← Chapters

အားတောက်၏ ဒေါသ

Vol. 6 Ch. 51

အားတောက်၏ ဒေါသ

Vol. 6 Ch. 51

အားကျောက်နှင့် ကျန်းကျင်းခိုင်တို့နှစ်ယောက် စတူဒီယိုမှ ထွက်လာချိန်တွင် အပြင်ဘက်၌ အမှောင်ဖုံးနေခဲ့လေပြီ။ ဤညတွင် အားကျောက်အနေနှင့် နောက်ထပ်အတန်းမရှိတော့။ ထို့ကြောင့် သူတို့အနေနှင့် အချိန်ကောင်းကို အနှောင့်အယှက်မရှိပဲ အတူကုန်ဆုံးနိုင်ပေလိမ့်မည်။ ထို့နောက် သူတို့နှစ်ဦးသည် အာကျောက်၏ အိမ်ဆီသို့ ဖြေးဖြေးချင်း လျှောက်လာခဲ့ကြ၏။ ထိုအခိုက်အတန့်တွင် အာကျောက်သည် ကျန်းကျင်းခိုင်ဖက်သို့ ကိုယ်ကိုနွဲ့၍ မှီထား၏။ ကျန်းကျင်းခိုင်ကလည်း အားကျောက်၏ ပခုံးကို တင်းကျပ်စွာ ဖက်ထားလေသည်။ သူတို့နှစ်ဦးလုံးသည် ကြားလေသွေးလျင် ဝေးတော့မည်ဟု ခံစားနေရ၏။

"အားကျောက် မင်း တိဘက်ကို ဘာလို့သွားခဲ့ရတာလဲ"

လမ်းလျှောက်နေရင်းနှင့် ကျန်းကျင်းခိုင်က မေးလိုက်သည်။

"ကျွန်မကို ကျီးယွမ်လို့ ခေါ်ပေးပါလား"

အားကျောက်က ခေါင်းမော့ရင်း မေးလိုက်၏။

"ကျွန်မ က ကျီးယွမ်လို့အခေါ်ခံရတာကို ပိုကြိုက်တယ်"

"အင်း"

ကျန်းကျင်းခိုင် ခေါင်းညိတ်ပြလိုက်သည်။ အားကျောက်သည် ဘဝဟောင်းကို မေ့ပစ်ရန် နာမည်သစ်၊ ဘဝသစ်နှင့် နေသွားလိုဟန်ရှိသည်။ ကျန်းကျင်းခိုင် ဝမ်းမြောက်ဝမ်းသာ သဘောတူလိုက်သည်။

"ဟင် ကျီးယွမ် မင်း တိဘက်ကို ဘာလို့သွားခဲ့ရတာလဲ"

"ကျွန်မ ရူးနေလို့ထင်တယ်"

အားကျောက် တွေတွေလေးငေးရင်း ပြန်ဖြေလိုက်သည်။

"အဲဒီတုန်းက ကျွန်မကို ရှင်က မလိုချင်ဘူးမလား ကျွန်မကို မသန့်ရှင်းဘူးလို့ ရှင်ထင်နေတယ်လေ ဒါကြောင့် ကျွန်မ ထွက်သွားပြီး ပုန်းနေလိုက်တာ"

"ဒါဆို ဘာလို့ပြန်လာတာလဲ ဘာလို့ တစ်သက်လုံးပုန်းမနေတာလဲ"

အားကျောက်ကို ဆွဲဖက်ရင်း ကျန်းကျင်းခိုင်ကဘမေးလိုက်ပြန်သည်။

"ကျုပ်ကိုလွမ်းလို့လား ကျုပ်ကို လက်မလွှတ်နိုင်လို့လား"

"ရှင့်ကို ဟုတ်လား...ဟွန့် အိပ်မက်မက်မနေနဲ့"

အားကျောက်က ကျန်းကျင်းခိုင်၏ ရင်ခွင်ထဲမှ ပြန်ဖြေလိုက်၏။

"ကျွန်မက ဆေးစစ်ဆေးခံဖို့ပြန်လာတာရှင့် ဒေါက်တာဝမ် ကျွန်မအတွက် စိုးရိမ်နေမှာစိုးလို့"

"ဟား ဟား "

အားကျောက်၏ မျက်နှာပေးကို ကြည့်ရင်း ကျန်းကျင်းခိုင် အားရပါးရ ရယ်မောလိုက်သည်။ ဤမိန်းကလေးသည် အမှန်တကယ် ခေါင်းမာသူတစ်ဦးပင်။

"ဒါဆို နောက်တကြိမ် ဘယ်တော့ ဆေးပြန်စစ်ရမှာလဲ"

သူက အာကျော်၏မျက်လုံးများကို စူးစိုက်ကြည့်ရင်း မေးလိုက်သည်။ သူ့မျက်လုံးထဲတွင် အားကျောက်၏ မည်းနက်သောမျက်ဝန်းများသည် မြင်ဖူးသမျှထဲတွင် အလှပဆုံးအရာပင်။ ထိုမျက်ဝန်းများသည် ကြယ်ပေါင်းသန်းချီ စုပေါင်းထားသော အလင်းရောင်ထက် ပို၍တောက်ပနေသကဲ့သို့ သူ ခံစားရလေသည်။

"အင်း... မနက်ဖြန်လေ ရှင် လိုက်ချင်လား"

သူမက ကျန်းကျင်းခိုင်၏ ရင်ဘတ်ပေါ် ခေါင်းတင်ရင်း မေးလိုက်သည်။ ဤသို့ နေရသည်ကို သူမ အလွန်နှစ်ခြိုက်နေ၏။

"ဟုတ်ပြီ ဒေါက်တာဝမ်ကို ကျုပ်တို့သူ့ကို မကြောက်ဘူးဆိုတာ ပြလိုက်ရအောင်"

"အိုကေ! မင်းကတိပေးခဲ့တယ်!" ဟု အာကျော်က ဝမ်းသာစွာဖြင့် ခေါင်းမြှောက်ကာ ပျော်ရွှင်မှုအပြည့်ဖြင့် ဖြေလိုက်သည်။

"ဒါနဲ့ ကျုပ်မေးခွန်းကို ဖြေအုံးလေ မဖြေရင် မင်းကို စစ်ကြောရေးခန်းထဲပို့လိုက်မယ်"

ကျန်းကျင်းခိုင်က အားကျောက်၏နှာခေါင်းကို ညင်သာစွာညှစ်ရင်း မေးလိုက်သည်။ တိဘက်သွားရခြင်းအတွက် တခြားအကြောင်းရင်းများ ရှိမရှိ သူ သိလိုနေသည်။ အားကျောက်၏ လက်ရှိစိတ်အခြေအနေအရ သူမသည် ဘာမဆို ဖွင့်ပြောတော့မည်ပုံပင်။

"တခြားဘာအကြောင်းမှ မရှိပါဘူးရှင်"

အားကျောက် ခေါင်းခါရင်း ပြောလိုက်၏။

"အဲဒီတုန်းက ရှင့်ကို ဘယ်တော့မှ မရနိုင်တော့ဘူးလို့ ကျွန်မ ထင်နေတာလေ ကျွန်မဝမ်းနည်းသွားတယ်ထင်တယ် ဒါကြောင့် ခပ်ဝေးဝေးကို ထွက်သွားဖို့ ဆုံးဖြတ်လိုက်တာ"

အားကျောက် စကားကို ခေတ္တရပ်လိုက်ပြီး ခေါင်းမော့ကာ မေးလိုက်ပြန်သည်။

"အစ်ကိုကျန်း...ကျွန်မ ရှီဂတ်စီမှာနေတုန်းက ဘုရားကျောင်းတစ်ခုမှာ ၂၁ ရက်နေခဲ့တာ ရှင်သိလား...အဲဒီမှာ ကျွန်မ နေ့တိုင်း တရားထိုင်တယ် ဘုရားကို ပူဇော်တယ် အသီးအရွက်စားပြီး သုတ္တန်တွေနားထောင်တယ်"

"မင်းဟာလေ တကယ့်ကောင်မလေးပဲ တိဘက်လားမားတွေ ရွတ်နေတာကို မင်းတကယ်နားလည်လို့လား"

ကျန်းကျင်းခိုင် ပြုံးရင်းမေးလိုက်၏။ တကယ်တော့ ရွတ်ဆိုနေသော စာသားများကို နားမလည်နိုင်သည့်တိုင် ထိုပတ်ဝန်းကျင်တွင် ရှိနေခြင်းကပင် သူမ၏စိတ်ဝိညာဉ်ကို သန့်စင်စေရန် လုံလောက်မှန်း သူသိနေ၏။

"နားမလည်ပါဘူး"

အားကျောက် ပြုံးစေ့စေ့နှင့် ခေါင်းခါပြလိုက်သည်။

"တကယ်တော့ ကျွန်မက ယောဂီပဲဝတ်တော့မလားလို့ ဒါပေမဲ့ ကျွန်မရဲ့နှလုံးသားကတော့ ရှင့်ကိုလိုချင်နေတုန်းပဲ ဒါကြောင့် ကျွန်မ ဘယ်တော့မှတရားရလာမှမဟုတ်ဘူးလေ"

ထို့နောက် သူမသည် ကျန်းကျင်းခိုင်၏ မျက်နှာကို ကြည့်ရင်း မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်လိုက်၏။

"အစ်ကိုကျန်း.... ကျွန်မလေ... ကျွန်မ..."

"မင်း ဘာလုပ်ချင်တာလဲ"

ကျန်းကျင်းခိုင် သူမ၏ရှက်ရွံ့နေသော မျက်နှာကို ကြည့်ရင်း မေးလိုက်သည်။

"ကျွန်မလေ ရှင့်ကို ဟန်နီလို့ခေါ်ချင်နေတယ်..."

အားကျောက် ဖွင့်ဟလိုက်သည်။ ထို့နောက် သူမက ကျန်းကျင်းခိုင်ကို မျက်နှာချင်းမဆိုင်ရဲတော့ဟန်ဖြင့် သူ့ရင်ဘတ်ပေါ်တွင် ခေါင်းမှီထားလိုက်ပြန်သည်။

"ဟန်နီ..ဟုတ်လား"

ကျန်းကျင်းခိုင်၏တကိုယ်လုံး စက္ကန့်ပိုင်းမျှ ထုံထိုင်းသွား၏။ သူတို့နှစ်ဦးသည် တရားဝင် ချစ်သူများ ဖြစ်သွားပြီဖြစ်သည်။ ထို့ကြောင့် သူ့ကို သူမ ကြိုက်သလို ခေါ်နိုင်၏။ သို့သော် သူကရော သူမကို "ဟန်နီ" ဟု ပြန်ခေါ်နိုင်မည်တဲ့လား။ လွန်ခဲ့သော ငါးနှစ်က ထိုစကားလုံးသည် သူ့ကိုနက်ရှိုင်းစွာ ချစ်မြတ်နိုးခဲ့သော အခြားအမျိုးသမီးတစ်ဦး၏ ပိုင်ဆိုင်မှုဖြစ်ခဲ့သည်။ ယခုအခါ ထိုစကားလုံးကို အခြားသူတစ်ဦးအတွက် အသုံးပြုရန် သူ့အနေနှင့် သိပ်မသေချာလှချေ။

"အစ်ကိုကျန်း... ရှင်..."

ကျန်းကျင်းခိုင် အမူအရာပြောင်းလဲသွားသည်ကို ခံစားမိဟန်ဖြင့် အားကျောက်က သူ့ကို စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသောအကြည့်ဖြင့် ကြည့်လိုက်သည်။ ကျန်းကျင်းခိုင် ချက်ချင်းသတိပြန်ဝင်လာပြီး အားကျောက်ကို ပြန်ဖက်လိုက်၏။

"ရတာပေါ့ မင်းအနေနဲ့ ကျုပ်က်ို ကြိုက်သလို ခေါ်လို့ရတယ် ဒါပေမယ့် ကျုပ် မင်းကို ကျီးယွမ်လို့ပဲ ခေါ်ချင်တယ် ရမလား"

"သိပ်ကိုရပါတယ်ရှင်"

အားကျောက် ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမက တိုးတိုးလေးပြောလိုက်၏

"ရှင်ပျော်နေရင် ရှင် ကျွန်မနဲ့ အတူရှိနေရင် ကျွန်မကို ဘယ်လိုပဲခေါ်ခေါ်ရပါတယ်ရှင်"

"ကျေးဇူးတင်ပါတယ်ကျီးယွမ်"

ထိုခနဝယ် ဘာကြောင့်မှန်းမသိပဲ ကျန်းကျင်းခိုင် မျက်ရည်ဝဲလာ၏။ သူ မျက်ရည်မကျအောင် တင်းထားလေသည်။

"ဘာလို့ ကျေးဇူးတင်တာလဲ"

အားကျောက် အလွန်ပျော်ရွှင်နေ၏။

"ဟန်နီ ...ဟန်နီရေ"

သူမ အထက်ပါအတိုင်း တကြော်ကြော် ခေါ်နေလေသည်။ သို့သော် ကျန်းကျင်းခိုင်ကား ပြန်မထူးမိချေ။ ထိုအခါ သူမက နှုတ်ခမ်းစူပြီး မေးလိုက်၏။

"ဘာလို့မထူးတာလဲရှင့်"

"အော် ဟုတ်သားပဲ ဟဲ ဟဲ ဗျာ...ဗျ"

ကျန်းကျင်းခိုင် မချိသွားဖြဲရင်း ပြန်ထူးလိုက်၏။

"ကောင်းလိုက်တာ ခစ် ခစ် ကျွန်မ ကမ္ဘာပေါ်မှာ အပျော်ဆုံးမိန်းကလေးဖြစ်မယ်ထင်တယ်"

ပြောရင်းနှင့် သူမက ကျန်းကျင်းခိုင် ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြန်သည်။ လူတစ်ဦးသည် အလွန်အမင်း ပျော်ရွှင်နေသောအခါ သတိလက်လွတ်ဖြစ်တတ်သည်မှာ အမှန်ပင်။

ထိုအချိန်တွင် ကိုယ်ခန္ဓာကြံ့ခိုင်သောလူငယ်တစ်ဦးသည် အဆောက်အဦးတစ်ခုနောက်တွင် ပုန်းကွယ်ကာ ကျန်းကျင်းခိုင်တို့စုံတွဲကို စောင့်ကြည့်နေ၏။ အတန်ကြာသော် သူသည် လျင်မြန်စွာ လှည့်ထွက်ပြီး ညအမှောင်ထဲသို့ ပျောက်ကွယ်သွားတော့သည်။ လူငယ်စီးထားသည့် စစ်ဖိနပ်များကြောင့် သူ မည်သူမည်ဝါမှန်း သိသာနေ၏။ ထိုလူငယ်မှာ တခြားသူမဟုတ်။ အားမင်ပေတည်း။

"မင်း စောစော ပြန်လာတာပဲ"

အားမင်ကို မြင်သည်နှင့် အာတောက်က မေးလိုက်၏။

"အားကျောက် အိမ်ပြန်သွားပြီလား"

"မပြန်သေးဘူး"

အားမင်က ပတ်ဝန်းကျင်ကို အကဲခတ်ပြီး လေသံမျှနှင့် ပြောပြလိုက်၏။

"အားကျောက် ရဲတစ်ကောင်နဲ့ အတူရှိနေတယ် အစ်ကိုတောက် ဒါကြောင့် ကျုပ် ပြန်လာတာ"

"ဘာကွ ရဲတစ်ကောင် ဟုတ်လား"

အားတောက် အံ့သြတကြီးနှင့် ထအော်လိုက်သည်။

"အားကျောက်က ရဲတစ်ကောင်နဲ့အတူရှိနေတယ် ဟုတ်လား ဘယ်ကရဲလဲ"

"ကျန်းကျင်းခိုင်လို့ ခေါ်တဲ့ရဲပါ အစ်ကိုတောက်"

အားမင် အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

"သူတို့နှစ်ယောက် အတော်လေးကို တယောက်နဲ့တယောက် နီးစပ်နေတဲ့သဘောရှိတယ် ဒါကြောင့် ကျုပ်က..."

"အားကျောက်နဲ့အတူရှိနေတာ ကျန်းကျင်းခိုင်ဆိုတဲ့ကောင် ဟုတ်လား"

အားတောက် ရုတ်ချည်းပင် ထိုင်ခုံနောက်မှ ခုံထွက်လာ၏။ ထို့နောက် သူက အားမင်၏ အင်္ကျီရင်ဘတ်ကို ဆွဲဆောင့်ပြီး ပြောလိုက်သည်။

"နောက်တစ်ခါထပ်ပြောစမ်း"

အားတောက်က အားမင်၏ရင်ဘတ်ကိုဆွဲဆောင့်လှုပ်ရမ်းပြီး အတင်းကာရော မေးလျက်ရှိသည်။

"ကျန်းကျင်းခိုင်ဆိုတဲ့ရဲ..."

အားမင် အသံထွက်အောင် မနည်းပြောနေရသည်။ အသက်ရှုမဝ၍ သူ့မျက်နှာတခုလုံး နီရဲလာ၏။

"ခွေးမသား ငါ့ညီမလေးကို ထိရဲတယ်ပေါ့ ဟုတ်လား"

အားမင်ကို လွှတ်လိုက်ပြီး အားတောက် ကောင်တာကို ပြင်းထန်စွာ ကန်လိုက်၏။ အားမင်သာ ကောင်တာ၏တခြားဘက်ကို မကိုင်ထားပါက ကန်ချက်ကြောင့် ကောင်တာ လဲသွားပေလိမ့်မည်။

ဆူဆူညံညံအသံများ ထွက်ပေါ်လာ၍ ဧည့်သည်များ၏မျက်လုံးက အားတောက်တို့ဆီသို့ ရောက်လာကြ၏။

"ဘာတွေလာကြည့်နေတာလဲ ခွေးမသားလေးတွေ"

အားတောက်က လှမ်းဆဲလိုက်သည်။

"ကြည့်နေတဲ့ကောင်တွေ နာသွားမယ်"

အားတောက်၏ဆဲသံကြောင့် ကဖေးအတွင်းရှိလေထုသည် ရုတ်တရက် တင်းမာလာ၏။ ဧည့်သည်တိုင်း ကြောက်ရွံ့ပြီး တဖက်သို့ လှည့်ကုန်ကြသည်။ ဤဆိုင်သို့ လာရောက်သူတိုင်း အားတောက်၏ နောက်ခံသမိုင်းအကြောင်း အနည်းအကျဥ်းတော့ သိကြသည်မဟုတ်ပါလား။ သူတို့အနေနှင့် အားတောက်သည် "ထိပ်ပြောင်ဝံပုလွေ" ဟု အမည်ရသော လူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်မှန်း မသိကြ။ သို့သော် အားတောက်သည် မနှောင့်ယှက်သင့်သော ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်မှန်းတော့ လူတိုင်း သဘောပေါက်ထားပြီးသားပင်။

"မနက်ဖြန်... မနက်ဖြန်မှာ မင်း အားကျောက်ကိုသွားရှာ"

အားတောက်က အားမင်က်ို အမိန့်ပေးလိုက်၏

"သူ့ရဲက ဘာတွေလုပ်နေသလဲဆိုတာ ကျုပ် မေးကြည့်မယ်"

ထို့နောက် သူ ကဖေးမှ ထွက်ခွာသွား၏။

"ကျုပ် အေးအေးဆေးဆေး နေဖို့လိုနေတယ်"

All Chapters