အခန်း (၂၀၆၆-၂၀၇၀)
Vol. 83 Ch. 2066-2070
အပိုင်း (၂၀၆၆)
ကျန်းရို့ရှီ၏ ကြောက်မက်ဖွယ်ရာအကြည့်အောက်တွင် အဖြူရောင်ဝတ်စုံဝတ်ထားသည့် ကျန်းမိသားစု၏လူ ဖြေးဖြေးချင်း ပေါ်လာခဲ့လေသည်။
သို့သော်လည်း လက်ရှိတွင် ဤတန်ခိုးရှင်ဘုရင် ပထမအဆင့်ကျင့်ကြံသူ၏မျက်နှာမှာ အနည်းငယ် ကြောက်မက်ဖွယ်ရာကောင်းနေခဲ့သည်။
ကိုယ့်ထက်အလွန်ကိုမှ ခွန်အားနည်းပါးသော ကောင်မလေးတစ်ဦးအား ဤကဲ့သို့သောနေရာမျိုးတွင် အချိန်အကြာကြီးလိုက်ဖမ်းနေရသည့် မည်သူမဆို စိတ်ကောင်းဝင်နိုင်လိမ့်မည်မဟုတ်ချေ။
လမ်းဆုံးသွားသည်ကိုမြင်သည့်အခါ အဖြူရောင် ဝတ်ရုံနှင့်လူသည် ထူးခြားစွာအော်ရယ်မောလေ၏။ ယခင်ကကဲ့သို့ စိုးရိမ်နေခြင်းမရှိတော့ဘဲ ရုတ်တရက်ကြီး ပျော်လာခဲ့လေသည်။
ကျန်းရို့ရှီဆီသို့ တစ်လှမ်းချင်းလျှောက်သွားရင်းမှ ပြောလိုက်သည်။ “မိန်းမပျက်မ။ ဆက်ပြေးလေ..ပြေးလေ။ နင်ဘယ်ပြေးနိုင်သေးလဲ”
ကျန်းရို့ရှီသည် လှိုဏ်ဂူနံရံအား ကျောမှီထားရင်း ကျန်းမိသားစုမှလူအား ချောက်ခြားစွာစိုက်ကြည့်နေခဲ့သည်။ တဖြည်းဖြည်း သူမဆီသို့လျှောက်လာနေသော ထိုလူကိုကြည့်ရင်း ကျန်းရို့ရှီတစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာခဲ့သည်။
ကျန်းရို့ရှီ၏အပြုအမူသည် တစ်ဖက်လူအား သနားစိတ် မဝင်သွားစေရုံမက ထိုလူ၏စိတ်ထဲရှိ အမှောင်ဘက်ခြမ်းကိုပါ လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားခဲ့လေသည်။
စားကောင်းသောက်ဖွယ်ရာတစ်ခုခုကို တွေ့လိုက်ရသည့်အလား ကျန်းမိသားစုမှလူသည် ရုတ်တရက် စိတ်လှုပ်ရှားလာပြီး သူ့နှုတ်ခမ်းကိုလျှာဖြင့်သပ်လိုက်၏။
ထိုလူသည် ကျန်းရို့ရှီ၏ခန္ဓာကိုယ်အား အထက်အောက် အစုန်အဆန် စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများသည် တဏှာရိပ်တို့ဖြင့် တလက်လက် တောက်ပလာပြီး ခြောက်ခြားဖွယ်ရာကောင်းစွာ အော်ရယ်မောတော့လေ၏။
“အနားတိုးမလာနဲ့” ကျန်းရို့ရှီသည် နံရံထောင့်တွင် သနားစဖွယ်တိုးကပ်နေရင်း အသည်းအသန် အော်ပြောလေသည်။
သို့သော်လည်း ဝတ်ရုံဖြူနှင့်လူမှာမူ တုတ်တုတ်မျှပင် မလှုပ်။ ကျန်းရို့ရှီဆီသို့သာ လျင်မြန်စွာချဉ်းကပ်လာလေ၏။ သူမရှေ့သို့ရောက်သည့်အခါ ဝတ်ရုံဖြူနှင့်လူသည် သူ့လက်ကိုဆန့်ထုတ်၍ ကျန်းရို့ရှီအား လှမ်းဖမ်းလိုက်လေ သည်။
သို့သော်လည်း ထိုစဉ် ကျန်းရို့ရှီ၏မျက်လုံးထဲရှိ အားနည်းပြီးတောင်းပန်နေသည့်အကြည့်တို့မှာ ရုတ်ခြည်း ပျောက်ကွယ်သွားခဲ့ပြီး ပြတ်သားမှုတို့က အစားထိုး ဝင်ရောက်လာခဲ့လေသည်။
မည်သည့်အချိန်ကတည်းကမှန်းမသိ ထုတ်ထားသော သူမ၏ဓားမြှောင်ထဲသို့ သူတော်စင်ချီများကို အရူးအမူး ထည့်သွင်းလိုက်ပြီးသည့်နောက် ဝတ်ရုံဖြူ၏ရင်ဘတ် တည့်တည့်သို့ ထိုးစိုက်ချလိုက်လေ၏။
ခွန်အားချင်းသာတူနေမည်ဆိုပါက ကျန်းရို့ရှီ၏ တိုက်ခိုက်မှုသည် အောင်မြင်နိုင်ချေ ငါးဆယ်ရာခိုင်နှုန်းကျော်မက ရှိပေသည်။ သို့သော်လည်း သူတို့ကြားခွန်အားကွာခြားချက်မှာ အလွန်ကိုမှ ကြီးမားလွန်းနေခဲ့သည်။
ကျန်းရို့ရှီ၏အချိန်ကိုက်လှုပ်ရှားမှုမှာ လုံးဝကို ပြီးပြည့်စုံသော်ငြား သူတော်စင်ချီစွမ်းအင်လှိုင်းများကို ခံစားမိလိုက်သည်နှင့် ဝတ်ရုံဖြူနှင့်လူသည် သူ၏ နယ်ပယ်စက်ကွင်းကို ချက်ချင်းအသက်သွင်းလိုက်လေသည်။
နယ်ပယ်စက်ကွင်းသည် သူတော်စင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ခုခံနိုင်သည့်အရာမျိုးမဟုတ်ပေ။
ကျန်းရို့ရှီလက်ထဲရှိဓားမြှောင်သည် ဝတ်ရုံဖြူလူ၏ ရင်ဘတ်နှင့် သုံးစင်တီမီတာခန့်အကွာတွင် ရပ်တန့်သွားခဲ့ လေသည်။ သူမမည်သို့ပင်အားစိုက်နေစေကာမူ ဓားမြှောင်မှာ ရှေ့သို့တစ်ချက်ကလေးမှပင် ထပ်မရွေ့နိုင်တော့ပေ။
ခေါင်းမော့ကြည့်လိုက်ရာ ဝတ်ရုံဖြူနှင့်လူသည် သူမအား လှောင်ပြောင်လိုသည့်အမူအယာဖြင့် စိုက်ကြည့်နေကြောင်းတွေ့လိုက်ရသည်။
ချက်ချင်းဆိုသလို ဝတ်ရုံဖြူနှင့်လူသည် ကျန်းရို့ရှီအား ဆံပင်မှကိုင်ဆွဲကာ နံရံနှင့် ဆောင့်ရိုက်ချလေ၏။
ဘုန်း...
သူမတစ်ကိုယ်လုံး အထက်အောက်ပြောင်းပြန် လှန်လိုက်သလို ကျန်းရို့ရှီ ခံစားလိုက်ရလေသည်။ တစ်ခေါင်းလုံးမူးဝေသွားခဲ့ပြီး မျက်လုံးများပင် ရီဝေဝေ ဖြစ်လာခဲ့သည်။
“မိန်းမပျက်မ။ ငါ့ကိုတိုက်ခိုက်ရဲတယ်ဟုတ်လား” ဝတ်ရုံဖြူနှင့်လူသည် ခြောက်ခြားဖွယ်ကောင်းစွာပြုံးလျက် “အစကတော့ နင့်ကို မြန်မြန်သေအောင်လုပ်ပေးဖို့ စဉ်းစားထားတာ။ ဒါပေမယ့် ဒီလိုဆိုမှတော့ ငါ့ကို အပြစ်မတင်နဲ့ပေါ့”
ပြောပြီးသည့်နောက်တွင် ကျန်းရို့ရှီ၏လည်ပင်းကို ဆွဲညှစ်လိုက်လေသည်။ ထို့နောက် သူမအား ဖြေးဖြေးချင်း လေပေါ်ပင့်တင်၍ သူမလည်ပင်းအား ညှစ်ထားသည့်အားကို တဖြေးဖြေးချင်း တိုးမြှင့်လိုက်သည်။
လည်ပင်းမှာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံထားရသည့် အတွက် ကျန်းရို့ရှီ တဖြေးဖြေး အသက်ရှူကြပ်လာခဲ့လေသည်။ တစ်ဖက်လူ၏ သူမ၏ ခြေလက်များဖြင့် အသည်းအသန် ကန်ကျောက် ရိုက်နှက်နေပါသော်ငြား ဝတ်ရုံဖြူလူ၏ လက်မှ မည်သို့မှ မလွတ်မြောက်ခဲ့ပေ။
တဖြည်းဖြည်းနှင့် အသက်ရှူရခက်ခဲလာပြီး သူမ၏ အမြင်အာရုံမှာလည်း ဝေဝါးလာခဲ့ရလေသည်။ ထိုဝေဝါးနေသည့်အမြင်အာရုံမှတစ်ဆင့် ပုံရိပ်တစ်ခု သူမဆီသို့ ပြေးဝင်လာနေသည်ကို တွေ့လိုက်ရသည်။
လှိုဏ်ခေါင်းထဲရှိ မှိန်ဖျဖျအလင်းရောင်၏အကူအညီနှင့် ထိုလူမှာ သူမမျှော်လင့်စောင့်စားနေသည့် ဆရာရန်ဆိုသည့် လူဖြစ်မှန်း အတည်ပြုလိုက်နိုင်၏။
‘ဆရာ့ကြည့်ရတာ အရမ်းစိုးရိမ်နေတာပဲ။ ဒါပေမယ့် သူ့မျက်နှာက ဘာလို့ဒီလိုတွေဖြစ်နေတာလဲ။ သူဒေါသထွက်နေတာ အရမ်းကြောက်ဖို့ကောင်းတာပဲ။ လူတွေကမသေခင် သူတို့မြင်ချင်တာတွေ မြင်တတ်ကြတယ်လို့ အဖွားပြောဖူးတယ်။ ငါလည်း အခုလိုမျိုးဖြစ်နေတာများလားမသိဘူး’ ထိုကဲ့သို့တွေးရင်း အားအင်ကုန်ဆုံးသွားသည့်အလား ကျန်းရို့ရှီ၏မျက်လုံးများ တဖြည်းဖြည်းချင်း ပိတ်သွားခဲ့လေသည်။
ထိုစဉ်မှောင်မိုက်နေသော လှိုဏ်ခေါင်းထဲ ရွှေရောင် အလင်းတစ်ချက်လက်သွားခဲ့လေ၏။ ချက်ချင်းဆိုသလို သူမလည်ပင်းအား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသော လက်မှာ ရုတ်တရက်လျော့ရဲသွားခဲ့ပြီး ကျန်းရို့ရှီသည်လေ မြေပေါ်သို့ ပြုတ်ကျသွားခဲ့လေသည်။
သို့သော်လည်း မြေပြင်ပေါ်သို့မရောက်ခင် ကျန်းရို့ရှီသည် သူမလက်ထဲရှိဓားမြှောင်အား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်၍ ရှေ့သို့ထိုးချလိုက်သည်။
မည်သည့်နေရာက ခွန်အားရလာမှန်းတော့မသိပေ။ သို့သော်ငြား သူမလက်ထဲရှိဓားမြှောင်မှာ ဝတ်ရုံဖြူလူ၏ ရင်ဘတ်ထဲသို့ ချောချောမွေ့မွေ့စိုက်ဝင်သွားသဖြင့် ကျန်းရို့ရှီ အတော်လေးကို အံ့အားသင့်သွားခဲ့ရလေသည်။
ဓားမြှောင်ကို ပြန်ဆွဲထုတ်လိုက်သည့်အခိုက် သွေးစိမ်းရှင်ရှင်တို့ သူမမျက်နှာပေါ်သို့ ပက်ဖျန်းကျလာလေ၏။ ပျစ်ထွေးစေးကပ်လှသော သွေးစက်တို့သည် ကျန်းရို့ရှီကိုယ်ပေါ်ရှိ အမွှေးအမျှင်အားလုံးကို ထောင်တက်သွားစေခဲ့လေသည်။
ခဏကြာမှင်သက်နေပြီးနောက် သူမရင်ထဲရှိ ကြောက်ရွံ့မှုကို ဖိနှိပ်ရင်း ဓားမြှောင်အားမြှောက်ကာ ဝတ်ရုံဖြူလူ၏ရင်ဘတ်ထဲသို့ ထပ်ကာထပ်ကာ ထိုးစိုက်လေတော့သည်။
တစ်ကြိမ်ထိုးတိုင်းထိုးတိုင်းတွင် ကျန်းရို့ရှီသည် ဓားမြှောင်အရင်းထိနစ်ဝင်အောင် ထိုးစိုက်ချလေသည်။ ဝတ်ရုံဖြူနှင့်လူ မျက်လုံးအပြူးသားဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည့်အခါမှပဲ ကျန်းရို့ရှီအသိပြန်ဝင်လာတော့သည်။
မြေပြင်ပေါ်လဲကျနေသည့်အလောင်းအား ငေးကြောင် စိုက်ကြည့်နေမိလေသည်။ အချိန်အတော်ကြာသည့်တိုင် အသိပြန်မဝင်လာနိုင်ခဲ့။
သူမ မစဉ်းစားတတ်သည်မှာ သူမအနေဖြင့် ဤမျှအားကောင်းသည့်လူတစ်ဦးအား မည်ကဲ့သို့ ဓားဖြင့်ထိုးသတ်နိုင်ခဲ့သလဲဆိုသည်ကိုပင်။
“ရို့ရှီ” ခပ်လှမ်းလှမ်းဆီမှ ခေါ်သံတစ်သံ ထွက်ပေါ်လာခဲ့ လေသည်။
ကျန်းရို့ရှီ၏ခန္ဓာကိုယ် ရုတ်တရက်တုန်ရီသွား၏။ လှမ်းကြည့်လိုက်သည့်အခါ သူမအား အပြစ်မကင်းသည့် အမူအယာဖြင့် လှမ်းကြည့်နေသော ရန်ကိုင်ကို တွေ့လိုက်ရလေသည်။
“ဆရာလား” ကျန်းရို့ရှီ အလိုလိုလှမ်းအော်ခေါ်မိလိုက် သည်။ သူမမျက်လုံးများကိုပင် သူမ မယုံကြည်နိုင်တော့။
အရှေ့ရှိလူသည် ပုံရိပ်ယောင်တစ်ခုဖြစ်နေမည်ကို တွေးရင်း မျက်လုံးများအားပွတ်ကာ နောက်တစ်ကြိမ် သေချာထပ်ကြည့်လိုက်သည်။
သို့သော်လည်း သူမလက်တစ်ခုလုံး သွေးများ စွန်းထင်းနေသည်ကို မေ့လျော့သွားခဲ့လေသည်။ မျက်လုံးများကို လက်ဖြင့်သွားပွတ်လိုက်သည့်အခါ သူမအမြင်အာရုံတစ်ခုလုံး အနီရောင်လွှမ်းသွားတော့လေ၏။
ထိုအခါမှပဲ ကျန်းရို့ရှီအသိပြန်ဝင်လာနိုင်တော့သည်။ သွေးစွန်းနေသည့် သူမလက်များကို ငုံ့ကြည့်လိုက်ပြီးနောက် လက်ထဲရှိဓားမြှောင်အား လွှင့်ပစ်လိုက်လေသည်။
တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီလာပြီး စိတ်ခံစားချက်တို့မှာလည်း ကယောက်ကယက် ဖြစ်ကုန်လေ၏။
ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင်သည် ကျန်းရို့ရှီအနားသို့ရောက်လာပြီး သူမလက်ကောက်ဝတ်အား ကိုင်ကာ လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။ “ရို့ရှီ အဆင်ပြေရဲ့လား”
ကျန်းရို့ရှီသည် တဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်လိုက်သည်။ တစ်ချိန်က ကြည်လင်ရှင်းသန့်နေခဲ့သော သူမ၏ မျက်လုံးလှလှလေးများသည် လက်ရှိအချိန်တွင် သွေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။
သူ့ရှေ့တွင်ရပ်နေသည့်လူမှာ ရန်ကိုင်ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်ပြီးသည့်နောက်တွင် ကျန်းရို့ရှီ အော်ငိုတော့လေ၏။ မျက်ရည်စက်တို့သည် မိုးသီးမိုးပေါက်များနှယ် သူမ၏ပါးပြင်တစ်လျှောက် ထိန်းမနိုင်သိမ်းမရအောင် စီးကျလာလေတော့လေသည်။ သူမ မြိုသိပ်ထားရသည့် ခံစားချက်အားလုံး ပေါက်ထွက်ကုန်လေပြီ။
အတန်ကြာအော်ငိုနေပြီးမှ ဆို့နင့်နေသည့်လေသံဖြင့် ပြောလိုက်သည်။ “ဆရာ..ရို့..ရို့ရှီ လူ...လူ... သတ်.. သတ်လိုက်မိပြီ။... ဆ... ဆရာ... ရို့.. ရို့ရှီကို... ကယ်ပါဦး”
ရန်ကိုင်သည် ကျန်းရို့ရှီကိုကြည့်ရင်း မျက်မှောင် ကြုတ်သွားခဲ့သည်။ ဤအချိန်တွင် ကျန်းရို့ရှီသည် ကြီးကြီးမားမားစိတ်ဒဏ်ရာရနေသည့်ပုံစံမျိုးပင်။
သူမအကြီးအကျယ်ထိတ်လန့်တုန်လှုပ်နေရသည့် အကြောင်းအရင်းမှာ ဝတ်ရုံဖြူလူ၏တိုက်ခိုက်ခြင်း ခံရသည့် အတွက်ကြောင့်မဟုတ်သလို သေဘေးမှကပ်သီလေး လွတ်သွားသည့်အတွက်ကြောင့်လည်းမဟုတ်ဘဲ လူတစ်ဦးကို သတ်မိလိုက်သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။
ထိုလူသည် သူမအား သတ်ချင်နေသည့်လူဖြစ်သည့်တိုင် သူမကိုယ်တိုင်ထိုလူအား ဓားဖြင့်အကြိမ်ပေါင်းများစွာ ထိုးသတ်ခဲ့သည့်အကြောင်း ပြန်စဉ်းစားမိလိုက်သော် ကျန်းရို့ရှီအလွန်ကိုမှ ထိတ်လန့်တုန်လှုပ် ခြောက်ခြားသွားလေ၏။
ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ရန်ကိုင်နားလည်သွားခဲ့ လေသည်။ ရို့ရှီသည် အသက် ၁၆/၁၇ နှစ်သာရှိသော ကောင်မလေးတစ်ဦးသာဖြစ်သည်။ ထို့အပြင် ငယ်စဉ်ကတည်းက ကျန်းမိသားစုတွင် အလိုလိုက်ကာ ကြီးပြင်းလာရသည့် မိန်းကလေးတစ်ဦးလည်းဖြစ်၏။
ထို့ကြောင့် သူမဘဝ၌ သူတော်စင်ဘုရင်အဆင့်သို့ ရောက်အောင် ကျင့်ကြံလာခဲ့ဖူးသည့်တိုင် သေရေးရှင်ရေး တိုက်ပွဲတစ်ပွဲကိုမှ မတိုက်ခိုက်ခဲ့ဖူးပေ။ လူတစ်ယောက်အား သတ်မည့်ကိစ္စဆိုလျှင်တော့ ဝေးစွ။
ဤကဲ့သို့သော မိန်းမငယ်လေးတစ်ဦးအတွက် လူတိုင်း၏အသက်သည် အလွန်ကိုမှအရေးပါလှသည်။ သို့သော်လည်း ယနေ့တွင် လူတစ်ဦးကို သူမကိုယ်တိုင် ဓားမြှောင်ဖြင့် ထိုးသတ်မိခဲ့သည်။
ပုံမှန်အားဖြင့် သူမအဖို့ ဤကိစ္စမှ ပြန်လည် ရုန်းထလာနိုင်ရန်အတွက် အတော်လေးအချိန်ယူရပေလိမ့်မည်။
ရန်ကိုင်ကိုယ်တိုင်လည်း ဤကဲ့သို့သော အဖြစ်အပျက်မျိုးနှင့် ကြုံခဲ့ရဖူးပေသည်။ လူတစ်ဦးကို ပထမဦးဆုံးအကြိမ် စသတ်လိုက်မိစဉ်က သူ့စိတ်ထဲ အလွန်ကိုမှ မသက်မသာဖြစ်ခဲ့ရသည်။ ထိုစိုးရိမ်တုန်လှုပ် ခြောက်ခြားစိတ်သည် အချိန်အတော်ကြာသည့်တိုင် ပျောက်ကွယ်သွားခြင်း မရှိခဲ့ပေ။
သို့သော်ငြား နောက်ပိုင်းအချိန်ကြာလာသည့်နောက် လူပေါင်းများစွာကို ထပ်သတ်လာသည့်အခါ သူ့စိတ်ထဲ မည်သို့မှမခံစားရတော့ပေ။
သို့ရာတွင် ကျန်းရို့ရှီကမူ ထိုကဲ့သို့မဟုတ်။ ဝတ်ရုံဖြူနှင့်လူသည် သူမ ပထမဦးဆုံးသတ်ခဲ့သူဖြစ်သည်။
ထိုအချက်ကိုစဉ်းစားမိလိုက်သော် ရန်ကိုင်သက်ပြင်း တစ်ချက်ချလိုက်ပြီး ကျန်းရို့ရှီအား ပွေ့ဖက်ပေးလိုက်၏။ သူမ၏ကျောပြင်အား အသာအယာပုတ်ရင်း နှစ်သိမ့်ပေးလိုက်လေသည်။ “သူ့ကိုသတ်လိုက်တာ မဟုတ်ဘူး။ သူက ငါ့လက်နဲ့သေပြီးနေပြီ။ နင်သူ့ကို ဓားမြှောင်နဲ့ထိုးလိုက်တဲ့အချိန်မှာ သူအသက်ရှင်နေတော့တာ မဟုတ်တော့ဘူး”
ကျန်းရို့ရှီ၏တုန်ရီနေသည့်ခန္ဓာကိုယ်လေး အနည်းငယ် ငြိမ်သက်သွားခဲ့လေ၏။ ထို့နောက် ခေါင်းမော့၍ ကြောက်ကြောက်လန့်လန့်ဖြင့် မေးလိုက်လေသည်။ “တစ်ကယ်လား”
“တစ်ကယ်လေ။ ဒီမှာ ကြည့်ကြည့်” ပြောပြီးသည့် နောက်တွင် ရန်ကိုင်သည် ဝတ်ရုံဖြူနှင့်လူ၏ခန္ဓာကိုယ်ထဲမှ သူ၏ရွှေရောင်သွေးမျှင်ကို ပြန်ဆင့်ခေါ်ပြလိုက်သည်။ “ဒါပဲ သူ့ကိုသတ်လိုက်တာက”
“ကျွန်မသူ့ကို မသတ်လိုက်ဘူးလား” ကျန်းရို့ရှီသည် ရန်ကိုင့်လက်ထဲရှိ ရွှေရောင်သွေးမျှင်အား ငေးကြောင်ကြည့်နေလေသည်။
သူမမျက်လုံးထဲရှိ တုန်လှုပ်ခြောက်ခြားမှုတို့မှာ ယခုမှပဲ ပျောက်ကွယ်သွားတော့သည်။ သူမပုခုံးထက် ထမ်းပိုးထားရသည့် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုအား လွှတ်ချလိုက်နိုင်သည့်အလား။
“နင်သူ့ကိုသတ်လိုက်တာမဟုတ်ဘူး။ အခု အေးဆေးအနားယူလိုက်တော့။ နင်နိုးလာတဲ့အချိန်ကျရင် အကုန်လုံးအဆင်ပြေသွားလိမ့်မယ်” နှစ်သိမ့်ပေးနေရင်း ရန်ကိုင်သည် သူ၏အရင်းအမြစ်ချီအား ကျန်းရို့ရှီ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်း၍ ကမောက်ကမဖြစ်နေသော သူမ၏သူတော်စင်ချီကို ငြိမ်သက်သွားအောင် လုပ်ပေးလိုက်လေသည်။
သူမစိတ်ထဲရှိ ဝန်ထုပ်ဝန်ပိုးကြီးအား လွှတ်ချလိုက်ရသည့်အတွက်ကြောင့်လားမသိ၊ အလွန်ကိုမှ မောပန်းနေသည့်အတွက်ကြောင့်များလား မသိရ... ကျန်းရို့ရှီသည် ရန်ကိုင့်၏လက်မောင်းထဲ ခေါင်းချမိမိချင်း အိပ်ပျော်သွားခဲ့ လေသည်။
မကြာမီ ဟောက်သံသဲ့သဲ့တို့ သူမ၏နှာဖျားဆီမှ ထွက်ပေါ်လာခဲ့လေ၏။ ကျန်းရို့ရှီနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကိုမြင်မှပဲ ရန်ကိုင်သက်ပြင်းချလိုက်နိုင်ပြီး သူမအား မင်းသမီးလေးတစ်ပါးနှယ် မသွားလိုက်လေသည်။
“ဝှစ်” ရုတ်တရက် အနီးအနားဆီမှ တစ်စုံတစ်ခု အလွန်လျင်မြန်သည့်နှုန်းဖြင့် ပျံသန်းလာနေသည့် အသံတစ်သံထွက်ပေါ်လာခဲ့သည်။
ရန်ကိုင်မျက်လုံးမှေးစင်းသွားပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျတ်၍စစ်ဆေးကြည့်လိုက်ရာ မိုရှောင်ချီမှန်း တွေ့လိုက်ရလေသည်။
ခဏအကြာတွင် မိုရှောင်ချီသည် ရန်ကိုင်နှင့် မလှမ်းမကမ်းတွင် ပြန်ပေါ်လာခဲ့သည်။ အာကာယံလင်းဆွဲသည် မိုရှောင်ချီ၏ပုခုံးထက်တွင်နေရင်း တကျွီကျွီအော်မြည်နေခဲ့ လေသည်။
မိုရှောင်ချီသည် ရန်ကိုင့်အားလှမ်းကြည့်လိုက်သည်။ ထို့နောက် မြေပေါ်တွင်လဲနေသောအလောင်းအား လှမ်းကြည့်လိုက်ပြီးနောက် ကျန်းရို့ရှီဆီသို့ အကြည့်ရောက်လာခဲ့လေသည်။ ထို့နောက်မေးလိုက်လေ၏။ “ညီမရို့ရှီအဆင်ပြေရဲ့လား”
“ပြေတယ်” ရန်ကိုင်ကခေါင်းငြိမ့်လိုက်သည်။
“သူတစ်ကယ်အဆင်ပြေတာလား”
“အချိန်မီရောက်လာတယ်လို့ပဲ ပြောရမလား။ ဘာမှ ဖြစ်မသွားလိုက်ဘူး။ အခုအားကုန်ပြီး အိပ်ပျော်နေတာ”
“အဲ့ဒါဆိုကောင်းတယ်” မိုရှောင်ချီသည် မို့မောက်နေသည့် သူမ၏ရင်ဘတ်အစုံကို လက်ဖြင့်ဖိလိုက်ရင်း သက်ပြင်းချလိုက်လေသည်။
သို့သော်လည်း မကြာမီတွင် အံကြိတ်၍ “ကျန်းမိသားစုကကောင်တွေ တစ်ကယ်မုန်းဖို့ကောင်းတယ်။ အစ်ကိုရန် ကျွန်မဒီမှာ ဘာတွေရှာတွေ့လိုက်လဲသိလား။ အဲ့ကောင်တွေက လေလွင့်ကျင့်ကြံသူတွေကိုဖမ်းပြီး သူတို့အတွက်မိုင်းတူးခိုင်းနေတာ။ တစ်ကယ်ကို အကျင့်မကောင်းတဲ့ကောင်တွေ”
“ငါလည်း အဲ့ဒီအကြောင်းသိတယ်” ရန်ကိုင်၏ မျက်လုံးများ ရုတ်ခြည်းအေးစက်သွားခဲ့သည်။
သူ့အမူအယာသည် အေးစက်သည်ထက် အေးစက်လာခဲ့ပြီးနောက် ရုတ်တရက် အော်ရယ်မောလျက် ပြောလိုက်လေ၏။ “ကျန်းမိသားစု။ မင်းက ငါ့လူကို နှုတ်ပိတ်ဖို့ ကြိုးစားမှတော့ စောင့်နေကြတော့ပေါ့ကွာ”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၆၇)
ရို့ရှီ၏အလွန်ထိတ်လန့်တုန်လှုပ်ခြောက်ခြားသွားသည့် အမူအယာကို မြင်ပြီးနောက် ရန်ကိုင်ရှက်လည်းရှက် ဒေါသလည်းထွက်သွားခဲ့ရလေသည်။
တာအိုသခင်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သော်ငြား တစ်ချက်ကလေးသတိလက်လွတ်ဖြစ်သွားသည့်အတွက် မိန်းမငယ်လေးတစ်ဦးကိုပင် မကာကွယ်လိုက်နိုင်ဘဲ တစ်ပါးသူ၏လက်ထဲသို့ ရောက်သွားစေခဲ့ကာ မိုင်းတူးသမား အဖြစ်သို့ ပြောင်းလဲသွားစေခဲ့ရသည်။
ကျန်းမိသားစုဆီသို့သွား၍ သူမအကြောင်းအား မေးမြန်းသည့်အခါတွင် ကျန်းမိသားစုဝင်အကြီးအကဲများသည် သူ့ရှေ့တည့်တည့်တွင်ပင် မျက်နှာပြောင်ဖြင့် လိမ်ခဲ့လေသည်။
အခြေအနေမှာ ထိုမျှနှင့်သာရပ်တန့်သွားခဲ့လျှင် အဆင်ပြေသေးသည်။ သို့သော်ငြား ကျန်းမိသားစုသည် ထိုမျှနှင့်ပင်မရပ်တန့်သေးဘဲ ကျန်းရို့ရှီအား နှုတ်ပိတ်ပစ်ရန်ပါ ကြိုးစားလာခဲ့လေသည်။ သူတို့၏လုပ်ရပ်အား ရန်ကိုင့်အနေဖြင့် မည်ကဲ့သို့များ သည်းခံနိုင်ပါမည်နည်း။
ဤမိုင်းတွင်းထဲမှ ထွက်သွားပြီးနောက်တွင် ကျန်းမိသားစုဆီသို့သွားကာ စိတ်ကြိုက်သောင်းကျန်းပစ်ရန် စီစဉ်ထားလေသည်။ ကျန်းမိသားစုတစ်ခုလုံး ကြွက်တစ်ကောင် ကြောင်တစ်မြီးပင် ငြိမ်းငြိမ်းချမ်းချမ်းမနေရအောင် လုပ်ပစ်ပေမည်။
“ဝင်ပေါက်ကို စောင့်နေတဲ့ကျန်းမိသားစုဝင်တွေကော” ရန်ကိုင်က လေသံအက်အက်ဖြင့် မေးလိုက်လေသည်။
“သူတို့ အဲ့ဘက်မှာ” မိုရှောင်ချီက ပြန်ပြောလိုက်သည်။ “ဒီမှာ သူတို့ နှစ်ယောက်တည်း ရှိနေတာ မဟုတ်ဘူး။ နောက်ထပ် အများကြီး ရှိသေးတယ်။ တွေ့တဲ့လူတွေကိုတော့ သတိလစ်အောင် ရိုက်ပစ်ခဲ့လိုက်တယ်။ သူတို့ ဖမ်းထားတဲ့လူတွေကိုတော့ ပြန်လွှတ်ပေးလိုက်ပြီ”
ရန်ကိုင်က ခေါင်းငြိမ့်လိုက်၍ “သူတို့သာလွတ်သွားရင် ကျန်းမိသားစုအနေနဲ့ ဒီကိစ္စကိုဆက်ပြီး ဖုံးကွယ်ထားလို့ ရတော့မှာမဟုတ်တော့ဘူး။ ငါ့အတွက်လည်း ကျန်းမိသားစုဆီကိုသွားပြီး ပြဿနာရှာဖို့က ကွက်တိဖြစ်သွားပြီ။ ဒီလိုဆိုရင် မြို့သခင်စံအိမ်တောင် ဒီကိစ္စမှာ ဝင်ပါလို့ရတော့မှာ မဟုတ်တော့ဘူး”
“ကောင်းပြီ သွားကြရအောင်” မိုရှောင်ချီက ပြောလိုက်သည်။
ရန်ကိုင်လည်းသဘောတူခေါင်းငြိမ့်လိုက်လေသည်။ ထိုအကြောင်းကို ဆွေးနွေးတိုင်ပင်ပြီးသည့်နောက်တွင် ရန်ကိုင်နှင့်မိုရှောင်ချီသည် မေပယ်မြို့သို့ ပြန်ရန် လုပ်လိုက်ကြသည်။
သို့သော်လည်း ထိုစဉ် အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့၏။ သူတို့ခြေထောက်အောက်ရှိမြေပြင် ရုတ်တရက်တုန်ခါလာသည်ကို ရန်ကိုင်နှင့် မိုရှောင်ချီတို့ နှစ်ဦးစလုံး ခံစားမိလိုက်ကြသည်။
တစ်ချိန်တည်းတွင် သူတို့နှင့်မလှမ်းမကမ်းဆီမှ အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
ရန်ကိုင်မျက်မှောင်ကြုတ်သွားခဲ့ပြီး အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ရာ သူတို့ရှေ့ဘက်ရှိ နံရံမျက်နှာပြင်ပေါ်တွင် သွေးနီရောင်မျဉ်းကြောင်းများ ရှိနေကြောင်း တွေ့လိုက်ရလေသည်။
ထိုမျဉ်းကြောင်းများမှာ အလွန်ကိုမှရှုပ်ထွေးပြီး ဆန်းကြယ်၏။ မျဉ်းကြောင်းများ၏ပုံစံမှာ စည်းတစ်ခုနှင့်ပင် တူနေပေသေးသည်။ ထိုမျဉ်းကြောင်းများသည် တွန့်လိမ် ရွတ်တွနေရင်း သွေးများကို အဆက်မပြတ် စုပ်ယူနေခဲ့လေသည်။
ယခုမှပဲ ထိုမျဉ်းကြောင်းများ သွေးနီရောင် ပြောင်းနေရခြင်းမှာ ကျန်းမိသားစုဝင် အဖြူရောင် ဝတ်ရုံဝတ်လူ၏သွေးများကို စုပ်ယူနေသည့်အတွက်ကြောင့်မှန်း ရန်ကိုင်နားလည်သွားခဲ့လေ၏။
လက်ရှိတွင် နံရံပေါ်ရှိစည်းသည် အဖြူရောင်ဝတ်ရုံနှင့်လူ၏ သွေးများကို အရူးအမူးစုပ်ယူနေခဲ့သည်။ သွေးများကို စုပ်ယူနေသည်နှင့်အမျှ သွေးနီရောင်စည်းသည် ပို၍လျင်မြန်စွာ တွန့်လိမ်လာခဲ့သည်။
“ဘာကြီးလဲ” ရန်ကိုင်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး သူ့ရှေ့ရှိနံရံအား သင်္ကာမကင်း အမူအယာဖြင့် လှမ်းကြည့်လိုက်လေသည်။
မိုရှောင်ချီ၏အမူအယာမှာလည်း ရုတ်ခြည်း တည်ကြည်သွားခဲ့သည်။ အချိန်အတော်ကြာအောင် စိုက်ကြည့်နေသည့်တိုင် သူမကိုယ်တိုင်သည်လည်း ထိုစည်းအား ဘာမှန်းအမျိုးအမည်မခွဲခြားနိုင်ခဲ့ပေ။
ထိုအချိန်တွင် စည်းသည် သွေးအလုံအလောက်ကို ဝါးမြိုသွားနိုင်သည့်အလား နံရံပေါ်ရှိမျဉ်းကြောင်းများမှာ အလယ်ဗဟိုတွင် ချက်ချင်းစုဆုံသွားပြီး ကြောက်မက်ဖွယ်ရာ လူပုံစံမျက်နှာတစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက် ပါးစပ်ကြီးမှာ ပွင့်ဟလာပြီး အနက်ရောင်အရှိန်အဝါများကို ရုတ်တရက်မှုတ်ထုတ်တော့လေ၏။
ရန်ကိုင်၏မျက်ဝန်းများ ရုတ်ခြည်းမှေးစင်းသွားခဲ့သည်။ သူ့ခေါင်းထဲ အချက်ပေးခေါင်းလောင်းသံတို့လည်း ဆူဝေသွားခဲ့လေသည်။
ရန်ကိုင်သည် မိုရှောင်ချီအား အလျင်စလိုဆွဲ၍ နောက်သို့ခုန်ဆုတ်လိုက်သည်။ စည်းထဲမှထွက်လာသော အနက်ရောင်အရှိန်အဝါသည် မကြာမီတွင် လှိုဏ်ခေါင်းတစ်ခုလုံးအား လွှမ်းခြုံသွားခဲ့လေသည်။
ထိုအနက်ရောင်ချီထဲ ရက်စက်ကြမ်းကြုတ်သွေးဆာသည့် အရှိန်အဝါတစ်ရပ်ရှိနေသည်ကို ရန်ကိုင်အသေအချာ ခံစားမိနေခဲ့သည်။ အရေးအကြီးဆုံးအချက်မှာ ထိုအနက်ရောင်ချီဆီမှ ရင်းနှီးနေသည့်ခံစားချက်ကို ခံစားနေရခြင်းပင်။
ထို့နောက်တွင် အနက်ရောင်ချီသည် မရေမတွက်နိုင်သော အနက်ရောင်အမျှင်ငယ်လေးများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ထိုအနက်ရောင်အမျှင်ငယ်လေးများထဲမှ တစ်ခုသည် သေဆုံးသွားပြီဖြစ်သော ကျန်းမိသားစုမှလူ၏ပါးစပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။
ထို့နောက်တွင် ရန်ကိုင့်ကိုပင် မှင်သက်သွားစေနိုင်သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
ရင်ဘတ်တစ်ခုလုံး ဓားချက်ပေါင်းများစွာ ထိုးစိုက်ထားခံရသော ကျန်းမိသားစုဝင်ကျင့်ကြံသူသည် ရုတ်တရက်မျက်လုံးပြန်ပွင့်လာခဲ့သည်။ သို့သော်ငြား သူ့မျက်လုံးများမှာ ယခင်ကကဲ့သို့ အဖြူအနက်မဟုတ်တော့ဘဲ လုံးဝကိုအနက်သီးသန့် ဖြစ်နေခဲ့လေသည်။
တစ်ချိန်တည်းတွင် အနက်ရောင်မျဉ်းကြောင်းများသည် ထိုလူ၏မျက်နှာ၊ လက်မောင်း၊ ခြေထောက်တစ်လျှောက်တွင် ပေါ်လာခဲ့လေ၏။
“နတ်ဆိုးအမှတ်အသား” ရန်ကိုင်အံ့အားသင့်တကြီး ရေရွတ်လိုက်သည်။
ထိုမျဉ်းကြောင်းများနှင့်သူအလွန်ကိုမှ ရင်းနှီးပေသည်။ ထုန်းရွှမ်လောကကြီးတွင်ရှိစဉ်က ရှေးဟောင်းနတ်ဆိုး ကလန်သားများကို ကယ်တင်ခဲ့ဖူးသည်။
သူကိုယ်တိုင်သည်လည်း ဤလျှို့ဝှက်နည်းစနစ်များကို ကျင့်ကြံခဲ့ဖူးပေသည်။ ထိုအရာများသည် ပုံသဏ္ဍာန် အမျိုးအစားမျိုးစုံရှိသော နတ်ဆိုးအမှတ်အသားများကို အသုံးပြုသူ၏ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာစေနိုင်လေ၏။
ယခင်က နတ်ဆိုးအသွင်ပြောင်းလဲခြင်းကျင့်စဉ်ကို ထုတ်သုံးသည့်အခါ သူပြောင်းလဲသွားသည့်ပုံစံသည် ယခု သူ့ရှေ့တွင် ဖြစ်နေသောလူ၏ပုံစံနှင့်အနည်းငယ် ဆင်တူပေသည်။
“နတ်ဆိုးချီလား” မိုရှောင်ချီလည်း ရေရွတ်လိုက်၏။
သူတို့နှစ်ဦးရေရွတ်လိုက်သည့်အချိန်မှာပင် အဖြူရောင် ဝတ်ရုံနှင့်လူသည် ရုတ်တရက်မတ်တပ်ရပ်လာလေသည်။ ဘေးပတ်လည်အား လှည့်ပတ်ကြည့်နေပြီးနောက် အဆုံးတွင် သူ့အကြည့်သည် ရန်ကိုင်ဆီတွင် ရပ်တန့်သွားခဲ့လေသည်။
ထို့နောက် စူးရှစွာအော်မြည်၍ ရက်စက်ကြမ်းကြုတ် ခက်ထန်သည့်အမူအယာဖြင့် ရန်ကိုင့်ဆီသို့ ပြေးဝင်လာလေ၏။ သေရမည်ကိုပင် မကြောက်သည့်အလား။
ရန်ကိုင်ကမူ အေးစက်စက်အမူအယာဖြင့်သာ နှာခေါင်းရှုံ့လိုက်လေသည်။ ကျန်းရို့ရှီအား လက်တစ်ဖက်ဖြင့် ကိုင်ထားရင်း ကျန်လက်တစ်ဖက်ဖြင့် သူ့ဆီသို့ တိုးဝင်လာနေသည့်လူဆီအား ရွှေရောင်သွေးမျှင်တစ်မျှင်ကို ပစ်လွှတ်လိုက်လေ၏။
ရွှေရောင်သွေးမျှင်သည် ထိုလူ၏ရင်ဘတ်တည့်တည့်သို့ ထိုးဖောက်သွားခဲ့လေသည်။ ထို့နောက်တွင် အလွန်ထက်ရှသည့် ဓားသွားတစ်ချောင်းနှယ် ထိုလူ၏ ခန္ဓာကိုယ်အား အပိုင်းပိုင်းအစစဖြစ်အောင် ဖြတ်တောက်ပစ်တော့လေ၏။
သို့တိုင် ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီဖြစ်သွားသည့်တိုင် မည်သည့်သွေးမှ ထွက်မလာခဲ့ချေ။ ရန်ကိုင်ကမူ ထိုလူအား သတ်ပစ်လိုက်နိုင်သည့်အပေါ် နည်းနည်းလေးမှ ပျော်မနေခဲ့။ ထို့အစား မျက်မှောင်ကြီးသာကြုတ်နေခဲ့သည်။
အကြောင်းမှာ ထိုလူ နတ်ဆိုးအသွင်သို့ ပြောင်းလဲသွားပြီးသည့်နောက်တွင် သူ့ခွန်အားမှာ ယခင်ထက် အများကြီးပိုမိုမြင့်မားလာကြောင်းကို သတိပြုမိလိုက်သည့် အတွက်ကြောင့်ပင်။
ရန်ကိုင့်အနေဖြင့် ထိုလူအား အလွယ်တကူ ရှင်းပစ်လိုက်နိုင်သော်ငြား ထိုလူယခင်ထက် ပိုမို အားကောင်းလာသည်ဆိုသည်မှာတော့ အမှန်တရားပင် ဖြစ်လေသည်။
ထိုအချိန်တွင် အနက်ရောင်ချီမျှင်ငယ်လေးများအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သော အနက်ရောင်ချီတို့သည် အစာနံ့ကိုရလိုက်သည့်အလား ရန်ကိုင်နှင့်မိုရှောင်ချီဆီသို့ အရူးအမူးပြေးဝင်လာကြလေ၏။
“ငါလခွမ်း မြန်မြန်ထွက်ကြရအောင်” ရန်ကိုင်၏ အမူအယာပြောင်းလဲသွားပြီး ချက်ချင်းထအော်လေသည်။
တစ်ချိန်တည်းတွင် သူ့လက်အား ရှေ့တည့်တည့်သို့ ဆန့်ထုတ်၍အော်ပြောလိုက်၏။ “ပျောက်ကွယ်လိုက်စမ်း”
လေဟာနယ်နိယာမစွမ်းအားများ၏ ထိန်းချုပ်မှု အောက်တွင် စားပွဲခုံတစ်လုံးအရွယ်စာမျှရှိသော အနက်ရောင် တွင်းပေါက်လေးတစ်ပေါက် ရန်ကိုင့်ရှေ့၌ ရုတ်တရက် ထွက်ပေါ်လာလေ၏။
သူတို့ဆီသို့ အရူးအမူးပြေးဝင်လာနေကြသော အနက်ရောင်ချီမျှင်ငယ်လေးများသည် ထိုတွင်းနက်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားကုန်ကြလေသည်။
သို့သော်ငြား အနက်ရောင်ချီမျှင်များမှာ အတောမသတ်နိုင်အောင် များပြားနေသလို နံရံပေါ်ရှိ ပါးစပ်ပေါက်ဆီမှလည်း အနက်ရောင်ချီများ အဆက်မပြတ် ထွက်လာနေကြသေး၏။
ရန်ကိုင်ထုတ်သုံးလိုက်သည့်ပညာရပ်သည် အသက် သုံးရှိုက်စာသာ ခံနိုင်ခဲ့ပြီး တစ်စစီပျက်စီးသွားခဲ့လေသည်။ ထိုအရာပျက်စီးသွားပြီးသည့်နောက်တွင် အနက်ရောင် ချီမျှင်များသည် ရန်ကိုင့်ဆီသို့ ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် လျင်မြန်စွာ ပြေးလိုက်လာကြလေ၏။
သူ့အနေဖြင့် ထိုအရာများအား တုန့်ပြန်နေရန် အချိန် မရှိသည့်အတွက်ကြောင့် ရန်ကိုင်သည် အရင်းအမြစ်ချီကို လှည့်ပတ်၍ မိုရှောင်ချီကိုခေါ်ကာ ဝင်ပေါက်ဆီသို့သာ အသည်းအသန်ထွက်ပြေးတော့လေသည်။
ကုန်းရုံးထွက်ပြေးလာပြီးသည့်နောက်တွင် ရန်ကိုင်နှင့် မိုရှောင်ချီသည် သူတို့အစောပိုင်းကရောက်လာခဲ့သည့် နေရာဆီသို့ ပြန်ရောက်လာခဲ့သည်။
မြေပေါ်တွင်လဲလျောင်းနေသည့် ဖြူဖတ်ဖြူလျော် ဖြစ်နေသော ကျန်းမိသားစုဝင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦးသည် ရန်ကိုင်နှင့်မိုရှောင်ချီတို့ ဟင်းလင်းပြင်အစီအရင်ပေါ်သို့ တက်သွားသည်ကို ကူကယ်ရာမဲ့စွာဖြင့်သာ ထိုင်ကြည့်နေရလေသည်။
သူတို့ထဲမှတစ်ဦးသည် တစ်ခုခုပြောချင်နေသည့်အလား ပါးစပ်ကိုဟလိုက်သော်ငြား မည်သည့်စကားမှ ထွက်မလာနိုင်ခဲ့ပေ။ သူတို့အား ဤကဲ့သို့ဖြစ်သွားစေရန် မိုရှောင်ချီမည်ကဲ့သို့သောနည်းလမ်းအား သုံးလိုက်သလဲ ဆိုသည်ကို ကောင်းကင်သာသိပေလိမ့်မည်။
“အစ်ကိုရန် အဲ့ကောင်တွေ ကျွန်မတို့ကို မီတော့မယ်” အနက်ရောင်ချီမျှင်များသည် သူမတို့နှင့် မီတာသုံးရာခန့်လောက်သာ ဝေးတော့သည်ကိုမြင်သော် မိုရှောင်ချီက ထိတ်လန့်တကြား ထအော်လေသည်။
သူမ၏မျက်နှာလေးမှာလည်း ကြောက်ရွံ့မှုကြောင့် သွေးဆုတ်ဖြူလျော်သွားလေ၏။
ရန်ကိုင်ကမူ အစီအရင်ထဲသို့သာ လေဟာနယ်စွမ်းအားကို လျင်မြန်စွာထည့်သွင်းနေလေ၏။ ချက်ချင်းဆိုသလို အစီအရင်တစ်ခုလုံး တဝီဝီမြည်လာပြီး အဖြူရောင်အလင်း တစ်ချက်လက်သွားပြီးနောက် ရန်ကိုင်တို့နှစ်ဦးစလုံး ပျောက်ကွယ်သွားခဲ့လေသည်။
သူတို့နှစ်ဦးစလုံးပျောက်ကွယ်သွားပြီးပြီးချင်းမှာပင် အနက်ရောင်ချီမျှင်များသည် ရန်ကိုင်တို့ရှိနေခဲ့သည့် နေရာအား လာရောက်ထိမှန်လေ၏။ သို့တိုင်သူတို့နှစ်ဦးအား မိမသွားခဲ့ဘဲ လေကိုသာထိသွားခဲ့လေသည်။
သို့ရာတွင် မြေပြင်ပေါ်၌လဲလျောင်းနေသော တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူနှစ်ဦးမှာတော့ ထိုအရာများ၏ ဝိုင်းအုံခြင်းခံလိုက်ရလေ၏။ ချက်ချင်းဆိုသလို လူမဆန်သည့်နှိပ်စက်မှုကို ခံစားနေရသည့်အလား ကျန်းမိသားစုဝင်ကျင့်ကြံသူနှစ်ဦးဆီမှ နာကျင်စွဦ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့လေသည်။
ခဏအကြာတွင် ထိုအော်သံတို့ ရုတ်ခြည်းရပ်တန့်သွားခဲ့ပြီး နှစ်ဦးစလုံးမတ်တပ်ပြန်ရပ်လာကြ၏။ သူတို့၏အမူအယာ ပုံစံမှာ ပြောင်းလဲသွားခြင်းမရှိသော်ငြား အရှိန်အဝါမှာတော့ လုံးဝကို ယခင်နှင့်ကွဲပြားသွားခဲ့လေသည်။ လက်ရှိသူတို့ ထုတ်လွှတ်နေသည့် အရှိန်အဝါမှာ အလွန်ကိုမှ ရက်စက်ကြမ်းကြုတ်သွေးဆာနေ၏။
အနက်ရောင်စွမ်းအင်တို့၏ ရစ်ပတ်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် နတ်ဆိုးအမှတ်အသားများသည် သူတို့၏မျက်နှာများ၊ လက်မောင်းများနှင့် ခြေထောက်များ တစ်လျှောက် ထွက်ပေါ်လာကြသည်။
တစ်ချိန်တည်းတွင် သူတို့၏မျက်လုံးများမှာလည်း လုံးဝကို အနက်ရောင်ပြောင်းလဲသွားခဲ့လေသည်။ နှစ်ယောက်စလုံးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ကြမ်းကြုတ်စွာပြုံးလိုက်ကြသည်။
နှစ်ဦးထဲမှတစ်ဦးသည် ခေါင်းမော့၍ကောင်းကင်ပေါ်သို့ ကျယ်လောင်စွာအော်မြည်လိုက်လေသည်။ သူ့အော်သံထဲ အတိုင်းမဲ့ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေခဲ့သည်။
သူ၏အော်သံမှာ နှစ်ထောင်ပေါင်းများစွာ ပိတ်လှောင်ထားခဲ့ရသည့်လူတစ်ဦး ပြန်လွတ်လာပြီးနောက် ဝမ်းသာအားရအော်ဟစ်လိုက်သည့် အော်သံနှင့်ပင် တူနေပေသေးသည်။
သူတို့နှစ်ဦးသာလျှင် ဤကဲ့သို့ဖြစ်သွားခြင်းမဟုတ်။ မိုရှောင်ချီ၏ သတိလစ်အောင်သမခြင်းခံလိုက်ရသော ကျန်းမိသားစုဝင်ကျင့်ကြံသူအားလုံး ဤကဲ့သို့ ပြောင်းလဲသွားကုန်ကြလေသည်။
မိုင်းတွင်းထဲမှ အချိန်မီထွက်မပြေးနိုင်ခဲ့သော မိုင်းတူးသမားအချို့သည်လည်း ဤအဖြစ်နှင့်ကြုံလိုက်ရသည်။ အနက်ရောင်ချီမျှင်များ၏ ဝိုင်းရံခြင်းခံလိုက်ရသည့်လူအားလုံး၏ အရှိန်အဝါမှာ လုံးဝဥဿုံပြောင်းလဲသွားခဲ့ကြလေသည်။ အကုန်လုံးမှာအသိစိတ်မရှိတော့သည့် လူများအဖြစ်သို့ ပြောင်းလဲသွားကုန်ကြလေ၏။
မကြာမီ မိုင်းတွင်းတစ်ခုလုံး အနက်ရောင်အရှိန်အဝါ များဖြင့် ပြည့်နှက်သွားခဲ့လေသည်။ မြေအောက်လှိုဏ်ဂူထဲ အလင်းတစ်ချက်လက်သွားပြီးသည့်နောက်တွင် ရန်ကိုင်နှင့် မိုရှောင်ချီသည် ဟင်းလင်းပြင်အစီအရင်ထက် အကြောက် မပြယ်သေးသည့်မျက်နှာများဖြင့် ပြန်ပေါ်လာကြသည်။
သို့သော်ငြား ရန်ကိုင်မှ သတိလစ်သွားအောင် အမှောက်သိပ်ပေးလိုက်သည့် ကျန်းမိသားစုဝင်ကျင့်ကြံသူကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။
ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင်မျက်မှောင် ကြုတ်သွားခဲ့ပြီး ချက်ချင်းပဲ သူ၏ကောင်းကင်စိတ်အာရုံကို ဖြန့်ကျတ်လိုက်လေသည်။
“အစ်ကိုရန် ဘာဖြစ်လို့လဲ” မိုရှောင်ချီက သင်္ကာမကင်း အမူအယာဖြင့် မေးလိုက်သည်။
“ငါတို့ကို ကြိုဆိုဖို့လားမသိဘူး။ လူတွေအများကြီး အပြင်မှာစောင့်နေကြတယ်” ရန်ကိုင်က အေးစက်စက် အမူအယာဖြင့် ပြောလိုက်လေသည်။
မိုရှောင်ချီမျက်မှောင်ကြုတ်သွားခဲ့ပြီး သူမ၏ ကောင်းကင်စိတ်အာရုံကို ချက်ချင်းဖြန့်ကျတ်ကြည့်လိုက်သည်။ ထိုအခါမှပဲ သူမနားလည်သွားတော့လေသည်။
“တစ်ချက်သွားကြည့်ကြတာပေါ့” ရန်ကိုင်သည် မိုရှောင်ချီအား အချက်ပြလိုက်ပြီးနောက် လှိုဏ်ဂူထဲမှ ပြန်ထွက်ကာ ကောင်းကင်ပေါ်တွင် ဝဲနေလိုက်လေသည်။
လှည့်ပတ်ကြည့်လိုက်ရာ ရင်းနှီးနေသည့်မျက်နှာများစွာကို တွေ့လိုက်ရသည်။ ထိုလူအကုန်လုံးသည် သူမကြာသေးခင်ကမှ တွေ့ခဲ့သည့် ကျန်းမိသားစုဝင်များဖြစ်ကြပေသည်။ ဤနေရာသို့ သူရောက်နေသည့်အကြောင်း ကျန်းမိသားစု မည်ကဲ့သို့သိသွားသလဲဆိုသည်ကိုတော့ သူမသိပေ။
လက်ရှိတွင် ကျန်းမိသားစုဝင်ခေါင်းဆောင် ကျန်းလင်နှင့် အခြားသော ကျန်းမိသားစုဝင်၏အဆင့်မြင့်အကြီးအကဲ အားလုံးသည် ရန်ကိုင့်အား အေးစက်စွာစိုက်ကြည့်နေကြလေသည်။
အရေးအကြီးဆုံးအချက်မှာ ကျန်းလင်ရှေ့တွင် မတ်တပ်ရပ်နေသော အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသည့် လူအိုကြီးပင်ဖြစ်သည်။ ထိုလူအိုကြီးသည် လက်နောက်ပစ်လျက်ရပ်နေကာ မည်သည့်အရှိန်အဝါမှ သူ့ဆီမှထွက်ပေါ်နေခြင်းမရှိ။
ထိုလူအိုကြီး၏ပုံစံမှာ ဆန့်ကျင်မှုတို့ဖြင့်ပြည့်နှက်နေသည့် သာမန်လူတစ်ဦးနှင့်ပင် တူနေပေသေးသည်။ သို့သော် ကျန်းမိသားစုဝင်များသည် ထိုလူအိုကြီးအား လေးစားအားကျသည့်အကြည့်ဖြင့် ကြည့်နေကြသည်။
လူအိုကြီး၏နောက်တွင်ရပ်နေသော ကျန်းလင်ပင်လျှင် အလွန်ကိုမှ တလေးတစား ပြုမူနေခဲ့လေသည်။
ရန်ကိုင်၏အမူအယာ ချက်ချင်းပြောင်းလဲသွားခဲ့သည်။ သူသေသေချာချာစစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ထိုလူအိုကြီးသည် ကျန်းမိသားစု၏ တစ်ဦးတည်းသော တာအိုသခင်အဆင့်ကျင့်ကြံသူ ကျန်းထိုက်ရှန်းဖြစ်မည်မှန်း ရန်ကိုင်ချက်ချင်း သိလိုက်လေ၏။
လက်ရှိတွင် ကျန်းထိုက်ရှန်းသည် ရန်ကိုင့်အား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်လာပြီး ကျန်းရို့ရှီဆီသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်လေသည်။ မည်သူမှ သူအာရုံစိုက်ခံဖို့ရာ မထိုက်တန်သည့်အလား။
ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင်ယဲ့ယဲ့လေးသာ ရယ်မောလိုက်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၆၈)
“ဆေးပညာရှင်ရန်” ကျန်းလင်သည် ရုတ်တရက် ရှေ့သို့တက်၍ ရန်ကိုင့်အား အေးစက်စွာစိုက်ကြည့်ရင်း လေသံမာမာဖြင့် ပြောလိုက်လေသည်။ “ဒီကျန်း ခင်ဗျားကို တစ်ကယ်ချီးကျူးရမယ်သိလား။ ဒီလိုနေရာကိုတောင် တွေ့အောင်ရှာနိုင်တယ်။ ကျုပ်ခင်ဗျားကို တစ်ကယ် အထင်သေးမိလိုက်တာပဲ”
ရန်ကိုင်ကအေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “အခြားသူတွေကို မသိစေချင်ဘူးဆိုရင် အစကတည်းက မလုပ်နဲ့လေ”
ကျန်းလင်၏မျက်လုံးထဲ အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့လေသည်။ ကျန်းလင် ဒေါသထွက်သွားခဲ့လေသည်။
နံဘေးတွင်ရပ်နေသော ကျန်းထိုက်ရှန်းအား တစ်ချက်လှမ်းကြည့်လိုက်သော်ငြား ကျန်းထိုက်ရှန်းသည် ဂရုမစိုက်ဟန်ဖြင့်သာ ရပ်နေသည်ကိုမြင်သော် အသက်ပြင်းပြင်းရှူသွင်း၍ အော်ပြောလိုက်လေ၏။ “ဆေးပညာရှင်ရန်။ ဒီကျန်းက ဆေးပညာရှင်တွေကို ရက်ရက်စက်စက်မသတ်ချင်ဘူး။ ဒီတော့ ခင်ဗျားသာ ကျုပ်တို့ ကျန်းမိသားစုဝင်တွေရှေ့မှာ ဒီဝိဉာဉ်စာချုပ်ကို လက်မှတ်ထိုးပေးမယ်ဆိုရင် ကျုပ်ခင်ဗျားကို အသက်ချမ်းသာပေးမယ်”
ပြောနေရင်း ရှေးဟောင်းသားရဲအရေပြားနှင့် ပြုလုပ်ထားသော စာရွက်တစ်ရွက်ကို ရုတ်တရက် ထုတ်ယူလိုက်လေသည်။ ကျန်းလင်ထုတ်ယူလိုက်သည့် အရာမှာ ခန်စစ်ရန်ထုတ်ယူလာခဲ့သည့်အရာနှင့် လုံးဝကို တူနေခဲ့သည်။
အရွယ်အစားရော ပုံစံကပါတူနေခြင်းမဟုတ်ဘဲ ထုတ်လွှတ်နေသည့်အရှိန်အဝါပါ တူနေခြင်းဖြစ်ပေသည်။ ဤအရာသည် ဝိဉာဉ်စာချုပ်အစစ်မှန်း ရန်ကိုင်ချက်ချင်း နားလည်သွားခဲ့သည်။
ဤဝိဉာဉ်စာချုပ်သည် ရှုယဉ်သာဝိဉာဉ်နန်းတော်မှ လာသည့် ဝိဉာဉ်စာချုပ်သာဖြစ်ပေသည်။ ဤကဲ့သို့သော ဝိဉာဉ်စာချုပ်မျိုးအား ကျန်းမိသားစု မည်သည့်နေရာမှ ရလာသလဲဆိုသည်ကိုမူ ရန်ကိုင်မသိပေ။
“ဝိဉာဉ်စာချုပ်လား” ရန်ကိုင်က ခပ်ဖွဖွပြုံးလျက် “မိသားစုခေါင်းဆောင်ကျန်း။ ခင်ဗျား ကျုပ်လို လူတစ်ယောက်အတွက် ဒီလောက်အဖိုးတန်တဲ့ရတနာကို သုံးတာ မနှမြောဘူးလား”
ကျန်းလင်က မျက်နှာတည်တည်ဖြင့် ပြန်ပြောလိုက်လေ သည်။ “ဘာလို့နှမြောရမှာလဲ။ ဆေးပညာရှင်ရန်နဲ့ယှဉ်လိုက်ရင် ဒီဝိဉာဉ်စာချုပ်က ဘာမို့လို့လဲ”
ရန်ကိုင်သည် ကျန်းလင်အား တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်ရင်း ပြန်မေးလိုက်လေသည်။ “ဒါပေမယ့် ကျုပ်သိချင်တာက ဒီဝိဉာဉ်စာချုပ်မှာ ဘာတွေ ရေးထားတာလဲ”
“ဆေးပညာရှင်ရန် သိနေပြီပဲမဟုတ်ဘူးလား” ကျန်းလင်က ပြုံးလျက် “ဆေးပညာရှင်ရန်အနေနဲ့ ကျုပ်တို့ ကျန်းမိသားစုဝင်တစ်ဦးဖြစ်လာပြီး ကျန်းမိသားစုအတွက် ဆေးလုံးတွေဖော်စပ်ပေးရုံပဲ။ အဲ့ထက်မပိုဘူး”
“အဲ့ဒါကိုတော့ ကျုပ်သဘောမတူနိုင်လောက်ဘူးနဲ့ တူတယ်” ရန်ကိုင်က ဖြေးဖြေးချင်း ခေါင်းခါလိုက်သည်။
ထိုစကားကို ကြားသည့်အခါ ကျန်းလင်မျက်နှာ ပျက်သွားပြီး လေသံမာမာဖြင့် ပြန်အော်လေသည်။ “ရန်ကိုင် အကောင်းပြောနေတုန်း လက်ခံလိုက်နော်။ ဒီနေ့မင်း ဒီဝိဉာည်စာချုပ်ကို လက်မှတ်ထိုးကိုထိုးရမယ်။ လက်မှတ် မထိုးချင်ဘူးဆိုရင်တောင် ထိုးရမှာ။ မင်းမှာ ငြင်းပိုင်ခွင့် မရှိဘူး”
တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးသည် ကျန်းမိသားစုကဲ့သို့သော မိသားစုတစ်ခုအတွက် အလွန်ကိုမှ အဖိုးတန်ပေသည်။
ကျန်းမိသားစုသာ ရန်ကိုင့်အား အသက်ရှင်လျက်မဖမ်းချင်ဘူးဆိုပါက တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သော ကျန်းထိုက်ရှန်းအား ဘာကြောင့် ခေါ်ဆောင်လာမည်နည်း။
ထို့အပြင်ရန်ကိုင့်အား ဤဝိဉာဉ်စာချုပ်တွင် လက်မှတ် ရေးထိုးအောင် ဖိအားပေးနိုင်ရန်အတွက် ကျန်းမိသားစု၏ လက်ရွေးစင်အားလုံးကိုပင် ဤနေရာသို့ ခေါ်လာခဲ့သေးသည်။
ရန်ကိုင်ကိုသာ သူတို့လက်အောက်သို့ သိမ်းသွင်းနိုင်မည် ဆိုပါက တန်ခိုးရှင်ဘုရင်အဆင့်ဆေးပညာရှင်တစ်ဦးအား ရလိုက်နိုင်မည့်အပြင် မိုင်းတွင်းနှင့်ပတ်သက်သော လျှို့ဝှက်ချက် ပေါက်ကြားသွားမည်ကိုလည်း စိုးရိမ်စရာ လိုတော့လိမ့်မည် မဟုတ်ပေ။
ကျန်းလင်ပြောသည်ကို ကြားပြီးနောက် ရန်ကိုင်က ဝါးလုံးကွဲအော်ရယ်မောတော့လေ၏။ “တစ်ကယ့် ဟာသပါလား။ ကျုပ်ခန္ဓာကိုယ်ပဲ ကျုပ်လုပ်ချင်တာ လုပ်မှာပေါ့။ ခင်ဗျားတို့ ကျန်းမိသားစုက ဘာမို့လို့ ကျုပ်ကို လာအမိန့်ပေးနေရတာလဲ”
ကျန်းလင်ချက်ချင်း ဒေါသပုံထသွားလေသည်။ သူတစ်ခုခုပြောတော့မည်အပြု တစ်ချိန်လုံး တိတ်ဆိတ် နေခဲ့သော ကျန်းထိုက်ရှန်း ရုတ်တရက်မျက်လုံးပွင့်လာခဲ့ သည်။
ရန်ကိုင့်အား တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်ကြည့်ရင်း ကျန်းလင်အား ဆက်မပြောရန် လက်ထောင်ကာ အချက်ပြလိုက်လေသည်။
ထို့နောက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေ၏။ “လူငယ်လေး။ မင်းမှာ အရည်အချင်းရှိရင် ရှိလိမ့်မယ်။ ဒါပေမယ့် ကောင်းကင်ဘယ်လောက်မြင့်လဲ၊ ကမ္ဘာမြေကြီး ဘယ်လောက်နက်လဲဆိုတာကိုတော့ မင်းသိမှာမဟုတ်ဘူး။ ဒီနေ့မင်းကို မျက်နှာသာပေးရအောင်လို့ကို ငါကိုယ်တိုင် ရောက်လာခဲ့တာ။ မင်းက အရမ်းကိုအရည်အသွေးမြင့်တဲ့ အရင်းအမြစ်ချီသိပ်သည်းခြင်းဆေးလုံးတွေကို ဖော်စပ်နိုင်တဲ့ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးဆိုတာ ကျန်းလင်ဆီက ငါကြားထားတယ်။ ပါရမီရှင်တွေကို ငါချစ်မြတ်နိုးတယ်။ ဒါကြောင့် ငါလက်ပါလာအောင် တွန်းအားလာမပေးနဲ့။ ပြောနေတဲ့အတိုင်း ဒီဝိဉာဉ်စာချုပ်မှာ လက်မှတ်ထိုးလိုက်။ ဒါဆိုရင် ဒီနေ့ကိစ္စဘာမှမဖြစ်သလို ဒီလူအိုကြီးသဘောထားပေးလိုက်မယ်။ မင်းလက်ထဲက ကောင်မလေးနဲ့ မင်းဘေးကကောင်မလေးကိုတော့ အသက်ချမ်းသာပေးလို့ရတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ငါတို့ကျန်းမိသားစုထဲကို ကိုယ်လုပ်တော်အနေနဲ့ လက်ထပ်ဝင်မှရလိမ့်မယ်”
“ဘာ ရှင်တို့ကျန်းမိသားစုထဲကို ကိုယ်လုပ်တော်အဖြစ် လက်ထပ်ပြီးဝင်ရမယ် ဟုတ်လား” ရန်ကိုင်ပြန်မပြောနိုင် သေးခင်မှာပင် နောက်မှနေ၍ ပွဲကြီးပွဲကောင်းအား ရပ်စောင့်ကြည့်နေသော မိုရှောင်ချီသည် ရုတ်တရက် ရှေ့ထွက်လာခဲ့လေသည်။
ကျန်းထိုက်ရှန်းအား ဒေါသတကြီးစိုက်ကြည့်ရင်း ထအော်ပြောလေ၏။ “ညစ်တီးညစ်ပတ်သက်ကြားအိုကြီး ရှင်ဘယ်လိုတောင် မဟုတ်တရုတ်စကားတွေကို ပြောရဲတာလဲ”
“ရိုင်းလိုက်တာ”
“မောက်မာလိုက်တာ” ကျန်းမိသားစုမှ ကျင့်ကြံသူများ မိုရှောင်ချီအား တစ်ယောက်ပြီးတစ်ယောက် ထအော်ကြတော့လေသည်။
မိုရှောင်ချီသည် မပြောသင့်သည့်စကားတစ်ခွန်းအား ပြောလိုက်သည့်အလား အကုန်လုံး အလွန်ကိုမှ ဒေါသထွက်သွားခဲ့ကြသည်။
ရန်ကိုင်ကမူ ကျန်းရို့ရှီအား လက်တစ်ဖက်တွင် ကိုင်ထားရင်း ကျန်လက်တစ်ဖက်ဖြင့် နားနားသို့ကပ်ကာ နားစွင့်နေဟန် လုပ်ပြလိုက်လေသည်။
ထို့နောက် ခေါင်းလေးစောင်းလျက် မိုရှောင်ချီဘက်သို့ မေးလိုက်သည်။ “ရှောင်ချီ ငါခွေးဟောင်သံတွေ ကြားနေသလိုပဲနော်”
“ဟမ်” ထိုစကားကို ကြားကြားချင်း မိုရှောင်ချီ ကြောင်သွားခဲ့လေသည်။
သို့သော်လည်း ချက်ချင်းပဲ အလေးအနက်အမူအရာဖြင့် ခေါင်းငြိမ့်၍ ပြန်ပြောလိုက်သည်။ “ဟုတ်တယ်။ တစ်ကယ်ကို ခွေးတွေဟောင်နေတာ”
ထိုစကားကိုကြားသည့်အခိုက် ကျန်းထိုက်ရှန်း၏ မျက်လုံးများ ရုတ်ခြည်းမှေးစင်းသွားခဲ့သည်။ သူ့မျက်လုံးထဲ အေးစက်စက်အလင်းရောင်တို့ တဖျတ်ဖျတ်လက်သွားပြီး အလျင်အမြန်ပြန်ပြောလိုက်လေသည်။ “ကောင်းတယ်.. ကောင်းတယ်။ မင်းတို့ဂျူနီယာနှစ်ယောက်က တစ်ကယ် သတ္တိရှိနေတာပဲ။ ငါ့ကို ဒီလိုမျိုးဘယ်သူမှ မပြောဖူးတာ နှစ်တွေအများကြီးကြာနေပြီ။ မရက်စက်ရအောင်လို့ မင်းတို့ကို ကောင်းကင်တက်မဲ့လမ်းပေးခဲ့ပေမယ့် မင်းတို့က ငရဲသွားချင်နေမှတော့လည်း”
“ခင်ဗျား ဘာတွေဒီလောက်မောက်မာနေတာလဲ” ရန်ကိုင်က စိတ်မရှည်ဟန်ဖြင့် ဖြတ်ပြောလိုက်လေသည်။ “တာအိုသခင်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ရတာ ဒီလောက်တောင် ဂုဏ်ယူဖို့ကောင်းနေလို့လား”
ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်၏ပုံရိပ် ရုတ်တရက် ဝေဝါးပျောက်ကွယ်သွားခဲ့လေသည်။ ကျန်းမိသားစုဝင်များ မတုန့်ပြန်နိုင်သေးခင်မှာပင် ရန်ကိုင်သည် ကျန်းလင်နှင့် မလှမ်းမကမ်း၌ ဆန်းကျယ်စွာ ပြန်ပေါ်လာခဲ့လေသည်။
“ဟမ်” ကျန်းလင် ကြောက်လန့်တုန်လှုပ်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်သည် အလိုလိုနောက်ဆုတ်သွားခဲ့လေသည်။ သို့ရာတွင် သူဘာမှမလုပ်နိုင်သေးခင်မှာပင် ရန်ကိုင်သည် သူ့လက်အား ကျန်းလင်ဆီသို့ ဆန့်ထုတ်လိုက်၏။
ကျန်းလင်ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး သူ၏ အရင်းအမြစ်ချီကို အလိုလိုလှည့်ပတ်၍ ရန်ကိုင့်တည့်တည့်သို့ ပြန်ထိုးချလိုက်လေသည်။
ကျားဟိန်းသံတစ်သံနှင့်အတူ လေထဲမှ ကျားပုံရိပ်ကြီး တစ်ခု ထွက်ပေါ်လာပြီး ကျန်းလင်ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်အား ကိုက်ချလိုက်လေသည်။
သို့သော်လည်း သူ၏တိုက်ခိုက်မှုသည် လေကိုသာ ထိမှန်သွားခဲ့လေသည်။ သူ့ရှေ့တွင်ရှိနေသင့်သော ရန်ကိုင်သည် မည်သည့်အချိန်ကတည်းကမှန်းမသိ ပြန်လည် ပျောက်ကွယ်သွားနေခဲ့သည်။
ပတ်ဝန်းကျင်အား အံ့အားသင့်တကြီး လှည့်ပတ် ကြည့်နေပြီးနောက် အဆုံးတွင် ရန်ကိုင်သည် သူမူလရပ်နေသည့်နေရာဆီသို့ ပြန်ရောက်နေကြောင်းကို တွေ့ရှိလိုက်ရလေသည်။
ချက်ချင်းဆိုသလို အေးစက်စက်ချွေးသီးချွေးပေါက်တို့ ကျန်းလင်နဖူးထက် ဝေ့သီလာခဲ့လေ၏။ ထိုအချင်းအရာကို မြင်သည့်နောက်တွင် အခြားသောကျန်းမိသားစုဝင်များလည်း သွေးဆုတ်ဖြူလျော်သွားကုန်ကြလေသည်။
“ရှောင်ချီ ဒါအစစ်ဟုတ်မဟုတ် စစ်ဆေးကြည့်ပါလား” ရန်ကိုင်သည် မိုရှောင်ချီလက်ထဲသို့ တစ်ခုခုထည့်ပေးလိုက်၏။
“ဟာ..အား.. ငါ့ဝိဉာဉ်စာချုပ်” ယခုမှပဲ သူ့လက်ထဲရှိ ဝိဉာဉ်စာချုပ်အား ရန်ကိုင်ယူသွားခဲ့မှန်းကို ကျန်းလင် သဘောပေါက်တော့လေသည်။
သူ့လက်အား အံ့အားသင့်တကြီး ငုံ့ကြည့်လိုက်သည်။ ထို့နောက် မလှမ်းမကမ်းတွင်ရပ်နေသော ရန်ကိုင့်ဆီသို့ တစ်ဖန်ပြန်မော့ကြည့်သည်။
ရန်ကိုင်မှ ဝိဉာဉ်စာချုပ်အား မိုရှောင်ချီအား ပေးလိုက်သည်ကိုမြင်သော် သူ့တစ်ကိုယ်လုံး ချောက်နက် တစ်ခုထဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရပေသည်။
“တာအိုသခင်အဆင့်” ကျန်းထိုက်ရှန်း၏မျက်လုံးများ ရုတ်ခြည်းမှေးစင်းသွားပြီး အလန့်တကြားထအော်လေသည်။
ရန်ကိုင်သည် မည်သည့်စွမ်းအင်ကိုမှ သုံးမသွားခဲ့သော်ငြား ရန်ကိုင်လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် သူ့ကျင့်ကြံခြင်းအား ကျန်းထိုက်ရှန်း ခန့်မှန်းမိသွားခဲ့လေသည်။
ရန်ကိုင်သည် တာအိုသခင်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်နေကြောင်း သိသွားသည့်နောက်တွင် ကျန်းထိုက်ရှန်း၏ အမူအယာအရုပ်ဆိုးသွားခဲ့လေသည်။
သူသည်လည်း တာအိုသခင်ပထမအဆင့်ကျင့်ကြံသူ တစ်ဦးသာဖြစ်လေသည်။ ရန်ကိုင်၏ကျင့်ကြံခြင်းသည် သူနှင့်အတူတူသာဖြစ်ပါက သူ့တွင်မည်သည့်အားသာချက်မှ မရှိတော့ချေ။
လက်ရှိအခြေအနေသည် သူထင်ထားသည်နှင့်လုံးဝကို ဆန့်ကျင်ဖက်ဖြစ်နေခဲ့သည်။ ဂျူနီယာနှစ်ဦးအား ဖမ်းဆီးဖို့ရာဆိုသည်မှာ အလွန်ကိုမှလွယ်ကူလှသဖြင့် လုံးဝကိုအရေးမစိုက်ခဲ့ပေ။
ယခုမှသာလျှင် သူ့အထင်နှင့်လက်တွေ့သည် တက်တက်စင်အောင်လွဲနေမှန်း သဘောပေါက်သွားတော့လေသည်။
ရန်ကိုင်သည် သူ့ကဲ့သို့ပင် တာအိုသခင်ပထမအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်နေခဲ့သည်။ ထို့အပြင် ရန်ကိုင် လှုပ်ရှားသွားသည့်နှုန်းအရ သူသာ ကျန်းမိသားစုဝင်များကို သတ်ပစ်လိုလျှင် အလွယ်တကူ သတ်ပစ်နိုင်ပေသည်။
“ဟုတ်တယ်။ ဒါဝိဉာဉ်စာချုပ်အစစ်ပဲ။ အစ်ကိုရန် ဒီရတနာကို သေချာသိမ်းထားနော်။ ဒါက နောက်ပိုင်း အသုံးဝင်ရင် အသုံးဝင်လာမှာ” မိုရှောင်ချီသည် ဝိဉာဉ်စာချုပ်အား စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင့်လက်ထဲသို့ ပြန်ထည့်ပေးလိုက်လေသည်။
ရန်ကိုင်သည် ထိုဝိဉာဉ်စာချုပ်အား မျက်နှာတည်တည်ဖြင့် သူ့သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းထားလိုက်သည်။
“ဒီလူအိုကြီး မလေးမစားလုပ်သလိုဖြစ်သွားပါတယ်။ ဒီတော့လူကြီးမင်းကလည်း တာအိုသခင်အဆင့်ကျင့်ကြံသူ တစ်ဦးပေါ့။ ဒါ့ကြောင့် ဒီလောက် ယုံကြည်ချက်ရှိနေတာကိုး” ကျန်းထိုက်ရှန်းသည် အစောပိုင်းကကဲ့သို့ တည်တည်ငြိမ်ငြိမ်ဖြင့် ရှိမနေနိုင်တော့ချေ။
လက်ရှိတွင်သူ့မျက်နှာအမူအယာမှာ အနည်းငယ် လေးနက်တည်ကြည်နေခဲ့သည်။
ရန်ကိုင်ကလှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်သည်။ “ဝိုး.. ခင်ဗျားလေသံပြောင်းတာ မြန်လှချည်လား”
“အရှက်မဲ့လိုက်တာ” မိုရှောင်ချီကလည်း အထင်မြင်တသေးဖြင့် ပြောလိုက်သည်။
ကျန်းထိုက်ရှန်း၏အစောပိုင်းနှင့် ယခုလက်ရှိ အမူအယာသည် လုံးဝကိုကွာခြားပေသည်။ ထို့ကြောင့် မိုရှောင်ချီ ကျန်းထိုက်ရှန်းအား အလွန်ကိုမှ အထင်သေးမိသွားခဲ့သည်။
ကျန်းထိုက်ရှန်းက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့၍ ပြန်ပြောလိုက်သည်။ “ဒါပေမယ့် လူကြီးမင်းက တာအိုသခင်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်တယ်ဆိုရင်တောင် ဒီနေ့ကိစ္စအတွက် ဒီလူအိုကြီးကို ရှင်းပြချက်ပေးမှရလိမ့်မယ်။ မဟုတ်ရင်တော့ လူကြီးမင်း ဒီနေရာကနေ အကောင်းအတိုင်း ထွက်သွားဖို့မစဉ်းစားတော့နဲ့”
“ရှင်းပြချက်” ရန်ကိုင်၏မျက်နှာနှင့်လေသံသည် ရုတ်ခြည်းအေးစက်သွားခဲ့လေသည်။
ချက်ချင်းပဲပြန်၍ ပြောလိုက်သည်။ “ရှင်းပြချက် ပေးသင့်တာ ခင်ဗျားတို့ကျန်းမိသားစုပဲ မဟုတ်ဘူးလား။ ဘာအကြောင်းပြချက်မှမရှိဘဲ ခင်ဗျားတို့ကျန်းမိသားစုက ကျုပ်မိတ်ဆွေကိုဖမ်းပြီး ဒီနေရာမှာ မိုင်းတူးခိုင်းတယ်။ ပြီးရင်နှိပ်လည်းနှိပ်စက်သေးတယ်။ ဒီရန်ကိုယ်တိုင် ခင်ဗျားတို့ကျန်းမိသားစုဆီလာပြီး မေးတာတောင် ကျန်းမိသားစုက မသိချင်ယောင်ဆောင်နေတယ်။ အဲ့ဒါနဲ့တင် မပြီးသေးဘူး။ ကျုပ်မသိအောင်လို့ဆိုပြီး သူ့ကိုပါသတ်ပစ်ဖို့ လုပ်သေးတယ်။ ကျုပ်သာအချိန်မီရောက်မလာလို့ရှိရင် ကျုပ်မိတ်ဆွေ အသက်ရှင်လောက်မှာ မဟုတ်တော့ဘူး။ ဒါကိုခင်ဗျားတို့က ကျုပ်ဆီကနေ ရှင်းပြချက် လိုချင်နေသေးတာလား”
“ဒါက” ကျန်းထိုက်ရှန်းမည်သို့ ပြန်ပြောလို့ပြောရမှန်း မသိတော့ချေ။ ရန်ကိုင်ဤကဲ့သို့ ပြန်ပြောလာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
“ဆေးပညာရှင်ရန်” ကျန်းမိသားစု၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည်နှင့်အညီ ကျန်းလင်အနေဖြင့် မတ်တပ်ရပ်ကြည့်မနေနိုင်ပေ။ လက်သီးဆုပ်၍ သူ့ကိုယ်သူ အမှန်ဖြစ်အောင်ကြိုးစားလိုက်သည်။ “ဆေးပညာရှင်ရန် ကျေးဇူးပြုပြီးစိတ်လျှော့ပါ။ ဒီနေ့ကိစ္စက နားလည်မှု လွဲသွားတာပါ”
ရန်ကိုင်သည် တာအိုသခင်အဆင့်ကျင့်ကြံသူတစ်ဦးမှန်း သိသွားသည့်နောက်တွင် ကျန်းလင်သည် ရန်ကိုင့်အား နည်းနည်းလေးမှ မလေးမစား မလုပ်ရဲတော့ပေ။
ထို့အစား မဲ့ပြုံးပြုံး၍သာ ပြောလိုက်သည်။ “တစ်ကယ်ကို နားလည်မှုလွဲသွားတာပါ”
“နားလည်မှုလွဲတာ ဟုတ်လား” ရန်ကိုင်သည် ကျန်းလင်အား မဲ့ပြုံးပြုံးကာ ပြန်စိုက်ကြည့်လိုက်သည်။ သို့ရာတွင် သူ့အပြုံးမှာ အပြုံးနှင့်မတူ။
သူ့အပြုံးကိုမြင်ပြီးနောက် ကျန်းမိသားစုဝင်အားလုံး ကျောရိုးတစ်လျှောက် စိမ့်တက်သွားကုန်ကြလေသည်။
“ကျုပ်မိတ်ဆွေကိုဖမ်းတာက နားလည်မှုလွဲတာပေါ့ ဟုတ်လား။ ခေါင်းဆောင်ကျန်း... ခင်ဗျားကျုပ်ကို သုံးနှစ်သားကလေးများ ထင်နေတာလား”
ကျန်းလင်ကလည်း အကြပ်ရိုက်နေသည့်အမူအယာဖြင့် အလျင်အမြန်ပြန်ပြောလိုက်လေသည်။ “ဆေးပညာရှင်ရန် ဒီကောင်မလေးက ခင်ဗျားမိတ်ဆွေမှန်း ကျုပ်တို့မသိလို့ပါ။ သိတာသိခဲ့မယ်ဆိုရင် သူ့ကို အခုလိုလုပ်ခိုင်းမှာတောင် မဟုတ်ဘူး။ လေးစားရတဲ့ဧည့်သည်တော်တစ်ဦးအဖြစ်တောင် ဆက်ဆံပေးလိုက်အုံးမှာ။ ဒါပေမယ့် အခုသူကလည်း လုံခြုံနေပြီဆိုတော့ ဒီကိစ္စကိုဒီမှာတင် ရပ်လိုက်လို့ မရဘူးလား။ ဝိဉာဉ်စာချုပ်ကို ကျုပ်တို့ကျန်းမိသားစုရဲ့ တောင်းပန်လက်ဆောင်အဖြစ်ပဲ သဘောထားလိုက်လေ။ အဲ့ဒါအပြင်ကိုမှ နောက်ရက်နည်းနည်းလောက်ကြာလို့ရှိရင် ဆေးပညာရှင်ရန်စံအိမ်ဆီ နောက်ထပ်လက်ဆောင်တစ်ခု ထပ်ပို့ပေးလိုက်ပါအုံးမယ်။ အဲ့ဒါဆိုရင်ရော ဘယ်လိုလဲ”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၆၉)
“ဟဟ အကြမ်းနည်းသုံးမရတော့ လာဘ်ထိုးချင်တယ်ပေါ့” ရန်ကိုင်က ပြန်၍ လှောင်ပြောင်လိုက်သည်။ “ခင်ဗျား အဆင့်အတန်းက တစ်ကယ်ကို ဘာမှမဟုတ်ဘူးဘဲ”
ကျန်းထိုက်ရှန်း၏ မျက်နှာအမူအယာ တောင့်တင်းသွားခဲ့လေသည်။ သူ့စိတ်ထဲအလွန်ကိုမှ ဒေါသထွက်သွားခဲ့သော်ငြား ကျင့်ကြံခြင်းအဆင့်ကွာခြားမှုကြောင့် သူ့ဒေါသအား ထုတ်မပြရဲခဲ့ပေ။
ကျန်းထိုက်ရှန်းမှာမူ ဒေါသအမျက်ခြောင်းခြောင်း ထွက်သွားပြီး ချက်ချင်းပဲ ဒေါမာန်တကြီးဖြင့် ပြန်အော်ပြောတော့လေ၏။ “ဂျူနီယာ ငါတို့ကျန်းမိသားစုက မင်းအပေါ် လေးစားနေလို့ဆိုပြီး သိပ်ပြီးရောင့်တက်မလာနဲ့”
“ကျုပ်ရောင့်တက်တော့ရော ဘာဖြစ်လဲ။ မကျေနပ်ဘူးလား။ မကျေနပ်ရင် လာကိုက်လေ” ရန်ကိုင်က အထင်မြင်တသေးဖြင့် ပြန်၍ လှောင်ပြောင်ပြောဆိုလိုက်သည်။
“ငါဝန်ခံမယ်။ မင်းငါ့ကို တစ်ကယ်ဒေါသထွက်အောင် လုပ်လိုက်တာပဲ” ကျန်းထိုက်ရှန်းမှာ အလွန်ကိုမှ ဒေါသပုံထလွန်းသဖြင့် သွေးအန်လုမတတ်ပင် ဖြစ်သွားခဲ့လေသည်။
ရန်ကိုင့်အား ကြမ်းကြုတ်စွာစိုက်ကြည့်ရင်း ပြန်၍ အော်ပြောလိုက်၏။ “ကောင်လေး မင်းကိုယ်တိုင်ကလည်း တာအိုသခင်ပထမအဆင့်ကျင့်ကြံသူဆိုတော့ ဒီလူအိုကြီး မင်းဆီကနေ အတွေ့အကြုံယူရတာပေါ့”
“တိုက်မယ်ဆိုလာတိုက်လိုက်။ အပိုစကားတွေ ပြောမနေနဲ့” ရန်ကိုင်က ဒေါသထွက်ထွက်နှင့် ပြန်အော်ပြောလိုက်လေသည်။
“ဒီလူအိုကြီး တာအိုသခင်အဆင့်ကိုရောက်တာ ဆယ်စုနှစ်ကျော်နေပြီ။ ဘာလို့ငါ့ကိုယ်ငါအဆင့်နှိမ့်ပြီး မင်းလိုချာတိတ်တစ်ယောက်နဲ့ ယှဉ်တုနေရမှာလဲ” ကျန်းထိုက်ရှန်းက ပြန်၍အော်ပြောလိုက်လေသည်။
“သက်ကြားအိုကြီး ခင်ဗျားအသုံးမကျဘူးဆိုရင် အသုံးမကျဘူးလို့ပြောလိုက်။ အပိုတွေလျှောက်ပြောမနေနဲ့။ ဆယ်စုနှစ်တစ်ခုကြာသွားတာတောင် အဆင့်မချိုးဖြတ်နိုင်သေးတဲ့ ကိုယ့်ကိုကိုယ်မရှက်ဘူးလား” ရန်ကိုင်က အထင်မြင်တသေးဖြင့် ပြန်၍ လှောင်ပြောင်ပြောဆိုလိုက်လေသည်။
ကျန်းထိုက်ရှန်း ဒေါသငယ်ထိပ်ဆောင့်တက်သွားခဲ့၏။ သူ့ကိုယ်ထဲရှိ အရင်းအမြစ်ချီသည် စတင်၍လည်ပတ်လာလေသည်။ ရန်ကိုင်နှင့်ဆက်၍ စကားနိုင်လုမနေချင်တော့။ ဆက်၍သာ ငြင်းခုံနေမည်ဆိုလျှင် ဒေါသထွက်လွန်းသဖြင့် သေသွားနိုင်၏။
ထို့နောက်တွင် ကျန်းထိုက်ရှန်းသည် မြေပြင်အား ခြေဆောင့်လိုက်ရာ ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။ ကျန်းထိုက်ရှန်း တည်နေရာ ခုန်ကူးသွားခြင်းမဟုတ်ပေ။ အလွန်မြန်လွန်းလှသည့် သူ့အရှိန်ကြောင့် တည်နေရာခုန်ကျော်သွားသည့်နှယ် ဖြစ်သွားခဲ့ခြင်းဖြစ်သည်။
ချက်ချင်းဆိုသလို ကျန်းထိုက်ရှန်းသည် ရန်ကိုင့်ရှေ့တွင် ပြန်ပေါ်လာပြီး မှုန်ကုပ်ကုပ်အမူအရာဖြင့် အော်ပြောလိုက်လေသည်။ “တာအိုသခင်အဆင့်မှာ ဆယ်စုနှစ်တစ်ခုလောက်ရှိနေတဲ့လူတစ်ယောက်ရဲ့ စွမ်းအား ဘယ်လိုမျိုးလဲဆိုတာကို မင်းသိသွားအောင် ဒီလူအိုကြီး ပြပေးမယ်”
ပြောပြီးသည့်နောက်တွင် သာမန်ကာရှန်ကာ အမူအယာဖြင့် ရန်ကိုင့်တည့်တည့်သို့ ရိုက်ချလိုက်လေသည်။ လက်ဝါးချက်တစ်ခုလုံး နိယာမစွမ်းအားတို့ဖြင့် ပြည့်နေခဲ့သည်။
ကျန်းထိုက်ရှန်း၏တိုက်ကွက်သည် ရန်ကိုင့်ဆီသို့ပင် မရောက်သေးသော်ငြား ရန်ကိုင့်တစ်ကိုယ်လုံး ပြင်းထန်သည့် လေပြင်းမုန်တိုင်းတို့၏ လွှမ်းခြုံခြင်းခံလိုက်ရလေသည်။
ထိုအချင်းအရာကိုမြင်သည့်အခါ မလှမ်းမကမ်းတွင် ရပ်နေသော မိုရှောင်ချီ၏ မျက်နှာဖြူလျော်သွားခဲ့သည်။ အသက်ရှူရခက်ခဲနေသည့်အလား သူမရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည်ဖြစ်လာခဲ့သည်။
မိုရှောင်ချီ၏ဇစ်မြစ်မှာ မရိုးရှင်းသလို သူမကိုယ်တိုင်ကလည်း အတော်လေးကိုမှ အားကောင်းလှသော်ငြား နောက်ဆုံးတွင်တော့ သူမသည် တာအိုသခင်အဆင့်သို့ မရောက်သေးချေ။ ထို့ကြောင့် ကျန်းထိုက်ရှန်း၏ နိယာမစွမ်းအားတို့ဆီမှ ထွက်လာသည့်ဖိအားကို အတော်လေး ခုခံရခက်နေလေ၏။
သို့သော်လည်း သူမကိုယ်တိုင်သည် ထိုကဲ့သို့သော စွမ်းအားမျိုးနှင့် မထိတွေ့ဖူးသူတစ်ဦး မဟုတ်သည့် အတွက်ကြောင့် မာန်သွင်းအော်ဟစ်၍ သူမကိုယ်ထဲရှိ စွမ်းအားကို လှည့်ပတ်ပြီးနောက်တွင် ထိုနိယာမစွမ်းအား၏ ဖိအားအောက်မှ အတင်းအကြပ်ရုန်းထွက်နိုင်လိုက်လေသည်။ ထို့နောက် ခပ်လှမ်းလှမ်းတစ်နေရာသို့ ဆုတ်ခွာသွားလေ၏။
ထိုစဉ်မှာပင် ထွင်းဖောက်မြင်နိုင်သော ဧရာမစွမ်းအင်လက်ဝါးကြီးတစ်ခုသည် ကျန်းထိုက်ရှန်း၏ လက်ဝါးရှေ့တည့်တည့်တွင် ပေါ်လာပြီး ရန်ကိုင့်ဆီသို့ ရပ်တန့်မရသည့် အရှိန်အဟုန်ဖြင့် တိုးဝင်သွားလေသည်။
သူ့မျက်နှာအား လာရောက်ရိုက်ခတ်နေသည့် ပြင်းထန်သည့်လေပြင်းတို့ကြောင့် ရန်ကိုင့်၏အဝတ်စများ တလူလူလွင့်ပျံလာသလို သူ့လက်ထဲတွင်ရှိနေသော ကျန်းရို့ရှီ၏ဆံပင်များမှာလည်း ပလူပျံအောင်ကို လွင့်ပျံနေခဲ့လေသည်။
“ဒီလောက်လေးနဲ့ ကျုပ်ရှေ့မှာ လာမောက်မာနေရဲတာလား” ရန်ကိုင်က အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လိုက်သည်။
တစ်ဖက်လူမှ သူ၏နိယာမစွမ်းအားကိုသုံး၍ သူ့အပေါ် ဖိနှိပ်လာရန်ကြိုးစားသည်ကို မြင်သည့်အခါ ရန်ကိုင်ကိုယ်တိုင်သည်လည်း လေဟာနယ်နိယာမစွမ်းအားကို ထုတ်သုံး၍ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မမြင်နိုင်သည့် အကာအရံတစ်ခုကို ဖန်တီးကာ ကျန်းထိုက်ရှန်း၏ နိယာမစွမ်းအားအောက်မှ ရုန်းထွက်လိုက်လေသည်။
ထို့နောက် ကျန်းထိုက်ရှန်းကဲ့သို့ပင် စွမ်းအင်လက်ဝါး တစ်ခုကိုဖန်းတီး၍ တန်ပြန်တိုက်ခိုက်လိုက်သည်။ အသက်တစ်ရှိုက်စာ ကြာပြီးသည့်နောက်တွင် စွမ်းအင်လက်ဝါး နှစ်ခု ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။
နားပင်းမတတ် ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ မိုးမြေစွမ်းအင်တို့ ကသောင်းကနင်းဖြစ်လာပြီး နိယာမစွမ်းအင်တို့မှာလည်း အဘက်ဘက်သို့ ဖြာထွက်လာကုန်ကြလေသည်။
ထိပ်တိုက်တွေ့ဆုံမှုပြီးသည့်နောက်တွင် ရန်ကိုင်မှာ လှောင်ပြုံးသာပြုံးနေခဲ့သော်ငြား ကျန်းထိုက်ရှန်းမှာမူ တစ္ဆေသရဲတစ်ကောင်ကိုမြင်လိုက်ရသည့်အလား မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားခဲ့လေသည်။ ထို့နောက် သူ့ဘာသာရေရွတ်လိုက်လေ၏။ “ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ”
သူ့အသံဆုံးသွားသည်နှင့်တစ်ပြိုင်နက် ကျန်းထိုက်ရှန်း ဖန်တီးထားသည့် စွမ်းအင်လက်ဝါးမှာ တစ်စစီပျက်စီးသွားခဲ့ပြီး ရန်ကိုင့်၏လက်ဝါးမှာတော့ ရပ်တန့်မရသည့်အရှိန်အဟုန်ဖြင့် သူ့ဆီသို့ ဆက်လက်တိုးဝင်လာခဲ့လေသည်။
ထိုအခါမှပဲ တစ်ဖက်လူသည် သူထင်ထားသကဲ့သို့ ငချွတ်တစ်ယောက်မဟုတ်ကြောင်း ကျန်းထိုက်ရှန်း နားလည်သွားခဲ့သည်။
ရန်ကိုင်၏အရင်းအမြစ်ချီသည် သူ၏အရင်းအမြစ်ချီထက် ပိုမိုအားကောင်းကာ သန့်စင်နေခဲ့လေသည်။ ရန်ကိုင်သည် အသက်ငယ်ငယ်လေးသာရှိသေးပြီး တာအိုသခင်အဆင့်သို့ မကြာသေးခင်ကမှ ချိုးဖြတ်ဝင်ရောက်ထားသည့်အတွက်ကြောင့် ရန်ကိုင်၏ကျင့်ကြံခြင်းသည် သူ့လောက်တည်ငြိမ်ခြင်း ရှိလိမ့်မည်မဟုတ်ဟုထင်ခဲ့သည်။
ရန်ကိုင်သည် တာအိုသခင်အဆင့်တွင် နှစ်ရာပေါင်းများစွာ ရှိနေခဲ့သောသူ့ကဲ့သို့ ဝါရင့်ပုဂ္ဂိုလ်ကြီးတစ်ဦးအား အနိုင်ရနိုင်လိမ့်မည်မဟုတ်ဟု အထင်ရောက်လျှက် သွားရောက်တိုက်ခိုက်ခဲ့သော်ငြား လက်တွေ့မှာမူ မှန်းချက်နှင့်နှမ်းထွက်မကိုက် ဖြစ်ခဲ့ရလေသည်။
တိုးဝင်လာနေသော ဧရာမလက်ဝါးကြီးကိုမြင်သော် ကျန်းထိုက်ရှန်း မည်ကဲ့သို့များဆက်၍ ရပ်နေရဲအုံးမည်နည်း။ ခန္ဓာကိုယ်အား အလျင်စလိုတွန့်လိမ်၍ ခပ်လှမ်းလှမ်းသို့ ရှောင်ပြေးထွက်သွားလေသည်။
ရန်ကိုင်ကမူ ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ကျန်းထိုက်ရှန်းအား လိုက်လံတိုက်ခိုက်ခဲ့ခြင်းမပြုခဲ့ဘဲ လှောင်ပြုံးပြုံး၍သာ ရပ်ကြည့်နေခဲ့လေသည်။
ရန်ကိုင့်၏လှောင်ပြုံးကိုကြည့်ရင်း ကျန်းထိုက်ရှန်း၏ မျက်နှာသည် မဲမှောင်သွားခဲ့လေ၏။
“ငါလခွမ်း” ကျန်းထိုက်ရှန်း ထအော်တော့လေသည်။ ကျန်းမိသာစုဂျူနီယာများစွာ၏ရှေ့မှောက်တွင် ဤကဲ့သို့ အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရသဖြင့် ကျန်းထိုက်ရှန်း အလွန်ကိုမှ ရှက်သွားခဲ့သည်။
ချက်ချင်းပဲ အံကြိတ်၍ သူ့ရှေ့ရှိဟင်းလင်းပြင်ထဲမှ လက်ကိုင်ရိုးထိပ်တွင် ကျားခေါင်းပုံပါသော ဓားပြား တစ်ချောင်းကို ထုတ်ယူလိုက်လေသည်။ ဓားပြားကြီးသည် တာအိုသခင်အဆင့်မှော်ရတနာတစ်ခု ဖြစ်နေခဲ့သည်။ ဓားသွားမှာ ထူထဲပြီးရှုပ်ထွေးသောအင်းကွက်များသည် ဓားမျက်နှာပြင်ပေါ်တွင် ထိုးထွင်းထားခဲ့လေသည်။ လက်ကိုင်ရိုးထိပ်ရှိကျားခေါင်းမှာ အလွန်ကိုမှ အသက်ဝင်လှကာ ဆန်းကြယ်လှသည်။
ရန်ကိုင့်အား အရင်းအမြစ်ချီချင်း မယှဉ်နိုင်သည့်အတွက် သူ၏မှော်ရတနာကို အားကိုးရုံသာရှိတော့လေသည်။ ဤမှော်ရတနာသည် ကျန်းမိသားစု၏တစ်ခုတည်းသော သူတစ်ဦးသာ အသုံးပြုနိုင်သည့် တာအိုသခင်အဆင့် မှော်ရတနာ ဖြစ်ပေသည်။
ထို့နောက်တွင် ဓားပြားထဲသို့ အရင်းအမြစ်ချီကို အရူးအမူးထည့်သွင်းရင်း ရန်ကိုင့်အား အစိမ်းလိုက် ဝါးစားချင်နေသည့်အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
အလွန်ကိုမှကျယ်လောင်သည့် ဟိန်းဟောက်သံနှင့်အတူ ကျားပုံရိပ်တစ်ခု ဓားပြားထဲမှ ရုတ်တရက် ခုန်ထွက်လာခဲ့ လေသည်။
ကျန်းထိုက်ရှန်းမှ သူ၏အရင်းအမြစ်ချီကို ထည့်သွင်းနေသည်နှင့်အမျှ ထိုပုံရိပ်မှာ တဖြေးဖြေးနှင့် ပိုမိုအသက်ဝင်လာခဲ့ကာ မကြာမီအစစ်အမှန် မွန်းစတားသရဲ တစ်ကောင်နှင့်ပင် တူလာခဲ့လေသည်။
အံ့အားသင့်ဖွယ်ကောင်းစွာပင် ဤကျားပုံရိပ်သည် အဆင့် ၁၁ မွန်းစတားသရဲတစ်ကောင်၏အရှန်အဝါကို ထုတ်လွှတ်နေလေ၏။ ဤဧရာမကျားသည် ငါးမီတာ ခြောက်မီတာခန့် မြင့်မားပေသည်။
ကျန်းထိုက်ရှန်းမှ ၎င်း၏လက်အား ကောင်းကင်ပေါ်သို့ ပင့်တင်၍ ရန်ကိုင့်တည့်တည့်သို့ လွှဲချလိုက်သည်နှင့် တစ်ပြိုင်နက် ဧရာမကျားကြီးသည် မျက်စိတန်းတစ်မျှ အမြန်နှုန်းဖြင့် ရန်ကိုင့်ဆီသို့ခုန်ဝင်လာခဲ့လေသည်။
ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်သည် ရှောင်တိမ်းခြင်းမပြုဘဲ သူ့ဆီသို့ တိုးဝင်လာနေသော ကျားအား လက်သီးဖြင့် ပြန်ထိုးချလိုက်သည်။
“ငချွတ်လေးက တယ်မောက်မာလှပါလား” ထိုအချင်းအရာကိုမြင်သော် ကျန်းထိုက်ရှန်းက မဲ့ပြုံး ပြုံးလိုက်လေသည်။
ထို့နောက် ဓားပြားကိုကိုင်ဆွဲလျက် ကျားပုံရိပ်နောက်မှ အနီးကပ် လိုက်သွားခဲ့သည်။ ခဏအကြာတွင် ဧရာမကျားကြီးသည် ရန်ကိုင့်ရှေ့တည့်တည့်သို့ ရောက်လာပြီး ကိုက်ချလိုက်လေသည်။
ရန်ကိုင်သည် လက်တစ်ဖက်ဖြင့် ကျန်းရို့ရှီအား တင်းတင်းကြပ်ကြပ်ကိုင်ဆွဲထားရင်း ကျန်လက်တစ်ဖက်ဖြင့် ကျားပုံရိပ်ဆီသို့ လက်သီးချက်ပေါင်းများစွာ ထိုးချလိုက်သည်။
“ဘုန်း..ဘုန်း..ဘုန်း..ဘုန်း..ဘုန်း” အားကောင်းလှသည့် ပေါက်ကွဲသံသို့ စည်းချက်ညီညီထွက်ပေါ်လာပြီး ဧရာမကျားကြီးသည် အစစ်အမှန်သားရဲတစ်ကောင်နှယ် နာကျင်စွာအော်မြည်ရင်း အသက်သုံးရှိုက်စာအကြာ၌ လုံးဝပျောက်ကွယ်သွားခဲ့လေသည်။
တာအိုသခင်အဆင့်ပညာရှင်နှစ်ဦး၏တိုက်ပွဲအား အနီးကပ်သေချာစောင့်ကြည့်နေကြသော ကျန်းမိသားစုဝင်များ၏ အမူအယာများမှာလည်း ပြောင်းလဲကုန်ကြလေ၏။
သို့သော်လည်း ခဏအကြာတွင် ဆေဘာဓား အရှိန်အဝါတို့ဖြင့် ဝန်းရံထားသော ကျန်းထိုက်ရှန်းသည် ရန်ကိုင့်ရှေ့သို့ ရောက်လာခဲ့လေသည်။
ဆေဘာအရှိန်အဝါမှာ ရုတ်တရက်ကြီးမားလာခဲ့ရာ တစ်ခဏအတွင်းပင် မီတာနှစ်ဆယ်အရှည်ရှိသောဓားသွား အဖြစ်သို့ ပြောင်းလဲသွားပြီး ရန်ကိုင့်တည့်တည့်သို့ ကျဆင်းလာခဲ့လေသည်။
ရန်ကိုင်သည် သူ့ခန္ဓာကိုယ်အား လိမ်ကောက်လျက် ထိုကြောက်မက်ဖွယ်ရာတိုက်ခိုက်မှုကို ရုတ်ခြည်း ရှောင်တိမ်းလိုက်လေသည်။
ထိုဆေဘာဓားအလျင်ကြောင့် မြေပြင်ထက် ငါးမီတာ ခြောက်မီတာခန့်နက်သော လျှိုမြောင်တစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။
ကျန်းထိုက်ရှန်း သူ့ဆေဘာဓားအား နောက်တစ်ကြိမ် ထပ်မံမလွှဲရမ်းနိုင်သေးခင်မှာပင် ရန်ကိုင်သည် ဆေဘာဓားအလင်းတည့်တည့်ဆီသို့ လက်သီးတစ်ချက် ထိုးချလိုက်လေသည်။
ချက်ချင်းဆိုသလို ‘ကလန်’ ဟူသောမြည်သံနှင့်တကွ ညည်းတွားသံတစ်သံနှင့်အတူ ကျန်းထိုက်ရှန်း၏ပုံရိပ်သည် မီတာပေါင်းများစွာအကွာတွင် ပြန်ပေါ်လာခဲ့လေသည်။
သို့သော်ငြား လက်ရှိတွင် ကျန်းထိုက်ရှန်းသည် မျက်နှာကြီးမဲ့လျက် ဓားရှည်အား သူ့ရှေ့တည့်တည့်တွင် ရေပြင်ညီပုံစံအတိုင်း ကိုင်ထားခဲ့လေသည်။ ထို့အပြင် ထိုဓားထက်ပေါ်၌ လက်သီးရာကြီးတစ်ခု ထင်ကျန်ရစ်နေ၏။
“မင်း ခန္ဓာကိုယ်က” ကျန်းထိုက်ရှန်းသည် အလွန်ကိုမှ မယုံကြည်နိုင်ဟန်ဖြင့် ရန်ကိုင့်အား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေခဲ့လေသည်။
ရန်ကိုင်သည် သူ့ခန္ဓာကိုယ်သက်သက်ဖြင့် သူ၏ တာအိုသခင်အဆင့်မှော်ရတနာပေါ်တွင် ချိုင့်ရာတစ်ခု ထင်ကျန်ရစ်သွားအောင် လုပ်နိုင်ခဲ့သည်။ “သူ့ခန္ဓာကိုယ်က ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းနေတာလဲ။ ဒီကောင်လူရော ဟုတ်သေးရဲ့လား”
ကျန်းထိုက်ရှန်း ငေးကြောင်နေသည်ကို အခွင့်ကောင်း ယူလျက် ရန်ကိုင်သည် ပိန်းပိန်းပိတ်မည်းမှောင်သော လဓားသွားများကို တစ်စင်းပြီးတစ်စင်း ပစ်လွှတ်လိုက်လေ သည်။
ထိုအရာများကိုမြင်သည့်အခါ ကျန်းထိုက်ရှန်း၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားပြီး ကြောက်လန့်တကြား ထအော်လေ၏။ “လေဟာနယ်စွမ်းအားလား”
အနက်ရောင် လဓားသွားများသည် လေဟာနယ် စွမ်းအားမှ ဖြစ်ပေါ်လာသည့်အရာများမှန်း နားလည်သွားသည့်နောက်တွင် ကျန်းထိုက်ရှန်းသည် တတ်စွမ်းသမျှနည်းလမ်းကုန်သုံး၍ အလျင်စလို ထွက်ပြေးတော့လေသည်။
သို့သော်ငြား ထိုလဓားသွားများသည် သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။ ထို့အပြင် လဓားသွားများ၏အမြန်နှုန်းမှာ အလွန်ကိုမှမြင့်မားလှသဖြင့် ထွက်ပြေးနေရသည့်သူကိုယ်တိုင်ပင် ပင်ပန်းကာ အားကုန်ချင်လာခဲ့သည်။
“ဟား ဟား ဟား ကျန်းမိသားစုခွေးအိုကြီး။ ဒီလောက်နဲ့ ကျုပ်လက်က လွတ်မယ်ထင်နေတာလား။ ဒီနေ့ ကျုပ် ခင်ဗျားတို့ကျန်းမိသားစုတစ်ခုလုံးကို မြေမလှန်ရသ၍ ကျေနပ်မှာမဟုတ်ဘူး။ ခင်ဗျားလွတ်အောင် ပြေးနိုင်မှာလား။ ပြေးစမ်း” ရန်ကိုင်သည် အော်ဟစ်ရယ်မောရင်း အော်ပြောလိုက်လေသည်။
ထိုအချင်းအရာကိုမြင်သည့်အခါ တိုက်ပွဲအား စောင့်ကြည့်နေကြသည့် ကျန်းမိသားစုဝင်များ၏အမူအယာ ပြောင်းလဲကုန်ကြလေ၏။ သူတို့ အားကိုးအားထားရသည့် ဘိုးဘေးသည် ရန်ကိုင်၏လက်သီးနှစ်ချက်စာ မိသွားပြီးနောက်တွင် ခွေးလေခွေးလွင့်တစ်ကောင်နှယ် အမြီးကုပ်ကာ ထွက်ပြေးသွားခဲ့သည်။
ယခုတစ်ကြိမ် သူတို့ ပြဿနာအကြီးကြီးတက်ပြီမှန်း ကျန်းမိသားစုဝင်အားလုံး နားလည်လိုက်ကြလေသည်။
“မိသားစုခေါင်းဆောင်” ကျန်းမိသားစု၏ အကြီးအကဲ တစ်ဦးက အလျင်အမြန်ပြောလိုက်လေသည်။ “ကျုပ်တို့ ဘိုးဘေးကိုဝင်ကူညီပေးကြရအောင်”
“ဟုတ်တယ်” အခြားသူများကလည်း ဝင်ရောက် သဘောတူလိုက်သည်။
“ဘိုးဘေးကိုကြည့်ရတာ ဒီကောင့်ရဲ့ပြိုင်ဘက် ဟုတ်တဲ့ပုံမပေါ်ဘူး” ကျန်းလင် မျက်နှာပျက်သွားခဲ့လေသည်။ တိုက်ပွဲအား တစ်ချက်ဝေ့ကြည့်လိုက်ပြီးသည့်နောက်တွင် သူ့အကြည့်သည် တစ်နေရာဆီသို့ ရုတ်ခြည်းရောက်ရှိလာခဲ့ သည်။
ထို့နောက် အေးစက်စက်လေသံဖြင့် ပြောလိုက်လေ၏။ “ငါတိုအသက်တွေကိုစတေးပြီး ဘိုးဘေးကိုသွားကူညီမယ့်အစား အဲ့တစ်ယောက်ကိုသွားဖမ်းလိုက်ရင် ပိုမကောင်းဘူးလား”
အကုန်လုံးကြောင်သွားခဲ့လေသည်။ ကျန်းလင် ကြည့်နေသည့်ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ ငေးကြောင်ကြောင်ဖြင့် ရပ်နေသော မိုရှောင်ချီကို တွေ့လိုက်ရလေသည်။
မိုရှောင်ချီသည် ရန်ကိုင့်၏လုံခြုံရေးကို လုံးဝ စိတ်မပူသည့်အလား အေးအေးဆေးဆေးအမူအယာဖြင့် တိုက်ပွဲအား ကြည့်နေခဲ့သည်။
“ဟုတ်တယ်။ ရန်ကိုင်က အဲ့ကောင်မလေးနဲ့ အတူလာခဲ့တာဆိုတော့ သူတို့နှစ်ယောက် ရင်းနှီးလို့ပဲ ဖြစ်ရလိမ့်မယ်။ ငါတို့သာ သူ့ကိုဖမ်းနိုင်မယ်ဆိုရင် ရန်ကိုင့်ကို အကြပ်ကိုင်လို့ရပြီ” ကျန်းချူဟဲ၏ မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားခဲ့သည်။
သူ့အကြည့်သည် မိုရှောင်ချီ၏ခန္ဓာကိုယ်တစ်လျှောက် ဖြတ်ပြေးသွားခဲ့လေသည်။ သို့သော်ငြား သူမမျက်နှာထက်ရှိ လခြမ်းပုံစံ မွေးရာပါအမှတ်အသားဆီသို့အရောက်တွင်မူ မျက်နှာကြီးမဲ့သွားခဲ့လေသည်။
ဆုံးဖြတ်ပြီးသော ကျန်းမိသားစုဝင်အားလုံးသည် မိုရှောင်ချီဆီသို့ ရုတ်တရက်ပြေးဝင်သွားကြလေသည်။ မျက်တောင်တစ်ခတ်အတွင်း မိုရှောင်ချီအား တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူ ဆယ်ဦးကျော်မက ဝန်းရံသွားကြလေသည်။
“ရှင်တို့ဘာလုပ်ချင်နေတာလဲ” မိုရှောင်ချီက မျက်မှောင်ကြုတ်၍မေးလိုက်သည်။
“ဟဲ ဟဲ ဟဲ” ကျန်းချူဟဲက ညစ်ကျယ်ကျယ်ရယ်မောလျက် “ကောင်မလေး ငါတို့ဘာလုပ်ချင်နေလဲ နင်တစ်ကယ် မသိတာလား။ ခုခံမယ်မကြံနဲ့နော်။ လိမ်လိမ်မာမာနဲ့ မဟုတ်ရင်ငါတို့နင့်ကိုထိခိုက်အောင်လုပ်မိလိမ့်မယ်”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၇၀)
ထိုစကားကိုကြားသည့်အခါ မိုရှောင်ချီကြောင်သွားခဲ့လေသည်။ ထို့နောက် ကျန်းမိသားစုဝင်များအား အထင်မြင်တသေးဖြင့် စိုက်ကြည့်၍ ပြန်မေးလိုက်လေ၏။ “ရှင်တို့က အရေအတွက်နဲ့ အနိုင်ကျင့်ချင်တာလား”
ကျန်းလင်ရှက်သွားခဲ့သည်။ အသာအယာချောင်းဟန့်လျက် “ငါတို့မှာလည်း ရွေးစရာမရှိတော့ဘူးလေ။ ကျေးဇူးပြုပြီး ငါတို့ကိုအပြစ်မတင်ပါနဲ့ ကောင်မလေး”
“မိသားစုခေါင်းဆောင်။ သူနဲ့စကားပြောနေလို့လည်း အပိုပဲ။ တိုက်ခိုက်ကြရအောင်။ သူပြန်ခုခံလို့ ထိခိုက်သွားမယ် ဆိုရင် ကျုပ်တို့ကို လာအပြစ်မတင်သင့်ဘူး” မိသားစုဝင် အကြီးအကဲတစ်ဦးက ပြောလိုက်သည်။
“ရှင်တို့တွေက တစ်ကယ်အရှက်မရှိတာပဲ။ ကျွန်မလို မိန်းကလေးတစ်ဦးကို လူအုပ်ကြီးနဲ့လာအနိုင်ကျင့်နေတယ်” မိုရှောင်ချီက မကျေမချမ်းဖြင့် ရေရွတ်လိုက်သည်။
“တိုက်ပွဲမှာ ယောက်ျားတွေ မိန်းမတွေဆိုတာမရှိတော့ဘူး။ အပြစ်တင်ချင်ရင် ရန်ကိုင့်ကိုပဲ သွားအပြစ်တင်လိုက်” ကျန်းချူဟဲအား ကြည့်ရသည်မှာ ရန်ကိုင့်ကို အတော်လေး အခဲမကျေဖြစ်နေသည့်ပုံပင်။
“ရှင်တို့တစ်ကယ်ကြီး ကျွန်မကိုတိုက်ခိုက်ချင်နေတာလား” မိုရှောင်ချီဒေါသထွက်သွားခဲ့သည်။
“ဟမ့်… ဒီသခင်လေးက နောက်နေတယ်လို့ နင်ထင်လို့လား” ကျန်းချူဟဲက အေးစက်စက်လေသံဖြင့် ရယ်မောလိုက်လေသည်။
ထိုစဉ် သူ့လက်ထဲ တန်ခိုးရှင်ဘုရင်အဆင့်ဓားရှည် တစ်ချောင်း ထွက်ပေါ်လာခဲ့လေသည်။ ပြီးသည့်နောက် သူ့ဓားအား မိုရှောင်ချီတည့်တည့်သို့ ထိုးချလိုက်သည်။ ချက်ချင်းဆိုသလို ဓားသွားထက်ဆီမှ ဓားချီလှိုင်းတို့ ထွက်ပေါ်လာပြီး မိုရှောင်ချီတည့်တည့်ဆီသို့ တိုးဝင်သွားလေ၏။
မိုရှောင်ချီကမူ ရှောင်တိမ်းရန်မကြိုးစားဘဲ လှောင်ပြုံး ပြုံး၍သာ ကျန်းချူဟဲ၏လုပ်ရပ်ကို ရပ်ကြည့်နေခဲ့သည်။ ထို့နောက် တစ်စုံတစ်ခုအား မနှေးမမြန်နှုန်းဖြင့် ထုတ်ယူလိုက်ပြီး ထိုထဲသို့ အရင်းအမြစ်ချီ ထည့်သွင်းလိုက် လေသည်။
အရင်းအမြစ်ချီစီးဝင်လာသည်နှင့်တစ်ပြိုင်နက် မိုရှောင်ချီထုတ်ယူလိုက်သည့် မှော်ရတနာသည် ရုတ်ခြည်း အရွယ်အစားကြီးမားလာပြီး သူမတစ်ကိုယ်လုံးအား လွှမ်းခြုံသွားခဲ့လေသည်။
ထိုမှော်ရတနာမှာ ခပ်ဝိုင်းဝိုင်းပုံစံရှိပြီး အပြာဖျော့ရောင် တောက်နေ၏။ မျက်နှာပြင်သည် ရေမျက်နှာပြင်ကဲ့သို့ အရောင်တလှပ်လှပ်ထနေလျက် အလွန်ကိုမှလည်း ပါးလွှာလှသည်။
ခပ်လှမ်းလှမ်းမှသာ လှမ်းကြည့်မည်ဆိုလျှင် မိုရှောင်ချီသည် ရေပူဖောင်းတစ်လုံးထဲသို့ ရောက်နေသည်ဟုပင် ထင်မှတ်ရနိုင်သည်။
ဤမှော်ရတနာသည် ကြည်လင်ကျောက်စိမ်းတောင်တွင် မိုရှောင်ချီအသုံးပြုခဲ့သည့် ရေပျော့ဓာတ်လုံးမှလွဲ၍ အခြားမဟုတ်ချေ။ ယွမ်ဖုန်းပေါက်လေးပင် ဖမ်းချုပ်ထားနိုင်သည်ကို ကြည့်လျှင် ဤရေပျော့မည်မျှ အားကောင်းကြောင်းကို မြင်တွေ့နိုင်ပေသည်။
ယခုတစ်ကြိမ်အသုံးပြုရာတွင်တော့ ရေပျော့ဓာတ်လုံးသည် ချုပ်နှောင်ရေးမှော်ရတနာတစ်ခုမှ အကာအကွယ်မှော်ရတနာ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
မှော်ရတနာကိုမြင်သည့်အခါ ကျန်းလင်၏မျက်လုံးများ မှေးစင်းသွားခဲ့၏။ ထို့နောက် ရုတ်တရက်ထအော်လေသည်။ “တာအိုသခင်အဆင့်မှော်ရတနာ”
ကျန်းလင်မှ ထိုကဲ့သို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ကျန်းမိသားစုဝင်အကြီးအကဲအားလုံး၏အကြည့်များ လောဘမီးတောက်တို့ဖြင့် လောင်မြိုက်လာခဲ့ကြလေသည်။
ကျန်းချူဟဲ၏ဓားသွားသည် ရေမျက်နှာပြင်အား သွားရောက်ထိမှန်ခဲ့ပါသော်ငြား မည်သည့် အကျိုးသက်ရောက်မှုမှ မရှိခဲ့ပေ။ ဓားသွားထိပ်သည် ရေမျက်နှာပြင်ထဲသို့ ကျွံဝင်သွားပြီးသည့်နောက် ခဏအကြာ၌ ပြန်ကန်ထွက်လာခဲ့လေသည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ကျန်းချူဟဲကိုယ်တိုင်မှာလည်း ထိုတန်ပြန်ရိုက်ချက်ကို ခံစားလိုက်ရလေသည်။
ကျန်းမိသားစု၏လူငယ်ခေါင်းဆောင်မှာ ထိုတန်ပြန် တိုက်ခိုက်မှုကို လုံးဝမျှော်လင့်ထားခြင်းမရှိသဖြင့် အချိန်မီ မတုန့်ပြန်နိုင်ခဲ့ပေ။ နာကျင်စွာအော်ဟစ်ရင်း နောက်သို့ ခြေလှမ်းများစွာဆုတ်လိုက်ရသည်။
ထို့နောက် အနည်းငယ်ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် မိုရှောင်ချီရှိရာဆီသို့ ထိတ်လန့်တုန်လှုပ်တကြီး လှမ်းကြည့်လိုက်လေသည်။
သူ့စွမ်းအားအကုန်ကို အသုံးမပြုလိုက်သည်မှာ ကံကောင်းသွားခဲ့သည်။ မဟုတ်လျှင် ယခု သူပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလောက်ပေပြီ။
“ကောင်မလေးရဲ့ဇစ်မြစ်က လုံးဝမရိုးရှင်းဘူး။ အားလုံး မင်းတို့ခွန်အားတွေကို ထိန်ချန်မထားတော့နဲ့။ အစွမ်းကုန် ထုတ်သုံးပြီးတော့သာ တိုက်ကြပေတော့” ကျန်းလင်က လေသံတိုးတိုးဖြင့် အကုန်လုံးအား လှမ်းပြောလိုက်သည်။
မိုရှောင်ချီသာ သာမန်တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူ တစ်ဦးသာဆိုပါက မည်ကဲ့သို့များ တာအိုသခင်အဆင့် မှော်ရတနာတစ်ခုအား ထုတ်သုံးနိုင်မည်နည်း။ ထို့အပြင် သူမထုတ်ယူလိုက်သည့်မှော်ရတနာမှာ အကာအကွယ်မှော်ရတနာတစ်ခုဖြစ်နေခဲ့သည်။
သူတို့ကျန်းမိသားစုတွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများစွာရှိသော်ငြား မည်သူတစ်ဦးတစ်ယောက်တွင်မှ တာအိုသခင်အဆင့်မှော်ရတနာတစ်ခု ရှိမနေခဲ့ပေ။
အားကောင်းသည့်နောက်ခံကို ပိုင်ဆိုင်ထားကြသည့် လူများသာ သူတို့၏အကြီးအကဲများဆီမှ တာအိုသခင်အဆင့် မှော်ရတနာများကို လက်ဆောင်ရနိုင်ပေသည်။
ကျန်းချူဟဲမလှုပ်ရှားခင်က ကျန်းလင်လည်း အစွမ်းကုန် ထုတ်သုံးရန် မစီစဉ်ထားခဲ့ပေ။ သူ၏ပစ်မှတ် ဦးစားပေးမှာ ထိုကောင်မလေးအား ဖမ်းဆီးနိုင်ရန်သာဖြစ်လေသည်။
သို့သော်ငြား လက်ရှိအခြေအနေကိုမြင်ပြီးနောက် သူဆက်ပြီး တုန့်ဆိုင်းမနေရဲတော့ပေ။ ပြောပြီးသည်နှင့် လက်ကွက်များကိုဖန်တီး၍ မိုရှောင်ချီဆီသို့ ချိန်ရွယ်လိုက် လေသည်။
ချက်ချင်းဆိုသလို သူ့လက်ချောင်းထိပ်မှ အလင်းတန်း တစ်ခုထွက်ပေါ်လာပြီး မိုရှောင်ချီ၏ရေမျက်နှာပြင်အား သွားရောက်ထိမှန်လေသည်။ တစ်ချိန်တည်းတွင် ကျန်းမိသားစုဝင်များကလည်း တိုက်ခိုက်လိုက်ကြလေ၏။
မျက်တောင်တစ်ခတ်အတွင်း အမျိုးမျိုးသော သိုင်းပညာရပ်များ၊ မှော်ရတနာများ ထွက်ပေါ်လာပြီး မိုရှောင်ချီအား လာရောက်ထိမှန်ကြလေသည်။
ကံမကောင်းစွာဖြင့် ထိုတိုက်ခိုက်မှုအားလုံးမှာ မိုရှောင်ချီ၏အကာအကွယ်အား ချိုးဖြတ်နိုင်ခြင်းမရှိဘဲ ပြန်၍သာ ကန်ထွက်ကုန်ကြလေ၏။
သူတို့ဆီသို့ ပြန်လည်တိုးဝင်လာနေသော တိုက်ခိုက်မှုများကိုကြည့်ရင်း ကျန်းမိသားစုဝင် တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူများ၏အမူအယာ ပြောင်းလဲသွားခဲ့ကြပြီး ကမန်းကတန်း ကောက်ကာငင်ကာဖြင့် ရှောင်တိမ်းလိုက်ရလေသည်။
ရေပျော့ဓာတ်လုံး၏အကာအကွယ်ထဲတွင် ရှိနေသော မိုရှောင်ချီမှာမူ ထိုမြင်ကွင်းကိုကြည့်ရင်း ဒေါသတကြီးဖြင့် အော်ပြောတော့လေ၏။ “ရှင်တို့က အရေအတွက်နဲ့ အနိုင်ကျင့်ချင်တယ်ပေါ့။ အရှက်မရှိတဲ့လူတွေ... ရှင်တို့အားလုံး နာပြီသာမှတ်”
ထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် မိုရှောင်ချီသည် သူမခါးတွင်ချိတ်ဆွဲထားသော အိတ်ငယ်လေးများကို ပုတ်လိုက်လေသည်။ အိတ်ဖောင်းဖောင်းလေးများထဲ မည်သည့်အရာများရှိနေမှန်း မည်သူမှမသိကြပေ။
ကျန်းမိသားစုဝင်များသည်လည်း ထိုအိတ်လေးများကို သတိပြုမိကြသည်။ သို့တိုင် ဂရုမစိုက်ခဲ့။ သို့သော်လည်း လက်ရှိဖြစ်ပျက်နေသည့်မြင်ကွင်းကြောင့် အကုန်လုံး မျက်လုံးပြူးမျက်ဆံပြူးဖြစ်ကုန်ကြလေသည်။
မိုရှောင်ချီမှ ထိုအိတ်လေးများကို ပုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ပုံသဏ္ဍာန်အရွယ်အစားမျိုးစုံရှိသော မွန်းစတားသားရဲများ တစ်ကောင်ပြီးတစ်ကောင် ခုန်ထွက်လာကြလေ၏။
ပထမဦးဆုံးထွက်လာသည့်သားရဲမှာ ခုနစ်မီတာခန့် အမြင့်ရှိသော ငွေလည်ဆံသားရဲဖြစ်ပေသည်။ ထိုမွန်းစတား သားရဲအား မြင်လိုက်သည်နှင့် ကျန်းမိသားစုဝင်များ ထိတ်လန့်သွားကြပြီး ချက်ချင်းနောက်သို့ ပြန်ခုန်ဆုတ်လိုက်ကြလေ၏။
ဤမွန်းစတားသားရဲသည် အဆင့် ၁၀ အထွဋ်အထိပ် မွန်းစတားသရဲတစ်ကောင်ဖြစ်ပေသည်။ ထို့နောက် အာကာယံလင်းဆွဲနှင့်အတူ မီးတောက်ချီလင်တစ်ကောင် ထွက်ပေါ်လာခဲ့သည်။ များမကြာမီတွင် မီတာပေါင်းများစွာ ရှည်လျားပြီး နဖူးထက်တွင် ဦးချိုနှစ်ချောင်းရှိသော မည်းနက်နေသည့် ဧရာမရေနဂါးတစ်ကောင်ပါ ထွက်လာခဲ့လေသည်။
ဧရာမရေနဂါးကြီးသည် မိုရှောင်ချီအား သူ့ခန္ဓာကိုယ်ဖြင့် ရစ်ခွေလျက် ကျန်းမိသားစုဝင်များအား စူးရဲစွာ စိုက်ကြည့်လိုက်သည်။ ခန္ဓာကိုယ်အရောင်မှာ အနက်ရောင် ဖြစ်နေသော်ငြား ရေနဂါး၏မျက်လုံးများသည် ထူးဆန်းစွာပင် အပြာဖျော့ရောင်ဖြစ်နေခဲ့လေသည်။
“မျက်လုံးပြာကြေးခွံနက်ရေနဂါးလား” အနည်းငယ် ဗဟုသုတကြွယ်ဝသော ကျန်းမိသားစုဝင်အကြီးအကဲအချို့က ထိတ်လန့်တကြီး ထအော်လေသည်။
ချက်ချင်းပဲ ကျန်းမိသားစုဝင်များစွာ နောက်သို့ ပြန်ဆုတ်သွားကြလေသည်။ အကုန်လုံးသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် မယုံကြည်နိုင်လောက်အောင်ကို အားကောင်းပြီးရှားပါးသည့် သူတို့ရှေ့တွင် ရှိနေသော မွန်းစတားသားရဲများကို လှည့်ကြည့်လိုက်ကြလေသည်။
အာကာယံလင်းဆွဲအား ထည့်မပြောလျှင်ပင် ငွေလည်ဆံသရဲ၊ မီးတောက်ချွီလင်နှင့် မျက်လုံးပြာကြေးခွံနက်ရေနဂါးတို့မှာ တစ်ခါမှပေါ်လာဖူးခြင်းမရှိသည့် မွန်းစတားသားရဲများ ဖြစ်ကြပေသည်။ ထိုမွန်းစတားသားရဲများမှာ မျိုးတုန်း ပျောက်ကွယ်ခါနီးဖြစ်နေသဖြင့် ထိုသားရဲများအား အပြင်လောကကြီးတွင် သိပ်မတွေ့ရတော့ပေ။
ထိုမွန်းစတားသားရဲများ မျိုးတုန်းပျောက်ကွယ်ခါနီး ဖြစ်နေရခြင်းမှာ သူတို့ကိုယ်ထဲရှိ ရှေးဟောင်းသန္ဓေပြောင်း သားရဲများ၏ သွေးမျိုးဆက်ကြောင့်ပင်ဖြစ်လေသည်။ ထိုသွေးမျိုးဆက်မှာ မျိုးရိုးအစဉ်အဆက် ဆက်ခံရန် အလွန်ကိုမှခက်ခဲလှသဖြင့် အချိန်ကြာလာသည်နှင့်အမျှ ရှေးဟောင်းသန္ဓေပြောင်းသားရဲများ၏ သွေးမျိုးဆက်ပါသော မွန်းစတားသားရဲများမှာ ပိုပို၍ရှားပါလာခဲ့ကြလေသည်။ နောက်ဆုံး ထိုမွန်းစတားသားရဲများ မျိုးတုန်းပျောက်ကွယ်ခါနီးပင် ဖြစ်လာခဲ့ရ၏။
ကျန်းမိသားစုဝင်အကြီးအကဲ မျက်လုံးပြာကြေးခွံနက် ရေနဂါးအား မှတ်မိရသည့် နောက်ထပ်အကြောင်းအရင်း တစ်ခုမှာ ယခင်ကသူသည် လျှို့ဝှက်ကျင့်စဉ်တစ်ခုကို ကျင့်ကြံရန်အတွက် အနက်ရောင်ရေနဂါးတစ်ကောင်၏ သွေးအဆီအနှစ်အား လိုက်လံရှာခဲ့ရသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။
ထို့ကြောင့် ထိုအနက်ရောင်ရေနဂါးများအကြောင်းကို အတော်လေးသိထားသည်ဟု ပြောနိုင်၏။ ကံမကောင်းစွာဖြင့် ဆယ်စုနှစ်တစ်ခုကြာသွားခဲ့သည့်တိုင် ရေနဂါးနှင့်ပတ်သက်သည့် မည်သည့်သဲလွန်စကိုမှရှာမတွေ့ခဲ့ပေ။
ထိုအတွက်ကြောင့် နောက်ဆုံးတွင် ထိုကျင့်စဉ်အား ကျင့်ကြံမည့်သူ့အစီအစဉ်ကို လက်လွှတ်လိုက်ရလေသည်။ ယခုကျမှ မျက်လုံးပြာကြေးခွံနက်ရေနဂါးတစ်ကောင် သူ့ရှေ့တွင် ရုတ်တရက်ကြီးပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
မိုရှောင်ချီထုတ်ယူလိုက်သည့် မွန်းစတားသားရဲ တစ်ကောင်ချင်းစီသည် ရှေးဟောင်းသန္ဓေပြောင်းသားရဲများ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် အလွန်ကိုမှ အားကောင်းကာ သူတို့၏ကျင့်ကြံခြင်းအဆင့်ထက် ပိုသောခွန်အားကို ထုတ်လွှတ်နိုင်ကြပေသည်။ သူတို့ အမွေဆက်ခံရရှိထားသော မွေးရာပါစွမ်းရည်ကိုသာ ထပ်မံတတ်ကျွမ်းထားအုံးမည်ဆိုပါက သူတို့ထက် အဆင့်တစ်ဆင့်ပိုမြင့်သောလူတစ်ဦးကို တိုက်ခိုက်ဖို့ရာ အလွန်လေးကိုမှ လွယ်ကူသွားပေလိမ့်မည်။
တစ်နည်းဆိုရသော် မွန်းစတားသားရဲများသည် သူ့တို့ လက်ရှိအဆင့်ထက် ပိုမြင့်သည့်ခွန်အားကို ပိုင်ဆိုင်ထားကြသည်ဟု ပြော၍ရပေသည်။
“အဆင့် ၁၀ အထွဋ်အထိပ်။ အကုန်လုံးက အဆင့် ၁၀ အထွဋ်အထိပ်တွေလား”
“အဲ့ဒါ ဘာ..ဘာကောင်တွေလဲ။ သူတို့ဘယ်ကနေထွက်လာတာလဲ”
“ဒီကောင်မလေးကကော ဘယ်သူလဲ” ကျန်းမိသားစုဝင် အားလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြလေသည်။
ဟိန်းဟောက်မာန်ဖီနေသည့် မွန်းစတားသားရဲများကို ကြည့်ရင်း သူတို့၏ခြေထောက်များ အားမရှိတော့သည့်နှယ် ပျော့ခွေချင်သလိုဖြစ်လာခဲ့လေသည်။
အစကမူ သူတို့လူအင်အားဖြင့် မိုရှောင်ချီကဲ့သို့သော တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးအား အလွယ်တကူ ဖမ်းဆီးနိုင်လိမ့်မည်ဟု ထင်မိခဲ့ပါသော်ငြား ယခုမှသာ ပျားအုံကို တုတ်နဲ့သွားထိုမိပြီဖြစ်မှန်း အကုန်လုံး နားလည်လိုက်ကြလေသည်။
ကျန်းလင်၏မျက်နှာဆိုလျှင် ပို၍ပင်ဖြူလျော်သွားခဲ့သည်။ ယခုတစ်ကြိမ် သွားရန်မစသင့်သည့်လူတစ်ဦးအား သွားရန်စမိလိုက်ပြီမှန်း ကျိန်းသေသိနေခဲ့သည်။
မိုရှောင်ချီ၏နောက်ခံသည် အားကောင်းလိမ့်မည်မှန်း သိခဲ့ပါသော်ငြား အဆင့် ၁၀ အထွဋ်အထိပ်မွန်းစတားသားရဲ လေးကောင်အား လွယ်လွယ်လေးထုတ်ပြသွားသည်ကို မြင်ပြီးသည့်နောက် မိုရှောင်ချီ၏နောက်ခံသည် အားကောင်းရုံတင်မဟုတ်ဘဲ အလွန်ကိုမှ အားကောင်းလိမ့်မည်မှန်း နားလည်သွားခဲ့ရသည်။
သူမသည် ကျန်းမိသားစုကဲ့သို့သော မိသားစုငယ်လေး တစ်ခု သွားရန်စနိုင်သည့်လူမျိုးမဟုတ်ပေ။ မိသားစု ခေါင်းဆောင်တစ်ဦးဖြစ်သည့်အလျောက် ကျန်းလင်သည် အခြားသူများထက်ပင် ပို၍စိုးရိမ်နေသေးသည်။
ထို့အပြင် မိုရှောင်ချီ၏ခါးထက်တွင် ချိတ်ဆွဲထားသော အိတ်လေးများကိုကြည့်ရင်း သူ့စိတ်ထဲတစ်စုံတစ်ခုအား ပြန်အမှတ်ရမိလိုက်သည်။ သို့သော်ငြား ဘာမှန်း သေချာမပြောနိုင်ဖြစ်နေခဲ့လေသည်။
ကျန်းမိသားစုဝင်အားလုံး ထိတ်လန့်တုန်လှုပ်နေကြစဉ် မိုရှောင်ချီသည် ဒေါသတကြီးအံကြိတ်ရင်း အမိန့်ပေးလိုက်လေ၏။ “ရှောင်ရင် ရှောင်ဟုန် ရှောင်ဟဲ အဲ့ဒီအရှက်မရှိတဲ့ကောင်တွေကို သင်ခန်းစာကောင်းကောင်း ပေးလိုက်စမ်း။ ငါ့ကိုများ လူအုပ်နဲ့လာပြီးအနိုင်ကျင့်ရဲတယ်”
“ရှောင်ရင် ရှောင်ဟုန် ရှောင်ဟဲ” ထိုစကားကို ကြားပြီးနောက် ကျန်းမိသားစုဝင်များ ပို၍ ထိတ်လန့်သွားခဲ့ကြလေသည်။ ပုတီးစေ့တမျှကြီးမားသော ချွေးသီးတို့ သူတို့နဖူးထက် ဝေ့သီလာခဲ့သည်။
ဤမျှ ထည်ဝါခမ်းနားသော အဆင့် ၁၀ မွန်းစတားသားရဲ များ၏ နာမည်များမှာ ယခုကဲ့သို့ ရယ်ချင်စရာနာမည်များ ဖြစ်နေခဲ့သည်။
မွန်းစတားသားရဲ ၃ ကောင်သည် မိုရှောင်ချီ၏စကားကို နားလည်သည့်အလား အသီးသီးဟိန်းဟောက်ပြလိုက်ကြ လေသည်။
ငွေလည်ဆံသားရဲသည် ဟိန်းဟောက်အော်ဟစ်လျက် ကျန်းမိသားစုဝင်များကြားသို့ ခုန်ဝင်သွားခဲ့လေသည်။ ထို့နောက်သူ၏ ရှေ့လက်သည်းများကို ဝှေ့ယမ်းချလိုက်ရာ အားကောင်းလှသည့် လေပြင်းတို့ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
ရှေးဟောင်းသန္ဓေပြောင်းမွန်းစတားသားရဲ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော သားရဲတစ်ကောင်၏ တိုက်ခိုက်မှုကို ကျန်းမိသားစုဝင်များအနေဖြင့် မည်ကဲ့သို့များ ထိပ်တိုက် ရင်ဆိုင်ရဲပါမည်နည်း။ ထို့အတွက်ကြောင့် အလန့်တကြား အော်ဟစ်ရင်း ကမန်းကတန်းရှောင်တိမ်းလိုက်ကြလေသည်။
ထိုအချိန်အတောအတွင်း မီးတောက်ချွီလင်သည် ၎င်း၏ ပါးစပ်ကိုဟလျှက် မီးတောက်ဘောလုံးများကို မုန်းတိုင်းသဖွယ် ပစ်လွှတ်လိုက်သည်။ မီးတောက်ဘောလုံး တစ်လုံးချင်းစီတိုင်းသည် ပန်းကန်ပြားတစ်ချပ်စာမျှကြီးမားကာ အလွန်ကိုမှပူပြင်းပေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ကျန်းမိသားစုဝင်များ ကြောက်ကြောက်လန့်လန့်ဖြစ်ကုန်ကြလေသည်။ မီးတောက်များ၏ မီးလောင်ခံရမည်ဆိုသည့်အတွက်ကြောင့် အလျင်အမြန်ပဲ ခပ်လှမ်းလှမ်းသို့ ခုန်ဆုတ်သွားကုန်ကြလေ၏။
ထိုအချိန်တွင် မျက်လုံးပြာကြေးခွံနက်ရေနဂါးလည်း ဝင်ရောက်တိုက်ခိုက်လေသည်။ ၎င်း၏ခန္ဓာကိုယ်ဆီမှ ပိန်းပိန်းပိတ်မည်းမှောင်သော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာပြီး အနက်ရောင်တိမ်တိုက်ထုကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ကျန်းမိသားစုဝင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများအား လွှမ်းခြုံသွားခဲ့လေသည်။
ခဏအကြာတွင် ထိုအနက်ရောင်တိမ်တိုက်အထဲဆီမှ ထူးဆန်းသည့် နှာမှုတ်သံများနှင့်အတူ တိုက်ခိုက်သံတို့ ထွက်ပေါ်လာခဲ့လေ၏။
မိုရှောင်ချီကမူ ရေပျော့ဓာတ်လုံးထဲနေရင်း ထိုမြင်ကွင်းကို စိုက်ကြည့်နေခဲ့သည်။ သူမလက်ထဲရှိ လင်းဆွဲလေး၏အမွှေးကို ပွတ်ပေးနေရင်းမှ ရေရွတ်လိုက်လေ၏။ “ကြည့်ရတာ ငါတို့ဘက်က အသာရမနေတဲ့ပုံပဲ။ ရှောင်ပိုင်၊ ရှောင်ကွမ်၊ ရှောင်ချင်း၊ ရှောင်လုနဲ့ အခြားသူတွေကိုပါ ထပ်ပြီးခေါ်လိုက်သင့်လား”
ထိုစကားကိုကြားပြီးသည့်နောက် ကျန်းမိသားစုဝင် ကျင့်ကြံသူအားလုံး ဆွံ့အကုန်ကြလေ၏။