အားတောက်၏ခေါ်ယူမှု
Vol. 6 Ch. 57
ကျန်းကျင်းခိုင်တယောက် မီးဖိုချောင်ထဲတွင် ဇယ်ဆက်သလို လှုပ်ရှားနေ၏။ ဘေးနားတွင် အားကျောက်သည် တံခါးဘောင်ကို မှီပြီး ချစ်ရသူ ညစာပြင်ဆင်နေပုံကို ကြည့်နေသည်။ ဤခံစားချက်မှာကား နှစ်သက်ဖွယ်ရာပင်။ မိသားစုဆန်သော၊ နွေးထွေးသော၊ သက်တောင့်သက်သာရှိသော ခံစားချက်မျိုးကို သူမ မကြုံရသည်မှာ ကြာလှပြီ မဟုတ်ပါလား။
"ဘယ့်နှယ်လဲ အဆင်ပြေရဲ့လား"
ကျန်းကျင်းခိုင်က အထက်ပါအတိုင်းမေးလိုက်ပြီး အားကျောက်ထံ ချက်ထားသော ဟင်းခွက်ကို ကမ်းပေးလိုက်ကာ နောက်ဟင်းတစ်မယ် ပြင်ဆင်ရန် မီးဖိုချောင်ထဲသို့ ပြန်ဝင်သွား၏။
"ဟုတ်ပြီ"
အားကျောက်က ဟင်းခွက်ကို စားပွဲပေါ်ချရင်း ပြောလိုက်သည်။
"စားလို့တော့ရတယ် ဒါပေမယ့် အရမ်းမကောင်းဘူး"
"ဟာ ဒီလောက်ကောင်းတဲ့ဟင်းကို စားလို့ရရုံပဲတဲ့လား"
ကျန်းကျင်းခိုင် အထက်ပါအတိုင်း အော်ဟစ်ပြီး မီးဖိုချောင်ထဲမှ ခေါင်းထုတ်ကာ အားကျောက်ကို လှမ်းကြည့်လိုက်သည်။
"ဟေ့ ဟေ့ ခိုးမစားလေ"
အားကျောက် ဟင်းခိုးစားနေခြင်း ဖြစ်လေသည်။
ထိုအခါ အားကျောက်က ပြုံးစေ့စေ့နှင့် ပြန်ပြောလိုက်၏။
"ခစ်ခစ် ခိုးမစားပါဘူးနော် အရသာစမ်းကြည့်နေတာ ရှင်က အရမ်းတော်တဲ့ရဲကြီးပါလား ကျွန်မ ခိုးတောင်မစားရသေးဘူး ဖမ်းမိသွားပြီ "
"ကောင်းပါပြီဗျာ ကဲ မှန်မှန်ပြော ကျုပ်ချက်တဲ့ဟင်း ဘယ်လိုနေလဲ မင်းကြိုက်ရဲ့လား"
"ဟုတ်တယ် အရမ်းကောင်းတယ်တယ် ရှင့်ကိုအမှတ်၁၀၀ ပေးမယ်"
ဘာပြောပြော အားကျောက်၏ ချီးမွမ်းစကားကြောင့် ကျန်းကျင်းခိုင် ကျေနပ်သွားသည်မှာ အမှန်ပင်။
ပျော်ပျော်ရွှင်ရွှင်နေရသောအချိန်များတွင် လူတို့သည် အချိန်ကုန်မြန်သည်ဟု ခံစားရတတ်၏။ ယနေ့မှာ အားကျောက်၏မွေးနေ့ဖြစ်သည်။ အသက် ၂၀ ပြည့်ပြီးကတည်းက သူမ၏ အပျော်ရွှင်ဆုံးမွေးနေ့ဟုလည်း ဆိုနိုင်သည်။ ထို့ပြင် ကျန်းကျင်းခိုင်အတွက်လည်း စုကျင်းကွယ်လွန်ပြီးနောက်ပိုင်း ဤနေ့မှာ အပျော်ရွှင်ဆုံးနေ့တနေ့ပင်။ ကံကြမ္မာက သူတို့အား မျက်နှာသာပေးပုံရ၏။ သို့သော် တခါတရံတွင် ထိုကံကြမ္မာကပင် ပေးထားသည်တို့ကို ပြန်ယူသွားတတ်၏။
ညစာစားပြီးနောက် သူတို့နှစ်ယောက်သည် အိပ်ရာပေါ်တွင် တစ်ယောက်ကိုတစ်ယောက်ဖက်ကာ တီဗီကြည့်နေကြ၏။ ထိုအချိန်မှာပင် ကျန်းကျင်းခိုင်၏ ဖုန်းမြည်လာသည်။ သူ အိပ်ရာမှ ခုန်ထွက်ပြီး ဖုန်းကို ကောက်ယူလိုက်၏။
"ဟယ်လို ဟုတ်ကဲ့ ကျန်းကျင်းခိုင်ပါ"
"အင်စပက်တာ... အင်စပက်တာကျန်း နောက်ထပ်လူသတ်မှုတစ်ခု ဖြစ်နေပြန်ပြီ ဆရာ လမ်းကြားထဲ လာဖို့လိုမယ်ထင်တယ်"
လူရှောက်ချိန်၏အသံ ဖုန်းထဲမှ ထွက်ပေါ်လာ၏။
"ကောင်းပြီ ကျုပ် အခုပဲလာခဲ့မယ်"
ကျန်းကျင်းခိုင်က ဖုန်းကို ချရင်း အားကျောက်ကို လှည့်ကြည့်လိုက်လေသည်။
"ကျီးယွမ်...ဟန်နီ...ကျုပ်"
"သွားပါ"
အားကျောက် အားတင်းပြုံးပြရင်း ခေါင်းညိတ်လိုက်၏။
"သတိထားနော် ပြီးတော့ နောက်ကျလဲမနေနဲ့အုံး"
ထို့နောက် သူမက ကျန်းကျင်းခိုင်၏ ယူနီဖောင်းကို ယူရန် အိပ်ယာမှ ထလိုက်လေသည်။
ကျန်းကျင်းခိုင် အားကျောက်ကို ကျေးဇူးတင်ဟန်ဖြင့်ကြည့်ပြီး ထွက်ခွာသွား၏။ သူ့စိတ်ထဲတွင် အားကျောက်နှင့် သဘောထားချင်း ပို၍တိုက်ဆိုင်လာသည်ဟု ခံစားရလေသည်။
ဘဝတစ်လျှောက်လုံး သူ့ကို ပုံပြီးချစ်ပေးတော့မယ်...
ကျန်းကျင်းခိုင်ကို တံခါးဝထိ လိုက်ပို့ပြီး အားကျောက်၏နှလုံးသားထဲတွင် စိုးရိမ်မှုများ အလိုလို ဝင်ရောက်လာ၏။ ထို့နောက် သူမက ပြောလိုက်လေသည်။
"ကျွန်မကော ရှင်နဲ့အတူ လိုက်ခဲ့ရမလားမသိဘူး...အင်း...ကျွန်မမပြောတတ်တော့ပါဘူးလေ"
ဖုန်းထဲမှ လမ်းကြား ဟူသောစကားလုံးကို သူမ ကြားလိုက်ရသည် မဟုတ်ပါလား။
"ရပါတယ်ကွ ဒီမှာပဲနေခဲ့ပါ ထွက်သာမပြေးနဲ့ ဟုတ်ပြီလား"
ကျန်းကျင်းခိုင်က အားကျောက် ဘာတွေးနေမှန်း မသိပဲ နှစ်သိမ့်လိုက်၏။
"ကောင်းပြီလေ ဒါဆိုလဲ သတိထားနော်"
အားကျောက်က ကျန်းကျင်းခိုင်ကို နှုတ်ဆက်ပြီး တံခါးကို ပိတ်လိုက်၏။ ထို့နောက် သူမသည် ခြေသံများ တဖြည်းဖြည်းဝေးကွာသွားသည်ကို နားထောင်နေလေသည်။ သူမ ပြတင်းပေါက်မှ နှုတ်ဆက်ရန်ကား စိတ်မကူးမိချေ။ ကျန်းကျင်းခိုင် ထွက်ခွာသွားသည်ကို မြင်ရလျင် သူမ ငိုမိမည်မှာ သေချာနေ၏။
ထိုအခိုက်မှာပင် တံခါးခေါက်သံနှင့်အတူ ရင်းနှီးသောအသံတစ်သံ ထွက်ပေါ်လာသည်။
"အစ်မကျောက် အိမ်ထဲမှာရှိလား"
"ရှိတယ်"
အားမင်၏အသံဖြစ်ကြောင်း သိလိုက်၍ အားကျောက် မျက်ရည်များကို အမြန်သုတ်ပြီး စိတ်တင်းကာ တံခါးဖွင့်ပေးလိုက်သည်။
"အားမင် ညနက်နေပြီ ဒီချိန်ကြီးကျမှ ဘာလာလုပ်တာတုန်း"
"အစ်မကျောက် ကျွန်တော..."
အားမင် ပြောမထွက်ဟန်ဖြင့် ခေါင်းငုံ့လိုက်၏။
"စိတ်မကောင်းပါဘူး အစ်မကျောက် ကျွန်တော် မမျှော်လင့်ပဲ ခင်ဗျားနဲ့ ရဲအရာရှိတို့အကြောင်းကို အစ်ကိုတောက်ကို ပြောမိသွားတယ်... အစ်မကျောက်နဲ့တွေ့နေတာ ရဲအရာရှိကျန်းဆိုတာကိုပေါ့...ခု အစ်ကိုတောက် ဒေါသအရမ်းထွက်နေတယ်"
"ဟုတ်လား"
အားကျောက် အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။ သူမအနေနှင့် အားတောက်တွင် သူမ၏ကိုယ်ရေးကိုယ်တာကိစ္စများကို ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိဟု ယုံကြည်ထား၏။ သူမသည် အားတောက်၏ မွေးစားညီမသာဖြစ်ပြီး ဇနီးမဟုတ်သလို ချစ်သူလဲမဟုတ်ချေ။ သိုသော် ထိုစကားများကို အားတောက်ကို တိုက်ရိုက်ပြောရန်တော့ သူမ တခါမျှ စိတ်မကူးဖူးချေ။
"ဒါနဲ့... အစ်ကိုတောက်က ခင်ဗျားကို သူနဲ့တွေ့ဖို့ လာခေါ်ခိုင်းတယ်..."
အားကျောက်အိမ်သို့ သူ ရောက်လာရခြင်း၏ ရည်ရွယ်ချက်ကို အားမင်က ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။
"အင်း သိပြီ လာလေ ဝင်လာခဲ့"
အားမင်ကို အိမ်ထဲသို့ဖိတ်ခေါ်ပြီး အားကျောက်က ထပ်ပြောလိုက်၏။
"ကျွန်မ အဝတ်လဲလိုက်အုံးမယ် ဒီမှာပဲခနစောင့်နေခဲ့"
ထို့နောက် အားကျောက် အိပ်ခန်းထဲဝင်သွားပြီး တံခါးကို ပိတ်လိုက်၏။ အားမင်သည် အိပ်ခန်းတံခါးရှေ့တွင် အမိန့်နာခံစွာနှင့်ပင် စောင့်နေ၏။
အိပ်ခန်းထဲတွင် အားကျောက်သည် အဝတ်အစားများကို ခပ်မြန်မြန်ပင် ဝတ်ဆင်လိုက်၏။ သူမကစကတ်အစား ဘောင်းဘီကို ဝတ်ဆင်ပြီး ခြေထောက်တွင် လည်ရှည်ဖိနပ်အစုံကို ဝတ်ထားလိုက်လေသည်။ အဝတ်လဲပြီးချိန်မှာပင် အားကျောက် ကြောက်စိတ်ဝင်လာ၏။ ထိုအခါ သူမက မှန်တင်ခုံအံဆွဲထဲမှ ဓားမြှောင်တိုနှစ်ချောင်းကို ထုတ်ယူကာ တချောင်းစီကို လည်ရှည်ဖိနပ်အတွင်းသို့ သပ်သပ်ရပ်ရပ်ပင် ထိုးထည့်ထားလိုက်သည်။ ပြီးမှ သူမ အိပ်ခန်းထဲမှ ထွက်လာခဲ့၏။
"ပြီးပြီ သွားကြရအောင်"
အားကျောက်က စောင့်နေသော အားမင်အား ပြောလိုက်သည်။
"ဟုတ်ကဲ့ အစ်မကျောက်"
အားမင်ကား ယခင်အတိုင်း အမိန့်နာခံနေဆဲပင်။ အားမင်အတွက် အားတောက် သို့မဟုတ် အားကျောက်နှင့် အတူရှိချိန်တွင် သူသည် သစ္စာရှိသော အစေခံတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရန်သာ ဖြစ်သည်။ ရှုဝမ်ချွန်းလက်အောက်တွင် ရှိစဥ်ကလည်း သူ ဤနည်းအတိုင်းသာ ခံယူထားခဲ့၏။
ထို့နောက် သူတို့နှစ်ယောက် အင်တာနက်ကဖေးသို့ မြန်မြန်ဆန်ဆန်ပင် ရောက်ရှိလာကြလေသည်။
"အစ်ကိုတောက် ဘယ်မှာလဲ"
အားကျောက်က ကောင်တာတွင်ထိုင်နေသော အားလုံကို တိုက်ရိုက်မေးလိုက်၏။
အားလုံက အားကျောက်ကို မြင်သည်နှင့် ချက်ချင်းထရပ်ပြီး တရိုတသေနှင့် ပြောလိုက်သည်။
"အစ်မကျောက် အစ်ကိုတောက် အပေါ်ထပ်မှာ သူက ခင်ဗျားကို တယောက်တည်း အပေါ်ကိုတက်လာဖို့ မှာထားတယ်"
"ဟုတ်ပြီ"
အားကျောက် လှေကားအတိုင်း တက်လာခဲ့၏။ အပေါ်ထပ်တွင် ရုံးခန်း၊ အားတောက်နှင့်သူ့အဖွဲ့ဝင်များ နေထိုင်ရန် အိပ်ခန်းများ ရှိနေသည်။
အားတောက်၏အိပ်ခန်းသို့ ရောက်သည်နှင့် အားကျောက်က တံခါးကို ငြင်သာစွာ ခေါက်လိုက်၏။
"အစ်ကိုတောက်ရှိလား ကျွန်မ အားကျောက်ပါ"
"ရှိတယ်"
အားတောက်၏ ပျင်းရိခြောက်ကပ်ဖွယ်အသံ အခန်းတွင်းမှ ထွက်ပေါ်လာသည်။ ထို့နောက် ခြေသံများနှင့် တံခါးဖွင့်သံကို အားကျောက် ကြားလိုက်ရ၏။
"အဟွတ်"
အခန်းအတွင်းမှ ထွက်လာသော မီးခိုးများကြောင့် အားကျောက် ချောင်းဆိုးလိုက်သည်။
"ဘာလို့ ဒီလောက်ထိ ဆေးလိပ်သောက်နေရတာလဲအစ်ကိုကျောက်ရဲ့ ဘာလဲ အဆုတ်ကင်ဆာဖြစ်ချင်လို့လား"
တံခါးရှေ့တွင် ခါးထောက်ရင်း အားကျောက် ပြောလိုက်၏
"ဟဲဟဲ စိတ်မဆိုးပါနဲ့ကွာ ကျုပ်နည်းနည်း စိတ်ညစ်နေလို့"
ထို့နောက် အားတောက်က အားကျောက်၏ ပါးကို ငြင်သာစွာ လိမ်ဆွဲရင်း ပြောလိုက်လေသည်။
"ချစ်ညီမလေး မင်းလက်ထပ်တော့မယ်ဆို မင်းရဲ့သနားစရာအစ်ကိုကို ဂရုမစိုက်တော့ဘူးပေါ့ ဟုတ်လား"
"ဟွန့် ကျွန်မလက်ထပ်ရင်တောင် အစ်ကိုတောက်ကို ဂရုစိုက်နေအုံးမှာ သိပြီလား"
"ဟုတ်ပါပြီကွာ ဟုတ်ပါပြီ ဟုတ်ပါပြီ"
အားတောက်က လက်မြှောက်အရှုံးပေးဟန်ပြုရင်း ပြောလိုက်သည်။
"တကယ်တော့ ကျုပ်ကိုဂရုစိုက်တာ ညီမလေးတယောက်ပဲ ရှိတာပါကွာ"
"ဟုတ်ပါပြီအစ်ကိုတောက်ရာ ဒါနဲ့ပြောစမ်းပါအုံး ကျွန်မကို ဘာလို့ခေါ်ရတာလဲ"
အားတောက်၏ အမူအရာများကြောင့် အားကျောက် နောက်ဆုံးတွင် ရယ်မောမိတော့သည်။ သူမသည် ဤအခိုက်အတန့်အတွက် ပြင်ဆင်လာခဲ့၏။ သို့သော် အားတောက်ကား မပြောင်းလဲသေး။ သူမအပေါ် ချစ်နေဆဲ၊ ဂရုစိုက်နေဆဲပေတကား။
"ဒီနေ့က ကျုပ်ညီမလေးရဲ့ ၂၃နှစ်မြောက်မွေးနေ့လေကွာ ဒီတော့ အောင်ပွဲမခံလို့ ဘယ်ဖြစ်မလဲ"
အားတောက်က တံခါးဘောင်ကို လက်ထောက်ရင်း ပြောလိုက်လေသည်။ ထိုအခိုက်မှာပင် အားကျောက်၏ ပုံစံက သာမာန်နှင်မတူပဲ ကွဲပြားနေမှန်း သူ သတိထားမိလိုက်၏။ ညီမနဲ့အကို တထေရာတည်းပါလားဟု သူ တွေးရင်း ကြိတ်ရယ်မိလေသည်။ အားကျောက်သည် တိုက်ခိုက်ရန်အတွက် ကြိုတင်ပြင်ဆင်လာပုံရ၏။ မည်သို့ဆိုစေ သူ့အနေနှင့် အားကျောက်ကို အထင်မသေးရဲ။ သူမတွင် ဝှက်ဖဲများ ပါလာနိုင်သည်မဟုတ်ပါလား။
"ကောင်းသားပဲ ဒါနဲ့ အစ်ကိုတောက် ဘယ်ကိုအောင်ပွဲသွားခံရင်ကောင်းမလဲ"
အားကျောက်က ပြန်မေးလိုက်သည်။
"လာ သွားကြမယ် အရင်တခေါက်ကဆိုင်မှာ ကျုပ် စားပွဲမှာပြီးသွားပြီ"
အားတောက်က အထက်ပါအတိုင်း ပြောလိုက်၏။ ထို့နောက် သူတို့နှစ်ယောက် လက်ချိတ်ပြီး လှေကားအတိုင်း ဆင်းလာခဲ့ကြ၏။