အခန်း (၂၀၅၁-၂၀၅၅)
Vol. 83 Ch. 2051-2055
အပိုင်း(၂၀၅၁)
မြေအောက်လှိုဏ်ဂူကြီးသည် အလွန်ကိုမှ ကျယ်ဝန်းပေသည်။ အလယ်တွင်ရှိနေသော ချော်ရည်ကန် ဘေး၌ ပစ္စည်းအချို့လည်း ရှိနေခဲ့သည်။ ပတ်ဝန်းကျင်အား သေချာမစူးစမ်းရသေးခင်မှာပင် လျှို့ယန်၏အသံကို ကြားလိုက်ရလေသည်။ "သခင်"
သူမ၏အသံကိုကြားသည့်အခါ ရန်ကိုင်သည် လျှို့ယန်အား အပြင်သို့ ထုတ်ပေးလိုက်သည်။
လျှို့ယန်သည် လူပုံစံသို့မပြောင်းဘဲ ငှက်ပုံစံဖြင့်သာ ရန်ကိုင့်ခေါင်းထက်တွင် ဝဲနေခဲ့လေသည်။ သူမ၏ အကြည့်မှာတော့ ရှေ့ဘက်တွင်ရှိနေသော ချော်ရည်ကန်ဆီသို့သာ ရောက်နေခဲ့သည်။
"အဲ့ကန်ထဲမှာ နင့်အတွက်အသုံးဝင်တာရှိလို့လား" လျို့ယန်၏အကြည့်ကို သတိထားမိလိုက်သော် ရန်ကိုင်က ချက်ချင်းမေးလိုက်လေသည်။
လျို့ယန်က ချက်ချင်းပဲ ပြန်ပြောလိုက်၏။ "အဲ့ကန်အောက်မှာ တစ်ခုခုရှိနေတယ်။ ကျွန်မတစ်ချက် သွားစစ်ဆေးကြည့်လိုက်အုံးမယ်"
ပြောပြီးသည်နှင့် တောင်ပံများကိုဖြန့်ကျတ်၍ ချော်ရည်ကန်ထဲသို့ တိုက်ရိုက်ထိုးဆင်းသွားလေသည်။
"သတိထားအုံးနော်" ရန်ကိုင်က အလျင်စလို လှမ်းအော်ဟစ်သတိပေးလိုက်သည်။
သို့သော်လျို့ယန်မှာ ပျောက်ကွယ်သွားနေခဲ့လေပြီ။ ရန်ကိုင်ခေါင်းသာ ခါမိလိုက်တော့၏။
ယခုမှပဲ ပတ်ဝန်းကျင်ကို သေချာစတင်စစ်ဆေးခွင့် ရတော့လေသည်။ ဒီကျောက်လှိုဏ်ဂူကြီးသည် အလွန်ကိုမှ ကျယ်ဝန်းလင့်ကစား တစ်ခန်းလုံးပြောင်ရှင်းနေခဲ့သည်။
မကြာမီတွင် ရန်ကိုင်၏အကြည့်သည် တစ်ခုသော နေရာဆီသို့ ရောက်သွားခဲ့သည်။ ထိုနေရာတွင် လူပုံစံ ပုံရိပ်တစ်ခု တင်ပလ္လင်ခွေထိုင်နေကြောင်း တွေ့ရှိလိုက်ရ၏။
ရန်ကိုင်မျက်မှောင်ကြုတ်သွားခဲ့ပြီး ကောင်းကင်စိတ်အာရုံကို ချက်ချင်းဖြန့်ကျက်ကာ ထိုပုံရိပ်ကို စစ်ဆေးကြည့်လေသည်။
ထိုအရာသည် အခြားမဟုတ်ဘဲ လူအရိုးခြောက်တစ်ခု ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။ ထိုလူတွင် မည်သည့်အသက်စွမ်းအင် အရှိန်အဝါမှ မရှိတော့ချေ။ အရိုးများသီးသန့်သာ ကျန်ရစ်တော့၏။
"ငါထင်တာမမှားရင် ဒါကုန်းစွန်းမင်ရဲ့အလောင်း ဖြစ်လောက်တယ်။ မဟာဆေးဧကရာဇ်ရဲ့ တတိယတပည့်လည်းဟုတ်တယ်။ သူ့ခေတ်သူ့အခါက ဆေးဝိဇ္ဇာတစ်ပါးလည်းဖြစ်တယ်။ အဲ့လိုလူတစ်ယောက်က ဒီလောကကြီးရဲ့အထွဋ်အထိပ်မှာ ရပ်နေသင့်တာ။ အဲ့ဒါကို ဒီလိုယွမ်မီးဖိုတောင်လို ဘာမဟုတ်တဲ့နေရာမျိုးမှာ လာသေရမယ်လို့ ဘယ်သူထင်ထားခဲ့မှာလဲ။ ဟူး…" ရန်ကိုင် သက်ပြင်းထပ်တလဲလဲ ချမိလိုက်လေသည်။
မဟာဆေးဧကရာဇ်ကပင် နှင်ထုတ်ရသည်အထိ ကုန်းစွန်းမင်မှ ဆေးဧကရာဇ်အား မည်ကဲ့သို့ ရန်စမိလိုက်သလဲဆိုသည်ကို ရန်ကိုင်မတွေးတတ်နိုင်အောင် ဖြစ်နေခဲ့လေသည်။
သေသွားသည့်တိုင် သူ့အလောင်းအားလာယူပေးမည့် လူတစ်ယောက်တစ်လေမှပင် ရှိမနေခဲ့ပေ။ ဆုံးဖြတ်ချက် ချပြီးသော် ရန်ကိုင်သည် အရိုးခြောက်ဆီသို့ လျှောက်သွားလိုက်ပြီး လက်သီးဆုပ်ကာ အသာအယာ ဦးညွှတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေကာမူ ကုန်းစွန်းမင်သည် အကြီးအကဲ တစ်ဦးဖြစ်သည်။ အရေးအကြီးဆုံးအချက်မှာ ဆေးဝိဇ္ဇာတစ်ဦး ဖြစ်နေခြင်းပင်။
ထို့ကြောင့် ဤနေရာ၌ သူသေသွားရသည်ဆိုလျှင်ပင် သူသည် ရန်ကိုင် ဦးညွှတ်ထိုက်သည့် လူတစ်ဦး ဖြစ်နေဆဲ။
ပြန်ရပ်လိုက်ပြီးသည့်နောက်တွင် ရန်ကိုင်၏ အကြည့်သည် ကုန်းစွန်းမူ ရှေ့တွင်ရှိနေသော အရာဆီသို့ ရောက်သွားခဲ့သည်။
ကုန်းစွန်းမူသည် ဤနေရာတွင် သေသည်အထိ နေသွားခဲ့ခြင်း ဖြစ်လောက်သည်။ သူနှင့်မလှမ်းမကမ်း နေရာတွင် အိုးသေးသေးလေးတစ်လုံးရှိနေခဲ့လေသည်။
ထိုအိုးလေးသည် သာမန်လူများ ထမင်းဟင်းချက်ရာတွင် သုံးသည့် ဒယ်အိုးစောက်တစ်လုံးနှင့် တူသော်ငြား အရွယ်အစားပိုသေးပေသည်။
ထိုဒယ်အိုးစောက်၏ အောက်ဘက်တွင်တော့ မြေမီးတောက်များ လောင်ကျွမ်းနေခဲ့သည်။ ကုန်းစွန်းမူသည် အစီအရင်တစ်ခုကိုသုံး၍ ထိုမြေမီးတောက်များကို ထုတ်ယူထားခြင်းဖြစ်သည်။
ရန်ကိုင် ဂရုစိုက်သည့်အရာမှာ ဒယ်အိုးစောက်မဟုတ်ဘဲ ဒယ်အိုးစောက်အတွင်း၌ ရှိနေသည့်အရာသာ ဖြစ်လေသည်။
ဆေးရည်တစ်မျိုးသည် ထိုဒယ်အိုးစောက်ထဲတွင် အဆက်မပြတ် ဆူပွက်နေခဲ့လေသည်။ ဆေးရည်များမှာ များများစားစားမရှိလှဘဲ ပန်းကန်တစ်လုံးစာလောက်သာ ရှိ၏။
မကြာမကြာ ဆေးရည်အတွင်းမှ ပူစီဖောင်းများ ထွက်လာလေသည်။ ထိုပူစီဖောင်းများ ပေါက်ကွဲထွက်သွား သည့်အခါ ရောင်စုံအလင်းရောင်တို့ ဖြာထွက်လာခဲ့၏။
တစ်ချိန်တည်းတွင် ထူးဆန်းသည့် သင်းရနံ့တစ်ခုဟာလည်း လှိုဏ်ဂူထဲပျံ့နှံ့လာခဲ့လေသည်။ ထိုအနံ့ကို ရှူရှိုက်မိလိုက်သည့်အခိုက် ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။
ဤရနံ့ကို သူရင်းရင်းနှီးနှီးကို သိနေခဲ့သည်။ အကြောင်းမှာ ဤအနံ့သည် ယွမ်မီးဖိုတောင်အပြင်ဘက်တွင် ပေါ်လာသည့်အနံ့ပင် ဖြစ်နေသည့် အတွက်ကြောင့်ပင်။
ကျင့်ကြံသူပေါင်းများစွာသည် ထူးဆန်းသည့်ဖြစ်စဉ် တစ်ခုကြောင့် ယွမ်မီးဖိုတောင်ဆီသို့ ရောက်လာခဲ့ကြလေသည်။
ထိုဖြစ်စဉ်နှင့်အတူ ထွက်ပေါ်လာသော ဆေးရနံ့သည် လက်ရှိဆေးအိုးထဲမှ ထွက်ပေါ်လာသည့် ပူစီဖောင်းများ ပေါက်ကွဲရာမှ ထွက်ပေါ်လာသည့် ဆေးရနံ့နှင့်အတူတူပင် ဖြစ်လေသည်။
ထိုဆေးအိုးကိုကြည့်ရင်း ရန်ကိုင်အတွေးနက်သွားခဲ့၏။ "ဒီတော့တော့ ယွမ်မီးတောင်အပြင်ဘက်မှာ ပေါ်လာတဲ့ ဖြစ်စဉ်က အဖိုးတန်ရတနာတစ်ခုခုမွေးဖွားလာလို့ မဟုတ်ဘဲ ဒီဆေးအိုးထဲက ဆေးရည်ကြောင့်ပေါ့"
ထိုသို့တွေးလိုက်မိသည့်နောက် ဆေးအိုးထဲတွင် ရှိနေသောဆေးရည်အပေါ် ရန်ကိုင်အလွန်ကိုမှ စိတ်ဝင်စားသွားလေသည်။
ဆေးအိုးထဲရှိဆေးရည်သည် အဆိပ်မရှိဘဲ ကျင့်ကြံသူ တစ်ဦးအတွက် အလွန်ကိုမှအဖိုးတန်သည့် ဆေးအရည်တစ်မျိုးဖြစ်မှန်း သိနေသည့်တိုင် ဆေးအရည် အကြောင်း သေသေချာချာနားမလည်နိုင်သေးခင် ထိုဆေးရည်အား သွားမသောက်ရဲပေ။
လှည့်ပတ်ကြည့်လိုက်ပြီးနောက် ကုန်းစွန်းမူအရိုးခြောက်၏ ရှေ့ဘက်တွင် ကျောက်စိမ်းပြားတစ်ပြားကို သွားတွေ့သည်။
ဤကျောက်စိမ်းပြားသည် ကုန်းစွန်းမူမသေခင် သူ့ရှေ့တည့်တည့်တွင် ချန်ထားရစ်ခဲ့ခြင်း ဖြစ်လောက်သည်။
သူ့ရည်ရွယ်ချက်မှာ ရှင်းပေသည်။ သူပြောချင်သည့် အကြောင်းအရာကို နောက်မျိုးဆက်များ သိရှိစေရန်အတွက် ဖြစ်၏။
ရန်ကိုင်သည် ထိုကျောက်စိမ်းပြားကို သူ့ကောင်းကင်စိတ်အာရုံဖြင့် ဦးစွာ စစ်ဆေးကြည့်သည်။ မည်သည့်အန္တရာယ်မှမရှိမှန်း သေချာသွားသည့်အခါမှသာ ကျောက်စိမ်းပြားကို ကောက်ယူလိုက်၏။
သို့ရာတွင် ရန်ကိုင်မှကျောက်စိမ်းပြားအား ကောက်ယူလိုက်သည့်အခိုက် ပြောင်းလဲမှုတစ်ခုရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
သေသွားသည်မှာ နှစ်ပေါင်းများစွာကြာညောင်းနေပြီ ဖြစ်သည့်အတွက်ကြောင့် အရိုးခြောက်သာကျန်ရစ်တော့သော ကုန်းစွန်းမူသည် ရုတ်တရက်လှုပ်ရှားလာခဲ့သည်။
ဟာလာဟင်းလင်းဖြစ်နေသော သူ၏မျက်တွင်းပေါက် များသည် အစိမ်းရောင်တလက်လက် တောက်ပလာခဲ့လေ သည်။
ထိုအစိမ်းရောင်အလင်းတို့သည် ရုတ်တရက် အပြင်သို့ ပျံထွက်လာပြီး အလင်းလုံးတစ်လုံးအဖြစ်သို့ စုဝေးကာ ရန်ကိုင့်ဆီသို့ တည့်တည့်တိုးဝင်သွားလေ၏။
ရန်ကိုင်မှာ ထိုရုတ်တရက်ဖြစ်ပေါ်လာသည့် အဖြစ်အပျက်ကြောင့် အံ့အားသင့်သွားခဲ့ပြီး ချက်ချင်း နောက်သို့ ခုန်ဆုတ်လိုက်လေသည်။
တစ်ချိန်တည်းတွင် သူ့စွမ်းအင်ကိုလှည့်ပတ်၍ သူ့ခန္ဓာကိုယ်ပတ်လည်၌ အကာအရံတစ်ခုဖန်တီးလိုက်၏။
သို့သော်ငြား အလင်းလုံးသည် ရန်ကိုင်၏အကာအကွယ်ကို လစ်လျူရှုကာ သူ့ရင်ဘက်ထဲသို့ တိုက်ရိုက်တိုးဝင် ပျောက်ကွယ်သွားခဲ့လေသည်။
ထိုအခိုက်အတန့်၌ ရန်ကိုင်သည်အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့လေရာ သူ့တစ်ကိုယ်လုံး ချွေးအေးများဖြင့်ပင် စိုရွှဲလာခဲ့လေသည်။
ချက်ချင်းပဲ သူ့ခန္ဓာကိုယ်အား ကောင်းကင်စိတ်အာရုံဖြင့် အလျင်အမြန် စစ်ဆေးကြည့်လိုက်လေ၏။
သို့ရာတွင် မည်သည့်ဒဏ်ရာမှ ရမထားကြောင်း ထူးဆန်းစွာ တွေ့ရှိလိုက်ရလေသည်။ သူ့ခန္ဓာကိုယ်နှင့် ပတ်သက်၍ အကုန်လုံးသည် ပုံမှန်သာဖြစ်နေ၏။
ထိုကိစ္စဖြစ်ပြီးသည့်နောက်တွင် ကုန်းစွန်းမူ၏ အရိုးခြောက်သည် နောက်ဆုံးလက်ကျန်စွမ်းအင်အားလုံးကို ဆုံးရှုံးလိုက်ရသည့်အလား မြေပြင်ပေါ်သို့ လဲကျသွားလေ၏။
အရိုးများသည်လည်း တစ်စစီကျိုးကြေကုန်လေသည်။ ခဏအကြာတွင် အကုန်လုံး ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
ရန်ကိုင်သည် မျက်မှောင်ကြီးကြုတ်လျက် ကျောက်စိမ်းပြားကိုကိုင်ရင်း ကုန်းစွန်းမူ၏အလောင်းကို မှင်သေသေဖြင့် ရပ်ကြည့်နေခဲ့သည်။ ကုန်းစွန်းမူ ပြင်ဆင်ထားခဲ့သည့် ထောင်ချောက်တစ်ခုကို သူမတော်တဆ သွားထိမိခဲ့ခြင်း ဖြစ်သည်။
အချိန်အတော်ကြာအောင် စဉ်းစားနေပြီးသည့် နောက်တွင် ရန်ကိုင်သည် အံကြိတ်ကာ ထိုင်ချလိုက်လေသည်။ ထို့နောက် သူ့ကောင်းကင်စိတ်အာရုံကို ကျောက်စိမ်းပြားထဲသို့ ထည့်သွင်းလိုက်လေ၏။
ကုန်စွန်းမူသည် ဤကျောက်စိမ်းပြားအား တမင်သက်သက် ချန်ထားခဲ့ခြင်းဖြစ်သည်ဟု သူ့စိတ်ထဲ ခံစားနေရသည်။
ထိုသို့သာဖြစ်မည်ဆိုလျှင် ဤကျောက်စိမ်းပြားထဲ သဲလွန်စအချို့ကို ချန်ထားရစ်ခဲ့လောက်ပေသည်။
"မဟာဆေးဧကရာဇ်ရဲ့တတိယတပည့်ဖြစ်တဲ့ ငါကုန်းစွန်းမူက သူတောင်းစားတစ်ယောက်လို ဆိုးဆိုးရွားရွား နေခဲ့ရတဲ့အချိန်မျိုးမှာ မဟာဧကရာဇ်ကို တွေ့ခဲ့ရတယ်။ မဟာဧကရာဇ်က ငါ့ကို လုံးဝအထင်မသေးခဲ့ဘူး။ တပည့်အဖြစ်တောင် လက်ခံသေးတယ်" သူထင်ထားသည့် အတိုင်းပင် ကျောက်စိမ်းပြားသည် ကုန်းစွန်းမူမှ ချန်ရစ်ခဲ့ခြင်း ဖြစ်ပေသည်။
ထိုသို့ဆိုလျှင် ဤလှိုဏ်ဂူသည်လည်း ကုန်းစွန်းမူနေခဲ့သည့်နေရာ ကျိန်းသေဖြစ်ရပေမည်။ ကျောက်စိမ်းပြားထဲရှိ အချက်အလက်များမှာ အလွန်ကိုမှ ရှုပ်ထွေးလှသည်။
အစပိုင်းသည် ကုန်းစွန်းမူအကြောင်းဖြစ်ပေသည်။ ကုန်းစွန်းမူသည် အမှန်တစ်ကယ်ကို ကံမကောင်းသည့် လူတစ်ဦးဖြစ်သည်။
သူငယ်ရွယ်စဉ်က ဆင်းရဲဒုက္ခများစွာနှင့် ကြုံတွေ့ခဲ့ရပေသည်။ စားသောက်စရာမရှိသဖြင့် အစာငတ်ခဲ့ရသည့်ရက်ပေါင်းလည်း မနည်းချေ။
ထိုသို့ပင်ဖြစ်လင့်ကစား သူ့ကံမှာ အလွန်ကိုမှ ကောင်းသည်ဟုလည်း ပြော၍ရသည်။
ဆင်းဆင်းရဲရဲနှင့် နေနေရစဉ် အတောအတွင်း ကုန်းစွန်းမူသည် မဟာဆေးဧကရာဇ်၏ သတိပြုမိခြင်း ခံလိုက်ရလေသည်။
ထို့နောက် အဆင့်နိမ့်တပည့်တစ်ဦးအဖြစ် လက်ခံခြင်း ခံလိုက်ရပြီး မဟာဆေးဧကရာဇ် ဘေးနားတွင်နေကာ ဆေးပညာရပ်များကို သင်ယူခွင့်ရခဲ့သည်။
"ငါ့အရည်အချင်းက ငါ့စီနီယာအစ်ကိုနှစ်ယောက်ထက် အများကြီးပိုသာတယ်။ အဲ့ဒါကြောင့်မလို့လည်း မဟာဧကရာဇ်က ငါ့ကိုအရမ်းချစ်တာ။ သူသိထားတဲ့ အရာတွေအကုန်လုံးကို ငါ့ကိုသင်ပေးတယ်။ ဘာမှမချန်ထားဘူး။ ဒီလိုနဲ့ ငါ့ဆေးပညာစွမ်းရည်က ငါ့စီနီယာအစ်ကိုနှစ်ဦးကို ခဏလေးနဲ့ ကျော်တက်သွားတယ်။ ငါနာမည်ကျော်လာတာနဲ့အမျှ ငါကိုယ်တိုင်ကလည်း ပိုပိုပြီးတော့ ဝံ့ကြွားမောက်မာလာခဲ့တယ်။ နောက်ဆုံး ထိန်းမနိုင်သိမ်းမရအထိပါ ဖြစ်လာခဲ့တယ်။ ငါ့စီနီယာအစ်ကို တွေက ငါ့ကိုဖျန်ဖြေဖို့ကြိုးစားပေမယ့် ငါက သူတို့ကိုတောင် ပြန်ပြီး လှောင်ပြောင်လိုက်သေးတယ်။ ဒီလိုနဲ့ ငါတို့ ညီအစ်ကိုတွေကြားမှာ ကတောက်ကဆတွေ ဖြစ်လာတာပေါ့။ အသက်သုံးရာကိုရောက်တဲ့အချိန်မှာ ငါဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦးဖြစ်လာခဲ့တယ်။ အဲ့အချိန်ကစပြီး ကြယ်စင်စုထဲမှာ ငါအရမ်းကို နာမည်ကျော်သွားတော့တာ။ အဲ့လောက်နဲ့တင် ငါ့အတွက်ကမလုံလောက်သေးဘူး။ ငါက ကြယ်တာရာအစုအဝေးထဲ နာမည်ကျော်ကြားချင်ရုံတင် မဟုတ်ဘူး။ ငါ့ဆရာကိုပါ ဆေးတာအိုမှာ ကျော်တက်ချင်တာ။ ဒီတော့ လူသားဆေးလုံးဆိုတဲ့ ဆေးလုံးတစ်လုံးကို ငါစပြီး သုတေသနလုပ်တော့တယ်။ ရှင်းရှင်းပြောရရင် အဲ့ဆေးလုံးက လောကကြီးရဲ့ နိယာမတွေနဲ့ သွေဖယ်နေတဲ့ ဆေးလုံးတစ်လုံးမျိုးပဲ။ အဲ့အကြောင်းကို ငါ့စီနီယာအစ်ကိုက ဆရာ့ကို သွားပြောတယ်။ ဆရာ ဒေါသထွက်ပြီး ငါ့ကို အဲ့အကြောင်း သုတေသနဆက်မလုပ်ဖို့တားတယ်။ ဒါပေမယ့် ငါကလက်မခံဘူး။ အပေါ်ပိုင်းမှာ လက်ခံချင်ယောင်ပြပေမယ့် ငါ့ဘာသာငါ တိုးတိုးတိတ်တိတ် အဲ့အကြောင်းကို သုတေသန ဆက်လုပ်တယ်။ ငါတစ်ကယ်ကို ထိန်းမနိုင် သိမ်းမရဖြစ်ခဲ့တာ။ အသက်သုံးရာ့ငါးဆယ်ရောက်တဲ့ အချိန်မှာ အဲ့လျှို့ဝှက်ချက်ကို ပထမစီနီယာအစ်ကိုက တွေ့သွားတယ်။ ငါလည်းဒေါသထွက်ပြီး ပထမစီနီယာ အစ်ကိုကို တိုက်ခိုက်လိုက်တာ သူဆိုးဆိုးရွားရွား ဒဏ်ရာရသွားရော။ အဲ့မှာဆရာက ဒေါသထွက်ပြီး သည်းမခံနိုင်တော့တဲ့အဆုံး ငါ့ကို သူ့နေရာကနေ မောင်းထုတ်ပစ်လိုက်တယ်။ ဒီလိုနဲ့ ယွမ်မီးဖိုတောင်ဆီ ငါရောက်လာခဲ့တာပဲ" ကုန်းစွန်မူ၏ဘဝအကြောင်းကို ကျောက်စိမ်းပြားထဲတွင် မှတ်တမ်းတင်ထားခဲ့ပေသည်။
ကုန်းစွန်းမူပြောပုံအရ သူ၏အရည်အချင်းသည် သူ့ဆရာနှင့်ပင် ယှဉ်နိုင်ပေသည်။
သို့ရာတွင် ကုန်းစွန်မူသည် ထိုမျှလောက်နှင့် မကျေနပ်။ သူ့ဆရာအား ကျော်တက်ချင်သည်။ ထို့ကြောင့် လူသားဆေးလုံးဟူသော ဆေးလုံးတစ်မျိုးကို စတင်သုတေသနလုပ်တော့လေသည်။
လူသားဆေးလုံးသည် မည်သို့သောဆေးလုံးဖြစ်သလဲ ဆိုသည်ကိုတော့ ကုန်းစွန်းမူပြောမသွားခဲ့ပေ။
သို့သော်ငြား သူ့ဆရာပင် သည်းမခံနိုင်ရသည်ကို ကြည့်လျှင် လူသားဆေးလုံးဆိုသည့် အရာသည် ကောင်းမွန်သည့် အရာတစ်ခုမဟုတ်မှန်းတော့ သေချာပေသည်။
သူ့ဆရာဆီမှ မောင်းထုတ်ခံလိုက်ရခြင်းမှာ လူသားဆေးလုံးအား ဆက်လက်သုတေသနလုပ်နေသည့် အတွက်ကြောင့်ဖြစ်သလို သူ့စီနီယာအစ်ကိုကို ဆိုးဆိုးရွားရွားထိခိုက်သွားအောင် တိုက်ခိုက်ခဲ့သည့် အတွက်ကြောင့်လည်း ပါပေသည်။
သူ့ဆရာ၏ ကန်ထုတ်ခြင်း ခံလိုက်ရပြီးသည့် နောက်တွင် ကုန်းစွန်းမူသည် ယွမ်မီးဖိုတောင်တွင် လာရောက်အခြေချလေသည်။
ထိုခါးသီးလှသည့်ဘဝတစ်ကွေ့ကို ဖြတ်ကျော်လာပြီးသည့်နောက်တွင် ကုန်းစွန်းမူ၏ စိတ်ပိုင်းဆိုင်ရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့လေသည်။ သူ့အမှားကိုလည်း သူသိလာခဲ့သည်။
မဟာဆေးဧကရာဇ်ဆီသို့ အကြိမ်ပေါင်းများစွာ ပြန်ချင်ခဲ့သော်ငြား သူ့တစ်သက်လုံး မဟာဆေးဧကရာဇ်အား တစ်ကြိမ်မှပင် ထပ်တွေ့ခွင့် မရတော့ချေ။
နောက်ဆုံးတွင် ဤလှိုဏ်ဂူထဲ၌ တစ်ကိုယ်တည်း အရိုးထုတ်သွားခဲ့ရလေသည်။
ထိုအကြောင်းများအပြင် ကျောက်စိမ်းပြားထဲတွင် ကုန်းစွန်းမူ၏ဆေးပညာအပေါ် နားလည်မှုများလည်း ပါဝင်နေသေးပေသည်။
တစ်နည်းဆိုရသော် ဤကျောက်စိမ်းပြားသည် ကုန်းစွန်းမူမှ ဆေးပညာအကြောင်း မှတ်တမ်းတင်ထားသည့် မှတ်တမ်းတစ်ခုဖြစ်လေရာ မည်သည့်ဆေးပညာရှင် အတွက်မဆို အလွန်ကိုမှ အသုံးဝင်ပေသည်။
ကျောက်စိမ်းပြားထဲ၌ အမျိုးမျိုးသော ဆေးညွှန်းများ၊ ဆေးဖော်စပ်ရာတွင် အသုံးပြုသည့် အစီအရင်များ၊ ဆေးသိပ်သည်းခြင်းနည်းစနစ်များ စသဖြင့် အမျိုးမျိုးသော အကြောင်းအရာများ ရှိနေခဲ့သည်။
သို့သော်ငြား ကျောက်စိမ်းပြားထဲတွင် ရှိနေသော အကြောင်းအရာများမှာ သူ့ဘာသာ ဥာဏ်အလင်းပွင့်ပြီးမှ နားလည်လာသည့် အကြောင်းအရာများဖြစ်ပြီး မဟာဆေးဧကရာဇ်မှ သင်ကြားပေးသည့် အကြောင်းအရာများ မဟုတ်ကြောင်းကိုလည်း ကုန်းစွန်းမူမှ ပြောပြသွားခဲ့သေးသည်။
ဆေးဧကရာဇ်၏ ခွင့်ပြုချက်မရှိဘဲနှင့် သူသင်ပေးထားသော အကြောင်းအရာများကို အခြားသူများအား လျှောက်မပြောပြနိုင်ပေ။
"မင်းဘယ်သူလဲဆိုတာတော့ငါမသိဘူး။ ဒါပေမယ့် ပြင်ဆင်ထားတဲ့ စမ်းသပ်မှုတွေကို ကျော်ဖြတ်ပြီး ဒီကျောက်စိမ်းပြားကို ရနိုင်တယ်ဆိုတော့ မင်းကိုယ်တိုင်ကလည်း ဆေးပညာရှင်တစ်ယောက် ဖြစ်တယ်လို့ ပြောလိုက်တာပဲ။ အခု မင်းကငါ့ဆက်ခံသူလို့ ပြောလိုရသွားပြီ။ ကျောက်စိမ်းပြားက မင်းလက်ထဲ ရောက်နေပြီဆိုမှတော့ မင်းကငါ့ရဲ့ဝိဉာဉ်ညှိုးရော်ခြင်းစည်း ထိတာ ခံရပြီးသွားပြီပေါ့။ ဒီဝိဉာဉ်ညှိုးရော်ခြင်းစည်းက နောက်နှစ်တစ်ရာအတွင်း မင်းကိုဘာမှလုပ်မှာမဟုတ်ဘူး။ ဒါပေမယ့် နှစ်တစ်ရာကြာပြီးရင်တော့ မင်းရဲ့ဝိဉာဉ်ကို တဖြည်းဖြည်း ဝါးမြိုလာလိမ့်မယ်။ ဒီစည်းကိုဖယ်ရှားဖို့ နည်းလမ်း နှစ်ခုပဲရှိတယ်။ တစ်နည်းက ကျင့်ကြံခြင်းမှာ ငါ့ထက်ပိုမြင့်အောင် ကျင့်ကြံဖို့ပဲ။ နောက်တစ်ခုကတော့ ငါ့ဆရာကို သွားရှာပြီး အကူအညီတောင်းပေါ့။ နှစ်တစ်ရာ အတွင်းမှာ မင်းငါ့ဆရာကိုသွားတွေ့ပြီး ဒီကျောက်စိမ်းပြားကို သူ့ကိုပေး။ ပြီးရင် ငါ့အလောင်းကို သူ့ဆီပြန်သယ်သွားခွင့် ပေးဖို့ ပြောပေးနိုင်မယ်လို့ ငါမျှော်လင့်တယ်။ လျော်ကြေး အနေနဲ့ ငါ့လက်ကျန် တစ်ဘဝလုံးလေ့လာခဲ့တဲ့ ရတနာတစ်သောင်းဆေးရည်ကို မင်းကိုယူခွင့်ပေးလိုက်မယ်။ အဲ့ဆေးရည်ရဲ့ အကျိုးကျေးဇူးကို နောက်ပိုင်းကျရင် မင်းသိလာလိမ့်မယ်" ကျောက်စိမ်းပြားထဲရှိ အကြောင်းအရာများမှာ ထိုအထိသာဖြစ်လေသည်။
ကျောက်စိမ်းပြားအား ဖတ်ပြီးသည့်နောက်မှသာ ရန်ကိုင်စိတ်အေးနိုင်တော့၏။ ထို့နောက် သက်ပြင်းအရှည်ကြီး ချလိုက်လေသည်။
နောက်ဆုံးတော့ သူ့ကိုယ်ထဲသို့ဝင်သွားသည့် အစိမ်းရောင်အလုံးမှာ ဘာမှန်းသိသွားခဲ့ရလေပြီ။
ထိုစည်းမှာ နှစ်တစ်ရာကြာပြီးနောက်မှသာ အသက်ဝင်လာမည် ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အရမ်းကြီး စိတ်ပူမနေတော့ချေ။
သူ၏ကျင့်ကြံခြင်းသာ ကုန်းစွန်းမူ၏ကျင့်ကြံခြင်းအား နှစ်တစ်ရာအတွင်း ကျော်လွန်သွားပါက ထိုစည်းအား ဖယ်ရှားပစ်နိုင်ပေလိမ့်မည်။
ကုန်းစွန်းမူ၏ကျင့်ကြံခြင်းအဆင့်ကို မသိသော်ငြား အနည်းဆုံးတော့ ကုန်းစွန်းမူသည် ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်မှာ သေချာပေသည်။
ဧကရာဇ်အဆင့်သို့ နှစ်တစ်ရာအတွင်း ရောက်လိမ့်မည်ဟု သူ့ကိုယ်သူယုံကြည်ချက် အပြည့်ရှိပေသည်။
သူလန့်နေသည်မှာ ကုန်းစွန်းမူသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးဖြစ်နေမည် ဆိုသည့်အချက်ကိုပင် ဖြစ်လေသည်။
ထိုသို့သာဖြစ်မည်ဆိုလျှင်တော့ သူ့အနေဖြင့် ထိုစည်းကို ဖယ်ရှားနိုင်ရန်အတွက် မဟာဧကရာဇ်တစ်ဦးဖြစ်လာမှသာ ရတော့ပေလိမ့်မည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း(၂၀၅၂)
ခဏမျှ ထိုင်စဉ်းစားနေပြီးသည့်နောက်တွင် ရန်ကိုင်သည် ကျောက်စိမ်းပြားအား ပြန်သိမ်းထားလိုက်တော့သည်။
ဝိဉာဉ်ညှိုးရော်ခြင်းစည်းနှင့် ပတ်သက်၍ သူလုပ်နိုင်သည့်ကိစ္စ ဘာဆိုဘာမျှမရှိသဖြင့် ထိုကိစ္စအား ခဏဘေးဖယ်ထားရန်သာ ဆုံးဖြတ်လိုက်သည်။
ထို့နောက် ရန်ကိုင်၏အကြည့်သည် ဆေးရည်အိုးဆီသို့ ရောက်သွားခဲ့သည်။ ကျောက်စိမ်းပြားထဲ၌ ပြောသွားသည့်ပုံအရ ဤဆေးရည်အိုးသည် ကုန်းစွန်းမူမှ သူ့လက်ကျန်တစ်ဘဝလုံး ဖော်စပ်ထားခဲ့သည့် ရတနာတစ်သောင်းဆေးရည်ဖြစ်သည်။
ရတနာတစ်သောင်းဆေးရည်အား ဖော်စပ်ရန် မည်သို့သော ဆေးအမယ်များအား အသုံးပြုခဲ့သလဲ ဆိုသည်ကိုတော့ ရန်ကိုင်မသိပေ။
ရတနာတစ်သောင်းဆေးရည်၏အကျိုးအာနိသင်ကိုလည်း သူမသိချေ။
သို့သော်ငြား ကုန်းစွန်းမူမှ လျော်ကြေးအဖြစ် ပြန်ပေးခဲ့သည့် အရာမှာတော့ လုံးဝကိုသာမန်ဖြစ်လိမ့်မည် မဟုတ်ချေ။
ထို့အပြင် ကုန်းစွန်းမူ၏ လှိုဏ်ဂူတည်ရှိနေခဲ့သည်မှာ နှစ်ပေါင်းထောင်နှင့်ချီနေလေပြီ။ တစ်နည်းဆိုရသော် ဤဆေးရည်အိုးသည် နှစ်ပေါင်း ထောင်နှင့်ချီကြာအောင် ကျိုချက်ထားခံရခြင်းဖြစ်သည်။
အစီအရင်မှ အဆက်မပြတ် ထုတ်ယူပေးနေသည့် မြေမီးတောက်ကြောင့်သာ ဆေးရည်အိုးမှာ ဆက်လက် ဆူပွက်နေနိုင်ခြင်းဖြစ်သည်။
မြေမီးတောက်သာ ရပ်သွားခဲ့မည်ဆိုလျှင်တော့ ဆေးရည်အိုးထဲရှိ ဆေးရည်အားလုံးမှာ အလဟဿ ဖြစ်ကုန်ရပေလိမ့်မည်။
ယွမ်မီးဖိုတောင်သည် ထူးထူးခြားခြားကို ခြောက်ကပ်လွန်းသည်။ မည်သည့်ကျင့်ကြံသူမှ ဤတောင်အားဂရုမစိုက်ကြချေ။ ထိုသို့ဖြစ်ရခြင်းမှာ ကုန်းစွန်းမူ၏လက်ချက်ဖြစ်လောက်သည်။
ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ဦးအတွက် ဤတောင်ငဘ် ဘာဆိုဘာမှအသုံးမဝင်သော ခြောက်ကပ်နေသည့် တောင်တစ်လုံးဖြစ်သည်ဟု အခြားသူများ အထင်လွဲသွားအောင်လုပ်ဖို့ရာ သိပ်မခက်ပေ။
ကျင့်ကြံသူပေါင်းများစွာ ဤနေရာသို့ ရောက်လာရခြင်းသည် ထူးဆန်းစွာထွက်ပေါ်လာသော ရောင်စဉ်များနှင့် ဆေးရနံ့တို့ကြောင့်ဖြစ်လေသည်။
ဖြစ်စဉ်သည် သူ့ရှေ့တွင်ရှိနေသော ဆေးရည်အိုးကြောင့် ဖြစ်လာခဲ့ခြင်းဖြစ်သည်။
အလွန်တရာကိုမှ အဖိုးအနဂ္ဂထိုက်တန်သော ရတနာတစ်ပါးမွေးဖွားလာသည့်အခါမျိုးဖြစ်စေ၊ အလွန်ကိုမှ အဆင့်မြင့်လှသော မှော်ရတနာ သို့မဟုတ် ဆေးလုံးတစ်လုံး ထလုပ်ဖော်စပ်သည့်အခါမျိုးတွင်ဖြစ်စေ လောကပြယုဂ် တစ်ခု ဖြစ်ပေါ်လာလေ့ရှိပေသည်။
ယွမ်မီးဖိုတောင်တွင် ဖြစ်ပေါ်လာသော ပြယုဂ်သည် ဤဆေးရည်အား အောင်မြင်စွာဖော်စပ်နိုင်သည့် အတွက်ကြောင့်သာ ဖြစ်လေသည်။
လောကပြယုဂ်တစ်ခုကိုပင် ဖြစ်ပေါ်လာစေနိုင်သော ဤဆေးရည်သည် ကျိန်းသေကို အလွန်ကိုမှ အဖိုးတန်ပေလိမ့်မည်။
ရန်ကိုင့်အနေဖြင့် ထိုကဲ့သို့သော ဆေးရည်တစ်မျိုးအား ချန်ထားခဲ့စရာအကြောင်းမရှိ။ ထို့ကြောင့် ဆေးရည်အိုးရှေ့၌ ချက်ချင်းပဲ တင်ပလ္လင်ခွေထိုင်ချလိုက်လေသည်။
ထို့နောက် ချီစွမ်းအင်အချို့ကိုသုံး၍ မီးတောက်အား ပိတ်ချလိုက်ပြီး ဆေးရည်အိုးကို သူ့ရှေ့တည့်တည့်ဆီသို့ လှမ်းယူလိုက်လေသည်။
သေချာစစ်ဆေးကြည့်ပြီးသည့်နောက်တွင် ဆေးရည်သည် အလွန်တရာကိုမှ စေးပြစ်သလို သလင်းကျောက်သမျှ ကြည်လင်နေကြောင်းလည်း တွေ့ရှိလိုက်ရလေသည်။
ဆေးရည်အိုးထဲ အညစ်အကြေး မြူတစ်မှုန်စာမျှပင်မရှိ။ ဆေးရည်၏ အောက်ခြေကိုပင် အတိုင်းသားမြင်နေရသည်။
တစ်ချိန်တည်းတွင် ရောင်စုံပူဖောင်းလေးများသည် အိုးအောက်ခြေဆီမှ မျက်နှာပြင်ဆီသို့ ပလုံစီ တက်လာနေခဲ့ လေသည်။
ဆေးရည်ဆီမှ ထွက်ပေါ်လာနေသည့် သင်းရနံ့ကို ရှူရှိုက်မိလိုက်သည့်နောက် သူ့တစ်ကိုယ်လုံး လန်းဆန်း သွားသလို ရန်ကိုင်ခံစားလိုက်ရသည်။ သူ့နှာခေါင်းထက် စွဲထင်ရစ်နေသောအနံ့အား စကားနှင့်ပင်မဖော်ပြနိုင်တော့။
အသန့်စင်ဆုံးသော၊ အမြင့်မြတ်ဆုံးသော အပျိုစင် မိန်းမပျိုတစ်ဦး၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသော ကိုယ်သင်းရနံ့ပင်လျှင် ဆေးရနံ့နှင့်မနှိုင်းယှဉ်နိုင်ပေ။
ဤမျှ မှင်သက်ယစ်မူးဖွယ်ကောင်းလှသော ဆေးရနံ့မျိုး ရန်ကိုင့်တစ်သက်နှင့်တစ်ကိုယ် တစ်ကြိမ်တစ်ခါမှပင် မရခဲ့ဖူးချေ။
တန်ခိုးရှင်ဘုရင်တတိယအဆင့်သို့ ရောက်လာပြီးသည့် နောက်၌ ရန်ကိုင့်အနေဖြင့် တစ်စုံတစ်ခုအပေါ် ဆာလောင်စိတ်မဖြစ်မိသည်မှာ အလွန်ကိုမှ ကြာနေခဲ့လေပြီ။
သူ့လက်ရှိခွန်အားနှင့် ခန္ဓာကိုယ်ကြောင့် ဘာဆိုဘာမှ စားစရာမလိုပေ။ သို့သော်ငြား ဤဆေးရနံ့ကို ရလိုက်ပြီးသည့်နောက် ရန်ကိုင် အလွန်ကိုမှ ဆာလောင်လာခဲ့သည်။
သူ့စိတ်ထဲ ရက်ပေါင်းများစွာကြာအောင် အစာမစားရထားသေးသည့်အလား သူ့လက်ထဲရှိ ဆေးရည်အိုးအား တစ်ကျိုက်တည်း မော့သောက်ပစ်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာခဲ့လေသည်။
နောက်ဆုံး သည်းမခံနိုင်တော့သည့် အဆုံးတွင် ရန်ကိုင်သည် အံကြိတ်ကာ ဆေးရည်အိုးကို ပါးစပ်သို့တေ့၍ စတင်မော့သောက်တော့လေ၏။
ရတနာတစ်သောင်းဆေးရည်အိုးသည် အလွန်ကိုမှ ပူလောင်နေသော်ငြား ဆေးရည် သူ့ပါးစပ်ထဲသို့ ဝင်လာသည့်အခါတွင်တော့ ထိုကဲ့သို့မဟုတ်တော့ပေ။
ဆေးရည်၏အပူချိန်မှာ နွေးနွေးလေးသာဖြစ်နေ၏။ ထို့အပြင် ဆေးသင်းရနံ့ကြောင့် ဆေးရည်သည် သူစားခဲ့ဖူးသည့် မည်သည့်အစားအစာထက်မဆို အဆပေါင်းများစွာ ပိုမိုအရသာရှိနေခဲ့လေသည်။
ရတနာတစ်သောင်းဆေးရည်မှာ ပန်းကန်တစ်လုံးစာလောက်သာရှိသဖြင့် ရန်ကိုင်သည် ခေါင်းမော့ကာ တစ်ကျိုက်တည်း မော့သောက်ပစ်ချလိုက် သည်။
ခဏအကြာတွင် ရန်ကိုင်သည် လေချဉ်အကျယ်ကြီး တက်လိုက်လေသည်။ တစ်ချိန်တည်းတွင် သူ့ပါးစပ်ဆီမှ ရောင်စုံအလင်းရောင်တို့ တောက်ပလာခဲ့သည်။
ရန်ကိုင့်အနေဖြင့် ရတနာတစ်သောင်းဆေးရည်၏ အရသာကို ကောင်းကောင်းမခံစားနိုင်သေးခင်မှာပင် သူ့ဝမ်းဗိုက်တစ်ခုလုံး အလွန်ကိုမှပူလောင်လာသလို ခံစားလိုက်ရလေသည်။
ထိုမှတစ်ဆင့် အပူစီးကြောင်းများသည် ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားခဲ့လေ၏။ ရန်ကိုင်၏ အမူအယာ ရုတ်ချည်း ပြောင်းလဲသွားခဲ့လေသည်။
ဆေးရည်အိုးကို သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်လိုက်ပြီး မျက်လုံးပိတ်ကာ အသက်ရှူနှုန်းကို ထိန်းရင်း ကျင့်စဉ်အား တိတ်တဆိတ်လှည့်ပတ်လိုက်သည်။
ရန်ကိုင်မှ ရတနာတစ်သောင်း ဆေးရည်အား မီးတောက်ပေါ်မှ ဖယ်လိုက်ပြီး အသက်ဆယ်ရှိုက်စာခန့် အကြာတွင် ယွမ်မီးဖိုတောင်တစ်ခုလုံးသည် တဝုန်းဝုန်း မြည်သံများနှင့်အတူ စတင်လှုပ်ခါလာခဲ့လေသည်။
မြေပြင်သည် တုန်ခါလာပြီး ကျောက်စကျောက်န တို့သည် တောင်ပေါ်မှ ပြုတ်ကျလာခဲ့သည်။ တောင်စောင်းသည်လည်း ဘေးတစ်ဖက်သို့ လဲပြိုကျသွားပြီး ယွမ်မီးဖိုတောင်တစ်ခုလုံး မရေမတွက်နိုင်သော ကျောက်အပိုင်းအစများအဖြစ်သို့ ပြိုကျပျက်စီးကုန်လေ၏။
တောင်ထဲရှိ မရေမတွက်နိုင်သော ကျောက်တုံးခန်းများထဲ၌ရှိနေသော ကျင့်ကြံသူအားလုံး၏ အမူအယာမှာလည်း ပြောင်းလဲသွားကုန်ကြလေသည်။
ဘာတွေဖြစ်လို့ဖြစ်နေမှန်း မသိရသေးခင်မှာပင် ကျောက်တုံးခန်းထဲ၌ရှိနေသော တည်နေရာကူးပြောင်းခြင်း အစီအရင်အားလုံး အသက်ဝင်လာခဲ့သည်။
ထို့နောက်တွင် အသက်ရှင်ကျန်ရစ်နေသော ကျင့်ကြံသူ အားလုံး မူလရှိနေသည့်နေရာမှ ပျောက်ကွယ်သွားကုန်ကြ လေသည်။
များမကြာမီတွင် ယွမ်မီးဖိုတောင်မှ မိုင်အနည်းငယ်ခန့် ဝေးကွာသော နေရာတစ်ခုတွင် ပုံရိပ်များ တစ်ခုပြီးတစ်ခု ထူးဆန်းစွာ ထွက်ပေါ်လာခဲ့လေသည်။
လူအားလုံးမှာတော့ လက်ရှိဖြစ်ပျက်နေသည့်အရာအပေါ် လုံးဝကို နားမလည်နိုင်ဖြစ်နေကြလေသည်။
"ရောင်းရင်းလျန် မင်းလည်းအပြင်ပို့ခံလိုက်ရတာလား" မျက်မှောင်ကြုတ်နေသည့် လျန်ယုမင်ကိုမြင်သော် မီးတောက်ကျောင်းတော်၏ ဒုကျောင်းသခင်ဖြစ်သော ကျုံးချင်းက အလျင်စလို လှမ်းအော်မေးလိုက်လေသည်။
ကျုံးချင်း၏အော် သံကိုကြားသည့်အခါ လျန်ယုမင် အံ့အားသင့်သွားခဲ့သည်။ ထို့နောက်ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ "ဟုတ်တယ်။ ကြည့်ရတာ မင်းလည်း အပြင်ပြန်ပို့ခံလိုက်ရတယ်နဲ့တူတယ်"
"အင်း" ကျုံးချင်းသည် ပြိုကျနေသော ယွမ်မီးဖိုတောင်အား အလေးအနက်အမူအယာဖြင့် စိုက်ကြည့်ရင်း မေးလိုက်လေသည်။ "ဘာတွေဖြစ်လို့ အကုန်လုံး အပြင်ပြန်ပို့ခံလိုက်ရတာလဲ"
လျန်ယုမင်က ခဏမျှစဉ်းစားနေပြီးနောက် ပြန်မေးလိုက်၏။ "ရောင်းရင်းကျုံး မင်းအထဲဝင်သွားတုန်းက ကျောက်တုံးခန်းတွေထဲ ရောက်သွားသေးလား"
"ရောက်သွားတယ်။ ကျောက်တုံးခန်းတွေတင် မဟုတ်ဘူး။ ဘာမှန်းမသိတဲ့ စမ်းသပ်မှုတွေနဲ့ပါ ကြုံရတာ။ အကုန်လုံးက ဆေးပညာနဲ့ပတ်သက်နေတာတွေချည်းပဲ။ ဒါနဲ့ ရောင်းရင်းလျန် မင်းကဆေးပညာမှာ ကျွမ်းကျင်တာဆိုတော့ အဲ့စမ်းသပ်မှုတွေက မင်းအတွက် သိပ်မခက်လောက်ဘူးမလား"
လျန်ယုမင်က ဖြေးဖြေးချင်းခေါင်းခါ၍ ပြန်ပြောလိုက်လေသည်။ "ငါက ငါးခန်းမြောက်ကိုပဲ ကျော်သွားနိုင်တာ။ စမ်းသပ်မှုတွေအားလုံးကို အောင်မြင်သွားရင် ဘာရမလဲဆိုတာမသိပေမယ့် စမ်းသပ်မှုတွေအရတော့ ဒီလှိုဏ်ဂူပိုင်ရှင်က ဆေးပညာရှင် တစ်ဦးဖြစ်လောက်တယ်"
ထိုစကားကိုကြားသည့်အခါ ကျုံးချင်းသည် ခဏမျှ စဉ်းစားနေပြီး ခေါင်းငြိမ့်သဘောတူလိုက်လေသည်။ "ရောင်းရင်းလျန်ပြောတာ အမှန်ပဲ။ ခနနေအုံး။ တပည့်တွေကို သူတို့ဘာတွေရလာလဲ တစ်ချက်မေးကြည့်လိုက်အုံးမယ်"
ပြောနေရင်း ကျုံးချင်းသည် ဘေးပတ်လည်သို့ လှည့်ပတ်ကြည့်လိုက်လေသည်။ သို့သော်ငြား တောင်ထဲသို့ ဝင်သွားသည့်တပည့်များအနက် တစ်ဝက်လောက်သာ ကျန်ရှိတော့ကြောင်း တွေ့လိုက်ရသည့်အခါ သူ့အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။
ထိုစဉ် သူ့အကြည့်သည် အနားတွင်ရှိနေသော လူတစ်ဦးဆီသို့ ရောက်သွားခဲ့သည်။ "မင်းလား"
ကျုံးချင်းနှင့်မလှမ်းမကမ်းတစ်နေရာတွင် ကူကယ်ရာမဲ့နေသော ခန်စစ်ရန်ရှိနေခဲ့လေသည်။ ခန်စစ်ရန်သည်လည်း အပြင်သို့ပြန်ပို့ခြင်းခံလိုက်ရ၏။
ထို့ကြောင့်ပင်လျှင် မီးတောက်ကျောင်းတော်၏ တပည့်များကြား ပိတ်မိသွားခဲ့ရလေသည်။ အခြားသူများ နားလည်မှုမလွဲစေရန်အတွက် မဆင်မခြင်လည်း မလှုပ်ရှားရဲခဲ့ချေ။
ထိုစဉ်သူ့အား ကျုံးချင်းမှသတိပြုမိသွားခဲ့လေသည်။ ရွေးစရာမရှိတော့သည်နှင့်လက်သီးဆုပ်၍သာ သူ့ကိုယ်သူ မိတ်ဆက်လိုက်ရတော့သည်။ "မေပယ်မြို့ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာက ဆိုင်ပိုင်ရှင်ခန်စစ်ရန် ဒုကျောင်းသခင်နှစ်ဦးကို နှုတ်ဆက်ပါတယ်"
"စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ" လျန်ယုမင်မျက်လုံး မှေးစင်းသွားခဲ့လေသည်။ "ခရမ်းကြယ်စင်ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာလား"
"ဟုတ်ပါတယ်" ခန်စစ်ရန်ခေါင်းညိတ်လိုက်သည်။ တစ်ချိန်တည်းတွင်လည်း စိတ်သက်သာရာရသွားခဲ့လေသည်။
လက်ရှိအခြေအနေနှင့်ပတ်သက်၍ လုံးဝကို ကူကယ်ရာမဲ့နေသဖြင့် သူမည်သူဆိုသည်ကို ထုတ်ပြောရုံသာ ရှိတော့သည်။ တကယ်တော့ တစ်ဖက်သူ၏ လက်သီးသည် သူ့ထက်ပိုကြီးသည် မဟုတ်ပေလော။
သူလုပ်နိုင်သည့်အရာဆို၍ ခရမ်းကြယ်စင်ကုန်သွယ်ရေး အဖွဲ့အစည်း၏နောက်ခံကို သုံးရုံသာရှိတော့လေသည်။
သူမျှော်လင့်ထားသည့်အတိုင်းပင် ခန်စစ်ရန်၏ နောက်ခံကို သိသွားပြီးနောက် ကျုံးချင်းနှင့်လျန်ယုမင်တို့သည် သူတို့၏ ရန်လိုသည့်အကြည့်ကို ပြန်ရုတ်သိမ်းလိုက်လေသည်။
ထို့နောက်ကျုံးချင်းကပြောလိုက်၏။ "ကျုပ် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာအကြောင်း ကြားဖူးပါတယ်။ ဒီတော့ လူကြီးမင်းက စိတ်ဝိဉာဉ်ဆေးလုံးပလာဇာရဲ့ ဆိုင်ပိုင်ရှင်ခန်ပေါ့။ မမှတ်မိလိုက်လို့တောင်းပန်ပါတယ်နော်"
"ဟာ.. ဒီလိုယဉ်ကျေးနေစရာမလိုပါဘူး ဒုကျောင်းသခင်ကျုံး" ခန်စစ်ရန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။
"ဆိုင်ပိုင်ရှင်ခန် ယွမ်မီးဖိုတောင်ထဲမှာ ဘာတွေဖြစ်သွားလဲ ခင်ဗျားသိလိုက်လား" ကျုံးချင်းက မေးလိုက်သည်။
ခန်စစ်ရန်က ခေါင်းခါ၍ပြန်ပြောလိုက်၏။ "ဒီခန်လည်း ဘာတွေဖြစ်လို့ဖြစ်မှန်းမသိ။ ဒီခန်လည်းအဲ့အကြောင်းကို သိချင်နေတာ"
"ကျုပ်မှတ်မိတာမှန်ရင် ဆိုင်ပိုင်ရှင်ခန်နဲ့ပါလာတဲ့ မိတ်ဆွေတစ်ယောက်ရှိသေးတယ်မလား။ သူရောအခု ဘယ်မှာလဲ" လျန်ယုမင်က မေးလိုက်လေသည်။
ဒီစကားကိုကြားသည့်အခါ ခန်စစ်ရန်၏မျက်နှာ မဲမှောင်သွားခဲ့သည်။ ယွမ်မီးဖိုတောင်ဆီသို့လှမ်းကြည့်ရင်း သက်ပြင်းချလိုက်လေ၏။
"ရောင်းရင်းရန်က ပေါ်မလာမှတော့ တောင်ထဲမှာ တစ်ခုခုဖြစ်သွားလို့ပဲနေမှာပေါ့။ ဒုကျောင်းသခင်တို့ ဘက်ကလည်း တပည့်တွေ တော်တော်များများ ဆုံးရှုံးလိုက်ရတယ်မလား။ ကြည့်ရတာ ဒီယွမ်မီးဖိုတောင်ရဲ့ စမ်းသပ်မှုတွေက အဲ့လောက်မရိုးရှင်းဘူးနဲ့တူတယ်" ရန်ကိုင်ယွမ်မီးဖိုတောင်ထဲတွင် သေသွားပြီဟု ခန်စစ်ရန် ထင်နေခဲ့လေသည်။
တာအိုသခင်အဆင့်ပညာရှင်နှစ်ဦးဖြစ်သော ကျုံးချင်းနှင့်လျန်ယုမင်တို့သည်ပင်လျှင် အပြင်သို့ ပြန်ပို့ခြင်း ခံလိုက်ရလေရာ အပြင်ပြန်မထွက်လာနိုင်သည့် ကျင့်ကြံသူများ၏ ကံကြမ္မာကိုတော့ အလွယ်တကူ ခန့်မှန်းကြည့်နိုင်ပေသည်။
ထိုအကြောင်းကိုပြောပြီးသည့်နောက် ခန်စစ်ရန် အနည်းငယ်ဝမ်းနည်းသွားခဲ့သည်။ ဝမ်းနည်းရသည့် အကြောင်းအရင်းမှာ တာအိုအရင်းအမြစ်ဆေးလုံးတစ်လုံးကို ရှာမတွေ့နိုင်သည့်အတွက်ကြောင့်ဖြစ်သလို ရန်ကိုင်သေသွားသည့်အတွက်ကြောင့်လည်း ပါပေသည်။
ကျုံးချင်းနှင့်လျန်ယုမင်သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် အသီးသီး ခေါင်းညိတ်လိုက်ကြသည်။ ခန်စစ်ရန် ဟန်ဆောင်နေခြင်းမဟုတ်မှန်း သူတို့ သတိပြုမိပေသည်။
ထို့ကြောင့် ခန်စစ်ရန်အား ဆက်၍ဖိအားပေးမနေတော့ဘဲ ပြောလိုက်လေ၏။ "အဲ့လောက်ကြီးလည်း ဝမ်းနည်းမနေပါနဲ့ ဆိုင်ပိုင်ရှင်ခန်။ ဆိုင်ပိုင်ရှင်ခန်အခုပြန်သွားလို့ရပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီယွမ်မီးဖိုတောင်က ကျုပ်တို့မီးတောက် ကျောင်းတော်ရဲ့ပိုင်နက်ထဲမှာဆိုတော့ နောက်တစ်ကြိမ် သေချာထပ်ရှာကြည့်ရအုံးမယ်"
တစ်ဖက်လူ သူ့အားထွက်သွားရန် အမိန့်ပေးနေသည်ကို ခန်စစ်ရန် မည်သို့များသတိမပြုမိဘဲ နေမည်နည်း။
သက်ပြင်း အရှည်ကြီးချလိုက်ပြီးသည့်နောက် ကျုံးချင်းနှင့်လျန်ယုမင်အား လက်သီးဆုပ်နှုတ်ဆက်ကာ မေပယ်မြို့ဆီသို့ ပြန်လည်ထွက်ခွာလာခဲ့လေသည်။
ခဏအကြာတွင် ယွမ်မီးဖိုတောင်တစ်ခုလုံး အပြီးတိုင် ပြိုကျသွားခဲ့လေ၏။
အရာအားလုံး တစ်ဖန်ပြန်လည်တည်ငြိမ်သွားပြီးသည့် နောက်တွင် ကျုံးချင်းနှင့်လျန်ယုမင်သည် လက်ကျန်တပည့်များကို ဦးဆောင်၍ ပြိုကျသွားသော ယွမ်မီးဖိုတောင်အား စတင်ရှာဖွေတော့လေသည်။
သို့ရာတွင် ကံမကောင်းစွာဖြင့် နှစ်လကြာအောင် ရှာဖွေနေခဲ့သည့်တိုင် ဘာဆိုဘာမှရှာမတွေ့ခဲ့ချေ။ သူတို့ ရှာတွေ့ခဲ့ရသည်မှာ ဆိုးဆိုးရွားရွား သေဆုံးသွားပြီဖြစ်သော တပည့်အချို့၏ အလောင်းများသာ ဖြစ်လေ၏။
နှစ်လကြာပြီးသည့်နောက်တွင် မီးတောက်ကျောင်းတော်၏တပည့်များလည်း ထိုနေရာမှ ပြန်လည်ထွက်ခွာသွားခဲ့လေသည်။
အလွန်ကိုမှနက်သော မြေအောက်ထဲရှိ လှိုဏ်ဂူတစ်ခုထဲတွင် ရန်ကိုင်သည် ဒဏ်ရာရထားသည့် သားရဲတစ်ကောင်နှယ် အဆက်မပြတ် အော်ဟစ်နေခဲ့လေသည်။
တစ်စုံတစ်ဦးသာ ရန်ကိုင့်၏အော်ဟစ်သံများကို ကြားပါက ကြောက်ကြောက်လန့်လန့်နှင့် ထွက်ပြေးမိပေလိမ့်မည်။
ရတနာတစ်သောင်းဆေးရည်၏ အာနိသင်မှာ အလွန်ကိုမှ ပြင်းထန်လွန်းလှသည်။ ထိုဆေးရည်အား မော့သောက်ချလိုက်ပြီးသည့်နောက်တွင် ဆေးရည်သည် သန့်စင်လှသည့် စွမ်းအင်စီးကြောင်းများအဖြစ်သို့ ပြောင်းလဲကာ သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားခဲ့လေသည်။
ဆေးအာနိသင်ကြောင့် သူ့သွေးကြောနှင့် ခန္ဓာကိုယ်သည် တတိတိ တိုက်စားခြင်းခံလိုက်ရသော်ငြား အချိန်ကြာလာသည်နှင့်အမျှ ပိုပို၍လည်း မာကြော အားကောင်းလာခဲ့သည်။
သွေးကြောများမှာ ပိုကျယ်လာပြီး ခန္ဓာကိုယ်မှာ ပိုမိုကျစ်လစ်အားကောင်းလာခဲ့လေသည်။ နာကျင်မှုကြောင့် ရန်ကိုင် တစ်ကိုယ်လုံး အဆက်မပြတ် တုန်ခါနေခဲ့လေ၏။
သူ့ခန္ဓာကိုယ် တစ်ခုလုံးအား ထောင်ပေါင်းများစွာ၊ သောင်းပေါင်းများစွာသော ပုရွက်ဆိတ်များမှ အဆက်မပြတ် ကိုက်ခဲနေသလို ခံစားနေရလေသည်။
အလွန်ပြင်းထန်သည့်နာကျင်မှုကြောင့် သူ့အရေပြားများပင် အက်ကွဲလာခဲ့သည်။ ရွှေရောင်သွေး များသည် ထိုအက်ကွဲကြောင်းများမှ အပြင်သို့ စီးကျလာပြီး သွေးလုံးများအဖြစ်သို့ တဖြေးဖြေး အေးခဲသွားခဲ့လေသည်။
သို့တိုင် ထိုအေးခဲသွားသော သွေးလုံးများသည် ထပ်မံအက်ကွဲကာ ထိုနေရာဆီမှ ရွှေရောင်သွေးများ ထပ်မံစီးကျလာပြန်လေသည်။
အချိန်ကြာလာသည်နှင့် ရန်ကိုင့်တစ်ကိုယ်လုံး ရွှေရောင်သွေးများဖြင့် လွှမ်းခြုံသွားခဲ့လေသည်။
တဖြည်းဖြည်းနှင့် ရန်ကိုင်သည် ရွှေရောင်သွေးအိမ်တစ်ခု အတွင်းသို့ ရောက်ရှိသွားခဲ့လေ၏။
အပြင်ဘက်မှ သူ့ခန္ဓာကိုယ်အား မြင်ရတော့လိမ့်မည် မဟုတ်ဘဲ တိုက်ပွဲဗုံတစ်လုံးနှယ် အားကောင်းစွာ တုန်ခါနေသည့် သူ့နှလုံးခုန်သံကိုသာ ကြားရပေတော့သည်။
အချိန်ကြာလာသည်နှင့်အမျှ သွေးအိမ်အတွင်းမှ ရန်ကိုင့်၏ အော်ဟစ်သံတို့မှာလည်း တဖြည်းဖြည်း အားနည်းပျောက်ကွယ်လာခဲ့လေသည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း(၂၀၅၃)
ဤသို့ဖြင့် နှစ်ဝက်ကုန်ဆုံးသွားခဲ့လေသည်။ ထိုနှစ်ဝက် အတောအတွင်း ကျောက်တုံးလိုဏ်ဂူသည် အကြွင်းမဲ့ တိတ်ဆိတ်နေခဲ့သည်။ ထိုတိတ်ဆိတ်မှုသည် ယနေ့တွင် ထွက်ပေါ်လာသော အက်ကွဲမှုများကြောင့် ပြိုကွဲသွားခဲ့ရ လေသည်။
ရန်ကိုင့်ပတ်လည်တွင်ရှိနေသော သွေးအိမ်တစ်ဝိုက်ဆီမှ အရိုးအဆစ်ချိုးသံကဲ့သို့သောအသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ ထိုအသံများနှင့်အတူ သွေးအိမ်ပေါ်တွင် အက်ရာတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
ခဏအကြာ၌ အက်ရာများတစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး နောက်ဆုံးတွင် သွေးအိမ်သည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်သို့ ပေါက်ကွဲထွက်သွားခဲ့လေသည်။ ထိုအထဲမှ ရန်ကိုင်၏ပုံရိပ် ထွက်ပေါ်လာခဲ့သည်။
ရန်ကိုင်၏အပေါ်ပိုင်းခန္ဓာကိုယ်သည် ဗလာကျင်းနေပြီး အနက်ရောင်ဆံကေသာတို့မှာ လေအဝှေ့နှင့်အတူ တလူလူ လွင့်ပျံနေခဲ့သည်။ သူ့အသားအရေမှာ မွေးကင်းစကလေး တစ်ဦး၏ အသားအရေနှယ် ဖြူဖွေးချောမွတ်နေခဲ့သည်။
ရန်ကိုင်သည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာခဲ့သည်။ ထို့နောက် အတွေးနက်နေသည့် အမူအရာဖြင့် မျက်မှောင်ကြီး ကြုတ်သွား၏။
လက်ရှိတွင် သူ့ကိုယ်သူ ဘဝအသစ်တစ်ခုအား ရရှိလိုက်သလို ခံစားနေခဲ့ရသည်။ ခေါင်းငုံ့၍ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်ပြီးနောက် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ရလေ၏။
ရန်ကိုင်သည် နေရာပေါင်းများစွာသို့ စွန့်စားသွားလာရေး ခရီးထွက်နေသူတစ်ဦး ဖြစ်သည်။ လေဒဏ်မိုးဒဏ်နှင့်တကွ အခက်အခဲပေါင်းစုံကို ကြုံခဲ့ရသည့်အတွက်ကြောင့် သူ့အသားအရေမှာ အနည်းငယ် ကြမ်းတမ်းသလိုဖြစ်နေသလို ခန္ဓာကိုယ်မှာလည်း အလွန်ကိုမှတောင့်တင်းကြံ့ခိုင်လှသည်။
သို့သော်ငြား ရတနာတစ်သောင်းဆေးရည်လေး တစ်ခွက်ကြောင့် သူ့အသားအရေသည် မိန်းမတစ်ဦး၏ အသားအရေထက်ပင် ပိုမိုဖြူဖွေးချောမွတ်လာခဲ့လေသည်။
ချက်ချင်းပဲထ၍ လေ့ကျင့်ခန်း နည်းနည်းပါးပါး လုပ်ကြည့်၏။ သူ့ကိုယ်သူယခင်ထက် ပိုမိုသန်မာလာသလို ခံစားရလေသည်။
လက်သီးအား တင်းတင်းဆုပ် ကြည့်လိုက်သည့်နောက်တွင် အဆုံးမရှိသော ခွန်အားများ သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းလာသလို ခံစားလိုက်ရသည်။
ထိုအချင်းအရာကိုကြည့်ရင်း ရန်ကိုင်အလွန်ကိုမှ ပျော်သွားခဲ့လေသည်။ ရတနာတစ်သောင်းဆေးရည်ကြောင့် သူ့ခန္ဓာကိုယ်သည် အဆင့်တစ်ခုသို့ရောက်သွားပြီမှန်း ချက်ချင်းနားလည်လိုက်သည်။
ကောင်းကင်စိတ်အာရုံဖြင့် သူ့ကိုယ်သူ ပြန်စစ်ဆေးကြည့်ပြီးသည့်နောက်တွင် အပေါ်ပိုင်း ခန္ဓာကိုယ်သည်သာ ပြောင်းလဲသွားခြင်းမဟုတ်ဘဲ သူ့ကိုယ်တွင်းအင်္ဂါများသည်လည်း အမှန်တကယ်ကို ပြောင်းလဲသွားကြောင်း တွေ့ရှိလိုက်ရလေသည်။ "တကယ်ကို ပြောင်းလဲသွားတာပဲ"
ရတနာတစ်သောင်းဆေးရည်သည် ကျင့်ကြံသူတစ်ဦး၏ ရုပ်ခွန်အားအလားအလာကို တိုးတက်အောင် လုပ်ဆောင်ပေးနိုင်ရုံသာမဟုတ်။ ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကိုလည်း ပိုမိုအားကောင်းလာအောင် လုပ်ပေးနိုင်ပေသည်။
မူလကတည်းက အားကောင်းနေပြီဖြစ်သော သူ့ခန္ဓာကိုယ်သည် ရတနာတစ်သောင်းဆေးရည်ကြောင့် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့ရလေ၏။
သို့သော် ရတနာတစ်သောင်းဆေးရည်၏ အကျိုးကျေးဇူးမှာ ထိုမျှနှင့်ပင် ရပ်တန့်သွားခြင်းမရှိသေးပေ။ သူ့ခန္ဓာကိုယ်ထဲ အရိုးများထဲတွင် ရတနာတစ်သောင်း ဆေးရည်၏ ဆေးအာနိသင်များစွာ ကျန်ရှိနေကြာင်းကိုလည်း ရန်ကိုင် အသေအချာခံစားမိနေသေးသည်။
ထိုဆေးရည်များသည် သူ့ကိုယ်ထဲတွင်နေကာ သူ့ခန္ဓာကိုယ်အား ဖြေးဖြေးချင်း ပြောင်းလဲပေးနေခြင်း ဖြစ်သည်။ ထိုရလာဒ်နှင့်ပတ်သက်၍ ရန်ကိုင်အလွန်ကိုမှ ကျေနပ်မိနေခဲ့လေသည်။
"ဒီတော့ ဒါကနှစ်ထောင်နဲ့ချီပြီး ဖော်စပ်ထားတဲ့ ဆေးရည်တစ်ခုရဲ့ အကျိုးအာနိသင်ပေါ့။ ဒါမျိုးက ဆေးသောက်တာထက်တော င်ပိုပြီး အကျိုးကျေးဇူး များသေးတယ်။ ဒီခန္ဓာကိုယ်နဲ့ဆိုရင် နဂါးမှော်ရတနာကို သန့်စင်လို့ရလောက်ပြီ" သူ့ခွန်အားကို စမ်းသပ်ကြည့်ရင်း တွေးလိုက်လေသည်။
ထိုသို့စမ်းသပ်ကြည့်ပြီးနောက် ရန်ကိုင်အလွန်ကိုမှ အံ့အားသင့်သွားခဲ့ရလေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ သူတော်စင်ချီအားလုံးမှာ အရင်းအမြစ်ချီသို့ ပြောင်းလဲပြီးနေခဲ့လေပြီ။
အရင်းအမြစ်ချီသည် တာအိုသခင်အဆင့် ကျင့်ကြံသူများမှ လောကနိယာမစွမ်းအားများကို ထုတ်သုံးနိုင်ရန်အတွက် အခြေခံအုတ်မြစ် ဖြစ်ပေသည်။
အရင်းအမြစ်ချီမရှိဘဲနှင့် တာအိုသခင်အဆင့်သို့ မည်သို့မှ တက်ရောက်နိုင်လိမ့်မည်မဟုတ်ချေ။
ရန်ကိုင်သည် နိယာမစွမ်းအားအပေါ် အတော်အသင့် နားလည်ပြီးနေလေပြီ။ သို့တိုင် တာအိုသခင်အဆင့်သို့ မချိုးဖြတ်နိုင်ရသေးခြင်းမှာ သူ့ကိုယ်ထဲရှိ သူတော်စင်ချီ အားလုံးသည် အရင်းအမြစ်ချီအဖြစ်သို့ အပြည့်အဝ မပြောင်းလဲသွားသေးသည့်အတွက်ကြောင့်ပင် ဖြစ်သည်။
သူယခင်တွက်ချက်မှုအရ အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံးများ၏ အကူအညီနှင့်ပင် သူ့ကိုယ်ထဲရှိ သူတော်စင်ချီများကို အရင်းအမြစ်ချီအဖြစ်သို့ ပြောင်းလဲရန် အနည်းဆုံးတစ်နှစ် နှစ်နှစ်ခန့် အချိန်ယူရပေလိမ့်မည်။
သို့သော်ငြား ရတနာတစ်သောင်းဆေးရည်သည် သူ့ကိုယ်ထဲရှိ သူတော်စင်ချီအားလုံးကို အရင်းအမြစ်ချီ အဖြစ်သို့ တစ်ခါတည်းပြောင်းလဲပေးလိုက်လေသည်။
ထိုအချက်ကြောင့် ရန်ကိုင် အတော်လေး ဝမ်းသာသွား၏။ ယခုဆိုလျှင် သူ့အနေဖြင့် တာအိုသခင်အဆင့်သို့ ချိုးဖြတ်ရန် အဆင်သင့် ဖြစ်နေလေပြီ။
သို့သော်ငြား တာအိုသခင်အဆင့်သို့ ချိုးဖြတ် ဝင်ရောက်ရန်မှာ အလွန်ကိုမှအရေးကြီးသည့်ကိစ္စဖြစ်သည်။
ဤနေရာသည် အဆင့်ချိုးဖျက်ရန် သင့်တော်သည့် နေရတစ်ခု မဟုတ်သည့်အတွက် အခြားနေရာတစ်ခု သွားရှာရပေမည်။
ထိုသို့တွေးလိုက်ပြီးသော် ထွက်ခွာရန်ဆုံးဖြတ်လိုက်၏။ လှိုဏ်ဂူအခန်းအား လှည့်ပတ်စစ်ဆေးကြည့်လိုက်သော်ငြား စိတ်ဝင်စားစရာကောင်းသည့် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့။
သို့သော်ငြား လျှို့ယန်သည် ချော်ရည်ကန်ထဲသို့ ဝင်သွားပြီးသည့်အချိန်မှစ၍ ပြန်မထွက်လာသေးခဲ့ပေ။ ချော်ရည်ကန်အောက်ခြေ၌ မည်သို့သော အကျိုးအမြတ် များကို သူမကြုံတွေ့နေရသလဲဆိုသည့်အပေါ် သူမသိပေ။
ချော်ရည်ကန်နားသို့ ရောက်လာပြီး စစ်ဆေးကြည့်ပြီးနောက် ချော်ရည်ကန်၏ အပူချိန်မှာ သိသိသာသာကို ထိုးကျသွားကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။ တစ်စုံတစ်ဦးမှ ချော်ရည်ကန်ထဲရှိ အပူစွမ်းအင်အားလုံးကို စုပ်ယူပြနေသည့်အလား။
ရန်ကိုင်သည် လျှို့ယန်နှင့်ဆက်သွယ်ကြည့်ရန် ကြိုးစားလိုက်သော်ငြား မည်သည့်တုန့်ပြန်မှုမှ မရရှိခဲ့ပေ။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ဝမ်းနည်းသွားခြင်းမရှိဘဲ ပျော်ပင်ပျော်သွားသေး၏။
လျှို့ယန်အား မဆက်သွယ်နိုင်ခြင်းမှာ လျှို့ယန်သည် အခွင့်ကောင်းတစ်ခုခုနှင့် ကြုံတွေ့နေရသည့် အတွက်ကြောင့်မှန်း သူသိနေသည်။
ထိုကဲ့သို့စဉ်းစားပြီးသော် လျှို့ယန်အား ဆက်၍ အာရုံစိုက်မနေတော့ဘဲ ထွက်ပေါက်ကိုသာ စတင် ရှာဖွေတော့လေသည်။
ကျောက်တုံးလှိုဏ်ဂူသည် သိပ်မကြီးလှချေ။ လှိုဏ်ဂူနှင့် ဆက်သွယ်နေသည့်လမ်းကြောင်းဆို၍ တစ်ခုသာရှိ၏။ ထိုလမ်းကြောင်းအတိုင်း လျှောက်သွားလိုက်ရာ လမ်းအဆုံးတွင် တည်နေရာကူးပြောင်းခြင်း အစီအရင်တစ်ခုကို တွေ့လိုက်ရလေသည်။
ထိုအစီအရင်ကို အသက်သွင်းလိုက်ပြီးနောက် ရန်ကိုင်သည် ကျောက်တုံးအခန်းထဲမှ ပျောက်ကွယ်သွားခဲ့ လေသည်။
ယွမ်မီးဖိုတောင်မှ မိုင်တစ်ရာခန့်ဝေးကွာသော ခြောက်ကပ်ပြီးခေါင်သည့် တောင်ကြောတစ်လျှောက်တွင် ရန်ကိုင် ရုတ်တရက်ပေါ်လာခဲ့လေသည်။
ပေါ်လာပြီးပြီးချင်းမှာပင် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ချက်ချင်းပဲ ဖြန့်ကျက်လိုက်သည်။ မည်သည့်အန္တရာယ်မှ မရှိမှန်း အတည်ပြုပြီးသည့်နောက်တွင် ဦးတည်ရာလမ်းကြောင်းတစ်ခုကိုရှာကာ ထိုဘက်သို့ ပျံထွက်သွားလေသည်။
လက်ရှိတွင် မေပယ်မြို့သို့ပြန်ရန်မစီစဉ်ထားသေးချေ။ လက်ရှိသူ့အတွက် အရေးအကြီးဆုံးသည် တာအိုသခင် အဆင့်သို့ ချိုးဖြတ်ရန်ဖြစ်သည်။
ထို့ကြောင့် လုံခြုံတိတ်ဆိတ်သည့်နေရာတစ်ခုကို ရှာဖွေရန် လိုအပ်၏။
ရက်အနည်းငယ်ခန့် ကြာပြီးသည့်နောက်တွင် အနည်းငယ် ခေါင်သော တောင်တစ်လုံးဆီသို့ ရောက်လာခဲ့လေသည်။
ပတ်ဝန်းကျင်အား စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ကျေနပ်သွားသည့်အလား ခေါင်းငြိမ့်လိုက်၏။
ဤတောင်သည် ခေါင်သလို မိုးမြေစွမ်းအင်လည်း အလွန်ကိုမှ သိပ်သည်းခြင်းမရှိသော်ငြား အတော်လေးကို နေရာကျယ်ဝန်းပြီး လူသူကင်းမဲ့ပေသည်။
ရန်ကိုင့်တွင် အခြားသောကျင့်ကြံသူများကဲ့သို့ သူအဆင့်တက်နေချိန်ကာကွယ်ပေးမည့် မိတ်ဆွေများ၊ ဆွေမျိုးများ၊ ဂိုဏ်များမရှိပေ။ ထို့ကြောင့် ဤကဲ့သို့သော နေရာကိုသာ ရွေးချယ်နိုင်တော့၏။
မိုးမြေစွမ်းအင်နည်းပါးသည်မှာ ကိစ္စမရှိပေ။ သူ့တွင် အရင်းအမြစ်ကျောက် လုံလုံလောက်လောက်ရှိနေ၏။ သို့သော်ငြား လိုရမယ်ရ ပတ်ဝန်းကျင်အား ပထမဦးစွာ ရှင်းလင်းရေး အရင်လုပ်လိုက်ပေသည်။
မိုင်နှစ်ထောင်ပတ်လည်အား လျှောက်ပတ်သွားကြည့်ပြီး ဤနေရာတွင် အခြေချနေသော မွန်းစတားသရဲများကို သတ်ပစ်လိုက်သည်။ နောက်ဆုံးတွင် သူအဆင့်တက်မည့် နေရာသို့ ပြန်လာခဲ့လေသည်။
အဆင့်ကြီးတစ်ဆင့်ချိုးဖြတ်ခြင်းသည် မည်သည့် ကျင့်ကြံသူအတွက်မဆို အလွန်ကိုမှအရေးပါပေသည်။ အဆင့်ကြီးတစ်ဆင့်ချိုးဖြတ်ခြင်းနှင့် အဆင့်သေးတစ်ဆင့် ချိုးဖြတ်ခြင်းမှာ လုံးဝကိုကွာခြား၏။ အဆင့်ကြီးတစ်ဆင့် ချိုးဖြတ်ရာ၌ မအောင်မြင်ပါက မိမိ၏ကျင့်ကြံခြင်းအုတ်မြစ် ထိခိုက်သွားနိုင်သလို အခန့်မသင့်လျှင် မိုးမြေကောင်းချီး အောက်၌ အသက်ပါပျောက်သွားနိုင်၏။
ထို့ကြောင့်ရန်ကိုင့်အနေဖြင့် အလွန်ကိုမှ သတိထားရပေသည်။ သူ၏သွေးသားရဲနှစ်ကောင်ဖြစ်သော အင်းစက်ဘုရင်မနှင့် မီးတောက်ပြာမိုးကြိုးဝံပုလွေတို့အား အစောင့်အဖြစ် ချန်ထားရစ်ပြီးနောက်တွင် ရန်ကိုင်သည် သူ့ကိုယ်သူတည်ငြိမ်အောင် လုပ်လိုက်သည်။ "ဒီသွေးသားရဲ နှစ်ကောင်နဲ့ဆိုရင် ဘာပြဿနာမှ မရှိလောက်ဘူး"
တည်ငြိမ်သွားသော တာအိုသခင်အဆင့်၏ အဆင့်အတစ်အဆို့အတားအဆီးအား ချက်ခြင်း မတိုက်ခိုက်သေးဘဲ ကျောက်စိမ်းနက်ဆေးမီးဖိုနှင့် ကုန်းစွန်းမူမှ ချန်ထားရစ်ခဲ့သည့် ကျောက်စိမ်းပြားအား ဦးစွာထုတ်ယူလိုက်သည်။
ကျောက်စိမ်းနက်ဆီးမီးဖိုအား သန့်စင်နေချိန်တွင် ကျောက်စိမ်းပြား၌မှတ်တမ်းတင်ထားသည့် ဆေးပညာဆိုင်ရာ ဗဟုသုတများအကြောင်းကို ဖတ်ရှုကြည့်လေသည်။
အချိန်အတော်ကြာသွားပြီးသည့်နောက်တွင် သူ့စိတ်အား လုံးဝတည်ငြိမ်အောင် လုပ်လိုက်နိုင်ပြီးနောက် ရန်ကိုင်သည် ဆေးပညာအဆင့်ကို ဦးစွာ ချိုးဖျက်ရန် ပြင်လိုက်သည်။
အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးနေခဲ့လေရာ မကြာမီတွင် ရန်ကိုင်သည် ဤနေရာသို့လာရသည့် အကြောင်းအရင်းကိုပင် မေ့လျော့သွားခဲ့လေတော့သည်။ သူ့စိတ်အာရုံ အလုံးစုံသည် ဆေးပညာဗဟုသုတများထဲတွင်သာ ရှိနေတော့၏။
ကျောက်စိမ်းပြားထဲတွင် မှတ်တမ်းတင်ထားသည့် ဆေးပညာဆိုင်ရာ အကြောင်းအရာများသည် အခြားသူများ အတွက် နားလည်ရခက်မည်ဖြစ်သော်ငြား မဟာဆေးတာအို၏ ပဲ့တင်သံကို အသက်ဝင်အောင်လုပ်နိုင်ခဲ့သော ရန်ကိုင်ကဲ့သို့သော လူတစ်ယောက်အတွက်မူ အလွန်ကိုမှ လွယ်ကူပေသည်။
တစ်လအတွင်း ကျောက်စိမ်းပြားထဲ၌ မှတ်တမ်းတင်ထားသည့် ဆေးညွှန်းများ၊ ဆေးပညာရပ် အမည်များကို အလွတ်မှတ်နိုင်သွားခဲ့သည်။
ထိုအချိန် အတောအတွင်း ကျောက်စိမ်းနက်ဆေးမီးဖို ကိုလည်း အောင်မြင်စွာ သန့်စင်လိုက်နိုင်ခဲ့၏။
ယနေ့တွင်ရန်ကိုင်သည် ကျောက်စိမ်းနက်ဆေးမီးဖိုအား သူ့ရှေ့တွင်ချ၍ တေဇောဓာတ်အသိစိတ်ပင်လယ်အား ဆေးမီးဖိုထဲသို့ ထည့်သွင်းလိုက်လေသည်။
ရုတ်တရက် ခြစ်ခြစ်တောက်ပူလောင်သည့် အပူလှိုင်းတို့ ဆေးမီးဖိုဆီမှ ဖြာထွက်လာခဲ့လေသည်။
ထို့နောက် သူ့လက်ဖျောက်တစ်ချက်နှင့်အတူ သူ၏ သိုလှောင်လက်စွပ်ထဲမှ ဆေးမြစ်ဆေးပင်များ တစ်သီတစ်တန်းပျံထွက်လာပြီး ကျောက်စိမ်းနက်ဆေးမီးဖို ထဲသို့ အစီအစဉ်တကျ ပျံသန်းဝင်ရောက်သွားလေသည်။
တေဇောဓာတ်အသိစိတ်ပင်လယ်၏ လောင်မြိုက်မှု အောက်တွင် ဆေးပင်အားလုံးသည် ဆေးအရည်အဖြစ်သို့ ပြောင်းလဲသွားပြီး မကြာမီတွင် အလုံးလေးတစ်လုံးအဖြစ်သို့ စုစည်းသွားခဲ့လေသည်။
ခဏအကြာ၌ ရန်ကိုင်သည် ဆေးပင်အသစ်များကို ထပ်ထည့်လေ၏။ ကျောက်စိမ်းနက်ဆေးမီးဖိုထဲရှိ အပူချိန်မှာတော့ အစဉ်မပြတ်ကို ပြောင်းလဲနေခဲ့လေသည်။
မကြာမကြာဆိုသလို ဆေးမီးဖိုဆီမှ ဆေးရနံ့များ လွတ်ထွက်လာခဲ့လေ၏။
ရန်ကိုင်သည် ရှေးဟောင်းကန်ရေပြင်တစ်ခုနှယ် အကြွင်းမဲ့တည်ငြိမ်နေခဲ့သည်။ စိုးစဉ်းမျှပင် စိုးရိမ်ခြင်း၊ စိတ်မရှည်ခြင်းမရှိ။
ဆေးမီးဖိုထဲသို့ ဆေးပင်များကိုထည့်နေသည့် သူ၏ အမြန်နှုန်းမှာ ဖြည်းဖြည်းနှင့် မှန်မှန်သာဖြစ်ပြီး မီးဖိုထဲရှိ အပူချိန်ပြောင်းလဲမှုမှာလည်း အစီအစဉ်တကျသာဖြစ်လေ သည်။
ဆေးလုံးများကို ဖော်စပ်ရန်လိုအပ်သည့် အစီအရင်များသည် ကျောက်စိမ်းနက်ဆေးမီးဖိုထဲသို့ တစ်ခုပြီးတစ်ခု ပျံသန်းဝင်ရောက်သွားပြီးနောက်တွင် ရန်ကိုင်သည် တေဇောဓာတ်အသိစိတ်ပင်လယ်ကိုသုံးကာ ဆေးအရည်များအား ဆေးလုံးအဖြစ် စတင်သိပ်သည်းလေတော့၏။
နှစ်နာရီကြာပြီးသည့်နောက်တွင် ရန်ကိုင့်လက်ဝါးထက် သစ်သားသေတ္တာတစ်လုံးပေါ်လာခဲ့သည်။
သစ်သားသေတ္တာ အဖုံးပွင့်သွားပြီးနောက် တောကြက်မောက်အရွယ် အသီးတစ်လုံးပေါ်လာခဲ့သည်။ ထိုအသီးသည် ကျန်းမိသားစုခေါင်းဆောင်မှ ရန်ကိုင့်အား ပေးခဲ့သော တာအိုအရင်းအမြစ်အသီးသာ ဖြစ်လေသည်။
ဒီလောကကြီးတွင် တာအိုအရင်းအမြစ်အသီးကိုသုံး၍ ဆေးလုံးတစ်မျိုးတည်းကိုသာ ဖော်စပ်နိုင်သည်။ ထိုဆေးလုံးသည် တာအိုအရင်းအမြစ်ဆေးလုံးသာ ဖြစ်လေသည်။
ဆေးဖော်စပ်ခြင်းသာ အောင်မြင်သွားခဲ့မည်ဆိုပါက ရန်ကိုင်သည် တာအိုသခင်အဆင့်ဆေးပညာရှင်တစ်ဦး ဖြစ်လာနိုင်မည်ဖြစ်ကာ မအောင်မြင်ခဲ့လျှင်တော့ အဖိုးတန် တာအိုအရင်းအမြစ်အသီး အလဟဿ ဖြစ်သွားရပေလိမ့်မည်။
တာအိုအရင်းအမြစ်အသီးကို ထုတ်ယူလိုက်သည့်နောက် ကန်ရေပြင်ပမာတည်ငြိမ်နေသော ရန်ကိုင်၏ အမူအယာသည် တဖြည်းဖြည်း လေးနက်တည်ကြည်လာခဲ့သည်။
သို့တိုင် ထိုတာအိုအရင်းအမြစ်အသီးအား ကျောက်စိမ်းနက်ဆေးမီးဖိုထဲသို့ တုန့်ဆိုင်းခြင်းမရှိ ပစ်ထည့်လိုက်သေး၏။
ပြီးသည်နှင့် ဆေးမီးဖိုအဖုံးအား တင်းတင်းကြပ်ကြပ် ပိတ်၍ လက်ကွက်များကို တစ်ခုပြီးတစ်ခု စတင်ဖန်တီးတော့သည်။
ရန်ကိုင့်၏ပြောင်းလဲနေသော လက်ကွက်များနှင့်အတူ ကျောက်စိမ်းနက်ဆေးမီးဖိုထဲရှိ ဆေးအရည်တို့မှာ လှိုင်းပုတ်နေသည့်အလား ဝရုန်းသုန်းကား ဖြစ်နေခဲ့လေသည်။
ထိုအချိန်အတောအတွင်း မမြင်နိုင်သော စိတ်ဝိဉာဉ် အစီအရင်တို့သည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ ကျောက်စိမ်းနက်ဆေးမီးဖိုထဲ ပေါက်ကွဲထွက်ကုန်ကြလေ၏။
ပုတီးစေ့တမျှ ကြီးမားသော ချွေးသီးလုံးတို့သည် ရန်ကိုင်၏နဖူးထက် ဝေ့သီလာခဲ့လေသည်။ ဤပုံစံ အခြေအနေသည် ငါးနာရီမျှ ကြာမြင့်သွားခဲ့သည်။
အချိန်အတော်ကြာအောင် တောက်လျှောက် အာရုံစိုက်နေရသည့် အတွက်ကြောင့် ရန်ကိုင်၏ မျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်လာခဲ့လေသည်။
ငါးနာရီကြာပြီး နောက်ဆုံးလက်ကွက်ကို ဖန်တီးလိုက်ပြီးသည့်နောက် သက်ပြင်းအရှည်ကြီး ချလိုက်လေ၏။
ထို့နောက် အားဖြည့်ဆေးအချို့ကိုထုတ်ကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။
ဆေးမီးဖိုမှာတဝီဝီမြည်နေပြီး အမျိုးမျိုးသော ဆေးအရည်တို့သည် အတူတကွ ပေါင်းစပ်နေခဲ့လေ၏။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း(၂၀၅၄)
တစ်ခုသောအချိန်သို့ အရောက်တွင် အားကောင်းသည့် ဆေးရနံ့တို့နှင့်အတူ ကျောက်စိမ်းနက်ဆေးမီးဖိုဆီမှ ထူးဆန်းသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
ဆေးရနံ့အချို့သည် ရန်ကိုင့်၏နှာခေါင်းမှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့လေ၏။ ထိုဆေးရနံ့ကို ရှူရှိုက်မိလိုက်သည့်အခိုက် အဆင့်တစ်ဆို့သည့် အခြေအနေသို့ ရောက်နေသော ရန်ကိုင်၏သိုင်းတာအိုသည် စတင်လျော့ရဲစ ပြုလာခဲ့လေသည်။ တည်ငြိမ်နေသော သူ့ကိုယ်ထဲရှိ အရင်းအမြစ်ချီတို့မှာ ရူးသွပ်စွာ စတင်စီးဆင်းလာလေတော့၏။
ထိုစဉ် ရန်ကိုင်မျက်လုံးပွင့်လာခဲ့ပြီး ကျောက်စိမ်းနက် ဆေးမီးဖိုအား ရိုက်ချလိုက်လေရာ အဖုံးမှာလေထဲသို့ ပျံထွက်သွားလေ၏။ အဖုံးပွင့်သွားသည်နှင့် တစ်ပြိုင်နက် မဟာဆေးတာအို၏ ပဲ့တင်သံမှ တတ်မြောက်ထားသော ဘုံကိုးသွယ်ဆေးသိပ်သည်းခြင်းနည်းစနစ်ကို ထုတ်သုံးလိုက်လေသည်။
ကျောက်စိမ်းနက်ဆေးမီးဖိုထဲသို့ စွမ်းအင်များကို အဆက်မပြတ် ထည့်သွင်းရင်း လက်ကွက်များကို တစ်ခုပြီးတစ်ခု အဆက်မပြတ် ဖန်တီးလိုက်၏။
ခဏအကြာတွင် ဆေးမီးဖိုဆီမှ ထွက်ပေါ်နေသည့် ဆူညံသံတို့မှာ ပိုပို၍သိသာလာခဲ့လေသည်။
နောက်ဆုံး ရန်ကိုင်မှ သူ၏ဆေးသိပ်သည်းခြင်း နည်းစနစ်ကို ရပ်တန့်လိုက်သည့်အချိန်တွင် ကျောက်စိမ်းနက်ဆေးမီးဖိုအတွင်းမှ အလင်းတန်းအချို့ ပျံထွက်လာခဲ့လေ၏။
ရန်ကိုင်သည် ထိုအခိုက်အတန့်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ချက်ချင်းပဲ သူ့လက်ကိုဆန့်ထုတ်၍ ထိုအလင်းတန်းများကို ဖမ်းယူလိုက်လေသည်။
သူ့ဆေးဖော်စပ်မှု၏ ရလာဒ်ကို အသေးစိတ် စစ်ဆေးနေရန် အချိန်မရှိ။ သူသိသည်မှာ စုစုပေါင်း ဆေးလုံး ခြောက်လုံးရှိသည်ကိုပင် ဖြစ်သည်။
ဖော်စပ်ထားသည့်ဆေးလုံးများကို အသင့်ပြင်ထားသည့် ဆေးပုလင်းထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် သူ့လက်ကိုဝှေ့ယမ်း၍ သိုလှောင်လက်စွပ်ထဲမှ အရင်းအမြစ်ကျောက်များကို ထုတ်ယူလိုက်ပြီး သူ့ဘေးနားတွင် ပုံချလိုက်သည်။
မကြာသေးမီက ရန်ကိုင်သည် ရန်သူပေါင်းများစွာကို သတ်ဖြတ်ပြီး အရင်းအမြစ်ကျောက်ဆယ်သန်းမက ရရှိလာခဲ့သည်။
သို့သော်လည်း သူ့အဆင့်တက်ဖြစ်စဉ် ချွတ်ချော်မှု မဖြစ်စေနိုင်ရန်အတွက် ထိုအရင်းအမြစ်ကျောက် အားလုံးကို ထုတ်ယူပစ်လိုက်လေသည်။
ဤနေရာရှိ မိုးမြေစွမ်းအင်သည် အတော်လေးကိုမှ ခြောက်ကပ်လှသည့်အတွက် သူ့အဆင့်တက်ဖြစ်စဉ် အောင်မြင်စေနိုင်ရန် ထိုအရင်းအမြစ်ကျောက်များကိုသာ သုံးရတော့လေသည်။
အရင်းအမြစ်ကျောက်များ ပေါ်လာသည်နှင့် တစ်ပြိုင်နက် မိုးခြုန်းသံကဲ့သို့သောအသံများ ရန်ကိုင့်ခေါင်းထက် ထွက်ပေါ်လာခဲ့သည်။
ရုတ်တရက်ဆိုသလို မိုးမြေစွမ်းအင်တို့သည် ကသောင်းကနင်း ဖြစ်လာပြီး အားကောင်းသော နိယာမစွမ်းအင်တို့သည် ရန်ကိုင့်အနီးတစ်ဝိုက်တွင် စုပြုံလာလေသည်။
ခဏအကြာ၌ ဧရာမအနက်ရောင် တိမ်တိုက်ကြီးတစ်ခု ရန်ကိုင့်ခေါင်းပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ ထိုတိမ်တိုက်ကြီးသည် ဖြည်းဖြည်းချင်း လည်ပတ်လာပြီးနောက် ဖန်ချောင်းပြွန်ပုံသဏ္ဍာန်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ရုတ်တရက်တိုက်ခတ်လာသော လေကြမ်းများကြောင့် သဲမှုန်များ၊ ကျောက်စကျောက်နများ လွင့်ပျံလာကြလေ၏။ ဆန်းကြယ်သော စွမ်းအားတစ်ခု၏ တိုက်စားမှုကြောင့်လား မသိလေရာ ရန်ကိုင့်အနီးတစ်ဝိုက်တွင် စုပုံထားသော အရင်းအမြစ်ကျောက်အားလုံး ပေါက်ကွဲထွက်ကုန်ကြလေ သည်။
ထိုအရင်းအမြစ်ကျောက်များ ပေါက်ကွဲရာမှ ထွက်ပေါ်လာသော စွမ်းအင်များသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားကြပြီး ရန်ကိုင့်ခေါင်းထက်တွင် စုဝေးသွားကုန်ကြလေ၏။
ခုနက မိုးမြေစွမ်းအင်ခြောက်ကပ်နေသော နေရာသည် အရင်းအမြစ်ကျောက်များမှ ရလိုက်သည့်စွမ်းအင်များကြောင့် အလွန်ကိုမှ သိပ်သည်းလာခဲ့လေသည်။ ရန်ကိုင်ထိုင်နေသော နေရာဆိုလျှင် အဖြူရောင်မြူခိုးများနှင့်ပင် လွှမ်းခြုံနေလေ၏။
ထိုမြူခိုးများသည် အစစ်အမှန် မြူခိုးများမဟုတ်ကြဘဲ သိပ်သည်းလှသည့် မိုးမြေစွမ်းအင်များ စုဝေးမှုကြောင့် ဖြစ်ပေါ်လာသော မြင်ကွင်းတစ်ရပ်သာဖြစ်လေသည်။
ရန်ကိုင်ကမူ ထိုအချက်ကို သတိမပြုမိဘဲ မျက်လုံး မှိတ်၍သာ တင်ပလ္လင်ခွေထိုင်နေခဲ့သည်။ လက်ရှိတွင် ရန်ကိုင့်ပုံစံသည် အလွန်ကိုမှ တည်ငြိမ်အေးချမ်းနေလေသည်။
ရန်ကိုင်သည် ကောင်းကင်လမ်းစဉ်နှင့်သိုင်းတာအိုအား ခံစားနေရင်း သူ့အသိစိတ်ထဲရှိ တန်ခိုးရှင် အဆီအနှစ် သလင်းကျောက်နှင့်လည်း ဆက်သွယ်ကြည့်နေခဲ့သည်။
ထိုအချိန်အတောအတွင်း သူ့ကိုယ်ထဲရှိ အရိပ်ကြယ်၏ ကြယ်အမြုတေသည် တစ်စုံတစ်ခု၏ သက်ရောက်ခြင်း ခံလိုက်ရသည့်အလား ဖြည်းဖြည်းနှင့် မှန်မှန်တုန်ခါလာခဲ့လေ သည်။
ကြယ်အမြုတေ၏ ကောင်းချီးကြောင့် ရန်ကိုင်သည် သူ့အနားတစ်ဝိုက်တွင်ရှိနေသော လောကနိယာမစွမ်းအားကို ပို၍သေသေချာချာ ခံစားလာနိုင်လေသည်။
ငါးရောင်ခြယ်ရတနာဘုရားထဲတွင် သူစုပ်ယူခဲ့သော တစ်စစီဖြစ်နေသည့် နိယာမစွမ်းအားအပိုင်းအစများသည် လက်ရှိအချိန်၌ ရန်ကိုင်နှင့်ပေါင်းစပ်ကာ သူ၏ ထိုးထွင်းသိမြင်မှုများကို ပိုမိုတိုးတက်လာအောင် လုပ်ဆောင်ပေးနေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်ထက်ရှိ အနက်ရောင်ပြွန်ပုံသဏ္ဍာန် တိမ်စိုင်တိမ်တိုက်များမှာ ပိုပို၍ ကြီးမားလာခဲ့လေသည်။
ရန်ကိုင်သည် သူအဆင့်တက်ရန်အတွက် လူသူအရောက်အပေါက် နည်းသည့်နေရာကို ရွေးချယ်ခဲ့ပြီး အဆင့်မတက်ခင် မိုင်တစ်ထောင်အတွင်း၌ရှိနေသော မွန်းစတားအားလုံးကို ရှင်းပစ်ခဲ့သည့်တိုင် အချို့သော မတော်တဆကိစ္စများမှာတော့ ကျိန်းသေကို ရှောင်လွှဲ၍မရပေ။
ရန်ကိုင့်၏အဆင့်တက်ဖြစ်စဉ်သည် မိုင်ထောင်ပေါင်း များစွာအကွာမှပင် လှမ်း၍မြင်နိုင်လောက်အောင် သိသာထင်ရှားလှသည်။ ကတော့ပုံသဏ္ဍာန်ဖြစ်နေသော တိမ်စိုင်တိမ်တိုက်ကြီးအား မိုင်ထောင်ပေါင်းများစွာအကွာတွင် ရှိနေသော ကျင့်ကြံသူများအားလုံး လှမ်းမြင်နေရလေသည်။
ထိုကျင့်ကြံသူများသည် ဘာများဖြစ်နေသလဲတွေးလျက် ရန်ကိုင်အဆင့်တက်ရန် ကြိုးစားနေသည့်နေရာဆီသို့ အပြေးလာကြည့်ကြလေသည်။
ထိုဖြစ်စဉ်သည် ကျင့်ကြံသူတစ်ဦးမှ အဆင့်ကြီးတစ်ဆင့် ချိုးဖြတ်သဖြင့် ဖြစ်ပေါ်လာသည့် မိုးမြေကောင်းချီးမှန်း သိလိုက်သော် ထိုကျင့်ကြံသူအားလုံး ရပ်တန့်လိုက်ကြပြီး မိုင်ရာပေါင်းများစွာအကွာမှသာ ရပ်ကြည့်ကြတော့လေသည်။
ထိုကျင့်ကြံသူများ၏ကျင့်ကြံခြင်းမှာ သိပ်မြင့်မားခြင်း မရှိပေ။ မေပယ်မြို့ အနီးတစ်ဝိုက်ရှိ ကျင့်ကြံသူများ၏ ခွန်အားမှာ ထိုမျှမြင့်မားလှသည်မဟုတ်။ အများစုသည် တန်ခိုးရှင်ဘုရင်အဆင့်တန်ခိုးရှင်အဆင့်များသာ ဖြစ်ကြပြီး အချို့ဆိုလျှင် ထို့ထက်ပင် ပို၍အားနည်းကြသည်။
မိုးမြေကောင်းချီးမှ ထွက်ပေါ်နေသည့်စွမ်းအားကို ခံစားမိသာ် သူတို့အနေဖြင့် မည်သို့များ အရှေ့တက်ရဲတော့မည်နည်း။ ထို့ကြောင့် ခပ်လှမ်းလှမ်းတွင် စုဝေးလျက် ရန်ကိုင်ရှိနေသည့်နေရာဆီသို့ ညွှန်ပြရင်း စတင်ဆွေးနွေးကြတော့လေသည်။
လူအုပ်ထဲတွင် အသက်နှစ်ဆယ်လောက်ရှိမည်ထင်ရသော အားနည်းဟန်ထင်ရသည့် မိန်းမငယ်လေးတစ်ဦး ရှိနေခဲ့သည်။
ထိုကောင်မလေးသည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်လေသည်။ ထို့အပြင် တစ်မျိုးမျိုးသော နာတာရှည်ရောဂါတစ်မျိုးကို ခံစားနေရသည့်အလား ရာသီဥတုမှာအတော်လေးကိုမှ ပူပြင်းသည့်တိုင် အနွေးထည်များစွာကို ဝတ်ဆင်ထားခဲ့သည်။
သူမအား ကာကွယ်ပေးနေသည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများစွာလည်း သူမ၏အနီးတစ်ဝိုက်တွင် ရှိနေခဲ့လေသည်။ အဝေးတစ်နေရာဆီသို့ လှမ်း၍ စိုက်ကြည့်နေစဉ် ထိုကောင်မလေးသည် ရုတ်တရက် ချောင်းထဆိုးတော့သည်။
ထိုအချင်းအရာကိုမြင်သည့်အခါ သူမအနားတစ်ဝိုက်၌ စုဝေးနေကြသော တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူများမှာ အနည်းငယ်စိတ်ပူသွားကြသော်ငြား အရမ်းကြီးတော့ စိုးရိမ်ခြင်းမရှိချေ။ သူတို့အနေဖြင့် ဤမြင်ကွင်းနှင့် အသားကျနေခဲ့လေပြီ။
ကောင်မလေး၏ အသက်ရှူနှုန်းတည်ငြိမ်သွားသည့် အခါမှပဲ အကုန်လုံး သူတို့၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ကြသည်။
ခဏအကြာတွင် တန်ခိုးရှင်ဘုရင် ပထမအဆင့်ကျင့်ကြံသူ တစ်ဦးသည် ခပ်လှမ်းလှမ်းမှ လျင်မြန်စွာ ပျံသန်းလာပြီး ကောင်မလေးရှေ့သို့ ရောက်လာခဲ့လေသည်။
"သခင်မလေး ကျုပ်ပြန်လာပြီ" ထိုကျင့်ကြံသူက ပြောလိုက်သည်။
"ဘယ်သူအဆင့်တက်နေတာလဲ သိလား" မိန်းကလေးက သိမ်မွေ့သည့်လေသံဖြင့် မေးလိုက်လေသည်။
ထိုကျင့်ကြံသူက ခေါင်းခါ၍ပြန်ပြောလိုက်၏။ "မိုးမြေ စွမ်းအင်တွေက အရမ်းပြင်းလွန်းနေတော့ ကျုပ် သိပ်ပြီး အနီးကပ်သွားမကြည့်ရဲဘူး။ ဒါပေမယ့် သူဘယ်သူလဲဆိုတာကိုသာ မမြင်လိုက်ရတာ။ တာအိုသခင် အဆင့်ကို ချိုးဖြတ်နေတာတော့ သေချာတယ်"
"ထင်ထားတဲ့အတိုင်းပဲ။ သူက တစ်ကယ်ကြီး တာအိုသခင်အဆင့်ကို ချိုးဖြတ်နေတာပဲ" ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကောင်မလေးသည် ထိုအကြောင်းကို ကြိုတင်မျှော်လင့်ထားသည့်အလား ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက်သူမ၏မျက်လုံးလေးများ တဖျတ်ဖျတ် တောက်ပလာပြီး ပြောလိုက်လေသည်။ "အဲ့လူက ဒီနေရာမှာ တာအိုသခင်အဆင့်ကို လာချိုးဖြတ်နေတာဆိုတော့ သူ့မှာ မိတ်ဆွေတွေ၊ ဆွေမျိုးတွေ၊ ကျောထောက်နောက်ခံ ပြုပေးမယ်ဂိုဏ်းတွေ မရှိလို့ပဲပေါ့။ ဒါဆိုသေချာတယ်။ သူက လုံးဝကိုလေလွင့်ကျင့်ကြံသူတစ်ယောက်ပဲ။ သူ့ကို ကျွန်မတို့ မိသားစုထဲ ဆွဲခေါ်လို့ရတယ်"
ထိုစကားကိုကြားသည့်အခါ ကောင်မလေးအနားတစ်ဝိုက်တွင် ရပ်နေသော တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူအားလုံး ခေါင်းညိတ်လိုက်ကြလေသည်။
နောက်ခံပေးမည့်ဂိုဏ်း သို့မဟုတ် မိသားစု၊ မိတ်ဆွေများသာရှိမည်ဆိုလျှင် မည်သူကများ အဆင့်ကြီးတစ်ဆင့်ချိုးဖြတ်သည့်အခါ ဤကဲ့သို့သော လွင်တီးခေါင်ပြင်နေရာမျိုးကို ရွေးချယ်မည်နည်း။ လေလွင့်ကျင့်ကြံသူတစ်ဦးသာ ဤကဲ့သို့သောနေရာမျိုးကို ရွေးချယ်ပေလိမ့်မည်။
"ပြောသာပြောရတာ။ အဲ့လူကိုကြည့်ရတာ အဆင့်ချိုးဖြတ်တာ အောင်မြင်မယ့်ပုံတော့ သိပ်မပေါ်ဘူး" သက်လတ်ပိုင်းလူကြီးတစ်ဦးသည် ရန်ကိုင်ရှိနေရာဆီသို့ လှမ်းကြည့်ရင်း အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။
"ဘာလို့လဲ" ကောင်မလေးက ပြန်မေးလိုက်သည်။
သက်လတ်ပိုင်းလူကြီးက မဲ့ပြုံးပြုံး၍"အဲ့မိုးမြေကောင်းချီး ကိုပဲကြည့် သခင်မလေး။ အဲ့ဒါက အရမ်းအားကောင်းလွန်းတယ်။ တန်ခိုးရှင်ဘုရင် အထွဋ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက် ခုခံနိုင်တဲ့ အရာမျိုးမဟုတ်ဘူး။ မပြောသင့်မှန်း သိပေမယ့် သူသာ အဲ့မိုးမြေကောင်းချီးကို မခုခံနိုင်လို့ရှိရင် အသက်ရှင်နိုင်ချေ လုံးဝမရှိဘူး"
ထိုစကားကိုကြားသည့်အခါ အခြားသော တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူအားလုံး ခေါင်းငြိမ့်လိုက်ကြလေသည်။
အကုန်လုံးသည် ကောင်းကင်ထက်တွင် ဝဲနေသော ဖန်ပြွန်ပုံသဏ္ဍာန် အနက်ရောင်တိမ်တိုက်ကြီးအား ကြောက်လန့်နေသည့် အမူအယာဖြင့် လှမ်းကြည့်လိုက်ကြသည်။
သူတို့သာ ထိုမိုးမြေကောင်းချီးကို လက်ခံရမည်ဆိုပါက လုံးဝကို အသက်ရှင်နိုင်လိမ့်မည်မဟုတ်ပေ။
ခရမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် မိန်ကလေးက မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။ "ဒီတော့ ပြောချင်တာက အဲ့လူမှာ အောင်မြင်နိုင်ချေ သိပ်မရှိဘူးပေါ့"
သက်လတ်ပိုင်းလူကြီးက ပြန်ပြောလိုက်သည်။ "ဟုတ်တယ်။ ဒါပေမယ့်အဲ့ဒါက ကျုပ်ရဲ့အထင်သက်သက်ပါပဲ။ အကယ်၍သူသာ ဒီမိုးမြေကောင်းချီးကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်မယ်ဆိုရင်တော့ သူ့အနာဂါတ်ကလုံးဝကို အကန့်အသတ်မဲ့သွားပြီလို့ ပြောလို့ရတယ်"
ထိုစကားကိုကြားသည့်အခါ ကောင်မလေး ခေါင်းညိတ်လိုက်သည်။ ခဏမျှစဉ်းစားနေပြီးနောက်တွင် ပြန်၍ပြောလိုက်လေသည်။ "ဘာပဲဖြစ်ဖြစ် သူ့ကိုအရင်ဆုံး ကာကွယ်ကြတာပေါ့။ သူသာ တစ်ကယ်ကြီး အဆင့်တက်သွားနိုင်မယ်ဆိုရင် ကျွန်မတို့ကျေးဇူးကို မေ့မှာမဟုတ်ဘူး။ အဲ့အခါကျ သူ့ကို မိသားစုထဲဆွဲခေါ်ဖို့ ကြိုးစားလို့ရတယ်။ အခုကျွန်မတို့ ချင်းမိသားစုရဲ့ မျိုးဆက်တွေက တဖြည်းဖြည်း နိမ့်ကျလာနေပြီ။ ဘိုးဘေးရဲ့ အကူအညီကိုပဲ အားကိုးနေရတော့တာ။ ဒါပေမယ့် အဲ့လူရဲ့ အကူအညီကိုသာ ရနိုင်မယ်ဆိုရင် ကျွန်မတို့ချင်းမိသားစုက လုံးဝကို ပြန်ဦးမော့လာနိုင်တယ်"
ထိုစကားကိုကြားသည့်အခါ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူအားလုံး ခေါင်းညိတ်လိုက်ကြပြီး ပြန်ပြောလိုက်လေသည်။ "သခင်မလေးက အဲ့လို လုပ်ချင်တယ်ဆိုရင် ကျုပ်တို့အားလုံး အဲ့အတိုင်းပဲ လုပ်ပါ့မယ်"
ဤသို့ဖြင့် သူတို့အဖွဲ့သည် လူခွဲပြီး ရန်ကိုင့်အား ကာကွယ်တော့မည်အပြု အစောပိုင်းကစကားပြောခဲ့သော သက်လတ်ပိုင်းလူကြီးသည် မျက်မှောင်ကြုတ်၍ တစ်ခုသောဘက်ဆီသို့ သင်္ကာမကင်းအမူအယာဖြင့် စိုက်ကြည့်ရင်း အော်ပြောလိုက်လေသည်။ "ပြဿနာတော့ များပြီ။ တစ်ယောက်ယောက် သူ့ကို သွားနှောက်ယှက်တော့မယ်နဲ့တူတယ်"
"ဘယ်သူလဲ" ထိုစကားကိုကြားသည့်အခါ ကောင်မလေးအံ့အားသင့်သွားခဲသည်။ သက်လတ်ပိုင်း လူကြီးကြည့်နေသည့်ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ အလင်းတန်းတစ်ခုသည် ရန်ကိုင်ရှိနေရာဆီသို့ ပျံသန်းသွားကြောင်း တွေ့လိုက်ရလေသည်။
ထိုလူအုပ်သည် သူတို့မည်သူဖြစ်သလဲဆိုသည်ကို ဖုံးကွယ်ထားရုံမက သူတို့ဘာလုပ်ချင်နေသလဲဆိုသည်ကိုပါ ရှင်းရှင်းလင်းလင်းဖော်ပြထားခဲ့သည်။
တစ်ယောက်ချင်းစီသည် ရန်လိုနေသည့်အမူအယာဖြင့် ရန်ကိုင်ရှိနေသည့် နေရာဆီသို့ ပြေးဝင်သွားနေခြင်း ဖြစ်သည်။ အကြမ်းဖျဉ်း ရေတွက်ကြည့်လိုက်သော် ထိုအလင်းတန်းထဲတွင် စုစုပေါင်း လူဆယ်ယောက်ကျော်မက ရှိနေပေသည်။
ကောင်မလေးသည် တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက်တွင် အံကြိတ်၍ ပြောလိုက်လေ၏။ "ကျွန်မနောက်လိုက်ခဲ့။ သူတို့နဲ့ ဆွေးနွေးကြည့်လို့ရမလား တစ်ချက် သွားပြောကြည့်ရအောင်"
ပြောပြီးသည့်နောက်တွင် သူမ၏ပုံရိပ်သည် ထိုအလင်းတန်းဆီသို့ ပျံသန်းသွားလေ၏။ သက်လတ်ပိုင်း လူကြီးသည်လည်း အခြားသူများနှင့်အတူ သူမနောက်သို့ အလျင်စလိုပြေးလိုက်သွားလေသည်။
ရန်ကိုင့်ဆီသို့ ပြေးဝင်သွားနေသော ကျင့်ကြံသူအဖွဲ့သည် မကြာမီတွင် ချင်းမိသားစု၏ လှုပ်ရှားမှုများကို သတိပြုမိသွားခဲ့သည်။
ချက်ချင်းပဲ ရှေ့သို့လှည့်၍လှမ်းအော်ပြောလိုက်လေ၏။ "ဆရာ တစ်ယောက်ယောက်ကျုပ်တို့ဆီလာနေတယ်"
ထိုစကားကိုကြားသည့်အခါ ရှေ့ဆုံးမှ ဦးဆောင်ပျံသန်းနေသည့် ပုပုဝဝကတုံးကြီးသည် ရုတ်တရက် ရပ်လိုက်လေသည်။ တြိဂံပုံစံဖြစ်နေသော သူ၏မျက်လုံးများသည် ချက်ချင်းဆိုသလို ချင်းမိသားစု အဖွဲ့ဆီသို့ ရောက်ရှိလာခဲ့သည်။
ထို့နောက်အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့၍ ပြန်ပြောလိုက်လေ၏။ "ဒီကောင်တွေလား။ ဒီတန်ခိုးရှင်ဘုရင် ကျင့်ကြံသူတစ်သိုက်က ငါ့ကို ဘာလုပ်ရဲမှာလဲ"
"ကျုပ်တို့.." အစောပိုင်းကစကားပြောလိုက်သော လူသည် တစ်ဖက်အဖွဲ့ကို ကြည့်ရင်း လည်ပင်းအား တိခနဲလုပ်သည့်ပုံစံမျိုး လုပ်ပြလိုက်လေသည်။
ထိုအချင်းအရာကိုမြင်သည့်အခါ လူအိုကြီးက ပြုံးဖြီးလျက်ပြန်ပြောလိုက်သည်။ "သူတို့ဘာပြောအုံးမလဲ အရင်ကြည့်ရတာပေါ့။ အခုလိုလာရဲတယ်ဆိုတာ သူတို့မှာ အားကိုးစရာတစ်ခုခုရှိလို့ပဲ။ ဒီကောင်တွေ ဘယ်ကသတ္တိတွေ ရပြီး ငါ့ကိုလာနှောက်ယှက်ချင်သလဲဆိုတာ ကြည့်ချင်သေးတယ်"
"ဟုတ်ကဲ့ပါ"
ခဏအကြာတွင် ခရမ်းရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့် မိန်းကလေးမှ ဦးဆောင်သည့် ချင်းမိသားစုအဖွဲ့သည် လူအိုကြီးနှင့် အခြားသူများရှေ့သို့ရောက်လာခဲ့လေသည်။
ကောင်မလေးမှာ ဤကဲ့သို့လျင်မြန်စွာပျံသန်းလာရန် အတွက် စွမ်းအင်များစွာကို အသုံးပြုလိုက်ရသည့်အလား လူအိုကြီးရှေ့သို့ရောက်သည်နှင့် စကားတစ်ခွန်းပင် မပြောနိုင်သေးဘဲ ချောင်းထဆိုးတော့လေသည်။
ကောင်မလေးနောက်တွင် လိုက်လာနေသော သက်လတ်ပိုင်းလူကြီးသည် တစ်ဖက်အဖွဲ့၏ခေါင်းဆောင်မှာ ပုပုဝဝနှင့် ခေါင်းတုံးပြောင်ပြောင်ဖြစ်ကြောင်း တွေ့ရှိလိုက်ရပြီးနောက် အလန့်တကြားထအော်လေ၏။ "တစ္ဆေလက် ရှန်တု"
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း(၂၀၅၅)
တစ္ဆေလက် ရှန်တုဟူသော အသံကို ကြားသည်နှင့် ချင်းမိသားစုမှ ကျင့်ကြံသူအားလုံး၏ အမူအရာ ဖြူလျော်သွားလေသည်။ အချိန်မရွေး တိုက်ခိုက်နိုင်ရန် အတွက် စွမ်းအင်ကို လှည့်ပတ်ထားလိုက်ရင်း တစ်ချိန်တည်းတွင် ရှင်းပြရန်လည်း ကြိုးစားလိုက်ကြသည်။
ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကောင်မလေး၏ မျက်လုံးထဲ ထိတ်လန့်ကြောက်ရွံ့သည့် အရိပ်အယောင်အချို့ ထွက်ပေါ်လာခဲ့လေသည်။
သူမသည် ငယ်သာ ငယ်လိမ့်မည် ဖြစ်သော်ငြား ဗဟုသုတတော့ အလွန်ကြွယ်ပေသည်။ ထို့အပြင် မေပယ်မြို့ အနီးတစ်ဝိုက်တွင် တစ္ဆေလက်ရှန်တုအကြောင်း မသိသည့်လူ မရှိပေ။
တစ္ဆေလက်ရှန်တုသည် တာအိုသခင်ပထမအဆင့် ကျင့်ကြံသူတစ်ဦးပြီး မိစ္ဆာကျင့်စဉ်တစ်ခုကိုလည်း ကျင့်ကြံထား၏။ ထို့အပြင် အမျိုးမျိုးသော မကောင်းမှုကို ကျူးလွန်ထားသည့် အလွန်ကိုမှ ရက်စက်သည့် ကျင့်ကြံသူ တစ်ဦးလည်း ဖြစ်သည်။ သူ၏ တာအိုသခင်ပထမအဆင့် ကျင့်ကြံခြင်းကို အားကိုး၍ အားနည်းသည့် လူများကို လုယက်သတ်ဖြတ်၊ ဓါးပြတိုက်ပေသည်။
ထို့ကြောင့် တစ္ဆေလက်ရှန်တုဟူသော စကားလုံးသည် လူများစွာ၏စိတ်ထဲ၌ ကြောက်မက်ဖွယ်ရာ တစ်ခုနှယ် ဖြစ်သည်။ သူတို့သာ ထိုလူနှင့် သွားပက်ပင်း တိုးပါက သေမင်းနှင့် တွေ့ရဖို့ မတွေ့တော့ဘူးဟုလည်း ပြောကြ၏။
ထို့အပြင် တစ္ဆေလက်ရှန်တုသည် တစ်ယောက်တည်း မဟုတ်။ သူ့တွင် လက်အောက်ငယ်သားများစွာ ရှိပြီး တစ်ယောက်ချင်းစီသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
တစ္ဆေလက်ရှန်တုသည် ရက်စက်ရုံတင်သာမဟုတ်၊ အလွန်ကိုမှလည်း ပါးနပ်ပေသည်။ မြို့သခင် တွမ့်ယွမ်ရှန်းသည် ပညာရှင်တစ်ဖွဲ့ကို သူကိုယ်တိုင် ဦးဆောင်လျက် တစ္ဆေလက်ရှန်တုကို ဖမ်းဆီးရန် ကြိုးစားခဲ့သော်ငြား မအောင်မြင်ခဲ့ဘဲ တစ္ဆေလက်ရှန်တုအား ပြင်းပြင်းထန်ထန် ထိခိုက် ဒဏ်ရာရသွားအောင်သာ လုပ်နိုင်ခဲ့လေသည်။
မြို့သခင်ကိုယ်တိုင်ပင် လှုပ်ရှားလာသည့်နောက်ပိုင်း တစ္ဆေလက်ရှန်တု အနည်းငယ် ငြိမ်သွားခဲ့သည်။ ယခင်နှင့် မတူတော့ဘဲ ရိုးသားလာကာ စည်းမျဉ်းများကို လိုက်နာလာ၏။ သို့သော် သိတတ် နားလည်သည့် လူများမှာတော့ တစ္ဆေလက်ရှန်တု၏ ပုံစံမှာ အပေါ်ယံသာ ဖြစ်ကြောင်း နားလည်ထားကြလေသည်။ မည်သို့ပင် ဖြစ်လင့်ကစား ထိုအဖြစ်အပျက်နောက်ပိုင်းတွင် တစ္ဆေလက် ရှန်တုသည် ယခင်ကကဲ့သို့ စည်းလွတ်ဝါးလွတ် မသောင်းကျန်တော့ချေ။
ယခုဆိုလျှင် မေပယ်မြို့ရှိ ဩဇာအာဏာရှိသော မိသားစုနှင့် အနီးအနားတစ်ဝိုက်ရှိ ဂိုဏ်းများ၏ တပည့်များကို ပစ်မှတ်မထားတော့ဘဲ နောက်ခံမရှိသည့် လေလွင့်ကျင့်ကြံသူများကိုသာ ပစ်မှတ်ထားတော့သည်။
ထို့ကြောင့် မေပယ်မြို့၏ အင်အားစုများသည် ရှန်တုအား မသိကျေးကျွံ ပြုထားလိုက်ကြတော့သည်။ မြို့သခင်စံအိမ်ဟာလည်း ရှန်တုအပေါ် အမြဲတစေ စောင့်ကြည့်မနေနိုင်ပေ။ ထို့ကြောင့် ရှန်တုအား ထိန်းမည့်လူ မရှိ ဖြစ်နေခဲ့၏။
တိုက်ဆိုင်စွာပင် ရန်ကိုင် အဆင့်တက်သည့် နေရာသည် ရှန်တု၏ ပိုင်နက်နှင့် သိပ်ဝေးမနေခဲ့ပေ။ ဤနေရာရှိ ရုတ်ရုတ်ရုတ်ရုတ် အဖြစ်အပျက်ကို သတိပြုမိသော် သူ့လူများကိုခေါ်ကာ လာရောက် စစ်ဆေးလေတော့၏။
ရန်ကိုင်သည် မည်သည့် နောက်ခံမှမရှိသလို အဆင့် ချိုးဖျက်ခါနီး၌ ဖြစ်နေကြောင်းကို သတိပြုမိလိုက်သည့် အခါတွင် ရှန်တုတို့အဖွဲ့ မည်သို့များ ငြိမ်နေနိုင်မည်နည်း။ ချက်ချင်းပဲ ရန်ကိုင်အား တိုက်ခိုက်ရန် ပြင်တော့၏။
သို့သော်ငြား အမှတ်မထင် ချင်းမိသားစုမှ လူများနှင့် လာတိုးခဲ့သည်။
သက်လတ်ပိုင်းလူကြီး၏ အလန့်တကြား အော်သံကို ကြားသည့်အခါ ရှန်တုက နှာခေါင်းရှုံ့၍ “ဒီလူအိုကြီး ဘယ်သူမှန်း သိတာတောင် လာရဲတယ်ဆိုတော့ မင်းတို့က သေချင်နေတာလား”
ရှန်တုမှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် သူနှင့်အတူ ပါလာသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည် ချင်းမိသားစုတို့အဖွဲ့အား ရက်စက်ကြမ်းကြုတ်သည့် အကြည့်များဖြင့် စိုက်ကြည့်လိုက်ကြလေသည်။ သူတို့ ပုံစံအရ ရှန်တုသာ အမိန့်တစ်ချက် ပေးလိုက်သည်နှင့် ချက်ချင်း တိုက်ခိုက်တော့မည့်ပုံပင်။
သက်လတ်ပိုင်းလူကြီး၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားလေသည်။ ကြောက်ကြောက်လန့်လန့်နှင့် တံတွေးတစ်လုတ် မျိုချမိလိုက်၏။ ရှန်တု၏ မေးခွန်းကို မည်ကဲ့သို့ ပြန်ဖြေလို့ဖြေရမှန်း မသိတော့ချေ။
ခဏမျှ အနားယူလိုက်ပြီးနောက် အားပြန်ပြည့်လာသည့် အလား ခရမ်းရောင်ဝတ်ရုံနှင့် ကောင်မလေးက ပြုံးကာ ပြောလိုက်လေသည် “ဒီတော့ နာမည်ကျော် စီနီယာရှန်တုပေါ့။ သတိမပြုမိခဲ့လို့ ဂျူနီယာတို့ရဲ့ မိုက်မဲမှုကို စီနီယာ အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်”
“အို” ရှန်တုသည် သူ၏ တြိဂံပုံစံ မျက်လုံးများကို မှေးစဉ်း၍ ကောင်မလေးအား စိုက်ကြည့်လိုက်သည်။ ထို့နောက် အော်ရယ်မော၍ “အမယ်… ဒီလူအိုကြီး ရှေ့မှာတောင် တည်ငြိမ်နေနိုင်ပါလား၊ ဘယ်ဆိုးလို့လဲ။ နင်ဘယ်မိသားစုက လာတာလဲ”
ရှန်တုသည် မေပယ်မြို့တစ်ဝိုက်တွင် နှစ်ပေါင်းများစွာ ကြာအောင် ကျင်လည်နေသူတစ်ဦး ဖြစ်သည့်အတွက် ဤခရမ်းရောင် ဝတ်ရုံနှင့် ကောင်မလေးသည် မိသားစုကြီး တစ်ခုခုမှာလာမှန်း တစ်ချက်ကြည့်ရုံဖြင့် တန်းပြောနိုင်၏။ ထို့ကြောင့်သာ မဟုတ်လျှင်လည်း ဤကောင်မလေးအား ပြန်၍ပင် စကားပြောနေလိမ့်မည် မဟုတ်။ သူ့စရိုက်အရ လေကုန်မခံဘဲ တစ်ခါတည်း တန်းသတ်ပစ်လိုက်လေပြီ။
“ဂျူနီယာရဲ့ မျိုးရိုးနာမည်က ချင်းပါ” ခရမ်းရောင် ဝတ်ရုံနှင့် ကောင်မလေးက ပြန်ပြောလိုက်သည်။
“ချင်း” ရှန်တုက သူ့နှုတ်ခမ်းကိုကွေး၍ ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည် “မေပယ်မြို့က ချင်းမိသားစုမှ ငယ်ရွယ်ပြီး နာမကျန်းဖြစ်နေတဲ့ ကောင်မလေး တစ်ယောက်ရှိတယ်ဆိုတဲ့ အကြောင်း ဒီလူအိုကြီး ကြားဖူးတယ်။ အဲ့ကောင်မလေးက အရမ်းကို ပါးနပ်ပြီး ဥာဏ်ကောင်းတယ်တဲ့။ သက်ကြားအိုကြီး ချင်းကျောင်းယန်ကလည်း အဲ့ကောင်မလေးကို အရမ်း ချစ်တယ်တဲ့။ အဲ့ဒါကြောင့်ပဲ အဲ့ကောင်မလေးကို အသက် ပိုရှည်အောင်လုပ်ပေးဖို့ သွေးနက်ကန်ဆီသွားပြီး စစ်မှန်ယန်အသီးကိုတောင် သွားရှာသေးတယ်တဲ့။ အဲ့ကောင်မလေးက နင်လား”
ကောင်မလေးက ချောင်းတဟွတ်ဟွတ်ဆိုး၍ ခေါင်းညိတ်လိုက်လေသည် “စီနီယာက တကယ်ကို အတွေ့အကြုံကြွယ်ဝတာပဲ။ ဒီဂျူနီယာက ဘိုးဘေးရဲ့ စေနာကြောင့် အသက်ရှင်နိုင်ခဲ့တဲ့ ချင်းယုပါ”
“ဟားဟား…” ရှန်တုက ရုတ်တရက် ထူးဆန်းစွာ အော်ရယ်မော၍ ပြောလိုက်လေသည် “ကောင်မလေး၊ နင်က တကယ်တော်တာပဲ။ ဒီလူအိုကြီးကို တွေ့တာတောင် မျက်နှာ တစ်ချက်ပျက်မသွားဘူး။ အဲ့ဒါကြောင့် သက်ကြားအိုကြီး ချင်းကျောင်းယန် နင့်ကို အရမ်း ချစ်နေတာကိုး။ ဒါပေမယ့် ကောင်မလေး… ငါနင့်ကို ဘာလုပ်နိုင်တယ်ဆိုတာ နင်သိလား”
ချင်းယုသည် မျက်မှောင်ကြုတ်၍ တစ်ခဏမျှ စဉ်းစားနေပြီးနောက် ပြန်ပြောလိုက်လေသည် “စီနီယာက မေးလာတယ်ဆိုမှတော့ ဂျူနီယာလည်း အမှန်အတိုင်းပဲ ပြောတော့မယ်။ စီနီယာ အဲ့လူကို သွားနှောင့်ယှတ်ဖို့ လုပ်နေတာလား”
ရှန်တုက မျက်လုံးမှေးစဉ်း၍ ပြန်ပြောလိုက်လေသည် “ဟုတ်တယ်၊ ဘာဖြစ်လို့လဲ”
ချင်းယုက ပြန်၍ တောင်းဆိုလိုက်၏ “စီနီယာ အဲ့လူကို လွှတ်ထားပေးလို့ မရဘူးလား”
ရှန်တုက နှုတ်ခမ်းကို တွန့်ကွေးလျက် “ဘာအကြောင်းကြောင့် လွှတ်ပေးရမှာလဲ”
“အဲ့လူက ကျွန်မတို့ ချင်းမိသားစုရဲ့ ဧည့်အကြီးအကဲ မို့လို့ပါ။ ဒါကြောင့်…” ချင်းယုက လေသံတိုးတိုးဖြင့် ပြန်၍ ပြောလိုက်၏ “ဒါကြောင့် စီနီယာ သနားညှာတာပေးဖို့ မျှော်လင့်ပါတယ်။ အဲ့လိုသာဆို ကျွန်မတို့ ချင်းမိသားစုက စီနီယာကို တကယ် ကျေးဇူးတင်မိမှာပါ”
“ချင်းမိသားစုရဲ့ ဧည့်အကြီးအကဲဟုတ်လား” ရှန်တုက နှုတ်ခမ်းကွေးလျက် လှောင်ပြုံးပြုံးလိုက်ရင် “ကောင်မလေး၊ နင်တကယ် ပါးနပ်တာတော့ အမှန်ပဲ။ ဒါပေမယ့် အခြားသူတွေကို အရူးတွေလို့ လိုက်မမှတ်ရင် ကောင်းမယ်။ အဲ့လူက နင်တို့ ချင်းမိသားစုရဲ့ ဧည့်အကြီးအကဲဆိုရင် ဒီမှာလာပြီး အဆင့်ချိုးဖျက်နေမလား။ ပြီးတော့ ဟိုသက်ကြားအိုကြီး ချင်းကျောင်းယန်ကကော သူ့ကို ကိုယ်တိုင် မကာကွယ်ပေးဘဲ နေမလား။ နင်ဒီလူအိုကြီး အရူးမှတ်နေတာလား”
သူမ၏ အလိမ်အညာ ပေါ်သွားသည့်တိုင် ချင်းမယုသည် မျက်နှာတစ်ချက် မပျက်ဘဲ ပြုံး၍သာ ပြန်ပြောလိုက်၏ “စီနီယာက တကယ်ကို အမြင်စူးရှတာပဲ။ ဒါပေမယ့် စီနီယာရယ်… သူက အခုလောလောဆယ် ကျွန်မတို့ ချင်းမိသားစုရဲ့ ဧည့်အကြီးအကဲ မဟုတ်သေးပေမယ့် နောက်ပိုင်း မဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ဘူးလေ။ ဒါကြောင့် စီနီယာကပဲ စိတ်သဘောထားကြီးကြီးနဲ့…”
ချင်းယု စကားဆုံးအောင် မပြောရသေးခင်မှာပင် ရှန်က သူ့လက်ကို မြှောက်လိုက်လေသည်။
ထို့နောက် ချင်းယုအား အေးစက်စွာ စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည် “ကောင်မလေး၊ ချင်းကျောင်းယန် မျက်နှာကြောင့် ဒီတစ်ကြိမ်တော့ လွှတ်ပေးလိုက်မယ်။ ဒါပေမယ့် နင်ငါ့ကို ဆက်ပြီး နှောင့်ယှတ်နေဦးမယ် ဆိုရင်တော့ ငါ့ကို ရက်စက်လို့ဆိုပြီး လာအပြစ်မတင်နဲ့”
ပြောနေရင်း သူ့လက်ကို ဆန့်ထုတ်၍ ချင်းယုသည် စွမ်းအင်အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်လေသည်။
ချင်းယု၏ အမူအရာ ပြောင်းလဲသွားပြီး အလျင်စလို နောက်ပြန်ဆုတ်လိုက်လေ၏။
ထိုအခြင်းအရာကို မြင်သည့်အခါ သူမနားတွင် ရှိနေကြသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူအားလုံး ချက်ချင်း ရှေ့သို့ ပြေးတက်လာပြီး ထိုအလင်းတန်းကို စုပေါင်း ခုခံလိုက်ကြလေသည်။ အကုန်လုံး နာကျင်စွာ ညည်းတွားရင် နောက်သို့ လွင့်စင်ထွက်သွားကြကုန်ပြီး ခဏကြာမှသာ တည်တည်ငြိမ်ငြိမ် ပြန်ရပ်လိုက်နိုင်ကြ၏။
သူတို့ ပြန်အဆင်ပြေသွားချိန်တွင် ရှန်တုတို့ အဖွဲ့သည် ရန်ကိုင်ဆီသို့ ပျံသန်းသွားနေခဲ့လေပြီ။
သက်လတ်ပိုင်းလူကြီးနှင့် အခြားလူများ၏ မျက်နှာထက် ကြောက်ရွံ့ရိပ်တို့ ကျန်ရစ်နေသေး၏။ သက်လတ်ပိုင်းလူကြီးသည် ချင်းယုအားကြည့်၍ ပြောလိုက်လေသည် “သခင်မလေး ဒဏ်ရာ ရမသွားဘူးမလား”
ချင်းယုက ခေါင်းခါ၍ ပြန်ပြောလိုက်၏ “အခုလို ကာကွယ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ဟိုလူကတော့…”
ပြောနေရင်း ရှန်တုသည် ရန်ကိုင် ရှိနေရာဆီသို့ မှုန်ကုတ်ကုတ် အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။
ထိုအခြင်းအရာကို မြင်သည့်အခါ သက်လတ်ပိုင်း လူကြီးက ချက်ချင်းပဲ နှစ်သိမ့်ပေးလိုက်လေသည် “တကယ်တော့ သခင်မလေး သူ့အတွက် ဘာမှ စိတ်မကောင်းဖြစ်နေစရာ မလိုဘူး။ အဲ့လူက ရှန်တု မသတ်ရင်တောင် မိုးမြေကောင်းချီကြောင့် သေရတော့မှာ။ စောစောသေတာနဲ့ နောက်ကျသေတာပဲ ကွာသွားတာ။ သခင်မလေးလည်း အကောင်းဆုံး ကြိုးစားပြီးသွာပြီလေ။ ဘာမှ စိတ်မကောင်း ဖြစ်နေစရာ မလိုတော့ဘူး။ နောက်တစ်ကြိမ်ကျ အဲ့တစ္ဆေလက်ရှန်တုကို သွားရန်မစတာ ကောင်းလိမ့်မယ်။ ဒီတစ်ကြိမ် ဘိုးဘေးကြောင့် ကျုပ်တို့ကို လွှတ်ပေးလိုက်မယ့် နောက်တစ်ကြိမ်ကျရင်တော့ အခုလိုမျိုး ကံကောင်းတော့မှာ မဟုတ်ဘူး”
“ကျွန်မသိတယ်။ အားလုံးကို ပြဿနာတက်အောင် လုပ်မိလိုက်လို့ အားနာပါတယ်” ချင်းယုက ခေါင်းညိတ်လိုက်၏။
ရန်ကိုင်ကမူ ထိုအဖြစ်အပျက်အားလုံးကို သတိမပြုမိသည့်အလား ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုကို လေ့လာရာတွင် အာရုံနစ်မြောနေခဲ့သည်။
ဝှစ်… ဝှစ်… ဝှစ်…
လေတိုးသံများနှင့်အတူ ရှန်တုတို့အဖွဲ့ ရန်ကိုင်နားတွင် ပေါ်လာခဲ့လေသည်။
အားကောင်းလှသော စွမ်းအင်လှိုင်းများနှင့် ဧရာမ ကန်တော့ပုံစံ တိမ်စိုင်တိမ်တိုက်ကြီးကို မြင်ပြီးသည့်နောက် ရှန်တု၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွား၏။
သူသည်လည်း ဤကဲ့သို့သော မိုးမြေကောင်းချီးနှင့် ကြုံခဲ့ဖူးပေသည်။ သို့သော်ငြား သူ၏ မိုးမြေကောင်းချီသည် ဤမိုးမြေကောင်းချီး၏ ဆယ်ပုံတစ်ပုံပင် မရှိချေ။ သူ့လက်ရှိ ခွန်အားဖြင့် ဤမိုးမြေကောင်းချီအား ဖြတ်ကျော်နိုင်မလားဟု လာမေးလျှင် မကျော်ဖြတ်နိုင်လောက် ဟူ၍သာ ပြန်ဖြေမိပေလိမ့်မည်။
“ဆရာ၊ ဒီနေရာက အရမ်း ကြောက်ဖို့ကောင်းလွန်းတယ်။ မြန်မြန် ကိစ္စရှင်းပြီး ထွက်သွားကြရအောင်” အနားတွင် ရှိနေသော တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူတစ်ဦးသည် လောကတရား၏ ကြောက်မက်ဖွယ်ရာ ဖိအားကြောင့် တုန်ရီနေခဲ့ပြီး နဖူးထက် ချွေးအေးများ ဝေ့သီနေခဲ့၏။
အခြားသူများလည်းလည်း တုန်လှုပ်နေခဲ့သည်။ ဤနေရာသို့ ခြေချလိုက်စဉ်က တစ်ခုခု မှားယွင်းနေသည်ဟု သူတို့စိတ်ထဲ ခံစားနေခဲ့ရသည်။ ဤနေရာတွင် ရစ်သိုင်းနေသော နိယာမစွမ်းအားတို့သည် အလွန်ကိုမှ သိပ်သည်းပြီး ပရမ်းပတာ ဖြစ်လွန်းနေသဖြင့် သူတို့၏ စွမ်းအားကိုပင် ကောင်းကောင်း မလှည့်ပတ်နိုင်တော့ပေ။
ရှန်တုက ခေါင်းညိတ်လိုက်ပြီးနောက် တင်ပလင်ခွေ ထိုင်နေသည့် ရန်ကိုင်ဆီသို့ ရုတ်တရက် ပြေးသွားရင် ပြောလိုက်လေသည် “ကောင်လေး၊ အပြစ်တင်ချင်ရင် ဒီလူအိုကြီးရဲ့ ပိုင်နက်ထဲမှာ အဆင့်တက်ဖို့ လာလုပ်တဲ့ မင်းကိုယ်မင်းသာ အပြစ်တင်လိုက်ပေတော့”
ပြောပြီးသည်နှင့် သူ့လက်ကိုမြှောက်၍ အားပါးတရ ရိုက်ချလိုက်လေသည်။
ရှန်တု လှုပ်ရှားနေသည်ကို မြင်သော် အခြားသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည်လည်း သူတို့၏ သိုင်းပညာရပ် အသီးသီးကို ထုတ်သုံး၍ ရန်ကိုင်အား တိုက်ခိုက်လိုက်ကြလေသည်။
သို့သော်ငြား သူတို့၏ တိုက်ခိုက်မှုများ ရန်ကိုင်အား မထိနိုင်သေးခင်မှာပင် တလက်လက် တောက်ပနေသည့် အလင်းတစ်ခုသည် ရန်ကိုင်နှင့် ဆယ်မီတာအကွာ၌ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ထိုဘဲဥပုံစံ အလင်းသည် ရန်ကိုင့် တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့လေသည်။
ဘုန်း… ဘုန်း… ဘုန်း… တိုက်ခိုက်မှုအားလုံး အလင်းအကာအရံပေါ် ကျရောက်သွားချိန် အကာအရံမှာ အနည်းငယ်သာ တုန်ခါသွားပြီး ဘာဆိုဘာမှ ဖြစ်မသွားခဲ့ပေ။
ထိုအခြင်းအရာကို မြင်ပြီးနောက် အကုန်လုံး မှင်သက်သွားလေ၏။
ထိုစဉ် ရန်ကိုင်သည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်၍ အကုန်လုံးအား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်လေသည် “ဘာလို့ လူတွေက ဒီလောက်တောင် သေချင်နေကြရတာလဲ… ဘာလို့လဲ…”
ရန်ကိုင်၏ စိုက်ကြည့်ခြင်း ခံလိုက်ရသည့် တန်ခိုးရှင် ဘုရင်အဆင့် ကျင့်ကြံသူအားလုံး ရင်ထတ်သွားကြသည်။ သူ့စိတ်ထဲ မကောင်းသည့်အရာတစ်ခုခု ဖြစ်တော့မည့်နှယ် ခံစားလိုက်ကြရသည်။
အကုန်လုံး ငေးကြောင်ကြောင် ဖြစ်နေစဉ်မှာပင် ရန်ကိုင်သည် သူ့လက်ကို မြှောက်လိုက်လေသည်။
ရုတ်တရက် လဓါးသွားများ တစ်စင်းပြီးတစ်စင်း ထွက်ပေါ်လာလေ၏။
“ငါ့လခွမ်း၊ မြန်မြန် ရှောင်ကြဟေ့” တစ်ယောက်ယောက်က ထအော်လေသည်။
သို့သော်လည်း လဓါးသွားများမှာ အလွန် မြန်သဖြင့် ရှောင်ချိန်ပင် မရလိုက်ဘဲ ထိမှန်ခြင်း ခံကုန်ကြလေ၏။
အချို့ကျင့်ကြံသူများသည် သူတို့၏ အကာအကွယ် သိုင်းပညာရပ်များကို အချိန်မှီ အသက်သွင်းလိုက်နိုင်သော်ငြား လဓါးသွားများသည် ထိုအကာကွယ်များကိုများ စက္ကူဖြူတစ်ရွက်အား ဖောက်သလို ဖောက်ထွက်သွားလေသည်။
ထို့နောက် အကာအကွယ်နောက်တွင် ရှိနေသော ကျင့်ကြံသူများကိုပါ တိုက်ရိုက် သွားထိမှန်လေ၏။
ထူးဆန်းစွာပင်… မည်သည့် သွေးမှ ထွက်မလာခဲ့ချေ။ သို့သော်လည်း လှည့်ပတ်ကြည့်မိလိုက်သည့်နောက် ထိုကျင့်ကြံသူများ၏ မျက်နှာ ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားကုန်ကြလေသည်။
အကြောင်းမှာ သူတို့ အပေါင်းအပါများ၏ ခန္ဓာကိုယ်ပေါ်တွင် လခြမ်းပုံစံ အပေါက်များကို မြင်လိုက်ရသည့် အတွက်ကြောင့်ပင်။ အပေါက်များ ရှိနေသော်ငြား သွေးစများ၊ အသားစများ အရိုများကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရချေ။
ထိုဒဏ်ရာများမှအဆင့် အတွင်းအင်္ဂါများကို ဖောက်မြင်နေခဲ့ရလေ၏။
ထိုအခြင်းအရာကိုကြည့်ရင်း ကျင့်ကြံသူပေါင်းများစွာ ကြောက်လန့်တကြား ထအော်ကြလေသည်။
နောက်ဆုံးတွင်တော့ သူတို့၏ ဒဏ်ရာများစီမှ သွေးများ ဖြာထွက်လာကုန်ကြလေ၏။ ချက်ချင်းဆိုသလို ရန်ကိုင်နား တစ်ဝိုက်တွင် ရှိနေကြသော ကျင့်ကြံသူပေါင်းများစွာသည် မယုံကြည်နိုင်သည့် အမူအရာများဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျကုန်ကြလေသည်။