြန်ထွက်စေလိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင့်မှာတော့ အတော်လေးကို အံ့အားသင့်နေခဲ့လေသည်။ ဤသစ်သားဝိဉာဉ်သည် သူရင်ဆိုင်ခဲ့ဖူးသည့် သစ်သားဝိဉာဉ်များနှင့် တကယ်ကို မတူချေ။ ထို့အတွက်ကြောင့်လည်း သူ့စိတ်ထဲပို၍ သတိချပ်ထားလိုက်သည်။
သစ်သားဝိဉာဉ်အစေ့များ သူ့ကိုယ်ထဲသို့ ဝင်ရောက်မလာနိုင်စေရန် ရန်ကိုင်သည် သူ့တစ်ကိုယ်လုံးအား မီးဓားချီဖြင့် လွှမ်းခြုံထားလိုက်လေသည်။ ဤသို့ဖြင့် တိုက်ပွဲသည် တဖြည်းဖြည်းနှင့် ဆယ့်ငါးမိနစ်အထိသို့ ရောက်ရှိလာခဲ့လေသည်။
ထိုအချိန်အတောအတွင်း ရန်ကိုင်နှင့် သွေးသားရဲနှစ်ကောင်သည် သစ်သားဝိဉာဉ်အား အပေါ်စီးမှ တိုက်ခိုက်နိုင်ခဲ့သော်ငြား ဆိုးဆိုးရွားရွား ထိခိုက်သွားအောင်တော့ မလုပ်နိုင်ခဲ့ပေ။
တိုက်ပွဲအခြေအနေသည် သူမသာ ကိုယ်မသာသာ ဖြစ်နေခဲ့သည်။
ရုတ်တရက် သစ်သားဝိဉာဉ်အား မီးဘောလုံးများဖြင့် အဆက်မပြတ်ပစ်လွှတ်နေသော မီးတောက်ပြာမိုးကြိုးဝံပုလွေသည် ၎င်း၏ခွန်အားကို ဆုံးရှုံးလိုက်ရသည့်အလား မီးဘောလုံးများ ပစ်လွှတ်ခြင်းကို ရပ်တန့်လိုက်၏။
"ဟူး" တစ်ခုခုထိုးဖောက်သံများနှင့်အတူ သစ်သားဝိဉာဉ်၏ အမြစ်များ မြေကြီးထဲမှ ဖောက်ထွက်လာပြီး မီးတောက်ပြာ မိုးကြိုးဝံပုလွေတစ်ကိုယ်လုံးကို ရစ်ပတ်ချုပ်နှောင်လိုက် လေသည်။
မီးတောက်ပြာမိုးကြိုးဝံပုလွေမှာ အဆက်မပြတ် အော်မြည်ရင်း ရုန်းကန်နေသော်ငြား မည်သို့မျှ မလွတ်မြောက်နိုင်ခဲ့။
ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ သစ်သားဝိဉာဉ်သည် မီးတောက်ပြာမိုးကြိုးဝံပုလွေ၏ ခန္ဓာကိုယ်ကို ၎င်း၏နွယ်ပင်ဖြင့် ထိုးဖောက်၍ အသက်စွမ်းအင်ကို စတင်စုပ်ယူတော့လေသည်။
မီးတောက်ပြာမိုးကြိုးဝံပုလွေသည် မူလက တာအိုသခင် ပထမအဆင့်နှင့်ယှဉ်နိုင်သော ခွန်အားကို ပိုင်ဆိုင်ထားသည့် သားရဲတစ်ကောင်ဖြစ်သည်။
ရန်ကိုင်မှ၎င်းအား သွေးသရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ၎င်း၏ခွန်အားမှာအနည်းငယ် လျော့ကျသွားခဲ့သော်ငြား အသက်စွမ်းအင်မှာမူ ပို၍ အားကောင်းလာခဲ့လေသည်။
မီးတောက်ပြာမိုးကြိုးဝံပုလွေ၏ အသက်စွမ်းအင်ကို စုပ်ယူခွင့်ရလိုက်သည့်နောက် တွန့်လိမ်ရှုံ့တွနေသည့် သစ်သားဝိဉာဉ်၏ပင်စည်ထက်ရှိ မျက်နှာပေါ်တွင် ဝမ်းသာအားရသည့် အရိပ်အယောင်အချို့ ထွက်ပေါ်လာခဲ့ လေသည်။
ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင် မျက်နှာပျက် သွားပြီး ချက်ချင်းထအော်လေ၏။"ပြန်လာခဲ့စမ်း"
အော်သံနှင့်အတူ အမြစ်များ၏ ချုပ်နှောင်ထားခြင်း ခံရသော မီးတောက်ပြာမိုးကြိုးဝံပုလွေသည် စတင်တုန်ခါလာပြီး ရွှေရောင်သွေးမျှင်အဖြစ်သို့ ပြောင်းလဲကာ ရန်ကိုင့်ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားခဲ့လေသည်။
မီးတောက်ပြာမိုးကြိုးဝံပုလွေ၏ အခြေအနေကို စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင်မျက်နှာပျက်သွားခဲ့သည်။
ချုပ်နှောင်ခံရသည့် တစ်ခဏအတွင်း မီးတောက်ပြာ မိုးကြိုးဝံပုလွေသည် ၎င်း၏အသက်စွမ်းအင် သုံးပုံတစ်ပုံကို ဆုံးရှုံးလိုက်ရပေသည်။
တစ်နည်းဆိုရသော် မီးတောက်ပြာမိုးကြိုးဝံပုလွေ၏ အသက်စွမ်းအင် သုံးပုံတစ်ပုံမှာ ဝါးမြိုခံရပြီဖြစ်သည့် အတွက်ကြောင့် ထိုအသက်စွမ်းအင်ကို ပြန်လည် ဖြည့်တင်းလိုလျှင် သူ၏ရွှေရောင်သွေးကို အသုံးပြုမှ ရပေလိမ့်မည်။
အခြားတစ်ဖက်တွင်ဆာ့ သစ်သားဝိဉာဉ်မှာ မီးတောက်ပြာမိုးကြိုးဝံပုလွေကို အပြည့်အဝ မစုပ်ယူလိုက်နိုင်သည့်အတွက် ဒေါသထွက်လာခဲ့လေသည်။
ရန်ကိုင့်အား ဆက်၍ဂရုစိုက်မနေတော့ဘဲ ၎င်း၏ အာရုံကို အင်းစက်ဘုရင်မဆီသို့ ရွှေ့လိုက်လေသည်။
မီးတောက်ပြာမိုးကြိုးဝံပုလွေတွင် အသက်စွမ်းအင် များစွာရှိနေကြောင်း သိလိုက်ရပြီးသည့်နောက်တွင် သစ်သားဝိဉာဉ်သည် အင်းစက်ဘုရင်မတွင်လည်း ထိုကဲ့သို့သော အသက်စွမ်းအင်မျိုးရှိနေလိမ့်မည်ဟု မျှော်လင့်လာခဲ့သည်။
အင်းစက်ဘုရင်မအောက်ရှိ မြေပြင်သည် ရုတ်တရက် ကွဲထွက်သွားခဲ့ပြီး မရေအတွက်နိုင်သော အမြစ်များသည် မြွေလိမ်မြွေကောက်များနှယ် ပျံသန်းထွက်လာကာ အင်းစက်ဘုရင်မကို ချုပ်နှောင်ရန် ကြိုးစားလိုက်လေသည်။
သို့သော်လည်း အင်းစက်ဘုရင်မကို ချုပ်နှောင်ရန် ထိုမျှလွယ်ကူမည်လား။ အပြာရောင်နှင့်ခရမ်းရောင် စုံတွဲဓားနှစ်ချောင်း အရောင်တလတ်လတ် တောက်လာပြီး အရိုးခိုက်မတတ် အေးစက်လှသော ရေခဲဓားချီတို့သည် အဘက်ဘက်သို့ ပျံ့နှံ့လာခဲ့သည်။
တစ်ချိန်ထဲတွင် ရေခဲနိယာမစွမ်းအားတို့ပါ ထွက်ပေါ်လာခဲ့လေရာ အမြစ်များ၏ အမြန်နှုန်းမှာ သိသိသာသာကို လျော့ကျသွားခဲ့ရလေသည်။
ထို့အတွက်ကြောင့် သစ်သားဝိဉာဉ်သည် အင်းစက်ဘုရင်မအား မချုပ်နှောင်နိုင်ခဲ့ရုံမက ဆိုးဆိုးရွားရွားပင် ထိခိုက်သွားခဲ့ရလေသည်။
ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင်ယုံကြည်ချက် ပြန်ရှိလာခဲ့သည်။ ဤတိုက်ပွဲ၌ သွေးသားရဲနှစ်ကောင်ကိုသာ အသုံးမပြုနိုင်လျှင် ရန်ကိုင့်အတွက် အလွန်ကိုမှ ခက်ခဲပေလိမ့်မည်။
သို့သော်လည်း လက်ရှိမြင်ရသလောက် အင်းစက်ဘုရင်မ၏ စွမ်းဆောင်ရည်သည် ရန်ကိုင်ထင်ထားသည်ထက်ကို ပိုမိုကောင်းမွန်နေခဲ့သည်။
အင်းစက်ဘုရင်မသည် အသိစိတ်ရှိနေသော ဓားစိတ်ဆန္ဒနှင့် သွေးသရဲတစ်ကောင်၏ပေါင်းစပ်ခြင်းမှ ဖြစ်ပေါ်လာခြင်းဖြစ်သည့်အတွက် ၎င်း၏ခွန်အားမှာ မီးတောက်ပြာမိုးကြိုးဝံပုလွေ၏ခွန်အားထက် သာလွန်နေသည်မှာ အထူးအဆန်းတော့မဟုတ်ပေ။
ရန်ကိုင်သည် အင်းစက်ဘုရင်မနှင့်အတူပူးပေါင်းပြီး သစ်သားဝိဉာဉ်အား ထပ်မံတိုက်ခိုက်တော့မည်အပြု စိုးရိမ်တကြီးအော်ခေါ်သံကို အာရုံခံမိလိုက်သည့် အတွက်ကြောင့် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ရလေသည်။
အော်ခေါ်သံသည် မည်သူ့ဆီမှမဟုတ်ဘဲ လျှို့ယန်ဆီမှ လာခြင်းဖြစ်သည်။ လျှို့ယန်သည် ထူးဆန်းသည့် ပန်းကန်လုံးထဲတွင် ပိတ်မိနေသော်ငြား အပြင်ဘက်ရှိ တိုက်ပွဲကို သတိပြုမိသည့်အလား သူမကိုယ်ထဲ၌ ရန်ကိုင်ချန်ရစ်ခဲ့သော ဝိဉာဉ်အမှတ်အသားကိုသုံး၍ ရန်ကိုင့်ဆီသို့ ဆက်သွယ်လာခဲ့လေသည်။
ထိုအခါမှဘဲ ဤမျှမိုက်မဲရလားဟု ရန်ကိုင်သည် သူ့နဖူး သူပြန်ရိုက်တော့လေသည်။
သွေးသရဲနှစ်ကောင်နှင့် ပူးပေါင်း၍ သစ်သားဝိဉာဉ်အား ရှင်းထုတ်နိုင်ရေးတွင်သာ အာရုံစိုက်နေသဖြင့် လျှို့ယန်အား လုံးဝကို မေ့လျော့သွားခဲ့လေသည်။
လျှို့ယန်သည် မီးစွမ်းအင်သက်သက်ဖြင့် ဖွဲ့စည်းထားသော မီးဓာတ်မှော်ရတနာစိတ်ဝိဉာဉ်တစ်ခု ဖြစ်သည်။
ထို့ကြောင့် သစ်သားဝိဉာဉ်အား တိုက်ခိုက်ရာတွင် လျှို့ယန်သည် သူနှင့်သွေးသားရဲနှစ်ကောင်ထက်ပင် ပိုမိုထူးချွန်စွာ စွမ်းဆောင်ပြနိုင်ပေသည်။
လျှို့ယန်သာရှိနေမည်ဆိုပါက သစ်သားဝိဉာဉ်အား ကြောက်နေစရာ လိုအုံးမည်လား။
ထိုသို့စဉ်စားမိလိုက်သည့်နောက်တွင် ရန်ကိုင်၏ အကြည့်သည် သစ်သားဝိဉာဉ်နားတွင်ရှိနေသော ဟန်းလန်၏ အလောင်းဆီသို့ ရောက်သွားခဲ့လေသည်။
အင်းစက်ဘုရင်မအား သစ်သားဝိဉာဉ်ကို ဖိနှိပ်ထားရန် အမိန့်ပေးလိုက်ပြီးသည့်နောက် ဟန်းလန်အလောင်းဆီသို့ ပြေးထွက်သွားပြီး သိုလှောင်လက်စွပ်နှစ်ကွင်းကို လျင်မြန်စွာ ကောက်ယူလိုက်လေသည်။
သိုလှောင်လက်စွပ်နှစ်ကွင်းတွင် တစ်ကွင်းမှာ ဟန်းလန်၏ သိုလှောင်လက်စွပ်ဖြစ်ပြီး အခြားတစ်ကွင်းမှာတော့ နင်ယွမ်ချန်း၏ဟာ ဖြစ်ပေသည်။
လျှို့ယန်အား ချုပ်နှောင်ထားသည့် သစ်သားပန်းကန်လုံးသည် ဟန်းလန်၏ သိုလှောင်လက်စွပ်ထဲတွင် ရှိနေခြင်း ဖြစ်သည်။
သိုလှောင်လက်စွပ်နှစ်ကွင်းကို ရယူပြီးသည့်နောက် ရန်ကိုင်သည် နောက်သို့ချက်ချင်း ပြန်ဆုတ်လာခဲ့လေသည်။
သစ်သားဝိဉာဉ်သည်လည်း ရန်ကိုင်၏ထူးဆန်းသော လှုပ်ရှားမှုများကို သတိပြုမိသွားခဲ့သည်။
ချက်ချင်းပဲ မရေမတွက်နိုင်သော နွယ်ပင်များကို ရန်ကိုင့်ဆီသို့ ပစ်လွှတ်လိုက်၏။ တစ်ချိန်တည်းတွင် မှိန်ဖျော့ဖျော့ အစိမ်းရောင်အလင်းတန်းတစ်ခုကိုပါ ရန်ကိုင့်ဆီသို့ ပစ်လွှတ်လိုက်လေသည်။
ရန်ကိုင်ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး နောက်သို့ ပြန်ဆုတ်နေရင်း သူ့ဆီသို့ တိုးဝင်လာနေသော လက်တံများကို လျင်မြန်စွာ တားဆီးလိုက်သည်။
ခပ်လှမ်းလှမ်းသို့ ရောက်လာပြီးသည့်နောက် တစ်ခုခုအပေါ် နားမလည်နိုင် ဖြစ်နေသည့်အလား ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
သစ်သားဝိဉာဉ်ဆီမှ မှိန်ဖျဖျအစိမ်းရောင်အလင်းတန်း တစ်ခုထွက်ပေါ်လာသည်ကို သူသေသေချာချာ မြင်လိုက်ရသည်။
သို့သော် ထိုအလင်းတန်း မည်သည့်နေရာဆီသို့ ရောက်သွားသလဲဆိုသည်ကိုတော့ မတွေ့မိလိုက်ပေ။
သူ့ခန္ဓာကိုယ်အား ကောင်းကင်စိတ်အာရုံဖြင့် အလျင်အမြန် စစ်ဆေးကြည့်လိုက်သော်ငြား မည်သည့် ထူးဆန်းသည့် အရာကိုမှ ရှာမတွေ့လိုက်သဖြင့် ရန်ကိုင် မျက်နှာပျက်သွားခဲ့လေသည်။
ရန်ကိုင်သည် မကျေနပ်သေးသဖြင့် သူ့ခန္ဓာကိုယ်အား နောက်တစ်ကြိမ် သေသေချာချာ ထပ်မံစစ်ဆေးကြည့်လိုက်သည်။ သို့သော်ရှာမတွေ့ခဲ့ပေ။
အချိန်လည်းသိပ်မရသည့်အတွက်ကြောင့် ရန်ကိုင်သည် အံကြိတ်ကာ ထိုကိစ္စကို လျစ်လျူရှုထားလိုက်ပြီး နင်ယွမ်ချန်း၏ သိုလှောင်လက်စွပ်ထဲမှ လျှို့ယန်အား ချုပ်နှောင်ထားသော ပန်းကန်လုံးကို ထုတ်ယူလိုက်လေသည်။
ကောင်းကင်စိတ်အာရုံ ထည့်သွင်းကြည့်လိုက်သည့် နောက်တွင် လျှို့ယန်အား ချက်ချင်းအာရုံခံမိသွားခဲ့သည်။
"သခင်" လျှို့ယန်၏အသံ သူ့နားထဲသို့ ရောက်လာခဲ့သည်။ "သခင့်ကို ပြန်တွေ့ရတာ ကောင်းလိုက်တာ။ သခင် ကျွန်မကို စွန့်ပစ်ထားခဲ့မှာ မဟုတ်မှန်း သိနေတယ်"
ရန်ကိုင်က ရယ်မော၍ ပြန်ပြောလိုက်လေသည်။ "ငါဘယ်လိုလုပ်ပြီးနင့်ကိုပစ်ထားခဲ့မှာလဲ။ ဒါပေမယ့်အခုက အဲ့ဒီအကြောင်းတွေပြောဖို့အချိန် မဟုတ်သေးဘူး။ ဒီစည်းကို ချိုးဖျက်ဖို့အတွက် နည်းလမ်းတစ်ခု ငါမြန်မြန်ရှာပေးမယ်။ ငါတို့တိုက်ခိုက်နေတဲ့ရန်သူက နင်နဲ့မှအဆင်ပြေမှာ"
"အင်း" ထိုသို့ပြန်ပြောပြီးသည့်နောက် လျှို့ယန်ဆီမှ မည်သည့်အသံမှ ထွက်ပေါ်မလာခဲ့တော့ချေ။
ရန်ကိုင်သည် ခပ်ဝေးဝေးသို့ ပျံသန်းသွားပြီး ပန်းကန်လုံးပေါ်တွင် ရှိနေသော ချိတ်စည်းများကို သေသေချာချာစစ်ဆေးကြည့်လေသည်။
ပန်းကန်လုံးမှာ အလွန်အသုံးဝင်သည့် မှော်ရတနာ တစ်ခုတော့မဟုတ်။ ပန်းကန်လုံး၏ လုပ်ဆောင်ပုံမှာ လျှို့ယန်ကဲ့သို့သော စွမ်းအင်ခန္ဓာကိုယ်များကို ချိတ်ပိတ်ထားရန်အတွက် သက်သက်သာဖြစ်လေသည်။
အထဲတွင်ပိတ်ခံလိုက်ရပြီးသည့်နောက်တွင် လျှို့ယန်သည် အကာအရံအား လုံးဝမဖောက်ထွက်နိုင်တော့ပေ။ ကံကောင်းစွာဖြင့် အပြင်ဘက်မှနေ၍ ပန်းကန်လုံးအား ဖွင့်ရမည့် နည်းလမ်းမှာ တော်တော်လေးကို ရိုးရှင်းလှသည်။
ရန်ကိုင်၏ ကောင်းကင်စိတ်အာရုံမှာ သာမန် တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူများ၏ ကောင်းကင်စိတ်အာရုံထက် အဆများစွာ ပိုမိုအားကောင်းသည့်အတွက်ကြောင့် သဲလွန်စအချို့ကို ရှာတွေ့ရန် လက်ဖက်ရည်တစ်ခွက်ခန့်စာသာ အချိန်ယူလိုက်ရလေသည်။
နည်းလမ်း ရှာတွေ့သွားသည့်နောက်တွင် ပန်းကန်လုံးထဲသို့ ကောင်းကင်စိတ်အာရုံကို ထည့်သွင်း၍ ချိတ်စည်းများကို တစ်ခုပြီးတစ်ခု ဖျက်စီးပစ်တော့၏။
နောက်ဆုံးချိတ်စည်း ပျက်စီးသွားချိန် ပန်းကန်လုံးထဲမှ လျှို့ယန်၏ ဝမ်းသာအားရအော်ဟစ်သံ ထွက်ပေါ်လာခဲ့လေသည်။
"ငါလွတ်လပ်ပြီ" လျှို့ယန်သည် မီးတောက်အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်း၍ ပန်းကန်လုံးထဲမှ စူးရှစွာ အော်မြည်ရင်း ပျံထွက်လာခဲ့သည်။
သူမထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင် အပူချိန်သည် သိသိသာသာကို မြင့်တက်လာခဲ့လေသည်။
တောင်ပံများကို ဖြန့်ကျက်ထားသော လျှို့ယန်၏ ခန္ဓာကိုယ်သည် ကောင်းကင်တစ်ဝက်လောက်ကို ဖုံးလွှမ်းလုမတတ် ကြီးမားလှသည်။
ခြစ်ခြစ်တောက်ပူလောင်သည့် မီးဓာတ်တို့ဖြင့် လောင်မြိုက်နေသော ၎င်း၏မျက်ဝန်းအစုံသည် အင်းစက်ဘုရင်မနှင့် တိုက်ခိုက်နေသော သစ်သားဝိဉာဉ်ဆီသို့ ရောက်လာခဲ့လေသည်။
ထို့နောက် စူးရှစွာတစ်ချက်အော်မြည်လျက် ဥက္ကာခဲ တစ်စင်းနှယ်ကောင်းကင်ပေါ်မှ ထိုးဆင်းသွားလေ၏။
အဆင့်သေးတစ်ဆင့်ပိုမြင့်သလို ရေခဲနိယာမစွမ်းအားကို ကျွမ်းကျင်ထားသော်ငြား အင်းစက်ဘုရင်မသည် သစ်သားဝိဉာဉ်နှင့် လက်ရည်တူသာ တိုက်ခိုက်နိုင်ခဲ့သည်။
ရန်ကိုင်၏ အကူအညီမရှိတော့သည့်နောက် သူတို့ နှစ်ဦးကြားရှိ အခြေအနေမှာ မတိုးသာမဆုတ်သာ ဖြစ်လာခဲ့သည်။
ထိုအချက်ကို ကြည့်ရုံနှင့်ပင်လျှင် သစ်သားဝိဉာဉ် မည်မျှအားကောင်းကြောင်းကို မြင်တွေ့နိုင်ပေသည်။
ချစ်ချစ်တောက် ပူလောင်သည် မီးလျှံများဖြင့် ဖွဲ့စည်းထားသည့် လျို့ယန် ကောင်းကင်ထက်မှ ထိုးဆင်းလာသည်ကို မြင်သော် သစ်သားဝိဥာဉ်၏ ပင်စည်ပေါ်ရှိ တွန့်လိမ်ရွံ့တွနေသည့် မျက်နှာထက် ထိတ်လန့်ကြောက်ရွံ့သည် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။
ရန်ကိုင်နှင့် သွေးသားရဲနှစ်ကောင်ကို ရင်ဆိုင်တိုက်ခိုက် နေစဉ်ကပင် ထိုကဲ့သို့အမူအယာမျိုး လုပ်မပြခဲ့ချေ။
မရေအတွက်နိုင်သောနွယ်ပင်များသည် အလွန်အားကောင်းသည့် လှံတံများနှယ် တိုးဝင်လာနေသည့် လျှို့ယန်ဆီသို့ တိုးဝင်သွားခဲ့လေသည်။
သို့ရာတွင် လျှို့ယန်ကမူ ထိုနွယ်ပင်များကို ဂရုစိုက်မနေဘဲ ၎င်း၏နှုတ်သီးကိုဟ၍ ခရမ်းရင့်ရောင် လျှပ်ပန်းလျှပ်နွယ်သို့ ရစ်သန်းနေသော ကြက်သွေးရောင် မီးတောက်များကိုသာ မှုတ်ထုတ်လိုက်လေ၏။
တိုးဝင်လာနေသည့် နွယ်လက်တံအားလုံး ပြာကျသွားကုန် ကြလေသည်။
သို့သော်လည်း နွယ်ပင်အချို့မှာ မီးတောက်များလက်မှ လွတ်မြောက်သွားပြီး လျှို့ယန်၏ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့သည်။
သို့ရာတွင် လျှို့ယန်ကိုယ်တိုင်သည် မီးတောက်များဖြင့်သာ ဖွဲ့စည်းထားခြင်းဖြစ်သည့်အတွက် နွယ်ပင်များမှာ သူမအား မည်သည့်ဒဏ်ရာမှ မပေးနိုင်ခဲ့ပေ။
ရှင်းရှင်းပြောရလျှင် လျှို့ယန်သည် ဤသစ်သားဝိဉာဉ် အတွက် အဆုံးစွန်ဆုံးသော အိပ်မက်ဆိုးဟုပင် ပြော၍ရသည်။
သစ်သားဝိဉာဉ်၏ စွမ်းရည်အားလုံးသည် လျှို့ယန်အပေါ် လုံးဝသက်ရောက်မှုမရှိသော်ငြား လျှို့ယန်၏ အနည်းငယ်လေးသော တိုက်ခိုက်မှုသည်ကပင်လျှင် သစ်သားဝိဉာဉ်အား ဆိုးဆိုးရွားရွားထိခိုက်အောင် လုပ်နိုင်ပေသည်။
ထိုမျှသာလျှင်မဟုတ်သေးဘဲ လျှို့ယန်မှ ကျွမ်းကျင်ထားသည့် မိုးကြိုးဓာတ်စွမ်းအားသည် သစ်သားဝိဉာဉ်၏ နွယ်တံတစ်လျှောက် ဖြတ်သန်းသွားပြီး ၎င်းတစ်ကိုယ်လုံးအား ကောင်းကောင်း လှုပ်ရှားမရတော့အောင် လုပ်နိုင်သေးသည်။
လျှို့ယန်၏ မီးတောက်အများစုသည် နေမီးလျှံအမြုတေကို ဝါးမြိုပြီးမှ ရရှိလာခြင်းဖြစ်သလို သူမ၏မိုးကြိုးဓာတ်မှာလည်း အသိစိတ်ရှိနေသော အာကာယံမိုးကြိုးမီးတောက်ကို သန့်စင်ပစ်ပြီးမှ ရရှိလာခြင်းဖြစ်သည်။
မီးတောက်ပြင်းအားပိုင်းတွင် လျှို့ယန်၏မီးတောက်သည် လွမ်ဖုန်း၏ ကမ္ဘာဖျက်အနက်ရောင်မီးတောက်များကို ယှဉ်နိုင်လိမ့်မည် မဟုတ်သော်ငြား အတော်လေး အားကောင်းသည့်အထဲတွင်တော့ ပါပေသည်။
သူမ၏မီးတောက်များကို သစ်သားဝိဉာဉ်အနေဖြင့် မည်ကဲ့သို့များ ခုခံနိုင်ပါမည်နည်း။
လျှို့ယန်၏မီးတောက်ခန္ဓာကိုယ် သစ်သားဝိဉာဉ်အား ဖြတ်သန်းသွားပြီးသည့်နောက် နွယ်လက်တံ တစ်ဝက်ကျော်လောက် ပြာကျကုန်လေသည်။
ယခုဆိုလျှင် သစ်သားဝိဉာဉ်၏ ပင်စည်ပေါ်ရှိ မျက်နှာတစ်ပြင်လုံး ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေခဲ့လေပြီ။ ဤနေရာတွင် ဆက်မနေရဲတော့သည့်အတွက် မြေကြီးထဲသို့ ထိုးဖောက်ထားသော ၎င်း၏အမြစ်များကို ပြန်ရုပ်သိမ်းကာ ထွက်ပြေးရန် ကြိုးစားတော့လေသည်။