← Chapters

အိမ် (၂)

Vol. 3 Ch. 139

အိမ် (၂)

Vol. 3 Ch. 139

အိမ်က အစက ပြောထားခဲ့သလိုပဲ နှစ်ထပ်အိမ်ပါ။ နက်ဆန်ရဲ့ ဖွန်တီနာမြို့ကစံအိမ်နဲ့ယှဥ်ရင် သေးတယ်လို့ဆိုနိုင်ပေမဲ့ လူလတ် တန်းစားမိသားစုတစ်ခုအတွက်ဆိုရင်တော့ ခမ်းနားတယ်လို့ ပြောလို့ရတဲ့အထဲမှာပါပါတယ်။

အိမ်ရှင်က ကျွန်မတို့ကို အိမ်အောက်ထပ်မှာရှိတဲ့ ဧည့်ခန်းဆီကို ခေါ်သွားပါတယ်။ ဆိုဖာခုံလေးတချို့နဲ့ကျိတ်သားစားပွဲတစ်လုံး ချထားပေးပြီးတော့ ကျွန်မ၊ နက်ဆန်နဲ့ မိုနီကာတို့သုံးယောက် ထိုင်ဖို့အတွက်တော့ လုံလောက်ပါတယ်။ ထူးခြားစွာနဲ့ ဧည့်ခန်းမှာ မီးဖိုးခေါင်းတိုင်ပါပြီးတော့ အခုကတော့ ဆောင်းဝင်ဖို့အတွက် နည်းနည်းလိုသေးတဲ့အတွက် မီးလင်းဖိုထဲမှာ အလှပြရုံပဲ ထင်းတွေထည့်ထားတာ။

“ဦးနာမည်ကိုတော့ လူကာလို့ပဲခေါ်ပါ။ ဒီအိမ်ကတော့ ဦးမိဘတွေ လက်ထက်ကတည်းက လက်ဆင့်ကမ်းလာခဲ့တဲ့ ဘိုးဘွားပိုင်အိမ်။ ဦးက တစ်ယောက်တည်းသမား၊ ဂရပ်ဖစ်ဒီဇိုင်နာဆိုတော့ အပေါ်မှာပဲ အလုပ်လုပ်နေတာများတယ်။ အိမ်အောက်ထပ်ကို ဝင်ငွေရအောင်လို့ Airbnbမှာတင်ပြီး ငှားထားတာကြာပြီ။ အဆင်ပြေသလို နေကြပါ။”

နောက်တော့ သူက ကျွန်မတို့ကို အိမ်အနှံလိုက်ပြပေးပါတယ်။ မီးဖိုနဲ့ပစ္စည်းကိရိယာအစုံအလင်ရှိတဲ့ မီးဖိုခန်းနဲ့ သန့်ရှင်း​သေသပ်စွာ ဆောက်လုပ်ထားတဲ့ ရေချိုးခန်းနဲ့အိမ်သာလည်း အောက်ထပ်မှာရှိတယ်။ ဧည့်ခန်းအပြင် နှစ်ယောက်အိပ်ခန်း တစ်ခန်းနဲ့ တစ်ယောက်အိပ်ခန်းတစ်ခန်းလည်း ကျွန်မတို့ ငှားထားတဲ့အောက်ထပ်မှာရှိတယ်။

အရမ်းကြီးမထူးခြားပေမဲ့ သေသေသပ်သပ်နဲ့နေချင်စရာလေးလို့ ပြောရမှာပဲ။ ဦးလေးကြီးက ကျွန်မတို့ကို အိမ်တစ်ပတ်လှည့်ပြီး ပြသပြီးတဲ့နောက်မှာ ကျွန်မတို့တွေ လွတ်လွတ်လပ်လပ်နေနိုင်ဖို့ အပေါ်ထပ်ကိုပြန်တက်သွားတယ်။

အချိန်ကိုကြည့်လိုက်တော့ ​နေ့လယ် ဆယ့်တစ်နာရီဖြစ်နေပြီ။ တစ်နေ့လုံးတစ်ညလုံး ခရီးသွားထားရတာဖြစ်တဲ့အတွက် ဗိုက်ကလည်းဆာလှပြီ။ ဒါပေမဲ့ ခရီးကနေအခုမှရောက်လာတာ ဖြစ်တဲ့အတွက်ကြောင့် အရင်ဆုံးရေချိုး၊ အဝတ်အစားလဲဖို့ ဆုံးဖြတ်လိုက်တယ်။

နက်ဆန်ကတော့ ပိုက်ဆံအိတ်ကိုင်ပြီးတော့ အိမ်ထဲကနေ အိမ်ပြင် ထွက်သွားတယ်။ ဘာလုပ်မလဲမေးတော့ “နေ့လယ်စာဖို့ စျေးသွားမလို့” တဲ့။ တဖြည်းဖြည်းနဲ့ ဒီကောင်က အိမ်ရှင်ထီးတစ်ယောက်နဲ့ကို တူလာတော့တာပဲ။

နက်ဆန်အိမ်ကနေ ထွက်သွားပြီးတဲ့နောက်မှာ မိုနီကာနဲ့ကျွန်မ နှစ်ယောက်တည်းပဲ အိမ်မှာကျန်နေရစ်တယ်။ ပြီးတော့ သူကလည်း ရေချိုးဖို့အသင့်ပြင်ထားပုံပဲ။ ခရီးဆောင်အိတ်ကို ချက်ချင်းဖွင့်၊ ရေချိုးခန်းသုံးပုဝါကို ခေါင်းမှာပတ်။ ရှန်ပူတွေ၊ ကွန်ဒီရှင်နာတွေကို တစ်ခုချင်းစီထုတ်ပြီး ရေချိုးခန်းဆီသွားတယ်။ ကျွန်မကလည်း ဒီဟာမပစ္စည်းတွေကြည့်ရုံနဲ့ ကြာတော့မယ်ဆိုတာသိနေတော့ သူရေချိုးခန်းထဲမရောက်ခင် ကိုယ်ပိုင်ရေချိုးခန်းသုံးပုဝါနဲ့ သုံးလက်စဆပ်ပြာခဲလေးကိုကိုင်ပြီး သူ့ထက်ပိုမြန်အောင်ပြေးတယ်။

“ဆယ်ဗီ၊ ငါအရင်ရေချိုးဖို့ လာတာနော်။” ကျွန်မက သူ့ထက်အရင် အမြန်ရောက်သွားပြီး ရေချိုးခန်းတံခါးကိုပိတ်ချလိုက်တော့ မိုနီကာက အပြင်ကနေ တံခါးကို တဘုန်းဘုန်းထုတော့တာပါပဲ။

“ငါ့ကို ဘာမှလာမပြောနဲ့။ ရေချိုးခန်းထဲ အရင်ရောက်တဲ့သူ ရေအရင်ချိုးကြေးပဲ။ နင့်ဘာသာနင် ပစ္စည်းတွေအများကြီး ယူနေလို့ကြာနေတာ နင့်အပြစ်နဲ့နင်။”

ကျွန်မလည်း သူ့ကိုခနဲ့လိုက်ပြီး ရေစချိုးဖို့လုပ်တယ်။ ကျက်သရေမရှိတဲ့ စဘူးဘတ်မကြီးကတော့ အပြင်ဘက်မှာ တဂီးဂီးဂဲဂဲနဲ့ မာန်ဖီပြီး ကျန်နေရစ်တာပေါ့။

...

နက်ဆန်ပြန်လာတော့ တစ်ယောက်တည်းမဟုတ်တော့ဘူး။ လက်ထဲမှာ အာလူးကြော်တစ်ထုတ်ကိုကိုင်ပြီး အားရပါးရ စားနေတဲ့ အိုလီရာနာလည်းပါလာပြီး နက်ဆန့်ဂုတ်ပေါ်မှာ ခွထိုင်နေတယ်။ သူ့မျက်နှာက ပြုံးဖြီးနေပြီးတော့ သခင်ဖြစ်သူကိုအနိုင်ကျင့်လို့ရတဲ့ အတွက်ကြောင့် အတော်ဝမ်းသာနေတဲ့ပုံပဲ။ သူက ပြုတ်ကျမှာစိုးတဲ့ အတွက်ကြောင့် နက်ဆန့်ဆံပင်ကို ဆောင့်ဆွဲထားသေးတယ်။

“ကိုနက်ဆန်၊ ဒါက ဘယ်လိုဖြစ်တာတုန်း။”

ကျွန်မက မေးလိုက်တော့ နက်ဆန်က သူ့ပခုံးပေါ်ရောက်နေတဲ့ အိုလီရာနာကိုခါးကနေကိုင်ပြီး အောက်ကိုပြန်ချပေးလိုက်တယ်။ “ စျေးရောက်တော့ မုန့်စားချင်တယ်ဆိုလို့လေ။”

ဒါပေမဲ့ ကျွန်မက နက်ဆန်ကို မျက်စောင်းထိုးပြီး ကြည့်လိုက်မိပြန် ပါတယ်။ ဒီငနှဲကို ကျွန်မနည်းနည်းလေးမှမယုံဘူး။ အိုလီရာနာက မိုနီကာကိုအသက်ဓာတ် မျှပေးထားရတဲ့အပြင် သူ့နဂိုကဒဏ်ရာ တချို့ပါပြန်မကောင်းသေးတာမလို့ လောလောဆယ် ငါးနှစ် ကလေးမလေးတစ်ယောက်ပုံစံနဲ့ပဲရှိနေတာ။

ဒါပေမဲ့ မိုနီကာက နက်ဆန်ကိုအတင်းတွယ်ကပ်နေတုန်းက နှင်မထုတ်ခဲ့တာကိုလည်း ပြန်တွေးမိရော အလိုလိုနေရင်း ဒေါသတွေရော၊ သဝန်တိုတာတွေရော၊ မနာလိုတဲ့စိတ်တွေရော ရောခံစားရတော့တာ။

“အိုလီရာနာ၊ ယောက်ျားလေးတစ်ယောက်ခေါင်းပေါ်ကို အခုလိုတက်နေစရာလား။ နင့်ကိုယ်နင် ဘာထင်နေတာတုန်း။”

ကျွန်မက ဒေါသထွက်ထွက်နဲ့ အိုလီရာနာကို ခေါင်းခေါက် လိုက်ပါလေရော။ အားက နည်းနည်းများသွားတာမလို့ မုန်လာဥလိုသေးသေးလေးဖြစ်​နေတဲ့ အိုလီရာနာလည်း မျက်ရည်တွေဝဲလာပြီး ငိုတော့တာပဲ။

“အူးဝါး... ဆယ်ဗီမ ငါ့ကိုဘလိုင်းကြီး အနိုင်ကျင့်တယ်။”

ဒါပေမဲ့ ကျွန်မကတော့ ငိုနေတဲ့အိုလီရာနာကို လစ်လျူရှုထား လိုက်ရော။ မိုနီကာကလည်း အိုလီရာနာကို မရှိသလို သဘောထားပြီး ပြန်ရောက်လာတဲ့ နက်ဆန်နားကိုကပ်ပြီး ချွဲဖို့ကြံလိုက်တယ်။

“ဒါလင်... ဒီနေ့ဘာချက်ဖို့ စီစဥ်ထားလဲ။”

မိုနီကာက နက်ဆန့်ပခုံးကိုဖက်တော့မယ့် အချိန်မှာပဲ ကျွန်မက နက်ဆန်ကို အေးစက်စက်ကြည့်လိုက်တဲ့အတွက် သူ့တစ်ကိုယ်လုံး တုန်သွားတာ ကျွန်မမြင်လိုက်ရတယ်။ နောက်တော့ မိုနီကာကို ရောဂါပိုးရှိတဲ့သူလိုမျိုးကြည့်ပြီး ခြောက်ပေအကွာအထိ နောက်ဆုတ်လိုက်ရင်း မယုတ်မလွန်ပြောလိုက်တယ်။

“နောက်ကျနေပြီ... နေ့လယ်စာချက်ဖို့ လုပ်လိုက်ဦးမယ်။”

...

ခဏနေတော့ နက်ဆန်လည်း စားဖိုမှူးရင်ဖုံးဝတ်ပြီးတော့ မီးဖိုချောင်ထဲ ရောက်နေပြီ။ မိုနီကာနဲ့ အိုလီရာနာကတော့ ဧည့်ခန်းထဲမှာ စားဖို့သောက်ဖို့ အသင့်ထိုင်စောင့်နေတယ်။

နေ့ခင်းဘက်ဖြစ်တဲ့အပြင် အိမ်မှာတခြားလူတစ်ယောက် ရှိနေတဲ့အတွက်ကြောင့် မော်လီက ထွက်မလာပါဘူး။ သူက တင်းပြည့်ဖုတ်ကောင်တစ်ကောင်မလို့ အသားအရေက သာမန်လူတွေနဲ့တူညီမနေခဲ့ဘူးလေ။

ဒါပေမဲ့ ပြင်ပကမ္ဘာနဲ့တော့ အဆက်အသွယ်ရှိနေသေးပြီးတော့ တစ်ခါတလေ ကျွန်မကိုဖြစ်ဖြစ် နက်ဆန်ကိုဖြစ်ဖြစ် စကားလှမ်းပြီး ပြောလေ့ရှိပါတယ်။

ကျွန်မက ဟင်းချက်ဖို့အတွက် ပြင်ဆင်စရာရှိတာပြင်ဆင်နေတဲ့ နက်ဆန်နောက်ကို လျှောက်သွားလိုက်တယ်။

“ရှင်ဒီနေ့ ဘာချက်ဖို့ စဥ်းစားထားလဲ။” အခုရက်ပိုင်း ဖြစ်ခဲ့တဲ့ ကိစ္စတွေကြောင့် မကျေမနပ်ဖြစ်နေသေးတဲ့ကျွန်မက နည်းနည်း မာပြီးအေးစက်နေတယ်။ တကယ်က တခြားဘာစိတ်မှ မရှိဘဲ သူဘာချက်ဖို့ စီစဥ်ထားလဲပဲ သိချင်မိတာပါ။ ဒါပေမဲ့ စိတ်ထဲ အစိုင်အခဲတွေများနေလို့ လေသံက တစ်မျိုးကြီးဖြစ်နေတာတော့ မတတ်နိုင်ဘူးရယ်။

ကျွန်မကြည့်နေရင်း နက်ဆန်ရဲ့ခန္ဓာကိုယ်က တောင့်တင်းသွားတာ သတိထားမိတယ်။ ဒါပေမဲ့ သူက တတ်နိုင်သမျှ တည်တည်ငြိမ်ငြိမ် နေဖို့ကြိုးစားရင်းနဲ့ ပြန်ဖြေလိုက်တယ်။ လက်ကတော့ အသီးအရွက်တွေကို ဓားနဲ့ခုတ်ပိုင်းလို့။

“ဒီနေ့တော့ အရှေ့တောင်အာရှဟင်းနည်းနည်းချက်မယ်။ ဆူးပုတ်ရွက်နဲ့ကြက်ဥနဲ့ကြော်တာက ထိုင်းတို့၊ မြန်မာတို့မှာ နာမည်ကြီးတယ်တဲ့။ အီတလီက ဆူးပုတ်ရွက်ပေါတော့ စမ်းကြည့်ရမှာပဲ။”

ကျွန်မက သူပြောနေတာကို နားထောင်နေရင်း မကြားတကြား ရေရွတ်လိုက်တာပေါ့။ “ကြက်ဥအာလူးစားဖိုမှူး... ဟွန့်။”

နောက်တော့ ကျွန်မလည်း သူချက်တာကို ကြည့်နေရင်းကနေ ဟိုဟိုဒီဒီတွေးနေမိတာပေါ့။ သူကတော့ စောင့်ကြည့်ခံနေရတယ် ဆိုတဲ့အသိကြောင့် တောင့်တောင့်ကြီးဆက်ရပ်နေသေးပြီး ဟင်းဆက်ချက်ဖို့ ကြိုးစားနေပါတော့။

သူကြက်ဥကိုဖောက်ပြီး အိုးထဲထည့်တဲ့အချိန်ကျတော့ မော်လီ ဆီကနေပြီး စကားသံထွက်လာရော။ “သခင်၊ ဒီနေ့ နေရော ကောင်းရဲ့လား။”

“ကောင်းတယ်လေ၊ ဘာမှမဖြစ်ဘူး။” နက်ဆန်က ခါတိုင်းလိုပဲ တုံးတိကြီး ပြန်ဖြေတယ်။ ဒါပေမဲ့ မော်လီဆီကနေ သက်ပြင်းရှည် ချလိုက်တဲ့အသံထွက်လာပြီး အခုလိုဆက်ပြောလိုက်လေရဲ့။

“ဒါဆိုရင် သခင်က ကြက်ဥတွေကို အိုးထဲမထည့်ဘဲ ဘာလို့ ဘေဇင်ထဲ လောင်းထည့်နေရတာလဲ။”

“.....” နက်ဆန်က အောက်ငုံကြည့်လိုက်တယ်။ တကယ်လည်း သူက မွှေပြီးသား ကြက်ဥနဲ့ဆူးပုတ်ရွက်တွေကို ဆီဆူနေတဲ့အိုးထဲ ထည့်ရမယ့်အစား ပန်းကန်ဆေးတဲ့ဘေဇင်ထဲ လောင်းထည့် နေတာ။”

“.....” ကျွန်မကိုယ်တိုင်လည်း ပြောစရာစကားမဲ့သွားတယ်။

...

နက်ဆန်တစ်ယောက် အစကနေအဆုံးထိ အကုန်ပြန်လုပ်ရပြီး နောက်မှာတော့ နေ့လယ်စာစားချိန်က တစ်နာရီခွဲကျော်သွားရော။ ကြက်ဥအာလူးဆရာကြီးဆိုတဲ့ နာမည်ပြောင်ရထားတဲ့ သခင် နက်ဆန်ပီသစွာပဲ သူချက်လိုက်တဲ့ ဟင်းသုံးမျိုးမှာ တစ်မျိုးက ကြက်ဥဆူးပုတ်ရွက်ကြော်ဖြစ်ပြီး ဒုတိယတစ်မျိုးက အာလူး ထောင်းကြော်ပါ၊ တတိယတစ်မျိုးက မေးနေစရာမလိုအောင် အသားပြားကင်ဖြစ်နေတယ်။ သူချက်ကျွေးတာစားရလို့ ပျော်စရာကောင်းတယ်ဆိုပေမဲ့ တစ်ခါလာလည်း အာလူး ကြက်ဥတောထဲက မတက်လေတော့ စိတ်ရှိလက်ရှိကို ရိုက်နှက်ပစ်ချင်တော့တာ။

“သဘောမကျဘူးလား၊ နောက်တစ်ခါကျရင် ဂေါ်ဖီနဲ့ ကြက်ဥကြော်ကျွေးမယ်လေ။”

“သေလိုက်ပါ့လား၊ သောက်ကောင်ရဲ့။”

နေ့လယ်စာ ​စားပြီးတဲ့နောက်တော့ ကျွန်မနက်ဆန်ကို အားရပါးရ အော်ဟစ်ပြီး နှစ်ယောက်အိပ်ခန်းထဲ ဝင်လိုက်ပါတယ်။ လူက ပင်ပန်းနေပြီမလို့ အိပ်ချင်စိတ်ကပဲ လွှမ်းမိုးထားပြီး တခြားဘာမှ စဥ်းစားမရတော့ဘူး။

အခုတော့ ဗိုက်ကလေးကလည်း ဝဝလင်လင်ရှိပြီ၊ တခြားလုပ်စရာ စိတ်ပူစရာဘာမှလည်း မရှိတော့တဲ့အတွက်ကြောင့် အိပ်ရာပေါ် တစ်ခါတည်းခုန်တက်ပြီး အိပ်ဖို့ပြင်တော့တာပဲ။ ခေါင်းအုံးနဲ့ မျက်နှာ အပ်မိပြီးမကြာခင်မှာပဲ ကျွန်မအတွေးတွေးက ​နှေးကွေး လာခဲ့ပါတယ်။ နောက်တော့ ပါးစပ်ထဲကနေ သွားရည်တွေစီးကျ နေတာကိုသတိထားမိပေမဲ့ ပါးစပ်ကိုပြန်ပြင်မပိတ်နိုင်ခင်မှာပဲ အိပ်မက်တွေကြီးစိုးထားတဲ့ အမှောင်ကမ္ဘာထဲကို ကျွန်မကျရောက် သွားပါလေရော။

...

ဟီးဟီးဟီး... ဟားဟားဟား....

ကလေးတချို့ အော်ဟစ်ပြေးလွှားနေတဲ့ အသံကြောင့် ကျွန်မ အိပ်နေရာကနေ နိုးလာခဲ့တယ်။ မျက်လုံးကိုခပ်မှေးမှေး ဖွင့်ကြည့်တော့ ကျွန်မအခန်းက မှောင်မိုက်နေပြီဖြစ်ပြီး ကလေးအရွယ်လူရိပ်နှစ်ရိပ်က ကျွန်မကုတင်ကိုပတ်ပြီး ပြေးနေပါတယ်။

“အိုလီရာနာလား....” ကျွန်မ မေးလိုက်ပေမဲ့ ပြန်ဖြေသံ မကြားရဘူး။ အဲဒီအရိပ်နှစ်ခုရဲ့ရယ်သံတွေနဲ့ ဆော့ကစားနေတဲ့ အသံတွေကိုသာ ကြားရပါတယ်။ နောက်တော့ အဲဒီကလေးတွေက ကျွန်မအိပ်ရာပေါ်ကို တက်ခုန်ပြီးကစားတဲ့အထိ အတင့်ရဲလာတော့ တာပါပဲ။

“နင်တို့တွေ...” ကျွန်မလည်း ဆက်အိပ်လို့မရတော့တဲ့အတွက် ထထိုင်လိုက်ပြီး ကလေးတွေကိုကြည့်တော့ ကလေးတွေက ‘ဟေး'ခနဲအော်ပြီး အိပ်ရာပေါ်ကနေ ခုန်ဆင်းသွားကြရော။ အိုလီရာနာ၊ မဟုတ်တာတော့သေချာပြီ။ ဒါပေမဲ့ ဘယ်က ကလေးတွေပါလိမ့်။ အိမ်ရှင်ရဲ့ကလေးတွေများလား။ ဒါပေမဲ့ အိမ်ရှင်က သူတစ်ယောက်တည်းနေတာလို့ပြောခဲ့သားရယ်။

ကျွန်မအိပ်ခန်းကို လှည့်ပတ်ကြည့်တော့ ကျွန်မတစ်ယောက်တည်း။ မိုနီကာလည်း ကျွန်မနဲ့အတူတူတစ်ခန်းတည်း အိပ်ရမှာဆိုပေမဲ့ မရှိသေးပုံထောက်ရင် မအိပ်သေးတာလား၊ နက်ဆန်ကိုသွားပြီး နှောင့်ယှက်နေတာလား တစ်ခုခုပဲ။

စားပွဲပေါ်က စားပွဲတင်နာရီကိုကြည့်လိုက်တော့ လေးနာရီကို လက်တံကပြနေတယ်။ နံနက်လေးနာရီလား။ ဖြစ်နိုင်တယ်လို့ ကျွန်မတွေးပြီး ကလေးတွေဘယ်ရောက်သွားလဲ ကြည့်တော့ သူတို့တွေက အခန်းတံခါးဝမှာရပ်နေပြီး ကျွန်မကိုလက်ယပ် ခေါ်နေကြတယ်။

ဒါကြောင့် ကျွန်မလည်း သူတို့နောက်ကိုထလိုက်တော့ သူတို့က အိမ်စင်္ကြံလမ်းအတိုင်း ပြေးသွားကြရော။ လိုက်ရင်းလိုက်ရင်း ကျွန််မ အိမ်ရဲ့အပေါ်ထပ်ကိုတက်တဲ့လှေကားရင်းနားကို ရောက်လာပြီ။ လှေကားရင်းနားမှာ ဧည့်ခန်းကရှိနေတာ ဖြစ်ပြီး သူတို့နှစ်​ယောက်က ဧည့်ခန်းနံရံမှာရှိတဲ့ မီးခိုးခေါင်းတိုင်နဲ့ ချိတ်ဆက်ထားတဲ့ မီးလင်းဖိုရှေ့ကို ရောက်လာကြပါတယ်။

နောက်တော့ သူတို့က မီးလင်းဖိုထဲဝင်သွားပြီး အပြင်မှာရှိနေတဲ့ ကျွန်မကို လက်ယမ်းပြပြီးဝင်လာဖို့ ခေါ်နေကြတယ်။ ဒါပေမဲ့ ကျွန်မက စိတ်ထဲမှာ မသိုးမသန့်ခံစားရတဲ့အတွက် လိုက်မသွား ဖြစ်ခဲ့ဘူး။

နောက်တော့ ရုတ်ချည်းဆိုသလို မီးလင်းဖိုထဲက ထင်းတွေက မီးထတောက်ပြီး ကလေးနှစ်ယောက်ကိုလောင်ကျွမ်းသွားတယ်။ နဂိုက ရယ်မောနေခဲ့တဲ့ကလေးတွေရဲ့အသံက ကမ္ဘာပျက်လုမတတ် အော်ဟစ်ငိုကြွေးနေတဲ့ အသံတွေအဖြစ်ကို ပြောင်းလဲသွားလေရဲ့။

ဒီထိတ်လန့်စရာမြင်ကွင်းကြောင့် ကျွန်မမျက်လုံးကိုမှိတ်ပြီး အကျယ်ကြီးအော်ဟစ်လိုက်မိတယ်။ နောက်တော့ လှဲနေရာက ထပြီးထိုင်မိရော။ မကြာဘူး၊ ကျွန်မအိပ်ရာဘေးကနေ တစ်ယောက်ယောက် လှုပ်ရှားသွားတာ ခံစားမိတဲ့အတွက် ကြောက်လန့်ပြီး ခုန်ထလိုက်မိတယ်။

နောက်တော့ ကျွန်မခေါင်းက မျက်နှာကျက်ကို ဝင်တိုက်မိသွားပြီး ကြမ်းပြင်ပေါ် ပြုတ်ကျလာတယ်။ ဒီတော့မှ မျက်လုံးဖွင့်ပြီးတော့ ပတ်ဝန်းကျင်ကို ကြည့်မိတော့တာ။

“ဆယ်ဗီမ၊ နင်ဘာထဖြစ်တာလဲ။” မိုနီကာက မေးလိုက်တယ်။

“ဟမ်.... ငါအိပ်ရာထဲမှာလား။” ကျွန်မနဲ့အတူတူ တစ်ကုတင်ထဲမှာ ရှိနေတဲ့ မိုနီကာရဲ့မျက်လုံးတွေနဲ့ ရင်ဆိုင်မိတော့မှ ဖြစ်ပျက်နေတာတွေကို ရိပ်မိသွားတယ်။

နောက်တော့ ကျွန်မလည်း ခေါင်းကိုကုပ်ပြီး သူ့ကိုအရှက်ပြေ ပြောလိုက်မိလေရဲ့။ “ငါ အိပ်မက်မက်ပြီး ယောင်နေတာဖြစ်မယ် ထင်တာပဲ။”

ဒီစကားကို ကြားပြီးတဲ့နောက်တော့ မိုနီကာက ကျွန်မကိုရွံမုန်းနေတဲ့ အကြည့်နဲ့လိုက်ပြီး ကျွန်မရဲ့ခေါင်းအုံးနဲ့ဖက်လုံးကို ကျွန်မဆီကို လှမ်းပစ်ပေးလိုက်တယ်။

“ယောင်တတ်ရင် ငါနဲ့အတူတူတစ်ခန်းတည်းမအိပ်နဲ့။ ဧည့်ခန်းထဲက ဆိုဖာခုံမှာသွားအိပ်ချေ။ အိပ်ရေးပျက်တာ အသားအရေအတွက် မကောင်းဘူးဆိုတာ မသိဘူးလား။”

နောက်တော့ မိုနီကာက အိပ်ရာပေါ်ကနေပြုတ်ကျပြီး ကြမ်းပြင်ပေါ် ရောက်နေတဲ့ကျွန်မကို ဂရုမစိုက်တော့ဘဲ စောင်ကိုခေါင်းမြီးခြုံ ပြန်အိပ်ဖို့ကြိုးစားတော့တာပဲ။

All Chapters