← Chapters

အခန်း (၂၀၄၁-၂၀၄၅)

Vol. 82 Ch. 2041-2045

အခန်း (၂၀၄၁-၂၀၄၅)

Vol. 82 Ch. 2041-2045

အပိုင်း(၂၀၄၁)

ယန်ကိုင်သည် ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေခြင်း ဖြစ်လေရာ သစ်သားဝိညာဉ်အား မည်ကဲ့သို့များ အလွတ်ပေးနိုင်ပါမည်နည်း။ လေဟာနယ်စွမ်းအားကို သုံး၍ သစ်သားဝိညာဉ်ရှေ့တွင် ပြန်ပေါ်လာပြီးနောက် သူ့လက်နှစ်ဖက်ကို ပူးကပ်ကာ လဓားသွားတစ်စင်းကို ဖန်တီးလိုက်လေသည်။

ဤလဓားသွားကို သုံး၍ သစ်သားဝိညာဉ်အား အဆုံးသတ်ပေးတော့မည်အပြု သစ်သားဝိညာဉ်သည် ရုတ်တရက် စူးရှစွာ ထအော်လေသည်။ ထိုအော်သံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သူ့ညာဘက် လက်မောင်းတစ်ခုလုံး စူးအောင့်လာသလို ရန်ကိုင်ခံစားလိုက်ရသည်။ ညာဘက်လက်တစ်ခုလုံး မတည်မငြိမ်ဖြစ်လာသည့် အတွက်ကြောင့် လဓားသွားမှာလည်း ဟန်ချက်မညီတော့ချေ။

လေဟာနယ်စွမ်းအားဖြင့် ဖန်တီးထားသော ဧရာမလဓားသွားသည် သစ်သားဝိညာဉ်အား တန်ပြန်နိုင်သည့် တိုက်ကွက်တစ်ခုမဟုတ်သော်ငြား ၎င်း၏စွမ်းအားမှာတော့ ပေါ့သေးသေးမဟုတ်။ သို့ရာတွင် နောက်ဆုံး အခိုက်တန့်ရောက်မှ ရန်ကိုင်၏ညာဘက်လက်မှာ မတည်မငြိမ် ဖြစ်လာသဖြင့် လဓါးသွားမှာလည်း ပစ်မှတ်ထား မထိတော့ဘဲ သစ်သားဝိညာဉ်၏ သေကွင်းသေကွက်နေရာကို လွဲချော်သွားခဲ့ရလေသည်။

သို့တိုင် လဓားသွားသည် သစ်သားဝိညာဉ်၏ခန္ဓာကိုယ်ထက်တွင် ဧရာမဖြတ်ရှရာကြီးတစ်ခုကို ထင်ကျန်အောင် လုပ်နိုင်ခဲ့ပေသည်။

ဖြတ်ရှရာဆီမှ အစိမ်းရောင်သွေးများသည် ရေပန်းသဖွယ် ဖြာထွက်လာခဲ့လေ၏။ ထိုစဉ် လျှို့ယန်သည် မီးဘောလုံး အသွင်သို့ ပြောင်းလျက် သစ်သားဝိညာဉ် တစ်ကိုယ်လုံးအား လွှမ်းခြုံလိုက်လေ၏။

အနီးအနားတွင်ရှိနေသော အင်းစက်ဘုရင်မသည်လည်း ၎င်း၏ စုံတွဲဓားနှစ်ချောင်းကို သုံး၍ ဧရာမ ဓားလှိုင်းတစ်ခုကို လျှို့ယန်နှင့် သစ်သားဝိညာဉ်ဆီသို့ ပစ်လွှတ်လိုက်လေသည်။ သစ်သားဝိညာဉ်သည် ချက်ချင်းဆိုသလို စူးရှစွာ ထအော်တော့လေ၏။

ရန်ကိုင်ကမူ ခပ်လှမ်းလှမ်းသို့ ပြန်ဆုတ်သွားပြီး အဝတ်အစားများကို အလျင်စလို ဆုတ်ဖြဲ၍ ညာဘက်လက်မောင်းအား စိုက်ကြည့်လိုက်သည်။ ထို့နောက် အလန့်တကြား ထအော်လေ၏ “သစ်သားဝိညာဉ်အစေ့။”

သူ့ညာဘက်လက်မောင်းတွင် ဆန်စေ့အရွယ် အစိမ်းနုရောင် အစေ့လေးတစ်စေ့ နစ်ဝင်နေပြီး သူ့ကိုယ်ထဲရှိ အသက်စွမ်းအင်တို့သည် ထိုအစေ့လေးထဲသို့ ထိန်းမရအောင် စီးဝင်နေကြောင်းကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။ အသက်စွမ်းအင်များ ပိုမိုစီးဝင်လာသည်နှင့် အမျှ အစေ့လေးမှာ အပင်ပေါက်လာတော့မည့် အရိပ်အယောင်များ ပြလာခဲ့လေသည်။

ထိုအရာဘာမှန်း ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့သည်။ ဤအစေ့လေးသည် သစ်သားဝိညာဉ်မှ အစိမ်းရောင် အလင်းတန်းနှင့်အတူ ပစ်လွှတ်လိုက်သည့် သစ်သားဝိညာဉ် အစေ့သာဖြစ်ပေသည်။

ဧကရာဇ်ခြောက်ဦးပင်လျှင် သစ်သားဝိညာဉ်အား အမြစ်ပြတ် ရှင်းမထုတ်နိုင်သည်မှာ အထူးအဆန်း မဟုတ်တော့။ ၎င်း၏ အစေ့များကို ဖုံးကွယ်နိုင်သည့် စွမ်းရည်မှာ အလွန်ကိုမှ မြင့်မားသည်ကိုး။ ရန်ကိုင်ပင်လျှင် သူ့ခန္ဓာကိုယ်အား နှစ်ကြိမ်ခန့်မျှ သေချာ စစ်ဆေးကြည့်သည့်တိုင် ထိုအစေ့ကို ရှာမတွေ့ခဲ့ချေ။ သစ်သားဝိညာဉ်မှ သူထွက်ပြေး လွတ်မြောက်နိုင်ရန်အတွက် ၎င်း၏ အစေ့ကို အသက်သွင်းလိုက်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုသစ်သားစေ့ကို သူ လုံးဝရှာတွေ့မည် မဟုတ်ပေ။ ဤသစ်သားဝိညာဉ်အစေ့ အသက်ဝင်လာသည့် အတွက်ကြောင့်သာလျှင် ရန်ကိုင်၏ လဓားသွားသည်လည်း ပစ်မှတ်ကို လွဲချော်သွားခဲ့ရခြင်း ဖြစ်သည်။

မေပယ်မြို့ရှိ ကျင့်ကြံသူပေါင်းများစွာ မည်ကဲ့သို့များ သစ်သားဝိညာဉ်အစေ့များ၏ ကူးစက်ခြင်းခံလိုက်ရသလဲ ဆိုသည်နှင့် ပတ်သတ်၍ ရန်ကိုင် လုံးဝရှင်းလင်းသွားခဲ့လေပြီ။ သစ်သားဝိညာဉ်သည် ၎င်း၏အစေ့များကို ကျင့်ကြံသူများ၏ ကိုယ်ထဲသို့ ပစ်လွှတ်လိုက်ပေမည်။ ထိုအစေ့များသည် ကျင့်ကြံသူ၏ အသက်စွမ်းအင်ကို ဝါးမြိုပြီးနောက် ထိုကျင့်ကြံသူ၏ခန္ဓာကိုယ်ကို အပိုင်စီးလိုက်၏။

ထို့နောက် ၎င်းစိတ်ရှိသည့် အချိန်တိုင်း ထိုခန္ဓာကိုယ်ကို သစ်သားဝိညာဉ်ကိုယ်ပွား အဖြစ်သို့ ပြောင်းလဲပစ်နိုင်ပေသည်။

ရန်ကိုင်ကမူ ထိုလူများ လမ်းစဉ်နောက်သို့ မလိုက်ချင်။ သစ်သားဝိညာဉ်အစေ့သည် သူ့အသက်စွမ်းအင်အား ဆက်လက် စုပ်ယူနေသည်ကိုမြင်သော် ရန်ကိုင်သည် အံကြိတ်၍ လေဟာနယ်ဓားသွား သေးသေးလေးတစ်စင်း ဖန်တီးကာ သစ်သားဝိညာဉ် နစ်ဝင်နေသည့် သူ့အသားကို ဖြတ်ထုတ်ပစ်လိုက်လေသည်။

ထိုသို့ဖြတ်ထုတ်နေစဉ်အတွင်း မအော်မိအောင် အတတ်နိုင်ဆုံး အံကြိတ်ထားရသည်။ သူ့ညာဘက်လက်မောင်းမှ သွေးများ ဒလဟော စီးကျလာပေလေ၏။ သူ့ခန္ဓာကိုယ်မှ ကွာထွက်သွားပြီးသည့်နောက်တွင် သစ်သားဝိညာဉ်အစေ့နှင့်အတူ ပါသွားသော အသားစလေးမှာ လုံးဝကို ဝါးမြိုခြင်းခံလိုက်ရသည်။

ထို့နောက်တွင် သစ်သားဝိညာဉ်အစေ့သည် အပင်ပေါက်လေးအဖြစ်သို့ ပြောင်းလဲသွားပြီး လက်တံအချို့ကို ထုတ်ကာ ရန်ကိုင့်ခန္ဓာကိုယ်ထဲသို့ ထပ်မံကျူးကျော်ရန် ကြိုးစားလေ၏။ ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ၍ ကမ္ဘာငယ်လေးကို ဆင့်ခေါ်ကာ သစ်သားဝိညာဉ်အစေ့ နှင့်အတူ ကမ္ဘာငယ်လေးထဲသို့ ဝင်သွားလိုက်လေသည်။

အထဲသို့ရောက်သော် ရန်ကိုင်သည် သစ်သားဝိညာဉ်အစေ့ကို ကိုင်ကာ မီးတောက်များဖြင့် လောင်ကျွမ်းပစ်တော့သည်။ စူးရှသည့် အော်မြည်သံနှင့်အတူ မပြည့်စုံသေးသော သစ်သားဝိညာဉ် ကိုယ်ပွားမှာ ပြာအတိကျအောင် လောင်ကျွမ်းပစ်ခြင်း ခံလိုက်ရလေသည်။ ထိုသို့လုပ်ပြီးနောက်တွင် ရန်ကိုင်သည် သိုလှောင်လက်စွပ်အတွင်းမှ ကုသရေးဆေးလုံး တစ်လုံးကို ထုတ်သောက်လိုက်သည်။ ထို့နောက် တင်ပလင်ခွေထိုင်ကာ သူ့ခန္ဓာကိုယ်အား နောက်တစ်ကြိမ် ထပ်မံသေချာ စစ်ဆေးကြည့်လေသည်။

ဤသစ်သားဝိညာဉ်နှင့် ပတ်သတ်၍ ရန်ကိုင်အတော်လေး သတိထားနေရလေပြီ။ အပြင်ဘက်တွင် သူ့ကောင်းကင်စိတ်အာရုံဖြင့် သူ့ကိုယ်ထဲ ပုန်းကွယ်နေမည်ဖြစ်သော သစ်သားဝိညာဉ်အစေ့ကို ရှာတွေ့မည်မဟုတ်သော်ငြား ကမ္ဘာငယ်လေးထဲတွင်တော့ ထိုသို့မဟုတ်။ ကမ္ဘာငယ်လေးထဲတွင် ရန်ကိုင်သည် လောကနိယာမများကို အသုံးပြုနိုင်သည့်အတွက် သူ့ခန္ဓာကိုယ်အား ပို၍ အသေးစိတ်ကျကျ စစ်ဆေးနိုင်၏။

အကြိမ်အနည်းငယ်ခန့် စစ်ဆေးပြီးနောက် သူ့ကိုယ်ထဲ မည်သည့် သစ်သားဝိညာဉ်အစေ့မှ မရှိတော့ကြောင်း သေချာသွားသည့်အခါမှပဲ ရန်ကိုင် စိတ်အေးနိုင်တော့လေသည်။ ခဏအကြာတွင် ရန်ကိုင် လက်မောင်းပေါ်ရှိ ဒဏ်ရာမှာ လုံးဝပြန်လည် ပျောက်ကင်းသွားခဲ့သည်။ ရွှေရောင်သွေးစက်၏ ပြန်လည်ကုစားနိုင်နှုန်းနှင့် အားကောင်းလှသည့် ခန္ဓာကိုယ်ကြောင့် ထိုကဲ့သို့သော ဒဏ်ရာလေးသည် ရန်ကိုင့်အတွက် ဘာမှမဟုတ်ချေ။

သက်ပြင်းအမောကြီး တစ်ချက် ချလိုက်ပြီးသည့်နောက်တွင် မတ်တပ်ရပ်၍ ကမ္ဘာငယ်လေးထဲမှ ပြန်ထွက်လာခဲ့လိုက်လေသည်။ အပြင်သို့ ပြန်ရောက်လာသည့်အခါ တိုက်ပွဲမှာ အဆုံးသတ်သွားပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ခပ်လှမ်းလှမ်းတွင်ရှိနေသော လူအသွင်ယူထားသည့် လျှို့ယန်သည် ရန်ကိုင်ပေါ်လာသည်ကို မြင်သော် ပြုံးလျက် သူ့ဆီသို့ ခုန်လာခဲ့သည်။

ထို့‌နောက် ရန်ကိုင့်ဘေးတွင်ရပ်ကာ ပျော်ရွှင်စွာ အော်ပြောလိုက်လေသည်။ “သခင်”

ရန်ကိုင်က ခေါင်းညိတ်၍ မြေပြင်ပေါ်ရှိ ပြာပုံကိုကြည့်ရင်း ပြန်မေးလိုက်၏။ “သေသွားပြီလား။”

လျှို့ယန်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်”

ထိုသို့ပြောနေရင်းမှ အင်းစက်ဘုရင်မအား လှမ်းကြည့်၍ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ “သခင်ရဲ့ အကူအသစ်က တော်တော်လေး ကောင်းတာပဲနော်။ ကျွန်မထက်တောင် ပိုကြမ်းသေးတယ်။”

ရန်ကိုင်သည် လျှို့ယန်အား တစ်ချက် လှမ်းကြည့်လိုက်သည်။ သူမဘာတွေးနေသလဲဆိုသည်ကို စဉ်းစားမိသည့်အလား ပြုံး၍ ပြန်ပြောလိုက်သည် “အခုလောလောဆယ် အားကောင်းတယ်ဆိုပေမယ့် သူ့အနာဂါတ်က အကန့်အသတ်နဲ့ပဲ ရှိတယ်။ နောက်ပိုင်းကျ သူအလွန်ဆုံးရောက်နိုင်မှာက တာအိုသခင် တတိယအဆင့်ပဲ။ ဒါပေမယ့် နင်ကမတူဘူး။ နင့်မှာ ကိုယ်ပိုင်အသိဉာဏ်ရှိတယ်။ ကိုယ့်ကိုယ်ကိုလည်း ပိုအားကောင်းလာအောင် လုပ်လို့ရတယ်။ ပြီးတော့ နင့်အနာဂါတ်က အကန့်အသတ်မရှိဘူး။”

“ဟုတ်ကဲ့ပါ သခင်။” လျှို့ယန်သည် ခေါင်းလေးငုံ့ရင်း ပြန်ပြောလိုက်လေသည်။ သို့သော်လည်း သူမစိတ်ထဲ ပျော်နေသည့် အပျော်လေးများကိုတော့ ဖုံးဖိနိုင်ခြင်း မရှိခဲ့ပေ။

ရန်ကိုင်သည် အင်းစက်ဘုရင်မကို ပြန်ခေါ်လိုက်ပြီးနောက် ကမ္ဘာငယ်လေးထဲသို့ ပြန်ပို့လိုက်၏။ ဘေးပတ်ဝန်းကျင် သစ်တောအုပ်တစ်ခုလုံးသည် ဖုန်းဆိုးနယ်မြေကြီး ဖြစ်သွားခဲ့လေပြီ။ နေ့ဝက်အတွင်း တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူ နှစ်ဦးနှင့် တန်ခိုးရှင်အဆင့် ပညာရှင်ပေါင်းများစွာ သေဆုံးသွားသည့် နေရာကြီးကို ကြည့်ရင်း ရန်ကိုင် သက်ပြင်းသာ ချလိုက်သည်။

“သိုလှောင်လက်စွပ်တွေ ရှိမရှိ လိုက်စစ်ဆေးကြည့်လိုက်ပါလား။” ထိုသို့ အမိန့်ပေးပြီးနောက်တွင် ရန်ကိုင်ကိုယ်တိုင်သည်လည်း သိုလှောင်လက်စွပ်များကို လိုက်လံရှာဖွေတော့လေသည်။ မကြာမီ ရန်ကိုင့်လက်ထဲ သိုလှောင်လက်စွပ် ၈ကွင်း ရှိလာခဲ့သည်။

ထိုသိုလှောင်လက်စွပ်များသည် သူတော်စင်နန်းတော်မှ တပည့်များ၏ သိုလှောင်လက်စွပ်များ ဖြစ်ကြသည့်အတွက် ရန်ကိုင့်အတွက် အရမ်းကြီး အဖိုးတန်ခြင်းမရှိချေ။ နင်ယွမ်ချန်းနှင့် ဟန်းလန်၏ သိုလှောင်လက်စွပ်များကို ရန်ကိုင် ယူပြီးသွားလေပြီ။

သို့သော်ငြား လျှိုရီကျိ၏ သိုလှောင်လက်စွပ်ကိုတော့ မည်သည့်နေရာမှ မတွေ့ရတော့။ သူ၏သိုလှောင်လက်စွပ်သည် အစောပိုင်း တိုက်ပွဲအတွင်း တစ်ပါတည်း ပျက်စီးသွားပုံရ၏။ ထိုအကြောင်းကိုတွေးရင်း ရန်ကိုင် အနည်းငယ် စိတ်ပျက်မိသွားခဲ့သည်။

တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး၏ သိုလှောင်လက်စွပ်ထဲတွင် ကျိန်းသေကို အဖိုးတန်ရတနာများစွာ ရှိနေရပေလိမ့်မည်။

“သခင်၊ ကျွန်မတို့ ဒါကို ဘာလုပ်သင့်လဲ။” လျှို့ယန်သည် မြေပြင်ပေါ်သို့ ပြုတ်ကျထားသော သင်္ဘောအား လှမ်းကြည့်ရင်း မေးလိုက်သည်။

“သိမ်းထားရမှာပေါ့။” ရန်ကိုင်သည် ပြုံးဖြီးဖြီးဖြင့် သင်္ဘောဆီသို့ လျှောက်သွားပြီးနောက် သင်္ဘော၏ကိုယ်ထည်အား လှည့်ပတ် စစ်ဆေးကြည့်လေ၏။ ထို့နောက် ကျေနပ်အားရနေသည့် အမူအရာဖြင့် အပြုံးကြီး ပြုံးလိုက်လေသည်။ ဤသင်္ဘာမည်မျှ မြန်မြန် ပျံသန်းနိုင်သလဲဆိုသည်ကို ရန်ကိုင်ကိုယ်တိုင် မြင်ဖူးပေသည်။ သူ့မှာ အစွမ်းကုန် ပျံသန်းနေသည့်တိုင် ဤသင်္ဘာအား အမှီမလိုက်နိုင်ခဲ့ပေ။ ထို့အပြင် အစောပိုင်းက တိုက်ပွဲအတွင်း၌ ဤသင်္ဘော၏ အကာအကွယ် အရံအတားသည် သံသရာ လစက်ဝန်းအစီအရင်၏ တိုက်ခိုက်မှုများကို အတန်ကြာအောင် ခုခံနိုင်ခဲ့သည်။

ဤသင်္ဘောသည် လုံးဝကို တာအိုသခင်အဆင့် ပျံသန်းရေး မှော်ရတနာတစ်ခု ဖြစ်ပေသည်။ လက်ရှိ ရန်ကိုင့်တွင် မရှိသည့် မှော်ရတနာမှာ ပျံသန်းရေးမှော်ရတနာဖြစ်သည်။ ထိုသို့ဖြစ်လေရာ ဤမျှကောင်းမွန်သည့် မှော်ရတနာအား မည်ကဲ့သို့များ အလွတ်ပေးနိုင်မည်နည်း။ ဤပျံသန်းရေး မှော်ရတနာသည် သူတော်စင်နန်းတော်မှ မှော်ရတနာဖြစ်သည့်အတွက် တစ်စုံတစ်ဦးသည်သာ သူဤသင်္ဘာအား အသုံးပြုနေသည်ကို မြင်ပါက နင်ယွမ်ချန်း သေသွားသည့် ကိစ္စသည် သူနှင့် ပက်သက်နေလိမ့်မည်မှန်း သိသွားကြပေလိမ့်မည်။

သို့သော်လည်း ရန်ကိုသာ သေချာသတိထားပြီး အသုံးပြုသရွေ့ ကိစ္စမရှိပေ။

သင်္ဘောမှာ အလွန်ကို ကြီးပေသည်။ သို့ရာတွင် ရန်ကိုင့်မှာ ဤသင်္ဘောကို သန့်စင်ပြီး အရွယ်သေးအောင် မလုပ်နိုင်သေးသည့်အတွက် စိတ်စွမ်းအင်များစွာ သုံး၍သာ သင်္ဘေအား ကမ္ဘာငယ်လေးထဲသို့သာ ပို့ထားလိုက်ရသည်။

“သွားကြရအောင်။” ရန်ကိုင်သည် လျှို့ရန်ကို ခေါ်ကာ မေပယ်မြို့ဆီသို့ ပြန်လာခဲ့လေသည်။ လျှို့ရန်ကိစ္စကို ရှင်းပြီးသွားပြီဖြစ်သည့်အတွက်ကြောင့် ခန်စစ်ရန်နှင့်အတူ လျှို့ဝှက်လှိုဏ်ဂူစံအိမ်ကို သွားရောက် စူးစမ်းရန်သာ ကျန်တော့လေသည်။ သို့သော်ငြား ထိုစဉ်မှာပင် လှည့်ပြန်ရန် ပြင်နေသော ရန်ကိုင့်အား လေပြင်းတစ်ဝှေ့ တိုက်ခတ်သွားခဲ့သည်။ ရန်ကိုင်၏ ခြေလှမ်းတို့ တုန့်ခနဲ ရပ်တန့်သွားခဲ့ပြီး ဘေးပတ်ဝန်းကျင်သို့ သင်္ဘာမကင်းအမူအရာဖြင့် လှည့်ပတ်ကြည့်မိလေသည်။

“ဘာဖြစ်လို့လဲ။” လျှို့ယန်က အံ့အားသင့်နေသည့် အမူအရာဖြင့် မေးလိုက်သည်။

ရန်ကိုင်သည် ချက်ချင်းပြန်မဖြေသေးဘဲ ဘေးပတ်ဝန်းကျင်ကိုသာ သေချာစိုက်ကြည့်နေပြီးနောက် ရုတ်တရက် သစ်သားဝိညာဉ်ကိုယ်ပွား အသတ်ခံလိုက်ရသည့် နေရာဆီသို့ ပျံသန်းသွားလေသည်။ ပုံမှန်အားဖြင့် သစ်သားဝိညာဉ်ကိုယ်ပွား သေသွားသည့်နေရာတွင် ပြာများသာ ကျန်ရစ်သင့်သော်ငြား လေအဝှေ့ကြောင့် ထိုပြာပုံထဲတွင် အရောင်တလက်လက် တောက်နေသော တစ်စုံတစ်ခု ရှိနေကြောင်း ရန်ကိုင် သတိပြုမိသွားခဲ့ရသည်။

ဆောင့်ကြောင့်ထိုင်၍ ပြာများကို သေချာဖယ်ရှား စစ်ဆေးကြည့်ပြီးနောက် တစ်ခုခုကို ရန်ကိုင် ရှာတွေ့သွားခဲ့လေသည်။

ထိုအရာကို ရှာတွေ့လိုက်သည်နှင့် တပြိုင်နက် ရန်ကိုင်သည် ချက်ချင်း နောက်သို့ ခုန်ဆုတ်လိုက်ပြီး လဓားသွားတစ်စင်း ဖန်တီး၍ ထိုအရာဆီသို့ ပစ်လွှတ်ရန် ပြင်လိုက်သည်။ လျှို့ယန်သည်လည်း ရန်ကိုင်ဘေးနားသို့ ရောက်လာခဲ့လေသည်။

ပြာပုံထဲတွင်ရှိနေသည့်အရာကို မြင်ပြီးနောက် အံ့အားသင့်နေသည့် အမူအရာဖြင့် အလန့်တကြား ဆိုမိလိုက်လေ၏။ “အစေ့လား။”

ရန်ကိုင်အား လှမ်းကြည့်လိုက်သော် ရန်ကိုင်မှ ခေါင်းညိတ်ပြသည်ကို မြင်သည့်အခါ ရှေ့သို့ တက်သွားပြီး ထိုအစေ့ကို ကောက်ယူလိုက်လေ၏။ သေချာ စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ထိုအရာမှာ အစေ့တစ်စေ့ဖြစ်ကြောင်း သေချာသွားခဲ့လေသည်။

လျှို့ယန်၏မီးတောက်များဖြင့် လောင်ကျွမ်းခဲ့သည့်တိုင် အကောင်းအတိုင်း ရှိနေသေးသည်ကို ကြည့်လျှင် ဤအစေ့သည် လုံးဝကို သာမာန်မဟုတ်နိုင်ချေ။ သို့သော်ငြား ဤအစေ့မှာ သစ်သားဝိညာဉ်အစေ့သာ ဖြစ်သည်။ ဘာကြောင့်များ မီးတောက်ထဲ ပါမသွားရသနည်း။

ထို့အကြောင်းကြောင့်ပင် ရန်ကိုင် အလွန်ကိုမှ သတိချပ်သွားခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့ သစ်သားဝိညာဉ်အစေ့အား တစ်ကြိမ် ကြုံဖူးထားသူ ဖြစ်သဖြင့် ရန်ကိုင်သည် ဤသစ်သားဝိညာဉ် အစေ့များကို တော်တော်လေးလန့်နေပေသည်။

မြွေကိုက်ခံရဖူးသူတိုင်း ကြိုးကိုမြင်သည်နှင့် လန့်နေလိမ့်မည်ဟူသော ဆိုရိုးစကားပင် ရှိသည်မဟုတ်လော။

သို့ရာတွင် ထူးဆန်းသည့်အချက်မှာ ဤသစ်သားဝိညာဉ်အစေ့သည် ရန်ကိုင့်လက်မောင်းတွင် တွယ်ကပ်နေခဲ့သော သစ်သားဝိညာဉ်အစေ့နှင့် လုံးဝမတူခြင်းပင်။ ပုံမှန်သစ်သားဝိညာဉ်အစေ့များသည် အစိမ်းရောင်သာ ဖြစ်သော်ငြား ဤသစ်သားဝိညာဉ်အစေ့သည် ညာဘက်ပိုင်းတွင် ရွှေရောင်တောက်နေ၍ ဘယ်ဘက်ပိုင်းတွင် ငွေရောင်တောက်နေခဲ့လေသည်။

“အဲ့ဒါနဲ့ပတ်သတ်ပြီး ထူးခြားတာရှိလား။” ရန်ကိုင်က သတိထား၍ မေးလိုက်သည်။

လျှို့ယန်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “တကယ်ကို ပြဿနာ တစ်ခုခု ရှိနေတယ်။ ဒီအစေ့ဆီကနေ အားပျော့တဲ့ ဝိညာဉ်စွမ်းအင်လှိုင်းတွေကို ခံစားနေရတယ်။ ကြည့်ရတာ အသက်ရှင်နေသေးတဲ့ပုံပဲ”

“ငါသိပြီ။” ရန်ကိုင်က ပြောလိုက်လေသည်။ သူသာ နောက်သို့ ချက်ချင်း ပြန်မဆုတ်လိုက်ဘဲ သစ်သားဝိညာဉ်အစေ့ကို ကောက်ယူလိုက်မည်ဆိုပါက အစောပိုင်းကကဲ့သို့ ဒီအစေ့သည် သူ့ကိုယ်ထဲ ဝင်ရောက်လာပေလိမ့်မည်။

ထို့အပြင် ဤသစ်သားဝိညာဉ်အစေ့၏ ပုံစံကို ကြည့်ရသလောက် ဤအစေ့သာ သူ့ကိုယ်ထဲတွင် အမြစ်တွယ်သွားမည်ဆိုပါက အသားဖြတ်ထုတ်ရုံလောက်ဖြင့် ဖယ်ရှားနိုင်လောက်လိမ့်မည် မဟုတ်ချေ။

သို့ရာတွင် လျှို့ယန်မှာ မီးတောက်သက်သက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည့်အတွက် ဤသစ်သားဝိညာဉ်အစေ့အား လုံးဝကြောက်စရာမလိုပေ။

“ကောင်းတယ်၊ ကောင်းတယ်။ ဒီအစုတ်ပလုတ်လေးက ငါ့ကို လာလှည့်စားရဲတယ်ပေါ့။” ရန်ကိုင်က အေးစက်စွာပြုံးလျက် လျှို့ယန်ကို အချက်ပြလိုက်လေသည်။

“ငါ့နောက် လိုက်ခဲ့။” ပြောပြီးသည့်နောက်တွင် လျှို့ယန်အား ကမ္ဘာငယ်လေးထဲသို့ ခေါ်သွားလေသည်။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၂၀၄၂)

ကမ္ဘာငယ်လေးထဲ၌ ရန်ကိုင်သည် ရှေးဟောင်းကန်ရေပြင် တစ်ခုနှယ် အကြွင်းမဲ့ တည်ငြိမ်စွာ တင်ပလင်ခွေ၍ ထိုင်နေခဲ့သည်။ သူ့ရှေ့တွင်မူ ရန်ကိုင်၏လက်စွဲတော် ဆေးမီးဖိုဖြစ်သော ခရမ်းမူလဆေးမီးဖို ရှိနေခဲ့လေသည်။ ဆေးမီးဖို၏အဖုံးမှာ စေ့နေပြီး အလွန်ပြင်းထန်သည့် အပူလှိုင်းတို့သည် ဆေးမီးဖိုအတွင်းဆီမှ ဖြာထွက်နေလေသည်။

တစ်စုံတစ်ခုသည် ဆေးမီးဖိုထဲမှ အပြင်သို့ ထွက်ရန် ကြိုးစားနေသည့်အလား ဆေးမီးဖို အတွင်းပိုင်းထဲတွင် ဂလောင်ဂလွမ် မြည်သံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။

ရန်ကိုင်သည် ခရမ်းမူလဆေးမီးဖိုထဲသို့ သူတော်စင်ချီကို ထိုးထည့်၍ အပြင်သို့ တိုးထွက်ရန် ကြိုးစားနေသော ဆေးမီးဖိုအတွင်းရှိ အရာကို အတတ်နိုင်ဆုံး ဖိနှိပ်နေခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ခရမ်းမူလဆေးမီးဖိုသည် တဖြည်းဖြည်း အနီရောင်သမ်းလာ၏။ ၎င်းဆီမှ ဖြာထွက်နေခဲ့သော အပူလှိုင်းတို့မှာလည်း အလွန်ကိုမှ ပြင်းထန်လာလေပေရာ ပတ်ဝန်းကျင် ဟင်းလင်းပြင်ကိုပင် စတင် တွန့်လိမ်လာခဲ့စေလေသည်။ ထိုအချိန်အတောအတွင်း ဆေးမီးဖိုအတွင်းရှိ ရုန်းကန်မှုများမှာတော့ အားနည်းသည်ထက် အားနည်းလာခဲ့လေ၏။

တစ်ရက်လုံးလုံး ကြာသွားပြီးနောက်တွင် ဆေးမီးဖိုမှာ လုံးဝကို ငြိမ်သက်သွားခဲ့လေသည်။ ရန်ကိုင်သည် လျှို့ယန်ကို ပြန်ခေါ်လိုက်ပြီး ခရမ်းမူလဆေးမီးဖို အဖုံးကို ဖွင့်ပေးလိုက်၏။ ချက်ချင်းဆိုသလို လျှို့ယန်သည် မီးနီရောင် အလင်းတန်းတစ်ခုအသွင် ပြောင်း၍ ဆေးမီးဖိုထဲမှ ထွက်လာပြီး လူအသွင်ယူကာ ရန်ကိုင့်ဘေးတွင် လာရပ်လေသည်။

“သခင်။” လျှို့ယန်သည် ရန်ကိုင့်အား နှုတ်ဆက်လိုက်ပြီး ရွှေရောင်နှင့် ငွေရောင် ရောယှက်နေသော သစ်သားဝိညာဉ်အစေ့အား သူ့လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

“သခင် စိတ်ချထားလို့ရပါပြီ။ ဒါ ဘာအန္တရာယ်မှ မရှိတော့ဘူး။”

“ကောင်းတယ်။” ရန်ကိုင်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ဤထူးဆန်းသည့် သစ်သားဝိညာဉ်အစေ့အား ကောင်းကင်စိတ်အာရုံဖြင့် စတင် စစ်ဆေးကြည့်လေသည်။

လျှို့ယန်ပြောသည့်အတိုင်း သစ်သားဝိညာဉ်အစေ့မှာ အန္တရာယ်မရှိတော့ပေ။ အစေ့ထဲရှိ မှိန်ဖျဖျ ဝိညာဉ်စွမ်းအင်မှာ လုံးဝကို ပျောက်ကွယ်သွားခဲ့လေပြီ။ ထိုဝိညာဉ်စွမ်းအင်သည် သစ်သားဝိညာဉ်၏ ဝိညာဉ်စွမ်းအင်သာဖြစ်သည်။ ဝိညာဉ်စွမ်းအင်ကိုသာ မဖျက်ဆီးပစ်ခဲ့ပါက သစ်သားဝိညာဉ်သည် နောက်တစ်ကြိမ် အသက်ရှင်လာနိုင်ပေသည်။ သို့သော်ငြား ခရမ်းမူလဆေးမီးဖိုထဲ ပစ်ထည့်ခံရပြီး လျှို့ယန်၏ တစ်ရက်နှင့် တစ်ညတိုင်တိုင် သန့်စင်ခြင်းခံရပြီးသည့် နောက်တွင် ထိုဝိညာဉ်စွမ်းအင်မှာ ဤလောကကြီးထဲမှ အပြီးတိုင် ပျောက်ကွယ်သွားရလေတော့သည်။

လက်ရှိ ရန်ကိုင်လက်ထဲရှိ အစေ့သည် သစ်သားဝိညာဉ်အစေ့ မဟုတ်တော့ဘဲ သစ်သားဝိညာဉ် ပေါက်ဖွားလာသည့် မူလအစေ့သာ ဖြစ်လေသည်။ သစ်သားဝိညာဉ် အသိစိတ်ရမလာစဉ်က ၎င်း၏ခန္ဓာကိုယ် မည်သည့်ပုံစံ ရှိခဲ့လဲဆိုသည်ကို ရန်ကိုင် မသိခဲ့ပေ။

သို့သော်ငြား သူနှင့်လျှို့ယန်မှ တစ်ရက်နှင့်တစ်ညတိုင်တိုင် အဆက်မပြတ် လောင်ကျွမ်းပစ်သည့်တိုင် မည်သည့်ထိခိုက်မှုမှ မရှိသည်ကို ကြည့်လျှင် ဤအစေ့သည် လုံးဝကို သာမာန်မဟုတ်ချေ။ ဤအစေ့ကိုသာ စိုက်ပျိုးထားလိုက်ပါက နှစ်ထောင်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် ၎င်းသည် တဖန်ပြန်လည် အသိစိတ်ရလာနိုင်ပေသည်။ သို့သော်လည်း ထိုအခါ ဖြစ်ပေါ်လာမည့် သစ်သားဝိညာဉ်သည် ယခု သူတို့သတ်ပစ်လိုက်သော သစ်သားဝိညာဉ်နှင့် တူချင်မှ တူတော့ပေလိမ့်မည်။

“ဒါနဲ့ ပတ်သတ်ပြီး သခင်ဘာလုပ်ဖို့ စဉ်းစားထားလဲ။” လျှို့ယန်သည် ရန်ကိုင့်အားကြည့်ပြီး မေးလိုက်သည်။

“ဘာမှမစဉ်းစားရသေးဘူး။ နင်ကော ဘာလုပ်ချင်လဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။

လျှို့ယန်က ခေါင်းခါ၍ “သခင့် သဘောပဲ။ ဒါပေမယ့် ဒီအစေ့ထဲမှာ စီးဆင်းနေတဲ့ စွမ်းအင်နှစ်မျိုးက သခင့်အတွက် အရမ်းအကျိုးရှိလိမ့်မယ်လို့ ကျွန်မ ခံစားနေရတယ်။”

“အို.. နင်ဘာလို့ အဲ့လိုပြောတာလဲ။” ရန်ကိုင်က အံ့အားသင့်သွားသည့်အမူအရာဖြင့် ပြန်မေးလိုက်သည်။

“မသိစိတ်အရ အဲ့လိုခံစားရတာပဲ။ ရှင်းပြခိုင်းမယ်ဆိုရင်တော့ ကျွန်မ မရှင်းပြတတ်ဘူး။” လျှို့ယန်က ပြုံးကာ ပြန်ပြောလိုက်သည်။

ရန်ကိုင်သည် ခေါင်းညိတ်လိုက်ပြီးနောက် ထူးဆန်းသည့် သစ်သားဝိညာဉ်အစေ့အား စိုက်ကြည့်ကာ အတွေးနက်သွားလေသည်။

ရုတ်တရက် အကြံတစ်ခုကို စဉ်းစားမိလိုက်သည့်အလား ရန်ကိုင်၏ မျက်လုံးများ တောက်ပလာခဲ့လေသည်။ ချက်ချင်းဆိုသလို ရန်ကိုင်၏ပုံရိပ်သည် ကမ္ဘာငယ်လေးထဲရှိ ဆေးဥယျာဉ်ဆီသို့ တိုက်ရိုက် ရောက်ရှိလာခဲ့လေသည်။ ထို့နောက် နေရာကောင်းတစ်ခုရှာပြီး မြေတူးကာ သစ်သားဝိညာဉ်အစေ့ကို ထိုမြေတွင်းထဲတွင် ထည့်စိုက်လိုက်၏။ ဤသစ်သားဝိညာဉ် အစေ့အား မည်ကဲ့သို့ လုပ်ရမလဲ ဆိုသည်နှင့် မစဉ်းစားရသေးသဖြင့် ဤနေရာတွင် စိုက်ထားလိုက်ပြီး စောင့်ကြည့်သည်မှာ အကောင်းဆုံး ဖြစ်ပေသည်။

ဤလောကကြီးတွင် ဤသစ်သားဝိညာဉ် အစေ့အား စိုက်ပျိုးရန်အတွက် ကမ္ဘာငယ်လေးထဲရှိ သူ့ဆေးဥယျာဉ်ထက် ပိုကောင်းသည့်နေရာ မရှိတော့ချေ။ သူ့ဆေးဥယျာဉ်၏ မြေအောက်ထဲတွင် မြောက်မြားလှစွာသော မြေလေးများအပြင် ဥယျာဉ်စွမ်းအင်ကို အဆက်မပြတ် ထောက်ပံ့ပေးနေမည့် မြေကမ္ဘာချီကြောမ သလင်းကျောက် ငါးတုံးလည်း ရှိနေခဲ့သည်။ ဤနေရာတွင် သစ်သားဝိညာဉ်အစေ့ ကြီးထွားရန် လိုအပ်သည့် အချိန်ပမာဏသည် သိသိသာသာ လျော့ကျသွားမည်ဖြစ်ပြီး နှစ်အနည်းငယ်အတွင်း သစ်သားဝိညာဉ်အစေ့မှ မည်ကဲ့သို့သော အပင်မျိုး ပေါက်လာမလဲဆိုသည်ကို ရန်ကိုင် သိနိုင်ပေလိမ့်မည်။ သေချာ ထပ်မံစစ်ဆေးကြည့်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ဝမ်းသာအားရပြုံး၍ လျှို့ယန်ရှေ့၌ ပြန်ပေါ်လာခဲ့သည်။

“ပြီးသွားပြီ။ မေပယ်မြို့ဆီ ပြန်ကြရအောင်။ ငါ့နောက် လိုက်ခဲ့ဦး။ ငါနင့်ကို မေးချင်တာ တစ်ချို့ ရှိသေးတယ်။” ရန်ကိုင်သည် လျှို့ယန်အား ကြည့်ရင်းပြောလိုက်သည်။

“ဟုတ်ကဲ့” လျှို့ယန်သည် ခေါင်းညိတ်လိုက်ပြီးနောက် မီးနီရောင်အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းကာ ရန်ကိုင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲမှ ပြန်ထွက်လာပြီးနောက် မေပယ်မြို့ဆီ ပြန်သွားတော့လေ၏။

မေပယ်မြို့မှ မိုင်ပေါင်းသောင်းနှင့်ချီ ဝေးကွာသည့် နေရာတစ်ခုတွင် သူတော်စင်နန်းတော် ရှိပေသည်။ တောင်စဉ်တောင်တန်းများ တိမ်စိုင်တိမ်တိုက်များဖြင့် ဝန်းရံထားသော သူတော်စင်နန်းတော်မှာ အမှန်တကယ်ကိုမှ ရင်သပ်ရှုမောဖွယ်ရာ ကောင်းလှ၏။

တစ်ခုသော တောင်ထွတ်ပေါ်တွင် အပေါ်ပိုင်း အဝတ်ဗလာဖြစ်နေသော ဆံဖြူလူအိုကြီးတစ်ဦးသည် အရှေ့ဘက်သို့ မျက်နှာမူလျက် တင်ပလင်ခွေ ထိုင်နေခဲ့သည်။ ထိုလူအိုကြီးသည် မျက်လုံးပိတ်ကာ အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းလျက် ဝင်လေထွက်လေ မှတ်နေခဲ့၏။ သူအသက်တစ်ခါ ရှူထုတ်လိုက်တိုင်း သူရှူထုတ်လိုက်သည့် လေများသည် ငှက်များ သားရဲများအဖြစ်သို့ ပြောင်းလဲသွားပြီး တောအုပ်အတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။

ဤလူအိုကြီးသည် ထူးဆန်းသည့် ကျင့်စဉ်တစ်ခုကို ကျင့်ကြံနေခြင်းဖြစ်သည်။ ရုတ်တရက် လူအိုကြီး မျက်လုံးပွင့်လာပြီး သူ့မျက်လုံးနက်ထဲ ထူးဆန်းသည့်အရောင် တလက်လက် လက်သွားခဲ့၏။

“ငါ ကျင့်ကြံနေရင် ကိစ္စမရှိဘဲ လာမနှောက်ယှက်နဲ့လို့ ပြောမထားဘူးလား။ ပြော ဒီတစ်ကြိမ် ဘာကိစ္စလဲ။ ဘာမှအရေးမကြီးတဲ့ ကိစ္စဆိုရင်တော့ မင်း ခေါင်းနဲ့ကိုယ် အိုးစားကွဲပြီသာမှတ်။” လူအိုကြီးသည် နောက်သို့ပင် လှည့်မကြည့်ဘဲ အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။

လူအိုကြီး၏နောက်ဘက် မီတာပေါင်းများစွာ အကွာတွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း လူကြီးတစ်ဦး ရှိနေခဲ့လေသည်။ လူအိုကြီးပြောသည့် စကားကို ကြားပြီးနောက် သက်လတ်ပိုင်းလူကြီ၏ နဖူးထက် ချွေးအေးများ စီးကျလာခဲ့လေ၏။ ချက်ချင်းပဲ လက်သီးဆုပ်၍ တုန်တုန်ရီရီဖြင့် တင်ပြလိုက်လေသည်။ “နန်းတော်သခင်၊ သခင်လေးရဲ့ အသက်သလင်းကျောက် ကွဲသွားပါတယ်။”

ဤလူအိုကြီးသည် အခြားမဟုတ်ဘဲ သူတော်စင်နန်းတော်၏ နန်းတော်သခင် နင်ပိုယန် ဖြစ်နေခဲ့ပေသည်။

“ယွမ်ချန်းရဲ့ အသက်သလင်းကျောက် ကွဲသွားတာလား။” ထိုစကားကို ကြားပြီးနောက် နင်ပိုယန်၏အမူအရာမှာ ရုတ်ချည်း အေးစက်သွားခဲ့သည်။

တောင်ပေါ်ရှိ အပူချိန်မှာလည်း သိသိသာသာကို ထိုးကျသွားခဲ့သည်။

“ဟုတ်ကဲ့။” သက်လတ်ပိုင်းလူကြီးမှာတော့ ခေါင်းပင် မမော့ရဲဘဲ တုန်တုန်ရီရီဖြင့် ပြန်ပြောလိုက်လေသည်။

“ဟမ့်… အဲ့ခွေးကောင်လေးက အစကတည်းက အသက်ရှည်ရှည် နေရမှာမဟုတ်မှန်း ငါသိနေတယ်။ သူ့ အသက်သလင်းကျောက် ကွဲသွားမှတော့ ကွဲသွားတာပဲပေါ့။” နင်ပိုယန်က ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။

“ဟမ်။” သက်လတ်ပိုင်းလူကြီး ကြောင်သွားခဲ့လေသည်။ သူ့သား သေသွားသည့်အကြောင်း ကြားလိုက်ရသည့်တိုင် နင်ပိုယန်သည် ယခုကဲ့သို့ ထူးမခြားနားဟန် လုပ်နေဦးမည်ဟု သက်လတ်ပိုင်းလူကြီး မထင်ထားခဲ့ချေ။

‘သခင်လေးက သူ့ရဲ့သားအရင်းများ မဟုတ်လို့လား။’ သက်လတ်ပိုင်းလူကြီး ထိုကဲ့သို့ တွေးမိသွား၏။

“ယွမ်ချန်း သေသွားပြီဆိုမှတော့ ယွမ်ရှုကို သခင်လေး လုပ်ခိုင်းလိုက်တော့။ အဲ့ကိစ္စကို မင်းဘာသာမင်း ကြည့်စီစဉ်လိုက်။ ဒီလူအိုကြီးကို လာမနှောက်ယှက်နဲ့တော့။” နင်ပိုယန်က အမိန့်ပေးလိုက်လေသည်။

သက်လတ်ပိုင်းလူကြီးမှာ စကားတစ်ခွန်းပင် ပြန်မပြောရဲသည့်အတွက် အလျင်စလိုပင် ခေါင်းညိတ်လိုက်လေသည်။ “ဟုတ်ကဲ့။ နန်းတော်သခင်ရဲ့ အမိန့်အတိုင်း လုပ်လိုက်ပါမယ်။”

“ဒါပေမယ့် ယွမ်ချန်းက ဘာမှအသုံးမကျပေမယ့် ငါ့သားဖြစ်နေတုန်းပဲ။ သူက သူတော်စင်နန်းတော်ရဲ့ သခင်လေးတစ်ယောက်ပဲ။ သူ့ကို သတ်လိုက်တယ်ဆိုတာ ငါတို့ သူတော်စင်နန်းတော်ကို စိန်ခေါ်လိုက်တာနဲ့ အတူတူပဲ။ ဘယ်သူသတ်သွားလဲ လိုက်ရှာပြီး အဲ့လူရဲ့ ခေါင်းကို ပြန်ယူလာခဲ့။”

“ဟုတ်ကဲ့။” သက်လတ်ပိုင်းလူကြီးသည် တလေးတစား ဦးညွှတ်လိုက်သည်။

“မင်းသွားလို့ရပြီ။” နင်ပိုယန်က လက်ဝှေ့ယမ်းလိုက်၏။

သက်လတ်ပိုင်းလူကြီးသည် တစ်ခွန်းပင် ပြန်ပြောမနေဘဲ ချက်ချင်း ပြန်ဆုတ်လာခဲ့လေသည်။

တောင်ဘက်နယ်မြေတစ်ခုလုံး၏ အရှင်သခင်ဖြစ်သော ကြယ်ဝိညာဉ်နန်းတော်ထဲတွင်လည်း ထိုကဲ့သို့သော ကိစ္စတစ်ခု ဖြစ်ပျက်နေခဲ့လေသည်။ လျှို့ဝှက်ခန်းတစ်ခန်းထဲတွင် ခပ်ပုပု လူအိုကြီးတစ်ဦးသည် ရှေ့တွင် ရပ်နေသော မိန်းမချောလေးတစ်ဦး တင်ပြနေသည်ကို နားစိုက်ထောင်နေခဲ့သည်။

အမျိုးသမီးမှ တင်ပြသည်ကို နားထောင်ပြီးနောက်တွင် မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်လေသည်။ “အဲ့ခွေးကောင်လေးရဲ့ အသက်သလင်းကျောက် ပျက်စီးသွားတာလား။”

“ဟုတ်ပါတယ် ဆရာ။ ဂျူနီယာမောင်လေးဟန်ရဲ့ သလင်းကျောက် တကယ်ကို ပျက်စီးသွားတာပါ။” အမျိုးသမီးက တလေးတစားဖြင့် ပြန်ပြောလိုက်သည်။

“ငါ ဘယ်လိုပဲ လိုက်ဖမ်းဖမ်း အမြဲတမ်း ငါ့လက်ကနေ ရှောင်ထွက်သွားနိုင်တဲ့ကောင်က ဘယ်လိုလုပ်ပြီး သေသွားရတာလဲ။” အဖိုးအိုသည် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ “တကယ် အသုံးမကျတဲ့ကောင်။”

“ဆရာ ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့။ ဂျူနီယာမောင်လေးဟန်က သေသွားပြီဆိုတော့ ဘယ်သူပဲ သူ့ကိုသတ်သတ် ဆရာ့အစား အညစ်အကြေးကို ရှင်းပေးလိုက်တာနဲ့ အတူတူပါပဲ။” အမျိုးသမီးက ပြန်ပြောလိုက်သည်။

“ငါ့အစား အညစ်အကြေးကိုရှင်းပေးတာ။” အဖိုးအိုသည် အေးစက်စက်အမူအရာဖြင့်ပင် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေသည်။ “ငါ့ကိစ္စမှာ ဘယ်သူမှ ဝင်ပါစရာမလိုဘူး။”

“တပည့် မှားသွားပါတယ်။ ကျေးဇူးပြု၍ ခွင့်လွှတ်ပေးပါ ဆရာ။” ထိုစကားကိုကြားသည့်အခါ မိန်းမချောလေး၏ မျက်နှာ ဖြူလျော်သွားခဲ့သည်။

“သူ့ကို ဘယ်သူ သတ်လိုက်လဲ သွားစုံစမ်းချည်။ အဲ့ကောင်မှာရှိတဲ့ ပစ္စည်းတွေကို ငါစိတ်မဝင်စားပေမယ့် နင့်ရဲ့ ဂျူနီယာ မောင်လေးဟန်ဆီမှာ တံဆိပ်ပြားတစ်ခုရှိတယ်။ အဲ့တံဆိပ်ပြားကို ပြန်ယူဖြစ်အောင် ယူလာခဲ့။” အဖိုးအိုက အမိန့်ပေးလိုက်လေသည်။

“တံဆိပ်ပြားလား။” အမျိုးသမီး ကြောင်သွားလေသည်။ ထို့နောက် သိချင်စိတ်ဖြင့် ပြန်မေးလိုက်လေသည်။ “ဘယ်လိုတံဆိပ်ပြားမျိုးလဲ သိလို့ရမလား ဆရာ။”

အဖိုးအိုက အမျိုးသမီးအား တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “နင်မြင်ရင် သိလိမ့်မယ်။ ရှင်းပြနေလဲ ဘာမှအသုံးဝင်မှာမဟုတ်ဘူး။”

“ဟုတ်ကဲ့ ဆရာပြောတဲ့အတိုင်း တပည့်အခုချက်ချင်းပဲ သွားလုပ်လိုက်ပါ့မယ်။ သတင်းကောင်းကို စောင့်နေပါ ဆရာ။” ထိုသို့ပြောပြီးသည့်နောက်တွင် အမျိုးသမီးသည် မည်သည့်မေးခွန်းမှ ထပ်မမေးရဲတော့ဘဲ ထိုအခန်းထဲမှသာ အလျင်စလို ထွက်လာခဲ့လေသည်။

ထိုအမျိုးသမီး ထွက်သွားပြီးသည့်နောက် ခပ်ပုပုလူအိုကြီး၏ မျက်နှာထက် မသေချာမရေရာ အတွေးနက်နေသည့် အကြည့်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် ရုတ်တရက် ထကျိန်ဆဲတော့လေ၏။ “ခွေးသူတောင်းစားလေး။ မင်း ငါ့လက်မှာ မသေသွားတာ ကံကောင်းတယ်မှတ်။”

“ဆိုတော့ အဲ့ကြယ်တာရာ လမ်းကြောင်းကနေ ထွက်လာပြီးတာနဲ့ သွေးနက်ကန်ထဲကို ကျသွားတာပေါ့။” ရန်ကိုင်သည် မေပယ်မြို့သို့ ပျံသန်းနေရင်း မေးလိုက်သည်။

သွေးနက်ကန်သည် မေပယ်မြို့ဆီမှ သိပ်မဝေးဘဲ မိုင်တစ်သိန်းခန့်သာ ဝေးကွာသည့် အတွက်ကြောင့် ထိုကန်အကြောင်းကို ရန်ကိုင် ကြားဖူးပေသည်။

“ဟုတ်တယ်။” လျှို့ယန်က ပြန်ပြောလိုက်သည်။ “အခြားသူတွေ ကျွန်မအကြောင်းသာ သိသွားမယ်ဆိုရင် အလွယ်တကူ လောဘတက်လာနိုင်မယ်မှန်းသိလို့ အဲ့မှာပဲ တောက်လျှောက် နေခဲ့တာ”

“ဒါဆို နောက်ဘာဆက်ဖြစ်သွားတာလဲ။” ရန်ကိုင်က မေးလိုက်သည်။

“အဲ့မှာ နေနေတုန်း ကျွန်မကို ဝါးမြိုချင်နေတဲ့ မွန်းစတားသားရဲတွေ အများကြီးနဲ့ ကြုံခဲ့တယ်။ သူတို့တွေကို အသည်းအသန် တိုက်ခိုက်ပြီး အကြိမ်တိုင်းလိုလို ထွက်ပြေးနိုင်ခဲ့တယ်။ ဒါပေမယ့် တစ်နေ့ အဲ့ထဲက မွန်းစတားသရဲတစ်ကောင်နဲ့ တိုက်ခိုက်နေတုန်း အနားက ဖြတ်သွားတဲ့ ပညာရှင်တစ်ယောက် ကျွန်မကို ရှာတွေ့သွားတယ်လေ။ အဲ့ပညာရှင်က တာအိုသခင်ဒုတိယအဆင့်ပဲ။ သူက ကျွန်မနဲ့ တိုက်ခိုက်နေတဲ့ မွန်းစတားသားရဲကိုတင် သတ်ပစ်ရုံတင်မဟုတ်ဘူး။ ကျွန်မကိုပါ ဖမ်းပြီး ဒီပန်းကန်လုံးထဲ ထည့်ပိတ်ထားလိုက်တယ်။”

လျှို့ယန်သည် ထိုအကြောင်းများကို ပြန်ပြောနေစဉ် အနည်းငယ် တုန်ရီနေခဲ့လေသည်။ “ကောင်းသွားတာက အဲ့လူ ကျင့်ကြံထားတဲ့ ကျင့်စဉ်က ရေဓာတ်ဖြစ်နေတာပဲ။ ဒါ့ကြောင့်ပဲ ကျွန်မကို လေလံစံအိမ်မှာ လေလံလာတင်ဖြစ်တာ။ မဟုတ်ရင်တော့ ကျွန်မတော့သွားပြီ။”

“ကံကြမ္မာက နင်နဲ့ငါ့ကို ပြန်ဆုံတွေ့အောင် လုပ်ပေးလိုက်တာနဲ့တူပါတယ်။” ရန်ကိုင်က ပြုံးလျက်ပြောလိုက်သည်။ အမျိုးမျိုးသော အလှည့်အပြောင်းများနှင့် ကြုံခဲ့ရသော်ငြား သူနှင့် လျှို့ယန်သည် လေလံပွဲတွင် တွေ့ကြုံရန် ကံကြမ္မာဖန်လာခဲ့လေသည်။ သူသာ ငှက်မွေးပြာဂိုဏ်းမှ လွတ်မြောက်လာပြီးနောက် မေပယ်မြို့သို့ ထွက်ပြေးမလာခဲ့လျှင် လျှို့ယန်နှင့် ကျိန်းသေ တွေ့ရလိမ့်မည်မဟုတ်ချေ။

ထို့အပြင် လျှို့ယန်ကဲ့သို့သော လူသည်သာ အဖမ်းခံလိုက်ရမည်ဆိုပါက အချိန်ကြာကြာ အသက်ရှင်နိုင်လိမ့်မည်မဟုတ်။ သူမအား ဖမ်းမိသွားသည့်လူသည် သူမကို မှော်ရတနာတစ်ခုထဲသို့ ပေါင်းစပ်လျှင် ပေါင်းစပ်၊ မပေါင်းစပ်လျှင် တိုက်ရိုက်ဝါးမြိုပစ်ကာ သူတို့၏ခွန်အားကို တိုးတက်အောင် လုပ်ပေလိမ့်မည်။

“ဘာပဲဖြစ်ဖြစ် သခင်နဲ့ ပြန်ဆုံရတာတော့ တကယ်ကို ကောင်းတယ်။ ဒါနဲ့ ရှောင်ရှောင်ရော သခင်။” လျှို့ယန်က ရုတ်တရက် မေးလိုက်လေသည်။

လျှို့ယန်နှင့် ရှောင်ရှောင်သည် ရန်ကိုင်၏ ဘယ်လက်ရုံးနှင့် ညာလက်ရုံးများဖြစ်ကြသည်။ ရှောင်ရှောင်နှင့် နှစ်ပေါင်းများစွာ အတူကြာအောင် နေထိုင်လာခဲ့ရသည့်အတွက် ထိုကောင်လေးအား အတော်လေး တွယ်တာမိပေသည်။

ရန်ကိုင်က သုန်မှုန်နေသည့်အမူအရာဖြင့် ခေါင်းခါ၍ “ဘာအကြောင်းမှ မကြားရသေးဘူး။ သူအဆင်ပြေနေဖို့ မျှော်လင့်ရတာပဲ။”

လျှို့ယန်၏အသံသည်လည်း တိမ်ဝင်သွားခဲ့သည်။ သူတို့၏ မွေးရပ်မြေ ကြယ်စီရင်စုကြီးထဲတွင် ရှောင်ရှောင်၊ သူမနှင့် ရန်ကိုင်တို့သည် ပြိုင်ဘက်ကင်း ပညာရှင်များ ဖြစ်ခဲ့ကြလိမ့်မည် ဖြစ်သော်ငြား ဤကြယ်တာရာ အစုအဝေးထဲသို့ ရောက်လာပြီးနောက်တွင် သူမတို့ထက် အဆပေါင်းများစွာ အားကောင်းသည့် ကျင့်ကြံသူများစွာ ရှိနေကြောင်းကို တွေ့ရှိလိုက်ရသည်။ သူမပင်လျှင် အခြားသူများ၏ ဖမ်းဆီးခြင်း ခံလိုက်ရရာ ရှောင်ရှောင်သည်လည်း အန္တရာယ်တစ်ခုခုနှင့် ကြုံလျှင် ကြုံနေရလောက်သည်။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၂၀၄၃)

ရန်ကိုင် မေပယ်မြို့သို့ ပြန်ရောက်လာသည့် အချိန်တွင် ကောင်းကင်မှာ မည်းမှောင်နေခဲ့လေပြီ။ မြို့ထဲသို့ ဝင်လာပြီးနောက် သူ့အိမ်ဆီသို့ တိုက်ရိုက် ပြန်လာခဲ့လိုက်၏။ အိမ်ရှေ့သို့ ရောက်သည့်အခါ အိမ်ပတ်လည်တွင် ကာရံထားသော အကာအရံများကို ဖွင့်၍ အိမ်ထဲသို့ ဝင်လာလိုက်လေသည်။ သို့သော်ငြား ခြေနှစ်လှမ်း မလှမ်းရသေးခင်မှာပင် ဝမ်းသာအားရ အသံတစ်သံကို ကြားလိုက်ရလေ၏ “ဆရာ ပြန်လာပြီလား။”

ရန်ကိုင် တခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ အသံပိုင်ရှင် မည်သူဖြစ်သလဲဆိုသည်ကို လှည့်ကြည့်ပြီးသည့် အခါမှသာ အိမ်ထဲတွင် သူနှင့်အတူနေသည့် တခြားတစ်ယောက် ရှိနေသေးမှန်း သတိရသွားခဲ့သည်။ ကျန်းမိသားစုမှ ကောင်မလေး ကျန်းရို့ရှီပင်။ ရန်ကိုင်သည် အမြဲတမ်းလိုလို တစ်ကိုယ်တည်း ခရီးသွားလေ့ရှိသဖြင့် တစ်ယောက်ယောက်နှင့် နေရသည့်အပေါ် အနည်းငယ် အသားမကျ ဖြစ်နေခဲ့သည်။ ထို့အပြင် ဤရက်ပိုင်းအတွင်း လျို့ယန်ကိစ္စနှင့် ပတ်သတ်၍ အလုပ်ရှုပ်နေသဖြင့် ကျန်းရို့ရှီအား လုံးဝကို မေ့လျော့နေခဲ့သည်။

အသိပြန်ဝင်လာသည့်နောက်တွင် ရန်ကိုင်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

“ဆရာ ဒီရက်ပိုင်း အရမ်းတွေ အလုပ်ရှုပ်နေခဲ့မှာပေါ့နော်။”

ကျန်းရို့ရှီသည် ခေါင်းကိုငုံ့၍ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ သူမအသံမှာ အလွန်မှ တိုးလွန်းနေရာ ဤတိတ်ဆိတ်လွန်းနေသော အိမ်ထဲတွင်ပင် ရန်ကိုင့်အနေဖြင့် သူမအသံကို ကြားအောင် မနည်းကြိုးစားယူလိုက်ရသည်။ သေသေချာချာ စစ်ဆေးကြည့်ပြီးနောက်တွင် ကျန်းရို့ရှီ အနည်းငယ် စိတ်လှုပ်ရှားနေသလို ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။ ခေါင်းကို ငုံ့ထားရင်း သူမ၏အင်္ကျီစနှစ်ဖက်ကို လက်ဖြင့် ဖိစ်ညှစ်ကာ စိုးရိမ်စိတ်ကို ပြေလျော့အောင် လုပ်နေခဲ့သည်။

“သခင် ဒီမိန်းကလေး ဘယ်သူလဲ။ သူ့ကို ကြည့်ရတာ သခင့်ကို ကြောက်နေသလိုပဲ။” လျှို့ယန်၏အသံ ရန်ကိုင့်ခေါင်းထဲ ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက် လျှို့ယန်က ဆက်ပြီး စလိုက်သည်။ “သူ့ခွန်အားက ဒီလောက်မမြင့်ပါဘူး။ သခင် သူ့ကို ပြန်ပေးဆွဲလာတာတော့ မဟုတ်ပါဘူးနော်။ ဒါပေမယ့် ဒီမိန်းကလေးက မဆိုးဘူးပဲ။ ဒီအသက်နဲ့ ဒီခန္ဓာကိုယ် အရွယ်အစားက ဘာမှ အပြစ်ပြောစရာ မရှိဘူး၊ ကျွတ်… ကျွတ်…”

လျို့ယန် ဘာမှ ဆက်မပြောနိုင်သေးခင်မှာပင် ရန်ကိုင်သည် သူမအား ကမ္ဘာငယ်လေးထဲသို့ ပစ်ထည့်လိုက်လေသည်။

ကမ္ဘာငယ်လေးထဲသို့ ရုတ်တရက် ပစ်ထည့်ခံလိုက်ရသည့်အတွက် လျို့ယန် အနည်းငယ် ကြောင်သွားခဲ့သည်။ ထို့နောက် နှာခေါင်းရှုံ့လျက် “ကိုယ့်လိမ်ပြာ ကိုယ်မလုံတာများ…ဟမ့်”

ပြောပြီးသည့်နောက်တွင် နေမီးလျှံအမြုတေရှိသည့် နေရာကိုရှာကာ မီးငှက်အသွင်သို့ ပြောင်း၍ ထိုနေရာသို့ ပျံသန်းသွားလေသည်။

အိမ်ထဲတွင် ရန်ကိုင်သည် ကြောက်ကြောက်လန့်လန့် ဖြစ်နေသော ကျန်းယို့ရှီးအား ကြည့်ရင်း မေးလိုက်သည်။ “နင် ဒီမှာ ထိုင်စောင့်နေတာလား။”

သူမသာ ဤနေရာ၌ စောင့်မနေလျှင် သူပေါ်လာသည်နှင့် ချက်ချင်းကြီး ပေါ်လာစရာအကြောင်း မရှိချေ။

“မဟုတ်ပါဘူး။ ရို့ရှီက ဒီနားကနေ ဖြတ်သွားရင်း လမ်းကြုံသလိုဖြစ်သွားတာပါ။” ကျန်းရို့ရှီသည် ခေါင်းကို ငုံ့၍ ပြန်ပြောလိုက်လေသည်။

ကျန်းရို့ရှီ၏ စကားကို ရန်ကိုင် ယုံမည်လား။ သို့သော်ငြား တစ်အိမ်လုံး သပ်သပ်ရပ်ရပ် ရှင်းရှင်းလင်းလင်း ဖြစ်နေသည်ကို ကြည့်ရင်း ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည် “ထိုင်ဦး၊ ငါနင့်ကို ပြောစရာရှိတယ်။”

ကျန်းရို့ရှီသည် အလျင်စလို လက်ကိုဝှေ့ယမ်း၍ ပြန်ပြောလိုက်သည်။ “မလိုပါဘူး။ ရို့ရှီမတ်တပ်ရပ်နေပါ့မယ်။”

ရန်ကိုင်သည် သက်ပြင်းချလိုက်ပြီး တစ်ကိုယ်လုံး တောင့်တင်းနေသော ယို့ရှီးအား ထိုင်ခုံတစ်ခုံဆီသို့ ဆွဲခေါ်သွားလိုက်သည်။ ထို့နောက် ထိုထိုင်ခုံပေါ်တွင် သူမအား ထိုင်စေလျက် သူကိုယ်တိုင်လည်း သူမနှင့် ဆန့်ကျင်ဘက်တွင် ထိုင်ချလိုက်လေသည်။ ပြောစရာ အကြောင်းအရာများကို သေချာစဉ်းစားပြီးနောက် ရန်ကိုင်က စ၍ပြောလိုက်သည် “ရို့ရှီ၊ ငါနင့်ကို ရို့ရှီလို့ ခေါ်မယ်နော်။ အဆင်ပြေတယ်မလား။”

ကျန်းယို့ရှီးက စကားတစ်ခွန်းပင် ပြန်မပြောဘဲ ခေါင်းကိုသာ အသာညိတ်ပြလိုက်လေသည်။

ရန်ကိုင်က ပြုံးလျက် လေသံအား အတတ်နိုင်ဆုံး သိမ်မွေ့အောင် ထိန်းထားရင်း ပြောလိုက်လေသည်။ “စကားမပြောချင်လဲ ဘာမှမဖြစ်ဘူး။ ငါပြောချင်တာက ငါနင့်ကို ကျန်းမိသားစုကနေ ခေါ်လာတယ်ဆိုတာ ငါ့ကို ကျေးဇူးဆပ်စေချင်လို့လဲ မဟုတ်ဘူး၊ အလုပ်အကျွေးပြုစေချင်လို့လဲ မဟုတ်ဘူး။ နင့်မိသားစုနဲ့ ငါ့ကြားက ကိစ္စတွေက အကုန်လုံးက ပြီးသွားပြီ။ ကျန်းမိသားစုက ငါ့အပေါ် အကြွေးမတင်တော့သလို ငါလည်း ကျန်းမိသားစုအပေါ် အကြွေးမတင်တော့ဘူး။”

“ကျန်းမိသားစုအပေါ် ဆရာ့ရဲ့ကျေးဇူးကို ရို့ရှီ အမြဲမှတ်မိနေမှာပါ။ ဆရာ့ရဲ့ကျေးဇူးကို ဒီဘဝမှာပဲ ရို့ရှီ ကျိန်းသေပြန်ဆပ်ပါ့မယ်။” ကျန်းရို့ရှီသည် သန္ဓိဌာန်ချထားသည့်လေသံဖြင့် တိုးတိုးလေး ပြန်ပြောလိုက်လေသည်။

ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်၏။ “နင့်သဘောဆိုလည်း အဲ့အတိုင်းပဲပေါ့။ အခု ငါနင့်ကို ကျန်းမိသားစုကနေ ဘာလို့ဖြစ်ခေါ်လာလဲ ပြောပြမယ်။ ငါနင့်ကို ခေါ်လာရတဲ့အကြောင်းအရင်းက နောက်ပိုင်းကျရင် ကိစ္စတစ်ခုခုနဲ့ ပတ်သတ်ပြီး နင့်ဆီကနေ အကူအညီ လိုမှာမလို့ပဲ။”

ကျန်းယို့ရှီးသည် ခေါင်းကို ငုံ့ထားရင်း ပြန်ပြောလိုက်လေသည်။ “ဆရာ ဖြစ်စေချင်တာကို ရို့ရှီ ကျိန်းသေ ဖြည့်ဆည်းပေးပါ့မယ်။ ဆရာက ကျွန်မကို ကျန်းမိသားစုကနေ ခေါ်လာပြီးပြီဆိုမှတော့ ရို့ရှီက ကျန်းမိသားစုဝင်တစ်ဦး မဟုတ်တော့ပါဘူး။ ဒီတော့ ဆရာလိုအပ်တာရှိရင် ရို့ရှီ ကျိန်းသေ လုပ်ပေးပါ့မယ်။ ဆရာပျော်ရင် အဆင်ပြေပါပြီ။”

ရန်ကိုင် သူ့နဖူးသူသာ ပွတ်လိုက်လေတော့သည်။ ကျန်းရို့ရှီနှင့် စကားပြောရသည်မှာ အုတ်နီခဲတစ်လုံးနှင့် စကားပြောနေရသလိုပင်… အလွန်ကိုမှ ကူကယ်ရာ မဲ့ရသည်။ နောက်ဆုံးတွင် ရန်ကိုင်လည်း ပြောသာ ပြောလိုက်ရလေတော့သည်။ “ငါ နင့်ကို ဒီကိစ္စ ဘယ်လိုရှင်းပြလို့ ရှင်းပြရမှန်း မသိဘူး။ ထားလိုက်တော့ အဲ့အကြောင်းကတော့။ ဆရာလို့ ခေါ်နေစရာ မလိုဘူး။ နင့်ကိုယ်နင်လည်း အစေခံ တစ်ယောက်လို့ တွေးနေစရာ မလိုဘူး။ ငါက နင့်ထက် အသက်သိပ်ကြီးတာလဲ မဟုတ်တော့ နင်ငါ့ကို အစ်ကိုရန်လို့ ခေါ်ရင်ရတယ်။”

“ဘယ်လိုလုပ်ဖြစ်ပါ့မလဲ။” ကျန်းရို့ရှီက အလျင်အမြန် ခေါင်းမော့၍ သူမလက်အား ကမန်းကတမ်း ဝှေ့ယမ်းလိုက်လေသည်။ ရန်ကိုင်က သူမအား ကြည့်နေကြောင်း တွေ့လိုက်ရသည့်နောက် အလျင်အမြန်ပဲ ခေါင်းပြန်ငုံ့၍ ပြောလိုက်လေ၏ “အဲ့လို လုံးဝမဖြစ်နိုင်ပါဘူး။ ဆရာ့ကို အဲ့လိုခေါ်လိုက်ရင် ရိုင်းသွားသလို ဖြစ်မှာပေါ့။”

“နင်…” ရန်ကိုင် အံတကြိတ်ကြိတ် ဖြစ်သွားခဲ့လေသည်။

ရန်ကိုင် သူမအား ဒေါသထွက်သွားပြီ အထင်ဖြင့် ကျန်းရို့ရှီသည် ချက်ချင်းထရပ်၍ ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်လေသည်။

ထိုအချင်းအရာကို မြင်သည့်အခါ ရန်ကိုင်လည်း သူမအား ဒူးမထောက်စေရန် ချက်ချင်း လက်ဖြင့် လှမ်းထူမပေးလိုက်လေသည်။ “ထားလိုက်တော့။ ငါနင့်ကို အဲ့အကြောင်းတွေ ထပ်မပြောတော့ဘူး။ ဒါပေမယ့် နင်က အခုကစပြီး ငါ့အနားမှာ နေတော့မှာ။ ငါကလည်း နင့်အကူအညီတွေ လိုဦးမှာဆိုတော့ နင့်ကို မမျှမတ ဆက်ဆံလို့ ဘယ်ဖြစ်ပါ့မလဲ။ ရော့… ဒါကို ယူထားလိုက်”

ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ထုတ်ယူလိုက်ပြီး ပုလင်းအဖုံးဖွင့်ကာ ဆေးသွေးကြောပါသည့် ဆေးလုံးတစ်လုံးကို သွန်ချလိုက်လေသည်။

“အဲ့ဒါ ဘာလဲ ဆရာ။” ကျန်းယို့ရှီးသည် ဆေးလုံးအား စိတ်ဝင်တစား စိုက်ကြည့်ရင်း မေးလိုက်လေသည်။

“အဆိပ်။ နင်သောက်ရဲလား” ရန်ကိုင်က အလေးအနက်အမူအရာဖြင့် ပြောလိုက်လေသည်။ ထိုစကားကို ပြောပြီးသည့်နောက်မှ သူ၏မကောင်းသည့် အကျင့်စရိုက်များ ပြန်ပေါ်လာမှန်း ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့သည်။

ကျန်းရို့ရှီကမူ ပြုံးလျက်သာ ပြန်ပြောလိုက်လေသည်။ “ဆရာ လိမ်နေတာ။”

ရန်ကိုင် အနည်းငယ် ရှက်သွားခဲ့သည်။ သို့သော် ရန်ကိုင် ထိုအကြောင်းအား ဆက်ပြောမနေဘဲ တစ်ခုခုသာ ပြောလိုက်လေသည်။ “ဒါကိုသောက်ပြီး အခန်းတစ်ခန်းရှာပြီး သွားကျင့်ကြံနေလိုက်။ ငါ ရက်နည်းနည်းလောက် အပြင်ထပ်သွားဦးမယ်။ ဒီမှာပဲနေနော်။ လျှောက်မသွားနဲ့နော်။”

“ဆရာ အပြင်ထပ်သွားဦးမှာလား။” ကျန်းရို့ရှီသည် ရန်ကိုင့်အား ခေါင်းမော့ကြည့်ကာ မေးလိုက်သည်။ ထို့နောက် နှုတ်ခမ်းကို ကွေးလျက် ဆက်ပြောလိုက်သည်။ “ရို့ရှီ ဆရာ့နောက် လိုက်ပေးရဦးမလား။”

“မလိုဘူး။ ဒီမှာပဲ စောင့်နေလိုက်။” ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ထိုင်ရာမှ ထ၍ သူအနားယူသည့် အခန်းဆီသို့ လျှောက်သွားလေသည်။

ရန်ကိုင် ထွက်သွားသည့်နောက်တွင် ကျန်းယို့ရှီးသည် ဆေးလုံးအား ထပ်မံ စစ်ဆေးကြည့်သည်။ သို့သော် အတန်ကြာအောင် စစ်ဆေးကြည့်သည့်တိုင် ထိုဆေးလုံးနှင့် ပတ်သတ်သည့် မည်သည့်ထူးခြားမှုကိုမှ ရှာမတွေ့ခဲ့ချေ။

နောက်ဆုံး ဆေးလုံးအား သူမနှာခေါင်းနားသို့ တေ့ကာ အနံ့ရှူကြည့်လိုက်၏။ သင်းပျံ့မွှေးကြိုင်သည့် ဆေးနံ့အား ရလိုက်သည့်နောက် ကျန်းရို့ရှီ၏ မျက်လုံးလေးများ တဖျတ်ဖျတ် တောက်ပလာခဲ့လေသည်။ သူမစိတ်ထဲ မည်ကဲ့သို့သော အတွေးမျိုး ဖြတ်ပြေးသွားသလဲဆိုသည်ကို သူမကိုယ်တိုင်သာ သိပေလိမ့်မည်။ သို့သော်ငြား သူမ၏မျက်နှာမှာတော့ အနည်းငယ် နီမြန်းနေခဲ့သည်။

နောက်ဆုံးတွင် ဆေးလုံးအား သူမပါးစပ်ထဲသို့ ထည့်ကာ မြိုချလိုက်လေ၏။ ဆေးလုံးသည် သူမ၏ ပါးစပ်ထဲသို့ ရောက်သည်နှင့် အပူစီးကြောင်း တစ်ခုအဖြစ်သို့ ပြောင်းလဲကာ သူမခန္ဓာကိုယ်အနှံ့ စီးဆင်းသွားလေသည်။ ထိုအချက်ကို ခံစားလိုက်မိသည့်နောက် ကျန်းရို့ရှီ၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။ နည်းနည်းလေးမှပင် သတိလက်လွတ် မနေရဲသဖြင့် သူမအနားယူသည့် အခန်းထဲရှိ အသေးဆုံးသော အခန်းဆီသို့ ပြေးသွားလိုက်ပြီး ချက်ချင်း တင်ပလင်ခွေထိုင်ချကာ စတင် ကျင့်ကြံတော့လေသည်။

သူမသောက်လိုက်သည့် ဆေးလုံးမှာ ရန်ကိုင်မှ လေလံပွဲအတွင်း အရင်းအမြစ်ကျောက်များစွာ သုံး၍ ဝယ်လာသည့် ခြင်ဆီရှင်းဆေးလုံးသာ ဖြစ်လေသည်။ ဤဆေးလုံး၏ အကူအညီဖြင့်သာဆိုပါက ကျန်းရို့ရှီ၏ အရည်အချင်းသည် အမှန်တကယ်ကို တိုးတက်လာမည်ဖြစ်ပြီး တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်ရန် သူမယူရမည့် ကြာချိန်မှာလည်း လျော့နည်းသွားပေလိမ့်မည်။

ကျန်းရို့ရှီမှာ အတော်လေး ငယ်သေးသော်ငြား လောကကြီးအကြောင်းတော့ အနည်းအကျဉ်းသိပေသည်။ ဆေးသွေးကြောပါသော ဆေးလုံးတစ်လုံးမှာ အလွန်တရာကိုမှ အဖိုးတန်မှန်း သိသည်။ သူမတို့ ကျန်းမိသားစု ပိုင်ဆိုင်သော ပစ္စည်းအားလုံးကို ထုတ်ရောင်းပြီး ဝယ်မည်ဆိုလျှင်ပင် ထိုဆေးလုံးတစ်လုံးကို ဝယ်နိုင်မည်မဟုတ်ပေ။ ထိုကြောင့် ရန်ကိုင်၏ ရက်ရောမှုအပေါ် အလွန်ကိုမှ ကျေးဇူးတင်သွားခဲ့သည်။

ကျန်းရို့ရှီမှ ထိုဆေးလုံးအား သောက်ပြီး စတင်ကျင့်ကြံနေကြောင်း အတည်ပြုပြီးသည့် နောက်တွင် ရန်ကိုင်သည် ဘေးပတ်လည်ရှိ အကာအရံအားလုံးကို အသက်သွင်းလိုက်လေသည်။ ထို့နောက် သိုလှောင်လက်စွပ်၁၀ကွင်းကို ထုတ်၍ ရလာသည့် အကျိုးအမြတ်များကို စတင် ခွဲခြမ်းစိတ်ဖြာတော့သည်။

နာရီဝက် ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့ရှေ့တွင်ရှိနေသော ရတနာပုံကြီးကို ကြည့်ရင်း အားရပါးရ ပြုံးနေခဲ့ပေသည်။ သိုလှောင်လက်စွပ်၁၀ကွင်းထဲမှ အရင်းအမြစ်ကျောက် စုစုပေါင်း ၈သန်းကျော်ရခဲ့သည်။ ထို၈သန်းအနက် ၆သန်းနီးပါးမှာ ဟန်းလန်၏ သိုလှောင်လက်စွပ်ထဲမှ ရခဲ့ခြင်းဖြစ်သည်။

ဟန်းလန်အနေဖြင့် ထိုမျှ များပြားလှသော အရင်းအမြစ်ကျောက်များကို ပိုင်ဆိုင်ထားသည်မှာ အံ့အားသင့်စရာတော့မဟုတ်။ လေလံပွဲတွင်ကတည်းက ဟန်းလန်သည် နင်ယွမ်ချန်းနှင့် ယှဉ်ပြိုင်ရာတွင် အရင်းအမြစ်ကျောက် ၆သန်းအထိ ဈေးပေးခဲ့သည်။ ထို့နောက်မှသာ ဆက်၍ ဈေးမပေးနိုင်တော့ခြင်းဖြစ်သည်။

အရင်းအမြစ်ကျောက်များစွာ ရလိုက်သည့်အတွက် ရန်ကိုင် အလွန်ပျော်ရွှင်နေခဲ့ပေသည်။ လွန်ခဲ့သော လများအတွင်း သူ့အနေဖြင့် ကျားကုတ်ကျားခဲ ကြိုးစားခဲ့ပါသော်ငြား အရင်းအမြစ်ကျောက် ၁သန်းလောက်သာ စုစောင်းနိုင်ခဲ့သည်။ သူ့တွင်ရှိသော အရင်းအမြစ်ကျောက် ၁သန်းအနက် ခြင်ဆီရှင်းဆေးလုံးကို ဝယ်ရန်အတွက် အရင်းအမြစ်ကျောက် သိန်းဂဏန်းခန့် သုံးလိုက်ရသည်။ သို့သော်ငြား ယခုတွင် သူ့၌ အရင်းအမြစ်ကျောက် ၈သန်းကျော် ပြန်ရှိလာခဲ့လေပြီ။ ကြည့်ရသလောက် လတ်တလောအတွင်း အရင်းအမြစ်ကျောက် မရှိမည်ကို စိုးရိမ်စရာ မလိုတော့သည့်ပုံပင်။

ဆေးလုံးများလည်း ရှိပေသေးသည်။ သို့သော် ထိုဆေးလုံးများမှာ ရန်ကိုင့်အတွက် အသုံးမဝင်ချေ။ ဆေးပညာရှင်တစ်ဦး ဖြစ်သည်နှင့်အညီ ရန်ကိုင်သည် ထိုအဆင့်နိမ့်ဆေးလုံးများကို မျက်လုံးထဲ မထည့်ချေ။ သို့သော်ငြား ထိုဆေးလုံးများအား အရင်းအမြစ်ကျောက်များဖြင့် သွားရောက် လဲလှယ်၍ရပေသည်။

မှော်ရတနာများစွာလည်း ထပ်ရှိပေသေးသည်။ ကမ္ဘာငယ်လေးထဲရောက်နေသော ပျံသန်းရေးသင်္ဘောမှလွဲ၍ အခြားသော တာအိုအဆင့် မှော်ရတနာ၃ခုကို ရန်ကိုင် ထပ်မံရရှိခဲ့လေသည်။ ထို၃ခုအနက် တစ်ခုမှာ ဟန်းလန် အသုံးပြုခဲ့သည့် ဓားရှည်ဖြစ်ပေသည်။ ဓားရှည်မှာ တာအိုအဆင့်နိမ့် မှော်ရတနာတစ်ခုသာ ဖြစ်သော်ငြား တာအိုအဆင့်ဖြစ်သည့်အတွက် အသုံးဝင်သည်ဟု ပြော၍ရပေသည်။

အခြားမှော်ရတနာတစ်ခုမှာ နင်ယွမ်ချန်း ပိုင်ဆိုင်သည့် ကိုယ်ကြပ်အကာအကွယ်ဖြစ်သည်။ အကာအကွယ်အားပြုလုပ်ထားသည့် ပစ္စည်းကို ရန်ကိုင်ပင်လျှင် အမျိုးအမည် မခွဲခြားနိုင်ပေ။ ဤအကာအကွယ်မှော်ရတနာမှာလည်း တာအိုအဆင့်နိမ့် မှော်ရတနာတစ်ခုသာ ဖြစ်လေသည်။ သို့သော်ငြား အကာအကွယ်မှော်ရတနာတစ်ခု ဖြစ်သည့်အတွက်ကြောင့် ၎င်း၏တန်ဖိုးသည် ဟန်းလန်၏ ဓားရှည်ထက် ပို၍မြင့်မားပေသည်။

တတိယနှင့် နောက်ဆုံးမှော်ရတနာမှာတော့ ကျောက်စိမ်းနက်ဆေးဖိုသာ ဖြစ်လေသည်။ ဤဆေးမီးဖိုသည် တာအိုအလယ်အလတ်အဆင့် မှော်ရတနာတစ်ခုဖြစ်၏။ ဟန်းလန်သည် အရင်းအမြစ်ကျောက်များစွာ သုံး၍ ဤဆေးမီးဖိုကို ဝယ်ယူခဲ့သော်ငြား နောက်ဆုံးတွင်တော့ ဆေးမီးဖိုသည် ရန်ကိုင့် လက်ထဲသို့သာ ရောက်လာခဲ့လေသည်။

ထိုမှော်ရတနာသုံးခုအပြင် အခြားသော တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာများစွာလည်း ရှိနေပေသေးသည်။ မှော်ရတနာများ ပြီးသည့်နောက် ဆေးဖော်စပ်ရာတွင် အသုံးပြုသည့် ဆေးပင်များ၊ ပန်းပဲထုလုပ်ရာတွင် အသုံးပြုသည့် သတ္ထုရိုင်းများလည်း ရှိနေသေး၏။

ရန်ကိုင့်၏အာရုံကို ဖမ်းစားသွားသည့် အဓိကအရာမှာ တံဆိပ်ပြားလေးတစ်ခုသာ ဖြစ်လေသည်။ “ငါမှတ်မိသလောက်ဆို ဒါက ဟန်းလန်ရဲ့ သိုလှောင်လက်စွပ်ထဲက ရတာ ဖြစ်လောက်တယ်။”

တံဆိပ်ပြားမှာ အရမ်းကြီးမကြီးလှ။ လက်ဝါးတစ်ခု အရွယ်လောက်သာ ရှိသည်။ တံဆိပ်ပြားကိုယ်ထည်မှာ ရွှေရောင်တောက်နေလေသည်။ တံဆိပ်ပြား၏အရှေ့ဘက်တွင် နဂါးတစ်ကောင်၏ ပုံစံကို ထိုးထွင်းထားပြီး ကျောဘက်တွင်တော့ နဂါး ဟူသော စကားလုံးကို ရေးထိုးထားခဲ့သည်။ ကောင်းကင်စိတ်အာရုံနှင့်တကွ ချီစွမ်းအင်ကိုပါ အသုံးပြု၍ တံဆိပ်ပြားကို သေသေချာချာ စစ်ဆေးကြည့်သော်ငြား တံဆိပ်ပြားအား ပြုလုပ်ထားသည့် ပစ္စည်းအား အမျိုးအမည် မခွဲနိုင်ခဲ့ပေ။ သို့သော်ငြား ဤတံဆိပ်ပြားသည် ဟန်းလန်ကဲ့သို့သော လူတစ်ဦး၏ သိုလှောင်လက်စွပ်ထဲမှ ရလာခြင်းဖြစ်သည့်အတွက် ကျိန်းသေကို သာမာန်ဖြစ်လိမ့်မည်မဟုတ်ချေ။ ရန်ကိုင်သည် ထိုတံဆိပ်ပြားကို ကမ္ဘာငယ်ထဲသို့ ပစ်သိမ်းထားလိုက်ပြီး နောက်မှ သေချာလေးလာကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ဆေးလုံးနှင့်မှော်ရတနာများကိုပါ သိမ်းဆည်းလိုက်ပြီးနောက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ပြီး ကျန်းရို့ရှီ၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ အကုန်လုံး ချောချောမွေ့မွေ့နှင့် ရှိနေကြောင်း တွေ့ရှိလိုက်ရသည့်နောက် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။

နေ့တစ်ဝက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့အတွက် အသုံးမဝင်သည့် ပစ္စည်းများအားလုံးကို မှောင်ခိုဈေးကွက်တွင် ရောင်းထုတ်လိုက်နိုင်ခဲ့သည်။

ရန်ကိုင်သည် သူရရှိထားသည့် ပစ္စည်းအားလုံးကို တစ်ဆိုင်ထဲတွင် မရောင်းချခဲ့ပေ။ တစ်ဆိုင်မှ တစ်ဆိုင်သို့သွားကာ ဆိုင်ပေါင်းများစွာ၌ ရောင်းချခဲ့သည်။ ထိုသို့ ရောင်းချနေစဉ်အတွင်း သူ့ကိုယ်သူလည်း ရုပ်ဖျက်ထားခဲ့ပေသည်။ တခြားသူများ သူ့ပုံစံအမှန်ကို အာရုံခံ၍ မရစေရန်အတွက် သူ့ကိုယ်သူ ကောင်းကင်စိတ်အာရုံဖြင့် လွှမ်းခြုံထားခဲ့သည်။ မှောင်ခိုဈေးကွက်မှ ပြန်ထွက်လာပြီးသည့်နောက်တွင် ရန်ကိုင်၌ ရှိနေသော အရင်းအမြစ်ကျောက် ပမာဏမှာ ၁၀သန်းကျော်သွားခဲ့လေသည်။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၂၀၄၄)

အတန်ကြာပြီးနောက်၌ ရန်ကိုင်သည် သူငှားထားသည့် အိမ်ထဲတွင်နေရင်း မကြာသေးခင်ကမှ ရရှိထားသည့် တာအိုအဆင့်မှော်ရတနာများကို သန့်စင်နေခဲ့သည်။ ရုတ်တရက်ဆိုသလို သူ့အမူအရာ ပြောင်းလဲသွားခဲ့လေ၏။

ချက်ချင်းပဲ သိုလှောင်လက်စွပ်ထဲမှ ဆက်သွယ်ရေးမှော်ရတနာကို ထုတ်ယူလိုက်ပြီး ကောင်းကင်စိတ်အာရုံ ထည့်သွင်းလိုက်သည်။ ထို့နောက် သူ့မျက်နှာထက် အပြုံးတစ်ပွင့်ထွက်ပေါ်လာပြီး ထိုင်ရာမှ အလျင်စလို ထရပ်လိုက်လေသည်။

မကြာမီ အိမ်ထဲမှထွက်ကာ မြို့ဂိတ်ပေါက်ဆီသို့ တန်းသွားလိုက်သည်။

နာရီဝက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် မေပယ်မြို့ဆီမှ မိုင်သုံးသောင်းခန့် ဝေးကွာသော တောအုပ်လေးတစ်ခုဆီသို့ ရောက်လာခဲ့လေသည်။

လှည့်ပတ်မကြည့်ရသေးခင်မှာပင် ရင်းနှီးနေသည့် ပုံရိပ်တစ်ခု သူ့ရှေ့၌ ထွက်ပေါ်လာခဲ့လေသည်။

ထိုပုံရိပ်သည်ပြုံးလျက် လက်သီးဆုပ်ကာ ပြောလိုက်သည်။ "ရောင်းရင်းရန် မင်းရောက်လာတာ တော်တော် မြန်တာပဲကွ"

"စောင့်နေစေခိုင်းလို့ အားနာပါတယ် ရောင်းရင်းခန်" ရန်ကိုင်က ပြုံး၍ပြန်ပြောလိုက်သည်။

သူ့ရှေ့တွင် ရပ်နေသည့်လူမှာ ခန်စစ်ရန်သာ ဖြစ်လေသည်။ ခန်စစ်ရန်ဆီမှ သတင်းရပြီးသည့်နောက် သူ့အိမ်မှ ချက်ချင်းထွက်ခွာလာခဲ့ခြင်းဖြစ်သည်။

ခန်စစ်ရန်၏ သတိကြီးသည့်ပုံစံသည် ရန်ကိုင့်၏ အကြိုက်နှင့် ကွက်တိပင်။

"ဘာမှမဖြစ်ဘူး။ ငါလည်းအခုမှပဲ ရောက်တာ။ ရောက်ရောက်ချင်း အသက်တောင် ကောင်းကောင်း မရှူရသေးဘူး။ ရောင်းရင်းရန်က ရောက်လာတော့တာပဲ" ခန်စစ်ရန်က ပြုံးလျက်ပြောလိုက်သည်။

"ရောင်းရင်းရန်လည်း ရောက်ပြီဆိုမှတော့ သွားကြတာပေါ့" ထိုသို့ ပြောပြီးနောက်တွင် ခန်စစ်ရန်သည် လွန်းရှည်ပုံစံမှော်ရတနာ တစ်ခုကို ထုတ်ယူလိုက်လေသည်။

မှော်ရတနာ၏ အရွယ်အစားမှာ လျင်မြန်စွာ ကြီးမားလာခဲ့ရာ မကြာမီတွင် ၎င်း၏ အရှည်သည် တစ်မီတာကျော်မက ဖြစ်လာခဲ့လေသည်။

ထို့နောက် လက်ကွက်အချို့ဖန်တီးလိုက်ပြီး လွန်းပျံထဲသို့ အရင်းအမြစ်ချီ ထည့်သွင်းလိုက်ပြီးနောက် သင်္ဘောကိုယ်ထည်ဆီမှ တံခါးပေါက်တစ်ခု ထွက်ပေါ်လာခဲ့ သည်။

ထိုအချင်းအရာကို မြင်သည့်အခါ ဤအရာသည် ပျံသန်းရေးမှော်ရတနာတစ်ခုမှန်း ရန်ကိုင်ချက်ချင်း နားလည်သွားခဲ့သည်။

အထဲသို့ ခန်စစ်ရန်နှင့်အတူ ဝင်သွားလိုက်ပြီးနောက် နှစ်ဦးသား ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာလာခဲ့လေသည်။

"ရောင်းရင်းရန်ရေ ငါ့ပျံသန်းရေးမှော်ရတာက တန်ခိုးရှင်ဘုရင် အလယ်အလတ်အဆင့်ပဲ ဆိုတော့ အရမ်းကြီးတော့ သိပ်မမြန်ဘူး။ ဒါပေမယ့် အခုလိုသွားတာ တော်တော်လေး အားကုန်သက်သာတယ်" ခန်စစ်ရန်သည် လွန်းပျံအား ထိန်းချုပ်နေရင်း ပြောလိုက်သည်။

ရန်ကိုင်ကခေါင်းငြိမ့်၍ ပြန်ပြောလိုက်လေသည်။ "ကိစ္စမရှိပါဘူး။ ဒါနဲ့ ကျုပ်တို့သွားမယ့်နေရာဆီ ဘယ်လောက်ကြာကြာသွားရမှာလဲ"

"သုံးရက်လောက်" ခန်စစ်ရန်ကပြန်ပြောလိုက်သည်။ "အဲ့အချိန်အတောအတွင်း အဲ့ကအခြေအနေအကြောင်းကို ရောင်းရင်းရန်နဲ့ ကြိုပြီးဆွေးနွေးထားရအုံးမယ်"

ရန်ကိုင်က ခေါင်းငြိမ့်လိုက်သည်။ "ကျုပ်လည်းအခုပဲ အဲ့အကြောင်းပြောတော့မလို့"

ဤသုံးရက်အတွင်း ရန်ကိုင်နှင့် ခန်စစ်ရန်သည် မှော်ရတနာထဲတွင်နေကာ စကားစမြည် ပြောနေခဲ့ကြလေသည်။

ခန်စစ်ရန် ရှင်းပြသည်ကို နားထောင်ပြီးသည့်နောက် မဟာဆေးဧကရာဇ်၏ တတိယတပည့်ဖြစ်သော ကုန်းစွန်းမင် နေထိုင်သည့် လှိုဏ်ဂူစံအိမ်၏ တည်နေရာကို ရန်ကိုင်သိသွားခဲ့သည်။

ထိုနေရာသည် ယွမ်မီးဖိုတောင်ဟုခေါ်သော နေရာတွင် တည်ရှိနေခြင်းဖြစ်သည်။

ခပ်လှမ်းလှမ်းမှ လှမ်းကြည့်မည်ဆိုလျှင် ထိုတောင်သည် ဧရာမမီးဖိုကြီးတစ်လုံး၏ ပုံစံနှင့်တူပေသည်။ ထို့ကြောင့်ပင် ထိုနာမည်ကို ရလာခြင်း ဖြစ်သည်။

ယွမ်မီးဖိုတောင်သည် မီးတောက်ကျောင်းတော်၏ ပိုင်နက်အတွင်း တည်ရှိနေခြင်းဖြစ်သည်။

ငယ်စဉ်က ခန်စစ်ရန်သည် ဤတောင်ဆီသို့ တစ်ကိုယ်တည်းသွားကာ စူးစမ်းလေ့လာကြည့်ခဲ့ဖူးသည်။

‘

ကံမကောင်းစွာဖြင့် ထိုစဉ်က သူ့ခွန်အားမှာ လုံလောက်အောင် မြင့်မားခြင်း မရှိသည့်အတွက် ထိုစံအိမ်၏ အပြင်ပိုင်းအကာအရံကိုသာ ဖျက်ဆီးနိုင်ခဲ့ပြီး အတွင်းပိုင်းအထိသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

နောက်ဆုံးတွင် စိတ်ဓာတ်ကျကျဖြင့်သာ ပြန်ထွက်လာခဲ့ရလေသည်။

သူတွက်ချက်ရသလောက် ကုန်းစွန်းမင်၏ လှိုဏ်ဂူစံအိမ်၏ အကာအရံမှာ နှစ်ပေါင်းများစွာ ကြာသွားသည့်နောက် အားလျော့လာမည်ဖြစ်သည့်တိုင် ထိုအကာအရံသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦးမှ ချိုးဖျက်နိုင်သည့် အရာမျိုး မဟုတ်ပေ။

ထိုအကာအရံကို ဖျက်ဆီးလိုပါက အနည်းဆုံး တာအိုသခင်အဆင့်ပညာရှင်တစ်ဦးကို လိုအပ်ပေသည်။

ထိုအကြောင်းကြောင့်ပင် ခန်စစ်ရန်သည်လည်း ရန်ကိုင်အား ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကိုင်ကိုသာ သွားအကူအညီ မတောင်းလျှင် သူတစ်ယောက်တည်း ထိုအကာအရံအား မည်သို့မှ ဖျက်စီးနိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်အား ဖိတ်ခေါ်လိုက်ရသည့် အကြောင်းအရင်း တစ်ခုမှာ ကုန်းစွန်းမင်သည် ဆေးတာအိုတွင် ကျွမ်းကျင်သည့် လူတစ်ဦးဖြစ်နေခြင်း ဖြစ်သည်။

ထို့ကြောင့် သူနေထိုင်သည့် လှိုဏ်ဂူစံအိမ်သည် ရန်ကိုင့်အတွက် အတော်လေးကိုမှ စိတ်ဝင်စားစရာ ကောင်းပေလိမ့်မည်။

ရန်ကိုင် သူ့ကမ်းလှမ်းချက်အား ငြင်းပယ်မည်ကို ခန်စစ်ရန် စိတ်မပူ။ ထို့အပြင် ရန်ကိုင်နှင့်လပေါင်းများစွာ အတူ အလုပ်တွဲလုပ်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် ယုံကြည်ထိုက်သည့် လူတစ်ဦးမှန်း ခန်စစ်ရန် သိလာခဲ့သည်။

ထိုကြောင့်သာ မဟုတ်လျှင် မည်ကဲ့သို့များ ရန်ကိုင့်အား လာရောက်ဖိတ်ခေါ်ပါမည်နည်း။ အကျိုးအမြတ်များစွာနှင့် ကြုံလာရသော မိတ်ဆွေများ၊ ဆွေမျိုးများပင်လျှင် နောက်ကျောကို ဓားနှင့်ထိုးတတ်ကြ မဟုတ်လော။

"ရောင်းရင်းခန် မီးဖိုတောင်က မီးတောက်ကျောင်းတော်ရဲ့ ပိုင်နက်ထဲမှာဆိုတော့ ငါတို့အဲ့ကိုရောက်ရင် သူတို့တွေ မတွေ့အောင် သေချာသတိထားလှုပ်ရှားမှ ဖြစ်လိမ့်မယ်" ခန်စစ်ရန် ပြောပြာသည်ကို နားထောင်ပြီးနောက် ရန်ကိုင်က မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်လေသည်။

ရန်ကိုင် မေပယ်မြို့သို့ ရောက်သည်မှာ သိပ်မကြာသေးသော်ငြား မီးတောက်ကျောင်းတော် အကြောင်းတော့ သိပေသည်။

မေပယ်မြို့ အနီးတစ်ဝိုက်တွင် အင်အားစုပေါင်းများစွာ ရှိသော်ငြား မီးတောက်ကျောင်းတော်သည်သာ မြို့သခင်စံအိမ်နှင့် ယှဉ်နိုင်ပေသည်။

အကြောင်းမှာ မီးတောက်ကျောင်းတော်၏ ကျောင်းသခင်လော့သည် မေပယ်မြို့၏ မြို့သခင် တွမ့်ရန်ရှန်းကဲ့သို့ပင် တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသည့် အတွက်ကြောင့်ပင် ဖြစ်သည်။

သို့သော်ငြား ထိုကျောင်းသခင်လော့ ဆိုသည့်လူသည် နတ်သားရဲဖြစ်သော လွမ်ဖုန်း၏ ကမ္ဘာဖျက်မီးတောက်များဖြင့် လောင်ကျွမ်းခြင်း ခံရပြီး ကြည်လင်ကျောက်စိမ်းတောင်၌ သေဆုံးသွားခဲ့ရသည်။

ထိုအချိန်မှစ၍ မီးတောက်ကျောင်းတော်၏ခွန်အားမှာ သိသိသာသာကို နိမ့်ကျသွားခဲ့သည်။

"အဲ့ကိစ္စနဲ့ပတ်သက်ပြီး ရောင်းရင်းရန် အရမ်းစိတ်ပူနေစရာ မလိုဘူး" ခန်စစ်ရန်ကပြောသည်။ "ဒီကိုမလာခင် ငါ့မိတ်ဆွေတစ်ယောက်ကို မီးတောက် ကျောင်းတော်အကြောင်း မေးထားကြည့်လိုက်တယ်။ အခုလောလောဆယ် မီးတောက်ကျောင်းမှာ အတွင်းရေး ပဋိပက္ခတွေ ဖြစ်နေတယ်တဲ့။ ဒါကြောင့် သူတို့ ငါတို့ကို အာရုံစိုက်ဖို့ အချိန်ရှိမှာမဟုတ်ဘူး"

"ဘယ်လိုဖြစ်ပြီးတော့လဲ" ရန်ကိုင်ကြောင်သွားခဲ့သည်။

ခန်စစ်ရန်က ရှင်းပြလိုက်လေသည်။"မီးတောက် ကျောင်းတော်ရဲ့ ကျောင်းသခင်လော့ ကြည်လင်ကျောက်စိမ်းတောင်မှာ သေသွားတယ်ဆိုတာကို ရောင်းရင်းရန် သိတယ်မလား"

ရန်ကိုင် ခေါင်းငြိမ့်လိုက်သည်။ သူသည် ထိုအကြောင်းကို ကြားဖူးရုံတင် မဟုတ်။ မျက်စိတပ်အပ်ဖြင့်ပင် မြင်ခဲ့ရခြင်း ဖြစ်သည်။

သူ့တွင် ကမ္ဘာငယ်လေးရှိနေသည့် အတွက်ကြောင့်သာ ထိုမီးတောက်များလက်မှ လွတ်မြောက်လာနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

"အဲ့ကျောင်းသခင်လော့ သေသွားတဲ့နောက်ပိုင်း မီးတောက်ကျောင်းတော်ထဲမှာ စပြီး ပြဿနာတွေ တက်လာတော့တာပဲ။ အခုဆိုရင် ဒုကျောင်းသခင် နှစ်ဦးစလုံးက ကျောင်းသခင်နေရာရဖို့အရေး အချင်းချင်း အသည်းအသန် ပြိုင်ဆိုင်နေကြတာ”

"အဲ့သတင်းက ယုံရလို့လား" ရန်ကိုင်မျက်မှောင်ကြုတ် သွားခဲ့သည်။

"ယုံရတာပေါ့" ခန်စစ်ရန်ကပြုံးလျက် "အဲ့ကျောင်းတော်ရဲ့ အခုအခြေအနေကို မပြောရင်တောင် ယွမ်မီးဖိုတောင်က မီးတောက်ကျောင်းတော် ပိုင်နက်ရဲ့ အပြင်ဘက်ဆုံး အပိုင်းမှာ ရှိနေတာ။ ငါငယ်ငယ်က အဲ့တောင်ကို သွားစူးစမ်းတုန်းကတော့ ဘယ်မီးတောက်ကျောင်းတော်က တပည့်တစ်ယာက်ကိုမှ မတွေ့ခဲ့ဘူး။ ဒီတော့ ရောင်းရင်းရန် အဲ့ကိစ္စကို စိတ်ပူမနေနဲ့။ ငါတို့သာ အရမ်းကြီး သိသိသာသာ မလုပ်ရင် သူတို့ ငါတို့ကို သတိထားမိမှာမဟုတ်ဘူး"

"အဲ့ဒါဆိုအဆင်ပြေတယ်" ရန်ကိုင်က ကျေနပ်စွာ ခေါင်းငြိမ့်လိုက်လေသည်။

ထို့နောက်တွင် ရန်ကိုင်နှင့်ခန်စစ်ရန်သည် ထိုအကြောင်းအား ဆက်မပြောတော့ဘဲ ရောက်တက်ရာရာ အကြောင်းများကိုသာ ဆက်ပြောကြတော့လေ၏။

နှစ်ဦးစလုံးသည် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူများဖြစ်ကြပြီး တာအိုသခင်အဆင့်ကို ချိုးဖြတ်ရန် ပြင်နေကြသူများလည်း ဖြစ်ကြသည်။

ထို့ကြောင့် သူတို့တွင် ဆွေးနွေးစရာအကြောင်းအရာ ကိစ္စများစွာရှိပေသည်။

လမ်းတစ်လျှောက်တွင် ရန်ကိုင်နှင့်ခန်စစ်ရန်သည် တာအိုအဆင့်နှင့်ပတ်သက်သောအကြောင်းအရာများ၊ နိယာမစွမ်းအားနှင့် ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေးသွားခဲ့ကြလေသည်။

သုံးရက်ကြာပြီးသည့်နောက် မီးဖိုပုံစံ တောင်တစ်လုံးသည် ရန်ကိုင်နှင့်ခန်စစ်ရန်တို့၏ မြင်ကွင်းထဲ ထွက်ပေါ်လာခဲ့လေသည်။

"ယွမ်မီးဖိုတောင်ဆိုတာ အဲ့ဒါလား" ရန်ကိုင်က ခေါင်းမော့ကြည့်ရင်း မေးလိုက်သည်။

"ဟုတ်တယ်" ခန်စစ်ရန်သည် သူ့ရှေ့ရှိ မီးဖိုပုံစံတောင်အား မီးတောက်မတတ်အကြည့်ဖြင့် စိုက်ကြည့်နေရင်း ပြန်ပြောလိုက်လေသည်။

အရင်းအမြစ်ကျောက် လုံလောက်စွာ မရှိသည့် အတွက်ကြောင့် လေလံပွဲတွင် တာအိုအရင်းအမြစ်အသီးကို ရအောင်မယူနိုင်ခဲ့ပေ။

ယခုသူ့မျှော်လင့်ချက်အားလုံးသည် ကုန်းစွန်းမင်၏ လှိုဏ်ဂူစံအိမ်ဆီသို့ ရောက်လာခဲ့ရလေပြီ။

ကုန်းစွန်းမင်၏လှိုဏ်ဂူစံအိမ်ထဲတွင် တာအိုအရင်းအမြစ် ဆေးလုံးတစ်လုံးရှိပါစေဟုသာ သူ့စိတ်ထဲ ဆုတောင်းနေရတော့သည်။

ရုတ်တရက် ခန်စစ်ရန် မျက်မှောင် ကြုတ်သွားခဲ့ပြီး တစ်နေရာသို့ လှမ်းကြည့်လေသည်။

တစ်ချိန်တည်းတွင် ရန်ကိုင်ကလည်း သင်္ကာမကင်း အမူအယာဖြင့် မေးလိုက်သည်။ "တစ်ခုခုမဟုတ်သလိုပဲနော် ဆိုင်ပိုင်ရှင်ခန်။ ခင်ဗျားပြောသလိုဆို ဒီနေရာက တိတ်ဆိတ်နေသင့်တာမဟုတ်ဘူးလား"

သူတို့နှင့်မိုင်တစ်ရာခန့်အကွာတွင် လူပေါင်းများစွာ လှုပ်ရှားသွားလာနေကြောင်းကို ရန်ကိုင်အလွယ်တကူ လှမ်းမြင်နိုင်ပေသည်။

မကြာခဏဆိုသလို အလင်းတန်းများသည် ထိုနေရာသို့ ရောက်ရှိလာသလို အချို့သောအလင်းတန်းများဟာလည်း ပြန်၍ ထွက်ခွာသွားကုန်ကြလေသည်။

ထိုအချင်းအရာကို မြင်သည့်အခါ ခန်စစ်ရန်မျက်နှာ ပျက်သွားပြီး ရုတ်တရက်ထရပ်လိုက်သည်။ ထိုစဉ် အလင်းတန်းတစ်ခုသည် သူတို့ဆီသို့ ဦးတည်ဝင်လာခဲ့လေ သည်။

ခန်စစ်ရန်၏ အမူအယာပြောင်းလဲသွားပြီး သူ၏ ပျံသန်းရေး မှော်ရတနာအား အလျင်စလို ထိန်းချုပ်လိုက်လေ၏။

မကြာမီ အလင်းတန်းသည် သူတို့၏လွန်းပျံရှေ့၌ ရပ်တန့်သွားခဲ့သည်။ အလင်းတန်း ပျောက်ကွယ်သွားပြီးနောက်တွင် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်ကျင့်ကြံခြင်းအား ပိုင်ဆိုင်ထားသော အသက်သုံးဆယ်လောက်ရှိမည့် သက်လက်ပိုင်းလူကြီးတစ်ဦး ပေါ်လာခဲ့လေသည်။

ထိုလူကြီး၏ဝတ်ရုံထက်တွင် မီးတောက်ပုံစံ အမှတ်အသားတစ်ခုကို ထိုးထွင်းထားခဲ့သည်။

"မီးတောက်ကျောင်းတော်က တပည့်လား" ခန်စစ်ရန် ထိတ်လန့်သွားပြီး ရန်ကိုင့်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

ရန်ကိုင်ကမူ တည်တည်ငြိမ်ငြိမ်သာနေရန် ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်သည်။

မီးတောက်ကျောင်းတော်တပည့်သည် လွန်းပျံရှေ့တွင် ရပ်၍ အော်ပြောလိုက်လေသည်။ "ဒီနေရာက မီးတောက် ကျောင်းတော်ရဲ့ပိုင်နက်ပဲ။ ကျေးဇူးပြုပြီး ထွက်လာကြပေးပါ"

ခန်စစ်ရန်မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ခဏကြာမျှ စဉ်းစားနေပြီးနောက် ရန်ကိုင့်အားအချက်ပြကာ လွန်းပျံထဲမှ ထွက်လာလိုက်သည်။

မီးတောက်ကျောင်းတော်တပည့်သည် သူ၏ ကောင်းကင်စိတ်အာရုံဖြင့် ရန်ကိုင်နှင့်ခန်စစ်ရန်၏ ကျင့်ကြံခြင်းကို စစ်ဆေးကြည့်လိုက်လေသည်။

ထိုနှစ်ဦး၏ကျင့်ကြံခြင်းမှာ သူ့ထက်အဆင့်သေးတစ်ဆင့် ပိုမြင့်ကြောင်း တွေ့လိုက်ရသော်ငြား ထိတ်လန့်သွားခြင်း မရှိဘဲ လက်သီးဆုပ်၍သာ ပြန်ပြောလိုက်သည်။ "ရောင်းရင်းတို့နှစ်ယောက် ယွမ်မီးဖိုတောင်ကို လာစူးစမ်းတာလားဆိုတာ သိလို့ရမလား"

ထိုစကားကိုကြားသည့်အခါ ခန်စစ်ရန်ရင်ထိတ်သွားခဲ့ လေသည်။ သူတို့၏လျှို့ဝှက်စစ်ဆင်ရေး ပေါက်ကြားသွားပြီမှန်း လုံးဝနားလည်လိုက်သည်။

ထို့အတွက်ကြောင့် တစ်ဖက်လူ၏မေးခွန်းကို မည်ကဲ့သို့ ပြန်ဖြေလို့ဖြေရမှန်း မသိတော့ချေ။

ကံကောင်းစွာဖြင့် ရန်ကိုင်က အလျင်အမြန် ပြန်ဖြေလိုက်နိုင်၏။ "ဟုတ်တယ်"

"ယွမ်မီးဖိုတောင်ကိစ္စအတွက် ရောက်လာတာဆိုပါတော့။ ကျေးဇူးပြုပြီး ကျုပ်နောက်လိုက်ခဲ့ပေးပါ" မီးတောက် ကျောင်းတော်တပည့်သည် ရန်ကိုင်၏ အဖြေကို ကြားပြီးနောက် အံ့အားသင့်သွားဟန်မပြဘဲ သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်လာသည့်အား ရန်ကိုင့်အား သူ့နောက်သို့လိုက်လာရန် ပြောလိုက်လေသည်။

ရန်ကိုင်နှင့် ခန်စစ်ရန်သည် တစ်ဦးကိုတစ်ဦး နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။ သို့ရာတွင် ဤကိစ္စသည် ဤအတိုင်းအတာအထိ ဖြစ်လာပြီးနေပြီ ဖြစ်သည့်အတွက် သူတို့အနေဖြင့် မီးတောက်ကျောင်းတော် တပည့်နောက်သို့ လိုက်သွားကြရုံသာ ရှိတော့လေသည်။

ထို့နောက်တွင် ခန်စစ်ရန်သည် သူ၏ပျံသန်းရေး မှော်ရတနာကို ပြန်သိမ်းလိုက်ပြီး ရန်ကိုင်နှင့်အတူ မီးတောက်ကျောင်းတော် တပည့်နောက်သို့ လိုက်သွားကြလေ၏။

မိုင်သုံးရာဟူသောအကွာအဝေးသည် သူတို့အတွက်မူ နီးနီးလေးသာ ဖြစ်လေသည်။

သူတို့သုံးဦး မြေပေါ်သို့မဆင်းခင် တောင်အတွင်းပိုင်း၌ မိုးချိန်းသံတို့မြည်ဟီးနေသည့်အလား ယွမ်မီးဖိုတောင်ဆီမှ တဝုန်းဝုန်း မြည်သံများ ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင်နှင့် ခန်စစ်ရန်တို့၏ အမူအရာ ပြောင်းလဲသွားပြီး သူတို့၏ချီကို လှည့်ပတ်၍ ကိုယ့်ကိုကိုယ်ကာကွယ်လိုက်ကြ လေသည်။

မီးတောက်ကျောင်းတော်မှ တပည့်မှာမူ အနည်းငယ်မျှပင် ထိတ်လန့်သွားခြင်းမရှိဘဲ စိတ်ဝင်တစားဖြင့်သာ လှမ်း၍ကြည့်လိုက်လေသည်။

ရန်ကိုင်သည်လည်း ထိုလူကြည့်နေသည့်ဘက်သို့ လှမ်းကြည့်လိုက်သည်။ တစ်စုံတစ်ခုသည် ယွမ်မီးဖိုတောင်ဆီမှ ပြေးထွက်လာတော့မည့်အလား တဝုန်းဝုန်း မြည်သံများမှာ အဆက်မပြတ် ထွက်ပေါ်လာနေခဲ့သည်။

ခဏအကြာတွင် မိုးခြိမ်းသံအကျယ်ကြီး နှင့်အတူ နားပင်းမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလို ယွမ်မီးဖိုတောင်၏ တောင်ထိပ်တစ်ခုလုံး ရောင်စဉ်ငါးဖြာတို့ဖြင့် လင်းလက်တောက်ပလာခဲ့လေသည်။

ထိုရောင်စဉ်ငါးဖြာသည် အဘက်ဘက်သို့ ပြန့်ကျဲသွားပြီးနောက် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။

ရန်ကိုင်သည် ထိုမြင်ကွင်းကိုကြည့်ရင်း အလွန်ကိုမှ အံ့အားသင့်နေမိသလို အသက်ပြင်းပြင်းတစ်ချက်လည်း ရှူသွင်းမိလိုက်သည်။

"မွှေးလိုက်တဲ့အနံ့။ ဘာကြီးလဲ" ခန်စစ်ရန်သည်လည်း အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရင်း နားမလည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်သည်။

လက်ရှိတွင် ပတ်ဝန်းကျင်လေထုတစ်ခုလုံး လူတစ်ဦး၏ စိတ်အား တည်ငြိမ်လန်းဆန်းသွားအောင် လုပ်ပေးနိုင်သော သင်းရနံ့တို့ဖြင့် ပြည့်နေခဲ့လေသည်။

ခန်စစ်ရန်၏စကားကိုကြားသည့်အခါ ရှေ့မှ ဦးဆောင်သွားနေသော မီးတောက်ကျောင်းတော်တပည့်က နောက်သို့လှည့်၍ ပြန်မေးလိုက်လေသည်။ "အဲ့ကိစ္စကြောင့် ခင်ဗျားနှစ်ယောက် ဒီကိုလာခဲ့တာမဟုတ်ဘူးလား"

ရန်ကိုင်၏အကြည့် မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့သည်။

သို့ရာတွင် အလျင်အမြန်ပဲပြန်ပြောလိုက်လေသည်။ "ဟုတ်တယ်။ ဒါပေမယ့် အဲ့ဒါဘာလဲဆိုတာကို မသိတာ။ အဲ့ဒါကြောင့်ပဲ သေချာအနီးကပ် လာစစ်ဆေးကြည့်တာ”

"ဟဲဟဲ..အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ကျုပ်လည်းမသိဘူး။ ကျောင်းသခင်ကျုံနဲ့ ကျောင်းသခင်လျန်ပြောတာတော့ အရမ်းအံ့ဩဖို့ကောင်းတဲ့ ရတနာတစ်ခုခု မွေးဖွားလာတော့မှာမို့လို့ အခုလိုတွေ ဖြစ်တာတဲ့”

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၂၀၄၅)

“ကျောင်းသခင်ကျုန်းနဲ့ ကျောင်းသခင်လျန်” ထိုစကားကို ကြားသည့်အခါ ရန်ကိုင် အနည်းငယ် ခေါင်းရှုပ်သွား၏။

“မီးတောက်ကျောင်းတော်ရဲ့ အရင် ဒုကျောင်းသခင်ကျုန်းချင်းနဲ့ လျန်ယုမင်တို့ကို ပြောနေတာ” အနားတွင် ရပ်နေသော ခန်စစ်ရန်က လေသံတိုးတိုးဖြင့် ရှင်းပြလိုက်လေသည်။

ထိုအခါမှပဲ ရန်ကိုင် နားလည်သွားခဲ့သည်။ ထို့နောက် သူ့အကြည့်သည် မနီးမဝေးတွင် ရပ်နေသော တာအိုသခင် ကျင့်ကြံသူနှစ်ဦးဆီသို့ ရောက်သွားခဲ့လေသည်။ ကြည့်ရသလောက် ထိုနှစ်ဦးသည် ကျုန်းချင်းနှင့် လျန်ယုမင် ဖြစ်လောက်သည်။

မီးတောက်ကျောင်းတော်၏ ဒုကျောင်းသခင် နှစ်ဦးသည် တာအိုသခင်ပထမအဆင့်များ ဖြစ်ကြသည်။ ထို့အပြင် နှစ်ဦးစလုံးသည် မီးတောက်ကျောင်းတော်၏ ဝတ်ရုံများကို ဝတ်ဆင်ထားကြသည့်အတွက် သူတို့ နှစ်ဦးသည် ကျုန်းချင်းနှင့် လျန်ယုမင် ဖြစ်ရမည်ဟု ရန်ကိုင် တန်းခန့်မှန်းမိသွားခဲ့ခြင်း ဖြစ်သည်။

ရုတ်တရက် ငါးရောင်ခြယ်ရတနာဘုရားထဲရှိ နဂါးပျံယဇ်ပုလ္လင်တွင် သူတွေ့ခဲ့ရသော ကျုန်းကျိကျင်း ဆိုသည့်လူကို ရန်ကိုင် ပြန်အမှတ်ရသွားခဲ့သည်။ ကျုန်းကျိကျင်းသည် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး မီးတောက်ကျောင်းတော်မှ ဖြစ်သည်။ လက်ရှိ ကြည့်ရသလောက် ကျုန်းကျိကျင်းသည် ကျုန်းချင်း၏ သားဖြစ်လောက်ပေသည်။

ခဏအကြာတွင် ထူးဆန်းသည့် မြင်ကွင်းနှင့်အတူ အံ့အားသင့်ဖွယ် မွှေးရနံ့တို့ ပြန်လည် ပျောက်ကွယ်သွား၏။

ရှေ့မှ ဦးဆောင်သွားနေသော မီးတောက်ကျောင်းတော် တပည့်သည် ရန်ကိုင်နှင့် ခန်စစ်ရန်တို့အား အောက်သို့ဆင်းရန် အချက်ပြလိုက်သည်။ မြေကြီးပေါ်သို့ ရောက်သည်နှင့် ထိုတပည့်သည် တာအိုသခင်အဆင့် ပညာရှင်နှစ်ဦးဘက်သို့လှည့်၍ လက်သီးဆုပ်ကာ ပြောလိုက်လေသည် “ယွမ်မီးဖိုတောင်က ဖြစ်စဉ်ကိုမြင်ပြီး လူသစ်နှစ်ယောက် ထပ်ရောက်လာပါတယ် ကျောင်းသခင် နှစ်ဦး”

ထိုစကားကို ကြားသည့်အခါ အရပ်ရှည်ရှည်နှင့်လူက အသာအယာ ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်တို့အား ကောင်းကင်စိတ်အာရုံဖြင့် တစ်ချက် စစ်ဆေးပြီးနောက် ဂရုမစိုက်သည့် လေသံဖြင့် ပြောလိုက်လေသည် “ရောက်လာမှတော့ အခြားသူတွေ စောင့်လို့ရအောင် သူတို့အတွက် နေစရာတစ်ခု စီစဉ်ပေးထားလိုက်ပေါ့”

“ဟုတ်ကဲ့” မီးတောက်ကျောင်းတော် တပည့်သည် ရန်ကိုင်နှင့် ခန်စစ်ရန်အား နေရာတစ်ခုဆီသို့ ခေါ်သွားပြီး ပြောလိုက်လေသည် “ခင်ဗျားတို့နှစ်ယောက် ဒီမှာ စောင့်နေနှင့်။ လိုအပ်လာရင် လှမ်းအကြောင်းကြားလိုက်မယ်”

“ခဏနေပါဦး” ရန်ကိုင်က အလျင်စလို လှမ်းတားလိုက်သည်။

“ဘာလဲ” မီးတောက်ကျောင်းတော် တပည့်က စိတ်မရှည်သည့်ဟန်ဖြင့် ပြောလိုက်လေသည်။

ရန်ကိုင်က ပြုံးလျက် မီးတောက်ကျောင်းတော်မှ တပည့်နားသို့ တိုးကပ်သွားပြီး အရင်းအမြစ်ကျောက်အချို့ တိုးတိုးတိတ်တိတ် ထည့်ပေးလိုက်ရင် တိုးတိုးလေး မေးလိုက်လေသည် “အခုလက်ရှိ အခြေအနေလေး မေးကြည့်ချင်လို့ပါ ရောင်းရင်း။ အဆင်ပြေရင် နည်းနည်းလောက် ရှင်းပြပေးလို့ရမလား”

မီးတောက်ကျောင်းတော် တပည့်သည် သူ့လက်ထဲရှိ အရင်းအမြစ်ကျောက် ပမာဏကို ခံစားမိသော် ကျေနပ်သွားသည့် အမူအရာဖြင့် ပြုံးလျက် “တကယ်တော့ ငါကိုယ်တိုင်လည်း အဲ့အကြောင်း သိပ်မသိဘူး။ ငါသိထားတာတော့ အဲ့မှာ သေဆုံးသွားတဲ့ ပညာရှင် တစ်ဦးရဲ့ လိုဏ်ဂူစံအိမ် ပေါ်လာတယ် ဆိုတာပဲ။ အခု ပေါ်လာတဲ့ ဖြစ်စဉ်ကြောင့်သာ မဟုတ်ရင် အဲ့အကြောင်း ဘယ်သူမှ သိကြမှာ မဟုတ်ဘူး။ အဲ့ဖြစ်စဉ် ပေါ်လာတုန်းက ကျောင်းသခင်နှစ်ဦးစလုံး လက်ရွေးစင် တပည့်တွေကို ခေါ်ပြီး လိုဏ်ဂူစံအိမ်ကို သွားစူးစမ်းကြည့်ကြတာ”

“သေဆုံးသွားတဲ့ ပညာရှင်တစ်ဦးရဲ့ လိုဏ်ဂူစံအိမ်လား” ရန်ကိုင်သည် အလွန်အံ့အားသင့်သွားဟန်ဆောင်လျက် မျက်လုံး အပြူးသားဖြင့် ပြန်မေးလိုက်လေသည် “ပညာရှင် တစ်ဦးရဲ့ လိုဏ်ဂူစံအိမ်ဆိုမှတော့ ဘာလို့ ကိုယ့်ဘာသာပဲ သွားမစူးစမ်းဘဲ အခြား ကျင့်ကြံသူတွေကိုပါ လိုက်ပြီး ဖိတ်ခေါ်နေရတာလဲ”

ထိုစကားကို ကြားသည့်အခါ မီးတောက်ကျောင်းတော် တပည့်သည် ဘယ်ညာ တစ်ချက် ကြည့်လိုက်ပြီး လေသံ တိုးတိုးဖြင့် ပြန်ပြောလိုက်လေသည် “ငါတို့ဘာသာ စူးစမ်းနိုင်မှတော့ ဘာလို့ အခြားသူတွေရဲ့ အကူအညီကို ယူနေဦးမှာလဲ။ ငါတို့ဘာသာ ကြိုးစားကြည့်ပြီးသွားပြီ။ လိုဏ်ဂူဝင်ပေါက်မှာ ရှိနေတဲ့ အကာအရံတွေကို ဘယ်လိုမှ ချိုးဖျက်လို့မရဘူး။ အဲ့အကာအရံတွေကို ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးက ခင်းကျင်းထားတာနဲ့ တူတယ်။ နှစ်တွေ အများကြီး ကြာသွားတာတောင် အရမ်း အားကောင်းနေတုန်းပဲ။ ငါတို့ မီးတောက်ကျောင်းတော်က လူတွေအကုန်လုံး ပူးပေါင်းတာတောင် အဲ့အစီအရင်ကို လုံးဝ မချိုးဖျက်နိုင်ဘူး။ ဒါကြောင့်ပဲ အခြားသူတွေဆီက အကူအညီကို ယူနေရတာ”

ထိုစကားကို ကြားသည့်အခါမှပဲ ရန်ကိုင်က နားလည်သွားသည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်၏ “အဲ့လိုကိုး”

ဘေးဘက်တွင် ရပ်နေသော ခန်စစ်ရန်ကမူ မျက်မှောင်ကြုတ်သွားခဲ့သည်။ သူသည်လည်း ယခု အဖြစ်အပျက်ကြောင့် အံ့အားသင့်နေမိခဲ့သည်။ သူတစ်ဦးတည်း လိုဏ်ဂူစံအိမ်ကို လာစူးစမ်းစဉ်က လိုဏ်ဂူဝင်ပေါက်တွင် ရှိနေသော အကာအရံမှာ အတော်လေး အားကောင်းသော်ငြား တာအိုသခင်အဆင့် ကျင့်ကြံသူ ကိုင်တွယ်နိုင်သည့် အဆင့်တွင် ရှိနေသည်ဟု ခံစားခဲ့ရသည်။ သို့သော်ငြား ယခုအချိန်တွင် ထိုမေးခွန်းကို မေးသင့်သည့် အချိန်မဟုတ်သေးချေ။

“ရောင်းရင်း ပြောတဲ့ပုံအရဆို မီးတောက်ကျောင်းတော်က ကျုပ်တို့ အပြင်လူတွေရဲ့ အကူအညီနဲ့ အကာအရံကို ချိုးဖျက်လို့ လုပ်နေတာပေါ့” ရန်ကိုင်က ပြန်မေးလိုက်သည်။

“ဟုတ်တယ်။ အရေးများရင် အင်အားကလည်း ပိုကောင်းလာမှာပဲလေ”

ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလျက် “အပြင်လူတွေဆီက အကူအညီ ယူတာတော့ ဟုတ်ပါပြီ။ အကာအရံကိုသာ ဖွင့်လို့ ရသွားရင် အထဲက ရတနာတွေကို ဘယ်လို ခွဲယူမှာလဲ”

မီးတောက်ကျောင်းတော် တပည့်က ခေါင်းခါလျက် “အဲ့ဒါတော့ ငါလည်းမသိဘူး။ အဲ့ကိစ္စကို ကျောင်းသခင်တွေကပဲ ကိုင်တွယ်လိမ့်မယ်။ ငါသိတာ ဒီလောက်ပဲ။ ရောင်းရင်းတို့၊ ကျေးဇူးပြုပြီး ဒီမှာပဲ နေပေးပါနော်”

ပြောပြီးသည့်နောက်တွင် ထိုတပည့်သည့် ရန်ကိုင်အား မည်သည့် မေးခွန်းမှ ထပ်မေးခွင့် မပေးတော့ဘဲ ချက်ချင်း လှည့်ထွက်သွားလေသည်။

သူထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် ခန်စစ်ရန်အား မျက်စပစ်ပလိုက်သည်။ ထိုနောက်တွင် နှစ်ဦးစလုံးသည် ချောင်ကျသည့် နေရာတစ်ခုဆီသို့ ရွေ့သွားလေ၏။ ထိုအခါကျမှသာလျှင် နှစ်ဦးစလုံး၏ မျက်နှာများ မဲ့သွားကုန်ကြလေသည်။

“ဒီလိုတွေ ဖြစ်လာမယ်လို့ တကယ် မထင်ထားဘူး” ခန်စစ်ရန်က မျက်မှောင်ကြီးကြုတ်လျက် “ကြိုသာသိခဲ့ရင် စောစော လာခဲ့လိုက်ပါတယ်။ အခုတော့…ဟူးးးးး။ ဒီဖြစ်စဉ်က အရမ်း သိသာလွန်းတယ်။ အနားတစ်ဝိုက်မှာ ရှိနေတဲ့လူတွေ အကုန် မြင်သွားလောက်ပြီ”

“စောလာလာ၊ နောက်ကျကျ ဘာမှထူးမှာ မဟုတ်ဘူး။ တာအိုသခင်အဆင့် ကျင့်ကြံသူနှစ်ဦး ပေါင်းတာတောင် မဖျက်စီးနိုင်တဲ့ အကာအရံကို ကျုပ်တို့ နှစ်ဦးတည်းနဲ့ ဘယ်လိုမှ ဖျက်စီးနိုင်မှာ မဟုတ်ဘူး။ အခု အခြေအနေက ကျုပ်တို့အတွက် အရေးမသာပေမယ့် လုံးဝ အခွင့်အရေး မရှိတာတော့လည်း မဟုတ်ဘူး”

“ရောင်းရင်းရန် ဘာလို့ အဲ့လိုပြောတာလဲ” ခန်စစ်ရန်က ပြန်မေးလိုက်လေသည်။

ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် ပြန်ပြောလိုက်၏ “ဆိုင်ပိုင်ရှင်ခန်မှာ ဘယ်သူ့ဆီမှာမှ မရှိတဲ့ဟာ ရှိနေတယ်လေ”

ထိုစကားကို ကြားသည့်အခါ ခန်စစ်ရန် ခဏမျှ အတွေးနက်သွားခဲ့သည်။ ထို့နောက် ခေါင်းညိတ်၍ “ဟုတ်သားပဲ။ ငါ့မှာ အဲ့ဒါ ရှိနေသေးတယ်”

သူတို့ ပြောနေသည့်အရာမှာ လိုဏ်ဂူစံအိမ်၏ မြေပုံ ဖြစ်ပေသည်။ မြေပုံရှိနေသည့်အတွက် သူတို့ အနေဖြင့် ရတနာနယ်မြေဆီသို့ အခြားသူများထက် ဦးအောင် သွားနိုင်ပေသည်။

ထို့အပြင် မီးတောက်ကျောင်းတော် တပည့်ကို မေးကြည့်ရသလောက် မီးတောက်ကျောင်းတော်သည်လည်း ဤလိုဏ်ဂူစံအိမ်သည် ပညာရှင်တစ်ဦး၏ လိုဏ်ဂူစံအိမ် ဖြစ်သည်ဆိုသော အချက်ကိုသာ သိထားပုံရပြီး မည်သည့် ပညာရှင်၏ လိုဏ်ဂူစံအိမ် ဖြစ်သလဲ ဆိုသည်ကို သိထားပုံမပေါ်ပေ။

ထိုအခါမှပဲ ခန်စစ်ရန် စိတ်အေးသွားတော့လေသည်။ ရန်ကိုင်နှင့် အကြည့်တစ်ချက် ဖလှယ်လိုက်ပြီးနောက် အသီးသီး မျက်လုံးပိတ်ကာ တင်ပလင်ခွေထိုင် ကျင့်ကြံကြလေသည်။

အချိန်ကြာလာသည်နှင့် ယွမ်မီးဖိုတောင် ဖြစ်စဉ်ကြောင့် ကျင့်ကြံသူများ တစ်ဦးတစ်ဦး ရောက်လာခဲ့ကြလေသည်။ ကျင့်ကြံသူများ၏ ခွန်အားမှာတော့ အမျိုးမျိုးအစားစားပင်။ တော်တော်များများမှာ တန်ခိုးရှင်အဆင့်များ ဖြစ်ကြပြီး ဆယ်ယောက်၊ အယောက် နှစ်ဆယ်လောက်သည်သာ တန်ခိုးရှင်ဘုရင်အဆင့်များ ဖြစ်ကြသည်။

ထိုလူများ ရောက်လာသည့်နောက်တွင် ယွမ်မီးဖို တောင်ခြေ၌ စုဝေးနေကြသော ကျင့်ကြံသူ အရေအတွက်မှာ ခုနှစ်ဆယ် ကျော်သွားခဲ့လေသည်။

နှစ်ရက်ကြာပြီးနောက်တွင် မီးတောက်ကျောင်းတော်၏ တာအိုသခင်အဆင့် ကျင့်ကြံသူနှစ်ဦး အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ကျုန်းချင်းက ခေါင်းညိတ်၍ ပြောလိုက်လေသည် “ဒီလောက်ဆို ရလောက်ပြီနဲ့ တူတယ်။ စကြတာပေါ့”

လျန်ယုမင်ကလည်း ခေါင်းညိတ်၍ ပြန်ပြောလိုက်၏ “ဆက်ပြီး အချိန်ဆွဲနေရင် မမျှော်လင့်ထားတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်”

ပြောပြီးသည့်နောက်တွင် နှစ်ယောက်စလုံး ထရပ်လိုက်ကြလေသည်။

သူတို့နှစ်ဦး လှုပ်ရှားလိုက်သည်နှင့် မျက်စိပိတ်ကာ တင်ပလင်ခွေ ထိုင်နေကြသော ကျင့်ကြံသူများ တစ်ဦးပြီး တစ်ဦး မျက်လုံး ပွင့်လာကြလေသည်။

ကျုန်းချင်းသည် လူတိုင်အားကြည့်၍ ပြောလိုက်၏ “ဒီက ဖြစ်စဉ်ကိုပြီး လာရောက်ပေးတဲ့ ရောင်းရင်းတို့ အားလုံး စိတ်ရှည်ရှည်နှင့် စောင့်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျုပ်ကတော့ မီးတောက်ကျောင်းတော်ရဲ့ ဒုကျောင်းသခင် ကျုန်းချင်းပါ။ ရောင်းရင်းတို့ထဲက တော်တော်များများ ကျုပ်ကိ သိကြမယ်လို့ ထင်ပါတယ်”

“ဒုကျောင်းသခင် ကျုန်းနာမည်ကို ကျုပ်တို့ ကြားဖူးပါတယ်။ ဒါပေမယ့် ယွမ်မီးတောက်တောင်ထဲမှာ ဘာတွေ ဖြစ်နေလို့ အခုလို ဖြစ်စဉ်တွေ ဖြစ်လာရနေလဲ ဆိုတာကို ကျုပ်တို့ သိလို့ရမလား” စိတ်မရှည်သည့် ကျင့်ကြံသူတစ်ဦးက ချက်ချင်း မေးလိုက်လေသည်။

ထိုစကားကို ကြားသည့်အခါ ကျုန်းချင်းက ပြုံး၍ ပြန်ပြောလိုက်လေသည် “ရောင်းရင်း မေးတာကို ဒီကျုန်း အခုပဲ ဖြေတော့မလို့။ ယွမ်မီးဖိုတောင်ထဲမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကိုတော့ ဒီကျုန်း ကိုယ်တိုင်လည်း မသိဘူး။ ဒီကျုန်း သိတာတစ်ချက်က အဲ့မှာ ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးရဲ့ လိုဏ်ဂူစံအိမ်တစ်လုံး ရှိနေတယ် ဆိုတာပဲ”

“ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးရဲ့ လိုဏ်ဂူစံအိမ်”

“ယွမ်မီးဖိုတောင်ထဲမှာ အဲ့လိုအရာ တကယ်ကြီး ရှိနေတာလား”

“ငါဒီနေရာက အထပ်ထပ် အခါခါ ဖြတ်သွားနေတာ အဲ့နေရာကို သွားစူးစမ်းကြည့်လို့ ဘာလို့ တစ်ချက်ကလေးတောင် မစဉ်းစားမိရတာလဲကွာ… အခုတော့…”

ကျုန်းချင်းက ပြုံး၍ ဆက်ပြောလိုက်လေသည် “ကျုပ်တို့ မီးတောက်ကျောင်းတော်က အဲ့လိုဏ်ဂူစံအိမ်ကို စူးစမ်းရှာဖွေဖို့ ကြိုးစားကြည့်ပြီးသွားပြီ။ ဒါပေမယ့် လိုဏ်ဂူစံအိမ်ရဲ့ ပထမအကာအကွယ်နှစ်ခုကိုပဲ ဖျက်စီးနိုင်ပြီး နောက်ဆုံးတစ်ခုကို မဖျက်စီးနိုင်ဘူး။ ဒါကြောင့် ရောင်းရင်းတို့ဆီက အကူအညီ တောင်းရတာ။ ရောင်းရင်းတို့သာ ဝင်ကူညီပေးမယ်ဆိုရင် တတိယ အကာအရံကို ဖျက်စီးပြီး လိုဏ်ဂူစံအိမ်ကို အတူတကွ သွားစူးစမ်းရှာဖွေလို့ရပြီ”

“ဒီတော့ ပထမအကာအရံက ပျက်စီးသွားပြီပေါ့” ခန်စစ်ရန်က ရေရွတ်လိုက်သည်။ အစကမူ မီးတောက် ကျောင်းတော်မှ လိုဏ်ဂူအကာအရံအား မဖျက်စီးနိုင်သည့် အပေါ် မယုံသင်္ကာ ဖြစ်မိသေးသည်။ ယခု ကျုန်းချင်း ရှင်းပြသည်ကို ကြားပြီးမှပဲ လိုဏ်ဂူစံအိမ်တွင် အကာအရံ တစ်ခုမှ ရှိနေမှန်း နားလည်သွားခဲ့ရလေသည်။

ယခုဆိုလျှင် သူသိထားသည့် အကြောင်းအရာအားလုံး ယုတ္တိရှိသွားလေပြီ။ ခန်စစ်ရန် ယခင် ခန့်မှန်းချက် မမှားယွင်းခဲ့ပေ။ သူ့ခွန်အားသည် လုံလောက်အောင် မြင့်မားခြင်း မရှိသည့်အတွက် လိုဏ်ဂူစံအိမ်ထဲတွင် အခြားသော အကာအရံများ ထပ်ရှိနေသေးမှန်း မသိခဲ့။

သူနှင့်ရန်ကိုင်သာ စောပြီး ရောက်လာခဲ့မည် ဆိုလျှင်ပင် ပထမ အကာအရံ နှစ်ခုလောက်ကိုသာ ဖျက်စီးနိုင်မည် ဖြစ်ပြီး တတိယအကာအရံကို လုံးဝ ဖျက်စီးနိုင်လိမ့်မည် မဟုတ်ပေ။

အကြောင်းစုံကို သိသွားသည့် အခါမှပဲ ခန်စစ်ရန် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့လေသည်။

“ဒီဧကရာဇ်အဆင့် ပညာရှင်ရဲ့ လိုဏ်ဂူစံအိမ်ထဲမှာ ဘာတွေရှိနေမလဲဆိုပြီး ရောင်းရင်းတို့လည်း တွေးနေမှာပေါ့၊ ဟုတ်တယ်မလား။ ဒီကျုန်း ကြည့်ရသလောက်တော့ အထဲမှာ ကျိန်းသေကို အဖိုးတန် ရတနာတစ်ခုခု ရှိလောက်တယ်။ ဖြစ်နိုင်ချေ အများဆုံးကတော့ အရမ်းကို အဖိုးတန်တဲ့ ဆေးပင်တစ်ပင် ရင့်မှည့်တာပဲ”

ရောင်စဉ်ငါးသွယ် ထွက်ပေါ်လာပြီး မွှေးပျံ့သည့် သင်းရနံ့တို့ ထွက်ပေါ်လာသည့် ဖြစ်စဉ်သည် မှော်ရတနာ တစ်ခုမှ ထုတ်လုပ်နိုင်သည့် အရာမျိုးမဟုတ်ချေ။ အလွန်ကိုမှ ဆန်းကြယ်သည့် ရှားပါးဆေးပင်တစ်ပင် အရွယ်ရောက်သည့် အခါမျိုးမှသာလျှင် ဤကဲ့သို့သော ဖြစ်စဉ်မျိုးကို ဖြစ်ပေါ်စေနိုင်ပေသည်။

“ကျောင်းသခင်ကျုန်းကို ကျုပ်မေးချင်တာ တစ်ခုရှိတယ်။ အကာအရံသာ ပျက်စီးသွားမယ်ဆိုရင် အထဲက ရတနာတွေကို ဘယ်လို ခွဲယူမှာလဲ။ ဒီနေရာက မီးတောက်ကျောင်းတော်ရဲ့ ပိုင်နက်ဆိုတော့ ခင်ဗျားတို့သာ ရတနာအားလုံးကို မောင်ပိုင်စီးမယ်ဆိုရင် ကျုပ်တို့ ဘယ်လိုမှ ပြန်တိုက်နိုင်မှာ မဟုတ်ဘူး” ရုတ်တရက် လူအုပ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ သို့ရာတွင် အသံသည် နေရာပေါင်းစုံလိုလိုမှ ထွက်ပေါ်လာသဖြင့် အသံပိုင်ရှင် မည်သူမှန်း မသိရချေ။

ထိုစကား ထွက်လာသည့်အခါ အကုန်လုံး၏ အကြည့်သည် ကျုန်းချင်းဆီသို့ ရောက်လာခဲ့လေသည်။

ကျုန်းချင်းကမူ ထိုမေးခွန်းကြောင့် နည်းနည်းလေးမှ ဒေါသမထွက်သွားသည့်အလား ပြုံး၍သာ ပြန်ပြောလိုက်၏ “မင်းတို့ ဘာကို စိုးရိမ်နေလဲဆိုတာ ဒီကျုန်း သိတယ်။ ဒါပေမယ့် ရောင်းရင်းတို့ စိတ်ပူမနေနဲ့။ အကာအရံ ပျက်စီးသွားလို့ လိုဏ်ဂူကို စူးစမ်းခွင့် ရပြီဆိုတာနဲ့ အဲ့ထဲမှာရှိတဲ့ ရတနာတွေအားလုံးက ရတဲ့လူပဲ။ ဒီကျုန်းနဲ့ ရောင်းရင်းလျန်တို့ နှစ်ယောက်စလုံး မင်းတို့ကို တိုက်ခိုက်မှာ မဟုတ်ဘူး”

တစ်ချိန်လုံး စကားတစ်ခွန်းမှ မပြောဘဲ မတ်တပ်သာ ရပ်နေသော လျန်ယုမင်ကလည်း ခေါင်းညိတ်ပြလိုက်၏။

“ဒီအတိုင်း စကားနဲ့ ပြောတာကတော့ ဘယ်လိုလုပ်ပြီး ယုံလို့ရမှာလဲ။ ဒုကျောင်းသခင်တို့ မတိုက်ခိုက်ဘူး ပြောပြီး တကယ်တမ်း တိုက်ခိုက်လာမယ်ဆိုရင်တောင် ကျုပ်တို့ ဘယ်လိုမှ ပြန်တိုက်နိုင်မှာ မဟုတ်ဘူးလေ” အစောပိုင်းက အသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။

ကျုန်းချင်းသည် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်၏။ သူ့အကြည်သည့် သိပ်မသိသာ မထင်ရှားသော ခပ်ပိန်ပိန်နှင့် ကျင့်ကြံသူဆီသို့ ရောက်သွားပြီး ပြောလိုက်လေသည် “ဒီကျုန်းနဲ့ ရောင်းရင်းလျန်ကို မယုံချင်ဘူးဆိုရင် ရောင်းရင်း ထွက်သွားလို့ရတယ်နော်။ ကျုပ်က တွန်းအားပေးနေတာ မဟုတ်ဘူး”

All Chapters