အားကျောက်၏ ထွက်ဆိုချက်
Vol. 6 Ch. 54
ကျန်းကျင်းခိုင်သည် အားကျောက်ကို ခရိုင်ရဲဌာနခွဲအနီးရှိ လမ်းဆုံသို့တိုင် ကျောပိုးလာခဲ့၏။ သို့သော် ကျန်လမ်းတဝက်ကိုတော့ အားကျောက်ကိုယ်တိုင် လျှောက်ရပေလိမ့်မည်။ ရုံးပိတ်ရက်ဖြစ်သည့်တိုင် လှပသည့်မိန်းကလေးတဦးအား ကျောပိုးထားသည့် သူ့ကို အလုပ်ဖော်များမြင်ပါက မေးငေါ့စရာများ ဖြစ်လာမည်ကို ကျန်းကျင်းခိုင် စိတ်ပူ၏။
ထို့နောက် ခရိုင်ရဲဌာနချုပ်အတွင်းသို့ သူတို့နှစ်ဦး ဝင်လာကြသည်။ ကျန်းကျင်းခိုင်က ထိုင်ခုံတစ်လုံးကို ညွှန်ပြရင်း ပြောလိုက်၏။
"ဒီမှာခနထိုင် ရေလား ဒါမှမဟုတ် ကော်ဖီပဲသောက်မလား ကျုပ်ရုံးခန်းမှာ ကော်ဖီရှိတယ် သောက်ချင်ရင် ကော်ဖီဖျော်ပေးမယ်လေ"
"ကျွန်မ ရေပဲသောက်တော့မယ်"
အားကျောက်က ပြုံးရင်း ပြောလိုက်သည်။
"ပြီးတော့ ဒီနေရာက ဘာလို့ ကျွန်မကို ထိတ်လန့်စေရတာလဲမသိဘူးနော် ဟန်နီရေ ကျွန်မလေ ရဲစခန်းရောက်တိုင်း ကျွန်မမှာ အပြစ်မကင်းသလိုခံစားချက်မျိုး ပေါ်ပေါ်လာတတ်တယ်ရှင့်"
"ဟားဟား"
ကျန်းကျင်းခိုင်က အားကျောက်၏မေးခွန်းကြောင့် သဘောကျဟန်ဖြင့် ရယ်မောလိုက်သည်။
"ဒါ မင်းဘဝမှာ မကောင်းမှုတွေ များလို့နေမှာ သိလား"
ထို့နောက် သူက အားကျောက်ကို ကြည့်ရင်း မေးလိုက်ပြန်သည်။
"ဒီနေ့ မင်းကို တစ်ယောက်တည်းပဲ သီးသန့်မေးစေချင်လား ဒါမှမဟုတ် ထုံးစံအတိုင်း နှစ်ယောက်တွဲပဲ မေးရမလား"
"အင်း... တရားဝင်ဆိုတော့... ထုံးစံအတိုင်းပဲ ကောင်းပါတယ်"
ရဲတပ်ဖွဲ့၏ စံနှုန်းအရ သက်သေခံတစ်ဦးကို မေးမြန်းရာတွင် ရဲအရာရှိနှစ်ဦး ပါဝင်သင့်ကြောင်း အားကျောက် သိရှိထားသည်။ တကယ်တော့ သူမ၏ အလုပ်အကိုင်နှင့် ပတ်သက်သော အချက်အလက်များကို ပေါ်ထွက်သွားမည်ကို အားကျောက် စိုးရိမ်နေမိသည်မှာ အမှန်ပင်။ ထို့ကြောင့် သူမသည် ကျန်းကျင်ခိုင်နှင့်သူမအကြား ရင်းနှီးမှုကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားရန် ဆုံးဖြတ်ထားလိုက်၏။
"ဒါဆို ကျုပ် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ခေါ်လိုက်မယ်"
ကျန်းကျင်းခိုင်က ထပ်မံအတည်ပြုလိုက်ပြန်သည်။
"ဟုတ်ပါပြီရှင် ကျွန်မ ဘာပြောရမယ်မှန်း သိပါတယ်နော်"
အားကျောက်က နှုတ်ခမ်းစူရင်း ပြောလိုက်သည်။
"ပြီးတော့ ကျွန်မက ရှင့်ကို ကျွန်မရည်းစားလို့ မပြောပါဘူးနော် စိတ်သာချ"
"မင်း...."
အားကျောက်၏ စကားကြောင့် ကျန်းကျင်းခိုင် မည်သို့ပြန်ပြောရမည်မှန်း မသိပဲ ဖြစ်နေ၏။ သူ့အနေနှင့် သူမ၏ လက်ရှိအလုပ်အကိုင်နှင့် ပုဂ္ဂိုလ်ရေးဘဝအား ဖော်ထုတ်မည့် မေးခွန်းများကို အတတ်နိုင်ဆုံး သိုသိုသိပ်သိပ်မေးမြန်းရန် စဥ်းစားထားသည်။ သို့သော် ထိုသို့ မေးမြန်းရန်မှာ မလွယ်လှချေ။
"ဟော အင်စပက်တာကျန်း ရောက်နေပြီကိုး"
မထင်မှတ်ပဲ လူရှောက်ချိန်က ကျန်းကျင်းခိုင်အား နှုတ်ဆက်လာ၏။
"ဒီကနေ့ ရုံးပိတ်ရက်ဆိုတော့ အင်စပက်တာကျန်းက ရည်းစားနဲ့အချိန်ဖြုန်းနေတာပေါ့ ဟုတ်လား"
"ဟား ဟား မဆိုးဘူး မင်းလဲ ဟာသဉာဏ်ရှိလာပြီနဲ့တူတယ်"
လူရှောက်ချိန်၏ နှုတ်ဆက်စကားကြောင့် ကျန်းကျင်းခိုင် ရယ်မောလိုက်၏။ ထို့နောက် ရုတ်တရက်ဆိုသလိုပင် သူ့စိတ်ထဲသို့ အကြံတစ်ခု ဝင်လာလေသည်။ မှန်ပေသည်။ အားကျောက်ကို မေးမြန်းရာတွင် လူရှောက်ချိန်အား အဖော်လုပ်ခိုင်းခြင်းသည် အကောင်းဆုံးနည်းလမ်းပင်။ လူရှောက်ချိန်သည် ရှောက်မေ၏အစ်ကိုဖြစ်ပြီး အားကျောက်သည်လည်း ရှောက်မေရှင်သန်နေစဉ်က သူမအား ကာကွယ်ပေးဖူး၏။ ထို့ကြောင့် ဤစစ်ကြောရေးတွင် ခက်ခဲသောမေးခွန်းများကို အတိုင်းအတာတခုထိ ရှောင်လွှဲနိုင်ပေလိမ့်မည်။
"ရှောက်ချိန် ခဏနေရင် ကျုပ်နဲ့အတူ သက်သေခံမေးမြန်းဖို့ အဆင်သင့်လုပ်ထားပါ"
ကျန်းကျင်းခိုင်က အမိန့်ပေးလိုက်၏။
"ဟုတ်ကဲ့ခင်ဗျ"
လူရှောက်ချိန်က ကျန်းကျင်းခိုင်ကို ကျေးဇူးတင်ဟန်ဖြင့် ကြည့်နေ၏။ ရဲအရာရှိငယ်တစ်ဦးအတွက် ကျန်းကျင်းခိုင်နှင့်အတူ သက်သေခံတစ်ဦးကို မေးမြန်းခွင့်ရခြင်းသည် ကြီးမားသော အခွင့်အရေးတခုပင်။
ထို့နောက် ကျန်းကျင်းခိုင်သည် လူရှောက်ချိန်ကို အားကျောက်ရှိရာသို့ ခေါ်သွား၏။ လူရှောက်ချိန် ထိတ်လန့်သွားလေသည်။
"ဟာ မိန်း...မိန်းကလေးယင်...ဒီမှာ ဘာလုပ်နေတာလဲ"
"ဘာလဲ ကျွန်မက ဒီမှာ မရှိရဘူးလား"
အားကျောက်က ခပ်တည်တည်နှင့် ပြန်မေးလိုက်သည်။ သူမအနေနှင့် ရဲစခန်းသို့ လိုက်လာရန် ဆုံးဖြတ်လိုက်ကတည်းက ဤအခိုက်အတန့်အတွက် ပြင်ဆင်ထားပြီးဖြစ်သည်။ တကယ်တော့ အားကျောက်အတွက် ဤဆုံးဖြတ်ချက်သည် အလွန်ခက်ခဲသော ရွေးချယ်မှုတစ်ခုဟု ဆိုနိုင်၏။ သူမအနေနှင့် အတိတ်ဘဝကို ဤအခိုက်အတန့်တွင် ပြန်လည်ရင်ဆိုင်ရပေလိမ့်မည်။ ထို့အပြင် ထွက်ဆိုချက်ပေးလိုက်ခြင်းဖြင့် သူမ ကြိုးစားတည်ဆောက်ထားသည့် အသက်မွေးဝမ်းကြောင်းအလုပ်ကို စွန့်လွှတ်ကောင်းစွန့်လွှတ်ရပေလိမ့်မည်။ သို့သော် ဤသည်မှာ သူမ ချစ်ရသူအား ကူညီရန်၊ တရားမျှတမှုကို ဖော်ဆောင်ရန် သူမတတ်နိုင်သမျှ တစ်ခုတည်းသော နည်းလမ်းပင်။ ထို့ကြောင့် အားကျောက်သည် မူကြိုဆရာမအလုပ်ကို လိုအပ်ပါက စွန့်လွှတ်ရင် ပြင်ဆင်ထားပြီးလေပြီ။
"ကောင်းပြီ ဒါဆိုလုံလောက်ပါပြီ"
ကျန်းကျင်းခိုင်အနေနှင့် အားကျောက်အား ကာကွယ်ပေးရန် အစီအစဉ်ရှိသော်လည်း သူမ၏ ရဲရင့်သောပုံစံကြောင့် ထိုသို့ကာကွယ်ခြင်းမှာ သူမ၏ဆန္ဒကို မလေးစားရာရောက်မည်ဟု ခံစားလိုက်ရ၏။ ထိုအခါ သူက ထိုင်ခုံတလုံးကို ဆွဲယူလိုက်ပြီး လူရှောက်ချိန်ကို ဦးဆောင်မေးမြန်းရန် အချက်ပြလိုက်သည်။
"ဒါနဲ့ ရှင်တို့က ကျွန်မကို ဘာမေးချင်လို့လဲ"
အားကျောက်က လူရှောက်ချိန်ကို တည်ငြိမ်စွာကြည့်ရင်း မေးလိုက်သည်။
"မေးပါ ကျွန်မ အမှန်အတိုင်း ဖြေပါ့မယ်"
"ကောင်းပြီလေ ဒါဆို မိန်းကလေးယင်.. မင်းနာမည်ကို..."
လူရှောက်ချိန်မှာ မေးသာမေးရသည်။ အတော်လေး မသက်မသာဖြစ်နေ၏။
"ဒီမေးခွန်းကို ကျော်သွားကြရအောင်"
ကျန်းကျင်းခိုင်က ဖြတ်ပြောလိုက်၏။
"နာမည်ကတော့ လင်းအားကျောက်လို့ပဲ ရေးထားလိုက်မယ်"
အားကျောက်အား ကာကွယ်ရန် ကျန်းကျင်းခိုင်၏ ကြိုးစားမှုမှာ အလုပ်အပေါ် သစ္စာရှိမှုထက်ပင် ကျော်လွန်သွားခဲ့လေပြီ။
"ကျွန်မက ဆန္ဒအလျောက် လာခဲ့တာဆိုတော့ ဘယ်မေးခွန်းကိုမဆို ဖြေဆိုဖို့ အဆင်သင့်ပါပဲရှင်"
အားကျောက်က ပြောလိုက်၏။
"ဒါကြောင့် ကျွန်မထွက်ဆိုတုန်းမှာ အင်စပက်တာကျန်းက ကျွန်မကို မနှောင့်ယှက်ပါနဲ့"
သို့သော် အားကျောက်၏ မျက်နှာမှာ ပီတိကြောင့် ဝင်းပနေ၏။
"ဟုတ်ပြီ ဟုတ်ပြီ နားလည်ပါပြီကွာ"
ကျန်းကျင်းခိုင် ခါးသီးသောပုံစံနှင့် ရယ်မောလိုက်၏။ သူ့အနေနှင့် အားကျောက်၏စကားကို မည်သို့ကန့်ကွက်ရမည်မှန်း မသိချေ။ သူသည် ချစ်ရသူကို ကျေးဇူးတင်မှု၊ စိုးရိမ်မှုများဖြင့် ကြည့်နေမိ၏။ သူ၏စိတ်ထဲတွင်လည်း ဤမှုခင်း ပြီးဆုံးသွားပါက ဤမြို့မှ ထွက်ခွာသွားရန် စဥ်းစားနေမ်ိတော့သည်။ ယခုအချိန်တွင် သူ့အလုပ်အကိုင်မှာ အားကျောက်နှင့်ယှဥ်လျင် ဘာမှအရေးမပါလှတော့။
"ကျွန်မနာမည်က ယင်ကျီးယွမ် တချို့က အားကျောက်လို့လည်း ခေါ်ကြတယ်"
အားကျောက် စတင်ရှင်းပြလိုက်လေသည်။
"ကျွန်မ အခုအသက် ၂၂ နှစ်ရှိပြီ အသက် ၂၀ မှာ ကိုယ်ပိုင်အကြောင်းပြချက်တခုကြောင့် အနုပညာကျောင်းကနေ ထွက်ခဲ့တယ် နောက် ၂ နှစ်အကြာမှာတော့ မြို့တစ်မြို့ရဲ့ လမ်းကြားတစ်ခုမှာ လိင်အလုပ်သမားအဖြစ် အလုပ်လုပ်ခဲ့တယ် ကျွန်မအဖေနာမည်က ယင်ပန်းဖိန်လို့ခေါ်တယ် သူက နိုင်ငံခြားကို ထွက်သွားပြီ ကျွန်မအမေနာမည်က လင်ဖန်းယွမ်လို့ခေါ်တယ် သူ လွန်ခဲ့တဲ့ ၂ နှစ်ကပဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ် ကျွန်မအဖေနဲ့ အမေဟာ တရားဝင်လက်ထပ်ထားခြင်းမရှိဘူး ဒါ့အပြင် ကျွန်မကိုလည်း အဖေနာမည်နဲ့ မှတ်ပုံတင်ထားတဲ့အတွက် တရားဝင်မှတ်တမ်းတွေမှာ လင်ဖန်းယွမ်ရဲ့ကလေးအကြောင်းကို ရှင်တို့ရှာတွေ့မှာမဟုတ်ဘူး ဒါပေမဲ့ ကျွန်မ အခုနေတဲ့အိမ်ရဲ့စာရွက်စာတမ်းက အမေ့နာမည်နဲ့ပဲရှိနေသေးတယ် ရှင်တို့ ကျွန်မကို နောက်ကြောင်းလိုက်နေတာ ကျွန်မသိပါတယ် ဒါပေမယ့် ရှင်တို့စစ်ဆေးနေတဲ့အချက်အလက်တွေမှာလဲ ဟာကွက်တချို့ရှိနေတယ် ကျွန်မပြောတာ ဟုတ်တယ်မလား"
ဤနေရာအရောက်တွင် အားကျောက်က စကားကိုခေတ္တရပ်ပြီး ကျန်းကျင်းခိုင်နှင့် လူရှောက်ချိန်ကို ပြုံးပြလိုက်၏။
အားကျောက်၏ ထွက်ဆိုချက်ကြောင့် ကျန်းကျင်းခိုင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်မှာ အမှန်ပင်။ အားကျောက်သည် အတော်လေး ညဏ်ပြေးသော မိန်းကလေးဖြစ်သည်။ ရဲများအနေနှင့် သူမကို စုံစမ်းစစ်ဆေးနေကြောင်း သိထားသည့်အပြင် ၎င်းတို့ရှာနေသည့် အချက်အလက်များ အလွယ်တကူ မရနိုင်သည်ကိုလည်း ကြိုတင်မြင်ထားပြီး ဖြစ်သည်။
"ဒါနဲ့ ကျွန်တော့ညီမလေးရဲ့ ဘဏ်ကတ်ပြား..."
လူရှောက်ချိန်အနေနှင့် သိချင်လှပြီဖြစ်သော မေးခွန်းတခုကို စတင်မေးမြန်းလိုက်သည်။
"အော် ဘဏ်ကတ်လား အဲဒါက ကျွန်မဆီမှာ အမြဲတမ်းရှိနေခဲ့တာပေါ့ရှင်"
အားကျောက်က လူရှောက်ချိန်ကို ကြည့်ရင်း ပြုံးလိုက်သည်။
"ရှောက်မေဟာ အလွန်ဆင်းရဲတယ် ကျွန်မ မြင်ဖူးသမျှ ညီမလေးတွေထဲမှာ သူ စီးပွားရေးအကျပ်အတည်းဆုံးပဲ"
သူမက ဆက်ပြောလိုက်၏။
"သူဟာ သူ့ဝင်ငွေအများစုကို အိမ်ကို ပြန်ပို့နေခဲ့တယ်လေ ပြီးတော့ ရှောက်မေက အရမ်းစိတ်အားငယ်တဲ့သူ သူထင်တာက သူ့ဘဏ်ကတ်ကို သူ့ဆီမှာထားရင် တခြားညီမလေးတွေ ယူသွားကြမယ်ပေါ့ ဒါကြောင့် သူ့ဘဏ်ကတ်ကို ကျွန်မဆီမှာ သိမ်းထားဖို့ ပေးခဲ့တယ်"
ပြောရင်းနှင့် အားကျောက်သည် မျက်ရည်များကျမလာစေရန် အားတင်းသည့်သဘောနှင့် နှာခေါင်းကို လက်ဝါးနှင့် အုပ်ထားလိုက်သည်။
"သူ သေသွားတဲ့နောက်မှာတော့ ကျွန်မကပဲ သူ့မိသားစုဆီ ဆက်ပြီးပိုက်ဆံတွေ ပို့ပေးနေခဲ့တယ်"
"ကျေးဇူးတင်ပါတယ်ဗျာ... ကျေးဇူးတင်ပါတယ်... "
လူရှောက်ချိန် စိတ်မထိန်းနိုင်တော့ပဲ မျက်ရည်များ စီးကျလာ၏။
"ယောက်ျားလေးဆိုတာ မငိုရဘူးလေ မငိုနဲ့"
အထက်ပါအတိုင်း ပြောလိုက်သည့်တိုင် တလဟောစီးကျလာသော မျက်ရည်များကို ဖုံးကွယ်ရန် အားကျောက် မျက်နှာကို တဖက်သို့ လှည့်လိုက်၏။
"ကောင်းပြီ ကျုပ်တို့ ဆက်သွားကြရအောင်"
အားကျောက်နှင့် လူရှောက်ချိန်တို့၏ စိတ်ခံစားမှုများ မြင့်တက်လာသည်ကို မြင်၍ ကျန်းကျင်းခိုင် ကြားဝင်ပြောဆိုလိုက်သည်။
"မှုခင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုပဲ ကျုပ်တို့ ဆွေးနွေးကြရအောင်"
ယခုအခါတွင် အဓိကမေးခွန်းများ မေးမြန်းရန် အချိန်တန်ပြီဖြစ်သည်။
"ဟုတ်ကဲ့ အင်စပက်တာကျန်း မိန်းကလေးယင် ကျုပ် စိတ်မထိန်းနိုင်တာ ခွင့်လွှတ်ပါ"
လူရှောက်ချိန်က မျက်ရည်များကို သုတ်ပြီး ကျန်းကျင်းခိုင်ဘက်သို့ အာရုံစိုက်လိုက်သည်။
"ဒါနဲ့ အင်စပက်တာကျန်း အခြေခံမေးခွန်းတွေကို ကျော်ပြီး အဓိကမေးခွန်းတွေကို မေးဖို့ အကြံပြုပါတယ်"
"ကောင်းပြီ ဒါ အဆင်ပြေပါတယ်"
ကျန်းကျင်းခိုင်က လူရှောက်ချိန်၏ အကြံပြုချက်ကို သဘောတူလိုက်သည်။ ထို့နောက် သူ တစ်စက္ကန့်မျှ တွေးတောပြီး အားကျောက်ကို ကြည့်ကာ မေးလိုက်လေသည်။
"ကျီးယွမ် ဟော့ပေါ့ဆိုင်မှာတုန်းက ကျုပ်မေးခဲ့တဲ့ မေးခွန်းတွေကို မင်းမှတ်မိသေးလား?"