← Chapters

အခန်း (၂၀၄၆-၂၀၅၀)

Vol. 82 Ch. 2046-2050

အခန်း (၂၀၄၆-၂၀၅၀)

Vol. 82 Ch. 2046-2050

အပိုင်း(၂၀၄၆)

ကျုန်းချင်း၏ စိုက်ကြည့်ခြင်း ခံလိုက်ရသည့်အခါ ခပ်ပိန်ပိန်နှင့်လူ မျက်နှာပျက်သွားလေသည်။

သို့သော်လည်း သူမည်သူမှန်း တစ်ဖက်လူ သိသွားပြီး ဖြစ်သည့်တိုင် ထိုလူသည် ထွက်မသွားဘဲ ရပ်၍သာ လက်သီးဆုပ်၍ ပြန်ပြောလိုက်လေသည် “ကျေးဇူးပြုပြီး ကျုပ်စကားပြော မှားသွားတာကို ခွင့်လွှတ်ပေးပါ ဒုကျောင်းသခင်ကျုန်း။ ကျောင်းသခင်တို့ ပြောတာကို ကျုပ်ယုံပါတယ်”

ဤအခြေအနေမျိုးတွင် သူ့အတွက် အခြား ရွေးစရာ မရှိတော့ချေ။ ကျုန်းချင်းသည် သူ့သဘောထားကို လုံးဝ ဖော်ပြပြီးသွားလေပြီ။ လူအုပ်ကြီး အနေဖြင့် သူ့အား ကျိန်ဆိုပါဟု သွားဖိအားပေး၍လည်း မရချေ။ ဤနေရာသည် မီးတောက်ကျောင်းတော်၏ ပိုင်နက် ဖြစ်သည့်အတွက် တစ်ဖက်လူ မလုပ်ချင်သည်ကို သူတို့ သွားဖိအားပေး၍ မရချေ။ ထို့ကြောင့် လိုဏ်ဂူစံအိမ်ထဲသို့ ဝင်လိုလျင် ကျုန်းချင်း ပြောသည့်အတိုင်း လုပ်ရုံသာ ရှိတော့လေသည်။

ထိုစကားကို ကြားသည့်အခါ ကျုန်းချင်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည် “ရောင်းရင်းတို့ ဒီကျုန်းပြောတာနဲ့ ပက်သက်ပြီး မယုံသင်္ကာတစ်ခုခု ဖြစ်တာမျိုးရှိရင် ပြောလို့ရတယ်။ ဒီကျုန်း ချက်ချင်းပဲ ဖြေရှင်းပေးမယ်”

အကုန်လုံးသည် တိတ်သာ တိတ်နေခဲ့လေသည်။

ကျုန်းချင်းက ကျေနပ်စွာ ခေါင်းညိတ်၍ “ကြည့်ရတာ အကုန်လုံးက အဆင်သင့် ဖြစ်နေပြီနဲ့တူတယ်။ အဲ့လိုဆိုမှတော့ စကြတာပေါ့။ မစခင် ဒီကျုန်း သတိပေးချင်တာ တစ်ခုရှိတယ်။ အကာအရံကို ချိုးဖျက်တဲ့အခါကျ ရေသာခိုအချောင်လိုက်နေပြီး… အကာအရံ ပျက်စီးသွားတဲ့ အခါကျ ဝေစု လာလိုချင်နေတယ် ဆိုရင်တော့ ဒီကျုန်းကို ရက်စက်လို့ဆိုပြီး အပြစ်မတင်နဲ့နော်”

အကုန်လုံး အသက်ပင် ရဲရဲ မရှူရဲကြပေ။

ထိုစဉ် ကျုန်းချင်း ဘေးနားတွင် ရပ်နေသော လျန်ယုမင်က ဝင်ပြောလိုက်လေသည် “ကဲ၊ အားလုံးလည်း အဆင်သင့် ဖြစ်ပြီဆိုတော့ အကုန်လုံး အဆင်ပြေပြေ ပူးပေါင်းလို့ရအောင် အကာအရံရဲ့ ပုံစံကို ဒီလူအိုကြီး ပြောပြပေးမယ်။ ဒီလိုဏ်ဂူက ဧကရာဇ်အဆင့် ပညာရှင် တစ်ဦး နေခဲ့တဲ့ လိုဏ်ဂူဆိုတာ လုံးဝ ကျိန်းသေးတယ်။ လိုဏ်ဂူကို ပိတ်ထားတဲ့ အကာအရံမှာ စုစုပေါင်း သုံးပိုင်းရှိတယ်။ ပထမနှစ်ခုက ဖျက်စီးလို့ လွယ်ပေမယ့် တတိယတစ်ခုကတော့ အရမ်း ခက်လွန်းတယ်။ ပထမ အကာအရံနှစ်ခုကို ငါတို့ မီးတောက်ကျောင်းတော်က တစ်ကြိမ်မက ဖျက်စီးပြီးသွားပြီ။ ဒါပေမယ့် တတိယ အကာအရံကိုတော့ တစ်ခါမှ ဖျက်စီးလို့ မရခဲ့ဘူး။ တတိယအကာအရံကို ဖျက်စီးချင်တယ်ဆိုရင် စွမ်းအင် အလုံအလောက် ရှိနေဖို့လိုတယ်။ စွမ်းအင် မလုံလောက်ဘူး ဆိုရင် ပထမအကာအရံနှစ်ခုက သူ့အလိုလို တဖြည်းဖြည်း ပြန်ကောင်းလာပြီး လိုဏ်ဂူထဲကို ဘယ်လိုမှ ဝင်လို့ရမှာ မဟုတ်တော့ဘူး။ ဒီတော့ ငါတို့ စီစဉ်ထားတာက မီးတောက်ကျောင်းတော် တပည့်တွေက ပထမ အကာအရံ နှစ်ခုကို ဖျက်စီးပေးမယ်။ ရောင်းရင်တို့ရယ်၊ ငါရယ်၊ ရောင်းရင်းကျုန်းရယ်က တတိယအကာအရံကို ဖျက်စီးမယ်။ ရောင်းရင်းတို့ ဘာပြောချင်လဲ”

“ဘာမှတော့ ပြောစရာမရှိပါဘူး။ ဒါပေမယ့် ဒုကျောင်းသခင်လျန်က တတိယအကာအရံကို ဘယ်လို နည်းလမ်းနဲ့ ဖျက်စီးချင်တာလဲ။ ကျုပ်တို့ အားလုံးက ဒီအတိုင်းပဲ တိုက်ခိုက်ပေးရမှာလား” လူအုပ်ထဲမှ တစ်ယောက်က မေးလိုက်လေသည်။

ထိုစကားကို ကြားသည့်အခါ လျန်ယုမင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်၏ “တတိယအကာအကွယ်မှာ တန်ပြန်နိုင်တဲ့ စွမ်းရည်ရှိတယ်။ ဒီတော့ ဒီအတိုင်း သွားတိုက်ခိုက်ရင် ဘာမှမထူးတဲ့အပြင် ကိုယ်တောင် ပြန်ပြီး ဒုက္ခရောက်သွားနိုင်တယ်။ ဒါကြောင့် တတိယ အကာအကွယ်ကို ဒီလူအိုကြီးမှာရှိတဲ့ အထူး မှော်ရတနာ တစ်ခုသုံးပြီး ဖျက်စီးမှာ”

ပြောပြီးသည့်နောက်တွင် လက်နှစ်ချောင်းစာ အရှည် ရှိသော ဓါးမြှောင်တစ်ချောင်းကို ထုတ်ယူလိုက်လေသည်။ ဓါးမြှောင်တစ်ချောင်းလုံးသည် မည်းနက်နေပြီး အသွားမှာ အရောင်တလက်လက် ထနေခဲ့သည်။ တစ်ချက် ကြည့်ရုံဖြင့် ဓါးမြှောင်မှာ အဆင့်မြင့် မှော်ရတနာတစ်ခုမှန်း သိနိုင်ပေသည်။

“တာအိုအဆင့် မှော်ရတနာလား”

“ဟုတ်တယ်။ ဒါပေမယ့် သာမန် တာအိုအဆင့် မှော်ရတနာတော့ မဟုတ်ဘူး။ တာအိုအလယ်အလတ် အဆင့် မှော်ရတနာပဲ။ ဒီဓါးမြှောင်မှာ ထူးခြားတဲ့ စွမ်းရည် တစ်ခုရှိတယ်။ ဒီဓါးမြှောင်က သူ့ထဲ ထည့်သွင်းလိုက်တဲ့ စွမ်းအင်တွေကို စုဆောင်းပြီး တိုက်ကွက်တစ်ခုကို ထုတ်လွှတ်နိုင်တယ်။ ဒီလူအိုကြီးရဲ့ စွမ်းအားအကုန်ကို ဓါးမြှောင်ထဲ ထည့်လိုက်တာတောင် ဒီဓါးမြှောင်ရဲ့ စွမ်းအားအကုန်ကို မထုတ်သုံးနိုင်ဘူး။ ဒါကြောင့် ရောင်းရင်းတို့ လုပ်ဖို့လိုတာက ဒီဓါးမြှောင်ထဲကို စွမ်းအင် ထည့်ပေးဖို့ပဲ။ ကျန်တာကို ဒီလူအိုကြီး တာဝန်ထားလိုက်” လျန်ယုမင်က ပြောလိုက်သည်။

“ဒုကျောင်းသခင်လျန်မှာ ဒီလို မှော်ရတနာမျိုး ရှိနေတာဆိုတော့ အကာအရံကို ဖျက်စီးဖို့က ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ဘူး” လူအုပ်ထဲမှ တစ်ယောက်က အော်ပြောလိုက်လေသည်။

“ပြဿနာရှိတယ်ဆိုရင်လည်း ရောင်းရင်းတို့ထဲက အချို့က သူတို့ ခွန်အားကို ထိန်ချန်ထားတာကြောင့်ပဲ ဖြစ်လိမ့်မယ်” လျန်ယုမင်သည် ဓါးမြှောင်ကို ပြန်သိမ်းပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည် “ဘာမှ မေးစရာ မရှိတော့ဘူးဆိုရင် နောက်နာရီဝက်နေရင် စကြတာပေါ့”

ပြောပြီးသည့်နောက်တွင် မျက်လုံးမှိတ်ကာ အသက်ရှုနှုန်းကို ထိန်းညှိလိုက်လေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ အကုန်လုံး အလျင်စလို ထိုင်ချလိုက်ပြီး အကာအရံကို ချိုးဖျက်ရာတွင် အဆင်သင့် ဖြစ်နေစေရန် အားပြန်ဖြည့်လိုက်ကြ၏။

ကျုန်းချင်းကမူ အနားမယူသေးဘဲ မီးတောက်ကျောင်းတော်မှ တပည့်များကိုသာ ဘာလုပ်ရမည်၊ ညာလုပ်ရမည် စသဖြင့် ညွှန်ကြားနေလေ၏။

“ရောင်းရင်းရန် မင်းသတိထားဦးနော်။ ဒီကိစ္စနဲ့ ပက်သက်ပြီး တစ်ခုခု မှားနေသလို ငါခံစားနေရတယ်။ အခုလို ဖော်ရွေတဲ့ပုံစံကြီးက မီးတောက်ကျောင်းတော်ရဲ့ ပုံစံမျိုးမဟုတ်ဘူး” ခန်စစ်ရန်သည် ရန်ကိုင်နားထဲသို့ သူတစ်ဦးတည်းကြားအောင် တိုက်ရိုက် ပြောလိုက်သည်။

ရန်ကိုင်သည် ပြောင်းလဲခြင်းမရှိသည့် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

မည်သည့် ကျင့်ကြံသူမှ အရူးမဟုတ်သည့်အတွက် ယခု ကိစ္စနှင့် ပက်သက်၍ ဧကန်မုချကို မယုံသင်္ကာ ဖြစ်ကြပေလိမ့်မည်။ သို့ရာတွင် လက်ရှိ အချိန်၌ မည်သူမှ ထိုအကြောင်းကို စကားစ၍ မီးတောက်ကျောင်းတော်အား သွားရန်စချင်လိမ့်မည် မဟုတ်ချေ။ အကုန်လုံး အနေဖြင့် သူတို့ဘာသာ ကြိုတင်ပြင်ဆင်ထားပြီး မီးစဉ်ကြည့်ကရုံသာ တတ်နိုင်လေသည်။

ဆယ့်ငါးမိနစ် ကြာပြီးသည့်နောက်တွင် လျန်ယုမင်က ပြောလိုက်လေသည် “အချိန်ကျပြီ။ အကုန်လုံး ဒီလူအိုကြီးနောက် လိုက်ခဲ့ကြ”

ပြောပြီးသည်နှင့် လျန်ယုမင်သည် ရှေ့ဆုံးမှ ဦးဆောင် ပျံသန်းသွားလေသည်။

အခြားသူများသည်လည်း သူ့နောက်မှ အလျင်စလို လိုက်သွားကြလေသည်။

မကြာမီတွင် အကုန်လုံးသည် ယွမ်မီးဖိုတောင်၏ လမ်းတစ်ဝက်ဆီသို့ ရောက်လာခဲ့လေသည်။ ထို့နေရာသို့ ရောက်လာပြီးနောက် ရှေ့ဆက်မသွားတော့ဘဲ ကျောက်တုံး စင်မြင့်တစ်ခုပေါ်တွင် ဝဲနေလိုက်ကြလေသည်။ ကျောက်တုံးစင်မြင်သည် လူပေါင်းများစွာ ဝင်ဆံ့နိုင်လောက်အောင်ကို ကြီးမားပေသည်။ ဤစင်မြင့်၏ ဘေးဘက်ရှိ တောင်နံရံပေါ်တွင် ကျောက်နံရံတစ်ခု ရှိနေခဲ့သည်။

“ဝင်ပေါက်ကဒါလား” ရန်ကိုင်သည် ခန်စစ်ရန်အား တိုးတိုးတိတ်တိတ် မေးလိုက်သည်။

ခန်စစ်ရန်သည် စကားတစ်ခွန်းမှ ပြန်မပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။

ခဏအကြာတွင် မီးတောက်ကျောင်းတော်၏ ဒုကျောင်းသခင်နှစ်ဦးသည် လူအုပ်ကြီးဘက်သို့ လှည့်လာခဲ့၏။ ထို့နောက် ကျုန်းချင်းက ပြောလိုက်သည် “အကုန်လုံး… ဝင်ပေါက်က အကာအရံက ပြန်ကောင်းနေပြီ။ ဒီတော့ ပြောထားတဲ့အတိုင်း လုပ်ကြတာပေါ့။ ငါတို့သာ ဒီအစီအရင်ကို ဖျက်စီးနိုင်မယ်ဆိုရင် အထဲက ဧကရာဇ်အဆင့် ပညာရှင် ချန်ထားခဲ့တဲ့ ရတနာတွေက ငါတို့အပိုင် ဖြစ်လာပြီပဲ”

ထိုစကားကို ကြားသည့်အခါ လူပေါင်းများစွာ စိတ်လှုပ်ရှားလာခဲ့ကြလေသည်။

ရုတ်တရက် ကျုန်းချင်း၏ အမူအရာ လေးနက်သွားပြီး အော်ပြောလိုက်လေ၏ “မီးတောက်ကျောင်းတော်ရဲ့ တပည့်တွေ လှုပ်ရှားမယ်”

ကျုန်းချင်းမှ အမိန့်ပေးလိုက်သည်နှင့် မီးတောက် ကျောင်း၏ တပည့်များသည် အဖွဲ့နှစ်ဖွဲ့ခွဲလျက် အားအကောင်းဆုံး ကျင့်ကြံသူတစ်ဦးစီကို အလယ်တွင် ထားကာ စက်ဝိုင်းပုံစံ နေရာယူလိုက်ကြလေသည်။ ထို့နောက် လက်ကွက်အသီးသီးကို ဖန်တီးကြတော့လေ၏။

ထိုလူများထဲတွင် ကျုန်းကျီကျင်းကို ရန်ကိုင် တွေ့လိုက်ရလေသည်။ ကျုန်းကျီကျင်းသည် အလယ်တွင် ရပ်နေသည့် ကျင့်ကြံသူနှစ်ဦးအနက် တစ်ဦး ဖြစ်၏။

မီးတောက်ကျောင်းတော် တပည့်များမှ သူတို့၏ ချီစွမ်းအင်ကို စတင် လှည့်ပတ်လိုက်သည်နှင့် ထူးဆန်းသည့် မြင်ကွင်းတစ်ရပ် ထွက်ပေါ်လာခဲ့လေသည်။

ထိုလူများ၏ စွမ်းအင်များမှာ အတူတကွ ချိတ်ဆက်ပြီး ပေါင်းစပ်သွားသည့်အလား သူတို့အားလုံး၏ အရှိန်အဝါမှာ တစ်သားတည်း ဖြစ်သွားကြလေသည်။ အဖွဲ့နှစ်ဖွဲ့၏ အလယ်တွင် ရှိနေသော တပည့်နှစ်ဦး၏ အရှိန်အဝါမှာတော့ တန်ခိုးရှင်ဘုရင်တတိယအဆင့်မှ တာအိုသခင်အဆင့်သို့ ရုတ်ချည်း မြင့်တက်သွားခဲ့လေသည်။

ခဏအကြာတွင် အဖွဲ့တစ်ဖွဲ့၏ အလယ်ဗဟိုတွင် ရှိနေသော ကျင့်ကြံသူသည် မာန်သွင်းအော်ဟစ်၍ ဓါးရှည် တစ်ချောင်းကို ထုတ်ယူလိုက်သသည်။ ထို့နောက် သူ့စွမ်းအင် အားလုံးကို ဓါးရှည်ထဲသို့ ထည့်သွင်းလိုက်ပြီး ရှေ့တည့်တည့်သို့ ထိုးချလိုက်လေသည်။

ဓါးရှည်မှ အကာအရံအား လာရောက် ထိမှန်သည်နှင့် အကာအရံမှာ တဖျက်ဖျက် တောက်ပလာခဲ့လေသည်။ မကြာမီ ဓါးရှည်သည် အကာအရံကို ဖောက်ထွက်သွားခဲ့၏။

ပထမအကာအရံ ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် ကျုန်းကျီကျင်းတို့အဖွဲ့ လှုပ်ရှားလိုက်ကြသည်။ အားလုံး၏ ချီစွမ်းအင်ကို ရရှိပြီးသည့်နောက်တွင် ကျုန်းကျီကျင်းသည် ဘာမှန်းမသိရသော မှော်ရတနာတစ်ခုကို ထုတ်ယူကာ အကာအရံဆီသို့ ချိန်ရွယ်လိုက်သည်။ ထို့နောက် အလင်းလုံး တစ်လုံးကို ပစ်လွှတ်လိုက်လေ၏။

ထိုအလင်းလုံးသည် ပျက်စီးသွားပြီ ဖြစ်သော ပထမ အကာအရံကို ဖြတ်ကျော်၍ ဒုတိယ အကာအရံကို သွားရောက် ထိမှန်လေသည်။

အကာအရံမှ အလင်းရောင်ပြင်းအားအရ ဒုတိယ အကာအရံသည် ပထမအကာအရံထက် အများကြီး ပိုအားကောင်းသည်။ သို့သော်ငြား မီးတောက် ကျောင်းတော်မှ တပည့်များ၏ တိုက်ကွက်ကိုမူ မတားဆီးနိုင်ခဲ့ပေ။

မကြာမီ ဒုတိယအကာအရံ ပျက်စီးသွားခဲ့လေသည်။

ထိုအချိန်ကို စောင့်ဆိုင်းနေသော လျန်ယုမင်က ချက်ချင်း ထအော်လေသည် “စတော့”

ထိုသို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ဓါးမြှောင် တစ်ချောင်းကို ထုတ်ယူလိုက်ပြီး ထူးဆန်းသည့် လက်ကွက်များကို စတင် ဖန်တီးတော့၏။

သူ့ဘေးနားတွင် ရပ်နေသော ကျုန်းချင်းသည် တုန့်ဆိုင်းခြင်းမရှိဘဲ ဓါးမြှောင်ထဲသို့ သူ့စွမ်းအင်များကို ချက်ချင်း ထည့်သွင်းလိုက်လေသည်။

ထို့နောက်တွင် အခြားသော ကျင့်ကြံသူများသည်လည်း သူတို့၏ စွမ်းအင်အသီးသီးကို ဓါးမြှောင်ထဲသို့ ပို့လွှတ်လိုက်ကြသည်။

စွမ်းအင်များ စီးဝင်လာသည့်အလျောက် ဓါးမြှောင်မှာလည်း စတင် ပြောင်းလဲလာခဲ့သည်။ လက်နှစ်ချောင်းစာ အရှည်သည် တစ်မီတာအထိသို့ ရောက်လာပြီး မည်းနက်နေသော ကိုယ်ထည်ဟာလည်း ရောင်စုံတောက်လာခဲ့လေသည်။

ရုတ်ချည်း တိုးများလာသည့် စွမ်းအင်အား ထိန်းချုပ်ရခက်နေသည့်နှယ် လျန်ယုမင်၏ လက်မောင်းများ တုန်ခါလာခဲ့လေသည်။ အသက် ဆယ်ရှိုက်စာခန့်ကြာပြီး ဆက်မထိန်းထားနိုင်တော့သည့် နောက်၌ ဓါးမြှောင်ကို လွှတ်ချလိုက်လေတော့၏။

ရှေ့တည့်တည့်သို့ ညွှန်လိုက်သည်နှင့် တစ်ပြိုင်နက် ဓါးမြှောင်သည် လေကိုခွင်းလျက် တတိယမြောက် အကာအရံကို သွားရောက် ထိမှန်လေသည်။

ဘုန်း…

ဓါးမြှောင် အနည်းငယ် တုန်ခါသွားခဲ့သည်။ တစ်ချိန်တည်းတွင် လျန်ယုမင်နှင့်တကွ ဓါးမြှောင်ထဲသို့ စွမ်းအင် ပို့လွှတ်နေကြသော ကျင့်ကြံသူ အသီးသီးတို့လည်း တုန်ရီသွားခဲ့ကြလေသည်။ အစီအရင်၏ တန်ပြန် ရိုက်ချက်ကို ခံစားလိုက်ရပြီးနောက် အကုန်လုံး၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ လျန်ယုမင် မျက်နှာကြီး မဲ့သွားခဲ့ပြီး ချက်ချင်းပဲ လက်ကွက်အချို့ကို ထပ်မံ ဖန်တီးလိုက်လေသည်။ သို့တိုင် အကာအရံကို မချိုးဖျက်နိုင်ခဲ့ချေ။

ထိုစဉ် အကုန်လုံး မကြားချင်နေသည့် စကားတစ်ခွန်းကို ကျုန်းကျီကျင်းက ရုတ်တရက် အော်ပြောလိုက်လေသည် “အဖေ၊ ဒုတိယအကာအရံ ပြန်ကောင်းလာနေပြီ”

သူပြောနေစဉ် အတောအတွင်းမှာပင် ပျက်စီးသွားပြီ ဖြစ်သော ဒုတိယအကာအရံတစ်ခုလုံး အရောင် တဖျက်ဖျက် တောက်လာပြီး သူ့အလိုလို ပြန်ကောင်းလာခဲ့လေသည်။ ကျုန်းကျီကျင်းနှင့် အခြားသော မီးတောက်ကျောင်းမှ တပည့်များသည် အကာအရံကို ပြန်ကောင်းနှုန်းကို နှေးစေရန်အတွက် ထပ်မံ၍ အားစိုက်လိုက်ရလေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ကျုန်းချင်းမျက်နှာ မည်းမှောင်သွားပြီး ချက်ချင်း အော်ပြောလေ၏ “အကုန်လုံး၊ အောင်မြင်မလား၊ မအောင်မြင်ဘူးလား ဆိုတာ ဒီတစ်ကြိမ်ပေါ်မှာ မူတည်နေတယ်နော်။ ငါတို့သာ ဒီအကာအရံကို မဖျက်စီးနိုင်ဘူးဆိုရင် လိုဏ်ဂူထဲကို ဘယ်တော့မှ ဝင်လို့ရတော့မှာ မဟုတ်ဘူး။ မင်းတို့ ခွန်အားကို ဒီအတိုင်းပဲ ဆက်ပြီး ထိန်ချန်ထားဦးမှာလား။ လိုဏ်ဂူထဲက ရတနာတွေကို မလိုချင်တော့တာလား”

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၂၀၄၇)

ကျုန်းချင်း ထိုစကားကိုပြောလိုက်သည်နှင့် အကုန်လုံး မျက်နှာပျက်သွားကြလေသည်။ ကျုန်းချင်းပြောခဲ့သလိုပင် ကျင့်ကြံသူအားလုံးသည် သူတို့၏ခွန်အားအကုန်အစင်ကို ထုတ်သုံးနေကြသူများ မဟုတ်ကြချေ။

တစ်ချို့သောကျင့်ကြံသူများသည် ရေသာခို အချောင်လိုက်ကာ အခြားသူများ၏ကြိုးစားအားထုတ်မှုကို အမြတ်ထုတ်လိုနေကြသည်။

တတိယအကာအကွယ်သာ တစ်ချက်တည်း ပျက်စီးသွားခဲ့လျှင်တော့ ဘယ်သူမှသူတို့အား အပြစ်တင်ကြလိမ့်မည်မဟုတ်ချေ။

သို့သော်ငြား ယခုတတိယအကာအကွယ်ကို ဖျက်ဆီးရာတွင် မချိုးဖြတ်နိုင်သေးသဖြင့် အချို့လူများမှာ မကျေမနပ် ဖြစ်လာကြလေသည်။

ကျုန်းချင်းက ထပ်၍ပြောလိုက်သည်။ "မင်းတို့တွေ ဘာတွေးနေလဲတော့ ငါမသိဘူး။ ဒါပေမယ့် ငါကိုယ်တိုင်ကတော့ အထဲမှာ ဘာရတနာတွေရှိလဲဆိုတာကို တစ်ကယ်မြင်ချင်တယ်"

ပြောပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်ဆီမှ စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ဓားမြှောင်ထဲသို့ စွမ်းအင် ထပ်မံပို့လွှတ်လိုက်လေသည်။

လူအုပ်ကြီးထဲတွင်ရှိနေသော တစ်ယောက်ယောက်ကလည်း အော်ပြောလိုက်လေ၏။ "ဒုကျောင်းသခင်ကတောင် ဦးဆောင်ပြီး လုပ်ပြနေတာကို ကျုပ်တို့ဘက်ကလည်း ဘယ်လိုလုပ်ပြီး ဆက်ပြီး ရေသာခိုနေလို့ဖြစ်ပါ့မလဲ"

ထိုသို့ပြောပြီးသည့်နောက်တွင် သူ့ခွန်အားကို ဆက်၍ဖုံးကွယ်မနေတော့ဘဲ သူတော်စင်ချီများကို ဓားမြှောင်ထဲသို့ ပို့လွှတ်လိုက်လေသည်။

ကျင့်ကြံသူများသည်လည်း အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ဓားမြှောင်ထဲသို့ သူတို့၏စွမ်းအင်များကို စတင်ပို့လွှတ်ကြလေတော့၏။

ချက်ချင်းဆိုသလို အလွန်ကိုမှ ကြီးမားနေပြီဖြစ်သော ဓားမြှောင်သည် ယခင်ထက်ပို၍ အရွယ်အစား ကြီးမားလာခဲ့လေသည်။

တဖြေးဖြေးအရွယ်အစားကြီးမားလာသည့်နောက်တွင် လျန်ယုမင်မှာ ထိုစွမ်းအားကို ဆက်၍ထိန်းမထားနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

သူ့အမူအယာပြောင်းလဲသွားခဲ့ပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေ၏။ "မင်းတို့အားလုံးရဲ့ အကူအညီအတွက် ကျေးဇူးပါပဲ။ ဒီလူကြီး အခုဒီအကာအကွယ်ကို ဖျက်ဆီးပစ်တော့မယ်"

ပြောပြီးသည့်နောက်တွင် သွေးအဆီအနှစ်တစ်စက်ကို ဓားမြှောင်ပေါ်သို့ ထွေးထုတ်လိုက်လေသည်။

ဓားမြှောင်ပေါ်သွေးအဆီအနှစ်ကျသွားနှင့်တစ်ပြိုင်နက် ဓားသွားမျက်နှာပြင်ထက်တွင် အစိမ်းရောင်အင်းကွက်တို့ ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းတွင် ထိန်းမရသိမ်းမရအောင် မတည်မငြိမ်ဖြစ်နေသော ဓားမြှောင်မှာလည်း အမှန်တကယ်ကို ငြိမ်သက်သွားခဲ့လေ၏။

ထို့နောက်တွင် လျန်ယုမင်သည် မာန်သွင်းအော်ဟစ်၍ ဓားမြှောင်အား ရှေ့တည့်တည့်သို့ ထိုးချလိုက်လေသည်။

ဓားမြှောင်ထိပ်ဖျားနှင့် တတိယမြောက်အကာအကွယ်တို့ ထိသွားသည့်နောက် နားပင်းမတတ် ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။

အနီးအနားတစ်ဝိုက်ရှိ မိုးမြေစွမ်းအင်တို့မှာလည်း ကသောင်းကနင်း ဖြစ်လာကုန်ကြလေသည်။

"ခရက်" နောက်ဆုံးတွင် အကုန်လုံးမျှော်လင့် စောင့်စားနေသည့် အသံတစ်သံထွက်ပေါ်လာခဲ့သည်။ ထိုအသံကို ကြားလိုက်သည့်နောက်တွင် အကုန်လုံး၏ မျက်နှာ ပြုံးဖြီးသွားခဲ့ကြလေသည်။

ကျောက်ဆောင်တမျှ မာကျောလှသော တတိယအကာအကွယ်၏ မျက်နှာပြင်ပေါ်တွင် အပေါက်ကလေးတစ်ပေါက် စတင်ဖြစ်ပေါ်လာခဲ့လေပြီ။

ထိုအခြင်းအရာကိုမြင်သော် လျန်ယုမင်သည် တာအိုအလယ်အလတ်အဆင့်ဖြစ်သော ဓားမြှောင်ထဲသို့ သူ့စွမ်းအင်ကို ထပ်မံပို့လွှတ်လိုက်သည်။

ခရက်..ခရက် မြည်သံများနှင့်အတူ တတိယအကာအကွယ်သည် ရုတ်ခြည်းတစ်စစီ ပျက်စီးသွားခဲ့လေသည်။

တတိယမြောက်အကာအကွယ်ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက်တည်းတွင် ပထမနှင့်ဒုတိယမြောက် အကာအကွယ်ဟာလည်း မှန်တစ်ချပ်နှယ် တစ်စစီ ကျိုးပျက် ပျက်စီးကုန်ကြလေ၏။

"ငါတို့လုပ်လိုက်နိုင်ပြီကွ" တစ်စုံတစ်ဦးမှ ဝမ်းသာအားရ ထအော်လေသည်။

တစ်ချိန်တည်းတွင် လူပေါင်းများစွာသည် လှိုဏ်ဂူထဲသို့ ပြေးဝင်ရန် အကုန်လုံးအဆင်သင့်လုပ်နေကြလေပြီ။

ထိုစဉ်မှာပင် လျန်ယုမင်နှင့်ကျုံးချင်းသည် မီတာသုံးဆယ်အကွာသို့ ရုတ်ခြည်းခုန်ဆုတ်သွားလေသည်။

သူတို့နှင့်အတူ မီးတောက်ကျောင်းတော်မှ တပည့်များသည်လည်း နောက်သို့အသီးသီး ဆုတ်သွားကြသည်။

ထိုအခြင်းအရာကိုမြင်သည့်အခါ ရန်ကိုင်သည် ရယ်မော၍ ဘယ်သူ့ကိုမှ သတိပေးမနေဘဲ ခန်စစ်ရန်၏ လက်ကိုဆွဲကာ နောက်သို့ခုန်ဆုတ်သွားလေ၏။

တစ်ချိန်တည်းတွင် တစ်ခုခုတိုးထွက်လာသည့်အလား လေတိုးသံများ အဆက်မပြတ်ထွက်ပေါ်လာခဲ့လေသည်။

မျက်စိကျိန်းမတတ်အလင်းတန်းတို့သည် ရှေ့တည့်တည့်ရှိ ကျောက်နံရံဆီမှ လူအုပ်ကြီးပေါ်သို့ မိုးသီးမိုးပေါက်များနှယ် ကြွေဆင်းကျလာခဲ့သည်။

"ဘာကြီးလဲ" "ငါလခွမ်း" "မြန်မြန်ပုန်းကြဟေ့" တောင်တစ်ဝိုက်တွင် အော်မြည်သံများ၊ အော်ဟစ်သံများ၊ ဟစ်ကြွေးသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။

တစ်စုံတစ်ခုမှားယွင်းနေမှန်း သိလိုက်သည့်နောက်တွင် ထိုကျင့်ကြံသူအားလုံး အသည်းအသန် ရှောင်တိမ်းကြလေတော့သည်။

သို့သော်လည်း အလင်းတန်းများမှာ အလွန်ကိုမှ လျင်မြန်လေရာ သူတို့မတုန့်ပြန်နိုင်သေးခင်မှာပင် အလင်းတန်းအားလုံးသည် သူတို့ဆီသို့ ရောက်ရှိနေခဲ့လေပြီ။

ချက်ချင်းဆိုသလို နာကျင်စွာအော်ဟစ်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။ ကျင့်ကြံသူပေါင်းများစွာသည် မိုးသီးမိုးပေါက်များနှယ် ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့သည်။

အချို့သော ကျင့်ကြံသူများဆိုလျှင် အလောင်းပင် မကျန်ရစ်ဘဲ သွေးမြူများအဖြစ်သို့ တစ်ခါတည်း ပေါက်ကွဲထွက်ကုန်ကြလေသည်။

တစ်နည်းဆိုရသော် ဤကျင့်ကြံသူအုပ်ထဲရှိ လူအများစုမှာ ပွဲချင်းပြီးသေကုန်ကြလေသည်။ မည်သည့် တန်ခိုးရှင်အဆင့်ကျင့်ကြံသူမှ အသက်မရှင်ခဲ့။

အသက်ရှင်ကျန်ရစ်သည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများပင်လျှင် ဒဏ်ရာရထားကုန်ကြလေသည်။

အချို့ဆိုလျှင် လက်များ၊ ခြေထောက်များပင် ပြတ်နေကြ၏။ တစ်ကယ်ကို ချောက်ခြားစရာမြင်ကွင်းပင်။

မလှမ်းမကမ်းမှ ထိုမြင်ကွင်းအား လှမ်းကြည့်နေသော ရန်ကိုင့်မျက်နှာမဲမှောင်သွားခဲ့လေသည်။

ခန်စစ်ရန်ဆိုလျှင် မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွား၏။ ကြောက်ရွံ့မှုတို့သည် သူ့မျက်နှာထက်အထင်းသား။

ရန်ကိုင်သာသတိမထားမိဘဲ သူ့အားအလျင်အမြန် ဆွဲမခေါ်သွားခဲ့ပါက သူကိုယ်တိုင်သည်လည်း မသေလျှင်ပင် ဆိုးဆိုးရွားရွား ဒဏ်ရာရနေလောက်ပေပြီ။

"ငါထင်ထားသလိုပဲ။ အကာအရံပျက်စီးသွားတာနဲ့ အခြားထောင်ချောက်တွေ ထပ်ရှိနေသေးတာပဲ" ဘေးတစ်ဖက်ဆီမှ ကျုန်းချင်း၏ အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

လျန်ယုမင်က ခေါင်းငြိမ့်၍ ပြောလိုက်သည်။ "ငါတို့ ကြိုပြင်ဆင်ထားလိုက်တာ ကံကောင်းသွားတယ်။ မဟုတ်ရင်…" ပြောနေရင်း ဘေးပတ်ပတ်လည်သို့ လှည့်ပတ်ကြည့်လိုက်လေသည်။

အသက်ရှင်ကျန်ရစ်နေသည့် ကျင့်ကြံသူအားလုံးမှာတော့ လျန်ယုမင်တို့အဖွဲ့အား ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။

သို့ရာတွင် မည်သူမှ ဘာမှမပြောရဲခဲ့ကြပေ။ ယခုမှ သွားပြောနေရင်လည်း ဘာမှအသုံးဝင်လိမ့်မည်မဟုတ်မှန်း သိနေကြသည်။

မီးတောက်ကျောင်းတော်၏ လုပ်ရပ်သည် ကလိမ်ကကျစ်ကျသော်ငြား ကျင့်ကြံသူတိုင်းသည် အကျိုးအမြတ်နှင့် ရင်ဆိုင်ရလာလျှင် ဤကဲ့သို့ လုပ်တတ်ကြသည်ချည်းသာ။

အလွန်ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများပင်လျှင် တစ်ဦးနောက်ကျောတစ်ဦး ဓားနှင့်ထိုးကြလေ့ရှိပေရာ သူစိမ်းဖြစ်သော မီးတောက်ကျောင်းတော်မှ သူတို့အပေါ် ဤကဲ့သို့ အကွက်ချကြံစည်သည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။

အပြစ်တင်ရလျှင် ရတနာများအား လောဘတက်မိပြီး အခြေအနေကို သေချာ မလေ့လာမိသော သူတို့ကိုယ်သူတို့သာ အပြစ်တင်ရပေလိမ့်မည်။

မီးတောက်ကျောင်းတော်မှ မည်သူတစ်ဦးတစ်ယောက်မှ ဒဏ်ရာရသွားခဲ့ခြင်းမရှိပေ။ အရေးကြီးဆုံးအချက်မှာ သူတို့၏ တာအိုသခင်အဆင့်ကျင့်ကြံသူနှစ်ဦးစလုံး ဒဏ်ရာရမသွားခဲ့ခြင်းပင်။

ထို့ကြောင့် သူတို့သာ မီးတောက်ကျောင်းတော်အား သွားပြဿနာရှာမည်ဆိုပါက အသတ်ခံရမည့်သူမှာ သူတို့သာဖြစ်ပေလိမ့်မည်။ မည်သူမှ ကိုယ့်သေတွင်း ကိုယ်တူးရလောက်သည်ထိ မရူးမိုက်ကြပေ။

"ဟမ်" ကျုံးချင်းသည် ခပ်လှမ်းလှမ်းတွင် ရပ်နေသော ရန်ကိုင်နှင့်ခန်စစ်ရန်အား အံ့အားသင့်နေသည့်အမူအယာဖြင့် လှမ်းကြည့်လာခဲ့သည်။

ရန်ကိုင်တို့နှစ်ဦးစလုံး မည်သည့်ဒဏ်ရာမှ မရထားသည့်အပေါ် အံ့အားသင့်နေသည့်ပုံပင်။ သို့ရာတွင် ထိုကိစ္စနှင့်ပတ်သက်၍ အလွန်အမင်းဂရုစိုက်မနေခဲ့ပေ။

ထို့အစား မီးတောက်ကျောင်းတော်၏ တပည့်များဘက်သို့ လှည့်၍သာပြောလိုက်လေသည်။ "အကာအကွယ်ပျက်စီးသွားပြီ။ အထဲဝင်ကြရအောင်"

ပြောပြီးသည့်နောက်တွင် ကျောက်တုံးနံရံပေါ်၌ ပေါ်လာသော ဝင်ပေါက်ဆီသို့ ရှေ့ဆုံးမှဦးဆောင် ပြေးထွက်သွားလေသည်။ မီးတောက်ကျောင်းတော်၏ အခြားသော တပည့်များသည်လည်း သူ့နောက်မှ အနီးကပ်လိုက်သွားကြ၏။

ခဏအကြာတွင် မီးတောက်ကျောင်းတော်မှ လူအားလုံး လိုဏ်ဂူထဲသို့ ဝင်သွားကုန်ကြလေ၏။

ယခုမှသာလျှင် အကုန်လုံးစတင်ပြောဆိုရဲကြတော့သည်။ အမျိုးမျိုးသော အော်ဟစ်ကျိန်ဆဲသံများ နေရာအနှံ့ ထွက်ပေါ်လာကြ၏။

သို့သော်ငြား ကျင့်ကြံသူများမှာ အော်သာ ဆဲနိုင်ကြပြီး ဆိုးဆိုးရွားရွား ဒဏ်ရာရထားသဖြင့် လိုဏ်ဂူထဲသို့ သွားဝင်ပြီး မစူးစမ်းရဲကြတော့ပေ။

လှိုဏ်ဂူထဲတွင် အပြင်ဘက်ရှိ အကာအရံထက် ပိုမိုဆိုးရွားသည့်ထောက်ချောက်များရှိနေမလား၊ မရှိနေဘူးလားဆိုသည်ကို မည်သူမှ မပြောနိုင်ကြ။

ထို့အပြင် လှိုဏ်ဂူထဲ၌ ကလိမ်ကကျစ်ကျသော မီးတောက်ကျောင်းတော်မှ အရှက်မရှိသည့်လူများလည်း ရှိနေပေသေးသည်။

သူတို့သာ လက်ရှိပုံစံဖြင့် အထဲဝင်သွားမည်ဆိုပါက သေနိုင်သည့်ရာခိုင်နှုန်းမှာ အလွန်များပေသည်။

ထို့ကြောင့် လူပေါင်းများစွာသည် မီးတောက်ကျောင်းတော်မှ လူများကို အော်ဟစ်ကျိန်ဆဲရင်း ဒဏ်ရာများကို ပြန်လည်ကုသရန်အတွက် နေရာ အသီးသီး ထွက်ခွာသွားကုန်ကြလေ၏။

ရန်ကိုင်နှင့် ခန်စစ်ရန်မှာမူ မျက်မှောင်ကြီးကြုတ်လျက် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

မီးတောက်ကျောင်းတော်မှလူများသည် လှိုဏ်ဂူထဲရှိ အကျိုးအမြတ်များကို သူတို့အား အလွယ်တကူပေးယူခွင့် ပြုလိမ့်မည်မဟုတ်မှန်း ကြိုသိထားခဲ့ပါသော်ငြား ထိုလူများသည် ဓားငှားပြီး သူတို့၏ပြိုင်ဘက်များကို တိုက်ရိုက်ရှင်းထုတ်ပစ်လိမ့်မည်ဟု မည်သူကများ ကြိုသိခဲ့ပါမည်နည်း။

ပြင်ပကျင့်ကြံသူများထဲတွင် ရန်ကိုင်နှင့် ခန်စစ်ရန်သည်သာ အကောင်းအတိုင်းရှိတော့သည်။

သူတို့သာ မီးတောက်ကျောင်းတော်မှလူများနှင့် သွားတိုးပါက မည်ကဲ့သို့ဖြစ်မလဲဆိုသည်ကို သေသေချာချာ သိပေသည်။

သူတို့နှစ်ဦးတုန့်ဆိုင်းနေစဉ် ကျောက်နံရံပေါ်ရှိ ဝင်ပေါက်သည် စတင်၍တုန်ခါလာခဲ့သည်။

နှစ်ဦးစလုံး အံ့အားသင့်နေသည့် အမူအယာဖြင့် မော့ကြည့်လိုက်သည့်အခါ ကျောက်နံရံပေါ်ရှိဝင်ပေါက်သည် တဖြည်းဖြည်းချင်း ပိတ်နေကြောင်းတွေ့လိုက်ရ၏။

"ဝင်ပေါက်က သိပ်အကြာကြီးမခံတော့ဘူး" ရန်ကိုင်၏ အမူအယာ ပြောင်းလဲသွားခဲ့သည်။

အလျင်အမြန်ပဲ ခန်စစ်ရန်ဘက်သို့လှည့်၍‌ မေးလိုက်လေသည်။ "ရောင်းရင်းခန် ကျုပ်တို့ဝင်မှာလား။ မဝင်ဘူးလား"

ခန်စစ်ရန်၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ သူ့စိတ်ထဲတုန့်ဆိုင်းနေမိသော်ငြား ကျောက်နံရံပေါ်ရှိ ဝင်ပေါက်မှာ ပိတ်ခါနီးဖြစ်နေကြောင်း တွေ့လိုက်ရသည့်နောက် အံကြိတ်ကာပြောလိုက်လေ၏။ "ရောင်းရင်းရန် မင်းပြန်ရင်ပြန်နှင့်။ ငါတစ်ယောက်တည်းသွားမယ်"

ရန်ကိုင့်အား ဤပြဿနာအရှုပ်အရှင်းထဲ ဆွဲမခေါ်သွားချင်ပေ။ ထိုသို့ပြောပြီးသည်နှင့် ကျောက်နံရံဆီသို့ တိုက်ရိုက်ပျံသန်းသွားလေ၏။

ခဏအကြာတွင် သူ့ပုံရိပ်သည် ယွမ်မီးဖိုတောင်ထဲသို့ ရောက်လာခဲ့လေသည်။ နောက်ပြန်လှည့်ကြည့်လိုက်သည့် နောက်တွင် ဝင်ပေါက်မှာ ပိတ်သွားပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

သို့သော်လည်း တစ်ခုခုကိုအာရုံခံမိသည့်အလား ရှေ့သို့ ပြန်ကြည့်လိုက်၏။ ထိုသို့ကြည့်လိုက်သည့်အခါတွင် သူ့အား ပြုံး၍ကြည့်နေသော ရန်ကိုင့်ကို တွေ့လိုက်ရလေသည်။

ရန်ကိုင်မည်သည့်အချိန်ကတည်းက သူနှင့်အတူ ဝင်လာမှန်း လုံးဝကို သတိမပြုမိလိုက်။ အံ့အားသင့်နေသည့် အမူအယာဖြင့် "ရောင်းရင်းရန် မင်း…"

"ပြောစရာရှိတာတွေ နောက်မှပြော။ အခုဒီကပြဿနာကို အရင်ရှင်းကြရအောင်" ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ရှေ့တည့်တည့်သို့ လှမ်းကြည့်လိုက်သည်။

သူတို့ရှေ့တည့်တည့်တွင် ရန်ကိုင်နှင့်ခန်စစ်ရန်တို့အား အေးစက်စွာစိုက်ကြည့်နေသော မီးတောက်ကျောင်းတော်မှ တန်ခိုးရှင်ဘုရင်တတိယအဆင့်ကျင့်ကြံသူနှစ်ဦး ရှိနေခဲ့လေသည်။

ဘယ်လက်ရှိတစ်ယောက်မှာ အရပ်နည်းနည်းရှည်၏။ မီးဓာတ်ကျင့်စဉ်တစ်မျိုးမျိုးအား ကျင့်ကြံထားသည့် အတွက်ကြောင့်လားမသိ သူ့အရေပြားနှင့်ဆံပင်များမှာ အနီရောင်တောက်နေခဲ့သည်။

ညာဘက်ရှိလူမှာတော့ ခပ်ပုပု ခပ်ဝဝပင်ဖြစ်လေသည်။ ထိုလူသည် ရန်ကိုင်နှင့်ခန်စစ်ရန်တို့အား ပြုံး၍ စိုက်ကြည့်နေခဲ့သည်။

မို့အစ်နေသော သူ့ပါးပြင်နှစ်ဘက်ကြောင့် ပြုံးလိုက်သည့်နောက်တွင် သူ့မျက်လုံးအစုံမှာ လုံးဝကို ပျောက်ကွယ်ခါနီးဖြစ်သွားခဲ့လေသည်။

ထိုအခြင်းအရာကိုမြင်သည့်အခါ ခန်စစ်ရန်မျက်မှောင်ကြုတ်သွားခဲ့သည်။ မီးတောက် ကျောင်းတော်မှ တပည့်နှစ်ဦး ဤနေရာတွင် ဘာကြောင့် ရှိနေမှန်းကို ခန်စစ်ရန်သိပေသည်။

သူတို့ ဤနေရာတွင် စောင့်ကြပ်နေရသည့် အကြောင်းအရင်းမှာ ဝင်လာသမျှလူအားလုံးကို တားဆီးရန်အတွက်သာ ဖြစ်လေ၏။

ထိုသို့စဉ်းစားပြီးလိုက်သည့်နောက်တွင် ခန်စစ်ရန်သည် လက်သီးဆုပ်၍ မေးလိုက်လေ၏။ "ရောင်းရင်းတို့ ဒါဘာသဘောလဲ"

ဘယ်ဘက်တွင်ရပ်နေသော အရပ်ရှည်ရှည်နှင့် ကျင့်ကြံသူက ပြန်မဖြေခဲ့ပေ။ ထို့အစား ခပ်ဝဝနှင့် ကျင့်ကြံသူကသာ ပြုံး၍ပြောလိုက်၏။ "မရှင်းဘူးလား။ အကုန်လုံးက လူတော်တွေပါပဲ။ ဘာအပိုဘာစကားမှ မပြောချင်ဘူး။ ဝင်ပေါက်လည်းပိတ်သွားပြီဆိုတော့ ဘယ်သူမှထပ်ပြီးဝင်လာလို့မရတော့ဘူးပေါ့။ ခင်ဗျားတို့ကော ဘယ်လိုထင်လဲ။ ကျုပ်တို့အချင်းချင်း တိုက်ကြမှာလား။ ဒါမှမဟုတ် စကားပြောရင်းနဲ့ပဲ အချိန်ဖြုန်းကြမလား"

ခန်စစ်ရန်၏အမူအယာပြောင်းလဲသွားခဲ့ပြီး လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်၏။ "လူကြီးမင်းတို့ ပြောချင်တာက ကျုပ်တို့ကို သွားခွင့်မပြုဘူးပေါ့"

ခပ်ဝဝနှင့်ကျင့်ကြံသူက လက်သီးဆုပ်၍ ပြန်ပြောလိုက် လေသည်။ "ဒုကျောင်းသခင်နှစ်ဦးက အခုလိုမျိုး အမိန့်ပေးထားတာကိုး။ ကျုပ်တို့လည်း သူတို့အမိန့် မနာခံလို့မရဘူးလေ။ ရောင်းရင်းတို့ ကျုပ်တို့ကို ခက်ခဲအောင်မလုပ်ပါနဲ့လား။ ကျုပ်တို့အခုပဲ ပူးပေါင်းပြီး ဒီကအကာအရံကို ဖျက်ဆီးပစ်လိုက်တာ မဟုတ်ဘူးလား။

“မီးတောက် ကျောင်းတော်က တကယ်ကိုချီးကျူးစရာ ကောင်းတာပဲ" ခန်စစ်ရန်၏မျက်နှာဒေါသကြောင့် နီမြန်းလာခဲ့လေသည်။

အလျင်အမြန်ပဲ ထပ်၍မေးလိုက်၏။ "ဒါဆိုဒီခန်က သွားချင်တယ်ဆိုရင်ရော ဘယ်လိုလုပ်မှာလဲ"

ခပ်ဝဝနှင့်ကျင့်ကြံသူ မျက်နှာပျက်သွားခဲ့သည်။ မျက်လုံးမှေးစင်း၍ အေးစက်စက်လေသံနှင့် ပြန်ပြောလိုက်၏။ "အဲ့လိုဆိုမှတော့ ကျုပ်နဲ့ကျုပ်ရောင်းရင်းက ရက်စက်ရတော့မှာပေါ့"

"နေပါအုံး" ထိုစဉ် ရန်ကိုင်က ရုတ်တရက် ဝင်ပြောလိုက်လေသည်။

ခပ်ဝဝနှင့်ကျင့်ကြံသူလည်း ရန်ကိုင့်ဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်၏။ အစကမူ ရန်ကိုင်မှ တစ်ခုခု ပြောချင်နေသည်ဟု ထင်ခဲ့သော်ငြား သူလှည့်ကြည့်လိုက်သည့်အခါမှသာ သူ့ဆီသို့ လေးကိုင်းမှ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းနှယ် တိုးဝင်နေသော အလင်းတန်းတစ်ခုကို မြင်တွေ့လိုက်ရလေသည်။

ခပ်ဝဝနှင့်ကျင့်ကြံသူ၏ အမူအယာ ပြောင်းလဲသွားခဲ့လေ သည်။ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရာ မူလကတည်းက ဝဖီးနေသော သူ့ခန္ဓာကိုယ်ကြီးသည် ပိုမိုကြီးမားလာခဲ့ပြီး မူလအရွယ်အစား၏နှစ်ဆမျှ ဖြစ်လာခဲ့လေသည်။

ထို့နောက် ပါးစပ်ကိုဟ၍ မီးဘောလုံးတစ်လုံးကို ပစ်လွှတ်လိုက်၏။ ထိုမီးဘောလုံးသည် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး တိုးဝင်လာနေသည့် အလင်းတန်းနှင့်သွားရောက်ထိပ်တိုက် တွေ့ဆုံလေသည်။

ရန်ကိုင်နှင့်ခပ်ဝဝကျင့်ကြံသူတို့ လှုပ်ရှားနေချိန် ခန်စစ်ရန်နှင့် အရပ်ရှည်ရှည်နှင့်လူမှာလည်း လှုပ်ရှားနေကြလေပြီ။

ခန်စစ်ရန်သည် မည်သည့်အပိုစကားကိုမျှ ပြောမနေတော့ဘဲ တင်းပုတ်ကဲ့သို့ မှော်ရတနာတစ်ခုကို ရုတ်တရက်ထုတ်ယူလိုက်သည်။

ထိုထဲသို့ အရင်းအမြစ်ချီကိုထည့်သွင်းလိုက်သည့် နောက်တွင် တင်းပုတ်မှော်ရတနာသည် အရပ်ရှည်ရှည်နှင့် ကျင့်ကြံသူဆီသို့ ရုတ်ခြည်းပြေးထွက်သွားခဲ့လေသည်။

အရပ်ရှည်ရှည်နှင့်ကျင့်ကြံသူမှာ ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့သော်ငြား ထိတ်လန့်သွားခြင်းမရှိခဲ့။ ဆေဘာဓားရှည်တစ်ချောင်းသည် သူ့လက်ထဲပေါ်လာခဲ့သည်။

ထို့နောက်ဓားရှည်အား ဝှေ့ယမ်းရင်း အော်ပြောလိုက်လေ၏။ "မဟာဆေဘာဓား ဥပဒေသ"

ထိုသို့ရေရွတ်နေရင်းမှာ သူ့ဆေဘာဓားအား ထောင့်ဖြတ်ပုံစံ ပိုင်းချလိုက်သည်။

ဆေဘာဓားဆီမှ ခြစ်ခြစ်တောက်ပူလောင်သည့် အပူစွမ်းအင်တို့ ဖြာထွက်လာပြီးသည့်နောက်တွင် အားကောင်းသည့် အလင်းတန်းတစ်ခုသည် ဓားသွားဆီမှ တိုးထွက်သွားခဲ့လေသည်။

"ဝုန်း…ဘုန်း..ဘုန်း" တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူလေးဦးစလုံး အလျင်စလိုလှုပ်ရှားလိုက်ကြသည်။

သူတို့လှုပ်ရှားရာမှ ထွက်ပေါ်လာသော အဖျက်စွမ်းအင်လှိုင်းများသည် တောင်တစ်ခုလုံးအား ဖြိုချပစ်တော့မည်နှယ်။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၂၀၄၈)

မီးတောက်ကျောင်းတော်၏ ဆံနီတပည့်မှ ထုတ်သုံးလိုက်သော ဆေဘာဓားပညာရပ်နှင့် ခန်စစ်ရန်၏ မှော်ရတနာသည် နားပင်းမတတ်ကျယ်လောင်သံဖြင့် ထိပ်တိုက်တွေ့သွားခဲ့လေသည်။

ချက်ချင်းဆိုသလို အလွန်တရာကိုမှ အဖျက်စွမ်းအား ပြင်းထန်လှသော စွမ်းအင်လှိုင်းတို့ အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေ၏။

သူတို့ တိုက်ခိုက်နေစဉ် အတောအတွင်း ရန်ကိုင်နှင့် ခပ်ဝဝ ကျင့်ကြံသူမှာလည်း တိုက်ခိုက်နေကြလေပြီ။

ရန်ကိုင်မှာ အလစ်ချောင်းတိုက်ခိုက်ခဲ့သော်ငြား ခပ်ဝဝနှင့်ကျင့်ကြံသူမှာ သာမညတစ်ယောက်မဟုတ်။

ရတနာရှာဖွေရေးခရီးစဉ်တွင် ပါဝင်နိုင်သလို ကျုန်းချင်းနှင့် လျန်ယုမင်တို့မှ ဝင်ပေါက်အားစောင့်ကြပ်ရန် အစောင့်အဖြစ်ထားရစ်ခဲ့သည်ကို ကြည့်လျှင် သူသည် မီးတောက်ကျောင်းတော်၏ လက်ရွေးစင်များအနက်မှ တစ်ဦးဖြစ်ရပေလိမ့်မည်။

ခပ်ဝဝနှင့်ကျင့်ကြံသူ မှုတ်ထုတ်လိုက်သည့် မီးတောက် နဂါးအောက်ဝယ် ရန်ကိုင် ပြေးပေါက်ပိတ်သွားခဲ့ရသည်။

မီးနဂါး၏လောင်မြိုက်မှုတွင် ရန်ကိုင်၏ပုံရိပ်သည် အရည်ပျော်ကျသွားသည့်အလား တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ခပ်ဝဝနှင့်ကျင့်ကြံသူ မျက်မှောင်ကြုတ်သွားခဲ့သည်။

ရန်ကိုင် ဤမျှအလွယ်တကူ သေလိမ့်မည်မဟုတ်မှန်း သူ့မသိစိတ်အရ ခံစားနေရသည်။ ထိုသို့ပင် ခံစားမိနေလင့်ကစား ရန်ကိုင်အား လုံးဝ ရှာမတွေ့ခဲ့ပေ။

ထို့ကြောင့် သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလာခဲ့သည်။ ထိုအချိန်မှာပင် သူ့နောက်ကျောဘက်ဆီမှ ထူးဆန်းသည့် စွမ်းအားတစ်မျိုး ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

ထိုစွမ်းအားသည် ပေါ်လာပြီးသည်နှင့် သူ့တစ်ကိုယ်လုံးအား လှောင်အိမ်တစ်ခုနှယ် လွှမ်းခြုံသွားခဲ့လေသည်။ ထိုစွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် သူပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ အလွန်ကိုမှ စေးကပ်လာခဲ့သည်။

သူ့တစ်ကိုယ်လုံး နွံအိုင်တစ်ခုထဲသို့ ကျသွားသည့်အလား အလွန်တရာကိုမှ လှုပ်ရှားရခက်လာခဲ့သည်။

ထိုစွမ်းအားသည် သူ၏လှုပ်ရှားနိုင်စွမ်းကိုပင် နှောင့်နှေးစေရုံတင်မဟုတ်ဘဲ သူ့စွမ်းအင်လှည့်ပတ်နှုန်းကိုပါ သက်ရောက်လာခဲ့လေသည်။

"နယ်ပယ်စက်ကွင်းလား…ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ" ခပ်ဝဝနှင့် ကျင့်ကြံသူ အလန့်တကြားထအော်လေ၏။

သူသည်လည်း တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပေသည်။ ထို့ကြောင့်သူ့တွင် ကိုယ်ပိုင် နယ်ပယ်စက်ကွင်းရှိပြီး သူ၏နယ်ပယ်စက်ကွင်းသည် ပြီးပြည့်စုံခြင်းအဆင့်သို့ပင် ရောက်ရှိနေခဲ့လေပြီ။

ရန်ကိုင်နှင့် ရင်ဆိုင်တိုက်ခိုက်စဉ်ကတည်းက သူ့နယ်ပယ်စက်ကွင်းကို ဖြန့်ကျတ်ထားခဲ့သည်။ သို့သော်လည်း တစ်ဖက်လူမှ သူ၏နယ်ပယ်စက်ကွင်းကို ဖြန့်ကျက်လိုက်ချိန် သူ့နယ်ပယ်စက်ကွင်းမှာ လုံးဝကို ဖိနှိပ်ခံလိုက်ရလေသည်။

"အဆင့်တူချင်းဖြစ်တာတောင် ဒီကောင့်နယ်ပယ် စက်ကွင်းက ဘာလို့ဒီလောက်တောင် အားကောင်းနေရတာလဲ… ဒီကောင့်နယ်ပယ်စက်ကွင်းက ဟင်းလင်းပြင်ကိုပါ သက်ရောက်နိုင်တာလား… ဘယ်လိုကြီးလဲ" ခပ်ဝဝနှင့် ကျင့်ကြံသူ၏ စိတ်ထဲအလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေခဲ့လေသည်။

ချက်ချင်းပဲ လျှာထိပ်ကိုကိုက်၍ သွေးအဆီအနှစ် တစ်စက်ကို ထွေးထုတ်လိုက်သည်။ တစ်ချိန်တည်းတွင် အရူးတစ်ယောက်နှယ်အော်ဟစ်ရင်း သူ့ကိုယ်ထဲရှိ အရင်းအမြစ်ချီအားလုံးအား အသက်သွင်းချလိုက်လေသည်။

ထိုနည်းဖြင့် ရန်ကိုင်၏နယ်ပယ်စက်ကွင်း ဖိနှိပ်မှုအောက်မှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။

ရုတ်တရက် ပေါက်ကွဲသံတစ်သံ ကျဉ်းမြောင်းသည့် ဟင်းလင်းပြင်ထဲ ထွက်ပေါ်လာခဲ့သည်။ ပေါက်ကွဲသံမှာ ခပ်ဝဝကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲရှိအရိုးများ အချင်းချင်း ကြိတ်နေသည့် အသံဖြစ်ပေသည်။

ထိုအခြင်းအရာကိုမြင်ပြီးနောက် ရန်ကိုင်၏မျက်လုံးများ အေးစက်သည်ထက် အေးစက်လာခဲ့သည်။

ဓားရှည်တစ်ချောင်းသည် သူ့လက်ထဲရုတ်တရက် ထွက်ပေါ်လာခဲ့၏။ ဓားရှည်ထဲသို့ အရင်းအမြစ်ချီ ထည့်သွင်းလိုက်ပြီးနောက်တွင် ဓားရှည်မှာ တဝီဝီ မြည်လာခဲ့လေသည်။

ဓားအရှိန်အဝါဖြင့် လွှမ်းခြုံထားသော ရန်ကိုင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် လေပြင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဓားသွားအလင်းတန်းသည် ခပ်ဝဝ ကျင့်ကြံသူ၏ လည်တိုင်တည့်တည့်သို့ တိုးဝင်သွားခဲ့လေသည်။

ဓားရှည်ဆီမှအရှိန်အဝါသည် သူ့နားသို့ မရောက်သေးခင်မှာပင် ရှင်းပြမရသော ရုတ်တရက် စွမ်းအားတစ်ရပ်သည် ခပ်ဝဝကျင့်ကြံသူအား လွှမ်းခြုံသွားခဲ့လေသည်။

ထိုစွမ်းအားအောက်ဝယ် ခပ်ဝဝကျင့်ကြံသူ တစ်ကိုယ်လုံး တုန်တုန်ရီရီဖြစ်လာခဲ့သည်။

အလွန်ကိုမှ သေးကျဉ်းလှသော မျက်လုံးလေးများသည် နေ့ခင်းကြောင်တောင် တစ္ဆေသရဲတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလား ရုတ်ခြည်းပြူးကျယ်လာခဲ့သည်။ မယုံကြည်နိုင်မှုတို့သည်လည်း သူ့မျက်နှာထက် အထင်းသား။

လေပြင်းတစ်ချက်နှင့်အတူ ရန်ကိုင်သည် ခပ်ဝဝကျင့်ကြံသူရှေ့တွင် ပြန်ပေါ်လာခဲ့လေသည်။ထို့နောက် ဓားပေါ်တွင်စွန်းထင်းနေသော သွေးစက်များကို အောက်သို့ ခါချပစ်လိုက်၏။

ခပ်ဝဝကျင့်ကြံသူသည် မှင်သေသေအမူအယာဖြင့် ရန်ကိုင့်အား ပြူးကြောင်ကြည့်နေလေသည်။ တစ်ခုခုကို ပြောချင်နေသည့်အလား သူ့လည်ချောင်းဆီမှ အသံဗလံအချို့ ထွက်ပေါ်လာခဲ့သည်။

သို့သော်ငြား သူ့စကားကိုဆုံးအောင်မပြောနိုင်ခဲ့ဘဲ "နိယာမ"ဟူသော စကားလုံးအချို့ကိုသာ ပြောထွက်သွားနိုင်ခဲ့လေသည်။

ထိုစကားကို ပြောပြီးသွားသည်နှင့် ခပ်ဝဝကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် လေလျှော့ခံလိုက်ရသည့် ပူပေါင်းတစ်လုံးနှယ် လျင်မြန်စွာ ပိန်ကျလာခဲ့သည်။

တစ်ချိန်တည်းတွင် သူ့လည်ပင်းထက် သွေးနီရောင် အစင်းကြောင်းတစ်ခုထွက်ပေါ်လာပြီး သွေးစိမ်းရှင်ရှင်တို့ ရေပန်းတစ်ခုနှယ် ဖြာထွက်လာခဲ့သည်။ ထို့နောက် သူ့ခေါင်းတစ်ခုလုံး လေပေါ်သို့ ပျံထွက်သွားခဲ့လေ၏။

ခေါင်းပြတ်နေသော ခပ်ဝဝကျင့်ကြံသူ၏ အလောင်းခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ ဘုတ်ခနဲ လဲကျသွားခဲ့လေသည်။

"မင်း.. မင်းငါ့စီနီယာအစ်ကိုကို သတ်ရဲတာလား" ထိုအခြင်းအရာကို ကြည့်ရင်း ဆံနီကျင့်ကြံသူသည် ထိတ်လန့်တကြား ထအော်လေသည်။

သူအမှန်တကယ် ထိတ်လန့်နေသည်မှာ သူ့စီနီယာအစ်ကို သေသွားသည့် အတွက်ကြောင့်မဟုတ်ဘဲ ရန်ကိုင်မှ သူ့စီနီယာအစ်ကိုအား အချိန်တိုအတွင်း သတ်ပစ်လိုက်နိုင်သည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

သူ့စီနီယာအစ်ကိုမည်မျှသန်မာမှန်းကို သူကောင်းကောင်းသိသည်။ စီနီယာအစ်ကို ဆိုသည့်လူမှာ မီးတောက်ကျောင်းတော်၏ လက်ရွေးစင်များထဲတွင်ပင် လက်ရွေးစင်တစ်ဦးဖြစ်သည်။

ထိုကဲ့သို့လူတစ်ယာက်သည် အဆင့်တူကျင့်ကြံသူ တစ်ဦး၏ သိုင်းကွက်သုံးကွက်အတွင်း သတ်ဖြတ်ခြင်း ခံလိုက်ရလေသည်။

ထိုသို့အော်ဟစ်လိုက်ပြီးနောက် သက်ပြင်းတစ်ချက် ရှိုက်မိလိုက်ပြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့လေ သည်။

ရန်ကိုင်သည် ခေါင်းမော့၍ ဆံနီကျင့်ကြံသူအား စိုက်ကြည့်ရင်း အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။ "သူ့ကိုသတ်လိုက်တော့ရော ဘာဖြစ်လဲ။ သူသေပြီးသွားရင် မင်းအလှည့်ပဲ"

"အား.." ဆံနီကျင့်ကြံသူနှင့်လူမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ကြောက်လန့်တကြား နောက်သို့ဆုတ်လိုက်လေသည်။

ရန်ကိုင်က လှမ်းအော်ပြောလိုက်သည်"ရောင်းရင်းခန် ညှာမနေနဲ့"

ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူခန္ဓာကိုယ်အား ဓားအရှိန်အဝါဖြင့် လွှမ်းခြုံလျက် ဆံနီကျင့်ကြံသူဆီသို့ ပြေးဝင်သွားလေ၏။

ထိုအခြင်းအရာကိုမြင်သည့်အခါ ခန်စစ်ရန်သည်လည်း အံကြိတ်၍ သူ၏တင်းပုတ်မှော်ရတနာဖြင့် ဆံနီကျင့်ကြံသူအား အစွမ်းကုန်တိုက်ခိုက်လိုက်သည်။

ဆံနီကျင့်ကြံသူမှာ ခပ်ဝဝနှင့်ကျင့်ကြံသူအောက် အားနည်းလိမ့်မည် မဟုတ်သော်ငြား ရန်ကိုင်နှင့် ခန်စစ်ရန်သည် အလွယ်တကူ ရင်ဆိုင်၍ရသည့် ကျင့်ကြံသူများ မဟုတ်ကြချေ။

သူတို့နှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ဆံနီကျင့်ကြံသူမှာ လုံးဝကို အောက်စည်းသို့ ရောက်သွားခဲ့ရပြီး အဆက်မပြတ် ခုခံနေရတော့ကာ နည်းနည်းလေးမှပင် ပြန်မတိုက်နိုင်တော့ချေ။ ထွက်ပြေးဖို့ရာ အတွက်မူ လမ်းကြောင်းက မရှိပြန်။

လက်ဖက်ရည် ခွက်တစ်ဝက်စာခန့် ကြာပြီးသည့်နောက်တွင် ဆံနီကျင့်ကြံသူသည် သွေးများ တရဟောစီးကျလျက် မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေ၏။

ဤတိုက်ပွဲပြီးသည့်နောက်တွင် ခန်စစ်ရန်မှ ရန်ကိုင့်အား ကြည့်သည့် အကြည့်မှာလည်း ပြောင်းလဲသွားခဲ့ လေသည်။

ခန်စစ်ရန်သည် ရန်ကိုင့်အား အံ့အားသင့်နေသည့် အမူအယာဖြင့် သေသေချာချာစူးစမ်းကြည့်နေခဲ့သည်။

သူ့အနေဖြင့် ရန်ကိုင့်အား သိလာသည်မှာ အတော်လေး ကြာနေပြီဖြစ်သော်ငြား ရန်ကိုင် တိုက်ခိုက်ဖူးသည်ကို ယခုမှသာ ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်ပေသည်။

ယနေ့မတိုင်ခင်အထိ ရန်ကိုင်ဤမျှ အားကောင်းလိမ့်မည်ဟု ခန်စစ်ရန်လုံးဝမထင်ထားခဲ့ချေ။

"ရောင်းရင်းရန် မင်းလက်ထဲကဓားက တာအိုအဆင့် မှော်ရတနာလား" ခန်စစ်ရန်သည် ရန်ကိုင့်လက်ထဲရှိ မှော်ရတနာအား လှမ်းကြည့်ရင်းမေးလိုက်သည်။

ရန်ကိုင်ကပြုံးလျက် ခေါင်းငြိမ့်ပြလိုက်လေသည်။ "ဟုတ်တယ်"

သူလက်ရှိအသုံးပြုနေသည့်ဓားရှည်သည် ဟန်းလန် အသုံးပြုခဲ့သည့် ဓားရှည်သာဖြစ်သည်။ ဟန်းလန် သေသွားသည့်နောက်တွင် ဤဓားရှည်မှာ ရန်ကိုင်၏အပိုင် ဖြစ်လာခဲ့လေသည်။

ရန်ကိုင်ကိုယ်တိုင်သည် တာအိုသခင်အဆင့်သို့ မရောက်သေးသော်ငြား ငါးရောင်ခြယ်ရတနာဘုရားထဲတွင် နိယာမစွမ်းအင်အပိုင်းအစများစွာကို စုပ်ယူခဲ့သည့် အတွက်ကြောင့် နိယာမစွမ်းအားအချို့ကို အသုံးပြုနိုင်ပေ သည်။

မူလကတည်းက အားကောင်းနေပြီးပင် ဖြစ်သော်ငြား ဤဓားရှည်နှင့် နိယာမစွမ်းအား၏ အကူအညီကိုပါ ထပ်မံ ရရှိလိုက်ရသည့်အခါ ရန်ကိုင်အဖို့ အဆင့်တူ ကျင့်ကြံသူများကို သတ်ပစ်ဖို့ရာ အတော်လေး လွယ်ကူသွားပေသည်။

"ရောင်းရင်းရန်က နိယာမစွမ်းအားကိုသုံးနိုင်တာလား။ ကြည့်ရတာ ရောင်းရင်းရန်က နောက်တစ်ဆင့်ရောက်ဖို့ သိပ်မလိုတော့ဘူးနဲ့တူတယ်" ခန်စစ်ရန်သည် သက်ပြင်း တစ်ချက်ပြီးတစ်ချက်သာ ချနေတော့လေသည်။

သူသည် ရန်ကိုင်ထက် အသက်အများကြီး ပိုကြီးပေသည်။ ထို့အပြင် ရန်ကိုင့်ထက်စော၍လည်း တန်ခိုးရှင်ဘုရင်တတိယအဆင့်သို့ ရောက်ခဲ့ခြင်းဖြစ်သည်။

သို့သော်ငြား ရန်ကိုင်မှာ နိယာမစွမ်းအားကို အသုံးပြုနေနိုင်ချိန် သူကမူလုံးဝအသုံးမပြုနိုင်သေးပေ။ သူ့ကိုယ်သူ ရန်ကိုင်နှင့် နှိုင်းယှဉ်ကြည့်လိုက်သော် ခန်စစ်ရန်သည် သက်ပြင်းသာ ချမိတော့လေသည်။

"ရောင်းရင်းခန် စိုးရိမ်မနေပါနဲ့။ တာအိုအရင်းအမြစ် ဆေးလုံးကိုသာရှာတွေ့ရင် အခုကိစ္စနဲ့ပတ်သက်ပြီး ဘာမှ စိုးရိမ်နေစရာမလိုတော့ဘူး" ရန်ကိုင်က နှစ်သိမ့်ပေးလိုက်သည်။

ထိုစကားကိုကြားသည့်အခါ ခန်စစ်ရန်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာခဲ့လေသည်။ "မင်းမှန်တယ်"

ထိုကိစ္စပြီးသည့်နောက်တွင် ခန်စစ်ရန်နှင့် ရန်ကိုင်သည် သေဆုံးသွားသော မီးတောက်ကျောင်းတော်တပည့်နှစ်ဦး၏ သိုလှောင်လက်စွပ်များကိုယူကာ လှိုဏ်ဂူထဲသို့ ဆက်ဝင်သွားကြလေ၏။

ကုန်းစွန်းမူ၏ လှိုဏ်ဂူစံအိမ် မည်ကဲ့သို့ရှိမလဲ ဆိုသည်ကိုတော့ ရန်ကိုင်နှင့်ခန်စစ်ရန်တို့ နှစ်ဦးစလုံး စစ်ဆေးနေချိန်မရှိခဲ့ပေ။

သူ့တို့ အထဲသို့ရောက်လာပြီး လှိုဏ်ဂူအား မစစ်ဆေးနိုင်သေးခင်မှာပင် ဆံနီနှင့် ခပ်ဝဝကျင့်ကြံသူသည် သူတို့အား တားဆီးခဲ့ကြလေသည်။

ယခုထိုနှစ်ဦးမရှိတော့သည့်အခါမှပဲ လှိုဏ်ဂူအား သေချာ စတင်စစ်ဆေးနိုင်တော့၏။ သူတို့ရှေ့တွင် လမ်းကြောင်း သွယ်သွယ်လေးတစ်ခုရှိနေခဲ့လေသည်။

လှိုဏ်ဂူနံရံများပေါ်တွင် ညလင်းကျောက်များအစီအရီ တပ်ဆင်ထားခဲ့၏။ ထို့ကြောင့်လမ်းသွယ်သွယ်လေးမှာ မှိန်သင့်သလောက်မှိန်မနေခဲ့ပေ။

ရန်ကိုင်နှင့် ခန်စစ်ရန်သည် လှိုဏ်ဂူအခြေအနေအား စစ်ဆေးရင်း ရှေ့သို့ဆက်သွားနေခဲ့ကြသည်။

လမ်းတစ်လျှောက်မည်သည့်အန္တရာယ်နှင့်မှ မကြုံတွေ့ခဲ့ရသလို မီးတောက်ကျောင်းတော်မှ မည်သူနှင့်မှလည်း မတွေ့ခဲ့ရပေ။

မီးတောက်ကျောင်းတော်မှ ကျင့်ကြံသူများ၏ ခြေရာလက်ရာများကို တွေ့ခဲ့ရသော်ငြား လူများကိုတော့ အစအနပင် ရှာမတွေ့ခဲ့။

လက်ရှိအချိန် မီးတောက်ကျောင်းတော်မှလူများ မည်သည့်နေရာသို့ ရောက်နေသလဲဆိုသည်ကို ကောင်းကင်သာ သိပေလိမ့်မည်။

အမွှေးတိုင်တစ်ချောင်းစာ ကြာပြီးသည့်နောက်တွင် ရန်ကိုင်နှင့်ခန်စစ်ရန်သည် ကျယ်ဝန်းသည့် ကျောက်တုံးခန်း တစ်ခန်းထဲသို့ ရောက်လာခဲ့သည်။

အခန်းထဲသို့ ဝင်လာပြီးသည်နှင့် နှစ်ဦးစလုံး ဘယ်ညာလှည့်ကြည့်လိုက်ကြလေသည်။ သို့ရာတွင် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။

အကြောင်းမှာ သူတို့ရှေ့ရှိလမ်းမှာ ဆုံးနေပြီဖြစ်သည့် အတွက်ကြောင့်ပင်။ ရှေ့ဘက်တွင် ဆက်သွားစရာလမ်း မရှိတော့ချေ။

ကျောက်တုံးခန်း တစ်ခန်းသာ ရှိတော့သည်။ ကျောက်တုံးခန်းမှာလည်း အလွန်ကိုမှ ရိုးရှင်းလှ၏။

ကျောက်စိုင်ကျောက်သားမှ ထုလုပ်ထားသော မီးဖိုအချို့မှလွဲ၍ ဤကျောက်တုံးခန်းထဲတွင် ဘာဆိုဘာမှရှိမနေခဲ့ပေ။

သို့ရာတွင် မီးဖိုအရေအတွက်မှာတော့ အတော်လေးကို များပြားပေသည်။ အနည်းဆုံး ကျောက်မီးဖို အလုံးသုံးဆယ်ခန့် ရှိနေခဲ့သည်။

ရန်ကိုင်ပို၍ နားမလည်နိုင်ဖြစ်ရသည်မှာ ဤကျောက်တုံးခန်းထဲတွင် မီးတောက်ကျောင်းတော်မှ မည်သည့်တပည့်ကိုမှ မတွေ့ရသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။

"ရောင်းရင်းရန် ဘာတွေဖြစ်နေတာလဲ" ခန်စစ်ရန်သည်လည်း အံအားသင့်နေခဲ့သည်။

ရန်ကိုင်သည် ခေါင်းခါပြလိုက်ပြီး ကျောက်တုံးခန်းအား သူ့ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်လေသည်။ သို့သော် မည်သည့် အန္တရာယ်အရိပ်အယောင်ကိုမှ မတွေ့ရ။

ထိုသို့စစ်ဆေးပြီးသည့်နောက်မှသာ ခန်စစ်ရန်ဘက်သို့ လှည့်၍ပြောလိုက်သည်။ "လမ်းမှာလည်း ဘာထူးခြားတာမှ ရှာမတွေ့ခဲ့ဘူး။ ပုံမှန်ဆိုရင် မီးတောက်ကျောင်းတော်က တပည့်တွေက ဒီနေရာမှာရှိနေရမှာ။ အခုသူတို့လည်း ရှိမနေဘူး။ ဒီနေရာမှာ တည်နေရာ ကူးပြောင်းခြင်း အစီအရင်တစ်ခုခုများ ရှိနေတာလား"

ရန်ကိုင့်၏စကားကိုကြားပြီးသည့်နောက် ခန်စစ်ရန်က အကြံပေးကြည့်လိုက်လေသည်။ "လိုက်ရှာကြည့်ကြရအောင်"

ရန်ကိုင်ကခေါင်းငြိမ့်၍ ပြန်ပြောလိုက်သည်။ "ကျုပ် ဒီကျောက်တုံးခန်းကို စစ်ဆေးကြည့်မယ်။ ရောင်းရင်းခန်က မြေပုံကို တစ်ချက်ပြန်ပြီး စစ်ဆေးကြည့်ထားလိုက်"

"ကောင်းပြီ" ပြောပြီးသည့်နောက်တွင် ခန်စစ်ရန်သည် သူ၏သိုလှောင်လက်စွပ်ထဲမှ သားရဲတစ်ကောင်၏ အရေပြားဖြင့်ပြုလုပ်ထားသော မြေပုံတစ်ခုကို ထုတ်ယူ၍ သေချာစတင်စစ်ဆေးကြည့်လေသည်။

ရန်ကိုင်သည်လည်း ကျောက်တုံးခန်းတစ်ခန်းလုံးကို အသေးစိတ် စတင်စစ်ဆေးတော့လေ၏။

ကျောက်တုံးခန်းမှာ သိပ်မကျယ်လှပေ။ ခဏအကြာမှာပင် သူစတင်ခဲ့သည့်နေရာဆီသို့ ပြန်ရောက်လာခဲ့သည်။

ထို့နောက်တွင် ရန်ကိုင်သည် ဆေးမီးဖိုများအား တစ်လုံးချင်း သေချာစတင်စစ်ဆေးတော့၏။ ကျောက်တုံးခန်းနှင့်ပတ်သက်၍ ထူးခြားမှုမရှိလျှင် ကျောက်တုံးမီးဖိုများသည်သာ ထူးခြားရပေလိမ့်မည်။

သို့သော်လည်း ကောင်းကင်စိတ်အာရုံကို ဖြန့်ကျတ်၍ ကျောက်တုံးမီးဖိုများအား တစ်လုံးချင်း သေချာစစ်ဆေး ကြည့်သည့်တိုင် ထိုကျောက်တုံးမီးဖိုများနှင့် ပတ်သက်၍ မည်သည့်ထူးခြားမှုကိုမှ ရှာမတွေ့ခဲ့ပြန်ပေ။

ကျောက်တုံးမီးဖိုများသည် မည်သည့်ထူးခြားသည့် သတ္ထုနှင့်မှ ပြုလုပ်ထားခြင်းမဟုတ်ဘဲ သာမန်ကျောက်တုံး များဖြင့်သာ ပြုလုပ်ထားကြသည့် ကျောက်တုံးမီးဖိုများသာ ဖြစ်ကြလေသည်။

ထို့နောက်တွင် ရန်ကိုင်သည် ခန်စစ်ရန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

ခန်စစ်ရန်သည် မြေပုံအား စစ်ဆေးနေသေးမှန်း တွေ့လိုက်ရသော် ရန်ကိုင်လည်း သူ့အား သွားနှောက်ယှက်မနေတော့ဘဲ ကျောက်တုံးမီးဖို တစ်လုံးဆီသို့သာ လျှောက်သွားလိုက်ပြီး ထိလိုက်လေသည်။

ရန်ကိုင်မှ ကျောက်တုံးမီးဖိုအား သွားထိလိုက်သည့်အခိုက် ထူးဆန်းသည့်အသံတစ်သံ ထွက်ပေါ်လာပြီး ရန်ကိုင်ရပ်နေသည့် ကြမ်းပြင်ပေါ်တွင် အပေါက်တစ်ပေါက် ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက် ရန်ကိုင့်တစ်ကိုယ်လုံး ထိုအပေါက်ထဲသို့ ပြုတ်ကျသွားခဲ့၏။

ရန်ကိုင်မှာ ထိုရုတ်တရက်အဖြစ်အပျက်ကြောင့် အံ့အားသင့်သွားခဲ့သော်ငြား ထိတ်လန့်သွားခြင်းမရှိပေ။ အရင်းအမြစ်ချီကိုလှည့်ပတ်၍ လေပေါ်ပြန်တက်ရန် လုပ်လိုက်သည်။

သို့သော်ငြား ထပ်မံဖြစ်ပေါ်လာသည့်အရာကြောင့် ရန်ကိုင် ထိတ်လန့်သွားခဲ့ရ၏။

သူ့စွမ်းအင်ကိုလှည့်ပတ်တော့မည်အပြု အားကောင်းသည့် ဆွဲအားတစ်ရပ် သူ့အောက်ခြေဆီမှ ထွက်ပေါ်လာခဲ့လေသည်။

လေပေါ်သို့ ပြန်မတက်နိုင်သေးခင်မှာပင် အောက်ထဲသို့ ဆွဲချခံလိုက်ရလေ၏။

ရန်ကိုင်အောက်သို့ ပြုတ်ကျပြီးသည့်နောက်တွင် ကြမ်းပြင်ပေါ်၌ ပွင့်သွားသော အပေါက်သည် သူ့အလိုလို ပြန်ပိတ်သွားခဲ့လေသည်။

"ရောင်းရင်းရန်" ထိုရုတ်တရက် အဖြစ်အပျက်ကြောင့် မြေပုံအားလေ့လာနေသော ခန်စစ်ရန်သည်လည်း ချက်ချင်း အသိပြန်ဝင်လာခဲ့လေသည်။

ထိုင်ရာမှအလျင်စလိုကုန်းထ၍ ရန်ကိုင်ရှိရာဆီသို့ ပြေးသွားသော်ငြား နောက်ကျသွားခဲ့သည်။

သူရောက်သွားသည့်အချိန်တွင် ရန်ကိုင်မှာ အောက်သို့ ပြုတ်ကျပြီးနေခဲ့လေပြီ။ ရန်ကိုင်ပြုတ်ကျသွားသည့်နေရာအား ကြည့်ရင်း ခန်စစ်ရန်၏အမူအယာ အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားခဲ့သည်။

နောက်ဆုံးတွင် အံကြိတ်၍ ရန်ကိုင်ထိလိုက်သည့် ကျောက်တုံးမီးဖိုအား သွားထိကြည့်လိုက်လေသည်။ သို့သော် ဘာဆိုဘာမှ ဖြစ်မလာခဲ့။

မြေပြင်သည် အက်ကွဲသွားခြင်းမရှိသလို သူမျှော်လင့်ထားသည့်အပေါက်လည်း ထွက်ပေါ်မလာခဲ့ချေ။ အကြိမ်ပေါင်းများစွာ စမ်းသပ်ကြည့်သည့်တိုင် ထိုရလာဒ်သာ ရနေခဲ့သည်။

နောက်ဆုံး စဉ်းစားမရသည့်အဆုံး အခြားသော ကျောက်တုံးမီးဖိုတစ်လုံးအား သွားထိကြည့်လေသည်။

ဤသို့ဖြင့် ကျောက်တုံးမီးဖိုများ တစ်လုံးပြီးတစ်လုံး စစ်ဆေးကြည့်လိုက်ရာ နောက်ဆုံးခုနစ်လုံးမြောက်မီးဖိုသို့ အရောက်တွင် သူ့ခြေထောက်အောက်ရှိ ကြမ်းပြင် ပွင့်သွားခဲ့ပြီး ခန်စစ်ရန်ကိုယ်တိုင်သည်လည်း ရန်ကိုင်ကဲ့သို့ပင် အောက်သို့ ဆွဲချခြင်းခံလိုက်ရလေသည်။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၂၀၄၉)

ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်နေခဲ့သည်။ အဆုံးမရှိသည့် ချောက်နက်တစ်ခုထဲသို့ ပြုတ်ကျနေသည့်နှယ် သူ့တစ်ကိုယ်လုံးအောက်သို့ ထိုးဆင်းကျနေသည်ကို ရန်ကိုင် သေချာခံစားမိနေခဲ့သည်။

အပေါ်သို့ မော့ကြည့်လိုက်သည့်အခါ မည်သည့် အလင်းရောင်ကိုမှ မမြင်ရချေ။ ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

ရုတ်တရက်ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုကြောင့် ရန်ကိုင့်အနေဖြင့် အနည်းငယ်လောက် အံ့အားသင့်သွားမိခဲ့ သော်ငြား အရမ်းကြီးတော့ အထိတ်တလန့် ဖြစ်မနေခဲ့ပေ။

ကျောက်တုံးခန်းထဲ၌ ကြုံခဲ့ရသည့် အရာကို သေချာ ပြန်စဉ်းစားကြည့်လိုက်သည့်နောက် အကြောင်းအရာ တစ်ခုကို ရန်ကိုင်နားလည်သွားခဲ့သည်။

ကျောက်တုံးမီးဖိုအားလုံးသည် ထိလျှင် အသက်ဝင်လာနိုင်သည့် ခလုတ်များဖြစ်ကြသည်။

ထို့ကြောင့်ပင် သူ့ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်စဉ်က မည်သည့်သဲလွန်စကိုမှ ရှာမတွေ့ခဲ့ခြင်း ဖြစ်သည်။ သူကိုယ်တိုင် လက်ဖြင့် သွားထိကြည့်သည့် အခါမှသာ ကျောက်တုံးမီးဖိုဖြင့် ဆင်ထားသော ထောင်ချောက်မှာ အသက်ဝင်လာခဲ့လေသည်။

တစ်နည်းဆိုရသော် မီးတောက်ကျောင်းတော်မှ တပည့်များသည်လည်း ကျောက်တုံးမီးဖိုများကို သွားထိမိပြီး အောက်သို့ပြုတ်ကျသွားခြင်း ဖြစ်ရပေလိမ့်မည်။

ထိုအကြောင်းကြောင့်ပင် ကျောက်တုံးခန်းထဲ၌ မည်သူမှ ရှိမနေခြင်း ဖြစ်သည်။

"ခန်စစ်ရန်ကော ငါ့နောက်လိုက်လာမလား မသိဘူး။ အဲ့ဒါထက်‌ အောက်မှာ မီးတောက်ကျောင်းကကျင့်ကြံသူတွေ ရှိနေမလားမသိဘူး" ရန်ကိုင်လုံးဝသတိလက်လွတ် မနေရဲပေ။

တစ်ခုခုမှားယွင်းနေမှန်း သတိပြုမိလိုက်သည်နှင့် အချိန်မရွေး တိုက်ခိုက်နိုင်ရန်အတွက် သူ၏သူတော်စင်ချီကို မသိမသာလေး လှည့်ပတ်ထားခဲ့သည်။

မကြာမီတွင် အောက်ဘက်ဆီမှ အလင်းရောင်အချို့ကို မြင်လာရလေသည်။

ချက်ချင်းပဲ သူ့ကောင်းကင်စိတ်အာရုံဖြင့် ဖြန့်ကျတ် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင့်၏အမူအယာ ထူးဆန်းသွားခဲ့ရသည်။

အောက်ဘက်တွင် နောက်ထပ် ကျောက်တုံးခန်း တစ်ခန်း ထပ်ရှိနေခဲ့သည်။ သို့သော် အောက်ဘက်ရှိ အခြေအနေမှာ သူထင်ထားသည်နှင့် အနည်းငယ် ကွဲပြားနေခဲ့သည်။

အောက်ဘက်တွင် မည်သည့်မီးတောက်ကျောင်းတော်မှ ကျင့်ကြံသူမှ ရှိမနေခဲ့ချေ။

ခဏအကြာတွင် ရန်ကိုင်သည် ထိုကျောက်တုံးခန်းဆီသို့ ပြုတ်ကျလာခဲ့သည်။

ချက်ချင်းပဲ လှည့်ပတ်ကြည့်လိုက်ရာ ကျောက်တုံးခန်း တစ်ခန်းလုံး ပြောင်းရှင်းနေကြောင်း တွေ့ရှိလိုက်ရသည်။

အခန်းတစ်ခုလုံးအား သေချာ လှည့်ပတ် မစစ်ဆေးနိုင်သေးခင်မှာပင် ပုံမှန်မဟုတ်သည့် ထူးဆန်းသော စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

မကြာမီ ကျောက်တုံးခန်း၏ အလယ်ဗဟိုတွင် ကျောက်တုံးစင်မြင့်တစ်ခု ဘယ်ကမှန်းမသိ ထူးဆန်းစွာ ထွက်ပေါ်လာခဲ့သည်။

တဝုန်းဝုန်းမြည်သံများနှင့်အတူ ကျောက်တုံးစင်မြင့်သည် တဖြည်းဖြည်းချင်း မြင့်တက်လာခဲ့၏။

ကျောက်တုံးစင်မြင့်ကို ကြည့်ရင်း ရန်ကိုင်ချက်ချင်း သတိချပ်လိုက်လေသည်။

ကျောက်တုံးစင်မြင့် မြေပြင်ပေါ်၌ လုံးဝ ပေါ်လာပြီးသွားသည့်တိုင် မည်သည့်အန္တရာယ် အရိပ်အယောင်ကိုမှ ရန်ကိုင်သတိမပြုမိသေးချေ။

ထို့ကြောင့် မျက်မှောင်ကြုတ်၍ ကျောက်တုံးစင်မြင့်ဆီသို့ လျှောက်သွားကြည့်လိုက်သည်။

ကျောက်တုံးစင်မြင့်ဆီသို့ ရောက်လာပြီး လှေကားထစ်များအတိုင်း အပေါ်သို့တက်လာလိုက်ပြီးနောက် မကြာမီ ကျောက်စင်မြင့်ပေါ်သို့ ရောက်ရှိလာခဲ့သည်။

"အစီအရင်တစ်ခုလား" ကျောက်တုံးစင်မြင့်ပေါ်တွင် ရှိနေသော ထူးဆန်းသည့်အင်းကွက်ပုံစံကိုကြည့်ရင်း ရန်ကိုင်မျက်ခုံးပင့်သွားခဲ့သည်။

အင်းကွက်ဆီမှ လေဟာနယ်စွမ်းအင်လှိုင်းအချို့ ဖြာထွက်နေသည်ကို သူသေသေချာချာခံစားမိနေခဲ့သည်။

"တည်နေရာကူးပြောင်းခြင်းအစီအရင်လား" ရန်ကိုင် အလွန်ကိုမှ အံ့အားသင့်သွားခဲ့လေသည်။

ရန်ကိုင်သေချာသည့်တစ်ချက်မှာ သူသာဤအစီအရင်ကို အသက်သွင်းလိုက်မည်ဆိုပါက အခြားတစ်နေရာသို့ ရောက်သွားမည်ဆိုသည့်အချက်ပင်။

သူမသေချာသည့်အချက်မှာမူ ဤအစီအရင်သည် သူပုံမှန်အသုံးပြုနေကျအစီအရင်နှင့် ကွာခြားနေခဲ့ခြင်းပင်။

ထို့ကြောင့် မဆင်မခြင် အစီအရင်အား သွားအသက်မသွင်းရဲပေ။ သဲလွန်စအချို့ ရလိုရငြား အစီအရင်အား သေသေချာချာစစ်ဆေးကြည့်လေသည်။ ထို့နောက်တွင် ကျောက်တုံးစင်မြင့်၏ အောက်ခြေနား၌ ဖုန်များဖြင့် ဖုံးနေသော စာတစ်ကြောင်းကို သွားတွေ့၏။

ချက်ချင်းပဲဆောင့်ကြောင့်ထိုင်၍ ဖုန်များကိုသုတ်ကာ ထိုစာကြောင်းအား ဖတ်ကြည့်လေသည် "အစီအရင်ထဲကို မီးဓာတ်စွမ်းအင်ထည့်သွင်းရင် အစီအရင်ကို အသက်သွင်းနိုင်လိမ့်မယ်"

ထိုစာကြောင်းကို ဖတ်ပြီးနောက်တွင် ရန်ကိုင် မျက်မှောင်ကြုတ်သွားလေ၏။ "ဒါက တည်နေရာ ကူးပြောင်းခြင်း အစီအရင်ပါ။ ဘာလို့မီးဓာတ်စွမ်းအင်က လိုရတာလဲ"

ရန်ကိုင် နားမလည်နိုင် ဖြစ်နေခဲ့လေပြီ။

"ပြီးတော့ ဒီကျောက်တုံးခန်းကြီးမှာ ဒီလိုအစီအရင်မျိုး ဘာလို့ရှိနေရတာလဲ" စဉ်းစားနေ၍လည်း အဖြေရှာမရသဖြင့် နောက်ဆုံးဆက်၍မစဉ်းစားတော့ချေ။

ရန်ကိုင့်တွင် မီးဓာတ်စွမ်းအင်ရှိပေသည်။ သူ၏ တေဇောဓာတ်အသိစိတ်ပင်လယ်ဖြစ်စေ၊ ဓာတ်ကြီးငါးပါး အကြွင်းမဲ့မီးဓားချီဖြစ်စေ နှစ်ခုစလုံးသည် မီးဓာတ်စွမ်းအင်များ ဖြစ်ကြသည်။

သို့သော်ငြား အလျင်စလိုအား ချက်ချင်း အသက် မသွင်းသေးဘဲ ခန်စစ်ရန် ရောက်လာမည်ကို စိတ်ရှည်ရှည်ဖြင့် ရပ်စောင့်နေလိုက်လေသည်။ နာရီဝက်သာ ကြာသွားသည့်တိုင် ခန်စစ်ရန်မှာ ရောက်မလာခဲ့ချေ။

"ငါကျောက်တုံးမီးဖိုကိုသွားထိလိုက်တုန်းက အောက်ပြုတ်ကျသွားတာကို ခန်စစ်ရန်လည်း မြင်လိုက်မှာပဲ။ သူ့ပုံစံနဲ့ဆို ငါ့နောက်ကိုကျိန်းသေလိုက်လာမှာ" ခန်စစ်ရန်သည် သူ့ကဲ့သို့ပင် ကျောက်တုံးမီးဖိုအား သွားထိလိမ့်မည်မှန်း ရန်ကိုင်အတတ်သိနေခဲ့၏။

သို့ရာတွင် ခန်စစ်ရန်ကို လုံးဝမတွေ့ရပေ။ ထို့ကြောင့် အဖြေတစ်ခုသာရှိတော့သည်။

ခန်စစ်ရန်သည် အခြားသော ကျောက်တုံးခန်း တစ်ခန်းထဲသို့ ကျသွားခြင်းသာဖြစ်ရပေမည်။

"ဒီမှာ ကျောက်တုံးခန်းတစ်ခန်းမက ရှိနေတာဖြစ်ရမယ်။ မဟုတ်ရင် ငါပြုတ်ကျလာတုန်းက မီးတောက်ကျောင်းတော်က တပည့်တွေကို မတွေ့ရဘဲ နေမှာမဟုတ်ဘူး။ ဒီတော့ အကုန်လုံးက တစ်ယောက်တစ်ခန်းချင်းစီကျသွားခဲ့ကြတာကိုး" သို့သော်လည်း ဤအရာမှာ ရန်ကိုင်၏အတွေးသက်သက်သာ ဖြစ်ပြီး မှန်မမှန် အတည်မပြုနိုင်သေးပေ။

ခန်စစ်ရန်အား ဆက်၍စောင့်မနေနိုင်တော့သည့် အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် တစ်ယောက်တည်း လှုပ်ရှားဖို့သာရှိတော့လေသည်။

ထိုသို့စဉ်းစားပြီးလိုက်သည့် နောက်တွင် တုန့်ဆိုင်းမနေတော့ဘဲ အစီအရင်ပေါ်သို့ လက်တင်ကာ မီးဓာတ်စွမ်းအင်ကို ထည့်သွင်းလိုက်လေသည်။

ဘာမှန်းမသိရသော အရှိန်အဝါတစ်ရပ်သည် ကျောက်တုံးခန်းထဲ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ခန်းမတစ်ခုလုံး တစ်ခဏတာ တုန်ခါလာပြီး အစီအရင်ပေါ်ရှိ မျဉ်းကြောင်းတို့မှာလည်း တစ်ခုပြီးတစ်ခု လင်းလက်လာခဲ့သည်။

ဤအစီအရင်သည် စာကြောင်းထဲ၌ ပြောထားသည့်အတိုင်း အသက်သွင်းရန်အတွက် အမှန်တကယ်ကို မီးဓာတ်စွမ်းအင်လိုအပ်ပေသည်။

ထိုအချင်းအရာကို တွေ့လိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် အစီအရင်ထဲသို့ ပိုမိုများပြားသည့် မီးဓာတ်စွမ်းအင်များကို ပို့လွှတ်လိုက်၏။

"အုန်း….ဘုန်း.ဘုန်း" တဝုန်းဝုန်းမြည်သံများနှင့်အတူ စင်မြင့်ပေါ်ရှိအစီအရင်သည် တဖျတ်ဖျတ် တောက်ပလာခဲ့လေသည်။

နောက်ဆုံး အလင်းတန်းများသည် ရန်ကိုင့် တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့၏။ အလင်းတန်းများ ပျောက်ကွက်သွားပြီးနောက် ရန်ကိုင်သည်လည်း ကျောက်တုံးစင်မြင့်ပေါ်မှ ပျောက်ကွယ်သွားခဲ့လေသည်။

"ဒါက" ပတ်ဝန်းကျင်အား လှည့်ပတ်စစ်ဆေး ကြည့်ပြီးသည့်နောက်တွင် သူလက်ရှိရောက်ရှိနေသည့် နေရာသည် အစောပိုင်းက ရှိနေခဲ့သော ကျောက်တုံးခန်းနှင့် ဘာဆိုဘာမျှကွာခြားခြင်းမရှိကြောင်း တွေ့ရှိလိုက်ရသည်။

သူအခြားနေရာတစ်ခုဆီသို့ ရောက်လာခြင်း မဟုတ်ပေလော။ ဘာကြောင့်များ အတူတူပင် ဖြစ်နေရသနည်း။

"ဘယ်လိုနေရာကြီးလဲ" ရန်ကိုင်နားမလည်နိုင်စွာဖြင့် မျက်မှောင်ကြုတ်စဉ်းစားတော့လေသည်။

ကျင့်ကြံသူတို့၏ လိုဏ်ဂူစံအိမ်ထဲတွင် အကာအကွယ် အစီအရင်များစွာရှိသည်မှာ သာမန်သာဖြစ်သည်။ သို့သော်လည်း သူလက်ရှိရောက်နေသည့် လှိုဏ်ဂူစံအိမ်ကမူ အနည်းငယ် ထူးဆန်းနေခဲ့လေသည်။

ဤလှိုဏ်ဂူထဲတွင် အရွယ်အစား တူညီသော ကျောက်တုံးခန်းများစွာရှိနေခဲ့သည်။ သူပထမဦးဆုံး ကြုံတွေ့ခဲ့ရသည့် ကျောက်တုံးခန်းအား ဖြတ်သန်းရန် အတွက် အစီအရင်ထဲသို့ မီးဓာတ်စွမ်းအင် ထည့်သွင်းပေးရန်သာ လိုအပ်သည်။ အခြား ဘာဆိုဘာမှ မလိုအပ်ချေ။

"ဒီကျောက်တုံးခန်းကကော ဘာထူးခြားနေအုံးမလဲ မသိဘူး" ရန်ကိုင်နားမလည်နိုင်ဖြစ်နေစဉ်မှာပင် သူရင်းနှီးနေသော တဝုန်းဝုန်းမြည်သံများကို ထပ်မံ ကြားလိုက်ရလေသည်။

ထို့နောက် ပထမတစ်ကြိမ်ကကဲ့သို့ပင် ကျောက်တုံးခန်း အလယ်ဗဟို၌ ကျောက်တုံးစင်မြင့်တစ်ခု တဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သို့သော်ငြား သူလုပ်နိုင်သည့်အရာ ဘာဆိုဘာမျှမရှိသဖြင့် လှေကားထစ်များအတိုင်း ကျောက်တုံးစင်မြင့်ပေါ်သို့ တက်သွားရုံသာ ရှိလေသည်။

လှည့်ပတ်ကြည့်လိုက်ပြီးနောက် ရန်ကိုင်အံ့အားသင့်တကြီး ထအော်မိလိုက်သည်။ ဤတစ်ကြိမ် ကျောက်တုံးစင်မြင့်ပေါ် တွင်တော့ မည်သည့်အစီအရင်မှ ရှိမနေခဲ့ပေ။

ထို့အစား မြောင်းသွယ်သွယ်များစွာသာ ရှိနေခဲ့သည်။ ထိုမြောင်းများထဲတွင် အမျိုးမျိုးသော ဆေးပင်များအား စိုက်ပျိုးထား၏။

ဆေးပင်များကို ထူးဆန်းသည့် နည်းလမ်းတစ်ခုအားသုံး၍ ညှိုးလျော် ခြောက်သွေ့သွားခြင်းမရှိဘဲ နှစ်ထောင်ပေါင်းများစွာ တည်ရှိနေနိုင်အောင် ထိန်းသိမ်းထားခြင်း ဖြစ်ပေသည်။

အရေးအကြီးဆုံးအချက်မှာ ဆေးပင်များ၏ ဆေးအာနိသင်မှာ အကောင်းအတိုင်းရှိနေသေးခြင်းဖြစ်သည်။ လတ်တလောကမှ ခူးပြီးစိုက်ထားသည့် ဆေးပင်များအလား ထင်မှတ်ရသည်။

ဆေးပင်ဆယ်ပင်အနက် သုံးပင်ကိုသာ သူသိပြီး ကျန်သည့်ဆေးပင်များကိုတော့ မသိပါချေ။

ပုံမှန်အတိုင်းကဲ့သို့ပင် ရန်ကိုင်သည် ကျောက်တုံးစင်မြင့် အောက်ဘက်နားဆီသို့ ငုံ့ကြည့်လိုက်သည်။

သူထင်ထားသကဲ့သို့ပင် ထိုနေရာ၌ စာကြောင်းလေး တစ်ကြောင်း ရှိနေခဲ့သည်။

ဖုန်များကိုသုတ်လိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် အော်ဖတ်ကြည့်လိုက်သည်။ "အဆိပ်ရှိတဲ့ဆေးပင် ဆယ့်ငါးပင်ကို ရွေးနိုင်ရင် အစီအရင် အသက်ဝင်လာလိမ့်မယ်"

"ဆယ့်ငါးပင်" ရန်ကိုင်မျက်လုံးပြူးသွားခဲ့သည်။ ထို့နောက်ကျောက်တုံးစင်မြင့်ပေါ်တွင် ရှိနေသော ဆေးပင်များကို သေချရေတွက်ကြည့်လေသည်။

စုစုပေါင်း ဆေးပင် နှစ်ဆယ့်ငါးပင်ရှိ၏။ တစ်နည်းဆိုရသော် ဆေးပင်တစ်ဝက်ကျော်လောက်သည် အဆိပ်ရှိသည့် ဆေးပင်များ ဖြစ်ကြလေသည်။

"ဒီလှိုဏ်ဂူစံအိမ်ပိုင်ရှင်က ဘာလိုချင်နေတာလဲ။ ဘာလို့ ဒီလောက် ပြဿနာများတဲ့အလုပ်တွေပဲ တစ်ခုပြီးတစ်ခု လုပ်ခိုင်းနေရတာလဲ" ရန်ကိုင်လုံးဝနားမလည်နိုင်တော့ချေ။

သူနားမလည်နိုင်သော်ငြား သူလုပ်နိုင်သည့်အရာ ဘာဆိုဘာမှ မရှိသည့်အတွက်ကြောင့် သူ့ရှေ့ရှိဆေးပင် နှစ်ဆယ့်ငါးပင်ကိုသာ သေချာအာရုံစိုက်၍ စူးစမ်းလေ့လာ ကြည့်ရတော့သည်။

ဆေးပင်မှားရွေးမိလျှင် မည်သို့သောအကျိုးဆက်အား ရင်ဆိုင်ရမည်လဲဆိုသည်ကို ပြောမထားသော်ငြား ရန်ကိုင်ကမူ ထိုကိစ္စနှင့်ပတ်သက်၍ သွားမစမ်းသပ်ချင်ပေ။

ဤလှိုင်ဂူစံအိမ်သည် ကုန်းစွန်းမူ၏ လှိုဏ်ဂူစံအိမ် ဟုတ်မဟုတ် မသေချာသော်ငြား ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ လှိုဏ်ဂူစံအိမ် ဖြစ်သည်မှာတော့ လုံးဝသေချာပေသည်။

ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ဦး၏ အစွမ်းကို သွားအထင်မသေးရဲသည့်အတွက် ဆေးပင်များကို သေချာရွေးချယ်ရန်သာ ဆုံးဖြတ်လိုက်သည်။

သူသာဆေးပင်တစ်ပင်လောက် မှားရွေးမိမည်ဆိုပါက ဤနေရာတွင် သူ့အသက်ကို ဆုံးရှုံးလိုက်ရနိုင်ပေသည်။

"အဆိပ်ရှိတဲ့ အပင်တွေဆိုတော့… ဒီကောင်းကင်နှလုံးသားသစ်ခွက အဆိပ်ရှိတယ်။ ဟုတ်တယ်။ ဒီအရင်းအမြစ်ပင်ကလည်း အဆိပ်ရှိတယ်"

ဆေးပင်များအနက်မှ ရန်ကိုင်သည် သူသိသည့် အဆိပ်ရှိသော ဆေးပင်များကို အရင် ရွေးထုတ်လိုက်သည်။ ဆေးပင်များကို ရွေးထုတ်လိုက်ပြီးသည့်နောက် မည်သည့် အစီအရင်မှ အသက်ဝင်မလာခဲ့ပေ။

ကြည့်ရသလောက်သူရွေးသည်မှာ မှန်သွားသည့်ပုံပင်။ သို့သော်ငြား လက်ကျန်ဆေးပင်များကိုမူ သူမသိတော့ချေ။

ရန်ကိုင်သည် ကြယ်တာရာအစုအဝေး၏ ဒေသခံတစ်ဦး မဟုတ်သလို ဤဆေးပင်များသည်အလွန်ကိုမှရှေးကျသည့် ဆေးပင်များဖြစ်သည့်အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် ဆေးပင်အားလုံးအကြောင်း သိမနေခဲ့ပေ။

ကြယ်တာရာအစုအဝေးတွင် မွေးဖွားလာသော ဆေးပညာရှင်များပင်လျှင် ဤနေရာ၌ရှိနေသောဆေးပင် နှစ်ဆယ့်ငါးပင်စလုံးကို သိကြလိမ့်မည် မဟုတ်ပေ။

သို့သော်ငြား ဆေးပညာရှင်တစ်ဦးဖြစ်သည် နှင့်အညီ ရန်ကိုင်သည် ဆေးပင်များ၏သဘာဝကို လေ့လာကြည့်ခဲ့ဖူးသည်။

ဆေးပင်တိုင်း၏ဆေးအာနိသင်မှာ ထိုဆေးပင်၏ ဝိသေသလက္ခဏာများပေါ်တွင် အနည်းနှင့်အများဆိုသလို မူတည်နေပေသည်။

ထို့ကြောင့် သူ့အနေဖြင့် လက်ကျန်ဆေးပင်အများစုကို မသိလျှင်ပင် ထိုဆေးပင်များ အဆိပ်ရှိသလား၊ မရှိဘူးလား ဆိုသည်ကို‌တော့ ခွဲခြားကြည့်နိုင်ပေသည်။

ထို့ကြောင့် ရန်ကိုင်သည်ဆေးပင်များအား အနီးကပ် အနံ့လိုက်ရှူကြည့်သည်။ မကြာမီတွင် အခြားသော အဆိပ်ရှိသည့် ဆေးပင်များကို ထပ်၍ ရွေးချယ်လိုက်ပြန်၏။

ထိုဆေးပင်များ၏အဆိပ်နံ့မှာ သိပ်ပြီးမသိသာလှ။ သာမန်လူအများစုသည် ထိုဆေးပင်များ၏အနံ့ကို ရှူကြည့်ရုံဖြင့် ဆေးပင်တစ်ပင် အဆိပ်ရှိမရှိကို ခွဲခြားနိုင်လိမ့်မည်မဟုတ်။

ဆေးပင်များနှင့် အမြဲတစေထိတွေ့နေရသော ဆေးပညာရှင်တစ်ဦးသည်သာ ထိုဆေးပင်များ၏အနံ့ကို ရှူရှိုက်ကြည့်ရင်းမှ အဆိပ်ရှိမရှိကို ခွဲခြားနိုင်ပေလိမ့်မည်။

ဤနည်းဖြင့် ရန်ကိုင်သည် နောက်ထပ်ဆေးပင် ရှစ်ပင်မက ထပ်မံရွေးချယ်လိုက်လေသည်။

သို့သော်ငြား သူ့တွင်နောက်ထပ်ရွေးချယ်ရအုံးမည့် ဆေးပင်များစွာကျန်ရှိနေသေးသည်။

ကံမကောင်းစွာဖြင့် လက်ကျန်ဆေးပင်များ အဆိပ်ရှိမရှိဆိုသည်ကို ၎င်းတို့၏ အနံ့အားရှူရှိုက်ရုံဖြင့် မခွဲခြားနိုင်တော့ပေ။

နောက်ဆုံးစဉ်းစားမရသည့်အဆုံးတွင် ဆေးပင်များအား သူကိုယ်တိုင်စမ်းသပ်ပြီးမှသာ ရွေးချယ်နိုင်တော့မည်မှန်း ရန်ကိုင်နားလည်သွားခဲ့သည်။

ထိုသို့ဆုံးဖြတ်ပြီးသည့်နောက်တွင် ရန်ကိုင်လည်း ဆက်၍တုန့်ဆိုင်းမနေတော့ချေ။

သူ့လက်ကိုဆန့်ထုတ်၍ အပြာရောင်ပန်းပွင့်တစ်ပွင့်မှ ပွင့်ချပ်တစ်ခုကို ခြွေယူလိုက်သည်။ ထို့နောက် ထိုပွင့်ချပ်ကို ပါးစပ်ထဲထည့်ကာ ဝါးစားတော့လေသည်။

ချက်ချင်းဆိုသလို ရန်ကိုင့် အမူအယာ အပြောင်းကြီး ပြောင်းလဲသွားပြီး သူ့မျက်နှာတစ်ပြင်လုံး သွေးဆုတ် ဖြူလျော်သွား၏။

ထိုပွင့်ချပ်လေးအား ဝါးစားနေစဉ်အတောအတွင်း သူ့ပါးစပ်တစ်ခုလုံး အလွန်ကိုမှ အေးစက်လာသလို ခံစားလိုက်ရကာ သူ့လျှာပင်လျှင် အေးခဲလုမတတ် ဖြစ်သွားခဲ့ရလေသည်။

ရန်ကိုင်လည်း ထိတ်ထိတ်လန့်လန့်ဖြင့် အရင်းအမြစ်ချီကို အလျင်စလိုလှည့်ပတ်၍ ထိုအအေးဓာတ်ကို ဖယ်ရှားပစ်ရတော့သည်။

"အအေးဓာတ်ကပြင်းပေမယ့် ဒီအပင်ကအဆိပ်မရှိဘူး" ထို့နောက် ရန်ကိုင်သည် အပြာရောင်ပန်းပွင့်အား အကြောက်မပြေသေးသည့် အမူအယာဖြင့် လှမ်းကြည့်လိုက်သည်။

မည်သည့်ကဲ့သို့သော ဆေးပင်ကများ ဤမျှ အေးစက်နေရသလဲ ဆိုသည့်အပေါ် ရန်ကိုင် လုံးဝနားမလည်နိုင်ခဲ့ပေ။

အပြာရောင်ပန်းပွင့်သည် အဆိပ်မရှိကြောင်း အတည်ပြုပြီးသည့်နောက်တွင် အခြားသောဆေးပင် တစ်ပင်ဆီသို့ အကြည့်ရွှေ့လိုက်လေသည်။

ပထမနည်းအတိုင်းပင် ရန်ကိုင်သည် ဆေးပင်အစိတ်အပိုင်းတစ်ခုကို ခြွေယူ၍ ပါးစပ်ထဲထည့်ကာ ဝါးစားလိုက်သည်။

ထိုသို့ဝါးစားပြီးပြီးချင်းမှာပင် ရန်ကိုင့်မျက်နှာ တစ်ပြင်လုံး ပြာသလိုလို မဲသလိုလိုဖြစ်လာခဲ့လေသည်။

ရန်ကိုင်ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ချက်ချင်း တင်ပလ္လင်ခွေထိုင်ချကာ အရင်းအမြစ်ချီကို လှည့်ပတ်လိုက်လေ၏။

အမွှေးတိုင်တစ်ချောင်း လောင်ကျွမ်းစာခန့် ကြာပြီးသည့်နောက်မှသာ ရန်ကိုင်သည် ပါးစပ်ကိုဟ၍ အနက်ရောင် သွေးတစ်ပွက်ကို ထွေးထုတ်လိုက်၏။

သူ့အရှိန်အဝါမှာလည်း တော်တော်လေးကို အားနည်းသွားခဲ့လေသည်။

"ကြောက်ဖို့ကောင်းလိုက်တဲ့အဆိပ်" ရန်ကိုင့်စိတ်ထဲ ယခုအချိန်ထိ အကြောက်မပြေသေးချေ။

ဆေးပင်၏အစိတ်အပိုင်း သေးသေးလေး တစ်ပိုင်းလောက်ကိုသာ ဝါးစားလိုက်သော်ငြား ဆိုးဆိုးရွားရွားကို အဆိပ်မိသွားခဲ့ရသည်။

ဆေးပင်တစ်ပင်လုံးကိုသာ ဝါးစားလိုက်မည်ဆိုလျှင် တစ်ခါတည်း အသက်ပျောက်သွားနိုင်ပေသည်။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၂၀၅၀)

မြောင်းများထဲရှိ ဆေးပင်များမှာ ရန်ကိုင်၏ လျှာကိုပင် ထုံကျင်သွားစေသည်အထိ အရသာဆိုးလှသလို အဆိပ်လည်း ပြင်းလှသော်ငြား…

သူ့အနေဖြင့် ဤသောက်ကျိုးနည်း နေရာကြီးမှ ထွက်သွားလိုလျှင် ကျောက်တုံးစင်မြင့်ပေါ်၌ ရေးထားသည့် စာကြောင်းအတိုင်း လိုက်လုပ်ရန် လိုအပ်ပေသည်။ ထို့ကြောင့် မလုပ်ချင်သည့်တိုင် ဤထူးဆန်းသော ဆေးပင်များ၏ အရသာကို ဆက်လက် မြည်းစမ်းရတော့လေသည်။

ဆေးပင်အားလုံးကို အဆိပ်ရှိမရှိ စမ်းသပ်ရန်အတွက် နေ့တစ်ဝက်ခန့် အချိန်ယူလိုက်ရပေသည်။

ဆေးပင်များကို စမ်းသပ်ရသည်မှာ သူ့အတွက် ငရဲပင်။ အမျိုးမျိုးသော နာကျင်မှုများ၊ နှိပ်စက်မှုများကို ခံခဲ့ရကာ အားကောင်းလှသော သူ့ခန္ဓာကိုယ်နှင့် ကုစားနိုင်စွမ်းကြောင့်သာ မဟုတ်လျှင် နောက်ဘဝသို့ ကူးနေရလောက်ပေပြီ။ ထိုမျှ ကြိုးစားခဲ့ရသည့်တိုင် ဆေးပင် (၁၅)ပင်ကို မရွေးနိုင်ခဲ့ပေ။

“ဘယ်လိုလုပ်ပြီး (၁၃)ပင်ပဲ ရှိနေရတာလဲ” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

လိုဏ်ဂူပိုင်ရှင်သည် သူတို့ကို လှည့်စား နှောင့်ယှတ်ရန် အတွက် သက်သက်ဖြင့် ဤကဲ့သို့ စမ်းသပ်မှုများကိုတော့ မလုပ်လောက်ချေ။ တစ်နည်းဆိုရသော် ဆေးပင် (၂၅)ပင်၌ ဆယ်ငါးပင်သည် ကျိန်းသေကို အဆိပ်ရှိနေရပေလိမ့်မည်။

သို့သော်လည်း ရန်ကိုင် စမ်းသပ်ကြည့်ရသလောက် (၁၃)ပင်သည်သာ အဆိပ်ရှိနေခဲ့သည်။ ကျန်သည့် ဆေးပင် နှစ်ပင်ကို မည်သို့မှ ရှာမတွေ့ခဲ့ချေ။

ငါဘာမှားနေတာလဲ ရန်ကိုင်သည် မြောင်းထဲရှိ ဆေးပင်များကို တစ်ပင်ပြီးလျှင် တစ်ပင် သေချာထပ်မံ စစ်ဆေးကြည့်သည်။ သို့တိုင် မည်သည့် သဲလွန်စမှ ရှာမတွေ့ခဲ့။

ရန်ကိုင် တိုင်ပတ်နေစဉ် သူ့ကဲ့သို့ လိုဏ်ဂူထဲသို့ ဝင်လာကြသည့် ကျင့်ကြံသူများမှာလည်း ပြဿနာ အသီးသီး တက်နေခဲ့ကြလေသည်။

မီးတောက်ကျောင်းတော်မှ ကျင့်ကြံသူအားလုံးသည် မီးဓါတ်ကျင့်စဉ်ကို ကျင့်ကြံထားကြသည့်အတွက် ပထမ အဆင့်သည် သူတို့အတွက် မခက်ခဲချေ။ ရန်ကိုင်ကဲ့သို့ပင် ကျောက်တုံးစင်မြင့်ထဲသို့ မီးဓါတ်စွမ်းအင် ထည့်သွင်းလိုက်ပြီးနောက် ဒုတိယကျောက်တုံးခန်းဆီသို့ ရောက်လာနိုင်ခဲ့သည်။

ခန်စစ်ရန်သည်ပင်လျှင် ပထမအခန်း၏ စစ်ဆေးမှုကို အလွယ်တကူ အောင်မြင်ခဲ့ပေသည်။ သို့သော်ငြား ဒုတိယ အခန်းသို့ အရောက်တွင် အကုန်လုံး တိုင်ပတ်ကြတော့၏။

တစ်ခုသော ဒုတိယခန်းထဲတွင်… မီးတောက်ကျောင်းတော် တပည့်တစ်ဦးသည် သူ့ရှေ့ရှိ ဆေးပင် (၂၅)ပင်ကိုကြည့်ရင်း ခေါင်းကုတ်နေခဲ့သည်။

သူသည် ဆေးပညာရှင်တစ်ဦး မဟုတ်သည့်အတွက် ထိုဆေးပင်များ အဆိပ်ရှိမရှိအား ပြောရန်မဆိုထားနှင့် ဆေးပင်များ၏ နာမည်ကိုပင် မသိချေ။ အချိန်အတော်ကြာအောင် ထိုင်ကြည့်နေပြီး နောက်ဆုံး၌ အဆိပ်ရှိသည့် ဆေးပင်အချို့ကို ရွေးထုတ်နိုင်ခဲ့သည်။ သို့သော် ဆက်၍ မရွေးနိုင်တော့ချေ။

ဤအတိုင်းသာ ဆက်ကြည့်နေလျှင် အချိန် အလဟဿ ဖြစ်တော့မည်မှန်း သိလိုက်သော် အံကြိတ်၍ ဆေးပင် တစ်ပင်ကို ကောက်ရွေးချလိုက်လေသည်။

သို့သော်ငြား ထိုဆေးပင်ကို သူရွေးလိုက်သည့် အချိန်မှာပင် ကျောက်တုံးခန်းထဲ ထူးဆန်းသော အသံတစ်သံ မြည်ဟည်းလာခဲ့သည်။ တစ်ချိန်တည်းတွင် သူ့ရှေ့တွင် ရှိနေသော ကျောက်တုံးစင်မြင့်သည့် အလွန် လျင်မြန်သော နှုန်းဖြင့် ကြမ်းပြင်ထဲသို့ ပြန်ဝင်သွားလေသည်။

ထိုကျင့်ကြံသူ ထိတ်လန့်သွားပြီး ချက်ချင်း နောက်သို့ ပြန်ဆုတ်၍ မထင်မှတ်ထားသည့် ကိစ္စတစ်ခုခု ဖြစ်လာလျှင် အချိန်မှီ တုန့်ပြန်နိုင်ရန်အတွက် သူ၏ အရင်းအမြစ်ချီကို လှည့်ပတ်ထားလိုက်လေသည်။

ရုတ်တရက် ကျောက်တုံးခန်းထဲ အလင်းစက်များစွာ ထွက်ပေါ်လာခဲ့သည်။ တစ်ခဏအတွင်း ကျောက်တုံးခန်း တစ်ခန်းလုံး အလင်းစက်များဖြင့် ပြည့်သွားခဲ့လေသည်။ ထိုအလင်းစက်များသည် ချောက်ချားဖွယ်ကောင်းသော မွန်းစတားသားရဲများ၏ မျက်လုံးများနှယ် မြင်လိုက်သည့် လူတိုင်းအား ထိတ်လန့်ကြောက်ရွံ့သွားစေနိုင်ပေသည်။

ထို့နောက်တွင် အလင်းစက်များသည် တဖျက်ဖျက် တောက်ပလာပြီး မီးတောက်ကျောင်းတော် တပည့်အား ဝိုင်းအုံ တိုက်ခိုက်ကြလေ၏။ ထိုအခြင်းအရာကို မြင်သည့်အခါ မီးတောက်ကျောင်းတော် တပည့် အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သို့တိုင် သူ့အနေဖြင့် ဘာဆိုဘာမှ ပြန်မလုပ်နိုင်ခဲ့ဘဲ နာကျင်စွာသာ အော်ဟစ်နိုင်ခဲ့လေသည်။

ခဏအကြာတွင် အလင်းစက်များ ပြန်လည် ပျောက်ကွယ်သွားခဲ့လေသည်။ မီးတောက်ကျောင်းတော် တပည့်ကိုမူ မည်သည့် နေရာတွင်မှ မတွေ့ရတော့ဘဲ တစ်စစီ စုတ်ပြဲနေသော အင်္ကျီ အပိုင်းအစများ၊ အသားစများနှင့် သွေးကွက်များကိုသာ တွေ့ရတော့သည်။

ထိုတပည့်တစ်ဦးတည်းသာလျှင် ဤကဲ့သို့ ကြုံနေရခြင်း မဟုတ်။ ဆေးပင်မှားရွေးမိသည့် ကျင့်ကြံသူတိုင်း ဤကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံရပေသည်။

ခန်စစ်ရန်သည် သူ့ရှေ့ရှိ ဆေးပင်များကို မျက်မှောင်ကြီးကြုတ်၍ စိုက်ကြည့်နေခဲ့သည်။ ခဏအကြာ၌ အလေးအနက် အမူအရာဖြင့် ဆေးပင်တစ်ပင်ကို လှမ်းယူလိုက်လေသည်။ ခဏကြာအောင် စောင့်နေသည့်တိုင် သူဘာမှ မဖြစ်ကြောင်း တွေ့ရသည့် အခါမှပဲ သက်ပြင်းချလိုက်လေ၏။

ခန်စစ်ရန်သည် ဆေးပညာရှင်တစ်ဦး မဟုတ်သော်ငြား ကြယ်တာရာအစုဝေး၏ ဒေသခံတစ်ဦးဖြစ်သလို စိတ်ဝိဥာဉ် ဆေးလုံးပလာဇာကို ဦးစီးနေသည့် ဆိုင်ပိုင်ရှင်လည်း ဖြစ်သည့်အတွက်ကြောင့် ဆေးပင်များနှင့် ပက်သက်လျှင် ရန်ကိုင်ထက်ပင် ပိုမို ဗဟုသုတကြွယ်သည်ဟု ပြော၍ရပေသည်။ ခန်စစ်ရန်သည် နေ့စဉ်နှင့်အမျှ ဆေးပင်များနှင့် ထိတွေ့နေခဲ့ရသူ မဟုတ်ပေလော။

ထို့ကြောင့် ဒုတိယအခန်းထဲရှိ စမ်းသပ်မှုသည် သူ့အတွက် အနည်းငယ် ခက်ခဲသော်ငြား မျှော်လင့်ချက် မရှိလောက်အောင် ခက်ခဲခြင်းတော့ မဟုတ်ချေ။

အခြားသော ကျောက်တုံးခန်း တစ်ခန်းထဲ၌…

မီးတောက်ကျောင်းတော်၏ ဒုကျောင်းသခင် လျန်ယုမင်သည် သူ့ရှေ့ရှိ ဆေးပင် နှစ်ဆယ်ငါးပင်ကို စိုက်ကြည့်နေခဲ့သည်။ ခဏမျှ ကြည့်နေပြီးနောက် ဆေးပင် ဆယ်ပင်အား အရင်ဆုံး ရွေးချယ်လိုက်သည်။ ထို့နောက် နောက်ထပ်သုံးပင်ကို အလျင်အမြန်ပဲ ထပ်ရွေးချယ်၏။ သူရွေးချယ်လိုက်သည့် ဆေးပင် (၁၃)ပင်သည် ရန်ကိုင် ကြိုးစားပမ်းစားနှင့် ရွေးချယ်ပြီးမှ ရလာသည့် ဆေးပင် (၁၃)ပင်နှင့် အတူတူပင် ဖြစ်လေသည်။

ယခု နောက်ဆုံး နှစ်ပင်သာ ကျန်တော့၏။

လျန်ယုမင်၏ အကြည့်သည် လက်ကျန် ဆေးပင်များကြား ကူးကလန်ခတ် သွားလာနေခဲ့သည်။ အမွှေးတိုင်တစ်ချောင်းစာမျှ ထိုင်စဉ်းစားနေပြီးနောက်တွင် လျန်ယုမင် ရုတ်တရက် ပြုံးလိုက်လေသည်။ ထို့နောက် ဆေးပင်နှစ်ပင်ကို ရွေးချယ်လိုက်၏။

နောက်ဆုံး ဆေးပင်နှစ်ပင်ကို ရွေးပြီးသွားသည်နှင့် တစ်ပြိုင်နက် သူရပ်နေသည့် နေရာတစ်ခုလုံး တဖျက်ဖျက် တောက်ပလာပြီး တည်နေရာကူးပြောင်းခြင်း အစီအရင်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက် လျန်ယုမင်သည် အခြားကျောက်တုံးခန်း တစ်ခန်းစီသို့ ရောက်သွားခဲ့ပြီး သူရှိနေခဲ့သည့် ကျောက်တုံးခန်းထဲရှိ ကျောက်တုံးစင်မြင့်မှာတော့ ကြမ်းပြင်ထဲသို့ တဖြည်းဖြည်းချင်း ပြန်ဝင်သွားခဲ့လေသည်။

…

လက်ကျန် ဆေးပင်များကို ထပ်ခါတလဲလဲ စစ်ဆေးကြည့်နေသော်ငြား အဆိပ်ရှိသည့် မည်သည့် ဆေးပင်ကိုမှ ရှာမတွေ့သဖြင့် ရန်ကိုင် စတင် စိတ်ပူစ ပြုလာခဲ့သည်။

စဉ်းစားမရ ဖြစ်နေသည့် အချိန်မှာပင် ရန်ကိုင်သည် တစ်ခုခုကို စဉ်းစားမိသွားသည့်အလား သူ့မျက်လုံးများ တဖျက်ဖျက် တောက်ပလာခဲ့လေသည်။

ချက်ချင်းပဲ လက်ကျန်ဆေးပင်များ၏ အရွက်များကို နည်းနည်းချင်းစီ ဖဲ့ယူလိုက်သည်။ ထို့နောက် နှစ်ပင်တစ်တွဲ၊ နှစ်ပင်တစ်တွဲ… စသည်ဖြင့် တစ်တွဲချင်းစီ တွဲကာ ရောချေပစ်လေသည်။

ထိုကဲ့သို့ လုပ်နေရင်း ဆေးပင်နှစ်ပင်၏ အရွက်များကို ကြိတ်ချေပစ်နေစဉ် စူးရှရှအောက်သက်သက် အနံ့တစ်နံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထိုအနံ့ကြောင့် ရန်ကိုင် ခေါင်းမူလာခဲ့ပြီး သူ့လက်ချောင်းထိပ်များမှာလည်း စတင် ပူလောင်လာခဲ့ရသည်။

ထိုစိတ်မသက်မသာ ခံစားချက် ပျောက်ကွယ်သွားရန် အတွက် ကျင့်စဉ်အား ချက်ချင်း လှည့်ပတ်လိုက်ရလေ၏။ ထို့နောက် ဝမ်းသာအားရ အမူအရာဖြင့် အော်ရယ်မော၍ ပြောလိုက်လေသည် “အဲ့လိုကိုး”

ဤလောကကြီးတွင် သူတို့ဘာသာ တစ်ပင်တည်း ရှိနေလျှင် အဆိပ်မရှိသော်ငြား အခြား ဆေးပင်များနှင့် ပေါင်းစပ်လိုက်သည့်အခါ အလွန်ကိုမှ ပြင်းထန်သည့် အဆိပ်ကို ထုတ်လွှတ်နိုင်ကြသည့် ဆေးပင်အချို့ ရှိပေသည်။

နောက်ဆုံး ကျန်ရှိနေသည့် ဆေးပင်နှစ်ပင်သည် ထိုကဲ့သို့ ဆေးပင်များ ဖြစ်ကြ၏။

ရန်ကိုင်သည် ထိုဆေးပင် နှစ်ပင်ကို မြောင်းထဲမှ နှုတ်ယူလိုက်ပြီး ဘေးတွင် ချထားလိုက်သည်။ ချက်ချင်းပဲ သူ့ခြေထောက်အောက်၌ တည်နေရာကူးပြောင်းခြင်း အစီအရင်တစ်ခု ရုတ်တရက် ပေါ်လာပြီး ရန်ကိုင်သည် အခြား ကျောက်တုံးခန်းတစ်ခန်းဆီသို့ ကူးပြောင်းခြင်း ခံလိုက်ရလေသည်။

အလင်းရောင်တို့ ပျောက်ကွယ်သွားသည့်နောက်တွင် ရန်ကိုင်သည် ပတ်ဝန်းကျင်ကို စတင် စစ်ဆေးကြည့်လေ၏။ ထိုသို့ စစ်ဆေးကြည့်ပြီးနောက် ထူးဆန်းနေသည့် အမူအရာဖြင့် ခေါင်းညိတ်၍ ပြောလိုက်လေသည် “ငါထင်ထားတဲ့အတိုင်းပဲ”

ရန်ကိုင်သည် ကျောက်တုံးခန်းထဲတွင်သာ ရှိနေသေး၏။ ဤကျောက်တုံးခန်းသည်လည်း ယခင် ကျောက်တုံးခန်း နှစ်ခန်းနှင့် ဘာမှမကွာချေ။ ပထမနှစ်ခုကဲ့သို့ပင် ဤကျောက်တုံးခန်း၏ အလယ်ဗဟို၍ ကျောက်တုံးစင်မြင့် တစ်ခု ရှိနေခဲ့သည်။

သူ့စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားလျက် ရန်ကိုင်သည် ကျောက်တုံးစင်မြင့်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။

စင်မြင့်ပေါ်တွင် အမျိုးအစား တူညီသော ဆေးပင်သုံးပင် ရှိနေခဲ့ပေသည်။ ဆေးပင်များမှ ထွက်ပေါ်နေသည့် အရှိန်အဝါအရ ဤဆေးပင်များသည် တန်ခိုးရှင်အဆင့် ဖြစ်လောက်သည်။

ထို့နောက် ကျောက်တုံးစင်မြင့်အောက်ခြေနားရှိ ဖုန်များကို သုတ်လိုက်သည့်အခါ စာကြောင်းတစ်ကြောင်း ပေါ်လာခဲ့လေသည်။ ထိုစာကို ဖတ်ပြီးနောက် ယခုတစ်ခါ သူလုပ်ရပ်မည့်အရာကို နားလည်သွားခဲ့သည်။

ဆေးအရည်ဖော်စပ်ဖို့ပင်…

သူဖော်စပ်လိုက်သည့် ဆေးအရည်၏ သန့်စင်နှုန်းသည် အတိုင်းအတာတစ်ခုအထိသို့ ရောက်နိုင်မည်ဆိုပါက ကျောက်တုံးခန်းထဲတွင် ရှိနေသော တည်နေရာကူးပြောင်းခြင်း အစီအရင် အသက်ဝင်လာပေလိမ့်မည်။

ဆေးအရည် ဖော်စပ်ရမည့် အလုပ်သည် ရန်ကိုင်အတွက် ဘာမှ မခက်ချေ။ ရန်ကိုင်သည် ဆေးပင် ထောင်ပေါင်းများစွာကို ဆေးအရည်ဖော်စပ်လာဖူးသူ တစ်ဦး ဖြစ်သည့်အပြင် သူ့၌ ဆေးအရည်ဖော်စပ်ခြင်းအား ပိုမို လွယ်ကူအောင် ကူညီပေးနိုင်သော တေဇောဓါတ်အသိစိတ် ပင်လယ်လည်း ရှိနေသည့် လူတစ်ဦး ဖြစ်သည့်အလျောက် တန်ခိုးရှင်ဘုရင် အဆင့် ဆေးပင်တစ်ပင်အား ဆေးအရည်အဖြစ်သို့ ပြောင်းလဲပစ်ဖို့သည် ရန်ကိုင်အတွက် အလွန်ကိုမှ လွယ်ကူပေသည်။

လုပ်ရမည့်အရာကို သိပြီးနောက်တွင် ရန်ကိုင်သည် ဆက်၍ တုန့်ဆိုင်းမနေတော့ဘဲ တေဇောဓါတ်အသိစိတ် ပင်လယ်ကို အသက်သွင်းကာ ဆေးပင်များကို ရစ်ပတ်လိုက်သည်။

ခဏအကြာတွင် ဆေးပင်သည် အစိမ်းရောင် အရည်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ပါဝင်နေသော အညစ်အကြေးများမှာ တစစဖြင့် လောင်မြိုက်ပစ်ခြင်း ခံရတော့လေသည်။

ဆေးပင်သုံးပင်စလုံးအား ဆေးအရည်အဖြစ်သို့ ပြောင်းလဲပြီး ထိုဆေးအရည်များကို စင်မြင့်ပေါ်ရှိ မြောင်းလေးများထဲသို့ ထည့်လိုက်သည့်အခိုက်… သူရင်းနှီးနေသည့် တည်နေရာကူးပြောင်းခြင်း အစီအရင် ထပ်မံ အသက်ဝင်လာခဲ့လေသည်။

…

ဤသို့ဖြင့် ရန်ကိုင်သည် သူ့လက်ကျန်ရက်များကို ကျောက်တုံးခန်းများထဲတွင်သာ ဖြတ်သန်းနေရလေသည်။ ထိုအချိန်အတောအတွင်း စမ်းသပ်မှု အမျိုးမျိုးကို ကြုံခဲ့ရသည်။ အချို့ စမ်းသပ်မှုများသည် သူ့အား ဆေးဖော်စပ်ရာ၌ အသုံးပြုသော အစီအရင်များကို ဆွဲခိုင်းချိန် အချို့မှာတော့ ဆေးလုံးများကို ဖော်စပ်ခိုင်းပေသည်။ အချို့ စမ်းသပ်မှုများမှာမူ မီးစွမ်းအင်အပေါ် ထိန်းချုပ်နိုင်မှုကို စမ်းသပ်ကြ၏… စမ်းသပ်မှုများမှာ အမျိုးမျိုးဖြစ်ပြီး ထူးလည်း ထူးဆန်းပေသည်။

သို့သော်ငြား စမ်းသပ်ချက်အားလုံးသည် ဆေးပညာနှင့်သာ ပက်သက်နေလေ၏။ ထိုစမ်းသပ်မှုများကို တွေ့ပြီးနောက် သူ့ခန်မှန်းချက် မှန်ကန်နေပြီမှန်း ရန်ကိုင် နားလည်သွားခဲ့သည်။

ဤစမ်းသပ်မှုများသည် ကုန်းစွန်းမူမှ နောက်မျိုးဆက်များ၏ ဆေးပညာစွမ်းရည်ကို စမ်းသပ်ရန် ချန်ထားရစ်ခဲ့သည့် စမ်းသပ်ချက်များ ဖြစ်ပေသည်။ သူသည် ဆေးဝိဇ္ဇာတစ်ဦး ဖြစ်သည့်အတွက် သူ့လိုဏ်ဂူထဲသို့ ဝင်လာသည့် လူများ၏ ဆေးစွမ်းရည်ကို စမ်းသပ်သည်မှာ သဘာဝသာ ဖြစ်လေသည်။

သူ့ခေတ်သူ့အခါက အလွန်တော်သည့် ဆေးပညာရှင် တစ်ဦး ဖြစ်ခဲ့သည့်အလျောက် ကုန်းစွန်းမူသည် သူ့အမွေကို ဆေးပညာရှင်တစ်ဦးဆီသို့သာ ပေးချင်သည်။ ဤစမ်းသပ်ချက် အားလုံးသည် လူတစ်ဦးသည် အရည်အချင်း ပြည့်မှီသော ဆေးပညာရှင်တစ်ဦး ဟုတ်မဟုတ်ကို စစ်ဆေးသည့် စမ်းသပ်ချက်များ ဖြစ်ကြသည်။

ကုန်းစွန်းမူမှ သူ့အမွေကို ဆက်ခံမည့် တပည့် တစ်ဦးကို ရှာချင်သည့်အတွက် ဤစမ်းသပ်မှုများကို ဖန်တီးထားခြင်းလည်း ဖြစ်နိုင်ပေသည်။

…

ကျောက်တုံးခန်းထဲ၌… ယခုလေးတင် ဖော်စပ်ပြီးထားသော ဆေးလုံးများကို ကျောက်တုံး စင်မြင့်ပေါ်ရှိ မြောင်းထဲသို့ ထည့်လိုက်သည့်နောက် သူ့ရင်းနှီးနေသည့် တည်နေရာကူးပြောင်းခြင်း ခံစားချက်ကို ထပ်မံ ရရှိလိုက်လေသည်။

အသိပြန်ဝင်လာပြီးနောက် ပတ်ဝန်းကျင်ကို စစ်ဆေးပြီးသည့် အချိန်၍ ရန်ကိုင် ပျော်ရွှင်စွာ ပြုံးလိုက်လေ၏။ အကြောင်းမှာ သူလက်ရှိ ရောက်နေသည့် နေရာသည် ကျောက်တုံးခန်းမဟုတ်တော့ဘဲ လိုဏ်ခေါင်း တစ်ခု ဖြစ်နေသည့် အတွက်ကြောင့်ပင်။

ဤလိုဏ်ခေါင်းသည် ထူးထူးခြားခြားကို ခြောက်ကပ်နေ၏။ တစ်စုံတစ်ခု ဆူပွက်နေသည့် အသံများမှာလည်း ထူးဆန်းစွာ ထွက်ပေါ်နေခဲ့သည်။ ထို့အပြင် ဤလိုဏ်ခေါင်းသည် အလွန်ကိုမှ ပူပေသည်။

ရန်ကိုင်သည် အရင်းအမြစ်ချီကို လှည့်ပတ်၍ သူ့ကိုယ်သူ ကာကွယ်ရင်း မီးနီရောင်အလင်းတန်း ထွက်ပေါ်နေသည့် နေရာဆီသို့ လျှောက်သွားလိုက်၏။

ခဏအကြာတွင် ကျောက်တုံးလိုဏ်ဂူတစ်ခုထဲသို့ ရောက်လာခဲ့လေသည်။

သူ့ရှေ့တည့်တည့်တွင် မီးနီရောင်တောက်နေသည့် နေရာတစ်ခု ရှိနေခဲ့သည်။ မျက်လုံးမှေးစဉ်း၍ လှမ်းကြည့်လိုက်သည့်အခါ ချော်ရည်စီးကြောင်းတစ်ခု ဖြစ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။ ချော်ရည်များသည် တစ်နေရာတွင် စုစည်းသွားပြီး ချော်ရည်အိုင် ဖြစ်နေခဲ့၏။ မကြာခဏဆိုသလို ချော်ရည်ပူပေါင်းများ တစ်လုံးပြီး တစ်လုံး ထွက်ပေါ်လာကာ ပေါက်ကွဲထွက်ကုန်လေသည်။

All Chapters