← Chapters

ဝှက်ဖဲကိုယ်စီ

Vol. 6 Ch. 58

ဝှက်ဖဲကိုယ်စီ

Vol. 6 Ch. 58

ကျန်းကျင်းခိုင် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာ၏။ အမှုဖြစ်စဥ်မှာ ယခင်အမှုများနှင့် အတူတူပင်။ အမျိုးသားတဦးနှင့် အမျိုးသမီးတဦး လိင်ဆက်ဆံရင်းတန်းလန်းအနေအထားနှင့် အသက်ပျောက်နေကြ၏။ သို့သော် ကျန်းကျင်းခိုင်က ထုံးစံအတိုင်းပင် အလောင်းများကို စစ်ဆေး၏။ ကုတင်အောက်နှင့် အခန်းပတ်ပတ်လည်ကို စစ်ဆေး၏။ နောက်ဆုံးတွင် အခင်းဖြစ်ပွားရာအခန်း၏ အပေါ်ထပ်နှင့် အောက်ထပ်ပါမကျန်အောင် စစ်ဆေးလိုက်လေသည်။ ခါတိုင်းကဲ့သို့ပင် ပုံမှန်မဟုတ်သည့်အရာ စိုးစဥ်းမျှ မတွေ့ရ။ မည်သည့်သဲလွန်စမျှ မရှိ။

အခင်းဖြစ်တဲ့အချိန်ကတော့ ကျန်အမှုတွေထက် စောနေတယ်ကွ"

ကျန်းကျင်းခိုင်က လက်ထဲရှိ နာရီကိုကြည့်ရင်း မှတ်ချက်ပြုလိုက်သည်။ ထို့နောက် သူက ကျန်းနန်ကိုကြည့်ရင်း မေးလိုက်၏။

"ဆာဂျင်ကျန်း ဒီအမျိုးသမီးက"

အားချွေလို့ခေါ်တဲ့ ပြည့်တန်ဆာတယောက်ပဲ အင်စပက်တာ"

ကျန်းနန်က ဖြေလိုက်သည်။

"တခြားမိန်းမတွေက သူ ဒီအခန်းထဲဝင်သွားတာ မြင်လိုက်တယ်တဲ့"

"ဟုတ်ပြီ ဒီလူကရော"

"ကျောက်ရှုဟိုင်လို့ခေါ်တယ် တက္ကစီသမားတယောက်ပဲ အင်စပက်တာ"

ကျန်းနန်က ပြန်ဖြေလိုက်၏။

"ဒီနေ့ အရင်လိုမဟုတ်ပဲ တယ်ပြီး ထူးချွန်နေပါကလား ဆာဂျင်ကျန်း"

သေဆုံးသူများ မည်သူမည်ဝါဖြစ်သည်ကို စောစောစီးစီး စုံစမ်းထားနိုင်၍ ကျန်းကျင်းခိုင်က စနောက်လိုက်ခြင်း ဖြစ်သည်။

"ကျွန်တော်လဲ အဲလိုပင်ထင်တယ် အင်စပက်တာ"

ကျန်းနန်က ရယ်မောရင်း ပြန်ပြောလိုက်၏။

"ဒါပေမဲ့ ဘယ်လိုပဲနေနေ ကျွန်တော်တို့တော့ အဆူခံရအုံးမှာပဲ ထင်တယ် အဖိုးကြီး လမ်းပေါ်ရောက်နေပြီပြောတယ် အင်စပက်တာ သူ ဒီကို ခနနေရင် ရောက်လာလိမ့်မယ်"

"ဟေ ဟုတ်လား"

ကျန်းကျင်းခိုင် ခေါင်းတချက်ကုတ်ရင်း မျက်နှာပေါ်မှ ချွေးများကို သုတ်ပစ်လိုက်၏။ အရာရှိငယ်အဖို့ တခုတည်းသောလုပ်နိုင်သည့်အရာမှာ ယောက်ထန်းယူရှေ့တွင် အလွန်အရေးကြီးနေသည့်ပုံဖမ်းနေရန်ပင် ဖြစ်သည်။

"အင်စပက်တာကျန်း ကျုပ်တို့ဘာလုပ်ရအုံးမလဲ"

ကျန်းကျင်းခိုင်နှင့်ကျန်းနန်တို့ စကားပြတ်သွားသည်ကို မြင်သည်နှင့် လူရှောက်ချိန်က ဝင်မေးလိုက်သည်။ ကျောင်းဆင်းခါစ လူငယ်များအနေနှင့် ဤသို့အမြဲတစေ တက်ကြွနေတတ်သည်မှာ ဓမ္မတာသာ။

"အော် မေ့နေလို့ မိတ်ဆက်ပေးရအုံးမယ် ဒီကောင်လေးက..."

အသေးစိတ်မိတ်ဆက်ပေးမည့်ဟန်ပြင်ပြီးမှ လူရှောက်ချိန်သည် ရှောက်မေ၏ အစ်ကိုဖြစ်ကြောင်း ကျန်းကျင်းခိုင် မပြောပဲ ထားလိုက်လေသည်။

"ကျောင်းဆင်းခါစ အရာရှိသစ်ပဲ ဝေစင်းနေရာကို အစားဝင်လာတာ သူ့နာမည်က လူရှောက်ချိန်လို့ခေါ်တယ်"

"ဘယ့်နှယ်လဲ ဆရာသမား"

ကျန်းနန်က နှုတ်ဆက်လိုက်၏။ လမ်းကြားထဲ စောင့်ကြည့်ရေးဝင်သည်မှာ ရက်တချို့ရှိပြီဖြစ်သော်လည်း ကျန်းနန်အနေနှင့် လူရှောက်ချိန်၏ အကြောင်းကို ဂဃနဏ မသိသေးချေ။ တာဝန်ပေးထားချက်အရ ကင်းတာဝန် လာရောက်ထမ်းဆောင်နေရကြောင်းမျှသာ သိထားသေး၏။

"ကောင်းတယ် ကောင်းတယ် အားလုံး ဒီရောက်နေကြတာပဲကိုး အထဲမှာရော အခြေအနေ ဘယ်လိုရှိသလဲ"

အောင်မြင်ခန့်ညားသောအသံကြီး ထွက်ပေါ်လာ၏။ ယောက်ထန်းယု ရောက်ရှိလာခြင်းပင်။

စားသောက်ဆိုင်တဆိုင်၏သီးသန့်ခန်းတခန်းတွင် ဖြစ်သည်။ စားပွဲထိုးတဦးသည် လှပသော မွေးနေ့ကိတ်ကို တွန်းလှည်းနဲ့တင်လာ၏။ သူက မွေးနေ့ကိတ်ကို စားပွဲပေါ်တင်ရင်း တရိုတသေနှင့် ပြောလိုက်သည်။

"ဆရာ မှာထားတဲ့အစားအသောက်တွေနဲ့ ဝိုင် ရပါပြီ စိတ်အေးလက်အေး သုံးဆောင်ကြပါခင်ဗျာ"

"သိပ်ကောင်းတယ်"

အားတောက်က စားပွဲထိုးကို ယွမ်တရာလှမ်းပေးရင်း ဝမ်းသာအားရနှင့် ပြောလိုက်၏။

"တခြားဘယ်သူမှ ဝင်မလာစေနဲ့ ကျုပ်ညီမလေးနဲ့ ဒီည အေးအေးဆေးဆေး အချိန်ဖြုန်းချင်တယ် ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါခင်ဗျာ"

စားပွဲထိုးက ပိုက်ဆံကိုယူရင်း အားတောက်ကို အရိုအသေပြုကာ အခန်းထဲမှ ထွက်ခွာသွားလေသည်။ အားတောက်သည် ဤဆိုင်၏ ဖောက်သည်တယောက်ဖြစ်လေရာ လူတိုင်းလိုလို သူ့အကြောင်းကို အနည်းအကျဥ်းတော့ သိထားကြ၏။ သို့သော် နာမည်ကြီးထိပ်ပြောင်ဝံပုလွေကို အားတောက်ဟုတော့ မည်သူမှ မရိပ်စားမိကြချေ။

"ကျေးဇူးတင်ပါတယ် အစ်ကိုတောက်"

စားပွဲပေါ်မှ မွေးနေ့ကိတ်ကြီးကိုကြည့်ရင်း အားကျောက် ချစ်စဖွယ်အမူအရာနှင့် ပြောလိုက်လေသည်။

"ရပါတယ်ကွာ"

အားတောက်က သူ့ထိပ်ပြောင်ပြောင်ကို လက်ဖြင့်ပွတ်သပ်ရင်း ပြောလိုက်၏။ ထို့နောက် သူက အားကျောက်ကိုကြည့်ရင်း နူးညံ့စွာ ပြောလိုက်လေသည်။

"မွေးနေ့မှာ ပျော်ရွှင်ပါစေ ကဲ ဆုတောင်းလိုက်ပါအုံး"

"ဟုတ်ကဲ့အစ်ကိုတောက်"

အားကျောက်က ခေါင်းညိတ်ပြလိုက်သည်။

"ဒါနဲ့ အစ်ကိုတောက်လဲ ကျွန်မနဲ့အတူ ဆုတောင်းလေ"

"ဟဲ ဟဲ နေပါစေကွာ ကျုပ်က သိပ်ပြီးဒရမ်မာဆန်ဆန်တွေ မလုပ်တတ်ဘူးကွ"

ထို့နောက် သူက ခုံကိုနောက်မှီရင်း မျက်လုံးမှေးကာ အားကျောက် ဘာလုပ်မည်ကို ကြည့်နေလေသည်။ အားကျောက်က ထပ်မပြောတော့ပဲ စိတ်ရင်းအမှန်ဖြင့် မျက်စေ့ကိုမှိတ်ကာ စိတ်ပါလက်ပါ ဆုတောင်းလိုက်၏။

အားကျောက် ဆုတောင်းပြီးသွားသည်နှင့် အားတောက်က ဝိုင်ခွက်ကိုမြှောက်ပြီး ခွက်တိုက်ရန် စောင့်နေလိုက်သည်။

"ကဲ ကဲ လာ မွေးနေ့မှာ ပျော်ရွှင်ပါစေ"

အားကျောက် က ခွက်ချင်းတိုက်ပြီး ပြောလိုက်သည်။

"ဟုတ်ကဲ့အစ်ကိုတောက် ပေးတဲ့ဆုနဲ့ ပြည့်ပါစေ"

အားတောက်က သူ့ပုံစံအတိုင်း ဝိုင်ခွက်ကို တကျိုက်တည်းမော့ချလိုက်၏။ အားကျောက်ကတော့ သဘောမျှသာ သောက်လိုက်လေသည်။ သုံးခွက်ခန့်သောက်ပြီးသည်နှင့် အားတောက်က စကားစလိုက်သည်။

"အားမင်ပြောတာ ညီမလေး ဟိုရဲကောင်ကို သဘောကျနေပြီဆို"

ထိုမေးခွန်းကြောင့် အားကျောက် နှုတ်ခမ်းကိုက်လိုက်သည်။ ထို့နောက် သူမက ခပ်ရဲရဲပင် ဖြေချလိုက်၏။

"ဟုတ်ကဲ့အစ်ကိုတောက် ကျွန်မ သူ့ကို ချစ်တယ်"

အားကျောက်၏ လေသံမှာ ပြတ်သားလှသည်။ ဖြစ်လာသမျှကို ရဲရဲကြီး ရင်ဆိုင်မည့်ဟန်ပေါက်နေ၏။ တဆက်တည်းမှာပင် သူမက ဖိနပ်ထဲတွင် ဖွက်လာသည့်ဓားမြောက်ကို အဆင်သင့်ထုတ်ယူနိုင်ရန် ပြင်ဆင်ထားလိုက်လေသည်။

"အင်း..တခြားလူကိုမချစ်ပဲ ဘာကြောင့် အဲဒီကောင်ကိုမှ သွားချစ်ရတာလဲ"

ပြောရင်းနှင့် သူ့ကို တယောက်ယောက်က ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်သလို အားတောက် ခံစားနေရသည်။ သူ့စိတ်အာရုံတခုလုံးမှာလည်း အမှောင်တိဖုံးလွှမ်းသွားသလို ရှိလေသည်။ ထို့နောက် သူက ထိပ်ပြောင်ပြောင်ကို ပွတ်သပ်ရင်း ထပ်မေးလိုက်ပြန်၏။

"ညီမလေး အဲဒီကောင်ကို တကယ်ပဲ ချစ်တာလား"

"ဟုတ်တယ် အစ်ကိုတောက်"

ထိုအချိန်တွင် အားကျောက်၏ ဘက်ဖက်လက်က သူမ၏ ဘယ်ခြေထောက်အနီးသို့ ရောက်နေပြီဖြစ်သည်။ သူမ၏ ညာဖက်ခြေထောက်ကိုလည်း နောက်သို့အနည်းငယ် ဆုတ်ထား၏။ တချက်နှင့်မရလျင် နောက်တချက် ထပ်ထိုးရန် ပြင်ဆင်ထားခြင်းပင်။

အားတောက် သက်ပြင်းချလိုက်၏။ ထို့နောက် သူ မျက်နှာကျက်ကို မော့ကြည့်ရင်း ပြောလိုက်သည်။

"ကံကြမ္မာပဲ ဒါတွေအားလုံးဟာ ကံကြမ္မာပဲ"

သူ အားကျောက်ကိုကြည့်ရင်း ပြောလိုက်ပြန်သည်။

"ကျုပ်မှာ ရန်သူတယောက်ရှိတယ်လို့ အရင်က ပြောဖူးတယ် မင်း မှတ်မိသေးလား"

အားကျောက် ခေါင်းညိတ်ပြလိုက်သည်။ သို့သော် တိုက်ခိုက်ရန်ကား ပြင်ဆင်ထားဆဲပင်။

"အဲဒီရန်သူဟာ ကျန်းကျင်းခိုင်ပဲ"

လက်ရှိအခြေအနေအရ အားတောက်အဖို့ အကြောင်းစုံဖွင့်ပြောရန်မှတပါး ရွေးစရာမရှိတော့။ ထိုအခါ သူက ပြတင်းပေါက်အပြင်ကို ဝမ်းနည်းစွာ ငေးကြည့်ရင်း စကားစလိုက်သည်။

"လွန်ခဲ့တဲ့ငါးနှစ်က ကျုပ် ကျန်းကျင်းခိုင်ရဲ့ မိန်းမနဲ့သမီးကို သတ်ပစ်ခဲ့တယ် ဒါကြောင့် လူတွေအများကြီးထဲမှာမှ ဘာလို့သူ့ကိုရွေးရတာလဲလို့ ကျုပ်က မေးတာပေါ့ တကယ်လို့ သူနဲ့ကျုပ် တယောက်ကိုပဲ ရွေးရမယ်ဆိုရင် မင်း ဘယ်သူ့ကို ရွေးမလဲ"

"အစ်ကိုတောက်...ကျွန်မ...."

အားကျောက် စကားမပြောနိုင်တော့ပဲ မျက်ဝန်းမှ မျက်ရည်များ စီးကျလာ၏။

"ကဲ လာ လာ"

အားကျောက် ဝမ်နည်းသည်ကို မြင်သည်နှင့် အားတောက် မခံစားနိုင်တော့။

"ဒီအကြောင်းတွေ မပြောတော့ဘူး ဝိုင်သောက်တာပဲ ကောင်းတယ် မင်းဝမ်းနည်းတာ ကျုပ် မမြင်ချင်မှန်း မင်းသိပါတယ်နော်"

အားကျောက် ငြင်းဆန်လိုက်၏။

"မဟုတ်သေးဘူးအစ်ကိုတောက် ဒီကိစ္စကို ပြတ်ပြတ်သားသား ပြောမှရမယ် သူ့ကို မထိခိုက်ပါဘူးလို့ အစ်ကိုတောက် ကျွန်မကို ကတိပေးပါလား"

"ကတိလား"

ဝိုင်ခွက်ကို စားပွဲပေါ်ပြန်တင်ရင်း အားတောက်က ပြောလိုက်သည်။

"ထိခိုက်တယ် မထိခိုက်ဘူးဆိုတာ သူ ကျုပ်ကို လာဖမ်းတာ မဖမ်းတာနဲ့ပဲ ဆိုင်တယ် နားလည်ပြီလား ညီမလေး မင်းလူ ကျုပ်ကို လာမဖမ်းသရွေ့ ကျုပ် သူ့ကို မထိခိုက်စေရဘူး ကျုပ် ကတိပေးတယ်"

"တကယ်နော် အဲဒီကတိတည်မတည် ကျွန်မ စောင့်ကြည့်နေမှာနော်"

အားကျောက်က ပြန်ပြောလိုက်သည်။ ထိုအချိန်တွင် သူမ၏ မျက်နှာပေါ်၌ အပြုံးတပွင့် ပေါ်လာ၏။

"ဟုတ်ပြီ ကျွန်မတို့ နောက်တခွက် ထပ်သောက်ရအောင်"

"ဟား ဟား ဟုတ်ပြီ လာ သောက်ကြမယ်"

သူတို့နှစ်ယောက် ခွက်ချင်းတိုက်လိုက်ကြ၏။ အားကျောက် အဘယ်ကြောင့် သူ့အပေါ် ဤမျှ သြဇာညောင်းနေမှန်း အားတောက် မတွေးတတ်။ သူ သိသည်မှာ အားကျောက် ဝမ်းနည်းနေလျင် သူ နေလို့မရပဲ ဖြစ်နေခြင်းပင်။ ရှုဝမ်ချွမ်းသာ အသက်ရှင်နေသေးလျင် အားတောက်ကို အပြစ်တင်နေမည်လား မပြောတတ်။

အတွေးလွန်နေသော အားတောက်ကို ကြည့်ရင်း အားကျောက် စိုးရိမ်တကြီးနှင့် ပြောလာ၏။

"အစ်ကိုတောက် ဘာတွေတွေးနေတာလဲ ခုနကပေးထားတဲ့ကတိကို ဖျက်တော့မလို့လား"

"ဟား ဟား ဟား မဟုတ်ပါဘူးကွာ"

အားတောက် အားရပါးရ ရယ်မောလိုက်၏။

"ကျုပ်က အမြဲတမ်းစကားတည်တဲ့လူပါ ညီမလေးအတွက်ဆိုရင်ပေါ့"

ထို့နောက် သူ ဝိုင်ကိုအားရပါးရသောက်ချရင်း ပြောလိုက်ပြန်သည်။

"တကယ်တော့ မင်းတို့နှစ်ယောက်က ကျုပ်ကိုတောင် ကျေးဇူးတင်သင့်တာကွ သိလား"

"အစ်ကိုတောက်နော် မူးပြီးလျှောက်ပြောနေပြီ"

အားကျောက် နှုတ်ခမ်းစူရင်း ပြောလိုက်၏။

"ဟား ဟား ဟား တကယ်ပြောတာကွ ကျုပ်သာ သူ့မိန်းမနဲ့ကလေးကို မသတ်ခဲ့ရင် မင်းတို့နှစ်ယောက် ခုလို တွေ့နိုင်မှာတဲ့လား"

ပြောရင်း သူက ဝိုင်ခွက်ကို စားပွဲပေါ် ဂွတ်ခနဲ ချလိုက်၏။

"ကဲ ကဲ အိမ်ပြန်တော့ မင်းကောင်လေး မျှော်နေမယ် အားမင် မင်းကို အိမ်ပြန်လိုက်ပို့ပေးလိမ့်မယ် ဟုတ်ပြီလား"

All Chapters