← Chapters

အထူးနေ့လည်စာ

Vol. 6 Ch. 55

အထူးနေ့လည်စာ

Vol. 6 Ch. 55

"အော်... အစ်မရှုအကြောင်း မေးချင်တာမလား"

ထိုသို့ပြောရင်း အားကျောက် ခေတ္တမျှ တွေနေလေသည်။

"သူ လမ်းကြားထဲကနေ ထွက်သွားတာ နှစ်နှစ်လောက်ရှိပြီ သူ မသွားခင် ရဲစခန်းမှာ အဖမ်းခံရသေးတယ်လို့ သိလိုက်တယ် အဖမ်းခံရပြီး လွတ်လာတော့ သိပ်မကြာဘူး သူထွက်သွားတာပဲ အဲဒီနောက်ပိုင်း သူ့ကို မမြင်ရတော့ဘူး ဒါပေမယ့် တခြားလူတွေဆီကနေ ကြားရတာက သူ တကယ်မသွားပဲ နောက်ခရိုင်တခုကို ပြောင်းပြီး အလုပ်လုပ်နေတာတဲ့"

ကျန်းကျင်းခိုင် ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေ၏။ ထို့နောက် သူ ပြောလိုက်ပြန်သည်။

"ဟုတ်ပြီ သူ အခု အသတ်ခံလိုက်ရပြီဆိုတာ မင်းသိလား မင်းဆေးရုံတက်နေတုန်းမှာပဲ ဖြစ်သွားတာပေါ့ အသတ်ခံရတဲ့ပုံစံကတော့ ရှောက်မေအတိုင်းပဲ"

"အစ်မရှုသေသွားပြီလား"

အားကျောက် အကြီးအကျယ် ထိတ်လန့်သွားဟန်ဖြင့် ကျန်းကျင်းခိုင်ကို မျက်လုံးပြူးကာ ကြည့်နေလေသည်။

"ဒါ... ဒါမဖြစ်နိုင်ဘူး... အစ်မရှုက... သူက လူကောင်း... ဘာလို့ သူသေရတာလဲ..."

ပြောနေရင်းနှင့် အားကျောက်၏မျက်လုံးမှ မျက်ရည်များ စီးကျလာ၏။

"အစ်မရှုသာ အရင်တုန်းက ကျွန်မကို မကယ်ခဲ့ရင် ကျွန်မ သေနေလောက်ပြီ"

အားကျောက်၏ ခန္ဓာကိုယ်သည် အကြီးအကျယ် တုန်ရီနေ၏။ လက်များမှာလည်း အကူအညီကင်းမဲ့စွာ လှုပ်ရှားနေလေသည်။ အားရှု၏ သေဆုံးမှုကို သူမ မသ်ိသေးသည်မှာ ထင်ရှားလှသည်။ ထို့ပြင် အားရှုသည် သူမအတွက် အရေးကြီးသူဖြစ်ကြောင်း ကျန်းကျင်းခိုင် သဘောပေါက်လိုက်၏။

အချိန်အတော်ကြာပြီးမှ အားကျောက် စိတ်ကို ပြန်ထိန်းနိုင်လာသည်။ သူမသည် မျက်ရည်ဝိုင်းနေသော မျက်က်လုံးအစုံနှင့် စားပွဲခုံကို စိုက်ကြည့်နေရှာ၏။ သူမ၏ ခန္ဓာကိုယ်မှာကား မသိမသာ တုန်ယင်နေသေးသည်။ သူမ ပြောမည့်အရာသည် ဤနေရာနှင့် သင့်တော်မတော် သူမ သံသယဝင်နေပုံရ၏။ ထိုအခါ ကျန်းကျင်းခိုင်က နှစ်သိမ့်လိုက်သည်။

"ဒီအကြောင်းပြောဖို့ ခက်ခဲနေရင် မပြောပါနဲ့ မင်းတို့နှစ်ယောက် နှစ်နှစ်လုံးလုံး အဆက်အသွယ်မရှိဘူးဆိုတာ သိရရင်ကို လုံလောက်ပါပြီ"

"မဟုတ်ဘူး... အင်း... ကျွန်မ... ကျွန်မ ဘယ်လိုပြောရမှန်းမသိဘူးဖြစ်နေတယ်..."

အားကျောက်၏ အသံမှာ တုန်ယင်နေလေသည်။ သူမအနေနှင့် ကျန်းကျင်းခိုင်ကို ပွေ့ဖက်ပြီး ငိုချချင်စိတ်ပေါက်နေ၏။ သို့သော် လူရှောက်ချိန် ရှိနေ၍ ဆန္ဒကို ထိန်းချုပ်နေရလေသည်။

"ဒါနဲ့.. အင်စပက်တာကျန်း မိန်းကလေးယင်...နေ့လည်စာစားချိန်တောင် နီးနေပြီနော်"

လူရှောက်ချိန်သည် ကျောင်းဆင်းခါစ လူငယ်တစ်ယောက်ဖြစ်သော်ငြား စေ့စေ့စပ်စပ်စဉ်းစားတတ်သူ ဖြစ်သည်။ အားကျောက်တွင် ကျန်းကျင်းခိုင်နှင့် တစ်ဦးချင်း ပြောလိုသည့် အကြောင်းအရာများ ရှိသည်ကို သူ အတိုင်းသား မြင်နေရသည် မဟုတ်ပါလား။ အကယ်၍ အားကျောက်သာ သာမန်သက်သေဆိုလျင် အလျှော့ပေးစရာအကြောင်းမရှိချေ။ သို့သော် သူမသည် ကျန်းကျင်းခိုင်အတွက် အရေးကြီးသူ ဖြစ်နေ၏။ ထို့ကြောင့် ချွင်းချက်တချို့ ထားရပေလိမ့်မည်။

"ဒီတော့ ကျွန်တော်တို့ နေ့လည်စာစားဖို့ ခဏနားကြရင်ကောင်းမလား"

လူရှောက်ချိန်က သူတို့နှစ်ယောက်ကို ကြည့်ပြီး အကြံပေးလိုက်သည်။

"မိန်းကလေးယင်အတွက် ဒီအတွေ့အကြုံက စိတ်ထိခိုက်စရာဖြစ်နေတယ်လို့ ကျွန်တော် မြင်မိတယ် ပြီးတော့ ဒီနေ့က ရုံးပိတ်ရက်လေ အင်စပက်တာကျန်း ဆရာလဲ မိန်းကလေးယင်နဲ့ အချိန်ဖြုန်းလို့ရအောင် ကျွန်တော်တို့ ဒီနေ့ ဒီလောက်နဲ့ပဲ တော်လိုက်ကြမယ်လေ"

"အင်း ကောင်းသားပဲကွ"

ကျန်းကျင်းခိုင်က လူရှောက်ချိန်ကို ကျေးဇူးတင်ဟန်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။

"မင်းလဲ လုပ်စရာရှိတာလုပ်ပြီးသွားရင် အိမ်ပြန်နားတော့လေ"

ထို့နောက် သူက အားကျောက်၏ လက်က်ိုဆွဲရင်း ကျန်လက်တဖက်က လူရှောက်ချိန်၏ မှတ်စုစာအုပ်ကို ယူလိုက်သည်။

"ဒီနေ့ကြားခဲ့ရတဲ့အရာတွေကို မင်း လျှို့ဝှက်ထားမှရမယ်"

လူရှောက်ချိန်နောက်ကျောရှိ နံရံမှာ ရဲဌာနတံဆိပ်ကို မေးငေါ့ရင်း ကျန်းကျင်းခိုင်က သတိပေးလိုက်ခြင်း ဖြစ်သည်။

"ကျွန်တော် နားလည်ပါတယ် အင်စပက်တာ"

ဤမှုခင်းတွင် သူတို့၏ လုပ်ဖော်ကိုင်ဖက်တချို့ကို ထိခိုက်စေနိုင်သော အထောက်အထားများ ပေါ်ထွက်လာနိုင်ကြောင်း ကနဦးကတည်းက ကျန်းကျင်းခိုင်က သူ့အား ရှင်းပြထားသည် မဟုတ်ပါလား။

"ဟုတ်ပြီ ဒါဆို ကျုပ်တို့ သွားတော့မယ်"

ထို့နောက် သူတို့နှစ်ယောက် ရဲစခန်းအတွင်းမှ ထွက်လာကြ၏။

အပြင်ရောက်သည်နှင့် ကျန်းကျင်းခိုင်က အားကျောက်ဘက်လှည့်ပြီး မေးလိုက်သည်။

"ကျီးယွမ် ကျုပ်တို့ အိမ်ပြန်ကြမလား"

"အင်း ရပါတယ်"

အားကျောက်၏ အသံမှာကား ငိုသံပါနေဆဲပင်။

"အိမ်ပြန်ရင် ကျွန်မနဲ့ အတူနေပေးမလားဟင်"

"အင်း"

ကျန်းကျင်းခိုင်က သူမ၏ ဆံပင်ကို သပ်ရင်း ပြောလိုက်သည်။ "အရူးမလေး ကျုပ်က မင်းနဲ့ တစ်သက်လုံးအတူနေမှာ သိပြီလား"

"ဟွန့် ယောကျာ်းလေးတွေ ပြောနေကျစကားတွေ"

ယောက်ျားများသည် အနှီကတိမျိုးကို အလေးအနက်မထားတတ်မှန်း သိထားသည့်တိုင် အားကျောက်၏ လုံးသားထဲတွင် နွေးထွေးစွာ ခံစားလိုက်ရသည်။

"နေ့လည်စာ ဘာစားချင်လဲပြော ကျွန်မ ချက်ပေးမယ်လေ"

ထိုသို့ပြောပြီး အားကျောက်က ကျန်းကျင်းခိုင်၏ ပခုံးပေါ်တွင် ခေါင်းမှီလိုက်၏။ မိန်းမတစ်ယောက်အနေနှင့် ယောက်ျားတစ်ယောက်ကို ချစ်မြတ်နိုးကြောင်းပြသရန်မှာ ကလေးမွေးဖွားရန်နှင့်အကောင်းဆုံး ချက်ပြုတ်ပေးရန်မှတပါး အခြားမရှိချေတကား။

"ဟုတ်လား ဒီလိုစကားမျိုး တခြားမိန်းကလေးတွေကို သွားပြောမိရင်ကော ဘာဖြစ်မလဲ"

ကျန်းကျင်းခိုင်က အားကျောက် စိတ်တည်ငြိမ်လာမှန်း သတိပြုမိ၍ တမင် စနောက်လိုက်လိုက်ခြင်းပင်။ သူမ လူရှောက်ချိန်ရှေ့တွင် မပြောချင်သည့် ကိစ္စများမှာ သူမဘဝနှင့် သက်ဆိုင်လိမ့်မည်ဖြစ်ကြောင်း ကျန်းကျင်းခိုင် ကောင်းစွာ သဘောပေါက်၏။ သူ့ရဲလုပ်သက်ကလည်း နှစ်ပေါင်းမနည်းလှပြီ မဟုတ်ပါလား။

"ဟုတ်လား အဲဒါဆိုရင်တော့ ရှင်သေဖို့သာပြင်"

အားကျောက်က ခေါင်းမော့ပြီး ကျန်းကျင်းခိုင်ကိုဒေါသထွက်ဟန်ဖြင့်ကြည့်ကာ လက်သီးဆုပ်ပြလိုက်သည်။

"ရှင် ဒီစကားမျိုး တခြားမိန်းမတယောက်ကို သွားပြောလို့ကတော့ အမှုန့်ကြိတ်ပစ်လိုက်မှာ သိပြီလား"

"ဟားဟားဟား ဒါပေမယ့်... ကျုပ်တို့သမီးလေးဆိုရင်ရော"

ကျန်းကျင်းခိုင်က ပြုံးရင်း ပြောလိုက်သည်။ သို့သော် တမလွန်သို့ရောက်သွားပြီဖြစ်သော သမီးနှင့်စုကျင်းကို သူ သတိရသွား၏။ သူ့မျက်နှာပေါ်မှ အပြုံးရိပ်သည်လည်း ချက်ချင်း ပျောက်ကွယ်သွားလေသည်။

"ကျွန်မက သားလေးပဲ မွေးမှာရှင့်"

ကျန်းကျင်းခိုင်၏ စိတ်အခြေအနေကို သတိမထားမိသော အားကျောက်က နှုတ်ခမ်းကို စူပြီး ပြန်ပြောလိုက်၏။

"ဟုတ်ပြီ သားလေးမွေးကြမယ်"

ကျန်းကျင်းခိုင် အသံကျယ်ကျယ်နှင့် ထောက်ခံလိုက်၏။ အားကျောက်၏ စကားက သူ့ကို သတိပေးလိုက်သလိုရှိ၏။ သူ့အနေနှင့် အတိတ်၏ ဝမ်းနည်းမှုများကြားထဲတွင် ရာသက်ပန် နစ်မြုပ်နေ၍မရချေ။ သူ ရှေ့ဆက်သွားရပေလိမ့်မည်။ ထိုအတွက် စုကျင်းနှင့်သမီးလေး သူ့ကို ခွင့်လွှတ်မည်ဟု မျှော်လင့်ရလေသည်။

ထို့နောက် သူတို့နှစ်ယောက် စကားတပြောပြောနှင့် အားကျောက်၏ အိမ်ဆီသို့ လျှောက်လာကြ၏။ ယခုတွင် အားကျောက်၏ စိတ်ပိုင်းဆိုင်ရာမှာ သိသိသာသာ တိုးတက်လာခဲ့ပေပြီ။ ထို့နောက် သူမသည် မီးဖိုချောင်ထဲတွက် တစ်ယောက်တည်း စိုက်ကြိုက် ချက်ပြုတ်နေတော့၏။

အားကျောက်သည် ပြည့်တန်ဆာတစ်ယောက်ဖြစ်သော်ငြား အိမ်ရှင်မကောင်းတစ်ယောက်ပီသသူဖြစ်ကြောင်း စားပွဲပေါ်မှ မွှေးကြိုင်သင်းပျံ့နေသော ဟင်းလျာရနံ့များက သက်သေပြနေ၏။

"ဟန်နီရေ လက်ဆေးပြီးလာခဲ့တော့ စားဖို့အဆင်သင့်ဖြစ်ပြီ"

အားကျောက်၏အသံ ထွက်ပေါ်လာ၏။ ကျန်းကျင်းခိုင် အိပ်ခန်းထဲမှ ထွက်လာပြီး သူမကို ချီးကျူးလိုက်၏။

"အိုး... ဟန်နီ..မင်း ဒီလောက်မြန်မြန်ချက်နိုင်တာ အံ့သြဖို့ကောင်းတယ် အရမ်းတော်တယ်ကွာ"

ကျန်းကျင်းခိုင်၏ 'ဟန်နီ"ဟူသော အခေါ်အဝေါ်ကြောင့် အားကျောက် ပီတိဖြစ်သွား၏။ ထို့နောက် သူမက ပြောလိုက်ပြန်သည်။

"ဟန်နီ...အိမ်မှာ ဝိုင်ရှိတယ် ဝိုင်သောက်ကြမလ အိုး... ဒါနဲ့ ရှင့်ကို ကျွန်မရဲ့မွေးနေ့ ဘယ်နေ့လဲ မပြောပြရသေးဘူးနော်"

"ဝိုင်သောက်မလို့လား...ဒါပေမယ့် မင်းရဲ့ကျန်းမာရေးက ဖြစ်ပါ့မလား... သေချာလို့လား"

"အဆင်ပြေပါတယ်ရှင်"

အားကျောက် နှုတ်ခမ်းစူလာ၏။

"နည်းနည်းပဲလေ ပြီးတော့ ရှင်မပြောရင် ဘယ်သူက သိမှာလဲလို့"

"ဟေ့ ဟေ့ ကျုပ်က မင်းရဲ့ကျန်းမာရေးကြောင့် ပြောတာပါကွာ"

သို့သော် အားကျောက် စိတ်ဆိုးနေသည်ကိုမြင်၍ သူ အလျှော့ပေးလိုက်ရပြန်သည်။

"အင်းလေ...တချို့စည်းကမ်းတွေက ခနတဖြုတ် ချိုးဖောက်လို့ရပါတယ် ဒီနေ့ ဝိုင်သောက်ကြတာပေါ့"

"သိပ်ကောင်းတာပဲ"

အားကျောက် ဝမ်းသာအားရနှင့် ဝိုင်ပုလင်းကို ပြေးယူလိုက်သည်။ ထို့နောက် ခွက်နှစ်ခွက်ကို စားပွဲပေါ်ချပြီး သူမက ပြောလိုက်၏။

"သောက်ခါနီး ဆုတောင်းရအောင် ရှင် ခုထိ ကျွန်မမွေးနေ့ကို ဂုဏ်မပြုရသေးဘူးနော်"

All Chapters